အခန်း (၅၉-၆၀)
Vol. 6 Ch. 59-60
59
သစ်သားအိမ်လေးသည် တစ်ကိုယ်လုံးတုန်ခါနေပြီးကြမ်း ပြင်အလယ်မှပင် ဖောက် ခနဲ အသံလေးနှင့်အတူ အက်ကွဲသွားသည်။
စုကျိုကတော့ တည်ငြိမ်နေဆဲပင်၊ သို့သော် သူ့နှုတ်ခမ်းများကတော့ အနည်းငယ်တွန့်သွားသည်။
စုကျီကျီနှင့် စုရှင်းချန်တို့မှာတော့ မှင်သက်နေကြပြီဖြစ် သည်။
ကျူးပိုင်ယွီက အောက်သို့ငုံ့ကြည့်ရင်း
“တောက်! စုကျို... နင် ဘာတွေလုပ်လိုက်တာလဲ...!”
သူတို့အားလုံးသည် အဝတ်စများကို ဖြေလျော့နေသည့် သူမ ညာဘက်လက်ကို ဝိုင်းကြည့်လိုက်ကြသည်။
စုကျိုကမူ အပြစ်ကင်းစင်သည့်အမူအရာဖြင့် သူ့လက်ကိုမြှောက်ပြကာ ပြတင်းပေါက်အပြင်ဘက်သို့ လက်ညှိုးညွှန်ပြလိုက်သည်။
အိမ်တစ်ခုလုံးသည် မယုံနိုင်စရာကောင်းလောက်သည့် အရှိန်အဝါဖြင့် တုန်ခါလျက် အပေါ်သို့ မြင့်တက်နေသည်!
ပြတင်းပေါက်အပြင်ဘက်ရှိ မြင်ကွင်းများဖြစ်သော သစ် သားအိမ်စုလေးများ၊ အဝေးမှ မြင်နေရသည့် ပိုးစာခင်းများမှာ လျင်မြန်စွာသေးငယ်သွားတော့သည်။
“အာ... ဒါက ဘာကြီးလဲ!?”
“ဒီသစ်သားအိမ်ထဲမှာ ဘယ်သူနေတာလဲ! ပျံတက်နေပြီဟ!”
“ဘာတွေဖြစ်နေတာလဲ ?”
“ဟိုးမှာကြည့်စမ်း... အဲဒီအိမ်အောက်က လှေကားက ငါတို့ကို ဒီကနေခေါ်သွားမယ့် အဆင့်မြင့် ‘တိမ်လွှာလှေကား’ မဟုတ်လား!?”
“ဘာပြောတယ်???”
တဖြည်းဖြည်း ဝေးကွာသွားသော မြေပြင်ထက်မှအံ့အား သင့်တကြီး ဆွေးနွေးနေကြသည့် အသံပေါင်းစုံထွက်ပေါ် လာသည်။
သစ်သားအိမ်ထဲတွင် ဂွမ်းအရုပ်မလေး၏လည်ပင်းကို ဆုပ်ကိုင်ထားသည့် ကျူးပိုင်ယွီမှာ ပါးစပ်အဟောင်းသား ဖြစ်သွားပြီး တည်ငြိမ်အေးဆေးနေသော စုကျိုကို လှည့်ကြည့်ကာ
“...သူတို့... ပြောနေတာ... ငါတို့ကိုလား?”
စုကျို သူ့ကို ခေါင်းညိတ်ပြလိုက်ရင်း - “တော်တယ်” ဟု ချီးမွမ်းလိုက်သည်။
စုကျီကျီနှင့် စုရှင်းချန်တို့၏ပါးစပ်မှာလည်း ပိုလို့ပင်ဟသွားတော့သည်။
စုရှင်းချန် ချက်ချင်းဆိုသလိုထရပ်ကာ ပြတင်းပေါက်နားသို့သွား၍ အပြင်ကို လှမ်းကြည့်လိုက်သည်။
အပြင်ကိုမြင်လိုက်ရသည့်အခါ သူ့ ရင့်ကျက်လှသော မျက်နှာလေးပင် ပျက်စီးသွားပုံရသည်။
စုကျို သူ့ကို လက်လှမ်းပြလိုက်ရင်း - “မကြည့်နဲ့တော့၊ လွန်ခဲ့တဲ့ ဆယ်ရက်ကျော်က ယင်လီ အဆင့် ၃၀ ကိုတက်သွားတုန်းက ငါ မတော်တဆ မြင်လိုက်ရတာလေ”
အခန်းထဲရှိ လူသုံးယောက်လုံး အကြီးအကျယ် ထိတ်လန့်သွားကြသည်။
စုကျို ခပ်တိုးတိုးရယ်ရင်း - “ငါက အရမ်းတော်လွန်းနေတော့လည်း မတတ်နိုင်ဘူးလေ၊ အခုပဲ စိတ်ထဲမှာ ဘာမှမဖြစ်ဘဲနဲ့ တိမ်လွှာလှေကားကိုးစင်းကို တစ်ခါတည်းဖန်တီးလိုက်မိတာ”
“...”
“...”
“...”
စုကျို ကျူးပိုင်ယွီလက်ထဲမှ ဂွမ်းအရုပ်လေးကိုကြည့်လိုက်ပြီး - “ယင်လီကို ဆက်သွယ်လို့ရလား ? ငါတို့ မကြာခင် အပေါ်ရောက်တော့မယ်လို့ ထင်တာပဲ”
ကျူးပိုင်ယွီ: “!”
*ဒိုင်း!* ခနဲ အသံနှင့်အတူ သူထိုင်နေသည့်သစ်သားကုလား ထိုင်နောက်က ညာဘက်နံရံကြီးပြိုကျသွားတော့သည်။
သစ်သားအိမ်လေးသည် ရုတ်တရက် သုံးဖက်လုံးလေဟာ နယ်ဖြစ်သွားသည်။
သူ ခေါင်းလှည့်ကြည့်လိုက်သည့်အခါ အိမ်အောက်တွင် အလွန်ကျယ်ဝန်းကာ လျှောက်ရလွယ်ကူသည့် လှေကားကြီးတစ်ခုကို တွေ့လိုက်ရသည်!
ယခုအခါတွင် သစ်သားအိမ်သည် ထိုလှေကားထက်၌ တည်ရှိနေပြီး အဆက်မပြတ် အပေါ်သို့ရွေ့လျားနေခြင်းဖြစ်သည်။
အဆင့်တိုင်းတွင် ရှိနေသည့် ထိပ်တန်းဆယ်ယောက်မှာ အပြင်သို့ပြေးထွက်လာကြပြီး သူတို့၏ဓားများ၊ ပေါက် ပြားများကို စီးကာလိုက်ကြည့်နေကြသော်လည်း သူတို့ သည် တဖြည်းဖြည်းနှင့် အစက်အပြောက်လေးများအဖြစ် ပြောင်းလဲသွားကြသည်။
“ဘာတွေဖြစ်နေတာလဲ ကျူးပိုင်ယွီ???”
“နောက်လကျရင် စုမိသားစု သုံးယောက်ကို အဆင့် ၂၀ ထိ လိုက်ပို့ပေးမယ်လို့ ငါတို့ ကတိပြုထားကြတယ် မဟုတ်လား? နင် မထွက်သွားခင်လေ!”
“ဒါ ဘာကြီးလဲ!”
“နင် ဘာတွေလုပ်နေတာလဲ ?!”
မရေမတွက်နိုင်သော ဝိညာဉ်အာရုံစာသားများနှင့် အဆောင်စာလွှာများမှာ ကျူးပိုင်ယွီဆီသို့ တရဟော ရောက်ရှိလာတော့သည်။
ကျူးပိုင်ယွီ: “...”
သွားပြီ၊ သူလည်း သူ ဘာလုပ်နေမိမှန်းပင် မသိတော့ပါ!
“နှုတ်ဆက်ခဲ့ပါတယ် အားလုံးပဲ—”
ကျူးပိုင်ယွီ၏ အဖိုးတန်ခါးပတ် ရှစ်ခုစလုံးတုန်ရီနေပြီး၊ သူ မတ်တပ်ရပ်ကာအောက်မှပုရွက်ဆိတ်လေးများသဖွယ် သေးငယ်သွားသည့် ပုံရိပ်များကိုလက်ယမ်းပြလိုက်သည်။
“ဒါ ဘာလဲ? နင် စုကျိုတို့ သုံးယောက်နဲ့အတူ အခေါ်ခံလိုက်ရတာလား!?”
“နင်တို့ ဘယ်အဆင့်ကို သွားနေကြတာလဲ ?!”
ငါလည်း မသိဘူးဟ!
ကျူးပိုင်ယွီ တဖြည်းဖြည်း မြင့်တက်နေသော လှေကား ထစ်များနှင့် အရှိန်အဟုန်ဖြင့် လွင့်မျောနေသော တိမ်တိုက်များကို ကြည့်ရင်း သူ့လက်ယမ်းနေသော ညာဘက်လက်မှာ တုန်ရီနေသည်။
မကြာမီ မြေပြင်အောက်မှ အော်ဟစ်သံများနှင့် တိုးတိုး တိတ်တိတ် စကားသံများမှာ သဲ့သဲ့မျှသာကြားရတော့ သည်။
“ကျူးပိုင်ယွီ ဒီမှာ အကြာကြီး နေဦးမယ် ထင်ထားတာ၊ တော်သေးတာပေါ့! ငါတို့ကို နေ့တိုင်း လောင်းကစားခိုင်းတဲ့ အဲဒီလူကြီး နောက်ဆုံးတော့ ထွက်သွားပြီ!”
“အေးလေ... ငါတို့တွေ နေ့တိုင်း အဲဒီလူကြီးရဲ့ လောင်းက စားမှာ အနိုင်ကျင့်ခံနေရတာကို အပေါ်ထပ်က အုပ်ချုပ်ရေးမှုးတောင် ကြည့်မနေနိုင်တော့ဘူး ထင်တယ်နော်?”
“သိပ်ကောင်းတာပဲ! သူသွားပြီဆိုတော့ ငါတို့တွေ လွတ် မြောက်ပြီ!”
“ခေါင်းဆောင်ယင်လောက်တောင် ပိုပြီးလူစိတ်မရှိတဲ့လူကြီး!”
ကျူးပိုင်ယွီ: “...???”
သူ ဒေါသတကြီးဖြင့် အသက်ကိုပြင်းပြင်းရှူလိုက်ရာ သစ်သားအိမ်၏ နံရံသုံးဖက်လုံးမှ ပြင်းထန်သော အက်ကွဲသံများ ထွက်ပေါ်လာသည်။
“ဟွန်း”
ကျူးပိုင်ယွီ သူ့နဖူးကို ဖိလိုက်ရင်း - “စုကျို... ငါတို့ အဆင့် ၃၀ ကို တကယ်ရောက်နိုင်မယ်လို့ နင် သေချာရဲ့လား ?”
“မသေချာဘူး”
စုကျိုက မျက်တောင်ပင် မခတ်ဘဲ - “အဲဒီထက်တောင် ကျော်သွားဦးမလား မသိဘူး ?”
“???”
သစ်သားအိမ်သည် အပေါ်သို့ ဆက်လက်ပျံတက်နေပြီး တိမ်တိုက်များကြားတွင် လှိုင်းထနေသည့် ပင်လယ်ပြင်ကြီးသဖွယ် ခန့်ညားလှသော ရွှေရောင်တံခါးကြီးများမှာ တစ်ခုပြီးတစ်ခု ပေါ်လာသည်။
[ဝိညာဉ်ပိုးဖလံဂေဟာ - ဒုတိယအဆင့်]
[ဝိညာဉ်ပိုးဖလံဂေဟာ - တတိယအဆင့်]
...
[ဝိညာဉ်ပိုးဖလံဂေဟာ - တစ်ဆယ့်တစ်ဆင့်မြောက်]
အဆင့်တိုင်းရှိ တံခါးများ ပေါ်လာသည့်အရှိန်ကို ကြည့်ရင်း စုကျိုတွေးနေမိသည်။
ငါတို့တွေ ဒီဓာတ်လှေကားကြီးပေါ်ကနေတောင် ဆင်းခွင့်ရပါ့ဦးမလား ?
“ဒါကြောင့်လည်း ယင်လီကိုရှာပြီး ငါတို့နဲ့ဆုံဖို့ ပြောခိုင်းတာပေါ့” စုကျို ခေါင်းညိတ်လိုက်သည်။
သူမ အဆင့် ၃၀ ကို သွားချင်ရသည့် အကြောင်းရင်းမှာ ယခုလေးတင် ရရှိထားသည့် နဂါးရုပ်ကျောက်စိမ်းဆွဲပြားသည် ဝိညာဉ်ပိုးဖလံဂေဟာ၏အဆင့် ၃၀ မှ ၄၀ အတွင်းရှိ ရတနာသေတ္တာများကိုဖွင့်နိုင်သည့် သော့ဖြစ်နေသော ကြောင့်ပင်။
ထိုနေရာတွင် ရတနာသေတ္တာ စုစုပေါင်း ၁၁ လုံးရှိသည်!
ပထမဆုံးတစ်လုံးဖြစ်သည့် အဆင့် ၃၀ ရှိရတနာကိုတော့ သူ အလွတ်မခံနိုင်ပေ။
“ယင်လီကို ပြောလိုက်၊ ငါတို့ အဝင်ဝကို ရောက်တော့မယ်လို့”
ကျူးပိုင်ယွီ နှုတ်ခမ်းများ တွန့်သွားပြီး ယင်လီ ဂွမ်းအရုပ်လေးကို အားရပါးရညှစ်လိုက်တော့သည်။
နှုတ်ခမ်းနီရဲရဲနှင့် အရုပ်လေးထံမှ တစီစီအသံများ ထွက်ပေါ်လာပြီး - “ဟင် ? ဒါ စုကျိုရဲ့အသံလား ? ငါ့ကိုရှာနေတာလား? ဘယ် အဝင်ဝလဲ ? ဘယ်သူနဲ့ ဆုံမှာလဲ?”
“ဒီရက်ပိုင်း ငါ အဆင့်တက်ဖို့ကြိုးစားနေတာနဲ့ အရုပ်လေး ပျက်စီးမှာစိုးလို့ အဆောင်ထဲမှာ ထားခဲ့တာ၊ အခုမှ အနား ယူတဲ့နေရာကို ပြန်ရောက်တာ” ယင်လီအသံမှာ ကျယ်လောင်စွာ ထွက်ပေါ်လာသည်။
ကျူးပိုင်ယွီ သက်ပြင်းချနိုင်တော့သည်၊ မျှော်လင့်ချက် ရှိသွားပြီ!
“ယင်လီ! အဆင့် ၃၀ ရဲ့ ဂိတ်တံခါးဝကို အမြန်သွားတော့!”
“ဟမ် ? နင် အဆင့် ၃၀ ကို ရောက်နေပြီလား ?”
ယင်လီ အံ့သြသွားသော်လည်း မကျေမနပ်ဖြစ်နေသည့် အသံမှာ ချက်ချင်းလိုက်ပါလာသည်။
“ကျူးပိုင်ယွီ... နင်က စိတ်တိုလွယ်ပေမဲ့ တာဝန်သိတဲ့ကျင့် ကြံသူတစ်ယောက်လို့ ငါထင်လို့ စုကျိုရဲ့မောင်လေးနဲ့ ညီမလေးကို နင့်လက်ထဲအပ်ခဲ့တာ”
“ဒါပေမဲ့ တစ်လတောင်မပြည့်သေးဘူး၊ သူတို့က ဒီလောက်ပဲတိုးတက်သေးတာကို နင်က အပေါ်ထပ်ကိုတက်ဖို့ လောနေပြီး သူတို့ကို ပစ်ထားခဲ့ပြီလား ?”
ယင်လီ တကယ်ဒေါသထွက်နေပုံရသည်။
“ငါထွက်လာတုန်းက တခြားနည်းလမ်းမရှိလို့ပါ၊ နင်ကျတော့ ဘာလုပ်နေတာလဲ ? တာဝန်မဲ့လိုက်တာ!”
“ငါ့အရုပ်ကို စုကျိုဆီ ပေးထားခဲ့တာ၊ အခုလေးတင် သူ့အသံကို ကြားလိုက်တယ်၊ စုကျိုကို ငါပြောရမယ်—”
ကျူးပိုင်ယွီ နဖူးကို လက်ဖြင့်ဖိကာ
“ပါးစပ်ပိတ်ပြီး အခုချက်ချင်း အဲဒီဂိတ်ပေါက်ဝကို ထွက်ခဲ့စမ်း!!! စုကျိုလည်း လာနေတယ်!”
သူ အော်ဟစ်လိုက်စဉ်မှာပင် သစ်သားအိမ်လေးသည် အရှိန်အဟုန်ဖြင့် တိုးလာသော ဝိညာဉ်စွမ်းအားဒဏ်ကို မခံနိုင်တော့ဘဲ ပေါက်ကွဲထွက်သွားတော့သည်။
ဝိညာဉ်စွမ်းအား ပင်လယ်ပြင်ကြီးထဲတွင် နောက်ထပ် နံရံတစ်ခုမှာလည်း အက်ကွဲကာ ပြိုကျသွားပြန်သည်!
*ဂျောက်၊ ဂျက်* ဆိုသည့် အသံများနှင့်အတူ သစ်သားစများနှင့် အကျိုးအပဲ့များ တဖွဲဖွဲကျဆင်းနေသည်။
ကံကောင်းသည်မှာ စုကျိုနှင့် အခြားသူများသည် သူတို့၏ ခုခံကာကွယ်ရေး ကျင့်စဉ်များကို အသက်သွင်းထားပြီးဖြစ်၍ ထိခိုက်မှုမရှိခဲ့ပေ။
“နင်တို့ဘက်မှာ အရမ်းဆူညံနေတာပဲ... ငါ ဘာမှမကြားရတော့ဘူး! အေးပါ... ငါ ထွက်လာခဲ့မယ်၊ အခု အဆင့် ၃၀ အဝင်ဝကို သွားလိုက်မယ်!”
ယင်လီ၏အဆက်မပြတ်ထွက်ပေါ်နေသော အသံမှာ ပဲ့တင်ထပ်နေသည်။
“နောက် မျက်တောင် ၁၂ ခတ်အတွင်း ငါအဲဒီမှာ ရှိနေစေရမယ်!”
ယင်လီသည် အလုပ်တွင် သွက်လက်ပြတ်သားသူဖြစ်၍ အမေးအမြန်းလည်း သိပ်မရှိပေ။
စုကျိုကမူ သူမနှင့် ဆက်သွယ်ရသည်မှာ ရှင်းပြနေစရာမလိုဘဲ အဆင်ပြေလှသည်ဟု ခံစားရသည်။
သူ ခေါင်းလှည့်ကြည့်လိုက်ရာ တိမ်တိုက်များကြားတွင် ဝိညာဉ်ပိုးဖလံဂေဟာ၏ ၂၅ ဆင့်မြောက် ရွှေရောင်မုခ်ဦးကြီး ပေါ်လာသည်ကိုတွေ့လိုက်ရသည်။
ဝိညာဉ်ပိုးဖလံဂေဟာမှ စီနီယာအစ်ကိုကြီး နှစ်ယောက်မှာ တံခါးဝတွင် ကင်းစောင့်နေကြသည်။ သူတို့သည် လူလေးယောက်နှင့် ပျက်စီးနေသော သစ်သားအိမ်ကြီးကိုမြင်လိုက်ရသည့်အခါ အံ့အားသင့်ကာ ပါးစပ်အဟောင်းသား ဖြစ်သွားကြသည်။
စုကျို သူတို့ကို လက်ယမ်းပြလိုက်သည်။
မကြာမီမှာပင် သူမသည် ဒုံးပျံတစ်စင်းကဲ့သို့ လျင်မြန်စွာ ပျံတက်သွားပြီး သူတို့၏အံ့သြနေသော အကြည့်များထဲမှ ပျောက်ကွယ်သွားတော့သည်။
“ယင်လီကို အဆင့် ၃၀ တံခါးဝကနေ အော်ခိုင်းလိုက်၊ ဒါမှ ငါတို့ ဒီဓာတ်လှေကားပေါ်ကနေ ခုန်ဆင်းဖို့ ပြင်ဆင်လို့ရမှာ”
စုကျို ပတ်ဝန်းကျင်ကို အကဲခတ်ကာတွက်ချက်လိုက်သည်၊ ဓာတ်လှေကားမှာအရမ်းမြန်နေသဖြင့် အဆင့် ၃၀ တံခါးဝကိုမြင်မှ ခုန်ဆင်းလျှင် နောက်ကျသွားလိမ့်မည်။
ကျူးပိုင်ယွီသည် စင်တီမီတာ ၂၀ ရှိသော ဂွမ်းအရုပ်လေးကိုအတင်းခါယမ်းရင်း
“ကြားလား? ကြားလား? ငါပြောတာ ကြားလား?!” ဟု အမြန်ပြောလိုက်ရသည်။
“နင် ရူးနေတာလား?!”
လိပ်ပြာပုံစံပါသည့် အနက်ရောင် စကတ်တိုလေးကိုဝတ် ဆင်ထားသော ယင်လီသည် အဆင့် ၃၀ တံခါးဝသို့ ရောက်ရှိနေပြီဖြစ်သည်။ သူမ ခါးထောက်ရပ်နေပြီး ညာဘက်ခြေထောက်ရှိချွန်ထက်သော ဓားမြှောင်လေးစင်းမှာ ငွေရောင်အလင်းတန်းများ ဖြာထွက်နေသည်။
သူ လှည့်ကြည့်ကာ ဘေးနားရှိ လူနှစ်ယောက်ကိုပြုံးပြလိုက်သည် - “ကျွန်မရဲ့ ရိုင်းစိုင်းမှုကို ခွင့်လွှတ်ပါ စီနီယာတို့”
“အချက်ပြမှုကောင်းသွားတဲ့အခါ ကျွန်မ အဆင့်တစ်ခုကို ဖယ်ပေးပါ့မယ်၊ အခုတော့ သိပ်တော်တဲ့ ကျင့်ကြံသူလေး စုကျိုကို စကားနည်းနည်းပြောချင်လို့ပါ”
“သူသာ အဆင့် ၃၀ ကို ရောက်လာရင် ကျွန်မတို့ရဲ့ ‘မခံချင်စိတ်’ အပြည့်နဲ့ဝင်းကြီးကတော့ ကျားမှာ အတောင် ပံတပ်ပေးလိုက်သလိုမျိုး အသင်းလိုက်မှာ နံပါတ်တစ် ဖြစ်လာမှာသေချာတယ်!”
သူ့ရှေ့ရှိ လူနှစ်ယောက်အနက် မျက်လုံးမှိတ်ထားပြီး မျက် မှောင်ကြားတွင် မင်္ဂလာအမှတ်အသားပါသော ရဟန်းတော်တစ်ပါးမှ “သာဓုပါ၊ ညီမလေးယင် မိတ်ဆက်ပေးတဲ့သူဆိုရင်တော့ မှန်မှာ သေချာပါတယ်” ဟု မိန့်ကြားလိုက်သည်။
“နှမြောစရာပါပဲ၊ နင် ပြောသလိုဆိုရင် သူကဝိညာဉ်သန့်စင်ခြင်း သတ္တမအဆင့်မှာပဲ ရှိသေးတာ၊ အဆင့် ၃၀ ကို တက်လှမ်းဖို့ဆိုရင် အနည်းဆုံး တစ်နှစ်ထက်မကကြာလိမ့်မယ်”
“ဒါပေမဲ့ ကံကောင်းတာက ကျင့်ကြံခြင်းရဲ့နှစ်ကာလတွေက ရှည်လျားပါတယ်...”
မျက်လုံးမှိတ်ထားသော ရဟန်းသည် အဆင့် ၃၀ အဝင်ဝသို့မျက်နှာမူကာ လက်အုပ်ချီထားပြီး ဗုဒ္ဓအလင်းတန်းများ ဖြာထွက်နေသည်။ သို့သော် နောက်တစ်ခဏတွင် သူ့မှိတ်ထားသော မျက်ခုံးများလှုပ်ခတ်သွားသည်။
သူသည် ယင်လီ နောက်ဘက်ဆီသို့ မော့ကြည့်လိုက်သည်။ ထို့နောက် မျက်လုံးကိုပြန်မှိတ်လိုက်ပြီး အပေါ်သို့ ဖြည်း ဖြည်းချင်းလှန်ကြည့်လိုက်ပြန်သည်။
“ဟက်~... တစ်နှစ်မကဘူး၊ သူ့စွမ်းရည်တွေက နောက်ထပ် ခြောက်လလောက်ဆိုရင် အဆင့် ၃၀ ကိုရောက်လာမှာပါ...”
ယင်လီ ပြုံးလိုက်ပြီး မျက်လုံးမှိတ်ထားသော စီနီယာအစ်ကိုကြီးကို လက်ယမ်းပြလိုက်သည်။ သို့သော် မကြာမီမှာပင် ကျင့်ကြံအားထုတ်နေပြီး မိမိဘာသာ မျက်လုံးမှိတ်ထားသည့် သင်္ကန်းဝတ်စီနီယာကြီး၏မျက်လုံးမှာ အပ်ပေါက်ရာခန့် အနည်းငယ်ပွင့်လာသည်ကို သတိပြုမိလိုက်သည်!
“?”
ထိုစဉ် သူမရင်ခွင်ထဲရှိ ဂွမ်းအရုပ်လေး၏ကြည်လင်ပြတ် သားသော အသံမှာ သူ့နောက်ဘက်မှ ထွက်ပေါ်လာသကဲ့သို့ပင်။
“ခြောက်လထက် နည်းပါတယ်နော်”
“ငါတို့ ရောက်ပြီ ယင်လီ”
ယင်လီ ကျောပြင်မှာ ချက်ချင်းတောင့်တင်းသွားရတော့ သည်။ သူ မော့ကြည့်လိုက်သောအခါ သင်္ကန်းဝတ်စီနီယာကြီး၊ အတွင်း၌ကိုယ်ကျပ်အနက်ရောင်ဝတ်စုံ ဝတ်ဆင်ထားသော စီနီယာအစ်ကိုကြီးနှင့် ‘ပါကွား’ ဗေဒင်ဗန်းနှင့် ဒင်္ဂါးပြားများကိုကိုင်ထားသော ချစ်စရာကောင်းသည့် စီနီယာအစ်မတို့မှာ သူ့နောက်ဘက်သို့ အံ့အားသင့်တကြီး စိုက်ကြည့်နေကြသည်။
ယင်လီ ပါးစပ်အဟောင်းသားဖြင့် ဖြည်းဖြည်းချင်းလှည့်ကြည့်လိုက်သည်။
စုကျို သူမကို လက်ယမ်းပြလိုက်သည်။ တိမ်ပင်လယ်ကို ထိုးဖောက်ကာ လျင်မြန်စွာမြင့်တက်ပျက်စီးနေသော သစ်သားအိမ်ပေါ်မှနေ၍ သူမသည် အဆင့် ၃၀ ရွှေရောင် မုခ်ဦးထက်သို့ ပေါ့ပါးစွာခုန်ဆင်းလိုက်သည်။
“ဟေး”
သစ်သားအိမ်ကြီးမှာတော့ တစ်နေ့တခြား တိုးပွားလာသော ကျောက်လှေကားထစ်များ၏ဖိအားကြောင့် သစ်သားချောင်းလေးတစ်ခုအဖြစ်သို့ ကြေမွသွားတော့သည်။
မီးတောက်ရောင်ဝတ်ရုံကို ဝတ်ဆင်ထားသည့် မိစ္ဆာလူငယ်လေးမှာ ကလေးနှစ်ယောက်၏ဂုတ်မှကိုင်ဆွဲလျက် တံခါးဝတွင် တိတ်ဆိတ်စွာရပ်နေသည်။
ကျူးပိုင်ယွီမှာတော့ ဖရိုဖရဲဖြစ်နေသော ပုံစံဖြင့် အဆင့် ၃၀ နှင့် ၃၁ အကြား လှေကားထစ်များမှ ခုန်ဆင်းကာ ကပ်လိုက်လာသည်။
“တောက်! ယင်လီ! နင် ဘာတွေလုပ်နေတာလဲ ? နင့်ကို အော်ခိုင်းထားတယ် မဟုတ်လား? ငါတို့တွေ အဆင့် ၄၀ ထိ ပျံတက်သွားတော့မလို့!”
ယင်လီ: “???”
ပြုံးနေသော သင်္ကန်းဝတ်စီနီယာကြီး: “...”
ပါကွား သံလိုက်အိမ်မြှောင် ကိုင်ထားသော မိန်းကလေး: “...?”
ဝိညာဉ်ပိုးဖလံဂေဟာ၏အဆင့် ၃၀ သည် ရွှေရောင်မုခ်ဦးကြီးနှင့်အတူ ခန့်ညားထည်ဝါစွာ ရပ်တည်နေသည်။
စုကျိုသည် ဖုန်မှုန့်များနှင့် သစ်စများ ပေကျံနေသော သူ့ဝတ်ရုံကို ခါယမ်းလိုက်ပြီး တံခါးဝသို့လှမ်းဝင်လိုက်သည်။ သူမ တံခါးကို ဖြတ်ကျော်လိုက်သည့် ခဏမှာပင် သူ့ခါးရှိ ခရမ်းရွှေရောင် သစ်သားပြားပေါ်မှ ‘ပထမထပ် စုကျို’ ဟူသော စာသားမှာ ‘အဆင့် ၃၀ စုကျို’ ဟူ၍ပြောင်းလဲသွားတော့သည်။
သူ့ မျက်မှောင်ကြားရှိ ‘ကိုး’ (九) ဟူသော ရွှေရောင်အမှတ် အသားမှာလည်း ခဏချင်း ပျောက်ကွယ်သွားပြီး ‘၉၉၉-’ ဟူသော အမှတ်အသားကျန်ရစ်ခဲ့သည်။
“ဝါး... အဆင့် ၃၀ မှာ လူ သိပ်မရှိပါလား”
ကျူးပိုင်ယွီ ရွှေရောင်မုခ်ဦးအတွင်းသို့ အမြန်ဝင်လိုက်ရင်း သူ့ ခါးချိတ်တံဆိပ်ကိုစစ်ဆေးလိုက်သည် - “တကယ်ကြီး အောင်မြင်သွားတာပဲ!”
စုကျီကျီနှင့် စုရှင်းချန်တို့သည်လည်း သူတို့၏ ခါးချိပ်တံ ဆိပ်များကိုအမြန်စစ်ဆေးကာ နဖူးပေါ်က ကိန်းဂဏန်းများကို ပြန်စမ်းကြည့်ကြသည်။
သူတို့၏နဖူးပေါ်တွင်လည်း အနက်ရောင် ‘၉၉၉-’ ကိန်းဂ ဏန်းများ ပေါ်နေသည်ကို စုကျို သတိထားမိလိုက်ပြီး ယင်လီတို့ဘက်သို့ လှည့်ကြည့်လိုက်သည်။
ယင်လီ၊ မျက်လုံးမှိတ်ထားသော သင်္ကန်းဝတ်လူကြီးနှင့် သူတို့နောက်တွင် ‘စာမေးပွဲအောင်’ အဆောင်လက်ဖွဲ့များ ကပ်ထားကာ လက်တွင် အနီရောင်ဖဲကြိုး ဝိညာဉ်လက် နက်များပတ်ထားသည့် ပန်းရောင်ဝတ်စုံနှင့် မိန်းကလေးတို့၏မျက်မှောင်၊ နှာတံနှင့် မျက်လုံးအောက်တို့တွင် ငွေရောင် ‘၃၉၉’ ကိန်းဂဏန်းများ ရှိနေကြသည်ကို တွေ့လိုက်ရသည်။
သုံးယောက်စလုံးမှာ နံပါတ်တစ်ခုတည်း ဖြစ်နေကြခြင်းပင်။
ထို့နောက် စုကျိုသည် ရွှေရောင်မုခ်ဦး၏နောက်ကွယ်ရှိ အဆင့် ၃၀ မြင်ကွင်းကို ကြည့်လိုက်သည်။ ဤအဆင့်မှာ တိမ်ပင်လယ်ကဲ့သို့ ဝိညာဉ်စွမ်းအားများ ထူထပ်လှပြီး ပထမထပ်နှင့် မတူဘဲ ရွှေရောင်တဝင်းဝင်းဖြင့် ခန့်ညားလှပေသည်!
တိမ်မြူများကြားရှိ အနိမ့်အမြင့် မတူသော အိမ်ဆောင်များ၊ ဝင်းခြံများနှင့် မျှော်စင်များမှာ တောင်ကတုံးများကဲ့သို့ တစ်ခုနှင့်တစ်ခု ထပ်လျက် ရွှေရောင်၊ ငွေရောင်နှင့် ကျောက်စိမ်းရောင်များဖြင့် တောက်ပနေကြသည်။
ထိုထူးခြားသော အဆောက်အအုံများပေါ်တွင် ကြီးမားသော အလံလွှင့်ထူထားကြသည်ကို တွေ့ရသည်။
[ရွှေပိုးကောင်အသင်း- ၃၃]
[ကျောက်စိမ်းရူယီအသင်း- ၅၈
...
“စုကျို၊ ဟိုးမှာမြင်ရတဲ့ ငွေရောင်အလင်းတန်းတွေဖြာ ထွက်နေတဲ့ အမည်း၊ အဖြူ၊ အစိမ်းရောင် ရောနေတဲ့ ဝင်းခြံလေးက ငါ အခု နေတဲ့နေရာပဲ”
ယင်လီ ခါးထောက်ရပ်လျက် စိတ်လှုပ်ရှားစွာဖြင့် စုကျိုအား လိုက်လံပြသနေတော့သည်။
60
စုကျို အဝေးသို့ လှမ်းကြည့်လိုက်ရာ တိမ်ပင်လယ်များကြားတွင် အတော်အတန် ဝေးကွာသော နေရာ၌အခြားဝင်းခြံများထက် အဆပေါင်းများစွာသေးငယ်ပြီး အမည်း၊ အဖြူ၊ အစိမ်းရောင်များဖြင့် ဖာထေးထားသော ‘ဆန်းဒဝစ်’ တစ်ခုနှင့်တူသည့် ဝင်းခြံလေးတစ်ခုကို အမှန်ပင်မြင်လိုက်ရသည်။
စုကျို: “...”
သူမသည် ယင်လီနှင့် သူမနောက်ရှိ လူနှစ်ဦး၏ မျက်နှာပေါ်မှ ၃၉၉ ဟူသော ကိန်းဂဏန်းများကိုလှည့်ကြည့်လိုက်သည်။
“ဟုတ်တယ်၊ အဆင့် ၃၀ ကို ရောက်တာနဲ့ တစ်ဦးချင်း အဆင့်သတ်မှတ်ချက်တွေက အကျုံးမဝင်တော့ဘူး”
ယင်လီ သူ့နောက်ရှိ လူနှစ်ယောက်ကိုညွှန်ပြရင်း စုကျိုကို ပြုံးပြလိုက်သည်။
“ဒီအဆင့်ကနေ အဆင့် ၅၀ အထိက အသင်းလိုက် အဆင့်သတ်မှတ်ချက်တွေချည်းပဲ!”
“အခန်းတစ်ခန်းတည်းမှာ အတူနေတဲ့သူတွေက အသင်းတစ်သင်းဖြစ်သွားတာပေါ့”
“အနည်းဆုံး သုံးယောက်ကနေ အများဆုံး ဆယ်ယောက်အထိ အသင်းဖွဲ့လို့ရတယ်”
“ဖယ်ရှားခံရတာ၊ အဆင့်တက်တာ၊ ဆုပေးဒဏ်ပေးတာတွေ အားလုံးကို အတူတူရင်ဆိုင်ရမှာ”
ယင်လီသည် လက်ထဲက ဂွမ်းအရုပ်လေးကို ညာဘက်ခြေထောက်ရှိ ငွေဓားဘေးတွင် ချိတ်လိုက်ပြီး စုကျို ပုခုံးကိုဖက်လျက်
“အရင်ဆုံး ငါ့အခန်းကို သွားကြစို့၊ အားလုံးကို ဖြည်းဖြည်းချင်း ရှင်းပြပေးမယ်”
စုကျိုမှာ ရုတ်တရက် ထိတ်လန့်သွားသည်၊ အသားချင်း ထိတွေ့ရခြင်းကို အသားမကျသေးသဖြင့် သူ့ ဂုတ်သားလေးများ စိမ့်တက်သွားရသည်။
သို့သော် မကြာမီမှာပင် သူ့ နှုတ်ခမ်းတွင် အပြုံးတစ်ခု ပေါ်လာပြီး ယင်လီ ပုခုံးကို ပြန်လည်ဖက်လိုက်သည်။
“ကောင်းပြီလေ”
လေထဲတွင် တိမ်တိုက်များ လွင့်မျောနေပြီး မြင်ယောင်ရုံမျှသာရှိသော အဆောက်အအုံများကြားတွင် ၉၉၉ ဟူသော နံပါတ်ပြထားသည့် အဖြူရောင်ဝင်းခြံငယ်လေးတစ်ခု ချက်ချင်းပေါ်လာတော့သည်။
“ဟင် ? လူသစ်တွေ ရောက်လာတာလား?”
“ဝင်းခြံအသစ်က တိုက်ရိုက်ကြီး ပေါ်လာတာလား? ကြည့်ရတာ အနည်းဆုံး လူသစ်သုံးယောက်လောက် တက်လာပုံပဲ”
“အသင်းတော်တော်များများက လူမပြည့်သေးဘူး၊ သူတို့သာ တကယ်တော်မယ်ဆိုရင်တော့ လူလုပွဲတွေ ဖြစ်တော့မှာပဲ”
“ဟုတ်ပ၊ ငါတို့အသင်းမှာလည်း ဒီနှစ်တစ်ယောက်ပဲအဆင့် တက်လာတာ၊ လူသစ်တွေ အရမ်းလိုအပ်နေတာ!
“သွားကြည့်ရအောင်! သူတို့ ဘယ်အဆင့်က တက်လာတာလဲ? ကျင့်စဉ်သာ မြင့်မယ်ဆိုရင် ငါတို့အသင်းထဲ ဆွဲခေါ်ရမယ်!”
ယင်လီက လှေငယ်လေးတစ်စင်းကို ထုတ်ကာ စုကျိုတို့အဖွဲ့ကို တင်လိုက်သည်။
ဝိညာဉ်မြူခိုးများကြားရှိ ဝင်းခြံများနှင့်အဆောင်အယောင် များထဲမှ လူပုံရိပ်များစွာ ထွက်ပေါ်လာပြီး စုကျိုတို့ဆီသို့ အပြေးအလွှား လာကြတော့သည်!
ခဏချင်းမှာပင် သူတို့ လှေငယ်လေးမှာ ဝိုင်းရံခံလိုက်ရသည်။
“ကျင့်ကြံဖော်တို့၊ နင်တို့ ဘယ်အဆင့်က တက်လာတာလဲ?”
“လကုန်တာလည်း မဟုတ်၊ လဆန်းတာလည်း မဟုတ်ဘဲနဲ့ ဘယ်လိုဖြစ်ပြီး ရုတ်တရက်ကြီး တက်လာတာလဲ?”
“ဟမ်... အောက်ထပ်က ယင်လီနဲ့ အတူတူပါလား? နင်တို့က အဆင့်တူတွေလား?”
စုကျိုတို့အဖွဲ့ကို ဝိုင်းကာ စပ်စုသည့်အသံများစွာ ထွက်ပေါ်နေသည်။
သို့သော် ပြေးထွက်လာသည့် ထိုလူများသည် စုကျိုကို စိုက်ကြည့်လိုက်ကြပြီး
“...ဝိညာဉ်သန့်စင်ခြင်း သတ္တမအဆင့် ?”
သူ့နောက်က စုကျီကျီနှင့် စုရှင်းချန်တို့ကို ကြည့်လိုက်သည့်အခါ သူတို့ ပိုအံ့အားသင့်သွားကြသည်။
“ဝိညာဉ်သန့်စင်ခြင်း ဆဋ္ဌမအဆင့်၊ သတ္တမအဆင့် ? ကလေးနှစ်ယောက်??? ညံ့ဖျင်းတဲ့ ပါရမီရှင်တွေလား???”
“အာ... ငါ အိပ်မက်မက်နေတာလား?”
“ကျင့်ကြံရတာ အရမ်းပင်ပန်းသွားလို့ ငါ့မျက်လုံးတွေ မှားကြည့်နေတာလား?”
“နင်တို့က ဝိညာဉ်သန့်စင်ခြင်း အဆင့်လေးနဲ့တင် ဘယ်လိုဖြစ်ပြီး... ဒီကို တက်လာနိုင်တာလဲ?”
လှပသော ပိုးထည်ဝတ်ရုံများကိုဝတ်ဆင်ထားပြီး ကိုယ်ပေါ်တွင် အဆောင်လက်ဖွဲ့ အလင်းတန်းများ တဖျတ်ဖျတ်လင်းနေသော ဤလူများသည် ထိပ်တန်းအယောက် ၁၀၀ အတွင်းရှိသူများဖြစ်ပြီး အချို့မှာ ယင်လီနှင့် အဆင့်တူသူများဖြစ်သည်။
ယခုအချိန်တွင် သူတို့အားလုံးမှာ မှင်သက်နေကြသည်။
“အားလုံးပဲ မင်္ဂလာပါရှင်”
စုကျို သူမ၏အသားချင်းထိတွေ့ရမှာ ကြောက်တဲ့စိတ်ကို ကုစားရန်အတွက် အတင်းပြုံးလျက် ညာဘက်လက်ကို မြှောက်ပြလိုက်သည်။
“လမ်းပိတ်နေကြတာလား ?”
လူသစ်လာလုသည့်အဖွဲ့များ၊ အကဲလာကြည့်သည့် လူများအားလုံး ချက်ချင်းနောက်သို့ဆုတ်သွားကြသည်။
“ဝိညာဉ်သန့်စင်ခြင်းအဆင့်၊ ညံ့ဖျင်းတဲ့ပါရမီ... မလာပါနဲ့၊ အနားကို တိုးမလာပါနဲ့ဦး”
“ငါတို့အသင်း လူပြည့်နေပြီ၊ လူသစ်မလိုတော့ဘူး! နှုတ် ဆက်ပါတယ်!”
“ဘာမှမဖြစ်ပါဘူး၊ ဒီတိုင်း လမ်းကြုံလို့ ဖြတ်လာတာပါ”
“ဟဲဟဲ... ငါ့ကို မမြင်လိုက်ဘူး မဟုတ်လား ?”
စုကျို နှုတ်ခမ်းများ တွန့်သွားရသည်။
လူတိုင်း သူတို့လှေဖြတ်သွားရန် လမ်းဖယ်ပေးလိုက်ကြပြီး ယင်လီကိုတော့ ‘နင် တကယ်သတ္တိရှိတာပဲ’ ဆိုသည့် အကြည့်မျိုးဖြင့် ကြည့်သွားကြသည်။
“ဝါး... လူတွေ အများကြီးပဲ”
ကျူးပိုင်ယွီ သူ့စိတ်ကို မထိန်းနိုင်တော့ဘဲ ဒေါသပေါက်ကွဲလိုက်ရာ လှေဦးပိုင်းမှာ သစ်သားဓားကြီးတစ်စင်းအဖြစ် ပြောင်းလဲသွားတော့သည်။
“မျက်လုံးဖွင့်ပြီး သေချာကြည့်ကြစမ်း၊ နင်တို့က ဘယ်သူမို့လို့လဲ!”
သူ အစကတည်းက ဒေါသထွက်နေခြင်း ဖြစ်သည်!
သို့သော် ထိုခဏချင်းမှာပင် လက်လေးငါးဖက်က သူ့ကို လှမ်းဆွဲလိုက်ကြသည်!
“ဟေး... ဒီတစ်ယောက်ကတော့ အဆင်ပြေသားပဲ! အခြေခံအဆင့် စတုတ္ထအဆင့် !”
“စံပြအဆင့်ပါရမီ၊ သစ်ပင်အားလုံးကို ထိန်းချုပ်နိုင်စွမ်း! ကောင်းပြီ... ညီလေး၊ ငါနဲ့လိုက်ခဲ့!”
“ငါ့အသင်းကို လာခဲ့ပါ ညီလေး! မင်းကို မညှာမတာ မလုပ်ပါဘူး! အစားအသောက်၊ တည်းခိုခန်းနဲ့ ဆေးလုံးတွေ အကုန်ပါပြီးသား! ငါတို့က အခန်းနံပါတ် ၉၉၊ ထိပ်တန်း အယောက် ၁၀၀ ထဲမှာ ရှိတယ်!”
“နေဦး... သူက ငါ့လူ၊ ငါ့လူ!”
ကျူးပိုင်ယွီသည် လှေငယ်ပေါ်သို့ ခုန်တက်လာသော ကျင့် ကြံသူအများအပြား၏ဝိုင်းရံခြင်းကို ချက်ချင်းခံလိုက်ရသည်။ အချို့က သူ့လက်များကိုဆွဲ၊ အချို့က ခြေထောက်များကိုဆွဲ၊ အချို့ကမူ သူ့ခါးပတ်ကိုအတင်းဆွဲလုကြပြီး မျက်တောင်တစ်ခတ်အတွင်းမှာပင် အရပ်မျက်နှာအသီး သီးသို့ ဆွဲခေါ်သွားကြတော့သည်။
ကျူးပိုင်ယွီ၏အစပြုရုံရှိသေးသော ဒေါသများသည် ယခုအခါတွင်မူ အရှင်လတ်လတ် အပိုင်းပိုင်းဆွဲဖြဲခံနေရသည့် အခြေအနေသို့ ရောက်သွားချေပြီ။
“နေဦး၊ ငါ့ကို လွှတ်ကြစမ်း!”
ကျူးပိုင်ယွီ လက်များ၊ ခြေထောက်များ၊ သူ့ ချောမော သောမျက်နှာလေးပင်လျှင် မတူညီသော ကျင့်ကြံသူများ ၏ဆွဲလုခြင်းကို ခံနေရပြီး ဘက်ပေါင်းစုံသို့ အတင်းအဓမ္မ ဆွဲဆန့်ခံနေရသည်။ မကြာမီမှာပင် ကျူးပိုင်ယွီ နာကျင်စွာ အော်ဟစ်သံများမှာ ဟိန်းထွက်သွားတော့သည်။ မြင်းငါးကောင်ဖြင့် ဆွဲဖြဲသည့် ပြစ်ဒဏ်နှင့်ပင် နှိုင်းယှဉ်၍ရနေ သည်။ စုကျိုမှာ တုန်လှုပ်နေသော သူ့ပါးစပ်ကို လက်ဖြင့်အုပ်လိုက်မိသည်။ စုကျီကျီနှင့် စုရှင်းချန်တို့မှာမူ သက် ပြင်းချနိုင်သွားကြသည်။ ကံကောင်းထောက်မစွာဖြင့် သူတို့ကျင့်စဉ်အဆင့်က နိမ့်ပါးနေခဲ့သည်။
“မလှုပ်နဲ့!”
ယင်လီသည် သူ့ညာဘက်ခြေထောက်မှ ဓားမြှောင်ကို ဆွဲထုတ်ကာ ထိုလူလုပွဲအတွင်းသို့ အတင်းတိုးဝင်သွားတော့သည်။ သူ ကျူးပိုင်ယွီ၏ကျောက်စိမ်းခါးပတ် ရှစ်ခုကိုလှမ်းဖမ်းကာ သူ့ဘက်သို့ အစွမ်းကုန် ပြန်ဆွဲယူလိုက်သည်။
“အားလုံးပဲ! ဒါ ပထမထပ်ကနေ အခုမှ တက်လာတဲ့သူ!”
“သူ ဘယ်ကိုသွားမလဲ၊ ဘယ်အသင်းဝင်မလဲဆိုတာ ငါ ယင်လီနဲ့ အရင်စကားပြောပါရစေဦး!”
“အခုချက်ချင်း မလွှတ်ရင် နင်တို့ရဲ့ လျှို့ဝှက်ချက်တွေကို အကုန်ဖော်ပစ်မယ်!”
ယင်လီတွင် ‘ချောင်းမြောင်းနားထောင်ခြင်း’ ပါရမီရှိရာ သူမ ဟိန်းဟောက်သံကြောင့် လူတိုင်းလန့်ကာနောက် ဆုတ်သွားကြသည်။
“ဟေး... ဒါကို အေးအေးဆေးဆေး စကားပြောကြတာပေါ့”
“ဒါဆိုရင် ဒီညနေကျမှ နင့်ဝင်းခြံကိုလာပြီး သူ့ကို လုယူမယ်!”
“လူငယ်လေး! ယင်လီရဲ့အသင်းက အဆင့် ၃၉၉ ပဲ ရှိတာ၊ သူ့နောက်လိုက်ရင် နင့်အတွက် အနာဂတ်မရှိဘူး!”
“နင်က အရင်ဘဝမှာ ပထမထပ်မှာနေခဲ့ပေမဲ့ အခုက အဆင့် ၃၀ ကို ရောက်နေပြီဆိုတာ မှတ်ထားစမ်း! ယင်လီကို ရဲရဲဝံ့ဝံ့ငြင်းဆိုပြီး ငါတို့ဆီလာခဲ့၊ ငါတို့ရဲ့ ‘မိုးကြိုးအသင်း’ က အဆင့် ၉၉ မှာ ရှိတယ်!”
“မိနစ် ၃၀ ကြာရင် ယင်လီ... ငါလာပြီး သူ့ကိုခေါ်သွားမယ်!”
ခဏချင်းမှာပင် ရင်ဘတ်တွင် အမှတ်အသားအမျိုးမျိုးထိုးထားသည့် ကိုယ်ကျပ်ဝတ်စုံဝတ် စစ်သည်များနှင့် ဓားလွယ်ထားသော ကျင့်ကြံသူများ အားလုံးထွက်သွားကြသည်။
ကျူးပိုင်ယွီ၏ ဒုတိယအဆင့်ရတနာဝတ်ရုံမှာ စုတ်ပြတ်သတ်သွားချေပြီ။ သူ အမောတကောဖြင့် အသက်ရှူနေရပြီး အခြေခံအဆင့် စတုတ္ထအဆင့်ရှိ သူ့ ခုခံကာကွယ်ရေး အရှိန်အဝါများကိုထုတ်လွှတ်လျက် လှေပေါ်တွင် ပုံကျသွားတော့သည်။
“အဆင့် ၃၀ က လူတွေအားလုံးက လူမိုက်တွေချည်းပဲလား...”
စုကျိုမျက်နှာတွင်မူ တောင့်တမှုများပေါ်ပေါက်နေသည်။ လူမိုက်ဆိုတာ ကောင်းတယ်၊ သူ သဘောကျတယ်။
လှေငယ်လေးသည် ကောင်းကင်ယံရှိ ထိပ်တန်းအဆင့် ၁၀၀ အတွင်းမှ ရွှေရောင်အဆောက်အအုံများကို လျင်မြန်စွာ ဖြတ်ကျော်ကာ အဆင့် ၂၀၀ အတွင်းရှိ ဝင်းခြံတန်းများကို ကျော်လွန်လာခဲ့သည်။ နောက်ဆုံးတွင် တတိယမြောက် တောင်ကတုံးတန်းရှိ အမည်း၊ အဖြူ၊ အစိမ်းရောင်များဖြင့် ဖာထေးထားသော ဝင်းခြံလေးတစ်ခုရှေ့တွင် ရပ်တန့်သွားသည်။
ဝင်းခြံတစ်ခုလုံးကို ငွေရောင်အလင်းတန်းများဖြင့် လွှမ်း ခြုံထားပြီး အဝင်ဝတွင် အဆောင်စာလုံးများဖြင့် ရေးဆွဲထားသော သန့်စင်ခြင်းဆိုင်ရာ အစီအရင်တစ်ခုပင် ရှိသည်။ ဝင်းခြံ၏ဆိုင်းဘုတ်မှာ နီယွန်မီးချောင်းတစ်ခုကဲ့သို့ လေထဲတွင် လွင့်မျောနေသည်။
【 အထက်ကလူတွေကို ဖြုတ်ချမည့်ခြံဝင်း 】
【 ယနေ့ အဆင့်သတ်မှတ်ချက်- ၃၉၉ 】
【 ယနေ့ ကွင်းပြင်မစ်ရှင်များ ပြီးစီးပြီ။ 】
ယင်လီသည် လှေပေါ်မှ အရင်ဆုံး ခုန်ဆင်းလိုက်ပြီး စုကျီကျီကို ကြင်နာစွာ ပွေ့ချီကာ စုကျိုနှင့်အတူယှဉ်တွဲလျှောက်လှမ်းလာသည်။
“ဒါက ငါ အဆင့် ၃၀ မှာ နေတဲ့ခြံပဲ”
“နင် မြင်တဲ့အတိုင်းပဲ ဒီအဆင့်မှာက အသင်းလိုက် အဆင့်သတ်မှတ်ချက် စနစ်ရှိတယ်၊ ခြံဝင်းတစ်ခုမှာ အများဆုံး ဆယ်ယောက်နေလို့ရပြီး အတူနေတဲ့သူတွေကို အသင်းတစ်သင်းလို့ သတ်မှတ်တယ်”
“အဆင့် ၁၀၀ အတွင်းက အသင်းတွေက လူပြည့်နေတာများပေမဲ့ သူတို့အောက်က အသင်းတော်တော်များများက လူမပြည့်ကြဘူး၊ ဒါကြောင့် ဒီအဆင့်ကို လူတစ်ယောက် တက်လာတိုင်း ကျင့်စဉ်အမြင့်ဆုံးလူကို ကိုယ့်အသင်းထဲပါအောင် အလုအယက်ဆွဲခေါ်ကြတာပေါ့”
စုကျိုသည် ယင်လီ၊ သူမနောက်ရှိ မျက်လုံးမှိတ်ထားသော သင်္ကန်းဝတ်လူကြီးနှင့် ‘စာမေးပွဲတိုင်းအောင်’ မည်ဟုယုံ ကြည်နေသည့် ချစ်စရာကောင်းသော မိန်းကလေးတို့ကို ကြည့်လိုက်သည်၊ ထို့နောက် အမည်း၊ အဖြူ၊ အစိမ်းရောင်များဖြင့် မတူကွဲပြားစွာ ပြင်ဆင်ထားသည့် အခန်းသုံးခန်းကို မြင်လိုက်ရသည်။
“နင်တို့က သုံးယောက်တည်း ရှိတာလား?”
ယင်လီ ရယ်မောလျက် စုကျိုတို့ လေးယောက်လုံးကို ညွှန်ပြလိုက်သည်။
“နင့်ရဲ့ မိစ္ဆာကြီးက အစေခံဆိုတော့ ထည့်မတွက်ဘူး၊ စုမိသားစုက သုံးယောက်ရယ်၊ ကျူးပိုင်ယွီရယ်ဆိုတော့ လေးယောက်ပေါ့”
“ငါတို့ သုံးယောက်နဲ့ပေါင်းရင် ခုနစ်ယောက် ဖြစ်သွားပြီ”
ယင်လီ သူ့နောက်မှ လူများကို မိတ်ဆက်ပေးလိုက်သည်။
“ဒါကတော့ စီနီယာအစ်မ ‘ဟောင်ယို့လု’ ၊ ငါ ပထမထပ်မှာတုန်းက အမျိုးသမီးတွေ ယောက်ျားတွေရဲ့ လှည့်ဖျားမှုကို မခံရအောင် ကာကွယ်ပေးတဲ့ ဆေးလုံးတွေရှာဖို့ ကူညီပေးခဲ့တဲ့သူ၊ ဟိုဘက်ကတော့ စီနီယာအစ်ကို ‘လျိုကျား’ပဲ၊ သူတို့က ဒီအဆင့် ၃၀ ကို ရောက်နေတာကြာပါပြီ”
“နင်တို့ သူတို့ကို သိ၊ မသိတော့ ငါ မသေချာဘူး၊ စီနီယာအစ်ကို လျိုကျားက လွန်ခဲ့တဲ့ ဆယ်နှစ်တုန်းက ပထမထပ်ရဲ့ထိပ်တန်းကျင့်ကြံသူပဲ၊ စီနီယာအစ်မယို့လုကတော့ အဲဒီထက်တောင် စောသေးတယ်၊ သူက ပထမထပ်ရဲ့အဆင့် ၁၀ ရှိခဲ့တဲ့ ကျင့်ကြံသူပေါ့”
စုကျို ပြန်စဉ်းစားကြည့်သော်လည်း သူ့မှတ်ဉာဏ်မှာ ဝေဝါးနေသည်၊ စုကျီကျီနှင့် စုရှင်းချန်တို့မှာလည်း ဘာမှမသိသည့် အမူအရာဖြင့် ကြည့်နေကြသည်။ သူတို့က ငယ်လွန်းသေးသဖြင့် လွန်ခဲ့သောနှစ်များစွာက ပထမထပ်မှ ကျင့်ကြံသူများကို မမှတ်မိကြချေ။
“အမိတ္တဘ၊ ငါ အဆင့်တက်လာတာ ကြာပြီဆိုတော့ ငါ့နာမည်က အောက်ထပ်တွေမှာ မေ့ပျောက်ခံလိုက်ရပြီ ထင်ပါရဲ့”
မျက်မှောင်ကြားတွင် ဗုဒ္ဓအမှတ်အသားပါသော စီနီယာအစ်ကိုက မျက်လုံးမှိတ်လျက်ပြုံးလိုက်သည်။ သူ့ တောက် ပသောသင်္ကန်းဝတ်ရုံမှာ လေထဲတွင် လွင့်မျောနေပြီး ဝတ်ရုံအောက်မှ အင်္ကျီလက်တို အနက်ရောင် ဝတ်ဆင်ထားသော လက်နှစ်ဖက်ပေါ်ထွက်လာသည်။ သူ့ ကြွက် သားများမှာ သန်မာထွားကြိုင်းနေပြီး သွေးကြောများပင် ထောင်ထနေသည်။
“အစိမ်းလေး... ဒီလူသစ် ငါးယောက်နဲ့ မိတ်ဆက်ဖို့ ငါနဲ့အတူ မလိုက်ချင်ဘူးလား?”
“အာ”
ပန်းရောင်ဝတ်စုံနှင့် မိန်းကလေးမှာ ဝိုင်းစက်သော မျက်နှာလေး နီမြန်းသွားကာ ရှက်ကိုးရှက်ကန်းဖြင့် နှုတ်ခမ်းလေးကိုစေ့ထားလိုက်သည်။ သူ့ ဝတ်စုံပေါ်ရှိ “စာမေးပွဲတိုင်းအောင်” ဟူသော ပန်းထိုးစာလုံးမှာ တောက်ပနေသည်။
“ကျွန်မက လျိုကျာလိုလည်း မထက်မြက်ဘူး၊ ရှောင်ယင်လိုလည်း မသန်မာဘူး၊ ကျွန်မလို သာမန်လူတစ်ယောက်က တကယ်ပဲ မိတ်ဆက်ပေးဖို့ လိုအပ်လို့လား?”
ယင်လီသည် ဝင်းခြံအလယ်ရှိ ကျောက်တောင်အတုနားတွင် ရပ်လျက် စုကျိုတို့အားပြုံးပြလိုက်သည်။
“အားကျို... ငါတို့တွေ အခု သူငယ်ချင်းတွေ ဖြစ်နေပြီဆိုပေမဲ့ အပြင်ကလူတွေ ပြောသလိုပဲ ငါတို့အသင်းမှာ အခု အဖွဲ့ဝင် သုံးယောက်ပဲရှိသေးတယ်၊ အသင်း ၉၉၉ သင်းမှာ အဆင့် ၃၉၉ ပဲ ရှိသေးတာ”
“အလယ်အဆင့်လောက်မှာ ကပ်ပြီး ပါနေတာပေါ့”
ယင်လီက သူ့ မေးစေ့ကို ပွတ်သပ်ရင်း ပြောလိုက်သည်။
“တကယ်လို့ အဆင့် ၁၀၀ ဒါမှမဟုတ် ၂၀၀ အတွင်းက အသင်းတွေသာ နင့်စွမ်းရည်တွေကို သိသွားရင် သူတို့က အကောင်းဆုံး အခွင့်အရေးတွေပေးပြီး နင့်ကို သူတို့အသင်းထဲပါအောင် အသေအလဲလုကြမှာ သေချာတယ်”
ထိုစကားကြောင့် စုကျိုမျက်လုံးများ လှုပ်ခတ်သွားသည်။
ခုနက ကျူးပိုင်ယွီလိုမျိုး အဆင့်သတ်မှတ်ချက်ကြောင့် အဆွဲခံရပြီး အပိုင်းပိုင်းပြတ်တော့မှာလား ?
ဒါ တကယ် ကောင်းချီးပေးတာပဲ။