← Chapters

အခန်း (၅၃-၅၄)

Vol. 6 Ch. 53-54

အခန်း (၅၃-၅၄)

Vol. 6 Ch. 53-54

53

"ကျင်းယွီထန်က မကောင်းမှုတွေ အများကြီး လုပ်ထားတာမို့ မကြာခင် ပျက်စီးရတော့မှာပဲ၊ ငါ ချန်ကျိုးကတော့ ကောင်းကင်ဘုံရဲ့ အလိုတော်အတိုင်း တရားသဖြင့် ဆုံးမရုံသက်သက်ပါပဲ!"

ရှီးရှန်ဆောင် VIP ခန်းထဲတွင် စုကျိုသည် သူမ၏ဆင်းရဲ နွမ်းပါးလှသော ပညာရှိမျက်နှာဖုံးကို ကိုင်တွယ်ရင်း ကျင်းယွီထန် မန်နေဂျာရင်ဘတ်ကို ဖိနင်းထားသည်။

ဘေးပတ်ဝန်းကျင်မှ ချန်ကျိုးမျက်နှာဖုံးစွပ်ထားသည့် ကျန်ငါးယောက်မှာတော့ ဖြောင့်မတ်တည်ကြည်သော အမူ အရာဖြင့် ကောင်းကင်ကိုကြည့်ကာ သက်ပြင်းချနေသည့် စုကျိုကို ကြည့်ပြီး မျက်ခုံးများလှုပ်ခါနေကြတော့သည်။

"မင်း... မင်း! ဘယ်လိုတောင် ရဲတင်းရတာလဲ—"

မန်နေဂျာ အင်္ကျီလက်အတွင်းမှ ပုံရိပ်ဖော်ကျောက်တုံးက စုကျိုပုံရိပ်ကို အမိအရ မှတ်တမ်းတင်လိုက်သည်။ သူ ပါးစပ်ထဲမှ အဝတ်ဖြူကို ထွေးထုတ်လိုက်ပြီး ဒေါသတကြီး ကြိမ်းမောင်းတော့သည်။

"ဝိညာဉ်ပိုးဖလံဂေဟာက ချန်ကျိုး! မင်း ဒါကို နောင်တရစေရမယ်! ငါတို့ ကျင်းယွီထန်က မင်းကို အပိုင်းပိုင်းမွှန်းပစ်မယ်! သခင်လေးကျင်းကလည်း ဝိညာဉ်ပိုးဖလံဂေဟာမှာပဲ ရှိတာ၊ သူ မင်းကို ဘယ်တော့မှလွှတ်ထားမှာ မဟုတ်ဘူး!"

စုကျို လှောင်ရယ်လိုက်သည် - "ငါ ချန်ကျိုးက စောင့်နေပါ့မယ်”

"ဟက်ဟက်... ကျင်းမိသားစုရေ၊ ငါ့ကို မြန်မြန်လာရိုက်ကြစမ်းပါ”

စုကျို လှည့်ထွက်ရန် ပြင်လိုက်သည်။ ကျင်းယွီထန် မန်နေဂျာမှာ ဒေါသထွက်လွန်းသဖြင့် မျက်စိထဲ ပြာနှမ်းသွားပြီး သူမ လက်မောင်းကို လှမ်းဆွဲလိုက်ရာ စုကျိုဝတ်ထားသော အစိမ်းရင့်ရောင် အမျိုးသားဝတ်ဝတ်ရုံလက်အင်္ကျီတစ်ဝက်မှာ ‘ဗြိ’ ကနဲ ပြဲထွက်သွားတော့သည်။

ထိုစဉ် နောက်ဘက်မှ တစ်ချက်အလဲထိုးခြင်း ခံလိုက်ရပြီး သူ ပြန်လည်မေ့လျောသွားပြန်သည်။

စုကျို မန်နေဂျာနောက်တွင် ရပ်နေသည့် ယင်လီအား လက်မထောင်ပြလိုက်သည်။

"သွားကြစို့”

စုကျိုသည် ချန်ကျိုးပုံစံ ဖန်တီးထားသော သစ်သားခြေ ထောက်လေးခုကို ပြန်ဖြုတ်လိုက်ပြီး၊ မန်နေဂျာအား ဘောလုံးတစ်လုံးလို ကန်ထုတ်ကာ သူတို့၏ VIP ခန်းထဲမှ ဘေးရှိ သာမန်အခန်းထဲသို့ ပို့လိုက်သည်။

ထို့နောက် သူမသည် မျက်နှာဖုံးကို ခွာ၊ ညာဘက်လက်မှ ပြဲနေသော ချန်ကျိုးဝတ်ရုံလက်ကို ချွတ်ပြီး ရှီးရှန်ဆောင် အဝင်ဝသို့ ပေါ်တင်ကြီး လမ်းလျှောက်ထွက်လာခဲ့သည်။

"ကျွန်တော်တို့ရဲ့ လျော်ကြေးပေးမှုကို ကျေနပ်ကြပါရဲ့လား ခင်ဗျာ ?"

ဧည့်သည်များ ဝတ်ရုံသန့်စင်ရန် အခန်းထဲမှ ခဏထွက်ပေးခဲ့သော ဝန်ထမ်းလေးလေး တံခါးဝတွင် ပြုံးလျက်စောင့်နေသည်။

စုကျို နောက်သို့ လက်ညှိုးထိုးပြကာ - "သူတို့ကိုပဲ မေးလိုက်တော့”

သူမသည် တံခါးဝသို့ ခန့်ခန့်ညားညား လျှောက်သွားစဉ် နံရံတွင် ချိတ်ဆွဲထားသော တတိယအဆင့် ပုလဲစီကြေးမှန်ကြီးကို တွေ့လိုက်ရသည်။ တောင်ပင်လယ်ပုလဲများ ဝန်းရံထားသော ထိုမှန်ကြီးမှထွက်ပေါ်လာသော အလင်းရောင်က စုကျို ခန္ဓာကိုယ်တစ်ခုလုံးကို လွှမ်းခြုံသွားသည်။

မှန်ထဲတွင် သူမ တာအိုလမ်းစဉ်မှာ လပြည့်ဝန်းကဲ့သို့၊ သို့မဟုတ် တောက်ပသော နေမင်းကြီးကဲ့သို့ပင် အပြစ်ဆိုဖွယ်မရှိ ကြည်လင်တောက်ပနေသည်။

"ဟူး... ငါက တကယ့်ကို အပြစ်ကင်းစင်တဲ့ လူကောင်းလေးပဲ၊ တစ်သက်လုံး ဖြောင့်ဖြောင့်မတ်မတ် နေခဲ့တာ၊ ကိုယ်ကျင့်တရားနဲ့ မညီတာ ဘာမှမလုပ်ခဲ့ဘူး"

စုကျို ကောင်းကင်ကိုကြည့်ကာ သက်ပြင်းချလိုက်သည်။ နောက်မှ လိုက်လာသည့် ကျူးပိုင်ယွီအပါအဝင် လေးယောက်လုံးမှာတော့ စုကျို နောက်ကျောဘက်တွင် ဝှက်ထားသော၊ ချန်ကျိုးအားအကွက်ဆင်ရန် တမင်တကာ အပြဲခံထားသည့် ဝတ်ရုံလက်စွပ်ကိုကြည့်ပြီး အမူအရာများ ပျက်ယွင်းနေကြသည်။

ဒါ တကယ်ကို အံ့သြစရာပဲ။

သူ့ တာအိုလမ်းစဉ်က ဘယ်လောက်တောင် ‘မာ’ သလဲဆိုရင် သူကိုယ်တိုင်တောင် ဒါကို တကယ်ယုံကြည်နေတာပဲ၊ မကောင်းတာတွေ အကုန်လုံးက ချန်ကျိုးလုပ်တာ၊ သူနဲ့ ဘာမှမဆိုင်ဘူးဆိုပြီးလေ။

ကောင်းလေစွ၊ ကောင်းလေစွ။

ယင်လီသည်လည်း မှန်ထဲကြည့်ကာ သူမ တာအိုလမ်းစဉ်ကို စစ်ဆေးပြီးနောက် ပြောလိုက်သည် - "ရပါပြီ၊ နောက်ဆို ရှီးရှန်ဆောင်ကို လာစရာမလိုတော့ဘူး၊ ငါ့မှာ အပြစ်ရှိသလို ခံစားရရင် အဲဒါ အကုန်လုံးက ချန်ကျိုးကြောင့်ပဲ၊ ငါနဲ့ ဘာဆိုင်လို့လဲ?"

ကျူးပိုင်ယွီကမူ အသက်ကို ပြင်းပြင်းရှူကာ မှန်ရှေ့ရပ်လိုက်ပြီး ပါးစပ်ဟလိုက်သည်နှင့် စိတ်ဓာတ်ကျသွားတော့ သည် - "ငါတော့ နင်တို့လို အဲ့လောက်အရှက်မရှိဖို့ကို တကယ် မသင်ယူနိုင်သေးဘူး”

စုကျို : "?"

စုကျီကျီနှင့် စုရှင်းချန်တို့မှာလည်း မျက်နှာလေးများ နီမြန်းလျက် ဘေးတွင်ရပ်နေကြသည်။ သို့သော် သူတို့၏တာအိုလမ်းစဉ်ပေါ်တွင် အခြားသူများ၏ အညစ်အကြေးများ ကျန်မနေခဲ့သည်ကို မြင်မှ စိတ်အေးသွားကြတော့သည်။

"ဟေး စုကျို... နင် ဘာလို့ ချန်ကျိုးရဲ့ တာအိုလမ်းစဉ် အညစ်အကြေးတွေကို မှန်ထဲမှာမကြည့်ခဲ့တာလဲ?"

စုကျိုက မထွက်ခင် ရှီးရှန်ဆောင်ရဲ့ ‘၁၀၀ ဝယ် ၂၀ လက် ဆောင်’ ကူပွန်တွေကို ယူလာသည်ကို ကျူးပိုင်ယွီ သတိ ထားမိလိုက်သည်။

စုကျို မျက်ခုံးပင့်လိုက်သည် - "အဲ့ဒါတွေကို လက်ကိုင်ပုဝါထဲ ထုပ်ထားတာ မဟုတ်လား?"

သူမက ထိုအထုပ်ကို မန်နေဂျာပါးစပ်ထဲသို့ အတင်းထိုးထည့်လိုက်သည့် အမူအရာကိုလုပ်ပြလိုက်သည်။

"..."

"..."

စုကျိုသည် ကျင်းယွီထန်သို့ ရောက်ရှိသွားသော်လည်း နှစ်သစ်ကူး မီးအိမ်ပဟေဠိ အစီအစဉ်မှာ နောက်အပတ်မှ စတင်မည်ဖြစ်ကြောင်း သိလိုက်ရသည်။

သူ ရရှိထားသော မီးအိမ်ပဟေဠိအဖြေ မိတ္တူကိုးခုအား လူအနည်းငယ်ထံသို့ နှမြောတသစွာဖြင့် ခွဲဝေပေးလိုက်ရသည်။

"နောက် ၁၀ ရက်နေရင် ပိုက်ဆံလာယူကြဦး”

"!"

-

ဝိညာဉ်ပိုးဖလံဂေဟာ၏ပထမထပ်တွင် ချန်ကျိုးနှင့် သူ့မိခင်တို့သည် သူတို့ ‘ရလဒ်’ များဖြင့် ပြန်ရောက်လာကြသည်။

သို့သော် သူတို့ သစ်သားအိမ်လေးဆီသို့ရောက်လျှင်ရောက်ချင်းမှာပင် ပတ်ဝန်းကျင်မှ စုရုံးပြောဆိုနေသံများကို ကြားလိုက်ရသည်။

"ကြားပြီးပြီလား ? ၃၅ ထပ်က အကြီးအကဲတပည့်၊ ကျင်းမိသားစု ဝိညာဉ်လက်မှုပညာဂိုဏ်းရဲ့ သခင်လေး ကျင်းချန်ရဲ့အကြွေးဝယ်ကတ်ထဲကနေ ဝိညာဉ်ကျောက်တုံး ၅၀,၀၀၀ ဒီနေ့ ကျင်းကွေ့မြို့က ကျင်းယွီထန်မှာ ခိုးသုံးခံလိုက်ရတယ်တဲ့!"

"ဘာ! အဲဒီလိုတောင် ခိုးလို့ရတာလား? ဘယ်လိုလုပ်လိုက်တာလဲ? တကယ့်ကို ရဲတင်းလွန်းတာပဲ!"

"ဟုတ်တယ်! ကြားတာတော့ အဲဒီလူက တကယ့်ကို လက်ရဲ ဇက်ရဲ ရှိပြီး စွမ်းအားလည်း ကြီးတယ်တဲ့၊ အဲဒီကိစ္စကို စစ်ဆေးနေတဲ့ ကျင်းယွီထန်ရဲ့ အခြေခံအဆင့် မန်နေဂျာကိုတောင် လက်မောင်းချိုးပြီး ရိုက်လွှတ်လိုက်တာ၊ ပြီးတော့ သူက ကျင်းယွီထန်ကို ကောင်းကင်ဘုံကိုယ်စား ဆုံးမမှာမို့လို့ ရဲရင် လာရိုက်ကြလို့တောင် ကြုံးဝါးခဲ့သေးတယ်တဲ့”

"ဘုရားရေ... အဲဒီလူက သေဖို့စောနေပြီ ထင်တယ်နော်၊ ကျင်းမိသားစုရဲ့ နောက်ကွယ်က ဝိညာဉ်လက်မှုပညာဂိုဏ်းဆိုတာ ငါတို့ ဝိညာဉ်ပိုးဖလံဂေဟာနဲ့ အဆင့်အတန်းတူတူပဲ၊ ဘယ်သူမှ မထိရဲတဲ့ အဖွဲ့အစည်းလေ!"

"ဟုတ်ပါ့၊ အဲဒီလူက ဒီနေ့ ကျင်းကွေ့မြို့ကနေ လွတ်သွားပေမဲ့ ကျင်းယွီထန်ကတော့ ပတ်ဝန်းကျင်က မြို့ ၁၂ မြို့လုံးမှာ ဝရမ်းထုတ်လိုက်ပြီ! ဒါနဲ့ အဲဒီလူက ဘယ်သူလဲဆိုတာ ခန့်မှန်းကြည့်ကြဦးမလား? နင်တို့ ဘယ်တော့မှ မှန်းမိမှာ မဟုတ်ဘူး!"

ချန်ကျိုးနှင့် သူ့မိခင်တို့သည် သစ်သားအိမ်တံခါးဝတွင် ရပ်ကာ စိတ်ဝင်တစား နားထောင်နေကြသည်။

ဒါက ပုံပြောသူရဲ့ ပုံပြင်ကို နားထောင်ရတာထက်တောင် ပိုပြီးစိတ်လှုပ်ရှားဖို့ ကောင်းနေသည်။

ချန်ကျိုးသည် ထိုရဲတင်းပြီး မောက်မာလှသော လူသားအဖြစ် စိတ်ကူးယဉ်ကြည့်နေမိသည်။ ကျင်းယွီထန်ကို စိတ်ကြိုက် ဝင်ထွက်သွားလာရင်း၊ အခြေခံအဆင့် ပညာ ရှင်တွေကို ခွေးလိုရိုက်ကာ လွတ်မြောက်သွားတာမျိုးပေါ့။

ဘယ်လောက်တောင် အားရစရာကောင်းလိုက်သလဲ!

ဒါပေမဲ့ ဒီလူကတော့ သေတွင်းကို တူးနေတာပဲ၊ သူ့ရဲ့ အောင်မြင်မှုက ခဏတာပဲဖြစ်လိမ့်မယ်။

ဘုန်းကြီးပြေးလို့ရပေမဲ့ ကျောင်းပြေးလို့ မရဘူးလေ!

ကျင်းမိသားစုမှာ အခြေခံအဆင့် ကျင့်ကြံသူတွေတင်မကဘူး၊ ‘ဝိညာဉ်အမြုတေအဆင့်’ ပညာရှင်တွေ အများကြီးရှိတာ၊ ဘယ်ကို ပြေးနိုင်မှာလဲ?!

ဒီလူတော့ ရူးနေတာပဲ!

"အဲ့ဒါ ဘယ်သူလဲ ?"

ချန်ကျိုးက လူအုပ်ကြားထဲကနေ စပ်စုလိုက်သည်။ ဘေးနားကလူက စိတ်အားထက်သန်စွာ ကမ်းပေးလာသည့် ဝိညာဉ်အားဖြည့် ‘ဖရဲစေ့’ များကိုလည်း ပေါ့ပေါ့ပါးပါးပင် ယူစားလိုက်သေးသည်။

"အဲဒီ သေတွင်းထဲ ဆင်းမယ့်လူက ငါတို့နဲ့ သိတဲ့သူများ ဖြစ်နေမလား ?"

"ဟေး... ဟုတ်တာပေါ့! ငါတို့အားလုံး သိတဲ့ သေတွင်းထဲ ဆင်းမယ့်ကောင်ပဲ!"

စကားပြောနေသည့်လူမှာ အားတက်လွန်းသဖြင့် သူ့ကို ဘယ်သူမေးလိုက်မှန်းတောင် သတိမထားမိဘဲ ထိုင်ခုံပေါ်တက်ရပ်ကာ အော်ပြောလိုက်သည် - "အဲဒီလူက ငါတို့ ဝိညာဉ်ပိုးဖလံဂေဟာ ပထမထပ်ကလူပဲ!"

ချန်ကျိုးနှင့် မိခင်ဖြစ်သူအပါအဝင် ဘေးကလူများအား လုံး အံ့သြတကြီး အာမေဍိတ်သံများထွက်ပေါ်လာသည်။

"ငါ အဲဒီအချိန်က ရှီးရှန်ဆောင်ရဲ့ ခန်းမထဲမှာ တရားထိုင်နေတာ၊ အပြင်မှာ အက်ရှရှ အသံကြီးနဲ့ ကြုံးဝါးနေတာကို ငါ ကိုယ်တိုင် ကြားခဲ့တာ—"

"‘ငါက ဝိညာဉ်ပိုးဖလံဂေဟာ ပထမထပ်ရဲ့ထိပ်တန်းကျင့်ကြံသူ ချန်ကျိုးကွ၊ နာမည်မပျက် ကိုယ်ရောင်မဖျောက်ဘူး!’ တဲ့"

ဖူး~

ချန်ကျိုးသည် ပါးစပ်ထဲမှ ဖရဲစေ့များကို ချက်ချင်းပြန်ထွေးထုတ်လိုက်သည်။

ချန်ကျိုးအမေကြီးမှာလည်း မျက်လုံးအပြူးသား ဖြစ်သွားရသည်။

ဘာရယ် ?

ဘာ ဘာ ဘာတွေလဲ ?

ချန်ကျိုးအမေကြီးမှာ လုံးဝကိုဆွံ့အသွားတော့သည်။

ချန်ကျိုးလက်ထဲမှ ဖရဲစေ့များမှာလည်း တဆတ်ဆတ်တုန်ရင်း မြေပြင်ပေါ်သို့ ပြုတ်ကျသွားသည်။

အစောက သူ့ကို ဖရဲစေ့ကမ်းပေးခဲ့သည့်လူမှာ ရုတ်တရက် တောင့်တင်းသွားပြီး သူ့ကို ဖြည်းဖြည်းချင်း လှည့်ကြည့်လာသည်။

ထိုလူ လှုပ်ရှားလိုက်သည်နှင့် ပတ်ဝန်းကျင်ရှိလူများကပါ ထူးဆန်းသည်ကို သတိပြုမိပြီး လှည့်ကြည့်လာကြသည်။

ယခုတစ်ကြိမ်တွင်တော့ လူတိုင်းက သူတို့ကြားထဲမှာ ဖရဲစေ့စားပြီးပုန်းနေသည့် ချန်ကျိုးကို မြင်သွားကြရာအား လုံး ပါးစပ်အဟောင်းသားနှင့် နောက်သို့ လန်ကျကုန်ကြတော့သည်။

ချန်ကျိုး: "...!"

"မဟုတ်ဘူး၊ နေဦး... ငါ မလုပ်...!"

သူ့ အသံမှာ တုန်ယင်နေသည်။

သို့သော် သူ့အသံမှာ အလွန်တိုးလွန်းလှလွန်းသည်။

စားပွဲပေါ်တက်ပြီး ပုံပြောနေသည့်လူမှာ စိတ်လှုပ်ရှားလွန်းသဖြင့် သူ့အား သတိပင် မထားမိချေ။

"ကျင်းမိသားစုကတော့ ဒေါသပေါက်ကွဲနေပြီ”

"ငါ အပြင်ထွက်လာတော့ မြို့ထဲက မြို့တံခါးတွေမှာ ချန်ကျိုးရဲ့ ဝရမ်းစာတွေ အနှံ့ကပ်ထားတာ မြင်ခဲ့တယ်၊ သူ့ကို ဖမ်းပေးနိုင်ရင် ဝိညာဉ်ကျောက်တုံး ၅,၀၀၀ တောင် ဆုပေးမယ်တဲ့!"

ချန်ကျိုးနှင့် မိခင်ဖြစ်သူမှာ တစ်ကိုယ်လုံး တုန်ယင်နေပြီး ဆွံ့အလျက်သား။

"မင်း မှားနေပြီ ကျန်းတာ့လျို၊ မင်း တကယ်မှားနေပြီ!"

ချန်ကျိုး အသည်းအသန် အော်ဟစ်တော့သည် - "ငါ ဒီနေ့ ကျင်းကွေ့မြို့ကို ခြေတောင်မနင်းခဲ့ပါဘူးကွာ!"

"ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ ? ပုံရိပ်ဖော်ကျောက်တုံးက မင်းရဲ့ရုပ်ကို အမိအရ ဖမ်းထားတာပဲကို... ဟာ၊ သေစမ်း! ချန်ကျိုးပါလား!"

ပုံပြောသူသည် ထိုအခါမှသာ အောက်တွင်ရပ်နေသော ချန်ကျိုးကို သတိထားမိတော့သည်။

သူ ထိတ်လန့်တကြားဖြင့် စားပွဲပေါ်မှ ခုန်ဆင်းလိုက်ပြီး "မင်း ပြန်လာရဲသေးတယ်ပေါ့?!"

ချန်ကျိုး: "??!"

မျက်တောင်တစ်ခတ်အတွင်းမှာပင် ပထမထပ်တစ်ခုလုံး ကောင်းကင်ယံ၌ မိုးခြိမ်းသံများ ဟိန်းထွက်လာကာ ညဉ့်မှောင်အတိ ကျသွားပြီး ခန့်ညားထည်ဝါသော အသံကြီးတစ်ခု ရုတ်တရက်ထွက်ပေါ်လာသည်။

[ ၃၅ ထပ်ရှိ ဝိညာဉ်ပိုးဖလံဂေဟာမှ ပထမထပ်ရှိ ချန်ကျိုးကို ဖမ်းဆီးရန် ဝရမ်းထုတ်ပြန်လိုက်သည်! ]

[ ချန်ကျိုးသည် ၃၅ ထပ်၏ အကြီးအကဲတပည့် ကျင်းချန်ကို စော်ကားခြင်း၊ ဝိညာဉ်ကျောက်တုံး ၅၀,၀၀၀ ခိုးယူခြင်းနှင့် ကျင်းယွီထန် မန်နေဂျာကို ကိုယ်ထိလက်ရောက် ကျူးလွန်ခြင်းတို့ ပြုလုပ်ခဲ့သည်! ]

[ ပထမထပ်ရှိ မည်သည့်ကျင့်ကြံသူမဆို ချန်ကျိုးကို ဖမ်းဆီး၍ ကျင်းယွီထန်သို့ အပ်နှံပါက ဝိညာဉ်ကျောက်တုံး ၅,၀၀၀ ဆုချီးမြှင့်မည်! ]

ချန်ကျိုး မျက်နှာမှာ ဖြူဖျော့သွားပြီး နဖူးမှ ချွေးသီးချွေးပေါက်များ ချက်ချင်းကျဆင်းလာတော့သည်။ သစ် သားအိမ်အတွင်းရှိ ပုံပြောသူအပါအဝင် ကြည့်ရှုနေသူအားလုံးမှာ မျက်လုံးများ နီရဲလာပြီး သူ့ထံသို့ ဝိုင်းအုံပြေးဝင်လာကြတော့သည်!

"မဟုတ်ဘူး... ရှင်းပြပါရစေဦး!"

"နေကြဦးလေ!"

သို့သော် သူသည် ခဏချင်းမှာပင် လူအုပ်ကြီး၏ဝိုင်းဖမ်းခြင်းကို ခံလိုက်ရလေတော့သည်။

"အာ... ချန်ကျိုးရဲ့ ဝရမ်းက ဝိညာဉ်ကျောက်တုံး ၅,၀၀၀ တောင် တန်တာလား! ဒီကောင်က ဒီလောက်အောက်တန်း ကျတဲ့အလုပ်ကို လုပ်ရက်တယ်၊ ငါကိုယ်တိုင် သူ့ကိုဖမ်းပြီး တရားမျှတမှုကို ဖော်ဆောင်ရမယ်!"

ကျင်းကွေ့မြို့ အဝင်ဝတွင် စုကျိုသည် တရားမျှတမှုအတွက်ဒေါသထွက်နေသော မျက်နှာထားဖြင့် ဝရမ်းစာကို ဆွဲခွာလိုက်သည်။

စုရှင်းချန်ကမူ စုကျီကျီ မျက်လုံးများကို လှမ်းပိတ်ပေးထားလိုက်သည်။ ကျူးပိုင်ယွီနှင့် ယင်လီတို့ကတော့ သက်ပြင်းကိုသာ အကြိမ်ကြိမ်ချနေမိကြတော့သည်။

"သူ ဝိညာဉ်ပိုးဖလံဂေဟာကို ပြန်ရောက်နေပြီဆိုတော့ တစ်ယောက်ယောက်က အရင်ဦးအောင် ဖမ်းသွားလောက်ပါပြီ" ဟု ယင်လီက မြို့တံခါးရှိ သစ်သားသတိပေးပုန်းကို ဖိထားရင်း စုကျိုကို ပြောလိုက်သည်။

စုကျို သူ့ ရင်ဘတ်ကိုဖိကာ နာကျင်ဟန်ဖြင့် နောက်သို့ ဆုတ်လိုက်သည် - "ငါ မှတ်ထားလိုက်မယ်၊ သူ ငါ့ကို ဝိညာဉ်ကျောက်တုံး ၅,၀၀၀ ထပ်ကြွေးတင်သွားပြန်ပြီ”

သို့သော် ဝရမ်းစာကို သေချာဖတ်ကြည့်ပြီးနောက် သူ့ မျက်နှာထက် အပြုံးများပြန်လည်ဝင်းပလာသည်။

"ချန်ကျိုးက ကျင်းယွီထန် မန်နေဂျာကို ရိုက်နှက်တာကို မြင်တွေ့ခဲ့တဲ့ သက်သေဘယ်သူမဆို ကျင်းယွီထန်မှာ သက်သေလိုက်ပေးရင် ဝိညာဉ်ကျောက်တုံး ၅၀၀ ဆုချီးမြှင့်မယ်တဲ့”

"ကောင်းပြီလေ” စုကျိုက ရင်ဘတ်ကို မတ်လိုက်သည်။

"ဒီကိစ္စတစ်ခုလုံးကို မြင်တွေ့ခဲ့တဲ့ သက်သေတစ်ယောက်အနေနဲ့ ငါ ဘယ်လိုလုပ် ဒီအတိုင်းကြည့်နေနိုင်မှာလဲ!"

ကျူးပိုင်ယွီ: "!"

စုကျိုသည် လက်နှစ်ဖက်ကိုနောက်ပစ်ကာ ယင်လီကို လှည့်ကြည့်လိုက်သည် - "နင် အပေါ်ထပ်ကို ဘယ်တော့တက်ရမှာလဲ ? လောနေလား? တကယ်လို့ လောနေရင်..."

"မလောပါဘူး" ဟု ယင်လီက အလျင်အမြန်ပြန်ဖြေလိုက်သည်။ သူသာ နှေးနေပါက စုကျို သူ့ကိုပါ ဝိညာဉ်ကျောက်တုံး ၅၀၀ အကြွေးစာရင်းထဲ ထည့်သွင်းလိုက်မည်ကို ကြောက်နေမိသည်။

ယင်လီသည် ထိုဒဏ်ကိုမခံနိုင်တော့ကြောင်း ဗီဇအရသိနေသည်။

"ငါ နင်နဲ့အတူ လိုက်ခဲ့ပါ့မယ်... သက်သေလိုက်ဖို့လေ”

သူ့ ညာဘက်လက်ကို ကြည့်လိုက်ရာ အချိန်မှတ်နာရီသည် တစ်ရက်သာ လိုတော့သည်။

"ငါ့အချိန်က မရောက်သေးဘူး၊ မနက်ဖြန် မွန်းတည့်မှ အပေါ်ထပ်က လာခေါ်မှာ၊ ဒီညတော့ ပြင်ဆင်ဖို့ ဝိညာဉ်ပိုးဖလံဂေဟာကို ပြန်လို့ရသေးတယ်”

စုကျို စိတ်အေးသွားသည် - "ကောင်းပြီ၊ ဒီည ငါ နင့်ကို လိုက်ပို့မယ်”

စုကျီကျီနှင့် စုရှင်းချန်တို့သည် အနက်ရောင်ဝတ်စုံဝတ် ဆင်ထားသည့် ယင်လီကို နှမြောတသသော အကြည့်များဖြင့် ကြည့်နေကြသည်။ ယင်လီသည် ပထမထပ်၏ခေါင်း ဆောင်ဖြစ်ပြီး သူ့ နာမည်ဂုဏ်သတင်းမှာလည်း အတော် အတန်ကောင်းမွန်လှသည်။

စုကျို မျက်ခုံးတစ်ဖက်ကို ပင့်လိုက်ကာ မြို့တံခါးဝတွင် လက်နှစ်ဖက်ကို နောက်ပစ်လျက် လမ်းချိုးတစ်ခုသို့ ကွေ့ဝင်ကာ မြို့ပြင်သို့ပြန်ထွက်လာခဲ့သည်။

"ငါ ပြန်စဉ်းစားကြည့်လိုက်ပြီ၊ ဝိညာဉ်ကျောက်တုံး ၅၀၀ ထဲအတွက်နဲ့ ကျင်းယွီထန်ရဲ့ ရွံစရာကောင်းတဲ့ မျက်နှာတွေကို သွားကြည့်ရတာမတန်ဘူး၊ ကိုယ့်ကိုကိုယ် ရွံသွားလိမ့်မယ်၊ ဝိညာဉ်ပိုးဖလံဂေဟာကိုပဲ ပြန်ကြတာပေါ့”

ယင်လီ ခဏမျှ ကြောင်သွားပြီးမှ တောက်ပစွာပြုံးလိုက်သည်။

"ကောင်းပြီလေ၊ ဒါဆို ငါတို့ မသွားတော့ဘူး၊ ဝိညာဉ်ပိုးဖလံဂေဟာ ပထမထပ်ကိုပဲ ပြန်ကြရအောင်”

အိမ်ပြန်ကြမယ်။

မိတ်ဆွေကောင်းတစ်ယောက်ကို နှုတ်ဆက်ဖို့အတွက် ခဏတာ သိကျွမ်းခဲ့ရတာဆိုပေမဲ့ ညတစ်ညတည်းကတော့ မလုံလောက်ချေ။ ချန်ကျိုးလို ကောင်မျိုးအတွက် အချိန် ဖြုန်းနေဖို့မလိုပါဘူး။

ဝိညာဉ်ကျောက်တုံး ၅၀၀ တန် သက်သေခံခလေးက တော့...

စုကျိုသည် ကြေးနွားလှည်းထဲတွင် ထိုင်ရင်း လှည်းမောင်းနေသည့် ယင်လီထံဘလှမ်းကြည့်လိုက်သည်။

"ဟေး... နင် ငါ့ကို ဝိညာဉ်ကျောက်တုံး ၂,၀၀၀ ကြွေးတင်နေတယ်နော်”

ယင်လီ: "?"

သူ လှည်းပေါ်ကပင် ပြုတ်ကျမတတ်ဖြစ်သွားရသည်။

စုကျို စုကျီကျီ၊ စုရှင်းချန်နှင့် လှည်းခေါင်မိုးပေါ်အား လက်ညှိုးထိုးပြလိုက်သည်။ သက်သေတစ်ယောက်ကို ဝိညာဉ်ကျောက်တုံး ၅၀၀ ဆိုလျှင်...

"ငါ့ စုမိသားစုဝင် လေးယောက်လုံးမြင်ခဲ့တာလေ၊ သက် သေခံခက ၂,၀၀၀ တန်တယ်”

ယင်လီ နှုတ်ခမ်းများ တုန်ယင်သွားသော်လည်း ချက်ချင်း အသာအယာပြုံးလိုက်သည်။

"နင် အဆင့် ၃၀ ကိုရောက်တဲ့နေ့ကျရင် ငါ အဲဒီကြွေးတွေကို အကုန်ဆပ်ပါ့မယ်”

"ကောင်းပြီလေ၊ ကတိတည်နော်”

"...”

54

စုကျိုက ကျင်းယွီထန်ကို သက်သေလိုက်ဖို့အတွက်ပြန် သွားဖို့ရာ ပျင်းနေတာကြောင့် သူတို့အဖွဲ့သည် ယင်လီ ကြေးနွားလှည်းဖြင့် ဝိညာဉ်ပိုးဖလံဂေဟာဆီပြန်လာခဲ့ကြသည်။

လမ်းခရီးမှာ ကျူးပိုင်ယွီဝယ်လာသည့် ပုံရိပ်ဖော်ကျောက်တုံးမှ ထုတ်လွှင့်နေသည့် မြင်ကွင်းတွေကို သူတို့တွေ့လိုက်ရ၏။

ပုံရိပ်ထဲမှာ ချန်ကျိုးသည် ကျင်းယွီထန်၏ကျောက်ပြားကြမ်းပြင်ပေါ်မှာ ဖိနှိပ်ခံထားရပြီး ခြေထောက်တွေ လက်တွေ အချည်ခံထားရပေမဲ့ အသည်းအသန်ငြင်းဆန်နေတုန်းပင်။

"ခိုင်လုံတဲ့ သက်သေအထောက်အထားတွေ ရှိနေတာတောင် မင်း ငြင်းချင်သေးတာလား!"

ကျင်းယွီထန်ရဲ့ လက်တစ်ဖက်ပြတ် မန်နေဂျာမှ ချန်ကျိုးရဲ့ မျက်နှာကို ဆွဲညှစ်ပြီးဟောက်လိုက်သည်။

"ငါ မင်းကို မှတ်မိတယ်၊ အဲဒါ မင်းပဲ!"

"ပုံရိပ်ဖော်ကျောက်တုံးကလည်း မင်းမျက်နှာကို အမိအရ ရိုက်ထားနိုင်တယ်!"

ချန်ကျိုးဟာ လေထဲက ပုံရိပ်ကိုကြည့်ပြီး အသည်းခိုက်အောင် ကြောက်လန့်သွားသည်။ ပုံရိပ်ထဲမှာ မြင်နေရတာက ‘သူ့’ ရဲ့ ရုပ်သွင်အစစ်ပဲ၊ ဒါပေမဲ့ ဆံပင်ပုံစံက... နည်းနည်းလေး ကွဲပြားနေသလိုပဲ ?

"ပြီးတော့ ဒါက မင်းထွက်ပြေးဖို့ ကြိုးစားတုန်းက ငါဆွဲဖြဲလိုက်တဲ့ မင်းရဲ့ဝတ်ရုံလက်ပဲ!"

ချန်ကျိုး ပါးစပ်အဟောင်းသားနဲ့ ကြည့်နေတုန်းမှာပင် အစိမ်းရင့်ရောင် ဝတ်ရုံစတစ်စဟာ သူ့ခေါင်းပေါ်ကိုကျလာသည်။ အဲ့ဒီအစက သူဝတ်ထားတဲ့ ဝတ်ရုံနှင့်ပန်းအလှဆင်ပုံစံကအစ အတူတူပင်။

"ငါ သေချာစစ်ဆေးပြီးပြီ၊ ဒီလက်စွပ်က ပန်းထိုးပုံစံက မင်းဝတ်ထားတဲ့ ဝတ်ရုံနဲ့ တစ်ထပ်တည်းပဲ!"

ချန်ကျိုး သူ့ဝတ်ရုံလက်အားပြန်ကြည့်လိုက်ရာ ဘယ်နားမှ ပြဲမနေပေ! သူ့မှာ ဒီဝတ်ရုံတစ်ထည်ပဲ ရှိတာလေ! ဒီတတိ ယမြောက် အင်္ကျီလက်က ဘယ်က ရောက်လာတာလဲ!

ချန်ကျို လေထဲရှိပုံရိပ်အား ရုတ်တရက်စိုက်ကြည့်လိုက်တဲ့အခါ ‘ချန်ကျိုး’ ၏ကော်လာအရောင်ကိုမြင်ပြီး ချက်ချင်း သဘောပေါက်သွားသည်။

"မဟုတ်ဘူး! အဲဒါ ငါမဟုတ်ဘူး! တစ်ယောက်ယောက်က ငါ့ကို အယောင်ဆောင်နေတာ၊ အဲဒါ စုကျို...! ဟုတ်တယ်၊ အဲဒါ သူပဲ!"

"သူ့ညီမလေး ငါ့ဝတ်ရုံနဲ့ အတူတူပဲ ဝတ်ထားတာ ငါမြင်ဖူးတယ်၊ ပြီးတော့ သူ့ ပါရမီကလည်း ထူးဆန်းတယ်၊ ငါ့ခြေ ထောက်တွေကိုတောင် ပြန်ကောင်းအောင် လုပ်ပေးနိုင်တာ..."

"တောက်! တခြားလူကို အပြစ်လွှဲဖို့ ကြိုးစားနေတာလား!" မန်နေဂျာ ချန်ကျိုးအား ကန်ထုတ်လိုက်သည်။

လှည်းထဲကနေ ဒါကို ကြည့်နေတဲ့ စုကျိုကတော့ နှာခေါင်းရှုံ့လိုက်ပြီး - "ဒီကောင်က ငါ့ကိုတောင် စွပ်စွဲရဲသေးတယ်!"

ယင်လီနှင့် ကျူးပိုင်ယွီတို့ကမူ စုကျို သက်သေလိုက်ဖို့ပြန်မသွားတာ တော်သေးတယ်ဟု ပြောဖို့ပြင်နေတုန်းမှာပင် စုကျိုစကားကြောင့် မျက်ခုံးများတွန့်သွားရသည်။

အဲဒီနောက် ပုံရိပ်ထဲမှာတော့ မန်နေဂျာက ချန်ကျိုး ရင် ဘတ်ကိုနင်းထားပြီး အဖြူရောင် လက်ကိုင်ပုဝါတစ်ထုပ်ကိုပစ်ချလိုက်သည်။

"ဘာ စုကျို၊ ဘာ စုစန်းလဲ!"

"ဒီလက်ကိုင်ပုဝါထဲမှာ မင်းရဲ့တာအိုလမ်းစဉ် အညစ်အ ကြေးတွေရှိနေတယ် ချန်ကျိုး! မင်း ဘယ်လို ငြင်းဦးမလဲ!"

ချန်ကျိုး မယုံကြည်နိုင်လောက်အောင် စိုက်ကြည့်နေသလို၊ ကျင်းယွီထန် အဝင်ဝက အဖွားအိုကြီးလည်း ကြောင်အမ်းသွားတယ်။

ကျင်းယွီထန်ရဲ့စစ်ဆေးမှုမှာ ရှီးရှန်ဆောင်၏တတိယအဆင့် နှလုံးသားထင်ဟပ်မှန်ကို ချက်ချင်းထုတ်ယူလာခဲ့သည်။ အဖြူရောင်လက်ကိုင်ပုဝါထဲမှ အမည်းရောင် အမှုန်အမွှား ၉ ပုံပေါ်ကို မှန်တင်လိုက်တဲ့ ခဏမှာပင် ချန်ကျိုး၏ ဝေဝေဝါးဝါးပုံရိပ်တွေ မှန်ထဲပေါ်လာတော့သည်။

မြင်ကွင်းတိုင်းမှာ သူဟာ ဒဏ်ရာတွေနှင့် သွေးထွက်နေသည့် အမျိုးသမီးကျင့်ကြံသူတစ်ယောက် လက်ထဲမှသွေး စွန်းနေသည့် ဝိညာဉ်ကျောက်တုံးများအား ယူနေခြင်းပင်။

ပြီးနောက် သူ ဝမ်းသာအားရ ဝတ်ရုံလက်အားခါပြီး ထွက်သွားခဲ့သည်။ သူ့တာအိုလမ်းစဉ်မှာ အမည်းရောင်မြူခိုးများ တရိပ်ရိပ်တိုးပွားလာ၏။

'ငါ ချန်ကျိုးရဲ့တာအိုလမ်းစဉ်ကတော့ ညစ်နွမ်းနေပြီပဲ...'

'သူ့သွေးနဲ့လဲပြီး ရလာတဲ့ ကျောက်တုံးတွေကို ငါ ယူခဲ့တယ်... ငါ တကယ့်ကို ယုတ်မာတဲ့သူပဲ...'

'ဟုတ်တယ်၊ ငါ သူ့ကိုလိမ်ခဲ့တယ်၊ ငါ ချန်ကျိုးသာ တစ်နေ့မှာ အဆင့်မြင့်တဲ့ နေရာကို ရောက်သွားခဲ့ရင် ငါ တစ် ယောက်တည်းပဲ သွားမှာ၊ အသုံးမကျတဲ့ ဝန်ထုပ်ဝန်ပိုးကြီးကို ဘာလို့ ခေါ်သွားမှာလဲ...'

'ငါ လိမ်နေတဲ့အချိန်မှာ ငါ့ရုပ်က ဘယ်လောက်တောင် ရွံစရာကောင်းလိုက်သလဲ'

'ဒါပေမဲ့ ငါက ဘာလို့ သာမန်ပါရမီနဲ့ပဲ မွေးလာရတာလဲ၊ ငါ ဘယ်လောက်ကြိုးစားပါစေ ဘာလို့ အချည်းနှီးပဲဖြစ်နေရတာလဲ... တစ်သက်လုံး အလုပ်လုပ်နေရင်တောင် ငါက လယ်သမားပဲဖြစ်နေမှာ... တခြားလူအပေါ် မှီခိုတာကလွဲလို့ ငါ ဘာလုပ်နိုင်ဦးမှာလဲ ? စုကျို... ငါ့ကို အပြစ်မတင်ပါနဲ့ ကံကြမ္မာရဲ့မတရားမှုကိုသာ အပြစ်တင်လိုက်ပါ၊ ငါ့ကို ပါရမီကောင်းကောင်း မပေးခဲ့တဲ့ ချန်မိသားစုကိုပဲ အပြစ် တင်လိုက်ပါ!'

'ငါကတော့ အားနည်းသူတွေဆီကနေ လိမ်ယူရတဲ့ လူဆိုးတစ်ယောက်ဖြစ်ဖို့ ကံပါလာတာပဲ...'

'ပထမတော့ ငါ အရမ်းကြောက်ခဲ့တာ၊ ဒါပေမဲ့ နောက်ပိုင်းတော့ ငါ စွဲလမ်းလာတယ်၊ သူ့ဆီကနေ ဝိညာဉ်ကျောက်တုံး ၁၀၀ ယူတယ်၊ ၃၀၀ ယူတယ်၊ ၁၀၀၀ ယူတယ်... တခြားလူရဲ့ ပင်ပင်ပန်းပန်း ရှာထားတဲ့ ပိုက်ဆံကိုယူပြီး အပေါ်တက်ရတာက အရမ်းကိုသက်သောင့်သက်သာရှိတာပဲ... ငါ မရပ်တန့်နိုင်တော့ဘူး!'

'အခုချိန်မှာ ငါ ကိုယ့်အားကိုယ်ကိုးပြီး လုပ်နိုင်ဦးပါ့မလား ?'

"ငါ အိပ်လို့မရဘူး၊ တရားထိုင်လို့မရဘူး၊ သူ ပေးတဲ့ ဝိညာဉ်ကျောက်တုံးတွေ မရရင် ငါ့ကျင့်ကြံမှုမှာတစ်ခုခု လိုနေသလိုပဲ၊ ငါ အောင်မြင်မှာ မဟုတ်ဘူးဆိုတာ ငါ သိတယ်..."

"ငါ တောင်းပန်ပါတယ် စုကျို... ဒီနေ့ရဲ့ စုကျိုရော၊ နောင်အနာဂတ်ရဲ့စုကျိုတွေအားလုံးပါ... ငါ့အပေါ် မျှော်လင့် ချက်တွေ ပုံအောထားတဲ့ နင်တို့လို လူညံ့လေးတွေကပဲ ငါ့လိုလူဖျင်းလူအတစ်ယောက် ဆုပ်ကိုင်ထားနိုင်မယ့် တစ်ခုတည်းသော အရာဖြစ်နေလို့ပါ..."

"စုကျို... နင် ငါ့ကို ခွင့်လွှတ်မှာ မဟုတ်လား?"

"ဟုတ်တယ်! ငါ ယုတ်မာနေတာ မဟုတ်ပါဘူး! သာမန်လူတစ်ယောက်က အထက်တန်းလွှာထဲတက်လှမ်းနိုင်ဖို့အတွက် နည်းလမ်းပေါင်းစုံ သုံးတာကလွဲလို့ ဘာလုပ်နိုင်ဦးမှာလဲ?"

"ငါလုပ်တာ မှန်တယ်! မနက်ဖြန်ကျရင် စုကျိုကို သွားမေးဦးမယ်၊ သူ သွေးတွေ ရောင်းပြီးပြီလားလို့၊ သူ ကတိပေးထားတာပဲ၊ သူ့မှာ သွေးထုတ်လို့ရတဲ့ ခြေထောက်တွေရှိသေးတယ်လေ!"

နှလုံးသားထင်ဟပ်မှန်ထဲမှ ဝေဝေဝါးဝါးပေါ်နေသော ချန်ကျိုး ပုံရိပ်ထံမှ ညည်းတွားသံများထွက်ပေါ်နေသည်။ တရားခွင်ထဲတွင်တော့ ချန်ကျိုးသည် မျက်နှာတစ်ခုလုံး ဖြူဖျော့ကာ အဝတ်စုတ်တစ်ခုလို မြေပြင်ပေါ်ပုံလျက်သား လဲကျနေပြီဖြစ်သည်။

သူ့ယုတ်မာလှသော တာအိုလမ်းစဉ်မှာ လူပုံအလယ်တွင် ဖော်ထုတ်ခြင်းခံလိုက်ရပြီဖြစ်သည်။ သူ့ ဘဝတစ်ခုလုံးအတွက် မျှော်လင့်ချက်မရှိတော့ပေ။ ဤအမည်းစက်ကြီးက သူ့တာအိုလမ်းစဉ်တွင် ထာဝရစွဲထင်နေပေရော့မည်။

"ချန်ကျိုး! မင်းမှာ အကြွေးတွေ အပုံလိုက်ရှိနေပြီ၊ သခင်လေး ကျင်းချန်ဆီက ဝိညာဉ်ကျောက်တုံး ၅၀,၀၀၀၊ ကျင်းယွီထန် မန်နေဂျာရဲ့အိတ်နဲ့ ဆံထိုးကနေ ၂၀,၀၀၀၊ ပြီးတော့ မန်နေဂျာကို ဒဏ်ရာရအောင်လုပ်ခဲ့တဲ့အတွက် ဆေးကုသစရိတ် ၁၀,၀၀၀!"

"စုစုပေါင်း ဝိညာဉ်ကျောက်တုံး ၈၀,၀၀၀! ဒါကို မဆပ်နိုင်သရွေ့ ဝိညာဉ်ပိုးဖလံဂေဟာကို ပြန်ဖို့ မစဉ်းစားနဲ့တော့!"

"မင်းရဲ့လက်ကျန် ဘဝတစ်ခုလုံး ကျင်းယွီထန်ရဲ့ကျွန်အဖြစ်ပဲ နေရတော့မယ်!"

ချန်ကျိုး ကြောင်အမ်းအမ်းဖြင့် ငေးကြည့်နေမိသည်။ ထိုစဉ် ပိုးစာရွက်ပေါ်တွင်ရေးထားသော ဝိညာဉ်အာရုံစာလွှာတစ်ခုသည် ကျင်းယွီထန်တရားခွင်ထဲသို့ လွင့်ပျံဝင်ရောက် လာသည်။

"ချန်ကျိုး... နင် ငါ့ကို ပေးစရာရှိတဲ့ ဝိညာဉ်ကျောက်တုံး ၁၀၀,၀၀၀ အရင်းနဲ့ အတိုးအားလုံးကို အခုအပြတ်အ သတ် ဆပ်ပြီးသွားပြီ”

"နောင်အနာဂတ်မှာ ငါတို့ ဘယ်နေရာမှာပဲဖြစ်ဖြစ် ထပ်မဆုံကြေး၊ ကိုယ့်ကိုကိုယ် ဂရုစိုက်ပါ”

"စုကျို ထံမှ ပေးပို့သော ဝိညာဉ်အာရုံစာလွှာ”

ချန်ကျိုးသည် တုန်ယင်နေသောလက်များဖြင့် လေထဲမှ ဝဲကျလာသော နောက်ဆုံးအကြွေးတောင်းစာလွှာကို ဖမ်းကိုင်လိုက်သည်။ ထိုစာလွှာပေါ်တွင် 'ပေးရန်ကျန် ဝိညာဉ်ကျောက်တုံး - သုည' ဟု ရေးထားသည်ကိုမြင်လိုက်ရသည်။

သူ ယနေ့နံနက်အထိ ရှိနေသော အကြွေးစာရင်းကို သူ့ အိတ်ထဲမှအမြန်ထုတ်ကြည့်လိုက်ရာ — ၇၉,၉၉၉ ဝိညာဉ်ကျောက်တုံးဖြစ်နေသည်။

ချန်ကျိုးအကြည့်များမှာ ခဏမျှ ဝေဝါးသွားသည်။ သူ စုကျိုကို ၇၉,၉၉၉ ဆပ်ပြီးပြီ... ယခု ကျင်းယွီထန်က သူ့ကို တောင်းနေတဲ့ ၈၀,၀၀၀ ကလည်း... တကယ် စုကျိုလက် ချက်ပေါ့...

'ချန်ကျိုး... နင်သာ စုကျိုကိုပေးစရာရှိတဲ့ အကြွေးတွေကို ဆပ်ဖို့ ငြင်းဆန်နေဦးမယ်ဆိုရင် ငါ ကိုယ်ပိုင်နည်းလမ်းတွေနဲ့ အကြွေးနဲ့ အတိုးကို အတင်းအဓမ္မ အရယူမယ်... အဲဒီအချိန်ကျရင် နင့်ရဲ့ခေါင်းမာမှုကြောင့် ပိုပြီးကြီးမားတဲ့ ဆုံးရှုံးမှုတွေကို ခံစားရလိမ့်မယ်'

ချန်ကျိုး တစ်ကိုယ်လုံး တုန်ယင်လာသည်။

တောက်~

အပြင်ဘက်မှ မိန်းကလေးငယ်တစ်ဦးမှ သူထံသို့ ဝိညာဉ်ကျောက်တုံး အကျိုးတစ်ခုပစ်ပေးလိုက်သည်။ ချန်ကျိုး ထိုကျောက်တုံးကို ကြောင်အမ်းအမ်းဖြင့် ကောက်ယူလိုက်သည်။

"အာ... ငါ မေ့သွားလို့၊ ဒီနေ့ နင့်ဆီကနေ ၈၀,၀၀၀ ညှစ်ယူလိုက်တာဆိုတော့ ငါ နင့်ကို ကျောက်တုံးတစ်တုံးပြန်ပေးဖို့ ကျန်နေသေးတာပဲ”

"အခု အကြွေပြန်အမ်းလိုက်ပြီနော်”

"ငါ ပြောသားပဲ... ငါ စုကျိုဆိုတာ တစ်ပါးသူဆီကတစ်ပြား တစ်ချပ်တောင် အလကားမယူဘူးလို့”

"တစ်က တစ်၊ နှစ်က နှစ်ပဲ၊ ငါ ပြောရင် ပြောတဲ့အတိုင်းပဲ”

သူမသည် တကယ်ပင်ပြောသည့်အတိုင်း လုပ်ဆောင်ခဲ့ပါ သည်!

ချန်ကျိုး အားအင်ကုန်ခမ်းစွာ မြေပြင်ပေါ်သို့ ပြိုလဲကျသွားပြီး သူ့ကြောက်လန့်တုန်လှုပ်နေသော မျက်လုံးများထဲမှ မျက်ရည်များ ချက်ချင်းစီးကျလာတော့သည်။ သူ ဘာကြောင့် ငိုနေရမှန်း သူကိုယ်တိုင်ပင်မသိတော့ပေ။

တစ်ချိန်ကကောင်းမွန်သော ဘဝတစ်ခုကို ပိုင်ဆိုင်ခွင့်ရမည့် အခွင့်အရေးသည် သူ့ရှေ့မှောက်တွင် ရှိနေခဲ့ဖူးသည်။ သို့သော် သူသည် ထိုအခွင့်အရေးကိုဆုပ်ကိုင်ဖို့ ပျက်ကွက်ခဲ့သည်။ ယခုမူ နောင်တများသာ ကျန်ရစ်တော့သည်!

"ကျင့်ကြံသူ ချန်ကျိုး ? မင်္ဂလာပါ၊ ငါက စုကျိုပါ၊ နင် ငါနဲ့အတူ ကြိုးကြိုးစားစားလုပ်ကိုင်ချင်ရဲ့လား ?"

အတိတ်က စုကျို၏စကားသံကို ပြန်လည်ကြားယောင်ရင်း ချန်ကျိုးသည် မြေပြင်ပေါ်ပုံလျက်သားဖြင့် အသံကုန်ဟစ်ကာ ငိုကြွေးနေတော့သည်!

-

တိမ်ပင်လယ်ကိုဖြတ်ကျော်ကာ အရှိန်ဖြင့် မောင်းနှင်နေသော ကြေးနွားလှည်းအတွင်း၌ စုကျိုသည် လှဲလျောင်းရင်းကျန်းမာရေးစောင့်ရှောက်သည့် ကျင့်စဉ်ကို ကျင့်ကြံနေသည်။ တစ်ဖက်တွင်လည်း သူမသည် ကျင်းချန်၏ အကြွေးစာရင်းမှ နှုတ်ယူထားသော ဝိညာဉ်ကျောက်တုံး ၈၀,၀၀၀ ကို ချန်ကျိုးအကောင့်ထဲသို့ ပြန်လည်ပေါင်းထည့်ပေးလိုက်သည်။

ခဏချင်းမှာပင် ချန်ကျိုးအကြွေးများ အားလုံးကြေလည်သွားပြီး အကြွေးစာလွှာများအားလုံးသည်လည်း မီးလောင်ကျွမ်းကာ ပျောက်ကွယ်သွားတော့သည်။

"ဘာလို့ အားလုံးက ငါ့ကို ဒီလိုကြီး ကြည့်နေကြတာလဲ ?"

"ငါ တကယ့်ကို စိတ်ရင်းမှန်တဲ့သူပါနော်၊ နင်တို့အားလုံး အဆင်ပြေကြရဲ့လား?"

စုကျို လက်နှစ်ဖက်ကို ဖြန့်ပြရင်း မှင်သက်နေကြသည့် လူလေးယောက်ကိုကြည့်ကာ မေးလိုက်သည်။

"ဒီအကြွေးကို ချန်ကျိုးက ဆပ်လိုက်ပြီလို့ပဲ သတ်မှတ်လိုက်လေ၊ ဘာပြဿနာရှိလို့လဲ ?"

ဟာသစာအုပ် ကိုင်ထားသည့် ကျူးပိုင်ယွီ ခဏမျှတိတ် ဆိတ်သွားပြီးနောက် ရယ်မောလိုက်သည်။

"သိပ်ကောင်းတာပဲ၊ နင်က တကယ့်ကို အကျိုးအကြောင်း သိတတ်တဲ့သူပဲ”

စုကျို စိတ်ကျေနပ်စွာ ခေါင်းညိတ်လိုက်သည် - "လူတစ်ယောက်ကို ရိုက်နှက်ပြီး ငါ့ ဒေါသကို ဖြေဖျောက်ပြီးရင်တော့၊ ငါ ပေးစရာရှိတာကို ပြန်ပေးရမှာပေါ့”

"..."

"နောက်တစ်ခါ သူ (စုကျို) ဒေါသထွက်လာရင်လည်း ငါ သူ့ကို ထပ်ရိုက်ပြီး အကြွေးပြန်ဆပ်လိုက်ရုံပဲပေါ့”

စုကျို၏တည်ငြိမ်ပြီး ကြောက်ရွံ့မှုကင်းမဲ့သော လေယူ လေသိမ်းကြောင့် ကျူးပိုင်ယွီမှာ သူဖတ်နေသော ဟာသစာအုပ်မှအကြည့်ခွာကာ သူမ၏အေးဆေးသော မျက်နှာလေးကို စိုက်ကြည့်မိသွားသည်။

လောကမှာ ဘာပဲဖြစ်ပျက်ပါစေ၊ သူမထံ ကိုယ်ပိုင်စည်း မျဉ်းနှင့် မူဝါဒတွေ ရှိနေပုံရသည်။

သူမ၏တည်ငြိမ်လှသော စိတ်ခံစားချက်ကြောင့် တခြားသူတွေသာ နာကျင်ဒေါသထွက်နေကြရပြီး သူမကတော့ ဘာမှမဖြစ်သလိုပင်။

ကျူးပိုင်ယွီ၏စူးရှသော အကြည့်များမှာ သူမ မည်သို့လုပ်ဆောင်သည်ကို သိမြင်နိုင်ရန် သူ့ မျက်နှာကို ဖောက်ထွက်မတတ်ပင်။ သူ သူမဘေးတွင် တစ်ရက်တာရှိနေခဲ့ပြီးနောက် သူကိုယ်တိုင်ပင် စိတ်လှုပ်ရှားတုန်လှုပ်ရကောင်းမှန်း မေ့လျော့နေသလိုခံစားနေရပြီး ဒေါသပင်မထွက်နိုင်တော့ပေ။

ကျူးပိုင်ယွီသည် သူ့ ချောမွေ့သော မေးစေ့ကိုပွတ်သပ်ရင်း ကြေးနွားလှည်းပြတင်းပေါက်အပြင်ဘက်သို့ ငေးကြည့်ကာ ခပ်တိုးတိုးရယ်မောလိုက်သည်။

တကယ်ကို စိတ်ဝင်စားဖို့ကောင်းတာပဲ။

"ယင်လီ... နင့်ကို လိုက်ပို့ပြီးရင် ငါလည်း သစ်ပင်တွေကို အမိန့်ပေးတဲ့အခါ စိတ်ခံစားချက်တွေ နောက်ပါသွားတတ်တဲ့ ဘေးထွက်ဆိုးကျိုးကို ဘယ်လိုကျော်လွှားရမလဲဆိုတာ စပြီး စဉ်းစားရတော့မယ်”

ကျူးပိုင်ယွီ ပြောလိုက်ပြီးနောက် ကျင့်ကြံခြင်းအတွက် တင်ပျဉ်ခွေထိုင်လိုက်သည်။

"ငါ အဲဒါကို ဖြေရှင်းပြီးတာနဲ့ အဆင့် ၃၀ ကို တက်လာပြီး နင့်ကို သတ်ပစ်မယ်”

"လာခဲ့လေ!"

ယင်လီ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်သည်။

-

ထိုညတွင် စုကျိုသည် ဖူရှင်း၏အုတ်ဂူကျောက်စာတိုင်ကို အသုံးပြု၍ သူ့သစ်သားအိမ်အတွင်း ချန်ယွမ်အတွက် အိမ်ခေါင်မိုးအထိတက်နိုင်သော ‘ကြောင်တက်စင်’ တစ်ခုကို ပြုလုပ်ပေးခဲ့သည်။ ထို့နောက် ထိုနေ့က ဝယ်လာသော အကောင်းဆုံး ဝိညာဉ်အစားအစာများကို ယူဆောင်ကာ ယင်လီအခန်းတွင် နှုတ်ဆက်ပွဲ အကျဉ်းလေးပြုလုပ်ခဲ့ပြီး နှစ်ယောက်လုံး မူးနောက်သွားသည်အထိ သောက်စားခဲ့ကြသည်။

တစ်ယောက်လျှင် ဆန်စိမ်းထမင်း ၁၂ လုံး၊ ကင်ထားသော ဝိညာဉ်ကြက် ၆ ကောင်နှင့် ဝိညာဉ်အရက် ၃ ပုလင်းစီ!

"စားကြ စားကြ" စုကျိုက ရက်ရက်ရောရော လက်ယမ်းပြလိုက်သည်။

"ဒီတစ်နပ်က ငါ့အလှည့်ပဲ၊ နောက်မှ နင် ငါ့ကိုပြန်ကျွေးပေါ့”

"..."

ညနက်လာသောအခါ စုကျိုနှင့် အခြားသူများသည် ဝပြောစွာစားသောက်ပြီးနောက် နံရံကိုမှီကာ ပြန်လာခဲ့ကြသည်။ သူမ အရက်မူးနေသဖြင့် အိမ်ပြန်ရောက်သည်နှင့် ကျောက် စိမ်းခုတင်ပေါ်သို့လှဲချကာ ခေါင်းအုံးထိသည်နှင့် တန်းအိပ် ပျော်သွားတော့သည်။

ကျူးပိုင်ယွီနှင့် ယင်လီတို့လည်း သူတို့အခန်းသို့ အသီးသီး ပြန်သွားကြသည်။

သို့သော် မကြာမီမှာပင် သူတို့သစ်သားအိမ် ကာထားသော လိုက်ကာများကိုအပြင်ဘက်မှ တစ်စုံတစ်ယောက်က ဂရုတစိုက် မလိုက်သည်။

"အစ်ကိုကျူး... ညဘက် လေ့ကျင့်ပြီး စီးပွားရေးဘယ်လိုလုပ်ရမလဲဆိုတာ ညီမကို သင်ပေးနိုင်မလားဟင် ?"

စုကျီကျီ သတ္တိမွေးကာ ကျူးပိုင်ယွီ တံခါးဝတွင် ရပ်နေသည်။ နားနေရန်ပြင်နေသော ကျူးပိုင်ယွီ ခဏမျှတုံ့ဆိုင်းသွားရသည်။

"ဒီနေ့ အဲဒီလူယုတ်မာ ချန်ကျိုးပြောသွားတာတွေက မှန်သလိုလိုနဲ့ မမှန်ဘူးလို့ ညီမ ထင်တယ်”

စုကျီကျီ သူ့ မျက်နှာလေးကိုမော့ကာ မျက်လုံးများ တောက်ပလျက် ပြောလိုက်သည်။

“အားနည်းတဲ့သူက တခြားသူရဲ့ အကူအညီကိုကြည်ကြည် ဖြူဖြူ လက်ခံတာက အရှက်ရစရာမဟုတ်ပါဘူး၊ အဲဒါကြောင့်လည်း ကျဲက အစားအစာနဲ့ ဝိညာဉ်ပစ္စည်းတွေကို အလဟဿမဖြစ်စေနဲ့လို့ ပြောတာလေ၊ ဒါပေမဲ့ အားနည်းတဲ့သူက ကြီးပြင်းလာတဲ့အခါ တခြားသူတွေအားကိုးရတဲ့သူ ဖြစ်လာသင့်တယ်လို့ထင်တယ်”

“ဒါမှသာ ကျဲ ပြောသလို တာအိုလမ်းစဉ်မှာ အပြစ်ကင်းစင်မှာပေါ့၊ ညီမရဲ့ တာအိုလမ်းစဉ်က အဆင်ပြေမှာပါ”

“အစ်ကိုကျူး...”

စုကျီကျီ မျက်မှောင်ကြုတ်ကာ သက်ပြင်းချလိုက်သည်။

“ကျဲယင်လီက အပေါ်ထပ်တက်တော့မယ်၊ ကျဲလည်း မကြာခင် ရောက်တော့မှာ”

“ညီမကတော့ ကျဲရဲ့နောက်မှာ ကျန်ရစ်ခဲ့ပြီး အမီလိုက်နိုင်မှာ မဟုတ်တော့ဘူး”

“ဒါဆိုရင် ညီမက ကျဲကိုရော၊ ညီမကို ကူညီခဲ့တဲ့ တခြားသူတွေကိုရော ဘယ်လိုလုပ် ပြန်ကူညီနိုင်မှာလဲ ? ညီမတော့ ချန်ကျိုးလို လူဆိုးကြီး မဖြစ်ချင်ဘူး”

“ဒါကြောင့် ညီမ အရင်ဆုံး အမီလိုက်ရမယ်၊ ကျဲနဲ့ ကျဲယင်လီတို့ ရောက်နိုင်တဲ့အမြင့်ကို ရောက်အောင် သွားရမယ်— ဒါမှသာ ကျီကျီက ချန်ကျိုးလို လူယုတ်မာမျိုးမဖြစ်မှာပါ”

စုကျီကျီ အသက်ကို ပြင်းပြင်းရှူကာ ကျူးပိုင်ယွီကို ရိုသေစွာဦးညွှတ်လိုက်သည်။

"ညီမကို လမ်းညွှန်ပေးဖို့ အစ်ကိုကျူးကို တောင်းပန်ပါတယ်၊ ညဘက်မှာ တခြားသူတွေနဲ့ လေ့ကျင့်ပြီး ဝိညာဉ်ကျောက်တုံးတွေ ရှာမယ်၊ ကိုယ့်ကိုကိုယ် သန်မာအောင် လုပ်ပြီး အဆင့်မြင့်တဲ့နေရာကိုမြန်မြန်ရောက်ချင်ပါတယ်!"

"ညီမ ရှာရသမျှကို အစ်ကိုကျူနဲ့ ၅၀-၅၀ စီ ခွဲယူပါမယ်!"

ကျူးပိုင်ယွီသည် ထိုမိန်းကလေးငယ် နဖူးပေါ်ရှိ နံပါတ် ၄၀၀၀ အဆင့်အမှတ်အသားကို သေချာကြည့်လိုက်သည်။

"နင် သေချာရဲ့လား ?"

"ဟုတ်ကဲ့၊ သေချာပါတယ်”

"ကောင်းပြီ၊ ငါ့နောက်ကို လိုက်ခဲ့”

ကျူးပိုင်ယွီ ချက်ချင်းဆ်ုသလို လေ့ကျင့်ရေးတုတ်ကိုဆွဲ ထုတ်ကာ သူမအား ညဉ့်မှောင်ထဲသို့ခေါ်ဆောင်သွားတော့သည်။

မကြာမီမှာပင် စုကျီကျီသည် သစ်သားအိမ် လိုက်ကာများ နောက်ကွယ်မှ အရောင်တောက်နေသော ဝံပုလွေမျက်လုံးများကဲ့သို့ စိတ်အားထက်သန်နေသည့် မျက်လုံးပေါင်းများစွာကို တွေ့လိုက်ရသည်။

"နင့်ရဲ့အဆင့်က နိမ့်တယ်၊ ကျင့်ကြံမှုကလည်း အားနည်းပြီး လက်တွေ့အတွေ့အကြုံလည်း မရှိသေးဘူး၊ နင်သာ တခြားသူတွေနဲ့ လေ့ကျင့်ပြီး မီးအိမ်အဆောင်တွေ ဝေပေးလိုက်ရင် လူတိုင်း နင့်ဆီလာကြလိမ့်မယ်”

"ပြန်မတိုက်နိုင်ဘဲ အနှိပ်စက်ခံရဖို့အဆင်သင့်ဖြစ်ပြီလား?"

"ဟုတ်ကဲ့!"

စုကျီကျီ သူ့ အိတ်ထဲရှိ ကုသပေးနိုင်သော အုတ်ဂူကျောက် စာတိုင်ကိုတစ်ချက်ကြည့်ကာ ခိုင်မာစွာခေါင်းညိတ်လိုက်သည်။

ကျူးပိုင်ယွီ ခေါင်းညိတ်ပြလိုက်ပြီး သစ်သားအိမ်အတွင်းမှစောင့်ကြည့်နေသူများကို ပြောလိုက်သည်။

"တစ်ယောက်ချင်းစီ လာကြ၊ မသေစေနဲ့၊ မသန်မစွမ်းမဖြစ်စေနဲ့၊ ကျန်တာ ကြိုက်သလိုလုပ်လို့ရတယ်”

All Chapters