ဇာတ်သိမ်းပိုင်း
Vol. 21 Ch. 215
အပိုင်း (၂၁၅.၁) မိသားစုတစ်ခုက တစ်နှစ်တည်း တစ်လတည်း တရက်တည်းမှာ ... (ဇာတ်သိမ်းပိုင်း)
" ဒီနေရာက ခင်းဗျား လာသင့်တဲ့နေရာ မဟုတ်ဘူးလို့ မင်ဝမ်က သတိမပေးလိုက်လို့လား"
ပိုင်ရှိုးမင်က ကျိဟန်ကို အကဲခတ်နေစဉ်မှာ ပင်ကျိဟန်၏အကြည့်များသည် သူ့ဆီက ဖယ်ခွာသွားခြင်း မရှိချေ။
ပိုင်ရှိုးမင်သည် သူ့အတွက် ခြိမ်းခြောက်မှုမဖြစ်နိုင်ဟု စိတ်ထဲတွင် ထင်မှတ်ထားသော်ငြား ကျိဟန်သည် ပေါ့ပေါ့ဆဆနေမည် မဟုတ်ပေ။ အဆင့်၅ နယ်ပယ်သို့ ရောက်ရှိထားသူတိုင်းသည် အလွန်အန္တရာယ်များလှပေသည်။
"ကျွန်တော့်ဖုဟွမ် ပြောလိုက်တာကတော့ တိုင်းပြည်ကို သစ္စာဖောက်တဲ့သူဆိုရင် ချမ်းသာပေးစရာမလိုဘူးတဲ့"
စကားသံအဆုံးတွင် ဓားရှည်သည် ဖြည်းညင်းစွာ လှည့်ပတ်သွားပြီး နဂါးဟိန်းသံသည် ပိုမိုရှင်းလင်းလာခဲ့၏။ အတွင်းအားဖြင့် လှုံ့ဆော်လိုက်သော လေများသည် ဓားသွားကဲ့သို့ ကျိဟန်ထံသို့ တိုးဝင်သွားလေသည်။
ကျိဟန်သည် အင်္ကျီလက်စကို ဝှေ့ယမ်းကာ ထိုစမ်းသပ်ချက်ကို တားဆီးလိုက်သော်ငြား ကောင်းကင်အပြည့် ဓားရောင်များက ခေါင်းပေါ်သို့ ကျရောက်လာတော့သည်။
သူသည် ခံစစ်အနေအထားဖြင့် မနေတော့ဘဲ အနောက်ကရှောင်ဝူကို ဘေးသို့တွန်းထုတ်လိုက်ကာ "သေချာပုန်းနေ" ဟု ပြောပြီးသည်နှင့် ရှေ့သို့တိုးဝင်ကာ ရင်ဆိုင်လိုက်လေသည်။ အရိပ်နှစ်ခုသည် လေထဲတွင် ရှုပ်ထွေးပူးကပ်သွားပြီး ခဏတာအတွင်း အနိုင်အရှုံးမပေါ်ခဲ့ချေ။
ရှောင်ဝူနှင့် ထိုမိစ္ဆာတစ်ပိုင်းတို့သည် ဒီလိုမြင်ကွင်းမျိုးကို ဘယ်တုန်းကမှ မမြင်ခဲ့ဖူးကြသဖြင့် ကြောက်ရွံ့တုန်လှုပ် နေကြလေသည်။ ခြေလှမ်းအနည်းငယ် မပြေးရသေးခင်မှာပင် ပြင်းထန်သော အရှိန်အဝါနှစ်ခုက လေထဲတွင် တိုက်မိသွားသည်ကို ခံစားလိုက်ရပြီး လေလှိုင်းများက ဖြာထွက်သွားကာ နားကွဲလုမတတ် မြည်ဟည်းသံများ ထွက်ပေါ်လာပြီး မြေပြင်သည်လည်း လှိမ့်ဆင်းသွားလေသည်။
သူတို့နှစ်ဦးသည် ခန္ဓာကိုယ်ကို မထိန်းနိုင်တော့ဘဲ လေလှိုင်း၏ ရိုက်ခတ်မှုကြောင့် အဝေးသို့လွင့်စင်သွားကြတော့၏။
ကျိဟန်သည် ဒီအချိန်တွင် အောက်ဘက်ကသမီးငယ်ကို အာရုံစိုက်ရန် အချိန်မရတော့ချေ။ ပိုင်ရှိုးမင်က အဆင့်တက်ပြီးခါစ ရှိသေးသော်ငြားလည်း သူ့ကို ယှဉ်နိုင်လိမ့်မည်ဟု ထင်မှတ်မထားမိခဲ့ပေ။ သူတို့နှစ်ဦးသည် အချိန်တိုအတွင်း တစ်ယောက်ကိုတစ်ယောက် ဘာမှမလုပ်နိုင်ဘဲ ဖြစ်နေကြလေသည်။
သူသည် တိုက်ခိုက်နေစဉ်တွင် ဟာကွက်အနည်းငယ်ကို တမင်တကာ ဖန်တီးပြီး တစ်ဖက်လူကို ထောင်ချောက်ထဲ ဝင်လာစေရန် ကြိုးစားသော်လည်း ပိုင်ရှိုးမင်သည် အသက်ငယ်ရွယ်သော်ငြား စိတ်ဓာတ်ခိုင်မာတည်ငြိမ်လှသဖြင့် အခွင့်အရေးလုံးဝ မပေးခဲ့ချေ။
ဒီအတိုင်းဆက်သွားနေလျှင် ရှေ့တိုးမရနောက်ဆုတ်မရ ဖြစ်နေပေတော့မည်။ သူက စောင့်ဆိုင်းနိုင်သော်ငြား အောက်ဘက်က ရှောင်ဝူကတော့ အချိန်ကြာကြာတောင့်ခံ နိုင်လောက်မည် မဟုတ်ပေ။ အဆင့်၅နယ်ပယ်၏ တိုက်ခိုက်မှုကြားတွင် အချိန်မရွေး သေဆုံးသွားနိုင်လေသည်။
ကျိဟန်သည် သူ့စိတ်ကို ပြောင်းလဲလိုက်ပြီး ပိုင်ရှိုးမင်နှင့် အကွာအဝေးတစ်ခု ထိန်းထားလိုက်ကာ လေထဲတွင် ရပ်တန့်လိုက်၏။ ကိုယ်အတွင်းမှ ကြီးမားသော မိစ္ဆာအငွေ့အသက်များသည် ကောင်းကင်ယံသို့ ထိုးထွက်သွားကာ လျိုကျင့်တောင်သာမက မိစ္ဆာနယ်မြေတစ်ခုလုံးပါ ခံစားလိုက်ရတော့သည်။
ပိုင်ရှိုးမင်သည် အတွင်းအားဖြင့် သူ့ကို ခုခံသော်လည်း အရှိန်အဝါတစ်ခုကို ထိန်းချုပ်ထားပြီး ကျိဟန်ကဲ့သို့ ကြီးကျယ်ခမ်းနားခြင်း မရှိပေ။
နှစ်ဦးသားကလေထဲတွင် အားပြိုင်နေကြပြီး ကျိဟန်က မျက်နှာချင်းဆိုင်က ပိုင်ရှိုးမင်ကို ကြည့်ကာပြောလိုက်၏။ "ပိုင်ရှိုးမင် မင်းက တစ်ချိန်က လူသားဖြစ်ခဲ့တာကို ထောက်ထားပြီး အခုချက်ချင်း ထွက်သွားမယ်ဆိုရင် မင်းအသက်ကို ချမ်းသာပေးမယ်။ မဟုတ်ရင်တော့ ..."
"မဟုတ်ရင် ဘာဖြစ်မှာလဲ မိစ္ဆာဘုရင်တွေကိုခေါ်ပြီး ဝိုင်းသတ်ခိုင်းမလို့လား" ပိုင်ရှိုးမင်၏ နှုတ်ခမ်းထောင့်များက ကွေးတတ်သွားပြီး မျက်လုံးများထဲတွင် သတ်ဖြတ်လိုစိတ်များ စုစည်းနေလေသည်။ "ကျိဟန် ဒီအရာရှိက ဘာကိုအားကိုးပြီးတော့ မိစ္ဆာနယ်မြေထဲအထိ တစ်ယောက်တည်းလာပြီး ခင်ဗျားကို လာသတ်ရဲတယ်လို့ ထင်လဲ"
ကျိဟန်၏ရင်ထဲတွင် ရုတ်တရက် တုန်လှုပ်သွားပြီး နဂါးဟိန်းသံကို ရုတ်တရက် နောက်တစ်ကြိမ်ကြားလိုက် ရပြန်သည်။
ဒီတကြိမ်တွင်တော့ ထိုနဂါးဟိန်းသံသည် ပိုင်ရှိုးမင်၏ လက်ထဲကဓားဆီမှ ထွက်ပေါ်လာခြင်း မဟုတ်ချေ။ လေထဲတွင် လျိုကျင့်တောင်ကို လွှမ်းခြုံထားသည့် အနက်ရောင်ဝဲဂယက်ထဲက နဂါးဖြူတစ်ကောင် ရုတ်တရက် တိုးထွက်လာပြီး လေထဲတွင်ပင် လူအသွင်ပြောင်းလဲကာ လက်တစ်ဖက်ကို ခြေသည်းကဲ့သို့လုပ်ပြီး ကျိဟန်ကို လှမ်းကုတ်လိုက်လေသည်။
ယဲ့ချန်သည် သူတို့နှစ်ဦး၏ အားပြိုင်မှုကို အကြမ်းပတမ်းဖြိုခွဲကာ ဝင်ရောက်လာခဲ့သဖြင့် ကျိဟန်မှာ ပြန်လည်ခုခံရန် အားမရှိတော့ဘဲ လေပေါ်မှ ပြုတ်ကျသွားတော့၏။
သူတို့နှစ်ဦးသည် ကျိဟန်ကို ပြန်လည်တိုက်ခိုက်ရန် အခွင့်အရေးလုံးဝ မပေးချေ။ ယဲ့ချန်က ကြမ်းတမ်းသော အင်အားဖြင့် ကျိဟန်ကို အနောက်ဘက်မှ ထိန်းချုပ်ထားလိုက်ပြီး ပိုင်ရှိုးမင်း၏ လက်ထဲက ဓားရှည်သည်လည်း သူ့ဝမ်းဗိုက်ကို ထိုးဖောက်သွားခဲ့လေသည်။
ပြင်းထန်လှသည့် အတွင်းအားများ၏ မွှေနှောက်လိုက်သဖြင့် ကျိဟန်၏ ကိုယ်အတွင်းက မိစ္ဆာ အမြူတေမှာ တစ်စစီကြေမွ သွားလေတော့၏။
"အခုရော ... ခင်ဗျားမသေနိုင်တော့ဘူးလို့ ထင်နေတာလား" ပိုင်ရှိုးမင်သည် ဓားရှည်ကို ဖြည်းညင်းစွာ ဆွဲထုတ်လိုက်ရာ ရဲရဲနီနေသောသွေးများသည် ဓားသွားအတိုင်း စီးကျလာပြီး မြေကြီးပေါ်သို့ တစ်စက်စက် ကျဆင်းနေတော့သည်။
မိစ္ဆာအမြူတေ ပြင်းထန်စွာ ထိခိုက်သွားသဖြင့် ကျိဟန်၏ ခြေထောက်နှစ်ဘက်သည် ဆက်လက် မထောက်ထားနိုင်တော့ဘဲ မြေကြီးပေါ်သို့ ဒူးထောက်ကျသွားတော့သည်။ သူသည် ခေါင်းမော့ကာ ရှေ့ကပိုင်ရှိုးမင်ကို မျက်လုံးအိမ် ကွဲမတတ် စိုက်ကြည့်နေဆဲပင်။
"မင်းတို့တွေ ကောင်းကောင်းသေရမှာ မဟုတ်ဘူး" သူ့ပါးစပ်ထဲက သွေးများစီးကြလာ၏။ ဒီနေ့ သူသေရင်တောင် သူတို့က မိစ္ဆာနယ်မြေထဲကနေ ထွက်သွားနိုင်မှာ မဟုတ်ဘူး။
ကျိဟန်၏ နောက်ကျောဘက်က လှောင်ရယ်သံတစ်ခု ထွက်ပေါ်လာပြီး ပိုင်ရှိုးမင်သည် လက်ထဲကဓားဖြင့် သူ့မျက်နှာကို လမ်းပုတ်လိုက်ရာ ဓားသွားကြောင့် သူ့ပါးပြင်ပေါ်တွင် သွေးကြောင်းတစ်ကြောင်း ပေါ်လာလေတော့သည်။
"ဒီလောက် အကြီးအကျယ်ဖြစ်အောင် လုပ်လိုက်တာက တခြားမိစ္ဆာဘုရင်တွေကို လာကယ် စေချင်လို့မလား။ ဝမ်းနည်းစရာပဲ သူတို့ရောက်လာတော့မှာ မဟုတ်ဘူး"
လျိုကျင့်တောင်တွင် အဆင့်၅နယ်ပယ် တိုက်ခိုက်မှုအရှိန်အဝါနှင့် ကျိချန်က တမင်တကာ ထုတ်လွှတ်လိုက်သော မိစ္ဆာအငွေ့အသက်များသည် မိစ္ဆာဘုရင်၏ အာရုံကို ဖမ်းစားနိုင်ခဲ့လေသည်။ ကြီးမားသော အရှိန်အဝါသုံးခုသည် တစ်ပြိုင်တည်း ပေါ်ထွက်လာပြီး တုံ့ပြန်လိုက်သော်ငြား တခဏအတွင်းမှာပင် နောက်ထပ် အရှိန်အဝါသုံးခုက ဖိနှိပ်ထားလိုက်ပြီး ကျိဟန်ကို ကူညီလိုသော ထိုမိစ္ဆာဘုရင်သုံးပါးကို တားဆီးကာ အပြန်အလှန် ထိန်းချုပ်ထားလိုက်ကြတော့သည်။
သူတို့အားလုံးကလည်း အာရုံခံမိလိုက်ကြ၏။ မိစ္ဆာနယ်မြေက ကျိဟန်ကို ကူညီချင်သည့် မိစ္ဆာဘုရင်သုံးပါးကို တခြားသုံးပါးက တားဆီးလိုက်ပြီး ဖြစ်သည့်အကြောင်းပင်။
"မင်း ... မင်းက မိစ္ဆာဘုရင်တွေနဲ့ ပူးပေါင်းထားတာလား" ကျိဟန်၏စိတ်ထဲတွင် ဝမ်းနည်းဒေါသထွက်ခြင်းနှင့် တုန်လှုပ်ခြောက်ခြားခြင်းများ ရောထွေးနေပြီး ထိုမိစ္ဆာဘုရင်များက အဘယ်ကြောင့်များ ပိုင်ရှိုးမင်၏ စကားကို နားထောင်ရသနည်းဟု ဘယ်လိုမှ စဉ်းစားမရနိုင်အောင် ဖြစ်နေလေတော့သည်။
စိတ်ထဲက နောက်ဆုံးမျှော်လင့်ချက် ပျက်စီးသွားသောအခါ ကျိဟန်၏ တစ်ကိုယ်လုံးတွင် မျှော်လင့်ချက်မဲ့ခြင်းများ ပြည့်နှက်သွားတော့သည်။ ပိုင်ရှိုးမင်ကတော့ ဒီလောက်နှင့် ရပ်တန့်မသွားဘဲ အပြုံးမပျက် ပြောလာခဲ့၏။ "မိစ္ဆာနယ်မြေမှာ မိစ္ဆာဘုရင်ခုနစ်ပါး ရှိတာလေ။ မရှိတော့တဲ့ တစ်ပါးက ဘယ်ရောက်သွားလဲဆိုတော့ ခင်ဗျားမှန်းကြည့်စမ်းပါ"
တစ်ချိန်တည်းမှာပင် ခွေနျို မျိုးနွယ်စုနှင့် မဝေးလှသော တောတောင်ထဲတွင် ရွှယ်ယောင်မင်းသမီးနဲ့ သူမ၏သားသမီး လေးယောက်ကို တင်ဆောင်လာသော ရွှယ်ယောင်ရထားလုံးသည် လေထဲတွင်အရှိန်ပြင်းစွာ ပျံသန်းနေလေသည်။
ရုတ်တရက် အားကောင်းသော အရှိန်အဝါတစ်ခုက ကောင်းကင်သို့ ထိုးထွက်လာပြီး သူတို့နှင့်အနီးဆုံးရှိ ခွေးနျိုမျိုးနွယ်စုတွင်လည်း လှုပ်ရှားမှုများ ရှိနေသယောင်ပင်။
ခွေနျိုလေးသည် သတိထားမိပြီး ရပ်တန့်လိုက်လေသည်။ ရွှယ်ယောင်မင်းသမီးသည်လည်း ကိုယ်ကိုကိုင်းကာ အပြင်ဘက်သို့ လေးနက်သော မျက်နှာထားဖြင့် ကြည့်ရှုလိုက်၏။
ကံဆိုးချင်တော့ သူတို့၏ကျင့်ကြံမှူက အဆင့်မမှီသဖြင့် ဖြစ်ပျက်နေသည့် အရာများကို အာရုံမခံနိုင်ကြပေ။
"အမေ ဘာဖြစ်သွားတာလဲဟင်" ရွှယ်ယောင်မင်းသမီး၏ ဒုတိယသမီးတော်သည် ရုတ်တရက် စိုးရိမ်တကြီးဖြင့် သူမ၏လက်ကို ဆုပ်ကိုင်ကာ တိုးတိုးလေး မေးလိုက်လေသည်။
ရွှယ်ယောင်မင်းသမီးသည် သူမ၏ကျောကို နှစ်သိမ့်ပေးသလို ပွတ်ပေးလိုက်ပြီး ပြောလိုက်၏။ "ဘာမှမဖြစ်ပါဘူး။ စိတ်မပူပါနဲ့"
ပါးစပ်ကသာ ပြောနေသော်ငြားလည်း သူမ၏စိတ်ထဲတွင်တော့ မကောင်းသော ခံစားချက်များ ဖြစ်ပေါ်လာပြီး တစ်စုံတစ်ခု ဖြစ်ပျက်တော့မည်ဟု ခံစားနေရ၏။
ထိုအချိန်တွင် အပြင်ဘက်က ခွေနျိုလေး၏အသံက ထွက်ပေါ်လာခဲ့သည်။ "ကုန်းကျူ ဒီနေရာမှာ ခဏလောက် ရပ်နားမလား"
"မရပ်တော့ဘူး။ ငါတို့ ခွေနျိုမျိုးနွယ်စုဆီ တန်းသွားကြမယ်။ တကယ်လို့ ကိစ္စတစ်ခုခုရှိရင် လည်း ဝင်ကူညီလို့ရတာပေါ့"
ရထားလုံး အပြင်ဘက်တွင် စကားပြန်ပြောရန် ပြင်လိုက်သော ခွေနျိုလေးသည် ရုတ်တရက် တောင့်တင်းသွားပြီး အသံပင် မထွက်နိုင်တော့ချေ။
သူ့မြင်ကွင်းထဲတွင် ပုံရိပ်တစ်ခုပေါ်လာပြီး ထိုသူကို မှတ်မိလိုက်သောအခါ မျက်လုံးအိမ်များ ကျုံ့ဝင်သွားတော့သည်။
ချင်းယွီတောင်က မြေခွေးဘုရင်မ။
ရွှယ်ယောင်မင်းသမီးသည် အချိန်အတော်ကြာသည်အထိ ခွေနျိုလေး၏ တုံ့ပြန်သံကို မကြားရဘဲ ရထားလုံးသည်လည်း ရှေ့မဆက်တော့ဘဲ မြေကြီးပေါ်သို့ ကျဆင်းလာသဖြင့် မျက်မှောင်ကြုတ်ကာ ထရပ်လိုက်ပြီး အပြင်ထွက်လာခဲ့လိုက်၏။
ထိုနောက်တွင်တော့ သူမသည်လည်း ခွေနျိုလေးကဲ့သို့ပင် တောင့်တင်းသွားတော့သည်။
မြေခွေးဘုရင်မက ခွေးနျိုမျိုးနွယ်စုတွင် စောင့်ဆိုင်းနေရမည် မဟုတ်ပါလား။ အဘယ်ကြောင့်များ ဒီနေရာတွင် ရုတ်တရက် ပေါ်ထွက်လာသနည်း။
မလှမ်းမကမ်းတွင် ရပ်နေသော မျက်နှာသေနှင့် မြေခွေးဘုရင်မကို ကြည့်ရင်း ရွှယ်ယောင်မင်းသမီး၏ ရင်ထဲတွင် ထိတ်ခနဲဖြစ်သွားကာ ကိစ္စတချို့က သူမ ထင်မှတ်ထားသည်ထက် ကျော်လွန်သွားပြီဟု ခံစားလိုက်ရတော့သည်။
အင်္ကျီလက်အောက်က လက်သီးကို ဖြည်းဖြည်းချင်း ဆုပ်လိုက်သော်လည်း မျက်နှာပေါ်တွင်တော့ ယဉ်ကျေးသော အပြုံးကို ဆင်မြန်းထားပြီး ရထားလုံးပေါ်မှ ဆင်းကာ မြေခွေးဘုရင်မကို ဂါရဝပြုလိုက်လေသည်။ "နောက်မျိုးဆက် ရွှယ်ယောင်က မြေခွေးဘုရင်မကို ဂါရဝပြုပါတယ်"
"ဒီဘုရင်မက ဘာဖြစ်လို့ဒီမှာ စောင့်နေလဲသိလား"
ရွှယ်ယောင်မင်းသမီးသည် ယနေ့ ခွေနျိုလေးက သူမကို ခွေနျို မျိုးနွယ်စုထံလာရောက် ခေါ်ဆောင်သည့် ရည်ရွယ်ချက်ကို သတိရလိုက်ပြီး အသက်ပြင်းပြင်း ရှူသွင်းလိုက်တော့သည်။ "နောက်မျိုးဆက်ရဲ့ လူတွေအသုံးမကျလို့ပါ။ မြေခွေးဘုရင်မ စီရင်သမျှခံယူပါ့မယ်"
ခွေနျိုမိစ္ဆာဘုရင် မရှိသဖြင့် သူမသည်မြေခွေးဘုရင်မကို အမျက်ဒေါသ မထွက်စေရန် အောက်ကျို့နေရခြင်းပင်။
"လူသားတွေမှာ စကားပုံတစ်ခုရှိတယ်။ နိုင်တဲ့သူကဘုရင် ရှုံးတဲ့သူကသူပုန်တဲ့။ ငါ့ရဲ့၆ယောက်မြောက် သားတော်က အရည်အချင်း မရှိဘဲနဲ့ သူများ ကိစ္စဝင်စွက်ဖက်ဖို့ သဘောကျနေတယ်လေ။ သေသွားတာကတော့ သူ အသုံးမကျလို့ပဲ"
မြေခွေးဘုရင်မ၏ အေးစက်သော အသံသည် ထွက်ပေါ်လာသဖြင့် ရွှယ်ယောင်မင်းသမီးမှာ အံ့အားသင့်သွားရလေသည်။ တစ်ဖက်လူက ရှီးလင်တွင် သေဆုံးသွားသည့် ခြောက်ယောက်မြောက် သားတော်အတွက် လာရှာသည် မဟုတ်လျှင် ဘာအတွက်ဖြစ်ပါသနည်း။
မြေခွေးဘုရင်မက ထပ်ပြောလိုက်၏။ "သူက အသုံးမကျပေမဲ့ ငါ့သားပဲလေ။ မင်းက မိစ္ဆာဧကရာဇ်သေဆုံးသွားလို့ သူ့အပေါ်အပြစ်ပုံချခဲ့တာ။ ကြည့်ရတာ ငါ့ရဲ့ချင်းယွီတောင်ကို မကျေမနပ်ဖြစ်နေတာ ကြာပြီထင်တယ်"
"နောက်မျိုးဆက်အနေနဲ့ အဲလိုမရှိခဲ့ပါဘူး ..."
ရွှယ်ယောင်မင်းသမီးက ငြင်းဆန်ရန်ပြင်လိုက်သော်လည်း မြေခွေးဘုရင်မက ဖြတ်ပြောလိုက်၏။ "ရှိရှိ မရှိရှိ ဒီဘုရင်ကတော့ ဂရုမစိုက်ဘူး"
မြေခွေးဘုရင်မသည် ရွှယ်ယောင်မင်းသမီးထံသို့ တစ်လှမ်းချင်း လျှောက်လာပြီး သူမအရှေ့သို့ ရောက်လာသောအခါ လက်ထဲတွင် ရွှေရောင်စာအုပ်တစ်အုပ် ပေါ်ထွက်လာခဲ့လေသည်။
ရွှယ်ယောင်ကုန်းကျူက မော့ကြည့်လိုက်သည်တွင် မျက်လုံးအိမ်များက တုန်လှုပ်သွားလေတော့သည်။ အဲဒါက ... တိလင်းချဲ့မဟုတ်လား။
တိလင်းချဲ့စာအုပ်က ပေဟွမ်ဝမ် လက်ထဲမှာရှိနေတာ မဟုတ်ဘူးလား။ ဘယ်လိုလုပ်ပြီး မြေခွေးဘုရင်မ လက်ထဲရောက်နေတာလဲ။
"ဒီဘုရင်က အတိတ်က ရန်ငြိုးတွေကို ဆက်မလိုက်ချင်ပါဘူး။ ဒါပေမဲ့ ငါ့မြေးလေးက စိတ်သဘောထား သေးသိမ်ပြီး ရန်ငြိုးကြီးတက်တယ်လေ။ သူက ငါ့ကို မင်းတို့ တမျိုးနွယ်လုံးကို သတ်ခိုင်းနေတယ်။ မဟုတ်ရင် ငါ့ကို အေးအေးဆေးဆေး နေခွင့်ပေးမှာ မဟုတ်ဘူးတဲ့"
"မလုပ်ပါနဲ့ ..." ရွှယ်ယောင်မင်းသမီး၏ မျက်နှာမှာ ဖြူဖျော့သွားခဲ့၏။
မြေခွေးဘုရင်မက သူမလက်ကို ဖမ်းဆုပ်လိုက်သည်ကို တွေ့လိုက်ရသောအခါ သူမ၏ခြေဖဝါးများမှာ အေးစက်နေပြီး ရုန်းကန်ရန်သတ္တိပင် မရှိတော့ချေ။
မြေခွေးဘုရင်မ၏ လက်သည်းသည် သူမ၏လက်ကောက်ဝတ်ကို ဖြတ်သန်းသွားပြီး သွေးများပန်းထွက် လာခဲ့လေသည်။
တိလင်းချဲ့စာအုပ်သည် လေမတိုက်ဘဲ အလိုလို လှန်သွားပြီး ဗလာစာမျက်နှာ တစ်ရွက်သို့ ရောက်သွား၏။ ထိုရွှေရောင်စာရွက်ပေါ်တွင် စာလုံးများ ရေးသားထားခြင်းမရှိဘဲ ရွှယ်ယောင်မင်းသမီး၏ သွေးများကျရောက်သွားရာ လျင်မြန်စွာ စုပ်ယူလိုက်လေသည်။
ရွှေရောင်စာရွက်က သွေးများကို စုပ်ယူလိုက်သည်နှင့် အလယ်တွင် သွေးစက်တစ်ခု ပေါ်လာပြီး ထိုသွေးစက်မှ သွေးကြော ၇ မျှင်ဖျာထွက်သွားကာ အဆုံးသတ်တွင် သွေးစက်များ ကိုယ်စီရှိနေကြသည်။ အလယ်သွေးစက်၏ အနီးတွင်တော့ သွေးကြော ၄ မျှင်ရှိနေပေသည်။
မြေခွေးဘုရင်မသည် ရွှေရောင်စာရွက်ပေါ်တွင် ပေါ်လာသော ပုံသဏ္ဍာန်ကို ကြည့်ရင်း ရယ်မောလိုက်၏။ "မိစ္ဆာလောက တစ်ခုလုံးက မင်းကို မိစ္ဆာဧကရာဇ်ရဲ့ နောက်ဆုံး သွေးသားလို့ သိထားကြတာ။ မထင်မှတ်ထားတာက သေလို့မကုန်နိုင်သေးတဲ့ နှစ်ကောင်ရှိနေသေးတာပဲ။ ကိစ္စမရှိပါဘူး။ ခဏနေပြန်လှည့်လာတဲ့အခါကျရင် ဒီဘုရင်က ရှင်းပစ်လိုက်မယ်"
ရွှယ်ယောင်မင်းသမီးသည် မြေခွေးဘုရင်မ၏ စကားကိုနားထောင်ပြီး ကြောက်ရွံ့မှုမှာ အထွတ်အထိပ်သို့ ရောက်ရှိသွားတော့၏။ မြေခွေးဘုရင်မက သူမကို ခြိမ်းခြောက်နေခြင်း မဟုတ်ပေ။ သူမနှင့် သွေးသားတော်စပ်သူ အားလုံး ဒီစာအုပ်ပေါ်တွင် ပေါ်ထွက်နေလေသည်။
"ရှင်ဒီလိုလုပ်လို့မရဘူး ဦးရီးတော်က ခွင့်ပြုမှာမဟုတ်ဘူး" သူမ၏အကြီးမားဆုံး အားကိုးရာမှာ သူမ၏ခမည်းတော် နောက်လိုက်ခဲ့ဖူးသော မိစ္ဆာဘုရင်များ ဖြစ်လေသည်။ မူလက မြေခွေးဘုရင်မသည်လည်း ထိုအထဲက တစ်ပါးဖြစ်သော်ငြား ယခုတွင်တော့ အကြီးမားဆုံး ခြိမ်းခြောက်မှု ဖြစ်လာခဲ့လေသည်။
သူတို့စကားပြောနေစဉ်မှာပင် ရထားလုံးထဲတွင် စောင့်ဆိုင်းနေသော ကလေး လေးယောက်က ထွက်လာကြ၏။ သူတို့သည် မြေခွေးဘုရင်မကို မမြင်ဖူးကြသော်လည်း တစ်ချက် ကြည့်လိုက်ရုံဖြင့် အာရုံအားလုံးသည် ရွှယ်ယောင်မင်းသမီးထံသို့ ရောက်ရှိသွားတော့သည်။
ရွှယ်ယောင်မင်းသမီး၏ အကြီးဆုံးသားသည် သူမ၏မျက်နှာ ပျက်ယွင်းနေကာ သွေးထွက်နေသော လက်ကောက်ဝတ်ကို မြင်လိုက်ရချိန်တွင် ဒေါသထွက်သွားပြီး မြေခွေးဘုရင်မကို အော်ဟစ်မေးမြန်းလိုက်၏။ "ခင်ဗျား ဘယ်သူလဲ။ ကျွန်တော်ရဲ့အမေကို ဘာလုပ်လိုက်တာလဲ"
မြေခွေးဘုရင်မသည် သူတို့၏ဒေါသတကြီးအကြည့်များကို ဂရုမစိုက်ဘဲ ရွှယ်ယောင်မင်းသမီးကိုသာ ပြောလိုက်၏။ "မင်းက ပါးနပ်ပါတယ်။ ပါရမီမကောင်းတော့ သားသမီးတွေ မွေးထုတ်ပြီး နောက်ပိုင်းကျရင် မိစ္ဆာဧကရာဇ်ရဲ့ ပါရမီကို ဆက်ခံနိုင်မယ့် ကလေးတစ်ယောက် မွေးထုတ်လာမလားလို့ စောင့်ကြည့်ချင်တာပေါ့"
သူမက ရွှယ်ယောင်မင်းသမီး၏ စိတ်ကူးကို တစ်ခွန်းတည်းဖြင့် ဖောက်ထွင်းပြောလိုက်လေသည်။
ရွှယ်ယောင်မင်းသမီးကလည်း ထိုအကြံအစည်ရှိခဲ့သည်မှာ အမှန်ပင်။ ကလေးများ၏ ပါရမီသည် မျှော်မှန်းထားသလောက် မကောင်းသော်လည်း သူမ ချစ်ခင်သည်ကတော့ အမှန်ပင်။
သူမက အလျင်အမြန် ပြောလိုက်၏။ "သူတို့က ကလေးတွေပါပဲ။ ရှင့်အတွက် ဘာအန္တရာယ်မှ မပေးနိုင်ပါဘူး။ ကျေးဇူးပြုပြီး သူတို့ကို လွှတ်ပေးလိုက်ပါ"
မြေခွေးဘုရင်မသည် ရွှယ်ယောင်မင်းသမီး၏ တောင်းပန်သံကို နားထောင်ပြီး ကလေး လေးယောက်ကို ကြည့်လိုက်လေသည်။ အကြီးဆုံးကောင်လေးသည် ရွှယ်ယောင်၏ အရပ်နီးပါးရှိနေသည်ဖြစ်၏။ လူသားသွေး ပါဝင်နေသဖြင့် ဆယ်ကျော်သက် အရွယ်ဖြင့် ဒီလောက်ကြီးထွားလာခြင်းပင်။
သူတို့သည် တစ်စုံတစ်ခုကို ခံစားနေမိသကဲ့သို့ မျက်လုံးများထဲတွင် သတိထားမှုနှင့် ကြောက်ရွံ့မှုများ ပါဝင်လို့နေ၏။ ကြည့်ရသည်မှာ ဉာဏ်ကောင်းသည့် ကလေးများပင်။
သူမက လက်ကို ဖြည်းဖြည်းချင်း မြှောက်လိုက်ရာ ရွှယ်ယောင်မင်းသမီးသည် ရှေ့သို့ပြေးထွက်သွားပြီး သူမရှေ့တွင် ဒူးထောက်ကာ ဂါဝန်စကို ဆွဲကိုင်လိုက်တော့သည်။ "မြေခွေးဘုရင်မ ... တောင်းပန်ပါတယ်။ မလုပ်ပါနဲ့ ... မလုပ်ပါနဲ့"
စူးရှသောအသံသည် အရိုးကြေမွသွားသောအသံကို ဖုံးကွယ်နိုင်ခြင်း မရှိချေ။ မြေခွေးဘုရင်မ၏ လက်ကျဆင်းသွားသည်နှင့် ရွှယ်ယောင်သည် သူမ၏ကလေးများ၏ လိမ်ကောက်နေသော အလောင်းများက မြေကြီးပေါ်သို့ ပြုတ်ကျသွားသည်ကို မျက်ဝါးထင်ထင် တွေ့လိုက်ရလေတော့သည်။
"အား ..." သူမ၏ နာကျင်ကြေကွဲစွာ အော်ဟစ်သံသည် တောင်ကြားတစ်ခုလုံး ထိုးဖောက်သွားလေတော့သည်။
"ဘာဖြစ်လို့ ဒီလိုလုပ်ရတာလဲ။ သူတို့က ကလေးတွေပဲ ရှိပါသေးတယ်။ သူတို့ဘာမှမသိကြပါဘူး" ရွှယ်ယောင်မင်းသမီးသည် တစ်ကိုယ်လုံး တုန်ယင်ပြီး မြေခွေးဘုရင်မကို မျှော်လင့်ချက်မဲ့စွာ အော်ဟစ်လိုက်လေသည်။
မြေခွေးဘုရင်မက ကိုယ်ကိုကိုင်းပြီး သူမ၏မေးစေ့ကို ဆွဲပင့်ကာ ပါးစပ်ကို ပိတ်ထားလိုက်၏။ အသံကလည်း အလွန်အေးစက်လို့နေသည်။
"ရှုံးနိမ့်ရင် ကံကြမ္မာကို လက်ခံရမှာပေါ့။ မင်းမှာ ငါ့မြေးမလေးလောက် အရည်အချင်းမှ မရှိတာကိုး။ သူက မင်းတို့ တမျိုးနွယ်လုံးကို သတ်ဖို့အတွက် အများကြီး ကြိုးစားအားထုတ်ခဲ့ရတာ။ ငါက သူ့ဆန္ဒကို ပြည့်ဝအောင် လုပ်ပေးရမှာပေါ့"
ပြောပြီးသည်နှင့် သူမသည် ရွှယ်ယောင်မင်းသမီးနှင့်အတူ မြေပြင်ပေါ်က အလောင်းလေးလောင်းကိုပါ ခေါ်ဆောင်ပြီး နေရာမှာတင် ပျောက်ကွယ်သွားလေ၏။
ဝမ်ကူနန်းတော်၏ အပျက်အဆီးများ ကြားတွင် ကျိဟန်သည် ပိုင်ရှိုးမင်၏ စကားကို ကြားလိုက်ရပြီးနောက် ရင်ထဲတွင် အေးစက်သွားကာ ခေါင်းထဲတွင်လည်း အတွေးတစ်ခုသာ ကျန်ရစ်လေတော့သည်။
သူတို့က သူ့ကို ရည်ရွယ်ရုံတင်မကဘူး။ ရွှယ်ယောင်နဲ့ သူ့ကလေးတွေရဲ့ အသက်ကိုပါ လိုချင်နေကြတာပဲ။
"ဒီလောက်အထိ လုပ်ရသလား။ ကိုယ်လုပ်တဲ့ကိစ္စ ကိုယ်တာဝန်ယူမယ်။ သာ့ရှကို သစ္စာဖောက်ခဲ့တာ ငါပဲ။ ဘာဖြစ်လို့ အပြစ်မဲ့တဲ့သူကို ဆွဲထည့်ရတာလဲ" ကျိဟန်သည် အံကြိတ်ကာ ပြောလိုက်လေသည်။
အမျိုးသမီးတစ်ဦး၏ ကြည်လင်ပြတ်သားသော ရယ်မောသံသည် ကျိဟန်၏ နာကျင်ကျေကွဲမှုကို ဖြတ်တောက်လိုက်လေ၏။
သူက ခေါင်းလှည့်ကြည့်လိုက်ရာ သူစိမ်းမိန်းကလေးနှစ်ဦး လျှောက်လှမ်းလာသည်ကို တွေ့လိုက်ရလေသည်။ အားချန်သည် အားမန်၏ လက်မောင်းကိုချိတ်ကာ ကျိဟန်နှင့်မီတာအနည်းငယ် အကွာအဝေးသို့ ဖြည်းညှင်းစွာ လျှောက်လာခဲ့လိုက်၏။
သူမ၏မျက်နှာပေါ်က အပြုံးသည် မပျောက်ပျက်သေးဘဲ မြေကြီးပေါ်တွင် ဒူးထောက်နေသော သနားစရာ ကောင်းလှသည့်အမျိုးသားကို အကဲခတ်သည့် မျက်လုံးဖြင့် ကြည့်လိုက်သည်။ ဒီလူက ကျိချန်၏ ဖခင်အရင်း။ သူမ၏ ဘဝတစ်ခုလုံးကို အဖြစ်ဆိုးနှင့် ပြည့်စေခဲ့သည့် တရားခံ။
ကျိဟန်က သူမဘက်သို့ ကြည့်လာသည်ကို မြင်လိုက်သောအခါ အားချန်က ဖွင့်ပြောလိုက်တော့သည်။ "ကျင့်ယန်မြို့စားက တကယ်ကို ဖခင်ကောင်း ပီသတာပဲ။ ကိုယ့်အသက်တောင် မနည်းလုနေရတဲ့အချိန်မှာ ဇနီးသည်နဲ့ သားသမီးတွေအတွက် အသက်ရှင်သန်အောင် စဉ်းစားပေးနေသေးတယ်။ တကယ်ကို စိတ်လှုပ်ရှားဖို့ ကောင်းလိုက်တာ"
"မင်းက ဘယ်သူလဲ" ကျိဟန်သည် အားချန်ကိုကြည့်ရင်း ထူးထူးခြားခြား ရင်းနှီးနေသလိုခံစားရသော်ငြား မြင်ဖူးသည်ဟု မမှတ်မိပေ။
အားချန်က ရယ်မောလိုက်လေသည်။ "မိတ်ဆက်ပေးရဦးမယ်။ ကျွန်မနာမည်က အားချန်။ ကျွန်မမှာ နောက်ထပ်နာမည်တစ်ခု ရှိသေးတယ်။ ကျိချန်လို့ခေါ်တယ်။ ရာသီဥတုရဲ့ကျိ၊ လမင်းရဲ့ချန်ပါ"
ကျိဟန်၏ မျက်နှာတွင် ထိတ်လန့်အံ့ဩမှုများ ပြည့်နက်သွားတော့သည်။ "ကျိ ... ချန် ဟုတ်လား"
"ကြည့်ရတာ ကျင့်ယန်မြို့စားက ဒီနာမည်ကို မှတ်မိသေးတယ်ထင်တယ်"
ကျိဟန်သည် မျက်စိရှေ့က အားချန်ကို တွေဝေငေးမောစွာ ကြည့်နေမိလေသည်။ ထိုထူးဆန်းသော ရင်းနှီးမှုက ဘယ်က ရောက်လာသည်ကိုတော့ နောက်ဆုံး သူ သိသွားခဲ့သည်။ ဒါက သွေးသားတော်စပ်မှုမှ ဖြစ်ပေါ်လာသည့် သံယောဇဉ်ပင်။ သို့သော်ငြား ဒီအချိန်တွင်တော့ သူက ရယ်စရာ ကောင်းနေသည်ဟုသာ ခံစားရလေ၏။ ကျိချန် ... သူ့ရဲ့ အကြီးဆုံးသမီးက ဘာလို့ဒီနေရာမှာ ရောက်နေတာလဲ။ သူက သာမန်လူ မဟုတ်ဘူးလား။
"မင်း ... ဘယ်လိုလုပ်ပြီး ဒီနေရာကို ရောက်နေတာလဲ" သူက မေးလိုက်၏။
အားချန်ကလည်း ပေါ့ပေါ့ပါးပါးပင် ပြန်ဖြေလိုက်လေသည်။ "ရှင်တို့မိသားစု တစ်ခုလုံးသေတာကို ကိုယ်တိုင်ကြည့်ချင်လို့လေ"
ဒီလိုအဖြေက ကျိဟန်ကို အမှန်တကယ်ပင် ဆွပေးလိုက်သလို ဖြစ်သွားတော့၏။ သူက ဒေါသတကြီး ပြောလိုက်တော့သည်။ "ဒီနှစ်တွေထဲမှာ လင်းရှီက မင်းကို ဒီလိုတွေသင်ပေးလိုက်တာလား။ ငါက မင်းရဲ့ အဖေအရင်းကွ !"
သူ့စိတ်ထဲတွင် တမ်းတနေခဲ့ရသော အကြီးဆုံးသမီးက ယခုလိုပုံစံမျိုး ဖြစ်နေသည်ကို သူ လက်မခံနိုင်ချေ။ လောကဝတ္တရားကို မလေးစား၊ ဆွေမျိုးဝတ္တရားကို နားမလည်၊ လူ့စိတ်လုံးဝ မရှိတော့သည်ပင်။
အားချန်ကလည်း တိတ်တိတ်နေရန် လက်ဟန်ပြလိုက်လေသည်။ "ကျွန်မ မှတ်မိပါတယ်။ ရှင် ဒီလောက် အသံအကျယ်ကြီးနဲ့ အော်စရာမလိုပါဘူး။ စိတ်ချပါ။ ကျွန်မတို့ကြားမှာ ဒီသွေးသားတော်စပ်မှုကို ထောက်ထားပြီး ရှင် မသေခင်မှာ မိသားစုပြန်လည် ဆုံစည်းခွင့်ပေးပါမယ်"
ကျိဟန်သည် နှုတ်ခမ်းများ တုန်ယင်နေပြီး အချိန်အတော်ကြာသည်အထိ စကားမပြောနိုင်တော့ပေ။
အားချန်၏ အကြည့်သည် ကျိဟန်ကိုကျော်လွန်ပြီး ဘေးက ပိုင်ရှိုးမင်ကို လှမ်းပေးလိုက်၏။ "ဒီနေရာမှာ သူတစ်ယောက်တည်း အသက်ရှင် ကျန်ရစ်တာလား"
"နောက်တစ်ယောက် ကျန်သေးတယ်"
ပိုင်ရှိုးမင်က လက်ကိုဖြန့်လိုက်ရာ ထောင့်တစ်နေရာတွင် ကြောက်လန့်တကြား ဖြစ်နေသော ရှောင်ဝူသည် သူ့လက်ထဲသို့ ရောက်ရှိလာခဲ့လေသည်။
ဒီအချိန်တွင် ရှောင်ဝူ၏အခြေအနေမှာ သိပ်မကောင်းလှပေ။ ခုနက လူသုံးယောက် တိုက်ခိုက်စဉ်က ရိုက်ခတ်မှုဒဏ်ကို ခံစားခဲ့ရသည်။ ကိုယ်ပေါ်တွင် အကာအကွယ်ပစ္စည်း ပါရှိသော်လည်း ထိုမိစ္ဆာတစ်ပိုင်းကဲ့သို့ ကြေမွမသွားရုံတမယ်သာ ရှိလေသည်။ သို့သော် ဒဏ်ရာအပြင်းအထန် ရရှိထား၏။
အဖမ်းခံရချိန်တွင် သူမ၏မျက်လုံးထဲ၌ ထိတ်လန့်ကြောက်ရွံ့မှုများ ပြည့်နက်နေလေသည်။ ကြောက်လန့်နေသည့် ကလေးတစ်ယောက်လိုပင်။
"အဖေ" ရှောင်ဝူသည် အဆက်မပြတ် ရုန်းကန်နေပြီး မသိစိတ်က ကျိဟန်ကို လှမ်းခေါ်လိုက်လေ၏။
အားချန်က ပိုင်ရှိုးမင်ကို မျက်ရိပ်ပြလိုက်ရာ ပိုင်ရှိုးမင်းက လက်လွှတ်ပေးလိုက်ပြီး ရှောင်ဝူမှာ ချက်ခြင်းဆိုသလို ကျိဟန်ထံသို့ ပြေးသွားလေတော့သည်။
ကျိဟန်ကလည်း အမှတ်တမဲ့ သူမကို ဖမ်းထိန်းထားလိုက်ပြီး ပါးစပ်ကလည်း အဆက်မပြတ် နှစ်သိမ့်ပေးနေလေသည်။ "မကြောက်နဲ့ဘာမှမဖြစ်ဘူး။ ဘာမှမဖြစ်တော့ပါဘူး"
ဒီမြင်ကွင်းကို ကြည့်ရင်း အားချန်သည် လှောင်ပြောင်ချင်စိတ်သာ ဖြစ်ပေါ်လာတော့သည်။ ကျိဟန်က တကယ်ကို ဖခင်ကောင်း ပီသတာပဲ။ ဝမ်းနည်းစရာ ကောင်းတာက သူ့ရဲ့ဖခင်မေတ္တာ အားလုံးကို တခြားသူတွေဆီ ပေးအပ်လိုက်တာပဲ။ ကျိချန်က တဝက်လောက်ပဲ ရခဲ့ရင်တောင်မှ အဲဒီမှောင်မည်းနေတဲ့လမ်းကြားထဲမှာ သေဆုံးသွားခဲ့ရမှာ မဟုတ်ဘူး။
ရှောင်ဝူကို နှစ်သိမ့်ပေးပြီးနောက် ကျိဟန်သည် အားချန်၏အကြည့်ကို ခံစားမိလိုက်လေသည်။ သူက ခေါင်းမော့လိုက်ပြီး အကြည့်များက ပိုင်ရှိုးမင်နှင့်အားချန်အပေါ် ဖြတ်သန်းသွားတော့၏။
သူတို့ခုနက ပြောလိုက်သော စကားများကြောင့် သူတို့နှစ်ယောက်၏ ဆက်ဆံရေးမှာ သာမန်မဟုတ်ကြောင်း ကျိဟန်သဘောပေါက် လိုက်တော့သည်။
ဒီနေ့ သူ သေရတော့မည်ကို သိသော်ငြား ဖြစ်နိုင်လျှင်တော့ ရှောင်ဝူ၏အသက်ကိုတော့ ကယ်တင်ပေးချင်လေသည်။ သူသည် မကြီးပြင်းရသေးပေ။
သူက လေးနက်သော အသံဖြင့်ပြောလိုက်လေသည်။ "အားချန် မင်း ငါ့ကို နာကြည်းနေမယ်ဆိုတာ ငါ သိပါတယ်။ ငါက မင်းတို့ သားအမိကို စွန့်ပစ်ခဲ့တယ်။ ငါ မင်းတို့ကို အပြစ်လုပ်ခဲ့မိတယ်။ ဒီနေ့အဆုံးသတ်က ငါ့ရဲ့ဝဋ်ကျွေးပါပဲ။ ဒီနှစ်တွေထဲမှာ ငါ နောင်တမရခဲ့ဖူးတာတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ ငါ့မှာ ပြန်လှည့်လို့ရတဲ့လမ်း မရှိတော့လို့ပါ"
အားချန်သည် ဘေးတွင်ငြိမ်သက်စွာ ရပ်နေပြီး သူ၏ ရုတ်တရက် ဝန်ခံစကားများကို နားထောင်နေလိုက်၏။
ကျိဟန်က သူမကို ကြည့်ကာ ပြောလိုက်တော့သည်။ "ငါ သာ့ရှကို သစ္စာဖောက်ခဲ့တယ်။ ဒီနေ့သေရမှာက ရှောင်လွဲလို့ မရတော့ဘူး။ ငါက မင်းရဲ့ ခွင့်လွှတ်မှုကိုလည်း မတောင်းဆိုပါဘူး။ ဒါပေမဲ့ ရှောင်ဝူက မင်းရဲ့ညီမလေးပါ။ သူ့ကို အသက်ချမ်းသာပေးဖို့ တောင်းဆိုပါတယ်"
အားချန်က သူ့ကို စိုက်ကြည့်လိုက်၏။ ကျိဟန်၏ မျက်လုံးထဲတွင် တောင်းပန်တိုးလျှိုးခြင်းနှင့် အားနာခြင်းများ ပြည့်နှက်နေလေသည်။
"ကျွန်မကို တောင်းပန်နေတာလား"
"ဟုတ်တယ်။ အဖေ မင်းကို တောင်းပန်ပါတယ်"
"တောင်းပန်တာကတော့ တော်တော်လေး လေးနက်တာပဲ။ ဒါပေမဲ့ ကျွန်မက ငြင်းတယ်"
ကျိဟန်သည် အားချန်၏ စကားကြောင့် ဒေါသထွက်သွားပြီး သွေးတစ်လုတ် အန်ထုတ်လိုက်ကာ အက်ကွဲနေသော အသံဖြင့်ပြောလိုက်သည်။ "မင်း တကယ်ပဲ ဒီလောက်အထိ ရက်စက်ရသလား"
အားချန်ကလည်း သူ့ကို ငုံကြည့်လိုက်၏။ လေသံက တည်ငြိမ်နေသော်ငြား ပြောချလိုက်သည့် စကားများကတော့ မိုးကြိုးပစ်ချလိုက်သလိုပင်။ "ကျွန်မက စိတ်ထားအနူးညံ့ဆုံး လူတစ်ယောက်ပါ။ ဝမ်းနည်းစရာ ကောင်းတာက ရှင်က လူမှားပြီး တောင်းပန်လိုက်တာပဲ။ ကျွန်မနာမည်က ကျိချန်။ ဒါပေမဲ့ ကျွန်မက ကျိချန် မဟုတ်ဘူး"
"ဘာအဓိပ္ပာယ်လဲ"
...
အပိုင်း (၂၁၅.၂) ဇာတ်သိမ်းပိုင်း (၂)
"မနှစ်က ရှန့်ယွမ်ပွဲတော်ည ရှင့်မွေးနေ့တုန်းက ကျွန်မနဲ့ ကျိချန်တို့ လမ်းကြားလေး တစ်ခုမှာတွေ့ခဲ့ကြတယ်။ သူက ဒဏ်ရာပြင်းထန်ပြီး သေလုနီးပါး ဖြစ်နေသလို ကျွန်မကလည်း လူတွေရဲ့လိုက်လံ သတ်ဖြတ်တာကို ခံရပြီး လမ်းဆုံးရောက်နေခဲ့တာ" အားချန်သည် ကျိဟန်ကို ကြည့်ကာ ဆွေးမြေ့စွာဖြင့် ပြောလိုက်လေသည်။
"သူ မသေခင်မှာ ခန္ဓာကိုယ်ကို ကျွန်မဆီ ပေးအပ်ခဲ့ပြီး သူ့အမေပေးထားတဲ့ နာမည်ကိုလည်း ကျွန်မကို ငှားရမ်းပေးခဲ့တယ်"
ကျိဟန်၏ မယုံကြည်နိုင် ဖြစ်နေသော အကြည့်များအောက်တွင် အားချန်၏ နှုတ်ခမ်းထောင့်များက တဖြည်းဖြည်းကွေးတက် သွားတော့သည်။ "သူက ကျွန်မအသက်ကို ကယ်တင်ပေးခဲ့တယ်။ မသေဆုံးခင်မှာ သူနဲ့ သူ့အမေအတွက် ကလဲ့စားချေပေးဖို့ တောင်းဆိုခဲ့တာ။ ကျွန်မကလေ ကတိအရမ်းတည်တဲ့သူ။ သူ့ရဲ့ရန်သူဆိုရင် တစ်ယောက်မှ ကျန်ရစ်လို့ မဖြစ်ဘူးလေ။ ကျိမော့တို့ တစ်မိသားစုလုံး သေကုန်ကြပြီ။ ပြောစမ်းပါ။ တရားခံ ခေါင်းဆောင်ဖြစ်တဲ့ ရှင်တို့ကရော ဘာအရည်အချင်းနဲ့များ ဆက်ပြီးအသက်ရှင်နေချင်ကြတာလဲ"
"မင်းလား။ အဲဒီမိစ္ဆာဘုရင်တွေနဲ့ ပူးပေါင်းကြံစည်ခဲ့တာ။ မင်း ဖြစ်နေတာကိုး" ကျိဟန်၏ စိတ်ထဲမှ သံသယများမှာ ရုတ်တရက် ရှင်းလင်းသွားလေသည်။
မျက်စိရှေ့က ကျိချန်သည် ခန္ဓာကိုယ်မသိမ်းပိုက်မီက လူသားမျိုးနွယ် လုံးဝမဟုတ်ပေ။ သူမသည် နောက်ခံ အင်အားကြီးမားသော မိစ္ဆာကြီးတစ်ကောင် ဖြစ်နိုင်ခြေများလေသည်။ သူ့မှသာ ထိုမိစ္ဆာဘုရင်များ ရုတ်တရက် ဘက်ပြောင်းသွားရသည့် အကြောင်းအရင်းကို ရှင်းပြနိုင်ပေလိမ့်မည်။
ယနေ့အခြေအနေသည် သူမကိုယ်တိုင် ဖန်တီးခဲ့ခြင်းဖြစ်ပြီး သူမသည် အစောကြီးကတည်းက ကြံစည်ထားခဲ့ခြင်း ဖြစ်ပေမည်။
"ပူးပေါင်းကြံစည်တယ်လို့ ပြောရတာ နားထောင်လို့ မကောင်းလိုက်တာ။ ဒါက ..." အားချန်သည် ခေါင်းမော့လိုက်ပြီး ကောင်းကင်ယံတွင် ပေါ်ထွက်လာသည့် ပုံရိပ်ကိုကြည့်လိုက်ကာ "နှစ်ဦးနှစ်ဖက် အကျိုးရှိအောင် ပူးပေါင်းဆောင်ရွက်တာလို့ ခေါ်တယ်လေ ဟုတ်တယ်မလား အဘွား"
အဘွားဟု ခေါ်သံထွက်ပေါ်လာသည်နှင့် မြေခွေးဘုရင်မသည် အလောင်း၄ခုနှင့် အသက်ရှင် ကျန်ရစ်နေသေးသည့် ရွှယ်ယောင်မင်းသမီးကိုဆွဲကာ မြေပြင်ပေါ်သို့ဆင်းသက်လာခဲ့လေသည်။
မြေခွေးဘုရင်မသည် မျက်လွှာပင့်ကာ အားချန်နှင့် ဘေးနားတွင်ရှိနေသည့် အားမန်ကို တစ်ချက်ကြည့်လိုက်ပြီးနောက် အကြည့်များက ပိုင်ရှိုးမင်နှင့် ယဲ့ချန်တို့ကိုပေါ်သို့ ရောက်ရှိသွားခဲ့၏။ လူရွယ်သည် သာ့ရှမင်ဝမ်၏ ရှီဇီဖြစ်ပြီး နောက်တစ်ယောက်ကတော့ မထင်မှတ်ထားဘဲ ပိုင်လုံဝမ် ဖြစ်နေလေသည်။
မြေခွေးဘုရင်မက စိတ်ထဲတွင် ခပ်တိုးတိုး ရယ်မောမိလိုက်၏။ ပိုင်လုံဝမ်ကိုတောင် ကူညီဖို့ ချော့မော့ခေါ်ဆောင် လာနိုင်တာပဲ။ သူက ဒီလောက် ယုံကြည်မှုရှိနေတာ မဆန်းပါဘူးလေ။ သူက တကယ်ကို ရှီးကျင်ရဲ့သမီးပါပဲ။ သူနဲ့တကယ်တူတာပဲ။
မြေခွေးဘုရင်မသည် အားချန်နှင့် စကားအပိုမပြောတော့ဘဲ ထိုအလောင်းများကို ကျိချန်၏ ရှေ့သို့ပစ်ချလိုက်ပြီးနောက် တိလင်းချဲ့ကို ထုတ်ယူကာ သူမကို ကမ်းပေးလိုက်၏။ "မိစ္ဆာဧကရာဇ်ရဲ့ သွေးမျိုးဆက်တွေ အကုန်လုံး ဒီမှာပဲ"
အားချန်သည် တိလင်းချဲ့မှတ်တမ်းကို လှမ်းယူလိုက်ပြီး ဖွင့်ထားသည့် စာမျက်နှာပေါ်က အလယ်ရှိသွေးစက်မှ လွဲလျှင် သွေးစက်တစ်စက်သာ အနီရောင်ကျန်ရစ်လေပြီး ကျန်အရာများအားလုံးမှာ မီးခိုးရောင်အဖြစ် ပြောင်းလဲသွားပြီဖြစ်၏။ မီးခိုးရောင်သွေးစက်များ၏ အရေအတွက်သည် မြေပြင်ပေါ်ရှိ အလောင်းနှင့် ကိုက်ညီနေသည်။
ဤသည်မှာ မိစ္ဆာဧကရာဇ်၏ သွေးမျိုးဆက် ဆက်ခံထားသူများတွင် ရွှယ်ယောင်မှလွဲလျှင် ကျန်ရှိနေသူမှာ ... အားချန်၏အကြည့်သည် ကျိဟန်၏ နောက်ကျောတွင် ပုန်းအောင်းနေသည့် ရှောင်ဝူ၏ကိုယ်ပေါ်သို့ ကျရောက်သွားတော့သည်။
"ကူညီပေးတဲ့အတွက် အဘွားကို ကျေးဇူးတင်ပါတယ်" အားချန်က ကျေးဇူးတင် စကားပြောလိုက်ပြီးနောက် တိလင်းချဲ့မှတ်တမ်းကို မြေခွေးဘုရင်မထံ ပြန်ပြီးပေးအပ်လိုက်တော့သည်။
မြေခွေးဘုရင်မသည် ထိုအရာကို သိမ်းဆည်းလိုက်ပြီး အေးစက်စွာ ပြောလိုက်၏။ "ငါတို့ရဲ့သဘောတူညီချက်က ပြီးမြောက်သွားပြီ။ နင်တို့မြန်မြန် ထွက်သွားတာ အကောင်းဆုံးပဲ"
"သတိပေးတဲ့အတွက် အဘွားကို ကျေးဇူးတင်ပါတယ်"
မြေခွေးဘုရင်မသည် အားချန်နှင့်အားမန်ကို လေးလေးနက်နက် တစ်ချက်ကြည့်လိုက်၏။ "နင်တို့နဲ့ငါ့ရဲ့ မြေခွေးမျိုးနွယ်ကြားမှာ ဘာပတ်သတ်မှုမှ မရှိတော့ဘူး။ ဒီအဘွားဆိုတဲ့ အခေါ်အဝေါ်ကို နောက်နောင်မခေါ်နဲ့တော့"
"အားချန် မှတ်ထားပါ့မယ်" အားချန်သည် အားမန်ကို တစ်ချက်ကြည့်လိုက်ရာ ညီအစ်မနှစ်ဦးစလုံး၏ မျက်နှာအမူအရာများမှာ ပုံမှန်အတိုင်းပင် ဖြစ်နေကြလေသည်။
မူလကပင် သူတို့သည် မြေခွေးမျိုးနွယ်၏ အသိအမှတ်ပြုခြင်းကို မခံခဲ့ရပေ။ ယနေ့တွင် မြေခွေးမျိုးနွယ်နှင့် ရှိနေသည့် သေးငယ်လှသော ပတ်သက်မှုကို အပြီးတိုင် ဖြတ်တောက်လိုက်ခြင်းသာ ဖြစ်လေသည်။
သူမ၏အဖြေစကားကို ကြားလိုက်ရသောအခါ မြေခွေးဘုရင်မသည် စကားထပ်မပြောတော့ဘဲ ကိုယ်ကိုလှည့်ကာ ထွက်သွားရန် ပြင်လိုက်တော့၏။ အားချန်နှင့်အားမန်တို့သည် သူမ၏ကျောပြင်ကို ကြည့်ကာပြိုင်တူပြောလိုက် ကြတော့သည်။ "မြေခွေးဘုရင်မ နှုတ်ဆက်ပါတယ်"
သူမတို့ကို ကျောပေးထားသည့် မြေခွေးဘုရင်မ၏ အေးစက်သော မျက်နှာပေါ်တွင် လှောင်ပြောင်လိုစိတ် အနည်းငယ်သာ ပေါ်ထွက်လာခဲ့သည်။ သူမ၏ ထက်မြက်လွန်းလှသော သားသည် လူအများကို အံ့ဩမှင်သက်သွားစေနိုင်သည့် မျိုးဆက်လက်ဆင့်ကမ်း နည်းလမ်းကို ရှာဖွေတွေ့ရှိခဲ့ပြီး သမီးနှစ်ယောက်အတွက် ကောင်းကင်ဘုံသို့ တက်လှမ်းနိုင်မည့် လမ်းခရီးကို ခင်းကျင်းပေးထားခဲ့ကာ သူမတို့ကို ကိုယ်တိုင်လျှောက်လှမ်းလာမည့် အချိန်ကိုသာ စောင့်ဆိုင်းနေခဲ့လေသည်။
သို့သော် ကောင်းကင်နှင့်မြေကြီး၏ စည်းမျဉ်းများက မိစ္ဆာမျိုးနွယ်ကို ဤကဲ့သို့ မျှခြေပျက်စီးစေမည့် လက်ဆင့်ကမ်း နည်းလမ်းမျိုး ပေါ်ထွက်လာခြင်းအား ခွင့်မပြုခဲ့ချေ။
ရှီကျင်က စည်းမျဉ်းများကို ကြိုတင်ရှောင်ရှားခဲ့ပြီး သူ့သွေးသားများကို သူနှင့် လုံးဝမသက်ဆိုင်သော မျိုးနွယ်များအဖြစ်သို့ ပြောင်းလဲပစ်ခဲ့လေသည်။
မိစ္ဆာမျိုးနွယ်၏ စွမ်းအားများသည် မိစ္ဆာမျိုးနွယ်မဟုတ်သော အခြားမျိုးနွယ်များထံသို့ စီးဆင်းသွားခြင်းက မျှခြေစည်းမျဉ်းနှင့် ကိုက်ညီနေသဖြင့် အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့လေသည်။
ယနေ့အားချန်နှင့် အားမန်တို့ကို တွေ့မြင်လိုက်ရသည့် အချိန်ကျမှ သူမသည် ထိုစဉ်က ပိုင်ဇယ်ပြောခဲ့သော ဒီညီအစ်မနှစ်ဦးသည် မြေခွေးမျိုးနွယ်နှင့် ရေစက်မပါဟူသည့် စကား၏ အဓိပ္ပာယ်အမှန်ကို နားလည်သွားတော့သည်။
ရေစက်မပါမှတော့ ထပ်ပြီးတွေ့ဆုံစရာ မလိုတော့ပြီ။
မြေခွေးဘုရင်မသည် ပြတ်ပြတ်သားသားပင် ထွက်ခွာသွားခဲ့လေသည်။ သူမ ထွက်ခွာသွားပြီးနောက် မြေခွေးဘုရင်မ ပစ်ချထားခဲ့သော ရွှယ်ယောင်မင်းသမီးသည် ဒဏ်ရာအပြင်းအထန်ရရှိထားသော ကျိဟန်နှင့် သူ့နောက်ကျောတွင် ကျုံ့ဝင်နေသော သမီးငယ်လေးထံသို့ ဒယိမ်းဒယိုင် ပြေးသွားလေတော့သည်။
သူမကို မည်သူကမှ တားဆီးကြခြင်း မရှိချေ။ သို့သော် သူမ၏ ခြေလှမ်းများက ဒယိမ်းဒယိုင် ဖြစ်နေပြီး ကျိဟန်၏ရှေ့သို့ ရောက်သည်နှင့် မြေပြင်ပေါ်သို့ လှဲကျသွားလေသည်။
"ယောက်ျား" ရွှေရောင်သည် အဝတ်အစားများ သွေးစွန်းနေပြီဖြစ်သော ကျိဟန်ကိုကြည့်ကာ မျက်ဝန်းထဲတွင်လည်း မျက်ရည်များ ပြည့်နှက်လျက် အသံများက ကွဲအက်စွာ ခေါ်လိုက်လေသည်။
ကျိဟန်က သူမကိုကြည့်ကာ သနားစဖွယ် ပြုံးပြလိုက်၏။ "မကြောက်ပါနဲ့"
အားချန်သည် ဒီလိုလင်မယား သံယောဇဉ်နက်ရှိုင်းသည့် မြင်ကွင်းကို ကြည့်မနေနိုင်တော့သဖြင့် ချက်ချင်းပင် ပြောလိုက်တော့၏။ "ကုန်းကျူ ကြောက်စရာမလိုပါဘူး။ ရှင်တို့မိသားစုက ဒီနေ့ သေချာပေါက် စုံစုံလင်လင် သေရမှာ။ တစ်ယောက်မှ ကျန်ရစ်ခဲ့မှာ မဟုတ်ဘူး"
ရွှယ်ယောင်မင်းသမီးသည် အသံကြားရာသို့ ခေါင်းလှည့် ကြည့်လိုက်လေ၏။ "မင်း ..."
မြေခွေးဘုရင်မပြောခဲ့သည့် မြေးမလေးသည် လူသားတစ်ဦး ဖြစ်နေလိမ့်မည်ဟု သူမ လုံးဝထင်မှတ်မထားခဲ့ချေ။
သူမသည် အားချန်က ကျိဟန်ကို ပြောခဲ့သည့်စကားများကို မကြားလိုက်ရသဖြင့် အားချန်ကတစ်ဖက်လူကို သေချာပေါက် ရှင်းရှင်းလင်းလင်းသိပြီးမှ သေစေလိုသောကြောင့် ကိုယ့်ဟာကိုယ် စတင်မိတ်ဆက် လိုက်ရလေသည်။
"ကုန်းကျူက ကျွန်မကိုသိမှာ မဟုတ်လောက်ဘူး။ ကျွန်မနာမည်က အားချန် မိစ္ဆာဧကရစ်ကိုသတ်ဖြတ်ခဲ့တဲ့ အမြီးကိုးချောင်း မြေခွေးမိစ္ဆာ ရှီးကျင်ရဲ့သမီးပါ"
ရွှေရောင်ကုန်းကျူ၏ ခန္ဓာကိုယ်သည် တောင့်တင်းသွားပြီး အေးစက်မှုတစ်ခုက ရင်ထဲတွင် ပျံ့နှံလာလေတော့သည်။
သူက အဲဒီမြေခွေးမိတ်စာရဲ့ သမီးဖြစ်နေတာကိုး။ ဒါကြောင့်မလို့ မြေခွေးဘုရင်မက မိစ္ဆာဧကရာဇ်ရဲ့သွေးမျိုးဆက် ပြတ်တောက်ဖို့ ခိုင်းစေနိုင်တာ မဆန်းတော့ပါဘူး။ ငယ်ငယ်ရွယ်ရွယ်နဲ့ ဒီလောက်တောင် ရက်စက်ကြမ်းကြုတ်တာပဲ။
သို့သော် ဒါက မပြီးဆုံးသေးချေ။ အားချန်က ဆက်ပြောလိုက်လေသည်။ "ကျွန်မရဲ့ဒီခန္ဓာကိုယ် နာမည်က ကျိချန်။ ကုန်းကျူ ဒီနာမည်ကို မှတ်မိဦးမယ် ထင်ပါတယ်။ ပြောရရင် တကယ်ကို တိုက်ဆိုင်လွန်းပါတယ်။ တကယ်လို့ ကျိချန်အတွက် ရန်သူ လိုက်မရှာပေးခဲ့ရင် ကုန်းကျူနဲ့ ကျွန်မကြားမှာ ဒီလောက်နက်ရှိုင်းတဲ့ ရေစက်တွေ ရှိနေလိမ့်မယ်လို့ သိလိုက်ရမှာ မဟုတ်ဘူး။ ဒီလိုအခွင့်အရေးရလို့လည်း မိစ္ဆာဧကရာဇ်ရဲ့ မျိုးဆက်ကို အမြစ်ပြတ် သုတ်သင်နိုင်ခဲ့တာလေ"
"ကျိချန် ဟုတ်လား" ရွှယ်ယောင်မင်းသမီးသည် အားချန်ကိုကြည့်ကာ နှုတ်ခမ်းများ တုန်ယင်လာလေသည်။ ယနေ့ကြုံတွေ့ရသည့် ကြီးမားသော ကပ်ဘေးသည် သူမ၏ ကျိချန်တို့ သားအမိအပေါ်ထားရှိခဲ့သည့် ထုတ်ဖော်ပြောဆို၍ မရနိုင်သော မနာလိုဝန်တိုစိတ် အနည်းငယ်ကြောင့် ဖြစ်ရသည်ဟု သူမ လုံးဝ ထင်မှတ်မထားခဲ့ချေ။
ဘယ်လောက်တောင် ရယ်စရာကောင်းပြီး ဘယ်လောက်တောင်မှ ယုတ္တိမရှိလိုက်သလဲ။
အားချန်သည် သူမ၏အတွေးများကို ရိပ်မိပုံရကာ ပြောလိုက်တော့သည်။ "ဒါက အကျိုးအကြောင်းတရားလည်ပတ်ခြင်း၊ ဝဋ်လည်တယ်လို့ ခေါ်တာပေါ့"
""အဟက် ... ဟားဟား ... နိုင်တဲ့သူကဘုရင် ရှုံးနေသူကသူပုန်ပဲလေ။ မင်း သတ်ချင်ရင် သတ်လိုက်ပါတော့" ဆက်ပြီး အသက်ရှင်နိုင်တော့မည် မဟုတ်ကြောင်း မိမိကိုယ်ကိုယ် သိရှိသွားသဖြင့် ရွှယ်ယောင်မင်းသမီးသည် လုံးဝ လျော့ချလိုက်ပုံရလေသည်။
"ရှင်က ဒီလို ပြောလာမှာတော့ ကျွန်မလည်း အားနာမနေတော့ပါဘူး" အားချန်၏ မျက်နှာပေါ်တွင် စဉ်းစားခန်းဝင်သွားသည့် အရိပ်အ ယောင်လေး ပေါ်လာခဲ့၏။ "ပြောပါဦး။ ကျွန်မ ရှင့်ကို ဘယ်လိုသတ်ရမလဲ။ အရင်ဆုံး အကြောထုတ်လိုက်ရမလား။ ဒါမှမဟုတ် အရေခွံ အရင်ခွာရမလား"
ထိုသို့ပြောလိုက်ပြီးနောက် သူမက ခေါင်းခါယမ်းပြလိုက်ကာ "အဆင့်ကျော်သွားပြီ တိရစ္ဆာန်ကို သတ်မယ်ဆိုရင် အရင်ဆုံး သွေးဖောက်ထုတ်မှရမှာ"
အားချန်သည် ပိုင်ရှိုးမင်၏ ဘေးသို့လျှောက်သွားလိုက်ပြီး သူ၏လက်ထဲက ဓားကို လှမ်းယူလိုက်လေ၏။
ပိုင်ရှိုးမင်သည် ဓားကိုသူမလက်ထဲသို့ ထည့်ပေးလိုက်ပြီးနောက် ဓားကိုင်ထားသော သူမ၏လက်ကို ဆုပ်ကိုင်ပေးထား လိုက်လေသည်။
ဓားရောင်တစ်ချက် လက်သွားပြီးနောက် ရွှယ်ယောင်မင်းသမီး၏ သနားစဖွယ် အော်ဟစ်သံသည် လျိုကျင့်တောင် တစ်ခုလုံးသို့ ပဲ့တင်ထွက်သွားလေသည်။
သူမ၏ လက်မောင်းများနှင့် ခြေထောက်များအားလုံး ပြတ်တောက်သွားပြီး ဒဏ်ရာများမှသွေးများ ပန်းထွက်လာကာ သူမသည်ဟန်ချက်ကို မထိန်းနိုင်တော့ဘဲ မိမိ၏သွေးများဖြင့် စိုရွှဲနေသော မြေပြင်ပေါ်သို့ ညည်းညူအော်ဟစ်ရင်း လဲကျသွားကာ မျက်နှာတစ်ခုလုံး ညစ်ပတ်နေလေတော့သည်။
တစ်ချိန်က အထက်စီးမှ နေခဲ့သော်ငြား ယနေ့တွင်တော့ မြေမှုန့်အဖြစ် နင်းခြေခံလိုက်ရသည်မှာ ဝဋ်လည်သည်ဟုသာ ခေါ်ရပေတော့မည်။
"အမေ အမေ" ရှောင်ဝူသည် ရွှယ်ယောင်မင်းသမီး၏ သနားစဖွယ် အခြေအနေကို မြင်တွေ့လိုက်ရသောအခါ ကျိဟန်၏ နောက်ကျောမှ ပြေးထွက်သွားပြီး အပေါ်သို့ပြေးတက်သွားချင်ပုံရ၏။
သို့သော်ငြား ကျိဟန်က လှမ်းဆွဲထားလိုက်လေသည်။
ကျိဟန်က အားချန်ကို ကြည့်လိုက်ရာ အားချန်ကလည်း ပြုံးလျက်ပင် လက်ထဲက ဓားကိုမြှောက်လိုက်ပြီး သေဆုံးခြင်းမတိုင်မီ ကြိုတင်အသိပေး နေသကဲ့သို့ပင်။
ကျိဟန်၏ ပါးပြင်ပေါ်မှ အသားများ တုန်ယင်နေပြီး လက်ထဲမှ ရှောင်ဝူကို ဆုပ်ကိုင်ထားသော အားသည်လည်း တဖြည်းဖြည်း ပိုကြီးလာခဲ့လေသည်။
အားချန်က ဓားဝှေ့ယမ်းမည့် အမူအရာ မလုပ်ခင်မှာပင် သူ၏လက်သည် ရှောင်ဝူ၏ သေးသွယ်နေသော လည်ပင်းပေါ်သို့ ရောက်ရှိသွားပြီးနောက် ကျန်ရှိနေသော အင်အားများကိုအသုံးပြုကာ သူ ချစ်မြတ်နိုးရသော သမီး၏ ခရီးကို ပို့ဆောင်ပေးလိုက် လေတော့သည်။
အားချန်က ဘေးမှနေ၍ လှောင်ပြောင်ကာ ပြောဆိုလိုက်သေးသည်။ "အိုး တကယ်ကို အားကျစရာကောင်းတဲ့ သားအဖမေတ္တာပဲ"
ပိုင်ရှိုးမင်သည် သူမ၏လက်ကို ဖွဖွလေးညှစ်လိုက်လေသည်။ လူကိုသတ်ပြီး နှလုံးသားကိုပါ ပြစ်ဒဏ်ခတ်သည့် ဒီနည်းလမ်းမှာ အားချန်အမှန်ပင် ကျွမ်းကျင်ပိုင်နိုင် လွန်းပေသည်။
ကျိဟန်သည် လက်ကိုလွှတ်လိုက်ရာ ရှောင်ဝူ၏ ပျော့ခွေနေသော အလောင်းသည် သူ့ကိုပေါ်သို့ လှဲကျသွားလေတော့၏။ သူသည် ထိုခန္ဓာကိုယ်ငယ်လေးကို တခြားသော သားသမီးများ၏ အလောင်းနှင့်အတူ သူ့ရှေ့တွင် ထားလိုက်ပြီး နောက်ဆုံးစီရင်ချက်ကို မျက်နှာသေဖြင့် စောင့်ဆိုင်းနေ လိုက်တော့သည်။
"နောက်တစ်ယောက်ကတော့ ရှင့်အလှည့်ပဲ" အားချန်၏အသံသည် အရိုးထဲ စွဲနေသော အနာရောဂါကဲ့သို့ ကျိဟန်၏ နားနောက်တွင် ထွက်ပေါ်လာခဲ့လေသည်။
တစ်ချိန်က သူတစ်ပါး၏ အသက်သေဆုံးခြင်း ရှင်သန်ခြင်းကို စိတ်တိုင်းကျ ခြယ်လှယ်နိုင်ခဲ့သောသူသည် နောက်ဆုံးတွင်တော့ တစ်ပါးသူ စိတ်ကြိုက် ချက်ပြုတ်ခံရမည့် ငါး၊ အသား အဖြစ်သို့ ရောက်ရှိသွားခဲ့ပြီး မျှော်လင့်ချက် ကင်းမဲ့စွာဖြင့် သေဆုံးခြင်းကို စောင့်ဆိုင်း နေရုံသာတက်နိုင်တော့သည်။
အားချန်က သူ့မျက်လုံးထဲတွင် မျှော်လင့်ချက်ကင်းမဲ့မှုနှင့် နောင်တတရားကို မြင်တွေ့လိုက်ရ၏။ ကျိဟန်က မသေချင်ပေ။ အသက်ရှင်နိုင်လျှင် ဘယ်သူက သေချင်ပါမည်နည်း။
ဓားထိပ်ဖျားသည် သူ့ရင်ဘတ်ပေါ်သို့ ဖြေးညင်းစွာ ထောက်ထားလိုက်ပြီးမှ ပြန်လည်ဖယ်ခွာသွားလေသည်။
ထိုအခိုက်အတန့်တွင် ကျိဟန်၏မျက်လုံးများထဲတွင် မျှော်လင့်ချက်များ ပြည့်နက်သွားပြီး အားချန်က ပိုင်ရှိုးမင်ကို ပြောလိုက်သည်ကို ကြားလိုက်ရသည်။ "အဖေကို သတ်ဖြတ်တာက သိပ်မကောင်းပါဘူး။ ကျွန်မ လက်မပါရက်ဘူး"
ပိုင်ရှိုးမင်ကလည်း ခပ်ဖွဖွရယ်မောလိုက်ပြီး သူမလက်ထဲက ဓားရှည်ကို ယူလိုက်ကာ မျက်လုံးပင်မပင့်ဘဲ ရုန်းကန်ရန် ကြိုးစားနေသေးသည့် ရွှယ်ယောင်မင်းသမီး၏ ကိုယ်ပေါ်သို့ ထိုဓားကိုထိုးစိုက်ချ လိုက်တော့သည်။
"ဒါဆိုရင် မင်းက ဘယ်လိုလုပ်ချင်လဲ" ပိုင်ရှိုးမင်သည် အားချန်၏လက်ကိုယူကာ နှိပ်နယ်ပေးလိုက်လေသည်။ သူမ၏လက်က အလွန်နုနယ်သဖြင့် လက်ဖဝါးတွင် ဓားရိုးနှင့်ပွတ်တိုက်မိပြီး အနီရောင်အရာများ ထင်ကျန်နေလေ၏။
"နဂါးမျိုးနွယ်ရဲ့ နှလုံးသားမီးတောက်က ဝိညာဉ်ကို လောင်ကျွမ်းစေနိုင်ပြီး ဝိညာဉ်ပြာကျသွားတဲ့အထိ သေမလောက် နာကျင်စေတယ်လို့ ကြားဖူးတယ်" အားချန်က ယဲ့ချန်ကို သွားများဖြဲကာ ကြည့်လိုက်တော့သည်။
ယဲ့ချန်က နောက်တစ်ကြိမ် ထပ်မံအတည်ပြုလိုက်လေသည်။ အားချန်က ရှီးကျင်ရဲ့သမီးဆိုတာ သံသယဖြစ်စရာ မလိုတော့ဘူး။ အားမန်ကတော့ သူ့အမေနဲ့ ပိုတူလောက်တယ်။ တော်သေးတာပေါ့။
အားချန်၏ မျှော်လင့်တကြီး အကြည့်များအောက်တွင် ယဲ့ချန်သည် ရှေ့သို့ ခြေလှမ်းအနည်းငယ် တိုးလာပြီး လက်ဖဝါးပေါ်တွင် အစိမ်းရောင် မီးတောက်များ တောက်လောင်လာလေသည်။
အပူချိန် လုံးဝမရှိသော ထိုမီးတောက်သည် ကျိဟန်၏ ဖြူဖျော့နေသော မျက်နှာကို လင်းလက်သွားစေပြီး သူ့မျက်လုံးများထဲက ကြောက်ရွံ့မှုများကို ထင်ဟပ်နေစေ၏။
အားချန်က သူ့ကို လွှတ်ပေးချင်နေတာ မဟုတ်ဘဲ သူ့ကိုဝိညာဉ်ပျောက်ကွဲ ပျက်စီးသွားစေချင်ပြီး ကောင်းကင်နှင့် မြေကြီးကြားမှ လုံးဝပျောက်ကွယ် သွားစေချင်မှန်း နောက်ဆုံးတော့ သူ သဘောပေါက် သွားတော့၏။
"မလုပ် ... မလုပ်ပါနဲ့"
"ကျိချန်က သရဲပြည်မှာ ရှင့်ကို တွေ့ချင်နေမှာ မဟုတ်ဘူး။ ကျွန်မကသူ့ ကို စိတ်မဆင်းရဲစေချင်ဘူးလေ။ ဒါကြောင့်မလို့ ရှင့်ကိုပဲ စိတ်ဆင်းရဲ ခံခိုင်းလိုက်တော့မှာ"
အားချန်၏စကားဆုံးသည်နှင့် ယဲ့ချန်သည် ကျိဟန်၏ ဦးခေါင်းထိပ်ပေါ်သို့ လက်တင်လိုက်ရာ လက်ထဲကမီးတောက်သည် ပိုင်ဟွေ့သွေးကြောအမှတ်မှတစ်ဆင့် ခန္ဓာကိုယ်ထဲသို့တိုးဝင်သွားလေသည်။
ယဲ့ချန်က လက်ကို ပြန်ရုပ်သိမ်းလိုက်ပြီး ခဏအကြာမှာပင် ကျိဟန်၏တစ်ကိုယ်လုံးသည် အစိမ်းရောင်မီးတောက်များဖြင့် ဝိုင်းရံခြင်း ခံလိုက်ရတော့၏။
သူသည် မည်သို့ပင်ဆိုစေ အဆင့်၅ဖြစ်သဖြင့် ဝိညာဉ်စွမ်းအားကြီးမားရာ ထိုမီးသည် အထူးတလည် တောက်လောင်နေလေသည်။
ကျိဟန်သည် မီးတောက်များကြားတွင် အိပ်မိနေသကဲ့သို့ အသံပင် မထွက်နိုင်တော့ဘဲ သူ့မျက်နှာနှင့်ကိုယ်ပေါ်တွင်လည်း တစ်ချောင်းချင်း ပေါက်ကွဲထွက်နေသော သွေးကြောများ ရှုံးတွနေသည့် ကြောက်မက်ဖွယ်ရာ မျက်နှာအမူအရာများမှတစ်ဆင့် ထိုအချိန်တွင် သူ ခံစားနေရသည့် ပြင်းထန်သောနာကျင်မှုကို မြင်တွေ့နိုင်လေသည်။
ဒါသည် အသံတိတ် ပြဇာတ်တစ်ခုနှယ်ပင်။ အသက်မသေဆုံးမီ ရက်စက်ကြမ်းကြုတ်မှုကို လူတိုင်းအား တိတ်ဆိတ်စွာ ပြသနေလေ၏။
အားချန်သည် စိတ်ဝင်တစား ကြည့်ရှုနေပြီး သူမသည်စေတနာ ဗလပွဖြင့် ပိုင်ရှိုးမင်ကို ရွှယ်ယောင်မင်းသမီးအား ကိုယ်အနေအထား ပြင်ခိုင်းလိုက်သဖြင့် သူမလည်း ထိုမြင်ကွင်းကို ကိုယ်တိုင်ကိုယ်ကျ မြင်တွေ့ရတော့သည်။
ဤမီးတောက်သည် နာရီဝက်ခန့်ကြာမြင့်ခဲ့ပြီး နှလုံးသားမီးတောက်သည် ဝိညာဉ်ကိုသာ လောင်ကျွမ်းစေသော်လည်း ပြင်းထန်သောနာကျင်မှုကြောင့် ကျိဟန်၏ခန္ဓာကိုယ်သည် လုံးဝပျက်စီးသွားခဲ့လေသည်။
မီးတောက်က မီးငြိမ်းသွားသည့်အချိန်တွင် သူ့တစ်ကိုယ်လုံးသွေးများဖြင့် ဖုံးလွှမ်းနေပြီး မျက်လုံးအိမ်များမှာတော့ ကွဲကြေနေပြီဖြစ်ကာ မည်းနက်နေသော မျက်တွင်းပေါက်ကြီးများကသာ ရွှယ်ယောင်မင်းသမီး ရှိရာဘက်သို့ မျက်နှာမူလျက် ကျန်ရစ်ခဲ့လေသည်။
ရွှယ်ယောင်မင်းသမီးကတော့ နောက်ဆုံးသွေးတစ်စက်ပါ ကုန်ခမ်းသွားပြီဖြစ်ကာ အသက်ထွက် သွားခဲ့သည်ဖြစ်သဖြင့် သူမ ချစ်မြတ်နိုးရသောသူ၏ သေဆုံးမှုကို ကိုယ်တိုင်မမြင်တွေ့လိုက်ရပေ။
"တကယ်ကောင်းတာပဲ။ မိသားစုဆိုတာ အခုလိုမျိုး နှစ်တူ၊ လတူ၊ ရက်တူ သေဆုံးရမှာပေါ့" အားချန်သည် မြေပြင်ပေါ်တွင် ပြန့်ကျဲနေသော အလောင်းများကိုကြည့်ကာ သုံးသပ်ပြောဆိုလိုက်လေသည်။
"အားချန်ပြောတာ မှန်တယ်" အားမန်ကလည်း အလွန်ထောက်ခံလေသည်။
ကျိဟန်၏ အလောင်းသည် ဝုန်းခနဲ နေပြင်ပေါ်သို့လဲကျသွားပြီး ကောင်းကင်ယံတွင် နှင်းမှုန်များ ကျဆင်းလာခဲ့သည်။
အဆင့်၅နယ်ပယ် ကျဆုံးခြင်းအတွက် ကောင်းကင်နှင့်မြေကြီး အတူတကွ ဝမ်းနည်းပူဆွေးကြလေသည်။ ပြီးခဲ့သည့် တစ်ခေါက်က ဤကဲ့သို့ပင် နှင်းကျသည်ကို မြင်ခဲ့ရသည်မှာ ရှန့်ယွမ်မီးထွန်းပွဲတော်နေ့က ပင်ဖြစ်၏။ ထိုစဉ်က နှင်းကျပုံမှာ ကြီးကျယ်ခမ်းနားသော်ငြားလည်း ယနေ့နှင်းကျနေပုံ ကတော့ တိတ်ဆိတ်ငြိမ်သက်နေပြီး ဇာတ်လမ်းပြီးဆုံးခြင်းကို ပြသနေသကဲ့သို့ပင်။
အားချန်တို့အဖွဲ့သည် မိစ္ဆာနယ်မြေမှ ထွက်ခွာလာချိန်တွင် ကောင်းကင်မှ နှင်းများသည် နည်းနည်းမှ ရပ်တန့်သွားခြင်းမရှိဘဲ ပိုလို့ပင် သည်းထန်လာကာ မြေပြင်ပေါ်တွင် ထူထဲသောအလွှာတစ်လွာအဖြစ် ဖုံးလွှမ်းသွားပြီး ကောင်းကင်နှင့်မြေကြီးသည် သစ်သားတည်းပေါင်းစပ်လု နီးပါးဖြစ်နေလေသည်။
ပိုင်ရှိုးမင်နှင့် ယဲ့ချန်တို့သည် အားချန်နှင့်အားမန်ကို ခေါ်ဆောင်ကာ လမ်းတလျှောက်တွင် အလျင်အမြန် သွားလာခဲ့ကြပြီး ပေဟွမ်နှင့် နီးကပ်လာကာ လူသားမျိုးနွယ်နှင့် မိစ္ဆာမျိုးနွယ်တို့ ဆုံမှတ်ဖြစ်သော ထျန်းရှဂိတ်အပြင်ဘက်သို့ ရောက်ရှိမှ ရပ်တန့်လိုက်ကြ၏။
အားချန်သည် ဒီနေရာနှင့် အတော်လေးရင်းနီးပေသည်။ ဒီနေရာမှ အနောက်ဘက် သို့သွားလျှင် နဂါးမျိုးများရှိရာ အရပ်ဖြစ်ပြီး တောင်ဘက်သို့သွားလျှင်တော့ သာ့ရှပြည်သို့ ဝင်ရောက်ရမည်။
ထိုနှစ်က သူမသည် ဒီနေရာမှနေ၍ ပေဟွမ်သို့ ဝင်ရောက်ခဲ့ခြင်းဖြစ်၏။ အားမန်ကတော့ နဂါးမျိုးနွယ်ဆီသို့ သွားခဲ့သည်။ ယခုအခါ သူမတို့သည် နောက်တစ်ချိန် ထပ်မံခွဲခွာရတော့မည် ထင်လေသည်။
မြေပြင်ပေါ်သို့ ရောက်ရှိပြီးနောက် ယဲ့ချန်က စကားစပြောလိုက်၏။ "ဒီကကိစ္စတွေလည်း ပြီးပြီဆိုတော့ ငါတို့ ဒီနေရာမှာပဲ လမ်းခွဲကြတာပေါ့" ချင်းလုံနဂါးပုလဲလည်း လက်ထဲရောက်နေပြီဖြစ်သဖြင့် သူသည် နဂါးမျိုးနွယ်ဆီသို့ အရင်ပြန်ရပေမည်။
အားမန်ကတော့ သူ့စကားကို မကြားချင်ယောင်ဆောင်ကာ အားချန်ကို အသေအလဲ ဖက်ထားလိုက်လေသည်။ "ကျွန်မ ရှင်နဲ့ မလိုက်ဘူး။ ကျွန်မ အားချန်နဲ့ အတူတူနေမှာ"
ယဲ့ချန်သည် ရှေ့တိုးလာပြီး အားမန်ကို အားချန်၏ကိုယ်ပေါ်မှ ဆွဲခွာလိုက်လေသည်။ "မင်း ကိုယ့်ဟာကိုယ် လူအသွင်ပြောင်းနိုင်တဲ့ နေ့ကျမှ ပြော"
အားမန်၏ မျက်လုံးထဲတွင် ချက်ချင်းမျက်ရည်များ ပြည့်နှက်လာပြီး အနီးအနားတစ်ဝိုက်တွင် မိုးနှင့်နှင်းများ ရောနှောကာ ရွာသွန်းလာလေတော့သည်။
အားချန်က သူမအတွက် မျက်ရည်ကို သုတ်ပေးလိုက်ကာ "မငိုပါနဲ့တော့ ငါ အားရင် နဂါးမျိုးနွယ်ဆီလာပြီး နင့်ကို လာကြည့်ပါမယ်"
အားမန်ကဒီအကြံပြုချက်ကို သိပ်ပြီးသဘောမကျသဖြင့် အားချန်၏လက်ကို ဆွဲထားလိုက်လေသည်။ "နင် ငါနဲ့အတူတူ နဂါးမျိုးနွယ်ဆီ လိုက်ခဲ့ပါလား"
အစက ပွဲကြည့်နေသော ပိုင်ရှူးမင်၏ နဖူးပေါ်တွင် သွေးကြောစိမ်းများ ထောင်တက်လာပြီး သံယောဇဉ် နက်ရှိုင်းစွာကြည့်နေသော ညီအစ်မနှစ်ယောက်ကို ရှေ့တိုးကာ ဖြတ်ပြောလိုက်တော့သည်။ သူနှင့် ယဲ့ချန်တို့အကြည့်ခြင်း လျင်မြန်စွာ ဖလှယ်လိုက်ကြပြီး ပြောလိုက်လေသည်။ "ဒီနေ့ကူညီပေးတဲ့အတွက် ပိုင်လုံဝမ်ကို ကျေးဇူးတင်ပါတယ်။ နောက်နေ့ကျရင် သေချာပေါက် အိမ်တိုင်ရာရောက် လာပြီးကျေးဇူးဆပ်ပါ့မယ်"
"ကောင်းပါပြီ" ယဲ့ချန်က တက်ကြွစွာ ပြန်လည်ဖြေကြားလိုက်ပြီး နောက်ထပ်စကားတစ်ခွန်းကို မြန်မြန်ထပ်ပြီး ပြောလိုက်လေသည်။ "မင်းတို့နှစ်ယောက် နဂါးမျိုးနွယ်ဆီ အလည်လာမယ်ဆိုရင် အချိန်မရွေး ကြိုဆိုပါတယ်။ ငါတို့ အရင်သွားနှင့်တော့မယ်။ နောက်မှပြ န်တွေ့ကြတာပေါ့"
"နောက်မှ ပြန်တွေ့ကြတာပေါ့" ပိုင်ရှိုးမင်က စကားပြောနေစဉ်တွင် အားချန်ကို နောက်သို့ဆွဲပို့ရန်လည်း မမေ့ခဲ့ဘဲ အခွင့်ကောင်းယူကာ ညီအစ်မနှစ်ယောက်ကို ခွဲထုတ်လိုက်လေ၏။
ဘယ်လိုလုပ်ပြီး နောက်မှ ပြန်တွေ့ကြမှာလဲ။
အားမန်သည် မကျေမနပ်ဖြင့် တစ်ချက်လောက် ရုန်းကန်လိုက်ပြီး အားချန်ကို လက်လှမ်းလိုက်သော်လည်း ယဲ့ချန်က သူမကို အခွင့်အရေးမပေးဘဲ နဂါးအသွင် တိုက်ရိုက်ပြောင်းလဲကာ အားမန်ကို တင်ဆောင်လျက် ကောင်းကင်ပေါ်သို့ ပြန်တက်သွားတော့သည်။ ယခု မသွားလျှင်တော့ ခဏနေလျှင် ခွဲရခက်ပေတော့မည်။
"အားချန် ... နင် နဂါးမျိုးနွယ်ဆီ သေချာပေါက် လာရှာရမယ်နော် ..." အားမန်သည် ယဲ့ချန်၏ကိုယ်ပေါ်တွင် မှောက်လျက် အားချန်ကို လှမ်းအော်လိုက်လေ၏။
"သိပါပြီ" အားချန်က သူမကို လက်ဝှေ့ယမ်းပြလိုက်၏။
ယဲ့ချန်၏ ပုံရိပ်သည် တိမ်လွှာများကြားတွင် ပျောက်ကွယ်သွားသည့်အထိ စောင့်ဆိုင်းလိုက်ပြီးမှ အားချန်သည် နှမမြောတသစွာဖြင့် လက်ကို ပြန်ချလိုက်လေတော့သည်။
သူမနှင့် အားမန်တို့သည် ခက်ခက်ခဲခဲ တွေ့ဆုံခဲ့ရသော်လည်း ဒီလိုမြန်မြန်ဆန်ဆန် ပြန်လည်လမ်းခွဲခဲ့ရသည်။ ဖြူဖွေးနေသော ကောင်းကင်နှင့် မြေကြီးကိုကြည့်ရင်း အားချန်သည် နှာခေါင်းကိုရှုံ့လိုက်ကာ သူမလည်း အနည်းငယ် ငိုချင်လာပြီးတော့သည်။
ပိုင်ရှိုးမင်က လက်ကိုမြောက်ကာ သူမ၏မျက်လုံးကို အုပ်ထားလိုက်၏။ အားချန်၏မျက်တောင်များက သူ၏လက်ဖဝါးကိုဖွဖွလေး ပွတ်တိုက်သွားသည်ကို ခံစားလိုက်ရပြီး ထိုယားကျိကျိ ခံစားမှုသည် ရင်ထဲအထိ တိုက်ရိုက်ပျံ့နှံ့သွားလေ၏။
သူသည် သူမ၏နား နားတွင်တိုးတိုးလေး ပြောလိုက်လေသည်။ "အားချန် ... အိမ်ပြန်ရအောင်"
အားချန်သည် သူမ၏မျက်လုံးကို အုပ်ထားသော ပိုင်ရှိုးမင်၏လက်ကို ဆွဲဖယ်လိုက်ပြီး ခေါင်းလှည့်ကာ သူ့ကို စိုက်ကြည့်လိုက်လေ၏။ သူနှင့် ယဲ့ချန်တို့သည် သူမတို့ညီအစ်မနှစ်ယောက်ကို နေရာတစ်နေရာဆီ ကွဲကွာသွားစေသည့် လက်သည်တရားခံများ ဖြစ်ကြလေသည်။
"ဘာဖြစ်လို့လဲ"
"လမ်းမလျှောက်ချင်ဘူး။ မပျံသန်းချင်ဘူး" သူမက တမင်တကာ သူ့ကို အခက်တွေ့အောင် လုပ်နေတော့သည်။
ပိုင်ရှိုးမင်က မျက်ခုံးပင့်လိုက်ပြီး ရှေ့သို့ ခြေနှစ်လှမ်းတိုးလိုက်ကာ အားချန်ကို ကျောပေးလျက် ရပ်တန့်လိုက်ပြီးနောက် ဆောင့်ကြောင့်ထိုင်ချ လိုက်လေ၏။ "တက်လိုက်"
ကျယ်ပြန့်သော ကျောပြင်ကိုကြည့်ရင်း အားချန်သည် တခဏလောက် တုံ့ဆိုင်းနေပြီးနောက် ခုန်တက်လိုက်လေတော့သည်။
သူ့ကိုယ်ပေါ်မှ အပူချိန်သည် ဤနှင်းဒဏ်ကြောင့် ယူဆောင်လာသည့် အအေးဓာတ်များကို မောင်းထုတ်လိုက်သဖြင့် အားချန်၏မူလက ကျဆင်းနေသော စိတ်အခြေအနေကလည်း ရုတ်တရက် ပြန်ကောင်းသွားလေ၏။
သူမသည် ပိုင်ရှိုးမင်၏ လည်ပင်းကို သိုင်းဖက်ထားလိုက်ပြီး ခြေထောက်လေးများကို လှုပ်ယမ်းကာ ကျယ်လောင်သောအသံဖြင့် အော်လိုက်လေတော့သည်။ "သွားကြမယ်"
ပိုင်ရှိုးမင်သည် သူ့ကိုယ်ပေါ်တွင် သူမက စိတ်ကြိုက် လှုပ်ရှားနေသည်ကို ခွင့်ပြုထားလိုက်ပြီး သူမကို ကျောပိုးလျက် အဝေးရှိတောင်ကြားလမ်းဆီသို့ တစ်လှမ်းချင်း လျှောက်သွားလိုက်လေ၏။ ဒီတကြိမ်တွင်တော့ သူမတစ်ယောက်တည်း မဟုတ်တော့ပေ။
ထျန်းရှဂိတ်၏ရှေ့တွင် ခြေရာများ တောက်လျှောက် ပေါ်ထွက်နေပြီး လူနှစ်ဦးထပ်နေသောပုံရိပ်သည် လေပြင်းနှင့် နှင်းမုန်တိုင်းကြားတွင် ထင်ရှားပြတ်သားစွာ ရှိနေဆဲပင်။
"ပိုင်ရှိုးမင်"
"ဟင်"
"မြို့တော်ပြန်ရောက်ရင် ကျွန်မတို့ လက်ထပ်ကျရောက်အောင်"
"ကောင်းပြီ"
...
-main chapter ပြီးပါပြီ-