မင်းရဲ့ အဆိုပြုချက်ကို ငါ လက်ခံလိုက်မယ်
Vol. 21 Ch. 210
အားမန်သည် ယဲ့ချန်၏ စကားကို အမှန်တကယ်ပင် စိတ်ဝင်စားသွားပြီး ခေါင်းမော့ကာ နားထောင်လိုက်သည်။
ယဲ့ချန်က ပြောပြလေသည်။ “ ငါ ဘာလို့ အဲဒီကို ရောက်နေလဲဆိုတာ အမြဲတမ်း သိချင်နေခဲ့တယ် မဟုတ်လား”
"ရှင်က မြေခွေးတစ်ကောင်ကို ဖမ်းစားဖို့ သွားတာလို့ ပြောခဲ့တယ်လေ"
သူမ မေးလာတိုင်း ယဲ့ချန်က ဒီအကြောင်းပြချက်ကိုသာ ပေးပြီး ရှောင်လွှဲခဲ့သည်။
ယဲ့ချန်သည် နှာခေါင်းရှုံ့လိုက်ပြီး “ငါ့ကို မင်းအဖေ လှည့်စားသွားတာ”
"လှည့်စားသွားတယ် ဟုတ်လား"
"သူက ချင်းယွီတောင်ရဲ့ ရေအေးကန်ထဲမှာ မွေးရာပါ ရေဝိညာဉ် တစ်ကောင် ရှိနေတယ်တဲ့။ သူနဲ့ ငါက အရင်းနှီးဆုံး သူငယ်ချင်းတွေ ဖြစ်တဲ့အတွက် ရေဝိညာဉ် ထွက်ပေါ်လာမယ့် အချိန်ကို အတိအကျ ပြောပြပေးမယ်၊ အချိန်မီ သွားယူလိုက်ပါလို့ ပြောခဲ့တာ"
မွေးရာပါ ရေဝိညာဉ်သည် ယဲ့ချန်အတွက်လည်း အလွန် အကျိုးရှိသည်။ ကိုယ်ပေါ်မှာ ဆောင်ထားရုံနှင့် ကျင့်ကြံခြင်းကို အထောက်အကူ ပြုနိုင်ပြီး နောက်ပိုင်း အသိဉာဏ် ပွင့်လင်းလာလျှင် သူ့လက်ထောက်တောင် ဖြစ်လာနိုင်သေးသည်။
ရေဝိညာဉ်သည် ရှီးကျင် ပြောသလိုပင် အချိန်မှန် ထွက်ပေါ်လာခဲ့သည်။ ဒါပေမဲ့ သူရလိုက်တဲ့ ရေဝိညာဉ်က အသိဉာဏ် ပွင့်လင်းနေရုံသာမက ရေနစ်သေဆုံးခါစ မြေခွေးမလေး ဖြစ်နေတယ်။
မြေခွေးမလေးသည် ရှီးကျင်၏ သမီး ဖြစ်ကြောင်း သိလိုက်ရသောအခါ သူ နားမလည်စရာ ဘာမှ မရှိတော့ပေ။ အဲဒီကောင်စုတ်က သူ့ကို တမင်တကာ ထောင်ချောက်ဆင်ခဲ့တာပဲ။
သူ ရေဝိညာဉ် လိုချင်ရင် ရှီးကျင်ရဲ့ သမီးကို မွေးစားပေးရမယ်။ ဒီကလေးမက ပြဿနာလည်း သိပ်များတယ်။ သူမ စိတ်တိုင်းမကျရင် သူ့ခေါင်းပေါ် ထိုင်ပြီး ငိုတတ်တယ်။ ငိုလွန်းလို့ သူ့ဦးနှောက်ထဲ ရေဝင်သွားပြီလားလို့တောင် ထင်မိတယ်။
"အဖေက တမင်တကာ လုပ်ခဲ့တာပဲ" အားမန်သည် ရယ်ချင်သွားသည်။ ယဲ့ချန် ဒီလောက် အထိနာခဲ့တာ ကြားရတာ တကယ် ရှားပါးတယ်။ ဒါကြောင့် သူ ဘာမှ မပြောချင်ခဲ့တာကိုး။
"မဟုတ်ရင် ဘာဖြစ်မလဲ" ယဲ့ချန်သည် သူမ၏ နူးညံ့သော ပါးပြင်ကို ဆွဲလိုက်ပြီး ပြောလိုက်၏။ "ငါက လက်ထောက် လိုချင်တာ၊ မင်းအဖေက ဘိုးဘွားတစ်ယောက် လာပို့ပေးတယ်"
အဲဒီတုန်းကတော့ ရှီးကျင် ဘာလို့ ဒီလိုလုပ်ရလဲဆိုတာ မသိခဲ့ပေမယ့် အခုတော့ နားလည်သွားပြီ။
ရှီးကျင်သည် သမီးနှစ်ယောက်အတွက် အကုန်အစင် ကြံစည်ပေးခဲ့ပြီး ဆန္ဒပြည့်ဝသွားပြီဟု ဆိုရမည်။
"ဘယ်လောက်တောင် ပိုပြောနေတာလဲ၊ ကျွန်မက ပုံမှန်ဆိုရင် အရမ်း လိမ်မ္မာပါတယ်နော်" အားမန်က မကျေမနပ် ပြောလိုက်၏။
"လိမ်မ္မာတာတော့ ဟုတ်ပါတယ်။ ငါနဲ့ တခြားလူတွေ တိုက်ခိုက်နေတုန်း မင်းက ငါ့ခေါင်းပေါ်မှာ မိုးရွာချပေးတာ လောက်ပဲ ရှိတာပါ"
အားမန်သည် အသံကို မြှင့်လိုက်ပြီး ဒေါသတကြီး ထထိုင်ချင်လာသည်။ "အဲဒါ ကျွန်မအပြစ်လား။ ရှင် တိုက်ခိုက်နေတုန်း ဘာလို့ ကျွန်မကို ကိုယ်ပေါ်မှာ ချိတ်ထားတာလဲ"
သူမ သေလောက်အောင် ကြောက်ခဲ့ရတာ။ ဒီဘဝမှာ မြေခွေးတွေ တိုက်ခိုက်တာလောက်ပဲ မြင်ဖူးတာ။ နဂါးနှစ်ကောင် မိုးပေါ်ပျံ မြေလျှိုးပြီး အသေအလဲ တိုက်ခိုက်နေတာမျိုး ဘယ်တုန်းက မြင်ဖူးလို့လဲ။
ယဲ့ချန်သည် တည်ငြိမ်စွာဖြင့် သူမကို ပြန်လှဲခိုင်းလိုက်ပြီး သူမ၏ တစ်ဖက်သတ် ငြင်းခုံမှုကို အဆုံးသတ်လိုက်သည်။ "ကောင်းပြီလေ၊ မင်း မှန်ပါတယ်"
"ဟွန့်" အားမန်သည် ယဲ့ချန်နှင့် ရန်ဖြစ်ရာတွင် အနိုင်ရလိုက်သဖြင့် ကျေနပ်သွားပြီး သူ့လက်အားကို အသုံးပြုကာ ယဲ့ချန်၏ ရင်ခွင်ထဲသို့ ပြန်လှဲလိုက်သည်။
ယဲ့ချန်က ဆက်ပြောသည်ကို သူမ ကြားလိုက်ရ၏။ "ရှီးကျင်က ဒီတစ်သက်မှာ တခြားသူတွေ မလုပ်ရဲတဲ့ ကိစ္စတွေကို အကုန်လုပ်ခဲ့တယ်။ တသက်လုံး စိတ်ရှိတိုင်း နေခဲ့တယ်။ သူ ဆုံးဖြတ်ခဲ့တဲ့ ကိစ္စတွေကို ဘယ်တော့မှ နောင်တမရဘူး။ မင်းနဲ့ မင်းအစ်မက သူ့စိတ်ထဲမှာ အရေးအကြီးဆုံးပဲ"
"သိပါပြီ" အားမန်သည် သူ့ရင်ခွင်ထဲသို့ ခေါင်းပြန်နှစ်လိုက်သည်။
"အခု အိပ်လို့ ရပြီလား"
"အင်း~" အားမန်သည် အသံဆွဲလိုက်ပြီး သိပ်မအိပ်ချင်သေးပုံ ပေါ်သည်။
ယဲ့ချန်က လက်ဖြင့် မျက်လုံးကို အုပ်လိုက်သည်။ မွေးမြူရတာ တကယ် ခက်ခဲတာပဲ။ သူ သီးသန့် အချိန်ယူပြီး ပိုင်ရှိုးမင်နဲ့ ဆွေးနွေးသင့်သလား။ အားမန်ရဲ့ အစ်မက ကြည့်ရတာ သူမထက် ပိုပြီး ကိုင်တွယ်ရ ခက်ခဲပုံရတယ်။
"ပြောပါဦး၊ ဘာလုပ်ချင်သေးလို့လဲ"
"ရှင် သူ့ကို သဘောတူလိုက်မှာလား"
ယဲ့ချန် ခဏလောက် စဉ်းစားလိုက်မှ သူမ ပြောတာ ပိုင်ရှိုးမင်ကို ဆိုလိုမှန်း သိလိုက်ရသည်။
"ငါ့ကို သဘောတူစေချင်တာလား"
အားမန်က ခေါင်းငြိမ့်လိုက်သည်။ အကြောင်းမှာ အားချန်က အဲဒီလူကို သေစေချင်နေလို့ပင်။
"သဘောတူမှာပါ" ယဲ့ချန်က သူမကို သေချာသော အဖြေတစ်ခု ပေးလိုက်သည်။
ပိုင်ရှိုးမင်က သူ လှုပ်ရှားရမယ့် အကြောင်းပြချက် ပေးပြီးပြီ။ အကျိုးကျေးဇူးပဲ ရှိပြီး အန္တရာယ် မရှိဘူး။ သူ ငြင်းစရာ အကြောင်း မရှိဘူး။
"အန္တရာယ် ရှိနိုင်လား" အားမန်က မေးလိုက်၏။
"နှစ်ယောက်ပေါင်းပြီး တစ်ယောက်တည်းကို မနိုင်ရင်တော့ ငါ အရှက်ကွဲပြီး သေရလိမ့်မယ်"
အားမန်သည် ကျေနပ်သွားပြီး ကိုယ်ကို ကွေးလိုက်ကာ ပြောလိုက်၏။ "ကဲ၊ ကျွန်မ အိပ်တော့မယ်"
ယဲ့ချန်သည် သူမကို ရင်ခွင်ထဲသို့ ဖိသွင်းလိုက်ပြီး မျက်လုံးမှိတ်ကာ တိုက်ရိုက် အိပ်ပျော်သွားတော့သည်။
ဒုတိယနေ့ မနက်စောစောတွင် ဧည့်သည်တော်ကို ဧည့်ခံရန်အတွက် မင်ဝမ်က ခွင့်ရက်ရှည် ပေးထားသော ပိုင်ရှိုးမင်သည် နန်းတွင်းစားဖိုမှူး ပြင်ဆင်ပေးထားသော မနက်စာကို ယူဆောင်ကာ ချန်းဖိင်ဖန်းသို့ ထမင်းစားရန် ရောက်လာခဲ့လေသည်။
လူသားတို့၏ အစားအစာသည် ယဲ့ချန်အတွက် မရှိတာထက် စာရင် ကောင်းတယ် ဆိုရုံသာ ဖြစ်သော်လည်း ဆန်းသစ်ပြီး အရသာလည်း မဆိုးလှပေ။
ဘေးနားတွင် မုန့်များကို တစ်ခုပြီးတစ်ခု ပါးစပ်ထဲ ထည့်နေသော အားမန်ကို တစ်ချက်ကြည့်လိုက်ပြီး သူသည် ခေါင်းလှည့်ကာ ပိုင်ရှိုးမင်ကို ပြောလိုက်၏။ "မင်းရဲ့ အဆိုပြုချက်ကို ငါ လက်ခံလိုက်မယ်"
ပိုင်ရှိုးမင်သည် ညှပ်ထားသော ကြက်သားလိပ်ကို အားချန်၏ ပန်းကန်ထဲသို့ ထည့်ပေးလိုက်ပြီး တူကို ချလိုက်ကာ ပြောလိုက်၏။ "အလုပ်က မနှောင့်နှေးသင့်ဘူး။ အချိန်တစ်ခု ရွေးပြီး ကျိဟန်ကို အမြန်ဆုံး ရှင်းပစ်ရအောင်"
"သူသာ လုံလောက်အောင် ဉာဏ်ကောင်းရင် မိစ္ဆာမျိုးနွယ်တွေရဲ့ နယ်မြေကနေ လွယ်လွယ်နဲ့ ထွက်လာမှာ မဟုတ်ဘူး"
အဆင့် ၅ နယ်ပယ် ကျင့်ကြံသူ နှစ်ဦးက ထမင်းစားပွဲဝိုင်းတွင် နောက်ထပ် အဆင့် ၅ နယ်ပယ် ကျင့်ကြံသူ တစ်ဦးကို သတ်ဖြတ်ရန် ဆွေးနွေးနေကြသည်ကို နားထောင်ရသည်မှာ တကယ်ကို ဆန်းသစ်သော အတွေ့အကြုံပင်။
သူတို့နှစ်ဦး စကားနှစ်ခွန်းလောက် ပြောရုံဖြင့် စားပွဲဝိုင်းရှိ ကျန်သုံးဦး၏ အာရုံကို ဆွဲဆောင်သွားခဲ့သည်။
ပိုင်ရှိုးမင်သည် ယဲ့ချန်၏ စကားကို ဆက်လိုက်ပြီး ပြောလိုက်၏။ "မိစ္ဆာမျိုးနွယ်တွေရဲ့ နယ်မြေထဲ ဝင်ပြီး လူသတ်ရတာ နည်းနည်းတော့ ဒုက္ခရောက်နိုင်တယ်။ ဒါပေမဲ့ သူ သတိတော့ နည်းပါတယ်။ လုပ်ကြံဖို့ လွယ်ကူတယ်။ ငါတို့ အမြန်ဆုံး လှုပ်ရှားနိုင်ရင် နောက်ကိစ္စတွေကို နောက်မှ ပြောကြတာပေါ့"
ယဲ့ချန်က ခေါင်းငြိမ့်လိုက်သည်။ မနေ့က သူနှင့် ပိုင်ရှိုးမင် လက်ရည်စမ်းကြည့်ခဲ့ရာ သူတို့နှစ်ဦး ပေါင်းလိုက်လျှင် ကျိဟန်ကို ဖြေရှင်းရန် မခက်ခဲပေ။ အခက်ခဲဆုံးမှာ ယခင်က မိစ္ဆာဧကရာဇ်ကို ခေါင်းဆောင်အဖြစ် တင်မြှောက်ခဲ့ကြသော မိစ္ဆာကြီးများသာ ဖြစ်လေသည်။
ထိုအထဲတွင် အဆင့် ၅ နယ်ပယ် ကျင့်ကြံသူများလည်း ပါဝင်နေသည်။
အိုမင်းမစွမ်း ဖြစ်နေကြပြီ ဖြစ်သော်လည်း ယခင်ကလောက် မစွမ်းဆောင်နိုင်တော့သော်လည်း လျှော့တွက်လို့ မရပေ။
ကျိဟန်သည် မိစ္ဆာဧကရာဇ်၏ မျိုးဆက်များနှင့် ရင်းနှီးသော ဆက်ဆံရေး ရှိနေသည်မှာ သေချာပြီး တစ်ဖက်လူက ပြုစုပျိုးထောင်ထားသော လက်ထောက် ဖြစ်နိုင်ခြေ များနေသည်။ မိစ္ဆာကြီးများသည် ယခင်က သံယောဇဉ်ကို ထောက်ထားပြီး ကူညီမလား ဆိုတာ ဘယ်သူမှ မပြောနိုင်ပေ။
အားချန်သည် နောက်ဆုံး ကြက်သားလိပ်ကို မျိုချလိုက်ပြီး ယဲ့ချန်ကို ရုတ်တရက် မေးလိုက်၏။ "အဲဒီတုန်းက အဖေ ကျိန်စာမိသွားတဲ့ ကိစ္စကို လူဘယ်နှယောက် သိလဲ"
ယဲ့ချန်မှာ တန့်သွားပြီး သူမ ရုတ်တရက် ဒီကိစ္စကို မေးလာလိမ့်မည်ဟု မထင်မှတ်ထားပေ။ ခဏလောက် စဉ်းစားပြီးမှ ပြောလိုက်၏။ "အဲဒီတုန်းက ငါနဲ့ ပိုင်ယွီကလွဲရင် ဘယ်သူမှ မသိဘူး"
"ရှင်နဲ့ အဖေက ဒီလောက် ရင်းနှီးတာ။ ရှင် ထင်တာက သူ ဒီကိစ္စကို ဆွေမျိုးတွေကို ပြောပြမလား။ ဥပမာ သူ့အမေလို လူမျိုးကိုပေါ့"
"လုံးဝ မပြောဘူး" ယဲ့ချန်က အတိအကျ ပြောလိုက်သည်။ "ချင်းယွီတောင်က အဲဒီတုန်းက ကြားနေခဲ့ပေမယ့် မြေခွေးဘုရင်မက တကယ်တမ်းကျတော့ မိစ္ဆာဧကရာဇ်ရဲ့ ထောက်ခံသူပဲ။ မိစ္ဆာဧကရာဇ် သေသွားရင်တောင် ရှီးကျင်က ဒီလို အားနည်းချက်ကို သူ့ကို ပြောပြမှာ မဟုတ်ဘူး။ သူ ဒီအချက်ကို အခွင့်ကောင်းယူပြီး ဘာတွေ လုပ်မလဲဆိုတာ ဘယ်သူ သိနိုင်မလဲ"
အားချန်သည် သူ့စကားကြောင့် အတွေးနက်သွားလေသည်။
အားမန်သည် အားချန်ကို ကြည့်လိုက်ပြီး မသေမချာ လေသံဖြင့် မေးလိုက်၏။ "အားချန်၊ နင် စဉ်းစားနေတာက..."
သူမ စကားဆုံးအောင် ပြောစရာ မလိုဘဲ ညီအစ်မနှစ်ယောက်သည် တစ်ဖက်လူ၏ ဆိုလိုရင်းကို နားလည်သွားကြသည်။
အားချန် ခေါင်းတစ်ချက် ငြိမ့်လိုက်ပြီး ပိုင်ရှိုးမင်နှင့် ယဲ့ချန်တို့ကို ပြောလိုက်၏။ "ရှင်တို့ စိုးရိမ်နေတဲ့ ကိစ္စအတွက် ကျွန်မမှာ ဖြေရှင်းနည်း ရှိကောင်း ရှိလိမ့်မယ်"
ပိုင်ရှိုးမင် မျက်ခုံးပင့်လိုက်ပြီး အံ့ဩပုံ မရချေ။ အားချန်က တစ်ယောက်ယောက်ကို ရှင်းပစ်ချင်ရင် သူမဆီမှာ နည်းလမ်းတွေ အများကြီး ရှိတတ်သည်။
"ပြောပြပါဦး"
"ကျိဟန်က အဆင့် ၅ နယ်ပယ်ကို ရောက်ကာစပဲ ရှိသေးတယ်။ သူက ရှင်တို့နှစ်ယောက်ရဲ့ ပြိုင်ဘက် ဘယ်လိုမှ မဖြစ်နိုင်ဘူး။ ဂရုစိုက်ရမှာက မိစ္ဆာမျိုးနွယ်က တခြား မိစ္ဆာဘုရင်တွေပဲ။ သူတို့ ဝင်မပါသရွေ့ ဒီကိစ္စက ပြီးပြည့်စုံအောင် ဖြေရှင်းနိုင်တယ်"
"ဟုတ်တယ်"
"မိစ္ဆာမျိုးနွယ်တွေက မိစ္ဆာဧကရာဇ်ရဲ့ လွှမ်းမိုးမှုကို အများကြီး ခံထားရတယ်။ သူ သေသွားရင်တောင် သူ့မျိုးဆက်ကို ကူညီချင်တဲ့ မိစ္ဆာဘုရင်တွေ ရှိနေဦးမှာပဲ။ အထူးသဖြင့် အဲဒီ ရွှယ်ယောင်ကုန်းကျူက သူ့ရဲ့ တစ်ဦးတည်းသော မျိုးဆက် ဖြစ်နေနိုင်တာမို့လို့ပေါ့"
အားချန်၏ စကားများသည် ရှင်းလင်းပြတ်သားပြီး ကျိဟန်ကို ရှင်းပစ်ရာတွင် အခက်ခဲဆုံး အချက်က ဘယ်နေရာလဲ ဆိုတာကို အစောကတည်းက မြင်ထားပုံရသည်။
ဒါကလည်း ပိုင်ရှိုးမင်နှင့် ယဲ့ချန်တို့ ဂရုစိုက်နေသည့် အချက်ပင်။ ဒီစကားကြောင့် သူတို့ ပြိုင်တူ ခေါင်းငြိမ့်လိုက်ကြသည်။
"မိစ္ဆာဧကရာဇ်ကို ထောက်ခံတဲ့လူ မနည်းပေမယ့် ကျွန်မ ထင်တာကတော့ အနည်းဆုံး မိစ္ဆာမျိုးနွယ် တစ်ဝက်လောက်က မိစ္ဆာဧကရာဇ်ကို သေစေချင်နေကြတာ။ သန့်သန့်ရှင်းရှင်း သေသွားလေ ပိုကောင်းလေပဲ"
အားချန်သည်လည်း တစ်ချိန်က မိစ္ဆာ ဖြစ်ခဲ့ဖူးသည်။ မိစ္ဆာမျိုးနွယ်များသည် စိတ်ရှိတိုင်း နေတတ်ပြီး ထိန်းချုပ်ရ ခက်ခဲသည်။ သူတို့ကို လူသားများလို စည်းကမ်းလိုက်နာခိုင်းခြင်းက သူတို့ကို အခက်တွေ့စေရုံ သက်သက်ပင်။ သူတို့၏သဘာဝကို ကန့်သတ်ထားသလို ဖြစ်နေသည်။
ယခင်က မိစ္ဆာတိုင်းပြည်ကို မိစ္ဆာအများစု၏ မှတ်ဉာဏ်ထဲတွင် အများကြီး အမွှမ်းတင်ထားကြသော်လည်း တကယ်တမ်းကျတော့ မိစ္ဆာဧကရာဇ် ချမှတ်ထားသော စည်းကမ်းများကို လိုက်နာချင်သည့် မိစ္ဆာ ဘယ်နှကောင် ရှိပါသနည်း။
အများစုက အင်အားကို ကြောက်ရွံ့လို့သာ ဖြစ်ပေလိမ့်မည်။
"ဒါပေမဲ့ အဲဒီလိုဆိုရင်တောင် အဲဒီမိစ္ဆာမျိုးနွယ်တွေက ငါတို့ဘက်မှာ ရပ်တည်မှာ မဟုတ်ဘူး" ယဲ့ချန်က သတိပေးလိုက်သည်။
"သူတို့က ကျွန်မတို့ဘက်မှာ ရပ်တည်စရာ မလိုပါဘူး။ သူတို့ရဲ့ သဘောထားကို ဖော်ပြလိုက်ရုံနဲ့ ကူညီချင်နေတဲ့ မိစ္ဆာဘုရင်တွေကို ဒီကိစ္စအပေါ် သတိထား ဆက်ဆံလာအောင် လုပ်နိုင်ပြီ" အားချန်က နှုတ်ခမ်းထောင့်ကို ကွေးလိုက်ပြီး ပြောလိုက်၏။ "သူတို့ကို စည်းရုံးနိုင်ဖို့ဆိုရင် ဩဇာအာဏာ ကြီးမားတဲ့ မိစ္ဆာကြီးတစ်ကောင် ရှေ့ထွက်လာဖို့ လိုအပ်တယ်"
"အဘွား" အားမန်က ရုတ်တရက် ဝင်ပြောလိုက်သည်။
"အဘွားက မိစ္ဆာမျိုးနွယ်တွေထဲမှာ ဝါရင့်ဆုံး ဖြစ်ပြီး အင်အားလည်း ထိပ်တန်းစာရင်းဝင် မိစ္ဆာဘုရင် တစ်ပါးပဲ။ သူနဲ့ ရင်းနှီးတဲ့ မိစ္ဆာကြီးတွေက မိစ္ဆာမျိုးနွယ် တစ်ခုလုံးမှာ ပြန့်နှံ့နေတာ။ တကယ်လို့ သူ ပါးစပ်ဟလိုက်ရင် ကျန်တဲ့ မိစ္ဆာဘုရင်တွေက သူ့ကို မျက်နှာသာ ပေးကြလိမ့်မယ်..."
ယဲ့ချန်က အားချန်ကို ဖြတ်ပြောလိုက်သည်။ "ဒါပေမဲ့ အဲဒီတုန်းက သူကလည်း မိစ္ဆာဧကရာဇ်ကို ထောက်ခံတဲ့အထဲမှာ ပါခဲ့တာပဲ"
အားမန်ကလည်း ပြောလိုက်၏။ "အဘွားက ငါတို့ကို ကူညီမှာ မဟုတ်ဘူး"
ချင်းယွီတောင်တွင် ရှိစဉ်က အဘွားသည် သူမနှင့် အားချန်ကို ဘယ်တုန်းကမှ မျက်လုံးထဲ မထည့်ခဲ့ပေ။ သူမ ထင်တာကတော့ အဘွားက သူမနှင့် အားချန်ကို မှတ်တောင် မှတ်မိမှာ မဟုတ်ဘူး။
မှတ်မိရင်တောင်မှ ကောင်းတဲ့ အမြင်တော့ ရှိမှာ မဟုတ်ဘူး။
"ဒါဆိုရင် သူ့ကို စည်းရုံးရမှာပေါ့" အားချန်က ပန်းကန်ထဲမှ ဟင်းရည်သောက်ဇွန်းကို ကစားရင်း ဖြည်းဖြည်းချင်း ပြောလိုက်လေသည်။ "တကယ်လို့ မိစ္ဆာဧကရာဇ်သာ အသက်ရှင်နေသေးရင် သူ့စိတ်ထဲမှာ မိစ္ဆာဧကရာဇ်နဲ့ အဖေ ဘယ်သူက ပိုအရေးကြီးလဲ ဆိုတာ ကျွန်မလည်း မသေချာဘူး”
“ဒါပေမဲ့ မိစ္ဆာဧကရာဇ်က သေတာ ကြာပြီလေ။ သူ သေရုံတင် မကဘူး သူ ချန်ထားခဲ့တဲ့ ကျိန်စာက အဘွား အချစ်ဆုံးသားကို သေစေခဲ့တာ။ တကယ်လို့ သူ ဒီကိစ္စကို သိသွားရင် ရှင်တို့ ထင်တာက သူ မိစ္ဆာဧကရာဇ်ရဲ့ မျိုးဆက်အပေါ် အာဃာတ ထားမလား။ အထူးသဖြင့် ဒီမျိုးဆက်က သိပ်မငြိမ်သက်ဘဲ ဘိုးဘေးတွေရဲ့ ဘုန်းအသရေကို ပြန်လည် တည်ဆောက်ချင်နေပုံ ရတယ်"
ယဲ့ချန်က မျက်လုံးများကို မှေးစင်းထားလိုက်သည်။ "တကယ် ဖြစ်နိုင်ခြေ ရှိတယ်။ အဲဒီ မြေခွေးမ..."
သူ့ကို တပြိုင်နက် ကြည့်လာကြသော အားချန်နှင့် အားမန်တို့ကို သတိထားမိလိုက်ပြီး ချောင်းတစ်ချက် ဟန့်ကာ အခေါ်အဝေါ် ပြောင်းလိုက်၏။ "အဲဒီ မြေခွေးအိုကြီးက ဟိုးအရင်တုန်းကတည်းက မိစ္ဆာမျိုးနွယ်တွေကြားမှာ နာမည် သိပ်မကောင်းဘူး။ စိတ်နှလုံး ရက်စက်တယ်။ ကိုယ်ရေးကိုယ်တာ ရန်ငြိုးကြောင့် မျိုးနွယ်စု တစ်ခုမကကို မျိုးဖြုတ်ဖူးတယ်။ သူ့ကို ရန်စရဲတဲ့ မိစ္ဆာမျိုးနွယ် ရှားတယ်။ သူ့လို စရိုက်မျိုးက အားကြီးသူကိုသာ ကြည်ညိုတတ်ပြီး မိစ္ဆာဧကရာဇ်ရဲ့ မျိုးဆက်ဆိုတာကို လုံးဝ ဂရုစိုက်မှာ မဟုတ်ဘူး"
"ဒါဆိုရင် ကျိဟန်ကို သွားမရှာခင် ငါတို့ အရင်ဆုံး ချင်းယွီတောင်ကို သွားပြီး အဘွားကို ဒီအကူအညီလေး ပေးဖို့ စည်းရုံးရမယ်" အားချန်က ပြောလိုက်၏။
ယဲ့ချန်နှင့် မတူဘဲ ပိုင်ရှိုးမင်ကတော့ တခြားကိစ္စတစ်ခုကို သတိထားမိလိုက်ပြီး မေးလိုက်၏။ "မြေခွေးဘုရင်မက မင်းတို့အပေါ် မကောင်းဘူးလား"
အားချန်နှင့် အားမန် အကြည့်ချင်း ဖလှယ်လိုက်ကြပြီး နောက်ဆုံးတွင် အားမန်က ဖွင့်ပြောလိုက်သည်။ "သူက ငါတို့အပေါ် မကောင်းတာ မဟုတ်ပါဘူး။ ငါတို့ကို လုံးဝ လျစ်လျူရှုထားတာပါ။ ချင်းယွီတောင်မှာ ဖြစ်ပျက်သမျှ ကိစ္စတွေက ငါနဲ့ အားချန်နဲ့ မဆိုင်သလိုပဲ"
အဲဒီလို မြေခွေးဘုရင်မရဲ့ သဘောထားကြောင့်ပဲ မြေခွေးပေါက်စလေးတွေ အများကြီးက သူမတို့ကို အနိုင်ကျင့်ချင်ကြတာ။
ဒီအကြောင်း ပြောမိသည်တွင် အားမန်သည် ကိစ္စတစ်ခုကို ရုတ်တရက် သတိရလိုက်ပြီး အားချန်ကို မေးလိုက်၏။ "တကယ်တော့ ကိစ္စတစ်ခုကို ငါ အမြဲတမ်း နားမလည်ခဲ့ဘူး။ ငါ့ရဲ့ ပါရမီက ညံ့လို့ သူ ဂရုမစိုက်တာ ထားပါတော့။ ဒါပေမဲ့ နင်က အဖေ့ရဲ့ ပါရမီကို ဆက်ခံထားပြီး တောင်ပေါ်က ရွယ်တူတွေအားလုံးထက် သာလွန်နေတာကို။ အဘွားက ဘာဖြစ်လို့ နင့်အပေါ်မှာလည်း မကောင်းရတာလဲ"
"ဘယ်သူ သိမှာလဲ။ သူ အမေ့ကို မုန်းလို့ ဖြစ်မှာပေါ့" အားချန်သည် အမှန်တရားကို သိချင်စိတ် လုံးဝ မရှိတော့ပေ။
"ဒါပေမဲ့ ငါတို့ အခု ချင်းယွီတောင်ကို သွားရင် သူက ကူညီချင်ပါ့မလား" အားမန်က ဘယ်လို စဉ်းစား စဉ်းစား ဒီကိစ္စက သိပ်မလွယ်ကူဘူးလို့ ထင်နေမိသည်။
အားချန်က သူမ၏ နဖူးကို လက်ညှိုးဖြင့် ထိုးလိုက်ပြီး "ငတုံးမ၊ ငါက အဖေနဲ့ ပတ်သက်မှုကို အကြောင်းပြပြီး သူ့ကို သွားညှိနှိုင်းမလို့ဟာ။ သူနဲ့ သံယောဇဉ် သွားဆွေးနွေးမှာမှ မဟုတ်တာ။ ပြီးတော့ အဲဒါက ကူညီတာ မဟုတ်ဘူး။ ပူးပေါင်းဆောင်ရွက်တာလို့ ခေါ်တယ်"
မငြိမ်မသက် ဖြစ်နေတဲ့ အဆင့် ၅ နယ်ပယ် ကျင့်ကြံသူ တစ်ဦးကို ရှင်းပစ်တာက အဲဒီ မိစ္ဆာဘုရင်တွေအတွက် ကောင်းတဲ့ကိစ္စ မဟုတ်ဘူးလား။ ပြီးတော့ သူမ ကိုယ်တိုင် လုပ်စရာလည်း မလိုဘူးလေ။
ပြောပြီးသည်နှင့် သူမသည် ပိုင်ရှိုးမင်နှင့် ယဲ့ချန်ဘက်သို့ လှည့်ကာ မေးလိုက်လေ၏။ "တကယ်လို့ ကျွန်မတို့ ဆွေးနွေးလို့ အဆင်မပြေရင် ရှင်တို့နှစ်ယောက် အဘွားကို ဖမ်းချုပ်ပြီး ဝိုင်းရိုက်လို့ ရမလား"
ပိုင်ရှိုးမင် နဖူးကို လက်ဖြင့်ထောက်ကာ ရယ်မောလိုက်မိတော့သည်။
ယဲ့ချန်ကတော့ ရုတ်တရက် ခံစားလိုက်ရသည်။ ရှီးကျင်က အဲဒီတုန်းက သူ့အပေါ် တော်တော် ကောင်းခဲ့တာပဲ။ အနည်းဆုံးတော့ သမီးအကြီးဆုံးကို သူ့ဆီ မပို့ခဲ့ဘူး။ ဒီတစ်ယောက်က ပြဿနာရှာတတ်ရုံ မကဘူး ဥပဒေမဲ့ လှုပ်ရှားတတ်သေးတယ်။
"တကယ် ရလား မရဘူးလား" အားချန်က စိတ်မရှည်စွာဖြင့် အဖြေတောင်းလိုက်၏။
"ရပါတယ်"
"ရတယ်"
နှစ်ယောက်သား တပြိုင်နက်တည်း အဖြေပေးလိုက်ကြသည်။
အားချန် နောက်ဆုံးတော့ ကျေနပ်သွားပြီး ဆုံးဖြတ်ချက် ချလိုက်လေတော့သည်။ "ဒါဆိုရင် ပစ္စည်းတွေ သိမ်းဆည်းကြ။ ကျွန်မတို့ ချင်းယွီတောင်ကို သွားမယ်"
...