← Chapters

ကျင့်ယန်မြို့စားအစစ်က ဘယ်ရောက်သွားတာလဲ ...

Vol. 21 Ch. 204

ကျင့်ယန်မြို့စားအစစ်က ဘယ်ရောက်သွားတာလဲ ...

Vol. 21 Ch. 204

"ကျင့်ယန်မြို့စား၊ ခင်ဗျားရဲ့မျက်နှာ ပြုတ်ကျသွားပြီ"

လူတစ်ယောက် မျက်နှာဆုံးရှုံးလိုက်ရသည့် ပုံစံသည် ကြည့်ရဆိုးလှ၏။ သို့သော် အားချန်၏ ကျေးဇူးကြောင့် ပိုင်ရှိုးမင်၏ အတွေ့အကြုံသည် လုံလောက်စွာ ကြွယ်ဝနေပြီဖြစ်ရာ မည်သည့် ထိတ်လန့်မှုကိုမျှ မခံစားရသည့်အပြင် တစ်ဖက်လူကို စေတနာထားကာ သတိပေးလိုက်သေးသည်။

ကျင့်ယန်မြို့စားသည် နေရာတွင်ပင် တောင့်တင်းစွာ ရပ်နေပြီး မိမိ၏မျက်နှာကို လက်ဖြင့်ပင် မထိရဲတော့ချေ။

လွန်ခဲ့သော နှစ်ပေါင်းများစွာက သူသည် ကျိဟန်ဟူသော နာမည်ကို စတင်ရရှိပြီး ကျင့်ယန်မြို့စား စဖြစ်ခါစအချိန်၌ တစ်ညလုံး အိပ်မပျော်နိုင်ခဲ့ချေ။ နိုးလာသည့်အချိန်တွင် မျက်နှာက ရုတ်တရက် ပြုတ်ကျသွားပြီး ရုံးတော်ရဲမက်များ အိမ်ထဲသို့ ဝင်ရောက်လာကာ သူ့ကို ဆွဲထုတ်ပြီး ခေါင်းဖြတ်သတ်ကြမည်ကို စိုးရိမ်ခဲ့ဖူးသည်။

နောက်ပိုင်းတွင် သူသည် ဤအထောက်အထားနှင့် ပိုမိုအသားကျလာကာ မည်သူကမှလည်း သူ့ကို သံသယမဝင်ကြသဖြင့် တဖြည်းဖြည်းနှင့် ယခင်က ကြောက်ရွံ့မှုများကို မေ့လျော့သွားခဲ့သည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် နှစ်ပေါင်းများစွာ ကုန်ဆုံးသွားခဲ့ပြီ။

သူသည် သည်အထောက်အထားဖြင့် သေဆုံးသည်အထိ နေထိုင်သွားရမည်ဖြစ်ပြီး သည်လို ကြီးမားသော လျှို့ဝှက်ချက်ကြီးသည် သူနှင့်အတူ မြေမြှုပ်ခံရမည်ဟု ထင်မှတ်ထားခဲ့သော်လည်း ယနေ့၊ ဒီနေရာတွင် ပေါ်ပေါက်သွားလိမ့်မည်ဟု ထင်မှတ်မထားခဲ့မိချေ။

"ခင်ဗျား ..." ကျင့်ယန်မြို့စားသည် လည်ချောင်းများ ကပ်နေသကဲ့သို့ ခံစားလိုက်ရပြီး အားစိုက်ကာ တံတွေးအကြိမ်ကြိမ် မျိုချလိုက်ပြီးမှ အသံထွက်လာခဲ့၏။ "ဒါ ခင်ဗျားလက်ချက်ပဲ။ ခင်ဗျား ဘယ်အချိန်ကတည်းက သိသွားတာလဲ"

သူ့အား မျက်နှာတု လုပ်ပေးခဲ့သူက ပြောဖူးသည်။ ဤမျက်နှာသည် မျက်နှာအစစ်ကဲ့သို့ အံဝင်ခွင်ကျဖြစ်ပြီး ကပ်လိုက်သည်နှင့် ပြန်ခွာမရတော့ဟု ဆိုခဲ့သည်။ မျက်နှာသည် ပိုင်ရှိုးမင်၏ ရှေ့တွင်မှ ပြုတ်ကျလာခြင်းမှာ မတော်တဆမှု မဟုတ်သည်မှာ ထင်ရှားလှပေသည်။

"ရွှဲရှီကို ကျေးဇူးတင်ရမှာပဲ။ သူက ဒီအရာရှိကို သတိပေးခဲ့တာလေ"

ပြောပြီးသည်နှင့် ပိုင်ရှိုးမင်သည် အနောက်ဘက်သို့ လက်ယမ်းပြလိုက်လေသည်။ "လူကို မြေအောက်အကျဉ်းထောင်ထဲ ပို့လိုက်။ တင်းတင်းကျပ်ကျပ် စောင့်ကြည့်ထား"

"ဟုတ်ကဲ့ပါ" မည်သည့်အချိန်ကတည်းက မသိဘဲ ပိုင်ရှိုးမင်၏ အနောက်တွင် မင်ကျင့်စီးအစောင့်တစ်စု ပေါ်ထွက်လာခဲ့လေသည်။ သူတို့သည် လူဖမ်းရန် သည်နေရာတွင် စောစောစီးစီး ကတည်းက ခြုံခိုစောင့်ဆိုင်းနေကြပုံ ရလေသည်။

ကျင့်ယန်မြို့စားသည် ပြန်လည်ခုခံခြင်း မပြုခဲ့ချေ။ သူ၏ ကျင့်ကြံမှုအဆင့်သည် ဆေးလုံးများဖြင့် အတင်းအဓမ္မ မြှင့်တင်ထားခြင်း ဖြစ်သဖြင့် စွမ်းရည်အရဆိုလျှင် သာမန် အဆင့် ၃ နယ်ပယ်ကိုပင် မယှဉ်နိုင်ရာ ပိုင်ရှိုးမင်နှင့် ရင်ဆိုင်ရန်ဆိုသည်မှာ ဝေလာဝေးပင် ဖြစ်တော့သည်။

ကျင့်ယန်မြို့စားသည် လူအုပ်စု၏ ဖမ်းချုပ်ခေါ်ဆောင်ခြင်းကို ခံလိုက်ရပြီး အပြင်သို့ ထွက်ခွာလာရာ ပိုင်ရှိုးမင်၏ ဘေးမှ ဖြတ်သန်းသွားချိန်တွင် ရုတ်တရက် ပြောလိုက်လေသည်။ "ရွှင်ဖန်းက ဘာမှ မသိပါဘူး"

ပိုင်ရှိုးမင်သည် သူ့ကို တစ်ချက်စောင်းကြည့်လိုက်၏။ "ကျင့်ယန်မြို့စား အနေနဲ့ ကိုယ့်ကိုယ်ကိုယ်ပဲ ဂရုစိုက်တာ ပိုကောင်းမယ်။ ဘာတွေ ဝန်ခံရမလဲ ဆိုတာကို သေချာစဉ်းစားထားပါ"

လူကို ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် မင်ကျင့်စီးအစောင့် တစ်ဦးသည် ရှေ့သို့တိုးလာပြီး ကျင့်ယန်မြို့စား၏ ပြုတ်ကျကျန်ရစ်ခဲ့သော မျက်နှာအရေခွံကို ကောက်ယူလိုက်လေသည်။ "လူကြီးမင်း၊ ဒီမျက်နှာကို ဘယ်လို စီစဉ်ရမလဲ"

"ကျန်းယန်ဆီကို ပို့လိုက်။ သူ့ကို သေချာစစ်ဆေးခိုင်းလိုက်"

"ဟုတ်ကဲ့ပါ"

ပိုင်ရှိုးမင်သည် ကိုယ်ကိုလှည့်ကာ အပြင်သို့ ထွက်လာခဲ့ပြီး သိပ်မဝေးခင်မှာပင် အမိန့်ရသဖြင့် ဤနေရာတွင် စောင့်ဆိုင်းနေကြသော ကျန်းခိုင်နှင့် ဖုန်းယန်တို့ကို တွေ့လိုက်ရလေသည်။

"လူကြီးမင်း"

"မင်းတို့နှစ်ယောက် မြေအောက်အကျဉ်းထောင်ကို သွားလိုက်။ တစ်ယောက်က ကျင့်ယန်မြို့စားကို တာဝန်ယူ။ တစ်ယောက်က ရွှဲရှီကို တာဝန်ယူ။ ထွက်ဆိုချက် မေးစရာ မလိုဘူး။ အရင်ဆုံး ညှဉ်းပန်းနှိပ်စက်လိုက်"

"လက်အောက်ငယ်သား နားလည်ပါပြီ" နှစ်ဦးသားသည် အမိန့်ကို နာခံပြီး ထွက်ခွာသွားကြရာ ပိုင်ရှိုးမင်သည် အားချန်ကို ရှာဖွေရန် သွားလိုက်လေသည်။

ဒီအချိန်တွင် အားချန်သည် နေ့လယ်စာ စားသောက်ပြီးဖြစ်ကာ ပျင်းရိငြီးငွေ့စွာဖြင့် ပိုင်ရှိုးမင် ယခင်က ကျင့်ကြံစဉ် အသုံးပြုခဲ့သော မှတ်စုများကို လှန်လှောကြည့်ရှုနေလိုက်သည်။ အများစုမှာ သူကိုယ်တိုင် ရေးသားထားခြင်း ဖြစ်ပြီး နေရာများစွာတွင် မင်ဝမ်၏ မှတ်ချက်များ ပါရှိလေသည်။

မင်ဝမ်သည် ပိုင်ရှိုးမင်အပေါ်တွင် နားမလည်နိုင်လောက်အောင် ယုံကြည်မှုလွန်ကဲနေကြောင်း သူမ တွေ့ရှိလိုက်ရသည်။ "ငါ့သားတော်က ပါရမီရှင်ပဲ"၊ "ငါ့သားတော်က ကောင်းကင်ဘုံက ပေးတဲ့ ဉာဏ်ပညာကို ပိုင်ဆိုင်ထားတယ်"၊ "ငါ့သားတော်က လောကကြီးကို လွှမ်းမိုးဖို့ မဝေးတော့ဘူး" စသည့် စာသားများကို အနည်းဆုံး ဆယ်နေရာမက ရေးသားထားသည်ကို တွေ့ရလေသည်။

အကယ်၍ ဒါသည် မင်ဝမ်၏ လက်ရေးဖြစ်ကြောင်း ပိုင်ရှိုးမင် ကိုယ်တိုင်သာ မပြောခဲ့လျှင် မင်ဝမ်သည် ဤကဲ့သို့သော စိတ်နေသဘောထား ရှိသူဖြစ်ကြောင်း အားချန် ယုံကြည်ရန် ခက်ခဲပေလိမ့်မည်။

"ဘာတွေ ကြည့်နေတာလဲ။ ဒီလောက်တောင် ပျော်နေတာ" ပိုင်ရှိုးမင် တံခါးဝသို့ ဝင်လာသည်နှင့် အားချန်က ပြုံးရယ်ရင်း စားပွဲပေါ် ဖြန့်ခင်းထားသော စာအုပ်ကို ကြည့်နေသည်ကို တွေ့လိုက်ရလေသည်။

"မင်ဝမ်က ရှင့်ကို ချီးကျူးထားတာ ကြည့်နေတာလေ။ ငါ့သားတော်က ကောင်းကင်ဘုံက ပေးတဲ့ ဉာဏ်ပညာကို ပိုင်ဆိုင်ထားတယ် တဲ့" အားချန်က စနောက်လိုက်၏။

ပိုင်ရှိုးမင်သည် ရယ်မောလိုက်လေသည်။ "ဖုဟွမ်က ပါးစပ်ကပဲ ပြောကောင်းတာပါ။ ကျင့်ကြံတာ သေချာမလုပ်ရင် ကိုယ့်ကို ရိုက်နှက်တဲ့ အချိန်ကျရင် လက်လွတ်ပေးခဲ့တာ မဟုတ်ဘူး"

"ကောင်းလိုက်တာ။ သင်ပေးမယ့်လူ ရှိသေးတယ်ပေါ့။ ကျွန်မလို မဟုတ်ဘူး။ ကိုယ့်ဘာသာ အဆင့် ၄ နယ်ပယ်ကို ရောက်လာခဲ့ရတာ"

ပိုင်ရှိုးမင်သည် ရှေ့သို့တိုးလာပြီး လူကို ကုလားထိုင်ပေါ်မှ ပွေ့ချီလိုက်ကာ သူကိုယ်တိုင် ဝင်ထိုင်လိုက်ပြီး အားချန်ကို သူ့ပေါင်ပေါ်တွင် တင်ထားလိုက်လေသည်။ "ကိုယ့်ကို လာဆွနေတာလား"

"ဘယ်ကသာ" အားချန်က အပြစ်ကင်းစင်သည့် မျက်နှာထားဖြင့် "အမှန်တရားကို ရှင် နားမထောင်နိုင်ဘူးလား"

ပိုင်ရှိုးမင်သည် သူမ၏ မေးစေ့ကို ဆွဲလိုက်လေသည်။ "ဝမ်းနည်းစရာပဲ။ မင်း အခု ကိုယ်နဲ့တူတူ ပင်ပင်ပန်းပန်း ကျင့်ကြံရတော့မယ်"

"ကိစ္စမရှိပါဘူး။ ဒါပေမဲ့ ရှင်က ကျွန်မကို များများ ချီးကျူးပေးဖို့တော့ မှတ်ထားရမယ်နော်"

"ကောင်းပါပြီ။ ဖုဟွမ် ချီးကျူးတာထက် ပိုကောင်းအောင် ပြောပေးမယ်လို့ အာမခံတယ်"

အားချန်သည် ပြုံးရယ်ကာ သူ့လည်ပင်းကို သိုင်းဖက်လိုက်ရာ ပိုင်ရှိုးမင်သည် သူမ၏ ခါးကို ဖက်ထားလိုက်ပြီး တောက်ပနေသည့် သူမ၏ ပြုံးနေသော မျက်နှာလေးကို ငုံ့ကြည့်လိုက်ကာ မျက်ဝန်းအလင်းရောင်များမှာ နူးညံ့ပျော့ပျောင်းလို့ နေလေသည်။

သူသည် အားချန်ကို ထိုစဉ်က ရွေးချယ်မှုအတွက် နောင်တရခြင်း ရှိမရှိ မည်သည့်အခါကမျှ မမေးမြန်းခဲ့ချေ။ အကြောင်းမှာ သူသည် သူမကို နောင်တရမည့် နေ့ရက်မျိုး ရောက်ရှိလာစေမည် မဟုတ်သောကြောင့်ပင်။

"ဒါနဲ့ ရှင် ဘာလို့ ရုတ်တရက် ပြန်ရောက်လာတာလဲ။ ကျင့်ယန်မြို့စားကရော ဘယ်လိုဖြစ်သွားပြီလဲ" အားချန်သည် ရုတ်တရက် အလုပ်ကိစ္စကို သတိရသွားပြီး ခေါင်းကို အနည်းငယ် မော့ကာ မေးလိုက်၏။

"မင်း ခန့်မှန်းထားတာနဲ့ အတူတူပဲ။ အခု လူက မြေအောက်အကျဉ်းထောင်ထဲ ရောက်နေပြီ။ ခဏနေရင် စစ်ဆေးမေးမြန်းဖို့ သွားလို့ရပြီ"

"ကျွတ် ... လက်ရှိ မြို့စားမင်းက နာမည်အလွဲသုံးပြီး အစားထိုးခံထားရတယ် ဆိုတော့။ ဒီသတင်းသာ အပြင်ကို ပေါက်ကြားသွားရင် ထိတ်လန့်ကုန်ကြမှာ စိုးရတယ်"

"အင်း။ ဒါကြောင့် ဒီသတင်းက အပြင်ကို ပေါက်ကြားမှာ မဟုတ်ဘူး" ပိုင်ရှိုးမင်သည် အားချန်၏ ဆံနွယ်များကို ကစားရင်း "အရှင်မင်းကြီးက အကြောင်းပြချက်တစ်ခု ရှာပြီးတော့ လူကို ရှင်းပစ်လိုက်မှာ။ သေမယ့်နည်းလမ်းကို မင်း ရွေးချယ်လို့ရတယ်"

အားချန်၏ အကြည့်များမှာ နက်ရှိုင်းသွားလေသည်။ "သူ့ကို သေစေချင်တာထက်စာရင် ကျိဟန်အစစ်က ဘယ်ရောက်သွားလဲ ဆိုတာကို ကျွန်မ ပိုသိချင်တယ်"

"ရှင်းအန်းရှန့်ကျူရဲ့ နမူနာ ရှိနေတာပဲ။ ကျိဟန်အစစ်က သေသွားပြီလို့ ဘာဖြစ်လို့ မထင်တာလဲ"

"အရမ်းထူးဆန်းနေလို့လေ။ သူက ကျိဟန်နေရာကို အစားထိုးဝင်ယူထားတာ ဒီလောက် နှစ်တွေအများကြီး ကြာနေပြီ။ လင်းရှီနဲ့ ကျိချန်ကို ဘယ်တုန်းကမှ မထိခိုက်ခဲ့ဘဲနဲ့ ဘာဖြစ်လို့ မနှစ်ကမှ ရုတ်တရက် စိတ်ပြောင်းသွားရတာလဲ"

"ဒီတစ်နှစ်အတွင်းမှာ ကျွန်မ သိထားတဲ့ ကျင့်ယန်မြို့စားက အရည်အချင်းမရှိဘဲ ကိုယ်ပိုင်ဆုံးဖြတ်ချက် မရှိတဲ့လူပဲ။ သူက ရှင့်ကို ကြောက်ရွံ့တာကြောင့် ကျွန်မကို မထိရဲခဲ့ဘူး။ သားသမီးနှစ်ယောက် သေဆုံးသွားတာတောင်မှ သူ့ကို စိတ်လိုက်မာန်ပါ ဖြစ်အောင် မလုပ်နိုင်ခဲ့ဘူး"

"ဒီလိုလူမျိုးက အဲဒီတုန်းက ကျင့်ကြံမှု မဆိုးလှတဲ့ ကျိဟန်ကို သတ်ဖြတ်ဖို့ ဘယ်လို အကြံအစည်မျိုး လုပ်နိုင်မှာလဲ။ ပြီးတော့ ဘယ်သူမှ မရိပ်မိအောင် သူ့ရဲ့ အထောက်အထားကို တိတ်တဆိတ် အစားထိုး ဝင်ယူနိုင်ခဲ့တာလဲ။ ဘယ်သူမှ မကူညီဘဲနဲ့တော့ လုံးဝ မဖြစ်နိုင်ဘူး။ ဖြစ်နိုင်တာက ကျိဟန်ရဲ့ ဘေးနားက ယုံကြည်ရဆုံးလူက သူ့ကို သစ္စာဖောက်ခဲ့တာ ဖြစ်မယ်။ ဒါမှမဟုတ်ရင် ကျိဟန်ကိုယ်တိုင်က ဒီအထောက်အထားကို စွန့်လွှတ်ခဲ့တာပဲ နေမှာ"

"မင်းက ဒုတိယ အချက် ဖြစ်နိုင်တယ်လို့ ထင်နေတာပဲ"

"သူ့ကို မေးကြည့်လိုက်ရင် သိရမှာပေါ့"

တစ်နာရီခန့် ကြာပြီးနောက်တွင် ပိုင်ရှိုးမင်သည် အားချန်ကို ခေါ်ဆောင်ကာ မြေအောက်အကျဉ်းထောင်ထဲသို့ ဝင်ရောက်လာခဲ့လေသည်။

လူနှစ်ယောက်သည် မည်းမှောင်နေသော စင်္ကြံလမ်းကို ဖြတ်သန်းကာ လမ်းဆုံးရှိ စစ်ကြောရေးအခန်း အပြင်ဘက်သို့ ရောက်ရှိလာကြသည်။

အထဲသို့ မဝင်ရသေးခင်မှာပင် အားချန်သည် ပြင်းထန်သော သွေးညှီနံ့ကို ရရှိလိုက်ပြီး ထိုအထဲတွင် အသားလောင်ကျွမ်းသည့် အနံ့များပါ ရောနှောပါဝင်နေလေသည်။

သူမသည် ရွံရှာသည့်ဟန်ဖြင့် နှာခေါင်းနှင့် ပါးစပ်ကို လက်ကိုင်ပဝါဖြင့် အုပ်ထားလိုက်ပြီး ပိုင်ရှိုးမင်၏ နောက်မှ လိုက်ကာ ဝင်ရောက်သွားခဲ့သည်။

တစ်ကိုယ်လုံး သွေးများဖြင့် စိုရွှဲနေသော အမျိုးသားတစ်ဦးသည် သံစင်ပေါ်တွင် ချိတ်ဆွဲခံထားရပြီး အသက်ကို ပြင်းပြင်းရှူနေရလေသည်။ အပြင်ဘက်မှ ခြေသံများကို ကြားလိုက်ရသဖြင့် သူသည် ခေါင်းကို ခက်ခက်ခဲခဲ မော့ကြည့်လိုက်ရာ မျက်နှာပေါက်များ မရှိတော့သည့် မျက်နှာပြင်ကို မြင်တွေ့လိုက်ရ၏။

ကျန်းခိုင်သည် သံစင်ဘေးတွင် ရပ်နေပြီး လက်ထဲမှ သွေးစွန်းနေသော ညှဉ်းပန်းနှိပ်စက်သည့် ကိရိယာများကို သေသပ်စွာ စီထားလိုက်လေသည်။ လူနှစ်ယောက် ဝင်လာသည်ကို မြင်သောအခါ စကားများများမပြောဘဲ ကိုယ်ကိုလှည့်ကာ စစ်ကြောရေးအခန်းထဲမှ တိုက်ရိုက် ထွက်ခွာသွားခဲ့လေသည်။

"ပိုင်လူကြီးမင်း ..." ကျင့်ယန်မြို့စားသည် လျှာတွင် ဒဏ်ရာရထားပုံရပြီး စကားပြောသည့်အခါ ပါးစပ်ဘေးမှ သွေးများ အဆက်မပြတ် စီးကျလာကာ အသံမှာ မပီမသ ဖြစ်နေလေသည်။ "ခင်ဗျား ဘာသိချင်လဲ။ ကျွန်တော် ... ကျွန်တော် အကုန်ပြောပါ့မယ်"

ပိုင်ရှိုးမင်သည် ဤမျှလောက် ရက်စက်ကြမ်းကြုတ်လိမ့်မည်ဟု သူ ထင်မှတ်မထားခဲ့မိချေ။ သူ့ကို ဖမ်းဆီးလာပြီးနောက် စကားပြောခွင့်ပင် မပေးဘဲ အရင်ဆုံး လူကို ညှဉ်းပန်းနှိပ်စက်ခိုင်းလေသည်။

သူသည် နှစ်ပေါင်းများစွာ စည်းစိမ်ယစ်မူးကာ နေထိုင်ခဲ့ရပြီး ဤကဲ့သို့ ကြီးမားသည့် ဒဏ်ကို မည်သည့်အခါက ခံစားခဲ့ဖူးပါသနည်း။ ထို့အပြင် ကျင့်ကြံမှုစွမ်းအား ချိတ်ပိတ်ခံထားရသဖြင့် ယခုအခါ သူနှင့် သာမန်လူတစ်ယောက်မှာ မည်သည့် ကွာခြားချက်မှ မရှိတော့ချေ။ နှိပ်စက်မှု တစ်ပတ်ပြီးသွားသည့်အခါ သူသည် သေဆုံးရန် မဝေးတော့သလို ခံစားလိုက်ရသည်။

ယခုအချိန်တွင် သူသည် စကားပြောခွင့်ရရန်သာ တောင်းဆိုနေပြီး တခြားအရာများကို လုံးဝ တွေးတောရဲခြင်း မရှိတော့ပေ။

ပိုင်ရှိုးမင်သည် သူ့ကို ဂရုမစိုက်ဘဲ ဘေးမှ ကုလားထိုင်တစ်လုံးကို ဆွဲယူလာခဲ့ရာ အားချန်က စိတ်အေးလက်အေးပင် ဝင်ထိုင်လိုက်လေသည်။

ဒီအချိန်ကျမှ ကျင့်ယန်မြို့စားသည် အားချန်ကို သတိပြုမိသွားပြီး သူ၏ မျက်ဝန်းအိမ်များမှာ ပြင်းထန်စွာ ကျုံ့ဝင်သွားလေတော့သည်။

အားချန်သည် ထိုင်လိုက်ပြီးနောက် စကတ်အနားစကို သပ်ရပ်အောင် ပြုလုပ်လိုက်ပြီးမှ ခေါင်းမော့လာခဲ့၏။ "ကျင့်ယန်မြို့စား၊ မတွေ့တာ ကြာပြီနော်"

မျက်နှာ မရှိတော့သည့်နောက်တွင် မျက်နှာအမူအရာ ပြောင်းလဲမှုကိုပင် မမြင်ရတော့သဖြင့် အားချန်သည် အနည်းငယ် စိတ်ပျက်သွားမိပြီး သူ၏ တုံ့ပြန်မှုကို မစောင့်တော့ဘဲ ဆက်ပြောလိုက်လေသည်။ "ကျွန်မတို့ အပြန်အလှန် မိတ်ဆက်ကြရအောင်။ ကျွန်မနာမည်က အားချန်။ ကျိချန်က သူ့အတွက် လက်စားချေပေးဖို့ ရှာဖွေထားတဲ့လူပဲ။ ရှင်ကရော။ ရှင့်နာမည်က ဘယ်သူလဲ"

"ဘာ ... ဘာပြောတယ်" ခန္ဓာကိုယ်ပေါ်က နာကျင်မှုများက ကျင့်ယန်မြို့စားကို ဝေဝါးနေအောင် နှိပ်စက်နေသော်ငြား အားချန်၏ စကားကို ကြားလိုက်ရချိန်တွင် သူသည် ထိတ်လန့်တုန်လှုပ်မှုကို မထိန်းချုပ်နိုင်တော့ချေ။

"ဘာလို့ ဒီလောက်တောင် အံ့သြနေရတာလဲ။ ရှင်က ကျင့်ယန်မြို့စား မဟုတ်မှန်း သိလိုက်ရတဲ့အချိန်တုန်းကတောင် ကျွန်မက မအံ့သြခဲ့ပါဘူး"

"ဟုတ်တာပဲ ... ဟား ဟား ..." ကျင့်ယန်မြို့စား၏ လည်ချောင်းထဲမှ ငိုသံလိုလို ရယ်သံလိုလို အသံများ ထွက်ပေါ်လာခဲ့လေသည်။ သူသည် ကျင့်ယန်မြို့စား မဟုတ်ဘူးဆိုသည့် ဒီလောက် ယုတ္တိမရှိတဲ့ ကိစ္စတောင် ဖြစ်ပျက်ခဲ့သေးတာပဲ။ ကျိချန်က ကျိချန် မဟုတ်တာကရော ဘာများ ထူးဆန်းစရာ ရှိလို့လဲ။

"ငါ့နာမည်က ကျိမော့ ပါ"

ဒီနာမည်ကို ထုတ်ပြောလိုက်ချိန်တွင် သူသည် အနည်းငယ် စိမ်းသက်နေသလို ခံစားလိုက်ရသည်။ သူသည် ဤနာမည်ကို စွန့်ပစ်ထားခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီ မဟုတ်ပါလား။

"ကျိကျွမ်းရဲ့ မယားငယ်ကမွေးတဲ့ ညီ" အားချန်သည် မနေ့ညက မြင်တွေ့ခဲ့သည့် အချက်အလက်များကို မှတ်မိနေသေးသည်။

ကျိမော့သည် ခေါင်းငြိမ့်ပြလိုက်ပြီး စိတ်ထဲတွင် ကြောက်လန့်မှုသာ ကျန်ရစ်တော့သည်။ ဒါကိုတောင် သူ သိနေတာပဲ။

"အရင်ဆုံး ဆွေးနွေးကြည့်ရအောင်။ ရှင်က ဘာဖြစ်လို့ ကျင့်ယန်မြို့စား ဖြစ်လာရတာလဲ။ ဘယ်သူက ရှင့်ရဲ့ အထောက်အထားကို အတုလုပ်ပေးခဲ့တာလဲ"

"ငါ ပြောလို့ မရဘူး" အားချန်၏ မျက်နှာပေါ်တွင် မကျေနပ်သည့် အရိပ်အယောင်များ ပေါ်လာသည်ကို မြင်သောအခါ သူသည် မဖုံးကွယ်ရဲဘဲ အလျင်အမြန် ပြောလိုက်လေသည်။ "ငါတို့ စာချုပ် ချုပ်ထားကြတယ်။ ပြောလိုက်ရင် ငါ သေသွားလိမ့်မယ်"

"တကယ် သတိကြီးတာပဲ" အားချန်သည် ခေါင်းမော့ကာ ပိုင်ရှိုးမင်ကို ကြည့်လိုက်လေသည်။

ပိုင်ရှိုးမင်သည် ကျိမော့ထံသို့ လျှောက်သွားလိုက်ပြီး သူ့နှင့် ခြေလှမ်းအနည်းငယ် အကွာတွင် ရပ်တန့်လိုက်ကာ လက်လှမ်းပြီး မထိတွေ့ဘဲ စကားတစ်ခွန်းသာ ပြောလိုက်၏။ "မျက်လုံးဖွင့်ကြည့်"

ကျိမော့သည် မသိစိတ်ဖြင့် တစ်ဖက်လူကို လှမ်းကြည့်လိုက်ရာ ရွှေရောင်အလင်းတန်းများ လက်ခနဲဖြစ်သွားသည်ကိုသာ မြင်တွေ့လိုက်ရပြီး နောက်တစ်ခဏတွင် ဦးနှောက်ထဲ၌ ဗလာကျင်းသွားတော့သည်။ ဝေဝါးနေသည့်ကြားမှ သူ့ခန္ဓာကိုယ်ပေါ်ရှိ တစ်စုံတစ်ရာသည် ရုတ်တရက် ပြတ်တောက်သွားသလို ခံစားလိုက်ရပြီး တစ်ကိုယ်လုံး ပေါ့ပါးသွားလေသည်။

မည်မျှ ကြာမြင့်သွားသည် မသိ၊ သူသည် နောက်ဆုံးတွင် အသိပြန်ဝင်လာခဲ့လေသည်။ ဒီအချိန်တွင် ပိုင်ရှိုးမင်သည် အားချန်၏ ဘေးနားသို့ ပြန်ရောက်နေပြီ ဖြစ်သည်။

"ငါက ..."

"စာချုပ် ပျက်ပြယ်သွားပြီ။ နောက်ပိုင်း မင်းပြောမယ့် စကားတိုင်းက အမှန်တရား ဖြစ်တာ အကောင်းဆုံးပဲ" ပိုင်ရှိုးမင်၏ လှိုင်းဂယက်မထသည့် အသံ ထွက်ပေါ်လာခဲ့လေသည်။ "မဟုတ်ရင် ဒီအရာရှိက မင်းကို အရှင်လတ်လတ် အသားလွှာခံရပြီး မသေနိုင်တာ ဘယ်လိုအရသာလဲ ဆိုတာကို သိအောင် လုပ်ပြမယ်"

"မ ... မလုပ်ရဲပါဘူး"

"မလုပ်ရဲဘူး ဆိုမှတော့ ကျွန်မ မေးခွန်းကို ဖြေတော့လေ။ ဘယ်သူက ရှင့်ရဲ့ အထောက်အထားကို အတုလုပ်ပေးခဲ့တာလဲ။ ကျိဟန်က ဘယ်မှာလဲ" အားချန်က မေးလိုက်၏။

"ကျိဟန်က ငါ့ကို အထောက်အထား အတုလုပ်ပေးခဲ့တာပါ။ သူ အခု ဘယ်မှာလဲ ဆိုတာတော့ ငါ မသိဘူး။ ဒါပေမဲ့ သူက မိစ္ဆာမျိုးနွယ်နဲ့ အတူရှိနေတယ် ဆိုတာကိုတော့ သိတယ်"

ကျိမော့သည် ပြောတာ နောက်ကျသွားလျှင် ပိုင်ရှိုးမင် မကျေမနပ် ဖြစ်မည်ကို စိုးရိမ်သဖြင့် သူသိသမျှ အားလုံးကို တရစပ် ပြောပြလိုက်လေတော့သည်။

သူက ပြောပြလေသည်။ "အဲဒီတုန်းက ကျိဟန်က တောင်ပိုင်ဓားပြတွေ လက်ထဲကနေ ငါ့ကို ကယ်ထုတ်သွားတယ်။ ပြီးတော့ ကျောင်းကျိုးကို ခေါ်သွားပြီး လူတစ်ယောက်ကို ငါ့အတွက် မျက်နှာတု လုပ်ခိုင်းတယ်။ ပြီးတော့ သူ့အစား ကျင့်ယန်မြို့စား အဖြစ် နေထိုင်ခိုင်းတယ်။ သူက ငါ့ကို ဘာမှလုပ်စရာ မလိုဘူး၊ ကျင့်ယန်မြို့စား အိမ်တော်ကို ထိန်းသိမ်းထားပြီး ကျိမိသားစု မပြိုလဲအောင် လုပ်ပေးရင် လုံလောက်ပြီလို့ ပြောခဲ့တယ်"

"နောက်ထပ်ရော"

"သူက ... သူက ပြောသေးတယ်" ကျိမော့၏ အကြည့်များမှာ လှုပ်ရှားသွားလေသည်။ "လင်းရှီနဲ့ ကျိချန်ကို သေချာ စောင့်ရှောက်ပေးပါ။ နောင်ကျရင် ငါ့ရဲ့ သားသမီးတွေထဲက ယောကျာ်းလေး တစ်ယောက်ကို ရွေးပြီး မွေးစားခွင့်ပြုမယ်။ ကျင့်ယန်မြို့စား အိမ်တော်ကို ဆက်ခံခိုင်းလို့ ရတယ်တဲ့"

အားချန်က တစ်ချက်ပြုံးလိုက်လေသည်။ သူမသည် ယခင်က လူသားအမျိုးအစားသည် မိစ္ဆာမျိုးနွယ်ထက် ပိုများပြားသည်ဟု ထင်မြင်ခဲ့ဖူးပြီး ယခုအခါတွင်တော့ အမှန်တကယ် ဗဟုသုတ တိုးသွားခဲ့လေပြီ။

"ဒီလို ကောင်းတဲ့ ကိစ္စမျိုးက ရုတ်တရက် ရှင့်ခေါင်းပေါ် ကျလာတာ။ ရှင်က သူ့ကို အကြောင်းအရင်း မမေးခဲ့ဘူးလား"

"သူ မပြောဘူး။ ဒါပေမဲ့ ငါ ခန့်မှန်းမိတယ်"

"ဟင်"

"သူ့ဘေးနားမှာ မိန်းမတစ်ယောက် ရှိတယ်။ အရမ်းလှတယ်။ နှစ်ယောက်သားက ကပ်ခွာလိုပဲ တွဲနေကြတာ။ သူက အဲဒီမိန်းမကို မင်းသမီးလို့တောင် ခေါ်သေးတယ်" ကျိမော့သည် ထိုနှစ်များကို ပြန်လည်တွေးတောရင်း တံတွေး မျိုချလိုက်လေသည်။ "ငါ မျက်နှာတု လဲပြီးသွားတဲ့နောက်မှာ အဲဒီမိန်းမက ငါ့ကို မျက်နှာလဲပေးတဲ့လူကို သတ်ပစ်လိုက်တယ်။ သူက လူမဟုတ်ဘဲ မိစ္ဆာမျိုးနွယ် ဖြစ်နေမှန်း တွေ့လိုက်ရတယ်"

"ရှင်တို့ ဒီနှစ်တွေထဲမှာ တွေ့ဖြစ်ကြသေးလား"

ကျိမော့သည် အစပိုင်းတွင် ခေါင်းခါလိုက်ပြီး နောက်ပိုင်းတွင် တစ်စုံတစ်ခုကို သတိရသွားသကဲ့သို့ ရုတ်တရက် တောင့်တင်းသွားကာ အသံများပင် အားနည်းသွားလေသည်။ "မနှစ်က အဲဒီ မင်းသမီးက လူလွှတ်ပြီး ငါ့ကို လာရှာဖူးတယ်"

အားချန်သည် သူ့ကို ကြည့်လိုက်ပြီး မျက်နှာပေါ်တွင် အပြုံးတစ်ခု ရှိနေဆဲ ဖြစ်သော်လည်း အသံကတော့ အေးစက်နေလေသည်။ "သူ ရှင့်ကို လာရှာတာ ဘာလုပ်ဖို့လဲ"

"သူက ငါ့ကို အခွင့်အရေးရှာပြီး လင်းရှီနဲ့ ကျိချန်ကို သတ်ခိုင်းတယ်"

"သူ ခိုင်းတာနဲ့ ရှင်က နားထောင်လိုက်တာလား။ ကျိဟန် သိသွားရင် ရှင့်ကို ဒုက္ခပေးမှာ မကြောက်ဘူးလား" အားချန်က မေးလိုက်၏။

"ငါလည်း မလုပ်ချင်ပါဘူး" ကျိမော့သည် တုန်တုန်ရီရီဖြင့် ရှင်းပြလေသည်။ "ဒါပေမဲ့ သူ လွှတ်လိုက်တဲ့လူက ပြောတယ်။ ကျိဟန်က မင်းသမီးနဲ့ ကလေးတောင် ရနေပြီတဲ့။ ကျိချန်ရဲ့ သေခြင်းရှင်ခြင်းကို လုံးဝ ဂရုစိုက်မှာ မဟုတ်ဘူးတဲ့။ ဒါပေမဲ့ လင်းရှီနဲ့ ကျိချန်က မင်းသမီးရဲ့ မျက်စိရှေ့မှာ အနှောင့်အယှက် ဖြစ်နေတယ်။ တကယ်လို့ ငါသာ သူပြောတဲ့အတိုင်း မလုပ်ရင် သူတို့က ရွှင်ဖန်းနဲ့ ငါတို့ရဲ့ ကလေးကို သတ်ပစ်မယ်တဲ့"

အားချန်၏ စိုက်ကြည့်မှုအောက်တွင် ကျိမော့၏ အသံသည် တဖြည်းဖြည်း တိုးဝင်သွားလေသည်။

"ဒါဆို အဲဒီတုန်းက ဘာဖြစ်လို့ ကျိချန်နဲ့ လင်းရှီကို အတူတူ မသေစေခဲ့တာလဲ"

"ငါ ... ငါက တကယ်လို့များ ကျိဟန်ရဲ့ စိတ်ထဲမှာ ဒီသမီးကို ဂရုစိုက်နေသေးရင် ဒုက္ခရောက်မှာ စိုးလို့လေ။ ဒါကြောင့် ..."

"ဒါကြောင့် ရှင်က မင်းသမီးကိုလည်း ကျေနပ်စေချင်တယ်။ ကိုယ့်ကိုယ်ကိုယ်လည်း သံသယ ကင်းရှင်းစေချင်တယ်။ ဒါကြောင့် ရှင်နဲ့ မသက်ဆိုင်တဲ့ သေဆုံးမှု အခင်းအကျင်း တစ်ခုကို ဖန်တီးခဲ့တာပေါ့"

ကျိမော့သည် ဝန်မခံသော်ငြား အားချန်ကတော့ သူမ ခန့်မှန်းတာ မှန်ကန်ကြောင်း သိလိုက်လေသည်။

သူသည် ရွှဲရှီကို လွှတ်ပေးထားခဲ့ပြီး သူမကို ရွှဲမင်ထန်အား အသုံးချကာ ကျိချန်ကို သတ်ခိုင်းခဲ့ခြင်း ဖြစ်သည်။

သူ ခန့်မှန်းထားသည့် အတိုင်းပင်။ ကျိချန်သည် တမင်တကာ ဖန်တီးထားသည့် 'မတော်တဆမှု' တစ်ခုတွင် သေဆုံးသွားခဲ့ရလေသည်။

အကယ်၍ သူမနှင့် ကျိချန်တို့သာ မနှစ်က ရှန့်ယွမ်ပွဲတော်ညတွင် မတွေ့ဆုံခဲ့ပါက ကျိချန်သည်လည်း သူမ၏ အမေကဲ့သို့ပင် မရေမရာ သေဆုံးသွားရပေလိမ့်မည်။

...

All Chapters