ချင်းယွီတောင်ကို ရောက်လာတာ ဘာလိုချင်လို့လဲ...
Vol. 21 Ch. 212
အားချန်၏ စွပ်စွဲသံ ထွက်ပေါ်လာချိန်တွင် သူမ၏ ကျောရိုးတလျှောက် အေးစိမ့်သွားပြီး ခန္ဓာကိုယ်က အန္တရာယ်ကို သတိပေးလာသည်။
မြေခွေးဘုရင်မ၏ မျက်လုံးများထဲတွင် သတ်ဖြတ်လိုစိတ်ကို မဖုံးကွယ်ထားပေ။ အားချန်နှင့် သူမ အကြည့်ချင်းဆုံမိရာ နှစ်ဦးစလုံး တစ်ဖက်လူ၏ မျက်လုံးများထဲမှ နာကြည်းမုန်းတီးမှုကို မြင်နေရလေသည်။
မြေခွေးဘုရင်မသည် သားဖြစ်သူ ဆုံးရှုံးရခြင်းအတွက် အားချန်ကို နာကြည်းမုန်းတီးနေပြီး အားချန်သည်လည်း မြေခွေးဘုရင်မ၏ ဆုံးဖြတ်ချက်ကြောင့် မိဘနှစ်ပါးစလုံး ဆုံးရှုံးခဲ့ရသည့်အတွက် နာကြည်းမုန်းတီးလေသည်။
"နင် သေချင်နေတာလား" မြေခွေးဘုရင်မ၏ အသံသည် အေးစက်စူးရှနေ၏။ သူမနှင့် အားချန်ကြားတွင် ဆွေမျိုးတော်စပ်မှုကြောင့် ဖြစ်ပေါ်လာသည့် သံယောဇဉ်ဟူ၍ မရှိခဲ့ဖူးပေ။ သူမကို ရန်စလာသော မျိုးဆက်သစ်များကိုလည်း လက်တွန့်လိမ့်မည် မဟုတ်ပေ။
"အဘွား စမ်းကြည့်ချင်ရင်လည်း ရပါတယ်။ အဖေက သူ့ရဲ့ အသက်ဓာတ် အားလုံးကို ကျွန်မကို ပေးခဲ့တယ်။ ကျွန်မကို သတ်ချင်ရင်တော့ အကြိမ်ကြိမ် သတ်မှ ရလိမ့်မယ်"
အားချန်သည် ရှီးကျင်က သူ့အသက်ဓာတ် အားလုံးကို သူမအား ပေးခဲ့ကြောင်း ပြောလိုက်သည်တွင် မြေခွေးဘုရင်မ၏ မျက်လုံးများထဲမှ သတ်ဖြတ်လိုစိတ်သည် ရုတ်တရက် ပျောက်ကွယ်သွားပြီး မူလအတိုင်း မာန်မာနကြီးကာ အေးစက်သော ပုံစံသို့ ပြန်ရောက်သွားတော့သည်။
"ဒါ နင် ချင်းယွီတောင်ကို လာရဲတဲ့ အကြောင်းရင်းလား။ ရှီးကျင် ပေးထားတဲ့ အသက်ကို အားကိုးပြီး ငါ့ရှေ့မှာ စကားကြီးစကားကျယ် ပြောရဲတာပေါ့"
"အဖေ့ရဲ့ အသက်ဓာတ်ကို ကျွန်မ ဘယ်လို ရခဲ့လဲဆိုတာ အဘွား မမေးတော့ဘူးလား"
မြေခွေးဘုရင်မ မေးစရာ မလိုပေ။ အကြောင်းမှာ အမြုတေနှင့် ပတ်သက်သော ဗဟုသုတများသည် ရှီးကျင် အရွယ်မရောက်ခင်ကတည်းက သူမကိုယ်တိုင် သင်ပေးခဲ့သောကြောင့်ပင်။
ထိုစဉ်က အကြိမ်ကြိမ် မှာကြားခဲ့သည်များကို သူ အမှန်တကယ် နားထောင်ခဲ့သည်။
"နင် သူ့အရိုးတွေကို တွေ့ခဲ့လား"
"တွေ့ခဲ့တယ်" အားချန်က မြေခွေးဘုရင်မကို ပြောလိုက်သည်။ "ပြီးတော့ အဖေ့ရဲ့ သေဆုံးရတဲ့ အကြောင်းရင်းကိုလည်း သိခဲ့ရတယ်"
"သူက နင့်အမေ လက်ချက်နဲ့ သေဆုံးခဲ့တာ။ နင်တို့ကြောင့်ပေါ့"
အားချန် နှုတ်ခမ်းထောင့်များ လှုပ်ရှားသွားပြီး ပြောလိုက်၏။ "သူက မိစ္ဆာဧကရာဇ်ရဲ့ ကျိန်စာမိထားလို့ ကျွန်မတို့အတွက် ဒီလမ်းကို ရွေးခဲ့ရတာ"
သူမက မတ်တပ်ရပ်လိုက်ပြီး ကြမ်းတမ်းသော ကျောက်စားပွဲပေါ်တွင် လက်နှစ်ဖက် ထောက်ကာ မြေခွေးဘုရင်မကို အပေါ်စီးမှ ကြည့်လိုက်လေသည်။ "အဲဒီတုန်းက အဘွားသာ အဖေ့ကို တမင်တကာ မျှားခေါ်မသွားခဲ့ရင် ဝူမျိုးနွယ်တွေ မျိုးပြုန်းလုနီးပါး ဖြစ်ခဲ့မှာ မဟုတ်သလို အဖေကလည်း အဲဒီကိစ္စကြောင့် မိစ္ဆာဧကရာဇ်နဲ့ လမ်းခွဲခဲ့မှာ မဟုတ်ဘူး။ အဘွားသာ ကိုယ့်လွတ်ရုန်းဖို့ မစဉ်းစားခဲ့ရင် မိစ္ဆာဧကရာဇ်က အဖေ့ကို ကျိန်စာတိုက်ဖို့ အောင်မြင်ချင်မှ အောင်မြင်မှာ"
"နင် ဘာပြောလိုက်တယ်"
အားချန်သည် မြေခွေးဘုရင်မ၏ အသေးစိတ် အမူအရာ တစ်ခုချင်းစီကို လက်လွတ်မခံခဲ့ပေ။ အဖေ ကျိန်စာမိခဲ့သည့် ကိစ္စသည် သူမကို အတော်လေး ထိခိုက်စေခဲ့ပုံရသည်။ သူမသည် ယခင်က အမှန်တကယ် မသိခဲ့ပေ။
သူမ သိထားသည်မှာ အဖေသည် သမီးနှစ်ယောက်အတွက် အသက်ပေးခဲ့သည် ဆိုရုံသာ ဖြစ်ပြီး ဒီအဖြစ်အပျက်များ၏ အစကို မသိခဲ့ပေ။
အားချန်၏ လက်အောက်မှ ကျောက်စားပွဲသည် ကျွတ်ကျွတ်အသံများ ထွက်ပေါ်လာပြီး မျက်နှာပြင်ပေါ်တွင် သေးငယ်သော်လည်း နက်ရှိုင်းသော အက်ကြောင်းများစွာ ပေါ်လာခဲ့လေသည်။
"ကျွန်မ ပြောမယ်။ သူ မသေခင်တုန်းက အဖေ့ရဲ့ သွေးမျိုးဆက် ပြတ်တောက်ပါစေ၊ မျိုးဆက်တွေ အားလုံး ကောင်းကောင်းမသေရစေနဲ့လို့ ကျိန်စာတိုက်ခဲ့တယ်။ အဘွား၊ အဘွားက အဖေ့ကို ကိုယ်တိုင်ကိုယ်ကျ သေလမ်းပို့ခဲ့တာ" အားချန်က ခါးမတ်လိုက်ပြီး တစ်လုံးချင်း ပြောလိုက်၏။
မြေခွေးဘုရင်မက မျက်လုံးများ မှိတ်ထားလိုက်တော့သည်။ သူမနှင့် ရှီးကျင်သည် အကြိမ်ကြိမ် ရန်ဖြစ်ခဲ့ဖူးသည်။ အစပိုင်းတွင် ထို ဝူမျိုးနွယ် မိန်းမကြောင့် ဖြစ်ပြီး နောက်ပိုင်းတွင်တော့ သက်တမ်းတိုမည့် သားပေါက်နှစ်ကောင်ကြောင့်ပင်။
အနာဂတ် မရှိသော သားပေါက်နှစ်ကောင်ကို စွန့်လွှတ်လိုက်တာ ဘာမှားလို့လဲ ဆိုတာ သူမ နားမလည်ခဲ့ပေ။ မိစ္ဆာလောကသည် အားနည်းသူကို အားကြီးသူက ဝါးမျိုးလေ့ ရှိသည်။ အားနည်းသူသည် သဘာဝအတိုင်း ပျက်စီးသွားသင့်သည်။ သို့သော် ရှီးကျင်က လက်မခံခဲ့ပေ။
သူတို့ အပြင်းအထန် ငြင်းခုံကြစဉ်ကပင် ထိုကလေးနှစ်ယောက် သက်တမ်းတိုရခြင်းမှာ မိစ္ဆာဧကရာဇ်၏ ကျိန်စာကြောင့် ဖြစ်သည်ဟု သူမကို မပြောပြခဲ့ပေ။
အချိန်အတော်ကြာ တိတ်ဆိတ်နေပြီးမှ မြေခွေးဘုရင်မက မေးလိုက်၏။ "နင် ချင်းယွီတောင်ကို ရောက်လာတာ ဘာလိုချင်လို့လဲ"
အားချန်သည် ဂါဝန်စကို မလိုက်ပြီး ကျောက်ထိုင်ခုံပေါ်တွင် ပြန်ထိုင်လိုက်ကာ ပြောလိုက်၏။ "တကယ်တော့ ကျွန်မ လိုချင်တာက အဘွားအတွက် လွယ်လွယ်လေးပါ"
သူမက ဖြည်းညှင်းစွာ ပြောလိုက်တော့သည်။ "မိစ္ဆာဧကရာဇ်မှာ မျိုးဆက် ကျန်ရစ်ခဲ့တယ်လို့ ကြားတယ်။ သူတို့ သေသင့်တယ်လို့ ကျွန်မ ထင်တယ်"
မြေခွေးဘုရင်မက ရုတ်တရက် မျက်လုံးဖွင့်လိုက်ပြီး မေးလိုက်၏။ "နင် လူသားလောကမှာ ဘယ်နာမည် သုံးလဲ"
အားချန်သည် ဆံပင်ကစားနေသော လက်ချောင်းများ တန့်သွားပြီး ပြန်ဖြေလိုက်၏။ "ကျိချန်။ ရာသီဥတုရဲ့ 'ကျိ'၊ လမင်းရဲ့ 'ချန်'"
"ကျိဟန်နဲ့ ဘယ်လို ပတ်သက်လဲ"
အားချန် စိတ်ထဲတွင် ချီးကျူးမိလေသည်။ မိစ္ဆာလောကတွင် နေရာတစ်နေရာ ရယူထားနိုင်သော မြေခွေးဘုရင်မ ဖြစ်ရတာ မဆန်းပါဘူး။ တကယ် အကင်းပါးတာပဲ။
သူမက ပွင့်ပွင့်လင်းလင်းပင် ပြန်ဖြေလိုက်၏။ "သူက ဒီခန္ဓာကိုယ်ရဲ့ ဖခင်အရင်းပါ"
"နင်နဲ့ သူနဲ့ ရန်ငြိုးရှိတယ်" ဒီစကားက မေးခွန်းမဟုတ်ဘဲ အတည်ပြုချက် ဖြစ်သည်။
မိစ္ဆာဧကရာဇ်၏ မျိုးဆက်ဆိုတာ ဘာမှ မဟုတ်ဘူး။ တကယ် သတိထားရမှာက ကျိဟန် ဆိုတဲ့ မိစ္ဆာတစ်ပိုင်းပဲ။ အဲဒီ မိစ္ဆာတစ်ပိုင်းက လူသားလောက က လာတယ်ဆိုတာ သူမ သိထားတယ်။
"ကျွန်မနဲ့ သူနဲ့ ရန်ငြိုးမရှိပါဘူး။ သူများ အကူအညီတောင်းလို့ သူ့ကို သေစေချင်ရုံပါ" အားချန်သည် ရည်ရွယ်ချက်ကို မဖုံးကွယ်ခဲ့ပေ။ အဆင့် ၅ နယ်ပယ် ကျင့်ကြံသူ ရှေ့မှောက်တွင် လိမ်ညာခြင်းသည် အသုံးမဝင်ဆုံး ဖုံးကွယ်မှုသာ။
"နင် ထင်နေတာက စကားနည်းနည်းလောက် ပြောရုံနဲ့ ငါ့ကို စည်းရုံးနိုင်မယ် ထင်နေတာလား"
"မရဘူးလား" အားချန်၏ မျက်နှာတွင် အခက်တွေ့နေပုံ ပေါ်လာ၏။ "တကယ်လို့ အဖေ့ရဲ့ သေဆုံးမှုကတောင် အဘွားကို မလှုပ်ရှားစေနိုင်ဘူး ဆိုရင်တော့ ကျွန်မ ပွင့်ပွင့်လင်းလင်း ပြောရတော့မှာပဲ။ ဒီနေ့ အဘွားသာ ကျွန်မကို မကူညီရင် နောက်တစ်ချိန် ချင်းယွီတောင် ဒုက္ခရောက်တဲ့အခါ အဲဒီ မိစ္ဆာမင်းသမီး လာကယ်ဖို့ပဲ မျှော်လင့်နေလိုက်တော့"
"ချင်းယွီတောင် ဒုက္ခရောက်မယ် ဟုတ်လား" မြေခွေးဘုရင်မ လှောင်ရယ်လိုက်သည်။ "နင်က ငါ့ကို ခြိမ်းခြောက်နေတာလား။ နေရာမရသေးတဲ့ မင်ဝမ်ရှီဇီ တစ်ယောက်နဲ့ပေါ့"
"ဟုတ်တယ်။ အဘွား မလုံလောက်ဘူးလို့ ထင်နေတာလား"
မြေခွေးဘုရင်မက ရယ်မောလိုက်လေသည်။ "အားချန်၊ နည်းလမ်းသုံးပြီး ရလာတဲ့ အာဏာကို နင် ထိန်းချုပ်နိုင်မှာ မဟုတ်ဘူးလို့ ဘယ်သူမှ မသင်ပေးဖူးဘူးလား။ အင်အားဆိုတာ ကိုယ့်လက်ထဲမှာ ရှိမှ အာဏာရှိတာ။ သာ့ရှက နင့်အလှည့် မဟုတ်သေးဘူး"
အားချန်လည်း ရယ်မောလိုက်သည်။ "အဘွားက ကျွန်မလက်ထဲက ဓားကိုမှ မမြင်ဖူးသေးတာ။ ကျွန်မ မထိန်းချုပ်နိုင်ဘူးလို့ ဘယ်လို လုပ် သိမှာလဲ"
သူမ၏ မျက်လုံးများက ကွေးညွှတ်သွားပြီး အမူအရာမှာ နူးညံ့လို့နေသည်။ "ကျွန်မရဲ့ဓားက ကျွန်မ စကားပဲ နားထောင်တယ်။ ကျွန်မ ဘယ်နေရာ ညွှန်လိုက်ရင် အဲဒီနေရာကို ခုတ်တယ်။ ကျွန်မ ဘယ်သူ့ကို သေစေချင်လဲ ပြောလိုက်ရင် သူက သတ်ပေးတယ်။ အဘွား၊ ဒါက ကျွန်မအတွက် မခက်ခဲဘူးဆိုတာ သိသင့်တယ်"
မြေခွေးဘုရင်မသည် အားချန်ကို အချိန်အတော်ကြာ စိုက်ကြည့်နေပြီး ပြောလိုက်၏။ "နင့်ဓားက ငါ့ကို ခြိမ်းခြောက်နိုင်လောက်အောင် အင်အား မရှိသေးဘူး"
"ဟုတ်လား" အားချန်ကတော့ ဂရုမစိုက်ပေ။ "အဘွားကို သတိပေးလိုက်ဦးမယ်။ သူက အသက် ၃၀ မပြည့်သေးဘူး။ နောက်ထပ် ၁၀ နှစ်လောက် ကြာရင် အဘွား ဒီဓားကို ခံနိုင်ပါ့မလား"
မြေခွေးဘုရင်မ၏ မျက်နှာပေါ်မှ အပြုံး ပျောက်ကွယ်သွားတော့သည်။
အသက် ၃၀ မပြည့်သေးသော အဆင့် ၅ နယ်ပယ် ကျင့်ကြံသူ။ သူမ အမှန်တကယ် ခြိမ်းခြောက်ခံလိုက်ရပြီ။ သို့သော် သူမက လွယ်လွယ်နှင့် လက်ခံမည် မဟုတ်ပေ။
"၁၀ နှစ်ကြာရင် သူ နင့်စကား နားထောင်ဦးမှာလား"
"နားထောင်မှာပေါ့" အားချန်၏ လေသံမှာ ပြတ်သားလို့နေ၏။ "သူ ဒီတစ်သက်လုံး ကျွန်မစကားပဲ နားထောင်လိမ့်မယ်။ တကယ်လို့ အဘွား မယုံရင် အဲဒီအချိန်ကျရင် သူ့ကိုခေါ်ပြီး အဘွားဆီ လာလည်ဖို့ ကျွန်မ ဝန်မလေးပါဘူး"
မြေခွေးဘုရင်မသည် ဒီအကြံပြုချက်ကို စိတ်မဝင်စားပုံရပြီး စကားလမ်းကြောင်း လွှဲလိုက်တော့သည်။ "ကျိဟန်က မိစ္ဆာ ဖြစ်နေပြီ။ သူ သေရင် မိစ္ဆာမျိုးနွယ်အတွက် အကျိုးမရှိဘဲ အဆိုးပဲ ဖြစ်လိမ့်မယ်။ ငါ ကူညီမှာ မဟုတ်ဘူး"
"အဘွားက မြေခွေးဘုရင်မ ဖြစ်ပြီးတော့ ဘာလို့ မိစ္ဆာဧကရာဇ်ရဲ့ အလုပ်ကို ဝင်ပါချင်နေရတာလဲ။ အရင်တုန်းက သူ မရှိတုန်းကရော မိစ္ဆာမျိုးနွယ်တွေ မနေနိုင်ကြလို့လား။ သူ ရှိနေမှ အဘွား စိုးရိမ်သင့်တာ။ ဘာပဲဖြစ်ဖြစ် ကျွန်မတို့နဲ့ မိစ္ဆာဧကရာဇ် ရန်ငြိုးရှိသလို မိစ္ဆာဧကရာဇ်ရဲ့ မျိုးဆက်တွေ အမြင်မှာလည်း သူတို့နဲ့ ကျွန်မတို့ကြားမှာ သွေးကြွေးတွေ ရှိနေတာပဲ"
စကားပြောရင်း အားချန်သည် မိစ္ဆာဧကရာဇ် အကြောင်းကို ပြန်ရောက်သွားလေသည်။
"ကျိဟန် ရှိနေတာက အဘွားကို အချိန်မရွေး ခြိမ်းခြောက်နေရုံကလွဲပြီး ချင်းယွီတောင်အတွက် ဘာကောင်းကျိုးမှ ရှိမှာ မဟုတ်ဘူး။ အဲဒီ မိစ္ဆာမင်းသမီးက ကျိဟန်တစ်ယောက်ကို မွေးထုတ်ပေးနိုင်ရင် ဒုတိယတစ်ယောက်၊ တတိယတစ်ယောက်လည်း ရှိလာနိုင်တယ်။ အဲဒီကျရင် အဘွားက ဘယ်သားကို သူတို့ဆီ ပူဇော်ပေးမှာလဲ"
အားချန်၏ ရန်တိုက်ပေးသော စကားများကြောင့် မြေခွေးဘုရင်မသည် အလွန် ဒေါသထွက်သွားသော်လည်း အစပိုင်းကလို ဒေါသပေါက်ကွဲခြင်း မရှိတော့ပေ။
အားချန်ကလည်း ကောင်းကောင်း သိသည်။ သူမ၏ စိတ်ကူးကို မြေခွေးဘုရင်မ အလွယ်တကူ ရိပ်မိနိုင်သော်လည်း ငြင်းဆန်လိမ့်မည် မဟုတ်ကြောင်းကိုပင်။
နောက်ဆုံးတွင် မြေခွေးဘုရင်မက ပြောလိုက်၏။ "ကျိဟန်က မိစ္ဆာ ဖြစ်နေပြီမို့လို့ သူ့ကိုသတ်ဖို့ ငါ မကူညီနိုင်ဘူး"
အားချန်က နှုတ်ခမ်းထောင့် ကွေးလိုက်ထား၏။ "ကျိဟန်ကို သတ်မယ့်လူ ကျွန်မ ရှာထားပြီးသားပါ။ အဘွားကို အခက်တွေ့စေမှာ မဟုတ်ပါဘူး။ အဘွားက ကျိဟန်ကို ကူညီချင်နေတဲ့ မိစ္ဆာဘုရင်တွေကို တားပေးရင် ရပြီ"
"နင်က ငါ့ကို တော်တော် အထင်ကြီးတာပဲ"
အားချန်က မျက်တောင်ခတ်လိုက်ကာ "ကျွန်မ အဘွားကို ဘယ်တော့မှ လျှော့မတွက်ပါဘူး။ အဘွား ငယ်ငယ်တုန်းက မိစ္ဆာဘုရင် အများကြီး ချင်းယွီတောင်ကို မကြာခဏ လာခဲ့ကြတယ်လို့ ကြားဖူးတယ်။ သူတို့က မြေခွေးမဟုတ်လို့သာ အဘွားက ငြင်းခဲ့တာ။ မဟုတ်ရင် သူတို့ထဲက တစ်ယောက်ယောက်က ကျွန်မ အဘိုး ဖြစ်နေလောက်ပြီ။ မိစ္ဆာဧကရာဇ်ရဲ့ နောက်လိုက်တွေက အဘွားရဲ့ ပရိသတ်တွေလောက် များချင်မှ များမှာ"
မြေခွေးဘုရင်မသည် အားချန်၏ ပေါက်ကရ စကားများကို နားမထောင်ချင်တော့ဘဲ ဖြတ်ပြောလိုက်တော့၏။ "သူတို့ကို တားပေးရုံနဲ့ လုံလောက်ပြီလား"
"ဩော်... နောက်ထပ် ကိစ္စတစ်ခု အဘွားကို ဒုက္ခပေးရဦးမယ်"
အားချန်သည် ရွှေရောင်စာအုပ် တစ်အုပ်ကို ထုတ်လိုက်လေသည်။
မြေခွေးဘုရင်မကလည်း တစ်ချက်ကြည့်ရုံဖြင့် မှတ်မိလိုက်သည်။ "တိလင်းချဲ့စာအုပ်လား"
အားချန်က တိလင်းချဲ့စာအုပ်ကို ကမ်းပေးလိုက်၏။ "အဘွား မှတ်မိတယ် ဆိုတော့ ဒီစာအုပ်ကို တွေ့ဆုံလက်ဆောင် အနေနဲ့ ပေးလိုက်ပါမယ်။ ကြွက်မျိုးနွယ်တွေက ဒီစာအုပ်အကြောင်း တော်တော်လေး နားလည်တယ်လို့ ကြားဖူးတယ်။ လူတစ်ယောက်ရဲ့ သွေးကို သုံးပြီး သူ့ရဲ့ ဆွေမျိုးသားချင်း အားလုံးကို ရှာဖွေနိုင်တယ်တဲ့"
"နင်က ဒီစာအုပ်ကို သုံးပြီး မိစ္ဆာဧကရာဇ်ရဲ့ သွေးမျိုးဆက် အားလုံးကို ရှာဖွေချင်တာလား။ လောဘကြီးလှချည်လား"
ပြောသာ ပြောနေသော်လည်း မြေခွေးဘုရင်မသည် တိလင်းချဲ့စာအုပ်ကို လက်ခံလိုက်လေသည်။
"ပေါင်းသင်ရင် အမြစ်ကစ သင်ရမယ်။ လုပ်မှတော့ အပြတ်ရှင်းရမှာပေါ့။ ကျွန်မနဲ့ အားမန်တောင် တစ်ခါ သေဖူးပြီ။ မိစ္ဆာဧကရာဇ်ရဲ့ မျိုးဆက်တွေက ဘာကိစ္စ အသက်ရှင်နေရမှာလဲ။ သူတို့ အသက်ရှင်နေတာက အဖေ့ကို မလေးစားရာ ရောက်တယ်။ အဘွား ဒီလိုကိစ္စမျိုး ဖြစ်လာတာကို မလိုလားဘူး မဟုတ်လား"
မြေခွေးဘုရင်မက နှာခေါင်းရှုံ့လိုက်ကာ "ဘယ်တော့ စလုပ်မလဲ"
"အဘွား မွေးနေ့ နီးနေပြီဆိုတော့ သိပ်နောက်မကျစေနဲ့။ နေ့ကောင်းရက်မြတ်မှာ ကျက်သရေ မယုတ်စေနဲ့။ ၇ ရက်ကြာရင် စကြမလား"
"ရတယ်"
"ဒါဆိုရင်..." အားချန်သည် မြေခွေးဘုရင်မထံ လက်ကမ်းပေးလိုက်သည်။ "ကျွန်မကတော့ အဘွားကို ယုံပါတယ်။ အဘွား ကျွန်မကို မယုံမှာစိုးလို့ စာချုပ်တစ်ခု ချုပ်ကြရအောင်"
မြေခွေးဘုရင်မသည် အေးစက်စွာ ကြည့်လိုက်သော်လည်း အားချန်၏ မျက်နှာပေါ်မှ အပြုံးမှာ လျော့မသွားပေ။ နောက်ဆုံးတွင် သူမက လက်တင်ပေးလိုက်လေတော့သည်။
...