← Chapters

အခန်း (၂၉၅၆-၂၉၆၀)

Vol. 127 Ch. 2956-2960

အခန်း (၂၉၅၆-၂၉၆၀)

Vol. 127 Ch. 2956-2960

၂၉၅၆)

ဘာသာပြန်သူ_တိမ်တိုက်

ဝေါယာဉ်သည် အလွန်ကိုမှ သားနားလှပြီး ပန်းရောင်လိုက်ကာများဖြင့် ကာရံထားသည်။

ဝေါယာဉ်ပေါ်ရှိ ညောင်စောင်းထက်တွင်တော့ အရက်၊ သစ်သီးဝလံတို့နှင့်အတူ၊ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးနှစ်ဦး ရှိနေခဲ့သည်။ အမျိုးသားသည် အမျိုးသမီးတစ်ဦးစီကို လက်တစ်ဖက်စီတွင် ပွေ့ဖက်ထားရင်းမှ အရက်သောက်လိုက်၊ အသီးစားလိုက်နှင့် ဇိမ်ယူနေလေ၏။ အမျိုးသမီး နှစ်ဦးမှာလည်း မည်သည့် အဝတ်အစားကိုမှ ဝတ်မထားလောက်ကို ဟိုပေါ်ဒီပေါ် ဖြစ်နေခဲ့သည်။ နှစ်ဦးစလုံးသည် အမျိုးသား၏ ရင်ခွင်ထဲ တိုးဝင်ရင်း အမျိုးသားကို ကလူတူတူ ညူတူတူ အမူအရာဖြင့် စနောက်နေခဲ့သည်။

သူ့ဘေးနားတွင် မည်သူမှ ရှိမနေသည့်အလား၊ အမျိုးသားသည် အမျိုးသမီးနှစ်ဦး၏ ခန္ဓာကိုယ်ကို စိတ်လိုလက်ရ ပွတ်သပ်နေခဲ့လေသည်။

လမ်းတွင် ရှိနေသော လူများမှာတော့ ဝေါယာဉ်အတွင်းပိုင်းထဲသို့ လှမ်းမကြည့်ရဲခဲ့ဘဲ ဝေါယာဉ်ကို မြင်သည်နှင့် ဒူးထောက်ချလိုက်ကြလေ၏။

မျက်တောင်တစ်ခတ်အတွင်း ဝေါယာဉ်သည် ရေနွေးကြမ်းအိမ်ရှေ့သို့ ရောက်လာလေ၏။ ပတ်ဝန်းကျင်တစ်ခုလုံးမှာတော့ တိတ်ဆိတ်နေခဲ့ပြီး ဝေါယာဉ်ထဲရှိ ရယ်မောသံများသည်သာ အဆက်မပြတ် ထွက်ပေါ်လာနေခဲ့သည်။ ရန်ကိုင်ကမူ ထိုမြင်ကွင်းကို စိတ်ဝင်တစားဖြင့် ကြည့်နေလေသည်။

ကျူရှင်းမှာတော့ ထိုမြင်ကွင်းကိုကြည့်ရင်း ရှက်သွေးဖြာနေခဲ့သည်။ ရန်ကိုင်သည် ဝေါယာဉ်ထဲသို့ မျက်တောင်မခတ်တမ်း စိုက်ကြည့်နေသည်ကို မြင်သော် စားပွဲခုံအောက်ရှိ ရန်ကိုင်ခြေထောက်ကို လှမ်းကန်လျက် ပြောလိုက်လေ၏ “နင်ဘာတွေ ကြည့်နေတာလဲ။ ကြည့်နေလိုက်တာများ... မျက်လုံး ကျွတ်ထွက်မတတ်ဘဲ”

ရန်ကိုင်က တပြုံးပြုံးနှင့် ပြန်ပြောလိုက်သည် “ချင်းအာ၊ နင်မနာလိုတဲ့အချိန် အရမ်း ချစ်ဖို့ကောင်းတာပဲ”

“အပိုတွေ လျှောက်ပြောမနေနဲ့” ကျုချင်း၏ မျက်နှာ ပို၍ နီမြန်းသွားခဲ့သည် “ဘယ်... ဘယ်... ဘယ်သူက မနာလိုလို့လဲ”

ရန်ကိုင်တို့ နှစ်ဦး ကလူတူတူ ညူတူတူ လုပ်နေသည်ကိုကြည့်ရင်း ဘေးပတ်လည်ရှိ လူအားလုံး သူတို့အား အေးစက်စက် အကြည့်များဖြင့် ကြည့်လာခဲ့သည်။ ထိုစဉ် ခေါင်းပြောင်ပြောင်နှင့် လူထွားကြီးတစ်ဦး ရေနွေးကြမ်းဆိုင်ထဲသို့ ဝင်လာခဲ့လေ၏။ ထိုလူထွားကြီးမှာ ဝေါယာဉ်ထဲရှိလူ၏ နောက်လိုက်တစ်ဦးသာ ဖြစ်သော်ငြား သူ့ကျင့်ကြံခြင်းသည် ဧကရာဇ်ဒုတိယအဆင့်သို့ ရောက်နေခဲ့လေသည်။

လူထွားကြီးသည် ရန်ကိုင်နှင့် ကျုချင်းကိုကြည့်၍ အော်ပြောလိုက်၏ “ပထမအရှင့်မင်းသား ရောက်နေတာကို မင်းတို့က ဒူးမထောက်ဘဲ ဘာလုပ်နေကြတာလဲ”

“တကယ်ကြီး တော်ဝင်မင်းသားတစ်ယောက်ပေါ့” ရန်ကိုင်နှင့် ကျုချင်းတို့ အကြည့်ချင်း ဖလှယ်လိုက်ကြသည်။ အစောကြီးကတည်းက ရောက်လာသည့်လူသည် မင်းသားတစ်ပါး ဖြစ်လိမ့်မည်ဟု နှစ်ဦးစလုံး ခန့်မှန်းခဲ့ကြသည်။ သူတို့၏ ခန့်မှန်းချက် တကယ်ကြီး မှန်နေလိမ့်မည်ဟုတော့ မထင်ထားခဲ့ကြချေ။

ရန်ကိုင်နှင့် ကျုချင်းတို့ လူသားအင်ပါယာမြို့တော်သို့ ရောက်သည်မှာ ခဏလေးသာ ရှိပါသေးသော်ငြား တတိယမင်းသား၏ လက်အောက်ငယ်သားများနှင့် ပြဿနာ ဖြစ်ခဲ့သည်။ ထို့ကြောင့် တစ်ခဏလေးအတွင်း ပထမမင်းသားသည်ပါ သူတို့ဆီသို့ ထပ်မံ ရောက်ရှိလာလိမ့်မည်ဟု မထင်ထားခဲ့ချေ။

တတိယမင်းသားသည် ရန်ကိုင်အား သတိပေးပြီးသည့်နောက်တွင် ရန်ကိုင်ကို သူ့လက်အောက်ငယ်သား ဖြစ်လာစေနိုင်ရန်အတွက် တစ်ယောက်ယောက်ကို ချက်ချင်း စေလွှတ်ခဲ့သည်။

သို့သော်ငြား ပထမမင်းသား ဤနေရာသို့ ဘာကြောင့် ရောက်လာရသလဲ ဆိုသည်ကိုတော့ ရန်ကိုင် မသိချေ။ သို့ရာတွင် ပထမအရှင့်မင်းသား မိန်းမနှစ်ဦးသည် ပျော်ပါးနေသည့် ပုံကို ကြည့်ရသလောက်တော့ သူဘာကြောင့် ရောက်လာရသလဲ ဆိုသည်ကို ရန်ကိုင် အကြမ်းဖျင်းတော့ သိသွားခဲ့ရလေသည်။ ထို့ကြောင့်ပင် စကားပြောနေသည့် သူ့လေသံသည်ပါ ဖော်ရွေနေခြင်း မရှိတော့ချေ “အားတော့နာပါရဲ့။ ဒါပေမယ့် အခြားသူတွေရှေ့မှာ ဒူးထောက်လေ့မရှိဘူး။ ခင်ဗျားမှာ အခြား ပြောစရာ ရှိတယ်ဆိုရင် ပြောလိုက်၊ မဟုတ်ရင် ကျုပ်ရှေ့ကနေ ထွက်သွားလိုက်ပေတော့”

ခေါင်းပြောင်ပြောင်နှင့် လူထွားကြီးမှာ ရန်ကိုင်စကားကြောင့် ဒေါသထွက်သွားပြီး ပြန်အော်ပြောလိုက်လေ၏ “ရိုင်းလိုက်တာ”

ထိုသို့ပြောပြီးနောက်တွင် လူထွားကြီးသည် သူ့လက်ကိုမြှောက်၍ လှုပ်ရှားတော့မည်အပြု ဝေါယာဉ်ထဲမှ အသံတစ်သံ ထွက်လာခဲ့လေသည် “အခုချက်ချင်း ရပ်လိုက်စမ်း။ ဒီလို ကိစ္စလေးကို အကြမ်းနည်းသုံးစရာလား။ မိန်းမလှလေးကို ထိခိုက်သွားအောင် လုပ်မိသွားရင် ဘယ်လိုလုပ်မလဲ”

ထိုစကားကိုကြားသော် ခေါင်းပြောင်ပြောင်နှင့် လူထွားကြီးသည် သူ့လက်ကို ချက်ချင်း ပြန်ရုတ်သိမ်းလိုက်ပြီး ရန်ကိုင်အား စူးရဲစွာ စိုက်ကြည့်လိုက်လေသည်။

ဝေါယာဉ်ထဲမှ အသံတစ်သံ ထွက်ပေါ်လာခဲ့လေသည် “မိန်းမချောလေး၊ ငါတို့ တစ်ယောက်အကြောင်းတစ်ယောက် ကောင်းကောင်းသိအောင် လုပ်ကြမလား။ ငါက လူသားအင်ပါယာမြို့တော်ရဲ့ ပထမမင်းသား ဖူရှုပဲ။ နင်ဒီမင်းသားနောက် လိုက်ခဲ့ဖို့ စိတ်ဝင်စားလား”

ကျုချင်း ပြန်မဖြေနိုင်သေးခင်မှာပင် ဖူရှု၏ ရင်ခွင်ထဲတွင် ရှိနေသော အမျိုးသမီးနှစ်ဦးအနက် တစ်ဦးမှာ မကျေမနပ် ဖြစ်သွားပြီး ချက်ချင်း ဖုရှုကိုယ်ပေါ်သို့ တက်၍ သူမပါးစပ်ထဲတွင် ငုံထားသည့် အရက်ကို ဖုရှုနှင့် နှုတ်ခမ်းချင်းတေ့ကာ ဖုရှု ပါးစပ်ထဲသို့ ထည့်ပေးလိုက်လေသည်။ ထို့နောက် ကလူတူတူ ညူတူတူ အမူအရာဖြင့် ပြန်ပြောလိုက်၏ “ပထမအရှင့်မင်းသားက အရမ်းဆိုးတာပဲ။ ကျွန်မတို့ ညီအစ်မ နှစ်ယောက် ရှိနေတာတောင် အခြားမိန်းမတွေကို လိုက်ရှာနေသေးတယ်”

အခြားသော အမျိုးသမီးကလည်း ဝင်ပြောလိုက်၏ “ဟုတ်တယ်။ ပထမအရှင့်မင်းသား။ အဲ့အေးစက်စက် မျက်နှာနဲ့ အမျိုးသမီးက ဘာကောင်းတာ မို့လို့လဲ။ ကျွန်မတို့ ညီအစ်မ နှစ်ယောက်လောက် ပထမအရှင့်မင်းသားကို ကောင်းကောင်း အလုပ်အကျွေး ပြုနိုင်မှာလား။ သူ့ကို စိတ်ထဲထားမနေတော့ပါနဲ့ ပထမအရှင့်မင်းသားရယ်။ ပြီးတော့ သူဘယ်ကရောက်လာလဲဆိုတာလဲ သိရသေးတာမဟုတ်ဘူး။ တော်ဝင်နန်းတော်ဆီပဲ ပြန်ကြရအောင်လေ။ အစ်မနဲ့ကျွန်မ ပထမအရှင့်မင်းသားကို ကျေနပ်အောင် လုပ်ပေးနိုင်မယ့် နည်းလမ်းတစ်ခုကို စဉ်းစားမိထားတယ်”

ပထမအရှင့်မင်းသားသည် အမျိုးသမီး နှုတ်ခမ်းချင်း ခွံ့တိုက်သည့် အရက်ကို မျိုချလိုက်ပြီးနောက် အမျိုးသမီးနှစ်ဦးခန္ဓာကိုယ်ကို ပွတ်သပ်ရင်းမှ ရယ်မောလျက် ပြန်ပြောလိုက်၏ “နင်တို့နှစ်ယောက်ကောင်းတယ်။ ဒါပေမယ့် သူကလည်း မဆိုးဘူး။ ဒီမင်းသား သူတို့ကို နင်တို့ရဲ့ ညီအစ်မသစ် ဖြစ်လာအောင် လုပ်ပေးလို့ရတယ်”

“မရဘူး။ ကျွန်မတို့မှာ ညီအစ်မတွေ အလုံအလောက် ရှိနေပြီ။ ပထမအရှင့်မင်းသား။ နောက်ထပ် ထပ်မယူပါတော့နဲ့လား”

“ဟုတ်တယ်။ ပထမအရှင့်မင်းသား။ အခု ကျွန်မတို့မှာရှိတဲ့ ညီအစ်မတွေကို ရေလို့တောင် မရတော့ဘူး။ လွန်ခဲ့တဲ့ ရက်ပိုင်းကပဲ နောက်ထပ် မပွေတော့ဘူးလို့ ပထမအရှင့်မင်းသား ကျွန်မတို့ကို ကတိပေးထားတယ်လေ။ အခု ဘယ်နှစ်ရက်မှ မကြာသေးဘူး။ ပထမ အရှင့်မင်းသားက ကိုယ့်ကတိကိုယ် ထပ်ဖောက်နေပြန်ပြီ”

ပထမအရှင့်မင်းသားက ခြောက်ကပ်ကပ် ရယ်မောလျက် “ဟုတ်တယ်၊ ဟုတ်တယ်။ ဒီမင်းသား အဲ့လိုပြောခဲ့တယ်။ ဒါပေမယ့် အဲ့လိုပြောတုန်းက ဒီမိန်းမချောလေးမှ မရှိတာ။ ဒီတစ်ယောက်က နောက်ဆုံးပဲ။ နောက်ထပ် အသစ်ထပ်မရှာတော့ဘူးလို့ ဒီမင်းသား ကတိပေးတယ်”

“ပထမအရှင့်မင်းသား လိမ်နေတာ။ ကျွန်မ မယုံဘူး”

“မဟုတ်ဘူး။ ပထမအရှင့်မင်းသား၊ ဒီမိန်းမက ဘာထူးခြားလို့လဲ။ အို... သူ့ဆံပင်က အနီလေးပဲ။ ပထမအရှင့်မင်းသား ဆံပင်အနီကြိုက်ရင် ကျွန်မတို့ရဲ့ ဆံပင်ကို အနီရောင် ဆိုးပေးမယ်လေ”

“မဟုတ်သေးဘူး” ဖုရှုက ခေါင်းခါလျက် “နင်တို့မသိလို့။ ဒီမင်းသား မိန်းမတွေ အများကြီး မြင်ဖူးပေမယ့် အဲ့မိန်းမလှလေးလို အပြင်ဘက်ကနေလာတဲ့ မိန်းမလှလေးတစ်ယောက်ကို မြင်ဖူးတာက အခုက ပထမဆုံးပဲ။ ဒီတော့ သူ့ကို ဘယ်အလွတ်ပေးလို့ ဖြစ်ပါ့မလဲ”

“သူက အပြင်ကလား”

“အပြင်ကလာတာ ဘာထူးခြားလို့လဲ. အမျိုးသမီးတွေ အကုန်လုံးက အတူတူပဲဟာကို။ ပထမအရှင့်မင်းသား”

“နင်တို့နှစ်ယောက် တော်လိုက်ပေတော့” ဖုရှု၏လေသံ ရုတ်ချည်း အေးစက်သွားခဲ့ရာ အမျိုးသမီးနှစ်ဦး၏ အသံမှာလည်း ချက်ချင်း တိတ်ကျသွားခဲ့ရလေသည်။ အမျိုးသမီး နှစ်ဦးစလုံးမှာ သူတို့အဆင့်အတန်း သူတို့ သိပြီးသားပင်။ သူတို့သည် ပထမမင်းသားအတွက် ဆော့ကစားစရာ သာသာများသာ ဖြစ်ကြသည်။ သူတို့ အနေဖြင့် ပထမမင်းသားအပေါ် အနည်းငယ်လောက် စိတ်ကောက်၍ ရပါသော်ငြား ပထမမင်းသား ပျော်ပါးချင်သည့်စိတ်ကိုတော့ သွားတား၍ မရချေ။ ထိုသို့သာဆိုပါက သူတို့အနေဖြင့် ပထမမင်းသား၏ စွန့်ပစ်ခြင်း ခံသွားရနိုင်ပေသည်။

ပထမအရှင့်မင်းသားတွင် မိန်းမလှလေးပေါင်းများစွာရှိသည်။ ထို့ကြောင့် သူ့အနေဖြင့် ဤအမျိုးသမီးနှစ်ဦးတည်းကိုသာ သူ့နားတွင် ခေါ်ထားစရာမလိုချေ။ စိတ်ရှိပါက အခြား အမျိုးသမီးများနှင့်လည်း သွားပျော်ပါးနိုင်ပေသည်။

ထို့ကြောင့် ပထမမင်းသား၏ လေသံ ပြောင်းသွားသည်ကို သတိထားမိသည်နှင့် တစ်ပြိုင်နက် အမျိုးသမီးနှစ်ဦးမှာ ပထမမင်းသားအား ဆက်၍ အထွန့်တက်မနေရဲတော့ဘဲ ချက်ချင်း လေသံ ပြောင်းလိုက်ကြလေသည် “ပထမအရှင့်မင်းသားက သူ့ကို အရမ်းကြိုက်နေမှတော့ ယူလိုက်ပေါ့။ ကျွန်မတို့အတွက်လည်း ညီအစ်မတစ်ဦး ပိုလာရုံပဲဟာကို၊ ပထမအရှင့်မင်းသား ပျော်နေသရွေ့ အဆင်ပြေပါတယ်”

“ဟုတ်တယ်။ အဲ့အမျိုးသမီးကလည်း ဒီလောက်ကြီး ကြည့်ရမဆိုဘူးပါဘူး။ ဒီတော့ ပထမအရှင့်မင်းသားကို အလုပ်အကျွေးပြုဖို့ အဆင်ပြေပါတယ်”

ထိုအခါမှသာလျှင် ဖုရှု၏ မျက်နှာထက် အပြုံးတစ်ပွင့် ထွက်ပေါ်လာပြီး အမျိုးသမီး နှစ်ဦး၏ ပါးကို တစ်ချက်စီနမ်းလျက် ပျော်ရွှင်စွာ ရယ်မောကာ ပြောလိုက်လေသည် “နင်တို့ နှစ်ယောက်ကို ပစားပေးထားရတာက တကယ်ကို အလကား မဟုတ်ဘူးပဲ”

အမျိုးသမီးနှစ်ဦးသည် ပထမမင်းသား၏ ရင်ထဲသို့ ပိုလို့ တိုးဝင်လျက် အသက်ကြီးသည့် တစ်ယောက်က မေးလိုက်လေ၏ “ဒါပေမယ့် အဲ့မိန်းမကို ကြည့်ရတာ အခြား တစ်ယောက် အပိုင်နဲ့တူတယ်နော်။ ပထမအရှင့်မင်းသား ဘာဆက်လုပ်မှာလဲ”

ဖုရှုက ပြုံးလျက် “အဲ့ဒါ ဒီမင်းသား ဘယ်လောက်တော်လဲဆိုတာ မသိသေးလို့။ သိသာ သိသွားရင် အခြားယောကျာ်းတစ်ယောက်အကြောင်း စဉ်းစားနိုင်တော့မှာ မဟုတ်ဘူး။ ကြည့်နေ၊ ဒီမင်းသား သူ့ကို နာခံလာအောင် လုပ်ပြမယ်”

ထိုသို့ ပြောပြီးနောက်တွင် အမျိုးသမီးနှစ်ဦးဆီမှ ရုန်းထွက်လျက် ဖရိုဖရဲ ဖြစ်နေသော အဝတ်အစားကို သပ်ရပ်အောင်လုပ်လျက် လိုက်ကာကိုဖယ်၍ ရေနွေးကြမ်းအိမ်ထဲသို့ လှမ်းကြည့်လိုက်လေသည်။

ကျုချင်းကို မြင်လိုက်သည့်အခိုက် ဖုရှု အလွန်ကိုမှ ဝမ်းသာသွားခဲ့သည်။

အစကမူ လိုက်ကာ ကာနေသည့်အတွက်ကြောင့် အနီရောင်ဆံပင်နှင့် အမျိုးသမီးကို သေချာ မမြင်ခဲ့ရချေ။ ယခု မြင်လိုက်ရပြီးသည့်နောက်တွင် ထိုအမျိုးသမီးမှာ မျက်နှာထား အေးစက်စက် ဖြစ်နေရုံမှအပ အလွန်ကိုမှ ချောမောလှပကြောင်း တွေ့လိုက်ရလေသည်။

သို့သော်ငြား ဤကမ္ဘာထဲတွင် အတန်ကြအောင် နေပြီးသည့်နောက်တွင် ဖုရှုမှာ အမျိုးမျိုးသော အမျိုးသမီးများနှင့် ပျော်ပါးခဲ့ရသည်။ သူနှင့်တွေ့သည့် အမျိုးသမီးတိုင်းမှာလည်း သူ့အပေါ် အလွန်ကိုမှ နာခံကြသည်ချည်းသား။ ထို့ကြောင့် ယခု ကျုချင်းကဲ့သို့ အေးစက်စက် မျက်နှာထားနှင့် မိန်းမရိုင်းလေးသည် ဖုရှုအတွက်မူ စိတ်ဝင်စားစရာ ကစားအသစ်တစ်မျိုး ဖြစ်နေခဲ့လေသည်။

ဖုရှုသည် အထိန်းအကွပ် မရှိသည့် အကြည့်ဖြင့် ကျုချင်း၏ ခန္ဓာကိုယ်ကို အစုံအဆန် စစ်ဆေးကြည့်လေသည်။ ရန်ကိုင်သည် ကျုချင်းရှေ့၌ ပိတ်ကာရပ်လိုက်၏။

ဖုရှု၏ မျက်နှာမှာ ချီးမှန်သွားသည့်အလား ရှုံ့မဲ့သွားပြီး မကျေမနပ်ဖြင့် ပြောလိုက်၏ “မင်းနာမည်ဘယ်လိုခေါ်လဲ’

ရန်ကိုင် ပြန်မပြောရသေးခင်မှာပင် ဖုရှုက သူ့လကက်ို ဝှေ့ရမ်းလျက် “ထားလိုက်တော့။ မင်းနာမည်ဘာပဲဖြစ်ဖြစ်၊ မသေချင်ဘူးဆို ဘေးဖယ်နေလိုက်။ ဒီအမျိုးသမီးကို ပေးတဲ့ အတွက် ဒီမင်းသား မင်းကို သစ်ရွက်တစ်ရွက် ဆုချပေးမယ်”

ထိုစကားကိုကြားသည့်အခါ အနီးနားတွင် ရှိနေသော ကျင့်ကြံသူများသည် ရန်ကို်ငအား မီးတောက်မတတ် အကြည့်ဖြင့် ကြည့်လာကြလေသည်။

သစ်ရွက်တစ်ရွက် အဆင့်သည် အနိမ့်ဆုံးအဆင့် ဖြစ်ပါသော်ငြား ထိုအဆင့်သည် သာမန်လူများ မခံစားနိုင်သည့် အခွင့်ထူးများကို ခံစားနိုင်သည့် အဆင့်တစ်မျိုး ဖြစ်နေပေသေးသည်။ သစ်ရွက် ပိုင်ဆိုင်ထားသည့် လူများသည် သာမန်လူများနှင့် အဆင့်မတူတော့ချေ။ ဖုရှုလက်အောက်တွင် နှစ်ပေါင်းများစွာ ခစားလာသည့် သူ့လက်အောက်ငယ်သားများသည်ပင်လျှင် ထိုကဲ့သို့သော အခွင့်အရေးမျိုးကို ရရှိဖူးခြင်း မရှိချေ။ ထို့အတွက်ကြောင့် သူနှင့်အတူ ပါလာသည့် မိန်းမလှလေးကို ဖုရှုလက်ထဲသို့ အပ်လိုက်ရုံဖြင့် ဖုရှုမှ ထိုလူအား သစ်ရွက်တစ်ရွက် ဆုချမည်ဟု ပြောလာကြောင်းကို ကြားသော် ဖုရှု၏ လက်အောက်ငယ်သားများ မနာလိုမှုကြောင့် မျက်လုံးများ နီကုန်ကြလေသည်။

ခေါင်းပြောင်ပြောင်နှင့် လူထွားကြီးသည် ချက်ချင်းပဲ ရှေ့သို့တက်၍ ရန်ကိုင်အား ဒေါမာန်တကြီးဖြင့် စိုက်ကြည့်ကာ အော်ပြောလိုက်လေသည် “ကောင်လေး၊ ပထမအရှင့်မင်းသားကို မြန်မြန် ကျေးဇူးမတင်ဘဲ ဘာတွေ ရပ်လုပ်နေတာလဲ။ မင်းသေချင်နေတာလား”

ရန်ကိုင်သည် သက်ပြင်းချလျက် ဖုရှုကို စိုက်ကြည့်၍ ပြောလိုက်လေသည် “ဒါက၊ ပထမအရှင့်မင်းသား၊ ကျုပ်က ကျုပ်မိန်းမကို အရမ်းချစ်တာ။ ဒီတော့ သူ့ကို ပထမအရှင့်မင်းသားလက်ထဲအပ်ဖို့ စိတ်ကူးမရှိဘူး။ ပထမအရှင့်မင်းသားလို လူတစ်ယောက်မှာ မိန်းမတွေ အများကြီး ရှိတာပဲ။ ဝေါယာဉ်ထဲမှာ ပါလာတဲ့နှစ်ယောက်ကလည်း ဆိုးတာမဟုတ်ဘူး။ အဲ့ဒါကို ဘာဖြစ်လို့ လက်ထပ်ပြီးသား မိန်းမကိုမှ လာတပ်မက်နေရတာလဲ။ ဒီအကြောင်းသာ သတင်းပြန့်သွားရင် ပထမ အရှင့်မင်းသားရဲ့ ဂုဏ်သတင်း ထိခိုက်သွားမှာပေါ့။ ဘာလို့ ကိုယ့်လမ်းကိုယ်ပဲ အေးအေးဆေးဆေး မလျှောက်ကြတာလဲ”

ဖုရှု၏ မျက်နှာ ရုတ်ချည်း အေးစက်သွားခဲ့လေသည် “မင်း ငါ့ကို အဆင့်မရှိတဲ့ကောင်လို့ စောင်းပြောနေတာလား”

ရန်ကိုင်၏ မျက်နှာကြီး မဲ့သွားခဲ့လေသည်။

ဖုရှုက ချက်ချင်းပဲ ဆက်ပြောလိုက်၏ “ဒီမင်းသားက အဆင့်အတန်းကို သုံးပြီး အခြားလူတွေကို အနိုင်ကျင့်ဗိုလ်မကျချင်ဘူး။ ဒီတော့ ငါ့ဝေါယာဉ်ထဲက နှစ်ယောက်က မဆိုးဘူးလို့ထင်ရင် သူတို့ကို မင်းယူလိုက်။ မင်းနဲ့အတူပါလာတဲ့လူကိုပဲ ငါ့ကိုပေး။ ဘယ်လိုလဲ”

ထိုစကားကို ကြားသည့်အခါ ဝေါယာဉ်ထဲတွင် ရှိနေသော အမျိုးသမီးနှစ်ဦး မိုးကြိုးပစ်ခံလိုက်ရသည့်ပမာ တောင့်တောင့်ကြီး ဖြစ်သွားကုန်ကြလေသည်။ သို့သော်ငြား ဘာကိုမှ မပြောရဲခဲ့ကြဘဲ သုန်သုန်မှုန်မှုန် အမူအရာဖြင့်သာ ရှိနေကြလေသည်။

ရန်ကိုင်က အံ့ဩတကြီးဖြင့် “ဒါပထမအရှင့်မင်းသားအတွက်... နစ်နာမနေဘူးလား”

ဖုရှုက နှာခေါင်းရှုံ့လျက် “နစ်နာတော့ကော ဘာဖြစ်လဲ”

ရန်ကိုင်က ခေါင်းခါလျက် “ကျုပ်က အခြားသူတွေအပေါ် အခွင့်ကောင်းယူရမှာကို စိတ်ဝင်မစားဘူး။ ကျုပ်မိန်းမနဲ့ အတူနေရတာနဲ့တင် ကျုပ်အတွက် အဆင်ပြေနေပြီ”

ဖုရှုက လက်ဝှေ့ရမ်းလျက် စိတ်မရှည်ဟန်ဖြင့် “ဒါဆို ဆုပေးတယ်လို့ သဘောထားလိုက်၊ ငါ့ကို လာကျေးဇူးတင်နေစရာ မလိုဘူး”

ရန်ကိုင်မှာ ပါးစပ်ဟ၍ တစ်ခုခု ပြောရန် လုပ်လိုက်ပါသော်ငြား ဘာပြောလို့ ပြောရမှန်းမသိ ဖြစ်နေခဲ့လေသည်။

ထိုစဉ် ကျုချင်းက ရန်ကိုင်ကို ပြောလိုက်လေ၏ “ကြည့်ရတာ သူတို့က ငါ့ကို လုံးဝ အလွတ်မပေးချင်တဲ့ပုံပဲ။ နင်ဘာလုပ်မှာလဲ”

ရန်ကိုင်က ပြုံးလျက် “ဘာလုပ်ရမှာလဲ။ သူတို့က လွှတ်မပေးချင်မှတော့ ငါကလည်း တိုက်ခိုက်ရုံပဲ ရှိတော့တာပေါ့”

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၂၉၅၇)

ဘာသာပြန်သူ_တိမ်တိုက်

“တာအိုသခင်တတိယအဆင့်လေးကများ ဒီသခင်လေးရှေ့မှာ လာပြီး ဇောင်းကြွချင်သေးတယ်…” ရန်ကိုင်သည် လှောင်ပြောင်ပြောဆိုလိုက်ပြီးသည့်နောက် ဖုရှုဆီသို့ လက်ဝါးတစ်ချက် ရိုက်ထုတ်လိုက်လေသည်။

လူသားအင်ပါယာမြို့တော်သည် အပြင်လောကကြီးနှင့် မတူညီစွာ လုံးဝကို လုံခြုံသည့်နေရာတစ်ခု ဖြစ်ပေသည်။ သို့သော်ငြား ဤနေရာတစ်ခုလုံးမှာ အမျိုးမျိုးသော ပြဿနာများဖြင့်လည်း ပြည့်နေပြန်သေးသည်။ သူနှင့်ကျုချင်းသည်သာ ဤနေရာတွင် အပြင်လူများအဖြစ် ခြေကုပ်ရယူလိုပါက သူတို့သည် အလွယ်တကူ အနိုင်ကျင့်၍ရသည့် လူစားမျိုး မဟုတ်ကြောင်းကို အခြားသူများသိသွားအောင် ပြသမှသာ ဖြစ်ပေလိမ့်မည်။

တောတွင်းဥပဒေသမှာ မည်သည့်နေရာသို့သွားသွား အမြဲတစေမှန်ကန်သည့် ဥပဒေမျိုး ဖြစ်သည်။ ဥပဒေမမှန်ကန်ခဲ့ပါက သူတို့ လုံလောက်အောင် အားကောင်းခြင်း မရှိသေးသည့် အတွက်ကြောင့်သာ ဖြစ်ရပေလိမ့်မည်။

ဖုရှု၏ခွန်အားမှာ မြင့်မားခြင်းမရှိလှ။ တာအိုသခင်တတိယအဆင့်သို့သာ ရောက်သေးသည်။ သို့သော်ငြား ဤဂုဏ်မောက်နေသည့်မင်းသားသည် သူ့လက်ရှိခွန်အားကို အမျိုးမျိုးသော အဖိုးတန်ရတနာများ၏ အကူအညီဖြင့် ရရှိခဲ့ခြင်းဖြစ်ကြောင်းကို ရန်ကိုင်ပြောနိုင်ပေသည်။ ထို့အတွက်ကြောင့် ဖုရှုသည် တာအိုသခင်တတိယအဆင့် ပညာရှင်တစ်ဦး၏ ခွန်အားကို ထုတ်ဖော်နိုင်လိမ့်မည်မဟုတ်ချေ။ ထို့အပြင် ဤပထမအရှင့်မင်းသားဆိုသည့်လူသည် ကြင်ဖက်နှင့် ဝိုင်၏ ကျေးကျွန်ဘဝသို့ ရောက်နေပြီဖြစ်လေရာ လုံးဝကို အသုံးမဝင်တော့ဟုပင် ပြော၍ရပေသည်။

ဤကဲ့သို့သောလူမျိုးကို ရန်ကိုင်အနေဖြင့် လက်ဖျောက်တစ်ချက်တီးရုံဖြင့်ပင်လျှင် ရှင်းပစ်နိုင်ပေသည်။

ဖုရှုမှာတော့ ရန်ကိုင် သူ့အား တိုက်ခိုက်လာလို့ တိုက်ခိုက်လာမှန်းကိုပင် သတိမထားမိဘဲ ရန်ကိုင်နှင့် ဆယ်မီတာခန့်အကွာတွင် ရပ်နေလေ၏။

ဧကရာဇ်ချီတို့ ဖြာထွက်လာခဲ့ပြီး မိုးမြေစွမ်းအင်တို့ ကသောင်းကနင်း ဖြစ်လာခဲ့ကာ လက်ဝါးချက်ကြီးတစ်ခုသည် ဖုရှုဆီသို့ တိုးဝင်လာခဲ့လေသည်။

ခေါင်းပြောင်ပြောင်နှင့်လူထွားကြီး၏အမူအယာ အပြောင်းလဲကြီး ပြောင်းလဲသွားခဲ့ပြီး လှမ်းအော်ပြောလိုက်လေ၏။ “ရပ်လိုက်…”

“မင်းအမေကိုရပ်…” ရန်ကိုင်က ပြန်အော်ဆဲလိုက်သည်။ သို့သော်ငြား သူ့လက်ကိုတော့ ရပ်တန့်လိုက်ခြင်းမရှိချေ။

မျှော်လင့်ထားသည့်အတိုင်း ဖုရှုမှာ အချိန်မီတုံ့ပြန်နိုင်ခဲ့ခြင်း မရှိခဲ့။ ဖုရှုသည် တစ်ချိန်လုံး ရန်ကိုင်နောက်တွင်ရှိနေသော မိန်းမချောလေးကိုသာ ကြည့်ရန် ကြိုးစားနေခဲ့သည်။ နောက်ဆုံး လက်ဝါးချက်သည် သူ့နားသို့ ရောက်လာသည့်အခါမှသာလျှင် အသိပြန်ဝင်လာခဲ့ပြီး ကြောက်ကြောက်လန့်လန့်ဖြင့် ထအော်တော့လေ၏။

လက်ဝါးချက်ကြီးမှာ ဖုရှုတစ်ကိုယ်လုံးကို စိစိညက်ညက်ကြေသွားအောင် လုပ်တော့မည်အပြု ဖုရှုကိုယ်ပတ်လည်တွင် အစိမ်းရောင်စက်ကွင်းတစ်ခု ပေါ်လာခဲ့လေသည်။

“ဘုန်း…”

အစိမ်းရောင်စက်ကွင်း တုန်ခါသွားခဲ့သည်။ ဖုရှု၏ဆံပင်များ ဖွာကြဲလန်သွားခဲ့ရသည်။ သူ့အဝတ်အစားများမှာလည်း ဖရိုဖရဲ ဖြစ်ကုန်ရလေသည်။ သို့သော်ငြား ဖုရှုကိုယ်တိုင်မှာတော့ မည်သည့်ဒဏ်ရာမှ ရသွားခဲ့ခြင်းမရှိပေ။

“ဘာကြီးလဲ…” ရန်ကိုင် ပါးစပ်အဟောင်းသား ဖြစ်သွားခဲ့လေသည်။ ဖုရှုမှ သိုင်းပညာရပ်တစ်ခုခုအား ထုတ်သုံးသွားသည်ကို ရန်ကိုင် လုံးဝမမြင်တွေ့ခဲ့ရ။ သို့သော်ငြား ထူးဆန်းသည့် အကာအရံတစ်ခုမှာတော့ ဖုရှုပတ်လည်တွင် ရုတ်တရက်ပေါ်လာခဲ့သည်။

ဖုရှု၏ခန္ဓာကိုယ်ကို အထက်အောက်အစုံအဆန် စစ်ဆေးကြည့်လိုက်ပါသော်ငြား ဖုရှုမှ မှော်ရတနာနှင့်ဆင်တူသော အရာများကို ဝတ်ဆင်ထားကြောင်း မတွေ့ရပေ။ ထို့အစား ဖုရှုဝတ်စားထားသည်မှာ အသုံးမဝင်သည့် အလှသက်သက်သာဖြစ်သော အဆင်တန်ဆာများသာ ဖြစ်ကြလေသည်။

ရန်ကိုင်၏တိုက်ကွက်သည် ပထမအရှင့်မင်းသားအား ထိခိုက်သွားစေခြင်း မရှိသည်ကို မြင်လိုက်သော် ခေါင်းပြောင်ပြောင်နှင့်လူထွားကြီးသည် ရန်ကိုင်ဆီသို့ တဟုန်ထိုး ပြေးဝင်လာခဲ့သည်။ ပြေးလာနေရင်းမှ သူ့လက်ထဲ ဧရာမတူကြီးတစ်ချောင်း ပေါ်လာခဲ့လေသည်။ တူကြီး၏အရွယ်အစားမှာတော့ ရေနွေးကြမ်းစားပွဲဝိုင်းတစ်ဝက်စာလောက် ရှိပေ၏။

ခေါင်းပြောင်ပြောင်နှင့်လူထွားကြီးက အော်ပြောလိုက်သည်။ “မင်း ဘယ်လိုတောင် ပထမအရှင့်မင်းသားကို မလေးမစားလုပ်ရဲတာလဲကွ… သေလိုက်ပေတော့ ခွေးကောင်လေး…”

ထို့နောက်တွင် ခေါင်းပြောင်ပြောင်နှင့်လူထွားကြီးသည် ဧရာမတူကြီးကို အားကုန်ပင့်မြှောက်၍ ရန်ကိုင်အား ထုချလိုက်လေသည်။ လူတိုင်း၏နားထဲ ဂျုန်းခနဲဟူသည့် အသံတစ်သံ ထွက်ပေါ်လာခဲ့လေ၏။

“ကယ်ပါဦး ကယ်ပါဦး…” ရန်ကိုင်က ထအော်လေသည်။

ကျုချင်းသည် ရန်ကိုင်အား စူးရဲစွာ တစ်ချက် စိုက်ကြည့်လိုက်ပြီးသည့်နောက် ရန်ကိုင်၏ရှေ့သို့ ချက်ချင်း ရောက်လာခဲ့လေ၏။ ထို့နောက် သူမ၏လက်သီးလေးကိုမြှောက်၍ တူကြီးတည့်တည့်သို့ ထိုးချလိုက်လေသည်။

ခေါင်းပြောင်ပြောင်နှင့်လူထွားကြီး၏အမူအယာ ပြောင်းလဲသွားခဲ့ပြီး ထအော်လေ၏။ “ဘေးဖယ်စမ်း…”

ဤဆံပင်နီနီနှင့်အမျိုးသမီး ကိုယ့်သေလမ်းကိုယ် ဘာကြောင့်လာရှာမှန်းကို သူနားမလည်။ ဤအမျိုးသမီး၏ကျင့်ကြံခြင်းမှာ မဆိုးလှပါသော်ငြား သူမသည် အားနည်းသည့်မိန်းမသားတစ်ဦးဖြစ်သည်။ သူ၏တူကြီးသည်သာ သူမအား သွားရောက်ထိမှန်မည်ဆိုပါက ဤအမျိုးသမီးမှာ မသေလျှင်ပင် ဆိုးဆိုးရွားရွား ဒဏ်ရာရသွားပေလိမ့်မည်။

သို့သော်ငြား ဤအမျိုးသမီးမှာ ပထမအရှင့်သားတော် မျက်စိကျနေသည့် အမျိုးသမီး ဖြစ်နေသည့်အတွက်ကြောင့် သူ့အနေဖြင့် ဤအမျိုးသမီးကို ထိခိုက်အောင် မလုပ်ရဲခဲ့ပေ။

သို့ရာတွင် ခေါင်းပြောင်ပြောင်နှင့်လူထွားကြီးမှာ ရန်ကိုင်အား အားကုန်သုံး၍ တိုက်ခိုက်လိုက်ခြင်း ဖြစ်ပေသည်။ ထို့အတွက်ကြောင့် သူ့တိုက်ကွက်ကို ပြန်ရုတ်သိမ်းချင်သည်ဆိုလျှင်ပင် မရုတ်သိမ်းနိုင်တော့။ ကျုချင်းမှာ သူ့ရှေ့၌ ခေါင်းမာမာနှင့် ရပ်နေသည်ကိုမြင်သော် လူထွားကြီးလည်း ရွေးချယ်စရာမရှိတော့ဘဲ သူ့တူ၏ ဦးတည်ရာလမ်းကြောင်းကို အတင်းကြိုးစား၍ အနည်းငယ်တိမ်းစောင်းသွားအောင် လုပ်လိုက်လေသည်။

သို့ရာတွင် တူကြီးမှာ အမျိုးသမီး၏လက်သီးနှင့် တည့်တည့်ကို သွားမှန်လေ၏။ သေးငယ်လှသော လက်သီးနှင့် တူကြီးတို့ ထိသွားသည့်အခိုက် အလွန်ကိုမှ ပြင်းထန်သည့် စွမ်းအင်လှိုင်းတစ်ရပ် ဖြာထွက်လာခဲ့လေသည်။ လူတိုင်းမှာတော့ တူကြီး၏ထိမှန်ခြင်း ခံလိုက်ရပြီးသည့်နောက် ကျုချင်းတော့ သွားပြီဟုသာ ထင်နေကြသည်။

သို့သော်ငြား တကယ့်ရလဒ်သည် ရှိနေသည့်လူတိုင်းကို မင်သက်သွားစေခဲ့လေသည်။

ပေါက်ကွဲသံအကျယ်ကြီးနှင့်အတူ လေပြင်းများ တဝုန်းဝုန်း တိုက်ခတ်လာခဲ့လေသည်။ ကျုချင်း၏ အနီရောင်ဆံပင်တို့သည် လေအဝှေ့နှင့်အတူ တလူလူလွင့်ပျံနေခဲ့သည်။ သို့သော်ငြား သူမကိုယ်တိုင်မှာတော့ မြေပြင်တွင် ကျောက်ဆောင်တစ်ခုပမာ မလှုပ်မယှက် ရပ်နေလေ၏။ သူမအား တိုက်ခိုက်လိုက်သည့် ခေါင်းပြောင်ပြောင်နှင့်လူထွားကြီးမှာမူ မိုးကြိုးပစ်ခံလိုက်ရသည့်အလား မျက်လုံးပြူးသွားပြီးသည့်နောက် ကြိုးပြတ်သွားသည့်စွန်တစ်စင်းပမာ လွင့်စင်ထွက်သွားခဲ့လေသည်။

“ဘုန်း… ဘုန်း… ဘုန်း…”

ရေနွေးကြမ်းဆိုင်၏ နံရံများထက်တွင် အပေါက်များ တစ်ပေါက်ပြီးတစ်ပေါက် ဖြစ်ပေါ်လာခဲ့ရပြီး နံရံများအားလုံး ပြိုကျကုန်ကြလေ၏။ ပြိုကျသွားသော နံရံများ၏ အဆုံးတွင်တော့ အပျက်အစီးပုံများကြား မလှုပ်မယှက် လဲလျောင်းနေသော ခေါင်းပြောင်ပြောင်နှင့်လူထွားကြီးကို မြင်တွေ့နိုင်ပေသည်။

ထိုမြင်ကွင်းကိုကြည့်ရင်း လူအုပ်ကြီးတစ်ခုလုံး မျက်လုံးကျွတ်ထွက်မတတ် ပြူးကျယ်သွားခဲ့ကြသည်။ အထူးသဖြင့် ပထမအရှင့်မင်းသားနှင့်အတူ လာခဲ့ကြသည့် အစောင့်များပင်။ အကုန်လုံးမှာ ကျုချင်းအား မင်သက်နေသည့်အမူအယာများဖြင့် ကြည့်နေကြလေသည်။ ဤသေးသွယ်သွယ်ကောင်မလေးသည် ထိုမျှ ကြောက်မက်ဖွယ်ရာကောင်းသော အဖျက်စွမ်းအားကို ထုတ်ဖော်နိုင်လိမ့်မည်ဟု မည်သူမျှ မျှော်လင့်ထားခြင်းမရှိပေ။

ထိုအဖြစ်အပျက်သည် လူသားအင်ပါယာမြို့တော်ထဲ နတ်ဆိုးတစ်ကောင် ဝင်ရောက်သောင်းကျန်းနေသည့် ကိစ္စထက်ပင် ပို၍ ထိတ်လန့်ဖွယ်ရာ ကောင်းနေခဲ့လေသည်။

ကျုချင်းသည် လူထွားကြီးအား ထိုးချလိုက်ပြီးသည့်နောက် သူမလက်ကို အထင်အမြင်တသေးဖြင့် ခါလိုက်လေသည်။

ရေနွေးကြမ်းအိမ်အပြင်ဘက်ရှိ ဝေါယာဉ်ထဲတွင်ရှိနေသော အမျိုးသမီးနှစ်ဦးမှာတော့ ကြောက်လန့်တကြား ထအော်တော့လေသည်။

လူသားအင်ပါယာမြို့ကြီး ငြိမ်းချမ်းနေခဲ့သည်မှာ နှစ်ပေါင်းမည်မျှပင် ရှိသွားခဲ့လေပြီနည်း။ မည်သူမျှ မြို့ထဲတွင် ပြဿနာမရှာရဲကြ။ အရှင့်မင်းသားများနှင့် ပြဿနာဖြစ်ဖို့ရာဆိုလျှင်တော့ ဝေလာဝေးစွပင်။ သို့သော်ငြား ရုတ်တရက်ဆိုသလို ဤကဲ့သို့အဖြစ်အပျက်မျိုး ဖြစ်ပျက်လာသည့်အတွက်ကြောင့် အမျိုးသမီးနှစ်ဦးမှာ သွေးပျက်မတတ်ကို ထိတ်လန့်တုန်လှုပ်နေကြလေသည်။

အမျိုးသမီးနှစ်ဦး၏ ရုတ်တရက်အော်ဟစ်သံသည် စိတ်နှင့်လူနှင့်မကပ် ဖြစ်နေသော ဖုရှုအား အသိစိတ်ပြန်ဝင်လာစေခဲ့သည်။

ခဏတာမျှ မင်သက်နေပြီးသည့်နောက်တွင် ဖုရှုက အံကိုတင်းတင်းကြိတ်၍ ရန်ကိုင်အား အော်ပြောလိုက်လေသည်။ “မင်း ငါ့ကို တိုက်ခိုက်ရဲတယ်ပေါ့…” ထို့နောက်တွင် သွေးရူးသွေးတမ်းဖြင့် ထပ်၍ အော်ပြောလိုက်ပြန်သည်။ “မင်း တကယ်ကြီး ငါ့ကို တိုက်ခိုက်ရဲတယ်လား… ဒီမင်းသားကို…”

“အပိုတွေပြောမနေတော့နဲ့… ဟုတ်တယ်… ကျုပ် ခင်ဗျားကို တိုက်ခိုက်လိုက်တယ်… အဲ့တော့ ဘာဖြစ်လဲ…” ထိုသို့ပြောပြီးသည့်နောက်တွင် ရန်ကိုင်သည် သူ့လက်ကိုဆန့်ထုတ်လိုက်ရာ သူ့လက်ထဲ အနန္တဓါး ပေါ်လာခဲ့လေသည်။ ထို့နောက် အနန္တဓါးဖြင့် ဖုရှု၏တည့်တည့်အား ခုတ်ချလိုက်လေ၏။

ဖုရှုမှာ သွေးပျက်မတတ် ကြောက်လန့်သွားခဲ့ပြီး ထိတ်လန့်တကြားအော်ဟစ်ရင်း လှည့်ပြေးရန် ကြိုးစားတော့သည်။

သို့သော်ငြား အနန္တဓါးသည် ဖုရှုအား ထွက်ပြေးရန်ပင် အခွင့်အရေးမပေးဘဲ သူ့နောက်မှ ထပ်ကြပ်မကွာ လိုက်လာခဲ့လေသည်။ ဓါးအလင်းတန်းများ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာခဲ့ပြီး ဖုရှု၏ခန္ဓာကိုယ်ကို သွားရောက်ထိမှန်ခဲ့သည်။ သို့သော်ငြား မည်သည့်ဓါးအလင်းတန်းမှ ဖုရှုအား ဒဏ်ရာရသွားစေခဲ့ခြင်း မရှိချေ။ ဓါးအလင်းတန်းတစ်ခုမှ ဖုရှုအား ထိခါနီးတွင် ဖုရှု၏ခန္ဓာကိုယ်ထက်၌ အစိမ်းရောင်အလင်းတစ်ခု ပေါ်လာပြီး ဓါးအလင်းတန်းများကို တားဆီးသွားခဲ့သည်။

ထိုအစိမ်းရောင်အလင်းသည် ရန်ကိုင်ထုတ်သုံးသွားသည့် ခွန်အားပေါ်လိုက်၍ အားကောင်းသလို အားလည်း နည်းနိုင်ပေသည်။ ရန်ကိုင်သည် အလွန်ကိုမှ အားကောင်းသည့်တိုက်ကွက်မျိုးကို ထုတ်သုံးခဲ့လျှင် အစိမ်းရောင်အလင်းသည်လည်း ရန်ကိုင်၏တိုက်ကွက်ကို ခုခံနိုင်လောက်သည်အထိ အားကောင်းလာခဲ့သည်။ ရန်ကိုင်၏တိုက်ကွက်မှာ အားနည်းနေမည်ဆိုလျှင်တော့ အစိမ်းရောင်အလင်းမှာလည်း ရန်ကိုင်၏တိုက်ကွက်အပေါ်လိုက်၍ အားနည်းသွားပေလိမ့်မည်။ ထိုအစိမ်းရောင်အလင်း၏ရည်ရွယ်ချက်မှာ ပထမအရှင့်မင်းသားဖြစ်သည့် ဖုရှုအား ကာကွယ်ရန်သာ ဖြစ်လေသည်။ ရန်ကိုင်ကဲ့သို့ အားကောင်းသည့်လူတစ်ဦးသည်ပင်လျှင် အစိမ်းရောင်အလင်း၏ အကာအကွယ်ကို ဖျက်ဆီးနိုင်ခဲ့ခြင်း မရှိချေ။

ထိုမြင်ကွင်းကိုကြည့်ရင်း ဤလောကကြီးမှာ တကယ်ကို ဆန်းကြယ်လှပါလေတကားဟု ရန်ကိုင် တွေးမိသွားခဲ့လေသည်။ သူသည်သာ ဤဒွိလောကကမ္ဘာထဲ ရောက်လာခဲ့ပြီး လူသားအင်ပါယာမြို့ထဲသို့ ဝင်လာခဲ့မိသည့်အတွက်ကြောင့်သာ မဟုတ်ပါက ဤလောကကြီးထဲတွင် ဤကဲ့သို့သော ထူးဆန်းသည့် အရာမျိုး ရှိနေကြောင်းကို လုံးဝ သိခဲ့လိမ့်မည်မဟုတ်ပေ။

“ကယ်ပါဦး… ကယ်ပါဦး…” ပထမအရှင့်မင်းသားမှာ ထွက်ပြေးနေရင်းမှ အော်ဟစ်အကူအညီတောင်းတော့လေသည်။ သူ့ပုံစံမှာ တော်ဝင်မင်းသားတစ်ပါးနှင့်ပင် မတူတော့။ လက်ရှိ ပထမအရှင့်မင်းသားသည် အသက်ရှင်နိုင်ရန်အလို့ငှာ အမောတကော ထွက်ပြေးနေသည့် ခွေးလေခွေးလင့်တစ်ကောင်နှင့်ပင် တူနေပေသေးသည်။

ထိုအခါမှသာလျှင် ပထမအရှင့်မင်းသား၏ အစောင့်များ အသိပြန်ဝင်လာကြပြီး သူတို့၏သခင်ကို ကာကွယ်နိုင်ရန်အတွက် ရန်ကိုင်ဆီသို့ ပြေးဝင်လာကြလေသည်။

အစောင့်များ၏ကျင့်ကြံခြင်းမှာ နိမ့်ကျခြင်းမရှိပါသော်ငြား ရန်ကိုင်၏ပြိုင်ဘက် မည်သို့များ ဖြစ်နိုင်ပါမည်နည်း။ ဓါးအလင်းတန်းများ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာခဲ့ပြီး အစောင့်များမှာလည်း အတုံးအရုံး လဲကျကုန်ကြလေသည်။ သို့ရာတွင် ရန်ကိုင်သည် မည်သည့်အစောင့်ကို မသတ်ခဲ့ချေ။ အစောင့်များမှာ ဒဏ်ရာအသီးသီး ရသွားခဲ့ကြခြင်းသာ ဖြစ်ပြီး မည်သူမျှ သေသွားခြင်း မရှိကြ။

သို့ရာတွင် ရန်ကိုင်၏ ရက်စက်ကြမ်းကြုတ်သည့်ပုံစံသည် ပထမအရှင့်မင်းသားအား သွေးပျက်မတတ်ကို ကြောက်လန့်သွားစေခဲ့လေသည်။ ပထမအရှင့်မင်းသားမှာ ထွက်ပြေးရန်သတ္တိပင်မရှိတော့ဘဲ ကြောက်ကြောက်လန့်လန့်ဖြင့် ထောင့်တစ်နေရာသို့ တဖြည်းဖြည်း တိုးကပ်သွားခဲ့လေ၏။ ရန်ကိုင်မှ သူ့ဆီသို့ တစ်လှမ်းခြင်း တစ်လှမ်းခြင်း တိုးကပ်လာနေသည်ကို ကြောက်လန့်တကြားဖြင့် ကြည့်နေရင်းမှ ထအော်လေသည်။ “ငါ့အနားမလာနဲ့… ငါ့အနားမလာနဲ့… ငါက ပထမအရှင့်မင်းသားပဲ… ငါ မင်းကို ရပ်လိုက်လို့ အမိန့်ပေးနေတယ်လေ…”

သွားပေါ်အောင် ပြုံးဖြီးပြနေခဲ့ပြီး သူ့လက်ထဲတွင်ကိုင်ထားသည့် အနန္တဓါးမှ သွေးများ တစက်ပြီးတစက် စီးကျနေခဲ့လေရာ အနန္တဓါးကို ကိုင်စွဲပြီး တစ်လှမ်းချင်းလျှောက်လာနေသည့် ရန်ကိုင်ပုံစံသည် ငရဲခန်းမှ လမ်းလျှောက်ထွက်လာသည့် နတ်ဆိုးတစ်ကောင်နှင့်ပင် တူနေပေသေးသည်။

ခဏကြာပြီးသည့်နောက်တွင် ရန်ကိုင်သည် ပထမအရှင့်မင်းသားရှေ့သို့ ရောက်လာခဲ့လေသည်။ ထို့နောက်တွင် ရန်ကိုင်သည် အနန္တဓါးဖြင့် ပထမအရှင့်မင်းသားတည့်တည့်သို့ ဖြည်းဖြည်းချင်း ထိုးချလိုက်လေသည်။

ပထမအရှင့်မင်းသားမှာတော့ သူ့ဆီသို့ တိုးဝင်လာနေသည့် အနန္တဓါးသွား၏ ဓါးဖျားထိပ်ကို ကြည့်ရင်း သေးထွက်လုမတတ်ကို ထိတ်လန့်တုန်လှုပ်နေခဲ့လေသည်။

အနန္တဓါးသွား ဖုရှုဆီမှ လက်တစ်လုံးစာခန့်အကွာသို့ ရောက်သော် အစောပိုင်းက ပေါ်လာခဲ့သည့် အစိမ်းရောင်အလင်း ထပ်ပေါ်လာခဲ့လေသည်။ ထိုအစိမ်းရောင်အလင်းသည် အနန္တဓါးသွားအား ရှေ့ဆက်တိုးမရအောင် ကြံ့ကြံ့ခံ တားဆီးထားခဲ့သည်။

“ဒါ ဘာကြီးလဲ…” ရန်ကိုင်သည် ဖုရှု၏ကိုယ်ထက်တွင် ပေါ်လာသည့် အစိမ်းရောင်အလင်းကိုကြည့်ရင်းမှ မေးလိုက်လေသည်။

ဖုရှုမှာ ကြောက်လွန်းသည့်အတွက်ကြောင့် သွားများ တဆတ်ဆတ် အချင်းချင်းရိုက်နေခဲ့လေရာ ရန်ကိုင်၏အမေးကိုပင်လျှင် ပြန်မဖြေနိုင်တော့ချေ။

ထိုအခိုက်အတန့်တွင် ဘေးနား၌ရှိနေသော တစ်စုံတစ်ဦးမှ ဝင်ပြောလိုက်သည်။ “နတ်သစ်ပင်ရဲ့ ကောင်းချီးသာ ရှိနေသရွေ့ တော်ဝင်မိသားစုက ဘယ်တော့မှ ဒုက္ခရောက်မှာမဟုတ်ဘူး…”

ရန်ကိုင်သည် အသံကြားရာဘက်သို့ လှမ်းကြည့်လိုက်ရာ အစောပိုင်းက ထွက်သွားပြီးဖြစ်သော မုတ်ဆိတ်ရှည်ကြီး ဘယ်အချိန်တည်းကမှန်းမသိ ရေနွေးကြမ်းဆိုင်ထဲသို့ ပြန်ရောက်နေကြောင်းကို တွေ့ရှိလိုက်ရသည်။ လက်ရှိအချိန်တွင်တော့ မုတ်ဆိတ်ရှည်ကြီးမှာ သူပထမဦးဆုံး ထိုင်ခဲ့သည့်နေရာဆီမှ တစ်ဖဝါးမှပင် ခွာသွားခဲ့ခြင်းမရှိသည့်အလား ထိုနေရာတွင်သာ ထိုင်၍ ရန်ကိုင်အား ထူးမခြားနားဟန်ဖြင့် ကြည့်နေခဲ့လေသည်။

ရန်ကိုင်က မျက်ခုံးပင့်လျက် “နတ်သစ်ပင်ရဲ့ကောင်းချီး… နတ်သစ်ပင်ကဘာလဲ…”

မုတ်ဆိတ်ရှည်ကြီးက ပြန်ပြောလိုက်သည်။ “အဲ့ဒါ မင်းနဲ့ ဘာမှမဆိုင်ဘူး… ငါနဲ့လည်း မဆိုင်ဘူး…”

“ဒီတော့ ခင်ဗျားက ကျုပ်ကို မပြောဘူးပေါ့… အဲ့လိုလူမျိုးတွေကို ကျုပ်အမုန်းဆုံးပဲ သိလား… ခင်ဗျား ဘာလိုချင်နေတာလဲ…” ရန်ကိုင်သည် မုတ်ဆိတ်ရှည်ကြီးအား စိတ်မရှည်ဟန်ဖြင့် ကြည့်လိုက်သည်။

မုတ်ဆိတ်ရှည်ကြီးက ပုခုံးတွန့်လျက် “မင်း ပထမအရှင့်မင်းသားကို ရန်စပြီးတော့ သူ့အစောင့်တွေအများကြီးကို ဒဏ်ရာရအောင် လုပ်ထားတာ… လူသားအင်ပါယာမြို့တော်ထဲမှာ မင်းနေနိုင်တဲ့နေရာဆိုတာ မရှိတော့ဘူး…”

“ကျုပ်ကတော့ အရမ်းကြောက်သွားပြီဗျာ…” ရန်ကိုင်က ပြန်ပြောလိုက်သည်။ “ဘာလဲ… ကျုပ် အသက်ရှင်ချင်တယ်ဆိုရင် တတိယမင်းသားဆီ ချက်ချင်း သွားဒူးထောက်ပြီးတော့ ညံ့အခံဖို့ ခင်ဗျား ပြောဖို့လုပ်နေတာမလား… အဲ့နည်းနဲ့ပဲ အသက်ရှင်နိုင်မယ်ဆိုပြီးတော့လေ…”

မုတ်ဆိတ်ရှည်ကြီးကပြုံးလျက် “ဉာဏ်ပြေးတဲ့လူတွေကိုတော့ နည်းနည်းလေးသတိပေးရုံနဲ့ လုံလောက်နေတာပဲ…”

ရန်ကိုင်က နှာခေါင်းရှုံ့လျက် “ကြည့်ရတာ အခုလိုတွေဖြစ်လာတယ်ဆိုတာ ခင်ဗျား မျှော်လင့်ထားတဲ့အတိုင်းပဲနဲ့တူတယ်… ပထမအရှင့်မင်းသားကို ဒီကိုလာဖို့ပြောလိုက်တာလဲ ခင်ဗျားပဲမလား…”

မုတ်ဆိတ်ရှည်ကြီးက ခေါင်းခါလျက် “ငါ့ကို လာမစွပ်စွဲနဲ့… ပထမအရှင့်မင်းသား မိန်းမချောလေးတွေကို ဘယ်လောက်နှစ်သက်မှ်နး လူတိုင်းသိတယ်… မင်းနဲ့ ဒီကအမျိုးသမီး လူသားအင်ပါယာမြို့တော်ထဲမှာ ပေါ်လာတည်းက အခြားတစ်ယောက်ယောက်က ပထမအရှင့်မင်းသားကို သွားအကြောင်းကြားပြီးသွားပြီ… ငါက အခုလိုမျိုးဖြစ်လာမယ်ဆိုပြီးတော့ ကြိုတင်ခန့်မှန်ထားကြည့်ရုံပဲ… အဲ့ဒါကြောင့်ပဲ ဒီမှာ လာထိုင်စောင့်ပြီးတော့ ပွဲကြီးပွဲကောင်းကို လာကြည့်တာ…” တစ်ချက်မျှရပ်ပြီးသည့်နောက် ရန်ကိုင်ကိုကြည့်၍ မေးလိုက်လေသည်။ “ဘာလဲ… မင်းက ငြင်းချင်နေသေးတာလား…”

ရန်ကိုင် ဘာမျှပြန်မပြောခဲ့ပေ။ သို့သော်ငြား ထောင့်တွင် ချောင်ကပ်ပိတ်မိနေသော ဖုရှုမှာတော့ မုတ်ဆိတ်ရှည်ကြီးကို တွေ့လိုက်ရပြီးသည့်နောက် ကယ်တင်ရှင်ကိုမြင်လိုက်ရသည့်အလား အော်ပြောလိုက်လေ၏။ “ကျုပ် ခင်ဗျားကို မှတ်မိပြီ… ခင်ဗျားက တတိယမင်းသားဘက်ကလူပဲ… တတိယမင်းသားဘေးနားက ဟို‌ကောင် ဟုတ်တယ်မလား… ဟုတ်တယ်… ဟိုကောင်ပဲ… မြန်မြန် ဒီကောင့်ကို သတ်လိုက်စမ်း… ဒါဆို ဒီမင်းသား ခင်ဗျားကို ရက်ရက်ရောရော ဆုချပေးမယ်…”

မုတ်ဆိတ်ရှည်ကြီးသည် ပထမအရှင့်မင်းသားအား အထင်အမြင်တသေးဖြင့် ကြည့်ရင်းမှ “ဒီလူအိုကြီးက တတိယအရှင့်မင်းသားရဲ့ လက်အောက်ငယ်သားပဲ… အဲ့ဒါကို ပထမအရှင့်မင်းသားကို ဘယ်လိုလုပ်ပြီး ကူညီပေးလို့ရပါ့မလဲ… ပထမအရှင့်မင်းသား နားလည်မှုလွဲနေတာလား…”

ဖုရှု၏မျက်နှာ ဖြူလျော်သွားခဲ့လေသည်။ “အဲ့ဒါဆိုရင် ခင်ဗျားကူညီပေးဖို့ ကျုပ် ဘာပေးရမလဲ… အပြင်မှာရှိနေတဲ့ မိန်းကလေးနှစ်ယောက်ကို ခင်ဗျားဆီပေးမယ်ဆိုရင်ရော အဆင်ပြေလား…”

မုတ်ဆိတ်ရှည်ကြီးသည် သူ့ခြေထောက်အောက်သို့ ငုံ့ကြည့်ရင်းမှ သက်ပြင်းချလျက် “ဒီလူအိုကြီးက အသက်ကြီးနေပြီ ပထမအရှင့်မင်းသားရဲ့… ကျုပ်တို့လိုအသက်အရွယ်တွေက မိန်းမလိုက်စားလို့ကောင်းတဲ့ အရွယ်တွေမဟုတ်တော့ဘူး… ပထမအရှင့်မင်းသားရဲ့ ကြင်နာမှုအတွက်တော့ ဒီလူအိုကြီး တကယ်ကို ကျေးဇူးတင်ပါတယ်… ဒါပေမယ့် ပထမအရှင့်မင်းသားပေးတဲ့ လက်ဆောင်ကို ဒီလူအိုကြီး ခံစားနိုင်မှာမဟုတ်ဘူး…”

“ခင်ဗျား… ခင်ဗျား ဘယ်လိုလုပ်ပြီး ဒီလိုလုပ်ရက်တာလဲ…” ဖုရှု စိတ်ပျက်သွားခဲ့လေသည်။

မုတ်ဆိတ်ရှည်ကြီးက ရန်ကိုင်ဘက်သို့လှည့်၍ “ဒီတော့ မင်းအဖြေက မပြောင်းဘူးပေါ့…”

ရန်ကိုင်သည် ထီမထင်ဟန်အမူအယာဖြင့်သာ အနန္တဓါးကို ပုခုံးပေါ်တင်၍ မုတ်ဆိတ်ရှည်ကြီးအား ပြန်ကြည့်လိုက်လေ၏။

မုတ်ဆိတ်ရှည်ကြီးမှာ ရန်ကိုင်၏သဘောထားကို နားလည်သွားပြီးသည့်နောက် ဖုရှုဘက်သို့လှည့်၍ ပြောလိုက်လေ၏။ “ဒီလူအိုကြီး မကူညီပေးနိုင်ပေမယ့် ဒီအခြေအနေကို ဘယ်လိုကိုင်တွယ်ရမလဲဆိုတာနဲ့ ပတ်သက်ပြီးတော့ ပထမအရှင့်မင်းသားကို နည်းနည်းပါးပါး အကြံပေးပေးလို့တော့ ရတယ်…”

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၂၉၅၈)

ဘာသာပြန်သူ_တိမ်တိုက်

“ကျုပ်ကိုပြောပြ… ကျုပ်ကိုပြောပြ…” ဖုရှုက စိုးရိမ်တကြီးဖြင့် ပြောလိုက်လေသည်။ သူ့လက်အောက်ငယ်သားများထဲ မည်သည့်ပညာရှင်မှ မရှိကြတော့။ ထို့အစား သူ့လက်အောက်ငယ်သားအားလုံးမှာ မြေပြင်ပေါ်တွင် လွင့်စင်ကာ လဲကျနေခဲ့လေပြီ။ ထို့အတွက်ကြောင့် ဖုရှုမှာ သူ့မျှော်လင့်ချက်အားလုံးကို မုတ်ဆိတ်ရှည်ကြီးပေါ်တွင်သာ ပုံအပ်ထားရတော့သည်။

မုတ်ဆိတ်ရှည်ကြီးက ပြောလိုက်သည်။ “နတ်သစ်ပင်ရဲ့ကောင်းချီး ရှိနေသရွေ့ ပထမအရှင့်မင်းသားက လုံးဝ ဒဏ်ရာရမှာမဟုတ်ဘူး… ဒဏ်ရာမရမှတော့ ဘာလို့ သူ့ကို ကြောက်နေဦးမှာလဲ… ပထမအရှင့်မင်းသားဆိုတာ နတ်သစ်ပင်ရဲ့စွမ်းအားကို စေစားနိုင်တဲ့လူလေ… ဒီတော့ သူ့ကို မနိုင်ဘူးဆိုရင်တောင် အဲ့အမျိုးသမီးကို ခေါ်ပြီးတော့ ထွက်ပြေးသွားလို့မရဘူးလား… ပထမအရှင့်မင်းသားသာ တော်ဝင်နန်းတော်ဆီ ပြန်ရောက်သွားတာနဲ့ သူ ပထမအရှင့်မင်းသားကို ဘာလုပ်နိုင်တော့မှာမို့လို့လဲ…”

ထိုစကားကိုကြားသည့်အခါ ဖုရှု၏မျက်လုံးများ တောက်ပသွားခဲ့ပြီး အကြောက်လွန်ကာ စိတ်လွတ်သွားသည့်သူ့ကိုယ်သူ ပြန်၍ ကျိန်ဆဲလိုက်လေသည်။ မုတ်ဆိတ်ရှည်ကြီးပြောသလိုပင် သူ့တွင် နတ်သစ်ပင်၏ကာကွယ်မှု ရှိနေပေသည်။ ထို့အတွက်ကြောင့် သာမန်လူများသည် သူ့အား ထိခိုက်အောင် မလုပ်နိုင်ချေ။ သူ့အနေဖြင့် မထိခိုက်နိုင်လေရာ ဘာကိုများ ကြောက်နေစရာ လိုပါဦးမည်နည်း။

အကြောက်လွန်ပြီး ဤကဲ့သို့သော အချက်မျိုးကိုပင် မစဉ်းစားမိသည့် သူ့ကိုယ်သူ အပြစ်တင်မိသလို သူ့အား အရှက်ခွဲသည့် ရန်ကိုင်ကိုတော့ ပို၍ အပြစ်တင်နေမိလေသည်။ ထို့နောက်တွင် ဘေးတစ်ဖက်၌ ရပ်နေသော ကျုချင်းဆီသို့ လှမ်းကြည့်လိုက်ရာ ဖုရှု၏ပျောက်ဆုံးသွားသောသတ္တိများ ပြန်လည်ထွက်ပေါ်လာခဲ့ပြီး ဖြည်းဖြည်းချင်း မတ်တပ်ရပ်လိုက်လေသည်။

သူ့ခန္ဓာကိုယ်မှာ အနည်းငယ် တုန်ရီနေပါသော်ငြား ယခင်ကနှင့်စာလျှင်တော့ အများကြီး ပိုအဆင်ပြေနေခဲ့လေပြီ။

အစောပိုင်းက ရန်ကိုင်နှင့် ဖုရှုတို့၏အဖြစ်အပျက်သည် လူပေါင်းများစွာကို အလန့်တကြားဖြစ်သွားစေခဲ့လေရာ ယခုအချိန်ဆိုလျှင် ရေနွေးကြမ်းဆိုင်ဘေးနားပတ်လည်၌ ကြည့်သူများဖြင့် စည်းကားနေခဲ့လေပြီ။ ရေနွေးကြမ်းဆိုင်ရှိ အဖြစ်အပျက်များအကြောင်းကို ကြားသော် မြို့စောင့်တပ်များမှာ ချက်ချင်းပဲ အပြေးအလွှား ရောက်ရှိလာကြပြီး လူအုပ်ကြီးကို ထိုးခွဲ၍ ရန်ကိုင်တို့ရှေ့တွင် ထွက်ပေါ်လာကြလေသည်။ ရေနွေးကြမ်းဆိုင်ရှိ အဖြစ်အပျက်ကို မြင်တွေ့လိုက်ပြီးသည့်နောက် မြို့စောင့်တပ်အားလုံး အံ့အားသင့်သွားကုန်ကြလေ၏။

မြို့စောင့်တပ်များမှာ ဖုရှုကိုမြင်သည့်အခါ ချက်ချင်းပဲ ဦးညွှတ်၍ အလေးပြုလိုက်ကြလေသည်။

“မင်းတို့ရောက်လာတာ အချိန်ကိုက်ပဲ…” မြို့စောင့်တပ်များကို မြင်ပြီးသည့်နောက် ဖုရှု ပို၍ ယုံကြည်ချက်ရှိလာခဲ့လေသည်။ ချက်ချင်းပဲ ရန်ကိုင်ကို လက်ညှိုးထိုး၍ ပြောလိုက်လေ၏။ “ဒီခွေးကောင်က ငါ့အစောင့်တွေကို ဒဏ်ရာရအောင်လုပ်ပြီး ဒီမင်းသားကို အရှက်ခွဲထားတယ်… မြန်မြန် ဒီကောင့်ကို ဖမ်းလိုက်ကြစမ်း…”

ပထမအရှင့်မင်းသား၏ အမိန့်ကို ကြားသော် မြို့စောင့်တပ်အားလုံး ချက်ချင်း လှုပ်ရှားလိုက်ကြလေသည်။

ထို့နောက်တွင် ဖုရှုသည် အေးစက်စက်အမူအယာဖြင့် မန္တန်တစ်ခုကို စတင်ရွတ်ဆိုတော့လေသည်။ သူရွတ်ဆိုနေသည့်မန္တန်မှာ ဝိုးတဝါးတားနှင့် သိပ်မပြီပြင်ကာ နားလည်ရခက်လှပေသည်။ အခြားလူများမှာ ဖုရှုရွတ်နေသည့်မန္တန်ကို ကြားပြီးသည့်နောက် စိတ်ရှုပ်သွားကြပါသော်ငြား ရန်ကိုင်မှာတော့ အလွန်ကိုမှ ထိတ်လန့်တုန်လှုပ်နေမိလေ၏။

အကြောင်းမှာ သူကိုယ်တိုင်သည် ထိုကဲ့သို့သောမန္တန်မျိုးကို ရင်းနှီးနေသည့် အတွက်ကြောင့်ပင်။ ဖုရှုရွတ်နေသည့် စကားလုံးများကို ကြားလိုက်သည့်အခါ ရန်ကိုင်၏စိတ်အစုံသည် ကြီးကျယ်ခမ်းနားလှသော စစ်ပွဲတစ်ပွဲဆီသို့ ပြန်လည်ရောက်ရှိသွားခဲ့လေသည်။ ထိုစဉ်က သူ့လက်အောက်တွင် သောင်းနှင့်ချီသော စစ်သည်တော်များ ရှိနေခဲ့ပြီး သူကိုယ်တိုင်သည် ထိုစစ်သည်တော်များကိုဦးဆောင်၍ နတ်ဆိုးမျိုးနွယ်စုအား တွန်းလှန်တိုက်ခိုက်ခဲ့လေသည်။ တိုက်ပွဲဖြစ်ပွားတိုင်း ဖြစ်ပွားတိုင်း မှော်ဆရာများသည် ထိုကဲ့သို့သောမှော်ပညာရပ်များကို ရွတ်ဆိုလေ့ရှိကြသည်။

ထိုမှော်ပညာရပ်ကို ရွတ်ဆိုလိုက်ခြင်းအားဖြင့် လူတစ်ဦး၏ သွေးသည် ဆူပွက်လာရပြီး ရင်တစ်ခုလုံးမှာလည်း သတ်ဖြတ်လိုစိတ်တို့ဖြင့်သာ ပြည့်နှက်သွားခဲ့ရပေလိမ့်မည်။ ထို့အတွက်ကြောင့် ထိုလူများ၏စိတ်ထဲ သူတို့ရှေ့တွင်ရှိနေသည့် အရာမှန်သမျှကို ဖျက်ဆီးလိုသည့်အတွေးမှလွဲ၍ အခြား ဘာဆိုဘာမှ ရှိနေတော့လိမ့်မည်မဟုတ်ချေ။

ဖုရှု၏မန္တန်မှာတော့ အတော်လေးကိုမှ တိုလှသည်။ ကြည့်ရသလောက် ရန်ကိုင်သိထားသည့် မန္တန်မျိုးနှင့် အနည်းငယ် ကွဲပြားနေခဲ့လေသည်။ သို့သော်ငြား အကြမ်းဖျင်းအားဖြင့်တော့ အတူတူသာ ဖြစ်လေသည်။

အလင်းတစ်ခု ဖြာထွက်လာခဲ့ပြီး အစောင့်များကို လွှမ်းခြုံသွားခဲ့သည်။

ချက်ချင်းဆိုသလို အစောင့်များ၏ အသက်ဓာတ်စွမ်းအင်တို့မှာ ရုတ်တရက် မြင့်မားလာခဲ့ပြီး သူတို့၏ခန္ဓာကိုယ်များမှာတော့ မူလထက် ပိုမိုကြီးထွားလာခဲ့ကြသည်။ ထို့အပြင် အစောင့်များ၏ အရေပြားများမှာလည်း မီးလောင်ခံထားရသည့်အလား အနီရောင်တောက်လာခဲ့ပြီး သူတို့၏မျက်လုံးများသည်ပင်လျှင် ကြက်သွေးရောင်ပြောင်းသွားကုန်ကြလေသည်။

“သွေးလောင်ကျွမ်းခြင်းပညာရပ်…” ရန်ကိုင် မျက်လုံးကျွတ်ထွက်လုမတတ် ဖြစ်သွားခဲ့သည်။ နှစ်ပေါင်းသောင်းနှင့်ချီ ကြာပြီးသည့်နောက် ယနေ့ခေတ်သို့အရောက်၌ တစ်စုံတစ်ဦးမှ သွေးလောင်ကျွမ်းခြင်းပညာရပ်အား ထုတ်သုံးပြလိမ့်မည်ဟု ရန်ကိုင် မျှော်လင့်ထားခြင်း မရှိခဲ့ပေ။

ဤသွေးလောင်ကျွမ်းခြင်းပညာရပ်သည် ရန်ကိုင်သိထားသည့် သွေးလောင်ကျွမ်းခြင်းပညာရပ်နှင့် အနည်းငယ်ကွာခြားနေသည့်တိုင် သွေးလောင်ကျွမ်းခြင်းပညာရပ် ဖြစ်နေသေးသည်မှာတော့ အမှန်သာဖြစ်လေသည်။

လောင်ကွမ်းရှီမှ လူသားဧကရာဇ်စည်းကို ထုတ်ဖော်စဉ် မှော်ပညာရပ်အား အသုံးပြုသွားသည့် အရိပ်အယောင်အချို့ကို ရန်ကိုင် မြင်တွေ့ခဲ့ရသည်။ သို့သော်ငြား ထိုစဉ်က သိပ်မသိသာလှသည့်အတွက်ကြောင့် ရန်ကိုင်လည်း အရမ်းကြီး အာရုံမစိုက်ခဲ့ပေ။ သို့သော်ငြား ယခုအချိန်တွင်တော့ ဤဒွိလောကကမ္ဘာထဲ‌ မှော်ပညာရပ်များ ရှိနေသေးကြောင်း ရန်ကိုင် သဘောပေါက်သွားခဲ့ရလေပြီ။

ရှေးခေတ်မှလူရိုင်းများ ဤကဲ့သို့သောမှော်ပညာရပ်များကို ယနေ့ခေတ်ထိတိုင်အောင် မည်ကဲ့သို့ လက်ဆင့်ကမ်းပေးခဲ့သလဲဆိုသည်ကိုသာ ရန်ကိုင် မသိခြင်းဖြစ်လေ၏။

ကျုချင်းသည်လည်း အစောင့်များ ယခုကဲ့သို့ ပြောင်းလဲသွားလိမ့်မည်ဟု မထင်ထားသဖြင့် ဇဝေဇဝါ ဖြစ်နေရလေသည်။

ဖုရှုမှ မန္တန်အသစ်တစ်ခုအား ရွတ်ဆိုနေသည်ကို ကြားသည့်အခါ ဖုရှု မည်ကဲ့သို့သောမှော်ပညာရပ်အား ထုတ်သုံးတော့မလဲဆိုသည်ကို ရန်ကိုင် ချက်ချင်း သိသွားခဲ့သည်။ ထိုမှော်ပညာရပ်သည် ရှေးခေတ်အခါက နတ်ဆိုးမျိုးနွယ်စုအတွက် ခေါင်းအကိုက်ရဆုံး ပြဿနာတစ်ရပ် ဖြစ်ခဲ့သည်။ ထို့အပြင် ထိုမှော်ပညာရပ်ကို ဖျက်ဆီးဖို့ရာလည်း မလွယ်ကူလှပေ။

ထိုပညာရပ်၏ ကာကွယ်မှုကြောင့်သာလျှင် ရှေးခေတ်လူရိုင်းမျိုးနွယ်စုဝင်များမှာ နတ်ဆိုးမျိုးနွယ်စုဝင်များနှင့် ယှဉ်ပြိုင်နိုင်ခဲ့ရခြင်းဖြစ်လေသည်။

ထိုမှော်ပညာရပ် မည်မျှ ကြောက်မက်ဖွယ်ကောင်းကြောင်းကို သိထားလေရာ ရန်ကိုင်အနေဖြင့် ဖုရှုအား ထိုမှော်ပညာရပ်ကို မည်ကဲ့သို့များ အောင်မြင်စွာ ရွတ်ဆိုခွင့် ပြုနိုင်ပါမည်နည်း။

ချက်ချင်းပဲ ရှေ့သို့တစ်လှမ်းတိုးလိုက်ရာ ရန်ကိုင်လက်ထဲရှိ အနန္တဓါးမှာ ပျောက်ချင်းမလှ ပျောက်ကွယ်သွားခဲ့သည်။ ထို့နောက်တွင် ရန်ကိုင်သည် သူ့လက်အား ဝှေ့ယမ်းချလိုက်ရာ ဧရာမလဓါးသွားကြီးတစ်စင်း ထွက်ပေါ်လာခဲ့ပြီး ဖုရှုဆီသို့ တိုးဝင်သွားခဲ့လေသည်။

ရန်ကိုင်၏တိုက်ခိုက်မှုမှာ ဗြုန်းစားနိုင်လွန်းလှပြီး ခန့်မှန်းရခက်လှသည့်အတွက်ကြောင့် မုတ်ဆိတ်ရှည်ကြီးမှာ အလွန်ကိုမှ ထိတ်လန့်သွားခဲ့ရသည်။ ဖုရှုမှာလည်း ရန်ကိုင်၏တိုက်ကွက်ကို မြင်ပြီးသည့်နောက် ကြောက်လန့်သွားခဲ့ရလေသည်။ သို့သော်ငြား မုတ်ဆိတ်ရှည်ကြီးပြောသွားသည့်စကားကို ပြန်သတိရပြီးသည့်နောက် ရန်ကိုင်၏တိုက်ကွက်အပေါ် ကြောက်ရွံ့နေခြင်းမရှိတော့ချေ။ ထို့အတွက်ကြောင့် ရှောင်တိမ်းမည့်အရိပ်အယောင်မပြဘဲ မန္တန်ကိုသာ ဆက်လက်ရွတ်ဆိုနေတော့လေ၏။

ဧရာမလဓါးသွားကြီးသည် ဖုရှုခန္ဓာကိုယ်အား သွားရောက်ထိမှန်လေသည်။ ရန်ကိုင်မျှော်လင့်ထားသည့်အတိုင်း လဓါးသွားကို အစိမ်းရောင်အလင်းမှ တားဆီးသွားခဲ့လေသည်။ ယခုတစ်ကြိမ်တွင် ထုတ်ဖော်လာသည့် အစိမ်းရောင်အလင်းမှာတော့ ယခင်အစိမ်းရောင်အလင်းများနှင့် မတူညီစွာ ထူးထူးခြားခြားကို တောက်ပနေခဲ့လေသည်။ အစိမ်းရောင်အလင်းမှာ အလွန်ကိုမှ တောက်ပလွန်းလှရာ အစိုင်အခဲဖြစ်လုမတတ်ပင် ဖြစ်နေလေ၏။ အစိမ်းရောင်အလင်းသည် တိုးဝင်လာနေသည့် စွမ်းအားအပေါ် မူတည်၍ လိုက်လံပြောင်းလဲလေ့ရှိပေသည်။ ယခုကဲ့သို့ အစိမ်းရောင်အလင်း လွန်စွာတောက်ပနေသည်ကို ကြည့်ပါက ရန်ကိုင်၏လဓါးသွား မည်မျှကြောက်မက်ဖွယ်ကောင်းကြောင်းကို မြင်တွေ့နိုင်ပေသည်။

ဟင်းလင်းပြင်ကိုပင် ဆုတ်ဖြဲပစ်နိုင်သည့် ရန်ကိုင်၏လဓါးသွားသည် ဖုရှုကိုမူ ဘာမျှမလုပ်နိုင်ခဲ့ချေ။ အစိမ်းရောင်အလင်းသည် လဓါးသွား၏ တိုက်ခိုက်မှုကို အောင်မြင်စွာ တားဆီးနိုင်ခဲ့လေသည်။ သို့သော်ငြား အစိမ်းရောင်အလင်းထက်တွင်တော့ အက်ရာလေးတစ်ခု ပေါ်လာခဲ့ရသည်။ သို့သော်ငြား ထိုအက်ရာမှာ အလွန်ကိုမှ သေးငယ်လွန်းလှရာ လုံးဝကိုမပြောပလောက်ပေ။

ထိုအချင်းအရာကိုမြင်လိုက်သည့်အခိုက် အစိမ်းရောင်အလင်းသည် လုံးဝကို ဖျက်ဆီးမရသည့် အရာတစ်ခုမဟုတ်မှန်း ရန်ကိုင် နားလည်သွားရတော့သည်။ ယခင်က သူ့တိုက်ခိုက်မှုအားလုံးကို အစိမ်းရောင်အလင်းမှ အလွယ်တကူ တားဆီးနိုင်ခဲ့ခြင်းသည် သူ့တိုက်ခိုက်မှုများမှာ လုံလောက်အောင် အားမကောင်းသည့် အတွက်ကြောင့်သာ ဖြစ်လေသည်။

ရန်ကိုင်မှ တုံ့နှေးနေစဉ်အတောအတွင်း ဖုရှုမှာ သူ့မှော်မန္တန်အား အောင်မြင်စွာ ရွတ်ဆိုသွားနိုင်ခဲ့လေသည်။

နောက်ထပ် အလင်းရောင်တစ်ခု ဖြာထွက်လာခဲ့ပြီး အစောင့်များကို လွှမ်းခြုံသွားခဲ့သည်။

ရုတ်တရက်ဆိုသလို အစောင့်များအား ဆက်သွယ်ပေးထားသည့် အရာတစ်ခု ထွက်ပေါ်လာသည့်အလား အစောင့်များ၏ အသက်စွမ်းအင်မှာ တစ်စုတစ်စည်းတည်းအဖြစ်သို့ ပေါင်းစည်းသွားခဲ့ပြီး ကောင်းကင်ပေါ်သို့ ထောင်တက်သွားခဲ့လေသည်။

ထိုမြင်ကွင်းကိုကြည့်ရင်း ကျုချင်း မျက်မှောင်ကျုံ့သွားခဲ့သည်။

“အသက်ချိန်းကြိုး…” ရန်ကိုင် အံကြိတ်လိုက်လေ၏။ နတ်ဆိုးမျိုးနွယ်စုနှင့် ရင်ဆိုင်ရာတွင် ထုတ်သုံးခဲ့သည့် အဓိကမှော်ပညာရပ်နှစ်ခုဖြစ်သော သွေးလောင်ကျွမ်းခြင်းပညာရပ်နှင့် အသက်ချိန်းကြိုးပညာရပ်ကို သူ့အနေဖြင့် တစ်ဖန်ပြန်လည်ရင်ဆိုင်ရလိမ့်မည်ဟု ရန်ကိုင် လုံးဝ မျှော်လင့်ထားခဲ့ခြင်း မရှိချေ။ ပုံရိပ်တစ်ထောင်အိပ်မက်ကမ္ဘာထဲတွင် ရန်ကိုင်နှင့်အတူ ရင်ဆိုင်တိုက်ခိုက်ကြသည့် လူရိုင်းများသည် ထိုမှော်ပညာရပ်နှစ်ခုကို အားကိုး၍ နတ်ဆိုးများကို ပြန်လည်တွန်းလှန်နိုင်ခဲ့ခြင်း ဖြစ်လေသည်။ ထိုအကြောင်းကြောင့်သာလျှင် ထိုမှော်ပညာရပ်နှစ်ခုအကြောင်းကိုလည်း လက်ရှိအသက်ရှင်နေသည့် မည်သူ့ထက်မဆို ရန်ကိုင်ပိုသိနေရခြင်း ဖြစ်၏။

မုတ်ဆိတ်ရှည်ကြီးက ရန်ကိုင်အား အံ့အားသင့်တကြီးဖြင့် ကြည့်လျက် “မင်း နတ်စွမ်းရည်တွေအကြောင်းကို သိတာလား…”

“ဘာနတ်စွမ်းရည်တွေလဲ…” ရန်ကိုင်သည် နောက်သို့ ခြေလှမ်းအနည်းငယ်ဆုတ်၍ ကျုချင်းဘေးနားတွင် ရပ်နေလိုက်လေ၏။

သွေးလောင်ကျွမ်းခြင်းပညာရပ်နှင့် အသက်ချိန်းကြိုးပညာရပ်တို့ဖြင့် အားဖြည့်ပေးထားခြင်းခံရသည့် အစောင့်အရေအတွက်မှာ သုံးဆယ်ခန့်‌လောက် ရှိပေသည်။ အစောင့်အားလုံးမှာတော့ ဧကရာဇ်အဆင့်အောက် ကျင့်ကြံသူများ ဖြစ်ကြသည်။ ထိုအစောင့်များအနက် အားအကောင်းဆုံးသည် တာအိုသခင်တတိယအဆင့် ကျင့်ကြံသူဖြစ်ပြီး အားအနည်းဆုံးမှာတော့ တန်ခိုးရှင်ဘုရင်ဒုတိယအဆင့်သာ ဖြစ်လေသည်။ သာမန်အခြေအနေမျိုးတွင်သာ ဆိုပါက ဤကဲ့သို့သောအဖွဲ့မျိုးကို ရန်ကိုင်အနေဖြင့် သူ့လက်ကို ဝှေ့ယမ်းလိုက်ရုံဖြင့်ပင်လျှင် အလွယ်တကူ ရှင်းပစ်နိုင်ပေသည်။

သို့သော်ငြား ယခုအချိန်တွင် ဤအဖွဲ့မှာ ဧကရာဇ်အဆင့်ပညာရှင်တစ်ဦးနှင့်ပင် သူသေကိုယ်သေ တိုက်ခိုက်နိုင်သည့် စွမ်းရည်ကို ပိုင်ဆိုင်ထားနေခဲ့လေပြီ။

မှော်ပညာရပ်များ၏ ကျော်ကြားမှုမှာ အလကားသက်သက် ဖြစ်ပေါ်လာခဲ့ရခြင်း မဟုတ်ပေ။

မုတ်ဆိတ်ရှည်ကြီးက ဖြတ်ပြောလိုက်သည်။ “နတ်စွမ်းရည်တွေဆိုတာ တော်ဝင်မိသားစုထဲက သစ်ရွက်ခြောက်ရွက်နဲ့အထက်ကို ပိုင်ဆိုင်ထားတဲ့လူတွေပဲ ထုတ်သုံးနိုင်တဲ့ပညာရပ်တွေ… မင်း နတ်စွမ်းရည်တွေအကြောင်း မသိဘူးဆိုရင် အဲ့နတ်စွမ်းရည်တွေရဲ့ နာမည်ကို ဘယ်လိုလုပ်ပြီး သိနေရတာလဲ…”

ရန်ကိုင်သည် မုတ်ဆိတ်ရှည်ကြီး၏အမေးကို ပြန်မဖြေခဲ့ဘဲ ကျုချင်းကိုသာ တိုးတိုးလေးပြောလိုက်လေသည်။ “ငါတို့ အခုတော့ နည်းနည်းပြဿနာတက်ပြီ…”

ကျုချင်းက ပြောလိုက်လေ၏။ “ငါ ဒီလူတွေကို ရင်ဆိုင်ထားလိုက်မယ်… မင်းသားကိုတော့ နင်ပဲ တာဝန်ယူလိုက်…”

ရန်ကိုင်က ခေါင်းခါလိုက်၏။ “ဒီကောင်တွေက ပေါ့သေးသေးမဟုတ်ဘူးနော်… သူတို့ကို ငါပဲ ရင်ဆိုင်လိုက်မယ်…”

ကျုချင်းကမူ တုတ်တုတ်မျှမလှုပ်။ “ငါ့ကို လာအထင်သေးမနေနဲ့… ပြီးတော့ အဲ့ခွေးကောင်နားကို ငါကပ်ချင်တာမဟုတ်ဘူး…”

“နင်က အခုလိုပြောနေတယ်ဆိုမှတော့လည်း ငါလည်း နင်ပြောတဲ့အတိုင်းပဲ လုပ်ရုံပေါ့…” ရန်ကိုင် ပုခုံးတွန့်လိုက်လေသည်။

ကျုချင်းက နှာခေါင်းရှုံ့လိုက်လေ၏။ “နင် သူ့ကိုတောင် မကိုင်တွယ်နိုင်ရင် နောက်နောင် ငါ့အသားကိုထိဖို့ လုံးဝ လာမကြိုးစားတော့နဲ့…”

ထိုသို့ပြောပြီးသည်နှင့်တစ်ပြိုင်နက် ကျုချင်းသည် ရှေ့သို့ တဟုန်ထိုး ပြေးဝင်သွားလေသည်။

ရန်ကိုင်သည် နဖူးထက် ဝေ့သီလာသော ချွေးများကို သုတ်ရင်းမှ “သူ ဘာဖြစ်လို့ တစ်ချိန်လုံး ဒီလောက်တောင် ရက်စက်ချင်နေရတာလဲ…”

ထိုစဉ် မုတ်ဆိတ်ရှည်ကြီးက ဝင်ပြောလိုက်လေသည်။ “အခုမှတော့ ဘာမှမထူးတော့ဘူး… နတ်စွမ်းရည်တွေကို ထုတ်သုံးပြီးသွားပြီဆိုမှတော့ မင်းမှာ နိုင်နိုင်ချေမရှိတော့ဘူး… အဲ့နတ်စွမ်းရည်တွေကို ဖျက်ဆီးပစ်နိုင်မှပဲ ရမှာ… ဒါပေမယ့် အဲ့လိုလုပ်နိုင်ဖို့ မင်းအနေနဲ့ နတ်သစ်ပင်ရဲ့ကောင်းချီးကို အရင်ရရှိထားဖို့ လိုအပ်တယ်…”

ဖုရှုက ဝင်ပြောလိုက်လေသည်။ “ခင်ဗျား ဘယ်သူ့ဘက်ကဝင်ပါနေတာလဲ လူအိုကြီး…”

မုတ်ဆိတ်ရှည်ကြီးက ထူးမခြားနားဟန်ဖြင့် ပြန်ပြောလိုက်သည်။ “ဒီလူအိုကြီးက ဘယ်သူ့ဘက်ကမှ မပါဘူး… ဒီတိုင်း ပွဲကြည့်ဖို့သက်သက်ပဲ ရောက်လာတာ… ပထမအရှင့်မင်းသား ကိုယ့်ရန်သူအပေါ်ကိုပဲ အာရုံစိုက်သင့်တယ်နော်… တော်ဝင်မိသားစုကို မျက်နှာမပျက်စေနဲ့…”

လူအိုကြီး၏စကားကိုကြားသော် ဖုရှုက ဒေါမာန်တကြီးဖြင့် ပြန်ပြောလိုက်လေသည်။ “ဒါဆိုရင် ခင်ဗျားရဲ့ ခွေးမျက်လုံးကို သေချာဖွင့်ပြီးတော့ ကြည့်ထားလိုက်…”

သူတို့နှစ်ဦး စကားပြောနေစဉ်အတောအတွင်း ကျုချင်းသည် သုံးဆယ်ခန့်ရှိသော အစောင့်များနှင့် စတင်တိုက်ခိုက်နေကြလေပြီ။ ပြင်းထန်သည့်စွမ်းအင်လှိုင်းများ ဖြာထွက်လာခဲ့လေရာ ရေနွေးကြမ်းဆိုင်တစ်ခုလုံးမှာ တမုဟုတ်ချည်း ပြိုကျသွားခဲ့ရသည်။ ထို့အတွက်ကြောင့် ရေနွေးကြမ်းဆိုင်ပိုင်ရှင်မှာ ဝမ်းနည်းတကြီးအော်ဟစ်ရင်းဖြင့် ကျိန်ဆဲရင်းလည်းကျိန်ဆဲနေရင်းမှ လမ်းမပေါ် ထွက်ပြေးသွားရလေ၏။

မကြာမီ ထိုလူအုပ်ကြီးနှင့် ရင်ဆိုင်ရသည်မှာ မည်မျှခက်ခဲကြောင်းကို ကျုချင်း တွေ့ရှိသွားရတော့သည်။ အစောင့်များ၏တိုက်ခိုက်ပုံမှာ စည်းစနစ်ကျနခြင်း မရှိလှ။ တစ်ဦးနှင့်တစ်ဦး အတိုင်အဖောက်ညီခြင်းလည်း မရှိ။ တစ်ယောက်ကတိုက်ခိုက်နေသည်ကို နောက်တစ်ယောက်က ဝင်ဝင်နှောင့်ယှက်တတ်ပေသည်။ သို့သော်ငြား အယောက်သုံးဆယ်အနက် တစ်ယောက်ချင်းစီတိုင်းသည် ကျုချင်း၏တိုက်က်ခိုက်မှုများကို လုံးဝ ခုခံနိုင်ခဲ့သည်။

ကျုချင်း၏လက်သီးချက်အားလုံးကို ထိုလူတစ်ယောက်ချင်းစီတိုင်းမှ ခုခံနိုင်သည်မှာ အမှန်တကယ်ကိုမှ မယုံကြည်နိုင်ဖွယ် ကောင်းလှပေသည်။ တကယ်တော့ ကျုချင်းသည် နဂါးကလန်သားတစ်ဦး ဖြစ်သည်မဟုတ်ပေလော။ ကျုချင်း၏စွမ်းအားဖြင့်သာ ဆိုပါက ဧကရာဇ်တတိယအဆင့် ပညာရှင်တစ်ဦးသည်ပင်လျှင် သူမ၏လက်သီးချက်ကို ခုခံနိုင်လိမ့်မည်ဟု ယုံကြည်ချက်အပြည့်ဖြင့် ပြောရဲလိမ့်မည်မဟုတ်ပေ။ သို့သော်ငြား ဧကရာဇ်အဆင့်သို့ပင် မရောက်သေးသည့် မြို့စောင့်တပ်သားများမှာတော့ ကျုချင်း၏လက်သီးချက်များကို ထိပ်တိုက်ရင်ဆိုင်နေနိုင်ခဲ့သည်။

ခဏမျှ တိုက်ခိုက်ပြီးသည့်နောက်တွင် မြို့စောင့်တပ်များ သူမ၏တိုက်ခိုက်မှုများကို ဘာကြောင့် ခုခံနိုင်ရသလဲဆိုသည်အား ကျုချင်း တွေ့ရှိသွားခဲ့ရလေသည်။

ထိုလူများနှင့်ပတ်သက်၍ ဘာတွေဖြစ်လို့ဖြစ်နေမှန်း ကျုချင်းမသိ။ သို့သော်ငြား ထိုလူများထဲမှ တစ်ယောက်ယောက်မှ သူမအား လာတားဆီးလိုက်တိုင်း ကျုချင်း၏တိုက်ခိုက်မှုသည် ထိုလူဆီမှတစ်ဆင့် ကျန်အဖွဲ့သားများဆီသို့ ခွဲထွက်သွားကြောင်းကို တွေ့ရှိလိုက်ရလေသည်။ ထိုအကြောင်းကြောင့်ပင်လျှင် သူမ၏တိုက်ကွက်ကို လူသုံးဆယ်တစ်ဖွဲ့လုံး အကုန်ပေါင်း၍ ခုခံသွားသည်ဟု ပြော၍ရသည်။

ထင်းချောင်းတစ်ချောင်းကို အလွယ်တကူချိုး၍ ရပါသော်ငြား ထင်းစည်းတစ်စည်းကိုမူ ထိုမျှအလွယ်တကူ ချိုးနိုင်တော့လိမ့်မည်မဟုတ်ချေ။ ထို့အပြင် ပထမအရှင့်မင်းသားသည် ထိုလူများအပေါ် သွေးလောင်ကျွမ်းခြင်းပညာရပ်ကိုလည်း ထုတ်သုံးထားသည့်အတွက်ကြောင့် ထိုလူများ၏ အသက်စွမ်းအင်မှာ ပုံမှန်ထက်ကို ပိုမိုမြင့်မားနေခဲ့ရလေသည်။ ထိုအကြောင်းကြောင့်ပင်လျှင် ကျုချင်း၏ တိုက်ခိုက်မှုများကို ခုခံနိုင်စွမ်းမှာလည်း ယခင်ကထက် အဆပေါင်းများစွာ ပိုမိုမြင့်မားလာရလေ၏။

ပုံမှန်တိုက်ခိုက်မှုများနှင့် ထိုအဖွဲ့အား ရင်ဆိုင်နိုင်တော့လိမ့်မည်မဟုတ်မှန်း သိလိုက်သော် ကျုချင်း၏မျက်နှာ အေးစက်သွားခဲ့ပြီး သူမ၏တိုက်ခိုက်မှုများမှာ ပိုပို၍ ကြမ်းတမ်းလာတော့လေသည်။

တိုက်ပွဲစသည်နှင့်တစ်ပြိုင်နက် တိုက်ခိုက်နေသည့်နေရာမှာ အဆက်မပြတ်ကို ပြောင်းလဲနေရာ မကြာမီ လမ်းတစ်ဝက်လောက်သည် ကျုချင်းတို့၏တိုက်ပွဲကြောင့် စုတ်ပြတ်သွားခဲ့ရလေသည်။

ယခင်က ရေနွေးကြမ်းဆိုင် ရှိနေခဲ့သည့်နေရာ၌ ရန်ကိုင်သည် ဖုရှုကိုကြည့်၍ ပြောလိုက်သည်။ “သူ ဘာပြောသွားလဲ မင်းကြားတယ်မလား… ငါ့အနာဂတ်ပျော်ရွှင်မှုအတွက် ပထမအရှင့်မင်းသား ကျေးဇူးပြုပြီးတော့ ရှုံးလိုက်ပါနော်…”

ထိုသို့ပြောပြီးသည့်နှင့်တစ်ပြိုင်နက် ရန်ကိုင်သည် ဖုရှုရှေ့တည့်တည့်တွင် ပြန်ပေါ်လာခဲ့လေသည်။ ရန်ကိုင်နှင့်ဖုရှုကြားရှိ အကွာအဝေးမှာ အလွန်ကိုမှ နီးကပ်နေလေရာ သူတို့မျက်နှာနှစ်ခုမှာ ထိခါနီးပင် ဖြစ်နေခဲ့သည်။

ထိုအချင်းအရာကိုမြင်လိုက်သော် မုတ်ဆိတ်ရှည်ကြီးများ ရုတ်ချည်း မှေးစင်းသွားခဲ့လေသည်။

ရန်ကိုင် မည်သို့ လှုပ်ရှားလို့ လှုပ်ရှားသွားမှန်းကို သူလုံးဝ မမြင်လိုက်ရပေ။

ဖုရှုမှာလည်း အလန့်တကြားအော်ဟစ်ရင်း နောက်သို့ ဖင်ထိုင်လျက် လဲကျလုမတတ် ဖြစ်သွားခဲ့သည်။ သို့သော်ငြား ထိတ်လန့်တုန်လှုပ်နေသည့် သူ့စိတ်အစုံကို လျင်မြန်စွာ ပြန်လည်တည်ငြိမ်သွားအောင် လုပ်လိုက်ပြီးသည့်နောက် အံကြိတ်၍ အော်ပြောလိုက်လေ၏။ “ဒီမင်းသား မင်းကို ကြောက်နေသေးတယ်လို့ ထင်နေတာလား…”

ရန်ကိုင်သည် လက်တစ်ဖက်ကိုမြှောက်၍ ဖုရှုမျက်နှာတည့်တည့်သို့ ထိုးချလိုက်လေသည်။

ဖုရှုမှာ ဘာမျှပြန်မလုပ်ဘဲ မတ်တပ်သာရပ်နေခဲ့လေသည်။ သို့ရာတွင် ရန်ကိုင်၏လက်သီးချက် ဖုရှုအား ထိခါနီးတွင် အစောပိုင်းက ရန်ကိုင်၏တိုက်ခိုက်မှုများကို တားဆီးသွားခဲ့သော အစိမ်းရောင်အလင်း ပြန်ပေါ်လာခဲ့လေသည်။ ထိုအစိမ်းရောင်အလင်းပေါ်လာသည့် အတွက်ကြောင့်သာလျှင် ဖုရှု ဘာမှဖြစ်မသွားခဲ့ရခြင်းဖြစ်သည်။ မဟုတ်လျှင်တော့ ဖုရှုအနေဖြင့် ငရဲတံခါးဆီသို့ ဆယ်ခါပြန်လောက် သွားနေရလောက်ပေပြီ။

သို့တိုင် ကြောက်ရွံ့မှုကြောင့် ဖုရှု၏မျက်နှာမှာ ဖြူလျော်သွားခဲ့ရသေး၏။ ရန်ကိုင် သူ့အား ဒဏ်ရာရအောင် မလုပ်နိုင်မှန်း သိလိုက်သော် အံကိုတင်းတင်းကြိတ်ကာ မန္တန်တစ်ခုကို စတင်ရွတ်ဆိုတော့လေသည်။

ဖုရှုသည် သူ့ကိုယ်သူ သွေးလောင်ကျွမ်းခြင်းပညာရပ် ထုတ်သုံးလိုခြင်း ဖြစ်လေသည်။ သို့မှသာလျှင် သူ့အနေဖြင့် ရန်ကိုင်အား ကြောက်ရွံ့နေတော့လိမ့်မည်မဟုတ်ချေ။

ရန်ကိုင်သည် ဖုရှု၏ရင်ဘတ်သို့ ရုတ်တရက် ကြည့်လျက် “ပထမအရှင့်မင်းသားမှာ သစ်ရွက်ရှစ်ရွက်ပဲရှိတာလား… အို… ဘယ်လိုတောင်ဖြစ်ရတာလဲ… တတိယအရှင့်မင်းသားမှာတောင် သစ်ရွက်ကိုးရွက်ရှိတာ… ဘာဖြစ်လို့ တတိယအရှင့်မင်းသားရဲ့ အစ်ကိုကြီးဖြစ်တဲ့ ပထမအရှင့်မင်းသားမှာ သစ်ရွက်တစ်ရွက် ပိုနည်းနေရတာလဲ… လူသားဧကရာဇ်က တတိယမင်းသားကိုများ မျက်နှာသာပေးနေတာလား…”

ဖုရှု၏မန္တန် ရုတ်ချည်း ရပ်တန့်သွားခဲ့ပြီး ဒေါမာန်တကြီးဖြင့် ပြန်အော်ပြောလေ၏။ “အပိုတွေလာပြောမနေနဲ့… ခမည်းတော်က ဘယ်သူ့ဘက်ကိုမှ မျက်နှာမလိုက်ဘူးကွ… တတိယမင်းသားကိုလည်း မျက်နှာသာမပေးဘူး… ငါကမှ တကယ့်ပထမအရှင့်မင်းသားပဲကွ…”

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၂၉၅၉)

ဘာသာပြန်သူ_တိမ်တိုက်

“အို… တကယ်ကြီးလား… ဒါပေမယ့် တတိယအရှင့်မင်းသားမှာ ပထမအရှင့်မင်းသားထက် သစ်ရွက်တစ်ရွက်ပိုရှိတယ်လေ… ကျုပ်ထင်တာသာ မှန်မယ်ဆိုရင်တော့ သစ်ရွက်ပိုများလေ ပိုပြီးအဆင့်အတန်းမြင့်လေမလား… ဒီတော့ အခုအခြေအနေကိုကြည့်ရသလောက်တော့ ပထမအရှင့်မင်းသားက တတိယအရှင့်မင်းသားထက် အဆင့်အတန်းပိုနိမ့်နေတဲ့ ပုံစံပဲနော်…”

“အဲ့ဒါ… အဲ့ဒါ ဒီမင်းသားရဲ့ ကျင့်ကြံခြင်း နိမ့်နေလို့ကွ… ဟုတ်တယ်… ဒီမင်းသားရဲ့ကျင့်ကြံခြင်း နိမ့်နေလို့ပဲ… ဒီမင်းသား ကျင့်ကြံတဲ့အပေါ်မှာ နည်းနည်း အာရုံမစိုက်မိလိုက်လို့… အဲ့ဒါကြောင့်ပဲ သစ်ရွက်ရှစ်ရွက်ပဲ ရှိနေတာ… ဒီမင်းသားရဲ့ကျင့်ကြံခြင်းသာ တတိယညီလေးရဲ့ ကျင့်ကြံခြင်းနဲ့ အတူတူဖြစ်သွားကြည့်… သစ်ရွက်ကိုးရွက်ရဖို့ဆိုတာ ဒီမင်းသားအတွက် ဘာမှမခက်ဘူး…”

“ကျွတ် ကျွတ် ကျွတ်…” ရန်ကိုင်က အထင်အမြင်တသေးဖြင့် “ကျုပ်ကတော့ အဲ့လိုဖြစ်နိုင်တယ်လို့ မထင်ဘူးနော် ပထမအရှင့်မင်းသားရေ… သဲလွန်စသေးသေးလေးတွေကနေ တကယ့်အကြောင်းအရင်းတွေကို ခြေရာကောက်လို့ရတယ်… ကျုပ်သာ လူသားဧကရာဇ်ဆိုရင်တော့ ပထမအရှင့်မင်းသားကိုတော့ ဂရုစိုက်နေမှာမဟုတ်ဘူး… ပထမအရှင့်မင်းသားရဲ့စရိုက်က ဘာမှ သဘောကျစရာမရှိဘူး… ရာထူးလွှဲပြောင်းပေးရမယ်ဆိုရင်တောင် တတိယအရှင့်မင်းသားကိုပဲ စဉ်းစားမှာ… ပထမအရှင့်မင်းသားကို လုံးဝ ခေါင်းထဲထည့်မှာမဟုတ်ဘူး… တတိယအရှင့်မင်းသားက လူအများကြားက နဂါးတစ်ကောင်ပဲ… ကျင့်ကြံခြင်းကလည်း မြင့်တယ်… လူတွေကိုလည်း လေးလေးစားစားနဲ့ ဆက်ဆံတယ်… သူ့လိုလူတစ်ယောက်ကို ပထမအရှင့်မင်းသားက ဘယ်လိုလုပ်ပြီး သွားယှဉ်လို့ရမှာလဲ…”

“မင်း… မင်းပါးစပ်ကို ပိတ်ထားလိုက်စမ်း…” ဖုရှုမှာ ဒေါသူပုန်ထသွားခဲ့ပြီး နတ်သစ်ပင်၏ အကာအကွယ်ကို ရနေသည့်အတွက်ကြောင့် အကြောက်အရွံ့ကင်းမဲ့စွာဖြင့် ရန်ကိုင်ဆီသို့ တဟုန်ထိုး ပြေးဝင်သွားလေသည်။

ရန်ကိုင်သည် စကားလည်းပြော လက်ကလည်း အငြိမ်မနေခဲ့ပေ။ ဖုရှု၏ခန္ဓာကိုယ်အနှံ့ဆီသို့ လက်သီးချက်များ တရစပ်များ တရစပ်ပစ်ကျွေးနေခဲ့သည်။ သို့တိုင် ရန်ကိုင်၏လက်သီးချက်အားလုံးကို အစိမ်းရောင်အလင်းမှ တားဆီးသွားခဲ့လေသည်။ ဖုရှု၏တိုက်ခိုက်မှုများမှာလည်း ရန်ကိုင်အတွက်တော့ သူ့အား ကလိလာထိုးနေသလို ဖြစ်နေခဲ့လေသည်။

ရုတ်တရက်ဆိုသလို ရန်ကိုင်နှင့် ဖုရှုတို့မှာ နပန်းသမားများနှယ် လမ်းမထက်တွင် နပန်းလုံးကာ ထိုးကြိတ်နေကြလေသည်။ ဖုရှုမှာ နတ်သစ်ပင်၏အကာအကွယ်ကို ရထားသည့်အတွက်ကြောင့် မည်သည့်ဒဏ်ရာကိုမှ မရသလို ဖုရှု၏တိုက်ခိုက်မှုများမှာလည်း ရန်ကိုင်အတွက် အယားပင် မပြေလောက်သဖြင့် နှစ်ဖက်လုံးမှာ မည်သူ့ဘက်ကမှ အသာစီးမရနိုင် ဖြစ်နေခဲ့လေသည်။

ထိုမြင်ကွင်းကိုကြည့်ရင်း မုတ်ဆိတ်ရှည်ကြီး သက်ပြင်းချလိုက်လေ၏။ ဆက်မကြည့်နိုင်တော့သည့်အဆုံး ပါးစပ်ဟ၍ ပြောလိုက်လေသည်။ “ပထမအရှင့်မင်းသား… သူပြောတဲ့စကားတွေကို ဂရုစိုက်နေစရာမလိုဘူးလေ… ပထမအရှင့်မင်းသား နတ်စွမ်းရည်တွေကို ထုတ်သုံးတဲ့နေရာမှာပဲ အာရုံစိုက်ထားသင့်တာ… ပထမအရှင့်မင်းသားရဲ့ ကျင့်ကြံခြင်းက သူ့ထက်နိမ့်နေတော့ နတ်စွမ်းရည်တွေနဲ့ပဲ သူ့ကို အနိုင်ယူနိုင်မှာ…”

ရန်ကိုင်သည် မုတ်ဆိတ်ရှည်ကြီးဘက်သို့လှည့်၍ အေးစက်စက်အမူအယာဖြင့် နှာခေါင်းရှုံ့လျက် “ခင်ဗျားပါးစပ်ကို ပိတ်မထားဘူးဆိုရင် ကျုပ် ခင်ဗျားသွားတွေအကုန်လုံးကို လာရိုက်ချိုးပစ်မှာနော် သက်ကြားအိုကြီး…”

မုတ်ဆိတ်ရှည်ကြီးက ပြန်ပြောလိုက်သည်။ “လူငယ်တွေဆိုတာ ကိုယ့်ထက်အကြီးတွေကို လေးစားရတယ်ကွ…”

“အဲ့ဒါ လူအပေါ်မူတည်တယ်… ခင်ဗျားလိုမျိုး ကြောင်သူတော်ကောင်မျိုးဆိုရင်တော့ လေးစားဖို့မပြောနဲ့… တစ်ခါတည်း အိပ်ယာထဲ သုံးလေးငါးလလောက် လဲသွားအောင် လုပ်ပေးပစ်မှာ…”

ရန်ကိုင်မှ လှမ်းအော်ပြောနေစဉ် ဖုရှုသည် ကြိတ်ကာ ကျိန်ဆဲနေလေသည်။ သို့တိုင် မုတ်ဆိတ်ရှည်ကြီး၏ သတိပေးချက်ကို ကြားလိုက်ရပြီးသည့်နောက် ရန်ကိုင်နှင့်ဆက်၍ ဖက်ပြိုင်ငြင်းမနေတော့ဘဲ သွေးလောင်ကျွမ်းခြင်းပညာရပ်ကို သူ့အပေါ်သူ ချက်ချင်း ထုတ်သုံးလိုက်လေသည်။ မူလက ကြောက်ရွံ့မှုတို့ဖြင့် ပြည့်နှက်နေသော ဖုရှု၏မျက်လုံးများ ရုတ်ချည်း ပျောက်ကွယ်သွားခဲ့ပြီး စိတ်လှုပ်ရှားမှုတို့ဖြင့် ပြည့်နေသည့် အကြည့်တစ်ခုက အစားထိုး ဝင်ရောက်လာခဲ့လေသည်။ ထို့နောက်တွင် မာန်သွင်းအော်ဟစ်လျက် ကြမ်းကြုတ်သည့်လေသံဖြင့် ပြောလိုက်လေ၏။ “ကောင်လေး… ဒီမင်းသားကို လာရန်စရဲတယ်ဆိုမှတော့ မင်း သေဖို့သာပြင်ထားပေတော့… မင်းသေသွားပြီဆိုတာနဲ့ အဲ့မိန်းမချောလေးနဲ့ ငါ ကောင်းကောင်း ပျော်ပါးပစ်မယ်…”

သွေးလောင်ကျွမ်းခြင်းပညာရပ်သည် လူတစ်ဦးကို စိတ်လွတ်သွားအောင် လုပ်နိုင်ပေသည်။ ထို့အတွက်ကြောင့် သွေးလောင်ကျွမ်းခြင်း အသုံးပြုထားခံရသည့်လူသည် ဘာဆို ဘာမှကို မသိတော့ဘဲ သတ်ဖြတ်ဖို့ကိုသာ သိတော့သည့် လူတစ်ဦးအဖြစ်သို့ အသွင်ပြောင်းလဲသွားကြခြင်းပင်။

သွေးလောင်ကျွမ်းခြင်းပညာရပ်ကို သူ့ကိုယ်သူ ပြန်သုံးလိုက်ပြီးသည့်နောက် အကြောက်ကြီးကြောက်နေသည့်ဖုရှုမှာ ရက်စက်ကြမ်းကြုတ်သည့် ဖုရှုအသွင်သို့ ပြောင်းလဲသွားခဲ့လေသည်။ လက်ရှိအချိန်တွင် ဖုရှုမှာ လုံးဝကို မတူကွဲပြားသည့် လူတစ်ဦးပုံစံသို့ ပြောင်းလဲသွားခဲ့လေသည်။

“ချုပ်နှောင်လိုက်စမ်း…”

မမြင်နိုင်သည့်စွမ်းအားတစ်ရပ် ထွက်ပေါ်လာခဲ့ပြီး ဖုရှုအား ထိုးရန်ကြံနေသည့် ရန်ကိုင်၏လက်သီးကို ချုပ်နှောင်လိုက်လေသည်။

ရန်ကိုင်မှာ သူမည်သို့ပင် ကြိုးစားနေစေကာမူ သူ့လက်သီးအား ရှေ့ဆက်တိုး၍မရတော့ကြောင်း တွေ့လိုက်ရသည်။

သူ့လက်သီးကို မမြင်နိုင်သည့် စွမ်းအားတစ်ခုမှ တုတ်တုတ်မျှ လှုပ်မရအောင် ချုပ်နှောင်ထားသလို ခံစားလိုက်ရသည်။ ရန်ကိုင်အနေဖြင့် ဖုရှုအား တိုက်ခိုက်ရန် ပိုကြိုးစားလေ သူ့လက်သီးကို ချုပ်နှောင်ထားသည့် စွမ်းအားမှာ ပို၍အားကောင်းလေပင်။

ထိုအချက်ကို သတိပြုမိလိုက်သည့်နောက် ရန်ကိုင်၏အမူအယာ လေးနက်တည်ကြည်သွားခဲ့ရလေသည်။ တာအိုသခင်တတိယအဆင့်သာ ရှိသေးသည့်တိုင် ပထမအရှင့်မင်းသားဖြစ်သည့် ဖုရှုသည် နတ်သစ်ပင်၏စွမ်းအားကို မှီခို၍ ရန်ကိုင်အား လှုပ်မရအောင် လုပ်နိုင်ခဲ့သည်။ ထို့အတွက်ကြောင့် ရန်ကိုင်မှာ ယခုကဲ့သို့ ဖြစ်စေရသည့် အဓိကတရားခံဖြစ်သော မှော်ပညာရပ်များအ‌ပေါ် ပို၍ သတိထားလာရတော့လေသည်။

သာမန်မှော်ပညာရပ်များတွင် ဤကဲ့သို့သောစွမ်းရည်မျိုး မရှိချေ။ ရန်ကိုင်သည်သာ အမြဲတစေ အဆင့်ကျော်၍ တိုက်ခိုက်ခဲ့သည့်လူတစ်ဦးဖြစ်ကာ ယခုမှသာလျှင် သူ့ထက် အဆင့်နိမ့်သည့် လူတစ်ဦး၏ ဖိအားပေးခြင်း ခံနေရခြင်း ဖြစ်သည်။

ရန်ကိုင်သည် အနီးကပ်တိုက်၍ အခြေအနေမဟန်မှန်း သိလိုက်သော် ရန်ကိုင်သည် ချက်ချင်းနောက်သို့ ပြန်ဆုတ်သွားခဲ့လေသည်။ ဖုရှုဆီမှ ခပ်လှမ်းလှမ်းသို့ ဆုတ်ခွာသွားပြီးသည့်နောက်တွင် သူ့အား ချုပ်နှောင်ရန် ကြိုးစားနေသည့် စွမ်းအားမှာ ပျောက်ကွယ်သွားကြောင်း တွေ့လိုက်ရသည်။ ထို့အတွက်ကြောင့် ရန်ကိုင်လည်း ချက်ချင်းပဲ ဖုရှုဆီမှ ခပ်လှမ်းလှမ်းအကွာသို့ ဆုတ်သွားလိုက်လေ၏။

ပထမတစ်ကြိမ် အောင်မြင်သွားသော် ဖုရှု ပို၍ ယုံကြည်ချက်ရှိလာခဲ့ပြီး အရူးတစ်ယောက်ပမာ အော်ရယ်မောရင်းမှ “ဘာလဲ… ထွက်ပြေးနေတာလား… ပြေးစမ်း… မင်းဘယ်လောက်ပြေးမလဲ ကြည့်ရအောင်… ဓါး… လာစမ်း…”

ထို့နောက် သူ့လက်အား ဆန့်ထုတ်လိုက်ရာ အစောပိုင်းက ရန်ကိုင်မှ ဖုရှုအား တိုက်ခိုက်ရာတွင် ထွက်ပေါ်လာပြီး ဖုရှုအား ကာကွယ်ပေးသွားသည့် အစိမ်းရောင်အလင်းနှင့်ဆင်တူသည့် အလင်းတို့ ပေါက်ကွဲထွက်လာခဲ့ပြီး ဓါးရှည်တစ်ချောင်းအသွင်သို့ ပြောင်းလဲသွားခဲ့လေသည်။

ထို့နောက်တွင် ဖုရှုသည် သူ့လက်ညှိုးဖြင့် ရန်ကိုင်အား ချိန်ရွယ်လိုက်ရာ ထိုဓါးရှည်သည် ရန်ကိုင်ဆီသို့ တဟုန်ထိုး တိုးဝင်သွားခဲ့လေ၏။

တိုးဝင်လာနေသည့်တိုက်ကွက်၏ စွမ်းအားကို ခံစားမိလိုက်သော် ရန်ကိုင်မျက်လုံးများ မှေးစင်းသွားခဲ့ပြီး ချက်ချင်းပဲ လေဟာနယ်နိယာမစွမ်းအားတို့ကို အသက်သွင်း၍ လဓါးသွားများကို ဖန်တီးကာ တိုးဝင်လာနေသည့် တိုက်ကွက်အား ရင်ဆိုင်လိုက်လေ၏။

တဝုန်းဝုန်း ပေါက်ကွဲသံများနှင့်အတူ ကျောက်စိမ်းဓါးရှည်သည် တိုးဝင်လာနေသည့် လဓါးသွားအားလုံးကို ဖျက်ဆီးပစ်သွားခဲ့လေသည်။ သို့သော်ငြား လဓါးသွားအားလုံးကို ဖျက်ဆီးပစ်ပြီးသည့်နောက် ကျောက်စိမ်းဓါးရှည်မှာလည်း ပျက်စီးသွားခဲ့ရလေသည်။

ဖုရှု၏ခန္ဓာကိုယ် တုန်တက်သွားခဲ့ပြီး သူ့နှာခေါင်းမှ သွေးများ ယိုစီးကျလာခဲ့သည်။ သို့တိုင် သူ့နှာခေါင်းမှ သွေးယိုလို့ ယိုနေမှန်းကိုပင် သတိမထားမိဘဲ သူ့လက်ကိုမြှောက်၍ ထပ်မံအော်ပြောလိုက်လေသည်။ “ထပ်လာစမ်း…”

အစိမ်းရောင်အလင်းတို့ ပေါက်ကွဲထွက်လာခဲ့ပြီး ဧရာမကျောက်စိမ်းဓါးရှည်ကြီးတစ်ချောင်း ပေါ်လာခဲ့လေသည်။

ထိုအခိုက်အတန့်တွင် ရန်ကိုင်သည် တစ်ခုသောဘက်ဆီသို့ အတွေးနက်နေသည့် အမူအယာဖြင့် လှမ်းကြည့်လိုက်သည်။

ဖုရှုနှင့် အကြိမ်အနည်းငယ်ခန့် တိုက်ခိုက်လိုက်ပြီးသည့်နောက်တွင် သဲလွန်စအချို့ကို တွေ့ရှိသွားခဲ့ရလေသည်။ ဖုရှုမှ သူတို့ခေါ်နေသည့် နတ်စွမ်းရည်ပညာရပ်ကို ထုတ်သုံးလိုက်တိုင်း ရန်ကိုင်လှမ်းကြည့်နေသည့်ဘက်တွင်ရှိနေသော တစ်ခုခုနှင့် ပဲ့တင်ထပ်သွားသည့်ပုံစံမျိုး ဖြစ်သွားခဲ့လေသည်။ ပဲ့တင်ထပ်သည့်ပုံစံမှာ အတော်လေးကိုမှ အားနည်းလှပေသည်။ အားနည်းလွန်းလှသဖြင့် သူ၏ အားကောင်းလှသော ကောင်းကင်စိတ်အာရုံဖြင့်ပင်လျှင် အာရုံခံနိုင်ခြင်း မရှိခဲ့ပေ။

ပုံမှန်အားဖြင့် ဖုရှု၏ကျင့်ကြံခြင်းလောက်ဖြင့် ရန်ကိုင်ကဲ့သို့သော လူတစ်ဦးကို ထိပ်တိုက်ရင်ဆိုင်ဖို့ရာ လုံးဝမဖြစ်နိုင်ပေ။ ထို့အတွက်ကြောင့် ဖုရှုအနေဖြင့် ရန်ကိုင်နှင့် ယခုကဲ့သို့ ယှဉ်ပြိုင်နေနိုင်ရခြင်းမှာ တစ်စုံတစ်ခုမှ သူ့အား စွမ်းအားများ ငှားရမ်းပေးနေသည့် အတွက်ကြောင့်သာ ဖြစ်ရပေလိမ့်မည်။

ဖုရှုအား စွမ်းအားငှားပေးနေသည့်လူမှာ မုတ်ဆိတ်ရှည်ကြီးပြောသည့် နတ်သစ်ပင်သာ ဖြစ်ရပေလိမ့်မည်။

ထို့အပြင် ဖုရှုမှ နတ်စွမ်းရည်ကို ထုတ်သုံးလိုက်သည်နှင့်တစ်ပြိုင်နက် သူနှင့် ပဲ့တင်ထပ်သလို ဖြစ်သွားသည့်အရာ ရှိနေသည့်ဘက်သည် နတ်သစ်ပင် ရှိနေသည့် နေရာသာ ဖြစ်ရပေလိမ့်မည်။

ဖုရှုကဲ့သို့သော အမှိုက်ကောင်တစ်ယောက်အား ယခုကဲ့သို့သော စွမ်းရည်မျိုးကို ထုတ်သုံးလာနိုင်အောင် ကူညီပေးနိုင်ရလေအောင် နတ်သစ်ပင်သည် မည်ကဲ့သို့သော အပင်မျိုး ဖြစ်သလဲဆိုသည်ကို ရန်ကိုင် အမှန်တကယ် သိချင်နေမိပေသည်။

အားကောင်းလှသည့် ကောင်းကင်စိတ်အာရုံသည် ဒီရေလှိုင်းလုံးပမာ အုန်းခနဲ ဖြာထွက်လာခဲ့လေသည်။ ထိုကောင်းကင်စိတ်အာရုံကို ခံစားမိလိုက်သည့်နောက် မုတ်ဆိတ်ရှည်ကြီး၏အမူအယာ တစ်ဖန် ပြောင်းလဲသွားခဲ့လေသည်။

ချက်ချင်းဆိုသလို အင်ပါယာမြို့တော်တစ်ခုလုံး ရန်ကိုင်မျက်လုံးထဲ ပေါ်လာခဲ့လေသည်။ သူ့ကောင်းကင်စိတ်အာရုံ အဆက်မပြတ် ပြန့်ကားထွက်နေသည်နှင့်တစ်ပြိုင်နက် ရန်ကိုင်မြင်နေရသည့် အကျယ်အဝန်းမှာလည်း တဖြည်းဖြည်းနှင့် တိုးလာခဲ့ရသည်။

ရုတ်တရက်ဆိုသလို သူ့ကောင်းကင်စိတ်အာရုံအား ရှေ့ဆက်တိုး၍မရအောင် တားဆီးထားသည့် အကာအရံတစ်ခုနှင့် သွားတိုးလေသည်။ ရုတ်တရက် အလစ်အငိုက်မိသလို ဖြစ်သွားသည့်အတွက်ကြောင့် ရန်ကိုင်၏ကောင်းကင်စိတ်အာရုံမှာ ထိုအကာအရံနှင့် သွားဝင်ဆောင့်တိုက်မိကာ ရန်ကိုင်ကိုယ်တိုင်မှာလည်း ငေးကြောင်ကြောင် ဖြစ်သွားခဲ့ရသည်။

ထိုအခိုက်အတန့်မှာပင် ဖုရှုဖန်တီးထားသည့် ကျောက်စိမ်းရောင်ဓါးရှည်ကြီးသည် ရန်ကိုင်၏ပုခုံးတည့်တည့်သို့ ခုတ်ချလာခဲ့လေရာ သွေးများ ပန်းထွက်သွားခဲ့ရလေသည်။

ဖုရှုသည် အရူးတစ်ပိုင်းပမာ အော်ရယ်မောရင်းမှ “ဒါ ဒီမင်းသားကို လာစိန်ခေါ်တဲ့ အကျိုးဆက်ပဲ…”

ထို့နောက်တွင် လက်ကွက်တစ်ခုဖန်တီး၍ ရန်ကိုင်အား နှစ်ပိုင်းပြတ်ထွက်သွားအောင် ခုတ်ပစ်ချင်နေသည့်အလား ကျောက်စိမ်းဓါးရှည်ကို အောက်သို့ ဆက်လက်ဖိချရန် ထိန်းချုပ်လိုက်လေသည်။

ရန်ကိုင်သည် အေးစက်စက်အမူအယာဖြင့် နှာခေါင်းရှုံ့လျက် အနန္တဓါးကို ပြန်လည်ထုတ်ယူလိုက်လေသည်။ ထို့နောက် အနန္တဓါးအား ဝှေ့ယမ်းချလိုက်ရာ အေးစက်စက်ဓါးချီလှိုင်းတို့ ဖြာထွက်လာခဲ့ပြီး ကျောက်စိမ်းဓါးရှည်မှာ တစ်စစီ ပျက်စီးသွားခဲ့ရလေသည်။

ထိုအဖြစ်အပျက်ကြောင့် ဖုရှု မင်သက်သွားခဲ့လေ၏။

ရန်ကိုင်က ပြန်ပြောလိုက်သည်။ “ပထမအရှင့်မင်းသားက ဒီလောက်ပဲ အစွမ်းအစရှိတာလား… ထပ်လုပ်ပါဦး… အခြား ဘာအကွက်တွေရှိသေးလဲ… ကျုပ်မြင်အောင် ထပ်ထုတ်ပြဦးလေ…”

ဖုရှုက ဒေါမာန်တကြီးဖြင့် ပြန်ထအော်လေသည်။ “သိပ်ပြီးမောက်မာမနေနဲ့ ခွေးကောင်လေး…”

ရုတ်တရက်ဆိုသလို ဖုရှုသည် မှော်မန္တန်တစ်ခုကို စတင်ရွတ်ဆိုတော့လေ၏။ သို့ရာတွင် ယခုတစ်ကြိမ် ဖုရှုရွတ်ဆိုသွားသည့် စကားလုံးများ ရန်ကိုင်မသိတော့ချေ။ ဖုရှုရွတ်ဆိုသွားသည့် စကားလုံးများသည် သူသိထားသည့် မည်သည့်မှော်ပညာရပ်နှင့်မျှ ဆက်စပ်နေခြင်းမရှိ။ မှော်မန္တန်ကို ရွတ်ဆိုနေရင်းမှ ဖုရှုသည် လေးတစ်ခုကို ပစ်မည့်ပုံစံမျိုး ဟန်ပြင်ထားလိုက်လေသည်။

ထူးဆန်းစွာပင် ဖုရှု၏လက်ထဲ အစိမ်းရောင်မြားတစ်ချောင်း ထွက်ပေါ်လာခဲ့လေသည်။ ဖုရှုသည် ထိုအစိမ်းရောင်မြားကို မမြင်နိုင်သည့် လေးကိုင်းပေါ်တင်၍ တဖြည်းဖြည်းနှင့် ဆွဲလိုက်လေသည်။

“လကိုဖမ်းမယ့် ကြယ်မြား… ထွက်လာစမ်း…”

ဖုရှုမှ ထိုကဲ့သို့ အော်ဟစ်လိုက်သည်နှင့်တစ်ပြိုင်နက် အစိမ်းရောင်မြား ပျောက်ကွယ်သွားခဲ့ပြီး တဝီဝီမြည်သံနှင့်အတူ ဟင်းလင်းပြင်ကိုထိုးဖောက်၍ ရန်ကိုင်ရှေ့တည့်တည့်သို့ တိုးဝင်သွားလေ၏။

ရန်ကိုင်မှာ ခေါင်းကိုစောင်းချလိုက်ရာ မြားသည် သူ့နားထင်အား ဖြတ်တိုက်သွားခဲ့လေသည်။ ထို့အတွက်ကြောင့် ရန်ကိုင်၏ဆံပင်အချို့ ပြတ်တောက်သွားခဲ့ရပြီး လေအဝှေ့နှင့်အတူ လွင့်ပျံသွားခဲ့လေသည်။

“မင်း ရှောင်ရဲတယ်လား…” ဖုရှုမှာ အချိန်မရွေး ပေါက်ကွဲခါနီး ဖြစ်နေသည့်မီးတောင်ရှင်တစ်လုံးနှယ် မြားများကို တစ်စင်းပြီး တစ်စင်း ပစ်လွှတ်နေခဲ့လေသည်။ မြားများကို ပစ်လွှတ်နေရင်းမှ သွေးများမှာ သူ့နှာခေါင်းပေါက်ဆီမှ ရေတံခွန်အလား စီးကျနေခဲ့လေရာ ဖုရှု၏အဝတ်အားလုံး သွေးချင်းနီရဲသွားရတော့လေ၏။ မည်သို့ပင်ဖြစ်နေစေကာမူ ဖုရှုသည် ထိုအရာများကို သတိထားမိဟန်မရဘဲ မြားကိုသာ ဆက်၍ ပစ်နေခဲ့လေသည်။

သို့သော်ငြား မြားငါးချောင်း ပစ်ပြီးသည့်နောက် သူ၏ ဒွါရခုနှစ်ပေါက်ဆီမှ သွေးများ ယိုစီးကျနေခဲ့လေသည်။

ကြည့်ရသလောက် ဤနတ်စွမ်းရည်များကို ထုတ်သုံးဖို့ရာ သူ့အတွက် အတော်လေးကိုမှ ဝန်ပိသည့်ပုံပင်။

တန်ရာတန်ကြေးတစ်ခုခုကိုမပေးဘဲ မည်သည့်အရာကိုမှ အလကားမရနိုင်ပေ။ ဖုရှုအတွက်လည်း အတူတူသာ။ ပထမအရှင့်မင်းသား ဖြစ်သည့်အတွက်ကြောင့် ဖုရှုသည် မွေးဖွားလာစဉ်ကတည်းက နတ်သစ်ပင်၏ အကာအကွယ်ကို ရရှိခဲ့သည်။ နတ်သစ်ပင်၏ အကူအညီဖြင့်ပင် အားကောင်းလှသည့် နတ်စွမ်းရည်များကိုလည်း ထုတ်သုံးနိုင်လေ၏။ မည်သို့ပင်ဖြစ်နေလင့်ကစား ပထမအရှင့်မင်းသားသည် တာအိုသခင်တတိယအဆင့် ကျင့်ကြံခြင်းကိုသာ ပိုင်ဆိုင်ထားသည့်အတွက်ကြောင့် ရန်ကိုင်နှင့်ယှဉ်ပြိုင်နိုင်သော စွမ်းအားကို ထုတ်လွှတ်ဖို့ရာ တန်ကြေးကြီးကြီးမားမားကို ပေးဆပ်ခဲ့ရလေသည်။

ဖုရှု၏အတိုင်းအဆမဲ့ တိုက်ခိုက်မှုများကို ကြည့်ရင်းမှ ရန်ကိုင်သည် နတ်စွမ်းရည်များ၏ စွမ်းအား မည်သည့်နေရာမှ အရင်းခံလာသလဲဆိုသည်ကို သေသေချာချာ အသေးစိတ် လေ့လာကြည့်ခွင့် ရခဲ့လေသည်။

ရုတ်တရက်ဆိုသလို တစ်ခုခုအား စဉ်းစားမိသွားသည့်အလား ရန်ကိုင် မျက်မှောင်ကျုံ့သွားခဲ့သည်။ ထို့နောက်တွင် အသက်ကို ပြင်းပြင်းရှုသွင်းလျက် မျက်လုံးပိတ်ချလိုက်လေသည်။

ရန်ကိုင် မျက်လုံးပိတ်သွားသည်ကိုမြင်သော် ဖုရှုမှာ ဝမ်းသာအားရဖြစ်သွားခဲ့ပြီး ဒေါသတကြီး အော်ပြောလိုက်လေ၏။ “အခုတော့ ဒီမင်းသား ဘယ်လောက်အားကောင်းလဲ သိသွားပြီပေါ့… ဟုတ်လား… အခုမှသိသွားတာ နောက်ကျသွားပြီကွ… သေတာထက်ဆိုးတဲ့ ပေးဆပ်မှုမျိုးဆိုတာ ဘာလဲဆိုတာကို မင်းသိသွားအောင် ဒီမင်းသား လုပ်ပေးမယ်…”

ထိုစကားများကို ပြောပြီးသည်နှင့်တစ်ပြိုင်နက် သူ့လက်ကိုမြှောက်၍ နောက်ထပ်မြားတစ်စင်းကို ပစ်လွှတ်လိုက်လေသည်။

ထိုအခိုက်အတန့်မှာပင် ရန်ကိုင် ဆတ်ခနဲ မျက်လုံးပြန်ပွင့်လာခဲ့ပြီး သူ့ဆီသို့ တိုးဝင်လာနေသည့် အစိမ်းရောင်မြားကို အသာအယာ လှမ်းဖမ်းကိုင်လိုက်လေသည်။ ထို့နောက်တွင် အားကောင်းလှသည့် အစိမ်းရောင်မြားသည် ရှေ့သို့ တစ်ချက်မျှပင်လျှင် ဆက်မတိုးနိုင်တော့ဘဲ ရန်ကိုင်၏ ပြုတ်တူပမာ လက်ဆုပ်ထဲ မြဲနေခဲ့လေသည်။

“ဘယ်လိုလုပ်ပြီးဖြစ်နိုင်မှာလဲ…”

ရန်ကိုင်နှင့်ဖုရှုတို့ နှစ်ဦးစလုံးအတူ မေးခွန်းကို တစ်ပြိုင်တည်း အော်မေးလိုက်ကြလေသည်။ ရန်ကိုင်မှာတော့‌ ငေးကြောင်ကြောင်အမူအယာဖြင့် ရှိနေစဉ် ဖုရှုမှာတော့ အလွန်ကိုမှ ထိတ်လန့်တုန်လှုပ်နေခဲ့လေသည်။

“မင်းရဲ့အရှိန်အဝါက…” မုတ်ဆိတ်ရှည်ကြီးမှာလည်း ရုတ်တရက်ဆိုသလို မျက်လုံးပြူးသွားခဲ့ပြီး တစ်ခါမှကို မမြင်ဖူးသည့် အရာတစ်ခုအား မြင်လိုက်ရသည့်ပမာ ရန်ကိုင်အား မမှိတ်မသုန် စိုက်ကြည့်နေခဲ့လေသည်။

ရန်ကိုင်မှ မျက်လုံးပိတ်ပြီး ပြန်ဖွင့်လာလိုက်သည့်နောက်တွင် သူ့အရှိန်အဝါမှာ အပြောင်းလဲကြီး ပြောင်းလဲသွားခဲ့ရသည်။

ရန်ကိုင်၏အရှိန်အဝါမှာ ယခင်ကထက် ပိုအားကောင်းလာခဲ့ခြင်းမဟုတ်။ သို့သော်ငြား လက်ရှိရန်ကိုင်၏အရှိန်အဝါသည် ရှေးခေတ်လူသားတစ်ဦးမှ ထွက်ပေါ်နေသည့် အရှိန်အဝါမျိုးနှင့် ဆင်တူနေခဲ့လေသည်။ မသိလျှင် ရန်ကိုင်ကိုယ်တိုင်သည် အလွန်ကိုမှ ရှေးကျလှသည့် ရှေးခေတ်တစ်ခုကို ပြန်ရောက်သွားသည့်ပမာ။

ရန်ကိုင်မှ ရှေးကျသည့် မန္တန်တစ်ခုကို ရွတ်လိုက်သည်နှင့်တစ်ပြိုင်နက် ရန်ကိုင်၏လက်ထဲတွင် ရှိနေသော အစိမ်းရောင်မြားမှာ အလင်းစက်လေးများအသွင်သို့ ပြောင်းကာ ပျောက်ကွယ်သွားခဲ့လေသည်။

လက်ရှိအချိန်တွင် ရန်ကိုင်သည် ဧကရာဇ်အဆင့်ပညာရှင်တစ်ဦး မဟုတ်တော့။ ထို့အစား ရှေးခေတ်ကမ္ဘာကြီးထဲရှိ တောင်ပိုင်းလူရိုင်းကလန်မှ ထွက်ပေါ်လာခဲ့သော ရှေးခေတ်မှော်ဘုရင်တစ်ပါး ဖြစ်နေခဲ့လေပြီ။

ရန်ကိုင်၏စကားလုံးများသည် ပထမအရှင့်မင်းသားအတွက် နားလည်ရခက်နေခဲ့သည်။ ရန်ကိုင်မှာ အသံကျယ်ကျယ်ဖြင့် ရွတ်ဆိုနေခြင်း မရှိသည့်တိုင် သူ့စကားလုံးများကို အသံထွက်ရန် အလွန်ကိုမှ ခက်ခဲလှပေသည်။

မုတ်ဆိတ်ရှည်ကြီးမှာတော့ ရန်ကိုင်ရွတ်ဆိုနေသည့်စကားများကို ကြားပြီးသည့်နောက် သူ့ခန္ဓာကိုယ်တစ်ခုလုံးမှာ တဆတ်ဆတ်ကို တုန်ရီလာတော့လေသည်။

မန္တန်ကို ရွတ်ဆိုပြီးသွားသည်နှင့်တစ်ပြိုင်နက် သေးငယ်လှသည့် မီးတောက်မြွေလေးတစ်ကောင် ရန်ကိုင်ရှေ့၌ ပေါ်လာခဲ့လေသည်။

ထိုမီးတောက်မြွေလေးမှာ နတ်စွမ်းရည်တစ်ခုမဟုတ်ချေ။ နတ်စွမ်းရည်များကို ထုတ်သုံးရာတွင် ထွက်ပေါ်လာလေ့ရှိသည့် အစိမ်းရောင်အရောင်အဝါကို ထိုမီးတောက်မြွေလေးပေါ်တွင် တွေ့ရခြင်းမရှိ။ သို့သော်ငြား မီးတောက်မြွေလေး ပေါ်လာသည့်ပုံစံမှာ နတ်စွမ်းရည်များကို ထုတ်သုံးရာတွင် ပေါ်လာသည့် ပုံစံမျိုးနှင့် တူနေခဲ့လေသည်။

“ဒီတော့ ဒါက ခင်ဗျားတို့ပြောပြောနေတဲ့ နတ်စွမ်းရည်တွေပေါ့… ဟုတ်လား… ဟမ့်…” ရန်ကိုင်၏နှုတ်ခမ်း ကွေးတက်သွားခဲ့လေသည်။ လက်ရှိအချိန်တွင် ရန်ကိုင်သည် လူသားအင်ပါယာမြို့ထဲတွင် ရှိနေသော တစ်စုံတစ်ခုနှင့် ထူးထူးဆန်းဆန်း ဆက်သွယ်နေနိုင်ခဲ့လေပြီ။ ရန်ကိုင်အနေဖြင့် ထိုကဲ့သို့သောဆက်သွယ်ချက်ကို မှော်ဘုရင်အသွင်သို့ ပြောင်းလဲပြီးသည့်အခါမှသာ လုပ်နိုင်ခဲ့ခြင်း ဖြစ်လေသည်။ မှော်ဘုရင်အသွင်သို့ ပြောင်းလဲသွားပြီးသည့်နောက် မှော်ပညာရပ်တစ်ခုကို ထုတ်သုံးလိုက်သည့်အခါ ရန်ကိုင်နှင့် လူသားအင်ပါယာမြို့တော်ထဲရှိ အရာကြားရှိ ဆက်သွယ်ချက်မှာ ပို၍ အားကောင်းလာခဲ့လေ၏။

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၂၉၆၀)

ဘာသာပြန်သူ_တိမ်တိုက်

အသက်ရှိနေသည့် မြွေတစ်ကောင်ပမာ လွင့်မျောသွားလာနေသည့် မီးတောက်မြွေလေးကိုကြည့်ရင်း လူတိုင်း အလွန်ကိုမှ ထိတ်လန့်နေခဲ့ကြသည်။

ဖုရှုမှာ မီးတောက်မြွေလေးကို ကြည့်ရင်း မင်သက်နေခဲ့လေရာ တိုက်ခိုက်ဖို့ကိုပင် မေ့လျော့နေခဲ့လေပြီ။

မုတ်ဆိတ်ရှည်ကြီးက အော်ဟစ်လိုက်၏။ “ပထမအရှင့်မင်းသား… ဒါ နတ်စွမ်းရည်မဟုတ်ဘူး… သူလိမ်တာ မခံရစေနဲ့…”

“တကယ်ကြီး နတ်စွမ်းရည်မဟုတ်ဘူးလား…” ဖုရှုက ပြန်လှည့်မေးလိုက်လေသည်။

မုတ်ဆိတ်ရှည်ကြီးမှာ အလွန်ကိုမှ ဒေါသူပုန်ထနေလေရာ သူ့မုတ်ဆိတ်ရှည်ကြီးသည်ပင်လျှင် အဆက်မပြတ် တုန်ခါနေခဲ့သည်။ ချက်ချင်းပဲ ပထမအရှင့်မင်းသားဘက်သို့ လှည့်၍ အခိုင်အမာ ပြောဆိုလိုက်လေ၏။ “အဲ့ဒါ နတ်စွမ်းရည်မဟုတ်တာကို ဒီလူအိုကြီးရဲ့အသက်နဲ့ အာမခံရဲတယ်… သူသုံးသွားတာက နတ်စွမ်းရည်နဲ့ နည်းနည်းပါးပါး တူနေရုံပဲ… ဘာမှကြောက်နေစရာမလိုဘူး…”

ထိုစကားကိုကြားသည့်အခါ ဖုရှု၏စိတ်အစုံ တုန်ခါသွားခဲ့သည်။ ထို့နောက် ရန်ကိုင်ဘက်သို့လှည့်၍ ဒေါမာန်တကြီးဖြင့် အော်ပြောလေ၏။ “ငါထင်ထားတဲ့အတိုင်းပဲ… မင်းလိုအဆင့်နိမ့်ကောင်က ဘယ်လိုလုပ်ပြီး နတ်စွမ်းရည်တွေကို ထုတ်သုံးနိုင်မှာလဲ… ငါ့ကိုများ လာဖြဲခြောက်နေသေးတယ်… သောက်ကျင့်မကောင်းတဲ့ ခွေးသူတောင်းစား… မင်း သေဖို့ပြင်ထားပေတော့…”

ဖုရှုမှာ နောက်ထပ်မြားတစ်စင်းကို ထပ်မံပစ်လွှတ်ရန် ပြင်လိုက်လေသည်။ သို့သော်ငြား ရန်ကိုင်မှ သူ့လက်ကို ဝှေ့ယမ်းလိုက်သည့်အခိုက် မီးတောက်မြွေလေးသည် ချက်ချင်းဆိုသလို ဖုရှုဆီသို့ လျှပ်စီးတန်းတစ်ခုပမာ ပြေးဝင်သွားလေ၏။

ဖုရှုကမူ သူ့ဆီသို့ တိုးဝင်လာနေသည့် မီးတောက်မြွေလေးကို မမြင်ချင်ယောင်ဆောင်နေခဲ့လေသည်။ ထိုမီးတောက်မြွေလေး မည်မျှပင် အားကောင်းနေစေကာမူ နတ်သစ်ပင် သူ့အား ကာကွယ်ပေးလိမ့်မည်မှန်း သိနေခဲ့သည်။ ရန်ကိုင်၏တိုက်ခိုက်မှုအားလုံးသည် သူ့အပေါ် လုံးဝ အကျိုးသက်ရောက်မှု ရှိလိမ့်မည်မဟုတ်။

ရန်ကိုင်ထုတ်သုံးသွားသည့် မီးတောက်မြွေလေးသည် ထိုမျှ အားကောင်းလှခြင်း မရှိပေ။ ရှင်းရှင်းပြောရသော် သာမန်မီးတောက်မြွေမှော်ပညာရပ်တစ်ခုသာ ဖြစ်လေ၏။ ရှေးခေတ်အချိန်များတွင် မှော်စစ်သည်တော်တစ်ဦးသည်ပင်လျှင် ဤကဲ့သို့သော မှော်ပညာရပ်မျိုးကို ထုတ်သုံးနိုင်ကြပေသည်။

“ဘုန်း…” ဟူသော မြည်သံနှင့်အတူ မီးတောက်မြွေလေးသည် ဖုရှု၏ခန္ဓာကိုယ်အား သွားရောက်ထိမှန်လေသည်။ သို့သော်ငြား ရန်ကိုင်မျှော်လင့်ထားသည့်အတိုင်းပင် မီးတောက်မြွေလေးမှ ဖုရှု၏ခန္ဓာကိုယ်အား ထိခါနီးလေးတွင် အစိမ်းရောင်အလင်း နောက်တစ်ကြိမ် ထပ်မံထွက်ပေါ်လာခဲ့သည်။ သို့သော်ငြား ယခုတစ်ကြိမ်တွင်တော့ မီးတောက်မြွေလေးနှင့် ထိသွားသည်နှင့်တစ်ပြိုင်နက် အစိမ်းရောင်အလင်းမှာ ပေါ်လာပြီးပြီးချင်း ချက်ချင်း ပြန်လည်ပျောက်ကွယ်သွားခဲ့လေသည်။ ထို့နောက်တွင် မီးတောက်များသည် ဖုရှုခန္ဓာကိုယ်တစ်ခုလုံးအား လွှမ်းခြုံသွားခဲ့လေရာ ဖုရှုမှာ နာကျင်စွာ အော်ဟစ်တော့လေ၏။

ထိုမြင်ကွင်းကိုကြည့်ရင်း မုတ်ဆိတ်ရှည်ကြီး မျက်လုံးများ မှေးစင်းသွားခဲ့သည်။ ယခုကိစ္စနှင့်ပတ်သက်၍ တစ်ခုခု မူမမှန်နေမှန်း သူသိသွားခဲ့လေပြီ။

အကျိုးသင့်အကြောင်းသင့် ပြောရမည်ဆိုလျှင် ပထမအရှင့်မင်းသားဖုရှုသည် နတ်သစ်ပင်၏ ကာကွယ်မှုကို ရရှိထားသည့်အတွက်ကြောင့် သစ်ရွက်ရှစ်ရွက် သို့မဟုတ် ထို့ထက်ပိုများသော သစ်ရွက်များကို ပိုင်ဆိုင်ထားသည့် လူများသည်သာ လူသားအင်ပါယာမြို့တော်ထဲတွင် ဖုရှုအား ထိခိုက်အောင် လုပ်နိုင်ကြပေလိမ့်မည်။ သို့သော်ငြား ဤ ဘယ်ကမှန်းမသိ ရောက်လာသည့်လူမှာတော့ ပထမအရှင့်မင်းသားကို ဒဏ်ရာရသွားအောင် လုပ်နိုင်ခဲ့သည်။ ဘာကြောင့်များ ထိုလူ ထိုကဲ့သို့ လုပ်နိုင်ရသလဲဆိုသည်ကို မုတ်ဆိတ်ရှည်ကြီး လုံးဝ နားမလည်နိုင်အောင် ဖြစ်နေခဲ့ရလေသည်။

ထို့အပြင် ထိုလူသုံးသွားသည့် ပညာရပ်သည် ဘာကြောင့်များ နတ်သစ်ပင်၏ နတ်စွမ်းရည်များနှင့် တူညီနေရလေသနည်း။ နတ်သစ်ပင်၏အရောင်ဖြစ်သော အစိမ်းရောင် မရှိသည်မှလွဲလျှင် ထိုလူထုတ်သုံးသွားသည့်ပညာရပ်သည် နတ်သစ်ပင်၏ နတ်စွမ်းရည်နှင့် လုံးဝကို တူနေပေသည်။

“ကြည့်ရတာ ကျုပ်လည်း နတ်သစ်ပင်ရဲ့ ကာကွယ်မှုကို ရသွားပြီနဲ့တူတယ်…” ရန်ကိုင်သည် ပထမအရှင့်မင်းသားအား ပြုံးဖြီးကာ ကြည့်ရင်းမှ ပြောလိုက်သည်။

“အပိုတွေ…” သူ့ကိုယ်ထက်တွင် လောင်ကျွမ်းနေသော မီးတောက်များကို ငြိမ်းသတ်ပစ်လိုက်ပြီးသည့်နောက်တွင်

“မယုံရင် သေချာကြည့်ကြည့်လိုက် ပထမအရှင့်မင်းသား… ကျုပ်တကယ်ပြောနေတာ ဟုတ်မဟုတ်…” ထိုသို့ပြောပြီးသည့်နောက်တွင် ရန်ကိုင်သည် သူ့လက်ကို ရုတ်တရက်မြှောက်လိုက်ရာ သူ့ရှေ့တွင် မီးတောက်မြွေလေးတစ်ကောင် ပြန်ပေါ်လာခဲ့လေသည်။ ထို့နောက် နောက်ထပ်တစ်ကောင်၊ နောက်ထပ်တစ်ကောင်၊ နောက်ထပ်တစ်ကောင်ဖြင့် ဆက်ဆက်၍ တစ်ကောင်ပြီးတစ်ကောင် ပေါ်လာတော့လေသည်။

“မင်း… မင်း… မင်း…” ဖုရှုမှာ အဆက်မပြတ်ကို ထိတ်လန့်တုန်လှုပ်နေရတော့၏။ “မင်း ဘာဖြစ်လို့ မန္တန်ရွတ်စရာမလိုရတာလဲ…”

“ဘာဖြစ်လို့ လိုရမှာလဲ…” ရန်ကိုင်သည် မှော်ပညာရပ်များကို တရစပ် ထုတ်သုံးပြနေခဲ့လေသည်။ သို့သော်ငြား သူသုံးသွားသည့် မှော်ပညာရပ်အားလုံးမှာ မီးတောက်မြွေပညာရပ်များသာ ဖြစ်ကြသည်။

“နတ်စွမ်းရည်တွေကိုသုံးမယ်ဆိုရင် မှော်မန္တန်တွေကို ရွတ်ဆိုဖို့ လိုအပ်တယ်…” ဖုရှုက ရေရွတ်လိုက်သည်။

ရန်ကိုင်က ရယ်သွမ်းသွေးလျက် “ခင်ဗျားလို အမှိုက်ကောင်က ဒီသခင်လေးနဲ့များ ဘယ်လိုလုပ်ပြီး လာယှဉ်ချင်နေရတာလဲ… ဒီသခင်လေးက လက်ဖျောက်တစ်ချက်တီးလိုက်ရုံနဲ့တင် နတ်စွမ်းရည်တွေကို ထုတ်သုံးလို့ရတယ်…”

ရန်ကိုင် စကားပြောနေစဉ်အတောအတွင်း မြောက်မြားလှစွာသော မီးတောက်မြွေများ သူ့ရှေ့၌ ထွက်ပေါ်လာပြီးနေလေပြီ။ အချိန် တဖြည်းဖြည်း ကြာလာသည်နှင့်အမျှ မီးတောက်မြွေအရေအတွက်မှာ ပိုပို၍ များပြားလာခဲ့လေ၏။

အသစ်ထွက်ပေါ်လာသော မီးတောက်မြွေများ၏ ကိုယ်ထက်တွင် အစိမ်းရောင်ဖျော့ဖျော့လေး တောက်နေခဲ့လေသည်။ ထိုအစိမ်းရောင်ဖျော့ဖျော့မှာ သိပ်၍ သိသာလှခြင်း မရှိပါသော်ငြား မီးတောက်မြွေများ၏ကိုယ်ထက် အစိမ်းရောင်အလင်း ရှိနေသည်မှာတော့ လုံးဝကို ငြင်း၍မရသည့် အမှန်တရားတစ်ခုဖြစ်သည်။ ထိုသို့ဖြင့် အသစ်ထပ်မံဖြစ်ပေါ်လာသည့် မီးတောက်မြွေများကိုယ်ထက်ရှိ အစိမ်းရောင်အလင်းမှာ ပိုပို၍ သိသာထင်ရှားလာခဲ့လေရာ နောက်ဆုံးဖြစ်ပေါ်လာသည့် မီးတောက်မြွေတစ်ကောင်ဆိုလျှင် တစ်ကိုယ်လုံး အစိမ်းရောင်တောက်နေခဲ့လေသည်။

ထိုအခါမှသာလျှင် ရန်ကိုင်သည် သူ့လက်ကို ပြန်ချလိုက်ပြီး ဖုရှုအား ပြုံးကြည့်လျက် “ဒီမှာကြည့်ကြည့်လိုက်လေ… ကျုပ် ခင်ဗျားကို နတ်သစ်ပင်ရဲ့ကာကွယ်မှု ရသွားပြီလို့ ပြောလိုက်တယ်မဟုတ်ဘူးလား… အခု ဘာပြောချင်သေးလဲ…”

“ဟူး…” မုတ်ဆိတ်ရှည်ကြီးမှာ လေအေးတစ်ရှိုက် ရှူသွင်းလိုက်ပြီး သူ့နဖူးထက် ချွေးအေးများ ဝေ့သီလာတော့လေသည်။ ယခုကိစ္စသည် သူမျှော်လင့်ထားသည့် ဘောင်အပြင်ဘက်ကို ကျော်လွန်နေခဲ့သည်။ ပြင်ပမှလာသည့် လူတစ်ဦးသည် ဤနေရာသို့ရောက်ရောက်ချင်း နတ်သစ်ပင်၏ကာကွယ်မှုကို ရရှိသွားခဲ့ပြီး နတ်စွမ်းရည်များကို အဆက်မပြတ် ထုတ်သုံးနိုင်ခဲ့လေသည်။ ယခုမူ သူ၏အကူအညီဖြင့် တတိယမင်းသားမှာ ဤလူကိုရင်ဆိုင်ဖို့ရာ မဖြစ်နိုင်တော့ချေ။ ဤလူ၏ထွက်ပေါ်လာမှုသည် လူသားအင်ပါယာမြို့တော်တစ်ခုလုံး ဂယက်ရိုက်သွားစေတော့မည်မှာ မလွဲမသေ ဖြစ်လာပေတော့မည်။ နှစ်ပေါင်း သောင်းနှင့်ချီတိုင်အောင် တည်ငြိမ်နေသော လူသားအင်ပါယာမြို့တော်ကြီးသည် စတင်၍ ယောက်ယက်ခတ်လာရပေတော့မည်။ ဤလူငယ်လေးကိုသာ ကောင်းကောင်းရှင်းမပစ်ပါက ဤလူငယ်လေးသည် လူသားအင်ပါယာမြို့တော်တစ်ခုလုံး၏ အခြေအနေကို လုံးဝ ပြောင်းလဲသွားစေပေလိမ့်မည်။

လက်ရှိအချိန်တွင်တော့ မုတ်ဆိတ်ရှည်ကြီးခေါင်းထဲ ရန်ကိုင်အား သင်ခန်းစာပေးလိုသည့် မည်သည့်အတွေးမှ ရှိမနေတော့ဘဲ ထွက်ပြေးချင်သည့်အတွေးတို့သာ ရှိနေတော့သည်။

ဖုရှုမှာတော့ လုံးဝကို ထိတ်လန့်တုန်လှုပ်နေလေရာ စကားပင်မပြောနိုင်တော့အောင် ဖြစ်နေခဲ့သည်။ ဖုရှုကိုယ်တိုင်မှာလည်း သူကြုံနေရသည့် အမျိုးမျိုးသော အလှည့်အပြောင်းများကြောင့် ပြဿနာပေါင်းမြောက်မြားစွာတို့သည် ကံဆိုးမသွားရာ မိုးလိုက်လို့ရွာဆိုသည့်အတိုင်း သူ့ဆီသို့ တပြုံတခေါင်း တိုးဝင်လာတော့လေသည်။ ပထမဦးဆုံးမှာတော့ သွေးလောင်ကျွမ်းခြင်းပညာရပ် ပျက်ပြယ်သွားခြင်းပင်။ ထို့နောက်တွင် နတ်စွမ်းရည်များစွာကို တရစပ် အသုံးပြုခဲ့သည့်အတွက်ကြောင့် ထွက်ပေါ်လာသည့် ဘေးထွက်ဆိုးကျိုးများနှင့် ရင်ဆိုင်ရတော့သည်။ အဆုံးတွင် ဖုရှုသည် သွေးများ တရဟော စီးထွက်လာနေသည့် သူ့နှာခေါင်းကို လက်ဖြင့်အုပ်ရင်းမှ မြေပြင်ပေါ်သို့ ပြုတ်ကျလာခဲ့လေသည်။ မြေပြင်ပေါ်သို့ ပြုတ်ကျပြီးသွားသည်နှင့်တစ်ပြိုင်နက် ဖုရှု၏အသက်စွမ်းအင်မှာ ရုတ်ချည်းဆိုသလို ထိုးကျသွားခဲ့လေရာ သေခါနီးလူတစ်ဦးနှင့် မခြားတော့လေအောင် ဖြစ်သွားခဲ့ရလေသည်။ အထိတ်ထိတ်အလန့်လန့်ဖြင့်အော်ဟစ်ရင်း ဖုရှုမှာ အကူအညီတောင်းရန်အတွက် သူ့ဘေးပတ်ဝန်းကျင်အား လှည့်ပတ်ကြည့်လိုက်ပါသော်ငြား ယခုကဲ့သို့အချိန်မျိုးတွင် သူ့အား ကူညီပေးနိုင်မည့်လူ မည်သူများ ရှိပါဦးမည်နည်း။

ယခုလေးတင် သူနှင့် လက်ရည်တူ ယှဉ်ပြိုင်တိုက်ခိုက်နေသော သူ့ရန်သူ မြေပြင်ပေါ်သို့ ပြုတ်ကျသွားသည်ကိုမြင်သော် ရန်ကိုင်မျက်နှာ ရှုံ့မဲ့သွားခဲ့သည်။ သို့တိုင် အနာပေါ်ဆားပက်ရန် ပျင်းရိလွန်းနေခဲ့၏။ ရန်ကိုင်သည် မူလတည်းက ဖုရှုကို အနည်းငယ်မျှပင် စိုးရိမ်ခြင်းမရှိခြင်း ဖြစ်လေသည်။ ဖုရှုသည် နတ်သစ်ပင်အားကိုးဖြင့် သူ့အား ခဏမျှလောက်သာ ယှဉ်ပြိုင်နေနိုင်ခြင်း ဖြစ်သည်။ လက်ရှိအချိန်တွင် ရန်ကိုင်သည် ဖုရှုကဲ့သို့စွမ်းအားကို ရထားပြီဖြစ်လေရာ ဘာကြောင့်များ ဖုရှုအား ကြောက်နေစရာလိုပါဦးမည်နည်း။

ထို့နောက်တွင် ရန်ကိုင်သည် မုတ်ဆိတ်ရှည်ကြီးဘက်သို့လှည့်၍ ပြုံးပြလိုက်သည်။

နဖူးထက်ဝေ့သီလာသော ချွေးအေးများကို သုတ်ရင်းမှ မုတ်ဆိတ်ရှည်ကြီးက ပြန်ပြောလိုက်လေသည်။ “ဖြစ်နိုင်တာက မင်းက အတိတ်တုန်းက ပျောက်သွားတဲ့ တော်ဝင်မျိုးဆက်လား…”

ရန်ကိုင်က ထူးမခြားနားဟန်ဖြင့် “ခင်ဗျားက တကယ်ကို စိတ်ကူးလည်း ယဉ်တတ်တာပဲနော်…”

“အဲ့ဒါဆိုရင် မင်း ဘာဖြစ်လို့ နတ်သစ်ပင်ရဲ့စွမ်းအားကို ထုတ်သုံးနိုင်နေရတာလဲ…” မုတ်ဆိတ်ရှည်ကြီးမှာ မည်သို့ပင်စဉ်းစားနေစေကာမူ စဉ်းစားမရအောင် ဖြစ်နေခဲ့သည်။

“တော်ဝင်မိသားစုပဲ နတ်သစ်ပင်ရဲ့ကာကွယ်မှုကို ရမယ်လို့ ခင်ဗျားကို ဘယ်သူပြောတာလဲ…” ရန်ကိုင်က ပြန်ပြောလိုက်သည်။

ထိုအခါမှသာလျှင် မုတ်ဆိတ်ရှည်ကြီး နားလည်သွားတော့လေသည်။ သူ့အနေဖြင့် တော်ဝင်မိသားစုသည်သာ နတ်သစ်ပင်၏စွမ်းအားကို သုံးနိုင်သည်ဟု ယုံကြည်နေရခြင်းမှာ သူကြီးပြင်းလာခဲ့ရသည့် ပတ်ဝန်းကျင်ကြောင့်သာ ဖြစ်လေသည်။ ဤနေရာရှိလူတိုင်းသည် တော်ဝင်မိသားစုကသည်သာ နတ်သစ်ပင်၏ကာကွယ်မှုကို ရရှိနိုင်ကြသည်ဟု ယုံကြည်ထားကြသည်။

ရုတ်တရက်ဆိုသလို လျှို့ဝှက်ချက်အကြီးကြီးတစ်ခုအား တွေ့ရှိလိုက်ရသလို မုတ်ဆိတ်ရှည်ကြီး ခံစားလိုက်ရလေသည်။

မုတ်ဆိတ်ရှည်ကြီးက တုန်တုန်ရီရီလေသံဖြင့် ဆက်၍မေးလိုက်သည်။ “ဘယ်လိုလူမျိုးတွေက နတ်သစ်ပင်ရဲ့ကာကွယ်မှုတွေကို ရနိုင်ကြတာလဲ…”

ရန်ကိုင်က အေးစက်စက်လေသံဖြင့် “ပုန်ကန်ချင်နေပြီပေါ့ ဟုတ်လား… ခွေးအိုကြီး… ခင်ဗျား ဘာလို့ အဲ့ဒါကို လာမေးနေရတာလဲ… ခင်ဗျား တကယ်ကြီး ပုန်ကန်ချင်နေတာလား…”

မုတ်ဆိတ်ရှည်ကြီးက ဒေါမာန်တကြီးဖြင့် “အပိုတွေလျှောက်ပြောမနေနဲ့…” ထိုသို့ပြောပြီးသည့်နောက် တစ်ယောက်ယောက်များ သူ့မေးခွန်းကို ကြားသွားသေးသလားဟု အထင်ဖြင့် ဘေးပတ်ဝန်းကျင်သို့ လှည့်ပတ်ကြည့်လိုက်လေသည်။

ရန်ကိုင်က အေးစက်စက်အမူအယာဖြင့် နှာခေါင်းရှုံ့လျက် “နောက်နောင် ကျုပ်ကို လာလာမရှုပ်ဖို့ ခင်ဗျားသခင်ကို သွားပြောထားလိုက်… ဒီသခင်လေးက ဘယ်သူနဲ့မှ ပြဿနာဖြစ်ချင်တာမဟုတ်ဘူး… ကျုပ်နဲ့ ကျုပ်မိန်းမ ဒီထဲကို မတော်တဆ ရောက်လာရုံပဲ… ဒီတော့ ထွက်ပေါက်ကိုရှာတွေ့တာနဲ့ ကျုပ်တို့ဘာသာကျုပ်တို့ ထွက်သွားမယ်… ဒါပေမယ့် ခင်ဗျားတို့ကသာ ကျုပ်ကို ဆက်ပြီး ပြဿနာလာရှာနေဦးမယ်ဆိုရင်တော့ ဟဲ ဟဲ…”

မုတ်ဆိတ်ရှည်ကြီးက ချက်ချင်းပဲ ခေါင်းညိတ်၍ ပြန်ပြောလိုက်လေသည်။ “လူကြီးမင်းပြောခိုင်းတဲ့စကားကို ဒီလူအိုကြီး ကျိန်းသေ ပြန်ပြောလိုက်ပါမယ်… တတိယအရှင့်မင်းသား ဘယ်လိုလုပ်မလဲဆိုတာကတော့ ဒီလူအိုကြီး ဆုံးဖြတ်လို့မရပါဘူး…”

“ခင်ဗျားမှာ ဆုံးဖြတ်ခွင့်ရှိမှာမဟုတ်မှန်းလည်း ကျုပ်သိပြီးသား… အခု ထွက်သွားလိုက်ပေတော့…” ရန်ကိုင်သည် ယင်ကောင်တစ်ကောင်ကို မောင်းထုတ်ပစ်နေသည့်အလား သူ့လက်ကို ဝှေ့ယမ်းလိုက်လေသည်။

မုတ်ဆိတ်ရှည်ကြီးလည်း ချက်ချင်းပဲ ထွက်သွားလေ၏။ သူ့အနေဖြင့် မည်သို့များ ဤနေရာတွင် ဆက်နေရဲတော့ပါမည်နည်း။

လက်ရှိအချိန်တွင် ဖုရှုမှာတော့ နာကျင်စွာ အော်ဟစ်နေခဲ့လေသည်။ မလှမ်းမကမ်းတွင်မူ ကျုချင်းသည် ကျင့်ကြံသူအယောက်သုံးဆယ်ကျော်နှင့် ယှဉ်ပြိုင်တိုက်ခိုက်နေခဲ့လေသည်။ ဖုရှု၏ သွေးလောင်ကျွမ်းခြင်းပညာရပ်နှင့် အသက်ချိန်းကြိုးပညာရပ်၏ အကူအညီကို ရရှိထားသည့်တိုင် ထိုလူများအနေဖြင့် နဂါးတစ်ကောင်ကို မည်ကဲ့သို့များ ယှဉ်ပြိုင်နိုင်ပါမည်နည်း။

သွေးလောင်ကျွမ်းခြင်းပညာရပ်သည် သွေးချီကို လှုံ့ဆော်ပြီး ရုပ်ခွန်အားကို တိုးသွားစေနိုင်သလို လူတစ်ဦးကိုလည်း ပို၍ ကြမ်းကြုတ်ခက်ထန်သွားစေလေသည်။ ထို့အတွက်ကြောင့် ခွန်အားများများစားစား တိုးလာသည်ဟု ထင်ရပါသော်ငြား တကယ့်တကယ်တွင်တော့ ထိုမျှလောက်မဟုတ်ပေ။ အသက်ချိန်းကြိုးကမူ ကျင့်ကြံသူပေါင်းများစွာ၏ အသက်အားလုံးကို ချိတ်ဆက်ပေးလိုက်ရုံသာ။ ထို့အတွက်ကြောင့် ဒဏ်ရာဒဏ်ချက်များကို ခုခံနိုင်သည့်စွမ်းရည်မှာ တိုးလာရလေသည်။

သို့သော်ငြား သူတို့၏ တိုက်ခိုက်ရေးစွမ်းရည်များမှာမူ သူတို့ကျင့်ကြံခြင်း၏ အကန့်အသတ်အတွင်းတွင်သာ ရှိနေပေသေးသည်။

ထိုအကြောင်းကြောင့်ပင်လျှင် ထိုလူများကို ရင်ဆိုင်ဖို့ရာ ကျုချင်းအတွက် သိပ်မခက်လှပေ။ သို့သော်ငြား အသက်ချိန်းကြိုး၏ အကူအညီကြောင့် သူမအနေဖြင့် ထိုလူများကို ရှင်းထုတ်ရန် အတော်လေး အချိန်ယူလိုက်ရသည်။

ရန်ကိုင်သည် သူ့လက်ကိုမြှောက်၍ မီးတောက်မြွေများကို ထိုလူအုပ်ကြီးဆီသို့ ပစ်လွှတ်လိုက်လေသည်။

ရုတ်ချည်းဆိုသလို ထိုကျင့်ကြံသူပေါင်းများစွာ၏ အသက်အားလုံးကို ချိတ်ဆက်ပေးထားသော အသက်ချိန်းကြိုးများမှာ တအုန်းအုန်းတဒိုင်းဒိုင်း ကျိုးပျက်ကုန်ကြတော့လေ၏။

အသက်ချိန်းကြိုးပညာရပ် မရှိတော့သည်နှင့်တစ်ပြိုင်နက် လူအုပ်ကြီးမှာ ကျုချင်း၏ ရက်စက်ကြမ်းကြုတ်သည့် အရှိန်အဝါကြောင့် လွင့်စင်ထွက်သွားကုန်ရကာ အကုန်လုံးမှာ ဆိုးဆိုးရွားရွား ဒဏ်ရာရသွားကုန်ကြရလေသည်။

ပုံမှန်အားဖြင့် အသက်ချိန်းကြိုးပညာရပ်ကို ထိုမျှ အလွယ်တကူ ဖျက်ဆီး၍မရပေ။ သို့သော်ငြား ဖုရှုအသုံးပြုနေသည်မှာ နတ်သစ်ပင်၏စွမ်းအား ဖြစ်သည့်အတွက်ကြောင့် ရန်ကိုင်မှ ဖုရှုအသုံးပြုနေသည့်စွမ်းအားကို ဝင်ရောက်နှောင့်ယှက်လိုက်သည့်အခါ အသက်ချိန်းကြိုးများ ပြတ်တောက်သွားခဲ့ရခြင်းဖြစ်သည်။

သူမ၏တိုက်ကွက်တစ်ကွက်တည်းကြောင့် သူမ၏ပြိုင်ဘက်အားလုံး အလဲလဲအပြိုပြိုဖြစ်ကုန်ကြရသည်ကိုမြင်သော် ထိုလူများကို ရှင်းထုတ်ပစ်ဖို့ရာ ကျုချင်းမှာ အလွန်ကိုမှ ပျင်းရိလွန်းသွားခဲ့လေသည်။ အားနည်းသူကိုအနိုင်ကျင့်ခြင်းသည် နဂါးကလန်အတွက်တော့ ရှက်ရွံ့စရာတစ်ခုဖြစ်သည်။ ထို့အတွက်ကြောင့် ထိုလူများကို ဂရုစိုက်မနေတော့ဘဲ ရန်ကိုင်ဘေးနားသို့ ပြန်ရောက်လာပြီး သွေးအိုင်ထဲလဲနေသည့် ဖုရှုကို ကြည့်ရင်းမှ မေးလိုက်လေသည်။ “သူ ဘာလို့ အသက်ရှင်နေသေးတာလဲ…”

ရန်ကိုင်က ပြန်၍ ပြောလိုက်လေ၏။ “နင် ဘာဖြစ်လို့ ဒီလောက်တောင် ရက်စက်ချင်နေရတာလဲ… အင်း… သူများတွေပြောတာလည်း တကယ်မှန်တာပဲ… မိန်းမတစ်ယောက်ရဲ့ နှလုံးသားထက် ပိုပြီးတော့ အဆိပ်ပြင်းတဲ့အရာဆိုတာ မရှိတော့ဘူးတဲ့…”

ကျုချင်းက အေးစက်စက်အမူအယာဖြင့် ပြန်ပြောလိုက်သည်။ “နင် ဘာလို့ သူ့လိုအမှိုက်တစ်ကောင်ကို အသက်ရှင်ခွင့်ပေးနေတာလဲ…”

“နင်ပြောတာလည်း ဟုတ်သားပဲနော်…” ရန်ကိုင်သည် ရုတ်တရက် တစ်ခုသောဘက်သို့လှည့်၍ ပြောလိုက်လေသည်။ “ဒီလိုမျိုး ပွဲကြီးပွဲကောင်းကြီးကို ကြည့်ပြီးသွားပြီဆိုတော့ ဆရာ့အနေနဲ့ ထွက်လာဖို့ အချိန်သင့်ပြီ မဟုတ်ဘူးလား… ဆရာလည်း ကြားတာပဲ… ဆရာသာ ထွက်မလာတော့ရင် ကျုပ်မိန်းမက ဒီပထမအရှင့်မင်းသားကို သတ်ပစ်တော့မှာ… အဲ့အခါကြမှ လာပြီး ငိုယိုပြောနေလို့ မရတော့ဘူးနော်…”

ရန်ကိုင်၏စကား ဆုံးသွားသည်နှင့်တစ်ပြိုင်နက် လူအုပ်ကြီးထဲမှ လူတစ်ဦး ရုတ်တရက် ပြေးထွက်လာခဲ့ပြီး ပထမမင်းသားရှေ့တွင် ရပ်လိုက်လေသည်။ ထိုလူမှာ အတော်လေးကိုမှ အရပ်ရှည်ကာ ပိန်လည်းပိန်လှသည်။ ထို့အတွက်ကြောင့် မသိလျှင် ဝါးလုံးရိုးနှင့်ပင် တူနေလေကာ အတော်လေးကိုမှ သိသာထင်ရှားသည့် ပုံစံမျိုး ဖြစ်လေသည်။

ထိုလူကိုမြင်လိုက်သည့်အခိုက် ဖုရှု၏မျက်နှာထက် ထိတ်လန့်ရိပ်တို့ ဖြတ်ပြေးသွားခဲ့ပြီး ချက်ချင်းပဲ အထိတ်ထိတ်အလန့်လန့်ဖြင့် “ခင်ဗျား… ခင်ဗျား… ခင်ဗျား… ခင်ဗျားက…”

ထိုလူသည် ဘာမှပြန်ပြောမနေခဲ့ဘဲ ဖုရှု၏ပါးစပ်ထဲသို့ ဆေးလုံးတစ်လုံးထည့်၍ ဖုရှုအား သတိလစ်အောင် လုပ်ပစ်လိုက်သည်။ ထို့နောက်တွင် ဖုရှုကိုမ၍ သူ့ပုခုံးပေါ်တင်ကာ ရန်ကိုင်အား အေးစက်စက်အမူအယာဖြင့် စိုက်ကြည့်နေလိုက်လေ၏။

“အိုး… ဧကရာဇ်တတိယအဆင့်လား…” ရန်ကိုင် ချက်ချင်း မျက်ခုံးပင့်သွားခဲ့သည်။

လူသားအင်ပါယာမြို့၏ ခွန်အားကို သိထားသည့်တိုင် ဤနေရာတွင် ဧကရာဇ်တတိယအဆင့် ပညာရှင်တစ်ဦးအား လာတွေ့လိုက်ရသည့်အပေါ် ရန်ကိုင် အတော်လေးကိုမှ ထိတ်လန့်မိသွားခဲ့လေသည်။ ဤလူ၏အရှိန်အဝါမှာ အတော်လေးကိုမှ အားကောင်းလှကာ နေမင်းပြာကျောင်းတော်မှ ဝမ်ကျိရှန်းအောက် နိမ့်ကျခြင်းမရှိချေ။

တစ်နည်းဆိုရသော် ဤလူသည် နေမင်းပြာကျောင်းတော်သည် ကျောင်းသခင်နှင့် အဆင့်တူလူတစ်ဦးဖြစ်သည်။ သာမန်ဧကရာဇ်တတိယအဆင့် ပညာရှင်တစ်ဦးမျိုး မဟုတ်ပေ။ ထိုလူသည်သာ တကယ်ကြီး လှုပ်ရှားလာမည်ဆိုပါက ရန်ကိုင်အနေဖြင့် ထိုလူအား ရင်ဆိုင်နိုင်ချင်မှ နိုင်ပေလိမ့်မည်။

သို့သော်ငြား လူသားအင်ပါယာမြို့တော်ထဲတွင်တော့ ရန်ကိုင်အနေဖြင့် ထိုလူအား နတ်သစ်ပင်၏ အကူအညီဖြင့် ဖိနှိပ်ပစ်နိုင်ပေသည်။ လက်ရှိအချိန်တွင် ရန်ကိုင်သည်လည်း နတ်သစ်ပင်၏ ကောင်းချီးကို ရရှိထားခဲ့သည်။ ရန်ကိုင်အနေဖြင့် မီးတောက်မြွေပေါင်းများစွာကို ထုတ်လွှတ်ခဲ့ရခြင်းမှာ နတ်သစ်ပင်နှင့် ခိုင်မာသည့် ဆက်သွယ်ချက်တစ်ခုကို တည်ဆောက်လိုသည့်အတွက်ကြောင့်သာ ဖြစ်ပေသည်။

နတ်သစ်ပင်သည် တော်ဝင်မိသားစုကိုသာ ကာကွယ်ပေးခြင်းမဟုတ်။ မှော်ဆရာအားလုံးကို ကာကွယ်ပေး၍ ကောင်းချီးပေးပေသည်။ ပထမအရှင့်မင်းသား မှော်ပညာရပ်များ ထုတ်သုံးသွားသည်ကို လေ့လာကြည့်ပြီးသည့်နောက် ရန်ကိုင်အနေဖြင့် ထိုကဲ့သို့ ကောက်ချက်ချနိုင်ခဲ့ခြင်း ဖြစ်လေသည်။ ထိုအကြောင်းကြောင့်ပင်လျှင် ရန်ကိုင်ကိုယ်တိုင်သည်လည်း သူ့ခန့်မှန်းချက် မှန်မမှန်သိရရန် မှော်စွမ်းအားကို ထုတ်သုံးခဲ့ခြင်းဖြစ်သည်။

All Chapters