← Chapters

ဂိုဏ်းချုပ်က နတ်ဘုရားပဲ

Vol. 2 Ch. 11

ဂိုဏ်းချုပ်က နတ်ဘုရားပဲ

Vol. 2 Ch. 11

ဤတစ်ကြိမ်တွင် လူသုံးဦးလုံး မျက်လုံးပြူးသွားသည်။ ကျန်းချန်တွင် ဝိညာဉ်စွမ်းအားရှိယုံမက ကျီယွဲ့ဂိုဏ်း၏ လျှို့ဝှက်ဓားနည်းစနစ်ကိုပါ အသုံးပြုနေလေသည်။

"မင်း... ဘယ်လို..."

*ရွှပ်... ရွှပ်... ရွှပ်*

အသံသုံးသံ၊ ခေါင်းသုံးလုံး။

"လျှာရှည်လိုက်ကြတာ"

ကျန်းချန် သူ၏ဝိညာဉ်ဓားကို ပြန်ခေါ်လိုက်ပြီး အကြီးအကဲသုံးဦး၏အလောင်းများကို ရှာဖွေလေတော့သည်။

ဤတိုက်ပွဲမှာ ဂူအတွင်းကတိုက်ပွဲထက် အဆပေါင်းများစွာ ပိုလွယ်ကူလေ၏။ ဝိညာဉ်စွမ်းအားမရှိလျှင် ထိုသူများမှာ သူ၏ဓားတစ်ချက်ပင်မခံနိုင်ပေ။

ထိုသုံးယောက်မှာ အကြီးအကဲဖြစ်ထိုက်လေသည်။ သိုလှောင်လက်စွပ်များအတွင်းရှိ ဝိညာဉ်ကျောက်တုံးအရေအတွက်မှာ ယောင်ယွင်ရွှမ်တွင်ရှိသည်ထက် ဆယ်ဆမကပိုများသည့်အပြင် ဝိညာဉ်ခွဲထုတ်ခြင်းအဆင့် ဆေးပုလင်းများစွာလည်းပါသေးသည်။ ဝိညာဉ်ခွဲထုတ်ခြင်းအဆင့် ဆေးတစ်ပုလင်းလျှင် တစ်မှတ်ဖြင့် စနစ်ထံတွင်လဲလှယ်နိုင်လေ၏။

ထိုဝိညာဉ်ဆေးပင်များ၊ ဆေးလုံးများကိုကြည့်၍ ကျန်းချန်မှာ ရုတ်တရက် ဝမ်းနည်းသလိုခံစားလိုက်ရသည်။ ကျိလင်းချန်အတွက် အမှတ် ၃,၀၀၀ ရခဲ့လေရာ ယောင်ချိုးလင်အတွက် များစွာစိတ်မကောင်းဖြစ်မိပေ၏။

"မေမေ၊ သမီးဗိုက်ဆာတယ်"

အားဟွမ်မှာ သူ၏ခြေထောက်ကလေးများတုန်ခါလျှင် ဗိုက်ဆာကြောင်းပြလေသည်။

"အာ၊ ဘာစားချင်တာလဲ"

ကျန်းချန် သူ့ရင်ဘတ်သူစမ်း၍ "ငါ... နို့မထွက်ဘူးလေ"

အားဟွမ်ခမျာ မြေပေါ်လဲကျလုမတတ်ခံစားလိုက်ရသည်။

"သမီး ဝိညာဉ်ကျောက်တုံးတွေ လိုချင်တယ်"

အားဟွမ်လေးမှာ ဝိညာဉ်စွမ်းအင်ကို ထိန်းချုပ်နိုင်သည့်အတွက် ဝိညာဉ်ကျောက်တုံးများကိုစား၍ အားပြန်ဖြည့်ခြင်းမှာ ပုံမှန်ပင်ဖြစ်သည်။ ကျန်းချန်မှာ သူ့သမီးအတွက်ဆိုလျှင် အလွန်ရက်ရောလေသည်။ (ဖေဖေကြီး... မှားလို့... မေမေကြီး)

သူလက်ဝှေ့ယမ်းလိုက်သည်နှင့် သိုလှောင်လက်စွပ်သုံးကွင်းအတွင်းမှ ဝိညာဉ်ကျောက်တုံးအားလုံး ထွက်ကျလာ၍ တောင်လိုပုံသွားလေသည်။

"ဖေဖေ့အတွက်ချန်မထားနဲ့၊ အကုန်သာစားပစ်လိုက်"

*ရှလွတ်*

ရွှေရောင်အလင်းတစ်ချက်လက်သွားပြီး ဝိညာဉ်ကျောက်တုံးပုံမှာ အစအနမကျန်အောင် ပျောက်သွားလေပြီ။ တစ်စက္ကန့်ပင် မကြာလိုက်ချေ။

"မေမေ၊ နောက်ထပ်ရှိသေးလား"

အားဟွမ်မှာ ဗိုက်ကလေးကိုပွတ်၍ ထပ်မံတောင်းဆိုလေသည်။

ဝိညာဉ်ကျောက်တုံးအပုံလိုက် ဗိုက်ထဲထည့်လိုက်သော်လည်း မပြောင်းမလဲရှိနေသည့် အားဟွမ်ကိုကြည့်၍ ကျန်းချန် ရယ်လိုက်သည်။

"သမီးလေး၊ အစာကို တော်ရုံပဲစားတာကောင်းတယ်။ များသွားရင် အဆင်မပြေဖြစ်တတ်တယ်" (မရှိတော့ဘူးလေ...)

ထိုအချိန်တွင် ကျိလင်းဟန် သတိပြန်ရလာသည်။

"ဂိုဏ်းချုပ်၊ တပည့်ဘာလို့ သတိလစ်သွားတာလဲ"

"သွေးတွင်းသကြားဓာတ်နည်းနေလို့နေမှာပေါ့"

သူ့သမီးလေးက သူ့ကို ယခုလေးတင်ကယ်တင်ထားခြင်းဖြစ်ရာ၊ သူကလည်း ကာကွယ်ပေးရပေမည်။

ကျိလင်းဟန်မှာ သွေးတွင်းသကြားဓာတ်ဆိုသည်မှာ မည်သည့်အရာဖြစ်ကြောင်း မသိသော်လည်း သတိပြန်ရလာသည့်အချိန်တွင် မူးနောက်နေသည့်အတွက် ထပ်မမေးတော့ပေ။

ထို့နောက်တွင် အသတ်ခံထားရသော အကြီးအကဲသုံးဦးကို မြင်သွားလေသည်။

"အာ၊ ဒါက ယောင်ချိုးလင်မလား"

"ပြီးတော့ ထိုက်ရှင်းနဲ့ ရွမ်မင်ယူရောပဲ"

"သူတို့တွေက ကျီယွဲ့ဂိုဏ်းက အကြီးအကဲတွေပဲ၊ ထိုက်ရှင်းဆိုရင် ဝိညာဉ်ခွဲထုတ်ခြင်းအဆင့်ခြောက်မှာရှိတာ"

ကျိလင်းဟန် အလွန်အံ့ဩသွားသည်။ ဤအကြီးအကဲသုံးဦးမှာ နာမည်ကြီးများဖြစ်သော်လည်း ဤနေရာတွင် သေသွားရသည်။

ဖေးရှန်ဂိုဏ်းမှ အကြီးအကဲများသာ ဤသုံးယောက်နှင့်ရင်ဆိုင်ရလျှင် အသေသတ်ရန်မဆိုထားနှင့် အနိုင်ယူရန်ပင် ခက်ခဲပေလိမ့်မည်။ လက်ရည်ညီသောတိုက်ပွဲတွင် မနိုင်လျှင်ပင် အလွယ်တကူထွက်ပြေးနိုင်၏။ ဝိညာဉ်ခွဲထုတ်ခြင်းအဆင့်များတွင် နည်းလမ်းပေါင်းများစွာရှိလေသည်။

"ဂိုဏ်းချုပ်၊ သူတို့ဘာဖြစ်သွားကြတာလဲ..."

ဤသုံးဦးမှာ ဖေးယွင်ဂိုဏ်းကို တိုက်ခိုက်ရာတွင် ပါဝင်ခဲ့သည့်အလျောက် ၎င်းတို့သေဆုံးသွားသည့်အခါ ကျေနပ်မိလေသည်။

ကျန်းချန် လက်နှစ်ဖက်ကိုနောက်ပစ်၍ ကောင်းကင်ကိုမော့ကြည့်ကာ ပေါ့ပေါ့ပါးပါးဆိုလေသည်။

"သူတို့တွေက ငါ့ကိုလာသတ်ကြတာလေ၊ ပြီးတော့ သူတို့သေသွားကြတာပဲ"

ကျိလင်းဟန်မှာ ၎င်းကိုခန့်မှန်းထားပြီးဖြစ်သော်လည်း ကြားရသည့်အခါ အံ့ဩရသေးသည်။

"ဂိုဏ်းချုပ်က သူတို့သုံးယောက်ကို တစ်ယောက်တည်းနဲ့ သတ်လိုက်တာလား"

ဤမယုံနိုင်သောလေသံက ကျန်းချန်ကို အလွန်ကျေနပ်စေပြီး ဟန်ထုတ်လိုစိတ်ကို ဖြည့်ဆည်းပေးလေသည်။ သူ အားဟွမ်ကို တိတ်တဆိတ်လှည့်ကြည့်လိုက်ပြီး မသိဟန်ဆောင်နေလိုက်၏။

"ဒီဂိုဏ်းချုပ်အတွက်က ဒီလောက်လေးက အပျင်းပြေလောက်ပဲရှိတာပါ"

သူ၏ နက်နဲသောအမူအရာကိုကြည့်၍ ကျိလင်းဟန် အလွန်အထင်ကြီးသွားသည်။

ဂိုဏ်းချုပ်က တကယ်ကိုအစွမ်းထက်ပါပေတယ်။ သူ့ခွန်အားက အနည်းဆုံး ဝိညာဉ်အခြေတည်အဆင့်မှာရှိမှာ။

"ဖေးရှန်ဂိုဏ်းက ဘယ်နေရာမှာလဲ"

ကျန်းချန်မေးလိုက်သည်။

"ဂိုဏ်းချုပ်က ဂိုဏ်းကို ပြန်သွားမလို့လား"

ကျိလင်းဟန်မှာ ပျော်ရွှင်နေရာမှ စိုးရိမ်လာလေသည်။

"သူတို့လူတွေ အခုထိရှိနေဦးမှာ၊ ဂိုဏ်းချုပ်က တကယ်ပဲ ဂိုဏ်းကိုပြန်သွားဖို့ ယုံကြည်မှုရှိလား"

ကျန်းချန် လက်ယမ်းလိုက်ပြီး "ဘာတွေကြောက်နေတာလဲ၊ သူတို့အားလုံးက ဒီဂိုဏ်းချုပ်အတွက် ကြက်ကလေး ငှက်ကလေးတွေပဲ"

ကျန်းချန်၏ အသက်ပြန်ရှင်ခွင့်မှာ ပြန်မပြည့်သေးသော်လည်း အားဟွမ်၏ ကောင်းကင်ကိုဆန့်ကျင်သောအစွမ်းဖြင့်ဆိုလျှင် တစ်ဖက်ရန်သူမည်မျှများစေကာမူ အန္တရာယ်မရှိပေ။

ကျိလင်းဟန် စိတ်လျှော့လိုက်သည်။ ဤသို့အစွမ်းထက်သည့်ဂိုဏ်းချုပ်နှင့်ဆိုလျှင် လုံးဝဘေးကင်းပေမည်။

ထို့နောက် သုံးယောက်သား တားမြစ်နယ်မြေမှထွက်၍ ဖေးရှန်ဂိုဏ်းရှိရာသို့ ဦးတည်သွားကြလေ‌တော့သည်။

တားမြစ်နယ်မြေမှထွက်သည်နှင့်တစ်ပြိုင်နက် ကျန်းချန်၏ကျောပေါ်တွင် လိုက်ပါလာသောအားဟွမ်မှာ အလွန်အိပ်ချင်လာ၏။

"မေမေ၊ သမီးအရမ်းအိပ်ချင်လာပြီ"

ကျန်းချန် အမြန်ရပ်လိုက်သည်။

"အာ၊ ဘာဖြစ်လို့လဲ။ နေမကောင်းဘူးလား။ အစားများသွားလို့များ အဆင်မပြေဖြစ်သွားတာလား"

ခဏနေလျှင် သူဟန်မထုတ်နိုင်တော့မည့်အရေးထက် သူ့'သမီးတော်လေး'၏ ကျန်းမာရေးကို အမှန်တကယ်ဂရုစိုက်ခြင်းဖြစ်လေသည်။

'မဟုတ်ဘူး၊ ဒီနယ်မြေက ရုတ်တရက်ထွက်လာတော့.... သမီးအနားယူပြီး အားပြန်ဖြည့်ဖို့လိုတယ်..."

အားဟွမ်မှာ ထိုသို့ပြောပြီးနောက် လုံးဝအိပ်မောကျသွားတော့သည်။

ထိုအချိန်တွင် ကျန်းချန်နားလည်လိုက်လေပြီ။ ကလေးမလေးမှာ တားမြစ်နယ်မြေတွင် နှစ်ထောင်ပေါင်းများစွာ နေထိုင်လာခဲ့ရာမှ ယခု ရုတ်တရက်အပြင်ထွက်လာချိန်တွင် ပြင်ပလောကနှင့် နေသားကျအောင်ပြင်ဆင်သည့် သဘာဝဖြစ်စဉ်တစ်ခု ဖြစ်ရပေမည်။

ပြဿနာကြီးကြီးမားမားမရှိလျှင် အဆင်ပြေပါသည်လေ။

"ခဏနားကြတာပေါ့"

ယခု အားဟွမ်အိပ်ပျော်နေပြီဖြစ်၍ ဖေးရှန်ဂိုဏ်းကို ချက်ချင်းသွားရောက်တိုက်ခိုက်ခြင်းငှာ မစွမ်းသာတော့ပေ။

"ဘာဖြစ်လို့လဲ ဂိုဏ်းချုပ်"

"ဘာမှမဖြစ်ပါဘူး၊ ကိုယ့်ကိုယ်ကိုယ်သိ၊ ရန်သူအကြောင်းကိုသိ၊ ဒါဆိုမရှုံးနိမ့်နိုင်တော့ဘူးတဲ့။ တစ်နေရာရှာ ခဏနားပြီး အဲ့ကအခြေအနေကို အရင်စနည်းနာကြတာပေါ့"

ကျန်းချန်မှာ သူ၏အကြီးဆုံးလက်နက်ဖြစ်သည့် အားဟွမ်မရှိသော်လည်း သိပ်စိတ်မပူပေ။ နောက်တစ်ရက်ဆိုလျှင် အသက်ပြန်ရှင်ရန်အချိန်ပြည့်ပြီဖြစ်၏။ ဟန်ထုတ်ခြင်းဆိုသည်မှာလည်း အလွန်အားကုန်လေရာ အားပြန်ဖြည့်ရပေမည်။

"ကိုယ့်ကိုယ်ကိုယ်သိ၊ ရန်သူအကြောင်းကိုသိ၊ ဒါဆိုမရှုံးနိမ့်နိုင်တော့ဘူး..."

ကျိလင်းဟန် ထိုစကားကိုရွတ်ဆိုလိုက်ပြီး မျက်လုံးများအရောင်တောက်လာ၍ ကျန်းချန်ကို ပို၍ပင်လေးစားနေတော့သည်။

"ဂိုဏ်းချုပ်က တကယ့်ကိုနတ်ဘုရားပဲ။ ဒီစည်းမျဉ်းကို ငါတို့တွေနားလည်ကြပေမယ့် ဒိလိုအနှစ်ချုပ်လို့ရမယ်မှန်း မသိခဲ့ဘူး"

သူ၏ဂိုဏ်းချုပ်မှာ အသက်ပြန်ရှင်နိုင်မည့်အချိန်ကိုစောင့်နေကြောင်း မည်သို့မှသိနိုင်မည်မဟုတ်ပေ။ (သနားစရာ...)

All Chapters