အကြီးအကဲလျန်၏ အကြံအစည်
Vol. 2 Ch. 13
အကြီးအကဲလျန်က ပြုံး၍ခေါင်းခါလိုက်ပြီး ပြောလိုက်သည်။
"မင်းတို့မှာအဆက်အသွယ်ရှိချင်မှရှိနိုင်မှာဖြစ်ပေမယ့် ငါ့မှာအဆက်အသွယ်ရှိတယ်။ ငါ တွမ်မူမိသားစုရဲ့ ဒုတိယအကြီးအကဲ တွမ့်မူဟန်နဲ့သိတယ်၊ အကြိမ်ပေါင်းများစွာ အရက်အတူသောက်ပြီး ဒဿနတွေမျှဝေခဲ့ကြဖူးတယ်။ ငါတို့အရမ်းရင်းနှီးခဲ့ကြတာပေါ့"
အခြားတပည့်များမှာ မျှော်လင့်ချက်တစ်စွန်းတစ်ကိုတွေ့မြင်လိုက်ရ၍ ချက်ချင်းစိတ်လှုပ်ရှားသွားကြသည်။
"တွမ့်မူမိသားစုဆိုတာ ချင်လန်စီရင်စုရဲ့ ထိပ်တန်းမိသားစုမလား"
"မှန်တယ်၊ သူတို့မှာ ဝိညဉ်အခြေတည်အဆင့်ကြီးပဲ လေးယောက်ရှိတယ်"
"သူတို့သာလှုပ်ရှားမယ်ဆိုရင် ဂိုဏ်းကြီးလေးဂိုဏ်းပေါင်းထားလည်း အသာလေးရိုက်နှက်နိုင်မှာပဲ"
"အကြီးအကဲလျန် ကျေးဇူးပြုပြီး ဆက်ပြောပါ..."
အကြီးအကဲလျန်၏စကားလုံးများမှာ လုပ်ကြံဖန်တီးထားသည့်အရာများဖြစ်ကြောင်း တပည့်တစ်ဦးမျှ မသိကြပေ။
တွမ့်မူဟန်ဆိုသည်မှာ ဝိညာဉ်အခြေတည်အဆင့်သုံးရှိသည့် ကျင့်ကြံသူတစ်ဦးဖြစ်ရာ သာမန်ဂိုဏ်းလေးတစ်ဂိုဏ်းမှ ဝိညာဉ်ခွဲထုတ်ခြင်းအဆင့်ငါး အကြီးအကဲလေးတစ်ဦးကို အဘယ်ကြောင့်အရေးလုပ်မည်နည်း။
အကြီးအကဲလျန်မှာ တွမ့်မူဟန်ကို တွေ့ဖူးသည်မှာမှန်သည်၊ လူအုပ်အတွင်းမှနေ၍ အဝေးရှိတွမ့်မူဟန်ကို မြင်ဖူးခြင်းမျိုးသာဖြစ်၏။ တွမ့်မူဟန်နှင့်စကားပြောရန်ပင် အရည်အချင်းပြည့်မီခြင်းမရှိပေ။
သို့သော်လည်း အကြီးအကဲလျန်မှာ စိုးရိမ်ခြင်းအလျဉ်းမရှိ။ ဤတပည့်များမှာ သူ့အကြောင်းကို သိရှိနိုင်ခြင်းမရှိပေ။
အရင်းအမြစ်များကို ယူသွားပြီးလျှင် မည်သူမျှရှာမတွေ့အောင် ရှောင်နေလိုက်ရုံသာ။
"မင်းတို့တွေ အတွေးလွန်နေကြပြီ။ တွမ့်မူမိသားစုဆိုတာ ဘယ်လောက်အင်အားကြီးလိုက်သလဲ။ ဒီလိုမိသားစုမျိုးက အလွယ်တကူ ကူညီပေးပါ့မလား။ ငါ့ရဲ့အဆက်အသွယ်နဲ့ဆိုရင်တောင်မှပဲ အခွင့်အရေးတစ်ခုပဲတောင်းဆိုနိုင်တယ်"
"ဒါဆို အကြီးအကဲလျန်ဆိုလိုချင်တာက..."
"သူတို့ကို ကူညီစေချင်ရင် လုံလောက်တဲ့အရင်းအမြစ်တွေ လက်ဆောင်ပေးမှရမှာ။ ဒါက မိသားစုကြီးတစ်ခုအတွက် လေးစားသမှုကိုပြသခြင်းပဲ"
"ဒါက..."
တပည့်များမှာ သူတို့၏ သိုလှောင်လက်စွပ်များနှင့် ဝိညာဉ်လက်နက်များကို ကြည့်လိုက်ကြသည်။ ဤအရာများကို ကမ်းလှမ်းရမည်ဖြစ်သဖြင့် စဉ်းစားသွားကြလေသည်။
အကြီးအကဲလျန်က သံကိုပူတုန်းနာနာနှက်လေသည်။ ပြောင်းပြန်စိတ်ပညာကိုပါ ထည့်သုံးလေတော့သည်။
"မင်းတို့ဆရာတွေအတွက် လက်စားချေဖို့ ဘာမဆိုလုပ်မယ်လို့ မပြောခဲ့ကြဘူးလား"
သူက နှာခေါင်းရှုံလိုက်ပြီး "ဘာလဲ၊ သိုလှောင်လက်စွပ်လေးတစ်ကွင်းအတွက်နဲ့ တုံ့ဆိုင်းနေကြတာလား"
"ကြည့်ရတာ မင်းတို့ရဲ့ဆရာတွေက ဆုံးဖြတ်ချက်တွေမှားခဲ့ကြပြီထင်တယ်၊ အသုံးမကျတဲ့လူတစ်စုကို သင်ပေးမိခဲ့ပြီဆိုပြီး ယူကျုံးမရဖြစ်နေလောက်ပြီ"
ထိုသို့သောစိတ်ပိုင်းဆိုင်ရာတိုက်ခိုက်မှုမျိုးကို မည်သူမှမခံနိုင်ပေ။ ထို့နောက် လို့ယွမ်၊ ရင်ရှုအာနှင့် အခြားသူများမှာ သူတို့၏ သိုလှောင်လက်စွပ်များနှင့် ဝိညာဉ်လက်နက်များကို အလျင်အမြန်ထုတ်ယူလိုက်ကြသည်။
"အကြီးအကဲ၊ ဒီအရင်းအမြစ်တွေက တွမ့်မူမိသားစုကို အကူအညီတောင်းဖို့ လုံလောက်ရဲ့လား။"
"ဒီအရင်းအမြစ်တွေကိုလက်ခံလိုက်ပြီး အကူအညီမပေးရင် ဘယ်လိုလုပ်ကြမလဲ"
"ဟုတ်တယ်၊ သူတို့တွေ လောဘတက်မှာကို ငါလည်းကြောက်တယ်"
တပည့်များထိုသို့ဆိုကြလေရာ အကြီးအကဲလျန်၏မျက်နှာကြီး မည်းမှောင်သွားပြီး သူ၏အင်္ကျီလက်ကို ဒေါတသကြီးပင့်၍ဆိုလေသည်
"မင်းတို့က ငါနဲ့တွမ့်မူဟန်ရဲ့ဆက်ဆံရေးကို သံသယဝင်နေကြတာလား"
"ဒီလိုဆိုရင်လည်း မေ့လိုက်ကြတော့"
လို့ယွမ်က အလျင်အမြန်ဝင်တားလေသည်။
"အကြီးအကဲ စိတ်လျှော့၊ စိတ်လျှော့။ ကွန်တော့်ရဲ့ ပြည့်စုံမှုကိုးပါးဓားကို အကြီးအကဲဆီပေးလိုက်ပါမယ်။"
"ဒီလိုမှပေါ့" အကြီးအကဲလျန် ကျေနပ်သွားလေသည်။
ဤအရာများ သူ့လက်ထဲရောက်သည်နှင့် ဖေးယွင်စီရင်စုမှထွက်သွားပေတော့မည်။ ဤအရင်းအမြစ်များနှင့်ဆိုလျှင် ဝိညာဉ်အခြေတည်အဆင့်အထိ ကျင့်ကြံနိုင်လိမ့်မည်ဖြစ်သည်။
သူလက်လှမ်းယူတော့မည့်အချိန်တွင် ကျိလင်းဟန်က လှမ်းတားလိုက်သည်။
"အကြီးအကဲ၊ တကယ်တော့ကျွန်မတို့က လက်စားချေဖို့အတွက် တွမ့်မူမိသားစုကို အကူအညီတောင်းစရာမလိုပါဘူး"
လို့ယွမ်မှာ သူကမ်းပေးနေသော ဝိညာဉ်ဓားကို ချက်ချင်းပြန်ယူလိုက်ပြီး မေးလိုက်သည်။
"ဘယ်လို၊ အစ်မကြီး တကယ်ပြောတာလား"
"ဟုတ်တယ် အစ်မကြီး ဘယ်လိုအကြံရှိလို့လဲ"
ဤအုပ်စုတွင် အကြီးအကဲလျန်ပြီးလျှင် ကျိလင်းဟန်မှာ အရေးအပါဆုံးဖြစ်သည့်အားလျော်စွာ တပည့်အားလုံးစုဝေးလာကြပြီးနောက် တစ်ယောက်တစ်ပေါက် မေးမြန်းကြတော့သည်။
အကြီးအကဲလျန်၏စကားကြောင့်သာ အရင်းအမြစ်များကိုပေးရန်ဆုံးဖြတ်ကြခြင်းဖြစ်ရာ အရင်းအမြစ်များမသုံးရသည့်နည်းလမ်းရှိလျှင် လိုချင်ကြသည်မှာအမှန်ပင်။
သံပုရာသီးလေးများ လက်ထဲမှလွတ်သွားတော့မည်ဖြစ်ရာ (အချဉ်ဖမ်းမရတော့ဘူးလို့...) အကြီးအကဲလျန်မှာ မျက်နှာကြီးမည်းမှောင်၍ ကျိလင်းဟန်ကို သေအောင်ကျိန်ဆဲလေတော့သည်။
"နည်းလမ်းရှိတာလား။ ဘယ်လိုနည်းလမ်းများရှိလို့လဲ။ နင်က မူလဖြစ်တည်ခြင်းအဆင့်ရှစ်လေးပဲရှိတာကို"
"နင်လည်း တွမ့်မူမိသားစုနဲ့သိသေးတာလား"
"ဒါမှမဟုတ် နေဝန်းနီဂိုဏ်းရဲ့ အဓိကတပည့်တစ်ယောက်နဲ့ ဆက်ဆံရေးရှိတာများလား"
အကြီးအကဲလျန်မှာ အလွန်စိတ်တိုသွားသည့်အလျောက် ထေ့လုံးငေါ့လုံးများထွက်လာတော့၏။
အကြီးအကဲလျန်၏ ထေ့ငေါ့စကားကြောင့် တပည့်များမှာ အမြင်မကြည်ဖြစ်ကုန်ကြတော့သည်။ ကျိလင်းဟန်ဆိုသည်မှာ သူတို့အတွက် အစ်မကြီး အမိအရာဖြစ်၏။ သူတို့အပေါ် အမေကဲ့သို့ ကောင်းမွန်စွာဆက်ဆံခဲ့သူ၊ ဂိုဏ်းချုပ်၏တစ်ဦးတည်းသောတပည့်၊ နောက်တက်မည့်ဂိုဏ်းချုပ်ဖြစ်သည်။
အကြီးအကဲလျန်မှာ တပည့်များအမြင်မကြည်ဖြစ်လာသည်ကိုတွေ့၍ လေသံလျှော့ရလေတော့သည်။
"ပြောပါဦး၊ ဘယ်လိုအစီအစဉ်များရှိလို့လဲ"
"အစီအစဉ်ကတော့ စီနီယာကျန်းချန်ပဲ"
ကျိလင်းဟန်က ဘေးဖယ်လိုက်ပြီး နောက်တွင်ရပ်နေသည့်ကျန်းချန်ကို လူတိုင်းနှင့်မိတ်ဆက်ပေး၏။
"ဒီစီနီယာရဲ့ခွန်အားက မခန့်မှန်းနိုင်လောက်အောင်ပဲ။ သူက ဂိုဏ်းကြီးငါးဂိုဏ်းကို လက်စားချေပေးဖို့နဲ့ ဖေးရှန်ဂိုဏ်းရဲ့ ဂိုဏ်းချုပ်နေရာကိုဆက်ခံဖို့ သဘောတူပြီးပြီ။"
ကျန်းချန်မှာ ဤသို့သောအခြေအနေမျိုးတွင် ရှက်မနေနိုင်ပေ။ သူက လောကသုံးပါးကို ညီညွှတ်စေမည့်သူလည်းဖြစ်သည်မလား။
လို့ယွမ်၊ ရင်ရှုအာနှင့် အခြားသူများ၏ ပြောစကားများနှင့် လုပ်ဆောင်မှုများကို ယခုပင် တွေ့မြင်ကြားသိပြီးဖြစ်၏။ သူတို့၏ဆရာများအတွက် လက်စားချေလိုစိတ်ရှိခြင်းက လူယုတ်မာများမဟုတ်ကြောင်း ပြသနေသည်။ ထို့ကြောင့် သူသဘောကျနေရခြင်းဖြစ်၏။
သူ့အမြင်တွင် ထိုကလေးများမှာ သူ၏လက်အောက်ငယ်သားများသာဖြစ်သည်။
ထို့ကြောင့် သူရှေ့ထွက်ပြီးနှုတ်ဆက်လိုက်သည်။
"အားလုံးမင်္ဂလာပါ...."
"အာ"
"ဂိုဏ်းချုပ်လား"
"ဒါက... အစ်မကျိ၊ သူကဘယ်လိုလုပ် ဂိုဏ်းချုပ်ဖြစ်လာတာလဲ"
သူ့ကိုမြင်လျှင် အားလုံးမယုံနိုင်ဖြစ်ကြမည်ကို ကျိလင်းဟန် ကြိုတင်မှန်းဆပြီးဖြစ်လေ၏။
"လူတိုင်းပဲ ဖေးရှန်ဂိုဏ်းရဲ့ လက်ရှိအနေအထားကိုသိကြတယ်မလား။ ဒီအချိန်မျိုးမှာ ဒီဝန်ထုပ်ဝန်ပိုးကို ဝင်ထမ်းလိုက်တာက မီးတွင်းထဲခုန်ဆင်းလိုက်တာပဲ"
ကျိလင်းဟန်မှန်လေသည်။ ဤအချိန်တွင် ရှေ့ထွက်၍ ဖေးရှန်ဂိုဏ်းမှဖြစ်ကြောင်း ပြောဆိုခြင်းမှာ ဂိုဏ်းကြီးလေးဂိုဏ်း၏ အမုန်းတရားကို ဆွဲဆောင်ခြင်းဖြစ်၏။
အခြားသူတစ်ဦးသာဆိုလျှင် ဤနေရာကိုယူရဲပါ့မလား။
"ဒီတစ်ခုတည်းကိုပဲကြည့်ပြီးပြောရမယ်ဆိုရင်တောင်မှ စီနီယာကျန်းချန်ကို ဂိုဏ်းချုပ်အဖြစ် အသိအမှတ်ပြုတယ်၊ ငါ၊ ကျိလင်းဟန်ရဲ့အသက်ကို ကယ်ထားတာကိုမပြောသေးဘူး..."
"အာ၊ အစ်မကြီးကို ကယ်ထားတာလား"
"ဘာဖြစ်ခဲ့တာလဲ"
ကျိလင်းဟန်က ယောင်ယွင်ရွှမ်၏ လိုက်လံတိုက်ခိုက်မှုနှင့် သေဆုံးမှုများ၊ ယောင်ချိုးလင်နှင့် အခြားသူများရောက်ရှိလာပြီး ကျန်းချန်လက်ချက်ဖြင့် သေဆုံးရခြင်းများကို ပြန်ပြောပြလေသည်။
ထို့နောက် တပည့်များမှာ ကျန်းချန်ကို ငေးကြည့်မိကြပြီး ပိုမိုရင်းနှီးလာသည်ဟု ခံစားလာကြရတော့သည်။
"စီနီယာက အစ်မကြီးကို ကယ်ခဲ့တာကိုး၊ ခုနတုန်းက ရိုင်းပြခဲ့မိတာ တောင်းပန်ပါတယ်"
"စီနီယာကို တကယ်ကျေးဇူးတင်ပါတယ်"
ကျန်းချန်မှာ ဝိညာဉ်ခွဲထုတ်ခြင်းအဆင့် အကြီးအကဲသုံးဦးကို သတ်နိင်ခဲ့သူဖြစ်ရာ သာမန်ခွန်အားဖြင့်တော့ မဖြစ်နိုင်ပေ။
ဂိုဏ်းချုပ်ဟောင်းပင် ထိုသို့လုပ်နိုင်မလား မသေချာချေ။
ဖေးရှန်ဂိုဏ်း၏ လက်ရှိအခြေအနေတွင် ဤသို့သောရွှေပေါင်ကြီးကို တင်းတင်းဖက်ထားရပေမည်။
"ဘာမှမဟုတ်ပါဘူး၊ အသေးအဖွဲလေးပါ"
လောကသုံးပါးကို ညီညွှတ်စေခြင်းမှာ သုညကစရမည်ဖြစ်ရာ သူ့တွင် လက်အောက်ခံများစွာ လိုအပ်နေလေ၏။
ကျန်းချန်က လက်သီးဆုပ်၍ တုံ့ပြန်ပြီး လေထုမှာ အလွန်သာယာနေလေရာ....
"မဖြစ်နိုင်လိုက်တာ၊ တကယ်ကို အဓိပ္ပါယ်မရှိဘူး..."
အကြီးအကဲလျန်က နှာမှုတ်လိုက်ပြီးပြောသည်
"မင်းက ဝိညာဉ်ခွဲထုတ်ခြင်းအဆင့်လေးပဲရှိတာကို ဒီလူအိုကြီးက မမြင်နိုင်ဘူးလို့ ထင်နေတာလား"
သူ၏ကျင့်ကြံခြင်းအဆင့်မှာ ကျန်းချန်ထက်မြင့်သည့်အလျောက် တစ်ချက်ကြည့်ရုံဖြင့် မြင်နိုင်လေသည်။
"မင်းကများ ယောင်ချိုးလင်၊ ရွှမ်မင်ယုနဲ့ ထိုက်ရှင်းတို့ကို သတ်နိုင်ခဲ့တာလား"
ကျိလင်းဟန်က အလျင်အမြန်ဝင်ပြောလိုက်သည် "အကြီးအကဲ၊ ဒီသုံးယောက်က တကယ်ပဲသေသွားတာပါ၊ မယုံရင် တားမြစ်နယ်မြေကိုသွားကြည့်လို့ရတယ်။ သူတို့အလောင်းတွေ အခုထိရှိသေးတယ်"
အကြီးအကဲလျန်က အေးစက်စွာပြုံးလိုက်ပြီး "သူက အဲ့ဒီသုံးယောက်နဲ့တိုက်ခိုက်တာကို ကိုယ်တိုင်မြင်ခဲ့တာလား"
ကျိလင်းဟန် နင်သွားသည်။