← Chapters

အခန်း (၂၉၅၁-၂၉၅၅)

Vol. 127 Ch. 2951-2955

အခန်း (၂၉၅၁-၂၉၅၅)

Vol. 127 Ch. 2951-2955

၂၉၅၁)

ဘာသာပြန်သူ_တိမ်တိုက်

မကောင်းသည့်ခံစားချက်ကို ရလိုက်သဖြင့် ကျုချင်းသည် အလျင်အမြန် ခေါင်းစဉ်ပြောင်းလိုက်သည်။ “ဒါဆို သူ အခု ဘယ်ရောက်နေတာလဲ…”

ရန်ကိုင်က ခေါင်းခါလိုက်သည်။ “အဲ့ဒါတော့ ငါမသိဘူး… အဲ့နေရာကိုရောက်ပြီး မကြာခင်မှာပဲ ရေခဲလှိုင်းရိုက်တာ ခံရပြီးတော့ ကမ္ဘာငယ်လေးတစ်ခုထဲ ရောက်သွားတာ… ဒါပေမယ့် တစ်နေရာတည်းတော့ အတူကျမသွားဘူး… သူနဲ့ငါ လမ်းကွဲသွားတယ်… ဒါပေမယ့် သူ့ကြည့်ရတာတော့ ဘာအန္တရာယ်မှ ရှိမယ့်ပုံ မပေါက်ပါဘူး… ဒီတော့ သူ့ကို စိတ်ပူနေစရာမလိုဘူး…”

“ကမ္ဘာငယ်လေး…” ကျုချင်း ထိတ်လန့်သွားခဲ့လေသည်။ ယခင်က သူမ ခံစားခဲ့ရသည့် အလွန်ကိုမှ မူးဝေအော့အန်ချင်သည့် ခံစားချက်မှာ ကမ္ဘာငယ်လေးတစ်ခုအတွင်းသို့ ကူးပြောင်းရာတွင် ခံစားခဲ့ရသည့် ခံစားချက်မျိုးမှန်း ယခုမှသာလျှင် ကျုချင်း နားလည်သွားတော့သည်။ ဘေးပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရင်းမှ ကျုချင်းက ပြောလိုက်လေသည်။ “နင်ပြောတဲ့ ကမ္ဘာငယ်လေးဆိုတာ ဒီနေရာကို ပြောတာလား… အင်း… ရှုခင်းနေရာ တော်တော်လှတာပဲ…”

ဤကမ္ဘာငယ်လေးသည် လှပသောရှုခင်းများကို ပိုင်ဆိုင်ထားရုံမက မိုးမြေစွမ်းအင်မှာလည်း သိပ်သည်းကြွယ်ဝလှသည်။ ထို့အတွက်ကြောင့် နေချင်စဖွယ်ကောင်းလှသည့် နေရာတစ်ခု ဖြစ်ပေသည်။ ရန်ကိုင်မှာ ငါးရောင်ခြယ်ရတနာဘုရားထဲသို့ သွားပြီးသည့်နောက်တွင် ဤကမ္ဘာငယ်လေးမှာ လုံးဝကို ပြောင်းလဲသွားရတော့သည်။ ရှင်းရှင်းပြောရသော် လက်ရှိအချိန်တွင် လောကဓာတ်လုံးသည် သီးခြားကမ္ဘာတစ်ခုကို ပိုင်ဆိုင်ထားသည့် ကမ္ဘာငယ်လေးတစ်ခု ဖြစ်နေခဲ့လေပြီ။

“ဟား ဟား…”

ရန်ကိုင်က ခေါင်းခါရင်းမှ ရယ်သွမ်းသွေးလျက် “ဒါ ငါပြောနေတဲ့ ကမ္ဘာငယ်လေးမဟုတ်ဘူး… ဒါက အခြားတစ်ခု… ရှင်းရှင်းပြောရရင် ဒါက ငါ့ဟာ…”

“ဟမ်…”

ထိုသို့ပြောပြီးသည့်နောက်တွင် ရန်ကိုင်သည် ပုံမှန်မဟုတ်သည့် တစ်ခုခုအား ရှာတွေ့သွားသည့်အလား တစ်ခုသောဘက်ဆီသို့ လှမ်းကြည့်လိုက်သည်။

ကျုချင်းက မေးလိုက်သည်။ “ဘာဖြစ်လို့လဲ…”

ရန်ကိုင်က ခဏမျှ စဉ်းစားနေပြီးသည့်နောက် ပြန်ပြောလိုက်၏။ “ငါ့မှာ နင့်ကို ပြဖို့ စိတ်ဝင်စားစရာလေးတစ်ခု ရှိတယ်…”

ထိုသို့ပြောပြီးသည့်နောက်တွင် သူလှမ်းကြည့်နေသည့်ဘက်ဆီသို့ သူ့လက်ကို ဆန့်ထုတ်လိုက်သည်။ ကျုချင်းမှာလည်း ရန်ကိုင်လုပ်နေသည့်အရာကို သေသေချာချာ စိုက်ကြည့်နေလေသည်။ ရုတ်တရက်ဆိုသလို ခွေးပေါက်လေးတစ်ကောင်နှင့် ဆင်တူသည့် အနက်ရောင်အရာလေးတစ်ခု သူမမျက်စိရှေ့တည့်တည့်၌ ပေါ်လာလေ၏။

ထိုခွေးပေါက်လေးမှာ ပေါ်လာလာချင်း ကြောက်ရွံ့နေသည့်အတွက်ကြောင့်လားမသိ ထ ထ ဟောင်လေသည်။ သို့သော်ငြား သူ၏အမြီးမှာတော့ တနှံ့နှံ့ကို ဖြစ်နေလေ၏။ ယခင်က အားနည်းလှသည့် ထိုခွေးပေါက်လေး၏ ပုံစံမှာ လုံးဝကို ပျောက်ချင်းမလှ ပျောက်ကွယ်သွားခဲ့လေပြီ။

“ဒီနတ်ဆိုးလေး ဘယ်ကနေ ရောက်လာတာလဲ… အရုပ်ဆိုးလိုက်တာ…” ကျုချင်းသည် အနက်ရောင်ခွေးပေါက်လေးကို ကြည့်ရင်းမှ ရန်ကိုင်ကို ပြန်စိုက်ကြည့်လျက် စနောက်လိုက်လေ၏။ “နင်နဲ့ တစ်ပုံစံတည်းပဲ…”

ရန်ကိုင်က ခေါင်းခါလျက် “ဒါ သာမန်နတ်ဆိုးမဟုတ်ဘူး…”

“သာမန်နတ်ဆိုးမဟုတ်ရင် ဘယ်လိုနတ်ဆိုးမလို့လဲ…” ကျုချင်း မျက်မှောင်ကျုံ့သွားခဲ့သည်။

“နင်က နဂါးကလန်သားတစ်ဦးပဲဟာကို… ဒါကို သေချာစစ်ဆေးကြည့်လိုက်…” ရန်ကိုင်သည် ခွေးပေါက်လေးကို မြင့်မြင့်မြှောက်ပြရင်းမှ ပြောလိုက်သည်။

ရန်ကိုင်ပြောသည်ကို ကြားပြီးသည့်နောက် ခွေးပေါက်လေး ငြိမ်သွားလေ၏။ ခွေးပေါက်လေးသည် လျှာလေးတစ်လစ်တစ်လစ် ထုတ်လျက် အမြီးလေးတနှံ့နှံ့လုပ်ရင်း ရန်ကိုင်အား ၎င်း၏အနက်ရောင်မျက်လုံးများဖြင့် စိုက်ကြည့်နေလေ၏။ သွားရည်များမှာလည်း ခွေးပေါက်လေး၏ပါးစပ်မှ တောက်လျှောက် တွဲကျနေခဲ့လေသည်။

နောက်ဆုံး ကျုချင်းသည် ခွေးပေါက်လေးနှင့်ပတ်သက်၍ ပုံမှန်မဟုတ်သည့်တစ်ခုခုအား သတိထားမိသွားခဲ့ပြီး တုံ့ဆိုင်းတုံ့ဆိုင်းဖြင့် ပြောလိုက်လေသည်။ “ကြည့်ရတာ အားကောင်းတဲ့ သွေးမျိုးဆက်တစ်မျိုးမျိုးကို ပိုင်ဆိုင်ထားတဲ့ပုံပဲ… ဒါပေမယ့် အရမ်းကြီးသန့်စင်မနေဘူး…”

နဂါးကလန်၏ ပင်မစွမ်းအားသည် သွေးမျိုးဆက်ဖြစ်သည်။ ထို့အတွက်ကြောင့် သွေးမျိုးဆက်များနှင့် ပတ်သက်လာသော် နဂါးကလန်သည် အခြားသူများထက် ပိုသိပေသည်။ ကုန်းယွဲ့ထုတ်သုံးသွားသည့် ပညာရပ်ကြောင့် မရဏသားရဲ၏ သွေးမျိုးဆက်မှာ နိုးထလာရပြီး ယခုအချိန်တွင် ခွေးပေါက်လေး၏ကိုယ်ထဲ မရဏသားရဲ၏ သွေးမျိုးဆက်အချို့ ကျန်ရစ်နေပေသည်။ ထို့အကြောင်းကြောင့်ပင်လျှင် ကျုချင်းမှာ ထိုသွေးမျိုးဆက်ကို ရှာတွေ့သွားခဲ့ခြင်းဖြစ်သည်။

“ဒီကောင်က နတ်ဆိုးသားရဲတစ်ကောင်ဖြစ်တဲ့ မရဏသားရဲရဲ့မျိုးဆက်ပဲ… နင် အဲ့သားရဲအကြောင်းကို ကြားဖူးလား…” ရန်ကိုင်က မေးလိုက်သည်။

ကျုချင်း ခေါင်းခါပြလိုက်၏။

“ငါလည်း အခုမှပဲ ပထမဦးဆုံးအကြိမ်အဖြစ် ကြားဖူးတာ… ဒါပေမယ့် ဒီကောင် ဘယ်လောက်အားကောင်းလဲဆိုတာကိုတော့ ငါတွေ့ပြီးသွားပြီ…” ထိုသို့ပြောနေရင်းမှ ရန်ကိုင်သည် ခွေးပေါက်လေးကို လှုပ်ခါ၍ ပြောလိုက်သည်။ “ကောင်လေး… မင်းရဲ့စွမ်းရည်တွေကို ထုတ်ပြလိုက်စမ်း…”

“ဝုတ်… ဝုတ်…”

“မသိချင်ယောင်ဆောင်မနေနဲ့… မင်း အရင်တုန်းက လုပ်ခဲ့တဲ့အတိုင်း လုပ်ခိုင်းနေတာ… မင်းပါးစပ်ကို အကျယ်ကြီးဟပြီးတော့ ငါတို့ရဲ့တိုက်ခိုက်မှုတွေကို ဝါးမျိုသွားတာလေ… မင်းမလုပ်ရင် ငါ မင်းကို တံစို့ထိုးပြီးတော့ ကင်စားပစ်မှာနော်…”

“ဝုတ်… ဝုတ်…”

ကျုချင်းသည် နဖူးပေါ်လက်တင်ရင်းမှ “ဒီကောင်လေးက အဲ့လောက် အသိဉာဏ်ရင့်သေးတာမဟုတ်သေးဘူး… ဒီလောက်အသိဉာဏ်လေးနဲ့တော့ နင်ဘယ်လိုပြောပြော သူနားလည်မှာမဟုတ်ဘူး…”

ရန်ကိုင်က မိစ္ဆာဆန်ဆန်ပြုံးလျက် “နားလည်လည် မလည်လည် ဒီကောင် သိနေတာတော့ သေချာတယ်… ဒါပေမယ့် ထားလိုက်ပါတော့လေ… နင်မသိဘူးဆိုရင်လည်း မသိဘူးပေါ့… မင်းက တကယ်ကို ကံကောင်းတဲ့ကောင်ပါလားကွ ဟမ်… မသေဘဲနဲ့တောင် အခုလိုမျိုး ဒေါင်ဒေါင်မြည် ရှိနေသေးတယ်…”

ထိုသို့ပြောပြီးသည့်နောက် ရန်ကိုင်သည် ခွေးပေါက်လေးကို လွှတ်ပေးလိုက်လေသည်။ ‘ဘုတ်’ ခနဲမြည်သံနှင့်အတူ ခွေးပေါက်လေး မြေပြင်ပေါ်သို့ ပြုတ်ကျသွားလေ၏။ မြေပြင်ပေါ်သို့ ပြုတ်ကျပြီးသည့်နောက်တွင် ခွေးပေါက်လေးသည် ရန်ကိုင်အား လှမ်းကြည့်လိုက်သည်။ ထို့နောက် ကျုချင်းအား တစ်ချက်လှမ်းကြည့်လျက် ရန်ကိုင်၏ခြေထောက်ကို သူ့ခေါင်းဖြင့် သွားပွတ်နေကာ ရန်ကိုင်၏ခြေထောက်နားတွင် လှဲလျောင်းလိုက်လေ၏။

ကျုချင်းသည် သူမ၏ပါးစပ်ကလေးကို လက်ဖြင့်အုပ်ရင်းမှ ရယ်သွမ်းသွေးလျက် “နင်နဲ့ တကယ်တူတာပဲ…”

“ဘာမှမဟုတ်ဘူး… ဒီကောင် ချစ်စရာကောင်းချင်ယောင်ဆောင်နေတာ…” ရန်ကိုင်ကမူ မျက်နှာသေအမူအယာဖြင့် ခွေးပေါက်လေးကို ကန်ထုတ်ပစ်လိုက်လေသည်။

ထို့နောက်တွင် ရန်ကိုင်သည် ကျုချင်းကိုကြည့်၍ “ဒီကနေ အရင်ဆုံး ထွက်ကြရအောင်… ဒီနေရာက ဘယ်လိုနေရာမျိုးလဲဆိုတာကို အရင် သိဖို့လိုအပ်တယ်… ပြီးတော့မှ ဒီကနေ ကြယ်တာရာအစုအဝေးကို ပြန်နိုင်လား မပြန်နိုင်ဘူးလားဆိုတာ ကြည့်ကြည့်ရမယ်…”

“အဲ့လောက်ကြီးတော့လည်း ပြဿနာတက်စရာ ရှိလို့လား… နင် လေဟာနယ်တာအိုကို ကျွမ်းကျင်တယ်မဟုတ်ဘူးလား…” ကျုချင်းမှာ ရန်ကိုင် အကဲပိုနေခြင်းဖြစ်သည်ဟုသာ ယုံကြည်နေမိပေသည်။ သူမစိတ်ထဲ မည်သည့်အန္တရာယ်ကိုမှ မခံစားမိ။ ဤလူနှင့်သာ အတူရှိနေပါက မည်သည့်နေရာသို့ ရောက်နေစေကာမူ သူမအတွက် အဆင်ပြေသလိုပင်။

ရန်ကိုင်ကမူ ပြုံးသာပြုံးနေလိုက်ပြီး အတွေးတစ်ချက်နှင့် ကျုချင်းကို လောကဓာတ်လုံးထဲမှ ခေါ်ထုတ်သွားလေသည်။

လိုဏ်ဂူထဲသို့ ပြန်ရောက်လာသည့်အခါ ရန်ကိုင်သည် ကျုချင်းအား ရယ်ချင်ပတ်ကျိအမူအယာဖြင့် ကြည့်လျက် “ငါ နင့်ကို ကုန်းပိုးသွားပေးရမလား… ဒီနေရာ ဘယ်လိုနေရာမျိုးလဲ ဘယ်သူမှသိတာမဟုတ်ဘူးနော်… ဒီမှာ အခြားလူတွေ ရှိလားမရှိဘူးလားဆိုတာလည်း လိုက်စုံစမ်းကြည့်ရဦးမယ်… ပြီးတော့မှ သူတို့ဆီကနေ ဒီနေရာအကြောင်းကို သွားမေးရမယ်…”

ကျုချင်း ရှက်သွေးဖြာသွားလေ၏။ “ငါ အဲ့လောက်အားမနည်းဘူး…”

ပြောပြီးသည့်နောက် သူမဘာသာသူမ တစ်ယောက်တည်း လျှောက်ထွက်သွားလေ၏။ ဖြည်းဖြည်းမှန်မှန်နှုန်းဖြင့်သာ လျှောက်နေပါသော်ငြား ခြေတစ်လှမ်းလှမ်းလိုက်တိုင်း ကျုချင်းမှာ မျက်မှောင်ကျုံ့ကျုံ့နေလေ၏။

ထိုမြင်ကွင်းကိုကြည့်ရင်း ရန်ကိုင် တပြုံးပြုံးဖြစ်သွားလေသည်။ သို့သော်ငြား ရုတ်တရက် မျက်မှောင်ကျုံ့သွားခဲ့ပြီး ရေရွတ်လိုက်လေ၏။ “မင်းက တကယ်ကို စိတ်ညစ်စရာကောင်းပါလားကွ…”

ကျုချင်း၏ခန္ဓာကိုယ်လေး တုန်တက်သွားခဲ့ပြီး ချက်ချင်းပဲ ပြန်ပြောလိုက်လေသည်။ “ခဏလေးပဲရှိသေးတာတောင် နင်က ငါ့ကို စိတ်ပျက်နေပြီပေါ့ ဟုတ်လား…”

ရန်ကိုင်က အလျင်စလို ပြန်ရှင်းပြလိုက်လေသည်။ “မဟုတ်ဘူး မဟုတ်ဘူး… ငါ နင့်ကိုပြောနေတာမဟုတ်ဘူး… ဒီကောင့်ကို ပြောနေတာ…”

ပြောပြီးသည့်နောက် ခွေးဟောင်သံတစ်သံ ထွက်ပေါ်လာခဲ့သည်။ ခွေးပေါက်လေးမှာ လောကဓာတ်လုံးထဲမှ အပြင်သို့ရောက်လာပြီး မြေပြင်ပေါ်သို့ ရောက်သည်နှင့်တစ်ပြိုင်နက် ရန်ကိုင်ကိုကြည့်ကာ တဝုတ်ဝုတ်နှင့် ထဟောင်တော့လေသည်။ ရန်ကိုင်ကို သူ့အား ဘာကြောင့် အတူ ခေါ်မသွားရသလဲဟု ပြစ်တင်ပြောဆိုနေသည့်အလား။

“ကဲ… တော်ပြီ တော်ပြီ… ဟောင်မနေနဲ့တော့… မင်းဆက်ပြီးဟောင်နေလို့ရှိရင် ငါမင်းကို အထဲပြန်ထည့်ထားလိုက်မှာနော်…” ရန်ကိုင်က စိတ်မရှည်ဟန်ဖြင့် ခြိမ်းခြောက်လိုက်လေသည်။

ထိုအခါမှသာလျှင် ခွေးပေါက်လေး၏အော်သံ တိတ်ကျသွားခဲ့ပြီး ချက်ချင်းပဲ လိုဏ်ဂူအပြင်ဘက်သို့ ပြေးထွက်သွားလေ၏။

ကျုချင်းသည်လည်း စိတ်သက်သာရာ ရသွားဟန်ဖြင့် သက်ပြင်းတစ်ချက် ချလိုက်လေသည်။ ရန်ကိုင်သည် ကျုချင်းဘေးနားသို့ အမြန်လာပြီး သူမအား ထူမပေးလိုက်သည်။ ကျုချင်းမှာ အစပိုင်းတွင် အနည်းငယ်ရုန်းကန်နေပါသော်ငြား နောက်ဆုံးတွင်တော့ ဆက်၍ရုန်းကန်နေခြင်း မရှိတော့ချေ။

လိုဏ်ဂူအပြင်ဘက်သို့ ထွက်လာသည်နှင့်တစ်ပြိုင်နက် အဖြူရောင်သန်းနေသော လောကကြီးတစ်ခုက သူတို့အား ဆီးကြိုနေခဲ့လေ၏။ ပတ်ဝန်းကျင်တစ်ခုလုံးမှာ ရေခဲနယ်မြေနှင့် ဘာမှမခြားချေ။ သို့သော်ငြား ဤနေရာသည် ရေခဲနယ်မြေမဟုတ်မှန်းတော့ ကျုချင်းနှင့် ရန်ကိုင်တို့ နှစ်ဦးစလုံး သိနေကြသည်။

အကြောင်းမှာ ရေခဲနယ်မြေထဲတွင် တွေ့ရလေ့ရှိသည့် အအေးဓာတ်ကို ဤနေရာ၌ မည်သည့်နေရာတွင်မှ မတွေ့ရသည့်အတွက်ကြောင့်ပင်။

“ဝုတ် ဝုတ်…” မကောင်းသည့်ကိစ္စတစ်ခုခု ဖြစ်သွားသည့်အလား ခွေးပေါက်လေး၏ ထိတ်လန့်တကြား ဟောင်သည့်အသံ ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။

ရန်ကိုင်လည်း ခွေးပေါက်လေးရှိနေရာဘက်ဆီသို့ ကောင်းကင်စိတ်အာရုံဖြင့် စစ်ဆေးကြည့်လိုက်ရာ ချက်ချင်းပဲ အံ့အားသင့်သွားခဲ့ရလေသည်။ ကျုချင်းသည်လည်း ထိုအရာကို အာရုံခံမိလိုက်လေသည်။ ကျုချင်းမှာ အခြားသူများရှေ့တွင် ရန်ကိုင်နှင့် တရင်းတနှီးနေရသည့်အပေါ် အသားမကျသည့်အတွက်ကြောင့် ရန်ကိုင်နှင့် ချက်ချင်းပဲ လူချင်းခွာနေလိုက်၏။

အနက်ရောင်အလင်းတစ်ချက် လက်သွားခဲ့ပြီး ခွေးပေါက်လေး ပြန်ရောက်လာခဲ့လေသည်။

ခွေးပေါက်လေး၏နောက်တွင်တော့ အမျိုးသားတစ်ဦးနှင့် အမျိုးသမီး လိုက်ပါလာခဲ့လေသည်။

ရန်ကိုင်နှင့် ကျုချင်းကို မြင်လိုက်သည့်အခါ ထိုလူနှစ်ဦးမှာလည်း ထိတ်လန့်သွားခဲ့ကြလေသည်။ အကြောင်းမှာ သူတို့ကိုယ်တိုင် ဤပတ်ဝန်းကျင်ကို သေချာစစ်ထားသည့်တိုင် ဤနေရာအနီးတစ်ဝိုက်တွင် အသက်ရှင်နေသည့် မည်သည့်လူ၏ အရှိန်အဝါကို မခံစားမိခဲ့သည့် အတွက်ကြောင့်ပင်။ ထို့အတွက်ကြောင့် ထိုလူနှစ်ဦး ဤနေရာ၌ မည်ကဲ့သို့ ပေါ်လာလို့ ပေါ်လာမှန်းကို သူတို့နှစ်ဦး လုံးဝ နားမလည်နိုင်ကြ။

ထိုလူများသည်သာ ရန်သူဖြစ်နေမည်ဆိုပါက အမျိုးသားနှင့် အမျိုးသမီးတို့ တိတ်တဆိတ် ဇောချွေးပြန်သွားကြလေသည်။

အနက်ရောင်ခွေးပေါက်လေးသည် ရန်ကိုင်နောက်တွင် အမြန်ပြေးပုန်းနေလိုက်သည်။

ရန်ကိုင်သည် ထိုလူနှစ်ဦးဆီသို့ လျှောက်သွားပြီး လက်သီးဆုပ်၍ “မင်္ဂလာပါရောင်းရင်းတို့…”

ထိုလူနှစ်ဦး၏ကျင့်ကြံခြင်းမှာ မြင့်မားခြင်းမရှိလှ။ တာအိုသခင်အဆင့်သာ ရှိပေသေးသည်။ ထို့အတွက်ကြောင့် ရန်ကိုင်ကမူ အရမ်းကြီး စိတ်ထဲထားမနေခဲ့။ ဤကဲ့သို့သောနေရာမျိုးတွင် အသက်ရှင်နေသည့်လူသားများကို တွေ့ရဖို့ရာမှာ ခက်ခဲလှသည့်အတွက်ကြောင့် ရန်ကိုင်သည် ထိုလူများဆီမှ သတင်းနှိုက်ရန် အမြန်ကြိုးစားတော့လေသည်။

ထိုလူနှစ်ဦးသည် အကြည့်ချင်းဖလှယ်နေပြီးသည့်နောက်တွင် အမျိုးသားက လက်သီးဆုပ်၍ မျက်မှောင်ကျုံ့ကာ ပြန်ပြောလိုက်သည်။ “ဒီသားရဲပေါက်လေးကို ခင်ဗျားတို့နှစ်ယောက်ပိုင်တာလား…”

တာအိုသခင်အဆင့်ကျင့်ကြံသူတစ်ဦးပင် ဖြစ်လင့်ကစား ဧကရာဇ်အဆင့်ပညာရှင်တစ်ဦးကို ရင်ဆိုင်နေရသည့်တိုင် ထိုလူ၏အမူအယာမှာ အနည်းငယ်မျှပင် ပြောင်းလဲသွားခဲ့ခြင်း မရှိချေ။ ထို့အစား ထိုလူ၏မျက်နှာထက်တွင် မေးခွန်းထုတ်လိုသည့်အမူအယာမျိုးပင် ရှိနေခဲ့သည်။ ဤကဲ့သို့သောပုံစံမျိုးကို ကြယ်တာရာအစုအဝေးထဲတွင် မြင်တွေ့ရလေ့မရှိချေ။ အားနည်းသည့်ကျင့်ကြံသူများသည် အားကောင်းသည့်ကျင့်ကြံသူများနှင့် တွေ့ဆုံရာတွင် အမြဲတစေ တလေးတစားဖြင့် ပြုမူလေ့ရှိကြသည်။ အားနည်းသည့်လူသည်သာ အားကောင်းသည့်နောက်ခံတစ်မျိုးမျိုးကို ပိုင်ဆိုင်ထားမည်ဆိုလျှင်တော့ ခြွင်းချက်ဟု ပြော၍ရပေသည်။

သို့သော်ငြား ထိုလူနှစ်ဦးဝတ်စားထားသည့်ပုံကို ကြည့်ရသလောက် သူတို့နှစ်ဦးလုံးမှာ အရေးပါသည့်လူများ ဖြစ်ကြဟန်မပေါ်။ ထိုလူနှစ်ဦး၏ပုံစံသည် သာမန်ကျင့်ကြံသူများပုံစံသာ ပေါက်ပေသည်။

လူသစ်ဖြစ်သည့်အတွက်ကြောင့် ရန်ကိုင်လည်း ဒေသခံများလုပ်သည့်အတိုင်း လိုက်လုပ်ရန်သာ ဆုံးဖြတ်လိုက်ပြီးသည့်နောက် ပြုံး၍ ခေါင်းညိတ်ပြလိုက်သည်။ “ဟုတ်တယ်… အားဝမ်က ဉာဏ်ရည်သိပ်မမြင့်သေးတော့ နည်းနည်းပါးပါး အဆော့သန်တာ… ခင်ဗျားတို့နှစ်ယောက်ကို မတော်တဆ ရန်စမိသလို ဖြစ်သွားခဲ့ရင် ခွင့်လွှတ်ပေးဖို့ပဲ တောင်းပန်ပါတယ်…”

ထိုလူက ခေါင်းခါပြလိုက်သည်။ ထို့နောက် သူ့ကောင်းကင်စိတ်အာရုံဖြင့် ရန်ကိုင်ကိုကျော်၍ ခွေးပေါက်လေးအား စစ်ဆေးကြည့်နေပြီးသည့်နောက် ပြောလိုက်လေ၏။ “အင်း… ကျုပ် အထင်မှားသွားတာပဲ ဖြစ်ပါလိမ့်မယ်… ဒီကောင် ကျုပ်နဲ့ ကျုပ်မိန်းမကို လာရန်စမိတာမဟုတ်ဘူး… ဒီတိုင်းပဲ နားလည်မှုလွဲသွားရုံပဲ… ခင်ဗျားတို့က ဘယ်သူတွေလဲ သိလို့ရမလား…”

“ရန်ကိုင်…” နယ်မြေခြားတစ်ခုတွင် ဖြစ်သည့်အတွက်ကြောင့် ရန်ကိုင်အနေဖြင့် သူ့နာမည်ကို ဖုံးကွယ်နေစရာမလိုပေ။

ထိုအခိုက်အတန့်တွင် အမျိုးသားဘေးနား၌ ရပ်နေသော အမျိုးသမီးသည် အမျိုးသားအား ကောင်းကင်စိတ်အာရုံဖြင့် တိုးတိုးတိတ်တိတ် ဆက်သွယ်လိုက်သည်။ ထိုလူသည် ယာယီမျှ မင်သက်နေပြီးသည့်နောက် ရန်ကိုင်အား အံ့ဩတကြီးဖြင့် ကြည့်၍ “ခင်ဗျားတို့နှစ်ယောက်က အပြင်ကနေ လာတာလား…”

သူ့မိန်းမကြောင့်သာမဟုတ်ပါက အမျိုးသားမှာ ထိုအချက်ကို သတိထားမိလိမ့်မည်မဟုတ်ပေ။ အကြောင်းမှာ သူ့ရှေ့တွင် ရှိနေသည့် လူနှစ်ဦး၏ ဝတ်စားပုံသည် သူတို့ဝတ်စားသည့်ပုံစံနှင့် အနည်းငယ်ကွဲပြားနေသည့်အတွက်ကြောင့်ပင်။

ရန်ကိုင်က ခါးသက်သက်အမူအယာဖြင့် ပြုံးလျက် “ဟုတ်တယ်… ကျုပ်တို့က အပြင်ကလာတာ…”

ထိုလူက ခေါင်းညိတ်၍ “အင်း… လူသစ်တွေရောက်မလာတာ တော်တော်ကြာနေပြီ… ကြည့်ရတာ ခင်ဗျားတို့ တော်တော်လေး ကံဆိုးခဲ့တဲ့ပုံပဲ…”

“ကျုပ်လည်း သိချင်နေတာ… ဒီနေရာက ဘယ်လိုနေရာကြီးလဲ…” ရန်ကိုင်က အလေးအနက်အမူအယာဖြင့် မေးလိုက်သည်။

ထိုလူက ရှင်းပြလိုက်၏။ “ဒီနေရာကို ဒွိလောကကမ္ဘာလို့ ခေါ်တယ်…”

“ဒွိလောကကမ္ဘာ…” ရန်ကိုင် မျက်မှောင်ကျုံ့သွားခဲ့လေသည်။

မေးခွန်းအချို့ ထပ်မေးတော့မည်အပြု ထိုလူက အလျင်စလိုပြောလိုက်သည်။ “မင်း အသက်ရှင်ချင်ရင် ငါ့နောက် မြန်မြန်လိုက်လာခဲ့… အချိန်သိပ်မကျန်တော့ဘူး…”

“အချိန်သိပ်မကျန်တော့ဘူး…” ရန်ကိုင် ကြောင်သွားခဲ့လေသည်။

ထိုလူမှာတော့ အခြား မည်သည့်စကားကိုမှ ထပ်ပြောမနေခဲ့ဘဲ သူ့အမျိုးသမီးနှင့်အတူ တစ်ခုသောဘက်ဆီသို့ ချက်ချင်း လှည့်ထွက်သွားခဲ့လေသည်။ သူ့ပုံစံကိုကြည့်ရသလောက် အလွန်ကိုမှ စိတ်ပူနေသည့်ပုံပင်။

ဤသည်မှာ ရန်ကိုင်အဖို့ အလွန်ကိုမှ စိတ်ဆတ်လှသည့် တာအိုသခင်အဆင့်ကျင့်ကြံသူတစ်ဦးကို ပထမဦးဆုံးအကြိမ် မြင်ဖူးခြင်း ဖြစ်လေသည်။ ထိုလူသည် ဧကရာဇ်အဆင့် ပညာရှင်တစ်ဦးရှေ့မှောက်တွင် ယုံကြည်ချက်အပြည့်ဖြင့် စကားပြောနိုင်ရုံမက သူ့အပေါ် အနည်းငယ်မျှပင် လေးစားမှုမရှိသည့် အမူအယာမျိုးလည်း ရှိနေခဲ့သည်။ သို့သော်ငြား ထိုလူနှင့် စကားပြောရင်းမှ အနည်းဆုံးတော့ သဲလွန်စအချို့ကို ရန်ကိုင် ရသွားခဲ့လေသည်။ ထို့အတွက်ကြောင့် ထိုလူအား ဤအတိုင်း လွှတ်ပေးလိုက်၍မဖြစ်ပေ။ ကျုချင်းနှင့် အကြည့်ချင်း ဖလှယ်ပြီးသည့်နောက်တွင် ရန်ကိုင်တို့နှစ်ဦး ထိုလူနှစ်ဦးနောက်သို့ အမြန်ပြေးလိုက်သွားလေသည်။

ရန်ကိုင်တို့နှစ်ဦးလုံးမှာ အားကောင်းလှသည့်အတွက်ကြောင့် တာအိုသခင်အဆင့် ကျင့်ကြံသူများ သူတို့အား အကွက်ချကြံစည်မည်ကို လုံးဝ ကြောက်ရွံ့နေခြင်း မရှိချေ။

ရန်ကိုင်တို့နှစ်ဦး ထိုအမျိုးသားနှင့် အမျိုးသမီးစုံတွဲနောက်သို့ ပြေးလိုက်သွားသည်နှင့်တစ်ပြိုင်နက် ခွေးပေါက်လေးသည်လည်း ရန်ကိုင်၏အင်္ကျီစများကို အတင်းအကြပ်ကိုက်ခဲထားပြီး လွတ်မကျသွားအောင် အတတ်နိုင်ဆုံး ကြိုးစားနေခဲ့လေသည်။ လေပြင်းများ တဝူးဝူး တိုက်ခတ်နေသည်ကို ခံနေရသည့် ခွေးပေါက်လေး၏ပုံစံမှာ အတော်လေးကိုမှ သနားစဖွယ် ကောင်းနေလေသည်။ ထို့အတွက်ကြောင့် ကျုချင်းမှာလည်း မကြည့်ရက်နိုင်တော့ဘဲ ခွေးပေါက်လေးကို လှမ်းခေါ်ထားလိုက်လေ၏။

လျှပ်စီးတမျှအမြန်နှုန်းဖြင့် ပြေးလွှားလိုက်ရာ ရန်ကိုင်တို့လေးဦးသည် မကြာခင်တွင် တစ်ခုသောတောင်တစ်လုံးဆီသို့ ရောက်လာခဲ့လေသည်။ အပေါ်ယံရှပ်ကြည့်လိုက်မည်ဆိုပါက ဤတောင်သည် ဘာမှထူးခြားသည့်ပုံမပေါ်။ သို့သော်ငြား အနီးကပ် စစ်ဆေးကြည့်မည်ဆိုလျှင် တောင်နံရံပေါ်၌ ပညာရပ်အချို့ ထုတ်သုံးထားသည့် အရိပ်အယောင်များကို မြင်တွေ့နိုင်ပေသည်။

ရန်ကိုင်တို့ရှေ့မှ ပြေးလာသည့်လူသည် ကြေးမုံတစ်ခုကို ထုတ်ယူလိုက်ပြီး ကြေးမုံအား တောင်နံရံတည့်တည့်ဆီသို့ ချိန်ရွယ်လိုက်သည်။

ထိုသို့ချိန်ရွယ်လိုက်သည်နှင့်တစ်ပြိုင်နက် ကြေးမုံဆီမှ အလင်းတန်တစ်ခု ထွက်ပေါ်လာပြီး တောင်နံရံအား သွားထိမှန်လေရာ တောင်နံရံ ပွင့်ထွက်သွားခဲ့ပြီး လူနှစ်ဦး ပြိုင်တူဝင်နိုင်ရုံလောက်စာ အကျယ်ရှိသည့် လိုဏ်ဂူဝင်ပေါက်တစ်ခု ပေါ်လာခဲ့လေ၏။

လိုဏ်ဂူထဲသို့ ဝင်လာပြီးသည့်အခါမှသာလျှင် အမျိုးသမီးနှင့် အမျိုးသားတို့ စိတ်သက်သာရာ ရသွားဟန်ဖြင့် သက်ပြင်းအသီးသီး ချလိုက်ကြလေသည်။

ရန်ကိုင်က စပ်စုလိုသည့်အမူအယာဖြင့် မေးလိုက်လေသည်။ “ဘာဖြစ်လို့ ဒီလောက်တောင် အလျင်လိုနေတာလား…”

ထိုလူက သွားရင်းမှ ရှင်းပြလိုက်သည်။ “ဘာဖြစ်လို့လဲဆိုတော့ မကြာခင် လောကနိယာမတွေ ပြောင်းလဲတော့မှာမို့လို့ပဲ… အဲ့အချိန်ကြရင် နတ်ဆိုးတွေ ထွက်လာလိမ့်မယ်… အဲ့လိုအချိန်မျိုးမှာ အပြင်မှာနေဖို့က အရမ်းအန္တရာယ်များလွန်းတယ်… အဲ့လိုပတ်ဝန်းကျင်မျိုးမှာ ဘယ်သူမှ အသက်မရှင်နိုင်ဘူး…”

“လောကနိယာမတွေ ပြောင်းလဲမယ်…” ရန်ကိုင် ထိတ်လန့်သွားခဲ့လေသည်။

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၂၉၅၂)

ဘာသာပြန်သူ_တိမ်တိုက်

လောကနိယာမများသည် ကမ္ဘာတစ်ခုအား ပြီးပြည့်စုံစေသည့် အရာများ ဖြစ်ကြသည်။ ရှင်းရှင်းပြောရသော် လောကနိယာမများသည် ကမ္ဘာတစ်ခု၏ အခြေခံအုတ်မြစ်လည်း ဖြစ်ပေသည်။ ထိုလောကနိယာများကြောင့်သာ ကမ္ဘာတစ်ခုဟု ခေါ်တွင်ထိုက်ခြင်းလည်း ဖြစ်၏။ ထို့အတွက်ကြောင့် အချိန်တိုအတွင်း ထိုလောကနိယာမများကို ပြောင်းပစ်လိုက်ဖို့ရာ မဖြစ်နိုင်လှပေ။ ကမ္ဘာကပ်ဘေး ဆိုက်ရောက်လာသည့်အခါမျိုးတွင်တော့ လောကနိယာမများသည် သူ့အလိုလို ပြောင်းလဲတတ်ပေသည်။ ယခု ဤလူပြောသွားသည့်ပုံကို ကြည့်ရသလောက် လောကနိယာမများ ပြောင်းလဲမည်မှာ လုံးဝကို သေချာနေမည့်ပုံပင်။

“မြန်မြန်လုပ်လေ… မင်းတို့ ဘာတွေ အချိန်ဆွဲနေကြတာလဲ…”

ရုတ်တရက် လိုဏ်ဂူအတွင်းပိုင်းဆီမှ အော်ဟစ်သံတစ်သံ ထွက်ပေါ်လာခဲ့သည်။ ဤလိုဏ်ဂူထဲတွင် အခြားသောလူများ ရှိနေဦးလိမ့်မည်ဟု မထင်ထားခဲ့သဖြင့် ရန်ကိုင်မျက်ခုံးပင့်သွားခဲ့လေသည်။

လိုဏ်ဂူအတွင်းပိုင်းမှလူ၏ အော်သံကို ကြာပြီးသည့်နောက် အမျိုးသားနှင့် အမျိုးသမီး နှစ်ဦးစုံတွဲသည် လိုဏ်ဂူအတွင်းပိုင်းဆီသို့ ပြေးသွားကြလေသည်။

ရန်ကိုင်သည် ကျုချင်းအား တစ်ချက်လှမ်းကြည့်၍ ထိုလူများနောက်သို့ လိုက်သွားလေ၏။

လိုဏ်ဂူအတွင်းပိုင်းနေရာတွင် မီးရောင်မှိန်မှိန်လေး လင်းနေခဲ့သည်။ အတွင်းပိုင်းနေရာမှာတော့ ကျယ်ဝန်းလှခြင်းမရှိ။ ထိုနေရာ၌ သက်လတ်ပိုင်းလူကြီးတစ်ဦးသည် တစ်ခုခုအား စောင့်ဆိုင်းနေသည့်အလား မှုန်ကုပ်ကုပ်အမူအယာဖြင့် ရှိနေခဲ့လေသည်။

“မင်္ဂလာပါ လောင်ကွမ်းရှီ…” ရန်ကိုင်တို့အား ဤလိုဏ်ဂူဆီသို့ ခေါ်လာပေးသည့်အမျိုးသားက တလေးတစားအမူအယာဖြင့် လက်သီးဆုပ်၍ ထိုလူအား နှုတ်ဆက်လိုက်သည်။

လောင်ကွမ်းရှီမှာတော့ သူ့အား နှုတ်ဆက်နေသည့် အမျိုးသားကို ကြည့်ပင်မကြည့်ဘဲ ရန်ကိုင်နှင့် ကျုချင်းကိုသာ ကြည့်၍ မေးလိုက်လေ၏။ “ဘာဖြစ်လို့ လူနှစ်ယောက် ပိုနေရတာလဲ… သူတို့ ဘယ်ကရောက်လာတာလဲ… ငါ သူတို့ကို တစ်ခါမှမမြင်ဖူးပါလား…”

ထိုလူက ပြန်ပြောလိုက်သည်။ “သူတို့ကိုကြည့်ရတာတော့ အပြင်ဘက်ကနေ ရောက်လာတဲ့ပုံပါပဲ… ကျုပ်တို့နဲ့ လမ်းမှာ အမှတ်မထင်လာတိုးလို့ သူတို့ကိုပါ တစ်ခါတည်း ခေါ်လာလိုက်တာပါ…”

“အပြင်ဘက်က…” လောင်ကွမ်းရှီ အံ့အားသင့်သွားခဲ့သည်။ ထို့နောက် မရင်းနှီးသည့်လူနှစ်ဦးအား သေသေချာချာ စစ်ဆေးကြည့်နေလေသည်။ ရန်ကိုင်ကိုကြည့်နေစဉ် လောင်ကွမ်းရှီ၏အမူအယာမှာ ပုံမှန်သာဖြစ်ပါသော်ငြား ကျုချင်းဆီသို့ အကြည့်ရောက်သွားလျှင်တော့ သူ့မျက်လုံးများသည် အကြောင်းအရင်းတစ်ခုခုကြောင့် လေးနက်တောက်ပလာခဲ့လေသည်။

ကျုချင်းမှာ တကယ်ကို မိန်းမချောလေးတစ်ဦးဖြစ်သည်။ အင်မော်တယ်သစ်ပင်၏အဆီအနှစ်ကို စုပ်ယူထားပြီး ဖြစ်သည့်အတွက်ကြောင့် သူမ၏အသားအရေမှာ ဝင်းလဲ့စိုပြည်တောက်ပနေလေရာ ကျုချင်းမှာ အလွန်ကိုမှ စွဲမက်ဖွယ်ကောင်းနေခဲ့လေသည်။

ကျုချင်းသည် ပုံမှန် အေးစက်စက်မျက်နှာထားဖြင့်သာ ရှိနေပါသော်ငြား ယခုကဲ့သို့ စိုက်ကြည့်ခံရသည့်အပေါ် နှစ်မျို့ခြင်းမရှိပေ။ သို့တိုင် ဒေါသထွက်သွားခြင်းလည်းမရှိ။

ရန်ကိုင်သည် ထိုအခိုက်အတန့်တွင် ကျုချင်းရှေ့၌ ပိတ်ကာ ရပ်လိုက်လေသည်။

လောင်ကွမ်းရှီက အေးစက်စက်အမူအယာဖြင့် နှာခေါင်းရှုံ့လျက် “အပြင်လူတွေ စည်းမျဉ်းစည်းကမ်းကိုမသိတာ လက်ခံလို့ရသေးတယ်…” ထိုသို့ပြောပြီးသည့်နောက်တွင် အမျိုးသားဘက်သို့လှည့်၍ “ဒါပေမယ့် မင်းတို့နှစ်ယောက်ကတော့ မသိဘဲနေတာတော့ မဖြစ်သင့်ဘူးနော်… ဟုတ်တယ်မလား…”

ထိုလူက အမြန်ပြန်ပြောလိုက်သည်။ “လောင်ကွမ်းရှီ တစ်ချက်လောက် ကူညီပေးပါဦး…”

ထိုအခါမှသာလျှင် လောင်ကွမ်းရှီ၏အမူအယာ ဝင်းပသွားခဲ့ပြီး အမျိုးသားနှင့် အမျိုးသမီးအား သူ့ဆီသို့လာရန် အချက်ပြလိုက်လေသည်။

အမျိုးသားနှင့် အမျိုးသမီး သူ့နားသို့ ရောက်လာသည်နှင့်တစ်ပြိုင်နက် လောင်ကွမ်းရှီသည် မန္တန်တစ်ခုကို စတင် ရွတ်ဆိုတော့လေသည်။ ထို့နောက်တွင် သူ့ကိုယ်ထဲရှိစွမ်းအင်များကို လှည့်ပတ်၍ သူ့လက်ချောင်းဖြင့် အမျိုးသား၏ ခန္ဓာကိုယ်ပေါ်ရှိ နေရာအချို့ကို ထိလိုက်သည်။

ထိုမြင်ကွင်းကိုကြည့်ရင်း ရန်ကိုင်မှာ ကြောင်နေခဲ့လေသည်။ အကြောင်းမှာ လောင်ကွမ်းရှီသုံးသွားသည့်ပညာရပ်သည် မှော်ပညာရပ်တစ်မျိုးမျိုးနှင့် ဆင်တူနေသည်ကို တွေ့ရှိလိုက်ရသည့်အတွက်ကြောင့်ပင်။ စိတ်ဝင်စားသွားလေရာ ရန်ကိုင်လည်း သေသေချာချာကို လေ့လာကြည့်နေတော့လေ၏။

တစ်ခဏအကြာတွင် ပြီးပြည့်စုံသည့် ချိတ်စည်းတစ်ခု လေထဲတွင်ပေါ်လာခဲ့လေသည်။ လောင်ကွမ်းရှီသည် ထိုချိတ်စည်းအား လက်ဝါးဖြင့် ရိုက်ထုတ်လိုက်ရာ ချိတ်စည်းမှာ အမျိုးသား၏ခန္ဓာကိုယ်ထဲသို့ ဝင်သွားခဲ့လေ၏။ ထိုချိတ်စည်းသည် တိုက်ကွက်တစ်မျိုးမျိုးတော့မဟုတ်ချေ။ ထို့အစား အခြားသော အထောက်အကူပစ္စည်းတစ်မျိုးမျိုး ဖြစ်သည့်ပုံပင်။ ချိတ်စည်း၏ထိမှန်ခြင်း ခံလိုက်ရပြီးသည့်နောက် အမျိုးသား၏ခန္ဓာကိုယ် အနည်းငယ် ယိမ်းထိုးသွားသည်မှအပ ဘာမျှမဖြစ်ခဲ့ပေ။

အမျိုးသမီးအလှည့်သို့ ရောက်လာသည့်အခါတွင်တော့ လောင်ကွမ်းရှီ၏ အေးစက်စက်မျက်နှာထက် ရှားရှားပါးပါးအပြုံးတစ်ပွင့် ရှိနေခဲ့လေသည်။ အမျိုးသမီးမှာတော့ မီးခဲဖင်ခုထိုင်နေရသည့်အလား ဂနာမငြိမ် ဖြစ်နေခဲ့လေသည်။ အကူအညီတောင်းနေသည့်အလား သူမအမျိုးသားဆီသို့လည်း လှမ်း၍ကြည့်လိုက်သည်။ သို့သော်ငြား အမျိုးသားမှာမူ ခေါင်းတခါခါလုပ်ပြနေရင်းဖြင့်သာ ခေါင်းကို ငုံ့ထားခဲ့လေသည်။

လောင်ကွမ်းရှီသည် အမျိုးသားကို လုပ်ခဲ့သည့်ပုံစံအတိုင်း အမျိုးသမီးအား ထပ်လုပ်လိုက်လေသည်။ သို့သော်ငြား ယခုတစ်ကြိမ်တွင်တော့ သူ့လက်များမှာ ယခင်ကလောက် အစီအစဉ်ကျနခြင်း မရှိတော့။ အမျိုးသမီး၏ခန္ဓာကိုယ်အား သူ့လက်ဖြင့် ထိနေစဉ်အတောအတွင်း အမျိုးသမီး၏ အထိမခံသည့်နေရာများကို သွားသွားထိလေသည်။ ရှင်းရှင်းပြောရသော် လောင်ကွမ်းရှီ၏လက်ချောင်းများသည် အမျိုးသမီး၏ရင်မို့မို့အား သွားသွားထိလေ၏။ ထိုသို့ထိလိုက်တိုင်း ထိလိုက်တိုင်း အမျိုးသမီး၏ခန္ဓာကိုယ်မှာ တုန်တုန်တက်သွားရသည်။

အမျိုးသမီး၏ယောက်ျားမှာတော့ ထိုအဖြစ်အပျက်အားလုံးကို သတိမမူမိသည့်အလား အခြားတစ်ဖက်သို့သာ အကြည့်လွှဲနေခဲ့သည်။

ယခုဆိုလျှင် လောင်ကွမ်းရှီမှာ အတော်လေးကိုမှ ပျော်နေဟန်ရကာ သူ့လုပ်ရပ်မှာလည်း ပိုပို၍ စည်းလွတ်ဝါးလွတ် ဖြစ်လာခဲ့လေသည်။ ထို့အတွက်ကြောင့် အမျိုးသမီးမှာတော့ လုံးဝကို မျက်နှာမသာမယာ ဖြစ်နေခဲ့ရသည်။ သို့တိုင် လောင်ကွမ်းရှီလုပ်နေသည်ကို ငြင်းဆန်ရဲခြင်း မရှိခဲ့ပေ။

တစ်ခဏအကြာတွင် နောက်ထပ်ချိတ်စည်းတစ်ခု ပေါ်လာခဲ့ပြီး လောင်ကွမ်းရှီသည် ထိုချိတ်စည်းကို အမျိုးသမီး၏ကိုယ်ထဲသို့ ရိုက်ထည့်လိုက်လေသည်။ ထိုချိတ်စည်း သူမကိုယ်ထဲသို့ ရောက်လာသည့်အခါမှသာလျှင် တောင့်တောင့်ကြီးဖြစ်နေသော အမျိုးသမီး၏ခန္ဓာကိုယ် အနည်းငယ် ပြေလျော့သွားခဲ့ပြီး သူမအမျိုးသားအား အပြစ်တင်လိုသည့်အမူအယာဖြင့် လှမ်းကြည့်လိုက်လေသည်။

ထို့နောက်တွင် လောင်ကွမ်းရှီသည် ရန်ကိုင်ဘက်သို့လှည့်၍ ပြောလိုက်လေ၏။ “မင်းတို့က အပြင်ကနေလာတယ်ဆိုတော့ ဒီကစည်းမျဉ်းတွေကို ငါ အရင်ဆုံး ရှင်းပြပေးမယ်…”

ရန်ကိုင်က လောင်ကွမ်းရှီအား ပြုံးကာ ကြည့်၍ ပြောလိုက်လေ၏။ “ကျေးဇူးပြုပြီး တစ်ချက်လောက် ရှင်းပြပေးပါဦး…”

လောင်ကွမ်းရှီက ရှင်းပြလိုက်သည်။ “ခဏနေကြရင် လောကနိယာမတွေ ပြောင်းလဲလာတော့မယ်… အဲ့အချိန်ကြရင် လူသားအင်ပါယာမြို့တော်ကလွဲပြီးတော့ ကျန်တဲ့နေရာတွေအကုန်လုံး ဘယ်လိုမှ မလုံခြုံတော့ဘူး… ဒီတော့ မင်းအနေနဲ့ အသက်ရှင်ချင်တယ်ဆိုရင် လူသားအင်ပါယာမြို့ဆီ သွားမှပဲရလိမ့်မယ်… သိပြီလား…”

“သိပါပြီ… ဒါဆို ကျုပ်တို့ လူသားအင်ပါယာမြို့ဆီ သွားရမှာပေါ့…” ရန်ကိုင် သဘောပေါက်သွားလေ၏။

လောင်ကွမ်းရှီက ဆက်ပြောလိုက်သည်။ “ဟုတ်တယ်… ဒါပေမယ့် မင်းအနေနဲ့ လူသားအင်ပါယာမြို့ဆီ သွားချင်တယ်ဆိုရင် ဒီကွမ်းရှီဆီကနေ လူသားဧကရာဇ်စည်းကို အရင်ရဖို့ လိုလိမ့်မယ်… လူသားဧကရာဇ်စည်း ရှိတဲ့လူတွေပဲ ဒီအစီအရင်ကနေတစ်ဆင့် လူသားအင်ပါယာမြို့ဆီ သွားလို့ရမှာ… ဒီတော့ ဒီနေရာမှာ စည်းမျဉ်းတစ်ခုပဲရှိတယ်… ကောင်းကင်နဲ့မြေပြင်က ကြီးကျယ်ဆိုပေမယ့် ဒီကွမ်းရှီက အကြီးကျယ် အမြင့်မြတ်ဆုံးပဲ…”

ထိုသို့ပြောပြီးသည့်နောက် လောင်ကွမ်းရှီသည် အင်္ကျီလက်စကို ဝှေ့ယမ်းချလျက် လက်နောက်ပစ်ရင်းမှ အော်ပြောလိုက်သည်။ “ဒီကွမ်းရှီမေးမယ်… မင်းတို့ အသက်ရှင်ချင်လား သေချင်လား…”

ရန်ကိုင်က ပြုံး၍ “အသက်ရှင်ခွင့်ရရင်တော့ အသက်ရှင်ချင်တာပေါ့… ဘယ်သူက သေချင်ပါ့မလား…”

လောင်ကွမ်းရှီက ခေါင်းညိတ်လိုက်သည်။ “ကြည့်ရတာ မင်းက သင်ပြပေးလို့ရတယ့် ခေါင်းကောင်းတဲ့လူပဲ… လာခဲ့… ငါ မင်းကိုယ်ထဲကို လူသားဧကရာဇ်စည်း ထည့်ပေးမယ်…”

ရန်ကိုင်က လောင်ကွမ်းရှီနားသို့ တိုးကပ်လာသည့်အခါ လောင်ကွမ်းရှီသည် သူ့လက်ကိုဝှေ့ယမ်း၍ ပြောလိုက်လေသည်။ “အမျိုးသမီးတွေကအရင်… ဒါလေးကိုတောင် မင်းမသိဘူးလား… ဘေးဖယ်နေ…”

ရန်ကိုင် မျက်မှောင်ကျုံ့သွားခဲ့သော်ငြား ဘာမျှတော့ပြန်မပြောခဲ့ပေ။ ဘေးတစ်ဖက်တွင် သွားရပ်နေလျက် ပြောလိုက်လေသည်။ “လောင်ကွမ်းရှီ ကျေးဇူးပြုပြီးတော့ ကျုပ်မိန်းမနဲ့ပတ်သက်ပြီး နည်းနည်းလေးသတိထားပေးပါနော်… ကျုပ်မိန်းမက နည်းနည်းစိတ်ကြီးလို့ပါ…”

လောင်ကွမ်းရှီက အေးစက်စက်အမူအယာဖြင့် နှာခေါင်းရှုံ့လျက် “အသက်ရှင်ချင်ရင်တော့ ကိုယ့်အကြောင်းကိုယ်သိပေါ့…”

ထိုသို့ပြောပြီးသည့်နောက် နောက်ထပ်မန္တန်တစ်ခုကို စတင်ရွတ်ဆိုတော့လေသည်။ လက်ချောင်းများကို ဓါးတစ်ချောင်းသဖွယ် အသုံးချလျက် ကျုချင်းခန္ဓာကိုယ်ပေါ်ရှိ နေရာအချို့အား လိုက်ထိလိုက်လေသည်။ အစပိုင်းတွင် သူ့လက်များမှာ ငြိမ်ငြိမ်နေနေပါသော်ငြား ခဏအကြာတွင် သူ့လှုပ်ရှားမှုများမှာ စတင်၍ ဝရုန်းသုန်းကား ဖြစ်လာတော့လေသည်။ ရုတ်တရက်ဆိုသလို သူ့လက်အား ဖြတ်ဆွဲလိုက်ရာ သူ့လက်ချောင်းများသည် ကျုချင်း၏ ရင်ဘတ်အား ရှပ်ထိသွားလေ၏။ ရုတ်ချည်းဆိုသလို လောင်ကွမ်းရှီ၏အမူအယာမှာ စိတ်လှုပ်ရှားမှုတို့ဖြင့် ပြည့်လာခဲ့လေသည်။

ကျုချင်းသည် ရုတ်တရက်ဆိုသလို လောင်ကွမ်းရှီအား အေးစက်စက်အမူအယာဖြင့် စိုက်ကြည့်လာခဲ့သည်။

လောင်ကွမ်းရှီမှာ အံ့အားသင့်သွားခဲ့ပါသော်ငြား သူ့လက်ချောင်းများမှာတော့ ရပ်တန့်သွားခြင်းမရှိပေ။ ကြည့်ရသလောက် ကျုချင်းအပေါ် အပြည့်အဝအသားယူရန် စဉ်းစားထားသည့်ပုံပင်။

“ဝုတ်…”

“အား…”

ခွေးဟောင်သံနှင့်အတူ လူတစ်ဦး၏ အော်ဟစ်သံတစ်သံ တစ်ပြိုင်တည်း ထွက်ပေါ်လာခဲ့သည်။ ကျုချင်း၏လက်ထဲတွင် တစ်ချိန်လုံးရှိနေသော ခွေးပေါက်လေးသည် ရုတ်တရက်ဆိုသလို ၎င်း၏ပါးစပ်ကို ဟ၍ လောင်ကွမ်းရှီ၏လက်အား ကိုက်ချလိုက်သည်။ ခွေးပေါက်လေး၏ပါးစပ်မှာ သိပ်မကျယ်လှပါသော်ငြား လောင်ကွမ်းရှီ၏လက်တစ်ချောင်းလုံးကို ဝါးမျိုထားနိုင်ခဲ့သည်။ ၎င်း၏သွားများမှာ လောင်ကွမ်းရှီ၏ လက်ကောက်ဝတ်ထဲ စိုက်ဝင်နေခဲ့လေရာ ထိုနေရာဆီမှ သွေးများ တရဟော စီးကျနေလေ၏။

လောင်ကွမ်းရှီမှာ နာကျင်စွာ ထအော်နေပါသော်ငြား ခွေးပေါက်လေးမှာတော့ သူ့လက်အား မလွှတ်စတမ်း ကိုက်ခဲထားခဲ့သည်။ ခွေးပေါက်လေးသည် လောင်ကွမ်းရှီ၏လက်ကို ပြတ်ထွက်သွားအောင် ကိုက်ခဲပစ်ရန် ကြိုးစားနေသည့်အလား ၎င်း၏ခေါင်းကို အသည်းအသန်ဝှေ့ယမ်း၍ လက်တစ်ခုလုံးကို လှုပ်ခါရမ်းချပစ်နေခဲ့လေသည်။

“ငါ့ကိုလွှတ်…. ငါ့ကိုလွှတ်… ဒီသားရဲပေါက်လေး သေချင်နေတာလား…” လောင်ကွမ်းရှီမှာ ဒေါသတကြီး ထအော်တော့လေသည်။ သို့သော်ငြား မည်သို့ပင် ကြိုးစားနေစေကာမူ ခွေးပေါက်လေးမှ ရုန်းထွက်နိုင်ခဲ့ခြင်းမရှိ။ နောက်ဆုံး လုပ်မိလုပ်ရာအနေဖြင့် ခွေးပေါက်လေးဆီသို့ လက်ဝါးတစ်ချက် ရိုက်ချလိုက်လေသည်။

ထိုစဉ် ရန်ကိုင်သည် သူ့လက်ကို ဝှေ့ယမ်းလျက် ဧကရာဇ်ချီအမျှင်တန်းတစ်ခုကို ပစ်လွှတ်လိုက်သည်။

လောင်ကွမ်းရှီ နာကျင်စွာ ထအော်ပြီး ခွေးပေါက်လေးကို ရိုက်ရန် ကြံနေသည့် သူ့လက် ရုတ်တရက်ဆိုသလို တွဲလောင်းဖြစ်သွားခဲ့လေသည်။

“မင်း… မင်း ဘယ်လိုတောင် ငါ့ကို တိုက်ခိုက်ရဲတာလဲကွ…” လောင်ကွမ်းရှီသည် အံကိုတင်းတင်းကြိတ်ရင်းမှ ရန်ကိုင်အား မုန်းတီးစွာ စိုက်ကြည့်နေခဲ့သည်။ သူ့အနေဖြင့် ဤကဲ့သို့သောအဖြစ်မျိုးကို မကြုံဖူးသည်မှာ အလွန်ကိုမှ ကြာနေခဲ့လေပြီ။ သူကသည်သာ အမြဲတစေ အခြားသူများကို အမိန့်ပေးနေသည့်လူဖြစ်ပြီး သူ့စိတ်ကြိုက်ပြုမူနေခဲ့သည့်လူလည်း ဖြစ်သည်။ သို့သော်ငြား ယခုတစ်ကြိမ်တွင်တော့ သံမဏိပြားကိုမှ သွားကန်မိခဲ့ရလေပြီ။

အကုန်လုံးမှာ မျက်တောင်တစ်ခတ်အတွင်း ဖြစ်ပျက်သွားခဲ့ခြင်း ဖြစ်လေသည်။ ရန်ကိုင်တို့အား ဤနေရာသို့ ခေါ်လာသည့် လင်မယားအတွဲမှာလည်း ထိတ်လန့်နေကြလေသည်။ လောင်ကွမ်းရှီ ဒုက္ခရောက်နေသည်ကိုမြင်သော် အမျိုးသားက အလျင်စလို ပြောလိုက်လေ၏။ “ရပ်လိုက်… သူ့ကို ထိခိုက်အောင်မလုပ်နဲ့…”

အမျိုးသမီးမှာလည်း ဝင်ပြောလိုက်လေသည်။ “သူ့ကို ထိခိုက်အောင်မလုပ်နဲ့… ရှင်တို့ပဲ နောင်တရလိမ့်မယ်…” ဤသည်မှာ သူမ ပထမဦးဆုံးအကြိမ် စကားပြောခြင်း ဖြစ်လေသည်။ သူမ၏လေသံထဲ ထိတ်လန့်တုန်လှုပ်နေမှုတို့ကို အထင်းသား မြင်တွေ့နေခဲ့ရသည်။

လောင်ကွမ်းရှီကလည်း အမြန်ပြောလိုက်သည်။ “မြန်မြန် အဲ့နှစ်ယောက်ကိုသတ်လိုက်… မဟုတ်ရင် ငါ မင်းတို့နှစ်ယောက်စလုံးကို ခေါ်သွားပေးမှာမဟုတ်ဘူးနော်…”

လင်မယားအတွဲ မင်သက်သွားခဲ့ကြလေသည်။ အန္တရာယ်ကြီးတစ်ခုခုနှင့် ကြုံလိုက်ရသည့်အလား နှစ်ဦးစလုံး၏မျက်နှာများမှာ ဖြူလျော်သွားကုန်ကြလေ၏။ ထို့အတွက်ကြောင့် သူတို့နှစ်ဦးစလုံးမှာ ဘာလုပ်လို့လုပ်ရမှန်းမသိ အကြပ်ရိုက်ကုန်ကြလေသည်။

“ခင်ဗျားက တကယ်ကို မောက်မာလွန်းတဲ့ကောင်ပဲ…” ရန်ကိုင်သည် လောင်ကွမ်းရှီဆီသို့ လျှောက်သွားလိုက်ပြီး လောင်ကွမ်းရှီအား စိုက်ကြည့်ရင်းမှ “ကျုပ်ကိုပြောစမ်းပါဦး… ခင်ဗျားက ဘာလို့ ဒီလောက်တောင် မောက်မာဝံ့ကြွားနေရတာလဲ… ဘာမဟုတ်တဲ့ တာအိုသခင်ပထမအဆင့်လေးက ဒီသခင်လေးရှေ့မှာ အခုလိုမျိုး မြောက်ကြွမြောက်ကြွလုပ်ရဲတယ် ဟုတ်လား…”

ထပ်တလဲလဲရုန်းကန်နေရသည့်အတွက်ကြောင့် လောင်ကွမ်းရှီ၏နဖူးထက် ချွေးအေးများ ဝေ့သီနေခဲ့လေပြီ။ သို့သော်ငြား ခွေးပေါက်လေး၏ ကိုက်ခဲထားမှုမှ ရုန်းထွက်နိုင်ခဲ့ခြင်းမရှိချေ။ သူ လုံးဝရုန်းနိုင်တော့လိမ့်မည်မဟုတ်မှန်း သိလိုက်သော် ရန်ကိုင်ဘက်သို့လှည့်၍သာ ပြန်ပြောလိုက်လေသည်။ “ငါက ဘာလို့ မောက်မာရတာလဲ ဟုတ်လား… ငါက လူသားဧကရာဇ်ရဲ့စည်းကို ထိန်းချုပ်ခွင့်ရထားတဲ့လူကွ…”

ရန်ကိုင်သည် လင်မယားအတွဲဘက်သို့လှည့်၍ “လူသားဧကရာဇ်စည်းကြောင့် ဟုတ်လား… အဲ့ဒါကြောင့်ပဲ ခင်ဗျားတို့ကို အနိုင်ကျင့်နေတာတောင် ငြိမ်ခံနေတာပေါ့… ဒီကောင် ခင်ဗျားတို့နှစ်ယောက်လောက်တောင် အားကောင်းတာ မဟုတ်ဘူးမလား…”

အမျိုးသားခေါင်းညိတ်၍ “လူသားဧကရာဇ်စည်းမရှိဘဲနဲ့ လူသားအင်ပါယာမြို့တော်ဆီ သွားလို့ရမှာမဟုတ်ဘူး… လူသားအင်ပါယာမြို့တော်ဆီ သွားလို့မရရင် ငါတို့ သေရလိမ့်မယ်…”

ရန်ကိုင်က ပြန်ပြောလိုက်လေသည်။ “ခင်ဗျားက ယောက်ျားတစ်ယောက်လေ… မဟုတ်ဘူးလား… အဲ့ဒါကိုတောင် ကိုယ့်မိန်းမ ကိုယ့်ရှေ့မှာ အခုလိုမျိုး စော်ကားခံနေရတာကို ရပ်ကြည့်နေတယ်ဆိုတော့ အသက်ရှင်မယ့်အစား သေပဲသေလိုက်ပါတော့လား…”

ထို့နောက်တွင် ကျုချင်းဘက်သို့လှည့်၍ မျက်စိမှိတ်ပြလျက် “ချင်းအာ… စိတ်မပူနဲ့…. ငါသေရမယ်ဆိုရင်တောင် နင့်ယောက်ျားဖြစ်တဲ့ငါ နင့်ကိုယ်ပေါ်က အမွေးတစ်မွေးတောင် မဆုံးရှုံးစေရဘူး…”

ကျုချင်းက ပြန်ပြောလိုက်သည်။ “အပိုစကားတွေ လာပြောမနေနဲ့… နင် အခုလှုပ်ရှားလိုက်တာ ငါတစ်ချက်မှ မတွေ့ရသေးဘူး…”

ရန်ကိုင်က ပြုံးစိပြုံးစိအမူအယာဖြင့် “သူ့လိုကောင်မျိုးကို ငါ ဝင်ပါစရာလိုဦးမလား… ဒီလိုအမှိုက်ကောင်မျိုးကို နင်တစ်ယောက်တည်းနဲ့တင် ရှင်းပစ်လို့ရနေပြီပဲဟာကို…”

ကျုချင်းသည် နှာခေါင်းတစ်ချက်သာရှုံ့လိုက်ပြီး ဘာမှထပ်မပြောခဲ့ပေ။

တစ်ဖက်အမျိုးသားမှာ ရန်ကိုင်စကားကြောင့် ဆတ်ဆတ်ထိမခံဖြစ်ကာ ပြန်ပြောတော့မည်အပြု အမျိုးသမီးသည် အမျိုးသားအား ဆက်မပြောရန် တားထားလိုက်ပြီး ရန်ကိုင်ဘက်သို့လှည့်၍ “ရှင်က အခုမှ ဒီကိုရောက်တာဆိုတော့ ဘာမှ သိဦးမှာမဟုတ်သေးဘူး… အဲ့တော့ တစ်ခုခုအကြောင်းကို သေချာမသိသေးခင် စွတ်ပြောမနေနဲ့… ရှင် လောင်ကွမ်းရှီကို မြန်မြန်လွှတ်လိုက်တာ အကောင်းဆုံးဖြစ်လိမ့်မယ်… မဟုတ်လို့ရှိရင် လူသားအင်ပါယာမြို့တော်ထဲမှာ ဘယ်လိုမှနေနိုင်မှာမဟုတ်ဘူး…”

လောင်ကွမ်းရှီမှာ ပို၍ဝံ့ကြွားလာပြီး ပြန်အော်ပြောလိုက်လေသည်။ “အသစ်ရောက်လာတဲ့လူတိုင်းက သင်ခန်းစာရပြီးမှပဲ စည်းမျဉ်းစည်းကမ်းတွေအကြောင်း သိသွားရတာ… အခု ငါ့ကို လွှတ်ပေးလိုက်… မဟုတ်ရင် ငါ မင်းတို့နှစ်ယောက်စလုံးကို အလောင်းမြှုပ်စရာတောင်မကျန်ဘဲ သေအောင်လုပ်ပစ်မှာနော်…”

ရန်ကိုင်က ရယ်မောလျက် “ကျုပ် ခင်ဗျားကို လွှတ်ပေးလိုက်မယ်ဆိုရင်တောင် ခင်ဗျားက ငြိမ်နေမှာမို့လို့လား…”

လောင်ကွမ်းရှီက ပြန်ပြောလိုက်သည်။ “စိတ်တောင်မပူနဲ့… ဒီကွမ်းရှီက လူသားဧကရာဇ်ရဲ့ လက်အောက်ငယ်သားပဲ… မင်း ငါ့ကို ထိခိုက်အောင် လုပ်ရဲမယ်ဆိုရင် လူသားအင်ပါယာမြို့တော်က မင်းကို လက်ခံထားမှာမဟုတ်ဘူး… ဒါပေမယ့် မင်းသာ မင်းရဲ့ မိန်းမကို ငါ့လက်ထဲ အပ်လိုက်မယ်ဆိုလို့ရှိရင်တော့ မင်းအသက်ရှင်အောင် ငါ ကူညီပေးလို့ရတယ်…”

“ခင်ဗျားက ဂေါက်များ ဂေါက်နေတာလား…” ရန်ကိုင်သည် လောင်ကွမ်းရှီအား ဆွံ့အနေသည့်အမူအယာဖြင့် ကြည့်နေလေသည်။ သေမင်းတံခါးပေါက်သို့ ရောက်နေသည့်တိုင် လောင်ကွမ်းရှီမှာ သူ့အား ခြိမ်းခြောက်ရန် ကြိုးစားနေပေသေးသည်။ လောင်ကွမ်းရှီ ဘာတွေတွေးလို့တွေးနေမှန်းကို ရန်ကိုင် တကယ် နားမလည်နိုင်တော့ချေ။

ကျုချင်းက အော်ပြောလိုက်သည်။ “အားဝမ်… ဒီကောင့်ကို ကိုက်စမ်း…”

ခွေးပေါက်လေးသည် ချက်ချင်းဆိုသလို ၎င်း၏ပါးစပ်ကို အကျယ်ကြီးဟလျက် လောင်ကွမ်းရှီအား တစ်ကျိုက်တည်း မျိုချပစ်လိုက်လေသည်။ ထို့နောက်တွင် မတင်းတိမ်သေးသည့်အလား နှုတ်ခမ်းကို လျှာဖြင့်သပ်နေလေ၏။

ကျုချင်းမှာ ယခုမှသာလျှင် ခွေးပေါက်လေး၏စွမ်းရည်ကို ပထမဦးဆုံးအကြိမ် မြင်ဖူးခြင်းဖြစ်သည့်အတွက်ကြောင့် ကြောင်တောင်တောင် ဖြစ်နေလေသည်။ ကျုချင်းမှာ ခွေးပေါက်လေးအား လောင်ကွမ်းရှီကို ယခင်ထက်ပို၍ ခပ်ပြင်းပြင်းလေး ကိုက်ခိုင်းစေလိုခြင်းသာ ဖြစ်ပါသော်ငြား ခွေးပေါက်လေးသည် လောင်ကွမ်းရှီအား တစ်ကျိုက်တည်း မျိုချပစ်လိမ့်မည်ဟု မထင်ထားခဲ့ပေ။

ဤစွမ်းရည်သည် မည်ကဲ့သို့သောစွမ်းရည်မျိုးနည်း။

လင်မယားစုံတွဲမှာလည်း ခွေးပေါက်လေး လုပ်သွားသည့်ပုံစံကိုမြင်သော် သူတို့၏အမူအယာ အပြောင်းလဲကြီး ပြောင်းလဲသွားခဲ့ပြီး ကြောက်လန့်တကြားဖြင့် ထအော်လေသည်။ “နတ်ဆိုးသားရဲ… တကယ်ကြီး နတ်ဆိုးသားရဲပဲ…”

ယခင်က သူတို့အနေဖြင့် ခွေးပေါက်လေးအား လိုက်ဖမ်းခဲ့ရခြင်းမှာ ခွေးပေါက်လေးဆီမှ နတ်ဆိုးသားရဲ၏ အရှိန်အဝါကို ခံစားမိလိုက်သည့် အတွက်ကြောင့်ပင်။ သို့သော်ငြား အကြမ်းဖျင်း တစ်ချက် စစ်ဆေးကြည့်လိုက်ပြီးသည့်နောက် ထိုအရာမှာ သူတို့စိတ်ထင်သက်သက်သာ ဖြစ်နေကြောင်း တွေ့လိုက်ရလေသည်။ သို့သော်ငြား ယခုတွင်တော့ သူတို့ အထင်မှားသွားခဲ့ခြင်းမဟုတ်မှန်း နားလည်သွားခဲ့ရသည်။ ဤခွေးပေါက်လေး၏ နတ်ဆိုးချီသည် သူ့ကိုယ်တွင်းထဲတွင် လုံးဝကို လျှို့လျှို့ဝှက်ဝှက် ပုန်းကွယ်နေသည့်အတွက်ကြောင့် သူတို့အနေဖြင့် သေချာအာရုံမခံနိုင်ခဲ့ခြင်းဖြစ်သည်။ ယခု ခွေးပေါက်လေးမှ သူ၏မွေးရာပါစွမ်းရည်ကို ထုတ်သုံးလာသော် နတ်ဆိုးချီတို့လည်း ဖြာထွက်လာခဲ့ရသဖြင့် လင်မယားစုံတွဲမှာ ခွေးပေါက်လေးသည် နတ်ဆိုးသားရဲဖြစ်ကြောင်းကို ချက်ချင်း သိသွားခဲ့ရလေသည်။

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၂၉၅၃)

ဘာသာပြန်သူ_တိမ်တိုက်

ရန်ကိုင်သည် အမျိုးသားအား ကြည့်လျက် “ခင်ဗျား နတ်ဆိုးသားရဲတွေအကြောင်းကို သိတာလား…”

အမျိုးသားသည် သူ့မိန်းမရှေ့တွင် ပိတ်ကာရပ်လျက် ရန်ကိုင်အား သတိထားကာ စိုက်ကြည့်ရင်းမှ “ခင်ဗျားက နတ်ဆိုးမျိုးနွယ်စုကလား…”

“အမ်…” ရန်ကိုင် အံ့အားသင့်သွားခဲ့လေသည်။ ထိုလူသည် ခွေးပေါက်လေးမှာ နတ်ဆိုးသားရဲဖြစ်ကြောင်းကို ပြောနိုင်သည်ကို ကြည့်ပါက နတ်ဆိုးမျိုးနွယ်စုအကြောင်းကို ကောင်းကောင်းသိထားရလိမ့်မည်ဟု ရန်ကိုင်ထင်ခဲ့သည်။ သို့သော်ငြား သူ့အား နတ်ဆိုးမျိုးနွယ်စုကဟု ပြောနေခြင်းမှာ အနည်းငယ်တော့ သံသယဝင်စရာကောင်းနေ၏။

ထိုလူမှာ ရန်ကိုင်အား ပို၍သတိထားလာပြီး အံကိုကြိတ်လျက် ပြောလိုက်လေ၏။ “ခင်ဗျား နတ်ဆိုးအမျက်မြို့တော်ကနေ လာတာလား…”

ရန်ကိုင်က ခေါင်းခါလျက် “နတ်ဆိုးအမျက်မြို့တော်ကို ကျုပ်မသိဘူး… ပြီးတော့ ကျုပ်ကိုယ်တိုင်ကလည်း နတ်ဆိုးမျိုးနွယ်စုတစ်ယောက်မဟုတ်ဘူး… ဒါတွေအားလုံးက နားလည်မှုလွဲတာ…”

သို့သော်ငြား ပြောနေရင်းမှ ရန်ကိုင် ရုတ်တရက် မျက်မှောင်ကျုံ့သွားခဲ့လေသည်။ ထိုသို့ဖြစ်သွားရခြင်းမှာ လောကကြီးတစ်ခုလုံး တုန်ခါလာသည်ကို ခံစားမိလိုက်သည့် အတွက်ကြောင့်ပင်။ သူတို့အနီးပတ်ပတ်လည်တွင် ရှိနေသော လောကနိယာမများသည် စတင်၍ တွန့်လိမ့်လာခဲ့ပြီး ပြောင်းလဲလာခဲ့လေသည်။ ရန်ကိုင်သည် ကျုချင်းဘက်သို့လှမ်းကြည့်လိုက်ရာ ကျုချင်းကိုယ်တိုင်သည်လည်း အံ့အားသင့်နေကြောင်း တွေ့လိုက်ရလေသည်။ လောကနိယာမများမှာ အမှန်တကယ်ကို စတင်ပြောင်းလဲလာခဲ့လေပြီ။

“ငါတို့ကိုသတ်လိုက်…” ထိုလူ၏မျက်နှာ ဖြူလျော်သွားခဲ့လေသည်။ သူ့တွင် အသက်ဆက်ရှင်နိုင်မည့်မျှော်လင့်ချက် ရှိမနေတော့ပေ။ လောင်ကွမ်းရှီကို သားရဲပေါက်လေးမှ ဝါးမျိုသွားခဲ့သည်။ ထို့အပြင် သူတို့ရှေ့၌ အားကောင်းလှသည့် နတ်ဆိုးမျိုးနွယ်စုဝင်ပညာရှင်နှစ်ဦး ရုတ်တရက် ပေါ်လာခဲ့လေသည်။ သူတို့အနေဖြင့် ဤကပ်ဘေးမှ မည်သည့်နည်းနှင့်မျှ လွတ်မြောက်နိုင်တော့လိမ့်မည်မဟုတ်ချေ။

“ခင်ဗျားသေချင်ရင်တော့ သေဖို့က လွယ်လွယ်လေးပါ… ကျုပ် ဘာမှတောင် လုပ်နေစရာမလိုဘူး…” ရန်ကိုင်သည် အစီအရင်ဆီသို့ လျှောက်သွားလိုက်သည်။ ဤလိုဏ်ဂူထဲတွင် အခြား ဘာဆိုဘာမျှ ရှိမနေခဲ့ပဲ ထူးထူးခြားခြားရှိနေသည့်အရာဆို၍ ဤအစီအရင်ကြီးသာ ရှိပေသည်။ အစီအရင်ကို ညွှန်ပြရင်းမှ ရန်ကိုင်က မေးလိုက်သည်။ “ဒီအစီအရင်နဲ့ လူသားအင်ပါယာမြို့တော်ဆီ သွားနိုင်တာလား…”

ထိုလူသည် ရန်ကိုင်အား ငေးကြောင်ကြောင်အမူအယာဖြင့် ကြည့်နေရင်းမှ ခေါင်းညိတ်လိုက်သည်။ “ဟုတ်တယ်…”

ထိုစကားကိုကြားပြီးသည့်နောက် ရန်ကိုင်သည် ကောင်းကင်စိတ်အာရုံကို ဖြန့်ကျက်၍ အစီအရင်အား စစ်ဆေးကြည့်လိုက်ပြီးသည့်နောက် ပြောလိုက်လေသည်။ “ဟင်းလင်းပြင်အစီအရင်ပဲ… ဒါပေမယ့် သိပ်တော့မတူဘူးဟ…”

ထိုလူက ပြောလိုက်သည်။ “သွားလုပ်မနေတော့နဲ့… ဘာမှအသုံးဝင်တော့မှာမဟုတ်ဘူး… ဒီအစီအရင်ကို အသက်သွင်းချင်တယ်ဆိုရင် လူသားဧကရာဇ်စည်းရှိမှ ရမှာ…”

“ခင်ဗျားမှာ လူသားဧကရာဇ်စည်း ရှိတယ်မဟုတ်ဘူးလား… ဘာဖြစ်လို့ အစီအရင်ကိုမသုံးတာလဲ…” ရန်ကိုင်က ထိုလူဘက်သို့လှည့်၍ မေးလိုက်သည်။

ထိုလူက ရှင်းပြလိုက်သည်။ “အစီအရင်ကို အသက်သွင်းနိုင်တာ လောင်ကွမ်းရှီမှာရှိတဲ့ လူသားဧကရာဇ်စည်းပဲ ရှိတယ်… သူ့ဆီမှာရှိတဲ့စည်းကမှ တကယ့်မူလစည်း… ကျန်တဲ့စည်းတွေအကုန်လုံးက အဲ့စည်းကနေ ပွားထားတဲ့ စည်းလေးတွေပဲ… ဒီတော့ အစီအရင်ကို အသက်သွင်းလို့မရဘူး…”

“အဲ့လိုကိုး…” ရန်ကိုင် ခေါင်းတညိတ်ညိတ်ဖြစ်သွားသည်။

ရန်ကိုင်သည် အခြား မည်သည့်အပိုစကားကိုမှ ပြောမနေတော့ဘဲ အစီအရင်ကိုသာ တစိုက်မတ်မတ် လေ့လာကြည့်နေသည်ကိုမြင်သော် အမျိုးသားက မေးလိုက်လေသည်။ “ခင်ဗျား တကယ်ကြီး နတ်ဆိုးမျိုးနွယ်စုက မဟုတ်ဘူးလား…”

ရန်ကိုင်သည် အစီအရင်ကို လေ့လာနေရင်းမှ ပြန်မေးလိုက်သည်။ “ဒီလောကကြီးထဲမှာ နတ်ဆိုးတွေရှိတာလား…”

ထိုလူက ပြန်ပြောလိုက်သည်။ “ရှိတယ်… ကျုပ်တို့လူသားမျိုးနွယ်စုနဲ့ နတ်ဆိုးမျိုးနွယ်စုက အမြဲ တကျက်ကျက်ဖြစ်နေတာ… ဒါပေမယ့် ကျုပ်တို့မျိုးနွယ်စုနှစ်ခုလုံး ဒီကမ္ဘာကြီးထဲမှာ အတူတကွ ပူးတွဲတည်ရှိလာတာ နှစ်ပေါင်း မရေမတွက်နိုင်အောင် ကြာနေပြီ… ခင်ဗျားပုံစံက နတ်ဆိုးပုံစံနဲ့လည်း မတူပါဘူး… ဒါပေမယ့် ခင်ဗျားမှာ ဘယ်လိုလုပ်ပြီး နတ်ဆိုးသားရဲတစ်ကောင် ရှိနေရတာလဲ…”

ထိုမေးခွန်းကိုတော့ ရန်ကိုင်ပြန်မဖြေခဲ့ပေ။ ခွေးပေါက်လေး၏ဇစ်မြစ်မှာ အနည်းငယ်ထူးဆန်းလှသည်။ ရှင်းပြဖို့ရာလည်း အနည်းငယ် ပြဿနာများသည့်အတွက်ကြောင့် ရှင်းပြမနေတော့ဘဲ ခေါင်းစဉ်ပြောင်း၍သာ မေးလိုက်သည်။ “နတ်ဆိုးတွေနဲ့ တစ်ကမ္ဘာတည်းမှာ အတူနေနေရတာတောင် အခုချိန်ထိ အသက်ရှင်နေသေးတယ်ဆိုတော့ အင်း… ခင်ဗျားတို့က တော်တော် အထင်ကြီးဖို့ကောင်းတာပဲ…”

ထိုလူက ပြန်ပြောလိုက်သည်။ “လူသားအင်ပါယာမြို့တော် ရှိနေတယ်လေ… လူသားအင်ပါယာမြို့တော်သာမရှိရင် ကျုပ်တို့တွေ အခုချိန်ထိ အသက်ရှင်နိုင်မှာမဟုတ်ဘူး…”

ရန်ကိုင်က တွေးတွေးဆဆဖြင့် ပြောလိုက်သည်။ “ခင်ဗျားပြောတဲ့ ခင်ဗျားတို့လူသားတွေ အသက်မရှင်နိုင်ဘူးဆိုတဲ့ကိစ္စက လောကနိယာမတွေ ပြောင်းလဲသွားတာနဲ့ ပတ်သက်နေတာလား…”

“ဟုတ်တယ်… ခဏနေလို့ရှိရင် လောကနိယာမတွေ ပြောင်းလဲသွားလိမ့်မယ်… အဲ့အချိန်ရောက်လာလို့ရှိရင် လူသားမျိုးနွယ်စုတွေ အပြင်ဘက်ကို လုံလုံခြုံခြုံနဲ့ ထွက်နိုင်တော့မှာမဟုတ်ဘူး… အဲ့အချိန်ကျလို့ရှိရင် နတ်ဆိုးမျိုးနွယ်စုကတော့ ရေထဲရောက်သွားတဲ့ငါးလိုပဲ… လွတ်လွတ်လပ်လပ် လှုပ်ရှားသွားလာလို့ ရသွားပြီ… ဒီတော့ အဲ့အချိန်ကြရင် ဘယ်သူမှ လူသားအင်ပါယာမြို့တော်ထဲက မထွက်သွားရဲကြဘူး… ထွက်သွားတဲ့လူတွေတော့ရှိတယ်… ဒါပေမယ့် ဆယ်ယောက်ထွက်သွားရင် တစ်ယောက်လောက်ပဲ အသက်ရှင်လျက် ပြန်လာနိုင်ကြတယ်…”

“ဒါဆိုရင် ခုနတုန်းက လူသားမျိုးနွယ်အတွက် သင့်တော်တဲ့ လောကနိယာမတွေ ရှိနေတဲ့အချိန်တုန်းကကျတော့ နတ်ဆိုးတွေက သူတို့မြို့ထဲမှာ ဖင်ခုထိုင်ပြီး နေနေရတာပေါ့…”

“ဟုတ်တယ်… အဲ့လိုမျိုးပဲ…”

“တကယ်ကို ဆန်းကျယ်တဲ့ ကမ္ဘာကြီးပါလား…” ရန်ကိုင် အံ့အားသင့်နေခဲ့လေသည်။

ထိုလူက ခါးသက်သက်အမူအယာဖြင့် “ကျုပ်တို့က မွေးတည်းက ဒီမှာရှိလာခဲ့တာ… ဒီလောကကြီး ဘာဖြစ်လို့ အခုလိုမျိုး ဖြစ်နေရလဲဆိုတာကို ဘယ်သူမှမသိကြဘူး… သိတဲ့လူတော့ ရှိရင်ရှိပါလိမ့်မယ်… အနည်းဆုံးတော့ လူသားဧကရာဇ်ကတော့ ဒီအကြောင်းကို သိချင်သိနေနိုင်မှာပေါ့…”

“လူသားဧကရာဇ်…” ရန်ကိုင်သည် ထိုလူမှ လူသားဧကရာဇ်အကြောင်း တစ်ကြိမ်မကပြောခဲ့သည်ကို ကြားခဲ့ပေသည်။ ထို့အတွက်ကြောင့် မေးမြန်းကြည့်လိုက်လေ၏။ “အဲ့လူသားဧကရာဇ်က လူသားအင်ပါယာမြို့တော်ကို အုပ်ချုပ်နေတဲ့လူလား…”

ထိုလူက အလေးအနက်အမူအယာဖြင့် ပြန်ပြောလိုက်သည်။ “ဟုတ်တယ်… သူက လူသားမျိုးနွယ်စုရဲ့ ခေါင်းဆောင်ပဲ… သူက လူသားအင်ပါယာမြို့တော်ကို ကြီးကြပ်ပြီးတော့ လူသားမျိုးနွယ်စုတစ်ခုလုံးကို ကာကွယ်ပေးထားတာ…” ထိုလူ၏လေသံထဲ လေးစားမှုတို့ ပြည့်နေခဲ့လေသည်။

ရန်ကိုင်သည် တပြုံးပြုံးဖြင့် ဟင်းလင်းပြင်အစီအရင်ကို ဆက်လက်လေ့လာကြည့်နေ၏။

လောကနိယာမပြောင်းလဲမှုသည် ပိုပို၍ သိသာထင်ရှားလာခဲ့လေသည်။ အနီးအနားဝန်းကျင်တွင် နတ်ဆိုးချီများ စတင်ထွက်ပေါ်လာခဲ့ပြီး အခြားသော ထူးဆန်းသည့် အဖြစ်အပျက်များလည်း ဖြစ်ပေါ်လာခဲ့လေသည်။ လင်မယားစုံတွဲဆိုလျှင် နတ်ဆိုးချီကို ခုခံရန်အတွက် သူတို့၏စွမ်းအားကို လှည့်ပတ်၍ သူတို့ပတ်လည်၌ အကာအကွယ်တစ်ခု ဖန်တီးထားရလေသည်။ သို့သော်ငြား သူတို့ပုံစံကို ကြည့်ရသလောက် အကြာကြီး တောင့်ခံနိုင်မည့်ပုံမပေါ်။ သူတို့စွမ်းအင်ဖြင့် ဖန်တီးထားသည့် အကာအကွယ်သာ ပျက်စီးသွားသည်နှင့်တစ်ပြိုင်နက် နတ်ဆိုးချီတိုက်စားခြင်းခံရပြီး နတ်ဆိုးဖြစ်ကုန်ကြရပေလိမ့်မည်။

ကျုချင်းမှာ နဂါးကလန်သားတစ်ဦး ဖြစ်သည့်အတွက်ကြောင့် နတ်ဆိုးချီမှာ သူမအပေါ် အလွန်အမင်း အကျိုးသက်ရောက်မှုမရှိပေ။ သို့သော်ငြား တိုးဝင်လာနေသည့် နတ်ဆိုးချီများ၏ တိုက်စားမှုကို ချေဖျက်ရန်အတွက် နဂါးချီကိုတော့ အနည်းငယ်လေး လှည့်ပတ်ထားရသည်။

အားလုံးထဲတွင် အခြေအနေအကောင်းဆုံးဆို၍ ခွေးပေါက်လေးသာရှိပေသည်။ ခွေးပေါက်လေးမှာတော့ ပြောင်းလဲသွားသည့် လောကနိယာမများအပေါ် အလွန်ကိုမှ ဝမ်းမြောက်ဝမ်းသာဖြစ်နေသည့်အလား အလွန်ကိုမှ စိတ်လှုပ်ရှားနေဟန်ဖြင့် နှာခေါင်းတရှုံံ့ရှုံ့ လုပ်နေခဲ့လေသည်။

ခွေးပေါက်လေးသည် မရဏသားရဲ၏ သွေးမျိုးဆက်ကို ပိုင်ဆိုင်ထားသည့်အတွက်ကြောင့် ရှေးဟောင်းနတ်ဆိုးသားရဲတစ်ကောင်၏ မျိုးဆက်ဖြစ်သည်ဟု ပြော၍ရကာ နတ်ဆိုးချီများ တိုးပွားလာသည့်အပေါ် ဝမ်းသာနေသည်မှာ သဘာဝသာဖြစ်လေသည်။

“ကောင်းပြီ… ကဲ… ခင်ဗျားတို့အားလုံး ဒီကိုလာခဲ့…” ရန်ကိုင်က လှမ်းခေါ်လိုက်သည်။

ကျုချင်းသည် ခွေးပေါက်လေးကိုသယ်၍ ရန်ကိုင်ဘေးနားတွင် သွားရပ်နေလေသည်။

လင်မယားအတွဲမှာမူ တုံ့ဆိုင်းနေခဲ့လေသည်။ အမျိုးသားက မေးလိုက်လေသည်။ “ခင်ဗျား ဘာလုပ်ဖို့ ကြိုးစားနေတာလဲ…”

“လူသားအင်ပါယာမြို့ဆီ သွားမယ်လေ…”

ထိုလူ ထိတ်လန့်သွားခဲ့လေသည်။ “ခင်ဗျားမှာ လူသားအင်ပါယာစည်းမှ မရှိတာ… ဘယ်လိုလုပ်ပြီး လူသားအင်ပါယာမြို့ထဲ သွားမှာလဲ…”

ရန်ကိုင်က လှောင်ပြောင်လိုက်သည်။ “လူသားအင်ပါယာစည်းမရှိဘဲနဲ့ လူသားအင်ပါယာဆီ သွားလို့မရဘူးလို့ ခင်ဗျားကို ဘယ်သူပြောတာလဲ… ခင်ဗျား အဲ့မှာ ဆက်ပြီးတော့ပဲ ရပ်နေရင် နောက်ကျသွားမှာနော်… ခင်ဗျား သေချင်နေတာလား…”

ထိုလူမှာ အစပိုင်းတွင် တုံ့ဆိုင်းနေခဲ့ပါသော်ငြား သူ့ဘေးနားတွင်ရှိနေသော အမျိုးသမီးက သူ့ကို သွားရန် အချက်ပြနေခဲ့လေသည်။

နောက်ဆုံးတွင်တော့ အမျိုးသားမှာ စိတ်ပိုင်းဖြတ်လိုက်သည့်အလား ခေါင်းညိတ်လိုက်လေ၏။ “ကောင်းပြီ… ကျုပ် ဒီတစ်ကြိမ်တော့ ခင်ဗျားကို ယုံပေးလိုက်မယ်…”

ရန်ကိုင်က ပြုံးလျက် “ခင်ဗျား လောင်ကွမ်းရှီကိစ္စကို လျှို့ဝှက်ထားဖို့‌ မျှော်လင့်ပါတယ်…”

ထိုလူက ခါးသက်သက်အမူအယာဖြင့် ပြုံးလျက် “ဒီအကြောင်းကိုထုတ်ဖော်လိုက်လို့ ကျုပ်တို့အတွက် ဘာမှအကျိုးမရှိဘူး… ပြဿနာပဲ တက်သွားမှာ… ပြီးတော့ ကျုပ်ဘက်က ဖုံးကွယ်ထားမယ်ဆိုရင်တောင် လူသားအင်ပါယာမြို့မှာ နားတွေမျက်လုံးတွေ ရှိပြီးသားပဲ… အမှန်တရားကို သူတို့ အနှေးနဲ့အမြန် သိသွားမှာ… ဒီတော့ ခင်ဗျားအနေနဲ့ လူသားအင်ပါယာမြို့ဆီ မသွားရင် အကောင်းဆုံးပဲ… သွားမယ်ဆိုလို့ရှိရင်တော့ ခင်ဗျား အားကောင်းတယ်ဆိုလို့ရှိရင်တောင် ဘာမှထူးမှာမဟုတ်ဘူး…”

“ဘာကိုမှ တပ်အပ်ပြောလို့မရဘူးလေ…” ထိုလူပြောသည့်စကားကို ရန်ကိုင်၏အမူအယာ လေးနက်သွားခဲ့ပြီး လေဟာနယ်နိယာမစွမ်းအားတို့ ဖြာထွက်လာခဲ့လေသည်။

ရန်ကိုင်တို့လေးဦးလုံးသည် လူသားအင်ပါယာမြို့တော်ဆီ ဆက်သွယ်ထားသော ဟင်းလင်းပြင်အစီအရင်ပေါ်တွင် ရပ်နေကြလေသည်။ ပုံမှန်အခြေအနေမျိုးတွင် ဤအစီအရင်ကို အသက်သွင်းရန်အတွက် လောင်ကွမ်းရှီတွင်ရှိနေသော လူသားဧကရာဇ်စည်းကို လိုအပ်ပေသည်။ သို့သော်ငြား အလုပ်ရှုပ်စရာအဆင့်များမှာ ဟန်ပြသက်သက်သာ ဖြစ်လေသည်။ ထိုလူသားအင်ပါယာမြို့သည် ထိုနည်းလမ်းဖြင့် လူသားမျိုးနွယ်စုကို ထိန်းချုပ်နေခြင်း ဖြစ်လေသည်။ သို့သော်ငြား ရန်ကိုင်သည် လေဟာနယ်တာအိုကို ကျွမ်းကျင်ထားသူတစ်ဦး ဖြစ်သည့်အတွက်ကြောင့် ထိုလူများ၏လှည့်ကွက်ကို အသာလေး ဖြေရှင်းလိုက်နိုင်လေ၏။ ရန်ကိုင်သည် လေဟာနယ်နိယာမစွမ်းအားတို့ကို သုံး၍ လူသားအင်ပါယာမြို့တော်ထဲတွင် ရှိနေသော ဟင်းလင်းပြင်အစီအရင်နှင့် တိုက်ရိုက်သွားချိတ်ဆက်လိုက်လေသည်။ ထို့အတွက်ကြောင့် လူသားအင်ပါယာစည်းတံဆိပ်အား လိုအပ်မည့်အဆင့်ကို ပယ်ဖျက်လိုက်နိုင်သွားခဲ့သည်။

အလင်းတန်းတို့ တဖျတ်ဖျတ် လက်လာခဲ့ချိန် လင်မယားစုံတွဲမှာ မျက်လုံးအပြူးသား ဖြစ်နေခဲ့လေသည်။ ဤဟင်းလင်းပြင်အစီအရင် တကယ်ကြီး အလုပ်ဖြစ်နေသည့်အပေါ် နှစ်ဦးစလုံးမှာ မယုံကြည်နိုင်အောင် ဖြစ်နေကြသည်။ တစ်ခဏမျှ မင်သက်နေပြီးသည့်နောက် နှစ်ဦးစလုံး ဝမ်းသာအားရ ဖြစ်သွားကုန်ကြလေသည်။

လောကနိယာမများ ပြောင်းလဲလာသည့်အတွက်ကြောင့် မိုးမြေစွမ်းအားများထဲ မြောက်မြားလှစွာသော နတ်ဆိုးချီတို့ ကူးလူးဝင်ရောက်လာခဲ့လေရာ ပတ်ဝန်းကျင်ကြီးသည် လူသားများအဖို့ အသက်ရှင်နိုင်ရန် မသင့်တော်တော့သည့် ပတ်ဝန်းကျင်တစ်ခု ဖြစ်လာခဲ့လေသည်။ သူတို့အနေဖြင့် တိုက်စားလာနေသည့် နတ်ဆိုးချီများကို ယာယီခုခံနိုင်လောက်အောင် အားကောင်းနေမည်ဆိုလျှင်ပင် တစ်သက်လုံး ခုခံနိုင်လိမ့်မည်မဟုတ်ချေ။ နတ်ဆိုးချီများကို ခုခံစရာစွမ်းအား မကျန်ရှိတော့သည်နှင့်တစ်ပြိုင်နက် သူတို့အနေဖြင့် နတ်ဆိုးချီ၏ တိုက်စားခြင်း ခံရကာ နတ်ဆိုးအသွင်သို့ ပြောင်းသွားရပေလိမ့်မည်။

တစ်ခဏအကြာတွင် လိုဏ်ဂူထဲရှိအလင်းတို့ ပျောက်ကွယ်သွားခဲ့ပြီး ဟင်းလင်းပြင်အစီအရင်ပေါ်တွင် ရှိနေသော လူလေးဦးမှာလည်း အလားတူ ပျောက်ကွယ်သွားခဲ့လေသည်။

ဆူညံသံတို့ ဘက်ပေါင်းစုံမှ ထွက်ပေါ်လာသည့်အတွက်ကြောင့် ရန်ကိုင်မှာ အနည်းငယ် မသက်မသာ ဖြစ်သွားခဲ့ရသည်။

ရန်ကိုင်သည် ဘေးပတ်ပတ်လည်သို့ လှည့်ပတ်ကြည့်လိုက်ရာ ဧရာမဟင်းလင်းပြင်အစီအရင်ကြီးတစ်ခု သူတို့၏ခြေထောက်အောက်တွင် ရှိနေခဲ့ပြီး သူတို့ရောက်ရှိနေသည်မှာတော့ စည်ပင်သာယာဝပြောလှသည့် မြို့တစ်မြို့ထဲတွင် ဖြစ်နေကြောင်း တွေ့လိုက်ရသည်။ ဟင်းလင်းပြင်အစီအရင်ပေါ်တွင် ကျင့်ကြံခြင်းအမျိုးမျိုးကို ပိုင်ဆိုင်ထားသော လူများ တစ်ဦးပြီးတစ်ဦး ပေါ်လာနေကြသည်။ လူတစ်ဦးတစ်ယောက်ချင်းစီ၏ အမူအယာများမှာလည်း တူညီခြင်းမရှိကြချေ။ အချို့မှာ ဝမ်းသာနေကြချိန် အချို့မှာတော့ မှုန်ကုပ်ကုပ်အမူအယာများဖြင့် ရှိနေကာ အချို့မှာတော့ ဒဏ်ရာရထားသဖြင့် အဆက်မပြတ် အော်ညီးနေကြလေသည်။

ထိုလူများသည် ရန်ကိုင်တို့အဖွဲ့ကဲ့သို့ပင် ယခုလေးတင်မှ လောကနိယာမများ ပြောင်းလဲသွားသည့်အတွက်ကြောင့် အပြင်မှ လူသားအင်ပါယာမြို့ဆီသို့ အမောတကော ပြန်လာကြသည့်လူများ ဖြစ်ကြပေသည်။

ထိုလူများထဲ ဧကရာဇ်အဆင့်ပညာရှင်ပေါင်းများစွာကို ရန်ကိုင်တွေ့လိုက်ရသည်။

ထို့အတွက်ကြောင့် ရန်ကိုင်တို့လေးဦးမှာ လူအုပ်ကြားထဲ သိသာထင်ရှားနေခြင်း မရှိခဲ့ပေ။

မြို့တစ်ခုလုံးမှာလည်း အလွန်ကိုမှ စည်ပင်သာယာဝပြောလှပေသည်။ လမ်းမတစ်ခုလုံးမှာ အတောမသတ်နိုင်လောက်အောင် များပြားလှသည့် လူများဖြင့် ပြည့်နေလေ၏။ ဆိုင်တန်းများကိုလည်း နေရာအနှံ့တွင် တွေ့နေရလေသည်။ ဈေးသည်များ၏ အော်ဟစ်ရောင်းချသံများကိုလည်း ရန်ကိုင်အနေဖြင့် နားမဆန့်အောင်ကို ကြားနေရသည်။

ကျုချင်းမှာတော့ ဤကဲ့သို့သော အသက်ဝင်စည်ကားလှသည့် နေရာမျိုးကို ပထမဦးဆုံးအကြိမ် ရောက်ဖူးခြင်း ဖြစ်သည့်အတွက်ကြောင့် ဘေးပတ်ဝန်းကျင်ကို အံ့အားသင့်နေသည့်အမူအယာဖြင့် လှည့်ပတ်ကြည့်နေခဲ့လေသည်။

သားနားစွာ ဝတ်စားထားသော အစောင့်များသည် လမ်းမထက်တွင် အစီအရီ ကင်းလှည့်နေကြသည်။ တစ်ချက်ကြည့်လိုက်ရုံဖြင့် ထိုလူများမှာ လူသားအင်ပါယာမြို့၏ ကာကွယ်သူများမှန်း မည်သူမဆို ပြောနိုင်ပေလိမ့်မည်။

သို့သော်ငြား အစောင့်များ၏ ကျင့်ကြံခြင်းမှာတော့ မြင့်မားခြင်း မရှိလှပေ။ အစောင့်အဖွဲ့ကို ဦးဆောင်နေသည့်လူမှာ ဧကရာဇ်ပထမအဆင့်ဖြစ်ပြီး ကျန်လူများမှာတော့ တာအိုသခင်အဆင့် ကျင့်ကြံသူများသာ ဖြစ်ကြသည်။ သို့သော်ငြား လမ်းမပေါ်ရှိ ကျင့်ကြံသူများ မည်မျှပင် အားကောင်းနေစေကာမူ အစောင့်များကို မြင်လိုက်သည်နှင့်တစ်ပြိုင်နက် အဆိပ်ရှိသည့် မြွေများ၊ ကင်းမြီးကောက်များကို မြင်လိုက်ရသည့်ပမာ ခပ်ဝေးဝေးမှ ရှောင်သွားကြလေသည်။

ဧကရာဇ်ဒုတိယအဆင့် ပညာရှင်တစ်ဦးသည် အစောင့်များ၏လမ်းကို ပိတ်ရပ်မနေရဲခဲ့ဘဲ ချက်ချင်းလမ်းဖယ်ပေးလိုက်ကြောင်းကိုပင် ရန်ကိုင် မြင်တွေ့ခဲ့ရသည်။

ဤလောကကြီးထဲတွင် မည်သူက စီနီယာဖြစ်သလဲဆိုသည်ကို ကျင့်ကြံခြင်းအဆင့်ကိုကြည့်၍ ဆုံးဖြတ်၍မရပေ။ ရန်ကိုင်တို့ကြုံခဲ့ရသည့် လင်မယားအတွဲသည် ရှင်းရှင်းပြောရလျှင် ရန်ကိုင်တို့ထက်ပို၍ ကျင့်ကြံခြင်းနိမ့်ကျသည်။ သို့သော်ငြား ရန်ကိုင်တို့အပေါ်တော့ လေးစားမှုမရှိကြပေ။ လောင်ကွမ်းရှီနှင့်ပတ်သက်လာလျှင် ပို၍ပင် သိသာပေသေးသည်။ လောင်ကွမ်းရှီသည် ထိုလင်မယားအတွဲလောက် အားကောင်းခြင်းမရှိပါသော်ငြား ထိုလင်မယားအတွဲကို နိုင်လိုမင်းထက် ပြုမူနိုင်ခဲ့လေသည်။ လင်မယားအတွဲမှာလည်း လောင်ကွမ်းရှီလုပ်သမျှကို ငြိမ်ခံနေရုံသာ တတ်နိုင်ပြီး ဘာမှပြန်မလုပ်ရဲခဲ့ပေ။

ကောင်းကင်ထက်တွင် ပျံသန်းနေသည့် လူများလည်း ရှိကြပေသည်။ သို့သော်ငြား များများစားစားတော့ မဟုတ်ကြ။ ထို့အပြင် ပျံသန်းနေသည့်လူများ၏ ကျင့်ကြံခြင်းမှာလည်း တူညီခြင်း မရှိကြချေ။

“နှုတ်ဆက်ပါတယ်… ခင်ဗျားတို့နှစ်ယောက် ဂရုစိုက်ပါဦးနော်…” ရန်ကိုင်တို့နှင့်အတူ ရောက်လာသည့် လင်မယားစုံတွဲမှ အမျိုးသားသည် ရန်ကိုင်တို့ဆီမှ ခပ်ဝေးဝေးသို့ မြန်နိုင်သမျှမြန်အောင် သွားချင်နေသည့်အလား လူသားအင်ပါယာမြို့တော်ထဲသို့ ရောက်လာသည်နှင့်တစ်ပြိုင်နက် ရန်ကိုင်တို့အား နှုတ်ဆက်၍ ထွက်သွားရန် ကြံလိုက်လေသည်။

ထိုလူဘာတွေးနေသလဲဆိုသည်ကို သတိပြုမိလိုက်သည့်အလား ရန်ကိုင်ကလည်း သာမန်ကာလျှံကာသာ ပြန်၍နှုတ်ဆက်လိုက်သည်။

အမျိုးသမီးက ရုတ်တရက်ပြောလိုက်၏။ “ကျွန်မ ရှင်တို့နှစ်ယောက်ကို သတိပေးစရာတစ်ခုရှိတယ်… ရင်ဘတ်ပေါ်မှာ သစ်ရွက်အမှတ်အသားထိုးထားတဲ့လူတွေကို သွားရန်မစမိစေနဲ့… သူတို့ရင်ဘတ်ပေါ်မှာရှိတဲ့ သစ်ရွက်အရေအတွက်ပိုများလေ သူတို့ရဲ့အဆင့်အတန်းက ပိုပြီးမြင့်လေပဲ… ဒါ ရှင်တို့ အရင်နေတဲ့ ပုံမှန်ကမ္ဘာမဟုတ်ဘူး… ပုံမှန်ကမ္ဘာက ပုံစံမျိုးတွေ ဒီမှာလာလုပ်လို့ အဆင်မပြေဘူး… ပြီးတော့ လောင်ကွမ်းရှီသေသွားတဲ့ကိစ္စကိုလည်း ကြာကြာဖုံးထားလို့ ရမှာမဟုတ်တော့ ရှင်တို့ လောကနိယာမတွေ ထပ်ပြောင်းသွားတာနဲ့ တစ်ပြိုင်နက် ဒီလူသားအင်ပါယာမြို့ထဲကနေ မြန်မြန်ထွက်သွားရင် အကောင်းဆုံးပဲ…”

“ကျေးဇူးအများကြီးတင်ပါတယ်…” ရန်ကိုင်က ပြောလိုက်လေသည်။

အမျိုးသမီးက နောက်တစ်ခုထပ်ပြောတော့မည်အပြု သူမ၏အမျိုးသားသည် သူမအား အတင်းဆွဲခေါ်၍ လူအုပ်ကြားထဲသို့ တိုးဝင်ပျောက်ကွယ်သွားခဲ့လေ၏။

“စိတ်ဝင်စားစရာကမ္ဘာကြီးပါလား…” ရန်ကိုင်သည် ဘေးပတ်ဝန်းကျင်အား သိလိုစိတ်ပြင်းပြစွာဖြင့် လှည့်ပတ်ကြည့်နေခဲ့လေသည်။

လူသားအင်ပါယာမြို့တော်ကြီးတစ်ခုလုံးကို ဧရာမအကာအကွယ်ကြီးတစ်ခုမှ ဖုံးအုပ်ထားခဲ့သည်။ အပြင်ဘက်တွင် လောကနိယာမများ ပြောင်းလဲနေပါသော်ငြား မြို့ထဲရှိအခြေအနေမှာတော့ လုံးဝကို ငြိမ်သက်အေးချမ်းနေခဲ့လေသည်။ အပြင်ဘက်တွင် ကြုံနေရသည့် အခက်အခဲများကို ဤမြို့ထဲတွင် လုံးဝ ခံစားရခြင်း မရှိပေ။ ဤမြို့ထဲရှိ နိယာမစွမ်းအားတို့သည် ကြယ်တာရာအစုအဝေးထဲရှိ နိယာမစွမ်းအားများနှင့် ပို၍ နီးကပ်သယောင် ထင်မှတ်ရသည်။ ကောင်းကင်ပေါ်သို့ မော့ကြည့်လိုက်သည့်အခါ ကောင်းကင်တစ်ခုလုံးမှာ လုံးဝကို ပရမ်းပတာဖြစ်နေပြီး မရေမတွက်နိုင်သော ဝဲကတော့များဖြင့် ပြည့်နေကြောင်း တွေ့လိုက်ရလေသည်။ ထိုကောင်းကင်ကို အတန်ကြာအောင် မော့ကြည့်နေမည်ဆိုပါက ခေါင်းတစ်ခုလုံး မူးနောက်သွားရနိုင်ပေသည်။

“ကျုလဲ့ ဒီရောက်နေလား…” ရန်ကိုင်သည် ကျုချင်းဘက်သို့လှည့်၍ မေးလိုက်လေသည်။

ကျုချင်းက ပြန်ပြောလိုက်သည်။ “နဂါးကလန်က ကျင့်စဉ်တစ်ခုကို ထုတ်သုံးပြီးတော့ သူ့ကိုရှာမှရမှာ… အခုလောလောဆယ်တော့ သူ ဒီကိုရောက်နေလား မရောက်နေဘူးလား ငါလည်း မပြောတတ်သေးဘူး… ဒါပေမယ့် သူ ဒီကိုရောက်နေဖို့ပဲ မျှော်လင့်ပါတယ်…”

ရန်ကိုင်က ပြုံးလျက် “စိတ်ပူမနေနဲ့… သူက တော်တော်လေးအားကောင်းတာ… သူ အပြင်ရောက်နေမယ်ဆိုရင်တောင် ဘာပြဿနာနဲ့မှ ကြုံရမှာမဟုတ်ဘူး…”

“အင်း…” ကျုချင်း ခေါင်းညိတ်လိုက်သည်။ မသိလိုက်မသိဘာသာဖြင့် သူမလက်ထဲတွင်ရှိနေသော ခွေးပေါက်လေးကို ပွတ်သပ်ပေးမိလိုက်၏။ ခွေးပေါက်လေးမှာတော့ ကျုချင်း၏ပွတ်သပ်မှုကို ဇိမ်ယူနေသည့်အလား ပျော်ရွှင်စွာဖြင့် မျက်လုံးလေးမှေးစင်းကာ အငြိမ်သားဖြင့် ကျုချင်း၏ရင်ခွင်ထဲတွင် ကုပ်နေလေ၏။ သူ့ဗိုက်ထဲသို့ရောက်နေသည့် လောင်ကွမ်းရှီ သေလားရှင်လားဆိုသည်ကိုပင် မသိတော့ချေ။

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၂၉၅၄)

ဘာသာပြန်သူ_တိမ်တိုက်

“ဘေးဖယ် ဘေးဖယ်…”

ရန်ကိုင်မှ သူ့ဘေးပတ်ဝန်းကျင်အား ငြိမ်သက်စွာ စစ်ဆေးလေ့လာကြည့်နေစဉ်မှာပင် အလွန်ကိုမှ ရိုင်းစိုင်းသည့်အသံတစ်သံ သူ့နောက်ဆီမှ ထွက်လာခဲ့သည်။ လှည့်ကြည့်လိုက်ရာ ဧရာမဟင်းလင်းပြင်အစီအရင်ကြီးထက် လူပေါင်းများစွာ ရုတ်တရက်ပေါ်လာကြောင်း တွေ့လိုက်ရလေသည်။

ထိုလူအုပ်ကြီးအနက် အသိသာအထင်ရှားဆုံးသော လူမှာတော့ အသက်နှစ်ဆယ်အရွယ်လောက် ရှိမည့် လူငယ်လေးဖြစ်သည်။ ထိုလူငယ်လေးသည် ရုပ်လည်းချောသလို မျက်နှာအမူအယာမှာလည်း အလွန်ကိုမှ မောက်မာဝံ့ကြွားသည့် ပုံစံမျိုး ဖြစ်လေသည်။ မောက်မာဝံ့ကြွားသည့် သူ့အမူအယာနှင့် လိုက်ဖက်စွာပင် သူဝတ်စားထားသည့် အဝတ်အစားများမှာလည်း အလွန်ကိုမှ ကြီးကျယ်ခမ်းနားလှပေသည်။

ကျန်သည့်လူများမှာတော့ ထိုလူငယ်လေးအား ခြံရံလျက် ရှိနေကြလေသည်။

ထိုလူအုပ်ကြီး‌ ပေါ်လာသည်နှင့်တစ်ပြိုင်နက် တစ်ခုသောဘက်ဆီသို့ ချက်ချင်း ဦးတည်သွားလေသည်။ ထိုအဖွဲ့ထဲမှ လူတစ်ဦးမှာတော့ ရှေ့မှဦးဆောင်သွားရင်း လမ်းတွင်ပိတ်နေသည့်လူများကို မောင်းထုတ်ပစ်နေလေသည်။

တွန်းထုတ်ခံရသည့်လူများမှာလည်း အနည်းငယ်မျှပင် ခုခံရဲခြင်းမရှိဘဲ ဘေးဖက်သို့ ကြောက်ကြောက်လန့်လန့်ဖြင့် ရှောင်ထွက်သွားလေ၏။

“အရှင့်မင်းသားပဲ… တတိယအရှင့်မင်းသား ပြန်လာပြီကွ…”

“မြန်မြန်ဒူးထောက်လိုက်… ဘာအပိုစကားမှ ပြောမနေနဲ့… သူ့ကိုလည်း သွားမကြည့်နဲ့… သူ မင်းကို ကြည့်လာရင် မင်းသေပြီ…”

လူအုပ်ကြီးတစ်ခုလုံး ပြိုင်တူ ဒူးထောက်လိုက်ကြလေသည်။ မည်သူပင်ဖြစ်နေစေကာမူ ဟင်းလင်းပြင်အစီအရင်ကို ဗဟိုပြု၍ မီတာတစ်ထောင်ဝန်းကျင်အတွင်း ရှိနေသော ကျင့်ကြံသူအားလုံးမှာ လုပ်လက်စအလုပ်အားလုံးကို ရပ်၍ ချက်ချင်း ဒူးထောက်လိုက်ကြလေသည်။

ထိုမြင်ကွင်းကိုကြည့်ရင်း ရန်ကိုင် မင်သက်နေခဲ့လေသည်။

လူအုပ်ကြီး၏ တီးတိုးပြောသံများကို နားထောင်ရင်းမှ ရန်ကိုင်သည် တတိယမင်းသားဆိုသည့်လူအား စိတ်ဝင်တစားဖြင့် ကြည့်လိုက်လေသည်။ သူ့စိတ်ထဲတွင်လည်း တတိယမင်းသားဆိုသည်မှာ ဘာကိုဆိုလိုသလဲဆိုသည်ကို တွေးနေမိ၏။ အကြောင်းမှာ ထိုကဲ့သို့သောဂုဏ်ပုဒ်မျိုးကို သေမျိုးတိုင်းပြည်များတွင်သာ ကြားဖူးလေ့ရှိသည့် အတွက်ကြောင့်ပင် ဖြစ်လေသည်။ ကျင့်ကြံခြင်းကမ္ဘာကြီးထဲတွင် မိမိကိုယ်ကို အရှင့်မင်းသားဟု ခေါ်ဝေါ်သည့် မည်သူကိုမှ ရန်ကိုင် တွေ့ခဲ့ရဖူးခြင်း မရှိချေ။

သူ့အနားတစ်ဝိုက်တွင် ရှိနေသော လူအားလုံးမှာ ဒူးထောက်ထားသဖြင့် ရန်ကိုင်နှင့် ကျုချင်းတို့သာ လူအုပ်ကြီးထဲ ထင်းနေတော့လေသည်။ ကျုချင်းသည် ခွေးပေါက်လေးကိုကိုင်ရင်း လူအုပ်ကြီးထဲ မတ်တပ်ရပ်နေခဲ့သည်။ ရန်ကိုင်သည်လည်း အလားတူ မတ်တပ်ရပ်နေခဲ့လေသည်။

ပြဿနာတက်တော့မည်မှန်း သိလိုက်သည့်နောက် ရန်ကိုင် သက်ပြင်းအမောကြီး ချလိုက်သည်။ တကယ့်တကယ်တော့ ဤနေရာအကြောင်းကို သေသေချာချာမသိရသေးခင် သူ့အနေဖြင့် မည်သူနှင့်မျှ ပြဿနာမတက်ချင်ချေ။ သို့သော်ငြား ဘဝကြီးမှာ စီစဉ်ထားသည့်အတိုင်း ဖြစ်လာသည်တော့မဟုတ်။ သူ့ဘက်က မီးမောင်းထိုး၍ ပြဿနာမရှာလျှင်ပင် ပြဿနာသည် သူ့တံခါးကို အလိုလိုလာခေါက်လေပြီ။

ရန်ကိုင်သည် ကျုချင်းအား ကူကယ်ရာမဲ့စွာဖြင့် လှမ်းကြည့်လိုက်ရာ ကျုချင်းမှ တပြုံးပြုံးဖြင့် သူ့အား ကြည့်နေကြောင်း တွေ့လိုက်ရသည်။

“ဟမ်…”

ရန်ကိုင်နှင့် ကျုချင်းတို့၏ ပုံမှန်မဟုတ်သည့် အပြုအမူကြောင့် တတိယမင်းသားတို့အဖွဲ့မှာ ရန်ကိုင်တို့အား တမုဟုတ်ချည်း အာရုံစိုက်လာကြလေသည်။ ရှေ့မှဦးဆောင်သွားပြီး လမ်းရှင်းပေးနေသည့်လူသည် ချက်ချင်း ရန်ကိုင်ဆီသို့ ရောက်လာခဲ့လေ၏။ ထိုလူသည် သံမဏိကျောင်းဆောင်တစ်ခုပမာ ကြောက်မက်ဖွယ်ရှာအရှိန်အဝါကို ထုတ်လွှတ်နေခဲ့လေသည်။ ရန်ကိုင်အား အပေါ်စီးမှ ငုံ့ကြည့်ရင်းမှ အော်ပြောလိုက်လေသည်။ “ကောင်လေး… တတိယမင်းသားရှေ့မှာ မင်း ဘာဖြစ်လို့ ဒူးမထောက်တာလဲကွ…”

ထိုသို့ပြောပြီးသည့်နောက်တွင် အလွန်ကိုမှ ပြင်းထန်လှသည့် ဖိအားတစ်ရပ် သူ့ခန္ဓာကိုယ်ဆီမှ ဖြာထွက်လာခဲ့ပြီး ရန်ကိုင်ပေါ်သို့ တောင်တစ်လုံးနှယ် ဖိချလာခဲ့လေသည်။

သူသည် ဧကရာဇ်ပထမအဆင့်ပညာရှင်တစ်ဦးဖြစ်ကာ တိုက်ပွဲများနှင့် မစိမ်းသူတစ်ဦးလည်း ဖြစ်ပေသည်။ ထို့အတွက်ကြောင့် သူ့ဆီမှ ဖြာထွက်နေသည့်အရှိန်အဝါသည် စစ်ပွဲထောင်ပေါင်းများစွာကို တိုက်ခိုက်ထားခဲ့ဖူးသော စစ်သည်တော်တစ်ဦးဆီမှ ဖြာထွက်နေသည့် အရှိန်အဝါမျိုးနှင့် ဆင်တူပေသည်။ သာမန်လူများသည်သာ ထိုအရှိန်အဝါကို ခံစားမိလိုက်မည်ဆိုပါက အလွန်ကိုမှ သွေးပျက်ကြောက်ရွံ့သွားကြပေလိမ့်မည်။

သို့သော်ငြား ရန်ကိုင်မှာမူ လေညင်းခံနေသည့်အလား မလှုပ်မယှက်သာ ရှိနေလေသည်။ လူထွားကြီးကို မော့ကြည့်လျက် ပြောလိုက်လေ၏။ “ဒီတောသားလေးက လောကကြီးအကြောင်း ဘာမှသေသေချာချာ မသိတာမို့လို့ ဓလေ့ထုံးတမ်းအစဉ်အလာတွေကို နားမလည်ပါဘူး… ဒါ‌ကြောင့် ဆရာ ကျုပ်တို့ကို အပြစ်မတင်ဖို့ မျှော်လင့်ပါတယ်… ကျုပ်တို့ အခုချက်ချင်း ထွက်သွားပေးပါမယ်…” ထိုသို့ပြောပြီးသည့်နောက် ကျုချင်းနှင့်အတူ ထွက်သွားရန် လုပ်လိုက်လေသည်။

တတိယမင်းသားဖြစ်စေ အခြားသော အရှင့်မင်းသားများဖြစ်စေ သူ့အား မည်သူမျှ လာပြီး ဒူးထောက်ခိုင်း၍မရချေ။ ကျုချင်းဆိုလျှင် ပို၍ဆိုးပေသေးသည်။ သူမသည် အားကောင်းလှသည့် နဂါးကလန်အဖွဲ့သားတစ်ဦးဖြစ်သည်။ ထို့အတွက်ကြောင့် သေရမည်ဆိုလျှင်ပင် တစ်ဖက်လူအား ဒူးထောက်လိမ့်မည်မဟုတ်။ ထိုအကြောင်းကြောင့် ပြဿနာ ပို၍တက်မလာခင် စောစောထွက်သွားသည်မှာ အကောင်းဆုံးဖြစ်ပေသည်။

ကံမကောင်းစွာဖြင့် အခြေအနေမှာ သူတို့မျှော်လင့်ထားသလို ဖြစ်မလာခဲ့။ ရန်ကိုင် ထွက်သွားရန် ပြင်နေသည်ကိုမြင်သော် လူထွားကြီးသည် ရန်ကိုင်အား စိုက်ကြည့်၍ အော်ပြောလိုက်လေသည်။ “ရိုင်းလိုက်တာ…”

ထို့နောက်တွင် ရူးသွပ်နေသည့် နွားသိုးကြီးတစ်ကောင်နှယ် သူ၏ ဧရာမလက်ကြီးဖြင့် ရန်ကိုင်၏ပုခုံးအား ရိုက်ချလိုက်လေသည်။

“ဘုန်း…” ဟူသောအသံ ထွက်လာခဲ့ပါသော်ငြား ရန်ကိုင်သည် တောင်တစ်လုံးနှယ် မလှုပ်မယှက် မားမားမတ်မတ်သာ ရပ်နေခဲ့သည်။ သို့သော်ငြား လူထွားကြီး၏ လက်ဝါးရိုက်ချက်မှ ဖြာထွက်လာသော အင်အားသည် ရန်ကိုင်၏ခန္ဓာကိုယ်တစ်လျှောက် စီးဆင်းသွားခဲ့ပြီး ခြေထောက်နားဆီသို့ ရောက်သွားရာ ရန်ကိုင်ခြေစုံရပ်နေသည့် ကြမ်းပြင်တစ်ခုလုံးမှာ ဝုန်းခနဲ ကွဲအက်သွားရလေသည်။

ရန်ကိုင်သည် လူထွားကြီးကိုကြည့်၍ ပျင်းရိပျင်းတွဲဖြင့် ပြန်ပြောလိုက်သည်။ “ဒါ ဘာသဘောလဲဆရာ…”

လူထွားကြီးမှာ အံ့အားသင့်သွားခဲ့ပါသော်ငြား လှောင်ပြုံးပြုံး၍ “မင်း ဒီလောက်မောက်မာနေတာ အံ့ဩစရာမဟုတ်တော့ပါဘူးလေ… မင်းမှာ အရည်အချင်း နည်းနည်းပါးပါးရှိနေတာကို… ဒါပေမယ့် ငါနဲ့လာတွေ့တာ မင်း ကံဆိုးသွားတာပဲ…” ထိုသို့ပြောပြီးသည့်နောက် သူ့လက်ထဲသို့ အားထပ်ထည့်လိုက်ရာ လက်မောင်းကြွက်သားကြီးများ ဖောင်းကားတက်လာခဲ့ပြီး သွေးကြောများမှာလည်း တထောင်ထောင် ဖြစ်လာခဲ့ရလေသည်။ ကြည့်ရသလောက် ရှိရှိသမျှ စွမ်းအားအကုန်ကို သုံး၍ ရန်ကိုင်အား မြေပြင်ပေါ်သို့ ဒူးထောက်ကျသွားအောင် ဖိချချင်နေသည့်အလား။

ရန်ကိုင်သည် အခြားသောအစောင့်များဆီသို့ လှမ်းကြည့်လိုက်ရာ ထိုလူအားလုံးသည် သူ့အား အေးစက်စက်အမူအယာများဖြင့်သာ ကြည့်နေကြောင်း တွေ့လိုက်ရလေသည်။ မသိလျှင် ရန်ကိုင်သည် တားမြစ်ချက်တစ်ခုခုကို ချိုးဖျက်လိုက်သည့်အတွက်ကြောင့် အပြစ်ပေးခံထိုက်သည့်လူတစ်ဦး ဖြစ်နေသည့်အလား။

တတိယမင်းသားမှာမူ ထူးမခြားနားဟန်ဖြင့် ရှိနေခဲ့လေသည်။ သူ့အကြည့် ကျုချင်းဆီသို့ ရောက်သွားသည့် အခါမှသာ သူ့မျက်ဝန်းထဲ အံ့ဩရိပ်တို့ တစ်ချက် ဖြတ်ပြေးသွားခဲ့သည်။ သို့သော်ငြား ထိုမျှသည်သာ။ ထို့နောက်တွင် ကျုချင်းအား ဆက်၍ အာရုံစိုက်မနေတော့ပေ။

တတိယမင်းသား၏အကြည့်သည် ရန်ကိုင်တို့ဆီတွင် ကြာကြာရှိမနေခဲ့ပဲ လူအုပ်ကြီးကိုဖြတ်ကျော်၍ မြို့ထဲရှိ တစ်နေရာဆီသို့သာ မီးတောက်မတတ်အကြည့်ဖြင့် ကြည့်နေခဲ့လေသည်။

လူထွားကြီးမှာ ရန်ကိုင်အား ဆက်၍ ဖိအားပေးနေခဲ့သည်။ အစပိုင်းတွင်တော့ အောင်ပွဲသည် သူ့လက်ထဲသို့ ရောက်မည်ဟု မျှော်လင့်ထားသည့် အမူအယာမျိုးဖြင့် ရှိနေပါသော်ငြား အချိန်ကြာလာသည့်နောက် သူ့ဘက်မှ တရစပ်ကို အားထည့်နေသည့်တိုင် ထင်ထားသည့်အတိုင်း ဖြစ်မလာသော် လူထွားကြီး မျက်စိပျက် မျက်နှာပျက် ဖြစ်လာတော့လေသည်။ သူ မည်မျှပင် အားစိုက်နေစေကာမူ သူ့ရှေ့ရှိကောင်လေးမှာတော့ တုတ်တုတ်မျှပင်မလှုပ်။ မသိလျှင် မြေပြင်၌ အမြစ်တွယ်နေသည့် ကျောက်တိုင်ကြီးတစ်ခုပမာ။ တစ်ချက်ကလေးမှပင် ယိမ်းထိုးသွားသည့်အရိပ်အယောင်မျိုး မပြ။

တစ်ခဏအကြာ၌ လူထွားကြီး၏မျက်နှာမှာ နီမြန်းလာခဲ့ပြီး မျက်နှာတစ်ပြင်လုံးထက်တွင်လည်း သွေးကြောများ ဖောင်းတက်လာနေခဲ့လေသည်။ သံမဏိကျောင်းဆောင်ပမာ ထင်မှတ်ရသော် သူ့ခန္ဓာကိုယ်ကြီးမှာလည်း စွမ်းအင်ကုန်ခါနီး ဖြစ်နေသည့်အလား တုန်ခါလာခဲ့လေ၏။ သို့သော်ငြား ကျားပေါ်ခွစီးမိလျက်သား ဖြစ်သွားပြီဖြစ်သည့်အတွက်ကြောင့် ပြန်ဆင်း၍မရတော့သဖြင့် ဆက်၍သာ ကြိုးစားဟန်ထုတ်နေရတော့လေသည်။

ကံမကောင်းစွာဖြင့် လူထွားကြီးမှာ သူ့ပြိုင်ဘက်အား အကြီးအကျယ် အထင်သေးမိသွားခဲ့သည်။

ရန်ကိုင်မှာ ဆက်၍ သည်းမခံနိုင်တော့သည့်အဆုံးတွင် လူထွားကြီးကိုကျော်၍ တတိယမင်းသားအား လှမ်းကြည့်ကာ ပြောလိုက်လေသည်။ “ဘယ်အချိန်မှာ ရပ်ရမလဲဆိုတာကို သိရင် ကောင်းလိမ့်မယ်နော်…”

တတိယမင်းသားမှာတော့ ရန်ကိုင်အား လျစ်လျူရှုထားခဲ့ပြီး အင်ပါယာမြို့တော်ထဲရှိ တစ်ခုသောနေရာဆီသို့သာ စိုက်ကြည့်နေခဲ့လေသည်။ ကြည့်ရသလောက် သူ့စိတ်အစုံသည် လက်ရှိအဖြစ်အပျက်များပေါ်တွင် ရှိမနေဘဲ ထိုနေရာဆီသို့သာ ရောက်ရှိနေသည့်အလား။

ရန်ကိုင်သည် တစ်ချက် အသံပြု၍ လူထွားကြီးဆီသို့ လက်ဝါးတစ်ချက် ရိုက်ထုတ်လိုက်လေသည်။

သူ့အနေဖြင့် တတိယမင်းသားကို သတိပေးပြီးသွားလေပြီ။ သို့သော်ငြား တစ်ဖက်လူသည် သူ့စကားကို အလေးမထားသည့်အတွက်ကြောင့် ရန်ကိုင်လည်း တတိယမင်းသား မျက်နှာပျက်ရမည်ကို ဂရုစိုက်မနေနိုင်တော့ချေ။ တတိယမင်းသားကို ပြဿနာရှာမိလိုက်၍ မည်ကဲ့သို့သောအကျိုးဆက်များအား ရင်ဆိုင်ရမလဲဆိုသည်ကို ရန်ကိုင်မသိပါသော်ငြား လက်ရှိကိစ္စကို အရင်ရှင်းပြီးမှ နောက်ဖြစ်လာမည့်ပြဿနာများကို ရင်ဆိုင်ရန် ဆုံးဖြတ်ထားလိုက်လေသည်။

အကုန်လုံးမှာ ရုတ်တရက်ဆိုသလို ဖြစ်ပျက်သွားခဲ့ခြင်း ဖြစ်လေသည်။ လူထွားကြီးမှာ ရန်ကိုင်အား သူ့အား ပြန်တိုက်ခိုက်လိမ့်မည်ဟု မထင်ထားခဲ့။ ထို့အတွက်ကြောင့် လက်ဝါးချက် သူ့ဆီသို့ ရောက်ရှိလာချိန်တွင် ခုခံရန်မှာ အချိန်နှောင်းသွားခဲ့ရလေပြီ။ ထို့အပြင် လူထွားကြီးသည် ရန်ကိုင်အား ဖိနှိပ်ရေးတွင်သာ အပြည့်အဝ အာရုံစိုက်နေသူဖြစ်သည်။ ထို့အတွက်ကြောင့် ရန်ကိုင်မှ သူ့အား တန်ပြန်တိုက်ခိုက်လာသော် သူ့ခွန်အားကို စုဝေးချိန်ပင် မရလိုက်ချေ။

ရန်ကိုင်၏လက်ဝါးချက်မှာ အန္တရာယ်ရှိသည့်အရိပ်အယောင် မပေါက်ပါသော်ငြား လက်ဝါးချက် သူ့အား လာထိမှန်ချိန်တွင်တော့ လူထွားကြီး၏အမူအယာ အပြောင်းလဲကြီး ပြောင်းလဲသွားခဲ့လေသည်။ ထို့နောက်တွင် ကြိုးပြတ်သွားသည့်စွန်တစ်စင်းပမာ လူထွားကြီးသည် ကောင်းကင်ပေါ်သို့ မြောက်တက်သွားခဲ့ပြီး မြေပြင်ပေါ်သို့ ခွေးကျဝက်ကျ ပြုတ်ကျလာခဲ့ရသည်။

ထိုမြင်ကွင်းကိုကြည့်ရင်း ဒူးထောက်နေကြသည့် လူအုပ်ကြီးတစ်ခုလုံး မင်သက်သွားကုန်ကြလေသည်။ အကုန်လုံးမှာ ယခုကဲ့သို့ ပွဲကြီးပွဲကောင်းတစ်ပွဲနှင့် လာတိုးရလိမ့်မည်ဟု လုံးဝ မျှော်လင့်ထားခဲ့ခြင်း မရှိချေ။

ဤလောကကြီးထဲတွင် အင်ပါယာမြို့တော်ထဲ၌ တတိယမင်းသား၏အစောင့်ကို တတိယမင်းသား၏ ရှေ့တည့်တည့်တွင်ပင် တိုက်ခိုက်ရဲသည့်လူတစ်ဦး ရှိနေလိမ့်မည်ဟု မည်သူမျှ ထင်ထားခြင်းမရှိကြ။ ထိုလူ ထိုကဲ့သို့ တိုက်ခိုက်ရဲရခြင်းမှာ ရူးနှမ်းနေသည့်အတွက်ကြောင့်သာ ဖြစ်ရပေလိမ့်မည်။ တတိယမင်းသား၏အစောင့်ကို တတိယမင်းသားရှေ့တည့်တည့်၌ တိုက်ခိုက်လိုက်သည့်လူ၏ အဆုံးသတ်မှာ လုံးဝ ကောင်းမွန်လိမ့်မည်မဟုတ်။ ယခု သူတို့သိချင်နေသည်မှာ ထိုလူ မည်ကဲ့သို့ ဆိုးရွားလှသည့် ကံကြမ္မာမျိုးနှင့် ရင်ဆိုင်တွေ့ရမလဲဆိုသည်သာ ရှိတော့လေသည်။

တတိယမင်းသား၏အစောင့်များမှာ ရန်ကိုင်မှ ရုတ်တရက် တိုက်ခိုက်လိုက်သည့်အတွက်ကြောင့် ထိတ်လန့်သွားမိကြပါသော်ငြား အချိန်အတန်ကြာအောင် ငေးကြောင်နေခြင်းမရှိဘဲ အလျင်အမြန် တုံံ့ပြန်လာခဲ့လေသည်။ မည်သည့်စကားတစ်ခွန်းမှမပြောဘဲ ချက်ချင်းပဲ ရန်ကိုင်နှင့်ကျုချင်းတို့အား ဘက်ပေါင်းစုံမှ ဝိုင်းရံလိုက်ကြသည်။

ထိုအစောင့်များထဲ ဧကရာဇ်ဒုတိယအဆင့်ပညာရှင်တစ်ဦးနှင့် ဧကရာဇ်ပထမအဆင့်ကျင့်ကြံသူနှစ်ဦး ပါဝင်နေခဲ့လေသည်။ ကျန်လူအားလုံးမှာတော့ တာအိုသခင်တတိယအဆင့်များသာ ဖြစ်ကြလေသည်။

ရန်ကိုင် ဤနေရာသို့ရောက်သည်မှာ မကြာသေးပါသော်ငြား အင်ပါယာမြို့တော်ထဲတွင် ရှိနေသည့် ဧကရာဇ်အဆင့်ပညာရှင်များ၏ အရေအတွက်နှင့် အရည်အသွေးမှာ သူ့အား အမှန်တကယ်ကို အံ့ဩမိစေခဲ့လေသည်။ ဤနေရာတွင်ရှိနေသည့် ကျင့်ကြံသူများ မည်ကဲ့သို့ ကျင့်ကြံသလဲဆိုသည်ကို ရန်ကိုင်မသိချေ။ သို့သော်ငြား နေရာတိုင်းလိုလိုတွင် ဧကရာဇ်အဆင့်ပညာရှင်များကို လမ်းဘေးတွင် တွေ့ရသည့် ပေါင်းပင်များနှယ် တွေ့နေရသည်။

တတိယမင်းသား၏အဖွဲ့မှာ အတော်လေးကိုမှ အင်အားတောင့်သည်ဟု ပြော၍ရသည်။ သူ့အဖွဲ့ထဲ ဧကရာဇ် ဒုတိယအဆင့်ပညာရှင်တစ်ဦးနှင့် ဧကရာဇ်ပထမအဆင့်ပညာရှင်နှစ်ဦး ရှိနေရုံမက သူကိုယ်တိုင်သည်လည်း ဧကရာဇ်ပထမအဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်နေခဲ့သည်။

ရန်ကိုင်အား ဝိုင်းထားသည့် အစောင့်များမှာ ရန်ကိုင်တို့အား ချက်ချင်း တိုက်ခိုက်ခြင်း မရှိသေးဘဲ တတိယမင်းသား၏ အမိန့်ကို‌ စောင့်နေကြလေသည်။ တတိယမင်းသားမှ အမိန့်ပေးလိုက်သည်နှင့်တစ်ပြိုင်နက် ရန်ကိုင်နှင့် ကျုချင်းအား ချက်ချင်း တိုက်ခိုက်ကြပေလိမ့်မည်။ သူတို့ရင်ဆိုင်နေရသည့်လူများ မည်မျှအားကောင်းနေစေကာမူ လူသားအင်ပါယာမြို့တော်ထဲတွင် မင်းသားများအား ရန်စရဲမည်ဆိုပါက မည်သူမျှ အဆုံးသတ်ကောင်းလိမ့်မည်မဟုတ်ချေ။

အစောင့်များစွာ၏ ဝိုင်းရံခြင်း ခံထားရသည့်တိုင် ရန်ကိုင်မှာ တည်တည်ငြိမ်ငြိမ်ဖြင့်သာ ရှိနေခဲ့သည်။ တည်ငြိမ်ရုံသာလျှင်မဟုတ် အေးစက်စက်အပြုံးလေးပင် ပြုံးထားခဲ့ပြီး ကျုချင်းမှာမူ ခွေးပေါက်လေးကို အောက်သို့ ချပေးပြီးသည့်နောက် ရန်ကိုင်ဘေးနားတွင် တည်တည်ငြိမ်ငြိမ် ရပ်နေလေ၏။

“မင်းတို့တွေက အပြင်ကရောက်လာတဲ့ လူသစ်တွေလား…” တတိယမင်းသားသည် ရုတ်တရက် သူ့အကြည့်ကို ပြန်ရုတ်သိမ်း၍ ရန်ကိုင်ဘက်သို့လှည့်ကာ မေးလိုက်လေသည်။

“အဲ့ဒါက အဲ့လောက်တောင် သိသာနေတာလား…” ရန်ကိုင် မျက်မှောင်ကျုံ့သွားခဲ့လေသည်။ တတိယမင်းသား ဤကဲ့သို့သော မေးခွန်းမျိုးကို လာမေးနေသည့်အပေါ် ရန်ကိုင် အံ့အားသင့်သွားခဲ့ရသည်။

တတိယမင်းသားက ထူးမခြားနားဟန်ဖြင့် ပြန်ပြောလိုက်သည်။ “မင်းတို့သာ ဒီမှာ အချိန်ကြာကြာ နေဖူးလို့ရှိရင် အင်ပါယာမြို့တော်ထဲမှာ အရှင့်မင်းသားတွေနဲ့ ပြဿနာဖြစ်တာ ဉာဏ်ရှိတဲ့လုပ်ရပ်မဟုတ်မှန်း နားလည်သွားလိမ့်မယ်…”

ရန်ကိုင်က ပြုံးဖြီးလျက် “အဲ့လိုလား… တတိယမင်းသားက တကယ်ကို အမြင်စူးရှတာပဲ… ဟုတ်တယ်… ကျုပ်မိန်းမနဲ့ကျုပ်က အခုလေးတင် အပြင်ကနေ ရောက်လာတာ…”

တတိယမင်းသားက ခေါင်းညိတ်လျက် “အပြင်ဘက်မှာ အပြင်စည်းကမ်း… ဒီမှာက ဒီကစည်းကမ်း… ဒီတစ်ကြိမ်တော့ မင်းတို့ မသိတာမို့လို့ ခွင့်လွှတ်ပေးလိုက်မယ်… နောက်တစ်ကြိမ်ကျရင်တော့ အခုလိုမျိုး ထပ်မလုပ်ဖို့ ငါမျှော်လင့်တယ်…”

ထိုသို့ပြောပြီးသည့်နောက် ရန်ကိုင်အား သေသေချာချာ တစ်ချက်ကြည့်လိုက်ပြီးသည့်နောက် ရန်ကိုင်ကိုကျော်၍ လျှောက်ထွက်သွားလေသည်။

ရန်ကိုင်နှင့်ကျုချင်းတို့အား ဝိုင်းရံထားသည့် အစောင့်များမှာလည်း သူတို့ခေါင်းဆောင်ပြောသွားသည့်စကားကို ကြားသော် တိုက်ခိုက်လိုစိတ်ကို ပြန်ရုတ်သိမ်းလျက် သူတို့ခေါင်းဆောင်မင်းသားနောက်သို့ လိုက်သွားကြလေသည်။ ရန်ကိုင်လက်ချက်ကြောင့် လွင့်ထွက်သွားခဲ့သော လူထွားကြီးသည်ပင်လျှင် ရန်ကိုင်အား တစ်ချက်မျှပင် လှည့်မကြည့်တော့ဘဲ မသိလိုက်မသိဘာသာဖြင့် သူ့မင်းသားနောက် လိုက်သွားလေသည်။

“ဟုတ်သားပဲ…” လမ်းလျှောက်သွားနေသည့် တတိယမင်းသားသည် ရုတ်တရက် ရပ်လိုက်ပြီးသည့်နောက် နောက်သို့ပင် ပြန်လှည့်မကြည့်ဘဲ ပြောလိုက်လေသည်။ “ငါ အခု မင်းကို ခွင့်လွှတ်ပေးလိုက်တာ မင်းအားကောင်း‌ကြောင်း သက်သေပြလိုက်လို့ မဟုတ်ဘူးနော်… မင်းတို့ရဲ့ ပထမဦးဆုံးအကြိမ် မသိနားမလည်တာမို့လို့ ခွင့်လွှတ်ပေးလိုက်တာ… ရှင်းရှင်းပြောရသော် မင်းကို ကိုယ့်အမှားကိုယ်သိအောင် လုပ်နိုင်မယ့် အခွင့်အရေးတစ်ခုကို ပေးလိုက်ရုံပဲ…”

ရန်ကိုင်မျက်မှောင်ကျုံ့သွားခဲ့ပြီး ကျုချင်းကိုကြည့်၍ သူ့နှုတ်ခမ်းကို ပွစိပွစိ လုပ်ပြလိုက်သည်။

ရန်ကိုင် ဘာမျှမပြောခဲ့သလို ကောင်းကင်စိတ်အာရုံဖြင့်လည်း ဘာကိုမျှမပြောခဲ့ပါသော်ငြား ရန်ကိုင်ဘာပြောချင်နေသလဲဆိုသည်ကို ကျုချင်းနားလည်ပေသည်။ ရန်ကိုင်ပြောချင်သည်မှာတော့ ဤတတိယမင်းသားဆိုသည့်လူသည် အလွန်ကိုမှ ဂုဏ်မောက်သည်ဟူ၍ပင်။

ကျုချင်းသည် သူမပါးစပ်ကိုအုပ်၍ ပြုံးလိုက်လေ၏။

ထို့နောက်တွင် “ဖျောက်” ဟူသောသံနှင့်အတူ တတိယမင်းသား လက်ဖျောက်တီးလိုက်လေသည်။

တတိယမင်းသားမှ လက်ဖျောက်တီးလိုက်သည်နှင့် တစ်ပြိုင်နက် ရန်ကိုင်၏အမူအယာ ရုတ်ချည်း ပြောင်းလဲသွားခဲ့ပြီး တစ်ချက် ကောက်ငြီးလိုက်လေသည်။

ကျုချင်းမျက်နှာ ဖြူလျော်သွားခဲ့ပြီး ရန်ကိုင်အား စိုးရိမ်တကြီးဖြင့် ကြည့်၍ “နင်သွေးထွက်နေတယ်…”

ထိုသို့ပြောနေရင်းမှ သူမ၏သိုလှောင်လက်စွပ်ထဲမှ မျက်နှာသုတ်ပုဝါတစ်ခုကို အမြန်ထုတ်ယူ၍ ရန်ကိုင်၏နှာခေါင်းဝမှ စီးကျနေသော သွေးများကို သုတ်ပေးလိုက်ကာ ရန်ကိုင်နှာခေါင်းဝတွင် တေ့ထားပေးလိုက်လေသည်။

ရန်ကိုင်သည် နှာခေါင်းဝကို မျက်နှာသုတ်ပုဝါဖြင့် တေ့ထားရင်းမှ လမ်းလျှောက်ထွက်သွားသည့် တတိယမင်းသားအား မယုံကြည်နိုင်ဟန်ဖြင့် ကြည့်လိုက်သည်။

“နင် ဘာလို့ သွေးထွက်နေရတာလဲ…” ကျုချင်း မျက်လုံးမှေးစင်းသွားခဲ့လေသည်။ သူမသည် ဤဖြစ်စဉ်တစ်ခုလုံးကို အစမှအဆုံး ရပ်ကြည့်နေခဲ့သူတစ်ဦးဖြစ်သည်။ သို့သော်ငြား ရန်ကိုင်ကိုယ်ထက် မည်သည့်ဒဏ်ရာရထားသည့် အရိပ်အယောင်ကိုမှ မတွေ့ရ။ သို့တိုင် ရန်ကိုင်မှာ သွေးထွက်နေခဲ့လေသည်။ ထိုကိစ္စမှာ ပုံမှန်မဟုတ်ချေ။

“လူနည်းတဲ့နေရာကိုသွားပြီး စကားပြောကြတာပေါ့…” ရန်ကိုင်သည် မှုန်ကုပ်ကုပ်အမူအယာဖြင့် ကျုချင်းကို ဆွဲခေါ်သွားခဲ့သည်။

အင်ပါယာမြို့တော်ထဲတွင် ရှိနေသော လူများမှာလည်း ဖြည်းဖြည်းချင်း မတ်တပ်ပြန်ရပ်လာခဲ့ကြလေသည်။ သို့သော်ငြား လူတိုင်းသည် ရန်ကိုင်တို့နှစ်ဦးအား ပလိပ်ရောဂါများနှယ် ရှောင်ဖယ်နေခဲ့ကြသည်။

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၂၉၅၅)

ဘာသာပြန်သူ_တိမ်တိုက်

ရေနွေးကြမ်းဆိုင်တစ်ဆိုင်ထဲတွင် ရန်ကိုင်နှင့်ကျုချင်းတို့မှာ မျက်နှာချင်းဆိုင်ကာ ထိုင်နေကြသည်။ အငွေ့တထောင်းထောင်းထွက်နေသည့် သင်းပျံ့လှသော ရေနွေးကြမ်းတစ်ခွက်မှာတော့ သူတို့ရှေ့ရှိ စားပွဲခုံပေါ်တွင် ရှိနေခဲ့ကာ ခွေးပေါက်လေးမှာတော့ စားပွဲခုံ၏ ထောင့်တစ်နေရာတွင် အိပ်စက်နေခဲ့လေသည်။

“ခုနတုန်းက ဘာဖြစ်သွားတာလဲ…” ကျုချင်းက တိုးတိုးလေးမေးလိုက်သည်။ ရန်ကိုင် မည်ကဲ့သို့ ဒဏ်ရာရလို့ ရသွားမှန်းကို ကျုချင်း နားမလည်သေးချေ။ ရန်ကိုင်ရသွားသည့်ဒဏ်ရာမှာ ဆိုးဆိုးရွားရွားမဟုတ်ပါသော်ငြား အနည်းဆုံးတော့ သွေးထွက်သွားပေသေးသည်။ ရန်ကိုင်အား ထိုကဲ့သို့ သွေးထွက်အောင်လုပ်လိုက်သည့်လူမှာ တတိယမင်းသားဖြစ်နိုင်ချေ အလွန်များပေသည်။ ရန်ကိုင် မည်မျှအားကောင်းကြောင်းကို သူမ သိသည်။ ထို့အတွက်ကြောင့် ဧကရာဇ်ပထမအဆင့်သာ ရှိသေးသော တတိယမင်းသားသည် ရန်ကိုင်အား မည်သို့များ ဒဏ်ရာရအောင် လုပ်နိုင်ရလေသနည်း။ ထို့အပြင် တတိယမင်းသား ရန်ကိုင်အား ဒဏ်ရာရအောင် လုပ်သွားသည့်နည်းလမ်းမှာ လက်ဖျောက်တီးလိုက်ရုံလေးသာ ဖြစ်ပေသည်။

တတိယမင်းသားသည် ထိုမျှအားကောင်းသည်ဆိုပါက သူ့အဆင့်သည့် မဟာဧကရာဇ်တစ်ပါးအဆင့်နှင့် ဝေးကွာခြင်း မရှိတော့ပေ။

“ဒီလူသားအင်ပါယာမြို့တော်နဲ့ ပတ်သက်ပြီးတော့ တစ်ခုခု ထူးဆန်းနေတယ်…” ရန်ကိုင်သည် လက်ကိုင်ပုဝါကို နှာခေါင်းဆီမှ ပြန်ဖယ်လိုက်သည်။ နှာခေါင်းမှာလည်း သွေးဆက်ထွက်မနေတော့ချေ။ သို့သော်ငြား လက်ကိုင်ပုဝါတစ်ခုလုံးမှာတော့ သွေးများဖြင့် စွန်းထင်းနေခဲ့ရလေပြီ။

ကျုချင်း အံ့ဩသွားခဲ့လေပြီ။ “နင့်ကို ဒဏ်ရာရအောင်လုပ်လိုက်တာ တကယ်ကြီး တတိယမင်းသားလား…”

“ဟုတ်တယ်…” ရန်ကိုင် ခေါင်းညိတ်လိုက်သည်။

“ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ…” ကျုချင်း၏အမူအယာ မဆိုစလောက်ကလေး ပြောင်းလဲသွားခဲ့သည်။ “သူ့ခွန်အားကို ဖုံးကွယ်ထားတာတော့ မဟုတ်ပါဘူးနော်…” ကျုချင်းရင်ထဲ ထိတ်လန့်တုန်လှုပ်နေမိလေသည်။ သူမပင် တစ်ဖက်လူ၏စွမ်းအားကို မမြင်ရလေအောင် တတိယမင်းသားသည် မည်မျှပင် အားကောင်းနေလေသနည်း။

“မဟုတ်ဘူး မဟုတ်ဘူး မဟုတ်ဘူး…” ရန်ကိုင်က ခေါင်းခါလိုက်သည်။ “အဲ့ကောင် သူ့ခွန်အားကို ဖုံးကွယ်ထားတာမဟုတ်ဘူး… သူ တကယ်ကြီး ဧကရာဇ်ပထမအဆင့်မှာပဲ ရှိသေးတာ…”

“ဒါဆို ဘယ်လိုလုပ်ပြီး…” ကျုချင်း ကြောင်သွားလေသည်။

“ငါ ဘယ်လိုပြောရမလဲ…” ရန်ကိုင် မျက်မှောင်ကျုံ့ပြီး သူကြုံခဲ့ရသည့်အဖြစ်အပျက်ကို ပြန်စဉ်းစားလိုက်သည်။ အတန်ကြာပြီးသည့်နောက်မှသာ ဆက်၍ပြောလိုက်လေ၏။ “ရှင်းရှင်းပြောရရင် ဒီလူသားအင်ပါယာမြို့တစ်ခုလုံးမှာ ပျံ့နေတဲ့ စွမ်းအားတစ်မျိုးရှိတယ်… တတိယမင်းသားက အဲ့စွမ်းအားကို ထိန်းချုပ်နိုင်တယ်… ဒီတော့ ငါ့ကို ဒဏ်ရာရအောင် လုပ်သွားတာ တတိယမင်းသားလို့ ပြောရမယ့်အစား အဲ့စွမ်းအားလို့ပြောရင် ပိုမှန်လိမ့်မယ်…”

ရန်ကိုင်မှာ ရှင်းပြရခက်နေပါသော်ငြား သူပြောချင်သည့်အဓိပ္ပာယ်မှာတော့ ရှင်းရှင်းလင်းလင်းပင်။ ကျုချင်းမှာ လူသားအင်ပါယာမြို့ထဲ မည်ကဲ့သို့သောစွမ်းအားမျိုး ပျံ့နှံ့နေသလဲဆိုသည်ကို နားမလည်သည့်အတွက်ကြောင့် ပြန်၍ မေးလိုက်လေ၏။ “ဘယ်လိုစွမ်းအားမျိုးလဲ…”

“အဲ့ဒါတော့ ငါလည်း သေချာမပြောတတ်ဘူး…” ရန်ကိုင်ခေါင်းခါလိုက်သည်။ “ဟိုအမျိုးသမီး ထွက်မသွားခင်တုန်းက ငါတို့ကို သစ်ရွက်အမှတ်အသားပါတဲ့လူတွေနဲ့ သွားပြဿနာမဖြစ်ဖို့ ပြောသွားခဲ့သေးတယ်မလား…”

ကျုချင်းမှာ နားလည်သွားဟန်ဖြင့် စားပွဲခုံကို လက်ဖြင့်တောက်၍ “ကြည့်ရတာ တတိယမင်းသားရဲ့ အင်္ကျီပေါ်မှာ သစ်ရွက်ပုံအမှတ်အသား ရှိနေတဲ့ပုံပဲ…”

ရန်ကိုင်က ပြုံးဖြီးလျက် “ဟုတ်တယ်… ရှိနေတယ်… တစ်ရွက်တောင်မဟုတ်ဘူး… သစ်ရွက်ကိုးရွက်အမှတ်အသားပဲ…” ထို့နောက်တွင် ကောင်းကင်ပေါ်သို့ ညွှန်ပြ၍ “နင်သတိထားမိမှာတော့မဟုတ်ဘူး… ဒါပေမယ့် ကောင်းကင်ပေါ်မှာ ပျံနေတဲ့လူတွေအကုန်လုံးရဲ့ ရင်ဘတ်မှာ သစ်ရွက်အမှတ်အသားတွေရှိတယ်… သစ်ရွက်အရေအတွက်ချင်းကတော့ တူတော့မတူဘူးပေါ့…”

ရန်ကိုင်ပြောသည်ကိုကြားသော် ကျုချင်းသည် သူမ၏ ကောင်းကင်စိတ်အာရုံကို ဖြန့်ကျက်၍ ကောင်းကင်ပေါ်ရှိ အခြေအနေကို အမြန်စစ်ဆေးကြည့်လိုက်ရာ ရန်ကိုင်ပြောသည့်အတိုင်း ဖြစ်နေကြောင်း တွေ့လိုက်ရလေသည်။ ထိုလူများ၏ခွန်အား မည်သို့ပင်ရှိနေစေကာမူ ပျံသန်းနေသည့်လူများထဲ သစ်ရွက်အမှတ်အသားကို ပိုင်ဆိုင်ထားခြင်း မရှိသည့်လူ တစ်ဦးမှ ရှိမနေခဲ့ပေ။

“ကြည့်ရသလောက်တော့ အဲ့လူတွေက လူသားအင်ပါယာမြို့ထဲမှာ အဆင့်အတန်းတစ်ခုကို ပိုင်ဆိုင်ထားတဲ့ပုံပဲ…” ရန်ကိုင်သည် စားပွဲခုံကို လက်ဖြင့်တောက်ရင်းမှ ပြောလိုက်လေသည်။ “ဒီမြို့ထဲမှာ လူသားဧကရာဇ်တွေနဲ့ အရှင့်မင်းသားတွေ ရှိကြတယ်… ဒီတော့ ငါထင်တာသာမမှားဘူးဆိုရင် သစ်ရွက်အမှတ်အသားကို ပိုင်ဆိုင်ထားတဲ့လူတွေက တော်ဝင်မိသားစုကလူတွေပဲ…”

ကျုချင်းမျက်မှောင်ကျုံ့သွားခဲ့လေသည်။ “ဘယ်လိုတော်ဝင်မိသားစုမျိုးမို့လို့လဲ… တော်ဝင်မိသားစုထဲမှာ မျိုးဆက်တွေအများကြီး ရှိတယ်မဟုတ်ဘူးလား…”

ရန်ကိုင်က ရယ်သွမ်းလျက် “အဲ့ဒါကြောင့်ပဲ လူတော်တော်များများမှာ သစ်ရွက်တစ်ရွက်နှစ်ရွက်လောက်ပဲ ရှိနေကြတာလေ… သစ်ရွက်ငါးရွက်ရှိတဲ့လူကို တွေ့ရခဲတယ်… တတိယမင်းသားကိုပဲကြည့်လိုက်… သစ်ရွက်ကိုးရွက်ကို ပိုင်ဆိုင်ထားတာဆိုတော့ သူကမှ တကယ်ကို အဆင့်အတန်းမြင့်တဲ့လူလို့ ပြောလို့ရတယ်…”

ကျုချင်းက ပြန်ပြောလိုက်သည်။ “ငါ အခုမှပဲ မှတ်မိတော့တယ်… ငါတို့ လိုဏ်ဂူထဲမှာ တွေ့ခဲ့တဲ့ လောင်ကွမ်းရှီမှာလည်း သစ်ရွက်တစ်ရွက်ရှိတဲ့ပုံပဲ…”

“ဟုတ်တယ်…” ရန်ကိုင်က ခေါင်းညိတ်လိုက်သည်။ “အဲ့ဒါကြောင့်ပဲ အဲ့မှာရှိတဲ့ ဟင်းလင်းပြင်အစီအရင်ကို သူထိန်းချုပ်နိုင်နေတာ… အဲ့ဒါကြောင့်ပဲ သူ့မှာ လူသားအင်ပါယာစည်း ရှိနေတာ… သူ့အဆင့်အတန်းက မြင့်နေလို့ပဲ ငါတို့တွေ့ခဲ့တဲ့လင်မယားအတွဲက သူလုပ်သမျှကို ငြိမ်ခံနေရတာလဲ… ကျစ်… အဆင့်အတန်းတွေက ဒီနေရာမှာ တကယ်ကို မိုက်တာပဲ…”

“နင် ဘာတွေတွေးနေတာလဲ…” ကျုချင်းသည် ရန်ကိုင်အား အေးစက်စက်အမူအယာဖြင့် ကြည့်လိုက်လေသည်။

ရန်ကိုင်က အလေးအနက်အမူအယာဖြင့် ပြန်ပြောလိုက်သည်။ “ငါပြောချင်တာက တော်ဝင်မိသားစုတွေက မြို့ထဲမှာရှိနေတဲ့ အဲ့စွမ်းအားကို သုံးပြီးတော့ သူတို့ထက်ပိုအားကောင်းတဲ့ ရန်သူတွေကို ရင်ဆိုင်နိုင်တယ်ဆိုတာပဲ… ဒါပေမယ့် တော်ဝင်မိသားစုထဲမှာ ရှိတဲ့လူတိုင်းကတော့ အဲ့စွမ်းအားကို သုံးနိုင်လောက်မှာမဟုတ်ဘူး… သစ်ရွက်ငါးရွက်လောက်ကို အနည်းဆုံး ပိုင်ဆိုင်ထားတဲ့လူတွေပဲ သုံးရင်သုံးနိုင်လောက်မှာ… ငါ့အထင်အရဆိုရင်တော့ သစ်ရွက်ပိုများလေ သူတို့ထုတ်သုံးနိုင်တဲ့စွမ်းအားက ပိုပြီးတော့ များလေပဲနဲ့တူတယ်…”

“ဟုတ်တယ်… နင်ပြောတာ ယုတ္တိရှိတယ်…” ကျုချင်း ခေါင်းတညိတ်ညိတ်ဖြစ်သွားသည်။

ရန်ကိုင်က ထပ်ပြောလိုက်သည်။ “နောက်ဆုံးတော့လည်း ဘာပဲဖြစ်ဖြစ် ဒီနေရာက ကြယ်တာရာအစုအဝေးနဲ့ ဘာမှမခြားပါဘူး… အားကောင်းတဲ့လူတွေကပဲ ကြီးစိုးနေတာ…”

“ငါတို့ အဲ့စွမ်းအားကို ခုခံနိုင်မှာလား…” ကျုချင်းက မေးလိုက်သည်။

ရန်ကိုင်က ခေါင်းခါလျက် “သိပ်တော့မသေချာဘူး… ခုနတုန်းက တတိယမင်းသားက သူ့စွမ်းအားအကုန်ကို ထုတ်သုံးသွားတာမဟုတ်ဘူး… ငါကိုယ်တိုင်ကလည်း ခုခံဖို့ ကြိုးစားခဲ့တာမဟုတ်တော့ ပြောရခက်တယ်… တကယ်တမ်းသာ ထိပ်တိုက်ရင်ဆိုင်မယ်ဆိုရင် ငါ အဲ့စွမ်းအားကို ခုခံနိုင်မလားဆိုတာကတော့ ဘယ်သူမှ ပြောလို့မရသေးဘူး… အခုလောလောဆယ် အရေးအကြီးဆုံးက အဲ့စွမ်းအားက ဘယ်လိုစွမ်းအားလဲဆိုတာကို သိဖို့ပဲ… အဲ့အခါမှပဲ အဲ့စွမ်းအားကို တန်ပြန်နိုင်မယ့်နည်းလမ်းကို ရှာနိုင်မှာ…”

“ဒါဆို ငါတို့ လျှောက်မေးကြည့်သင့်လား…” ကျုချင်းက အကြံပေးလိုက်သည်။

ရန်ကိုင်က ပြုံး၍ ခေါင်းခါလျက် “မလိုဘူး…”

“ဘာလို့လဲ…”

“ဘာလို့လဲဆိုတော့ သူတို့ဘာသာသူတို့ ငါတို့အိမ်တံခါးရှေ့ဆီ ရောက်လာပြီမလို့ပဲ…” ရန်ကိုင်က ပြုံး၍ပြောလိုက်သည်။

ကျုချင်းက ရန်ကိုင်ကိုကြည့်လျက် “နင်က တကယ်ကို ဉာဏ်များတာပဲ…” သို့သော်ငြား ရန်ကိုင်၏စကားသည် သူမအား သူမသည် လူသားအင်ပါယာမြို့ဆီသို့ ရောက်ပြီးသည့်အချိန်မှစ၍ အရာရာကို သေချာဂရုမစိုက်မိတော့ကြောင်း မှတ်မိသွားစေခဲ့သည်။ သူမသည်သာ သေချာစဉ်းစားကြည့်မည်ဆိုပါက ရန်ကိုင်အပေါ် မှီခိုလိုသည့် ဆန္ဒတစ်ရပ် ပေါ်လာသည့်အတွက်ကြောင့် ယခုကဲ့သို့ ဖြစ်လာရခြင်းဖြစ်မှန်း သိနိုင်ပေလိမ့်မည်။

“ဒီကဆရာ… ခင်ဗျား ရောက်နေပြီဆိုမှတော့ ဘာဖြစ်လို့ ကျုပ်တို့နဲ့အတူ လာမထိုင်တာလဲ… အဲ့မှာ စကားပြောစရာ ဘယ်သူမှမရှိဘဲနဲ့ တစ်ယောက်တည်းထိုင်နေဖို့ မလိုဘူးလေ…” ရန်ကိုင်က ရုတ်တရက် သူနှင့်မလှမ်းမကမ်းတွင် ရှိနေသော စားပွဲခုံဆီသို့ လှမ်းကြည့်၍ ပြောလိုက်သည်။

ထိုစားပွဲဝိုင်းတွင် ဧည့်သည့်တစ်ဦးသာ ထိုင်နေပေသည်။ ထိုလူမှာတော့ အသက်ငါးဆယ်အရွယ်ခန့်လောက်ရှိမည့် မုတ်ဆိတ်ရှည်ကြီးနှင့်လူတစ်ဦး ဖြစ်သည်။ တစ်ချက်ကြည့်လိုက်ရုံဖြင့် ထိုလူ၏ပုံစံမှာ ကျောင်းတော်သားတစ်ဦး၏ပုံစံနှင့် တူပေသည်။ သူ့ကျင့်ကြံခြင်းနှင့် အရှိန်အဝါကို အပြည့်အဝဖုံးကွယ်ထားသည့်အတွက်ကြောင့် မည်သည့်အဆင့်သို့ရောက်နေသလဲ ပြောရခက်လှသည်။

ဤလူသည် ရန်ကိုင်မှ ရေနွေးကြမ်းဆိုင်ထဲသို့ ဝင်လာပြီးပြီးချင်း လိုက်ဝင်လာခဲ့ခြင်း ဖြစ်လေသည်။

ရန်ကိုင်၏စကားကို ကြားသည့်နောက်တွင် မုတ်ဆိတ်ရှည်ကြီးနှင့်လူသည် ထိုင်ရာမှထလာပြီး ရန်ကိုင်တို့ဆီသို့ လျှောက်လာခဲ့သည်။ သို့သော်ငြား ရန်ကိုင်နှင့် ကျုချင်းတို့နှစ်ဦးစလုံးအား ကြည့်မနေခဲ့ဘဲ စားပွဲထောင့်တွင် ထိုင်နေသော အနက်ရောင်ခွေးပေါက်လေးကိုသာ ကြည့်နေခဲ့သည်။

ရန်ကိုင်က ရေနွေးကြမ်းအိုးကို ကောက်ကိုင်ရင်း မုတ်ဆိတ်ရှည်ကြီးနှင့်လူအတွက် ရေနွေးကြမ်းတစ်ခွက် ထည့်ပေးလိုက်ပြီးသည့်နောက် ပြောလိုက်လေ၏။ “ဆရာ့နာမည် ဘယ်လိုခေါ်လဲ…”

မုတ်ဆိတ်ရှည်ကြီးသည် ရန်ကိုင်ထည့်ပေးသည့် ရေနွေးကြမ်းခွက်ကို ကောက်ယူ၍ တစ်ကျိုက်တည်းမော့ချလိုက်ပြီးသည့်နောက် ပြောလိုက်လေသည်။ “ကောင်းလိုက်တဲ့ ခွေးတစ်ကောင်ပါလား…”

ရန်ကိုင်က ပြုံးလျက် “သူ့လိုသွေးနှောတစ်ကောင်က ဘာကောင်းမှာမို့လို့လဲ… ဆရာ သူ့ကို ချီးကျူးလွန်းနေပြီ…”

ဤခွေးပေါက်လေးတွင် သိသာထင်ရှားလှသည့် မည်သည့်အသွင်အပြင်မှ ရှိမနေခဲ့။ ခွေးပေါက်လေးသည်သာ ၎င်း၏ မရဏသားရဲသွေးမျိုးဆက်ကိုသာ ထုတ်ဖော်မပြပါက အခြားသူများသည် ခွေးပေါက်လေးဆီမှ မည်သည့်ထူးဆန်းသည့်အရာကို သတိပြုမိလိမ့်မည် မဟုတ်ချေ။

မုတ်ဆိတ်ရှည်ကြီးနှင့်လူက ခေါင်းခါလျက် “ငါ အဲ့အကြောင်းကို ပြောနေတာမဟုတ်ဘူး…”

ရန်ကိုင်က မျက်ခုံးပင့်လျက် “သူ့အကြောင်းမဟုတ်လို့ရှိရင် ကျုပ်အကြောင်းကို ပြောနေတာပေါ့ ဟုတ်လား…”

မုတ်ဆိတ်ရှည်ကြီးက သူ့မုတ်ဆိတ်ကို ပွတ်သပ်ရင်းမှ “ကြည့်ရတာ ကလေးတွေက သင်လို့ရတဲ့ပုံပဲ…”

ကျုချင်း၏မျက်နှာ သုန်မှုန်သွားခဲ့ပြီး သူမရှေ့တွင်ရပ်နေသည့်လူအား ချက်ချင်း ထတိုက်ခိုက်ပစ်ချင်စိတ်များ ပေါက်လာခဲ့လေသည်။ ဤသက်ကြားအိုကြီး သူမလူကို သူမရှေ့တည့်တည့်တွင်ပင် စော်ကားခဲ့လေရာ ကျုချင်းအနေဖြင့် မည်ကဲ့သို့များ သည်းခံနိုင်ပါမည်နည်း။

ရန်ကိုင်သည် ကျုချင်းအား အေးအေးဆေးဆေး တည်တည်ငြိမ်ငြိမ်နေရန် အချက်ပြလိုက်ပြီးသည့်နောက် ရယ်သွမ်းသွေးလျက်‌ ပြောလိုက်လေသည်။ “ဆရာက တကယ် ရယ်စရာကောင်းတာပဲနော်… ကျုပ်က လူတစ်ယောက်လေ… ဘယ်လိုလုပ်ပြီး ခွေးတစ်ကောင်နဲ့ ယှဉ်လို့ရပါ့မလဲ…”

မုတ်ဆိတ်ရှည်ကြီးက ပြန်ပြောလိုက်သည်။ “တစ်ခါတစ်လေကျရင် လူတွေက ခွေးထက်တောင် ပိုဆိုးသေးတယ်ကွ… အထူးသဖြင့် လေးစားရမယ့်လူကို လေးစားလို့လေးစားရမှန်း မသိတဲ့ အချိန်မျိုးတွေမှာပေါ့… ခွေးဆိုရင်တောင် ကိုယ့်သခင်ကို ကိုယ်ကောင်းကောင်းသိသေးတယ်…”

ရန်ကိုင်က လှောင်ပြုံးပြုံးလျက် “ဒါဆိုလို့ရှိရင် ဆရာက ဘယ်သူ့ခွေးလဲ သိလို့ရမလား… တတိယမင်းသားရဲ့ခွေးလား…”

မုတ်ဆိတ်ရှည်ကြီး၏မျက်နှာ အနည်းငယ်အေးစက်သွားခဲ့သည်။ သို့သော်ငြား ဒေါသထွက်သွားခဲ့ခြင်းမရှိဘဲ ခေါင်းညိတ်၍ “အင်း… မင်း ငါ့ကို အဲ့လိုခေါ်လို့လည်း ဘာမှမဖြစ်ဘူး…”

ရန်ကိုင်က ပြန်ပြောလိုက်သည်။ “အခြားလူတွေပြောတာတော့ ကျုပ်ကြားဖူးတယ် ဆရာရဲ့… ကိုက်တတ်တဲ့ခွေးတွေက သိပ်မဟောင်ဘူးတဲ့… ဟောင်လွန်းတဲ့ခွေးဆိုရင်လည်း လူမလေးတော့ဘူးတဲ့… ကြည့်ရတာ ဆရာက ခွေးကောင်းတစ်ကောင်နဲ့ တူတယ်နော်…”

ကျုချင်းကလည်း ဝင်ပြောလိုက်သည်။ “သူ့ကို အားဝမ်နဲ့ သွားယှဉ်မနေနဲ့… အားဝမ်က သူ့ထက် အများကြီး ပိုသာသေးတယ်…”

ကျုချင်းသည် ရသမျှအခွင့်အရေးအားလုံးကို အမိအရဆုပ်ကိုင်၍ သူမ၏ဒေါသကို ဖွင့်ထုတ်လိုက်လေသည်။ ထို့နောက်တွင် စားပွဲခုံထောင့်နား၌ အိပ်စက်နေသော ခွေးပေါက်လေးကို ကောက်ယူ၍ ၎င်း၏အမွေးကို အသာအယာ ပွတ်ပေးလိုက်လေသည်။

မုတ်ဆိတ်ရှည်ကြီးက ပြန်ပြောလိုက်သည်။ “ခွေးတစ်ကောင် ကောင်းလား မကောင်းလားဆိုတာကို ငါ ဆုံးဖြတ်ရမှာမဟုတ်ဘူး… တတိယအရှင့်မင်းသားပဲ ဆုံးဖြတ်ရမှာ… သူက မင်းကို ခွေးကောင်းတစ်ကောင်လို့ထင်ရင် မင်းက ခွေးကောင်တစ်ကောင်ပဲ… ဒါပေမယ့် အဲ့လိုမထင်ဘူးဆိုရင်တော့ မင်း ဘယ်လောက်ပဲ အားကောင်းနေ အားကောင်းနေ ခွေးသေတစ်ကောင်နဲ့ ဘာမှမခြားဘူး…”

ရန်ကိုင်က မျက်လုံးမှေးစင်းလျက် “ဒီတော့ ဆရာက ခွေးသားလိုချင်လို့ ဒီကိုရောက်လာတာလား… ဒါမှမဟုတ် အခြားရည်ရွယ်ချက်တစ်ခုနဲ့ ရောက်လာတာလား…”

မုတ်ဆိတ်ရှည်ကြီးသည် သူ့လက်ထဲရှိ ရေနွေးကြမ်းခွက်ကို ရန်ကိုင်အား ထပ်ဖြည့်ပေးရန် ရည်ရွယ်ချက်ဖြင့် ရန်ကိုင်ရှေ့သို့ တွန်းပို့လိုက်ပြီးသည့်နောက် ပြောလိုက်လေသည်။ “ခွေးသားက စားလို့မကောင်းဘူး… တတိယအရှင့်မင်းသားကလည်း ခွေးသားတွေကို စိတ်မဝင်စားဘူး…”

ရန်ကိုင်က ပြန်ပြောလိုက်သည်။ “အိုး… ဒါဆိုရင် အမဲလိုက်ခွေးတစ်ကောင်ဖမ်းဖို့ ရောက်လာတာပေါ့…”

“အမဲလိုက်ခွေးလား… အိမ်မွေးခွေးလားဆိုတာ မင်းရဲ့စွမ်းဆောင်ရည်ပေါ်မှာပဲ မူတည်တယ်…”

မုတ်ဆိတ်ရှည်ကြီးသည် ရေနွေးကြမ်းခွက်ကို ပြန်ယူလိုက်ပြီးသည့်နောက် တစ်ငုံသောက်လျက် ဆက်ပြောလိုက်သည်။ “အပြင်ဘက်ကနေလာတဲ့ ပညာရှင်တွေဆိုတာ တော်တော်လေးရှားတာမလို့ တတိယမင်းသားက မင်းကို မဆိုးဘူးလို့ တွေးနေတာ… ဒီတော့ မင်းကို အခွင့်အရေးတစ်ခုပေးဖို့ စဉ်းစားထားတယ်… အဲ့အခွင့်အရေးကို မင်း ဆုပ်ကိုင်နိုင်မလား မဆုပ်ကိုင်နိုင်ဘူးလားဆိုတာတော့ မင်းပေါ်ပဲ မူတည်လိမ့်မယ်…”

ရန်ကိုင်က ရယ်ရယ်မောမောဖြင့် ခေါင်းခါလျက် “ကျုပ် တကယ်ကို တောင်းပန်ပါတယ်ဗျာ… ဆရာ့ရည်ရွယ်ချက်တွေက အရမ်းမြင့်လွန်းနေပြီ… ဆရာ့ဘာသာ အခြားလူတစ်ယောက်ရဲ့ ခွေးတစ်ကောင် ဖြစ်ချင်တာ မဖြစ်ချင်တာက ဆရာ့အပိုင်း… ဒါပေမယ့် လူတိုင်းကိုတော့ ဆရာ့လို ဖြစ်ချင်တယ်လို့ မတွေးနဲ့လေ… ကျုပ်နဲ့ ကျုပ်မိန်းမအတွက်ကတော့ ခွေးတစ်ကောင်မွေးရထားတာနဲ့တင် လုံလောက်နေပြီ… အခြားတစ်ကောင်ရဲ့ ခွေးဖြစ်ဖို့ စိတ်မဝင်စားဘူး…”

မုတ်ဆိတ်ရှည်ကြီးသည် ရန်ကိုင် ယခုကဲ့သို့ ပြန်ပြောလာမည်မှန်းကို ကြိုတင်မျှော်လင့်ထားပြီး ဖြစ်သည့်အလား မျက်နှာသေအမူအယာဖြင့် ရေနွေးကြမ်းခွက်ကို ချလိုက်ပြီးသည့်နောက် ခေါင်းညိတ်၍ပြောလိုက်သည်။ “အပြင်ဘက်ကအကြောင်းတွေကို ငါ နည်းနည်းပါးပါး ကြားဖူးတယ်… အဲ့ကအခြေအနေအချို့ကိုလည်း ငါသိပြီးသား… မင်း အဲ့ဘက်မှာ အရမ်းကို အားကောင်းတဲ့လူတစ်ယောက် ဖြစ်ချင်ဖြစ်ခဲ့လိမ့်မယ်… ဒါပေမယ့် ဒါက လူသားအင်ပါယာမြို့တော်ပဲ… လူသားအင်ပါယာမြို့တော်ကို ရောက်ရင် လူသားအင်ပါယာမြို့တော်ရဲ့စည်းကမ်းအတိုင်း လိုက်နာရတယ်… လူသားအင်ပါယာမြို့တော်မှာ ချမှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေကို နားမလည်ဘူးဆိုရင် မင်းတို့ ဒုက္ခရောက်သွားရလိမ့်မယ်…”

ထိုသို့ပြောပြီးသည့်နောက်တွင် မတ်တပ်ရပ်၍ သစ်သားတံဆိပ်ပြားတစ်ခုကို ရန်ကိုင်ဆီသို့ ပစ်ပေးလိုက်လေသည်။ “ဒါ တတိယအရှင့်မင်းသားရဲ့ တံဆိပ်ပြားပဲ… မင်း ဒီပြဿနာကနေ လွတ်မြောက်နိုင်တယ်ဆိုလို့ရှိရင် တတိယမင်းသားရဲ့ အမဲလိုက်ခွေးဖြစ်လာဖို့ အရည်အချင်း ပြည့်မီသွားပြီ… မဟုတ်ရင်တော့ ဒီလောက်ပဲလို့ပဲ မှတ်လိုက်ပေတော့ပေါ့…”

ထိုသို့ပြောပြီးသည့်နောက်တွင် ထိုလူ လျှောက်ထွက်သွားလေသည်။

တစ်ချိန်တည်းတွင် အဝတ်စ လှုပ်ခါသံများနှင့်အတူ လူပေါင်းများစွာသည် ဘက်ပေါင်းစုံမှ ပြေးဝင်လာကြလေသည်။ ရုတ်ချည်းဆိုသလို ရေနွေးကြမ်းအိမ်တစ်ခုလုံးမှာ လူများဖြင့် ပြည့်နှက်သွားတော့သည်။ ရေနွေးကြမ်းအိမ်ထဲတွင်ရှိနေသော ဧည့်သည်များမှာလည်း ထိုအဖြစ်အပျက်ကြောင့် အလန့်တကြားဖြင့် ကြောက်ကြောက်လန့်လန့် ထွက်ပြေးကုန်ကြတော့လေသည်။ ထိုအဖြစ်အပျက်ကို ရေနွေးကြမ်းဆိုင်ပိုင်ရှင် မြင်သွားသည့်အခါ သူ့စိတ်ထဲ အော်ငိုပစ်ချင်စိတ်များပင် ပေါက်လာခဲ့ရလေသည်။ သို့သော်ငြား မျက်ရည်ကား ကျမလာခဲ့။ အော်လည်း အော်ငိုရဲခြင်း မရှိခဲ့။

အကြောင်းမှာ ယခုပေါ်လာသည့်လူများ မည်သူများဖြစ်သလဲဆိုသည်ကို သိလိုက်သည့်အတွက်ကြောင့်ပင်။

ရန်ကိုင်သည် နားထင်ကို ပွတ်နေရင်းမှ “ကျုပ်ကို အစာလေး နည်းနည်းပါးပါး ချကျွေးပြီးတော့ ကောင်းကောင်းဆုံးမဖို့ ပြင်နေတာပေါ့… သူတို့ ဘာလုပ်ချင်နေတာလဲ…”

ကျုချင်းသည် သူမဘေးပတ်လည်တွင်ရှိနေသော လူများအား အေးစက်စက်အမူအယာဖြင့် စိုက်ကြည့်လိုက်ပြီးသည့်နောက် ပြောလိုက်သည်။ “သူတို့ကြည့်ရတာ တစ်ဖွဲ့တည်းဖြစ်တဲ့ပုံမပေါ်ဘူး…”

ရန်ကိုင် နားလည်သွားခဲ့လေသည်။ “တတိယအရှင့်မင်းသားဆိုတာ ရှိလို့ရှိရင် ပထမနဲ့ ဒုတိယအရှင့်မင်းသားတွေလည်း ရှိမှာပဲ ဟုတ်တယ်မလား… သူတို့ ဘယ်အဖွဲ့ကလာတာလဲ ဆိုတာကိုတော့ ငါမသိဘူး… ဒါပေမယ့် ကြည့်ရတာတော့ သူတို့အကုန်လုံးက စည်းစည်းလုံးလုံးရှိနေတဲ့ပုံတော့ မပေါ်ဘူး…”

ရန်ကိုင်သည် လေသံတိုးတိုးဖြင့် ပြောနေခြင်းမဟုတ်။ ထို့‌ကြောင့် အနီးအနားတွင်ရှိနေသည့်လူအားလုံး သူပြောနေသည်ကို ကြားနေရပေသည်။ သို့သော်ငြား လူတိုင်းမှာ မျက်နှာသေဖြင့်သာ ရှိနေကြလေသည်။ မည်သူမျှ လက်ရှိအခြေအနေကို ရန်ကိုင်အား လာရှင်းမပြခဲ့။ ထို့အစား တစ်ယောက်ယောက်ကို မျှော်နေသည့် ပုံစံမျိုးဖြင့်သာ ရပ်နေကြလေသည်။

ထိုလူများသည် အမှန်တကယ်ကို တစ်ယောက်ယောက်အား စောင့်နေခဲ့ခြင်း ဖြစ်လေသည်။ မကြာမီ လေတိုးသံများနှင့်အတူ ဝေါယာဉ်တစ်ခုသည် လမ်းတစ်ဖက်စွန်းဆီမှ ထွက်ပေါ်လာခဲ့လေသည်။ ဝေါယာဉ်ကိုသယ်လာသည့်လူများမှာတော့ တာအိုသခင်အဆင့် ကျင့်ကြံသူများ ဖြစ်ကြ၏။ ဝေါယာဉ်ကိုသယ်နေသည့်လူများမှာ သယ်ရုံသာ သယ်ထားကြပြီး လမ်းလျှောက်နေခြင်းမရှိကြ။ ထို့အစား ဝေါယာဉ်သည် သူ့ဘာသာသူ အလိုလို ရွေ့လျားနေခဲ့လေသည်။

All Chapters