← Chapters

အခန်း (၂၉၄၁-၂၉၄၅)

Vol. 127 Ch. 2941-2945

အခန်း (၂၉၄၁-၂၉၄၅)

Vol. 127 Ch. 2941-2945

၂၉၄၁)

ဘာသာပြန်သူ_တိမ်တိုက်

ကျုလဲ့က အေးစက်စက်အမူအယာဖြင့် နှာခေါင်းရှုံ့လျက် “ငါ့အထင်ကိုပြောတာ… ငါလည်း ဒီလောက်သေချာတာမဟုတ်ဘူး… ဒီလောက်ရိုးရှင်းတဲ့စကားလေးကိုတောင် နားမလည်ဘူးလား…”

ရန်ကိုင်မှာ တစ်ခုခုပြန်ပြောလိုက်ချင်ပါသော်ငြား ဘာပြန်ပြောလို့ပြောရမှန်းမသိ ဖြစ်သွားခဲ့လေသည်။

ကျုလဲ့သည် ရန်ကိုင်ကိုကြည့်၍ ရယ်သွမ်းသွေးလျက် “မင်းကြည့်ရတာ သူ့ကို စိတ်ပူနေတဲ့ပုံပဲ… သူ အခု ဘယ်လိုနေလဲ မင်းသိချင်နေတာလား…”

ရန်ကိုင်က လှောင်ပြုံးပြုံးလျက် “သိချင်ရဖို့… ငါ သူနဲ့ ဒီလောက်ရင်းနှီးတာမှမဟုတ်တာ… ဘာလို့သိချင်ရမှာလဲ… သူ့ဘာသာသူ သေသေရှင်ရှင် ငါနဲ့ ဆိုင်တာမှမဟုတ်တာ… သူ့ကိစ္စကို စိတ်ပူနေရမှာ ငါမဟုတ်ဘူး… မင်းတို့နဂါးကျွန်းပဲ… ဒီတော့ အပိုစကားတွေ လာပြောမနေနဲ့…”

ကျုလဲ့က ပုခုံးတွန့်လျက် “သူ အရင်တစ်ကြိမ် နဂါးကျွန်းကိုဆက်သွယ်ခဲ့တုန်းက လွန်ခဲ့တဲ့နှစ်လလောက်ကပဲ… အဲ့ဒါကြောင့်ပဲ သူအခု အန္တရာယ်များတဲ့နေရာထဲ ရောက်နေတယ်ဆိုတာကို ငါတို့သိနေတာ… အဲ့မှာတင် သေချင်သေနေလောက်ပြီ… ဒါကြောင့်ပဲ နဂါးကျွန်းက မင်းကိုရှာဖို့ ငါ့ကိုလွှတ်လိုက်တာ…”

“ဘာဖြစ်လို့ ငါ့ကို လာရှာရတာလဲ…” ရန်ကိုင်က မကျေမနပ်ဖြင့် ပြောလိုက်လေသည်။

ကျုလဲ့က ပြန်ပြောလိုက်သည်။ “သူ့တာဝန်ကမပြီးသေးဘူးလေ… ဒီတော့ သူ့တာဝန်ကို ပြီးအောင် အခြားတစ်ယောက်က ဆက်လုပ်ပေးရမှာပေါ့…” ကျုလဲ့က ခေါင်းခါလျက် သက်ပြင်းချ၍ “ဒါပေမယ့် ကြည့်ရတာ ငါလည်း မင်းကို နဂါးကျွန်းဆီ ပြန်မခေါ်သွားနိုင်ဘူးနဲ့တယ်… ဒါပေမယ့် မှတ်ထားလိုက်… နဂါးကျွန်းက ဒီကိစ္စကို ဘယ်တော့မှ လက်လျှော့မှာမဟုတ်ဘူး… မင်း နောက်တစ်ကြိမ်ကျရင်တော့ ဒီလောက်ထိ ကံကောင်းနေတော့မှာမဟုတ်ဘူး…”

ရန်ကိုင်က အေးစက်စက်အမူအယာဖြင့် နှာခေါင်းရှုံ့လျက် “မင်းတို့နဂါးကျွန်းကိုသာ သွားပြန်ပြောလိုက်… နောက်တစ်ကြိမ် ဒီသခင်လေးကို လာပြီးတော့ ပြဿနာရှာဦးမယ်ဆိုလို့ရှိရင် မင်းတို့ပို့လိုက်တဲ့လူမှန်သမျှကို ငါသတ်ပစ်မှာလို့… တစ်ယောက်ပို့ တစ်ယောက်သတ်မယ်… နှစ်ယောက်ပို့ နှစ်ယောက်သတ်မယ်… ငါပြောတာကို မယုံမရှိနဲ့… မင်းတို့နဂါးကလန်မှာ နဂါးတွေ ဘယ်လောက်များများစားစား ရှိလဲတော့ မသိဘူး… အဲ့ရှိတဲ့နဂါးတွေကို အသတ်ခံနိုင်တယ်ဆိုရင် ပို့လိုက်ပေါ့…”

ကျုလဲ့၏မျက်နှာ သုန်မှုန်သွားခဲ့ပြီး အံကြိတ်ကာ ပြန်ပြောလိုက်လေသည်။ “အရှက်မရှိ ကြွားပြမနေနဲ့…”

“မင်းသွားလို့ရပြီ…”

ထိုသို့ပြောပြီးသည့်နောက် ရန်ကိုင်သည် သူ့လက်ကိုဝှေ့ယမ်းလျက် လှည့်ထွက်သွားခဲ့ပြီး ဓါးတောင်ဆီသို့ ပြန်ဆင်းသွားခဲ့လေသည်။ ကျုလဲ့မှာမူ စင်မြင့်ပေါ်တွင် ရပ်နေရင်းမှ ထွက်ခွာသွားသည့်ရန်ကိုင်အား အချိန်အတန်ကြာအောင် စိုက်ကြည့်နေပြီးသည့်နောက် အလင်းတန်းတစ်ခုအသွင်သို့ ပြောင်းကာ အခြားတစ်နေရာဆီသို့ ပြန်ထွက်သွားလေ၏။

မည်သူမျှ သူ့အား လာမတားခဲ့ချေ။ လက်ရှိအချိန်တွင် နေမင်းပြာကျောင်းတော်မှာ နတ်ဆိုးရှင်းလင်းရေးအမိန့်ကြောင့် အလုပ်ရှုပ်နေခဲ့ပြီး ဝူခွမ်းကိုလည်း လိုက်လံရှာဖွေနေရလေရာ ကျောင်းတော်၏ပညာရှင်အများစုမှာ အပြင်သို့ ရောက်နေကြလေသည်။ ထို့အတွက်ကြောင့် ကျောင်းတော်ထဲတွင် ကျန်နေသည့်လူများမှာ နဂါးတစ်ကောင်အား တားဆီးနိုင်ကြလိမ့်မည်မဟုတ်ချေ။

ကျုလဲ့သည် လျင်မြန်စွာ သွားလာနေခဲ့ရာ တစ်ခဏလေးအတွင်း နေမင်းပြာကျောင်းတော်ထဲမှ ထွက်သွားခဲ့သည်။ သို့သော်ငြား နေမင်းပြာတောင်တန်းမှ ထွက်လာပြီးပြီးချင်းမှာပင် ရုတ်တရက် ရပ်လိုက်ပြီး သူ့ရှေ့တည့်တည့်တွင် ရှိနေသည့်လူအား အေးစက်စက်အမူအယာဖြင့် စိုက်ကြည့်နေလေသည်။

သူ့ရှေ့တွင်ရှိနေသည့်လူမှာတော့ အခြားမဟုတ်။ ရန်ကိုင်သာ ဖြစ်လေသည်။

ရန်ကိုင် မည်သည့်အချိန်တည်းက ဤနေရာသို့ရောက်နေမှန်း သူမသိ။ ရန်ကိုင်သည် ကျောင်းတော်ထဲမှ ထွက်လာပြီးသည့်နောက် သူ့အား တမင်တကာ ရပ်စောင့်နေသလား ဆိုသည်ကိုလည်း မသိရပေ။ သူ့ရှေ့တွင် လက်နောက်ပစ်ကာ ရပ်နေသည့် ရန်ကိုင်ကိုကြည့်ရင်း ကျုလဲ့က ဒေါမာန်တကြီးဖြင့် အော်ပြောလိုက်လေသည်။ “မင်း အခု ဘာလုပ်ချင်နေသေးတာလဲ… မင်းစကား မင်းပြန်ရုတ်သိမ်းပြီး ငါ့ကိုတိုက်ခိုက်ဖို့ စဉ်းစားနေတာတော့ မဟုတ်ပါဘူးနော်… ငါက မင်းကိုတောင် ပြဿနာရှာတော့တာမဟုတ်ဘူး… ဒါပေမယ့် မင်းကတော့ ငါ့ကို ပြဿနာပြန်ရှာလာမယ်ဆိုရင်တော့…”

“အဲ့လောက်ကြီးလည်း စိုးရိမ်မနေစမ်းပါနဲ့…” ရန်ကိုင်က အေးစက်စက်အမူအယာဖြင့် ပြန်ပြောလိုက်သည်။ “ မင်းတို့နဂါးကလန်က ကျုချင်းကိစ္စကို ဘယ်လိုလုပ်ဖို့ စဉ်းစားထားလဲဆိုတာ သိချင်လို့ ဒီမှာလာစောင့်နေတာ…”

“ကျုချင်းက သေသွားပြီပဲဟာကို ဘာလုပ်ရဦးမှာလဲ…” ကျုလဲ့က မျက်မှောင်ကျုံ့၍ ပြန်ပြောလိုက်သည်။

ရန်ကိုင်က ပြန်ပြောလိုက်၏။ “မင်းပဲ မသေချာဘူးလို့ ပြောတာမဟုတ်ဘူးလား… ဘယ်လိုလုပ်ပြီး အခုမှ သူသေသွားပြီဆိုပြီး သေချာနေရတာလဲ…”

ကျုလဲ့က ပြောလိုက်သည်။ “သူမသေသေးလို့ရှိရင်လည်း အကြာကြီး အသက်ရှင်တော့မှာမဟုတ်ဘူး… သူသွားတဲ့နေရာက ရေခဲနယ်မြေ… အဲ့နေရာ ဘယ်လောက်အန္တရာယ်များလဲ မင်းလည်းသိတာပဲ…”

“ငါသိတာပေါ့… အန္တရာယ်သာမများလို့ရှိရင် အဲ့နေရာမှာ မင်းတို့နဂါးကလန်က အဖွဲ့သားတစ်ယောက် သေသွားရမှာမဟုတ်ဘူး… ငါသိချင်နေတာက မင်းတို့နဂါးကလန်က သူ့ကို မကယ်တော့ဘူးလား…”

ကျုလဲ့က ပြန်ပြောလိုက်သည်။ “ကျုချင်းက အဆင့်ရှစ်နဂါးနီတစ်ကောင်ပဲ… သူ့လိုလူတစ်ယောက်တောင် အဲ့မှာသေသွားရတယ်ဆိုရင် ကလန်ထဲက အခြားလူတွေသွားလည်း ဘာမှဒီလောက်ထူးလာမှာမဟုတ်ဘူး… အလကားသက်သက် အခြားလူတွေပါ သေသွားရုံပဲရှိမှာ… ပြီးတော့ ငါတို့ကယ်ရမဲ့လူက သေသွားပြီလား ရှင်နေသေးလား ဆိုတာကိုလည်း သေချာသိရသေးတာမဟုတ်ဘူး…”

ရန်ကိုင်က ပြန်အော်ပြောလိုက်သည်။ “သေသွားပြီဆိုလို့ရှိရင်တောင် သူ့အလောင်းကို သွားယူသင့်တာပေါ့… သူက မင်းတို့နဂါးကလန်သားတစ်ယောက် မဟုတ်ဘူးလား…”

ကျုလဲ့က ပြန်အော်ပြောလိုက်သည်။ “သူ့ကိုယ်သူအထင်ကြီးပြီးတော့ ရေခဲနယ်မြေထဲ သွားသေတာကို ငါတို့က ဘာဖြစ်လို့ အလကားသက်သက် စွန့်စားပြီးတော့ သူ့ကို သွားကယ်ပေးနေရမှာလဲ… သူသေရင် သေပစေပေါ့… ဘယ်သူမှ သူ့ကို သွားကယ်နေမှာမဟုတ်ဘူး… သူ့အလောင်းကိုလည်း သွားယူနေမှာမဟုတ်ဘူး…”

“ဒါ မင်းရဲ့သဘောထားလား… ဒါမှမဟုတ် နဂါးကလန်ကျွန်းက သဘောထားလား…” ရန်ကိုင်၏အမူအယာ သုန်မှုန်သွားခဲ့သည်။

“ငါ့သဘောထားလည်း ဟုတ်တယ် နဂါးကလန်ရဲ့သဘောထားလည်း ဟုတ်တယ်…” ကျုလဲ့သည် ရန်ကိုင်နှင့် အကြည့်ချင်းမဆုံချင်သည့်အလား အခြားတစ်ဖက်သို့ လှည့်နေလိုက်လေသည်။

ရန်ကိုင်သည် တစ်ခဏကြာမျှ တိတ်နေပြီးသည့်နောက် ပြန်ပြောလိုက်လေ၏။ “ကျွတ်… ငါ မင်းကို ထိုးတောင်ထိုးချင်လာပြီကွာ…”

ကျုလဲ့က ပြန်ပြောလိုက်သည်။ “မင်း ငါ့ကို ဒီလောက်ထိထိုးထားတာတောင် မကျေနပ်နိုင်သေးဘူးလား… မင်းမှတ်ထား… မင်း အဲ့နေ့တွေတုန်းက ငါ့ကို လုပ်ထားခဲ့တာကို ကျိန်းသေ ပြန်ပြီးတော့ ပေးဆပ်ရလိမ့်မယ်…”

“ငါ့ကိုနိုင်မှ အဲ့စကားလာပြော…”

ရန်ကိုင်သည် ကျုလဲ့အား အထင်အမြင်တသေးဖြင့် တစ်ချက်ကြည့်လိုက်ပြီးသည့်နောက် နေမင်းပြာကျောင်းတော်ဆီသို့ ပြန်ထွက်သွားလေသည်။

တစ်ခဏလေးအတွင်း ရန်ကိုင်သည် ဓါးတောင်ဆီသို့ ပြန်ရောက်လာခဲ့ပြီး တောင်နောက်ဘက်ဆီသို့ ချက်ချင်း တန်းသွားလေ၏။ ဓါးတောင်မှာ နတ်ဆိုးဝိဉာဉ်များ လွတ်မြောက်သွားသည့် အဖြစ်အပျက်နှင့် ကြုံရပြီးသည့်တိုင် အတော်လေးကိုမှ ငြိမ်းချမ်းနေခဲ့လေသည်။ တောင်တစ်ခုလုံးမှာလည်း ဆိုးဆိုးရွားရွား ထိခိုက်သွားခြင်းမရှိ။ ထို့နည်းတူစွာပင် တောင်နောက်ဘက်နား၌ ခင်းကျင်းထားသော နယ်မြေခြားဟင်းလင်းပြင်အစီအရင်မှာလည်း အကောင်းအတိုင်းသာ ရှိနေပေသေးသည်။

လျှောက်ရင်းလျှောက်ရင်းဖြင့် ဟင်းလင်းပြင်အစီအရင်ရှေ့နားသို့ ရောက်လာသည့်အခါမှသာ ရန်ကိုင် ရုတ်တရက် အသိပြန်ဝင်လာခဲ့သည်။ သူ့စိတ်ထဲ အခြားအတွေးအစုံတို့ ယောက်ယက်ခတ်နေသည့်အတွက်‌ကြောင့် ဤနေရာသို့ လျှောက်လာလို့ လျှောက်လာမိမှန်းကိုပင် သတိမထားမိလိုက်ချေ။ သူသတိပြုမိသွားချိန်တွင်တော့ ဤနေရာသို့ ရောက်လာနေခဲ့လေပြီ။

“နှလုံးသားအတိုင်းသာလုပ်… ဟူး…” ထိုသို့ရေရွတ်ပြီးသည့်နောက် ရန်ကိုင်က ကူကယ်ရာမဲ့စွာဖြင့် “ပြဿနာများလိုက်တာကွာ…”

ထိုသို့ပြောနေသည့်တိုင် ရန်ကိုင်မျက်နှာထက်ရှိ တုံ့ဆိုင်းမှုတို့မှာ ရုတ်ချည်း ပျောက်ကွယ်သွားခဲ့ပြီး သံဓိဌာန်ချထားသည့် အမူအယာတို့က အစားထိုး ဝင်ရောက်လာခဲ့လေသည်။

ထိုစဉ် အဝေးတစ်နေရာဆီမှ လေခွင်းသံတို့ ထွက်ပေါ်လာခဲ့ပြီး ရန်ကိုင်လည်း ထိုလေခွင်းသံကြားရာဆီသို့ လှမ်းကြည့်လိုက်ရာ အနီရောင်အလင်းတန်းတစ်ခု သူ့ဆီသို့ ပျံသန်းလာနေကြောင်းကို တွေ့လိုက်ရ၏။ ရန်ကိုင်၏တည်နေရာကို အာရုံခံမိသည့်အလား ထိုအလင်းတန်းသည် ရန်ကိုင်တည့်တည့်ဆီသို့ကို ပျံသန်းလာနေခဲ့လေသည်။

“ဘာလဲ…” ရန်ကိုင်သည် သူ့ဆီသို့ပြန်လာသည့် ကျုလဲ့အား စိတ်မပါသည့်ဟန်ဖြင့် ကြည့်ရင်းမှ မေးလိုက်သည်။

ကျုလဲ့က ပြန်မေးလိုက်၏။ “မင်း ရေခဲနယ်မြေဆီသွားပြီး ကျုချင်းကိုကယ်ဖို့ လုပ်နေတာလား…”

“မင်းကိစ္စမဟုတ်ဘူး…” ရန်ကိုင်က ပြန်ပြောလိုက်သည်။

ကျုလဲ့၏မျက်နှာ မသိမသာလေး ရှုံ့မဲ့သွားခဲ့လေသည်။ ထို့နောက် အခြားတစ်ဖက်သို့လှည့်လျက် ပြောလိုက်လေ၏။ “အဲ့ကိုသွားမယ်ဆိုလို့ရှိရင် ငါ့ကိုပါ ထည့်တွက်လိုက်…”

“အို…” ရန်ကိုင် မျက်ခုံးပင့်သွားခဲ့ပြီး ကျုလဲ့အား စိတ်ဝင်တစားဖြင့် ကြည့်လျက် “ဘာကြောင့်လဲဆိုတာကိုပြော… စာနာသနားမိလို့ပါဆိုပြီးတော့တော့ လာမပြောနဲ့နော်… မင်းရဲ့အဲ့လိုမျိုး အရူးစကားတွေကို ငါယုံမှာမဟုတ်ဘူး…”

ကျုလဲ့က နှာခေါင်းကို ရှက်ရှက်ဖြင့် ပွတ်ရင်းမှ ပြောလိုက်သည်။ “ကျုချင်းက ငါ့ရဲ့အစ်မကြီးပဲ…”

ရန်ကိုင် အနည်းငယ် အံ့အားသင့်သွားခဲ့သည်။ သို့သော်ငြား မကြာခင်တွင် တည်တည်ငြိမ်ငြိမ်သာ ပြန်ဖြစ်သွားခဲ့လေသည်။ ယခင်တည်းက ကျုလဲ့နှင့် ကျုချင်းမှာ ရုပ်ချင်းဆင်သည်ဟု ခံစားနေရခြင်း ဖြစ်လေသည်။ သို့သော်ငြား ထိုစဉ်က သူ့ဘက်မှ မေးမြန်းကြည့်ခဲ့သည်တိုင် ကျုလဲ့သည် ဘာမှပြန်မပြောခဲ့သဖြင့် ရန်ကိုင်လည်း ဆက်၍မေးမနေခဲ့ခြင်း ဖြစ်လေသည်။

ယခုအချိန်တွင်တော့ ကျုလဲ့ကိုယ်တိုင် ဝန်ခံလာပြီးသည့်နောက်တွင် သူ့ခန့်မှန်းချက်မှာ မှန်ကန်နေကြောင်း သိရှိသွားရသည်။ ကျုလဲ့နှင့် ကျုချင်းတို့နှစ်ဦးလုံးမှာ နဂါးနီများဖြစ်ကြပြီး ရုပ်လည်း အတော်လေးဆင်ကြလေရာ အမွှာများဖြစ်နေကြသည်မှာ အထူးအဆန်းမဟုတ်ပေ။

“အဲ့လောက်ဆိုလုံလောက်ပြီလား…” ကျုလဲ့သည် ရန်ကိုင်အား အလေးအနက် အမူအယာဖြင့် ကြည့်ရင်းမှ မေးလိုက်သည်။

“အင်း… လုံလောက်ပြီ…” ရန်ကိုင်က ခေါင်းညိတ်လိုက်ပြီးသည့်နောက် ဟင်းလင်းပြင်အစီအရင်ပေါ်သို့ တက်လိုက်လေ၏။ ထို့နောက် ကျုလဲ့အား လှမ်းခေါ်လိုက်သည်။ “လာခဲ့…”

ကျုလဲ့ မျက်မှောင်ကျုံ့သွားခဲ့လေသည်။ ရန်ကိုင် ဘာလုပ်ချင်လို့ လုပ်ချင်နေမှန်း မသိပါသော်ငြား ရန်ကိုင်ဆီမှ မည်သည့် မကောင်းသည့်ရည်ရွယ်ချက်ကိုမှ မခံစားမိသည့်အတွက်ကြောင့် ရန်ကိုင်ပြောသည့်အတိုင်း အစီအရင်ပေါ် တက်လိုက်လေ၏။

“လုံးဝ မခုခံနဲ့နော်…” ရန်ကိုင်က ပြန်ပြောလိုက်သည်။ ထို့နောက်တွင် လေဟာနယ်နိယာမစွမ်းအားတို့ စတင်လှုပ်ခတ်လာခဲ့လေသည်။ ဟင်းလင်းပြင်တစ်ခုလုံးသည် ရုတ်ချည်း ပြိုကျသွားသည့်ပမာ ထင်မှတ်ရ၏။ ရန်ကိုင်သည်သာ ကြိုတင်သတိပေးထားခြင်း မရှိပါက ထိုကဲ့သို့အဖြစ်အပျက်မျိုး ဖြစ်လာခဲ့သော် ကျုလဲ့မှာ ကျိန်းသေ ခုခံရန် ကြိုးစားမိပေလိမ့်မည်။ ထိုသို့လုပ်မိလိုက်သည့်အခါ သူ့အနေဖြင့် ဟင်းလင်းပြင်ထဲ လုံးဝပျောက်ကွယ်သွားရပေလိမ့်မည်။

အလင်းတစ်ချက် လက်သွားပြီးသည့်နောက် လူနှစ်ဦး ပေါ်လာခဲ့လေသည်။

မြောက်ဘက်နယ်မြေရှိ ထက်ကောင်းကင်နန်းတော်၌…

ဟင်းလင်းပြင်အစီအရင်ပေါ်တွင် ရန်ကိုင်နှင့်ကျုလဲ့တို့နှစ်ဦး ပြိုင်တူပေါ်လာကြသည်။ ရန်ကိုင်တို့ရောက်လာသည်ကိုမြင်သော် အစီအရင်ကို စောင့်ကြပ်နေသော တပည့်နှစ်ဦးက အလျင်အမြန် ဦးညွှတ်လိုက်လေ၏။ “မင်္ဂလာပါ နန်းတော်သခင်…”

ရန်ကိုင်က ခေါင်းညိတ်လိုက်ပြီးသည့်နောက် ဆက်သွယ်ရေးမှော်ရတနာကိုထုတ်၍ ထိုထဲသို့ ကောင်းကင်စိတ်အာရုံကို ထည့်သွင်းလိုက်သည်။ ထို့နောက် ငြိမ်သက်စွာ ရပ်စောင့်နေလိုက်လေသည်။

ကျုလဲ့မှာ နယ်မြေခြားဟင်းလင်းပြင်အစီအရင်ကို သုံးပြီးသည့်နောက် ကြုံရသည့်ဘေးထွက်ဆိုးကျိုးမှ ပြန်လည်သက်သာလာခဲ့ပြီးသည့်နောက် ဘေးပတ်ဝန်းကျင်အား လှည့်ပတ်ကြည့်နေလေ၏။ ထို့နောက် မျက်မှောင်ကျုံ့၍ မေးလိုက်လေသည်။ “ဒါ ဘယ်နေရာလဲ…”

ရန်ကိုင်က ဘေးသို့ပင် လှည့်မကြည့်ဘဲ ပြန်ပြောလိုက်သည်။ “မြောက်ဘက်နယ်မြေက ထက်ကောင်းကင်နန်းတော်ပဲ…”

ထိုစကားကိုကြားပြီးသည့်နောက် ကျုလဲ့ ကြောင်သွားခဲ့လေသည်။ ထို့နောက် နောက်ဘက်တွင်ရှိနေသော ဟင်းလင်းပြင်အစီအရင်ကိုကြည့်၍ “မင်းမှာ နယ်မြေခြားဟင်းလင်းပြင်အစီအရင်တစ်ခု ရှိတယ်လို့ ကျုချင်းပြောသွားတယ်… အဲ့ဒါ တကယ်ကြီး မှန်နေတာပဲဟ…”

ရန်ကိုင်က ဒေါသူပုန်ထသွားလျက် “အဲ့ကောင်မက ဘာဖြစ်လို့ နဂါးကျွန်းဆီ အကုန်လျှောက်ပြောတာလဲမသိဘူး… ငါ့မှာ ဘာလျှို့ဝှက်ချက်မှ မကျန်တော့ဘူး…”

ကျုလဲ့က မျက်မှောင်ကျုံ့လျက် “မင်း စကားကိုကြည့်ပြော ဟျောင့်… မင်း အခုပြောနေတာ ငါ့အစ်မကွ…”

“မင်းအစ်မ… မင်းအစ်မဆိုရင် ဘာဖြစ်လို့ ကိုယ့်ဘာသာကိုယ် အရင်ဆုံး သွားပြီး မကယ်တာလဲ… ငါ့မှာသာ မင်းလိုမောင်မျိုး ရှိလို့ရှိရင် တစ်ခါတည်း မောင်နှမသံယောဇဉ်ကို ဖြတ်ပစ်လိုက်ပြီ… မင်းလိုမောင်မျိုး ရှိနေတာ သူ့အတွက် ဘာများ အသုံးဝင်လို့လဲ…”

“မင်းဘာသိလို့လဲ…” ရန်ကိုင်၏စကားသည် ကျုလဲ့အထိမခံနိုင်သည့်အရာကို ထိသွားသည့်အလား ကျုလဲ့မှာ ဒေါသူပုန်ထသွားခဲ့ပြီး အံကိုတင်းတင်းကြိတ်၍ “ငါ သူ့ကို မကယ်ချင်ဘူးလို့ ထင်နေတာလား… သူသေတာကို ငါ ဒီအတိုင်း ထိုင်ကြည့်ရက်တယ်လို့များ မင်းထင်နေတာလား…”

“အဲ့ဒါဆို ဘာဖြစ်လို့ သွားမကယ်တာလဲ… နှလုံးသားက ဒီလိုဖြစ်စေချင်လို့ရှိရင် လုပ်ပေးလိုက်လေ… ငါတို့ကျင့်ကြံသူတွေဆိုတာ ကိုယ့်လမ်းကိုယ်ရွေးရတာကွ… တုံ့ဆိုင်းနေလို့မရဘူး… ရွေးပြီးသားလမ်းကို ပြတ်ပြတ်သားသားနဲ့ လျှောက်ရမှာ… အဲ့လိုမဟုတ်ဘဲ အားအားနေ တွေဝေတုံ့ဆိုင်းနေတာမျိုးတွေသာ လုပ်နေမယ်ဆိုရင်တော့ ဘာမှခရီးပေါက်မှာမဟုတ်ဘူး… ကျုချင်းသာ မင်းရဲ့အစ်မကြီး ဆိုလို့ရှိရင် ငါ့ကို နေမင်းပြာကျောင်းတော်ဆီမှာ အရင်လာမရှာသင့်ဘူး… သူ့ကိုအရင်သွားကယ်သင့်တာ… သေရမယ့်ဆိုရင်တောင် မင်း သူနဲ့ပဲ အတူသေသွားသင့်တာ… ကဲ ကဲ ကဲ… ထားလိုက်တော့… အဲ့အပိုစကားတွေပြောနေရင် နှောင့်နှေးကုန်တော့မယ်… အဲ့လိုဆိုရင် သူ့ကိုကယ်နိုင်မယ့်အခွင့်အရေးက ဆုံးရှုံးသွားရတော့မှာ…”

ကျုလဲ့မှာ အလွန်ကိုမှ ဒေါသထွက်နေဟန်ဖြင့် တစ်ခုခုကို ပြောချင်နေသည့်အလား သူ့ပါးစပ်မှာ ဖွင့်လိုက်ပိတ်လိုက် ဖြစ်နေခဲ့လေသည်။

သို့သော်ငြား ဘာကြောင့်မှန်းမသိ သူ့မျက်လုံးထဲရှိ ဒေါသမီးတောက်တို့မှာ ရုတ်ချည်း ငြိမ်းကျသွားခဲ့ပြီး သက်ပြင်းချလျက် ပြောလိုက်သည်။ “အခု မင်းသူ့ကို သွားကယ်ဖို့လုပ်နေတာ မင်းနှလုံးသားက သူ့ကို ကယ်စေချင်လို့ပေါ့…”

ရန်ကိုင်က ယဲ့ယဲ့လေးပြုံးလျက် “အခြား ဘာရှိသေးလို့လဲ… သူ့အတွက်နဲ့ အခုလိုမျိုး စွန့်စားတာ တန်လားမတန်လားတော့ ငါမသိပေမယ့် သူ့ကို ကယ်ရမဲ့အတွေး ငါ့စိတ်ထဲမှာ ပေါ်လာတယ်ဆိုမှတော့လည်း ငါလည်းသွားကယ်ရမှာပေါ့… မဟုတ်လို့ရှိရင် အဲ့ဒါကြီးက ငါ့ကို တောက်လျှောက်လိုက်ပြီး စိတ်အနှောင့်အယှက်ပေးနေမှာ… နောက်ဆုံးကျ အခန့်မသင့်ရင် ငါ့စိတ်ထဲ ကိုယ်တွင်းနတ်ဆိုးတောင် ပေါ်လာနိုင်သေးတယ်…”

ကျုလဲ့က ပြောလိုက်သည်။ “ဘယ်လိုပဲဖြစ်ဖြစ် ကျုချင်းကိုယ်စား ငါမင်းကို ကျေးဇူးတင်တယ်…”

“ငါ့ကို လာကျေးဇူးတင်နေစရာမလိုဘူး… ငါ့ကို နောက်ပိုင်း လာမနှောင့်ယှက်ရင် အဆင်ပြေပြီ…” ရန်ကိုင်က အေးစက်စက်အမူအယာဖြင့် ပြန်ပြောလိုက်သည်။

ထိုစဉ် လှပသည့်ပုံရိပ်တစ်ခု ရန်ကိုင်တို့ဆီသို့ ပျံသန်းလာခဲ့ပြီး ရန်ကိုင်တို့နှစ်ဦးရှေ့တွင် ရပ်လိုက်လေသည်။ ထိုသူမှာ အခြားမဟုတ် ထက်ကောင်းကင်နန်းတော်၏ မန်နေဂျာမှူးဖြစ်သော ဟွာချင်းစီသာ ဖြစ်လေသည်။ ရန်ကိုင်အား လက်သီးဆုပ်၍ ပြောလိုက်လေ၏။ “နန်းတော်သခင် ပြန်ရောက်လာပြီပေါ့…” ပြောနေရင်းမှ ရန်ကိုင်ဘေးနားတွင်ရပ်နေသော ကျုလဲ့ဆီသို့ လှမ်းကြည့်လိုက်လေသည်။ သို့သော်ငြား ဘာမေးခွန်းမှ မေးမနေခဲ့ပေ။

ကျုလဲ့သည်လည်း အချိန်ကုန် လေကုန်ခံ၍ သူ့ကိုယ်သူ မိတ်ဆက်ပေးမနေခဲ့။ နဂါးကလန်သားများ မောက်မာဝံ့ကြွားသည်ဟူသော စကားမှာ အလကားသက်သက်မဟုတ်။ ရန်ကိုင်လက်စာ ကောင်းကောင်းခံထားရသည့် အတွက်ကြောင့်သာ မဟုတ်လျှင် ကျုလဲ့မှာ ရန်ကိုင်အား ယခုကဲ့သို့ပုံစံမျိုးနှင့် ဆက်ဆံနေလိမ့်မည်မဟုတ်ပေ။

“ငါတို့အခုချက်ချင်းထွက်သွားဖို့ လိုနေတယ်…” ရန်ကိုင်က အလျင်စလိုဖြင့် ပြောလိုက်သည်။

“နန်းတော်သခင် ဘယ်ကိုသွားမှာလဲ…”

“ငါ မီးနဂါးနန်းတော်ဆီ သွားမလို့… ငါတို့ကို မီးနဂါးနန်းတော်ရဲ့ ဟင်းလင်းပြင်အစီအရင်နဲ့ ဆက်သွယ်ထားပြီလား…”

ဟွာချင်းစီက ပြန်ပြောလိုက်သည်။ “ကျွန်မက ဆက်သွယ်ဖို့တော့ သူတို့ကိုပြောတယ်… ဒါပေမယ့် လီကျောက်က သိပ်လက်မခံချင်ဘူး… ဒါကြောင့်မလို့ ကျွန်မလည်း သူတို့ကို သိပ်ပြီး တွန်းအားပေးမနေတော့ဘူး…”

“သူတို့ ဘယ်လက်ခံချင်ပါ့မလဲ…” ရန်ကိုင် လှောင်ပြုံးပြုံးလိုက်သည်။ မီးနဂါးနန်းတော်နှင့် အာကာယံဂိုဏ်းတို့သည် မြောက်ဘက်နယ်မြေ၏ ထိပ်တန်းဂိုဏ်းများ ဖြစ်ကြပါသော်ငြား ရန်ကိုင်လက်စာ မိပြီးသည့်နောက်တွင် ရန်ကိုင်အပေါ်၌ အကြွေးများစွာ တင်သွားခဲ့လေသည်။ ထိုအကြွေးများကို နောက်နှစ်အနည်းငယ်အတွင်း ပြန်ဆပ်နိုင်လိမ့်မည် မဟုတ်လေရာ သူတို့အနေဖြင့် သူတို့၏ဟင်းလင်းပြင်အစီအရင်ကို သူတို့၏အကြွေးရှင်များနှင့် ဘာကြောင့်များ ဆက်သွယ်ပေးရပါမည်နည်း။ ထိုသို့လုပ်ခြင်းသည် သူတို့၏အကြွေးရှင်များ သူတို့ဆီသို့ ပို၍လွယ်လွယ်ကူကူဖြင့် အကြွေးလာတောင်း၍ရအောင် လုပ်ပေးလိုက်သည်နှင့် အတူတူပင် မဟုတ်လေလော။

“အဲ့လိုဆိုမှတော့လည်း ဒီတိုင်းပဲ ပျံသန်းသွားရုံပေါ့… မီးနဂါးနန်းတော် ဘယ်မှာရှိတာလဲ…”

ဟွာချင်းစီသည် တစ်ခုသောဘက်ဆီသို့ ညွှန်ပြလျက် အလျင်အမြန် ပြောပြလိုက်လေသည်။ “မီးနဂါးနန်းတော်က အဲ့ဘက်မှာရှိတာ… နန်းတော်သခင်ရန်ရဲ့ နှုန်းနဲ့ဆိုရင်တော့ သုံးရက်လောက်အတွင်း ရောက်တယ်… နန်းတော်သခင်… ကျွန်မ လိုက်ပေးဖို့ လိုသေးလား… ကျွန်မ မီးနဂါးနန်းတော်ကို အရင်က ရောက်ဖူးတယ်…”

“မလိုဘူး…” ရန်ကိုင်က သူ့လက်ကို ဝှေ့ယမ်းလိုက်လေသည်။ ထို့နောက်တွင် ဟွာချင်းစီအား ကောင်းကင်စိတ်အာရုံမှတစ်ဆင့် လှမ်းမေးလိုက်လေသည်။ “ပုံရိပ်တစ်ထောင်အိပ်မက်ကမ္ဘာ ဘယ်လိုအခြေအနေရှိလဲ…”

ဟွာချင်းစီက အလေးအနက်အမူအယာဖြင့် ပြန်ပြောလိုက်လေသည်။ “အကုန်လုံးကိုတော့ စီစဉ်ပြီးသွားပြီ… ချီယွဲ့နဲ့ အခြားသူတွေလည်း အဲ့ထဲ တစ်ကြိမ်ရောက်ပြီးသွားပြီ… ဒါပေမယ့် ပုံရိပ်တစ်ထောင်အိပ်မက်ကမ္ဘာက တော်တော်လေးကို ကျယ်ဝန်းတာဆိုတော့ အဲ့ထဲကအခြေအနေကို သေသေချာချာသိဖို့ဆိုရင် အချိန်တော့ယူရဦးမယ်… အခုတော့ အဲ့ထဲကိုပို့မယ့် နောက်တပည့်တစ်သုတ်ကို စပြီး ရွေးနေပြီ…”

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၂၉၄၂)

ဘာသာပြန်သူ_တိမ်တိုက်

လွန်ခဲ့သောလဝက်ခန့်က နန်မန်တကျွင်းသည် နေမင်းပြာကျောင်းတော်မှ ထက်ကောင်းကင်နန်းတော်ဆီသို့ ပြန်လာသည့်အခါတွင် ရန်ကိုင်သည် ပုံရိပ်တစ်ထောင်လိပ်ပြာကိုပါ နန်မန်တကျွင်းနှင့်အတူ ထည့်ပေးလိုက်သည်။ ရန်ကိုင်မှ ပုံရိပ်တစ်ထောင်လိပ်ပြာအပေါ် အထူးအလေးထားနေရခြင်းမှာ သူကိုယ်တိုင်သည် ပုံရိပ်တစ်ထောင်အိပ်မက်ကမ္ဘာထဲမှ အကျိုးကျေးဇူးများစွာ ရရှိခဲ့သည့်အတွက်ကြောင့်ပင်။

ပုံရိပ်တစ်ထောင်အိပ်မက်ကမ္ဘာသည် ထက်ကောင်းကင်နန်းတော်၏ အခြေခံအုတ်မြစ်များအနက် တစ်ခု ဖြစ်လာမည်မှာ မလွဲမသေပင်။ ကောင်းကင်တေးသံရတနာသေတ္တာကို အခြေတည်၍ တည်ဆောက်ထားသော ကောင်းကင်တေးသံကျောင်းတော်နှင့် ယှဉ်လိုက်သော် ပုံရိပ်တစ်ထောင်အိပ်မက်ကမ္ဘာသည် အများကြီးပို၍ တန်ဖိုးကြီးကာ အသုံးလဲဝင်ပေသည်။

သို့သော်ငြား ပုံရိပ်တစ်ထောင်အိပ်မက်ကမ္ဘာသည် ပုံသေရှိသည့်အရာမျိုးတော့ မဟုတ်ချေ။ ပုံရိပ်တစ်ထောင်အိပ်မက်ကမ္ဘာထဲသို့ ကျင့်ကြံသူတစ်ဦး ဝင်သွားတိုင်း ထိုကျင့်ကြံသူကြုံတွေ့ရသည့် ပုံရိပ်ယောင်သည် အခြားသောကျင့်ကြံသူများ ကြုံတွေ့ရသည့် ပုံရိပ်ယောင်နှင့် တူညီခြင်း မရှိကြချေ။ ထို့နည်းတူစွာပင် ပုံရိပ်တစ်ထောင်အိပ်မက်ကမ္ဘာထဲသို့ ဝင်သည့်အခါ ကြုံတွေ့ရသည့် ပုံရိပ်ယောင်များမှာလည်း အမြဲတစေ ကွဲပြားနေခဲ့လေသည်။ ထိုပုံရိပ်ယောင်များသည် တကယ့်အစစ်နှင့် ခွဲခြားလို့ မရရုံမက သမိုင်းကြောင်းပေါ် အခြေတည်၍ ဖြစ်ပေါ်လာကြသည့် ပုံရိပ်ယောင်များလည်း ဖြစ်ကြပေသည်။ ထို့အတွက်ကြောင့် ထိုပုံရိပ်ယောင်များထဲ အမှားနှင့်အမှန်ကို ခွဲခြားဖို့ရာမှာ အလွန်ကိုမှ ခက်ခဲလှပေသည်။ သို့သော်ငြား ထိုပုံရိပ်ယောင်များဆီမှ ရရှိလာမည့် အကျိုးအမြတ်များသည် ကျင့်ကြံသူတစ်ဦး၏ ခွန်အားကို သိသိသာသာ တိုးတက်လာစေနိုင်ပေသည်။

ထို့အပြင် ပုံရိပ်တစ်ထောင်အိပ်မက်ကမ္ဘာသည် အချိန်စီးဆင်းသည့်နှုန်းကိုလည်း ပြောင်းလဲပစ်နိုင်ပေသည်။ ထိုအရာမှာ အလွန်ကိုမှ အဖိုးထိုက်တန်ပေ၏။ ချီယွဲ့နှင့် အခြားသူများသည် ရန်ကိုင်၏ အကြီးအကဲများ၊ ဆွေမျိုးများ ဖြစ်ကြသည့်အတွက်ကြောင့် ဟွာချင်းစီသည် ချီယွဲ့တို့အဖွဲ့အား ပထမဦးစွာ ပုံရိပ်တစ်ထောင်အိပ်မက်ကမ္ဘာထဲသို့ ဝင်သွားစေခဲ့လေသည်။ သူတို့မျှော်လင့်ထားသည့်အတိုင်းပင် ထိုလူများသည် ပုံရိပ်တစ်ထောင်အိပ်မက်ကမ္ဘာထဲမှ အကျိုးကျေးဇူးများစွာ ရရှိခဲ့လေသည်။

ပုံရိပ်တစ်ထောင်အိပ်မက်ကမ္ဘာကြီးမှာ အလွန်တရာကိုမှ ကျယ်ဝန်းလွန်းသည့်အတွက်ကြောင့် သူတို့အနေဖြင့် ပုံရိပ်တစ်ထောင်အိပ်မက်ကမ္ဘာကို တစ်ခါတည်းဖြင့် အလုံးစုံသိနိုင်လိမ့်မည် မဟုတ်သည့်အတွက်ကြောင့် ဖြည်းဖြည်းနှင့်မှန်မှန်သာ လုပ်ဆောင်သွားရပေလိမ့်မည်။ ဟွာချင်းစီနှင့် စကားနည်းနည်း‌ပြောပြီးသည့်နောက်တွင် ရန်ကိုင်သည် ကျုလဲ့နှင့်အတူ ထွက်ခွာလာခဲ့လေသည်။

လျင်မြန်စွာ ပျံသန်းသွားနေသည့် ပန်းတိမ်တိုက်လွန်းပျံထဲ လူတစ်ဦးနှင့် နဂါးတစ်ကောင်တို့ ရှိနေခဲ့ကြသည်။

ကျုလဲ့မှာ ရန်ကိုင်၏အပြုအမူကြောင့် ဇဝေဇဝါ ဖြစ်နေခဲ့ရလေသည်။

“ကျုချင်းက ရေခဲနယ်မြေထဲမှာ ပိတ်မိနေတာမဟုတ်ဘူးလား… ဘာဖြစ်လို့ ငါတို့က မီးနဂါးနန်းတော်ဆီ သွားနေရတာလဲ…”

ပန်းတိမ်တိုက်လွန်းပျံအား ထိန်းချုပ်နေရင်းမှ ရန်ကိုင်က ကျုလဲ့ကိုကြည့်၍ ပြန်ပြောလိုက်လေသည်။ “မင်း ရေခဲနယ်မြေဆီရောက်ဖူးလား…”

ကျုလဲ့ ခေါင်းခါပြလိုက်သည်။ “ငါ နဂါးကျွန်းကနေ သိပ်အပြင်ထွက်လေ့မရှိဘူး… နဂါးကလန်သားတွေကိုလည်း အပြင်ဘက်ကို ခဏခဏမထွက်ခိုင်းဘူး… ငါ ရေခဲနယ်မြေအကြောင်းကို ကြားပဲကြားဖူးတာ… တစ်ခါမှ အဲ့ကို မရောက်ဖူးဘူး…”

“ငါလည်း အတူတူပဲ…” ရန်ကိုင်က ရယ်မောလျက် ပြန်ပြောလိုက်သည်။ “ဒါဆိုရင် ငါတို့နှစ်ယောက်စလုံး ရေခဲနယ်မြေဆီ တစ်ခါမှမရောက်ဖူးဘဲနဲ့ မင်းရဲ့အစ်မကို ဘယ်ကနေ သွားစရှာရမှာလဲ…”

ကျုလဲ့က ခေါင်းခါလျက် “အဲ့ဒါတော့ ငါလည်း မပြောတတ်ဘူး… လွန်ခဲ့တဲ့ရက်ပိုင်းလောက်တုန်းက သူ့ကို ဆက်သွယ်ဖို့ ကြိုးစားကြည့်သေးတယ်… ဒါပေမယ့် ဘယ်လိုမှမရဘူး… ကြည့်ရတာ သူများ တစ်ခုခု…”

ရန်ကိုင်က ဖြတ်ပြောလိုက်သည်။ “သူအသက်ရှင်နေသေးလို့ရှိရင် လူကိုတွေ့ရမယ်… သေသွားပြီဆိုရင်လည်း အလောင်းကိုတွေ့ရမယ်… ဒီတော့ မင်းအစ်မကို တွေ့ပြီးတဲ့အထိ မင်းစကားတွေကို ချန်ထားလိုက်…”

“ဒါပေမယ့်…”

“ဒါပေမယ့်တွေ လုပ်မနေနဲ့…” ရန်ကိုင်က ကျုလဲ့အား စိုက်ကြည့်၍ “မင်းရောငါရော ရေခဲနယ်မြေဆီ မရောက်ဖူးဘူး… ဒီတော့ မင်းအစ်မကို ဘယ်ကနေ စရှာရမလဲ ငါတို့နှစ်ယောက်စလုံး မသိကြဘူး… ဒါပေမယ့် ငါတို့ကို ကူညီပေးနိုင်မယ့် တစ်ယောက်ယောက်တော့ ရှိတယ်…”

ကျုလဲ့က ပြန်၍ပြောလိုက်လေ၏။ “အဲ့လူက မီးနဂါးနန်းတော်မှာ ရှိနေတာလား…”

“မင်း နည်းနည်းပါးပါးတော့ စဉ်းစားတတ်သေးတာပဲ…” ရန်ကိုင်က ပြုံးဖြီးလျက် “စားဖိုမှူးကောင်းတစ်ယောက်ဆိုတာ ဟင်းမချက်ခင် ဓါးကို သေချာသွေးထားရတယ်… အခု သူ့ကို သွားရှာလိုက်လို့ ငါတို့အချိန် ပိုပြီး နှောင့်နှေးသွားရတယ်ဆိုပေမယ့် ငါတို့ဘာသာငါတို့ ဘုမသိဘမသိနဲ့ ရေခဲနယ်မြေထဲသွားပြီး ရှာချင်သလို လျှောက်ပတ်ရှာနေတာထက်စာရင်တော့ အများကြီးပိုကောင်းသေးတယ်…” တစ်ချက်မျှရပ်ပြီးသည့်နောက် ရန်ကိုင်က ထပ်ပြောလိုက်သည်။ “ဒါပေမယ့် အဲ့လူရဲ့အဆင့်အတန်းက သာမန်တော့မဟုတ်ဘူး… ဒါကြောင့် အချိန်တန်လို့ရှိရင် မင်းရဲ့အကူအညီ လိုလာလိမ့်မယ်…”

ကျုလဲ့က လှောင်ပြုံးပြုံးလျက် “မင်း သူ့ကို မနိုင်လို့လား…”

ရန်ကိုင်က ဖြည်းဖြည်းချင်း ခေါင်းခါလျက် “ဘယ်သူပိုပြီး အားကောင်းတယ် အားနည်းတယ်နဲ့ မဆိုင်ဘူး… ဒီကိစ္စမှာ ပူးပေါင်းလုပ်ဆောင်မှုပဲ လိုတာ… ငါ အဲ့လူကို ရေခဲနယ်မြေဆီ လိုက်ခိုင်းမယ်ဆိုရင်တောင် သူကတော့ လိုက်ချင်မှာမဟုတ်ဘူး… ငါ အတင်းအကြပ် သွားတွန်းအားပေးမယ်ဆိုရင် ပြဿနာတွေတက်လာပြီး သူ ပြန်ပြီး ခုခံကောင်းခုခံလိမ့်မယ်… အဲ့လိုဆိုရင် မင်းအစ်မကို ရှာဖို့က ဖြစ်နိုင်တော့မှာမဟုတ်ဘူး… ဒါပေမယ့် မင်းသာလိုက်လာမယ်ဆိုရင်တော့ အများကြီး ပိုလွယ်သွားပြီ…”

“အို…” ကျုလဲ့ သိချင်သွားလေသည်။ ရန်ကိုင်ပြောသည့်လူမှာ မည်ကဲ့သို့သောလူစားမှန်း သူမသိ။ သို့သော်ငြား များများစားစား သွားမေးမနေခဲ့ချေ။ သူတို့နှစ်ဦး တွေ့ကြလျှင် သိကြရလိမ့်မည်ဖြစ်လေရာ ဘာကြောင့်များ ထပ်မေးနေရဦးမည်နည်း။

မြောက်ဘက်နယ်မြေတွင် အခြေတည်နေသော မီးနဂါးနန်းတော်သည် နှစ်ပေါင်းသောင်းနှင့်ချီတိုင်အောင် တည်တံ့လာသည့် ဂိုဏ်းကြီးတစ်ဂိုဏ်းဖြစ်ကာ မြောက်ဘက်နယ်မြေ၏ ထိပ်တန်းလေးဂိုဏ်းအနက် တစ်ဂိုဏ်းအပါအဝင်လည်း ဖြစ်ပေသည်။ မီးနဂါးနန်းတော် ထိပ်တန်းဂိုဏ်းတစ်ဂိုဏ်း ဖြစ်နေရခြင်းမှာ ဂိုဏ်းထဲတွင် ဧကရာဇ်တတိယအဆင့်သို့ ရောက်နေသော ပညာရှင်တစ်ဦး ရှိနေသည့်အတွက်ကြောင့်ပင်။

မီးနဂါးနန်းတော်၏ နန်းတော်သခင်လီကျောက်သည် ဧကရာဇ်တတိယအဆင့်ပညာရှင်တစ်ဦးဖြစ်ပြီး နဂါးသွေးမျိုးဆက်အချို့ကို ပိုင်ဆိုင်ထားသည့် နဂါးတစ်ပိုင်းလူသားတစ်ဦးလည်း ဖြစ်ပေသည်။ မီးနဂါးနန်းတော် တိုးတက်ထွန်းကားစဉ်က အခြားသောဂိုဏ်းသုံးဂိုဏ်းအား လွှမ်မိုးနိုင်ခဲ့လေသည်။

သို့သော်ငြား ထက်ကောင်းကင်နန်းတော် ပေါ်လာသည့်အချိန်မှစ၍ မီးနဂါးနန်းတော်၏ နေ့ရက်များမှာ စတင်၍ ခက်ခဲလာခဲ့ရတော့သည်။

မီးနဂါးနန်းတော်၏ နန်းတော်သခင် ထက်ကောင်းကင်နန်းတော်အား မည်ကဲ့သို့ရန်စမိသွားသလဲဆိုသည်ကို မည်သူမျှ မသိကြ။ သို့သော်ငြား ယခင်နှစ်မှစ၍ ဂိုဏ်း၏ နှစ်စဉ်ဝင်ငွေ၏ ရှစ်ဆယ်ရာခိုင်နှုန်းကို ထက်ကောင်းကင်နန်းတော်ဆီသို့ ပေးချေနေရသည်။ ထို့အတွက်ကြောင့် သူတို့အတွက် အနည်းငယ်မျှသော နှစ်ဆယ်ရာခိုင်နှုန်းသာ ကျန်ရစ်တော့လေသည်။

မီးနဂါးနန်းတော်သည် လုပ်ငန်းစုပေါင်းများစွာကို ပိုင်ဆိုင်ထားသည့် ဂိုဏ်းကြီးတစ်ဂိုဏ်း ဖြစ်ပါသော်ငြား ဂိုဏ်းထဲတွင်ရှိနေသည့် တပည့်အရေအတွက်မှာလည်း သောင်းနှင့်ချီပေသည်။ နှစ်စဉ်ဝင်ငွေ၏ နှစ်ဆယ်ရာခိုင်နှုန်းလောက်သည် အဆင့်မြင့်အရင်းအမြစ်ကျောက် ဆယ်သန်းလောက်သာ ရှိလေ၏။ ထိုပမာဏသည် သူတို့ဂိုဏ်း၏ သုံးစွဲနှုန်းကို မည်သို့များ ဖြည့်တင်းပေးနိုင်ပါမည်နည်း။ ထိုအကြောင်းကြောင့်ပင်လျှင် ဂိုဏ်းချုပ်ဖြစ်သော လီကျောက်မှအစပြု၍ တပည့်အားလုံး၏ အသုံးစရိတ်မှာ ယခင်နှစ်မှစ၍ အလွန်တရာကိုမှ နည်းပါးသွားရတော့သည်။ အကုန်လုံးသည် ရရှိလာသမျှ အရင်းအမြစ်ကျောက်များကို ချွေချွေတာတာ အသုံးပြုနေရတော့လေသည်။

ထိုအကြောင်းကြောင့်ပင်လျှင် မီးနဂါးနန်းတော်၏ အကြီးအကဲများစွာတို့သည် ထက်ကောင်းကင်နန်းတော်အပေါ် မကျေမနပ်ဖြစ်ကာ လီကျောက်ကို သွေးထိုးလှုံ့ဆော်၍ ထက်ကောင်းကင်နန်းတော်အား ပြန်လည်လက်စားချေရန် တိုက်တွန်းကြလေသည်။

သို့သော်ငြား လီကျောက်မှာ မည်ကဲ့သို့များ ထိုကဲ့သို့လုပ်ရဲပါမည်နည်း။ သူ့လက်အောက်ရှိ တပည့်များနှင့် အကြီးအကဲများမှာ ထက်ကောင်းကင်နန်းတော်အကြောင်းကို မသိပါသော်ငြား သူကတော့ လုံးဝကို သိထားပေသည်။ ယခင်တစ်ကြိမ်က ပွဲကြီးပွဲကောင်းကို ကြည့်လိုသည့်အတွက်ကြောင့် ကျိယင်နောက်သို့ လိုက်သွားခဲ့ပါသော်ငြား ပွဲကြီးပွဲကောင်းကို မကြည့်ရသည့်အပြင် သူ့ဂိုဏ်း၏ စီးပွားရေးလုပ်ငန်းများစွာကိုပင် ထက်ကောင်းကင်နန်းတော်လက်ထဲသို့ အပ်ရခါနီး ဖြစ်သွားခဲ့ရသည်။ ယခုအချိန်တွင်ပင် ထက်ကောင်းကင်နန်းတော်အကြောင်းကို ကြားလိုက်တိုင်း လီကျောက်မှာ ရင်တဒုန်းဒုန်း ခုန်ရလေရာ မည်ကဲ့သို့များ ထက်ကောင်းကင်နန်းတော်၏ တံခါးကို ကိုယ်တိုင်ကိုယ်ကျ သွားခေါက်ရဲပါမည်နည်း။

ကံကောင်းစွာဖြင့် ဒုက္ခရောက်ရသည့်ဂိုဏ်းမှာ မီးနဂါးနန်းတော်တစ်ခုတည်းမဟုတ်ချေ‌။ အာကာယံကောင်းကင်ဂိုဏ်းသည်လည်း မီးနဂါးနန်းတော်နှင့် အလားတူအခြေအနေကို ကြုံတွေ့နေရသည်။

ယနေ့တွင် မီးနဂါးနန်းတော်၏ အဓိကခန်းမထဲ အကြီးအကဲများ စုဝေးနေခဲ့ကြသည်။ ထုံးစံအတိုင်း ခန်းမတစ်ခုလုံးမှာတော့ ဆူညံယောက်ယက်ခဲ့နေခဲ့လေသည်။ ဧကရာဇ်အဆင့်ပညာရှင်ပေါင်းများစွာ စုဝေးနေခြင်းသာ ဖြစ်ပါသော်ငြား မည်သူမျှ ဧကရာဇ်အဆင့်ပညာရှင်တစ်ဦး၏ ဟန်ပန်မရှိ။ ကလေးသူငယ်များနှယ် အပြန်အလှန် ငြင်းခုံနေခဲ့ကြလေသည်။

ယခင်ကတော့ ဤကဲ့သို့မျိုး ဖြစ်လေ့ဖြစ်ထမရှိပေ။ သို့သော်ငြား ယခင်နှစ်မှစ၍ ယခုကဲ့သို့ အမြဲလိုလို ဖြစ်ခဲ့ရသည်။ အကြီးအကဲများသည် ယခင်က အေးအေးဆေးဆေး တည်တည်ငြိမ်ငြိမ်ဖြင့်သာ ရှိခဲ့ပါသော်ငြား ယခုကဲ့သို့အချိန်မျိုး ရောက်လာခဲ့သည့်အခါတွင် အကျိုးအမြတ်ဟူသောအရာအတွက် အပြန်အလှန် ငြင်းခုံ အော်ဟစ်ကြတော့လေသည်။

မီးနဂါးနန်းတော်၏ နှစ်စဉ်ဝင်ငွေသည် အဆင့်မြင့်အရင်းအမြစ်ကျောက် သန်းငါးဆယ်ရှိပေသည်။ ပုံမှန်အခြေအနေမျိုးတွင်သာဆိုပါက ထိုမျှသောပမာဏသည် ဂိုဏ်းတစ်ဂိုဏ်းလုံး၏ ကုန်ကျစရိတ်ကို ကာမိသည်ထက်ပင် ပိုနေပေသေးသည်။ အကြီးအကဲတစ်ဦးချင်းစီနှင့် ခန်းမတစ်ခုချင်းစီ၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးပြီးသွားသည့်တိုင် ငွေများ ကျန်ရှိနေပေသေး၏။

သို့သော်ငြား ယခင်နှစ်မှစ၍ သန်းငါးဆယ်မှ ဆယ်သန်းအထိ လျော့ကျသွားသဖြင့် ဂိုဏ်းထဲတွင် ပြဿနာအရပ်ရပ်တို့ ပေါ်ပေါက်လာရသည်။ အကြီးအကဲတစ်ဦးချင်းစီသည် သူတို့နေထိုင်ထိန်းချုပ်သော တောင်၊ ခန်းမအတွက် အကျိုးအမြတ်အလုံအလောက်ကို လိုချင်ကြသည်။ ဆေးဖော်စပ်ရာတွင် အရင်းအမြစ်ကျောက်များကို လိုအပ်သလို ပန်းပဲထုလုပ်ရာတွင်လည်း အရင်းအမြစ်ကျောက်များကို လိုအပ်သည်။ ထို့နည်းတူစွာပင် ကျင့်ကြံရာတွင်လည်း အရင်းအမြစ်ကျောက်များကို လိုအပ်ပေသေးသည်။ မည်သူကများ အရင်းအမြစ်ကျောက်များကို မလိုချင်ပဲ နေပါမည်နည်း။

သို့သော်ငြား သူတို့၏ တစ်နှစ်လုံးစာအတွက် အရင်းအမြစ်ကျောက်ဆယ်သန်းသာ ရှိပေသည်။ ဂိုထောင်ထဲတွင် အပိုအလျှံများ ရှိနေသေးလျှင်တော့ အဆင်ပြေပေသေးသည်။ အများစုမှာ ဂိုထောင်ကိုဖွင့်၍ ကျန်ရစ်နေသော အရင်းအမြစ်များကို ထုတ်ယူကာ လက်ရှိကြုံနေရသည့် ပြဿနာကို ဖြေရှင်းလိုက်ရုံပင်။ သို့ရာတွင် ပြဿနာမှာကား မီးနဂါးနန်းတော်၏ ဂိုထောင်သည် လုံးဝကို ပြောင်သလင်းခါနေခြင်းပင်။ သူတို့ဂိုဏ်း သိုလှောင်ထားသည့် အရံအဖိုးတန်ရတနာအားလုံးမှာ ထက်ကောင်းကင်နန်းတော်ဆီသို့ အကြွေးပေးချေလိုက်လေပြီ။ ဤအခြေအနေမှာ နောင်နှစ်ငါးဆယ်အတွင်း တိုးတက်လာလိမ့်ဦးမည်မဟုတ်။

ထိုအချက်ကြောင့် ခန်းမထဲတွင်ရှိနေသော အကြီးအကဲများမှာ မည်သူမျှ အနာမခံချင်ကြဘဲ သူ့ထက်ငါ အသာရအောင် အပြန်အလှန် ငြင်းခုံနေကြလေသည်။

ခန်းမထိပ်ပိုင်းမှနေ၍ အပြန်အလှန်ငြင်းခုံနေကြသော အကြီးအကဲများကို ထိုင်ကြည့်နေသည့် လီကျောက်မှာတော့ မျက်မှောင်ကြီးကို မှုန်ကုန်နေခဲ့လေ၏။

ယခုအဖြစ်အပျက်နှင့်ပတ်သက်၍ ထိုအကြီးအကဲများကိုလည်း သွားအပြစ်တင်၍ မရပြန်။ အပြစ်တင်မဲ့တင် ကျိယင်နောက်သို့ လိုက်သွားမိသည့် သူ့ကိုယ်သူသာ အပြစ်တင်ရပေလိမ့်မည်။ သူသည်သာ ထိုစဉ်က ရန်ကိုင်နှင့် အလောင်းအစား မလုပ်ခဲ့ပါလျှင် သူတို့၏မီးနဂါးနန်းတော်သည် ယခုကဲ့သို့အဖြစ်ဆိုးမျိုးနှင့် ကြုံရလိမ့်မည်မဟုတ်ချေ။ သို့ရာတွင် လီကျောက်မှာ ရန်ကိုင်နှင့် အလောင်းအစား လုပ်ခဲ့ရုံမက ဂိုဏ်း၏ အဖိုးတန်ရတနာများစွာကိုပါ အလောင်းအစား လုပ်ပစ်ခဲ့သည်။

(ငါ ပြုစားခံလိုက်ရတာပဲ ဖြစ်လိမ့်မယ်…) လီကျောက် သက်ပြင်းချလိုက်ပြီး ဖြည်းဖြည်းချင်း မျက်လုံးပိတ်နေလိုက်သည်။

သို့သော် ရုတ်တရက်ဆိုသလို အောက်ဘက်ရှိအသံဗလံများ တိတ်ကျသွားခဲ့သည်။ ဖြူဖွေးနေသောမုတ်ဆိတ်များနှင့် လူအိုကြီးတစ်ဦးက လက်သီးဆုပ်၍ ပြောလိုက်လေသည်။ “နန်းတော်သခင်… တပည့်တွေကို ဆေးလုံးတွေဝေမပေးဘဲ ဘယ်လိုမှနေလို့ ရမှာမဟုတ်ဘူး… ဆေးခန်းမကို ပုံမှန်အတိုင်း ဆက်လက်လည်ပတ်နိုင်သွားဖို့က ဂိုဏ်းရဲ့ ထိပ်တန်းဦးစားပေးပဲ… ဒါကြောင့် ဒီတစ်နှစ်စာအတွက် ဆေးခန်းမသုံးဖို့ အဆင့်မြင့်အရင်းအမြစ်ကျောက် သုံးသန်းလောက် ခွဲဝေပေးဖို့ ဂိုဏ်းချုပ်ကို တောင်းဆိုချင်ပါတယ်…”

“သုံးသန်း… အကြီးအကဲရှု… ခင်ဗျား အကုန်လုံးကိုသာ ယူသွားလိုက်ပါလား… စုစုပေါင်းမှ ဆယ်သန်းပဲရှိတာကို ခင်ဗျားက သုံးသန်းယူမယ်ဆိုတော့ ကျုပ်တို့က ကျန်တဲ့ခုနှစ်သန်းနဲ့ ဘာဆက်လုပ်ရမှာလဲ…”

“ဟုတ်တယ်… သုံးသန်းက အရမ်းများလွန်းတယ်… တစ်သန်းခွဲလောက်ဆိုရင်တောင် အဆင်ပြေနေပြီ… ဆေးလုံးမပါလည်း ကျင့်ကြံလို့ မရတာမှမဟုတ်တာ… နည်းနည်းလေး နှေးသွားရုံပဲရှိမှာ… နောက်ထပ်နှစ်ငါးဆယ်လောက် တောင့်ခံလိုက်ရင် အကုန်အဆင်ပြေသွားပြီ… ဆေးလုံးမပါလည်း ဘာမှကိစ္စမရှိဘူး…”

“နှစ်ငါးဆယ်… နှစ်ငါးဆယ်အတွင်း လူငယ်မျိုးဆက်တွေ ဘယ်လိုဖြစ်သွားမယ်လို့ မင်းထင်လဲ… ဆေးလုံးတွေသာ မရှိလို့ရှိရင် သူတို့ရဲ့ကျင့်ကြံခြင်းက တိုးတက်လာဦးမှာလား… ငါတို့မီးနဂါးနန်းတော်ရဲ့ လူငယ်မျိုးဆက်က လုံးဝကို နိမ့်ကျသွားမှာကွ… ဂိုဏ်းရဲ့အုတ်မြစ်သာ နိမ့်ကျသွားရင် ဘယ်သူတာဝန်ယူမှာလဲ…”

“ရောင်းရင်းရှု… မင်း အပိုတွေပြောမနေနဲ့… နှစ်ငါးဆယ်ပဲပြောတာ… အခု ဒီမှာ ငါတို့ ရှိနေတဲ့လူတွေအကုန်လုံးက အနည်းဆုံး နှစ်တစ်ထောင်ကျော် အသက်ရှင်လာတဲ့ လူတွေချည်းပဲ… ငါတို့ငယ်ငယ်တုန်းကရော လေ့ကျင့်ဖို့ ဆေးလုံးတွေအများကြီး ရှိလို့လား… အဲ့ဆေးလုံးတွေမရှိပဲနဲ့ အခုလိုမျိုး ဧကရာဇ်အဆင့်ကိုရောက်အောင် ကျင့်ကြံလာနိုင်ခဲ့တာပဲ မဟုတ်ဘူးလား…”

“အဲ့ဆေးလုံးတွေ လုံလောက်အောင်မရခဲ့ပဲ ငါ့ကျင့်ကြံခြင်းအဆင့်က ပထမအဆင့်မှာ ရပ်နေတာလေ… ငါ့မှာသာ ဆေးလုံးတွေ အလုံအလောက် ရှိခဲ့မယ်ဆိုရင် ဒီအဆင့်လောက်နဲ့ ရပ်တန့်နေမှာမဟုတ်ဘူး…”

တစ်ခဏကြာမျှ တိတ်ဆိတ်သွားပြီးသည့်နောက် ခန်းမတစ်ခုလုံးမှာ ပြန်လည်ဆူညံလာခဲ့လေသည်။

နောက်ဆုံးတွင် လီကျောက်မှာ ဆက်၍သည်းမခံနိုင်တော့ဘဲ ဒေါသထွက်ထွက်နှင့် ထိုင်ခုံလက်ရမ်းကို ကောက်ရိုက်ချလိုက်ရာ လက်ရမ်းတစ်ခုလုံး တစ်စစီဖြစ်သွားခဲ့လေ၏။

ဆူညံနေသော ခန်းမတစ်ခုလုံးမှာလည်း ရုတ်ချည်းတိတ်သွားခဲ့ပြီး အကြည့်ပေါင်းစုံသည် လီကျောက်ဆီသို့ ရောက်လာခဲ့လေသည်။

နန်းတော်သခင် ဒေါသထွက်သွားသည့်နောက်တွင် မည်သူမျှ ဆက်၍ ဆူညံမနေရဲကြတော့ပေ။

“တော်လောက်ပြီ…” လီကျောက်သည် အောက်ဘက်ရှိလူအုပ်ကြီးကို ဝေ့ကြည့်ရင်းမှ ပြောလိုက်သည်။ “ငါ တစ်နေ့တစ်နေ့ ဒီမှာထိုင်လိုက်တိုင်း မင်းတို့ အမြဲငြင်းနေတာကိုပဲ နားထောင်ရတယ်… တစ်ခါမှ အခုပြဿနာနဲ့ပတ်သက်ပြီး အဖြေရှာမယ်လို့ ဘယ်သူမှ မစဉ်းစားကြဘူး… မင်းတို့အားလုံးက မီးနဂါးနန်းတော်ရဲ့ ဧကရာဇ်အဆင့်အကြီးအကဲတွေ မဟုတ်ဘူးလား… အခုလိုမျိုး မင်းတို့တွေ ဒီလိုမျိုး ဂုဏ်သိက္ခာတောင်မရှိတော့ပဲနဲ့ ငြင်းနေကြတဲ့ပုံစံကို တပည့်တွေသာမြင်သွားရင် မင်းတို့ ဘယ်မျက်နှာနဲ့ လူရှေ့ထွက်ကြဦးမှာလဲ…”

နန်းတော်သခင်ကိုယ်တိုင်မှ ဆူပူလာသည့်စကားကို ကြားသော် အကြီးအကဲများ ရှက်သွားကြပြီး ခေါင်းငုံ့သွားကြလေသည်။

ဆေးလုံးခန်းမ၏ အကြီးအကဲရှုသည် တစ်ခဏမျှစဉ်းစားနေပြီးသည့်နောက် ပြန်ပြောလိုက်လေသည်။ “နန်းတော်သခင်… အရင်းအမြစ်ကျောက်ကိစ္စကို မြန်မြန်ဖြေရှင်းမှ ရမယ်နော်… မဟုတ်ရင်…”

“ငါမသိဘူးများမှတ်နေလား…” လီကျောက်သည် ထိုလူအား စိတ်မရှည်ဟန်ဖြင့် စိုက်ကြည့်လျက် “အဲ့နေ့တုန်းက ငါ သတိမထားမိဘဲ အဲ့သူခိုးကောင်လေးရဲ့ ထောင်ချောက်ထဲကို ကျသွားလို့ အခုလိုမျိုးတွေ ဖြစ်ကုန်ရတာ…”

အကြီးအကဲရှုက ပြန်ပြောလိုက်သည်။ “အဲ့ကိစ္စနဲ့ပတ်သက်ပြီး နန်းတော်သခင် ကိုယ့်ကိုယ်ကို အပြစ်တင်နေစရာမလိုပါဘူး… ဂိုဏ်းချုပ်မီလည်း အဲ့ကောင်လေးရဲ့ ထောင်ချောက်ထဲကို ရောက်သွားတာပဲ… အပြစ်တင်မဲ့တင် အရမ်းဉာဏ်နီဉာဏ်နက်များလွန်းတဲ့ ထက်ကောင်းကင်နန်းတော်က အဲ့ကောင်လေးကိုပဲ အပြစ်ရမှာ… မီးနဂါးနန်းတော်ရဲ့ နန်းတော်သခင်သာ အသက်ရှင်နေသေးသရွေ့ ကျုပ်တို့ တစ်ဖန် ပြန်လည်ဦးမော့လာနိုင်တယ်…”

အခြားသောအကြီးအကဲများမှာလည်း ခေါင်းညိတ်လိုက်ကြလေသည်။

လီကျောက်က ပြောလိုက်လေသည်။ “အခုလိုတွေဖြစ်လာပြီးပြီဆိုမှတော့ ငါ့မှာအကြံတစ်ခုရှိတယ်… ဒီကိစ္စနဲ့ပတ်သက်ပြီး မင်းတို့ အတတ်နိုင်ဆုံး ပူးပေါင်းဆောင်ရွက်ပေးဖို့လည်း မျှော်လင့်တယ်… မင်းတို့သာ ပူးပေါင်းဆောင်ရွက်ပေးမယ်ဆိုရင် ငါတို့ကြုံနေရတဲ့ ပြဿနာတွေကို ကျော်လွှားနိုင်ဖို့ အခွင့်အရေး တော်တော်များသွားပြီ…”

အကြီးအကဲရှုက မေးလိုက်လေသည်။ “နန်းတော်သခင် ဘယ်လိုအကြံမျိုးကိုလည်း စဉ်းစားထားမိလို့လဲ…”

လီကျောက်သည် အောက်ဘက်ရှိလူအုပ်ကြီးကို ဝေ့ကြည့်လျက် အသာအယာချောင်းဟန့်၍ ပြောလိုက်လေသည်။ “မင်းတို့အားလုံးက ဧကရာဇ်အဆင့်ပညာရှင်တွေချည်းပဲ… ပြီးတော့ ဒီဂိုဏ်းရဲ့အကြီးအကဲ ဖြစ်လာတာလည်း နှစ်တွေ နည်းတော့တာပဲ… ဒီတော့ မင်းတို့တစ်ယောက်ချင်းစီမှာ စုထားတာလေးတွေ ရှိကြမှာပေါ့… ဟုတ်တယ်မလား… ငါဘာပြောချင်လဲဆိုတာကတော့ အရင်က မင်းတို့စုထားတဲ့ဟာတွေကို ထုတ်ပြီးတော့ ဂိုဏ်းရဲ့ ရန်ပုံငွေထဲကို ထည့်လိုက်… ငါ မင်းတို့ဆီက ယူတာမဟုတ်ဘူးနော်… ချေးတာပဲ… နှစ်ငါးဆယ်ကြာသွားလို့ရှိရင် မင်းတို့ အခုချေးထားတာတွေကို အတိုးနဲ့ ပြန်ဆပ်ပေးမယ်… မင်းတို့ ဘယ်သူမှ မနစ်နာစေရဘူး… ငါ အာမခံတယ်… အဲ့အကြံကို ဘယ်လိုထင်ကြလဲ…”

မည်သူမျှ ပြန်မပြောကြချေ။ လီကျောက်၏အကြည့် သူတို့ဆီသို့ ရောက်ရှိလာတိုင်း အကြီးအကဲအားလုံး ခေါင်းငုံ့နေလိုက်ကြလေသည်။

လီကျောက်က အေးစက်စက်အမူအယာဖြင့် နှာခေါင်းရှုံ့လိုက်လေ၏။ “မင်းတို့မှာ ဘာစုထားတာမှမရှိဘူးလား… ဘာလဲ… ငါတို့မီးနဂါးနန်းတော်ရဲ့ ဂုဏ်ယူစရာကောင်းတဲ့ အကြီးအကဲတစ်ယောက်ချင်းစီက သူတောင်းစားတွေလို မွဲတေနေကြတာလား…”

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၂၉၄၃)

ဘာသာပြန်သူ_တိမ်တိုက်

“အဲ့လိုပြောချင်တာမဟုတ်ပါဘူး နန်းတော်သခင်ရယ်… ကျုပ်တို့မှာ စုထားတာတွေတော့ ရှိပါတယ်… ဒါပေမယ့် ကျုပ်တို့စုထားတာတွေက အခု ဂိုဏ်းကလိုအပ်နေတာတွေနဲ့ ယှဉ်လိုက်လို့ရှိရင် ရေပုံးထဲက ရေတစ်စက်စာလောက်ပဲရှိတာ…” အကြီးအကဲရှုသည် လီကျောက်အား မသက်မသာအမူအယာဖြင့် ကြည့်ရင်းမှ ပြန်ပြောလိုက်သည်။

“ဟုတ်တယ် နန်းတော်သခင်… ကျုပ်တို့လူအိုမျိုးဆက်ကလူတွေအကုန်လုံး ကိုယ်စုထားတဲ့ပိုက်ဆံတွေကိုထုတ်ပြီး ရန်ပုံငွေထဲ ထည့်လိုက်မယ်ဆိုရင်တောင် ဂိုဏ်းအတွက်က လုံလောက်မှာမဟုတ်ဘူး… အဲ့ပိုက်ဆံလောက်နဲ့လည်း ဘယ်လိုမှ အကြာကြီးတောင့်ခံနိုင်မှာမဟုတ်ဘူး…”

“ဘယ်လောက်ကြာကြာ နည်းနည်းပါးပါးတော့ တောင့်ခံနိုင်သေးတာပဲလေ…” လီကျောက်မှာ အကြီးအကဲများကို အတတ်နိုင်ဆုံး စည်းရုံးရန် ကြိုးစားလိုက်လေသည်။ “ငါတို့ ဒီနှစ်ငါးဆယ်လေးကို ကျော်ဖြတ်နိုင်ဖို့ပဲလိုတာ… နှစ်ငါးဆယ်ပြီးသွားတာနဲ့ ဂိုဏ်းက လုံးဝ ပြန်အဆင်ပြေသွားပြီ… အဲ့အချိန်ကြရင် မင်းတို့ကူညီပေးခဲ့တာကို ဂိုဏ်းက လုံးဝမေ့မှာမဟုတ်ဘူး…”

လီကျောက်မှ ယခုကဲ့သို့ ပြောလာသည့်အတွက်ကြောင့် အကြီးအကဲများမှာ ပြန်လည်ငြင်းခုံရန် အလွန်ကိုမှ ရှက်ရွံ့နေကြလေသည်။ တကယ်တော့ လီကျောက်ပြောသည်မှာ အမှန်ဖြစ်သည် မဟုတ်ပေလော။ သူတို့အားလုံးသည် ဧကရာဇ်အဆင့်ပညာရှင်များ ဖြစ်ကြသည်။ ဧကရာဇ်အဆင့်သို့‌ရောက်သည်မှာလည်း ကြာနေခဲ့လေပြီ။ ထို့အတွက်ကြောင့် သူတို့တွင် စုဆောင်းထားသည့် အဖိုးတန်ရတနာများ အနည်းနှင့်အများတော့ ရှိကြပေသည်။ ထိုပစ္စည်းများကိုသာ ထုတ်လိုက်မည်ဆိုပါက လက်ရှိ မီးနဂါးနန်းတော် ကြုံနေရသည့် ပြဿနာကို အနည်းနှင့်အများတော့ လျော့ချပေးနိုင်ပေသည်။

အကုန်လုံးသည် တစ်ဦးကိုတစ်ဦး ကြည့်နေကြသည်။ နောက်ဆုံးတွင် အကြီးအကဲရှုက တိတ်ဆိတ်မှုကို စတင်ဖြိုခွဲလိုက်လေသည်။ “နန်းတော်သခင်က အခုလိုမျိုးပြောလာတယ်ဆိုမှတော့ ဒီလူအိုကြီးကပဲ ဦးဆောင်ပြီး လုပ်ပြရတာပေါ့… ဒီလူအိုကြီး ငါးသန်းပေးမယ်…”

ထိုစကားကိုကြားသည့်အခါ လူတိုင်း၏မျက်လုံးများ တောက်ပသွားခဲ့လေသည်။ လီကျောက်သည်လည်း အကြီးအကဲရှုအား မီးတောက်နေသည့်အမူအယာဖြင့် ကြည့်လာခဲ့သည်။

အကြီးအကဲရှုက ရှက်ရှက်ဖြင့်ပြုံးလျက် “ငါးသန်းဆိုတာက အဆင့်မြင့်အရင်းအမြစ်ကျောက်တော့ ဘယ်ဟုတ်မလဲ… အလယ်အလတ်အဆင့်အရင်းအမြစ်ကျောက်ပေါ့နော်… ဒါကတော့ ဒီလူအိုကြီးစုထားတာ အကုန်လုံးနီးပါးပဲ…”

လီကျောက်၏မျက်နှာ တမုဟုတ်ချည်း ဒယ်အိုးဖင်နှယ် မည်းမှောင်သွားခဲ့လေသည်။

အလယ်အလတ်အဆင့်အရင်းအမြစ်ကျောက်ငါးသန်းကို အဆင့်မြင့်အရင်းအမြစ်ကျောက်အဖြစ် ပြောင်းလိုက်မည်ဆိုပါက ငါးသောင်းသာ ရှိပေလိမ့်မည်။ ထိုငါးသောင်းလောက်ဖြင့် သူတို့ ဘာလုပ်နိုင်မှာမို့နည်း။ ထို့အပြင် သူတို့ဂိုဏ်းအတွက် နှစ်ပေါင်းများစွာ ဆေးဖော်စပ်ပေးနေခဲ့သော ဧကရာဇ်အဆင့်ဆေးပညာရှင်တစ်ဦးလည်း၊ ဧကရာဇ်အဆင့်ပညာရှင်တစ်ဦးလည်းဖြစ်သည့် အကြီးအကဲရှုသည် သူ့တွင် အဆင့်မြင့်အရင်းအမြစ်ကျောက် ငါးသောင်းလောက်သာ ရှိသည်ဟု ပြောလာခဲ့လေသည်။ အရူးပင်လျှင် ထိုစကားကို ယုံလိမ့်မည်မဟုတ်။

“ဟုတ်တော့မဟုတ်သေးဘူးနော် အကြီးအကဲရှု…” မျက်နှာမည်းမည်းနှင့်လူက ရုတ်တရက်ထွက်လာ၍ အော်ပြောလိုက်လေသည်။ “အရင်တစ်ခေါက် အကြီးအကဲရှု အကြီးအကဲရှုဆီလာတဲ့ ဧည့်သည်တွေကို ဧည့်ခံလိုက်တဲ့ ပန်းပေါင်းစုံဝိုင်တစ်အိုးတောင် အဆင့်မြင့်အရင်းအမြစ်ကျောက်သုံးသောင်း ရှိနေပြီ… အကြီးအကဲရှုမှာ အဆင့်မြင့်အရင်းအမြစ်ကျောက် ငါးသောင်းလောက်ပဲ ရှိတယ်ဆိုရင် အဲ့ဝိုင်အိုးကို ဘယ်လိုလုပ်များ ဝယ်နိုင်ရတာလဲ…”

အလိမ်ပေါ်သွားပြီမှန်း သိလိုက်သော် အကြီးအကဲရှုမျက်နှာ နီမြန်းသွားခဲ့ပြီး သူ့ကိုယ်သူ အတတ်နိုင်ဆုံး ကာကွယ်ပြောဆိုရန် ကြိုးစားလိုက်လေသည်။ “အဲ့ဒါကို ဒီလူအိုကြီးဝယ်ခဲ့တာမဟုတ်ဘူး… မိတ်ဆွေတစ်ယောက်က လက်ဆောင်ပေးထားတာ… ငါ့ပိုက်ဆံလေးနဲ့ ဘယ်လိုလုပ်ပြီး အဲ့ဒါမျိုး ဝယ်နိုင်ပါ့မလဲ… ဒီလူအိုကြီး တစ်နှစ်တစ်နှစ် ရှာလို့ရတာမှ နည်းနည်းလေးပဲရှိတာ… အဲ့နည်းနည်းလေးတောင် ဒီလူအိုကြီး ကျင့်ကြံခြင်းအတွက် သုံးလိုက်တာနဲ့ ကုန်ခါနီးဖြစ်နေပြီ… ဒီတော့ အဲ့လိုမျိုး ပန်းပေါင်းစုံဝိုင်ကိုဝယ်ဖို့ ဘယ်လိုလုပ်ပြီး အရင်းအမြစ်ကျောက်အပိုတွေ ရှိဦးမှာလဲ… အပိုတွေလာမပြောစမ်းနဲ့…”

မျက်နှာမည်းမည်းနှင့်လူက အေးစက်စက်အမူအယာဖြင့် နှာခေါင်းရှုံ့လျက် “အကြီးအကဲရှုမှာ အရင်းအမြစ်ကျောက်တွေမရှိဘူး ဟုတ်လား… အကြီးအကဲရှုရော ကိုယ်ပြောတာတွေကိုယ်ယုံရဲ့လား… အကြီးအကဲရှု… ခင်ဗျားက မီးနဂါးနန်းတော်ရဲ့ ဆေးခန်းမကို ထိန်းချုပ်နေတာနော်… ပြီးတော့ နှစ်စဉ်နှစ်တိုင်း နန်းတော်ဆီကနေ အရင်းအမြစ်ကျောက်တွေ အများကြီး ယူယူသွားတာ… ဟိုးအရင်နှစ်တွေတုန်းက မပြောနဲ့ဦး… အရင်တစ်ခေါက်မှာတောင် အဆင့်မြင့်အရင်းအမြစ်ကျောက် ခြောက်သန်း ယူသွားတယ်… အဲ့အရင်တစ်ခေါက်ရဲ့ ဟိုးအရှေ့တစ်ခေါက်မှာလည်း ခုနှစ်သန်းကျော်ယူသွားတယ်… ထပ်ပြီးသွားလိုက်မယ်ဆိုရင် ရှစ်သန်းယူသွားတဲ့နှစ်တွေတောင် ရှိသေးတယ်… ဂိုဏ်းရဲ့တစ်နှစ်စာဝင်ငွေကမှ သန်းငါးဆယ်ပဲရှိတာ… ဆေးခန်းမသုံးနေတာက အဲ့တစ်နှစ်စာဝင်ငွေရဲ့ ၁၀၊ ၂၀ ရာခိုင်နှုန်းလောက် ရှိနေပြီနော်…”

အကြီးအကဲရှုက သူ့အင်္ကျီလက်ကို လိပ်တင်၍ ပြန်ပြောလိုက်လေသည်။ “ဆေးခန်းမက မီးနဂါးနန်းတော်ရဲ့ အရေးအကြီးဆုံး အစိတ်အပိုင်းတစ်ခုလို့ ငါပြောပြီးသွားပြီ‌လေ… ဆေးလုံးတွေမရှိဘဲနဲ့ ငါတို့ဂိုဏ်းကတပည့်တွေ ဘယ်လိုလုပ်ပြီး ဆက်ပြီးကျင့်ကြံနိုင်မှာလဲ… ဒီတော့ ဆေးခန်းမကလည်း အသုံးများတာပေါ့… တပည့်တွေဒီလောက်များနေတာကို ဒီလောက်အသုံးစရိတ်မများပဲနဲ့ ဘယ်လိုလုပ်ပြီး တပည့်တွေရဲ့လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်မှာလဲ…”

မျက်နှာမည်းမည်းနှင့်လူက ပြန်၍ပြောလိုက်လေသည်။ “အဲ့အရင်းအမြစ်ကျောက်တွေအကုန်လုံးကို ဆေးပင်တွေဝယ်တဲ့နေရာမှာ တကယ်ကြီး သုံးလိုက်မယ်ဆိုရင်တော့ ကိစ္စမရှိဘူးပေါ့… ဒါပေမယ့် နန်းတော်သခင်ဆီကနေယူသွားတဲ့ အရင်းအမြစ်ကျောက်တွေအကုန်လုံးကို ဆေးခန်းမကို လည်ပတ်ဖို့အတွက်ပဲသုံးတယ်လို့ အကြီးအကဲရှု အာမခံရဲလား…”

အကြီးအကဲရှုမှာ ရှက်ရှက်နှင့် ဒေါသထွက်လာပြီး ပြန်အော်ပြောလိုက်လေသည်။ “မင်း… မင်း ဘာပြောချင်နေတာလဲ…”

မျက်နှာမည်းမည်းနှင့်လူက နှာခေါင်းရှုံ့လျက် “ကျုပ်ဘာပြောချင်နေလဲ အကြီးအကဲရှု သိပါတယ်… ဂိုဏ်းတစ်ခုလုံး အဆင်ပြေနေတုန်းက အကြီးအကဲရှု ဂိုဏ်းရဲ့ဝင်ငွေတွေကို အလွဲသုံးစားလုပ်နေတာမဟုတ်ဘူးလား… အဲ့တုန်းကတော့ ကိစ္စမရှိဘူး… ဒါပေမယ့် အခုလိုမျိုး ဂိုဏ်းက ပြဿနာတက်နေတဲ့အချိန်မှာ အကြီးအကဲရှု နည်းနည်းပါးပါးလောက် ဂိုဏ်းအပေါ် ပြန်ပြီး စာနာပေးလို့မရဘူးလား…”

“ဂိုဏ်းရဲ့ဝင်ငွေကို အလွဲသုံးစားလုပ်တယ်…” အကြီးအကဲရှုမှာ အမြီးတက်နင်းခံလိုက်ရသည့် ကြောင်တစ်ကောင်ပမာ ဆွေ့ဆွေ့ခုန်သွားခဲ့တော့လေသည်။ ချက်ချင်းပဲ လီကျောက်ဘက်သို့လှည့်၍ မကျေမနပ်ဖြင့် ပြောလိုက်လေ၏။ “နန်းတော်သခင်… ဒီကောင် ဒီအကြီးအကဲကို မဟုတ်တရုတ်တွေ လာစွပ်စွဲနေတယ်… နန်းတော်သခင် ကျေးဇူးပြုပြီး ဒီအကြီးအကဲအတွက် တရားမျှတမှုကို ရှာပေးပါဦး…”

လီကျောက်ကမူ အကြီးအကဲရှုပြောသည်ကို မကြားသည့်အလား မင်သေသေအမူအယာဖြင့်သာ ရှိနေခဲ့လေသည်။

အကြီးအကဲရှုသည် မျက်နှာမည်းမည်းနှင့်လူဘက်သို့ လှည့်၍ “ငါ့ဆေးခန်းမရဲ့ ဝင်ငွေနဲ့ အသုံးစရိတ်တွေအကုန်လုံးကို မင်းမကျေနပ်ရင် သွားစစ်ဆေးလို့ရတယ်… ငါ မင်းနဲ့ ငြင်းမနေတော့ဘူး… ငါ ဂိုဏ်းရဲ့ဝင်ငွေတွေကို အလွဲသုံးစား လုပ်လား မလုပ်လား ဆိုတာက နန်းတော်သခင်ပဲ ဆုံးဖြတ်လိမ့်မယ်… မင်းလာပြောနေစရာမလိုဘူး… ပြီးတော့ မင်းရဲ့ရတနာခန်းမကရော… မင်းတို့လည်း ရသမျှငွေတွေအကုန်လုံးကို ရတနာခန်းမအတွက်ပဲ သုံးတာလား… အဲ့အတွက်ရော မင်း အာမခံပေးနိုင်လို့လား…”

“ဟေ့ သက်ကြားအိုကြီး… ခင်ဗျား ကျုပ်ဘက် လှည့်လာရဲတယ်ပေါ့ ဟုတ်လား…” မျက်နှာမည်းမည်းနှင့်လူ ဒေါသူပုန်ထသွားလေသည်။

“ငါ့ကိုများ သက်ကြားအိုကြီးတဲ့… မင်းက ဘာထူးလို့လဲ ခွေးသူတောင်းစား…”

“ခင်ဗျားကို သက်ကြားအိုကြီးလို့ ခေါ်တော့ ဘာဖြစ်လဲ… သက်ကြားအိုကြီး… သက်ကြားအိုကြီး… သက်ကြားအိုကြီး… ခေါ်မှာပဲ… ဘာဖြစ်လဲ…”

နှစ်ယောက်စလုံးမှာ စတင်၍ ငြင်းခုံကြတော့လေသည်။ အချို့သောအကြီးအကဲများမှာ သူတို့နှင့်သက်ဆိုင်သည့် အကြီးအကဲဘက်မှ ဝင်ရောက်ကူညီပြောဆိုပေးကြပါသော်ငြား အချို့မှာတော့ ရန်ပွဲကို ဝင်ရောက်ဖြန်ဖြေရန် ကြိုးစားကြလေသည်။ ထို့အတွက်ကြောင့် ခန်းမတစ်ခုလုံးမှာ ရုတ်ချည်းဆိုသလို ဝရုန်းသုန်းကား ဖြစ်သွားရတော့သည်။ လီကျောက်သည်သာ ဤနေရာတွင် ရှိမနေပါက တိုက်ပွဲတစ်ခုပင် ဖြစ်နေလောက်ပေပြီ။

လီကျောက်မှာ ဝရုန်းသုန်းကားဖြစ်နေသည့် သူ့ရှေ့ရှိလူအုပ်ကြီးကို ကြည့်ရင်း ဤလူအုပ်ကြီးတစ်ခုလုံးကို တစ်ခါတည်းတိတ်ကျသွားအောင် သူ့လက်ဝါးဖြင့်သာ ရိုက်ပစ်ချင်စိတ်များ ထွက်ပေါ်လာရတော့သည်။ သို့ရာတွင် ထိုသို့လုပ်၍မဖြစ်ပေ။ သူသည် မီးနဂါးနန်းတော်၏ နန်းတော်သခင်တစ်ဦး ဖြစ်နေဆဲ။ သောင်းနှင့်ချီသော တပည့်များ ဆက်လက်ရှင်သန်နိုင်မည့် အရေးသည် သူ့အပေါ်တွင် မူတည်နေကြောင်း စဉ်းစားမိလိုက်သော် ယနေ့တွင် သူတို့ဂိုဏ်းကြုံနေရသည့် ပြဿနာနှင့် ပတ်သက်၍ ဆုံးဖြတ်ချက်များ ချရလိမ့်မည်ဟု ဆုံးဖြတ်လိုက်လေသည်။ ထို့အတွက်ကြောင့် သူ့စိတ်ထဲ မည်မျှပင် ဒေါသထွက်နေစေကာမူ ထိုဒေါသတရားတို့ကို မျိုသိပ်ထားရုံသာ တတ်နိုင်ပြီး လက်ရှိကြုံနေရသည့်ပြဿနာကို ဖြေရှင်းနိုင်မည့် နည်းလမ်းတစ်ခုကို အမြန်ဆုံး ရှာဖွေရပေလိမ့်မည်။

ထိုအခိုက်အတန့်တွင် “ကျွီ…” ဟူသော အသံနှင့်အတူ ခန်းမတံခါး ပွင့်သွားခဲ့ပြီး တပည့်တစ်ဦး လမ်းလျှောက်ဝင်လာခဲ့လေ၏။

ခန်းမထဲရှိ ဆူညံသံများ ရုတ်ချည်း တိတ်ကျသွားခဲ့ပြီး အကုန်လုံးသည် အထဲသို့ ဝင်လာသည့် တပည့်ဆီသို့ လှမ်းကြည့်လိုက်ကြလေသည်။

ထိုတပည့်မှာတော့ ခန်းထဲသို့ ဝင်လာလာချင်း ယခုကဲ့သို့ စိတ်လှုပ်ရှားဖွယ်ရာကောင်းသည့် အဖြစ်အပျက်မျိုးနှင့် ကြုံလိုက်ရလိမ့်မည်ဟု မထင်ထားသည့်ပုံပင်။ ခန်းမထဲသို့ ဝင်လာပြီးသည့်နောက် လုံးဝကို မင်တက်နေခဲ့လေသည်။ ပုံမှန်အားဖြင့် ဂုဏ်သရေကြီးမားလှကြသော သူတို့ဂိုဏ်း၏ အကြီးအကဲများသည် လက်ရှိအချိန်တွင် လမ်းဘေးရှိ လူရမ်းကားများနှယ် အပြန်အလှန် ငြင်းခုံနေကြလေ၏။ ထို့အတွက်ကြောင့် ထိုတပည့်မှာ အလွန်ကိုမှ ကြောက်လန့်သွားခဲ့ပြီး အသက်ပင် ရဲရဲမရှုရဲတော့ချေ။

“ဘာကိစ္စလည်း…” လီကျောက်က စိတ်မရှည်သည့်ဟန်ဖြင့် မေးလိုက်သည်။

“နန်းတော်သခင်ကို တစ်ယောက်ယောက်က တွေ့ချင်နေတယ်လို့ ပြောလို့ပါ…” ထိုတပည့်က တုန်တုန်ရီရီဖြင့် ပြန်ပြောလိုက်သည်။

“ငါ အခု ဘယ်သူနဲ့မှ တွေ့မှာမဟုတ်ဘူး…” လီကျောက်မှာ လက်ရှိအဖြစ်အပျက်ကြောင့် အတော်လေးကိုမှ စိတ်ညစ်နေလေရာ မည်သူနှင့်မှ မတွေ့ချင်ခဲ့ပေ။

တပည့်မှာ ခွင့်လွှတ်မှုကို ရရှိလိုက်သည့်အလား ချက်ချင်းပဲ ခန်းမထဲမှ ထွက်သွားရန် ပြင်လိုက်လေသည်။

သို့ရာတွင် လီကျောက်က ရုတ်တရက် ကောက်မေးလိုက်သည်။ “ဒါနဲ့ ငါ့ကို ဘယ်သူကတွေ့ချင်နေတာလဲ…”

ထိုတပည့်က ချက်ချင်းပဲ ပြန်ပြောလိုက်သည်။ “ရန်ကိုင်လို့ခေါ်တဲ့လူတစ်ယောက်ပါ…”

“ဘယ်လို…” ထိုစကားကိုကြားသည့်အခါ လီကျောက် ထိတ်လန့်သွားခဲ့လေ၏။ အောက်ဘက်တွင်ရှိနေသော အကြီးအကဲများလည်း ကြောင်သွားကုန်ကြလေသည်။

အကြီးအကဲရှုက မေးလိုက်သည်။ “ရန်ကိုင်… ထက်ကောင်းကင်နန်းတော်ရဲ့ နန်းတော်သခင်လား…”

“သူသာဆိုရင်တော့ စိတ်ဝင်စားစရာပဲ…” အကြီးအကဲရှုနှင့် ငြင်းခုန်နေသော မျက်နှာမည်းနည်းနှင့်လူက ကြမ်းကြုတ်စွာပြုံးရင်းမှ ပြောလိုက်လေသည်။ ထို့နောက် လီကျောက်ဘက်သို့လှည့်၍ ပြောလိုက်လေ၏။ “နန်းတော်သခင်… ဘာဖြစ်လို့ အဲ့ရန်ကိုင်ဆိုတဲ့လူကို ဝင်မလာခိုင်းလိုက်တာလဲ… သူက ကျုပ်တို့မီးနဂါးနန်းတော်ရဲ့ အကြွေးရှင်မလား… ကြည့်ရတာ ကျုပ်တို့တင်နေတဲ့အကြွေးတွေနဲ့ ပတ်သက်ပြီးတော့ သူနဲ့ သေချာ ဆွေးနွေးဖို့လိုတယ်နဲ့တူတယ်…”

“ဟုတ်တယ် ဟုတ်တယ်… အခုလိုအချိန်မျိုးမှာမှ သူရောက်လာမယ်လို့ မထင်ထားဘူး… ဝင်ခိုင်းလိုက်လေ နန်းတော်သခင်… ကျုပ်တို့လည်း သူနဲ့ အကြွေးအကြောင်း ပြောရတာပေါ့…”

အကုန်လုံးမှာ နန်းတော်သခင်ဆီသို့ လှမ်းကြည့်လိုက်ရာ လီကျောက်၏မျက်နှာ ဒယ်အိုးဖင်နှယ် မည်းမှောင်နေကြောင်းကိုသာ တွေ့လိုက်ရလေသည်။ အကြီးအကဲများ၏အကြံသည် လုံးဝကို အကြံကောင်းတစ်ခု မဟုတ်ပေ။

လီကျောက်က သက်ပြင်းချလျက် “ထက်ကောင်းကင်နန်းတော်က သွားရန်စလို့ကောင်းတဲ့ ဂိုဏ်းတစ်ခုမဟုတ်ဘူးကွ… အဲ့အတိုင်းပဲ… အဲ့ရန်ကိုင်ဆိုတဲ့လူကလည်း ရန်စလို့ကောင်းတဲ့လူတစ်ယောက် မဟုတ်ဘူး…”

သို့သော်ငြား အကြီးအကဲများမှာတော့ လီကျောက်ပြောသည့်စကားကို မယုံကြပေ။ သူတို့ကြားသိထားရသလောက် ထက်ကောင်းကင်နန်းတော်၏ နန်းတော်သခင်သည် ဧကရာဇ်ပထမအဆင့်သာ ရှိပေသေးသည်။ ယခင်တစ်ကြိမ် သူတို့၏နန်းတော်သခင်နှင့် အာကာယံကောင်းကင်ဂိုဏ်း၏ ဂိုဏ်းချုပ်တို့ ဒုက္ခရောက်သွားခဲ့ရခြင်းမှာ တစ်ဖက်လူ၏ပိုင်နက်ထဲသို့ ရောက်သွားသည့် အတွက်ကြောင့်ပင်။ သို့သော်ငြား ရန်ကိုင်သည် သူ့ဘာသာသူ သူတို့တံခါးကို လာခေါက်နေလေရာ သူတို့၏နန်းတော်သခင်အနေဖြင့် ဘာကြောင့်များ ထိုရန်ကိုင်ဆိုသည့်လူကို ကြောက်နေစရာလိုပါဦးမည်နည်း။ သူတို့သည်သာ ထိုရန်ကိုင်ကို ဤခန်းမထဲသို့ ဆွဲထည့်နိုင်သရွေ့ သူတို့တင်နေသည့် အကြွေးအားလုံးကို တစ်ခဏအတွင်း ကြေသွားအောင် လုပ်နိုင်ပေလိမ့်မည်။

“နန်းတော်သခင် လောကကြီးထဲ ခြေဆန့်နေလို့ နန်းတော်ထဲမှာ ရှိမနေဘူးလို့ ပြောလိုက်…”

တပည့်မှာ နန်းတော်သခင်ပြောသည့်စကားကို ပြန်ပြောပေးရန် ထွက်သွားတော့မည်အပြု တံခါးအပြင်ဘက်မှ လှောင်ပြောင်သံတစ်သံ ထွက်ပေါ်လာခဲ့လေသည်။ “ရောင်းရင်းလီကျောက်က တကယ်ကို စိတ်ဝင်စားစရာပါလား… ဒီနန်းတော်သခင်ကိုယ်တိုင် လာတွေ့တာတောင် နန်းတော်သခင်လီက ကျုပ်နဲ့မတွေ့ချင်ဘူး…”

ထိုစကားဆုံးသွားသည့်နောက် ခန်းမထဲ လူနှစ်ဦး ပေါ်လာခဲ့လေသည်။

ထိုလူနှစ်ဦးမပေါ်လာခင်အထိ အနီးအနားတစ်ဝိုက်တွင် ထိုလူနှစ်ဦးရှိနေကြောင်းကို မည်သည့်ဧကရာဇ်အဆင့်ပညာရှင်ကမှ သတိမထားမိခဲ့ကြပေ။ မသိလျှင် ထိုလူနှစ်ဦးမှာ လေထဲမှ ဗြုန်းစားကြီး ပေါ်လာသည့်အလား။ ပေါ်လာသည့်လူနှစ်ဦးစလုံးမှာတော့ ငယ်ငယ်ရွယ်ရွယ်သာ ရှိကြပေသေးသည်။ တစ်ဦးမှာ စင်ယော်တောင်မျက်ခုံးနှင့် တောက်ပသည့်မျက်ဝန်းတစ်စုံကို ပိုင်ဆိုင်ထားကာ ယဲ့ယဲ့လေးပြုံးနေသည့် လူငယ်လေးတစ်ဦးဖြစ်ပြီး ကျန်လူမှာတော့ မီးတောက်ပမာ နီရဲနေသော ဆံပင်နှင့် အေးစက်စက်အကြည့်ကို ပိုင်ဆိုင်ထားသည့် လူငယ်လေးတစ်ဦး ဖြစ်ပေသည်။ ထိုလူမှာ ကြမ်းပြင်ပေါ်တွင် ရပ်နေသည့်တိုင် ထိုလူသည် ကြမ်းပြင်ပေါ်တွင်ရပ်နေသည့် ခံစားချက်ကို မပေးဘဲ တိမ်စိုင်တိမ်တိုက်များထက်မှ ရပ်၍ အကုန်လုံးအား အထက်စီးမှ ငုံ့ကြည့်နေသည့် ခံစားချက်ကို ပေးစွမ်းနေခဲ့လေသည်။

ထိုလူနှစ်ဦးကိုကြည့်ရင်း အကြီးအကဲများ ထိတ်လန့်သွားခဲ့ပြီး ဖြူဖတ်ဖြူလျော် ဖြစ်သွားကုန်ကြသည်။

လီကျောက်မှာလည်း အလွန်ကိုမှ ကြောက်လန့်သွားခဲ့ရာ ချက်ချင်း ထွက်ပြေးချင်စိတ်များပင် ထွက်ပေါ်လာရသည်။ နောက်ဆုံး သူ့စိတ်ကို တည်ငြိမ်သွားအောင် အတတ်နိုင်ဆုံး ကြိုးစားပြီးနောက်မှသာလျှင် ရန်ကိုင်အား ဆွံ့အနေသည့်အမူအယာဖြင့် လှမ်းကြည့်လိုက်သည်။

ရန်ကိုင်သည် လီကျောက်ကို ယဲ့ယဲ့လေး ပြုံးကာ ကြည့်လျက် မေးလိုက်လေ၏။ “ရောင်းရင်းလီ လောကကြီးထဲ ခြေဆန့်ဖို့ လုပ်နေတာလား…”

လီကျောက်က ခြောက်ကပ်ကပ်ရယ်မောလျက် “အဲ့လိုလုပ်ဖို့စဉ်းစားနေတာ… ဒါပေမယ့် အခုတော့ အရေးမကြီးတော့ပါဘူးလေ… နန်းတော်သခင်ရန်ကိုယ်တိုင် ရောက်နေတယ်ဆိုမှတော့ ဒီလီ ထွက်သွားလို့ ဘယ်ဖြစ်ပါတော့မလဲ…”

ရန်ကိုင်က သူ့မေးစေ့ကို ပွတ်ရင်းမှ “နန်းတော်သခင်လီက လောကကြီးထဲ ခြေဆန့်ပြီး အပျော်ခရီးလေးဘာလေး ထွက်ဖို့တောင် လုပ်နေတယ်ဆိုတော့ ကြည့်ရတာ နန်းတော်သခင်လီရဲ့ဘဝကြီးက တော်တော်လေး အဆင်ပြေနေတဲ့ပုံပဲ…”

လီကျောက်က ခါးသက်သက်အမူအယာဖြင့် ချက်ချင်းပြန်ပြောလိုက်သည်။ “အဲ့လိုဟုတ်ပါ့မလား နန်းတော်သခင်ရန်ရဲ့… အခုလောလောဆယ် ဒီလီကျောက်ရဲ့ဘဝက သေတာထက်ဆိုးတဲ့ အခြေအနေကို ရောက်နေတာ…”

ထိုစကားကို အကြီးအကဲများ ကြားသည့်အခါ အကုန်လုံးသည် မိမိတို့၏ခေါင်းကို တောင်းတောင်းပန်ပန်ဖြင့် အသီးသီး ငုံ့လိုက်ကြသည်။

ရန်ကိုင်က ရယ်မောလျက် “နန်းတော်သခင်လီက တကယ်ကို စိတ်ဝင်စားစရာပဲနော်… ဒီလောက်ကြီးကျယ်ခမ်းနားတဲ့ မီးနဂါးနန်းတော်ကြီးကို အပိုင်စားရထားတာတောင် နန်းတော်သခင်လီရဲ့ဘဝက ဘယ်လိုလုပ်ပြီး သေတာထက်ဆိုးနေရတဲ့ အခြေအနေမျိုးကို ရောက်နေရတာလဲ…”

လီကျောက်က စိတ်ထဲမှနေ၍ တွေးလိုက်လေသည်။ (အဲ့ဒါ မင်းကြောင့်ပဲမဟုတ်ဘူးလား…) သို့သော်ငြား ပေါ်ပေါ်တင်တင်တော့ ထုတ်မပြောရဲပဲ ပြုံး၍သာ ခေါင်းစဉ်ပြောင်းလိုက်လေ၏။ “ဒါနဲ့ နန်းတော်သခင်ရန် ဘာလို့ရောက်လာရတာလဲ သိလို့ရမလား…”

ရန်ကိုင်သည် ပြန်မဖြေခဲ့ဘဲ နန်းတော်သခင်လီကိုသာ ပြုံး၍ ကြည့်နေခဲ့လေသည်။

လီကျောက်သည် နဖူးထက်တွင် ဝေ့သီလာသော ချွေးအေးများကို သုတ်ရင်းမှ “နန်းတော်သခင်ရန်… အကြွေး… အကြွေးလာတောင်းနေတာတော့ မဟုတ်ပါဘူးနော်… အာ ဘယ်လိုလုပ်ပြီး နန်းတော်သခင်ရန်ကိုယ်တိုင် အကြွေးလာတောင်းရတာလဲ… အကြွေးလာတောင်းခိုင်းမယ့်တောင်းခိုင်း လက်အောက်ငယ်သားတွေကိုပဲ ခိုင်းလိုက်ပေါ့… ကျုပ်တို့မီးနဂါးနန်းတော်က အကြွေးပေးဖို့နေ့ကို လုံးဝမေ့နေတာမဟုတ်ဘူး… အခုလောလောဆယ် နည်းနည်း မပြင်ဆင်ရသေးတာလေးတွေရှိသေးလို့ နှောင့်နှေးနေရတာ… ပြီးတော့ အကြွေးပေးရမယ့်ရက်ချိန်းကလည်း မရောက်သေးဘူးလေ…”

“အကြွေးပေးရမယ့်ရက်ချိန်းက ဘယ်နေ့မှန်း ကျုပ်မှမသိတာ… ဒီနေ့ဖြစ်မယ်ထင်ပြီးတော့ ဒီကိုလာလိုက်တာ…”

ယခုအချိန်တွင် လီကျောက်မှာ အမှန်တကယ်ကို ထိတ်လန့်နေခဲ့လေပြီ။ “နန်းတော်သခင်ရန် တကယ်ကြီး အကြွေးလာတောင်းတာလား…”

မီးနဂါးနန်းတော် ထက်ကောင်းကင်နန်းတော်ဆီ အကြွေးတင်နေသည်မှာ မှန်ပါသော်ငြား ရန်ကိုင်သည် မည်သူ့ကိုမျှ အကြောင်းမကြားဘဲ သူကိုယ်တိုင် အကြွေးလာတောင်းလိမ့်မည်ဟု လီကျောက် လုံးဝ မျှော်လင့်ထားခြင်းမရှိချေ။

“မျိုးရိုးနာမည်ရန်နဲ့ကောင်… မင်း သိပ်ပြီး မောက်မာမနေနဲ့…” မျက်နှာမည်းမည်းနှင့်လူကြီးသည် လူအုပ်ကြီးထဲမှ ထွက်လာ၍ ရန်ကိုင်အား လက်ညှိုးငေါက်ငေါက်ထိုးရင်းမှ ပြောလိုက်သည်။ “မင်း ငါတို့နန်းတော်သခင်ကို ဘယ်လိုလှည့်စားပြီးတော့ မီးနဂါးနန်းတော်တစ်ခုလုံးကို အခုလိုမျိုး ပြဿနာတွင်းထဲရောက်အောင် လုပ်လိုက်လဲဆိုတာကို ငါမသိပေမယ့် မင်းကိုယ်မင်းလည်း နန်းတော်သခင်တစ်ဦး ဖြစ်နေသေးတယ်ဆိုတာကို မေ့မထားနဲ့… ငါတို့အကုန်လုံးမှာ မြောက်ဘက်နယ်မြေမှာ ရှိနေကြတာ… နောက်နောင် ငါတို့အချင်းချင်း ထိတွေ့ဆက်ဆံရမှာတွေ အများကြီးပဲရှိသေးတယ်… ဒီ‌တော့ မင်းသာ ကိစ္စတွေကို ပြေရာပြေကြောင်းဆွေးနွေးပြီးတော့ အကြွေးတွေကို ချေပေးလိုက်မယ်ဆိုရင် ငါတို့ မင်းကို ဒီတစ်ကြိမ် လွှတ်ပေးလိုက်မယ်… မဟုတ်ရင်တော့… ဟဲ ဟဲ ဟဲ…”

အခြားသောဧကရာဇ်အဆင့်ပညာရှင်များမှာလည်း ရန်ကိုင်အား စူးရဲခက်ထန်သည့် အကြည့်များဖြင့် ကြည့်နေကြလေသည်။

ရန်ကိုင်အား ကိုယ်တိုင်ကိုယ်ကျ မြင်ပြီးသည့်နောက် ရန်ကိုင်သည် ဧကရာဇ်ပထမအဆင့်သာ ရှိသေးကြောင်း သိလိုက်ရပြီးသည့်နောက်တွင် မီးနဂါးနန်းတော်၏အကြီးအကဲများသည် ရန်ကိုင်အား လုံးဝကြောက်ရွံ့ခြင်း မရှိကြတော့ချေ။ ထက်ကောင်းကင်နန်းတော် မည်မျှပင် အားကောင်းနေစေကာမူ ရန်ကိုင်ကိုသာ ဤနေရာတွင် ဖမ်းထားနိုင်သရွေ့ ထက်ကောင်းကင်နန်းတော်အပေါ် သူတို့တင်နေသည့် အကြွေးအားလုံးမှာ ဟာသသက်သက်သာ ဖြစ်သွားပေလိမ့်မည်။

ခန်းမ၏ထိပ်ဆုံးနေရာတွင် ထိုင်နေသည့် လီကျောက်မှာမူ ထိုအကြီးအကဲပြောသည့်စကားကို ကြားပြီးသည့်နောက် သတိလစ်မေ့လဲလုမတတ်ပင် ဖြစ်သွားခဲ့လေသည်။

ရန်ကိုင်သည် မျက်နှာမည်းမည်းနှင့်လူကြီးအား တစ်ချက်ကြည့်လိုက်သည်။ ထို့နောက် လီကျောက်ဘက်သို့လှည့်၍ “ဒါ ခင်ဗျားနန်းတော်ရဲ့ အကြီးအကဲလား…”

“မဟုတ်ဘူး…” လီကျောက်က ချက်ချင်းပဲ ပြန်ပြောလိုက်သည်။

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၂၉၄၄)

ဘာသာပြန်သူ_တိမ်တိုက်

ဧကရာဇ်အဆင့်အကြီးအကဲတစ်သိုက် နန်းတော်သခင်လီအား ကြောင်ကြည့်နေကြသည်။ မျက်နှာမည်းမည်းနှင့်အကြီးအကဲမှာလည်း သူ၏နန်းတော်သခင် ယခုကဲ့သို့ ပြန်ဖြေလိမ့်မည်ဟု မထင်ထားသဖြင့် နန်းတော်သခင်ဘက်သို့ ပါးစပ်အဟောင်းသားဖြင့် လှမ်းကြည့်နေလေ၏။

လီကျောက်မှာ ထိုမျှနှင့်ပင် ရပ်တန့်သေးခြင်းမရှိ ဆက်၍ ပြောလိုက်လေသည်။ “ဒီအမှိုက်ကောင် ဘယ်လိုဘယ်ပုံနဲ့ ကျုပ်တို့မီးနဂါးနန်းတော်ရဲ့ အကြီးအကဲ အယောင်လာဆောင်နေရဲလဲမသိဘူး… သူ့လိုအဆင့်နိမ့်တဲ့လူတွေကို ဂရုမစိုက်နေနဲ့ နန်းတော်သခင်ရန်… ဒီလိုလူတွေက ဘာမှ ဂရုစိုက်စရာအကြောင်းမရှိဘူး…”

ရန်ကိုင်က အေးစက်စက်လေသံဖြင့် ပြောလိုက်လေသည်။ “သူက အမှိုက်ကောင်ဆိုမှတော့ ရှင်းပစ်ရမှာပေါ့…”

လီကျောက်က ချက်ချင်းပဲပြောလိုက်သည်။ “ဒါပေါ့…”

ထိုသို့ပြောပြီးသည်နှင့်တစ်ပြိုင်နက် မျက်နှာမည်းမည်းနှင့်အကြီးအကဲဆီသို့ လက်ဝါးတစ်ချက် ရိုက်ထုတ်လိုက်လေသည်။

မျက်နှာမည်းမည်းနှင့်အကြီးအကဲမှာ နန်းတော်သခင်လီ သူ့အား တိုက်ခိုက်လာလိမ့်မည်ဟု ထင်ထားခြင်း မရှိခဲ့ပေ။ နန်းတော်သခင်လီ သူ့အား တိုက်ခိုက်မည်မှန်း ကြိုသိခဲ့လျှင်ပင် ဧကရာဇ်ပထမအဆင့်သာ ရှိသေးသော သူ့ကျင့်ကြံခြင်းဖြင့် နန်းတော်သခင်လီ၏ တိုက်ခိုက်မှုကို ခုခံနိုင်လိမ့်မည်မဟုတ်။

အော်ဟစ်သံနှင့်အတူ မျက်နှာမည်းမည်းနှင့်အကြီးအကဲ လွင့်စင်ထွက်သွားခဲ့လေသည်။ အရိုးကျိုးသံများ တသွင်သွင် ထွက်ပေါ်လာခဲ့ပြီး မျက်နှာမည်းမည်းနှင့်အကြီးအကဲ၏ ပါးစပ်နှင့် နှာခေါင်းမှ သွေးများ ယိုစီးကျလာခဲ့လေသည်။ လီကျောက်၏လက်ဝါးချက်ကြောင့် မျက်နှာမည်းမည်းနှင့်အကြီးအကဲမှာ တစ်ချက်တည်း တန်းသတိလစ်သွားခဲ့သည်။

ခန်းမတစ်ခုလုံးသည် အပ်ကျသံပင် ကြားရလောက်သည်အထိ တိတ်ဆိတ်နေခဲ့လေသည်။ မီးနဂါးနန်းတော်၏ အကြီးအကဲအားလုံးမှာ ထိုမြင်ကွင်းကိုကြည့်ရင်း လုံးဝကို မင်သက်နေခဲ့ကြသည်။ သူတို့၏နန်းတော်သခင်သည် ကိုယ့်လူအပေါ် ပြန်လည်တိုက်ခိုက်လိမ့်မည်ဟု မည်သည့်အကြီးအကဲမှ ထင်မှတ်ထားခြင်း မရှိခဲ့ပေ။ ရုတ်တရက်ဆိုသလို အကြီးအကဲအားလုံးမှာ ရင်ထဲအသည်းထဲမှ ကြောက်ရွံ့စိတ်များ ထွက်ပေါ်လာရသည်။

လီကျောက်သည် အမြဲတစေ စိတ်အခြေအနေ ပြောင်းလဲနေတတ်သည့် လူစားမျိုးမဟုတ်ပေ။ သူတို့သည် ဤနန်းတော်သခင်နှင့်အတူ နှစ်ပေါင်းများစွာကြာအောင် အတူရှိလာခြင်း ဖြစ်သည့်အတွက်ကြောင့် နန်းတော်သခင်အကြောင်းကို ကောင်းကောင်းသိပေသည်။ သို့သော်ငြား ယနေ့တွင်တော့ သူတို့၏နန်းတော်သခင်သည် အပြင်လူတစ်ဦးကို စိတ်မပျက်စေရန်အလို့ငှာ သူ့လူကိုပင် ပြန်လည်တိုက်ခိုက်ခဲ့သည်။ နန်းတော်သခင်၏လုပ်ရပ်နှင့် ပတ်သက်၍ အကုန်လုံးမှာ ရင်ထိတ်သွားကုန်ကြရလေ၏။

နန်းတော်သခင်၏လက်ဝါးချက် ထိမှန်ခြင်း ခံလိုက်ရပြီးသည့်နောက်တွင် မျက်နှာမည်းမည်းနှင့်အကြီးအကဲမှာ မသေလျှင်ပင် အနည်းဆုံးတော့ တစ်လနှစ်လခန့် အိပ်ယာထဲ လဲသွားရပေတော့မည်။

အားလုံး၏အကြည့်အောက်တွင်ပင် လီကျောက်သည် သူ့လက်ကိုဝှေ့ယမ်း၍ မျက်နှာမည်းမည်းနှင့်အကြီးအကဲအား ခန်းမထဲမှ အပြင်သို့ လွှင့်ထုတ်ပစ်လိုက်ပြီး အကုန်လုံးအား ခက်ထန်သည့်အမူအယာဖြင့် စိုက်ကြည့်၍ ပြောလိုက်သည်။ “ကိုယ့်အကြောင်းကိုယ် မသိတဲ့လူတစ်ယောက်က ကိုယ့်အိမ်ကိုယ့်ယာမှာဆိုရင် မျက်နှာပျက်ရတတ်တယ်… ဒါပေမယ့် အပြင်မှာဆိုရင်တော့ မျက်နှာပျက်ရရုံတင်မဟုတ်ဘူး… အသက်ပါပျောက်နိုင်တယ်… အဲ့ဒါကို မင်းတို့ သေသေချာချာမှတ်ထားကြ…”

လီကျောက်၏ ခြိမ်းခြောက်စကားကိုကြားလိုက်သော် အကြီးအကဲများ ကြောင်သွားကြလေသည်။

ထို့နောက်တွင် လီကျောက်သည် ရန်ကိုင်ဘက်သို့လှည့်၍ မဲ့ပြုံးပြုံးကာ မေးလိုက်လေ၏။ “နန်းတော်သခင်ရန် ဒါနဲ့ပတ်သက်ပြီး ကျေနပ်ရဲ့လားမသိဘူး…”

ရန်ကိုင်က ပြုံးလျက် “နန်းတော်သခင်လီက ကိုယ့်ကိစ္စကိုယ် ရှင်းနေတာလေ… ဒီရန် ကျေနပ်တာ မကျေနပ်တာနဲ့ ဘာဆိုင်မှာမို့လို့လဲ…”

ထိုအခါမှသာလျှင် လီကျောက်က စိတ်သက်သာရာ ရသွားဟန်ဖြင့် သက်ပြင်းယဲ့ယဲ့လေးချလျက် မေးလိုက်လေသည်။ “နန်းတော်သခင်ရန် ဘာလို့ရောက်လာတာလဲ သိလို့ရမလား…”

ရန်ကိုင်က ဝမ်းသာအားရလေသံဖြင့် ပြန်ပြောလိုက်သည်။ “အကြွေးတောင်းဖို့ပေါ့… ဘာကိစ္စရှိရမှာလဲ… နန်းတော်သခင် သိနေပြီးသားမဟုတ်ဘူးလား… ဘာဖြစ်လို့ မေးနေသေးတာလဲ…”

လီကျောက်၏မျက်နှာ ထိတ်လန့်မှုကြောင့် ဖြူလျော်သွားခဲ့ပြီး နဖူးထက်ဝေ့သီလာသော ချွေးအေးများကို သုတ်ရင်းမှ ပြန်ပြောလိုက်လေသည်။ “နန်းတော်သခင်ရန်ရယ် ကျေးဇူးပြုပြီးတော့ မနောက်စမ်းပါနဲ့…”

“ကျုပ်ပုံစံက နောက်နေတဲ့ပုံပေါက်လို့လား…” ရန်ကိုင်က ထူးမခြားနားဟန်ဖြင့် ပြန်ပြောလိုက်သည်။

ယခုအချိန်ထိတိုင် ရန်ကိုင် ဘာကြောင့် ဤနေရာသို့ ရောက်နေရသလဲဆိုသည်ကို လီကျောက် နားမလည်နိုင်သေးချေ။ ရှင်းရှင်းပြောရသော် သူတို့ ယခုနှစ်ပေးချေရမည့် အရင်းအမြစ်ကျောက်သန်းလေးဆယ်ဟူသော ပမာဏသည် ရန်ကိုင်ကိုယ်တိုင်ကိုယ်ကျ ဤနေရာသို့ ရောက်လာရလောက်သည်အထိ ထိုက်တန်ခြင်း မရှိသေးချေ။ သို့သော်ငြား ရန်ကိုင်၏အမူအယာမှာ မျက်နှာသေဖြင့် ပြောနေသည့်ပုံကို ကြည့်ရသလောက် နောက်နေသည့်ပုံလည်းမပေါ်။ ထို့အတွက်ကြောင့် လီကျောက်မှာ ရင်တဒုန်းဒုန်း ခုန်နေရလေ၏။ ထက်ကောင်းကင်နန်းတော်အပေါ် အကြွေးများစွာ တင်နေသည့်အတွက်ကြောင့် လီကျောက်မှာ ရန်ကိုင်ပြောသည့်စကားကို ပြန်မငြင်းဆန်ရဲခဲ့ပေ။ ထက်ကောင်းကင်နန်းတော်သည်သာ အလွန်အမင်း အားကောင်းနေခြင်း မရှိပါလျှင်တော့ မီးနဂါးနန်းတော်အနေဖြင့် အတိုင်းအတာတစ်ခုအထိ ခုခံကောင်း ခုခံနိုင်ပေလိမ့်ဦးမည်။

သို့သော်ငြား ထက်ကောင်းကင်နန်းတော်အကြောင်းကို ကောင်းကောင်းသိသွားရပြီးသည့်နောက် လီကျောက်အနေဖြင့် အနည်းငယ်မျှပင် ခုခံရန် မကြိုးစားရဲတော့ချေ။

သူ့ရှေ့တွင် ရှိနေသည့်လူသည် ဆေးဝိဇ္ဇာကျိယင်နှင့် အဆက်အသွယ်တစ်ခု တည်ဆောက်နိုင်ခဲ့ရုံမက မွန်းစတားဘုရင်သုံးပါးကိုလည်း လက်အောက်ငယ်သားအဖြစ် ပိုင်ဆိုင်ထားသည်။ ထိုမျှသာလျှင်မဟုတ်သေးဘဲ သူတို့၏အင်အားစုထဲ အစစ်အမှန်နဂါးတစ်ကောင်ပင် ရှိနေပေသေးသည်။ မီးနဂါးနန်းတော်သည် ထိုကဲ့သို့သောအင်အားစုမျိုးကို မည်ကဲ့သို့များ သွားရောက်ယှဉ်ပြိုင်နိုင်ပါမည်နည်း။ သူတို့သည်သာ ထိုလူများကို အမှန်တကယ် ရန်စလိုက်မည်ဆိုပါက ရမ္မက်ရှာဂိုဏ်း၏ လမ်းကြောင်းအတိုင်း လိုက်သွားရပေလိမ့်မည်။

ထို့အတွက်ကြောင့် လီကျောက်မှာတော့ ပြုံးသာ ပြုံးနေရပါသော်ငြား သူ့မျက်နှာကြီးမှာ ဘီလူး သံပုရာသီး ကိုက်ထားရသည်ထက်ပင် ပို၍ အရုပ်ဆိုးနေခဲ့လေသည်။

ရန်ကိုင်က ရုတ်တရက် ပြောလိုက်လေသည်။ “နန်းတော်သခင်လီ အကြွေးပေးဖို့ အဆင်မပြေသေးလို့လား…”

လီကျောက်က ရှက်ရှက်ဖြင့် ပြန်ပြောလိုက်သည်။ “နန်းတော်သခင်ရန် နည်းနည်းလောက် အချိန်ထပ်ပေးလို့ မရဘူးလား…”

“ဘယ်လောက်လဲ…”

“နှစ်ဝက်… မလိုဘူး မလိုဘူး… သုံးလပဲ… သုံးလနဲ့ဆို အဆင်ပြေတယ်…” လီကျောက်က ချက်ချင်းပဲ ပြန်ပြောလိုက်သည်။

“သုံးလ… နန်းတော်သခင်လီ အရမ်းလောနေတာမဟုတ်ဘူးလား…” ရန်ကိုင်က ပြုံးလျက် “သုံးလမလုပ်နဲ့… အချိန် သုံးနှစ်ယူလိုက်…”

“ဘယ်လို…” လီကျောက် ကြောင်သွားခဲ့လေသည်။ ရန်ကိုင် ဘာကိုပြောချင်လို့ ပြောချင်နေမှန်း သူနားမလည်။

ရန်ကိုင်က ဆက်ပြောလိုက်သည်။ “ကျုပ် ခင်ဗျားကို အချိန်သုံးနှစ် ဆိုင်းငံ့ထားပေးမယ်… သုံးနှစ်အတွင်း ခင်ဗျားတို့မီးနဂါးနန်းတော် ကျုပ်တို့ထက်ကောင်းကင်နန်းတော်ဆီကို ဘာအကြွေးမှ ပေးစရာမလိုဘူး… သုံးနှစ်ပြီးသွားရင်တော့ အရင်အတိုင်း ပြန်ပေးရလိမ့်မယ်… သုံးနှစ် ဆိုင်းငံ့ပေးထားလိုက်ရင်တော့ ခင်ဗျားတို့မီးနဂါးနန်းတော်ရဲ့အခြေအနေက တော်တော်လေးအဆင်ပြေသွားမှာပေါ့ ဟုတ်တယ်မလား…”

လီကျောက်မှာ ရုတ်တရက်အဖြစ်အပျက်ကြောင့် အံ့အားသင့်သွားခဲ့လေသည်။ သူ့စိတ်ထဲ ထိတ်လန့်တုန်လှုပ်နေမိပါသော်ငြား ပြန်၍တော့ မေးလိုက်သေး၏။ “နန်းတော်သခင်ရန် ကျုပ်ဆီကနေ ဘာများလိုချင်တာလဲ…”

ဤလောကတွင် မည်သည့်အရာကိုမှ အလကားမရချေ။ ထက်ကောင်းကင်နန်းတော်၏ နန်းတော်သခင်သည် သူ့အပေါ် ဤမျှ ကြင်နာတတ်နေလိမ့်မည်မဟုတ်။ လီကျောက်မှာ နှစ်ပေါင်းများစွာ အသက်ရှင်သန်လာသူတစ်ဦး ဖြစ်သည့်အတွက်ကြောင့် ထိုမျှလောက်သော အခြေခံအချက်လောက်ကလေးကိုမူ ကောင်းကောင်းသိထားပေသည်။

ရန်ကိုင်က ရယ်သွမ်းသွေးလျက် “နန်းတော်သခင်လီအနေနဲ့ ကျုပ်နဲ့အတူ နေရာတစ်ခုဆီ လိုက်ပေးရုံပဲ…”

လီကျောက် ချက်ချင်း နိုးနိုးကြားကြားဖြစ်သွားခဲ့ပြီး ပြန်၍မေးလိုက်လေ၏။ “ဘယ်လိုနေရာမျိုးလဲ…”

ရန်ကိုင်သည် လီကျောက်၏နားထဲသို့ ကောင်းကင်စိတ်အာရုံမှတစ်ဆင့် ပြောလိုက်သည်။

လီကျောက်၏အမူအယာ အပြောင်းလဲကြီး ပြောင်းလဲသွားခဲ့ပြီး ချက်ချင်းပဲ ခေါင်းခါလျက် “နန်းတော်သခင်ရန်… ဒီလီ မကူညီချင်တာတော့မဟုတ်ပါဘူး… ဒါပေမယ့်…”

“အဲ့ဒါဆို အခုချက်ချင်း အကြွေးပြန်ဆပ်…” ရန်ကိုင်က သူ့လက်ကို ဆန့်ထုတ်လိုက်သည်။

လီကျောက်က အနည်းငယ် ဒေါသထွက်ထွက်ဖြင့် “နန်းတော်သခင်ရန်… နန်းတော်သခင်ရန်တောင်းဆိုတဲ့အတိုင်း ဒီလီလည်း လုပ်ပေးနေတာပဲ… ဒါပေမယ့် အဲ့လောက်ကြီးတော့ အနိုင်ကျင့်လွန်းမလာနဲ့လေ… ကျုပ် လီကျောက်က နန်းတော်သခင်ရန်ကို ကြောက်တာမဟုတ်ဘူးနော်…”

ရန်ကိုင်ကပြုံးလျက် “အာ… ကျုပ်ဘက်က ဘယ်လိုတွေလုပ်နေလို့လဲ… နန်းတော်သခင်လီကို ကျုပ်နဲ့အတူ နေရာတစ်ခုဆီ လိုက်ပေးဖို့ပဲ တောင်းဆိုတာလေ… နန်းတော်သခင်လီရဲ့အသက်ကို တောင်းနေတာမှမဟုတ်တာ…”

လီကျောက်က ခေါင်းခါလျက် “အခြားနေရာတွေဆို အဆင်ပြေတယ်… ဒါပေမယ့် အဲ့နေရာကတော့…”

လီကျောက်ကိုကြည့်ရသည်မှာ အတိတ်အခါက ခြောက်ခြားဖွယ်ရာကောင်းလှသည့် အဖြစ်အပျက်တစ်ခုကို ပြန်သတိရသွားသည့်အလား တုန်တုန်ရီရီဖြင့် ပြန်ပြောလိုက်သည်။ “နန်းတော်သခင်ရန် အခြားတစ်ခုပဲ တောင်းဆိုလိုက်… ဒီလီ မဖြည့်ဆည်းပေးနိုင်ဘူးဆိုလို့ရှိရင် ဒီလီ နန်းတော်သခင်ရဲ့အကြွေးကိုပဲ ပြန်ဆပ်လိုက်မယ်…”

“ခင်ဗျား တကယ် မလိုက်ချင်တာလား…” ရန်ကိုင်၏မျက်နှာ သုန်မှုန်သွားခဲ့လေသည်။

လီကျောက် တိတ်သာတိတ်နေလေ၏။

ရန်ကိုင်က သက်ပြင်းချလျက် “ထားလိုက်ပါတော့လေ… မမှည့်ဘဲခူးတဲ့ဖရဲသီးက ချိုတာမှမဟုတ်တာ… နန်းတော်သခင်လီက မလိုက်ချင်ဘူးဆိုမှတော့ ဒီနန်းတော်သခင်လည်း တွန်းအားပေးလို့ ဘယ်ဖြစ်ပါတော့မလဲ… ဒါပေမယ့် ဒီနန်းတော်သခင်က နန်းတော်သခင်လီကို အကောင်းနဲ့ ကူညီပေးချင်တာ… နန်းတော်သခင်လီကိုယ်တိုင်ကလည်း အကူအညီကို လက်မခံချင်ဘူးဆိုမှတော့ နန်းတော်သခင်လီ ကံကောင်းပါစေလို့ပဲ ဆုတောင်းပေးရတော့မှာပေါ့…”

လီကျောက် ရင်တဒုန်းဒုန်း ခုန်သွားခဲ့ပြီး အံ့အားသင့်တကြီး ပြန်မေးလိုက်လေသည်။ “ကျုပ်ကိုကူညီပေးနေတာ…”

ရန်ကိုင် ပုခုံးတွန့်ပြလိုက်သည်။

ထိုစဉ် ရန်ကိုင်ဘေးနား၌ အတူပါလာသည့် တစ်ချိန်လုံး တိတ်ဆိတ်နေခဲ့သော ကျုလဲ့က ဝင်ပြောလိုက်လေသည်။ “ကျုချင်းဘယ်မှာလဲဆိုတာ သူသိတာလား…”

“သူ့ထက်ပိုပြီး ဘယ်သူမှမသိဘူး…” ရန်ကိုင်က ခေါင်းညိတ်ပြလိုက်သည်။

ကျုချင်း ရေခဲနယ်မြေထဲသို့ သွားရသည့် အကြောင်းအရင်းမှာ လီကျောက်ကြောင့်သာ ဖြစ်လေသည်။ လွန်ခဲ့သောနှစ်ပေါင်းများစွာခန့်က လီကျောက်သည် ရေခဲနယ်မြေထဲမှ နဂါးသွေးပန်းကို ရရှိခဲ့ပြီး ပြန်ယူလာကာ သူ့သွေးဖြင့် အားဖြည့်ကာ စိုက်ပျိုးခဲ့လေသည်။ လီကျောက်ပြောပုံအရ နဂါးသွေးပန်း ထိုနေရာတွင် ပေါ်လာရခြင်းမှာ ထိုနေရာ၌ နဂါးတစ်ကောင် အသက်ဆုံးရှုံးသွားရသည့် အတွက်ကြောင့်ပင်။ ထိုအကြောင်းကြောင့်ပင်လျှင် သေဆုံးသွားသောနဂါး၏ အသက်စွမ်းအင်အဆီအနှစ်ဖြင့် နဂါးသွေးပန်း ပွင့်လန်းလာရခြင်း ဖြစ်လေသည်။

ကျုချင်းသည် လီကျောက်အား ထိုနေရာအကြောင်းကို မေးခဲ့လေသည်။ ထို့နောက်မှသာလျှင် ကျုချင်းကိုယ်တိုင် ရေခဲနယ်မြေဆီသို့ ဆက်သွားခဲ့ခြင်းဖြစ်သည်။ ထို့အတွက်ကြောင့် ဤလောကကြီးတွင် ကျုချင်း ရေခဲနယ်မြေထဲရှိ မည်သည့်နေရာသို့ သွားသလဲဆိုသည်ကို သိသည့်လူတစ်ဦး ရှိနေမည်ဆိုပါက ထိုလူသည် လီကျောက်သာ ဖြစ်ပေလိမ့်မည်။ ထိုအကြောင်းကြောင့်ပင်လျှင် လီကျောက်အား လမ်းပြအဖြစ် ခေါ်သွားခြင်းမှာ သူတို့အတွက် အမှန်တကယ်ကို အသုံးဝင်ပေလိမ့်မည်။

“ကောင်းပြီလေ…” ထိုသို့ပြောပြီးသည့်နောက် ကျုလဲ့သည် လီကျောက်ဆီသို့ လျှောက်သွားလေ၏။

လီကျောက် ရင်တဒိန်းဒိန်း ခုန်သွားတော့လေသည်။ အန္တရာယ်အငွေ့အသက်တို့သည်လည်း သူ့ရင်ထဲ လှိုက်တက်လာခဲ့လေ၏။ ဤအနီရောင်ဆံပင်နှင့် လူငယ်လေး၏ စွမ်းအားကို သူသိပေသည်။ ထို့ကြောင့်ပင်လျှင် ရန်ကိုင်မှ သူ့အား ပြဿနာရှာနေသည့်အပေါ် ငြိမ်ခံနေခဲ့ခြင်း ဖြစ်လေသည်။ ယခု ရန်ကိုင်၏တောင်းဆိုချက်ကို သဘောမတူလိုက်သည့်နောက်တွင် လီကျောက်မှာ ထိုအနီရောင်ဆံပင်နှင့်လူငယ်လေးအား ပို၍ သတိထားနေတော့လေ၏။

လီကျောက်က မေးလိုက်လေ၏။ “လူကြီးမင်းက ဘယ်သူလဲ သိလို့ရမလား…”

ကျုလဲ့က ပြန်ပြောလိုက်သည်။ “ခင်ဗျားလိုပုတ်သင်တစ်ကောင်က ကျုပ်နာမည်ကို သိဖို့ မထိုက်တန်ဘူး…”

“ပုတ်… ပုတ်သင်…” လီကျောက် ဒေါသူပုန်ထသွားခဲ့လေသည်။ သူ့အနေဖြင့် ရန်ကိုင်အား ကြောက်နေရခြင်းမှာ ရန်ကိုင်၏နောက်ကွယ်တွင် သူ ရန်သွားမစနိုင်သည့် ပညာရှင်ပေါင်းများစွာ ရှိနေသည့်အတွက်ကြောင့်ပင်။ အထူးသဖြင့် ထိုအမျိုးသမီးနဂါးပင်။ ထိုနဂါးသည် လီကျောက်အနေဖြင့် ရန်စဖို့ရာမဆိုထားနှင့် မော်၍ပင် မကြည့်နိုင်သည့် တည်ရှိမှုမျိုးဖြစ်လေသည်။ ဤအနီရောင်ဆံပင်နှင့်လူငယ်လေး အားကောင်းသည်မှာ မှန်ပါသော်ငြား ဤအနီရောင်ဆံပင်နှင့်လူငယ်လေးကို ထိုနဂါးအမျိုးသမီးအား ကြောက်သလောက်တော့ ကြောက်ရွံ့ခြင်းမရှိပေ။

လီကျောက်သည်လည်း ဧကရာဇ်တတိယအဆင့် ပညာရှင်တစ်ဦး ဖြစ်နေဆဲ။ ထို့အတွက်ကြောင့် ဤလောကကြီးတွင် သူ့အား အနိုင်ယူနိုင်သည့်လူ များများစားစားမရှိပေ။

“မင်းလို မျိုးမစစ်ကောင်တွေကို ငါ အရွံဆုံးပဲ… မင်းတို့လိုကောင်တွေ အစောကြီးတည်းက ရှင်းထုတ်ခံရသင့်တာ…” ကျုလဲ့၏မျက်လုံးများထဲ အထင်သေးရိပ်တို့ဖြင့် ပြည့်နေခဲ့လေသည်။

ကျုလဲ့၏စကားသည် လီကျောက် လုံးဝ အထိမခံနိုင်သည့် စကားတစ်ရပ်လည်း ဖြစ်သည်။ လီကျောက်မှာ သူ၏သွေးမျိုးဆက် မသန့်စင်ခြင်းအပေါ် အလွန်ကိုမှ စိတ်ညစ်နေရသည့် လူတစ်ဦးလည်း ဖြစ်လေသည်။ ထို့အတွက်ကြောင့် ကျုလဲ့မှ ထိုစကားကို ပြောလာသော် လီကျောက်မှာ ဒေါသအမျက်ချောင်းချောင်း ထွက်သွားတော့လေ၏။

လီကျောက်မှာ သူ့ရှေ့ရှိလူငယ်လေးအား ကောင်းကောင်းသင်ခန်းစာပေးရမည်ဟု ဆုံးဖြတ်လိုက်လေသည်။ ဤလူငယ်လေး မည်မျှပင် အားကောင်းနေစေကာမူ မဟာဧကရာဇ်ကဲ့သို့သော ပညာရှင်မျိုး မဟုတ်ပါက မီးနဂါးနန်းတော်ထဲ သူ၏ပြိုင်ဘက် ဖြစ်နိုင်လိမ့်မည်မဟုတ်ချေ။

လီကျောက်မှာ မာန်သွင်းအော်ဟစ်ကာ ထ၍ တိုက်ခိုက်တော့မည်အပြု သူ့ခန္ဓာကိုယ်မှာ ရုတ်ချည်း တောင့်တင်းသွားခဲ့လေသည်။ သူ့ဆီသို့ တစ်လှမ်းချင်းစီ လျှောက်လာနေသည့် အနီရောင်ဆံပင်နှင့် လူငယ်လေးကို ကြည့်ရင်း သူ့မျက်ခမ်းများ တဆတ်ဆတ် တုန်ရီလာခဲ့ပြီး အထစ်ထစ်အငေါ့ငေါ့လေသံဖြင့် ပြောလိုက်လေ။ “န… န… နဂါးကလန်…”

သူ့ဆီသို့ တစ်လှမ်းချင်းလျှောက်လာနေသော ကျုလဲ့၏ နောက်ကျောဘက်တွင် အနီရောင်နဂါးတစ်ကောင် ထွက်ပေါ်လာခဲ့လေသည်။ ထိုအနီရောင်နဂါးကြီး၏ မျက်လုံးအစုံသည် လီကျောက်အား ခံစားချက်ကင်းမဲ့သည့် အကြည့်ဖြင့် စိုက်ကြည့်နေခဲ့လေရာ လီကျောက်မှာ တစ်ကိုယ်လုံး ပျော့ခွေသွားသလို ခံစားလိုက်ရသည်။ သူ့သွေးကြောများထဲ စီးနေသော သွေးများသည်ပင်လျှင် ရပ်တန့်သွားသယောင် ထင်မှတ်ရပြီး သူ့ဧကရာဇ်ချီမှာတော့ လုံးဝကို ကောင်းကောင်းမွန်မွန် လှည့်ပတ်နိုင်ခြင်းမရှိတော့ချေ။

ယခု သူ့ဆီသို့ ချဉ်းကပ်လာနေသည့်လူမှာ တာအိုသခင်အဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်နေမည်ဆိုလျှင်ပင် လီကျောက်အား သတ်ပစ်နိုင်ပေလိမ့်မည်။

ကျယ်လောင်သည့်နဂါးဟိန်းသံ ထွက်ပေါ်လာခဲ့ပြီး နဂါးဟိန်းသံသည် လူတိုင်းအား ကျောရိုးတစ်လျှောက် စိမ့်တက်သွားစေခဲ့လေသည်။

ထိုမြင်ကွင်းကိုကြည့်ရင်း မီးနဂါးနန်းတော်မှ အကြီးအကဲများ သွေးပျက်တုန်လှုပ်နေခဲ့ကြလေသည်။ ယခုမှသာလျှင် သူတို့နန်းတော်သခင်ပြောသည်မှာ မှန်ကန်ကြောင်း ထိုလူအားလုံး သိသွားကြရတော့သည်။ ဘေးမှရပ်ကြည့်နေသော ထက်ကောင်းကင်နန်းတော်၏ နန်းတော်သခင် မည်မျှအားကောင်းသလဲ ဆိုသည့်အချက်ကို ထည့်မတွက်လျှင်ပင် နဂါးကလန်သားတစ်ဦးနှင့်ပင်လျှင် မီးနဂါးနန်းတော်တစ်ခုလုံးကို ရှင်းပစ်နိုင်ပေသည်။ သူတို့သည်သာ ထိုလူနှစ်ဦးအဖွဲ့နှင့် သွားပြဿနာတက်မည်ဆိုပါက မီးနဂါးနန်းတော် ကျိန်းသေ ဒုက္ခရောက်သွားရပေလိမ့်မည်။

ဤလူသည် အစစ်အမှန်နဂါးတစ်ကောင်ဖြစ်လေသည်။ ဒဏ္ဍာရီနှင့် ရှေးဟောင်းမှတ်တမ်းစာအုပ်များထဲတွင်သာ ရှိသော နဂါးကလန်သည် ယနေ့တွင်တော့ သူတို့ရှေ့တည့်တည့်၌ ထွက်ပေါ်လာခဲ့လေသည်။

ယခု ကိုယ်တိုင်မြင်တွေ့လိုက်ရသည့်အခါမှသာလျှင် ရှေးဟောင်းမှတ်တမ်းများထဲ ဖော်ပြထားသည့် အကြောင်းအရာများမှာ မည်မျှရိုးစင်းကြောင်းကို ထိုလူများ နားလည်သွားရတော့သည်။ နဂါးကလန်၏ခွန်အားကို စကားလုံးတစ်ခုတည်းနှင့် ဖော်ပြ၍ မစွမ်းသာချေ။

နဂါးတစ်ကောင် ဒေါသထွက်လာမည်ဆိုပါက မည်သူကများ သူ့အား တားနိုင်ပါမည်နည်း။ ထို့အပြင် နဂါးတစ်ကောင်နှင့် ပြဿနာဖြစ်ခြင်းသည် နဂါးကလန်နှင့် ပြဿနာဖြစ်လိုက်သည်နှင့် အတူတူသာဖြစ်လေသည်။ မီးနဂါးနန်းတော်တွင် နဂါးကလန်နှင့် ပြဿနာတက်ရဲသည့် စွမ်းရည်မျိုး ရှိမနေခဲ့ချေ။

ရုတ်တရက်ဆိုသလို ကျုလဲ့သည် လီကျောက်ထိုင်နေသည့် နေရာဆီသို့ ရောက်လာပြီး လီကျောက်အား လည်ပင်းမှဆွဲကိုင်၍ လေပေါ်သို့ မြှောက်လိုက်လေ၏။

ဧကရာဇ်တတိယအဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်ပါသော်ငြား လီကျောက်သည် ကျုလဲ့ရှေ့တွင် မွေးကင်းစကလေးတစ်ဦးပမာ ဖြစ်နေခဲ့လေသည်။ သူ့အနေဖြင့် ရုန်းကန်ရန် ကြိုးစားနေမည်ဆိုလျှင်ပင် ကျုလဲ့၏လက်မှ မည်သို့မှ လွတ်နိုင်လိမ့်မည်မဟုတ်ချေ။ ကျုလဲ့မှာ လီကျောက်၏လည်ပင်းကို တင်းတင်းဆုပ်ထားသည့်အတွက်ကြောင့် လီကျောက်မှာ အသက်ကောင်းကောင်းမရှူနိုင်ဖြစ်ကာ သူ့မျက်နှာမှာ သွေးဆုတ်ဖြူလျော်လာခဲ့ရလေသည်။

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၂၉၄၅)

ဘာသာပြန်သူ_တိမ်တိုက်

“ကျုပ်… ကျုပ်ကို ကူပါဦး…” လီကျောက်မှာ ကျုလဲ့လက်မှ မည်သို့ပင်ရုန်းနေစေကာမူ လွတ်မြောက်နိုင်ခဲ့ခြင်းမရှိ။ ထို့အစား သူ့လည်ပင်းတစ်ခုလုံး ကျိုးကြေတော့မလိုသာ ခံစားနေခဲ့ရသည်။ တစ်ချိန်တည်းတွင် ကျုလဲ့၏မျက်လုံးထဲရှိ အေးစက်စက် သတ်ဖြတ်လိုစိတ်မှာ လီကျောက်အား အလွန်အမင်းကိုမှ ကြောက်ရွံ့နေစေခဲ့လေသည်။ ထို့အတွက်ကြောင့် ရန်ကိုင်ဘက်သို့လှည့်၍သာ အကူအညီတောင်းရတော့လေသည်။

ရန်ကိုင်သည် ဤကျုလဲ့ဆိုသောလူနှင့် အတူလာခဲ့သည့်အတွက်ကြောင့် ရန်ကိုင်၏စကားသည် အနည်းငယ်တော့ အရေးပါ အရာရောက်ပေလိမ့်မည်။

ရန်ကိုင်က ပုခုံးတွန့်ပြလျက် “အားတော့နာပါရဲ့ နန်းတော်သခင်လီရေ… ဒီကိစ္စနဲ့ပတ်သက်ပြီး ကျုပ်လည်း ဘာမှမတတ်နိုင်ဘူးလေ…”

လီကျောက်မှာ တအစ်အစ်နှင့် ဖြစ်နေလေရာ မည်သည့်စကားတစ်ခွန်းမှပင် မပြောနိုင်တော့ချေ‌။ မီးနဂါးနန်းတော်၏ အကြီးအကဲများမှာလည်း သူတို့၏နန်းတော်သခင် ယခုကဲ့သို့ဖြစ်နေသည်ကို ကြည့်ရင်း စိတ်ပူနေပါသော်ငြား သူတို့တတ်နိုင်သည့်အရာ ဘာမျှရှိမနေခဲ့ပေ။ သူတို့၏ခွန်အားနှင့် သွားကူညီမည်ဆိုလျှင်ပင် ကိုယ့်သေတွင်းကိုယ်တူးရုံသာ အဖတ်တင်ပေလိမ့်မည်။

“ကျုပ် ခင်ဗျားကို ပြောဖို့မေ့သွားတယ်… ဒီနဂါးက ကျုချင်းရဲ့မောင်လေးပဲ… နဂါးကျွန်းကနေ ရောက်လာတာ… ကျုချင်းကိုမှတ်မိသေးတယ်မလား နန်းတော်သခင်လီ… ဟိုနေရာဆီသွားတဲ့ နဂါးမလေးလေ… ရှင်းရှင်းပြောရရင် အဲ့ကိစ္စနဲ့ပတ်သက်ပြီး နန်းတော်သခင်လီမှာလည်း တာဝန်ရှိတယ်လို့ ပြောရမယ်…” ရန်ကိုင်က သက်ပြင်းအမောကြီးချလျက် “ကျုချင်း အဲ့နေရာဆီသွားပြီးတည်းက ခုထိ ပြန်ရောက်မလာသေးဘူး… ကြည့်ရတာ သူ အဲ့နေရာမှာ အန္တရာယ်တစ်ခုခုနဲ့ ကြုံနေရတဲ့ပုံပဲ… ဒါကြောင့်ပဲ နဂါးကျွန်းက သူ့မောင်လေး ထွက်လာပြီးတော့ သူ့ကိုလာရှာတာ… ကျွတ် ကျွတ် ကျွတ်… ချစ်တတ်ကြတဲ့ မောင်နှမတွေပါလား… ဒါပေမယ့် နန်းတော်သခင်လီက ကျုချင်းကို အဲ့နေရာဆီသွားအောင် လုပ်ခဲ့တဲ့ အဓိကတရားခံမှန်း သိလည်းသိရော သူလည်း နန်းတော်သခင်လီကို ဘယ်လိုလုပ်ပြီး သိပ်အမြင်ကြည်ပါတော့မလဲ….”

ထိုစကားကိုကြားပြီးသည့်နောက် လီကျောက်မှာ မျက်ဖြူဆိုက်ကာ သတိလစ်ခါနီးပင် ဖြစ်သွားခဲ့ရလေသည်။

“အာ… ဟုတ်သားပဲ…” ရန်ကိုင်က မီးတောက်ထဲ လောင်စာ ထပ်ဖြည့်ပေးလိုက်လေသည်။ “ပြီးတော့ သူက သွေးနှောတွေဆိုလို့ရှိရင် သိပ်ပြီးတော့ကြိုက်တာမဟုတ်ဘူး… မြင်သမျှသွေးနှောတွေကို သတ်ပစ်ချင်နေတာ… ကျုပ် နန်းတော်သခင်လီအကြောင်း သူ့ကိုပြောပြတုန်းက သူ ကြားသွားလား မကြားသွားလားတော့ သေချာတော့မပြောတတ်ဘူး… ဒါပေမယ့် ဘယ်လိုပဲဖြစ်ဖြစ် ဒီကိစ္စက နဂါးကျွန်းနဲ့ မီးနဂါးနန်းတော်ကြားက ကိစ္စဆိုတော့ ကျုပ်လိုအပြင်လူတစ်ယောက်အတွက် ဝင်ပါဖို့ သိပ်အဆင်မပြေဘူးလေ…”

ယခုအခါမှသာလျှင် ရန်ကိုင်ပြောသည့် ပြဿနာဆိုသည်မှာ ဘာလည်းဆိုသည်ကို လီကျောက် နားလည်သွားတော့သည်။

ယခုအဖြစ်အပျက်သည် သူ့အတွက်တော့ ပြဿနာကြီးတစ်ရပ်ပင်။ ပုံမှန်အားဖြင့် တစ်သက်တွင် တစ်ကြိမ်ပင် မြင်တွေ့ရခဲလှသော နဂါးကလန်များသည် သူ့ရှေ့တွင် ဘာကြောင့်များ တစ်ခါပြီးတစ်ခါ ပေါ်ပေါ်လာနေရသလဲဆိုသည်ကို လီကျောက် လုံးဝ နားမလည်နိုင်ခဲ့ပေ။ ထို့အပြင် ထိုနဂါးကလန်သားများ ပေါ်လာတိုင်း ထက်ကောင်းကင်နန်းတော်၏ နန်းတော်သခင်လည်း အမြဲတစေ ပါလာတတ်ပေသည်။

ထို့အတွက်ကြောင့် ထက်ကောင်းကင်နန်းတော်၏ နောက်ကွယ်တွင် နဂါးကလန် ရှိနေသည်ဟူ၍ပင် လီကျောက် စတင်၍ ယုံကြည်ချင်သလို ဖြစ်လာခဲ့သည်။ လက်ရှိအခြေအနေအရ ဤနဂါး သူ့အား သတ်လိုက်မည်ဆိုလျှင်ပင် သူ့အနေဖြင့် ဘာဆိုဘာမျှ ပြန်ပြောနိုင်လိမ့်မည်မဟုတ်ပေ။ သူ့လက်အောက်ငယ်သားများကို သူ့အစား လက်စားချေခိုင်းဖို့ရာဆိုလျှင်တော့ ဝေလာဝေးစွ။

လီကျောက်မှာ စကားပြောချင်နေပါသော်ငြား သူ့အနေဖြင့် မည်သို့ပင် ကြိုးစားနေစေကာမူ စကားတစ်ခွန်းပင် ပြောမထွက်ခဲ့ပေ။ နောက်ဆုံး ရွေးစရာမရှိတော့သည့်အဆုံး၌ လက်သုံးချောင်းထောင်ပြလိုက်ပြီး အဆက်မပြတ် လှုပ်ခါပြလိုက်သည်။

“နန်းတော်သခင်လီ… ခင်ဗျား ဘာပြောချင်နေတာလဲ… ခင်ဗျားပြောချင်တာကို ကျုပ် နားမလည်ဘူး…” ရန်ကိုင်က အံ့ဩနေသည့်အမူအယာဖြင့် ပြောလိုက်သည်။

လီကျောက်မှာမူ သူ့လက်ချောင်းများကိုသာ အဆက်မပြတ် ခါရမ်းပြနေလေသည်။ သို့သော်ငြား ရန်ကိုင်ကမူ နားမလည်ချင်ယောင်သာ ဆောင်နေလေ၏။

လက်သုံးချောင်းသည် လက်နှစ်ချောင်း၊ လက်နှစ်ချောင်းသည် နောက်ဆုံးတွင် တစ်ချောင်းအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။

ထိုအခါမှသာလျှင် ရန်ကိုင်က ပြောလိုက်လေ၏။ “အာ… ကျုပ်နားလည်သွားပြီ… နန်းတော်သခင်လီက အခုလိုမျိုး ပြောလာတယ်ဆိုမှတော့ ကျုပ်တို့ ဆွေးနွေးလို့ရပြီလို့ ထင်တာပဲ…” ထို့နောက်တွင် ကျုလဲ့ဘက်သို့လှည့်၍ “သူ့ကိုလွှတ်ပေးလိုက်ဦး… မင်း သူ့ကိုသတ်လိုက်ရင် မင်းအစ်မကို ဘယ်ကနေ စရှာလို့ရှာရမှန်း သိတော့မှာမဟုတ်ဘူး…”

ကျုလဲ့သည် အေးစက်စက်အမူအယာဖြင့် နှာခေါင်းရှုံ့လျက် လီကျောက်အား အမှိုက်ထုပ်တစ်ခုကို လွှင့်ပစ်သည့်ပမာ လွှင့်ပစ်လိုက်လေသည်။

“ဘုန်း…” ဟူသော မြည်သံနှင့်အတူ လီကျောက် ကြမ်းပြင်ပေါ်သို့ ပြုတ်ကျသွားခဲ့လေ၏။ နောက်ဆုံး ပြန်လည်ကုန်းရုန်းထလာပြီးသည့်နောက်တွင် တဟွတ်ဟွတ်ဖြင့် ချောင်းဆိုးတော့လေသည်။

သူ့ကိုယ်သူ အဆင်ပြေအောင်လုပ်ရန်အတွက် လီကျောက်မှာ အတော်လေး အချိန်ယူလိုက်ရသည်။ သို့တိုင် ကျုလဲ့ကိုတော့ သွားစိုက်မကြည့်ရဲခဲ့ပေ။ ကျုလဲ့နှင့် အကြည့်ချင်း မဆုံရဲခဲ့ပဲ ကျီးကန်းတောင်းမှောက်သာ လွှဲကြည့်နေခဲ့လေသည်။ သူ့နေရာတွင်သာ အခြားဧကရာဇ်တတိယအဆင့်ပညာရှင်တစ်ဦး ဖြစ်နေမည်ဆိုပါက ယခုကဲ့သို့ ဖြစ်လိမ့်မည်မဟုတ်ပါသော်ငြား လီကျောက်ဖြစ်နေသည့်အတွက်ကြောင့် ထိုသို့မဖြစ်နိုင်တော့ပေ။ သွေးသန့်နဂါးတစ်ကောင်၏ရှေ့မှောက်တွင် လီကျောက်မှာ ဘာဆိုဘာမှ မလုပ်နိုင်ခဲ့။ သူ့စိတ်ထဲ ဤနဂါးအား နာကျည်းမုန်းတီးခြင်း မရှိနိုင်သလို ဤနဂါးကိုလည်း အနည်းငယ်မျှပင် မခုခံရဲခဲ့ပေ။ နောက်ဆုံးတွင်တော့ သူ့စိတ်ထဲ ခံစားနေရသည်မှာ သူသည် ဤနဂါးထက် အလွန်ကိုမှ နိမ့်ကျသည့်အတွက်ကြောင့် ယခုကဲ့သို့ အဆက်ဆံခံရထိုက်သည်ဟူ၍သာ။

“နန်းတော်သခင်လီ… ဒီကိစ္စတွေက နှောင့်နှေးနေလို့မရဘူး… ကျုပ်တို့ အခုချက်ချင်း သွားမှဖြစ်မယ်…” ရန်ကိုင်က လီကျောက်ကို ပြောလိုက်သည်။

လီကျောက်လည်း ကူကယ်ရာမဲ့စွာ ခေါင်းညိတ်ရုံသာ တတ်နိုင်လေ၏။

ရန်ကိုင်က ပြောလိုက်လေသည်။ “အဲ့လောက်ကြီးလည် စိတ်ညစ်မနေစမ်းပါနဲ့… ကျုပ် ခင်ဗျားအသက်ကို လိုချင်နေတာမှမဟုတ်တာ… ခင်ဗျားကို လမ်းလေးပြခိုင်းနေရုံပဲဟာကို… ပြီးတော့ အခုလိုမျိုး လမ်းပြလိုက်လို့လည်း ခင်ဗျားအတွက် အကျိုးယုတ်တာမဟုတ်ဘူးလေ… ခင်ဗျားတို့နန်းတော်က ပေးရမယ့်အကြွေးတွေကို တစ်နှစ်တောင် ကျုပ်က ဆိုင်းငံ့ပေးမှာပဲဟာကို…”

ထိုစကားကိုကြားသည့်အခါ လီကျောက်၏မျက်နှာကြီး မဲ့သွားခဲ့လေသည်။ သူ့စိတ်ထဲလည်း အလွန်ကိုမှ နောင်တရနေခဲ့သည်။ ရန်ကိုင်သည်သာ တကယ့်နဂါးတစ်ကောင်ကို သူနှင့်အတူ ခေါ်လာခဲ့မှန်းသာ သိခဲ့ပါလျှင် လီကျောက်အနေဖြင့် အစောကြီးတည်းက ရန်ကိုင်ပြောသည်ကို သဘောတူခဲ့ပေမည်။ သို့သော်ငြား ယခုမူ သဘောမတူခဲ့သည့်အတွက်ကြောင့် မူလက သုံးနှစ်ဆိုင်းငံ့ပေးခြင်းမှ တစ်နှစ်အထိသို့ လျော့ကျသွားခဲ့ရလေသည်။ ထိုတစ်နှစ်ပင်လျှင် သူကိုယ်တိုင်တောင်းဆိုထားခြင်း ဖြစ်လေသည်။

လီကျောက်သည် အခြားသောဧကရာဇ်အဆင့်ပညာရှင်များဘက်သို့ လှည့်၍ ပြောလိုက်လေ။ “နန်းတော်ကို တစ်ချက်လောက် ဂရုစိုက်ထားပေးဦး… ငါ အပြင်ကို တစ်ချက်လောက် သွားလိုက်ဦးမယ်…”

အကြီးအကဲအားလုံး ထပ်တလဲလဲ ခေါင်းညိတ်လိုက်ကြသည်။ လီကျောက်ကိုလည်း သနားစဖွယ်အမူအယာများဖြင့် ကြည့်နေကြလေသည်။ လီကျောက်၏ အခြေအနေကို သူတို့ ကောင်းကောင်းသိပေသည်။ လီကျောက်သည် သွေးကြောင်သည့်လူစားမျိုးမဟုတ်။ သူ၏သဘာဝရန်သူရှေ့မှောက်တွင် လုံးဝ ခုခံနိုင်ခြင်း မရှိခြင်းသာ။

ဆက်လက်နှောင့်နှေးနေရမည်ကို ကြောက်ရွံ့သည့် အတွက်ကြောင့်လားမသိ လီကျောက်သည် ရန်ကိုင်တို့အား အမြန်သွားရန် ပြောလိုက်လေသည်။

ပန်းတိမ်တိုက်လွန်းပျံကို ထုတ်ယူပြီးသည့်နောက် ရန်ကိုင်တို့သုံးဦး ပန်းတိမ်တိုက်လွန်းပျံထဲသို့ဝင်ကာ မြောက်ဘက်ဆီသို့ ထွက်လာခဲ့လိုက်သည်။

နယ်မြေကြီးတစ်ခုချင်းစီတွင် တားမြစ်နယ်မြေအသီးသီး ရှိကြပေသည်။

တောင်ဘက်နယ်မြေတွင် တောင်ပိုင်းနွံအိုင်ရှိသလို အရှေ့ဘက်တွင် ရှေးဟောင်းတောအုပ်ကြီးရှိသည်။ ထို့နည်းတူစွာပင် အနောက်ဘက်နယ်မြေတွင် အနောက်ပိုင်းသဲကန္တာရရှိသလို မြောက်ဘက်နယ်မြေတွင်လည်း ရေခဲနယ်မြေရှိပေသည်။ ထိုအရာများသည် ကြယ်တာရာအစုအဝေးတွင် နာမည်အကျော်ကြားဆုံးနှင့် အန္တရာယ်အများဆုံးနေရာများ ဖြစ်ကြသည်။

ထိုတားမြစ်နယ်မြေလေးခုအနက် အန္တရာယ်အများဆုံးနှင့် လူသေအများဆုံးနေရာကို ပြောပါဆိုလျှင် မြောက်ဘက်နယ်မြေ၏ ရေခဲနယ်မြေသာ ဖြစ်ပေလိမ့်မည်။

ရေခဲနယ်မြေသည် အန္တရာယ်အများဆုံးနေရာအဖြစ် ကြယ်တာရာအစုအဝေးရှိလူတိုင်းမှ ယုံကြည်ထားကြလေသည်။ မဟာဧကရာဇ်များသည်ပင်လျှင် ရေခဲနယ်မြေထဲသို့ မဆင်မခြင် မသွားရဲကြချေ။ အခြားသောနေရာများဖြစ်ကြသည့် တောင်ပိုင်းနွံအိုင်နှင့် ရှေးဟောင်းတောအုပ်ကြီးတို့မှာ အန္တရာယ်များကြပါသော်ငြား ထိုနယ်မြေများတွင် အမျိုးမျိုးသော အဖိုးတန်ရတနာများလည်း ရှိနေကြပေသေးသည်။ သို့သော်ငြား ရေခဲနယ်မြေထဲတွင်တော့ ခြောက်ခြားဖွယ်ရာကောင်းလှသည့် အအေးဓာတ်မှအပ အခြား ဘာဆိုဘာမှ ရှိမနေခဲ့ပေ။

ရေခဲနယ်မြေ၏အတွင်းပိုင်း မည်သို့မည်ပုံရှိသလဲဆိုသည်ကို မည်သူမျှမသိကြ။ အကြောင်းမှာ ရေခဲနယ်မြေထဲသို့ ဝင်သွားသည့်လူတိုင်း အသက်ရှင်လျက် ပြန်မထွက်လာနိုင်သည့် အတွက်ကြောင့်ပင်။

လီကျောက်အနေဖြင့် ဤရေခဲနယ်မြေထဲမှ အသက်ရှင်လျက် ပြန်ထွက်လာနိုင်ခဲ့ရခြင်းမှာ ကံကောင်းသည့်အတွက်ကြောင့်ဖြစ်သလို ရေခဲနယ်မြေ၏ အတွင်းပိုင်းထဲသို့ တိုးဝင်မသွားခဲ့သည့် အတွက်ကြောင့်လည်း ဖြစ်ပေသည်။ ထိုစဉ်က သူသွားခဲ့သည့်နေရာမှာ ရေခဲနယ်မြေ၏ အပြင်ဖျားပိုင်းလေးသာ ဖြစ်၏။

လွန်ခဲ့သော နှစ်ရာပေါင်းများစွာခန့်က လီကျောက် ဧကရာဇ်တတိယအဆင့်သို့ရောက်စဉ် သူ့ကိုယ်သူ အလွန်ကိုမှ အားကောင်းသည်ဟု အထင်ရောက်လျက် ဤလောကကြီးတွင် သူမသွားနိုင်သည့်အရာ မရှိတော့ဟု ထင်ခဲ့လေသည်။ ထိုအကြောင်းကြောင့် ရေခဲနယ်မြေဆီသို့ စွန့်စွန့်စားစားဖြင့် သွားခဲ့သည်။

သေဘေးမှ ကပ်သီးလေး ပြန်လွတ်လာပြီးသည့်နောက်တွင် လီကျောက်မှာ ထိုရေခဲနယ်မြေဆီသို့ နောက်တစ်ကြိမ် ဘယ်တော့မှ ပြန်မသွားတော့ဟု ဆုံးဖြတ်ချက်ချလိုက်လေသည်။ ထိုအချိန်ကပင်လျှင် လီကျောက်မှာ နဂါးသွေးပန်းကို မီးနဂါးနန်းတော်ဆီသို့ ပြန်ယူလာနိုင်ခဲ့ခြင်းလည်း ဖြစ်ပေသည်။

သို့ရာတွင် သူ့အနေဖြင့် သူမသွားတော့ရန် ဆုံးဖြတ်ထားသည့် ရေခဲနယ်မြေဆီသို့ နှစ်ရာပေါင်းများစွာကြာပြီးသည့်နောက် တစ်ခါ ပြန်လာရလိမ့်မည်ဟု ထင်ထားခြင်းမရှိခဲ့ပေ။

အလွန်ကိုမှ အချိန်ကြာညောင်းနေပြီဖြစ်လင့်ကစား လီကျောက်မှာတော့ သူ၏အတွေ့အကြုံကို ကွက်ကွက်ကွင်းကွင်းဖြင့် မှတ်မိနေပေသေးသည်။ သွားနေရင်းမှ လီကျောက်သည် ရေခဲနယ်မြေနှင့်ပတ်သက်၍ သူသိထားသည့် အကြောင်းအရာများကို ရန်ကိုင်နှင့် ကျုလဲ့တို့အား ရှင်းပြသွားခဲ့လေသည်။

လီကျောက်ပြောပုံအရ ရေခဲနယ်မြေ၏ အသိသာဆုံးသောအချက်မှာ ၎င်း၏ အရိုးခိုက်မတတ် အအေးဓာတ်သာ ဖြစ်လေသည်။ ရေခဲနယ်မြေထဲရှိ အအေးဓာတ်သည် သာမန်အအေးဓာတ်မျိုးမဟုတ်။ အလွန်တရာကိုမှ အေးစက်လွန်းလှသည့် အအေးဓာတ်မျိုး ဖြစ်လေသည်။ ထိုအအေးဓာတ်ကို စကားဖြင့်ပြောပါဆိုလျှင် ပြောဖို့ရာ ခက်လှသည်။ ကိုယ်တိုင်ခံစားကြည့်မှသာ ရေခဲနယ်မြေထဲရှိ အအေးဓာတ် မည်မျှပြင်းထန်ကြောင်းကို သိနိုင်ပေလိမ့်မည်။

မကြာမီ လီကျောက်ပြောသည်မှာ မှန်ကန်ကြောင်းကို ရန်ကိုင်တို့ အတည်ပြုသွားနိုင်ခဲ့လေသည်။

မြောက်ဘက်ဆီသို့ တဖြည်းဖြည်း ချည်းကပ်လာနေသည်နှင့်အမျှ အပြင်ဘက်ရှိအပူချိန်မှာ တဖြည်းဖြည်း ကျဆင်းသထက် ကျဆင်းလာခဲ့သည်။ ထို့အပြင် မျက်စိတဆုံးမြင်ကွင်းဟာဆိုလျှင်လည်း အဖြူရောင်သန်းနေလေ၏။ ထို့အတွက်ကြောင့် အရပ်လေးမျက်နှာကို ခွဲခြားဖို့ရာ မဖြစ်နိုင်တော့လောက်အောင် ဖြစ်သွားခဲ့ရသည်။

နဂါးမွေးတောင်တမျှ ကြီးမားလှသော နှင်းပွင့်များမှာလည်း ကောင်းကင်ထက်မှ အဆက်မပြတ် ကြွေဆင်းကျနေခဲ့ပြီး လောကတစ်ခုလုံးမှာ ရေခဲနယ်မြေကြီးအဖြစ်သို့ ပြောင်းလဲသွားသယောင်ပင် ထင်မှတ်ရသည်။ မြေပြင်တစ်ခုလုံး ဖြူရောင်သန်းနေသည်မှအပ အခြား ဘာအရောင်ဆိုဘာအရောင်မှ ရှိမနေခဲ့ပေ။

ပန်းတိမ်တိုက်လွန်းပျံထဲနေ၍ ပျံသန်းသွားလာနေသည့် သုံးယောက်စလုံးမှာတော့ အအေးဓာတ်ကို ခံစားမိနေပေသေးသည်။ ထိုအအေးဓာတ်မှာ အားပျော့လှပါသော်ငြား ယခုကဲ့သို့ ပန်းတိမ်တိုက်လွန်းပျံထဲတွင် ထိုင်ရင်းမှ အအေးဓာတ်ကို ခံစားမိရသည်မှာတော့ အတော်လေးကိုမှ ထူးဆန်းသည်ဟု ပြော၍ရသည်။ ပန်းတိမ်တိုက်လွန်းပျံသည် ပျံသန်းရေးမှော်ရတနာတစ်ခုသာ ဖြစ်လိမ့်မည်ဖြစ်ပါသော်ငြား ဧကရာဇ်အဆင့်မှော်ရတနာတစ်ခုလည်း ဖြစ်နေပေသေးသည်။ ဤဧကရာဇ်အဆင့်မှော်ရတနာကို ဟို့ယုကိုယ်တိုင် ဖန်တီးထားခဲ့ခြင်းဖြစ်ပြီး မှော်ရတနာပေါ်တွင် အကာအကွယ်စနစ်ပေါင်းများစွာကိုလည်း တပ်ဆင်ပေးထားပေသေးသည်။ ယခုကဲ့သို့သော ဧကရာဇ်အဆင့်မှော်ရတနာတစ်ခုသည်ပင်လျှင် အအေးဓာတ် အပြည့်အဝ ခုခံနိုင်ခြင်း မရှိသည်ကိုကြည့်လျှင် အပြင်ဘက်ရှိအအေးဓာတ် မည်မျှပြင်းထန်ကြောင်းကို ခန့်မှန်းကြည့်နိုင်ပေသည်။

လီကျောက်၏မျက်နှာမှာ တဖြည်းဖြည်းနှင့် အရုပ်ဆိုးသထက် ဆိုးလာနေခဲ့သည်။ ကျုလဲ့ သူ့ဘေးနားတွင် ရပ်နေသည့်အတွက်ကြောင့်သာ မဟုတ်ပါက ကြောက်ကြောက်လန့်လန့်ဖြင့် အစောကြီးတည်းက ပြန်ပြေးပြီးသွားနေလောက်ပေပြီ။

မီးနဂါးနန်းတော်မှ ထွက်လာပြီး ဆယ်ရက်အကြာတွင် ရန်ကိုင်တို့သုံးဦး ရေခဲနယ်မြေ၏ အစွန်အဖျားဆီသို့ ရောက်လာခဲ့လေသည်။

လီကျောက်မှာ နဂါးသွေးပန်းအား မည်သည့်နေရာတွင် တွေ့ခဲ့သလဲဆိုသည်ကို သေသေချာချာ မှတ်မိနေပေသေးသည်။ ထို့အတွက်ကြောင့် အဆက်မပြတ်ကို မည်ကဲ့သို့သွားရမလဲ လမ်းပြပေးနေခဲ့လေ၏။

ထိုသို့ဖြင့် နောက်ထပ်နှစ်ရက်ကြာပြီးသည့်နောက်တွင် လီကျောက်က စိတ်လှုပ်ရှားစွာဖြင့် ရုတ်တရက် ပြောလိုက်လေသည်။ “အဲ့မှာပဲ… အဲ့တောင်ထွဋ်သုံးလုံးတောင်ကို မြင်တယ်မလား… အဲ့နေရာမှာ နဂါးသွေးပန်းကို ကျုပ်ရှာတွေ့ခဲ့တာ…”

ရန်ကိုင်သည် ကျုလဲ့အား လှမ်းကြည့်လိုက်သည်။ ကျုလဲ့မှာတော့ မျက်မှောင်ကျုံ့ရင်းမှ ခေါင်းခါပြလိုက်၏။

သူနှင့်ကျုချင်းသည် မောင်နှမများ ဖြစ်ကြသလို နဂါးနီများလည်း ဖြစ်ကြသည့်အတွက်ကြောင့် သူတို့နှစ်ဦးကြား ဆက်သွယ်ချက်အနည်းအကျဉ်းတော့ ရှိပေသည်။ ကျုချင်းသည်သာ ထိုနေရာတွင် ရှိနေမည်ဆိုပါက ကျုလဲ့အနေဖြင့် ကျုချင်းအား အာရုံခံမိရပေလိမ့်မည်။ သို့သော်ငြား လက်ရှိအချိန်တွင်တော့ ကျုလဲ့မှာ ကျုချင်း၏အရှိန်အဝါကို လုံးဝခံစားမိခြင်း မရှိပေ။

မည်သို့ပင်ဖြစ်စေကာမူ ရန်ကိုင်သည် ပန်းတိမ်တိုက်လွန်းပျံကို ထိန်းချုပ်၍ လီကျောက်ပြောသည့် တောင်ထွဋ်သုံးလုံးတောင်ဆီသို့ ဦးတည်ပျံသန်းသွားလေ၏။ တောင်ထွဋ်သုံးလုံးကြားရှိ တောင်ကြားသို့ရောက်သော် လွန်းပျံကို ဆင်းသက်လိုက်လေသည်။ ထို့နောက်တွင် ရန်ကိုင်တို့သုံးဦးစလုံး ပန်းတိမ်တိုက်လွန်းပျံထဲမှ ထွက်လာကြလေ၏။

ပန်းတိမ်တိုက်လွန်းပျံ၏ အကာအကွယ်ထဲမှ ထွက်လာလိုက်သည်နှင့်တစ်ပြိုင်နက် အလွန်ကိုမှ အေးစက်လှသည့် အအေးဓာတ်တို့သည် သူတို့၏ခန္ဓာကိုယ်ထဲသို့ စတင်၍ စိမ့်ဝင်လာခဲ့ရာ သုံးဦးစလုံး တုန်တုန်ရီရီ ဖြစ်သွားခဲ့ကြပြီး ဧကရာဇ်ချီကို ကမန်းကတန်းလှည့်ပတ်၍ အအေးဓာတ်ကို ခုခံလိုက်ရလေသည်။

ဤနေရာသည် ရေခဲနယ်မြေ၏ အဖျားပိုင်းလေးသာ ရှိပေသေးသည်။ သို့သော်ငြား အအေးဓာတ်မှာတော့ ဧကရာဇ်ပထမအဆင့်ပညာရှင်တစ်ဦးသည်ပင်လျှင် တစ်ရက်ထက်ပိုအောင် မခုခံနိုင်တော့သည်အထိ ပြင်းထန်နေပေသည်။ ဤနေရာတွင်ပင် ဤကဲ့သို့ဖြစ်နေလျှင် ရေခဲနယ်မြေ၏ အတွင်းပိုင်းသည် မည်မျှများ အေးစက်နေလေမည်နည်း။

ကျုလဲ့၏ နဂါးအရှိန်အဝါမှာတော့ အအေးဓာတ်ကို အတော်အတန် ခုခံနိုင်သည့်ပုံပင်။ ထိုအချက်ကို သတိပြုမိလိုက်သော် အနွေးဓာတ်ရလို့ရငြား လီကျောက်သည် ကျုလဲ့နားသို့ တိုးကပ်သွားခဲ့လေသည်။ သို့သော်ငြား ကျုလဲ့မှ သူ့အား အေးစက်စက်အကြည့်ဖြင့် စိုက်ကြည့်နေသည်ကိုမြင်‌သော် လီကျောက်မှာ ရှက်ရှက်ဖြင့်ရယ်သွမ်းသွေးလျက် နောက်သို့ နှစ်လှမ်း ပြန်ဆုတ်သွားလေ၏။

ရန်ကိုင်သည် သူ့ကောင်းကင်စိတ်အာရုံကိုဖြန့်ကျက်၍ မိုင်တစ်ရာပတ်လည်ကို စစ်ဆေးကြည့်လိုက်သည်။ တစ်ခဏအကြာ၌ တုန်တုန်ရီရီဖြင့် သူ့ကောင်းကင်စိတ်အာရုံကို ပြန်ရုတ်သိမ်းလိုက်လေသည်။

သူ့ကောင်းကင်စိတ်အာရုံကို တစ်ခဏလေးသာ ဖြန့်ကျက်လိုက်ခြင်းသာ ဖြစ်ပါသော်ငြား ထိုတစ်ခဏအတွင်း သူ့ကောင်းကင်စိတ်အာရုံတစ်ခုလုံးမှာ အေးခဲသွားတော့မည့်အလား ခံစားလိုက်ရလေသည်။ ရန်ကိုင်သည်သာ သူ့ကောင်းကင်စိတ်အာရုံကို အချိန်မီ ပြန်ရုတ်သိမ်းခဲ့ခြင်း မရှိလျှင် သူ့ဝိဉာဉ် ဒဏ်ရာရသွားရလောက်ပေသည်။

“ဒါက ကျုချင်းကို ခင်ဗျားညွှန်ပြပေးလိုက်တဲ့နေရာလား…” ရန်ကိုင်က လီကျောက်ဘက်သို့လှည့်၍ မေးလိုက်သည်။

လီကျောက်က အလျင်စလို ပြန်ပြောလိုက်သည်။ “ဟုတ်တယ်… ရေခဲနယ်မြေထဲမှာ ဒီနေရာနဲ့ဆင်တူတဲ့ အခြားနေရာသာ မရှိဘူးဆိုရင်တော့ ကျုပ်ညွှန်ပြလိုက်တဲ့နေရာက ဒီနေရာဆိုတာ လုံးဝသေချာတယ်…”

ပြောနေရင်းမှ ရန်ကိုင်တို့အား လက်ယက်ပြလိုက်လေသည်။ “နဂါးသွေးပန်းကို ရှာတွေ့တာ အဲ့နေရာမှာပဲ…”

ရန်ကိုင်နှင့်ကျုလဲ့တို့လည်း လီကျောက်ခေါ်သွားသည့်နေရာဆီသို့ လိုက်လာလိုက်ရာ မကြာမီ တစ်ခုသောနေရာဆီသို့ ရောက်လာခဲ့သည်။

“ဒီနေရာပဲ…”

ကျုလဲ့က ပြောလိုက်သည်။ “ဒီနေရာမှာ အားနည်းတဲ့ နဂါးအရှိန်အဝါကို ငါ ခံစားလို့ရတယ်…”

ထိုသို့ပြောပြီးသည့်နောက် သူ့လက်ကိုမြှောက်လိုက်ရာ သူ့လက်ဝါးထက် မီးတောက်တို့ ထွက်ပေါ်လာခဲ့ပြီး ထိုမီးတောက်သည် မီးနဂါးတစ်ကောင်အဖြစ်သို့ ပြောင်းလဲကာ မြေပြင်ပေါ်တွင်ရှိနေသော နှင်းထုကြီးဆီသို့ တိုးဝင်သွားခဲ့လေသည်။

နဂါးမီးတောက်နှင့်အတွေ့တွင် နှင်းထုများ အရည်ပျော်ကျသွားခဲ့ပြီး မကြာမီ မီတာပေါင်းများစွာနက်သော ဂလိုင်ကြီးတစ်ခု ထွက်ပေါ်လာခဲ့လေသည်။ အောက်ဘက်ရှိအရာများမှာတော့ အလွန်ပြင်းထန်လှသည့် အအေးဓာတ်ကြောင့် ရေခဲဖြစ်ကုန်လေပြီ။

ထိုရေခဲအသွင်သို့ပြောင်းနေသည့် မြေသားမြေစိုင်များမှာ သံမဏိထက်ပင်လျှင် ပို၍ မာကျောနေခဲ့လေသည်။ သို့သော်ငြား ထိုနေရာပေါ်တွင်တော့ သိသာထင်ရှားလှသည့် လက်သည်းရာကြီးတစ်ခု ရှိနေခဲ့လေသည်။

လီကျောက်က စိတ်လှုပ်ရှားစွာ ပြောလိုက်လေ၏။ “တွေ့လား… ငါလိမ်နေတာမဟုတ်ဘူး… ဒီနေရာမှာ တကယ်ကြီးကို နဂါးတစ်ကောင်သေသွားခဲ့တာ…”

ထိုလက်သည်းရာကြီးကို နဂါးတစ်ကောင်မှ ချန်ရစ်သွားခဲ့ခြင်း ဖြစ်လေသည်။ နှစ်ရာပေါင်းများစွာကြာခဲ့သည့်တိုင် နှင်းများမှဖုံးလွှမ်းသွားသည့်အတွက်ကြောင့် နဂါးလက်သည်းရာကြီးမှာ ယိုယွင်းသွားခြင်းမရှိဘဲ အကောင်းအတိုင်း ကျန်ရစ်နေပေသေးသည်။

All Chapters