အိပ်မပျော်ဘူး။ ငိုချင်တယ်
Vol. 21 Ch. 209
ကြည်ပြာရောင်သေရည်မှ သင်းပျံ့သောရနံ့များ ထွက်ပေါ်နေသည်။ ဒီသေရည်ကို ချက်လုပ်ရာတွင် ရှားပါးသော ဝိညာဉ်သစ်သီးများစွာကို အသုံးပြုထားသည်မှာ သိသာထင်ရှားသည်။
အားချန်သည် သေရည်နံ့ကို ရှူရှိုက်မိရုံဖြင့်ပင် သွားရည်ကျလာသည်ဟု ခံစားရပြီး ပိုင်ရှိုးမင်ကို မျှော်လင့်တကြီး ကြည့်ကာ သူမ၏ရှေ့တွင်ရှိသော ပန်းကန်ခွံကို ရှေ့သို့ တိုးတိုးလေး တွန်းလိုက်သည်။
တစ်ဖက်တွင်လည်း အားမန်သည် သူမ၏ ပန်းကန်ခွံကို ရှေ့သို့ တွန်းနေလေသည်။
ပိုင်ရှိုးမင်သည် မရယ်ဘဲ မနေနိုင်တော့ဘဲ သူတို့နှစ်ဦးအတွက် သေရည်ငှဲ့ပေးလိုက်ပြီး သေရည်အိုးကို ချထားလိုက်သည်။
ယဲ့ချန်က သူ့ကို မျက်နှာသေနှင့် ကြည့်နေလေသည်။ ပိုင်ရှိုးမင်က လက်နောက်ပြန်ဖြင့် အနည်းငယ် ပိုကြီးသော သေရည်အိုးတစ်လုံးကို ထုတ်ယူလိုက်ပြီး ယဲ့ချန်ကို ပြောလိုက်၏။ "ဒါက ဖုဟွမ် ကိုယ်တိုင်ချက်လုပ်ထားတဲ့ သေရည်ပါ။ ဒီနေ့ လုံဝမ်ကို ကိုယ်တိုင် လာမဧည့်ခံနိုင်တဲ့အတွက် တောင်းပန်တဲ့အနေနဲ့ ပေးတာပါ"
ယဲ့ချန်၏ မျက်နှာထား အနည်းငယ် ပြေလျော့သွားပြီး သေရည်အိုးကို လှမ်းယူကာ သူ့အတွက်နှင့် ပိုင်ရှိုးမင်အတွက် တစ်ပန်းကန်စီ ငှဲ့လိုက်လေသည်။
သူတို့ပန်းကန်ထဲမှ သေရည်သည် ပြင်းထန်သော အနီရောင်ရင့်ရင့် ဖြစ်ပြီး သေရည်နံ့ မရဘဲ ကြည့်လိုက်လျှင် သွေးနှင့် တူနေလေသည်။ ယဲ့ချန်သည် တစ်ငုံသောက်လိုက်ပြီး ရုတ်တရက် ပြောလာ၏။ "အရသာက အရင်အတိုင်းပဲ"
ပိုင်ရှိုးမင်သည် သူ့ဘက်သို့ သေရည်ပန်းကန်ကို မြှောက်ပြလိုက်ပြီး ပြောလိုက်၏။ "ဖုဟွမ် ပြောတာကြားဖူးတယ်။ အဲဒီတုန်းက ခင်ဗျားတို့ မိစ္ဆာဧကရာဇ်နဲ့ မတိုက်ခိုက်ခင် သွေးသောက်ပြီး မဟာမိတ်ပြုတုန်းက သောက်ခဲ့တာ ဒီသေရည်ပဲတဲ့"
ယဲ့ချန်သည် တစ်စုံတစ်ခုကို သတိရသွားသကဲ့သို့ လှောင်ရယ်လိုက်ပြီး "ဒါဆိုရင် သူပြောမှာ မဟုတ်ဘူး။ ဒီသေရည်က ဝိညာဉ်သားရဲရဲ့ သွေးနဲ့ ချက်ထားတာမို့လို့ မဟာမိတ်ပြုတဲ့အခါ သွေးဖောက်စရာ မလိုဘဲ တိုက်ရိုက် သောက်လိုက်ရင် ရတယ်လို့ သူက ငါတို့ကို လိမ်ပြောခဲ့တာလေ။ ငါတို့ နိုင်ပြီးတဲ့အခါကျမှ ဒီသေရည်ရဲ့ အရောင်က ချက်လုပ်တုန်းက ဝိညာဉ်သစ်သီးတွေ အများကြီး ထည့်လိုက်မိလို့ အရောင်စွန်းသွားတာလို့ သူ ပြောပြခဲ့တာ"
ပိုင်ရှိုးမင်သည် ပန်းကန်ထဲမှ သေရည်ကို ငုံ့ကြည့်လိုက်ပြီး သူ့ဖုဟွမ်သည် ဒီလိုအလုပ်မျိုးကို အမှန်တကယ် လုပ်နိုင်သည်ဟု တွေးမိလိုက်သည်။ "ခန္ဓာကိုယ် အစိတ်အပိုင်း အားလုံးက မိဘဆီက ရတာမို့လို့ မထိခိုက်စေရဘူး" ဆိုသည့် စကားများမှာ အလကားပင်။ သူ့ဖုဟွမ်က နာကျင်မှာ ကြောက်လို့ ဖြစ်မည်။
သို့သော် ထိုသူမှာ သူ့ဖခင် ဖြစ်နေသဖြင့် ဘာတတ်နိုင်ပါမည်နည်း။ သူက "ကျွန်တော်တို့ လူသားမျိုးနွယ်မှာက စိတ်ရင်းမှန်ရင် ပြီးတာပါပဲ။ ပုံစံခွက်ထဲ ဝင်နေစရာ မလိုပါဘူး" ဟု တတ်နိုင်သမျှ ဆင်ခြေပေးလိုက်ရတော့သည်။
"မင်းက တကယ်ပဲ သူ့သားပါပဲ။ အဲဒီတုန်းက ငါနဲ့ ရှီးကျင် သူ့ကို ဝိုင်းရိုက်တုန်းက သူ ဒီလိုပဲ ဆင်ခြေပေးခဲ့တာ"
ပိုင်ရှိုးမင် ပြန်ပြောစရာ စကားမရှိတော့ချေ။
ရှီးကျင်အကြောင်း ပြောမိသည်တွင် ယဲ့ချန်သည် အားမန်ဘက်သို့ လှည့်ကြည့်လိုက်သည်။ အားမန်သည် ချန်ဟွေ့၊ အားချန်တို့နှင့် စကားပြောနေပြီး ဘာမှ မကြားလိုက်သကဲ့သို့ပင်။
သို့သော် အမှန်တကယ်တော့ အားမန် ကြားလိုက်သည်။ ယဲ့ချန်နှင့် အဖေတို့သည် မိတ်ဆွေများ ဖြစ်ကြောင်း အားမန် သိသော်လည်း သူမသည် အဖေ၏ အတိတ်အကြောင်းကို ဘယ်တော့မှ မမေးသလို သူ ပြောပြတာကိုလည်း နားထောင်ရတာ မကြိုက်ပေ။
ယဲ့ချန်သည် ထိုအချက်ကို သတိထားမိသဖြင့် ရှားရှားပါးပါးသာ ထုတ်ပြောလေ့ရှိပြီး လွန်ခဲ့သော လအနည်းငယ်ကမှ သူမအဖေ သေဆုံးသွားပြီ ဖြစ်ကြောင်း ရုတ်တရက် ပြောပြခဲ့သည်။
အားမန်သည် မိဘများနှင့် ပတ်သက်ပြီး မှတ်ဉာဏ်မရှိသလို အားချန်ကဲ့သို့လည်း သူတို့ကို မျှော်လင့်ချက် မထားပေ။ ထိုသတင်းကို ကြားလိုက်ရသောအခါ သူမ ပထမဆုံး တွေးမိသည်မှာ အားချန်သာ သိသွားလျှင် အလွန် ဝမ်းနည်းလိမ့်မည် ဟူ၍ပင်။ သို့သော် သူမသည် အားချန်၏ ဘေးတွင် ရှိမနေပေးနိုင်ခဲ့ချေ။
သူမသည် အားချန်ကို ကြည့်ရင်း ရုတ်တရက် စိတ်လှုပ်ရှားလာသည်။ အကယ်၍ ယဲ့ချန် သိနေလျှင် ပိုင်ရှိုးမင် ပြောသော ဖုဟွမ်ကလည်း သိနေမည်လား။ သူတို့အားလုံးက အဖေ၏ မိတ်ဆွေများ ဖြစ်ကြရာ အားချန်ကော သိနေလိမ့်မည်လား။
အားချန်သည် ယဲ့ချန်၏ စကားကို ကြားသော်လည်း ဘာမှ မပြောဘဲ တူကို ကောက်ကိုင်ကာ ပိုင်ရှိုးမင်အတွက် စိမ်းစိုနေသော ဟင်းရွက်တစ်ပင်ကို ထည့်ပေးလိုက်ပြီး ပြောလိုက်၏။ "ဟင်းစား"
ပိုင်ရှိုးမင်သည် လိမ္မာစွာဖြင့် တူကို ကိုင်ကာ ဟင်းစားလိုက်ရာ ထိုခဏတာ ထူးဆန်းသော လေထုသည် ချက်ချင်း ပြတ်တောက်သွားခဲ့သည်။
သေရည် တစ်ပန်းကန်ပြီး တစ်ပန်းကန် သောက်လိုက်ကြပြီးနောက် လူအများ ရင်းနှီးလာကြပြီး ထမင်းစားပွဲဝိုင်းမှ လေထုသည်လည်း ပိုပြီး သက်ဝင်လှုပ်ရှားလာသည်။
အားချန်သည် သေရည်သောက်နိုင်စွမ်း အဆိုးရွားဆုံး ဖြစ်ပြီး သေရည် ၂ ပန်းကန် သောက်ပြီးသည်နှင့် မျက်လုံးများ ဝေဝါးလာတော့သည်။
ချန်ဟွေ့ကတော့ အနည်းငယ် ပိုကြာကြာ တောင့်ခံနိုင်ပြီး သူမသည် ၃ ပန်းကန် သောက်ပြီးနောက် ကုလားထိုင်ပေါ်တွင် ထိုင်လျက် မျက်လုံးမှိတ်ကာ တိုက်ရိုက် အိပ်ပျော်သွားတော့သည်။
အားမန်ကတော့ ကျန်ရှိသော သေရည်တစ်ဝက်ကို သောက်လိုက်သော်လည်း သကြားရည် အနည်းငယ် သောက်လိုက်သကဲ့သို့ မည်သည့် တုံ့ပြန်မှုမှ မရှိပေ။
ထမင်းစားပြီးလုနီးပါး ဖြစ်သောအခါ သူမသည် ချန်ဟွေ့ကို တွဲကာ အခန်းထဲသို့ အရင် ပြန်ပို့လိုက်တော့သည်။ ပြန်ထွက်လာသောအခါ ပိုင်ရှိုးမင်သည် အားချန်၏ အခန်းထဲမှ ထွက်လာသည်ကို တွေ့လိုက်ရ၏။
"အားချန် ဘယ်လိုနေလဲ" အားမန်က မေးလိုက်သည်။
"မင်းကို ရှာနေတယ်။ သွားပြီး အဖော်လုပ်ပေးလိုက်ပါ"
အားမန်တွင်လည်း ထိုအကြံအစည် ရှိသော်လည်း မေးလိုက်၏။ "ဒါဆို ရှင်တို့ကရော"
"ငါနဲ့ လုံဝမ် အပြင်ထွက် လမ်းလျှောက်လိုက်ဦးမယ်။ ညနေစောင်းလောက်မှ ပြန်လာမယ်"
ပူးပေါင်းမည် ဆိုမှတော့ ပူးပေါင်းမည့်သူ၏ အဆင့်အတန်းကို အရင်ဆုံး စမ်းသပ်ကြည့်ရမည် ဖြစ်ပြီး မှသာ ဆက်လက် ဆွေးနွေးနိုင်လိမ့်မည်။ သူတို့နှစ်ဦး ဖွင့်မပြောကြသော်လည်း နှစ်ဦးစလုံးတွင် ထိုရည်ရွယ်ချက် ရှိနေကြသည်။
အားမန်က ခေါင်းငြိမ့်လိုက်ပြီး သူတို့ ဘာသွားလုပ်မည်ကို စိတ်မဝင်စားပေ။
မိုးရွာပြီးစ နေရောင်ခြည်သည် မျက်စိကျိန်းလောက်အောင် တောက်ပနေပြီး အားချန်၏ အခန်းပြတင်းပေါက်များ ပွင့်နေသဖြင့် အလင်းကွက်ကြီးများသည် ကြမ်းပြင်ပေါ်သို့ ကျရောက်နေသည်။
ညီအစ်မနှစ်ယောက်သည် ကုတင်တစ်လုံးတည်းပေါ်တွင် လှဲနေကြပြီး ကုတင်သည် ကြီးမားသော်လည်း သူတို့နှစ်ဦးသည် အကျင့်ပါနေသကဲ့သို့ ပူးကပ်နေကြလေသည်။
အားချန်သည် အားမန်ကို ဆွဲကာ နားမလည်နိုင်သော စကားများကို တတွတ်တွတ် ပြောနေပြီး နောက်ဆုံးတွင် အိပ်ပျော်သွားတော့သည်။ အားမန်သည် သူမ၏ ဘေးတွင် လှဲနေပြီး သူမ၏ ပါးပြင်ကို ခဏလောက် ထိုးကစားပြီးနောက် ဖြည်းညှင်းစွာ မျက်လုံးမှိတ်လိုက်သည်။
နေ့လယ်ခင်း ခြံဝင်းထဲတွင် တိတ်ဆိတ်နေပြီး မြေကြီးထဲမှ ရေငွေ့များသည် နေရောင်ကြောင့် အငွေ့ပျံနေကာ နေ့လယ်ခင်း တစ်ခုလုံး သူတို့ကို မည်သူမျှ လာရောက် မနှောင့်ယှက်ကြပေ။
နေဝင်ချိန် ရောက်သောအခါ ကောင်းကင်မှ အပြာနုရောင်သည် တဖြည်းဖြည်း ညအမှောင်ဖြင့် အစားထိုးခံလိုက်ရပြီး ပြတင်းပေါက် အပြင်ဘက်မှ လေပြေတစ်ချက် တိုက်ခတ်လာမှ သေရည်အရှိန် ပြေသွားသော အားချန်သည် နောက်ဆုံးတွင် မျက်လုံးဖွင့်လာခဲ့သည်။
သူမ အနည်းငယ် လှုပ်ရှားလိုက်သည်နှင့် သူမဘေးတွင် အိပ်နေသော အားမန်သည် အိပ်မှုန်စုံမွှား မျက်လုံးများကို ဖွင့်လာပြီး မေးလိုက်၏။ "အားချန် နင် နိုးပြီလား"
"အင်း... ရေနည်းနည်း ဆာတယ်"
"စားပွဲပေါ်မှာ ရေရှိတယ်" အားမန်က သမ်းဝေလိုက်ပြီး ပျင်းရိစွာဖြင့် မလှုပ်ချင်ပေ။
အားချန် ရေမသောက်ချင်ပေ။ သူမသည် ထမင်းစားချိန်က ချန်ဟွေ့ ကျိုထားသော မက်မွန်ချဉ်ရည်ကို ရုတ်တရက် သတိရလိုက်သည်။ ထိုအချိန်ကမှ ကျိုထားခြင်း ဖြစ်သဖြင့် ယခုဆို အေးနေလောက်ပြီ။
သူမသည် အားမန်၏ လက်မောင်းကို ဆွဲကာ လှုပ်လိုက်ပြီး ပြောလိုက်၏။ "မီးဖိုချောင်ထဲမှာ မက်မွန်ချဉ်ရည် ရှိတယ်"
"အင်း... ငါ ရေမဆာဘူး" သူမတွင် ဘာပဲလိုလို ရေတော့ မလိုပေ။
"နင် ငါနဲ့ လိုက်ခဲ့" အားချန်သည် အားမန် လိုချင်လား မလိုချင်လား ဂရုမစိုက်ဘဲ သူမကို ဆွဲကာ ကုတင်ပေါ်မှ ဆင်းလိုက်သည်။
ခြံဝင်းထဲမှ ချန်ဟွေ့၏ အခန်းသည် မှောင်မိုက်နေဆဲ ဖြစ်ရာ သေရည်မူး မပြေသေးကြောင်း ထင်ရှားနေသည်။ အားချန်နှင့် အားမန်တို့သည် အမှောင်ထဲတွင် မီးဖိုချောင်ထဲသို့ ဝင်ကာ မက်မွန်ချဉ်ရည် နှစ်ပန်းကန်ကို သယ်ထုတ်လာခဲ့ကြသည်။
နှစ်ယောက်သား ပန်းကန်ကို ကိုင်ဆောင်ကာ အိမ်အမိုးစွန်းအောက်ရှိ ခုံပုလေးများပေါ်တွင် ပူးကပ်ထိုင်လိုက်ကြပြီး ချဉ်ချဉ်ချိုချို အရည်ကို တစ်ငုံချင်း သောက်ရင်း ကောင်းကင်ကို မော့ကြည့်နေကြသည်။
အားမန်သည် အားချန်၏ ပခုံးပေါ်တွင် မှီထားလိုက်သည်။ သူမတို့သည် ငယ်စဉ်ကတည်းက ဒီအတိုင်းပင် အမြဲတမ်း အတူတူရှိနေပြီး တစ်ယောက်ကို တစ်ယောက် မှီခိုခဲ့ကြသည်။
"ဒီမှာက ကြယ်တွေ သိပ်မလင်းဘူး" အားမန်က ပြောလိုက်၏။
"ကန္တရနယ်မြေမှာက ကြယ်တွေ အရမ်းလှတယ်။ အခွင့်အရေးရရင် ငါတို့ အတူတူ သွားကြမယ်"
"ကန္တာရနယ်မြေ ဟုတ်လား" ထိုရင်းနှီးနေသော နေရာနာမည်ကြောင့် အားမန်၏ ခန္ဓာကိုယ်သည် အနည်းငယ် တောင့်တင်းသွားသည်။ ယဲ့ချန် ပြောပြသည်မှာ ထိုနေရာသည် အဖေ ကျဆုံးခဲ့သော နေရာ ဖြစ်သည်တဲ့။
သူမ ပါးစပ်ဟပြီး မမေးရသေးမီမှာပင် အားချန်က ဆက်ပြောလာခဲ့သည်။ "အဖေနဲ့အမေကို အဲဒီမှာ မြှုပ်နှံထားတယ်"
အားမန်သည် ခါးကို မတ်လိုက်ပြီး တုံ့ဆိုင်းစွာဖြင့် မေးလိုက်၏။ "နင်... အကုန် သိသွားပြီလား"
"ဟုတ်တယ်။ ငါ ကိုယ်တိုင်တောင် သွားခဲ့သေးတယ်။ ဦးလေး ၆ ရဲ့ သမီးက အဲဒီမှာ နေတယ်။ ငါက အစတုန်းက သူ့ကို အဖေနဲ့အမေရဲ့ သတင်းကို ကူစုံစမ်းခိုင်းမလို့။ မထင်မှတ်ဘဲ ရောက်သွားတဲ့အခါကျမှ... အဖေ့ရဲ့ အရိုးတွေကို တွေ့ခဲ့ရပြီး သူတို့ရဲ့ သေဆုံးရတဲ့ အကြောင်းရင်းကိုပါ သိခဲ့ရတယ်"
"အဲဒီလိုကိုး" အားမန်၏ အသံသည် အလွန် တိုးညှင်းနေသည်။ သူမ ငယ်စဉ်က မိဘများကို စိတ်မပျက်ရသေးခင်တုန်းက အားချန်နှင့် အတူတူထိုင်ပြီး သူတို့ အခု ဘယ်နေရာ ရောက်နေမလဲဟု မကြာခဏ ခန့်မှန်းခဲ့ဖူးသည်။
ယခုအခါ သူတို့သည် သူမတို့ သိထားသော နေရာတွင် ထာဝရ ရပ်တန့်သွားခဲ့ပြီ ဖြစ်သည်။ အစက သိလိုက်ရချိန်တွင် အားမန် သွားကြည့်ဖို့ စိတ်ကူးမရှိခဲ့ပေ။
သို့သော် အားချန်၏ စကားကို ကြားလိုက်ရသောအခါ သူမ၏ ရင်ထဲတွင် မွန်းကျပ်ပြီး နေရထိုင်ရ ခက်လာတော့သည်။ သူတို့နှင့် လုံးဝ စိမ်းသက်နေသော်လည်း သူမ ဝမ်းနည်းမိနေဆဲပင်။
"သူတို့... ဘယ်လို သေဆုံးခဲ့တာလဲ"
"မိစ္ဆာဧကရာဇ် မသေခင်တုန်းက အဖေ့ရဲ့ သွေးမျိုးဆက် ပြတ်တောက်ပါစေ၊ မျိုးဆက်တွေ အားလုံး ကောင်းကောင်းမသေရစေနဲ့လို့ ကျိန်စာတိုက်ခဲ့တယ်"
အားမန်မှာ ကြောင်အသွားတော့သည်။ အဖေ့ရဲ့ မျိုးဆက်ဆိုတာ သူနဲ့ အားချန်ကို ပြောတာလား။
"အဖေနဲ့အမေက ငါတို့အတွက် အသက်ရှင်မယ့် လမ်းစရှာဖို့ သူတို့ကိုယ်သူတို့ ယဇ်ပူဇော်ခဲ့ကြတာ"
"ဘာ..." အားမန်သည် သူမ နားကြားမှားသည်ဟု ထင်လိုက်မိသည်။
အားချန်သည် အားမန်ဘက်သို့ လှည့်ကာ တိုးတိုးလေး ပြောလိုက်၏။ "နင် နားကြားမမှားဘူး"
အချိန်အတော်ကြာ ငေးကြောင်နေပြီးမှ အားမန်သည် ဝေဝေဝါးဝါး ပြောလိုက်လေသည်။ "ငါ ကံကောင်းလို့ မဟုတ်ဘူးပေါ့"
သူမ သေဆုံးပြီးနောက် အကြောင်းပြချက်မရှိ ပြန်လည် အသက်ရှင်လာကာ ယဲ့ချန်နှင့် တွေ့ဆုံခဲ့ခြင်းမှာ သူမ ကံကောင်းလို့ဟု အမြဲ ထင်မှတ်ခဲ့သည်။
အားချန် ခန္ဓာကိုယ် လဲလှယ်ပြီး ပြန်လည်မွေးဖွားလာသည်ကို သိလိုက်ရချိန်ကလည်း သူမ ဘာမှ သိပ်မတွေးခဲ့ပေ။ မူလက သေဆုံးခြင်းသည် သူမနှင့် အားချန်၏ သေချာပေါက် ကြုံတွေ့ရမည့် ကံကြမ္မာ ဖြစ်ခဲ့သည်ပင်။
ပြန်လည်မွေးဖွားခြင်းသည် အဖေနှင့်အမေက သူတို့အတွက် အသက်ဆက်ပေးခဲ့ခြင်း ဖြစ်သည်။ သူတို့သည် သူမတို့ကို ဘယ်တော့မှ စွန့်ပစ်ခဲ့ခြင်း မရှိပေ။
ပိုင်ရှိုးမင်နှင့် ယဲ့ချန်တို့ မြို့ထဲသို့ ပြန်ရောက်ချိန်တွင် ကောင်းကင်မှ မိုးသည် ထပ်မံ သည်းထန်စွာ ရွာသွန်းလာပြန်သည်။
လမ်းပေါ်မှ လူများသည် ပြေးလွှားရင်း ဤမိုးလေဝသ အခြေအနေကို ကျယ်လောင်စွာ ညည်းညူနေကြသော်လည်း သူတို့နှစ်ဦးကတော့ မိုးထဲတွင် ဖြည်းဖြည်းချင်း လျှောက်လှမ်းနေကြသည်။
"ရှန့်ကျင်းမှာ မိုးရွာနေတာ ရက်ဆက်နေပြီ။ တကယ်လို့ ဒီအတိုင်း ဆက်ဖြစ်နေရင် ရေကြီးလိမ့်မယ်" မိုးသံများကြားတွင် ပိုင်ရှိုးမင်၏ အသံ ထွက်ပေါ်လာသည်။
သူသည် အစောကတည်းက အားမန်၏ ဇာစ်မြစ်ကို ရိပ်မိနေခဲ့သည်။ သူမ၏ မူလခန္ဓာကိုယ်မှာ အလွန် ရှားပါးသော ရေဝိညာဉ် ဖြစ်ပြီး အဖိုးတန် ရှားပါးရုံသာမက ရေနေသတ္တဝါများအတွက် အလွန် အကျိုးရှိလေသည်။
ရေဝိညာဉ် ရှိသောနေရာတွင် တနှစ်ပတ်လုံး မိုးရွာသွန်းလေ့ ရှိသည်။
လောကတွင် ရေဝိညာဉ်သည် ဉာဏ်ပညာ ပွင့်လင်းလာသည်ဟူသော မှတ်တမ်း ယခင်က မရှိဖူးခဲ့ပေ။ အားမန်သည် တစ်ဦးတည်းသော ဖြစ်ရပ် ဖြစ်လောက်သည်။
"သူက ငိုရတာ ကြိုက်တယ်လေ" ယဲ့ချန်သည် မျက်နှာတည်တည်ဖြင့် ချန်းဖိင်ဖန်းဘက်သို့ လှမ်းကြည့်လိုက်ပြီး ပြောလိုက်၏။ "မင်း တတ်နိုင်ရင် သူ့ကို မငိုခိုင်းနဲ့လေ"
ပိုင်ရှိုးမင်မှာ ပါးစပ်ပိတ်လိုက်ရတော့သည်။ သူ့မှာ ထိုစွမ်းရည် မရှိပေ။
မိုးသည် ပြင်းထန်ပြီး ရွာတာ မြန်သလို တိတ်တာလည်း မြန်သည်။ သူတို့နှစ်ဦး ချန်းဖိင်ဖန်းသို့ ပြန်ရောက်ချိန်တွင် ကောင်းကင်မှ မိုးသည် တဖြည်းဖြည်း တိတ်သွားခဲ့ပြီ ဖြစ်သည်။
အနောက်ဘက်ခြံဝင်းရှိ အားချန်၏ အခန်းတွင် မီးများလင်းနေပြီး အားချန်၊ အားမန်နှင့် ချန်ဟွေ့ သုံးယောက်သား စားပွဲဝိုင်းတွင် ဖဲကစားနေကြသည်။
အားမန်၏ မျက်လုံးများ နီနေသေးသော်လည်း စိတ်ခံစားချက်မှာ သိသိသာသာ ကောင်းမွန်သွားပုံ ရသည်။
လူနှစ်ဦး ဝင်လာသည်ကို မြင်သောအခါ အားချန်သည် သူတို့ကို လက်ဝှေ့ယမ်းပြလိုက်ပြီး မက်မွန်ချဉ်ရည် တစ်အိုးကိုလည်း ခွဲဝေပေးလိုက်သည်။
လူသုံးယောက် ဖဲကစားနေပြီး ကျန်နှစ်ယောက်က ဘေးတွင် ထိုင်ကြည့်နေကြသည်။ နှစ်နာရီခန့် ကစားပြီးနောက် အချိန်လည်း တော်တော် လင့်နေပြီ ဖြစ်သဖြင့် ချန်ဟွေ့သည် ဖဲများကို သိမ်းဆည်းလိုက်ပြီး ဧည့်သည်များကို မည်သို့ နေရာချထားရမည်ကို စိတ်ထဲတွင် တွက်ချက်နေလေသည်။
အားမန်ကတော့ အားချန်နှင့် အတူတူ နေလို့ရသည်။ ယဲ့ချန်အတွက်ကတော့ ဘေးတွင် မငှားရသေးသည့် ဆိုင်ခန်းလွတ် တစ်ခန်းရှိပြီး သူမ မကြာခဏ သွားရောက် သန့်ရှင်းရေး လုပ်ထားသဖြင့် နေထိုင်ရန် ပြဿနာ မရှိလောက်ပေ။
ချန်ဟွေ့သည် အနည်းငယ် တုံ့ဆိုင်းနေပြီး အားချန်ကို တိုးတိုးလေး ပြောပြလိုက်သည်။
အားချန်ကတော့ တစ်ဖက်လူ ဆန္ဒရှိမရှိ စဉ်းစားမနေဘဲ ယဲ့ချန်ကို တိုက်ရိုက် ပြောလိုက်လေသည်။ "ဒီည ရှင် ဘေးအခန်းမှာ သွားအိပ်လို့ ရမလား"
အကယ်၍ မရလျှင် ပိုင်ရှိုးမင်ကို ခေါ်သွားခိုင်းလိုက်မည်။
"ရတယ်" ယဲ့ချန်သည် အားချန်နှင့် ရင်ဆိုင်ရချိန်တွင် စကားပြောရ လွယ်ကူရုံသာမက စိတ်သဘောထားလည်း အလွန် ကောင်းမွန်လေသည်။
"ဒါဆို အားမန်..." သူမက အားမန် ငါနဲ့လိုက်ခဲ့ ဟု ပြောရန် ပြင်လိုက်သော်လည်း စကားမဆုံးခင်မှာပင် ယဲ့ချန်က အားမန်ကို ဆွဲယူပြီး မိမိရှေ့သို့ ခေါ်လိုက်လေသည်။
"ညဘက်ကျရင် သူက ငါနဲ့ အတူတူ ရှိနေရမယ်။ သူက အရွယ်မရောက်သေးလို့ လူအသွင်ကို ထိန်းသိမ်းထားနိုင်ဖို့ ငါ့ရဲ့ အငွေ့အသက်ကို အားကိုးဖို့ လိုအပ်တယ်"
ဒီအကြောင်းပြချက်က အမှန်တကယ်ပင် ပြန်လည်ငြင်းပယ်ရန် ခက်ခဲလှသဖြင့် အားချန်သည် စိတ်ကို လျှော့လိုက်ပြီး နောက်ဆုံးတွင် မကျေမနပ်ဖြင့် ညီမဖြစ်သူကို လွှဲပေးလိုက်ရတော့သည်။
ပိုင်ရှိုးမင်ကတော့ မိမိ၏ ဆန္ဒကို မပြောရသေးမီမှာပင် စိတ်မကြည်မလင် ဖြစ်နေသော အားချန်၏ နှင်ထုတ်ခြင်းကို ခံလိုက်ရလေသည်။
ညသည် တဖြည်းဖြည်း နက်ရှိုင်းလာပြီး လမ်းမပေါ်တွင် လူသူကင်းမဲ့နေကာ အဝေးမှ မီးရောင်များ ငြိမ်းသွားပြီး တစ်နေ့တာ အလုပ်လုပ်ခဲ့ကြသော လူများလည်း အိပ်မောကျသွားကြပြီ ဖြစ်သည်။
လူမနေသော ရှေးဟောင်းပစ္စည်းဆိုင်၏ ဒုတိယထပ်တွင် ဖယောင်းတိုင်မီးရောင်သည် ခဏမျှ လင်းလက်ပြီးနောက် လုံးဝ ငြိမ်းသွားခဲ့သည်။
ဆိုင်၏ ဒုတိယထပ်တွင် ထားရှိသော ကုတင်သည် သိပ်မကြီးမားလှပေ။ ယဲ့ချန်သည် အပေါ်တွင် လှဲနေပြီး ကုတင်၏ ထက်ဝက်ကျော်ကျော် နေရာယူထားသည်။ အားမန်သည် သူ၏ရင်ခွင်ထဲတွင် လှဲနေပြီး သူ့လက်ချောင်းများကို ဆုပ်ကိုင် ကစားနေလေသည်။
သတိရလာပြီးကတည်းက သူမသည် ယဲ့ချန်နှင့် အတူအိပ်ခဲ့သဖြင့် အကျင့်ပါနေပြီ ဖြစ်သည်။
ရေဝိညာဉ် တစ်ဦးအနေဖြင့် အားမန်၏ အသက်အရွယ်သည် အလွန် ငယ်ရွယ်လွန်းပြီး လူအသွင်ပြောင်းလဲရန် အဝေးကြီး လိုနေသေးသည်။ အကယ်၍ နဂါးအငွေ့အသက် အလုံအလောက် မရရှိပါက ဒုတိယနေ့တွင် သူမသည် ခန္ဓာကိုယ်ကို ထိန်းသိမ်းနိုင်တော့မည် မဟုတ်ဘဲ ရေလုံးကြီးတစ်လုံး အဖြစ်သို့ ပြောင်းလဲသွားပေလိမ့်မည်။
သူမသည် ယဲ့ချန်နှင့် ထိုသို့ မကြာခဏ ကစားလေ့ရှိသော်လည်း အားချန်၏ ရှေ့မှောက်တွင်တော့ ထိုသို့သော ပုံစံဖြင့် ပေါ်ထွက်လာရန် ခွင့်မပြုနိုင်ပေ။ အကြောင်းမှာ သူမ သေချာပေါက် လှောင်ပြောင်ခံရမည် ဖြစ်သောကြောင့်ပင်။
ယဲ့ချန်သည် မျက်လုံးများကို မှိတ်ထားပြီး ခဏကြာသောအခါ အားမန်သည် သူ့လက်ချောင်းများကို ချိုးနေဆဲ ဖြစ်ကြောင်း ခံစားမိလိုက်သည်။
သူက မျက်ခွံကို ပင့်လိုက်ပြီး မေးလိုက်၏။ "မအိပ်ဘူးလား"
အားမန်သည် နှာခေါင်းကို ရှုံ့လိုက်ပြီး ပြောလိုက်လေသည်။ "အိပ်မပျော်ဘူး။ ငိုချင်တယ်"
ယဲ့ချန်သည် သူမ၏ မျက်နှာကို စမ်းကြည့်လိုက်ရာ ခြောက်သွေ့နေဆဲ ဖြစ်သဖြင့် စိတ်သက်သာရာ ရသွားသည်။
"တကယ်လို့ မင်း ထပ်ငိုရင် ငါတို့မကြာခင် ရှန့်ကျင်းကနေ မောင်းထုတ်ခံရလိမ့်မယ်"
အားမန်သည် ကိုယ်ကိုလှည့်လိုက်ပြီး သူ့ကို မကျေမနပ် စိုက်ကြည့်လိုက်၏။
"ပြောပါဦး။ ဘယ်သူက မင်းကို ထပ်ပြီး စိတ်ဆိုးအောင် လုပ်လိုက်ပြန်ပြီလဲ"
အားမန်သည် ခေါင်းကို သူ့ရင်ခွင်ထဲတွင် နှစ်လိုက်ပြီး အချိန်အတော်ကြာမှ အသံအစ်အစ်ဖြင့် ပြောလိုက်သည်။ "အားချန်က အဖေနဲ့အမေရဲ့ သေဆုံးရတဲ့ အကြောင်းရင်းကို ကျွန်မကို ပြောပြတယ်"
"ဘာအကြောင်းရင်းတဲ့လဲ"
"အားချန် ပြောတာက ကျွန်မတို့က မွေးကတည်းက မိစ္ဆာဧကရာဇ်ရဲ့ ကျိန်စာတိုက်တာ ခံထားရတယ်တဲ့။ သူတို့က ကျွန်မတို့ အသက်ဆက်နိုင်ဖို့ သူတို့ကိုယ်သူတို့ ယဇ်ပူဇော်ခဲ့ကြတာတဲ့"
ယဲ့ချန်သည် အားချန်၏ စကားကို ကြားလိုက်ရသောအခါ စိတ်ထဲတွင် ပထမတော့ အံ့ဩသွားပြီး နောက်တွင်တော့ နားလည်သဘောပေါက်သွားတော့သည်။
ထိုစဉ်က ရှီးကျင် ကျိန်စာတိုက်ခံရချိန်တွင် သူနှင့် ပိုင်ယွီတို့ နှစ်ဦးစလုံး ထိုနေရာတွင် ရှိနေခဲ့သည်။
မိစ္ဆာဧကရာဇ်သည် မိစ္ဆာတိုင်းပြည်ကို ဖျက်ဆီးခဲ့သော ရှီးကျင်ကို အလွန်အမင်း မုန်းတီးခဲ့ပြီး နောက်ဆုံးလက်ကျန် စွမ်းအားများကို သူ့အား ပစ်မှတ်ထားရန် အသုံးပြုခဲ့လေသည်။
သူတို့ လမ်းခွဲမသွားခင်က ကျိန်စာအကြောင်း ပြောခဲ့ကြသော်လည်း ရှီးကျင်က သူ့တွင် ဖြေရှင်းနည်း ရှိသည်ဟု ပေါ့ပေါ့ပါးပါး ပြောခဲ့ပြီး နောက်ပိုင်း ပြန်တွေ့ကြသည့် အခါတွင်လည်း ထိုကိစ္စကို ထပ်မပြောခဲ့ချေ။
သမီးနှစ်ယောက်အတွက် သူ ဒီအဆင့်ထိ လုပ်ဆောင်ခဲ့လိမ့်မည်ဟု မထင်မှတ်ထားခဲ့မိချေ။
ယဲ့ချန်သည် မျက်လွှာချကာ အားမန်ကို ကြည့်လိုက်ပြီး သူမကို ရင်ခွင်ထဲသို့ ပိုမို တိုးဝင်စေလိုက်သည်။
"ကျွန်မနဲ့ အားချန် မတူဘူး။ ကျွန်မ တကယ်တော့ သူတို့ကို အရမ်းမုန်းတယ်။ ကျွန်မတို့မှာ မိဘတွေ ရှိရဲ့သားနဲ့ သူတို့က ကျွန်မနဲ့ အားချန်ကို မိဘမဲ့တွေ ဖြစ်အောင် လုပ်ခဲ့တယ်။ ကျွန်မတို့ တောင်ပေါ်မှာ အနိုင်ကျင့်ခံရတုန်းက ဘယ်သူမှ ကျွန်မတို့ကို မကူညီကြဘူး။ အဖေက ကျွန်မတို့ကို မလိုချင်တော့ဘူးဆိုတာ သူတို့ သိနေကြတယ်"
သူမနှင့် အားချန် ခံစားခဲ့ရသော ဝမ်းနည်းမှုများကို သူမ ဘယ်တော့မှ မေ့ပျောက်နိုင်မည် မဟုတ်ပေ။
သို့သော်...
အားမန်သည် တိုးညှင်းစွာ ပြောလိုက်၏။ "ဒါပေမဲ့ သူတို့က အသက်နဲ့လဲပြီး ကျွန်မတို့ရဲ့ အသက်ကို ကယ်ခဲ့တာ။ တကယ်လို့ အဖေနဲ့အမေက ကျွန်မ သူတို့ကို အဲဒီလောက် မုန်းခဲ့တယ်ဆိုတာ သိရင် နောင်တရကြမလား"
"မရပါဘူး" ယဲ့ချန်၏ လေသံမှာ ပြတ်သားနေသည်။ သူ၏ လက်ဖဝါးသည် အားမန်၏ နောက်စေ့မှ နူးညံ့သော ဆံနွယ်များကို ဖွဖွလေး ပွတ်သပ်ပေးလိုက်သည်။ "တကယ်လို့ မင်းအဖေ နောင်တရမယ်ဆိုရင် ငါ ချင်းယွီတောင်မှာ ပေါ်လာမှာ မဟုတ်ဘူး"
...