← Chapters

ကိုယ်က ကြည့်ရတာ အလွယ်တကူ ချော့လို့ရမယ့်ပုံ ပေါက်နေလို့လား ...

Vol. 21 Ch. 201

ကိုယ်က ကြည့်ရတာ အလွယ်တကူ ချော့လို့ရမယ့်ပုံ ပေါက်နေလို့လား ...

Vol. 21 Ch. 201

ပိုင်ရှိုးမင်သည် အမူအရာ တည်ကြည်သွားလေသည်။ "ပုံမှန် အခြေအနေမှာဆိုရင်တော့ မင်ကျင့်စီးက တခြားရုံးတော်ရဲ့ အမှုတွေကို စိတ်ရှိတိုင်း လက်ခံဆောင်ရွက်လို့ မရဘူး"

အားချန်က နှုတ်ခမ်းကို မဲ့လိုက်ပြီး သူ့လက်ကို ချက်ချင်း လွှတ်လိုက်လေသည်။ သူက လက်လှမ်းလာသည်ကို မြင်လိုက်ရသောအခါ သူမသည် သူ့လက်ကို ရိုက်ချလိုက်တော့သည်။

"ဖတ်" ခနဲ အသံတစ်ချက် ထွက်ပေါ်လာပြီး ဘေးနားရှိ ရဲမက်များမှာ အသက်ရှူပင် မှားသွားကြလေသည်။ ပိုင်ရှိုးမင်ကတော့ ပြုံးရုံသာ ပြုံးလိုက်ပြီး ဘာမှမဖြစ်သလိုပင် ကျိကျွမ်း၏ အလောင်းဘေးသို့ လျှောက်သွားကာ ဒူးတစ်ဖက်ထောက် ထိုင်ချလိုက်ပြီး သူ့မျက်နှာကို အကဲခတ် လိုက်လေသည်။

"ခုနက အပြင်ကလူတွေ ပြောတာကြားတယ်၊ သူက ရေနစ်သေတာတဲ့လား"

သူသည် မျက်လုံးကို ပင့်ကာ ဘေးနားရှိ မြို့တော်အုပ်ချုပ်ရေးရုံးမှ ရဲမက်များကို ကြည့်လိုက်လေသည်။

ရဲမက်များသည် အချင်းချင်း ကြည့်လိုက်ကြပြီး ထောင့်တစ်နေရာတွင် ရပ်နေသည့် မှုခင်းသမားတော်ကို လက်ယပ်ခေါ်လိုက်ကြသည်။ မှုခင်းသမားတော်သည် စိုးရိမ်တကြီးဖြင့် ရှေ့သို့တိုးလာပြီး ပြန်ဖြေလိုက်လေသည်။ "ဟုတ်ပါတယ် လူကြီးမင်း"

ပိုင်ရှိုးမင်သည် မှုခင်းသမားတော်ကို ကြည့်ကာ မေးလိုက်၏။ "ဘယ်လိုလုပ်ပြီး ရေနစ်သေရတာလဲ"

"သေရည်ပန်းကန်ထဲက သေရည်နဲ့ နစ်ပြီး သေဆုံးသွားတာပါ" ထိုမှုခင်းသမားတော်သည် သူ မယုံကြည်မည်ကို စိုးရိမ်သဖြင့် အသေးစိတ် ရှင်းပြလေသည်။ "သေဆုံးသူက ပါးစပ်နဲ့ နှာခေါင်းထဲကို သေရည်တွေ ဝင်သွားပြီးနောက် လည်ချောင်းကို ထိခိုက်မိပြီး အသက်မရှူနိုင်တော့ဘဲ နောက်ဆုံးမှာ အသက်ရှူကျပ်ပြီး သေဆုံးသွားတာပါ။ ကျွန်တော် ... ကျွန်တော်က ဒီလိုသေဆုံးမှုမျိုးကိုလည်း ရေနစ်သေဆုံးခြင်းလို့ပဲ သတ်မှတ်ပါတယ်"

"သေရည်ဆိုင်ထဲက လူတွေက သူ့ရဲ့ထူးခြားမှုကို သတိမထားမိကြဘူးလား" ဒီလိုသေဆုံးပုံမျိုး ဆိုလျှင်တောင် မသေခင် အသက်ရှူကျပ်သည့်အချိန်တွင် ရုန်းကန်မှုတော့ ရှိသင့်သည် မဟုတ်ပါလား။

ရဲမက်တစ်ဦးက ဘေးမှနေ၍ ဝင်ရောက် ပြောကြားလိုက်လေသည်။ "လူကြီးမင်း၊ ဆိုင်ရှင်နဲ့ တခြားဧည့်သည်တွေ အားလုံးကတော့ သေဆုံးသူ ရုန်းကန်တာကို မတွေ့လိုက်ရဘူးလို့ ပြောပါတယ်"

"အရှင်လတ်လတ် လူတစ်ယောက်က သေခါနီးတာတောင် ရုန်းကန်ရကောင်းမှန်း မသိဘူးတဲ့လား ..."

ပိုင်ရှိုးမင်၏ လက်ချောင်းသည် ကျိကျွမ်း၏ နဖူးပေါ်သို့ ထိလိုက်ပြီး ခဏအကြာတွင် လက်ချောင်းကို ဖယ်ရှားလိုက်သည်။ သူ့လက်ချောင်းထိပ်တွင် မီးခိုးရောင် အငွေ့အသက်တစ်ခု ကပ်ငြိနေသော်ငြား အလွန်လျင်မြန်စွာပင် ပျောက်ကွယ်သွားလေသည်။

အမြန်နှုန်းမှာ လျင်မြန်လွန်းသဖြင့် အားချန်က သူမ မျက်စိမှားသွားသည်ဟုပင် ထင်မှတ်လိုက်မိသည်။

"လူကြီးမင်းကို မေးခွင့်ပြုပါ၊ အဲဒါက ဘာအရာလဲ" အားချန်က သူမကိုယ်သူမ သံသယ ဖြစ်နေစဉ်မှာပင် ခေါင်းဆောင်ရဲမက်က မေးမြန်းလာခဲ့၏။ သူတို့အားလုံးလည်း ထိုမီးခိုးရောင် အငွေ့အသက်ကို မြင်လိုက်ကြသည်။

"မိစ္ဆာအငွေ့အသက် ကျန်ရစ်နေတာပဲ" ပိုင်ရှိုးမင်က လက်ကိုပဝါဖြင့် သုတ်လိုက်ပြီး ပြောလိုက်လေသည်။ "ပျောက်ကွယ်တာ အရမ်းမြန်တယ်။ ခြေရာလက်ရာ နည်းနည်းလေးပဲ ကျန်ခဲ့တယ်။ ခန္ဓာကိုယ်ကို ဝင်ပူးခံလိုက်ရတဲ့ပုံပဲ"

သူက ထိုသို့ပြောလိုက်သည်ကို ကြားလိုက်ရသောအခါ ရဲမက်အချို့မှာ သက်ပြင်းချလိုက်နိုင် တော့သည်။ ကြည့်ရသည်မှာ ဒီအမှုက သူတို့ စီမံခန့်ခွဲရတော့မည် မဟုတ်သလို ပြန်ရောက်လျှင်လည်း အထက်လူကြီး၏ ဆူပူမှုကို ခံရတော့မည် မဟုတ်ချေ။ ဒီလို ကိုင်တွယ်ရခက်သည့် အာလူးပူကို မင်ကျင့်စီးထံ တရားဝင် လွှဲပြောင်းပေးနိုင်ပြီ ဖြစ်လေသည်။

"ဒီအမှုကို နောက်ပိုင်း ဘယ်လို စီမံဆောင်ရွက်ရမလဲဆိုတာ မသိပါဘူး" ခေါင်းဆောင်ရဲမက်က ပိုင်ရှိုးမင်၏ သဘောထားကို မေးမြန်းလိုက်၏။

"လူနှစ်ယောက်လောက် လွှတ်ပြီး မင်ကျင့်စီးက တပ်မှူး ဖုန်းယန်နဲ့ သွားပြီး လွှဲပြောင်းလိုက်ပါ။ သူ့ကို လူခေါ်ပြီး ဒီအမှုကို လာလက်ခံခိုင်းလိုက်ပါ"

"ကျွန်တော်မျိုး အခုပဲ မင်ကျင့်စီးကို လူလွှတ်လိုက်ပါ့မယ်"

အထူးတလည် မှာကြားစရာ မလိုဘဲ ရဲမက်နှစ်ဦးသည် လူအုပ်ကို အလျင်အမြန် တိုးဝှေ့ကာ မင်ကျင့်စီး ရှိရာဘက်သို့ ထွက်ခွာသွားကြလေသည်။

ကျန်ရစ်ခဲ့သည့် ရဲမက်များထဲမှ တချို့က သက်သေများကို စောင့်ကြပ်နေကြပြီး ကျန်လူများကတော့ ဝိုင်းအုံကြည့်ရှုနေသူများကို စနစ်တကျ လူစုခွဲနေကြသည်။

ပိုင်ရှိုးမင်သည် မတ်တပ်ထရပ်လိုက်ပြီး အားချန်၏ ဘေးသို့ လျှောက်သွားကာ သူမလက်ကို ဖမ်းဆုပ်လိုက်ရာ နောက်တစ်ကြိမ် ရိုက်ပုတ်ခြင်း ခံလိုက်ရပြန်သည်။ သို့သော် ဒီတစ်ကြိမ်တွင်တော့ အလွန်ဖွဖွလေး ဖြစ်သဖြင့် သူသည် နူးညံ့သည့် လက်ကလေးကို လက်ဖဝါးထဲတွင် အောင်မြင်စွာ ဆုပ်ကိုင်ထားနိုင်လိုက်သည်။

"စိတ်မဆိုးတော့ဘူးလား"

အားချန်က သူ့ကို မျက်စောင်းထိုးလိုက်ပြီး ပြောလိုက်၏။ "တခြားရုံးတော်ရဲ့ အမှုတွေကို စိတ်ရှိတိုင်း လက်ခံဆောင်ရွက်လို့ မရဘူးဆို"

"ဒါက မတော်တဆမှု ဖြစ်သွားတာလေ၊ သဘာဝကျကျနဲ့ တရားဝင် လွှဲယူလို့ ရတာပေါ့"

"ဪ၊ ဒါဆိုရင် မတော်တဆမှု မဖြစ်ခဲ့ရင်ရော"

ပိုင်ရှိုးမင်က သူမ၏ နားနားကပ်ကာ လေသံတိုးတိုးဖြင့် ပြောလိုက်လေသည်။ "ဒါဆိုရင် မတော်တဆမှုတစ်ခု ဖန်တီးလိုက်ရုံပေါ့"

အားချန်သည် နောက်ဆုံးတော့ ပိုင်ရှိုးမင်ကို အကြည့်တစ်ချက် ပေးလိုက်လေသည်။ "ပိုင်လူကြီးမင်း၊ ရှင်က ကြည့်ရတာ လူကောင်းတစ်ယောက်နဲ့ တကယ် မတူပါလား"

"ချီးကျူးတဲ့အတွက် ကျေးဇူးပါ"

သိပ်မကြာခင်မှာပင် မင်ကျင့်စီးမှ လူများ ရောက်ရှိလာကြသည်။

ဖုန်းယန် ဦးဆောင်သည့် မင်ကျင့်စီး အစောင့်တစ်သိုက်သည် သေရည်ဆိုင်ကို ဝိုင်းရံလိုက်ကြရာ ဆက်လက် တဝဲလည်လည် လုပ်နေကြသည့် လူအများကလည်း အချိန်တိုအတွင်း လျင်မြန်စွာ လူစုကွဲသွားကြတော့သည်။

မြို့တော်အုပ်ချုပ်ရေးရုံးမှ ရဲမက်များသည် အမှုအခြေအနေကို ရှင်းလင်းစွာ လွှဲပြောင်းပေးပြီးနောက် ချက်ချင်း ထွက်ခွာသွားကြပြီး အခင်းဖြစ်ပွားရာ နေရာကို လွှဲပြောင်းရယူရန် မင်ကျင့်စီး အစောင့်များသာ ကျန်ရစ်ခဲ့လေသည်။

ဖုန်းယန်သည် သေရည်ဆိုင်ထဲသို့ ဝင်လာပြီး ပိုင်ရှိုးမင်ကို အရင်ဆုံး ဂါရဝပြုလိုက်လေသည်။ "လူကြီးမင်း"

ပိုင်ရှိုးမင်က ခေါင်းငြိမ့်ပြလိုက်ပြီး တည်ငြိမ်စွာ မှာကြားလိုက်လေသည်။ "သူ့ရဲ့ ဒီရက်ပိုင်း သွားလာလှုပ်ရှားမှုတွေ၊ ဆက်ဆံခဲ့တဲ့ လူတွေကို သေချာ စုံစမ်းလိုက်။ ကျင့်ယန်မြို့စားအိမ်တော်နဲ့ ပတ်သက်နေရင် ချက်ချင်း အရေးမယူနဲ့ဦး"

"ဟုတ်ကဲ့ပါ" ဟု ဖုန်းယန်က ချက်ချင်း လက်ခံလိုက်သည်။

ပိုင်ရှိုးမင်သည် ဖုန်းယန်ဆီမှ အာရုံလွှဲလိုက်ပြီး အားချန်အပေါ် ပြန်ထားလိုက်ကာ မေးလိုက်လေသည်။ "ပြဇာတ်ကြည့်လို့ ပြီးပြီဆိုတော့ အိမ်ပြန်ကြမလား"

"ပြန်မှာပေါ့၊ သွားမယ်" အားချန်သည် စိတ်ပြောင်းသွားမည်ကို စိုးရိမ်သဖြင့် သူ့လက်ကို အလျင်အမြန် ဆွဲကာ အပြင်ဘက်သို့ ထွက်လာခဲ့လေသည်။

"လူကြီးမင်း ဂရုစိုက်သွားပါ၊ မိန်းကလေးကျိ ဂရုစိုက်သွားပါ"

ဒီတစ်ကြိမ် လမ်းခရီးတွင်တော့ မည်သည့် မတော်တဆမှုမှ ထပ်မံ မကြုံတွေ့ရတော့ဘဲ မြင်းလှည်းသည် အားချန်ကို ချန်းဖိင်ဖန်းရပ်ကွက်သို့ ချောမွေ့စွာ ပို့ဆောင်ပေးနိုင်ခဲ့သည်။

အမွှေးနံ့သာဆိုင် တံခါးမှာ စေ့ထားရုံသာ ရှိပြီး ဆိုင်ကို ဖွင့်လှစ်ရောင်းချခြင်း မရှိပေ။

အားချန်သည် မြင်းလှည်းပေါ်မှ ဆင်းပြီးနောက် အနောက်က ပိုင်ရှိုးမင်ကို ဂရုမစိုက်တော့ဘဲ ဂါဝန်စကို မကာ ဆိုင်ထဲသို့ ဝင်သွားလိုက်သည်။ တံခါးတွန်းဖွင့်ပြီး ဝင်သွားသည်နှင့် စတင် အော်ဟစ်လိုက်တော့သည်။ "ဟွေ့ညန်၊ ဟွေ့ညန်၊ ကျွန်မ ပြန်ရောက်ပြီ"

မျက်စိတစ်မှိတ် အတွင်းမှာပင် ချန်ဟွေ့၏ ပုံရိပ်သည် ဆိုင်ထဲတွင် ပေါ်ထွက်လာခဲ့လေသည်။

ချန်ဟွေ့သည် ခြေလှမ်းကျဲကြီးများဖြင့် အားချန် ရှေ့သို့ လျှောက်လာပြီး သူမကို အထက်အောက် သေချာ အကဲခတ် ကြည့်ရှုလိုက်၏။ "ဒဏ်ရာရလာသေးလား"

"ကျွန်မ ဘာမှမဖြစ်ပါဘူး" အားချန်သည် သူမ အဆင်ပြေကြောင်း သက်သေပြရန် နေရာတွင် တစ်ပတ် လှည့်ပြလိုက်ပြီးမှ မေးလိုက်လေသည်။ "ရှင်ကရော၊ အဲဒီနေ့တုန်းက ဒဏ်ရာရခဲ့သေးလား"

ချန်ဟွေ့က ခေါင်းခါပြလိုက်သည်။ "ကျွန်မလည်း ဘာမှမဖြစ်ပါဘူး။ ခန္ဓာကိုယ်ကို အတင်းအဓမ္မ ဖိနှိပ်ချုပ်တည်း ခံထားရလို့ အသိစိတ်ရှိပေမယ့် နိုးမလာနိုင်ခဲ့တာပါ။ မင်ကျင့်စီးက လူတွေလာပြီး ကျွန်မကို နှိုးလိုက်မှ သတိရလာတာ"

တစ်ချိန်တည်းမှာပင် မင်ကျင့်စီးမှ လူများက အားချန်ကို ဘေးကင်းစွာ ပြန်လည် ခေါ်ဆောင်လာနိုင်ပြီ ဖြစ်ကြောင်း ပြောပြသဖြင့် သူမသည် လူသွားရှာရန် အလျင်မလိုခဲ့ခြင်း ဖြစ်လေသည်။

သူတို့နှစ်ဦး စကားပြောနေစဉ်မှာပင် ပိုင်ရှိုးမင်သည်လည်း လျှောက်ကာ ဝင်လာခဲ့၏။ ချန်ဟွေ့သည် ဒီနေရာတွင် ပေါ်ထွက်လာသည့် အမျိုးသားကို တစ်ချက် ကြည့်လိုက်ပြီး သူ၏အကြည့်များက အားချန် ကိုယ်ပေါ်၌သာ ကပ်ငြိနေသည်ကို မြင်သောအခါ စိတ်ထဲတွင် သဘောပေါက်သွားတော့သည်။ ကြည့်ရတာ သူတို့နှစ်ယောက် ပြန်အဆင်ပြေသွားကြပြီ ထင်တယ်။

သူတို့ ဒီရက်ပိုင်းအတွင်း ဘာတွေ ကြုံတွေ့ခဲ့ရလဲ ဆိုတာကို မသိသော်ငြား အားချန်က သေရေးရှင်ရေး အခြေအနေ မဟုတ်တော့သည်ကို မြင်လိုက်ရသည်က ကောင်းသော ကိစ္စတစ်ခုပင်။

"နေ့လယ်တောင် ကျော်နေပြီဆိုတော့ ပိုင်လူကြီးမင်း မုန့်ပဲသရေစာ သုံးဆောင်ဖို့ နေခဲ့ဦးမလား" ချန်ဟွေ့က ယဉ်ကျေးစွာ မေးလိုက်လေသည်။

"သူ မစားတော့ဘူး" ပိုင်ရှိုးမင် စကားမပြောရသေးခင်မှာပင် အားချန်က သူ့အစား ဝင်ဖြေလိုက်လေသည်။

ပိုင်ရှိုးမင်က မျက်ခုံးပင့်ကာ အားချန်ကို ကြည့်လိုက်ရာ အားချန်က ကိုယ်ကိုလှည့်ပြီး သူ့ကို အပြင်ဘက်သို့ တွန်းထုတ်လိုက်လေသည်။ "ပိုင်လူကြီးမင်း၊ ရှန့်ကျင်းက ပြည်သူတွေရဲ့ ဘေးကင်းလုံခြုံမှုက ရှင့်အပေါ်မှာပဲ မူတည်နေတာနော်၊ အမှု မြန်မြန် သွားစစ်လိုက်ပါတော့"

ပိုင်ရှိုးမင်သည် ဘာမှမတတ်နိုင်ဘဲ သူမ တွန်းပို့သည့် အရှိန်အတိုင်း အပြင်ဘက်သို့ လျှောက်ထွက်သွားရပြီး လမ်းလျှောက်ရင်း ပြောလိုက်လေသည်။ "ကိုယ် လိုက်ပို့ပေးတာတောင် ရေတစ်ခွက်လောက်တောင် မတိုက်ဘူးလား"

"ရှင် မငတ်ပါဘူး"

"ကိုယ် တကယ်တော့ ..."

အားချန်သည် သူ့ကို စကားပြောခွင့် လုံးဝ မပေးတော့ဘဲ လူကို တံခါးပေါက်ဝသို့ တွန်းပို့ကာ ပြတ်ပြတ်သားသား ပြောလိုက်တော့သည်။ "အလုပ် မြန်မြန် သွားလုပ်တော့ ပိုင်လူကြီးမင်း၊ နှုတ်ဆက်ပါတယ်"

သူမ၏ စိတ်မြန်လက်မြန် ဖြစ်နေသည့် ပုံစံကို ကြည့်ပြီး ပိုင်ရှိုးမင်က ရယ်မောလိုက်လေသည်။ အရင်တုန်းက သူ့ကို ချော့မော့တတ်သေးတယ်။ အခုတော့ ဟန်တောင် မဆောင်ချင်တော့ဘဲ ဒီအဆင့်ကို တိုက်ရိုက် ကျော်သွားလိုက်ပြီပေါ့လေ။

သူ့ကို အမြတ်ထုတ်ရတာ အဲဒီလောက်တောင် လွယ်ကူလို့လား။

နောက်ဆုံးတော့ လူကို ပြန်လွှတ်လိုက်နိုင်ပြီးနောက် အားချန်သည် လိပ်ပြာငယ်လေး တစ်ကောင်အလား ဆိုင်ထဲသို့ ပြန်ပြေးဝင်လာပြီး ချန်ဟွေ့ ဘေးတွင် လှည့်ပတ်ကာ ညည်းတွားလိုက်လေသည်။ "ကျွန်မ ဒီတစ်ခေါက် ပြန်မလာနိုင်တော့ဘူးလို့တောင် ထင်ခဲ့တာ"

အားချန်က ဒီလိုပြောလာမှတော့ အလွန် အန္တရာယ်များသည့် ကိစ္စရပ်များ ဖြစ်ပျက်ခဲ့သည်မှာ သေချာလေသည်။ ချန်ဟွေ့က မျက်မှောင်ကြုတ်လိုက်ပြီး ပြောလိုက်၏။ "အဲဒီ ပေဟွမ်ဝမ် က တကယ်ကို ဥပဒေမဲ့ နေတာပဲ။ သူ အခု ဘယ်လိုနေလဲ။ သူ့ကို ကိုင်တွယ်ဖို့ နည်းလမ်းရှိလား"

ပိုင်ကျန့်ဟွမ် အကြောင်း ပြောလိုက်သည့်အခါ အားချန်ကတော့ ပြင်းထန်သည့် တုံ့ပြန်မှုမျိုး မရှိပေ။ သူမက ခဏလောက် စဉ်းစားလိုက်ပြီးမှ ပြောလိုက်၏။ "သူ့ကို ကိုင်တွယ်ဖို့ နည်းလမ်း ရှာစရာ မလိုလောက်တော့ဘူး ထင်တယ်"

"နန်းတွင်းကများ ဝင်ပါလိုက်တာလား" ချန်ဟွေ့က ခေါင်းခါလိုက်ပြီး ထိုခန့်မှန်းချက်ကို ငြင်းပယ်လိုက်လေသည်။ သူက ဆွေတော်မျိုးတော် တစ်ပါး ဖြစ်လေသည်။ နန်းတွင်းက လွယ်လွယ်ကူကူ လက်ပါလိမ့်မည် မဟုတ်ပေ။ ဒါဆိုရင်တော့ တစ်ယောက်ပဲ ကျန်တော့သည်။ "ပိုင်လူကြီးမင်းက တစ်ခုခု လုပ်လိုက်တာလား"

"အင်း" အားချန်က ခေါင်းငြိမ့်ပြလိုက်ပြီး ပြောလိုက်၏။ "ပိုင်ကျန့်ဟွမ် က အခုလောက်ဆို လူပြန်ဝင်စားဖို့ တန်းစီနေလောက်ပြီ"

"သူ ... သေသွားပြီလား" ချန်ဟွေ့က အံ့အားသင့်သွားတော့သည်။

"မတော်တဆမှု မရှိဘူးဆိုရင်တော့ ဟုတ်ပါတယ်"

ပိုင်ရှိုးမင်က ထုတ်မပြောသော်လည်း သူ့အကျင့်စရိုက်အရ မတော်တဆမှု ဖြစ်ပွားမှာကို ခွင့်ပြုလိမ့်မည် မဟုတ်ကြောင်း အားချန်က ယူဆထားလိုက်သည်။

ပိုင်ကျန့်ဟွမ် သေဆုံးမှုနှင့် ပတ်သက်ပြီး သူမတွင် မည်သည့် ခံစားချက်မျှ မရှိပေ။ သူတို့သည် စောစီးစွာကပင် ရန်ဖက်များ ဖြစ်နေခဲ့ကြသည်။ ပိုင်ကျန့်ဟွမ်က သူမ ထိုက်ဖေးကို သတ်ဖြတ်မည်ကို ဂရုမစိုက်သလို သူမကလည်း ကိုယ့်ကို လိုက်လံသတ်ဖြတ်သည်ကို ဂရုစိုက်လေသည်။

ကျိန်စာကြောင့် သူမ မကြာခင် ဒီလိုအခြေအနေမျိုး ကြုံတွေ့ရမည် ဖြစ်သော်ငြား သူမကို ဒုက္ခပေးခဲ့ဖူးသူများကိုတော့ သူမ စိတ်ထဲတွင် ရှင်းရှင်းလင်းလင်း မှတ်သားထားပြီး ဘယ်တော့မှ လွှတ်ပေးဖို့ စိတ်ကူးမရှိခဲ့ဖူးချေ။

အားချန်သည် အနည်းငယ် အာရုံလွင့်သွားပြီး ရုတ်တရက် အနီးအနားမှ ငှက်အော်သံကို ကြားလိုက်ရလေသည်။

သူမ ဘေးဘီကို လိုက်ကြည့်နေသည်ကို မြင်သောအခါ ချန်ဟွေ့က ရယ်မောကာ ပြောလိုက်၏။ "ရှင် မေ့သွားတာလား။ ရှင် ဝယ်ထားတဲ့ ချင်းကန်းငှက်လေ၊ မနေ့ကမှ အမဲလိုက်ပစ္စည်းဆိုင်က လာပို့သွားတာ"

မူလက စောစီးစွာ ရောက်လာသင့်သော်ငြား သူတို့ဘက်တွင် မတော်တဆမှု ဖြစ်ပွားခဲ့သဖြင့် ဆိုင်ဝန်ထမ်းသည် နေ့တိုင်း လာပို့ခဲ့ရပြီး မနေ့ကမှ ချင်းကန်းငှက်ကို ချန်ဟွေ့လက်ထဲသို့ ထည့်ပေးနိုင်ခဲ့ခြင်း ဖြစ်လေသည်။

ဒီရက်ပိုင်း ကြုံတွေ့ခဲ့ရသည့် ကိစ္စများပြားလွန်းသဖြင့် အားချန်သည် ချင်းကန်းငှက်ကို မေ့လျော့နေခဲ့ပြီး ချန်ဟွေ့ ပြောလိုက်မှ အိမ်နောက်ဖေးသို့ သူမ၏ ငှက်ကလေးကို သွားကြည့်လိုက်လေသည်။

ချင်းကန်းငှက်သည် ဇီးကွက်အရွယ်အစားခန့်သာ ရှိပြီး အမွှေးအတောင်များမှာ အစိမ်းရောင်ဖြစ်ကာ ခရမ်းရောင် ဝါးလှောင်အိမ်ထဲတွင် ထည့်ထားပြီး တကျီကျီတကျာကျာ အော်မြည်နေလေသည်။ အကယ်၍သာ လူဖြစ်ခဲ့လျှင် သေချာပေါက် စကားများသည့် လူစားမျိုး ဖြစ်ပေလိမ့်မည်။

အားချန်သည် ခဏလောက် ကြည့်လိုက်ရုံဖြင့် စိတ်ဝင်စားမှု ပျောက်ဆုံးသွားတော့သည်။ ချင်းကန်းငှက်ကို ဝယ်ယူခဲ့ခြင်းမှာ လင်းမိသားစုတွင် ပုန်းအောင်းနေသည့် မိစ္ဆာကို ရှာဖွေရန် ဖြစ်လေသည်။ ဒီရက်ပိုင်းတွေ ကုန်ဆုံးသွားပြီးနောက် ထိုမိစ္ဆာသည် မြို့တော်ထဲတွင် ရှိနေသေးရဲ့လား ဆိုတာကိုတော့ မသိရပေ။

ဒီကိစ္စကို တွေးမိသည်တွင် သူမ၏ ရင်ထဲတွင် ထိတ်ခနဲ ဖြစ်သွားသည်။ မိစ္ဆာအငွေ့အသက် ပါးလျားပြီး လူ့ခန္ဓာကိုယ်ကို ဝင်ပူးနိုင်သည့် မိစ္ဆာမှာ ရှားပါးလှသည်။ ကျိကျွမ်း၏ သေဆုံးမှုက ဒီကိစ္စနှင့် ပတ်သက်နေပြီး ယခင်က လင်းမိသားစုဝင်များ အပူးခံရခြင်းကလည်း ဒီလိုပင် မဟုတ်ပါလား။ သို့သော် ထိုနှစ်ကြိမ်လုံးတွင် လူအသေအပျောက် မရှိခဲ့ချေ။

ဒီနှစ်ခုကြားမှာ ပတ်သက်ဆက်နွှယ်မှု ရှိနေတာများလား။

အားချန်သည် ဝါးချောင်းတစ်ချောင်းကို ကောက်ယူလိုက်ပြီး လှောင်အိမ်ထဲက ချင်းကန်းငှက်ကို စလိုက်လေသည်။ ငွေကုန်ခံ ဝယ်ထားရတာ၊ ဒီငှက်ကို အလကား အိမ်မှာထားလို့တော့ မဖြစ်ဘူး။

အနားယူပြီးသွားရင်တော့ အဲဒီမိစ္ဆာရဲ့ ခြေရာကို သွားရှာကြည့်ရမယ်။

သူမ၏ ရှေ့ဆက်ရမည့် ခရီးစဉ်ကို စီစဉ်ပြီးသွားသောအခါ စိတ်လှုပ်ရှားမှုများ အနည်းငယ် လျော့ပါးသွားပြီး အားချန်သည် သမ်းဝေလိုက်ကာ မျက်ဝန်းထောင့်တွင် မျက်ရည်စများပင် ထွက်ပေါ်လာတော့သည်။

ပိုင်ရှိုးမင်က မနေ့ညက လူပါးဝခဲ့သဖြင့် သူမ၏ အားအင်များ ကုန်ခမ်းနေကာ ပြန်ပြီး အိပ်စက်အနားယူရန် လိုအပ်နေလေသည်။

ချန်ဟွေ့ကို နှုတ်ဆက်ပြီးနောက် အားချန်သည် သူမ၏ အခန်းသို့ ပြန်လာခဲ့လိုက်၏။ အိမ်တွင် နေရသည်မှာ ပိုပြီး စိတ်လွတ်လပ်သဖြင့် ညနေစောင်းချိန်အထိ အိပ်မောကျသွားခဲ့လေသည်။

နိုးလာသည့်အချိန်တွင် ပြတင်းပေါက် အပြင်ဘက်မှ ဟင်းချက်နံ့များ ရလိုက်လေသည်။

အားချန်သည် အနံ့ခံ ခွဲခြားကြည့်လိုက်ရာ ဒီည ကြက်ကင်စားရမည် ဖြစ်ကြောင်း သိလိုက်ရသည်။

သူမသည် အလျင်အမြန် ထရပ်လိုက်ပြီး ဆံပင်ကို ဖြစ်ကတတ်ဆန်း စုစည်းလိုက်ကာ ဖိနပ်စီးပြီး အပြင်သို့ ပြေးထွက်လာခဲ့လိုက်သည်။ တံခါးပေါက်မှ ထွက်လိုက်သည်နှင့် မီးဖိုချောင်ထဲမှ ထွက်လာသော ပိုင်ရှိုးမင်ကို တွေ့လိုက်ရလေသည်။

"ရှင် ဘာလို့ ထပ်ရောက်လာတာလဲ" အားချန်၏ လေသံထဲတွင် မနှစ်လိုသည့်အသံများ ပြည့်နှက်နေလေသည်။

"လမ်းကြုံလို့ ရေလာတောင်းသောက်တာ"

သိသာလိုက်တာ။ နေ့လယ်က ရေတစ်ခွက် မသောက်လိုက်ရတာကို ပိုင်ရှိုးမင်က စိတ်ထဲ တော်တော်လေး မှတ်ထားပုံရတယ်။

"ဪ၊ ဒါဆို အမှုစစ်တာ ဘယ်လိုနေလဲ" အားချန်က ပေါ့ပေါ့ပါးပါးသာ မေးလိုက်ခြင်း ဖြစ်ပြီး သိပ်တော့ မျှော်လင့်မထားပေ။ အချိန်က နေ့ဝက်လောက်သာ ရှိသေးသည် မဟုတ်ပါလား။

"ကျိကျွမ်းက မသေခင် ကျင့်ယန်မြို့စားအိမ်တော်ကို သွားခဲ့ဖူးပြီး ကျင့်ယန်မြို့စားနဲ့ ပြဿနာ ဖြစ်ခဲ့တယ် ဆိုတာလောက်ပဲ စုံစမ်းရသေးတယ်။ ပြီးတော့ သူ့သားရဲ့ သေဆုံးပုံကလည်း သူနဲ့ အတူတူပဲ"

"သူ့သားရဲ့ အလောင်းကို မြှုပ်နှံမထားဘူးလား" ဒါက တကယ်ကို အံ့ဩစရာ ကောင်းတာပဲ။

"သူက သားဖြစ်သူရဲ့ အလောင်းထည့်ထားတဲ့ ခေါင်းတလားကို ရေခဲတိုက်ထဲမှာ ထိန်းသိမ်းထားတာလေ။ မဟုတ်ရင်လည်း ဒီအချက်တွေကို စုံစမ်းနိုင်မှာ မဟုတ်ဘူး"

အားချန်က စဉ်းစားဟန်ပြုလိုက်ပြီး ပြောလိုက်၏။ "ဒီအချက်တွေနဲ့တော့ ကျင့်ယန်မြို့စားကို ဆွဲထည့်လို့ ရမှာမဟုတ်ဘူး"

သူမသည် သူမ၏ ရည်ရွယ်ချက်ကို နည်းနည်းလေးမှ ဖုံးကွယ်ထားခြင်း မရှိဘဲ ဒီတစ်ကြိမ်တွင် ကျင့်ယန်မြို့စား ကံမဆိုးမှာကို အလွန် စိုးရိမ်နေပုံ ရလေသည်။

ပိုင်ရှိုးမင်က ရယ်မောလိုက်ပြီး နှစ်သိမ့်ကာ ပြောလိုက်၏။ "မလောပါနဲ့။ ဒီကိစ္စက တကယ်လို့ သူနဲ့ပတ်သက်နေရင် သူ လွတ်မှာ မဟုတ်ပါဘူး"

အားချန်က မလောပါဘူး။ အခု သူမမှာ အချိန်တွေ အများကြီး ရှိနေပြီပဲ။ သို့သော်ငြား သူမက မေးလိုက်၏။ "တကယ်လို့ သူနဲ့ မပတ်သက်ရင်ရော"

"ဒါဆိုရင်တော့ အချိန်အခါ ရှာပြီး သူ့ကို မတော်တဆ ဖြစ်ခိုင်းလိုက်ရုံပေါ့"

အားချန်က ဒီအဖြေကို သဘောကျသွားလေသည်။

နှစ်ဦးသား စကားပြောနေစဉ်မှာပင် ငှက်အော်သံက ရပ်တန့်မသွားခဲ့ချေ။ ပိုင်ရှိုးမင်သည် ခြံဝင်းထဲတွင် ချိတ်ဆွဲထားသည့် လှောင်အိမ်ကို အာရုံစိုက်လိုက်ပြီး သံသယဖြင့် မေးလိုက်လေသည်။ "ဘယ်လိုဖြစ်ပြီး ချင်းကန်းငှက် မွေးဖို့ စိတ်ကူးရတာလဲ၊ ဒီငှက်က အရမ်း ဆူညံတာ"

"အသုံးဝင်လို့ပေါ့"

သူမသည် အကြည့်ကို ပိုင်ရှိုးမင် ကိုယ်ပေါ်သို့ ရွှေ့လိုက်သည်။ မူလက အားအင်ပြန်ပြည့်လျှင် ဟွေ့ညန်ကို ခေါ်သွားမည်ဟု စိတ်ကူးထားသော်ငြား ယခုတော့ ပိုကောင်းသည့် လူတစ်ယောက် ရောက်နေပြီ မဟုတ်ပါလား။

အားချန်သည် ပိုင်ရှိုးမင် အနားသို့ တိုးကပ်သွားပြီး မျက်လုံးလေးများ ကွေးသွားသည်အထိ ပြုံးလိုက်ကာ ပြောလိုက်၏။ "ပိုင်လူကြီးမင်း၊ ခဏနေ ထမင်းစားပြီးရင် ကျွန်မ ရှင့်ကို အပြင်ခေါ်သွားမယ်လေ"

ပိုင်ရှိုးမင်က သူမကို စွေကြည့်လိုက်ပြီး သူမ၏ မေးစေ့ချွန်ချွန်လေးကို ဆွဲညှစ်လိုက်ကာ ပြောလိုက်၏။ "မနေ့ညက မင်း ကိုယ့်ကို ဒီလိုပဲ လိမ်ခဲ့တာလေ။ ကိုယ်က ကြည့်ရတာ အလွယ်တကူ ချော့လို့ရမယ့်လူပုံ ပေါက်နေလို့လား"

အားချန်က သူ့ကို ကိုယ့်ဟာကိုယ် သိသာပါတယ် ဆိုသည့် အကြည့်တစ်ချက် ပေးလိုက်လေသည်။ ကိုယ်က ဘယ်လိုလူလဲဆိုတာ ကိုယ့်ဟာကိုယ် မသိဘူးလား။ တကယ်ကို လွယ်လွယ်လေး ချော့လို့ရတာပဲကို။

သို့သော် မနေ့ညက အကြောင်း ပြောလာသည်ကို ကြားလိုက်ရသောအခါ သူမက ချက်ချင်း မကျေမနပ် ဖြစ်သွားပြီး ပြောလိုက်၏။ "မနေ့ညက ရှင်မှ အရှုံးမရှိတာ။ အမြတ်တောင် ထွက်နေသေးတယ်။ မြန်မြန် သဘောတူလိုက်"

"ကောင်းပြီလေ။ ဒါဆိုရင် အားချန်က ဒီည ကိုယ့်ကို ဘယ်ခေါ်သွားဦးမလို့လဲ။ တစ်ခါတည်းနဲ့ ကစားလို့ ပြီးရောပြီးမှာလား"

အားချန်၏ မျက်နှာမှာ ရဲခနဲ ဖြစ်သွားပြီး အစနောက်ခံလိုက်ရသည်ဟု ခံစားလိုက်ရသဖြင့် စိတ်ဆိုးဟန်ဆောင်ကာ ပြောလိုက်၏။ "ဘာလို့ အဲဒီလောက် မေးနေတာလဲ။ ရောက်ရင် သိမှာပေါ့"

ချန်ဟွေ့၏ ညစာက ပေါ့ပါးသော်ငြား ပိုင်ရှိုးမင် လာသည့်အချိန်တွင် ကြက်ကင်တစ်ကောင် ယူလာခဲ့သဖြင့် အားချန်က အလွန်ကျေနပ်သွားပြီး ရေလာတောင်းသောက်သည့် သူ့အပြုအမူကို နားလည်ပေးလိုက်တော့သည်။

ထမင်းစားပြီးသည့်အချိန်တွင် နေဝင်သွားပြီဖြစ်ကာ အပြင်ဘက်တွင် မှောင်ရီပျိုးနေပြီ ဖြစ်သဖြင့် အားချန်က ကောင်းကင်ကို ကြည့်လိုက်ရာ ညမထွက်ရအမိန့် ထုတ်ပြန်ရန် အချိန်သိပ်မလိုတော့ကြောင်း တွေ့လိုက်ရလေသည်။

ပိုင်ရှိုးမင် တူချလိုက်သည်ကို စောင့်ဆိုင်းပြီးနောက် သူမသည် ချန်ဟွေ့ကို နှုတ်ဆက်ကာ ခြံဝင်းထဲသို့ ပြေးထွက်သွားပြီး ငှက်လှောင်အိမ်ကို ဖြုတ်ကာ တစ်ဖက်လူကို ပေးလိုက်လေသည်။

"ဒါကို ကိုယ့်ပေးပြီး ဘာလုပ်မလို့လဲ"

ပိုင်ရှိုးမင်သည် ငှက်လှောင်အိမ်ကို မ,ကာ ချင်းကန်းငှက်နှင့် အကြည့်ချင်း ဆုံလိုက်သည်တွင် ဆူညံနေသည့် ငှက်ကလေးသည် ချက်ချင်း တောင့်တင်းသွားပြီး အသံတစ်ချက်မှ မထွက်ရဲတော့ချေ။ တကယ်ကို အလိုက်သိပြီး အသက်ကို တန်ဖိုးထားတတ်သည့် ငှက်ကလေးပင်။

"ရှင် လင်းမိသားစုကို သိတယ်မလား"

"အင်း"

အားချန်သည် ရုတ်တရက် သူ့ရှေ့သို့ တိုးကပ်သွားလေသည်။ "မြို့တော်ထဲမှာ လင်းမျိုးရိုးတွေ အများကြီးရှိတာ။ ကျွန်မ ဘယ်မိသားစုကို ပြောနေတာလဲ ဆိုတာ ရှင် ဘယ်လိုလုပ် သိတာလဲ"

ပိုင်ရှိုးမင်ကလည်း သူမကို ဖုံးကွယ်မထားဘဲ တိုက်ရိုက်ပင် ပြောလိုက်လေသည်။ "မင်းအဘိုးဖက်က အမျိုးတွေ မင်ကျင့်စီးကို လာပြီး အမှုတိုင်ဖူးတယ်။ မင်းရဲ့ ပုံစံတွေက အများကြီး ပြောင်းလဲသွားလို့ ခန္ဓာကိုယ် အလုခံလိုက်ရတယ် ဆိုပြီး သံသယဝင်နေကြတာ"

အားချန်က သဘောပေါက်သွားပြီး မေးလိုက်၏။ "ရှင်က အဲဒီအချိန်ကတည်းက ကျွန်မရဲ့ အထောက်အထားကို ခန့်မှန်းမိတာလား"

"ဒါတင် မကသေးပါဘူး" ပိုင်ရှိုးမင်က အေးစက်စက် ရယ်မောလိုက်ပြီး ပြောလိုက်၏။ "ပိုင်ကျန့်ဟွမ်က မင်းရဲ့ အထောက်အထားကို ကိုယ်သိအောင်လို့ တော်တော်လေး ကြိုးစားခဲ့ရတာ။ လင်းမိသားစုက အဲဒီအထဲက တစ်ခုပဲ"

"ဝမ်းနည်းစရာပဲ။ ရှင်က သူ့ကို စိတ်ပျက်အောင် လုပ်လိုက်တာကိုး" အားချန်က ရယ်မောလိုက်၏။ သူမနှင့် ပိုင်ရှိုးမင် ရန်ဖြစ်ကြသည်မှာ အထောက်အထားကြောင့် မဟုတ်ခဲ့ပေ။

ပိုင်ကျန့်ဟွမ် မှားယွင်း ခန့်မှန်းမိသည်ကိုလည်း အပြစ်တင်လို့ မရပေ။ ပိုင်ရှိုးမင်အကြောင်း စုံစမ်းကြည့်ဖူးသူတိုင်း သူက မိစ္ဆာမျိုးနွယ်အပေါ် ရန်လိုမုန်းတီးသည်ကို သိရှိကြသည်။ သူက ကိုယ့်စည်းမျဉ်းကို ကိုယ်တိုင် ချိုးဖောက်လိမ့်မည်ဟု ဘယ်သူက ထင်ထားမိမှာလဲ။

"ဒါဆိုရင် ဒီငှက်က လင်းမိသားစုနဲ့ ပတ်သက်နေတာလား" ပိုင်ရှိုးမင်သည် လမ်းလွဲနေသည့် စကားများကို လမ်းကြောင်းမှန်ပေါ် ပြန်ဆွဲတင်လိုက်လေသည်။

"ဟုတ်တယ်" အားချန်က ခေါင်းငြိမ့်ပြလိုက်ပြီး ပြောလိုက်၏။ "ကျွန်မ လင်းမိသားစုမှာ ရှိတုန်းက အိမ်ထဲက တာအိုဆရာလွီ က မကောင်းတဲ့ အကြံအစည် ရှိနေတယ်လို့ ခံစားမိတယ်။ သူက လင်းမိသားစုဝင်တွေရဲ့ ကိုယ်ပေါ်ကို မိစ္ဆာပူးကပ်အောင် လုပ်ပြီး ကျွန်မရဲ့ အထောက်အထားကို သံသယဝင်လာအောင် လုပ်ခဲ့တာ"

"မိစ္ဆာ ဟုတ်လား။ ကိုယ် လင်းမိသားစုကို လူလွှတ်ပြီးပြီ။ မိစ္ဆာရဲ့ ခြေရာလက်ရာ မတွေ့ခဲ့ရဘူး။ အဲဒီ တာအိုဆရာကလည်း ထွက်ပြေးသွားပြီ"

"ဒါက ကျွန်မရဲ့ ခန့်မှန်းချက် သက်သက်ပါ။ ဒါကြောင့် ကျွန်မ အမွှေးနံ့သာမှုန့် တချို့ လုပ်ခဲ့တာ။ တကယ်လို့ မိစ္ဆာရှိတယ် ဆိုရင်တော့ ဒီချင်းကန်းငှက်က ကျွန်မတို့ကို အဲဒီမိစ္ဆာရဲ့ ခြေရာဆီ ခေါ်သွားပေးလိမ့်မယ်"

"ဟုတ်လား" ပိုင်ရှိုးမင်က စိတ်ဝင်စားသွားလေသည်။ "ဒါဆိုရင်လည်း ကိုယ့်ကို အမြင်ကျယ်အောင် လုပ်ပေးပါဦး"

သူသည် ငှက်လှောင်အိမ် တံခါးကို ဖွင့်လိုက်ရာ ချင်းကန်းငှက်သည် ပိုင်ရှိုးမင်ကို သတိကြီးစွာ စိုက်ကြည့်နေပြီး သူ မလှုပ်ရှားသည်ကို မြင်မှ ခြေသည်းတစ်ဖက်ကို စမ်းသပ် ထုတ်လိုက်ပြီးနောက် နောက်ထပ် ခြေတစ်ဖက်ကို ထပ်ထုတ်လိုက်လေသည်။

ပြန်ဖမ်းမခံရတော့ကြောင်း သေချာသွားမှ ချင်းကန်းငှက်သည် အတောင်ပံဖြန့်ကာ ခတ်လိုက်ပြီး ကောင်းကင်ပေါ်သို့ ပျံတက်သွားလေသည်။

ပိုင်ရှိုးမင်သည် ငှက်လှောင်အိမ်ကို ချထားလိုက်ပြီး အားချန်ကို ခေါ်ကာ နောက်မှ လိုက်သွားလေသည်။

ချင်းကန်းငှက်သည် မြင့်မြင့်မားမား မပျံသန်းသလို အရှိန်ကလည်း မမြန်လှပေ။ ထို့အပြင် စူးစမ်းလိုစိတ် ပြင်းပြသဖြင့် လမ်းတစ်လျှောက် ပျံသန်းလိုက် ရပ်နားလိုက်ဖြင့် ဖြတ်သွားဖြတ်လာ အိမ်များ၏ အဖြစ်အပျက်များကိုပင် ဝင်ရောက် ကြည့်ရှုသေးသည်။

ချင်းကန်းငှက်၏ အာရုံစိုက်မှုက လွယ်လွယ်ကူကူ လွဲချော်သွားတတ်သော်ငြား သူ့ပန်းတိုင်ကတော့ တိကျပြတ်သား လှသည်။ သူတို့နှစ်ဦးကို ရပ်ကွက်အချို့ ဖြတ်ကျော် ခေါ်ဆောင်သွားပြီး နောက်ဆုံးတွင်တော့ အိမ်တော်ကြီး တစ်ခုထဲသို့ ဝင်ရောက် ပျံသန်းသွားလေသည်။

ပိုင်ရှိုးမင်နှင့် အားချန်တို့သည် ထိုအိမ်တော်ကြီး၏ အပြင်ဘက်တွင် ရပ်တန့်လိုက်ကြ၏။ အားချန်သည် ကျင့်ယန်မြို့စားအိမ်တော် ဟူသော ဆိုင်းဘုတ်ကို မော့ကြည့်လိုက်ပြီး ခပ်ဖွဖွ ရယ်မောလိုက်လေသည်။ "ပိုင်လူကြီးမင်း၊ ရှင် နောက်ထပ် အကျိုးဆောင်မှု ရတော့မယ် ထင်တယ်"

တကယ်ပါပဲ။ ဖိနပ်ပြဲအောင် လိုက်ရှာစရာ မလိုဘူးပေါ့။

...

All Chapters