အခန်း (၂၉၆၆-၂၉၇၀)
Vol. 128 Ch. 2966-2970
၂၉၆၆)
ဘာသာပြန်သူ_တိမ်တိုက်
စိတ်ဓာတ်ပိုင်းဆိုင်ရာကို ကြိုတင်ပြင်ဆင်ထားရင်းမှ လူသားဧကရာဇ်သည် အမျိုးမျိုးသောအကြောင်းအရာများကို လျှောက်တွေးလေသည်။ တစ်ချိန်တည်းတွင်လည်း ရန်ကိုင်သည်သာ အလွန်အကျူး တောင်းဆိုချက်များကို လုပ်လာပါက လက်လျှော့လိုက်ရန် တိတ်တဆိတ် စဉ်းစားထားတော့လေသည်။ ရန်ကိုင်သည်သာ သူ့ပလ္လင်ကို လာမတောင်းသရွေ့ ကျန်သည့်ကိစ္စအားလုံးကို ဆွေးနွေး၍ ရပေသည်။ သူ့အနေဖြင့်သာ ရန်ကိုင်ကို ဘောင်အကန့်အသတ်တစ်ခုအတွင်း ထိန်းထားနိုင်မည်ဆိုလျှင် ရန်ကိုင်အား ရှင်းထုတ်ပစ်နိုင်မည့် နည်းလမ်းတစ်ခုကို ဖြည်းဖြည်းချင်း စဉ်းစားနိုင်ပေလိမ့်မည်။
“ကျုပ်ကို လူသားအင်ပါယာမြိုတော်နဲ့ ဒွိလောကကမ္ဘာရဲ့ သမိုင်းကြောင်းကို ပြောပြ…”
“အမ်…” လူသားဧကရာဇ် ကြောင်အမ်းအမ်း ဖြစ်သွားခဲ့လေသည်။ သူ နားကြားမှားသွားလေသလားဟုပင် တွေးမိသွားခဲ့၏။
လက်ရှိအချိန်တွင် လူသားဧကရာဇ်သည် စဉ်းနီတုံးပေါ်သို့ ရောက်နေသော ငါးတစ်ကောင်ဘဝသို့ ရောက်နေခဲ့လေပြီ။ ရန်ကိုင်မှာမူ သူ့အား ခုတ်ထစ်မည့် ဓါးမကို ကိုင်ထားသည့် စားဖိုမှူးတစ်ယောက်ဖြစ်သည်။ သို့သော်ငြား ရန်ကိုင်သည် ယခုကဲ့သို့သောတောင်းဆိုချက်မျိုးကို လုပ်လာလိမ့်မည်ဟု လူသားဧကရာဇ် ထင်ထားခဲ့ခြင်းမရှိပေ။ သူ့ဘက်မှ တစ်ခုခုဆုံးရှုံးရမည်ဆိုလျှင်ပင် အလွန်အကြူးဖြစ်မလာသရွေ့ ရန်ကိုင်၏တောင်းဆိုချက်ကို ဖြည့်ဆည်းပေးရန် ဆုံးဖြတ်ထားပြီးသားပင်။
“ခင်ဗျားက တကယ်ကို အသက်ကြီးနေတာပဲ… ခင်ဗျား ဆွံ့အနားမကြား ဖြစ်သွားပြီလား…” ရန်ကိုင်သည် လူသားဧကရာဇ်အား မှုန်ကုပ်ကုပ်အမူအယာဖြင့် စိုက်ကြည့်ရင်းမှ မေးလိုက်လေသည်။
ထိုအခါမှသာလျှင် ရန်ကိုင်သည် ထိုကဲ့သို့သောအကြောင်းအရာမျိုးကို တကယ်ကြီးမေးနေကြောင်း လူသားဧကရာဇ် နားလည်သွားတော့သည်။ ရန်ကိုင် ဘာကြောင့် ထိုကဲ့သို့မေးခွန်းမျိုး မေးရသလဲဆိုသည်ကို စဉ်းစားနေရင်းမှ သူ့အတွေးများကို သေချာစိစစ်လျက် ပြန်ပြောလိုက်လေသည်။ “ဧည့်သည်တော်က အခုလိုမေးခွန်းမျိုးကို မေးတယ်ဆိုတော့ ဒီဧကရာဇ်ကလည်း…”
“ဟမ်…”
“ဒါဆိုရင်တော့ ဒီလူအိုကြီး အကျဉ်းချုံးပြီး ရှင်းပြပေးပါ့မယ်…” လူသားဧကရာဇ်က ကသိကအောက်အမူအယာဖြင့် ပြန်ပြောလိုက်သည်။ သူ့ဘဝတွင် အမြဲတစေဆိုသလို အခြားသူများသည်ကသာ သူ၏အမူအယာကိုကြည့်၍ စကားကိုဆင်ခြင်ပြောရခြင်း ဖြစ်လေသည်။ သူ့ဘဝတွင် သူ့အနေဖြင့် အခြားသူတစ်ဦး၏အလိုကို လိုက်၍ စကားအသုံးအနှုန်းကို ပြောင်းလဲဆင်ခြင်ပြောရလိမ့်မည်ဟု လုံးဝ မျှော်လင့်ထားခဲ့ခြင်း မရှိချေ။
“ဒီလူအိုကြီးကိုယ်တိုင်ကလည်း အရမ်းကြီးမသိတာမို့လို့ တချို့ သိပ်ပြီး အသေးစိတ်မကျတဲ့နေရာတွေဆိုရင် ကျေးဇူးပြုပြီး စိတ်ထဲမထားဖို့ ဧည့်သည်တော်ကို တောင်းဆိုချင်ပါတယ်…”
ရန်ကိုင်က လက်ဝှေ့ယမ်းလျက် “ပြောသာပြော…”
လူသားဧကရာဇ်က အသာအယာချောင်းဟန့်လျက် ဆက်၍ ပြောလိုက်လေသည်။ “တကယ်ဆိုရင်တော့ ဒီဒွိလောကကမ္ဘာဆိုတာ ကြယ်တာရာအစုအဝေးရဲ့ အစိတ်အပိုင်းတစ်ခုပဲ… အရင်တုန်းက ဒီဒွိလောကကမ္ဘာနဲ့ ကြယ်တာရာအစုအဝေးတို့ ဆက်နေတဲ့အချိန်တုန်းက ကြယ်တာရာအစုအဝေးကို ကြယ်တာရာအစုအဝေးဆိုပြီး မခေါ်သေးဘူး… ဒါပေမယ့် အဲ့တုန်းကလူတွေ ကြယ်တာရာအစုအဝေးကို ဘယ်လိုခေါ်ကြလဲဆိုတာတော့ ဒီလူအိုကြီးလည်း သေချာမပြောတတ်ဘူး… ဒါပေမယ့် ငါတို့ရဲ့ဘိုးဘေးတွေကတော့ သူတို့ကိုယ်သူတို့ လူရိုင်းမျိုးနွယ်လို့ ခေါ်ကြတာပဲ… အဲ့ခေတ်အခါက လူရိုင်းမျိုးနွယ်တွေအကုန်လုံးက မှော်စွမ်းအားကို ကျင့်ကြံတယ်… ပြီးတော့ အဲ့လူရိုင်းမျိုးနွယ်စုဝင်တွေကလည်း ကိုယ့်ဘာကိုယ် မျိုးနွယ်စုတွေ အသီးသီး ဖန်တီးပြီးတော့ နေကြတာပေါ့… အဲ့တုန်းက မျိုးနွယ်စုတွေကြားမှာ အချင်းချင်း ပြဿနာတွေဖြစ်ကြတယ်ဆိုပေမယ့် ဒီလောက်ကြီးတော့ မဟုတ်ဘူး… လူသားမျိုးနွယ်က တော်တော်လေး တိုးတက်ခဲ့တယ်လို့ ပြောလို့ရတယ်…”
ပြောနေရင်း လူသားဧကရာဇ်သည် ရန်ကိုင်၏အမူအယာကို လေ့လာကြည့်နေလေသည်။ ရန်ကိုင်သည် အဓိကအကြောင်းအရာတစ်ခုခုကို ပြန်သတိရနေသည့်အလား အတိတ်ကို လွမ်းဆွတ်တမ်းတသည့် ပုံစံမျိုး လုပ်ပြနေသည်ကို သတိပြုမိလိုက်သော် သူပြောလိုက်သည့် မည်သည့်စကားသည် ရန်ကိုင်အား ထိုကဲ့သို့ ဖြစ်သွားစေသလဲဆိုသည်ကို လူသားဧကရာဇ် သိချင်မိသွားလေ၏။ သို့သော်ငြား သွားမမေးရဲသည့်အတွက်ကြောင့် ဆက်၍သာ ပြောလိုက်လေသည်။ “ဒါပေမယ့် တစ်နေ့မှာတော့ ရုတ်တရက်ကြီး ကောင်းကင်ပေါ်မှာ ဧရာမ အက်ကြောင်းကြီးတစ်ခု ပေါ်လာတယ်… အဲ့အက်ကြောင်းကြီးထဲကနေ အားကောင်းတဲ့ပညာရှင်တွေ အများကြီးထွက်လာပြီး လူရိုင်းမျိုးနွယ်တွေကို တိုက်ခိုက်တယ်… အဲ့အက်ကြောင်းထဲကနေ ထွက်လာတဲ့ လူတွေကိုတော့ နတ်ဆိုးမျိုးနွယ်လို့ ခေါ်ကြတာပဲ… အဲ့နတ်ဆိုးမျိုးနွယ်တွေက အရမ်းသွေးဆာတယ်… ပြီးတော့ ရက်စက်ပြီး ကြမ်းလည်း ကြမ်းကြုတ်တယ်… သူတို့ကြောင့်ပဲ လူရိုင်းမျိုးနွယ်တွေ အများကြီး သေသွားခဲ့တယ်… ဒါပေမယ့် လူရိုင်းမျိုးနွယ်တွေကလည်း ဒီတိုင်း အမြစ်ပြတ်ရှင်းခံရမှာကို ငြိမ်ခံမနေချင်တော့ဘူး… ပြန်ပြီးတော့ တွန်းလှန်တိုက်ခိုက်တယ်…”
“မျိုးနွယ်စုနှစ်ခုကြားက စစ်ပွဲက နှစ်ပေါင်းများစွာကြာသွားတယ်… နတ်ဆိုးမျိုးနွယ်ရော လူရိုင်းမျိုးနွယ်ရော နှစ်ဖက်စလုံးမှာ အထိအခိုက် အကျအဆုံးတွေ အများကြီးပဲ… မျိုးနွယ်စုနှစ်ခု နောက်ဆုံးစစ်ဖြစ်သွားခဲ့တဲ့ စစ်မြေပြင်က အခု ကျုပ်တို့ခေါ်နေတဲ့ ဒွိလောကကမ္ဘာဆိုတာပဲ…”
ရန်ကိုင်က အံ့အားသင့်နေသည့်ဟန်ဖြင့် ပြန်မေးလိုက်လေသည်။ “ဒွိလောကကမ္ဘာက အရင်တုန်းက စစ်မြေပြင်လား… ဒါဆိုရင် ခင်ဗျားပြောတဲ့ပုံအရဆိုရင် ဒွိလောကကမ္ဘာက ကြယ်တာရာအစုအဝေးထဲကနေ ဘာလို့ ခွဲထွက်သွားတာလဲ…”
လူသားဧကရာဇ်က ပြန်ပြောလိုက်သည်။ “ဧည့်သည်တော်မသိလို့… ကျုပ်တို့ရဲ့ဘိုးဘေးတွေ အဲ့စစ်ပွဲကို နိုင်နိုင်ခဲ့တာ နတ်သစ်ပင်ကြောင့်ပဲ… မှတ်တမ်းတွေအရဆိုရင်တော့ နတ်သစ်ပင်က သူ့အသက်ကိုစတေးပြီးတော့ နတ်ဆိုးမျိုးနွယ်စုတွေ ကျုပ်တို့ကမ္ဘာထဲကို ကျူးကျော်လာဖို့ သုံးနေတဲ့ လမ်းကြောင်းကို ချိတ်ပိတ်ပစ်ခဲ့တယ်တဲ့… ဒါပေမယ့် နောက်ဆုံးမှာတော့ ဘာကြောင့်မှန်းတော့မသိဘူး… ကြယ်တာရာအစုအဝေးနဲ့ နတ်ဆိုးနယ်မြေရဲ့ လောကနိယာမတွေက စတင်ပြီး ပဋိပက္ခဖြစ်လာတယ်… အဲ့လိုနဲ့ စစ်မြေပြင်တစ်ခုလုံးက ဟင်းလင်းပြင်ထဲကို ရောက်သွားရတာပဲ… ဒီနည်းလမ်းနဲ့ပဲ ဒွိလောကကမ္ဘာဆိုတာ ဖြစ်ပေါ်လာရတာ… အဲ့တုန်းက အသက်ရှင်ကျန်ရစ်ခဲ့တဲ့ နတ်ဆိုးတွေနဲ့ လူရိုင်းတွေက ဒီကမ္ဘာထဲမှာပဲ ဆက်ရှိပြီးတော့ အခုထက်ထိ ရှိနေကြတုန်းပဲ… ဒါပေမယ့် လောကနိယာမတွေက အဆက်မပြတ်ကို ပြောင်းလဲနေတော့ ကျုပ်တို့လူသားတွေအတွက် သိပ်ပြီးတော့ အဆင်မပြေလှဘူး… တစ်ခါတစ်လေကျရင် လောကနိယာမတွေက ကြယ်တာရာအစုအဝေးထဲက လောကနိယာမတွေနဲ့ တူတယ်… တစ်ခါတစ်လေကျပြန်တော့လည်း နတ်ဆိုးနယ်မြေက လောကနိယာမတွေနဲ့ သွားတူနေပြန်ရော… အဲ့လိုအခါမျိုးတွေမှာဆိုရင် လောကနိယာမတွေထဲမှာ နတ်ဆိုးချီတွေ ပါလာတယ်… အဲ့ဒါမျိုးတွေကြောင့်ပဲ လူသားမျိုးနွယ်စုတွေ ဒီထဲမှာ လွတ်လွတ်လပ်လပ်သွားလာဖို့ ခက်တာ… နောက်ဆုံးမှာတော့ မတတ်နိုင်တော့ဘဲ နတ်သစ်ပင်ရဲ့ ကာကွယ်မှုအောက်မှာပဲ နေနေရတော့တယ်… ဒီလိုနဲ့ နောက်ဆုံးမှာ လူသားအင်ပါယာမြို့ ဖြစ်လာရတာ… အဲ့အကြောင်းကြောင့်ပဲ လူသားတွေ နှစ်ပေါင်းသောင်းနဲ့ချီတိုင်အောင် ရှင်သန်နေနိုင်ခဲ့တာလည်း ပါတာပေါ့…”
ရန်ကိုင်သည် ခေါင်းတညိတ်ညိတ်လုပ်ရင်း မိုးထိမတတ်မြင့်မားလှသည့် သစ်ပင်ကြီးဆီသို့ လှမ်းကြည့်လိုက်လေသည်။
စီနီယာချင်းမှာ အသက်ရှင်နေပေသေးသည်။ ရှေးခေတ်အချိန်ကကဲ့သို့ အသိဉာဏ်ရှိသည့် သစ်ပင်ကြီးတစ်ပင် မဟုတ်တော့ပါသော်ငြား ၎င်း၏စိတ်ဆန္ဒတစ်ရပ်မှာတော့ ကျန်ရစ်နေပေသေးသည်။ ယနေ့ထိတိုင် စီနီယာချင်းသည် သူ့ခန္ဓာကိုယ်နှင့် ခွန်အားကို အသုံးပြု၍ အသက်ရှင်ကျန်ရစ်နေသော လူသားများကို ကာကွယ်ပေးနေခဲ့ပေသေးသည်။ စီနီယာချင်းကြောင့်သာမဟုတ်ပါက ဤဒွိလောကကမ္ဘာထဲတွင် လူသားများ ဆက်ရှိနေနိုင်တော့လိမ့်မည် မဟုတ်ချေ။
အကြောင်းမှာ ဤဒွိလောကကမ္ဘာကြီးသည် နတ်ဆိုးများအတွက် ရှင်သန်ဖို့ရာ ပိုမိုသင့်လျော်သည့် အတွက်ကြောင့်သာ ဖြစ်လေသည်။ နတ်ဆိုးချီများ ထွက်ပေါ်လာသည့် အချိန်တွင် လူသားများအဖို့ ကိုယ့်ဘာသာကိုယ် ရှင်သန်နိုင်ရန် ခက်ခဲသွားရသည်။
သို့သော်ငြား ဒွိလောကကမ္ဘာထဲရှိ အခြေအနေသည် ကြယ်တာရာအစုအဝေးထဲကကဲသို့ ပြန်ဖြစ်သွားသည့်အချိန်မျိုးတွင် နတ်ဆိုးများအတွက် ပြဿနာမရှိချေ။ နတ်ဆိုးများသည် ထို့ထက်ပို၍ ခက်ခဲကြမ်းတမ်းသည့် ပတ်ဝန်းကျင်မျိုးတွင် ရှင်သန်ကြီးထွားလာခဲ့ရသူများ ဖြစ်သည့်အတွက်ကြောင့် ကြယ်တာရာအစုအဝေး၏ ပတ်ဝန်းကျင်ကိုတော့ မမှု။
လူသားဧကရာဇ်ပြောပြသွားသည့် အကြောင်းအရာများသည် ရန်ကိုင် ပုံရိပ်တစ်ထောင်အိပ်မက်ကမ္ဘာထဲတွင် ကြုံခဲ့ရသည့် အတွေ့အကြုံများနှင့် ကွက်တိကျနေပေသည်။ ထို့အတွက်ကြောင့် လူသားဧကရာဇ် လိမ်ညာနေခြင်းမရှိသလို တီယာလည်း လိမ်ညာနေခြင်းမရှိကြောင်း ရန်ကိုင် ကောက်ချက်ချနိုင်ခဲ့သည်။ သို့သော်ငြား လက်တွေ့နှင့် ပုံရိပ်ယောင်ကမ္ဘာထဲရှိ အခြေအနေသည် အနည်းငယ် ကွဲပြားနေခဲ့ရလေသည်။ အနည်းဆုံး ပုံရိပ်ယောင်ကမ္ဘာထဲတွင် ဒွိလောကကမ္ဘာ ဖြစ်ပေါ်လာသည့်အကြောင်းကို ရန်ကိုင်မသိခဲ့ရသလို ထိုပုံရိပ်ယောင်ကမ္ဘာထဲတွင် တိုက်ပွဲပြီးသွားသည့်နောက် စီနီယာချင်းသည်ပါ တစ်ပါတည်း အပြီးတိုင် ပျောက်ကွယ်သွားခဲ့ရလေသည်။
တီယာ၏ မှတ်တမ်းများနှင့် ပတ်သက်၍ ပြဿနာတစ်ခုခုများ ရှိနေသလား ထိုသို့မဟုတ်ဘဲ အခြားကိစ္စတစ်ခုခုကြောင့်များ ပုံရိပ်တစ်ထောင်အိပ်မက်ကမ္ဘာထဲရှိ အတွေ့အကြုံများ ထိုကဲ့သို့ ဖြစ်နေရသလား ဆိုသည်ကိုတော့ ရန်ကိုင်မသိချေ။
“ဒီတော့ ဒွိလောကကမ္ဘာက ဟင်းလင်းပြင်ထဲမှာ ရှိနေတာပေါ့…” ရန်ကိုင်က မျက်မှောင်ကျုံ့၍ မေးလိုက်သည်။
လူသားဧကရာဇ်က ခေါင်းညိတ်၍ ပြန်ပြောလိုက်သည်။ “ဟုတ်တယ်… ကျုပ်တို့ဘိုးဘေးတွေကတော့ ဒွိလောကကမ္ဘာ ဘယ်မှာရှိနေလဲဆိုတာနဲ့ ပတ်သက်ပြီးတော့ ခန့်မှန်းကြည့်ခဲ့ဖူးတယ်… ဒါပေမယ့် အကုန်လုံးကတော့ ဒွိလောကကမ္ဘာက အက်ကြောင်းတစ်ခုထဲမှာ ရှိနေတာလို့ပဲ ပြောကြတယ်… ဟင်းလင်းပြင်အက်ကြောင်းက ကြယ်တာရာအစုအဝေးနဲ့ နတ်ဆိုးနယ်မြေကြားမှာ ရှိနေတာ… ဒါကြောင့်ပဲ အဲ့ထဲမှာရှိနေတဲ့ ဒွိလောကကမ္ဘာက လောကနိယာမတွေပြောင်းတာကို အဆက်မပြတ် ခံနေရတာ… တစ်ခါတစ်လေ ကြယ်တာရာအစုအဝေးက လောကနိယာမတွေရဲ့ လွှမ်းမိုးတာကို ခံရသလို တစ်ခါတစ်လေကျတော့လည်း နတ်ဆိုးနယ်မြေက လောကနိယာမတွေရဲ့ လွှမ်းမိုးတာကို ခံရပြန်ရော…”
ရန်ကိုင် ခေါင်းတညိတ်ညိတ် လုပ်လိုက်လေသည်။ သူ့စိတ်ထဲ မရှင်းမလင်းဖြစ်နေသည့် အကြောင်းအရာတော်တော်များများ ရှင်းလင်းသွားခဲ့ရလေပြီ။
ယခင်က ရေခဲနယ်မြေထဲရှိ ရေခဲလှိုင်း၏ ဝါးမျိုခြင်း ခံလိုက်ရစဉ်က အားကောင်းသည့် လေဟာနယ်နိယာမစွမ်းအားတို့ကို ရန်ကိုင် ခံစားမိခဲ့သည်။ ထိုရေခဲလှိုင်းသည် ဒွိလောကကမ္ဘာနှင့် ဆက်စပ်နေသော ဟင်းလင်းပြင်အက်ကြောင်းတစ်ခု ဖြစ်ကောင်းဖြစ်နိုင်ပေသည်။
သို့သော်ငြား ဟင်းလင်းပြင်းအစီအရင်များကဲ့သို့ မဟုတ်ဘဲ ထိုအရာသည် ကမ္ဘာခြားကာ ကူးပြောင်းခြင်းတစ်မျိုး ဖြစ်၏။
“ဒွိလောကကမ္ဘာထဲနေ ထွက်ပြီးတော့ ကြယ်တာရာအစုအဝေးထဲကို ပြန်ဖို့ ဘယ်သူမှ မစဉ်းစားဖူးကြဘူးလား…” ရန်ကိုင်က မေးလိုက်သည်။
လူသားဧကရာဇ်သည် ရှက်ရှက်ဖြင့် ရယ်မောလျက် “ကျုပ်တို့ဘိုးဘေးတွေကတော့ အဲ့ကိစ္စနဲ့ပတ်သက်ပြီး စဉ်းစားကြည့်ခဲ့ဖူးပါတယ်… ဒါပေမယ့် လောကအတားအဆီးတွေက အရမ်းခိုင်မာလွန်းနေတယ်လေ… ပြန်လမ်းကိုမရှာသေးခင် အရင်ဆုံး အဲ့အတားအဆီးကို ဖျက်ဆီးဖို့ လိုသေးတယ်…” ထိုသို့ပြောပြီးသည့်နောက် လူသားဧကရာဇ်၏အမူအယာ ရုတ်တရက် ပြောင်းလဲသွားခဲ့ပြီး ရန်ကိုင်အား သင်္ကာမကင်းအမူအယာဖြင့် ကြည့်လျက် မေးလိုက်လေသည်။ “ဧည့်သည်တော်က လေဟာနယ်တာအိုကို ကျွမ်းကျင်တယ်မလား…”
အစောပိုင်းက လူသားဧကရာဇ်သည် ရန်ကိုင်အား လူသားဧကရာဇ်စည်းတံဆိပ်မရှိဘဲ လူသားအင်ပါယာမြို့တော်ထဲသို့ မည်ကဲ့သို့ ဝင်လာကြောင်း မေးခဲ့လေသည်။
ထိုစဉ်က သူ၏လေဟာနယ်နိယာမများကို ထုတ်သုံးပြခဲ့သည်။ ထိုအချက်နှင့်ပင်လျှင် ရန်ကိုင်သည် လေဟာနယ်နိယာမစွမ်းအားကို ကျွမ်းကျင်ထားကြောင်း လူသားဧကရာဇ် ခန့်မှန်းမိသွားခဲ့သည်။ ထိုအကြောင်းကြောင့်ပင်လျှင် ရန်ကိုင်သည် လောကအတားအဆီးကို ချိုးဖြတ်နိုင်လိမ့်မည်ဟု လူသားဧကရာဇ် ထင်မိသွားခြင်းဖြစ်လေသည်။
ထိုသို့ စဉ်းစားမိလိုက်သော် လူသားဧကရာဇ် စိတ်တထင့်ထင့် ဖြစ်သွားရတော့လေ၏။
ရန်ကိုင်သည် လူသားဧကရာဇ်က အဓိပ္ပာယ်ပါပါဖြင့် ကြည့်လျက် “ကြည့်ရတာ ခင်ဗျား ဒီနေရာကနေ ထွက်မသွားချင်တဲ့ပုံပဲ…”
လူသားဧကရာဇ်က ရှက်ရှက်ဖြင့် ပြန်၍ပြောလိုက်လေသည်။ “ဒီလောကကြီးထဲကနေ ထွက်ပြီးတော့ ဘိုးဘေးတွေနေခဲ့တဲ့ ကုန်းမြေဆီ ပြန်သွားဖို့က ကျုပ်တို့ဘိုးဘေးတွေရဲ့ နောက်ဆုံးဆန္ဒပဲ… ဒီတော့ ဒီလူအိုကြီးလည်း ဒီနေရာကနေ ထွက်သွားချင်တာပေါ့…”
ရန်ကိုင်က လှောင်ပြုံးပြုံးလျက် ပြန်ပြောလိုက်သည်။ “ခင်ဗျား ဘာအပိုစကားတွေ လာပြောနေတာလဲ… လူသားအင်ပါယာမြို့တော်ထဲမှာ ခင်ဗျားအနေနဲ့ ကြိုက်သလိုနေလို့ရတယ်… ဒီနေရာမှာ ဘယ်သူမှ ခင်ဗျားရဲ့အမိန့်ကို မလွန်ဆန်ရဲဘူး… အခြားလူတစ်ယောက် ဘယ်လောက်ပဲ အားကောင်းနေနေ ခင်ဗျားကို လာတိုက်ခိုက်ရဲမှာမဟုတ်ဘူး… ကျုပ်သာ ခင်ဗျားနေရာမှာဆိုရင် ဒီနေရာကနေ ထွက်သွားချင်မှာမဟုတ်ဘူး… ဘယ်နေရာမှာများ ဒီနေရာမှာလိုမျိုး ခင်ဗျားအနေနဲ့ ဒီလောက်လွတ်လပ်ပေါ့ပါးတဲ့ဘဝမျိုးကို ဘယ်လိုလုပ်ပြီး ပိုင်နိုင်မှာလဲ…”
ရန်ကိုင်မှ အမှန်ကို ထုတ်ပြောလာခဲ့သော် လူသားဧကရာဇ်မှာ ရှက်ရှက်ဖြင့် ချောင်းဟန့်ရုံသာ တတ်နိုင်ခဲ့လေသည်။ သူသည် အလွန်အားကောင်းခြင်း မရှိပါသော်ငြား သူ့အကြောင်းသူ ကောင်းကောင်းနားလည်ပေသည်။ သူသည်သာ ဤဒွိလောကကမ္ဘာထဲမှ ထွက်၍ ကြယ်တာရာအစုအဝေးသို့ ပြန်သွားမည်ဆိုပါက ယခုကဲ့သို့ ဘုရင်တစ်ပါးဘဝမျိုးဖြင့် စံမြန်းနေနိုင်တော့လိမ့်မည် မဟုတ်ချေ။
ရန်ကိုင်က ခေါင်းစဉ်ပြောင်း၍ မေးလိုက်လေသည်။ “ဒီလောကကြီးထဲကနေ ထွက်သွားနိုင်မယ့်နည်းလမ်း တကယ်မရှိတာလား…” လူသားဧကရာဇ် ပြန်မပြောနိုင်သေးခင်မှာပင် ရန်ကိုင်က ဆက်ပြောလိုက်သည်။ “ခင်ဗျား အမှန်အတိုင်းပြောရင် ကောင်းလိမ့်မယ်နော်… ခင်ဗျားလိုလူအိုကြီးတစ်ယောက်ကို ကျုပ် မသတ်ချင်ပေမယ့် မေးစရာမရှိတော့ရင်တော့ ကျုပ်လည်း တုံ့ဆိုင်းနေမှာမဟုတ်ဘူး…”
လူသားဧကရာဇ်၏အမူအယာ မဆိုစလောက်ကလေး ပြောင်းလဲသွားခဲ့ပြီး အလျင်စလို ပြန်ပြောလိုက်လေသည်။ “ယင်လေတောင်တော့ ရှိတယ်…”
“ယင်လေတောင်က ဘယ်မှာလဲ… ဒီကမ္ဘာကြီးထဲကနေ အဲ့နေရာကနေတစ်ဆင့် ထွက်သွားနိုင်တာလား…”
လူသားဧကရာဇ်က ပြန်ပြောလိုက်၏။ “ဖြစ်နိုင်ချေကတော့ တော်တော်လေးနည်းတယ်… တပ်အပ်ကြီးတော့ အာမ မခံရဲဘူး… ဒါပေမယ့် ဧည့်သည်တော်လိုလူမျိုးတွေပဲ အဲ့ကနေ ထွက်သွားနိုင်မှာ… အဲ့နေရာက အခြားသူတွေအတွက်ဆိုရင်တော့ တားမြစ်ဇုန်ပဲ… လွန်ခဲ့တဲ့နှစ်တွေတုန်းက ကျုပ်တို့ဘိုးဘေးတွေ ဒီနေရာကနေထွက်သွားဖို့ နည်းလမ်းအမျိုးမျိုးနဲ့ ကြိုးစားခဲ့ဖူးတယ်… ဒါပေမယ့် ဘယ်သူမှ မအောင်မြင်ဘူး… နောက်ဆုံးမှာတော့ ယင်လေတောင်ရဲ့ထိပ်မှာ ဒီနေရာကနေ ထွက်သွားနိုင်မယ့် လမ်းကြောင်းတစ်ခုရှိတယ်ဆိုပြီးတော့ သူတို့ အတည်ပြုနိုင်သွားတယ်… ဒါပေမယ့် အဲ့ဒါကလည်း ဖြစ်နိုင်ချေပါပဲ… ပုံမှန်ဆိုရင် အဲ့နေရာက အရမ်းအန္တရာယ်များလွန်းတာဟာကြီးကို… အဲ့မှာတိုက်နေတဲ့ လေတွေက အအေးဓာတ်တွေရော နတ်ဆိုးချီတွေနဲ့ရော ပြည့်နေတာ… ဧကရာဇ်တတိယအဆင့် ပညာရှင်တစ်ဦးတောင် အဲ့နေရာအတွင်းပိုင်းထဲထိ မသွားရဲဘူး…”
“အအေးဓာတ်တွေ…” ရန်ကိုင် မျက်ခုံးပင့်သွားခဲ့ပြီး ပြန်မေးလိုက်လေသည်။ “ဘယ်လိုအအေးဓာတ်မျိုးလဲ…”
လူသားဧကရာဇ်က ပြန်ပြောလိုက်သည်။ “အဲ့က အအေးဓာတ်တွေက ဘယ်လိုပြောရင်ကောင်းမလဲ… အသက်စွမ်းအင်တွေကို တစ်စက်မှမကျန်အောင် စုပ်ယူပစ်တဲ့ အအေးချီမျိုးတွေပဲ…”
ထိုစကားကိုကြားသော် ရန်ကိုင်၏မျက်လုံးများ တောက်ပသွားခဲ့လေသည်။ ထိုရေခဲချီသည် ရေခဲနယ်မြေထဲတွင် ရှိနေသည့် ချီဓာတ်တစ်မျိုးပင် မဟုတ်လေလော။ ကြည့်ရသလောက် ဤလူအိုကြီး လိမ်နေသည့်ပုံမပေါ်။ ယင်လေတောင်တွင် ဒွိလောကကမ္ဘာကြီးထဲမှ ထွက်သွားနိုင်မည့် လမ်းကြောင်းတစ်ခု အမှန်တကယ် ရှိနေသည့်ပုံပင်။
ရေခဲနယ်မြေထဲရှိ ရေခဲချီများသည် ဒွိလောကကမ္ဘာကြီးထဲတွင် အကြောင်းအရင်းမရှိ ပေါ်လာလိမ့်မည်မဟုတ်ပေ။ တကယ်တော့ ဒွိလောကကမ္ဘာနှင့် ကြယ်တာရာအစုအဝေးကြား လောကအတားအဆီးများ ခြားနေသည်မဟုတ်ပေလော။ သို့သော်ငြား ရေခဲနယ်မြေထဲရှိ ရေခဲချီသည် ယင်လေတောင်ဆီသို့ ရောက်နေခဲ့လေသည်။ ထိုသို့ဖြစ်ရခြင်းမှာ ရေခဲနယ်မြေထဲမှ ရေခဲချီများသည် ဒွိလောကကမ္ဘာထဲသို့ လမ်းကြောင်းတစ်ခုမှ ဝင်လာနေသည့် အတွက်ကြောင့်သာ ဖြစ်ရပေလိမ့်မည်။ ရန်ကိုင်သည်သာ ထိုလမ်းကြောင်းအတိုင်း ထွက်သွားလိုက်နိုင်မည်ဆိုပါက ကြယ်တာရာအစုအဝေးသို့ ပြန်ရောက်သွားနိုင်ပေလိမ့်မည်။
သို့သော်ငြား ယင်လေများထဲတွင် နတ်ဆိုးချီများလည်း ရှိနေပေသေးသည်။ တစ်နည်းဆိုရသော် ထိုလမ်းကြောင်းသည် ကြယ်တာရာအစုအဝေးကိုသာလျှင် မဟုတ် နတ်ဆိုးနယ်မြေကိုလည်း ချိတ်ဆက်ထားပေသေးသည်။ ထို့ကြောင့်ပင်လျှင် နတ်ဆိုးချီများသည် ရေခဲချီတို့နှင့်အတူ ယင်လေတောင်ဆီသို့ စီးဝင်လာနေနိုင်ခြင်း ဖြစ်ပေသည်။
ထိုအချက်များကို သေချာစုပေါင်း၍ စဉ်းစားကြည့်လိုက်သော် ယင်လေတောင်သည် ဒွိလောကကမ္ဘာ၊ ကြယ်တာရာအစုအဝေးနှင့် နတ်ဆိုးနယ်မြေတို့ ပေါင်းစုံနေသည့် နေရာတစ်ခု ဖြစ်သည်ဟုပင် ပြော၍ရသွားသည်။
ရေခဲချီတစ်ခုတည်းသည်ပင်လျှင် အလွန်ကိုမှ ကြောက်မက်ဖွယ်ရာ ကောင်းနေလေပြီ။ နတ်ဆိုးချီပါ ထပ်ပေါင်းလိုက်သော် ယင်လေတောင်သည် ဧကရာဇ်တတိယအဆင့်ပညာရှင်များကိုပင်လျှင် တားဆီးသွားနိုင်တော့လေသည်။
ထိုအကြောင်းကြောင့်ပင်လျှင် ဒွိလောကကမ္ဘာထဲမှ ကြယ်တာရာအစုအဝေးသို့ ပြန်သွားနိုင်သည့် မည်သည့်လူသားတစ်ဦးမှ ရှိမနေခြင်း ဖြစ်သည်။
ရန်ကိုင်၏ ပြောင်းလဲသွားသည့်အမူအယာကို သတိထားမိလိုက်သော် လူသားဧကရာဇ်သည် ရန်ကိုင် ဘာတွေးနေသလဲဆိုသည်ကို မသိဘဲ နေမည်လား။ သူ့စိတ်ထဲ ဝမ်းသာသွားလင့်ကစား မျက်နှာအမူအယာ တစ်ချက် ပြောင်းလဲသွားခြင်းမရှိဘဲ ပြန်၍သာ မေးလိုက်လေသည်။ “ဧည့်သည်တော်က စွန့်စားနေချင်တာလား… အခုလိုပြောတာကိုတော့ စိတ်တော့မရှိပါနဲ့နော်… ဒါပေမယ့် ယင်လေတောင်က သွားလို့ကောင်းတဲ့နေရာတစ်ခုတော့ မဟုတ်ဘူးနော် ဧည့်သည့်တော်… ကြယ်တာရာအစုအဝေးဆီ ပြန်သွားနိုင်မယ့် ထွက်ပေါက်ကို ရှာတွေ့သွားမယ်ဆိုရင်တောင် ကြယ်တာရာအစုအဝေးကို ပြန်သွားနိုင်မယ်ဆိုတာ သေချာတာမဟုတ်ဘူး… အခန့်မသင့်ရင် နတ်ဆိုးနယ်မြေထဲကို ရောက်သွားနိုင်သေးတယ်… အဲ့လိုဆိုရင်တော့ ဧည့်သည်တော် သေပြီပဲ…”
ရန်ကိုင်သည် လူသားဧကရာဇ်၏ပုခုံးကို ကောက်ပုတ်လိုက်လေရာ လူသားဧကရာဇ်မှာ သူ့ပုခုံးရိုးများ ကျိုးလုမတတ်ပင် ခံစားလိုက်ရလေသည်။ ထို့နောက်တွင် ရန်ကိုင်သည် လူသားဧကရာဇ်အား ပြုံးဖြီးပြလျက် “ခင်ဗျား ကျုပ်ကို မြန်မြန် သေစေချင်နေတာမဟုတ်ဘူးလား… ခင်ဗျား စိတ်ထဲရှိတဲ့အတိုင်းသာ ပြောလိုက်စမ်းပါဗျာ… စိတ်ထဲရှိတဲ့အရာတွေကို ဖုံးကွယ်ပြီးတော့ မဟုတ်သုတ်ခစကားတွေကို လာပြောနေတာကို ကြည့်ရတာ တကယ်စိတ်ညစ်ဖို့ကောင်းတယ်…”
လူသားဧကရာဇ် မျက်နှာထက် ရှက်ရွံ့နေသည့်အရိပ်အယောင်တို့ ထွက်ပေါ်လာခဲ့လေသည်။ သူ့စိတ်ထဲ ကြိတ်၍ ကျိန်ဆဲနေလင့်ကစား ရန်ကိုင်၏စကားကို ပြန်ပြောရလောက်သည်အထိ မျက်နှာအရေမထူခဲ့ပေ။
သို့ရာတွင် ရန်ကိုင်က စိတ်ဆုံးဖြတ်ပြီးသည့်အလား သူ့လက်ကိုပွတ်၍ ပြောလိုက်လေသည်။ “ယင်လေတောင်ဆီ သွားကြတာပေါ့…”
လူသားဧကရာဇ် တောင့်တောင့်ကြီး ဖြစ်သွားခဲ့လေသည်။ “ကျုပ်… ကျုပ်လည်း လိုက်ရမှာလား…”
“ခင်ဗျားလည်း လိုက်ချင်တာလား…” ရန်ကိုင်သည် လူသားဧကရာဇ်အား စောင်းငဲ့ကြည့်လိုက်သည်။
လူသားဧကရာဇ်သည် အဆက်မပြတ်ကို ခေါင်းခါပြလေ၏။
“မလိုက်ချင်ရင် ဘာလို့ လာမေးနေသေးတာလဲ…” ထိုသို့ပြောပြီးသည့်နောက် ရန်ကိုင်သည် အခြားခေါင်းစဉ်တစ်ခု ပြောင်းလိုက်လေသည်။ “ကျုပ် ခင်ဗျားကို ဘာလို့မသတ်လဲ သိလား…”
လူသားဧကရာဇ်သည် နဖူးထက်ဝေ့သီလာသော ချွေးများကို သုတ်ရင်းမှ တုန်တုန်ရီရီလေသံဖြင့် ပြန်ပြောလိုက်သည်။ “ကျေးဇူးပြုပြီး ပြောပြပေးပါလား…”
ရန်ကိုင်သည် စီနီယာချင်းကိုကြည့်၍ ပြောလိုက်လေသည်။ “ကျုပ် ခင်ဗျားကို အသက်ရှင်ခွင့်ပေးထားတာ လူသားအင်ပါယာမြို့တော်ကို စောင့်ရှောက်လို့ရအောင်ပဲ… ပြီးတော့ ခင်ဗျားတို့ဘိုးဘေးတွေ မျက်နှာမပျက်ရအောင်လို့… ဒီလူတွေအကုန်လုံး အသက်ရှင်နေရတာ စီနီယာချင်းရဲ့ ကောင်းချီးကြောင့်ပဲ…”
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၂၉၆၇)
ဘာသာပြန်သူ_တိမ်တိုက်
“ဟုတ်ကဲ့…” လူသားဧကရာဇ်မှာ တဟုတ်ဟုတ်နှင့်ကို လုပ်နေရတော့လေသည်။ ခေါင်းမာဖို့ရာလည်း မစွမ်းသာတော့။ နတ်သစ်ပင်၏ အထောက်အပံ့ မရှိတော့သလို သူ၏ကိုယ်ပိုင်ခွန်အားမှာလည်း နိမ့်ကျလှသည့်အတွက်ကြောင့် အသက်ရှင်နိုင်ဖို့ရာ အမြီးလေးတနှံ့နှံ့ဖြင့် တစ်ဖက်လူအား ခခယယလုပ်ဖို့သာ ရှိတော့လေသည်။
မည်သို့ပင်ဖြစ်လင့်ကစား သူ့စိတ်ထဲတွင်တော့ မယုံသင်္ကာ ဖြစ်နေမိလေသည်။ စီနီယာချင်းဆိုသည်မှာ မည်သူနည်း။ ထိုစီနီယာချင်းဆိုသူသည် နတ်သစ်ပင်ကို ဆိုလိုခြင်းပေလော။ နတ်သစ်ပင်သည် စီနီယာချင်းဖြစ်သည်ဟု ရန်ကိုင် ဘာကြောင့်များ သေချာနေရလေသနည်း။ သူကရော ဘာကြောင့်များ ထိုအကြောင်းများကို မသိရလေသနည်း။
“သွားကြရအောင်…” ရန်ကိုင်သည် လူသားဧကရာဇ်အား လှမ်းပြောလိုက်လေသည်။ နတ်သစ်ပင်ကို နောက်ဆုံးအကြိမ်အဖြစ် ကြည့်လိုက်ပြီးသည့်နောက် ထိုနေရာမှ လှည့်ထွက်လာခဲ့လေ၏။
လူသားဧကရာဇ်သည် ရန်ကိုင်နောက်မှ အနီးကပ်လိုက်လာခဲ့သည်။
မြူခိုးထုကိုကျော်လွန်၍ တော်ဝင်နန်းတော်ဆီသို့ ပြန်ရောက်လာသော် တိုက်ခိုက်သံများကို ကြားလိုက်ရလေသည်။ တစ်ချိန်တည်းတွင် ဒေါမာန်တကြီးအော်ဟစ်သံများနှင့် နာကျင်စွာအော်ဟစ်သံများမှာလည်း အဆက်မပြတ် ထွက်ပေါ်လာနေကြသည်။
“ပြင်းလိုက်တဲ့တိုက်ပွဲပါလား…” ရန်ကိုင်သည် ခန်းမတစ်ဝိုက်ကို ဝေ့ကြည့်ရင်းမှ ပြောလိုက်သည်။ ခန်းမထဲ အစီအစဉ်မကျ ပြန့်ကျဲနေသော လူပေါင်းများစွာ ရှိနေကြလေသည်။ တော်ဝင်မင်းသားများနှင့် မင်းသမီးများ၏ ကိုးဆယ်ရာခိုင်နှုန်းလောက်မှာ မြေပြင်ပေါ်သို့ လှဲနေကြရလေသည်။ အချို့ဆိုလျှင် ဆိုးဆိုးရွားရွား ဒဏ်ရာရထားသည့်အလား တစ်ကိုယ်လုံးကို သွေးချင်းနီနေခဲ့ပြီး အသက်ကို အမောတကော ရှုနေရသည်။
နတ်သစ်ပင်ကို ကာကွယ်နေကြသည့် အစောင့်များအနက် တစ်ဝက်လောက်မှာလည်း မြေပြင်ပေါ်တွင် အမှောက်သိပ်ခံထားကြရကုန်လေပြီ။ မီတာသုံးရာခန့် အလျားရှိသော နဂါးနီကြီးမှာတော့ ကောင်းကင်ထက်တွင်ဝဲရင်းမှ နဂါးမီးတောက်များကို မှုတ်ထုတ်နေလေရာ ကြမ်းပြင်ပေါ်တွင်ရှိနေသော လူသားများမှာ မီးဖိုပေါ်ရောက်နေသော ပုရွတ်ဆိတ်များနှယ် ဟိုပြေးလွှား ဒီပြေးလွှား နေကြရလေ၏။
ထိုမြင်ကွင်းကိုကြည့်ရင်း လူသားဧကရာဇ်မှာတော့ လုံးဝကို ထိတ်လန့်တုန်လှုပ်နေခဲ့လေသည်။ ဖိနှိပ်၍မရသည့် ကြောက်ရွံ့မှုတို့မှာလည်း သူ့မျက်လုံးထဲ အထင်းသား ထွက်ပေါ်နေခဲ့လေ၏။
နဂါးကလန်သားတစ်ဦးကို ရင်ဆိုင်ဖို့ရာ လွယ်ကူလိမ့်မည်မဟုတ်မှန်း သိထားပါသော်ငြား ဤအမျိုးသမီးသည် ဤမျှ ကြောက်မက်ဖွယ်ကောင်းလိမ့်မည်ဟု ထင်ထားခြင်း မရှိခဲ့ပေ။
လူသားဧကရာဇ်သည် သူ့လက်အောက်တွင် ရှိနေသော ပညာရှင်အားလုံးကို စုဝေး၍ တိုက်ခိုက်ခဲ့ပါသော်ငြား နဂါးတစ်ကောင်ကို အနိုင်မယူနိုင်ခဲ့ပေ။ ထို့အစား သူ့လူများသည်သာ ဆိုးဆိုးရွားရွား ဒဏ်ရာရသွားခဲ့ကြပြီး သေဘေးအန္တရာယ်နှင့် ကြုံတွေ့နေရလေသည်။ မီတာသုံးရာခန့် အလျားရှိသော နဂါးကြီးသည် အလွန်ကိုမှ သိသာထင်ရှားလွန်းသည့် ပစ်မှတ်တစ်ခု ဖြစ်ပါသော်ငြား နဂါးနီကြီးဆီမှလာသည့် တိုက်ခိုက်မှုတစ်ခုချင်းစီမှာလည်း အလွန်တရာကိုမှ အားကောင်းလှပေသည်။ ထို့အတွက်ကြောင့် လူသားဧကရာဇ်၏ လက်အောက်ငယ်သားများမှာ နဂါးကြီးနှင့် တိုက်ခိုက်ရာတွင် သေခြင်းရှင်ခြင်းမျဉ်းနှစ်ကြောင်းကြား ကူးကလန်ခတ်သွားလာနေရသလို ဖြစ်နေခဲ့သည်။
မျက်တောင်တစ်ခတ်အတွင်း ဧကရာဇ်အဆင့် အစောင့်နှစ်ဦးသည် နဂါးမီးတောက်ထဲ ပါသွားပြီး နာကျင်စွာအော်ဟစ်ရင်းမှ ကောင်းကင်ပေါ်မှ ခွေးကျဝက်ကျ ပြုတ်ကျလာခဲ့လေသည်။
“ရပ်လိုက်… အကုန်လုံး ရပ်လိုက်ကြ…” လူသားဧကရာဇ်က အလျင်စလို အော်ပြောလိုက်လေသည်။ လှုပ်ရှားနိုင်နေသေးသည့် တော်ဝင်မင်းသားများ၊ မင်းသမီးများနှင့် အစောင့်များသည် လူသားဧကရာဇ်၏အမိန့်ကို ရလိုက်သည်နှင့်တစ်ပြိုင်နက် ကျုချင်းဆီမှ ခပ်လှမ်းလှမ်းသို့ ဆုတ်ခွာသွားကြလေသည်။ ထို့နောက် လှမ်းကြည့်လိုက်ရာ ရန်ကိုင်နှင့် လူသားဧကရာဇ်တို့ အတူတကွ ရှိနေသည်ကို မြင်ပြီးသည့်နောက် အကုန်လုံး မင်သက်သွားကုန်ကြလေသည်။
အကြောင်းမှာ ရန်ကိုင်သည် လူသားဧကရာဇ်၏ ရှေ့တည့်တည့်တွင် ရပ်နေသည့် အတွက်ကြောင့်ပင်။ သူတို့ အလွန်ကိုမှ လေးစားခယရသည့် လူသားဧကရာဇ်မှာမူ ရန်ကိုင်နောက် ခြေသုံးလှမ်းခန့်အကွာ၌ ရပ်နေခဲ့လေ၏။ မသိလျှင် လူသားဧကရာဇ်သည် ရန်ကိုင်၏ လက်အောက်ငယ်သားတစ်ယောက်အလား။
“ခမည်းတော်…” ဒုတိယမင်းသမီးက လှမ်းအော်ပြောလိုက်သည်။ အားကောင်းလှသော သူမ၏ ဧကရာဇ်ဒုတိယအဆင့်ကျင့်ကြံခြင်းကြောင့် တော်ဝင်မိသားစုထဲတွင် သူမသည် အားအကောင်းဆုံး ဖြစ်ပေသည်။ ထို့အပြင် အစောပိုင်းကတိုက်ပွဲတွင် ကျုချင်းနှင့်တိုက်ခိုက်ရာတွင် သေချာအာရုံမစိုက်ခဲ့ပဲ ခွေးပေါက်လေးကိုသာ အရူးအမူး လိုက်လံတိုက်ခိုက်နေခဲ့သည့်အတွက်ကြောင့် အခြားသူများကဲ့သို့ ဆိုးဆိုးရွားရွား ဒဏ်ရာရထားခဲ့ခြင်း မရှိခဲ့။ ဒုတိယမင်းသမီးမှာ လူသားဧကရာဇ်ကို ကြည့်၍ ဘာတွေများဖြစ်နေသလဲဆိုသည်ကို မေးလိုက်ချင်ပါသော်ငြား မည်သည့်စကားလုံးမှ သူမပါးစပ်မှ ထွက်မလာနိုင်ခဲ့ပေ။
“ရှက်ဖို့ကောင်းလိုက်တာ…” လူသားဧကရာဇ်သည် သတိမပေး ဘာမပေးဖြင့် ဒေါမာန်တကြီး ထအော်လေရာ လူတိုင်းမှာ မင်သက်သွားကုန်ကြရလေသည်။ “အဲ့နှစ်ယောက်က ဒီဧကရာဇ်ရဲ့ ဧည့်သည်တော်တွေကွ… အဲ့ဒါကို မင်းတို့တွေက သူတို့ကို ကောင်းကောင်းမဆက်ဆံရုံတင်မဟုတ်ဘူး… သွားပြီးတော့ပါ တိုက်ခိုက်နေသေးတယ်… ရိုင်းလိုက်တာကွာ… မင်းတို့ ငါ့ကို လုံးဝ အလေးမထားတော့ဘူးလား…”
နန်းတော်တစ်ခုလုံး တိတ်ကျသွားခဲ့လေသည်။ ဒုတိယမင်းသမီးမှာတော့ သူမအဖေကို ကြည့်ရင်း ကြောင်တောင်တောင် ဖြစ်နေခဲ့သည်။
သူမတို့များ နားကြားမှားသွားလေသလော။ ကျုချင်းကို တိုက်ခိုက်ရန်အတွက် လူသားဧကရာဇ်ကိုယ်တိုင် အမိန့်ပေးခဲ့ခြင်း ဖြစ်လေသည်။ ထိုအကြောင်းကြောင့်သာလျှင် သူတို့အားလုံး အတူစုပေါင်း၍ ကျုချင်းကို တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။ သို့သော်ငြား မျက်တောင်တစ်ခတ်အတွင်း သူမ၏အဖေသည် ကျုချင်းအား တိုက်ခိုက်ရလေကောင်းလားဟု သူမတို့အား ပြစ်တင်ပြောဆိုလာနေခဲ့သည်။
ဤလူသားဧကရာဇ်သည် သူတို့သိသည့် လူသားဧကရာဇ်ရော ဟုတ်မှဟုတ်ပါလေစ။
အခြားသူများနှင့် မတူညီစွာ တတိယမင်းသားမှာမူ ချက်ချင်းပဲ ဒူးထောက်ချလိုက်ပြီး ပြန်ပြောလိုက်လေသည်။ “ကျေးဇူးပြုပြီး စိတ်ကိုထိန်းပါ ခမည်းတော်… ကျုပ်တို့အားလုံး အခွင့်အရေးရတုန်းရခိုက် ဒီဧည့်သည်တော်နဲ့ လက်ရည်ဖလှယ်မိတာပါ… အခြား ဘာရည်ရွယ်ချက်မှ မရှိပါဘူး…”
“လက်ရည်ဖလှယ်တာ ဟုတ်လား…” လူသားဧကရာဇ်က သုန်သုန်မှုန်မှုန်ဖြင့် ပြန်ပြောလိုက်လေသည်။ ထို့နောက် ရန်ကိုင်အား မသိမသာလေး တစ်ချက် ချောင်းကြည့်လိုက်သည်။ ရန်ကိုင်၏ ခံစားချက်ကင်းမဲ့သည့် အမူအယာကိုမြင်သော် သူ့လက်ကိုမြှောက်၍ တတိယမင်းသားကို ရိုက်ချလိုက်လေသည်။
ထိုလက်ဝါးချက်ကြောင့် တတိယမင်းသားမှာ လွင့်စင်ထွက်သွားခဲ့ပြီး သွေးအပွက်ပွက် အန်ထုတ်လိုက်ရလေ၏။
ထို့နောက်တွင် လူသားဧကရာဇ်က ဒေါမာန်တကြီးဖြင့် အော်ပြောလိုက်လေသည်။ “ဒါ မင်းတို့ လက်ရည်ဖလှယ်တဲ့ပုံစံလား… လက်ရည်ဖလှယ်တယ်ဆိုရင် ဘာလို့ တစ်ယောက်ချင်း မဖယ်လှယ်ကြလဲကွ… အခု မင်းတို့ပုံစံက အုံလိုက်ကျင်းလိုက်နဲ့ အနိုင်ကျင့်နေတဲ့ပုံစံ ပေါက်နေပြီ… မင်းတို့ကြောင့် တော်ဝင်မိသားစု လုံးဝကို မျက်နှာပျက်ကုန်ရပြီ…”
တတိယမင်းသားသည် သူရလိုက်သည့်ဒဏ်ရာများကို လျစ်လျူရှုလျက် အလျင်အမြန်ဒူးထောက်လိုက်ရင်းမှ တုန်တုန်ရီရီဖြင့် ပြန်ပြောလိုက်လေသည်။ “ကျေးဇူးပြုပြီး စိတ်ကိုထိန်းပါခမည်းတော်… ကျုပ်တို့အမှား ကျုပ်တို့သိပါပြီ…”
“ကျုပ်တို့အမှား ကျုပ်တို့သိပါပြီ…”
တော်ဝင်မင်းသားများ၊ မင်းသမီးများနှင့် အစောင့်များအားလုံး အလျင်စလို ဒူးထောက်လိုက်ကြပြီး ချက်ချင်း လိုက်ပြောလိုက်ကြလေသည်။ ဧကရာဇ်တတိယအဆင့်ပညာရှင်နှစ်ဦးသည်ပင်လျှင် ချွင်းချက်မဟုတ်။ ပုံမှန်အားဖြင့် ဤကဲ့သို့သော မြင်ကွင်းမျိုးကို အပြင်လောကကြီးတွင် မြင်ရလေ့ရှိလိမ့်မည်မဟုတ်ပေ။ ကြယ်တာရာအစုအဝေးထဲရှိ ဧကရာဇ်တတိယအဆင့် ပညာရှင်အားလုံးသည် လူအားလုံး၏အထက်တွင် ရပ်တည်နေကြသည့်လူများ ဖြစ်ကြသည်။ ထိုလူအားလုံးသည် နယ်မြေတစ်ခုလုံးကို သိမ့်သိမ့်တုန်သွားအောင် လုပ်ပစ်နိုင်သည့် ပညာရှင်များ ဖြစ်ကြသည်။ ထိုကဲ့သို့သောလူများသည် သူတို့ထက်အားနည်းသည့်လူတစ်ဦးကို ဘာကြောင့်များ ဒူးထောက်နေရပါမည်နည်း။
သို့သော်ငြား လူသားအင်ပါယာမြို့တော်ထဲတွင်တော့ ဤကဲ့သို့သောမြင်ကွင်းမျိုးမှာ ပုံမှန်သာဖြစ်ပေသည်။
“ကိုယ့်အမှားကိုယ် သိပြီလို့ ပြောလိုက်ရုံနဲ့ မင်းတို့ အခုလုပ်ထားတဲ့ ပြဿနာတွေကို ဖြေရှင်းပြီးသွားပြီလို့ မှတ်နေကြတာလား…” လူသားဧကရာဇ်က အေးစက်စက်အမူအယာဖြင့် ပြောလိုက်လေသည်။ “ကြည့်ရတာ မင်းတို့အကုန်လုံး နန်းတော်ထဲမှာ ငြိမ်းငြိမ်းချမ်းချမ်း နေနေရတာ ကြာလာတော့ တစ်တောင်ထက် တစ်တောင် ပိုမြင့်တယ်ဆိုတာကို မသိကြတော့တဲ့ပုံပဲ…”
ဒုတိယမင်းသမီးမှာ ပါးစပ်ဟ၍ တစ်ခုခုပြောရန် လုပ်လိုက်ပါသော်ငြား လူသားဧကရာဇ်၏ အကြည့်စူးစူးကြောင့် ချက်ချင်း ပါးစပ်ပိတ်လိုက်ရလေသည်။
လူသားအင်ပါယာမြို့တော်ထဲတွင် တော်ဝင်မိသားစုသည် အမြင့်မြတ်ဆုံးဖြစ်သည်။ ထို့အတွက်ကြောင့် သူတို့ထက်ပို၍ ကြီးမြတ်သည့်လူ ဘယ်မှာများ ရှိနိုင်ပါဦးမည်နည်း။
“ဒီကျွေးမွေးရမနပ်တဲ့ကောင်တွေက အကြောင်းအရင်းကို သေသေချာချာမသိဘဲ ဧည့်သည်တော်ရဲ့မိန်းမကို သွားရန်စမိပါတယ်… ဧည့်သည်တော် ဒီကိစ္စနဲ့ပတ်သက်ပြီး ဘယ်လိုလုပ်ချင်လဲမသိဘူး… ဧည့်သည်တော်ပြောတဲ့အတိုင်း ဒီလူအိုကြီး လုပ်ပေးပါမယ်…” လူသားဧကရာဇ်သည် ရန်ကိုင်ဘက်သို့လှည့်၍ ပြောလိုက်လေသည်။
လူသားဧကရာဇ်၏စကားကို ကြားပြီးသည့်နောက် လူတိုင်းမှာ လုံးဝကို မင်သက်သွားကုန်ကြလေသည်။ လက်ရှိအခြေအနေအား ယခုကဲ့သို့ဖြစ်မည်မှန်း ကြိုတင်မျှော်လင့်ထားပြီးသားဖြစ်သည့် တတိယမင်းသားသည်ပင်လျှင် မထိတ်လန့်ပဲ မနေနိုင်အောင် ဖြစ်နေခဲ့လေသည်။ သူတို့ အလွန်ကိုမှ ရိုကျိုးရသည့် လူသားတစ်ဦးသည် အပြင်လူတစ်ဦးအား ယခုကဲ့သို့ တလေးတစားဖြင့် ဆက်ဆံနေလိမ့်မည်ဟု မည်သူမျှ ထင်မှတ်ထားခဲ့ခြင်းမရှိ။
မြူခိုးထုထဲ ဘာတွေများ ဖြစ်သွားခဲ့လေသနည်း။ လူသားဧကရာဇ်၏ သဘောထားမှာ ဘာကြောင့်များ အပြောင်းလဲကြီး ပြောင်းလဲသွားခဲ့ရလေသနည်း။ ယခုဆိုလျှင် သူ့ကိုယ်သူ ဧကရာဇ်ဟုပင် မသုံးနှုန်းတော့ဘဲ လူအိုကြီးဟု ခေါ်ဝေါ်နေခဲ့လေသည်။
မြူခိုးထုထဲ ဘာတွေဖြစ်သွားလဲဆိုသည်ကို ကိုယ်တိုင်ကိုယ်ကျ မတွေ့ခဲ့ရသည့်တိုင် တတိယမင်းသားမှာတော့ အနည်းနှင့်အများတော့ အကြမ်းဖျင်း ခန့်မှန်းမိပြီးသွားခဲ့လေပြီ။ မြူခိုးထုထဲ ထိတ်လန့်ဖွယ်ရာ အဖြစ်အပျက်တစ်ခု ကျိန်းသေ ဖြစ်သွားရပေလိမ့်မည်။ ထိုကြောင့်သာမဟုတ်ပါက လူသားဧကရာဇ်အနေဖြင့် တစ်ဖက်လူအား ဤမျှ တလေးတစား ဆက်ဆံနေစရာအကြောင်း မရှိပေ။
ရန်ကိုင်က ပြုံးရင်းမှ လေထဲတွင် ရှိနေသော ပုံရိပ်ဆီသို့ လှမ်းကြည့်၍ မေးလိုက်လေသည်။ “နင် ဒဏ်ရာရထားသေးလား ချင်းအာ…”
လူအသွင်ကို ပြန်ပြောင်းထားသည့် ကျုချင်းက ဖြည်းဖြည်းချင်း ခေါင်းခါပြလိုက်သည်။
သူမကိုယ်တိုင်သည် နဂါးကလန်သားတစ်ဦး ဖြစ်နေသည့်အတွက်ကြောင့်သာ မဟုတ်ပါက ဤမျှများပြားအားကောင်းလှသည့် လူအုပ်ကြီး၏ ပူးပေါင်းတိုက်ခိုက်မှုအောက်မှ မည်သည့်နည်းနှင့်မျှ လွတ်မြောက်နိုင်ခဲ့လိမ့်မည်မဟုတ်ပေ။ သို့သော်ငြား နဂါးအသွင်သို့ ပြောင်းလဲပြီးသည့်နောက်တွင် ကျုချင်း၏ခုခံနိုင်စွမ်းမှာ အဆင့်သစ်တစ်ခုသို့ ရောက်ရှိသွားခဲ့လေသည်။ ထို့အတွက်ကြောင့် လူပေါင်းများစွာ၏ ဝိုင်းဝန်းတိုက်ခိုက်ခြင်း ခံနေရသည့်တိုင် ဒဏ်ရာရသွားခဲ့ခြင်းမရှိ။
ထိုအခါ ရန်ကိုင်က ပြုံး၍ လူသားဧကရာဇ်ဘက်သို့ လှည့်ကာ ပြောလိုက်လေ၏။ “ဘာပြဿနာမှ မရှိတော့ဘူး… ဒါကို လက်ရည်ဖလှယ်တာလို့ပဲ သဘောထားလိုက်ပေါ့… ကဲ… ဒီကိစ္စကို ဒီမှာပဲ အဆုံးသတ်လိုက်ကြရအောင်…”
လူသားဧကရာဇ်မှာ ကျေးဇူးတင်တကြီးဖြင့် ဦးညွှတ်၍ ချက်ချင်းပဲ ပြန်ပြောလိုက်လေသည်။ “ဧည့်သည်တော်ရဲ့ သဘောထားကြီးမှုအတွက် ဒီလူအိုကြီး တကယ်ကို ကျေးဇူးတင်ပါတယ်…”
ရန်ကိုင် ဤကိစ္စအား အလွတ်မပေးမည်ကို သူ အမှန်တကယ် စိတ်ပူခဲ့ရပေသည်။ ကံကောင်းစွာဖြင့် ဤနဂါးမသည် အလွန်တရာကိုမှ အားကောင်းနေသည်မှာ ကံကောင်းသွားခဲ့သည်။ ထိုသို့သာမဟုတ်ပါက ယနေ့အဖြစ်အပျက်သည် လုံးဝကို ငြိမ်းငြိမ်းချမ်းချမ်းနှင့် ပြီးဆုံးသွားလိမ့်မည်မဟုတ်ပေ။
“မင်းတို့ ဘာတွေကြောင်ကြည့်နေကြသေးတာလဲ… ထွက်မသွားသေးဘူးလား… ရှက်ဖို့ကောင်းတဲ့ကောင်တွေ…” လူသားဧကရာဇ်သည် ခန်းမထဲတွင်ရှိနေသော လူများဘက်သို့လှည့်၍ ဒေါမာန်တကြီးဖြင့် ထအော်လေသည်။
ထိုအခါမှသာလျှင် အကုန်လုံး အသိပြန်ဝင်လာခဲ့ကြပြီး ငေးကြောင်ကြောင်ဖြစ်နေသည့် မင်းသား၊ မင်းသမီးများနှင့် အစောင့်များမှာ ဒဏ်ရာရနေသည့် သူတို့၏အပေါင်းအပါများကို ခေါ်၍ ခန်းမထဲမှ အမြန်ထွက်သွားကြလေသည်။
ထိုအခိုက်အတန့်မှာပင် ခွေးပေါက်လေးသည် ဘယ်နေရာကနေမှန်းမသိ ဗြုန်းစားကြီး ပေါ်လာလျက် ဒုတိယမင်းသမီး၏ အင်္ကျီစကို ကိုက်ဆွဲချလိုက်လေသည်။
ဒုတိယမင်းသမီးမှာ အထိတ်တလန့်ဖြင့် ခွေးပေါက်လေးကို ရိုက်ထုတ်ရန် လုပ်လိုက်သည်။
“ဟမ့်…” လူသားဧကရာဇ်က အေးစက်စက်အမူအယာဖြင့် နှာခေါင်းရှုံ့လိုက်လေ၏။
ဒုတိယမင်းသမီး၏ မြှောက်ထားသည့်လက် လေထဲတွင်ပင် ရပ်တန့်သွားခဲ့သည်။ ဒုတိယမင်းသမီး ဘာမှ ပြန်မလုပ်နေစဉ်အတောအတွင်း ခွေးပေါက်လေးသည် ထိုအခိုက်အတန့်ကို အခွင့်ကောင်းယူ၍ ဒုတိယမင်းသမီး၏ အင်္ကျီစကို ဆွဲဖြဲပစ်လိုက်သည်။ ထို့နောက် သူ့စိတ်ထဲ မြိုသိပ်ထားရသည့် အညိုးအတေးတို့ကို ဖွင့်ထုတ်ပစ်လိုက်ရသည့်အလား အလွန်ကိုမှ စိတ်ကျေနပ်သွားဟန်ဖြင့် ခေါင်းကိုမော့ အမြီးကိုမြှောက်လျက် ပြေးထွက်သွားလေ၏။
ဒုတိယမင်းသမီး၏ မျက်နှာမှာမူ ဖြူဖတ်ဖြူလျော်ဖြစ်သွားပြီး ရုတ်တရက် ထင်းခနဲပေါ်လာသည့် သူမ၏ရင်အစုံကို လက်ဖြင့် ကမန်းကတန်း ကောက်ကာလိုက်လေသည်။ သူမ၏မျက်နှာမှာ နီသထက် နီလာနေပြီးသည့်နောက်တွင် ဆက်မနေရဲတော့သည့်အဆုံး ခြေဆောင့်၍ လှစ်ခနဲထွက်သွားလေ၏။
“ဒီလိုကိစ္စတွေကိုတော့ စိတ်ထဲမထားပါနဲ့နော် ဧည့်သည်တော်…” လူသားဧကရာဇ်မှာ အတော်လေးကိုမှ ရှက်နေခဲ့လေသည်။ ယခင်ကတော့ သူ၏ မင်းသားများနှင့် မင်းသမီးများမှာ အားကိုးရသည်ဟု ထင်ခဲ့မိသည်။ သို့သော်ငြား ယနေ့တွင်တော့ ထိုလူများ၏ သနားစရာဘက်ခြမ်းများမှာ စတင်၍ ထွက်ပေါ်လာရလေသည်။
ရန်ကိုင်က ထူးမခြားနားဟန်ဖြင့် ပြန်ပြောလိုက်သည်။ “ကျုပ်နဲ့ ကျုပ်မိန်းမ တော်ဝင်နန်းတော်ထဲမှာ ခဏနေဦးမယ်…”
ရန်ကိုင် နေနေ မနေနေ သူ့အနေဖြင့် ဘာမှ လုပ်နိုင်စွမ်း မရှိသည့်အတွက်ကြောင့် လူသားဧကရာဇ်က ပြန်၍ပြောလိုက်လေသည်။ “ဧည့်သည်တော် စိတ်ကြိုက်နေလို့ရပါတယ်…”
“စိတ်ပူမနေနဲ့… ကျုပ် ဒီမှာ အကြာကြီးနေနေမှာမဟုတ်ဘူး… ပြင်ဆင်သင့်တာတွေ ပြင်ဆင်ပြီးသွားလို့ရှိရင် ထွက်သွားမှာ…”
လူသားဧကရာဇ်မှာ ဆက်၍မပြောတော့။ စကားကျွံလျှင် ပြဿနာတက်သွားနိုင်သည်မဟုတ်ပေလော။
“ပြီးတော့ ဒီဒွိလောကကမ္ဘာနဲ့ ယင်လေတောင်အကြောင်းတွေကို မှတ်တမ်းတင်ထားတဲ့ ဘာမဆိုကို ကျုပ်လိုအပ်တယ်… ခင်ဗျားတို့မှာ ရှိတာတွေအကုန် ကျုပ်ဆီ ပို့ပေးလိုက်…”
“ဟုတ်ကဲ့…”
“ပြီးတော့ ခင်ဗျားတို့ရဲ့အကူအညီကို လိုတဲ့ ကိစ္စတစ်ခုရှိသေးတယ်… အခု ဒီထဲကိုရောက်လာတာ ကျုပ်နဲ့ ကျုပ်မိန်းမတင်မဟုတ်ဘူး… အခြားနဂါးကလန်သားတစ်ဦးနဲ့ လူတစ်ယောက်လည်း ပါသေးတယ်… ဒီတော့ လူသားဧကရာဇ်… ခင်ဗျား သူတို့အကြောင်း နည်းနည်းလေး သတင်းကြားတာနဲ့ ကျုပ်ဆီ အကြောင်းကြားပေးဖို့ မျှော်လင့်ပါတယ်…”
“စိတ်မပူပါနဲ့ ဧည့်သည်တော်… လောကနိယာမတွေ ပြောင်းလဲသွားတာနဲ့ ဒီလူအိုကြီး သူတို့တွေကို လူလွှတ်ပြီး ရှာထားလိုက်ပါမယ်…”
“ကောင်းပြီ…”
တစ်နာရီခန့် ကြာပြီးသည့်နောက်တွင် အလွန်ကိုမှ သားနားလှသည့် နန်းတော်တစ်ခုထဲ ရန်ကိုင်သည် ကျုချင်းကိုပွေ့ဖက်ရင်း ကျယ်ဝန်းလှသည့် ဆိုဖာတစ်လုံးပေါ်တွင် ထိုင်နေခဲ့လေသည်။ ကျုချင်းသည် ရန်ကိုင်၏ပေါင်ပေါ်တွင် ထိုင်နေခဲ့ပြီး ခွေးပေါက်လေးမှာတော့ အနားတစ်နေရာတွင် ငိုက်မြည်းနေခဲ့လေသည်။
“ဒီတော့ ငါတို့အနေနဲ့ ဒီဒွိလောကကမ္ဘာကြီးထဲကနေ ထွက်သွားဖို့ဆိုရင် ယင်လေတောင်ကို ဖြတ်သွားမှရမှာပေါ့…” ကျုချင်းက မေးလိုက်သည်။
ရန်ကိုင်ကမူ ကျုချင်း၏လက်ကို ကိုင်ထားရင်းမှ သူမ၏လက်ချောင်းလေးများကို ဆော့ကစားနေခဲ့လေသည်။ ယခင်က ကျုချင်း၏လက်ချောင်းလေးများ ဤမျှလှပကြောင်းကို ရန်ကိုင် သတိမထားမိခဲ့ပေ။ ကျုချင်းနှင့် နီးကပ်သည့်ဆက်ဆံရေးကို ပိုင်ဆိုင်လာပြီးသည့်အခါမှသာလျှင် သူမ၏လက်ချောင်းသွယ်သွယ်လေးများမှာ အလွန်ကိုမှ လှပလှကြောင်း တွေ့ရှိသွားခဲ့ရသည်။
ဤကဲ့သို့သော သေးသွယ်သွယ်လက်ချောင်းလေးများသည် ကြောက်မက်ဖွယ်ရာအဖျက်စွမ်းအားကို ထုတ်လွှတ်နိုင်သည်မှာ အမှန်တကယ်ကိုမှ မယုံကြည်နိုင်စရာကောင်းလှသည်။
ကျုချင်းမှာတော့ ရန်ကိုင် သူမလက်အား ဆော့ကစားနေသည်ကိုမကြိုက်။ သူမလက်ကို ပြန်ဆွဲယူချင်နေမိလေသည်။ သို့သော်ငြား သူမလက်ကိုပြန်ဆွဲယူဖို့ရာ မည်သည့်ခွန်အားကိုမှ ထုတ်မသုံးနိုင်ခဲ့။ ထို့အတွက်ကြောင့် ရန်ကိုင်ကိုသာ စူးစူးရဲရဲ စိုက်ကြည့်နေရုံသာ တတ်နိုင်ခဲ့လေသည်။
ရန်ကိုင်ကမူ ကျုချင်း သူ့အား စူးရဲစွာ စိုက်ကြည့်နေသည်ကို သတိမမူမိသည့်အလား ကျုချင်း၏လက်ချောင်းလေးများကို ဆော့ကစားရင်းမှ ပြန်ပြောလိုက်လေသည်။ “အင်း… ငါတို့ရထားတဲ့ သတင်းတွေအရတော့ ဒီနေရာကနေ ထွက်သွားချင်တယ်ဆိုရင် ယင်လေတောင်ကိုသွားဖို့ နည်းလမ်းတစ်လမ်းပဲရှိတယ်… အခြား ဘာနည်းလမ်းမှမရှိသေးဘူး…”
ကျုချင်းက စိုးရိမ်တကြီးဖြင့် ပြန်ပြောလိုက်သည်။ “ဒါပေမယ့် ယင်လေတွေက ဒီလောက် ကာကွယ်ဖို့လွယ်တာမဟုတ်ဘူးနော်… အရင်တစ်ခေါက်က ငါတို့ ရေခဲနယ်မြေအတွင်းပိုင်းထဲကို သွားခဲ့တာမဟုတ်ဘူး… ဒီတော့ အဲ့ရေခဲနယ်မြေအတွင်းပိုင်းထဲက ယင်လေတွေ ဘယ်လောက်အားကောင်းလဲဆိုတာကို မသိကြဘူး…”
ထိုနေရာသို့သွားပါက အကောင်းဆုံးအခြေအနေသည် ဧကရာဇ်တတိယအဆင့်ပညာရှင်တစ်ဦး ကောင်းမွန်စွာ လှုပ်ရှားသွားလာနိုင်ခြင်းဖြစ်ပြီး အဆိုးဆုံးအခြေအနေမှာတော့ ထိုနေရာသို့ရောက်ရုံဖြင့် ရေခဲတုံးများအဖြစ်သို့ ပြောင်းလဲသွားခြင်းပင်။
“ဘယ်လိုပဲဖြစ်ဖြစ် သွားကြည့်ရမယ်… ဒါပေမယ့် မသွားခင် ကျုလဲ့ကို အရင်ဆုံးရှာရလိမ့်မယ်…”
“ရှင်းရှင်းပြောရရင် ဒီနေရာလေးကလည်း မဆိုးပါဘူး… နတ်သစ်ပင်ရဲ့ကာကွယ်မှုကို ရထားတာဆိုတော့ လူသားအင်ပါယာမြို့တော်ထဲမှသာ နေနေမယ်ဆိုရင် ဘာကိုမှ စိတ်ပူနေစရာမလိုဘူး… အခြားသူတွေ လာဒုက္ခပေးမှာကိုလည်း စိတ်ပူစရာမလိုဘူး… ငါတို့သာ ဒီမှာနေမယ်ဆိုရင်…”
“နင်က ဒီမှာ နေချင်တာလား…” ရန်ကိုင်က ကျုချင်းအား အံ့အားသင့်တကြီးဖြင့် ကြည့်လိုက်လေသည်။
ကျုချင်းမှ ပြန်ပြောတော့မည်အပြု တစ်ခုခုအား သတိထားမိသွားခဲ့ပြီး သူမ၏မျက်နှာတစ်ခုလုံး နီတက်သွားကာ ချက်ချင်း ရန်ကိုင်၏ပေါင်ပေါ်မှ ထလိုက်လေသည်။
မည်သို့ပင်ဖြစ်စေကာမူ ရန်ကိုင်သည် ကျုချင်းကို သူ့ပေါင်ပေါ်သို့ ပြန်ဆွဲခေါ်လိုက်လေ၏။
“တစ်ယောက်ယောက် လာနေတယ်…” ကျုချင်းက ရှက်ရှက်ဖြင့် အတင်း ထရပ်လိုက်လေသည်။
အခြေအနေမှာလည်း အခွင့်မပေးသည့်အတွက်ကြောင့် ရန်ကိုင်လည်း ကျုချင်းအား ဆက်၍ ဆွဲခေါ်မထားတော့ချေ။
မကြာမီတွင် အေးစက်စက်နှင့် ထူးမခြားနားအသံတစ်သံ နန်းတော်အပြင်ဘက်မှ ထွက်လာခဲ့လေသည်။ “ဧည့်သည်တော်နှစ်ဦးတို့ ရှိကြလားရှင့်… ဖုယုလာတွေ့ပါတယ်…”
ကြမ်းပြင်ထက်တွင် လှဲနေသော ခွေးပေါက်လေးသည် ထိုအသံကိုကြားသည်နှင့်တစ်ပြိုင်နက် ချက်ချင်း ခေါင်းထောင်လာပြီး မာန်ဖီလျက် ဟောင်တော့လေသည်။ အစောပိုင်းကတိုက်ပွဲအတွင်း ခွေးပေါက်လေးသည် ဖုယုကို ၎င်း၏ ရန်သူတော်ကြီးအဖြစ် သတ်မှတ်ခဲ့သည့်ပုံပင်။ ထို့အတွက်ကြောင့် ထိုအမျိုးသမီး၏အသံကို ကြားလိုက်သည်နှင့်တစ်ပြိုင်နက် ချက်ချင်း ရန်လိုလာတော့လေ၏။
“ဝင်လာခဲ့…”
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၂၉၆၈)
ဘာသာပြန်သူ_တိမ်တိုက်
နန်းတော်တံခါး ပွင့်သွားခဲ့ပြီး ဖုယုမှဦးဆောင်သည့် အမျိုးသမီးတစ်ဖွဲ့ ပေါ်လာခဲ့လေသည်။
တစ်ယောက်ချင်းစီသည် စာအုပ်ပုံကြီးအသီးသီးကို သယ်လာခဲ့ကြသည်။
“ဒီမှာ ဆရာတောင်းဆိုထားတဲ့ဟာတွေပါ…” ဖုယုသည် ခေါင်းကိုငုံ့ထားရင်းမှ ပြောလိုက်သည်။ သူမ ကြည့်ရသည်မှာ စာအုပ်များအား သယ်ရလာသည့်တာဝန်ကို မလုပ်ချင်သည့်ပုံပင်။
ရှင်းရှင်းပြောရသော် လူသားဧကရာဇ်၏ အမိန့်ကြောင့်သာ မဟုတ်ပါက သူမသည် ဤနေရာသို့ လာခဲ့လိမ့်မည်မဟုတ်ချေ။ သူမကဲ့သို့သော လူတစ်ဦးသည် အစေခံများသာ လုပ်သည့်အလုပ်မျိုးကို ဘာကြောင့်များ လုပ်ရပါမည်နည်း။ လူသားဧကရာဇ် ဘာတွေတွေးနေသလဲဆိုသည်ကို သူမ မသိသလို ဤအပြင်လူကို ဘာကြောင့် ဤမျှ ကပ်ဖားရပ်ဖားလုပ်ချင်နေသလဲ ဆိုသည်ကိုလည်း သူမမသိပေ။
သူမစိတ်ထဲ ခံစားနေရသည့် မကျေနပ်ချက်တို့မှာ သူမမျက်နှာထက် အထင်းသားပင်။
“အဲ့ဒါတွေကို ဟိုမှချထားလိုက်…” ထိုသို့ပြောပြီးသည့်နောက် ရန်ကိုင်သည် လူအုပ်ကြီးကို ဝေ့ကြည့်လိုက်လေသည်။ ဤနေရာသို့ ရောက်လာကြသည့် အမျိုးသမီးအားလုံးကို သူရင်းနှီးနေကြောင်း တွေ့လိုက်ရသည်။ ကြည့်ရသလောက် ဤလူအားလုံးမှာ မင်းသမီးများ ဖြစ်ကြသည့်ပုံပင်။ ဤအဖွဲ့ထဲတွင် ဖုယုသည် အသက်အကြီးဆုံးဖြစ်ပြီး အငယ်ဆုံးမှာမူ အသက် ဆယ့်လေးနှစ် ဆယ့်ငါးနှစ်လောက်သာ ရှိပေသေးသည်။ အစောပိုင်းက နန်းတော်ထဲတွင် တိုက်ပွဲဖြစ်စဉ်က ဤကောင်မလေးကို မမြင်ခဲ့ရချေ။ သူမရင်ဘတ်တွင် ထိုးထွင်းထားသော သစ်ရွက်ခြောက်ရွက်တံဆိပ်မှာတော့ လုံးဝကို တုပမရသည့်အတွက်ကြောင့် သူမသည်လည်း မင်းသမီးတစ်ပါးဖြစ်သည်မှာ လုံးဝကို သေချာပေသည်။ အငယ်ဆုံးမင်းသမီးမှာတော့ အတော်လေးကိုမှ စပ်စုလိုသည့်ပုံပင်။ နောက်ဆုံးတွင်ရပ်နေလင့်ကစား သူမ၏မျက်လုံးဝိုင်းဝိုင်းလေးများဖြင့် ရန်ကိုင်ဆီသို့ လှမ်း၍ ကြည့်နေခဲ့လေသည်။
ဖုယုကြောင့် ထိုကောင်မလေး ရန်ကိုင်အပေါ် တွေးထားသည်မှာ ရန်ကိုင်သည် ယုတ်ညံ့သည့် လူဆိုးကြီးတစ်ဦး ဖြစ်သည်ဟူ၍ပင်။ သို့သော်ငြား လက်ရှိ သူမကြည့်ရသလောက်တော့ ရန်ကိုင်သည် ထိုသို့ဖြစ်သည့်ပုံမပေါ်။ ရန်ကိုင်သည် သူမစိတ်ကူးထဲကကဲ့သို့ ခေါင်းသုံးလုံး လက်ခြောက်ဖက်ဖြင့် လူဆိုးကြီးတစ်ဦးပုံစံလည်းမဟုတ်။ ထိုသို့ဖြစ်လေရာ သူမအစ်မ ထိုလူအား ဘာကြောင့် ဤမျှ မုန်းတီးနေရသလဲဆိုသည်ကို မင်းသမီးလေး နားမလည်နိုင်အောင် ဖြစ်သွားခဲ့ရလေသည်။
ရန်ကိုင်သည် ထိုမင်းသမီးလေးကိုကြည့်၍ မျက်စိတစ်ဖက် မှိတ်ပြလိုက်သည်။
မင်းသမီးလေးမှာ အမြီးတက်နင်းခံလိုက်ရသည့် ကြောင်တစ်ကောင်နှယ် ကြောက်အားလန့်အားဖြင့် ချက်ချင်း ခေါင်းငုံ့လိုက်သည်။ သူမလက်ထဲရှိ ပစ္စည်းများကိုလည်း ရန်ကိုင်ပြောသည့်နေရာတွင် ကပျာကယာ သွားထားလိုက်လေ၏။
“အခြားတောင်းဆိုချင်တာများ ရှိပါသေးသလား… မရှိရင် ကျွန်မတို့ သွားပါတော့မယ်…” ဖုယုသည် ရန်ကိုင်အား အေးစက်စက်အမူအယာဖြင့် စိုက်ကြည့်ရင်း စိတ်ခံစားချက်ကင်းမဲ့သည့်လေသံဖြင့် ပြောလိုက်သည်။
ရန်ကိုင်သည် ဖုယုအား စောင်းငဲ့ကြည့်လိုက်လေသည်။ ဖုယုကိုလည်း သူ သိပ်မကျေနပ်။ ထို့ကြောင့် ပြဿနာရှာချင်သည့်အလို့ငှာ လက်ဝှေ့ယမ်း၍ ပြောလိုက်လေသည်။ “အဲ့ဒါဆို အပြင်မှာစောင့်နေ… တစ်ခုခုလိုအပ်ရင် ခေါ်လိုက်မယ်… ဘာကိစ္စမှမရှိရင် လာမနှောင့်ယှက်နဲ့…”
“အပြင်… အပြင်မှာစောင့်ရမယ်…” ဖုယုမှာ နားကြားမှားသွားသည့်အလား မျက်လုံးများ ဆတ်ခနဲ ပြူးသွားခဲ့လေသည်။
သူမသည် တော်ဝင်မိသားစု၏ ဒုတိယမင်းသမီး ဖြစ်သည်။ သူမအထက်တွင် သူမအဖေတစ်ဦးသာ ရှိတော့ပြီး အခြားသူအားလုံးမှာ သူမထက် အဆင့်အတန်းနိမ့်သူချည်းများသာ။ ဤစာအုပ်များကို ရန်ကိုင်ဆီသို့ သယ်လာပေးရသည်ကပင်လျှင် သူမအတွက် အလွန်ကိုမှ ရှက်စရာကောင်းနေလေပြီ။ သို့သော်ငြား ဤကောင်သည် ထိုမျှနှင့်ပင် မကျေနပ်သေးဘဲ သူမအား သူ့အခန်းအပြင်ဘက်တွင် ရပ်စောင့်နေရန် ပြောလာခဲ့သည်။ သူ့ကိုယ်သူ ရှင်ဘုရင်တစ်ပါးဟု မှတ်ယူနေပြီး သူမအား သူခိုင်းချင်သလို ခိုင်း၍ရမည့် အစေခံတစ်ဦးများ မှတ်နေလေသလော။ ဤကဲ့သို့သော လုပ်ရပ်မျိုးကို ဖုယု လုံးဝ သည်းမခံနိုင်ပေ။
ဒုတိယမင်းသမီးမျက်နှာထက် ဒေါသရိပ်တို့ စတင်ထွက်ပေါ်လာခဲ့သည်။ သို့သော်ငြား ထိုအခိုက်အတန့်မှာပင် လူသားဧကရာဇ်ပြောသွားသည့်စကားကို ပြန်သတိရသွားခဲ့ပြီး ရေအေးဖြင့် လောင်းချခံလိုက်ရသည့်ပမာ ဒုတိယမင်းသမီး၏ မျက်နှာထက်ရှိ ဒေါသရိပ်တို့မှာ အငွေ့ပျံပျောက်ကွယ်သွားကုန်ကြပြီး အံကြိတ်၍ ပြန်ပြောလိုက်လေသည်။
“ကောင်းပါပြီ…”
မည်သို့ပင်ဖြစ်နေစေကာမူ လူသားဧကရာဇ်၏အမိန့်ကို သူမအနေဖြင့် လွန်ဆန်ရဲခြင်းမရှိချေ။
အမျိုးမျိုးသော အတွေးပေါင်းစုံတို့နှင့်အတူ အခြားသောမင်းသမီးများသည်လည်း နန်းတော်ထဲမှ အလျင်အမြန် ထွက်ခွာသွားကြလေသည်။ အငယ်ဆုံးမင်းသမီးလေးမှလွဲ၍ ကျန်သည့်လူအားလုံး၏ မျက်နှာထက်တွင် မုန်းတီးသည့်အရိပ်အယောင်တို့ကို မြင်တွေ့နေရသည်။ အကုန်လုံးထင်နေသည်မှာတော့ သူတို့သည် ဤကဲ့သို့သော အလုပ်မျိုးကို လုပ်ရမည့်လူများ မဟုတ်ကြ။ ဤကဲ့သို့သောအလုပ်မျိုးသည် အစေခံများလုပ်ရမည့်အလုပ်မျိုး ဖြစ်ကြသည်။
ရန်ကိုင်နှင့် ကျုချင်းသည် မင်းသမီးများ ယူလာပေးသည့် စာအုပ်ပုံကြီးကိုကြည့်ရင်း မကြာမီ တစ်ယောက်တစ်အုပ် ယူဖတ်ကြတော့လေ၏။
ထိုစာအုပ်များသည် ဒွိလောကကမ္ဘာကြီး၏ သမိုင်းကြောင်းကို မှတ်တမ်းထင်ထားကြပေသည်။ စာအုပ်များအနက် တစ်ဝက်လောက်မှာ သမိုင်းကြောင်းအဖြစ်အပျက်များ ဖြစ်ကြပြီး ကျန်တစ်ဝက်မှာတော့ ပထဝီမြေနေရာအနေအထား ဖြစ်ပေသည်။ လူသားမျိုးနွယ်စုသည် ဤနေရာတွင် နှစ်ပေါင်း သောင်းနှင့်ချီတိုင်အောင် နေထိုင်လာခဲ့ခြင်း ဖြစ်သည့်အတွက်ကြောင့် ဒွိလောကကမ္ဘာကြီးအကြောင်းကို အတော်လေးသိနေပြီဟု ပြော၍ရပေသည်။ နတ်ဆိုးအမျက်မြို့ တည်ရှိရာ မိုင်တစ်သောင်းဝန်းကျင်မှလွဲ၍ ကျန်သည့်နေရာအားလုံးကို လူသားမျိုးနွယ်စုမှ သေသေချာချာ စုံစမ်းစစ်ဆေးပြီးသွားလေပြီ။
ထိုစာအုပ်များသည် တော်ဝင်မိသားစုဝင်များသာ ဖတ်ရှုနိုင်သည့် စာအုပ်မျိုးဖြစ်ကြပြီး သာမန်လူများအဖို့တော့ ဤကဲ့သို့သောစာအုပ်မျိုးကို မြင်ခွင့်ရဖို့ရာပင် မဖြစ်နိုင်ချေ။
နောက်ရက်များအတွင်း ရန်ကိုင်နှင့် ကျုချင်းသည် မင်းသမီးများ ယူလာပေးသည့် စာအုပ်များကိုသာ ထိုင်ဖတ်နေခဲ့ကြလေသည်။ ထိုစာအုပ်များထဲ ဤလောကကြီးနှင့်ပတ်သက်သည့် အမျိုးမျိုးသော အကြောင်းအရာများကို မှတ်တမ်းတင်ထားကြသည်။
ရက်အနည်းငယ်ကြာပြီးသည့်နောက် ရန်ကိုင်သည် နောက်ဆုံးဖတ်ပြီးသွားသည့် စာအုပ်ကို ချရင်းမှ နားထင်ကို လက်ဖြင့် ထိုင်ပွတ်နေလေ၏။ သူ့မျက်မှောင်ကြီးမှာလည်း ကျုံ့နေခဲ့လေသည်။
ကျုချင်းသည်လည်း သူမ၏နောက်ဆုံးစာအုပ်ကို ဖတ်လို့ ပြီးသွားခဲ့ပြီး ရန်ကိုင်အား ကြည့်၍ ပြောလိုက်သည်။ “ဒီတော့ ဒီကမ္ဘာကြီးက ကမ္ဘာနှစ်ခုကြားက ဟင်းလင်းပြင်အက်ကွဲကြောင်းထဲမှာ တကယ်ကြီးရှိနေတာပေါ့…”
ရန်ကိုင်က ပြုံး၍ ပြန်ပြောလိုက်သည်။ “အဲ့ဒါကြောင့်သာ မဟုတ်လို့ရှိရင် လောကနိယာမတွေ ပြောင်းလဲတဲ့ အဖြစ်အပျက်မျိုး ဖြစ်လာမှာမဟုတ်ဘူး…”
“သူတို့အနေနဲ့ ဒီလိုနေရာမျိုးမှာနေဖို့ တော်တော်လေး ခက်ခဲမှာပဲ… နတ်သစ်ပင်က သူတို့ကို တကယ်ကူညီပေးတာပဲ…”
“နတ်သစ်ပင်…” ရန်ကိုင် ခေါင်းညိတ်လိုက်သည်။ “ဟုတ်တယ်… သူတို့ကို တော်တော်လေး ကူညီပေးထားတာ… လူသားအင်ပါယာမြို့တော်တစ်ခုလုံးကို သူ့စွမ်းအားနဲ့ ကာကွယ်ပေးထားရုံတင်မဟုတ်ဘူး မှော်စွမ်းအားတွေ ဆက်လက်ကျင့်ကြံလို့ ရအောင်ပါ ကူညီပေးသေးတယ်…”
မူလကတော့ မှော်ပညာရပ်များကို တော်ဝင်မိသားစု၏ ဘိုးဘေးကြီးများမှ လက်ဆင့်ကမ်းခဲ့သည်ဟု ရန်ကိုင်ထင်ခဲ့လေသည်။ ထိုအကြောင်းကြောင့်ပင်လျှင် မှော်ပညာရပ်များ မပျောက်ကွယ်သွားရသေးခြင်းပင်။ သို့သော်ငြား လက်ရှိအခြေအနေကိုကြည့်ရသလောက် ထိုသို့မဟုတ်သည့်ပုံပင်။
နှစ်ပေါင်းသောင်းနှင့်ချီတိုင်အောင် ကြာပြီးသည့်နောက် လောကနိယာမများမှာ အဆက်မပြတ် ပြောင်းလဲခဲ့သည်။ ဒွိလောကကမ္ဘာကြီး၏ လောကနိယာမသည် ကြယ်တာရာအစုအဝေး၏ လောကနိယာမနှင့် သွားရောက်ဆက်စပ်နေသည့်အတွက်ကြောင့် ဒွိလောကကမ္ဘာကြီးထဲရှိ လောကနိယာမများကို ကြယ်တာရာအစုအဝေးထဲရှိ လောကနိယာမများက အစားထိုးဝင်ရောက်လေသည်။ ထိုသို့ဖြင့် တစ်ချိန်က မှော်စွမ်းအားများကို ကျင့်ကြံ၍ရခဲ့သော လောကနိယာမများမှာ ဒွိလောကမ္ဘာကြီးထဲမှ ပျောက်ချင်းမလှ ပျောက်ကွယ်ကုန်တော့လေ၏။ ထိုသို့ဖြင့် ဒွိလောကကမ္ဘာကြီးသည်လည်း ကြယ်တာရာအစုအဝေးကဲ့သို့ပင် မှော်စွမ်းအားများကို ကျင့်ကြံဖို့ရာ မသင့်တော်သည့်နေရာတစ်ခု ဖြစ်လာရတော့လေသည်။
သို့သော်ငြား စီနီယာချင်းကြောင့် မှော်ပညာရပ်များမှာ ဆက်လက်တည်ရှိနိုင်ခဲ့ရသည်။
တော်ဝင်မိသားစုများသည် စီနီယာချင်း၏ အနီးအနားတွင် ကျင့်ကြံရင်းမှ မှော်စွမ်းအားကို သုံးသပ်ဆင်ခြင်ရလေသည်။ စီနီယာချင်းနှင့် စိတ်ချင်းဆက်နွယ်အောင် လုပ်ပြီးသည့်အခါမှသာလျှင် သူတို့အနေဖြင့် မှော်စွမ်းအားကို ကျင့်ကြံနိုင်ကြသည်။ သူတို့တွင် မှော်ပညာရပ်များအား မည်ကဲ့သို့ ကျင့်ကြံရမလဲ ဆိုသည်နှင့်ပတ်သက်၍ နည်းလမ်းများ ရှိနေမည်ဆိုလျှင်ပင် ဒွိလောကကမ္ဘာကြီးထဲရှိ လောကနိယာများသည် သူတို့အား မှော်ပညာရပ်များကို ကျင့်ကြံနိုင်အောင် မကူညီပေးနိုင်ချေ။ စီနီယာချင်းကြောင့်သာလျှင် တော်ဝင်မိသားစုမှာ မှော်စွမ်းအားကို ကျင့်ကြံထားနိုင်ကြခြင်း ဖြစ်သည်။
စီနီယာချင်းသည် ခေတ်သစ်တစ်ခုလုံး၏ သူရဲကောင်း ဖြစ်ပေသည်။ ရှေးဟောင်းကမ္ဘာကြီးတစ်ခုလုံး၏ မီးပြတိုက်ကြီးလည်း ဖြစ်၏။ စီနီယာချင်းသာ မရှိပါက မှော်ဆရာများ ဒွိလောကကမ္ဘာကြီးထဲမှ ပျောက်သွားခဲ့ပြီမှာ ကြာလေပြီ။
သို့သော်ငြား လူသားနှင့်နတ်ဆိုးများကြား နောက်ဆုံးတိုက်ပွဲအတွင်း စီနီယာချင်း၏အသိစိတ်မှာ လုံးဝ ပျောက်ကွယ်သွားခဲ့ရပြီး ဝိုးတဝါးတားစိတ်ဆန္ဒတစ်ခုသာ ကျန်ရစ်ခဲ့ရလေသည်။ ထိုစိတ်ဆန္ဒသည် စီနီယာချင်း၏ ဆန္ဒများဖြစ်ကြသော လူသားမျိုးနွယ်စုကို ကာကွယ်ရန်နှင့် မှော်ပညာရပ်များကို ဆက်လက်လက်ဆင့်ကမ်းပေးရန် ဟူသည့် ဆန္ဒအတိုင်း ဆက်လက်ဆောင်ရွက်နေပေသေးသည်။
စီနီယာချင်း အသိစိတ် ပြန်လည်ရရှိလာမလားဆိုသည်ကိုတော့ မည်သူမျှ မပြောနိုင်ကြပေ။ မည်သို့ပင်ဖြစ်နေစေကာမူ ထိုသို့ဖြစ်နိုင်ချေမှာ အလွန်တရာကိုမှ အခွင့်အရေးနည်းပါးလှမှန်း ရန်ကိုင်သိပေသည်။ အကြောင်းမှာ နှစ်ပေါင်းသောင်းနှင့်ချီ ကြာသွားသည့်တိုင် စီနီယာချင်း၏ အသိစိတ်မှာ လုံးဝ ပြန်လည်နိုးထမလာသည့်အတွက်ကြောင့်ပင်။ စီနီယာချင်း၏ အသိစိတ်သည်သာ ပြန်လည်နိုးထလာနိုင်မည်ဆိုလျှင် အစောကြီးတည်းက နိုးထနေပြီးလောက်ပေပြီ။ ယခုအချိန်ထိ စောင့်နေစရာမလိုပေ။
ထို့အပြင် စီနီယာချင်း၏အသိစိတ်မှာ ပြန်လည်နိုးထလာနိုင်မည်ဆိုလျှင်ပင် အတိတ်အကြောင်းအရာများကို မှတ်မိတော့လိမ့်မည်မဟုတ်ချေ။ မွေးကင်းစကလေးတစ်ဦးပမာ အသိစိတ်အသစ်ဖြင့် ပြန်လည်နိုးထလာပေလိမ့်မည်။
ရှင်းရှင်းပြောရသော် စီနီယာချင်းသည် နိုးထလာမည်ဆိုလျှင်ပင် ဘဝသစ်တစ်ခုကိုသာ ပိုင်ဆိုင်လာမည်ဖြစ်ပြီး ယခင်ဘဝဟောင်းကို ရနိုင်တော့လိမ့်မည် မဟုတ်ချေ။
မင်းသမီးများ ယူလာပေးသည့် စာအုပ်များထဲ ယင်လေတောင်အကြောင်းနှင့်ပတ်သက်သည့် မှတ်တမ်းများ ရှိပေသည်။ သို့သော်ငြား မှတ်တမ်းများမှာ အနည်းအကျဉ်းလောက်သာ။ မှတ်တမ်းများထဲ ဖော်ပြထားသည့် အဓိကအကြောင်းအရာမှာတော့ ယင်လေတောင်၏ ခန့်မှန်းတည်နေရာသာဖြစ်လေသည်။ အခြားသောအကြောင်းအရာများကိုတော့ မှတ်တမ်းတင်ထားခြင်းမရှိပေ။ ထိုသို့ဖြစ်ရခြင်းမှာ လွန်ခဲ့သည့် နှစ်ပေါင်းသောင်းနှင့်ချီအတောအတွင်း ယင်လေတောင်ထဲသို့ မည်သည့်လူသားတစ်ဦးမှ ရောက်ရှိခဲ့ဖူးခြင်း မရှိသည့်အတွက်ကြောင့်ပင်။
သို့သော်ငြား နတ်ဆိုးမျိုးနွယ်စုဝင်များမှာတော့ ယင်လေတောင်မှ စီးထွက်နေသော သန့်စင်လှသည့် နတ်ဆိုးချီများ၏ အကူအညီဖြင့် ကျင့်ကြံနိုင်ရန်အတွက် ထိုနေရာသို့ မကြာခဏ သွားရောက်လေ့ရှိကြသည်။
ထိုအကြောင်းကြောင့် ရန်ကိုင်သည်သာ ယင်လေတောင်ဆီသို့ သွားမည်ဆိုပါက နတ်ဆိုးမျိုးနွယ်စုနှင့် ကျိန်းသေ ထိပ်တိုက်တွေ့ရပေလိမ့်မည်။
ရန်ကိုင်ကိုယ်တိုင်ကမူ နတ်ဆိုးမျိုးနွယ်စုနှင့် တွေ့ရမည်ကို တွေးပူနေခြင်းမရှိပေ။ ပုံရိပ်တစ်ထောင်အိပ်မက်ကမ္ဘာထဲတွင် ရန်ကိုင်သည် နတ်ဆိုးဘုရင်ပေါင်းများစွာကို လက်အောက်ငယ်သားဖြစ်အောင် လုပ်ခဲ့သည့်အတွက်ကြောင့် နတ်ဆိုးများအကြောင်းကို အတော်လေး နှံ့နှံ့စပ်စပ် သိထားသည်ဟု ပြော၍ရသည်။ ထို့အတွက်ကြောင့် နတ်ဆိုးများနှင့်တွေ့ပါက ပြဿနာတက်ရမည့်လူမှာ သူမဟုတ်ဘဲ ထိုနတ်ဆိုးများသာ ဖြစ်ရပေလိမ့်မည်။
ထိုအချက်မှလွဲ၍ လူသားဧကရာဇ်ဆီမှ ကျုလဲ့နှင့်ပတ်သက်သော မည်သည့်သတင်းမှ မရသေးပေ။
လောကနိယာမများမှာ ပြောင်းလဲသွားခဲ့လေပြီ။ ထို့ကြောင့် လူသားအင်ပါယာမြို့တော်အနေဖြင့် ပညာရှင်များကိုစေလွှတ်ကာ ကျုလဲ့အကြောင်းကို လိုက်လံစုံစမ်းခိုင်းခဲ့သည်။ သို့သော်ငြား ကျုလဲ့နှင့်ပတ်သက်သည့် မည်သည့်သတင်းအစအနကိုမှ မရရှိခဲ့ပေ။
ရန်ကိုင်နှင့်ကျုချင်းမှာတော့ ကျုလဲ့ကို သိပ်၍ စိတ်ပူနေခြင်းမရှိခဲ့ပေ။ တကယ်တော့ ကျုလဲ့သည် အဆင့်ရှစ်နဂါးနီတစ်ကောင် ဖြစ်သည် မဟုတ်ပေလော။ သူသာ ထိုမျှ အလွယ်တကူ သေသွားရမည်ဆိုပါက နဂါးကလန်သားတစ်ဦး ဖြစ်တော့လိမ့်မည်မဟုတ်ချေ။
ထိုအကြောင်းကြောင့် ရန်ကိုင်တို့နှစ်ဦးသည် နန်းတော်ထဲတွင်သာ အေးအေးဆေးဆေး နေနေခဲ့ကြသည်။
ယနေ့တွင် ရန်ကိုင်သည် ထိုင်နေရာမှ ရုတ်တရက် ဆတ်ခနဲ မျက်လုံးပွင့်လာခဲ့လေသည်။ သူ့မျက်လုံးထဲ စိတ်လှုပ်ရှားသည့် အရိပ်အယောင်တို့ကို တွေ့နေရသလို ဇဝေဇဝါဖြစ်နေသည့် အရိပ်အယောင်တို့ကိုလည်း မြင်တွေ့နေရသည်။
“ဘာဖြစ်လို့လဲ…” ကျုချင်းမှာတော့ စာအုပ်များကို တဖျတ်ဖျတ် လှန်လှောနေရင်းမှ ရန်ကိုင်ဘက်သို့လှည့်၍ မေးလိုက်လေသည်။
“ငါ ပိုသန်မာလာသလိုပဲ ချင်းအာ…” ရန်ကိုင်က ပြန်ပြောလိုက်သည်။
“ပိုပြီးတော့ သန်မာလာတယ်ဆိုရင်လည်း သန်မာလာတယ်ပေါ့… နင့်မျက်နှာက ဘာဖြစ်နေတာလဲ…”
“ဘာဖြစ်လို့လဲဆိုတော့ ငါ ဘာဖြစ်လို့ ဒီလိုသန်မာလာရတာလဲဆိုတာကို မသိလို့ပဲ…”
“နင့်ရဲ့ဘယ်အပိုင်းက ပိုပြီး အားကောင်းလာတာလဲ…”
“သွေးမျိုးဆက်ပဲ…” ရန်ကိုင်က ကျုချင်းကိုကြည့်၍ “ဒီတစ်လောအတွင်း ငါ ဘာမှလုပ်တာလည်းမဟုတ်ဘူး… အဲ့ဒါကို ဘာဖြစ်လို့ ငါ့သွေးမျိုးဆက်က သူ့အလိုလို ပိုပြီး အားကောင်းလာရတာလဲ…”
သွေးမျိုးဆက် အားကောင်းလာသည်ကို ခံစားမိရခြင်းမှာ ရန်ကိုင်သည် ရွှေနဂါးအမြုတေစွမ်းအား သူ့ခန္ဓာကိုယ်နှင့် ပို၍ နက်နက်ရှိုင်းရှိုင်း ပေါင်းစပ်လာသည်ကို ခံစားမိလိုက်သည့် အတွက်ကြောင့်ပင်။ လတ်တလောအတွင်း ရန်ကိုင်သည် နဂါးအသွင်ပြောင်းလဲခြင်း ပညာရပ်အား ကျင့်ကြံခြင်းမရှိသလို မည်သည့်သေခြင်းရှင်ခြင်းတိုက်ပွဲကိုမှလည်း ဆင်နွှဲခြင်းမရှိချေ။ ထို့အတွက်ကြောင့် သူ၏သွေးမျိုးဆက်မှာ အလကားသက်သက် အားကောင်းလာစရာအကြောင်း မရှိ။
လူတစ်ဦး၏ခွန်အား တိုးတက်လာဖို့ရာမှာ ထိုလူ၏ ကြိုးစားအားထုတ်မှုအပေါ်တွင် မူတည်နေပေသည်။
“ငါ တစ်ချက်စမ်းကြည့်ဦးမယ်…” ထိုသို့ပြောပြီးသည့်နောက်တွင် ရန်ကိုင်သည် မာန်သွင်းအော်ဟစ်၍ နဂါးအသွင်ပြောင်းလဲခြင်းပညာရပ်ကို ထုတ်သုံးလိုက်လေသည်။
ကျယ်လောင်သည့်နဂါးဟိန်းသံနှင့်အတူ ရွှေနဂါးပုံရိပ်တစ်ခု ဖျတ်ခနဲ ပေါ်လာလေ၏။
တဂျွတ်ဂျွတ်မြည်သံများနှင့် ရန်ကိုင်၏ခန္ဓာကိုယ်သည် စတင်၍ အရွယ်အစား ကြီးမားလာတော့လေ၏။ တစ်ချိန်တည်းတွင် အားကောင်းသည့် နဂါးဖိအားတို့ ဖြာထွက်လာတော့လေသည်။
ရန်ကိုင်၏လက်များမှာ ပို၍ ရှည်လျားကြီးမားလာခဲ့ပြီး သူ့လက်နှစ်ဖက်စလုံးသည် နဂါးလက်သည်းများအသွင်သို့ ပြောင်းလဲသွားခဲ့သည်။ အဝတ်အစားများ စုတ်ပြဲထွက်ကုန်ကြပြီး မာကျောလှသည့် နဂါးအကြေးခွံတို့ ရန်ကိုင်၏ခန္ဓာကိုယ်တစ်လျှောက် ထွက်ပေါ်လာခဲ့သည်။
ရန်ကိုင်သည် ဤကဲ့သို့ အသွင်ပြောင်းမှုမျိုးနှင့် အသားကျနေပြီ ဖြစ်သည့်အတွက်ကြောင့် အသွင်ပြောင်းနေသည့် ဖြစ်စဉ်တစ်ခုလုံးကိုသာ သေချာအာရုံစိုက်ထားခဲ့လေသည်။
အသွင်ပြောင်းလဲခြင်း ရပ်တန့်သွားသည့်နောက် ရန်ကိုင်သည် ဧရာမသတ္တဝါကြီးတစ်ကောင် ဖြစ်လာခဲ့လေ၏။ ရန်ကိုင်မှ သက်ပြင်းတစ်ရှိုက် ရှုထုတ်လိုက်သည့်အခိုက် အဖြူရောင်အခိုးအငွေ့များ သူ့နှာခေါင်းပေါက်မှ ချက်ချင်း ထွက်လာခဲ့လေသည်။
ကျုချင်းသည် ထိုင်ခုံပေါ်တွင်ထိုင်ရင်းမှ ရန်ကိုင်အား ခေါင်းမော့၍ကြည့်လိုက်သည်။
ရန်ကိုင်သည် သူ့ခန္ဓာကိုယ်ကြီးဖြင့် ခန်းမထဲ လျှောက်ပတ်သွားကြည့်ပြီးသည့်နောက် အံ့အားသင့်နေသည့်လေသံဖြင့် “ငါ့ကြည့်ရတာ နည်းနည်း ပိုကြီးလာတဲ့ပုံပဲ…”
နေမင်းပြာကျောင်းတော်၌ ကျုလဲ့နှင့်တိုက်ခိုက်စဉ်က ရန်ကိုင်သည် နဂါးအသွင်ပြောင်းလဲခြင်းပညာရပ်ကို အဆင့်ချိုးဖြတ်၍ မီတာနှစ်ဆယ်မှ မီတာလေးဆယ် အကောင်ကြီးအဖြစ်သို့ ပြောင်းလဲသွားခဲ့ရသည်။
သို့သော်ငြား လက်ရှိအချိန်တွင် သူ့ခန္ဓာကိုယ်မှာ ထပ်မံ၍ အရွယ်အစား ကြီးလာခဲ့ပြန်လေသည်။ သေသေချာချာ တွက်ကြည့်ရမည်ဆိုလျှင်တော့ ရန်ကိုင်၏လက်ရှိအရွယ်အစားမှာ လေးဆယ့်ငါးမီတာခန့် ရှိနေပေသည်။ ဤအရွယ်အစား ကြီးထွားလာခြင်းမှာ ရန်ကိုင်စိတ်ထင်သက်သက်မဟုတ်။ တကယ်ကြီးထွားလာခဲ့ခြင်း ဖြစ်သည်။
နဂါးအသွင်ပြောင်းလဲခြင်းပညာရပ်ကို စတင်ကျင့်ကြံသည့် အချိန်မှစ၍ ရန်ကိုင်သည် ရွှေနဂါးအမြုတေနှင့် စတင်၍ ပေါင်းစပ်လာတော့လေသည်။ သူ့အနေဖြင့် ရွှေနဂါးအမြုတေနှင့် ပို၍ နက်နက်ရှိုင်းရှိုင်း ပေါင်းစပ်နိုင်လေ ရန်ကိုင်၏သွေးမျိုးဆက်မှာ ပိုမိုသန့်စင်လာလေဖြစ်ကာ နဂါးအသွင်ပြောင်းလဲခြင်းပညာရပ်ကို ထုတ်သုံးလိုက်သည့်နောက် ပြောင်းလဲသွားသည့်ခန္ဓာကိုယ်မှာလည်း နဂါးတစ်ကောင်နှင့် ပို၍ ဆင်တူလာလေပင်။
သူသည်သာ နဂါးအမြုတေနှင့် အပြည့်အဝ ပေါင်းစပ်သွားမည်ဆိုပါက နဂါးအသွင်ပြောင်းလဲခြင်းပညာရပ်ကို ထုတ်သုံးလိုက်သော် ရန်ကိုင်သည် အစစ်အမှန်နဂါးတစ်ကောင်အဖြစ်သို့ ပြောင်းလဲနိုင်ပေလိမ့်မည်။
“နင် အရင်တုန်းက ဘယ်လောက်ရှိတာလဲ…” ကျုချင်းက မေးလိုက်သည်။
“ဒီလောက်လောက်…” ရန်ကိုင်သည် သူ့ယခင်အရပ်ကို လက်ဖြင့် တိုင်းပြလိုက်လေသည်။
“အဲ့ဒါဆိုရင် နင် ပိုပြီး အားကောင်းလာတာပဲ…” ကျုချင်းက ပြုံးလိုက်သည်။
“ဒါပေမယ့် ဘယ်လိုလုပ်ပြီး အားကောင်းလာရတာလဲ…” ရန်ကိုင်မှာ သူ့ခေါင်းကို ကုတ်လိုက်လေသည်။ နဂါးလက်သည်းများသည် နဂါးအကြေးခွံများရှိနေသည့် သူ့မျက်နှာအား သွားကုတ်မိသည့်အတွက်ကြောင့် မီးပွားများ တချွင်ချွင် ထွက်ပေါ်လာနေခဲ့လေ၏။
သူအားကောင်းလာသည်မှာ ကောင်းသည့်အချက် ဖြစ်ပါသော်ငြား သူမည်ကဲ့သို့ အားကောင်းလာလို့ အားကောင်းလာရသလဲ ဆိုသည်ကို မသိသည်မှာတော့ ကောင်းသည့်အချက်မဟုတ်ချေ။ ရန်ကိုင်အနေဖြင့် သူ ဘာကြောင့် အားကောင်းလာရသလဲ ဆိုသည့်အချက်ကို ရှာဖွေရန် လိုအပ်ပေသည်။
ရန်ကိုင်သည် ယခင်လတ်တလောအတွင်း ဖြစ်ပျက်သွားသည့် အကြောင်းအရာများကို ပြန်စဉ်းစားကြည့်မိရာ သူ့ခွန်အားကို တိုးတက်စေလောက်သည့် မယ်မယ်ရရ မည်သည့်အဖြစ်အပျက်ကိုမှ ရှာမတွေ့ခဲ့ချေ။ ထို့အပြင် သူ၏ နဂါးအသွင်ပြောင်းလဲခြင်းပညာရပ် နောက်တစ်ဆင့်သို့ ချိုးဖြတ်ဝင်ရောက်သွားသည်မှာ နှစ်လသာ ရှိပေသေးသည်။ ထိုနှစ်လအတောအတွင်း ဖြစ်ပျက်ခဲ့သည့် အကြောင်းအရာများကို ရန်ကိုင် အသေအချာ မှတ်မိပေသည်။ သို့သော်ငြား သူ၏သွေးမျိုးဆက်ကို ပိုမိုသန့်စင်လာရစေလောက်သည့် အဖြစ်အပျက်မျိုးကိုတော့ ရန်ကိုင် မစဉ်းစားမိချေ။
ကျုချင်းမှာမူ ရှက်သွေးဖြာနေသည့်အမူအယာဖြင့် ခေါင်းသာ ငုံ့နေခဲ့လေသည်။ ထိုကိစ္စများအပေါ် အာရုံမစိုက်မိစေရန်အတွက် စာအုပ်ကိုသာ ငုံ့ပြီး ထိုင်ဖတ်နေပါသော်ငြား သူမ၏စိတ်အာရုံမှာတော့ စာအုပ်ပေါ်တွင် ရှိမနေခဲ့။
“နင် တစ်ခုခုသိထားလား…” ကျုချင်း၏ ထူးဆန်းသည့် အပြုအမူကို သတိပြုမိလိုက်ပြီးသည့်နောက် ရန်ကိုင်က ကျုချင်းဘက်သို့လှည့်၍ မေးလိုက်သည်။
ကျုချင်းသည် အဆက်မပြတ်ကို ခေါင်းခါပြလိုက်လေသည်။ သူမ၏မျက်နှာမှာတော့ ပို၍ကို နီရဲလာလေ၏။
“သိထားရင် မြန်မြန်ပြောလေ…” ရန်ကိုင်သည် ကျုချင်းဆီသို့ လျှောက်သွားပြီး ဒူးထောက်ချကာ မေးလိုက်သည်။ သို့တိုင် ရန်ကိုင်၏ခန္ဓာကိုယ်ကြီးမှာ ကျုချင်းထက် အများကြီး ပိုကြီးနေပေသေးသည်။ ထိုပုံစံမျိုးသည် ကျုချင်းမှ နဂါးတစ်ကောင်အဖြစ်သို့ ပြောင်းလဲသွားပါက ရန်ကိုင်အား မြင်သည့်ပုံစံမျိုး ဖြစ်ပေလိမ့်မည်။
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၂၉၆၉)
ဘာသာပြန်သူ_တိမ်တိုက်
“ငါတကယ်ကိုမသိဘူး…” ကျုချင်းက တိုးတိုးလေး ပြန်ပြောလိုက်သည်။
“ဒီကိစ္စက နဂါးကလန်ရဲ့ လျှို့ဝှက်ချက်နဲ့ ပတ်သက်နေလို့လား…”
ကျုချင်း ခေါင်းခါပြလိုက်သည်။
“အဲ့ဒါဆို ပြောလေ…” ရန်ကိုင်သည် သူ့လက်ကိုဆန့်ထုတ်၍ ကျုချင်း၏လက်ကို သူ့လက်ဝါးပေါ်သို့တင်ကာ အသာအယာ ပွတ်သပ်ပေးလိုက်လေသည်။ ထို့နောက်တွင် ခြိမ်းခြောက်သည့်လေသံဖြင့် “နင် သိနေပြီးသားကို မပြောဘဲနေမယ်ဆိုရင် မိသားစုစည်းမျဉ်းအရ အပြစ်ပေးခံရမှာနော်…”
“မိသားစုစည်းမျဉ်း…” ကျုချင်း၏မျက်လုံး ဆတ်ခနဲ ပွင့်သွားခဲ့လေသည်။ ထို့နောက် ရန်ကိုင်ဘာပြောချင်နေသလဲဆိုသည်ကို နားလည်သွားသည့်အလား သူမ၏ခန္ဓာကိုယ်တစ်ခုလုံး နီတက်လာခဲ့လေ၏။ ဒေါသထွက်ထွက်ဖြင့် ကျုချင်းမှာ ရန်ကိုင်အား ပြန်၍ စိုက်ကြည့်လိုက်လေရာ ရန်ကိုင်မှာ သူမအား မျက်လုံးအပြူးသားဖြင့် စိုက်ကြည့်ရင်း မောကြီးပန်းကြီးပုံစံမျိုးဖြင့် အသက်ရှုနေကြောင်း တွေ့လိုက်ရလေသည်။ ထိုအချင်းအရာကိုမြင်သော် ကျုချင်း သက်ပြင်းသာ ချလိုက်တော့လေသည်။ ယခုကိစ္စသည် ကံကောင်းခြင်းပဲလား ကံဆိုးခြင်းပဲလား သူမလည်း မပြောတတ်တော့ချေ။
ကျုချင်းသည် မျက်နှာကို စာအုပ်ဖြင့်ကွယ်ထားရင်းမှ တိုးတိုးလေးပြန်ပြောလိုက်သည်။ “ယင်နဲ့ယန် ပေါင်းစည်းသွားတဲ့အချိန်ကြရင် စွမ်းအားတွေ ပေါက်ကွဲထွက်လာလိမ့်မယ်…”
ကျုချင်းပြောသည့်စကားကို ကြားပြီးသည့်နောက် ရန်ကိုင် အနည်းငယ် ကြောင်အမ်းအမ်းဖြစ်သွားခဲ့သည်။ ထို့နောက် ပြန်၍ပြောလိုက်လေ၏။ “နင်ပြောချင်တာက…”
ကျုချင်း၏မျက်နှာကို စာအုပ်ဖြင့်ကွယ်ထားသည့်အတွက်ကြောင့် သူမမျက်နှာ မည်သို့မည်ပုံ ရှိနေသလဲဆိုသည်ကို ရန်ကိုင်မမြင်ရပေ။ မည်သို့ပင်ဖြစ်လင့်ကစား လက်ရှိအချိန်တွင်တော့ ကျုချင်း၏မျက်နှာမှာ မီးကင်ထားခံရည့်နှယ် နီရဲနေမည်မှန်းတော့ ရန်ကိုင်ပြောနိုင်ခဲ့လေသည်။
ကျုချင်းက အလျင်စလိုပဲ ပြန်ပြောလိုက်သည်။ “ငါပြောတာကို တကယ်ကြီးမထင်နဲ့… ငါ ဒီအတိုင်းပဲ လျှောက်ပြောနေတာ…”
“နဂါးကလန်ကလည်း ဖိုမကျင့်ကြံခြင်းကို အာရုံစိုက်တာလား…” ရန်ကိုင်မျက်နှာထက်ရှိအပြုံး ပို၍ပီပြင်လာခဲ့လေသည်။
နဂါးကလန်သည်သာ ဖိုမကျင့်ကြံခြင်းကို အာရုံစိုက်မည်ဆိုပါက သူတို့၏ အနာဂတ်နေ့ရက်များမှာ အမှန်တကယ်ကိုမှ ပျော်ရွှင်ဖွယ်ရာ ကောင်းတော့ပေလိမ့်မည်။
“ဘယ်လိုလုပ်ပြီး အာရုံစိုက်ရမှာလဲ… ဒါပေမယ့်…”
“ဒါပေမယ့် ဘာလဲ…” ရန်ကိုင်သည် ကျုချင်းနားသို့ မျက်နှာကပ်လာလိုက်ပြီး ကျုချင်း၏မျက်နှာကို ကွယ်ထားသည့်စာအုပ်ကို သူ့လက်ဖြင့် ဖယ်ရှားလိုက်လေသည်။
ပုန်းစရာမရှိတော့သည့်အတွက်ကြောင့် ကျုချင်းက ရှက်ရှက်ဖြင့် ပြန်ပြောလိုက်သည်။ “ဒါပေမယ့် လူသားအမျိုးသမီးတွေအတွက်တော့ သူတို့ရဲ့အပျိုစင်ယင်က အမျိုးသားကျင့်ကြံသူတွေအတွက် အရမ်းအသုံးဝင်တယ်… အမျိုးသမီးရဲ့ ကျင့်ကြံခြင်းက အဆင့်မြင့်လေ ပိုပြီး အသုံးဝင်လေပဲ… ရှင်းရှင်းပြောရရင် နဂါးတစ်ကောင်ထက်တောင် ပိုပြီးတော့ အသုံးဝင်တယ်လို့ ပြောလို့ရတယ်…”
ရန်ကိုင်က ပြန်ပြောလိုက်သည်။ “ဒီတော့ နင်ပြောချင်တာက ငါ ပိုပြီးအားကောင်းလာရတာက နင့်ရဲ့ ပထမဦးဆုံးအကြိမ်မို့လို့ပေါ့…”
ကျုချင်း ခေါင်းညိတ်လိုက်လေသည်။ ဤကဲ့သို့ပြောရသည့်အပေါ် သူမစိတ်ထဲ အလွန်ကိုမှ ရှက်ရွံ့နေမိလေသည်။ ထို့အတွက်ကြောင့် တွင်းတစ်တွင်းတူး၍ ပြေးပုန်းချင်စိတ်များသာ သူမစိတ်ထဲ ဖြစ်ပေါ်လာရတော့သည်။
“ဒီတော့ နောက်ပိုင်းတွေကျရင် အခုလိုမျိုး ထပ်မဖြစ်နိုင်တော့ဘူးပေါ့… ပထမတစ်ကြိမ်အတွက်ပဲ အသုံးဝင်တာပေါ့…”
“ဟုတ်တယ်…” ကျုချင်းက ခေါင်းညိတ်ပြလိုက်သည်။
“ငါမယုံဘူး…” ထိုသို့ပြောပြီးသည့်နောက်တွင် ရန်ကိုင်သည် ကျုချင်းကိုမ၍ ကုတင်ရှိရာဆီသို့ လမ်းလျှောက်သွားလေသည်။ ထိုသို့သွားနေရင်းမှ နဂါးအသွင်ပြောင်းလဲခြင်းပညာရပ်ကို ပြန်ရုတ်သိမ်းကာ လူအသွင်သို့ ပြန်ပြောင်းလိုက်လေသည်။
“နင်ဘာလုပ်နေတာလဲ…” ကျုချင်းက အလန့်တကြား ထအော်လေသည်။
“တကယ် အလုပ်ဖြစ်လား မဖြစ်လား သိရအောင် စမ်းသပ်ဖို့လိုတယ်…” ရန်ကိုင်သည် ကျုချင်းအား ခါးမှ ချီမထားရင်းမှ ပြောလိုက်လေသည်။
ရန်ကိုင်၏စကားကို ကြားပြီးသည့်နောက်တွင် ကျုချင်း၏ခန္ဓာကိုယ်အပူချိန်မှာ ရုတ်ချည်းဆိုသလို မြင့်တက်လာခဲ့ရပြီး ပျာပျာသလဲလဲအမူအယာဖြင့် ပြန်ပြောလိုက်လေသည်။ “တကယ်ကို အလုပ်မဖြစ်တာ… ငါနင့်ကို လိမ်နေတာမဟုတ်ဘူး…”
ရန်ကိုင်က အပြုံးကြီးပြုံးရင်းမှ “စမ်းသပ်မယ်လို့ ငါပြောပြီးသွားပြီ… ဒီတော့ ရုန်းကန်မနေနဲ့တော့… ရုန်းကန်နေလည်း အပိုပဲ…”
ထိုသို့ပြောပြီးသည့်နောက်တွင် ကျုချင်းအား ကုတင်ပေါ်သို့ ပစ်ချလိုက်လေသည်။ ကျုချင်းမှာ အလန့်တကြား ထအော်၍ ပြန်ကုန်းထရန် ကြိုးစားလိုက်ပါသော်ငြား ရန်ကိုင်သည် သူမပေါ်သို့ ခုန်အုပ်လာပြီးနေခဲ့လေပြီ။ ယခင်တစ်ကြိမ် ခံစားဖူးပြီးသွားခဲ့ပြီ ဖြစ်ပါသော်ငြား ကျုချင်းမှာ ယခုကဲ့သို့သော ခံစားချက်မျိုးနှင့် အသားမကျသေးချေ။ သူမရင်မှာလည်း တဒုန်းဒုန်းကို ခုန်နေခဲ့ရာမှ သူမရင်ဘတ်ထဲမှ ခုန်ထွက်သွားတော့မလားပင် ထင်မှတ်ရသည်။
ရန်ကိုင်သည် အနည်းငယ်မျှပင်လျှင် သိမ်မွေ့နေခြင်းမရှိ။ သူမ၏အတားအဆီးများကို အကြမ်းပတမ်း ချိုးဖျက်နေခဲ့လေသည်။
အဝတ်စများ လွင့်ပျံထွက်လာခဲ့ရကာ ကျုချင်းမှာ သူမအနေဖြင့် မည်သို့မှ လွန်ဆန်၍ ရတော့မည်မဟုတ်မှန်း သိလိုက်တော့သည့်အဆုံး အခြားတစ်ဖက်သို့ ခေါင်းစောင်း၍ မျက်လုံးကိုသာ တင်းတင်းကြပ်ကြပ် မှိတ်ထားတော့သည်။ သူမ၏လက်နှစ်ဖက်မှာလည်း မွေ့ယာကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားရတော့လေသည်။ မသိလျှင် ကျုချင်းသည် ကြိုးပေးခံရမည့် အကျဉ်းသားတစ်ဦးမှ ကြိုးပေးခံရတော့မည်ကို စောင့်ဆိုင်းနေသည့်ပမာ။
ရုတ်တရက်ဆိုသလို ရန်ကိုင်သည် တစ်ခုခုအား သတိပြုမိသွားခဲ့ပြီး တစ်ခုသောဘက်သို့လှည့်၍ အော်ပြောလိုက်လေသည်။ “ထွက်သွားစမ်း…”
ခွေးပေါက်လေးမှာ အိပ်ယာမှ နိုးနေခဲ့လေပြီ။ ခွေးပေါက်လေးမှာ ဟောင်လည်းမဟောင်သလို ပြဿနာလည်းမရှာပေ။ အလွန်ကိုမှ လိမ်လိမ်မာမာနှင့် ငြိမ်ငြိမ်လေးသာ နေခဲ့သည်။ သို့သော်ငြား ခွေးပေါက်လေးသည် သာမန်ပုံစံအတိုင်း နေနေခြင်းမရှိဘဲ ရန်ကိုင်တို့ဘက်သို့ မျက်လုံးပြူးကာ လှမ်းကြည့်နေခဲ့သည်။ ခွေးပေါက်လေးသည် လုံးဝကို ငြိမ်နေခဲ့ပါသော်ငြား ၎င်းပုံစံကိုကြည့်ရသလောက် ရန်ကိုင်တို့လုပ်မည့်အရာကို အလွန်ကိုမှ စိတ်ဝင်တစားဖြင့် ကြည့်လိုသည့် ပုံစံမျိုး ပေါက်နေခဲ့လေသည်။
ရန်ကိုင်၏စကားကိုကြားသော် ခွေးပေါက်လေးသည် မသွားချင်သွားချင်ဖြင့် တစ်ချက် အော်မြည်လိုက်လေ၏။ ထို့နောက် အမြီးကုပ်ကာ တံခါးဆီသို့ ဖြည်းဖြည်းချင်း လျှောက်သွားလေသည်။
တံခါးနားသို့ရောက်သော် ရန်ကိုင်ဆီသို့ ပြန်၍ လှမ်းကြည့်လိုက်သည်။ သူ့မျက်လုံးများထဲ ဤနေရာမှ ထွက်မသွားချင်သည့် အရိပ်အယောင်တို့ကို အတိုင်းသား မြင်နေခဲ့ရလေသည်။
ရန်ကိုင်ကမူ အေးစက်စက်အမူအယာဖြင့်သာ နှာခေါင်းရှုံ့ပြလိုက်သည့်အတွက်ကြောင့် ခွေးပေါက်လေးလည်း တံခါးကိုဖွင့်၍ ထွက်သွားရတော့လေ၏။
လက်ရှိအချိန်တွင် တံခါးအပြင်ဘက်၌ အသက်အရွယ်အမျိုးမျိုးရှိကြသော အမျိုးသမီးများ ရပ်နေကြလေသည်။ အမျိုးသမီးတစ်ယောက်ချင်းစီ၏ မျက်နှာများမှာတော့ ရေခဲတမျှ အေးစက်နေခဲ့လေ၏။
မင်းသမီးများမှာ ယခုကိစ္စနှင့်ပတ်သက်၍ သည်းခံနိုင်စွမ်း ကုန်ဆုံးနေကြလေပြီ။ လွန်ခဲ့သောရက်အနည်းငယ်ခန့်က ရန်ကိုင်သည် တစ်ခုခုလိုအပ်လျှင် လှမ်းခေါ်လိုက်မည်ဟု ပြော၍ သူတို့အား နန်းတော်အပြင်ဘက်တွင် စောင့်ခိုင်းထားခဲ့သည်။
သို့သော်ငြား သူမတို့ နန်းတော်အပြင်ဘက်၌ စောင့်နေရသည်မှာ ရက်ပေါင်းများစွာ ကြာနေလေပြီ။ ရန်ကိုင်ကမူ သူမတို့အား တစ်ခါမှ လှမ်းခေါ်ခဲ့ခြင်း မရှိခဲ့ပေ။ ကြည့်ရသလောက် ရန်ကိုင်သည် သူတို့အား အပြင်ဘက်၌ တမင်သက်သက် စောင့်ခိုင်းထားသည့်ပုံပင်။
မင်းသမီးများသည် ငယ်ရွယ်စဉ်တည်းက အလိုလိုက်ခံရကာ ကြီးပြင်းလာခဲ့ရသူများ ဖြစ်ကြပြီး သူတို့ဘဝတွင် မည်သည့်အချိန်ကများ ယခုကဲ့သို့ အဖြစ်မျိုးနှင့် ကြုံခဲ့ရလေသနည်း။ ထို့အတွက်ကြောင့် မင်းသမီးအများစုမှာ ရန်ကိုင်ကဲ့သို့သော သေနာကောင် မြန်မြန်သေပါစေ အသေဆိုးနှင့်သေရပါစေဟု စိတ်ထဲမှနေ၍ ကြိတ်ကာ ကျိန်ဆဲနေခဲ့လေသည်။
ခြွင်းချက်ဖြစ်သည့် တစ်ဦးတည်းသောသူမှာတော့ အငယ်ဆုံးမင်းသမီးလေးသာ ဖြစ်လေသည်။ အငယ်ဆုံးမင်းသမီးလေးမှာတော့ ဤကိစ္စများနှင့်ပတ်သက်၍ ဘာဆိုဘာမှကို မသိသေးချေ။ သူမ သိထားသည်မှာတော့ သူမ၏အဖေသည် စာအုပ်များကို ဤနေရာသို့ယူလာခိုင်းခဲ့ပြီး ဤနန်းတော်ထဲတွင်ရှိနေသည့်လူ ခိုင်းထားသည့်အတိုင်း လုပ်ပေးရမည်ဟု ပြောထားသည့်အချက်ကိုပင်။
ငယ်ငယ်ရွယ်ရွယ်ဖြင့် ဘာဆိုဘာမှ မသိထားသည့်အတွက်ကြောင့် မင်းသမီးငယ်လေးမှာ တော်ဝင်မိသားစု၏ စိတ်ရှုပ်စရာကိစ္စများအကြောင်းကို မသိသေးချေ။ ထို့အတွက်ကြောင့် ရန်ကိုင်အပေါ် မည်သည့်ရန်ငြိုးရန်စမှ မဖြစ်မိပေ။ သူမစိတ်ထဲ ခံနေရသည်မှာတော့ ပျင်းရိမှုနှင့် နွမ်းနယ်မှုသာ ဖြစ်လေသည်။ ထိုရက်များအတောအတွင်း မင်းသမီးလေးမှာ သူမအစ်မကြီး၏ ပုခုံးပေါ်တွင် ခေါင်းတင်ကာ အနားယူနေခဲ့သည်။ တစ်ခါတစ်ခါ ထိုကဲ့သို့ အနားယူနေရင်းမှ ငိုက်မြည်းသွားရင်း ပုခုံးပေါ်မှ သူမ၏ခေါင်း တစ်ကြိမ်မက ပြုတ်ကျခဲ့ရလေသည်။
ထိုစဉ် ခွေးပေါက်လေး အပြင်သို့ ထွက်လာခဲ့လေ၏။ ခွေးပေါက်လေးကို ထွက်လာသည်ကို မင်းသမီးအားလုံး သတိထားမိသွားခဲ့ပြီး အကုန်လုံးမှာ ခွေးပေါက်လေးဆီသို့ စုပြုံကြည့်လာခဲ့သည်။
ခွေးပေါက်လေးကို မြင်လိုက်သည့်အခိုက် ဒုတိယမင်းသမီး၏မျက်နှာထက် မုန်းတီးရိပ်တို့ ထွက်ပေါ်လာခဲ့လေသည်။ ဤခွေးပေါက်လေး သူမအပေါ် မည်ကဲ့သို့ လုပ်ထားသလဲဆိုသည်ကို သူမမမေ့သေးချေ။ လူမြင်ကွင်းရှေ့တွင် သူမ၏ အင်္ကျီရင်ဘတ်စကို ဆုတ်ဖြဲပစ်သွားခဲ့သည့်အတွက်ကြောင့် သူမ၏ ရင်အစုံမှာ လူရှေ့သူရှေ့တွင် ထင်းခနဲ ပေါ်သွားခဲ့ရလေသည်။ ထို့အတွက်ကြောင့် ခွေးပေါက်လေးကို မြင်လိုက်သည့်အခိုက် သူမစိတ်ထဲ ထိုခွေးပေါက်လေးအား နုတ်နုတ်စင်းကာ စွတ်ပြုတ်လုပ်သောက်ပစ်ချင်စိတ်များ တဖွားဖွား ထွက်ပေါ်လာခဲ့ရတော့သည်။
ခွေးပေါက်လေးမှာလည်း တစ်ခုခုအား အာရုံခံစားမိလိုက်သည့်အလား ဖုယုဆီသို့ စိုက်ကြည့်လိုက်ပြီး ချက်ချင်း ခုန်အုပ်တော့မည့်ပုံစံမျိုး ဟန်ပြင်လိုက်လေသည်။
(ခွေးကောင်လေး… နင် ဒီတစ်ကြိမ် ပြဿနာရှာရဲရှာကြည့်… ငါနင့်ကိုသတ်ပြီး နင့်အသားကို စားပစ်မှာ…) ဖုယုသည် စိတ်ထဲမှနေ၍ ကြိတ်ကာ ကျိန်ဆဲနေခဲ့လေသည်။
ထိုအခိုက်အတန့်မှာပင် နန်းတော်အတွင်းပိုင်းဆီမှ အသံတစ်သံ ရုတ်တရက် ထွက်လာခဲ့လေသည်။ ထိုအသံသည် မင်းသမီးအားလုံးကို ထိတ်လန့်သွားစေခဲ့လေ၏။ အကုန်လုံးမှာ နန်းတော်ထဲတွင် ဘာဖြစ်လို့ဖြစ်နေမှန်း မသိသည့်အတွက်ကြောင့် ငေးကြောင်ကြောင်ဖြင့် အကြည့်ချင်းဖလှယ်လိုက်ကြလေသည်။
ငိုက်မြည်းနေသည့် အငယ်ဆုံးမင်းသမီးလေးမှာလည်း ထိုအသံကြောင့် လန့်နိုးလာခဲ့ပြီး မျက်လုံးအပြူးသားဖြင့် သူမ၏အစ်မကြီးများကို မေးလိုက်လေသည်။ “ဘာဖြစ်သွားတာလဲ…”
မည်သူမျှ သူမ၏အမေးကို ပြန်မဖြေခဲ့ပေ။ မင်းသမီးအားလုံးသည် နန်းတော်ထဲရှိ အသံကိုသာ သေချာ နားစွင့်၍ နားထောင်နေကြလေသည်။
မကြာမီ နောက်ထပ်အသံတစ်သံ ပေါ်လာခဲ့သည်။ ယခုတစ်ကြိမ်တွင်တော့ မင်းသမီးအားလုံး ထိုအသံကို သေသေချာချာ ကြားလိုက်ရပေသည်။ သို့သော်ငြား ထိုအသံသည် အနည်းငယ်လေး ထူးဆန်းနေလေသည်။ သူတို့ ပုံမှန်ကြားနေကြအသံမျိုး မဟုတ်။ ပြဿနာတစ်ခုခုကြုံနေရ၍ အလန့်တကြားအော်သည့် အသံမျိုးလည်းမဟုတ်။
ခဏအကြာ၌ မင်းသမီးများ၏မျက်နှာ နီရဲသွားကုန်ကြလေသည်။ ထိုအသံကို ဘာကိုကိုယ်စားပြုသလဲဆိုသည်ကို နားလည်သွားသည့်နောက် သူတို့အနေဖြင့် မည်ကဲ့သို့များ ဆက်၍ ခိုးနားထောင်ရဲပါဦးမည်နည်း။ အကုန်လုံးမှာ သူတို့၏နား မညစ်ပတ်သွားရလေအောင် ထိုအသံကို မကြားနိုင်စေရန်အတွက် နားကို ပိတ်ထားချင်စိတ်များသာ ဖြစ်ပေါ်လာရတော့သည်။
မကြာမီ နန်းတော်ထဲဆီမှ ထွက်ပေါ်နေသည့် အသံများမှာ ပို၍ ကြည်လင်ပြတ်သားလာခဲ့သလို တစ်ကြိမ်ပြီးတစ်ကြိမ် ပေါ်လာသည့်နှုန်းမှာလည်း အကြိမ်ရေစိတ်လာခဲ့လေသည်။
အငယ်ဆုံးမင်းသမီးလေးမှာတော့ ကြောက်လန့်တကြား ထခုန်ရင်းမှ ဖြူဖတ်ဖြူလျော်မျက်နှာဖြင့် မေးလိုက်လေသည်။ “ဘာတွေဖြစ်နေတာလဲ… သူတို့ အထဲမှာ ဒုက္ခရောက်နေကြတာလား… ကျွန်မတို့ သွားကူဖို့ လိုသေးလား…”
အငယ်ဆုံးမင်းသမီးလေး၏ မေးခွန်းကို ကြားပြီးသည့်နောက် သူမ၏အစ်မများ ရယ်ရခက် ငိုရခက် ဖြစ်သွားကုန်ရလေသည်။
အငယ်ဆုံးမင်းသမီးလေး၏ ဘေးနားတွင် ရပ်နေသော ခြောက်ယောက်မြောက်မင်းသမီးက အလျင်စလို ပြန်ပြောလိုက်လေ၏။ “နင် အထဲမသွားတာ ကောင်းလိမ့်မယ်နော်…”
“ဘာလို့လဲ… ဘာလို့ ကျွန်မတို့ အထဲသွားလို့မရတာလဲ…” အငယ်ဆုံးမင်းသမီးလေးက ပြန်၍ မေးလိုက်လေသည်။
ခြောက်ယောက်မြောက်မင်းသမီးက ခြေဆောင့်လျက် “ကလေးတွေဆိုတာ ပြောတဲ့အတိုင်းပဲလုပ်ရတယ်… အပိုတွေထပ်မမေးရဘူး…”
“ဟင်… အင်း… အင်း…” အငယ်ဆုံးမင်းသမီးလေး နာနာခံခံဖြင့် ခေါင်းညိတ်လိုက်သည်။ အထဲတွင် ဘာတွေဖြစ်နေသလဲဆိုသည်ကို သူမ မသိပါသော်ငြား သူမ၏ခြောက်ယောက်မြောက်အစ်မမှ ယခုကဲ့သို့ ပြောလာသည့်အတွက်ကြောင့် ထိုကဲ့သို့ပြောရသည့်အကြောင်းအရင်း သူမတွင် ရှိနေပေလိမ့်မည်။ ရုတ်တရက်ဆိုသလို အငယ်ဆုံးမင်းသမီးလေးသည် သူမ၏ အခြားသောအစ်မများကို ကြည့်၍ စိုးရိမ်နေသည့်လေသံဖြင့် မေးလိုက်လေ၏။ “အစ်မ… အစ်မတို့ရဲ့မျက်နှာတွေ ဘာလို့ ဒီလောက် နီနေရတာလဲ… အစ်မတို့ နေမကောင်းဖြစ်နေကြတာလား…”
ဆယ့်တစ်ယောက်မြောက်မင်းသမီးလေးက အငယ်ဆုံးမင်းသမီးလေးကို ပြန်စိုက်ကြည့်ရင်းမှ ပြန်ပြောလိုက်လေ၏။ “ဘာ နေမကောင်းဖြစ်တာလဲ… ငါတို့ ဘယ်တုန်းက နေမကောင်းဖြစ်လို့လဲ…”
“ဒါပေမယ့်…” အငယ်ဆုံးမင်းသမီးလေးက သူမ၏လက်ကိုဆန့်ထုတ်၍ ခြောက်ယောက်မြောက်မင်းသမီး၏ပါးကို လှမ်းကိုင်ကြည့်လေသည်။ ထို့နောက် သူမလက်ကို ကြောက်လန့်တကြားဖြင့် ပြန်ဆွဲယူလျက် “အစ်မမျက်နှာက တကယ်ကိုပူနေတာပဲ ခြောက်ယောက်မြောက်အစ်မ… ဒါအခြေအနေမကောင်းတော့ဘူး… အဖေ့ဆီသွားပြီး ပြကြည့်ရမယ်…”
ဆယ့်တစ်ယောက်မြောက်မင်းသမီးသည် ခြောက်ယောက်မြောက်မင်းသမီးအား လှမ်း၍ စိုက်ကြည့်လိုက်လေသည်။ ထို့နောက် သူမလက်ကို ပါးစပ်ဖြင့်အုပ်၍ ပြုံးဖြီးရင်းမှ ပြောလိုက်လေသည်။ “ခြောက်ယောက်မြောက်မင်းသမီး အခုကြုံနေရတာနဲ့ပတ်သက်ပြီး ခမည်းတော် ဘာမှ ကူညီပေးနိုင်မှာမဟုတ်ဘူး…”
“ဒါဆို ကျွန်မတို့ ဘာလုပ်ကြမလဲ…”
ဆယ့်တစ်ယောက်မြောက်မင်းသမီးက ပြန်၍ပြောလိုက်လေသည်။ “အထဲကလူကို ခေါ်ပြီး ပြကြည့်ခိုင်းလိုက်ရင် သူအဆင်ပြေသွားလိမ့်မယ်…”
ထိုကဲ့သို့ပြောပြီးသည့်နောက်တွင် ဆယ့်တစ်ယောက်မြောက်မင်းသမီးသည် ရယ်ချင်စိတ်ကို မအောင့်အည်းနိုင်တော့ဘဲ ထရယ်တော့လေသည်။
“အဲ့ဒါဆို ကျွန်မ သူ့ကို သွားခေါ်လိုက်မယ်လေ…” အငယ်ဆုံးမင်းသမီးလေးမှာတော့ သူမအစ်မပြောသည့်စကားအားလုံးကို ယုံကြည်နေခဲ့ပြီး အထဲသို့ ဝင်သွားရန် ပြင်လိုက်လေသည်။ သို့သော်ငြား ခြေနှစ်လှမ်းလှမ်းပြီးသည့်နောက် အလျင်စလို နောက်သို့ပြန်ဆုတ်လျက် ကြောက်ကြောက်ရွံ့ရွံ့ဖြင့် ပြောလိုက်လေ၏။ “ကြည့်ရတာ သူ တစ်ယောက်ယောက်ကို သတ်နေတဲ့ပုံပဲ… ဟုတ်တယ်… ကျွန်မ မသွားရဲဘူး…”
ဆယ့်တစ်ယောက်မြောက်မင်းသမီး၏မျက်နှာထက်ရှိ အပြုံး ပို၍ ပီပြင်လာခဲ့လေသည်။ နန်းတော်အတွင်းပိုင်းဆီသို့ လှမ်းကြည့်ရင်းမှ ပြုံးဖြီးဖြီးဖြင့် အငယ်ဆုံးမင်းသမီးလေးကို ကြည့်လျက် ပြောလိုက်လေ၏။ “ဟုတ်တယ်… သူ လူသတ်နေတာ… သတ်ရုံတင်မဟုတ်ဘူး… စားပါစားနေတာ…”
“လူသားစားနေတာ…” အငယ်ဆုံးမင်းသမီးလေး၏ မျက်နှာတစ်ပြင်လုံး လုံးဝကို သွေးမရှိတော့သည့်အလား ဖြူလျော်သွားခဲ့လေ၏။
ဆယ့်တစ်ယောက်မြောက်မင်းသမီးက ဆက်ပြောလိုက်သည်။ “အဲ့ထဲကလူက လူသားစားရတာ အရမ်းကြိုက်တာနော်… အထူးသဖြင့် နင့်လိုမျိုး အသားအရေ နူးနူးညံ့ညံ့လေးတွေရှိတဲ့ ကောင်မလေးတွေပဲ… သူသာ နင့်ကို ဖမ်းမိသွားမယ်ဆိုလို့ရှိရင် ပထမဦးဆုံး နင့်လက်ချောင်းတွေကို စားပစ်လိုက်လိမ့်မယ်… ပြီးတာနဲ့ နင့်နှာခေါင်း… နင့်နား…”
ပြောနေရင်းဖြင့် ဆယ့်တစ်ယောက်မြောက်မင်းသမီးသည် တစ်ခုခုအား စားနေသည့်ပုံစံမျိုးပါ လုပ်ပြလိုက်လေသည်။
“အား…” အငယ်ဆုံးမင်းသမီးလေးမှာ အလွန်ကိုမှ ကြောက်လန့်သွားခဲ့ပြီး ချက်ချင်းပဲ ခြောက်ယောက်မြောက်မင်းသမီး၏ ရင်ခွင်ထဲသို့ ပြေးဝင်ကာ တုန်တုန်ရီရီလေသံဖြင့် “ခြောက်ယောက်မြောက်အစ်မ… ကျွန်မကိုကယ်ပါဦး… ကျွန်မ အစားမခံချင်ဘူး… ကျွန်မ သူစားတာ မခံချင်ဘူး…”
“နင် သူ့ကို ဘာတွေဖြဲခြောက်နေတာလဲ…” ခြောက်ယောက်မြောက်မင်းသမီးက ဆယ့်တစ်ယောက်မြောက်မင်းသမီးအား ဒေါမာန်တကြီးဖြင့် စိုက်ကြည့်လျက် “ညီမလေးက ဘာမှသိတာမဟုတ်ဘူး… လူတိုင်းပြောတာကို ယုံနေတာ… အဲ့ဒါကို နင် ဘာလို့ သူ့ကို ဒီလောက်တောင် ဖြဲခြောက်ချင်နေရတာလဲ…”
ဆယ့်တစ်ယောက်မြောက်မင်းသမီးက ပုခုံးတွန့်လျက် “ဒီမှာရပ်စောင့်နေရတာ အရမ်းပျင်းစရာကောင်းတာဟာကြီးကို… အဲ့ဒါကြောင့်မို့လို့ စိတ်ပြေလက်ပျောက်လေး စကြည့်မိတာကို… ဟမ့်… ပျော်စရာလည်းမကောင်းဘူး… အရမ်းကိုကြောက်တတ်တာပဲ…”
ဖုယုက အေးစက်စက်လေသံဖြင့် ပြန်ပြောလိုက်သည်။ “နင်မကြောက်တတ်ဘူးဆိုရင် နင့်ဘာသာနင် အထဲဝင်သွားလိုက်… သူနင့်ကို ဘယ်လိုလုပ်မလဲဆိုတာတော့ ငါလည်း မပြောတတ်ဘူး…”
ဆယ့်တစ်ယောက်မြောက်မင်းသမီးက ပြန်ပြောလိုက်သည်။ “ထားလိုက်တော့… အဲ့ကောင်က ရန်စလို့ကောင်းတဲ့ကောင်မဟုတ်ဘူး… သူသာ ကျွန်မကို စားမယ်ဆိုလို့ရှိရင် ကျွန်မအရိုးတွေတောင် မကျန်မှာ ကြောက်ရတယ်… ဒီတော့ သူ့ဆီမသွားတာ အကောင်းဆုံးပဲ…”
ထိုစကားကိုကြားသည့်အခါ အငယ်ဆုံးမင်းသမီးလေးမှာ ပို၍ကို ကြောက်လန့်သွားခဲ့ပြီး ခြောက်ယောက်မြောက်မင်းသမီး၏ ရင်ခွင်ထဲသို့ အတင်းတိုးဝင်ကာ အော်ပြောလိုက်လေသည်။ “ကျွန်မကို ဒီကနေ ခေါ်သွားပေး ခြောက်ယောက်မြောက်အစ်မ… ကျွန်မ ဒီမှာမနေချင်တော့ဘူး… ကျွန်မကို ကယ်ပါဦး… ခမည်းတော်… ခမည်းတော်… ကျွန်မကိုကယ်ပါဦး… အူးး အူးးး အူး…”
ဖုယုသည် သူမအား စိုက်ကြည့်ရင်းမှ ပြောလိုက်သည်။ “သူ့နားတွေကို ပိတ်ထားပေးလိုက်…”
ခြောက်ယောက်မြောက်မင်းသမီးသည် သူမလက်ကို ဆန့်ထုတ်၍ အငယ်ဆုံးမင်းသမီးလေး၏ နားများကို ပိတ်ထားပေးလိုက်လေသည်။
နန်းတော်ထဲမှ အသံဗလံများမှာတော့ ဆက်လက်ထွက်လာနေခဲ့သေးသည်။ ထိုအသံများကြောင့် နန်းတော်အပြင်ဘက်တွင် ရပ်စောင့်နေရသည့် မင်းသမီးများမှာတော့ လုံးဝကို ကသိကအောက်အမူအယာများဖြင့် ရှိနေကြရလေသည်။ ကံကောင်းစွာဖြင့် အငယ်ဆုံးမင်းသမီးလေးမှာ အကြောက်ကြီးကြောက်သွားပြီးသည့်နောက် တောက်လျှောက်အော်ငိုနေရာမှ ပင်ပန်းသွားသည့်အလား အိပ်ပျော်သွားခဲ့လေ၏။ သူမ၏ညီမလေးမျက်နှာထက်ရှိ မျက်ရည်စများကိုကြည့်ရင်း ခြောက်ယောက်မြောက်မင်းသမီးမှာ ဝမ်းလည်း ဝမ်းနည်းမိသလို ဒေါသလည်း ထွက်မိပေသည်။ ထို့အတွက်ကြောင့် နန်းတော်ထဲတွင် ရှိနေသောလူအား သူမစိတ်ထဲ ပို၍ပင် မုန်းတီးမိသွားတော့လေ၏။
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၂၉၇၀)
ဘာသာပြန်သူ_တိမ်တိုက်
“တကယ်ကို အလုပ်မဖြစ်တာပဲ…” ရန်ကိုင်မှာ ကုတင်ပေါ်တွင်လှဲနေသည့် ကျုချင်းကိုကြည့်ရင်း အနည်းငယ်ဆွံ့အချင်သလို ဖြစ်နေခဲ့သည်။
ထို့နောက်တွင် ရန်ကိုင်သည် နဂါးအသွင်ပြောင်းလဲခြင်းပညာရပ်ကို နောက်တစ်ကြိမ် ထုတ်သုံးကြည့်လေသည်။ ဤတစ်ကြိမ်တွင် မည်သည့်ပြောင်းလဲမှုနှင့်မျှ မကြုံရချေ။ ရန်ကိုင်၏အမြင့်သည် လေးဆယ့်ငါးမီတာခန့်တွင်သာ ရှိနေပေသေးသည်။ လုံးဝ တိုးလာခြင်းမရှိ။
ကျုချင်းသည် သူမ၏ခန္ဓာကိုယ်ကို စောင်ဖြင့်ကာထားရင်းမှ မျက်မှောင်ကျုံ့၍ ပြောလိုက်လေသည်။ “အလုပ်မဖြစ်ပါဘူးလို့ ငါ နင့်ကို ဒီလောက်ပြောနေတာကို ဘာဖြစ်လို့ ငါပြောတာကို မယုံရတာလဲ…”
ယခု သေသေချာချာ ပြန်စဉ်းစားကြည့်လိုက်သည့်အခါ ရန်ကိုင် သူမပြောသည်ကို ယုံယုံ မယုံယုံ ကိစ္စမရှိပေ။ ရန်ကိုင်အတွက်မူ သူလုပ်ချင်သည့်အရာကို လုပ်ရရန်သာ အရေးအကြီးဆုံးဖြစ်၏။
နဂါးအသွင်ပြောင်းလဲခြင်းပညာရပ်ကို ပြန်ရုတ်သိမ်းလိုက်ပြီးသည့်နောက် ရန်ကိုင်က ရယ်သွမ်းသွေး၍ ပြောလိုက်လေ၏။ “နည်းနည်းလေးပဲ စမ်းကြည့်ရသေးတာ… ထပ်ပြီးတော့ စမ်းကြည့်ဦးမယ်ဆိုရင် အလုပ်ဖြစ်ရင်ဖြစ်လောက်တယ်…”
ပြောပြီးသည်နှင့် ကုတင်ပေါ်သို့ ခုန်တက်ရန် ပြင်လိုက်လေသည်။
“အပိုတွေလုပ်မနေနဲ့တော့…” ကျုချင်းသည် ရန်ကိုင်အား ပြန်တွန်းထုတ်လိုက်ပြီးသည့်နောက် စူးရဲစွာစိုက်ကြည့်ရင်းမှ ပြောလိုက်သည်။ “နဂါးတွေက သဘာဝအရကို တဏှာကြီးတာ… နင့်ရဲ့အမြုတေ ပိုပြီးအားကောင်းလေ နင့်ကိုယ်နင် ပိုပြီး ထိန်းချုပ်ဖို့လိုလေပဲ…”
လွန်ခဲ့သောရက်များအတွင်း ကျုချင်းမှာ အမြဲလိုလို နာနာခံခံနှင့် နေခဲ့ပေသည်။ သို့သော်ငြား ယခုတစ်ကြိမ်တွင်တော့ သူမ၏အမြင်ကို အလေးအနက်အမူအယာဖြင့် ထုတ်ပြောလာခဲ့လေသည်။ ထို့အတွက်ကြောင့် ရန်ကိုင်မှာ ကျုချင်းအား အံ့ဩတကြီးဖြင့် ကြည့်နေမိ၏။ လက်ရှိကျုချင်းသည် လုံးဝ လူသစ်တစ်ယောက်သို့ ပြောင်းလဲသွားသည့်ပုံစံမျိုးပင်။
ရန်ကိုင်မှာလည်း ခေါင်းညိတ်၍ သဘောတူလိုက်ရုံသာ တတ်နိုင်တော့လေသည်။ “ကောင်းပြီ ကောင်းပြီ… ငါ့ကိုယ်ငါထိန်းချုပ်မယ်… ဒါပေမယ့် အခုလိုမျိုးကလေ နင်တို့နဂါးကလန်သားတွေအကုန်လုံးပဲလား… အဲ့ဒါဆိုလို့ရှိရင် နင်တို့အချင်းချင်း ဘယ်လိုနေကြလဲ…”
ကျုချင်းက ပြန်ပြောလိုက်သည်။ “အထီးတွေပဲ အဲ့လိုမျိုးဖြစ်တာ… ဒါပေမယ့် အခြားကလန်သားတွေရှေ့မှာ သူတို့ အခုလိုမျိုး စိတ်ထင်တိုင်းမလုပ်ရဲကြဘူး…”
ရန်ကိုင်က မျက်လုံးအပြူးသားဖြင့် “ဒါဆိုရင် သူတို့တကယ်လိုအပ်လာရင်ရော…”
ကျုချင်းမှာ ထိုအမေးကို ပြန်မဖြေချင်ခဲ့ပေ။ သို့သော်ငြား သူမ မဖြေလျှင် ရန်ကိုင်မှ တောက်လျှောက်ဆက်မေးနေမည်မှန်း သိသည့်အတွက်ကြောင့် မျက်မှောင်ကျုံ့၍ ပြန်ပြောလိုက်သည်။ “သူတို့မှာ သူတို့ကိုယ်ပိုင်နည်းလမ်းတွေ ရှိပြီးသား…”
ကျုချင်း၏စကားကို ကြားပြီးသည့်နောက် ရန်ကိုင်၏စိတ်ထဲ အတွေးပေါင်းစုံ ဖြတ်ပြေးသွားခဲ့လေသည်။ အချို့သောရယ်စရာမြင်ကွင်းများကို စဉ်းစားမိလိုက်သည့်အခိုက် ရန်ကိုင်မှာ သူ့ကိုယ်သူ မထိန်းနိုင်တော့ဘဲ ထရယ်မိလေ၏။ နောက်နောင် ကျုလဲ့နှင့် ပြန်တွေ့လျှင် ထိုအကြောင်းများကိုပြော၍ စနောက်ရမည်ဟုလည်း ဆုံးဖြတ်လိုက်လေသည်။
ကျုချင်းသည် ရန်ကိုင်အား စိုက်ကြည့်လျက် ပြောလိုက်လေ၏။ “ငါသဘောမတူဘဲနဲ့ ငါ့ကိုလာမထိဖို့ နင့်ကို ငါ ပြောထားတယ်မဟုတ်ဘူးလား…”
ရန်ကိုင်က သူမမှားပါဘူးဟူသော ပုစံမျိုးဖြင့် ပြန်မေးလိုက်လေသည်။ “ဒါပေမယ့် နင် သဘောတူလိုက်တယ်မဟုတ်ဘူးလား… နင် သဘောတူတာ သေချာပါတယ်…”
“နောက်တစ်ကြိမ် အခုလိုမျိုးတွေ ထပ်မလုပ်နဲ့တော့…” ကျုချင်းသည် ရန်ကိုင်၏လက်မောင်းအား စိတ်ပေါက်ပေါက်ဖြင့် ဆွဲဆိတ်လိုက်ပြီးသည့်နောက် ထရပ်ကာ အဝတ်ပြန်ဝတ်လေ၏။
ရန်ကိုင်သည် မေးပေါ်လက်တင်ရင်းမှ ကျုချင်းအား စိုက်ကြည့်လျက် ထိုင်ရယ်နေခဲ့လေသည်။
“နင်ဘာတွေစိုက်ကြည့်နေတာလဲ…” ကျုချင်း ရှက်သွေးဖြာသွားလေ၏။
“နင်က အရမ်းလှတာပဲ…” ရန်ကိုင်ပါးစပ်ထဲ စကားလုံးလှလှလေးများ စတင်ထွက်ပေါ်လာတော့လေသည်။ “ငါနင့်ကို တစ်ဘဝလုံးတောင် ဒီတိုင်း ထိုင်ပြီး ကြည့်နေနိုင်တယ်…”
“နင် အရင်မိန်းမတွေကိုလည်း ဒီအတိုင်းပဲ ပြောခဲ့တာမလား…” ကျုချင်းက အနည်းငယ်မနာလိုသည့်လေသံဖြင့် ပြောလိုက်လေသည်။ သူမ၏အဝတ်အစားများကို ပြန်ဝတ်ပြီးသည့်နောက် ဘေးပတ်ဝန်းကျင်သို့ လှည့်ပတ်ကြည့်ရင်းမှ မေးလိုက်သည်။ “အားဝမ်ဘယ်မှာလဲ…”
“တံခါးစောင့်နေတယ်…” ရန်ကိုင်က တံခါးဆီ ညွှန်ပြလိုက်သည်။
ထိုအခါမှသာလျှင် ရန်ကိုင်သည် အားဝမ်အား အပြင်ထွက်သွားရန် မောင်းထုတ်ခဲ့ကြောင်းကို ကျုချင်း ပြန်သတိရသွားသည်။ ထို့နောက်တွင် တံခါးပေါက်ဝ၌ မင်းသမီးများစွာ ရပ်စောင့်နေသည့်အကြောင်းကို စဉ်းစားမိလိုက်သော် ကျုချင်း၏မျက်နှာ သွေးဆုတ်ဖြူလျော်သွားခဲ့လေသည်။ ထိုမင်းသမီးများသည် အခန်းထဲတွင်ဖြစ်နေသည့် အကြောင်းစုံကို ကြားသိခဲ့ရပေလိမ့်မည်။ ယခု မည်သည့်မျက်နှာနှင့် ထိုလူများကို သွားတွေ့ရတော့မည်နည်း။
ကျုချင်းမှာ ရှက်လွန်းသည့်အတွက်ကြောင့် ဒေါသထွက်ထွက်ဖြင့် ရန်ကိုင်၏နားရွက်ကို ဆွဲ၍ ပြောလိုက်လေသည်။ “နင် ဘာလို့ အခုထိ မထသေးတာလဲ…”
ရန်ကိုင်လည်း ကျုချင်းစိတ်ဆိုးနေမှန်း သိသဖြင့် အမြန်ထရပ်လိုက်လေသည်။ လက်ရှိအချိန်တွင် ရန်ကိုင်သည် လုံးဝကို ဝတ်လစ်စားလစ် ဖြစ်နေခဲ့သည်။ ရှက်နေသည့်ကျုချင်းကို ကြည့်ရင်းမှ ရန်ကိုင်မှာ အားပါးတရ အော်ရယ်မောနေလေ၏။
ကျုချင်းသည် ရန်ကိုင်အား ဒေါမာန်တကြီးဖြင့် စိုက်ကြည့်လိုက်လေသည်။ ထို့နောက်တွင် ချက်ချင်း အကြည့်လွှဲဖယ်သွားလေသည်။ ကျုချင်းမှာ ရန်ကိုင်အား မကြည့်မိအောင် အတတ်နိုင်ဆုံး ထိန်းနေရသည်။ ထို့နောက်တွင် ကုတင်ပေါ်မှ ရန်ကိုင်၏အဝတ်များကို ကောက်ယူ၍ ရန်ကိုင်အား သေသေချာချာ ဝတ်စားပေးလိုက်သည်။
ဤသည်မှာ ကျုချင်းအဖို့ ရန်ကိုင်အား ပထမဦးဆုံးအကြိမ်အဖြစ် အဝတ်ဝတ်ပေးခြင်း ဖြစ်သည့်အတွက်ကြောင့် ယောကျ်ားသားများ၏ အဝတ်များနှင့် သိပ်၍ မရင်းနှီးသလို ဖြစ်နေခဲ့ကာ ရန်ကိုင်အား ဝတ်ပေးရသည်မှာ ဟိုထောက်ဒီထောက် ဖြစ်နေလေ၏။
ထို့အတွက်ကြောင့်ပင်လျှင် တစ်ခဏကြာသွားသည့်အခါမှသာ ရန်ကိုင်အား အဝတ်ဝတ်ပေးလို့ ပြီးသွားခဲ့လေသည်။
ထို့နောက်တွင် ရန်ကိုင်အား အခန်းထဲရှိ ကြည့်မှန်ရှေ့သို့ ဆွဲခေါ်သွားပြီး ရန်ကိုင်အား မှန်တင်ခုံရှေ့ရှိ ထိုင်ခုံပေါ်တွင် ထိုင်စေလျက် ကျုချင်းသည် ရန်ကိုင်၏ ဆံပင်ကို သေသေချာချာ ဖြီးလိမ်းပေးလိုက်သည်။
ရန်ကိုင်သည် မှန်ထဲရှိပုံကို ကြည့်ရင်း တပြုံးပြုံးဖြစ်နေလေသည်။ ကျုချင်း၏ အလေးအနက်ပုံစံကြီးကို မြင်ပြီးသည့်နောက် ရန်ကိုင်မှာ သူ့ကိုယ်သူ အလွန်ကိုမှ ဂုဏ်ယူဝံ့ကြွားချင်သလို ဖြစ်သွားခဲ့လေသည်။
နေ့ဝက်ခန့် ကြာပြီးသည့်နောက်တွင် လူသားဧကရာဇ် အလျင်စလို ရောက်လာခဲ့လေသည်။ နန်းတော်တံခါးပေါက်ဝတွင် ရပ်နေသော သူ့သမီးများကို မြင်ပြီးသည့်နောက် အံ့အားသင့်တကြီးအမူအယာဖြင့် “နင်တို့ အပြင်မှာ ဘာရပ်လုပ်နေတာလဲ…”
ဖုယုက ပြန်ပြောလိုက်သည်။ “သူ သမီးတို့ကို အပြင်မှာ စောင့်ခိုင်းထားတာ…”
လူသားဧကရာဇ် မျက်မှောင်ကျုံ့သွားခဲ့သည်။ “နင်တို့ ဒီရက်ပိုင်း ဒီတိုင်းကြီးပဲ တောက်လျှောက် စောင့်နေရတာလား…”
ဖုယု ခေါင်းညိတ်ပြလိုက်သည်။
လူသားဧကရာဇ် သက်ပြင်းအမောကြီးချလိုက်ပြီး စိတ်ပျက်သွားသည့်အရိပ်အယောင်ဖြင့် ပြောလိုက်လေသည်။ “ဆရာ… ဆရာရှာခိုင်းထားတဲ့လူတွေနဲ့ ပတ်သက်ပြီး သတင်းအချို့ ရထားပါတယ်…”
အခန်းတံခါးပွင့်လာပြီး ရန်ကိုင်နှင့် ကျုချင်းတို့ တစ်ပြိုင်တည်း ထွက်လာကြသည်။
မင်းသမီးများမှာမူ ထိုလူနှစ်ဦးကိုကြည့်ရင်း ပုံစံအမျိုးမျိုးဖြင့် ရှိနေကြလေသည်။ ဒုတိယမင်းသမီးဖုယုမှာတော့ သူမမျက်လုံးထဲရှိ အထင်သေးရိပ်တို့ကို လုံးဝဖုံးကွယ်ခြင်းငှာ မစွမ်းနိုင်ခဲ့ချေ။ အထူးသဖြင့် ကျုချင်းကို ကြည့်နေသည့်အခါတွင်ပင်။ ခြောက်ယောက်မြောက်မင်းသမီးမှာတော့ ခေါင်းငုံ့ထားသဖြင့် သူမမျက်နှာ မည်သို့မည်ပုံရှိသလဲဆိုသည်ကို ပြောရခက်လှသည်။ ဆယ့်တစ်ယောက်မြောက်မင်းသမီးမှာတော့ ရန်ကိုင်အား စိတ်ဝင်တစားဖြင့်ကြည့်ရင်းမှ အချက်ပေးနေခဲ့လေသည်။
ထိုလူများ၏ အပြုအမူကို ရန်ကိုင်သတိမထားမိဘဲ မနေပေ။ သို့သော်ငြား ဂရုစိုက်မနေခဲ့ပဲ လူသားဧကရာဇ်ဘက်သို့သာ လှည့်၍ မေးလိုက်သည်။ “ဘာထူးတာလဲ…”
လူသားဧကရာဇ်က ပြန်ပြောလိုက်သည်။ “လွန်ခဲ့တဲ့မိနစ်သုံးဆယ်လောက်က သိမ်းငှက်နှုတ်သီးချောက်ကမ်းပါးမှာ တိုက်ခိုက်တဲ့အရိပ်အယောင်တွေကို တွေ့လိုက်ရတယ်လို့ သတင်းရထားပါတယ်… ဒီလူအိုကြီးကိုယ်တိုင်လည်း လူလွှတ်ပြီးတော့ စစ်ဆေးကြည့်သေးတယ်… ဒါပေမယ့် သူရောက်သွားတဲ့အချိန်မှာတော့ တိုက်ပွဲက ပြီးနေပြီ… အဲ့နေရာမှာ သေနေတဲ့ နတ်ဆိုးမျိုးနွယ်စုတွေတော်တော်များများကိုတော့ တွေ့လိုက်တယ်… အကုန်လုံးရဲ့ကျင့်ကြံခြင်းကတော့ တော်တော်လေးမြင့်တယ်လို့ ပြောရမယ်…”
“ဘယ်သူလုပ်သွားလဲ သိလား…”
လူသားဧကရာဇ်က ခေါင်းခါလျက် “မသိဘူး.. ဒါပေမယ့် ဒီဒွိလောကကမ္ဘာထဲမှာ ဧည့်သည်တော်နှစ်ယောက်ကလွဲပြီးတော့ လူသားအင်ပါယာမြို့တော်အပြင်ဘက်မှာ နေနိုင်တဲ့လူ ဘယ်သူမှမရှိကြဘူး… အရေးကြီးဆုံးအချက်က ဒီမြို့ထဲက ဘယ်သူမှာမှ နတ်ဆိုးတွေအများကြီးကို အပြင်ဘက်မှာ အဲ့လိုသွားပြီးတော့ သတ်နိုင်တဲ့ အရည်အချင်းမျိုး မရှိဘူး… ဒီတော့ ဒီလူအိုကြီးထင်တာကတော့ ဧည့်သည်တော်တို့နှစ်ယောက် ရှာနေတဲ့လူတွေပဲ ဖြစ်လိမ့်မယ်…”
ရန်ကိုင်က ခေါင်းညိတ်၍ ခဏမျှစဉ်းစားနေပြီးသည့်နောက် ပြန်ပြောလိုက်သည်။ “အဲ့လိုဆိုရင် တစ်ချက်သွားကြည့်တာပေါ့…”
လူသားဧကရာဇ်က ပြန်ပြောလိုက်၏။ “ဒါဆိုရင် အဲ့နေရာဆီခေါ်သွားပေးဖို့ ဒီလူအိုကြီး ချက်ချင်းပဲ တစ်ယောက်ယောက်ကို စီစဉ်ပေးလိုက်ပါမယ်…”
“မလိုဘူး… ကျုပ် အဲ့နေရာကိုသိပြီးသား… ကျုပ်မိန်းမနဲ့ ကျုပ်ဘာသာ သွားစစ်ဆေးကြည့်မယ်…” လွန်ခဲ့သည့်ရက်များအတွင်း ရန်ကိုင်သည် ဒွိလောကကမ္ဘာကြီး၏ မြေနေရာအနေအထားအကြောင်းကို သေသေချာချာ မှတ်သားထားလေသည်။ ထို့အတွက်ကြောင့် သိမ်းငှက်နှုတ်သီးချောက်ကမ်းပါး မည်သည့်နေရာတွင် ရှိသလဲဆိုသည်ကို ရန်ကိုင် ကောင်းကောင်းသိလေ၏။
“ဧည့်သည်တော်တို့နှစ်ဦး ကျေးဇူးပြုပြီး ဂရုစိုက်ပါနော်…”
ရန်ကိုင်က ယဲ့ယဲ့လေးပြုံးလျက် “အကုန်လုံးသာ ချောချောမွေ့မွေ့နဲ့ ပြီးသွားလို့ရှိရင် ကျုပ်တို့ ဒီကမ္ဘာကြီးထဲကနေ တိုက်ရိုက်ထွက်သွားနိုင်လိမ့်မယ်… အခုလိုမျိုးဧည့်ဝတ်ပျူငှာမှုအတွက် ကျေးဇူးအများကြီးတင်ပါတယ်…”
ထိုစကားကိုကြားသည့်အခါ လူသားဧကရာဇ် ပျော်ရွှင်စွာ ပြုံးလိုက်လေသည်။ လူသားဧကရာဇ်သည် ရန်ကိုင်အား ဤနေရာမှ မြန်နိုင်သမျှမြန်မြန် ထွက်သွားစေချင်နေမိပေသည်။ သို့မှသာ မတော်တဆအဖြစ်အပျက်များ မဖြစ်ဘဲ နေပေလိမ့်မည်။ ထို့အတွက်ကြောင့် ရန်ကိုင်က ဤနေရာမှ ထွက်သွားတော့မည့်အကြောင်း ပြောလာသော် လူသားဧကရာဇ် ဝမ်းသာသွားရခြင်းပင်။ ချက်ချင်းပဲ သူ့စိတ်လှုပ်ရှားမှုကို ထိန်းချုပ်ထားရင်းမှ တည်တည်ငြိမ်ငြိမ်ဖြင့် ပြန်ပြောလိုက်လေ၏။ “ဧည့်သည်တော်တို့ ဒီလူအိုကြီး ကောင်းကောင်း မဧည့်ခံမိသလို ဖြစ်သွားခဲ့ရင် ကျေးဇူးပြုပြီးတော့ ခွင့်လွှတ်ပေးဖို့ တောင်းဆိုပါတယ်…”
ပြောသာပြောနေပါသော်ငြား ပြောနေသည့်စကားနှင့် မျက်နှာအမူအယာမှာတော့ လုံးဝကို ကီးကိုက်မနေခဲ့ပေ။ သို့သော်ငြား ရန်ကိုင်ကမူ လူသားဧကရာဇ်ကို သွားပြဿနာရှာရန် ပျင်းရိလွန်းနေခဲ့သည်။ ထို့အတွက်ကြောင့် ဘာမျှပြန်မပြောတော့ဘဲ ကျုချင်းကိုခေါ်၍ ထွက်သွားတော့မည်အပြု ဖုယုမှ ကျုချင်းအား အထင်အမြင်တသေးဖြင့် စိုက်ကြည့်မြဲ စိုက်ကြည့်နေသည်ကို သတိထားမိလိုက်လေသည်။ ဖုယုကိုကြည့်ရင်း ရန်ကိုင်စိတ်ထဲ ဒေါသတနုံ့နုံ့ ထွက်လာခဲ့လေ၏။
ရုတ်တရက် အကြံတစ်ခု စဉ်းစားမိသွားခဲ့ပြီး အားဝမ်ကို လှမ်းခေါ်လိုက်လေသည်။ “အားဝမ်…သွားကြရအောင်…”
“ဝုတ်… ဝုတ်…” အားဝမ်သည် ဇိမ်ပြေနပြေထိုင်နေရာမှ ထလိုက်ပြီးသည့်နောက် ဖုယုကိုကြည့်၍ တစ်ချက် ထဟောင်လိုက်လေသည်။ ပြီးသည့်အခါမှသာလျှင် ရန်ကိုင်ဆီသို့ လျှောက်လာခဲ့သည်။
“ဘာလဲ… မင်း ဘာပြောလိုက်တာ…” ရန်ကိုင်သည် ခွေးပေါက်လေးကို မျက်လုံးအပြူးသားဖြင့် ကြည့်လိုက်လေသည်။
“ဝုတ်…” ခွေးပေါက်လေးသည် ရန်ကိုင်အား ကြောင်တောင်တောင်ဖြင့် ပြန်၍ကြည့်လိုက်လေသည်။
“ဘာ… မဖြစ်နိုင်ဘူး… ခွေးကောင်လေး… မင်း ဘယ်လိုတောင် အဲ့လိုမျိုး စဉ်းစားရဲတာလဲ… မင်း မဟုတ်တရုတ်တွေ လာပြောမနေနဲ့…”
ခွေးပေါက်လေးမှာ ရန်ကိုင်ကိုကြည့်ရင်း မင်သက်နေခဲ့လေသည်။ ရန်ကိုင် ဘာတွေပြောလို့ပြောနေမှန်း သူနားမလည်။
ရန်ကိုင်ကမူ ခွေးပေါက်လေး၏ မသိနားမလည်သည့်ပုံစံကို မသိချင်ယောင်ဆောင်လျက် ဆက်၍ပြောလိုက်လေသည်။ “ဘယ်သူမဆို ကိုယ်နဲ့ပတ်သက်တဲ့အရာမျိုးကိုပဲ လိုအင်ဆန္ဒရှိရတယ်… ခွေးတစ်ကောင်ဖြစ်တဲ့အလျောက် မင်းလည်း ကိုယ့်အတိုင်းအဆကိုယ်သိသင့်တယ်… မင်းနဲ့ မသင့်တော်တဲ့ဟာတွေကို မင်း မတွေးသင့်ဘူး… နားလည်လား… ဒီသခင်လေး ဒီမှာရှိနေလို့ပေါ့ကွာ… မဟုတ်ရင်တော့ မင်း သူရိုက်သတ်ပြီးတော့ စားတာကို ခံနေရလောက်ပြီ…” ပြောနေရင်းမှ ရန်ကိုင်သည် လူသားဧကရာဇ်အား လှမ်း၍ကြည့်လိုက်လေသည်။
လူတိုင်းမှ ရန်ကိုင်ကိုကြည့်ရင်း ကြောင်တောင်တောင် ဖြစ်နေကြလေသည်။ မင်းသမီးများမှာလည်း အလားတူ။ ဖုယုကမူ မျက်မှောင်ကျုံ့နေခဲ့သည်။ သူမစိတ်ထဲ တစ်ခုခုမှားယွင်းနေသည်ဟု ခံစားနေရပါသော်ငြား ဘာမှားလို့မှားနေမှန်း မပြောနိုင်ခဲ့ပေ။
သို့သော်ငြား လူသားဧကရာဇ်မှာ ပါးနပ်သူတစ်ဦးပီပီ ချက်ချင်းပဲ ပြုံး၍ ပြောလိုက်လေသည်။ “ဆရာ… ဆရာ့ရဲ့အိမ်မွေးခွေးပေါက်လေး ဘာလိုချင်နေတာလဲ သိလို့ရမလား… ဆရာစိတ်ထဲမထားဘူးဆိုလို့ရှိရင် ဒီလူအိုကြီးကို ပြောလို့ရတယ်… ဒီလူအိုကြီး အဲ့ခွေးပေါက်လေးရဲ့ဆန္ဒကို ဖြည့်ဆည်းပေးနိုင်မလားလို့ မပြောတတ်ပေမယ့်ပေါ့…”
ရန်ကိုင်က ရယ်သွမ်းသွေးလျက် “ဘာမှမဟုတ်ပါဘူး… ဒီကောင်က စိတ်ဝင်စားစရာကောင်းတာလေးတစ်ခု ပြောနေတာ… လူသားဧကရာဇ် ခင်ဗျား စိတ်ထဲထားနေစရာမလိုဘူး…”
လူသားဧကရာဇ်က ချက်ချင်းပဲ ပြန်မေးလိုက်သည်။ “စိတ်ဝင်စားစရာဆိုရင် ဘာလို့ ဒီလူအိုကြီးကို မပြောပြရတာလဲ… ပြောပြလို့လည်း ဘာမှကိစ္စမရှိဘူးမလား…”
ရန်ကိုင်သည် ဖုယုကိုကြည့်၍ “ဒီကောင်လေးက ဒုတိယမင်းသမီးကို ကြိုက်နေတာ… ဒီတော့ ဒုတိယမင်းသမီးကို ကျုပ်တို့နဲ့အတူ လိုက်စေချင်နေတာ… သူ့ဟာကြီးက ရယ်စရာကြီးမဟုတ်ဘူးလား…”
လူသားဧကရာဇ်မျက်နှာထက်ရှိအပြုံး ရုတ်ချည်း ပျောက်ကွယ်သွားခဲ့လေသည်။ ယခု ရန်ကိုင်၏အပြောကို သူ့အနေဖြင့် မည်ကဲ့သို့ ပြန်ပြောလို့ ပြောရမှန်းမသိ။ ထို့အတွက်ကြောင့် သူ့နဖူးထက် ချွေးအေးများ ဝေ့သီလာရတော့လေသည်။
ဖုယုကမူ ဖြူဖတ်ဖြူလျော်မျက်နှာဖြင့် ကြောက်လန့်တကြား ထအော်လေသည်။ “လုံးဝမရဘူး…”
ရန်ကိုင်၏အမူအယာ အေးစက်သွားခဲ့ပြီး ပြန်မေးလိုက်လေသည်။ “ဘာလို့မရတာလဲ…”
ဖုယုက အထိတ်တလန့်အမူအယာဖြင့် ပြန်ပြောလိုက်သည်။ “သူ ဘယ်လိုလုပ်ပြီး ကျွန်မကိုကြိုက်နိုင်မှာလဲ… ရှင် မဟုတ်သုတ်ခတွေ လျှောက်ပြောနေတာ…”
ရန်ကိုင်က နှာခေါင်းရှုံ့လျက် “ကျုပ်ကတော့ ခင်ဗျားကိုမကြိုက်ပေမယ့် သူကတော့ ခင်ဗျားကို ကြိုက်ရင်ကြိုက်မှာပေါ့… အဲ့ကိစ္စနဲ့ပတ်သက်ပြီး ကျုပ်ကလည်း ဘာမှတတ်နိုင်တာမဟုတ်ဘူး… သူ ခင်ဗျားကိုကြည့်တာများပြီးတော့ ကြိုက်သွားတာ ဖြစ်ရင်ဖြစ်မှာပေါ့… ခင်ဗျားမယုံဘူးဆိုလို့ရှိရင် ကိုယ်တိုင်မေးကြည့်လိုက်ပါလား…”
“ကျွန်မက သူ့ကို ဘယ်လိုမေးရမှာလဲ…” ဖုယု မင်သက်နေခဲ့လေသည်။ သူမအနေဖြင့် ခွေးပေါက်လေးအား ထိုမေးခွန်းကို သွားမမေးနိုင်ပေ။ ရန်ကိုင် သူမအား ပြန်လက်စားချေနေခြင်းဖြစ်ကြောင်း သူမစိတ်ထဲ သေချာနေပါသော်ငြား လက်ရှိအခြေအနေသည် သူမထင်ထားသည်ထက် ပို၍ ရှုပ်ထွေးနေခဲ့လေသည်။ အခန့်မသင့်လျှင် သူမအနေဖြင့် ထိုခွေးပေါက်လေး၏ ကစားစရာဘဝသို့ ရောက်သွားရနိုင်သည်။
သို့သော်ငြား ဖုယုအတွက်မူ ထိုကဲ့သို့အဖြစ်ခံမည့်အစား သေသာသေလိုက်ပေမည်။ သူမအနေဖြင့် ထိုကဲ့သို့သော တောင်းဆိုချက်မျိုးကို မည်သို့များ သဘောတူနိုင်ပါမည်နည်း။
“ခမည်းတော်…” ဖုယုသည် လူသားဧကရာဇ်အား အလျင်စလို လှမ်းကြည့်လိုက်လေသည်။ သို့သော်ငြား လူသားဧကရာဇ်ဆီသို့ အကြည့်ရောက်သွားချိန် ဆက်ပြောရန် ကြံနေသည့် စကားများ သူမ၏လည်ချောင်းဝတွင် တစ်ဆို့သွားခဲ့ရသည်။ အကြောင်းမှာ သူမ၏ဖခမည်းတော် မျက်မှောင်ကြီးကျုံ့နေသည်ကို တွေ့လိုက်ရသည့်အတွက်ကြောင့်ပင်။ သူမ၏ခမည်းတော်သည် သူမအား ထိုခွေးပေါက်လေးလက်ထဲသို့ ထည့်ပေးလိုက်လျှင် ကောင်းမလား မကောင်းမလား ဆိုသည်ကို သေချာစဉ်းစားတွေးတောနေသည့်ပုံပင်။
ရုတ်ချည်းဆိုသလို ဖုယု၏မျှော်လင့်ချက်အားလုံး တစ်စစီ ကွဲကြေပျက်စီးသွားခဲ့ရလေသည်။
(ခမည်းတော်ကတောင် ငါ့ကို အဲ့သားရဲပေါက်လေးဆီ ပေးဖို့ စဉ်းစားနေပြီပေါ့…)
(ဟုတ်တယ်… ခမည်းတော်က အဲ့လူတွေကို အရမ်းကြောက်တာ… သူသာ အဲ့လူတွေကို ဘာမတော်တဆမှ မဖြစ်ပဲနဲ့သာ မောင်းထုတ်နိုင်မယ်ဆိုရင် ငါ့ကိုတင်မဟုတ်ဘူး သူ့သမီးတွေအကုန်လုံးကို ပေးလိုက်ရရင်တောင် ဝန်လေးနေမှာမဟုတ်ဘူး…)
(အရင်အချိန်တွေကတည်းက တော်ဝင်မိသားစုဆိုတာ ဒီလိုပဲ… ဘာနွေးထွေးကြင်နာမှုမှ ရှိတာမဟုတ်ဘူး… ငါက ဘာတွေကို သွားမျှော်လင့်မိနေတာလဲ…)
လူသားဧကရာဇ်၏နှုတ်ခမ်းများ လှုပ်သွားခဲ့သည်။ သို့သော်ငြား သူဘာမှမပြောနိုင်သေးခင်မှာပင် ရန်ကိုင်က ရယ်သွမ်းသွေးလျက် “ဒုတိယမင်းသမီး စိတ်ပူမနေပါနဲ့… အားဝမ်က ခင်ဗျားကိုကြိုက်တယ်ဆိုပေမယ့် ကျုပ် ခင်ဗျားကို အတူခေါ်သွားလို့မရဘူး… ဒီတော့ ဒုတိယမင်းသမီး လူသားအင်ပါယာမြို့တော်ထဲမှာပဲ မင်းသမီးအဖြစ်နဲ့ ဆက်နေရမှာ…”
ဖုယုမှာ စကားတစ်ခွန်းမျှ ပြန်မပြောနိုင်ခဲ့။ ရန်ကိုင်ကိုသာ မုန်းမုန်းတီးတီးဖြင့် စိုက်ကြည့်နေခဲ့လေသည်။ ကြည့်ရသလောက် ဖုယုသည် ရန်ကိုင်၏အသားကို စား၍ သူ့သွေးကို သောက်ချင်နေသည့်အလား။
“ဒါပေမယ့် ဒုတိယမင်းသမီးကတော့ ကျုပ်နဲ့အတူ လိုက်ချင်နေတဲ့ပုံပဲနော်… အဲ့လိုဆိုရင်လည်း ရတယ်လေ… ဒုတိယမင်းသမီး လိုက်ချင်တယ်ဆိုရင် ပြောသာပြောလိုက်… ဒီသခင်လေးက ခေါ်သွားဖို့အဆင်မပြေပေမယ့် အားဝမ်ကလည်း ဒုတိယမင်းသမီးကို ကြိုက်တာဆိုတော့ ဒုတိယမင်းသမီးဘက်က လိုက်ချင်တယ်ဆိုရင် ဒီသခင်လေး စဉ်းစားပေးရင် စဉ်းစားပေးမှာပေါ့…”
ရန်ကိုင်က ထိုကဲ့သို့ ပြောလိုက်သည်နှင့်တစ်ပြိုင်နက် ဖုယုသည် သူမ၏ခေါင်းကို အလျင်စလို ငုံ့လိုက်လေသည်။ ရန်ကိုင်အား ဆက်၍ ကြည့်မနေရဲတော့ချေ။ တော်ကြာ အခန့်မသင့်၍ ရန်ကိုင်မှ သူမအား ထပ်မံပြဿနာရှာနေလျှင် ဒုက္ခရောက်သွားရနိုင်ပေသည်။
“ဟမ့်…” လူသားဧကရာဇ်က အေးစက်စက်အမူအယာဖြင့် နှာခေါင်းရှုံ့လိုက်သည်။ ယခုကဲ့သို့ ဖြစ်လာပြီးမှဖြင့် ရန်ကိုင် ဒုတိယမင်းသမီးအား တမင်သက်သက် ပြဿနာရှာနေခြင်းဖြစ်ကြောင်းကို လူသားဧကရာဇ် နားမလည်ဘဲ မည်သို့များ နေပါမည်နည်း။
(ခုနတုန်းက ဖုယုက အဲ့နဂါးမလေးကို အထင်အမြင်တသေးနဲ့ သွားကြည့်နေလို့ ဒီကောင် ဒီလိုမျိုးလုပ်တာ ဖြစ်လောက်တယ်…) ထိုသို့စဉ်းစားမိလိုက်သည့်နောက် လူသားဧကရာဇ်သည် ဖုယုကိုကြည့်၍ အမိန့်ပေးလိုက်လေသည်။ “နင် ဘာဖြစ်လို့ ဧည့်သည်တော်ကို ကျေးဇူးမတင်သေးတာလဲ…”
ယခုကဲ့သို့ ဖြစ်လာပြီဖြစ်သည့်အတွက်ကြောင့် ဖုယုအနေဖြင့် သူမအဖေ၏အမိန့်ကို မည်သို့များ လွန်ဆန်ရဲပါဦးမည်နည်း။ ရွေးချယ်စရာမရှိတော့သည့်အဆုံး ရှေ့သို့တက်၍ ကျော့ရှင်းစွာဦးညွှတ်ရင်းမှ ရန်ကိုင်အား လေသံတိုးတိုးဖြင့် ကျေးဇူးတင်စကား ဆိုလိုက်လေသည်။ “ကျေးဇူးအများကြီးတင်ပါတယ်ဆရာ…”