အခန်း (၂၉၇၆-၂၉၈၀)
Vol. 128 Ch. 2976-2980
၂၉၇၆)
ဘာသာပြန်သူ_တိမ်တိုက်
ထိုသို့ပြောပြီးသည့်နောက်တွင် ကဝေနတ်ဆိုးသည် အခြားသောနတ်ဆိုးများဘက်သို့လှည့်၍ ရန်ကိုင်ကိုယ်စား တောင်းဆိုလိုက်လေသည်။ သို့သော်ငြား နတ်ဆိုးဘုရင်အားလုံးမှာတော့ ခေါင်းတခါခါသာ လုပ်နေကြသည်။ အကုန်လုံးသည် ရန်ကိုင်အား လူသေတစ်ဦးနှယ် မှတ်ယူထားနေကြလေသည်။
လူတိုင်းသည် ကဝေနတ်ဆိုး၏ အပြောကို ငြင်းဆန်၍ ရန်ကိုင်ကိုသာ လှောင်ပြောင်လိုသည့်အမူအယာမျိုးဖြင့် ကြည့်နေကြသည်။
ကဝေနတ်ဆိုးသည် ရန်ကိုင်ဘက်သို့ ပြန်လှည့်လာ၍ နောင်တရနေသည့် လေသံမျိုးဖြင့် “မောင်လေး… အစ်မလည်း ကြိုးစားကြည့်ပေးတာပဲ.. ဒါပေမယ့် သူတို့က သဘောမတူချင်ဘူးဖြစ်နေတယ်… အခု မောင်လေး ဘယ်လိုဆက်လုပ်မှာလဲ…”
ရန်ကိုင်က ပြုံး၍ “ဘယ်လိုပဲဖြစ်ဖြစ် အခုလိုမျိုး ကူညီပေးတဲ့အတွက် အစ်မကို ကျေးဇူးအများကြီးတင်ပါတယ်… ကဲ… အခု အစ်မ ဘေးလေးနည်းနည်းလောက် ဖယ်ပေးလို့ရမလား…”
“မောင်လေး ဘာလုပ်ချင်တာလဲ…” ကဝေနတ်ဆိုး အံ့အားသင့်သွားခဲ့လေသည်။
ရန်ကိုင်က ပွင့်ပွင့်လင်းလင်း ပြန်ပြောလိုက်သည်။ “သူတို့က လမ်းမဖယ်ပေးချင်မှတော့ ကျုပ်လည်း အတင်းအကြပ် ဖြတ်ကျော်သွားရုံပဲ ရှိတော့တာပေါ့… အစ်မရဲ့ အသားအရေလေးက အရမ်းနူးညံ့တာဆိုတော့ တော်ကြာ မတော်လို့ ထိခိုက်သွားရရင် သိပ်အဆင်မပြေဘူးလေ… ဒါကြောင့် ခပ်ဝေးဝေးလေးမှာ သွားနေပေးလို့ အဆင်ပြေမလား…”
ရန်ကိုင်၏စကားများမှာ တကယ်ကို ရယ်ချင်စရာကောင်းလှသည်ဟု ကဝေနတ်ဆိုး ခံစားနေရလေသည်။ အဆင့်နိမ့်နတ်ဆိုးဘုရင်တစ်ပါးလောက်သာ ရှိသော လူငယ်လေးသည် အမှန်တကယ်ကို လေကြီးလေကျယ် ပြောလွန်းနေခဲ့သည်။ ထိုကောင်လေးသည် အသက်ရှင်ရသည်ကိုများ ငြီးငွေ့နေသလော။ သို့သော်ငြား သူ့ပုံစံကိုကြည့်ရသလောက် ပေါ့ပျက်ပျက်ပြောနေခြင်း ဖြစ်သည့်ပုံမပေါ်သဖြင့် ထပ်၍ မေးလိုက်လေသည်။ “မောင်လေးပြောချင်တာက ယင်လေတောင်ဆီကို သွားဖို့အတွက် တိုက်ခိုက်ရမယ်ဆိုရင်လည်း တိုက်ခိုက်မယ်ပေါ့ ဟုတ်လား…”
“ဟုတ်တယ်…” ရန်ကိုင်က ခေါင်းညိတ်လိုက်သည်။ ထိုလူများက တိုက်ခိုက်ချင်နေသည့်အတွက်ကြောင့် ရန်ကိုင်လည်း ထိုလူများ၏ ဆန္ဒကို ဖြည့်ဆည်းပေးရုံသာ တတ်နိုင်တော့လေသည်။
ထိုသို့ပြောပြီးသည့်နောက် ရန်ကိုင်သည် သူ့လက်ကိုမြှောက်လိုက်ရာ သူ့လက်ထဲ တောင်နဲ့မြစ်ခေါင်းလောင်း ပေါ်လာခဲ့လေသည်။ တောင်နဲ့မြစ်ခေါင်းလောင်း ထွက်ပေါ်လာသည်နှင့်တစ်ပြိုင်နက် ရှေးကျသည့် အရှိန်အဝါတစ်ရပ်မှာလည်း အဖက်ဖက်သို့ လွင့်စင်ထွက်လာခဲ့လေ၏။ တစ်ချိန်တည်းတွင် သူတို့အပေါ်သို့ ဧရာမတောင်ကြီးတစ်လုံး ပြိုဆင်းကျလာသည့်အလား နတ်ဆိုးအပေါင်းမှာ ပြင်းထန်လှသည့် ဖိအားတစ်ရပ်ကို ခံစားလိုက်ရလေသည်။
ထိုဖိအားအောက်ဝယ် ကောင်းကင်ထက်တွင် ဝဲနေကြသော နတ်ဆိုးများ၏ မျက်နှာ သွေးဆုတ်ဖြူလျော်ကုန်ကြလေသည်။ သူတို့ရင်တစ်ခုလုံးမှာလည်း ဗလောင်ဆူကုန်ရပြီး အသက်ကိုပင်လျှင် ကောင်းကောင်းမရှူနိုင်ကြတော့ချေ။
အားနည်းသည့်နတ်ဆိုးများဆိုလျှင် သွေးအပွက်ပွက်အန်ထုတ်ရင်း ကောင်းကင်ထက်မှ ခွေးကျဝက်ကျ ပြုတ်ကျကုန်ကြလေသည်။
အားကောင်းလှသော နတ်ဆိုးဘုရင်များသည်ပင်လျှင် လွတ်လွတ်လပ်လပ် မလှုပ်ရှားနိုင်တော့အောင် ဖြစ်သွားကြရသည်။ ရွေးချယ်စရာမရှိတော့သည့်အဆုံးတွင် နတ်ဆိုးများမှာ သူတို့၏ပညာရပ်အသီးသီးကို ထုတ်သုံး၍ ထိုဖိနှိပ်အောက်မှ ရုန်းထွက်ရန် ကြိုးစားကြတော့လေ၏။
သို့ရာတွင် တောင်နဲ့မြစ်ခေါင်းလောင်းသည် ရုတ်တရက်ဆိုသလို အရွယ်အစား ကြီးမားလာပြီး ကောင်းကင်ထက်မှ အောက်သို့ ပြုတ်ကျလာခဲ့လေသည်။ ဤဧရာမ ခေါင်းလောင်းရိပ်ကြီးသည် နတ်ဆိုးဘုရင်အချို့ကို လွှမ်းခြုံသွားခဲ့ပြီးသည့်နောက် ဧရာမသားရဲကြီးတစ်ကောင်၏ ပါးစပ်ပေါက်တစ်ခုပမာ ထိုနတ်ဆိုးဘုရင်များကို ဝါးမျိုသွားခဲ့လေသည်။ တစ်ချိန်တည်းတွင် ထိတ်လန့်တကြားအော်ဟစ်သံများမှာလည်း ထွက်ပေါ်လာခဲ့လေ၏။
“ဘုန်း…”
တောင်နှင့်မြစ်ခေါင်းလောင်း မြေပြင်ပေါ်သို့ ပြုတ်ကျသွားခဲ့ပြီး မြေပြင်တစ်ခုလုံး တသိမ့်သိမ့်တုန်ခါသွားခဲ့ရာ နတ်ဆိုးအမျက်မြို့တော်သည်ပင်လျှင် ငလျင်လှုပ်နေသည့်ပမာ လှုပ်ခါသွားရသည်။ ကျစ်လျစ်ခိုင်မာခြင်းမရှိသည့် အဆောက်အဦးများမှာတော့ တစ်ခါတည်း ပြိုကျကုန်ကြလေ၏။
ထိုမြင်ကွင်းကိုကြည့်ရင်း လူတိုင်း တိတ်ဆိတ်သွားကုန်ကြလေသည်။ နတ်ဆိုးမျိုးနွယ်စုဝင်အပေါင်းတို့သည် ဧရာမခေါင်းလောင်းကြီးရှိရာအရပ်ဆီသို့ ထိတ်လန့်တုန်လှုပ်နေသည့် အမူအယာဖြင့် ကြည့်နေကြလေသည်။ လက်ရှိအချိန်တွင် အားကောင်းလှသည့် ကျင့်ကြံခြင်းကို ပိုင်ဆိုင်ထားသော နတ်ဆိုးဘုရင်များစွာမှာ ခေါင်းလောင်းအောက်၌ ဖိနှိပ်ထားခံရပြီး ထိုနတ်ဆိုးဘုရင်များအနက် တစ်ပါးဆိုလျှင် နတ်ဆိုးအမျက်မြို့တော်၏ ထိပ်တန်းပညာရှင်ဆယ်ဦးအနက် တစ်ဦးအပါအဝင် ဖြစ်လေသည်။
သို့သော်ငြား ထိုကဲ့သို့သော အားကောင်းလှသည့် နတ်ဆိုးဘုရင်တစ်ပါးသည်ပင်လျှင် ဤကြောက်မက်ဖွယ်ရာတိုက်ခိုက်မှုကို ခုခံနိုင်ခဲ့ခြင်း မရှိချေ။ ယခု ထိုနတ်ဆိုး သေသလား ရှင်သလား ဆိုသည်ကိုလည်း သိရခြင်းမရှိ။
မကြာမီ နတ်ဆိုးဘုရင်များအားလုံး သိချင်နေသည့်အဖြေကို လူတိုင်း သိလိုက်ကြရသည်။
ရန်ကိုင်မှ လက်ကွက်အချို့ကို ဖန်တီးလိုက်ရာ တောင်နဲ့မြစ်ခေါင်းလောင်းသည် အရွယ်အစား တဖြည်းဖြည်း သေးငယ်သွားခဲ့ပြီး ရန်ကိုင်လက်ထဲသို့ ပြန်ရောက်လာခဲ့လေသည်။ ခေါင်းလောင်းကြီးရှိနေခဲ့သည့်နေရာတွင်တော့ တူဖြင့် ထုနှက်ခံထားရသည့် အသားပြားတစ်ခုပမာ ပြားချပ်နေသော အလောင်းများ ရှိနေခဲ့လေသည်။
ထိုအချင်းအရာကိုမြင်ပြီးသည့်နောက် လူတိုင်း သက်ပြင်းရှိုက်လိုက်ကြလေ၏။ နတ်ဆိုးပညာရှင်ပေါင်းများစွာ၏ မျက်နှာမှာ ဖြူဖတ်ဖြူလျော်ဖြစ်နေကြပြီး ရန်ကိုင်အား လှောင်ပြောင်ခဲ့ကြသော နတ်ဆိုးဘုရင်များဆိုလျှင်တော့ စကားတစ်ခွန်းပင် မပြောနိုင်တော့ချေ။ သူတို့ရင်ထဲ အကြောက်တရားတို့ စတင်ကိန်းအောင်းလာခဲ့ပြီး ရန်ကိုင်ဆီမှ ခပ်လှမ်းလှမ်းသို့ အလိုလို ရှောင်ခွာသွားကြလေသည်။
သာမန်ကာလျှံကာ တိုက်ကွက်တစ်ကွက်သည် ဤမျှကြီးမားလှသည့် ပျက်စီးမှုကို ဖြစ်စေခဲ့လျှင် နတ်ဆိုးအမျက်မြို့တော်ထဲရှိ မည်သူကများ ဤလူသားနှင့် ယှဉ်ပြိုင်နိုင်ပါဦးမည်နည်း။ အားအကောင်းဆုံးသော နတ်ဆိုးဘုရင်များသည်ပင်လျှင် တိုက်ကွက်တစ်ကွက်တည်းဖြင့် ဤကဲ့သို့ဖြစ်အောင် မလုပ်နိုင်ချေ။ လက်ရှိ သူတို့ထဲရှိ မည်သူမဆို ဤလူသားကို သွားရန်စလိုက်မည်ဆိုပါက နတ်ဆိုးအမျက်မြို့တော်တစ်ခုလုံး ပျက်စီးသွားရနိုင်ပေသည်။
“ဂလု…”
အစောပိုင်းက ရန်ကိုင်နှင့် စကားပြောခဲ့သော ကဝေနတ်ဆိုးသည် ဖြူဖတ်ဖြူလျော်မျက်နှာဖြင့် တံတွေးတစ်လုပ်မျိုချလျက် အထစ်ထစ် အငေါ့ငေါ့ဖြင့် ပြောလိုက်လေ၏။ “မောင်လေးက အရမ်းဆိုးတာပဲ… ကျားသားစားချင်လို့ ဝက်ယောင်ဆောင်နေတာပဲ… အစ်မမှာ ကြောက်လိုက်တာ သေခါနီးပဲ…” ထိုသို့ပြောပြီးသည့်နောက် အားတင်း၍ ပြုံးလိုက်လေ၏။ သို့သော်ငြား သူမ၏အပြုံးသည် ငိုနေသည့်မျက်နှာထက်ပင် ပို၍ အရုပ်ဆိုးနေခဲ့လေသည်။ သူမ၏လေသံမှာလည်း သူမ မည်မျှ ထိတ်လန့်နေကြောင်းကို ဖော်ပြနေသည့်အလား တုန်တုန်ရီရီ ဖြစ်နေလေ၏။
ကဝေနတ်ဆိုးသည် နတ်ဆိုးဘုရင်တစ်ပါး ဖြစ်ပါသော်ငြား သူမ၏ခွန်အားသည် အဆင့်နိမ့်နတ်ဆိုးဘုရင်တစ်ပါးလောက်သာ ရှိပေသည်။ ထို့အတွက်ကြောင့် အစောပိုင်းကတိုက်ခိုက်မှုသည်သာ သူမဆီသို့ တိုးဝင်လာခဲ့မည်ဆိုပါက ကဝေနတ်ဆိုးအနေဖြင့် မည်သည့်နည်းနှင့်မျှ ရင်ဆိုင်နိုင်လိမ့်မည်မဟုတ်ချေ။
ယခုမှသာလျှင် ဤနေရာသို့ ရောက်လာစဉ်ကတည်းက တပြုံးပြုံးဖြင့် ရှိနေသော အန္တရာယ်များပုံမပေါ်သည့် ဤလူငယ်လေးသည် မည်မျှကြောက်မက်ဖွယ်ရာကောင်းကြောင်းကို ကဝေနတ်ဆိုး နားလည်သွားရတော့လေသည်။
ရန်ကိုင်သည် တောင်နဲ့မြစ်ခေါင်းလောင်းကို ကိုင်ထားရင်းမှ ပြန်ပြောလိုက်လေ၏။ “အစ်မ…. မှားနေပြီနော်…”
“ဘယ်လိုမှားလို့လဲ…” ကဝေနတ်ဆိုးက ပြန်၍မေးလိုက်သည်။ သူမစိတ်ထဲတွင်တော့ ကြိတ်၍ ငြီးတွားနေမိလေသည်။ သူမသိသည်မှာတော့ သူမသာ စကားတစ်ခွန်း မှားပြောမိလိုက်လျှင် လုံးဝကို ကပ်ဘေးစိုက်သွားနိုင်သည်ဟူ၍ပင်။ ထို့အတွက်ကြောင့် ရန်ကိုင်နှင့် စကားပြောနေစဉ်အတောအတွင်း သူမ၏ခန္ဓာကိုယ်မှာ တဆတ်ဆတ် တုန်ရီနေခဲ့ပြီး သူမ၏အကြည့်မှာလည်း ခေါင်းလောင်းဆီတွင်သာ ရောက်ရှိနေခဲ့လေသည်။
ရန်ကိုင်က အလေးအနက်အမူအယာဖြင့် ပြန်ပြောလိုက်သည်။ “ကျုပ်က ကျားတစ်ကောင်မဟုတ်ဘူးလို့ တစ်ခါမှ မပြောခဲ့ဖူးလေ… ဒီတော့ ဘယ်လိုလုပ်ပြီး ဝက်ယောင်ဆောင်တာ ဖြစ်ရမှာလဲ…”
“အဲ့ဒါလည်း ဟုတ်တာပဲနော်…” ကဝေနတ်ဆိုးက ပြန်ပြောလိုက်သည်။ “အင်း… သူတို့တွေကသာ မမြင်တတ်တာ… ဟုတ်တယ်… သူတို့တွေက အခြားသူတွေကို သွားအထင်သေးတဲ့ ခွေးတွေပဲ… ဒါကြောင့် သေတာ နည်းတောင်နည်းသေးတယ်…”
ရန်ကိုင်က ပြုံး၍ ဆက်ပြောလိုက်သည်။ “အစ်မနဲ့စကားပြောရတာ တကယ်ကောင်းတယ်သိလား… ရှင်းရှင်းပြောရရင် ကျုပ်လည်း အစ်မနဲ့ ဆက်ပြီးတော့ စကားပြောချင်သေးတယ်… ဒါပေမယ့် အခြေအနေတွေက သိပ်မပေးဘူး… ကျုပ်မှာ အရေးကြီးလုပ်စရာကိစ္စတွေ ရှိနေသေးတယ်…”
“ဟဲ ဟဲ…” ကဝေနတ်ဆိုးက ကသိကအောက်အမူအယာဖြင့် ပြုံးလျက် ချက်ချင်းပဲ ဘေးသို့ဖယ်ကာ ပြောလိုက်လေသည်။ “မောင်လေးမှာ အရေးကြီးစ္စတွေ ရှိနေသေးတယ်ဆိုမှတော့ မြန်မြန်သွားလုပ်လိုက်လေ… မဟုတ်ရင် နောက်ကျသွားနိုင်တယ်…”
“အင်း…” ရန်ကိုင်က ခေါင်းညိတ်လိုက်သည်။ “ဒါဆိုရင် ကျုပ် အရင်သွားလိုက်မယ်နော်… အခု ကျုပ်ကို တားချင်တဲ့လူ ရှိသေးလားမသိဘူး…”
ကဝေနတ်ဆိုးက ခေါင်းခါလျက် ပြန်ပြောလိုက်သည်။ “ဘယ်သူကတားရဲမှာလဲ… တားရဲတဲ့လူက စုံလုံးကန်းနေလို့ပဲဖြစ်မှာ…”
နတ်ဆိုးဘုရင်များ၏မျက်နှာမှာ မုန်ကှုပ်နေပါသော်ငြား မည်သူမျှ ဘာမှမပြောခဲ့ကြပေ။ သူတို့စကားမှားသွား၍ ဤလူသားအား ရန်စမိသလိုဖြစ်ကာ သူတို့ထဲမှနတ်ဆိုးများ ထပ်သေရမည်ကို နတ်ဆိုးအားလုံး စိတ်ပူနေကြလေသည်။
“အဲ့ဒါဆို ကျုပ်သွားပြီနော်…” ရန်ကိုင်က ကဝေနတ်ဆိုးကို မျက်စိမှိတ်ပြလိုက်လေ၏။ “အစ်မ… ဝမ်းနည်းနေစရာမလိုဘူးနော်… ကျုပ် ဒီကို လုံးဝပြန်မလာတော့တာမှမဟုတ်တာ… ဟုတ်တယ်မလား… အဲ့တော့ ကျုပ်ပြန်လာတဲ့နေ့ကျရင် အတူတူပျော်ကြတာပေါ့… အဲ့အချိန်ကျလို့ရှိရင် ကျုပ် ဘယ်လောက် ဆွဲဆောင်မှုရှိလဲဆိုတာကို အစ်မ နားလည်သွားလိမ့်မယ်…”
(ငါ နင့်ကို ဘယ်မှာစိတ်ပူလို့လဲ…) ကဝေနတ်ဆိုးသည် စိတ်ထဲမှကြိတ်၍ ကျိန်ဆဲနေခဲ့ပါသော်ငြား မျက်နှာအမူအယာတော့ တစ်ချက် ပျက်မသွားခဲ့ပေ။
နတ်ဆိုးဘုရင်များ၏ အမူအယာများမှာတော့ လုံးဝကို သုန်မှုန်နေခဲ့ကြလေသည်။ ရန်ကိုင်မှ ပြောခဲ့သည့် ဤနေရာသို့ ပြန်လာကောင်း ပြန်လာနိုင်ဟူသော စကားကြောင့်လည်း အကုန်လုံးမှာ ထိတ်လန့်တုန်လှုပ်နေကြလေ၏။ ထို့ကြောင့် သူတို့စိတ်ထဲ ရန်ကိုင်အား ဤနေရာမှ မြန်မြန်ထွက်သွားစေလိုပြီး ယင်လေတောင်တွင် သေသွားပါစေဟု ကြိတ်၍ ဆုတောင်းနေကြလေသည်။ ရန်ကိုင်မြန်မြန်ထွက်သွားလျှင် ပိုကောင်းလေပင်။
ကံကောင်းစွာဖြင့် ရန်ကိုင်သည် သူတို့အား ဆက်၍ ပြဿနာရှာမနေခဲ့ပေ။ ထိုသို့သာမဟုတ်ပါက နတ်ဆိုးဘုရင်များ အရူးတစ်ပိုင်း ဖြစ်သွားရပေတော့မည်။ ရန်ကိုင်သည် ပန်းတိမ်တိုက်လွန်းပျံထဲသို့ အမြန်ပြန်တက်လိုက်ပြီးသည့်နောက် ယင်လေတောင်ဆီသို့ ချက်ချင်း ဦးတည်ထွက်သွားလေ၏။
ထိုအခါမှသာလျှင် ကဝေနတ်ဆိုး သက်ပြင်းချလိုက်နိုင်လေသည်။ ယခုမှသာလျှင် သူမ၏ကျောပြင်တစ်ခုလုံး ချွေးအေးများ စိုရွှဲနေကြောင်း သတိထားမိသွားခဲ့သည်။ လေအေးတစ်ချက် ဖြတ်တိုက်သွားသည့်အခိုက် သူမတစ်ကိုယ်လုံး ခိုက်ခိုက်တုန်သွားရ၏။
သူမအား စိုက်ကြည့်နေသည့် အကြည့်များကို သတိထားမိလိုက်သော် ကဝေနတ်ဆိုးက အံကြိတ်၍ အော်ပြောလိုက်လေသည်။ “နင်တို့ ဘာတွေလာကြည့်နေကြတာလဲ… သူတို့ကို ငါ သတ်လိုက်တာမှမဟုတ်တာ…”
“နင် သူ့ကို ဒီလောက်များများစားစား မပြောလိုက်သင့်ဘူး…” နတ်ဆိုးဘုရင်တစ်ပါးက အေးစက်စက်အမူအယာဖြင့် ပြောလိုက်သည်။ နတ်ဆိုးအမျက်မြို့တော်သည် ဤကဲ့သို့သော အရှက်ကွဲမှုမျိုးကို မည်သည့်အခါကမှ ကြုံခဲ့ရခြင်းမရှိချေ။ လူသားတစ်ဦးသည် မြို့ထဲသို့ ကျူးကျော်ဝင်ရောက်လာပြီး နတ်ဆိုးဘုရင်အချို့ကို သတ်သွားခဲ့ပါသော်ငြား မည်သည့်နတ်ဆိုးမှ ထိုလူသားကို တားဆီးနိုင်ခဲ့ခြင်း မရှိချေ။
ထိုကိစ္စကြောင့် နတ်ဆိုးဘုရင်များမှာ အတော်လေးကိုမှ ရှက်ရွံ့နေခဲ့ပြီး အပြစ်တင်နိုင်မည့်လူကို လိုက်ရှာတော့လေသည်။
ကဝေနတ်ဆိုးသည် နတ်ဆိုးများအနက် ရန်ကိုင်နှင့် တိုက်ရိုက်စကားပြောခဲ့သော တစ်ဦးတည်းသော နတ်ဆိုးဖြစ်ပေသည်။ ထို့အတွက်ကြောင့် အပြစ်တင်ရမည်ဆိုလျှင် သူမကို အပြစ်တင်သည်မှာ အကောင်းဆုံးဖြစ်၏။
“နင်တို့ ငါ့ကို လာအပြစ်တင်နေတာလား…” ကဝေနတ်ဆိုးက ချက်ချင်းပဲ ပြန်အော်မေးလိုက်သည်။
“နင်သာ သူနဲ့ စကားမပြောခဲ့ရင် ငါတို့နတ်ဆိုးအမျက်မြို့တော် အခုလိုမျိုး ဒုက္ခရောက်ခဲ့ရမှာလား…”
ကဝေနတ်ဆိုးသည် သူမအား စကားပြောလိုက်သည့်နတ်ဆိုးဘုရင်ကို လုံးဝကြောင်သွားသည့်အမူအယာဖြင့် လှမ်းကြည့်နေလေ၏။
“ဟမ်… တစ်ယောက်ယောက်လာနေတယ်…” ထိုနတ်ဆိုးဘုရင်သည် ချက်ချင်းပဲ တစ်ဖက်သို့ လှည့်ကြည့်လိုက်သည်။ သူလှည့်ကြည့်နေသည့်အရပ်တွင် အနီရောင်ဆံပင်နှင့် လူငယ်လေးတစ်ဦး ပျံသန်းလာနေ၏။ ထိုလူငယ်လေးသည် မျက်နှာတစ်ပြင်လုံး သုန်မှုန်နေခဲ့ပြီး မျက်မှောင်ကြီး ကျုံ့ထားခဲ့လေသည်။
လက်ရှိအချိန်တွင် မည်သူ့ကိုမှ ဂရုမစိုက်သည့်အလား နတ်ဆိုးအမျက်မြို့တော်ဆီသို့ တည့်တည့်ပျံသန်းလာနေ၏။
ထိုအချင်းအရာကိုမြင်လိုက်သော် နတ်ဆိုးဘုရင်များ ဒေါသူပုန်ထသွားကြလေသည်။
နတ်ဆိုးအမျက်မြို့တော် ဒွိလောကကမ္ဘာကြီးထဲ တည်ရှိနေသည်မှာ နှစ်ပေါင်းသောင်းနှင့်ချီနေခဲ့ပြီ ဖြစ်ပါသော်ငြား သူတို့အနေဖြင့် မည်သည့်အခါကများ ယခုကဲ့သို့ အထင်အမြင်သေးခံခဲ့ရဖူးလေသနည်း။ အစောပိုင်းကလူသားကိုတော့ လျစ်လျူရှုထားလိုက်၍ ရပေသေးသည်။ ထိုလူသား၏ကျင့်ကြံခြင်းမှာ နိမ့်ကျပါသော်ငြား အားကောင်းလှသည့် ရတနာတစ်မျိုးကို ပိုင်ဆိုင်ထားခဲ့သည်။ ထို့အတွက်ကြောင့် သူတို့အနေဖြင့် လက်လျှော့လိုက်ရခြင်း ဖြစ်၏။ သို့သော်ငြား အနီရောင်ဆံပင်ဖြင့် လူသားကရော သူ့ကိုယ်သူ ဘာထင်နေလေသနည်း။
အကြည့်ချင်း ဖလှယ်လိုက်ကြပြီးသည့်နောက် နတ်ဆိုးပညာရှင်ပေါင်းများစွာသည် ချက်ချင်း အနီရောင်ဆံပင်နှင့် လူငယ်လေး၏လမ်းကို ပိတ်ရပ်လိုက်လေသည်။
ကျုလဲ့လည်း ရပ်လိုက်ပြီး သူ့ရှေ့တွင် လာပိတ်ရပ်နေသော နတ်ဆိုးဘုရင်များစွာကို ကြည့်ရင်း သူ့ဒေါသမှာ ပေါက်ကွဲတော့မည့် မီးတောင်ရှင်တစ်လုံးနှယ် ဖြစ်လာခဲ့လေ၏။
ကျုချင်းနှင့် ရန်ကိုင်၏ ကိစ္စသည် သူ့အား အလွန်ကိုမှ ကြိတ်မနိုင်ခဲမရ ဖြစ်စေခဲ့သည်။ သို့သော်ငြား လုပ်ပြီးသားကိစ္စကို မည်ကဲ့သို့များ ပြန်ပြင်၍ ရတော့ပါမည်နည်း။ ထို့အတွက်ကြောင့် ကျုလဲ့မှာ ထိုကိစ္စနှင့်ပတ်သက်၍ မည်သို့ ဆက်လုပ်လို့ လုပ်ရမှန်းမသိ ဖြစ်နေလေ၏။ ထို့အပြင် ရန်ကိုင်၏ ထိုးကြိတ်ထားခြင်း ခံရသည့်အတွက်ကြောင့် ဒေါသကပါ ထပ်ထွက်နေလေရာ သူ့ဒေါသကို မည်သည့်နေရာသို့ ဖွင့်ထုတ်လို့ ဖွင့်ထုတ်ရမှန်းမသိလည်း ဖြစ်နေခဲ့လေသည်။ သို့သော်ငြား ထိုကဲ့သို့သော အချိန်မျိုးတွင်မှ နတ်ဆိုးများသည် သူ့ရှေ့တည့်တည့်သို့ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ရှိလာကြသည်။
ကျုလဲ့သည် အသက်ကို ပြင်းပြင်းရှူသွင်းရင်းမှ သူ့ကိုယ်သူ အတတ်နိုင်ဆုံး တည်ငြိမ်အောင်ထိန်းရင်း ပြန်မေးလိုက်လေသည်။ “မင်းတို့ထဲက ဘယ်တစ်ယောက်က အားအကောင်းဆုံးလဲ…”
ကျုလဲ့၏အမေးကို ကြားလိုက်သည်နှင့်တစ်ပြိုင်နက် နတ်ဆိုးများ၏အကြည့်သည် တစ်ဦးသောနတ်ဆိုးဆီသို့ ရောက်ရှိသွားကြလေသည်။ အားလုံး၏အကြည့်အောက်တွင် သိပ်သည်းလှသည့် နတ်ဆိုးချီကို ပိုင်ဆိုင်ထားပြီး ထွားကျိုင်းလှသည့် ခန္ဓာကိုယ်နှင့် နတ်ဆိုးဘုရင်တစ်ပါး ရှေ့သို့ ထွက်လာခဲ့လေသည်။ ထို့နောက် မိုးခြိမ်းသံတမျှ ကျယ်လောင်သည့် လေသံဖြင့် အော်ပြောလိုက်လေ၏။ “ဒီဘုရင်နာမည်က ဟောင်ဖေးပဲ… မင်းက ဘယ်သူလဲ…”
ဤနတ်ဆိုးဘုရင်မှာ အစောပိုင်းက ကဝေနတ်ဆိုးကို ပြစ်တင်ခဲ့သည့် နတ်ဆိုးဘုရင်သာ ဖြစ်လေသည်။ သူသည် ဤနေရာရှိ နတ်ဆိုးဘုရင်များအနက် အားအကောင်းဆုံး နတ်ဆိုးဘုရင်တစ်ပါးဖြစ်သည်ဟု နတ်ဆိုးအမျက်မြို့တော်ထဲတွင် ရှိနေသော နတ်ဆိုးဘုရင်အားလုံး မှတ်ယူထားကြလေသည်။ ဤနတ်ဆိုးဘုရင်သည် နတ်ဆိုးသူတော်စင်အဆင့်သို့ ရောက်ရန် သိပ်မလိုတော့သည့် နတ်ဆိုးဘုရင်တစ်ပါးလည်း ဖြစ်၏။
ဟောင်ဖေးကိုယ်တိုင်သည် နှစ်တစ်ရာအတွင်း နတ်ဆိုးသူတော်စင်တစ်ပါး ဖြစ်လာနိုင်မည်ဟု ယုံကြည်ချက် ရှိနေသူတစ်ဦး ဖြစ်ပေသည်။ သူသည်သာ နတ်ဆိုးသူတော်စင်တစ်ပါး ဖြစ်လာခဲ့မည်ဆိုပါက လူသားအင်ပါယာမြို့တော်ကို ချိုးဖြတ်၍ ဒွိလောကကမ္ဘာထဲရှိ အခြေအနေကို ပြောင်းလဲပစ်နိုင်ပေသည်။ ထိုအခါ လူသားအားလုံးကို ကျွန်ပြု၍ ဤနေရာတစ်ခုလုံးကို နတ်ဆိုးမျိုးနွယ်စုဝင်များ ပျော်မွေ့ရာ နေရာတစ်ခုအဖြစ် ပြောင်းလဲနိုင်ပေလိမ့်မည်။
သူ့တွင် ထိုကဲ့သို့သော ရည်ရွယ်ချက်မျိုး ရှိသလို ထိုကဲ့သို့ဖြစ်အောင် လုပ်နိုင်မည့် အလားအလာလည်း ရှိပေသည်။
ရန်ကိုင်မှ တောင်နဲ့မြစ်ခေါင်းလောင်းကိုသုံး၍ တိုက်ခိုက်သွားစဉ်က ဤနတ်ဆိုးဘုရင်သည် အကျိုးအမြတ်ကို ချင့်ချိန်ခဲ့လေသည်။ နောက်ဆုံးတွင် သူ့မာနတရားကို ခဝါချ၍ မလှုပ်ရှားရန်သာ ဆုံးဖြတ်လိုက်သည်။ သို့သော်ငြား သူ့အနေဖြင့် လိပ်တစ်ကောင်ပမာ အမြဲတမ်းပုန်းနေ၍ မဖြစ်ပေ။
နတ်ဆိုးမျိုးနွယ်စုသည် မောက်မာဝံ့ကြွားပြီး ခွန်အားကိုသာ လေးစားကြသူများ ဖြစ်ကြသည်။ သူသည်သာ ကျုလဲ့၏အမေးကို ပြန်မဖြေလိုက်လျှင် အခြားသောနတ်ဆိုးဘုရင်များ၏ အထင်သေးခြင်းကို ခံရပေလိမ့်မည်။ အရေးအကြီးဆုံးအချက်မှာ ထိုကဲ့သို့ အထင်သေးခံလိုက်ရခြင်းသည် သူ့စိတ်ကို ကယောက်ကယက် ဖြစ်သွားစေနိုင်ကာ သူ့ကျင့်ကြံခြင်းကိုလည်း ထိခိုက်သွားရစေနိုင်ပေသည်။
ထို့အတွက်ကြောင့် ဤအနီရောင်ဆံပင်နှင့်လူငယ်လေးကို နတ်ဆိုးအမျက်မြို့တော်၏ အားအကောင်းဆုံးပညာရှင်မှာ မည်သို့ဖြစ်သလဲဆိုသည်ကို သိသွားလေအောင် ကောင်းကောင်းသင်ခန်းစာပေးရမည်ဟု ဆုံးဖြတ်လိုက်လေသည်။
နတ်ဆိုးဘုရင်ဟောင်ဖေးသည် မည်သူ့ကိုမှ ဂရုမစိုက်သည့် အမူအယာမျိုးဖြင့် ကျုလဲ့အား စိုက်ကြည့်လိုက်လေ၏။
ကျုလဲ့ကမူ စကားတစ်ခွန်းကိုသာ ပြန်ပြောလိုက်လေသည်။ “သေလိုက်ပေတော့…”
ထိုသို့ပြောပြီးသည်နှင့်တစ်ပြိုင်နက် ကျုလဲ့ကိုယ်တိုင်သည် အနီရောင်အလင်းတန်းတစ်ခုအသွင်သို့ ပြောင်းလဲသွားခဲ့ပြီး နတ်ဆိုးဘုရင်ဟောင်ဖေးဆီသို့ ဥက္ကာခဲတစ်စင်းပမာ ပြေးဝင်သွားလေသည်။
ကျုလဲ့ လှုပ်ရှားလိုက်သည်နှင့်တစ်ပြိုင်နက် ဟောင်ဖေး၏အမူအယာ ပြောင်းလဲသွားခဲ့လေသည်။ တစ်ဖက်လူ၏ခွန်အားကို ခံစားမိလိုက်ပြီး နတ်ဆိုးချီကို အလျင်စလို လှည့်ပတ်၍ ခုခံရန် ကြိုးစားလိုက်လေသည်။
“ဝေါင်း…” မိုးခြိမ်းသံတမျှ ကျယ်လောင်လှသည့် နဂါးဟိန်းသံတစ်သံ ထွက်ပေါ်လာခဲ့ပြီး နတ်ဆိုးအားလုံးမှာ သူတို့၏ နားတစ်ခုလုံး ပင်းထွက်သွားသလို ခံစားလိုက်ရလေသည်။
ထိုနဂါးဟိန်းသံထဲ ကြားလိုက်ရသည့်လူတိုင်းကို ယာယီမျှ ငေးငိုင်သွားစေနိုင်သည့် အစွမ်းအာနိသင်တစ်မျိုး ပါဝင်နေသည့်ပုံပင်။
ဟောင်ဖေးမှာလည်း ထိတ်လန့်သွားခဲ့ပြီး မိန်းမောနေရာမှ အလျင်စလို အသိပြန်ဝင်လာအောင်လုပ်လျက် သူ့ကိုယ်သူ ကာကွယ်ရန် ကြိုးစားလိုက်လေသည်။
သို့သော်ငြား ထိုအခိုက်အတန့်မှာပင် သူ့မြင်ကွင်းတစ်ခုလုံး မီးနီရောင်အလင်းတို့ဖြင့်သာ ပြည့်နှက်သွားရတော့သည်။ ကမ္ဘာလောကကြီးတစ်ခုလုံးမှာ မီးလောင်ကျွမ်းနေသည့်အလား။
ထို့နောက်တွင် ဘယ်ကမှန်းမသိ ဧရာမနဂါးခေါင်းကြီးတစ်ခေါင်း ရုတ်တရက် ထွက်ပေါ်လာခဲ့လေသည်။ ထိုကြီးမားလွန်းလှသော နဂါးခေါင်းကြီးသည် မောက်မာဝံ့ကြွားစွာဖြင့် ဟောင်ဖေးအား အထင်အမြင်တသေးဖြင့် ငုံ့ကြည့်နေလေ၏။ ထိုနဂါး၏အကြည့်အောက်ဝယ် ဟောင်ဖေး၏ခန္ဓာကိုယ်တစ်ခုလုံး တောင့်တောင့်ကြီး ဖြစ်သွားခဲ့ပြီး သူ၏ ခြေဖျားလက်ဖျားမှလည်း အေးစက်စက် ဖြစ်လာခဲ့ရသည်။
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၂၉၇၇)
ဘာသာပြန်သူ_တိမ်တိုက်
တစ်ခုခု ပျက်စီးသွားသည့်အသံနှင့်အတူ ဟောင်ဖေး၏ခန္ဓာကိုယ်ကြီးတစ်ခုလုံး တုန်တက်သွားခဲ့လေသည်။ ထို့နောက်တွင် သူ့ခန္ဓာကိုယ်ကြီးတစ်ခုလုံးမှာ ရေခဲရိုက်ခံလိုက်ရသည့်အလား တောင့်တောင့်ကြီး ဖြစ်နေတော့လေ၏။
ကျုလဲ့ကမူ သူ့ဒေါသကို ဖွင့်ထုတ်လိုက်ရသည့်အတွက်ကြောင့် ကျေနပ်သွားဟန်ဖြင့် သူ့လက်ကို ပြန်ရုတ်သိမ်း၍ အသက်ကို ဖြည်းဖြည်းချင်း ရှူထုတ်လိုက်သည်။
ထို့နောက်တွင် အေးစက်စက်အမူအယာဖြင့် နှာခေါင်းရှုံ့လျက် ရန်ကိုင်တို့နောက်သို့ ပြေးလိုက်သွားလေ၏။ ကြောက်နေသည့်နတ်ဆိုးများကိုမူ ဂရုစိုက်မနေခဲ့ပေ။ မည်သည့်နတ်ဆိုးကမှလည်း သူ့အား မတားရဲခဲ့ပေ။ ကျုလဲ့ထွက်သွားပြီးသည့်နောက် အတန်ကြာသွားသည့်အခါမှသာလျှင် နတ်ဆိုးများမှာ ဟောင်ဖေးအား လှမ်းခေါ်ရဲတော့သည်။ သို့သော်ငြား ဟောင်ဖေးမှာ ပြန်မထူးခဲ့။ လက်ရှိအချိန်တွင် ဟောင်ဖေးသည် ကျောက်ရုပ်ကြီးတစ်ခု ဖြစ်သွားသည့်ပမာ တောင့်တောင့်ကြီးသာ ရှိနေခဲ့လေသည်။ သူ့မျက်နှာအမူအယာမှာလည်း ပြောင်းလဲခြင်းမရှိသလို သူ့မျက်လုံးများမှာလည်း အနည်းငယ်မျှပင် လှုပ်ခတ်သွားခဲ့ခြင်း မရှိ။
“စီနီယာ… စီနီယာဟောင်ဖေး…” ကဝေနတ်ဆိုးသည် ရှေ့သို့တက်၍ ဟောင်ဖေး၏ခန္ဓာကိုယ်ကို သွားထိကိုင်လိုက်သည်။
ကဝေနတ်ဆိုးမှ ဟောင်ဖေး၏ခန္ဓာကိုယ်အား ထိလိုက်သည်နှင့်တစ်ပြိုင်နက် ဟောင်ဖေး၏ ခန္ဓာကိုယ်ကြီးသည် ဖောင်းခနဲမြည်သံနှင့်အတူ သွေးမြူများအဖြစ်သို့ ပေါက်ကွဲထွက်သွားခဲ့လေသည်။ အရိုးတစ်ချောင်းသည်ပင်လျှင် အကောင်းပကတိအတိုင်း ကျန်ရစ်ခဲ့ခြင်းမရှိ။
ချက်ချင်းဆိုသလို ထိတ်လန့်တကြား အော်ဟစ်သံများ၊ သက်ပြင်းရှိုက်သံများ နတ်ဆိုးမျိုးနွယ်စုဝင်များဆီမှ ထွက်ပေါ်လာကြပြီး အကုန်လုံးသည် တုန်တုန်ရီရီမျက်ဝန်းများဖြင့် ပေါက်ကွဲထွက်သွားသည့် ဟောင်ဖေး၏ ခန္ဓာကိုယ်ကြီးကို စိုက်ကြည့်နေကြလေသည်။ လက်ရှိအချိန်တွင် အကုန်လုံးမှာ သူတို့ကိုယ်သူတို့ အိပ်မက်မက်နေသလိုပင် ခံစားနေကြရသည်။
နတ်ဆိုးအမျက်မြို့တော်၏ အားအကောင်းဆုံးသော ပညာရှင်၊ နာမည်ကျော် စီနီယာဟောင်ဖေးမှာ အမှန်တကယ်ကြီးကို သေသွားခဲ့သည်။
စီနီယာဟောင်ဖေးသည် ဘယ်ကမှန်းမသိ ပေါ်လာသည့် အနီရောင်ဆံပင်နှင့် လူငယ်လေး၏လက်ချက်ကြောင့် အသက်ပျောက်ခဲ့ရလေသည်။
ကိုယ်တိုင်ကိုယ်ကျ မျက်စိဖြင့် တပ်အပ် မြင်ခဲ့ရသည့်အတွက်ကြောင့်သာမဟုတ်ပါက မည်သည့်နတ်ဆိုးမှ ထိုအချင်းအရာကို ယုံနိုင်ကြလိမ့်မည် မဟုတ်ချေ။ သို့သော်ငြား လက်တွေ့အမှန်တရားသည် သူတို့ရှေ့တည့်တည့်တွင် ရှိနေခဲ့လေရာ အားလုံးမှာ မယုံကြည်ချင်လျှင်ပင် ယုံရတော့လေသည်။
အစောပိုင်းက လူသား၏ ရတနာကြောင့် နတ်ဆိုးဘုရင်ပေါင်းများစွာ သေဆုံးသွားရသည်နှင့် ယှဉ်လိုက်သော် ဟောင်ဖေးအသတ်ခံလိုက်ရသည်မှာ ပို၍ပင် ထိတ်လန့်ဖွယ်ကောင်းနေခဲ့လေသည်။
နတ်ဆိုးများမှာ ထိတ်လန့်နေပြီးသည့်နောက် စတင်၍ မယုံသင်္ကာ ဖြစ်လာကြတော့သည်။
ထိုအနီရောင်ဆံပင်နှင့်လူငယ်လေးသည် မည်သူများ ဖြစ်လေသနည်း။ အစောပိုင်းက ပေါ်လာသည့် လူငယ်လေးကရော မည်သူများ ဖြစ်လေသနည်း။ ထိုကဲ့သို့သော ကြောက်မက်ဖွယ်ရာပညာရှင်များ လူသားအင်ပါယာမြို့တော်ထဲတွင် ရှိနေသည့်အကြောင်းကို သူတို့ ဘာကြောင့်များ မကြားခဲ့ရလေသနည်း။ ထိုလူသားနှစ်ဦးသည် လူသားအင်ပါယာမြို့တော်မှဆိုလျှင် နတ်ဆိုးမျိုးနွယ်စုများအဖို့ ဒွိလောကကမ္ဘာကြီးထဲတွင် နေစရာ ရှိတော့လိမ့်မည်မဟုတ်ချေ။ သူတို့အားလုံး အမြစ်ပြတ် ရှင်းပစ်ခံလိုက်ရသည်မှာ ကြာနေလောက်ပေပြီ။
ယနေ့တွင် နတ်ဆိုးအမျက်မြို့တော်သည် ထိတ်လန့်ဖွယ်ရာအဖြစ်အပျက်များနှင့် ကြုံခဲ့ရသည်။ ပထမဦးစွာ နတ်ဆိုးဘုရင်များစွာ အသက်ဆုံးရှုံးခဲ့ရသည်။ ယခုဆိုလျှင်လည်း နတ်ဆိုးအမျက်မြို့တော်၏ အားအကောင်းဆုံးပညာရှင် သေဆုံးခဲ့ရလေသည်။ ထို့အတွက်ကြောင့် နတ်ဆိုးမြို့တော်တစ်ခုလုံးမှာ ထိတ်ထိတ်လန့်လန့် တုန်တုန်လှုပ်လှုပ် ဖြစ်နေကြလေ၏။ အကုန်လုံးမှာ ထိုကပ်ဘေးနှစ်ခုလုံး ရုတ်တရက်ကြီး ပြန်လာကာ သူတို့အား သတ်ဖြတ်ပစ်မည်ကို နတ်ဆိုးများအားလုံး စိတ်ပူနေကြလေသည်။ ထိုနှစ်ဦးသာ ပြန်လာပြီး တိုက်ခိုက်ကြမည်ဆိုလျှင် မည်သူမျှ သူတို့အား တားနိုင်ကြလိမ့်မည်မဟုတ်ချေ။
“စိတ်ပူမနေကြနဲ့… အဲ့နှစ်ယောက် ကြာကြာအသက်ရှင်နိုင်မှာမဟုတ်ဘူး…” နတ်ဆိုးဘုရင်အချို့က အော်ပြောလိုက်သည်။ “သူတို့နှစ်ယောက်စလုံး အဲ့နေရာဆီသွားကြတာ… ဒီတော့ လုံးဝပြန်လာမှာမဟုတ်ဘူး… ဘာမှ စိတ်ပူမနေကြနဲ့…”
ထိုစကား ထွက်လာသည်နှင့် တစ်ပြိုင်နက် နတ်ဆိုးပေါင်းများစွာ ထိတ်လန့်သွားကုန်ကြလေ၏။ ယခုမှသာလျှင် ရန်ကိုင်သည် ယင်လေတောင်တွင် ဤလောကကြီးထဲမှ ထွက်သွားနိုင်မည့် ထွက်ပေါ်ကို သွားရှာလိုသည်ဟု ပြောခဲ့ကြောင်းကို ပြန်သတိရသွားခဲ့သည်။
ထိုအကြောင်းကို ပြန်စဉ်းစားမိလိုက်သည့်နောက်တွင် နတ်ဆိုးမျိုးနွယ်စုဝင်များမှာ ယခင်ကလောက် ကြောက်ရွံ့နေခြင်း မရှိကြတော့ချေ။ သို့သော်ငြား ယနေ့တွင်တော့ နတ်ဆိုးအမျက်မြို့တော်သည် ကြီးကြီးမားမား ဆုံးရှုံးခဲ့ရသည်ဟု ပြော၍ရသည်။ သေသွားသည့်နတ်ဆိုးအရေအတွက်မှာ များပြားခြင်း မရှိပါသော်ငြား သေသွားသည့်လူအားလုံးမှာ နတ်ဆိုးဘုရင်များချည်းသာ ဖြစ်ကြသည်။ ထိုနတ်ဆိုးဘုရင်များအနက် တစ်ပါးဆိုလျှင် နတ်ဆိုးအမျက်မြို့တော်တစ်ခုလုံး၏ အားအကောင်းဆုံးပညာရှင်ဖြစ်ကာ ကျန်တစ်ဦးမှာလည်း ထိပ်တန်းပညာရှင်ဆယ်ဦးအနက် တစ်ဦးအပါအဝင်ဖြစ်လေသည်။ ဤအကြောင်းသည်သာ လူသားအင်ပါယာမြို့တော်ဆီသို့ သတင်းပြန့်သွားခဲ့မည်ဆိုလျှင် လူသားမျိုးနွယ်စု ငြိမ်နေကြလိမ့်မည်မဟုတ်ချေ။
ထို့အတွက်ကြောင့် နတ်ဆိုးမျိုးနွယ်စုဝင်များမှာ စတင်၍ စိတ်ပူလာကြရပြန်တော့သည်။
ယင်လေတောင်၌ မီတာတစ်ထောင်အမြင့်သို့ တက်လာပြီးသည့်နောက် ရန်ကိုင်နှင့် အခြားသူများ အလေးအနက်အမူအယာများဖြင့် ရပ်လိုက်ကြတော့လေသည်။ ယခင်ကဆိုလျှင် ပန်းတိမ်တိုက်လွန်းပျံကို သုံး၍ ဤနေရာသို့ ပျံသန်းလာ၍ရခဲ့သည်။ သို့သော်ငြား မီတာတစ်ထောင်အမြင်သို့ တက်လာပြီးသည့်နောက် ဆက်၍မသွားနိုင်တော့ကြောင်း တွေ့လိုက်ရလေသည်။ ထို့အတွက်ကြောင့် ရန်ကိုင်တို့မှာ ပန်းတိမ်တိုက်လွန်းပျံထဲမှထွက်၍ ကိုယ်တိုင်ကိုယ်ကျ ခရီးဆက်ရုံသာ တတ်နိုင်ခဲ့သည်။
ရန်ကိုင်သည် ရှေ့မှဦးဆောင်သွားနေပြီး ကျုချင်းသည် ခွေးပေါက်လေးကိုကိုင်ရင်း အလယ်မှလိုက်နေခဲ့ကာ လီကျောက်မှာမူ နောက်ဆုံးမှ လိုက်လာနေခဲ့သည်။
နောက်ထပ် မီတာတစ်ထောင်ခန့်အမြင့်သို့ ထပ်တက်လာပြီးသည့်နောက် သူ့အနေဖြင့် ရှေ့သို့ လုံးဝ ဆက်မသွားနိုင်တော့ကြောင်း ရန်ကိုင် တွေ့ရှိသွားရသည်။
ယင်လေတောင်ဆိုသည့်အတိုင်းပင် လူသားအင်ပါယာမြို့တော်ထဲရှိ မှတ်တမ်းစာအုပ်များသည် ယင်လေတောင်၏ ကြောက်မက်ဖွယ်ရာကောင်းပုံကို အနည်းအကျဉ်းမျှသာ ဖော်ပြထားခဲ့သည်။ ရန်ကိုင်ကိုယ်တိုင်သည် ယင်လေတောင်၏ အန္တရာယ်များကို တတ်နိုင်သလောက် ကြိုတင်တွက်ဆထားခဲ့ပါသော်ငြား ယခုမှသာလျှင် အထင်သေးမိနေသေးမှန်း သိသွားခဲ့ရသည်။
ယင်လေတောင်တွင် အခြား မည်သည့်အတားအဆီးမှမရှိ။ တောင်ထိပ်ဖျားဆီမှ အဆက်မပြတ် တိုက်ခတ်လာနေသော အရိုးခိုက်မတတ် ရေခဲနတ်ဆိုးချီများသာ ရှိနေကြလေသည်။ ထိုရေခဲနတ်ဆိုးချီများသည် ရေခဲနယ်မြေထဲတွင် တွေ့ရလေ့ရှိသော အအေးဓာတ်များကဲ့သို့ အသက်စွမ်းအင်ကို စုပ်ယူနိုင်သည့်အပြင် အရိုးခိုက်မတတ် အေးစက်ရုံမက ထိုရေခဲနတ်ဆိုးချီများထဲ ကြောက်မက်ဖွယ်ရာကောင်းလှသော နတ်ဆိုးချီတို့လည်း ရောယှက်ပါဝင်နေခဲ့လေသည်။ အအေးဓာတ်နှင့် နတ်ဆိုးချီတို့မှာ ပဋိပက္ခဖြစ်ခြင်းမရှိဘဲ သဟဇာတဖြစ်နေကာ စွမ်းအင်တစ်မျိုး အပေါ် တစ်မျိုး အပြန်အလှန် အားဖြည့်ပေးနေကြလေသည်။
ရန်ကိုင်၏ ကျစ်လျစ်လှသော ကျင့်ကြံခြင်းနှင့် အားကောင်းလှသော ရုပ်ခွန်အားနှင့်ပင် ရေခဲနတ်ဆိုးချီများ၏ အဆက်မပြတ် ရိုက်ခတ်မှုကို မခံနိုင်တော့ကြောင်း တွေ့ရှိလိုက်ရသည်။ ရန်ကိုင်မှာ ယင်လေတောင်ပေါ်သို့ တက်ရန်အတွက် ဧကရာဇ်ချီကို အဆက်မပြတ် ထုတ်သုံးနေခဲ့လေရာ နောက်ထပ် မီတာတစ်ထောင်အမြင့်သို့ တက်လာပြီးသည့်နောက် အားကုန်ချင်သလို ဖြစ်လာခဲ့ရလေသည်။
အပေါ်သို့ လှမ်းမော့၍ ကြည့်လိုက်ပါသော်ငြား သိပ်သည်းလှသည့် မြူခိုးထုကြီးမှလွဲ၍ အခြား ဘာဆိုဘာမှ မမြင်ရချေ။
“ငါ ရှေ့ကနေသွားမယ်…” ကျုချင်းက ပြောလိုက်သည်။
ရန်ကိုင်လည်း ခေါင်းညိတ်လိုက်ပြီး သူ့ကိုယ်သူ ဆက်၍ တွန်းအားပေးမနေတော့ဘဲ ကျုချင်းနောက်တွင် အမြန် သွားရပ်နေလိုက်လေသည်။ ထို့နောက် ဆေးလုံးများကိုထုတ်သောက်၍ အမြန် အားပြန်ဖြည့်လေ၏။ ဤကဲ့သို့သော ပတ်ဝန်းကျင်မျိုးတွင် ရှေ့ဆုံးမှ ဦးဆောင်သွားနေသည့်လူသည် ဖိအားအများဆုံး ခံရလေသည်။ အကြောင်းမှာ တိုးဝင်လာနေသည့် ရေခဲနတ်ဆိုးချီများကို ရှေ့မှဦးဆောင်သွားနေသည့် လူမှ အများဆုံး ခံနေရသည့်အတွက်ကြောင့်ပင်။ နောက်မှလိုက်လာသည့်သူများမှာတော့ အတော်လေးသက်သာသည်ဟု ပြော၍ရသည်။
နောက်ဆုံးမှလိုက်လာနေသည့် လီကျောက်၏မျက်နှာမှာ လုံးဝကို ဖြူလျော်နေခဲ့ပြီး ရန်ကိုင်အား ဖားဖားယားယားဖြင့် ပြုံးပြနေခဲ့လေသည်။
ရေခဲနတ်ဆိုးချီများကို ရင်ဆိုင်ရာတွင် လီကျောက်မှာ အားအနည်းဆုံး ဖြစ်ပေသည်။ ရန်ကိုင်၏ကျင့်ကြံခြင်းမှာ လီကျောက်လောက် မြင့်မားခြင်းမရှိပါသော်ငြား ရန်ကိုင်သည် အားကောင်းလှသော နဂါးကလန်၏ သွေးမျိုးဆက်ကို ပိုင်ဆိုင်ထားသည့်အပြင် ရှေးဟောင်းနတ်ဆိုးချီများကိုလည်း သူ့ခန္ဓာကိုယ်ထဲ ချိတ်ပိတ်ထားခဲ့ပေသေးသည်။ ထို့အတွက်ကြောင့် ရန်ကိုင်သည် ရေခဲနတ်ဆိုးချီများကို ခုခံရာတွင် အားသာချက် ရှိနေလေ၏။
ကျုချင်းအတွက်လည်း အတူတူပင် ဖြစ်လေသည်။ သူမ၏ အဆင့်ကိုးနဂါးစွမ်းအားကို ထည့်မတွက်လျှင်ပင် နဂါးကလန်သည် တိုက်စားနိုင်သော စွမ်းအင်များကို ခုခံနိုင်စွမ်း မြင့်မားလှသည်။ ထို့အတွက်ကြောင့်ပင်လျှင် ရေခဲနတ်ဆိုးချီများကို ကောင်းကောင်းခုခံနိုင်ခြင်း ဖြစ်လေသည်။
သို့သော်ငြား လီကျောက်မှာတော့ ထိုသို့မဟုတ်ချေ။ လီကျောက်အနေဖြင့် ယင်လေတောင်မှတစ်ဆင့် ဤလောကကြီးထဲမှ ထွက်သွားလိုပါက ရန်ကိုင်နှင့်ကျုချင်းကို အားကိုးရုံသာ ရှိတော့လေသည်။ ရန်ကိုင်မှ သူ့အား ဤနေရာတွင် ထားခဲ့မည်ကို လီကျောက်စိတ်ထဲ တွေးပူနေရလေသည်။
ရန်ကိုင်ကမူ လီကျောက်အား ဂရုစိုက်မနေခဲ့ပဲ ကျင့်စဉ်ကိုလှည့်ပတ်၍သာ ဆေးအာနိသင်ကို စုပ်ယူနေလေ၏။ တစ်ချိန်တည်းတွင်လည်း ရေခဲနတ်ဆိုးချီ၏ ပြောင်းလဲမှုများကို တိတ်တဆိတ် လေ့လာစောင့်ကြည့်နေလေသည်။
“ဟမ်…” ကျုချင်းသည် အံ့အားသင့်ဖွယ်ရာတစ်ခုခုအား ရှာတွေ့သွားသည့်အလား အာမေဋိတ်သံပြုလိုက်သည်။
ရန်ကိုင်က စိုးရိမ်တကြီးဖြင့် မေးလိုက်လေ၏။ “ဘာဖြစ်လို့လဲ…”
“အားဝမ်… သူ…”
ရန်ကိုင်လည်း အားဝမ်ဆီသို့ လှမ်းကြည့်လိုက်ရာ အံ့အားသင့်သွားခဲ့လေသည်။ လက်ရှိအချိန်တွင် ကျုချင်းလက်ထဲရှိ ခွေးပေါက်လေးသည် ၎င်း၏ပါးစပ်ကြီးကို ဟလျက် တိုးဝင်လာနေသည့် နတ်ဆိုးချီများကို စုပ်ယူပစ်နေခဲ့လေသည်။
ရန်ကိုင်နှင့် ကျုချင်းတို့၏အကြည့်ကို သတိပြုမိလိုက်သည့်အလား အားဝမ်သည် ခေါင်းခါလျက် ဂုဏ်ယူဝံ့ကြွားစွာဖြင့် ဟောင်လိုက်ပြီးသည့်နောက် ၎င်း၏ပါးစပ်ကြီးကို ကျယ်ကျယ်လေးဟလိုက်သည်။ ချက်ချင်းဆိုသလို ရန်ကိုင်တို့ဆီသို့ တိုးဝင်လာနေသည့် နတ်ဆိုးချီများမှာ ယခင်ကထက်ပို၍ အားနည်းသွားရတော့လေသည်။ ရှေ့ဆုံးမှလမ်းလျှောက်နေသည့် ကျုချင်းဆိုလျှင် သူမအား ရိုက်ခတ်လာနေသော မည်သည့် ရေခဲနတ်ဆိုးချီကိုမှ ခံစားရခြင်း မရှိတော့ချေ။ ထိုအကြောင်းကြောင့်ပင်လျှင် လူတိုင်းသွားနေသည့် အမြန်နှုန်းမှာ ရုတ်တရက်ဆိုသလို မြင့်မားလာရလေသည်။
“ဒီသားရဲလေးက တကယ်ကို အံ့ဩဖို့ကောင်းတာပဲ…” လီကျောက်သည် သူ့နှုတ်ခမ်းကိုသပ်ရင်းမှ ဖားယားသည့်အမူအယာဖြင့် “နန်းတော်သခင်ရန်… ဒီသားရဲလေးကို ဘယ်ကနေ ရှာတွေ့လာတာလဲမသိဘူးနော်… ဒီသားရဲလေးကိုရလိုက်တာ တကယ်ကံကောင်းတာပဲ…”
ရန်ကိုင်က ရုတ်တရက် လီကျောက်ဘက်သို့ လှမ်းကြည့်ရင်းမှ “ရောင်းရင်းလီက တကယ်ကို တက်တက်ကြွကြွ ရှိနေတာပဲ… ရောင်းရင်းလီက အခုလိုမျိုး စကားပြောဖို့ အားရှိတယ်ဆိုမှတော့ ပြီးကျလို့ရှိရင် ရှေ့ကနေ ဦးဆောင်ပြီးသွားပေးပေါ့…”
“ဒါပေါ့ ဒါပေါ့…” လီကျောက် အလျင်စလို သဘောတူလိုက်လေသည်။ သို့သော်ငြား သူ့စိတ်ထဲ သူ့ပါးစပ်ကို ဖြတ်ရိုက်ပစ်ချင်စိတ်များ တဖွားဖွား ထွက်ပေါ်လာနေခဲ့ရသည်။
ခွေးပေါက်လေး၏စွမ်းရည်ကြောင့် ရန်ကိုင်တို့သုံးဦး သွားနေသည့် အမြန်နှုန်းမှာ သိသိသာသာကို မြန်ဆန်လာခဲ့ရသည်။ အမွှေးတိုင်တစ်ချောင်း လောင်ကျွမ်းစာအချိန်အတွင်း ရန်ကိုင်တို့သည် မီတာတစ်ထောင်ကျော်မက တက်လာနိုင်ခဲ့လေသည်။
ခွေးပေါက်လေးသည် နတ်ဆိုးချီနှင့် နတ်ဆိုးမျိုးနွယ်စုဝင်များကို အထူးတလည် နှစ်သက်ပေသည်။ ထို့အတွက်ကြောင့် ယင်လေတောင်ရှိ ရေခဲနတ်ဆိုးချီသည် ပုံမှန်နတ်ဆိုးချီနှင့် ကွဲပြားပါသော်ငြား ယေဘုယျအားဖြင့် အတူတူသာ ဖြစ်သည့်အတွက်ကြောင့် ခွေးပေါက်လေးသည် ထိုရေခဲနတ်ဆိုးချီကို နှစ်သက်ပေ၏။
ဤအတိုင်းသာ ဆက်သွားနေမည်ဆိုလျှင် သူတို့အနေဖြင့် တောင်ထိပ်ပေါ်သို့ အခက်အခဲမရှိ ရောက်လာနိုင်ပေလိမ့်မည်။
မီတာတစ်ထောင်ကျော်လာပြီးသည့်နောက် ခွေးပေါက်လေး၏အခြေအနေကို စောင့်ကြည့်နေသော ကျုချင်းက ရုတ်တရက်ပြောလိုက်လေသည်။ “ရန်ကိုင်… အားဝမ် ဆက်မလုပ်နိုင်လောက်တော့ဘူးနဲ့တူတယ်…”
ရန်ကိုင်လည်း ခွေးပေါက်လေးဆီသို့ လှမ်းကြည့်လိုက်ရာ အားဝမ်နှင့်ပတ်သက်၍ တစ်ခုခုမှားယွင်းနေကြောင်း တွေ့လိုက်ရလေသည်။ အားဝမ်၏ လက်ရှိအခြေအနေမှာ ယခင်ကလောက် လွယ်ကူ အဆင်ပြေနေခြင်း မရှိတော့ချေ။ အားဝမ်သည် ရေခဲနတ်ဆိုးချီများကို ခက်ခက်ခဲခဲ စုပ်ယူနေရသည့်အလား ၎င်း၏ ဟထားသော ပါးစပ်ပေါက်မှာလည်း တဖြည်းဖြည်းနှင့် သေးသထက် သေးလာခဲ့လေသည်။ ဤအတိုင်းသာ ဆက်သွားမည်ဆိုလျှင် တစ်ခဏလေးအတွင်း အားဝမ်၏ပါးစပ်သည် မူလအရွယ်အစားသို့ ပြန်ပြောင်းသွားပေတော့မည်။ တစ်ချိန်တည်းတွင် အားဝမ်၏ ခန္ဓာကိုယ်ထက် ရေခဲစလေးများ စတင်ဖြစ်ပေါ်လာခဲ့လေ၏။ ထို့အပြင် ကျုချင်း၏ရင်ခွင်ထဲတွင် ရှိနေသော အားဝမ်၏ ခန္ဓာကိုယ်တစ်ခုလုံးမှာလည်း တဆတ်ဆတ် တုန်ရီနေသည်ကို ရန်ကိုင် တွေ့နေရလေသည်။
အားဝမ်နှင့် ထိနေသည့် ကျုချင်း၏ ခန္ဓာကိုယ်ထက်တွင်လည်း ရေခဲစများ ကပ်ညိလာရတော့လေသည်။ ထိုရေခဲစများမှာ များပြားခြင်း မရှိပါသော်ငြား အားကောင်းလှသည့် အအေးဓာတ်တို့ကိုတော့ ထုတ်လွှတ်နေသေးဆဲ။
ရုတ်တရက်ဆိုသလို ခွေးပေါက်လေးသည် ၎င်း၏အကန့်အသတ်ကို ရောက်ရှိသွားသည့်အလား ဟထားသောပါးစပ်သည် ချက်ချင်း မူလအရွယ်အစားသို့ ပြန်ပြောင်းသွားခဲ့လေသည်။
ရေခဲနတ်ဆိုးချီများကို တားဆီးပေးမည့်အရာ မရှိတော့သည့်အတွက်ကြောင့် ကြောက်မက်ဖွယ်ရာရေခဲနတ်ဆိုးချီတို့မှာ လူတိုင်းအပေါ် ဖြတ်တိုက်ခတ်လာခဲ့လေသည်။
ရေခဲနတ်ဆိုးချီနှင့် ထိမိသည်နှင့်တစ်ပြိုင်နက် ကျုချင်းမှာ အလန့်တကြား ထအော်မိလိုက်ပြီး နဂါးစွမ်းအားကို ချက်ချင်း ထုတ်ဖော်လိုက်သည်။ ဧရာမနဂါးပုံရိပ်ကြီးတစ်ခု ပေါ်လာခဲ့ပြီး ရန်ကိုင်နှင့်ကျုချင်းတို့အား ရစ်ပတ်လွှမ်းခြုံသွားခဲ့လေသည်။
“ခရက်…”
သို့ရာတွင် ထိုနဂါးပုံရိပ်ကြီးသည် တစ်ခဏမျှသာ ခုခံနိုင်ခဲ့ပြီးသည့်နောက် နဂါးကိုယ်ထက် အက်ကြောင်းများ ထွက်ပေါ်လာတော့လေသည်။
“မကောင်းတော့ဘူး… မြန်မြန်ပြန်ဆုတ်…” ရန်ကိုင်၏မျက်လုံးများ မှေးစင်းသွားခဲ့ပြီး အော်ပြောလိုက်လေသည်။ တစ်ချိန်တည်းတွင် ကျုချင်းကို ခါးမှကိုင်ဆွဲ၍ မြေပြင်ကို ကန်ကျောက်ကာ အောက်သို့ ခုန်ဆင်းလေ၏။
လီကျောက်၏တုံ့ပြန်မှုမှာလည်း နှေးနေခြင်း မရှိခဲ့ပေ။ ရန်ကိုင်၏ ထိတ်လန့်တုန်လှုပ်နေသည့် အမူအယာကို မြင်သော် အခြေအနေမကောင်းတော့မှန်း သိလိုက်ပြီး ချက်ချင်း အောက်သို့ ဆင်းပြေးတော့လေ၏။
တောင်အောက်သို့ဆင်းရသည်မှာ တောင်ထိပ်သို့တက်ရသည်ထက် အများကြီး ပိုလွယ်ပေသည်။ ရန်ကိုင်တို့သုံးဦးမှာ မီတာတစ်ထောင်အမြင့်လောက်သို့ တက်နိုင်ရန်အတွက် ခက်ခက်ခဲခဲ ကြိုးစားခဲ့ရပါသော်ငြား ထိုအမြင့်ကို ပြန်ဆင်းရန်အတွက်မူ မျက်တောင်တစ်ခတ်စာသာ လိုအပ်ပေသည်။
အောက်သို့ ပြန်ဆင်းလာချိန် ရန်ကိုင်တို့သည် ကြိုးစားပမ်းစားဖြင့် ရေခဲနတ်ဆိုးချီများကို ခုခံ၍ တောင်ပေါ်သို့ တက်လာနေသော ကျုလဲ့နှင့် သွားတိုးလေသည်။ ရန်ကိုင်တို့ ကျုလဲ့ဘေးနားမှ ဖြတ်သွားစဉ် ကျုလဲ့မှာ မင်သက်စွာ ကျန်ရစ်နေခဲ့လေ၏။
မျက်တောင်တစ်ခတ်အတွင်း ရန်ကိုင်တို့အားလုံး ယင်လေတောင်အောက်ခြေသို့ ပြန်ရောက်လာခဲ့လေသည်။
လက်ရှိအချိန်တွင် ရန်ကိုင်တို့သုံးဦးစလုံး၏ မျက်နှာထက် အကြောက်မပြယ်သေးသည့် အမူအယာများ ရှိနေခဲ့ကြသည်။ မည်သူဖြစ်နေစေကာမူ သုံးယောက်စလုံး၏ ခန္ဓာကိုယ်ထက်တွင် ရေခဲစများ ကပ်ညိနေခဲ့ပေသည်။ အလွန်ကိုမှ အေးစက်လှသော ရေခဲချီများသည် ဖယ်ရှင်းပစ်၍မရသည့် လောက်များနှယ် သူတို့၏ကိုယ်ပေါ် ကပ်တွယ်နေခဲ့ကြသည်။ တစ်ချိန်တည်းတွင် ထိုရေခဲချီများမှ ကြောက်မက်ဖွယ်ရာ အအေးဓာတ်တို့သည်လည်း သူတို့၏အရိုးထဲသို့ တဖြည်းဖြည်းနှင့် စိမ့်ဝင်နေခဲ့လေသဖြင့် ရန်ကိုင်တို့သုံးဦးစလုံးမှာ သူတို့၏ ဧကရာဇ်စွမ်းအားကို ကောင်းကောင်းမလှည့်ပတ်နိုင် ဖြစ်နေကြရလေသည်။
ခွေးပေါက်လေး၏အခြေအနေမှာတော့ ပို၍ပင် ဆိုးနေခဲ့လေသည်။ လက်ရှိအချိန်တွင် ခွေးပေါက်လေးသည် ကျုချင်း၏လက်ထဲ မလှုပ်မယှက် လှဲလျောင်းနေခဲ့သည်။ ၎င်း၏ ခန္ဓာကိုယ်တစ်ခုလုံးမှာ အေးခဲသလို ဖြစ်နေခဲ့ပြီး ကျုချင်းမှ မည်သို့ပင် ခေါ်နေစေကာမူ လုံးဝ ပြန်ထူးခြင်း မရှိခဲ့ပေ။
“စိတ်မပူနဲ့… ဒီကောင်လေးက အရမ်းအသက်ပြင်းတာ… ဒီလို လွယ်လွယ်သေမှာမဟုတ်ဘူး…” ရန်ကိုင်က ကျုချင်းအား နှစ်သိမ့်ပေးလိုက်လေသည်။ သို့သော်ငြား သူပြောလိုက်သည့်စကားကို သူကိုယ်တိုင်လည်း သိပ်၍ ယုံကြည်ချက်မရှိလှ။
သို့ရာတွင် ရန်ကိုင်သည် ထိုစကားကို အခြေအမြစ်မရှိ ပြောနေခြင်း မဟုတ်ပေ။ လွန်ခဲ့သောအကြိမ်က ခွေးပေါက်လေးအား ဧကရာဇ်အဆင့်ဆယ်ဦးမှ ဝိုင်းဝန်းတိုက်ခိုက်ခဲ့စဉ် ခွေးပေါက်လေးမှာ သေခါနီးဖြစ်သွားခဲ့ရသည်။ အဆုံးတွင်တော့ မသေခဲ့ဘဲ ဓါးတောင်ဆီသို့ပင် ပြန်ရောက်အောင် လာနိုင်ခဲ့သေးသည်။ ယခုတစ်ကြိမ်သည် ထိုတစ်ကြိမ်ကလောက် ဆိုးရွားခြင်းမရှိ။
ကျုချင်းသည် ခေါင်းညိတ်လိုက်ပြီး ခွေးပေါက်လေးကို ကိုင်ထားရင်းမှ တင်ပလင်ခွေထိုင်ချလိုက်လေသည်။ တစ်ချိန်တည်းတွင် သူမ၏ နဂါးစွမ်းအားကို လှည့်ပတ်၍ သူမကိုယ်ထဲတွင် ရှိနေသော ရေခဲနတ်ဆိုးချီများကို ရှင်းထုတ်ပစ်ရန် ကြိုးစားတော့သည်။ ထိုသို့လုပ်နေရင်းမှ ခွေးပေါက်လေး၏ ခန္ဓာကိုယ်ကို နွေးထွေးအောင် လုပ်ထားပေးလေ၏။
လီကျောက်မှာလည်း ကျုချင်းကဲ့သို့ပင် တင်ပလင်ခွေထိုင်ချရင်းမှ ကျင့်စဉ်ကိုလှည့်ပတ်ကာ ရေခဲနတ်ဆိုးချီများကို ခုခံရန် ကြိုးစားနေခဲ့လေသည်။
အေးစက်လှသည့် ရေခဲနတ်ဆိုးချီတို့ကို ခံစားမိလိုက်သည့်အခိုက် ကျုလဲ့မှာ သူ့ကိုယ်သူ ငရဲတံခါးဝရှေ့သို့ ရောက်သွားသလို ခံစားလိုက်ရလေသည်။ ယခုအချိန်ထိတိုင် ထိုအကြောင်းကို ပြန်စဉ်းစားမိလိုက်တိုင်း သူ့ရင်ထဲ အကြောက်တရားတို့ ကိန်းအောင်းမိရသည်။
ထိုအချိန်တွင် ကျုလဲ့ ပြန်ရောက်လာခဲ့လေသည်။ ရန်ကိုင်တို့သုံးဦး၏ အခြေအနေကို မြင်ပြီးသည့်နောက် မျက်မှောင်ကျုံ့သွားခဲ့ပြီး အနားတစ်နေရာတွင် သွားရပ်နေလေ၏။
ရန်ကိုင်တို့သုံးဦးသည် တောင်ပေါ်သို့ သူ့ထက် မည်သို့များ ပိုမြင့်အောင် တက်နိုင်ရသလဲဆိုသည်ကို နားမလည်နိုင် ဖြစ်နေခဲ့လေသည်။ ယင်လေတောင်ဆီမှ တိုက်ခတ်နေသော အေးစက်လှသည့် လေအေးများသည် ရေခဲနယ်မြေထဲ သူတို့ကြုံခဲ့ရသည့် လေအေးများနှင့် မတူညီချေ။
ရှင်းရှင်းပြောရသော် ယင်လေတောင်မှ တိုက်ခတ်နေသော အေးစက်လှသည့် လေအေးများသည် တားမြစ်နယ်မြေဖြစ်သော ရေခဲနယ်မြေ၏ ကြောက်မက်ဖယ်ရာကောင်းပုံကို အတိအလင်း ဖော်ပြနေခဲ့လေသည်။
အဆင့်ရှစ်နဂါးတစ်ကောင်ဖြစ်သော ကျုလဲ့သည်ပင်လျှင် သူ့အကန့်အသတ်သို့ တစ်ခဏအတွင်း ရောက်သွားခဲ့ရသည်။ သူသာ ဆက်သွားနေဦးမည်ဆိုပါက သူ့အပေါင်းအပါများနှင့် အလားတူပြဿနာကို ကြုံရပေလိမ့်မည်။
ရန်ကိုင်သည် ကျုလဲ့ကိုကြည့်၍ အားတင်းပြုံးလိုက်သည်။ ထို့နောက် တုန်တုန်ရီရီဖြင့် တင်ပလင်ခွေထိုင်ချကာ ကျင့်စဉ်ကို စတင်လှည့်ပတ်တော့လေ၏။
ကျုလဲ့မှ စောင့်ကြပ်ပေးနေသည့်အတွက်ကြောင့် သူ့အနေဖြင့် ဘာကိုမှ စိတ်ပူနေစရာမလိုချေ။ သူနှင့် ကျုလဲ့ကြား ပဋိပက္ခများ ရှိပါသော်ငြား နဂါးကလန်သားတစ်ဦးဖြစ်သည့်အလျောက် ကျုလဲ့သည် အနည်းဆုံးတော့ ယုံကြည်၍ရပေသည်။
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၂၉၇၈)
ဘာသာပြန်သူ_တိမ်တိုက်
ရန်ကိုင်အဖို့ သူ့ကိုယ်ထဲရှိ အအေးချီများကို ရှင်းထုတ်ပစ်ရန် နှစ်နာရီခန့် အချိန်ယူလိုက်ရသည်။ ရန်ကိုင် မျက်လုံး ပြန်ဖွင့်လာချိန်တွင် ကျုလဲ့သည် အစောပိုင်းက နေရာတွင်သာ ရပ်နေသေးကြောင်း တွေ့လိုက်ရသည်။ ကျုချင်းမှာ ပြန်ကောင်းနေပြီ ဖြစ်ပါသော်ငြား ခွေးပေါက်လေ၏ ကိုယ်ထဲမှ အအေးချီကို ကူထုတ်ပေးရင် အလုပ်ရှုပ်နေ၏။
ရန်ကိုင်၏ အကြည့်ကို သတိထားမိလိုက်သော် ကျုချင်းက ပြန်ပြောလိုက်သည် “သူအဆင်ပြေတယ်။ နည်းနည်းလောက် အချိန်ယူရရုံပဲ”
ရန်ကိုင် ခေါင်းညိတ်လိုက်သည်။ သူ့စိတ်ထဲ အံ့အားသင့်နေခြင်း မရှိခဲ့ချေ။
ခွေးပေါက်လေးမှ ၎င်း၏ မရဏသားရဲသွေးမျိုးဆက်ကို နိုးထလာပြီးသည့်အချိန်မှစ၍ ခွေးပေါက်လေးသည် အလွန်ကိုမှ အသက်ပြင်းလာခဲ့သည်။ အစောပိုင်းက ရန်ကိုင်တို့ တစ်ဖွဲ့လေးသည် ယင်လေတောင်ပေါ်သို့ ခွေးပေါက်လေး၏ အကူအညီဖြင့် ဆက်တက်နိုင်ခဲ့ခြင်း ဖြစ်သည်။ တောင်၏ အမြင့်ပိုင်းသို့ ရောက်လာသည့်အခါ ရန်ကိုင်နှင့် ကျုချင်းတို့ နှစ်ဦးစလုံး ဘာမှ မတတ်နိုင်ကြတော့ချေ။
ထို့ကြောင့် ခွေးပေါက်လေး ဆက်၍ မတောင့်ခံနိုင်တော့မှန်း သိလိုက်သည်နှင့် တစ်ပြိုင်နက် ရန်ကိုင်သည် ကျုချင်းကိုခေါ်၍ တောင်ပေါ်မှ ချက်ချင်း ပြန်ဆင်းလာခဲ့ခြင်း ဖြစ်သည်။
ရှင်းရှင်းပြောရသော် ခွေးပေါက်လေးသည် အလွန်အမင်း အားကောင်းနေခြင်းမရှိချေ။ ၎င်းဆီမှ ဖြာထွက်နေသည့် အရှိန်အဝါသည် အဆင့်ငါး၊ အဆင့်ခြောက် မွန်းစတားသားရဲတစ်ကောင်၏ အရှိန်အဝါလောက်သာရှိသည်။ ထိုအဆင့်လောက်ရှိသော မွန်းစတားသားရဲများကို ကြယ်တာရာအစုအဝေး၌ နေရာအနှံ့တွင် တွေ့နိုင်ပေသည်။
သို့သော်ငြား သာမန် အဆင့်ငါး၊ အဆင့်ခြောက် မွန်းစတားသားရဲများသည် ဧကရာဇ်အဆင့် ပညာရှင် ဆယ်ဦးကို တစ်ကောင်တည်း မရင်ဆိုင်နိုင်သလို နတ်ဆိုးဘုရင်တစ်ပါးကိုလည်း ဝါးမြိုနိုင်ခြင်းလည်း မရှိချေ။
ထို့အတွက်ကြောင့် ခွေးပေါက်လေး၏ ခွန်အားကို သာမန်အသိဖြင့် သွားသုံးသပ်၍ မရချေ။ ခွေးပေါက်လေးသည် အားကောင်းသလို အားလည်းနည်း၏။ အားနည်းနေချိန်တွင် လုံးဝကို အန္တရာယ်မရှိသည့် ပုံပေါက်ပါသော်ငြား အားကောင်းချိန်တွင်တော့ မြင်သူတိုင်းကို ထွက်ပြေးသွားစေနိုင်လောက်သည်အထိ ကြောက်စရာကောင်းပေသည်။
ကျုချင်းတို့ မောင်နှမသည်ပင်လျှင် ယင်တောင်များကို မတောင့်ခံနိုင်ရာ ရန်ကိုင်လည်း တောင့်ခံနိုင်လိမ့်မည် မဟုတ်ချေ။ ယင်လေများသည် တကယ်ကို ခုခံရ ခက်လှပေသည်။ ထိုအကြောင်းကြောင့်ပင်လျှင် ဒွိလောကကမ္ဘာကြီးထဲမှ မည်သူမှ ထွက်မသွားနိုင်ကြသေးခြင်း ဖြစ်သည်။
လတ်တလောအနေဖြင့် ရန်ကိုင်တို့အဖို့ အားဝမ်မှ စရုံသာ ရှိပေသည်။
ရန်ကိုင်သည် နတ်ဆိုးအမျက်မြို့တော်ရှိရာဆီသို့ လှမ်းကြည့်လိုက်ပြီးနောက် တစ်ခဏမျှ စဉ်းစားနေလျက် ပြန်ပြောလိုက်၏ “ချင်းအာ၊ ငါခဏနေရင် ပြန်လာခဲ့မယ်”
ထိုသို့ပြောပြီးနောက်၊ ကျုချင်း ဘာမှပြန်မပြောနိုင်သေးခင်မှာပင် ရန်ကိုင် ပျံသန်းထွက်သွားလေသည်။
တစ်ခဏအကြာတွင် သူ့နောက်မှ တစ်ယောက်ယောက် လိုက်လာနေသည်ဟု ခံစားမိလိုက်သည့် အတွက်ကြောင့် နောက်သို့ လှည့်ကြည့်လိုက်ရာ ကျုလဲ့ ဖြစ်နေကြောင်း တွေ့လိုက်ရသည်။
ရန်ကိုင်၏ မျက်လုံးများ မှေးစဉ်းသွားပြီး သွားနေသည့်နှုန်းကို လျော့ချလိုက်သည်။ ကျုလဲ့ သူ့အား လိုက်မှီသွားသော် နှာခေါင်းရှုံ့လျက် ပြောလိုက်၏ “မင်းငါ့ကို တကယ်သတ်ချင်နေတာလား။ မင်းသတ္တိက မသေးပါလား”
ရန်ကိုင် လျှောက်ပြောနေခြင်းမဟုတ်၊ အမှန်ကို ပြောနေခြင်းသာ ဖြစ်ပေသည်။ လက်ရှိ အချိန်တွင် ကျုလဲ့၏ အမူအရာမှာ လေးနက်တည်ကြည်နေပြီး သူ့ဆီမှ မည်သည့် သတ်ဖြတ်လိုစိတ်မှ ဖြာထွက်နေခြင်း မရှိပါသော်ငြား၊ ရန်ကိုင် သူ့ကိုယ်ထဲမှ ရေခဲချီများကို ထုတ်ပယ်နေစဉ်၊ ကျုလဲ့ဆီမှ သတ်ဖြတ်လိုစိတ်တို့ ဖြာထွက်လာသည်ကို ရန်ကိုင် ခံစားမိလိုက်သည်။
ထိုသတ်ဖြတ်လိုစိတ်မှာ လုံးဝကို သိသာခြင်းမရှိလှ။ ဤနေရာတွင် သူ၊ လီကျောက်၊ ကျုချင်းနှင့် ကျုလဲ့တို့သာ ရှိသည်။
ကျုချင်းသည် သူ့အစ်မ ဖြစ်သည့်အတွက်ကြောင့် ကျုလဲ့အနေဖြင့် သူ့အစ်ကို သတ်ချင်စရာ အကြောင်းမရှိ။ လီကျောက်ကဲ့သို့သော လူမျိုးကိုမူ ကျုလဲ့သာ သတ်ချင်လျှင် အစောကြီးကတည်းက သတ်ပစ်ပြီးသွားလေပြီ။
နဂါးကလန်သားတစ်ဦးသည် လူသားတစ်ဦး၏ အသက်ကို ဘာကြောင့်များ ဂရုစိုက်နေပါမည်နည်း။
ထို့ကြောင့် ကျုလဲ့အနေဖြင့် သတ်ချင်နေပါသော်ငြား မသတ်နိုင်သည့် လူတစ်ဦးသာ ရှိပေသည်။ ရန်ကိုင်သာ ဖြစ်၏။ အစောပိုင်းကမူ ကျုချင်း ရှိနေသည့်အတွက်ကြောင့် ကျုလဲ့မှာ သူ့လုပ်ရပ်ကို ထိန်းထားခဲံပါသော်ငြား ယခု ဤနေရာတွင် မည်သူမှ ရှိမနေသည့် အတွက်ကြောင့် ကျုလဲ့အဖို့ကို ဘာကိုမှ ဖုံးကွယ်နေစရာ မလိုတော့ချေ။
“သိနေရင် ဘာလို့ မေးနေသေးတာလဲ” ကျုလဲ့က အမှန်အတိုင်း ဝန်ခံလိုက်ရသည်။ ထို့နောက် မျက်နှာသေဖြင့် ရန်ကိုင်ကို စိုက်ကြည့်နေရင်းမှ “ဟုတ်တယ်။ ငါမင်းကို သတ်ချင်တယ်။ ဖြစ်သာဖြစ်နိုင်ရင် အစောကြီးကတည်းက ငါမင်းကို သတ်လိုက်ပြီ”
ရန်ကိုင်၏ အမူအရာ အေးစက်သွားခဲ့လေသည်။ သို့သော်ငြား ပျံသန်းနေသည်ကို မရပ်တန့်ခဲ့ဘဲ ကျုလဲ့ သူနှင့် ဘေးချင်းကပ် အနေအထားသို့ ရောက်လာသည်အထိ စောင့်ပြီးမှ အေးစက်စက် လေသံဖြင့် “မင်းငါ့ကို သေချာရှင်းပြရင် ကောင်းလိမ့်မယ်။ မဟုတ်ရင်တော့ ကျုချင်းမောင်တွေဘာတွေ ငါဂရုစိုက်နေတော့မှာ မဟုတ်ဘူး”
ယခင်ကသာဆိုလျှင်တော့ ကျုလဲ့ သူ့အား သတ်ချင်နေသည်ကို ရန်ကိုင် လုံးဝ ဂရုစိုက်နေလိမ့်မည် မဟုတ်ချေ။ သို့သော်ငြား လက်ရှိအချိန်တွင် ကျုလဲ့မှာ သူ့ယောက်ဖ ဖြစ်နေပြီ ဖြစ်သည့်အတွက်ကြောင့် ရန်ကိုင်အနေဖြင့် အကျိုးသင့်အကြောင်းသင့် လုပ်ရတော့ပေမည်။ ကျုလဲ့သည်သာ အကြောင်းမရှိဘဲ သူ့အား သတ်ချင်နေသည် ဆိုပါက ရန်ကိုင် လုံးဝ ငြိမ်ခံနေလိမ့်မည် မဟုတ်ချေ။
ကျုလဲ့နှင့်သူ ပြဿနာတက်သည်မှာ ကိစ္စမရှိပါသော်ငြား သူတို့ နှစ်ဦးသည်သာ သူသေကိုယ်သေ တိုက်ခိုက်မည်ဆိုလျှင် ကျုချင်း ရင်ကွဲရနိုင်ပေသည်။ ထို့ကဲ့သို့ ဖြစ်လာမည်ကို ရန်ကိုင် မမြင်လိုပေ။ ထို့ကြောင့် ကျုလဲ့အား အကြောင်းအရင်းကို မေးမြန်းနေခြင်း ဖြစ်သည်။
ကျုလဲ့က အံကြိတ်၍ ပြန်ပြောလိုက်သည် “ငါက သူ့မောင်ဖြစ်နေလို့ပဲ မင်းကို သတ်ချင်နေတာ”
“မင်းဟာကြီးက ဘာကြီးလဲ” ရန်ကိုင် ကျုလဲ့အား စိုက်ကြည့်လိုက်၏။
“မင်းနားမလည်ပါဘူး။ ငါမင်းနောက်လိုက်လာတာ မင်းကို ပြောချင်တာရှိလို့ပဲ။ ငါတို့ ဒီလောကကြီးထဲက ထွက်သွားနိုင်ရင် မင်းကျုချင်းနဲ့ ဆက်ပြီး မပက်သက်တော့နဲ့။ မင်းတို့နှစ်ယောက် ဖြစ်ခဲ့တာတွေကိုလည်း မသိချင်ယောင်သာ ဆောင်နေလိုက်။ ဒါပေမယ့် ဒီနေရာက ထွက်မသွားနိုင်ဘူးဆိုရင်တော့ ငါဘာမှ မပြောဘူးလို့ပဲ သဘောထားလိုက်ပေါ့”
ကျုလဲ့မှာ ရန်ကိုင်သာ သဘောမတူလျှင် တကယ် တိုက်ခိုက်တော့မည့် ပုံစံမျိုးဖြင့် ပြောနေခြင်း ဖြစ်သည်။
ရန်ကိုင် ဒေါသထွက်ပြီး ချက်ချင်း ပြန်အော်ပြောလေသည် “ခွေးကောင်လေး၊ အဲ့ဒါ မင်းကိစ္စမဟုတ်ဘူးကွ။ ကျုချင်း တစ်ခုခု ပြောချင်ရင် ငါ့ကို တိုက်ခိုက်လာပြောလိမ့်မယ်။ မင်းဝင်ပါနေစရာမလိုဘူး”
ကျုလဲ့က ပြန်ပြောလိုက်၏ “ကျုချင်း မပြောနိုင်လို့ ငါသူ့ကိုယ်စား ပြောပေးနေရတာကွ”
ရန်ကိုင်သည် ကျုလဲ့ကို စိုက်ကြည့်လျက် မျက်လုံးမှေးစဉ်းစားက ပြောလိုက်လေ၏ “မင်းက ဘယ်သူ့ကို ကိုယ်စားပြုပြီး ပြောနေတာလဲ။ နဂါးကလန်သားတစ်ဦး ကိုယ်စား ပြောနေတာလား၊ ဒါမှမဟုတ် ကျုချင်းမောင် ကိုယ်စား ပြောနေတာလား”
ကျုလဲ့က ပြန်ပြောလေ၏ “အဲ့ဒါ အရေးပါလို့လား”
“ပါတယ်” ရန်ကိုင်က ယဲ့ယဲ့လေးပြုံးလျက် လက်သီးကိုတင်းတင်းဆုပ်ရင် “နဂါးကလန် ကိုယ်စားဆိုရင် ငါမင်းကိုသမမယ်။ ကျုချင်းမောင် နေရာက ပြောတာဆိုရင်လည်း ငါမင်းကို သမမယ်”
ကျုလဲ့က ဒေါသတကြီးဖြင့် ပြန်အော်ပြောလေ၏ “မင်းငါ့ကို လာနောက်နေတာလား”
ရန်ကိုင်သည် ကျုလဲ့ကို အေးစက်စက်အကြည့်ဖြင့် စိုက်ကြည့်ရင်းမှ “နောက်နေတာမဟုတ်ဘူး။ အတည်ပြုနေတာ။ သမမယ်ဆိုရင်တောင် သမတာချင်းကတော့ တူမှာမဟုတ်ဘူး။ ပြင်းပြင်းသမတာနဲ့ ခပ်ပျော့ပျော့လေး သမတာ ရှိသေးတယ်။ မင်းဘယ်ဟာ ကြိုက်လဲ”
ကျုလဲ့က ခေါင်းခါလျက် “ငါမင်းနဲ့ ပြိုင်ငြင်းမနေတော့ဘူး။ ငါမင်းကို တောင်းဆိုချင်တာ တစ်ခုပဲရှိတယ်။ ဒီကနေ ထွက်သွားတာနဲ့ ကျုချင်းနဲ့ ဆက်မပက်သက်တော့နဲ့။ အဲ့ဒါ မင်းရော၊ ကျုချင်းရော နှစ်ယောက်စလုံးအတွက် အကောင်းဆုံးပဲ”
နဂါးတစ်ကောင်အတွက်၊ တောင်းဆိုချင်သည်ဟု ပြောလာခြင်းသည် သူတို့၏ အကန့်အသတ် ဖြစ်သည်။ နဂါးကလန်သားများသည် အလွန်ကိုမှ မောက်မာဝံ့ကြွားကြသူများ ဖြစ်ကြလေရာ ပုံမှန်အားဖြင့် သူတို့ကိုယ်သူတို့ နှိမ့်ချ၍ မည်သူ့ကိုမှ သွားရောက် တောင်းဆိုလိမ့်မည် မဟုတ်ချေ။ ကျုလဲ့ကိုယ်တိုင်သည် ရန်ကိုင်အား မနိုင်သည့် အတွက်ကြောင့်သာ မဟုတ်ပါက ကျုလဲ့သည် ဤပြဿနာကို အကြမ်းနည်းသုံး၍ ဖြေရှင်းပြီး ဖြစ်ပေလိမ့်မည်။ ယခုကဲ့သို့ လေကုန်ခံနေလိမ့်မည် မဟုတ်။
ရန်ကိုင်က သက်ပြင်းချလျက် ဆက်ပြောလိုက်သည် “မင်းဘာကို စိတ်ပူနေလည်း ငါသိတယ်။ ဒါပေမယ့် မင်းစိတ်ပူတာ နေရာမှာနေပြီ။ မင်းတောင်းဆိုတာကို ငါလက်မခံနိုင်ဘူး။ ကျုချင်းက ငါ့မိန်းမ၊ ဒီနေ့ ငါ့မိန်းမ ဖြစ်နေရင်း မနက်ဖြန်လည်း ငါ့မိန်မပဲ။ တစ်သက်လုံးလည်း ငါ့မိန်းမပဲ။ ငါသေမှပဲ မင်းတို့ ငါ့ကို သူနဲ့ အဆက်အဆံ မလုပ်ဖို့ တားလို့ရရင် ရလိမ့်မယ်။ နားလည်လား”
ကျုလဲ့က မျက်နှာသေဖြင့် “ကျုချင်းသာ မင်းရဲ့စကားချိုချိုလေးကိုကြားရင် ကျိန်းသေ ပျော်သွားမှာ”
ရန်ကိုင်က ပခုံးတွန်းလျက် “ငါတကယ်ပြောနေတာ”
“မင်းသာ အဲ့လိုဆက်လုပ်နေရင် မင်းရော၊ ကျုချင်းရော အဆုံးသတ်ကောင်းမှာ မဟုတ်ဘူး”
ရန်ကိုင်က ပြုံး၍ ပြန်ပြောလိုက်သည် “ငါက လူသား၊ ကျုချင်းက နဂါးကလန်က၊ ဒီတော့ ငါတို့ နှစ်ယောက်ကို နဂါးကလန်က ဘယ်တော့မှ အတူရှိခွင့်ပေးမှာ မဟုတ်ဘူးလို့ မင်းပြောချင်နေတာမလား”
“မင်းနားလည်သားပဲ” ကျုလဲ့ မျက်မှောင်ကြုတ်သွားခဲ့သည်။
“မင်း ကိုယ်တိုင်ကကို တုံးလွန်းနေတာ” ရန်ကိုင်က လှောင်ပြောင်လိုက်သည် “နဂါးကလန် ဘယ်လောက်တောင် တောကျလဲဆိုတာကို မင်းပုံစံကြည့်ပြီးတော့တောင် ပြောလို့ရတယ်။ နဂါးကလန်က ငါနဲ့ကျုချင်းကိုသာ အတူရှိခွင့်ပေးရင် အရမ်း ထူးဆန်းသွားပြီလို့ ပြောလို့ရတယ်။ ငါနဲ့ကျုချင်း ကိစ္စသာ နဂါးကလန်ဆီ ပေါက်ကြားသွားရင် နဂါးကလန်က အခြားနဂါးတွေစေလွှတ်ပြီး ငါ့ကို တိုက်ခိုက်ခိုင်းမှာ။ ကျုချင်းကို အတင်းပြန်ခေါ်သွားပြီးတော့တောင် အပြစ်ပေးနိုင်သေးတယ်”
“ကျုချင်း မင်းကို ပြောပြထားတာလား” ရန်ကိုင် ပြောလာသည့်အရာများမှာ သူပြောချင်နေသည့် အရာများ ဖြစ်သည့်အတွက်ကြောင့် ကျုလဲ့ ကြောင်သွားလေသည်။
အဆင့်ကိုး နဂါးတစ်ကောင်သည် လူသားတစ်ယောက်နှင့် သွားရောက် ချစ်ကြိုက်နေ၏။ ထိုအကြောင်းကိုသာ နဂါးကလန် ကြားသိသွားခဲ့လျှင် ကျိန်းသေ ပြဿနာ တက်ပေလိမ့်မည်။ နဂါးကလန်သည် ပညာရှင်များကို စေလွှတ်ပြီး ရန်ကိုင်ကိုသတ်ကာ ကျုချင်းကို ပြန်ခေါ်သွားပေလိမ့်မည်။ ကျုချင်းအား အကျဉ်းချထားမလား ဆိုသည်မှာတော့ ကျုချင်း၏ နောက်ပိုင်း လုပ်ရပ်များပေါ် မူတည်သွားပေလိမ့်မည်။
ရန်ကိုင်က ပြုံးဖြီးလျက် သူ့ခေါင်းကို လက်ညိုးထိုးပြရင်းမှ “ဒီလောက်လေးကိုတော့ ခေါင်းပါရင် လူတိုင်း စဉ်းစားတတ်တယ်။ မင်းတို့ နဂါးကလန်က အရမ်းကို ဂုဏ်မောက်ပြီး ဝံ့ကြွားတဲ့ကောင်တွ၊ အဲ့ဒါကို မင်းတို့ကလန်သားတစ်ဦး လူသားတစ်ယောက်နဲ့ ချစ်ကြိုက်နေတာကို ဘယ်လိုလုပ်ပြီး လက်ခံနိုင်မှာလဲ။ ကျုချင်း လုပ်ရပ်က နဂါးကလန်ကို အရှက်ခွဲသလို ဖြစ်နေပြီ။ နဂါးကလန်က ဘယ်လိုမှ ခက်ခံနိုင်မှာမဟုတ်ဘူး”
“မင်းပြောတာအမှန်ပဲ။ အဲ့ဒါကို သိနေပြီးသားဆို မင်းဘာလို့ ဆက်ပြီး ခေါင်းမာနေတာလဲ” ကျုလဲ့က ပြန်မေးလိုက်သည်။
“ငါမင်းကို သတ်ပစ်နိုင်တယ်ဆိုတာ မင်းသိပြီးသား။ ဒါပေမယ့် မင်းဘာလို့ အသက်ရှင်နေသေးတယ်လို့ ထင်လဲ” ရန်ကိုင်သည် ကျုလဲ့အား အထင်တသေးဖြင့် ကြည့်လိုက်လေသည်။
ကျုလဲ့ ကြောင်သွားလေသည်။ ရန်ကိုင် ပြောသည့်စကားမှာ မှန်သလိုလိုနှင့် မှားသလိုလို ဖြစ်နေသလို သူစိတ်ထဲ ခံစားနေရသည်။
ရန်ကိုင်က နှာခေါင်းရှုံ့လျက် “ကျုချင်းက ငါ့မိန်းမ ဖြစ်နေပြီ။ ဒီတော့ နဂါးကလန်က သူ့ကို အနိုင်ကျင့်မယ်ဆို ငါ့မိန်းမရဲ့ ဆွေးမျိုးတွေအပေါ် မညှာတာလို့ဆိုပြီး ငါ့ကို လာအပြစ်မတင်နဲ့။ နောက်ပိုင်း ငါ့ကို လာပြဿနာမရှာမိအောင် ကြိုပြောထားတာ။ ပြီးတော့ မင်းနဲ့ငါက နှစ်ယောက်စလုံးက ကျုချင်းနဲ့ ရင်းနှီးတဲ့လူတွေ၊ ငါတို့သာ ပြဿနာ တက်ရင် ကျုချင်းအတွက် နေရခက်လိမ့်မယ်။ အဲ့လို ဖြစ်မှာကို မမြင်ချင်လို့ ငါအခုလိုမျိုး သည်းခံနေတာ”
ကျုလဲ့ မျက်မှောင်ကြုတ်သွားသော်ငြား ခေါင်းညိတ်လိုက်၏။ ထို့နောက် ခေါင်းပြန်ခါလေသည်။ သူ့စိတ်ထဲ သဘောတူရခက်၊ ငြင်းရခက် ဖြစ်နေသည်။
ရန်ကိုင်က ထပ်ပြောလိုက်သည် “ထပ်ပြောလိုက်ဦးမယ်။ ငါနဲ့ကျုချင်း ကိစ္စကို မင်းရယ်၊ လီကျောက်ရယ်ပဲသိတာ။ မင်းသာ နဂါးကလန်ဆီ ပြန်မပြောရင် သူတို့ သိမှာလား”
ကျုလဲ့က အလေးအနက် အမူအရာဖြင့် “ဒီလောက်အရေးကြီးတဲ့ ကိစ္စကို ငါက ဘယ်လိုလုပ်ပြီး ပြန်မပြောရမှာလဲ”
“မင်းတို့ ဘာမဆို အကုန် ပြန်အစီအရင်ခံတဲ့ကောင်တွေက တကယ်ကို စိတ်ညစ်စရာကောင်းတဲ့ကောင်တွေပဲ” ရန်ကိုင်က အေးစက်စက် လေသံဖြင့် ပြောလိုက်သည်။
“မင်းပြောချင်တာသာပြော။ မင်းနဲ့ကျုချင်းက စည်းကမ်းဖောက်ထားတားကို ငါက သိနေလျက်နဲ့ သွားပြန်မပြောရင် ဒီကိစ္စက ပိုဆိုးလာရုံပဲရှိမှာ”
“မင်းတကယ်ကြီး မပြောဘဲနေလို့မရဘူးလား” ရန်ကိုင်၏ မျက်လုံးများ မှေးစဉ်းသွားသည်။
ကျုလဲ့က ခေါင်းခါပြလိုက်၏။
“ငါဒီကိစ္စကို မှတ်ထားမယ်” ရန်ကိုင်က အေးစက်စက် အမူအရာဖြင့် ပြန်ပြောလိုက်သည်။
“မင်းမသိပါဘူး” ကျုလဲ့က သက်ပြင်းချလျက် “နဂါးက တည်ရှိလာတာ ကြာသလို ဂုဏ်သတင်းလညး် ကြီးပေမယ့် နဂါးကလန်သား အရေအတွက်က အရမ်းနည်းတယ်။ သန့်စင်တဲ့သွေးမျိုးဆက်ကို ပိုင်ဆိုင်ထားတဲ့ နဂါးတွေဆို ပိုလို့တောင် နည်းသေးတယ်။ ဒီတော့ နဂါးကလန်ရဲ့ သွေးမျိုးဆက် ဆက်ပြီး တည်ရှိနေနိုင်အောင်လို့ ငါတို့ နဂါးကလန်မှာ စည်းမျဉ်းစည်းကမ်းတွေ သတ်မှတ်ထားရတယ်။ အဲ့စည်းမျဉ်းတွေကို ချိုးဖျက်တဲ့လူတွေကို ပြင်းပြင်းထန်ထန် အပြစ်ပေးတယ်”
ရန်ကိုင်က ယဲ့ယဲ့လေးပြုံးလျက် “နဂါးကလန် တည်ရှိလာတာ ကြာပေမယ့် ဒီလောကကြီးမှာ ဘယ်အရာမှ မတည်မြဲဘူး။ အချိန်ရဲ့ တိုက်စားမှုဒဏ်ကို ဘယ်သူမှ မခံနိုင်ဘူး။ နဂါးကလန်တောင် ချွင်းချက်မဟုတ်ဘူး”
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၂၉၇၉)
ဘာသာပြန်သူ_တိမ်တိုက်
ကျူလဲ့က နှာခေါင်းရှုံ့လျက် ပြန်ပြောလိုက်သည် “လှိုင်းတွေ ကျောက်ဆောင်ကို ဘယ်လောက်တိုက်တိုက်၊ လှိုင်းတွေပဲ ပျက်စီးသွားရတာ၊ ကျောက်ဆောင်က ဘာမှ ဖြစ်တာမဟုတ်ဘူး”
ရန်ကိုင်က ပြန်ပြောလိုက်၏ “အဲ့ဒါကတော့ မင်းတို့ရဲ့ နဂါးကျွန်းဆိုတြံ ကျောက်ဆောင်ကြီး ဘယ်လောက်မာလဲ ဆိုတဲ့အပေါ်မှာ မူတည်တာပေါ့”
ကျုလဲ့ ရန်ကိုင်အား အံ့အားသင့်တကြီးဖြင့် ကြည့်လိုက်သည်။ ရန်ကိုင် နောက်နေသလားဟု တွေးလိုက်မိသော်ငြား ရန်ကိုင်ပုံစံသည် နောက်သေနည့်ပုံ မပေါ်။
ကျုလဲ့က ခေါင်းတခါခါဖြင့် ပြန်ပြောလိုက်၏ “မင်းတကယ်ကို ရူးနေတာပဲ”
ရန်ကိုင်က အော်ရယ်မောလျက် “ချီကျူးစကားအတွက် ကျေးဇူးပဲ”
ကျုလဲ့မှာ ထိုအကြောင်းကို ဆက်ပြောမနေတော့ချေ။ ရန်ကိုင်သည် သူ့သဘောထားကို ရှင်းရှင်းလင်းလငး် ဖော်ပြပြီးသွားလေပြီ။ ရန်ကိုင်သည် ကျုချင်းကို လုံးဝ လက်လျှော့လိုက်မည် မဟုတ်သလို နဂါးကလန်၏ စည်းမျဉ်းစည်းကမ်းများကိုလည်း ဂရုစိုက်နေလိမ့်မည် မဟုတ်ချေ။
ထို့အတွက်ကြောင့် ထိုအကြောင်းကို ဆက်ပြောမနေတော့ဘဲ အခြား အကြောင်းအရာ တစ်ခုကိုသာ ပြောလိုက်လေသည် “မင်းဒီကို ဘာလာလုပ်တာလဲ”
စကားတပြောပြောနှင့် လာလိုက်ရာ ရန်ကိုင်တို့နှစ်ဦး နတ်ဆိုးအမျက်မြို့တော်ဆီသို့ ရောက်လာခဲ့လေသည်။ ရန်ကိုင်တို့ နှစ်ဦး ဤနားမှ ဖြတ်သွားသည်မှာ နေ့ဝက်လောက်သာ ရှိပေသေးသည်။ ယခုအချိန်ထိတိုင် သူတို့လုပ်သွားသည့် အရှုပ်ထုပ်များကို နတ်ဆိုးများ ရှင်းလင်းရသေးခြင်း မရှိချေ။ နတ်ဆိုးဘုရင်များ၏ အလောင်းသည် မူလရှိနေခဲ့သည့် နေရာတွင်သာ ရှိနေကြသေးသည်။
ရန်ကိုင်တို့နှစ်ဦး ပြန်ရောက်လာသည်ကိုမြင်သော် နတ်ဆိုးအမျက်မြို့တော်တွင် ရှိနေကြသည့် နတ်ဆိုးများ သွေးဆုတ်ဖြူလျော် ဖြစ်သွားကုန်ကြသည်။ သူတို့စိတ်ထဲ အလွန်ကိုမှ ကြောက်ရွံ့နေသည့်တိုင် နတ်ဆိုးအမျက်မြို့တော်ကို မစွန့်ခွာနိုင်ကြချေ။ ဤနေရာသည် သူတို့နှစ်ပေါင်းများစွာ ခြေကုပ်ယူ၍ လူသားမျိုးနွယ်များကို ယှဉ်တိုက်နေသည့် နေရာတစ်ခုဖြစ်သည်။ ရန်သူ အားကောင်းလာ၍ ထွက်ပြေးမည် ဆိုလျှင် သူတို့ကိုယ်သူတို့ နတ်ဆိုးများဟု ခေါ်ကြဦးမည်လား။ နတ်ဆိုးများသည် ထိုမျှ သွေးကြောင်ခြင်းမရှိ။
ထို့ကြောင့် နတ်ဆိုးများ တစ်ကောင်ပြီးတစ်ကောင် မြို့ပြင်သို့ ထွက်လာခဲ့ကြရာ မကြာမီ မြို့ပြင်၌ နတ်ဆိုးအုံလိုက်ကြီး ဖြစ်လာခဲ့လေသည်။
နတ်ဆိုးဘုရင်များသည်လည်း အတူတကွ စုဝေးနေရင်း ယင်လေတောင်ဆီမှ သူတို့ဆီသို့ တဖြည်းဖြည်းချင်း ပျံသန်းလာနေသည့် လူနှစ်ဦးကို ကြည့်နေခဲ့သည်။
ရန်ကိုင်တို့နှစ်ဦးသည် နတ်ဆိုးဘုရင်များနှင့် မီတာတစ်ထောင်ခန့်အကွာတွင် ရပ်လိုက်လေသည်။ ရန်ကိုင်တို့မှာ နှစ်ဦးတည်းသာ ဖြစ်ပါသော်ငြား နတ်ဆိုးများမှာတော့ သူတို့နှစ်ဦးတည်းကိုပင် အထိတ်ထိတ် အလန့်လန့် ဖြစ်နေကြသည်။
“မင်းဒီကို ဘာလာလုပ်တာလဲ” ကျုလဲ့က မျက်မှောင်ကြုတ်၍ မေးလိုက်သည် “မင်းဒီမြို့ထဲမှာရှိတဲ့ နတ်ဆိုးတွေ အကုန်လုံးကို ရှင်းပစ်ဖို့ လုပ်နေတာလား”
လူသားနှင့်နတ်ဆိုးများသည် အတူယှဉ်တွဲ၍ မနေနိုင်ကြချေ။ ဒွိလောကကမ္ဘာကြီးထဲတွင် လူသားနှင့်နတ်ဆိုးများသည် နှစ်ပေါင်းမရေမတွက်နိုင်အောင် တိုက်ခိုက်ခဲ့ကြသည်။ ထို့ကြောင့် ရန်ကိုင်သည် နတ်ဆိုးများကို ရှင်းပစ်ရန်အတွက် ဤနေရာသို့ လာခဲ့သည်ဟု ဆိုလျှင် အထူးအဆန်း မဟုတ်တော့ချေ။
“တစ်မြို့လုံးကို ရှင်းပစ်ဖို့။ အဲ့လို အားနေယားနေ သတ်နေရတာက အရမ်း ပျင်းဖို့ကောင်းတယ်” ထိုသို့ ပြောပြီးသည့်နောက် မျက်မှောင်ကြုတ်လျက် အောက်ဘက်တွင် ရှိနေသော နတ်ဆိုးဘုရင်များကို ဝေ့ကြည့်လိုက်သည်။ လူအုပ်ကြားထဲရှိ တစ်ခုသော နတ်ဆိုးဘုရင်ကို မြင်လိုက်သည့်အခိုက် ရန်ကိုင်သည် ပြုံးကာ ပြောလိုက်လေသည် “အစ်မချောလေး၊ တစ်ချက်လောက် ထွက်လာပေးလို့ ရမလား။ စကားနည်းနည်း ပြောချင်လို့”
နတ်ဆိုးဘုရင်အားလုံး ရန်ကိုင် ကြည့်နေသည့်ဘက်ဆီသို့ လှမ်းကြည့်လိုက်သည်။
မျက်နှာမဖော်ရဲသည့်အလား၊ အခြားလူများနောက်တွင် ပုန်းကွယ်နေသည့် နတ်ဆိုးဘုရင်တစ်ပါးကို အကုန်လုံး တွေ့လိုက်ရသည်။
ရန်ကိုင်မှ သူမအား ရွေးချယ်လိုက်သည့်အတွက်ကြောင့် ထိုနတ်ဆိုးဘုရင်သည် ရန်ကို်ငအား စူးရဲစွာ စိုက်ကြည့်နေရင်းမှ သူ့အား ကြိတ်ကာ ကျိန်ဆဲနေခဲ့လေသည်။ ရန်ကိုင်အား သွားစမိခဲ့သည်ကိုလည်း နောင်တရနေခဲ့သည်။ ယခုမှ ထိုအရှုပ်ထုပ်ကြီးသည် သူမနောက်သို့ တကောက်ကောက် လိုက်လာနေခဲ့လေပြီ။
အကုန်လုံးမှ သူမအား ကြည့်နေသည့်အတွက်ကြောင့် ကဝေနတ်ဆိုးမှာလည်း ဆက်၍ ပုန်းနေနိုင်ခြင်း မရှိတော့ဘဲ မချိပြုံးပြုံးရင်းမှ လူရှေ့သို့ ထွက်လာရလေ၏။ ထို့နောက် မေးလိုက်လေသည် “ဆရာ... ကျွန်မကို ပြောနေတာလား၊ ဟဲဟဲ...”
“ဟုတ်တယ်၊ ကျုပ်ခင်ဗျားကို ပြောနေတာ” ရန်ကိုင်က ပြုံး၍ ခေါင်းညိတ်ပြလိုက်သည်။
ရန်ကိုင် သူမကို ခေါ်နေမှန်း သိပါသော်ငြား ရန်ကိုင် ကိုယ်တိုင်က ခေါင်းညိတ်ပြလာချိန် သူမ၏ မျက်နှာ ဖြူလျော်သွားခဲ့ရလေသည်။ ချက်ချင်းပဲ ကတုန်ကရင် လေသံဖြင့် “ဆရာ၊ ကျွန်မ မသိမိလို့ မိုက်မိုက်မဲမဲနဲ့ ဆရာကို လှောင်ပြောင်ရန်စမိလိုက်သလို ဖြစ်သွားတာပါ။ ဆရာကပဲ သဘောထားကြီးကြီးနဲ့ ကိုယ့်ကိုယ်ကို ကျွန်မအဆင့်ကို ရောက်အောင် မနှိမ့်ဖို့ တောင်းဆိုပါရစေ၊ အခုလိုအမှားမျိုး ကျွန်မ နောက်တစ်ကြိမ် ထပ်မလုပ်တော့ပါဘူး။ ကျေးဇူးပြုပြီး ကျွန်မကို ခွင့်လွှတ်ပေးပါနော် ဆရာ”
သူမစကားကြောင့် နတ်ဆိုးဘုရင်များ၏မျက်နှာ သုန်မှုန်သွားကုန်ကြလေ၏။ ဤခွေးမကြောင့် နတ်ဆိုးမျိုးနွယ် မျက်နှာပျက်ရပြီဟု သူ့တို့စိတ်ထဲ တွေးနေကြသည်။ သူမကြောင့်ပင် လူသားသည် သူတို့အား ပို၍ပင် အထင်သေးသွားလေပြီ။
သို့သော်ငြား ထိုအရာများကို သူ့စိတ်ထဲတွင်သာ တွေးရဲပြီး အပြင်သို့ ထုတ်မပြောရဲကြချေ။ နတ်ဆိုးဘုရင်များမှာ ကဝေနတ်ဆိုး၏ ပုံစံကို မကြိုက်ပါသော်ငြား လက်ရှိအချိန်တွင် ထိုလူသားများနှင့် သွားပြဿနာဖြစ်၍ မရမှန်း အကုန်လုံး သိနေကြသည်။ သူတို့သည်သာ တကယ်ကြီး တိုက်ခိုက်မည်ဆိုလျှင် ထိုခွေးသား နှစ်ကောင်သည် နတ်ဆိုးအမျက်မြို့တော်တစ်ခုလုံးကို သွေးလွှမ်းသွားအောင် လုပ်ပစ်ပေလိမ့်မည်။
“စိုးရိမ်မနေနဲ့၊ ကျုပ်ခင်ဗျားကို မစားဘူး” ရန်ကိုင်က ရယ်သွမ်းသွေးလျက် “ဒီသခင်လေးက မေးခွန်း နည်းနည်းလောက် မေးချင်ရုံပဲ။ ကျုပ်တို့ စကားပြောလို့ရမယ့် နေရာရှိလား”
ကဝေနတ်ဆိုးမှာမူ ရန်ကိုင်စကားကို ယုံရခက်ခက် ဖြစ်နေသည်။ သို့သော်ငြား သူမ မယုံချင်လျှင်ပင် ယုံရပေလိမ့်မည်။ အကြောင်းမှာ သူမတွင် တစ်ဖက်လူကို ပြန်ပြောနိုင်သည့် ခွန်အားမျိုး ရှိမနေသည့်အတွက်ကြောင့်ပင်။
“ရှိပါတယ်ဆရာ။ အဲ့ဘက်ဆိုရင် ဆရာ ဘယ်လိုထင်လဲ” ကဝေနတ်ဆိုးသည် တစ်ခုသော နေရာအား ညွှန်ပြရင်း ပြောလိုက်သည်။
ရန်ကိုင်လည်း လှမ်းကြည့်လိုက်ရာ ကျောက်တုံး စားပွဲခုံများ၊ ထိုင်ခုံများ ရှိနေသည့် မြေကွက်လပ်တစ်ခုကို တွေ့လိုက်ရလေသည်။ ထိုနေရာတွင် ကျောက်ရုပ်များစွာလည်း ရှိနေသေးပြီး ကျောက်ရုပ်ထုကြီးများမှာ ထွားထွားကြိုင်းကြိုင်းနှင့် ကြောက်စရာ မျက်နှာများကို ပိုင်ဆိုင်ထားကြသည်။ ကျောက်တုံးရုပ်ထုများထဲ အမျိုးသား၊ အမျိုးသမီးများ ပါဝင်နေကြပြီး ကျောက်ရုပ်ထုများသည် အမျိုးမျိုးသော နတ်ဆိုး မျိုးနွယ်စုဝင်များကို ကိုယ်စားပြုထားကြလေသည်။
“အဆင်ပြေပါတယ်” ရန်ကိုင်က ခေါင်းညိတ်လိုက်ပြီး ထိုမြေကွက်လပ်ဆီသို့ ပျံသန်းသွားလေသည်။
ကျုလဲ့သည် မျက်မှောင်ကြုတ်ရင်းမှ ရန်ကိုင်နောက်သို့ လိုက်လာခဲ့လေ၏။
ကဝေနတ်ဆိုးမှာတော့ မြေပြင်ပေါ် အမြစ်တွယ်နေသည့်အလား တောင့်တောင့်ကြီး ဖြစ်နေခဲ့သည်။ သူမစိတ်ထဲ ရန်ကိုင်နှင့် မျက်နှာချင်းဆိုင်ဖို့ရာ ကြောက်နေမိသည်။ သို့သော်ငြား သူမသာ သွားမတွေ့လျှင် ရန်ကိုင်ကို ရန်စမိသလို ဖြစ်သွားနိုင်ပေသည်။
ကဝေးနတ်ဆိုးသည် အကူအညီ ရလိုရငြား အခြားနတ်ဆိုးများဘက်သို့ လှမ်းကြည့်လိုက်ကြပါသော်ငြား အကုန်လုံးမှာ သူမလှည့်ကြည့်လာသည်ကို မြင်သည်နှင့် ချက်ချင်း အကြည့်လွှဲသွားကြသည်။ အချို့ဆိုလျှင် ကောင်းကင်ပေါ် မော့ကြည့်နေပြီး အချို့မှာ အချင်းချင်း စကားပြောနေဟန် လုပ်နေကြလေသည်။
ကဝေနတ်ဆိုး လုံးဝကို ကူကယ်ရာမဲ့သွားရတော့လေသည်။
“ခင်ဗျားတို့ နတ်ဆိုးဘုရင်တွေ အကုန်လာခဲ့။ မလာတဲ့လူ မှန်သမျှ အသတ်ခံ၇မယ်”
ရုတ်တရက် ထွက်ပေါ်လာသည့် ရန်ကိုင်၏ အသံကြောင့် နတ်ဆိုးဘုရင်များ၏ မျက်နှာ အရုပ်ဆိုးသွားကြလေသည်။ ကဝေနတ်ဆိုးမှာတော့ အဖော်ရလိုက်သည့် အတွက်ကြောင့် ပျော်နေလေ၏။ ပုပ်သိုးသိုး ဖြစ်နေသည့် မျက်နှာများကိုကြည့်ရင်း သူမစိတ်ထဲ အကျယ်ကြီး အော်ရယ်ပစ်ချင်စိတ်များပင် ဖြစ်ပေါ်လာရသည်။
ချက်ချင်းပဲ ရန်ကိုင်ဆီသို့ ထွက်သွားလိုက်လေသည်။ အခြားသော နတ်ဆိုးဘုရင်များလည်း သူမနောက်မှ တစ်ယောက်ပြီးတစ်ယောက် လိုက်လာကြလေသည်။ အချို့ ခေါင်းမာပြီး ရန်ကိုင်ဆီသို့ မသွားချင်သည့် နတ်ဆိုးဘုရင်များလည်း ရှိကြပေသည်။ သို့သော် သူတို့အပေါင်းအပါများမှ သူတို့အား ဆွဲခေါ်သွားကြလေ၏။
နတ်ဆိုးဘုရင်များမှာ ထိုကြောက်စရာကောင်းသည့်လူနှစ်ဦးအား ပြဿနာ ရှာနိုင်မည့် အကြောင်းအရင်း မပေးချင်ချေ။
မြေကွက်လပ်ထဲတွင်၊ ရန်ကိုင်နှင့် ကျုလဲ့သည် ကျောက်ထိုင်ခုံများပေါ်တွင် ထိုင်နေရင်း ကျောက်ရုပ်ထုကြီးများကို ကြည့်နေကြသည်။ ကဝေနတ်ဆိုး ရောက်လာသည်ကို သတိပြုမိလိုက်သော် ရန်ကိုင်က မေးလိုက်လေ၏ “သူတို့တွေက ဘယ်သူတွေလဲ”
ကဝေးနတ်ဆိုးမှာ ရန်ကိုင်နှင့် ဆယ်မီတာခန့် အကွာတွင် ရပ်နေလေ၏။ ရန်ကိုင်မှ သူမအား ဘာအကြောင်းကို မေးချင်နေလေသလဲ ဆိုသည်ကိုတွေးရင်း ရင်တထိတ်ထိတ် ဖြစ်နေလေ၏။ ထိုစဉ်မှာပင် ရန်ကိုင်၏ အမေးကို ကြားလိုက်ပြီး အလျင်စလို ပြန်ဖြေလိုက်လေသည် “နတ်ဆိုးအမျက်မြို့တော်မှ မွေးလာခဲ့တဲ့ နတ်ဆိုးဘုရင်တွေပါ”
ရန်ကိုင်က မျက်ခုံးပင့်လျက် ပြန်မေးလိုက်၏ “နတ်ဆိုးအမျက်မြို့တော် တည်ရှိလာတာ ဒီလောက် ကြာနေပြီ။ အဲ့ဒါကို နတ်ဆိုးဘုရင်က ဒီလောက်လေးပဲ ရှိတာလား”
မြေကွက်လပ်ထဲတွင် ကျောက်တုံးရုပ်ထု နှစ်ထောင်လောက်သာ ရှိပေသည်။ သို့သော်ငြား နတ်ဆိုးအမျက်မြို့တော် တည်ရှိလာခဲ့သည်မှာ အလွန်ကြာနေပြီ ဖြစ်သဖြင့် နတ်ဆိုးဘုရင် အရေအတွက်သည် ဤမျှလောက်သာ မဖြစ်သင့်ချေ။
ကဝေနတ်ဆိုးက ချက်ချင်းပဲ ပြန်ပြောလိုက်၏ “မဟုတ်ပါဘူး။ ဒီမှာ ရှိနေတဲ့ ရုပ်ထုတွေက အဆင့်အတန်း မြင့်မားတဲ့ ထိပ်တန်း နတ်ဆိုးဘုရင်တွေပါ” ထိုသို့ပြောပြီးနောက်တွင် ထပ်၍ ပြောလိုက်လေ၏ “ထိပ်တန်းနတ်ဆိုးဘုရင်တွေဆိုတာ မြို့ထဲမှာ အားအကောင်းဆုံး နတ်ဆိုးဘုရင်တွေကို ပြောတာပါ”
“အဲ့လိုကိုး” ရန်ကိုင်က ခေါင်းညိတ်လိုက်ပြီး ပြန်၍ မေးလိုက်လေ၏ “ဒါဆို အခု သေသွားတဲ့ နတ်ဆိုးဘုရင်တွေထဲမှာ ထိပ်တန်းနတ်ဆိုးဘုရင်ကော ပါလား”
ကဝေနတ်ဆိုး၏ နှုတ်ခမ်း ကွေးတက်သွားခဲ့လေသည်။ ရန်ကိုင် ဘာဖြစ်ချင်လို့ ဖြစ်ချင်နေမှန်း မသိပါသော်ငြား ခေါင်းတော့ ညိတ်ပြလိုက်သေး၏။
“ဘယ်သူသတ်လိုက်တာလဲ” ရန်ကိုင် အံ့အားသင့်သွားခဲ့လေသည်။
ကဝေနတ်ဆိုးသည် ကျုလဲ့ဘက်သို့ လှမ်း၍ ကြည့်လိုက်ပြီးနောက် အားတင်းပြုံးလျက် “ကျွန်မလည်း ဆရာ့ကို ထိပ်တန်းနတ်ဆိုးဘုရင်ကို ဒီနေရာမှာ သူ့နာမည်ကို ချန်ထားနိုင်မယ့် အခွင့်အရေးမျိုးပေးလို့ ကျေးဇူးတင်ပါတယ်။ ဒီနေရာမှာ ရုပ်ထုအဖြစ် ကျန်ရစ်နိုင်ခဲ့ဖို့ဆိုတာ သေသွားတဲ့အခါမှပဲ ဖြစ်နိုင်တာပါ”
ကျုလဲ့က အေးစက်စက် အမူအရာဖြင့် နှာခေါင်းရှုံ့လျက် “ဒီနဂါးကို ဘယ်သူ့ကိုမှ အထူးတလည်လိုက်ပြီး ပစ်မှတ်ထားနေတာ မဟုတ်ဘူး။ နင်တို့ နတ်ဆိုးဘုရင်တွေကကို အရမ်း အနည်းလွန်းနေတာ”
ကျုလဲ့ ထိုသို့ ပြောပြီးပြီးချင်းမှာပင် နတ်ဆိုးဘုရင်များလည်း ရောက်လာလေ၏။ ကျုလဲ့ ပြောသည့်စကားကို ကြားပြီးနောက် နတ်ဆိုးဘုရင်များ ထောင်းခနဲ ဒေါသထွက်သွားသော်ငြား ကျုလဲ့အား သွားတိုက်ခိုက်ရဲခြင်းတော့ မရှိချေ။
ကဝေနတ်ဆိုးသည်လည်း ဆွံ့အသွားခဲ့သည်။ သူမစိတ်ထဲ ရန်ကိုင်နှင့် ကျုလဲ့တို့အား ဖားယားလိုသည့်လိုပါသော်ငြား နတ်ဆိုးဘုရင်များရှေ့တွင်တော့ ကျုလဲ့၏ စကားကို သွားရောက် ထောက်ခံနေလိမ့်မည် မဟုတ်ချေ။
(ဒါပေမယ့် ဒီဆံနီနဲ့ကောင်က အရမ်းကြောက်ဖို့ကောင်းလွန်းတယ်။ နတ်ဆိုးဘုရင်အဆင့်ကို ရောက်နေတဲ့ ဘယ်သူမှ အားမနည်းဘူး။ ထိပ်တန်းနတ်ဆိုးဘုရင်ဆို တစ်မြို့လုံးမှာ အားအကောင်းဆုံး နတ်ဆိုးဘုရင်၊ သူ့လိုလူတောင် တစ်ချက်တည်းပဲ သတ်သွားတယ်)
ဆံနီလူ မည်သည့် အတိုင်းအတာအထိ အားကောင်းသလဲ ဆိုသည်ကို ကဝေနတ်ဆိုး တကယ် သိချင်နေမိပေသည်။
“အလယ်က ရုပ်ထုကကော၊ အဲ့ရုပ်ထုက ဘယ်လိုလုပ်ပြီး အဲ့လိုမျိုး ဖြစ်နေရတာလဲ။ အခြားရုပ်တွေမှာ မျက်နှာအကုန်ရှိတယ်။ အဲ့ရုပ်ထုကျမှ ဘယ်လိုလုပ်ပြီး မျက်နှာ မရှိ ဖြစ်နေရတာလဲ” ရန်ကိုင်သည် မြေကွက်လပ်အလယ်ကိုကြည့်ရင်းမှ မေးလိုက်သည်။
ထိုနေရာတွင် ဧရာမရုပ်ထုကြီးတစ်ခု ရှိနေခဲ့လေသည်။ ထိုရုပ်ထုကြီးနှင့် ယှဉ်လိုက်သော် အခြားရုပ်ထုများသည် အဖိုးရှေ့ရောက်နေသည့် ကလေးသာသာ ဖြစ်ကုန်ကြသည်။ သို့သော်ငြား ထိုရုပ်ထုကြီးနှင့် ပက်သက်၍ ထူးဆန်းသည့် အချက်တစ်ချက် ရှိနေခဲ့သည်။ ထိုရုပ်ထုကြီး၏ မျက်နှာမှာ လုံးဝကို ပြောင်ရှင်းနေခြင်းပင်။
ကဝေနတ်ဆိုးက ချက်ချင်း ပြန်ပြောလိုက်လေသည် “ဒါ ကျွန်မတို့ နတ်ဆိုးနယ်မြေရဲ့ မဟာနတ်ဆိုးနတ်ဘုရား ရုပ်ထုပဲ။ ဒါပေမယ့် မဟာနတ်ဆိုးနတ်ဘုရားကို ဘယ်သူကမှ မမြင်ဖူးတော့..”
“မဟာနတ်ဆိုးနတ်ဘုရား” ရန်ကိုင်၏ မျက်လုံးများ မှေးစဉ်းသွားပြီး ပုံရိပ်တစ်ထောင်အိမ်မက်ကမ္ဘာထဲရှိ အဖြစ်အပျက်ကို ပြန်သတိရသွားခဲ့သည်။ ထိုစဉ်က မဟာနတ်ဆိုးနတ်ဘုရားသည် ကမ္ဘာခြား၍ တိုက်ခိုက်လိုက်သည့်တိုင်၊ ရန်ကိုင်မှာ သူ့ဝိဥာဉ်တစ်ခုလုံး ပျက်စီးခါနီး ဖြစ်သွားခဲ့ရသည်။ ထိုအခိုက်အတန့်သည် အလွန်ကိုမှ ကြောက်မက်ဖွယ်ကြောင်းကာ ယခုအချိန်ထိတိုင် ရန်ကိုင် သေချာ မှတ်မိနေပေသေးသည်။
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၂၉၈၀)
ဘာသာပြန်သူ_တိမ်တိုက်
ကျုလဲ့က အထင်အမြင်တသေးဖြင့် ပြန်ပြောလိုက်လေသည်။ “ဘာအပိုစကားတွေလဲ… ဒီနဂါး အဲ့အကြောင်းကို ဘယ်လိုလုပ်ပြီး တစ်ခါမှ မကြားဖူးရတာလဲ… သူ့အကြောင်းတော့ ငါမသိပေမယ့် သူက ဘာမို့လို့ သူ့ကိုယ်သူ နတ်ဘုရားတစ်ပါးလို့ ခေါ်နေရတာလဲ… အရှက်မရှိလိုက်တာ…”
ကျုလဲ့မှ ထိုကဲ့သို့ပြောလိုက်သည်နှင့်တစ်ပြိုင်နက် ပျားအုံကို တုတ်နှင့်ထိုးမိလိုက်သည့်အလား နတ်ဆိုးဘုရင်အားလုံးသည် ကျုလဲ့အား ဒေါမာန်တကြီးဖြင့် စိုက်ကြည့်လာခဲ့လေသည်။
ပုံမှန်အားဖြင့် အလွန်ကိုမှ နှိမ့်နှိမ့်ချချနေကာ ကြောက်တတ်သော ကဝေနတ်ဆိုးသည်ပင်လျှင် အလေးအနက်အမူအယာဖြင့် အံကြိတ်ကာ ပြောလိုက်လေ၏။ “ဆရာ… ကျေးဇူးပြုပြီး စကားပြောရင် သတိထားပြောပါနော်…”
ကျုလဲ့သည် ကဝေနတ်ဆိုးအား ထူးမခြားနားဟန်ဖြင့် ကြည့်လျက် “ဒီနဂါးက ကိုယ့်စိတ်ထဲရှိတာကို ပြောနေတာ… ဘာဖြစ်လို့ ငါ့စကားငါ သတိထားနေရမှာလဲ…”
ကျုလဲ့၏ အကြည့်ကို သတိထားမိလိုက်သည့်အခါမှသာလျှင် ကဝေနတ်ဆိုး အသိပြန်ဝင်လာခဲ့ပြီး သူမ၏မျက်နှာ တမုဟုတ်ချည်း ဖြူလျော်သွားခဲ့လေသည်။ သူမကိုယ်တိုင်သည်လည်း သူမ၏လုပ်ရပ်နှင့်ပတ်သက်၍ နောင်တရမိလိုက်သည်။ ဘာကြောင့်များ ဤကဲ့သို့ မဆင်မခြင် စကားပြောမိလိုက်လေသနည်း။
ထိုစဉ် အခြားသောနတ်ဆိုးဘုရင်တစ်ပါးက ရှေ့သို့တက်၍ ဝင်ပြောလိုက်သည်။ “မင်းရဲ့ကျင့်ကြံခြင်းက မြင့်ရင်မြင့်လိမ့်မယ်… မင်းပိုင်ဆိုင်ထားတဲ့နည်းလမ်းတွေကလည်း ကြောက်ဖို့ကောင်းရင် ကောင်းလိမ့်မယ်… ငါတို့က မင်းပြိုင်ဘက်မဖြစ်နိုင်တာ ဟုတ်တယ်… ဒါပေမယ့် မင်း ငါတို့ကို လာအရှက်ခွဲမယ်ဆိုရင်တော့ ငါတို့ကလည်း ပြန်တိုက်ရမှာပဲ… သေရမယ်ဆိုရင်တောင် ဂရုစိုက်နေတော့မှာမဟုတ်ဘူး… မဟာနတ်ဆိုးနတ်ဘုရားဆိုတာ မင်းစော်ကားလို့ရတဲ့လူ မဟုတ်ဘူး…”
ထိုနတ်ဆိုးဘုရင်မှ ထိုကဲ့သို့ ပြောလိုက်သည်နှင့်တစ်ပြိုင်နက် အခြားသောနတ်ဆိုးဘုရင်များသည်လည်း တစ်ပြိုင်တည်း ရှေ့တက်လာကြလေသည်။ လက်ရှိအချိန်တွင် နတ်ဆိုးဘုရင်တစ်ပါးချင်းစီတိုင်းသည် ကျုလဲ့အား အေးစက်စက်အမူအယာဖြင့် စိုက်ကြည့်နေကြလေသည်။ အကုန်လုံးမှာ ကျုလဲ့နှင့် အချိန်မရွေးတိုက်ခိုက်ရန် အသင့်ပြင်ထားသည့်အလား။
ကဝေနတ်ဆိုးသည် တစ်ခဏမျှ တုံ့ဆိုင်းနေပြီးသည့်နောက် ရှေ့သို့ တက်လိုက်လေသည်။
“အို…” ကျုလဲ့၏နှုတ်ခမ်း ကွေးတက်သွားခဲ့လေ၏။ “မင်းတို့လိုအမှိုက်ကောင်တွေက ဒီနဂါးကို တိုက်နိုင်မယ်လို့ ထင်နေတယ်ပေါ့…”
သတ်ဖြတ်လိုစိတ်တို့သည် ကျုလဲ့၏ခန္ဓာကိုယ်ဆီမှ စတင်ဖြာထွက်လာခဲ့ပြီး နဂါးစွမ်းအားမှာလည်း သူ့ကိုယ်တစ်ဝိုက် စတင်၍ လှည့်ပတ်လာတော့လေသည်။ ထိုနတ်ဆိုးဘုရင်အားလုံးကို သတ်ပစ်ဖို့ရာ သူ့အဖို့ အနည်းငယ် အားစိုက်ရလိမ့်မည် ဖြစ်ပါသော်ငြား ကျုလဲ့သည် ထိုနတ်ဆိုးဘုရင်အားလုံးကို တကယ်ကြီး သတ်ပစ်နိုင်ပေသည်။ လူတိုင်းသည် အဆင့်ရှစ်နဂါးတစ်ကောင်၏ ဒေါသကို ခံနိုင်သူများမဟုတ်ကြ။ ဧကရာဇ်တတိယအဆင့်ပညာရှင်တစ်ဦးသည်ပင်လျှင် ဒေါသထွက်နေသည့်နဂါးတစ်ကောင်နှင့် အတွေ့တွင် ရင်ဆိုင်ရခက်ပေလိမ့်မည်။
ဤနတ်ဆိုးအမျက်မြို့တော်၏ အားအကောင်းဆုံးသော နတ်ဆိုးဘုရင်သည် အကောင်းဆုံးသော ဥပမာ ဖြစ်လေသည်။
ကျုလဲ့သည် ထိုနတ်ဆိုးဘုရင်များကို လုံးဝ အရေးမစိုက်ချေ။ ထို့အတွက်ကြောင့် နတ်ဆိုးဘုရင်များကို သူနှင့် တစ်တန်းနှင့်ယှဉ်ထား၍ စကားပြောရန်လည်း မစဉ်းစားထားခဲ့။ သူသတ်မှတ်ထားသည်မှာတော့ နတ်ဆိုးအမျက်မြို့တော်သည် အနည်းငယ်လေးပိုကြီးသည့် ပုရွတ်ဆိတ်အုံလေးတစ်ခုသာ ဖြစ်လေသည်။ သူ့အနေဖြင့် စိတ်ကောင်းဝင်နေလျှင် ထိုပုရွက်ဆိတ်အုံကို ကျော်သွားလိမ့်မည်ဖြစ်ပါသော်ငြား စိတ်ကောင်းဝင်မနေလျှင်တော့ ထိုပုရွက်ဆိတ်အုံကို ကန်ထုတ်ပစ်ပေလိမ့်မည်။ ယခု ထိုပုရွတ်ဆိတ်များသည် သူ့အား စတင်၍ ဆန့်ကျင်ရန် ကြိုးစားလာနေသည့် အခါတွင်တော့ သွေးနှင့် သေခြင်းတရားသည်ကသာလျှင် သူ့ဒေါသကို ငြိမ်းသက်သွားအောင် လုပ်နိုင်ပေတော့မည်။ ကျုလဲ့ဆီမှ သတ်ဖြတ်လိုစိတ်တို့သည် ဒီရေလှိုင်းလုံးပမာ ဖြာထွက်လာခဲ့လေသည်။
“မဟာနတ်ဆိုးနတ်ဘုရားက… တကယ်အားကောင်းတယ်…” ထိုစဉ် ရန်ကိုင်က ဝင်ပြောလိုက်သည်။
ကျုလဲ့သည် ရန်ကိုင်အား မျက်မှောင်ကျုံ့ကာ ကြည့်လိုက်လေသည်။ ရန်ကိုင် ဘာကြောင့် ယခုကဲ့သို့ ပြောလာမှန်း သူနားမလည်။ ရှင်းရှင်းပြောရသော် ကျုလဲ့မှာ ရန်ကိုင်အား သိပ်၍ကြည့်မရပါသော်ငြား သွေးမျိုးဆက်ဖိနှိပ်ခြင်းကြောင့် ရန်ကိုင်ကိုလည်း မနိုင်ချေ။ ထို့အတွက်ကြောင့် ရန်ကိုင်သည် အမှန်တကယ်ကို အားကောင်းလှသည်ဟု ပြောရမည်။
ရန်ကိုင်သည် ဧကရာဇ်ပထမအဆင့်သာလျှင် ရှိသေးလင့်ကစား ဧကရာဇ်တတိယအဆင့်အောက် နိမ့်ကျခြင်းမရှိသည့် ခွန်အားကို ထုတ်ဖော်ပြနိုင်သည်။ ကြယ်တာရာအစုအဝေးတစ်ခုလုံးတွင်ပင်လျှင် ရန်ကိုင်ကဲ့သို့သော အားကောင်းလှသည့် ကျင့်ကြံခြင်းမျိုး မည်သူမှ ပိုင်ဆိုင်ထားခြင်းမရှိချေ။
ထို့အတွက်ကြောင့် ကျုလဲ့မှာ ရန်ကိုင်၏စကားအပေါ် အနည်းငယ် ဂရုစိုက်လိုက်မိသည်။
နတ်ဆိုးဘုရင်များသည်လည်း အံ့အားသင့်သွားကြပြီး ရန်ကိုင်ဆီသို့ လှမ်းကြည့်လာကြလေသည်။ ယခုဆိုလျှင်တော့ ရန်ကိုင်အပေါ် ကြည့်နေသည့် သူတို့၏အကြည့်များမှာ ယခင်ကထက်ပို၍ သိမ်မွေ့နေခဲ့သည်။ လက်ရှိအချိန်တွင် ဤလူသားသည် ဆံနီလူသားထက် အဆပေါင်းတစ်ရာမက ပို၍ ကြည့်ပျော်ရှုပျော် ရှိလာလေ၏။
ရန်ကိုင်က ကျုလဲ့ဘက်သို့လှည့်၍ ပြောလိုက်သည်။ “ဒီကျယ်ပြောလှတဲ့ စကြာဝဠာကြီးထဲမှာ ဘာမဆိုဖြစ်နိုင်တယ်… နတ်သားရဲတွေက ကြယ်တာရာအစုအဝေးတစ်ခုလုံးက သားရဲတွေရဲ့ ထိပ်ဆုံးမှာ ရှိနေတယ်ဆိုပေမယ့် မင်းစိတ်ကူးနိုင်တာထက်ကို ပိုတဲ့အရာတွေ ဒီလောကကြီးထဲမှာ ရှိနေသေးတယ်… ဒီတော့ ငါတို့လုပ်နိုင်တာက အဲ့လူတွေကိုမီအောင် ကြိုးစားနိုင်ဖို့ပဲ… သူတို့ကိုမီအောင်လုပ်မယ်… ပြီးရင် သူတို့ကို ကျော်ဖြတ်မယ်… တစ်နေ့ကြ သူတို့ ပြန်လိုက်မီအောင် လုပ်ရမယ့် လူတွေ ဖြစ်လာအောင် ကြိုးစားရမယ်…”
ကျုလဲ့ ကြောင်သွားပြီး ချက်ချင်း ထအော်ပြောလေသည်။ “မင်း ငါ့ကို လာသင်ပြပေးနေတာလား…”
ရန်ကိုင်ပြောသွားသည့် စကားမှာ ယုတ္တိရှိပါသော်ငြား သူ၏မာနတရားသည် ရန်ကိုင်ပြောသည်ကို မထောက်ခံလိုခဲ့ပေ။ နဂါးအမြင်အရ သူတို့သည်သာ အားအကောင်းဆုံးဖြစ်ကြသည်။ သူတို့သည် အရာအားလုံး၏အထက်တွင် တည်ရှိနေကြသည့် သက်ရှိများဖြစ်ကြသည်။ သက်ရှိအားလုံးမှာ သူတို့အား မော်ကြည့်ရသူများ ဖြစ်ကြလေရာ ရန်ကိုင်ပြောနေသည့်ပုံစံသည် ကျုလဲ့အတွက်တော့ နားမခံသာစရာ ကောင်းနေခဲ့လေသည်။
“ကောင်လေး… မင်းက တော်တော်မောက်မာတာပဲ…” ရန်ကိုင်က ရယ်သွမ်းသွေးလျက် ဒေါသထွက်နေသည့် ကျုလဲ့ဆီမှ အကြည့်လွှဲဖယ်၍ ကဝေနတ်ဆိုးဘက်သို့လှည့်ကာ “ကျုပ် ခင်ဗျားကို ကိစ္စတစ်ခုကြောင့် ခေါ်လိုက်တာ…”
“ဆရာ ဘာကိုသိချင်တာလဲ…” ကဝေနတ်ဆိုးက ပြန်မေးလိုက်လေသည်။
အစောပိုင်းက ရန်ကိုင်မှ မဟာနတ်ဆိုးနတ်ဘုရားသည် အမှန်တကယ်အားကောင်းကြောင်း ပြောလာခဲ့သည့် စကားကြောင့် ကဝေနတ်ဆိုးမှာ ရန်ကိုင်အား ယခင်ကလောက် ကြောက်ရွံ့နေခြင်းမရှိတော့သလို ရန်ကိုင်အပေါ်လည်း ယခင်ကနှင့်စာလျှင် အတော်လေး အမြင်ကြည်လာခဲ့ရလေသည်။ အခြားသောနတ်ဆိုးဘုရင်များအတွက်လည်း အတူတူပင်။
“မရဏသားရဲအကြောင်း ကျုပ်ကိုပြောပြ…” ရန်ကိုင်က မေးလိုက်သည်။
“ဘယ်လို…”
“မရဏသားရဲ…”
“ကမ္ဘာဖျက်သားရဲလား…”
“မင်း ဘယ်လိုလုပ်ပြီး မရဏသားရဲအကြောင်း သိနေရတာလဲ…”
နတ်ဆိုးဘုရင်အားလုံးသည် ကြောက်မက်ဖွယ်ရာတစ်ခုခုကို ကြားလိုက်ရသည့်အလား အထိတ်ထိတ်အပျာပျာ ဖြစ်ကုန်ကြလေသည်။ ရန်ကိုင်မှ ရုတ်တရက် နှာခေါင်းရှုံ့လိုက်ရာ နတ်ဆိုးဘုရင်များအားလုံး တိတ်ကျသွားကုန်လေ၏။ သို့သော်ငြား နတ်ဆိုးဘုရင်များသည် အံ့ဩမပြယ်နိုင်သေးဘဲ ထိတ်လန့်တုန်လှုပ်နေသည့် အမူအယာများဖြင့် အကြည့်ချင်းဖလှယ်နေကြလေသည်။
ကဝေနတ်ဆိုးက စိုးရိမ်တကြီးဖြင့် တံတွေးတစ်လုပ်မျိုချလျက် မေးလိုက်လေ၏။ “ဆရာ… အဲ့အကြောင်းကို ဘာဖြစ်လို့ မေးတာလဲ…”
“ဘာကို ဘာလို့လဲလဲ… ငါ မရဏသားရဲတစ်ကောင်ကို ပျိုးထောင်နေတာ… ဒီတော့ ငါက မရဏသားရဲအကြောင်း သိချင်တာပေါ့… မရဏသားရဲက နတ်ဆိုးနယ်မြေတွေမှာ မျိုးသုဉ်းပျောက်ကွယ်သွားပြီဆိုတဲ့သားရဲလေ ဟုတ်တယ်မလား… ဒါကြောင့် နင်တို့ဆီလာမေးတာ…”
“မ… မရဏသားရဲကို ပျိုး… ပျိုးထောင်မှာ…” ကဝေနတ်ဆိုး၏မျက်နှာ သွေးဆုတ်ဖြူလျော်သွားခဲ့ပြီး အားတင်းပြုံး၍ ဆက်ပြောလိုက်လေသည်။ “ဆရာ နောက်နေတာတော့ မဟုတ်ပါဘူးနော်… မရဏသားရဲလို သားရဲမျိုးကို ဘယ်လိုပျိုးထောင်မှာလဲ…”
နတ်ဆိုးဘုရင်များသည်လည်း ရန်ကိုင်ပြောသည်ကို မယုံကြည်ကြချေ။ ရန်ကိုင် လျှာရိုးမရှိကြွားဝါနေခြင်း ဖြစ်သည်ဟုသာ ခံစားနေကြရသည်။ တကယ်တော့ ရန်ကိုင်ပြောသည့်စကားသည် အမှန်တကယ်ကိုမှ မယုံကြည်နိုင်စရာကောင်းသည် မဟုတ်ပေလော။ ကမ္ဘာလောကများကို ဖျက်ဆီးပစ်ရန်အတွက် မွေးဖွားလာသော မရဏသားရဲကဲ့သို့သော သားရဲမျိုးကို မည်ကဲ့သို့များ လူသားတစ်ဦးက ပျိုးထောင်နိုင်ပါမည်နည်း။ ဤလူသားသည်သာ မရဏသားရဲကို တကယ်ကြီး ပျိုးထောင်မည်ဆိုလျှင် မရဏသားရဲဝါးမျိုသွား၍ အသက်ပင်ရှိတော့လိမ့်မည်မဟုတ်ချေ။ မည်ကဲ့သို့များ သူတို့ရှေ့တွင် မတ်တပ်ရပ်နေနိုင်ပါဦးမည်နည်း။
“ကျုပ်နောက်နေတယ်လို့ ခင်ဗျားတို့ ထင်နေကြတာလား…” ရန်ကိုင်သည် ကဝေနတ်ဆိုးအား အလေးအနက်အမူအယာဖြင့် ကြည့်၍ မေးလိုက်သည်။
ကဝေနတ်ဆိုးသည် သူမ၏အပြုံးကို ပြန်ရုတ်သိမ်းလျက် ဖြည်းဖြည်းချင်း ခေါင်းခါပြလိုက်သည်။
“အဲ့ဒါဆို အပိုမေးခွန်းတွေ မေးမနေနဲ့…”
ကဝေနတ်ဆိုးက အသာအယာချောင်းဟန့်လျက် စိတ်ထဲမှနေ၍ တွေးလိုက်လေသည်။ (ဒီလူ အခြားသားရဲတစ်ကောင်ကို မရဏသားရဲဆိုပြီး အထင်မှားနေတာပဲ ဖြစ်ရလိမ့်မယ်…) သို့သော်ငြား ရန်ကိုင် အတည်ပေါက်နှင့် ပြောနေသည်ကို မြင်သည့်အခါ ကဝေနတ်ဆိုးမှာ သွား၍ အထွန့်မတက်ရဲတော့ချေ။ ထို့အစား ရန်ကိုင်ပြောသည့်အတိုင်း ပြန်ပြောရုံသာ တတ်နိုင်လေ၏။ “ဆရာ… ဆရာ ဘာအကြောင်းကို သိချင်တာလဲ…”
“ခင်ဗျားသိထားတဲ့ဟာကိုသာပြော…” ရန်ကိုင်သည် စားပွဲပေါ်တွင် မေးထောက်ထားရင်းမှ ကျန်လက်တစ်ဖက်ဖြင့် နတ်ဆိုးဘုရင်များကို လက်ညှိုးထိုးလျက် ပြောလိုက်လေ၏။ “ခင်ဗျားကနေစပြီးတော့ ရှိသမျှနတ်ဆိုးဘုရင်တွေအကုန်လုံး ကျုပ်ကို မရဏသားရဲနဲ့ပတ်သက်တဲ့အကြောင်း တစ်ခုစီပြောပြ… အကယ်၍ ဘာမှမပြောနိုင်ဘူး ခင်ဗျားတို့ပြောတဲ့ဟာကိုလည်း ကျုပ်က မကျေနပ်ဘူးဆိုရင်တော့ ခင်ဗျားတို့ ဆိုးရွားတဲ့အကျိုးဆက်နဲ့ တွေ့ပြီပဲ…”
ကဝေနတ်ဆိုးက ကြောက်လန့်တကြား ထခုန်ရင်းမှ ပြန်မေးလိုက်သည်။ “ဆရာ… ဘယ်လိုအကျိုးဆက်တွေလဲ…”
ရန်ကိုင်က ပြန်ပြောလိုက်သည်။ “သေသေချာချာတော့ မစဉ်းစားရသေးဘူး… ဒါပေမယ့် ကောင်းမှာတော့မဟုတ်တာ သေချာတယ်…” ပြောပြီးသည့်နောက် ရန်ကိုင်၏မျက်နှာထက် အေးစက်စက်အပြုံးတစ်ပွင့် ထွက်ပေါ်လာခဲ့ပြီး သတ်ဖြတ်လိုစိတ်တို့မှာလည်း သူ့ဆီမှ ဖြာထွက်လာခဲ့လေသည်။ ရန်ကိုင် အတည်ပေါက်နှင့် ပြောနေခြင်းဖြစ်မှန်း နတ်ဆိုးဘုရင်အားလုံး သိလိုက်ကြလေ၏။ ရန်ကိုင်သည် မရဏသားရဲအကြောင်းကို အမှန်တကယ် သိလိုခြင်း ဖြစ်လေသည်။
ရန်ကိုင် ဘာကြောင့် မရဏသားရဲအကြောင်း သိချင်နေသလဲဆိုသည်ကို နတ်ဆိုးများ လုံးဝမစဉ်းစားတတ်ကြချေ။ မရဏသားရဲသည် နာမည်ဆိုးဖြင့် ကျော်ကြားပါသော်ငြား မရဏသားရဲသေဆုံးသွားခဲ့သည်မှာ ကြာလေပြီ။ ထို့အပြင် မရဏသားရဲသည် နတ်ဆိုးနယ်မြေထဲတွင်သာ တွေ့ရလေ့ရှိသည့် သားရဲတစ်ကောင် ဖြစ်သည့်အတွက်ကြောင့် လူသားတစ်ဦးသည် ထိုသားရဲအကြောင်းကို ဘာကြောင့်များ သိချင်နေရလေသနည်း။ သို့သော်ငြား မည်သူမျှ ရန်ကိုင်အား သွားမမေးရဲကြပေ။ အကုန်လုံးသည် ကဝေနတ်ဆိုးကိုသာ လှမ်း၍ကြည့်လိုက်သည်။
ကဝေနတ်ဆိုးမှာတော့ ခါးသက်သက်အမူအယာဖြင့် ရှိနေလေ၏။ သို့ရာတွင် အလုပ်မဖြစ်သည့်အတွက်ကြောင့် ရန်ကိုင်ပြောသည့်အတိုင်း မရဏသားရဲအကြောင်းကို ရှင်းပြရတော့လေသည်။ “မရဏသားရဲကို ကမ္ဘာဖျက်သားရဲလို့လည်း သိကြတယ်… အဲ့ဒါက ကျွန်မတို့နတ်ဆိုးနယ်မြေထဲမှာ ဒဏ္ဍာရီလာသားရဲတစ်ကောင်ပဲ… ကောင်းတဲ့သားရဲတော့ မဟုတ်ဘူးပေါ့နော်… မရဏသားရဲကို ကမ္ဘာဖျက်သားရဲလို့ ဘာလို့ပြောရလဲဆိုတော့ မရဏသားရဲကိုယ်တိုင်ကကို ပျက်စီးခြင်းကို ကိုယ်စားပြုနေလို့ပဲ… မရဏသားရဲသေသွားတဲ့နေရာတိုင်း ဖုန်းဆိုးမြေကြီးအဖြစ်ပဲ ကျန်ရစ်တယ်… အဲ့မှာရှိနေတဲ့ နတ်ဆိုးတွေရော အဆောက်အဦးတွေရော အကုန်ပျက်စီးတယ်…”
ထိုသို့ပြောပြီးသည့်နောက် ရန်ကိုင်အား လှမ်းကြည့်လေသည်။ ရန်ကိုင်မှာတော့ မျက်မှောင်ကြီးကျုံ့ကာ ရှိနေလေ၏။ ကဝေနတ်ဆိုးပြောသွားသည့် အကြောင်းအရာနှင့် ပတ်သက်၍ သူ့စိတ်ထဲ သိပ်၍ မကျေနပ်မိပါသော်ငြား အရမ်းကြီးဂရုစိုက်မနေဘဲ အဆင်ပြေကြောင်း လက်ဝှေ့ယမ်းပြလိုက်သည်။
ထိုအခါမှသာလျှင် ကဝေနတ်ဆိုး သက်ပြင်းချနိုင်သွားပြီး အခြားသောနတ်ဆိုးဘုရင်တစ်ပါးဆီသို့ လှမ်းကြည့်လိုက်၏။
ထိုနတ်ဆိုးဘုရင်သည်လည်း ချက်ချင်းပဲ စပြောလေသည်။ “ဒဏ္ဍာရီတွေကပြောတာတော့ မရဏသားရဲက ပရမ်းပတာကနေ မွေးဖွားလာခဲ့တာတဲ့… မရဏသားရဲမှာ အသွေးအသားတွေ ရှိတယ်ဆိုပေမယ့် သူ ဘယ်ကနေမွေးဖွားလာလဲဆိုတာကိုတော့ ဘယ်သူမှ ခြေရာခံလို့မရဘူး… ဒီတော့ သူဘယ်လိုမွေးဖွားလာလဲဆိုတာကိုလည်း ဘယ်သူမှမသိကြဘူး… ဒါပေမယ့် ပြောကြတာတော့ မရဏသားရဲက နတ်ဆိုးနယ်မြေကြီး စဖြစ်ပေါ်လာတည်းက ရှိနေတဲ့သားရဲတဲ့…”
ရန်ကိုင်ခေါင်းညိတ်လိုက်သည်။
ထိုနတ်ဆိုးဘုရင်သည် အခြားသောနတ်ဆိုးဘုရင်တစ်ပါးအား ကြည့်လိုက်လေ၏။
တတိယမြောက်နတ်ဆိုးဘုရင်က ပြောလိုက်သည်။ “ကျုပ်သိသလောက်ဆိုရင်တော့ မရဏသားရဲရဲ့ကိုယ်ထဲမှာ သူဝါးမျိုလိုက်တဲ့ အရာတွေမှန်သမျှကို သိမ်းထားနိုင်တဲ့ ထူးဆန်းတဲ့ဟင်းလင်းပြင်တစ်ခု ရှိတယ်…”
“မရဏသားရဲက နတ်ဆိုးနယ်မြေမှာ မွေးဖွားလာတဲ့ သားရဲတစ်ကောင်ဖြစ်လို့ မရဏသားရဲက နတ်ဆိုးချီကို အရမ်းကြိုက်တယ်… နတ်ဆိုးချီကိုဝါးမျိုပြီးတော့ ပိုပြီးတော့ အားကောင်းလာနိုင်တယ်…”
“ဟုတ်တယ်… ကောလဟာလတွေကပြောတာတော့ မရဏသားရဲက စမွေးလာတုန်းက အဲ့လောက်ကြီး အားကောင်းတာမဟုတ်ဘူးတဲ့… သူ့မှာ ထူးခြားတဲ့စွမ်းရည်တွေရှိပေမယ့် နတ်ဆိုးမျိုးနွယ်စုကတော့ သိပ်ပြီးတော့ အာရုံမစိုက်ခဲ့ဘူး… နောက်ဆုံးကျတော့မှပဲ မရဏသားရဲကို အာရုံစိုက်မိလာခဲ့တာ… ဒါပေမယ့် အဲ့အချိန်ကျတော့ အရမ်းနောက်ကျလွန်းသွားပြီ…”
“မရဏသားရဲ သောင်းကျန်းတဲ့အချိန်တုန်းကဆိုရင် သူဝါးမျိုပစ်လိုက်တဲ့ နတ်ဆိုးတွေနဲ့ သူဖျက်ဆီးပစ်ခဲ့တဲ့ မြို့တွေဆိုတာ မရေမတွက်နိုင်အောင်ပဲ… နတ်ဆိုးသူတော်စင်တွေတောင် သူ့လက်ကနေမလွတ်ခဲ့ဘူး… နောက်ဆုံးကျတော့မှပဲ နတ်ဆိုးမျိုးနွယ်တစ်ခုလုံး အကုန်ပူးပေါင်းပြီး သူ့ကို သတ်ပစ်ခဲ့ရတာ…”
“ပြောကြတာတော့ မရဏသားရဲက အရမ်းအသက်ပြင်းတယ်တဲ့… နတ်ဆိုးတွေအကုန်လုံး ပေါင်းပြီးတော့ သတ်ပစ်လိုက်တာတောင် သူက သေချင်ယောင်ဆောင်သွားတာတဲ့… တကယ်မသေဘူးတဲ့… တစ်နေ့ကျရင် သူက ပြန်လာမှာလို့တော့ ပြောကြတယ်…”
နတ်ဆိုးဘုရင်များသည် မရဏသားရဲနှင့် ပတ်သက်သည့် အကြောင်းအရာများကို တစ်ခုပြီးတစ်ခု ပြောသွားခဲ့လေသည်။ သူတို့ ဒွိလောကကမ္ဘာကြီးထဲတွင် ပိတ်မိနေသည်မှာ နှစ်ပေါင်း မရေမတွက်နိုင်အောင် ရှိနေပြီ ဖြစ်ပါသော်ငြား နတ်ဆိုးနယ်မြေနှင့်ပတ်သက်သည့် အကြောင်းအရာများကိုမူ မျိုးရိုးစဉ်ဆက် လက်ဆင့်ကမ်းခဲ့ကြလေသည်။ ထိုအကြောင်းအရာများထဲ မရဏသားရဲအကြောင်းလည်း ပါဝင်ပေသည်။
အချို့သောနတ်ဆိုးဘုရင်များမှာ မရဏသားရဲအကြောင်း မသိကြသလို သူတို့သိထားသည့် အကြောင်းအရာများကိုလည်း အခြားသောနတ်ဆိုးဘုရင်များမှ ပြောပြပြီးသွားခဲ့လေပြီ။ သို့သော်ငြား အခြားသောနတ်ဆိုးဘုရင်များသည် အကြောင်းအရာအသစ်များကို ထိုနတ်ဆိုးဘုရင်များအား မသိမသာလေး ပြောပြခဲ့သည်။ ထိုနည်းဖြင့် ထိုနတ်ဆိုးဘုရင်များမှာ ရန်ကိုင်သိလိုသည့် အကြောင်းအရာများကို ထပ်မံပြောပြနိုင်ခဲ့လေ၏။
တစ်လှည့်ပြီးတစ်လှည့် ပြောနေပြီးသည့်နောက်တွင် နတ်ဆိုးဘုရင်များမှာ နောက်ထပ် ဘာပြောလို့ ပြောရမှန်းမသိ ဖြစ်ကုန်ကြတော့လေသည်။ သို့သော်ငြား ရန်ကိုင်က ရပ်တန့်မည့် အရိပ်အယောင် မပြသေးသည့်အတွက်ကြောင့် အကုန်လုံး၏ရင်ထဲ ခါးသက်သက် ဖြစ်နေမိကြသည်။ ရန်ကိုင်သည် တမင်သက်သက် သူတို့အား ခက်ခဲအောင် လုပ်နေသည်ဟု နတ်ဆိုးဘုရင်များ ခံစားလာကြရလေသည်။ နတ်ဆိုးဘုရင်များအားလုံးမှ ဤမျှ ပြောပြထားပြီးဖြစ်လေရာ သူတို့အနေဖြင့် ဘာကိုများ ထပ်ပြောရပါဦးမည်နည်း။
နောက်ဆုံး နတ်ဆိုးဘုရင်တစ်ပါးသည် သူသိထားသည့် အကြောင်းအရာများကို ပြောပြပြီးသည့်နောက် နောက်ဆက်ပြောရမည့် နတ်ဆိုးဘုရင်သည် နဖူးထက်ဝေ့သီလာသော ချွေးအေးများကို သုတ်လိုက်လေသည်။ သူ့ခမျာ အချိန်အတန်ကြာအောင် စဉ်းစားနေခဲ့ပါသော်ငြား ဘာကိုမှ စဉ်းစားမရခဲ့ပေ။
ရန်ကိုင်က ခေါင်းမော့၍ ထိုနတ်ဆိုးဘုရင်ကိုကြည့်ကာ မေးလိုက်လေသည်။ “ထပ်ပြောစရာမရှိတော့ဘူးလား…”
ထိုနတ်ဆိုးဘုရင်က ခါးသက်သက်အမူအယာဖြင့် ခေါင်းခါပြလိုက်သည်။
ကဝေနတ်ဆိုးက အလျင်စလို ဖြတ်ပြောလိုက်လေသည်။ “ဆရာ… ကျွန်မတို့သိထားတဲ့ အကြောင်းအရာတွေအကုန်လုံးကို ဆရာ့ကို ပြောပြပြီးသွားပြီ… ကျွန်မတို့ ဘာကိုမှ ဖုံးကွယ်ထားတာမဟုတ်ဘူး…”
“အင်း… ကျုပ်သိတယ်…” ရန်ကိုင်က ခေါင်းညိတ်လိုက်သည်။ “ခင်ဗျား အခုပြောသွားတာ အမှန်မှန်း ကျုပ်ယုံကြည်သွားပြီ… ဒါပေမယ့် ကျုပ် စိတ်ဝင်စားတဲ့ အချက်တစ်ချက်တော့ ရှိတယ်…”
“ဆရာ ဘာကိုသိချင်တာလဲ…”
“မရဏသားရဲက ခင်ဗျားတို့အားလုံးကို ဝါးမျိုပစ်လိုက်မယ်ဆိုလို့ရှိရင် ပိုပြီးတော့ အားကောင်းလာနိုင်လား…”
“ကျွန်မ… ကျွန်မတို့အားလုံး…” ကဝေနတ်ဆိုး စိုးရိမ်တကြီးဖြင့် တံတွေးတစ်လုပ်မျိုချမိလေသည်။ ထို့နောက် တုံ့ဆိုင်းတုံ့ဆိုင်းအမူအယာဖြင့် ပြန်ပြောလိုက်လေ၏။ “ဖြစ်တော့… ဖြစ်နိုင်ပါတယ်…”
“ကျုပ်စဉ်းစားကြည့်နေတာ…” ရန်ကိုင်က ပြုံးရင်းမှ “မရဏသားရဲက ခင်ဗျားတို့နတ်ဆိုးဘုရင်တွေအကုန်လုံးကို ဝါးမျိုပစ်လိုက်လို့ရှိရင် သူကြီးထွားတဲ့နှုန်းက ပိုမြန်လာမှာပေါ့နော်… ဟုတ်တယ်မလား…”
“အာ… ဟုတ်… ဟုတ်လောက်မှာပါ…” ကဝေနတ်ဆိုး အားတင်း၍ ပြန်ပြောလိုက်လေသည်။ မရဏသားရဲ သူမတို့ရှေ့တွင် ရုတ်တရက်ကြီးပေါ်လာပြီး သူမတို့အားလုံးကို ဝါးမျိုလိမ့်မည်ဟု မထင်ပါသော်ငြား ထိုအကြောင်းကို စဉ်းစားမိလိုက်ရုံဖြင့် သူမစိတ်ထဲ အလွန်ကိုမှ ထိတ်လန့်တုန်လှုပ်မိရသည်။