အခန်း (၂၉၇၁-၂၉၇၅)
Vol. 128 Ch. 2971-2975
၂၉၇၁)
ဘာသာပြန်သူ_တိမ်တိုက်
ရန်ကိုင်နှင့်ကျုချင်းတို့သည် မြို့၏ ဟင်းလင်းပြင်အစီအရင်မှတစ်ဆင့် ထွက်သွားရန် လုပ်ထားကြသည်။ လူသားဧကရာဇ်သည် ရန်ကိုင်တို့အား ကိုယ်တိုင်ကိုယ်ကျ လိုက်လံပို့ဆောင်ပေးလေသည်။
မြို့ထဲတွင် တော်ဝင်မင်းသားမင်းသမီးများမှ ခြံရံ၍ ထွက်လာကြသည့် မည်သူမဆို အဆင့်အတန်းမြင့်မားသူများ ဖြစ်ကြသည်။ ထို့အတွက်ကြောင့် လူအုပ်ကြီးမှာ ဘာတွေများ ဖြစ်နေသလဲတွေးရင်း ရန်ကိုင်တို့အား ကြောင်ကြည့်နေကြလေ၏။
လူသားဧကရာဇ်သည် တစ်လမ်းလုံး ရန်ကိုင်အား မမောမပန်းနှင့် အပြင်ဘက်သို့ရောက်ပါက မည်သည့်အရာများကို သတိထားရန် အဆက်မပြတ် သတိပေးနေခဲ့သည်။
ရန်ကိုင်ကမူ တစ်ခါတစ်လေမှ စကားပြန်ပြန်ပြောလေ၏။
ရန်ကိုင်တို့အား ဟင်းလင်းပြင်အစီအရင်ဆီသို့ ပို့ဆောင်ပြီးသည့်နောက် လူသားဧကရာဇ် သက်ပြင်းတစ်ချက် ချလိုက်လေသည်။ ထိုအကောင် ထွက်သွားပါက လူသားအင်ပါယာမြို့တော်မှာ ယခင်အတိုင်း ပြန်ဖြစ်သွားမည်ဖြစ်ကာ သူ့တော်ဝင်မိသားစုမှာလည်း ပြန်လည်လုံခြုံသွားရပေတော့မည်။
လူသားဧကရာဇ်သည် ရန်ကိုင်နှင့် ကျုချင်းအား ဦးညွှတ်၍ ဟင်းလင်းပြင်အစီအရင်ကို အသက်သွင်းရန် အမိန့်ပေးလိုက်သည်။
ဟင်းလင်းပြင်အစီအရင် အရောင်တလက်လက် တောက်လာသည့်နောက်တွင် လူသားဧကရာဇ်၏ လေးလံထိုင်းမှိုင်းနေသည့် စိတ်အစုံမှာ နေ့သစ်ရောင်ခြည်ကို တစ်ဖန်ပြန်လည်မြင်တွေ့လိုက်ရသည့်အလား ပြန်လည်ရွှင်ပျလာပြီး သူ့မျက်နှာထက်လည်း အပြုံးတစ်ပွင့် ထွက်ပေါ်လာခဲ့လေသည်။
သို့သော်ငြား လူသားဧကရာဇ် ကောင်းကောင်းမပျော်ရသေးခင်မှာပင် ရန်ကိုင်၏စကားကြောင့် သူ့မျက်နှာကြီး ထပ်မံမဲ့သွားခဲ့ရသည်။ “နောက်ပိုင်း ဒီသခင်လေး ထပ်လာရင် ထပ်လာဦးမှာ… ဒါကြောင့်မလို့ ခင်ဗျား နတ်သစ်ပင်ကို သေချာစောင့်ရှောက်ထားဖို့ ကျုပ်ပြောချင်တယ်… နတ်သစ်ပင်ရဲ့စွမ်းအားကိုလည်း အလွန်အကျွံကြီးတွေ လျှောက်ပြီးတော့ သုံးစွဲမနေနဲ့…”
ထိုသို့ပြောပြီးသည့်နောက်တွင် ရန်ကိုင်နှင့်ကျုချင်းတို့ အားလုံး၏မြင်ကွင်းမှ ပျောက်ကွယ်သွားခဲ့ကြလေသည်။
လူသားဧကရာဇ်မှာမူ တောင့်တောင့်ကြီး ရပ်ကျန်ခဲ့လေ၏။
လူသားဧကရာဇ်၏ စိတ်အခြေအနေ ပြောင်းလဲသွားသည်ကို သတိထားမိလိုက်သော် တော်ဝင်မင်းသားများနှင့် မင်းသမီးများအားလုံး ကြောက်ကြောက်လန့်လန့်ဖြင့် တိတ်နေကြလေ၏။ အချိန်အတော်ကြာပြီးသည့်နောက်တွင် အားကောင်းလှသည့် အရှိန်အဝါတစ်ရပ် လူသားဧကရာဇ်ဆီမှ ဖြာထွက်လာခဲ့ပြီး ဘက်ပေါင်းစုံဆီသို့ ပြန့်ထွက်သွားခဲ့လေသည်။ ထိုအရှိန်အဝါများ ပျောက်ကွယ်သွားပြီးသည့်နောက်တွင် လူသားဧကရာဇ်မှာ အတော်လေးကိုမှ အိုစာသွားသလို ဖြစ်သွားခဲ့သည်။
လူသားအင်ပါယာမြို့တော်မှ မိုင်တစ်သောင်းခန့်အကွာတွင် ရန်ကိုင်နှင့်ကျုချင်းသည် လိုဏ်ဂူတစ်ခုပုံစံပေါက်သော ကျွင်းတစ်ခု၏ အနက်ပိုင်းတွင် ပြန်ပေါ်လာခဲ့သည်။
ထိုကျွင်းတစ်ခုလုံးမှာ ပိန်းပိန်ပိတ်အောင် မည်းမှောင်နေပြီး အပေါ်သို့ ဦးတည်နေသည့် လမ်းသွယ်သွယ်လေးတစ်ခုကိုသာ ပိုင်ဆိုင်ထားသည်။ ဤကျွင်းပေါက်ထဲတွင်မူ မြို့ထဲရှိ ဟင်းလင်းပြင်အစီအရင်နှင့် ဆက်သွယ်ထားသော ဟင်းလင်းပြင်အစီအရင်တစ်ခု ရှိနေခဲ့လေသည်။ ဒွိလောကကမ္ဘာကြီးထဲတွင် ဤကျွင်းပေါက်ကဲ့သို့သောနေရာမျိုး များစွာ ရှိပေသည်။
လူသားအင်ပါယာမြို့တော်ထဲမှ ကျင့်ကြံသူများသည် ဤကဲ့သို့သော ဟင်းလင်းပြင်အစီအရင်များကို အားကိုး၍ ဒွိလောကကမ္ဘာကြီးထဲ လျှောက်ပတ်သွားနေခြင်း ဖြစ်ကြသည်။
ဟင်းလင်းပြင်အစီအရင်တစ်ခုချင်းစီကို နတ်ဆိုးမျိုးနွယ်များမှ ရှာတွေ့သွားမည်ကို စိုးသည့်အတွက်ကြောင့် အလွန်ကိုမှ လုံခြုံသည့် နေရာများတွင် ဆောက်လုပ်ထားကြလေသည်။
သို့သော်ငြား နတ်ဆိုးမျိုးနွယ်များမှ ဟင်းလင်းပြင်အစီအရင်တစ်ခုအား ရှာတွေ့သွားမည်ဆိုလျှင်ပင် ထိုဟင်းလင်းပြင်အစီအရင်အား ဖျက်ဆီးရုံသာ တတ်နိုင်လိမ့်မည်ဖြစ်ပြီး လူသားဧကရာဇ်၏ကောင်းချီးကို ရရှိထားခြင်း မရှိသည့်အတွက်ကြောင့် လူသားအင်ပါယာမြို့တော်ထဲသို့ ဝင်လာနိုင်လိမ့်မည်မဟုတ်ပေ။ ထို့အတွက်ကြောင့် လူသားဧကရာဇ်စည်းသည် လူသားအင်ပါယာမြို့တော်အား ကာကွယ်ပေးထားသော အကာအကွယ်စနစ်တစ်ခုနှင့် တူပေသည်။ ရှင်းရှင်းပြောရသော် ထိုအရာသည် ရန်ကိုင်၏ ဖြတ်သန်းရေးတံဆိပ်ပြားနှင့်လည်း တူပေသေးသည်။
ရန်ကိုင်ခင်းကျင်းထားသည့် ဟင်းလင်းပြင်အစီအရင်များကို ဖြတ်သန်းရေးတံဆိပ်ရှိမှသာလျှင် အသုံးပြုနိုင်ပေသည်။
ရန်ကိုင်တို့နှစ်ဦးသည် ကျွင်းပေါက်ထဲမှ အပြင်သို့ ထွက်လာကြသည်။
လက်ရှိအချိန်တွင် ဒွိလောကကမ္ဘာကြီး၏ လောကနိယာမများသည် ကြယ်တာရာအစုအဝေး၏ လောကနိယာမဘက်သို့ တိမ်းစောင်းနေခဲ့လေသည်။
“ရန်ကိုင်… ငါ့ကို တစ်ချက် ကာကွယ်ထားပေး…” ကျုချင်းမှာ အပြင်သို့ရောက်သည်နှင့်တစ်ပြိုင်နက် အချိန်ဖြုန်းမနေတော့ဘဲ ကျုလဲ့ကိုရှာရန်အတွက် နဂါးကလန်၏ပညာရပ်တစ်ခုကို ထုတ်သုံးတော့လေသည်။
“ဟမ်… နင်ငါ့ကို ဘယ်လိုခေါ်လိုက်တာ…”
ကျုချင်းက တိုးတိုးလေးပြန်ပြောလိုက်လေသည်။ “ယောက်ျား…”
သူမဘဝတွင် ယောကျ်ားတစ်ဦးအား ဤကဲ့သို့ တစ်ခါမှ မခေါ်ဝေါ်ဖူးပေ။ ထို့အတွက်ကြောင့် သူမစိတ်ထဲ ပုရွက်ဆိတ်ပေါင်းများစွာ ရွစိရွစိဖြင့် သွားနေသလို ခံစားနေရလေ၏။ ဤရိုးရှင်းသော စကားလုံးလေးတစ်လုံးသည် သူမတို့နှစ်ဦးကြားရှိ ဆက်ဆံရေးကို အလွန်တရာကိုမှ ခိုင်မြဲသွားအောင် ချည်နှောင်ပစ်နိုင်သည်ဟုလည်း ကျုချင်းစိတ်ထဲ ခံစားနေရသည်။
ထိုအခါမှသာလျှင် ရန်ကိုင် ကျေနပ်သွားတော့လေသည်။
ကျုချင်းသည် လက်ညှိုးဖြင့် သူမလက်ဝါးကို ဖြတ်ချလိုက်ပြီးသည့်နောက် အနီရောင်သွေးစက်လေးတစ်စက် မြေပြင်ပေါ်သို့ ကျသွားလေ၏။ ထိုသွေးစက်သည် မြေပြင်ပေါ်သို့ ရောက်ပြီးသွားသည်နှင့် ပျောက်ချင်းမလှ ပျောက်ကွယ်သွားခဲ့လေ၏။
ထို့နောက်တွင် ကျုချင်းသည် အလေးအနက်အမူအယာဖြင့် ဘာမှန်းမသိရသော မန္တန်တစ်ခုကို စတင်ရွတ်ဆိုတော့လေသည်။
ကျုလဲ့မှ ရေခဲနယ်မြေထဲတွင် ကျုချင်းကိုရှာရန်အတွက် အလားတူပညာရပ်ကိုသာ ထုတ်သုံးခဲ့လေသည်။
တစ်ခဏအကြာတွင် ကျုချင်း၏မန္တန် အဆုံးထိသို့ ရောက်ရှိသွားခဲ့သည်။ မိုးခြိမ်းသံများ မြည်ဟည်းလာခဲ့ပြီး လောကကြီးတစ်ခုလုံး တသိမ့်သိမ့်တုန်လာခဲ့ကာ ကျယ်လောင်သည့် နဂါးဟိန်းသံသည်လည်း အာကာယံထိတိုင် ရောက်ရှိသွားခဲ့သည်။
ထို့နောက်တွင် မြေပြင်ထက် အနီစက်လေးတစ်စက် ထွက်ပေါ်လာခဲ့လေသည်။ ထိုအနီစက်လေးသည် တဖြည်းဖြည်း ပြန့်ကားထွက်လာပြီးသည့်နောက် သွေးသန္တာတစ်ခုအဖြစ်သို့ ပြောင်းလဲသွားကာ မကြာမီတွင် ထိုသွေးသန္တာလေးသည် လက်တစ်မောင်းအရွယ်အစားထိသို့ ရောက်ရှိလာခဲ့လေသည်။
ထိုအခါမှသာလျှင် ကျုချင်းသည် မန္တန်ရွတ်ဆိုနေခြင်းအား ရပ်တန့်လိုက်ပြီး သွေးသန္တာကို ကောက်ယူလိုက်သည်။ သွေးသန္တာညွှန်ပြနေသည့် ဘက်ဆီသို့ လှမ်းကြည့်လိုက်ပြီးသည့်နောက် ရန်ကိုင်ဘက်သို့လှည့်၍ ပြောလိုက်လေ၏။ “သွားကြမယ်…”
ရန်ကိုင်လည်း ခေါင်းညိတ်၍ ကျုချင်းနှင့်အတူ သွေးသန္တာညွှန်ပြနေသည့် လမ်းကြောင်းဆီသို့ ပျံသန်းသွားလေသည်။
လက်ဖက်ရည်တစ်ခွက်ဆူစာခန့် ကြာပြီးသည့်နောက် ရန်ကိုင်တို့နှစ်ဦး ချောက်ကမ်းပါးတစ်ခုရှေ့သို့ ရောက်လာခဲ့လေသည်။
ရှည်လျားလှသည့် လျှိုမြောင်ကြီးတစ်ခုသည် သူတို့ရှေ့တွင် ပြန့်ကားစွာ တည်ရှိနေခဲ့ပြီး ချောက်ကမ်းပါးမှာတော့ အလွန်တရာကိုမှ မက်စောက်လှလေ၏။
ဤချောက်ကမ်းပါးသည် လူသားဧကရာဇ်မှ ပြောပြခဲ့သည့် သိမ်းငှက်နှုတ်သီးချောက်ကမ်းပါးသာ ဖြစ်လေသည်။ ချောက်ကမ်းပါးဆီသို့ ရောက်လာချိန် သေဆုံးနေသည့် နတ်ဆိုးမျိုးနွယ်ဝင်များ၏ အလောင်းများကို တွေ့လိုက်ရသည်။ မြေပြင်တစ်ခုလုံးမှာ သွေးများဖြင့် စွန်းထင်းနေခဲ့ပြီး ခြေပြတ်လက်ပြတ်များ၊ စိစိညက်ညက်ကြေနေသည့် အသားစများကိုလည်း တွေ့နေရသည်။ ကြည့်ရသလောက် ဤနေရာရှိတိုက်ပွဲမှာ အတော်လေးကိုမှ ပြင်းထန်ခဲ့သည့်ပုံပင်။
ရန်ကိုင်သည် ကျုချင်းဆီသို့ လှမ်းကြည့်လိုက်သည်။ ကျုချင်းသည် ရန်ကိုင်အား ခေါင်းညိတ်ပြလိုက်ပြီးသည့်နောက် ပြောလိုက်လေ၏။ “ဒီနေရာမှာ ငါ နဂါးကလန်သားတစ်ယောက်ရဲ့ အရှိန်အဝါကို ခံစားမိတယ်… အဲ့ဒါ ကျုလဲ့ပဲ ဖြစ်ရလိမ့်မယ်…”
“သူတို့ ဘယ်ဘက်ကိုထွက်သွားလဲ နင်သိလား…” ရန်ကိုင်က မေးလိုက်သည်။
ကျုချင်းသည် သွေးသန္တာကို ကြည့်ပြီးသည့်နောက် ဘယ်ဘက်သို့ ညွှန်ပြလိုက်လေ၏။ “အဲ့ဘက်အတိုင်း ထွက်သွားတယ်…”
နာရီဝက်ခန့် ကြာပြီးသည့်နောက်တွင် လျင်မြန်စွာ ပျံသန်းသွားနေသည့်ရန်ကိုင် အာမေဋိတ်သံ ပြုလိုက်လေသည်။ ထို့နောက် တစ်ခုသောဘက်ဆီသို့ လှမ်း၍ ကြည့်လိုက်လေ၏။
ကျုချင်းသည်လည်း တစ်ခုခုအား သတိထားမိသွားခဲ့ပြီး ရန်ကိုင်ကြည့်နေသည့်ဘက်ဆီသို့ လှမ်းကြည့်လိုက်သည်။
ထိုအရပ်ဆီမှ တိုးလျသည့် တိုက်ပွဲသံတို့ ထွက်ပေါ်နေခဲ့ပြီး ထိုအရပ်တွင်ရှိနေသော မိုးမြေစွမ်းအင်များမှာလည်း ကသောင်းကနင်း ဖြစ်နေခဲ့လေသည်။ ကြည့်ရသလောက် ထိုနေရာတွင် တိုက်ပွဲတစ်ပွဲ ဖြစ်နေသည့်ပုံပင်။
ရန်ကိုင်တို့နှစ်ဦးသည် အကြည့်ချင်းတစ်ချက် ဖလှယ်လိုက်ပြီးသည့်နောက် ထိုနေရာဆီသို့ အရှိန်ကုန်တင်တော့လေသည်။
တစ်ခဏအကြာတွင် ရန်ကိုင်တို့ရှေ့ မြင်ကွင်းတစ်ရပ် ထွက်ပေါ်လာခဲ့လေသည်။
ရာနှင့်ချီသော နတ်ဆိုးစစ်တပ်ကြီးသည် တစ်ခုသောနေရာအား ဘက်ပေါင်းစုံမှ ဝိုင်းရံထားကြလေ၏။ နတ်ဆိုးပေါင်းများစွာ စုဝေးနေသည့်အတွက်ကြောင့် ထိုနေရာတစ်ခုလုံး နတ်ဆိုးချီများဖြင့် ပြည့်နေလေသည်။ နတ်ဆိုးများဝိုင်းရံထားသည့်လူများမှာတော့ အခြားမဟုတ်ကြဘဲ ရန်ကိုင်တို့နှင့်လမ်းကွဲသွားသည့် ကျုလဲ့နှင့် လီကျောက်တို့သာ ဖြစ်ကြသည်။
ထိုနှစ်ဦး ယခုလေးတင်မှ အချင်းချင်း ပြန်တွေ့ကြသည်လား ထိုသို့မဟုတ်ဘဲ အရင်တည်းက အတူတကွ ရှိနေခြင်းလား ဆိုသည်ကိုတော့ မပြောတတ်ပေ။
လက်ရှိ ကျုလဲ့တို့၏အခြေအနေမှာ သိပ်မဟန်လှ။ နှစ်ဦးစလုံးသည် အားကောင်းလှသည့်ပညာရှင်များ ဖြစ်ကြပါသော်ငြား သူတို့အား တိုက်ခိုက်နေသည့် နတ်ဆိုးများထဲ အားကောင်းလှသည့် နတ်ဆိုးဘုရင်များလည်း ပါနေပေသေးသည်။ နတ်ဆိုးများသည် လူအင်အားအသာရနေသည်ကို အသုံးချ၍ ကျုလဲ့နှင့် လီကျောက်တို့၏ခွန်အားကို တဖြည်းဖြည်းချင်း ခြွေယူပစ်နေသည့်ပုံပင်။
မြေပြင်ထက်တွင်တော့ နတ်ဆိုးမျိုးနွယ်ဝင်ပေါင်းများစွာ၏ အလောင်းများ ရှိနေကြလေသည်။
နတ်ဆိုးမျိုးနွယ်စုတွင် ကလန်ပေါင်းတစ်ရာရှိပြီး ကလန်တစ်ခုချင်းစီတိုင်းသည် ထူးခြားသည့် မွေးရာပါစွမ်းရည်များကို ပိုင်ဆိုင်ထားကြသည်။ အရိပ်နတ်ဆိုးများသည် ကိုယ်ပျောက်ရာတွင် ကျွမ်းကျင်ကြပြီး ကဝေနတ်ဆိုးများသည် ရန်သူများကိုညှို့ရာတွင် အားကောင်းကြလေသည်။ ခွန်အားနတ်ဆိုးများမှာ အားကောင်းလှသည့် ရုပ်ခွန်အားကို ပိုင်ဆိုင်ကြပြီး သွေးနတ်ဆိုးများမှာတော့ အလွန်ကိုမှ အန္တရာယ်များကြပေသည်။ နတ်ဆိုးကလန်တစ်ခုချင်းစီတိုင်း၏ အကြောင်းကိုသာ သိမထားပါက ထိုနတ်ဆိုးပေါင်းများစွာနှင့် ရင်ဆိုင်တိုက်ခိုက်ရသည့်အခါတွင် ဒုက္ခရောက်သွားရနိုင်ပေသည်။
သာမန်ဧကရာဇ်တတိယအဆင့်ပညာရှင်တစ်ဦးသာ ဆိုလျှင်တော့ နှစ်ယောက်အတူရှိနေမည်ဆိုလျှင်ပင် ဤနတ်ဆိုးများကို ခုခံနိုင်လိမ့်မည်မဟုတ်ချေ။
သို့သော်ငြား ကျုလဲ့သည် နဂါးကလန်သားတစ်ဦး ဖြစ်နေခဲ့သည်။ နဂါးကလန်သားတစ်ဦး ဖြစ်သည့်အတွက်ကြောင့်သာလျှင် နတ်ဆိုးများကို ယခုအချိန်ထိတိုင် ခုခံထားနိုင်ခဲ့ခြင်း ဖြစ်လေ၏။ လီကျောက်မှာမူ ထိုသို့မဟုတ်။ ကျုလဲ့သည်လည်း လီကျောက်၏ သေခြင်ရှင်ခြင်းကို ဂရုမစိုက်သည့်ပုံပင်။
ရန်ကိုင်နှင့် ကျုချင်းတို့ ရောက်လာသည့်အချိန်တွင် လီကျောက်မှာ သိပ်၍ အခြေအနေမကောင်းတော့ချေ။ သူ့ခမျာ အလွန်ကိုမှ စိုးရိမ်ပူပန်နေပြီး သူ့ခန္ဓာကိုယ်ဆီမှလည်း အနက်ရောင်ချီတို့ ဖြာထွက်နေခဲ့လေသည်။ ကြည့်ရသလောက် လီကျောက်သည် နတ်ဆိုးချီ၏တိုက်စားခြင်း ခံထားရသည့်ပုံပင်။
သူ့မျက်လုံးများမှာ နီကျင့်ကျင့်ဖြစ်နေပြီး သူ့လှုပ်ရှားမှုများမှာလည်း တောင့်တောင့်တင်းတင်းဖြစ်နေကာ သူ၏ ဧကရာဇ်ချီလှည့်ပတ်နှုန်းသည်ပင်လျှင် နှေးကွေးလေးလံနေခဲ့လေသည်။
နတ်ဆိုးမျိုးနွယ်စုထဲတွင် ကဝေနတ်ဆိုးတစ်ကောင် ရှိနေခဲ့လေသည်။ ထိုကဝေနတ်ဆိုးသည် ရုတ်တရက်ဆိုသလို လီကျောက်အား တိုက်ခိုက်လိုက်လေ၏။ စိတ်စွမ်းအင်လှိုင်းတစ်ရပ်သည် လီကျောက်၏ စိတ်စွမ်းအင်အတားအဆီးများကို ချိုးဖြတ်၍ သူ့ဝိဉာဉ်အား လာရောက်ရိုက်ခတ်လေသည်။ တိုးလျလျအသံများသည် လီကျောက်၏ ကျိုးကြောင်းဆင်ခြင်နိုင်စွမ်းကို ဖျက်ဆီး၍ သူ့အား အစေခံတစ်ဦးဖြစ်လာအောင် မြူဆွယ်ဖျားယောင်းနေခဲ့လေသည်။
ဤသည်မှာ ကဝေနတ်ဆိုးများ၏ လက်စွဲတော်ပညာရပ်တစ်မျိုးလည်း ဖြစ်လေသည်။ ကဝေနတ်ဆိုးများသည် အခြားသောနတ်ဆိုးများထက် ရုပ်ပိုင်းဆိုင်ရာ အားနည်းလေ့ရှိပါသော်ငြား သူတို့၏ဝိဉာဉ်များမှာ အလွန်တရာကိုမှ အားကောင်းလှသည့်အတွက်ကြောင့် မြူဆွယ်ဖျားယောင်းရာတွင် အလွန်ကိုမှ ကျွမ်းကျင်ကြပေသည်။
နတ်ဆိုးဗိုလ်ချုပ်အချို့သည် ကျုလဲ့ဆီသို့ အကြောက်အရွံ့ကင်းမဲ့စွာ ပြေးဝင်လာကြပါသော်ငြား ကျုလဲ့၏လက်ချက်ဖြင့် ကိစ္စတုံးသွားကြရလေသည်။ ထိုနတ်ဆိုးများ၏ခန္ဓာကိုယ်များ ပေါက်ကွဲထွက်သွားခဲ့ပြီး သွေးများသည် ရေပန်းပမာ ကောင်းကင်ပေါ်မှ ဖြာကျလာလေ၏။
ထို့နောက်တွင် ဖြာကျလာသောသွေးများသည် အတူတကွ စုဝေးသွားခဲ့ပြီး မရေမတွက်နိုင်သော သွေးမြွေများအဖြစ်သို့ ပြောင်းလဲကာ ကျုလဲ့ဆီသို့ တိုးဝင်သွားလေ၏။
ကျုလဲ့သည် အေးစက်စက်အမူအယာဖြင့် နှာခေါင်းရှုံ့လျက် နဂါးမီးတောက်များကို မှုတ်ထုတ်ကာ တိုးဝင်လာနေသည့် သွေးမြွေအားလုံးကို အငွေ့ပျံပျောက်ကွယ်သွားစေခဲ့လေသည်။ သို့သော်ငြား သူ့ခမျာ အနားမရသေးခင်မှာပင် မီးတောက်များကြားမှ သွေးမြွေတစ်ကောင် ရုတ်တရက် ခုန်ထွက်လာခဲ့လေ၏။ ထိုအဖြစ်အပျက်ကြောင့် ကျုလဲ့ကိုယ်တိုင်မှာလည်း အံ့အားသင့်သွားခဲ့ရသည်။
သေသေချာချာ ကြည့်လိုက်မည်ဆိုလျှင် ဤသွေးမြွေသည် အခြားသောသွေးမြွေများနှင့် တူသယောင်ထင်ရပါသော်ငြား လုံးဝမတူကြောင်း မြင်တွေ့နိုင်ပေသည်။
အလစ်အငိုက်ဖမ်းတိုက်ခံလိုက်ရခြင်း ဖြစ်သည့်အတွက်ကြောင့် ကျုလဲ့မှာ ရှောင်တိမ်းနိုင်ခြင်းမရှိတော့ဘဲ နဂါးစွမ်းရည်ကိုသုံး၍သာ သွေးမြွေကို တားဆီးလိုက်ရတော့လေ၏။
ခြောက်ခြားဖွယ်ရာကောင်းသည့် ရယ်သံတစ်သံသည်လည်း ထိုသွေးမြွေဆီမှ ထွက်ပေါ်လာခဲ့လေသည်။ ကြည့်ရသလောက် သူတို့၏အစီအစဉ် အလုပ်ဖြစ်သွားသည့်ပုံပင်။
ကျုလဲ့စိတ်ထဲ မကောင်းသည့်ခံစားချက်တို့ ရနေခဲ့လေသည်။ သူ့စိတ်ထဲ ဤတိုက်ကွက်ကို တားဆီးခြင်းသည် အကောင်းဆုံးမဟုတ်ကြောင်း ခံစားနေရသည်။
သွေးမြေ ကျုလဲ့ဆီသို့ ရောက်ခါနီးမှာပင် ပိန်းပိန်းပိတ်နက်မှောင်သည့် လဓါးသွားတစ်စင်းသည် ကျုလဲ့၏ခေါင်းနားမှ ပွတ်ကာသီကာလေး ဖြတ်ကျော်လျက် သွေးမြွေအား နှစ်ပိုင်းဖြတ်တောက်သွားခဲ့လေသည်။ သွေးမြွေမှာ လဓါးသွားကြောင့် ပြာပုံဘဝသို့ ရောက်သွားခဲ့ရလေ၏။ တစ်ချိန်တည်းတွင် နာကျင်စွာအော်ဟစ်နေသည့် အော်ဟစ်သံတစ်သံ အဝေးတစ်နေရာဆီမှ ထွက်ပေါ်လာခဲ့လေသည်။
နတ်ဆိုးအုပ်ထဲတွင် ရှိနေသော သွေးနတ်ဆိုးတစ်ကောင်သည် ၎င်း၏ခေါင်းကို ကိုင်ရင်းမှ မြေပြင်ပေါ်တွင် လူးလှိမ့်ကာ အော်ဟစ်နေလေသည်။
“ဘယ်သူလဲ…” ထိုသို့အော်မေးလိုက်ပြီးသည့်နောက် ကျုလဲ့ ခေါင်းမော့ကြည့်လိုက်ရာ ရင်းနှီးနေသည့်လူတစ်ဦးကို ကောင်းကင်ထက်၌ တွေ့လိုက်ရလေ၏။
ရန်ကိုင်က ပြုံးဖြီးလျက် နွေးထွေးစွာ နှုတ်ဆက်လိုက်လေသည်။ “ဟယ်လို ယောက်ဖလေး…”
ကျုလဲ့ မျက်မှောင်ကျုံ့သွားခဲ့ပြီး ဇဝေဇဝါအမူအယာဖြင့် ပြန်မေးလိုက်လေ၏။ “မင်း ငါ့ကို ဘယ်လိုခေါ်လိုက်တာ…”
ရန်ကိုင် သူ့အား မည်ကဲ့သို့ ခေါ်လိုက်လို့ ခေါ်လိုက်မှန်း သူသေချာမကြားလိုက်ရပေ။
သူ့စကားဆုံးသွားသည်နှင့်တစ်ပြိုင်နက် သူ့နောက်တွင်ရပ်၍ နတ်ဆိုးများကို တားဆီးနေသော လီကျောက်သည် ကျုလဲ့ဘက်သို့လှည့်၍ လက်ဝါးတစ်ချက် ရိုက်ထုတ်လိုက်လေသည်။
လက်ရှိအချိန်တွင် လီကျောက်၏မျက်လုံးများမှာ ပိန်းပိန်းပိတ်အောင် နက်မှောင်နေခဲ့လေပြီ။ ကျုလဲ့အား တိုက်ခိုက်လိုက်ခြင်းမှာလည်း သူ့ဘာသာ တိုက်ခိုက်ခြင်းမဟုတ်။ နတ်ဆိုး၏ထိန်းချုပ်ခြင်း ခံရပြီး တိုက်ခိုက်လိုက်ခြင်းသာ ဖြစ်လေသည်။ သို့တိုင် ကျုလဲ့မှာ နဂါးတစ်ကောင်ဖြစ်နေလျှင်ပင် ထိုကဲ့သို့သော တိုက်ကွက်မျိုးကို မခုခံဘဲ မနေရဲခဲ့ပေ။
အနီရောင်အလင်းတစ်ချက် လက်သွားခဲ့ပြီး ကျုချင်းသည် ကျုလဲ့နှင့်လီကျောက်ကြားတွင် ဆန်းကြယ်စွာ ပေါ်လာခဲ့လေသည်။ ထို့နောက် လီကျောက်၏ဝမ်းဗိုက်တည့်တည့်ဆီသို့ လက်သီးတစ်ချက် ထိုးချလိုက်လေ၏။
အရိုးကျိုးသံများ တသွင်သွင် ထွက်ပေါ်လာခဲ့သည်။ ကျုခင်း၏လက်သီးစာ မိသွားသည့်အခါမှသာလျှင် လီကျောက်၏ မည်းမှောင်နေသည့်မျက်လုံးများ တစ်ဖန် ပြန်လည်ကြည်လင်လာလေ၏။ ဘာတွေဖြစ်လို့ဖြစ်သွားမှန်း သူမသိ။ သူအသိပြန်ဝင်လာချိန်တွင် သူ့ဝမ်းဗိုက် အလွန်တရာကိုမှ နာကျင်လွန်းနေသည်ဟုသာ ခံစားရလေသည်။ အလွန်ကိုမှ ပြင်းထန်သည့် စွမ်းအားတစ်ရပ်သည် တောင်တစ်လုံးပမာ သူ့ဝမ်းဗိုက်ကို လာဝင်ဆောင့်လေရာ လီကျောက်မှာ နာလွန်းသဖြင့် အရိုးကွဲမတတ် ထအော်လေ၏။ တစ်ချိန်တည်းတွင် သွေးအပွက်ပွက်အန်ထုတ်လိုက်ရပြီးသည့်နောက် ကြိုးပြတ်သွားသည့်စွန်တစ်စင်းပမာ လွင့်စင်ထွက်သွားခဲ့ရလေသည်။
ကျုလဲ့လည်း နောက်သို့လှည့်ကြည့်လိုက်ရာ ကျုချင်းကိုမြင်လိုက်သည့်အခိုက် ဝမ်းသာသွားပြီး ပြန်၍ပြောလိုက်လေ၏။ “နင် အသက်ရှင်နေသေးတာလား…”
“ဒါ နင့်အစ်မကို ပြောတဲ့ပုံစံလား…” ကျုချင်းသည် ကျုလဲ့အား စူးရဲစွာ စိုက်ကြည့်လိုက်လေသည်။
“ဟမ့်…” ကျုလဲ့က အေးစက်စက်အမူအယာဖြင့် နှာခေါင်းရှုံ့လိုက်သည်။ သူ့စိတ်ထဲ ထပ်ပြောချင်နေပါသော်ငြား ချက်ချင်း မျက်လုံးပြူးသွားပြီး ကျုချင်းအား မယုံကြည်နိုင်ဟန်ဖြင့် စိုက်ကြည့်လျက် အထစ်ထစ်အငေါ့ငေါ့ဖြင့် “နင်… နင်…”
“ငါ ဘာလဲ…” ကျုချင်း ယဲ့ယဲ့လေးပြုံးကာ ရှက်သွေးဖြာသွားလေသည်။ ကျုလဲ့ ဘာကြောင့် ဤမျှ အံ့အားသင့်နေရသလဲဆိုသည်ကို ခန့်မှန်းမိသည့်အလား ချက်ချင်းပဲ ဖြတ်ပြောလိုက်လေ၏။ “အဲ့အကြောင်းကို နောက်မှပြောကြမယ်…”
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၂၉၇၂)
ဘာသာပြန်သူ_တိမ်တိုက်
ရန်ကိုင်နှင့် ကျုချင်းတို့၏ ရောက်ရှိလာမှုသည် နတ်ဆိုးများကို အံ့အားသင့်သွားစေခဲ့လေသည်။ မှောင်ရိပ်ထဲမှနေ၍ တိုက်ခိုက်နေကြသည့် သွေးနတ်ဆိုးနှင့် ကဝေနတ်ဆိုးတို့၏အဖြစ်ကို မြင်လိုက်ရပြီးသည့်နောက်တွင် နတ်ဆိုးများ၏ရင်ထဲ အကြောက်တရားတို့ စတင်ကိန်းအောင်းလာကြတော့သည်။ လူးလှိမ့်ကာ အော်ဟစ်နေသည့် သွေးနတ်ဆိုးဖြစ်စေ၊ မျက်နှာတစ်ပြင်လုံး ဖြူလျော်နေသည့် ကဝေနတ်ဆိုးဖြစ်စေ နှစ်ဦးစလုံးသည် နတ်ဆိုးဘုရင်များ ဖြစ်ကြသည်။
နတ်ဆိုးဘုရင်နှစ်ပါးသည် ခိုးကြောင်ခိုးဝှက်နှင့် တိုက်ခိုက်ခဲ့သည့်တိုင် အသစ်ရောက်လာသည့် လူနှစ်ဦးသည် နတ်ဆိုးဘုရင်များ၏ တိုက်ခိုက်မှုကို ချေဖျက်ပစ်နိုင်ခဲ့ပြီး နတ်ဆိုးဘုရင်နှစ်ပါးထဲမှ တစ်ပါးဖြစ်သည့် သွေးနတ်ဆိုးကိုပင်လျှင် ဒဏ်ရာရသွားအောင် လုပ်နိုင်ခဲ့လေသည်။
နတ်ဆိုးများ ထိတ်လန့်နေစဉ်အတောအတွင်း ရုတ်တရက် ခွေးဟောင်သံတစ်သံကို ကြားလိုက်ရသည်။ အသံကြားရာဘက်သို့ လှမ်းကြည့်လိုက်ရာ ပုကွကွခြေထောက်လေးများဖြင့် နတ်ဆိုးဗိုလ်ချုပ်တစ်ပါးဆီသို့ လျင်မြန်စွာ ပြေးလွှားနေသော အနက်ရောင်ခွေးပေါက်လေးတစ်ကောင်ကို တွေ့လိုက်ရလေသည်။ လက်ရှိအချိန်တွင် ခွေးပေါက်လေးမှာ ခွေးမလှလှလေးတစ်ကောင်ကို မြင်လိုက်ရသည့်အလား ရမ္မက် ငယ်ထိပ်ရောက်နေသည့် ပုံစံမျိုးဖြင့် အမောတကော ပြေးလာနေလေရာ အလွန်ကိုမှ ရယ်စရာကောင်းနေခဲ့လေသည်။
ခွေးပေါက်လေး ပြေးသွားနေသည့် နတ်ဆိုးဗိုလ်ချုပ်မှာတော့ ခွန်အားနတ်ဆိုးသာဖြစ်လေသည်။ ခွန်အားနတ်ဆိုးသည် လူကောင်ကြီးမားလှပြီး လက်ထဲတွင် ပုဆိန်တစ်ချောင်းကို ကိုင်ထားခဲ့လေသည်။ ပုဆိန်အသွားမှာ အရောင်တလက်လက်ကို တောက်နေခဲ့ပြီး သိပ်သည်းလှသည့် နတ်ဆိုးချီတို့ကိုလည်း ထုတ်လွှတ်နေလေရာ နတ်ဆိုးမှော်ရတနာတစ်ခုဖြစ်ကြောင်း သိသာလှပေသည်။
ခွေးပေါက်လေး သူ့ဆီသို့ ပြေးဝင်လာနေသည်ကိုမြင်သော် နတ်ဆိုးဗိုလ်ချုပ်၏အမူအယာ ကြမ်းကြုတ်ခက်ထန်သွားပြီး ပုဆိန်ကိုမြှောက်၍ ခွေးပေါက်လေးတည့်တည့်သို့ အားပါးတရ ခုတ်ချလိုက်လေသည်။
ဤခွေးပေါက်လေးမှာ အားကောင်းလှခြင်းမရှိဟု ခွန်အားနတ်ဆိုး ခံစားနေရသည်။ ဤကဲ့သို့သော ခွေးပေါက်လေးတစ်ကောင်ကို သူ့အနေဖြင့် အလွယ်တကူ သတ်ပစ်နိုင်ပေသည်။
အခြားသောနတ်ဆိုးများ၏အာရုံမှာ ရန်ကိုင်နှင့်ကျုချင်းတို့ဆီတွင်သာ ရောက်ရှိနေခဲ့သည်။ ထို့အတွက်ကြောင့် အသံကြား၍ ခွေးပေါက်လေးဆီသို့ လှည့်ကြည့်လာသည့် လူအချို့မှလွဲ၍ မည်သူမျှ ခွေးပေါက်လေးအား အာရုံမစိုက်ကြချေ။
ပုဆိန်ချက်မှာ ခွေးပေါက်လေးတည့်တည့်သို့ ကျဆင်းလာခဲ့ပါသော်ငြား ခွေးပေါက်လေးမှာ ပုဆိန်ကို လွယ်လင့်တကူ ရှောင်တိမ်းသွားခဲ့သဖြင့် နတ်ဆိုးဗိုလ်ချုပ်၏ ပုဆိန်မှာ လေကိုသာ ထိမှန်သွားခဲ့ရလေသည်။ နတ်ဆိုးဗိုလ်ချုပ် နောက်တစ်ကြိမ် မလှုပ်ရှားနိုင်သေးခင်မှာပင် ခွေးပေါက်လေးသည် နတ်ဆိုးဗိုလ်ချုပ်တည့်တည့်သို့ ခုန်ဝင်လာလိုက်လေ၏။
မူလက သိပ်မကြီးလှသော ခွေးပေါက်လေး၏ခေါင်းသည် ရုတ်တရက်ဆိုသလို တံခါးပေါက်ကြီးတစ်ချပ်စာမျှ ကြီးမားလာခဲ့ပြီး နတ်ဆိုးဗိုလ်ချုပ်အား တစ်ကျိုက်တည်း မျိုချသွားလေသည်။
လူတိုင်း ကြောင်သွားကြကုန်လေသည်။
နတ်ဆိုးအားလုံးသည်လည်း မျက်လုံးအပြူးသားဖြင့် ခွေးပေါက်လေးဘက်သို့ လှည့်ကြည့်လာကြလေသည်။
ကျုချင်းနှင့် သူမ၏မောင်လေးမှာလည်း အလားတူ ထိတ်လန့်နေခဲ့ကြလေသည်။ ခွေးပေါက်လေးသည် နတ်ဆိုးဗိုလ်ချုပ်တစ်ပါးကိုပင်လျှင် တစ်ကျိုက်တည်း မျိုချနိုင်လောက်သည်အထိ အားကောင်းနေလိမ့်မည်ဟု မည်သူမျှ ထင်ထားခဲ့ခြင်း မရှိပေ။
နတ်ဆိုးဗိုလ်ချုပ်သည် အားကောင်းလှခြင်း မရှိပါသော်ငြား တန်ခိုးရှင်ဘုရင်အဆင့်တွင် ရှိနေသော လူသားကျင့်ကြံသူတစ်ဦးနှင့် ယှဉ်ပြိုင်နိုင်ပေသည်။ ထို့အပြင် ဤနတ်ဆိုးသည် ခွန်အားနတ်ဆိုးဖြစ်သည့်အတွက်ကြောင့် အချို့သော တာအိုသခင်အဆင့် ကျင့်ကြံသူများသည်ပင်လျှင် ဤနတ်ဆိုး၏ပြိုင်ဘက် ဖြစ်နိုင်လိမ့်မည်မဟုတ်ချေ။
ကျုချင်းမှာတော့ အထူးတလည်ကို အံ့အားသင့်နေရလေသည်။ ဤခွေးပေါက်လေးသည် အနည်းငယ် ထူးဆန်းသည်ဟု ခံစားခဲ့ရပါသော်ငြား ဤကဲ့သို့သော စွမ်းရည်မျိုးကို ပိုင်ဆိုင်ထားလိမ့်မည်ဟုတော့ ထင်ထားခဲ့ခြင်းမရှိပေ။
ရန်ကိုင်တစ်ယောက်သည်သာ ထူးမခြားနားဟန်ဖြင့် အတွေးနက်နေသည့်အလား မေးစေ့ကိုပွတ်၍ ရှိနေခဲ့လေသည်။
ကုန်းယွဲ့ပြောပုံအရ ဤခွေးပေါက်လေးသည် နတ်ဆိုးနယ်မြေမှ ရှေးဟောင်းသားရဲတစ်ကောင်ဖြစ်သော မရဏသားရဲ၏ သွေးမျိုးဆက်ကို ပိုင်ဆိုင်ထားသည်။ မရဏသားရဲ၏ သွေးမျိုးဆက်သည် ခွေးပေါက်လေး၏ကိုယ်ထဲတွင် နက်နက်ရှိုင်းရှိုင်း ပုန်းကွယ်နေပြီး ထိုသွေးမျိုးဆက်ကို ကုန်းယွဲ့မှ နတ်ဆိုးပညာရပ်တစ်ခုကို ထုတ်သုံး၍ အသက်သွင်းခဲ့လေသည်။ ထိုစဉ်က ခွေးပေါက်လေးသည် စစ်တပ်တစ်ခုစာမျှ အားကောင်းလာခဲ့ပြီး ဧကရာဇ်ဆယ်ပါးကိုပင်လျှင် ခုခံထားနိုင်ခဲ့လေသည်။
ခွေးပေါက်လေးမှာ ဧကရာဇ်ဒုတိယအဆင့်သို့ ရောက်နေသော ဖုန်းမင်ကိုပင်လျှင် တစ်ကျိုက်တည်း မျိုချပစ်နိုင်ခဲ့လေရာ နတ်ဆိုးဗိုလ်ချုပ်တစ်ပါးဆိုလျှင်တော့ ပြောနေစရာပင်မလိုတော့ချေ။
သို့သော်ငြား ခွေးပေါက်လေး၏စွမ်းရည်များမှာ ၎င်း၏ နိမ့်ကျသောခွန်အားကြောင့် တည်ငြိမ်ခြင်းမရှိပေ။ ဤကမ္ဘာထဲသို့ ရောက်လာပြီးသည့်နောက် လောင်ကွမ်းရှီအား မျိုချလိုက်သည့်အချိန်မှစ၍ ဝါးမျိုသည့်စွမ်းရည်ကို နောက်တစ်ကြိမ် ထုတ်သုံးခြင်းမရှိတော့ချေ။ တော်ဝင်နန်းတော်ထဲ ဖုယုနှင့် အတန်ကြာအောင် တိုက်ခိုက်နေခဲ့သည့်တိုင် ခွေးပေါက်လေးသည် ဝါးမျိုခြင်းစွမ်းရည်ကို ထုတ်သုံးခဲ့ခြင်းမရှိပေ။
ယခုတွင်မူ ခွေးပေါက်လေးသည် အလွန်ကိုမှ သွေးဆူနေသည့်အလား ထိုစွမ်းရည်ကို ထပ်မံထုတ်သုံးလာခဲ့လေသည်။
ထိုသို့ဖြစ်ရခြင်းမှာ ခွေးပေါက်လေးမှ နတ်ဆိုးများကို စားသုံးပစ်နေသည့်အတွက်ကြောင့် ဖြစ်လိမ့်မည်ဟု ရန်ကိုင် တွေးမိလေသည်။ တကယ်တော့ မရဏသားရဲသည် နတ်ဆိုးနယ်မြေမှ သားရဲတစ်ကောင်မဟုတ်လေလော။ ထို့အတွက်ကြောင့် နတ်ဆိုးများ၏အရှိန်အဝါသည် ခွေးပေါက်လေးအား ဝမ်းသာအားရ ဖြစ်သွားစေရပေလိမ့်မည်။ ဖြစ်နိုင်သည်မှာတော့ နတ်ဆိုးများသည် ခွေးပေါက်လေးအတွက် အရသာရှိလှသည့် စားကောင်းသောက်ဖွယ်တစ်မျိုးပင် ဖြစ်နေနိုင်၏။
ရန်ကိုင်မှာ ထိုအကြောင်းအရာများကို စဉ်းစားရင်း အတွေးနက်နေစဉ်မှာပင် ခွေးပေါက်လေး၏ ပါးစပ်ထဲသို့ ရောက်သွားသော နတ်ဆိုးဗိုလ်ချုပ်မှာ အသည်းအသန် ပြန်လည်တိုက်ခိုက်လေသည်။ ထို့အတွက်ကြောင့် ခွေးပေါက်လေး၏ ပါးစပ်မှာ ဖောင်းလာလိုက် ပြန်ပိန်သွားလိုက် ဖောင်းလာလိုက် ပြန်ပိန်သွားလိုက် ဖြစ်နေလေ၏။
ရုတ်တရက်ဆိုသလို ခွေးပေါက်လေးသည် ခေါင်းကိုမော့၍ မျိုချလိုက်လေသည်။
လူတိုင်း၏အကြည့်အောက်တွင်ပင် ခွေးပေါက်လေးသည် လည်ချောင်းနေရာ ဖောင်းတက်လာသည်ကို တွေ့လိုက်ရသည်။ ထို့နောက်တွင် ထိုအဖုလေးမှာ ပျောက်ကွယ်သွားခဲ့ပြီး နတ်ဆိုးဗိုလ်ချုပ်မှာလည်း ခွေးပေါက်လေး၏ဗိုက်ထဲသို့ ရောက်သွားခဲ့ရလေသည်။ ခွေးပေါက်လေး၏ ဗိုက်အရွယ်အစားမှာတော့ လုံးဝကို ပြောင်းလဲသွားခြင်းမရှိ။ နတ်ဆိုးဗိုလ်ချုပ်နှင့် သူ၏ နတ်ဆိုးမှော်ရတနာဖြစ်သော ပုဆိန်ကြီး မည်သည့်နေရာသို့ ရောက်သွားသလဲဆိုသည်ကိုတော့ မည်သူမျှ မသိကြချေ။
ထိုမြင်ကွင်းကိုကြည့်ရင်း ပင့်သက်ရှိုက်သံများ ဘက်ပေါင်းစုံမှ ထွက်ပေါ်လာခဲ့ကြလေသည်။
ခွေးပေါက်လေးသည် နှုတ်ခမ်းကို လျှာဖြင့် သပ်လိုက်ပြီးသည့်နောက် နတ်ဆိုးများကို ဆာလောင်သည့်အကြည့်ဖြင့် ဝေ့ကြည့်လိုက်သည်။ ခွေးပေါက်လေး၏ အကြည့်ခံလိုက်ရသည့် မည်သည့်နတ်ဆိုးမဆို မည်မျှပင် အားကောင်းနေစေကာမူ ကြက်သီးမွေးညင်းများ ထသွားပြီး ခြေဖျားလက်ဖျားများ အေးစက်လာကြရသည်။
မည်သူမျှ ဘာမျှပြောနေစရာမလိုခဲ့။ အန္တရာယ်အငွေ့အသက်ကို ခံစားမိလိုက်သည့်နောက်တွင် နတ်ဆိုးများသည် အမျိုးမျိုးသော ပညာရပ်ကို ထုတ်သုံး၍ ခွေးပေါက်လေးအား တစ်ပြိုင်တည်း တိုက်ခိုက်လိုက်ကြလေသည်။
ရန်ကိုင်၏အမူအယာ ပြောင်းလဲသွားခဲ့ပါသော်ငြား အရင်ဦးဆုံး စောင့်ကြည့်ရန်သာ ဆုံးဖြတ်လိုက်သည်။
ခွေးပေါက်လေး ဟိန်းဟောက်အော်မြည်လိုက်လေသည်။ ကြောက်ရွံ့မှုကြောင့်တော့မဟုတ်။ စိတ်လှုပ်ရှားမှုကြောင့်သာ ဖြစ်လေသည်။ ထိုသို့အော်ဟစ်လိုက်ပြီးသည့်နောက် တစ်မီတာခန့်အမြင့်သို့ခုန်လျက် ၎င်း၏ပါးစပ်ကြီးကို နောက်တစ်ကြိမ် ထပ်ဟလိုက်သည်။
ယခုတစ်ကြိမ်တွင်တော့ ခွေးပေါက်လေး၏ပါးစပ်သည် ယခင်ကထက်ပင် ပို၍ ကြီးမားနေခဲ့လေသည်။
ခွေးပေါက်လေးဆီသို့ တိုးဝင်လာနေသည့် တိုက်ခိုက်မှုအလုံးစုံသည် ခွေးပေါက်လေး၏ပါးစပ်ထဲသို့ ဝါးမျိုစုပ်ယူပစ်ခြင်း ခံလိုက်ရသည်။ ခွေးပေါက်လေးမှာတော့ အနည်းငယ်မျှပင် ထိခိုက်သွားခြင်းမရှိ။ ခွေးပေါက်လေးသည် ယခင်ကထက်ပို၍ ရဲတင်းလာခဲ့ပြီး နတ်ဆိုးများ၏တိုက်ခိုက်မှုကို ခုခံနေရင်းမှ ၎င်း၏ပါးစပ်ကို ထပ်၍ဟလိုက်ရာ ခွေးပေါက်လေး၏ပါးစပ်သည် အိမ်တစ်လုံးစာအရွယ်အစားထိသို့ ရောက်ရှိလာခဲ့လေသည်။ ထို့နောက်တွင် အားပါးတရဖြင့် ကိုက်ချလိုက်လေ၏။
ခွေးပေါက်လေး၏ ကိုက်ခဲခြင်း ခံလိုက်ရသည့် ဟင်းလင်းပြင်တစ်ခုလုံးမှာ တစ်စစီ ပျက်စီးပြိုကျသွားခဲ့ရသည်။ ခွေးပေါက်လေး၏ ပါးစပ်ပေါက် အကွာအဝေးအတွင်း ရှိနေသော နတ်ဆိုးဆယ်ဦးလုံးမှာလည်း ပျောက်ချင်းမလှ ပျောက်ကွယ်သွားခဲ့ရပြီး အခြားနတ်ဆိုးများမှာတော့ ကြောက်ကြောက်ရွံ့ရွံ့ဖြင့် အလျင်စလို ထွက်ပြေးသွားကြလေသည်။
“ဂလု…” ခွေးပေါက်လေး နောက်တစ်ကြိမ် မျိုချလိုက်သည်။ သို့သော်ငြား ထိုမျှနှင့်ပင် မကျေနပ်နိုင်သေးဘဲ အခြားသောနတ်ဆိုးများဆီသို့ ထပ်ကြည့်လာခဲ့လေသည်။
“ကမ္ဘာဖျက်မရဏသားရဲ…” ရုတ်တရက်ဆိုသလို နတ်ဆိုးများကြားမှ အသံတစ်သံ ထွက်ပေါ်လာခဲ့လေသည်။ ထိုစကားကိုပြောလိုက်သည့်လူမှာတော့ ပိန်းပိန်းပိတ်အောင် နက်မှောင်နေသည့် နတ်ဆိုးတစ်ကောင် ဖြစ်လေ၏။ လက်ရှိအချိန်တွင် ထိုနတ်ဆိုးသည် ခွေးပေါက်လေးအား ကြောက်ကြောက်ရွံ့ရွံ့ဖြင့် လက်ညှိုးတထိုးထိုး လုပ်နေခဲ့လေသည်။
ထိုနတ်ဆိုးမှာ သာမန်နတ်ဆိုးမဟုတ်။ နတ်ဆိုးဘုရင်တစ်ပါးဖြစ်သည်။ ထို့အပြင် သူ့ဆီမှ ဖြာထွက်နေသည့် အရှိန်အဝါအရ အခြားသောနတ်ဆိုးများထက် ပို၍အားကောင်းကာ သူ၏ကျင့်ကြံခြင်းမှာတော့ ဧကရာဇ်ဒုတိယအဆင့်နှင့်ပင် ယှဉ်ပြိုင်နိုင်ပေသည်။ သူကိုယ်တိုင်သည် အရိပ်နတ်ဆိုးတစ်ကောင်ဖြစ်သည်ကို ထည့်တွက်မည်ဆိုပါက ထိုနတ်ဆိုးသည်သာ အခွင့်အရေးတိုင်းကို သေသေချာချာ အသုံးချမည်ဆိုလျှင် ဧကရာဇ်တတိယအဆင့်ပညာရှင်တစ်ဦးကိုပင်လျှင် အလွယ်တကူ လုပ်ကြံသတ်ဖြတ်နိုင်ပေသည်။
ထိုနတ်ဆိုးမှာ ယခု ဤနေရာတွင် ရှိနေသည့် နတ်ဆိုးတစ်ဖွဲ့လုံးအနက် အားအကောင်းဆုံးဖြစ်ပြီး နတ်ဆိုးတစ်ဖွဲ့လုံး၏ ခေါင်းဆောင်လည်း ဖြစ်ဟန်တူပေသည်။
သို့သော်ငြား သူ့ကဲ့သို့သော လူတစ်ဦးသည်ပင်လျှင် ခွေးပေါက်လေး၏ဇစ်မြစ်ကို သိသွားပြီးသည့်နောက် ကြောက်လန့်တကြား ဖြစ်သွားကာ မီးခိုးကိုးခုအသွင်သို့ပြောင်း၍ အရပ်ကိုးမျက်နှာဆီသို့ ထွက်ပြေးသွားလေ၏။
မရဏသားရဲသည် နတ်ဆိုးနယ်မြေထဲတွင် ကမ္ဘာဖျက်သားရဲအဖြစ် ကျော်ကြားသည့် သားရဲကြီးတစ်ကောင် ဖြစ်ပေသည်။ ထိုမရဏသားရဲမှာ နတ်ဆိုးနယ်မြေထဲ မွေးဖွားလာခဲ့ပါသော်ငြား နတ်ဆိုးများ၏ မွေးရာပါရန်သူဖြစ်သည်ဟု ပြော၍ရသည်။ မရဏသားရဲသည် နတ်ဆိုးချီပါဝင်သည့် မည်သည့်အရာကိုမဆို ဝါးမျိုပစ်လေသည်။
နတ်ဆိုးနယ်မြေထဲတွင် ကောလဟာလတစ်ခု ရှိပေသည်။ ထိုကောလဟာလမှာတော့ တစ်ချိန်က နတ်ဆိုးနယ်မြေထဲ စိတ်ကြိုက်သောင်းကျန်းနေခဲ့သည့် မရဏသားရဲတစ်ကောင် ရှိခဲ့သည်ဟူ၍ပင်။ ထိုမရဏသားရဲကို နတ်ဆိုးသူတော်စင်များသည်ပင်လျှင် မယှဉ်ပြိုင်နိုင်ခဲ့ပေ။ မဟာနတ်ဆိုးနတ်ဘုရား မရှိသည့်ခေတ်တွင် မရဏသားရဲသည် နတ်ဆိုးနယ်မြေတစ်ခုလုံး၏ အရှင်သခင် ဖြစ်ခဲ့လေသည်။ ထိုမရဏသားရဲမှ ဝါးမျိုပစ်ခဲ့သည့် နတ်ဆိုးများနှင့် ၎င်းမှ ဖျက်ဆီးပစ်ခဲ့သော နတ်ဆိုးမြို့များ၏ အရေအတွက်မှာ မရေမတွက်နိုင်လောက်အောင်ကို များပြားလွန်းလှပေသည်။
မရဏသားရဲသည် အကြွင်းမဲ့ပျက်စီးခြင်းကို ကိုယ်စားပြုလေသည်။ မရဏသားရဲ ဖြတ်သန်းသွားရာ လမ်းကြောင်းတစ်လျှောက်တွင် ရှိနေသည့် နတ်ဆိုးများအားလုံး သေဆုံးကြရပြီး နတ်ဆိုးမြို့များအားလုံး ပျက်စီးကြရသည်။
နောက်ဆုံးတွင်တော့ အားကောင်းလှသည့် နတ်ဆိုးသူတော်စင်တစ်ပါးသည် နတ်ဆိုးမျိုးနွယ်ဝင်အားလုံးကို ဦးဆောင်၍ မရဏသားရဲအား ပြန်လည်တွန်းလှန်ရန် ကြိုးစားကြတော့သည်။ ထိုစစ်ပွဲသည် နှစ်ပေါင်းများစွာ ကြာညောင်းသွားခဲ့ပြီး နတ်ဆိုးမျိုးနွယ်စုဘက်မှ အကျအဆုံးများစွာနှင့် မရဏသားရဲကို နှင်ထုတ်ပစ်နိုင်ခဲ့လေသည်။ သို့သော်ငြား ထိုတိုက်ပွဲအတွင်း နတ်ဆိုးမျိုးနွယ်၏ တစ်ဝက်လောက် သေဆုံးခဲ့ကြရသည်။
ထိုတိုက်ပွဲပြီးသွားသည့်နောက်တွင် နတ်ဆိုးမျိုးနွယ်စုတစ်ခုလုံးကို ဦးဆောင်ခဲ့သည့် နတ်ဆိုးသူတော်စင်သည် အဆင့်ချိုးဖြတ်၍ မဟာနတ်ဆိုးနတ်ဘုရားတစ်ပါး ဖြစ်လာခဲ့လေသည်။ သို့သော်ငြား ထိုစစ်ပွဲကြောင့် နတ်ဆိုးနယ်မြေမှာ နေထိုင်ဖို့ရာ အဆင်မပြေတော့သည့် နယ်မြေကြီးတစ်ခု ဖြစ်လာခဲ့ရသည်။ ထိုအကြောင်းကြောင့်ပင်လျှင် နတ်ဆိုးမျိုးနွယ်မှ ပညာရှင်များသည် နေထိုင်ဖို့ရာ ပိုမိုသင့်လျော်သော ကမ္ဘာသစ်များ လိုက်လံရှာဖွေနေရခြင်းပင်။ နတ်ဆိုးမျိုးနွယ်တိုင်း ထိုသမိုင်းကြောင်းကို သိကြသည်။ ဒွိလောကကမ္ဘာထဲတွင် ရှိနေကြသော နတ်ဆိုးများပင်လျှင် ထိုအကြောင်းကို သိကြလေသည်။
ထို့အတွက်ကြောင့် ခွေးပေါက်လေးမှ ၎င်း၏ ဝါးမျိုခြင်းစွမ်းရည်ကို ထုတ်သုံးလာသည်နှင့်တစ်ပြိုင်နက် ကမ္ဘာဖျက်သားရဲအကြောင်းကို ထိုနတ်ဆိုး စဉ်းစားမိသွားခြင်းပင်။
ဤခွေးပေါက်လေးသည် မရဏသားရဲ တကယ်ဟုတ်မဟုတ်ကို အတည်မပြုရသေးပါသော်ငြား သူခံစားနေရသည့် သေခြင်းတရားခံစားချက်မှာ သူ့စိတ်ထင်သက်သက် မဟုတ်ချေ။ မရဏသားရဲ၏ ဝါးမျိုခြင်းသာ ခံလိုက်ရမည်ဆိုပါက လုံးဝကို အပျက်ကိန်းဆိုက်ရပေလိမ့်မည်။
ထို့အတွက်ကြောင့် ထိုနတ်ဆိုးဘုရင်မှာ ကြောက်အားလန့်အားဖြင့် သူ၏အသက်ကယ်ထွက်ပြေးခြင်းပညာရပ်ကိုပင်လျှင် ထုတ်သုံးဖို့ရာ ဝန်လေးနေခြင်း မရှိတော့ချေ။
ထွက်ပေါ်လာသည့် မီးခိုးကိုးခုအနက် တစ်ခုသည်သာ သူ၏အစစ်အမှန်ခန္ဓာကိုယ်ကို ဖုံးကွယ်ထားခဲ့သည်။ အခြားရှစ်ခုမှာ ဟန်ပြသက်သက်သာ ဖြစ်လေသည်။
အရိပ်နတ်ဆိုးများသည် ပုန်းကွယ်ခြင်းနှင့် ထွက်ပြေးရာတွင်လည်း ကျွမ်းကျင်ကြပေသည်။ ဤသည်မှာ အကောင်းဆုံးသော ဥပမာတစ်ရပ်ဖြစ်သည်။
သို့သော်ငြား ယခုတစ်ကြိမ်တွင်တော့ အရိပ်နတ်ဆိုးဘုရင် အတွက်အချက် မှားသွားခဲ့သည်။ ဘက်ပေါင်းစုံသို့ ထွက်ပြေးသွားသည့် မီးခိုးငွေ့များသည် မီတာတစ်ထောင်အကွာသို့ ရောက်သည်နှင့်တစ်ပြိုင်နက် မမြင်နိုင်သည့် အကာအရံတစ်ခုကို ဝင်ဆောင့်လိုက်သည့်အလား မီးခိုးငွေ့ကိုးခုအနက် ရှစ်ခုမှာ ပျောက်ကွယ်သွားခဲ့ပြီး ကျန်တစ်ခုနေရာတွင် အရိပ်နတ်ဆိုး၏ ခန္ဓာကိုယ် ပေါ်လာခဲ့လေသည်။ အရိပ်နတ်ဆိုးသည် ဖြူဖတ်ဖြူလျော်မျက်နှာဖြင့် ခေါင်းမော့၍ ကောင်းကင်ထက်တွင် ပျံသန်းနေသော လူသားအား လှမ်းကြည့်လိုက်သည်။
ရန်ကိုင်သည် အရိပ်နတ်ဆိုးကိုကြည့်၍ ပြုံးပြနေခဲ့လေသည်။ လေဟာနယ်နိယာမစွမ်းအားများမှာတော့ သူ့အား ဗဟိုပြု၍ ပတ်ပတ်လည်အနှံ့ ဖြာထွက်နေခဲ့လေ၏။ ရန်ကိုင်၏ထိန်းချုပ်မှုကြောင့် ရန်ကိုင်ပတ်လည် မီတာတစ်ထောင်အတွင်းတွင်ရှိနေသော ဟင်းလင်းပြင်တစ်ခုလုံးသည် လိုဏ်ဂူကြီးတစ်ခုအသွင်သို့ ပြောင်းလဲသွားခဲ့ရလေသည်။
ကျုချင်းနှင့် ကျုလဲ့တို့မှာလည်း ရုတ်တရက်ဆိုသလို စေးပျစ်ပျစ်ဖြစ်လာသည့် ဟင်းလင်းပြင်ကြီးကြောင့် အနည်းငယ် နေရထိုင်ရ မသက်မသာ ဖြစ်နေခဲ့လေသည်။ သို့သော်ငြား ရန်ကိုင်မှ သူတို့နှစ်ဦးအား တမင်တကာ ပစ်မှတ်ထားနေခြင်းမဟုတ်။ ထို့အပြင် နှစ်ဦးလုံးသည် နဂါးကလန်သားများဖြစ်သည့်အလျောက် အားနည်းကြခြင်း မရှိလေရာ နတ်ဆိုးများထက်တော့ ပို၍အဆင်ပြေနေခဲ့လေသည်။
လီကျောက်ဆီမှ အသံတစ်သံ ထွက်လာခဲ့လေသည်။ လီကျောက် နိုးလာပြီဖြစ်သည့်ပုံပင်။ သို့သော်ငြား သူ့ဒဏ်ရာများမှာ အတော်လေးကိုမှ ပြင်းလှသည့် အတွက်ကြောင့် မြေပြင်ပေါ်တွင် လှဲလျောင်းရင်းဖြင့်သာ ဧကရာဇ်ချီကိုသုံး၍ သူ့ဒဏ်ရာများကို ပြန်လည်ကုသရင်း သူ့ကိုယ်ထဲသို့ ကျူးကျော်ဝင်ရောက်လာနေသော နတ်ဆိုးချီများကို ခုခံနေခဲ့ရသည်။
“အားဝမ်… မင်း ဘာရပ်စောင့်နေသေးတာလဲ…” ရန်ကိုင်က လှမ်းပြောလိုက်သည်။
ထိုအခါ ခွေးပေါက်လေးသည် အစောပိုင်းက ကျုလဲ့အား အလစ်ချောင်းတိုက်ခိုက်ခဲ့သော သွေးနတ်ဆိုးဆီသို့ ပြေးဝင်သွားလေသည်။ ကြည့်ရသလောက် သွေးနတ်ဆိုးသည် ခွေးပေါက်လေးအတွက် အခြားသောနတ်ဆိုးများထက် ပို၍ အရသာရှိသည့်ပုံပင်။
ရန်ကိုင်၏လဓါးသွားမှ သူ့တိုက်ကွက်အား ကြားဖြတ်ဟန့်တားလိုက်သည့်အတွက်ကြောင့် သွေးနတ်ဆိုး၏ ကောင်းကင်စိတ်အာရုံမှာ ဒဏ်ရာရသွားခဲ့ရပြီး သူ့ခွန်အားမှာလည်း လျော့ကျသွားခဲ့ရသည်။ ယခု ခွေးပေါက်လေး သူ့ဆီသို့ ပြေးဝင်လာနေသည်ကိုမြင်သော် သွေးနတ်ဆိုး၏အမူအယာ သုန်မှုန်သွားခဲ့လေသည်။ သို့တိုင် သွေးအလင်းတန်းတစ်ခုအသွင်သို့ ပြောင်း၍ ခွေးပေါက်လေးဆီသို့ ပြန်လည်တိုးဝင်သွားလေသည်။
မရဏသားရဲအကြောင်းကို သူကြားဖူးပေသည်။ ဤခွေးပေါက်လေးသည် မရဏသားရဲ၏ မျိုးဆက်တစ်ခု ဖြစ်နိုင်ပါသော်ငြား ခွေးပေါက်လေးအဆင့်တွင်သာ ရှိနေပေသေးသည်။ သူ့ကဲ့သို့သော နတ်ဆိုးဘုရင်တစ်ပါးသည် ဤကဲ့သို့သော ခွေးပေါက်လေးမျိုးကို ကြောက်နေစရာလိုမည်လား။
သွေးအလင်းတန်းသည် ပျံသန်းနေရင်းမှ ရုတ်တရက်ဆိုသလို သွေးနီရောင်ပိုက်ကွန်ကြီးတစ်ခုအသွင်သို့ ပြောင်းလဲသွားခဲ့ပြီး ခွေးပေါက်လေးကို လွှမ်းခြုံသွားခဲ့လေသည်။
ခွေးပေါက်လေးမှာတော့ သူ့ပါးစပ်ထက်ပင် ပို၍ကြီးမားလှသည့် ပိုက်ကွန်ကြီးကိုကြည့်ရင်း ကြောင်အမ်းအမ်း ဖြစ်နေခဲ့သည်။ ခွေးပေါက်လေးသည် သူ့ပါးစပ်ကို ဟရန် ကြိုးစားလိုက်ပါသော်ငြား ပိုက်ကွန်မှာ သူ့ပါးစပ်ထက် ပိုကျယ်နေခဲ့လေသည်။ ထို့အတွက်ကြောင့် ဒေါသထွက်လာခဲ့ပြီး နောက်ဆုံး ပါးစပ်ထဲသို့ လေများကို တဝကြီး ရှုသွင်းလိုက်လေသည်။
ခွေးပေါက်လေးမှ ထိုကဲ့သို့လုပ်လိုက်သည်နှင့်တစ်ပြိုင်နက် အလွန်တရာကိုမှ အားကောင်းလှသည့် ဆွဲအားတစ်ရပ် ထွက်ပေါ်လာခဲ့ပြီး သွေးပိုက်ကွန်သည် ဖျစ်ညှစ်ခံလိုက်ရသည့်အလား အရွယ်အစားကျုံ့သွားကာ ခွေးပေါက်လေး၏ ပါးစပ်ထဲသို့ ရောက်သွားခဲ့လေ၏။
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၂၉၇၃)
ဘာသာပြန်သူ_တိမ်တိုက်
သိပ်သည်းလှသည့် သွေးအလင်းတန်းသည် ခွေးပေါက်လေး၏ပါးစပ်ထဲသို့ ရောက်သွားခဲ့လေသည်။ အထိတ်ထိတ်အလန့်လန့်ဖြင့် သွေးနတ်ဆိုးမှာ မူရင်းပုံစံသို့ ပြန်ပြောင်းလိုက်လေ၏။ သို့သော်ငြား ထိုသို့ပြောင်းလိုက်ခြင်းသည် ခွေးပေါက်လေးအတွက် သူ့အား ဝါးမျိုရ ပိုပြီး လွယ်ကူသွားစေခဲ့လေသည်။ ပါးစပ်ပေါက်ကြီးသည် ရုတ်တရက် ပိတ်ကျသွားကာ သွေးနတ်ဆိုး၏ ခန္ဓာကိုယ်အောက်ဘက်ခြမ်းကို ကိုက်ပစ်လိုက်သည်။ သွေးနတ်ဆိုးမှာ မည်သို့ပင်ရုန်းကန်နေစေကာမူ ခွေးပေါက်လေးလက်မှ မလွတ်မြောက်နိုင်တော့ပေ။
သွေးနတ်ဆိုး၏မျက်နှာ ဖြူလျော်သွားခဲ့ပြီး ကြောက်ကြောက်လန့်လန့်ဖြင့် အခြားနတ်ဆိုးများဆီမှ အကူအညီလှမ်းတောင်းပါသော်ငြား မည်သည့်နတ်ဆိုးမှ သူ့အား လာမကယ်ရဲခဲ့ချေ။ ခွေးပေါက်လေးမှာ အားကောင်းခြင်းမရှိပါသော်ငြား ဘာကြောင့်မှန်းမသိ ခွေးပေါက်လေးကို နတ်ဆိုးများမှာ အလိုလို ကြောက်လန့်မိနေလေသည်။ ထို့အပြင် အရိပ်နတ်ဆိုးမှ ခွေးပေါက်လေးအား မရဏသားရဲဟု ခေါ်ဝေါ်သွားခဲ့လေရာ မည်သူကများ ခွေးပေါက်လေးနားသို့ လာရဲပါဦးမည်နည်း။ အကုန်လုံးမှာ ခွေးပေါက်လေးနှင့် ခပ်ဝေးဝေးသို့သာ ထွက်ပြေးချင်နေကြလေသည်။
လက်ရှိခွေးပေါက်လေးမှ သွေးနတ်ဆိုးအား ဝါးမျိုပစ်နေသည့်ပုံစံသည် စပါးကြီးမြွေတစ်ကောင်မှ သားကောင်ကို တဖြည်းဖြည်းချင်း မျိုချနေသည့်ပုံစံမျိုးနှင့်ပင် တူနေပေသေးသည်။ စပါးကြီးမြွေများသည် သူတို့ထက် အရွယ်အစားပိုမိုကြီးမားသည့် သားကောင်များကို ဝါးမျိုပစ်နိုင်သလို ခွေးပေါက်လေးသည် အရွယ်အစားပိုကြီးသော နတ်ဆိုးများကို မျိုပစ်နိုင်ပေသည်။
တစ်ခဏအကြာတွင် မီးတောက်များ ဖြာထွက်လာခဲ့လေ၏။ ကျုချင်းနှင့် ကျုလဲ့တို့ လှုပ်ရှားနေခြင်းသာ ဖြစ်ကြလေသည်။
နှစ်ဦးစလုံးသည် မီးဓာတ်စွမ်းအားကို ကျင့်ကြံထားကြသည့် နဂါးနီများ ဖြစ်ကြသည်။ ထို့အတွက်ကြောင့် သူတို့နှစ်ဦး စတင်လှုပ်ရှားလိုက်သည်နှင့်တစ်ပြိုင်နက် ပတ်ဝန်းကျင်အပူချိန်မှာ ရုတ်ချည်းဆိုသလို မြင့်တက်လာခဲ့ရလေ၏။
နဂါးမီးတောက်များ၊ မီးဘောလုံးများ၊ မီးဓါးသွားများသည် ကောင်းကင်တစ်ခွင် ပျံ့နှံ့သွားခဲ့ပြီး နတ်ဆိုးများမှာ မီးတောက်များ၏ လောင်ကျွမ်းခြင်း ခံရကာ နတ်ဆိုးတစ်ကောင်ပြီးတစ်ကောင် သေကြေကုန်ကြလေ၏။
နတ်ဆိုးများမှာ အရေအတွက်များသလို အမျိုးမျိုးသော စွမ်းရည်များကို ပိုင်ဆိုင်ထားကြပါသော်ငြား ရန်ကိုင်နှင့် ကျုချင်းတို့ ပေါ်မလာလျှင်ပင် ကျုလဲ့တစ်ယောက်တည်းနှင့် ထိုနတ်ဆိုးအားလုံးကို ရှင်းပစ်နိုင်ပေသည်။
အဆင့်ရှစ်နဂါးနီတစ်ကောင်သည် ဧကရာဇ်တတိယအဆင့် ပညာရှင်တစ်ဦးထက်ကို ပို၍အားကောင်းသည့် ပညာရှင်တစ်ဦး ဖြစ်လေရာ ထိုနတ်ဆိုးများကို ရှင်းပစ်ဖို့ရာ အလွယ်လေးသာ ဖြစ်လေသည်။
တိုက်ကွက်တစ်ကွက်နှင့်ပင် နတ်ဆိုးအရေအတွက်မှာ တစ်ဝက်လောက် လျော့ကျသွားခဲ့ရလေသည်။ မီးတောက်များထဲ ပါသွားသည့် မည်သည့်နတ်ဆိုးမှ အသက်ရှင်ကျန်ရစ်ခြင်းမရှိ။
ကဝေနတ်ဆိုးများ အော်ဟစ်နေကြသလို အရိပ်နတ်ဆိုးများမှာလည်း တုန်တုန်ရီရီ ဖြစ်နေကြလေသည်။ သဲနတ်ဆိုးများမှာလည်း ထွက်ပြေးရန် ကြိုးစားခဲ့ပါသော်ငြား ဟင်းလင်းပြင်တစ်ခုလုံးမှာ ပိတ်လှောင်ခြင်း ခံထားရသည့်အတွက်ကြောင့် ထွက်မပြေးနိုင်ကြချေ။
ကျုချင်းသည် သူမ၏လက်သီးလေးဖြင့် ကဝေနတ်ဆိုးတစ်ကောင်ကို အသားပုံများအဖြစ်သို့ ပြောင်းလဲပစ်လိုက်လေသည်။
ကဝေနတ်ဆိုးမှာ တစ်ချိန်လုံး နေမထိထိုင်မထိပုံစံမျိုး ဖြစ်နေခဲ့လေသည်။ မည်သူမည်ဝါကိုမှန်းမသိ တောက်လျှောက်ကို မျက်စပစ်နေခဲ့သည်။ သူမ မည်သူ့ကိုများ မျက်စပစ်နေလေသနည်။
ပြေးရန်မအောင်မြင်ခဲ့သည့်နောက် သဲနတ်ဆိုးမှာ သူ့ကိုယ်သူ ဟန်ချက်ထိန်းပြီးရုံပင်ရှိသေး ကျုလဲ့၏ မီးဓါးသွားသည် ကောင်းကင်ထက်မှ ကျဆင်းလာခဲ့ပြီး ထိုသဲနတ်ဆိုးကို နှစ်ပိုင်းဖြတ်တောက်သွားခဲ့လေသည်။
ယခု ကျန်ရစ်နေသည့် အရိပ်နတ်ဆိုးသည် လက်ကျန်နတ်ဆိုးများ၏ ထောက်တိုင်ကြီးတစ်ခု ဖြစ်လာခဲ့သည်။ ဘေးပတ်ပတ်လည်သို့ လှည့်ပတ်ကြည့်ရာ ရာနှင့်ချီသော နတ်ဆိုးစစ်တပ်များ အကုန်အစင် ရှင်းပစ်ခံရလုနီးပါး ဖြစ်နေကြောင်း တွေ့လိုက်ရလေသည်။ ယခု ကျန်ရစ်တော့သည်ဆို၍ သူနှင့် နတ်ဆိုးအနည်းငယ်သာ ရှိတော့သည်။ ထိုမြင်ကွင်းကိုကြည့်ရင်း အရိပ်နတ်ဆိုး၏ ခြေဖျားလက်ဖျားများ အေးစက်လာခဲ့ပြီး တစ်ကိုယ်လုံးမှာ တုန်တုန်ရီရီ ဖြစ်လာခဲ့သည်။
နဂါးကလန်သားနှစ်ဦးမှာ အစစ်အမှန်နဂါးပုံစံများကို ထုတ်မသုံးသေးသည့်တိုင် အလွန်ကိုမှ အားကောင်းလှပေသည်။ သူတို့သည်သာ နဂါးအသွင်ပြောင်း၍ တိုက်ခိုက်မည်ဆိုပါက နတ်ဆိုးစစ်တပ်သည် ယခုထက်ပို၍ ဆယ်ဆမက ကြီးမားနေမည်ဆိုလျှင်ပင် ရှင်းပစ်ခံရပေလိမ့်မည်။
ကျုလဲ့မှာ အရိပ်နတ်ဆိုးဆီသို့ ပြေးဝင်လာလေ၏။ အရိပ်နတ်ဆိုးသည် ပထမနည်းလမ်းအတိုင်း မီးခိုးကိုးခုခွဲကာ ထွက်ပြေးရန် ကြိုးစားလေသည်။ သို့သော်ငြား နဂါးဖိအား၏ ရုတ်တရက်ရိုက်ခတ်ခြင်း ခံလိုက်ရသည့်အတွက်ကြောင့် သူ့စွမ်းအားကို ကောင်းကောင်းမလှည့်ပတ်နိုင်ဖြစ်ကာ အသက်ကယ်ပညာရပ်ကိုလည်း ထုတ်မသုံးနိုင်တော့ချေ။ ထို့နောက်တွင် ကျုလဲ့၏လက်သီးချက်သည် သူ့ခေါင်းတည့်တည့်သို့ တိုးဝင်လာခဲ့လေ၏။ ‘ဘုန်း’ ခနဲမြည်သံနှင့်အတူ နတ်ဆိုး၏ခေါင်း တစ်စစီ ပေါက်ကွဲထွက်သွားခဲ့လေသည်။
ထိုအချိန်တွင် ခွေးပေါက်လေးသည် သွေးနတ်ဆိုးအား ဝါးမျိုလို့ ပြီးသွားခဲ့သည်။ သို့သော်ငြား မကျေနပ်သေးသည့်အလား ဘေးပတ်ဝန်းကျင်သို့ လှည့်ပတ်ကြည့်လိုက်လေသည်။ သူ့အတွက် ဝါးမျိုစရာ မည်သည့်နတ်ဆိုးမှ မကျန်ရစ်တော့ကြောင်း တွေ့လိုက်ရသည့်အခါ ရန်ကိုင်ဆီသို့ လှည့်လိုက်လေ၏။
ရန်ကိုင်ကမူ တစ်ချိန်လုံး လှုပ်ရှားခဲ့ခြင်းမရှိချေ။ ပတ်ဝန်းကျင်တစ်ခုလုံးကို ချိတ်ပိတ်ပစ်ရုံမှလွဲ၍ မည်သည့်နတ်ဆိုးကိုမှ သတ်ပစ်ခဲ့ခြင်းမရှိခဲ့။ အကြောင်းမှာ သူ့အနေဖြင့် သူကိုယ်တိုင်ဝင်ပါစရာမလိုမှန်း သိထားသည့် အတွက်ကြောင့်ပင်။
ရန်ကိုင်သည် လီကျောက်ဘေးနားသို့ ဆင်းလိုက်ပြီး လီကျောက်အား ငုံ့ကြည့်လိုက်လေသည်။
ထိုအခိုက်အတန့်တွင် လီကျောက်မှာလည်း မျက်လုံးပွင့်နေလေသည်။ ရန်ကိုင်ကိုမြင်သည့်အခါ လီကျောက်က ငိုနေသည့်မျက်နှာထက်ပင်လျှင် ပို၍အရုပ်ဆိုးသည့် အပြုံးမျိုး ပြုံးပြလျက် “နန်းတော်သခင်ရန်… ကူညီပါဦး…”
ရန်ကိုင်က မျက်ခုံးပင့်လျက် “ရောင်းရင်းလီဘာပြောချင်နေတာလဲ… ကျုပ်သိသလောက်ဆိုရင် ရောင်းရင်းလီက အရမ်းကို အားကောင်းတာမဟုတ်ဘူးလား… ဘယ်လိုလုပ်ပြီး ကျုပ်က ကူညီစရာလိုရမှာလဲ…”
လီကျောက်က ပြန်ပြောလိုက်လေသည်။ “နန်းတော်သခင်ရန်… မျက်လုံးကြီးဖွင့်ပြီးတော့ မလိမ်နဲ့လေ… ဒီလီကို နတ်ဆိုးချီတွေ တိုက်စားနေပြီဆိုတာကို နန်းတော်သခင်လည်း မြင်တာပဲ…”
လီကျောက်သည် ဒွိလောကကမ္ဘာထဲသို့ ကျုလဲ့နှင့်အတူ ရောက်လာခဲ့လေသည်။ သို့သော်ငြား ရန်ကိုင်ကဲ့သို့ ကံကောင်းခဲ့ခြင်းမရှိ။ သူတို့အား လူသားအင်ပါယာမြို့တော်ဆီသို့ ခေါ်သွားပေးမည့် မည်သူမျှ ရှိမနေခဲ့ပေ။ ထို့အတွက်ကြောင့် အပြင်ဘက်တွင်သာ တစ်ချိန်လုံး လှည့်ပတ်သွားလာနေခဲ့ရလေသည်။ လောကနိယာမများ ပြောင်းလဲသွားခဲ့ပြီး လေထုထဲ နတ်ဆိုးချီများ ပြည့်နှက်လာသည့်အခါ ဧကရာဇ်တတိယအဆင့်သို့ ရောက်နေသော လီကျောက်သည်ပင်လျှင် ထိုနတ်ဆိုးချီများကို ခုခံနိုင်ခဲ့ခြင်းမရှိဘဲ နတ်ဆိုးချီများ သူ့ခန္ဓာကိုယ်ထဲသို့ စိမ့်ဝင်လာခဲ့ရလေ၏။
ထိုနတ်ဆိုးချီမှာ အလွန်တရာကိုမှ ရှင်းထုတ်ရခက်လှပေသည်။ ထို့ကြောင့်သာမဟုတ်ပါက လီကျောက်၏ကျင့်ကြံခြင်းဖြင့် ကဝေနတ်ဆိုး၏ ထိန်းချုပ်မှုအောက်သို့ ရောက်သွားဖို့ရာ မဖြစ်နိုင်ပေ။ ကျုချင်းကြောင့်ရလိုက်သည့်ဒဏ်ရာမှာလည်း ဘာမျှမပြောပလောက်။ အရိုးလေးနည်းနည်းပါးပါး ကျိုးသွားရုံသာ ရှိလေသည်။ ရက်အနည်းငယ်လောက် အနားယူလိုက်လျှင် ပြန်ကောင်းသွားမည့်ဒဏ်ရာမျိုး ဖြစ်၏။ တကယ့်ပြဿနာမှာမူကား သူ့ခန္ဓာကိုယ်ထဲသို့ ရောက်နေသည့် နတ်ဆိုးချီများသာ ဖြစ်ပေသည်။ ထိုနတ်ဆိုးချီများကိုသာ သေသေချာချာ မရှင်းပစ်ပါက စိတ်လွတ်ကာ နတ်ဆိုးတစ်ကောင်အဖြစ်သို့ ပြောင်းလဲသွားရနိုင်သည်။
ယခု ရန်ကိုင်အား မြင်လိုက်ရခြင်းသည် အသက်ကယ်မျှော်လင့်ချက်ကို မြင်လိုက်ရသလိုပင်။
“ကျုပ်လည်း မြင်ပါတယ်… ဒါပေမယ့် ကျုပ်ကိုယ်တိုင်လည်း ဘာမှတတ်နိုင်တာမှမဟုတ်တာ…” ရန်ကိုင်က မေးစေ့ကိုပွတ်ရင်းမှ ပြန်ပြောလိုက်သည်။
ရန်ကိုင်၏စကားကိုကြားသည့်အခါ လီကျောက် အော်ငိုလုမတတ် ဖြစ်သွားခဲ့လေသည်။ “နန်းတော်သခင်ရန်… ခင်ဗျား ကူညီရမှာနော်… နန်းတော်သခင်ရန်ကြောင့်ပဲ ဒီလီ ဒီနေရာကို ရောက်လာခဲ့ရတာ… နန်းတော်သခင်ရန်သာ အတင်းမလိုက်ခိုင်းခဲ့လို့ရှိရင် ဒီလီ မီးနဂါးနန်းတော်ဆီပြန်ပြီးတော့ ဟိုမှာ အေးအေးဆေးဆေး နှပ်နေလို့ရပြီ… အခု ဒီလိုတွေဖြစ်ကုန်တာ နန်းတော်သခင်ရန် ခင်ဗျား တာဝန်ယူမှရမှာ…”
ရန်ကိုင်က ချက်ချင်းပဲ ပြန်အော်ပြောလိုက်လေ၏။ “ထမင်းကို စားချင်တိုင်းစားလို့ရတယ်… စကားကိုတော့ ပြောချင်တိုင်း ပြောလို့မရဘူး… ခင်ဗျား ကျုပ်နဲ့အတူလိုက်လာတာ ကျုပ်ပေးတဲ့အကျိုးအမြတ်တွေကို ခင်ဗျား လိုချင်လို့လေ… ခင်ဗျားအတွက် ဘာမှအကျိုးမရှိဘဲနဲ့ ဒီကို လိုက်လာရတာမှမဟုတ်တာ… ပြီးတော့ ခင်ဗျားကို နတ်ဆိုးချီတွေ တိုက်စားခံရအောင်လုပ်တာ ကျုပ်မှမဟုတ်တာ… ခင်ဗျားဘာသာခင်ဗျား အားနည်းလို့ အခုလိုမျိုး ဖြစ်ရတာလေ… ဘာမဆိုင်ညာမဆိုင် ကျုပ်ကို လာစွပ်စွဲနေရတာလဲ…”
လီကျောက်က ပြန်ပြောလိုက်လေသည်။ “နန်းတော်သခင်ရန်… ဒီလီ နတ်ဆိုးချီတိုက်စားတာ ခံရတာကို နန်းတော်သခင်ရန် ဒီတိုင်းပဲ ရပ်ကြည့်တော့မှာလား…”
“ဟမ်… ဘာလို့ ရပ်မကြည့်ရမှာလဲ…” ရန်ကိုင်က ပြန်ပြောလိုက်သည်။ “စိတ်မပူနဲ့… ခင်ဗျား နတ်ဆိုးအဖြစ်ပြောင်းသွားပြီဆိုတာနဲ့ ဒီသခင်လေးကိုယ်တိုင် ခင်ဗျားကို တစ်ခါတည်း ရှင်းပစ်ပေးလိုက်မယ်… ခင်ဗျား ဘယ်သူ့ကိုမှ လိုက်ပြဿနာမရှာစေရဘူး…”
လီကျောက်မှာ ရန်ကိုင်အား ကြိတ်၍သာ ကျိန်ဆဲနေရတော့လေသည်။ ယခုကဲ့သို့ ဖြစ်မည်မှန်းသာ ကြိုသိခဲ့လျှင် မည်သည့်အကြောင်းကြောင့်ဖြစ်ပါစေ ရန်ကိုင်နောက်သို့ လိုက်မလာခဲ့ချေ။ ယခုမူ သူ့အနာဂတ် မည်သို့မည်ပုံရှိသလဲဆိုသည်ကိုပင် မသိရတော့သည့်အခြေအနေသို့ ရောက်နေလေပြီ။
“ကဲ ကဲ ကဲ…” ရန်ကိုင်က ရုတ်တရက် ရယ်သွမ်းသွေးလျက် လီကျောက်အား ဆွဲထူပေးလိုက်လေသည်။
လီကျောက်မှာ ရန်ကိုင်၏ ရုတ်တရက် ပြောင်းလဲသွားသည့် သဘောထားကြောင့် အနည်းငယ် ကြောင်အမ်းအမ်းဖြစ်နေခဲ့သည်။ ရန်ကိုင်ကို ငေးကြောင်ကြောင်ဖြင့် စိုက်ကြည့်ရင်းမှ “နန်းတော်သခင်ရန် ခင်ဗျား…”
ရန်ကိုင်က ပြန်ပြောလိုက်လေသည်။ “ဒါ နတ်ဆိုးချီတိုက်စားတာလေးပဲ မဟုတ်ဘူးလား… အခြားသူတစ်ယောက်သာဆိုရင်တော့ နတ်ဆိုးချီတိုက်စားခံရတာနဲ့ အခုချိန်လောက်ဆို နတ်ဆိုးတစ်ကောင် ဖြစ်နေလောက်ပြီ… ဒါပေမယ့် ကံကောင်းစွာနဲ့ပဲ ရောင်းရင်းလီရဲ့ ကျင့်ကြံခြင်းက မြင့်နေတာမို့လို့ နတ်ဆိုးချီတိုက်စားခံထားရတာတောင် လုံးဝ ပြန်လမ်းမရှိတဲ့ အခြေအနေကိုတော့ မရောက်သေးဘူး…”
ထိုစကားကိုကြားသည့်အခါ လီကျောက်၏မျက်လုံးများ တောက်ပသွားခဲ့ပြီး ချက်ချင်းပဲ အလျင်စလို ပြန်ပြောလိုက်လေသည်။ “နန်းတော်သခင်ရန် ဒီလောက်အသည်းမာမှာမဟုတ်မှန်း ဒီလီသိသားပဲ… နန်းတော်သခင်ရန် ကျေးဇူးပြုပြီး ကျုပ်ကိုကယ်ပေးနိုင်မယ့် နည်းလမ်းလေး ပြောပြပါလား…”
“ခင်ဗျားအသက်ကို ကယ်နိုင်မယ့်နည်းလမ်းက ခင်ဗျားရှေ့မှာတင်ရှိနေတာ…” ရန်ကိုင်က ရယ်သွမ်းသွေးလျက် ပြောလိုက်လေသည်။
လီကျောက် ကြောင်အမ်းအမ်းဖြစ်သွား၏။
ရန်ကိုင်သည် တစ်ခုသောဘက်ဆီသို့ လှမ်းကြည့်၍ တိုးတိုးလေးပြောလိုက်သည်။ “ကျုလဲ့ကိုသွားရှာပြီးတော့ သူ့ရဲ့နဂါးသွေးတစ်စက် ခင်ဗျားကိုပေးဖို့ ပြောလိုက်… နဂါးသွေးက ဘယ်လိုတိုက်စားမှုမျိုးကိုမဆို သိသိသာသာ ခုခံနိုင်တယ်… အဲ့နဂါးသွေးကိုသာ ရလိုက်မယ်ဆိုရင် ခင်ဗျားကိုယ်ထဲက နတ်ဆိုးချီတွေကိုလည်း ရှင်းထုတ်ပစ်လို့ရသွားပြီ…”
လီကျောက် အကြောက်ကြီး ကြောက်လန့်သွားခဲ့ပြီး ကမန်းကတန်း လက်ဝှေ့ယမ်းလျက် “နန်းတော်သခင်ရန်… အဲ့လိုမျိုးကြီးတော့ လာမနောက်နဲ့လေ… နဂါးသွေးကိုရဖို့ ဘယ်လိုလုပ်ပြီး ဒီလောက်လွယ်မှာလဲ… ကျုလဲ့သာ သူ့ဆီကနေ နဂါးသွေးကို လိုချင်နေတဲ့အကြောင်းကို သိသွားရင် ကျုပ်ကို တစ်ခါတည်း သေအောင် ရိုက်ပစ်မှာ… ဒီလီ သူ့ဆီက သွားမတောင်းရဲဘူး…”
“အဲ့ဒါကြောင့်မို့ပဲ ခင်ဗျား ဒါကို လုပ်ကိုလုပ်ရမှာ… ခင်ဗျားကိုယ်တိုင်ကလည်း နဂါးသွေးနှောဆိုတော့ ခင်ဗျားသာ နဂါးသွေးစက်နည်းနည်းလောက် ရလိုက်မယ်ဆိုရင် ကျွတ် ကျွတ်…”
“ဂလု…” လီကျောက် တံတွေးတစ်လုပ် မျိုချမိလိုက်လေသည်။
ရှင်းရှင်းပြောရသော် သူသည် နဂါးများ၏ မျိုးဆက်တစ်ဦး ဖြစ်သည်ဟု ပြော၍ရသည်။ သူ့ကိုယ်ထဲရှိ နဂါးသွေးမှာ အလွန်တရာကိုမှ ကြဲပါးလှပါသော်ငြား သူသည်သာ သန့်စင်သည် နဂါးသွေးစက်အချို့ကို သောက်သုံးလိုက်နိုင်မည်ဆိုလျှင် သူ့ခွန်အားမှာ အကြီးအကျယ် တိုးတက်လာမည်ဖြစ်ကာ သူ့သွေးမျိုးဆက်မှာလည်း ပို၍ သန့်စင်လာရပေလိမ့်မည်။ ရန်ကိုင်၏စကားများမှာ အနည်းငယ် မယုံကြည်နိုင်စရာ ကောင်းပါသော်ငြား ရန်ကိုင်၏စကားကို ထပ်တလဲလဲ ကြားယောင်နေပြီးသည့်နောက် လီကျောက်မှာ ကျုလဲ့၏ နဂါးသွေးစက်ကို အမှန်တကယ် လိုချင်လာမိခဲ့လေသည်။
တစ်ချိန်တည်းတွင်လည်း သူ့မျက်လုံးထဲရှိ အလင်းရောင်တို့မှာ တလက်လက်တောက်ပလာခဲ့ပြီး သူ့ဆီမှ ဖြာထွက်နေသည့် နတ်ဆိုးချီမှာလည်း ပို၍ သိပ်သည်းလာခဲ့လေသည်။
ထိုမြင်ကွင်းကိုကြည့်ရင်း ရန်ကိုင်မှာတော့ ဘာမှမပြောခဲ့ပဲ အဓိပ္ပာယ်ပါပါသာ ပြုံးနေခဲ့လေသည်။
ထိုအချိန်အတောအတွင်း ကျုချင်းနှင့် ကျုလဲ့တို့မှာတော့ သူတို့ဘာသာသူတို့ စကားပြောနေကြလေ၏။ ကျုချင်းသည် အမှားတစ်ခုလုပ်ထားသည့် လူတစ်ဦးပမာ ကျုလဲ့နှင့် အကြည့်ချင်း မဆိုင်ရဲဘဲ အကြည့်လွှဲနေခဲ့သည်။ ကျုလဲ့ကိုယ်တိုင်မှာတော့ သူ၏အစ်မကို ယခုမှသာလျှင် ပထမဦးဆုံးအကြိမ် တွေ့ဖူးသည့်အလား ထိတ်လန့်တုန်လှုပ်နေသည့် အမူအယာဖြင့် သူ့အစ်မကို သေသေချာချာ ကြည့်နေခဲ့လေသည်။
“နင်…” အချိန်အတော်ကြာသွားပြီးသည့်နောက် ကျုလဲ့က ပြောလိုက်လေသည်။ “နင် ဘယ်လိုလုပ်ပြီး အဆင့်ကိုးကို ရောက်သွားတာလဲ…”
ပြန်တွေ့စဉ်အချိန်ကတည်းက ကျုချင်းနှင့်ပတ်သက်၍ တစ်ခုခုမှားယွင်းနေသည်ဟု ကျုလဲ့ ခံစားနေရသည်။ လက်ရှိအချိန်တွင် ကျုချင်း၏ သွေးမျိုးဆက်မှာ သူ့ထက်ပို၍ သန့်စင်နေခဲ့သည်။ နဂါးကျွန်းမှ ထွက်လာစဉ်က ကျုချင်းနှင့် ကျုလဲ့တို့ နှစ်ဦးစလုံးသည် အဆင့်ရှစ်တွင်သာ ရှိနေကြလေသည်။ နဂါးကလန်၏သွေးမျိုးဆက်ကို အဆင့်မြှင့်တင်ဖို့ရာ အလွန်ကိုမှ ခက်ခဲလှသည်။ ပထမဦးစွာ နဂါးကလန်၏သွေးမျိုးဆက်ကို မိဘများ၏ သွေးမျိုးဆက်မှ လွှမ်းမိုးပေသည်။ ထို့နောက်တွင် သူတို့၏ ကိုယ်တိုင်အားထုတ်မှုနှင့် နဂါးကလန်မှ ရရှိနိုင်မည့် အရင်းအမြစ်များအပေါ် မူတည်သွားတော့လေသည်။
ကျုချင်းနှင့် ကျုလဲ့တို့ မောင်နှမနှစ်ဦးသည် နဂါးကလန်ထဲရှိ အားကောင်းလှသော ပညာရှင်များအနက် အနည်းငယ်ဖြစ်သည်ဟု ပြော၍ရသည်။ သူတို့၏ အဆင့်ရှစ်သွေးမျိုးဆက်မှာလည်း အတော်လေးကိုမှ အားကောင်းလှပေသည်။ အကြီးအကဲချုပ်သည်ပင်လျှင် အဆင့်တစ်ဆယ်နဂါးတစ်ကောင်သာ ဖြစ်လေသည်။
သူတို့မောင်နှမနှစ်ဦးသည် အဆင့်ရှစ်တွင်သာ တစ်ဘဝလုံး ရပ်တန့်သွားလိမ့်မည်ဟု အကြီးအကဲချုပ်မှ တစ်ခါက ပြောခဲ့ဖူးသည်။ သူတို့အဖို့ အဆင့်ကိုးသို့ ရောက်နိုင်ချေ အနည်းငယ်သာ ရှိပေသည်။ အကြီးအကဲချုပ်မှာ နှစ်ပေါင်းများစွာကြာအောင် ရှင်သန်လာခဲ့သူတစ်ဦး ဖြစ်သည့်အတွက်ကြောင့် သူ့စကားများမှာ အမြဲတစေ မှန်ကန်ခဲ့သည်ချည်းသာ။
အကြီးအကဲချုပ်ပြောသည်မှာလည်း တကယ်ကို မှန်ကန်ခဲ့ပေသည်။ အဆင့်ရှစ်သို့ရောက်လာပြီးသည့်နောက်တွင် ကျုချင်းနှင့် ကျုလဲ့တို့မောင်နှမနှစ်ဦးအဖို့ သူတို့၏သွေးမျိုးဆက်ကို နောက်တစ်ဆင့်သို့ မြှင့်တင်ဖို့ရာ ပို၍ ခက်ခဲလာခဲ့ရသည်။ သူတို့အနေဖြင့် နဂါးသွေးပန်း မည်မျှများများကို စားသုံးစေကာမူ နဂါးနန်းတော်ထဲ မည်မျှကြာအောင် တံခါးပိတ်ကျင့်စဉ်ဝင်စေကာမူ တိုးတက်မှုမရှိခဲ့ပေ။
သူ့အစ်မ တစ်နေ့တွင် အဆင့်ကိုးနဂါးတစ်ကောင် ဖြစ်လာလိမ့်မည်ဟု ကျုလဲ့ လုံးဝ ယုံကြည်ထားခြင်းမရှိ။
နဂါးများသည် တစ်ဦး၏သွေးမျိုးဆက်ကို တစ်ဦးမှ အာရုံခံနိုင်စွမ်း အလွန်မြင့်မားကြသည်။ ထို့အတွက်ကြောင့် သူအထင်မှားနေခြင်းမဟုတ်မှန်း ကျုလဲ့ ယုံကြည်နေလေသည်။ ကျုချင်းသည် နဂါးအသွင်သို့ ပြောင်းမထားလျှင်ပင် သူမဆီမှ ဖြာထွက်နေသည့် အဆင့်ကိုးအရှိန်အဝါသည် တုပ၍မရချေ။
အဆင့်ကိုးသို့ ရောက်သွားသည့် ကျုချင်းကိုကြည့်ရင်း ကျုလဲ့မှာ အတော်လေးကိုမှ စိတ်ဂနာမငြိမ် ဖြစ်နေခဲ့လေသည်။ သူ့အစ်မ အဆင့်တက်သွားသည့်အပေါ် မနာလိုအားကျမိသလို လေးလည်းလေးစားမိသည်။ သူကိုယ်တိုင်သည်လည်း ကျုချင်း မည်ကဲ့သို့များ အဆင့်ကိုးသို့ ရောက်သွားသလဲဆိုသည်ကို သိချင်နေမိလေသည်။
ကျုချင်းမှာတော့ ပြန်မဖြေခဲ့။ သို့သော်ငြား သူမ၏အမူအယာမှာတော့ ယခင်ကထက် ပိုပို၍ ရှက်လာနေခဲ့လေ၏။
နောက်ဆုံးတွင် ကျုချင်းက တိုးတိုးလေးပြောလိုက်သည်။ “အခွင့်အရေးက သူ့ဘာသာသူ ရောက်လာတာ…”
“မဖြစ်နိုင်ဘူး…” ကျုလဲ့က ပြန်ပြောလိုက်သည်။ ကျုချင်းသည် အလွန်ကိုမှ ကပ်စေးနည်းလွန်းသည်ဟု ကျုလဲ့ ခံစားနေရလေသည်။ သူ့ခမျာ အဆင့်ကိုးသို့ ရောက်သွားစေသည့် လျှို့ဝှက်ချက်လေးကို သိချင်ခြင်းသာ ဖြစ်ပါသော်ငြား ကျုချင်းကမူ ပြောမပြခဲ့ပေ။
“ချင်းအာ… နင်အဆင့်ကိုးရောက်သွားတာလား…” ထိုစဉ် ရန်ကိုင်ရောက်လာပြီး အံ့အားသင့်နေဟန်ဖြင့် မေးလိုက်လေသည်။
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၂၉၇၄)
ဘာသာပြန်သူ_တိမ်တိုက်
ထိုသို့မေးပြီးသည့်နောက်တွင် လူသားအင်ပါယာမြို့တော်ထဲရှိ တော်ဝင်နန်းတော်ထဲတွင် ကျုချင်း နဂါးအသွင်သို့ ပြောင်းလဲသွားစဉ်က မီတာသုံးရာခန့် အလျားရှိသည့် နဂါးနီတစ်ကောင် ဖြစ်သွားခဲ့ခြင်း ရန်ကိုင် ပြန်သတိရသွားခဲ့သည်။ ကျုလဲ့ကိုယ်တိုင် နေမင်းပြာကျောင်းတော်တွင် နဂါးအသွင်သို့ ပြောင်းလဲထားစဉ်ကပင် မီတာနှစ်ရာလောက်သာ ရှည်ပေသည်။
ထိုသို့ဖြစ်ရခြင်းမှာ သူမ၏သွေးမျိုးဆက် နောက်တစ်ဆင့်သို့ တက်သွားသည့် အတွက်ကြောင့်သာ ဖြစ်ပေသည်။ သွေးမျိုးဆက် ပိုမိုသန့်စင်လာသည်နှင့်အမျှ အသွင်ပြောင်းနိုင်သည့် နဂါး၏အရွယ်အစားမှာလည်း ပို၍ ကြီးမားလာလေ၏။
ထိုအကြောင်းကြောင့်ပင်လျှင် ကျုလဲ့မှ ကျုချင်း၏သွေးမျိုးဆက် အဆင့်ကိုးသို့ ရောက်သွားပြီဟု ပြောခြင်းမှာ အခြေအမြစ်မရှိ ပြောနေခြင်း မဟုတ်တော့ချေ။
သို့သော်ငြား ရန်ကိုင်နားမလည်နိုင်သည့် အချက်တစ်ချက် ရှိနေပေသေးသည်။ “သူ အဆင့်ကိုးဖြစ်သွားတယ်ဆိုရင် ဘာဖြစ်လို့လဲ… အဲ့ဒါ ကောင်းတာမဟုတ်ဘူးလား… နဂါးကလန်သားတွေက သူတို့ရဲ့သွေးမျိုးဆက် ပိုသန့်စင်တာကို ကြိုက်ကြတာမဟုတ်ဘူးလား… ချင်းအာ… နင့်မျက်နှာ ဘာလို့ နီနေတာလဲ…”
“မဖြစ်နိုင်ဘူး… မဖြစ်နိုင်ဘူး… ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ…” ကျုလဲ့မှာတော့ မျက်မှောင်ကြီးကျုံ့လျက်ကို ရေရွတ်နေခဲ့လေသည်။ အချိန်တိုအတွင်း ကျုချင်းမှ အဆင့်ကိုးနဂါးတစ်ကောင် ဖြစ်လာသည့်အပေါ် သူ့အနေဖြင့် မည်သို့မျှ နားမလည်နိုင်အောင်ကို ဖြစ်နေခဲ့လေသည်။ သူ့စိတ်ထဲတွင်လည်း ကောင်းကင်သည် တရားမျှတမှုမရှိဟု အပြစ်တင်နေခဲ့လေသည်။ အဆင့်ကိုးသို့ ရောက်နိုင်မည့် အခွင့်အရေးသည် ဘာကြောင့်များ သူ့ဆီသို့ ရောက်မလာရလေသနည်း။
ရုတ်တရက်ဆိုသလို ကျုလဲ့သည် ရန်ကိုင်ဘက်သို့လှည့်၍ အေးစက်စက်လေသံဖြင့် မေးလိုက်လေသည်။ “မင်း ခုနတုန်းက သူ့ကို ဘယ်လိုခေါ်လိုက်တာလဲ…”
ကျုချင်း၏သွေးမျိုးဆက် အဆင့်တက်သွားသည့်ကိစ္စအပေါ် အာရုံရောက်နေသည့်အတွက်ကြောင့် ရန်ကိုင်မှ သူ့အစ်မအား ခေါ်ဝေါ်လိုက်သည့်ပုံကို သတိမမူမိသလို ဖြစ်သွားခဲ့လေသည်။ ယခုမှသာလျှင် တစ်ခုခုမှားယွင်းနေမှန်း သတိထားမိသွားခဲ့ပြီး ရန်ကိုင်သုံးနှုန်းသွားသည့် စကားအသုံးအနှုန်းကို သေချာပြန်စဉ်းစားကြည့်မိတော့သည်။ လူသားတစ်ယောက်သည် သူ့အစ်မအား မည်ကဲ့သို့များ ဤကဲ့သို့ တရင်းတနှီး ခေါ်ဝေါ်နေခဲ့ရလေသနည်း။ ဤသည်မှာ နဂါးကလန်အား စော်ကားလိုက်ခြင်းဖြစ်ပေသည်။ ပိုဆိုးသည်မှာ သူ့အစ်မကလည်း တစ်ချက်ကလေးမှကို ငြင်းဆန်နေခြင်းမရှိခြင်းပင်။
ကျုလဲ့သည် ရုတ်တရက်ဆိုသလို တစ်ခုခုအား နားလည်သွားခဲ့ပြီး အေးစက်စက်လေသံဖြင့် သတ်ဖြတ်လိုစိတ်ကို ထုတ်လွှတ်လျက် မေးလိုက်လေ၏။ “မင်း ခုနတုန်းက ငါ့ကို ဘယ်လိုခေါ်လိုက်တာလဲ…”
ရန်ကိုင်သည် ကျုချင်းနားသို့ လျှောက်လာပြီး ကျုချင်း၏ပုခုံးပေါ် လက်တင်လျက် ပြောလိုက်လေသည်။ “မင်းက ချင်းအာရဲ့မောင်လေးလေ… ဒီတော့ ငါမင်းကို ယောက်ဖလေးလို့ ခေါ်တာပေါ့…”
ကျုချင်း၏ခန္ဓာကိုယ်လေး ကျုံ့သွားသလို ဖြစ်သွားခဲ့သည်။ သို့သော်ငြား ရန်ကိုင်၏လက်ကိုတော့ မဖယ်ထုတ်ခဲ့ပေ။
ကျုလဲ့၏မျက်လုံးများ မှေးစင်းသွားခဲ့လေသည်။ သူသည် အရူးတစ်ယောက်မဟုတ်။ ရန်ကိုင်မှ သူမအပေါ် တရင်းတနှီး ဆက်ဆံနေသည်ကို ကျုချင်းဘက်မှ အနည်းငယ်မျှပင် ငြင်းဆန်ခြင်းမရှိကြောင်းကို သူမြင်နေရသည်။ ထို့အပြင် ရန်ကိုင်မှ သူတို့မောင်နှမနှစ်ဦးအား ခေါ်ဝေါ်သွားသည့်ပုံကိုလည်း ပြန်စဉ်းစားကြည့်ရသလောက် ကျုလဲ့၏ခေါင်းထဲ အတွေးတစ်ခု ပေါ်လာခဲ့လေသည်။ ရုတ်ချည်းဆိုသလို သူ့မျက်နှာမှာ ရေခဲတမျှ အေးစက်သွားတော့လေသည်။
ဘေးဘက်တွင်ရှိနေသော လီကျောက်မှာမူ သူ့ပါးစပ်ထဲသို့ ကြက်ဥတစ်လုံး ပစ်သွင်းလို့ရလောက်သည်အထိ ပါးစပ်အဟောင်းသားကို ဖြစ်နေခဲ့လေသည်။ ရန်ကိုင်ကိုကြည့်ရင်းမှ လီကျောက်စိတ်ထဲ ထိတ်လည်းထိတ်လန့်နေမိသလို လေးလည်းလေးစားမိနေလေ၏။ (သူတကယ်ကြီး နဂါးမတစ်ကောင်ကို ရသွားတာလား…)
လီကျောက်မှာ သူ့ကိုယ်သူ အိပ်မက်များ မက်နေသလားဟုပင် တွေးနေမိသည်။ အိပ်မက်မဟုတ်ဘဲ တကယ်ဖြစ်နေသည်သာဆိုပါက နန်းတော်သခင်ရန်သည် နဂါးကျွန်း၏သမက်တစ်ဦး ဖြစ်သွားပြီဟု ပြော၍ရပေသည်။ ဤသည်မှာ လုံးဝကို မယုံကြည်နိုင်စရာ အဖြစ်အပျက်တစ်ခုပင်။
ရန်ကိုင်ကို လေးစားလွန်းသဖြင့် သူ့ကိုယ်သူသာ သင်းကွပ်ပစ်လိုက်ချင်တော့သည်။ အစောပိုင်းကတော့ ရန်ကိုင်အပေါ် အတွန့်တက်နေမိပါသော်ငြား ယခုအချိန်တွင်တော့ ထိုအတွန့်တက်နေသည့် အတွေးများ ပျောက်ချင်းမလှ ပျောက်ကွယ်သွားကုန်ကြလေသည်။ သူ့ကိစ္စနှင့်ယှဉ်လိုက်သော် နဂါးကလန်မှ နဂါးမတစ်ကောင်ကို ရအောင်ယူလိုက်ခြင်းသည် နဂါးကလန်အတွက် အလွန်ကိုမှ ကြီးမားလှသည့် ပြစ်မှုကြီးတစ်ခု ဖြစ်ပေသည်။ ရန်ကိုင်သည် နဂါးမလေးတစ်ဦးကို ယူရဲလေရာ သူကရော ဘာကြောင့်များ ကျုလဲ့၏သွေးအချို့ကို သွားမတောင်းရဲရမည်နည်း။
“မင်း… မင်းတို့နှစ်ယောက်… မင်းတို့တကယ်ကြီး လုပ်နေကြတာလား…” ကျုလဲ့မှာ ယမ်းမီးပုံကျ ဒေါသထွက်နေခဲ့လေသည်။
ကျုလဲ့၏သတ်ဖြတ်လိုစိတ်ကို ခံစားမိလိုက်သော် ရန်ကိုင်မျက်မှောင်ကျုံ့သွားခဲ့ပြီး မကျေမနပ်ဖြင့် ပြန်ပြောလိုက်လေ၏။ “ငါ့ပုံစံက နောက်နေတဲ့ပုံ ပေါက်နေလို့လား…”
“နင်ကိုယ်တိုင်ပြော…” ကျုလဲ့ကမူ ရန်ကိုင်၏စကားကို လျစ်လျူရှုလျက် ကျုချင်းကိုကြည့်၍မေးလိုက်လေသည်။
“ဒါ မင်းအစ်မကို စကားပြောတဲ့ပုံလားကွ…” ရန်ကိုင်၏မျက်နှာ သုန်မှုန်သွားခဲ့ပြီး ချက်ချင်း ပြန်ပြောလိုက်လေ၏။ “ငါ့ယောက်ဖလေးဖြစ်နေလို့ ငါမင်းကို မရိုက်ရဲဘူးလို့ မထင်နဲ့နော်… ကိုယ့်စီနီယာတွေအပေါ် ဆက်ပြီး မလေးမစားလုပ်နေလို့ရှိရင် မင်းအစ်မတောင် မမှတ်မိတော့တဲ့အထိ ရိုက်ပစ်လို့ဆိုပြီး ငါ့ကို လာအပြစ်မတင်နဲ့…”
ကျုလဲ့၏နဖူးထက် သွေးကြောကြီးများ ထောင်တက်လာခဲ့ပြီး သတ်ဖြတ်လိုစိတ်ဖြင့် ရန်ကိုင်အား စိုက်ကြည့်ရင်းမှ ပြန်ပြောလိုက်သည်။ “အဲ့ဒါဆို လာလုပ်လိုက်လေ…”
“ငါ့ဘက်က စကားလေးနည်းနည်းပြောရရုံရှိသေးတယ် မင်းက ဒီလိုဖြစ်နေပြီ… ကောင်းပြီလေ… အဲ့လိုဆိုမှတော့ အကြီးတွေကို ဘယ်လိုလေးစားရမလဲဆိုတာကို ငါ့ယောက်ဖလေးသိသွားအောင် ငါကိုယ်တိုင်ကပဲ သင်ခန်းစာပေးရသေးတာပေါ့…” ထိုသို့ပြောပြီးသည့်နောက် ရန်ကိုင်သည် အင်္ကျီလက်ကိုလိပ်တင်၍ ကျုလဲ့ဆီသို့ လျှောက်သွားရန် လုပ်လိုက်သည်။ သို့သော်ငြား ကျုချင်းမှာ သူ့အား လှမ်းဆွဲထားခဲ့လေသည်။
“နင် ဘာဖြစ်လို့ ငါ့ကို လာတားနေတာလဲ…” ရန်ကိုင်က မကျေမနပ်အမူအယာဖြင့် “နင့်မောင်ကို တကယ်ကို ဆိုးဆိုးသွမ်းသွမ်းဖြစ်နေတာ… ဒီကောင့်ကို သေသေချာချာ သင်ပေးမှရတော့မှာ… စိတ်မပူနဲ့… ငါ သူ့ကို မသတ်ဘူး… သူ့အရိုးလေး နည်းနည်းပါးပါးချိုးပြီးတော့ စကားကို ဘယ်လိုပြောရမလဲဆိုတာကို သင်ပေးရုံပဲ…”
ကျုချင်းက ခေါင်းခါလျက် ကျုလဲ့ဘက်သို့လှည့်၍ “နင်ကိုယ်တိုင်လည်း မြင်ပြီးသွားပြီ… ကြားလည်းကြားပြီးသွားပြီ… ဒီတော့ ငါ့မှာ ဘာမှထပ်ပြောစရာအကြောင်းမရှိဘူး…”
ကျုလဲ့၏ခန္ဓာကိုယ် တုန်တုန်ရီရီဖြစ်သွားခဲ့ပြီး ဒယီးဒယိုင်ဖြင့် နောက်သို့ ဆုတ်သွားလေသည်။ ယခု ကျုလဲ့ကိုယ်တိုင် ဝန်ခံလာသည့်အကြောင်း ကြားပြီးသည့်နောက် လီကျောက်မှာ အမှန်တရားကို လုံးဝ လက်မခံနိုင် ဖြစ်နေလေ၏။ ဂုဏ်သရေရှိ ကြီးကျယ်ခမ်းနားလှသည့် နဂါးကလန်သားတစ်ဦးသည် သူမကိုယ်သူမ လူသားတစ်ဦး၏ ရင်ခွင်ထဲသို့ ပစ်ဝင်ခဲ့လေသည်။
ဤသည်မှာ နဂါးကျွန်းအတွက်တော့ အရှက်ရစရာပင်။ နဂါးကလန်တစ်ခုလုံးအတွက် အရှက်ရစရာလည်း ဖြစ်လေသည်။
“ကျုချင်း… နင် ငါ့ကို တကယ်စိတ်ပျက်အောင် လုပ်တာပဲ…” ကျုလဲ့သည် ခေါင်းတခါခါဖြင့် ပြောလိုက်လေသည်။ “နင် ဘယ်လိုလုပ်ပြီး ဒီလောက်တောင် ရူးမိုက်ရတာလဲ…”
ရန်ကိုင်က အေးစက်စက်လေသံဖြင့် နှာခေါင်းရှုံ့လျက် “မင်းပုံစံက မသိရင် ငါတို့က အမှားလုပ်ထားတဲ့ပုံစံမျိုးကျနေတာပဲ… ကျုလဲ့ ငါမင်းကို ပိုပိုပြီးတော့ ကြည့်မရ ဖြစ်လာနေပြီကွာ…”
“ငါလည်း အဲ့အတိုင်းပဲ…” ကျုလဲ့သည် ရန်ကိုင်အား အေးစက်စက်အကြည့်ဖြင့် စိုက်ကြည့်လိုက်လေသည်။ အကြည့်ချင်းဆုံသွားသည့်အခိုက် နှစ်ဦးလုံး၏မျက်လုံးထဲမှ မီးပွားများ ထွက်လာတော့မယောင်ပင် ထင်ရသည်။
ကျုချင်းက ယဲ့ယဲ့လေးပြုံးလျက် “ငါတော့ ရူးတယ်လို့မထင်ဘူး… အဲ့အစား ဒါက ငါ့တစ်ဘဝလုံးမှာ ပျော်စရာအကောင်းဆုံးလို့ပဲထင်တယ်…”
ထိုစကားကိုကြားသည့်အခါ ကျုလဲ့အပေါ် ရန်ကိုင်၏မကျေနပ်မှုတို့ ပျောက်ချင်းမလှ ပျောက်ကွယ်သွားခဲ့ပြီး အလွန်ကိုမှ ကျေနပ်အားရနေသည့်အမူအယာဖြင့် ရန်ကိုင်သည် အရူးတစ်ယောက်ပမာ အော်ရယ်မောတော့လေသည်။
ကျုလဲ့က ခါးသက်သက်အမူအယာဖြင့် “မိန်းမတွေ ဘယ်လောက်အားကောင်းကောင်း နောက်ဆုံးကျတော့လည်း အရူးတွေပါပဲလား… နင်အခုလိုလုပ်လိုက်လို့ ဘယ်လိုဖြစ်မလဲဆိုတာကို နင်သိတယ်မလား…”
ကျုချင်း၏အမူအယာ အနည်းငယ်ဖြူလျော်သွားခဲ့လေသည်။ သို့သော်ငြား ခေါင်းတော့ညိတ်ပြလိုက်လေ၏။
“အဲ့ဒါဆို ဘာဖြစ်လို့လုပ်တာလဲ…” ကျုလဲ့က သွေးရူးသွေးတမ်းဖြင့် ထအော်လေ၏။
ကျုချင်းမှာ ပြန်မဖြေခဲ့ဘဲ ခေါင်းကိုငုံ့၍သာ “ငါကို နောက်တစ်ကြိမ် အခွင့်အရေးထပ်ပေးမယ်ဆိုရင်တောင် ငါကတော့ ထပ်လုပ်ဦးမှာပဲ…”
“ရူးနေတာ… နင်လုံးဝကို ရူးနေပြီ…” ကျုလဲ့က ခေါင်းခါလိုက်လေသည်။ ရန်ကိုင်ကိုကြည့်လိုက် ကျုချင်းကိုကြည့်လိုက်လုပ်ရင်း ကျုလဲ့၏အမူအယာမှာ ပိုပို၍ သုန်မှုန်လာခဲ့လေသည်။
တစ်ခဏကြာပြီးသည့်နောက် လေသံတိုးတိုးဖြင့် ပြောလိုက်လေ၏။ “ဒီတော့ နင်အဆင့်ကိုးနဂါးနီတစ်ကောင် ဖြစ်လာတာ သူ့ကြောင့်ပေါ့… ငါနားလည်သွားပြီ… အစကတော့ နင့်အတွက် အခွင့်အရေးတစ်ခု ရောက်လာတယ်ထင်နေတာ… ကျွတ်… ဒီလိုဖြစ်လာရတာလို့ မထင်ထားဘူး…”
ကျုချင်း ရှက်သွေးဖြာသွားခဲ့လေသည်။
ရန်ကိုင်သည် ကျုချင်းအား ထူးထူးဆန်းဆန်းကြည့်ရင်းမှ မေးလိုက်လေသည်။ “နင်အဆင့်ကိုးရောက်သွားတာ ငါနဲ့ဘာဆိုင်လို့လဲ…” ကျုချင်း အဆင့်ကိုးသို့ ရောက်လို့ရောက်သွားမှန်းကိုပင် ရန်ကိုင်မသိချေ။
“မေးမနေနဲ့…” ကျုချင်း၏မျက်နှာ ပိုပို၍ နီမြန်းလာနေခဲ့လေသည်။
ကျုချင်း၏ပုံစံကို ကြည့်ရင်း ကမ္ဘာငယ်လေးထဲရှိ အဖြစ်အပျက်များအကြောင်းကို ရန်ကိုင် ပြန်စဉ်းစားမိသွားခဲ့လေသည်။ ထိုစဉ်က ကျုချင်း၏အရှိန်အဝါ ပြောင်းလဲသွားသည်ကို ဝိုးတိုးဝါးတား ခံစားမိလိုက်သည်။ သို့သော်ငြား ထိုကိစ္စနှင့်ပတ်သက်၍ သေချာစဉ်းစားနေခြင်းမရှိခဲ့။ ယခုမှသာလျှင် သူမ၏သွေးမျိုးဆက် ထိုစဉ်က အဆင့်တက်သွားခြင်းဖြစ်ကြောင်းကို နားလည်သွားရတော့သည်။
ရန်ကိုင်သည် ကျုချင်းအား ကောင်းကင်စိတ်အာရုံဖြင့် တိုးတိုးလေးမေးလိုက်လေသည်။ “ချင်းအာ… အဲ့ဒါ ငါ့ရဲ့ ယန်ချီကြောင့်လား… အဲ့ဒါက…”
ကျုချင်းက ရန်ကိုင်၏လက်မောင်းကို လိမ်ဆွဲလျက် ပြန်ပြောလိုက်လေသည်။ “ဘာယန်ချီလဲ…”
ရန်ကိုင်က ခြောက်ကပ်ကပ်ရယ်မောလျက် ကျုချင်းအား မျက်စိတစ်ဖက်မှိတ်ပြရင်းမှ ကောင်းကင်စိတ်အာရုံဖြင့် ဆက်၍ပြောလိုက်လေသည်။ “နင်သိပါတယ်… ဟိုဟာလေ…”
ကျုချင်းက ခေါင်းညိတ်လိုက်သည်။ “နင့်မှာ ဘိုးဘေးနဂါးအမြုတေ ရှိနေတယ်… ဘိုးဘေးနဂါးရဲ့ သွေးမျိုးဆက်ကြောင့်ပဲ ငါ အခုလိုမျိုး အဆင့်ကိုးကို တက်နိုင်သွားတာ…”
ထိုသို့ပြောပြီးသည့်နောက် ကျုချင်း၏မျက်နှာကြီး မီးကင်ထားခံရသည့်ပမာ ရုတ်တရက်ကို ပူတက်လာခဲ့လေ၏။
“ဒီတော့ နင် အဆင့်ကိုးရောက်သွားတာ တကယ်ကြီး ငါ့ကြောင့်ပေါ့…” ရန်ကိုင်က မနေနိုင်ဘဲ မေးလိုက်မိသည်။
“ဟုတ်တယ်…” ကျုချင်း၏မျက်နှာ ပူသထက်ကို ပူလာတော့လေသည်။
“ဒီတော့ ငါတို့နှစ်ယောက်သာ နောက်ပိုင်း ထပ်ပြီးတော့ အဲ့လိုလုပ်မယ်ဆိုရင် နင့်ရဲ့သွေးမျိုးဆက်က နောက်တစ်ဆင့်ထိကို ထပ်တက်သွားမှာပေါ့…”
“အဲ့အကြောင်းကို ဆက်မပြောတော့နဲ့…” ကျုချင်း နှုတ်ခမ်းလေးကို ကိုက်လိုက်လေသည်။ သူမအနေဖြင့် ဤအကြောင်းကို ဆက်ပြောဖို့ရာ အလွန်ကိုမှ ရှက်ရွံ့လွန်းနေလေ၏။
“ငါနားလည်သွားပြီ… ငါအခု နားလည်သွားပြီ…” ရန်ကိုင် ရယ်သွမ်းသွေးလိုက်လေ၏။
ကျုလဲ့ကမူ ထိုမြင်ကွင်းကို အေးစက်စက်အမူအယာဖြင့်သာ ရပ်ကြည့်နေခဲ့လေသည်။ သူ့ရှေ့တွင် အပြန်အလှန် ချစ်ကြည်နူး တစ်တီတူး လုပ်ပြနေသည့် ကျုချင်းနှင့် ရန်ကိုင်ကိုကြည့်ရင်း ကျုလဲ့မှာ သူ့မျက်လုံးသူသာ ဖောက်ထုတ်ပစ်လိုက်ချင်မိတော့သည်။ ကျုချင်း၏အတွေးများကိုလည်း သူလုံးဝ နားမလည်နိုင်ချေ။ ကျုချင်းသည် ဤမျှ ရူးမိုက်သည့်အလုပ်မျိုးကို ဘာကြောင့်များ လုပ်ခဲ့ရလေသနည်း။
မနေနိုင်တော့သည့်အဆုံးတွင် ကျုလဲ့က လှောင်ပြုံးပြုံးလျက် ပြောလိုက်လေ၏။ “ပျော်နိုင်တုန်းတော့ ပျော်ထားပေါ့… ပြီးတော့မှ နောင်တမရနဲ့…”
“ငါ အခုမှ သတိထားမိတယ်… မင်းက တော်တော်ကို မျက်စိဆံပင်မွေးစူးစရာ ကောင်းပါလားကွ…” ရန်ကိုင်သည် ကျုလဲ့အား အေးစက်စက်အမူအယာဖြင့် စိုက်ကြည့်ရင်းမှ “မင်းသာ ငါ့ယောက်ဖလေးမဟုတ်လို့ရှိရင် ငါမင်းကို သင်ခန်းစာပေးပြီးနေပြီ…”
ကျုလဲ့က အံကြိတ်၍ “ငါကရော မင်းရဲ့ယောက်ဖ ဖြစ်ချင်နေတယ်ထင်နေတာလား… မင်းကိုယ်မင်း သိပ်ပြီး အထင်ကြီးလွန်းမနေနဲ့…”
ရန်ကိုင် ဒေါသူပုန်ထသွားလေ၏။ “ငါ ဒီနေ့မှ မင်းကို သင်ခန်းစာမပေးရရင် ငါ့မျိုးရိုးနာမည်က ရန်မဟုတ်တော့ဘူးကွ… ချင်းအာ နင် ဘေးဖယ်နေ…”
ထိုသို့ပြောပြီးသည့်နောက် ကျုချင်းအား ဘေးသို့ တွန်းထုတ်လျက် နဂါးအသွင်ပြောင်းလဲခြင်းပညာရပ်ကို ထုတ်သုံးလိုက်လေသည်။
ရန်ကိုင်၏ခန္ဓာကိုယ်သည် ရုတ်တရက်ဆိုသလို အရွယ်အစား ကြီးမားလာခဲ့ပြီး ကျုလဲ့အား လက်သီးဖြင့် ထိုးချလိုက်လေ၏။
သွေးမျိုးဆက်ဖိနှိပ်ခြင်းကြောင့် ကျုလဲ့မှာ သူ့ခွန်အား၏ လေးဆယ်ရာခိုင်နှုန်းလောက်ကိုပင် ထုတ်မသုံးနိုင်ချေ။ သူ့စိတ်ထဲတွင်လည်း အလန့်တကြား ဖြစ်နေမိသည်။ ရန်ကိုင်နှင့် ယခင်တစ်ကြိမ် တိုက်ခိုက်စဉ်က ရန်ကိုင်၏အရွယ်အစားမှာ ဤမျှ ကြီးမားခြင်းမရှိပေ။ ယခု ရန်ကိုင်၏အရွယ်အစားမှာ ပိုမိုကြီးမားနေခဲ့သလို ဘိုးဘေးနဂါးအမြုတေဆီမှ ခံစားနေရသည့် ဖိအားမှာလည်း ယခင်ကထက်ပို၍ အားကောင်းနေသဖြင့် ကျုလဲ့မှာ လုံးဝကို ပြန်မတိုက်နိုင်အောင် ဖြစ်နေခဲ့လေသည်။
“ဘုန်း” ခနဲ မြည်သံနှင့်အတူ ကျုလဲ့သည် ကြိုးပြတ်သွားသည့်စွန်တစ်စင်းပမာ လွင့်ထွက်သွားခဲ့လေသည်။
ရန်ကိုင်သည် ကျုလဲ့နောက်သို့ ပြေးလိုက်သွားပြီး ကျုလဲ့ ခြေခိုင်ခိုင် မရပ်နိုင်သေးခင်မှာပင် ကျုလဲ့၏မျက်နှာကို အားပါးတရ ထိုးချလိုက်လေသည်။ အရိုးကျိုးသံများနှင့်အတူ ကျုလဲ့မှာ သဲအိတ်ပမာ အထိုးခံနေရတော့လေသည်။
“ရပ်လိုက်…” ကျုချင်းက စိုးရိမ်တကြီးဖြင့် ခြေဆောင့်ကာ လှမ်းအော်ပြောလိုက်သည်။ တစ်ဦးသည် သူမ၏အမျိုးသားဖြစ်ပြီး ကျန်တစ်ဦးမှာတော့ သူမ၏မောင်လေး ဖြစ်လေသည်။ သူတို့နှစ်ဦးသည် ဘာကြောင့်များ အတူတည့်အောင် မနေနိုင်ကြလေသနည်း။ အကြည့်ချင်းဆုံလိုက်သည်နှင့်တစ်ပြိုင်နက် နှစ်ဦးစလုံးသည် ကမ္ဘာမကြေရန်သူများနှယ် ထတိုက်ခိုက်ဖို့ချည်းသာ လုပ်နေကြသည်။
“စိတ်မပူနဲ့… ငါ သူ့ကို သင်ခန်းစာပေးနေတာ… သူသေမှာမဟုတ်ဘူး…” ရန်ကိုင်က ပြန်အော်ပြောလိုက်သည်။ သို့သော်ငြား သူ့လက်သီးချက်များမှာတော့ အတော်လေးကိုမှ ရက်စက်လှသည်။ မည်သို့ပင်ဖြစ်စေကာမူ အဆင့်ရှစ်နဂါးတစ်ကောင်သည် အလွန်တရာကိုမှ မာကျောလှသည့်အတွက်ကြောင့် ရန်ကိုင်အနေဖြင့် ဤကဲ့သို့သော နဂါးမျိုးကို အသိဝင်လာအောင် လုပ်ဖို့ရာ အားနည်းနည်းပိုသုံးမှသာ ရပေလိမ့်မည်။
တိုက်ပွဲကြီးမှာ တစ်ဖက်သတ်ကို ဖြစ်နေခဲ့လေသည်။ ထိုမြင်ကွင်းကိုကြည့်ရင်း လီကျောက်မှာတော့ သွေးပျက်မတတ်ကို ကြောက်ရွံ့နေလေ၏။ သို့သော်ငြား သူ့စိတ်ထဲတွင်မူ ရန်ကိုင်အား ပိုပို၍ကို လေးစားလာနေမိခဲ့လေသည်။
ထက်ကောင်းကင်နန်းတော်၏ နန်းတော်သခင်သည် နဂါးမလေးတစ်ကောင်ကို ရအောင်ယူခဲ့ရုံမက သူ၏ယောက်ဖဖြစ်သည့် နဂါးကိုလည်း မြေပြင်ထက် အမှောက်သိပ်ကာ လက်သီးမိုးများ ပစ်ကျွေးနေခဲ့လေသည်။ သမိုင်းတစ်လျှောက် ယခုကဲ့သို့ဖြစ်အောင် လုပ်နိုင်ခဲ့သည့်လူဆို၍ နန်းတော်သခင်ရန်သာ ရှိပေလိမ့်မည်။ ထို့အတွက်ကြောင့် နန်းတော်သခင်ရန်သည် သူ့အား ပြဿနာရှာခဲ့ပါသော်ငြား လီကျောက်မှာ နန်းတော်သခင်ရန် ပြဿနာရှာခဲ့သည်ကို မစဉ်းစားနိုင်တော့ပဲ နန်းတော်သခင်ရန်ကိုသာ ကြိတ်၍ လေးစားမိနေလေသည်။
“သွေးမျိုးဆက်ဖိနှိပ်တာကို လာအားကိုးမနေနဲ့… သတ္တိရှိရင် ငါနဲ့ ထိပ်တိုက်ရင်ဆိုင်လိုက်…” ကျုလဲ့သည် လက်သီးတင်းတင်းဆုပ်ရင်းမှ ပြန်အော်ပြောလိုက်လေသည်။ သူ့ဒဏ်ရာများမှာ ပြင်းထန်ခြင်း မရှိပါသော်ငြား ယခုကဲ့သို့ ထိုးကြိတ်ခံရသည့်အတွက်ကြောင့် သူ့ခမျာ မျက်နှာပျက်ရလေပြီ။ သူ့စိတ်ထဲလည်း အလွန်ကိုမှ ဒေါသူပုန်ထနေခဲ့ပါသော်ငြား ထိုဒေါသများကို မည်သို့မှ ဖွင့်ထုတ်၍မရသည့်အတွက်ကြောင့် စကားဖြင့် ပြန်အော်ပြောရုံသာ တတ်နိုင်လေ၏။
“အရင်တစ်ကြိမ်တုန်းကလည်း ငါ့ကို ဒါမျိုးပြောတာပဲ… အဲ့တုန်းက ဘယ်လိုဖြစ်သွားလဲ မင်း မမှတ်မိတော့လား… ဟမ်… ငတုံးကောင်လေး…” ထိုသို့ပြောလိုက်ပြီးသည့်နောက် ရန်ကိုင်သည် ကျုလဲ့အား တစ်ချက်ပြီးတစ်ချက် တောက်လျှောက် ဆက်ထိုးလေသည်။
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၂၉၇၅)
ဘာသာပြန်သူ_တိမ်တိုက်
လက်ဖက်ရည်တစ်ခွက်ဖျော်စာခန့် ကြာပြီးသည့်နောက် ကျုလဲ့၏မျက်နှာတစ်ပြင်လုံး ဖူးယောင်ကိုင်းနေခဲ့လေပြီ။ ကြမ်းပြင်ထက်တွင် လဲနေရင်းမှ မောကြီးပန်းကြီး အသက်ရှူနေခဲ့လေ၏။
မျက်လုံးများမှာလည်း ဖူးယောင်ကိုင်းနေခဲ့ကာ မျက်လုံးပွင့်အောင်ကိုပင် မနည်း လုပ်ယူနေခဲ့ရသည်။ သူ့မျက်နှာတစ်ပြင်လုံးမှာတော့ ပို၍ပင် ဆိုးနေသေး၏။ မသိလျှင် အခြားလူတစ်ဦးအဖြစ်သို့ ပြောင်းလဲသွားသလားပင် ထင်ရသည်။
“နောက်တစ်ကြိမ် ချင်းအာနဲ့ ငါ့ကို ဒါမျိုး မလေးမစားလာလုပ်ရင် ဒီထက်ပိုဆိုးသွားမယ်…” ရန်ကိုင်သည် ကျုလဲ့အား ငုံ့ကြည့်ရင်းမှ ပြောလိုက်သည်။
ကျုလဲ့ကမူ ရန်ကိုင်ပြောသည်ကို မသိချင်ယောင်ဆောင်၍သာ သူ့စိတ်ထဲ တွေးနေခဲ့လေသည်။
(အခွင့်အရေးဆိုတာ တစ်ခါတည်းရှိတာမဟုတ်ဘူး… နောက်အခါတွေလည်း ထပ်ရှိဦးမှာ… အခု မင်းနိုင်တုန်းတော့ လုပ်ထားဦးပေါ့ကွာ… ဒီတစ်ကြိမ်တော့ ငါမနိုင်သေးလို့ ငြိမ်ခံပေးလိုက်မယ်… နောက်တစ်ကြိမ်ကျရင်တော့ မင်းနဲ့ငါ တွေ့ပြီ…)
ရန်ကိုင်သည် နဂါးအသွင်ပြောင်းလဲခြင်းပညာရပ်ကို ပြန်ရုတ်သိမ်း၍ လူအသွင်သို့ ပြောင်းလိုက်သည်။
“ရန်… နန်းတော်သခင်ရန်…” လီကျောက်က ကြောက်ကြောက်ရွံ့ရွံ့ဖြင့် လှမ်းခေါ်လေသည်။ “ကူညီပါဦး…”
ရန်ကိုင်လည်း လှမ်းကြည့်လိုက်ရာ မြင်လိုက်ရသည့်မြင်ကွင်းကြောင့် ရယ်ချင်ပတ်ကျိ ဖြစ်သွားမိသည်။
လက်ရှိအချိန်တွင် ခွေးပေါက်လေးသည် လီကျောက်နားသို့ ရောက်နေပြီး နှာခေါင်းတရှုံ့ရှုံ့လုပ်ရင်း လီကျောက်ကို လျှာဖြင့် လျက်နေခဲ့လေသည်။
လီကျောက်မှာ နတ်ဆိုးချီတိုက်စားခြင်း ခံရသည့် အတွက်ကြောင့် သူ့ဆီမှ ထွက်ပေါ်နေသည့် အရှိန်အဝါသည် နတ်ဆိုးများဆီမှ ထွက်ပေါ်နေသည့် အရှိန်အဝါနှင့် ဆင်တူနေခဲ့လေသည်။ ထိုအကြောင်းကြောင့်ပင်လျှင် ခွေးပေါက်လေးမှာ လီကျောက်အား စိတ်ဝင်စားနေခြင်း ဖြစ်လေ၏။
ခွေးပေါက်လေးမှ နတ်ဆိုးများကို ဝါးမျိုပစ်သွားသည့်မြင်ကွင်းအား လီကျောက် ကွက်ကွက်ကွင်းကွင်း မှတ်မိနေဆဲပင်။ ထို့အတွက်ကြောင့် လီကျောက်မှာ ခွေးပေါက်လေးကို ကြောက်နေခြင်း ဖြစ်လေသည်။ ထို့အပြင် ဤခွေးပေါက်လေးသည် ရန်ကိုင်ခေါ်လာသည့် သားရဲလေးတစ်ကောင် ဖြစ်သည့်အတွက်ကြောင့် သူ့ခမျာ ခွေးပေါက်လေးကို မဆင်မခြင် မတိုက်ခိုက်ရဲခဲ့ပဲ ရန်ကိုင်ဆီသို့သာ အကူအညီလှမ်းတောင်းရလေသည်။
“အားဝမ်… အဲ့ဒါ စားစရာမဟုတ်ဘူး…” ရန်ကိုင်က လှမ်းအော်ပြောလိုက်သည်။
ခွေးပေါက်လေးသည် လီကျောက်ဆီမှ မခွာချင် ခွာချင်ဖြင့် ခွာလိုက်ပြီးသည့်နောက် ကျုချင်း၏ရင်ခွင်ထဲသို့ ခုန်ဝင်သွားလေသည်။
“တကယ့်ကို နှာဘူးပဲ…” ရန်ကိုင်သည် ခွေးပေါက်လေးအား အထင်အမြင်တသေးဖြင့် ကြည့်လိုက်လေသည်။ ယခင်ကဆိုလျှင် ခွေးပေါက်လေးသည် သူ့အနားတွင် ကပ်နေလေ့ရှိပါသော်ငြား ကျုချင်းနှင့် တွေ့ပြီးသည့်နောက်တွင် ကျုချင်းနားတွင်သာ အမြဲကပ်နေတော့သည်။
ကျုချင်းက ချက်ချင်းပြန်ပြောလိုက်သည်။ “နင်ဘာသိလို့လဲ… သူက အမဟဲ့…”
ရန်ကိုင် မင်သက်သွားခဲ့လေသည်။ “အမ… တကယ်ကြီးလား…”
ယခု သေသေချာချာ စဉ်းစားကြည့်လိုက်သည့်အခါမှသာ သူသည် ခွေးပေါက်လေး အထီးမှန်းအမမှန်းကို တစ်ခါမှ စစ်ဆေးခဲ့ခြင်းမရှိကြောင်း သိလိုက်ရသည်။ ထို့အတွက်ကြောင့် ရန်ကိုင်လည်း ခွေးပေါက်လေးဆီသို့ လျှောက်သွားခဲ့ပြီး အမြီးကိုမ၍ တစ်ချက်ကြည့်ကြည့်လိုက်သည်။ သို့သော်ငြား ကျုချင်းသည် ရန်ကိုင်လက်ကို ဖတ်ခနဲ ရိုက်ထုတ်လိုက်လေ၏။
“ကြည့်ကြည့်ရုံပဲကို… ဘာတွေဖြစ်သွားမှာမို့လို့လဲ…” ရန်ကိုင်က ပွစိပွစိဖြင့် ရေရွတ်လိုက်သည်။ သို့သော်ငြား ထိုကိစ္စအပေါ် ဆက်၍အာရုံစိုက်မနေတော့ဘဲ လီကျောက်နှင့်ကျုလဲ့ကို ကြည့်၍ ပြောလိုက်လေ၏။ “သူတို့ကိုတွေ့ပြီဆိုမှတော့ ယင်လေတောင်ဆီ သွားကြတာပေါ့…”
လီကျောက်က မေးလိုက်သည်။ “ယင်လေတောင်က ဘယ်လိုနေရာမျိုးလဲ…”
ရန်ကိုင်က ပြန်ပြောလိုက်သည်။ “ဒီနေရာကနေ ထွက်သွားနိုင်မယ့်နေရာ…”
လီကျောက် ချက်ချင်း အားအင်တက်ကြွလာပြီး အလျင်စလိုကုန်းထ၍ ပြောလိုက်လေ၏။ “ဒါဆို သွားကြမယ်လေ…”
ဤလူများထဲတွင် သူ၏ကျင့်ကြံခြင်းသည် အနိမ့်ဆုံးမဟုတ်။ သူ့ထက် ကျင့်ကြံခြင်းပိုနိမ့်သည့် ရန်ကိုင်ရှိနေပေသေးသည်။ သို့သော်ငြား တိုက်ပွဲစွမ်းရည်အရ ယှဉ်ကြည့်မည်ဆိုလျှင်တော့ သူသည် အားအနည်းဆုံးဖြစ်လေသည်။ ထို့အပြင် နတ်ဆိုးချီ၏ တိုက်စားခြင်း ခံထားရသည့်အတွက်ကြောင့် လီကျောက်မှာ အတော်လေးကိုမှ အားအင်ချည့်နဲ့နေသည်ဟု ပြော၍ရသည်။ ထိုအကြောင်းကြောင့်ပင်လျှင် ဤနေရာမှ မြန်မြန်နိုင်သမျှမြန်မြန် ထွက်ခွာလိုခြင်းဖြစ်လေသည်။
“ဒါဆိုရင် သွားကြရအောင်…” ထိုသို့ပြောပြီးသည့်နောက် ရန်ကိုင်သည် ပန်းတိမ်တိုက်လွန်းပျံကို ထုတ်လိုက်သည်။
ကျုချင်းသည် ခွေးပေါက်လေးကို သယ်၍ ပန်းတိမ်တိုက်လွန်းပျံထဲသို့ ဝင်သွားလေ၏။ လီကျောက်သည် ပြုံး၍ အနောက်မှလိုက်သွားခဲ့သည်။
ရန်ကိုင်သည် ကျုလဲ့ဘက်သို့လှည့်၍ “မင်းရော လိုက်ချင်လား…”
“ဟမ့်…” ကျုလဲ့က အေးစက်စက်အမူအယာဖြင့် နှာခေါင်းရှုံ့လိုက်သည်။ မည်သူမဆို ကိုယ့်အား အမေပင်လျှင် မမှတ်မိတော့လောက်အောင် ရိုက်နှက်သွားခဲ့သော လူတစ်ဦးအား မည်သည့်နည်းနှင့်မျှ သဘောကောင်းနေနိုင်လိမ့်မည်မဟုတ်ချေ။ ထို့အပြင် ကျုလဲ့သည် သာမန်လူသားတစ်ဦးမဟုတ် နဂါးတစ်ကောင်ဖြစ်သည်။ သူ့တွင် နဂါးတစ်ကောင်၏မာန ရှိနေပေသေးသည်။
“အဲ့ဒါဆိုလည်း မတက်နဲ့ပေါ့…” ရန်ကိုင်က အထင်အမြင်တသေးဖြင့် ပြောပြီးသည့်နောက် ဆက်၍ မေးမနေတော့ချေ။ မည်သို့ပင်ဖြစ်စေကာမူ သူသည် ကျုလဲ့အား ဖိတ်ခေါ်ပြီးသွားခဲ့လေပြီ။ ထို့အတွက်ကြောင့် ကျုလဲ့လိုက်မလာချင်လျှင် သူ့အား လာအပြစ်တင်၍မရ။ ကျုလဲ့သည် သူ့အား ယောက်ဖအဖြစ် မသတ်မှတ်သဖြင့် ရန်ကိုင်ကရော ဘာကြောင့်များ သူ့အား တွယ်ကပ်နေရဦးမည်နည်း။
လွန်းပျံထဲသို့ ဝင်ပြီးသည့်နောက် ဦးတည်ရာလမ်းကြောင်းကို သတ်မှတ်ကာ ဧကရာဇ်ချီကိုသုံး၍ လွန်းပျံအား စတင်မောင်းနှင်တော့လေသည်။
ဤဧကရာဇ်အဆင့်မှော်ရတနာသည် အလွန်တရာကိုမှ မြန်ဆန်လွန်းလှကာ အသက်သွင်းလိုက်သည်နှင့်တစ်ပြိုင်နက် အလင်းတန်းတစ်ခုအသွင်သို့ ပြောင်း၍ မျက်တောင်တစ်ခတ်အတွင်း ပျောက်ကွယ်သွားခဲ့လေသည်။
လီကျောက်မှာ ကိုယ့်အကြောင်းကိုယ်သိကာ ထောင့်တစ်နေရာတွင် ငြိမ်ငြိမ်လေး သွားထိုင်နေလေသည်။ ထို့နောက်တွင် သူ၏ဧကရာဇ်ချီကို သုံး၍ သူ့ခန္ဓာကိုယ်အား တိုက်စားရန် ကြိုးစားနေသော နတ်ဆိုးချီများကို ခုခံတော့လေ၏။ တစ်ချိန်တည်းတွင် သူ့စိတ်ထဲ၌ ရန်ကိုင်ပြောသွားသည့် စကားများကို ပြန်စဉ်းစားနေမိလေသည်။ ရန်ကိုင်မှ လီကျောက်အား ကျုလဲ့ဆီမှ နဂါးသွေးတစ်စက် သွားတောင်းရန် ပြောစဉ်က လီကျောက်မှာ အကြောက်အကန် ငြင်းဆိုခဲ့သည်။ ယခု သေသေချာချာ ပြန်စဉ်းစားကြည့်လိုက်သည့်နောက် ထိုနဂါးသွေးသည် သူ့ကိုယ်ထဲရှိ နတ်ဆိုးချီကို ရှင်းထုတ်ပစ်နိုင်ရုံမက သူ့အပေါ်လည်း အခြားသောအကျိုးသက်ရောက်မှုများစွာ ရှိနေပေသေးသည်။
ထိုအကြောင်းကြောင့်ပင်လျှင် ရန်ကိုင်ပြောသွားသည့်စကားကို ပြန်စဉ်းစားလေ ပြန်စဉ်းစားလေ ထိုအကြံမှာ အမှန်တကယ်ကို ကောင်းမွန်သည့် အကြံတစ်ခုဖြစ်သည်ဟု လီကျောက် ပို၍ ထင်မြင်မိလာလေပင်။ နဂါးသွေးသည် သူ့ကိုယ်ထဲရှိ နတ်ဆိုးချီကို ရှင်းထုတ်ပစ်နိုင်ရုံမက လူတစ်ပိုင်းနဂါးတစ်ပိုင်းဖြစ်သော သူ့ကဲ့သို့သောလူမျိုးအတွက် သူ၏သွေးမျိုးဆက်ကိုလည်း မြှင့်တင်ပေးနိုင်ပေသည်။
လက်ရှိလီကျောက်သည် ကျင့်ကြံခြင်းအရာ၌ အဆင့်တစ်ဆို့သည့် အခြေအနေသို့ ရောက်နေခဲ့ပြီး သူ့အဖို့ နောက်တစ်ဆင့်သို့ တက်ရောက်ဖို့ရာ မျှော်လင့်ချက်မရှိတော့ချေ။ ထို့အတွက်ကြောင့် သူ့ခွန်အားကို တိုးတက်အောင် လုပ်လိုပါက သူ့သွေးမျိုးဆက်ကို သန့်စင်အောင် လုပ်ရန်သာ ရှိတော့သည်။
ယခင်က လီကျောက်သည် စွန့်စွန့်စားစားဖြင့် ရေခဲနယ်မြေထဲမှ နဂါးသွေးပန်းတစ်ပွင့်ကို ပြန်ယူလာခဲ့သည်။ ထို့နောက်တွင် ထိုနဂါးသွေးပန်းအား သူ့သွေးဖြင့် နှစ်ပေါင်းသုံးရာတိုင်တိုင် ပြုစုပျိုးထောင်ခဲ့လေ၏။ နောက်ဆုံး နဂါးသွေးပန်း ပွင့်လန်းလာချိန်တွင်တော့ အကျိုးအမြတ်ရရှိသွားသည့်လူမှာ သူမဟုတ်ဘဲ ရန်ကိုင်ဖြစ်နေခဲ့လေသည်။ ထိုအကြောင်းကို ပြန်စဉ်းစားမိလိုက်တိုင်း လီကျောက်မှာ အလွန်ကိုမှ ရင်နာမိရလေသည်။ သို့သော်ငြား နဂါးသွေးပန်းကို ယူသွားသည့်လူမှာ နဂါးကလန်သားတစ်ဦးဖြစ်သည့် ကျုချင်း ဖြစ်နေသည့်အတွက်ကြောင့် လီကျောက်မှာလည်း သွားပြန်မတောင်းရဲခဲ့သလို လက်စားချေရန်လည်း မစဉ်းစားရဲခဲ့ပေ။
သို့ရာတွင် နဂါးသွေးပန်း၏ အာနိသင်မှာ နဂါးတစ်ကောင်၏ သွေးစက်နှင့် ယှဉ်လိုက်သော် ဘာဆိုဘာမျှ မပြောပလောက်တော့ချေ။
သူသည်သာ သွေးတစ်စက်လောက် ရမည်ဆိုပါက နဂါးသွေးပန်း အပွင့်တစ်ရာလောက် ရလိုက်သည်ထက် အများကြီး ပို၍ အကျိုးအာနိသင်ရှိပေလိမ့်မည်။
ထိုအကြောင်းကို ပိုစဉ်းစားလေ ပိုစဉ်းစားလေ လီကျောက်မှာ နဂါးသွေးစက်တစ်စက်ကို ပိုလိုချင်လာမိလေပင်။ ကျုလဲ့နှင့် ထိပ်တိုက်ရင်ဆိုင်ရမည်ဆိုလျှင်တော့ သူ့အနေဖြင့် ကျိန်းသေကို ရှုံးရပေလိမ့်မည်။ ထို့အတွက်ကြောင့် ကျုချင်းဆီကများ သွေးတစ်စက် သွားတောင်းလျှင် ကောင်းမလားဟု လီကျောက် စဉ်းစားမိတော့လေ၏။ ကျုချင်းသည် ကျုလဲ့ကဲ့သို့ မဟုတ်လေရာ ကံကောင်းလျှင် သူ့အား သွေးတစ်စက် ပေးကောင်းပေးလာနိုင်ပေသည်။
သူ့စိတ်ထဲ ထိုအတွေးများ ဖြတ်ပြေးနေစဉ် လီကျောက်ဆီမှ ဖြာထွက်နေသည့် နတ်ဆိုးချီမှာ စတင်၍ လှုပ်ခတ်လာတော့လေ၏။ ကျုချင်း၏ရင်ခွင်ထဲတွင် ရှိနေသော ခွေးပေါက်လေးမှာမူ လီကျောက်အား မီးတောက်မတတ်အကြည့်ဖြင့် စိုက်ကြည့်နေခဲ့လေသည်။
ထိုစဉ် ရန်ကိုင်က ယဲ့ယဲ့လေးပြုံးလျက် နှစ်သိမ့်ပေးလိုက်လေ၏။ “စိတ်ပူမနေနဲ့… သူ မကြာခင် ငါတို့ကို လိုက်မီလာလိမ့်မယ်…”
ကျုချင်းက သက်ပြင်းချလျက် “နောက်ပိုင်း သူ့ကို အဲ့လိုမျိုး အနိုင်သိပ်မကျင့်နဲ့… နဂါးတွေက ဒီလိုပဲ… သူတကယ်ပြောနေတာမဟုတ်ဘူး… ဒီတိုင်းပဲ ပါးစပ်ကထွက်သွားတာပဲရှိတာ…”
ရန်ကိုင်က ပြုံး၍ ပြန်ပြောလိုက်သည်။ “ဒါပေမယ့် နင်ကျတော့ သူနဲ့မတူပါလား…”
စတွေ့စဉ်က ကျုချင်းသည် မောက်မာဝံ့ကြွားသည့်လူတစ်ဦး ဖြစ်ခဲ့ပါသော်ငြား နောက်ပိုင်းတွင်တော့ ပြောင်းလဲသွားခဲ့လေသည်။
“ဒါက နင့်အပေါ်ပဲလေ… ငါတို့စတွေ့တုန်းက ဘယ်လိုဖြစ်လဲဆိုတာကို နင်မမှတ်မိတော့တာလား…” ကျုချင်းက ရန်ကိုင်အား စိုက်ကြည့်လျက် “အဲ့အချိန်တည်းက နင်က လူကောင်းတစ်ယောက်မဟုတ်ဘူးဆို ငါသိခဲ့သင့်တာ…”
“ဒါပေမယ့် နင် ငါ့ဘေးနားမှာပဲ ရှိနေသေးတယ်မလား…” ရန်ကိုင်က ပြန်ပြောလိုက်သည်။
ကျုချင်းသည် ရန်ကိုင်၏ရင်ဘတ်ကို လက်သီးဖြင့် ထု၍ ရှက်ရှက်ဖြင့် အခြားတစ်ဖက်သို့ အကြည့်လွှဲလိုက်လေသည်။
ရန်ကိုင်သည် လီကျောက်ကိုကြည့်၍ ဒေါသတကြီးဖြင့် ဆူပူလိုက်သည်။
(ငါ ဒီကောင်ကို တကယ် လိုက်မလာခိုင်းလိုက်သင့်ဘူးကွာ…)
ဒွိလောကကမ္ဘာကြီးသည် ကျယ်ဝန်းခြင်းမရှိလှသည့်အတွက်ကြောင့် ပန်းတိမ်တိုက်လွန်းပျံ၏အကူအညီဖြင့် ရန်ကိုင်တို့သည် ယင်လေတောင်ဆီသို့ တစ်ရက်အတွင်း ရောက်လာနိုင်ခဲ့ကြလေသည်။
မြင့်မားလှသော တောင်တစ်လုံးဆီမှ မိုင်ရာပေါင်းများစွာ ဝေးကွာသည့် နေရာတစ်ခုတွင် ရှေးဟောင်းနန်းတော်ကြီးတစ်ခု တည်ရှိနေလေသည်။ ထိုနန်းတော်ကြီး၏ပုံစံမှာ အကြမ်းထည် ဆန်လှပြီး သားကောင်ကို ဝါးမျိုရန် စောင့်ဆိုင်းနေသည့် သားရဲကြီးတစ်ကောင်ပမာ ချောက်ခြားဖွယ်ရာ ကောင်းလှပေသည်။
နန်းတော်၏ အပြင်ဖျားတစ်ဝိုက်တွင်တော့ ဟိုတစ်စ ဒီတစ်စ ပြန့်ကျဲတည်ရှိနေသော အမျိုးမျိုးသော အဆောက်အဦးများ ရှိနေကြလေသည်။
ဤနေရာသည် အခြားမဟုတ်။ ဒွိလောကကမ္ဘာထဲရှိ နတ်ဆိုးများ စုဝေးသည့် နေရာတစ်ခုဖြစ်သော နတ်ဆိုးအမျက်မြို့တော်သာ ဖြစ်လေသည်။
နတ်ဆိုးအမျက်မြို့တော်သည် လူသားအင်ပါယာမြို့တော်ထက် ပို၍ကျယ်ဝန်းပေသည်။ တကယ်တော့ နတ်ဆိုးအမျက်မြို့တော်သည် လောကနိယာမများ ပြောင်းလဲသွားသည့်အခါ မြို့တစ်ခုလုံးကို ကာကွယ်ရန်မှ မလိုအပ်လေပဲ။ နတ်ဆိုးများသည် လူသားများကဲ့သို့ မဟုတ်ကြဘဲ လောကနိယာမများ မည်သို့ပင် ဖြစ်နေစေကာမူ လွတ်လွတ်လပ်လပ် လှုပ်ရှားသွားလာနိုင်ကြပေသည်။ လောကနိယာမများသည် နတ်ဆိုးနယ်မြေထဲရှိ လောကနိယာမများနှင့် တူညီသွားချိန်တွင်တော့ နတ်ဆိုးများမှာ ရေထဲရောက်နေသည့် ငါးပမာ ဖြစ်သွားကုန်ကြလေသည်။
လက်ရှိအချိန်တွင် နတ်ဆိုးချီများသည် သိပ်သည်းလှပြီး ရေခဲနတ်ဆိုးချီဟု ခေါ်ရလောက်အောင် ထိုနတ်ဆိုးချီများထဲ အေးစက်စက်အငွေ့အသက်တို့ ရောယှက်ပါဝင်နေလေ၏။
ဤသို့ဖြစ်သည်မှာလည်း အထူးအဆန်းတော့မဟုတ်။ နတ်ဆိုးအမျက်မြို့တော်သည် ယင်လေတောင်၏အောက်ခြေတွင် တည်ရှိနေသည်ကိုး။ ယင်လေတောင်မှ တိုက်ခတ်လာသော ယင်လေများသည် အရိုးခိုက်မတတ် အေးစက်လှသဖြင့် နတ်ဆိုးများသည်လည်း ဤနေရာတွင် လာနေကြတော့လေသည်။
နတ်ဆိုးများ ဤနေရာကို ရွေးချယ်လိုက်ရသည့် အဓိကအကြောင်းအရင်းမှာ ကျင့်ကြံရန်အတွက် ကောင်းမွန်လှသည့် ပတ်ဝန်းကျင်ကြောင့် ဖြစ်လေသည်။ ယင်လေတောင်နှင့် နီးကပ်လေ နတ်ဆိုးချီသည် ပို၍သိပ်သည်းလေပင်။ ထို့အတွက်ကြောင့် နတ်ဆိုးများအတွက် ကျင့်ကြံဖို့ရာ ပို၍ သင့်တော်ခြင်းဖြစ်၏။ နှစ်ပေါင်း သောင်းနှင့်ချီတိုင်အောင် ဤနေရာ၌ နေလာပြီးသည့်နောက်တွင် နတ်ဆိုးများသည် ယင်လေတောင်မှ တိုက်ခတ်လာနေသော လေအေးများကို သိပ်မမှုတော့ပေ။
ပန်းတိမ်တိုက်လွန်းပျံသည် နတ်ဆိုးအမျက်မြို့တော်နားသို့ ရောက်ရှိလာချိန် နတ်ဆိုးအမျက်မြို့တော်ထဲမှ နတ်ဆိုးများမှာလည်း ပန်းတိမ်တိုက်လွန်းပျံအား သတိထားမိသွားကြပြီး မြို့ပြင်ဘက်သို့ ထွက်လာကြလေ၏။
မျက်တောင်တစ်ခတ်အတွင်း မြို့အပြင်ဘက်တွင် ထောင်နှင့်ချီသော နတ်ဆိုးအုပ်ကြီး ပေါ်လာခဲ့လေသည်။ ထိုနတ်ဆိုးများထဲ နတ်ဆိုးဘုရင်များစွာလည်း ပါဝင်နေလေ၏။
ပန်းတိမ်တိုက်လွန်းပျံသည် မြို့ပြင်ဘက်နားတွင် ရပ်တန့်သွားခဲ့ပြီး ရန်ကိုင်သည် လွန်းပျံထဲမှ အပြင်သို့ လမ်းလျှောက်ထွက်လာခဲ့သည်။
မရေမတွက်နိုင်သော အကြည့်ပေါင်းများစွာနှင့် အားကောင်းလှသော ကောင်းကင်စိတ်အာရုံတို့သည် ရန်ကိုင်အား တမုဟုတ်ချည်း လွှမ်းခြုံသွားခဲ့လေ၏။
ရန်ကိုင်ကမူ တည်တည်ငြိမ်ငြိမ်ဖြင့်သာ ပြုံး၍ ရှိနေခဲ့သည်။
“မောက်မာလိုက်တဲ့လူသား… ငါတို့နတ်ဆိုးအမျက်မြို့တော်ရဲ့ ပိုင်နက်ထဲကို မင်း ဘယ်လိုတောင် ကျူးကျော်လာရဲတာလဲကွ…”
“ဟေ့ကောင်… မင်း ဘယ်သူလဲ… မင်းနာမည်ကိုပြောစမ်း…”
“မေးမနေနဲ့… ဒီကောင့်ကို သတ်သာသတ်ပစ်လိုက်…”
“သူ့ကိုသတ်ဖို့ဆို ငါလုပ်မယ်… ငါ ဒီကောင်ရဲ့ ယန်ချီတွေအကုန်လုံးကို ခြောက်ကပ်သွားအောင် စုပ်ပစ်ရမယ်…”
နတ်ဆိုးများထံမှ အော်ဟစ်သံပေါင်းစုံ ရုတ်ချည်း ထွက်လာခဲ့လေသည်။ မည်သည့်လူသားမှ နတ်ဆိုးအမျက်မြို့တော်နားသို့ ယခုကဲ့သို့ မလာရဲကြချေ။ ထို့အတွက်ကြောင့် လက်ရှိရန်ကိုင်၏လုပ်ရပ်သည် နတ်ဆိုးများအား ရန်စမိလိုက်သလို ဖြစ်သွားခဲ့ကာ နတ်ဆိုးဘုရင်ပေါင်းများစွာမှာ ဒေါသူပုန်ထကုန်ကြတော့လေ၏။ သိပ်သည်းလှသည့် နတ်ဆိုးချီတို့ ကောင်းကင်တစ်ဝိုက်တွင် စုဝေးလာခဲ့ရာ အနက်ရောင်တိမ်စိုင်တိမ်တိုက်များအသွင်သို့ပင် ပြောင်းလာခဲ့လေသည်။
ရန်ကိုင်က ရယ်သွမ်းသွေးလျက် အသံကျယ်ကျယ်ဖြင့် အော်ပြောလိုက်သည်။ “ဒီသခင်လေးက ယင်လေတောင်ကိုသွားဖို့ပါ… ဒီနားကနေ ဖြတ်သွားရုံပဲ… ရောင်းရင်းတို့နဲ့ ပြဿနာဖြစ်လိုစိတ်မရှိပါဘူး… ဒီတော့ ဖြစ်နိုင်လို့ရှိရင် ဒီသခင်လေးကို ကျေးဇူးပြုပြီး သွားခွင့်ပေးလို့ရမလား…”
“ဟား ဟား ဟား… ဒီကောင် ဘာပြောလိုက်တာ… ယင်လေတောင်ကိုသွားဖို့ ဟုတ်လား… ဒီကောင် သေချင်နေတာလား…”
“ပြောတာတော့ လူသားတွေက ကိုယ့်အကြောင်းကိုယ် မသိကြဘူးတဲ့… ကြည့်ရတာ အဲ့စကားက တကယ်မှန်နေတဲ့ပုံပဲကွာ… သူ့ခွန်အားလေးနဲ့များ ယင်လေတောင်ကို သွားချင်တယ်တဲ့… ငါတော့ ရယ်ရလွန်းလို့ သေတော့မှာပဲ…”
“ကောင်လေး… ဘာဖြစ်လို့ ဒီလောက် သေချင်နေရတာလဲ… နတ်ဆိုးဘုရင်တစ်ပါးဖြစ်တဲ့အစ်မတောင် ယင်လေတောင်ကို သွားနိုင်တာမဟုတ်ဘူး… မောင်လေးသာ အဲ့ကိုသွားလို့ရှိရင် အအေးမိပြီးသေမှာနော်… ဘာဖြစ်လို့ အစ်မကြီးနဲ့ပဲ အတူတူမနေခဲ့တာလဲ… အစ်မက ဒီမှာ တစ်ယောက်တည်းဆိုတော့ အရမ်းကို အထီးကျန်နေရတာ…”
ရန်ကိုင်က လက်သီးဆုပ်၍ ပြန်ပြောလိုက်လေသည်။ “အခုလို စိတ်ပူပေးတဲ့အတွက် အစ်မကြီးကို ကျေးဇူးအများကြီးတင်ပါတယ်… ဒါပေမယ့် ကျုပ် ယင်လေတောင်ကို သွားမှရမှာ… ဒါကြောင့် အစ်မရဲ့ကြင်နာမှုအတွက် ကျေးဇူးတင်ရုံပဲ တတ်နိုင်လိမ့်မယ်… ဖြစ်နိုင်လို့ရှိရင် အစ်မ အခြားနတ်ဆိုးဘုရင်တွေကို ကျုပ်တို့ကိုသွားခွင့်ပေးဖို့ ကူပြောပေးလို့ရမလား…”
ကဝေနတ်ဆိုးက ကျော့ရှင်းစွာ ပြုံးရင်းမှ ပြန်၍မေးလိုက်လေ၏။ “မောင်လေး ဘာလို့ ယင်လေတောင်ဆီ သွားချင်နေရတာလဲ…”
“ပြောကြတာတော့ ယင်လေတောင်ဆီမှာ ဒီလောကကြီးကနေ ထွက်သွားနိုင်မယ့် ထွက်ပေါက်တစ်ပေါက်ရှိတယ်တဲ့… ဒီတော့ ကျုပ် အဲ့ထွက်ပေါက်ကို သွားရှာမလို့…”
ကဝေနတ်ဆိုးက ခေါင်းညိတ်လျက် “ဟုတ်တယ်… အဲ့လိုကောလဟာလမျိုးတော့ ရှိတယ်… ဒါပေမယ့် တကယ်ရှိမရှိဆိုတာ ဘယ်သူမှ အတည်မပြုနိုင်ဘူးနော်…”
“ရတယ်… ကိစ္စမရှိဘူး… ကျုပ်က ကံသွားစမ်းကြည့်ရုံပဲ… ရှာမတွေ့ဘူးဆိုရင်လည်း အစ်မကြီးဆီပြန်လာပြီးတော့ အစ်မကြီးကို အဖော်ပြုပေးမယ်လေ… စိတ်မပူနဲ့… ကျုပ်မှာ အစ်မကြီးစိတ်ကျေနပ်စေရမယ့် နည်းလမ်းကောင်းတွေ အများကြီးပဲ ရှိသေးတယ်…”
ကဝေနတ်ဆိုးက ပါးစပ်ကိုပိတ်ရင်းမှ တခစ်ခစ်ရယ်သွမ်းသွေးလျက် “အို… မောင်လေးဘာတွေပြောနေတာလဲ… ရှက်စရာကြီးတွေ… ဒါပေမယ့် မောင်လေးဘက်က ဒီလိုမျိုး ရိုးရိုးသားသားနဲ့ ပြောလာတယ်ဆိုမှတော့ အစ်မကလည်း ကူညီပေးရမှာပေါ့… ဒါပေမယ့် သူတို့တွေ သဘောတူမတူကတော့ အစ်မလည်း အာမခံမခံနိုင်ဘူးနော်…”