ပိုင်လုံဝမ် အဝေးကြီးကနေ လာရတာကို ...
Vol. 21 Ch. 207
ကျိဟန်သည် ယခုအချိန်တွင် အသက်၅၀ပင် မပြည့်သေးကြောင်းကို အားချန်စိတ်ထဲတွင် တွက်ချက်မိလိုက်၏။
"သူ့ရဲ့ပါရမီက ဒီလောက်တောင် မြင့်မားတာလား" သူမသည် တိုးညင်းစွာ ရေရွတ်လိုက်လေသည်။ ဤအရာသည် သတင်းကောင်းတစ်ခု မဟုတ်သည်တော့ အမှန်ပင်။
"တကယ်လို့ ပါရမီက တကယ်မြင့်မားနေရင် ဘာဖြစ်လို့ အဝေးကြီးကို လှမ်းမျှော်နေဦးမှာလဲ။ သူ အဆင့်တက်သွားတာက မိစ္ဆာဧကရာဇ် ချန်ထားခဲ့တဲ့ နည်းလမ်းတွေနဲ့ ပတ်သက်နေလိမ့်မယ်။ အကျိုးကျေးဇူး ရရှိပြီးရင်တော့ သေချာပေါက် ကန့်သတ်ချက်တွေ ရှိလာမှာပဲ" ပိုင်ရှိုးမင်က ပြောလိုက်၏။
ဖုဟွမ်က ယခင်က ပြောခဲ့ဖူးလေသည်။ ဒီလိုဖြတ်လမ်းနည်းကို လျှောက်လှမ်းခြင်းက မိစ္ဆာဧကရာဇ်၏ ထိန်းချုပ်မှုကို ခံရပေလိမ့်မည်။ မိစ္ဆာဧကရာဇ် မရှိတော့သော်ငြားလည်း သွေးမျိုးဆက်ကတော့ ပြတ်တောက်သွားခြင်း မရှိသေးချေ။
ထိုစဉ်က ရွှယ်ယောင်ကုန်းကျူသည် မိစ္ဆာတံဆိပ်တော်ကိုလုယူရန် အကြံအစည်များစွာ ထုတ်သုံးခဲ့ပြီး မအောင်မြင်သည့်အခါ နဂါးမျိုးနွယ်ကို ရန်စရန်ဝန်မလေးဘဲ နဂါးပုလဲကို လုယူသွားခဲ့သည်။ ဒီမျှလောက် ကြီးမားသော အားထုတ်မှု ပြုလုပ်ခဲ့ခြင်းသည် တခြားလူတစ်ယောက်ကို အဆင့်တက်စေရုံ သက်သက်တော့မဖြစ်နိုင်ပေ။
အကယ်၍ သူမသာ အမှန်တကယ် ထိုမျှလောက် ရိုးအ,ပါက မိစ္ဆာဧကရာဇ်၏ အသက်ရှင် ကျန်ရစ်နေသော နောက်ဆုံးသွေးသားအရင်း ဖြစ်လာလိမ့်မည် မဟုတ်ပေ။ သူမနှင့်ကျိဟန်ကို မြဲမြံစွာချည်နှောင် ထားနိုင်သည့် အရာမှာ အကျိုးစီးပွားနှင့် သံယောဇဉ်သက်သက်သာ မဟုတ်ချေ။
အားချန်သည် ပိုင်ရှိုးမင်၏စကားကို တွေးတောကြည့်လိုက်ရာ အလွန်ပင်ကျိုးကြောင်း စီလျော်မှုရှိသည်ဟု ခံစားလိုက်ရ၏။ အကယ်၍ ကြီးမားသော အကျိုးစီးပွားဖြင့် ဆွဲဆောင်ထားခြင်းမရှိပါက ကျိဟန်သည်သာ့ရှပြည်၏ မြို့စားရာထူးနှင့် ကောင်းမွန်သော အနာဂတ်လမ်းကို စွန့်လွှတ်စရာ အကြောင်းမရှိပေ။
အဆင့်၅နယ်ပယ်သို့ ရောက်ရှိနေမည်ဆိုလျှင် မည်မျှကြီးမားသော တန်ဖိုးကိုမဆို ပေးဆပ်ရကျိုးနပ်ပေလိမ့်မည်။
သို့သော်ဝမ်းနည်းစရာ ကောင်းသည်မှာ ကျိချန်နှင့် သူမ၏မိခင်တို့သည် ထိုယောက်ျား၏ ရည်မှန်းချက်အတွက် ယဇ်ကောင်များ ဖြစ်သွားခဲ့ရခြင်းပင်။
သေဆုံးချိန်အထိ သူတို့သည် ဘာမှမသိဘဲ အရူးလုပ်ခံခဲ့ရလေသည်။
"သူနဲ့ ရွှယ်ယောင်ကုန်းကျူက အခုဘယ်လိုပတ်သက်မှုရှိလဲ" အားချန်သည် သူမ၏အတွေးများထဲတွင် လွင့်မျောနေဆဲဖြစ်ပြီး လက်ချောင်းများက ပိုင်ရှိုးမင်၏အင်္ကျီကော်လံကို အမှတ်တမဲ့ချိတ်ဆွဲကာ ကစားနေမိ၏။
"ဇနီးမောင်နှံတွေလေ။ သူတို့မှာ သားသမီး၅ယောက်တောင်ရှိတယ်။ ပါရမီလည်း မဆိုးကြဘူး" ပိုင်ရှိုးမင်က ဒီရက်ပိုင်းအတွင်း မင်ဝမ်ရရှိထားသော သတင်းများကို သူမအားပြောပြလိုက်၏။
အားချန်ကတော့ နည်းနည်းလေးမှ အံ့သြပုံမရချေ။ "လင်မယားက သင့်မြတ်တယ်။ သားသမီးတွေလည်း စုံတယ်။ အဲဒီရွှယ်ယောင်ကုန်းကျူရဲ့ဘဝက တော်တော်လေး စိတ်ချမ်းသာစရာ ကောင်းနေပုံပဲ"
"ဟင်" ပိုင်ရှိုးမင်က သူမ၏စကား အဓိပ္ပာယ်ကို နားမလည်နိုင် ဖြစ်သွားတော့သည်။
"တကယ်လို့ ပုံမှန်အချိန်တွေမှာသိပ်ပြီး စိတ်ချမ်းသာ မနေဘူးဆိုရင်တော့ ကျိဟန်ရဲ့ သာ့ရှမှာ စွန့်ပစ်ခံလိုက်ခဲ့ရတဲ့ ကျိချန်တို့သားအမိကို သတိရလာမှာ မဟုတ်ဘူး" အားချန်သည် နှုတ်ခမ်းထောင့်ကို ကွေးထားလိုက်ပြီး လေသံထဲတွင် လှောင်ပြောင်မှုများ ပြည့်နှက်လို့နေလေသည်။
"တကယ် လောဘကြီးတာပဲ။ သူက အကျိုးကျေးဇူးတွေ အကုန်ရယူထားပြီးတာတောင် မလုံလောက်သေးဘူးလို့ ထင်နေတုန်းပဲ"
ပိုင်ရှိုးမင်သည် မျက်လုံးများကိုပင့်ကာ အားချန်၏ ကြည်လင်နေသော မျက်ဝန်းများကို ကြည့်လိုက်ပြီး သူမကို မေးလိုက်၏။ "အရမ်းဒေါသထွက်နေတာလား"
"ဟုတ်တယ်။ အရမ်းဒေါသ ထွက်တယ်" အားချန်သည် မငြင်းဆန်ချေ။ ကျိချန်သည် ဘာမှမသိခဲ့ရသော်ငြား အားချန်ကာတော့ သူမအတွက် ဝမ်းနည်းနာကျည်းမိလေသည်။
"ကိုယ့်ရဲ့ကြိုက်ခြင်း မုန်းခြင်းအတွက်သက်သက်နဲ့ ကျိဟန်က အဆင့်၅ရောက်သွားရင် သံယောဇဉ်ဟောင်းကို တသသဖြစ်မှာ စိုးရိမ်လို့ ကျိချန်ကို သေစေချင်ခဲ့တာ။ ဒီလိုအကြောင်းပြချက်မျိုးက သူ့ရဲ့သံသရာလမ်းကိုတောင် ညစ်ညမ်းသွားစေလိမ့်မယ်"
ပိုင်ရှိုးမင်သည် လက်ကိုမြောက်ကာ အားချန်၏ မျက်လုံးများကို အုပ်မိုးထားလိုက်ပြီး သူမ၏နှုတ်ခမ်းနားတွင် တိုးတိုးလေး ပြောလိုက်လေသည်။ "စိတ်မဆိုးပါနဲ့တော့။ ကိုယ် မင်းအတွက် သူတို့ကို သတ်ပေးမယ်လေ ဟုတ်ပြီလား"
မျက်စိရှေ့က အမှောင်ထုသည် အားချန်ကိုငြိမ်သက် သွားစေခြင်းမရှိပေ။ သူမ၏လက်သည် ပိုင်ရှိုးမင်၏ အနည်းငယ်ဟနေသော ရင်ဘတ်အင်္ကျီထဲသို့ လျောတိုက်ကာ ဝင်ရောက်သွားပြီး လက်ချောင်းထိပ်လေးများက သူ၏တင်းရင်းပြီး နွေးထွေးသော ကြွက်သားများနှင့် ထိတွေ့လိုက်မိကာ လက်ချောင်းများအောက်တွင် သူ၏အားကောင်းသော နှလုံးခုန်သံကို ခံစားလိုက်ရ၏။
သူမသည် သူ့နှလုံးသား နေရာကိုဖိထားရင်း မေးလိုက်လေသည်။ "ဘာဖြစ်လို့ ရှင်က သွားမှာလဲ။ မင်ဝမ်ကရော"
ကျိဟန်သည် သာ့ရှပြည်ကို သစ္စာဖောက်ခဲ့သည်။ မသိလျှင် ကိစ္စမရှိသော်ငြား သိသွားပါက သာ့ရှပြည်သည် သူ့ကို လုံးဝအလွတ်ပေးမည် မဟုတ်ပေ။ သို့သော် အားချန် ထင်သည်မှာ အနည်းဆုံးတော့ မင်ဝမ်က လှုပ်ရှားသင့်သည်ဟူ၍ပင်။
ပိုင်ရှိုးမင်သည် ခဏလောက်တုံ့ဆိုင်းသွားပြီးမှ ပြောလိုက်၏။ "ဖုဟွမ်သာ လှုပ်ရှားမယ်ဆိုရင် မျိုးနွယ်စု ၇ခုကြားစစ်ပွဲ ဖြစ်လာလိမ့်မယ်။ ကိုယ်က ပိုပြီးတော့ သင့်တော်တယ်"
အားချန်က မျက်မှောင်ကြုတ်လိုက်ပြီး မေးလိုက်သည်။ "ရှင်တစ်ယောက်တည်းလား"
ပိုင်ရှိုးမင်ကလည်း "အင်း" ဟု ခပ်တိုးတိုးတစ်ချက် ပြန်ဖြေလိုက်ပြီး သူမ၏နှုတ်ခမ်းပါးလေးကို ဖိကပ်နမ်းရှိုက်ကာ ဖြည်းညင်းစွာ ပွတ်သပ်လိုက်လေသည်။
သာ့ရှပြည်၏ အဆင့်၅နယ်ပယ် ကျင့်ကြံသူများသည် သူနှင့်သူ့ဖုဟွမ်သာ ရှိသည်တော့ မဟုတ်ပေ။ သို့သော် ကျန်ရှိသော အဆင့်၅နယ်ပယ် ကျင့်ကြံသူများသည် သာ့ရှနယ်နိမိတ်အတွင်းတွင် မရှိကြချေ။ အကယ်၍ ဒီကိစ္စအတွက် ဘိုးဘေးများကို ပြန်ခေါ်မည်ဆိုလျှင် ဖုဟွမ်သည် အဆူခံရဖို့သာရှိပေမည်။ ဒီကိစ္စတွင် သူသည်သာ အကောင်းဆုံး ရွေးချယ်မှုဖြစ်လေသည်။
အားချန်က နှုတ်ခမ်းကို အနည်းငယ်ဟထားလိုက်ပြီး စကားလုံးနှစ်လုံးကို ထုတ်ပြောရ၏။ "မသွားရဘူး"
ပိုင်ရှိုးမင်ကတော့ အသံမထွက်ဘဲ နှုတ်ခမ်းထောင့်ကို ကွေးထားလိုက်ပြီး မေးလိုက်၏။ "မင်းအတွက် ကိုယ်က သူတို့ကို သတ်ပေးတာကို မလိုချင်ဘူးလား"
"လိုချင်တာပေါ့" အားချန်၏အဖြေမှာ တုံ့ဆိုင်းခြင်းမရှိပေ။ "ဒါပေမဲ့ ရှင်တစ်ယောက်တည်းတော့ မဖြစ်ဘူး"
အကယ်၍ ယခုအချိန်တွင် သူမနှင့်ပိုင်ရှိုးမင်သည် ဘာပတ်သက်မှုမှ မရှိပါက သူမသည် လူသတ်ရန်အတွက် သူ့ကို ဓားတစ်လက်အဖြစ် အသုံးပြုရန် နည်းလမ်းပေါင်းစုံ ကြံဆောင်မိပေလိမ့်မည်။ သို့သော်ငြား ယခုအခါတွင်တော့ သူ၏အသက်သည် ကျိဟန်၏အသက်ထက် ပိုပြီးအရေးကြီးလေသည်။
အဆင့်၅ အချင်းချင်း တိုက်ခိုက်ခြင်းသည် အဆင့်လေးနှင့် လုံးဝကွာခြားလေသည်။ တချို့အထဲတွင် ပြောင်းလဲမှုများ များပြားလွန်းပြီး မိစ္ဆာမျိုးနွယ်များပါ ပေါ်ထွက်လာနိုင်ခြေရှိသဖြင့် သူမသည်ပိုင်ရှိုးမင်ကို လောင်းကြေးတော့ လုပ်ခိုင်းမည်မဟုတ်ပေ။
အကယ်၍ လှုပ်ရှားမည်ဆိုလျှင်ပင် သေချာပေါက် စိတ်ချရသည့် အစီအစဉ်ရှိမှ ဖြစ်ပေမည်။
သူက စကားမပြောသည်ကို မြင်လိုက်သောအခါ အားချန်သည် သူ့အောက်နှုတ်ခမ်းကိုက်လိုက်ရာ အသံသည် အနည်းငယ် ဗလုံးဗထွေး ဖြစ်သွားလေသည်။ "ကျွန်မ ပြောတာကြားလား။ ကျွန်မ သဘောမတူခင် အထိမသွားရဘူး"
လူနှစ်ဦးသည် အနည်းငယ် ခွာလိုက်ကြပြီး ပိုင်ရှိုးမင်က အောက်နှုတ်ခမ်းကို လျှာဖြင့်သပ်လိုက်ကာ ခပ်ဖွဖွရယ်မော လိုက်လေ၏။ "ဒီလောက်တောင်မှ ဗိုလ်ကျတတ်တာလား"
"ရှင့်မှာ ကန့်ကွက်စရာရှိလား"
"မရှိရဲပါဘူး"
"ဟွန့်။ ရှင်သာ ကျွန်မ ကွယ်ရာမှာ ခိုးသွားရဲရင် တစ်သက်လုံး လူပျိုကြီးလုပ်ဖို့သာ ပြင်ထားလိုက်ပေတော့" အားချန်သည် ရက်စက်ကြမ်းကြုတ်သည့် ပုံစံဖြင့် သတိပေးလိုက်လေသည်။
သို့သော် ယခုအချိန်တွင် သူမသည် အနမ်းခံထားရသဖြင့် မျက်ဝန်းအိမ်များက နီရဲကာ မျက်လုံးများက ရီဝေဝေဖြစ်နေပြီး ဒီသတိပေးစကားသည် ခြိမ်းခြောက်နိုင်စွမ်း သိပ်မရှိလှပေ။
ပိုင်ရှိုးမင်၏ လည်ချောင်းသည် လှုပ်ရှားသွားပြီး အသံမှာအက်ရှ နေလေတော့သည်။ "ကောင်းပါပြီ။ အားလုံး မင်း သဘော အတိုင်းမှာပဲ"
အားချန်က ဝမ်းမသာရသေးခင်မှာပင် ခန္ဓာကိုယ်သည် ရုတ်တရက် လေထဲသို့ မြှောက်တတ်သွားပြီး လူတစ်ကိုယ်လုံး ပွေ့ချီခံလိုက်ရတော့သည်။
သူမသည် ပိုင်ရှိုးမင်၏ လည်ပင်းကို အလျင်အမြန် သိုင်းဖတ်ထားလိုက်ပြီး မူနွဲ့စွာဖြင့် မေးလိုက်၏။ "ရှင် ဘာလုပ်မလို့လဲ"
"ကိုယ်က ဒီလောက်တောင် စကားနားထောင်မှတော့ ဆုလာဘ် နည်းနည်းလောက် ပေးသင့်တယ်မဟုတ်လား"
"မ ..." စကားလုံးများ ထွက်မလာခင်မှာပင် ပြန်လည်ပိတ်ဆို့ ခံလိုက်ရတော့သည်။
ပိုင်ရှိုးမင်သည် အားချန်၏ ခေါင်းအနောက်ဘက်ကို လက်တစ်ဖက်ဖြင့် ဖိထားကာ သူမနှင့်နှုတ်ခမ်းခြင်း ရစ်ပတ်နေပြီး တစ်ချိန်တည်းမှာပင်သူမကို ပွေ့ကာကုတင်ဆီသို့ လျှောက်သွားလိုက်လေသည်။
သူမက ကုတင်ပေါ်သို့ ချပေးလိုက်ပြီး ကိုယ်ပေါ်သို့ ဖိအုပ်ထားလိုက်ချိန်တွင် အနောက်ဘက်မှ ကုတင်ခန်းဆီးများက ကျဆင်းလာကာ လုံးထွေးနေသော လူနှစ်ယောက်၏ ပုံရိပ်ကို ဖုံးကွယ်သွားလေတော့သည်။
မိုးလေ ကင်းစင်သွားပြီးနောက် အားချန်သည့်ပိုင်ရှူးမင်၏ရင်ခွင်ထဲတွင် တဝက်ခန့် မှောက်လျက်ရှိနေပြီး ရေညှိပင်ကဲ့သို့ နက်မှောင်သော ဆံနွယ်ရှည်များသည် သူ့ကိုယ်ပေါ်တွင် ပြန့်ကျဲနေတာ မျက်တောင်များက စင်းကျလို့ နေသည်။
ပိုင်ရှိုးမင်၏ လက်သည်သူမ၏ ကျောပေါ်တွင် ညင်သာစွာ ပွတ်သပ်ပေးနေပြီး သူမကအနည်းငယ် အသက်ရှူမှန်လာမှ ပိုင်လုံဝမ် (နဂါးဖြူဘုရင်) ရှန့်ကျင်းသို့လာမည့် အကြောင်းကို ပေါ့ပေါ့ပါးပါး ပြောပြလိုက်လေသည်။
အားချန်သည် အစကအိပ်ပျော်လု နီးပါးဖြစ်နေပြီဖြစ်ကာ သူ့စကားကို ကြားလိုက်ရသဖြင့် မျက်ခွံများကို အားယူကာ ဖွင့်လိုက်၏။
"အဲဒီနဂါးဖြူလေးရဲ့ လူကြီးတွေက ကျွန်မတို့ကို ကျေးဇူးတင်လက်ဆောင် လာပေးမလို့လား။ နဂါးမျိုးနွယ်တွေက ဒီလောက်တောင် ယဉ်ကျေးသိတတ် ကြတာလား"
ဘယ်လိုပဲ နားထောင်ကြည့်ကြည့် ဒီကိစ္စကနဂါးမျိုးနွယ်များ လုပ်မည့်ပုံစံမျိုး မဟုတ်ချေ။ နဂါးမျိုးနွယ်များကို သူမ နားလည်ထားသလောက် သူတို့၏မျိုးနွယ်ဝင်ကို တစ်စုံတစ်ယောက်က ကယ်တင်လိုက်သည်ဟုသိရှိပါက ဒါသည် မင်းရဲ့ ကံကောင်းမှုပဲဟု ပြောကြားမည့် သူများဖြစ်လေသည်။
ပိုင်ရှိုးမင်က ရယ်မောလိုက်၏။ အားချန်၏ တုံ့ပြန်မှုသည် မထင်မှတ်ဘဲ သူ့ဖုဟွမ်နှင့် တူညီနေလေသည်။
“တစ်ဖက်လူမှာ တခြားကိစ္စတွေ ရှိနေတာလည်း ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ မင်းကတော့ အိမ်မှာနေပြီး လက်ဆောင်လက်ခံဖို့ စောင့်နေလို့ရပြီ"
အားချန်က သမ်းဝေလိုက်ပြီး ပြောလိုက်၏။ " သိပါပြီ"
ပိုင်ရှိုးမင်က စကားမပြောနိုင်သေးခင်မှာပင် သူမ၏ လက်ချောင်းများက စမ်းတဝါးဝါးဖြင့် ပိုင်ရှူးမင်၏ နှုတ်ခမ်းပေါ်တွင် လာရောက်ထိကပ်ကာ တားမြစ်လိုက်လေသည်။ "ရှင် စကားမပြောနဲ့တော့။ ကျွန်မ အရမ်းအိပ်ချင်နေပြီ"
ပြောပြီးသည်နှင့် မကြာခင်မှာပင် ပိုင်ရှိုးမင်းသည် သူမ၏ပုံမှန် အသက်ရှူသံကို ကြားလိုက်ရပြီး လူကတော့ အိပ်ပျော် သွားပြီဖြစ်လေသည်။
ဒုတိယနေ့ နိုးလာချိန်တွင် အားချန်သည် ပိုင်ရှိုးမင်က သူမနှင့်ပြောခဲ့သည်ကို ဝေဝေဝါးဝါးသာ မှတ်မိတော့ပြီး ဘာပြောခဲ့သည်ကိုတော့ ဦးနှောက်၏ အနောက်ဘက်သို့ လုံးဝရောက်ရှိသွားခဲ့လေသည်။
ထိုနောက်ပိုင်းရက် အနည်းငယ်အတွင်း ရှန့်ကျင်း၌ မိုးများဆက်တိုက် ရွာသွန်းပြီး အခန်းထဲတွင်လည်း စိုစွတ်နေသော အငွေ့အသက်များ လွှမ်းခြုံနေလေ၏။
ဒီနေ့ အားချန်နိုးလာချိန်တွင် စစ်အချိန်ရှိနေပြီဖြစ်သော်လည်း ပြတင်းပေါက် အပြင်ဘက်တွင် မိုးအုံ့နေဆဲပင်။
သူမက ကုတင်ပေါ်မှ ဆင်းကာ ပြတင်းပေါက်ကို တွန်းဖွင့်လိုက်သည်တွင် ကောင်းကင်ယံ၌ မိုးတိမ်မည်းများက နိမ့်ဆင်းနေပြီး ပြတင်းပေါက် အပြင်ဘက်တွင် မိုးဖွဲလေးများ တစ်ဖွဲဖွဲ ကျဆင်းနေလေသည်။ မိုးရွာပြန်ပြီ။
ဒီလိုရာသီဥတုသည် ၅ရက်၆ရက် ခန့်ကြာမြင့်နေပြီဖြစ်၏။ မိုးမကြီးသော်ငြား နေရောင်ခြည်ကို လုံးဝမတွေ့ရဘဲ နေရာတိုင်း တွင် စိုစွတ်နေသဖြင့် လူ၏စိတ်အခြေအနေကိုပါ လိုက်ပါလေးလံ စေလေသည်။။
အားချန်သည် မျက်နှာသစ် ကိုယ်လက်သန့်စင်ပြီးနောက် မီးဖိုချောင်သို့ သွားလိုက်ရာ ဟွေ့ညန်က သူမအတွက် သခွားသီးဟင်းချိုတစ်ပန်းကန်နှင့် ကြက်ဥမုန့်တစ်ချက်ကို ဒယ်အိုးထဲတွင် ချန်ထားပေးခဲ့ပြီး နွေးနေဆဲပင်။
သူမသည် ထမင်းစားပြီးနောက် အဆာပြေ မုန့်များထည့်ထားသည့် ပန်းကန်ကို ကိုင်ဆောင်ကအရှေ့ဘက် ဆိုင်ခန်းသို့သွားလိုက် လေသည်။
ဒီရက်ပိုင်းရာသီဥတု မကောင်းသဖြင့် ဆိုင်၏အရောင်းအဝယ်မှာလည်း အလွန်ဆိုးရွားနေပြီး တစ်နေကုန်မှ ဧည့်သည်အနည်းငယ်သာ တွေ့ရသည်။
ချန်ဟွေ့သည် စိုထိုင်းမှုကြောင့် ပျက်စီးမည်ဆိုးသဖြင့် ကောင်တာအံဆွဲထဲက ဟင်းခတ်အမွှေးအကြိုင်များကို စစ်ဆေးရှင်းလင်းနေပြီး အားချန်က သစ်သီးခြောက် ပန်းကန်ကို ကိုင်ဆောင်ကာ ဝင်လာသည်ကို မြင်လိုက်ရသောအခါ မော့ကြည့်ကာ နှုတ်ဆက်လိုက်လေသည်။
"ကျွန်မ ကူပေးမယ်လေ" အားချန်သည် သစ်သီးခြောက်ပန်းကန်ကို ကောင်တာပေါ်တွင် တင်ထားလိုက်ပြီး ချန်ဟွေ့ဘေးနားသို့ တိုးကပ်သွားလိုက်၏။
"မလိုပါဘူး။ ရှင်းလို့ပြီးတော့မှာပါ။ ရှင် ဟိုဘက်မှာ သွားထိုင်နေ။ ကျွန်မ ခဏနေရင်ပြီးပြီ"
အားချန်ကတော့ သွားမထိုင်ချင်ပေ။ သူမသည် လူသွားလူလာ နည်းပါးလှသော အပြင်ဘက်လမ်းမကို ကြည့်ကာ ပွစိပွစိပြောလိုက်၏။ "ကျွန်မထိုင်နေတာ ရက်ပေါင်းများစွာ ကြာနေပြီပဲ"
ချန်ဟွေ့သည် ဖွင့်ထားသောအံဆွဲကို တစ်ခုပြီးတစ်ခုပြန်ပိတ်လိုက်ပြီး မတ်တပ်ထရပ်ကာ ကိုယ်ပေါ်ကဖုန်များကို ခါလိုက်ရင်း ရယ်မောကာပြောလိုက်၏။ "မနေ့က သူဌေးရွှီက ပုံပြင်စာအုပ်တွေ အများကြီး လာပို့ပေးသွား သေးတယ် မဟုတ်လား”
"ဒီရက်ပိုင်း ပုံပြင်စာအုပ်တွေက မကောင်းဘူး" အားချန်၏ လေသံထဲတွင် ရွံရှာမှုများ အပြည့်ပါဝင်နေပြီး ချက်ချင်းပင် အကြံပြုလိုက်၏။ " ကျွန်မတို့ စစ်တုရင်ထိုးကြမလား”
ချန်ဟွေ့သည် အားချန်၏ ဆိုးရွားလှသော စစ်တုရင် အရည်အချင်းကို စဉ်းစားလိုက်မိပြီး ပျော်ရွှင်စွာခေါင်းငြိမ့် လိုက်လေသည်။ "ဒါလည်း ကောင်းတာပဲ။ စစ်တုရင်ခုံက ဒုတိယထပ်မှာ ထားထားတာထင်တယ်။ ခဏစောင့်။ ကျွန်မ သွားယူလိုက်မယ်"
သူမသည် အားချန်ကို ကျော်ဖြတ်ကာ ဒုတိယထပ်သို့ တက်သွားပြီး အားချန်ကတော့ အဆာပြေမှုန့်များကို ကိုင်ဆောင်ကာ ဘေးကစားပွဲဆီသို့ လျှောက်သွားလိုက်တော့သည်။
ထိုအချိန်မှာပင် တစ်ဝက်ဟနေသော တံခါးသည်အပြင်ဘက်မှ တွန်းဖွင့်ခံလိုက်ရပြီး ရိုင်းစိုင်းသောရေငွေများ မျက်နှာသို့ တိုးဝှေ့လာကာ အပြင်ဘက်တွင် မိုးသည် မည်သည့်အချိန်က ပိုသည်းသွားသည်ပင် မသိချေ။
ဝင်ရောက်လာသူများမှာ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး ဖြစ်လေသည်။ အမျိုးသားမှာအရပ်ရှည်ပြီး သန်မာထွားကြိုင်းကာ ရွှေရောင်ပန်းထိုးထားသည့် အဖြူရောင်ဝတ်ရုံရှည်ကို ဝတ်ဆင်ထားလေသည်။ လှပပြီးနူးညံ့ပျော့ပြောင်းသည့် ငွေရောင်ဆံနွယ်များက ပခုံးပေါ်တွင်ဝဲကျနေကာ ရုပ်ရည်မှာအလွန် ချောမောလှပလေသည်။ သူ့မျက်ဝန်းများသည် ရွှေရောင်ဖြစ်နေပြီး ကြည့်လိုက်သည့် အကြည့်များကလည်း အေးစက်ကာ မန်မာန ထောင်လွှားနေပုံရလေ၏။
သူ့နောက်က အမျိုးသမီးမှာ အပြာရောင်ဂါဝန်ရှည်ကို ဝတ်ဆင်ထားပြီး လက်ထဲတွင် ဆီစိမ်စက္ကူထီးတစ်ချောင်းကို ကိုင်ဆောင်ထားကာ သူမကိုယ်သူမသာ ကာကွယ်ထားပြီး ရှေ့ကအမျိုးသားကို လုံးဝဂရုမစိုက်ချေ။ သို့သော် ထိုသူ၏ကိုယ်ပေါ်တွင်တော့ လုံးဝခြောက်သွေ့နေပြီး မိုးရေစက်များ စိုစွတ်နေခြင်းမရှိပေ။
အားချန်သည် ထိုလူနှစ်ဦးကို ကြည့်လိုက်ပြီး ပုံမှန်အမူအရာဖြင့် မေးလိုက်၏။ "ဧည့်သည်တို့နှစ်ယောက် ဘာများဝယ်ချင်လို့လဲ"
ထိုအချိန်တွင် အပေါ်ထက်က ချန်ဟွေ့၏အသံ ပေါ်ထွက်လာခဲ့၏။ "အားချန် ရှင် စစ်တုရင်ဘူးကို ဘယ်နားမှာ ထားလိုက်တာလဲ"
အားချန်က ပြန်မဖြေရသေးခင်မှာပင် အပြာရောင်ဂါဝန် ဝတ်ထားသည့် အမျိုးသမီး၏လက်ထဲက စက္ကူထီးသည် ပြုတ်ကျသွားသည်ကို ရုတ်တရက် တွေ့လိုက်ရ၏။ သူမက မော့ကြည့်လိုက်ရာ အလွန်ရင်းနှီးနေသည့်မျက်နှာတစ်ခုကို တွေ့လိုက်ရတော့သည်။
"အားမန် ?" ထိုခဏတွင် သူမမှာ မျက်စိမှားသွားသည်ဟု ထင်လိုက်မိတော့သည်။
"အားချန် !"
အားချန် မျက်တောင်တစ်ချက် ခတ်လိုက်ရုံသာရှိသေးသည် သူမ၏နာမည်ခေါ်သံကို ကြားလိုက်ရပြီးနောက် အပြာရောင် အရိပ်တစ်ခုသည် သူမထံသို့ ပြေးဝင်လာတော့သည်။
သူမမှာ အမှတ်တမဲ့ လက်နှစ်ဖက်ကို ဖွင့်ထားလိုက်ရာ သူမ၏ရင်ခွင်ထဲသို့ ဝင်ရောက်လာသူသည် မည်သည့်အလေးချိန်မှ မရှိသလို အပူချိန်လည်းမရှိဘဲ နူးညံ့သောအေးမြမှုကိုသာ သယ်ဆောင်လာလေ၏။
"အားချန် နင်ဆိုတာ ငါ သိတယ်။ ငါ နင့်ကို အရမ်းလွမ်းနေတာ"
ညီမဖြစ်သူ၏ ရင်းနှီးနေသော ရှိုက်ငိုသံလေးသည်နားထဲတွင် မြည်ဟီးနေဆဲဖြစ်ကာ အားချန်သည် ခဏတာ ကြောင်အမ်းသွားပြီးမှ လက်ဖြင့် သူမ၏ ကျောပြင်ကို တို့ထိကြည့်လိုက်သည်တွင် ပျော့အိပြီး ကျုံ့နိုင်ဆန့်နိုင်သဖြင့် ကိုင်လို့ကောင်းသည်ဟု ခံစားလိုက်ရ၏။
အားမန်သည် ထိုသို့ တို့ထိခံလိုက်ရသဖြင့် ခေါင်းမော့လာကာ မျက်လုံးထဲတွင် မျက်ရည်များပြည့်နေပြီး သူမသည်လည်း လက်ဖြင့် အားချန်၏ပါးပြင်ကို ညင်သာစွာပြန်ပြီး တို့ထိလိုက်ကာ မေးလိုက်လေသည်။ "နင် ဘယ်လိုဖြစ်ပြီး ဒီပုံစံဖြစ်သွားရတာလဲ"
အကယ်၍များ ယခုအကြောင်းပြချက်ကို ပြောပြရလျှင် သူမ သေချာပေါက် ထပ်ငိုနေဦးမည်ဖြစ်သဖြင့် အားချန်ကလည်း ပြန်မေးလိုက်တော့သည်။ "နင်ကရော"
အားမန်၏ ရုပ်ရည်မှာ မပြောင်းလဲသွားသော်လည်း သူမသည် ယခုအခါ မိစ္ဆာတစ်ပိုင်း မဟုတ်တော့သလို အားချန်သိထားသည့် မည်သည့် မျိုးနွယ်မှလည်း မဟုတ်တော့ချေ။
အားမန်က နှုတ်ခမ်းကို စေ့ထားလိုက်ကာ ပြန်ပြောလိုက်၏။ "အဲဒီကိစ္စက ပြောရရင် ရှည်လွန်းပါတယ်"
ညီအစ်မနှစ်ယောက်သည် မတွေ့ရသည်မှာ ကြာမြင့်နေပြီဖြစ်သဖြင့် လက်ချင်းချိတ်ကာ တီးတိုးပြောဆို နေကြပြီးဘေးတွင် ရပ်နေသည့် အမျိုးသားကို လုံးဝလျစ်လျူရှု ထားလိုက်ကြ၏။
ချန်ဟွေ့သည် စစ်တုရင်ခုံနှင့် စစ်တုရင်ဘူး ကိုင်ဆောင်ကာ ဒုတိယထပ်မှ ဆင်းလာပြီး အောက်ထပ်တွင် လက်ချင်းချိတ်ထားသည့် လူနှစ်ဦးကို တွေ့လိုက်ရသောအခါ အနည်းငယ် ကြောင်းအမ်းအမ်း ဖြစ်သွားတော့သည်။
"အားချန် ဒီတစ်ယောက်က ...* ချန်ဟွေ့သည် အားမန်ကို ကြည့်လိုက်၏။ သူမသည် အားချန်က အမျိုးသမီးတစ်ဦးနှင့် ဒီလောက်ရင်းနှီးနေသည်ကို ပထမဦးဆုံးအကြိမ် တွေ့လိုက်ရခြင်းပင်။
"ဒါက ကျွန်မရဲ့ညီမ အားမန်လေ။ ဒါက ချန်ဟွေ့။ ငါ့ရဲ့သူငယ်ချင်း" အားချန်က လူနှစ်ဦးကို မိတ်ဆက်ပေးလိုက်သည်။
"ချန်ဟွေ့ မင်္ဂလာပါ" အားမန်က ချန်ဟွေ့ဘက်သို့ လှည့်ကာ နှုတ်ဆက်လိုက်ပြီး မျက်လုံးများကွေးညွတ်သွားကာ ကြည့်ရသည်မှာ လိမ္မာပြီးချစ်စရာကောင်း နေလေသည်။
ချန်ဟွေ့၏ မျက်ခုံးများက ပြေလျော့သွားပြီး၏ ပြန်ပြီးနှုတ်ဆက်လိုက်၏။ "မင်္ဂလာပါ"
"ဒါဆို ဒီတစ်ယောက်ကရော"
ချန်ဟွေ့သည် ဘေးတွင်ရပ်နေသော တစိမ်းအမျိုးသားကို ကျော်မသွားချေ။ ယဉ်ကျေးမှုအရ မေးမြန်းလိုက်ခြင်းပင်။ ဘာပဲဖြစ်ဖြစ် မျက်စိရှေ့ကလူသည် သာမန်လူတစ်ယောက်နှင့် မတူကြောင်း ထင်ရှားနေသည် မဟုတ်ပါလား။
အားမန်က တစ်ဖက်လူကို ကြည့်ပင်မကြည့်ဘဲ ပြောလိုက်၏။ "သူက အရေးမကြီးပါဘူး။ သူ့ကို ဂရုစိုက်နေစရာ မလိုဘူး"
အမျိုးသား၏ နှုတ်ခမ်းထောင့်များမှာ နိမ့်ကျသွားပြီး အားမန်၏စကားကို သိပ်မကျေမနပ်ကြောင်း ထင်ရှားနေ၏။
အားချန်သည် ခေါင်းကိုအနည်းငယ် စောင်းလိုက်ပြီး အားမန်ကို ကျော်လွန်ကာ တစ်ဖက်လူကို ကြည့်လိုက်လေသည်။ ဒီလောက်ထင်ရှားသော ရုပ်ရည်နှင့် ထူးခြားသော မျက်လုံးအရောင်ကြောင့် သူမစိတ်ထဲက ခန့်မှန်းချက်ကို ထုတ်မပြောရသေးခင်မှာပင် တံခါးဝ၌ နောက်ထပ်အရိပ်တစ်ခု ပေါ်ထွက်လာခဲ့သည် ။
အခန်းထဲတွင် စည်းကားနေသော လူများကို ကြည့်ရင်း ပိုင်ရှိုးမင်က တည်ငြိမ်သောအမူအရာဖြင့် ခြေလှမ်းကျဲကြီးများနှင့် ဝင်ရောက်လာကာ အမျိုးသားကို လက်နှစ်ဖက်ယှက်ပြီး အရိုအသေ ပြုလိုက်လေတော့သည်။
"ပိုင်လုံဝမ် အဝေးကြီးကလာရတာ။ ကြိုဆိုတာ နောက်ကျသွားတဲ့အတွက် ခွင့်လွှတ်ပါ"
...