အခန်း (၅၅-၅၆)
Vol. 6 Ch. 55-56
55
မျက်တောင်တစ်ခတ်အတွင်းမှာပင် စုကျီကျီမှာ ဝိုင်းအုံခြင်း ခံလိုက်ရတော့သည်!
တစ်ဖက်တွင်လည်း အပေါ်ထပ်သို့ တက်လှမ်းရန်အတွက် လိုအပ်သော ပစ္စည်းများကိုပြင်ဆင်ပြီးနောက် ယင်လီသည် တရားထိုင်ကျင့်ကြံရန် ပြင်လိုက်သည်။ သို့သော် အရပ်တစ်ဝက်ခန့်သာရှိသော ပုံရိပ်တစ်ခုက သူမ သစ် သားအိမ်တံခါးကို ခေါက်လာခဲ့သည်။
"ခေါင်းဆောင်ယင်... ကျွန်တော့်ကို တပည့်အဖြစ် လက်ခံပေးနိုင်မလားခင်ဗျာ ?"
စုရှင်းချန် မြေပြင်ပေါ်တွင် ဒူးထောက်လိုက်သည်။
"အဆင့်တိုင်းရဲ့ခေါင်းဆောင်တွေက အဲဒီအဆင့်မှာရှိတဲ့ မိစ္ဆာသားရဲတွေရဲ့ အကာအကွယ်အစီရင်ခံကို ဖွင့်နိုင်တဲ့ လျှို့ဝှက်နည်းလမ်းကိုသိထားကြတယ်လို့ ကျွန်တော် ကြားဖူးပါတယ်”
"ညဘက်တွေမှာ သူတို့က တခြားထိပ်တန်းကျင့်ကြံသူ ၁၀ ယောက်နဲ့ ပူးပေါင်းပြီး မိစ္ဆာသားရဲတွေကို အမဲလိုက်လေ့ရှိတယ်၊ သေခြင်းနဲ့ ရှင်ခြင်းကြားက အခြေအနေတွေကို အသုံးချပြီး သူတို့ရဲ့ ပါရမီနဲ့ စွမ်းရည်တွေကို အလျင်အ မြန်တိုးတက်အောင်လုပ်ကြတယ်လို့ ကြားပါတယ်၊ အဲဒါ တကယ်ပဲလားဟင်?"
"ကျွန်တော် အမြန်ဆုံးတိုးတက်ချင်ပါတယ်!"
စုရှင်းချန် ယင်လီအား မော့ကြည့်လိုက်ပြီး "ကျွန်တော် အရာအားလုံးကို ပေးဆပ်ဖို့အသင့်ပါပဲ၊ ကျေးဇူးပြုပြီး သင်ကြားပေးပါ၊ အဆင့် ၃၀ ကိုရောက်တဲ့အခါ ကျွန်တော် ကျေးဇူးပြန်ဆပ်ပါ့မယ်!"
ယင်လီ သူ့ကို အံ့သြတကြီး စိုက်ကြည့်လိုက်သည်။
စုရှင်းချန် နားရွက်များမှာ တဖြည်းဖြည်း နီမြန်းလာသည်။
"ကျွန်တော် ကျဲနဲ့ ညီမလေးတို့နဲ့အတူ အပေါ်ထပ်ကိုလိုက်သွားချင်လို့ပါ”
ယင်လီ သဘောပေါက်သွားပြီး ခေါင်းညိတ်ပြလိုက်သည်။
"တကယ်တော့ စုကျိုရဲ့ထူးခြားလှတဲ့ ပါရမီနဲ့ဆိုရင် သူ အဆင့်တစ်ခုတည်းမှာ အကြာကြီးနေမှာမဟုတ်ဘူး၊ နင်သာ တိုးတက်မလာရင် သူနဲ့ မကြာခင် ကွဲကွာသွားလိမ့်မယ်”
"ဒါပေမဲ့ နင် အဆင်သင့်ဖြစ်ပြီလား ?"
"ချန်ကျိုးမှာက အသုံးမကျတဲ့ စိတ်ဓာတ်ရှိတယ်၊ သူ မသိတာက ထူးခြားတဲ့ ပါရမီရှင်တွေဟာ မရေမတွက်နိုင်တဲ့ အခက်အခဲတွေကို ဖြတ်ကျော်ခဲ့ရတယ်ဆိုတာပဲ၊ နင့်ကျဲကိုပဲ ကြည့်လေ၊ သူ့ ပါရမီက စွမ်းအားကြီးပြီးထူးဆန်းတယ်၊ ဒါပေမဲ့ အဲ့ဒါက သူ့အတိတ်က အတွေ့အကြုံတွေနဲ့ဒဏ်ရာတွေကနေ ပျိုးထောင်လာရတာ မဟုတ်ဘူးလား ?"
"အခု သူ့မှာရှိတဲ့ ခိုင်မာတဲ့စိတ်ဓာတ်က သေမင်းနဲ့ အကြိမ် ကြိမ် ရင်ဆိုင်ခဲ့ရရာကနေ ရလာတဲ့ ရလဒ်ပဲ”
စုရှင်းချန် ရုတ်တရက် မော့ကြည့်လိုက်သည်။
ယင်လီ သူ့ကို ပြုံးပြလိုက်သည်။
"လောကမှာ အလကားရတာ ဘာမှမရှိဘူး၊ ငါတောင် ကြောက်ရတဲ့ ငါးကြယ်ပွင့်မိစ္ဆာကြီးကို နင့်ကျဲက ဘာမှမဖြစ်သလိုခေါ်ထားနိုင်တာပဲ ကြည့်လေ”
"သူ့မှာ နင်မသိတဲ့ လူသားမဆန်တဲ့ ဆင်းရဲဒုက္ခတွေကို ကြုံတွေ့ခဲ့ရမှာ သေချာတယ်”
"နင်ရော အဲဒီလို နာကျင်မှုမျိုးကို ခံစားကြည့်ချင်လား ?"
စုရှင်းချန် ခဏမျှ မှင်သက်သွားပြီးနောက် ပြတ်သားစွာ ခေါင်းညိတ်လိုက်သည်။
"ဟုတ်ကဲ့!"
"ကောင်းပြီ၊ ကုသပေးနိုင်တဲ့ အုတ်ဂူကျောက်စာတိုင်ကို အထဲကိုပစ်ထားခဲ့ပြီး ငါ့နောက်ကို လိုက်ခဲ့”
-
သစ်သားအိမ်အတွင်း၌ စုကျိုသည် ကျောက်စိမ်းခုတင်ပေါ်တွင် လှဲလျောင်းရင်းမျက်လုံးမှိတ်ကာ သူ့ ကျန်းမာရေးစောင့်ရှောက်သည့် ကျင့်စဉ်ကိုကျင့်ကြံနေသည်။
ဒုတိယအဆင့်သို့ ရောက်ရှိပြီးနောက် သူမသည် အိပ်ပျော်နေစဉ်မှာပင် သွေးနှင့် ဝိညာဉ်စွမ်းအားများကို အလိုအ လျောက် လည်ပတ်တိုးပွားစေနိုင်သည်။
သူ စိုးရိမ်ပူပန်မှုမရှိဘဲ အိပ်ပျော်သွားခဲ့သော်လည်း အိပ် မက်ထဲတွင်တော့ ဇွန်ဘီများပြည့်နှက်နေသည့် မြေပြင်ပေါ်၌သွေးအိုင်များနှင့် ပြတ်တောက်နေသော အင်္ဂါအစိတ် အပိုင်းများကြား တိုးဝှေ့သွားလာရင်း နောက်ဆုံးအာဟာရဖြည့်အရည် ပုလင်းခွံတစ်ခုကိုတွေ့ရှိခဲ့သည့် အချိန်ကိုပြန်မြင်နေရသည်။
စုကျို မျက်လုံးဖွင့်လိုက်သည့်အခါ ဝိညာဉ်ပိုးဖလံပန်းချီကားများ ချိတ်ထားသည့် သစ်သားအိမ်၏နံရံဖြူဖြူအား မြင်လိုက်ရသည်။ သူ ခဏမျှ မှင်သက်သွားပြီးနောက် မျက်နှာကို လက်ဖြင့်အုပ်ကာ သက်ပြင်းရှည်ကြီးချလိုက်မိသည်။
သူမသည်လည်း မည်သည့် အထူးအခွင့်အရေးမှ မရှိခဲ့ဘဲ ဇွန်ဘီပုံကြီးကြားကနေ တစ်လှမ်းချင်းတိုးထွက်လာခဲ့ရသူ ဖြစ်သည်။
မိတ္တူကူးစက်နှင့် စကင်နာတို့မှာ ကမ္ဘာပျက်ကပ်အပြီး စူပါမားကတ်တစ်ခုမှ သူ ပထမဆုံးလုယူနိုင်ခဲ့သည့် အဖိုးတန်ပစ္စည်းများဖြစ်ခဲ့သည်။ သို့သော် ရေနှင့် လျှပ်စစ်မရှိသဖြင့် အသုံးမဝင်ခဲ့ပေ။
သူ နှမြောသဖြင့် မစွန့်ပစ်နိုင်ဘဲ တစ်နေ့နေ့တွင် အသုံးဝင်လာမည်ဟုတွေးကာ ကျင်းတူး၍ နှစ်အတော်ကြာအောင် မြှုပ်နှံထားခဲ့သည်။ ၁၀ နှစ်လား၊ ၁၂ နှစ်လား သူ မမှတ်မိတော့ပေ။
တောက်~
အဲဒီတုန်းက ဒါကိုသုံးဖို့ လျှပ်စစ်ထုတ်စက် ဘယ်မှာရှာရမလဲပဲ သူမ တွေးနေခဲ့တာ။ ဒါပေမဲ့ ဘယ်တော့မှ ရှာမတွေ့ခဲ့ဘူး။
စုကျို ကိုယ့်ကိုကိုယ် ပြန်လှောင်ရယ်လိုက်သည်။ သူ တစ် ဖက်သို့ လှည့်ကာ ကိုယ်လက်ဆန့်ထုတ်လိုက်သည်။
အခုတော့ အဲဒါက တကယ်အသုံးဝင်လာပြီပဲ~
"ဟင်?"
စုကျို တစ်ဖက်သို့ လှည့်ကြည့်လိုက်ရာ ဘေးနားရှိ ကျောက်စိမ်းခုတင်မှာ အလွတ်ကြီးဖြစ်နေသည်ကို တွေ့လိုက်ရသည်။
"သူတို့တွေ ဘယ်သွားကြတာလဲ ?"
"ငါ့ကို ရေလေးတစ်ခွက်တောင် ထည့်မပေးသွားကြဘူး..."
စုကျို အိပ်ချင်မူးတူးဖြင့် တစ်ဖက်သို့ပြန်လှည့်ကာ ကျင့် စဉ်ကို ဆက်လက်ကျင့်ကြံနေသည်။
အိမ်ခေါင်မိုးပေါ်တွင် မှီရပ်နေသော အနီရောင်ဝတ်ရုံနှင့် ပုံရိပ်မှာလည်း ခဏချင်းမှာပင် ပျောက်ကွယ်သွားတော့ သည်။
-
လွင်ပြင်ပြင်ပရှိ သစ်သားအိမ်တစ်ခုအတွင်း
"ဒီကောင်လေး... နင်... နင် နေရာရွှေ့ပြောင်းတဲ့ အဆောင် ကို သုံးလိုက်တာလား!!"
ယင်လီ ရှေ့မှ လေဟာနယ်တွင် အက်ကြောင်းတစ်ခု ပွင့်လာပြီး မတ်တပ်ရပ်လိုက်လျှင် အိမ်ခေါင်မိုးထက်မြင့်မား သော အနက်ရောင် အမွှေးအတောင်များနှင့် ငှက်သားရဲကြီးတစ်ကောင်ထွက်ပေါ်လာသည်။
၎င်းသည် ပါးစပ်ကိုဟလိုက်ရာ အပုပ်နံ့များ ထွက်ပေါ်လာပြီး ချွန်ထက်လှသော လက်သည်းများဖြင့် စုရှင်းချန်ကို ဆွဲဖမ်းလိုက်တော့သည်။
စုရှင်းချန်အရိုးများမှာ တကျွတ်ကျွတ်နှင့် ကျိုးကြေကုန်ပြီး သွေးမြူခိုးများ လွင့်စင်ထွက်လာတော့သည်။
သူ့နဖူးပေါ်ရှိ သစ်ပင်မြစ်ဝိညာဉ်အမှတ်အသားမှာ တဖျတ် ဖျတ်လင်းလက်နေသည်။
"ငါ့ရဲ့ ပါရမီက... တကယ်ပဲ အဆင့်ပြောင်းလဲတော့မှာလား ?"
ယင်လီကမူ အံကြိတ်လျက် - "မနက်ဖြန်ညမှ ထပ်စမ်းကြတာပေါ့၊ ဒီနေ့အတွက်တော့ ဒီလောက်ပဲ၊ နင် အဆင့်တက်ချင်တယ်ဆိုရင် အသက်ရှင်နေဖို့ လိုတယ်!"
သို့သော် သူ့ ဝတ်ရုံလက်အား ခါလိုက်ပြီး ညာဘက်ခြေ ထောက်မှ ဓားမြှောင်နှစ်စင်းကိုဆွဲထုတ်ကာ ငှက်ပြာကြီးဆီသို့ ပြေးဝင်လိုက်စဉ်၊ ထိုငှက်ကြီးက စူးရှစွာအော်ဟစ်ကာ ၎င်းထက်သေးငယ်သော အပြာရောင်အကြေးခွံပါ ဝံပုလွေတစ်ကောင်ကို ထွေးထုတ်လိုက်သည်!
"သူက အဖော်သားရဲပါ ခေါ်လာတာလား!"
ယင်လီ အရှေ့သို့ တိုးသွားသော်လည်း ဝံပုလွေအမြီးဖြင့် ပိတ်ဆို့ခြင်း ခံလိုက်ရသည်။
စုရှင်းချန်၏ခန္ဓာကိုယ်မှ နောက်ထပ် သွေးမြူခိုးတစ်စု လွင့်စင်ထွက်လာပြန်သည်။
"တောက်!"
ယင်လီ ဓားမြှောင်နှစ်စင်းမှာ လေအဟုန်ကဲ့သို့ လှုပ်ရှားသွားပြီး ဝံပုလွေခန္ဓာကိုယ်ကို ချက်ချင်းထိုးဖောက်ဖြတ်တောက်ကာ အမွှေးအတောင်နက် ငှက်ကြီးဆီသို့ ပြေးဝင်သွားတော့သည်။
သို့သော် ခဏချင်းမှာပင် - ဖြောက်~
သူမ အနီရောင်ဝတ်စုံမှာ မီးတောက်များကဲ့သို့တောက်လောင်နေသည်။
ဗလာကျင်းနေသော ခြေထောက်တစ်ဖက်က အမွှေးအတောင်နက် ငှက်ကြီး၏ဦးခေါင်းကို နင်းလိုက်ရာ ဦးခေါင်းခွံကျိုးကြေသွားသည့်အသံ ခပ်အုပ်အုပ်ထွက်ပေါ်လာသည်။
စုရှင်းချန်၏ကော်လာကို အရိုးငေါငေါနှင့် လက်ကြီးတစ် ဖက်က ဆွဲဖမ်းလိုက်သည်။
ယင်လီ ထိတ်လန့်သွားပြီး မော့ကြည့်လိုက်ရာ၊ ကျယ်ပြောလှသော အမှောင်ထုထဲတွင် တိမ်တိုက်များကဲ့သို့ လွင့်မျောနေသော ဆံပင်နက်များနှင့် သွေးရောင်ဝတ်ရုံဝတ် မိစ္ဆာလူငယ်သည် သေဆုံးခါနီး ငှက်ကြီးပေါ်ရပ်နေခဲ့သည်။ သူသည် စုရှင်းချန်အ ကြက်ပေါက်လေးတစ်ကောင်လို လက်တစ်ဖက်ဖြင့် ကိုင်ထားသည်။
နီရဲသော တံဆိပ်များနှင့် တားမြစ်အမှတ်အသားများ ဝန်းရံထားသည့် သူ့ မှိတ်ထားသော မျက်လုံးများက သူမ အားအေးစက်စွာကြည့်နေသည်မှာ... သူမကို မည်သို့အပြစ်ပေး ရမလဲဟု စဉ်းစားနေပုံရသည်။
သို့သော် သူသည် ဓားမြှောင်နှစ်စင်းကို ကိုင်ထားသည့် သူမ လက်များကိုတစ်ချက်ကြည့်လိုက်ပြီးနောက်၊ စုရှင်းချန်ကို ချီပိုးလျက် ခဏချင်းမှာပင် ပျောက်ကွယ်သွားတော့သည်။
ယင်လီ သူ့လက်များကို အကြာကြီးငေးကြည့်နေမိသည်။
ဒါ... ဒီနေ့နေ့ခင်းတုန်းက စုကျို အတင်းအနံ့ခံခိုင်းခဲ့တဲ့ သူ့လက်ရဲ့အနံ့ကို သူ မှတ်မိနေတာလား ?
သေစမ်း! ဒီကြမ်းတမ်းတဲ့မိစ္ဆာက သူ့ကို တကယ်ကြီးမှတ်မိနေတာပဲ!
အနီရောင်ပုံရိပ်မှာ ပေ ၃၀ ခန့်အကွာတွင် ပြန်လည်ပေါ်လာပြီး လွင်ပြင်ထဲမှ အမြန်ဆုံးဝံပုလွေတစ်ကောင်ကဲ့သို့ ပြေးလွှားနေသည်။
“...ချန်ယွမ် ?”
စုရှင်းချန်သည် ငှက်ကြီး၏တိုက်ခိုက်မှုကြောင့် မျက်ခွံများ ဖူးယောင်နေပြီး မျက်လုံးထဲသွေးများဖြင့် အမြင်ဝေဝါးနေသော်လည်း အားယူကာမော့ကြည့်လိုက်သည်။
“မင်းလား ?”
သူ့ အနီရောင်ဝတ်ရုံ လက်မောင်းဖြင့် မညှာမတာဆွဲကိုင်ထားလျက် ချန်ယွမ်သည် သူ့အား အိမ်ခေါင်မိုးများနှင့် အမိုးစွန်းများပေါ်မှတစ်ဆင့် ခေါ်ဆောင်သွားသည်။
သူ စကားပြောလိမ့်မည်မဟုတ်ဟု စုရှင်းချန် ထင်နေချိန်၊ သို့မဟုတ် သူ့အားကျင်းထဲပစ်ချပြီး အရှင်လတ်လတ် မြှုပ်ပစ်တော့မည်ဟု ထင်နေချိန်မှာပင်
သူ့ အထက်မှ ကျောက်စိမ်းကဲ့သို့ ကြည်လင်အေးစက်သော အသံကိုကြားလိုက်ရသည်။
"သူမ... ရေနွေးကြမ်း သောက်ချင်နေတာ”
စုရှင်းချန် အံ့သြတကြီး ပါးစပ်အဟောင်းသားဖြစ်သွားပြီး၊ နောက်တစ်ခဏမှာပင် မိစ္ဆာလက်သည်းများ ပြန်သိမ်းထားသည့် အေးစက်ချွန်ထက်သော လက်တစ်ဖက်က သူ့အား သစ်သားအိမ်ထဲသို့ အမှိုက်တစ်ခုလိုပစ်ထည့်လိုက်သည်။
စုရှင်းချန် သူ့ မျက်နှာမှ သွေးများကိုသုတ်လိုက်ပြီး နောက် သို့ လှည့်ကြည့်လိုက်ရာ မည်သူမျှရှိမနေတော့ပေ။ အိမ်ခေါင်မိုးပေါ်သို့ ပြန်ကြည့်လိုက်ရာ အနီရောင်ပုံရိပ်မှာ မည်သည့်အချိန်ကမျှ ပျောက်ကွယ်မသွားခဲ့သည့်အလား အုတ်ဂူကျောက်စာတိုင်များပေါ်တွင် ပြန်လည်ထိုင်နေသည်ကို တွေ့လိုက်ရသည်။
"...?"
သူ့ကျဲ ရေနွေးကြမ်းသောက်ချင်နေလို့ ဒီမိစ္ဆာက သူ့ကိုလာရှာတာလား ? ပြီးတော့ သူ့ကိုတောင် ကယ်ခဲ့သေးတယ်?
သူက စကားမပြောနိုင်တာလည်း မဟုတ်ဘူး၊ နားမကြားတာလည်း မဟုတ်ဘူး၊ သူ စကားပြောတတ်တာပဲ။
ပြီးတော့ သူက 'အရမ်း' ကို စွမ်းဆောင်ရည်ရှိတာပဲ!
စုရှင်းချန်သည် ကျောက်စိမ်းခုတင်ပေါ်တွင် 'စိမ်းပြာရောင်သစ်သားအသွင်ပြောင်းခြင်း' ကျင့်စဉ်ကြောင့် ကြယ်တာ ရာအလင်းတန်းလေးများထွက်ပေါ်နေသော စုကျိုကို ကြည့်ရင်း စိတ်ထဲရှုပ်ထွေးသွားရသည်။ သူ့ လက်ကို ဆေးကြောပြီးနောက် ရေနွေးကြမ်းသွားခပ်တော့သည်။
-
နောက်တစ်နေ့ မနက်တွင် စုကျိုသည် ပုံမှန်အတိုင်းပင် ကျင့်စဉ်ကျင့်ရင်းနိုးထလာခဲ့သည်။
သူ မျက်လုံးဖွင့်လိုက်သည်နှင့် ထိတ်လန့်သွားရသည်။
"ဘုရားရေ! နင်တို့နှစ်ယောက် မနေ့ညက တော်တော်လေး ပြင်းပြင်းထန်ထန် လုပ်ခဲ့ကြတာပဲ!"
စုကျီကျီနှင့် စုရှင်းချန်တို့မှာ တစ်ကိုယ်လုံး ဖူးယောင်ညို မည်းနေပြီး လမ်းပင် ကောင်းကောင်းမလျှောက်နိုင်ကြတော့ပေ။ စုကျီကျီဆိုလျှင် ချန်ကျိုး၏သစ်သားခြေတုကို ပင် တောင်ဝှေးအဖြစ်တောင် သုံးနေရသည်!
"ကျဲ... ညီမ... ချော်လဲတာပါ”
"...ကျွန်တော် ခေါင်းဆောင်ယင်လီဆီမှာ အကြံဉာဏ် သွားတောင်းတာပါ”
ကလေးနှစ်ယောက်လုံး မျက်နှာနီမြန်းကာ ပျာပျာသလဲ ဖြစ်နေကြပြီး အမှန်တရားကို ဖုံးကွယ်ထားကြသည်။ သူတို့ မနေ့ညက ကုသပေးတဲ့ အုတ်ဂူကျောက်စာတိုင်ကို မသုံးခဲ့ကြဘူး။ ဘာလို့လဲဆိုတော့ ဒီလိုနာကျင်မှုကမှ လေ့ ကျင့်ခန်း ပိုထိရောက်တယ်လို့ ယင်လီနဲ့ ကျူးပိုင်ယွီတို့က ပြောခဲ့ကြလို့ပဲ။
စုကျို ၎င်းတို့အား အမှန်အတိုင်းမဖော်ထုတ်ဘဲ ခပ်တိုးတိုး သာရယ်လိုက်သည်။
"ကဲ သွားကြစို့၊ ယင်လီကို သွားပို့ကြရအောင်”
ယင်လီသည် အပေါ်ထပ်သို့ တက်လှမ်းမည့် မျှော်စင်ပေါ် လာမည့်နေရာအဖြစ် သစ်သားအိမ်များအပြင်ဘက်ရှိ ကွင်းပြင်ကိုရွေးချယ်ခဲ့သည်။ ပထမထပ်ရှိ အခြားသူများကတော့ အပေါ်ထပ်သို့ ခေါ်ဆောင်ခြင်းနှင့် ဖယ်ရှားခြင်းမှာ လကုန်မှဖြစ်မည်ဟု ထင်နေကြသဖြင့်၊ လက်ရှိအချိန်တွင် ကွင်းပြင်၌ စုမိသားစုဝင်သုံးယောက်နှင့် ကျူးပိုင်ယွီတို့သာ ရှိနေကြတော့သည်။
"တခြားသူတွေကိုတောင် အသိမပေးခဲ့ဘူးလား ?"
ကျူးပိုင်ယွီ ဒဏ်ရာဒဏ်ချက်များနှင့် ဖူးယောင်နေသည့် ကလေးနှစ်ယောက်နှင့် စုကျိုအား တစ်ချက်လိုက်ကြည့်ပြီးနောက် ယင်လီကိုလှည့်ကြည့်လိုက်သည်။
"တခြား ထိပ်တန်းဆယ်ယောက်ထဲက တစ်ယောက်ကိုမှ အကြောင်းမကြားခဲ့ဘူးပေါ့ ?"
"ယင်လီ... နင်ကလေ တကယ် နှလုံးသားမရှိတဲ့သူပဲ”
ယင်လီ သူ့ လှပတဲ့မျက်နှာလေးနှင့် ကျူးပိုင်ယွီအား လှည့်ကြည့်ပြီး နှာခေါင်းရှုံ့လိုက်သည်။
"ဒါက နင့်ကို နာရီဝက်စောပြီး အသိပေးထားလို့လေ၊ ကျန်တဲ့သူတွေက ခဏနေမှ လာကြမှာ”
ကျူးပိုင်ယွီ: "အော်... ဒါဆို နင်က ငါတို့ကို ချစ်လို့ပေါ့”
"ဖယ်စမ်းပါ၊ နင်က ကြည့်ရတာ မျက်စိပသာဒရှိလို့ ငါ နင်နဲ့စကားမများချင်တာ”
ယင်လီ သူ့အား ဂရုမစိုက်တော့ဘဲ လှိုင်းလုံးတွေလိုလွင့်မျောနေသည့် သူ့ အနက်ရောင်လိပ်ပြာပုံစံဝတ်စုံလေးနှင့်အတူ စုကျိုဆီကိုလျှောက်သွားလိုက်သည်။ ပြီးနောက် တည်ငြိမ်လေးနက်သည့်အသံဖြင့် ပြောလိုက်သည်။
"စုကျို... ငါ မထွက်သွားခင်မှာ နင့်ကို တစ်ခုတောင်းဆိုချင်တယ်—"
"ငါ့ကို ကူးယူထားပေးပါ”
56
သစ်သားအိမ်ရှေ့ရှိ ကွင်းပြင်ကျယ်တွင် နွေးထွေးသော နေဝန်းသည် အရှေ့ဘက်မှ ထွက်ပြုလာသည်။
ယင်လီ စုကျို၏လက်ကို ဆုပ်ကိုင်ထားသည်။
“စုကျို၊ ငါ့ကို ကူးထားပေးစမ်းပါ!”
“ဒီနေ့ ပထမထပ်ရဲ့စံပြပုဂ္ဂိုလ်ဖြစ်တဲ့ ငါ ယင်လီက"
“ငါ့ရဲ့ ခေါင်းဆောင်တစ်ယောက်အနေနဲ့ ရရှိထားတဲ့ ဂုဏ် သိက္ခာတွေ ဒီပထမထပ်မှာ ထာဝရကျန်ရစ်နေစေချင်တယ်!”
သူမသည် အခြေခံအဆင့်၊ အဆင့် ၅ တွင် ရှိနေခြင်းဖြစ်ရာ စုကျို၏ ဝိညာဉ်သန့်စင်ခြင်းအဆင့်ထက်များစွာသာ လွန်နေသည်။ မတော်တဆ စိတ်ခံစားချက်များပြင်းထန်လာပြီး သူမ ဝိညာဉ်စွမ်းအားများ လျှံထွက်လာရာစုကျို၏ ညာဘက်လက်ကို ပတ်ထားသော အဝတ်စပင်စုတ်ပြဲသွားခဲ့သည်။
ဂျလောက်၊ ဂျလောက်
စုကျို ညာဘက်ဝတ်ရုံလက်စွပ်သည် တဖျတ်ဖျတ်လွင့်သွားသည်။
“ငါ့ရဲ့အရှိန်အဝါနဲ့ ခွန်အားတွေ၊ ငါ့ရဲ့အသံနဲ့ ရုပ်ရည်တွေ ဒီမှာထာဝရတည်ရှိပြီး လူတိုင်းရဲ့မှတ်တမ်းထဲမှာ ရှိနေစေရမယ်၊ ဟား ဟား ဟား ဟား ~!”
ယင်လီ မော့ကြည့်လိုက်ရာ သူ့မျက်နှာသည် ဝင်းပလျက်ရှိသည်။
လှပသောရုပ်သွင်နှင့် ချစ်စရာကောင်းသော အလျား ၂၀ စင်တီမီတာရှိသည့် ‘ယင်လီလေး’ ဂွမ်းအရုပ်မလေး သုံးရုပ်သည် စုကျိုလက်ဝထဲမှရုတ်တရက်ပြုတ်ကျလာသည်။
စုကျိုက မြေပြင်ပေါ်ရှိ ဖုန်များကြားသို့ မကျသွားစေရန် ၎င်းတို့၏ ခေါင်းလေးများကို ညာဘက်လက်ဖြင့် အမြန်လှမ်းဖမ်းလိုက်ရသည်။
“...”
“!”
စုကျီကျီနှင့် အခြားသူများသည် စုကျို၏အင်္ကျီလက်အား အံ့အားသင့်စွာ စိုက်ကြည့်နေကြသော်လည်း ယင်လီမှာမူ ဘာမှသတိမထားမိဘဲ သူမ၏လှပသောမျက်နှာဖြင့် အားရပါးရ ရယ်မောနေဆဲပင်။
ယင်လီသည် လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်ပြီး သစ်သားအိမ်အပြင်ဘက် ကွင်းပြင်ရှိ ကောက်ရိုးပုံပေါ်သို့ တက်နင်းလိုက်သည်။
“ငါ အဆင့် ၃၀ ကို တက်သွားပေမဲ့လည်း စုကျို နင် ငါ့အတွက် လုပ်ပေးတဲ့ သစ်သားပုံတူကတော့ ပထမထပ်ရဲ့ အထိမ်းအမှတ် အဆောက်အအုံတစ်ခုဖြစ်လာမှာပဲ!”
“ပထမထပ်မှာရှိတဲ့ အမျိုးသားကျင့်ကြံသူအားလုံး ငါ့ခြေဖဝါးအောက်မှာ ဒူးထောက်ကြလိမ့်မယ်၊ အမျိုးသမီးကျင့်ကြံသူတွေကလည်း ငါ့ကို ကြည်ညိုအားကျကြလိမ့်မယ်၊ ဒီမြင်ကွင်းကို တွေးကြည့်ရုံနဲ့တင် ငါ့နှလုံးခုန်သံတွေ မြန်လာပြီ။ တကယ် အားရစရာကြီးပဲ၊ ဟားဟား!”
စုကျို: “...ဒါကလေ...”
သူမ ညာဘက်လက်ကို ပဲနောက်စိမ်းရောင် ဝတ်ရုံလက်စွပ်ကျယ်ကြီးထဲတွင် ဝှက်ထားပြီး ဂွမ်းအရုပ်မလေးသုံးရုပ်၏ လက်လေးများကို ကိုင်ထားသည်။
ယင်လီ စိတ်အားထက်သန်စွာ စကားပြောနေစဉ်အတွင်း စုကျိုက အဆိုပါဂွမ်းအရုပ်လေးများကို တိတ်တဆိတ် အကြိမ်ကြိမ် ညှစ်ကြည့်နေခဲ့သည်။
‘ယင်လီလေး’ က တကယ့်ကို အိစက်နုညက်နေသည်။
[ယင်လီ၏ အသံနှင့် ရုပ်ရည် ကူးယူမှု- ယခုအချိန်ရှိ ယင်လီ၏အသံနှင့် ရုပ်ရည်ကို ထိန်းသိမ်းထားသော်လည်း အခြားအသုံးဝင်မှုမရှိပါ။]
ဒါကို အောင်မြင်တဲ့ ကူးယူမှုတစ်ခုလို့ ဘာလို့ မသတ်မှတ်လို့ ရမှာလဲ ?
ကြည့်ရတာတော့ ထိုသို့ပင်။
“စုကျို၊ ငါ့ရဲ့ ခန့်ညားထည်ဝါတဲ့ ပုံရိပ်ကိုကူးယူပြီး ပထမထပ်ကနေ ပိုးစာခင်းဆီ သွားတဲ့လမ်းပေါ်မှာ ထားလိုက်စမ်း”
“ဖြတ်သွား ဖြတ်လာ လူတိုင်း မြင်နိုင်အောင်လို့လေ”
ယင်လီ ညွှန်ပြသော လယ်ကွင်းအလယ်တည့်တည့်ကို ကြည့်ရင်း စုကျိုနှုတ်ခမ်းများသည် အလိုလိုတုန်ယင်လာသည်။
တကယ်ပဲ ၂၀ စင်တီမီတာရှိသော ဂွမ်းအရုပ်လေးကို အဲဒီမှာ သွားထားရမှာလား ?
ကြည့်လိုက်သောအခါ လမ်းပေါ်တွင် ခရမ်းရွှေရောင်သစ် သားအောက်ခံခုံကြီးတစ်ခု ပေါ်လာသည်ကို တွေ့ရသည်။
၎င်းသည် စတုရန်းမီတာ ၁၀ မီတာခန့် ကျယ်ဝန်းသည်။
ဤမျှ ကျယ်ပြောသော အောက်ခံခုံကြီးပေါ်တွင် ၂၀ စင်တီမီတာရှိသော ဂွမ်းအရုပ်လေးကို တင်လိုက်မည်ဆိုလျှင် ရလဒ်ကတော့ တကယ်ကို အံ့မခန်းဖြစ်ပေလိမ့်မည်။
“ဒီခန့်ညားတဲ့ အောက်ခံခုံကြီးကို ငါ တစ်ညလုံး မအိပ်ဘဲ လုပ်ထားတာ၊ ဘယ်လိုလဲ၊ မိုက်တယ်မဟုတ်လား ?”
ယင်လီ တဟားဟား ရယ်မောလိုက်သည်။
“ကျင့်စဉ်လမ်းစဉ် မခိုင်မာတဲ့ အမျိုးသမီးကျင့်ကြံသူတွေအနေနဲ့ အမျိုးသားတွေထက် သာလွန်တဲ့ စွမ်းအားနဲ့ ယုံကြည်ချက်ကို လိုချင်ရင် ငါ့ရဲ့ သူရဲကောင်းပုံရိပ်ကို လာကြည့်လို့ရတယ်”
စုကျို ပါးစပ်အဟောင်းသား ဖြစ်သွားပြီး နောက်ဆုံးတွင် ကြောင်အမ်းနေသော ကျူးပိုင်ယွီရှေ့မှာပင် ယင်လီနှင့် ခပ်ဆင်ဆင်တူသည့် နူးညံ့လှပသော ဂွမ်းအရုပ်လေး သုံးရုပ်ကို မြှောက်ပြလိုက်သည်။
သူမက ခါးထောက်ပြီး အားရပါးရ ရယ်နေသော ယင်လီဆီသို့ အဆိုပါအရုပ်လေးများကို ကမ်းပေးလိုက်သည်။
“နင့်ရဲ့ သူရဲကောင်းပုံရိပ်ကို ကြည့်လိုက်ဦး”
နံနက်ခင်းလေညင်းသည် ပိုးစာခင်းများကို ဖြတ်တိုက်သွားပြီး သစ်ရွက်များကို ကြွေလွင့်စေသည်။
လိပ်ပြာပုံစံများနှင့် ‘ခေါင်းဆောင်’ (首) ဟူသော စာလုံးပါသည့် ယင်လီ၏အနက်ရောင် စကတ်ဖောင်းဖောင်းကြီးသည် တမဟုတ်ချင်း ဖရိုဖရဲဖြစ်သွားရသည်။
“??”
“!!”
ယင်လီ နောက်သို့ တစ်လှမ်းဆုတ်လိုက်ပြီး သူမ၏ မောက် မာဝင့်ကြွားလှသော လှပသည့်မျက်နှာသည် ခဏချင်းမှာပင် ပျက်စီးသွားတော့သည်။
စုကျို၏ ညာဘက်လက်ဝထဲမှ ဆွဲထုတ်လိုက်သော အနက်ရောင်စကတ်ဖောင်းဖောင်းလေးများ ဝတ်ထားသည့် ဂွမ်းအရုပ် သုံးရုပ်။ ၎င်းတို့သည် စုကျို၏လက်ဖျံခန့်သာရှိပြီး တစ်ကိုယ်လုံး လုံးတစ်ကာ အိစက်နေသည်။
၎င်းတို့တွင် ဘာအရှိန်အဝါမှ မရှိဘဲ နူးညံ့မှုသက်သက်သာ ရှိသည်။
လုံးဝန်းသော မုန့်လုံးလေးများလို မျက်နှာလေးများပေါ်တွင် ယင်လီကဲ့သို့ပင် တောက်ပသော မျက်လုံးလေးများ၊ နှာခေါင်းလုံးလေးများနှင့် နီရဲသော နှုတ်ခမ်းလေးများ ပါရှိသော်လည်း စုကျို ဆွဲကိုင်ထားသဖြင့် မျက်နှာလေးများမှာ ပုံပျက်နေသလိုပင်။
ကံကောင်းသည်မှာ စုကျို လက်လွှတ်လိုက်သည်နှင့် အဆို ပါ အရုပ်လေးများ၏မျက်နှာမှာ ပြန်လည် ဖောင်းကားအိစက်သွားသည်။
ယင်လီ: “!”
မဟုတ်သေးဘူး၊ ခဏလေး !!
စုကျိုဟည် ယင်လီ၏မျက်ခုံးနှစ်ခုကြားရှိ တောက်ပနေသော "ပထမ" (首) ဟူသော စာလုံးကို အလိုက်တသိ တစ်ချက်ကြည့်လိုက်ပြီးနောက် သူ့လက်ထဲရှိ ဂွမ်းအရုပ်မလေး၏မျက်ခုံးပေါ်မှ ရွှေချည်ထိုး "ပထမ" စာလုံးလေးကိုလက်ညှိုးဖြင့် တို့ကြည့်လိုက်သည်။
“တကယ့် အစစ်အတိုင်းပဲ မဟုတ်ဘူးလား?”
ယင်လီ နောက်သို့ သုံးလှမ်းခန့်ဆုတ်သွားသည်။
“ဒီအရုပ်လေးတွေကို ပိုးစာခင်းလမ်းမကြီးပေါ်ကသစ်သား ခုံတွေပေါ်မှာ တင်ပေးရမလား ? ကိုးရုပ်လောက် တန်းစီထားရင်ရော ဘယ်လိုလဲ ?”
စုကျို သူ့စကတ်ကို ဆွဲဆန့်ပြုပြင်ရင်း ဖောက်သည်၏ လိုအပ်ချက်ကို မေးမြန်းလိုက်သည်။
သူမ အလုပ်တွင် အလွန်သွက်လက်သူဖြစ်ရာ ပြောပြော ဆိုဆိုဖြင့် လယ်ကွင်းအလယ်ရှိ သစ်သားခုံများဆီသို့ လျှောက်သွားနေပြီဖြစ်သည်။
ထိုမြင်ကွင်းက တကယ့်ကိုကြည့်မကောင်းနိုင်လောက်အောင် ဖြစ်နေလိမ့်မည်။
“မလုပ်ပါနဲ့... မလုပ်ပါနဲ့ဦး...”
ယင်လီ ခဏမျှ စိတ်ကူးကြည့်ပြီးနောက် စုကျိုအားအမှီလိုက်ကာ အမြန်တားဆီးလိုက်သည်။
“စိတ်မလောပါနဲ့ဦး၊ ငါ့ကို ဘယ်သူမှ မမှတ်မိတော့လည်း ဖြစ်ပါတယ်လို့ ရုတ်တရက် ခံစားလိုက်ရလို့ပါ”
“ဒါကို... စုကျို နင့်ကိုပဲ ပေးလိုက်မယ်လေ၊ တခြားဘယ်သူ့ကိုမှ မပြနဲ့နော်!”
စုကျို ရယ်ချင်စိတ်ကို အောင့်ထားရင်း “နောက်တစ်ခါ ထပ်စမ်းကြည့်မလား ?”
ယင်လီက သက်ပြင်းချရင်း နဖူးမှ ချွေးများကို သုတ်လိုက်သည်။
“အေး... အေး... အေး... နောက်ထပ် အကြိမ်အနည်းငယ်လောက် ထပ်လုပ်ကြည့်ပါဦး။ ပိုပြီး ခန့်ညားထည်ဝါတာမျိုး၊ ပိုကြီးပြီး ပိုကြောက်စရာကောင်းတာမျိုး လုပ်ပေးပါဦး...”
စုကျိုက ခပ်တိုးတိုးရယ်ရင်း - “နင် ပုံစံတစ်မျိုးလောက် လုပ်ကြည့်လိုက်လေ—”
စကားပင် မဆုံးသေးမီ ယင်လီက လက်မောင်းများကို ဆန့်ထုတ်ကာ စုကျိုကို တင်းတင်းကြပ်ကြပ် ဖက်လိုက်သည်။
ယင်လီလက်မောင်းများက စုကျို၏ကျောပြင်တစ်ခုလုံးကို လွှမ်းခြုံကာ ဖိကပ်ထားသည်။
စုကျို ခေတ္တမျှ မှင်သက်သွားပြီး သူမ မျက်လုံးများက အကြည့်မတည်မငြိမ်ဖြစ်သွားသည်။
“ဒီလိုဆိုရင် ငါ့ရဲ့ အရှိန်အဝါကို ခံစားရပြီလား ?”
ယင်လီအသံသည် နွေဦးလေညင်းကဲ့သို့ စုကျို၏နားစည်ထဲသို့ တိုးဝင်လာသည်။
နွေးထွေးပြီး အားအင်ပြည့်ဝလှသော လူသားတစ်ယောက် ၏အနံ့အသက်ပင်။
စုကျိုသည် မှင်သက်နေမိဆဲ၊ ကမ္ဘာပျက်ကပ်တုန်းက သူမသည် အလောင်းများကြားတွင် အိပ်စက်ခဲ့ရပြီး ဇွန်ဘီများနှင့် အစားအစာလုခဲ့ရသည်ကို ပြန်သတိရသွားသည်။
လူသားတစ်ယောက်၏အနံ့အသက်နှင့် ယခုကဲ့သို့ နီးကပ်စွာ မထိတွေ့ရသည်မှာ ကြာခဲ့ပြီဖြစ်သည်။
သူ့ မျက်နှာတွင် ထူးဆန်းသောအမူအရာ ပေါ်လာပြီး ယင်လီကို အလျင်အမြန်တွန်းထုတ်လိုက်ကာ တုန်ရင်နေသော သူ့ရင်ဘတ်ကို ပြန်စမ်းကြည့်လိုက်သည်။
ထူးဆန်းလိုက်တာ~
သူမ အတွင်းစိတ်ထဲမှ တစ်စုံတစ်ခုက ဆည်ကျိုးသကဲ့သို့ တိုးထွက်လာနေသည်...
မဟုတ်ဘူး!!
“ဖယ်ကြစမ်း!”
စုကျို ဝတ်ရုံလက်အား ခါယမ်းလိုက်ပြီး စုကျီကျီနှင့်စုရှင်းချန်တို့အား ကျူးပိုင်ယွီအနားသို့ တွန်းပို့လိုက်သည်။
ထိုခဏချင်းမှာပင် ကျူးပိုင်ယွီက အခြေအနေကို ရိပ်မိသွားပြီး စုကျို ညာဘက်လက်မောင်း ဖောင်းကားလာကာ စုတ်ပြဲတော့မည့်အခြေအနေကို လှမ်းကြည့်လိုက်သည်။မျက်တောင်တစ်ခတ်အတွင်းမှာပင် သူနှင့် ယင်လီတို့သည် ကလေးငယ်နှစ်ဦးကိုဆွဲခေါ်ကာ ပေအနည်းငယ်အကွာသို့ ဆုတ်ခွာလိုက်ကြသည်။
ဒိုင်း!
မီးခိုးလုံးများ ထွက်ပေါ်လာပြီး စုကျိုလက်ဝထဲမှ ကြီးမား သောအရာဝတ္ထုကြီးတစ်ခု ထွက်ကျလာသည်။ ထိုရုပ်တုကြီးသည် မြေပြင်ပေါ်သို့ကျလာရာ ငလျင်လှုပ်သကဲ့သို့ တုန်ခါသွားတော့သည်။
မီးခိုးများ လွင့်စင်သွားသောအခါ ယင်လီ၏အရပ်အ မောင်းနှင့် တစ်ပုံစံတည်းတူပြီး ရုပ်ရည်ချင်းလည်းအလွန်ဆင်တူသော ကျောက်ဆစ်ရုပ်တုကြီးတစ်ခုပေါ်လာသည်။
အနက်ရောင်ဝတ်ရုံပေါ်မှ လိပ်ပြာတစ်ရာသည်ပင်လျှင် ရုပ်တုပေါ်တွင် အသက်ဝင်နေပြီးပျံသန်းတော့မည့်အလား။
ရုပ်တု၏မျက်နှာမှာမူ မောက်မာဝင့်ကြွားနေသည်။
သို့သော် ၎င်း၏ လက်မောင်းနှစ်ဖက်ကတော့ ထူးထူးဆန်းဆန်း ဖက်ထားသည့်ပုံစံဖြစ်နေသည်။
“ဝါး!” ယင်လီ အံ့သြတကြီး အော်လိုက်သည်။
“သိပ်မိုက်တာပဲ!”
“ဝါး...”
စုကျီကျီလည်း မော့ကြည့်ရင်း သူမ အရပ်နှင့် ရုပ်တု၏ အရပ်ကို နှိုင်းယှဉ်ကြည့်နေမိသည်။
ယင်လီသည် အရပ်ရှည်သူဖြစ်ရာ ကျူးပိုင်ယွီထက် အနည်းငယ်သာ ပုသည်။ သူမ ပုံစံကို ခေတ္တဘေးဖယ်ထားလျှင် တကယ့်ကိုခန့်ညားထည်ဝါသော အရှိန်အဝါရှိသည်။
“ကျီကျီလည်း အစ်မယင်လီလို မြန်မြန်အရပ်ရှည်ချင်လိုက်တာ~”
စုကျီကျီကမူ အားကျစွာပြောလိုက်သည်။
သူ ပြောနေစဉ်မှာပင် ကျောက်ရုပ်တုကြီးထံမှ အလင်း ရောင်များ ဖြာထွက်လာသည်။
ဆန့်ထုတ်ထားသော လက်မောင်းနှစ်ဖက်ကြားတွင် ဝိညာဉ်ကျောက်တုံးထည့်ရမည့် အပေါက်လေးတစ်ခု ပေါ်လာသည်။
စုကျီကျီ ပါးစပ်အဟောင်းသား ဖြစ်သွားရသည်။
စုကျို ကတ်တလောက်အားကြည့်ရင်း ထူးဆန်းသော အမူအရာဖြင့်
“ယင်လီ... ခုနက ငါ နင့်ကို ကူးယူလိုက်တဲ့အချိန်မှာ ငါ့ရဲ့ ဝိညာဉ်စွမ်းအားက ကန့်သတ်ချက်ရှိနေလို့ ဒီတစ်မျိုးပဲ ထွက်လာတာ၊ ဒါပေမဲ့ တစ်ယောက်ယောက်က ဒီရုပ်တုကို အားရပါးရ ချီးမွမ်းဂုဏ်ပြုပြီး ဝိညာဉ်ကျောက်တုံးတွေ ထည့်မယ်၊ သုံးရာအထိပြည့်သွားမယ်ဆိုရင် ဒီရုပ်တုက အခြေခံအဆင့်တိုက်ခိုက်မှု တစ်ခုကို ခံနိုင်ရည်ရှိသွားလိမ့်မယ်။”
“ဟား... ဒါ တကယ် မိုက်လွန်းတယ်!”
ယင်လီ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်သည်။
“ကျေးဇူးပဲ စုကျို!”
ထိုစဉ် ကောင်းကင်ယံမှ ခေါင်းလောင်းသံများနှင့် ဗုံသံများ ထွက်ပေါ်လာသည်။
ယင်လီ၏မျက်ခုံးနှစ်ခုကြားရှိ ‘ပထမ’ (首) စာလုံးမှ တောက်ပသော အလင်းတန်းများ ဖြာထွက်လာသည်။ သူ့ခြေဖဝါးအောက်တွင် ကောင်းကင်ဘုံသို့တက်လှမ်းမည့် လှေကားထစ် ၁၀၀ သည် အလင်းတန်းများအတွင်းမှ ဖြည်းဖြည်းချင်းထွက်ပေါ်လာသည်။
ကောင်းကင်ကြီးမှာလည်ယ တဖြည်းဖြည်းလင်းကာပွင့်အာလာသည်။
သစ်သားအိမ်များအတွင်းရှိ ကျင့်ကြံသူအားလုံးသည် ဤထူးဆန်းသော ဖြစ်စဉ်ကြောင့် မှင်သက်ကုန်ကြသည်။ ထိပ်တန်းကျင့်ကြံသူများ ဖြစ်စေ၊ အဆင့်နိမ့်ကျင့်ကြံသူ များဖြစ်စေ အားလုံး အပြင်သို့တဖြည်းဖြည်း ထွက်လာကြတော့သည်။
“ခေါင်းဆောင်ယင်လား ?”
“လကုန်မှ မဟုတ်ဘူးလား!”