အခန်း (၂၉၂၁-၂၉၂၅)
Vol. 126 Ch. 2921-2925
၂၉၂၁)
ဘာသာပြန်သူ_တိမ်တိုက်
ပုံရိပ်တစ်ထောင်ကမ္ဘာထဲ၌ အလားတူအခြေအနေပေါင်းများစွာကို ရန်ကိုင်ကြုံခဲ့ရဖူးပေသည်။ မျိုးနွယ်စုနှစ်ခုကြားစစ်ပွဲအတွင်း နတ်ဆိုးတစ်ကောင် အသတ်ခံလိုက်ရပါက ထိုနတ်ဆိုးမှာ အပြည့်အဝသေဆုံးသွားခြင်းမရှိဘဲ ၎င်း၏နတ်ဆိုးစိတ်ဝိဉာဉ်မှာ ကျန်ရစ်ခဲ့သည်။ ထိုနတ်ဆိုးစိတ်ဝိဉာဉ်သည် လူရိုင်းမျိုးနွယ်များကို နတ်ဆိုးများအဖြစ်သို့ ပြောင်းလဲကာ လူရိုင်းများအား ပြန်လည်တိုက်ခိုက်စေလေသည်။
“ငါတို့ အခု ဘာလုပ်ကြမလဲ…” ဖန်ကျို့ကလည်း မေးလိုက်သည်။
ရန်ကိုင် ပြန်မပြောနိုင်သေးခင်မှာပင် ကုန်းယွဲ့၏အော်သံ ရုတ်တရက် တိတ်ကျသွားခဲ့သည်။ ရုတ်တရက်ဆိုသလို ကုန်းယွဲ့ ခေါင်းမော့လာခဲ့ပြီး လူအုပ်ကြီးအား မဲနက်နေသောမျက်လုံးများဖြင့် စိုက်ကြည့်လိုက်လေသည်။
“မိသားစု ခေါင်းဆောင် ကုန်း…” ချန်ပင်းယုက တုန်တုန်ရီရီလေသံဖြင့် လှမ်းအော်ခေါ်လိုက်သည်။ သို့သော်ငြား ကုန်းယွဲ့မှာ ပြန်မထူးခဲ့။
ကုန်းယွဲ့သည် ချန်ပင်းယု၏အော်သံများကို လျစ်လျူရှုလျက် ရန်ကိုင်အား စိတ်ဝင်တစားဖြင့် စိုက်ကြည့်လာခဲ့လေသည်။
ရန်ကိုင်သည်လည်း သေသေချာချာကို သတိချပ်ထားခဲ့လေ၏။
သို့သော်ငြား ကုန်းယွဲ့မှာ ရန်ကိုင်အား တိုက်ခိုက်ခဲ့ခြင်းမရှိ။ ထို့အစား ထူးထူးခြားခြားအသံများကိုပြုလျက် အပြင်ဘက်သို့ ဒယီးဒယိုင်ဖြင့် လမ်းလျှောက်ထွက်သွားလေသည်။
ချန်ပင်းယု၊ ဖန်ကျို့နှင့် ဟွာယုလုတို့မှာ အလျင်အမြန် လမ်းဖယ်ပေးလိုက်ကြလေသည်။ လက်ရှိအချိန်တွင် မည်သူမျှ ကုန်းယွဲ့နှင့် မတိုက်ခိုက်ရဲကြချေ။
ကုန်းယွဲ့မှာ ယခင်ကနှင့်မတူ အလွန်ကိုမှ ထူးထူးခြားခြား ပြုမူနေသည့်အတွက်ကြောင့် သူ့စိတ်ကို နတ်ဆိုးစိတ်ဝိဉာဉ်မှ စီးနင်းသွားသည်မှာ လုံးဝကို သေချာပေသည်။ လက်ရှိကုန်းယွဲ့ပုံစံသည် သူ့ခန္ဓာကိုယ်ကို ဝိဉာဉ်အသစ်တစ်ခုမှ အပိုင်စီးသွားပြီး ထိုဝိဉာဉ်သည် သူ့ခန္ဓာကိုယ်နှင့် အသားကျအောင် ကြိုးစားနေသည့် ပုံစံမျိုးပင်။ ထိုအကြောင်းကြောင့်ပင်လျှင် သူလမ်းလျှောက်နေသည့်ပုံစံမှာ အရက်မူးသမား သိုင်းကွက်နင်းသည့်ပုံစံမျိုး ဖြစ်နေခြင်းပင်။
ကုန်းယွဲ့၏ခြေသံများ ပျောက်ကွယ်သွားသည့်အခါမှသာလျှင် ဟွာယုလုနှင့်အခြားသူများသည် သေဘေးမှ ကပ်သီလေး လွတ်လာသည့်အလား သက်ပြင်းအသီးသီးချလိုက်ကြသည်။ ကုန်းယွဲ့၏ ပြောင်းလဲသွားပုံကို ကိုယ်တိုင်ကိုယ်ကျ မြင်တွေ့ပြီးသည့်နောက်တွင် ရန်ကိုင်မှ နတ်ဆိုးစိတ်ဝိဉာဉ်များနှင့်ပတ်သက်၍ ပြောပြခဲ့သည့်အကြောင်းကို မည်သူမျှ သံသယမဝင်တော့ချေ။
“မိသားစုခေါင်းဆောင်ကုန်း ဝင်စီးခံလိုက်ရတာလား…” ဖန်ကျို့သည် ရန်ကိုင်ဘက်သို့လှည့်၍ မေးလိုက်လေသည်။
ထိုသို့သာဖြစ်မည်ဆိုလျှင်တော့ ပြဿနာအကြီးကြီးတက်လေပြီ။ တကယ်တော့ ကုန်းယွဲ့သည် ကုန်းမိသားစု၏ ယခင်မိသားစုခေါင်းဆောင်တစ်ဦး ဖြစ်သလို ဧကရာဇ်ဒုတိယအဆင့် ပညာရှင်တစ်ဦးလည်း မဟုတ်ပေလော။ သူ့ကဲ့သို့လူတစ်ဦးသည်သာ စိတ်ကြိုက်သောင်းကျန်းတော့မည်ဆိုပါက တောင်ဘက်နယ်မြေတစ်ခုလုံး ပြဿနာတက်သွားရနိုင်ပေသည်။
“ကျုပ်လည်းမသိဘူး… ဒါပေမယ့် ပြဿနာက အဲ့ထက်ပိုကြီးမယ်လို့တော့ ထင်ရတယ်…” ရန်ကိုင်၏မျက်နှာ သုန်မှုန်နေခဲ့လေသည်။ သူသေချာသည့်တစ်ချက်မှာတော့ ကုန်းယွဲ့မှာ နတ်ဆိုးအသွင်သို့ ပြောင်းလဲသွားပြီဟူ၍ပင်။ သို့သော်ငြား ရန်ကိုင်နားမလည်နိုင်သည့်တစ်ချက်လည်း ရှိပေသည်။ ကုန်းယွဲ့ သတိလက်လွတ်ဖြစ်နေ၍ နတ်ဆိုးဝိဉာဉ်၏ ဝင်စီးခြင်း ခံရမည်ဆိုလျှင်ပင် ဤမျှ အလွယ်တကူတော့ ဖြစ်မသွားသင့်ပေ။ သူ့အနေဖြင့် နတ်ဆိုးဝိဉာဉ်ကို မည်သို့များ တစ်ခဏလေးပင် မခုခံနိုင်ဘဲ နေရလေသနည်း။
ထိုအချက်နှင့်ပတ်သက်၍ ရန်ကိုင်မှာ လုံးဝ နားမလည်နိုင်အောင်ကို ဖြစ်နေခဲ့ရလေသည်။
သို့သော်ငြား သူစဉ်းစားကြည့်နေရင်းမှ သူ့ခေါင်းထဲ အတွေးတစ်ခု ပေါ်လာခဲ့ပြီး ထအော်လိုက်လေ၏။ “နတ်ဆိုးစကားလုံး…”
“ဘယ်လို…” ဟွာယုလုသည် ရန်ကိုင်ဘက်သို့ လှည့်ကြည့်လာခဲ့လေသည်။
“အဲ့နတ်ဆိုးစကားလုံးပဲ…” ရန်ကိုင်က သုန်သုန်မှုန်မှုန်အမူအယာဖြင့် “ခင်ဗျားတို့ အဲ့နတ်ဆိုးစကားလုံးကို ဘယ်လောက်မြင်လိုက်ရလဲ…”
ဟွာယုလုက မျက်မှောင်ကျုံ့လျက် ပြန်ပြောလိုက်သည်။ “ရန်ထိုက်ထုတ်သုံးသွားတဲ့ ပညာရပ်ကိုပြောတာလား… အဲ့ဒါဆိုရင်တော့ သေသေချာချာမမြင်လိုက်ရဘူး…”
ရန်ကိုင်သည် ကျန်သည့်သုံးယောက်ဘက်သို့လှည့်၍ အလျင်အမြန်ထပ်ပြောလိုက်လေသည်။ “ဘယ်လောက်ပဲမြင်လိုက်မြင်လိုက် အဲ့မြင်ခဲ့တဲ့အပိုင်းတွေကို ခင်ဗျားတို့မှတ်ဉာဏ်ထဲကနေ ထုတ်ပစ်လိုက်ပေတော့… ရန်ထိုက် နတ်ဆိုးအဖြစ်ပြောင်းသွားရတာနဲ့ ကုန်းယွဲ့ အခုလိုမျိုး အလွယ်တကူ ဝင်စီးခံလိုက်ရတာ အဲ့ဒါနဲ့ ပတ်သက်နေနိုင်လောက်တယ်…”
“မင်း ဘာပြောချင်နေတာလဲ…” ဖန်ကျို့ မျက်မှောင်ကျုံ့နေခဲ့လေသည်။ ဖန်ကျို့မှာ ရန်ထိုက်အား သေသေချာချာကို လေ့လာခဲ့သည်။ ထို့အတွက်ကြောင့် ရန်ထိုက်ထုတ်သုံးသွားသည့်ပညာရပ်ကို ဟွာယုလုမြင်သည်ထက် ပိုမြင်ခဲ့ရပေသည်။ ယခု ရန်ကိုင်မှ အလေးအနက်အမူအယာဖြင့် ပြောလာသည်ကိုမြင်သော် ဖန်ကျို့မှာ ပေါ့သေးသေးမမှတ်ရဲတော့ချေ။
ချန်ပင်းယုသည်လည်း ရန်ကိုင်ဘက်သို့ လှည့်ကြည့်လာခဲ့လေသည်။
ရန်ကိုင်က ရှင်းပြလိုက်လေ၏။ “ရန်ထိုက် နတ်ဆိုးဝိဉာဉ်နဲ့ တစ်ခါမှ တွေ့ခွင့်မရဘဲနဲ့ နတ်ဆိုးအသွင်ကိုပြောင်းသွားတယ်… အဲ့ဒါ ဘာကြောင့်လို့ထင်လဲ… သူ လေ့လာလိုက်ရတဲ့ အဲ့ရှေးဟောင်းနတ်ဆိုးစကားလုံးကြောင့်ပဲ… ကုန်းယွဲ့ကို သူနဲ့အတူတွဲလုပ်လာအောင် အဲ့နတ်ဆိုးစကားလုံးရဲ့စွမ်းအားကို ကုန်းယွဲ့ဆီ သေသေချာချာ ထုတ်ပြခဲ့ရလိမ့်မယ်… ကုန်းယွဲ့လည်း အဲ့နတ်ဆိုးစကားလုံးကို သေသေချာချာ လေ့လာခဲ့မှာပဲ… ဒီတော့ သူ့ကိုယ်ထဲမှာ နတ်ဆိုးစွမ်းအင်အချို့ ကိန်းအောင်းသွားနေပြီလို့ ပြောလို့ရတယ်… အဲ့ဒါကြောင့်ပဲ ကုန်းမိသားစုဂုဏ်သတင်းကိုတောင် ဂရုမစိုက်တော့ဘဲ ရန်ထိုက်နဲ့ပေါင်းပြီးတော့ ကျုပ်တို့အားလုံးကို သတ်ပစ်လို့လုပ်ခဲ့တာပဲ… ဟုတ်တယ်… အဲ့လိုပဲဖြစ်ရမယ်… မဟုတ်လို့ရှိရင် ကုန်းယွဲ့လို ကုန်းမိသားစုရဲ့ အရင်မိသားစုခေါင်းဆောင်ဟောင်းတစ်ယောက်က ဘယ်လိုလုပ်ပြီး ဒီလိုရူးမိုက်တဲ့ဆုံးဖြတ်ချက်မျိုးကို ချရမှာလဲ… အဲ့နတ်ဆိုးစွမ်းအင်က သူ့စိတ်ကို လွှမ်းမိုးသွားတာကြောင့်မို့လို့ပဲ သေသေချာချာ မစဉ်းစားတတ်တော့တာ… အဲ့ဒါကြောင့်မလို့ ရန်ထိုက်၏ ရူးမိုက်တဲ့အကြံကို လက်ခံခဲ့တာပဲ… အခုနတ်ဆိုးစိတ်ဝိဉာဉ် သူ့ခန္ဓာကိုယ်ကို အလွယ်တကူဝင်စီးသွားနိုင်တဲ့ အကြောင်းအရင်းကလည်း သူ့ကိုယ်သူ မကာကွယ်ထားလို့မဟုတ်ဘူး… သူ့ကိုယ်ထဲမှာရှိတဲ့ နတ်ဆိုးစွမ်းအင်တွေက အဲ့နတ်ဆိုးစိတ်ဝိဉာဉ်ကို ဆွဲဆောင်နေလို့ပဲ… အဲ့ဒါကြောင့်ပဲ သူ့စိတ်ထဲက ခုခံချင်နေပေမယ့် မခုခံခဲ့ပဲ အလိုလိုလက်လျှော့သလို ဖြစ်သွားရတာ…”
ရန်ကိုင်ပြောသွားသည့်စကားတစ်ဝက်လောက်သည် သူ၏ခန့်မှန်းချက်သက်သက်သာ ဖြစ်လေသည်။ သို့သော်ငြား ပြောရင်းပြောရင်းမှ သူပြောသည်မှာ မှန်ကန်သည်ဟု ရန်ကိုင် ပိုပို၍ ခံစားလာရသည်။
ဤပြဿနာအားလုံး၏ အရင်းအမြစ်မှာ ထိုရှေးဟောင်းနတ်ဆိုးစကားလုံးသာ ဖြစ်လေသည်။
လွန်ခဲ့သောနှစ်ဝက်ခန့်က ဟွာယုလု၊ ရန်ထိုက်နှင့် ဝူခွမ်းရီတို့သည် ဤရှေးဟောင်းလိုဏ်ဂူစံအိမ်ကို ရှာတွေ့ခဲ့သည်။ ဤရှေးဟောင်းလိုဏ်ဂူစံအိမ်ထဲတွင် ရန်ထိုက်တို့သုံးဦးမှာ အကျိုးအမြတ်အသီးသီးကို ရရှိခဲ့ရသည်။ သို့သော်ငြား ရန်ထိုက်လေ့လာခွင့်ရသွားသည့် ရှေးဟောင်းစကားလုံးသည် ထောင်ချောက်တစ်ခု ဖြစ်နေခဲ့လေသည်။ ထိုအရာသည် ရန်ထိုက်အား သွေးတံခါးပေါ်ရှိချိတ်စည်းကိုဖွင့်၍ အထဲတွင်ပိတ်မိနေသော နတ်ဆိုးဝိဉာဉ်များကို လွှတ်ပေးလာအောင် လုပ်သည့် ငါးစာတစ်ခု ဖြစ်လေသည်။
ထိုရှေးဟောင်းစကားလုံးကို လေ့လာမိသွားသည့်မည်သူမဆို ရန်ထိုက်ကဲ့သို့ လုပ်မိပေလိမ့်မည်။
ကြည့်ရသလောက် ထိုရှေးဟောင်းနတ်ဆိုးစကားလုံးကို လေ့လာသင်ကြားသွားနိုင်ခဲ့မည်ဆိုလျှင် သွေးတံခါးနောက်တွင် ပိတ်မိနေသော နတ်ဆိုးစိတ်ဝိဉာဉ်များနှင့် ဆက်သွယ်နိုင်ပေလိမ့်မည်။ ထိုအကြောင်းကြောင့်ပင်လျှင် သွေးတံခါးထဲတွင် မည်ကဲ့သို့သောအရာများ ရှိနေသလဲဆိုသည်ကို သိသွားခဲ့ရပြီး ထိုအရာများကို လွှတ်ပေးဖို့ရာ အသေခံ၍ပင် ကြိုးစားခဲ့ခြင်း ဖြစ်လေသည်။
ရန်ကိုင်ပြောသည်ကို နားထောင်ရင်းနားထောင်ရင်းမှ ဟွာယုလု၏မျက်နှာ ပိုပို၍ဖြူလျော်လာခဲ့ပြီး သူမ၏ခန္ဓာကိုယ်မှာလည်း ထိန်းချုပ်မရအောင် တုန်ရီလာတော့လေသည်။
ယခင်တစ်ကြိမ် ဤနေရာသို့ရောက်လာစဉ်က ပန်းဗုံလေးတစ်လုံးသာ ရလိုက်သည့်အပေါ် သူမကိုယ်သူမ ကံကောင်းသွားသည်ဟု ခံစားလိုက်ရလေသည်။ သူမသည်သာ ရန်ထိုက်ရသွားသည့် ရှေးဟောင်းနတ်ဆိုးစကားလုံးကို လေ့လာခွင့်ရခဲ့မည်ဆိုလျှင် သူမသည်လည်း ရန်ထိုက်၏လမ်းစဉ်အတိုင်း လိုက်သွားခဲ့ရပေလိမ့်မည်။
ချန်ပင်းယုက ဝင်မေးလိုက်လေသည်။ “ကျွန်မတို့အားလုံးလည်း ရန်ထိုက်လို နတ်ဆိုးအသွင်ပြောင်းသွားမှာလား…”
သူမသည်လည်း ရှေးဟောင်းနတ်ဆိုးစကားလုံးကို မြင်တွေ့ခဲ့ရပေသည်။
ရန်ကိုင်က ခေါင်းခါလျက် “အဲ့နတ်ဆိုးစကားလုံးရဲ့ တကယ့်အဓိပ္ပာယ်ကို ဖမ်းဆုပ်ဖို့က ဒီလောက်မလွယ်ဘူး… ရန်ထိုက်က အဲ့ရှေးဟောင်းနတ်ဆိုးစကားလုံးကို အချိန်အကြာကြီးလေ့လာခဲ့လို့ အဲ့စကားလုံးထဲမှာရှိတဲ့ နတ်ဆိုးစွမ်းအားတွေလွှမ်းမိုးတာ ခံလိုက်ရတာ… ဒီတော့ နည်းနည်းပါးပါးလောက်ပဲ မြင်ရတယ်ဆိုရင်တော့ ဘာမှကိစ္စမရှိဘူး… ဒါပေမယ့် အဲ့လိုဆိုရင်တောင် အဲ့စကားလုံးကို ခင်ဗျားတို့မှတ်ဉာဏ်ထဲကနေ အပြီးတိုင်ဖယ်ထုတ်လိုက်ရင် အကောင်းဆုံးပဲ… အဲ့နတ်ဆိုးစကားလုံးမှာ လူ့စိတ်ကို လွှမ်းမိုးနိုင်တဲ့အပြင် အခြားဘယ်လိုစွမ်းရည်တွေ ရှိနေသေးလဲဆိုတာကို ဘယ်သူမှပြောနိုင်တာမဟုတ်ဘူး…”
လူတိုင်း ခေါင်းအသီးသီးညိတ်လိုက်ကြလေသည်။ အကြည့်ချင်းဖလှယ်လိုက်ကြပြီးသည့်နောက်တွင် သူတို့၏နာမ်ဝိဉာဉ်များကို အသိစိတ်ပင်လယ်ထဲသို့ ပို့လွှတ်၍ နတ်ဆိုးစကားလုံးနှင့် ပတ်သက်သည့် မှတ်ဉာဏ်များကို ဖယ်ရှားပစ်လိုက်တော့သည်။
ဤနည်းလမ်းဖြင့် ရှေးဟောင်းနတ်ဆိုးစကားလုံး မည်သို့မည်ပုံရှိသလဲဆိုသည်ကို မေ့လျော့သွားပေလိမ့်မည်။ ထိုမှတ်ဉာဏ်များကို ဖျက်ဆီးလိုက်၍ သူတို့၏ဝိဉာဉ်များကို အနည်းနှင့်အများ ထိခိုက်သွားစေနိုင်ပါသော်ငြား နတ်ဆိုးအသွင်ပြောင်းသွားရမည့် အရေးနှင့်စာလိုက်သော် ထိုမျှလောက်သောဒဏ်ရာသည် ဘာမျှမပြောပလောက်တော့ပေ။
ထိုအချိန်အတောအတွင်း ရန်ကိုင်မှာမူ နောက်ဘာဆက်လုပ်ရမလဲဆိုသည်ကို စဉ်းစားနေလေသည်။
အကုန်လုံး မျက်လုံးဖွင့်လာသည့်အခါမှသာလျှင် ရန်ကိုင်က ပြောလိုက်လေသည်။ “ဒီသွေးတံခါးထဲမှာ အခြားနတ်ဆိုးစိတ်ဝိဉာဉ်တွေ အများကြီး ရှိနေနိုင်လောက်သေးတယ်… အခုလောလောဆယ် ကျုပ်တို့လုပ်ရမယ့်ကိစ္စ နှစ်ခုရှိတယ်…”
သွေးတံခါးထဲတွင် နတ်ဆိုးစိတ်ဝိဉာဉ်များစွာ ရှိနေသေးသည်ဟု ရန်ကိုင်မှ ပြောလာသည်ကိုကြားသော် လူတိုင်း ကြောက်လန့်တကြား ထခုန်မိလိုက်ကြလေသည်။ သို့သော်ငြား သေချာစဉ်းစားလိုက်ပြီးသည့်နောက် ထိုသို့မဖြစ်စရာအကြောင်း မရှိကြောင်း နားလည်သွားရသည်။
သွေးတံခါးပေါ်ရှိ ချိတ်စည်းမှာ အပြီးတိုင်ပျက်စီးသွားခဲ့ခြင်းမဟုတ်။ တစ်ပိုင်းတစ်စလောက်သာ ပျက်စီးသွားခဲ့ရပြီး သွေးတံခါးမှာ မဆိုစလောက်ကလေး ဟသွားခဲ့ခြင်းသာ ဖြစ်လေသည်။ ထို့အတွက်ကြောင့်ပင်လျှင် နတ်ဆိုးစိတ်ဝိဉာဉ်တစ်ကောင် ထွက်ပြေးလွတ်မြောက်လာနိုင်ခဲ့ခြင်း ဖြစ်၏။ သွေးတံခါးပေါ်ရှိချိတ်စည်းကို ရှေးခေတ်အချိန်မှပညာရှင်များက ဖန်တီးထားခဲ့ခြင်းဖြစ်ကာ သွေးတံခါးသည် သူ့အလိုလို ပြန်ပိတ်သွားသည့်အတွက်ကြောင့် တံခါးထဲတွင် အခြားသော နတ်ဆိုးစိတ်ဝိဉာဉ်များ ရှိနေနိုင်ရပေလိမ့်ဦးမည်။
“ဘာကိစ္စနှစ်ခုလဲ…” ဖန်ကျို့က မေးလိုက်သည်။ ယခုကိစ္စနောက်ပိုင်း ရန်ကိုင်သည် ဤတစ်ဖွဲ့လုံး၏ခေါင်းဆောင် သူ့အလိုလို ဖြစ်လာခဲ့ရလေသည်။ မည်သူမျှလည်း ရန်ကိုင်၏ပြောစကားကို ကန့်ကွက်ကြခြင်းမရှိချေ။
“ပထမဦးဆုံးတာဝန်က ဒီသွေးတံခါးပေါ်က အစီအရင်ကို သေသေချာချာ အားပြန်ဖြည့်ပေးဖို့ပဲ… အဲ့ဒါမှ နောက်နောင် တစ်ယောက်ယောက် ဒီကို မတော်တဆရောက်လာပြီး ဒီအစီအရင်ကိုဖျက်ဆီးဖို့ မကြိုးစားနိုင်မှာ…” ရန်ကိုင်က လက်ညှိုးတစ်ချောင်းထောင်၍ ပြောလိုက်သည်။ “ဒီကိစ္စက တောင်ဘက်နယ်မြေတစ်ခုလုံး… မဟုတ်သေးဘူး… ကြယ်တာရာအစုအဝေးတစ်ခုလုံးနဲ့တောင် ပတ်သက်နေနိုင်တယ်… အဲ့ဒါကြောင့်ပဲ ဒီအကြောင်းကို ထိပ်တန်းဂိုဏ်းတွေကို အသိပေးပြီးတော့ ဒီပြဿနာအတွက် အဖြေရှာခိုင်းရမယ်… ကုန်းမိသားစုကိုလည်း အကြောင်းကြားခိုင်းရမယ်… အခုကိစ္စက သူတို့အပြစ်မကင်းဘူး… ဒါကြောင့် သူတို့အမှားကိုသူတို့ ပြန်ပေးဆပ်ရလိမ့်မယ်…”
ကုန်းယွဲ့သည် အမှားကြီးတစ်ခုကို လုပ်ခဲ့လေသည်။ သူသည် ဤချိတ်စည်းကို ချိုးဖြတ်ခဲ့သူတစ်ဦးဖြစ်သည်။ ထို့အတွက်ကြောင့် ချိတ်စည်းကိုပြန်ပြင်ဖို့သည် ကောင်းကင်မြစ်တောင်ကြားမှ ကုန်းမိသားစု၏တာဝန် ဖြစ်ပေသည်။ ကုန်းယွဲ့လုပ်သွားသည့်ကိစ္စများကို ထည့်မတွက်လျှင်ပင် ကုန်းမိသားစုသည် ယခုကိစ္စအတွက် အကောင်းဆုံးမိသားစုတစ်ခုဖြစ်နေဆဲ။ တောင်ဘက်နယ်မြေတစ်ခုလုံးတွင် ထိပ်တန်းဂိုဏ်းများမှ အစီအရင်ပညာရှင်များမှလွဲ၍ အစီအရင်များအကြောင်းကို အကျွမ်းကျင်ဆုံးလူများမှာ ကုန်းမိသားစုမှလူများသာ ဖြစ်ကြလေသည်။
ဖန်ကျို့နှင့် အခြားသူအားလုံး ခေါင်းညိတ်လိုက်ကြလေသည်။ ရှေးဟောင်းလိုဏ်ဂူစံအိမ်ကို စူးစမ်းဖို့ရာမှာ သူတို့ကိစ္စဖြစ်ပေါ်သော်ငြား ဆက်လက်ကြုံတွေ့ရသည့်အကျိုးဆက်များသည် သူတို့ရင်ဆိုင်နိုင်သည့်အကန့်အသတ်ကို ကျော်လွန်နေပေသည်။
ဧကရာဇ်ဒုတိယအဆင့်သို့ ရောက်နေသော ကုန်းယွဲ့သည်ပင်လျှင် နတ်ဆိုးစိတ်ဝိဉာဉ်၏ ဝင်စီးခြင်း ခံလိုက်ရသည်။ ယခုကိစ္စကိုသာ ဤအတိုင်းထားလိုက်မည်ဆိုပါက တောင်ဘက်နယ်မြေတစ်ခုလုံး ဂယက်ရိုက်သွားရတော့မည်ဖြစ်ကာ နောက်နောင်တွင် ပြဿနာပေါင်းစုံ ထွက်ပေါ်လာသည့်အခါတွင် သူတို့သည် သမိုင်းဝင်အပြစ်သားများ ဖြစ်သွားကြရပေလိမ့်မည်။
“အဲ့ဒါကြောင့်ပဲ ကျုပ် အခု တစ်ယောက်ယောက်ကို ကောင်းကင်မြစ်တောင်ကြားက ကုန်းမိသားစုဆီ သွားစေချင်တယ်… ပြီးရင် ဒီမှာဖြစ်သွားတဲ့ကိစ္စတွေကို ပြောပြီး ကုန်းယွဲ့ကိုသတိထားဖို့ပြောလိုက်… ကုန်းယွဲ့သာ ကောင်းကင်မြစ်တောင်ကြားဆီ ပြန်လာခဲ့မယ်ဆိုရင်… အင်း… သူအဲ့လောက်တော့ မရူးမိုက်လောက်ဘူး… ဒါပေမယ့် သတိဆိုတာ ပိုတယ်မရှိဘူး…”
“ကျွန်မသွားလိုက်မယ်…” ဟွာယုလုက ပြောလိုက်သည်။
သူမ၏ကျင့်ကြံခြင်းမှာ သိပ်၍မြင့်မားခြင်းမရှိလှ။ အနည်းဆုံးတော့ ဟွာယုလုသည် ပန်းတစ်ရာနန်းတော်၏ နန်းတော်သခင်တစ်ဦးဖြစ်နေဆဲ။ ထို့ကြောင့် သူမ၏စကားလုံးများသည် အနည်းနှင့်အများတော့ ယုံကြည်ထိုက်ပေသည်။ သူမသည်သာ ယခုအကြောင်းကို ကုန်းမိသားစုဆီ သွားပြောမည်ဆိုပါက ကုန်းမိသားစုသည် သူမစကားကို ကျိန်းသေ အလေးအနက်ထားပေလိမ့်မည်။
“ခင်ဗျားတို့သုံးယောက်စလုံး အတူသွားလိုက်…” ရန်ကိုင်က ပြောလိုက်သည်။
သေချာစဉ်းစားကြည့်လိုက်ပြီးသည့်နောက် သုံးဦးစလုံး ခေါင်းညိတ်လိုက်ကြလေသည်။
ယခု ကုန်းယွဲ့ မည်သည့်နေရာတွင် ရှိနေသလဲဆိုသည်ကို မည်သူမျှမသိကြ။ ကုန်းယွဲ့ အပြင်ဘက်တွင် သူတို့အား ရပ်စောင့်မနေပါဟု မည်သူမျှ မပြောနိုင်။ သူတို့သုံးဦးသည်သာ အတူထွက်သွားမည်ဆိုပါက သုံးဦး အတူပူးပေါင်းတိုက်ခိုက်မည်ဆိုလျှင် သူတို့ကိုယ်သူတို့ ကာကွယ်နိုင်ပေသေးသည်။
“အဲ့ဒါဆိုရင် ထိပ်တန်းဂိုဏ်းတွေကို ဘယ်သူသွားအကြောင်းကြားမှာလဲ…” ဖန်ကျို့ကမေးလိုက်သည်။ ထိပ်တန်းဂိုဏ်းများ၏ အကူအညီသာ မပါပါက ဘာဆိုဘာမှ ဖြစ်လာလိမ့်မည်မဟုတ်ချေ။ သူတို့အနေဖြင့် ကုန်းမိသားစုကို ဤနေရာသို့ လာခိုင်းနိုင်မည်ဆိုလျှင်ပင် ကုန်းမိသားစုသည် ယခုကိစ္စကို အပြင်သို့မပေါက်ကြားအောင် သူတို့ဘာသာသူတို့ သတင်းဖုံးလိုက်ပေလိမ့်မည်။ ထို့အတွက်ကြောင့် ထိပ်တန်းဂိုဏ်းများမှ ပညာရှင်များကိုလည်း ကျိန်းသေ ဆက်သွယ်ရပေလိမ့်မည်။
ရန်ကိုင်က တစ်ချက်ရပ်ပြီးသည့်နောက် ပြောလိုက်လေသည်။ “ကျုပ်ကိုယ်ကျုပ် နောက်တစ်ကြိမ် မိတ်ဆက်ပေးပါရစေ…”
ထိုသို့ပြောပြီးသည့်နောက်တွင် သူ့မျက်နှာကို လက်ဖြင့် သပ်ချလိုက်ရာ ရန်ကိုင်သည် သူ၏မူလပုံစံသို့ ပြန်ပြောင်းသွားခဲ့လေသည်။ လက်ရှိအချိန်တွင် သူ့မျက်နှာမှာ စက္ကူဖြူတစ်ရွက်နှယ် ဖြူဆွတ်နေခဲ့လေ၏။
“ကျုပ်နာမည်က ရန်ကိုင်ပဲ…”
“ရန်ကိုင်…” ချန်ပင်းယု မျက်မှောင်ကျုံ့သွားခဲ့လေသည်။ ထို့နောက် အံ့အားသင့်နေဟန်ဖြင့် ပြန်မေးလိုက်လေ၏။ “နေမင်းပြာကျောင်းတော်က မကြာသေးခင်တုန်းက အဆင့်မြင့်ဧည့်အကြီးအကဲရာထူးကို လူတစ်ယောက်ဆီပေးခဲ့တယ်တဲ့…”
“ဟုတ်တယ်… အဲ့ရန်ကိုင်ပါပဲ…” ရန်ကိုင်က ခေါင်းညိတ်လိုက်လေသည်။
ချန်ပင်းယုနှင့် ဖန်ကျို့တို့နှစ်ဦးစလုံး အံ့ဩတကြီး ဖြစ်သွားခဲ့ကြပြီး ချက်ချင်းပဲ တလေးတစားဖြင့် လက်သီးဆုပ်၍ ပြောလိုက်လေ၏။ “အော်… ဒီတော့ အကြီးအကဲရန်ကိုး… ရိုင်းပျသလို ဖြစ်သွားခဲ့မိရင် တောင်းပန်ပါတယ်…”
ယခုအချိန်တွင်တော့ မည်သူမျှ ရန်ကိုင်အား ဆက်၍ အထင်မသေးရဲကြတော့ချေ။ တောင်ဘက်နယ်မြေမှ ထိပ်တန်းဂိုဏ်းတစ်ဂိုဏ်း၏ အကြီးအကဲတစ်ဦး ဖြစ်လာသည့်လူတစ်ဦးသည် လုံးဝကို အဆင့်အတန်းနိမ့်သည့်လူတစ်ဦး မဟုတ်ချေ။ ထို့အပြင် ဤရန်ကိုင်ဆိုသည့်လူသည် အကြီးအကဲအဖြစ်ဂုဏ်ပြုပွဲအခမ်းအနားတွင် ကြယ်ဝိဉာဉ်နန်းတော်မှ အကြီးအကဲတစ်ဦးနှင့် လက်ရည်ဖလှယ်ခဲ့သည်ဟုလည်း ကောလဟာလများ ရှိကြသည်။
ကြယ်ဝိဉာဉ်နန်းတော်မှ အကြီးအကဲများသည် ဧကရာဇ်တတိယအဆင့်သို့ ရောက်နေကြသည့်လူများ ဖြစ်ကြပေသည်။ ထိုလူများသည် သာမန်ပညာရှင်များမဟုတ်ကြ။
ယခုမှသာလျှင် ရန်ကိုင်၏အရှိန်အဝါမှာ အတော်လေးကိုမှ အားနည်းနေလင့်ကစား သူ့စွမ်းအားမှာ ဘာကြောင့် ဤမျှ အားကောင်းနေရသလဲဆိုသည်ကို လူတိုင်း နားလည်သွားကြရတော့လေသည်။ ရန်ကိုင်သည် နေမင်းပြာကျောင်းတော်၏ အကြီးအကဲ ဖြစ်နေသည်ကိုး။
“ထိပ်တန်းဂိုဏ်းတွေကို အကြောင်းကြားမဲ့ကိစ္စကို ကျုပ်တာဝန်ယူလိုက်မယ်… ကျုပ်ကျောင်းတော်ကို အကြောင်းကြားရမယ့်နည်းလမ်း ကျုပ်မှာရှိပြီးသား… ကျုပ်ကျောင်းတော်ကနေတစ်ဆင့် အခြားအဖွဲ့အစည်းတွေကို လိုက်ပြီးတော့ အကြောင်းကြားခိုင်းလိုက်မယ်…”
ရန်ကိုင်၏စကားကို ကြားပြီးသည့်နောက် မည်သူမျှ ကန့်ကွက်မနေကြချေ။
“ဒုတိယကိစ္စကရော…” ဟွာယုလုက မေးလိုက်လေသည်။
“ဒုတိယကိစ္စကတော့… အခုကိစ္စပြီးတဲ့အထိ စောင့်ကြတာပေါ့… အဲ့မတိုင်ခင်အထိတော့ ဒီကချိတ်စည်းကို ကျုပ်စောင့်ကြည့်နေလိမ့်မယ်… တော်ကြာ ကုန်းယွဲ့ပြန်လာပြီး ဒီချိတ်စည်းကို ဖျက်ဆီးဖို့ကြိုးစားရင် ပြဿနာတက်ရမှာ…”
“ရောင်းရင်းရန်ရဲ့အစီအစဉ်တွေက ကွက်တိပဲ…” ဖန်ကျို့က သဘောတူလိုက်လေသည်။
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၂၉၂၂)
ဘာသာပြန်သူ_တိမ်တိုက်
ကုန်းယွဲ့သည် နတ်ဆိုးတစ်ကောင်အသွင်သို့ ပြောင်းလဲသွားပြီဖြစ်သည့်အတွက်ကြောင့် ဤနေရာသို့ပြန်လာပြီး ချိတ်စည်းအား ဖျက်ဆီးရန် မကြိုးစားပါဟု မည်သူမျှမပြောနိုင်ချေ။ သွေးတံခါးပေါ်ရှိ ချိတ်စည်းမှာ မူလကတည်းက ကုန်းယွဲ့ကြောင့် ထိခိုက်ထားရသည်။ ထို့အတွက်ကြောင့် ကုန်းယွဲ့သည်သာ ပြန်လာပြီး ဖျက်ဆီးရန် ကြိုးစားမည်ဆိုပါက တကယ်ကြီး ပျက်စီးသွားရနိုင်ပေသည်။ ထိုအကြောင်းကြောင့်ပင်လျှင် ရန်ကိုင်သည် လိုရမယ်ရ ဤနေရာတွင် စောင့်ကျန်ရစ်ခဲ့ခြင်း ဖြစ်၏။
ဤနေရာတွင် စောင့်ကျန်ရစ်ခဲ့ရမည့်လူမှာ ရန်ကိုင်သာ ဖြစ်ရပေလိမ့်မည်။ အကြောင်းမှာ သူ့တွင်သာ ဤနေရာအား ကာကွယ်နိုင်သည့်အရည်အချင်း ရှိသည့်အတွက်ကြောင့်ပင်။
နောက်ထပ်အနည်းအကျဉ်း ဆွေးနွေးပြီးသည့်နောက်တွင် လူတိုင်းသည် အနားယူ အားပြန်ဖြည့်ကြလေသည်။
ဟွာယုလုနှင့် အခြားသူများမှာ ဒဏ်ရာရထားခြင်း မရှိပါသော်ငြား သွေးစတေးခြင်းလုပ်ဆောင်ရာတွင် ခြောက်ထောင့်တစ်ထောင့်အစီအရင်သည် သူတို့၏စွမ်းအင်များစွာကို စုပ်ယူခဲ့လေသည်။ ထို့အတွက်ကြောင့် ကောင်းကင်မြစ်တောင်ကြားဆီသို့ မသွားခင် အနားယူအားပြန်ဖြည့်ရပေလိမ့်မည်။ ဤနေရာတွင်ရှိနေသည့်လူတိုင်းမှာ ဧကရာဇ်အဆင့်ပညာရှင်များ ဖြစ်ကြသည့်အတွက်ကြောင့် လိုရမယ်ရ အရေးပေါ်ဆေးလုံးအချို့ကို အနည်းနှင့်အများတော့ ဆောင်ထားကြပေသည်။ ယခုအချိန်သည် ကပ်စေးနည်းနေရမည့်အချိန် မဟုတ်သည့်အတွက်ကြောင့် လူတိုင်းသည် မိမိတွင် ရှိနေသော ဆေးလုံးများကို ထုတ်သောက်ကာ အားပြန်ဖြည့်ကြလေသည်။
နေ့ဝက်ကြာပြီးသည့်နောက်တွင်ပင် ဟွာယုလုနှင့် အခြားသူများမှာ သူတို့၏ခွန်အား ခြောက်ဆယ်ရာခိုင်နှုန်းလောက်ကိုသာ ပြန်ဖြည့်နိုင်ပေသေးသည်။ သို့သော်ငြား ယခုအချိန်သည် နှောင့်နှေးရမည့်အချိန် မဟုတ်တော့သည့်အတွက်ကြောင့် ရန်ကိုင်အား နှုတ်ဆက်စကားဆိုပြီးသည့်နောက်တွင် ရှေးဟောင်းလိုဏ်ဂူထဲမှ အတူတကွ ထွက်သွားကြလေသည်။
မကြာမီတွင် ကျောက်လိုဏ်ဂူထဲ ရန်ကိုင်တစ်ဦးတည်းသာ ကျန်ရစ်တော့လေသည်။ လိုဏ်ဂူတစ်ခုလုံးမှာ လုံးဝကို တိတ်ဆိတ်နေလေရာ ရန်ကိုင်မှာ သူ့အသက်ရှူသံကိုပင် သူပြန်ကြားနေခဲ့ရသည်။ အခြားသောအသံတစ်သံမှာတော့ ကျောက်စက်ပန်းဆွဲများမှာ တောက် တောက် တောက်နှင့် ကျနေသည့် ရေစက်ကျသံများသာ ဖြစ်လေ၏။ ဤရှေးဟောင်းလိုဏ်ဂူစံအိမ်သို့ လာသည့်ခရီးမှာ ထင်သလောက် အန္တရာယ်များခြင်းမရှိချေ။ သို့သော်ငြား အန္တရာယ်များသည့် အခိုက်အတန့်များကို ပြန်စဉ်းစားမိလိုက်သည့်အခိုက် ရန်ကိုင်မှာ ရင်တဒုန်းဒုန်းခုန်သွားရစမြဲ။ လူခုနှစ်ဦး ရောက်လာခဲ့ပါသော်ငြား လေးဦးသာ အသက်ရှင်ခဲ့သည်။ ဝူခွမ်းရီကို ရန်ထိုက်မှ စတေးပစ်ခဲ့ပြီး ရန်ထိုက်ကိုယ်တိုင်သည်လည်း သူ့အသက်သူ ပြန်စတေးခဲ့လေသည်။ ကုန်းယွဲ့မှာတော့ နတ်ဆိုးစိတ်ဝိဉာဉ်၏ ဝင်စီးခြင်း ခံလိုက်ရပြီး ကျန်လေးဦးမှာတော့ လုံးဝကို ဖုတ်လှိုက်ဖုတ်လှိုက်ဖြစ်အောင် အားကုန်ခမ်းသွားကြရသည်။
ယခုမှသာလျှင် သူ့ကိုယ်သူ အားပြန်ဖြည့်နိုင်မည့် အခွင့်အရေး ရရှိလာသည့်အတွက်ကြောင့် ရန်ကိုင်လည်း ရသမျှအခွင့်အရေးကို အမိအရ အသုံးချနေတော့လေသည်။
တစ်ရက်ကြာပြီးသည့်နောက်တွင် ရန်ကိုင်မျက်လုံးပြန်ဖွင့်လာခဲ့လေသည်။ သူ့ခန္ဓာကိုယ်အခြေအနေကို စစ်ဆေးကြည့်ပြီးသည့်နောက် ကျောက်စိမ်းအကြီးအကဲတံဆိပ်ပြားကို ထုတ်လိုက်လေသည်။
ဤတံဆိပ်ပြားကို ဂုဏ်ပြုပွဲအခမ်းအနားတွင် ဝမ်ကျိရှန်းမှ သူ့အား ပေးအပ်ခဲ့ခြင်း ဖြစ်လေသည်။ ဤတံဆိပ်ပြားမှာ ရန်ကိုင်သည် နေမင်းပြာကျောင်းတော်၏ အကြီးအကဲတစ်ဦး ဖြစ်သည်ဟူသော သူ့အဆင့်အတန်းကို ကိုယ်စားပြုရုံမက ဤကျောက်စိမ်းပြားတွင် အခြားသောလုပ်ဆောင်ပုံများစွာလည်း ရှိနေပေသေးသည်။
ရန်ကိုင်သည် ဧကရာဇ်ချီကိုလှည့်ပတ်၍ ကျောက်စိမ်းပြားထဲသို့ ထည့်သွင်းလိုက်ပြီးသည့်နောက်တွင် နေမင်းပြာကျောင်းတော်ဆီသို့ သတင်းပေးလိုသည့်အကြောင်းအရာများကို စပို့တော့လေသည်။
ဤနည်းလမ်းသည် သတင်းပို့လို့ကောင်းသည့် နည်းလမ်းတစ်ခုတော့မဟုတ်ချေ။ အကြောင်းမှာ အလွန်ကိုမှ ရှုပ်ထွေးသည့်အကြောင်းအရာများကို ယခုကဲ့သို့နည်းလမ်းဖြင့် သတင်းပို့၍မရသည့် အတွက်ကြောင့်ပင်။ သို့သော်ငြား နေမင်းပြာကျောင်းတော်ဆီသို့ ပြန်သွားဖို့ရာ အချိန်လိုအပ်သလို သူ့အနေဖြင့် ဤနေရာမှခွာဖို့ရာလည်း မဖြစ်နိုင်သည့်အတွက်ကြောင့် ရန်ကိုင်အနေဖြင့် ဤကျောက်စိမ်းပြားကိုသုံးရုံသာ တတ်နိုင်ပေသည်။ ထို့အပြင် ဤကျောက်စိမ်းပြားဖြင့် သတင်းပို့နိုင်သည့်အကွာအဝေးမှာ အကန့်အသတ်ရှိရုံမက နယ်မြေတစ်ခုတည်းတွင်သာ အသုံးပြုနိုင်ပေသည်။ ထို့ကြောင့် ဤကျောက်စိမ်းပြားသည် ကြယ်တာရာအစုအဝေးတစ်ခုလုံးတွင် ဆက်သွယ်ရေးကိရိယာတစ်ခုအဖြစ် အသုံးချဖို့ရာ မသင့်တော်လှချေ။ ရှင်းရှင်းပြောရသော် ဂိုဏ်းကြီးတိုင်းလိုလိုတွင် ယခုကဲ့သို့ အချင်းချင်း လိုရမယ်ရ ဆက်သွယ်နိုင်သည့် နည်းလမ်းများ ရှိကြပေသည်။
လုပ်စရာရှိသည်များကို လုပ်ပြီးသည့်နောက် ရန်ကိုင်သည် ကျောက်စိမ်းပြားကို ပြန်သိမ်းလိုက်သည်။ နေမင်းပြာကျောင်းတော်သည် သူပို့လိုက်သည့်သတင်းကိုရပြီး စစ်ဆေးကြည့်ရန်အတွက် မကြာမီ တစ်ယောက်ယောက်ကို စေလွှတ်လိုက်မည်ဟု ရန်ကိုင်ယုံကြည်နေပေသည်။
ထို့အတွက်ကြောင့် ရန်ကိုင်သည် ဆက်လက်၍သာ အားပြန်ဖြည့်နေခဲ့လေသည်။
ဆယ်ရက်တာကုန်ဆုံးသွားခဲ့ပြီး အရာအားလုံးမှာ ချောချောမွေ့မွေ့ဖြင့် ရှိနေခဲ့သည်။ ရန်ကိုင်၏ဒဏ်ရာများမှာ တဖြည်းဖြည်းနှင့် ပြန်လည်သက်သာလာနေခဲ့ပြီး သူ့ဝိဉာဉ် ရရှိထားသည့်ဒဏ်ရာမှာလည်း တဖြည်းဖြည်းချင်း ပြန်ကောင်းလာနေခဲ့သည်။ အချိန်သာနည်းနည်းထပ်ရလိုက်မည်ဆိုပါက ရန်ကိုင်အနေဖြင့် အပြည့်အဝ ပြန်ကောင်းမွန်သွားပေလိမ့်မည်။
သို့သော်ငြား တစ်ချက်ကလေးမှပင် သတိလက်လွတ်မနေရဲခဲ့ပေ။ သူ့ကိုယ်သူ အားပြန်ဖြည့်နေစဉ်အတောအတွင်း သူ့ရှေ့ရှိ သွေးတံခါးကြီးကို တောက်လျှောက်ကို စောင့်ကြည့်နေခဲ့လေသည်။
တစ်နေ့တွင် ရန်ကိုင် သူ့ဘာသာသူ တင်ပလင်ခွေထိုင်၍ ကျင့်ကြံနေစဉ် ရုတ်တရက်ဆိုသလို ဉာဏ်အလင်းပွင့်သွားသည့်အလား ထူးဆန်းသည့်ခံစားချက်တစ်ခုကို ရလိုက်လေသည်။ ယခုကဲ့သို့သော ဉာဏ်အလင်းပွင့်သည့် အခွင့်အရေးမျိုးမှာ တော်ရုံတန်ရုံ ရနိုင်သည့် အခွင့်အရေးမျိုးမဟုတ်သည့်အတွက်ကြောင့် ရန်ကိုင်သည်လည်း အခွင့်အရေး သူ့ရှေ့ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာချိန်တွင် အမိအရဖမ်းဆုပ်ရန် ကြိုးစားတော့လေသည်။
ရှင်းပြမရသည့်ခံစားချက်ကို လိုက်လံဖမ်းဆုပ်ရင်းမှ ထိုခံစားချက်နှင့် သူသည် တဖြည်းဖြည်းနီးကပ်လာသည်ကို ရန်ကိုင်ခံစားမိလိုက်သည်။ သူသာ ယခုတစ်ကြိမ်ရရှိလိုက်သည့်ဉာဏ်အလင်းကို အမှန်တကယ်နားလည်လိုက်ပြီဆိုလျှင် ဧကရာဇ်ဒုတိယအဆင့်သို့ တက်လှမ်းနိုင်လိမ့်မည်ဟု ခံစားနေရသည်။
ရန်ကိုင်သည် ကြယ်ပျက်ပင်လယ်ထဲတွင် ဧကရာဇ်အဆင့်သို့ ချိုးဖြတ်ဝင်ရောက်နိုင်ခဲ့ခြင်း ဖြစ်လေသည်။ သူ ဧကရာဇ်အဆင့်သို့ ရောက်ထားသည်မှာ သိပ်မကြာသေးသဖြင့် ဧကရာဇ်ဒုတိယအဆင့်သို့ အချိန်တိုအတွင်း တက်လှမ်းနိုင်လိမ့်ဦးမည်မဟုတ်ပါသော်ငြား လွန်ခဲ့သည့်နှစ်များအတွင်း သူကြုံတွေ့ခဲ့ရသည့်အတွေ့အကြုံများနှင့် ပုံရိပ်တစ်ထောင်အိပ်မက်ကမ္ဘာထဲတွင် ကြုံတွေခဲ့ရသော နှစ်နှစ်တာအတွေ့အကြုံသည် ရန်ကိုင်အား ဧကရာဇ်ဒုတိယအဆင့်သို့ ရောက်အောင် တွန်းပို့ရန်အတွက် အကူအညီဖြစ်စေခဲ့လေသည်။ ရန်ကိုင်လိုအပ်နေသည်မှာ အခွင့်အရေးတစ်ခုသာရှိတော့သည်။
လက်ရှိအချိန်တွင် အခွင့်အရေးမှာ သူ့ရှေ့တည့်တည့်သို့ ဆိုက်ဆိုက်မြိုက်မြိုက်ရောက်ရှိလာသည့်အတွက်ကြောင့် ရန်ကိုင်မှာလည်း ထိုအခွင့်အရေးကို အမိအရ ဖမ်းဆုပ်ရပေလိမ့်မည်။
အချိန်သည် တရွေ့ရွေ့နှင့် ကုန်ဆုံးနေခဲ့လေသည်။ ရန်ကိုင်မှာတော့ အချိန်စီးဆင်းသည့်နှုန်းကိုပင်လျှင် သတိမထားမိတော့ချေ။ အသစ်ရရှိလာသည့်ခံစားချက်ထဲ နစ်မြောနေရင်းမှ တစ်ခုသောအချိန်သို့ရောက်သော် သူ့ရှေ့ရှိ အတားအဆီးအားလုံး ပျက်ပြယ်သွားခဲ့ပြီး ကမ္ဘာသစ်တစ်ခု သူ့မြင်ကွင်းထဲ ပေါ်လာသလို ခံစားလိုက်ရလေသည်။
အမျိုးမျိုးသော အံ့ဩဖွယ်ရာကောင်းလှသည့် ခံစားချက်များသည် သူပင်မသိရသော နေရာပေါင်းစုံဆီမှ သူ့စိတ်အစုံထဲသို့ စီးဝင်လာခဲ့လေသည်။ ထို့အတွက်ကြောင့် ရန်ကိုင်မှာ သူ့ကိုယ်သူ အရှင်သခင်တစ်ပါးဟုပင် ခံစားနေခဲ့ရလေသည်။ ရန်ကိုင်ကိုယ်တိုင်မှာလည်း ထိုခံစားချက်ထဲ ဆက်လက်နစ်မျောကာ သိုင်းတာအို၏ အထွဋ်အထိပ်စွမ်းအားကို ကိုယ်တိုင်ကိုယ်ကျ မြည်းစမ်းပစ်ချင်စိတ်များ သူ့စိတ်ထဲ တဖွားဖွား ထွက်ပေါ်လာရတော့သည်။
လက်ရှိအချိန်တွင် ရန်ကိုင်သည် ကမ္ဘာသစ်တစ်ခုထဲသို့ ရောက်နေလေသည်။ အမျိုးမျိုးသော လင်းလက်တောက်ပသည့် ကြယ်များမှာတော့ သူ့ဘေးပတ်ပတ်လည်အနှံ့ ရှိနေခဲ့လေ၏။ ထိုကြယ်တစ်လုံးချင်းစီသည် နက်နဲဆန်းကြယ်လှသည့် သိုင်းတာအို၏ သဘောတရားကို ကိန်းအောင်းနေရာ နယ်ပယ်တစ်ခုအဖြစ် တည်ရှိနေကြလေသည်။ ကြယ်တာရာများသည် သူ့အား အဆုံးစွန်သော သိုင်းတာအိုဆီသို့ တွန်းပို့ပေးမည့် သူ၏ခြေနင်းကျောက်တုံးများ ဖြစ်ကြလေသည်။ လက်ရှိအချိန်တွင်တော့ ထိုအရာအားလုံးမှာ ရန်ကိုင်နှင့် လက်တစ်ကမ်းအကွာတွင်သာ ရှိနေကြလေသည်။ သူသာ ထိုကြယ်များကို ခူးဆွတ်လိုက်နိုင်သရွေ့ သိုင်းတာအို၏ အဆုံးစွန်သော လျှို့ဝှက်ချက်များကို သိနိုင်ပေလိမ့်မည်။
ရန်ကိုင်သည် ထိုကြယ်များဆီသို့ တဖြည်းဖြည်းချင်း လက်လှမ်းလိုက်လေသည်။
ရုတ်တရက်ဆိုသလို ထိုကြယ်များကြား မီးတောက်များ ထလောင်မြိုက်လာသဖြင့် ရန်ကိုင်မျက်မှောင်ကျုံ့သွားခဲ့လေသည်။ သို့ရာတွင် ထိုမီးတောက်ပေါ် အကြည့်ရောက်သွားသည်နှင့်တစ်ပြိုင်နက် ရန်ကိုင်ကိုယ်တိုင်သည် မီးဖိုပေါ် ဖင်ခုထိုင်နေရသည့်အလား အလွန်တရာကိုမှ ပူလောင်လှသည့် ခံစားချက်တစ်ခုကို ရရှိလိုက်ရလေသည်။ ပူလောင်သည့်ခံစားချက်မှာ အချိန်နှင့်အမျှ ပိုပို၍ ပြင်းထန်လာခဲ့ရာ အဆုံးတွင်တော့ ရန်ကိုင်ပင် မတောင့်ခံနိုင်သည့်အဆင့်ထိသို့ ရောက်လာခဲ့ရလေသည်။
ထိုပူလောင်သည့် ခံစားချက်ကိုရလိုက်ပြီး မကြာမီမှာပင် သူ့ခေါင်းပေါ်သို့ ရေအေးတစ်ခွက် လောင်းချခံလိုက်ရသည့်အလား အေးမြသည့်ခံစားချက်ကိုလည်း ရလိုက်ပြန်လေသည်။ ထိုမတူကွဲပြားသည့် ဆန့်ကျင်ဘက်စွမ်းအင်နှစ်မျိုးကြောင့် ရန်ကိုင်မှာလည်း မိန်းမောနေရာမှ အသိပြန်ဝင်လာခဲ့ရလေသည်။
အသိပြန်ဝင်လာပြီးသည့်နောက် သေသေချာချာစဉ်းစားကြည့်လိုက်ရာ ဘာတွေဖြစ်နေသလဲဆိုသည်ကို ချက်ချင်းနားလည်သွားရတော့လေသည်။ အစောပိုင်းက သူရရှိလိုက်သည့်ခံစားချက်မှာ ဉာဏ်အလင်းပေါက်သွားခြင်းမဟုတ်။ ထောင်ချောက်တစ်ခုသာ ဖြစ်လေသည်။ သွေးတံခါးထဲတွင် ချိတ်ပိတ်ထားခံရသည့် နတ်ဆိုးဝိဉာဉ်များမှ ခင်းကျင်းထားသည့် ထောင်ချောက်တစ်ခုသာ ဖြစ်လေသည်။ သူကြုံခဲ့ရသည့် အရာအားလုံးမှာလည်း ပုံရိပ်ယောင်သက်သက်သာ ဖြစ်လေသည်။
တုံ့ဆိုင်းမနေရဲတော့သည့်အတွက်ကြောင့် ရန်ကိုင်သည် ချက်ချင်းပဲ မာန်သွင်းအော်ဟစ်လိုက်သည်။
သူ့ဘေးပတ်ပတ်လည်တွင် ရှိနေသော ကြယ်များ တစ်စစီပေါက်ကွဲထွက်သွားကုန်ကြပြီး အလင်းစက်များအဖြစ်သို့ ပြောင်းလဲသွားကာ ထိုအလင်းစက်များသည် အရောင်တလက်လက်တောက်ပနေသော စကားလုံးများအဖြစ်သို့ ပြောင်းလဲသွားကုန်ကြလေသည်။ ထိုစကားလုံးများသည် ယနေ့ခေတ်ကြယ်တာရာအစုအဝေးတွင် အသုံးပြုနေကြသည့် စကားလုံးများနှင့် အလွန်ကိုမှ ကွာခြားလှပြီး ရှုပ်ထွေးလွန်းလှသည်။ တစ်ချိန်တည်းတွင် ထိုစကားလုံးများထဲ နက်နဲဆန်းကြယ်သည့် သဘောတရားတို့ ကိန်းအောင်းနေသယောင် ထင်မှတ်ရသေး၏။
“နတ်ဆိုးစကားလုံးတွေ…” ရန်ကိုင် ထိတ်လန့်သွားတော့သည်။ သေသေချာချာကို သတိထားနေသည့်တိုင် နတ်ဆိုးဝိဉာဉ်များဆင်ထားသည့် ထောင်ချောက်ထဲသို့ ရောက်သွားရလိမ့်မည်ဟု ရန်ကိုင် လုံးဝ ထင်မထားခဲ့ချေ။ ထိုနတ်ဆိုးစကားလုံးများဆီမှ အကြည့်လွှဲဖယ်ရန် ကြိုးစားလိုက်သည့်အချိန်တွင် နတ်ဆိုးစကားလုံးများသည် ယခင်ထက် ပိုမိုတောက်ပစွာ လင်းလက်လာခဲ့ပြီး နတ်ဆိုးစကားလုံးများ၏ နက်ရှိုင်းသည့် အဓိပ္ပာယ်ကို ရန်ကိုင်၏စိတ်အစုံထဲသို့ တံဆိပ်ခတ်နှိပ်ရန် ကြိုးစားလာကြလေသည်။
ထိုအခိုက်အတန့်မှာပင် ရန်ကိုင်၏စိတ်အစုံသည် မတည်ငြိမ်စဖူး တည်ငြိမ်သွားခဲ့ပြီး ခုနှစ်ရောင်စဉ်အလင်းစက်ကွင်းတစ်ခုသည် သူ့ခန္ဓာကိုယ်အား အုပ်ဆောင်းတစ်ခုပမာ လွှမ်းခြုံသွားခဲ့လေသည်။
နတ်ဆိုးစကားလုံးများ၏ အလင်းရောင်သည် ခုနှစ်ရောင်စဉ်စက်ကွင်း၏ တားဆီးခြင်း ခံလိုက်ရလေသည်။
ရန်ကိုင်သည် လှောင်ပြုံးပြုံးလျက် ထိုပုံရိပ်ယောင်ထဲမှ တဖြည်းဖြည်း ပြန်လည်ရုန်းထွက်လိုက်ပြီး သူ့အသိစိတ်ကို ခန္ဓာကိုယ်ထဲသို့ ပြန်လည်ပို့လွှတ်လိုက်လေသည်။
ထိုသို့ဖြင့် သူ့အသိစိတ်မှာလည်း ခန္ဓာကိုယ်ထဲသို့ ချောချောမွေ့မွေ့နှင့် ရောက်ရှိသွားခဲ့ရသည်။
ရန်ကိုင်မျက်လုံးပြန်ဖွင့်လာချိန်တွင် မှောင်မိုက်နေသည့်လိုဏ်ဂူထဲ အလင်းရောင်တောက်နေကြောင်း တွေ့လိုက်ရလေသည်။ အလင်းရောင်တောက်နေသည့်နေရာဆီသို့ လှမ်းကြည့်လိုက်ရာ သွေးတံခါးမှာ အရောင်တလက်လက် တောက်ပနေခြင်းဖြစ်ကြောင်း တွေ့လိုက်ရလေ၏။ သို့သော်ငြား ရန်ကိုင် အသိပြန်ဝင်လာပြီးသည့်နောက်တွင် အရောင်တောက်နေသည့်သွေးတံခါးမှာ တဖြည်းဖြည်း အရောင်ပြန်မှိန်သွားခဲ့ပြီး မူလပုံစံအဖြစ်သို့ ပြန်ပြောင်းလဲသွားခဲ့သည်။
သူ့ရှေ့ရှိ အရောင်မှိန်သွားသည့်သွေးတံခါးကိုကြည့်ရင်း ရန်ကိုင်၏ကျောရိုးတစ်လျှောက် စိမ့်တက်သွားခဲ့ရသည်။
လက်ရှိအချိန်တွင် ရန်ကိုင်၏ညာဘက်မျက်လုံးမှာ မီးတောက်သည့်ပမာ လောင်မြိုက်နေခဲ့ပြီး သူ့စိတ်အစုံမှာတော့ ရေကန်ထဲစိမ်နေရသည့်ပမာ အေးမြနေခဲ့ရလေသည်။ ပူတလှည့်အေးတလှည့်ခံစားချက်သည် ရန်ကိုင်အား မိန်းမောနေရာမှ နိုးထလာအောင် လုပ်ပေးခဲ့ပြီး နတ်ဆိုးစကားလုံးများ၏ ထိန်းချုပ်မှုအောက်မှ လွတ်မြောက်အောင် ကူညီပေးခဲ့ခြင်း ဖြစ်လေသည်။
ထိုနတ်ဆိုးစကားလုံးများသည် ရန်ထိုက်ကြုံခဲ့ရသည့် နတ်ဆိုးစကားလုံးများ ဟုတ်မဟုတ်ကိုတော့ ရန်ကိုင်မသိချေ။ အကြောင်းမှာ ထိုနတ်ဆိုးစကားလုံးများကို သေချာမမြင်ခဲ့ရသလို ခုနှစ်ရောင်ခြယ်ဝိဉာဉ်ကြာပန်း၏ ကာကွယ်မှုကြောင့် နတ်ဆိုးစကားလုံးများ၏ တကယ့်အနှစ်သာရသည် ရန်ကိုင်၏စိတ်ထဲသို့ မကျူးကျော်လာနိုင်သည့်အတွက်ကြောင့်ပင်။
ရန်ထိုက်အနေဖြင့် နတ်ဆိုးစကားလုံးများ၏ တကယ့်အနှစ်သာရကို သိရှိသွားခဲ့ရပြီး နတ်ဆိုးချီများ သူ့ကိုယ်ထဲ ဖြစ်ပေါ်လာရခြင်းမှာ ရန်ကိုင်လောက် ကံမကောင်းသည့်အတွက်ကြောင့် ဖြစ်သည်ဟုပင် ပြော၍ရပေသည်။ ရန်ထိုက်နေရာတွင်သာ ရန်ကိုင်ဆိုပါက ထိုကဲ့သို့ ကြုံခဲ့ရလိမ့်မည်မဟုတ်ချေ။ ရန်ကိုင်တွင် ခုနှစ်ရောင်ခြယ်ဝိဉာဉ်ကြာပန်း ရှိနေလေသည်။ ထို့အတွက်ကြောင့် နတ်ဆိုးစကားလုံးများ မည်မျှပင်အားကောင်းနေစေကာမူ ခုနှစ်ရောင်ခြယ်ဝိဉာဉ်ကြာပန်း၏အတားအဆီးကို ထိုးဖောက်၍ ရန်ကိုင်၏ဝိဉာဉ်ကို လွှမ်းမိုးနိုင်လိမ့်မည်မဟုတ်။ ထိုသို့သာဖြစ်သွားမည်ဆိုပါက ယနေ့ကဲ့သို့အဖြစ်အပျက်မျိုးလည်း ဖြစ်လာရလိမ့်မည်မဟုတ်ချေ။ သို့သော်ငြား ရန်ကိုင်မဟုတ်ဘဲ ရန်ထိုက်ဖြစ်နေသည့်အတွက်ကြောင့် နတ်ဆိုးစကားလုံးများ၏ အနှစ်သာရကို သိရှိနားလည်သွားသောရန်ထိုက်မှာ ထိုအရာသည် သိုင်းတာအို၏ နက်နဲဆန်းကြယ်မှုတို့ ကိန်းအောင်းနေသည့် အခွင့်အရေးတစ်ခုဖြစ်သည်ဟု မှတ်ယူသွားခဲ့လေသည်။ သို့သော်ငြား တကယ့်တကယ်တွင် ထိုအရာများမှာ သူ့အား ယနေ့ကဲ့သို့ဖြစ်လာအောင် မြှားခေါ်နေသည့် ငါးစာတစ်ခုဖြစ်သည်ဆိုသောအချက်ကိုတော့ မသိခဲ့ပေ။
ရှင်းရှင်းပြောရသော် ဤအဖြစ်အပျက်သည် ရန်ကိုင်အတွက်တော့ မျက်စိပွင့်နားပွင့်ဖြစ်စရာပင်။ ပုံရိပ်တစ်ထောင်အိပ်မက်ကမ္ဘာထဲရှိ နတ်ဆိုးမျိုးနွယ်စုများနှင့် နှစ်နှစ်ကြာအောင် တိုက်ခိုက်ခဲ့သည့်တိုင် ဤကဲ့သို့သော လူတစ်ဦး၏စိတ်ထဲသို့ မသိမသာထိုးဖောက်ဝင်ရောက်ပြီး တစ်ဖက်လူ၏ဝိဉာဉ်ကို လွှမ်းမိုးပစ်နိုင်သည့်စွမ်းရည်အား ပိုင်ဆိုင်ထားသော နတ်ဆိုးမျိုးနွယ်နှင့် ရန်ကိုင် တစ်ခါမှ ကြုံတွေ့ခဲ့ရဖူးခြင်းမရှိချေ။ ယခုမှသာလျှင် ဤကဲ့သို့သောနတ်ဆိုးမျိုးနှင့် ပထမဦးဆုံးအကြိမ် ကြုံဖူးခြင်း ဖြစ်လေသည်။
ယခုအဖြစ်အပျက်ပြီးသွားသည့်နောက်တွင် သွေးတံခါးပေါ်ရှိချိတ်စည်းမှာ အမှန်တကယ်ကို ထိခိုက်သွားခဲ့မှန်း ရန်ကိုင် အတည်ပြုနိုင်သွားခဲ့သည်။ ထို့အတွက်ကြောင့် သွေးတံခါးပေါ်ရှိချိတ်စည်းကို ကျိန်းသေ ပြန်ပြင်ရတော့ပေလိမ့်မည်။ ထိုသို့သာမဟုတ်ပါက တစ်စုံတစ်ဦး ဤနေရာအား နောက်တစ်ကြိမ်ရှာတွေ့သွားချိန် ချိတ်စည်းကို အမှတ်မထင်ဖျက်ဆီးမိကာ တံခါးနောက်တွင်ရှိနေသော နတ်ဆိုးစိတ်ဝိဉာဉ်များကို အပြင်သို့ လွှတ်ပေးမိနိုင်ပေသည်။
နောက်ရက်များအတွင်း ရန်ကိုင်သည် ပို၍ သတိထားနေတော့လေသည်။ သူမည်သည့်အလုပ်ကို လုပ်နေစေကာမူ သွေးတံခါးကို အဆက်မပြတ် တောက်လျှောက်စောင့်ကြည့်နေခဲ့သည်။
တစ်ကြိမ်မအောင်မြင်သည့်နောက်တွင် သွေးတံခါးထဲ၌ရှိနေသော နတ်ဆိုးစိတ်ဝိဉာဉ်များမှာလည်း ရန်ကိုင်၏စိတ်ကို လွှမ်းမိုးဖို့ရာ မည်မျှခက်ခဲကြောင်း နားလည်သွားသည့်အလား နောက်တစ်ကြိမ် ဘာမျှ ထပ်မလုပ်တော့ချေ။
ရန်ကိုင်၏ဒဏ်ရာများမှာလည်း တစ်နေ့နှင့်တစ်နေ့ ပိုပို၍ သက်သာလာခဲ့ရလေသည်။
တစ်လကြာပြီးသည့်နောက်တွင် တောင်ဘက်နယ်မြေရှိ ထိပ်တန်းဂိုဏ်းများမှ ပညာရှင်များ ဤနေရာသို့ ရောက်ရှိလာကြတော့လေသည်။
ကျောက်စိမ်းပြားဆီမှ အချက်ပြမှုကို ရရှိလိုက်သည့်နောက်တွင် ရန်ကိုင်သည် ကျောက်တုံးစံအိမ်ထဲမှ အမြန်ထွက်လာခဲ့လိုက်လေသည်။
ထိုအချိန်တွင် ကျောက်တုံးတောအုပ်ရှိနေသော ကျွန်းကြီးကို အားကောင်းလှသည့် အဆိပ်မြူခိုးများမှ လွှမ်းခြုံထားခဲ့လေသည်။ ယခုအချိန်တွင်တော့ ထိုအဆိပ်မြူခိုးများကို ဝါးမျိုစားသောက်မည့် မွန်းစတားသားရဲများ ထွက်မလာသေးချေ။ သို့သော်ငြား ရန်ကိုင်၏သတင်းစကားကို ရပြီးသည့်နောက်တွင် ထိပ်တန်းဂိုဏ်းများမှ ပညာရှင်များမှာ ရန်ကိုင်နှင့် မြန်မြန်နိုင်သမျှ မြန်မြန်တွေ့နိုင်ရန်အတွက် မွန်းစတားများပေါ်လာမည့်အချိန်ကို စောင့်မနေတော့ဘဲ အတင်းအကြပ်ဝင်ရောက်ရန်သာ ဆုံးဖြတ်လိုက်တော့လေသည်။
သူတို့အနေဖြင့် ဤနေရာသို့ မွန်းစတားများ၏အကူအညီမပါဘဲ မည်ကဲ့သို့လာမလဲဆိုသည်ကိုတော့ ရန်ကိုင်မသိချေ။ သို့သော်ငြား ကျောက်တုံးတောအုပ်အပြင်ဘက်တွင် ရပ်စောင့်နေစဉ်အတောအတွင်း အဆိပ်မြူခိုးများ၏ အပြင်ဘက်ဆီမှ တဝုန်းဝုန်းမြည်သံများကို ကြားနေခဲ့ရလေသည်။ ထို့နောက်တွင် ရောင်စုံမြူခိုးများကြားမှ အလင်းရောင်တစ်ခု ထွက်ပေါ်လာခဲ့လေသည်။ ထိုအလင်းရောင်သည် အဆိပ်မြူခိုးများကို ဖြတ်ကျော်၍ ကျွန်းပေါ်ဆီသို့ ရောက်ရှိလာခဲ့လေသည်။
အလင်းရောင်ပျောက်ကွယ်သွားသည့်နောက်တွင် အားကောင်းလှသည့်အရှိန်အဝါများ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာခဲ့ပြီး လူနှစ်ဆယ်ကျော်မက ရန်ကိုင်ရှေ့တွင် ပေါ်လာခဲ့လေသည်။
ထိုလူအုပ်ကြီးထဲ ရန်ကိုင်၏အသိအကျွမ်းဟောင်းအချို့ကို တွေ့လိုက်ရလေသည်။
ကြယ်ဝိဉာဉ်နန်းတော်၏ အကြီးအကဲဖြစ်သော ရှောင်ယုယန်သည် ထိပ်ဆုံးတွင်ရပ်နေပြီး နေမင်းပြာကျောင်းတော်မှ ကောင်းရွှယ်ထင်း၊ ကောင်းကင်တိုက်ပွဲဒိုဂျိုမှ ချန်ဝမ်ဟောင်၊ ရှေးဟောင်းကျောင်းတော်မှ ဖုန်းမင်တို့အားလုံး ဤနေရာတွင် စုဝေးနေကြလေသည်။ ထိုလူများအနက် ဧကရာဇ်တတိယအဆင့်သို့ ရောက်နေသော ရှောင်ယုယန်တစ်ဦးမှလွဲ၍ ကျန်လူအားလုံးမှာ ဧကရာဇ်ဒုတိယအဆင့်များဖြစ်ကြသည်။
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၂၉၂၃)
ဘာသာပြန်သူ_တိမ်တိုက်
သူတို့ ပထမဦးဆုံးအကြိမ် တွေ့ဖူးစဉ်က ရန်ကိုင်သည် မေပယ်မြို့တွင် ရှိနေစဉ်ကဖြစ်လေသည်။ ထိုစဉ်က ကောင်းရွှယ်ထင်းနှင့် အခြားသူများမှာ ရန်ကိုင်မော်ကြည့်ခဲ့ရသည့် ဧကရာဇ်ပထမအဆင့် ပညာရှင်များ ဖြစ်ခဲ့ကြသည်။
လွန်ခဲ့သည့်နှစ်များအတွင်း ကောင်းရွှယ်ထင်းသည် ဧကရာဇ်ပထမအဆင့်မှ ဒုတိယအဆင့်သို့ တက်လှမ်းနိုင်ခဲ့သလို ချန်ဝမ်ဟောင်နှင့် ဖုန်းမင်တို့မှာလည်း နောက်ကျကျန်နေရစ်ခဲ့ခြင်းမရှိဘဲ ကျင့်ကြံခြင်းတွင် ကောင်းရွှယ်ထင်းအား အမီလိုက်နိုင်ခဲ့လေသည်။
ထို့အပြင် ထိုလူများအပြင် အနည်းငယ်သားသားနားနားနှင့် သက်လတ်ပိုင်းလူကြီးတစ်ဦးလည်း ရှိနေပေသေးသည်။ ထိုသက်လတ်ပိုင်းလူကြီးသည် ကျောက်စိမ်းခါးပတ်ကို ပတ်ထားခဲ့ပြီး ပိုးထည်ဝတ်ရုံကို ဝတ်ဆင်ထားခဲ့လေသည်။ ထိုလူ၏ပုံစံမှာ အဆင့်မြင့်ရာထူးတစ်ခုခုကို ပိုင်ဆိုင်ထားသည့်လူပုံစံမျိုး ပေါက်နေပါသော်ငြား သူ့ကျင့်ကြံခြင်းမှာတော့ ဧကရာဇ်ပထမအဆင့်သာ ရှိနေပေသေးသည်။
ထိုလူ၏နောက်တွင်တော့ သူနှင့် အလားတူဝတ်ရုံမျိုးကို ဝတ်ဆင်ထားသည့် လူဆယ်ယောက် အယောက်နှစ်ဆယ်ခန့် ရှိနေကြလေသည်။ ထိုလူအများစု၏ ကျင့်ကြံခြင်းမှာ ဧကရာဇ်အဆင့်နှင့် တာအိုသခင်အဆင့်များ ဖြစ်ကြသည်။ ဝတ်စားထားသည့် ဝတ်စားပုံကိုကြည့်ရသလောက် ထိုလူအားလုံးမှာ အဖွဲ့အစည်းတစ်ခုထဲမှ လာခြင်းဖြစ်မှန်း မည်သူမဆို ပြောနိုင်ပေလိမ့်မည်။ ထိုလူများထဲ ရင်းနှီးနေသည့်လူတစ်ဦးကို ရန်ကိုင်မြင်လိုက်ရလေသည်။
ကုန်းဝမ်ရှန်းပင်။
ရန်ကိုင်သည် ကုန်းဝမ်ရှန်းအကြောင်း ကောင်းကောင်းမသိဘဲ ကုန်းဝမ်ရှန်းနှင့် ဥတုလေးမျိုးနယ်မြေထဲတွင် တွေ့ခဲ့ဖူးခြင်းသာ ရှိလေသည်။ သို့သော်ငြား ထိုစဉ်က ကောင်းကင်တိုက်ပွဲဒိုဂျိုမှ ဝူချန်းကိုပင်လျှင် ရန်စရဲသည့် ကုန်းဝမ်ရှန်း၏သတ္တိကိုတော့ သေသေချာချာ မှတ်မိနေခဲ့သည်။ ဝူချန်းကို ရန်စပြီးသည့်တိုင် ဝူချန်း၏လိုက်လံဖမ်းဆီးခြင်း ခံခဲ့ရပါသော်ငြား ဝူချန်း၏လက်မှ အောင်မြင်စွာ လွတ်မြောက်နိုင်ခဲ့လေသည်။
ကုန်းဝမ်ရှန်းသည်လည်း ဤနေရာတွင်ရောက်နေသည့်အတွက်ကြောင့် ထိုလူပေါင်းများစွာ စုဝေးနေသည့်အဖွဲ့ မည်သည့်နေရာမှ လာသလဲဆိုသည်ကို မည်သူမဆို သိနိုင်သွားလေပြီ။
ကောင်းကင်မြစ်တောင်ကြားမှ ကုန်းမိသားစုပင်။ ထိုအဖွဲ့၏ရှေ့ဆုံးတွင် ရပ်နေသော ဧကရာဇ်ပထမအဆင့် သက်လတ်ပိုင်းလူကြီးမှာတော့ ကုန်းမိသားစု၏ မိသားစုခေါင်းဆောင် ကုန်းကျန်း ဖြစ်လောက်သည်။
ကုန်းကျန်းသည် တောင်ဘက်နယ်မြေထဲတွင် အတော်ဆုံးအစီအရင်ပညာရှင်တစ်ယောက်ဖြစ်ကာ သူ့ဂုဏ်သတင်းသည် မြောက်ဘက်နယ်မြေရှိ နန်မန်တကျွင်းအောက် နိမ့်ကျခြင်းမရှိချေ။ ရှင်းရှင်းပြောရသော် ကုန်းကျန်းသည် မိသားစုတစ်စု၏ ခေါင်းဆောင်ဖြစ်ပြီး နန်မန်တကျွင်းမှာ တစ်ကိုယ်တော်သမားဖြစ်သည့်အတွက်ကြောင့် ကုန်းကျန်း၏အဆင့်အတန်းမှာ နန်မန်တကျွင်းထက်ပင် ပို၍ မြင့်မားကောင်း မြင့်မားနေနိုင်ပေသည်။
လက်ရှိအချိန်တွင် ရှောင်ယုယန်သည် လွန်းပျံကဲ့သို့သော အရောင်တလက်လက်တောက်နေသည့် မှော်ရတနာတစ်ခုကို ကိုင်စွဲထားခဲ့လေသည်။ သူသည် ထိုမှော်ရတနာအားကိုးဖြင့် အဆိပ်မြူခိုးကို ဖြတ်ကျော်လာခဲ့ခြင်း ဖြစ်လေသည်။ ရန်ကိုင်ကိုယ်တိုင်သည် အဆိပ်မြူခိုး၏စွမ်းအားကို မြင်တွေ့ခဲ့ဖူးသူတစ်ဦးဖြစ်သည့်အတွက်ကြောင့် အဆိပ်မြူခိုးအား လွယ်လင့်တကူ ထိုးဖောက်လာနိုင်သော ဤမှော်ရတနာ မည်မျှအားကောင်းမလဲဆိုသည်ကို ခန့်မှန်းမိသွားခဲ့လေသည်။
“အကြီးအကဲရှောင်၊ အကြီးအကဲချန်၊ အကြီးအကဲဖုန်း…” ရန်ကိုင်က လက်သီးဆုပ်၍ နှုတ်ဆက်လိုက်လေသည်။ သူ့စိတ်ထဲ အတိတ်ကိုပင်လျှင် လွမ်းဆွတ်ချင်မိသွားသလို ဖြစ်သွားခဲ့ရသည်။ ယခင်ကဆိုလျှင် ထိုပညာရှင်များရှေ့မှောက်၌ တလေးတစားဖြင့် ပြုမူရပြီး တစ်ဖက်လူများကို စီနီယာဟု ခေါ်ဝေါ်ခဲ့ရလေသည်။ ယခုအချိန်တွင်တော့ ရန်ကိုင်သည် ထိုလူများနှင့် အဆင့်တူတွင် ရပ်နေနိုင်ခဲ့လေပြီ။
ရန်ကိုင် နောက်ဆုံးနှုတ်ဆက်လိုက်သည့်လူမှာတော့ ကောင်းရွှယ်ထင်းဖြစ်လေသည်။ ကောင်းရွှယ်ထင်းသည် ရန်ကိုင်အား အသာအယာ ခေါင်းပြန်ညိတ်ပြလိုက်လေသည်။ သူတို့နှစ်ဦးစလုံးမှာ တစ်ဂိုဏ်းတည်းမှ လာကြသူများ ဖြစ်သည့်အတွက်ကြောင့် တစ်ဦးနှင့်တစ်ဦး တယဉ်တကျေး ဆက်ဆံနေစရာ မလိုပေ။
“မင်းက တကယ်ကို သွားတဲ့နေရာတိုင်းမှာ လိုက်ပြဿနာရှာတာပဲ…” ဤနေရာတွင် ရန်ကိုင်အား ထပ်မြင်လိုက်သည့်အခိုက် ရှောင်ယုယန် မချိပြုံး ပြုံးလိုက်လေသည်။ ရန်ကိုင်ကိုမြင်ရသည်နှင့်ပင်လျှင် သူ့ခမျာ ခေါင်းကိုက်ချင်လာလေပြီ။
တကယ်တော့ ရန်ကိုင် ကြယ်ဝိဉာဉ်နန်းတော်မှ ထွက်သွားသည်မှ မကြာသေးလေပဲ။ ကြယ်ဝိဉာဉ်နန်းတော်ထဲတွင်ပင် ရန်ကိုင်မှ ငါးရောင်ခြယ်ရတနာဘုရားထဲသို့ ဝင်သွားသည့်အခိုက် ငါးရောင်ခြယ်ရတနာဘုရားထဲ၌ ပြဿနာတက်ခဲ့ရသည်။ ထို့အတွက်ကြောင့် ငါးရောင်ခြယ်ရတနာဘုရား တစ်ခုခုဖြစ်သွားရခြင်းမှာ ရန်ကိုင်နှင့် ပတ်သက်နေရလိမ့်မည်ဟု ရှောင်ယုယန်နှင့်အခြားသောအကြီးအကဲများ သံသယဝင်ခဲ့ကြသည်။ သို့ရာတွင် မဟာဧကရာဇ်က ဘာဆိုဘာမျှမပြောသဖြင့် သူတို့သည်လည်း ထိုကိစ္စကို ထိုအတိုင်း ထားလိုက်ရုံသာ တတ်နိုင်ပေသည်။ မည်သို့ပင်ဖြစ်နေစေကာမူ ငါးရောင်ခြယ်ရတနာဘုရားထိခိုက်မှုသည် အရမ်းကြီးပြင်းထန်ခြင်းမရှိပေ။ ထို့အတွက်ကြောင့် ကြယ်ဝိဉာဉ်နန်းတော်မှာ ထိုကိစ္စကို မသိကျိုးကျွန်သာ ပြုနေလိုက်တော့လေသည်။
“ကျုပ်နဲ့ဘာမှမဆိုင်ဘူးနော်…” ရန်ကိုင်က မျက်နှာတည်ဖြင့် “အခြားတစ်ယောက်တောင်းဆိုလို့ ကျုပ် ဒီကိုရောက်လာခဲ့ရတာ… ဒီကိစ္စနဲ့ လာတိုးတာကတော့ တိုက်ဆိုင်သွားရုံပဲ…”
“ငါ မင်းကို အပြစ်တင်နေတာမဟုတ်ဘူး…” ရှောင်ယုယန်က လက်ဝှေ့ယမ်း၍ ပြန်ပြောလိုက်သည်။ ထို့နောက်တွင် သူ့အမူအယာမှာ လေးနက်သွားခဲ့ပြီး “ဒီကိစ္စကို ဟွာယုလုနဲ့ အခြားသူတွေဆီကနေ ငါတို့ကြားပြီးသွားပြီ… ဒီကိစ္စက မင်းနဲ့ ဘာမှမဆိုင်မှန်းလည်း ငါတို့သိတယ်… ရှင်းရှင်းပြောရရင် တောင်ဘက်နယ်မြေတစ်ခုလုံးကို ကပ်ဘေးကနေ ကယ်တင်ပေးခဲ့တဲ့မင်းကိုတောင် ငါတို့က ကျေးဇူးတင်သင့်တယ်…”
ရန်ကိုင်က ပြန်ပြောလိုက်သည်။ “ကျုပ်ကလည်း တောင်ဘက်နယ်မြေက ကျင့်ကြံသူတစ်ယောက်ပဲလေ… ဒီတော့ အခုလိုမျိုးပြဿနာတစ်ခုခု ဖြစ်လာလို့ရှိရင် ဝင်ပြီးကူညီပေးရမှာ ကျုပ်တာဝန်ပဲ…”
“ဟမ့်…”
လှောင်ရယ်သံတစ်သံ ကောင်းရွှယ်ထင်းရပ်နေရာဆီမှ ထွက်ပေါ်လာခဲ့လေသည်။ မြောက်ဘက်နယ်မြေရှိ ထက်ကောင်းကင်နန်းတော်၏ နန်းတော်သခင်ဖြစ်သော ရန်ကိုင်၏ဂုဏ်ပုဒ်အကြောင်းကို ကောင်းရွှယ်ထင်း စဉ်းစားနေသည့်ပုံပင်။ ရန်ကိုင်သည်သာ သူ့ကိုယ်သူ တောင်ဘက်နယ်မြေမှ ကျင့်ကြံသူတစ်ဦးဟု အမှန်တကယ်မှတ်ယူထားပါက မြောက်ဘက်နယ်မြေတွင် ဂိုဏ်းတစ်ခု သွားမထူထောင်သင့်ဟု တွေးနေသည့်ပုံပင်။ ရန်ကိုင်အနေဖြင့် နေမင်းပြာကျောင်းတော်တွင်သာ အကြီးအကဲတစ်ဦးအဖြစ် နေသင့်သည်ဟု စဉ်းစားနေသည့်အလား။
ရန်ကိုင်ကမူ ကောင်းရွှယ်ထင်း၏အပြုအမူကို မသိချင်ယောင်ဆောင်လျက် ရှောင်ယုယန်ကိုကြည့်၍သာ ဆက်ပြောလိုက်လေသည်။ “အကြီးအကဲရှောင်… ခင်ဗျား အားလုံးကိုခေါ်လာပြီဆိုမှတော့ ဘာဆက်လုပ်ဖို့ စဉ်းစားထားလဲ…”
ရှောင်ယုယန်က ပြောလိုက်သည်။ “မင်းတွေးနေသလိုပဲ… အဲ့ချိတ်စည်းကို ပြန်ပြင်ပြီးတော့ ပိုအားကောင်းအောင်လုပ်ရမယ်… ပြီးတော့ ဒီနေရာကို တားမြစ်နယ်မြေအဖြစ်လည်း သတ်မှတ်ထားရမယ်… ဒီလိုဏ်ဂူစံအိမ်ထဲကို အခြား ဘယ်သူ့ကိုမှ ဝင်ခွင့်ပေးလို့ မရတော့ဘူး…”
ရန်ကိုင်က သူ့မေးစေ့ကိုပွတ်၍ “အဲ့အကြံကမဆိုးဘူး… ဒါပေမယ့် ဒီလောကကြီးမှာ သေရမှာကိုမကြောက်တဲ့လူတွေလည်း ရှိနေကြတယ်လေ… ဒီနေရာတစ်ခုလုံးကို တားမြစ်နယ်မြေအဖြစ် သတ်မှတ်လိုက်ပြီဆိုရင်တောင် အဲ့လိုလူတွေက တားမြစ်နယ်မြေဆိုတဲ့နေရာမျိုးတွေကိုမှ ပိုလာချင်ကြတာ…”
ရှောင်ယုယန်ကပြုံးလျက် “အဲ့ဒါကြောင့်ပဲ မိသားစုခေါင်းဆောင်ကုန်းရဲ့အကူအညီကို ငါတို့ ယူဖို့လိုအပ်နေတာ…” ထိုသို့ပြောပြီးသည့်နောက်တွင် ရှောင်ယုယန်သည် သူ့ဘေးနားတွင်ရပ်နေသော သက်လတ်ပိုင်းလူကြီးကို လက်ညှိုးထိုး၍ “အဲ့ချိတ်စည်းကို ပြန်ပြင်ပြီးတာနဲ့ ဒီကျွန်းတစ်ခုလုံးကို ဖုံးကွယ်ခြင်းအစီအရင်နဲ့ရော အကာအကွယ်အစီအရင်နဲ့ပါ အုပ်ပစ်လိုက်မှာ… ဒီတော့ အရမ်းစပ်စုချင်တယ်ဆိုလို့ရှိရင်တောင် သာမန်လူတွေအနေနဲ့ ဒီနေရာကို ဘယ်လိုမှ ရှာတွေ့နိုင်တော့မှာမဟုတ်ဘူး…”
“အဲ့လိုဆိုရင်တော့ အကောင်းဆုံးပဲပေါ့…” ရန်ကိုင်သည် သက်လတ်ပိုင်းလူကြီးဘက်သို့လှည့်၍ လက်သီးဆုပ်ကာ ပြောလိုက်လေသည်။ “မင်္ဂလာပါ မိသားစုခေါင်းဆောင်ကုန်း…”
ကုန်းကျန်းသည် ဒွိဟဖြစ်နေသည့်အမူအယာဖြင့် ရန်ကိုင်အား ပြန်၍နှုတ်ဆက်လိုက်လေသည်။ “အခုလိုမျိုး ယဉ်ကျေးနေစရာမလိုပါဘူး အကြီးအကဲရန်… အကြီးအကဲရန်ရဲ့နာမည်အကြောင်းကို ဒီကုန်း ကြားဖူးပြီးသားပါ… ဒီနေ့တွေ့လိုက်ရတော့မှပဲ အကြီးအကဲရန်က လူအများကြားက နဂါးတစ်ကောင်ဆိုတာကို ဒီကုန်း သေချာသွားရတော့တယ်…”
ရန်ကိုင်ကပြုံး၍ “မိသားစုခေါင်းဆောင်ကုန်း ကျုပ်ကို ချီးကျူးလွန်းနေပါပြီ…”
ကုန်းကျန်းက ဆက်ပြောလိုက်သည်။ “ကျုပ်မိသားစုဘိုးဘေး အကြီးအကဲရန်ကို အခုလိုမျိုး ပြဿနာတက်အောင် လုပ်ခဲ့လို့ ကုန်းမိသားကိုယ်စား ဒီကုန်းကပဲ အကြီးအကဲရန်ကို တောင်းပန်ပါတယ်…”
ရန်ကိုင်က ခေါင်းခါလျက် “တောင်းပန်နေစရာမလိုပါဘူး မိသားစုခေါင်းဆောင်ကုန်းရယ်… အဲ့ချိတ်စည်းကိုသာ ပြန်ပြင်ပြီးတော့ အားဖြည့်ပေးလိုက်ပါ…”
ကုန်းကျန်းက ခေါင်းညိတ်လိုက်သည်။ “နန်းတော်သခင်မဟွာဆီကနေ ဘာတွေဖြစ်သွားလဲဆိုတာကို ကြားပြီးသွားပြီဆိုပေမယ့် အကြီးအကဲရန်ဆီကနေ နောက်တစ်ကြိမ် သေချာလေး ကြားချင်သေးတယ်… အဆင်ပြေမလားတော့မသိဘူး…”
လက်ရှိအဖြစ်အပျက်တွင် ကုန်းမိသားစု၏ ယခင်မိသားစုခေါင်းဆောင် ပါဝင်နေသဖြင့် ကုန်းကျန်းအနေဖြင့် ယခုဖြစ်ပျက်သွားသည့်ကိစ္စများနှင့် ပတ်သက်၍ သေချာအောင် ထပ်မံအတည်ပြုလိုပေသေးသည်။
“ရတယ်လေ…” ရန်ကိုင်က အချက်ပြ၍ “သွားရင်းနဲ့ပြောကြတာပေါ့… အဲ့ချိတ်စည်းက ဟိုးအတွင်းပိုင်းမှာ ရှိနေတာ…”
ရှောင်ယုယန်တို့အဖွဲ့သည် အောက်သို့ဆင်းလာပြီး ရန်ကိုင်နောက်သို့ လိုက်သွားကြလေသည်။ သွားနေရင်းမှ ရန်ကိုင်သည် ဖြစ်ကြောင်းကုန်စင်ကို အသေးစိတ်ပြောပြလိုက်သည်။ အကုန်လုံးမှာတော့ ရန်ကိုင်ပြောပြနေသည်ကိုသာ တစ်ချက်မှဖြတ်မပြောဘဲ တစိုက်မတ်မတ် နားထောင်နေခဲ့ကြသည်။
သို့သော်ငြား ရန်ကိုင်မှ နတ်ဆိုးစကားလုံးများအကြောင်း ပြောလာသည့်အခါတွင် ဧကရာဇ်အဆင့်ပညာရှင်များ ထိတ်လန့်တုန်လှုပ်သွားခဲ့ကြလေသည်။
သူတို့သည်ပင်လျှင် နတ်ဆိုးစကားလုံးများ၏ စွမ်းရည်မှာ အမှန်တကယ်ကို မယုံကြည်နိုင်စရာကောင်းလှသည်ဟု ယုံကြည်နေမိလေသည်။ ရှေးဟောင်းစကားလုံးတစ်လုံးသည် ထိုစကားလုံး၏အနှစ်သာရကို အခြားလူတစ်ဦးအား နားလည်သွားအောင်လုပ်ပြီး ထိုလူ၏ကိုယ်ထဲတွင် နတ်ဆိုးချီများကို ဖြစ်ပေါ်လာစေသည်။ ထို့နောက် ထိုလူအား သူတို့လုပ်ခိုင်းစေလိုသည့်အရာကို ဖြစ်လာအောင် လုပ်ခိုင်းခဲ့သည်။ ထိုအရာမှာ တကယ်ကို မယုံကြည်နိုင်ဖွယ် ကောင်းလှပေသည်။ သို့သော်ငြား ရန်ထိုက်ကမူ နတ်ဆိုးစကားလုံးများသည် ထိုကဲ့သို့သောစွမ်းရည်မျိုးကို ပိုင်ဆိုင်ကြောင်း အမှန်တကယ် သက်သေပြသွားခဲ့သည်။
မကြာမီတွင် ရှောင်ယုယန်တို့အဖွဲ့သည် မြေအောက်လိုဏ်ခေါင်းဆီသို့ ရောက်လာကြလေသည်။ ရန်ကိုင်သည် သူ့လက်ကိုဝှေ့ယမ်း၍ လိုဏ်ဂူတစ်ခုလုံးကို လင်းထိန်သွားအောင် မှော်ပညာရပ်တစ်ခုကို ထုတ်သုံးပြီးသည့်နောက် ရှေ့တည့်တည့်သို့ညွှန်ပြကာ ပြောလိုက်လေသည်။ “အဲ့ဒါ နတ်ဆိုးဝိဉာဉ်တွေကို ချိတ်ပိတ်ထားတဲ့တံခါးပဲ…”
လူတိုင်း ရှေ့တည့်တည့်သို့ အံ့အားသင့်နေသည့်အကြည့်များဖြင့် လှမ်း၍ ကြည့်လိုက်ကြလေသည်။
ရန်ထိုက်နှင့် ဝူခွမ်းရီတို့သည် သွေးတံခါးရှေ့တွင် သေသွားခဲ့ရသည်။ သူတို့သေသွားရာမှ ကျန်ရစ်ခဲ့သည့် သွေးများ၊ အသားစများကိုတော့ မရှင်းလင်းရသေးချေ။ ရန်ကိုင်ပျင်းရိနေခြင်းမဟုတ်။ တမင်တကာကို ထိုအတိုင်းထားခဲ့ခြင်း ဖြစ်လေသည်။ သို့သော်ငြား ယခု ရှောင်ယုယန်တို့အဖွဲ့ ရောက်လာချိန်တွင်တော့ မည်သည့်သွေးစသွေးကွက်များကိုမှ မတွေ့ရတော့ဘဲ ခြောက်သွေ့နေသည့် ခန္ဓာကိုယ်အစိတ်အပိုင်းများကိုသာ တွေ့ရတော့လေသည်။ အကြောင်းမှာ သွေးများအားလုံးကို တံခါးမှ စုပ်ယူလိုက်သည့် အတွက်ကြောင့်ပင်။
“ခင်ဗျားတို့ကို ကျုပ် သတိပေးစရာ နောက်တစ်ချက်ရှိသေးတယ်… ကျုပ် အဲ့နားမှာထိုင်ပြီးတော့ အနားယူအားပြန်ဖြည့်နေတုန်း အထဲမှာရှိနေတဲ့ နတ်ဆိုးစိတ်ဝိဉာဉ်တွေက နတ်ဆိုးစကားလုံးတွေရဲ့အနှစ်သာရကို ကျုပ်စိတ်ထဲ ရိုက်နှိပ်ဖို့ ကြိုးစားခဲ့သေးတယ်… ကျုပ်သတိထားမိတာ မြန်သွားပြီး ကိုယ့်ကိုယ်ကို အချိန်မီကာကွယ်လိုက်နိုင်လို့… မဟုတ်ရင် ကျုပ်ကိုယ်တိုင်လည်း ရန်ထိုက်လို ဖြစ်သွားလောက်ပြီ…”
ထိုစကားကိုကြားပြီးသည့်နောက် အကုန်လုံး ထိတ်လန့်သွားခဲ့ကြလေ၏။
ကောင်းရွှယ်ထင်းက အမြန်ပြန်မေးလိုက်၏။ “နင်အဆင်ပြေတာ သေချာလား…” ကောင်းရွှယ်ထင်း၏မျက်လုံးများထဲ စိုးရိမ်နေသည့်အရိပ်အယောင်တို့ အထင်းသား ထွက်ပေါ်နေခဲ့လေသည်။
“အဆင်ပြေတယ်… ဘာမှမဖြစ်ဘူး…” ရန်ကိုင်က ပြန်ပြောလိုက်သည်။
ရှောင်ယုယန်က အလေးအနက်အမူအယာဖြင့် “အဲ့ဒါဆိုလို့ရှိရင်တော့ မင်းရဲ့ခန့်မှန်းချက်က လုံးဝကို မှန်သလောက်ရှိသွားပြီ… အဲ့တံခါးထဲမှာ နတ်ဆိုးဝိဉာဉ်တစ်ကောင်တည်း ရှိနေတာမဟုတ်ဘူး… အများကြီးထပ်ရှိနေလောက်တယ်…”
ရန်ကိုင်က ပုခုံးတွန့်လျက် “တစ်ကောင်ပဲရှိရှိ အများကြီးပဲရှိရှိ ဒီနေရာကတော့ ကျိန်းသေကို ချိတ်ပိတ်ထားမှ အဆင်ပြေလိမ့်မယ်…”
“ငါတို့လည်း အဲ့ဒါကိုလုပ်ဖို့ ရောက်နေတာ…” ရှောင်ယုယန်သည် ကုန်းကျန်းဘက်သို့လှည့်၍ “မိသားစုခေါင်းဆောင်ကုန်း… တစ်ချက်လောက်ကူညီပေးပါဦး…”
ကုန်းကျန်းက လက်သီးဆုပ်၍ “ဒါ ကုန်းမိသားစုလုပ်ရမယ့်တာဝန်ပါ…”
ထိုသို့ပြောပြီးသည့်နောက်တွင် တံခါးပေါက်ဆီသို့ ပျံသန်းသွားပြီး ကောင်းကင်စိတ်အာရုံကိုသုံး၍ ချိတ်စည်း၏အခြေအနေကို စစ်ဆေးကြည့်လေသည်။
ရှောင်ယုယန်နှင့် အခြားသူများကမူ မမျှော်လင့်ထားသည့် အန္တရာယ်တစ်ခုခု ထွက်ပေါ်လာခဲ့သည်ရှိသော် အချိန်မရွေး လှုပ်ရှားနိုင်ရန်အတွက် သတိချပ်ကာ စောင့်ကြပ်နေကြလေသည်။
တစ်ခဏအကြာတွင် ကုန်းကျန်းက ပြောလိုက်သည်။ “အခြေအနေကတော့ သိပ်မဆိုးဘူး… ချိတ်စည်းတည်ရှိလာတာ ကြာပြီဆိုပေမယ့် ဒီချိတ်စည်းကို ဖန်တီးသွားတဲ့လူတွေက သေသေချာချာလုပ်ထားတယ်… အဆိုးဆုံးအတွက်တောင် ပြင်ထားခဲ့တဲ့ပုံပဲ… ဒီချိတ်စည်းက သူ့ဘာသာသူ ပြန်ပြင်နိုင်တယ်… ကျုပ်တို့သာ နည်းနည်းပါးပါး ထပ်ပြီး အားဖြည့်ပေးလိုက်ရင် ဘာပြဿနာမှ ရှိတော့မှာမဟုတ်ဘူး…”
ကုန်းကျန်း၏စကားကို ကြားလိုက်သည့်နောက် အကုန်လုံး စိတ်သက်သာရာ ရသွားကြလေသည်။
ကုန်းကျန်းက ဆက်၍ပြောလိုက်သည်။ “ဒါကို ဘယ်လိုပြန်ပြီး မွမ်းမံရမလဲဆိုတာကိုတော့ ကျုပ် ရက်နည်းနည်းလောက် အချိန်ယူပြင်ဆင်ဖို့လိုလိမ့်မယ်… အဲ့အချိန်အတောအတွင်း အကုန်လုံး ကျေးဇူးပြုပြီး တစ်ချက်လောက် ကူစောင့်ပေးကြဦးနော်…”
ရှောင်ယုယန်က ပြန်ပြောလိုက်သည်။ “စိတ်မပူနဲ့ မိသားစုခေါင်းဆောင်ကုန်း… ကျုပ်တို့အားလုံး ဒီမှာရှိနေမှာ…”
ကုန်းကျန်းက ခေါင်းညိတ်လိုက်ပြီးသည့်နောက် နေရာတစ်ခုရှာကာ တင်ပလင်ခွေထိုင်ချလိုက်လေသည်။ ထို့နောက် သူ့သိုလှောင်လက်စွပ်ထဲမှ ထူးဆန်းသည့်ပစ္စည်းများစွာကို ထုတ်ယူလိုက်လေ၏။
ထို့နောက်တွင် ရှောင်ယုယန်သည် ရန်ကိုင်ဘက်သို့လှည့်၍ “ကုန်းယွဲ့ကို နတ်ဆိုးဝိဉာဉ် ဝင်ပူးသွားတယ်လို့ မင်းပြောတယ်နော်… သူအခု နတ်ဆိုးအသွင်ပြောင်းပြီးတော့ ထွက်ပြေးသွားတာဆိုတော့ သူ့ကို ဒီတိုင်း လွှတ်ပေးထားလို့ရှိရင် ပြဿနာတက်သွားနိုင်တယ်… ကုန်းယွဲ့ကိစ္စကို ဘယ်လိုဖြေရှင်းမလဲ မင်းမှာ အကြံရှိလား…”
ရန်ကိုင်က ပြုံးဖြီးလျက် “ကျုပ် သူဘယ်မှာရှိနေလဲ ခြေရာခံလို့ရတယ်…”
ရှောင်ယုယန်၏မျက်လုံးများ တောက်ပသွားခဲ့လေသည်။ “ထင်တဲ့အတိုင်းပဲ… မင်းကိုအရင်လာရှာတာ တကယ်မှန်သွားတာပဲ… ကြည့်ရတာ မင်း အခုလိုဖြစ်လာမှာအတွက် ကြိုပြီးပြင်ဆင်ထားတယ်နဲ့တူတယ်…”
ရန်ကိုင်က ပြန်ပြောလိုက်သည်။ “သူ သတိမထားမိဖို့ပဲ ကျုပ်တို့မျှော်လင့်ရမယ်…”
ကုန်းယွဲ့ နတ်ဆိုးအသွင်သို့ပြောင်းသွားပြီး ထွက်သွားစဉ်က ရန်ကိုင်သည် ကုန်းယွဲ့ပေါ်တွင် လျှို့ဝှက်အမှတ်အသားတစ်ခုကို ချန်ရစ်ခဲ့လေသည်။ ထိုစဉ်က ကုန်းယွဲ့၏အသိစိတ်မှာ ဝိုးတဝါးတားဖြစ်နေသည့်အတွက်ကြောင့် ရန်ကိုင်မှ သူ့ကိုယ်ပေါ်တွင် အမှတ်အသားတစ်ခု ချန်ရစ်ခဲ့သည်ကို သတိမထားမိခဲ့ချေ။ ထိုအကြောင်းကြောင့်သာလျှင် ရန်ကိုင်မှာ စိတ်အေးလက်အေးဖြင့် နေနိုင်နေခြင်းဖြစ်လေသည်။
ထို့အပြင် ရန်ကိုင်သည် ထိုစဉ်က ဟွာယုလုနှင့်အခြားသူများကို ဖြေရှင်းရမည့်ကိစ္စနှစ်ခုအကြောင်း ပြောပြခဲ့လေသည်။ ဒုတိယတစ်ခုမှာ ကုန်းယွဲ့အား လိုက်ဖမ်း၍ ရှင်းထုတ်ပစ်ရန် ဖြစ်လေသည်။ သို့သော်ငြား ထိုသုံးဦးတွင် ထိုကဲ့သို့သောစွမ်းရည်မျိုး မရှိသည့်အတွက်ကြောင့် ရန်ကိုင်မှာ သူတို့အား ပြောမပြခဲ့ပေ။ ထိပ်တန်းဂိုဏ်းများမှ ပညာရှင်များ ရောက်လာမည့်အချိန်ကိုသာ စောင့်ဆိုင်းနေခဲ့ခြင်းဖြစ်သည်။
“ငါက ဒီကကိစ္စတွေကို စောင့်ကြည့်ရဦးမှာဆိုတော့ ကုန်းယွဲ့ကိစ္စကို မင်းတို့လက်ထဲပဲ အပ်ထားလိုက်မယ်…” ရှောင်ယုယန်သည် အခြားသောဧကရာဇ်ဒုတိယအဆင့်ပညာရှင်များဘက်သို့လှည့်၍ ပြောလိုက်သည်။
ချန်ဝမ်ဟောင်က ခေါင်းညိတ်၍ “စိတ်မပူနဲ့အကြီးအကဲရှောင်… ကျုပ်တို့တာဝန်သာထားလိုက်…”
သူတို့ ဤနေရာသို့ အတူတကွ ရောက်လာရခြင်းမှာ ပထမဦးဆုံး သွေးတံခါးပေါ်ရှိ ချိတ်စည်း၏ အခြေအနေကို ကြည့်ကြည့်ရန်ဖြစ်ပြီး ဒုတိယတစ်ခုမှာတော့ ကုန်းယွဲ့နောက်သို့ ခြေရာခံလိုက်ရန် ဖြစ်လေသည်။ မူလက ကုန်းယွဲ့အား မည်ကဲ့သို့ ခြေရာခံလိုက်ရမလဲ ဆိုသည်နှင့်ပတ်သက်၍ ရန်ကိုင်ဆီမှ သဲလွန်စအချို့ ရရှိရန် မျှော်တွေးထားခဲ့ပါသော်ငြား ရန်ကိုင်သည် ကုန်းယွဲ့အား ခြေရာခံနိုင်လိမ့်မည်ဟု မမျှော်လင့်ထားခဲ့ချေ။ ရန်ကိုင်မှ ကုန်းယွဲ့အား ခြေရာခံနိုင်သည့်အတွက်ကြောင့် ကုန်းယွဲ့ကို လိုက်ရှာဖို့ရာမှာ ပိုမိုလွယ်ကူသွားလေပြီ။
ဧကရာဇ်ဒုတိယအဆင့်ပညာရှင်သုံးဦးမှ အတူတကွပူးပေါင်း၍ လိုက်ဖမ်းနေလေရာ ကုန်းယွဲ့သည် ဧကရာဇ်ဒုတိယအဆင့်ပညာရှင်တစ်ဦး ဖြစ်နေမည်ဆိုလျှင်ပင် သူတို့အား မည်သည့်နည်းနှင့်မျှ ယှဉ်ပြိုင်တိုက်ခိုက်နိုင်လိမ့်မည်မဟုတ်ချေ။ ထို့အပြင် ရန်ကိုင်သည်လည်း အကောင်းအတိုင်း ပြန်ဖြစ်နေလေပြီ။ သူတစ်ယောက်တည်းနှင့်ပင်လျှင် ကုန်းယွဲ့အား ရင်ဆိုင်နိုင်လေရာ ဧကရာဇ်ဒုတိယအဆင့်ပညာရှင်သုံးဦးပါ ထပ်ပါနေသည့်အခါမျိုးတွင်တော့ ပြောနေစရာပင်မလိုတော့။
“ဒီလိုဆိုရင် မြန်မြန်လိုက်ရှာကြပေတော့… ဒီကိစ္စက နှောင့်နှေးနေလို့အဆင်မပြေဘူး…” ရှောင်ယုယန်က ပြောလိုက်သည်။
ကုန်းယွဲ့ နတ်ဆိုးအသွင်သို့ပြောင်းပြီး ဤနေရာမှထွက်သွားသည်မှာ တစ်လမက ရှိနေခဲ့လေပြီ။ ယခု ကုန်းယွဲ့ မည်သည့်နေရာသို့ရောက်နေမှန်း မည်သူမှမသိကြ။ သူတို့သည်သာ ယခုကိစ္စကို နှောင့်နှေးနေမည်ဆိုပါက ရန်ကိုင်ချန်ထားရစ်ခဲ့သည့် အမှတ်အသားကို ကုန်းယွဲ့ သတိထားမိကောင်း ထားမိသွားနိုင်ပေသည်။
ထို့အတွက်ကြောင့် ကျန်လူများမှာလည်း မည်သည့်အပိုစကားမှ ပြောမနေတော့ဘဲ လိုဏ်ဂူစံအိမ်ထဲမှ ချက်ချင်းထွက်သွားကြလေသည်။
ထိုစဉ် ချိတ်စည်းအား မွမ်းမံနိုင်မည့်နည်းလမ်းကို ရှာဖွေနေသော ကုန်းကျန်းက ရုတ်တရက်ပြောလိုက်လေသည်။ “မင်းတို့အနေနဲ့ အရင်မိသားစုခေါင်းဆောင်ရဲ့ ခန္ဓာကိုယ်ကို ပြန်သယ်လာလို့အဆင်ပြေရင် သယ်လာပေးပါနော်…”
ကုန်းယွဲ့၏အသက်ကို ချမ်းသာပေးဖို့ရာကိုတော့ ကုန်းကျန်း သွားတောင်းဆိုမနေခဲ့ပေ။ အကြောင်းမှာ ကုန်းယွဲ့သည် နတ်ဆိုးဝိဉာဉ်၏ ဝင်စီးထားခြင်း ခံရပြီး ဖြစ်သည့်အတွက်ကြောင့် သူ့အား မည်သည့်နည်းနှင့်မျှ ချမ်းသာပေး၍ မရတော့ချေ။ ကုန်းယွဲ့အား ချမ်းသာပေးလိုက်မည်ဆိုလျှင်ပင် ကုန်းယွဲ့သည် ကုန်းယွဲ့ဖြစ်တော့လိမ့်မည်မဟုတ်။ ယခင်က တောင်ဘက်နယ်မြေတစ်ခုလုံးတွင် နာမည်ကျော်ကြားခဲ့ရသည့် ကုန်းမိသားစု၏ မိသားစုခေါင်းဆောင်ဟောင်းသည် ယနေ့အဖြစ်အပျက်ကြောင့် သူ့ဂုဏ်သတင်းမှာ လုံးဝကို ပျက်စီးသွားခဲ့ရလေပြီ။ သူ့ဂုဏ်သတင်းကိုသာလျှင် ဖျက်ဆီးခဲ့ခြင်းမဟုတ်။ သူ့ပြဿနာထဲ ကုန်းမိသားစုကိုပါ ဆွဲထည့်သွားခဲ့လေသည်။ ထိုအကြောင်းကိုတွေးရင်း ကုန်းကျန်း သက်ပြင်းမချဘဲ မနေနိုင်အောင် ဖြစ်သွားခဲ့ရသည်။
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၂၉၂၄)
ဘာသာပြန်သူ_တိမ်တိုက်
တိမ်ယံကင်းစင်သည် သာယာလှပသော နေ့လေးတစ်နေ့တွင် မိုးကောင်းကင်ပြာကြီးအောက်ဝယ် အလင်းတန်းတစ်ခု ပျံသန်းသွားနေခဲ့လေသည်။ ထိုအလင်းတန်းသည် ပျံသန်းရေးမှော်ရတနာတစ်ခုသာ ဖြစ်လေ၏။ သို့သော်ငြား ထိုမှော်ရတနာ၏အမြန်နှုန်းမှာ အလွန်ကိုမှ မြန်ဆန်လွန်းလှသည့်အတွက်ကြောင့် သာမန်လူသားများအဖို့ မျက်စိဖြင့်ပင် မမြင်နိုင်လောက်ပေ။
ထိုမှော်ရတနာမှာ အခြားမဟုတ်။ ရန်ကိုင်၏ ပန်းတိမ်တိုက်လွန်းပျံသာ ဖြစ်လေသည်။ ပန်းတိမ်တိုက်လွန်းပျံ၏ အတွင်းပိုင်းမှာ ကျဉ်းပါသော်ငြား လူလေးယောက်စာအတွက်မူ ပြဿနာမရှိပေ။
ရန်ကိုင်တို့အဖွဲ့သားလေးဦးသည် ထိုပန်းတိမ်တိုက်လွန်းပျံကို တစ်ယောက်တစ်လှည့်စီ ထိန်းချုပ်ရင်း ရန်ကိုင်မှ ကုန်းယွဲ့ပေါ်တွင် ချန်ထားရစ်ခဲ့သည့်အမှတ်အသားကို ခြေရာခံနေကြလေသည်။
ကုန်းယွဲ့သည် သူမျှော်လင့်ထားသည်ထက်ပို၍ ရင်ဆိုင်ရခက်နေခဲ့သည်။ ရန်ကိုင်တို့ ဧကရာဇ်အဆင့်ပညာရှင်လေးဦး ဧကရာဇ်လိုဏ်ဂူစံအိမ်ထဲမှ ထွက်လာခဲ့သည်မှာ တစ်လခန့် ရှိသွားခဲ့လေပြီ။ သို့သော်ငြား ကုန်းယွဲ့၏အရိပ်အယောင်ကိုတော့ လုံးဝမမြင်ရသေး။ ပိုဆိုးသည်မှာ ကုန်းယွဲ့ပေါ်ရှိအမှတ်အသားမှာ အချိန်ကြာလာသည်နှင့်အမျှ ပိုပို၍ အားနည်းလာနေခြင်းပင် ဖြစ်လေသည်။ ဤအတိုင်းသာ ဆက်သွားနေမည်ဆိုလျှင် ရန်ကိုင်တို့အနေဖြင့် ကုန်းယွဲ့အား လုံးဝ ခြေရာခံနိုင်တော့လိမ့်မည် မဟုတ်ချေ။
ထို့အတွက်ကြောင့် ရန်ကိုင်မှာ စိုးရိမ်ပူပန်နေရလေ၏။ တစ်ခုသောအချိန်သို့ အရောက်တွင် ရန်ကိုင် ရုတ်တရက် မျက်လုံးပွင့်လာခဲ့လေသည်။
ပန်းတိမ်တိုက်လွန်းပျံကို ထိန်းချုပ်နေသော ကောင်းရွှယ်ထင်းသည်လည်း ထိုအချက်ကို သတိထားမိလိုက်ပြီး ရန်ကိုင်ဘက်သို့လှည့်၍ မေးလိုက်လေ၏။ “ထပ်ပျောက်သွားပြန်ပြီလား…”
ရန်ကိုင်က ကူကယ်ရာမဲ့နေဟန်ဖြင့် ခေါင်းညိတ်လိုက်သည်။ ကုန်းယွဲ့အား လိုက်လံဖမ်းဆီးသည့် ပထမလဝက်အတွင်းတွင် ရန်ကိုင်နှင့် ကုန်းယွဲ့ပေါ်၌ သူချန်ထားရစ်ခဲ့သော အမှတ်အသားကြားရှိ ဆက်သွယ်ချက်မှာ အားနည်းပါသော်ငြား ပြတ်တောင်းပြတ်တောင်း ဖြစ်နေခြင်းတော့ မရှိချေ။ သို့သော်ငြား နောက်လဝက်အတွင်း ထိုဆက်သွယ်ချက်မှာ မကြာခဏဆိုသလို နှောင့်ယှက်ခံရသဖြင့် ရန်ကိုင်မှာ ကုန်းယွဲ့အား ခြေရာခံဖို့ရာ အတော်လေး အခက်တွေ့ခဲ့ရသည်။
ရန်ကိုင်မှ ကုန်းယွဲ့ပေါ်တွင် အမှတ်အသားတစ်ခုကို ချန်ထားရစ်ခဲ့စဉ်က ကုန်းယွဲ့၏အသိစိတ်မှာ ပရမ်းပတာ ဖြစ်နေခဲ့ပါသော်ငြား ရန်ကိုင်မှာ အရမ်းကြီး မဆင်မခြင်မလုပ်ရဲခဲ့ချေ။ ထို့အတွက်ကြောင့် ကုန်းယွဲ့ပေါ်တွင် သူချန်ထားရစ်ခဲ့သည့် အမှတ်အသားမှာ အရမ်းကြီး အားကောင်းခြင်းမရှိ။ ထို့အတွက်ကြောင့် သူနှင့်ကုန်းယွဲ့ကြားရှိ အကွာအဝေးသည်သာ အတော်လေးခြားသွားပါက ရန်ကိုင်အနေဖြင့် ကုန်းယွဲ့အား အာရုံခံနိုင်တော့လိမ့်မည်မဟုတ်ချေ။ သို့သော်ငြား လေဟာနယ်နိယာမစွမ်းအားများကို ကျွမ်းကျင်စွာ နားလည်ထားသည့်အတွက်ကြောင့် ရန်ကိုင်မှာ ကုန်းယွဲ့အား ယခုအချိန်အထိ အာရုံခံနိုင်နေပေသေးသည်။
“ကုန်းယွဲ့ သတိထားမိသွားတယ်လို့ ထင်လား… သူက ဧကရာဇ်ဒုတိယအဆင့်ပညာရှင်တစ်ယောက် ဖြစ်နေတုန်းပဲလေ…” ကောင်းရွှယ်ထင်းက မျက်မှောင်ကျုံ့၍ မေးလိုက်သည်။
ရန်ကိုင်က ပြန်ပြောလိုက်သည်။ “သူသတိထားမိမိ မထားမိမိ အခုအခြေအနေကို အခွင့်ကောင်းယူပြီးတော့ ပြဿနာလိုက်မရှာတာကိုပဲ ကျေးဇူးတင်နေရမှာ…”
ကုန်းယွဲ့ထွက်ပြေးသွားသည်မှာ နှစ်လခန့်ရှိနေပြီ ဖြစ်ပါသော်ငြား ထိုအချိန်အတောအတွင်း မည်သူ့ကိုမှ ထိခိုက်ဒဏ်ရာရအောင် လုပ်ခဲ့ခြင်းမရှိချေ။ ကုန်းယွဲ့သည် တစ်ခုခုကို ရှာနေသယောင်ယောင် တစ်ယောက်ယောက်ဆီမှ ပုန်းနေသယောင်ယောင်ပုံစံဖြင့် စက်ဝိုင်းပုံစံသာ လျှောက်ပတ်သွားနေခဲ့သည်။
ကုန်းယွဲ့ ဘာလုပ်ချင်လို့ လုပ်ချင်နေမှန်း မည်သူမှမသိ။ ကုန်းယွဲ့ သူ၏ယခင်အသိစိတ်ကို ပြန်ရသွားပြီလား။ ထိုသို့မဟုတ်ဘဲ နတ်ဆိုးစိတ်ဝိဉာဉ်၏ အပြီးတိုင် စီးနင်းခြင်း ခံလိုက်ရပြီလားဆိုသည်ကို မည်သူမျှ မသိကြပေ။
ကုန်းယွဲ့နှင့် မျက်နှာချင်းဆိုင် တွေ့ရသည့်အခါမှလျှင် ရန်ကိုင်တို့အနေဖြင့် ကုန်းယွဲ့၏အခြေအနေကို ပြောနိုင်ပေလိမ့်မည်။
ဖုန်းမင်က အေးစက်စက်အမူအယာဖြင့် နှာခေါင်းရှုံ့လျက် “နတ်ဆိုးအသွင်ကို ပြောင်းနေပြီဆိုမှတော့ ဒီလောကကြီးက အကျယ်ကြီးဆိုရင်တောင် သူ့အနေနဲ့ ပုန်းစရာနေရာ ရှိတော့မှာမဟုတ်ဘူး… နောက်ဆုံးကျရင်တော့ သူ့ကို ကျိန်းသေ ရှာတွေ့မှာပဲ…”
ချန်ဝမ်ဟောင်က ရုတ်တရက်ပြောလိုက်လေသည်။ “မေပယ်မြို့တုန်းကအဖြစ်အပျက်ကို မင်းတို့နှစ်ယောက် မှတ်မိကြသေးလား…”
ထိုစကားကိုကြားသော် ကောင်းရွှယ်ထင်းနှင့် ဖုန်းမင်တို့နှစ်ဦးစလုံး ခေါင်းညိတ်လိုက်ကြသည်။ “မှတ်မိတယ်…”
ချန်ဝမ်ဟောင်က သက်ပြင်းချလျက် “အဲ့အဖြစ်အပျက်ပြီးတဲ့နောက်ပိုင်း ငါ တော်ဝင်နယ်မြေကို ပြန်သွားပြီးတော့ ရှေးဟောင်းမှတ်တမ်းတွေကို တစ်ချက် သွားပြန်ကြည့်ကြည့်တယ်… ငါကြည့်ကြည့်ရသလောက်တော့ အဲ့လိုအဖြစ်အပျက်မျိုးတွေက ဟိုးအရင်တုန်းကတောင် ဖြစ်တာ အရမ်းရှားတယ်… ဒါပေမယ့် ကြည့်ရတာတော့ ဒီနှစ်အတောအတွင်းမှာ ခဏခဏ ဖြစ်နေတဲ့ပုံပဲ…”
“အဲ့တော့…” ချန်ဝမ်ဟောင် ဘာကြောင့် ဤအကြောင်းအား ရုတ်တရက်ပြောလာသလဲဆိုသည်ကို ဖုန်းမင် နားမလည်ချေ။
“ငါ့စိတ်ထင်တော့ နတ်ဆိုးတွေ သောင်းကျန်းနေတာနဲ့တူတယ်…” ချန်ဝမ်ဟောင်က အလေးအနက်အမူအယာဖြင့် “ဒီလိုအလားတူဖြစ်ရပ်မျိုးတွေ အတိတ်မှာလည်း ဖြစ်ခဲ့ဖူးတယ်… အဲ့အကြောင်းတွေကို သိပ်ပြောမထားပေမယ့် အခုလိုမျိုးအဖြစ်အပျက်မျိုးတွေ ဖြစ်တိုင်းဖြစ်တိုင်း ဘယ်တော့မှ အဆုံးသတ်ကောင်းလေ့မရှိဘူး… အကုန်လုံးက မကောင်းတဲ့လက္ခဏာတွေချည်းပဲ…”
ချန်ဝမ်ဟောင်၏စကားကြောင့် ကျန်သုံးယောက် အနည်းငယ် ကြောင်အမ်းအမ်းဖြစ်သွားခဲ့ရသည်။
ဖုန်းမင်က ရယ်သွမ်းသွေးလျက် “အဲ့လိုဆိုရင်တောင် ဒီကိစ္စက ငါတို့စိတ်ပူစရာမလိုဘူး… ကောင်းကင်ကြီးပြိုကျလာရင်တောင် အပေါ်ကလူတွေ ထမ်းတင်ပေးထားလိမ့်မယ်…”
ဖုန်းမင်၏စကားနှင့်ပတ်သက်၍ ကောင်းရွှယ်ထင်းနှင့် ချန်ဝမ်ဟောင်တို့နှစ်ဦးစလုံး နှုတ်ဆိတ်နေကြလေသည်။
ဖုန်းမင်က သူ့မေးစေ့ကိုပွတ်ရင်းမှ ခေါင်းစဉ်ပြောင်းလိုက်လေ၏။ “ဒါနဲ့… ငါသိချင်နေတာတစ်ချက်ရှိတယ်… ကုန်းယွဲ့ နတ်ဆိုးအသွင်ပြောင်းသွားတယ်ဆိုတော့… အဲ့လိုအသွင်ပြောင်းပြီးသွားရင် သူ့ပုံစံက ငါတို့ မေပယ်မြို့အပြင်ဘက်မှာ တွေ့တုန်းကကောင်နဲ့ အတူတူဖြစ်သွားမှာလား…”
“မေပယ်မြို့အပြင်ဘက်မှာတုန်းက… အဲ့တုန်းကကိစ္စကတော့ တော်တော်လေးကို သံသယဝင်စရာ ကောင်းတယ်ကွ…” ချန်ဝမ်ဟောင် မျက်မှောင်ကျုံ့နေခဲ့လေသည်။
ကောင်းရွှယ်ထင်းလည်း ခေါင်းညိတ်လိုက်သည်။ ထိုစဉ်က သူတို့သုံးဦးသည် နတ်ဆိုးတစ်ကောင်နှင့် ရင်ဆိုင်တိုက်ခိုက်ခဲ့ကြသည်။ တိုက်ခိုက်နေရင်းမှ ရုတ်တရက်ဆိုသလို သုံးဦးစလုံးသည် ပိန်းပိန်းပိတ်နက်မှောင်သည့် အမှောင်ထုထဲသို့ ဆွဲခေါ်ခြင်း ခံလိုက်ရသည်။ ထိုအမှောင်ထုကြီး ပျောက်ကွယ်သွားသည့်နောက်တွင် သူတို့၏ရန်သူမှာ သဲလွန်စမကျန် ပျောက်ကွယ်သွားခဲ့လေသည်။ သူတို့သုံးဦးစလုံး ထိခိုက်ဒဏ်ရာ ရထားခြင်းမရှိ။ မသိလျှင် ထိုနတ်ဆိုးသည် သူတို့အား တမင်တကာ လွှတ်ပေးလိုက်သည့်အလား။
ထိုစဉ်က ဘာတွေဖြစ်ပျက်သွားခဲ့သလဲဆိုသည်ကို မည်သူမျှ တပ်အပ်မပြောနိုင်ကြချေ။ ထို့အတွက်ကြောင့် သူတို့ကိုယ်သူတို့ သေသေချာချာ စစ်ဆေးကြည့်ပြီးသည့်နောက် မည်သည့်ပြဿနာမှမရှိမှန်း အတည်ပြုပြီးသည့်နောက်တွင် သူတို့၏ဂိုဏ်းဆီသို့ ပြန်သွားကြလေ၏။ သို့တိုင် ထိုနှစ်များအတွင်း မေပယ်မြို့အပြင်ဘက်၌ ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်ကိုတော့ သူတို့အားလုံး သေချာမှတ်မိနေကြပေသေးသည်။
ထိုလူများ မေပယ်မြို့အပြင်ဘက်မှ ကိစ္စအကြောင်း အစဖော်လာသော် ရန်ကိုင်သည် မသိချင်ယောင်ဆောင်လျက် မျက်လုံးကိုသာ ပိတ်နေလိုက်လေသည်။ ထို့နောက် ပန်းတိမ်တိုက်လွန်းပျံကို ထိန်းချုပ်ရင်းမှ ကုန်းယွဲ့အား ခြေရာခံရန် ကြိုးစားတော့လေ၏။
တစ်ရက်ကြာပြီးသည့်နောက် ရန်ကိုင် ရုတ်တရက် မျက်လုံးပွင့်လာပြီး အော်ပြောလိုက်လေသည်။ “ကျုပ် သူ့ကိုတွေ့ပြီ…”
“ဘယ်မှာလဲ…” ကောင်းရွှယ်ထင်းနှင့် ကျန်လူအားလုံး တစ်ပြိုင်တည်း မျက်လုံးပွင့်လာခဲ့ကြသည်။
ရန်ကိုင်က တစ်ခုသောဘက်သို့ညွှန်ပြလျက် “အဲ့ဘက် မိုင်သုံးထောင်အကွာမှာ…”
ဖုန်းမင်၏မျက်လုံးများ တောက်ပသွားခဲ့လေသည်။ “အဲ့လောက်တောင် နီးတာလား… ဒီတစ်ကြိမ် သူဘယ်ကိုထွက်ပြေးမလဲ ကြည့်ရသေးတာပေါ့…”
သာမန်သေမျိုးများအတွက် မိုင်သုံးထောင်ဆိုသည့်အကွာအဝေးမှာ အလွန်တရာကိုမှ ဝေးလွန်းလှသည့် အကွာအဝေးတစ်ခုဖြစ်ပါသော်ငြား ဧကရာဇ်အဆင့်ပညာရှင်များအတွက်မူ မိုင်သုံးထောင်ဟူသောအကွာအဝေးသည် လက်တစ်ကမ်းအလိုသာ ဖြစ်ပေသည်။
ကုန်းယွဲ့အား ခြေရာခံ လိုက်လံဖမ်းဆီးနေသည့်အတောအတွင်း သူတို့အနေဖြင့် ကုန်းယွဲ့နှင့် ဤမျှ နီးနီးကပ်ကပ်အကွာအဝေးသို့ တစ်ခါမှ မရောက်ရှိခဲ့ဖူးပေ။ ထို့အတွက်ကြောင့် ကုန်းယွဲ့ သူတို့အနီးအနားတွင်သာ ရှိနေကြောင်း ကြားသိလိုက်ရသည့်နောက် အကုန်လုံးမှာ စိတ်လှုပ်ရှားသွားကုန်ကြလေသည်။
မကြာမီတွင် ပန်းတိမ်တိုက်လွန်းပျံသည် နေရာတစ်ခုဆီသို့ ရောက်လာခဲ့လေသည်။
ပန်းတိမ်တိုက်လွန်းပျံ ရပ်သွားခဲ့ပြီး လူလေးဦး လေထဲ ပေါ်လာခဲ့သည်။ ထိုလူများမှာ သူတို့၏အရှိန်အဝါကို ဖုံးကွယ်ထားရန် ကြိုးစားခြင်းမရှိ။ အားကောင်းလွန်းလှသည့် ဧကရာဇ်အရှိန်အဝါသည် ကျယ်ပြောလှသည့် ပင်လယ်ရေပမာ ဟင်းလင်းပြင်တစ်ခုလုံးအနှံ့ ပြည့်နှက်သွားခဲ့သဖြင့် မြေပြင်သည်ပင်လျှင် တုန်ခါလာခဲ့ရသည်။
ဧကရာဇ်အဆင့်ပညာရှင်များ စုဝေးနေသည့် ဤနေရာမှာတော့ မီတာတစ်ထောင်ခန့်သာ အမြင့်ရှိသည့် တောင်ငယ်လေးတစ်လုံးသာ ဖြစ်လေသည်။ တောင်ငယ်လေးပေါ်တွင် စံအိမ်တစ်လုံး တည်ရှိနေလေ၏။ ဤနေရာရှိရှုခင်းမှာ မဆိုးလှပါသော်ငြား မိုးမြေစွမ်းအင်မှာတော့ ထိုမျှသိပ်သည်းခြင်းမရှိချေ။
တစ်ချက်ဝေ့ကြည့်လိုက်ပြီးသည့်နောက် ဤနေရာတွင်ရှိနေသော မြေကမ္ဘာချီကြောမမှာလည်း အဆင့်မြင့်လာခြင်းမရှိကြောင်း တွေ့လိုက်ရလေသည်။ ထို့အတွက်ကြောင့် အဆင့်မြင့်ဂိုဏ်းများနှင့် မိသားစုများ ဤနေရာအား မျက်စိကျရန် မဖြစ်နိုင်ပေ။ နောက်ခံကောင်းကောင်း ပိုင်ဆိုင်ထားခြင်း မရှိသူများ၊ တစ်ကိုယ်တော်လေလွင့်ကျင့်ကြံသူများသည်သာ ဤကဲ့သို့သောနေရာမျိုးကို နေထိုင်ရန် ရွေးချယ်ကြပေလိမ့်မည်။
လက်ရှိအချိန်တွင် ဤတောင်ငယ်လေးပေါ်၌ ဂိုဏ်းငယ်လေးတစ်ဂိုဏ်း ရှိနေခဲ့လေသည်။
တောင်ထိပ်ပေါ်တွင် လူငါးဆယ်မှ ခြောက်ဆယ်ခန့် စုဝေးနေကြပြီး ထိုလူများအနက် အားအကောင်းဆုံးမှာ တန်ခိုးရှင်ဘုရင်အဆင့် ကျင့်ကြံသူတစ်ဦးဖြစ်ပေသည်။ ဤကဲ့သို့သော ဂိုဏ်းတစ်ဂိုဏ်းသည် တောင်ဘက်နယ်မြေအတွင်း ဘာဆိုဘာမှမဟုတ်ပေ။
ဤနေရာသည် အလွန်တရာကိုမှ ချောင်ကျလှသည့်အတွက်ကြောင့် လူသူအရောက်အပေါက်နည်းလှသည်ဟု ပြော၍ရသည်။
ဤနေရာတွင် ရှိနေသည့် ဂိုဏ်းငယ်လေး၏ အားအကောင်းဆုံးသောကျင့်ကြံသူမှာ တန်ခိုးရှင်ဘုရင်တတိယအဆင့်သာ ရှိသေးသည့်အတွက်ကြောင့် ရန်ကိုင်တို့ဧကရာဇ်အဆင့်လေးဦး ရောက်လာသည့်အခါ ထိုလူများမှာ အလွန်တရာကိုမှ ထိတ်လန့်တုန်လှုပ်သွားကုန်ကြရလေသည်။
ယနေ့တွင် သူတို့၏ဂိုဏ်းဆီသို့ ဧကရာဇ်အဆင့်ပညာရှင်လေးဦး ဗြုန်းစားကြီး ရောက်ရှိလာခဲ့သည်။ ထို့အပြင် ထိုဧကရာဇ်အဆင့်ပညာရှင်လေးဦးစလုံးမှာ တောင်ဘက်နယ်မြေထဲရှိ ထိပ်တန်းဂိုဏ်းများမှ လာကြခြင်း ဖြစ်လေသည်။ ထို့အတွက်ကြောင့် ထိုလူအားလုံးမှာ အသံပင်မထွက်နိုင်လောက်အောင်ကို မင်သက်အံ့ဩနေကုန်ကြရလေသည်။
တောင်ထိပ်ပေါ်တွင်ရှိနေသော ငါးဆယ်ခြောက်ဆယ်ခန့်ရှိသည့် ကျင့်ကြံသူများမှာ ရုတ်တရက်ပေါ်လာသည့် ဧကရာဇ်အဆင့်ပညာရှင်များအား ဖြူဖတ်ဖြူလျော်မျက်နှာများဖြင့် ကြည့်နေရင်းမှ တုန်တုန်ရီရီ ဖြစ်နေကြလေသည်။ ရန်ကိုင်နှင့် ကျန်လူသုံးဦးသည် ထိုလူများကို တစ်ချက်ဝေ့ကြည့်လိုက်ပြီးသည့်နောက်တွင် ချက်ချင်းပဲ လူခွဲလိုက်ကြသည်။ လေးယောက်အဖွဲ့သည် တောင်၏ အရပ်လေးမျက်နှာအနှံ့ နေရာယူလျက် ဘက်ပေါင်းစုံမှ တောင်တစ်ခုလုံးကို ပိတ်ဆို့ထားလိုက်ကြသည်။
ထို့နောက်တွင် ဖုန်းမင်က အော်ပြောလိုက်လေသည်။ “ဒီဘုရင်က ရှေးဟောင်းကျောင်းတော်က အကြီးအကဲဖုန်းမင်ပဲ… ရောင်းရင်းတို့… ကျုပ် အခု ဒီကိုရောက်လာတာ မင်းတို့ဂိုဏ်းကို အဖျက်အဆီးလုပ်ချင်လို့မဟုတ်ဘူး… အဲ့အစား မိစ္ဆာကောင်တစ်ကောင် လိုက်လံဖမ်းဆီးရင်းနဲ့ ရောက်လာရတာ… ဒီတော့ မင်းတို့သာ ငါတို့နဲ့အတူပူးပေါင်းပြီး ငြိမ်ငြိမ်လေးနေပေးမယ်ဆိုရင် မင်းတို့အသက်တွေ ဘာမှမဖြစ်စေရဘူးလို့ အာမခံတယ်… ဒါပေမယ့် ငါတို့အမိန့်မရဘဲ တစ်ခုခုလုပ်ဖို့ ကြိုးစားလာမယ်ဆိုရင်တော့ ကိုယ့်ထိုက်နဲ့ကိုယ့်ကံ ဖြစ်သွားရလိမ့်မယ်…”
ဖုန်းမင်၏အဆင့်အတန်းအရ ထိုကျင့်ကြံသူအဖွဲ့အား ယခုကဲ့သို့သတိပေးသည်ကပင်လျှင် ကြင်နာရာရောက်နေလေပြီ။ ထို့အတွက်ကြောင့် ထိုကဲ့သို့ပြောပြီးသည့်နောက် ဘာမှထပ်ပြောမနေတော့ချေ။
ဖုန်း၏စကားကို ကြားပြီးသည့်နောက်တွင် အောက်ဘက်၌ရှိနေသော ကျင့်ကြံသူများမှာ တစ်ချက်ကလေးပင် မလှုပ်ရဲတော့ချေ။ တကယ့်တကယ်ဆိုလျှင် ထိုလူများသည် ဖုန်းမင် ဘာမှမပြောစဉ်တည်းက တောင့်တောင့်ကြီးဖြစ်နေကြသည်။ မွန်းကြပ်ဖွယ်ကောင်းလှသော ဧကရာဇ်ဖိအားအောက်ဝယ် သူတို့ခန္ဓာကိုယ်တစ်ခုလုံးကို မမြင်နိုင်သည့်စွမ်းအားတစ်ရပ်မှ လှုပ်မရအောင် ချုပ်နှောင်ထားသည့်အလား အကုန်လုံးမှာ တောင့်တောင့်ကြီး ဖြစ်နေကုန်ကြလေသည်။ လက်ရှိ သူတို့ခံစားမိနေသည့် အရာဆို၍ ထိတ်လန့်မှုနှင့် ကြောက်ရွံ့မှုတို့သာ ရှိကြတော့သည်။
ဧကရာဇ်အဆင့်ပညာရှင်လေးဦးသည် အကြည့်ချင်းဖလှယ်လိုက်ကြပြီးသည့်နောက်တွင် သက်ဆိုင်ရာ ဧကရာဇ်မှော်ရတနာအသီးသီးကို ထုတ်ယူလိုက်ကြသည်။
ချန်ဝမ်ဟောင်သည် ဓါးတာအိုကို ကျင့်ကြံပြီး သူ့စွမ်းရည်သည် ပြီးပြည့်စုံခါနီးအဆင့်သို့ ရောက်နေခဲ့လေပြီ။ ဓါးတစ်ချောင်းကို လက်ထဲတွင် ကိုင်စွဲလိုက်သည့်နောက် ချန်ဝမ်ဟောင်ဆီမှ ထွက်ပေါ်လာသည့်အရှိန်အဝါမှာ အလွန်ကိုမှ အံ့ဩဖွယ်ကောင်းလှသည်။ ချန်ဝမ်ဟောင်လက်ထဲ ကိုင်စွဲထားသည်မှာ ရေအလျင်ဓါးဖြစ်ပြီး ထိုဓါးကို နှစ်ပေါင်းတစ်ထောင်ကျော်ကြာအောင် အသုံးပြုလာခဲ့ခြင်း ဖြစ်လေသည်။ လက်ရှိအချိန်တွင် ချန်ဝမ်ဟောင်နှင့်ဤဓါးမှာ တစ်သားတည်းလိုလိုကို ဖြစ်နေခဲ့လေပြီ။
ကောင်းရွှယ်ထင်းသည်လည်း သူမ၏ ဧကရာဇ်အဆင့်မှော်ရတနာဖြစ်သော နေမီးလျှံကြေးမုံကို ထုတ်ယူလိုက်လေသည်။ ထိုကြေးမုံမှာ သာမန်ကြေးမုံတစ်ချပ်နှင့်သာ တူပါသော်ငြား ထိုကြေးမုံသည် ကောင်းရွှယ်ထင်းတစ်ဘဝလုံး အသုံးပြုလာခဲ့သည့် ဧကရာဇ်အဆင့်မှော်ရတနာဖြစ်ပေသည်။
ဖုန်းမင်၏လက်ထဲတွင်တော့ မိုးကြိုးလှံ ရှိနေခဲ့လေသည်။ မိုးကြိုးလှံ သူ့လက်ထဲသို့ ရောက်လာပြီးသည့်နောက်တွင် အသက်ကြီးအိုမင်းနေသည့် ဖုန်းမင်၏ပုံစံမှာ ရုတ်တရက်ဆိုသလို တက်ကြွကာ သူရဲကောင်းဆန်သည့် လူငယ်တစ်ဦး၏ပုံစံမျိုး ပေါက်လာခဲ့ရလေသည်။
ရန်ကိုင်ကမူ သူသုံးနေကျမှော်ရတနာဖြစ်သော အနန္တဓါးကို ထုတ်ထားခဲ့လေ၏။
အကုန်လုံး နေရာယူပြီးသည့်နောက်တွင် ဖုန်းမင်သည် တောင်ပေါ်တွင်ရှိနေသော အမြင့်ဆုံးအဆောက်အဦးဆီသို့ လှမ်းကြည့်လျက် အော်ပြောလိုက်လေ၏။ “ကုန်းယွဲ့… ထွက်လာခဲ့ပေတော့… မင်း ဆက်ပုန်းနေလည်း လွတ်တော့မှာမဟုတ်ဘူး…”
ဤနေရာသို့ ရောက်လာပြီးသည့်နောက်တွင် ရန်ကိုင်မှမပြောဘဲနှင့်ပင် ရန်ကိုင်၏အရှိန်အဝါနှင့် ဆက်စပ်နေသော အရှိန်အဝါတစ်ရပ်ကို အဆောက်အဦးအတွင်းပိုင်းဆီမှ ခံစားမိလိုက်ရလေသည်။ ထိုအရှိန်အဝါမှာတော့ အခြားမဟုတ် ရန်ကိုင်မှ ကုန်းယွဲ့ပေါ်တွင် ချန်ထားရစ်ခဲ့သည့် အမှတ်အသားသာ ဖြစ်လေ၏။
ထိုအမှတ်အသားသည် ဤနေရာတွင်ရှိနေသည့်အတွက်ကြောင့် ကုန်းယွဲ့သည်လည်း ဤနေရာတွင် ရှိနေရပေလိမ့်မည်။
ဖုန်းမင်မှ လှမ်း၍အော်ပြောလိုက်ပါသော်ငြား မည်သည့်အသံမှ ထွက်မလာခဲ့ချေ။
ဖုန်းမင်သည် လှံတံကိုဝှေ့ယမ်းရင်းမှ လှောင်ပြုံးပြုံးကာ ပြောလိုက်လေသည်။ “အကောင်းပြောနေတုန်း ထွက်မလာမှတော့ ငါ့ကို အဆိုးမဆိုနဲ့တော့ပေါ့ကွာ… အစကတော့ မင်းအလောင်းကို အကောင်းအတိုင်း ချန်ထားပေးဦးမလို့… ဒါပေမယ့် မင်းက ခေါင်းမာချင်နေတယ်ဆိုမှတော့ ငါ့ကို ညှာတာမှုမရှိလို့ဆိုပြီး အပြစ်မတင်နဲ့ပေါ့…”
ထိုကဲ့သို့ပြောပြီးသွားသည်နှင့်တစ်ပြိုင်နက် ဖုန်းမင်၏မျက်လုံးထဲ အေးစက်စက်အလင်းတစ်ချက် ဖြတ်ပြေးသွားခဲ့ပြီး သူ့လက်ထဲရှိလှံတံသည် နဂါးပျံတစ်ကောင်ပမာ ပြေးထွက်သွားခဲ့လေသည်။
ဖုန်းမင်၏ လှံချက်မှာ အလွန်ကိုမှ ရိုးရှင်းလှပေသည်။ အောက်ဘက်တွင်ရှိနေသော တပည့်များမှာမူ ဖုန်းမင်၏လှံချက်နှင့်ပတ်သက်၍ အားကောင်းသည်မှအပ ဘာမှမပြောနိုင်ပါသော်ငြား ဧကရာဇ်အဆင့်ပညာရှင်များမှာတော့ ဖုန်းမင်ထုတ်သုံးသွားသည့်အကွက်ကိုကြည့်ရင်း ခေါင်းတညိတ်ညိတ်လုပ်နေကြလေသည်။ ဖုန်းမင်သည် သူ့စွမ်းအားအားလုံးကို လှံချက်ထဲတွင် အဖိတ်အစင်မရှိအောင် စုစည်းလိုက်ခြင်းဖြစ်သည်။
ထိုလှံချက်သည် ဟင်းလင်းပြင်ကို ထိုးဖောက်သွားသယောက် ထင်မှတ်ရပြီး လှံချက်၏စွမ်းအားအောက်ဝယ် တောင်တစ်ခုလုံးမှာ ပြင်းပြင်းထန်ထန် တုန်ခါလာခဲ့ကာ တောင်ပေါ်ရှိအဆောက်အဦးမှာလည်း အငွေ့ပျံ ပျောက်ကွယ်သွားခဲ့ရလေသည်။
“ဟမ်…” ထိုအခိုက်အတန့်တွင် တစ်ခုခုအား ရှာတွေ့သွားသည့်အလား ဖုန်းမင် မျက်မှောင်ကျုံ့သွားခဲ့လေသည်။
ရန်ကိုင်က အလျင်အမြန်အော်ပြောလိုက်လေ၏။ “အကြီးအကဲဖုန်း… အဲ့လူကိုမသတ်နဲ့…”
ဖုန်းမင်၏လက် လှုပ်ခါသွားခဲ့ပြီး သူပစ်လွှတ်လိုက်သည့် တိုက်ကွက်ထဲရှိ စွမ်းအား၏ ရှစ်ဆယ်ရာခိုင်နှုန်းမှာ ရုတ်ချည်း ပျောက်ကွယ်သွားခဲ့ရသည်။ ကျန်သည့်နှစ်ဆယ်ရာခိုင်နှုန်းမှာတော့ အခြားတစ်နေရာဆီသို့ ဦးတည်ထွက်သွားလေ၏။
‘ဘုန်း’ ခနဲမြည်သံနှင့်အတူ အဆောက်အဦးတစ်ခုလုံး ပြိုကျသွားခဲ့ပြီး လှိုင်းထန်နေသော ပင်လယ်ထဲတွင် ယိမ်းထိုးနေသည့် လှေငယ်လေးပမာ အဆက်မပြတ်တုန်ရီနေသည့် အသက်ကြီးကြီးလူတစ်ဦး ပေါ်လာခဲ့လေသည်။ လက်ရှိအချိန်တွင် ထိုအကြီးအကဲ၏မျက်နှာတစ်ပြင်လုံး သွေးမရှိတော့သည့်ပမာ ဖြူလျော်နေခဲ့ပြီး အဆောက်အဦးပျက်ပုံကြီးထဲ ဖုန်များ ပေပေကျံကျံဖြင့် မတ်တပ်ရပ်နေခဲ့လေသည်။
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၂၉၂၅)
ဘာသာပြန်သူ_တိမ်တိုက်
ထိုလူအိုကြီး၏ကျင့်ကြံခြင်းမှာ မြင့်မားခြင်းမရှိလှ။ တန်ခိုးရှင်ဘုရင်တတိယအဆင့်သာ ရှိပေသည်။ လက်ရှိအချိန်တွင် တောင်ပေါ်ရှိအဆောက်အဦး ပြိုကျသွားသည့်နောက် အဆောက်အဦးထဲ လူအိုကြီးမှအပ အခြားမည်သူမျှ ရှိမနေခဲ့ချေ။
အားနည်းလှသည့်အမှတ်အသား၏ အရှိန်အဝါသည် ထိုလူအိုကြီးဆီမှ လာနေခြင်းဖြစ်မှန်း ဧကရာဇ်အဆင့်ပညာရှင်လေးဦးစလုံး အာရုံခံမိကြသည်။
ထိုအချင်းအရာကိုမြင်သော် ဖုန်းမင် မျက်မှောင်ကျုံ့သွားခဲ့လေသည်။ ထို့နောက် ဘာတွေဖြစ်ပျက်သွားသလဲဆိုသည်ကို နားလည်သွားကာ အော်ဟစ်ဆဲရေးတော့လေ၏။ “ဒီခွေးကောင် ငါတို့ကို အရူးလုပ်သွားတာပဲ…”
ရန်ကိုင်က သက်ပြင်းချလျက် “ကျုပ်တို့ သတိလက်လွတ်ဖြစ်သွားတယ်… ကြည့်ရတာ ကုန်းယွဲ့က အကောင်းအတိုင်း ရှိနေသေးတယ်နဲ့တူတယ်…”
ကုန်းယွဲ့ပေါ်တွင် ရန်ကိုင်ချန်ထားရစ်ခဲ့သော အမှတ်အသားသည် ဤလူအိုကြီးဆီသို့ ရောက်နေခဲ့လေသည်။ ထိုအကြောင်းကြောင့်ပင်လျှင် ရန်ကိုင်တို့မှာ လူမှားပြီး လာရှာမိခဲ့ခြင်း ဖြစ်လေ၏။ သို့သော်ငြား ရန်ကိုင်ချန်ရစ်ခဲ့သည့် အမှတ်အသားသည် သူ့အလိုလို ဤလူအိုကြီးဆီသို့ ရောက်ရှိလာဖို့ရာ မဖြစ်နိုင်ချေ။ ထို့အတွက်ကြောင့် ကုန်းယွဲ့မှ ထိုအမှတ်အသားကို ဤလူအိုကြီးဆီသို့ တမင်တကာ လွှဲပြောင်းခဲ့ခြင်းသာ ဖြစ်ရပေလိမ့်မည်။
ကုန်းယွဲ့အနေဖြင့် ရန်ကိုင်ပင် သတိမထားမိဘဲ သူ့ကိုယ်ထဲရှိအမှတ်အသားကို အခြားလူတစ်ဦးဆီသို့ ကူးပြောင်းပေးဖို့ရာ သူ့စိတ်အခြေအနေသည် ပရမ်းပတာဖြစ်နေ၍မရပေ။ ထိုအကြောင်းကြောင့် ယခုအဖြစ်အပျက်မှတစ်ဆင့် ကုန်းယွဲ့သည် သူ၏မူလအသိစိတ်ကို ပြန်လည်ရရှိသွားလျှင်သွား ထိုသို့မဟုတ်ပါက ကုန်းယွဲ့သည် နတ်ဆိုးစိတ်ဝိဉာဉ်၏ အပြည့်အဝစီးနင်းခြင်း ခံရကာ နတ်ဆိုးစိတ်ဝိဉာဉ်သည်လည်း သူ့ခန္ဓာကိုယ်နှင့် အပြည့်အဝ ပေါင်းစပ်သွားပြီဟု ရန်ကိုင်တို့အဖွဲ့ ကောက်ချက်ချလိုက်နိုင်လေသည်။
လူတိုင်းသည် ထုတ်ယူထားသည့်မှော်ရတနာအသီးသီးကို ပြန်သိမ်းလိုက်ကြသည်။
အဆောက်အဦးပျက်ထဲ မတ်တပ်ရပ်နေသည့် လူအိုကြီးမှာတော့ သွေးပျက်မတတ် ကြောက်လန့်နေကာ အလန့်တကြား ထအော်လေသည်။ “ကျုပ် စီနီယာတို့ကို နှုတ်ဆက်ပါတယ်… စီနီယာတို့ ကျေးဇူးပြုပြီး ကျုပ်အသက်ကို ချမ်းသာပေးပါ…”
ရန်ကိုင်နှင့်အခြားသူများ ဤနေရာသို့ ဘာလုပ်လို့လုပ်မှန်း သူမသိပေ။ သို့သော်ငြား ထိုလူများသည် သူ လုံးဝသွားရန်စနိုင်သည့် လူများ မဟုတ်ကြမှန်း လူအိုကြီး သေချာသိနေခဲ့သည်။ အထူးသဖြင့် အစောပိုင်းက သူ့အား တိုက်ခိုက်လိုက်သည့်လူပင်။ ထိုလူသည် သူ့ကိုယ်သူ ရှေးဟောင်းကျောင်းတော်၏ အကြီးအကဲဖုန်းမင်ဟု ပြောခဲ့လေသည်။
ရှေးဟောင်းကျောင်းတော်အကြောင်းကို လူအိုကြီးသိသည်။ ရှေးဟောင်းကျောင်းတော်သည် တောင်ဘက်နယ်မြေထဲရှိ ထိပ်တန်းဂိုဏ်းများအနက် တစ်ဂိုဏ်းဖြစ်သည်။ ထိုဂိုဏ်းသည် သူ၏ဂိုဏ်းဖြစ်သော ဂိုဏ်းငယ်လေးအဖို့ မော်ကြည့်ဖို့ရာပင် မဖြစ်နိုင်သည့် ဂိုဏ်းတစ်ဂိုဏ်း ဖြစ်လေသည်။ သို့သော်ငြား လက်ရှိအချိန်တွင်တော့ ရှေးဟောင်းကျောင်းတော်မှအကြီးအကဲများသည် ဤနေရာသို့ ကိုယ်တိုင်ကိုယ်ကျ ရောက်လာပြီး သူ့အား တိုက်ခိုက်ခဲ့လေသည်။ ဖုန်းမင်သည်သာ သူ့တိုက်ကွက်အား အချိန်မီ မပယ်ဖျက်လိုက်ပါက လူအိုကြီးအနေဖြင့် အသွေးအသားပင် ကျန်ရစ်ခြင်းမရှိဘဲ တစ်ခါတည်း အငွေ့ပျံပျောက်ကွယ်သွားရပေလိမ့်မည်။
သူ မည်သည့်အချိန်ကများ ရှေးဟောင်းကျောင်းတော်အား ရန်စမိလိုက်သလဲဆိုသည်ကို လူအိုကြီး လုံးဝနားမလည်နိုင်ချေ။ ထိတ်လန့်ကြောက်ရွံ့မှုတို့ကြောင့် လူအိုကြီးမှာ အကျိုးသင့်အကြောင်းသင့် မစဉ်းစားနိုင်တော့ဘဲ ချက်ချင်းပဲ အသနားခံ တောင်းဆိုတော့လေသည်။
“ထိတ်လန့်မနေနဲ့ လူအိုကြီး…” ရန်ကိုင်က ယဲ့ယဲ့လေးပြုံးလျက် ကောင်းကင်စိတ်အာရုံဖြင့် လူအိုကြီး၏စိတ်ကို တည်ငြိမ်သွားအောင် ကူညီပေးလိုက်ပြီးသည့်နောက် ပြောလိုက်လေ၏။ “ကျုပ်တို့ ဒီကို ခင်ဗျားကိုပြဿနာရှာဖို့ ရောက်လာခဲ့တာမဟုတ်ဘူး… ရာဇဝတ်သားတစ်ကောင်ကို လိုက်ဖမ်းနေတာ… အခုလိုမျိုး နားလည်မှုလွဲသွားရမယ်လို့ မထင်ထားခဲ့ဘူး…”
“ရာဇဝတ်သားတစ်ကောင်…” ရန်ကိုင်၏အကူအညီ ရရှိသွားပြီးသည့်နောက် လူအိုကြီးမှာ ယခင်ကထက်ပို၍ တည်ငြိမ်သွားခဲ့ပြီး အစောပိုင်းကကဲ့သို့ ထိတ်လန့်နေခြင်း မရှိတော့ချေ။
“ဟုတ်တယ်…” ရန်ကိုင်၏အမူအယာ လေးနက်တည်ကြည်နေခဲ့လေသည်။ ထို့နောက်တွင် သူ့လက်အား ဟင်းလင်းပြင်ထဲသို့ တောက်ချလိုက်ရာ ဧကရာဇ်ချီတို့ ဖြာထွက်လာခဲ့ပြီး ပုံရိပ်တစ်ခု သူ့ရှေ့တည့်တည့်တွင် ထွက်ပေါ်လာခဲ့လေသည်။ ထိုပုံရိပ်မှာ အခြားမဟုတ် ကုန်းယွဲ့၏မျက်နှာသာ ဖြစ်လေသည်။ “ဒါ ကျုပ်တို့ရှာနေတဲ့လူပဲ… ခင်ဗျား သူ့ကိုမြင်ဖူးလား…”
အမှတ်အသားမှာ ဤလူအိုကြီးဆီသို့ ရောက်နေသည့်အတွက်ကြောင့် ကုန်းယွဲ့သည် အနည်းဆုံးတော့ ဤနေရာသို့ ကျိန်းသေ ရောက်ရှိခဲ့ရပေလိမ့်မည်။ ယခု အမှတ်အသားမရှိတော့သည့်အတွက်ကြောင့် ကုန်းယွဲ့အား ခြေရာခံဖို့ရာမှာ ပြဿနာတစ်ခု ဖြစ်လာလေပြီ။ လက်ရှိ သူတို့ရှာနိုင်သည့်သဲလွန်စဆို၍ ဤလူအိုကြီးသာ ရှိတော့လေသည်။ ထိုအကြောင်းကြောင့်ပင်လျှင် ရန်ကိုင်မှာ ဤအခွင့်အရေးကို အလွယ်တကူ လက်မလွှတ်နိုင်ချေ။
“သူလား…” ကုန်းယွဲ့၏မျက်နှာကို မြင်ပြီးသည့်နောက် လူအိုကြီး ထိတ်လန့်သွားခဲ့လေသည်။
ရန်ကိုင်က အံ့အားသင့်နေဟန်ဖြင့် “ခင်ဗျား သူ့ကို မြင်ဖူးတာလား…”
လူအိုကြီးက ရေရွတ်လိုက်လေသည်။ “ကျုပ် အဲ့ဒါကို အိပ်မက်တစ်ခုပဲလို့ မှတ်နေတာ… လွန်ခဲ့တဲ့ရက်ပိုင်းလောက်တုန်းက ကျုပ် ကျင့်ကြံနေတုန်း အဲ့လူ ကျုပ်ရှေ့မှာ ပေါ်လာခဲ့ဖူးတယ်… ဒါပေမယ့် သေသေချာချာ အနီးကပ်ကြည့်လိုက်လည်း ကြည့်လိုက်ရော အဲ့လူ ရုတ်တရက်ကြီး ပြန်ပျောက်သွားရော… ဒီတော့ ကျုပ်လည်း အဲ့ဒါကို ကျုပ်စိတ်ထင်တာပဲနေမှာပါဆိုပြီးတော့ တွေးလိုက်တာ…”
ဖုန်းမင်က အလျင်အမြန်ပြောလိုက်လေသည်။ “ခင်ဗျားရဲ့မှတ်ဉာဏ်ကို တစ်ချက်ကြည့်ရအောင်…”
ထိုသို့ပြောပြီးသည့်နောက် သူ့လက်အား ဆန့်ထုတ်လိုက်ရာ အကြီးအကဲမှာ ကြောက်လန့်တကြားအော်ဟစ်ရင်း သူ့ဆီသို့ အလိုလို မျောပါလာခဲ့လေသည်။
ဖုန်းမင်၏လုပ်ရပ်ကြောင့် လူအိုကြီးမှာ အတော်လေးကိုမှ ထိတ်လန့်နေခဲ့လေသည်။ ရှင်းရှင်းပြောရသော် ဖုန်းမင်၏ပုံစံသည် အနည်းငယ်မျှပင် ဖော်ရွေကြင်နာခြင်းမရှိ။ စတွေ့တွေ့ချင်းကပင်လျှင် သူ့အား လှံချက်နှင့် မိတ်ဆက်ပေးခဲ့သည်။ ယခုအချိန်တွင်လည်း အနည်းငယ်မျှပင် ကြင်နာနေခြင်းမရှိဘဲ သူ၏မှတ်ဉာဏ်များကို အကြမ်းပတမ်းဖတ်ရန် ကြိုးစားလာခဲ့သည်။ သို့သော်ငြား သူ့ကဲ့သို့ တန်ခိုးရှင်ဘုရင်အဆင့်သာ ရှိသေးသော ကျင့်ကြံသူတစ်ယောက်အဖို့ ဖုန်းမင်ကဲ့သို့သော ဧကရာဇ်အဆင့်ပညာရှင်တစ်ဦးကို မည်သို့များ ခုခံနိုင်ပါမည်နည်း။ ထို့အတွက်ကြောင့် တစ်ခဏလေးအတွင်း ချုပ်နှောင်ခံလိုက်ရပြီး လက်တစ်ချောင်းကိုပင် မလှုပ်ရှားနိုင်တော့ချေ။
ထို့နောက်တွင် ဖုန်းမင်သည် လူအိုကြီး၏မှတ်ဉာဏ်များကို ဖတ်ရန် ကြိုးစားချင်နေသည့်အလား လူအိုကြီး၏နဖူးတည့်တည့်သို့ သူ့လက်ညှိုးကို ချိန်ရွယ်လိုက်လေသည်။
ထိုအခိုက်အတန့်မှာပင် ရန်ကိုင်က ရုတ်တရက် အော်ပြောလိုက်လေသည်။ “အကြီးအကဲဖုန်း… သတိထား…”
ဖုန်းမင် သတိလက်လွတ်ဖြစ်နေစဉ်အတောအတွင်း သူ့ရှေ့တည့်တည့်သို့ ဆွဲခေါ်ထားသည့် လူအိုကြီး၏ခန္ဓာကိုယ်မှာ ရုတ်တရက် ဖောင်းကားတက်လာခဲ့လေသည်။ လူအိုကြီး၏ကိုယ်ထဲရှိ စွမ်းအားများမှာလည်း ပရမ်းပတာဖြစ်လာကြလေသည်။ လူအိုကြီးကိုယ်တိုင်မှာတော့ ဘာဖြစ်လို့ဖြစ်နေမှန်းမသိဘဲ ရုတ်တရက်အဖြစ်အပျက်ကြောင့် အလွန်ကိုမှ ထိတ်လန့်တုန်လှုပ်နေလေ၏။
ထို့နောက်တွင် “ဘုန်း” ဟူသောမြည်သံနှင့်အတူ လူအိုကြီး၏ခန္ဓာကိုယ်တစ်ခုလုံး ပေါက်ကွဲထွက်သွားခဲ့လေသည်။ ထိုအခိုက်အတန့်မှာပင် ပေါက်ကွဲထွက်သွားသည့် လူအိုကြီး၏ခန္ဓာကိုယ်ထဲမှ အနက်ရောင်အလင်းစက်လေးတစ်ခုသည် ဖုန်းမင်ဆီသို့ တိုးဝင်လာခဲ့လေသည်။
ဖုန်းမင်ကိုယ်တိုင်သည် ဧကရာဇ်ဒုတိယအဆင့် ပညာရှင်တစ်ဦး ဖြစ်ပါသော်ငြား မမျှော်လင့်ထားသည့်အဖြစ်အပျက်ကြောင့် အလစ်အငိုက် မိသွားခဲ့ရလေသည်။ လူအိုကြီး၏မှတ်ဉာဏ်ကိုဖတ်ရန် ကြိုးစားနေစဉ် လူအိုကြီးမှာ ရုတ်တရက် ကိုယ့်ဘာသာကိုယ် ဖောက်ခွဲရန် ကြိုးစားလိမ့်မည်ဟု မထင်ထားခဲ့ချေ။ တစ်ချိန်တည်းတွင် ပေါက်ကွဲထွက်သွားသည့် လူအိုကြီး၏ခန္ဓာကိုယ်ထဲမှ ဤထူးဆန်းသည့်အနက်ရောင်အလင်းပါ ပျံသန်းထွက်လာမည်ဟုလည်း ထင်ထားခြင်းမရှိခဲ့။
အနက်ရောင်အလင်းစက်မှာ သေးသေးလေးသာဖြစ်ပါသော်ငြား ဖုန်းမင်၏မြင်ကွင်းတစ်ခုလုံးမှာတော့ ထိုအနက်ရောင်အလင်းဖြင့်သာ ပြည့်နေတော့လေသည်။ ဖုန်းမင်အနေဖြင့် ဘာကိုမှ မြင်ရခြင်းမရှိတော့ဘဲ သူ့မြင်ကွင်းတစ်ခုလုံး အမှောင်ထုကြီးဖြင့်သာ ပြည့်နှက်သွားရတော့သည်။ တစ်ချိန်တည်းတွင် သူ့အသိစိတ်ပင်လယ်ကို ဖွင့်ပေးရန် တိုက်တွန်းနှိုးဆော်နေသည့်အလား သူ့နားထဲ တိုးလျလျ ရေရွတ်သံများကို ကြားယောင်နေရလေသည်။
“နတ်ဆိုးဖိနှိပ်ခြင်း…”
ထိုအော်သံနှင့်အတူ မှော်ပညာရပ်တစ်ခုသည် ဖုန်းမင်ရှိရာဆီသို့ ပျံသန်းထွက်လာခဲ့လေသည်။ ရန်ကိုင်၏မှော်ပညာရပ်သည် အနက်ရောင်အလင်းအား သွားရောက်ထိမှန်လိုက်သည့်နောက်တွင် အနက်ရောင်အလင်းမှာ ကောင်းရွှယ်ထင်းရှိရာဆီသို့ လွင့်စင်ထွက်သွားခဲ့လေသည်။
ကောင်းရွှယ်ထင်း၏နောက်ဘက်တွင် ရှိနေသော နေမီးလျှံကြေးမုံသည် အလျှံငြီးငြီးတောက်လျှောက်နေသည့် နေတစ်စင်းပမာ အရောင်တလက်လက် တောက်ပလာတော့သည်။
ကောင်းရွှယ်ထင်းကမူ အလေးအနက်အမူအယာဖြင့် လက်ကွက်များကို ဖန်တီးနေခဲ့လေသည်။
ထို့နောက်တွင် နေမီးလျှံကြေးမုံဆီမှ အလင်းတန်းတစ်ခု ထွက်ပေါ်လာခဲ့ပြီး အနက်ရောင်အလင်းဆီသို့ တိုးဝင်သွားလေသည်။
နေမီးလျှံကြေးမုံဆီမှ ထွက်ပေါ်လာသည့် အလင်းတန်းသည် ချုပ်နှောင်ခြင်းစွမ်းရည်အား ပိုင်ဆိုင်ထားသည့်အလား။ ထိုအလင်း၏ထိမှန်ခြင်း ခံလိုက်ရပြီးသည့်နောက်တွင် အနက်ရောင်အလင်းမှာ မည်သည့်နေရာဆီသို့မှ ထွက်ပြေးသွားနိုင်ခြင်း မရှိတော့ချေ။ တစ်ချိန်တည်းတွင် နေမီးလျှံကြေးမုံ၏ စွမ်းအားအောက်ဝယ် အနက်ရောင်အလင်းသည် စတင်၍ အငွေ့ပျံလာတော့လေ၏။
“တာအိုသုံးထောင် တစ်ခုတည်းအဖြစ်ပေါင်းစည်းခြင်း…”
တစ်ချိန်တည်းတွင် ချန်ဝမ်ဟောင်မှ သူ၏ရေအလျင်ဓါးဖြင့် အနက်ရောင်အလင်းအား ချိန်ရွယ်လိုက်ရာ ပိုးချည်မျှင်နှယ် ပါးလျသည့် ဓါးစွမ်းအင်တို့ ဖြာထွက်လာခဲ့ပြီး နေမီးလျှံကြေးမုံမှ ဖန်တီးထားသည့် အလင်းရောင်ထဲသို့ တိုးဝင်ကာ ရုန်းကန်နေသည့် အနက်ရောင်အလင်းစက်ကို တင်းတင်းကြပ်ကြပ် ချုပ်နှောင်ရစ်ပတ်လိုက်လေသည်။
ချန်ဝမ်ဟောင်နှင့် ကောင်းရွှယ်ထင်းတို့ နှစ်ဦးပေါင်းစွမ်းအားဖြင့် အဆုံးတွင် အနက်ရောင်အလင်းကို ချုပ်နှောင်နိုင်ခဲ့ကြလေ၏။
“ဒါက နတ်ဆိုးဝိဉာဉ်လား…” ဖုန်းမင်သည် နဖူးထက်ဝေ့သီလာသည့် ချွေးအေးများကို သုတ်လိုက်ရင်းမှ မေးလိုက်လေသည်။ ယခုအချိန်ထိတိုင် သူ့ရင်မှာ တဒုန်းဒုန်းခုန်နေဆဲ။
ရန်ကိုင်သည်သာ အချိန်မီဝင်ရောက်မကူညီနိုင်ခဲ့ပါက ဖုန်းမင်၏စိတ်အစုံမှာ နတ်ဆိုးဝိဉာဉ်၏ ကျူးကျော်ခြင်း ခံခဲ့ရပေလိမ့်မည်။ သူ့အနေဖြင့် နတ်ဆိုးဝိဉာဉ်ကျူးကျော်လာသည်ကို ခုခံနိုင်မလား မခုခံနိုင်ဘူးလားဆိုသည်ကိုတော့ ဖုန်းမင်မသိပေ။ သို့သော်ငြား ကုန်းယွဲ့ကိုယ်တိုင်သည် နမူနာသာဓကအဖြစ် ရှိနေသည့်အတွက်ကြောင့် နတ်ဆိုးဝိဉာဉ်သည်သာ အမှန်တကယ်ကို အားကောင်းမည်ဆိုပါက သူ့အနေဖြင့် နတ်ဆိုးဝိဉာဉ်အား မည်သို့မှ ခုခံနိုင်လိမ့်မည်မဟုတ်ချေ။
သူတို့လေးဦးသည် ကုန်းယွဲ့အား လိုက်လံဖမ်းဆီးရန်ရည်ရွယ်ချက်ဖြင့် ထွက်လာခဲ့ပါသော်ငြား ကုန်းယွဲ့၏အရူးလုပ်ခြင်း ခံခဲ့ရသည့်အပြင် ဖုန်းမင်ကိုယ်တိုင်သည်လည်း ကုန်းယွဲ့လက်ချက်ကြောင့် ဒုက္ခရောက်ခါနီး ဖြစ်သွားခဲ့ရသဖြင့် ဖုန်းမင်း၏မျက်နှာကြီးမှာ သုန်မှုန်နေရလေသည်။
“ဒါ ပြီးပြည့်စုံတဲ့ နတ်ဆိုးဝိဉာဉ်တစ်ကောင်မဟုတ်ဘူး…” ချုပ်နှောင်ထားခံရသည့် နတ်ဆိုးဝိဉာဉ်ကို သေသေချာချာ လေ့လာကြည့်ပြီးသည့်နောက်တွင် ရန်ကိုင်က ပြောလိုက်လေသည်။ “ကုန်းယွဲ့ဆီကနေ ခွဲထွက်လာတဲ့ကောင်ပဲ… ကုန်းယွဲ့ကိုကြည့်ရတာ ကျုပ်တို့ သူ့ကို လိုက်ဖမ်းနေတဲ့အကြောင်းကို သိထားတယ်နဲ့တူတယ်… အဲ့ဒါကြောင့်ပဲ အခုလိုမျိုး သေသေချာချာ ထောင်ချောက်ဆင်ထားခဲ့တာ…”
“နတ်ဆိုးဝိဉာဉ်တွေက အခုလိုမျိုး ကိုယ့်ကိုယ်ကို ခွဲထုတ်နိုင်တယ်ပေါ့…” ဖုန်းမင် ထိတ်လန့်သွားခဲ့လေသည်။
ချန်ဝမ်ဟောင်နှင့် ကောင်းရွယ်ထင်းတို့၏ အမူအယာများမှာလည်း သုန်မှုန်နေခဲ့ကြသည်။ ထိုအရာသည်သာ အမှန်ဖြစ်မည်ဆိုပါက ဤပြဿနာသည် သူတို့ထင်ထားသည်ထက်ပင်လျှင် ပို၍ ဆိုးရွားလာနိုင်ပေသည်။ မူလကမူ ဤပြဿနာကို ကုန်းယွဲ့အား လိုက်လံရှာဖွေပြီး သတ်ဖြတ်ပစ်လိုက်ရုံဖြင့် အပြီးသတ်နိုင်မည်ဟု ထင်ထားခဲ့ပါသော်ငြား နတ်ဆိုးဝိဉာဉ်သည်သာ သူ့ကိုယ်သူ ခွဲထုတ်နိုင်မည်ဆိုပါက ကုန်းယွဲ့ကိုရှင်းပစ်မည်ဆိုလျှင်ပင် အရေးပါတော့လိမ့်မည်မဟုတ်ချေ။
အကြောင်းမှာ ဤနတ်ဆိုးဝိဉာဉ် သူ့ကိုယ်သူ အစိတ်အပိုင်းမည်မျှများများထိ ခွဲထုတ်ပစ်နိုင်သလဲဆိုသည်ကို သူတို့မသိသည့်အတွက်ကြောင့်ပင်။ ထို့အပြင် ထိုခွဲထွက်သွားသည့်နတ်ဆိုးဝိဉာဉ်၏ အစိတ်အပိုင်းများ မည်သည့်နေရာတွင် ရှိနေသလဲဆိုသည်ကိုလည်း သူတို့အနေဖြင့် အာရုံခံနိုင်လိမ့်မည်မဟုတ်။
ရန်ကိုင်ကိုယ်တိုင်သည်သာ နတ်ဆိုးဝိဉာဉ်နှင့် ထိပ်တိုက်ရင်ဆိုင်တွေ့ဖူးသည့်အတွက်ကြောင့် လူတိုင်း၏အကြည့်သည် ရန်ကိုင်ဆီသို့ ရောက်ရှိလာခဲ့ကြလေသည်။
“သိထားရသလောက်ဆိုရင်တော့ နတ်ဆိုးဝိဉာဉ်တွေက သူတို့ကိုယ်သူတို့ အစိတ်အပိုင်းအများကြီး ခွဲပစ်လို့ရတယ်…”
ထိုစကားကိုကြားလိုက်သည့်အခိုက် ဖုန်းမင်တို့အားလုံး မျက်စိမျက်နှာ ပျက်သွားကုန်ကြလေသည်။
“ဒါပေမယ့်…” ရန်ကိုင်က ဆက်ပြောလိုက်သည်။ “အဲ့လိုမျိုး အဆက်မပြတ်လုပ်နိုင်တာတော့မဟုတ်ဘူး… သူတို့အနေနဲ့ အခုလိုမျိုး ကိုယ့်ကိုယ်ကို နှစ်ပိုင်းခွဲထုတ်ပစ်လိုက်ဖို့ဆိုရင် တန်ရာတန်ကြေးတစ်ခု ကျိန်းသေ ပြန်ပေးဆပ်ရလိမ့်မယ်… အဲ့ဒါကြောင့် အခုကြည့်ရသလောက်တော့ ဒီနတ်ဆိုးဝိဉာဉ်က သူ့ကိုယ်သူ နှစ်ပိုင်းလောက်ပဲ ခွဲထုတ်ပစ်နိုင်တဲ့ပုံပဲ…”
“အဲ့လိုဆိုရင်တောင် လွယ်တော့မလွယ်သေးဘူး…” ချန်ဝမ်ဟောင် မျက်မှောင်ကျုံ့နေခဲ့လေသည်။
“ဒီနတ်ဆိုးဝိဉာဉ်ကိုပဲ အရင်ရှင်းပစ်ကြရအောင်…” တစ်ကြိမ်ခံစားရပြီးသည့်နောက်တွင် ဖုန်းမင်မှာ နတ်ဆိုးစိတ်ဝိဉာဉ်အား အကြောက်ကြီးကြောက်မိနေလေပြီ။
ထို့ကြောင့် ကောင်းရွှယ်ထင်းသည်လည်း နေမီးလျှံကြေးမုံ၏စွမ်းအားကို မြှင့်တင်လိုက်လေသည်။ နတ်ဆိုးဝိဉာဉ် မည်မျှပင် ထူးဆန်းနေစေကာမူ နတ်ဆိုးဝိဉာဉ်ကို သုတ်သင်ပစ်နိုင်သည့်နည်းလမ်းတစ်ခု ကျိန်းသေ ရှိရပေလိမ့်မည်။
“နေဦး…” ရန်ကိုင်က လက်မြှောက်၍ ကောင်းရွှယ်ထင်းအား လှမ်းတားလိုက်လေသည်။ “အခု ကုန်းယွဲ့ရဲ့သဲလွန်စ ပျောက်သွားပြီ… သူ့ကိုခြေရာခံချင်တယ်ဆိုရင် ဒီနတ်ဆိုးဝိဉာဉ်ကနေပဲ စရတော့မှာ… ကျုပ်တို့သာ ဒါကို ဖျက်ဆီးလိုက်မယ်ဆိုရင် ကုန်းယွဲ့ကို လုံးဝ ခြေရာခံလို့ရတော့မှာမဟုတ်ဘူး…”
ဖုန်းမင်ကလည်း ခေါင်းညိတ်လိုက်သည်။ “မင်းပြောတာအမှန်ပဲ… ကုန်းယွဲ့ကတော့ ငါတို့ကို အခုလိုမျိုး ထောင်ချောက်ဆင်ပြီးတော့ ငါတို့ထဲကတစ်ယောက်ကို နတ်ဆိုးအသွင် ပြောင်းပစ်နိုင်မယ်လို့ ထင်ရင်ထင်ထားမှာ… ဒါပေမယ့် သူ့လုပ်ရပ်က သူ့သေတွင်းသူ တူးလိုက်တယ်ဆိုတာတော့ မသိလိုက်ဘူး… ဒီနတ်ဆိုးဝိဉာဉ်က ငါတို့ကို ဒုက္ခပေးကောင်းပေးနိုင်တယ်ဆိုပေမယ့် ကုန်းယွဲ့ကိုရှာဖို့သဲလွန်စကလည်း ဒီနတ်ဆိုးဝိဉာဉ်မှာပဲရှိနေတာ… ကြည့်ရတာ သူ့ရှူးသူပြန်ပတ်ပြီနဲ့တူတယ်…”
ချန်ဝမ်ဟောင်က ဝင်ပြောလိုက်သည်။ “အဲ့လိုဆိုရင်တောင် ဒီနတ်ဆိုးဝိဉာဉ်ကိုသုံးပြီး ငါတို့ ကုန်းယွဲ့ကို ဘယ်လိုခြေရာခံမှာလဲ… ပြီးရင် ဒီနတ်ဆိုးဝိဉာဉ်ကိုရော ဘယ်သူကဖမ်းထားမှာလဲ…”
နတ်ဆိုးဝိဉာဉ်တွင် ဧကရာဇ်အဆင့်ပညာရှင်များပင်လျှင် လျှော့တွက်၍မရသည့် စွမ်းရည်ပေါင်းများစွာ ရှိပေသည်။ ထို့အတွက်ကြောင့် မည်သူမျှ ဤနတ်ဆိုးဝိဉာဉ်အား တိုက်ရိုက်မကိုင်တွယ်ရဲချေ။
ရန်ကိုင်က ပြောလိုက်သည်။ “ခင်ဗျားတို့ ကျုပ်ကိုယုံတယ်ဆိုရင် ဒီနတ်ဆိုးဝိဉာဉ်ကို ကျုပ်ဆီအပ်လိုက်…”
ကောင်းရွှယ်ထင်း ထိတ်လန့်သွားလေ၏။ “နင့်ဆီ… နင် ဒါနဲ့ ဘာလုပ်ချင်နေတာလဲ…”
ရန်ကိုင်ကပြုံး၍ “စိတ်မပူနဲ့ စီနီယာအစ်မကောင်း… လိုဏ်ဂူစံအိမ်ထဲမှာတောင် နတ်ဆိုးစကားလုံးတွေ ကျုပ်စိတ်ထဲကို ကျူးကျော်လာတာကို ခုခံနိုင်ခဲ့တာ… ဒီနတ်ဆိုးဝိဉာဉ်တစ်ပိုင်းလောက်ကိုတော့ ဘာမှဂရုစိုက်နေစရာမလိုဘူး…”
“နင် တကယ် ရရောရရဲ့လား…” ကောင်းရွှယ်ထင်းမှာ စိုးရိမ်နေပေသေးသည်။ ရန်ကိုင်၏ခွန်အားကို မယုံကြည်ခြင်းတော့မဟုတ်။ ယခုကဲ့သို့သော အခြေအနေမျိုးတွင် မည်သူ့အတွက်မှ အာမခံချက် မရှိသည့်အတွက်ကြောင့်ပင်။ ရန်ကိုင်သည်သာ နတ်ဆိုးဝိဉာဉ်၏ ဝင်စီးခြင်း ခံလိုက်ရမည်ဆိုလျှင် သူတို့အားလုံး ကုန်းယွဲ့၏အစီအစဉ်ထဲသို့ ရောက်သွားရပေလိမ့်မည်။
“မင်းကိုယ်မင်း ယုံကြည်ချက်ရှိလား…” ချန်ဝမ်ဟောင်သည် ရန်ကိုင်အား အလေးအနက်အမူအယာဖြင့် ကြည့်လိုက်လေသည်။
ဖုန်းမင်သည် ဘာမှမပြောပါသော်ငြား သူ့အတွေးသည်လည်း ထိုအတိုင်းသည်သာ။
ရန်ကိုင်က ပြန်ပြောလိုက်သည်။ “အနည်းဆုံး ခုနှစ်ဆယ်ရာခိုင်နှုန်းတော့ သေချာတယ်… ပြီးတော့ ခင်ဗျားတို့သုံးဦး ကျုပ်ကို စောင့်ကြည့်နေပေးမှာပဲ မဟုတ်ဘူးလား…”
ချန်ဝမ်ဟောင်က ခေါင်းညိတ်လိုက်၏။ “ခုနှစ်ဆယ်ရာခိုင်နှုန်းဆိုရင်တော့ အလုပ်ဖြစ်လောက်ပါတယ်…”
ကောင်းရွှယ်ထင်းသည် ချန်ဝမ်ဟောင်ကိုကြည့်၍ “အလုပ်ဖြစ်တယ်ဆိုရင် ရှင် ဘာဖြစ်လို့ သွားမလုပ်တာလဲ…”
“အဟမ်း…” ချန်ဝမ်ဟောင်က ချောင်းဟန့်လျက် “ငါက အဲ့လောက်မှ ယုံကြည်ချက်မရှိတာ… ရှိရင် ငါကြိုးစားတာကြာပေါ့…”
သူတို့အနေဖြင့် ဤနတ်ဆိုးဝိဉာဉ်ကိုသုံး၍ ကုန်းယွဲ့အား ခြေရာခံလိုပါက ဤနတ်ဆိုးဝိဉာဉ်နှင့် သေသေချာချာ ထိတွေ့ကြည့်ရန် လိုအပ်ပေသည်။ သို့သော်ငြား နတ်ဆိုးဝိဉာဉ်နှင့် ထိတွေ့ခြင်းသည် သူတို့ကိုယ်သူတို့ နတ်ဆိုးဝိဉာဉ်၏သားကောင် ဖြစ်လာအောင် လုပ်လိုက်သည်နှင့် မခြားချေ။ ထို့အတွက်ကြောင့် ရန်ကိုင်သည် ခုနှစ်ဆယ်ရာခိုင်နှုန်း ယုံကြည်ချက်ရှိသည်ဟုသာ ပြောလိုက်ခြင်းဖြစ်လေသည်။ ကျန်သုံးဆယ်ရာခိုင်နှုန်းကမူ အခန့်မသင့်လျှင် သူ့အနေဖြင့် နတ်ဆိုးတစ်ကောင်အဖြစ်သို့ ပြောင်းလဲသွားနိုင်ပေသည်။
ဖြစ်သာဖြစ်နိုင်လျှင်တော့ သူတို့အနေဖြင့် ရန်ကိုင်အား ယခုကဲ့သို့ မစွန့်စားစေချင်ပေ။ ဤနတ်ဆိုးဝိဉာဉ်ကိုသာ တစ်ခါတည်း ရှင်းပစ်လိုက်ပေမည်။ ဤနတ်ဆိုးဝိဉာဉ်ကို ရှင်းပစ်လိုက်၍ ကုန်းယွဲ့အား ခြေရာခံနိုင်မည့် အခွင့်အရေးကို ဆုံးရှုံးသွားလိမ့်မည်ဖြစ်ပါသော်ငြား ကုန်းယွဲ့အား လုံးဝ လိုက်လံမရှာဖွေနိုင်တော့သည်တော့မဟုတ်ချေ။ နောက်ဆုံး နည်းလမ်းမရှိတော့လျှင် သူတို့ဂိုဏ်းအသီးသီးဆီသို့ ပြန်သွားပြီး ဂိုဏ်းသားများကိုစေလွှတ်ကာ ကုန်းယွဲ့အား လိုက်လံရှာဖွေခိုင်းနိုင်ပေသည်။ ထို့အတွက်ကြောင့် ကုန်းယွဲ့အနေဖြင့် မည်သို့ပင် ကြိုးစားပုန်းနေစေကာမူ တောင်ဘက်နယ်မြေထဲတွင် အချိန်အကြာကြီး ပုန်းအောင်းနိုင်လိမ့်မည်မဟုတ်။ အနှေးနှင့်အမြန်တော့ အခြားလူများ၏ ရှာတွေ့သွားခြင်း ခံရပေလိမ့်မည်။