အခန်း (၂၉၂၆-၂၉၃၀)
Vol. 126 Ch. 2926-2930
၂၉၂၆)
ဘာသာပြန်သူ_တိမ်တိုက်
ပြောပြီးပြီးချင်းမှာပင် ကောင်းရွှယ်ထင်းသည် နတ်ဆိုးဝိဉာဉ်တစ်ပိုင်းကို ဖျက်ဆီးပစ်ရန် လုပ်တော့လေသည်။ သို့သော်ငြား ထိုအချိန်တွင် ရန်ကိုင်သည် သူမရှေ့သို့ အချိန်ကိုက် ရောက်လာပြီး နေမီးလျှံကြေးမုံ၏ အလင်းတန်းထဲရှိ နတ်ဆိုးဝိဉာဉ်အား လှမ်းဖမ်းဆွဲလိုက်သည်။
“ဂျူနီယာမောင်လေး… နင်…” ကောင်းရွှယ်ထင်း၏မျက်နှာ ဖြူလျော်သွားခဲ့လေ၏။
ရန်ကိုင်ကပြုံး၍ “စိတ်မပူနဲ့… ဘာမှဖြစ်မှာမဟုတ်ဘူး… အကုန်လုံး… ကျုပ်ကို တစ်ချက်လောက် စောင့်ကြည့်ထားပေးနော်…”
အခြားသူများမှာ နတ်ဆိုးဝိဉာဉ်ကိုကြည့်ရင်း စိုးရိမ်နေကြပါသော်ငြား ရန်ကိုင်ကမူ အေးအေးဆေးဆေးသာ ရှိနေလေသည်။ ပုံရိပ်တစ်ထောင်အိပ်မက်ကမ္ဘာထဲ၌ ကြုံခဲ့ရသည့် အတွေ့အကြုံများမှတစ်ဆင့် ဤဘာမဟုတ်သည့်နတ်ဆိုးဝိဉာဉ်တစ်ကောင်သည် သူ့အား ဘာဆိုဘာမှလုပ်နိုင်လိမ့်မည်မဟုတ်မှန်း ရန်ကိုင်သိခဲ့ရသည်။ အကြောင်းမှာ သူ့ကိုယ်ထဲတွင် အလွန်ကိုမှ သန့်စင်လှသည့် ရှေးဟောင်းနတ်ဆိုးချီတို့ ချိတ်ပိတ်ထားခြင်း ခံရသည့်အတွက်ကြောင့်ပင်။
ထို့အပြင် ရန်ကိုင်၌ ရှေးဟောင်းနတ်ဆိုး၏ အနက်ရောင်မျက်လုံးလည်း ရှိနေပေသေးသည်။
သို့ရာတွင် ထိုအကြောင်းအရာများကို ဤနေရာ၌ရှိနေသည့်လူများအား သွားရှင်းပြ၍ အဆင်မပြေသည့်အတွက်ကြောင့် ဦးစွာလှုပ်ရှားရုံသာ တတ်နိုင်လေသည်။
အခြေအနေမှာ ဤကဲ့သို့ဖြစ်လာပြီ ဖြစ်သည့်အတွက်ကြောင့် ကောင်းရွှယ်ထင်းသည်လည်း ရန်ကိုင်အား သွားတားမနေတော့ဘဲ သတိသာ ပေးလိုက်လေသည်။ “သတိထားနော်… တစ်ခုခုဖြစ်ပြီဆိုရင် အဲ့ကောင်ကို လွှတ်သာလွှတ်လိုက်…”
“အင်း…” ရန်ကိုင် ခေါင်းညိတ်လိုက်လေသည်။
ထို့နောက်တွင် တင်ပင်လင်ခွေထိုင်ချ၍ မျက်လုံးပိတ်ကာ ကောင်းကင်စိတ်အာရုံကိုသုံး၍ ကုန်းယွဲ့၏တည်နေရာကို ရှာဖွေနိုင်ရန်အတွက် နတ်ဆိုးဝိဉာဉ်တစ်ပိုင်းနှင့် ဆက်သွယ်ရန် ကြိုးစားကြည့်လေသည်။
ချန်ဝမ်ဟောင်၊ ကောင်းရွှယ်ထင်းနှင့် ဖုန်းမင်တို့သည် တြိဂံပုံစံအတိုင်း ရန်ကိုင်အား ပတ်ပတ်လည်မှ ဝိုင်းထားကြလေသည်။ ကောင်းရွှယ်ထင်း၏ မျက်ဝန်းလှလှလေးများသည် ရန်ကိုင်ပေါ်တွင်သာ မမှိတ်မသုန် ရောက်ရှိနေခဲ့ပြီး ရန်ကိုင်ဆီမှ တစ်ချက်ကလေးပင် အကြည့်ခွာသွားခြင်းမရှိခဲ့။ တစ်ခုခုသာမှားယွင်းသွားခဲ့မည်ဆိုလျှင် ကောင်းရွှယ်ထင်းသည် နေမီးလျှံကြေးမုံကို ချက်ချင်း အသက်သွင်းပေလိမ့်မည်။
ချန်ဝမ်ဟောင်နှင့်ဖုန်းမင်တို့ အကြည့်ချင်း ဖလှယ်လိုက်ကြသည်။ နှစ်ဦးသား၏မျက်ဝန်းထဲ လေးစားအားကျသည့် အရိပ်အယောင်တို့ကို မြင်တွေ့နေရလေသည်။ သူတို့သာ ရန်ကိုင်နေရာတွင်သာဆိုလျှင်တော့ ယခုကဲ့သို့ နတ်ဆိုးဝိဉာဉ်တစ်ကောင်နှင့် ထိတွေ့ရဲလိမ့်မည်မဟုတ်ချေ။ သို့သော်ငြား ထိုလူငယ်လေးသည် သူတို့အဖွဲ့ထဲတွင် အားအနည်းဆုံးဖြစ်လင့်ကစား နတ်ဆိုးဝိဉာဉ်နှင့် ထိတွေ့ရဲခဲ့သည်။
ထိုအခိုက်အတန့်မှာပင် ခေတ်သစ်တစ်ခုချင်းစီ၌ ပါရမီရှင်အသစ်များ ထွက်ပေါ်လာရသည်ဟု နှစ်ဦးစလုံး ခံစားလိုက်ကြရလေသည်။ သူတို့နှစ်ဦးစလုံးမှာ ဧကရာဇ်ဒုတိယအဆင့်သို့ ရောက်အောင် ကျင့်ကြံနိုင်ခဲ့သည့်အတွက်ကြောင့် သူတို့၏ အရည်အချင်းသည် ကြယ်တာရာအစုအဝေးရှိ ကျင့်ကြံသူများအနက် ထိပ်တန်းအဆင့်ထဲ ပါဝင်ကြပေသည်။ သူတို့ငယ်ရွယ်စဉ်ကလည်း လူငယ်မျိုးဆက်ကို ဦးဆောင်ခဲ့သည့် ပါရမီရှင်များ ဖြစ်ခဲ့ကြရသည်။
အချိန်မှာ ပြောင်းလဲသွားခဲ့ရလေပြီ။ သို့သော်ငြား မပြောင်းလဲဘဲ ကျန်ရစ်ခဲ့သည်မှာတော့ ခေတ်အလိုက် ထွက်ပေါ်လာကြသည့် ပါရမီရှင်များသာ ဖြစ်ကြလေသည်။
ပတ်ဝန်းကျင်တစ်ခုလုံးမှာ တိတ်ဆိတ်နေခဲ့လေသည်။ ဂိုဏ်းငယ်လေးမှ ကျင့်ကြံသူများမှာတော့ တုတ်တုတ်မျှပင် မလှုပ်ရဲကြချေ။ အကုန်လုံးမှာ တောင်ပေါ်နေရာအနှံ့တွင် နေရာယူထားကြရင်း သူတို့၏ဂိုဏ်းချုပ် ပေါက်ကွဲထွက်သွားသည်ကို ငေးကြည့်နေရသည်။ သူတို့၏ဂိုဏ်းချုပ် ပေါက်ကွဲထွက်သွားသည်ကို မြင်လိုက်သည့်အခိုက် သူတို့၏ရင်ထဲ အကြောက်တရားတို့ ကိန်းအောင်းလာခဲ့ရလေသည်။ တစ်ချိန်တည်းတွင်လည်း အထိတ်ထိတ် အလန့်လန့်ဖြင့် ကောင်းကင်ထက်၌ရှိနေသော ပညာရှင်လေးဦးကို လှမ်းမော့ကြည့်လိုက်ကြလေ၏။ လက်ရှိအချိန်တွင် မည်သူ၏စိတ်ထဲတွင်မှ သူတို့ဂိုဏ်းချုပ်အတွက် ပြန်လည်လက်စားချေပေးလိုသည့်ဆန္ဒ ရှိမနေကြချေ။
တကယ့်တကယ်တွင်တော့ သူတို့ဂိုဏ်းချုပ်သေသွားရသည်မှာ ရန်ကိုင်တို့အဖွဲ့နှင့် ဘာဆိုဘာမှ ပတ်သက်ခြင်းမရှိသည်ကိုတော့ ထိုလူများ သိမထားကြချေ။ သူတို့ဂိုဏ်းချုပ်ကို ဖုန်းမင်ဟုခေါ်သည့်လူမှ သတ်ပစ်ခဲ့ခြင်း ဖြစ်သည်ဟုသာ ထိုလူများ မှတ်ယူနေကြလေသည်။ တစ်ချိန်တည်းတွင် ထိပ်တန်းဂိုဏ်းများမှ ပညာရှင်များမှာ အလွန်တရာကိုမှ ကြောက်မက်ဖွယ် ကောင်းလှပါလေတကားဟုလည်း တွေးမိလိုက်ကြလေသည်။
ရန်ကိုင်သည် အမှောင်ထုထဲ လမ်းလျှောက်နေသည့်အလား သူ့ဘေးပတ်ဝန်းကျင်တစ်ခုလုံးမှာ မှောင်မိုက်နေခဲ့ရသည်။ ပတ်ဝန်းကျင်အနှံ့ အလင်းရောင်ဆိုသည်မှာ မရှိချေ။ မည်သည့်အသံမှလည်း ထွက်ပေါ်နေခြင်းမရှိ။ သူခံစားထိတွေ့နိုင်သည့်အရာဆို၍လည်း ဘာဆိုဘာမှ ရှိမနေခဲ့ပေ။ ရန်ကိုင်သည် နတ်ဆိုးဝိဉာဉ်၏ လက်ကျန်ကိုယ်တစ်ပိုင်းကို ရှာဖွေနိုင်ရန်အတွက် သူ့စိတ်ကိုသုံး၍ နတ်ဆိုးဝိဉာဉ်တစ်ပိုင်းနှင့် ဆက်သွယ်ရန် ကြိုးစားကြည့်နေခဲ့လေသည်။ ဤနတ်ဆိုးဝိဉာဉ်၏ အခြားခန္ဓာကိုယ်တစ်ပိုင်းကိုသာ ရှာတွေ့နိုင်မည်ဆိုပါက ကုန်းယွဲ့ကို ခြေရာခံနိုင်ပေလိမ့်မည်။
သို့သော်ငြား လက်ရှိနှုန်းမှာ နှေးကွေးလွန်းနေခဲ့လေသည်။ ဤသည်မှာ ရန်ကိုင်အဖို့ ယခုကဲ့သို့ ပထမဦးဆုံးအကြိမ် လုပ်ဖူးခြင်း ဖြစ်သည့်အတွက်ကြောင့် အတွေ့အကြုံသိပ်မရှိလှ။
ရန်ကိုင်သည် အဆုံးမဲ့အမှောင်ထုကြီးတစ်ခုလုံးကို အချိန်အတန်ကြာအောင် စူးစမ်းလေ့လာကြည့်ပြီးသည့်နောက် နည်းလမ်းပြောင်းရန် ဆုံးဖြတ်လိုက်လေသည်။ အမှောင်ထုကို လေ့လာနေရင်းမှ သူ့စိတ်အာရုံတစ်စိတ်တစ်ပိုင်းကို အပြင်ဘက်သို့ ပို့လွှတ်လိုက်လေ၏။
နောက်ဆုံးတွင် အကျိုးရလဒ်အချို့ ထွက်ပေါ်လာခဲ့ရလေ၏။ အမှောင်ထုထဲ လျှောက်သွားနေရင်းမှ ဤနတ်ဆိုးဝိဉာဉ်တစ်ပိုင်းသည် တစ်ခုခုနှင့် ဆက်သွယ်နေကြောင်း တွေ့ရှိလိုက်ရလေသည်။ သို့သော်ငြား ထိုဆက်သွယ်ချက်မှာ အလွန်ကိုမှ အားနည်းလှသည်။ ရန်ကိုင်လည်း ထိုဆက်သွယ်ရာလမ်းကြောင်းအတိုင်း ခြေရာခံလိုက်တော့လေ၏။
အမှောင်ထုသည် တဖြည်းဖြည်း ပြောင်းလဲသွားတော့လေသည်။ ထို့နောက်တွင် ရန်ကိုင်၏မြင်ကွင်းထဲ တစ်စုံတစ်စု စတင်ပေါ်လာခဲ့သည်။ သို့သော်ငြား ထိုအရာမှာ အလွန်ကိုမှ ဝေဝါးနေလွန်းသည့်အတွက်ကြောင့် ရန်ကိုင်မှာ သေသေချာချာမမြင်ခဲ့ရပေ။
စိတ်စွမ်းအင်နှင့် ကောင်းကင်စိတ်အာရုံကို သေသေချာချာအားဖြည့်၍ ကြိုးစားကြည့်လိုက်သည်။ နောက်ဆုံးတွင် ဤနတ်ဆိုးဝိဉာဉ်တစ်ပိုင်းကို သူ့အသိစိတ်ပင်လယ်ထဲသို့ပါ စုပ်ယူပစ်လိုက်လေသည်။ ထိုအခါမှသာလျှင် ရန်ကိုင်၏မြင်ကွင်းတစ်ခုလုံးမှာ စတင်၍ ရှင်းလင်းလာရတော့သည်။
သူမြင်လိုက်ရသည်မှာတော့ မိုးမြေစွမ်းအင် သိပ်သည်းကြွယ်ဝပြီး သာယာလှပသည့် ရှုခင်းအဖုံဖုံကို ပိုင်ဆိုင်ထားသော တောင်တစ်လုံးသာ ဖြစ်လေသည်။
ထိုတောင်ကို သူ့စိတ်ထဲ ရင်းနှီးနေသလို ခံစားနေရသည်။ မသိလျှင် တစ်နေရာရာတွင် မြင်ဖူးသည့်ပုံမျိုး။ သို့ရာတွင် သူမြင်နေရသည့်တောင်မှာ လုံးဝကို အသေးစိတ်ကျနေခြင်း မရှိသေးသည့်အတွက်ကြောင့် ရန်ကိုင်မှာ ထိုတောင်ကို မည်သည့်နေရာတွင် မြင်ဖူးခဲ့မှန်း အတည်မပြုနိုင် ဖြစ်နေရလေသည်။
ဤနေရာသည် ကုန်းယွဲ့ရှိနေသည့်နေရာ ဖြစ်လောက်သည်။ ဤနေရာကို ရန်ကိုင်သည် နတ်ဆိုးဝိဉာဉ်တစ်ပိုင်းနှင့် ဆက်သွယ်နေသည့် အခြားခန္ဓာကိုယ်တစ်ပိုင်းကို ခြေရာခံနေရင်းမှ တွေ့ရှိခဲ့ရခြင်း ဖြစ်လေသည်။
ရန်ကိုင်သည်သာ ဤတောင် မည်သည့်နေရာတွင် ရှိနေသလဲဆိုသည်ကို အတည်ပြုနိုင်မည်ဆိုပါက ကုန်းယွဲ့၏တည်နေရာကို ခြေရာခံနိုင်ပေလိမ့်မည်။
ထို့နောက်တွင် ရန်ကိုင်သည် သူ့စိတ်စွမ်းအင်ကို ထပ်မံ၍ မြှင့်တင်လိုက်လေသည်။
ယခုတစ်ကြိမ်တွင်တော့ ရန်ကိုင် ပို၍ ကြည်လင်ရှင်းလင်းစွာ မြင်လာရတော့သည်။ တောင်ပေါ်တွင် လူတစ်ဦးရှိနေပြီး ထိုလူမှာ ကုန်းယွဲ့နှင့် အတော်လေးကိုမှ ဆင်လှသည်။ လက်ရှိအချိန်တွင် ကုန်းယွဲ့သည် တောင်ပေါ်ရှိ တစ်နေရာတွင် မလှုပ်မယှက် ငြိမ်သက်စွာ ရပ်နေခဲ့လေသည်။
ရန်ကိုင်၏လက်ရှိအခြေအနေမှာ အတော်လေးကိုမှ ထူးဆန်းသည်ဟု ပြော၍ရသည်။ လက်ရှိသူသည် ရေဘောလုံးတစ်လုံးထဲသို့ ရောက်နေသည့်အလား။ သူ့အနေဖြင့် မည်မျှ ကြိုးစားကြည့်နေစေကာမူ သူ့မြင်ကွင်းမှာ ဝေဝါးနေခဲ့ရလေသည်။
ရုတ်တရက်ဆိုသလို ရန်ကိုင်မှ တစ်ခုခုအား ကြားလိုက်ရသည်ဟု ခံစားလိုက်ရလေသည်။ ထိုအသံမှာ ဝိုးတဝါးတားနှင့် ပြတ်တောင်းပြတ်တောင်းဖြစ်နေသည့်အတွက်ကြောင့် ရန်ကိုင်မှာ မည်ကဲ့သို့သောအသံမှန်း သေချာမကြားနိုင်အောင် ဖြစ်နေရလေသည်။
ထိုအသံ နောက်တစ်ကြိမ် ထွက်ပေါ်လာခဲ့လေသည်။ ယခုတစ်ကြိမ်တွင်တော့ ပထမတစ်ကြိမ်ထက်ပို၍ ကြည်လင်ပြတ်သားစွာ ကြားလိုက်ရသည်။ ထိုအော်သံမှာ အခြားမဟုတ်။ “ဝုတ် ဝုတ် ဝုတ်” ဟူသည့် ခွေးဟောင်နေသည့်အသံသာ ဖြစ်လေသည်။ ရန်ကိုင်၏မြင်ကွင်း အခြားတစ်နေရာဆီသို့ ရောက်ရှိသွားခဲ့သည်။ သူလှမ်းမြင်နေရသည့် ဝိုးတဝါးတားပုံရိပ်နှင့် မလှမ်းမကမ်းတွင် ခွေးလေးတစ်ကောင်ရှိနေပြီး ထိုခွေးလေးမှာ အားတက်သရောဖြင့် ဟောင်နေကြောင်း တွေ့လိုက်ရသည်။
တစ်ခဏမျှ ဟောင်နေပြီးသည့်နောက်တွင် ထိုခွေးလေးသည် ဝိုးတဝါးတားပုံရိပ်ပေါ်တက်၍ ကိုက်လိုက်လေ၏။ သို့ရာတွင် ထိုပုံရိပ်မှာမူ ဘာကိုမှမခံစားမိသည့်အလား မလှုက်မယှက်သာ ရပ်နေခဲ့လေသည်။
သို့ရာတွင် ထိုအခိုက်အတန့်၌ ထိုဝိုးတဝါးတားပုံရိပ်သည် တစ်ခုခုအား အာရုံခံမိသွားသည့်အလား ရန်ကိုင်ဘက်သို့ ခေါင်းမော့ကြည့်လာခဲ့သည်။ သူ့အကြည့်သည် အမျိုးမျိုးသောအတားအဆီးများကို ဖောက်ထွက်ပြီး ရန်ကိုင်နှင့် အကြည့်ချင်း လာဆုံသွားသယောင် ထင်မှတ်ရလေသည်။
ဝေဝါးနေသည့်မြင်ကွင်းမှာ ပြောင်းလဲသွားခဲ့ရသည်။ ရုတ်တရက်ဆိုသလို ရန်ကိုင်၏မြင်ကွင်းအဖုံဖုံမှာ ပိုပို၍ ကြည်လင်လာခဲ့ရလေသည်။
ရန်ကိုင်၏ခန္ဓာကိုယ်တစ်ခုလုံး တုန်တက်သွားခဲ့ပြီး ပါးစပ်အဟောင်းသားဖြင့် မျက်လုံးများ ဆတ်ခနဲ ပွင့်လာခဲ့လေ၏။
“နင်အဆင်ပြေရဲ့လား…” ကောင်းရွှယ်ထင်း၏လက်များမှာ ချွေးများဖြင့် စိုရွှဲနေခဲ့လေသည်။ ဧကရာဇ်အဆင့်သို့ ရောက်ပြီးသည့်အချိန်မှစ၍ သူမဘဝတွင် တစ်ခါမှ ဤမျှ စိုးရိမ်ခဲ့ရဖူးခြင်း မရှိချေ။ သို့သော်ငြား လက်ရှိအချိန်တွင်တော့ ရန်ကိုင်ကိုများ နတ်ဆိုးဝိဉာဉ်မှ ဝင်စီးသွားလေမလားဟု တွေးရင်း သူမ၏အသံမှာ ကတုန်ကယင် ဖြစ်နေခဲ့လေသည်။
ရန်ကိုင်က အနည်းငယ်ငေးကြောင်ကြောင်အမူအယာဖြင့် ခေါင်းခါပြလိုက်သည်။
“မင်း သူ့ကို ရှာလို့တွေ့လား…” ချန်ဝမ်ဟောင်က မေးလိုက်သည်။
“ဓါးတောင်မှာ…” ရန်ကိုင်သည် ကောင်းရွှယ်ထင်းကိုကြည့်ရင်းမှ ပြောလိုက်သည်။
ကောင်းရွှယ်ထင်း ကြောင်သွားလေ၏။ “ဘယ်လို…”
“ဓါးတောင်… ကုန်းယွဲ့က နေမင်းပြာကျောင်းတော်ထဲက ကျုပ်ရဲ့ဓါးတောင်ဆီ ရောက်နေတာ…” ရန်ကိုင်မှာလည်း လက်ရှိအဖြစ်အပျက်နှင့်ပတ်သက်၍ အလွန်ကိုမှ မယုံကြည်နိုင် ဖြစ်နေခဲ့လေသည်။ သူမြင်လိုက်ရသည်မှာ အစစ်အမှန်မဟုတ်ဘဲ ပုံရိပ်ယောင်တစ်ခုဖြစ်သည်ဟု ခံစားနေရပါသော်ငြား သူမြင်လိုက်ရသည့်အရာအားလုံးသည် ပုံရိပ်ယောင်ဖြစ်သည်ဟု သက်သေပြနိုင်မည့်အရာမျိုး သူ့တွင် ရှိမနေခဲ့ပေ။
“ကုန်းယွဲ့က နေမင်းပြာကျောင်းတော်ကို ရောက်နေတာလား…” ဖုန်းမင် မျက်လုံးပြူးသွားခဲ့လေသည်။
“ကျုပ် အဲ့ဒါကို မြင်လိုက်တယ်…” ရန်ကိုင်လည်း ထိုင်နေရာမှ မတ်တပ်ရပ်လိုက်ပြီးသည့်နောက် သူ့အသိစိတ်ပင်လယ်ထဲတွင် ရှိနေသော နတ်ဆိုးဝိဉာဉ်ကို ထုတ်၍ ဖျက်ဆီးပစ်လိုက်လေသည်။ ကုန်းယွဲ့ မည်သည့်နေရာတွင် ရှိနေသလဲဆိုသည်ကို သိသွားပြီ ဖြစ်သည့်အတွက်ကြောင့် ထိုနတ်ဆိုးဝိဉာဉ်တစ်ပိုင်းကို ဆက်၍ ထိန်းထားစရာ မလိုတော့ပေ။
“သူဘယ်လိုလုပ်ပြီး နေမင်းပြာကျောင်းတော်ထဲကို ရောက်သွားတာလဲ…” ဖုန်းမင်က မေးလိုက်သည်။
“ကျုပ်လည်းမသိဘူး…” ရန်ကိုင်ခေါင်းခါလိုက်သည်။ ကုန်းယွဲ့သည် နေမင်းပြာကျောင်းတော်သို့ ရောက်နေရုံမက သူရောက်နေသည့်နေရာမှာ ရန်ကိုင်ပိုင်ဆိုင်သည့် ဓါးတောင်တွင်ပင် ဖြစ်နေခဲ့သည်။
ဓါးတောင်သည် နေမင်းပြာကျောင်းတော်၏ အကြီးအကဲတစ်ဦး ဖြစ်လာပြီးသည့်နောက်တွင် ရန်ကိုင်ရရှိလိုက်သည့် ကိုယ်ပိုင်တောင်တစ်လုံး ဖြစ်ပေသည်။ ရှင်းရှင်းပြောရသော် ဓါးတောင်သည် အတော်လေးကိုမှ ချောင်ကျသည့်နေရာတစ်ခု ဖြစ်သည်ဟု ပြော၍ရပါသော်ငြား သဘာဝရှုခင်းဖြစ်စေ၊ မိုးမြေစွမ်းအင်ဖြစ်စေ၊ အတော်လေးကိုမှ ကောင်းမွန်လှသည်။ ထို့အပြင် ဓါးတောင်ကို အားကောင်းလှသည့် အစီအရင်တစ်ခုမှလည်း ကာကွယ်ပေးထား၏။
ထိုအကြောင်းကြောင့်ပင်လျှင် ထိုတောင်ကို ရန်ကိုင်ရင်းနှီးနေသလို ခံစားနေခဲ့ရခြင်း ဖြစ်လေသည်။ ရန်ကိုင်သည် ဓါးတောင်တွင် အချိန်အတန်ကြာအောင် မနေခဲ့ပါသော်ငြား ထိုတောင်သည် သူ့ပိုင်နက်ဖြစ်သည့်အတွက်ကြောင့် သူ့အနေဖြင့် ထိုတောင်ကို မမှတ်မိဘဲ ဘယ်နေပါမည်နည်း။
ကုန်းယွဲ့သည် ကုန်းမိသားစု၏ ယခင်မိသားစုခေါင်းဆောင်ဖြစ်သည့်အလျောက် အစီအရင်ပညာများကို ကောင်းစွာ တတ်ကျွမ်းထားလေသည်။ ဓါးတောင်ပေါ်ရှိအစီအရင်သည် သာမန်ပညာရှင်များကို တားဆီးကောင်း တားဆီးနိုင်လိမ့်မည် ဖြစ်ပါသော်ငြား ကုန်းယွဲ့ကိုမူ တားဆီးနိုင်လိမ့်မည်မဟုတ်ချေ။ သူမြင်ခဲ့ရသည့် မြင်ကွင်းများသည်သာ ထိုမျှလောက်သာ ဖြစ်နေမည်ဆိုလျှင်တော့ ထိုအရာများသည် ရန်ကိုင်ထင်ယောင်ထင်မှားဖြစ်သွားအောင် ကုန်းယွဲ့မှဖန်တီးထားသည့် ပုံရိပ်ယောင်တစ်ခုဖြစ်သည်ဟု ရန်ကိုင် ယုံကြည်မိပေလိမ့်မည်။ သို့သော်ငြား ခွေးဟောင်သံသည် ကုန်းယွဲ့ရောက်နေသည့်နေရာမှာ နေမင်းပြာကျောင်းတော်ထဲရှိ သူ၏ဓါးတောင်ဖြစ်ကြောင်းကို သက်သေပြနေလေ၏။
နေမင်းပြာကျောင်းတော်ထဲရှိ ဓါးတောင်ပေါ်တွင် ခွေးတစ်ကောင်နှင့်ဆင်တူသည့် အနက်ရောင်သတ္တဝါလေးတစ်ကောင် ရှိပေသည်။ ထိုကောင်လေးမှာ အနည်းငယ်ထူးဆန်းပါသော်ငြား ၎င်းတွင် လက်ဆုပ်လက်ကိုင်ပြ၍ မရနိုင်သည့် ခွန်အားမျိုး ရှိနေခဲ့လေသည်။ သို့ရာတွင် ရန်ကိုင်အနေဖြင့် ထိုခွေးလေးအား နှစ်ကြိမ်သာ မြင်ဖူးခဲ့ပြီး အရမ်းကြီးလည်း အရေးစိုက်ခဲ့ခြင်းမရှိပေ။
“ကုန်းယွဲ့ နေမင်းပြာကျောင်းတော်ဆီ ဘာဖြစ်လို့သွားတာလဲ… သူ့သေတွင်းသူတူးနေတာလား…” ချန်ဝမ်ဟောင် မျက်မှောင်ကျုံ့သွားခဲ့သည်။ လက်ရှိကုန်းယွဲ့၏ခွန်အားအရ ကုန်းယွဲ့သည်သာ သူတို့လေးဦးကို မျက်နှာချင်းဆိုင် လာတွေ့မည်ဆိုပါက အသက်ရှင်လျက် ထွက်သွားနိုင်လိမ့်မည်မဟုတ်ချေ။ ထို့အတွက်ကြောင့် ရှင်းရှင်းပြောရသော် သူ့အနေဖြင့် လုံခြုံလောက်မည့် နေရာတစ်ခုတွင် သွားရှာပုန်းနေသင့်ပေသည်။ သို့သော်ငြား အခြားနေရာများသို့ မသွားဘဲ နေမင်းပြာကျောင်းတော်ဆီသို့ တည့်တည့်သွားခဲ့သည်။
နေမင်းပြာကျောင်းတော်ထဲတွင် အားကောင်းသော ပညာရှင်ပေါင်းများစွာဖြင့် ပြည့်နေလေရာ ကုန်းယွဲ့အနေဖြင့် ထိုနေရာသို့သွားပြီးသည့်နောက် မည်ကဲ့သို့များ အသက်ရှင်နိုင်ပါဦးမည်နည်း။
“ငါ သူတို့ကို ဆက်သွယ်လို့မရဘူး… ဂျူနီယာမောင်လေး… နင်ကြိုးစားကြည့်ပါလား…” ကောင်းရွှယ်ထင်းသည် တစ်ခဏကြာမျှ တိတ်ဆိတ်နေပြီးသည့်နောက် ရုတ်တရက် စကားပြောလာခဲ့သည်။ ကုန်းယွဲ့ နေမင်းပြာကျောင်းတော်ဆီသို့ ရောက်နေကြောင်း ကြားသိလိုက်ရပြီးသည့်နောက်တွင် သူမ၏အကြီးအကဲတံဆိပ်ပြားကိုထုတ်၍ အခြားသောအကြီးအကဲများအား ဆက်သွယ်ခဲ့လေသည်။
သို့သော်ငြား သူမ၏ကျောက်စိမ်းပြားမှာ အလုပ်မဖြစ်ကြောင်း တွေ့လိုက်ရလေသည်။
ရန်ကိုင်သည်လည်း သူ၏ကျောက်စိမ်းပြားကိုထုတ်၍ ကျောက်စိမ်းပြားထဲသို့ ကောင်းကင်စိတ်အာရုံကို ထည့်သွင်းလိုက်သည်။
တစ်ခဏအကြာတွင် ကောင်းရွှယ်ထင်းအားကြည့်၍ ခေါင်းခါပြလိုက်၏။ “မရဘူး…”
ဤနေရာသည် နေမင်းပြာကျောင်းတော်နှင့် အနည်းငယ်လေးသာ ဝေးကွာပေသည်။ ထို့အတွက်ကြောင့် နေမင်းပြာကျောင်းတော်ရှိ အကြီးအကဲများကို သူတို့၏ကျောက်စိမ်းပြားဖြင့် ဆက်သွယ်၍ ရသင့်သည်။ နေမင်းပြာကျောင်းတော်ထဲရှိ အကြီးအကဲများသည်သာ သူတို့၏သတင်းစကားကို ရရှိပါက ကျိန်းသေ ပြန်ဆက်သွယ်လာပေလိမ့်မည်။ သို့သော်ငြား ယခုအချိန်တွင်တော့ မည်သူမျှ သူတို့အား ပြန်လည်ဆက်သွယ်လာခြင်းမရှိပေ။
“ကျောင်းတော်ထဲမှာ တစ်ခုခုဖြစ်သွားတာဖြစ်ရမယ်…” ကောင်းရွှယ်ထင်း မျက်နှာပျက်သွားခဲ့လေသည်။
“သွားကြည့်ရအောင်…” လက်ရှိအခြေအနေ မည်မျှအရေးကြီးနေသလဲဆိုသည်ကို နားလည်လိုက်ပြီးသည့်နောက် ဖုန်းမင်က အော်ပြောလိုက်လေသည်။
ရန်ကိုင်သည် သူ၏ပန်းတိမ်တိုက်လွန်းပျံကို ချက်ချင်းထုတ်ယူလိုက်ပြီး လေးဦးစလုံး ပန်းတိမ်တိုက်လွန်းပျံထဲသို့ ဝင်သွားကြသည်။ ထို့နောက်တွင် ပန်းတိမ်တိုက်လွန်းပျံမှာ လျှပ်စီးတန်းတစ်ခုပမာ မိုးကုပ်စက်ဝိုင်းအောက်သို့ မျက်တောင်တစ်ခတ်အတွင်း တိုးဝင်ပျောက်ကွယ်သွားခဲ့လေသည်။
ရန်ကိုင်တို့လေးဦး ထွက်သွားပြီးသည့်နောက်တွင် တောင်ပေါ်၌ရှိနေသော ဂိုဏ်းငယ်လေးမှ တပည့်များ အသိပြန်ဝင်လာကြပြီး မြေပြင်ပေါ်သို့ ခြေပစ်လက်ပစ် လဲကျသွားကုန်ကြလေသည်။ ယခုအခါမှသာလျှင် သူတို့၏ကျောပြင်တစ်ခုလုံး ချွေးများဖြင့် စိုရွှဲနေကြောင်း သတိထားမိသွားရသည်။
လူတိုင်းသည် အစောပိုင်းကရောက်လာသည့် စီနီယာများ အမှန်တကယ် ထွက်သွားလား မထွက်သွားလား စောင့်ကြည့်နေကြလေသည်။ တကယ်ထွက်သွားမှန်း အတည်ပြုပြီးသည့်နောက်တွင် ဂိုဏ်းသားများကြား ဂိုဏ်းချုပ်နေရာလုပွဲ ထွက်ပေါ်လာတော့လေသည်။ ဤသို့ဖြင့် ရန်ကိုင်တို့ထွက်သွားပြီးသည့်နောက် တောင်ပေါ်၌ အခြားသောတိုက်ပွဲတစ်ခု ထွက်ပေါ်လာခဲ့ရလေသည်။
ပန်းတိမ်တိုက်လွန်းပျံထဲတွင် ရန်ကိုင်နှင့် ကောင်းရွှယ်ထင်းတို့ မျက်နှာမသာမယာ ဖြစ်နေကြလေသည်။
ချန်ဝမ်ဟောင်က နှစ်သိမ့်ပေးလိုက်လေ၏။ “ကုန်းယွဲ့ နေမင်းပြာကျောင်းတော်ဆီသွားပြီး ဘာလုပ်ချင်နေမှန်း ငါမသိပေမယ့် သူ့လုပ်ရပ်က သူ့သေတွင်းသူ တူးနေသလိုပဲ… ကျောင်းသခင်ဝမ်ကိုယ်တိုင် အဲ့မှာရှိနေတာဆိုတော့ ကုန်းယွဲ့ ဘာပြဿနာမှ ရှာနိုင်မှာမဟုတ်ဘူး… ဒီတော့ လန့်မနေကြနဲ့… ငါတို့ရောက်တဲ့အချိန်ကြရင် ကုန်းယွဲ့ သေတောင်သေနေလောက်ပြီ…”
သို့သော်ငြား ကောင်းရွှယ်ထင်း၏မျက်နှာထက်ရှိ စိုးရိမ်မှုတို့မှာ လုံးဝပျောက်ကွယ်သွားခြင်းမရှိဘဲ ပြန်၍ပြောလိုက်လေ၏။ “အဲ့လိုမျှော်လင့်ရတာပါပဲ…”
လက်ရှိအခြေအနေကို ကြည့်ပြီးသည့်နောက် တစ်ခုခုမှားယွင်းနေမှန်း ရန်ကိုင် သတိထားမိသွားခဲ့သည်။ ထို့ကြောင့် ကောင်းရွှယ်ထင်းအား ကောင်းကင်စိတ်အာရုံမှတစ်ဆင့် မသိမသာလေး တိုးတိုးလေးမေးလိုက်လေသည်။ “ကျောင်းတော်မှာဘာတွေဖြစ်နေတာလဲ… ကျုပ်မသိတဲ့ကိစ္စတစ်ခုခု ဖြစ်သွားတာလား…”
ကောင်းရွှယ်ထင်းသည် ရန်ကိုင်ကိုကြည့်၍ ပြန်ပြောလိုက်သည်။ “အခုလောလောဆယ် ကျောင်းသခင်ဝမ်က အခြားကိစ္စတစ်ခုနဲ့ အလုပ်ရှုပ်နေတာ… ကုန်းယွဲ့သာ ဂိုဏ်းထဲမှာ ပြဿနာရှာမယ်ဆိုရင် ကျောင်းသခင်ဝမ် သူ့ကို ဘယ်လိုမှ တားနိုင်မှာမဟုတ်ဘူး…”
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၂၉၂၇)
ဘာသာပြန်သူ_တိမ်တိုက်
“အဲ့မှာ စီနီယာအစ်ကိုချိုနဲ့ အခြားသူတွေ ရှိနေသေးတယ်မလား…” ရန်ကိုင်က ပြောလိုက်သည်။
ကောင်းရွှယ်ထင်းမှာ သိပ်၍ မသေချာခဲ့ပေ။ “စီနီယာအစ်ကိုချိုနဲ့အခြားသူတွေက အားကောင်းတာမှန်ပေမယ့် ငါစိတ်ပူနေတာက သူတို့တွေက နတ်ဆိုးဝိဉာဉ်အကြောင်း ဘာမှမသိတော့ အဲ့နတ်ဆိုးဝိဉာဉ်ရဲ့ လှည့်ကွက်ထဲ ရောက်သွားမှာကိုပဲ… အခုလောလောဆယ် ငါ သူတို့နဲ့ ဆက်သွယ်လို့ မရသေးဘူး… ဒီတော့ ကျောင်းတော်မှာ ဘယ်လိုတွေဖြစ်နေလဲဆိုတာကို ငါမပြောနိုင်ဘူး… ကုန်းယွဲ့ ဓါးတောင်ဆီကို ရောက်နေတယ်လို့ နင်ပြောတယ်နော်… ဒါပေမယ့် သူဘာဖြစ်လို့ အဲ့ကိုရောက်နေရတာလဲ…”
“ကျုပ်လည်း အဲ့ဒါကို သိချင်နေတာ…” ရန်ကိုင် ခေါင်းခါလိုက်သည်။ နေမင်းပြာကျောင်းတော်တွင် တောင်ထွတ်များစွာ ရှိပါသော်ငြား ကုန်းယွဲ့သည် ဓါးတောင်ကိုမှ ရွေးခဲ့လေသည်။ ရန်ကိုင်သည် ရှေးဟောင်းလိုဏ်ဂူစံအိမ်ထဲတွင် ရှိနေသော နတ်ဆိုးဝိဉာဉ်များအား လွှတ်ပေးမည့် ရန်ထိုက်၏အစီအစဉ်ကို တမင်တကာ ဖျက်ဆီးခဲ့သည့်အတွက်ကြောင့် ကုန်းယွဲ့မှ သူ့အား တမင်တကာ လက်စားပြန်ချေနေသည်ဟုပင် ထင်ခဲ့သည်။
သို့သော်ငြား ကြည့်ရသလောက် ထိုသို့မဟုတ်သည့်ပုံပင်။ ရန်ကိုင်ကိုသာ လက်စားချေချင်သည်ဆိုပါက ကုန်းယွဲ့အနေဖြင့် ဤမျှစွန့်စားလိမ့်မည်မဟုတ်ပေ။
“စီနီယာအစ်မ… ကျောင်းသခင်က အခြားကိစ္စတစ်ခုနဲ့ အလုပ်ရှုပ်နေတယ်လို့ ပြောတယ်နော်… အဲ့ဒါ ဘာကိုပြောတာလဲ…”
ကောင်းရွှယ်ထင်းသည် ပြောလျှင်ကောင်းမလား မပြောလျှင်ကောင်းမလားဆိုသည်ကို စဉ်းစားနေသည့်အလား ယာယီမျှတိတ်သွားပြီးသည့်နောက် ပြန်၍ပြောလာလေ၏။ “နင်က ကျောင်းတော်ရဲ့အကြီးအကဲတစ်ယောက် ဖြစ်နေပြီဆိုတော့ နင့်ကိုပြောပြလို့လည်း ကိစ္စမရှိပါဘူးလေ… အရင်တစ်ကြိမ် နင် ကောင်းကင်တက်လှမ်းခြင်းကြေးမုံကို သုံးမယ်လုပ်တုန်းက ငါနင့်ကိုတားခဲ့တာကို မှတ်မိသေးလား…”
“မှတ်မိတယ်… အဲ့ဒါက ကျောင်းသခင်နဲ့ ဘာဆိုင်လို့လဲ…” ရန်ကိုင် နားမလည်နိုင်ခဲ့ပေ။
“ကောင်းကင်တက်လှမ်းခြင်းကြေးမုံကို အဲ့တုန်းက အခြားတစ်ယောက်သုံးနေတယ်လို့ ငါနင့်ကို ပြောခဲ့တယ်လေ… အဲ့လူကို သွားနှောင့်ယှက်လို့မဖြစ်ဘူးလို့… အဲ့ ကောင်းကင်တက်လှမ်းခြင်းကြေးမုံကို သုံးနေတဲ့လူက ဘယ်သူလဲ နင်သိလား…”
ထိုအရာမှာ ရန်ကိုင်နားမလည်နိုင်သည့်အရာ ဖြစ်ပေသည်။ ကောင်းကင်တက်လှမ်းခြင်းကြေးမုံသည် နေမင်းပြာကျောင်းတော်၏ အမွေအနှစ်ရတနာတစ်ခုဖြစ်သလို နေမင်းပြာကျောင်းတော်တစ်ခုလုံး၏ အုတ်မြစ်လည်း ဖြစ်ပေသည်။ ထိုကောင်းကင်တက်လှမ်းခြင်းကြေးမုံကြောင့်သာလျှင် နေမင်းပြာကျောင်းတော်မှ ပညာရှင်များ၏ စိတ်စွမ်းအင်မှာ သာမန်ကျင့်ကြံသူများထက် ပိုမိုအားကောင်းနေရခြင်းပင်။ သို့သော်ငြား ကောင်းကင်တက်လှမ်းခြင်းကြေးမုံထဲသို့ ဝင်ရောက်ဖို့ရာ မလွယ်ကူလှချေ။ ပုံမှန်အားဖြင့် တပည့်များသည် ဂိုဏ်းအတွက် ထူးထူးခြားခြား အကျိုးဆောင်ပေးမှသာလျှင် ကောင်းကင်တက်လှမ်းခြင်းကြေးမုံထဲသို့ ဝင်ခွင့်ရရှိကြသည်။ အကြီးအကဲတစ်ဦးသည်ပင်လျှင် ကောင်းကင်တက်လှမ်းခြင်းကြေးမုံထဲသို့ ဝင်လိုပါက အကြီးအကဲအကျိုးဆောင်မှတ် သုံးထောင်ပေးချေရသည်။
အကြီးအကဲအကျိုးဆောင်မှတ်များကို ရဖို့ရာ မလွယ်ကူလှသလို သုံးထောင်ဟူသောပမာဏမှာလည်း နည်းပါးသည့်ပမာဏတစ်ရပ် မဟုတ်။ ထို့အပြင် အကြီးအကဲတစ်ဦး ဖြစ်လာစဉ်တည်းက ရန်ကိုင်တွင် ထိုကဲ့သို့အကျိုးဆောင်မှတ်မျိုး မရှိခဲ့ပေ။
သို့သော်ငြား ယခုအခြေအနေကို ကြည့်ရသလောက် ကောင်းရွှယ်ထင်း သူ့အား တားခဲ့ရခြင်းမှာ ရန်ကိုင်တွင် အကြီးအကဲအကျိုးဆောင်မှတ် လုံလုံလောက်လောက်မရှိသည့်အတွက်ကြောင့် မဟုတ်ဘဲ အခြားတစ်ယောက်မှ ကောင်းကင်တက်လှမ်းခြင်းကြေးမုံကို အသုံးပြုနေသည့်အတွက်ကြောင့် ဖြစ်နေခဲ့သည်။
ရန်ကိုင်လည်း ထိုစဉ်တည်းက ကောင်းကင်တက်လှမ်းခြင်းကြေးမုံအား မည်သူအသုံးပြုနေသလဲဆိုသည်နှင့်ပတ်သက်၍ သိချင်မိခဲ့လေသည်။ သို့သော်ငြား ဂုဏ်ပြုပွဲအခမ်းအနား ရှိနေသေးသလို သူကိုယ်တိုင်ကလည်း အရမ်းကြီး သိလိုစိတ်မပြင်းပြသည့်အတွက်ကြောင့် မေးနေခြင်း မရှိခဲ့ပေ။
ယခုအချိန်မျိုးတွင်မှ ကောင်းရွှယ်ထင်းသည် ထိုကိစ္စကို ပြန်အစဖော်လာလိမ့်မည်ဟု ရန်ကိုင်မထင်ထားခဲ့ပေ။
“ဘယ်သူလဲ…” ရန်ကိုင်က မျက်မှောင်ကျုံ့၍ မေးလိုက်လေသည်။ ထိုလူသည် အလွန်ကိုမှ အရေးကြီးသည့်လူတစ်ဦး ဖြစ်ရလိမ့်မည်ဟု သူ့စိတ်ထဲ ခံစားနေခဲ့ရသည်။
“အဲ့လူက ကျောင်းသခင်နဲ့ အရမ်းရင်းနှီးတယ်… ရှင်းရှင်းပြောရရင် ကျောင်းသခင်ကို ပျိုးထောင်ခဲ့ပြီးတော့ ကိုယ်တိုင်ကိုယ်ကျ လေ့ကျင့်ပေးခဲ့တဲ့လူလို့တောင် ပြောလို့ရတယ်…” ကောင်းရွှယ်ထင်းသည် ရန်ကိုင်ကိုကြည့်ရင်းမှ ပြောလိုက်သည်။ ထိုလူ မည်သူဖြစ်သလဲဆိုသည်ကိုတော့ အတိအကျမပြောပြခဲ့ပေ။
သို့သော်ငြား ရန်ကိုင်၏ခန္ဓာကိုယ် တုန်တက်သွားခဲ့ပြီး သူ့စိတ်ထဲ လူတစ်ဦး၏ပုံရိပ် ပေါ်လာခဲ့လေသည်။ ထို့နောက် နားလည်သွားဟန်ဖြင့် “ဒီတော့ သူပေါ့…”
ကောင်းရွှယ်ထင်းသည် ရန်ကိုင်အားကြည့်၍ “နင်ကြည့်ရတာ ငါထင်ထားတာထက် အများကြီး ပိုတည်ငြိမ်နေတာပဲ…”
ရန်ကိုင်သည် ဘာတွေဖြစ်နေသလဲဆိုသည်ကို နားလည်သွားခဲ့ပြီး ပြန်၍မေးလိုက်လေသည်။ “အဲ့ဆရာ ကောင်းကင်တက်လှမ်းခြင်းကြေးမုံထဲကိုဝင်သွားတာ သူတို့ရဲ့ဝိဉာဉ်တွေကို ခွဲထုတ်ချင်လို့လား…”
ယခုတစ်ကြိမ်တွင်တော့ ကောင်းရွှယ်ထင်း၏ခန္ဓာကိုယ် တုန်တက်သွားခဲ့ပြီး ရန်ကိုင်အား အံ့ဩတကြီးဖြင့်ကြည့်လျက် “နင်ဘယ်လိုလုပ်ပြီး သိတာလဲ…”
သူမသည်ပင်လျှင် ဤလျှို့ဝှက်ချက်အကြောင်းကို များများစားစားမသိပေ။ ဝမ်ကျိရှန်းမှ အမှတ်မထင် စကားကျွံသွားသည့်အတွက်ကြောင့်သာ သိခဲ့ရခြင်း ဖြစ်လေသည်။ သို့သော်ငြား ရန်ကိုင်ကမူ သူမပြောပြသည်ကိုကြားပြီးသည့်နောက် ချက်ချင်း တန်းသိသွားလိမ့်မည်ဟု မထင်ထားခဲ့ပေ။ မည်သူမျှလည်း ယခုကဲ့သို့သောအကြောင်းအရာမျိုးကို ခန့်မှန်းသုံးသပ်၍ မသိနိုင်ပေ။ ယခင်တည်းက ဤအကြောင်းကို ကြိုသိထားမှသာလျှင် သိနိုင်ပေလိမ့်မည်။
ရန်ကိုင်က ခါးသက်စွာပြုံးလျက် “အဲ့ဆရာ အဲ့လိုမျိုးဖြစ်သွားရတဲ့အကြောင်းအရင်းက ကျုပ်နဲ့ နည်းနည်းပါးပါး ပတ်သက်နေတယ်လေ…”
“နင်နဲ့…” ကောင်းရွှယ်ထင်း ပို၍နားမလည်နိုင် ဖြစ်သွားခဲ့ပြီး ရန်ကိုင်အား မမှိတ်မသုန် စိုက်ကြည့်နေလိုက်လေသည်။
ရန်ကိုင်သည် ကြယ်ပျက်ပင်လယ်ထဲတွင် ဖြစ်သွားသည့်ကိစ္စများကို အကျဉ်းချုပ် ရှင်းပြလိုက်ပြီးသည့်နောက် ထပ်၍ပြောလိုက်လေသည်။ “အဲ့တုန်းက ဖြစ်သွားတာတွေကတော့ တကယ်ကို အရမ်းတိုက်ဆိုင်လွန်းတယ်… ကျုပ်အသက်ရှင်နိုင်ခဲ့တာလည်း ကံကြောင့်လို့ပဲ ပြောရမယ်… ဒါပေမယ့် အဲ့လိုအလှည့်အပြောင်းတွေအများကြီးကြောင့် အဲ့ဆရာကိုကြည့်ရတာ ဟိုဆရာရဲ့ဝိဉာဉ်နဲ့ သွားပြီးတော့ ချိတ်ဆက်သွားတဲ့ပုံပဲ… သူ ကျောင်းတော်ကို ပြန်လာလိမ့်မယ်လို့ ကျုပ်တကယ်မထင်ထားခဲ့ဘူး… မဟုတ်သေးဘူး… ကောင်းကင်တက်လှမ်းခြင်းကြေးမုံက ဝိဉာဉ်တွေပဲရှိတဲ့ကမ္ဘာ… စီနီယာထျန်းယန်ကလည်း အဲ့မှာရှိနေတယ်… ကြည့်ရတာ အဲ့ထဲမှာ သူတို့ရဲ့ဝိဉာဉ်တွေကို ခွဲထုတ်နိုင်မယ့်နည်းလမ်း ရှိလောက်တယ်နဲ့တူတယ်…”
“အဲ့လိုကိုး…” ကောင်းရွှယ်ထင်းကြောင်နေခဲ့လေသည်။ ရန်ကိုင်ရှင်းပြသည်ကို ကြားပြီးသည့်အခါမှသာ ယခင်က သူမ နားမလည်နိုင်ခဲ့သည့်အရာများကို နားလည်သွားရတော့သည်။ သို့သော်ငြား ထိုကိစ္စသည် ရန်ကိုင်နှင့် ပတ်သက်နေလိမ့်မည်ဟူတော့ လုံးဝ ထင်မှတ်ထားခဲ့ခြင်း မရှိခဲ့ပေ။ ရန်ကိုင်သည် မဟာဧကရာဇ်နှစ်ပါးကြားတိုက်ပွဲထဲတွင် ကိုယ်တိုင်ကိုယ်ကျပင် ဝင်ရောက်ပါဝင်ပတ်သက်နိုင်ခဲ့ပေသေးသည်။ ထိုစဉ်က မဟာဧကရာဇ်နှစ်ပါးလုံးသည် သူတို့၏ အထွဋ်အထိပ်အခြေအနေတွင် ရှိမနေပါသော်ငြား မဟာဧကရာဇ်နှစ်ပါးတိုက်ခိုက်သည့် တိုက်ပွဲကြားထဲ ဝင်ရောက်ပါဝင်ပတ်သက်ဖို့ရာဆိုသည်မှာ လူတိုင်းရနိုင်သည့် အခွင့်အရေးမျိုး မဟုတ်ပေ။
ထိတ်လန့်ဖွယ်ရာအကောင်းဆုံးအပိုင်းမှာ ရန်ကိုင်သည် ထိုတိုက်ပွဲအတွင်း အရေးပါသည့်ကဏ္ဍမှ ပါဝင်ခဲ့ခြင်းပင်။ ရန်ကိုင်ကြောင့်သာမဟုတ်ပါက ထိုဆရာ၏ဝိဉာဉ်သည် ရန်သူ၏ဝိဉာဉ်နှင့်အတူ တစ်ပါတည်း ပျောက်ကွယ်သွားပြီးနေလောက်ပေပြီ။ လက်ရှိအခြေအနေမှာ သိပ်မဟန်ပါသော်ငြား အနည်းဆုံးတော့ နှစ်ဦးလုံးမှာ အသက်ရှင်နေကြပေသေးသည်။ သူတို့သည်သာ အသက်ရှင်နေသေးသရွေ့ သူတို့၏ဝိဉာဉ်ကို ပြန်လည်ခွဲထုတ်မည့်နည်းလမ်းကို တစ်နည်းနည်းနှင့်တော့ ပြန်လည်ရှာဖွေနိုင်ပေလိမ့်မည်။
ထိုစဉ်က ထိုဆရာ ကောင်းကင်တက်လှမ်းခြင်းကြေးမုံကို အသုံးပြုနေသည့်အတွက်ကြောင့်သာလျှင် ရန်ကိုင်အား ကောင်းကင်တက်လှမ်းခြင်းကြေးမုံကို အသုံးပြုခွင့် မပေးခဲ့ခြင်း ဖြစ်လေသည်။
ကောင်းရွှယ်ထင်းက ဆက်ပြောလိုက်သည်။ “အဲ့မှာကြည့်ရတာ အခြေအနေက သိပ်အဆင်မပြေသေးလို့ ကျောင်းသခင်ကိုယ်တိုင် ဝင်သွားပြီး ကူညီပေးနေတာ… အခုလောလောဆယ် ကျောင်းသခင်ရဲ့ဝိဉာဉ်က ကောင်းကင်တက်လှမ်းခြင်းကြေးမုံထဲမှာ ရှိနေတာဆိုတော့ အပြင်မှာ ဘာတွေဖြစ်နေလဲဆိုတာကို ဘာမှမသိဘူး… ကုန်းယွဲ့သာ ကျောင်းတော်ထဲကို မသိမသာလေး ခိုးဝင်လာမယ်ဆိုရင် အခြားသူတွေ သူ့ကို သတိထားမိလောက်မှာမဟုတ်ဘူး…”
“အဲ့လိုကိုး…” ရန်ကိုင် ခေါင်းညိတ်လိုက်လေသည်။ ယခုမှသာ ဘာကြောင့် ကောင်းရွှယ်ထင်း အစိုးရိမ်လွန်နေရသလဲဆိုသည်ကို နားလည်သွားတော့သည်။ ကောင်းရွှယ်ထင်းနှင့်စကားဝိုင်းကို အဆုံးသတ်ပြီးသည့်နောက်တွင် ရန်ကိုင် မျက်လုံးပြန်ဖွင့်လာခဲ့ပြီး အားလုံးကိုကြည့်ကာ ပြောလိုက်လေသည်။ “ကျုပ်ရဲ့လေဟာနယ်ပညာရပ်ကိုသုံးပြီးတော့ အရှိန်တင်တော့မယ်… အကုန်လုံး… မသက်မသာဖြစ်ရင်တောင် မခုခံကြနဲ့နော်…”
ရန်ကိုင်၏စကားကိုကြားသော် ချန်ဝမ်ဟောင်နှင့် ဖုန်းမင်တို့ အသီးသီး ခေါင်းညိတ်လိုက်ကြပြီး ရန်ကိုင်အား သိလိုစိတ်ဖြင့် ကြည့်လိုက်ကြလေသည်။
ရန်ကိုင် လေဟာနယ်တာအိုအား ကျွမ်းကျင်ထားကြောင်းကို သူတို့ အစောကြီးတည်းက သိပြီးသားပင်။ သို့သော်ငြား ရန်ကိုင်မှ လေဟာနယ်ပညာရပ်အား ကျွမ်းကျွမ်းကျင်ကျင် ထုတ်သုံးပြသည်ကို သူတို့ တစ်ခါမှ မမြင်ခဲ့ရဖူးချေ။ ဤကဲ့သို့သောစွမ်းအားမျိုးသည် လူတိုင်းနားလည်နိုင်သည့် ပညာရပ်မျိုးမဟုတ်။ ထို့အတွက်ကြောင့် ရန်ကိုင်မှ လေဟာနယ်ပညာရပ်အား ထုတ်သုံးတော့မည့်အကြောင်း ကြားသော် အကုန်လုံး စိတ်ဝင်စားသွားကြလေသည်။
ရန်ကိုင်၏ခန္ဓာကိုယ်ဆီမှ လေဟာနယ်နိယာမစွမ်းအားတို့ ဖြာထွက်လာခဲ့ပြီး ပန်းတိမ်တိုက်လွန်းပျံတစ်ခုလုံးကို လွှမ်းခြုံသွားခဲ့သည်။ အခြားလူများကိုသာ ဤအကြောင်း ကြိုတင် အသိပေးမထားခဲ့ပါက ချန်ဝမ်ဟောင်နှင့်ဖုန်းမင်တို့သည် ထိုပြောင်းလဲမှုကို သတိပြုမိသွားပြီး ကျိန်းသေခုခံရန် ကြိုးစားပေလိမ့်မည်။ သို့သော်ငြား ရန်ကိုင်မှ ကြိုတင်အသိပေးထားသည့်အတွက်ကြောင့် လေဟာနယ်နိယာမစွမ်းအားများကို ခံစားမိလိုက်သည့်တိုင် အနည်းငယ်မျှပင် ခုခံခြင်း မရှိခဲ့ပေ။
ပန်းတိမ်တိုက်လွန်းပျံသည် အနည်းငယ် တုန်ခါသွားခဲ့လေသည်။ ထို့နောက်တွင် ပန်းတိမ်တိုက်လွန်းပျံထဲတွင် ရှိနေသော ချန်ဝမ်ဟောင်နှင့် ဖုန်းမင်တို့နှစ်ဦးစလုံး သူတို့ကိုယ်သူ အဆုံးမဲ့ချောက်နက်ထဲသို့ ကျဆင်းသွားသလို ခံစားလိုက်ကြရလေသည်။
သို့သော်ငြား ထိုခံစားချက်မှာ တစ်ခဏလေးသည်သာ။ ပေါ်လာပြီးသည်နှင့်တစ်ပြိုင်နက် မျက်တောင်တစ်ခတ်အတွင်း ပြန်လည်ပျောက်ကွယ်သွားခဲ့လေသည်။
ထိုခံစားချက်ပျောက်ကွယ်သွားသည်နှင့် တစ်ပြိုင်နက် ပန်းတိမ်တိုက်လွန်းပျံသည် မိုင်တစ်ထောင်ခန့်အကွာတွင် ပြန်ပေါ်လာခဲ့လေသည်။
ချန်ဝမ်ဟောင်နှင့် ဖုန်းမင်တို့မှာ အံ့အားသင့်နေသည့်အမူအယာများဖြင့် အကြည့်ချင်း ဖလှယ်လိုက်ကြသည်။
လေဟာနယ်တာအိုကို ကျွမ်းကျင်ထားသည့်လူများသည် ထွက်ပြေးရာတွင် ပြိုင်ဘက်ကင်းသည်ဟူသော ကောလဟာလများအကြောင်းကို သူတို့ ကြားခဲ့ရဖူးသည်။ ယခုကြည့်ရသလောက် ထိုကောလဟာလများမှာ မှန်နေသည့်ပုံပင်။ သူတို့နှစ်ဦးစလုံးမှာ ဧကရာဇ်ဒုတိယအဆင့်ပညာရှင်များ ဖြစ်ကြပါသော်ငြား မိုင်တစ်ထောင်အကွာအဝေးသို့ တမုဟုတ်ချည်း ရွေ့သွားဖို့ရာ မဖြစ်နိုင်ပေ။ ထူးခြားသောမှော်ရတနာများ၏ အကူအညီဖြင့်သာ ဆိုပါက ထိုကဲ့သို့ သွားနိုင်ကောင်း သွားနိုင်ပါသော်ငြား ရန်ကိုင်လုပ်သွားသလောက်တော့ အဆင်ပြေချောမွေ့နေလိမ့်မည်မဟုတ်ချေ။
ဤကဲ့သို့သော စွမ်းရည်မျိုးကို ပိုင်ဆိုင်ထားမည်ဆိုပါက ရန်ကိုင်သည်သာ သီးခြားဟင်းလင်းပြင်တစ်ခုထဲ ပိတ်မနေခဲ့လျှင် ဤလောကကြီး၌ မည်သူကများ သူ့အား တားဆီးနိုင်ပါဦးမည်နည်း။
ပန်းအရိပ်မဟာဧကရာဇ်ကိုယ်တိုင် စိတ်ဝိဉာဉ်သားရဲကျွန်းမှ ထိုလူအား လိုက်လံဖမ်းဆီးခဲ့သည့်တိုင် မဖမ်းနိုင်ခဲ့သည်မှာ အံ့အားသင့်စရာမဟုတ်တော့ချေ။ လေဟာနယ်တာအိုကို ကျွမ်းကျင်ထားသည့် ပညာရှင်များမှာ အလွန်ကိုမှ ဖမ်းရခက်လွန်းလှသည်။ ထိုကဲ့သို့သောပညာရှင်များကို တိုက်ကွက်တစ်ကွက်တည်းဖြင့် တစ်ချက်တည်း အသေမသတ်နိုင်ပါက လုံးဝဖမ်းမိနိုင်တော့လိမ့်မည်မဟုတ်ချေ။
ပန်းတိမ်တိုက်လွန်းပျံသည် အဆက်မပြတ်ကို တုန်ခါနေခဲ့လေသည်။ ထိုသို့တုန်ခါရင်းမှ ပေါ်လာလိုက် ပျောက်သွားလိုက် ပေါ်လာလိုက် ပျောက်သွားလိုက် ဖြစ်နေလေ၏။
လွန်းပျံထဲတွင်ရှိနေသော ပညာရှင်သုံးဦးမှာတော့ ရန်ကိုင်၏လေဟာနယ်ပညာရပ်များကိုကြည့်ရင်း အံ့ဩမင်သက်နေကြလေသည်။
အစပိုင်းတွင်တော့ ရန်ကိုင်မှာ အဆင်ပြေပြေနှင့် ရှိနေပါသော်ငြား အချိန်ကြာလာသည့်နောက်တွင် သူ့ခမျာ ရုန်းကန်နေရသည့်ပုံစံ ပေါက်လာခဲ့လေသည်။ ဧကရာဇ်အဆင့်ပညာရှင်သုံးဦးနှင့် ဧကရာဇ်အဆင့်ပျံသန်းရေးမှော်ရတနာတစ်ခုကို တစ်ပြိုင်တည်း မိုင်တစ်ထောင့်ခန့်အကွာသို့ တည်နေရာခုန်ကူးပေးဖို့ရာ ရန်ကိုင်ထုတ်သုံးပေးရသည့် စွမ်းအင်ပမာဏမှာ နည်းနည်းနောနောမဟုတ်ပေ။
သို့သော်ငြား လက်ရှိအခြေအနေမှာ နှောင့်နှေးနေ၍မရသည့်အတွက်ကြောင့် ရန်ကိုင်သည်လည်း သူ့စွမ်းအင်မည်မျှကုန်ကုန် ဂရုစိုက်မနေနိုင်တော့ချေ။ လက်ရှိ ရန်ကိုင်၏ခေါင်းထဲ နေမင်းပြာကျောင်းတော်ဆီသို့ မြန်နိုင်သမျှ မြန်မြန်ရောက်ချင်သည့် အတွေးသာ ရှိတော့လေသည်။
နေ့ဝက်ကြာပြီးသည့်နောက်တွင် ရန်ကိုင်သည် ကောင်းရွှယ်ထင်းအား ပန်းတိမ်တိုက်လွန်းပျံကို ယာယီထိန်းချုပ်ထားရန် အချက်ပြလိုက်ပြီးသည့်နောက်တွင် သူ့ပါးစပ်ထဲသို့ ဆေးလုံးများစွာကို ထည့်သောက်လိုက်လေသည်။ ထို့နောက် တင်ပလင်ခွေထိုင်ချကာ ဆေးအာနိသင်များကို ချေဖျက်တော့လေသည်။
ရန်ကိုင်ထုတ်သောက်သွားသည့်ဆေးလုံးအားလုံးမှာ ဧကရာဇ်အဆင့်ဆေးလုံးများဖြစ်ကြောင်းကို ချန်ဝမ်ဟောင်နှင့်ဖုန်းမင်တို့ အတိုင်းသား မြင်တွေ့လိုက်ရသည်။ ထိုဆေးလုံးတစ်လုံးချင်းစီသည် အလွန်ကိုမှ တန်ဖိုးကြီးလှသည်။ သို့သော်ငြား ရန်ကိုင်ကမူ ထိုဆေးလုံးများအား ပဲစေ့များကို ဝါးစားသည့်အလား ဂျွတ်ဂျွတ်မြည်အောင် ဝါးစားပြနေခဲ့သည်။
နှစ်ဦးစလုံးမှာ အဆင့်အတန်းမြင့်မားလှသည့် ဧကရာဇ်ဒုတိယအဆင့်ပညာရှင်များ ဖြစ်ကြသည့်တိုင် ရန်ကိုင်မှ ဧကရာဇ်အဆင့်ဆေးလုံးများကို ပဲစေ့များ ဝါးစားသည့်နှယ် ဝါးစားပြနေသည်ကို မြင်သော် နှစ်ဦးစလုံး၏မျက်နှာကြီး မှုန်ကုပ်သွားခဲ့ကြလေသည်။ သူတို့စိတ်ထဲတွင်လည်း တယ်ကံကောင်းတဲ့ကောင်ပါလားဟု ကြိတ်၍ တွေးနေကြလေ၏။
ထို့နောက်တွင် သူတို့၏အကြည့်သည် လက်ရှိသူတို့စီးနင်းလာသော ပန်းတိမ်တိုက်လွန်းပျံဆီသို့ ရောက်ရှိသွားလေသည်။ ဤပန်းတိမ်တိုက်လွန်းပျံသည် ဧကရာဇ်အဆင့်ပျံသန်းရေးမှော်ရတနာတစ်ခုဖြစ်သည်မှာ လုံးဝ သံသယရှိစရာမလိုပေ။ သူတို့တွင်ပင်လျှင် ဤကဲ့သို့သော မှော်ရတနာမျိုး ရှိမနေခဲ့။ သူတို့ မည်သို့ပင် ခေါင်းခြောက်အောင် စဉ်းစားနေစေကာမူ ရန်ကိုင်သည် ဤမျှအသက်ငယ်ငယ်လေးဖြင့် ယခုကဲ့သို့သော အဖိုးတန်ရတနာများစွာအား မည်ကဲ့သို့များ ပိုင်ဆိုင်ထားရသလဲဆိုသည်ကို နားမလည်နိုင်ခဲ့ပါချေ။ ရန်ကိုင်နှင့်ယှဉ်လိုက်သော် သူတို့အားလုံးမှာ ဆင်းရဲနွမ်းပါးလှသည့် တောသားများနှင့်ပင် တူနေပေသေးသည်။ ဧကရာဇ်ဒုတိယအဆင့်ဖြစ်သော သူတို့၏ဂုဏ်သိက္ခာမှာ မည်သည့်နေရာသို့များ ရောက်သွားလေသနည်း။
လူသုံးဦးသည် ပန်းတိမ်တိုက်လွန်းပျံအား အလှည့်ကျ ထိန်းချုပ်နေကြသည့်အတွက်ကြောင့် လွန်းပျံကိုထိန်းချုပ်ရာတွင် စွမ်းအင်များများစားစား အသုံးပြုခဲ့ရခြင်းမရှိချေ။ ထို့အတွက်ကြောင့် အရေးပေါ်အန္တရာယ်တစ်ခုခုနှင့် ရင်ဆိုင်လာရသော် သုံးဦးစလုံးမှာ အချိန်မရွေး တုံ့ပြန်ဖို့ရာ အဆင်သင့်ဖြစ်နေကြလေသည်။
ရန်ကိုင်သာ အားပြန်ပြည့်လာပြီး လေဟာနယ်နိယာမစွမ်းအားကို နောက်တစ်ကြိမ် အသုံးပြုနိုင်မည်ဆိုပါက သူတို့သွားနေသည့်အမြန်နှုန်းမှာ လျင်မြန်စွာ ထပ်မံတိုးတက်လာပေလိမ့်ဦးမည်။
ထိုနည်းအတိုင်းသွားလိုက်ရာ ရန်ကိုင်တို့အဖွဲ့သည် နေမင်းပြာတောင်တန်းဆီသို့ သုံးရက်အတွင်း ရောက်ရှိလာခဲ့သည်။
ထိုနေရာသို့ ရောက်ရှိလာပြီးသည့်နောက်တွင် တောင်တန်းတစ်ခုလုံးကို ကောင်းကင်စိတ်အာရုံဖြင့် စစ်ဆေးကြည့်လိုက်ပါသော်ငြား ပုံမှန်မဟုတ်သည့် မည်သည့်အရာကိုမှ ရှာမတွေ့ခဲ့ပေ။ အကုန်လုံးမှာ ပုံမှန်အတိုင်းသာ ဖြစ်နေကြသည်။ တပည့်ပေါင်းများစွာသည် ကိုယ့်အလုပ်ကိုယ်လုပ်ရင်း တောင်တန်းများကြား ကူးကလန်ခတ် သွားလာနေကြလေသည်။ ကျောင်းတော်မှာလည်း တိုက်ခိုက်ခံထားရသည့် အရိပ်အယောင်မျိုး ရှိမနေခဲ့ပေ။
ထိုအချင်းအရာကို မြင်လိုက်သည့်အခါမှသာလျှင် တစ်ချိန်လုံး မီးခဲပေါ် ဖင်ခုထိုင်နေရသည့်ပမာ စိုးရိမ်တကြီးဖြစ်နေကြသော ရန်ကိုင်နှင့် ကောင်းရွှယ်ထင်းတို့ စိတ်သက်သာရာ ရသွားနိုင်ကြလေ၏။
ပန်းတိမ်တိုက်လွန်းပျံသည် ဂိုဏ်းအား ကာကွယ်ပေးထားသည့် အစီအရင်ရှေ့တွင် ရပ်လိုက်ပြီး ပန်းတိမ်တိုက်လွန်းပျံထဲမှ လူလေးဦး ထွက်လာကြလေသည်။ သို့သော်ငြား အပြင်သို့ရောက်သည်နှင့်တစ်ပြိုင်နက် တစ်ခုခုမှားယွင်းနေသည်ကို ကောင်းရွှယ်ထင်း သတိပြုမိသွားခဲ့သည်။
ဂိုဏ်းကာကွယ်ရေးအစီအရင်အပြင်ဘက်တွင် ထူးဆန်းသည့်အရံအတားတစ်ခု ရှိနေခဲ့လေသည်။ ထိုအရံအတားမှာ အရမ်းကြီး အားကောင်းခြင်း မရှိလှဘဲ လျှို့ဝှက်စွာ တည်ရှိနေခြင်း ဖြစ်လေသည်။ ဂိုဏ်း၏ ကာကွယ်ရေးအစီအရင်အပေါ် ကောင်းရွှယ်ထင်း၏ နားလည်မှုကြောင့်သာ မဟုတ်ပါက ဤကဲ့သို့သောအကာအရံတစ်ခု ဤနေရာတွင် ရှိနေသည်ဆိုသည်ကို သတိထားမိလိမ့်မည် မဟုတ်ပေ။
ထို့အပြင် ထိုအရံအတားကို ကြည့်ရသလောက် ခင်းကျင်းထားသည်မှာ သိပ်ကြာသေးသည့်ပုံမပေါ်ပေ။
ရန်ကိုင်သည် တစ်ခဏမျှ စဉ်းစားနေပြီးသည့်နောက်တွင် ကျောက်စိမ်းတံဆိပ်ပြားထဲသို့ ကောင်းကင်စိတ်အာရုံကို ထည့်သွင်းကြည့်လိုက်လေသည်။ ဆန်းစစ်ကြည့်ပြီးသည့်နောက် အလျင်အမြန် ပြန်ပြောလိုက်လေ၏။ “အဲ့ဒါကို ကုန်းယွဲ့လုပ်ထားတာ… ဒီအကာအရံရှိနေလို့ပဲ ကျုပ်တို့ ကျောင်းတော်ကလူတွေနဲ့ ဆက်သွယ်လို့မရတာ…”
“အဲ့ခွေးကောင်ကတော့…” ကောင်းရွှယ်ထင်းမှာ အံကို တင်းတင်းကြိတ်လိုက်လေသည်။ ထို့နောက်တွင် နေမီးလျှံကြေးမုံသည် သူမခေါင်းထက်တွင် ပေါ်လာပြီး အရံအတားဆီသို့ အလင်းတန်းတစ်ခုကို ပစ်လွှတ်လိုက်လေသည်။
“ဘုန်း” ဟူသော မြည်သံနှင့်အတူ မြေပြင်တစ်ခုလုံး တသိမ့်သိမ့်တုန်ခါလာပြီး အားနည်းပါးလျသည့် အကာအရံမှာလည်း ချက်ချင်း ပျက်စီးသွားခဲ့ရလေသည်။
“ဘယ်ခွေးသူတောင်းစား… အာ… အကြီးအကဲကောင်းနဲ့ အကြီးအကဲရန်ပါလား…”
ကျောင်းတော်တိုက်ခိုက်ခံရပြီဟု အထင်ရောက်လျက် တပည့်တစ်ဦးသည် ဒေါမာန်တကြီးဖြင့် ပြေးထွက်လာခဲ့ပါသော်ငြား ကောင်းရွှယ်ထင်းကို မြင်ပြီးသည့်နောက် တုန်တုန်ရီရီဖြစ်သွားခဲ့ပြီး အလျင်အမြန် ဦးညွှတ်လိုက်လေသည်။
“ကျောင်းတော်ထဲမှာ ဒီရက်ပိုင်း ပုံမှန်မဟုတ်တဲ့ကိစ္စတွေ ဖြစ်သွားသေးလား…” ကောင်းရွှယ်ထင်းက ထိုတပည့်အား မေးလိုက်လေသည်။
ထိုတပည့်မှာ ကောင်းရွှယ်ထင်းအား ပြန်မကြည့်ရဲခဲ့ပဲ ခေါင်းကိုငုံ့ထားရင်းဖြင့်သာ ချက်ချင်း ပြန်ပြောလိုက်လေ၏။ “အကုန်လုံးက ပုံမှန်အတိုင်းပါပဲ အကြီးအကဲကောင်း…”
ကောင်းရွှယ်ထင်းသည် ဘာမှထပ်မေးမနေတော့ချေ။ ဤတပည့် ဘာမှသိလိမ့်မည်မဟုတ်မှန်း သူမသိနေခဲ့သည်။ ထို့အတွက်ကြောင့် အလျင်အမြန် တိုက်တွန်းလိုက်လေသည်။ “ဓါးတောင်ဆီကိုမြန်မြန်သွား…”
ထိုသို့ပြောပြီးသည့်နောက် ချက်ချင်း ပြေးထွက်သွားလေ၏။
တစ်ချိန်တည်းတွင် အခြားသူများကို သူမ၏ကျောက်စိမ်းပြားမှတစ်ဆင့် သတိလှမ်းပေးလိုက်လေသည်။
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၂၉၂၈)
ဘာသာပြန်သူ_တိမ်တိုက်
ဓါးတောင်သည် နေမင်းပြာကျောင်းတော်၏ ချောင်ကျသည့်နေရာတွင် ရှိနေပေသည်။ ထိုအကြောင်းကြောင့်ပင်လျှင် ရန်ကိုင်မှာ ဓါးတောင်အား ရွေးချယ်ခဲ့ခြင်း ဖြစ်လေ၏။ သို့ရာတွင် ဓါးတောင်၏ ချောင်ကျသည့်အချက်သည် ကုန်းယွဲ့အကြိုက်တွေ့စရာ ဖြစ်သွားရလိမ့်မည်ဟု ရန်ကိုင်မထင်ထားခဲ့ပေ။
ဓါးတောင်ဆီသို့ ပျံသန်းနေရင်းမှ လမ်းတစ်ဝက်သို့အရောက်တွင် နေမင်းပြာကျောင်းတော်၏ ဘက်ပေါင်းစုံမှ အလင်းတန်းများ ပျံသန်းလာကြပြီး လူစုံသွားခဲ့ကြလေသည်။
ဂိုဏ်းအပြင်သို့ ရောက်နေသူများ၊ တံခါးပိတ်ကျင့်စဉ် ဝင်နေသူများမှလွဲ၍ ဂိုဏ်းထဲတွင်ရှိနေသော ဧကရာဇ်အဆင့်ပညာရှင်အားလုံး ဤနေရာ၌ စုဝေးနေကြသည်။ ဒုကျောင်းသခင်ချိုရန်သည်လည်း ရှိနေခဲ့လေသည်။ ချန်ဝမ်ဟောင်နှင့် ဖုန်းမင်တို့အား နှုတ်ဆက်လိုက်ပြီးသည့်နောက် ကောင်းရွှယ်ထင်းဘက်သို့လှည့်၍ မေးလိုက်လေ၏။ “ဘာတွေဖြစ်နေတာလဲ…”
လက်ရှိအခြေအနေကို ကြည့်ရသလောက် ကိစ္စကြီးကြီးတစ်ခုခု ဖြစ်နေပြီမှန်း ချိုရန် ခန့်မှန်းမိပေသည်။ ထို့ကြောင့်သာမဟုတ်ပါက ကောင်းရွှယ်ထင်းအနေဖြင့် အခြားဂိုဏ်းမှ အကြီးအကဲများနှင့်အတူ ကျောင်းတော်ဆီသို့ အမောတကော ပြန်ပြေးလာလိမ့်မည်မဟုတ်ချေ။ သူသိထားသလောက် လက်ရှိအချိန်တွင် ကောင်းရွှယ်ထင်းတို့သည် တောင်ပိုင်းနွံအိုင်တွင်သာ ရှိနေသင့်ပေသည်။
ရန်ကိုင် သူတို့အား သတင်းစကား ပို့လိုက်စဉ်က ရန်ကိုင်သည် တောင်ပိုင်းနွံအိုင်၌ မည်ကဲ့သို့သော ကိစ္စများ ဖြစ်သွားခဲ့သလဲဆိုသည်ကို ပြောပြခဲ့သည်။ ထို့ကြောင့် ချိုရန်မှာ တောင်ပိုင်းနွံအိုင်ရှိ ကိစ္စနှင့်ပတ်သက်၍ အနည်းနှင့်အများတော့ သိထားပေသည်။
“ကုန်းယွဲ့ ဓါးတောင်ဆီရောက်နေတယ်…” ကောင်းရွှယ်ထင်းက ပြန်ပြောလိုက်သည်။
“ဘယ်လို…” ချိုရန် ထိတ်လန့်သွားခဲ့လေသည်။ “ကုန်းယွဲ့… ဘယ်ကုန်းယွဲ့လဲ…” သူ့နားသူမယုံကြည်နိုင် ဖြစ်နေခဲ့လေသည်။ ကောင်းရွှယ်ထင်းများ အမှားလုပ်မိလေသလားဟုပင် သူ့စိတ်ထဲ တွေးနေမိလေ၏။
“ဂျူနီယာမောင်လေးရန်ပြောတဲ့ ကုန်းယွဲ့ပဲ… ကောင်းကင်မြစ်တောင်ကြားက ကုန်းမိသားစုရဲ့ အရင်မိသားစုခေါင်းဆောင်ဟောင်း…”
“ကုန်းယွဲ့ ဘယ်လိုလုပ်ပြီး ဓါးတောင်ကို ရောက်နေရတာလဲ…” ချိုရန်သည် ဂိုဏ်း၏အစီအရင်နှင့် လုံခြုံရေးကို တာဝန်ယူထားသည့် ရို့ခွမ်းဘက်သို့ လှမ်း၍ ကြည့်လိုက်လေသည်။ ကုန်းယွဲ့သည်သာ ကျောင်းတော်ထဲသို့ ကျူးကျော်ဝင်ရောက်လာပြီး ဓါးတောင်ဆီသို့ ရောက်နေခဲ့လျှင် ထိုအရာသည် ရို့ခွမ်း၏အပြစ် ဖြစ်သွားလေပြီ။
ရို့ခွမ်းမှာ အထိတ်ထိတ်အလန့်လန့်ဖြင့် ပြန်ပြောလိုက်၏။ “ကျုပ်လည်း သေချာမသိဘူး… ဘာမယုံသင်္ကာစရာကိစ္စကိုမှ သတိမထားမိလိုက်ဘူး…”
ရန်ကိုင်က ဖြတ်ပြောလိုက်သည်။ “ကုန်းယွဲ့က အစီအရင်ပညာကို ကောင်းကောင်းကျွမ်းကျင်ထားတာ… သူသာ ဂိုဏ်းတစ်ဂိုဏ်းဂိုဏ်းထဲကို ခိုးဝင်ချင်တယ်ဆိုရင် ကျိန်းသေ ခိုးဝင်နိုင်လိမ့်မယ်… ကျောင်းတော်က တစ်ချိန်လုံး ဘာမှဖြစ်တာမဟုတ်ဘူး… ဂိုဏ်းကာကွယ်ရေးအစီအရင်လည်း အကောင်းအတိုင်းပဲ… ဒီတော့ ကုန်းယွဲ့က အဲ့အစီအရင်ပေါ်က အားနည်းချက်တစ်ခုခုကို အသုံးပြုသွားတာ ဖြစ်ရလိမ့်မယ်… ဒါကြောင့်ပဲ အခုလိုမျိုး ဘယ်သူမှမသိအောင် ခိုးဝင်လာနိုင်တာ… အခုလောလောဆယ် အရေးအကြီးဆုံးက သူ ကျောင်းတော်ဆီ ဘာဖြစ်လို့လာတာလဲ… ဘာဖြစ်လို့ ကျုပ်ရဲ့ဓါးတောင်ကို ရွေးလဲဆိုတာကို သိရဖို့ပဲ…”
“ဟုတ်တယ်… ကုန်းယွဲ့ပုံစံက အရမ်းကို သံသယဝင်ဖို့ကောင်းတယ်… သူအခု ဘယ်လိုအခြေအနေရှိလဲဆိုတာကိုတောင် သိရသေးတာမဟုတ်ဘူး… ဒီတော့ ခင်ဗျားတို့အားလုံး ဂရုစိုက်ကြရင် ကောင်းလိမ့်မယ်…” ချန်ဝမ်ဟောင်က ခေါင်းညိတ်ကာ ထောက်ခံပြောဆိုလိုက်လေသည်။
ချိုရန်သည်လည်း ခေါင်းညိတ်လိုက်ပြီး သူ့မုတ်ဆိတ်မွေးကိုပွတ်ရင်းမှ စတင်စဉ်းစားတော့လေသည်။
ရို့ခွမ်းသည် ရန်ကိုင်အား ကျေးဇူးတင်တကြီးဖြင့် ကြည့်လိုက်ရင်းမှ ကုန်းယွဲ့ကိုမူ သူ့စိတ်ထဲမှနေ၍ ကြိတ်ကာ ကျိန်ဆဲနေခဲ့လေသည်။
“ကျွန်မ ရှင်တို့ကို ပြောပြစရာကိစ္စတစ်ခု ရှိသေးတယ်… နတ်ဆိုးဝိဉာဉ်မှာ ရှင်တို့မသိသေးတဲ့ စွမ်းအင်တွေအများကြီးရှိတယ်… ဒီတော့ ရှင်တို့ရဲ့စိတ်ကို သေသေချာချာ ကာကွယ်ထားကြ… နတ်ဆိုးဝိဉာဉ် ရှင်တို့ခန္ဓာကိုယ်ကို အပိုင်စီးသွားနိုင်မယ့်အခွင့်အရေးကို လုံးဝမပေးနဲ့…” ကောင်းရွှယ်ထင်းသည် အားလုံးကို အလေးအနက်အမူအယာဖြင့် သတိပေးလိုက်လေသည်။
နေမင်းပြာကျောင်းတော်မှ အကြီးအကဲအားလုံး အသီးသီးခေါင်းညိတ်လိုက်ကြပြီး အမျိုးမျိုးသောဝိဉာဉ်ပညာရပ်များကိုသုံးကာ သူတို့၏ အသိစိတ်ပင်လယ်အကာအကွယ်ကို တိုးမြှင့်လိုက်ကြသည်။
လက်ဖက်ရည်ခွက်တစ်ဝက်စာခန့် ကြာပြီးသည့်နောက်တွင် ရန်ကိုင်တို့အဖွဲ့ ဓါးတောင်ဆီသို့ ရောက်လာခဲ့လေသည်။
ဓါးတောင်သည် ရန်ကိုင် ယခင်တစ်ကြိမ် ထွက်သွားပြီးသည့်အချိန်က အတိုင်းသာ ရှိနေပေသည်။ ဓါးတောင်အား ကာကွယ်ပေးထားသည့် အကာအကွယ်အစီအရင် ပျက်စီးသွားသည့်အချက်မှလွဲ၍ အခြားသော ပုံမှန်မဟုတ်သည့် အချက်တစ်ချက်သာ ရှိပေသည်။ ထိုအရာမှာ တောင်ပေါ်တွင် လူသေကောင်တစ်ဦးပမာ မလှုပ်မယှက် ငြိမ်သက်စွာ ထိုင်နေသည့် လူတစ်ဦးသာ ဖြစ်လေသည်။
ထိုလူဘေးနားတွင် သက်သောင့်သက်သာဖြင့် ရှိနေသော အနက်ရောင်သားရဲလေးတစ်ကောင်လည်း ရှိနေပေသေးသည်။ ထိုကောင်လေးသည် ထိုထိုင်နေသည့်လူဘေးနားတွင် လှဲလျောင်းရင်း အမြီးလေးကို တနှံ့နှံ့လုပ်နေခဲ့သည်။ ရန်ကိုင်တို့အဖွဲ့ရောက်လာသည်ကိုမြင်သော် ခေါင်းမော့၍ကြည့်လိုက်ပါသော်ငြား ဘာမှမလုပ်ခဲ့ပေ။
“ရွှစ်… ရွှစ်… ရွှစ်…”
ဆယ်ဦးနီးပါးခန့်ရှိသော ဧကရာဇ်အဆင့်ပညာရှင်များသည် ဓါးတောင်အား ဘက်ပေါင်းစုံမှ ဝိုင်းရံထားလိုက်ကြလေသည်။
ထိုအခါမှသာလျှင် ကုန်းယွဲ့ မျက်လုံးပွင့်လာခဲ့ပြီး လူအုပ်ကြီးအား ဝေ့ကြည့်လိုက်လေသည်။ အဆုံးတွင်တော့ သူ့အကြည့်သည် ရန်ကိုင်ဆီတွင် ရပ်တန့်သွားခဲ့လေသည်။ ကုန်းယွဲ့၏ အနက်ရောင်မျက်လုံးများမှာ မြင်လိုက်သည့်လူတိုင်း ကျောရိုးတစ်လျှောက် စိမ့်တက်သွားရလောက်အောင်ကို ခြောက်ခြားဖွယ်ရာ ကောင်းလှသည်။ ထိုအရာများသည် မျက်လုံးမဟုတ်တော့ဘဲ အရာအားလုံးကို ဝါးမျိုပစ်နိုင်သယောင် ထင်မှတ်ရသည့် အဆုံးမဲ့တွင်းနက်ကြီးများပမာ။
“မင်းတို့ရောက်လာပြီပဲ…” ကုန်းယွဲ့က တိုးတိုးလေး ပြောလိုက်သည်။ သူ့ကြည့်ရသည်မှာ စကားကျယ်ကျယ်ပြောဖို့ရာပင် အားမရှိတော့သည့်အလား အတော်လေးကိုမှ အားကုန်သည့်ပုံစံမျိုး ပေါက်နေခဲ့လေသည်။
“ကျုပ် ခင်ဗျားကို ကုန်းယွဲ့လို့ ခေါ်ရမှာလား… ဒါမှမဟုတ် အခြားနာမည်တစ်ခုနဲ့ ခေါ်ရမှာလား…” ဖုန်းမင်က ပြောလိုက်သည်။ လက်ရှိကုန်းယွဲ့၏အခြေအနေကို ကြည့်ရသလောက် ကုန်းယွဲ့မှာ လုံးဝကို စိတ်လွတ်သွားလေပြီလား ထိုသို့မဟုတ်ဘဲ ယခင်ကုန်းယွဲ့အတိုင်းပဲ ရှိနေသေးသလား ဆိုသည်ကို ပြောရခက်လှသည်။
ထို့အပြင် ကုန်းယွဲ့၏ခန္ဓာကိုယ်ကို ဝင်စီးသွားသည့် နတ်ဆိုးဝိဉာဉ်သည် အခြားလူတစ်ဦးအား ဝင်စီးနိုင်သည့်စွမ်းရည်အား ပိုင်ဆိုင်ထားသေးသလား ဆိုသည်ကိုလည်း ဖုန်းမင်မပြောနိုင်ပေ။
နတ်ဆိုးဝိဉာဉ်အကြောင်းကို ကောင်းကောင်းသိနိုင်ဖို့ရာ ကုန်းယွဲ့ကို သွားစစ်ဆေး၍ ရပါသော်ငြား လက်ရှိအချိန်တွင် ဖုန်းမင်တို့အဖို့ ကုန်းယွဲ့အား ဘေးကင်းလုံခြုံစွာ စစ်ဆေးနိုင်ဖို့ရာ မဖြစ်နိုင်သေးချေ။
“ဒီလူအိုကြီးက ကုန်းယွဲ့ပဲ… ကုန်းမိသားစုရဲ့ကုန်းယွဲ့ပဲ…” ကုန်းယွဲ့က ပြန်ပြောလိုက်သည်။
ဖုန်းမင်သည် ဝါးလုံးကွဲအော်ရယ်မော၍ “အခုလိုတွေဖြစ်ပြီးသွားတာတောင် ခင်ဗျားက မျက်နှာပြောင်တိုက်ပြီး ကုန်းမိသားစုရဲ့နာမည်ကို ပြောရဲသေးတယ်ပေါ့ ဟုတ်လား… အခုချိန်ကစပြီး ခင်ဗျားကြောင့် ကုန်းမိသားစုရဲ့ဂုဏ်သတင်းက လုံးဝကို စုန်းစုန်းမြုပ်သွားတော့မှာ… ခင်ဗျားကိုယ်တိုင်ကလည်း ကုန်းမိသားစုရဲ့ အကြီးမားဆုံး အပြစ်သားတစ်ဦးအဖြစ် တောက်လျှောက်ကို မှတ်တမ်းဝင်သွားတော့မှာ…”
ကုန်းယွဲ့က ခေါင်းခါလျက် “စွမ်းအားနောက်ကိုလိုက်တာ အပြစ်လား… ဒါဆိုရင် မင်းတို့အားလုံးလည်း အပြစ်သားတွေပဲပေါ့…”
ဖုန်းမင်က အေးစက်စက်အမူအယာဖြင့် နှာခေါင်းရှုံ့လျက် “ဒီလောကကြီးမှာ မရေမတွက်နိုင်တဲ့ မဟာတာအိုတွေရှိပြီးသား… အဲ့မဟာတာအိုတွေထဲမှာမှ ကိုယ်ကြိုက်တဲ့လမ်းကို ရွေးလို့ရတယ်… ဒါပေမယ့် ခင်ဗျားက မဟုတ်တဲ့လမ်းကိုမှ သွားပြီးရွေးတယ်… အဲ့လမ်းကိုရွေးပြီးတော့ ခင်ဗျား ဘယ်လိုစွမ်းအားကို လိုချင်နေတာလဲ…”
ကုန်းယွဲ့က ထူးမခြားနားဟန်ဖြင့် ပြန်ပြောလိုက်သည်။ “ဘယ်လမ်းကြောင်းပဲဖြစ်ဖြစ် အကုန်လုံးက နေရာတစ်ခုတည်းကိုပဲ ဦးတည်နေတာလေ… မဟာတာအိုဆိုတာ လမ်းကြောင်းတစ်ခုပဲ… ဒီတော့ ငါ့ဘာသာငါ ဘယ်လမ်းကြောင်းကိုပဲရွေးရွေး နောက်ဆုံး ငါတို့အားလုံးရဲ့ပန်းတိုင်က တစ်ခုတည်းပဲဖြစ်နေမှာ… မဟာတာအိုတွေအကုန်လုံးကလည်း လမ်းကြောင်းတစ်ခုတည်းမှာပဲ စုဆုံသွားကြမှာ…”
“အပိုတွေလာပြောမနေနဲ့…” ဖုန်းမင်က ဒေါသတကြီးဖြင့် ပြန်ထအော်လေသည်။
ကုန်းယွဲ့က ဂုဏ်ယူဝံ့ကြွားစွာဖြင့် “ငါရွေးတဲ့လမ်းကြောင်းက မှားနေတယ်ဆိုရင်တောင် အဲ့လမ်းကြောင်းကို ငါ့ဘာသာငါ အမှန်ပြန်ပြင်မယ်…”
“ခင်ဗျားမှာ အဲ့လိုအရည်အချင်း မရှိလောက်ဘူး…”
ကုန်းယွဲ့က လှောင်ပြုံးပြုံးလျက် “ဟုတ်တာပေါ့… ဒီကုန်းတစ်ယောက်တည်းနဲ့တော့ ဘယ်လိုလုပ်ပြီး အဲ့လိုမျိုးဖြစ်အောင် လုပ်နိုင်ပါ့မလဲ… ဒါပေမယ့် ငါ့မှာ အဖော်တွေရှိသေးတယ်လေ…”
ချန်ဝမ်ဟောင်က သက်ပြင်းချလျက် “ရောင်းရင်းကုန်း… မင်းကို နတ်ဆိုးဝိဉာဉ်က တကယ်ဝင်စီးသွားပြီပဲ…”
သူသည် ကုန်းယွဲ့နှင့် ခင်မင်ရင်းနှီးသည့်အတွက်ကြောင့် ဤနေရာသို့ မလာခင်က ကုန်းယွဲ့ကိုများ ကူညီနိုင်မည့်အခွင့်အရေးများ ရှာတွေ့လေမလား စဉ်းစားခဲ့ဖူးသည်။ သို့သော်ငြား လက်ရှိကုန်းယွဲ့ကို ကိုယ်တိုင်ကိုယ်ကျ မြင်ပြီးသည့်နောက်တွင် ကုန်းယွဲ့အား လုံးဝ ကယ်ဆယ်၍ရတော့လိမ့်မည်မဟုတ်မှန်း ချန်ဝမ်ဟောင် သိသွားခဲ့လေပြီ။ ကုန်းယွဲ့၏ခန္ဓာကိုယ်မှာ စီးနင်းထားခြင်း မခံရပေ။ တစ်နည်းဆိုရသော် နတ်ဆိုးဝိဉာဉ်သည် တစ်စုံတစ်ဦး၏ခန္ဓာကိုယ်ကို ဝင်ရောက်စီးနင်းနိုင်သည့်စွမ်းရည်ကို ပိုင်ဆိုင်ထားခြင်းမရှိ။
သို့သော်ငြား ကုန်းယွဲ့မှာ နတ်ဆိုးအသွင်သို့ ပြောင်းသွားသည်ဟု ပြော၍ရသည်။ နတ်ဆိုးဝိဉာဉ်၏ လွှမ်းမိုးမှုအောက်တွင် သူ့စိတ်အစုံမှာ တစ်နည်းနည်းဖြင့် ပြောင်းလဲသွားခဲ့ပြီး လက်ရှိကုန်းယွဲ့သည် ယခင်နှင့်မတူသည့် ကုန်းယွဲ့တစ်ယောက်အဖြစ်သို့ လုံးလုံး ပြောင်းလဲသွားခဲ့ရလေသည်။ ဤကဲ့သို့သောလူတစ်ဦးသည် မည်ကဲ့သို့သောစွမ်းရည်မျိုးကို ပိုင်ဆိုင်ထားသလဲဆိုသည်အား မသိရသည့်အတွက်ကြောင့် အလွန်ကိုမှ အန္တရာယ်များသည်ဟု ပြော၍ရသည်။
ထို့အတွက်ကြောင့် ချန်ဝမ်ဟောင်လည်း ကုန်းယွဲ့အား ကူညီပေးမည့်ကိစ္စကို လက်လျှော့လိုက်တော့လေသည်။
“နတ်ဆိုးအသွင်ပြောင်းတာ…” ကုန်းယွဲ့က ပြုံးလျက် “မဟုတ်သေးဘူး… ငါ့အတွက်သင့်တော်တဲ့ တာအိုကို ရှာတွေ့သွားတာလို့ ပြောရမှာ…”
“အဲ့ဒါ ခင်ဗျားရဲ့တာအိုမဟုတ်ဘူး…” ရန်ကိုင်က ဝင်ပြောလိုက်သည်။
ကုန်းယွဲ့သည် ရန်ကိုင်ကိုကြည့်၍ “ဒါဆိုရင် မင်းရော… မင်းတို့အားလုံးကရော ကိုယ့်တာအိုလမ်းကြောင်းကို ကိုယ်လျှောက်နေတာမို့လို့လား… မင်းတို့လျှောက်နေတဲ့လမ်းကြောင်းတွေက အရင်လူတွေလျှောက်ခဲ့တဲ့ လမ်းကြောင်းတွေပဲ… ပြီးတော့ မင်းတို့လျှောက်လှမ်းနေတဲ့တာအိုက မှန်ကန်တဲ့တာအိုဖြစ်တယ်လို့ ဘယ်သူက သက်သေခံပေးနိုင်လို့လဲ… ငါ့အမြင်ရပြောရမယ်ဆိုရင် မင်းတို့တွေက အခြားသူတွေရဲ့ အကြွင်းအကျန်တွေကို သုံးနေတဲ့လူတွေပဲ…”
ရန်ကိုင်က အလေးအနက်အမူအယာဖြင့် ပြန်ပြောလိုက်သည်။ “ကျုပ်တို့လျှောက်နေတဲ့ တာအိုလမ်းကြောင်းတွေက အခြားသူတွေ ရွေးချယ်ပြီးသားလမ်းကြောင်းတွေ ဖြစ်တယ်ဆိုပေမယ့် ကျုပ်တို့အားလုံးက ကြိုးစားပမ်းစားနဲ့ ရှေ့ကို ဆက်သွားလို့ရသေးတယ်… ဒါပေမယ့် ခင်ဗျားကတော့ မဟာတာအိုလမ်းကြောင်းကနေ သွေဖည်သွားပြီ… လမ်းကြောင်းရဲ့အဆုံးကို ခင်ဗျား ဘယ်တော့မှ ရောက်နိုင်တော့မှာမဟုတ်ဘူး… ခင်ဗျားက အဲ့နတ်ဆိုးဝိဉာဉ်ရဲ့ အစေခံတစ်ယောက်ပဲ ဖြစ်လာတော့မှာ…”
ရန်ကိုင်၏စကားသည် ကုန်းယွဲ့၏ချက်ကောင်းကို ထိမှန်သွားလေသလား မသိရ ကုန်းယွဲ့၏အမူအယာ ရုတ်ချည်း သုန်မှုန်သွားခဲ့ပြီး ရန်ကိုင်အား အေးစက်စက်အကြည့်ဖြင့် စိုက်ကြည့်လျက် “အပိုတွေလာပြောမနေနဲ့… ဒီလူအိုကြီး တစ်ခါမှ ဒီလောက် အားကောင်းတယ်လို့ မခံစားရဖူးဘူး… ဘယ်သူက ငါ့ကို အစေခံဖြစ်အောင် လုပ်နိုင်မှာလဲ…”
ရန်ကိုင်သည် တစ်ခုခုအား စဉ်းစားမိသွားခဲ့ပြီး ထိုအကြောင်းကို ဆက်မပြောရန် ဆုံးဖြတ်လိုက်တော့လေသည်။ ထို့အစား ပြန်၍သာ မေးလိုက်သည်။ “မိသားစုခေါင်းဆောင်ကုန်း… ခင်ဗျား ကျုပ်တို့နေမင်းပြာကျောင်းတော်ရဲ့ ဓါးတောင်ဆီ ဘာလို့လာခဲ့သလဲ သိလို့ရမလား…”
ကုန်းယွဲ့သည် ပြုံးသာပြုံးလိုက်ပြီး ပြန်မဖြေခဲ့ပေ။
ရန်ကိုင်က ဆက်ပြောလိုက်သည်။ “ကြည့်ရတာ ဒီနေရာမှာ ခင်ဗျားကို ဒီနေရာဆီ မရောက်ရောက်အောင် လုပ်ခဲ့တဲ့ အရာတစ်ခုခု ရှိနေတယ်နဲ့တူတယ်… အဲ့ဒါက နတ်ဆိုးမျိုးနွယ်နဲ့ ပတ်သက်နေတာလား… ဒီမှာ ရှေးဟောင်းနတ်ဆိုးအကြွင်းအကျန်တွေ ထပ်ရှိနေသေးတာလား…”
“အိုး…” ကုန်းယွဲ့သည် ရန်ကိုင်အား အံ့အားသင့်တကြီးဖြင့် ကြည့်လျက် “မင်း ရှေးဟောင်းနတ်ဆိုးတွေအကြောင်းကို တကယ်ကြီးသိတယ်ပေါ့…”
ရန်ကိုင်က လှောင်ပြုံးပြုံး၍ “ကျုပ် ခင်ဗျားသိထားတာထက် ပိုပြီးသိတယ်…”
“အံ့ဩစရာမဟုတ်တော့ပါဘူးလေ…” ကုန်းယွဲ့သည် ရန်ကိုင်အား စိတ်ဝင်တစားဖြင့် ကြည့်လိုက်လေသည်။ ထို့နောက် တစ်ခုခုအား ရှာတွေ့သွားသည့်အလား “အင်း… မင်းက အခြားလူတွေနဲ့မတူဘဲ ထူးဆန်းနေတယ်လို့ ငါခံစားနေရတာ အထူးအဆန်းမဟုတ်တော့ပါဘူးလေ… လက်စသတ်တော့ မင်းလည်း ငါနဲ့အတူတူပဲကိုး…”
ရန်ကိုင်က ပြန်ပြောလိုက်သည်။ “ခင်ဗျားမှားနေပြီ… ကျုပ်တို့လမ်းကြောင်းတွေက မတူဘူး…”
“စကားနဲ့သာ ညာလို့ရရင်ရမယ်… မင်းခန္ဓာကိုယ်က ညာလို့မရပါဘူးကွာ… အဲ့ဒါ မင်းကိုယ်ထဲမှာ ရှိနေတယ်ဆိုတာကို ငါ အာရုံခံမိနေပြီးသား…” ထိုသို့ပြောပြီးသည့်နောက်တွင် ကုန်းယွဲ့သည် ဝါးလုံးကွဲအော်ရယ်မောလျက် “စိတ်ဝင်စားစရာပဲ… မင်း ဘာလို့ ဒီလောက်တောင် ခေါင်းမာချင်နေရတာလဲ…”
ရန်ကိုင်ကမူ ခေါင်းသာခါလိုက်ပြီး ကုန်းယွဲ့နှင့် ပြိုင်ငြင်းမနေချင်တော့ချေ။ ကုန်းယွဲ့၏စိတ်သည် နတ်ဆိုးဝိဉာဉ်ကြောင့် လုံးလုံး ပြောင်းလဲသွားခဲ့ရလေပြီ။ လက်ရှိ သူ့အတွေးနှင့် စဉ်းစားပုံစဉ်းစားနည်းသည် သာမန်လူများနှင့် မတူညီတော့ချေ။ ထို့အတွက်ကြောင့် ကုန်းယွဲ့နှင့် ပြိုင်ငြင်းနေ၍လည်း ဘာအကျိုးမှ ရှိလိမ့်မည်မဟုတ်။
သို့ရာတွင် ချန်ဝမ်ဟောင်နှင့် အခြားသူများမှာမူ ရန်ကိုင်အား မယုံသင်္ကာဖြင့် ကြည့်နေကြလေသည်။ ကုန်းယွဲ့ ဘာပြောချင်လို့ ပြောချင်နေမှန်း သူတို့မသိကြ။ သို့သော်ငြား ကုန်းယွဲ့ပြောသွားသည့် ရန်ကိုင်၏ကိုယ်ထဲတွင် ရှိနေသည့်အရာသည် သူတို့အား အလွန်ကိုမှ စိုးရိမ်သွားစေခဲ့လေသည်။
ကုန်းယွဲ့က အော်ရယ်မောလျက် “ဒီလူအိုကြီးရွေးချယ်တဲ့လမ်းကြောင်းက မှန်တယ်ဆိုတာကို မင်းတို့အားလုံး တစ်နေ့ကြ သိလာလိမ့်မယ်… အဲ့နေ့ မြန်မြန်ရောက်လာဖို့ ဒီလူအိုကြီးမျှော်လင့်တယ်…”
“အဲ့နေ့ ရောက်လာလာ မရောက်လာလာ ခင်ဗျားကတော့ အဲ့လိုအခွင့်အရေးကို မြင်နိုင်တော့မှာမဟုတ်ဘူး…” ဖုန်းမင်က အော်ပြောလိုက်သည်။ ထို့နောက်တွင် သူ့လက်ကို လေထဲသို့ ဆန့်ထုတ်လိုက်ရာ သူ့လက်ထဲ သူ၏လက်စွဲတော်မှော်ရတနာဖြစ်သော မိုးကြိုးလှံ ပေါ်လာခဲ့လေသည်။ ထို့နောက်တွင် မိုးကြိုးလှံဖြင့် ကုန်းယွဲ့တည့်တည့်သို့ ထိုးစိုက်ချလိုက်ရင်းမှ အော်ပြောလိုက်သည်။ “အခု ဘယ်တာအိုက တကယ်မှန်တဲ့တာအိုလဲဆိုတာကို ကျုပ် ခင်ဗျားကို ပြောပြပေးမယ်…”
ဖုန်းမင်၏လှံချက်သည် ရေနဂါးတစ်ကောင် ပင်လယ်ထဲမှ ခုန်ထွက်လာသည့်အလား အလွန်တရာကိုမှ အရှိန်အဟုန်ပြင်းထန်လှလေသည်။
ဖုန်းမင်၏ ကြောက်မက်ဖွယ်ရာကောင်းသည့် တိုက်ကွက်နှင့် ရင်ဆိုင်နေရသည့်တိုင် ကုန်းယွဲ့မှာတော့ ရှောင်တိမ်းမည့်အရိပ်အယောင်မပြဘဲ ပြုံး၍သာ ပြန်ပြောလိုက်သည်။ “ငါ့မှာ အချိန်မရှိတော့မှန်း သိပေမယ့် ဒီတိုင်း မတိုက်ခိုက်ဘဲနဲ့တော့ လက်လျှော့လိုက်မှာမဟုတ်ဘူး… မင်း ငါ့အသက်ကို လိုချင်တယ်ဆိုလို့ရှိရင် ငါ့အသက်ကို ယူနိုင်လောက်တဲ့အရည်အချင်း ရှိမှဖြစ်မှာ…”
ထိုသို့ပြောပြီးသည့်နောက်တွင် ကုန်းယွဲ့သည် သူ့နားတွင်ရှိနေသည့် သားရဲပေါက်လေးကို ဖုန်းမင်တည့်တည့်သို့ ပစ်ထည့်လိုက်လေသည်။
ထိုရုတ်တရက်အဖြစ်အပျက်ကြောင့် သားရဲပေါက်လေးမှာ အမှန်တကယ်ကို စိတ်ရှုပ်သွားခဲ့ရလေသည်။ စိတ်ရှုပ်မှုကြောင့် အကြိမ်အနည်းငယ်ခန့် ထအော်လေ၏။ ၎င်း၏မျက်လုံးများမှာလည်း ထိတ်လန့်တုန်လှုပ်မှုတို့ဖြင့် ပြည့်နှက်လာခဲ့ပြီး ၎င်း၏ခြေလက်များကို အသည်းအသန် ရုန်းကန်နေခဲ့လေသည်။
ထိုမြင်ကွင်းကိုကြည့်ရင်း ဖုန်းမင် မျက်မှောင်ကျုံ့သွားခဲ့သည်။ ကုန်းယွဲ့ ဘာလုပ်ချင်နေလို့ လုပ်ချင်နေမှန်း သူမသိ။ ထို့အပြင် ဤသားရဲပေါက်လေးဆီမှ မည်သည့်အန္တရာယ်အငွေ့အသက်ကိုမှ ဖုန်းမင် ခံစားရခြင်းမရှိပေ။ ဤကဲ့သို့သော သားရဲပေါက်လေးကို ဖုန်းမင်အနေဖြင့် နှာခေါင်းတစ်ချက်ရှုံ့ရုံဖြင့်ပင်လျှင် သတ်ပစ်နိုင်ပေသည်။
ထိုအကြောင်းကြောင့် ဖုန်းမင်မှာ သူ့တိုက်ကွက်အား အနည်းငယ်မျှပင်လျှင် အားလျှော့ပစ်လိုက်ခြင်းမရှိချေ။ သူ၏ပစ်မှတ်သည် ကုန်းယွဲ့ဖြစ်ပေသည်။ သူ့လမ်းသို့ ဝင်ရောက်လာသည့် သားရဲပေါက်လေး သေသေရှင်ရှင်ကိုတော့ သူဂရုစိုက်နေလိမ့်မည်မဟုတ်ပေ။
သားရဲပေါက်လေးကို ဖုန်းမင်တည့်တည့်သို့ ပစ်ထည့်လိုက်ပြီးသည့်နောက်တွင် ကုန်းယွဲ့သည် လက်ကွက်များကိုဖန်တီး၍ သားရဲပေါက်လေးအား ချိန်ရွယ်လိုက်လေသည်။
ရုတ်တရက်ဆိုသလို သားရဲပေါက်လေး၏ ကိုယ်ထဲတွင်ရှိနေသော အရိုင်းသဘာဝတို့ နိုးထလာသည့်အလား သားရဲပေါက်လေး၏မျက်လုံးထဲရှိ ထိတ်လန့်တုန်လှုပ်နေသည့် အရိပ်အယောင်တို့မှာ ပျောက်ချင်းမလှ ပျောက်ကွယ်သွားခဲ့ပြီး အလွန်ကိုမှ ခက်ထန်ကြမ်းကြုတ်သည့် အရိပ်အယောင်တို့က အစားထိုးဝင်ရောက်လာခဲ့လေသည်။ လက်ရှိအချိန်တွင် သားရဲပေါက်လေး၏ မျက်လုံးများသည် ကမ္ဘာလောကကြီးတစ်ခုလုံးကို ဖျက်ဆီးပစ်ချင်နေသည့်အလား အန္တရာယ်များသည့် အရောင်တို့ဖြင့် တလက်လက် တောက်ပနေခဲ့လေသည်။
ယခင်ကကဲ့သို့လည်း အချည်းအနှီး ဟောင်မနေတော့ဘဲ ၎င်း၏ပါးစပ်ကြီးကိုဟ၍သာ ဖုန်းမင်အား ကိုက်ချလိုက်လေသည်။
ဤခွေးပေါက်လေးမှာ သိပ်မကြီးလှ။ အများဆုံးမှ တစ်မီတာ၏ သုံးပုံတစ်ပုံလောက်သာ ရှိပေသည်။ ထို့အတွက်ကြောင့် ၎င်း၏ပါးစပ်ကို ကျယ်ကျယ်ဟလိုက်မည်ဆိုလျှင်ပင် လက်သီးတစ်လုံးဝင်သာရုံလောက်သာ ရှိပေလိမ့်မည်။
သို့သော်ငြား ထိုမျှသေးငယ်လှသည့် ပါးစပ်ပေါက်လေးမှာ ရုတ်တရက်ဆိုသလို အကျယ်ကြီးဖြစ်လာခဲ့ပြီး အိမ်တစ်လုံးစာမျှ ကြီးမားလာခဲ့လေသည်။ ထိုမြင်ကွင်းမှာ အလွန်ကိုမှ ထူးဆန်းဖွယ်ရာ ကောင်းလှသည်။
လူတိုင်းသည်လည်း ကုန်းယွဲ့ကိုသာ အာရုံစိုက်နေကြသဖြင့် ကုန်းယွဲ့မှ ခွေးပေါက်လေးအား ဖုန်းမင်တည့်တည့်သို့ ပစ်ထည့်လိုက်သည့်တိုင် မည်သူမျှ ခွေးပေါက်လေးအား အာရုံစိုက်ခြင်းမရှိပေ။
ခွေးပေါက်လေး၏ပါးစပ် အိမ်တစ်လုံးအရွယ်အစားခန့်အထိ ကြီးမားလာသည့်အခါမှသာလျှင် ထိုခွေးပေါက်လေးနှင့်ပတ်သက်၍ တစ်ခုခုမှားယွင်းနေမှန်း လူတိုင်း နားလည်သွားကြတော့သည်။
တစ်ချိန်လုံး သတိချပ်ကာ နေနေကြသော ဧကရာဇ်အဆင့်ပညာရှင်များသည်လည်း အမျိုးမျိုးသောပညာရပ်များကို ထုတ်သုံး၍ ဧရာမပါးစပ်ပေါက်ကြီးအား တစ်ပြိုင်တည်း တိုက်ခိုက်လိုက်ကြလေသည်။
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၂၉၂၉)
ဘာသာပြန်သူ_တိမ်တိုက်
ဧကရာဇ်ဒုတိယအဆင့်ပညာရှင်ပေါင်းများစွာနှင့်တကွ ဧကရာဇ်အဆင့်ပညာရှင်ဆယ်ဦးနီးပါး ပူးပေါင်းတိုက်ခိုက်နေကြသည့်မြင်ကွင်းမှာ တကယ်ကို ရပ်သပ်ရှုမောဖွယ်ရာ ကောင်းလှပေသည်။ သိုင်းပညာရပ်များဆီမှ ထွက်ပေါ်လာသည့်အလင်းများကြောင့် ပတ်ဝန်းကျင်တစ်ခုလုံး ပြိုးပြိုးပြက်ပြက် လင်းလက်နေခဲ့ပြီး ဧကရာဇ်မှော်ရတနာများဆီမှ အားကောင်းလှသည့် အဖျက်စွမ်းအားတို့မှာလည်း ပတ်ဝန်းကျင်အနှံ့ ပျံ့နှံ့လာခဲ့လေရာ အနီးအနားဝန်းကျင်တွင်ရှိနေသော မိုးမြေစွမ်းအင်အားလုံး ကသောင်းကနင်း ဖြစ်ကုန်ကြရလေသည်။
ဖုန်းမင်သည်လည်း အချိန်မီ တုံ့ပြန်လိုက်လေသည်။ သူ့လှံတံထိပ်ဖျားဆီမှ မျက်စိကျိန်းမတတ်အလင်းတန်းတို့ ပေါက်ကွဲထွက်လာခဲ့လေ၏။
တိုက်ခိုက်မှုပေါင်းစုံမှာ ပါးစပ်ပေါက်ကြီးဆီသို့ တိုးဝင်သွားခဲ့ပါသော်ငြား ပင်လယ်ထဲသို့ကျသွားသည့် ခဲတစ်လုံးပမာ မည်သည့်လှိုင်းဂယက်ကိုမှ ဖြစ်ပေါ်စေခဲ့ခြင်း မရှိခဲ့ချေ။
ခွေးပေါက်လေးသည် ၎င်း၏ပါးစပ်ကျယ်ကြီးကိုဟလျက် ဖုန်းမင်အား အသာအယာ မျိုချသွားလိုက်လေသည်။
“ဟူး…”
ထိုမြင်ကွင်းကိုကြည့်ရင်း လူတိုင်း သက်ပြင်းရှိုက်သွားလိုက်ကြလေသည်။ ဖုန်းမင်အား တစ်ကျိုက်တည်းဖြင့် မျိုချသွားသည့် သားရဲပေါက်လေးကိုကြည့်ရင်း လူတိုင်းမှာ ရင်တထိတ်ထိတ် ဖြစ်နေကြသည်။ အကုန်လုံးမှာလည်း အံ့ဩလွန်းသဖြင့် မျက်လုံးများပင် ကျွတ်ထွက်မတတ် ပြူးကျယ်နေကြလေသည်။
ရန်ကိုင်ကိုယ်တိုင်သည်လည်း ထိုမြင်ကွင်းကိုကြည့်ရင်း မင်သက်နေခဲ့ရသည်။
ဤခွေးပေါက်လေးကို နှစ်ကြိမ်တိုင်တိုင် သူမြင်ခဲ့ဖူးပေသည်။ ပထမတစ်ကြိမ်သည် နေမင်းပြာကျောင်းတော်မှအကြီးအကဲများ သူ၏ဓါးတောင်သို့လာ၍ သောက်စားမူးယစ်စဉ်ကပင်ဖြစ်ပြီး ဒုတိယတစ်ကြိမ်မှာတော့ ဟင်းလင်းပြင်အစီအရင်ကို ဓါးတောင်ပေါ်၌ ပုန်းလျှိုးကွယ်လျှိုးဖြင့် ခင်းကျင်းစဉ်က ဖြစ်လေသည်။ ခွေးပေါက်လေးကို ဒုတိယအကြိမ်မြင်လိုက်စဉ်က သူ့ဒန်တျန်ထဲတွင် ချိတ်ပိတ်ထားခံရသည့် နတ်ဆိုးချီ မသိမသာလေး လှုပ်ခတ်သွားသည်မှလွဲ၍ ထိုခွေးပေါက်လေးနှင့်ပတ်သက်သည့် အခြား မည်သည့် ထူးခြားသည့်အချက်မှ ရှိမနေခဲ့ပေ။
သို့သော်ငြား ယခုအချိန်တွင်တော့ သူအထင်မှားခဲ့ရမှန်း ရန်ကိုင် နားလည်သွားရတော့လေသည်။
ခွေးပေါက်လေးသည် ရှေးဟောင်းသားရဲတစ်ကောင်ကောင်၏ သွေးမျိုးဆက်ကို ပိုင်ဆိုင်ထားရပေလိမ့်မည်။ ထို့ကြောင့်သာလျှင် ဤကဲ့သို့သော ထူးဆန်းသည့်စွမ်းရည်မျိုးကို ပိုင်ဆိုင်ထားနိုင်ခြင်း ဖြစ်လေသည်။ ဖုန်းမင်မှ သူ့ပြိုင်ဘက်ကို အထင်သေးနေသည့်အတွက်ကြောင့် သတိလက်လွတ်ဖြစ်သွားခဲ့ရလျှင်ပင် ဧကရာဇ်ဒုတိယအဆင့်ပညာရှင်တစ်ဦးအား တစ်ကျိုက်တည်းဖြင့် မျိုချနိုင်သည့်စွမ်းရည်သည် အလွန်ကိုမှ ထိတ်လန့်ဖွယ်ကောင်းနေပေသေးသည်။
ဖုန်းမင်အား မျိုချပြီးသည့်နောက်တွင် ပါးစပ်ပေါက်ကြီးမှာ ပြန်ပိတ်သွားခဲ့ပြီး ခွေးပေါက်လေးမှာလည်း မူလအရွယ်အစားသို့ ပြန်လည်ပြောင်းလဲသွားခဲ့လေသည်။ သို့သော်ငြား ၎င်း၏ ခက်ထက်ကြမ်းကြုတ်သည့်စရိုက်မှာတော့ ရှိနေပေသေးသည်။
ဖုန်းမင်သည် အားလုံးအား ရှေ့ဆောင်သာဓကအဖြစ် လမ်းပြသွားသည့်အတွက်ကြောင့် မည်သူမျှ ရှေ့သို့ အလွယ်တကူ မတက်ရဲကြတော့ချေ။ ဧကရာဇ်အဆင့်ပညာရှင်များသည် ခပ်လှမ်းလှမ်းသို့ဆုတ်သွားကြပြီး အဝေးပစ်တိုက်ခိုက်မှုများဖြင့်သာ တိုက်ခိုက်ကြတော့လေသည်။
ပါးစပ်ပေါက်ကြီး နောက်တစ်ကြိမ်ပြန်ပေါ်လာခဲ့ပြီး ဧကရာဇ်အဆင့်ပညာရှင်များ၏ တိုက်ခိုက်မှုများကို မျိုချသွားခဲ့သည်။ ထိုပါးစပ်ပေါက်ကြီးမှာ အဆုံးမဲ့တွင်းနက်ကြီးပမာ တိုးဝင်လာသမျှ အရာမှန်သမျှကို ပြောင်စင်အောင် ဝါးမျိုပစ်နေနိုင်ခဲ့သည်။
ကုန်းယွဲ့မှာမူ ခွေးပေါက်လေးနောက်တွင် ပုန်းအောင်းနေရင်းမှ ခွေးပေါက်လေးအား သူ့ရန်သူများနှင့် တိုက်ခိုက်ရန် အမိန့်ပေးနေသည့်အလား လက်ကွက်များကို အဆက်မပြတ် ထုတ်ဖော်နေခဲ့လေသည်။ ထိုအကြောင်းကြောင့်ပင်လျှင် ပညာရှင်ပေါင်းများစွာနှင့် ရင်ဆိုင်နေရသည့်တိုင် ကုန်းယွဲ့မှာ အနည်းငယ်မျှပင် အောက်စည်းသို့ ရောက်သွားခဲ့ရခြင်း မရှိချေ။
ရန်ကိုင်မှာ ကုန်းယွဲ့ဆီသို့ တည်နေရာခုန်ကူး၍ ကုန်းယွဲ့အား ဖမ်းဆီးရန် ကြိုးစားခဲ့လိုက်ပါသော်ငြား ကုန်းယွဲ့မှာ ရန်ကိုင်၏အစီအစဉ်များကို ကြိုသိထားသည့်အလား သူ့အား တားဆီးနိုင်ခဲ့လေသည်။
ဧကရာဇ်အဆင့်ပညာရှင်များ၏ ကောင်းကင်စိတ်အာရုံများ ပတ်ဝန်းကျင်တစ်ခွင် ပျံ့နှံ့နေခဲ့သည်။ အချိန်အတန်ကြာအောင် အချင်းချင်း ဆွေးနွေးပြီးကြသည့်တိုင် ထိုခွေးပေါက်လေး မည်ကဲ့သို့သောသွေးမျိုးဆက်အား ပိုင်ဆိုင်ထားသလဲဆိုသည်ကို မည်သူမျှ အဖြေမထုတ်နိုင်ခဲ့ကြချေ။ ခွေးပေါက်လေး၏ ပါးစပ်ပေါက်ကြီးကဲ့သို့ အရာမှန်သမျှကို ဝါးမျိုပစ်နိုင်သည့် စွမ်းရည်မျိုးကိုလည်း မည်သူမျှ မကြားဖူးကြချေ။
ရှေးခေတ်အချိန်တွင် အလွန်ကိုမှ အားကောင်းလှသည့် သားရဲပေါင်းများစွာ ရှိခဲ့ဖူးပေသည်။ ထိုသားရဲများအနက် နတ်သားရဲများမှာ အားအကောင်းဆုံးဖြစ်ကြသည်။ နတ်သားရဲတစ်ကောင်ချင်းစီသည် ပင်လယ်ကိုမှောက်လိုမှောက် တောင်ကို ရွှေ့လို့ရွှေ့ လုပ်နိုင်ကြသည်။ သို့သော်ငြား ခွေးပေါက်လေးထုတ်သုံးသွားပြသည့် အရာအားလုံးကိုဝါးမျိုပစ်နိုင်သည့် စွမ်းရည်မျိုးကိုတော့ မည်သူမျှ မကြားဖူးကြချေ။
တိုက်ခိုက်နေစဉ်အတောအတွင်းမှ ရန်ကိုင်သည် တစ်ခုခုအား စဉ်းစားမိသွားခဲ့ပြီး ရေရွတ်လိုက်လေ၏။ “နတ်ဆိုးသားရဲလား…”
ခွေးပေါက်လေး၏နောက်တွင် တင်ပလင်ခွေထိုင်၍ ခွေးပေါက်လေးအား ဒိုင်းကာသဖွယ် အသုံးချနေသော ကုန်းယွဲ့သည် ရန်ကိုင်ရေရွတ်လိုက်သည်ကို ကြားသည့်အခါ ပြုံးလျက် “မင်းက အခြားသူတွေနဲ့ တကယ်မတူဘူးပဲ… ဟုတ်တယ်… ဒီသားရဲပေါက်လေးက မရဏသားရဲရဲ့ သွေးမျိုးဆက် နည်းနည်းပါးပါးကို ပိုင်ဆိုင်ထားတယ်… သူ့သွေးမျိုးဆက်က အရမ်းကြီးမသန့်စင်ဘူးဆိုပေမယ့် အဲ့လိုသွေးမျိုးဆက်ကို ပိုင်ဆိုင်ထားတာကတော့ တကယ်ကို အံ့အားသင့်ဖွယ်ကောင်းတုန်းပဲ… မင်းငါ့ကို သတ်ချင်လို့ရှိရင် သူ့ကို အရင်ဖြတ်ကျော်နိုင်မှရမယ်…”
“မရဏသားရဲ…”
ဧကရာဇ်အဆင့်ပညာရှင်အားလုံး ကြောင်သွားခဲ့ကြသည်။ ထိုကဲ့သို့သောသားရဲမျိုးရှိကြောင်းကို သူတို့ တစ်ခါမှ မကြားခဲ့ကြဖူးပေ။ သမိုင်းစာအုပ်များအကြောင်းကို အတော်လေးရင်းနှီးသည့် အကြီးအကဲချန်းချန်သည်ပင်လျှင် ကြောင်တိကြောင်တောင် ဖြစ်နေခဲ့လေသည်။
သို့သော်ငြား မရဏသားရဲ၏သွေးမျိုးဆက်အနည်းအကျဉ်းကို ပိုင်ဆိုင်ထားသည့် ဤခွေးပေါက်လေးမှာ အလွန်ကိုမှ အားကောင်းလှပေသည်။ ကုန်းယွဲ့၏ထိန်းချုပ်မှုကြောင့် ခွေးပေါက်လေးသည် တစ်ကြိမ်ပြီးတစ်ကြိမ် ဟင်းလင်းပြင်ကို ကိုက်ထုတ်ပစ်နေခဲ့သည်။ လောကကြီးတစ်ခုလုံးမှာ ခွေးပေါက်လေးအတွက်မူ အရသာရှိသည့် ကိတ်တစ်လုံးပမာ။ ခွေးပေါက်လေးတစ်ကြိမ်ကိုက်လိုက်တိုင်း အချိန်အတန်ကြာအောင် ပျောက်ကွယ်သွားခြင်းမရှိသည့် အပေါက်ရာကြီးတစ်ခု ဟင်းလင်းပြင်ထဲ ပေါ်လာခဲ့လေသည်။
ခွေးပေါက်လေးမှ တစ်ကြိမ်ပြီးတစ်ကြိမ် ကိုက်နေခဲ့ရာ မကြာမီတွင် ဓါးတောင်ပေါ်ရှိ ဟင်းလင်းပြင်မှာ အပေါက်ရာတို့ဖြင့် ပြည့်လာရတော့လေသည်။ မြင်မြင်သမျှနေရာတိုင်း မြောက်များလှစွာသော အပေါက်များဖြင့် ပြည့်နေခဲ့သည်။ ထိုအပေါက်များဆီမှ ခြောက်ခြားဖွယ်ရာ ပရမ်းပတာဖြစ်နေသည့် အရှိန်အဝါတို့မှာလည်း တတိတိနှင့် ဖြာထွက်နေခဲ့လေသည်။ ထို့အတွက်ကြောင့် လူတိုင်းမှာ ထိုအပေါက်များထဲသို့ ကျမသွားရလေအောင် အတတ်နိုင်ဆုံး သတိထားနေရလေသည်။
ထိုအပေါက်များကြားဝယ် လွတ်လွတ်လပ်လပ် လှုပ်ရှားနေနိုင်သူဆို၍ ရန်ကိုင်တစ်ဦးတည်းသာ ရှိပေသည်။ ရန်ကိုင်သည် ဟင်းလင်းပြင်ကြား ကူးကလန်ခတ် သွားလာနေရင်းမှ ကုန်းယွဲ့အား တိုက်ခိုက်နိုင်မည့်အခွင့်အရေးကို ရှာဖွေနေခဲ့လေသည်။ ရန်ကိုင်အနေဖြင့် တစ်ကြိမ်မက အောင်မြင်ခါနီး ဖြစ်ခဲ့ပေသည်။ သို့သော်ငြား နောက်ဆုံးအခိုက်အတန့်သို့ရောက်တွင် မရဏသားရဲသည် သူ့ဘက်သို့လှည့်၍ ကိုက်ချလာသဖြင့် ရန်ကိုင်မှာ ယာယီနောက်ပြန်ဆုတ်နေခဲ့ရသည်။
“ငါတို့ ဆက်ပြီးနှောင့်နှေးနေလို့မရတော့ဘူး… မဟုတ်ရင် ရောင်းရင်းဖုန်း တောင့်ခံနိုင်တော့မှာမဟုတ်ဘူး…” ချန်ဝမ်ဟောင်က အလေးအနက်အမူအယာဖြင့် ပြောလိုက်လေသည်။ “လက ပြည့်သွားပြီလို့ရှိရင် လဆုတ်ပြန်ဖြစ်ရမှာပဲ… ရေဆိုတာလည်း ပြည့်လွန်းသွားရင် လျှံကျရမှာပဲ… ဒီတော့ အကုန်လုံး… ကျေးဇူးပြုပြီး ငါ့ကို ဝိုင်းကူညီပေးပါဦး…”
ထိုသို့ပြောပြီးသည့်နောက်တွင် ချန်ဝမ်ဟောင်လက်ထဲ ကိုင်စွဲထားသည့် ရေအလျင်ဓါးဆီမှ မျက်စိကျိန်းမတတ် အလင်းတန်းတို့ ဖြာထွက်လာခဲ့လေသည်။ ဧကရာဇ်ဖိအားတို့သည်လည်း ဖြာထွက်လာခဲ့ပြီး ချန်ဝမ်ဟောင်တစ်ကိုယ်လုံးသည် အရာအားလုံးကို နှိမ်နင်းပြီး ဓါးတစ်ချောင်းအသွင်သို့ ပြောင်းလဲသွားသည့်အလား ချန်ဝမ်ဟောင်ဆီမှ အလွန်တရာကိုမှ ပြင်းထန်လှသည့် ဓါးစိတ်ဆန္ဒတို့ ပေါက်ကွဲထွက်လာခဲ့လေသည်။
မိုင်အနည်းငယ်အတွင်းတွင်ရှိနေသော မိုးမြေစွမ်းအင်များသည်လည်း ရေအလျင်ဓါးဆီသို့ စီးဝင်လာကုန်ကြလေသည်။
ချန်ဝမ်ဟောင်၏စကားကိုကြားသော် လူတိုင်း၏မျက်လုံးများ တောက်ပသွားခဲ့ကြလေသည်။
ကုန်းယွဲ့မှာမူ မျက်မှောင်ကျုံ့သွားခဲ့လေ၏။ သို့သော်ငြား သူ့လက်များမှာမူ တစ်ချက်ကလေးမှပင် ရပ်တန့်သွားခဲ့ခြင်းမရှိချေ။
ဧကရာဇ်အဆင့်ပညာရှင်ဆယ်ပါးနီးပါးစလုံးမှာ စွမ်းအားကုန်ဖြင့် တိုက်ခိုက်ရန် ပြင်ဆင်နေသည့်အတွက်ကြောင့် နေမင်းပြာကျောင်းတော်တစ်ခုလုံးမှာ ဝရုန်းသုန်းကားဖြစ်ခါနီး ဖြစ်နေရလေသည်။ ဧရာမဝဲကတော့ကြီးတစ်ခုသည် ဓါးတောင်ကိုဗဟိုပြု၍ ထွက်ပေါ်လာခဲ့ပြီး မိုင်တစ်ထောင်အချင်းဝက်အတွင်း ရှိနေသော မိုးမြေစွမ်းအင်အားလုံးကို စတင်စုပ်ယူဝါးမျိုတော့လေသည်။
“အဆုံးမဲ့ဓါးတာအို…” ချန်ဝမ်ဟောင်သည် ပထမဦးဆုံး တိုက်ခိုက်လိုက်သည့်လူ ဖြစ်ပေသည်။ ချန်ဝမ်ဟောင်မှ သူ့ဓါးချက်ကို ထုတ်ဖော်လိုက်သည်နှင့်တစ်ပြိုင်နက် မိုးမြေစွမ်းအင်များအားလုံး ဝရုန်းသုန်းကား ဖြစ်သွားခဲ့ရသည်။ မရေမတွက်နိုင်သော ဓါးအလင်းတန်းပေါင်းများစွာဖြင့် ဖွဲ့စည်းထားသည့် ဧရာမဓါးလှိုင်းကြီးတစ်ခုသည် အရာအားလုံးကို ဖြတ်တောက်လျက် ကုန်းယွဲ့ဆီသို့ တိုးဝင်သွားလေသည်။
“မဟာသေခြင်းတရားစည်းတံဆိပ်…”
“နေကိုးစင်းရောင်စဉ်…”
“ယင်ယန်သွေဖည်ခြင်း…”
“အချိန်ကုန်လွန်ခြင်းစည်းတံဆိပ်…”
ရုတ်တရက်ပေါက်ကွဲထွက်လာသည့် အလွန်တရာကိုမှ အားကောင်းလှသော အမျိုးမျိုးသောပညာရပ်များကြောင့် ကောင်းကင်နှင့်မြေပြင်တစ်ခုလုံး ပျက်စီးတော့မယောင် ဖြစ်လာခဲ့ရသည်။ ဧကရာဇ်အဆင့်ပညာရှင်ပေါင်းများစွာမှ အတူတကွ ပူးပေါင်း၍ စွမ်းအားကုန်သုံးကာ တိုက်ခိုက်လာခဲ့ကြရာ ဧကရာဇ်တတိယအဆင့်ပညာရှင်တစ်ဦးသည်ပင်လျှင် ထိုတိုက်ကွက်များ၏လမ်းတွင် သွားပိတ်ရပ်နေမည်ဆိုပါက တစ်စစီဖြစ်သွားရပေလိမ့်မည်။
ကုန်းယွဲ့၏အမူအယာ လေးနက်သွားခဲ့ပြီး သူ့လက်ကွက်များမှာ ပို၍လျင်မြန်စွာ ပြောင်းလဲလာတော့လေသည်။
ထို့နောက်တွင် လောကတစ်ခုလုံးအား တသိမ့်သိမ့်တုန်သွားစေသည့် ဟိန်းဟောက်သံကြီးတစ်သံ ထွက်ပေါ်လာခဲ့လေသည်။ မရဏသားရဲ၏ခန္ဓာကိုယ်မှာ မူလအတိုင်းသာ ရှိနေပါသော်ငြား ၎င်း၏ပါးစပ်ပေါက်ကြီးမှာတော့ အဆပေါင်းများစွာ ကြီးမားလာခဲ့လေရာ တောင်တစ်ဝက်လောက်ကို ဝါးမျိုနိုင်သည့် အရွယ်အစားထိသို့ ရောက်လာခဲ့လေသည်။ လက်ရှိအချိန်တွင် မရဏသားရဲ၏ ပါးစပ်ပေါက်ကြီးသည် ပိန်းပိန်းပိတ် နက်မှောင်နေသည့် ထိုအမှောင်ထုသည် အခြားသောကမ္ဘာတစ်ခုနှင့် ဆက်သွယ်နေသယောင် ထင်မှတ်ရသည်။
အားကောင်းလှသည့် တိုက်ခိုက်မှုပေါင်းစုံ ပါးစပ်ပေါက်ဆီသို့ ရောက်ရှိလာချိန် ပါးစပ်ပေါက်ထဲရှိ အမှောင်ထုထဲ လှိုင်းဂယက်ရိုက်ခတ်သွားခဲ့သည်။ သို့သော်ငြား တစ်ခဏလေးသာ ပေါ်လာခြင်းဖြစ်ပြီး မကြာမီမှာပင် လှိုင်းဂယက်မှာ ပြန်လည်ပျောက်ကွယ်သွားခဲ့လေ၏။ အသက်သုံးရှိုက်စာအတွင်း မရဏသားရဲသည် တိုးဝင်လာသည့် တိုက်ခိုက်မှုအားလုံးကို ဝါးမျိုပစ်လိုက်ပြီး ပါးစပ်ကို ပြန်ပိတ်လိုက်လေသည်။ ထိုသို့လုပ်ပြီးသည့်နောက်တွင် တစ်မီတာ၏ သုံးပုံတစ်ပုံသာရှိသော မရဏသားရဲ၏ခန္ဓာကိုယ်မှာ အရက်မူးနေသည့်အလား လေထဲ ယိမ်းထိုးနေခဲ့လေသည်။ ထိုအချင်းအရာကိုမြင်သော် ဧကရာဇ်အဆင့်ပညာရှင်ပေါင်းများစွာ၏အမူအယာ အပြောင်းလဲကြီး ပြောင်းလဲသွားကုန်ကြလေသည်။ ချန်ဝမ်ဟောင်၏ယုံကြည်ချက်သည်ပင်လျှင် ယိုင်နဲ့လာခဲ့ရလေသည်။
ချန်ဝမ်ဟောင်မှာ မရဏသားရဲအား သူတို့၏တိုက်ကွက်များကို ဝါးမျိုစေရင်းမှ ပေါက်ကွဲထွက်အောင် လုပ်လိုသည့် နည်းလမ်းကို သုံးချင်ခဲ့သည်။ ထို့ကြောင့်ပင်လျှင် ‘လက ပြည့်သွားပြီလို့ရှိရင် လဆုတ်ပြန်ဖြစ်ရမှာပဲ… ရေဆိုတာလည်း ပြည့်လွန်းသွားရင် လျှံကျရမှာပဲ…’ ဟု ပြောခဲ့ခြင်း ဖြစ်လေသည်။ မရဏသားရဲသည် အရာအားလုံးကို ဝါးမျိုပစ်နိုင်ပါသော်ငြား သူဝါးမျိုပစ်နိုင်သည့် ပမာဏမှာ အကန့်အသတ်နှင့် ရှိလောက်ပေသည်။ ထိုအကန့်အသတ်သို့သာ ရောက်သွားမည်ဆိုပါက သူ့ခန္ဓာကိုယ်မှာ သူဝါးမျိုလိုက်သည့်စွမ်းအားများကို မခံနိုင်တော့ဘဲ ပေါက်ကွဲထွက်သွားရပေလိမ့်မည်။
သို့သော်ငြား ယခုတစ်ကြိမ်တွင် သူတို့အားလုံး ပူးပေါင်းတိုက်ခိုက်ခဲ့သည့်တိုင် မရဏသားရဲအား ပေါက်ကွဲထွက်သွားအောင် မလုပ်နိုင်ခဲ့ပေ။
“နောက်တစ်ကြိမ် ထပ်ကြိုးစားကြမယ်… ဒီကောင် ထပ်ပြီး တောင့်မခံနိုင်လောက်တော့ဘူး…” ရန်ကိုင်က ရုတ်တရက် အော်ပြောလိုက်လေသည်။
အကုန်လုံးမှာ ယုံကြည်ချက်ပြန်ရှိလာသည့်အလား သူတို့၏တိုက်ကွက်များကို နောက်တစ်ကြိမ် ထပ်မံထုတ်လွှတ်လိုက်ကြလေသည်။
ခဏအကြာတွင် တဝုန်းဝုန်းမြည်သံများ ထွက်ပေါ်လာခဲ့ပြီး မရဏသားရဲသည် ၎င်း၏ပါးစပ်ကြီးကို နောက်တစ်ကြိမ် ထပ် ဟ လိုက်သည်။ သို့သော်ငြား ယခင်တစ်ကြိမ်နှင့် မတူသည်မှာတော့ ယခုတစ်ကြိမ်တွင် မရဏသားရဲသည် နာကျင်နေသည့်ပုံစံမျိုး ပေါက်နေခဲ့လေသည်။ ထို့အတွက်ကြောင့် အကုန်လုံးမှာ စိတ်အားတက်သွားကြလေ၏။ အောင်ပွဲသည် သူတို့နှင့် လက်တစ်ကမ်းအလိုတွင်သာ ရှိတော့သည်ဟု လူတိုင်း ယုံကြည်သွားကြလေသည်။
သူတို့ထင်ထားသည့်အတိုင်းပင် ယခုတစ်ကြိမ် မရဏသားရဲ ၎င်း၏ပါးစပ်ကျယ်ကြီးကို ဟလာပြီးသည့်နောက်တွင် ဧကရာဇ်အဆင့်ပညာရှင်များ၏ တိုက်ကွက်တစ်ဝက်လောက်သာ ဝါးမျိုပစ်နိုင်ခဲ့လေသည်။ ထိုတိုက်ကွက်တစ်ဝက်လောက်ကို ဝါးမျိုပစ်ပြီးသည့်နောက် ၎င်း၏ပါးစပ်ကျယ်ကြီးကို ချက်ချင်း ပြန်ပိတ်ချလိုက်ရာ လက်ကျန်တိုက်ခိုက်မှုများသည် သူ့ခန္ဓာကိုယ်အား တဖုန်းဖုန်း တဒိုင်းဒိုင်း လာရောက်ထိမှန်ကြလေရာ မရဏသားရဲ၏တစ်ကိုယ်လုံး သွေးချင်းနီသွားရတော့လေသည်။
မရဏသားရဲ၏ခန္ဓာကိုယ်သည် ထိုမျှအားကောင်းလှသည်မဟုတ်။ အရာအားလုံးကို ဝါးမျိုပစ်နိုင်သည့် သူ၏စွမ်းရည်သည်သာ ကြောက်မက်ဖွယ်ရာကောင်းနေရခြင်းဖြစ်လေသည်။
“ငါ့ဘက်ကပဲ တောက်လျှောက်ကြီး ငြိမ်ခံနေရင် ဘယ်သင့်တော်ပါ့မလဲ… အခု မင်းတို့လည်း ငါ့တိုက်ကွက်ကို ခံလိုက်ကြပါဦး…” ထိုစဉ် ကုန်းယွဲ့က ပြုံး၍ ပြောလာခဲ့လေသည်။ ထိုသို့ပြောပြီးသည့်နောက်တွင် ကုန်းယွဲ့သည် သူ့လက်နှစ်ဖက်ကို ရင်ဘတ်တည့်တည့်၌ စုဝေးချလိုက်သည်။ ထို့နောက်တွင် လက်ညှိုးနှင့်လက်သန်းကို အပြန်အလှန် ယှက်လိမ်ထားရင်းမှ ကျန်လက်သုံးချောင်းကို အပေါ်တည့်တည့်သို့ ချိန်ရွယ်လျက် သူ့လက်ကို တဖြည်းဖြည်းချင်း အပေါ်သို့ မြှောက်လိုက်လေ၏။
ကုန်းယွဲ့လုပ်နေသည့်ပုံကိုကြည့်ရင်း လူတိုင်း နိုးနိုးကြားကြား ဖြစ်သွားကြလေသည်။ ရှင်းပြမရသည့် သေခြင်းတရားအငွေ့အသက်တို့သည် သူတို့အား ရစ်သိုင်းလာသလို လူတိုင်း ခံစားလိုက်ကြရသည်။
ဧကရာဇ်အဆင့်ပညာရှင်များ၏ တိုက်ကွက်များကို ခံစားလိုက်ရပြီးသည့်နောက် အလူးအလဲဖြစ်နေသော မရဏသားရဲသည် ရုတ်တရက် ၎င်း၏ပါးစပ်ကျယ်ကြီးကို ဟလိုက်လေသည်။ ၎င်း၏ပါးစပ်ကျယ်ကြီးမှာ ယခင်ကကဲ့သို့ မှောင်မိုက်မနေတော့ဘဲ အရောင်တလက်လက် တောက်ပနေခဲ့လေ၏။
“ဒါက…” ထိုမြင်ကွင်းကိုကြည့်ရင်း ချန်ဝမ်ဟောင်၏မျက်နှာထက် ကြောက်ရွံ့မှုတို့ အထင်းသား ထွက်ပေါ်လာခဲ့လေသည်။
ယခုတစ်ကြိမ်တွင် မရဏသားရဲမှာ ဝါးမျိုပစ်ရန်အတွက် ၎င်း၏ပါးစပ်ကို ဟလိုက်ခြင်းမဟုတ်။ ထို့အစား အစောပိုင်းက ဝါးမျိုပစ်ထားခဲ့သော စွမ်းအားများကို ပြန်လည်ထွေးထုတ်ရန်အတွက် ၎င်း၏ပါးစပ်ကို ဟလာခဲ့ခြင်း ဖြစ်လေသည်။
မရဏသားရဲတွင် ဤကဲ့သို့သော ထူးဆန်းသည့် စွမ်းရည်မျိုး ရှိနေလိမ့်မည်ဟု မည်သူမျှ မထင်ထားခဲ့ကြချေ။ မရဏသားရဲသည် လူတစ်ဦး၏ တိုက်ခိုက်မှုများကို ဝါးမျိုပစ်နိုင်ရုံမက ထိုတိုက်ခိုက်မှုကိုလည်း ပြန်၍ ထွေးထုတ်နိုင်ပေသည်။
ဤတိုက်ပွဲကို လျင်မြန်စွာ အဆုံးသတ်နိုင်ရန်အတွက် ဧကရာဇ်အဆင့်ပညာရှင်များမှာ အားအကောင်းဆုံးသော ပညာရပ်များကို ထုတ်သုံးခဲ့ကြလေသည်။ ရုတ်တရက် သူတို့၏ အားအကောင်းဆုံးသော တိုက်ကွက်များ သူတို့တည့်တည့်သို့ ပြန်လည်ထိမှန်လာကြတော့မည်ဖြစ်လေရာ လူတိုင်းမှာ မည်သို့လုပ်လို့လုပ်ရမှန်းမသိ ဖြစ်ကုန်ကြတော့လေသည်။
တိုက်ခိုက်မှုများ သူတို့ဆီသို့ တိုးဝင်လာနေချိန် လူတိုင်းမှာ ငေးကြောင်ကြောင်ဖြင့်သာ ရပ်ကြည့်နေကြလေသည်။ နောက်မှသာလျှင် အသိပြန်ဝင်လာခဲ့ပြီး ဧကရာဇ်ချီကို အရူးအမူးလှည့်ပတ်၍ သူတို့ကိုယ်သူတို့ အလျင်စလို ကာကွယ်လိုက်ကြသည်။
ထိုအခိုက်အတန့်မှာပင် ရန်ကိုင်သည် လူအုပ်ကြီးအပေါ်သို့ ပျံသန်းလာခဲ့ပြီး လေဟာနယ်နိယာမစွမ်းအားများကို ထုတ်သုံး၍ အောက်တည့်တည့်သို့ လက်ဝါးတစ်ချက် ရိုက်ထုတ်လိုက်လေသည်။
ရန်ကိုင်မှ ထိုကဲ့သို့ လုပ်လိုက်သည်နှင့်တစ်ပြိုင်နက် သူအပါအဝင် အခြားသောဧကရာဇ်အဆင့်ပညာရှင်အားလုံး သဲလွန်စမကျန် ပျောက်ကွယ်သွားခဲ့လေသည်။
မရဏသားရဲမှ ပြန်ထွေးထုတ်လိုက်သော အားကောင်းလှသည့် အမျိုးမျိုးသော တိုက်ကွက်များမှာလည်း ဗလာကျင်းနေသည့် ဟင်းလင်းပြင်ကိုသာ ထိမှန်သွားခဲ့ရပြီး မည်သူတစ်ဦးတစ်ယောက်ကိုမှ ထိမှန်ခြင်း မရှိခဲ့ပေ။ တိုက်ကွက်များ၏ ထိမှန်ခြင်း ခံလိုက်ရပြီးသည့်နောက်တွင် အဝေးတစ်နေရာတွင်ရှိနေသော တောင်ငယ်လေးများ စိစိညက်ညက် ကြေသွားခဲ့လေ၏။ ထိုအဖြစ်အပျက်ကြောင့် နေမင်းပြာကျောင်းတော်တစ်ခုလုံးမှာလည်း တသိမ့်သိမ့် တုန်ခါသွားခဲ့ရပြီး လူတိုင်းမှာ စတင်၍ ထိတ်လန့်လာခဲ့ကြလေသည်။ မရေမတွက်နိုင်သော တပည့်များသည် ဘာတွေဖြစ်လို့ဖြစ်နေမှန်း မသိဘဲ ပြိုကျသွားသည့်တောင်များဆီသို့ ကြောက်ကြောက်လန့်လန့်ဖြင့် လှမ်း၍ ကြည့်လိုက်ကြသည်။
ကျောင်းတော်ကို စတင်တည်ထောင်ပြီးသည့် အချိန်မှစ၍ ယခုကဲ့သို့အဖြစ်အပျက်မျိုး တစ်ခါမှ ဖြစ်ပျက်ခဲ့ဖူးခြင်း မရှိချေ။
မီတာထောင်ပေါင်းများစွာခန့်အကွာ၌ လူအချို့ ဟင်းလင်းပြင်ထဲ ပေါ်လာခဲ့လေသည်။ ထိုလူများမှာ အခြားမဟုတ် ရန်ကိုင်နှင့် အစောပိုင်းက ပျောက်ကွယ်သွားခဲ့သော ဧကရာဇ်အဆင့်ပညာရှင်များသာ ဖြစ်ကြသည်။ ယခုအချိန်ထိတိုင် ဧကရာဇ်အဆင့်ပညာရှင်များ၏ မျက်နှာထက် ကြောက်ရွံ့မှုတို့ကို အထင်းသား မြင်တွေ့နေရပေသေးသည်။ ရန်ကိုင်ကိုယ်တိုင်သည်လည်း မျက်နှာတစ်ပြင်လုံး ဖြူလျော်နေခဲ့ပြီး သူ့တစ်ကိုယ်လုံးမှာ တုန်တုန်ရီရီ ဖြစ်နေခဲ့လေသည်။
ဧကရာဇ်အဆင့်ပညာရှင်ပေါင်းများစွာကို တည်နေရာကူးပြောင်းပေးရန်အတွက် ရန်ကိုင်ထုတ်သုံးလိုက်ရသည့် စွမ်းအင်ပမာဏမှာ နည်းနည်းနေနောမဟုတ်ပေ။ ဧကရာဇ်အဆင့်ပညာရှင်ပေါင်းများစွာကို အခြားတစ်နေရာသို့ ရွှေ့ပြောင်းပေးဖို့ရာ သူ့ကိုယ်ထဲရှိ စွမ်းအင်အကုန်လုံးနီးပါးကို သုံးစွဲပစ်လိုက်ရသည်။
“တည်နေရာရွှေ့ပြောင်းတာလား…” ကုန်းယွဲ့၏မျက်နှာ သုန်မှုန်သွားခဲ့လေသည်။ ထို့နောက် မုန်းမုန်းတီးတီးဖြင့် အဝေးတစ်နေရာဆီသို့ လှမ်း၍ကြည့်လိုက်လေသည်။ သူ့မျက်နှာကြီးမှာလည်း သံပုရာသီးကိုက်ထားရသည့်ပမာ ရှုံ့မဲ့နေတော့လေသည်။
ရန်ကိုင်သည် တကယ်ကို မုန်းတီးစရာကောင်းသည့်လူ ဖြစ်သည်။ ရန်ကိုင်သည်သာ ဝင်မရှုပ်ခဲ့ပါက မရဏသားရဲ၏တန်ပြန်တိုက်ခိုက်မှုသည် ဧကရာဇ်အဆင့်ပညာရှင်များအနက် တစ်ဝက်လောက်၏အသက်ကို ခြွေယူသွားကောင်း ခြွေယူသွားနိုင်ပေသည်။ သို့သော်ငြား ရန်ကိုင်မှ ဝင်ရှုပ်လိုက်သည့်အတွက်ကြောင့် ထိုဧကရာဇ်အဆင့်ပညာရှင်များမှာ မည်သည့်ဒဏ်ရာမှမရဘဲ လွတ်မြောက်သွားခဲ့ရသည်။
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၂၉၃၀)
ဘာသာပြန်သူ_တိမ်တိုက်
ကောင်းရွှယ်ထင်းသည် ရန်ကိုင်အား ပြုတ်မကျအောင် ကူ၍ ထူမပေးထားလိုက်သည်။ ရန်ကိုင်က ကောင်းရွှယ်ထင်းအား ကျေးဇူးတင်စွာ ခေါင်းညိတ်ပြလိုက်၏။ ထို့နောက် အမောတကောအသက်ရှူရင်း ဗလောင်ဆူနေသည့် သူ့ရင်တစ်ခုလုံးကို ငြိမ်သက်သွားအောင် အလျင်အမြန် ကြိုးစားလိုက်လေသည်။
ရုတ်တရက်ဆိုသလို တိုးတိုးလေးအော်ငြီးသံတစ်သံ ထွက်ပေါ်လာခဲ့သည်။ ခွေးတစ်ကောင်နှင့်ဆင်တူသော မရဏသားရဲသည် လက်ရှိအချိန်တွင် အလွန်တရာကိုမှ နာကျင်နေသည့်အလား အော်ငြီးနေခဲ့လေသည်။
လက်ရှိအချိန်၌ မရဏသားရဲ၏ပုံစံမှာ အတော်လေးကိုမှ ဆိုးရွားလှသည်။ ကုန်းယွဲ့ မည်ကဲ့သို့သောနည်းလမ်းကိုသုံး၍ မရဏသားရဲ၏သွေးမျိုးဆက်ကို လှုံ့ဆော်ခဲ့သလဲဆိုသည်ကို မသိရပါသော်ငြား လက်ရှိအချိန်တွင်တော့ မရဏသားရဲမှာ အကန့်အသတ်သို့ ရောက်နေပြီ ဖြစ်သည့်အတွက်ကြောင့် ရန်ကိုင်တို့အတွက် အန္တရာယ်တစ်ခု မဟုတ်တော့ချေ။ ဧကရာဇ်အဆင့်ပညာရှင်များ၏ အမျိုးမျိုးသောတိုက်ခိုက်မှုများကြောင့် မရဏသားရဲ၏တစ်ကိုယ်လုံး သွေးချင်းနီနေခဲ့ပြီး ဒဏ်ရာဒဏ်ချက်တို့ဖြင့် ပြည့်နေခဲ့ရသည်။
ကုန်းယွဲ့သည် မရဏသားရဲကိုကြည့်၍ တစ်ခုခုကို အာရုံခံမိသွားသည့်အလား ပြုံးကာ ပြောလိုက်လေသည်။ “ကဲ… အချိန်ကျလာပြီ…”
ကုန်းယွဲ့ ဘာပြောချင်လို့ပြောချင်နေမှန်း မည်သူမသိကြ။ သို့သော်ငြား ထိုသို့ပြောပြီးသွားသည်နှင့်တစ်ပြိုင်နက် မရဏသားရဲသည် ၎င်း၏ပါးစပ်ကို ရုတ်တရက်ကြီး ဟ လိုက်ရာ အစောပိုင်းကပေါ်လာသည့် ဧရာမပါးစပ်ကြီးအဖြစ်သို့ တမုဟုတ်ချည်း အသွင်ပြောင်းသွားခဲ့လေသည်။
တစ်ချိန်တည်းတွင် ထိုပါးစပ်ပေါက်ကြီးဆီမှ အေးစက်စက်အရှိန်အဝါတစ်ရပ် ဖြာထွက်လာခဲ့ပြီး လူတစ်ဦးနှင့် လှံတစ်ချောင်း ပေါ်လာခဲ့လေ၏။
အလင်းရောင်ကိုပြန်မြင်လိုက်ရချိန် ဖုန်းမင် လုံးဝကို မင်သက်နေခဲ့လေသည်။ မရဏသားရဲ၏ဝါးမျိုခြင်း ခံလိုက်ရပြီးသည့်နောက် သူ့ပတ်ဝန်းကျင်တစ်ခုလုံး အမှောင်ထုတို့ဖြင့် ပြည့်နှက်သွားခဲ့ရသည်။ ကံကောင်းစွာဖြင့် ဖုန်းမင်သည် မည်သည့်ဒဏ်ရာဒဏ်ချက်ကိုမှ ရရှိခဲ့ခြင်းမရှိချေ။ ကြည့်ရသလောက် သူသည် မရဏသားရဲ၏ ဝါးမျိုခြင်း ခံရပြီးသည့်နောက် ထူးဆန်းသည့်ကမ္ဘာတစ်ခုထဲသို့ ရောက်ရှိသွားရသည့်ပုံပင်။
ထို အမှောင်ထုတို့ဖြင့် ပြည့်နှက်နေသည့်ကမ္ဘာထဲ အလင်းရောင်ကို ရံဖန်ရံခါ မြင်တွေ့ခဲ့ရသည်။ ဖုန်းမင်သည် ထိုအလင်းရောင်နောက်သို့ တောက်လျှောက်လိုက်နေခဲ့ရာမှ အဆုံးတွင်တော့ အမှောင်ထုကမ္ဘာကြီးထဲမှ ပြန်လည်လွတ်မြောက်လာနိုင်ခဲ့လေသည်။
ပတ်ဝန်းကျင်တစ်ခုလုံးကို ဝေ့ကြည့်လိုက်ပြီးသည့်နောက်တွင် ဖုန်းမင်သည် သူ့ဘေးနားတွင်ရှိနေသော မရဏသားရဲကို ကန်ကျောက်ပစ်လိုက်သည်။ ထို့နောက်တွင် သူ့လှံတံအား အနားတစ်နေရာ၌ရှိနေသော ကုန်းယွဲ့တည့်တည့်သို့ ထိုးချလိုက်လေ၏။
ကုန်းယွဲ့မှာ ဖုန်းမင်၏လှံချက် သူ့ဆီသို့ တိုးဝင်လာနေသည်ကို မြင်နေရသည့်တိုင် ရှောင်ရှားခြင်းမပြု။ အနည်းငယ်မျှပင် ခုခံမည့်အရိပ်အယောင်လည်းမပြ။ ရှင်းရှင်းပြောရသော် ကုန်းယွဲ့သည် မူလတည်းက အတော်လေးကိုမှ အားနည်းနေခြင်း ဖြစ်လေသည်။ မရဏသားရဲ၏ အကူအညီကြောင့်သာလျှင် ဧကရာဇ်အဆင့်ပညာရှင်ပေါင်းများစွာကို ထိန်းထားနိုင်ခဲ့ခြင်း ဖြစ်သည်။ သို့သော်ငြား ယခု မရဏသားရဲမှ သူ့အား ကာကွယ်မပေးနိုင်တော့လေရာ ကုန်းယွဲ့အနေဖြင့် ပြန်လည်ခုခံရန် ကြိုးစားမည်ဆိုလျှင်ပင် ဒေါသထွက်နေသည့် ဖုန်းမင်၏ တိုက်ခိုက်မှုကို ခုခံနိုင်လိမ့်မည်မဟုတ်ချေ။
ကုန်းယွဲ့မှာ လုံလောက်အောင် အသက်ရှင်ပြီးသွားပြီ ဖြစ်သည့်အလား သေရမည်ကို တည်တည်ငြိမ်ငြိမ်ဖြင့် ရှိနေခဲ့လေသည်။
“စွပ်” ခနဲ မြည်သံနှင့်အတူ ဖုန်းမင်၏လှံသည် ကုန်းယွဲ့၏ရင်ဘတ်အား ဖောက်ထွက်သွားခဲ့သည်။ သို့သော်ငြား ကုန်းယွဲ့ကမူ နာကျင်သည့်အရိပ်အယောင်မပြဘဲ အော်ရယ်မော၍သာ ပြောလိုက်လေသည်။ “ငါ့ကိုသတ်လိုက်လို့လည်း အပိုပဲ… ငါမှန်ပြီးတော့ မင်းတို့မှားတယ်ဆိုတာကို အချိန်ကပဲ သက်သေပြသွားလိမ့်မယ်…”
“အပိုတွေလာပြောမနေနဲ့…” ဖုန်းမင်သည် အေးစက်စက်အမူအယာဖြင့် နှာခေါင်းရှုံ့လိုက်ပြီးသည့်နောက် ဧကရာဇ်ချီကို လှည့်ပတ်လိုက်ရာ သူ၏မိုးကြိုးလှံမှ ဧကရာဇ်ချီတို့ ဖြာထွက်လာခဲ့ပြီး ကုန်းယွဲ့၏ခန္ဓာကိုယ်တစ်ခုလုံး ပေါက်ကွဲထွက်သွားခဲ့လေသည်။
ကုန်းယွဲ့၏ခန္ဓာကိုယ် ပေါက်ကွဲထွက်သွားပြီးသည့်နောက်တွင် အနက်ရောင်အလင်းစက်လေးတစ်စက် ပျံသန်းလာခဲ့လေ၏။ သို့သော်ငြား ဖုန်းမင်သည် ထိုပျံသန်းလာသည့် အနက်ရောင်အလင်းစက်ကို အချိန်ကိုက် လှံဖြင့် ထိုးချလိုက်ရာ အနက်ရောင်အလင်းစက်မှာလည်း ဖောက်ခနဲမြည်သံနှင့်အတူ ပေါက်ထွက်သွားခဲ့ရသည်။ ထိုအခါမှသာလျှင် သက်ပြင်းချလျက် အခြားသူများဘက်သို့လှည့်၍ မေးလိုက်လေ၏။ “မင်းတို့အားလုံး အဆင်ပြေကြလား…”
ချန်ဝမ်ဟောင်ကမူ မျက်နှာမကောင်းချေ။ ခေါင်းခါလျက် ပြန်ပြောလိုက်၏။ “ငါတို့အားလုံး အကြီးအကဲရန်ကြောင့် အဆင်ပြေတယ်… မင်းရော ရောင်းရင်းဖုန်း… မင်းဘယ်လိုခံစားရလဲ…”
ဖုန်းမင်က ခေါင်းခါလျက် “ငါလည်း ဘာမှမဖြစ်ဘူး… ဒါပေမယ့် ငါ့အခြေအနေကို သေချာစစ်ဆေးကြည့်ရမယ်… အဲ့ဒါကြီးက အရမ်းထူးဆန်းလွန်းတယ်…”
“ခုနတုန်းက ကုန်းယွဲ့ ဘာပြောသွားတာလဲ…” ကောင်းရွှယ်ထင်း မျက်မှောင်ကျုံ့နေခဲ့လေသည်။ ကုန်းယွဲ့ပြောသွားသည့်စကားများကို တောက်လျှောက်စဉ်းစားနေခဲ့ပါသော်ငြား အဖြေမရှာနိုင်ခဲ့ပေ။ သို့သော်ငြား မနှောင်းသောအနာဂတ်အတွင်း မကောင်းသည့်ကိစ္စတစ်ခုခု ဖြစ်တော့မည်ဟု သူမစိတ်ထဲ ခံစားနေခဲ့ရလေသည်။
ကုန်းယွဲ့ ဘာပြောလို့ပြောသွားမှန်းကို မည်သူမှနားမလည်ကြပေ။
လူအုပ်ကြီးတစ်ခုလုံး ကုန်းယွဲ့ပြောသွားသည့်စကားနှင့် ပတ်သက်၍ အဖြေရှာမရ ဖြစ်နေစဉ်မှာပင် မြေပြင်သည် ရုတ်တရက် တုန်ခါလာခဲ့လေသည်။ မြေပြင်သာလျှင်မဟုတ် တောင်များမှာလည်း တုန်ခါလာခဲ့ပြီး စတင်၍ အက်ကွဲလာကုန်ကြလေ၏။ ထို့နောက်တွင် ဓါးတောင်ပေါ်ရှိ တစ်နေရာဆီမှ အနက်ရောင်အလင်းစက်ကလေးများ အပြုံလိုက် ပျံသန်းထွက်လာကြကာ ဘက်ပေါင်းစုံသို့ ပျံထွက်သွားကုန်ကြလေသည်။
“နတ်ဆိုးဝိဉာဉ်တွေ… ဒီမှာ ဘယ်လိုလုပ်ပြီး နတ်ဆိုးဝိဉာဉ်တွေ အများကြီး ရှိနေရတာလဲ…” ထိုအနက်ရောင်အလင်းစက်လေးများကို ကြည့်ရင်း ကောင်းရွှယ်ထင်း၏မျက်နှာ သွေးဆုတ်ဖြူလျော်သွားခဲ့လေသည်။
ထိုအနက်ရောင်အလင်းစက်ကလေးများသည် ကုန်းယွဲ့၏စိတ်ကို ဝင်စီးခဲ့သည့် အနက်ရောင်အလင်းစက်နှင့် အတူတူသာ ဖြစ်လေသည်။ ထိုအရာများသည် နတ်ဆိုးဝိဉာဉ်များ ဖြစ်ကြသည်။ သို့သော်ငြား ယခင်နှင့်မတူသည်မှာ ဤနေရာတွင်ရှိနေသည့် နတ်ဆိုးဝိဉာဉ်အရေအတွက်သည် ထောင်နှင့်ပင် ချီနေခြင်း ဖြစ်လေသည်။ ညအာကာယံတွင် မီးပန်းများ ပေါက်ကွဲထွက်လာသည့်အလား အနက်ရောင်အလင်းစက်များသည် မိုးကုပ်စက်ဝိုင်းအောက်ဆီသို့ တဟုန်ထိုး ပြေးထွက်သွားကြလေ၏။
“ဘယ်လိုလုပ်ပြီး ဒီလိုမျိုးဖြစ်ရတာလဲ…” ချန်ဝမ်ဟောင်သည်လည်း ထိုမြင်ကွင်းကိုကြည့်ရင်း မင်သက်နေခဲ့လေသည်။
ချိုရန်နှင့် အခြားသူများမှာ နတ်ဆိုးဝိဉာဉ်များကို ပထမဦးဆုံးအကြိမ် မြင်ဖူးခြင်းဖြစ်သလို ထိုနတ်ဆိုးဝိဉာဉ်များ မည်မျှအားကောင်းမှန်း မသိပါသော်ငြား ထိုနတ်ဆိုးဝိဉာဉ်များသည် ရင်ဆိုင်ရခက်သည့်အရာများ ဖြစ်မှန်းတော့ အာရုံခံမိနေကြလေသည်။ လက်ရှိအချိန်တွင် အကုန်လုံး၏အမူအယာများမှာ လေးနက်တည်ကြည်နေကုန်ကြလေသည်။
“ဓါးတောင်က နတ်ဆိုးတွေကိုချိတ်ပိတ်ထားတဲ့ ရှေးဟောင်းနေရာတစ်ခုပဲ…” ရန်ကိုင်သည် အလွန်တရာကိုမှ အားနည်းနေသည့်အလား ချောင်းတဟွတ်ဟွတ်ဆိုးရင်းမှ ပြောလိုက်သည်။ “ကုန်းယွဲ့ ဒီနေရာကိုရောက်လာတာက ဒီမှာရှိနေတဲ့ ချိတ်စည်းကို ဖျက်ဆီးပြီးတော့ နတ်ဆိုးဝိဉာဉ်တွေကို လွှတ်ပေးချင်လို့ပဲ…”
ထိုစကားကိုကြားသော် ကောင်းရွှယ်ထင်းသည် ရန်ကိုင်အားကြည့်၍ “ဂျူနီယာမောင်လေး… နင်ပြောချင်တာက ဒီနေရာက တောင်ပိုင်းနွံအိုင်နဲ့ အတူတူပဲပေါ့…”
ရန်ကိုင်က ပြန်ပြောလိုက်သည်။ “အဲ့ဒါကလွဲပြီးတော့ အခြား ဘာရှိသေးလို့လဲ…”
လူတိုင်း၏အာရုံသည် တောင်ပိုင်းနွံအိုင်ထဲတွင်ရှိနေသော ရှေးဟောင်းလိုဏ်ဂူစံအိမ်သို့ ရောက်နေချိန် နေမင်းပြာကျောင်းတော်ထဲရှိ ဓါးတောင်သည်လည်း တောင်ပိုင်းနွံအိုင်ထဲရှိ ရှေးဟောင်းလိုဏ်ဂူနှင့်ဆင်တူသည့် နေရာတစ်ခုဖြစ်နေလိမ့်မည်ဟု မည်သူမျှ ထင်ထားခြင်း မရှိချေ။ ကုန်းယွဲ့၏စိတ်ကို နတ်ဆိုးမှ ဝင်စီးသွားသည့်အတွက်ကြောင့် ကုန်းယွဲ့မှာ ဤနေရာသည် နတ်ဆိုးများကို ချိတ်ပိတ်ထားသည့် နေရာတစ်ခုမှန်း သိလာခဲ့သည်။ ထိုအကြောင်းကြောင့်ပင်လျှင် သူ့ကိုယ်သူစတေး၍ ဤနေရာသို့ မရောက်ရောက်အောင် လာခဲ့ပြီး ဤနေရာတွင်ရှိနေသော ချိတ်စည်းကို ဖျက်ဆီးကာ နတ်ဆိုးများကို လွှတ်ပေးခဲ့ခြင်း ဖြစ်လေသည်။
ဖုန်းမင်၏လှံချက်ကို ရင်ဆိုင်ခဲ့ရာတွင် အနည်းငယ်မျှပင် မခုခံခဲ့ရခြင်းမှာ မခုခံနိုင်သည့်အတွက်ကြောင့်ဖြစ်သလို ခုခံဖို့ရာ မလိုအပ်တော့သည့်အတွက်ကြောင့်လည်း ဖြစ်ပေသည်။ သူသေရမည်ဆိုလျှင်ပင် သူ့တာဝန်မှာ ပြီးမြောက်သွားခဲ့လေပြီ။ ကုန်းယွဲ့ပြောခဲ့သည့်အတိုင်း လူပေါင်းများစွာသည် သူ့လမ်းစဉ်အတိုင်း လိုက်လာကြတော့ပေမည်။ ထို့အတွက်ကြောင့် သူတစ်ဦးတည်းကိုသတ်လိုက်၍လည်း ဘာမှအကျိုးထူးလိမ့်မည်မဟုတ်။
“အဲ့အစုတ်ပလုတ်ကောင်ကတော့…” ကောင်းရွှယ်ထင်းသည် အံကို တင်းတင်းကြိတ်နေခဲ့သည်။
“ဂိုဏ်းကာကွယ်ရေးအစီအရင်တွေကို ဖွင့်လိုက်… အဲ့ကောင်တွေကို မြန်မြန်တားမှရမယ်… အဲ့ကောင်တွေသာ လွတ်သွားမယ်ဆိုလို့ရှိရင်…” ရန်ကိုင်က အလျင်စလိုပြောလိုက်လေသည်။ သို့သော်ငြား ရန်ကိုင်မှ သူ့စကားအား ဆုံးအောင်မပြောနိုင်ရသေးခင်မှာပင် နောက်ထပ် ပေါက်ကွဲသံအကျယ်ကြီးနှင့် ကျယ်လောင်သည့်အော်ရယ်မောသံတစ်သံ ပျံ့နှံ့လာခဲ့လေသည်။
ရန်ကိုင်၏စကားများ ရုတ်တရက် ရပ်တန့်သွားခဲ့ပြီး အသံကြားရာဘက်ဆီသို့ အထိတ်တလန့်ဖြင့် လှမ်း၍ကြည့်လိုက်သည်။
အသံပိုင်ရှင် မည်သူဖြစ်သလဲဆိုသည်ကို ရန်ကိုင်သိပေသည်။
အစပိုင်းတွင် အသံပိုင်ရှင်သည် ထိတ်လန့်တုန်လှုပ်နေသည့် အတွက်ကြောင့်လားမသိ ရယ်သံမှာ အနည်းငယ် ထိန်းထိန်းချုပ်ချုပ် ရှိပါသော်ငြား အချိန်ကြာလာသည့်နောက်တွင် ထိုလူသည် စည်းလွတ်ဝါးလွတ်ကို အော်ဟစ်ရယ်မောတော့လေသည်။
ထိုရယ်မောသံနှင့်အတူ အလင်းတန်းတစ်ခုသည် ရန်ကိုင်တို့ဆီသို့ အဝေးတစ်နေရာဆီမှ ပျံသန်းလာခဲ့ပြီး ရယ်မောသံမှာလည်း တဖြည်းဖြည်းနှင့် နီးကပ်လာခဲ့လေသည်။
မျက်တောင်တစ်ခတ်အတွင်း မုတ်ဆိတ်ဖြူနှင့်လူအိုကြီးတစ်ဦး ရန်ကိုင်တို့ရှေ့၌ ပေါ်လာခဲ့လေသည်။ ထိုလူအိုကြီးပေါ်လာသည်နှင့်တစ်ပြိုင်နက် တောင်တစ်လုံးသည် လူတိုင်းပေါ်သို့ ပြိုကျလာသည့်အလား ရှင်းပြမရသည့်ဖိအားတစ်ရပ်သည် အဖက်ဖက်မှ သက်ဆင်းလာခဲ့လေသည်။ ထိုဖိအားအောက်ဝယ် ဧကရာဇ်အဆင့်ပညာရှင်အားလုံး အသက်ရှူဖို့ရာပင် ခက်ခဲလာခဲ့ရသည်။ မူလတည်းက အခြေအနေမဟန်သော ရန်ကိုင်မှာ ထိုရုတ်တရက်ပေါ်လာသည့်ဖိအားကြောင့် ပါးစပ်မှ သွေးများ စီးကျလာရလေတော့သည်။
ထိုလူအိုကြီးသည် လေထဲတွင်ဝဲကာ ရပ်၍ လူအုပ်ကြီးကို ဝေ့ကြည့်လိုက်ရင်းမှ အဆုံးတွင် သူ့အကြည့်သည် ရန်ကိုင်ဆီ၌ ရပ်တန့်သွားခဲ့ပြီး ပြုံးဖြီးလျက် ပြောလိုက်လေသည်။ “အိုး… ကောင်လေး… မင်းလည်း ဒီရောက်နေတာလား… ငါတို့နှစ်ယောက် မတွေ့ရတဲ့နေရာဆိုတာ တကယ်ကို မရှိဘူးပဲ…”
ရန်ကိုင် မျက်မှောင်ကျုံ့သွားခဲ့လေသည်။ ထိုလူအိုကြီးနှင့်ပတ်သက်၍ တစ်ခုခုမှားယွင်းနေသည်ဟု သူ့စိတ်ထဲ ခံစားနေရသည်။ ဤလူအိုကြီးသည် ရန်ကိုင်မြင်ခဲ့ဖူးသည့်လူအိုကြီးနှင့် အတူတူသာ ဖြစ်လေသည်။ သို့သော်ငြား လူအိုကြီး၏ စိတ်နေစိတ်ထားနှင့် စရိုက်မှာတော့ လုံးဝကို ကွဲပြားနေခဲ့သည်။ သူသိသလောက် ဤလူအိုကြီးသည် အသိဉာဏ်ဗဟုသုတကြွယ်ဝပြီး လွတ်လွတ်လပ်လပ်နေထိုင်တတ်သူတစ်ဦး ဖြစ်ပါသော်ငြား လက်ရှိ သူ့ရှေ့တွင်ရှိနေသည့် လူအိုကြီးမှာတော့ ခြောက်ခြားဖွယ်ရာကောင်းသည့် အရှိန်အဝါတို့ဖြင့် ပြည့်နေခဲ့လေသည်။
ကောင်းရွှယ်ထင်း၏အမူအယာ လေးနက်သွားခဲ့ပြီး အလျင်အမြန် ပြန်ပြောလိုက်သည်။ “မဟာဧကရာဇ်ကို နှုတ်ဆက်ပါတယ်…”
ချိုရန်သည်လည်း အလျင်အမြန် အလေးပြုလိုက်လေသည်။
ကောင်းရွှယ်ထင်းနှင့် ချိုရန်တို့ ပြောသည်ကို ကြားပြီးသည့်နောက် ကျောင်းတော်မှ အခြားသောအကြီးအကဲများအပါအဝင် လူတိုင်း ထိတ်လန့်တုန်လှုပ်သွားခဲ့ကြလေသည်။ သူတို့ရှေ့တွင် ပေါ်လာသည့် လူအိုကြီးနှင့်ပတ်သက်၍ ထိုလူများ ဘာဆိုဘာမျှ မသိကြပါသော်ငြား ချိုရန်နှင့် ကောင်းရွှယ်ထင်းမှာမူ ထိုလူအား မဟာဧကရာဇ်ဟု ခေါ်ဝေါ်နေခဲ့သည်။ ဤလောကကြီးထဲတွင် မဟာဧကရာဇ်ဆို၍ အနည်းငယ်သာရှိလေရာ လက်ရှိ သူတို့ရှေ့တွင်ရှိနေသည့် လူအိုကြီးသည် မည်သည့်မဟာဧကရာဇ်များ ဖြစ်လေသနည်း။
ဖုန်းမင်နှင့် ချန်ဝမ်ဟောင်တို့သည် အကြည့်ချင်း ဖလှယ်လိုက်ကြသည်။ နှစ်ဦးစလုံး၏မျက်လုံးထဲ ထိတ်လန့်တုန်လှုပ်နေသည့် အရိပ်အယောင်တို့ကို အထင်းသား မြင်တွေ့နေရလေသည်။
ကောင်းရွှယ်ထင်းက ရှင်းပြလိုက်သည်။ “ဒါက စီနီယာဟုန်ချန်ပဲ…”
“ဘယ်လို…” ထိုလူနှစ်ဦးစလုံး ထိတ်လန့်သွားခဲ့ကြလေသည်။ သို့သော်ငြား နှောင့်နှေးနေရဲခြင်း မရှိသည့်အတွက်ကြောင့် ချက်ချင်းပဲ လက်သီးဆုပ်၍ တလေးတစားဖြင့် နှုတ်ဆက်လိုက်လေ၏။ “စီနီယာဟုန်ချန်ကို နှုတ်ဆက်ပါတယ်…”
မဟာဧကရာဇ်ဆယ်ပါးထဲတွင် အချို့သောမဟာဧကရာဇ်များမှာ ကိုယ်ပိုင်ဂိုဏ်းများ ထူထောင်ခဲ့ကြပြီး အချို့မှာတော့ လူရှေ့သူရှေ့မနေဘဲ ပုန်းလျှိုးကွယ်လျှိုးဖြင့် တောတောင်များကြား တစ်ဦးတည်း နေနေလေ့ရှိပေသည်။ ထိုကဲ့သို့သောမဟာဧကရာဇ်များအနက် လူရှေ့သူရှေ့တွင် ပေါ်လာလေ့ရှိပါသော်ငြား မည်သူကမှ ထိုလူသည် မဟာဧကရာဇ်မှန်း မသိရသည့် လူဖြစ်သည့် လောကတစ်သောင်းမဟာဧကရာဇ်မှာတော့ အဆန်းကြယ်ဆုံးပင် ဖြစ်လေသည်။ အကြောင်းမှာ လောကတစ်သောင်းမဟာဧကရာဇ်သည် လောကတစ်သောင်းတာအိုကို ကျင့်ကြံသည့် အတွက်ကြောင့်ပင် ဖြစ်လေသည်။ ထိုအကြောင်းကြောင့်ပင်လျှင် လောကတစ်သောင်းမဟာဧကရာဇ်သည် လောကတစ်သောင်းအကြောင်းကို ခံစားသိရှိနိုင်ရန်အတွက် အမျိုးမျိုးအသွင်ယူကာ လူကြားထဲ လှည့်လည်သွားလာသည်။ လောကတစ်သောင်းမဟာဧကရာဇ်သည် လမ်းကြိုလမ်းကြားတွင် တွေ့ရသော သူတောင်းစားတစ်ဦး ဖြစ်နေနိုင်သလို တောကြိုတောင်ကြားတွင် တွေ့ရသည့် သစ်ခုတ်သမားတစ်ဦးလည်း ဖြစ်နေနိုင်သည်။ ထို့နည်းတူစွာပင် နန်းတော်ထဲ၌တွေ့ရသည် စစ်သူကြီးတစ်ဦးလည်း ဖြစ်နေနိုင်သေးသလို ဆောင်ကြာမြိုင်ထဲတွင်တွေ့ရသည့် လူရှုပ်လူပွေတစ်ဦးလည်း ဖြစ်နေနိုင်ပေသေးသည်။ သို့သော်ငြား မည်သူမှ သူ့အား မသိကြချေ။ လူပေါင်းများစွာသည် လောကတစ်သောင်းမဟာဧကရာဇ်နှင့် ပုခုံးချင်းတိုက်မိခဲ့ကြသလို ပုခုံးချင်းဖက်ကာ အတူတကွ စားသောက်ပျော်ပါးခဲ့ကြဖူးလိမ့်မည် ဖြစ်ပါသော်ငြား မည်သူကမျှ ထိုလူသည် လောကတစ်သောင်းမဟာဧကရာဇ် ဖြစ်လိမ့်မည်မှန်း သိကြလိမ့်မည် မဟုတ်ချေ။
ဖုန်းမင်နှင့် ချန်ဝမ်ဟောင်တို့မှာလည်း လောကတစ်သောင်းမဟာဧကရာဇ်အား တစ်ခါမှ မတွေ့ဖူးကြချေ။ သို့သော်ငြား ကောင်းရွှယ်ထင်း၏စကားကိုတော့ ယုံကြည်ပေသည်။
အကြောင်းမှာ နေမင်းပြာကျောင်းတော်သည် လောကတစ်သောင်းမဟာဧကရာဇ်နှင့် အလွန်ကိုမှ ရင်းနှီးသည်ဟု ကောလဟာလများ ရှိသည့် အတွက်ကြောင့်ပင်။ အထူးသဖြင့် ကျောင်းသခင်ဖြစ်သော ဝမ်ကျိရှန်းသည် လောကတစ်သောင်းမဟာဧကရာဇ်၏ သားတစ်ဦးသဖွယ် ဖြစ်လေသည်။ ထိုသို့သာမဟုတ်ပါက နေမင်းပြာကျောင်းတော်သည် နှစ်အနည်းငယ်လေးအတွင်း တောင်ဘက်နယ်မြေ၏ ထိပ်တန်းဂိုဏ်းတစ်ဂိုဏ်း မည်သို့များ ဖြစ်လာနိုင်ပါမည်နည်း။ နေမင်းပြာကျောင်းတော်တွင် အခြားသော ထိပ်တန်းဂိုဏ်းများကဲ့သို့ အလွန်ကိုမှ ရှေးကျလှသည့် အမွေအနှစ်များ မရှိသည်ကို သတိပြုရပေမည်။ ဥပမာပြောရသော် ကောင်းကင်တိုက်ပွဲဒိုဂျို၏ သမိုင်းကြောင်းသည် လွန်ခဲ့သော နှစ်ပေါင်းသောင်းဂဏန်းအထိကို ပြန်လည်ခြေရာကောက်နိုင်ပေသည်။
ထိုလူများက နှုတ်ဆက်နေသည်ကို ကြားပါသော်ငြား တွမ့်ဟုန်ချန်ကမူ ပြုံးပြုံး ပြုံးပြုံးသာ ရှိနေလေသည်။ တွမ့်ဟုန်ချန်၏မျက်လုံးအစုံသည် ရန်ကိုင်ဆီတွင်သာ တစ်ချိန်လုံး ရောက်ရှိနေခဲ့သည်။
ကောင်းရွှယ်ထင်းက ပြောလိုက်သည်။ “ဆရာ… နတ်ဆိုးဝိဉာဉ်တွေ ကျောင်းတော်ထဲမှာ ပေါ်လာပြီ… ကျေးဇူးပြုပြီး ကျွန်မတို့ကို တစ်ချက်လောက် ကူညီပေးပါလား…”
ရန်ကိုင်သည် ကောင်းရွှယ်ထင်း၏လက်မောင်းကို အသာအယာပုတ်လျက် ခေါင်းခါကာ ပြောလိုက်သည်။ “လုပ်မနေနဲ့… သူက စီနီယာဟုန်ချန်မဟုတ်ဘူး…”
“ဟမ်…” ကောင်းရွှယ်ထင်း ကြောင်သွားခဲ့လေသည်။ ထို့နောက်တွင် တစ်ခုခုအား မှတ်မိသွားသည့်အလား သူမ၏ခန္ဓာကိုယ် တဆတ်ဆတ်တုန်ရီလာခဲ့ပြီး တွမ့်ဟုန်ချန်ဆိုသည့်လူအား ကြောက်ကြောက်ရွံ့ရွံ့ဖြင့် ကြည့်လိုက်လေသည်။
ဖုန်းမင်နှင့် ချန်ဝမ်ဟောင်တို့မှာလည်း အံ့ဩနေကြလေသည်။ ရန်ကိုင့်စကားနှင့်ပတ်သက်၍ နှစ်ဦးစလုံး နားမလည်နိုင်ကြ။ ကောင်းရွှယ်ထင်းသည် သူတို့ရှေ့၌ရှိနေသည့်လူမှာ လောကတစ်သောင်းမဟာဧကရာဇ်ဟု ပြောခဲ့ပါသော်ငြား ရန်ကိုင်ကမူ ထိုသို့မဟုတ်ဟု ပြန်ပြောခဲ့လေသည်။ သို့သော်ငြား လူအိုကြီးကမူ နှစ်ဦးစလုံးပြောသည့်စကားကို ငြင်းဆန်ခြင်းမပြု။ ထို့အတွက်ကြောင့် ချန်ဝမ်ဟောင်နှင့် ဖုန်းမင်တို့မှာ မည်သူပြောသည်က အမှန်ဖြစ်သလဲဆိုသည်ကို ဝေခွဲရ ခက်နေခဲ့လေသည်။
“ဝူခွမ်း… ခင်ဗျား ဘယ်လိုထွက်လာတာလဲ… စီနီယာဟုန်ချန်ကို ခင်ဗျားဘာလုပ်လိုက်တာလဲ…” ရန်ကိုင်က မှုန်ကုပ်ကုပ်အမူအယာဖြင့် မေးလိုက်လေသည်။
တွမ့်ဟုန်ချန်ဆိုသည့် လူအိုကြီးက ပြုံး၍ သူ့ခေါင်းထဲကို လက်ညှိုးထိုးရင်းမှ ပြောလိုက်သည်။ “ဒီဘုရင်ထွက်လာတယ်ဆိုမှတော့ အဲ့ သက်ကြားအိုကြီးဟုန်ချန် ဘာဖြစ်သွားတယ်လို့ မင်းထင်လဲ… အဲ့ကောင်ကို ဒီဘုရင် ဝါးမျိုပစ်လိုက်ပြီကွ… ဟား ဟား ဟား…”
“မဖြစ်နိုင်ဘူး…” ရန်ကိုင်က ပြန်အော်ပြောလေသည်။
ဝူခွမ်း၏ရယ်သံ ရုတ်ချည်း ရပ်တန့်သွားခဲ့ပြီး ရန်ကိုင်အား စိုက်ကြည့်၍ အေးစက်စက်လေသံဖြင့် ပြန်ပြောလိုက်သည်။ “ခွေးကောင်လေး… မင်းအသက်ရှင်တာ ဘယ်လောက်ကြာသေးလို့လဲ… ဒီဘုရင်ရဲ့စွမ်းရည်အကြောင်းကို မင်း ဘာသိတာမှတ်လို့… မင်း အဲ့ ဟုန်ချန်ဆိုတဲ့ကောင် ဒီဘုရင်လိုလူမျိုးကို မှန်လေးတစ်ချပ်ထဲမှာ ပိတ်လှောင်နိုင်မယ်လို့ ထင်နေတာလား… ဒီကောင် သူ့ကိုယ်သူ အရူးလုပ်မိတာပဲ အဖတ်တင်သွားတယ်… ဒီဘုရင်ရဲ့ ကောင်းကင်ဝါးမျိုခြင်းတိုက်ပွဲဥပဒေ မဝါးမျိုပစ်နိုင်တဲ့အရာဆိုတာ မရှိဘူးကွ…”
“ကောင်းကင်ဝါးမျိုခြင်း တိုက်ပွဲဥပဒေသ…” ထိုစကားကိုကြားပြီးသည့်နောက် ဖုန်းမင်နှင့် ချန်ဝမ်ဟောင်တို့နှစ်ဦးစလုံး ထိတ်လန့်သွားကြပြီး နောက်သို့ အလိုလို ဆုတ်သွားကြလေသည်။ သူတို့သည်လည်း ထိုနာမည်ဆိုးနှင့်ကျော်ကြားသည့် ကျင့်စဉ်အကြောင်းကို ကြားဖူးပေသည်။ ထိုကျင့်စဉ်သည် ကြယ်တာရာအစုအဝေး၏ သမိုင်းကြောင်းတစ်လျှောက် အားအကောင်းဆုံးနှင့် အရက်စက်ဆုံးသော ကျင့်စဉ်ဖြစ်လေသည်။ ထိုအရာသည် မဟာဧကရာဇ်များကြားတိုက်ပွဲကို ဖြစ်ပေါ်စေခဲ့ပြီး ကြယ်ပျက်ပင်လယ်ကို ဖြစ်ပေါ်လာစေခဲ့သည့် အကြောင်းအရင်းတစ်ရပ်လည်း ဖြစ်ပေသည်။ ယခု နှစ်ပေါင်းသောင်းနှင့်ချီ ကြာသွားပြီးသည့်တိုင် ထိုကျင့်စဉ်၏နာမည်ကို ကြယ်တာရာအစုအဝေးထဲရှိ ပညာရှင်ပေါင်းများစွာ မှတ်မိနေဆဲပင်။
ချန်ဝမ်ဟောင်က မျက်မှောင်ကျုံ့လျက် တုံ့ဆိုင်းတုံ့ဆိုင်း အမူအယာဖြင့် မေးလိုက်လေသည်။ “လူကြီးမင်းက…”
သူ့အနေဖြင့် ထိုစကားကို ဆက်မပြောရဲတော့ချေ။ နှစ်ပေါင်း သောင်းနှင့်ချီအောင် ကြာသွားပြီးသည့်တိုင် သူတို့စိတ်ထဲ အကြောက်တရား ကိန်းအောင်းနေအောင် လုပ်နိုင်ခဲ့သည့် နာမည်ကြီးကို သူ့အနေဖြင့် အသံထွက်ကာ မပြောရဲခဲ့ပေ။
ဝူခွမ်းက ဂုဏ်ယူဝံ့ကြွားစွာဖြင့် ပြန်ပြောလိုက်သည်။ “ဟုတ်တယ်… ဒီဘုရင်က ကောင်းကင်ဝါးမျိုသူပဲ…”