အခန်း (၂၉၃၆-၂၉၄၀)
Vol. 126 Ch. 2936-2940
၂၉၃၆)
ဘာသာပြန်သူ_တိမ်တိုက်
ကျယ်လောင်သည့်နဂါးဟိန်းသံနှင့်အတူ ရွှေရောင်အလင်းတို့ ပေါက်ကွဲထွက်လာခဲ့ပြီး နဂါးခေါင်းကြီးတစ်ခုသည် ရန်ကိုင်၏ကျောထက်တွင် ရုတ်တရက် ပေါ်လာခဲ့လေသည်။ ထို့နောက်တွင် ရန်ကိုင်၏ခန္ဓာကိုယ်ထဲသို့ ပြန်လည်တိုးဝင်ပျောက်ကွယ်သွားခဲ့ပြီး ရန်ကိုင်ကိုယ်တိုင်သည်လည်း နဂါးနီ၏နှာခေါင်းတည့်တည့်ဆီသို့ လက်သီးဖြင့် ထိုးချလိုက်လေသည်။
“ဘုန်း…” ဟူသော မြည်သံနှင့်အတူ ကျုလဲ့၏ခေါင်းတစ်ခေါင်းလုံး တုန်ခါသွားခဲ့သည်။ အလွန်ပြင်းထန်သည့်အားတစ်ရပ်ကြောင့် သူ့ခေါင်းတစ်ခုလုံး မူးဝေသွားခဲ့ရပြီး နှာခေါင်းရိုးကျိုးသွားသလားဟုပင် ခံစားလိုက်ရသည်။
“ဟမ်…” သူ့လက်သီးချက်သည် ထင်ထားသလို အလုပ်မဖြစ်သွားသည့်အတွက်ကြောင့် ရန်ကိုင် အနည်းငယ် ကြောင်သွားခဲ့လေသည်။
ကျုချင်းနှင့် အတန်ကြာအောင် ထိတွေ့ပြီးသည့်နောက်တွင် နဂါးကလန်၏ သွေးမျိုးဆက်ဖိနှိပ်ခြင်းမှာ နဂါးကလန်သားများအတွက် အလွန်ကိုမှ ပြင်းထန်လှကြောင်း သိသွားခဲ့ရသည်။ နဂါးတစ်ကောင်၏ခွန်အားသည် အခြားသောနဂါးတစ်ကောင်၏ ခွန်အားထက် နိမ့်ကျနေလင့်ကစား သွေးမျိုးဆက်သာ ပိုမိုသန့်စင်နေမည်ဆိုလျှင် တစ်ဖက်လူအား ဖိနှိပ်နိုင်ပေသည်။
နဂါးကလန်၏သွေးမျိုးဆက်ကိုလည်း အဆင့်ခွဲထားသည်။ နဂါးကလန်၏ လက်ရှိအကြီးအကဲချုပ် ကျုရန်သည် အဆင့်တစ်ဆယ်မိုးပြာနဂါးတစ်ကောင် ဖြစ်သည်ဟု ပြောလေသည်။ ထို့အတွက်ကြောင့် နဂါးကလန်သားတစ်ဦး မည်မျှပင် အားကောင်းနေစေကာမူ သူတို့၏သွေးမျိုးဆက်သည်သာ အဆင့်တစ်ဆယ်အောက် ရောက်နေမည်ဆိုပါက ကျုရန်၏ပြိုင်ဘက် ဖြစ်နိုင်လိမ့်မည်မဟုတ်ချေ။
ကျုချင်းကိုလည်း ဥပမာယူကာ ကြည့်နိုင်ပေသည်။ ကျုချင်း၏ခွန်အားမှာ ဧကရာဇ်တတိယအဆင့် ပညာရှင်တစ်ဦးထက်ပင် ပို၍အားကောင်းပေသေးသည်။ ရန်ကိုင်သည်သာ သူမနှင့် တစ်ဦးချင်းယှဉ်တိုက်မည်ဆိုပါက သူ့တွင် ရှိသမျှဝှက်ဖဲအားလုံးကို အသုံးချမည်ဆိုလျှင်ပင် သူမအား အနိုင်ယူနိုင်လောက်လိမ့်မည်မဟုတ်ပေ။ သို့သော်ငြား နဂါးသွေးမျိုးဆက်ကိုသာ ထုတ်သုံး၍ ကျုချင်းကို ဖိနှိပ်လိုက်မည်ဆိုလျှင်တော့ ကျုချင်းသည် သူ့ပြိုင်ဘက် ဖြစ်နိုင်တော့လိမ့်မည်မဟုတ်ချေ။ သူမအနေဖြင့် ရန်ကိုင်နှင့်ရင်ဆိုင်ရာတွင် သူမ၏ခွန်အားကိုပင်လျှင် ကောင်းကောင်းထုတ်သုံးနိုင်တော့လိမ့်မည် မဟုတ်ပေ။
ရန်ကိုင်မြင်ရသလောက် ကျုလဲ့၏ခွန်အားမှာ မဆိုးလှပါသော်ငြား သူ့သွေးမျိုးဆက်သည် ကျုချင်းထက်တော့ ပို၍ သန့်စင်နေလိမ့်မည်မဟုတ်ပေ။
ရန်ကိုင်သည် ကျုချင်းအား ရွှေနဂါးအမြုတေစွမ်းအားကိုသုံး၍ ဖိနှိပ်နိုင်ခဲ့လေရာ ကျုလဲ့ကိုလည်း ဖိနှိပ်နိုင်ရပေလိမ့်မည်။ သို့သော်ငြား ကျုလဲ့၏ခေါင်းကို လက်သီးဖြင့် ထိုးချလိုက်ပြီးသည့်နောက် သူမှားယွင်းနေမှန်း နားလည်သွားခဲ့ရသည်။ သူမျှော်လင့်ထားသည့် သွေးမျိုးဆက်ဖိနှိပ်ခြင်းမှာ ပေါ်လာခြင်းမရှိခဲ့ပေ။ ထို့အစား နဂါးအကြေးခွံများကို သူ့လက်သီးဖြင့် သွားထိုးမိလိုက်သည့်အတွက်ကြောင့် သူ့လက်တစ်ခုလုံး သွေးချင်းနီသွားခဲ့ရလေသည်။
ကျုလဲ့မှာ ရန်ကိုင်၏လက်သီးကြောင့် အမှန်အကန်ကို ဒေါသူပုန်ထသွားခဲ့ရလေသည်။ “ဒီနဂါးက မင်းကိုလာရှာရဲမှတော့ မင်းကိုတန်ပြန်နိုင်မယ့်နည်းလမ်းကို သိထားလို့ပေါ့ကွ… ငါ့ကို ဖိနှိပ်နိုင်မယ်လို့ မင်းထင်နေတာလား…”
ထိုသို့အော်ပြောပြီးသည့်နောက်တွင် ရန်ကိုင်အား မီးတောက်များဖြင့် မှုတ်ထုတ်လိုက်လေသည်။ ချက်ချင်းဆိုသလို ရန်ကိုင်၏ခန္ဓာကိုယ်သည် မီးတောက်များကြား ပျောက်ကွယ်သွားရတော့လေ၏။
ထိုမြင်ကွင်းကိုကြည့်ရင်း လူအုပ်ကြီး ထိတ်လန့်သွားခဲ့ကြသည်။ ကျုလဲ့ကိုယ်တိုင်မှာလည်း မင်တက်နေခဲ့လေသည်။
နဂါးကျွန်းမှ အကြီးအကဲများသည် သူ့အား ရန်ကိုင်အား အသက်ရှင်လျက် ပြန်ခေါ်လာရန် အမိန့်ပေးထားခဲ့သည်။ ထို့အတွက်ကြောင့် ကျုလဲ့ကိုယ်တိုင်မှာလည်း ရန်ကိုင်အား သတ်ရန် မစဉ်းစားထားခဲ့ပေ။ သို့ရာတွင် ရန်ကိုင်မှ သူ့အား ထပ်တလဲလဲ လာရန်စသည့်အတွက်ကြောင့် ဒေါသကိုမထိန်းနိုင်တော့ဘဲ ရန်ကိုင်အား သင်ခန်းစာပေးဖို့ရာ မီးတောက်များကို မှုတ်ချလိုက်သည်။ သို့သော်ငြား ရန်ကိုင်မှာ သူ၏မီးတောက်ကို အနည်းငယ်မျှပင် ခုခံနိုင်ခဲ့ခြင်းမရှိဘဲ အသက်ပျောက်သွားလိမ့်မည်ဟု မည်သူကများ ထင်ထားပါမည်နည်း။ ထိုသို့ဖြစ်လေရာ ယခု သူ ဘာလုပ်ရတော့လေမည်နည်း။ အကြီးအကဲချုပ်သည်သာ ဤအကြောင်းကို သိသွားခဲ့မည်ဆိုလျှင် သူ့အား ကျိန်းသေ အပြစ်ပေးပေလိမ့်မည်။
ကျုလဲ့ ဘာလုပ်လို့လုပ်ရမှန်းမသိ ဖြစ်နေစဉ်မှာပင် တောင်တစ်လုံး သူ့ခေါင်းပေါ်သို့ ပြုတ်ကျလာသလို ခံစားလိုက်ရလေသည်။ နာကျင်လွန်းလှသည့်အတွက်ကြောင့် ကျုလဲ့မှာ ထအော်မိလိုက်လေသည်။ တစ်ချိန်တည်းတွင် မီးတောက်များကြားထဲ ပျောက်ကွယ်သွားခဲ့သော ပုံရိပ်မှာ သူ့ရှေ့ တစ်ဖန်ပြန်လည် ထွက်ပေါ်လာခဲ့လေ၏။
ကျုလဲ့မှာ ပျော်လည်းပျော် ဒေါသလည်းထွက်သွားမိရသည်။ ပျော်သွားသည်မှာတော့ ပစ်မှတ်အား မတော်တဆ မသတ်ပစ်မိလိုက်သည့်အတွက်ကြောင့်ပင်။ ဒေါသထွက်သွားရသည်မှာတော့ တစ်ဖက်လူသည် သူ့အား လှည့်စားရဲသည့်အတွက်ကြောင့်ပင်။ ကျုလဲ့မှာ အမှန်အကန်ကို ဒေါသထွက်သွားခဲ့ပြီး သူ့ခန္ဓာကိုယ်ကြီးကို လူးလိမ့်လျက် တိုးဝင်လာနေသည့်တိုက်ခိုက်မှုကို ရှောင်တိမ်းရင်း ရန်ကိုင်အား သူ၏နဂါးလက်သည်းများဖြင့် လှမ်းဖမ်းဆွဲလိုက်သည်။
ကျုလဲ့၏နဂါးလက်သည်းများသည် ဟင်းလင်းပြင်ကိုပင်လျှင် ဖိနှိပ်နိုင်သယောင် ထင်မှတ်ရသည်။ သူ့လက်သည်းများတွင် ကိန်းအောင်းနေသော နဂါးချီမှာလည်း အမှန်တကယ်ကို အံ့အားသင့်ဖွယ် ကောင်းလှပေသည်။ စွမ်းအားကို အဆုံးစွန်ထိ ဖိနှိပ်ပြီးသည့်နောက်တွင် ကျုလဲ့သည် စွမ်းအင်အလင်းတန်းတစ်ခုကို ရန်ကိုင်တည့်တည့်သို့ ပစ်ထည့်လိုက်လေသည်။
ရန်ကိုင်ကမူ သူ့လက်ကို ဝှေ့ယမ်း၍ ဧရာမလဓါးသွားကြီးတစ်စင်းကို ဖန်တီးလိုက်ရင်း တိုးဝင်လာနေသည့် တိုက်ခိုက်မှုအား ထိပ်တိုက်ရင်ဆိုင်ပေးလိုက်လေသည်။ ပေါက်ကွဲသံအကျယ်ကြီးနှင့်အတူ တိုက်ခိုက်မှုနှစ်ခု ထိပ်တိုက်တွေ့သွားခဲ့လေသည်။ တိုက်ခိုက်မှုနှစ်ခုတွေ့ဆုံရာမှ အားကောင်းသည့်လေပြင်းများ ပေါက်ကွဲထွက်လာခဲ့ပြီး ဟင်းလင်းပြင်းများမှာလည်း အပိုင်းပိုင်းအစစ ဖြစ်ကုန်ရကာ ပတ်ဝန်းကျင်ဟင်းလင်းပြင်အနှံ့ အက်ရာများ၊ ကွဲထွက်ကုန်သည့်နေရာများ ထွက်ပေါ်လာရတော့လေသည်။
ကျုလဲ့၏ခန္ဓာကိုယ်ကြီးမှာ မလှုပ်မယှက် ရှိနေပါသော်ငြား ရန်ကိုင်မှာတော့ မီတာတစ်ထောင်ခန့်အကျော်သို့ လွင့်ထွက်သွားခဲ့ရပြီး ထို့နောက်မှသာ သူ့ကိုယ်သူ ဟန်ချက်ပြန်ထိန်းလိုက်နိုင်လေသည်။
ထိပ်တိုက်ရင်ဆိုင်တိုက်ခိုက်ရာတွင် ရန်ကိုင် အသာစီးမရခဲ့ချေ။
“ခင်ဗျား ဘယ်လိုရတနာမျိုး သယ်လာတာလဲ…” ရန်ကိုင်သည် ကျုလဲ့၏ခန္ဓာကိုယ်ကို စစ်ဆေးကြည့်ရင်းမှ မေးလိုက်သည်။ ကျုလဲ့၏ခန္ဓာကိုယ်ကို သူ့လက်သီးဖြင့် ထိုးချလိုက်စဉ်အတောအတွင်း ကျုလဲ့၏ခန္ဓာကိုယ်မှ အရောင်တလက်လက်တောက်ပလာသည်ကို ရန်ကိုင် သတိထားမိလိုက်သည်။ ထိုအရောင်ကြောင့်သာလျှင် ကျုလဲ့မှာ ရန်ကိုင်၏ရွှေနဂါးအမြုတေဆီမှ မည်သည့်သွေးမျိုးဆက်ဖိနှိပ်ခြင်းကိုမှ မခံစားခဲ့ရခြင်း ဖြစ်လေသည်။ ထိုအကြောင်းကြောင့်သာလျှင် ကျုလဲ့မှာလည်း သူ့ခွန်အားအကုန်အစင်ကို ထုတ်သုံးနိုင်ခဲ့ခြင်းဖြစ်လေ၏။
ကျုလဲ့က အေးစက်စက်အမူအယာဖြင့် နှာခေါင်းရှုံ့လျက် “လိမ်လိမ်မာမာနဲ့ ပြန်လိုက်ခဲ့လိုက်… ဆက်ပြီး အချည်းအနှီးမဲ့ တိုက်ခိုက်မနေနဲ့… ငါ့နောက်ပြန်လိုက်ခဲ့လိုက်လို့ မင်းအတွက် ဘာမှဖြစ်မသွားဘူး… ဒါပေမယ့် မင်း ဆက်ပြီး ခုခံနေဦးမယ်ဆိုရင်တော့ အကျိုးဆက်ကို ရင်ဆိုင်ရလိမ့်မယ်နော်…”
“သူများကမလိုက်ချင်တာကို ခင်ဗျားက မရရအောင် တွန်းအားပေးနေမှဖြစ်မှာလား…” ရန်ကိုင်က အော်ရယ်မောလျက် ပြောလိုက်သည်။ ထို့နောက်တွင် သူ့လေသံမှာ ရုတ်ချည်းအေးစက်သွားခဲ့ပြီး “အဲ့လိုဆိုမှတော့ ဘယ်လိုရတနာမျိုးက ခင်ဗျားကို ကာကွယ်ပေးနိုင်မလဲဆိုတာကို ကြည့်ရသေးတာပေါ့…”
ထိုသို့ပြောပြီးသည့်နောက်တွင် ရန်ကိုင်သည် အံကိုတင်းတင်းကြိတ်၍ ဟိန်းဟောက်အော်ဟစ်လိုက်သည်။ ရန်ကိုင်ဆီမှ နဂါးအရှိန်အဝါတို့ ထွက်ပေါ်လာခဲ့ပြီး သူ့ခန္ဓာကိုယ်ကြီးမှာလည်း ရုတ်တရက် ဖောင်းကားတက်လာခဲ့လေသည်။ တစ်ချိန်တည်းတွင် ရွှေရောင်အလင်းတို့သည် ရန်ကိုင်၏ခန္ဓာကိုယ်တစ်ခုလုံးအား လွှမ်းခြုံသွားခဲ့လေသည်။ ရန်ကိုင်၏လက်များမှာ နဂါးလက်သည်းများအသွင်သို့ ပြောင်းလဲသွားခဲ့ပြီး ချိုနှစ်ချောင်းသည် သူ့နဖူးထက်တွင် ထွက်ပေါ်လာခဲ့သည်။ ရန်ကိုင်၏ခန္ဓာကိုယ်တစ်လျှောက်တွင်လည်း နဂါးအကြေးခွံများ ထွက်ပေါ်လာခဲ့လေသည်။
မျက်တောင်တစ်ခတ်အတွင်း ရန်ကိုင်သည် နဂါးတစ်ကောင်ပုံစံနှင့် ဆင်တူသော မီတာနှစ်ဆယ်အမြင့်ရှိသည့် မွန်းစတားတစ်ကောင်အသွင်သို့ ပြောင်းလဲသွားခဲ့လေသည်။
“ဒါက…” ထိုမြင်ကွင်းကိုကြည့်ရင်း လဲ့ဟုန်မှာ မျက်လုံးအပြူးသားဖြစ်နေခဲ့လေသည်။
ဝမ်ကျိရှန်းနှင့် အခြားသူများမှာလည်း ဘာဆိုဘာမှ မပြောနိုင်လောက်အောင်ကို မင်တက်နေကြပြီး ကောင်းရွှယ်ထင်း၏မျက်လုံးလှလှလေးများမှာတော့ ရှုပ်ထွေးသည့်ခံစားချက်တို့ဖြင့် ပြည့်နေခဲ့လေသည်။ ဧကရာဇ်အဆင့်ပညာရှင်ပေါင်းများစွာသည် ကောင်းကင်ထက်ရှိမြင်ကွင်းကို ဆွံ့အနေသည့်အမူအယာများဖြင့် ကြောင်ကြည့်နေကြလေသည်။
လူတစ်ဦး၏ပုံစံကို ဤကဲ့သို့ ပြောင်းလဲပေးနိုင်သည့် ကျင့်စဉ်တစ်ရပ်ရှိကြောင်းကို မည်သူမျှ မသိကြချေ။
သို့သော်ငြား ကျုလဲ့မှာတော့ အမြီးတက်နင်းခံလိုက်ရသည့် ကြောင်တစ်ကောင်ပမာ ဆွေ့ဆွေ့ခုန်သွားတော့လေသည်။ “နဂါးအသွင်ပြောင်းလဲခြင်းပညာရပ်… အဲ့ကောင်မ တကယ်ကြီး မင်းကို နဂါးအသွင်ပြောင်းလဲခြင်းပညာရပ်ကို သင်ပေးလိုက်တာလား… ဒါ ခွင့်လွှတ်လို့မရဘူး… ဒါ လုံးဝကို ခွင့်လွှတ်လို့မရဘူး…”
ရန်ကိုင်သည် တားမြစ်ချက်တစ်ခုခုအား ချိုးဖောက်လိုက်သည့်အလား ကျုလဲ့မှာ အလွန်တရာကိုမှ ဒေါသူပုန်ထသွားခဲ့လေသည်။
“အခုတော့ မင်း မလိုက်ချင်ရင်တောင် ငါနဲ့ နဂါးကျွန်းကို မရရအောင် လိုက်ခဲ့ရတော့မယ်… နဂါးအသွင်ပြောင်းလဲခြင်းပညာရပ်ဆိုတာ တွေ့တဲ့လူတိုင်းကို လိုက်သင်ပေးလို့ရတဲ့ ပညာရပ်မဟုတ်ဘူးကွ… အခုကနေစပြီးတော့ မင်းတစ်ဘဝလုံးကို နဂါးကျွန်းမှာပဲ နေသွားဖို့ ပြင်ထားပေတော့…” ထိုသို့ပြောပြီးသည့်နောက်တွင် ကျုလဲ့သည် ၎င်း၏အမြီးကို ဝှေ့ယမ်းလျက် ရန်ကိုင်ဆီသို့ ခုန်အုပ်လာခဲ့လေသည်။
ရန်ကိုင်လည်း မျက်မှောင်ကျုံ့ရင်းမှ ကျုလဲ့အား တန်ပြန်တိုက်ခိုက်လိုက်သည်။
ရန်ကိုင်မှ နဂါးအသွင်ပြောင်းလဲခြင်းပညာရပ်ကို ထုတ်သုံးလိုက်ပြီးသည့်နောက် ကျုလဲ့ ဤမျှ ပြင်းပြင်းထန်ထန် တုံ့ပြန်လာလိမ့်မည်ဟု မထင်ထားခဲ့ချေ။ ကျုလဲ့ပြောပုံကို ကြည့်ရသလောက် နဂါးအသွင်ပြောင်းလဲခြင်းပညာရပ်သည် နဂါးကျွန်း၏ ပင်မအမွေအနှစ်တစ်မျိုးမျိုး ဖြစ်သည့်ပုံပင်။
သို့သော်ငြား ကျုချင်းသည် သူ့အား ဤပညာရပ်ကို သင်ပေးစဉ်က ထိုအကြောင်းကို ထည့်ပြောမသွားခဲ့ပေ။
ထိုစဉ်က ကျုချင်းမှာ ရေခဲနယ်မြေသို့သွား၍ သေဆုံးသွားသည့် သူမကလန်သား၏ အကြွင်းအကျန်ကို ပြန်ရှာရန် စိတ်စောနေခဲ့လေသည်။ သို့သော်ငြား မသွားခင် နဂါးအသွင်ပြောင်းလဲခြင်းပညာရပ်ကို ရန်ကိုင်အား သင်ပေးသွားခဲ့သည်။
ယခုမှသာလျှင် ကျုချင်းအဖို့ သူ့အား ဤနဂါးအသွင်ပြောင်းလဲခြင်းပညာရပ်ကို သင်ပေးဖို့ရာ မည်မျှစွန့်စားလိုက်ရမှန်း ရန်ကိုင်သိသွားရတော့သည်။ နဂါးကျွန်းသည်သာ ရန်ကိုင်မှ နဂါးအသွင်ပြောင်းလဲခြင်းပညာရပ်အား ကျင့်ကြံထားကြောင်းကို သိသွားခဲ့မည်ဆိုလျှင် ရန်ကိုင်အား လုံးဝ အလွတ်ပေးတော့လိမ့်မည်မဟုတ်ပေ။ ရန်ကိုင်လည်း အေးအေးဆေးဆေး နေနိုင်တော့လိမ့်မည်မဟုတ်သလို ကျုချင်းသည်လည်း ဒုက္ခရောက်သွားရပေလိမ့်မည်။
ဤလောကကြီးထဲတွင် မည်သည့်အင်အားစုကြီးမဆို ၎င်းတို့၏ ပင်မအမွေအနှစ်များကို အခြားသူများအား အလွယ်တကူ လွှဲပြောင်းပေးလေ့မရှိချေ။ နဂါးကျွန်းဆိုလျှင်တော့ ပြောနေစရာပင်မလိုတော့။
ကျုချင်း ဘာကြောင့် ထိုကဲ့သို့လုပ်ခဲ့မှန်း ရန်ကိုင်နားမလည်နိုင်ချေ။ သို့သော်ငြား ထိုကိစ္စနှင့်ပတ်သက်၍လည်း ထိုင်စဉ်းစားမနေနိုင်ခဲ့။ ကျုလဲ့မှာ ၎င်း၏ကြီးမားလှသော ခန္ဓာကိုယ်ကြီးကြောင့် လှုပ်ရှားရခက်နေပါသော်ငြား ၎င်း၏တိုက်ခိုက်မှုတစ်ခုချင်းစီသည် အလွန်ကိုမှ အားကောင်းလွန်းသည့်အတွက်ကြောင့် ရန်ကိုင်မှာ သေသေချာချာ သတိထားနေရသည်။
ကံကောင်းစွာဖြင့် နဂါးအသွင်ပြောင်းလဲခြင်းပညာရပ်ကို ထုတ်သုံးပြီးသည့်နောက် ကျုလဲ့၏ နဂါးသွေးမျိုးဆက်အား အနည်းငယ်ဖိနှိပ်သွားနိုင်ကြောင်း တွေ့လိုက်ရလေသည်။ ထို့အတွက်ကြောင့် ရန်ကိုင်ခမျာ ကျုလဲ့နှင့်တိုက်ခိုက်ဖို့ရာ အတော်လေး ရုန်းကန်နေရသေးသည့်တိုင် ယခင်ကလောက်တော့ ခက်ခဲနေခြင်း မရှိတော့ချေ။
ရွှေနဂါးအမြုတေစွမ်းအားသည် ရန်ကိုင်အတွက်တော့ ရတနာကြီးတစ်ခုပင်။ အချိန်အတော်ကြာသွားပြီဖြစ်သည့်တိုင် ရန်ကိုင်မှာ ထိုရတနာကို သူ့ကိုယ်ပိုင်စွမ်းအားအဖြစ်သို့ မည်ကဲ့သို့ ပြောင်းလဲရမလဲဆိုသည်ကို မသိသေးချေ။
သူမသိသည့် ထိုပြဿနာကို နဂါးအသွင်ပြောင်းလဲခြင်းပညာရပ်က ဖြေရှင်းပေးနိုင်လေသည်။ နဂါးအသွင်ပြောင်းလဲခြင်းပညာရပ်ကို ပိုပြီး ကျွမ်းကျွမ်းကျင်ကျင် လေ့ကျင့်လာနိုင်လေ ရွှေနဂါးအမြုတေ၏စွမ်းအားကို ပိုမိုထုတ်သုံးလာနိုင်လေပင်။ ရန်ကိုင်သည်သာ နဂါးအသွင်ပြောင်းလဲခြင်းပညာရပ်ကို ပြီးပြည့်စုံခြင်းအဆင့်ထိသို့ ရောက်အောင် ကျင့်ကြံသွားနိုင်မည်ဆိုပါက သူ့ကိုယ်သူ အစစ်အမှန်နဂါးတစ်ကောင်အသွင်သို့ ပြောင်းလဲပစ်နိုင်ပေလိမ့်မည်။
ကံမကောင်းစွာဖြင့် ရန်ကိုင်တွင် ကျင့်ကြံနေချိန်မရှိခဲ့ပေ။ ထို့အတွက်ကြောင့် ရန်ကိုင်မှာ မီတာနှစ်ဆယ်ခန့်အမြင့်သာ ရှိသော နဂါးတစ်ပိုင်းလူတစ်ပိုင်းပုံစံသို့သာ ပြောင်းလဲနိုင်သည်။ သို့တိုင် ထိုပုံစံဖြင့်ပင်လျှင် ရှားပါးရတနာတစ်ခုကို သယ်ဆောင်လာသော ကျုလဲ့အား အတိုင်းအတာတစ်ခုအထိ ဖိနှိပ်နိုင်ပေသေးသည်။
ပုံရိပ်နှစ်ခုသည် အားကောင်းသည့်တိုက်ကွက်များကို ထုတ်ဖော်ရင်း လေထဲ တိုက်ခိုက်နေခဲ့ကြသည်။
နဂါးနီမှ နဂါးမီးတောက်များကို ရံဖန်ရံခါ မှုတ်ထုတ်ပစ်နေသည့်အတွက်ကြောင့် ဝမ်ကျိရှန်းမှာ ဂိုဏ်းကာကွယ်ရေးအစီအရင်ကို အသက်သွင်း၍ ထွက်ပေါ်လာသည့်စွမ်းအင်လှိုင်းများကို ကာကွယ်ထားရလေသည်။ ထိုသို့သာမဟုတ်ပါက နေမင်းပြာကျောင်းတော်တစ်ခုလုံး ဒုက္ခရောက်ကြရပေလိမ့်မည်။
တဖြည်းဖြည်းနှင့် တိုက်ခိုက်နေသည့်နေရာမှာ အခြားတစ်နေရာသို့ ရွေ့သွားခဲ့လေသည်။ ရန်ကိုင်နှင့် ကျုလဲ့တို့မှာ အပေါ်သို့ ထပ်တလဲလဲ တက်နေခဲ့ရာ ယခုဆိုလျှင် နှစ်ဦးစလုံးသည် တိမ်စိုင်တိမ်တိုက်များအပေါ်သို့ပင် ရောက်နေကြလေပြီ။ ဧကရာဇ်အဆင့်ပညာရှင်များသည်ပင်လျှင် ရန်ကိုင်တို့၏လှုပ်ရှားမှုများကို သေသေချာချာ မမြင်နိုင်ကြတော့ချေ။ ရံဖန်ရံခါ တိမ်စိုင်တိမ်တိုက်များကြားမှ ထွက်ပေါ်လာသော နဂါးဟိန်းသံများသည်သာ ရန်ကိုင်နှင့် ကျုလဲ့တို့နှစ်ဦးကြားရှိတိုက်ပွဲ မည်မျှပြင်းထန်ကြောင်းကို ဖော်ပြနေခဲ့လေသည်။
လူတိုင်းမှာ ဇောချွေးပြန်နေကြလေသည်။ ယခုကိစ္စ မည်ကဲ့သို့ အဆုံးသတ်မလဲဆိုသည်ကို မည်သူမျှ မသိကြချေ။
နဂါးကလန်သားတစ်ဦးနှင့် ပြဿနာဖြစ်ခြင်းသည် ရန်ကိုင်အတွက် နိုင်နိုင်ရှုံးရှုံး ဘာအကျိုးမှမရှိသည့် ကိစ္စတစ်ရပ်ဖြစ်သည်။ ထို့အပြင် ရန်ကိုင်ကြောင့် နေမင်းပြာကျောင်းတော်သည်ပါ ဒုက္ခရောက်ရပေလိမ့်ဦးမည်။
ထိုအချက်ကို စဉ်းစားမိလိုက်သော် ဧကရာဇ်အဆင့်ပညာရှင်ပေါင်းများစွာမှာ ဤနေရာတွင် ဆက်မနေရဲကြတော့ချေ။ အကုန်လုံးမှာ အကြောင်းပြချက်အမျိုးမျိုးပေး၍ ဝမ်ကျိရှန်းကိုနှုတ်ဆက်ကာ ထွက်သွားကြတော့လေသည်။ ဝမ်ကျိရှန်းသည်လည်း ထိုလူများကို အတင်းခေါ်ထားမနေခဲ့ပေ။ အလာပ သလာပစကားအချို့ ပြန်ပြောပြီးသည့်နောက် ထိုလူများကို လိုက်ပို့ပေးလိုက်လေသည်။
တစ်ခဏလေးအတွင်း ရာနှင့်ချီသောလူများ ထွက်သွားခဲ့ကြရာ လဲ့ဟုန်နှင့် ကြယ်ဝိဉာဉ်နန်းတော်မှ သူခေါ်လာသည့်လူများသာ ကျန်ရစ်တော့လေသည်။
“ဒီကောင်က သွားလေရာ ပြဿနာရှာတဲ့ကောင်လို့ ရောင်းရင်းရှောင် တစ်ခါပြောဖူးတယ်… အစကတော့ ငါ မယုံသေးဘူး… ဒါပေမယ့် အခုကတော့…” လဲ့ဟုန်သည် ကောင်းကင်ထက်ရှိမြင်ကွင်းကိုကြည့်ရင်း ခါးသက်စွာပြုံးလျက် ခေါင်းတခါခါ လုပ်နေခဲ့လေသည်။
ဝမ်ကျိရှန်းကလည်း မှုန်ကုပ်ကုပ်အမူအယာဖြင့် “ဒီနေ့ကိစ္စက ရန်ကိုင်အပြစ်လို့တော့ ပြောလို့မရဘူး… အဲ့နဂါးကောင်ကကို အရမ်းမောက်မာလွန်းနေတာ… ကျုပ်သာ ရန်ကိုင်နေရာမှာဆိုရင်လည်း ဒီနဂါးကောင်နောက်ကို လုံးဝ လိုက်သွားမှာမဟုတ်ဘူး…”
လဲ့ဟုန်က ပြန်ပြောလိုက်သည်။ “ဒါပေမယ့် မေးခွန်းက ငါတို့ ဒီကိစ္စကို ဘယ်လိုအဆုံးသတ်မှာလဲ…”
ဝမ်ကျိရှန်းက ပြန်ပြောလိုက်လေသည်။ “အခုတလော ကျောင်းတော်က အတော်လေးကို ဒုက္ခရောက်ထားရတာ… ကျုပ်လည်း အခုဖြစ်သွားတဲ့ကိစ္စတွေနဲ့ပတ်သက်ပြီး ဘာမှကို မတတ်နိုင်ဘူး… ဒီတော့ ဒီနေ့ကိစ္စအတွက် နည်းနည်းပါးပါးလေး ကူပြောပေးဖို့ မဟာဧကရာဇ်ကိုပဲ မြားဦးလှည့်ရတော့မယ်…”
လဲ့ဟုန်သည် တစ်ခဏမျှ စဉ်းစားနေပြီးသည့်နောက် ခေါင်းညိတ်လိုက်လေသည်။ “ဒီအကြောင်းကို မဟာဧကရာဇ်ဆီ သွားပြန်ပြောပေးမယ်လေ… နဂါးကလန်က ပြဿနာရှာလို့ကောင်းတဲ့ကလန် မဟုတ်ပေမယ့် တောင်ဘက်နယ်မြေကတော့ သူတို့လာအနိုင်ကျင့်တာကို အလကားသက်သက် ငြိမ်ခံနေမှာမဟုတ်ဘူး…”
“ကျေးဇူးအများကြီးတင်ပါတယ် ရောင်းရင်းလဲ့…”
လဲ့ဟုန်က သူ့လက်ကို ဝှေ့ယမ်းပြလိုက်သည်။ “အခုလိုမျိုးတွေ လုပ်နေစရာမလိုဘူး ကျောင်းသခင်ဝမ်… ကြည့်ရတာ ငါနဲ့မင်းနဲ့ သူ့ကို သွားကူပေးဖို့ လိုနေပြီနဲ့… အမ်…”
လဲ့ဟုန်မှ သူ့စကားကို ဆုံးအောင်မပြောနိုင်သေးခင်မှာပင် တစ်ခုခုအား သတိထားမိသွားသည့်အလား ကောင်းကင်ပေါ်သို့ မျက်လုံးအပြူးသားဖြင့် မော့ကြည့်လိုက်လေသည်။
ဝမ်ကျိရှန်းသည်လည်း ထိုအချက်အား သတိပြုမိသွားသည့်အလား မင်သက်နေသည့်အမူအယာဖြင့် အပေါ်သို့ မော့ကြည့်လိုက်သည်။
တိမ်စိုင်တိမ်တိုက်များအထက်တွင် ရန်ကိုင်သည် မိုးကောင်းကင်၏ကောင်းချီးကို ရရှိလိုက်သည့်အလား မူလက မီတာနှစ်ဆယ်အမြင့်ခန့်သာ ရှိသော သူ့ခန္ဓာကိုယ်ကြီးသည် ရုတ်တရက် မီတာလေးဆယ်ခန့်အမြင့်သို့ ရောက်ရှိသွားခဲ့လေသည်။ သာမန်လူတစ်ဦးနှင့်ယှဉ်လိုက်သော် ရန်ကိုင်၏ခန္ဓာကိုယ်ကြီးမှာ အလွန်တရာကိုမှ ကြီးမားလှပါသော်ငြား နဂါးနီနှင့် ယှဉ်လျှင်မူ အနည်းငယ် သေးငယ်နေပေသေးသည်။
ရန်ကိုင်၏ခန္ဓာကိုယ် ကြီးမားလာသည်နှင့်အမျှ သူ့နဖူးထက်မှ ထိုးထွက်နေသော ဦးချိုနှစ်ချောင်းမှာလည်း ယခင်ကထက်ပို၍ ကြီးမားလာခဲ့သည်။ တစ်ချိန်တည်းတွင် ရှင်းပြမရသည့် အရှိန်အဝါတစ်ရပ်မှာလည်း သူ့ခန္ဓာကိုယ်ဆီမှ ဖြာထွက်လာခဲ့လေ၏။
ရန်ကိုင်နှင့် ရင်ဆိုင်တိုက်ခိုက်နေသော ကျုလဲ့မှာ ထိုအဖြစ်အပျက်ကြောင့် ထိတ်လန့်သွားခဲ့ရလေသည်။ သူသာ လူပုံစံဆိုလျှင်တော့ ယခုအချိန်၌ သူ့မျက်နှာတစ်ပြင်လုံး ကြောက်ရွံ့မှုတို့ဖြင့် ပြည့်နေသည်ကို အထင်းသား မြင်တွေ့ရပေလိမ့်မည်။ ပြောနေရင်းမှ ကျုလဲ့သည် ကြောက်မက်ဖွယ်ရာတစ်ခုခုကို မြင်လိုက်ရသည့်အလား အလျင်အမြန် နောက်သို့ ပြန်ဆုတ်လိုက်လေသည်။
ရန်ကိုင်သည်လည်း ယာယီမျှ မင်သက်နေခဲ့သည်။ ရန်ကိုင်သည် တိုက်ခိုက်နေစဉ်အတောအတွင်း သူ့ပြိုင်ဘက်အား နဂါးသွေးမျိုးဆက်ဖြင့် ဖိနှိပ်ရန် အဆက်မပြတ် ကြိုးစားခဲ့လေသည်။ ထိုသို့လုပ်နေရင်းမှ မတော်တဆ နဂါးအသွင်ပြောင်းလဲခြင်းပညာရပ်၏ အတားအဆီးများကို ချိုးဖြတ်ကာ နောက်တစ်ဆင့်သို့ တက်ရောက်သွားနိုင်ခဲ့ရသည်။ ထိုအကြောင်းကြောင့်ပင်လျှင် ရန်ကိုင်မှာ ရွှေနဂါးအမြုတေ၏စွမ်းအားကို ပိုမိုထုတ်သုံးလာနိုင်ရပြီး သူ့ခန္ဓာကိုယ်မှာလည်း ယခုကဲ့သို့ မီတာလေးဆယ်ခန့် အမြင့်ရှိသည့် ပုံစံအဖြစ်သို့ ပြောင်းလဲလာခဲ့ရခြင်း ဖြစ်လေသည်။
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၂၉၅၇)
ဘာသာပြန်သူ_တိမ်တိုက်
ရန်ကိုင် အသိပြန်ဝင်လာချိန်တွင် ကျုလဲ့သည် မီတာထောင်ပေါင်းများစွာအကွာသို့ ပြန်ဆုတ်သွားနေပြီးခဲ့လေပြီ။ ရန်ကိုင်က ဝါးလုံးကွဲအော်ရယ်မောရင်းမှ “ခင်ဗျား ဘယ်ကို ထွက်ပြေးချင်နေတာလဲ…”
ထိုသို့ပြောပြီးသည့်နောက်တွင် ရန်ကိုင်၏အနီးတစ်ဝိုက်၌ လေဟာနယ်နိယာမစွမ်းအားတို့ ရစ်သိုင်းလာခဲ့ပြီး ကျုလဲ့ဆီသို့ တမုဟုတ်ချည်း တည်နေရာခုန်ကူးသွားခဲ့လေသည်။ ထို့နောက် ကျုလဲ့၏အမြီးကို ဆွဲကိုင်၍ အတင်း ဆောင့်ဆွဲချလိုက်သည်။
ကောင်းကင်ပေါ်သို့ ပျံတက်နေသော ကျုလဲ့မှာ ရန်ကိုင်မှ ဆောင့်ဆွဲလိုက်သည့်အတွက်ကြောင့် မြေပြင်ပေါ်သို့ တဟုန်ထိုး ထိုးကျလာခဲ့ရလေသည်။ ထိုသို့ ထိုးကျလာနေစဉ်အတောအတွင်း ကျုလဲ့မှာ ငြိမ်ခံနေခြင်းမရှိဘဲ ရန်ကိုင်ဘက်သို့လှည့်၍ ရန်ကိုင်အား ကိုက်ခဲရန် ကြိုးစားလိုက်သည်။
ရန်ကိုင်သည် လှောင်ပြုံးပြုံးလျက် ကျုလဲ့၏ ကိုက်ခဲမှုကို ရှောင်တိမ်းရင်းမှ ကျုလဲ့၏အမြီးကို အထုံးဖြစ်အောင် ချည်နှောင်လိုက်သည်။
နဂါးအသွင်ပြောင်းလဲခြင်းပညာရပ် အဆင့်တက်သွားပြီးသည့်နောက် ရန်ကိုင်ထုတ်သုံးနိုင်သည့် ရွှေနဂါးအမြုတေ၏စွမ်းအားမှာ ပိုမိုများပြားလာခဲ့ရသည်။ လက်ရှိကျုလဲ့သည် သူ၏ပြိုင်ဘက် လုံးဝ မဖြစ်နိုင်တော့ဟု သူ့စိတ်ထဲ ခံစားနေရသည်။
ရန်ကိုင် ပို၍အားကောင်းလာခြင်းမဟုတ် ထို့အစား ဤနဂါးတစ်ပိုင်းလူတစ်ပိုင်းအသွင်၏ သွေးမျိုးဆက်ဖိနှိပ်ခြင်းသည် ယခင်ကထက်ပို၍ အားကောင်းလာခြင်းပင် ဖြစ်လေသည်။ ထိုအကြောင်းကြောင့်ပင်လျှင် ကျုလဲ့၏သွေးမျိုးဆက်ကို ပိုမိုဖိနှိပ်လာနိုင်ခဲ့ခြင်း ဖြစ်လေ၏။
“ဝေါင်း…” ကျုလဲ့မှာ ဒေါမာန်တကြီး ထအော်လေသည်။ သူ့အော်သံထဲ ဒေါသ၊ အရှက်တရားတို့ ကိန်းအောင်းနေခဲ့လေသည်။ သားရဲများ၏အရှင်သခင်ဖြစ်သော နဂါးကလန်အဖွဲ့သားတစ်ဦး၏ အမြီးမှာ အထုံးဖြစ်အောင် ချည်နှောင်ခြင်း ခံခဲ့ရသည်။ ဤသည်မှာ လုံးဝကို သည်းခံ၍မရသည့် အရာမျိုး ဖြစ်လေသည်။ ကျုလဲ့မှာ သူ၏အမြီးကိုလှုပ်ခါရင်း ရန်ကိုင်အား ဖယ်ထုတ်ရန် ကြိုးစားခဲ့ပါသော်ငြား သွေးမျိုးဆက်ဖိနှိပ်ခြင်းကြောင့် ကျုလဲ့မှာ သူ့ခွန်အား ခုနှစ်ဆယ်ရာခိုင်နှုန်းလောက်ကိုသာ အများဆုံး ထုတ်သုံးနိုင်လေရာ မည်ကဲ့သို့များ ရန်ကိုင်အား ခါထုတ်နိုင်ပါမည်နည်း။
ရန်ကိုင်သည် ကျုလဲ့၏အမြီးကို တင်းတင်းကြပ်ကြပ်ကို ဆုပ်ကိုင်ထားခဲ့သည်။ ထို့နောက် မာန်သွင်းအော်ဟစ်လိုက်ရာ ရန်ကိုင်၏လက်မောင်းကြွက်သားများ ဖောင်းကားတက်လာခဲ့ပြီး ကျုလဲ့၏အမြီးကို တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ထားရင်း ကျုလဲ့အား ချားရဟတ်ပမာ ဝှေ့ရမ်းပစ်တော့လေသည်။
မီတာနှစ်ရာခန့်အလျားရှိသော နဂါးကြီးသည် ရန်ကိုင်လက်ထဲတွင် အရုပ်တစ်ခုပမာ ချားရဟတ်ကဲ့သို့ ဝှီးခနဲမြည်အောင် အလှည့်ခံနေရလေသည်။
ထိုမြင်ကွင်းကိုကြည့်ရင်း နေမင်းပြာကျောင်းတော်နှင့် ကြယ်ဝိဉာဉ်နန်းတော်မှ ဧကရာဇ်အဆင့်ပညာရှင်များ မျက်လုံးများပြူးနေခဲ့ကြသည်။ သူတို့၏ခြေထောက်များပင်လျှင် ဘာကြောင့်မှန်းမသိ ပျော့ခွေချင်လာကြလေသည်။
အစပိုင်းတွင် လည်နေသည့်နှုန်းမှာ သိပ်မမြန်သေး။ သို့သော်ငြား လည်နှုန်းမှာ တဖြည်းဖြည်းနှင့် ပိုပို၍ မြန်လာခဲ့ရာ ကျုလဲ့၏ မီတာနှစ်ရာခန့် အလျားရှိသော ခန္ဓာကိုယ်ကြီးသည် အဆက်မပြတ်လည်ပတ်နေသည့် စီဒီခွေပြားတစ်ပြားနှင့်ပင် တူလာနေခဲ့လေသည်။
ကျုလဲ့မှာလည်း ချာခနဲနေအောင် အလှည့်ခံနေရသည့်အတွက်ကြောင့် အတော်လေးကို ခေါင်းမူးနေခဲ့ပြီး သူ့နဂါးစွမ်းအင်အဆီအနှစ်ကို မည်သို့မျှ မစုဝေးနိုင်အောင် ဖြစ်နေခဲ့လေသည်။ အောက်ဘက်ရှိ ပုရွတ်ဆိတ်များမှ သူယခုကဲ့သို့ အလှည့်ခံနေရသည်အား ဝိုင်းကြည့်နေသည်ကို သတိထားမိလိုက်သော် ကျုလဲ့မှာ ရှက်လွန်းသဖြင့် တွင်းတစ်တွင်းတူးပြီး ပြေးပုန်းချင်စိတ်များသာ ဖြစ်ပေါ်လာရတော့သည်။
“ရွှစ်…” ခနဲမြည်သံနှင့်အတူ ရန်ကိုင်သည် ကျုလဲ့အား တရစပ်လှည့်နေရင်းမှ အောက်သို့ ကိုင်ဆောင့်ချလိုက်လေသည်။
မြေပြင်တစ်ခုလုံး တသိမ့်သိမ့်တုန်ခါသွားခဲ့ပြီး ဧရာမအက်ကြောင်းကြီးတစ်ခု ထွက်ပေါ်လာခဲ့သည်။ မီတာနှစ်ရာခန့်အလျားရှိသော နဂါးကြီးမှာတော့ အက်ကြောင်းကြီးထဲ ခေါင်းစိုက်နေခဲ့လေ၏။ ကျုလဲ့မှာ မြေကြီးထဲခေါင်းစိုက်နေရာမှ အတင်းပြန်ရုန်းထွက်၍ ထရန် ကြိုးစားလိုက်ပါသော်ငြား အရက်မူးနေသည့်အလား ဒယီးဒယိုင် ဖြစ်နေခဲ့လေသည်။ ထိုအခိုက်အတန့်မှာပင် ရန်ကိုင်သည် ကျုလဲ့၏ ခေါင်းတည့်တည့်ပေါ်သို့ ခုန်ဆင်းလာခဲ့ပြီး ကျုလဲ့၏နဂါးခေါင်းကို ကိုင်လျက် တဖုန်းဖုန်း ထုရိုက်တော့သည်။
“ဘုန်း… ဘုန်း… ဘုန်း….”
ရန်ကိုင်၏လက်သီးချက်တစ်ချက်ချင်းစီတိုင်းသည် သူတို့၏ရင်အစုံကို ထုရိုက်နေသည့် ဆယ်ပေါင်တူကြီးပမာ ဝမ်ကျိရှန်းနှင့် အခြားသူအားလုံး ခံစားနေခဲ့ကြရသည်။
ကျုလဲ့မှာ ပြန်တိုက်ခိုက်ရန် ကြိုးစားခဲ့ပါသော်ငြား နှစ်ဆမက မြင့်မားလှသည့် သွေးမျိုးဆက်ဖိနှိပ်မှုအပါအဝင် ခေါင်းတစ်ခေါင်းလုံးမှာ မူးဝေနေသည့်အတွက်ကြောင့် သူ၏ခုခံမှုမှာ ကလေးကလားသဖွယ် ဖြစ်နေခဲ့ရလေသည်။
“လာလေ… လာလေ… ထပ်ပြောဦးလေ… ကောင်းကင်နဲ့မြေပြင် ဘယ်လောက်ကွာခြားလဲ ထပ်ပြောဦးလေ…” ရန်ကိုင်မှာ ကျုလဲ့၏ခေါင်းကို အဆက်မပြတ် ထိုးကြိတ်နေရင်းမှ အော်မေးနေခဲ့လေသည်။
သို့သော်ငြား ကျုလဲ့မှာ မည်သို့များ ပြန်ဖြေနိုင်ပါတော့မည်နည်း။ နာကျင်လွန်းသည့်အတွက်ကြောင့် အဆက်မပြတ်သာ အော်ဟစ်နေတော့လေသည်။ ရန်ကိုင်၏ လှောင်ပြောင်ထေ့ငေါ့စကားသံကို ကြားလိုက်သည့်အခိုက် သူ့စိတ်ထဲ ပို၍ပင် နာကြည်းသွားခဲ့ရသည်။ ဒေါသမှာလည်းထွက်လွန်းသဖြင့် ရင်ထဲ ပျို့တက်လာသည့် သွေးများကို အန်ထုတ်လုမတတ်ပင် ဖြစ်သွားခဲ့လေသည်။
ရာနှင့်ချီသော လက်သီးချက်များကို မိုးသီးမိုးပေါက်များပမာ ထိုးချလိုက်ပြီးသည့်နောက်တွင် ကျုလဲ့၏ခေါင်း အက်ကွဲသွားခဲ့ရသည်။ နဂါးအကြေးခွံများမှာလည်း အက်ကွဲကုန်ရလေသည်။ လက်ရှိအချိန်တွင် ကျုလဲ့မှာ လုံးဝကို အားအင်ကုန်ခမ်းနေသည့်အလား လျှာထုတ်လျက် အမောတကောအသက်ရှူရင်း ခေါင်းငိုက်ငိုက်စိုက်ကျနေခဲ့သည်။ သို့သော်ငြား သူ၏မျက်လုံးကြီးများမှာတော့ ဒေါသတရားတို့ဖြင့် ပြည့်နေလေ၏။
သွေးမျိုးဆက်ဖိနှိပ်ခြင်းကြောင့်သာ မဟုတ်ပါက သူ့အနေဖြင့် ချက်ချင်းထခုန်၍ ရန်ကိုင်အား မျိုချပစ်လိုက်ပေမည်။
“ဒီတော့ ကျုပ်ကို ခင်ဗျားနဲ့အတူ နဂါးကျွန်းဆီ လိုက်စေချင်သေးလား…” ရန်ကိုင်သည် ကျုလဲ့၏ခေါင်းပေါ်တွင် ရပ်နေရင်းမှ ကျုလဲ့၏မျက်နှာကို လက်ဖြင့် ပိတ်ရိုက်ချလိုက်သည်။ ကျုလဲ့၏ခေါင်းကို ရိုက်ရသည်မှာ သူ့လက်များပင်လျှင် နာကျင်နေရသည်။ ထိုအချက်ကိုကြည့်ရုံဖြင့်ပင်လျှင် နဂါးတစ်ကောင်၏ခန္ဓာကိုယ် မည်မျှမာကျောကြောင်း မြင်တွေ့နိုင်ပေသည်။
“မင်းဘာသာမင်း လိုက်ချင်ချင် မလိုက်ချင်ချင် မင်း လာကိုလာရမှာ… နဂါးကလန်က ဘယ်တော့မှ…”
သူ့စကားကို ဆုံးအောင်မပြောနိုင်သေးခင်မှာပင် ရန်ကိုင်သည် ကျုလဲ့၏ခေါင်းကို ခြေထောက်ဖြင့် ဆောင့်နင်းချလိုက်ရာ ကျုလဲ့၏ခေါင်းမှာ ဖုန်းခနဲမြည်သံနှင့်အတူ မြေပြင်ထဲသို့ ကျွံဝင်သွားခဲ့ရလေသည်။ ထိုသို့ဖြစ်သွားစဉ်အတောအတွင်း ကျုလဲ့မှာ သူ့မေးနှစ်ဖက်စလုံး ပိတ်ကျသွားသည့်အတွက်ကြောင့် အပြင်သို့ထွက်နေသည့် သူ့လျှာသူ ပြန်ကိုက်မိလုမတတ်ပင် ဖြစ်သွားခဲ့ရသည်။
“ကျုပ် ခင်ဗျားကို နောက်တစ်ကြိမ် ထပ်မေးမယ်… ကျုပ်ကို ခင်ဗျားနဲ့အတူ နဂါးကျွန်းဆီ လိုက်စေချင်သေးလား…” ရန်ကိုင်သည် ကျုလဲ့အား စိုက်ကြည့်ရင်းမှ ထပ်မေးလိုက်သည်။
တစ်ကြိမ်ခံလိုက်ရပြီးသည့်နောက်တွင် ကျုလဲ့မှာ ပါးစပ်သာ ပိတ်နေတော့လေသည်။
“ကျုပ်ခင်ဗျားကို ဘာမှမလုပ်နိုင်ဘူးလို့ ထင်နေတာလား…” ရန်ကိုင်သည် လှောင်ပြုံးပြုံးလျက် ကျုလဲ့၏ခန္ဓာကိုယ်ကို စစ်ဆေးကြည့်တော့လေသည်။ ကျုလဲ့နှင့်တိုက်ခိုက်နေစဉ်အတောအတွင်း တစ်ခုခုအား သတိပြုမိသွားခဲ့သည်။ သူမြင်လိုက်သည့်အရာ ဘာဖြစ်သလဲဆိုသည်ကိုတော့ ရန်ကိုင်လည်း သေချာမသိပေ။ ယခုအချိန်သည် ထိုစဉ်က မြင်လိုက်ရသည့်အရာကို သေချာစစ်ဆေးကြည့်ရမည့်အချိန် ဖြစ်လေသည်။
မကြာမီတွင် ရန်ကိုင်၏မျက်လုံးများ တောက်ပသွားခဲ့ပြီး ကျုလည်၏လည်တိုင်နားတွင် ရှိနေသော နဂါးအကြေးခွံတစ်ခုဆီသို့ အကြည့်ရောက်သွားခဲ့လေသည်။
အပေါ်ယံသာ ရှပ်ကြည့်လိုက်မည်ဆိုလျှင်တော့ ထိုနဂါးအကြေးခွံသည် အခြားသောနဂါးအကြေးခွံများနှင့် ကွာခြားခြင်း သိပ်မရှိလှချေ။ သို့သော်ငြား သေသေချာချာစစ်ဆေးကြည့်လိုက်မည်ဆိုလျှင်မူ ထိုနဂါးအကြေးခွံ၏အရောင်မှာ အခြားသောနဂါးအကြေးခွံများထက် ပို၍နက်မှောင်ပြီး ၎င်း၏အရှိန်အဝါမှာလည်း မတူကွဲပြားနေကြောင်းကို သတိထားမိနိုင်ပေသည်။
ရန်ကိုင်သည် သူ၏နဂါးလက်သည်းများကိုသုံးလျက် ထိုလက်ဆေးဇလုံအရွယ်အစားခန့်ရှိသော နဂါးအကြေးခွံကို ဆွဲယူလိုက်လေသည်။
“မင်း ဘာလုပ်နေတာလဲ…” ကျုလဲ့က အထိတ်တလန့်ဖြင့် ထအော်လိုက်လေသည်။ ရန်ကိုင်လုပ်နေသည့်အရာကိုမြင်သော် ပျာယာခတ်သွားခဲ့ပြီး ရုန်းကန်ရန်ပင် ကြိုးစားလာခဲ့သည်။ ကုန်ဆုံးသွားခဲ့သော သူ့ခွန်အားများ မည်သည့်နေရာမှ ပြန်ရောက်လာလို့ ရောက်လာမှန်းမသိရ ကျုလဲ့မှာ လုံးဝကို ခြေကုန်လက်ပန်းကျနေရာမှ ကောင်းကင်ပေါ်သို့ ပျံတက်ရန်ပင် ကြိုးစားလာခဲ့လေ၏။
ရန်ကိုင်ကမူ ကျုလဲ့အား လျစ်လျူရှုထားခဲ့ပြီး ထိုနဂါးအကြေးခွံကိုသာ တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားခဲ့သည်။ ထို့နောက် မာန်သွင်းအော်ဟစ်၍ အားကုန်သုံးကာ ထိုနဂါးအကြေးခွံကို ကျုလဲ့၏ခန္ဓာကိုယ်ဆီမှ ဆွဲခွာချလိုက်လေ၏။
“စွပ်” ခနဲမြည်သံနှင့်အတူ နဂါးသွေးတို့ ဖြာထွက်လာခဲ့ပြီး ကျုလဲ့မှာလည်း နာကျင်စွာ ထအော်တော့လေသည်။
ထိုအကြေးခွံ အခွာလိုက်ရသည်နှင့်တစ်ပြိုင်နက် ကျုလဲ့၏ နဂါးခန္ဓာကိုယ်ကြီးမှာလည်း လူပုံစံအသွင်သို့ တမုဟုတ်ချည်း ပြန်ပြောင်းသွားခဲ့သည်။ ကျုလဲ့၏ဆံပင်များမှာ နီရဲနေခဲ့ပြီး ကျုလဲ့ပုံစံမှာ အသက်နှစ်ဆယ်ဝန်းကျင်လောက်သာ ရှိသေးမည့်ပုံပေါ်လေသည်။ ဖြောင့်စင်းသည့်မေးရိုး၊ တောက်ပသည့်မျက်လုံးများနှင့် နှင်းသားပမာ ချောမွတ်လှသည့် အသားအရေကို ပိုင်ဆိုင်ထားသည့် ကျုလဲ့၏ပုံစံသည် မိန်းမသားတို့ရင်ဖိုဖွယ်ရာပုံစံမျိုး ဖြစ်လေသည်။
သို့ရာတွင် ရန်ကိုင်၏ ထပ်တလဲလဲ ရိုက်နှက်မှုများကြောင့် လက်ရှိကျုလဲ့ပုံစံမှာ အတော်လေးကိုမှ ဆိုးဆိုးရွားရွား ဖြစ်နေရသည်။ အနီရောင်ဆံပင်များမှာ နှစ်ပေါင်းမရေမတွက်နိုင်အောင် ဖြီးလိမ်းထားခြင်းမရှိသည့်အလား ဖွာကြဲလန်နေခဲ့သည်။ ခန္ဓာကိုယ်တစ်ခုလုံးမှာလည်း အညိုအမည်းဒဏ်ရာဒဏ်ချက်များဖြင့် ပြည့်နေခဲ့ပြီး အဝတ်အစားများမှာလည်း စုတ်ပြဲကာ ဖိုသီဖတ်သီ ဖြစ်နေခဲ့လေသည်။ သူ့လည်ပင်းနေရာဆီမှ သွေးများ စီးထွက်နေသည့် ဒဏ်ရာလေးတစ်ခုပင် ရှိနေပေသည်။
နဂါးအကြေးခွံကို ဆုံးရှုံးလိုက်ရပြီးသည့်နောက်တွင် ကျုလဲ့မှာ ရန်ကိုင်ဆီမှ ဖြာထွက်နေသည့် ရွှေနဂါးအမြုတေစွမ်းအားကို မည်သို့မှ ခုခံနိုင်ခြင်း မရှိတော့ချေ။ ထို့အတွက်ကြောင့်ပင်လျှင် နဂါးအသွင်ကိုပင်လျှင် ထိန်းထားနိုင်ခဲ့ခြင်း မရှိတော့ဘဲ လူအသွင်သို့ ချက်ချင်း ပြန်ပြောင်းသွားခဲ့ရခြင်း ဖြစ်သည်။
ကျုလဲ့သည် လူအသွင်သို့ ပြောင်းသွားသည်နှင့်တစ်ပြိုင်နက် မြေပြင်ပေါ်မှ အတုံးအရုန်း ကုန်းထလာခဲ့ပြီး ရန်ကိုင်၏လက်ထဲတွင် ရှိနေသော အကြေးခွံဆီသို့ ခုန်ဝင်သွားကာ အော်ပြောလိုက်လေ၏။ “ငါ့ကိုပြန်ပေး… အဲ့ဒါ ငါ့ဟာ..”
သို့သော်ငြား လက်ရှိအချိန်တွင်တော့ မီတာလေးဆယ်ခန့်အမြင့်ရှိသော ရန်ကိုင်၏ နဂါးတစ်ပိုင်းလူတစ်ပိုင်းပုံစံရှေ့တွင် ကျုလဲ့၏ပုံစံမှာ အတော်လေးကိုမှ ရယ်ဖွယ်ကောင်းနေခဲ့လေသည်။
ရန်ကိုင်သည် ခြင်တစ်ကောင်နှယ် ရိုက်ထုတ်လိုက်သည့်နှယ် ကျုလဲ့အား ရိုက်ထုတ်ချလိုက်ရာ ကျုလဲ့မှာ မြေပြင်ပေါ်သို့ ဘုန်းခနဲ ပြုတ်ကျသွားခဲ့ရသည်။ ထို့နောက်တွင် ရန်ကိုင်သည် ကျုလဲ့အား လှုပ်မရအောင် ကျုလဲ့၏ခေါင်းကို သူ့ခြေထောက်ဖြင့် ဖိနင်းထားရင်းမှ သူ့လက်ထဲတွင်ရှိနေသော နဂါးအကြေးခွံကို လေ့လာတော့လေသည်။ “ဒီတော့ ဒါက ကျုပ်နဲ့ရင်ဆိုင်ဖို့ ခင်ဗျားအားကိုးနေတဲ့ အရာပေါ့…”
ကျုလဲ့သည် အံတင်းတင်းကြိတ်၍ ပါးစပ်ပိတ်ထားခဲ့လေသည်။
“ဒါမပါဘဲနဲ့ ခင်ဗျား ကျုပ်ကို နဂါးကျွန်းဆီ ဘယ်လိုပြန်ခေါ်သွားတော့မှာလဲ…” ရန်ကိုင်က ကြမ်းကြုတ်စွာ ပြုံးဖြီးရင်းမှ အောက်ဘက်တွင်ရှိနေသော ကျုလဲ့ကို ငုံ့ကြည့်လျက် ပြောလိုက်လေသည်။ “ကြည့်ရတာ အဲ့ကောင်မလေးကျုချင်း ကျုပ်အကြောင်းတွေအများကြီးကို ခင်ဗျားတို့ဆီ ပြောခဲ့တယ်နဲ့တူတယ်…”
ရန်ကိုင် အမှန်တကယ်ကို စိတ်ညစ်နေပေသည်။ ယခုတစ်ကြိမ် ရောက်လာရာတွင် ကျုလဲ့သည် သေသေချာချာကို ပြင်ဆင်ထားခဲ့ပေသည်။ ရန်ကိုင်သည်သာ နဂါးအသွင်ပြောင်းလဲခြင်းပညာရပ်၌ အဆင့်တက်သွားခဲ့ခြင်း မရှိပါလျှင်မူ ယခုတိုက်ပွဲအား နိုင်မလားရှုံးမလားဆိုသည်ကို ပြောရခက်ပေလိမ့်မည်။
သူနှင့်ပတ်သက်သည့် အကြောင်းအရာများကို ကျုချင်းဆိုသည့်ကောင်မလေးမှ နဂါးကျွန်းဆီ ပြန်ပြောခဲ့ရပေလိမ့်မည်။ ထို့အတွက်ကြောင့် ရန်ကိုင်စိတ်ထဲ အနည်းငယ်တော့ မသက်မသာဖြစ်ရသည်။
သို့သော်ငြား သေသေချာချာ ပြန်စဉ်းစားကြည့်လိုက်လျှင်မူ ကျုချင်းသည် နဂါးကလန်၏အဖွဲ့သားတစ်ဦးဖြစ်သလို ရန်ကိုင်ကိုယ်တိုင်ကလည်း ကျုချင်းနှင့်အတူ နဂါးကလန်သို့လိုက်ရန် အကြိမ်ကြိမ်ငြင်းဆန်ခဲ့သည့် အတွက်ကြောင့် သူမအနေဖြင့် ရန်ကိုင်နှင့်ပတ်သက်သည့် အကြောင်းအရာအချို့ကို နဂါးကျွန်းအား ပြန်ပြောခဲ့သည်မှာ သဘာဝသာဖြစ်လေသည်။
“မင်း ဒီအကြေးခွံကြီးကို သုံးပြီးတော့ ငါ့ရဲ့သွေးမျိုးဆက်ဖိနှိပ်တာကို ဘယ်လိုတားတာလဲ…” ရန်ကိုင်က အလေးအနက်အမူအယာဖြင့် မေးလိုက်လေသည်။
ယခင်ကမူ ဤနဂါးအကြေးခွံသည် ကျုလဲ့၏အပိုင်မဟုတ်ဟု တွေးခဲ့ဖူးသည်။ ဤနဂါးအကြေးခွံမှာ ကျုလဲ့ထက်ပို၍အဆင့်မြင့်သည့် နဂါးတစ်ကောင်ဆီမှ အကြေးခွံတစ်ခု ဖြစ်ရမည်ဟု ထင်ခဲ့ပေသည်။ သို့ရာတွင် သေချာစစ်ဆေးကြည့်လိုက်ပြီးသည့်နောက် သူအထင်မှားယွင်းနေမှန်း တွေ့ခဲ့ရသည်။ ဤအရာသည် ကျုလဲ့၏နဂါးအကြေးခွံသာ ဖြစ်လေသည်။ သို့သော်ငြား ဤနဂါးအကြေးခွံ၏ အရောင်နှင့် အရှိန်အဝါမှာ အခြားသောနဂါးအကြေးခွံများနှင့် ဘာကြောင့်မတူရသလဲဆိုသည်ကိုတော့ ရန်ကိုင်လည်း သေချာမသိပေ။ ထိုသို့ဖြစ်ရခြင်းမှာ ပညာရပ်တစ်မျိုးမျိုးကြောင့် ဖြစ်ရလိမ့်မည်ဟုတော့ ရန်ကိုင်တွေးမိထားသည်။ ထိုကဲ့သို့သောပညာရပ်မျိုးကို သူ့အနေဖြင့် သေချာ သတိထားရပေလိမ့်မည်။
နဂါးကလန်မှ အဖွဲ့သားနှစ်ဦးသည် သူ့ဆီသို့ တစ်ယောက်ပြီးတစ်ယောက် ရောက်ချလာခဲ့သည်။ ထို့အတွက်ကြောင့် နောက်နောင်တွင် ရန်ကိုင်အနေဖြင့် အခြားသောနဂါးများနှင့် ထပ်မံ၍ တွေ့ရှိလာနိုင်သည်။ အကြိမ်တိုင်းကို ရန်ကိုင်အနေဖြင့် နဂါးအသွင်ပြောင်းလဲခြင်းပညာရပ်အား အဆင့်တက်၍ ကျော်ဖြတ်ဖို့ရာ မဖြစ်နိုင်ပေ။ ထို့အတွက်ကြောင့် ကျုလဲ့အသုံးပြုသွားသည့် ပညာရပ်သည်သာ မည်ကဲ့သို့သောပညာရပ်မျိုး ဖြစ်သလဲဆိုသည်ကို သိထားနိုင်မည်ဆိုပါက ရန်ကိုင်အနေဖြင့် ကြိုတင်ပြင်ဆင်ထားနိုင်ပေသည်။
“ငါ့ကိုသာသတ်လိုက်…” ကျုလဲ့က ပြန်အော်ပြောလိုက်သည်။ ထို့နောက်တွင် ဆက်၍ ပြောလိုက်သေး၏။ “မင်း နဂါးကလန်သားတစ်ယောက်ကို သတ်ရဲလို့လား…”
ရန်ကိုင်၏အမူအယာ ရုတ်ချည်း အေးစက်သွားခဲ့သည်။ “ကျုပ်က ဒေါသလာဆွရင် သိပ်ပြီးတော့ သည်းခံနိုင်တဲ့လူစားမျိုးထဲ မပါဘူးနော်… ကျုပ်သာ ဒေါသထွက်လာပြီဆိုရင် အမြဲတမ်း တဇွတ်ထိုးလုပ်တတ်တာ… တဇွတ်ထိုးဖြစ်သွားပြီဆိုရင် ဘာတွေလုပ်မိမလဲဆိုတာကို ပြောနိုင်တော့တာမဟုတ်ဘူး… ဒီတော့ လူငယ်လေ… မင်း သိပ်ပြီးတော့ တော်ချင်ယောင် တတ်ချင်ယောင် ဆောင်မနေနဲ့… မင်း သေမလားရှင်မလားဆိုတာ ငါ့ဆုံးဖြတ်ချက်ပေါ်မှာ မူတည်နေတာ…”
ကျုလဲ့သည် အံကိုသာတင်းတင်းကြိတ်လိုက်ပြီး ဘာမှထပ်မပြောတော့ချေ။
ရုတ်တရက် ရန်ကိုင်သည် အောက်သို့ငုံ့၍ ကျုလဲ့၏မျက်နှာကို သေချာကြည့်ရင်းမှ မျက်မှောင်ကျုံ့ကာ မေးလိုက်သည်။ “မင်းနဲ့ကျုချင်းဘာတော်လဲ…”
“ငါ့လာမေးမနေနဲ့… ဘာမှပြောမှာမဟုတ်ဘူး…” ကျုလဲ့က အေးစက်စက်အမူအယာဖြင့် ပြန်ပြောလိုက်သည်။
“မပြောလည်းနေ… ဘာမှဖြစ်တာမဟုတ်ဘူး…” ရန်ကိုင်က အထင်အမြင်တသေးဖြင့် ပြန်ပြောလိုက်သည်။ ဤကျုလဲ့ဆိုသောလူသည် ကျုချင်းနှင့် အတော်လေးရုပ်ဆင်သည်ဟု သူ့စိတ်ထဲ ခံစားနေရသည်။ နှစ်ယောက်စလုံးမှာ နဂါးနီများဖြစ်ကြသည်။ ထို့အတွက်ကြောင့် သူတို့နှစ်ဦးမှာ တစ်မျိုးတစ်ဖုံ ပတ်သက်နေကြရပေလိမ့်မည်။ ထိုအကြောင်းကြောင့်ပင်လျှင် ရန်ကိုင်က မေးလိုက်ခြင်း ဖြစ်လေ၏။ သို့သော်ငြား တစ်ဖက်လူက ပြန်မဖြေချင်သည့်အတွက်ကြောင့် ရန်ကိုင်လည်း အလုပ်ရှုပ်ခံပြီး ဆက်မေးနေလိမ့်မည်မဟုတ်ပေ။
ထိုစဉ် ဝမ်ကျိရှန်းနှင့် လဲ့ဟုန်တို့မှာ ရန်ကိုင်တို့ရှိနေရာဆီသို့ ပျံသန်းလာခဲ့ပြီး ရန်ကိုင်နှင့် ဆယ်မီတာခန့်အကွာတွင် ရပ်လိုက်လေသည်။ နှစ်ဦးလုံး၏အမူအယာမှာတော့ ဒွိဟဖြစ်နေကြသည့်အလား။ သူတို့သည်လည်း လက်ရှိအခြေအနေသည် ဤကဲ့သို့ဖြစ်လာလိမ့်မည်ဟု မထင်ထားသည့်ပုံပင်။
အစပိုင်းတွင် ရန်ကိုင်နှင့် ကျုလဲ့တို့မှာ သူတင်ကိုယ်တင် တိုက်ခိုက်နေခဲ့ကြသည်။ ထိုတိုက်ပွဲကို ရန်ကိုင်ရှုံးနိမ့်လိမ့်မည်ဟု အကုန်လုံးထင်ထားခဲ့ကြသည်။ သူတို့သည် နဂါးကလန်သားမှ သူ့ဒေါသကို စိတ်ကြိုက်ဖွင့်ထုတ်ပြီးမှသာ ဖြစ်လာသည့်အကျိုးဆက်များကို ရင်ဆိုင်ကြမည်ဟု၍ပင် တွေးခဲ့ပေသေးသည်။ သို့သော်ငြား ရန်ကိုင်သည် နဂါးတစ်ကောင်ကို ပြန်မထနိုင်လောက်သည်အထိ ရိုက်နှက်ပစ်နိုင်သည့်ခွန်အားမျိုးကို ပိုင်ဆိုင်ထားလိမ့်မည်ဟု မည်သူကများ ထင်ထားခဲ့ပါမည်နည်း။
ထို့အတွက်ကြောင့် နှစ်ဦးစလုံးမှာ အကြပ်ရိုက်နေရတော့လေသည်။
“အကြီးအကဲလဲ့… ခင်ဗျား အချိန်ကိုက်ရောက်လာတာပဲ…” လဲ့ဟုန်ကိုမြင်သည့်အခါ ရန်ကိုင်သည် ကယ်တင်ရှင်ကို တွေ့လိုက်ရသည့်အလား သူ၏မျက်လုံးများ တဖျတ်ဖျတ် တောက်ပသွားခဲ့လေသည်။
လဲ့ဟုန်၏ခန္ဓာကိုယ် တောင့်တောင့်ကြီးဖြစ်သွားခဲ့ပြီး သူ့စိတ်ထဲ မကောင်းသည့်ခံစားချက်တို့ ရလာလေ၏။ ဤနေရာသို့ လာခဲ့မိသည်ကိုပင်လျှင် သူ့စိတ်ထဲ နောင်တရသွားခဲ့လေသည်။ ဘာကြောင့်များ ဝမ်ကျိရှန်နောက်သို့ အရူးတစ်ယောက်ပမာ လိုက်လာခဲ့ရလေသနည်း။ ကိုယ့်ပြဿနာကိုယ်ရှာနေခြင်းမဟုတ်ပေလော။
ရန်ကိုင်ကမူ အကြီးအကဲချုပ်လဲ့ဟုန်၏အမူအယာကို ဂရုစိုက်မနေခဲ့ပဲ ဆက်၍သာ ပြောလိုက်သည်။ “ကျုပ် နဂါးတစ်ကောင်ကို ဖမ်းမိထားတယ် အကြီးအကဲလဲ့… ဒါပေမယ့် ဒီကောင်က တော်တော်ကို မောက်မာလွန်းတယ်ဗျ… ဘယ်လိုလုပ်လုပ် လုံးဝကို မာန်မချဘူး… ဒီတော့ သူ့ကို အကြီးအကဲလဲ့ဟုန်ဆီ ထည့်ပေးလိုက်ပြီးတော့ မဟာဧကရာဇ်ဆီ ပို့ပေးလိုက်ရင်ကောင်းမလားလို့… မဟာဧကရာဇ် သူ့ကို သတ်ပဲသတ်သတ် အရေခွံပဲခွာခွာ မဟာဧကရာဇ်ရဲ့အပိုင်းပေါ့… ကျုပ် ဘာမှပြောမှာမဟုတ်ဘူး…”
ထိုစကားကိုကြားသည့်အခါ လဲ့ဟုန်၏မျက်နှာကြီး ရှုံ့မဲ့သွားခဲ့ပြီး ရန်ကိုင်နားသို့ပင် ဆက်မလာချင်တော့လောက်အောင် ဖြစ်သွားခဲ့ရသည်။ ထို့နောက်တွင် လဲ့ဟုန်သည် ရန်ကိုင်ပြောသည်ကို မကြားချင်ယောင်ဆောင်လျက် ဝမ်ကျိရှန်းဘက်သို့လှည့်ကာ လက်သီးဆုပ်၍ ပြောလိုက်လေသည်။ “ကျောင်းသခင်ဝမ်… ဒီကကိစ္စတွေ ပြီးသွားပြီဆိုမှတော့ ဒီလဲ့ ဒီကနေပဲ နှုတ်ဆက်လိုက်ပါတော့မယ်… နတ်ဆိုးရှင်းလင်းရေးအမိန့်နဲ့ ပတ်သက်ပြီးတော့ ကျောင်းသခင်ဝမ်ပဲ နည်းနည်းပါးပါး ဆက်လုပ်ပေးလိုက်ပါဦးနော်… ကြယ်ဝိဉာဉ်နန်းတော်ကလည်း အတတ်နိုင်ဆုံးတော့ ကူညီပေးပါ… တစ်ခုခုအကြောင်းထူးတာနဲ့ ကျေးဇူးပြုပြီး ချက်ချင်း အကြောင်းကြားပေးပါနော်…”
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၂၉၃၈)
ဘာသာပြန်သူ_တိမ်တိုက်
ဝမ်ကျိရှန်းမှ တစ်ခုခုပြောရန် လုပ်လိုက်ပါသော်ငြား လဲ့ဟုန်သည် သူနှင့်အတူပါလာသော ကြယ်ဝိဉာဉ်နန်းတော်မှ အဖွဲ့သားများကို ခေါ်၍ အလင်းတန်းတစ်ခုအသွင်သို့ ပြောင်းကာ ပြေးထွက်သွားခဲ့လေသည်။
“ဟေ့… မျိုးရိုးနာမည်လဲ့နဲ့တစ်ယောက်… မင်း ချက်ချင်းပြန်လာခဲ့စမ်း…” ကျုလဲ့က ရုတ်တရက် ထအော်ပြောလိုက်လေသည်။ “ငါတို့နဂါးကလန်သားတစ်ယောက်ကို အခုလိုမျိုး အရှက်ခွဲတာအတွက် မင်းတို့တောင်ဘက်နယ်မြေသားတွေကို ငါတို့နဂါးကလန်က ဘယ်လိုမှခွင့်လွှတ်ပေးမှာမဟုတ်ဘူးကွ… လဲ့ဟုန်မှာမူ ရပ်တန့်ခြင်းမရှိဘဲ ပို၍မြန်မြန်ပင် ထွက်ပြေးသွားတော့လေသည်။
မူလကမူ နဂါးအသွင်ပြောင်းလဲခြင်းပညာရပ်နှင့် ပတ်သက်၍ ရန်ကိုင်အား နည်းနည်းပါးပါး မေးမြန်းလိုခဲ့လေသည်။ သို့သော်ငြား ယခုကဲ့သို့ ဖြစ်နေပြီးမှဖြင့် သူ့အနေဖြင့် မည်ကဲ့သို့များ သွားမေးရဲတော့ပါမည်နည်း။ လဲ့ဟုန်စိတ်ထဲ ဤနေရာမှ မြန်နိုင်သမျှ မြန်မြန်ထွက်သွားချင်စိတ်သာ ရှိတော့လေသည်။
လဲ့ဟုန်ထွက်ပြေးသွားသည့်ဘက်ဆီသို့ ကြည့်ရင်း ရန်ကိုင် ရုတ်တရက် ထရယ်လေသည်။ သို့သော်ငြား ရုတ်တရက်ဆိုသလို သူ့ရယ်သံမှာ ရပ်တန့်သွားခဲ့ပြီး နောက်ဘက်သို့လှည့်ကြည့်လိုက်ရာ ကောင်းရွှယ်ထင်း၊ ဝမ်ကျိရှန်းနှင့် အခြားသူများမှာ သူ့အား ဆွံ့အနေသည့်အမူအယာဖြင့် ကြည့်နေကြောင်း တွေ့လိုက်ရလေသည်။
“ငါတို့ အခု ဘာလုပ်ကြမလဲ…” ကောင်းရွှယ်ထင်းက မေးလိုက်လေသည်။
“ကျုပ်လည်းမသိဘူးလေ…” ရန်ကိုင်က ကြောင်တိကြောင်တောင်အမူအယာဖြင့် ပြန်ပြောလိုက်သည်။
“ဘာလို့ သူ့ကို လွှတ်မပေးလိုက်တာလဲ…” ချန်းချန်က အသံတိုးတိုးဖြင့် ပြောလိုက်လေ၏။ ချန်းချန်မှာ နဂါးကျွန်းကို အတော်လေးကြောက်သည့်ပုံပင်။ ထို့အတွက်ကြောင့် ကျုလဲ့ ဤမျှ ဆိုးဆိုးရွားရွား အရိုက်ခံထားရသည်ကို မကြည့်ရဲတော့ခြင်း ဖြစ်လေသည်။
ကျုလဲ့က အံတင်းတင်းကြိတ်၍ ပြောလိုက်သည်။ “ဟုတ်တယ်… မင်းတို့ ကိုယ့်အကြောင်းကိုယ်သိရင် ငါ့ကို လွှတ်ပေးလိုက်တာ အကောင်းဆုံးပဲ… မဟုတ်ရင် မင်းတို့အတွက် အဆုံးသတ်ကောင်းမှာမဟုတ်ဘူး…”
ကျုလဲ့မှ ထိုကဲ့သို့ပြောလာသော် ရန်ကိုင်သည် ကျုလဲ့၏ခေါင်းကို ထပ်မံဆောင့်နင်းချလျက် အော်ပြောလိုက်လေသည်။ “မဟုတ်တရုတ်စကားတွေမပြောခင် ကိုယ့်အကြောင်းကိုယ်သိအောင် အရင်လုပ် ခွေးကောင်လေး…”
“ငါက နဂါးကလန်သားတစ်ယောက်ကွ… မင်း ငါ့ကို ဘယ်လိုတောင် ဒီလိုမျိုးလုပ်ရဲတာလဲ…” ကျုလဲ့က ထအော်လိုက်လေသည်။
“နဂါးကလန်သားဖြစ်တော့ရော ဘာဖြစ်လဲ… မင်း အခု ငါ့ခြေထောက်အောက်မှာ ကားယားမှောက်နေရတာမဟုတ်ဘူးလား…”
ရန်ကိုင်၏စကားကြောင့် ကျုလဲ့၏မျက်နှာကြီး ရဲတက်သွားခဲ့လေသည်။ သူ့စိတ်ထဲ တွင်းတစ်တွင်းအောင်း၍သာ ပြေးပုန်းချင်စိတ်များ တဖွားဖွား ထွက်ပေါ်လာရတော့သည်။
“ဒီကောင့်ကို လွှတ်ပေးလိုက်လို့လည်း မဖြစ်ပြန်ဘူး… သတ်လိုက်လို့ကလည်း မဖြစ်ပြန်ဘူး…” ဝမ်ကျိရှန်းက ခါးသက်စွာ ရယ်မောလျက် “ကောင်လေး… ကောင်လေး… မင်းက တကယ်ကို ပြဿနာရှာတဲ့ကောင်ပဲကွ…”
နဂါးကလန်သည် အလွန်တရာကိုမှ မာနကြီးကြသည်။ ထို့အတွက်ကြောင့် ကျုလဲ့အား ယခုကဲ့သို့ အရှက်ခွဲပြီးသည့်နောက် လွှတ်ပေးမည်ဆိုပါက ကျုလဲ့သည် သူတို့အား လုံးဝ အလွတ်ပေးလိမ့်မည်မဟုတ်ချေ။ ကျုလဲ့လွတ်သွားပြီး ရက်အနည်းငယ်အကြာ၌တွင် နဂါးကလန်မှအဖွဲ့သားများ ထပ်မံရောက်ရှိလာကြပေလိမ့်မည်။ ကျုလဲ့အား သတ်ဖို့ရာလည်း မဖြစ်နိုင်။ သတ်လိုက်ခြင်းသည် ပို၍ပင် ဆိုးသွားပေလိမ့်မည်။ ကျုလဲ့အား သတ်လိုက်ပါက နဂါးကလန်နှင့် ရန်ငြိုးရန်စ ဖြစ်သွားနိုင်ပေသည်။ မဟာဧကရာဇ်ဂိုဏ်းတစ်ဂိုဏ်းသည်ပင်လျှင် နဂါးကလန်၏ အမျက်ဒေါသကို မတောင့်ခံနိုင်လေရာ နေမင်းပြာကျောင်းတော်ဆိုလျှင်တော့ ပြောနေစရာပင်မလိုတော့။
ရန်ကိုင်က လက်ဝှေ့ယမ်း၍ ပြောလိုက်သည်။ “ထားလိုက်တော့… ဒီကိစ္စနဲ့ပတ်သက်ပြီး စိတ်ပူနေစရာမလိုတော့ဘူး… ကျုပ်လုပ်တဲ့ကိစ္စ ကျုပ်ဘာသာရှင်းမယ်…”
ကောင်းရွှယ်ထင်းက ပြန်မေးလိုက်သည်။ “နင်ဘယ်လိုလုပ်ဖို့ စဉ်းစားထားလဲ…”
ရန်ကိုင်က ပုခုံးတွန့်လိုက်သည်။ “သူ့ကိုသတ်လို့လည်းမရ လွှတ်ပေးလို့လည်းမရမှတော့ အကျဉ်းချထားရုံပဲ ရှိတော့မှာပေါ့… အခြားဘာရှိဦးမှာလဲ…”
ရန်ကိုင်၏စကားကြောင့် ကျုလဲ့ ထိတ်လန့်သွားခဲ့လေသည်။ ထို့နောက် ရန်ကိုင်အားကြည့်၍ အော်ပြောလိုက်လေ၏။ “မင်း လုပ်ရဲလား…”
ရန်ကိုင်က လှောင်ပြုံးပြုံးလျက် “မင်းရဲ့ခွေးမျက်လုံးကိုဖွင့်ပြီးတော့ မင်းအဖေကြီးကို သေချာကြည့်ထား… ငါလုပ်ရဲလား မလုပ်ရဲလားဆိုတာ…”
ထိုသို့ပြောပြီးသည့်နောက်တွင် ရန်ကိုင်၏လက်ထဲ ရှေးကျသည့်ခေါင်းလောင်းလေးတစ်ခု ပေါ်လာခဲ့လေ၏။ ထိုခေါင်းလောင်းလေးသည် လျင်မြန်စွာ လည်ပတ်လာပြီးသည့်နောက် အရွယ်အစားမှာ တဖြည်းဖြည်း ကြီးမားလာခဲ့လေသည်။
ကျုလဲ့ကိုယ်တိုင်မှာလည်း ထိုခေါင်းလောင်းဆီမှ အန္တရာယ်အငွေ့အသက်ကို ခံစားလိုက်ရလေသည်။ ခေါင်းလောင်းလေးပုံစံမှာ ရိုးရှင်းပါသော်ငြား ထိုခေါင်းလောင်းဆီမှ အလွန်တရာကိုမှ အားကောင်းသည့် ခံစားချက်တစ်မျိုးမျိုးကို ရနေခဲ့လေသည်။ သူသာ ထိုခေါင်းလောင်းထဲ ပိတ်မိသွားမည်ဆိုပါက လုံးဝကို ထွက်ပြေးနိုင်တော့လိမ့်မည်မဟုတ်ဟု ခံစားနေခဲ့ရသည်။
ကျုလဲ့မှာ ရုန်းကန်ရန် ကြိုးစားလိုက်ပါသော်ငြား ရန်ကိုင်မှ ရုန်းမရအောင် နောက်တစ်ကြိမ် သမပေးလိုက်လေသည်။ ထို့အတွက်ကြောင့် ကျုလဲ့မှာ မရုန်းနိုင်တော့ဘဲ နာနာကျင်ကျင်ဖြင့်သာ ငြီးတွားနေရတော့သည်။
ထို့နောက်တွင် တောင်နဲ့မြစ်ခေါင်းလောင်း အောက်သို့ကျလာခဲ့ပြီး ကျုလဲ့အား အထဲတွင် ပိတ်လှောင်ထားလိုက်လေသည်။ ရန်ကိုင်လည်း ကျုလဲ့ဘေးနားမှ ချက်ချင်း ခုန်ထွက်လိုက်လေ၏။ မကြာမီတွင် တောင်နဲ့မြစ်ခေါင်းလောင်းအတွင်းပိုင်းဆီမှ ကျုလဲ့၏ အော်ဆဲသံများ၊ တိုက်ခိုက်သံများ တရစပ် ထွက်ပေါ်လာခဲ့လေသည်။ ရန်ကိုင်မှ ချိတ်စည်းတစ်ခုကို ကောက်ခါငင်ခါဖန်တီးလိုက်သည့်နောက် ထိုအသံဗလံအားလုံးမှာ တိတ်ကျသွားခဲ့လေသည်။
တောင်နဲ့မြစ်ခေါင်းလောင်းသည် အရာမှန်သမျှကို ပိတ်လှောင်ပစ်နိုင်သည့် မှော်ရတနာတစ်ခုဖြစ်သည်။ ဖီးနစ်မီးတောက်သည်ပင်လျှင် တောင်နဲ့မြစ်ခေါင်းလောင်း၏ နှစ်ပေါင်းသောင်းနှင့်ချီတိုင်အောင် ဖိနှိပ်ထားခြင်း ခံခဲ့ရလေရာ ကျုလဲ့သည် နဂါးတစ်ကောင်ဖြစ်သည့်တိုင် တောင်နဲ့မြစ်ခေါင်းလောင်းအတွင်းတွင် ပိတ်လှောင်ခြင်းခံလိုက်ရမည်ဆိုပါက ဘာမှလုပ်နိုင်တော့လိမ့်မည်မဟုတ်ချေ။
“ဒီပုံစံအတိုင်း ရေရှည်သွားလို့က အဆင်ပြေဘူးနော်…” ဝမ်ကျိရှန်းက သက်ပြင်းချ၍ပြောလိုက်သည်။
ရန်ကိုင်က ပြန်ပြောလိုက်သည်။ “ကျောင်းသခင်… နတ်ဆိုးဝိဉာဉ်နဲ့ မဟာဧကရာဇ်ရဲ့အမိန့်ကိုသာ အာရုံစိုက်နေလိုက်… ဒီကကိစ္စကို ကျုပ်ရှင်းလိုက်မယ်… စိတ်မပူနဲ့… ဒီကောင် တစ်လအတွင်း ငြိမ်သွားစေရမယ်…”
“မင်းပြောတဲ့အတိုင်း လုပ်နိုင်ရင်တော့ ကောင်းတာပေါ့ကွာ… ဒါပေမယ့် အရမ်းကြီးတော့ မလွန်နဲ့ဦးပေါ့… နည်းနည်းပါးပါးလေး ထိန်းပြီးတော့လည်း လုပ်ဦး…” ထိုသို့ပြောပြီးသည့်နောက်တွင် ဝမ်ကျိရှန်းသည် အခြားသူများကို ဦးဆောင်၍ ထွက်သွားလေသည်။
အမျိုးမျိုးသောပြဿနာများ ထွက်ပေါ်လာသည့် အတွက်ကြောင့်သာ မဟုတ်လျှင် ရန်ကိုင်သည် ကျုလဲ့ကိစ္စကို အရင်ဆုံး ဖြေရှင်းလိုက်ပေမည်။ သို့သော်ငြား လက်ရှိအချိန်တွင် နေမင်းပြာကျောင်းတော်နှင့်တကွ တောင်ဘက်နယ်မြေတစ်ခုလုံးမှာ ပြဿနာတက်နေလေရာ ရန်ကိုင်အနေဖြင့် ထိုပြဿနာများကို အရင်ဦးစွာ ဖြေရှင်းရပေလိမ့်မည်။ သူ၏ ပထမဦးဆုံးရည်ရွယ်ချက်မှာ နတ်ဆိုးဝိဉာဉ်များနှင့် လောကတစ်သောင်းမဟာဧကရာဇ်အား လိုက်ရှာရန်ပင် ဖြစ်လေသည်။ ဝူခွမ်းမှာ တွမ့်ဟုန်ချန်၏ ခန္ဓာကိုယ်ကို အပိုင်စီးထားသည့်အတွက်ကြောင့် ရူးရူးမိုက်မိုက်နှင့် သူဘာလုပ်မလဲဆိုသည်ကို မည်သူမျှ မပြောနိုင်ပေ။
လွန်ခဲ့သော သောင်းနှင့်ချီခန့်က ကောင်းကင်ဝါးမျိုခြင်းမဟာဧကရာဇ်သည် လောကတစ်ခုလုံးကို ကပ်ဘေးဆိုက်စေခဲ့ပြီး မရေမတွက်နိုင်သော အသက်ပေါင်းများစွာကို ကြွေလွင့်သွားစေခဲ့သည်။ ကောင်းကင်ဝါးမျိုခြင်းမဟာဧကရာဇ်နှင့် ယှဉ်လိုက်သော် နဂါးကလန်၏ဒေါသမှာ အဓိကမဟုတ်တော့ပေ။
ရက်အနည်းငယ်အတွင်း တောင်ဘက်နယ်မြေတစ်ခုလုံး လှုပ်လှုပ်ရှားရှားဖြစ်လာခဲ့လေသည်။ မီလီယံနှင့်ချီသော ကျင့်ကြံသူများသည် မဟာဧကရာဇ်၏ အမိန့်တော်အတိုင်း နတ်ဆိုးဝိဉာဉ်များကို လိုက်လံရှာဖွေ ရှင်းလင်းတော့လေသည်။
ရန်ကိုင်ကမူ ထိုလှုပ်ရှားမှုကြီးထဲ မပါဝင်ခဲ့ဘဲ ဓါးတောင်ပေါ်တွင်သာ ရက်အနည်းငယ်ခန့်ကြာအောင် အနားယူနေခဲ့သည်။
ဓါးတောင်အောက်ခြေတွင် နတ်ဆိုးချုပ်နှောင်နယ်မြေတစ်ခု ပေါ်လာခဲ့သလို နတ်ဆိုးချုပ်နှောင်နယ်မြေတွင် ဖမ်းဆီးထားခံရသည့် နတ်ဆိုးဝိဉာဉ်အားလုံးမှာ ထွက်ပြေးသွားခဲ့ပါသော်ငြား ကျန်ရစ်နေသည့် နတ်ဆိုးချုပ်နှောင်နယ်မြေကြီးမှာတော့ အန္တရာယ်များခြင်းလည်း မရှိသလို ဘာမှလည်း ထူးခြားမနေခဲ့ပေ။ ထို့အတွက်ကြောင့် ဓါးတောင်သည် ရန်ကိုင်၏ ကိုယ်ပိုင်တောင်တစ်လုံး ဖြစ်နေသေးဆဲ။ တောင်နဲ့မြစ်ခေါင်းလောင်းကိုလည်း ဓါးတောင်သို့ ရွှေ့ထားလိုက်လေသည်။ သို့သော်ငြား ကျုလဲ့၏အော်ဟစ်သံများမှာတော့ တစ်ချက်ကလေးမှပင် ရပ်တန့်သွားခြင်းမရှိပေ။
နေ့စဉ်နေ့တိုင်းလိုလို ရန်ကိုင်သည် ကျုလဲ့ဆီသို့သွားကာ သင်ခန်းစာပေးလေသည်။
ထူးခြားသည့် နဂါးအကြေးခွံကို ဆုံးရှုံးလိုက်ရပြီးသည့်နောက်ပိုင်း ကျုလဲ့မှာ ရန်ကိုင်၏ပြိုင်ဘက် လုံးဝကို မဖြစ်နိုင်တော့ချေ။ နဂါးအသွင်ပြောင်းလဲခြင်းပညာရပ်ကို ထုတ်သုံးမထားသည့် ရန်ကိုင်ရှေ့တွင်ပင် နဂါးအသွင်ကို မယူနိုင်ခဲ့။
နဂါးများမှာ အလွန်ကိုမှ မာကျောလှကာ ဇွဲလည်းပြင်းလှသည်။ ရန်ကိုင်မှ ကျုလဲ့အား မည်မျှပင် ရိုက်နှက်နေစေကာမူ နောက်တစ်နေ့သို့ ရောက်သွားသည်နှင့်တစ်ပြိုင်နက် ကျုလဲ့မှာ ယခင်အတိုင်း အားပြည့်အင်ပြည့်ဖြင့် ရှိနေဆဲ။
ထို့အပြင် ကျုလဲ့မှာ ခေါင်းလည်းမာသည်ဟု ပြော၍ရသည်။ ရန်ကိုင် သူ့အား သတ်ရဲလိမ့်မည်မဟုတ်မှန်း သိနေသည့်အတွက်ကြောင့် မည်မျှပင် ဆိုးဆိုးရွားရွား ရိုက်နှက်ခံနေရစေကာမူ သူ့ပါးစပ်မှာတော့ တစ်ခါမှပင် ပိတ်သွားခြင်းမရှိခဲ့။ မကြာမကြာဆိုသလို ရန်ကိုင်အား ‘မင်း ငါ့ကို ဘာလုပ်မှာလဲ’ ဟူသော အကြည့်မျိုးဖြင့်ပင်လျှင် စောင်းစောင်း၍ ကြည့်တတ်ပေသေးသည်။
လဝက်ခန့်ကြာပြီးသည့်နောက် သတင်းကောင်း ထွက်ပေါ်လာလေတော့သည်။
ဓါးတောင်၏အောက်ခြေရှိ နတ်ဆိုးချုပ်နှောင်နယ်မြေမှ ထွက်ပြေးသွားသည့် နတ်ဆိုးဝိဉာဉ်များစွာကို ရှာတွေ့သွားပြီဟူသော သတင်းပင်။ အကုန်လုံး၏ ပူးပေါင်းဆောင်ရွက်မှုကြောင့် နတ်ဆိုးဝိဉာဉ်အများစုကို ရှင်းပစ်နိုင်ခဲ့ပါသော်ငြား တောင်ဘက်နယ်မြေသည်လည်း အဆုံးအရှုံးများစွာနှင့် ရင်ဆိုင်ခဲ့ရသည်။ သို့သော်ငြား နတ်ဆိုးဝိဉာဉ်များအကြောင်းကို လူများ ပိုသိလာသည်နှင့်အမျှ နတ်ဆိုးဝိဉာဉ်များကို ချုပ်နှောင်နိုင်မည့် နည်းလမ်းများကိုလည်း ရှာဖွေတွေ့ရှိလာကြလေသည်။ ထို့အတွက်ကြောင့် နတ်ဆိုးဝိဉာဉ်များနှင့် ရင်ဆိုင်ရသည့်အခါ ယခင်ကကဲ့သို့ အလွယ်တကူ နတ်ဆိုးဝိဉာဉ်များ၏ ဝင်စီးခြင်း ခံရတော့လိမ့်မည်မဟုတ်ချေ။
သို့သော်ငြား ရန်ကိုင်ဖြစ်စေ၊ ဝမ်ကျိရှန်းဖြစ်စေ၊ တောင်ဘက်နယ်မြေ၏ အခြားသော ဧကရာဇ်အဆင့်ပညာရှင်များ ဖြစ်စေ၊ သူတို့ရှင်းလင်းပစ်လိုက်သည့် နတ်ဆိုးဝိဉာဉ်များမှာ အကုန်အစင်မဟုတ်သေးမှန်း သိနေကြလေသည်။ ပြဿနာများသည့်အကောင်များမှာ လူမသိသူမသိ ပုန်းကွယ်နေကြဆဲ။
နတ်ဆိုးဝိဉာဉ်များ မည်သူ၏ ခန္ဓာကိုယ်ထဲသို့ ရောက်ရှိနေသလဲဆိုသည်ကို မည်သူမျှ မသိကြ။ နတ်ဆိုးဝိဉာဉ်များ မည်သည့်အခါမှ လူလုံးထွက်ပြလာမည်ဆိုသည်ကိုလည်း မသိကြချေ။
နတ်ဆိုးဝိဉာဉ်များကို လိုက်လံရှာဖွေ ရှင်းလင်းပစ်နေစဉ်အတောအတွင်း ဝူခွမ်းနှင့်ပတ်သက်သည့် မည်သည့်သတင်းကိုမှတော့ ကြားသိခဲ့ရခြင်းမရှိခဲ့။
ဝူခွမ်းမှာ တွမ့်ဟုန်ချန်၏ ခန္ဓာကိုယ်ကို အပိုင်သိမ်း၍ နေမင်းပြာကျောင်းတော်ထဲမှ ထွက်သွားစဉ်တည်းက အားလုံး၏မြင်ကွင်းမှ သဲလွန်စမကျန် ပျောက်ကွယ်သွားခဲ့လေသည်။ ထိုအချိန်တည်းက မည်သူမျှ ဝူခွမ်းအား မတွေ့ရတော့ချေ။
ယခုအချိန်အထိ လူလုံးထွက်ပြမလာသေးဘဲ ပုန်းအောင်းနေသည့် နတ်ဆိုးဝိဉာဉ်များကဲ့သို့ ဝူခွမ်းသည်လည်း တောင်ဘက်နယ်မြေသားများ ရင်ပူစရာကိစ္စတစ်ခု ဖြစ်လာရတော့လေသည်။ ဝူခွမ်းကို ရှာမတွေ့သေးသရွေ့ သူတို့ မည်သည့်အချိန် မည်ကဲ့သို့သော ပြဿနာမျိုးနှင့် ရင်ဆိုင်ရမလဲဆိုသည်ကို မည်သူမျှ မစဉ်းစားတတ်အောင် ဖြစ်နေရသည်။
ကောင်းရွှယ်ထင်းပြောပုံအရ လမင်းမဟာဧကရာဇ် ကိုယ်တိုင်ကိုယ်ကျ လှုပ်ရှားခဲ့ပါသော်ငြား ဝူခွမ်းနှင့်ပတ်သက်သည့် မည်သည့်သဲလွန်စကိုမှ ရှာမတွေ့ခဲ့ချေ။ ထို့အတွက်ကြောင့် လမင်းမဟာဧကရာဇ်မှာ ကြယ်ဝိဉာဉ်နန်းတော်ထဲမှ ခွာ၍ အကြံဉာဏ်ရလို့ရငြား ကောင်းကင်ကံကြမ္မာဧကရာဇ်အား သွားရှာတော့လေသည်။
ရန်ကိုင်သည်လည်း အကြီးအကဲအမှတ်သုံးထောင်ကိုသုံး၍ ထျန်းယန်အား ကောင်းကင်တက်လှမ်းခြင်းကြေးမုံထဲမှ အပြင်သို့ ခေါ်ထုတ်လာနိုင်ရန်အတွက် ကောင်းကင်တက်လှမ်းခြင်းကြေးမုံထဲသို့ ဝင်သွားခဲ့လေသည်။
ယခုအချိန်သည် ထျန်းယန်နှင့်လုပ်ထားသည့် သဘောတူညီချက်ကို ဖြည့်ဆည်းပေးရမည့်အချိန်သို့ ရောက်လာခဲ့လေပြီ။
ခန္ဓာဖြစ်တည်ဆေးလုံးကို သန့်စင်ပြီးသည်မှာ အတော်လေးကြာနေခဲ့လေပြီ။ ထို့အတွက်ကြောင့် ရန်ကိုင်သည် နန်မန်တကျွင်းကို ထက်ကောင်းကင်နန်းတော်သို့ ပြန်ပို့စဉ်အတောအတွင်း ကျိယင်ဆီသို့သွားလည်ကာ ကျိယင်အား ဖော်စပ်ထားခိုင်းခဲ့သည့် ဧကရာဇ်အဆင့်ဆေးလုံးအားလုံးကို နေမင်းပြာကျောင်းတော်ဆီသို့ ပြန်ယူလာခဲ့လေသည်။ ထိုဧကရာဇ်အဆင့်ဆေးလုံးများကြောင့်သာလျှင် ရန်ကိုင်မှာ အကြီးအကဲအကျိုးဆောင်အမှတ်များစွာကို လျင်မြန်စွာ ရရှိနိုင်ခဲ့ခြင်းဖြစ်ပြီး ကောင်းကင်တက်လှမ်းခြင်းကြေးမုံထဲသို့ ဝင်နိုင်ခဲ့ခြင်း ဖြစ်လေသည်။ ထိုသို့သာမဟုတ်ပါက ရန်ကိုင်အနေဖြင့် ကောင်းကင်တက်လှမ်းခြင်းကြေးမုံထဲသို့ နောက်တစ်ကြိမ်ဝင်နိုင်ရန်အတွက် အတန်ကြာအောင် စောင့်နေရပေလိမ့်မည်။
လက်ရှိအချိန်သည် ညအချိန်ဖြစ်ပေသည်။ ကောင်းကင်ထက်တွင် လမင်းစန္ဒာသည် ထိန်ထိန်သာအောင် တောက်ပနေခဲ့သည်။
ဓါးတောင်ထက်တွင်ရှိနေသော ရန်ကိုင်သည် တောင်တစ်ခုလုံး၏အစီအရင်ကို အသက်သွင်းထားခဲ့လေသည်။
ယနေ့ညအချိန်သည် ထျန်းယန်မှ သူ့ခန္ဓာကိုယ်အား တည်ဆောက်မည့်အချိန် ဖြစ်လေသည်။
ဝမ်ကျိရှန်းသည်လည်း ထိုသတင်းကိုကြားပြီး ကိုယ်တိုင်ကိုယ်ကျ ရောက်လာခဲ့သည်။ ဝမ်ကျိရှန်းသည် နန်မန်တကျွင်းမှ ခင်းကျင်းထားခဲ့သော ဝိဉာဉ်များကို တည်ငြိမ်အောင် ထိန်းပေးနိုင်သည့် အစီအရင်ထဲရှိ နေရာတစ်ခုတွင် အလေးအနက်အမူအယာဖြင့် နေရာဝင်ယူထားခဲ့လေသည်။ ထျန်းယန်သည် ရုပ်ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားခြင်းမရှိသည့် ဝိဉာဉ်တစ်ခုဖြစ်သည်။ ဤသည်မှာ သူ့အတွက် ကောင်းကင်တက်လှမ်းခြင်းကြေးမုံထဲမှ ပြင်ပလောကကြီးထဲသို့ ပထမဦးဆုံးအကြိမ် ထွက်လာဖူးခြင်း ဖြစ်သည့်အတွက်ကြောင့် ဝိဉာဉ်ကိုသာ တည်ငြိမ်အောင်လုပ်ပေးနိုင်မည့် အရာမျိုး မရှိပါက သူ့ဝိဉာဉ်မှာ ဤကမ္ဘာထဲသို့ရောက်လာပြီးသည့်နောက် အလျင်အမြန် ပျောက်ကွယ်သွားရနိုင်ပေသည်။
ကောင်းကင်တက်လှမ်းခြင်းကြေးမုံနှင့် ကြယ်တာရာအစုအဝေး၏ လောကနိယာမများမှာ တူညီကြသည်တော့မဟုတ်ပေ။
ရန်ကိုင်က အလေးအနက်အမူအယာဖြင့် စိတ်ကို တည်ငြိမ်အောင် လုပ်ပြီးသည့်နောက် ပြောလိုက်လေသည်။ “စီနီယာ… အချိန်ကျပြီ…”
ယခုအချိန်သည် ညသန်းခေါင်အချိန်ကို ကျော်လွန်နေခဲ့လေပြီ။ ဤကဲ့သို့သောအချိန်မျိုးတွင် ယင်ချီမှာ အသိပ်သည်းဆုံးဖြစ်လေ့ရှိသည်။ ပြောပြီးသည့်နောက်တွင် ရန်ကိုင်သည် သူ့လက်ကိုဆန့်ထုတ်၍ ရှေ့တည့်တည့်သို့ညွှန်လိုက်သည်။ ရန်ကိုင်ညွှန်လိုက်ရာဆီမှ အလင်းစက်လေးတစ်စက် ထွက်ပေါ်လာခဲ့ပြီး မကြာမီ ထျန်းယန်၏ပုံစံ ထွက်ပေါ်လာခဲ့လေသည်။
ဝိဉာဉ်ကြာပန်း၏အကူအညီဖြင့် ရန်ကိုင်သည် ထျန်းယန်အား ကောင်းကင်တက်လှမ်းခြင်းကြေးမုံထဲမှ အပြင်သို့ ခေါ်ထုတ်လာနိုင်ခဲ့လေသည်။ ခုနှစ်ရောင်ခြယ်ဝိဉာဉ်ကြာပန်း၏ အကူအညီကြောင့်သာ မဟုတ်ပါက ထျန်းယန်အနေဖြင့် ခန္ဓာဖြစ်တည်အသီးကို ရရှိထားသည့်တိုင် ကြေးမုံအပြင်ဘက်သို့ ထွက်လာနိုင်လောက်လိမ့်မည်မဟုတ်ချေ။
လက်ရှိအချိန်တွင် ထျန်းယန်၏ခန္ဓာကိုယ် လေအလွင့်နှင့်အတူ ပျောက်ကွယ်သွားနိုင်သည့် တစ္ဆေတစ်ကောင်ပမာ ဝိုးတိုးဝါးတားဖြင့် ထွင်းဖောက်မြင်နေခဲ့ရသည်။
ပေါ်လာပြီးသည်နှင့်တစ်ပြိုင်နက် ထျန်းယန် မျက်မှောင်ကျုံ့သွားခဲ့လေသည်။ တစ်ခုခုသည် သူ့အား မသက်မသာဖြစ်အောင် လုပ်နေသည့်အလား သူ့မျက်နှာထက် နာကျင်သည့်အရိပ်အယောင်တို့ ရှိနေခဲ့သည်။
ထိုအခိုက်အတန့်မှာပင် ဝုန်းခနဲမြည်သံနှင့်အတူ ပေါက်ကွဲသံအကျယ်ကြီး ထွက်ပေါ်လာခဲ့ပြီး အလွန်တရာကိုမှ အားကောင်းလှသည့် စွမ်းအားတို့မှာ ဘက်ပေါင်းစုံဆီမှ ထျန်းယန်ဆီသို့ တိုးဝင်လာကြလေသည်။ ထိုစွမ်းအင်အားလုံးသည် ဓါးတောင်ပေါ်ရှိ အစီအရင်အားလုံးကို လျစ်လျူရှုသွားခဲ့လေသည်။
မဟာဧကရာဇ်တစ်ပါးနှင့် ယှဉ်နိုင်သော သက်ရှိတစ်ဦး ဤလောကကြီးထဲတွင် ထွက်ပေါ်လာခြင်းကို ကောင်းကင်လမ်းစဉ်သည် မည်သည့်နည်းနှင့်မျှ ငြိမ်ခံနေလိမ့်မည်မဟုတ်ချေ။ ထို့အတွက်ကြောင့် ထျန်းယန်အား ဤလောကကြီးထဲမှ ထုတ်ပယ်ရန် ကြိုးစားလာသည်မှာ အထူးအဆန်းမဟုတ်။
ထျန်းယန်ကိုယ်တိုင်သည်လည်း ယခုကဲ့သို့ဖြစ်မည်မှန်း ကြိုတင်မျှော်မှန်းထားသည့်အလား လက်ကွက်များကို ထုတ်ဖော်၍ သူ့ကိုယ်ပတ်လည်၌ အကာအကွယ်တစ်ခု ဖန်တီးလိုက်လေသည်။
ထို့နောက်တွင် မိုးခြိမ်းသံတို့ မြည်ဟည်းလာခဲ့ပြီး ကောင်းကင်ထက် လျှပ်စီးများ တလက်လက် လက်လာခဲ့လေသည်။
သို့သော်ငြား ထိုအခိုက်အတန့်မှာ ကြာရှည်ခြင်းမရှိခဲ့။ ထျန်းယန် မည်ကဲ့သို့သောနည်းလမ်းအား အသုံးပြုလိုက်လည်းမသိရ ကောင်းကင်ထက်တွင်ပေါ်လာသည့် လျှပ်စီးများမှာ တစ်ခဏကြာပြီးသည့်နောက် ပျောက်ကွယ်သွားခဲ့လေ၏။ ထျန်းယန်အား ငြင်းပယ်ရန် ကြိုးစားနေသည့် စွမ်းအားမှာလည်း ပျောက်ကွယ်သွားခဲ့လေသည်။
“အချိန်သိပ်မရှိဘူး… ကောင်းကင်လမ်းစဉ်ကို အရူးလုပ်ဖို့ဆိုတာ လွယ်တာမဟုတ်ဘူး…” ထျန်းယန်က မျက်လုံးပြန်ဖွင့်လာခဲ့ပြီး ရန်ကိုင်အားကြည့်၍ “ငါ့ကို အဲ့ဆေးလုံးပေးပြီးတော့ ငါ့ကို တစ်ချက်စောင့်ကြည့်ထားပေး…”
ရန်ကိုင်သည်လည်း ထိုအခိုက်အတန့်ကို စောင့်ဆိုင်းနေခဲ့ခြင်း ဖြစ်လေသည်။ ထို့အတွက်ကြောင့် ချက်ချင်းပဲ နို့နှစ်ရောင်ဆေးလုံးတစ်လုံးကို ထျန်းယန်ဆီသို့ ပစ်ပေးလိုက်သည်။
ထျန်းယန်မှာ သူ့ပါးစပ်ကို မဟခဲ့ပါသော်ငြား ဆေးလုံးမှာ သူ့ခန္ဓာကိုယ်ထဲသို့ တိုက်ရိုက်ဖောက်ဝင်သွားခဲ့သည်။
ထို့နောက်တွင် နိ့နှစ်ရောင်အလင်းတို့သည် ထျန်းယန်ဆီမှ ဖြာထွက်လာခဲ့လေ၏။ အစပိုင်းတွင် ထိုအလင်းရောင်မှာ သိပ်၍ မသိသာသေးပါသော်ငြား အချိန်ကြာလာသည့်နောက် ပိုပို၍ တောက်ပလာခဲ့ရာ မကြာမီတွင် ဓါးတောင်တစ်ခုလုံး အလင်းရောင်တို့ဖြင့် ဖုံးလွှမ်းသွားခဲ့လေသည်။
ရန်ကိုင်မှာ သူ့မျက်လုံးကို ကျယ်နိုင်သမျှကျယ်အောင် ဖွင့်ထားရင်း သူ့မျက်စိရှေ့ရှိ အခြေအနေကို သေသေချာချာ စောင့်ကြည့်စစ်ဆေးနေခဲ့သည်။
ခန္ဓာဖြစ်တည်ဆေးလုံးသည် ထျန်းယန်၏ ခန္ဓာကိုယ်ထဲသို့ ပျော်ဝင်သွားပြီးသည့်နောက်တွင် မရေမတွက်နိုင်သော အလင်းစက်ကလေးများအသွင်သို့ ပြောင်းကာ ထျန်းယန်၏ နာမ်ဝိညဉ်ခန္ဓာကိုယ်အနှံ့အပြားဆီသို့ ရောက်ရှိသွားခဲ့ကြလေသည်။
ထို့နောက်တွင် ထျန်းယန်ဆီမှ မှိန်ဖျော့သည့် အသက်စွမ်းအင်တို့ ထွက်ပေါ်လာခဲ့သည်။ သို့သော်ငြား ထိုအသက်စွမ်းအင်မှာ မုန်တိုင်းကြားထဲသို့ ရောက်နေသည့် မီးတောက်ပမာ အချိန်မရွေး ငြိမ်းသေသွားတော့မည့် ပုံစံမျိုး ဖြစ်နေခဲ့လေသည်။
ထို့နောက်တွင် ထျန်းယန်သည် တင်ပလင်ခွေထိုင်ချလိုက်ပြီး မျက်လုံးစုံမှိတ်ကာ ထိုဆေးလုံးကို စတင်သန့်စင်တော့လေ၏။
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၂၉၃၉)
ဘာသာပြန်သူ_တိမ်တိုက်
ညကောင်းကင်ယံထက်တွင် တောက်ပနေသည့် ကြယ်စင်လေးများအလား နို့နှစ်ရောင်အလင်းစက်များသည် ထျန်းယန်၏ နာမ်ဝိဉာဉ်ကိုယ်ထဲ လှည့်ပတ်သွားနေခဲ့သည်။ အချိန်ကြာလာသည်နှင့်အမျှ ထျန်းယန်၏ခန္ဓာကိုယ်သည် ပိုပို၍ အသွင်တည်လာခဲ့ပြီး သူ့ဆီမှ ဖြာထွက်နေသည့် အသက်စွမ်းအင်အရှိန်အဝါမှာလည်း ပိုပို၍ အားကောင်းလာခဲ့လေသည်။
တစ်ခုသောအချိန်သို့ရောက်သော် တဖြည်းဖြည်း အသွင်ယူလာနေသည့် ထျန်းယန်၏ခန္ဓာကိုယ်ဆီမှ အလွန်ကိုမှ အားကောင်းလှသည့် ဆွဲအားတစ်ရပ် ထွက်ပေါ်လာခဲ့လေသည်။ ထိုဆွဲအားကြောင့် ဓါးတောင်တစ်ဝိုက်တွင် ရှိနေသော မိုးမြေစွမ်းအင်များ ကသောင်းကနင်း ဖြစ်ကုန်ရပြီး ထိုမိုးမြေစွမ်းအင်အားလုံးသည် ထျန်းယန်၏ကိုယ်ထဲသို့ တရဟော စီးဝင်လာကုန်ကြလေသည်။
မကြာမီတွင် အစောပိုင်းကပေါ်လာသည့် ဆွဲအားထက် ပိုမိုပြင်းထန်သည့်ဆွဲအားတစ်ရပ် ထပ်မံထွက်ပေါ်လာခဲ့ရာ ဓါးတောင်တစ်ဝိုက် လေပြင်းများ တဝုန်းဝုန်း တိုက်ခိုက်လာခဲ့ရပြီး မိုးမြေစွမ်းအင်များမှာလည်း ပိုမိုလျင်မြန်သည့်နှုန်းဖြင့် ထျန်းယန်၏ကိုယ်ထဲသို့ စီးဝင်လာကုန်ကြလေ၏။ သို့သော်ငြား ထိုမျှများပြားလှသော မိုးမြေစွမ်းအင်များသည်ပင်လျှင် ထျန်းယန်၏လိုအပ်ချက်ကို မဖြည့်ဆည်းပေးနိုင်သေးပေ။
ဆေးလုံးကြောင့်ဖြစ်ပေါ်လာသော ထျန်းယန်၏ခန္ဓာကိုယ်သည် အဆုံးမဲ့တွင်းနက်ကြီးတစ်ခုအလား တိုးဝင်လာသမျှ မိုးမြေစွမ်းအင်အားလုံးကို ကုန်စင်အောင် စုပ်ယူပစ်နေခဲ့လေသည်။
ထိုအချက်ကိုတွေ့ရှိလိုက်သော် ဝမ်ကျိရှန်းလည်း ချက်ချင်းလှုပ်ရှားတော့သည်။ နေမင်းပြာကျောင်းတော်၏ ဂိုဏ်းကာကွယ်ရေးအစီအရင်နှင့် ချိတ်ဆက်လျက် နေမင်းပြာကျောင်းတော်တစ်ဝိုက်တွင် ရှိနေသော မိုးမြေစွမ်းအင်များကို ဓါးတောင်ဆီသို့ စုဝေးလိုက်လေသည်။ ရန်ကိုင်သည်လည်း ကျောက်စိမ်းပြားကို အသုံးပြု၍ ဓါးတောင်ဆီသို့ စီးဝင်လာနေသော မိုးမြေစွမ်းအင်များကို ထျန်းယန်ကိုယ်ထဲသို့ တိုးဝင်သွားစေနိုင်အောင် ကူညီပေးလိုက်လေသည်။
ဤသို့ဖြင့် ဝမ်ကျိရှန်းနှင့် ရန်ကိုင်သည် အတိုင်အဖောက်ညီညီ အလုပ်လုပ်နေကြလေသည်။
မိုးမြေစွမ်းအင်များ စီးဝင်လာသည့်အလျောက် ထျန်းယန်ဆီမှ ထွက်ပေါ်နေသည့် အသက်စွမ်းအင်မှာ ပိုပို၍ အားကောင်းလာခဲ့ရသည်။
ထိုအခိုက်အတန့်မှာပင် ကောင်းကင်လမ်းစဉ်သည် မူမမှန်သည့်တစ်ခုခုအား သတိထားမိသွားသည့်အလား ကောင်းကင်သရုပ်သည် ဓါးတောင်ပေါ်တွင် ထင်ဟပ်လာခဲ့လေသည်။ ထိုကောင်းကင်သရုပ်မှာ ထင်ရှားခြင်းမရှိသလို အပြည့်အဝပုံမပေါ်လာသေးပါသော်ငြား ရန်ကိုင်နှင့်ဝမ်ကျိရှန်းတို့မှာတော့ ထိတ်လန့်တုန်လှုပ်သွားခဲ့သည်။
ဓါးတောင်ထက်တွင် လောကစွမ်းအားအချို့ စုဝေးလာနေသည်ကို ရန်ကိုင်ခံစားမိလိုက်လေသည်။
တစ်ကမ္ဘာနှင့် တစ်ကမ္ဘာ၏ လောကနိယာမစွမ်းအားများမှာ တူညီခြင်းမရှိကြချေ။ တူညီသည့်အရာဆို၍ လောကစွမ်းအားသာ ရှိလေသည်။ ရှင်းရှင်းပြောရသော် ထိုလောကစွမ်းအားဆိုသည်မှာ လောကတစ်ခုလုံးမှ သရုပ်ထင်ဟပ်ပြသလာသည့် စွမ်းအားတစ်ရပ်သာ ဖြစ်လေသည်။ ဧကရာဇ်အဆင့်ပညာရှင်များသည် လောကနိယာမစွမ်းအားများကို နားလည်သဘောပေါက်နိုင်ပြီး ကိုယ်ပိုင်နိယာမစွမ်းအားများကို အသုံးချလာနိုင်ကြသည်။ မဟာဧကရာဇ်များကမူ လောကစွမ်းအားကို ထိတွေ့နိုင်ကြလေသည်။ ဤသည်မှာ မဟာဧကရာဇ်နှင့် ဧကရာဇ်အဆင့်ပညာရှင်များကြားရှိ ကွာခြားချက်သာ ဖြစ်လေသည်။
ထျန်းယန်၏တည်ရှိမှုကို ကြယ်တာရာအစုအဝေးက လက်မခံပေ။ အစောပိုင်းက ထျန်းယန်သည် ပညာရပ်တစ်ခုကိုထုတ်သုံးကာ ကောင်းကင်လမ်းစဉ်မှ ပုန်းကွယ်နေခဲ့လေသည်။ သို့သော်ငြား အချိန်ကြာလာသည်နှင့်အမျှ သူသုံးထားသည့်ပညာရပ်၏ အာနိသင်မှာ လျော့ကျလာခဲ့ပြီဖြစ်သလို ကောင်းကင်လမ်းစဉ်သည်လည်း သူ့အား စတင်၍ သတိထားမိလာပေလိမ့်မည်။
အချိန်မှာ တကယ်ကို များများစားစား ကျန်ရစ်ခြင်းမရှိတော့။ ထျန်းယန်သည်သာ ကောင်းကင်လမ်းစဉ် အပြည့်အဝထွက်ပေါ်မလာခင် သူ့ခန္ဓာကိုယ်သာ မဖန်တီးနိုင်ပါက ဤလောကကြီးမှ အပြီးတိုင် နှင်ထုတ်ခြင်း ခံလိုက်ရပေလိမ့်မည်။ ထိုသို့ဖြစ်လာသည့်အခါ ခုနှစ်ရောင်ခြယ်ဝိဉာဉ်ကြာပန်း၏ အကူအညီဖြင့်ပင်လျှင် ရန်ကိုင်မှာ ထျန်းယန်အား ကယ်နိုင်တော့လိမ့်မည်မဟုတ်ပေ။
ရန်ကိုင်နှင့် ဝမ်ကျိရှန်းတို့ မျက်စိပျက်မျက်နှာပျက် ဖြစ်နေကြလေသည်။ ပို၍များပြားလှသော မိုးမြေစွမ်းအင်တို့သည် ထျန်းယန်၏ကိုယ်ထဲသို့ စီးဝင်နေခဲ့သည်။ ဤသည်မှာသာ သူတို့တတ်နိုင်သည့်အရာ ဖြစ်တော့သည်။ လက်ကျန်ကိစ္စများမှာမူ ထျန်းယန်ပေါ်တွင်သာ မူတည်သွားပေလိမ့်မည်။
အချိန်သည် တရွေ့ရွေ့ကုန်ဆုံးနေခဲ့ပြီး နေမင်းပြာကျောင်းတော်ထဲရှိ မိုးမြေစွမ်းအင်စီးဆင်းနှုန်းမှာ တစ်ချက်ကလေးမှပင် ရပ်တန့်သွားခဲ့ခြင်းမရှိပေ။ လေမိုးကြိုးသံတို့မှာ ဓါးတောင်ထက် အဆက်မပြတ် မြည်ဟည်းနေခဲ့ပြီး ထျန်းယန်၏ခန္ဓာကိုယ်မှာတော့ အချိန်နှင့်အမျှ ပိုပို၍ သရုပ်ပေါ်လာကာ သူ့ဆီမှဖြာထွက်နေသည့် အသက်စွမ်းအင်မှာလည်း ပိုပို၍ အားကောင်းလာခဲ့လေသည်။
ထိုအချိန်အတောအတွင်း ဓါးတောင်ထက်တွင် စုဝေးနေသော ကောင်းကင်လမ်းစဉ်၏ စွမ်းအားမှာလည်း ပိုပို၍ အားကောင်းလာခဲ့လေသည်။ ထိုစွမ်းအားသည် လူတိုင်း၏ခေါင်းထက်တွင် ချိတ်ဆွဲနေသော ဓါးသွားတစ်ချောင်းနှယ် ရန်ကိုင်နှင့် ဝမ်ကျိရှန်းတို့အား ရင်တထိတ်ထိတ် ဖြစ်စေလေသည်။
တစ်ခုသောအခိုက်အတန့်သို့ ရောက်သော် ထျန်းယန် ရုတ်တရက် မျက်လုံးပြန်ပွင့်လာခဲ့ပြီး မနှေးမမြန်နှုန်းဖြင့် လက်ကွက်များကို ဖန်တီးလိုက်လေသည်။ ယခုလေးတင် ဖြစ်ပေါ်လာခဲ့သော ထျန်းယန်၏ခန္ဓာကိုယ်သည် မြစ်အစင်းတစ်ရာကို တစ်ကျိုက်တည်း ဝါးမျိုပစ်သွားသည့် သမုဒ္ဒရာတစ်စင်းပမာ မိုင်ပေါင်းများစွာအတွင်းတွင် ရှိနေသော မိုးမြေစွမ်းအင်များကို တစ်ချက်တည်း ဝါးမျိုပစ်သွားခဲ့ပြီး သူ့ခန္ဓာကိုယ်အနှံ့ ကူးကလန်ခတ်သွားလာနေသော နို့နှစ်ရောင်အလင်းစက်များမှာလည်း ရုတ်တရက် ပျောက်ကွယ်သွားခဲ့လေသည်။
လမင်းမှာ ထိန်ထိန်သာအောင် တောက်ပနေဆဲ။ သို့ရာတွင် ဓါးတောင်မှာတော့ ပကတိငြိမ်းချမ်းနေခဲ့လေသည်။ ဓါးတောင်ပေါ်တွင် စုဝေးနေသည့် ကောင်းကင်လမ်းစဉ်၏ စွမ်းအားတို့သည်ပင်လျှင် သဲလွန်စမကျန် ပျောက်ကွယ်သွားခဲ့သည်။
ရန်ကိုင်သည် ဘေးပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်နေသည်။ ထို့နောက် ထျန်းယန်အား တစ်ချက်ကြည့်၍ ဝမ်ကျိရှန်းဆီသို့ လှမ်းကြည့်လိုက်သည်။ နောက်ဆုံးတွင် နားမလည်နိုင်ဟန်ဖြင့် ကောင်းကင်ပေါ်သို့ မော့ကြည့်လိုက်လေသည်။
“ဂုဏ်ယူပါတယ် စီနီယာ…” ဝမ်ကျိရှန်းက ပြုံး၍ လက်သီးဆုပ်ကာ ရုတ်တရက်ပြောလိုက်သည်။
ထျန်းယန်ကလည်း ပြုံးလိုက်လေသည်။ “ရောင်းရင်းတို့နှစ်ယောက် မကူညီဘဲနဲ့ အခုလိုမျိုး ဖြစ်နိုင်မှာမဟုတ်ဘူး… ဒီလူအိုကြီး ရောင်းရင်းတို့နှစ်ယောက် တကယ်ကျေးဇူးတင်ပါတယ်…”
ဝမ်ကျိရှန်းက ဝမ်းသာအားရဖြင့် ပြန်ပြောလိုက်သည်။ “ဒီဝမ်က နည်းနည်းပါးပါးလေးပဲ ကူညီပေးခဲ့တာပါ… တကယ် အခုလိုမျိုး ဖြစ်သွားနိုင်တာက ရန်ကိုင်ရဲ့ ခန္ဓာဖြစ်တည်ဆေးလုံးကြောင့်ပါပဲ…”
ရန်ကိုင်က ပြန်မေးလိုက်သည်။ “ဒီတော့ စီနီယာ အောင်မြင်သွားပြီပေါ့…”
ထျန်းယန်ကပြုံးလျက် “ဟုတ်တယ်… အောင်မြင်သွားပြီ…”
“အဲ့ဒါဆို ကောင်းတာပေါ့…” ရန်ကိုင် ဝမ်းသာအားရ ဖြစ်သွားခဲ့လေသည်။ ယခုမှသာလျှင် ရန်ကိုင်မှာ သူ့ကောင်းကင်စိတ်အာရုံကိုဖြန့်ကျက်၍ ထျန်းယန်၏ ခန္ဓာကိုယ်ကို စစ်ဆေးကြည့်လိုက်တော့သည်။ သို့သော်ငြား ထိုကဲ့သို့ စစ်ဆေးပြီးပြီးချင်းမှာပင် ရန်ကိုင် မင်သက်သွားခဲ့ရသည်။
အကြောင်းမှာ လက်ရှိအချိန်တွင် ထျန်းယန်ဆီမှ အလွန်တရာကိုမှ အားနည်းလှသည့် ခံစားချက်ကို ရနေသည့်အတွက်ကြောင့်ပင်။ မီးစာကုန်ရေခမ်း၍ ပင်ပန်းနွယ်နေသည့်အတွက်ကြောင့် အားနည်းနေသည့် အားနည်းခြင်းမျိုးမဟုတ်ဘဲ မွေးရာပါအားနည်းမှုတစ်မျိုး ဖြစ်သည်။ ထိုသို့ပြောရမည့်အစား လက်ရှိထျန်းယန်သည် ကျင့်ကြံသူတစ်ဦးနှင့်ပင်မတူဘဲ တစ်ကြိမ်တစ်ခါမျှပင် ကျင့်ကြံဖူးခြင်းမရှိသည့် သာမန်သေမျိုးတစ်ယောက်ပမာ အလွန်တရာကိုမှ အားနည်းနေခြင်း ဖြစ်လေသည်။
“စီနီယာ… ခင်ဗျား…” ရန်ကိုင် ထျန်းယန်အား အံ့ဩတကြီးဖြင့် ကြည့်လိုက်လေသည်။
ထျန်းယန်ကပြုံးလျက် “ကောင်းကင်လမ်းစဉ်ကို လှည့်စားဖို့ဆိုတာ လွယ်တာမဟုတ်ဘူးလေ… ငါ့အနေနဲ့ ခဏလောက်ပုန်းကွယ်နေနိုင်မယ်ဆိုရင်တောင် တစ်ဘဝလုံးတော့ ပုန်းကွယ်နေနိုင်မှာမဟုတ်ဘူး… ဒီတော့ ကောင်းကင်လမ်းစဉ်အတိုင်းပဲ လိုက်လုပ်ပေးရတော့မှာပေါ့… အခုလောလောဆယ် ငါက မွေးကင်းစကလေးတစ်ယောက်လိုပဲ…”
ရန်ကိုင် ပါးစပ်အဟောင်းသား ဖြစ်သွားလေသည်။ လက်ရှိအခြေအနေသည် သူမျှော်လင့်ထားသည်နှင့် တက်တက်စင်အောင်ကို လွဲချော်နေခဲ့လေသည်။
ထျန်းယန်သည် သူ၏ခန္ဓာကိုယ်ကို တည်ဆောက်ပြီးသည့်နောက်တွင် ကောင်းကင်တက်လှမ်းခြင်းကြေးမုံထဲတွင် ရှိစဉ်ကကဲ့သို့ မဟာဧကရာဇ်တစ်ပါး ဖြစ်နေလိမ့်ဦးမည်ဟု ထင်ထားခဲ့ပါသော်ငြား ယခုကဲ့သို့ ဖြစ်လာလိမ့်မည်ဟု မည်ကဲ့သို့များ ကြိုသိခဲ့ပါမည်နည်း။ သို့သော်ငြား သေသေချာချာ စဉ်းစားကြည့်လိုက်သည့်နောက် ယခုကဲ့သို့ဖြစ်သည်မှာ အထူးအဆန်းမဟုတ်ကြောင်း သိရှိသွားခဲ့ရသည်။ ထျန်းယန်အနေဖြင့် ကောင်းကင်တက်လှမ်းခြင်းကြေးမုံထဲမှ ဤကမ္ဘာထဲသို့ ကူးပြောင်းလာရာတွင် မည်ကဲ့သို့များ သူ၏ မဟာဧကရာဇ်အဆင့် ကျင့်ကြံခြင်းကို ထိန်းသိမ်းထားနိုင်ပါမည်နည်း။ ကောင်းကင်တက်လှမ်းခြင်းကြေးမုံသည် ဝိဉာဉ်များသာ နေထိုင်ကြသည့် ကမ္ဘာတစ်ခု ဖြစ်ပေသည်။ ထို့အတွက်ကြောင့် ထျန်းယန်သည် ဝိဉာဉ်အရာတွင်သာ မဟာဧကရာဇ်အဆင့်သို့ ရောက်နေခြင်း ဖြစ်လေသည်။ သူ့ခန္ဓာကိုယ်ကို ခန္ဓာဖြစ်တည်ဆေးလုံးဖြင့် ဖန်တီးခဲ့ခြင်း ဖြစ်သည့်အတွက်ကြောင့် ထျန်းယန်အနေဖြင့် ကောင်းကင်တက်လှမ်းခြင်းကြေးမုံထဲတွင် မဟာဧကရာဇ်တစ်ပါး ဖြစ်လင့်ကစား၊ သူ့အနေဖြင့် မိုးမြေစွမ်းအင်ကို မည်မျှများပြားစွာ စုပ်ယူနေစေကာမူ သူ့ခန္ဓာကိုယ်သည် မဟာဧကရာဇ်တစ်ပါး ရှိသင့်ရှိထိုက်သည့်အဆင့်သို့ ရောက်လိမ့်မည်မဟုတ်ချေ။
ထိုအခါမှသာလျှင် သူ့အတွေးများမှာ အမှန်တကယ်ကို ရိုးစင်းလှပါလေတကားဟု ရန်ကိုင်စဉ်းစားမိသွားတော့သည်။
ဝမ်ကျိရှန်းက မှတ်ချက်ပေးလိုက်လေသည်။ “ဒါပေမယ့် စီနီယာရဲ့ အခြေခံနဲ့ဆိုရင်တော့ အစကနေ ပြန်ပြီးကျင့်ကြံမယ်ဆိုရင်တောင် အထွဋ်အထိပ်ကိုရောက်ဖို့က သိပ်ကြာမှာမဟုတ်ပါဘူး…”
“အဲ့လိုမျှော်လင့်ရတာပါပဲ…” ထျန်းယန်က ပြုံးလိုက်သည်။ “ဒါပေမယ့် အဲ့မတိုင်ခင် ဒီလူအိုကြီး ကျောင်းတော်မှာ နည်းနည်း နေဖို့လိုသေးတယ်…”
ဝမ်ကျိရှန်းက ရယ်မောလျက် “ဒီဝမ်က စီနီယာ ကျုပ်တို့ကျောင်းတော် အရမ်းရိုးရှင်းနေတာကို မကြိုက်မှာကိုပဲ စိုးနေရတာ… စီနီယာအဆင်ပြေတယ်ဆိုရင်တော့ ရတာပေါ့… ကျုပ် စီနီယာအတွက် နောက်ထပ်တောင်တစ်လုံး စီစဉ်ပေးဖို့လိုသေးလား…”
“မလိုဘူး… ဒီမှာတင်အဆင်ပြေတယ်… ရန်ကောင်လေးက တစ်နေရာထဲမှာ အကြာကြီးနေတတ်တဲ့လူမဟုတ်ဘူး… ဒီတောင်က နည်းနည်းတိတ်ဆိတ်ပြီး ချောင်ကျတာဆိုတော့ အနားယူအားပြန်ဖြည့်ဖို့အတွက် အသင့်တော်ဆုံးနေရာပဲ… ပြီးတော့ ဒီလူအိုကြီးက ဒီနေရာမှာပဲ ခန္ဓာကိုယ်ကို တည်ဆောက်ခဲ့တာဆိုတော့ ဒီနေရာမှာကျင့်ကြံရတာ အမေ့ရဲ့သားအိမ်ထဲမှာ နေနေရသလိုပဲ… အခြားတစ်နေရာကိုသာ သွားလိုက်လို့ရှိရင် နည်းနည်းလေး အသားကျအောင်လုပ်ဖို့ လိုနေဦးမှာ…”
“အဲ့လိုဆိုလို့ရှိရင် စီနီယာသဘောအတိုင်းပဲ… နက်ဖြန်ကြလို့ရှိရင် ကျင့်ကြံရေးအရင်းအမြစ်အချို့ကို တပည့်အချို့နဲ့ ပို့ခိုင်းလိုက်ပါမယ်… စီနီယာ အခြား လိုတာရှိသေးရင်လည်း ကျေးဇူးပြုပြီး ပြောလို့ရပါတယ်…”
“အဲ့ဒါဆိုလို့ရှိရင် ရှေးဟောင်းစာအုပ်အချို့ ပို့ပေးထားလို့ရမလား… ဘယ်အမျိုးအစားဖြစ်ဖြစ် အကုန်အဆင်ပြေတယ်… များလေကောင်းလေပဲ…”
“ရတယ် စီနီယာ… အဲ့ဒါဆို ဒီဝမ် ပို့ထားပေးလိုက်ပါမယ်… အခုတော့ ဒီဝမ် တစ်ချက် သွားပြင်ဆင်လိုက်ပါဦးမယ်…” ထိုသို့ပြောပြီးသည့်နောက်တွင် ဝမ်ကျိရှန်းသည် ထျန်းယန်အား လက်သီးဆုပ်၍ ရန်ကိုင်အား တစ်ခဏမျှ စိုက်ကြည့်နေပြီးသည့်နောက် ထွက်သွားလေသည်။
ထျန်းယန်သည် ရန်ကိုင်ဘက်သို့လှည့်၍ ပြုံးလျက် “မင်းကြည့်ရတာ နည်းနည်း စိတ်ပျက်သွားသလိုပဲ…”
ရန်ကိုင်က ရှက်ရှက်ဖြင့် ရယ်မောလျက် “စိတ်ပျက်သွားတယ်လို့တော့ မဟုတ်ပါဘူး… ကျုပ်ထင်ထားတာနဲ့ နည်းနည်းလေးကွဲနေလို့… အာ… စီနီယာထျန်းယန်… အဲ့လောက်ကြီး မြန်မြန်မလုပ်နဲ့လေ… ဖြည်းဖြည်းချင်းလျှောက်… လာ ကျုပ်ကူညီပေးမယ်…” ထိုသို့ပြောပြီးသည့်နောက် ရန်ကိုင်သည် မတ်တပ်ထရပ်ရန် လုပ်နေသည့် ထျန်းယန်အား သွားထူမပေးလိုက်လေသည်။
ထျန်းယန်မှာ ယခုမှဖြစ်တည်လာသည့် သူ၏ခန္ဓာကိုယ်နှင့် အသားမကျသေးသည်မှာ သိသာလှသည်။ မတ်တပ်ထရပ်ရန် ကြိုးစားလိုက်သည့်အခိုက် ဖင်ထိုင်ရက်လဲကျလုမတတ် ဖြစ်သွားခဲ့သည်။ ကံကောင်းစွာဖြင့် ရန်ကိုင်မှာ သူ့အား အချိန်ကိုက် သွားထူမ ပေးထားခဲ့လေ၏။
ထျန်းယန်ပြောသကဲ့သို့ပင် လက်ရှိသူသည် မွေးကင်းစကလေးတစ်ဦးနှင့် ဘာမှမခြားချေ။ ထို့အတွက်ကြောင့် အရာအားလုံးကို အစမှ သင်ရပေလိမ့်မည်။
ဓါးတောင်ပေါ်တွင် နန်းတော်တစ်လုံး ရှိလေသည်။ ထိုနန်းတော်မှာ အလွန်တရာကိုမှ ကျယ်ဝန်းခြင်း မရှိပါသော်ငြား လူနှစ်ယောက်နေဖို့ရာအတွက်တော့ လုံလောက်သည်ထက်ပင် ပိုနေပေသေးသည်။
ရန်ကိုင်နှင့်ထျန်းယန်သည် စကားတပြောပြောဖြင့် ထိုနန်းတော်ဆီသို့ လျှောက်သွားလေသည်။
ခြေလှမ်းအနည်းငယ် လှမ်းပြီးသည့်နောက် ထျန်းယန် ရုတ်တရက် ရပ်သွားခဲ့သည်။ ရန်ကိုင်မှာ ထျန်းယန် ဘာလုပ်ချင်လို့ လုပ်ချင်နေမှန်းမသိ။ သို့သော်ငြား ထျန်းယန်ကို လှမ်းကြည့်လိုက်သည့်အခိုက် ထျန်းယန်၏မျက်လုံးများမှာ အသိစိတ်မရှိတော့သည့်အလား မှုန်မှုန်ထိုင်းထိုင်း ဖြစ်နေကြောင်း တွေ့လိုက်ရလေသည်။
ရန်ကိုင်မှာ ထိတ်လန့်တုန်လှုပ်သွားခဲ့ရပြီး ထျန်းယန်တစ်ခုခုဖြစ်သွားပြီလားဟု တွေးပူလျက် ထျန်းယန်အား စစ်ဆေးကြည့်တော့မည်အပြု အစောပိုင်းက မှုန်ထိုင်းထိုင်းဖြစ်နေသော ထျန်းယန်၏မျက်လုံးများမှာ တစ်ဖန်ပြန်လည်အသက်ဝင်လာခဲ့လေသည်။
“ခန္ဓာကိုယ်နဲ့ ဝိဉာဉ် ပေါင်းစပ်ရတာ ခက်တော့ခက်သားပဲကွ… အခုလေးတင် လမ်းလျှောက်နေရင်းနဲ့ ငါ့ဝိဉာဉ်က ခန္ဓာကိုယ်ထဲကနေ ထွက်သွားတယ်…” ထျန်းယန်က ကြိတ်မနိုင်ခဲမရ ဖြစ်နေသည့် အမူအယာဖြင့် ခေါင်းတခါခါလုပ်ရင်း ပြောလိုက်လေသည်။ ထို့နောက်တွင် သတိထား၍ လမ်းဆက်လျှောက်တော့လေ၏။
“စီနီယာ ဒီပုံစံအတိုင်းတော့ အမြဲတမ်းရှိနေမှာမဟုတ်ပါဘူးနော်… ဟုတ်တယ်မလား…” ရန်ကိုင်က စိုးရိမ်တကြီးဖြင့် မေးလိုက်လေသည်။
“အင်း… ရှိတော့ ရှိမနေဘူးပေါ့… ရက်နည်းနည်းလောက်ဆိုရင်တော့ အဆင်ပြေသွားမှာပါ… ဒါပေမယ့် အဲ့မတိုင်ခင်အထိတော့ နည်းနည်း ကရိကထတော့ များဦးမယ်နဲ့တူတယ်…”
နန်းတော်ဆီသို့ သွားနေရင်းမှ ထျန်းယန် သုံးကြိမ်တိုင်တိုင် ရပ်သွားခဲ့သည်။ ထိုသုံးကြိမ်အတွင်း ထျန်းယန်၏ဝိဉာဉ်သည် သူ့ခန္ဓာကိုယ်နှင့် အဆက်အသွယ် ပြတ်တောက်သွားခဲ့ရသည်။
နောက်တစ်နေ့တွင် ဝမ်ကျိရှန်းသည် အမျိုးမျိုးသောအကြောင်းအရာများကို ထည့်သွင်းထားသည့် ကျောက်စိမ်းပြားများကို ထျန်းယန်၏ အခန်းဆီသို့ ပို့ပေးလာခဲ့သည်။ ထိုအချိန်အတောအတွင်း ထျန်းယန်မှာ အခန်းထဲမှ ခြေတစ်ဖဝါးပင် ခွာခဲ့ခြင်းမရှိပေ။ ရန်ကိုင်ကိုယ်တိုင်သည်လည်း ထျန်းယန်အား သွားမနှောင့်ယှက်ခဲ့ပဲ ဓါးတောင်ပေါ်တွင်ရှိနေသော စင်မြင့်တစ်ခုဆီသို့သာ ပျံသန်းသွားခဲ့သည်။
လက်ကွက်များကိုဖန်တီးလိုက်ရာ တောင်နဲ့မြစ်ခေါင်းလောင်း လေပေါ်သို့ ပျံတက်လာခဲ့သည်။
တောင်နဲ့မြစ်ခေါင်းလောင်း လေပေါ်သို့ မြောက်လာသည်နှင့်တစ်ပြိုင်နက် ကျယ်လောင်သည့် နဂါးဟိန်းသံတစ်သံ ထွက်ပေါ်လာခဲ့ပြီး တောင်နဲ့မြစ်ခေါင်းလောင်းထဲတွင် ပိတ်မိနေသော ကျုလဲ့သည် မီတာနှစ်ရာခန့် အလျားရှိသော နဂါးတစ်ကောင်အသွင်သို့ ပြောင်းလျက် ရန်ကိုင်အား ဆတ်ခနဲ ကိုက်ချလာခဲ့လေသည်။
“နဂါးအသွင်ပြောင်းလဲခြင်း…” ရန်ကိုင်သည် ကျုလဲ့အား အထင်အမြင်တသေးဖြင့် စိုက်ကြည့်ရင်းမှ ရွှေနဂါးအမြုတေစွမ်းအားကိုသုံး၍ နဂါးအသွင်ပြောင်းလဲခြင်းပညာရပ်ကို ထုတ်သုံးလိုက်လေသည်။
ရန်ကိုင်၏ခန္ဓာကိုယ်ကြီးမှာ ရုတ်တရက်ဆိုသလို အဆပေါင်းများစွာ ကြီးမားလာခဲ့သည်။ တဖျောက်ဖျောက်မြည်သံများနှင့် ရန်ကိုင်၏နဖူးထက် ဦးချိုနှစ်ချောင်း ထွက်လာခဲ့ပြီး သူ့ခန္ဓာကိုယ်တစ်ခုလုံးမှာလည်း နဂါးအကြေးခွံများဖြင့် လွှမ်းခြုံသွားခဲ့တော့သည်။
ရန်ကိုင်ဆီသို့ ခုန်ဝင်လာနေသည့် မီတာနှစ်ရာခန့် အလျားရှိသော နဂါးကြီးမှာ ရုတ်တရက်ဆိုသလို အော်ငြီးရင်း လူအသွင်သို့ ပြန်ပြောင်းသွားခဲ့သည်။ ထိုသို့ပြောင်းသွားသည့်အခိုက် ကျုလဲ့သည် လူပုံစံဖြင့် ရန်ကိုင်လက်သီးရှေ့တည့်တည့်သို့ ရောက်သွားခဲ့လေ၏။ ရန်ကိုင်လည်း မညှာစတမ်း အားပါးတရ ထိုးချလိုက်လေသည်။
“ဘုန်း…” ဟူသော မြည်သံနှင့်အတူ ကျုလဲ့သည် တောင်ပေါ်ရှိ အခြားတစ်နေရာဆီသို့ လွင့်စင်ထွက်သွားခဲ့လေသည်။
ရန်ကိုင်၏လက်သီးချက်ကြောင့် ကျုလဲ့၏ ခေါင်းတစ်ခုလုံး ချာချာလည်ထွက်သွားခဲ့ရသည်။ ခေါင်းမူးဝေနေသည့် ခံစားချက်တို့ ပျောက်ကွယ်သွားပြီးသည့်နောက် သူ့အမြင်အာရုံတစ်ခုလုံး ပြန်လည်ကြည်လင်လာချိန် ရန်ကိုင်သည် သူ့ရှေ့တွင် မားမားမတ်မတ် ရပ်နေကြောင်း တွေ့လိုက်ရလေသည်။ လက်ရှိအချိန်၌ ရန်ကိုင်၏ မီတာလေးဆယ်ခန့် အမြင့်ရှိသော နဂါးတစ်ပိုင်းလူတစ်ပိုင်း ခန္ဓာကိုယ်ဆီမှ အားကောင်းနေသည့်ဖိအားတို့ ဖြာထွက်နေခဲ့လေသည်။
“ကြည့်ရတာ မင်းရဲ့မှတ်ဉာဏ်က တကယ်ကို မတိုးတက်တာပဲကွ…” ထိုသို့ပြောပြီးသည့်နောက်တွင် ရန်ကိုင်သည် လှောင်ပြုံးပြုံး၍ သူ၏ နဂါးလက်သည်းများဖြင့် မြေပြင်ပေါ်တွင် ခွေးကျဝက်ကျ လဲကျနေသော ကျုလဲ့အား ဆွဲမလိုက်လေသည်။ ကျုလဲ့မှာ အသည်းအသန် ရုန်းကန်နေခဲ့ပါသော်ငြား အချည်းအနှီးသည်သာ။
ယခင်လအတွင်း ယခုကဲ့သို့ တစ်ကြိမ်မက ဖြစ်ခဲ့ဖူးပေသည်။ ရန်ကိုင်မှ တောင်နဲ့မြစ်ခေါင်းလောင်းအား ဖယ်လိုက်သည့်အချိန်တိုင်း ကျုလဲ့သည် နဂါးအသွင်ပြောင်း၍ ရန်ကိုင်အား တိုက်ခိုက်ရန် ကြိုးစားခဲ့သည်။ သို့သော်ငြား ထိုထူးခြားသည့် နဂါးအကြေးခွံကို ဆုံးရှုံးလိုက်ရသည့်နောက်ပိုင်း ကျုလဲ့မှာ နဂါးအသွင်ပြောင်းလဲခြင်းပညာရပ်ကို ထုတ်သုံးထားသည့် ရန်ကိုင်ရှေ့မှောက်တွင် ကလေးသာသာ ခွေးသာသာ ဖြစ်သွားခဲ့ရလေသည်။ သူ့ခွန်အားသည် ရန်ကိုင်ထက် ပိုမိုမြင့်မားမည်ဆိုလျှင်ပင် နဂါးအသွင်ပြောင်းလဲခြင်းပညာရပ်ကို ထုတ်သုံးထားသည့် ရန်ကိုင်အား အနည်းငယ်မျှပင် ထိခိုက်အောင် လုပ်နိုင်ခြင်းမရှိပေ။
ထို့အတွက်ကြောင့် အကြိမ်တိုင်း အကြိမ်တိုင်းတွင် ကျုလဲ့မှာ ကောင်းကောင်းကို သမခံရလေသည်။
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၂၉၄၀)
ဘာသာပြန်သူ_တိမ်တိုက်
ကျုလဲ့မှာ လက်ဝှေ့အိတ်ပမာ အထိုးခံနေရသည့်အလား တဖုန်းဖုန်း တဒိုင်းဒိုင်း မြည်သံများမှာ အဆက်မပြတ် ထွက်ပေါ်နေခဲ့လေသည်။ နဂါးသွေးများ ဖြာထွက်နေခဲ့ပြီး ကျုလဲ့ပုံစံမှာ အတော်လေးကိုမှ ဆိုးဆိုးရွားရွား ဖြစ်နေလေသည်။
သို့သော်ငြား ကျုလဲ့မှာ မည်မျှပင် ဆိုးဆိုးရွားရွား ထိုးကြိတ်ခံနေရစေကာမူ အနည်းငယ်မျှပင် အောက်ကျို့ခြင်း မရှိသလို သူ့မာနကို ခဝါချခြင်းလည်း မရှိချေ။ ထို့အစား ရန်ကိုင် သူ့အား ပို၍ထိုးကြိတ်လေ ထိုးကြိတ်လေ သူ့အကြည့်မှာ ပို၍ အေးစက်လာလေပင်။ သူ့ကိုသာ ဤနေရာတွင် သေအောင်မသတ်ပစ်ပါက ယနေ့တွင် သူ့အပေါ်လုပ်ခဲ့သည့် အရာများထက် အဆတစ်ရာမက ပိုမိုဆိုးရွားသည့် အကျိုးဆက်ကို ရန်ကိုင်အား ရင်ဆိုင်ခိုင်းမည်ဟု သံဓိဌာန်ချထားသည့်အလား။
နဂါးကလန်သည် အမှန်တကယ်ကို မောက်မာလွန်းလှပေသည်။ ရန်ကိုင်သည် မီတာလေးဆယ်ခန့်အမြင့်ရှိသော လူတစ်ပိုင်းနဂါးတစ်ပိုင်းအသွင်သို့ ပြောင်းလဲသွားခဲ့လျှင်ပင် ကျုလဲ့၏အမြင်တွင်တော့ ရန်ကိုင်သည် ပုရွတ်ဆိတ်တစ်ကောင်နှင့် မခြားသေးပေ။
“ဘုန်း…” ဟူသော မြည်သံနှင့်အတူ ကျုလဲ့၏ခန္ဓာကိုယ် ကောင်းကင်ပေါ်မှ ခွေးကျဝက်ကျ ပြုတ်ကျလာခဲ့လေသည်။ မြေပြင်ပေါ်သို့ ပြုတ်ကျလာပြီးသည့်နောက် ကုန်းရုန်းပြန်ထတော့မည်အပြု ရန်ကိုင်သည် ကျုလဲ့ပေါ်သို့ ရောက်လာပြီး ကျုလဲ့၏မျက်နှာကို သူ့ခြေထောက်ဖြင့် ဆောင့်နင်းချလိုက်သည်။
“အရှုံးပေးပြီလား…” ရန်ကိုင်က ကျုလဲ့ကိုကြည့်၍ “အရှုံးပေးတယ်ဆိုလို့ရှိရင် ငါမင်းကို အခုချက်ချင်းပဲ လွှတ်ပေးလိုက်မယ်…”
“ဘယ်တော့မှ အရှုံးမပေးဘူးကွ…” ကျုလဲ့က အံကြိတ်၍ ပြန်အော်ပြောလိုက်သည်။ “သွေးမျိုးဆက်ဖိနှိပ်ခြင်းကို အားကိုးပြီးတော့ ငါ့ကို အနိုင်ယူနိုင်လို့ မင်းကိုယ်မင်း တော်နေပြီ မှတ်နေတာလား… သတ္တိရှိတယ်ဆိုလို့ရှိရင် လူအသွင်ပြောင်းပြီးတော့ တိုက်ခိုက်လိုက်…”
ရန်ကိုင်က အော်ရယ်မောလျက် “မင်းက တကယ်ကို မဟုတ်တရုတ်တွေ ပြောတတ်တာပဲကွ… မင်းတို့နဂါးတွေပဲ သွေးမျိုးဆက်ပေါ်မူတည်ပြီးတော့ အခြားသူတွေကို လိုက်ပြီး အဆင့်ခွဲနေတာမဟုတ်ဘူးလား…”
“မင်းက နဂါးကလန်ကမှမဟုတ်တာ…” ကျုလဲ့က ပြန်ပြောလိုက်သည်။
“အဲ့လိုလည်း ပြောလို့မရသေးဘူးလေ… လူပုံစံပြောင်းပြီး တိုက်ခိုက်မယ်ဆိုလို့ရှိရင် မင်းက ဧကရာဇ်တတိယအဆင့်လောက်ကို အားကောင်းနေတာ… ငါက ဧကရာဇ်ပထမအဆင့်ပဲ ရှိသေးတာကို… ဘယ်လိုလုပ်ပြီး မျှတပါ့မလဲ…” ရန်ကိုင်က ခေါင်းတခါခါဖြင့် ပြန်ပြောလိုက်သည်။
“မင်းလိုအမှိုက်ကောင်ကို ဧကရာဇ်တတိယအဆင့် ကျင့်ကြံခြင်း သုံးပြီး ရင်ဆိုင်စရာလိုမှာလား… ငါ့ကျင့်ကြံခြင်းကို ဧကရာဇ်ပထမအဆင့်အထိ ဖိနှိပ်ပေးလိုက်မယ်… မင်းလိုအမှိုက်ကောင်အတွက်ကတော့ အဲ့လောက်က လိုတာထက်တောင် ပိုနေပြီ…” ကျုလဲ့က ရန်ကိုင်အား အထင်အမြင်တသေးဖြင့်ကြည့်၍ ပြောလိုက်သည်။
“အို…” ရန်ကိုင်က မျက်ခုံးပင့်လျက် “မင်းက တော်တော်လေးကို ယုံကြည်ချက်ရှိတာပါလားကွ… အဲ့လိုပြောတာတော့ ဟုတ်ပါပြီ… ဒါပေမယ့် မင်း ငါ့ကို မနိုင်ဘူးဆိုရင်ရော…”
“မနိုင်ဘူး… အဲ့လိုဖြစ်စရာလား…” ကျုလဲ့က သူ့ခေါင်းကို ခါရန် ကြိုးစားလိုက်သည်။ သို့သော်ငြား သူ့ခေါင်းတစ်ခေါင်းလုံးကို ရန်ကိုင်မှ ခြေထောက်ဖြင့် ဖိနင်းထားသည့်အတွက်ကြောင့် တုတ်တုတ်မျှ လှုပ်မရခဲ့ပေ။ ထိုအကြောင်းကြောင့် ရန်ကိုင်အား အထင်အမြင်တသေးဖြင့်သာ ဆက်၍ပြောလိုက်လေ၏။ “အဆင့်သာတူမယ်ဆိုလို့ရှိရင် ဘယ်သူမှ နဂါးကလန်ရဲ့ပြိုင်ဘက် မဖြစ်နိုင်ဘူးကွ…”
“အရာရာကို အဲ့လိုတပ်အပ်ကြီး မပြောနဲ့လေ…” ရန်ကိုင်က လှောင်ပြုံးပြုံး၍ “ဒီလိုလုပ်ကြမလား… မင်းနဲ့ငါ နှစ်ယောက်စလုံး လူပုံစံနဲ့ တိုက်ကြမယ်… ငါလည်း ငါ့ရဲ့ သွေးမျိုးဆက်ဖိနှိပ်ခြင်းကို မသုံးဘူး… မင်းလည်း မင်းရဲ့ကျင့်ကြံခြင်းကို ပထမအဆင့်ထိ ဖိနှိပ်ပေးထားရမယ်… အဲ့လိုတိုက်ခိုက်လို့မှ မင်းရှုံးသွားမယ်ဆိုရင် ငါတို့နှစ်ယောက်ကြားက ရန်ငြိုးရန်စတွေ အကုန်ကြေသွားပြီလို့ သဘောထားလိုက်…”
“မင်းရှုံးသွားမယ်ဆိုရင်ရော…”
“မင်း ငါ့ကို ကြိုက်တာလုပ်ခိုင်းလို့ရတယ်…”
“မင်း တကယ်ပြောတာလား…” ကျုလဲ့၏မျက်လုံးများ တောက်ပသွားခဲ့သည်။
“တကယ်ပြောတာ…”
“ကောင်းပြီလေ… အဲ့ဒါဆို မင်းရှုံးသွားပြီဆိုရင် ငါနဲ့ နဂါးကျွန်းဆီ ပြန်လိုက်ပေးရမယ်… ပြီးတော့ ငါ့ကို သုံးကြိမ်တိုင်တိုင် ဒူးထောက်ရှိခိုးဦးညွှတ်ရမယ်… ဒါ ငါ့ကိုအရှက်ခွဲခဲ့တဲ့အတွက် မင်းပြန်ပေးဆပ်ရမယ့်အရာပဲ… ဘယ်လိုလဲ… သဘောတူလား…”
ရန်ကိုင်က အော်ရယ်မောလျက် “သုံးကြိမ်မပြောနဲ့… အကြိမ်သုံးထောင်တောင် လုပ်ပေးလို့ရတယ်…” ထိုသို့ပြောပြီးသည့်နောက်တွင် ရန်ကိုင်သည် ကျုလဲ့ခေါင်းကို ဖိနင်းထားသည့် သူ့ခြေထောက်ကို ဖယ်ပေး၍ နောက်သို့ ဆုတ်သွားလိုက်လေသည်။
ကျုလဲ့မှာ ချက်ချင်း ခုန်ထလာခဲ့သည်။ ရန်ကိုင်ပေါ်သို့ ချက်ချင်းခုန်အုပ်၍ သူ့ဒေါသကို ဖွင့်ထုတ်ချင်နေသည့်ပမာ ကျုလဲ့၏မျက်နှာတစ်ပြင်လုံး ဒေါသတရားတို့ဖြင့် ပြည့်နှက်နေခဲ့သည်။ သို့သော်ငြား ထိုသို့မလုပ်မိအောင် သူ့စိတ်ကို အတတ်နိုင်ဆုံး ချုပ်တည်းထားခဲ့ပြီး အေးစက်စက်အမူအယာဖြင့်သာ ပြောလိုက်လေသည်။ “မင်းသာ ယောက်ျားတစ်ယောက်ဆိုလို့ရှိရင် အခြားလူတွေအထင်သေးမိအောင် မလုပ်မိစေနဲ့… မင်းစကားမင်းတည်မယ်လို့ ငါမျှော်လင့်တယ်…”
ရန်ကိုင်က ပြန်၍သာပြောလိုက်သည်။ “ငါ့ကိုအနိုင်ယူနိုင်မှ အဲ့စကားကို ပြောစမ်းပါကွာ…”
ထိုသို့ပြောပြီးသည့်နောက်တွင် ရန်ကိုင်သည် နဂါးအသွင်ပြောင်းလဲခြင်းပညာရပ်ကို ပြန်ရုတ်သိမ်းလိုက်လေသည်။ ရန်ကိုင်၏ မီတာလေးဆယ်ခန့်အမြင့်ရှိသော ခန္ဓာကိုယ်ကြီးမှာ လျင်မြန်စွာ အရွယ်အစားသေးငယ်လာပြီး မူလလူပုံစံသို့ ပြန်ပြောင်းသွားခဲ့လေ၏။
ထိုအငိုက်အတန့်မှာပင် ကျုလဲ့သည် နဂါးမီးတောက်များကို ရန်ကိုင်ဆီသို့ မှုတ်ထုတ်လိုက်ပြီးသည့်နောက် သူ့ဆီသို့ တဟုန်ထိုး ပြေးဝင်လာလေသည်။ နဂါးအသွင်ကို ပြောင်းလဲမထားသည့်အတွက်ကြောင့် ကျုလဲ့မှာ နဂါးကလန်၏ ပညာရပ်အများစုကို ထုတ်မသုံးနိုင်ပါသော်ငြား နဂါးမီးတောက်များကိုတော့ မှုတ်ထုတ်နေနိုင်ပေသေးသည်။
ကျုလဲ့သည် ရန်ကိုင်နှင့်လုပ်ထားခဲ့သည့် သဘောတူညီချက်အတိုင်း သူ့ကျင့်ကြံခြင်းကို ဧကရာဇ်ပထမအဆင့်ထိသို့ရောက်အောင် ဖိနှိပ်ထားလိုက်သည်။ ထို့အတွက်ကြောင့် ကျုလဲ့၏ နဂါးမီးတောက်စွမ်းအားမှာ သူ၏မူရင်းပုံစံမှ မှုတ်ထုတ်သည့် နဂါးမီးတောက်နှင့်ယှဉ်လိုက်သော် အတော်လေးကို အားနည်းနေခဲ့လေသည်။
သို့တိုင် နဂါးမီးတောက်သည် လူတိုင်းခုခံနိုင်သည့် အရာမျိုးမဟုတ်ချေ။
မီးတောက်များကို မှုတ်ထုတ်ပြီးသည်နှင့် တစ်ပြိုင်နက် ကျုလဲ့သည် ရန်ကိုင်တည့်တည့်သို့ လက်သီးတစ်လုံး ပစ်သွင်းလိုက်လေသည်။ သူ့စိတ်ထဲတွင်တော့ ရန်ကိုင်၏ခန္ဓာကိုယ် ဖုန်းခနဲ လွင့်စင်ထွက်သွားမည့်ပုံစံမျိုးကို မြင်ယောင်မိနေလေပြီ။ ဧကရာဇ်ပထမအဆင့်သာ ရှိသေးသော လူသားတစ်ဦးသည် သူ၏တိုက်ကွက်ကို ခုခံနိုင်မည်လား။ အစောပိုင်းက သူ့အနေဖြင့် ရန်ကိုင်လက်တွင် မရှုမလှ ရှုံးနိမ့်ခဲ့ရခြင်းမှာ သွေးမျိုးဆက်ဖိနှိပ်ခြင်းကြောင့်သာ ဖြစ်လေသည်။
ရန်ကိုင်မှ နဂါးအသွင်ပြောင်းလဲခြင်းပညာရပ်ကို ထုတ်သုံးလိုက်သည့်အခါ ကျုလဲ့တွင် ထိုထူးဆန်းသည့်နဂါးအကြေးခွံ မရှိတော့သည့် အတွက်ကြောင့် သူ့ခွန်အား တစ်ဆယ်ရာခိုင်နှုန်းကိုပင်လျှင် ထုတ်မသုံးနိုင်တော့ချေ။ ထိုသို့ဖြစ်လေရာ ရန်ကိုင်၏ပြိုင်ဘက် မည်သို့များ ဖြစ်နိုင်ပါတော့မည်နည်း။
သို့သော်ငြား လက်ရှိအချိန်တွင်တော့ မတူညီတော့ချေ။ နှစ်ဦးစလုံးသည် လူအသွင်ဖြင့်သာ ရှိနေကြသည့်အတွက်ကြောင့် သွေးမျိုးဆက်ဖိနှိပ်ခြင်းဆိုသည်မှာ မရှိတော့ချေ။ ကျုလဲ့စိတ်ထဲတွင်လည်း ရန်ကိုင်အား စိတ်ရှိသလောက် အားရပါးရ ထိုးကြိတ်ပြီးသည့်နောက်မှသာ သူ့အား နဂါးကျွန်းဆီသို့ ပြန်ခေါ်သွားပြီး အကြီးအကဲချုပ်၏ လက်ထဲသို့ အပ်ရန် ဆုံးဖြတ်ထားလေသည်။
မီးတောက်များနောက်သို့ ထပ်ကြပ်မကွာ လိုက်ပါသွားသည့် ကျုလဲ့၏လက်သီးချက်သည် မီးတောက်နှင့်အတွေ့နှင့် ပုံမှန်မဟုတ်သည့်ပြောင်းလဲမှုများ ဖြစ်ပေါ်လာခဲ့လေသည်။
ကျုလဲ့၏လက်သီးချက်မှာ မီးတောက်အား ပျက်စီးသွားစေခြင်းမရှိ။ ထို့အစား လက်သီးချက်သည် မီးတောက်နှင့် ပေါင်းစပ်သွားသည့်အလား မီးတောက်ရော လက်သီးချက်၏စွမ်းအားသည်ပါ ပိုမိုအားကောင်းလာခဲ့ရလေသည်။
“ရွှမ်…”
ထိုစဉ် ဓါးအလင်းတန်းတစ်ချက် လက်သွားခဲ့ပြီး ဓါးတစ်ချောင်းသည် ကျုလဲ့၏လက်သီးချက်ကို လာရောက်ထိမှန်ကာ သတ္တုချင်းထိခတ်သည့်အသံများ ထွက်ပေါ်လာခဲ့ရလေသည်။
ကျုလဲ့၏လက်သီးချက်ကို ဖုံးအုပ်ထားသော နဂါးမီးတောက်များမှာ ဓါးချက်ကြောင့် အချိန်မရွေး ငြိမ်းသက်သွားတော့မည့် ဆီမီးတိုင်ထက်ရှိမီးတောက်ပမာ အလွန်ကိုမှ အားနည်းသွားခဲ့ရလေသည်။
“ဘယ်လို…” ထိုအဖြစ်အပျက်ကြောင့် ကျုလဲ့ ထိတ်လန့်သွားခဲ့ပြီး သူ့အမူအယာမှာ မဆိုစလောက်ကလေး ပြောင်းလဲသွားခဲ့ရသည်။
ကျုလဲ့မှာ ရန်ကိုင်၏ ရက်ပေါင်းများစွာကြာအောင် အဆက်မပြတ် ထိုးကြိတ်ခြင်း ခံထားရသည့်အတွက်ကြောင့် ဤလူသား၏ခွန်အားကို အနည်းအကျဉ်းတော့ နားလည်ထားခဲ့လေပြီ။ ဤလူသားသည် သာမန်ဧကရာဇ်ပထမအဆင့် ကျင့်ကြံသူများထက် အများကြီးပိုအားကောင်းကြောင်းကို ကျုလဲ့သိထားသည်။
ယခု ကျုလဲ့၏တိုက်ကွက်မှာ အရမ်းကြီးလည်း အားကောင်းခြင်းမရှိချေ။ ကျုလဲ့သည် တစ်ဖက်လူ၏ခွန်အားကို စမ်းသပ်ကြည့်ချင်ရုံသာ တိုက်ခိုက်လိုက်ခြင်းဖြစ်လေသည်။ သို့သော်ငြား တစ်ဖက်လူသည် သူ့တိုက်ကွက်ကို ဤမျှလွယ်လွယ်ကူကူ တန်ပြန်သွားလိမ့်မည်ဟု မထင်ထားခဲ့ချေ။
မော့ကြည့်လိုက်သည့်အခိုက် ကျုလဲ့၏အမူအယာ ထပ်မံပြောင်းလဲသွားခဲ့ရသည်။
အကြောင်းမှာ ဤရန်ကိုင်ဆိုသည့်လူသည် သူ့အပေါ် အနည်းငယ်မျှပင်လျှင် ညှာတာနေခြင်းမရှိသည့် အတွက်ကြောင့်ပင်လျှင်။ လက်ရှိအချိန်တွင် ရန်ကိုင်သည် သူ့အား လှောင်ပြောင်ထေ့ငေါ့နေသည့်အလား လှောင်ပြုံးပြုံး၍ သူ့အား စိုက်ကြည့်နေခဲ့လေသည်။
ကျုလဲ့ ဒေါသူပုန်ထသွားခဲ့ပြီး ထအော်လေသည်။ “မင်း ငါ့ကို လာလှောင်နေတာလားကွ…”
ထိုသို့ပြောပြီးသည့်နောက်တွင် နောက်ထပ်လက်သီးတစ်လုံးကို လျှပ်စီးတန်းပမာ ပစ်လွှတ်လိုက်လေသည်။
ရန်ကိုင်သည် အနန္တဓါးကိုမြှောက်၍ တိုးဝင်လာနေသည့် လက်သီးချက်တည့်တည့်သို့ ခုတ်ချလိုက်သည်။
ဓါးချက်၏ထိမှန်ခြင်း ခံလိုက်ရသည့်နောက် သူ့လက်တစ်ဖက်လုံး နာကျင်သွားသလို ကျုလဲ့ခံစားလိုက်ရလေသည်။ နာကျင်မှုကို ခံစားလိုက်ရသည့်အခိုက် ကျုလဲ့မှာ အမှန်တကယ်ကို မယုံကြည်နိုင် ဖြစ်သွားရသည်။
သူသည် နဂါးကလန်သားတစ်ဦး ဖြစ်သည့်အတွက်ကြောင့် သူ့ခန္ဓာကိုယ်မှာ အလွန်တရာကိုမှ မာကျောကြံ့ခိုင်ပေသည်။ သူ့ခန္ဓာကိုယ်၏ အစိတ်အပိုင်းတစ်ခုချင်းစီသည် အားကောင်းလှသည့် ဧကရာဇ်အဆင့်မှော်ရတနာတစ်ခုနှင့် ယှဉ်ပြိုင်နိုင်ပေသည်။ သို့သော်ငြား ဤလူသားထုတ်သုံးလိုက်သည့် ဓါးချက်သည် သူ့အား အမှန်တကယ်ကို နာကျင်သွားစေခဲ့လေသည်။ ထိုသို့ဖြစ်ဖို့ရာ ဤလူသားသည် မည်မျှများ အားကောင်းနေလိုက်လေသနည်း။
ကျုလဲ့ ထိုကဲ့သို့ သတိလက်လွတ်ဖြစ်သွားစဉ်မှာပင် ရန်ကိုင်မှာ အေးစက်စက်အမူအယာဖြင့် နောက်ထပ်ဓါးချက်တစ်ချက်ကို ထပ်မံထုတ်ဖော်လာခဲ့သည်။
သူ့ခေါင်းထက် ထွက်ပေါ်လာသည့် အေးစက်စက်အရှိန်အဝါကို ခံစားမိလိုက်သည့်အခိုက် ကျုလဲ့၏အမူအယာ အပြောင်းလဲကြီးပြောင်းလဲသွားခဲ့ပြီး အလျင်စလို နောက်သို့ပြန်ဆုတ်လိုက်လေ၏။
“ရွှမ်…” မြည်သံနှင့်အတူ အနန္တဓါးချက် ကျဆင်းလာခဲ့ပြီး မီးပွားတို့ ပွင့်ထွက်လာခဲ့ရလေသည်။
ကျုလဲ့ မီတာတစ်ထောင်အကွာသို့ ပြန်ဆုတ်သွားခဲ့ပြီး သူ့ကိုယ်သူပြန်ငုံ့ကြည့်လိုက်ရာ သူ့ဝမ်းဗိုက်နှင့် ခြေထောက်နှစ်ချောင်းကြားနေရာတွင် အဖြူရောင်အစင်းရာကြီးတစ်ခု ရှိနေကြောင်း တွေ့လိုက်ရလေသည်။
“မင်းကိုယ်မင်း နဂါးတစ်ကောင်ဖြစ်နေတာ ကျေးဇူးတင်လိုက်… မဟုတ်ရင်တော့ မင်း အသက်နဲ့ကိုယ် အိုးစားကွဲပြီ…” ရန်ကိုင်၏အသံသည် သူ့ရှေ့တည့်တည့်မှ ရုတ်တရက် ထွက်ပေါ်လာခဲ့လေသည်။ ကျုလဲ့ လှမ်းကြည့်လိုက်ရာ သူ့ရန်သူသည် သူနှင့် မီတာငါးဆယ်ခန့်အကွာသို့ ဘယ်အချိန်တည်းကမှန်းမသိ ရောက်နေကြောင်း တွေ့လိုက်ရလေသည်။ လက်ရှိအချိန်တွင် ထိုလူသား၏လက်ထဲ အစောပိုင်းကကိုင်စွဲထားသော ဓါးကို မတွေ့ရတော့ချေ။ ထို့အစား ထိုလူသားသည် ပိန်းပိန်းပိတ်နက်မှောင်သော ဆယ်မီတာခန့်အလျားရှိသော လခြမ်းကွေးပုံစံ တိုက်ခိုက်မှုတစ်ခုကို သူ့ဆီသို့ ပစ်လွှတ်နေခဲ့လေသည်။
ကျုလဲ့မှာ ရှောင်ချင်ပါသော်ငြား သူ့ပတ်ပတ်လည်ဟင်းလင်းပြင်မှာ ကော်ရည်ပမာ စေးပမာလာသလို ခံစားလိုက်ရကြောင်း တွေ့လိုက်ရသည်။ ထိုအဖြစ်အပျက်သည် သူ့ကိုယ်သူ နွံအိုင်တစ်ခုထဲသို့များ ကျဆင်းသွားလေသလားဟုပင် ထင်မိသွားစေခဲ့လေသည်။ ကျုလဲ့မှာ မည်သို့ပင်ကြိုးစားနေစေကာမူ ထိုနေရာမှ ရုန်းထွက်နိုင်ခဲ့ခြင်းမရှိပေ။
နောက်ဆုံး မာန်သွင်းအော်ဟစ်လိုက်ရာ ကျုလဲ့၏အရှိန်အဝါ မြင့်တက်လာခဲ့ပြီး နဂါးအကြေးခွံတို့ သူ့အရေပြားထက် ထွက်ပေါ်လာခဲ့လေသည်။ ကျုလဲ့သည် ထိုတိုက်ကွက်ကို သူ့ခန္ဓာကိုယ်ဖြင့် ထိပ်တိုက်ရင်ဆိုင်တော့ပေမည်။
သူ့ဆီသို့ တိုးဝင်လာနေသည့် လဓါးသွားကိုကြည့်ရင်း ကျုလဲ့မှာ ရင်တဒုန်းဒုန်း ခုန်နေခဲ့သည်။
သူ့အနေဖြင့် ထိုတိုက်ကွက်ကို သူ့ခန္ဓာကိုယ်သက်သက်ဖြင့် ခုခံနိုင်မလားဆိုသည်ကို ကျုလဲ့မပြောတတ်ပေ။ ထိုတိုက်ခိုက်မှုထဲတွင် လေဟာနယ်နိယာမစွမ်းအားတို့ ပါဝင်နေခဲ့လေသည်။ ထို့အတွက်ကြောင့်ပင်လျှင် ထိုလဓါးသွား ဖြတ်သန်းသွားရာလမ်းကြောင်းတစ်လျှောက်တွင် ရှိနေသော ဟင်းလင်းပြင်မှာ အဆက်မပြတ်ဝါးမျိုခြင်း ခံနေရလေ၏။
ထိုကဲ့သို့သောတိုက်ခိုက်မှုသည်သာ သူ့ခန္ဓာကိုယ်အား လာရောက်ထိမှန်မည်ဆိုလျှင် သူ့ခန္ဓာကိုယ်၏အစိတ်အပိုင်းအချို့ ဟင်းလင်းပြင်ထဲသို့ ရောက်ရှိသွားရနိုင်ပေသည်။ သူ့ဘဝတွင် ပထမဦးဆုံးအကြိမ်အဖြစ် ကျုလဲ့မှာ ထိတ်လန့်တုန်လှုပ်လာရတော့သည်။ သူ့ဘဝတွင် ပထမဦးဆုံးအကြိမ်အဖြစ် ကျုလဲ့မှာ စတင်၍ ပျာယာခတ်ကာ အောက်စည်းသို့ရောက်သွားသလို ခံစားလိုက်ရသည်။ ရန်ကိုင်မှ နဂါးအသွင်ပြောင်းလဲခြင်းပညာရပ်ကိုသုံး၍ တိုက်ခိုက်စဉ်ကပင်လျှင် ယခုကဲ့သို့ ခံစားချက်မျိုးကို မခံစားရဖူးပေ။
ကျုလဲ့၏မျက်လုံးများ ကြောက်ရွံ့မှုကြောင့် ပြူးကျယ်လာသည့်အခိုက်မှာပင် လဓါးသွားသည် ကျုလဲ့နှင့် လက်မအနည်းငယ်ခန့်အကွာတွင် တစ်စစီ ဖြစ်သွားခဲ့လေသည်။
ကျုလဲ့မှာ သေဘေးမှ ကပ်သီလေးလွတ်လာသည့်အလား ရင်တဒုန်းဒုန်း ခုန်နေခဲ့သည်။ သူ့ကျောတစ်ပြင်လုံးမှာလည်း ဘယ်အချိန်တည်းကမှန်းမသိ ချွေးများဖြင့် စိုရွှဲနေလေသည်။ ကျုလဲ့သည် ရန်ကိုင်အား တုန်လှုပ်နေသည့်အမူအယာဖြင့် လှမ်းကြည့်လိုက်ရာ ရန်ကိုင်သည် လှောင်ပြုံးပြုံးလျက် ပြောလိုက်ကြောင်း တွေ့လိုက်ရလေ၏။ “မင်းရှုံးသွားပြီ…”
ကျုလဲ့၏မျက်နှာ ဒယ်အိုးဖင်နှယ် မည်းမှောင်သွားခဲ့လေသည်။ သို့သော်ငြား ဘာစကားတစ်ခွန်းမှ ပြန်မပြောခဲ့ပေ။
သူ တကယ်ကို ရှုံးသွားခဲ့ရလေပြီ။ လဓါးသွားကြောင့်တော့မဟုတ်။ သူ့ကိုယ်ပိုင်လုပ်ရပ်ကြောင့်သာ ဖြစ်လေသည်။
နောက်ဆုံးအခိုက်အတန့်သို့အရောက်တွင် ကျုလဲ့သည် သူ့ခွန်အားကို ဧကရာဇ်တတိယအဆင့်သို့ တိုးမြှင့်လိုက်သည်။ တစ်ချိန်တည်းတွင် နဂါးစွမ်းအင်အချို့ကိုပါ ထုတ်သုံးလိုက်သည့်အတွက်ကြောင့် သူနှင့်ရန်ကိုင်ကြားလုပ်ထားသည့် သဘောတူညီချက်မှာ ပျက်သွားခဲ့ရလေသည်။
နဂါးအသွင်ပြောင်းလဲခြင်းပညာရပ်ကို ထုတ်သုံးမထားသည့်ရန်ကိုင် မည်မျှအားကောင်းသလဲဆိုသည်ကိုပင် ကောင်းကောင်းမသိလိုက်ရသေးခင်မှာပင် ကျုလဲ့မှာ ယခုကဲ့သို့ပုံစံမျိုးဖြင့် အရှက်တကွဲ ရှုံးနိမ့်သွားခဲ့ရသည်။
ယခုအဖြစ်အပျက်ကြောင့် ကျုလဲ့စိတ်ထဲ ဘာကြောင့်မှန်းမသိ အလိုလိုကို ရှက်ရွံ့လာခဲ့ရသည်။ တစ်ချိန်တည်းတွင်လည်း ကိစ္စတစ်ခုခုအပေါ် မကျေမနပ်ဖြစ်နေသည့်အလား ကြိတ်မနိုင်ခဲမရ ဖြစ်လာတော့လေ၏။ ကျုလဲ့မှာ ရှုံးနိမ့်သွားပြီးသည့်နောက် တစ်ခုခုကိုပြောချင်နေသည့်အလား ပါးစပ်ကို ဖွင့်လိုက်ပိတ်လိုက် လုပ်နေပါသော်ငြား သူ့ပါးစပ်ထဲမှ မည်သည့်စကားတစ်ခွန်းမှ ထွက်မလာခဲ့ချေ။
သူ့ဘဝတွင် သူတို့နဂါးများသည်ကသာ အခြားသူများကို အထင်အမြင်သေးခဲ့ကြခြင်း ဖြစ်သည်။ သို့သော်ငြား ယခုအချိန်တွင်တော့ နဂါးများမသိလိုက်သည့်အခိုက်မှာပင် လူသားမျိုးနွယ်စုထဲ အားကောင်းသည့်ပညာရှင်များ ထွက်ပေါ်လာခဲ့ပြီမှန်း ကျုလဲ့ နားလည်သွားရတော့သည်။
“မင်းစကားတော့ မင်းပြန်မရုတ်သိမ်းပါဘူးနော်… ဟုတ်တယ်မလား…” ရန်ကိုင်သည် ကျုလဲ့ကိုစိုက်ကြည့်ရင်းမှ ပြောလိုက်သည်။ “မင်းရှုံးသွားပြီဆိုတာနဲ့ ငါတို့ကြားက ရန်ငြိုးတွေ မရှိတော့ဘူးလို့ သဘောထားလိုက်မှာနော်… သဘောမထားချင်လည်း ရတယ်လေ… မင်းတို့နဂါးကလန်က အရှုံးကို လက်မခံနိုင်တဲ့လူတွေဆိုရင်တော့ အဲ့တိုင်းပဲ ထားလိုက်ပေါ့…”
ထိုစကားကိုကြားသော် ကျုလဲ့မှာ ဆတ်ဆတ်ထိမခံဖြစ်သွားခဲ့ပြီး ချက်ချင်းပဲ ပြန်ပြောလိုက်လေ၏။ “ဘယ်သူက အရှုံးကို လက်မခံနိုင်လို့လဲ… ငါရှုံးတယ်ဆိုရှုံးတာပဲ… မင်းပြောသလိုပဲ ငါတို့ကြားမှာ ဘာရန်ငြိုးရန်စမှ မရှိတော့ဘူး…”
ရန်ကိုင်က ဝမ်းသာအားရဖြင့် “အဲ့လိုမှပေါ့… ကဲ… အခု ဒီကကိစ္စတွေ ရှင်းသွားပြီဆိုတော့ မင်းလာခဲ့တဲ့နေရာဆီ ပြန်သွားလို့ရပြီ… ဒါနဲ့ အဲ့ကိုရောက်လို့ရှိရင် ငါ့အတွက် စကားလေးတစ်ခွန်းလောက် ပါးပေးပါဦး… နောက်ပိုင်းကျ ငါအားလို့ရှိရင် ကိုယ်တိုင်လာလည်မယ်လို့… အခုလိုမျိုး လူတွေလွှတ်ပြီးတော့ ငါ့ကို လိုက်လိုက်ခေါ်နေစရာမလိုဘူးလို့…”
ကျုလဲ့က မှုန်ကုပ်ကုပ်အမူအယာဖြင့် “မင်းပြောတဲ့စကား ငါပြန်ပြောပေးလိုက်မယ်… ဒါပေမယ့် သူတို့ ဘယ်လိုဆုံးဖြတ်မလဲဆိုတာတော့ သူတို့ပေါ်မှာပဲ မူတည်လိမ့်မယ်…”
ရန်ကိုင်က ခေါင်းညိတ်လိုက်သည်။ “ကိစ္စမရှိဘူး… ပြီးတော့ ကျုချင်းကိုပါ တစ်ခါတည်းပြောလိုက်ဦး… နောက်တစ်ကြိမ် ငါ့ကို ထပ်လာမရှာဖို့… သူနဲ့နေရတာ နည်းနည်း အန္တရာယ်များတယ်ကွ…”
ကျုချင်းနားရောက်သည့်အချိန်တိုင်း ရန်ကိုင်မှာ သူ့သွေးမျိုးဆက်ကြောင့် ဖြစ်ပေါ်လာသည့် စိတ်ခံစားချက်များကို ထိန်းချုပ်နိုင်ခြင်း မရှိချေ။ ကျုချင်း သူ့အနားသို့ ရောက်သည်နှင့်တစ်ပြိုင်နက် သူ့အတွင်းစိတ်ထဲ ကိန်းအောင်းနေသော စိတ်ဆန္ဒရိုင်းတို့မှာ ဝုန်းခနဲ ပေါက်ကွဲထွက်လာရသဖြင့် ရန်ကိုင်မှာ သူ့ကိုယ်သူ ထိန်းချုပ်နိုင်ခြင်းမရှိသည့် အခြေအနေအပေါ် အလွန်ကိုမှ စိတ်ညစ်ရလေသည်။ ဤသည်မှာ နဂါးသဘာဝကြောင့် ဖြစ်မှန်း ရန်ကိုင်သိပြီးသားပင်။ နဂါးအသွင်ပြောင်းလဲခြင်းပညာရပ်ကို ပို၍ အဆင့်မြင့်အောင် ကျင့်ကြံလေ ကျင့်ကြံလေ ထိုအရိုင်းစိတ်ဆန္ဒများမှာ ပို၍ အားကောင်းလာလေပင်။ တစ်နေ့နေ့တွင်တော့ ရန်ကိုင်အနေဖြင့် ထိုစိတ်ရိုင်းများကို လုံးဝ ထိန်းချုပ်နိုင်တော့လိမ့်မည်မဟုတ်ပေ။
ထို့အတွက်ကြောင့် ကျုချင်းအနေဖြင့် သူ့ဘေးနားမှ ခပ်ခွာခွာနေသည်မှာ အကောင်းဆုံးဖြစ်ပေသည်။ ဖြစ်နိုင်လျှင် သူတို့နှစ်ဦး ဘယ်တော့မှ ထပ်မတွေ့တော့သည်မှာ ပို၍ပင် ကောင်းပေသေးသည်။
“ကျုချင်း သေသွားလောက်ပြီ… ဒီတော့ ငါ မင်းပြောခိုင်းတဲ့စကားကို ပြောလို့ရမှာမဟုတ်ဘူး…” ကျုလဲ့က ခေါင်းခါလိုက်သည်။
ရန်ကိုင်မျက်နှာထက်ရှိအပြုံး တဖြည်းဖြည်းချင်း ပျောက်ကွယ်သွားခဲ့လေသည်။ “သူသေသွားပြီဆိုတာ မင်း ဘာကိုပြောတာလဲ…”