အခန်း (၂၉၃၁-၂၉၃၅)
Vol. 126 Ch. 2931-2935
၂၉၃၁)
ဘာသာပြန်သူ_တိမ်တိုက်
“ဂလု…”
ဧကရာဇ်အဆင့်ပညာရှင်ပေါင်းများစွာ၏ တံတွေးမျိုချသံများ အစီအရီထွက်ပေါ်လာခဲ့ပြီး လူတိုင်းသည် နောက်သို့ဆုတ်သွားရင်း ကာကွယ်မည့်ပုံစံမျိုး လုပ်လိုက်ကြလေသည်။
ယနေ့တွင် အမှန်တကယ်ကို စိတ်ညစ်စရာကောင်းသည့် အဖြစ်အပျက်ပေါင်းများစွာ ဖြစ်ခဲ့သည်။ ကုန်းယွဲ့သည် ဓါးတောင်အောက်တွင် ချိတ်ပိတ်ထားသော နတ်ဆိုးများကို လွှတ်ပေးခဲ့သလို ယခုအချိန်တွင်လည်း လူတိုင်းကြောက်ရသည့် ကောင်းကင်ဝါးမျိုခြင်းမဟာဧကရာဇ်ဟု ခေါ်သည့် လူတစ်ဦး သူတို့ရှေ့တွင် ပေါ်လာခဲ့လေသည်။ ရှင်းရှင်းပြောရသော် ယနေ့တစ်နေ့တည်းတွင်ပင် နေမင်းပြာကျောင်းတော်ထဲ၌ ဖြစ်ပျက်သွားသည့် အကြောင်းအရာအားလုံးသည် လွန်ခဲ့သော နှစ်ပေါင်းရှစ်ရာအတွင်း နေမင်းပြာကျောင်းတော်ထဲတွင် ဖြစ်သွားခဲ့သည့် အကြောင်းအရာအားလုံးထက် ပိုများပေသည်။
“ဝမ်ကျိရှန်းရော… ရှင် သူ့ကို ဘာလုပ်လိုက်တာလဲ…” ကောင်းရွှယ်ထင်းက ကတုန်ကယင်လေသံဖြင့် မေးလိုက်လေသည်။
ဝမ်ကျိရှန်းသည် လောကတစ်သောင်းမဟာဧကရာဇ်၏ ဝိဉာဉ်နှင့် ကောင်းကင်ဝါးမျိုခြင်းမဟာဧကရာဇ်၏ ဝိဉာဉ်ကို ခွဲထုတ်ပေးရန် ကူညီပေးနေခဲ့ခြင်း ဖြစ်လေသည်။ ယခုတွင် ဝူခွမ်းသည် တွမ့်ဟုန်ချန်၏ ခန္ဓာကိုယ်ကို အပိုင်စီးပြီး ထွက်လာခဲ့လေသည်။ ဝမ်ကျိရှန်းနှင့်ပတ်သက်သည့် မည်သည့်သတင်းမှ မရသည့်အတွက်ကြောင့် ကောင်းရွှယ်ထင်းမှာ ဝမ်ကျိရှန်းအား စိတ်ပူမိလေ၏။
“ဟမ့်… နင်ပြောတဲ့ဝမ်ကျိရှန်းက ဘယ်သူလဲ… ဒီဘုရင် ထွက်မလာခင်တုန်းက အင်းစက်ကောင်လေးတွေအများကြီးကို သတ်ပစ်ခဲ့သေးတယ်… အဲ့ထဲက ဘယ်တစ်ယောက်ကို ပြောနေတာလဲ…”
ထိုစကားကိုကြားသော် ကောင်းရွှယ်ထင်း၏မျက်နှာ ဖြူလျော်သွားခဲ့ပြီး ကောင်းကင်ပေါ်မှ ပြုတ်ကျလုမတတ်ပင် ဖြစ်သွားခဲ့ရလေသည်။
ဝူခွမ်းသည် ဧကရာဇ်အဆင့်ပညာရှင်များကို ဝေ့ကြည့်လိုက်ရင်း လက်ညှိုး တောက်လျှောက်လိုက်ထိုးလျက် ရေတွက်လိုက်လေ၏။ “တစ်ယောက်၊ နှစ်ယောက်၊ သုံးယောက်…”
ရန်ကိုင်၏မျက်နှာ အေးစက်သွားခဲ့လေသည်။ “ဝူခွမ်း… ခင်ဗျား ဘာလုပ်ချင်နေတာလဲ…”
ဝူခွမ်းက အော်ရယ်မောလျက် “မဆိုးဘူးပဲ… ဒီမှာ ဧကရာဇ်အဆင့်အင်းစက် ကိုးကောင်တောင် ရှိနေပါလား… ငါ အခုမှနိုးလာတာဆိုတော့ အားနည်းနေတုန်းပဲ… ဒါကြောင့် မင်းတို့က ငါ့ကို အားဖြည့်ပေးရလိမ့်မယ်… မင်းတို့ထဲက ဘယ်သူမှ ဒီလောက် အားမကောင်းဘူးဆိုပေမယ့် အနည်းဆုံးတော့ ငါ့အတွက်တော့ အဆာပြေတာပေါ့…”
ဝူခွမ်းမှ ထိုကဲ့သို့ ပြောလိုက်သည်နှင့်တစ်ပြိုင်နက် လူတိုင်း၏အမူအယာ အပြောင်းလဲကြီး ပြောင်းလဲသွားခဲ့ကြလေသည်။
လူတိုင်းသည် နာမည်ကျော် ကောင်းကင်ဝါးမျိုခြင်းဥပဒေသအကြောင်း ကြားဖူးပြီး ထိုကျင့်စဉ် မည်မျှ ကြောက်မက်ဖွယ်ကောင်းကြောင်းကိုလည်း သိထားကြပေသည်။ ထိုကျင့်စဉ်သည် အရာအားလုံးကို ဝါးမျိုပစ်နိုင်သည့် ကျင့်စဉ်တစ်ခုဖြစ်သည်။ ဒဏ္ဍာရီများ၏ အဆိုအရ ကောင်းကင်ဝါးမျိုခြင်းမဟာဧကရာဇ်ကြောင့် ပျက်စီးခဲ့ရသည့် ကြယ်စီရင်စုအရေအတွက်မှာ မရေမတွက်နိုင်အောင်ကို များပြားလှပေသည်။ ယခင်က ကောင်းကင်ဝါးမျိုခြင်းမဟာဧကရာဇ် သွားရောက်ခဲ့သည့် ကြယ်စီရင်စုထဲတွင် ရှိနေသည့် ကျင့်ကြံရေးကြယ်များအားလုံးသည် ကြယ်သေများအဖြစ်သို့ ပြောင်းလဲသွားခဲ့ရလေသည်။ ကောင်းကင်ဝါးမျိုခြင်းမဟာဧကရာဇ်မှာ ထိုကျင့်ကြံရေးကြယ်များဆီမှ အသက်ဓာတ်စွမ်းအင်အားလုံးကို စုပ်ယူပစ်ခဲ့ခြင်း ဖြစ်လေ၏။
ထို့အတွက်ကြောင့် ဝူခွမ်းမှ ထိုကဲ့သို့ပြောလာသည်ကိုကြားသော် ဝူခွမ်းဘာလုပ်ချင်နေသလဲဆိုသည်ကို လူတိုင်း သိကြပေသည်။
လက်ရှိအချိန်တွင်တော့ ဧကရာဇ်အဆင့်ပညာရှင်များမှာ ထွက်ပြေးနေသည့် နတ်ဆိုးဝိဉာဉ်များကိုပင် စိတ်မပူနိုင်တော့။ သူတို့အား ဝါးမျိုပစ်ရန် ကြိုးစားနေသည့် သူတို့ရှေ့တွင်ရှိနေသော လူအိုကြီးကို ခုခံရန်သာ အတတ်နိုင်ဆုံး ပြင်ဆင်နေကြတော့လေသည်။
ထိုအခိုက်အတန့်တွင် ဝူခွမ်း မျက်မှောင်ကျုံ့သွားခဲ့လေသည်။ ထို့နောက် ရုတ်တရက် ပြုံးဖြီးလျက် “ဟား ဟား ဟား… မင်းတို့ ဘာတွေဒီလောက် ကြောက်နေတာလဲကွ… ငါ ဒီတိုင်းပဲ နောက်နေရုံပါဟ… ငါ အခုလေးတင်လွတ်လာလို့ စိတ်ကောင်းဝင်နေလို့ နည်းနည်းပါးပါးလေး စလိုက်ရုံပါပဲ… မင်းတို့က ဘာတွေ ဒီလောက် ကြောက်ကြောက်လန့်လန့် ဖြစ်နေတာလဲ… စိတ်မပူနဲ့… ဒီတစ်ကြိမ်တော့ ငါ မင်းတို့အားလုံးကို လွှတ်ပေးမှာ…”
မည်သူမျှ ဘာမျှပြန်မပြောကြ။ သူတို့ရှေ့ရှိ ဤအရူးကောင် ပြောနေသည်မှာ တကယ်ဟုတ်မဟုတ် မည်သူမျှ တပ်အပ်မပြောနိုင်ကြချေ။ ထို့အတွက်ကြောင့် အကုန်လုံးမှာ ဝူခွမ်းအား ဒေါသထွက်သွားအောင် လုပ်မိမည်ကို စိုးရိမ်သည့်အတွက်ကြောင့် စကားတစ်ခွန်းမှမပြောဘဲ ရေငုံနှုတ်ပိတ်သာ နေကြလေသည်။
ထိုမြင်ကွင်းကိုကြည့်ရင်း ဝူခွမ်း လှောင်ပြုံးပြုံးလိုက်သည်။ ထို့နောက်တွင် တစ်ခုသောဘက်ဆီသို့လှည့်၍ သူ့လက်အား ကုပ်ဆွဲလိုက်လေသည်။ သူ့လက်ကို ပြန်ဖွင့်လိုက်ချိန် သူ့လက်ဝါးထဲ အနက်ရောင်အလင်းစက်လေးတစ်စက် ရှိနေလေ၏။
ဝူခွမ်း ထိုအနက်ရောင်အလင်းစက်ကို မည်ကဲ့သို့ ဖမ်းလို့ဖမ်းလိုက်မှန်း မည်သူမျှ မသိကြချေ။
“စိတ်ဝင်စားစရာလေးပါလား…” ဧကရာဇ်အဆင့်ပညာရှင်တစ်ဦးသည်ပင်လျှင် အလွယ်တကူရင်မဆိုင်နိုင်သည့် နတ်ဆိုးဝိဉာဉ်တစ်ကောင်သည် ဝူခွမ်းရီလက်ထဲတွင် အသာအယာလေး မိသွားခဲ့လေသည်။ ဝူခွမ်းသည် ထိုအနက်ရောင်အလင်းစက်လေးကို စိတ်ဝင်တစားဖြင့် လေ့လာကြည့်နေသည်။ အနက်ရောင်အလင်းစက်လေးမှာလည်း အသက်မရှိသည့် ရုပ်ဝတ္တုပစ္စည်းတစ်ခုပမာ ဝူခွမ်း၏လက်ထဲ မလှုပ်မယှက် ငြိမ်သက်စွာ နေနေခဲ့လေသည်။
“မင်းတို့ကျေးဇူးကြောင့်ပဲ ဒီဘုရင် လွတ်လာခဲ့ရတာဆိုတော့ ငါလည်း မင်းတို့ကို ပြန်ပြီးကူညီပေးရသေးတာပေါ့…”
ထိုသို့ပြောပြီးသည့်နောက် သူ့လက်ကို တစ်ခုသောဘက်ဆီသို့ ရိုက်ထုတ်လိုက်လေ၏။
တစ်ခုခုပျက်စီးသွားသည့်အလား ဟင်းလင်းပြင်တစ်ခုလုံး တုန်ခါသွားခဲ့လေသည်။
ပျက်စီးသွားသည့်အရာမှာ အခြားမဟုတ်။ ဂိုဏ်းကာကွယ်ရေးအစီအရင်သာ ဖြစ်လေသည်။ နေမင်းပြာကျောင်းတော်၏ ဂိုဏ်းကာကွယ်ရေးအစီအရင်သည် ဝူခွမ်း၏လက်ဝါးတစ်ချက်ကြောင့် အလွယ်တကူ ပျက်စီးသွားခဲ့ရလေသည်။
ဂိုဏ်းကာကွယ်ရေးအစီအရင် ပျက်စီးသွားပြီးသည့်နောက်တွင် နေမင်းပြာကျောင်းတော်သည် အပေါက်ပေါက်သွားသည့် ပူပေါင်းတစ်လုံးနှယ် ဖြစ်နေခဲ့လေသည်။ အထဲတွင်ပိတ်မိနေသည့် နတ်ဆိုးဝိဉာဉ်အားလုံးမှာ ထိုပေါ်လာသည့်အပေါက်မှတစ်ဆင့် အပြင်သို့ လျင်မြန်စွာ ထွက်ပြေးကာ အားလုံး၏မြင်ကွင်းမှ ပျောက်ကွယ်သွားကုန်ကြလေသည်။
ရန်ကိုင်နှင့် အခြားသူများမှာမူ ထိုမြင်ကွင်းအား ကူကယ်ရာမဲ့စွာ ထိုင်ကြည့်နေရုံသာ တတ်နိုင်လေ၏။
ဝူခွမ်းသည် လူအုပ်ကြီးအား ဝေ့ကြည့်လိုက်ပြီးသည့်နောက်တွင် ပြုံးလျက် ပြောလိုက်လေသည်။ “နောက်တစ်ကြိမ် ထပ်တွေ့ကြတာပေါ့… အဲ့အချိန်ကြရင်တော့ ဒီဘုရင် ဘယ်သူ့ကိုမှ ညှာနေတော့မှာမဟုတ်ဘူးနော်… ဒီတော့ မင်းတို့ အပြင်သွားရင် သေသေချာချာ သတိထားသွားကြ… ဒီလောကကြီးက အရမ်းအန္တရာယ်များတယ်ကွ…”
ထိုသို့ပြောပြီးသည့်နောက်တွင် ဝါးလုံးကွဲအော်ရယ်မောလျက် အနက်ရောင်အလင်းတန်းတစ်ခုအသွင်သို့ ပြောင်းကာ ဂိုဏ်းကာကွယ်ရေးအစီအရင်ထက်တွင် ပေါ်လာသည့် အပေါက်ဆီသို့ ပြေးထွက်သွားလေ၏။
ဝူခွမ်း အားလုံး၏မြင်ကွင်းမှ ပျောက်ကွယ်သွားသည့် အခါမှသာလျှင် ဧကရာဇ်အဆင့်ပညာရှင်များအားလုံး အသက်ကောင်းကောင်း ရှူနိုင်ကြတော့လေသည်။ အစောပိုင်းက သူတို့အားလုံး ဝူခွမ်း၏သတ်ဖြတ်လိုစိတ်ကို ခံစားမိလိုက်ကြသည်။ ဝူခွမ်း ဘာကြောင့် စိတ်ပြောင်းလိုက်သလဲဆိုသည်ကို မည်သူမျှ မသိကြပါသော်ငြား ယခုကဲ့သို့ အသက်ရှင်နေရသည့်အပေါ် သူတို့ကိုယ်သူတို့ အလွန်ကိုမှ ကံကောင်းသည်ဟု ခံစားမိနေကြလေသည်။
“တားမြစ်နေရာဆီမြန်မြန်သွား…” ကောင်းရွှယ်ထင်းသည် သူမ၏စိတ်ကို အတတ်နိုင်ဆုံး တည်ငြိမ်အောင်ထားရင်း တားမြစ်နေရာရှိနေသည့် ဘက်ဆီသို့ ပျံသန်းထွက်သွားလေသည်။
ချိုရန်နှင့် အခြားသူများမှာလည်း ဝမ်ကျိရှန်းအား စိတ်ပူနေသည့်အတွက်ကြောင့် သူမနောက်သို့ အမြန်လိုက်သွားကြလေသည်။
ရန်ကိုင်သည် ချန်ဝမ်ဟောင်နှင့် ဖုန်းမင်တို့ဘက်သို့လှည့်၍ “ဓါးတောင်အောက်မှာ နတ်ဆိုးတွေကို ချိတ်ပိတ်ထားတဲ့နေရာတစ်ခု ရှိတာဆိုတော့ ဒီနေရာကိုစစ်ဆေးဖို့ ခင်ဗျားတို့နှစ်ဦးကိုပဲ အကူအညီတောင်းတော့မယ်…”
ချန်ဝမ်ဟောင်က ခေါင်းညိတ်လိုက်သည်။ “ဒီကိစ္စကို ငါနဲ့ ရောင်းရင်းဖုန်းဆီ ထားခဲ့လိုက်… မင်းတို့ဘက်ကိုသာ သေချာအာရုံစိုက်…”
ရန်ကိုင်လည်း ခေါင်းညိတ်လိုက်ပြီး ကောင်းရွှယ်ထင်းနှင့် အခြားသူများနောက်သို့ အလျင်အမြန် လိုက်သွားလေသည်။
နေမင်းပြာကျောင်းတော်ထဲတွင် တားမြစ်နေရာပေါင်းများစွာ ရှိကြပါသော်ငြား ကောင်းကင်တက်လှမ်းခြင်းကြေးမုံရှိသည့် တောင်ကြားနေရာသည် အရေးအကြီးဆုံးသော တားမြစ်နေရာတစ်ခုဖြစ်ပေသည်။ ကောင်းကင်တက်လှမ်းခြင်းကြေးမုံသည် နေမင်းပြာကျောင်းတော်၏ အကြီးမားဆုံးသော လျှို့ဝှက်ချက်တစ်ခုဖြစ်ပြီး ကောင်းကင်တက်လှမ်းခြင်းကြေးမုံ ရှိနေသည့်အကြောင်းကို ဂိုဏ်းထဲရှိ သာမန်တပည့်များပင် မသိကြချေ။
ယခင်တစ်ကြိမ် ရန်ကိုင်အနေဖြင့် ကောင်းကင်တက်လှမ်းခြင်းကြေးမုံထဲသို့ ဝင်နိုင်ခဲ့ရခြင်းမှာ ဥတုလေးမျိုးနယ်မြေထဲမှ သူပြန်ယူလာပေးခဲ့သည့် ကြယ်စည်းတံဆိပ်များကြောင့်သာ ဖြစ်ပေသည်။ ထို့အတွက်ကြောင့် ကောင်းကင်တက်လှမ်းခြင်းကြေးမုံ ရှိနေသည့်နေရာကို ရန်ကိုင်မှတ်မိနေပေသေးသည်။
အခြားသောအကြီးအကဲများနောက်သို့ ပြေးလိုက်သွားရင်းမှ မကြာမီတွင် ရန်ကိုင်သည် ထိုအကြီးအကဲများကို နံရံတစ်ခုရှေ့၌ လိုက်မီသွားခဲ့လေသည်။
ကောင်းရွှယ်ထင်းသည် အကာအကွယ်ကိုဖွင့်၍ အထဲသို့ ပြေးဝင်သွားလေ၏။
အခြားသူများသည်လည်း တောင်၏ ဘေးတစ်ဖက်တစ်ချက်တွင် ရှိနေသော လိုဏ်ခေါင်းမှတစ်ဆင့် ဆင်းသွားလိုက်ရာ မကြာမီတွင် အောက်ခြေဆီသို့ ရောက်လာခဲ့လေသည်။
ထိုနေရာရှိမြင်ကွင်းကို မြင်လိုက်သော် လူတိုင်း မျက်နှာပျက်သွားကြသည်။ လက်ရှိအချိန်တွင် သူတို့ရှေ့တည့်တည့်၌ သက်လတ်ပိုင်းအမျိုးသမီးတစ်ဦး ရှိနေခဲ့လေသည်။ ထိုအမျိုးသမီးသည် နံရံကို ကျောမှီထားရင်းမှ သွေးအပွက်ပွက် အန်နေလေ၏။ သူမ၏မျက်နှာမှာလည်း သွေးမရှိတော့သည့်အလား စာရွက်ဖြူတမျှ ဖြူလျော်နေခဲ့သည်။
ကောင်းကင်တက်လှမ်းခြင်းကြေးမုံမှာတော့ မလှမ်းမကမ်းရှိ ကျောက်တုံးစင်မြင့်တစ်ခုပေါ်တွင် ရှိနေခဲ့သည်။ သို့သော်ငြား လက်ရှိအချိန်တွင် ထိုအရာသည် ရန်ကိုင် ပထမဦးဆုံးအကြိမ် မြင်ခဲ့ရစဉ်ကနှင့်စာလျှင် အနည်းငယ်ကွာခြားနေခဲ့သည်။ လက်ရှိအချိန်တွင် ကောင်းကင်တက်လှမ်းခြင်းကြေးမုံ၏ မျက်နှာပြင်ထက်တွင် အနက်ရောင်ချီတို့ ရစ်သိုင်းနေခဲ့လေသည်။
“အဖွား…” ကောင်းရွှယ်ထင်းသည် ထိုအမျိုးသမီးဆီသို့ ပြေးသွားပြီး စိုးရိမ်တကြီးဖြင့် မေးလိုက်လေသည်။ “အဖွား အဆင်ပြေရဲ့လား…”
သက်လတ်ပိုင်းအမျိုးသမီးမှာ အားတင်းပြုံးပြရန် ကြိုးစားလိုက်သည်။ သို့သော်ငြား သူမ၏အပြုံးသည် သူမ၏အမူအယာအား ပို၍ပင် အရုပ်ဆိုးသွားစေခဲ့လေသည်။ “ငါမသေသေးဘူး… ကျောင်းသခင်ကိုသာ မြန်မြန်သွားကြည့်ကြည့်… အဟွတ် အဟွတ်…”
အမျိုးသမီး၏ဒဏ်ရာများမှာ အတော်လေးကိုမှ ဆိုးရွားလှပေသည်။ သူမကို ယခုကဲ့သို့ဖြစ်သွားအောင် လုပ်သွားသည့်လူမှာ အလွန်တရာကိုမှ အားကောင်းမှန်း မည်သူမဆို ပြောနိုင်ကြသည်။ အမျိုးသမီးမှာ စကားလေးနည်းနည်းသာ ပြောလိုက်ခြင်းသာ ဖြစ်ပါသော်ငြား ထိုသို့ပြောပြီးသွားသည်နှင့်တစ်ပြိုင်နက် သွေးအပွက်ပွက်ကို ထိုးအန်တော့လေ၏။ သူမ၏အရှိန်အဝါမှာလည်း အလွန်တရာကိုမှ အားနည်းလာခဲ့လေသည်။
သို့ရာတွင် ကောင်းရွှယ်ထင်းမှာ ပို၍အရေးကြီးသည့်ကိစ္စများ ရှိနေခဲ့သည်။ ကောင်းရွှယ်ထင်းသည် ဝမ်ကျိရှန်း၏လုံခြုံရေးနှင့်ပတ်သက်၍ အလွန်ကိုမှ စိတ်ပူနေသည့်အတွက်ကြောင့် သက်လတ်ပိုင်းအမျိုးသမီး၏စကားကို ကြားသည်နှင့်တစ်ပြိုင်နက် ဝမ်ကျိရှန်းအား ချက်ချင်း ရှာဖွေတော့လေသည်။
ချိုရန်သည် ဆေးလုံးအချို့ကိုထုတ်၍ သက်လတ်ပိုင်းအမျိုးသမီးအား တိုက်လိုက်သည်။ သက်လတ်ပိုင်းအမျိုးသမီး၏ မျက်နှာကို ကြည့်ရင်း ရန်ကိုင်က တုံ့ဆိုင်းတုံ့ဆိုင်းအမူအယာဖြင့် မေးလိုက်လေသည်။ “အဖွားယို့လား…”
အမျိုးသမီးသည် ရန်ကိုင်ကိုကြည့်၍ “အို… နင်တောင် အကြီးအကဲတစ်ဦး ဖြစ်နေပြီပဲ…”
“တကယ်ကြီး အဖွားယို့လား…” ရန်ကိုင် ထိတ်လန့်သွားခဲ့လေသည်။ “အဖွားယို့ တော်တော်ပြောင်းလဲသွားတာပဲ…”
အဖွားယို့၏ တကယ့်နာမည်ကို ရန်ကိုင်မသိပေ။ အဖွားယို့သည် ကောင်းကင်တက်လှမ်းခြင်းကြေးမုံကို စောင့်ကြည့်နေသည့်လူတစ်ဦး ဖြစ်မှန်းသာ သိသည်။ ယခင်တစ်ကြိမ် ဤနေရာသို့ ရှရှန်းနှင့် လာခဲ့စဉ်က အဖွားယို့၏ပုံစံမှာ တကယ်ကို အရုပ်ဆိုးသည့် အဖွားကြီးတစ်ဦး၏ပုံစံ ဖြစ်ပေသည်။ သူမ၏အသံမှာလည်း မသတီစရာကောင်းလှ၏။ ကောင်းကင်တက်လှမ်းခြင်းကြေးမုံထဲတွင် ရန်ကိုင် လေ့ကျင့်နေစဉ်အတောအတွင်း အဖွားယို့သည် ကောင်းကင်တက်လှမ်းခြင်းကြေးမုံထဲသို့ဝင်၍ သူမ၏လူများကို စေလွှတ်ကာ ရန်ကိုင်အား အမဲလိုက်စေခဲ့လေသည်။
အဖွားယို့သည် ကောင်းကင်တက်လှမ်းခြင်းကြေးမုံထဲရှိ ကောင်းကင်တက်လှမ်းခြင်းနိုင်ငံဟုခေါ်သည့် အင်အားစုတစ်ခု၏ ခေါင်းဆောင်ဖြစ်လေသည်။ ကောင်းကင်တက်လှမ်းခြင်းကြေးမုံထဲတွင် ရှိနေစဉ်အတောအတွင်း အဖွားယို့မှ သူမ၏လက်အောက်ငယ်သားများကို စေလွှတ်ကာ လိုက်လံတိုက်ခိုက်ခိုင်းသည့်အတွက်ကြောင့် ရန်ကိုင်မှာ သေဘေးမှ ပွတ်ကာသီကာလေး တစ်ကြိမ်မက ထွက်ပြေးခဲ့ရသည်။
ကောင်းကင်တက်လှမ်းခြင်းကြေးမုံထဲမှ ထွက်လာပြီးသည့်နောက်တွင် အဖွားယို့ကို ဝမ်ကျိရှန်းမှ အကျဉ်းချထားသည်ဟု ကြားခဲ့ရလေသည်။ ထို့နောက်တွင်တော့ အဖွားယို့နှင့်ပတ်သက်သည့် မည်သည့်သတင်းကိုမှ မကြားရတော့ချေ။ ယခု ကြည့်ရသလောက်တော့ ဝမ်ကျိရှန်းသည် အဖွားယို့အား သူ့ဘက်သို့ပါလာအောင် လုပ်ခဲ့သည့်ပုံပင်။ ယခုအချိန်တွင် အဖွားယို့သည် ကောင်းကင်တက်လှမ်းခြင်းကြေးမုံအား စောင့်ကြည့်ရသည့်တာဝန်ကို ဆက်လက်ယူထားပေသေးသည်။
ယခုတစ်ကြိမ် အဖွားယို့ ပြင်းပြင်းထန်ထန် ဒဏ်ရာရထားခြင်းမှာ ဝူခွမ်းကြောင့် ဖြစ်လောက်ပေသည်။ ရုတ်တရက်ဆိုသလို အဝေးတစ်နေရာဆီမှ ကောင်းရွှယ်ထင်း၏အသံကို ကြားလိုက်ရလေသည်။
အကုန်လုံး အံ့အားသင့်သွားခဲ့ပြီး အသံကြားရာဆီသို့ သွားကြည့်လိုက်ရာ အခန်းတစ်ခန်းထဲတွင်ရှိနေသည့် ဝမ်ကျိရှန်းကို တွေ့လိုက်ရလေသည်။ ဝမ်ကျိရှန်းမှာတော့ မည်သည့်ဒဏ်ရာမှ ရထားခြင်းမရှိချေ။ သို့သော်ငြား အကြောင်းအရင်းတစ်ခုကြောင့် သူ့တစ်ကိုယ်လုံးမှာ ဇောချွေးပြန်နေခဲ့လေသည်။
“အဖွား… ကျောင်းသခင်က အသက်ရှင်သေးတယ်… ဒါပေမယ့် သူ့ကြည့်ရတာ ကောင်းကင်တက်လှမ်းခြင်းကြေးမုံထဲမှာ ပိတ်မိနေတယ်နဲ့တူတယ်… အဖွား ဒီကိစ္စနဲ့ပတ်သက်ပြီး ကူညီပေးလို့ရလား…”
ရန်ကိုင်သည် အဖွားယို့ကို ထူမပေးထားခဲ့သည်။ ရန်ကိုင်နှင့် အဖွားယို့ နှစ်ဦးအနက် အဖွားယို့မှာ ဆိုးဆိုးရွားရွား ဒဏ်ရာရထားပြီး ရန်ကိုင်မှာတော့ ခွန်အား အလွန်အကျွံ သုံးစွဲထားသည့်အတွက်ကြောင့် နှစ်ဦးစလုံး၏မျက်နှာများမှာ စက္ကူဖြူတစ်ရွက်နှယ် ဖြူလျော်နေခဲ့သည်။
အဖွားယို့သည် ဝမ်ကျိရှန်း၏အခြေအနေကို တစ်ချက်ကြည့်လိုက်ပြီးသည့်နောက် ကောင်းကင်တက်လှမ်းခြင်းကြေးမုံဆီသို့ လှမ်းကြည့်၍ သက်ပြင်းချကာ ပြောလိုက်လေသည်။ “သူ ပိတ်မိနေတာမဟုတ်ဘူး… ထွက်မလာတာ… ကြည့်ရတာ ကောင်းကင်တက်လှမ်းခြင်းကြေးမုံထဲမှာ ကိစ္စတစ်ခုခု ဖြစ်နေတယ်နဲ့တူတယ်… အပြင်မှာ ဘာတွေဖြစ်သွားတာလဲ…”
အကုန်လုံးကို ရှင်းပြနေဖို့ရာ အချိန်မရှိချေ။ ထို့အတွက်ကြောင့် ရန်ကိုင်သည် သူသိထားသမျှ အကြောင်းအရာများကို ကောင်းကင်စိတ်အာရုံမှတစ်ဆင့် အဖွားယို့အား တိုက်ရိုက်ရှင်းပြလိုက်လေ၏။
ရန်ကိုင်ပြောပြသည့်အကြောင်းအရာများကို နားထောင်ပြီးသည့်နောက်တွင် အဖွားယို့ ယာယီမျှ တိတ်သွားခဲ့သည်။ ထို့နောက်တွင် အထိတ်တလန့်အမူအယာဖြင့် ပြန်ပြောလိုက်လေ၏။ “ချိတ်ပိတ်ထားတဲ့နတ်ဆိုးဝိဉာဉ်တွေ လွတ်သွားတာ… ကြည့်ရတာ ကောင်းကင်တက်လှမ်းခြင်းကြေးမုံထဲကို ဝင်သွားတဲ့တစ်ကောင်က နတ်ဆိုးဝိဉာဉ်နဲ့တူတယ်…”
ကောင်းရွှယ်ထင်း ထိတ်လန့်သွားခဲ့လေသည်။ “နတ်ဆိုးဝိဉာဉ်တစ်ကောင် ဒီကိုရောက်လာတာလား…”
အဖွားယို့က ခေါင်းညိတ်ပြလိုက်သည်။ “ဟုတ်တယ်… အဲ့တစ်ကောင် ကောင်းကင်တက်လှမ်းခြင်းကြေးမုံထဲကို ဝင်သွားတာ… အဲ့တစ်ကောင်ဝင်သွားပြီးတာနဲ့ အဲ့ဆရာ ရုတ်တရက်ကြီး နိုးလာပြီးတော့ ငါ့ကို တိုက်ခိုက်တော့တာပဲ… ပြီးတော့ အဲ့ဆရာလည်း ဒီကနေထွက်သွားရော…”
ရန်ကိုင်က အလျင်အမြန်ပြန်ပြောလိုက်သည်။ “နိုးလာတဲ့လူက စီနီယာဟုန်ချန်မဟုတ်ဘူး… ကောင်းကင်ဝါးမျိုခြင်းမဟာဧကရာဇ်ပဲ…”
ထိုစကားကိုကြားသော် အဖွားယို့၏မျက်လုံးများ မှေးစင်းသွားခဲ့လေသည်။ “အဲ့ဒါကြောင့်ကိုး… စီနီယာဟုန်ချန်က အကြောင်းအရင်းမရှိဘဲနဲ့ ငါ့ကို ဘာလို့တိုက်ခိုက်သွားလဲ စဉ်းစားမရဖြစ်နေတာ…”
“နတ်ဆိုးဝိဉာဉ်တွေ ကောင်းကင်တက်လှမ်းခြင်းကြေးမုံထဲကို တကယ်ကြီး ဝင်သွားနိုင်တာလား…” ချိုရန်၏မျက်နှာ မှုန်ကုပ်သွားခဲ့ပြီး ကောင်းကင်တက်လှမ်းခြင်းကြေးမုံအား သေသေချာချာ စိုက်ကြည့်နေလိုက်လေသည်။ ထိုအခိုက်အတန့်မှာပင် ကောင်းကင်တက်လှမ်းခြင်းကြေးမုံတစ်ဝိုက်တွင် ရစ်သိုင်းနေသည့် အနက်ရောင်အငွေ့အသက်တို့မှာ ပိုပို၍ သိပ်သည်းလာခဲ့လေ၏။
ရန်ကိုင်က ပြောလိုက်လေသည်။ “ကောင်းကင်တက်လှမ်းခြင်းကြေးမုံထဲက ကမ္ဘာကြီးက ဝိဉာဉ်တွေရဲ့ကမ္ဘာပဲ… နတ်ဆိုးဝိဉာဉ်တွေကလည်း ဝိဉာဉ်ကိုပဲ တိုက်စားကြတာ… ပြီးတော့ အဲ့ဝိဉာဉ်တွေကိုပဲ စီးနင်းကြတာ… ဒါကြောင့်ပဲ ကောင်းကင်တက်လှမ်းခြင်းကြေးမုံက သူတို့အတွက်တော့ အားပြန်ပြည့်ဖို့ အကောင်းဆုံးနေရာပဲ…”
“ဟုတ်တယ်… မင်းပြောတာ ယုတ္တိရှိတယ်… ဒါဆိုရင်တော့ ငါတို့ ဒီကိစ္စကို မြန်မြန်တားမှရမယ်… ကျောင်းသခင် အထဲမှာ ဘယ်လိုနေလဲဆိုတာကိုတောင် ငါတို့ သိရသေးတာမဟုတ်ဘူး…”
“ကျုပ် တစ်ချက်သွားကြည့်လိုက်မယ်…”
“ငါ နင်နဲ့လိုက်ခဲ့မယ်…” ကောင်းရွှယ်ထင်းက အမြန်ပြောလိုက်သည်။ ဝမ်ကျိရှန်း၏ခန္ဓာကိုယ်မှာ အကောင်းအတိုင်း ရှိနေသေးပါသော်ငြား ကောင်းရွှယ်ထင်းကမူ ဝမ်ကျိရှန်း၏ဝိဉာဉ်ကို မမြင်ရသေးသရွေ့ စိတ်ချနိုင်လိမ့်မည်မဟုတ်ပေ။
ရန်ကိုင်က ခေါင်းညိတ်၍ အခြားသူများဘက်သို့ လှည့်ကာ ပြောလိုက်လေ၏။ “စီနီယာအစ်ကို စီနီယာအစ်မတို့… ဒီမှာ တစ်ချက်လောက်စောင့်ပြီး ကူညီပေးကြပါဦးနော်…”
ချန်းချန်က ပြောလိုက်သည်။ “ဂျူနီယာမောင်လေးရန်… နင် အခုအခြေအနေနဲ့ သွားလို့အဆင်ပြေပါ့မလား… ငါနဲ့ စီနီယာအစ်မကောင်းပဲ သွားလိုက်မယ်လေ…”
ရန်ကိုင်က ခေါင်းခါ၍ “နတ်ဆိုးဝိဉာဉ်တိုက်စားတာကို ကျုပ် ခံနိုင်တယ်… ဘာမှမဖြစ်ဘူး… အဆင်ပြေမှာပါ…”
ရန်ကိုင်က သွားချင်နေသည့်အတွက်ကြောင့် ချန်းချန်လည်း မည်သည့်အပိုစကားမှ ပြောမနေတော့ဘဲ ဂရုစိုက်ရန်သာ ပြောလိုက်လေသည်။
လက်ရှိအချိန်တွင် သူတို့၌ အချိန်မရှိချေ။ ထို့အတွက်ကြောင့် ရန်ကိုင်နှင့် ကောင်းရွှယ်ထင်းတို့သည် ကျောက်တုံးခန်းအသီးသီးထဲသို့ ဝင်သွားလိုက်ပြီးသည့်နောက် တင်ပလင်ခွေထိုင်ချလိုက်သည်။ ကျောက်တုံးခန်းတံခါး ပိတ်သွားသည်နှင့် အဖွားယို့သည် ကောင်းကင်တက်လှမ်းခြင်းကြေးမုံထဲသို့ သူမ၏စွမ်းအင်ကို ထည့်သွင်း၍ ရန်ကိုင်နှင့်ကောင်းရွှယ်ထင်းတို့အတွက် လမ်းကြောင်းတစ်ခု ဖန်တီးလိုက်လေ၏။
အလန်းတစ်ခု ထွက်ပေါ်လာခဲ့ပြီး ကောင်းကင်တက်လှမ်းခြင်းကြေးမုံထဲမှ စွမ်းအင်စီးကြောင်းနှစ်ခု ထွက်ပေါ်လာခဲ့ပြီး ရန်ကိုင်နှင့် ကောင်းရွှယ်ထင်းတို့ရှိနေသည့် ကျောက်တုံးခန်းများထဲသို့ ဝင်သွားကြလေသည်။ ထိုအလင်းတန်းများ သူတို့အား လာရောက်ထိမှန်သည်နှင့်တစ်ပြိုင်နက် ရန်ကိုင်နှင့် ကောင်းရွှယ်ထင်းတို့၏ ခန္ဓာကိုယ်များ တုန်ရီသွားကြပြီး သူတို့၏ဝိဉာဉ် ခန္ဓာကိုယ်ထဲမှ ခွာလွင့်သွားသည့် ထူးဆန်းသည့်ခံစားချက်မျိုးကို နှစ်ဦးစလုံး ရလိုက်ကြရသည်။
ဤသည်မှာ သူတို့နှစ်ဦးစလုံး ကောင်းကင်တက်လှမ်းခြင်းကြေးမုံထဲသို့ ပထမဦးဆုံးအကြိမ် ဝင်ဖူးခြင်းမဟုတ်ကြ။ ထို့အတွက်ကြောင့် သူတို့၏ဝိဉာဉ်အား လာရောက်ဆွဲထုတ်နေသည့်စွမ်းအားကို ခုခံခြင်းမရှိဘဲ ထိုစွမ်းအား ဆွဲခေါ်ရာလမ်းကြောင်းအတိုင်း အသာအယာ လိုက်သွားခဲ့လေသည်။
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၂၉၃၂)
ဘာသာပြန်သူ_တိမ်တိုက်
မဆုံးနိုင်သည့် အချိန်ဟင်းလင်းပြင်စီးကြောင်းကို ဖြတ်ကျော်လာပြီးသည့်နောက်တွင် ကမ္ဘာသစ်တစ်ခုဆီသို့ ရန်ကိုင် ရောက်ရှိလာခဲ့သည်။ ရန်ကိုင်၏ရှေ့တည့်တည့်တွင် သူ့အား ပြုံးပြနေသော လူအိုကြီးတစ်ဦး ရှိနေခဲ့လေသည်။ ထိုလူအိုကြီး၏ ဘေးနားတွင်တော့ တင်ပလင်ခွေထိုင်နေသည့် သက်လတ်ပိုင်းလူကြီးတစ်ဦး ရှိနေခဲ့သည်။ သက်လတ်ပိုင်းလူကြီး၏ အမူအယာမှာ အလွန်ကိုမှ တည်ကြည်လေးနက်နေခဲ့ပြီး ခရမ်းရောင်ဝတ်စုံကို ဝတ်စားထားခဲ့လေသည်။ ထိုလူမှာ ဝမ်ကျိရှန်းမှလွဲ၍ မည်သူများ ဖြစ်ပါဦးမည်နည်း။
“စီနီယာထျန်းယန်…” ရန်ကိုင်သည် လူအိုကြီးကို အလျင်စလို ဦးညွှတ်နှုတ်ဆက်လိုက်လေသည်။ မတွေ့ရသည်မှာ နှစ်များစွာ ကြာသွားသည့်တိုင် ထျန်းယန်မှာတော့ ယခင်ပုံစံအတိုင်းသာ ရှိနေပေသေးသည်။
ရှင်းရှင်းပြောရသော် ထျန်းယန်သည် မဟာဧကရာဇ်တစ်ပါးဖြစ်ပြီး ရုပ်ခန္ဓာကိုယ် ပိုင်ဆိုင်ထားခြင်းမရှိ။ ထျန်းယန်ကိုယ်တိုင်သည် ကောင်းကင်တက်လှမ်းခြင်းကြေးမုံထဲတွင် နေထိုင်နေသည့် ဝိဉာဉ်တစ်ခု ဖြစ်သည့်အတွက်ကြောင့် များများစားစားပြောင်းလဲဖို့ရာ မဖြစ်နိုင်ပေ။
“မင်းရောက်လာပြီပဲ…” ရန်ကိုင်ရောက်လာမည်ကို ကြိုတင်မျှော်လင့်ထားသည့်အလား ထျန်းယန်သည် သူ့မုတ်ဆိတ်မွေးကို ပွတ်ရင်းမှ ပြောလိုက်လေသည်။
ရန်ကိုင်က ပြန်ပြောလိုက်သည်။ “ကျုပ် ဒီမှာ ဘယ်လိုလုပ်ပြီး တိုက်တိုက်ဆိုင်ဆိုင် ပေါ်လာရတာလဲ… စီနီယာ ကူညီပေးလိုက်တာလား…”
လက်ရှိအချိန်တွင် ရန်ကိုင်သည် မိုးထိမတတ် မြင့်မားလှသော တောင်တစ်လုံးပေါ်တွင် ရှိနေခြင်း ဖြစ်လေသည်။ ဤတောင်သည် ကောင်းကင်တက်လှမ်းခြင်းကြေးမုံထဲရှိ မည်သည့်နေရာတွင် ရှိနေသလဲဆိုသည်ကို ရန်ကိုင်မသိ။ သို့သော်ငြား သူ့အနေဖြင့် ဤနေရာတွင်ပေါ်လာသည်မှာ တိုက်ဆိုင်မှုတစ်ခုသက်သက်တော့မဟုတ်ချေ။ ထို့အတွက်ကြောင့် တစ်ယောက်ယောက်မှ ဝင်ကူညီပေးခဲ့ခြင်းသာ ဖြစ်ရပေလိမ့်မည်။
ထျန်းယန်က ခေါင်းခါလိုက်သည်။ “ငါမဟုတ်ဘူး… မင်းကိုခေါ်လာတာ သူပဲ…” ထိုသို့ပြောပြီးသည့်နောက် ထျန်းယန်သည် ဘေးဘက်သို့ မေးငေါ့ပြလိုက်သည်။ ရန်ကိုင်လည်း ထျန်းယန်မေးငေါ့ပြရာဆီသို့ လှမ်းကြည့်လိုက်ရာ လူငယ်လေးတစ်ဦးကို မြင်လိုက်ရလေသည်။ ထိုလူငယ်လေးမှာ အသက်ခုနှစ်နှစ် ရှစ်နှစ်ခန့်သာ ရှိဦးမည်ထင်ရပြီး ဝဝတုတ်တုတ်နှင့် ချစ်စဖွယ်ကောင်းလှသည်။ လက်ရှိအချိန်တွင် လူငယ်လေးသည် ဝမ်းသာအားရဖြင့် လိပ်ပြာများကို လိုက်ဖမ်းနေခဲ့လေသည်။
“သူက…” ရန်ကိုင်မှာ ထိုလူငယ်လေးကို မြင်ပြီးသည့်နောက် မင်သက်သွားခဲ့လေသည်။
ကောင်းရွှယ်ထင်းသည်လည်း ဤနေရာတွင် ပေါ်လာခဲ့လေသည်။ သို့သော်ငြား သူမ၏စိတ်အာရုံအလုံးစုံသည် ဝမ်ကျိရှန်းဆီသို့သာ ရောက်နေခဲ့လေသည်။ သေသေချာချာစစ်ဆေးကြည့်ပြီးသည့်နောက် ဝမ်ကျိရှန်း အဆင်ပြေကြောင်း သိသွားသည့်အခါမှသာလျှင် ကောင်းရွှယ်ထင်း စိတ်အေးနိုင်တော့သည်။ ထို့နောက်တွင် ထျန်းယန်ဘက်သို့လှည့်၍ တလေးတစားဖြင့် ဦးညွှတ်လိုက်လေ၏။ “စီနီယာ…”
ထျန်းယန်က ပြုံးလျက် “ငါနင့်ကိုမှတ်မိတယ် ကောင်မလေး… နင် ဒီကို ပထမဦးဆုံးအကြိမ်ဝင်လာတုန်းက ဆယ့်ခြောက်နှစ်ပဲ ရှိသေးတယ်… ဟုတ်တယ်မလား…”
ကောင်းရွှယ်ထင်း ရှက်သွားခဲ့ပြီး လေသံတိုးတိုးဖြင့် ပြန်ပြောလိုက်သည်။ “စီနီယာက သေသေချာချာ မှတ်မိနေတာပဲ…”
ကောင်းရွှယ်ထင်း ကောင်းကင်တက်လှမ်းခြင်းကြေးမုံထဲသို့ ပထမဦးဆုံးအကြိမ် ဝင်လာခဲ့သည့်အချိန်မှာ အလွန်ကိုမှ ကြာနေပြီဖြစ်သည့်အတွက်ကြောင့် သူမကိုယ်တိုင်ပင် သေချာမမှတ်မိတော့ချေ။ ထို့အတွက်ကြောင့် ထျန်းယန်မှာ ထိုအချိန်အား မှတ်မိနေလိမ့်မည်ဟု ကောင်းရွှယ်ထင်း မထင်ထားခဲ့ခြင်းပင်။
“စီနီယာ… ဒီမှာ ဘာတွေဖြစ်သွားတာလဲ…” ကောင်းရွှယ်ထင်းသည် အလာပ သလာပ ပြောနေရန် စိတ်မဝင်စားချေ။ ဤနေရာတွင် ဘာဖြစ်သွားသလဲဆိုသည်ကို သေသေချာချာ အဖြေထုတ်ရပေမည်။ ဝူခွမ်း ဘာကြောင့်လွတ်လာပြီး လောကတစ်သောင်းမဟာဧကရာဇ်မှာ ပျောက်ကွယ်နေရလေသနည်း။
ထျန်းယန်က ရှင်းပြလိုက်သည်။ “မိတ်ဆွေဟောင်းကြီးဟုန်ချန်က ပြဿနာအချို့နဲ့ကြုံရလို့ ငါ့ဆီရောက်လာတယ်လေ… ငါလည်း သူ့ကို ရက်အတော်ကြာအောင် သေသေချာချာ စစ်ဆေးကြည့်နေတာ… နောက်ဆုံးတော့ သူတို့ဝိဉာဉ်တွေကို ခွဲထုတ်မယ့်နည်းလမ်းကို ရှာတွေ့သွားတယ်… အဲ့နည်းလမ်းသာ အောင်မြင်မယ်ဆိုရင် ရောင်းရင်းဝူရဲ့ဝိဉာဉ်ကို ကောင်းကင်တက်လှမ်းခြင်းကြေးမုံထဲမှာ ချိတ်ပိတ်ပြီးတော့ မိတ်ဆွေဟောင်းကြီးဟုန်ချန်ကတော့ အရင်အတိုင်း ပြန်ဖြစ်သွားလိမ့်မယ်… အစပိုင်းမှာ သိပ်အဆင်မပြေဘူးဆိုပေမယ့် အခြေအနေကတော့ ကောင်းနေတုန်းပဲ… ဒါပေမယ့် အဲ့အချိန်မှာမှ ကောင်းကင်တက်လှမ်းခြင်းကြေးမုံထဲကို ဘာတွေမှန်းမသိ ရုတ်တရက်ဝင်လာတယ်… အဲ့ဒါတွေဝင်လာလို့ပဲ ဒီကမျှခြေက ပျက်သွားပြီးတော့ ရောင်းရင်းဝူက အဲ့အခန်းထဲကို အခွင့်အရေးယူပြီး မိတ်ဆွေဟောင်းကြီးဟုန်ချန်နဲ့ မိတ်ဆွေလေးဝမ်ကို တိုက်ခိုက်ပြီးတော့ ထွက်ပြေးသွားတာ…”
ရန်ကိုင် ကြောင်သွားခဲ့လေသည်။ “ဒီတော့ စီနီယာဟုန်ချန်က အသက်ရှင်သေးတယ်ပေါ့…”
ထျန်းယန်ကပြုံးလျက် ပြန်ပြောလိုက်လေသည်။ “ရောင်းရင်းဝူက အားကောင်းတယ်ဆိုပေမယ့် မိတ်ဆွေဟောင်းကြီးဟုန်ချန်ကို သတ်ဖို့က ဒီလောက်လွယ်တာမှမဟုတ်တာ… ဘာလဲ… သူ မိတ်ဆွေဟောင်းကြီးဟုန်ချန်ကို သတ်ပစ်လိုက်ပြီလို့ မင်းတို့ကိုပြောလို့လား…”
ရန်ကိုင်က ပြန်ပြောလိုက်သည်။ “ဟုတ်တယ်… ကျုပ်တို့ကို အဲ့လိုမျိုးပြောသွားတာ… ဒါပေမယ့်… အင်း… သူ ဒီလောက် ကျုပ်တို့ကို သတ်ချင်နေတာတောင် ဒီတိုင်း လွှတ်ပေးလိုက်တာ အထူးအဆန်းတော့မဟုတ်ပါဘူးလေ… လက်စသတ်တော့ စီနီယာဟုန်ချန်က ဝင်တားပေးထားတာကို…”
ယခုမှသာလျှင် ဝူခွမ်း ဘာကြောင့် သူတို့အား လွှတ်ပေးလိုက်မှန်း ရန်ကိုင်နားလည်သွားရတော့သည်။
ထျန်းယန်က ပြန်ပြောလိုက်သည်။ “သူ လွတ်သွားရင် လွတ်သွားတယ်ပေါ့… မိတ်ဆွေဟောင်းကြီးဟုန်ချန် ရှိနေသေးတယ်ဆိုတော့ ရောင်းရင်းဝူ သူ စိတ်ကြိုက်လှုပ်ရှားလို့ ရမှာမဟုတ်ဘူး… ဒါပေမယ့် မိတ်ဆွေဟောင်းကြီးဟုန်ချန်အတွက်ကတော့ သိပ်တော့ အဆင်ပြေမှာမဟုတ်ဘူး… သူ့ခန္ဓာကိုယ်ကို အခြားတစ်ယောက်ကလည်း အပိုင်စီးထားသေးတယ်… သူ့ဝိဉာဉ်ကလည်း ဖိနှိပ်ထားခံရသေးတယ်ဆိုတော့… အင်း… တကယ်ကို အဆင်ပြေမှာမဟုတ်ဘူး… ထားလိုက်တော့… အဲ့အကြောင်းကို မပြောကြရအောင်… ငါတို့လည်း အဲ့ကိစ္စနဲ့ပတ်သက်ပြီး ဘာမှတတ်နိုင်တော့တာမဟုတ်ဘူး… အခုလောလောဆယ် ကောင်းကင်တက်လှမ်းခြင်းကြေးမုံရဲ့ပြဿနာကို အရင်ဖြေရှင်းရမယ်…”
ရန်ကိုင်၏အမူအယာ လေးနက်သွားခဲ့ပြီး ကောင်းကင်ပေါ်သို့ လှမ်းမော့ကြည့်လိုက်ရာ ကောင်းကင်တစ်ခုလုံးမှာ မုန်တိုင်းလာနေသည့်ပမာ မှိုင်းညှို့အုံ့ဆိုင်းနေကြောင်း တွေ့လိုက်ရလေသည်။ အနက်ရောင်တိမ်စိုင်တိမ်တိုက်များထဲ မိုးကြိုးများ တဖျတ်ဖျတ် လင်းလက်နေသည်ကိုလည်း တွေ့လိုက်ရသည်။
သို့သော်ငြား ထိုအနက်ရောင်တိမ်စိုင်တိမ်တိုက်များနှင့် ပတ်သက်၍ ရန်ကိုင်နားမလည်သည့်တစ်ချက်တော့ ရှိပေသည်။ ထိုအနက်ရောင်တိမ်စိုင်တိမ်တိုက်များသည် အဆက်မပြတ် ရွေ့လျားနေပါသော်ငြား သတ်မှတ်ထားဟန်ရသည့် ဘောင်အတွင်းကိုတော့ လုံးဝ ကျော်လွန်သွားခြင်းမရှိချေ။ မသိလျှင် ချိတ်စည်းတစ်ခုသည် ထိုအနက်ရောင်တိမ်စိုင်တိမ်တိုက်များကို သတ်မှတ်ထားသည့်ဘောင်အား ကျော်သွားခြင်းမရှိအောင် ဖမ်းဆွဲထားသည့်အလား။
အနက်ရောင်တိမ်တိုက်များအားလုံးသည် နတ်ဆိုးစွမ်းအင်တို့ဖြင့် ပြည့်နေခဲ့လေသည်။ ထို့အတွက်ကြောင့် ထိုအရာများမှာ နတ်ဆိုးဝိဉာဉ်များကြောင့် ဖြစ်ပေါ်လာရခြင်းမှန်း ရန်ကိုင်ချက်ချင်းပြောနိုင်ခဲ့သည်။
ထျန်းယန်က ရှင်းပြလိုက်သည်။ “အပြင်ဘက်ကနေ ဒီထဲကိုဝင်လာတဲ့ကောင်တွေက အရမ်းတိုက်စားနိုင်စွမ်းပြင်းတယ်ကွ… ကောင်းကင်တက်လှမ်းခြင်းကြေးမုံထဲက ဘယ်သက်ရှိမှ အဲ့ကောင်တွေကို မခုခံနိုင်ကြဘူး… မင်းလည်းတွေ့တာပဲ… အဲ့နေရာကြီးတစ်ခုလုံး အဲ့ကောင်တွေတိုက်စားတာ ကုန်သွားပြီ… ဒီတိုင်းသာ ဆက်ထားလိုက်မယ်ဆိုရင် ကောင်းကင်တက်လှမ်းခြင်းကြေးမုံကြီးတစ်ခုလုံး သူတို့လက်ထဲ ရောက်သွားရလိမ့်မယ်…”
ရန်ကိုင်က သုန်သုန်မှုန်မှုန်အမူအယာဖြင့် ခေါင်းညိတ်လိုက်သည်။ ထျန်းယန်မပြောလျှင်ပင် ထိုအကြောင်းကို ရန်ကိုင် သူ့ဘာသာသူ ခံစားမိလေသည်။ ထို့ကြောင့် ပြန်၍မေးလိုက်လေ၏။ “ဒါဆို ကျုပ်တို့ ဘာလုပ်ကြမလဲ စီနီယာ…”
“ငါ့မှာ အကြံတစ်ခုတော့ရှိတယ်… ဒါပေမယ့် မင်းစွမ်းအားကို ငှားသုံးဖို့ လိုလိမ့်မယ်…” ထျန်းယန်က ရန်ကိုင်ကိုကြည့်၍ ပြောလိုက်လေသည်။
“ကျုပ်စွမ်းအား…” ရန်ကိုင် ကြောင်သွားခဲ့လေသည်။ ကမ္ဘာကြီးတစ်ခုလုံးကို ကယ်တင်ရမည့် အရေးကြီးသည့်တာဝန်သည် သူ့ပုခုံးပေါ်သို့ ရောက်လာလိမ့်မည်ဟု ရန်ကိုင် လုံးဝ ထင်မှတ်ထားခြင်း မရှိခဲ့ပေ။
ထျန်းယန်က ပြုံး၍ ပြောလိုက်သည်။ “အစကတော့ မင်းကို တော်တော်လေးကြာတဲ့အထိ ရှာလို့မတွေ့မှာ စိတ်ပူနေရတာ… ဒါပေမယ့် မင်းဘာသာမင်း ဒီကိုရောက်လာမယ်လို့ ငါတကယ် မထင်ထားခဲ့ဘူး… ရှင်းရှင်းပြောရရင် အဲ့ကောင်တွေက ရင်ဆိုင်ဖို့ခက်တယ်… ဒါပေမယ့် မင်းအတွက်တော့ အဲ့လောက်ကြီးမခက်တော့ဘူး… တကယ်တော့ မင်းရဲ့ဝိဉာဉ်ဝါးမျိုအင်းစက်တွေကို သုံးလိုက်ရုံပဲလေ…”
ရန်ကိုင်၏မျက်နှာ ဝင်းပသွားခဲ့လေသည်။ “အဲ့လိုကိုး…”
ကောင်းကင်ဝါးမျိုခြင်းတိုက်ပွဲဥပဒေသသည် အရာအားလုံးကို ဝါးမျိုပစ်နိုင်သလို ဝိဉာဉ်ဝါးမျိုအင်းစက်များသည်လည်း အလားတူသည်သာ။ ကောင်းကင်တက်လှမ်းခြင်းကြေးမုံအတွင်းရှိ သက်ရှိများကို နတ်ဆိုးဝိဉာဉ်များမှ တိုက်စားပစ်နေသည့်အတွက်ကြောင့် ကောင်းကင်တက်လှမ်းခြင်းကြေးမုံထဲ မြောက်မြားလှစွာသော နတ်ဆိုးအဆီအနှစ်များနှင့် နတ်ဆိုးချီများ ဖြစ်ပေါ်လာနေရသည်။ ထိုအရာများသည် ကောင်းကင်တက်လှမ်းခြင်းကြေးမုံထဲရှိ ဒေသခံများအတွက်တော့ ကပ်ဘေးကြီးတစ်ခုပင်။ သို့သော်ငြား ဝိဉာဉ်ဝါးမျိုအင်းစက်များအတွက်မူ ကောင်းကင်တက်လှမ်းခြင်းကြေးမုံ၏ စိတ်စွမ်းအင်များမှ ဖြစ်ပေါ်လာသည့် နတ်ဆိုးအဆီအနှစ်များသည် အရသာရှိလှသည့် စားကောင်းသောက်ဖွယ်တစ်ခုထက် မပိုချေ။
ရန်ကိုင်တွင် ဝိဉာဉ်ဝါးမျိုအင်းစက်များ ရှိနေမှန်း ထျန်းယန်သိပေသည်။ ယခင်တစ်ကြိမ် ရန်ကိုင် ကောင်းကင်တက်လှမ်းခြင်းကြေးမုံထဲသို့ ဝင်လာစဉ်က သူနှင့်အတူ ဝိဉာဉ်ဝါးမျိုအင်းစက်တစ်သိုက်ကို အပြင်သို့ ခေါ်သွားခဲ့လေသည်။ ထျန်းယန်သည် ထိုဝိဉာဉ်ဝါးမျိုအင်းစက်များကို နှစ်ပေါင်းမရေမတွက်နိုင်အောင် စောင့်ကြပ်လာခဲ့ခြင်း ဖြစ်သည်။ နောက်ဆုံးတွင်တော့ ထိုဝိဉာဉ်ဝါးမျိုအင်းစက်များကို ရန်ကိုင်လက်ထဲသို့ ထည့်ပေးလိုက်ပြီး ရန်ကိုင်အား အပြင်သို့ ယူသွားစေခဲ့လေသည်။
“ဝိဉာဉ်ဝါးမျိုအင်းစက်တွေက ကျုပ်နဲ့ အခု ပါမလာဘူး… ကျုပ် အပြင်မှာ တစ်ချက် သွားပြန်ယူမှပဲ ရမယ်…” ရန်ကိုင်က ပြောလိုက်သည်။
ထျန်းယန်က ခေါင်းညိတ်လိုက်၏။ “အဲ့ဒါဆို မြန်မြန်သွားပြန်ယူလိုက်… မိတ်ဆွေလေးဝမ်နဲ့ ဒီကောင်မလေးကိုပါ တစ်ခါတည်း ခေါ်သွားလိုက်ပေတော့…”
ကောင်းရွှယ်ထင်းက ခေါင်းညိတ်လိုက်သည်။ သူမ ဤနေရာသို့ လာရခြင်းမှာ ဝမ်ကျိရှန်း၏အခြေအနေကို စစ်ဆေးလိုသည့်အတွက်ကြောင့် ဖြစ်ပေသည်။ ဝမ်ကျိရှန်းအဆင်ပြေနေမှန်း သိပြီးသည့်နောက် သူမအနေဖြင့် ဤနေရာတွင် ဆက်နေနေစရာ မလိုတော့ချေ။
ထျန်းယန်က သူ့လက်အား ဝှေ့ယမ်းလိုက်ရာ သိမ်မွေ့သည့်စွမ်းအားတစ်ရပ်သည် ရန်ကိုင်တို့သုံးဦးစလုံးကို လွှမ်းခြုံသွားခဲ့သည်။ ထို့နောက်တွင် သူတို့၏မြင်ကွင်းအဖုံဖုံ ပြောင်းလဲသွားခဲ့ပြီး ရန်ကိုင်သည် သူ့ကိုယ်သူ သူ့ခန္ဓာကိုယ်ထဲသို့ ပြန်ရောက်နေကြောင်း တွေ့လိုက်ရလေသည်။
အပြင်သို့ ပြန်ရောက်သည်နှင့်တစ်ပြိုင်နက် အင်းစက်လက်ကောက်ကို ချက်ချင်းထုတ်ယူပြီး ထိုထဲသို့ သူ့စိတ်ကိုပို့လွှတ်၍ ဝိဉာဉ်ဝါးမျိုအင်းစက်များကိုထုတ်ကာ သူ့အသိစိတ်ပင်လယ်ထဲသို့ ထည့်သွင်းလိုက်လေသည်။ အသိစိတ်ပင်လယ်ထဲသို့ ထည့်လိုက်ပြီးသည့်နောက်တွင် ဝိဉာဉ်ဝါးမျိုအင်းစက်အားလုံးကို ခုနှစ်ရောင်ခြယ်ကျွန်းပေါ်၌ အခြေချနေစေလေ၏။ ကောင်းကင်တက်လှမ်းခြင်းကြေးမုံထဲသို့ ဝိဉာဉ်များသာ ဝင်နိုင်ပေသည်။ ထို့အတွက်ကြောင့် အင်းစက်လက်ကောက်သည် ဧကရာဇ်အဆင့်မှော်ရတနာတစ်ခု ဖြစ်ပါသော်ငြား ဝိဉာဉ်အမျိုးအစားမှော်ရတနာတစ်ခု မဟုတ်သည့်အတွက်ကြောင့် ကောင်းကင်တက်လှမ်းခြင်းကြေးမုံထဲသို့ သယ်သွား၍မရပေ။ ထိုအကြောင်းကြောင့်ပင်လျှင် ဝိဉာဉ်ဝါးမျိုအင်းစက်များသည်သာ အင်းစက်လက်ကောက်ထဲတွင် ရှိနေမည်ဆိုပါက ရန်ကိုင်အနေဖြင့် ထိုဝိဉာဉ်ဝါးမျိုအင်းစက်များကို ကောင်းကင်တက်လှမ်းခြင်းကြေးမုံထဲသို့ ယူသွားနိုင်လိမ့်မည်မဟုတ်ချေ။ သို့သော်ငြား ထိုဝိဉာဉ်ဝါးမျိုအင်းစက်များကိုသာ သူ့အသိစိတ်ပင်လယ်ထဲသို့ ထည့်သွင်း၍ ယူသွားမည်ဆိုပါက ကောင်းကင်တက်လှမ်းခြင်းကြေးမုံထဲသို့ ခေါ်သွား၍ရပေသည်။
အချိန်အတန်ကြာအောင် ပျိုးထောင်ပေးပြီးသည့်နောက်တွင် ဝိဉာဉ်ဝါးမျိုအင်းစက်များမှာ အလွန်ကိုမှ ကြမ်းကြုတ်ခက်ထန်လာခဲ့လေသည်။ အထူးသဖြင့် ပုံရိပ်တစ်ထောင် အိပ်မက်ကမ္ဘာထဲ၌ နတ်ဆိုးများနှင့် တိုက်ပွဲဆင်နွှဲပြီးသည့် နောက်ပိုင်းတွင်ပင်။ နတ်ဆိုးများနှင့်တိုက်ခိုက်ရာတွင် ဝိဉာဉ်ဝါးမျိုအင်းစက်များသည် ကြီးကြီးမားမား ကူညီပေးနိုင်ခဲ့လေသည်။ ထိုတိုက်ပွဲမှတစ်ဆင့် ဝိဉာဉ်ဝါးမျိုအင်းစက်များမှာ နတ်ဆိုးအဆီအနှစ်နှင့် နတ်ဆိုးချီများကို စုပ်ယူဖူးပြီးသား ဖြစ်သွားခဲ့ရသည်။ ထို့အတွက်ကြောင့် ကောင်းကင်တက်လှမ်းခြင်းကြေးမုံ ကြုံနေရသည့်ပြဿနာကို ဝိဉာဉ်ဝါးမျိုအင်းစက်များ အလွယ်တကူ ဖြေရှင်းပေးနိုင်လောက်ပေသည်။
အဖွားယို့အား သူ့ဝိဉာဉ်ကို ကောင်းကင်တက်လှမ်းခြင်းကြေးမုံထဲသို့ ပြန်ပို့ပေးရန် ပြောပြီးသည့်နောက်တွင် ရန်ကိုင်သည် ထျန်းယန်ရှိနေသည့်တောင်ပေါ်၌ ပြန်ပေါ်လာခဲ့လေသည်။
ရန်ကိုင်ရောက်လာသည်ကိုမြင်သော် ထျန်းယန်သည် ခေါင်းညိတ်၍ လိပ်ပြာများကို လိုက်ဖမ်းနေသည့်ကောင်လေးအား လှမ်းပြောလိုက်လေ၏။ “ကောင်လေး… ဆော့မနေတော့နဲ့… ဒီမှာ တစ်ချက် လာကူညီပေးဦး…”
ရန်ကိုင်မှာ ထိုကောင်လေး မည်သူမည်ဝါဖြစ်သလဲဆိုသည်ကို မူလကတည်းက သိချင်နေခြင်း ဖြစ်လေသည်။ ယခု ထျန်းယန်မှ ထိုကောင်လေးဆီမှ အကူအညီလှမ်းတောင်းနေသည်ကိုမြင်သော် ရန်ကိုင် ပို၍ အံ့အားသင့်သွားခဲ့ရသည်။
“စီနီယာ… သူက…”
ထျန်းယန်ကပြုံး၍ “သူက ကောင်းကင်တက်လှမ်းခြင်းကြေးမုံရဲ့ ကြေးမုံဝိဉာဉ်ပဲ… အဲ့အနက်ရောင်တိမ်တိုက်ကြီးတွေကို တွေ့တယ်မလား… အဲ့ဒါတွေ သတ်မှတ်ထားတဲ့ဘောင်အတွင်းကနေ အပြင်ကို ထွက်မသွားနိုင်ရတဲ့အကြောင်းအရင်းက သူ့ကြောင့်ပဲ…”
“ကြေးမုံဝိဉာဉ်…” ထိုစကားကိုကြားသည့်အခါ ရန်ကိုင်၏မျက်လုံးများ တဖျတ်ဖျတ်တောက်ပသွားခဲ့ပြီး ကောင်လေးအား မျက်လုံးအပြူးသားဖြင့် ကြည့်လိုက်လေသည်။
ရန်ကိုင်၏အကြည့်ကြောင့် ကောင်လေးမှာ သိပ်၍ နေရထိုင်ရ အဆင်ပြေသည့်ပုံမပေါ်။ ရန်ကိုင်တို့ဆီသို့ အထိတ်ထိတ်အလန့်လန့်ဖြင့် လမ်းလျှောက်လာရင်းမှ ခက်ထန်သည့်ပုံစံမျိုး လုပ်ပြလိုက်လေသည်။ “ကျုပ် ခင်ဗျားကို သတိပေးလိုက်မယ်… ကျုပ်နဲ့ပတ်သက်ပြီး ဘာမဟုတ်တရုတ်အတွေးမှ လာမစဉ်းစားနဲ့နော်… ဘာလို့လဲဆိုတော့ ကျုပ် ခင်ဗျားတို့လိုလူမျိုးတွေနဲ့ ပတ်သက်မှာမဟုတ်ဘူး…”
ရန်ကိုင်ကရယ်မောလျက် “ကျုပ်ကလည်း ခင်ဗျားနဲ့ ပတ်သက်ဖို့ မလုပ်ပါဘူး… ဒီတော့ စိတ်ပူမနေပါနဲ့…”
“ဘယ်သူ… ဘယ်သူက စိတ်ပူနေလို့လဲ…” ထိုကောင်လေးမှာ ရန်ကိုင်အား အတော်လေးကိုမှ လန့်နေသည့်ပုံပင်။
ရန်ကိုင်နားသို့ ရောက်လာပြီးသည့်နောက်တွင် ရန်ကိုင်အား မော့ကြည့်၍ မေးလိုက်လေ၏။ “အဲ့ဒါတွေဘယ်မှာလဲ…”
“ဘယ်အဲ့ဒါတွေလဲ…” ရန်ကိုင် နားမလည်နိုင် ဖြစ်သွားခဲ့သည်။
“ဝိဉာဉ်ဝါးမျိုအင်းစက်တွေလေ…” ကောင်လေးက သက်ပြင်းချလျက် “ဒီလောက်အသက်ကြီးနေတာတောင် ခင်ဗျား ဘာလို့ ဒီလောက်တောင် တုံးနိုင်ရတာလဲ…”
“အိုး… ဟုတ်သားပဲ…” ရန်ကိုင်လည်း သူ့အသိစိတ်ပင်လယ်ကို ဖွင့်၍ ဝိဉာဉ်ဝါးမျိုအင်းစက်များကို အပြင်သို့ ချက်ချင်း ထုတ်ပေးလိုက်လေသည်။ ရုတ်တရက်ဆိုသလို တဝီဝီမြည်သံနှင့်အတူ ရန်ကိုင်၏ခေါင်းထက်တွင် အင်းစက်တိမ်တိုက်ကြီးတစ်ခု ပေါ်လာခဲ့လေ၏။
ကောင်လေး တုန်တုန်ရီရီ ဖြစ်သွားခဲ့ပြီး ရွံရှာစက်ဆုပ်ဟန်ဖြင့် သူ့လက်ကို ဝှေ့ယမ်းချလိုက်သည်။
ရန်ကိုင်ခေါင်းပေါ်တွင် ပေါ်လာသည့် အင်းစက်အုပ်ကြီးမှာ ချက်ချင်းဆိုသလို ပြန်လည်ပျောက်ကွယ်သွားခဲ့သည်။ သို့သော်ငြား ထိုအင်းစက်အုပ်ကြီးမှာ မိုင်ပေါင်းများစွာဝေးကွာသည့် နေရာတစ်ခုဆီသို့ ရောက်သွားမှန်း ရန်ကိုင်ပြောနိုင်ပေသည်။ လက်ရှိအချိန်တွင် အင်းစက်တိမ်တိုက်ကြီး ရောက်သွားသည့်နေရာမှာ အခြားမဟုတ် နတ်ဆိုးတိမ်တိုက်များ စုဝေးနေသည့်နေရာသို့သာ ဖြစ်လေသည်။
အခြေအနေကို သေသေချာချာ စစ်ဆေးကြည့်ပြီးသည့်နောက်တွင် ဝိဉာဉ်ဝါးမျိုအင်းစက်များသည် နတ်ဆိုးတိမ်တိုက်များကို စတင်ဝါးမျိုနေပြီမှန်း ရန်ကိုင် ခံစားမိလိုက်လေသည်။ နတ်ဆိုးတိမ်တိုက်သည် ကြေးမုံဝိဉာဉ်ကြောင့် နေရာတစ်ခုတည်းတွင်သာ ပိတ်မိနေသဖြင့် အခြားနေရာများသို့ မသွားနိုင်ကြသလို ပိုမိုကြီးထွားလာနိုင်ခြင်းလည်း မရှိပေ။ ထို့အတွက်ကြောင့်ပင်လျှင် ဝိဉာဉ်ဝါးမျိုအင်းစက်များ၏ ဝါးမျိုခြင်း ခံရပြီးသည့်နောက် အနှေးနှင့်အမြန်ဆိုသလို ပြန်လည်ပျောက်ကွယ်သွားရပေလိမ့်မည်။ ထိုအရာများ ပျောက်ကွယ်သွားမည်ဆိုပါက ကောင်းကင်တက်လှမ်းခြင်းလောကကြီး ရင်ဆိုင်နေရသည့်ပြဿနာလည်း ကင်းရှင်းသွားပေလိမ့်မည်။
ထို့နောက်တွင် ရန်ကိုင်သည် ကောင်လေးကိုကြည့်၍ မေးလိုက်လေသည်။ “ဒီကညီလေးကို ဘယ်လိုခေါ်ရမလဲ…”
ကောင်လေးက ရန်ကိုင်အား မျက်စောင်းထိုးလျက် “ကျန်း စန် လီ စီ ဝမ် အာ မာ… ကြိုက်သလိုခေါ်…”
ရန်ကိုင်က လည်ချောင်းရှင်း၍ “မင်း အပြင်လောကကြီး ဘယ်လိုရှိလဲဆိုတာကို စူးစမ်းချင်တဲ့စိတ် တစ်ခါမှမဖြစ်ဖူးဘူးလား…”
ထျန်းယန်က ရုတ်တရက်အော်ရယ်မောလျက် “မိတ်ဆွေလေးရန်… လေကုန်ခံမနေနဲ့… သူ ဒီနေရာကနေ ထွက်မသွားနိုင်ဘူး…” ရန်ကိုင်ဘာလုပ်ချင်နေသလဲဆိုသည်ကို ထျန်းယန်သိနေပေသည်။
သူ့အတွေးများကို တစ်ဖက်လူမှ ဖောက်မြင်သွားသည့်အတွက်ကြောင့် ရန်ကိုင် ရှက်သွားခဲ့သည်။ ထို့နောက်တွင် အလေးအနက်အမူအယာဖြင့် ပြန်ပြောလိုက်လေသည်။ “ဒါနဲ့ စီနီယာ… ကျုပ်မှာ ခန္ဓာဖြစ်တည်ဆေးလုံးနဲ့ ပတ်သက်တဲ့သတင်း ရထားပြီ…”
ထျန်းယန် မျက်ခုံးပင့်သွားခဲ့သည်။ “အို…”
“အဲ့ဆေးလုံးကိုဖော်စပ်တာ ပြီးတော့မယ်… စီနီယာအဆင်ပြေတယ်ဆိုလို့ရှိရင် ကြိုက်တဲ့အချိန် စီနီယာရဲ့ခန္ဓာကိုယ်ကို စပြီးဖန်တီးလို့ရပြီ…”
ထျန်းယန်က ပြောလိုက်သည်။ “မိတ်ဆွေလေးရန်က ပြောတဲ့စကားကို တကယ်တည်တာပဲ… ဒီလူအိုကြီး ကျေးဇူးအများကြီး တင်ပါတယ်…”
ရန်ကိုင်က ရယ်မောလျက် “အခုလိုမျိုး လုပ်နေစရာမလိုပါဘူး စီနီယာရယ်… ကျုပ်လည်း ကံကောင်းသွားလို့ အဲ့ခန္ဓာဖြစ်တည်အသီးကို သွားတွေ့တာ… ဒီတိုင်း တမင်သက်သက် လိုက်ရှာတာမဟုတ်ဘူး…”
ကောင်လေးက မျက်မှောင်ကျုံ့၍ ဖြတ်ပြောလိုက်လေသည်။ “ခင်ဗျားသွားတော့မှာလား…”
ထိုသို့ပြောပြီးသည့်နောက် အနည်းငယ်စိတ်ပျက်နေဟန်ဖြင့် ထျန်းယန်ကို ကြည့်လိုက်သည်။
ထျန်းယန်သည် တစ်ခဏမျှ တိတ်နေပြီးသည့်နောက် ပြန်ပြောလိုက်လေသည်။ “ငါ အပြင်ကို တစ်ချက်လောက် သွားကြည့်ချင်သေးတယ်…”
ကောင်လေးက ပြန်ပြောလိုက်သည်။ “သွား… အဲ့ဒါဆို သွားပေတော့… ခင်ဗျား အဲ့မှာ သေလည်း အေးတာပဲ…” ထိုသို့ပြောနေရင်းမှ ဒေါမာန်တကြီးအမူအယာဖြင့် ရန်ကိုင်အား မုန်းတီးစွာ စိုက်ကြည့်လိုက်လေသည်။
ထိုအချင်းအရာကိုမြင်သော် ရန်ကိုင်၏မျက်နှာကြီး မဲ့သွားခဲ့ပြီး သူ့အနေဖြင့် ဤကြေးမုံဝိဉာဉ်အား မည်သည့်အခါမှ သူ့ဘက်သို့ပါအောင် ဆွဲခေါ်နိုင်တော့မည်မဟုတ်မှန်းလည်း သိလိုက်လေသည်။
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၂၉၃၃)
ဘာသာပြန်သူ_တိမ်တိုက်
ဝိဉာဉ်ဝါးမျိုအင်းစက်များ နတ်ဆိုးတိမ်တိုက်များကို ဝါးမျိုနေသည့်နှုန်းသည် နှေးကွေးခြင်းမရှိပါသော်ငြား တစ်ခဏလေးအတွင်းတော့ အပြီးသတ်နိုင်လိမ့်ဦးမည်မဟုတ်ချေ။ ထို့အတွက်ကြောင့် ရန်ကိုင်သည် ထျန်းယန်နှင့် အလာပ သလာပ စကားအနည်းငယ် ပြောနေပြီးသည့်နောက်တွင် တင်ပလင်ခွေထိုင်ကာ အားပြန်ဖြည့်လေသည်။
ယနေ့တိုက်ပွဲအတွင်း ရန်ကိုင်မှာ ဒဏ်ရာရခဲ့ခြင်း မရှိပါသော်ငြား ဧကရာဇ်အဆင့်ပညာရှင်ပေါင်းများစွာကို သေရေးရှင်ရေးအခြေအနေမှာ ကယ်ဆယ်နိုင်ရန်အတွက် တမုဟုတ်ချည်း ရွှေ့ပြောင်းပေးဖို့ရာ စွမ်းအင်များစွာကို အသုံးပြုခဲ့ရသည်။ အထူးသဖြင့် သူ့စိတ်စွမ်းအင်ပင်။
စိတ်စွမ်းအင်ကို ပြန်ဖြည့်ဖို့ရာအတွက် ကောင်းကင်တက်လှမ်းခြင်းကမ္ဘာကြီးထက် ပိုကောင်းသည့်နေရာမရှိပေ။
တင်ပလင်ခွေထိုင်နေစဉ်အတောအတွင်း ဤလောကကြီးထဲရှိ စွမ်းအင်များ သူ့ဝိဉာဉ်ဆီသို့ တရဟောစီးဝင်လာနေသည်ကို ရန်ကိုင်ခံစားမိလိုက်သည်။ ထို့အတွက်ကြောင့် တစ်ခဏလေးအတွင်း သူ့အခြေအနေမှာ အများကြီး တိုးတက်လာခဲ့ရသည်။
ကြေးမုံဝိဉာဉ်မှာတော့ ထျန်းယန် ဤလောကကြီးထဲမှ ထွက်သွားမည်ဆိုသည့်အကြောင်း ကြားသိလိုက်ရပြီးသည့်နောက် တစ်ချိန်လုံး ဆူဆူပုပ်ပုပ်ဖြစ်နေကာ လိပ်ပြာများကိုပင် လိုက်ဖမ်းချင်စိတ် ရှိမနေတော့ပေ။ ထို့အစား အခြားတစ်ဖက်တွင် သွားရပ်နေရင်းမှ မြေပြင်ပေါ်ရှိကျောက်တုံးများကိုသာ ကန်ကျောက်ပစ်နေခဲ့သည်။ တစ်ချိန်တည်းတွင်လည်း ထျန်းယန်သည် နတ်ဆိုးတိမ်တိုက်၏အခြေအနေကို စောင့်ကြည့်နေလေသည်။ ထို့အတွက်ကြောင့် ရန်ကိုင်တို့သုံးဦးမှာ ယာယီမျှ တိတ်ဆိတ်သွားကြတော့လေသည်။
သုံးရက်ကြာပြီးသည့်နောက်တွင် ရန်ကိုင် မျက်လုံးပြန်ပွင့်လာခဲ့လေသည်။ ရန်ကိုင်၏ပုံစံမှာ ယခင်ကကဲ့သို့ ဖြူဖတ်ဖြူလျော်ဖြစ်နေခြင်း မရှိတော့။ သူ့မျက်လုံးများမှာ ကြယ်စင်များပမာ တလက်လက်တောက်ပနေခဲ့သည်။
အဝေးတစ်နေရာဆီသို့ လှမ်းကြည့်လိုက်ပြီး ဝိဉာဉ်ဝါးမျိုအင်းစက်များ၏ အခြေအနေကို စစ်ဆေးပြီးသည့်နောက်တွင် ဝိဉာဉ်ဝါးမျိုအင်းစက်များအဖို့ နတ်ဆိုးတိမ်တိုက်များကို အပြည့်အဝ ဝါးမျိုပစ်ရန်အတွက် အနည်းဆုံး နေ့ဝက်ခန့် အချိန်ယူရလိမ့်ဦးမည်မှန်း ရန်ကိုင်သဘောပေါက်လိုက်သည်။ ထို့အတွက်ကြောင့် ကြေးမုံဝိဉာဉ်ဘက်သို့လှည့်၍ ကြေးမုံဝိဉာဉ်နှင့် စကားသွားပြောကြည့်ရန် ကြိုးစားလေတော့သည်။
သို့သော်ငြား ရန်ကိုင် မည်သို့ပင် စကားပြောနေစေကာမူ ကြေးမုံဝိဉာဉ်သည် ရန်ကိုင်ပြောသည်ကို မကြားချင်ယောင်သာ ဆောင်နေခဲ့လေသည်။ ထို့အတွက်ကြောင့် ရန်ကိုင်လည်း ရွေးစရာမရှိတော့ဘဲ ထျန်းယန်ဆီသို့ပြန်လာပြီး ကျင့်ကြံခြင်းနှင့်ပတ်သက်သည့် အကြံဉာဏ်များကို တောင်းခံရတော့သည်။
ထျန်းယန်သည် ရုပ်ခန္ဓာကိုယ်ပိုင်ဆိုင်ထားခြင်းမရှိဘဲ ဝိဉာဉ်စွမ်းအင်ကိုသာ ကျင့်ကြံခဲ့ပါသော်ငြား ကိစ္စတစ်ခုအကြောင်းကို သေသေချာချာသိထားမည်ဆိုပါက အခြားနည်းလမ်းများအတွက်လည်း အဖြေရလာနိုင်ပေသည်။ ထို့အပြင် ထျန်းယန်သည် ရန်ကိုင်တို့ကြုံနေရသည့် ပြဿနာများကို မတူညီသည့်ရှုထောင့်မှ ရှုမြင်ခြင်း ဖြစ်လေသည်။ ထို့အတွက်ကြောင့် ရန်ကိုင်နားမလည်နိုင်သည့် မေးခွန်းမြောက်များစွာ၏ အဖြေကို ထျန်းယန် သိကောင်းသိနေနိုင်ပေသည်။
ထျန်းယန်နှင့် စကားပြောပြီးသည့်နောက်တွင် ရန်ကိုင်မှာ အကြောင်းအရာများစွာကို သိခဲ့ရလေသည်။
နေ့ဝက်ကြာပြီးသည့်နောက်တွင် ရန်ကိုင်သည် တစ်ခုခုကြောင့် နိုးလာသည့်အလား အဝေးတစ်နေရာဆီသို့ လှမ်းကြည့်လိုက်သည်။ ဝိဉာဉ်ဝါးမျိုအင်းစက်များကို ပြန်ခေါ်ပြီးသည့်နောက်တွင် ပြောလိုက်လေ၏။ “စီနီယာ… ကျုပ် အရင်ဆုံး သွားလိုက်ဦးမယ်… ကျောင်းတော်က လတ်တလော ပြဿနာတွေ တော်တော်တက်ထားတာ… အပြင်မှာ လုပ်စရာကိစ္စတွေ အများကြီး ရှိနေသေးတယ်… ရက်နည်းနည်းကြာပြီးလို့ရှိရင် အခြားကိစ္စတွေအကြောင်းပြောဖို့ စီနီယာဆီ ပြန်လာခဲ့မယ်…”
“အင်း အင်း… သွားလေ…”
ရန်ကိုင်သည် သူ့ဘေးနားတွင် ရှိနေသော ကြေးမုံဝိဉာဉ်အား လှမ်းကြည့်လိုက်သည်။ ထိုစဉ် ကြေးမုံဝိဉာဉ်သည် သူ့လက်ကိုမြှောက်လိုက်၏။ ကြေးမုံဝိဉာဉ်မှ သူ့လက်ကို မြှောက်လိုက်သည့်အခိုက်မှာပင် သူ့ခန္ဓာကိုယ်တစ်ခုလုံးကို လာရောက်ဖျစ်ညှစ်နေသည့် အလွန်တရာကိုမှ ပြင်းထန်လှသော တွန်းကန်အားတစ်ရပ်ကို ရန်ကိုင်ခံစားလိုက်ရသည်။ ရန်ကိုင် သူ့ကိုယ်သူ သေချာမပြင်ဆင်ရသေးခင်မှာပင် ဤလောကကြီးမှ မောင်းထုတ်ခံလိုက်ရလေ၏။
သူ့မြင်ကွင်း ပြောင်းလဲသွားချိန် တားမြစ်နေရာဆီသို့ ရန်ကိုင်ပြန်လည်ရောက်ရှိလာခဲ့လေသည်။
မျက်လုံးပြန်ပွင့်လာပြီး ကျောက်တုံးတံခါးကို ဖွင့်လိုက်ချိန် အပြင်ဘက်တွင် ရပ်စောင့်နေသော ချန်းချန်မှာ သူ့ဆီသို့ အပြေးအလွှား ရောက်လာခဲ့လေသည်။
“ဂျူနီယာမောင်လေးရန် နိုးလာပြီလား… အထဲကအခြေအနေ ဘယ်လိုနေလဲ…” ချန်းချန်က စိုးရိမ်တကြီးဖြင့် မေးလိုက်သည်။
ရန်ကိုင်က ပြန်ပြောလိုက်၏။ “အကုန်လုံးအဆင်ပြေသွားပြီ… အပြင်မှာရော ဘယ်လိုနေလဲ…”
ချန်းချန်ကပြောလိုက်၏။ “သွားရင်းနဲ့မှ ပြောကြတာပေါ့…”
ထိုသို့ဖြင့် ရန်ကိုင်တို့နှစ်ဦးသည် သွားရင်းမှ စကားပြောလာခဲ့ကြလေသည်။
လွန်ခဲ့သောသုံးရက်ခန့်က နေမင်းပြာကျောင်းတော်၏ အကြီးအကဲများသည် ကောင်းကင်တက်လှမ်းခြင်းကြေးမုံရှိရာ တားမြစ်နေရာဆီသို့ ရောက်လာခဲ့ကြပြီး ဓါးတောင်ကိုမူ ချန်ဝမ်ဟောင်နှင့် ဖုန်းမင်တို့က စစ်ဆေးနေခဲ့ကြလေသည်။ စစ်ဆေးကြည့်ပြီးသည့်နောက်တွင် သူမျှော်လင့်ထားသည့်အတိုင်း ဓါးတောင်အပေါ်ဘက်မှနေ၍ မီတာတစ်ထောင်အနက်တွင် နတ်ဆိုးများကို ချိတ်ပိတ်ထားသည့် နေရာတစ်ခုအား ရှာတွေ့ခဲ့လေသည်။ ထိုနေရာတွင် နတ်ဆိုးဝိဉာဉ်များ၏ အရှိန်အဝါတို့ ရစ်သိုင်းနေလေ၏။
ယခုတစ်ကြိမ် ကုန်းယွဲ့သည်သာ ပြဿနာမရှာခဲ့ပါက နေမင်းပြာကျောင်းတော်ထဲတွင် နတ်ဆိုးများကို ချိတ်ပိတ်ထားသည့် နေရာတစ်ခု ရှိနေသည်ဟူသောအချက်ကို မည်သူမျှ သိရလိမ့်မည်မဟုတ်ချေ။ ဝမ်ကျိရှန်းအနေဖြင့် နေမင်းပြာကျောင်းတော်ကို မတည်ထောင်စဉ်က ဤနေရာအနီးတစ်ဝိုက်ကို သေသေချာချာ စစ်ဆေးကြည့်ခဲ့ပေသည်။ သို့သော်ငြား နတ်ဆိုးများကို ချိတ်ပိတ်ထားသည့် နေရာတစ်ခု ဤနေရာတွင် ရှိနေကြောင်းကို လုံးဝမသိခဲ့ရပေ။
ယခုချိတ်စည်းမှာ ပြေသွားခဲ့ပြီး နတ်ဆိုးများမှာ လွတ်လာကုန်ကြလေပြီ။ ထိုသို့ဖြစ်ရသည်မှာ ကုန်းယွဲ့ကြောင့်သာ ဖြစ်လေသည်။ ထိုသို့သာမဟုတ်ပါက နတ်ဆိုးများအနေဖြင့် လွတ်သွားစရာအကြောင်း မရှိပေ။
လက်ရှိအချိန်တွင်တော့ နေမင်းပြာကျောင်းတော်၏ အကြီးအကဲများသည် ဓါးတောင်ဆီသို့ ရောက်နေကြလေသည်။ ထိုသို့ရောက်နေရခြင်းမှာ အရေးကြီးသည့် အရာတစ်ခုခုကိုများ လွတ်သွားလေသလားဟူသော အတွေးဖြင့် သေချာပြန်လည်စစ်ဆေးကြည့်ရန်ဖြစ်ပြီး ဒုတိယအကြောင်းအရင်းမှာတော့ ဤနေရာတစ်ခုလုံးကို အပြည့်အဝချိတ်ပိတ်ပစ်ရန် ဖြစ်လေသည်။ ဤနေရာသည် ယခင်က နတ်ဆိုးများကို ချိတ်ပိတ်ထားခဲ့သည့် နေရာတစ်ခုဖြစ်သည်။ နတ်ဆိုးများမှာ လွတ်သွားခဲ့ပြီ ဖြစ်ပါသော်ငြား ဤနေရာတွင် ချိတ်ပိတ်ထားခံရသေးသည့် အခြားသောနတ်ဆိုးများ ရှိမနေတော့ပါဟု မည်သူမျှ မပြောနိုင်ချေ။ ထို့အပြင် သတိဆိုသည်မှာလည်း ပိုသည်ဟူ၍မရှိချေ။
ထိုအကြောင်းအရာများအပြင် နတ်ဆိုးဝိဉာဉ်များ နေမင်းပြာကျောင်းတော်မှ လွတ်မြောက်သွားသည့်အကြောင်းသည် တောင်ဘက်နယ်မြေအနှံ့ ပျံ့နှံ့သွားခဲ့လေသည်။ ယခုအချိန်တွင် တောင်ဘက်နယ်မြေထဲ၌ ရှိနေသော ဂိုဏ်းပေါင်းများစွာ ပညာရှင်ပေါင်းများစွာသည် ထွက်ပြေးလွတ်မြောက်သွားသည့် နတ်ဆိုးဝိဉာဉ်များကို လိုက်လံရှာဖွေနေကြလေသည်။ သို့သော်ငြား နတ်ဆိုးဝိဉာဉ်များကို ရှာဖွေဖို့ရာ မည်မျှခက်ခဲမှန်း လူတိုင်းသိထားကြသည်။
နတ်ဆိုးဝိဉာဉ်များသည် အသွင်သဏ္ဍာန်မဲ့ပြီး စွမ်းအင်အစုအဝေးသက်သက်တစ်ခုသာ ဖြစ်လေသည်။ ရှင်းရှင်းပြောရသော် နတ်ဆိုးဝိဉာဉ်များတွင် ကိုယ်ပိုင်အတွေး၊ ကိုယ်ပိုင်စဉ်းစားဉာဏ်ပင် မရှိချေ။ ထိုနတ်ဆိုးဝိဉာဉ်များသည် သက်ရှိများ၏ခန္ဓာကိုယ်အား ကပ်တွယ်ပြီး ထိုသက်ရှိများ၏စိတ်အစုံကို တိုက်စားကာ နတ်ဆိုးအသွင်သို့ ပြောင်းလဲရုံသာ တတ်နိုင်ကြသည်။
ထို့အတွက်ကြောင့် နတ်ဆိုးဝိဉာဉ်များကို ခြေရာခံလိုက်ဖို့ရာ အလွန်ကိုမှ ခက်ခဲလှပေသည်။ မည်သို့ပင်ဖြစ်စေကာမူ ယခုကိစ္စသည် ဤအတိုင်းထားလိုက်၍ ဖြစ်သည့်ကိစ္စတစ်ခု မဟုတ်ချေ။ ထို့အတွက်ကြောင့် ရန်ကိုင်ပျောက်နေသည့်သုံးရက်အတွင်း တောင်ဘက်နယ်မြေထဲရှိ ဂိုဏ်းအသီးသီးများကြား သတင်းစကားများ ကူးကလန်ခတ် သွားလာနေခဲ့ရသည်။ နတ်ဆိုးဝိဉာဉ်များ ပြန်ပေါ်လာသည့်ကိစ္စသည် တောင်ဘက်နယ်မြေအနှံ့ ပျံ့နှံ့သွားခဲ့ပြီး ယခုဆိုလျှင် ထိုအကြောင်းကို လူတိုင်းလိုလို သိနေကြလေပြီ။
မကြာမီတွင် ရန်ကိုင်တို့နှစ်ဦး ဓါးတောင်ဆီသို့ ရောက်လာကြလေသည်။
လက်ရှိအချိန်တွင် ဓါးတောင်ပေါ်၌ မြေအောက်ကမ္ဘာထဲသို့ ဦးတည်နေသယောင် ထင်မှတ်ရသော ပိန်းပိန်းပိတ်နက်မှောင်သည့် ချောက်ချားဖွယ်ရာအရှိန်အဝါကို ထုတ်လွှတ်နေသော လိုဏ်ဂူကျယ်ကြီးတစ်လုံး ရှိနေခဲ့လေသည်။
လိုဏ်ဂူအပြင်ဘက်တွင် ရပ်နေသော ဧကရာဇ်အဆင့်ပညာရှင်တစ်ဦးချင်းစီ၏ အမူအယာများမှာ လေးနက်တည်ကြည်နေခဲ့ကြသည်။ ထိုလူများထဲ ဝမ်ကျိရှန်းလည်း ပါပေသည်။
ထောင်နှင့်ချီသော နတ်ဆိုးဝိဉာဉ်များမှာ နေမင်းပြာကျောင်းတော်မှ လွတ်မြောက်သွားခဲ့သည်။ ကျောင်းတော်၏ ကျောင်းသခင်ဖြစ်သော ဝမ်ကျိရှန်းအနေဖြင့် ထိုကိစ္စမှ ခေါင်းရှောင်နေ၍မဖြစ်ချေ။ ထို့အပြင် လောကတစ်သောင်းမဟာဧကရာဇ်မှာလည်း ဆိုးရွားသည့်အခြေအနေနှင့် ကြုံနေရလေသည်။ ထိုကဲ့သို့သော အကြောင်းအရင်းများကြောင့် ပုံမှန်အားဖြင့် အမြဲတစေ ပြုံးနေလေ့ရှိသည့် ဝမ်ကျိရှန်းမှာ ယခုအချိန်တွင်တော့ သုန်သုန်မှုန်မှုန်ဖြင့် ရှိနေလေ၏။
ကောင်းရွှယ်ထင်းနှင့် အခြားသူများမှာလည်း ဝမ်ကျိရှန်းဘေးနားတွင် ရပ်နေကြပြီး ချန်ဝမ်ဟောင်နှင့် ဖုန်းမင်တို့မှာလည်း ထွက်သွားခြင်း မရှိကြသေးချေ။ သူတို့အောက်တွင်ရှိနေသော နတ်ဆိုးများကို ချိတ်ပိတ်ထားသည့် နေရာအကြောင်းကို သူတို့အနေဖြင့် သေချာ အသေးစိတ်သိရန် လိုအပ်ပေသည်။ သို့မှသာလျှင် သူတို့ဂိုဏ်းဆီသို့ အကြောင်းပြန်နိုင်ပေလိမ့်မည်။
ရန်ကိုင်ရောက်လာသည်ကိုမြင်သည့်အခါ အကုန်လုံး ရန်ကိုင်အား ခေါင်းညိတ်ပြလိုက်ကြသည်။
“အခြေအနေဘယ်လိုလဲ…” ရန်ကိုင်သည် ရို့ခွမ်းဘေးနားသို့သွားပြီး တိုးတိုးလေးမေးလိုက်သည်။
ရို့ခွမ်းက ခေါင်းခါ၍ ပြန်ပြောလိုက်သည်။ “နတ်ဆိုးဝိဉာဉ်တွေအားလုံး လွတ်သွားပြီ… အခုလောလောဆယ် ငါတို့ လက်ကျန်ချိတ်စည်းတွေကို ဖျက်ဆီးပစ်ဖို့ ကြိုးစားနေတာ… အဲ့ဒါမှပဲ ဒီနေရာကြီးတစ်ခုလုံးကို သေသေချာချာ မြင်ရမှာ… အဲ့ဒါတွေကို ဖျက်ဆီးရင်းနဲ့တင် သဲလွန်စအချို့တောင် ရကောင်းရနိုင်သေးတယ်… ဒါပေမယ့် ပြဿနာက…”
“ပြဿနာက ဘာလဲ…”
ရို့ခွမ်းက ခြောက်ကပ်ကပ်အမူအယာဖြင့် ပြုံးလျက် “ကျောင်းတော်က အစီအရင်ပညာရှင်တွေ အဲ့ဒါကိုဖျက်ဆီးဖို့ အချိန်နည်းနည်းလိုမှာပဲ…”
ရို့ခွမ်းဘာပြောချင်နေသလဲ ရန်ကိုင်နားလည်သွားခဲ့သည်။ နတ်ဆိုးများကို ချိတ်ပိတ်ထားသည့် အစီအရင်သည် ရှေးခေတ်အချိန်မှဖြစ်သလို ကုန်းယွဲ့သည် ထိုအစီအရင်များအနက် အချို့ကို ဖျက်ဆီးပြီးသွားပြီ ဖြစ်ပါသော်ငြား အောက်ဘက်တွင် အခြားသောအစီအရင်များစွာ ကျန်ရစ်နေပေသေးသည်။ သို့သော်ငြား နေမင်းပြာကျောင်းတော်၏ အစီအရင်ပညာရှင်များမှာ အစီအရင်ပညာများအပေါ် ထိုမျှ ကျွမ်းကျင်နေခြင်းမရှိချေ။ ထို့အတွက်ကြောင့် အစီအရင်ကိုဖျက်ဆီးနေသည့် သူတို့၏နှုန်းမှာ အတော်လေးကိုမှ နှေးကွေးနေရသည်။ ပုံမှန်အခြေအနေမျိုးတွင်သာ ဆိုပါက သူတို့အနေဖြင့် အစီအရင်ကိုဖျက်ဆီးရာတွင် အချိန်ကြာနေလင့်ကစား မည်သူမျှ ဘာမျှပြောလိမ့်မည် မဟုတ်ပါသော်ငြား လက်ရှိအခြေအနေအရ မည်သူ့တွင်မှ အချိန်ရှိမနေခဲ့ချေ။ သူတို့အနေဖြင့် ပို၍နှောင့်နှေးနေလေ နတ်ဆိုးဝိဉာဉ်များကို ခြေရာခံလိုက်ဖို့ရာ ပို၍ခက်ခဲလာလေပင်။
ထို့အတွက်ကြောင့် ရန်ကိုင်သည် ဝမ်ကျိရှန်းဘက်သို့လှည့်၍ မေးလိုက်လေသည်။ “ကျောင်းသခင်… ကျုပ် ဧကရာဇ်အဆင့် အစီအရင်ပညာရှင်တစ်ယောက်ကို သိတယ်… ကျုပ် သူ့ကို သွားခေါ်ပေးဖို့လိုလား…”
ဝမ်ကျိရှန်း၏မျက်လုံးများ တောက်ပသွားခဲ့လေသည်။ “သူ့ကို အားကိုးလို့ရလား…”
“သူက ကျုပ်ရဲ့ထက်ကောင်းကင်နန်းတော်ကပဲ…”
“အဲ့ဒါဆို သူ့ကို မြန်မြန်သွားခေါ်လိုက်လေ…” ဝမ်ကျိရှန်းက အလျင်စလို ပြန်ပြောလိုက်သည်။ သို့သော်ငြား ထိုသို့ပြောပြီးပြီးချင်းမှာပင် ခါးသက်စွာပြုံးလျက် “ဒါပေမယ့် မင်းရဲ့ထက်ကောင်းကင်နန်းတော်က မြောက်ဘက်နယ်မြေမှာရှိတာလေ…”
ရန်ကိုင်က ပြုံး၍ “ကျုပ် သူ့ကို အခုချက်ချင်း သွားခေါ်လာခဲ့မယ်…”
ထို့နောက်တွင် ရန်ကိုင်သည် အားလုံး၏မြင်ကွင်းမှ ပျောက်ကွယ်သွားခဲ့လေသည်။ ရန်ကိုင် နောက်ဘာဆက်လုပ်မလဲဆိုသည်ကို မည်သူမျှ မသိကြ။ ရန်ကိုင်၏ထက်ကောင်းကင်နန်းတော်တွင် ဧကရာဇ်အဆင့် အစီအရင်ပညာရှင်တစ်ဦး ရှိနေသည်ဟူသည့် အကြောင်း ကြားလိုက်ရဿည့်အခိုက် အကုန်လုံး အံ့အားသင့်မိသွားပါသော်ငြား အဝေးတစ်နေရာတွင်ရှိနေသောရေသည် အခြားတစ်နေရာတွင်ရှိနေသည့် ရေငတ်နေသည့်လူအား ရေငတ်မပြေစေနိုင်ပေ။ ရန်ကိုင် ထိုအစီအရင်ပညာရှင်အား မြောက်ဘက်နယ်မြေမှ ခေါ်လာနိုင်ချိန်တွင် အလွန်ကိုမှ နောက်ကျနေပေလိမ့်မည်။
ရန်ကိုင်ကိုယ်တိုင်မှာလည်း ဓါးတောင်နောက်ဘက်တွင် နယ်မြေခြားဟင်းလင်းပြင်အစီအရင်တစ်ခု ခင်းကျင်းထားခဲ့သည့်အပေါ် အလွန်ကိုမှ ဝမ်းသာနေမိခဲ့လေသည်။
ရန်ကိုင်အနေဖြင့် နယ်မြေခြားဟင်းလင်းပြင်အစီအရင်ကို ဤနေရာ၌ ခင်းကျင်းထားခဲ့ရခြင်းမှာ ထက်ကောင်းကင်နန်းတော်နှင့် နေမင်းပြာကျောင်းတော်ကို ဆက်သွယ်လို၍ဖြစ်ကာ သူ့အနေဖြင့် ထိုဂိုဏ်းနှစ်ဂိုဏ်းအကြား အလွယ်တကူ သွားလာနိုင်လိုသည့် အတွက်ကြောင့် ဖြစ်ပေသည်။ သို့သော်ငြား ရန်ကိုင်သည် ဓါးတောင်နောက်ဘက်တွင် နယ်မြေခြားဟင်းလင်းပြင်အစီအရင်တစ်ခု ခင်းကျင်းထားကြောင်းကို မည်သူ့ကိုမျှ ပြောမပြခဲ့ပေ။ ဓါးတောင်၏ အစီအရင်များကို သုံး၍ပင် နယ်မြေခြားဟင်းလင်းပြင်အစီအရင်ကို မည်သူမျှ မမြင်နိုင်အောင် ဖုံးကွယ်ထားလိုက်ပေသေးသည်။ ထို့အတွက်ကြောင့် ဝမ်ကျိရှန်းနှင့် အခြားသူများမှာ ဓါးတောင်နောက်ဘက်တွင် နယ်မြေခြားဟင်းလင်းပြင်အစီအရင်တစ်ခု ရှိနေကြောင်းကို မသိကြခြင်း ဖြစ်လေသည်။
ရန်ကိုင်သည် ထက်ကောင်းကင်နန်းတော်သို့သွား၍ နန်မန်တကျွင်းကို ခေါ်လာနိုင်ရန်အတွက် ဓါးတောင်နောက်ဘက်ဆီသို့ ချက်ချင်းတန်းလာခဲ့သည်။
နတ်ဆိုးများကို ချိတ်ပိတ်ထားသည့် လိုဏ်ဂူနေရာတွင် ရှိနေသော အစီအရင်များမှာ ရှေးဟောင်းချိတ်စည်းများဖြစ်ကြသလို နန်မန်တကျွင်းသည် ထိုကဲ့သို့သောအရာများကို လေ့လာရာတွင် နှစ်သက်သည့်အတွက်ကြောင့် ငြင်းလိမ့်မည်မဟုတ်ပေ။
ရန်ကိုင်မှ နယ်မြေခြားဟင်းလင်းပြင်အစီအရင် ရှိနေသည့်နေရာသို့ ရောက်ခါနီးမှာပင် သူ၏ခြေလှမ်းတို့ တုံ့ခနဲ့ ရပ်သွားခဲ့ပြီး မျက်မှောင်ကျုံ့ကာ ဘေးဘက်ဆီသို့ လှမ်းကြည့်လိုက်သည်။ အလွန်ကိုမှ အားနည်းနေပါသော်ငြား ရင်းနှီးနေသည့် အရှိန်အဝါတစ်ရပ်ကို အနီးအနားတစ်နေရာဆီမှ ရန်ကိုင် ခံစားမိနေရလေသည်။
ထိုအရာကိုမြင်လိုက်သည့်အခိုက် ရန်ကိုင်၏အမူအယာ ပြောင်းလဲသွားခဲ့ပြီး အားကောင်းသည့်ရန်သူတစ်ဦးကို ရင်ဆိုင်နေရသည့်အလား သူ၏ဧကရာဇ်ချီကို ချက်ချင်း လှည့်ပတ်လိုက်လေသည်။
ရန်ကိုင်လှမ်းကြည့်နေသည့်နေရာ၌ သစ်ပင်များကြား သွေးသံတရဲရဲဖြင့် သားရဲလေးတစ်ကောင် လှဲလျောင်းနေခဲ့လေသည်။ သားရဲလေး၏အမွေးအရောင်ကို ကြည့်ရသလောက်တော့ အနက်ရောင်ဖြစ်သည့်ပုံပင်။ ထိုသားရဲလေးသည် တစ်မီတာ၏ သုံးပုံတစ်ပုံလောက်သာရှိပြီး ၎င်းဆီမှ ထွက်ပေါ်နေသည့် အရှိန်အဝါမှာ အလွန်ကိုမှ အားနည်းနေခဲ့လေသည်။ ထို့အပြင် ရန်ကိုင်လှမ်းကြည့်လိုက်သည့်အခိုက် သားရဲလေး၏ဗိုက်မှာ ဖောင်းကားတက်လာခဲ့ပြီး အတန်ကြာမှသာ ပုံမှန်အတိုင်း ပြန်ဖြစ်သွားခဲ့သည်။
ထိုသားရဲလေးမှာ အခြားမဟုတ် မရဏသားရဲပင် ဖြစ်လေသည်။
မရဏသားရဲမှာ အသက်ရှင်နေသေးပြီး ဤတောင်ဆီသို့ ပြန်လာနိုင်ခဲ့သည့်ပုံပင်။
လွန်ခဲ့သောရက်များအတွင်း ရန်ကိုင်သည် ကောင်းကင်တက်လှမ်းခြင်းကြေးမုံထဲတွင်သာ ရှိနေခဲ့သည့်အတွက်ကြောင့် မရဏသားရဲ ဘာဖြစ်သွားသလဲဆိုသည်ကို မသိပေ။ ဖုန်းမင်သည် တိုက်ခိုက်နေစဉ်အတောအတွင်း မရဏသားရဲအား ကန်ထုတ်ပစ်လိုက်ပြီးသည့်နောက် မရဏသားရဲမှာ အားလုံး၏မြင်ကွင်းမှ ပျောက်ကွယ်သွားခဲ့ရသည်။
မရဏသားရဲ သေသွားပြီဟု ရန်ကိုင် ထင်နေခဲ့ခြင်း ဖြစ်လေသည်။ ကုန်းယွဲ့ပြောပုံကိုကြည့်ရသလောက် ဤသားရဲလေး၏ ခန္ဓာကိုယ်ထဲတွင် မရဏသားရဲ၏ သွေးမျိုးဆက်အချို့ ရှိနေခဲ့သည်။ ကုန်းယွဲ့သည် မည်သူမျှမသိရသော နည်းလမ်းတစ်ခုကိုသုံး၍ ထိုသွေးမျိုးဆက်၏ စွမ်းအားကို လှုံ့ဆော်ကာ ဧကရာဇ်အဆင့်ပညာရှင်ပေါင်းများစွာကို တိုက်ခိုက်စေခဲ့လေသည်။
ရန်ကိုင် ခန့်မှန်းမိရသလောက် ဤသားရဲပေါက်လေး၏ ကိုယ်ထဲရှိ သွေးမျိုးဆက်သည်သာ ယခုထက်ပို၍ အနည်းငယ်လေး သန့်စင်နေခဲ့မည်ဆိုပါလျှင် သူတို့အနေဖြင့် ဤသားရဲပေါက်လေးကို မည်သို့မျှ ရင်ဆိုင်နိုင်လိမ့်မည်မဟုတ်ချေ။
အရာအားလုံးကို ဝါးမျိုပစ်နိုင်ပြီး ဝါးမျိုထားသည့်အရာများကို ပြန်ထွေးထုတ်ကာ တိုက်ခိုက်နိုင်သည့် စွမ်းရည်အကြောင်းကို ရန်ကိုင်အနေဖြင့် တစ်ခါမှ မကြားဖူးချေ။
ကုန်းယွဲ့၏လက်မှ လွတ်သွားပြီးသည့်နောက်ပိုင်း မရဏသားရဲအကြောင်းကို ရန်ကိုင် ဘာမှမကြားရတော့ချေ။ ချန်ဝမ်ဟောင်နှင့် အခြားသူများမှာ လတ်တလောအတွင်း နတ်ဆိုးချုပ်နှောင်နယ်မြေကို စစ်ဆေးရင်း အလုပ်ရှုပ်နေရသည့် အတွက်ကြောင့် မရဏသားရဲ ကျသွားရာနေရာဆီသို့ သွားမစစ်ဆေးမိပေ။ ထို့အတွက်ကြောင့် ထိုအတောအတွင်း မရဏသားရဲသည် ပြုတ်ကျသွားရာနေရာဆီမှ ဤနေရာသို့ မရောက်ရောက်အောင် ပြန်လာခဲ့သည့်ပုံပင်။ သို့သော်ငြား လက်ရှိအခြေအနေကိုကြည့်ရသလောက် မရဏသားရဲသည် သေခါနီးအခြေအနေနှင့် မခြားတော့ပေ။
ရန်ကိုင်သည် ဤသားရဲပေါက်လေးအား နှစ်ကြိမ်သာ တွေ့ခဲ့ဖူးသည့်အတွက်ကြောင့် သားရဲပေါက်လေးအပေါ် တွယ်တာခြင်းမရှိချေ။ သူ့စိတ်ထဲ ဤသားရဲပေါက်လေး၏ ထူးဆန်းသည့်စွမ်းရည်အပေါ် အနည်းငယ်မျှသာ စိတ်ဝင်စားမိခြင်း ဖြစ်လေသည်။
သားရဲပေါက်လေးသည် မီးစာကုန်ရေခမ်းအခြေအနေသို့ ရောက်နေကြောင်း အတည်ပြုပြီးသည့်နောက်တွင် ရန်ကိုင်သည် သားရဲပေါက်လေးဆီသို့ ဖြည်းဖြည်းချင်း ချဉ်းကပ်လာခဲ့သည်။
မရဏသားရဲမှာ တစ်ခုခုအား အာရုံခံမိသွားသည့်အလား မျက်လုံးဖွင့်ကြည့်လာခဲ့သည်။ သူ့ရှေ့တွင်ရပ်နေသည့်လူကို မြင်သော် အလွန်ကိုမှ အားနည်းနေဟန်ဖြင့် အော်ငြီးပြလိုက်လေသည်။
ရန်ကိုင်သည် သူ့လက်ကိုမြှောက်၍ ဧကရာဇ်ချီများကို သူ့လက်တွင် စုဝေးစေလိုက်သည်။
မရဏသားရဲသည် သူ့ကံကြမ္မာကို လက်ခံလိုက်သည့်အလား သက်ပြင်းအမောကြီး ချလိုက်သည့်ပုံစံမျိုး လုပ်ပြလျက် မျက်လုံးများကို ဖြည်းဖြည်းချင်း ပိတ်ချလိုက်သည်။
ရန်ကိုင်သည် မရဏသားရဲဆီသို့ သူ့လက်ကို ချိန်ရွယ်လိုက်သည်။ သူ့လက်အား မရဏသားရဲနှင့် တစ်တောင်ခန့်အကွာတွင် ဝဲနေစေပြီးသည့်နောက် မရဏသားရဲအား ဧကရာဇ်ချီကိုသုံး၍ မ ယူကာ သက်ပြင်းချ၍ ပြောလိုက်လေ၏။ “မင်းသေလားရှင်လားဆိုတာတော့ မင်းကံပေါ်ပဲ မူတည်သွားလိမ့်မယ်…”
ထိုသို့ပြောပြီးသည့်နောက်တွင် မရဏသားရဲကို လောကဓာတ်လုံးထဲသို့ ပစ်ထည့်လိုက်လေသည်။
မရဏသားရဲ၏ မွေးရာပါစွမ်းရည် မည်မျှပင် အားကောင်းနေစေကာမူ လောကဓာတ်လုံးထဲသို့ ရောက်သွားမည်ဆိုပါက ရန်ကိုင်အနေဖြင့် မရဏသားရဲကို ကြောက်နေစရာ လိုတော့လိမ့်မည် မဟုတ်ချေ။ မရဏသားရဲ ရုတ်တရက်ရူးသွပ်ပြီး ထသောင်းကျန်းမည်ကိုလည်း ရန်ကိုင်အနေဖြင့် စိတ်ပူစရာမလို။
မရဏသားရဲ အသက်ရှင်မလားဆိုသည်မှာတော့ အခြားကိစ္စတစ်ခု ဖြစ်သွားခဲ့လေပြီ။
ထို့အပြင် မရဏသားရဲ၏ တကယ့်စရိုက်သဘာဝသည် သူတို့မြင်ခဲ့ရသည့် ပုံစံမျိုး မဟုတ်ဟု ရန်ကိုင်စိတ်ထဲ အဆက်မပြတ် ခံစားနေခဲ့ရသည်။ မရဏသားရဲနှင့် နှစ်ကြိမ်တိုင်တိုင် တွေ့ခဲ့စဉ်အတောအတွင်း မရဏသားရဲသည် ရန်ကိုင်အပေါ် အနည်းငယ်မျှပင် ရန်လိုခြင်းမပြု။ ထို့အစား ဒုတိယအကြိမ် တွေ့ဆုံစဉ်အတောအတွင်း မရဏသားရဲသည် သူ့အပေါ် တာတွယ်သည့် အရိပ်အယောင်ကိုပင် ပြခဲ့ပေသေးသည်။
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၂၉၃၄)
ဘာသာပြန်သူ_တိမ်တိုက်
မရဏသားရဲသည် ဒဏ်ရာရပြီးသည့်နောက်တွင် တောင်နောက်ဘက်ဆီသို့ ပြန်လာရခြင်းမှာ ရန်ကိုင် ရောက်လာသည်ကို စောင့်နေရန်အတွက်ပင် ဖြစ်လောက်သည်။
မရဏသားရဲ အလွန်ကိုမှ ရက်စက်ခက်ထန်သွားရခြင်းမှာ ကုန်းယွဲ့ ထုတ်သုံးသွားသည့် ပညာရပ်ကြောင့် ဖြစ်လောက်သည်။ နတ်ဆိုးဝိဥာဉ်တစ်ပိုင်းမှတစ်ဆင့် ကုန်းယွဲ့အား ခြေရာခံနေစဉ် မရဏသားရဲသည် ကုန်းယွဲ့အား ကိုက်ရန် ကြိုးစားခဲ့သည်ကိုပင် ရန်ကိုင် တွေ့ခဲ့ရသည်။
ဓါးတောင်အောက်တွင် ချိပ်ပိတ်ထားခြင်း ခံရသော နတ်ဆိုးများနှင့် မရဏသားရဲ၏ သွေးမျိုးဆက်သည် တစ်နည်းတစ်ဖုံ ပက်သက်နေလောက်ပေသည်။
ရန်ကိုင်သည် ရှေးဟောင်းနတ်ဆိုး၏ အနက်ရောင်မျက်လုံးကို ပိုင်ဆိုင်ထားသလို သူ့ကိုယ်ထဲ ရှေးဟောင်းနတ်ဆိုးဝိဥာဉ်ကိုလည်း ချိပ်ပိတ်ထားသည်။ မရဏသားရဲသည် ရန်ကိုင်၏ ကိုယ်ထဲတွင် ရှိနေသော ထိုအရာများကို အာရုံခံမိလောက်သည်။ ထို့ကြောင့်ပင် သူ့နားသို့ ချဉ်းကပ်လာခဲ့ခြင်း ဖြစ်သည်။
ထိုအကြောင်းအရာများကို စဉ်းစားရင်းမှ လျှောက်လာလိုက်ရာ မကြာမီတွင် ဟင်းလင်းပြင် အစီအရင် ရှိသည့် နေရာဆီသို့ ရောက်လာခဲ့လေ၏။ ထို့နောက်တွင် လေဟာနယ်နိယာမစွမ်းအားတို့ ဖြာထွက်လာခဲ့ပြီး ရန်ကိုင်သည် မြောက်ဘက်နယ်မြေရှိ ထက်ကောင်းကင်နန်းတော်ဆီသို့ ပြန်ရောက်လာခဲ့သည်။
တစ်ခဏအကြာတွင် ဓါးတောင်နောက်ဘက်ရှိ ဟင်းလင်းပြင်အစီအရင်ပေါ်၌ လူနှစ်ဦး ပေါ်လာကြလေသည်။
“ဒါက နေမင်းပြာကျောင်းတော်လား” နန်မန်တကျွင်းသည် ဘေးပတ်ဝန်းကျင်ကို လှည့်ပတ်စူးစမ်းရင်းမှ “ဘာမှလည်း သိပ်မဟုတ်ပါလား။ ကျုပ်တို့ ထက်ကောင်းကင်နန်းတော် လောက်တောင် မခမ်းနားဘူး။ မိုးမြေစွမ်းအင်လည်း အတူတူပဲ”
“အလုပ်လုပ်ဖို့ကိုပဲ အာရုံစိုက်၊ အပိုစကားတွေ ပြောမနေနဲ့” ရန်ကိုင်က ရှေ့မှသွားနေရင်းမှ ပြောလိုက်သည်။
နန်မန်တကျွင်းက ရယ်မောလျက် “ဟုတ်ကဲ့၊ ဟုတ်ကဲ့၊ ဟုတ်ကဲ့။ ဒါနဲ့ နန်းတော်သခင်၊ ရှောင်ဟို့က မေးခိုင်းလိုက်လို့... နန်းတော်သခင် စီးနေတဲ့ ပျံသန်းရေးမှော်ရတနာ ဘယ်လိုနေလဲတဲ့။ ထပ်ပြီး မွမ်းမံပေးဖို့ လိုသေးလားတဲ့”
“မလိုဘူး။ အဆင်ပြေတယ်”
“ပြီးတော့ နန်းတော်သခင်၊ နန်းတော်သခင် မရှိတုန်း ဟိုရေခဲနှလုံးသားတောင်ကြားက ကောင်မလေး ရောက်ရောက်လာတယ်။ နန်းတော်သခင် မရှိမှန်းသိရော ချက်ချင်း ပြန်ထွက်သွားကာ။ အဲ့တစ်ယောက်က နန်းတော်သခင်ရဲ့ မိန်းမလားဟင်”
“ခင်ဗျားလျှာ ပြတ်ချင်နေတာလား”
“ရပါတယ်။ မလိုပါဘူး။ ကျုပ်ထပ်မမေးတော့ဘူး” နန်းတော်တကျွင်း သူ့ပါးစပ်ကို ပိတ်လိုက်လေသည်။ သို့သော်ငြား တစ်ခဏတာသာ။ မကြာမီတွင် ငြိမ်မနေနိုင်တော့ဘဲ နောက်တစ်ကြိမ် ပွစိပွစိ လုပ်တော့ပြန်၏ “အဲ့ကောင်မလေးက တကယ်ကို မဆိုးဘူး...”
“ကျုပ်တို့ရောက်ပြီ’ ရန်ကိုင်က အောက်သို့ ပျံဆင်းသွားရင်းမှ ပြောလိုက်သည်။
အောက်ဘက်ရှိ လူများသည်လည်း ရန်ကိုင်တို့ ရောက်လာသည်ကို သတိထားမိကြသည်။ အကုန်လုံးသည် ရန်ကိုင်နှင့်အတူ အသစ်ရောက်လာသည့်လူအား စိတ်ဝင်တစားဖြင့် ကြည့်နေကြ၏။
နန်မန်တကျွင်းကမူ မည်သူ့ကိုမှ ဂရုမစိုက်နိုင်ဘဲ ငါးနှံ့ ရလိုက်သည့် ကြောင်တစ်ကောင်ပမာ နတ်ဆိုးချုပ်နှောင်နယ်မြေဆီကိုသာ စိတ်ဝင်တစားဖြင့် ကြည့်နေလေ၏။ ထို့နောက်တွင် စိတ်လှုပ်ရှားနေဟန်ဖြင့် နတ်ဆိုးချုပ်နှောင်နယ်မြေနားဆီသို့ တိုးကပ်သွားလေ၏။
တစ်ခဏအကြာတွင် ရန်ကိုင်ဘက်သို့လှည့်၍ ပြောလိုက်၏ “နန်းတော်သခင် ကျုပ်အောက်တစ်ချက် ဆင်းသွားလိုက်ဦးမယ်။ သတင်းကောင်းကို စောင့်နေလိုက်ပေတော့”
ထိုသို့ပြောပြီးနောက်တွင် မည်သူ့ကိုမှ ဂရုစိုက်မနေတော့ဘဲ အောက်သို့ ခုန်ဆင်းသွားလေ၏။
အခြားလူများကမူ ရန်ကိုင်ကိုသာ ကြည့်နေလေ၏။
ရန်ကိုင်က ပြောလိုက်လေ၏ “အဲ့လူက မြောက်ဘက်နယ်မြေက ဧကရာဇ်အဆင့် အစီအရင်ပညာရှင် နန်မန်တကျွင်းပဲ။ သူ့ဒီနားရောက်နေတာတွေ့လို့ကျုပ်သူ့ကို ခေါ်လာလိုက်တာ”
ဝမ်ကျိရှန်းကမူ ရန်ကိုင်ကိုသာ တပြုံးပြုံးဖြင့် ကြည့်နေခဲ့လေသည်။
အချိန်ကြာလာသည့်နောက်တွင် အောက်ဘက်ဆီသို့ သတင်းစကားများ ရရှိလာခဲ့သည်။ ဧကရာဇ်အဆင့် အစီအရင်ပညာရှင်တစ်ဦး ဆိုသည့်အတိုင်း၊ နန်မန်တကျွင်းသည် နတ်ဆိုးချုပ်နှောင် နယ်မြေထဲတွင် ကျန်ရစ်နေသော အစီအရင်များစွာကို ဖျက်စီးနိုင်ခဲ့လေသည်။
အစီအရင်များကို ဖျက်စီးပစ်ဖို့ရာ နှစ်ရက်ခန့် အချိန်ကြာခဲ့ပေသည်။ ထိုအချိန်အတောအတွင်း တောင်ဘက်နယ်မြေရှိ ထိပ်သီးဂိုဏ်းများ၏ ကိုယ်စားပြုမှုများသည် နတ်ဆိုးဝိဥာဉ်များလွတ်သွားသည့် သတင်းအကြောင်း မေးရန်အတွက် နေမင်းပြာကျောင်းတော်ဆီသို့ ရောက်ရှိလာကြလေသည်။ ကျောင်းတော်မှ လူများသည်လည်း ထိုလူများအား ဓါးတောင်ဆီသို့ ဖိတ်ခေါ်လိုက်ပြီး နတ်ဆိုးဝိဥာဉ်များ လွတ်သွားသည့် အကြောင်းကို ရှင်းပြလိုက်လေသည်။
အသေးစိတ် ကြားသိလိုက်ရပြီးနောက်တွင် လူတိုင်း၏ မျက်နှာများ စိုးရိမ်ပူပန်မှုတို့ဖြင့် ပြည့်နှက်လာခဲ့ရသည်။
နန်မန်တကျွင်းနှင့် ကျောင်းတော်၏ အစီအရင် ပညာရှင်များသည် နတ်ဆိုးချုပ်နှောင်နယ်မြေထဲတွင် ရှိနေသော ချိပ်စည်းများစွာကို ဖျက်စီးပစ်နိုင်ခဲ့သောငြား နတ်ဆိုးဝိဥာဉ်များနှင့် ပက်သက်သော မည်သည့် သဲလွန်စကိုမှ မရှာတွေ့ခဲ့ပေ။ သို့ရာတွင် အစီအရင်များနှင့် ပက်သက်၍မူ အကြောင်းအရာအချို့ကို သိခဲ့ရသည်။
ထို့ကြောင့် နောက်နောင် နတဆိုးဝိဥာဉ်များကို ချိပ်ပိတ်ရန် လိုအပ်လာခဲ့သည်ရှိသာ ယခု သူတို့သိလိုက်ရသည့် အစီအရင်များနှင့် ပက်သက်သော အကြောင်းအရာများမှာ အသုံးဝင်လာနိုင်၏။
မကြာမီ အကြီးအကဲလဲ့ဟုန်မှ ဦးဆောင်သော ကြယ်ဝိဥာဉ်နန်းတော်မှ သံတမန်များသည် မဟာဧကရာဇ်၏ အမိန့်တော်ကို ကိုင်ဆောင်ရင်း ရောက်ရှိလာခဲ့ကြလေသည်။ အမိန့်တော်အရ၊ မဟာဧကရာဇ်သည် တောင်ဘက်နယ်မြေထဲတွင် ရှိနေသော ဂိုဏ်းအသီးသီးအား၊ ၎င်းတို့၏ သက်ဆိုင်ရာ တပည့်များသည် နတ်ဆိုးဝိဥာဉ်များ၏ စီးနင်းထားခြင်း ခံထားရ၊ မခံထားရကို စစ်ဆေးရမည် ဖြစ်သည်။
မဟာဧကရာဇ်၏ အမိန့်တော်သည် ထိတ်လန့်တုန်လှုပ်နေသူများကို အနည်းငယ် စိတ်အားထက်သွားစေခဲ့သည်ဟု ပြော၍ရသည်။ သူတို့အနေဖြင့် နတ်ဆိုးများကို ရင်ဆိုင်နေရလျှင်ပင် သူတို့အား ကျောထောက်နောက်ခံပေးထားသော ကြယ်ဝိဥာဉ်နန်းတော်နှင့် လမင်းမဟာဧကရာဇ် ရှိနေပေသေးသည်။ ထို့အတွက်ကြောင့် နတ်ဆိုးဝိဥာဉ်များ မည်မျှပင် ဆန်းကြယ်နေစေကာမူ မဟာဧကရာဇ်မှ စောင့်ကြည့်နေသရွေ့ မည်သည့် ပြဿနာမှ ဖန်တီးနိုင်လိမ့်မည် မဟုတ်ပေ။
နတ်ဆိုးရှင်းလင်းရေးအမိန့်ကို ထုတ်ပြန်လိုက်ပြီးနောက်တွင် နေမင်းပြာကျောင်းတော်သို့ ရောက်နေကြသော ဧကရာဇ်အဆင့် ပညာရှင်များစွာတို့သည် သူတို့ဂိုဏ်းအသီးသီးကိုပြန်ကာ အစီအရင်ခံ တင်ပြရန် လုပ်ကြတော့သည်။
သို့သော်ငြား ထိုအခိုက်အတန့်မှာပင် အပြင်ဘက်ဆီမှ အနီရောင်အလင်းတန်းတစ်ခု ကျောင်းတော်ဆီသို့ ပျံသန်းဝင်ရောက်လာခဲ့လေသည်။ ထိုအလင်းတန်းသည် မည်သူ့ကိုမှ မျက်လုံးထဲ မထည့်သည့်အလား ခက်ထန်ကြမ်းကြုတ်သည့် အရှိန်အဝါကို ထုတ်လွှတ်နေပြီး ကျောင်းတော်ထဲသို့ ရောက်သည်နှင့် တစ်ပြိုင်နက် ဓါးတောင်တည့်တည့်သို့ ပျံသန်းလာလေ၏။
ထွက်ပြေးလွတ်မြောက်သွားသည့် နတ်ဆိုးဝိဥာဉ်များကြောင့် လက်ရှိအချိန်တွင် ပညာရှင်ပေါင်းများစွာ၏ စိတ်ခံစားချက်များမှာ တည်ငြိမ်နေခြင်း မရှိချေ။ ထို့ကြောင့် ယခုကဲ့သို့ ဘယ်သူမှန်းမသိရသည့် လူတစ်ဦးသည် နေမင်းပြာကျောင်းတော်ထဲသို့ အသိမပေးဘာမပေးဘဲ ရိုင်းပြသည့် ပုံစံမျိုးဖြင့် ဝင်လာသည့်အခါ လူပေါင်းများစွာ၏စိတ်ထဲ သူတို့ တိုက်ခိုက်ခံနေရပြီလား ဟူသော အတွေးမျိုး ရုတ်တရက် ထွက်ပေါ်လာကြလေသည်။
ထို့ကြောင့် အထိတ်ထိတ်အလန့်လန့်နှင့် လူပေါင်းများစွာသည် ကျူးကျော်ဝင်လာသည့် လူအား တိုက်ခိုက်လိုက်ကြတော့သည်။
လွန်ခဲ့သော ရက်အနည်းငယ်ခန့်က နေမင်းပြာကျောင်းတော်မှ အကြီးအကဲများစွာမှ ချန်ဝမ်ဟောင်၊ ဖုန်းမင်တို့နှင့်အတူ ပူးပေါင်း၍ တိုက်ခိုက်ခဲ့သည့် ဖြစ်ရပ်သည် ယခု အဖြစ်အပျက်နှင့် ယှဉ်လိုက်သော် ကလေးသာသာ ဖြစ်သွားခဲ့ရသည်။
ဤနေရာတွင် ဧကရာဇ်အဆင့် ပညာရှင်ပေါင်း တစ်ရာကျော် စုဝေးနေခဲ့ကြလေရာ ထိုထဲမှ သုံးပုံတစ်ပုံခန့် လှုပ်ရှားမည်ဆိုလျှင်ပင် ရင်ထိတ်စရာ ကောင်းလှပေသေးသည်။ ထိုသို့ဖြစ်လေရာ တကယ်တမ်း တိုက်ခိုက်ကြသည့် လူအရေအတွက်မှာ သုံးပုံတစ်ပုံပင် ကျော်နေခဲ့လေရာ ဘာပြောစရာ လိုဦးမည်နည်း။
ဧကရာဇ်ဖိအားတို့သည် အမျိုးမျိုးသော သိုင်းပညာရပ်များနှင့်အတူ ဘက်ပေါင်းစုံမှ ဖြာထွက်လာကြပြီး ပြေးဝင်လာနေသည့် အလင်းတန်းဆီသို့ တိုးဝင်သွားလေသည်။
အနီရောင်အလင်းတန်းမှာလည်း ထိုကဲ့သို့ ဖြစ်လိမ့်မည်ဟု မမျှော်လင့်ထားသည့်အလား အနည်းငယ် ဇဝေဇဝါ ဖြစ်နေသည့်ပုံပင်။ တိုးဝင်လာနေသည့် တိုက်ခိုက်မှုပေါင်းစုံကို ကြည့်ရင်း လေထဲ ကောက်ရပ်လိုက်လေသည်။ သူရပ်လိုက်ချိန် တိုက်ခိုက်မှုအလုံးစုံသည် သူ့အား လွှမ်းခြုံသွားခဲ့လေပြီ။
ထိုအခိုက်အတန့်မှာပင် အနီရောင်အလင်းတန်းဆီမှ အလွန်ကိုမှ ကျယ်လောင်သည့် နဂါးဟိန်းသံတစ်သံ ထွက်ပေါ်လာခဲ့သည်။ ထိုအသံကို ကြားလိုက်သည့်အခိုက် လူတိုင်း၏ အမူအရာ အပြောင်းလဲကြီး ပြောင်းလဲသွားခဲ့ကြလေသည်။ အကြောင်းမှာ ထိုနဂါးဟိန်းသံသည် သာမန်ရေနဂါးများ၏ ဟိန်းသံမဟုတ်ဘဲ တကယ့်နဂါးတစ်ကောင်၏ ဟိန်းသံ ဖြစ်နေသည့် အတွက်ကြောင့်ပင်။
နဂါးဟိန်းသံ ထွက်ပေါ်လာသည်နှင့် ရန်ကိုင်၏ သွေးမျိုးဆက်မှာလည်း လှုပ်ခတ်သွားရ၏။ ထို့နောက် မြင်လိုက်ရသည့် မြင်ကွင်းကြောင့် ရန်ကိုင် မျက်လုံးကြီး ပြူးသွားခဲ့လေသည်။
အနီရောင်အလင်းတန်းမှာ ပျောက်ကွယ်သွားခဲ့ချေပြီ။ ထို့အစား အနီရောင် အလင်းတန်း နေရာ၌ မီတာနှစ်ရာခန့် အလျားရှိသော တောင်တစ်လုံးမျှ ကြီးမားလှသည့် နဂါးကြီးတစ်ကောင် ရှိနေခဲ့သည်။ နဂါးကြီး၏ထိပ်တွင် ဦးချိုနှစ်ချောင်းရှိပြီး ခြေသည်းမှာတော့ လေးခုတိတိ ရှိနေသည်။ တစ်ကိုယ်လုံးကို လောင်မြိုက်နေသည့် မီးတောက်များပမာ ထင်မှတ်ရသော အနီရောင်ကြေးခွံများဖြင့် ဖုံးအုပ်ထား၏။
ဟူး...
ကောင်းကင်ပေါ်တွင် ရုတ်တရက် ပေါ်လာသည့် ဧရာမနဂါးကြီးကိုကြည့်ရင်း လူတိုင်း သက်ပြင်းရှိုက်လိုက်ကြလေသည်။ နဂါးကြီး၏ စူးရဲသည့်အကြောင့် အချို့ဆိုလျှင် ခြေထောက်များပင် ပျော့ခွေချင်လာခဲ့လေသည်။
နဂါးကလန်... ရောက်လာသည့်လူသည် အခြားမဟုတ်ဘဲ သွေးသန့်နဂါးတစ်ကောင် ဖြစ်နေလိမ့်မည်ဟု မည်သူမှ မမျှော်လင့်ထားခဲ့ကြပေ။
နဂါးဖိအားသည် ထိတွေ့ကိုင်တွယ်၍ရသည့် နဂါးရံတစ်ချပ်ပမာ ဧကရာဇ်အဆင့် ပညာရှင်ပေါင်း များစွာမှ ပူးပေါင်းဖန်တီးထားသည့် ဧကရာဇ်ဖိအားကို မှန်တစ်ချပ်ပမာ တစ်စစီ ဖျက်စီးပစ်လိုက်လေသည်။
ဘုန်း... ဘုန်း... ဘုန်း... ဧကရာဇ်အဆင့် ပညာရှင်ပေါင်းများစွာ၏ တို်ကခိုက်မှုများသည် နဂါးခန္ဓာကိုယ်ကို သွားရောက်ထိမှန်လေရာ နဂါးကြေးခွံများထက် မီးပွားများ ထွက်ပေါ်လာရလေ၏။ နဂါးကြီးမှာလည်း နာကျင်မှုကြောင့် ဟိန်းဟောက်အော်ဟစ်လေ၏။ နဂါးခန္ဓာကိုယ်သည် အလွန်ကိုမှ မာကျောလှသည့် အတွက်ကြောင့် ဧကရာဇ်အဆင့် ပညာရှင်များ၏ တိုက်ခိုက်မှုသည် နဂါးကြီးအား မည်သည့်ဒဏ်ရာမှ ရမသွားစေပါသော်ငြား နာကျင်အောင်တော့ လုပ်နိုင်ခဲ့လေသည်။
နဂါးကြီးမှာ ဒေါသထွက်ထွက်နှင့် အောက်ဘက်တွင် ရှိနေသော ကျင့်ကြံသူများဆီသို့ မီးတောက်များ မှုတ်ထုတ်လာခဲ့လေ၏။
မီးတောင်တစ်လုံး ပေါက်ကွဲထွက်လာသည့်ပမာ၊ ချစ်ချစ်တောက် ပူလောင်သော မီးတောက်တို့သည် ဓါးတောင်တစ်ခုလုံးအား လွှမ်းခြုံသွားခဲ့လေသည်။ မီးတောက်များ မရောက်လာသေးခင်မှာပင် လူတိုင်းမှာ မိမိအသား မီးအပူလောင်မှုကြောင့် နာကျင်လာသည်ကို ခံစားလိုက်ရသည်။ နဂါးမီးတောက်သည် မိုကောင်းကင်အောက်ရှိ အရာမှန်သမျှကို လောင်ကျွမ်းပစ်နိုင်သည့်အလား၊ ဧကရာဇ်အဆင့် ပညာရှင်များပင်လျှင် ထိုမီးတောက်ဆီမှ အန္တရာယ်အငွေ့အသက်ကို ခံစားနေခဲ့ရလေသည်။
“မကောင်းတော့ဘူး” ထိုအခိုက်အတန့်မှ ရန်ကိုင် ရုတ်တရက် အသိပြန်ဝင်လာပြီး ကျောက်စိမ်းပြားကို ကပျာကယာထုတ်၍ ထိုထဲသို့ ဧကရာဇ်ချီကို အသက်သွင်းကာ ဓါးတောင်၏ အကာအကွယ် အစီအရင်ကို အလျင်အမြန် အသက်သွင်းလိုက်လေသည်။
သို့ရာတွင် အလျင်စလို အသက်သွင်းလိုက်ရခြင်း ဖြစ်သည့်အတွက် အစီအရင်၏ တကယ့် စွမ်းအားကို ထုတ်ဖော်နိုင်ခဲ့ခြင်း မရှိချေ။ နဂါးမီးတောက် လာရောက်ထိမှန်သည်နှင့် တစ်ပြိုင်နက် အစီအရင်မှာ စတင်၍ ပုံပျက်လာခဲ့သည်။ တစ်ချိန်တည်းတွင် အစီအရင် မျက်နှာထက်ပြင် လှိုင်းတွန့်များ စတင် ထွက်ပေါ်လာလေ၏။
ပျက်စီးတော့မည့်နှယ် ဖြစ်နေသည့် အစီအရင်ကိုကြည့်ရင်း လူတိုင်း ထွက်ပြေးချင်လာခဲ့ကြ၏။ ထိုအခိုက်အတန့်မှာပင် လဲ့ဟုန်သည် ရှေ့သို့ပြေးတက်၍ လက်သီးတစ်လုံး ပစ်သွင်းလိုက်၏။
အစီအရင် အက်ကွဲသွားခဲ့ပြီး လက်ဇေးဇလုံ အရွယ်အစားခန့်ရှိသည့် လျှပ်စီးတန်းတစ်ခု မီးတောက်များဆီသို့ တိုးဝင်သွားခဲ့လေသည်။ ထိုလျှပ်စီးတန်း၏ အကူအညီကြောင့် ရန်ကိုင် ခံစားနေရသည့် ဖိအားမှာ အတော်လေး လျော့ကျသွားခဲ့ရသည်။
နဂါးကြီးမှာတော့ ဒေါမာန်တကြီးဖြင့် လျှပ်စီးတန်းကိုပါ အရည်ဖျော်ပစ်ချင်နေသည့်အလား မီးတောက်၏စွမ်းအားကို တိုးမြှင့်လိုက်လေသည်။
“တော်လောက်ပြီ” ဝမ်ကျိရှန်းက ရုတ်တရက် ထအော်ပြောလိုက်သည်။ ချပ်ပြားတစ်ခုကို လက်တစ်ဖက်တွင် ကိုင်ထားရင်းမှ ကျန်လက်တစ်ဖက်ကို ဝှေ့ရမ်းလိုက်ရာ အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး တိုးဝင်လာနေသည့် နဂါးမီးတောက်အားလုံးကို တားဆီးသွားခဲ့လေသည်။
နဂါးကြီးသည် အောက်ဘက်ရှိ လူများအား အထက်စီးမှ ငုံ့ကြည့်လာခဲ့သည်။ ၎င်း၏ မျက်လုံးများမှာတော့ ဒေါသမီးတောက်တို့ဖြင့် ပြည့်နေခဲ့ပြီး နောက်ထပ်မီးတောက်တစ်ခုကို မှုတ်ထုတ်ချင်နေသေးသည့်အလား ပါးစပ်မှာတော့ လှုပ်စိလှုပ်စိ ဖြစ်နေခဲ့သည်။
ရန်ကိုင်သည် ဓါးတောင်၏ အကာအကွယ် အစီအရင်များကို ပြန်ရုတ်သိမ်းလိုက်ရင်း နဖူးထက် ဝေ့သီလာသည့် ချွေးအေးများကို သုတ်လိုက်လေ၏။
“မင်းဘာလို့လာရတာလဲ နဂါး” ဝမ်ကျိရှန်းသည် ကောင်းကင်ထက်တွင် ဝဲနေသည့် နဂါးကို အလေးအနက် အမူအရာဖြင့် စိုက်ကြည့်ရင်းမှ မေးလိုက်လေသည်။ သူ့စိတ်ထဲတွင်လည်း နေမင်းပြာကျောင်းတော် တကယ်ကို ကံဆိုးပါလားဟုလည်း တွေးနေမိခဲ့သည်။ နတ်ဆိုးဝိဥာဉ်များ လွတ်မြောက်သွားခဲ့ပြီး လောကတစ်သောင်းမဟာဧကရာဇ် ပိတ်မိသွားကာ ကောင်းကင်ဝါးခြင်းသူမှာတော့ လွတ်မြောက်သွားခဲ့ရသည်။ ယခုဆိလျှင်လည်း နဂါးတစ်ကောင် သူတို့အား လာပြဿနာ ရှာနေပြန်လေသည်။
သွေးသန့်နဂါးတစ်ကောင်နှင့် ရင်ဆိုင်နေရသည့်အတွက်ကြောင့် ဝမ်ကျိရှန်းမှာ အနည်းငယ်မျှပင် ပေါ့ပျက်ပျက် မနေရဲ့ခဲ့ပေ။ ကြယ်တာရာအစုအဝေးတစ်ခုလုံး၌ သွေးသန့်နဂါးများကို မြင်တွေ့နိုင်သည့် နေရာဆို၍ တစ်နေရာသာရှိသည်... နဂါးကျွန်းပင်။ နဂါးကျါန်းသည် မဟာဧကရာဇ်သည်ပင်လျှင် အထင်မသေးရဲသည့် အင်အားစုတစ်ခု ဖြစ်သည်။
“ဘယ်သူငါ့ကို တိုက်ခိုက်လိုက်တာ။ ခုနတုန်းက ဘယ်သူငါ့ကို တိုက်ခိုက်လိုက်တာလဲကွ” နဂါးနီကြီးသည် ဝမ်ကျိရှန်း၏ အမေးကို ပြန်မဖြေခဲ့ဘဲ ဒေါမာန်တကြီးသာ အော်ဟစ်နေခဲ့သည်။ ၎င်း၏ အော်ဟစ်သံကြီးသည် နေမင်းပြာကျောင်းတော် တစ်ခုလုံးကိုပင် တုန်ခါနေစေခဲ့လေသည်။
နဂါးနီအား မတော်တဆ တိုက်ခိုက်လိုက်သည့် ဧကရာဇ်အဆင့် ပညာရှင်များမှာတော့ နဂါးနီ၏ အော်မေးသံကိုကြားပြီးနောက် ဇောချွေးပျံကုန်ကြလေသည်။ အကုန်လုံးမှာ နဂါးနီမှ သူတို့အား မမှတ်မိသွားလေအောင် လူအုပ်ကြီးထဲ တိုးဝင်ကာ ပုန်းအောင်းနေကြ၏။
“မင်း၊ မင်း၊ ပြီးတော့ မင်း” နဂါးနီသည် လူအုပ်ကြီးကို ဝေ့ကြည့်ရင်းမှ “မင်းလည်းပါတယ်၊ ပုန်းမနေနဲ့။ ခုနတုန်းက မင်းငါ့ကို တိုက်ခိုက်လိုက်တာကို ငါမြင်တယ်။ မင်းတို့အားလုံး ငါ့ကို တိုက်ခိုက်ခဲ့တာ”
“ကျုပ်... မတိုက်ခိုက်ခဲ့ရပါဘူး ဆရာနဂါးရယ်။ ဆရာနဂါး အမြင်မှားတာ နေမှာပါ...” ထိုသို့ ပြောပြီးနောက်တွင် ထိုလူသည် လူအုပ်ကြီးထဲသို့ပင် ပိုလို့ တိုးဝင်သွားခဲ့လေသည်။
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၂၉၃၅)
ဘာသာပြန်သူ_တိမ်တိုက်
နဂါးကလန်ကို ရန်စမိလိုက်ခြင်းသည် ပေါ့သေးသေးပြဿနာတစ်ရပ် မဟုတ်ချေ။ နဂါးကလန်သားများသည် အလွန်ကိုမှ ဂုဏ်ယူဝံ့ကြွားကြပြီး သူတို့ကိုယ်သူတို့ သားရဲများ၏ အရှင်သခင်ဟု ခံယူထားကြသည့်လူများလည်း ဖြစ်ကြသည်။ ရောက်လာသည့်လူသည် နဂါးကလန်သားတစ်ဦးမှန်းသာ ကြိုသိခဲ့မည်ဆိုလျှင် ဤနေရာ၌ရှိနေသည့် မည်သည့်ဧကရာဇ်အဆင့် ပညာရှင်မှ မဆင်မခြင် လှုပ်ရှားခဲ့လိမ့်မည် မဟုတ်ချေ။ သို့သော်ငြား နဂါးနီသည် ယခုကဲ့သို့အချိန်မျိုးတွင်မှ အသိမပေးဘာမပေး ဗြုန်းစားကြီး ရောက်လာသည့်အတွက်ကြောင့် လူတိုင်းမှာလည်း အမှတ်မထင် လှုပ်ရှားမိလိုက်ကြလေသည်။
နဂါးကလန်သားတစ်ဦးကို တိုက်ခိုက်လိုက်ခြင်းသည် နဂါးကလန်ကို အရှက်ခွဲလိုက်ခြင်းနှင့် အတူတူသာ ဖြစ်လေသည်။ ကံကောင်းစွာဖြင့် ရောက်လာသည့်လူ မည်သူဖြစ်နေစေကာမူ လူတိုင်းသည် နဂါးနီအား တိုက်ခိုက်လိုက်ချိန်တွင် သူတို့၏ခွန်အားကို ထိမ်ချန်ထားခဲ့လေသည်။ အစွမ်းကုန်တိုက်ခိုက်ခဲ့ခြင်း မရှိခဲ့။ ထိုသို့သာမဟုတ်ဘဲ ဤနဂါးကလန်သားကိုသာ ဒဏ်ရာရသွားအောင် လုပ်မိမည်ဆိုပါက ဤနေရာတွင်ရှိနေသည့်လူအားလုံး ပြဿနာတက်ကြရပေလိမ့်မည်။
“လုပ်တုန်းကတော့ လုပ်ရဲပြီး ဝန်ခံဖို့သတ္တိကြတော့ မရှိဘူးပေါ့ ဟုတ်လား…” နဂါးနီသည် ဟိန်းဟောက်အော်ဟစ်လိုက်လေသည်။ “အမှိုက်ကောင်တွေ… မင်းတို့အားလုံး သေရမယ်…”
ထိုစကားထွက်လာသည်နှင့်တစ်ပြိုင်နက် ဧကရာဇ်အဆင့်ပညာရှင်ပေါင်းများစွာ၏အမူအယာများ အပြောင်းလဲကြီး ပြောင်းလဲသွားခဲ့ကြလေသည်။ နဂါးတစ်ကောင်သည် ရင်ဆိုင်ဖို့ရာ မလွယ်ကူပေ။ ဒေါသထွက်နေသည့်နဂါးတစ်ကောင်ဆိုလျှင်တော့ ပို၍ပင် ဆိုးသေးသည်။ ဤနေရာတွင် ဧကရာဇ်အဆင့်ပညာရှင် ရာနှင့်ချီကာ ရှိနေသည့်အတွက်ကြောင့် သူတို့သာ အတူပူးပေါင်းတိုက်ခိုက်မည်ဆိုလျှင် နဂါးတစ်ကောင်လောက်ကို ကြောက်နေစရာမလိုပေ။ သို့သော်ငြား သူတို့သည်သာ ဤနဂါးကို အမှန်တကယ် ထိခိုက်အောင် လုပ်မိမည်ဆိုလျှင်ရော။ ဤနဂါး၏နောက်ကွယ်တွင် နဂါးကျွန်း ရှိနေပေသည်။ နဂါးကျွန်းကိုသာ သွားရန်စမိမည်ဆိုလျှင် ကြယ်တာရာအစုအဝေးတစ်ခုလုံး ဂယက်ရိုက်သွားရပေလိမ့်မည်။ နဂါးကလန် ပြဿနာရှာမည့်ကိစ္စသည် နတ်ဆိုးဝိဉာဉ်များ ပြန်ပေါ်လာသည့်ကိစ္စထက်ပင် အဆပေါင်းများစွာ ပိုဆိုးပေသေးသည်။
နဂါးနီသည် အမှန်တကယ်ကို ဒေါသထွက်နေပေသည်။ အောက်ဘက်ရှိလူများကို ခြိမ်းခြောက်စကားအော်ပြောပြီးသည်နှင့်တစ်ပြိုင်နက် တိုက်ခိုက်ရန် ပြင်တော့လေသည်။ ထိုအချင်းအရာကိုကြည့်ရင်း ဝမ်ကျိရှန်း၏အမူအယာ လေးနက်သွားခဲ့လေ၏။ နဂါးကျွန်းအား ရန်စမိမည်ဆိုလျှင်ပင် ဧကရာဇ်အဆင့်ပညာရှင်ပေါင်းများစွာကို နေမင်းပြာကျောင်းတော်ထဲ အသေခံခိုင်း၍မဖြစ်ဟု ဆုံးဖြတ်လိုက်လေသည်။ ထို့အတွက်ကြောင့် ဂိုဏ်းကာကွယ်ရေးအစီအရင်ကို အသက်သွင်းရန်ပင် စဉ်းစားထားလေ၏။
“နေပါဦး…” လဲ့ဟုန်က ရုတ်တရက်အော်ပြောလိုက်သည်။
“သက်ကြားအိုကြီး… ကျုပ်ကိုတိုက်ခိုက်လိုက်တဲ့အထဲမှာ ခင်ဗျားလည်းပါတယ်…” နဂါးနီသည် ကောင်းကင်ထက်တွင် ရုတ်တရက်ဝဲနေရင်းမှ အောက်သို့ဆင်းလိုက်ရာ သူ၏နဂါးခေါင်းသည် လဲ့ဟုန်နှင့် ဆယ်မီတာလောက်သာ ဝေးကွာသွားရတော့သည်။ လက်ရှိအချိန်တွင် အိမ်တစ်လုံးထက်ပင် ပို၍ကြီးမားသော မျက်လုံးကြီးများသည် ရန်လိုမှုအပြည့်ဖြင့် လဲ့ဟုန်အား စိုက်ကြည့်နေခဲ့လေသည်။
လူတိုင်းမှာတော့ လဲ့ဟုန်အတွက် ဇောချွေးပြန်နေကြလေသည်။
သို့ရာတွင် လဲ့ဟုန်ကမူ လက်သီးဆုပ်၍သာ ပြောလိုက်လေသည်။ “ရောင်းရင်းနဂါးကလေ အရှေ့ပိုင်းပင်လယ် နဂါးကျွန်းက လာတာလားဆိုတာကို တစ်ချက်လောက် သိလို့ရမလား…”
“လာတော့ဘာဖြစ်လဲ…” နဂါးနှာခေါင်းဆီမှ ပူနွေးနွေးအခိုးအငွေ့များ ထွက်လာခဲ့သည်။ ထိုအပူငွေ့များကြောင့် လဲ့ဟုန်၏ အသားအရေမှာ မီးလောင်ခံနေရသည့်အလား အနည်းငယ်နီမြန်းလာခဲ့လေသည်။
“တကယ်ကြီးဖြစ်နေတာကိုး…” လဲ့ဟုန်က ရုတ်တရက် နားလည်သွားဟန်ဖြင့် ပြုံးလျက် “အရှေ့ပိုင်းပင်လယ်က တစ်နေရာရာမှာ နဂါးကျွန်းရှိတယ်လို့ ကောလဟာလတွေရှိတယ်… အဲ့နဂါးကျွန်းမှာ နဂါးတွေကို မြင်နိုင်တယ်တဲ့… ဒါပေမယ့် ဘယ်သူမှတော့ အဲ့နဂါးကျွန်းကို တစ်ခါမှမတွေ့ဖူးဘူး… အဲ့လိုဆိုရင်တောင် နဂါးကျွန်းရဲ့ဂုဏ်သတင်းက မဟာဧကရာဇ်တွေ တည်ထောင်ထားတဲ့ ဂိုဏ်းတွေလိုပဲ နာမည်ကျော်ကြားနေတုန်းပဲ… ဒီနေ့မှာတော့ နဂါးကျွန်းက တကယ့်နဂါးတစ်ကောင်ကို ဒီမှာ လာပြီး မြင်တွေ့ရလိမ့်မယ်လို့ မထင်ထားခဲ့ဘူး… ကျုပ် တကယ်ကို ကံကောင်းတာပဲ…”
ကြယ်ဝိဉာဉ်နန်းတော်မှ အကြီးအကဲချုပ်သည် အခြားသူတစ်ပါးအား ယခုကဲ့သို့ ဖားဖားယားယား အမူအယာမျိုးနှင့် ပြောနေသည်ကိုကြည့်ရင်း အနီးအနားတွင်ရှိနေကြသည့် ဧကရာဇ်အဆင့်ပညာရှင်ပေါင်းများစွာ မင်သက်နေကုန်ကြလေသည်။
သို့သော်ငြား အကြီးအကဲလဲ့ဟုန်၏စကားမှာ အမှန်တကယ်ကို အလုပ်ဖြစ်သွားသည်ဟု ပြော၍ရသည်။
နဂါးဒေါသ အတော်လေးပြေလျော့သွားသည်ကို လူတိုင်း ခံစားမိလိုက်ကြသည်။ နဂါးခေါင်းကြီးသည် လဲ့ဟုန်ဆီမှ ခပ်လှမ်းလှမ်းသို့ ပြန်ရွေ့သွားခဲ့ပြီး ဝံ့ကြွားသည့်အမူအယာဖြင့် ခေါင်းညိတ်လျက် ကျယ်လောင်စွာအော်ပြောလိုက်လေသည်။ “ဟမ့်… ခင်ဗျားက နည်းနည်းပါးပါးတော့ သိသေးသားပဲ သက်ကြားအိုကြီး… ဟမ့်… ဒါပေမယ့် ဘယ်သူကများ ကျုပ်တို့နဂါးကျွန်းရဲ့အကြောင်းကို မသိဘဲနေလို့လဲ… မဟာဧကရာဇ်ဂိုဏ်းတစ်ဂိုဏ်းနဲ့များ လာယှဉ်နေသေးတယ်… အဲ့လိုဂိုဏ်းတွေက ကျုပ်တို့နဂါးကျွန်းနဲ့ ယှဉ်နိုင်မှာလား…”
လဲ့ဟုန် ခြောက်ကပ်ကပ်သာ အော်ရယ်မောနေလိုက်လေသည်။ ဤနဂါး၏စကားနှင့်ပတ်သက်၍ သူ့စိတ်ထဲ မကျေနပ်မိပါသော်ငြား မကျေနပ်ကြောင်း သွားထုတ်ပြ၍တော့ မဖြစ်ပေ။
တကယ်တော့ သူသည် မဟာဧကရာဇ်ဂိုဏ်းတစ်ဂိုဏ်း၏ အကြီးအကဲချုပ် မဟုတ်ပေလော။ ဤနဂါးမှ မဟာဧကရာဇ်ဂိုဏ်းတစ်ဂိုဏ်းအား အထင်သေးနေသည်ကို အကြီးအကဲချုပ်အနေဖြင့် မည်ကဲ့သို့များ မည်သို့မှမဖြစ်ဘဲ နေနိုင်ပါမည်နည်း။ သို့သော်ငြား နဂါးကလန်သားများ၏ စရိုက်အကြောင်းကို သိထားသူပီပီ မီးတောက်ထဲ လောင်စာထပ်မဖြည့်ချင်တော့သည့်အတွက်ကြောင့် ဆိတ်ဆိတ်သာ နေလိုက်တော့လေသည်။
နဂါးနီမှာတော့ အချိန်နှင့်အမျှ ပိုပို၍ မောက်မာဝံ့ကြွားလာနေခဲ့လေသည်။ “ငါတို့နဂါးကလန်က မင်းတို့လို အမှိုက်ကောင်တွေနဲ့ မပြိုင်ချင်လို့ အေးအေးဆေးဆေးနေနေတာ ကံကောင်းသွားတယ်မှတ်… မဟုတ်ရင် ငါတို့နဂါးကျွန်းက လက်ရွေးစင်တွေသာ ကြယ်တာရာအစုအဝေးထဲ ထွက်လာမယ်ဆိုရင် ဘယ်မဟာဧကရာဇ်ပဲဖြစ်ဖြစ် ဘာမှအရေးမပါတော့ဘူး… သူတို့အကုန်လုံး ဘေးဖယ်ပေးရတော့မှာ… အခုတောင် ငါ့မီးတောက်တစ်ချက်နဲ့ မင်းတို့အကုန်လုံးကို ပြာကျသွားအောင် လုပ်ပစ်နိုင်တယ်ဆိုတာ မယုံမရှိနဲ့…”
ပြောရင်းပြောရင်း နဂါးနီ၏စကားလုံးများသည် ပိုပို၍ ဝံ့ကြွားမောက်မာလာခဲ့လေသည်။ ထို့အတွက်ကြောင့် ဧကရာဇ်အဆင့်ပညာရှင်ပေါင်းများစွာမှာ နဂါးနီပြောသည့်စကားများကို နားထောင်ရင်း မျက်မှောင်ကျုံ့မိသွားကြသည်။ ထိုအချင်းအရာကိုမြင်သော် လဲ့ဟုန်က အလျင်အမြန် ဖြတ်ပြောလိုက်လေသည်။ “နဂါးကလန်က ကြယ်တာရာအစုအဝေးထဲမှာ ပေါ်မလာတာ ကြာနေပြီဆိုတော့ အခုမှ ကျုပ်တို့လည်း ပထမဦးဆုံးအကြိမ် နဂါးကလန်က အဖွဲ့သားတစ်ယောက်ကို မြင်လိုက်ရတာမလို့ အခုလိုမျိုး သေသေချာချာ မမှတ်မိဘဲ တိုက်ခိုက်မိသွားသလို ဖြစ်သွားရတာပါ… ရောင်းရင်းနဂါး လာတယ်လို့ မထင်ဘဲနဲ့ ရန်သူတစ်ယောက် လာတယ်လို့ထင်ပြီး ကျုပ်တို့အကုန်လုံး အခုလိုမျိုး အလျင်စလို လှုပ်ရှားမိသွားတာပါ…”
“ဟုတ်ပါတယ် ဟုတ်ပါတယ်… ကျုပ်တို့ ရန်သူရောက်လာတယ်ထင်ပြီး အခုလိုမျိုး လုပ်မိလိုက်တာပါ… ကျေးဇူးပြုပြီး စိတ်ထဲမထားပါနဲ့ ဆရာရယ်…”
“ဆရာသာ အခုလိုမျိုးပုံစံနဲ့ အစောကြီးတည်းက ဝင်လာခဲ့မယ်ဆိုရင် ကျုပ်တို့ ဆရာ့ကို လုံးဝတိုက်ခိုက်မိမှာမဟုတ်ပါဘူး…”
“ဆရာ့လိုကြီးမြတ်တဲ့ နဂါးတစ်ကောင်ကို မြင်လိုက်ရတာ ကျုပ်တို့အတွက်တော့ တကယ်ကို ဂုဏ်ယူစရာပါပဲ…”
လူအုပ်ကြီးမှာ စတင်၍ နဂါးကလန်သားအား ချီးမွမ်းပြောဆိုတော့လေသည်။ ဤနဂါးနီသည် အလွန်ကိုမှ မောက်မာဝံ့ကြွားပါသော်ငြား သူ့အား ချီးကျူးစကားပြောပေးလိုက်ရုံဖြင့် သူ၏ဒေါသကို အလွယ်တကူ ပြေပျောက်စေနိုင်မှန်း လူတိုင်း သတိထားမိသွားကြသည်။ ဤသည်မှာ အလွန်တရာကိုမှ ဂုဏ်ယူမောက်မာဝံ့ကြွားသည့်သူများနှင့် ပတ်သက်သည့် ပြဿနာတစ်ရပ်ဖြစ်ပေသည်။ ထိုလူများမှာ အလွန်ကိုမှ ဂုဏ်ယူဝံ့ကြွားလွန်းအတွက်ကြောင့် မိမိကိုယ်ကို အလွန်ကိုမှ နှိမ့်ချနေသည့်လူများနှင့် အချိန်ကုန်ခံ ပြဿနာမဖြစ်ချင်ပေ။
ချီးကျူးစကားပြောလိုက်၍ မိမိအသား ပဲ့ပါမသွားသည့်အတွက်ကြောင့် လူအုပ်ကြီးမှာလည်း လျှာရိုးမရှိတိုင်း နဂါးနီအား အတတ်နိုင်ဆုံး ချီးကျူးစကား ပြောနေကြတော့လေသည်။
ထိုလူများပြောနေသည့်ချီးကျူးစကားများကို နားထောင်ရင်း နဂါးနီမှာ အတော်လေးကိုမှ ကျေနပ်ပီတိ ဖြစ်နေလေသည်။ မီးတောင်ရှင်တစ်လုံးနှယ် ပေါက်ကွဲလုမတတ် ဖြစ်နေသော သူ၏ဒေါသမှာ ပျောက်ချင်းမလှ ပျောက်ကွယ်သွားခဲ့ပြီး နှာခေါင်းတစ်ချက်ရှုံ့လျက် “ထားလိုက်တော့… ငါ မင်းတို့လိုလူတွေနဲ့ လေကုန်မခံချင်တော့ဘူး… ဒါပေမယ့် နောက်တစ်ကြိမ်ကြရင်တော့ မင်းတို့ မတိုက်ခိုက်ခင် ကိုယ့်မျက်လုံးကိုယ် သေချာဖွင့်ကြည့်ထားကြ… ဘယ်သူလာလဲဆိုတာကို…”
ထိုအခါမှသာလျှင် အကုန်လုံး သက်ပြင်းချနိုင်သွားခဲ့ပြီး ဝမ်ကျိရှန်းသည်လည်း လဲ့ဟုန်အား ကျေးဇူးတင်တကြီးဖြင့် ကြည့်လိုက်ရင်း ဂိုဏ်းကာကွယ်ရေးအစီအရင်အား အသက်သွင်းမည့်အကြံအစည်ကို ဖယ်ရှားလိုက်တော့လေသည်။
ကျောင်းတော်ထဲတွင် ကိစ္စပေါင်းများစွာ ဖြစ်ပျက်သွားခဲ့သည်။ သူကိုယ်တိုင်သည်လည်း ကောင်းကင်တက်လှမ်းခြင်းကြေးမုံထဲတွင် ဒဏ်ရာရသွားသည့်အတွက်ကြောင့် ဝမ်ကျိရှန်း၏စိတ်အစုံမှာ အမျိုးမျိုးသောပြဿနာပေါင်းများစွာနှင့် ယောက်ယက်ခတ်နေရသည်။ လဲ့ဟုန်သည်သာ ယခုနေ သူ့အား ဝင်မကူခဲ့ပါလျှင် ဝမ်ကျိရှန်းအနေဖြင့် ပို၍ ပြဿနာတက်သွားရနိုင်ပေသည်။ ဧကရာဇ်အဆင့်ပညာရှင်များနှင့် နဂါးနီသာ ပြဿနာဖြစ်မည်ဆိုပါက နောက်ဆုံးတွင် မည်သူနိုင်နိုင်ရှုံးရှုံး ကိစ္စမရှိ။ တကယ်ခံရမည့်လူမှာ နေမင်းပြာကျောင်းတော်သာ ဖြစ်လေသည်။
လဲ့ဟုန်ကမူ ဘာမှစိတ်ပူစရာမလိုကြောင်း ပြုံး၍ နှစ်သိမ့်ပေးလိုက်လေသည်။
ထို့နောက်တွင် ဝမ်ကျိရှန်းသည် လက်သီးဆုပ်၍ မေးလိုက်လေ၏။ “ရောင်းရင်းက နဂါးကလန်က လာတာဆိုတော့ နဂါးကလန်က ဘယ်နဂါးလဲဆိုတာကို သိလို့ရမလားမသိဘူး…”
“ဒီနဂါးနာမည်က ကျုလဲ့ပဲ…” နဂါးနီသည် ခေါင်းကိုမော့ အမြီးကိုလှုပ်ခါရင်းမှ ဂုဏ်ယူဝံ့ကြွားသည့်လေသံဖြင့် ပြောလိုက်လေသည်။
“ဆရာကျုလဲ့ပေါ့… ဒါနဲ့ ဆရာကျုလဲ့ ကျုပ်တို့နေမင်းပြာကျောင်းတော်ကို ဘာလာလုပ်လဲဆိုတာ ဒီဝမ် သိလို့ရမလား…”
“ကျုပ် လူတစ်ယောက်ကို လာရှာတာ…” ကျုလဲ့သည် ၎င်း၏ နဂါးခေါင်းကြီးဖြင့် လူအုပ်ကြီးအား ဝေ့ကြည့်လျက် မေးလိုက်လေသည်။ “ရန်ကိုင်ဆိုတဲ့လူက ဘယ်မှာလဲ…”
ပွဲကြီးပွဲကောင်းကို အငြိမ်သား ထိုင်ကြည့်နေသော ရန်ကိုင်မှာ ရုတ််တရက် နဂါးနီမှ သူ့အား ခေါ်နေမှန်း ကြားလိုက်သော် ကြောင်သွားခဲ့လေသည်။
ရာနှင့်ချီသော မျက်လုံးများသည် ရန်ကိုင်ဆီသို့ စုပြုံရောက်ရှိလာကြသည်။ ရန်ကိုင်နားတွင်ရပ်နေသော ဧကရာဇ်အဆင့်ပညာရှင်များသည်ပင်လျှင် ရန်ကိုင်အား ကပ်ပါးတစ်ကောင်နှယ် ခပ်ဝေးဝေးသို့ ရှောင်ဖယ်သွားကြလေသည်။
ဝမ်ကျိရှန်းသည်လည်း ကြောင်သွားခဲ့လေ၏။ နဂါးကျွန်းမှ နဂါးတစ်ကောင် နေမင်းပြာကျောင်းတော်သို့ ရောက်ရှိလာရခြင်းမှာ နတ်ဆိုးများ ပြန်ပေါ်လာသည့်ကိစ္စနှင့် ပတ်သက်နေလိမ့်မည်ဟု ဝမ်ကျိရှန်း ထင်ထားခဲ့လေသည်။ နဂါးကလန်သည် သူတို့ကိုယ်သူတို့ သားရဲများ၏အရှင်သခင်ဟု ကြွေးကြော်နေလေသလို အလွန်ကိုမှလည်း ဂုဏ်ယူဝံ့ကြွားကြပါသော်ငြား သူတို့ကြွားဝါသည့်အတိုင်း နဂါးကလန်သည် နှစ်ပေါင်းမရေမတွက်နိုင်အောင် ကြာညောင်းလှသည့် အမွေအနှစ်ကို ပိုင်ဆိုင်ထားသည့် အလွန်ကိုမှအားကောင်းသော မျိုးနွယ်စုတစ်ခု ဖြစ်ပေသည်။ ဤလောကကြီးတွင် နတ်ဆိုးမျိုးနွယ်စုအကြောင်းသိသည့် မျိုးနွယ်စုတစ်ခု ရှိမည်ဆိုလျှင် ထိုမျိုးနွယ်စုသည် နဂါးကလန်သာ ဖြစ်ပေလိမ့်မည်။
သို့သော်ငြား ဤနဂါး ဤနေရာသို့ ရောက်လာရခြင်းမှာ နတ်ဆိုးဝိဉာဉ်များ ထွက်ပေါ်လာသည့် ကိစ္စကြောင့်မဟုတ်ဘဲ ရန်ကိုင်ကြောင့် ဖြစ်နေလိမ့်မည်ဟု မည်သူကများ သိပါမည်နည်း။
ဝမ်ကျိရှန်းသည် ရန်ကိုင်အား လှမ်း၍ ကြည့်လိုက်သည်။ ရန်ကိုင်ကိုယ်တိုင်မှာတော့ လုံးဝကို မင်သက်နေခဲ့ရလေ၏။
“မင်းက ရန်ကိုင်လား…” မည်သူမျှပင် ပြောမနေခဲ့။ လူတိုင်းမှာ သူ့ဘေးနားမှ ရှောင်ဖယ်သွားသလို အကုန်လုံးမှာလည်း ထိုလူတစ်ဦးတည်းကိုသာ စိုက်ကြည့်နေသည့်အတွက်ကြောင့် နဂါးနီသည် ရန်ကိုင် မည်သူမည်ဝါဖြစ်သလဲဆိုသည်ကို ချက်ချင်း တန်းခန့်မှန်းမိသွားခဲ့လေသည်။ ထို့နောက်တွင် မည်သည့်အပိုစကားမှ ပြောမနေတော့ဘဲ ချက်ချင်း အမိန့်ပေးလိုက်လေ၏။ “ငါ့နောက်လိုက်ခဲ့…”
“ဘယ်ကိုလိုက်ရမှာလဲ…” ရန်ကိုင် မျက်မှောင်ကျုံ့သွားခဲ့သည်။
“ဘယ်လိုက်ရမလဲ… နဂါးကျွန်းပေါ့ကွ…” ကျုလဲ့က စိတ်မရှည်ဟန်ဖြင့် ပြန်ပြောလိုက်လေသည်။
လူတိုင်း ပင့်သက်ရှိုက်သွားကြသည်။ ဤနေရာတွင်ရှိနေသည့်လူများမှာ ဧကရာဇ်အဆင့်ပညာရှင်များ ဖြစ်နေကြသည့်တိုင် ထိုစကားကို ကြားပြီးသည့်နောက် တည်တည်ငြိမ်ငြိမ် မနေနိုင်ကြတော့ချေ။ နဂါးကလန်သို့ သွားနိုင်ခွင့်ရခြင်းသည် ကျင့်ကြံသူတစ်ဦးအတွက်တော့ အလွန်ကိုမှ ဂုဏ်ယူစရာကောင်းသည့် ကိစ္စရပ်တစ်ခု ဖြစ်ပေသည်။ သို့သော်ငြား လက်ရှိ ကျုလဲ့၏ပုံစံကို ကြည့်ရသလောက် နဂါးကလန်သို့သွားခြင်းသည် အခွင့်အလမ်းကောင်းတစ်ခုမဟုတ်ဘဲ ရန်ကိုင်အတွက် ကပ်ဘေးတစ်ခု ဖြစ်နေမည်ကို လူတိုင်း စိုးရိမ်နေမိကြသည်။
ရန်ကိုင် နဂါးကလန်နှင့် နဂါးကျွန်းအား မည်ကဲ့သို့ ရန်စမိသွားသလဲဆိုသည်ကို မည်သူမျှ မသိကြချေ။
သို့ရာတွင် ရန်ကိုင်မှာမူ တစ်ခုခုအား နားလည်သွားသည့်အလား မျက်မှောင်ကျုံ့၍ ပြန်မေးလိုက်လေသည်။ “ကျုချင်း ခင်ဗျားကိုလာဖို့ ပြောလိုက်တာလား…”
“သူ့မှာ ငါ့ကို အမိန့်ပေးနိုင်တဲ့အရည်အချင်း မရှိဘူး…” ကျုလဲ့က အေးစက်စက်အမူအယာဖြင့် ပြောလိုက်လေသည်။
“အဲ့ဒါဆို ခင်ဗျားကို အမိန့်ပေးလိုက်တဲ့လူက ဘယ်သူလဲ…” ရန်ကိုင်က ပြန်မေးလိုက်သည်။
ကျုလဲ့သည် စိတ်မရှည်ဟန်ဖြင့် ၎င်း၏နဂါးအမြီးကို ဝှေ့ယမ်းရင်းမှ အလွန်တရာကိုမှ ကျယ်လောင်သည့်လေသံဖြင့် ပြန်ပြောလိုက်လေသည်။ “မင်းသိစရာမလိုဘူး… ငါ့နောက်ပြန်လိုက်ခဲ့ဖို့ပဲ လိုတယ်…”
ရန်ကိုင်က ပြုံး၍ ပြောလိုက်လေသည်။ “ကျုပ်လည်း နဂါးကျွန်းကို သွားလည်ချင်ပါတယ်… ဒါပေမယ့် အခုက အဲ့လို လည်လို့ကောင်းတဲ့ အခြေအနေမှမဟုတ်တာ… ဒီမှာ ကျုပ်လုပ်စရာကိစ္စတွေ အများကြီးရှိသေးတယ်… ဒီတော့ ရောင်းရင်းကျုလဲ့… ခင်ဗျား အရင်ပြန်သွားပြီးတော့ ကျုပ် နောက်မှ လာခဲ့မယ်လို့ ပြောထားပေးလို့ မရဘူးလား… အခုလိုမျိုး ကျုပ်ကို ကိုယ်တိုင်ကိုယ်ကျ လာခေါ်နေစရာမလိုပါဘူး… ကျုပ်ဘာသာကျုပ် လာမှာပါ…”
နဂါးကလန်၏သဘောထားကိုကြည့်ရင်း ရန်ကိုင်မှာ ရုတ်တရက်ဆိုသလို နဂါးကလန်အပေါ် သတိချပ်လာမိတော့လေသည်။
ယခင်က ကျုချင်းသည် သူ့အား နဂါးကျွန်းသို့ အကြိမ်ပေါင်းများစွာ ဖိတ်ခေါ်ခဲ့သည်။ ထိုစဉ်က ရန်ကိုင်မှာ ကျုချင်း သူ့အား နဂါးကျွန်းဆီသို့ ဖိတ်ခေါ်နေရခြင်းသည် သူပိုင်ဆိုင်ထားသည့် နဂါးကျွန်းတံဆိပ်ပြားနှင့်တကွ သူသန့်စင်ထားခဲ့သော နဂါးအစိတ်အပိုင်းများကြောင့် ဖြစ်သည်ဟု ထင်မှတ်ခဲ့သည်။ သို့သော်ငြား ယခုမှသာလျှင် ထိုကိစ္စများမှာ ထင်သလောက်မရိုးရှင်းမှန်း နားလည်သွားရတော့သည်။
ကျုချင်းသည် မြောက်ဘက်နယ်မြေရှိ ရေခဲနယ်မြေသို့ သွားပြီးတည်းက ယခုအချိန်အထိ ပြန်မလာသေးချေ။ သူမနှင့်ပတ်သက်သည့် မည်သည့်သတင်းကိုမှလည်း သူမကြားရ။ ထို့နောက်တွင် နဂါးကျွန်းသည် သူ့အား ခေါ်ရန်အတွက် နောက်ထပ်နဂါးတစ်ကောင်ကို စေလွှတ်လာခဲ့လေသည်။
ထိုသို့ဖြစ်ရခြင်းမှာ သူ့ကိုယ်ထဲတွင် ရှိနေသော ရွှေနဂါးအမြုတေစွမ်းအားနှင့် တစ်နည်းတစ်ဖုံ ပတ်သက်နေရလိမ့်မည်မှန်း ရန်ကိုင် ခန့်မှန်းမိသွားတော့သည်။ ကြည့်ရသလောက် နဂါးကလန်၏ ရွှေနဂါးအမြုတေစွမ်းအားအပေါ် တပ်မက်ပုံကို အထင်သေးမိသွားသည့်ပုံပင်။ ထို့အတွက်ကြောင့် အခြေအနေအရပ်ရပ်ကို သေချာမသိရသေးခင် ရန်ကိုင်အနေဖြင့် နဂါးကျွန်းဆီသို့ မည်သို့မှ သွားလိမ့်မည်မဟုတ်ချေ။ ထိုသို့သာမဟုတ်ပါက သူ ဘာနှင့်ကြုံရမလဲဆိုသည်ကို မည်သူမျှ ပြောနိုင်လိမ့်မည်မဟုတ်ပေ။
ထို့အပြင် ဤနေရာ၌ နတ်ဆိုးဝိဉာဉ်ပြဿနာလည်း ရှိနေပေသေးသည်။ နတ်ဆိုးဝိဉာဉ်များ လွတ်မြောက်သွားသည်မှာ မကြာသေးသလို သူကိုယ်တိုင်သည်လည်း နတ်ဆိုးဝိဉာဉ် လွတ်မြောက်သွားသည့်ကိစ္စကို ကိုယ်တိုင်ကိုယ်ကျ မြင်တွေ့ခဲ့ရသူတစ်ဦး ဖြစ်သည့်အတွက်ကြောင့် ဤနေရာမှ ထွက်သွားသေး၍ မဖြစ်ချေ။
ကျုလဲ့၏မျက်လုံးများ ဝိုင်းစက်သွားခဲ့ပြီး ရန်ကိုင်အား အံ့အားသင့်တကြီးဖြင့် ကြည့်လိုက်လေသည်။ ထို့နောက် ပြန်၍မေးလိုက်လေ၏။ “လူသား… မင်း ငါပြောတာကို ငြင်းလိုက်တာလား…”
အစောပိုင်းက ပျောက်ကွယ်သွားပြီဖြစ်သော ဒေါသရိပ်တို့မှာ တရိပ်ရိပ် ပြန်လည်ထွက်ပေါ်လာခဲ့လေသည်။ ထိုအချင်းအရာကိုမြင်သော် လဲ့ဟုန်နှင့် ဝမ်ကျိရှန်းတို့၏အမူအယာ ပြောင်းလဲသွားခဲ့ကြလေ၏။
ရန်ကိုင် ပြန်မဖြေနိုင်သေးခင်မှာပင် ကျုလဲ့မှာ ဒေါသူပုန်ထနေလေပြီ။ “မင်း ဘယ်လိုတောင် ငါ့ကို ငြင်းရဲတာလဲကွ… ဒီနဂါးကိုယ်တိုင် မင်းကို ကိုယ်တိုင်ကိုယ်ကျ လာဖိတ်ခေါ်တာကို မင်းက ငါ့ကို ငြင်းရဲတယ်ပေါ့… ဟုတ်လား… မင်း သေချင်နေတာပဲကွ…”
ထိုသို့ပြောပြီးသည့်နောက်တွင် နဂါးသည် လေထဲ ထွန့်ထွန့်လူးနေခဲ့ပြီး အားကောင်းလှသည့် သတ်ဖြတ်လိုစိတ်တို့မှာလည်း ၎င်းဆီမှ အတိုင်းအဆမရှိ ထွက်ပေါ်လာခဲ့လေသည်။
ရန်ကိုင်၏အမူအယာ လေးနက်သွားခဲ့ပြီး ပြန်၍ပြောလိုက်လေ၏။ “ကျုပ်စကားကို ရှင်းအောင်ပြောထားပြီးသား… ကျုပ်ပြောတဲ့စကားကို ပြန်သယ်သွားပြီးတော့ နဂါးကျွန်းကလူတွေကိုပြောလိုက်… မဟုတ်ရင်တော့ ကျုပ် ခင်ဗျားကို အဲ့နေရာဆီပြန်ရောက်သွားအောင် ဆုံးမပေးရလိမ့်မယ်…”
ရန်ကိုင်၏စကားကို ကြားလိုက်သည့်အခိုက် အနီးအနားတွင်ရှိနေသော ဧကရာဇ်အဆင့်ပညာရှင်ပေါင်းများစွာ ထိတ်လန့်တုန်လှုပ်သွားခဲ့ကြပြီး ရန်ကိုင်အား ပျာယာခတ်နေသည့်အမူအယာများဖြင့် စိုက်ကြည့်လာခဲ့လေသည်။ ရန်ကိုင်သည် အမှန်တကယ်ကို သတ္တိရှိလွန်းသူဟု ပြော၍ရသည်။ သူ့ကဲ့သို့သော ဧကရာဇ်ပထမအဆင့် ကျင့်ကြံသူလေးသည် နဂါးတစ်ကောင်ကို ယခုကဲ့သို့ ပြောရဲခဲ့သည်။
ဝမ်ကျိရှန်း၊ ကောင်းရွှယ်ထင်းနှင့် အခြားသူများမှာလည်း ယခုမှသာလျှင် ရန်ကိုင်အား ပထမဦးဆုံးအကြိမ် တွေ့ဖူးသည့်အလား မင်သက်နေသည့်အမူအယာများဖြင့် ရန်ကိုင်အား စိုက်ကြည့်လာခဲ့ကြလေသည်။
မည်သူမျှ နဂါးတစ်ကောင်အား ယခုကဲ့သို့ မပြောခဲ့ဖူးကြချေ။ ပြောရဲသည့်လူတိုင်းမှာလည်း အသက်ပျောက်သွားကုန်ကြလေပြီ။
လဲ့ဟုန်မှာတော့ ရန်ကိုင်အား စိတ်လိုက်မာန်ပါမလုပ်ရန်၊ အခြေအနေကိုကြည့်၍ လှုပ်ရှားရန် အဆက်မပြတ်ကို မျက်စပစ်ပြနေခဲ့လေသည်။ သို့သော်ငြား ဒေါသထွက်နေသည့် ကျုလဲ့၏ဒေါသမှာ ပျောက်ကွယ်သွားဖို့ရာ ဤမျှ လွယ်ကူမည်လား။ ရန်ကိုင် ထပ်ပြောလိုက်သည့် စကားများသည် သူ့အား အမှန်တကယ်ကို ဒေါသထွက်သွားစေခဲ့လေသည်။
ရန်ကိုင်သည် ဘာကြောင့်များ ဤမျှ မောက်မာဝံ့ကြွားနေရလေသနည်း။ ကြယ်ဝိဉာဉ်နန်းတော်၏ အကြီးအကဲချုပ်တစ်ဦးဖြစ်သော သူပင်လျှင် ဤနဂါးရှေ့မှောက်၌ နှိမ့်နှိမ့်ချချပင် ပြုမူခဲ့လေသည်။ ရန်ကိုင်သည် နေမင်းပြာကျောင်းတော်၏ အဆင့်မြင့်အကြီးအကဲတစ်ဦးသာ ဖြစ်သလို သူ့ကျင့်ကြံခြင်းမှာလည်း လဲ့ဟုန်ထက် နိမ့်ကျပေသည်။ ထိုသို့ဖြစ်လေရာ ဘာကြောင့်များ သူ့ကိုယ်သူ နှိမ့်ချ၍ မနေချင်လေသနည်း။
သို့ရာတွင် ယခုမှ နှိမ့်ချနေ၍လည်း မထူးတော့။ နဂါး၏ဒေါသမှာ ပေါက်ကွဲထွက်လာခဲ့လေပြီ။ ကျုလဲ့မှာ အလွန်တရာကိုမှ ဒေါသထွက်နေသည့်အလား ဟိန်းဟောက်အော်ဟစ်ရင်းမှ “ပုရွတ်ဆိတ်ကောင်… မင်း နဂါးကလန်သားတစ်ယောက်ကို ဘယ်လိုရန်စရဲတာလဲ… မင်း ကောင်းကင်နဲ့မြေပြင်ရဲ့ ကွာခြားချက်ကို မသိ…”
သူ့စကားကို ဆုံးအောင်မပြောနိုင်သေးခင်မှာပင် ရန်ကိုင်သည် သူ့ရှေ့တည့်တည့်သို့ တည်နေရာခုန်ကူးလာခဲ့လေသည်။ ရန်ကိုင်၏ခန္ဓာကိုယ်သည် မီတာနှစ်ရာခန့်ရှည်လျားသော နဂါးခန္ဓာကိုယ်ကြီးနှင့်ယှဉ်လိုက်သော် အလွန်ကိုမှ သေးငယ်နေလေ၏။