← Chapters

မြို့စားမင်းရဲ့စိတ်ထဲမှာ ကျွန်မနေရာကို ဘယ်သူမှ အစားမထိုးနိုင်ဘူး ...

Vol. 21 Ch. 202

မြို့စားမင်းရဲ့စိတ်ထဲမှာ ကျွန်မနေရာကို ဘယ်သူမှ အစားမထိုးနိုင်ဘူး ...

Vol. 21 Ch. 202

ပိုင်ရှိုးမင်က အားချန်ကိုခေါ်ဆောင်ပြီး ကျင့်ယန်မြို့စားအိမ်တော်ထဲသို့ ဝင်ရောက်လာခဲ့၏။ ကျိချန်၏ မှတ်ဉာဏ်ထဲတွင်တော့ ကျင့်ယန်မြို့စားအိမ်တော်သည် အမြဲတမ်း စည်ကားနေခဲ့ဖူးလေသည်။

သို့သော်ယခုလက်ရှိ မြို့စားအိမ်တော်သည် အထူးတလည် တိတ်ဆိတ်ခြောက်ကပ်နေပြီး ပင်မခြံဝင်းထဲတွင်ပင် အစေခံအနည်းငယ်ကိုသာ တွေ့မြင်ရလေသည်။

ကျင့်ယန်မြို့စားသည် ဒီအချိန်တွင် ပင်မခြံဝင်းထဲ၌ ရှိမနေချေ။ ပိုင်ရှိုးမင်က အားချန်ကိုခေါ်ဆောင်ကာ မြို့စားအိမ်တော်ကို တစ်ပတ် ပတ်ကြည့်လိုက်ပြီးနောက် နောက်ဆုံးတွင် မြို့စားအိမ်တော်၏ ဥယျာဉ်ထဲတွင် လူကို ရှာတွေ့ခဲ့လေသည်။

သူသည် လမင်းကြီးကို မျက်နှာမူလျက် သေရည်သောက်နေသည့် မျက်နှာအမူအရာမှာ အလွန်စိတ်ညစ်နွမ်းနယ်ပုံရကာ ပါးစပ်မှလည်း "ရွှင်ဖန်း" ဟူသောစကားလုံးကို ရေရွတ်နေလေသည်။

ရွှင်ဖန်းသည် ရွှဲရှီ၏နာမည် ဖြစ်လေသည်။

"ကျင့်ယန်မြို့စားက ရွှဲရှီအပေါ် တကယ်သံယောဇဉ်ကြီးတာပဲ" အားချန်က မနေနိုင်ဘဲ ပြောလိုက်၏။

တခြားအချိန်များတွင် ဟန်ဆောင်ထားခြင်း ဖြစ်ကောင်းဖြစ်နိုင်သော်ငြား လူတစ်ယောက်တည်း ရှိနေချိန်တွင် ထုတ်ဖော်ပြသလာသော ခံစားချက်ကတော့ ဟန်ဆောင်ထားခြင်း ဖြစ်နိုင်မည်မဟုတ်ပေ။

ပိုင်ရှိုးမင်းသည် ဒီကိစ္စကို မှတ်ချက်မပေးဘဲ သူမကိုသတိပေး လိုက်လေသည်။ "ချင်းကန်းငှက်က ဒီနေရာမှာမရှိဘူး"

"သွားကြမယ်။ ဒီငှက်ကို အရင်သွားရှာကြမယ်"

ထွက်ခွာလာချိန်တွင် အားချန်သည် ကိုယ့်ဘာသာကိုယ် သေရည်များ မရပ်မနား သောက်နေသော ကျင့်ယန်မြို့စားကို ပြန်လှည့်ကြည့်လိုက်မိ၏။ သူမသည် အမှန်တကယ်ပင် ထူးဆန်းနေမိလေသည်။ ဒီလူနှစ်ယောက်ကြားတွင် မည်သည့်နေရာကများ ဒီလောက် နက်ရှိုင်းသည့် သံယောဇဉ်များ ရောက်လာရပါသနည်း။

မြို့စားအိမ်တော်၏ ဥယျာဉ်ကို ဖြတ်ကျော်လိုက်လျှင် မြို့စားအိမ်တော်၏ အနောက်ဘက် ခြံဝင်းဖြစ်လေသည်။ လွန်ခဲ့သောဆယ်နှစ်ကျော် ကာလများတွင် ကျိချန်သည် ဒီနေရာ၌ နေထိုင်ခဲ့ဖူး၏။

သို့သော် ယခုအခါတွင်တော့ ကျိချန်နေထိုင်ခဲ့ဖူးသောခြံဝင်းသည် သော့ခတ်ထားပြီး လူဝင်ရောက်ခြင်းမရှိသည်မှာ ကြာမြင့်နေပြီဖြစ်ကာ ခြံဝင်းထဲတွင် ပေါင်းမြက်များပင် ပေါက်ရောက်နေလေသည်။

ချင်းကန်းငှက်သည် သစ်ပင်တစ်ပင်ပေါ်တွင် နားနေပြီးတော့ သစ်ပင်ဘေးက ခြံဝင်းဆီသို့တကျီကျီ အော်မြည်နေကာ အလွန် စိတ်လောနေပုံရသော်ငြားလည်း တစ်ဖက်တွင်လည်း ကြောက်ရွံ့နေပုံရ၏။

အနောက်ဘက်ခြံဝင်း တစ်ခုလုံးတွင် ဒီခြံဝင်းတခုတည်းသာ မီးအိမ်များ ထွန်းညှိထားသဖြင့် လင်းထိန်လိုနေသည်။ ကျင့်ယန်မြို့စားအသစ် လက်ထပ်ထားသော ကိုယ်လုပ်တော်သည် ဒီနေရာတွင် နေထိုင်သည်ဟု အားချန်က ခန့်မှန်းမိလိုက်၏။

ပိုင်ရှူးမင်နှင့်အားချန်တို့သည် ခေါင်မိုးပေါ်သို့တက်လိုက်ကြပြီး ခေါင်မိုးက အုတ်ကြွပ်ပြားတစ်ချက်ကို ဖယ်ရှားလိုက်ကာ နှစ်ယောက်သားက အောက်ဘက်ကို ငုံကြည့်လိုက်ကြ၏။

အခန်းထဲတွင် ဖယောင်းတိုင်များ ထွန်းညှိထားပြီး အလွန်လင်းထိန်နေလေသည်။ သွယ်လျလှပသော အမျိုးသမီးတစ်ဦးသာ မှန်တင်ခုံရှေ့တွင်ထိုင်ကာ မှန်ကြည့်နေပြီး အစေခံတစ်ဦး တစ်ယောက်မှ မရှိချေ။

ထိုအမျိုးသမီးသည် မှန်ကြည့်နေရုံ သက်သက်မဟုတ်ဘဲ မှန်ထဲတွင် လူတစ်ယောက် ထိုင်နေသည့်အလား မှန်ကိုကြည့်ကာ စကားပြောနေသေးသည်။

စကားပြောရင်းဆိုရင်း လူတစ်ယောက်သည် မှန်တစ်ချက်နှင့် ရန်ဖြစ်လာကြပုံရ၏။ အားချန်သည် ထိုအမျိုးသမီးပြောသည့် စကားကိုသာ ကြားရပြီး သူမနှင့်မှန်သည် ဘယ်သူကဝိညာဉ်စွမ်းရည် ပိုရသင့်သည်နှင့် ပတ်သက်ပြီး ငြင်းခုံနေကြပုံ ရလေသည်။

ကောင်းကင်နဲ့မြေကြီးပေါ်ရှိ အရာခပ်သိမ်းသည် ကိုယ်ပိုင်ဝိညာဉ်စွမ်းအား ရှိကြသော်လည်း လူသားများထံမှရယူရန်မှာ အလွယ်ကူဆုံးဖြစ်လေသည်။ လူသား၏ ဝိညာဉ်စွမ်းအင်ကို ရယူပြီးကျင့်ကြံခြင်းသည် မိစ္ဆာမျိုးနွယ်တို့၏ ကျင့်ကြံနည်း တစ်မျိုးဖြစ်သော်လည်း အနည်းငယ် အဆင့်အတန်းရှိသော မိစ္ဆာများကတော့ ဒီနည်းလမ်းကို ရွေးချယ်ကြမည် မဟုတ်ချေ။

ပထမအချက်မှာ သူတို့တွင်ကိုယ်ပိုင် အမွေဆက်ခံမှုများရှိကြပြီး ဒုတိယအချက်မှာလူသားမျိုးနွယ်သည် ရန်စရန် မလွယ်ကူသောကြောင့် ဖြစ်လေသည်။ ဝိညာဉ်စွမ်းအင်ကို ရယူလျှင် အလွယ်တကူ တွေ့ရှိသွားနိုင်သလို ဝိညာဉ်စွမ်းအင် အကုန်စုပ်ယူလိုက်သဖြင့် လူသေသွားလျှင်လည်း အလွယ်တကူ ရိပ်မိခံရနိုင်သည်။

ထိုအမျိုးသမီး ပြောနေသော ဝိညာဉ်စွမ်းအင်သည် မည်သည့်နေရာမှ ရလာသည့်ကိုတော့ မသိရချေ။

တို့နောက်တွင် ထိုအမျိုးသမီးသည် ဒေါသတကြီး ပြောဆိုလိုက်သည်ကို ကြားလိုက်ရပြန်သည်။ "တကယ်လို့သာ ငါက အပြင်မှာ နင့်အတွက် ပြဿနာတွေကို လိုက်မဖြေရှင်းပေးရင် နင်က ဘယ်လိုလုပ်ပြီး အေးအေးဆေးဆေး စံစားနိုင်မှာလဲ"

မှန်က ဘာပြောလိုက်သည်မသိ။ ထိုအမျိုးသမီးသည် ဒေါသတကြီး ဖြစ်သွားပြီး ပါးစပ်မှ မီးခိုးရောင်အငွေ့ အတန်းတစ်ခု မှုတ်ထုတ်လိုက်ကာ မှန်ထဲသို့တိုက်ရိုက် ဝင်ရောက်သွား တော့သည်။

ထိုအမျိုးသမီး၏ ခန္ဓာကိုယ်သည် ပျော့ခွေကာ လှဲကျသွားပြီး အသက်ရှူသံ ပျောက်ဆုံးသွားတော့သည်။

ထိုအခြေအနေကို မြင်တွေ့လိုက်ရသည်တွင် သံသယဖြစ်စရာ မရှိတော့ချေ။ ကျိကျွမ်းတို့ သားအဖနှစ်ယောက်သည် ဒီမိစ္ဆာ၏ပူးကပ်ခြင်းကို ခံခဲ့ရဖို့ များလေသည်။ ယခင်က လင်းမိသားစုတွင် ထိုနတ်ဆရာနှင့် ပူးပေါင်းခဲ့သည်မှာလည်း ဤအရာပင် ဖြစ်ပေလိမ့်မည်။

မထင်မှတ်ထားသည်မှာ ဤနေရာတွင် မှန်မိစ္ဆာတစ်ကောင်လည်း ရှိနေသေးခြင်းပင်။

နှမြောစရာကောင်းသည်က သူတို့အားလုံးမှန်ထဲတွင် ရှိနေကြသဖြင့် မည်သည့်အသံမှ ထွက်ပေါ်လာခြင်း မရှိတော့ချေ။

ခဏကြာအောင် ထပ်မံစောင့်ဆိုင်းလိုက်သော်လည်း ထိုမိစ္ဆာသည် ပြန်ထွက်မလာတော့သဖြင့် ပိုင်ရှိုးမင်သည် အုတ်ကြွပ်ပြားကို မူလနေရာအတိုင်း ပြန်ထားလိုက်ပြီး အားချန်ကို ခေါ်ဆောင်ကာ ကျင့်ယန်မြို့စားအိမ်တော်မှ ထွက်ခွာလာခဲ့တော့သည်။

နှစ်ယောက်သားသည် လမ်းထိပ်တွင် တိတ်ဆိတ်စွာ ပေါ်ထွက်လာကြပြီး အားချန်က ပိုင်ရှိုးမင်နဲ့အတူ အရှေ့သို့လျှောက်ရင်း ပြောလိုက်၏။ "ရှင် ဘယ်လိုထင်လဲ။ ကျင့်ယန်မြို့စားက သူ့အိမ်မှာ မိစ္ဆာနှစ်ကောင် နေနေတယ်ဆိုတာကို သိနေမလား"

"ကျင့်ယန်မြို့စားက ဒီနှစ်တွေမှာ လူတွေနဲ့ လက်ရည်ယှဥ်တာမျိုး မရှိပေမယ့် အဆင့်၃နယ်ပယ်ကျင့်ကြံသူပဲ" ဆိုလိုရင်းမှာ သူသည် သေချာပေါက် ရိပ်မိနေမည် ဖြစ်ကြောင်းပင်။

"ဒါဆိုရင်တော့ စိတ်ဝင်စားဖို့ ကောင်းသွားပြီ။ ကျင့်ယန်မြို့စားအိမ်တော်က မိစ္ဆာနဲ့ ပိုင်ကျန့်ဟွမ် လင်းမိသားစုဆီ လွှတ်လိုက်တဲ့ နတ်ဆရာတို့ ပူးပေါင်း နေကြတာပဲ။ ကြည့်ရတာ ကျင့်ယန်မြို့စားဆီမှာ လျှို့ဝှက်ချက်တွေ မနည်းဘူးဘဲ"

ဘေးကလူက ခြေလှမ်းရပ်တန့်သွားသည်ကို ခံစားလိုက်ရသဖြင့် ပိုင်ရှိုးမင်က နောက်လှည့်ကြည့်လိုက်သည်။ "ဘာဖြစ်လို့ မသွားတော့တာလဲ"

အားချန်သည် နေရာတွင် ရပ်တန့်နေပြီး ပိုင်ရှိုးမင်ကို ကြည့်လိုက်လေသည်။ “ရှင် ဘယ်လိုထင်လဲ ရွှဲရှီက သူ့ရဲ့လျှို့ဝှက်ချက်ကို သိနေမလား"

"အခုပဲ သူ့ကို သွားမေးကြည့်ရင် သိနိုင်လောက်ပါတယ်" ပိုင်ရှိုးမင်က သူမဘက်သို့ လက်ကမ်းလိုက်လေသည်။

အားချန်သည် ချက်ချင်းပင် သူ့လက်ပေါ် သူမ၏လက်ကို လှမ်းတင်လိုက်ကာ "ဒါဆိုရင် ရှင် သူ့ကိုစစ်မေးတာ မလုပ်ခင် ကျွန်မ အရင်ဆုံး သူနဲ့စကား ပြောလို့ရမလား"

ပိုင်ရှိုးမင်က နှုတ်ခမ်းထောင့်ကို ကွေးထားလိုက်ပြီး လူကိုသူ့ဘေးနားသို့ ဆွဲခေါ်လိုက်လေသည်။ "ဒါပေါ့။ ရတာပေါ့။ ဒါပေမဲ့ သူနဲ့စကားပြောပြီးရင် ညမထွက်ရအချိန် ကျော်သွားပြီ။ ဒါဆိုရင် အားချန်ကို အိမ်ပြန်ပို့ပေးလို့ မရတော့ဘူးနော်"

အားချန်က နှာခေါင်းတစ်ချက် ရှုံ့လိုက်လေသည်။ သူ မကောင်းကြံနေမှန်း သိနေ၏။ တမင်သက်သက် သည်အချက်ကို စောင့်နေခြင်းပင်။

"ဒါဆိုလည်း ကျွန်မ အခုပဲ အိမ်ပြန်တော့မယ်" ပြောပြောဆိုဆိုနှင့် သူမက ထွက်သွားရန် ပြင်လိုက်၏။

ပိုင်ရှိုးမင်က ခါးမှပွေ့ဖက်ကာ လူကို ပြန်ဆွဲထားလိုက်သည်။ "နောက်ကျသွားပြီ"

ဤသည်မှာ အားချန်က ရွှဲရွှီကို တွေ့ရန် အကျဉ်းထောင်သို့ ဒုတိယအကြိမ် ရောက်ရှိလာခြင်းပင်။ လအနည်းငယ် ကြာမြင့်သွားသော်လည်း ရွှဲရှီသည် အနည်းငယ် ဝဖြိုးလာပြီး နေရောင်ခြည်နှင့် ဝေးကွာနေသဖြင့် မျက်နှာကတော့ ဖြူဖျော့နေလေသည်။

သူမသည် အကျဥ်းသားဝတ်စုံကို ဝတ်ဆင်ထားပြီး အချုပ်ခန်းထောင့်တွင်

ကွေးကွေးလေးထိုင်နေတာ ကိုယ်ပေါ်တွင် စောင်စုတ်လေးတစ်ထည်ကို ပတ်ထားလေသည်။ အချုပ်ခန်းတံခါး ဖွင့်သံကြားလိုက်သောအခါ မျက်လုံးများက နာကျင်စွာဖြင့် မော့ကြည့်လာခဲ့၏။

အားချန်ဖြစ်နေသည်ကို မြင်တွေ့လိုက်ရသောအခါ သူမ၏အကြည့်များသည် ဝေဝါးမနေတော့ဘဲ ဝင်လာသူကို သေလုမတက် စိုက်ကြည့်နေတော့သည်။

"ရွှဲဖူးရန် မတွေ့တာတောင် ကြာပြီနော်။ နေကောင်းရဲ့လား" အားချန်သည် ရှေ့သို့မတိုးဘဲ အချုပ်ခန်းတံခါးဝ တွင်ရပ်ကာ ရွှဲရှီကိုစကား လှမ်းပြောလိုက်သည်။ "နင် ဘာလာလုပ်တာလဲ" လူနှင့်စကား မပြောဖြစ်သည်မှာ ကြာမြင့်ပြီဖြစ်သဖြင့် သူမ၏အသံမှာ အနည်းငယ် အက်ရှလို့နေသည်။

အားချန်က တစ်ချက်ပြုံးလိုက်ကာ "သိပ်မကြာခင်က သတင်းကောင်းလေးတစ်ခု ကြားလိုက်ရလို့။ ရွှဲဖူးရန် သိချင်နေလောက်မယ် ထင်ပြီးတော့ အထူးတလည် လာပြောပြတာပါ"

ရွှဲရှီသည် သူမကို အေးစက်စွာ ကြည့်နေသော်လည်း အစပိုင်တုန်းကလို အားချိန်က နည်းနည်းလေး ဆွပေးလိုက်ရုံဖြင့် အော်ဟစ်သောင်းကျန်းခြင်း မရှိတော့ချေ။ ကြည့်ရသည်မှာ ဒီလအနည်းငယ် အကျဉ်းချခံ ထားရသည့်ဘဝက သူမကိုအနည်းငယ် ဉာဏ်ကောင်းလာစေပုံ ရလေသည်။

ရွှဲရှီ၏အေးစက်မှုက အားချန်အပေါ် သက်ရောက်မှု မရှိခဲ့ းချေ။ သူမက ကိုယ့်ဘာသာကိုယ် ဆက်ပြောလိုက်၏။ "လွန်ခဲ့တဲ့ရက်အနည်းငယ်က ကျင့်ယန်မြို့စားက ကိုယ်လုပ်တော် တစ်ယောက်ယူလိုက်တယ်"

ရွှဲရှီ၏မျက်နှာပေါ်တွင် ဘာတုံ့ပြန်မှုမှ မရှိသော်လည်း သူမ၏လက်ကတော့ စောင်အစုတ်လေးကို တင်းကျပ်စွာ ဆုပ်ကိုင်ထားလေသည်။

"ကြားတာတော့ အဲဒီမိန်းကလေးက ကျင့်ယန်မြို့စားရဲ့ အချစ်တော်ကလေး ဖြစ်နေတယ်တဲ့။ သူ အိမ်တော်ထဲ ဝင်တဲ့ နေ့တုန်းက ကျင့်ယန်မြို့စားက အိမ်တော်ထဲမှာ ဧည့်ခံပွဲတောင် ကျင်းပပေးလိုက်သေးတယ်။ မြို့စားမင်းကလည်း အသက်မငယ်တော့ဘူး။ အခုချိန်အထိလည်း သားသမီးမထွန်းကား သေးဘူးဆိုတော့ ရွှဲဖူးရန်ရယ် ရှင်စဉ်းစားကြည့်ပါဦး။ အဲဒီမိန်းကလေးက ကျင့်ယန်မြို့စားရဲ့ စိတ်ထဲမှာ ရှင့်ရဲ့နေရာကို အစားထိုးဖို့ ဘယ်လောက်ကြာမယ်ထင်လဲ"

အားချန်၏ စကားဆုံးသည်နှင့် ရွှဲရှီက အေးစက်စွာ ရယ်မောလိုက်သည်ကို ကြားလိုက်ရပြီး သူမက ပြတ်ပြတ်သားသား ပြောလိုက်၏။ "မြို့စားမင်းရဲ့စိတ်ထဲမှာ ကျွန်မနေရာကို ဘယ်သူမှ အစားမထိုးနိုင်ဘူး"

သူမ၏လေသံမှာ အလွန်ခိုင်မာ ပြတ်သားနေသဖြင့် အားချန်သည် အနည်းငယ် အံ့အားသင့်သွားရလေသည်။ သို့သော် သူမက ထုတ်မပြဘဲ ပြန်ပြောလိုက်၏။ "ရွှဲဖူးရန်က တကယ်ပဲ အဲလောက်တောင် ယုံကြည်မှုရှိနေတာလား"

သူမသည် ရွှဲရှီ၏မျက်လုံးများကို စိုက်ကြည့်လိုက်လေသည်။ "ကျင့်ယန်မြို့စားလိုလူမျိုးက အသစ်မြင်ရင် အဟောင်း မေ့တတ်တုန်းပဲလေ။ ရွှဲဖူးရန်က ရှင်းရှင်းလင်းလင်း သိထားသင့်တာပေါ့။ မဟုတ်ရင် ရှင်က ဘယ်လိုလုပ်ပြီး မြို့စားကတော် ဖြစ်လာမှာလဲ"

ရွှဲရှီသည် အားချန် အထင်သေးသော လေသံကြောင့် စိတ်ဆိုးဒေါသထွက် သွားပုံရပြီး ပွင့်ပွင့်လင်းလင်းပင် ပြောလိုက်တော့သည်။ "ဘာဖြစ်လို့လဲဆိုတော့ ကျွန်မကမြို့စားမင်းရဲ့ အသက်ကို ကယ်ခဲ့ဖူးလို့ပဲ။ သူက ဘယ်တုန်းကမှ အသစ်မြင် အဟောင်းပစ်တတ်တဲ့ လူမဟုတ်ဘူး။ သူက ကျွန်မကိုပဲ ချစ်တာ"

"ရွှဲဖူးရန်က မြေအောက်အကျဉ်းထောင်မှာ နေတာကြာသွားလို့ စိတ်က ကယောင်ချောက်ချား ဖြစ်သွားတာလား။ ရှင်က ဘယ်အချိန်တုန်းက သူ့အသက်ကို ကယ်ခဲ့ဖူးလို့လဲ"

"ငယ်ငယ်တုန်းကလေ" ရွှဲရှီက အားချန်ကို ကြည့်လိုက်လေသည်။ "ကျွန်မနဲ့ မြို့စားမင်းက ငယ်ငယ်ကတည်းက သိကျွမ်းခဲ့ကြတာ။ မင်းအမေကမှ နောက်မှရောက်လာတဲ့သူ။ မြို့စားမင်းက သူ့ကိုလက်ထပ်တာလဲ အလှပြရုံသက်သက်ပဲ။ မင်းကို မွေးပြီးတဲ့နောက် သူက အဲဒီ မိန်းမကို တစ်ခါလေးတောင် မထိတွေ့ခဲ့ဖူးဘူး"

ရွှဲရှီသည် ကြောင်အမ်းအမ်း ဖြစ်သွားသော အားချန်ကို ကြည့်ရင်းမျက်လုံးထဲတွင် ကျေနပ်အားရမှုများ ဖြတ်ပြေးသွားလေ၏။ ဒီလျှို့ဝှက်ချက်ကို သူမကဘယ်သူ့ကိုမှ မပြောပြခဲ့ဖူးပေ။ ယခုတော့ ကျိချန်ကို ကိုယ်တိုင်ကိုယ်ကျ ပြောပြလိုက်နိုင်ပြီ။

"ငယ်ငယ်တုန်းက ဟုတ်လား။ ကျောင်းကျိုးမှာလား"

"မဟုတ်ရင် ဘယ်မှာဖြစ်ဦးမှာလဲ" ရွှဲရှီ၏မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာခဲ့၏။ "မြို့စားမင်းက ကျွန်မကို ဇနီးအဖြစ် ပေါင်းသင်းမယ်လို့ ကတိပေးခဲ့ဖူးတယ်။ သူက ဘယ်တော့မှ ကတိမဖျက်ဘူး"

"အဲဒီတုန်းကသူက ဘယ်နှစ်နှစ်သား ရှိဦးမှာမလို့လဲ။ ငယ်ငယ်တုန်းက စကားကို ရွှဲဖူးရန်က တကယ်မှတ်ယူထားပြီး သူကအမြဲတမ်း လိုက်နာလိမ့်မယ်လို့ ထင်နေတာလား။ တကယ်ကို အပြစ်ကင်းစင်လွန်းလို့ ကျွန်မတောင် အထင်ကြီးသွားပြီ"

"နင်တို့သားအမိကို မြို့စားမင်းက ဘယ်တုန်းကမှ ဂရုမစိုက်ခဲ့ဖူးဘူး ဆိုတာကို နင်လက်မခံဘူးဆိုတာ ငါသိပါတယ်။ ဒါပေမဲ့ အမှန်တရားက အဲဒီအတိုင်းပဲ"

အားချန်က လက်ခုပ်တီးလိုက်ပြီး "ပုံပြင်ကောင်းလေးတစ်ပုဒ်ပဲ။ ရှင် ဒီပုံပြင်လေးကို ဖက်တွယ်ပြီးတော့ နောက်လာမဲ့လ အနည်းငယ်ကို ကျော်ဖြတ်နိုင်ပါစေလို့ မျှော်လင့်ပါတယ်"

လှည့်ထွက်လိုက်ချိန်တွင်တော့ အားချန်၏ မျက်လုံးထဲတွင် ထူးခြားသော အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားလေသည်။

ရွှဲရှီ၏အချုပ်ခန်းက ထွက်လာပြီး သိပ်မဝေးခင် အကွေ့တစ်ခုသို့ ရောက်သည်နှင့် ထိုနေရာတွင် စောင့်နေသော ပိုင်ရှိုးမင်းးကို တွေ့လိုက်ရလေသည်။

အားချန်က လျှောက်သွားလိုက်ကာ "ပိုင်လူကြီးမင်း စောင့်ရတာ ကြာသွားပြီလား"

"ဒီလောက်မြန်မြန် စကားပြော ပြီးသွားပြီလား"

"အစပျိုးရုံရှိပါ သေးတယ်။ ဆက်ပြီးမပြောဖြစ် တော့ပါဘူး"

"ဒါဆို ဘာလို့ ထွက်လာတာလဲ" ပိုင်ရှိုးမင်က မေးလိုက်သည်။

"ခုနက ကျွန်မတို့ ပြောလိုက်တဲ့ စကားတွေကို ရှင် ကြားလိုက်တယ်။ မဟုတ်လား"

"အင်း။ ဘာပြဿနာ ရှိလို့လဲ"

အားချန်၏ မျက်ဝန်းများသည် အနည်းငယ်လှုပ်ရှားသွားပြီး မျက်လုံးအိမ်များက အနည်းငယ် လည်သွားလေသည်။ "ပြဿနာ နည်းနည်းတော့ရှိတယ်။ ကျိချန်ရဲ့အမေနဲ့ ကျင့်ယန်မြို့စားက လက်ထပ်ပြီးခါစ အချိန်တုန်းက တကယ်တော့ သံယောဇဉ် သိပ်ကောင်းခဲ့ကြတာ"

ပိုင်ရှိုးမင်က သူမဆက်ပြောလာမည့် အရာကိုတိတ်ဆိတ်စွာ နားထောင်နေလိုက်သည်။

"နောက်ပိုင်းကျမှ သံယောဇဉ် ပျက်ပြားသွားခဲ့တာ။ လင်းရှီကလည်း ကျိချန်ကို အမြဲတမ်း ဂရုတစိုက် ပြုစုပျိုးထောင်ခဲ့တယ်။ သူက ကျင့်ယန်မြို့စားနဲ့ သားအဖစိတ် ဝေးကွာသွားမှာစိုးလို့ ပုံမှန်အချိန်တွေမှာ ကျင့်ယန်မြို့စားရဲ့ အကြောင်းတွေကို အများကြီးပြောပြတတ်တယ်"

"ဘာတွေ ပြောပြလဲ"

"ကျိချန်က စာဖတ်ရတာ ပင်ပန်းလို့ မကြိုက်ဘူး။ အဲဒီအခါကျရင် လင်းရှီက သူ့ကို စိတ်ဓာတ်တက်ကြွလာအောင် သူ့ကို မြို့စားရဲ့ငယ်ဘဝအကြောင်းတွေ ပြောပြလေ့ရှိတယ်"

"လင်းရှီ ပြောပြချက် အရဆိုရင် ကျင့်ယန်မြို့စားက ငယ်ငယ်ကတည်းက အရမ်းကို ဉာဏ်ကောင်းပြီးတော့ မြို့တော်က မူးမတ်အသိုင်းအဝိုင်း ကြားမှာနာမည်ကြီးတယ်။ နောက်ပိုင်းကျင့်ကြံခြင်း ပါရမီကလည်း ပိုပြီး ထင်ရှားလာတယ်။ ရွယ်တူတွေထဲမှာ သူ့ကိုယှဉ်နိုင်တဲ့သူ နည်းနည်းပဲရှိတယ်။ ဒါပေမဲ့ သူက အရမ်းကို ကြိုးစားတယ်။ နေ့တိုင်း ကျင့်ယန်မြို့စားဟောင်းကြီးနဲ့အတူ လေ့ကျင့်တာ တစ်ရက်မှ မပျက်ကွက်ခဲ့ဘူး။ သူက အသက်၁၆နှစ် ပြည့်ပြီး ဒုတိယအဆင့် နယ်ပယ်ကို ချိုးဖောက်ခါနီးအချိန်ရောက်မှ စစ်တပ်ထဲကို ဝင်ရောက်ခဲ့တာ"

"ငါ မှတ်မိသလောက် ကျင့်ယန်မြို့စားဟောင်းကြီးက ကျိဟန်ရဲ့အဘိုး မဟုတ်လား"

"ကျင့်ယန်မြို့စားရဲ့ အဖေအရင်းက စောစောစီးစီး ဆုံးပါးသွားတော့ မြို့စားဘွဲ့က သူ့အဖေကိုကျော်ပြီး ကျင့်ယန်မြို့စားဟောင်းကြီး လက်ထဲကနေ သူ့လက်ထဲကိုပြန်ပြီး ရောက်လာခဲ့တာ" အားချန်က ပြောပြလိုက်သည်။

ပိုင်ရှိုးမင်က စဉ်းစားဟန် ပြုလိုက်၏။ "ကြားဖူးတာတော့ အဲဒီကျင့်ယန်မြို့စားဟောင်းကြီးက အစောပိုင်းနှစ်တွေမှာ စစ်ထွက်တိုက်ရင်း ဒဏ်ရာအပြင်းအထန် ရခဲ့တယ်တဲ့။ မြို့တော်ကို ပြန်ရောက်ပြီးတဲ့ နောက်ပိုင်းမှာလည်း ကျန်းမာရေး သိပ်မကောင်းဘူး။ ကျင့်ယန်မြို့စား လက်ထပ်ပြီး ဒုတိယနှစ်မှာပဲ ကွယ်လွန်သွားခဲ့တယ်"

"အဲဒီလိုကိစ္စမျိုး ရှိခဲ့ဖူးတယ်"

ထိုအချိန်က ကျိချန်ကိုပင် မမွေးသေးချေ။ ထိုကြောင့်သူမ၏ မှတ်ဉာဏ်ထဲတွင် အဘိုးအဘေးနှင့် ပတ်သက်သည့် အရာများမရှိချေ။ သို့သော်ငြား အိမ်တော်ထဲက လူဟောင်းများအားလုံး သိကြသည်မှာ ကျင့်ယန်မြို့စားနှင့် သူ့အဘိုးသည် သံယောဇဉ်အလွန် နက်ရှိုင်းကြသည်ကိုပင်။

"ဒါဆိုရင် နေ့တိုင်းမပျက်မကွက် ကျင့်ကြံနေတဲ့ကျင့်ယန်မြို့စားက ဘယ်လိုလုပ်ပြီး ကျောင်းကျိုးကို ရောက်နေပြီးတော့ မိန်းကလေးငယ် တစ်ယောက်ရဲ့ ကယ်တင်တာကို ခံရလောက်အောင် ဒုက္ခရောက်နေရတာလဲ" ပိုင်ရှိုးမင်သည် အားချန်၏စကားထဲက ဟာကွက်ကို အလွယ်တကူပင် ထောက်ပြလိုက်လေသည်။

အားချန်၏ နှုတ်ခမ်းထောင့်များက ကွေးတတ်သွားလေ၏။ "ဒါတင်မကသေးဘူး။ ဒုက္ခရောက်နေတဲ့ ကျင့်ယန်မြို့စားက မြို့စားဟောင်းကြီး သူ့ဘေးနားမှာ ထားပေးတဲ့ အစောင့်အရှောက်တွေကို အရင်ဆုံး ခါထုတ်ပစ်ရဦးမယ်။ ဘာပဲဖြစ်ဖြစ် သူက မြို့စားအိမ်တော်ရဲ့ဆက်ခံသူလေ"

ကျင့်ယန်မြို့စား၏ အတိတ်နှင့် ရွှဲရှီပြောပြသည့်အတိတ်က နားထောင်ကြည့်လျှင်တော့ ဘာပြဿနာမှ မရှိသလိုပင်။ သို့သော်ငြား အတူတူ ယှဥ်တွဲပြီးနားထောင် ကြည့်လိုက်လျှင်တော့ ဒီအကြောင်းအရာထဲက ကြီးမားသည့် ဟာကွက်ကြီးတစ်ခု ရှိနေသည်ကို တွေ့မြင်ရလိမ့်မည်။

ရွှဲရှီသည် ငယ်စဉ်အချိန်တုန်းက ကျင့်ယန်မြို့စားအနေနှင့် ကျောင်းကျိုးမှာ ဘယ်လိုမှ ရှိမနေသင့်သလို သူမ၏ကယ်တင်ခြင်းကို ခံရဖို့လည်း အခွင့်အရေးမရှိချေ။

အကယ်၍ သူမသာမလိမ်ဘူးဆိုလျှင် ဖြစ်နိုင်ခြေတစ်ခုသာ ရှိတော့သည်။ ထိုအချိန်က သူမကယ်တင်လိုက်သည့် သူမှာ ကျင့်ယန်မြို့စား မဟုတ်ပေ။

အကယ်၍ ကယ်လိုက်သည့်လူက ကျင့်ယန်မြို့စား မဟုတ်ဘူးဆိုလျှင် သူက ဘာကြောင့်များ ကျောင်းကျိုးမှနေ၍ ခေါ်ထုတ်လာခြင်းခံရပြီး ကျင့်ယန်မြို့စား၏ အငယ်အနှောင်း ဖြစ်လာရသနည်း။ နောက်ဆုံးကျမှ အဘယ်ကြောင့်များ ဒီလိုအဆင့်အတန်းနှင့် ကျင့်ယန်မြို့စားကတော် ဖြစ်လာရသနည်း။

ရွှဲရှီ၏ ကြုံတွေ့ခဲ့ရသော အဖြစ်အပျက် အမျိုးမျိုးက သက်သေပြနေသည်မှာ သူမ လိမ်ပြောနေခြင်း မဟုတ်သည်ကိုပင်။ ကျင့်ယန်မြို့စားက သူမအပေါ် အမှန်တကယ် စွဲလမ်းချစ်ကြိုက် နေခဲ့လေသည်။

အားချန်၏ စိတ်ထဲတွင် ယုတ္တိမဲ့သော ခန့်မှန်းချက်တစ်ခု ပေါ်ထွက်လာခဲ့၏။

သူမက ပိုင်ရှိုးမင်ကို မော့ကြည့်လိုက်၏။ "ကျင့်ယန်မြို့စားက အရင်တုန်းက ကျောင်းကျိုးမှာ ဒဏ်ရာရခဲ့ဘူးလားဆိုတာကို ရှင့်လူတွေ စုံစမ်းနိုင်မယ်လို့ ကျွန်မ ထင်တယ်"

ပိုင်ရှိုးမင်က ခေါင်းတစ်ချက်ငြိမ့်ပြလိုက်၏။ "ဒါက မခက်ခဲပါဘူး"

"နောက်ပြီးတော့ ကျွန်မနဲ့ကျင့်ယန်မြို့စားကြားမှာ သွေးသားတော်စပ်မှု မရှိဘူးဆိုတာပြန်ပြီး စစ်ဆေးကြည့်ချင်သေးတယ်"

...

All Chapters