ပထမဆုံးအရေခွံက ဘယ်ရောက်သွားလဲဆိုတာ ပြောလေ ...
Vol. 21 Ch. 203
မြေအောက် အကျဉ်းထောင်က ထွက်လာပြီးနောက် အားချန်က ချက်ချင်း ထွက်မသွားသေးဘဲ သူမ၏ခန့်မှန်းချက် မှန်မမှန်ကို သိပ်သိချင်နေမိ၏။
ပိုင်ရှိုးမင်၏ လူများက စွမ်းဆောင်ရည် အလွန်မြန်ဆန်လှသည်။ ညမထွက်ရ အမိန့်ထုတ်ပြန်ပြီးဖြစ်သော်ငြား တစ်နာရီလောက် အကြာအတွင်းမှာပင် ကျင့်ယန်မြို့စား၏ အတိတ်က ခြေရာလက်ရာ အကုန်အစင်ကို စုံစမ်းလို့ရခဲ့သည်။
အားချန် ခန့်မှန်းထားသည့် အတိုင်းပင်။ ကျိဟန်သည် ကျောင်းကျိုးသို့ ငယ်စဉ်ကတစ်ခါမှ မရောက်ခဲ့ဖူးချေ။
သို့ဆိုလျှင် ရွှဲရှီနှင့် သစ္စာပြုခဲ့ကာ သူမကို မြို့စားအိမ်တော်အတွင်းသို့ လက်ထပ်ဖို့ရန် အကောင်းဆုံး ကြိုးစားခဲ့သည့် ကျင့်ယန်မြို့စားသည်ံ မည်သူဖြစ်ပါသနည်း။ တကယ့်ကျင့်ယန်မြို့စား အစစ်အမှန်က မည်သည့်နေရာသို့ ရောက်သွားပါသနည်း။
"ရွှဲရှီက သူ့ရဲ့သရုပ်မှန်ကို သိနေတယ်လို့ ထင်လား" အားချန်က မိမိ၏လက်အောက် ငယ်သားပို့လာသည့် ကျိမိသားစုတစ်ခုလုံး၏ အချက်အလက်ကို ကြည့်နေသော ပိုင်ရှိုးမင်ကို ကြည့်လိုက်လေသည်။
ထူထဲလှသည့် စာရွက်ပုံကြီးကို ကြည့်လိုက်ပြီးနောက် အားချန်သည် တစ်ချက်သာလှမ်းကြည့်လိုက်ကာ အကြည့်လွှဲထားလိုက်တော့သည်။
"မသိသေးဘူး" ပိုင်ရှိုးမင်က ပြတ်ပြတ်သားသား ပြန်ဖြေလာသည်။
"ကျွန်မလည်း အဲ့လိုထင်တာပဲ။ တကယ်လို့ သူသာ သိမယ်ဆိုရင် အလွယ်တကူ ကျော်သွားပေးမှာ မဟုတ်လောက်ဘူး" အားချန်သည် အခုလေးတင် စကားပြောခဲ့သည့် ရွှဲရှီ၏မျက်နှာကို ပြန်စဉ်းစားလိုက်ပြီး တီးတိုး ရေရွတ်လိုက်၏။ "တကယ်လို့ ရွှဲရှီသာ မသိဘူးဆိုရင် သူက သူ ကယ်ခဲ့ဖူးတဲ့လူနဲ့ ကျင့်ယန်မြို့စားကြားမှာ ရုပ်ရည်ကွာခြားချက် ရှိတာကို ဘယ်လိုလုပ်ပြီး မမှတ်မိတာလဲ"
နှစ်ယောက်သားသည် နှစ်အနည်းငယ်ကြာပြီးမှ တစ်ဖန်ပြန်တွေ့ကာ သူတို့၏ရုပ်ရည်များက အနည်းငယ် ပြောင်းလဲသွားသည့်တိုင် သူတို့သည် တစ်ယောက်နှစ်တစ်ယောက် လုံးဝ မှားယွင်းနေသည် အထိတော့ ဖြစ်လိမ့်မည် မဟုတ်ပေ။
"ဒါမှမဟုတ်ရင် ..."
"သူ ကယ်တင်လိုက်တဲ့ လူနဲ့ကျင့်ယန်မြို့စားရဲ့ရုပ်ရည်က အစကတည်းက အရမ်းတူနေလို့ သူက ဘယ်တုန်းကမှ သံသယမဝင်ခဲ့တာပဲနေမှာ"
ပိုင်ရှိုးမင်သည် မှတ်တမ်းအထပ်လိုက်ထဲက စာရွက်နှစ်ရွက်ကို ရွေးထုတ်လိုက်ပြီး ဘေးတွင် ချလိုက်ကာ အားချန်ကလည်း အနားသို့ တိုးကပ်လာပြီး ကြည့်ရှုလိုက်လေသည်။ အပေါ်တွင် လူနှစ်ဦး၏ မှတ်တမ်းများ ရှိနေပြီး အမည်များမှာ ကျိဟန်နှင့် ကျိမော့တို့ ဖြစ်ကြသည်။
ထိုနှစ်ဦး၏ အသက်အရွယ်သည် ကျင့်ယန်မြို့စားနှင့် တူညီကြပြီးသူနှင့် ဖအေတူမအေကွဲများ ဖြစ်ကာလွန်ခဲ့သည့် နှစ်ပေါင်း၂၀ခန့်က ပြင်ပတွင် မတော်တဆ သေဆုံးသွားခဲ့ကြပြီး အလောင်းများကို ပြန်လည်ရှာမတွေ့ခဲ့ကြချေ။
"ဒီကျိမော့က ကျိကျွမ်းရဲ့ မယားငယ်က မွေးတဲ့ညီပဲ" အားချန်သည် ဒီအချက်ကို တွေ့လိုက်ရပြီးနောက် စားပွဲပေါ်တွင် တင်ထားသည့် ပိုင်ရှိုးမင်၏ လက်ကိုဆွဲယူကာ လှုပ်ယမ်းလိုက်ပြီး သူ့ကိုအမြန်ကြည့်ရန် အမူအရာပြလိုက်လေသည်။
"အင်း" ပိုင်ရှိုးမင်က ပြန်ထူးလိုက်၏။
အားချန်သည့် အောက်ဘက်သို့ ဆက်လက်ကြည့်ရှုလိုက်ကာ အပေါ်တွင် ရှင်းလင်းစွာရေးသားထားလေသည်။ ကျိမော့သည် ငယ်စဉ်ကမိသားစုနှင့် လူချင်းကွဲပြီး အပြင်လောကတွင် လွင့်မျောနေခဲ့ကာ နောက်ပိုင်းမှ ကိုယ့်ဘာသာကိုယ် အိမ်သို့ပြန်ရှာတွေ့ ခဲ့ခြင်းဖြစ်သည်။ ထို့နောက်တွင် သူသည် အသက်၁၉နှစ်အရွယ်တွင် စီးပွားရေးလုပ်ရန် အပြင်ထွက်ခွာသွားချိန် လမ်းတွင် တောင်ဓားပြများနှင့် တွေ့ဆုံခဲ့ပြီး ထိုအချိန်မှစကာ အစအန ပျောက်ဆုံးသွားခဲ့ခြင်းဖြစ်၏။
"သူနဲ့ကျင့်ယန်မြို့စားက မွေးတဲ့ခုနှစ် တူညီပြီးတော့ ဖအေတူမအေကွဲ ညီအစ်ကိုတွေလည်း ဖြစ်နေပြန်တော့ ရုပ်ရည်က နည်းနည်းပါးပါး ဆင်တူနေလို့သာ ရွှဲရှီကိုလှည့်စားနိုင်ခဲ့တာ ဖြစ်လောက်တယ်" ပိုင်ရှိုးမင်က စကားမပြောသဖြင့် အားချန်က ဆက်ပြောလိုက်လေသည်။ "ဒါပေမဲ့ မြို့စားတစ်ယောက်ရဲ့ နေရာကိုအစားထိုး ဝင်ယူတယ်ဆိုတာက ကိစ္စကြီးတယ်။ သေချာပေါက် အစစအရာရာ ပြည့်စုံအောင် လုပ်ထားရမှာပေါ့။ ကျိချန်ရဲ့ အမေတောင်မှ ကိုယ့်ဘေးနားကလူရဲ့ ထူးခြားမှုကို မမှတ်မိနိုင်ဘူးဆိုရင် သူ့ရဲ့ရုပ်ရည်က ကျင့်ယန်မြို့စားနဲ့ တစ်ပုံစံတည်း တူညီနေမှာသေချာတယ်"
ပိုင်ရှိုးမင်သည် ခေါင်းကို စောင်းကာအလေးအနက် တွေးတောနေသည့် အားချန်ကို ကြည့်လိုက်ပြီး နှုတ်ခမ်းတောင့်များတွင် အပြုံးတစ်ခု ပေါ်ထွက်လာခဲ့၏။ "ပြီးတော့ရော"
"ပိုင်လူကြီးမင်က မှတ်ဉာဏ် ဒီလောက်ကောင်းတာ။ ရှင်းအန်းရှန့်ကျူရဲ့အမှုကို မေ့သွားမှာတော့ မဟုတ်လောက်ပါဘူးနော်"
"ဒါပေါ့ မမေ့ပါဘူး။ ကိုယ့်ရဲ့သတိပေးချက်ကို လျစ်လျူရှုပြီး အရှင်မင်းကြီးရဲ့ သက်တော်ရှည်ပွဲတော်မှာ ပြဿနာရှာရဲတဲ့သူက တစ်ယောက်တည်း ရှိတာကိုး" သူက ရည်ရွယ်ချက်တစ်ခုဖြင့် ပြောလိုက်လေသည်။
အားချန်ကလည်း ချက်ချင်းပင် အပြစ်ကင်းစင်သည့်ပုံစံလေး ပြုလုပ်လိုက်၏။ “ကိစ္စတွေက ပြီးတာကြာနေပါပြီ။ ဘာဖြစ်လို့ အဟောင်းတွေကို ပြန်ဖော်နေရတာလဲ။ အလုပ်ကိစ္စပဲ ပြောရအောင်ပါ"
ပိုင်ရှိုးမင်က တစ်ချက်ပြုံးလိုက်ကာ "မင်း ပြောလေ။ ကိုယ်နားထောင်နေတယ်"
"အဲဒီတုန်းက ယွီသခင်မက ကျွန်မကိုပြောပြဖူးတယ်။ သူနဲ့ ရှန့်ကျူအတုကို မျက်နှာလဲပေးတဲ့လူရဲ့ မိသားစုမှာ ဝေရွှယ်အရေခွံ နှစ်ခုရှိတယ်တဲ့။ အဲဒီထဲကတစ်ခုကို သုံးလိုက်ပြီးပြီ။ ကျန်တဲ့တစ်ခုနဲ့ သူ့မျက်နှာကို လဲလိုက်တာတဲ့။ ရှင် ပြောကြည့် ပထမအရေခွံက ဘယ်ရောက်သွားလဲ"
ဒီကိစ္စကို ပိုင်ရှိုးမင်လည်း သိထားလေသည်။ သို့သော် ထိုအချိန်က သူ၏အာရုံစိုက်မှု အားလုံးသည် ရှင်းအန်းရှန့်ကျူ အပေါ်တွင်သာ ရှိနေခဲ့ပြီး လှည့်ပတ်ကာဖြင့် ပထမ ဝေရွှယ်အရေခွံ၏ သဲလွန်စသည် ဒီနေရာတွင် ပေါ်လာလိမ့်မည်ဟု ထင်မှတ်မထားခဲ့မိပေ။
"သက်သေ အထောက်အထားမရှိဘဲ လျှောက်ပြီး မှန်းဆလို့မရဘူး" ပိုင်ရှိုးမင်သည် ပြောရင်းဆိုရင်းဘေးနားက စုတ်တံကိုယူကာ အားချန်ကို လှမ်းပေးလိုက်ပြီး မှင်တောင့်ကို ကိုင်ကာ သူမအတွက် မှင်သွေးပေး လိုက်လေသည်။
အားချန်က စုတ်တံကို လှမ်းယူလိုက်ပြီး မှင်ရည် အနည်းငယ် စိမ်လိုက်ကာ စက္ကူဖြူပေါ်တွင် ဆေးနည်းကို စတင်ရေးသားလိုက်တော့သည်။
အစက ဒီဆေးနည်းကို သူမကိုယ်တိုင် လေ့လာတွေ့ရှိခဲ့ခြင်းဖြစ်ပြီး အာနိသင်မှာ အလွန်ကောင်းမွန်လေသည်။ ပြန်လည် အသုံးပြုရမည့် နေ့တစ်နေ့ ရှိလာလိမ့်မည်ဟု ထင်မှတ်မထားမိချေ။
သို့သော် ယခင်ဆေးနည်းသည် ပြုလုပ်ရန် အချိန်လိုအပ်သဖြင့် ဒီတစ်ကြိမ်တွင် သူမက ပစ္စည်းနှစ်မျိုး ထပ်ထည့်လိုက်ကာ အမွှေးနံ့သာမှုန့် ပြုလုပ်သည့်အချိန်ကို လျှော့ချလိုက်လေသည်။
ပါဝင်ပစ္စည်းများနှင့် ပြုလုပ်နည်းကို ရေးမှတ်ပြီးနောက် အားချန်သည် စုတ်တံကို ချထားလိုက်ရာ ပိုင်ရှိုးမင်က သူမ၏လက်ကို ဆုပ်ကိုင်လိုက်ပြီး လက်ကောက်ဝတ်ကို နှိပ်နယ်ပေးလိုက်၏။ "ပင်ပန်းသွားပြီ"
"ပင်ပန်းမှန်းသိရင် ကျွန်မကို အိမ်ပြန်မပို့ဘဲ ဘာလုပ်နေတာလဲ" သူမသည် လက်ကို ပြန်ရုပ်သိမ်းလိုက်လေသည်။ အလွယ်တကူဖြင့် အချော့ခံမည့် ပုံမပေါ်ချေ။
"ဒီညတော့ မပြန်ပါနဲ့တော့လား။ ကိုယ် မင်းကို စွမ်းအင်စီးဆင်းအောင် ကျင့်ကြံတဲ့နည်း သင်ပေးမယ်လေ" ပိုင်ရှိုးမင်က အကြံပြုလိုက်သည်။
အားချန်သည် သူ့ကို မျက်စောင်းထိုးလိုက်ပြီး သူကမရိုးသားကြောင်း ခံစားနေရသဖြင့် ယဉ်ကျေးစွာပင် ငြင်းပယ်လိုက်တော့သည်။ "ကျွန်မအရင်က ကျင့်ကြံခြင်း မလုပ်ဖူးတာမှ မဟုတ်တာ"
"လူနဲ့မိစ္ဆာရဲ့ ကျင့်ကြံတဲ့ ပုံစံကအရမ်းကွာခြားတယ်။ စွမ်းအင်လမ်းကြောင်း လွဲသွားတာနဲ့ ခန္ဓာကိုယ်ကို ထိခိုက်ဖို့လွယ်ကူတယ်" ပိုင်ရှိုးမင်၏ မျက်နှာအမူအရာမှာ အလေးအနက် ရှိနေပြီး တည်ကြည်လို့ နေလေသည်။
အားချန်လည်း အနည်းငယ် တုန့်ဆိုင်သွားမိ၏။ သူပြောသည့် စကားကလည်း မမှားချေ။
ပိုင်ရှိုးမင်သည် ဆက်ပြီး စည်းရုံးလေသည်။ "ဒါအပြင် မင်းလက်ထဲမှာလည်း သင့်တော်တဲ့ ကျင့်စဉ်မရှိသေးဘူးလေ။ ကိုယ့်ဆီမှာတော့ အများကြီးရှိတယ်။ မင်းနဲ့သင့်တော်တဲ့ ကျင့်စဉ်ကို ရှာတွေ့မယ်လို့ အာမခံတယ်"
"ဒါဆိုရင်လည်း ... ကောင်းပြီလေ" အားချန်သည် နောက်ဆုံးတွင် လက်ခံလိုက်ပြီး သူ့အကြံပြုချက်ကို သဘောတူလိုက်တော့၏။
အားချန်ရေးပေးသည့် ဆေးနည်းကို လက်အောက်ငယ်သားထံ အပ်နှံလိုက်ပြီး ပိုင်ရှိုးမင်သည် ရုံးတော်ရှိ သူ၏နေအိမ်သို့ သူမကို ခေါ်ဆောင် သွားခဲ့လေသည်။
သူသည် အမှန်တကယ်ပင် ယခင်ကပြောခဲ့သလို သူမအတွက် ကျင့်စဉ်ကို ရွေးချယ်ပေးခဲ့ပြီး ခန္ဓာကိုယ်အတွင်းသို့ စွမ်းအင်များကိုမည်သို့ မှန်ကန်စွာ စီးဆင်းရမည်ကိုလည်း သင်ကြားပေးခဲ့သည်။
အားချန်က အောင်မြင်သွားသည့် အခါသူကလည်း အရှက်မဲ့စွာဖြင့် စုံတွဲကျင့်စဉ် နည်းလမ်းသည် ကျင့်ကြံခြင်းအတွက် တိုးတက်မှုရှိမရှိ သူမနှင့် ဆွေးနွေးလိုသည်ဟု ပြောလာခဲ့လေသည်။
အားချန်သည် တခဏတာ မှားယွင်းသွားမိပြီး မိမိကိုယ်ကို ကျားပါးစပ်ထဲသို့ ပို့ဆောင်လိုက်မိတော့၏။ ညသန်းခေါင်ယံတွင် သူမသည်သနားစဖွယ် ကောင်းလှစွာဖြင့် ကုတင်ပေါ်တွင် မှောက်လျက်သား ဖြစ်နေပြီး လက်ချောင်းလေးတစ်ချောင်းကိုပင် မလှုပ်ရှားနိုင်တော့ပေ။
ပိုင်ရှိုးမင်၏ လက်ဖဝါးသည် သူမ၏ ခါးသိမ်သိမ်လေးပေါ်တွင် ဖုံးအုပ်ထားပြီး လက်ကမချချင်အောင် အပြန်ပြန် အလှန်လှန် ပွတ်သပ်နေကာ သူမကို ပြောလိုက်သေးသည်။ "စုံတွဲကျင့်စဉ်က ကျင့်ကြံခြင်းအတွက် တကယ်ပဲ အထောက်အကူ ဖြစ်တာပဲ။ နောက်ဆိုရင် များများ စမ်းသပ်ကြည့်သင့်တယ်"
အားချန်သည် မျက်လုံးတစ်ချက် လှန်ကြည့်လိုက်ပြီး ကိုယ်ပေါ်က စောင်ကိုဆွဲယူကာ သူ့ကို လုံးဝဂရုမစိုက်ဘဲ အိပ်စက်လိုက်တော့သည်။
တစ်ညတာ ကုန်ဆုံးသွားပြီး မိုးမလင်းခင်မှ ဘေးကလူသည် လှုပ်ရှားလာခဲ့၏။ အားချန်သည် မျက်ခွံကိုပင့်ကာ သူ့ကို တစ်ချက်ကြည့်လိုက်ရာ ပိုင်ရှိုးမင်က ကိုယ်ကိုကိုင်းညွှတ်ပြီး သူမ၏ပါးပြင်ကို နမ်းလိုက်ကာ လေသံတိုးတိုးဖြင့် ပြောလာလေသည်။ "ကိုယ်ညီလာခံ သွားတက်လိုက်ဦးမယ်။ မင်း ဆက်အိပ်နေလိုက်နော်"
အားချန်သည် မျက်လုံးများကို မှိတ်ပြီးပြန်လည်အိပ်စက် သွားခဲ့လေသည်။
သူမပြန်နိုးထလာ ချိန်တွင်တော့ မနက်ကိုးနာရီအချိန်။ရှိနေပြီဖြစ်ကာ ပိုင်ရှိုးမင်သည် အနီရောင် တောက်တောက် အရာရှိဝတ်စုံကိုဝတ်ဆင်လျက် ကုတင်ဘေးတွင် ထိုင်နေပြီး မည်သည့်အချိန်က ပြန်ရောက်နေမှန်း မသိချေ။
အားချန်က ပျင်းရိစွာဖြင့် ကိုယ်ကိုတစ်ဖက်သို့ လှည့်လိုက်ပြီးတော့ မနေ့ညက ဖြစ်ပျက်ခဲ့သည်များကို သတိရသွားကာ မေးလိုက်၏။ "အမွှေးနံ့သာမှုန့် လုပ်ပြီးသွားပြီလား"
ပိုင်ရှိုးမင်သည် သူမ၏မျက်နှာပေါ်က ရှုပ်ပွနေသည့် ဆံနွယ်များကို သပ်တင်ပေးလိုက်ပြီး ပြန်ဖြေလိုက်၏။ "လုပ်ပြီးသွားပြီ"
"ဒါဆိုရင် ဘယ်အချိန်ကျမှ ကျင့်ယန်မြို့စားကို မင်းကျင့်စီးကို ဧည့်သည်အဖြစ် ဖိတ်ခေါ်မှာလဲ"
သူမသည် ပွဲကြည့်ချင်နေပြီ။
"ကြိုက်တဲ့အချိန် ရတယ်"
မနက်၁၀နာရီ တိတိတွင်တော့ မင်းကျင့်စီးအစောင့်တပ်ဖွဲ့သည် မင်းကျင့်စီးက ထွက်ခွာလာကြရာ လမ်းတလျှောက်တွင် တွေ့ရသည့် ပြည်သူများက အသီးသီးရှောင်ရှားကြပြီး မည်သည့်အိမ်တော်တော့ ကံဆိုးပြန်ပြီလဲဟု စိတ်ထဲတွင် ခန့်မှန်းနေကြလေသည်။
ဒီအချိန်တွင် ကျင့်ယန်မြို့စားသည် အိမ်တော်ထဲတွင် ရှိနေဆဲပင်။
ရွှဲရှီ ပြဿနာ တက်ပြီးကတည်းက သူသည် ဘာမှမသိခဲ့သော်လည်း အရှင်မင်းကြီး၏ အမျက်တော်ရှခြင်းကို ခံခဲ့ရကာ ယခင်က တာဝန်များကို ရပ်ဆိုင်းခံလိုက်ရပြီး ညီလာခံပင် မတက်ရောက်နိုင်တော့ဘဲ နေ့စဉ်အိမ်မှာသာ နေထိုင်ရလေသည်။
ယခုအခါတွင်တော့ သူသည်လည်း ဒီလိုအေးဆေးသည့် နေ့ရက်များကို ကျင့်သားရနေလေပြီ။
မင်းကျင့်စီး အစောင့်များ ရောက်ရှိလာချိန်တွင် သူသည် ခြံဝင်းထည့်၌ သစ်ပင်ပန်းပန်များကို ပြုစုပျိုးထောင်နေခဲ့၏။
ပင်မခြံဝင်းကို လူများ ကျူးကျော်ဝင်ရောက်လာသဖြင့် ကျင့်ယန်မြို့စားသည် ခေါင်းမော့ကာ ခေါင်းဆောင်ဖြစ်သူကို ကြည့်လိုက်ပြီး အသံကလည်း အနည်းငယ် အေးစက်လို့နေသည်။ "ပိုင်လူကြီးမင်း ဒါက ဘာသဘောလဲ"
ပိုင်ရှိုးမင်သည် ကျင့်ယန်မြို့စား လက်ထဲက ကျိုးပဲ့သွားသည့် ပန်းခက်ကို တစ်ချက်ကြည့်လိုက်ပြီး ပြောလိုက်၏။ "ကျင့်ယန်မြို့စားက တကယ်ပဲ စိတ်ကူး ယဉ်ဆန်တာပဲ။ မြို့စားမင်းအိမ်မှာ အနားယူနေတဲ့ ကာလမှာတောင် မယားငယ် ယူလိုက်သေးတယ်လို့ ကြားတယ်။ ကြည့်ရတာ နေ့ရက်တွေ ဖြတ်သန်းရတာမဆိုးဘူးပဲ"
ကျင့်ယန်မြို့စား၏ ရင်ထဲတွင် တင်းကြပ်သွားပြီး ကျိုးပဲ့နေသော ပန်းခက်သည် သူ့လက်ထဲတွင် နောက်ထပ်တစ်ပိုင်း ထပ်ကြိုးသွားပြန်လေသည်။ "ပိုင်လူကြီးမင်းက ဘယ်အချိန်ကစပြီး ဒီမြို့စားရဲ့ ကိုယ်ရေးကိုယ်တာတွေကို ဒီလောက်တောင် စိတ်ဝင်စားသွားရတာလဲ"
"အမြဲတမ်း စိတ်ဝင်စားနေခဲ့တာပါ" ပိုင်ရှိုးမင်သည် တည်ငြိမ်ချင်ယောင် ဆောင်နေသည့် ကျင့်ယန်မြို့စားကို ကြည့်ကာ လေသံအေးအေးဖြင့် ပြောလိုက်၏။ "မဟုတ်ရင်လည်း ဒီအရာရှိက ကျင့်ယန်မြို့စားက အိမ်တော်မှာ မိစ္ဆာမျိုးနွယ် တွေ့ကို ဝှက်ထားရဲတယ်ဆိုတာကို တွေ့ရှိနိုင်မှာ မဟုတ်ဘူးလေ"
"ဒီမြို့စား မလုပ်ခဲ့ပါဘူး"
ကျင့်ယန်မြို့စား၏ စကားသံဆုံးသည်နှင့် ကျန်းခိုင်၏အသံသည် အဝေးမှ ပေါ်ထွက်လာခဲ့လေသည်။ "လူကြီးမင်း အဲဒီမိစ္ဆာနှစ်ကောင်လုံးကို ဖမ်းမိပါပြီ"
ကျင့်ယန်မြို့စား၏ မျက်ဝန်းအိမ်များ ကျုံ့သွားပြီး စိတ်ထဲတွင် လေးလံသွားသော်လည်း ထိတ်လန့်သည့် အရိပ်အယောင် မပြသဘဲ သံသယဖြစ်နေသည့် မျက်နှာဖြင့်ပြန်မေးလိုက်၏။ "ဘာမိစ္ဆာလဲ"
"ကျင့်ယန်မြို့စား ကိုယ်တိုင်ယူထားတဲ့ မယားငယ်လေ။ တစ်ဖက်လူက ဘာအထောက်အထားလဲဆိုတာ မသိဘူးလား"
"သေချာပေါက် သိတာပေါ့။ အားယောင်က သာမန်အိမ်က မိန်းကလေးပဲ။ ပိုင်လူကြီးမင်း မယုံရင် စစ်ဆေးကြည့်လို့ရပါတယ်"
ဒီအချိန်တွင် ကျန်းခိုင်နဲ့ သူလက်အောက်ငယ်သားများသည် ကျင့်ယန်မြို့စားက မယားငယ်၏ ခန္တာကိုယ်နှင့် ချိတ်ပိတ်ထားသော မှန်တစ်ချပ်ကို သယ်ဆောင်ကာလျှော က်လာလေသည်။
သူ့စကားကို ကြားလိုက်ရသောအခါ ကျန်းခိုင်က ပါးစပ်များဖြဲကာ ပြုံးပြလိုက်၏။ "မြို့စားမင်းရဲ့ မျက်လုံးက သိပ်မကောင်းဘူးပဲ။ ခင်ဗျားရဲ့ ဒီမယားငယ်က မိစ္ဆာမျိုးနွယ် ပူးကပ်ခံထားရရုံမကဘူး။ သူ့အခန်းထဲမှာ မှန်မိစ္ဆာတစ်ကောင်လည်း ရှိနေသေးတယ်"
"ဒါ မဖြစ်နိုင်ဘူး" ကျင့်ယန်မြို့စား၏ မျက်နှာထား ပြောင်းလဲသွားပြီး ပိုင်ရှိုးမင်ကို လှမ်းကြည့်လိုက်လေသည်။ "ပိုင်လူကြီးမင်း ဒီကိစ္စကို ဒီမြို့စားလုံးဝ မသိပါဘူး"
"ပါးစပ်နဲ့ပြောရုံနဲ့ သက်သေမဖြစ်နိုင်ဘူး။ မြို့စားမင်း သိလား၊ မသိလား ဆိုတာ ဒီအရာရှိစစ်ဆေးပြီးတဲ့ နောက်ရှင်းသွားမှာပါ" ပြောပြီးသည်နှင့် သူသည် ဖိတ်ခေါ်သည့် လက်အမူအရာ လုပ်ပြလိုက်လေသည်။ "ကျင့်ယန်မြို့စား ကြွပါ"
ကျင့်ကြံမြို့စားသည် လက်ထဲက အပိုင်းပိုင်းပြတ်နေသည့် ပန်းခက်ကို လွတ်ချလိုက်ပြီး အပြင်ဘက်သို့ ခြေလှမ်းကျဲကြီးများဖြင့် လျှောက်ထွက်သွားခဲ့လေသည်။
မင်ကျင့်စီးက လူများသည် ရောက်လာသည်မှာ မြန်သလို ပြန်သွားသည်မှာလည်း မြန်ဆန်ကြပြီး ဒီတစ်ခေါက်တွင် မြို့စားအိမ်တော်၌ ကျန်ရစ်သည့် တစ်ဦးတည်းသောသခင်ကိုပါ တိုက်ရိုက်ခေါ်ဆောင် သွားကြလေသည်။
မြို့စားအိမ်တော်၏ အိမ်တော်ထိန်းက အပြေးရောက်လာချိန်တွင် ကျင့်ယန်မြို့စားသည် ခေါ်ဆောင်ခံရသည့် ကျောပြင်ကိုသာ မြင်တွေ့လိုက်ရ၏။
ထိုလူအုပ်စု၏ ကျောပြင် လမ်းထောင့်တွင် ပျောက်ကွယ်သွားသည့်အထိ စောင့်ပြီးမှ အိမ်တော်ထိန်းသည် ကိုယ်ကိုလှည့်လိုက်ပြီး သက်ပြင်းတစ်ချက် ညင်သာစွာ ချလိုက်လေသည်။ စိတ်ထဲတွင်လည်း တွေးတောမိလိုက်၏။ ဒီမြို့စားအိမ်တော်က သခင်တွေ တစ်ယောက်ပြီးတစ်ယောက် ထွက်ခွာသွားကြတယ်။ အခုမြို့စားမင်း အလှည့်ရောက်လာပြီ။ ဒီတစ်ခေါက်မြို့စားမင်းက ဘေးကင်းကင်းနဲ့ ပြန်လာနိုင်ပါ့မလားတောင် မသိဘူး။
မင်းကျင့်စီးသို့ ရောက်ရှိလာပြီးနောက် ကျင့်ယန်မြို့စားကို မြေအောက်အကျဉ်းထောင်သို့ မပို့ဆောင်ဘဲ ဘေးဘက်အခန်းဆောင် တစ်ခုသို့ ခေါ်ဆောင်သွားကာ စောင့်ဆိုင်းခိုင်းထားလိုက်သည်။
ဘေးအခန်းဆောင်၏ အတွင်းရောအပြင်ပါ အစောင့်များရှိနေသဖြင့် သူသည်ထိုင်ခုံ တစ်လုံးရှာကာ ထိုင်ချလိုက်၏။ ခဏသာ ထိုင်ရသေးသည်။ သင်းပျံ့ပျံ့ ရနံ့တခုကို ရလိုက်လေသည်။ ထိုအနံ့သည် ပြင်းထန်ခြင်းမရှိဘဲ အနည်းငယ် မွေးကြိုင်နေသေးသည်။
ဒီလိုနှင့် သူသည် ဘေးအခန်းဆောင်တွင် ၂နာရီလောက် ထိုင်နေလိုက်ပြီး အမွှေးနံ့သာကိုလည်း၂နာရီကြာအောင် ရှူရှိုက်မိ လေသည်။
အစပိုင်းတွင် သူသည် ငြိမ်ငြိမ် ထိုင်နိုင်နေသောငြားလည်း တဖြည်းဖြည်းနှင့် စိတ်မရှည်ဖြစ်လာတော့၏။
လူတစ်ယောက်က လက်ဖက်ရည်လာပို့ပေးသည့် အချိန်ရောက်မှ ကျင့်ယန်မြို့စားသည် မနေနိုင်ဘဲ တစ်ဖက်လူကို တားကာ မေးလိုက်တော့သည်။ "ပိုင်လူကြီးမင်းက ဘယ်အချိန်မှ အားမှာလဲ မသိဘူး"
စကားပြောနေချိန်တွင် သူသည် မျက်နှာပေါ်၌ အနည်းငယ် ယားယံသလို ခံစားလိုက်ရပြီး မနေနိုင်ဘဲလက်ဖြင့် ကုပ်လိုက်မိလေသည်။
ထိုလူသည် ကျင့်ယန်မြို့စားကို တစ်ချက်ကြည့်လိုက်ပြီး ရိုသေသည့်အသံဖြင့် ပြောလိုက်၏။ "မြို့စားမင်း ခဏလောက် စောင့်ပါဦး။ လူကြီးမင်းက အလုပ်များနေတုန်း မလိုပါ"
ကျင့်ယန်မြို့စားသည် စိတ်ထဲတွင် အေးစက်စွာ ရယ်မောလိုက်လေသည်။ ပိုင်ရှိုးမင်က ဘယ်နေရာမှာ အလုပ်များနေလို့လဲ။ သူ့ကို တမင်သက်သက် ပစ်မှတ်ထားနေတာ သိသာနေတာပဲလေ။
သို့သော် တစ်ဖက်လူက ဒီလိုပြောလာမှတော့ သူ့တွင်လည်း နည်းလမ်းမရှိတော့ပေ။ အောက်ခြေလူတစ်ယောက်နှင့် သွားပြီး ပြိုင်ဘက်နေလို့လည်း မဖြစ်သဖြင့် ကုလားထိုင်ပေါ်တွင်သာ ဆက်လက်ထိုင်ကာ စောင့်ဆိုင်းနေ လိုက်ရတော့သည်။
နောက်ထပ်တစ်နာရီ ကျော်လောက် ထပ်မံထိုင်လိုက်ပြီးနောက်တွင် ကျင့်ရန်မြို့စားသည် သူ မျက်နှာကုတ်သည့် အကြိမ်ရေ ပိုမိုမြန်ဆန်လာခဲ့သည်ကို သတိမပြုမိခဲ့ချေ။
နောက်ဆုံးတွင် မင်းကျင့်စီးသို့ ရောက်ပြီးလေးနာရီခန့် အကြာတွင်တော့ ပိုင်ရှိုးမင်သည် ပေါ်ထွက်လာခဲ့လေသည်။
ပိုင်ရှိုးမင်ဝင်လာသည်ကို မြင်လိုက်ရသောအခါ ကျင့်ယန်မြို့စားက သရော်သည့်လေသံ အနည်းငယ်ဖြင့် ပြောလိုက်၏။ "ပိုင်လူကြီးမင်းက တကယ်ပဲ ဒီမြို့စားကို အကြာကြီး စောင့်ခိုင်းနေတာပဲ"
"ဒီအရာရှိက အလုပ်ကိစ္စတွေ များနေလို့ပါ။ မြို့စားမင်း ခွင့်လွှတ်ပါ"
"ဒီမြို့စားက ပိုင်လူကြီးမင်းကို အပြစ်မတင်ရဲပါဘူး။ ဒါပေမဲ့ ပိုင်လူကြီးမင်းက ဒီမြို့စားနဲ့မိစ္ဆာတွေ ပူးပေါင်းနေတယ်ဆိုတဲ့ အထောက်အထားကို ရှာတွေ့ပြီလားမသိဘူး"
"မရှိသေးဘူး" ပိုင်ရှိုးမင်က ပြန်ဖြေလိုက်၏။
ထိုမိစ္ဆာနှစ်ကောင်လုံးသည် ယခုအခါ မှန်ထဲတွင် ချိတ်ပိတ်ခံထားရပြီး ထိုမှန်ကို မင်းကျင့်စီးသို့ ယူဆောင်လာပြီးနောက် ချိတ်မဖွင့်ရသေးသဖြင့် ပိုင်ရှိုးမင်သည် ထိုမိစ္ဆာနှစ်ကောင်၏ ထွက်ဆိုချက်ကို လုံးဝ မမေးမြန်းရသေးချေ။
ကျင့်ာန်မြို့စား၏ ရင်ထဲက အပူလုံးသည် နောက်ဆုံးတွင်တော့ ကျသွားခဲ့လေသည်။ "ဒါဆိုရင် ဒီမြို့စားက ဘယ်အချိန် အိမ်ပြန်လို့ရမလဲ"
စကားပြောနေစဉ်တွင် ကျင့်ယန်မြို့စားသည် မျက်နှာပေါ်က ယားယံမူကို နောက်တစ်ကြိမ် ခံစားလိုက်ရပြီး တစ်ချိန်ထဲမှာပင် အနည်းငယ် အေးစက်စက် ဖြစ်နေသည်ကိုလည်း ခံစားလိုက်ရ၏။
သူသည် လက်ကို မြောက်ကာ မျက်နှာကို အကြိမ်အနည်းငယ် ကုပ်လိုက်ရာ ထိုအေးစက်မှုသည် ပိုမိုထင်ရှားလာခဲ့ လေသည်။
ပိုင်ရှိုးမင်သည် အသားနှင့် ကပ်မနေတော့သော ကျင့်ယန်မြို့စား၏ မျက်နှာအရေပြားကို ကြည့်ကာ ပြောလိုက်လေ၏။ "မြို့စားမင်း ဒီနေ့တော့ ပြန်လို့မရလောက်တော့ဘူး"
"ပိုင်ရှိုးမင် မင်း ဘာအဓိပ္ပာယ်လဲ" ကျင့်ယန်မြို့စား စကားစပြောလိုက်သည်နှင့် ရုတ်တရက် အရာတစ်ခုက လက်ပေါ်သို့ လျှောကျလာသည်ကို ခံစားလိုက်ရလေသည်။
သူသည် အမှတ်တမဲ့ ခေါင်းငုံ့ကာ ကြည့်လိုက်ရာ ထိုအရာသည် မျက်နှာဖုံးအရေခွံတစ်ခု ဖြစ်ပုံရနေလေတော့သည်။
...