ထိုလိမ္မာရေးခြားရှိပြီး တိတ်ဆိတ်ငြိမ်သက်နေသော ကလေးငယ်...
Vol. 21 Ch. 213
မိစ္ဆာမျိုးနွယ်၊ ပိုင်ဖုန်းတောင်။
တောင်ခါးပန်းရှိ ဂူတစ်ခုထဲတွင် ခန္ဓာကိုယ်အလွန်ကြီးမားသော ကျားဖြူကြီးတစ်ကောင်သည် ဝပ်လျက် အိပ်စက်နေလေသည်။ ဟောက်သံများသည် ဂူထဲမှ အဝေးသို့ ပျံ့လွင့်ထွက်ပေါ်နေပြီး တောင်ပေါ်ရှိ ကျားပေါက်စများကို ကြောက်ရွံ့တုန်လှုပ်နေစေသည်။
နှစ်ခြိုက်စွာ အိပ်မောကျနေသော ကျားဖြူကြီးသည် နှာခေါင်းယားယံလာသည်ကို ခံစားလိုက်ရပြီး လက်သည်းဖြင့် ယမ်းလိုက်သော်လည်း ထိုယားယံမှုမှာ ပျောက်ကွယ်မသွားခဲ့ချေ။ ကျားဖြူကြီးသည် တစ်ချက်ဟိန်းဟောက်လိုက်ပြီး စိတ်မရှည်စွာဖြင့် မျက်ခွံများကို ပင့်တင်ကြည့်ရှုလိုက်လေသည်။
သူ၏ မြင်ကွင်းထဲတွင် လှပကျော့ရှင်းသော ပုံရိပ်တစ်ခု ပေါ်လာခဲ့လေသည်။
သူသည် အရင်ဆုံး ကြောင်အမ်းအမ်း ဖြစ်သွားပြီး မျက်တောင်အကြိမ်ကြိမ် ခတ်လိုက်မှသာ မိမိအမြင်အာရုံ မှားယွင်းခြင်း မဟုတ်ကြောင်း အတည်ပြုလိုက်နိုင်လေသည်။
"တကယ်ထူးဆန်းတာပဲ။ ဘယ်လေက မင်းကို ဒီရောက်အောင် တိုက်ခတ်လိုက်တာလဲ" ကျားဖြူကြီးသည် ရှေ့လက်သည်းနှစ်ဖက်ကို ယှက်လိုက်ပြီး ခေါင်းကို လက်ပေါ်တွင် တင်ကာ လူစကားပြောလိုက်လေသည်။
တခြားမိစ္ဆာဘုရင်၏ ဂူထဲသို့ ကုလားထိုင်တစ်လုံး ယူဆောင်လာကာ ထိုင်နေသော မြေခွေးဘုရင်မသည် သူမ၏ စိတ်တိုင်းမကျသော လက်သည်းများကို ညှပ်နေပြီး ကျားဖြူကြီးမေးသည်ကို ခေါင်းမော့မကြည့်ဘဲ ဖြေလိုက်၏။ "ရှင့်ကို အကူအညီတစ်ခု တောင်းမလို့"
"မကူညီနိုင်ဘူး။ မင်း ငါ့ကိုလာရှာရင် ကောင်းတဲ့ကိစ္စ တစ်ခါမှမပါဘူး"
အရိပ်မဲ့ လက်ဝါးတစ်ချက်သည် ကျားဖြူကြီး၏ ခေါင်းပေါ်သို့ ကျရောက်သွားပြီး ခေါင်းပေါ်မှ အမွေးများကို လွင့်စင်သွားစေသည်။
ကျားဖြူကြီးသည် သွေးဆာနေသော ပါးစပ်ကြီးကို ဟကာ သမ်းဝေလိုက်ပြီး အမြီးကို လှုပ်ယမ်းလိုက်သော်လည်း စိတ်လှုပ်ရှားပုံ မရချေ။
"ဒီတစ်ခါတော့ ကောင်းတဲ့ကိစ္စပါ"
ကျားဖြူကြီးသည် ခေါင်းကို တခြားဘက်သို့ လှည့်လိုက်ပြီး မြေခွေးဘုရင်မကို မကြည့်ဘဲ ပြောလိုက်၏။ "မင်း ငါ့ကို လိမ်တိုင်း ကောင်းတဲ့ကိစ္စလို့ ပြောတာချည်းပဲ"
သူတို့နှစ်ဦး သိကျွမ်းခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီဖြစ်ပြီး အလိမ်ခံရသည့် အကြိမ်ပေါင်းမှာ သူကိုယ်တိုင်ပင် ရေတွက်၍ မရနိုင်တော့ချေ။ လူသားတို့၏ စာအုပ်များထဲတွင် မြေခွေးမိစ္ဆာများသည် ကောင်းသည့်အရာ မဟုတ်ဟု ရေးသားထားခြင်းကို အပြစ်ဆို၍ မရပေ။ ဒီအချက်တွင်တော့ သူသည် လူသားတို့ဘက်မှ ရပ်တည်လေသည်။
မြေခွေးဘုရင်မသည် သူ့ရှေ့သို့ လျှောက်လာပြီး သူ့ခေါင်းကို ဆွဲလှည့်ကာ လေးနက်သော လေသံဖြင့် ပြောလိုက်၏။ "ဒီတစ်ခါတော့ တကယ်လို့ အာမခံတယ်"
ကျားဖြူကြီးသည် မျက်လုံးများကို မှိတ်ထားလိုက်ပြီး မမြင်ရလျှင် စိတ်အေးရသည်ဟူသော သဘောဖြင့် နေလိုက်၏။
"ရှင် လျိုကျင့်တောင်ကို မလိုချင်တော့ဘူးလား"
မိစ္ဆာတိုင်းပြည် ခေတ်ကာလကို ဖြတ်သန်းခဲ့ဖူးသော မိစ္ဆာများက လျိုကျင့်တောင်သည် မိစ္ဆာဧကရာဇ် နေထိုင်ရာနေရာဟုသာ သိထားကြသော်လည်း ထိုနေရာသည် တစ်ချိန်က ကျားဖြူမျိုးနွယ်၏ ဘိုးဘွားပိုင်မြေ ဖြစ်ခဲ့သည်ကိုတော့ မသိရှိကြချေ။
မိစ္ဆာဧကရာဇ် ပေါ်ထွန်းလာပြီးနောက် လျိုကျင့်တောင်ကို ရွေးချယ်ခဲ့သဖြင့် ကျားဖြူမျိုးနွယ်သည် ထိုမြေကို လက်နှစ်ဖက်ဖြင့် ဆက်သခဲ့ရသည်။
"လျိုကျင့်တောင် ဟုတ်လား" ကျားဖြူကြီးသည် မျက်လုံးများကို ရုတ်တရက် ဖွင့်လိုက်၏။ "အဲဒီနေရာကို တခြားလူ ပြန်သိမ်းသွားပြီ မဟုတ်လား"
ထိုသို့ပြောပြီးနောက် သူသည် မကျေမနပ် ညည်းညူလိုက်လေသည်။ "အားလုံး မင်းကြောင့်ပဲ။ အစကတည်းက ငါ့ကို မြေပြန်မယူခိုင်းခဲ့ဘူး။ အခုတော့ မင်းလေးစားတဲ့ မိစ္ဆာဧကရာဇ်ရဲ့ နန်းတော်ထဲမှာ မိစ္ဆာတစ်ပိုင်းကောင် ဝင်နေပြီ"
မြေခွေးဘုရင်မသည် သူ၏ လှောင်ပြောင်မှုကို ဂရုမစိုက်ဘဲ ပြောလိုက်၏။ "အပိုတွေ ပြောမနေနဲ့။ လိုချင်လား မလိုချင်ဘူးလား"
ကျားဖြူကြီးသည် မြေခွေးဘုရင်မကို အထက်အောက် ကြည့်ရှုလိုက်ပြီး တုံ့ဆိုင်းစွာဖြင့် မေးလိုက်သည်။ "မင်း ဘာတွေ ဖြစ်နေတာလဲ"
မြေခွေးဘုရင်မသည်လည်း သူ့ကို မြှူဆွယ်မနေတော့ဘဲ ပြောလိုက်၏။ "ရှီးကျင် သေသွားပြီ။ ရှင် သတိထားမိမှာပါ"
လူတစ်ဦး အဆင့်၅သို့ တက်လှမ်းချိန်တွင် ဖြစ်ပေါ်သော ကောင်းကင်နိမိတ်နှင့် သေဆုံးချိန်တွင် ဖြစ်ပေါ်သော နိမိတ်သည် အတူတူပင်ဖြစ်ရာ ကျားဖြူကြီးသည် သေချာပေါက် သတိထားမိလေသည်။ ရှီးကျင် အဆင့်တက်စဉ်က မိုးခြိမ်းသံကြောင့် သူသည် ညတစ်ဝက်ခန့် အိပ်မရခဲ့သလို သေဆုံးသွားချိန်က မိုးခြိမ်းသံသည်လည်း ထိုစဉ်ကကဲ့သို့ပင် ကျယ်လောင်နေခဲ့သည်။
ကျားဖြူကြီးသည် စိတ်မပါစွာဖြင့် အင်း ဟု တစ်ချက် ဖြေလိုက်၏။
ရှီးကျင်သည် ယခင်က ပိုင်ဖုန်းတောင်သို့ မကြာခဏ လာရောက်လေ့ရှိသည်။ သူ့သားသမီးများကြားတွင် မြေခွေးပေါက်စလေး တစ်ကောင် ရောနှောပါဝင်နေတတ်ပြီး ထိုအကောင်လေးသည် သူ့သားသမီးများကို ဦးဆောင်ကာ နေရာအနှံ့ ပြဿနာရှာတတ်သဖြင့် သူသည် နောက်မှလိုက်၍ ရှင်းလင်းပေးခဲ့ရသည်။
ရှီးကျင်သည် သူ့မျက်စိအောက်တွင် ကြီးပြင်းလာခဲ့သည်ဟု ပြောနိုင်လေသည်။
ဝမ်းနည်းစရာ ကောင်းသည်မှာ ထိုမြေခွေးပေါက်စလေးသည် မျက်စိတစ်မှိတ်အတွင်း ကြီးပြင်းလာခဲ့ပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် သေဆုံးသွားခဲ့ရသည်။
"မိစ္ဆာဧကရာဇ် လက်ချက်ပဲ"
"ဟွန့်"
ကျားဖြူကြီးက မအံ့သြမိချေ။ မိစ္ဆာဧကရာဇ် သေဆုံးမှုသည် မိစ္ဆာမျိုးနွယ်ကြားတွင် တားမြစ်ချက် တစ်ခုဖြစ်သော်လည်း ထိုကိစ္စသည် ရှီးကျင်နှင့် ပတ်သက်နေကြောင်း သူတို့ သိထားကြသည်။
ထိုအချိန်က သူတို့ကဲ့သို့ အကောင်ဟောင်းကြီးများသည် မိစ္ဆာဧကရာဇ်ကို ကြောက်ရွံ့ခဲ့ကြသော်လည်း ရှီးကျင်တစ်ယောက်သာ သတ္တိအရှိဆုံးနှင့် ဦးနှောက်အကောင်းဆုံး ဖြစ်ခဲ့သည်။
ကြည့်ရသည်မှာ မိစ္ဆာဧကရာဇ်သည် မသေဆုံးမီက သူ့ကိုပစ်မှတ်ထားရန် နည်းလမ်းများ ချန်ထားခဲ့ပုံရသည်။
မြေခွေးဘုရင်မ၏ လေသံသည် ပိုတည်ငြိမ်လာလေသည်။ "သူ သေသွားပြီ။ သူ့ရဲ့ သားသမီး နှစ်ယောက်လုံးလည်း မကျန်ရစ်ခဲ့ဘူး။ သူ့နောက် လိုက်သွားကြပြီ"
ကျားဖြူကြီးသည် မြေခွေးဘုရင်မကို ကြည့်လိုက်ရာ သူမက ပြောလာ၏။ "ဒီရက်ပိုင်းတွေမှာ ကျွန်မ သူ့ကို မကြာခဏ သတိရမိတယ်။ ကျွန်မ တွေးမိတာက... တကယ်လို့ အစကတည်းက ကျွန်မသာ သူ့ကို ကူညီပေးခဲ့မယ်ဆိုရင် အခုချိန် သူ အသက်ရှင်နေဦးမလားလို့လေ"
ကျားဖြူကြီးသည် ခေါင်းလွှဲလိုက်ပြီး ပြောလိုက်၏။ "ပြီးပြီးသားကိစ္စတွေပဲ"
သူလည်း ကူညီခဲ့ခြင်း မရှိသည် မဟုတ်ပါလား။
မြေခွေးဘုရင်မက သက်ပြင်းချလိုက်ကာ "သူ သေသွားပြီ။ သူ့သမီးလည်း သေသွားပြီ။ မိစ္ဆာဧကရာဇ်ရဲ့ သမီးကတော့ လျိုကျင့်တောင်မှာ ထည်ထည်ဝါဝါ နေထိုင်ပြီး အဆင့်၅ မိစ္ဆာတစ်ပိုင်းတစ်ကောင်ကိုတောင် မွေးမြူထားနိုင်သေးတယ်။ အခုဆိုရင် ကျွန်မတို့ကိုတောင် ယှဉ်ပြိုင်လာနိုင်ပြီ"
ကျားဖြူကြီးသည် မျက်လုံးများကို မှေးစင်းလိုက်ကာ "သူ့ရဲ့ စွမ်းရည်က တကယ် မသေးပါဘူး။ မင်း ဘယ်လိုလုပ်ဖို့ စဉ်းစားထားလဲ"
"ကျွန်မက အမေတစ်ယောက် ဖြစ်ပေမဲ့ ရှီးကျင်အတွက် ဘာမှ လုပ်မပေးခဲ့ဖူးဘူး။ စဉ်းစားကြည့်တော့ မိစ္ဆာဧကရာဇ်ရဲ့ သားစဉ်မြေးဆက်တွေကို အောက်ပို့လိုက်တာ ပိုကောင်းမယ်လို့လေ" မြေခွေးဘုရင်မက ပြုံးလိုက်၏။ "မိစ္ဆာဧကရာဇ် သေဆုံးသွားတာ နှစ်အတော်ကြာပြီဆိုတော့ မြေအောက်မှာ အထီးကျန်နေလောက်ရောပေါ့။ သူ့ကို မိသားစု စုံစုံလင်လင်နဲ့ ပျော်ရွှင်ခွင့် ပေးလိုက်သင့်တာပေါ့"
ကျားဖြူကြီးက ခေါင်းငြိမ့်လိုက်လေသည်။ "အကြံကောင်းပဲ။ ဒါပေမဲ့ အဲဒီမိစ္ဆာတစ်ပိုင်းက ပြဿနာပဲ။ ငါ ဝင်ကူညီပေးရမလား"
မြေခွေးဘုရင်မက ခေါင်းခါလိုက်၏။ "သူ့ကို စိတ်ပူစရာ မလိုပါဘူး။ ကျွန်မမှာ ဖြေရှင်းဖို့ နည်းလမ်း ရှိပြီးသားပါ။ တခြား အကောင်ဟောင်းကြီးတွေ ဝင်ရှုပ်မှာကိုပဲ စိုးရိမ်တာ"
သူမ၏ စကားကို ကြားရသောအခါ ကျားဖြူကြီးသည် ထူးဆန်းသည်ဟု ခံစားလိုက်ရလေသည်။ ဤမတိုင်မီက သူမသည် ထိုအကောင်ဟောင်းကြီးများ ကဲ့သို့ပင် မိစ္ဆာဧကရာဇ်အပေါ် သံယောဇဉ်ကို စောင့်ထိန်းကာ ဒါမလုပ်ရ၊ ဟိုမလုပ်ရ တားမြစ်ခဲ့သော်လည်း ယခုကဲ့သို့ မျက်နှာပြောင်းသွားသည်က သူ့မျက်လုံးထဲတွင် ပိုပြီး ကြည့်ကောင်းနေလေ၏။
"ဒါ မခက်ပါဘူး" ကျားဖြူကြီးသည် သန်မာသော ခြေလက်လေးဖက်ကို ထောက်ကာ ကိုယ်ပေါ်မှ အမွေးများကို ခါလိုက်ပြီး "ချင်းလွမ် နဲ့ ကျူးယန်တို့က သေချာပေါက် ကူညီကြမှာပါ။ သူတို့က မိစ္ဆာဧကရာဇ် တစ်မိသားစုလုံး သေဆုံးသွားမှာကို မျှော်လင့်နေကြတာ။ မင်း ဘယ်အချိန် လှုပ်ရှားမှာလဲ။ ငါ သူတို့ကို တံခါးသွားပိတ်ခိုင်းလိုက်မယ်"
လွန်ခဲ့သော နှစ်များက ကျူးယန်မျိုးနွယ်သည် မိစ္ဆာဧကရာဇ်ကို မနာခံသဖြင့် မျိုးတုံးလုနီးပါး ဖြစ်ခဲ့ရပြီး ယခုတိုင် နလန်မထူနိုင်သေးပေ။ ချင်းလွမ်ဘုရင်၏ သမီးတချို့သည် ဂီတကျွမ်းကျင်သဖြင့် ဆွမ်းယွီ၏ ဖမ်းဆီးခြင်းခံရကာ မိစ္ဆာဧကရာဇ်ထံ ဆက်သခံရပြီး ဝမ်ကူနန်းတော်သို့ ရောက်ရှိသွားကာ နောက်ဆုံးတွင် အသက်ရှင်လျက် ပြန်မလာနိုင်ခဲ့ကြပေ။
မိစ္ဆာမျိုးနွယ်၏ ဆက်ဆံရေးသည် ရှုပ်ထွေးလှပြီး မိစ္ဆာဘုရင် အသီးသီး၏ ရပ်တည်ချက်များမှာလည်း မရေရာပေ။ မိစ္ဆာဧကရာဇ် သေဆုံးသွားပြီ ဖြစ်သော်လည်း သူ့မျိုးဆက်ကို ထိပါက ပြဿနာများစွာ ဖြစ်ပေါ်လာနိုင်သဖြင့် သူတို့စိတ်ထဲတွင် စိုးရိမ်မှုများ ရှိနေကြသည်။ သူကိုယ်တိုင်လည်း ထိုနည်းတူပင်။
သို့သော် ယခု မြေခွေးဘုရင်မက ဦးဆောင်မည်ဆိုပါက အခြေအနေ ကွာခြားသွားပြီ ဖြစ်သည်။ သူမက မိစ္ဆာဧကရာဇ်၏ မျိုးဆက်ကို ရှင်းပစ်ရန် ဆုံးဖြတ်လိုက်ပြီ ဖြစ်ရာ သူတို့က ငြင်းဆန်လိမ့်မည် မဟုတ်ပေ။
"ခုနစ်ရက်နေရင် လှုပ်ရှားမယ်။ သူတို့ကို ကြိုတင်ပြင်ဆင်ထားခိုင်းလိုက်။ အမှားမခံနဲ့နော်"
"ကောင်းပြီ။ ငါ အခုပဲ သူတို့ကို သွားရှာလိုက်မယ်" ကျားဖြူကြီးက စဉ်းစားလိုက်ပြီး ခေါင်းကြီးကို သူမအနားသို့ တိုးကပ်ကာ မေးလိုက်၏။ "မင်း အဲဒီမိစ္ဆာတစ်ပိုင်းကို တကယ် နိုင်ပါ့မလား"
မြေခွေးဘုရင်မသည် သူ့နှာခေါင်းပေါ်သို့ လက်ဝါးတစ်ချက် ရိုက်ချလိုက်လေသည်။ "စကားတွေ အရမ်းများတာပဲ။ ရှင်က လျိုကျင့်တောင်ကို ပြန်သိမ်းဖို့သာ စောင့်နေလိုက်"
ကျားဖြူကြီးသည် သွားဖြဲပြလိုက်ပြီး ကြောက်မက်ဖွယ်ကောင်းသော အပြုံးတစ်ခုကို ပြသလိုက်တော့သည်။
မကြာသေးမီက မိစ္ဆာမျိုးနွယ်မှ မိစ္ဆာဘုရင်တချို့သည် ရုတ်တရက် လှုပ်ရှားလာပြီး တစ်ဦးနှင့်တစ်ဦး အပြန်အလှန် လည်ပတ်မှုများ ပြုလုပ်လာကြသည်။ ထိုသတင်း လျိုကျင့်တောင်သို့ ရောက်ရှိလာချိန်တွင် ခြောက်ရက်မျှ ကြာမြင့်ခဲ့ပြီ ဖြစ်၏။
ကျိဟန်သည် ထိုမိစ္ဆာဘုရင်များနှင့် ကျင့်ကြံမှုအဆင့် အတူတူပင် ဖြစ်သော်လည်း သူသည် မိစ္ဆာတစ်ပိုင်းဖြစ်ပြီး အဆင့်အတန်းမှာလည်း ပြဿနာ အနည်းငယ် ရှိနေသဖြင့် အဆင့်တက်ပြီးချိန်မှ ယခုထိတိုင် လာရောက်မိတ်ဖွဲ့သော မိစ္ဆာဘုရင် တစ်ဦးတစ်ယောက်မျှ မရှိခဲ့ပေ။ ထို့ကြောင့် သတင်းအချက်အလက် ရရှိမှုမှာလည်း ထိုမျှ မမြန်ဆန်ပေ။
ဤသတင်း လျိုကျင့်တောင်သို့ ရောက်ရှိလာရခြင်းမှာ သူ့အပေါ် ဂရုစိုက်ဖူးသော ခွေနျိုမျိုးနွယ်၏ ဘုရင်က သတင်းလာပို့ပေးသောကြောင့်ပင်။
လာရောက်သူမှာ ခွေနျိုဘုရင်၏ မြေးဖြစ်ပြီး အသက်ငယ်ရွယ်သော်လည်း အလွန် အချစ်ခံရသူဖြစ်သည်။ ရွှယ်ယောင်ကုန်းကျူကို တွေ့သောအခါ သူသည် အရိုအသေ မပေးဘဲ ရှေ့သို့တိုးကာ ပြောလိုက်လေသည်။ "ကုန်းကျူ အားလားမသိဘူး။ အဘိုးက ကျွန်တော်တို့မျိုးနွယ်ဆီ လာလည်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်"
ခွေနျိုပေါက်စလေးသည် သူမအပေါ် ယဉ်ကျေးသော်လည်း ရိုသေမှု မရှိသည်ကို ရွှယ်ယောင်ကုန်းကျူ မြင်တွေ့လိုက်ရပြီး စိတ်ထဲတွင် မကျေမနပ် ဖြစ်သွားလေသည်။
ခွေနျိုဘုရင် ကိုယ်တိုင်ပင် သူမကို သည်မျှ ပေါ့ပေါ့တန်တန် ဆက်ဆံလိမ့်မည် မဟုတ်ပေ။
အတွေးတစ်ချက် ဝင်လာပြီးနောက် ရွှယ်ယောင်ကုန်းကျူက မေးမြန်းလိုက်၏။ "ဘာကိစ္စနဲ့ အလည်ဖိတ်တာလဲ။ ဒီရက်ပိုင်း ခွေနျိုမျိုးနွယ်မှာ မင်္ဂလာကိစ္စ ရှိလို့လား"
ခွေနျိုပေါက်စလေးက တစ်ခွန်းချင်း ပြန်ဖြေလေသည်။ "မြေခွေးဘုရင်မနဲ့ ကျားဘုရင်တို့ ခွေနျိုမျိုးနွယ်ဆီ ရောက်နေပါတယ်။ မြေခွေးဘုရင်မရဲ့ ၆ယောက်မြောက်သား သေဆုံးမှုအတွက်ပါ"
ခွေနျိုပေါက်စလေး ပြောလိုက်သည့်စကားကို ကြားလိုက်ရသောအခါ ရွှယ်ယောင်ကုန်းကျူ၏ မျက်နှာထား အနည်းငယ် ပြောင်းလဲသွားလေသည်။
ထိုစဉ်က မြေခွေးဘုရင်မ၏ သားအကြီးဆုံး ရှီးကျင်သည် သူမ၏ ခမည်းတော်ကို သေစေခဲ့ပြီး မိစ္ဆာမျိုးနွယ် တစ်ခုလုံးမှ မည်သည့် မိစ္ဆာဘုရင်ကမျှ ဝင်ရောက်ပြောဆိုခြင်း မပြုရဲခဲ့ကြပေ။ ထို့ကြောင့် မြေခွေးဘုရင်မသည် သူမ၏ ခမည်းတော်ဘက်မှ အမြဲရပ်တည်ခဲ့သည်ကို သိသော်လည်း သူမသည် ဒေါသကူးစက်မိခဲ့သည်။
မြေခွေးဘုရင်မ၏ ၆ယောက်မြောက်သား သေဆုံးမှုတွင် သူမ၏ စေခိုင်းမှုများ မကင်းခဲ့ပေ။ သို့သော် ထိုအချိန်က ထိုသူသည် ချင်းယွီတောင်မှ နှင်ထုတ်ခံထားရပြီးဖြစ်သလို ထိုမြေခွေး သေဆုံးပြီးနောက်တွင်လည်း မြေခွေးဘုရင်မထံမှ ဘာတုံ့ပြန်မှုမှ မမြင်ခဲ့ရသဖြင့် ဤကိစ္စ ပြီးဆုံးသွားပြီဟု သူမက ထင်မှတ်ခဲ့သည်။ ယနေ့မှ အဘယ်ကြောင့် ရုတ်တရက် ပြန်လည် ဖော်ထုတ်လာရသနည်း။
ရွှယ်ယောင်ကုန်းကျူသည် ခန္ဓာကိုယ်ကို မတ်လိုက်ပြီး လေသံမာမာဖြင့် မေးလိုက်၏။ "မင်းအဘိုး ဘယ်လိုပြောလိုက်လဲ။ အမှန်အတိုင်း ပြောစမ်း"
"အဘိုးက ကုန်းကျူကို ပြောခိုင်းလိုက်ပါတယ်။ မြေခွေးဘုရင်မကို သူ နှစ်သိမ့်ထားပြီးပါပြီ။ ဒါပေမဲ့ ဒီကိစ္စက ကုန်းကျူ ကိုယ်တိုင် ဖြေရှင်းမှ ရမှာမို့လို့ သူက ဆုံးဖြတ်ချက်ချပြီး မြေခွေးဘုရင်မကို ကျွန်တော်တို့ မျိုးနွယ်မှာ ဆွဲထားလိုက်ပါတယ်။ ကုန်းကျူကို ကျွန်တော်တို့ဆီ လာခဲ့ဖို့ ဖိတ်ခေါ်ခိုင်းလိုက်တာပါ"
ရွှယ်ယောင်ကုန်းကျူသည် ခဏလောက် စဉ်းစားလိုက်ပြီးမှ မေးလိုက်၏။ "ငါ့တစ်ယောက်တည်းကိုပဲ လာခိုင်းတာလား"
ခွေနျိုပေါက်စလေးက ဖြေလေ၏။ "မြေခွေးဘုရင်မနဲ့ ကျားဘုရင်တို့က အိမ်က လူငယ်တွေကိုပါ ခေါ်လာကြတယ်။ အဘိုးက ကုန်းကျူကို အိမ်က ကလေးတွေပါ ခေါ်လာခဲ့ဖို့ မှာလိုက်ပါတယ်။ ဒါပေမဲ့ ကုန်းကျူရဲ့ ခင်ပွန်းကတော့ မလိုက်လာတာ အကောင်းဆုံးပါပဲတဲ့"
ကျိဟန်ကို မသွားခိုင်းကြောင်း ကြားရသောအခါ ရွှယ်ယောင်ကုန်းကျူ မျက်မှောင်ကြုတ်လိုက်ပြီး ခွေနျိုပေါက်စလေးကို ပြောလိုက်တော့သည်။ "ဒီကိစ္စကို ငါ သေချာ စဉ်းစားပါရစေဦး။ မင်း ခဏလောက် စောင့်ပါ"
ခွေနျိုပေါက်စလေးက ခေါင်းငြိမ့်ပြပြီး ထပ်မံ တိုက်တွန်းခြင်း မပြုတော့ပေ။
ရွှယ်ယောင်ကုန်းကျူသည် ခွေနျိုပေါက်စလေးနှင့် စကားပြောပြီးနောက် လှည့်ထွက်ကာ ကျိဟန်ကို သွားရှာလိုက်လေသည်။
ကျိဟန်သည် စာကြည့်ခန်းထဲတွင် သမီးငယ်လေးကို စာသင်ပေးနေလေသည်။ သူက စိတ်ရှည်လက်ရှည် သင်ကြားပေးနေသော်လည်း တပည့်မလေးကတော့ စာရေးရသည်ကို စိတ်ပါပုံ မရချေ။ စာလုံး ရေရေရာရာ မရေးရသေးဘဲ ကြမ်းပြင်ပေါ်တွင် စက္ကူလုံးများ ပြည့်နှက်နေလေသည်။
ရွှယ်ယောင်ကုန်းကျူက စာကြည့်ခန်းထဲသို့ ဝင်လာသောအခါ ဝမ်းနည်းပက်လက် ဖြစ်နေသော သမီးငယ်ကို ချက်ချင်း တွေ့လိုက်ရသည်။
သမီးငယ်လေးသည် မိခင် ရောက်လာသည်ကို မြင်သောအခါ အားကိုးရာ တွေ့သွားသကဲ့သို့ ချက်ချင်း ပြေးလာပြီး ရင်ခွင်ထဲသို့ တိုးဝင်ကာ တိုင်တောလေတော့သည်။ "အမေ... အဖေက သမီးကို လူသားစာတွေ အတင်း သင်ခိုင်းနေတယ်။ အရမ်းခက်တာပဲ။ သမီး မသင်ချင်ဘူး"
ရွှယ်ယောင်ကုန်းကျူသည် သမီးငယ်၏ ခေါင်းကို ပွတ်သပ်ပေးရင်း နူးညံ့စွာ ပြောလိုက်၏။ "မင်းက လူသားစာတွေကို နားမလည်ရင် နောက်ကျရင် လူသားတွေနဲ့ ဘယ်လို ဆက်ဆံမလဲ"
သမီးငယ်လေးက နှာခေါင်းရှုံ့လိုက်သည်။ "ဘာလို့ ဆက်ဆံရမှာလဲ။ သူတို့ထက် သာလွန်နေရင် သူတို့က အလိုလို ခေါင်းငုံ့လာမှာပေါ့"
ထို့နောက် သူမသည် ကျိဟန်ကို ကြည့်ကာ လေးစားအားကျသော မျက်နှာဖြင့် ပြောလိုက်၏။ "ကြီးလာရင် အဖေ့လိုပဲ အဆင့်၅အထိ ကျင့်ကြံမယ်။ အဲဒီကျရင် သမီးစကားကို ဘယ်သူ နားမထောင်ရဲဘဲ နေမလဲ ကြည့်မယ်"
ကျိဟန်နှင့် ရွှယ်ယောင်ကုန်းကျူတို့ ပြိုင်တူ ရယ်မောလိုက်ကြပြီး ရွှယ်ယောင်ကုန်းကျူက သူမ၏ နဖူးကို လက်ညှိုးဖြင့် တို့လိုက်လေသည်။ "ကဲပါ၊ အပြင်ထွက် ဆော့လိုက်ဦး။ အမေ မင်းအဖေနဲ့ ပြောစရာ ရှိလို့"
သူမ ထွက်သွားမှ ကျိဟန်က ရှေ့သို့တိုးလာပြီး မေးလိုက်၏။ "ဘာကိစ္စ ရှိလို့လဲ"
ရွှယ်ယောင်ကုန်းကျူက ပြောပြလိုက်လေသည်။ "မြေခွေးဘုရင်မက ဘယ်သူ မြှောက်ပင့်တာ ခံလိုက်ရလဲ မသိဘူး။ ရုတ်တရက် သူ့ရဲ့ ၆ယောက်မြောက်သား သေဆုံးမှုကို ရုတ်တရက် ပြန်စိတ်ဝင်စားနေတယ်။ အခု သူနဲ့ ပိုင်ဖုန်းတောင်က ကျားဘုရင်တို့ ခွေနျိုမျိုးနွယ်ဆီ ရောက်နေကြတယ်။ ခွေနျိုဘုရင်က လူလွှတ်ပြီး လာခေါ်ခိုင်းတာ"
ကျိဟန်က ချက်ချင်း ပြောလိုက်၏။ "ကိုယ် မင်းနဲ့အတူ လိုက်ခဲ့မယ်"
ရွှယ်ယောင်ကုန်းကျူ၏ လေသံတွင် ဒေါသအရိပ်အယောင်များ ပါဝင်နေသည်။ "သူက ကလေးတွေကို ခေါ်ခဲ့ဖို့ လူငယ်ကတစ်ဆင့် သေချာ မှာလိုက်ပေမဲ့ ရှင့်ကိုတော့ မခေါ်ခိုင်းဘူး။ ရှင်က ငယ်ရွယ်ပြီး အနိုင်ကျင့်လို့ လွယ်တယ်လို့ ထင်နေတာပဲ။ တကယ်လို့ ခမည်းတော်သာ ရှိနေသေးရင် သူတို့ ဘယ်သူက ငါ့ကို ဒီလို လာပြောရဲမှာလဲ"
ရွှယ်ယောင်ကုန်းကျူနှင့် ယှဉ်လျှင် ကျိဟန်၏ တုံ့ပြန်မှုက အေးဆေးတည်ငြိမ်နေလေသည်။ "ကိစ္စမရှိပါဘူး။ ဒီလိုကိစ္စသေးလေးတွေကို ဗွေမယူပါနဲ့။ တစ်နေ့ကျရင် သူတို့ မင်းကို ခေါင်းငုံ့ရမယ့်အချိန် ရောက်လာမှာပါ"
မိစ္ဆာမျိုးနွယ်သည် သွေးသားဆက်ခံမှုကို အလွန် အလေးထားကြသည်။ သူနှင့် ထိုမိစ္ဆာဘုရင်များ၏ အဆင့်တက်လမ်းသည် မတူညီသဖြင့် သူတို့က သူ့ကို ဖယ်ကြဉ်ထားသည်မှာ ပုံမှန်သာပင်။ ကျိဟန်သည် ဒီလိုကိစ္စသေးလေးအတွက် ဒေါသထွက်နေမည် မဟုတ်ပေ။
"မင်း သွားချင်လား" သူက ထပ်မေးလိုက်သည်။
ရွှယ်ယောင်ကုန်းကျူက ခေါင်းငြိမ့်လိုက်၏။ "မြေခွေးဘုရင်မက ခမည်းတော်ကို လေးစားပေမဲ့ သူက ရန်စလို့ မကောင်းဘူး။ ဒီတစ်ခါ ခွေနျိုဘုရင်က ကြားဝင်စေ့စပ်ပေးတာမို့လို့ ကျွန်မ သေချာပေါက် မျက်နှာပြမှ ဖြစ်မယ်"
"သူတို့ပဲ ရှိတာလား"
"ကျားဘုရင်လည်း ရှိတယ်"
ကျိဟန် မျက်မှောင်ကြုတ်သွားသည်ကို မြင်သောအခါ ရွှယ်ယောင်ကုန်းကျူက သူ့အတွေးကို သိသဖြင့် နှစ်သိမ့်လိုက်လေသည်။ "ကျွန်မအတွက် စိတ်မပူပါနဲ့။ ခမည်းတော် မျက်နှာကို ထောက်ပြီးတော့တောင် သူတို့ ကျွန်မကို ဘာမှ လုပ်မှာ မဟုတ်ပါဘူး။ မဟုတ်ရင် လူထုဒေါသကို ဆွသလို ဖြစ်သွားမှာပေါ့"
သူမသည် ကိုယ့်အသက်အန္တရာယ်အတွက် မပူပန်သော်လည်း ဒီတစ်ကြိမ်တွင် ခေါင်းငုံ့ရတော့မည်ကို သိနေသည်။
"ကိုယ် လိုက်ပို့ပေးမယ်" ကျိဟန်က အကြံပြုလိုက်သည်။
ရွှယ်ယောင်ကုန်းကျူက ခေါင်းခါ ငြင်းပယ်လိုက်၏။ "ရှင် လိုက်လာရင် သူတို့ သေချာပေါက် ရိပ်မိသွားလိမ့်မယ်။ ကျွန်မ ကလေးတွေ ခေါ်ပြီး သွားလိုက်မယ်။ သူတို့ကိုလည်း ရွယ်တူတွေနဲ့ မိတ်ဆက်ပေးသင့်ပြီလေ။ နောင်တစ်ချိန်ကျရင် အသုံးဝင်လာမှာပဲ"
သူမသည် ပါရမီ မကောင်းသဖြင့် ဒီတစ်သက် အဆင့်လေးမှာသာ ရပ်တန့်နေမည်ကို သိလေသည်။ သို့သော် သူမသည် မိစ္ဆာဧကရာဇ်၏ မျိုးဆက်ဖြစ်ပြီး သူမ၏ ခန္ဓာကိုယ်ထဲတွင် မိစ္ဆာဧကရာဇ်၏ သွေးများ စီးဆင်းနေသည်။ သူတို့၏ ဖခင်သည်လည်း အဆင့်၅ ဖြစ်သည်။ သူမ၏ သားသမီးများသည် နောင်တစ်ချိန်တွင် သူမ၏ ခမည်းတော်ကဲ့သို့ မိစ္ဆာမျိုးနွယ်ကို လွှမ်းမိုးပြီး မိစ္ဆာတိုင်းပြည်ကို ပြန်လည် တည်ထောင်နိုင်လိမ့်မည် မဟုတ်ဟု မည်သူက ပြောနိုင်မည်နည်း။
သို့သော် ဤအရာများကို သူမ စိတ်ထဲတွင်သာ တွေးထားပြီး မည်သူ့ကိုမျှ ထုတ်မပြောဖူးပေ။
ကျိဟန်က နှုတ်ဆိတ်နေသည်ကို မြင်သောအခါ ရွှယ်ယောင်ကုန်းကျူက ပြုံးလိုက်ပြီး ပြောလိုက်၏။ "တကယ် ဘာမှမဖြစ်ပါဘူး။ ကျွန်မ သမီးအငယ်ဆုံးကို အိမ်မှာထားခဲ့ပြီး ရှင့်အဖော် လုပ်ခိုင်းလိုက်မယ်။ ညနေလောက်ကျရင် သာ့ရှပြည်ကို သတင်းစုံစမ်းဖို့ လွှတ်ထားတဲ့ လက်အောက်ငယ်သားတွေ ပြန်ရောက်လောက်ပြီ။ အဲဒီကျရင် သတင်းကောင်း ပါလာလောက်တယ်"
သူမ ထင်သည့်အတိုင်းပင်။ သူမ၏ စကားသည် ကျိဟန်၏ အာရုံကို လွှဲပြောင်းသွားစေပြီး။ သူက မေးလိုက်၏။ "ဘာသတင်းလဲ"
"ကျိမိသားစုကိစ္စက ကျွန်မကြောင့် ဖြစ်ခဲ့ရတာလေ။ သူတို့က ရှင့်ရဲ့ မျိုးနွယ်တူတွေ ဖြစ်ခဲ့ဖူးတာပဲ။ ဖြစ်နိုင်ရင် သွေးသားရင်းချာ ကျန်ခဲ့စေချင်လို့ ကျွန်မ လူလွှတ်ပြီး သတင်းကြိုစုံစမ်းခိုင်းထားတာ။ ဒါမှ တိတ်တဆိတ် စီစဉ်ပေးလို့ ရမှာလေ"
အရင်က ကျိဟန်သည် ကျိမိသားစုကို ဂရုစိုက်စရာ မလိုတော့ဟု ပြောခဲ့သော်လည်း သူမသည် တကယ် ဘာမှမလုပ်ဘဲ မနေခဲ့ပေ။ ကျိမိသားစုတွင် ကျိချန်တစ်ယောက်သာ သူမ၏ သားသမီးများကို ခြိမ်းခြောက်နိုင်ပြီး ကျန်လူများကို ကူညီနိုင်လျှင် ကူညီပေးရန် သူမကလည်း ဝန်မလေးပေ။
ကျိဟန်၏ မျက်လုံးထဲတွင် စိတ်လှုပ်ရှားသွားသည့် အရိပ်အယောင်များ ဖြတ်ပြေးသွားပြီး လေသံတွင် ကူကယ်ရာမဲ့မှုများ ပါဝင်နေသည်။ "မင်းက အမြဲတမ်း ဒီလိုပဲ"
ရွှယ်ယောင်ကုန်းကျူက ပြုံးလိုက်၏။ "ကဲပါ၊ အချိန်မစောတော့ဘူး။ ကျွန်မ သွားတော့မယ်။ အဆင်ပြေရင် မိုးမချုပ်ခင် ပြန်ရောက်မှာပါ"
ကျိဟန်သည် သူမကို စာကြည့်ခန်း အပြင်ဘက်ထိ လိုက်ပို့ပြီး ဂရုတစိုက် ပြောလိုက်သေးသည်။ "လမ်းမှာ သတိထားနော်"
"စိတ်ချပါ"
ရွှယ်ယောင်ကုန်းကျူသည် အစောင့်တချို့နှင့် ကလေးလေးယောက်ကို ခေါ်ဆောင်ကာ ခွေနျိုပေါက်စလေးနှင့်အတူ လျိုကျင့်တောင်မှ ထွက်ခွာသွားလေသည်။ သူတို့ ထွက်သွားပြီးနောက် ဝမ်ကူနန်းတော်သည် တိတ်ဆိတ်ခြောက်ကပ်သွားတော့၏။
ကျိဟန်ကလည်း သမီးငယ်ကို စာဆက်မသင်ခိုင်းတော့ချေ။ သူသည် ကုလားထိုင်ပေါ်တွင် ထိုင်ကာ ရေးလက်စ စာရွက်ကို ယူကြည့်လိုက်လေသည်။ အရွယ်အစားမညီညာသော စာလုံးများနှင့် နေရာအနှံ့ ပေကျံနေသော မင်စက်များကို ကြည့်ရင်း သူ ခေါင်းယမ်းလိုက်မိသည်။
ကြည့်ရင်းကြည့်ရင်းဖြင့် ကျိဟန်သည် ရုတ်တရက် ကျိချန်ကို သတိရသွားလေသည်။ ထိုကလေးမလေး တစ်နှစ်ပြည့် ပစ္စည်းကောက်ယူပွဲတုန်းက စုတ်တံတစ်ချောင်းကို ကောက်ယူခဲ့သည်။ လင်းရှီက သမီးဖြစ်သူကို ပညာတတ်တစ်ယောက် ဖြစ်လာအောင် ပျိုးထောင်မည်ဟု သူ့ကို တိုးတိုးတိတ်တိတ် ပြောခဲ့ဖူးသည်။
ထိုစဉ်က သူသည် ကျီစားကာ မြို့စားအိမ်တော် တံခါးကို သေချာ စောင့်ကြပ်ပြီး ဘယ်ကောင်လေးကိုမှ သူ့သမီးကို လာမပိုးပန်းစေရဘူးဟု ပြောခဲ့ဖူးသည်။
မျက်စိတစ်မှိတ်အတွင်း နှစ်တွေ အများကြီး ကုန်ဆုံးသွားခဲ့ပြီ။
ထိုလိမ္မာရေးခြားရှိပြီး တိတ်ဆိတ်ငြိမ်သက်နေသော ကလေးငယ်သည် ယခုအချိန်တွင် မည်သို့သော ပုံစံလေး ဖြစ်နေမည်ကိုတော့ မသိရချေ။
...