← Chapters

သေပြီလား

Vol. 2 Ch. 14

သေပြီလား

Vol. 2 Ch. 14

"အဲ့အချိန်တုန်းက ကျွန်မသတိမေ့နေတာ၊ ဘယ်လိုဖြစ်သွားလဲတော့ မတွေ့လိုက်ဘူး... ဒါပေမယ့် အဲ့နေရာမှာက ဂိုဏ်းချုပ်ကျန်းကလွဲလို့ ဘယ်သူမှမရှိဘူး..."

အကြီးအကဲလျန်မှာ ဂယ်ပေါက်ကြီးတစ်ခုတွေ့လိုက်ရသလို မေးလေသည်။

"ဆိုတော့ ဖြတ်သွားဖြတ်လာတစ်ယောက်မှမရှိဘူးလို့ အာမခံနိုင်လို့လား"

"မတွေ့လိုက်ဘူးဆိုတော့ သူသတ်လိုက်တယ်ဆိုတာကို ဘယ်အကြောင်းအရာပေါ်မူတည်ပြီး ဆုံးဖြတ်လိုက်တာလဲ"

"တူမလေးကျိက သေသေချာချာမစစ်ဆေးဘဲနဲ့ အပြင်လူတစ်ယောက်ကို ဂိုဏ်းချုပ်အဖြစ် သတ်မှတ်ခဲ့တာလား။"

"ဂိုဏ်းချုပ်နေရာက အရမ်းအရေးကြီးတဲ့နေရာလေ။ ဒီကိစ္စကြောင့် လူတိုင်းကိုထိခိုက်စေရင် တူမလေးမှာပဲ အပြစ်တွေပုံနေတော့မှာပေါ့"

အကြီးအကဲလျန်က တစ်ဆင့်ချင်း မေးခွန်းထုတ်၍ ကြပ်လေတော့သည်။

ကျိလင်းဟန်မှာ စကားပြောမကောင်းသဖြင့် မည်သို့တုံ့ပြန်ရမည်မသိဘဲ ဆွံ့အနေတော့သည်။

ကျန်းချန်ကိုယုံကြည်သည့်အပြင် ဖေးရှန်ဂိုဏ်းမှ အကျိုးအမြတ်ရနိုင်စရာကိုလည်း မမြင်သည့်အတွက် သိပ်မတွေးတော့ခြင်းဖြစ်၏။

"တော်ပြီ.. တော်လောက်ပြီ၊ ခင်ဗျားပြောလို့ပြီးပြီလား"

ကျန်းချန် ဘေးကရပ်ကြည့်နေတာကြာပြီဖြစ်ပြီး သိပ်စိတ်မရှည်တော့ပေ။

ဤအကြီးအကဲလျန်ဆိုသူမှာ တပည့်များ၏အရင်းအမြစ်များကို အပိုင်သိမ်းချင်နေကြောင်း တစ်ချက်ကြည့်ရုံဖြင့် မြင်နေရလေသည်။ အကြီးအကဲလျန်၏အကြံအစည်ကို ဝင်ဖျက်စီးသလိုဖြစ်နေသည့်အတွက် သူ့ကိုရန်လိုနေခြင်းသာ။

"ဒီနေရာမှာ အငြင်းပွားနေလို့ ဘာအဓိပ္ပါယ်ရှိမှာလဲ။ ဖေးရှန်ဂိုဏ်းကို သွားပြန်သိမ်းတာကမှ အဓိပ္ပါယ်ရှိဦးမယ်"

အကြီးအကဲလျန်မှာ စိတ်တိုနေခဲ့သော်လည်း ဤစကားကိုကြားပြီးနောက် အော်ရယ်လေတော့သည်။

"ပြန်သိမ်းမယ် ဟုတ်လား၊ မင်းတစ်ယောက်တည်းနဲ့လား"

သူက ကျန်းချန်ကို အထက်အောက်စုန်ဆန် ကြည့်လိုက်သည်။ သူ့အမြင်တွင် ကျန်းချန်မှာ ဝိညာဉ်ခွဲထုတ်ခြင်းအဆင့်လေးတွင်သာရှိနေပြီး ဖေးရှန်ဂိုဏ်းကို ပြန်လည်သိမ်းပိုက်ရန်မှာ သေခြင်းတရားကိုရှာဖွေခြင်းဖြစ်၏။

ဂိုဏ်းကြီးလေးဂိုဏ်းက သိမ်းပိုက်ပြီးနောက်တွင် သူတို့ပြန်သွား၍ရှာဖွေကြသေးသည်။ ဂိုဏ်းကြီးလေးဂိုဏ်းက ထိုနေရာတွင် လူတစ်ချို့ချန်ထားခဲ့သေးသည်။

ဝိညာဉ်ခွဲထုတ်ခြင်းအဆင့်ကျင့်ကြံသူနှစ်ဆယ်ထက်မနည်း ရှိနေခြင်းဖြစ်ရာ ကျားမြီးဆွဲခြင်းဖြစ်ပေမည်။

"အမှန်ပဲ၊ ကျုပ်တစ်ယောက်တည်းပဲ။ ကျုပ်လုပ်နိုင်ခဲ့ရင် ခင်ဗျားဘယ်လိုလုပ်ပေးမလဲ"

"မင်းသာလုပ်နိုင်ခဲ့ရင် မင်းကိုချက်ချင်းပဲ ဂိုဏ်းချုပ်အဖြစ် ဒူးထောက်အရိုအသေပြုမယ်"

အကြီးအကဲလျန်မှာ ကျန်းချန်ကို ဖေးရှန်ဂိုဏ်းနေရာသို့သွားပြီ သေသွားသည်ကိုကြည့်ရန် မစောင့်နိုင်တော့ပေ။ ကျန်းချန်သေသွားလျှင် ဤတပည့်အုပ်စုတွင် သူ့အကြံကိုလက်ခံရန်မှလွဲ၍ ရွေးချယ်စရာမရှိတော့ချေ။

တပည့်များမှာ စိုးရိမ်စိတ်များဝင်လာကြသည်။ ကျန်းချန်၏ခွန်အားကိုမဆိုထားနှင့်၊ ဖေးရှန်ဂိုဏ်း အခက်ခဲဆုံးအချိန်တွင် ဂိုဏ်းထဲဝင်ခြင်းကပင် ကြင်နာမှုပြခြင်းဖြစ်သည်။ ထို့အပြင် ကျိလင်းဟန်ကိုကယ်တင်ထားခြင်းက အမှန်တကယ်ဖြစ်ပြီး သူတို့ကို မျက်နှာသာပေးခြင်းဖြစ်၏။

လို့ယွမ်နှင့်အခြားတပည့်များက ကျန်းချန်ကို ဖျောင်းဖျလိုကြသည်။

"စီနီယာ၊ အဲ့အကြောင်းကို သေချာဆွေးနွေးကြဦးစို့လေ..."

"ဟုတ်တယ်၊ လက်စားချေဖို့ လောနေစရာမလိုပါဘူး"

ကျန်းချန်က လူ့လက်ထဲမှဓားကိုပွတ်သပ်၍ ပြုံးလိုက်သည်။

"ဒီရန်သူတစ်စုက ငါ့အတွက်တော့ ကြက်ကလေး၊ ငှက်ကလေးပါပဲ" (အသာလေးသတ်လို့ရတယ်လို့ ကြွားတာ)

ထိုသို့ပြောပြီးနောက် လေပေါ်ပျံတက်သွားတော့သည်။

ကျိလင်းချန်မှာ သူ့ကိုယုံကြည်ပြီး ပထမဆုံးလိုက်သူဖြစ်လေ၏။

ကျိလင်းချန်လည်းလိုက်သွားသည်ကိုကြည့်ပြီး အခြားသူများလည်းလိုက်ကြတော့သည်။

အကြီးအကဲလျန်မှာဒေါသထွက်ထွက်ဖြင့် ခြေဆောင့်‌လေ၏။ လိုက်သွားလျှင် အဝိုင်းခံရနိုင်သည်၊ နေခဲ့ပြန်လျှင်လည်း သူရဲဘောကြောင်ရာကျသည်။ ဘာပဲဖြစ်လာဖြစ်လာ လိုက်ရပေတော့မည်။

"အခေါင်းမမြင်မချင်း မျက်ရည်ကျမဲ့အမျိုးမဟုတ်ဘူး။ မင်းသေသွားတာကို စောင့်ကြည့်ဦးမယ်..."

ဖေးရှန်ဂိုဏ်းအပြင်ဘက်ရှိတောင်ပေါ်သို့ရောက်သောအခါ လူတိုင်းက သူတို့၏အိမ်ကိုကြည့်၍ ဝမ်းနည်းမှုနှင့် ဒေါသတို့ကို တစ်ပြိုင်နက်ခံစားကြရသည်။

အတွင်းတွင် လှုပ်ရှားနေသူများကိုလည်း မြင်နေရသည်။

ဂိုဏ်းကြီးလေးဂိုဏ်းက ဖေးရှန်ဂိုဏ်းကို တိုက်ခိုက်သိမ်းပိုက်ပြီးနောက် ရှိသမျှအကုန်ယူဆောင်ကြခြင်းဖြစ်၏။

"ဒီလူတွေက ဘိုးဘေးရဲ့ရုပ်တုကိုတောင် ဖြိုချလိုက်ကြတာပဲ"

"ဝိညာဉ်သွေးကြောကိုလည်း ဖြတ်တောက်သွားတယ်"

"အဓိကခန်းမကြီးကိုလည်း ဖြိုချပစ်လိုက်ပြီ"

"ယုတ်မာလိုက်ကြတာ"

လူတိုင်းမှာ သူတို့ရှေ့ရှိမြင်ကွင်းကိုကြည့်၍ အလွန်ဒေါသထွက်နေကြသည်။

သို့သော်လည်း ခွန်အားကွာခြားချက်မှာ သိသာထင်ရှားလွန်းလှသဖြင့် ဒေါသကိုမျိုသိပ်နေကြရပေ၏။

"ဂိုဏ်းချုပ်၊ ကျွန်မတို့ ဘယ်လိုကူညီပေးရမလဲ"

လက်ရှိတွင် ကျန်းချန်ကို ဂိုဏ်းချုပ်ဟုခေါ်ဆိုသူမှာ ကျိလင်းဟန်တစ်ဦးသာရှိလေသည်။

"ရန်သူတွေကို ငါတစ်ယောက်တည်းရင်ဆိုင်မယ်၊ မင်းတို့က ဒီကနေ ငါ့ကိုအားပေးကြပေါ့"

ထိုသို့ပြောပြီးနောက် ဓားဆွဲ၍ထွက်သွားလေသည်။

ကျိလင်းဟန်မှာ စီနီယာ၏အရှိန်အဝါက အလွန်ချောမောကြောင်း ခံစား၍ပီတိဖြာကာ မျက်လုံးအရောင်များ တောက်ပနေတော့သည်။

အခြားသူများမှာမူ ဆွံ့အလျှက်...

"စီနီယာက ယုံကြည်မှုအရှိလွန်နေတာမလား..."

"ဟုတ်တယ်၊ အဲ့လိုသာ ပျံဝင်သွားရင် သေချာပေါက်ရိုက်ခံရတော့မှာပဲ"

"ခိုးဝင်ပြီးသတ်တာက ပိုကောင်းမယ်ဆိုတာ ငါပြောရဲတယ်"

အကြီးအကဲလျန်က နှာမှုတ်လိုက်ပြီး "သူသေချင်နေမှတော့ ဘယ်သူမှတားနိုင်မှာမဟုတ်ဘူး"

ကျန်းချန်ပျံသန်းသွားသည်မှာ အလွန်မြန်ဆန်လှပြီး မျက်နှာချင်းဆိုင်ရှိလူအုပ်မှာ မတုံ့ပြန်နိုင်လိုက်ခင်မှာပင် အဓိကခန်းမရှေ့ရှိရင်ပြင်ပေါ် ဆင်းသွားလေသည်။

ဂိုဏ်းကြီးလေးဂိုဏ်း၏ အဓိကအင်အားစုများမှာ ကျူပင်ခုတ်ကျူငုတ်မကျန်စေရန်အတွက် ဖေးရှန်ဂိုဏ်းမှကျန်ရစ်သူများကို လိုက်လံရှာဖွေသုတ်သင်နေကြပြီး ဤနေရာတွင်ကျန်နေကြသူများမှာ အကျွင်းအကျန်များကိုရှာဖွေနေသည့် ဝိညာဉ်ခွဲထုတ်ခြင်းအဆင့် ၁၈ ယောက်နှင့် တပည့်ရှစ်ဆယ်ကျော်သာဖြစ်သည်။

ဤလူအုပ်စုမှာ တိုက်ပွဲအကျွင်းအကျန်များကို ရှာဖွေရှင်းလင်းနေခြင်းအဖြစ် သတ်မှတ်နိုင်လေသည်။ သူတို့က အုတ်တစ်ချပ်ပင် ချန်မထားလိုသည့်အတွက် ဤအဖွဲ့ကို ရှိသမျှအကုန် ယူဆောင်လာခိုင်းထားခြင်းဖြစ်၏။

ကျန်းချန်ပေါ်လာသည်နှင့်တစ်ပြိုင်နက် ထိုအုပ်စုက သတိထားမိသွားတော့သည်။

"မင်းဘယ်သူလဲ"

သို့သော်လည်း ကျန်းချန်မှာ ဖေးရှန်ဂိုဏ်းမှမဟုတ်သဖြင့် သူတို့မသိကြပေ။

"ငါတို့ဂိုဏ်းကြီးလေးဂိုဏ်း ဒီမှာအလုပ်လုပ်နေတယ်၊ မဆိုင်သူတွေ ဝင်မရှုပ်နဲ့"

ကျန်းချန်မှာ ဝိညာဉ်ခွဲထုတ်ခြင်းအဆင့်လေးဖြစ်ကြောင်း မတွေ့ရှိထားလျှင် ထိုအကြီးအကဲများမှာ ကျန်းချန်ကိုချက်ချင်းသတ်ပစ်လိုက်မည်ဖြစ်သည်။

"မင်းတို့က အလုပ်လုပ်နေကြတာလား"

"တိုက်ဆိုင်လိုက်တာ၊ ငါလည်းဒီကို အလုပ်ကိစ္စနဲ့လာတာပဲ"

ကျန်းချန်က လှောင်ပြောင်စကားဆိုသည်။

တစ်ဘက်ခြမ်းရှိအကြီးအကဲမှာ ဒေါသထွက်သွားပြီး တပည့်များမှာလည်း စုစည်းလာကြတော့သည်။

"ဘာပြောချင်တာလဲဆရာကြီး... ဖေးရှန်ဂိုဏ်းအတွက် ရပ်တည်ပေးချင်တာလား"

"ကိုယ့်ခွန်အားကို ပြန်သုံးသပ်ဖို့ အကြံပေးချင်တယ်"

"မင်းအတွက် ဘာကောင်းတာလည်းဆိုတာသိရင် မြန်မြန်လစ်လိုက်တော့..."

ကျန်းချန်အကြောင်းမသိသဖြင့် သူတို့က ချက်ချင်းသတ်ဖြတ်ခြင်းမပြုချေ။ နောက်ခံတောင့်နေလျှင် ဒုက္ခများလှသည်။

ကျန်းချန်ပြုံးလိုက်ပြီး သူတို့ကို အမှားပြင်ပေးလိုက်သည်။

"ငါဒီကိုလာတာ ဖေးရှန်ဂိုဏ်းအတွက် ရပ်တည်ပေးမလို့မဟုတ်ဘူး၊ ရှင်းလင်းရေးလာလုပ်တာ"

ရှင်းလင်းရေးလား။ အကြီးအကဲများမှာ ရုတ်တရက် နားမလည်လိုက်ကြပေ။

"ဘာပြောချင်တာလဲ"

"ပြောချင်တာက... အခု ဖေးရှန်ဂိုဏ်းရဲ့ဂိုဏ်းချုပ်က ငါပဲ။ မင်းတို့က ငါ့ပစ္စည်းတွေကို ငါ့မျက်စိရှေ့မှာ ရွှေ့ပြောင်းနေကြတာလေ။ ဒါက လေးစားမှုမရှိရာကျတယ်မလား"

သူပြောပြီးပြီးချင်း ရန်သူများက ဓားများဆွဲထုတ်၍ သူ့ကိုဝိုင်းထားကြတော့သည်။

"မင်းက ဖေးရှန်ဂိုဏ်းရဲ့ဂိုဏ်းချုပ်အသစ်လား"

ရန်သူအကြီးအကဲများ အံ့ဩစွာမေးသည်။

"မှန်ပါ့၊ မ‌နေ့ကမှ အသစ်စက်စက်ခန့်အပ်ထားတာ"

"ဖေးရှန်ဂိုဏ်းက ကျန်တဲ့လူတွေအကုန်အရူးတွေပဲ။ ဒီလိုလူမျိုးကိုရှာလာပြီး ဂိုဏ်းချုပ်အသစ်အဖြစ် ခန့်အပ်ထားတယ်တဲ့..."

ဂိုဏ်းကြီးလေးဂိုဏ်းရှိ ကျန်သည့်အကြီးအကဲများလည်း ဤနေရာကိုပြေးလာကြသည်။

ကျန်းချန်မှာ ဝိညာဉ်ခွဲထုတ်ခြင်းအဆင့်လေးတွင်ရှိနေသော်လည်း မည်သည့်အကြီးအကဲနှစ်ဦးမဆို သူ့ကိုသတ်နိုင်လေသည်။

သို့သော်လည်း သူက ဂိုဏ်းချုပ်ဖြစ်သည့်အတွက် အနည်းငယ်ကြီးမြတ်အောင်လုပ်ရန်လိုအပ်လေသည်။

"မင်း ရောက်လာပြီဆိုတော့လည်း အသက်ရှင်လျှက်ပြန်ထွက်လာဖို့မစဉ်းစားနဲ့တော့"

အဝေးရှိတောင်တစ်ခုပေါ်တွင်ပုန်းနေသည့် အကြီးအကဲလျန်မှာ ဤမြင်ကွင်းကိုကြည့်၍ အော်ရယ်လုမတတ်ဖြစ်နေလေသည်။

ဒီကလေးက ခေါင်းမာလွန်းတာလား။ တကယ်သေချင်နေတာပဲ။

လို့ယွမ်နှင့် အခြားတပည့်များမှာ အလွန်စိုးရိမ်နေကြသည်။

"မကောင်းဘူး၊ စီနီယာကျန်းကို ဝိုင်းထားကြပြီ"

"ရန်သူက ဝိညာဉ်ခွဲထုတ်ခြင်းအဆင့် ၁၈ ယောက်နဲ့ လူတစ်ရာကျော်ရှိတယ်၊ ဒါက သေလမ်းကိုလျှောက်လှမ်းတာပဲ"

"သူကသာ ဝိညာဉ်အခြေတည်အဆင့်မဟုတ်ရင်..."

"အလို..."

အကြီးအကဲလျန်မှာ တပည့်များက ကျန်းချန်ကို အပြေးအလွှားသွားကယ်၍ သူတို့ပါအဝိုင်းခံရမည်ကို စိုးရိမ်နေလေသည်။

"စိတ်လိုက်မာန်ပါ မလုပ်ကြနဲ့"

"သူဘာသာသေချင်တာက သူ့ကိစ္စပဲ။ မင်းတို့ပါသေသွားမယ်ဆိုရင် ဖေးရှန်ဂိုဏ်း လုံးဝပျောက်ကွယ်သွားလိမ့်မယ်။"

ဤတပည့်များ ထိုနေရာသို့သွား၍ သေသွားကြလျှင် သိုလှောင်လက်စွပ်များအတွင်းရှိ အရင်းအမြစ်များကို သူမရရှိနိုင်တော့သည့်အတွက် အကြီးအကဲလျန်မှာ အလျင်အမြန်ဝင်တားလေတော့သည်။

"စီနီယာမှာ ယုံကြည်မှုရှိလို့ ဒီလိုလုပ်တာပဲဖြစ်ရမယ်"

ကျိလင်းဟန်က ကျန်းချန်မှာ နှစ်တစ်ထောင်ကျော်အသက်ရှင်ခဲ့ပြီးဖြစ်သည်ဟု ကိုယ်တိုင်ပြောသည်ကို ကြားခဲ့သည်ဖြစ်ရာ ယုံကြည်စိတ်ချနေလေသည်။

သို့သော်လည်း သူပြောပြီးပြီးချင်းရှိသေး အဝေးရှိကျန်းချန်မှာ သွေးအိုင်ထဲလဲသွားတော့သည်။

All Chapters