ကောင်းကင်ကပ်ဘေး မိုးကြိုး
Vol. 2 Ch. 15
ဂိုဏ်းကြီးလေးဂိုဏ်းမှ အကြီးအကဲများမှာ တွန့်ဆုတ်ခြင်းမရှိ စကားတစ်လုံးမှမပြောတော့ဘဲ တိုက်ခိုက်လိုက်ခြင်းဖြစ်၏။
ဝိညာဉ်ခွဲထုတ်ခြင်းအဆင့် ဆယ့်ရှစ်ယောက်ဖြစ်ရာ ကျန်းချန်မှာ မခုခံနိုင်လိုက်ဘဲ အသတ်ခံလိုက်ရလေသည်။
သူသေသွားသည်မှာ မြန်လွန်းသောကြောင့် အားလုံးမှာ ကြောင်အနေကြသည်။
'ဒါက အရမ်းလွယ်လွန်းမနေဘူးလား'
'ဒီလူက ဂိုဏ်းချုပ်လို့ပြောခဲ့တာမလား'
'သူ့မှာဝှက်ဖဲတွေရှိမှာလို့ထင်ထားတာလေ၊ အခုတော့ ဒါပဲလား'
'တကယ်ကြီးလား'
"ကြည့်ရတာ ဒီလူက အရူးတစ်ကောင်ပါပဲ"
"အချိန်ကုန်တာပဲအဖတ်တင်တယ်၊ ဘာမှန်းတောင်မသိလိုက်ဘူး"
တောင်၏အခြားဖက်ခြမ်းရှိလူအုပ်ကြီးမှာ အံ့ဩလွန်း၍ ပါးစပ်များဟလျှက် ကြောင်ကြည့်နေကြသည်။
ဒီလူ တကယ်သေသွားတာဟ။
"မဟုတ်ဘူး..."
အားဟွမ်ကိုပွေ့ထားသည့် ကျိလင်းဟန်မှာ မေ့လဲလုမတတ်ဖြစ်သွားသည်။
သူ့မြင်ရသည်ကိုပင် မယုံနိုင်လောက်အောင်ဖြစ်ရသည်။ စီနီယာက အလွန်ခွန်အားကြီးတာမလား။ ကောင်းကင်ကံကြမ္မာအဆင့်မှာရှိတာမဟုတ်ဘူးလား။
"ဟမ့်၊ ကြည့်ရတာတော့ လူကဲခတ်မှားသွားတဲ့ပုံပဲ တူမလေးကျိ"
ကျန်းချန်အသတ်ခံလိုက်ရကြောင်း မြင်ရသည့်အချိန်တွင် အကြီးအကဲလျန်မှာ ရင်ထဲကအလုံးကြီး ပြုတ်ကျသွားတော့သည်။
"သူ့လိုလူမျိုးက ငါတို့ဂိုဏ်းချုပ်ဖြစ်ဖို့ မထိုက်တန်ဘူး"
"သွားကြစို့၊ ဒီမှာဘာမှကြည့်စရာမရှိတော့ဘူး။ တွမ့်မူမိသားစုကို အရင်းအမြစ်တွေပေးပြီး အကူအညီတောင်းတာကမှ ပိုလက်တွေ့ကျသေးတယ်"
ဤအချိန်တွင် မည်သူမျှ သူ့ကိုမဆန့်ကျင်နိုင်တော့ပေ။
ထိုအချိန် ပင်မရင်ပြင်တွင် ဝိညာဉ်ဖြစ်သွားသောကျန်းချန်မှာ အလွန်တည်ငြိမ်နေလေသည်။
"လက်ခံသူအသတ်ခံလိုက်ရသည်။ စနစ်က ရန်သူ၏ခွန်အားကို သုံးသပ်နေပြီး လက်ခံသူအတွက် အသက်ပြန်ရှင်၍ အနိုင်တိုက်ရမည့်အပိုင်းကို စီစဉ်နေသည်..."
"ရန်သူ၏ခွန်အားက လက်ခံသူထက်အဆများစွာသာလွန်နေကြောင်း တွေ့ရှိသည့်အတွက် အဆင့်တစ် ကောင်းကင်ကပ်ဘေး မိုးကြိုးကို စနစ်က စီစဉ်ပေးလိုက်သည်... ကပ်ဘေးမိုးကြိုးထွက်ပေါ်လာသည်နှင့် ကောင်းကင်ကံကြမ္မာအဆင့်အောက်ရှိ မည်သူမဆို ပြာကျမည်။"
ကောင်းကင်ကပ်ဘေး မိုးကြိုးဆိုသည်မှာ တာအိုနန်းတော်အဆင့်မှ သူတော်စင်အဆင့်သို့ တက်ရောက်ချိန်တွင်ကျရောက်သည့် ကပ်ဘေးမိုးကြိုးဖြစ်သည်။ ပထမအဆင့် ကောင်းကင်ကပ်ဘေး မိုးကြိုးကို အဆာပြေအဖြစ်သာသတ်မှတ်နိုင်ပြီး အားပျော့သည်ဟု သတ်မှတ်နိုင်သည်။တာအိုနန်းတော်အဆင့်မဆိုထားနှင့် ကောင်းကင်ကံကြမ္မာအဆင့်ပင်လျှင် သေချာခုခံလျှင် အသက်ရှင်နိုင်သည်။
သို့သော်လည်း ကောင်းကင်ကပ်ဘေး မိုးကြိုးက အဆင့်လေး သို့မဟုတ် အဆင့်ငါး ရောက်သည့်အခါ အလွန်အန္တရာယ်များလေသည်။ အဆင့်ရှစ်၊ အဆင့်ကိုး မိုးကြိုးများသည် အထွတ်အထိပ်မိုးကြိုးများဖြစ်၍ တာအိုနန်းတော် အထွတ်အထိပ်အဆင့်အများစုပင် မခုခံနိုင်ဘဲ သေဆုံးကြရသည်။
သို့သော်လည်း ဤရန်သူအုပ်စုမှာ ဝိညာဉ်ခွဲထုတ်ခြင်းအဆင့်ခုနှစ်က အမြင့်ဆုံးဖြစ်လေရာ အဆင့်တစ်ကောင်းကင်ကပ်ဘေး မိုးကြိုးက သူတို့အတွက် ကပ်ဘေးကြီးပင်ဖြစ်၏။
"ဒင်၊ လက်ခံသူ နိုးထစေ။"
ကျန်းချန်နိုးလာသည်နှင့်တစ်ပြိုင်နက် ကောင်းကင်ပေါ်ပျံတက်သွားသည်။
ကပ်ဘေးမိုးကြိုးက သူ့ဘာသာအသက်ဝင်လာမည်ဖြစ်သော်လည်း ဤသို့သော ဟန်ထုတ်ရမည့် ရှားပါးအခွင့်အရေးကို လက်လွတ်မခံနိုင်ပေ။
ထို့အပြင် ဖေးရှန်ဂိုဏ်းတပည့်များကို သိမ်းသွင်းလိုပါက အနှိုင်းမဲ့ခွန်အားကို ပြသရန်လိုကြောင်း သူသိရှိလေသည်။ ဤနည်းလမ်းဖြင့်သာလျှင် သူ့ကို ဂိုဏ်းချုပ်အဖြစ် အမှန်တကယ်အသိအမှတ်ပြုကြမည်ဖြစ်၏။
"ဂိုဏ်းချုပ်၊ ဂိုဏ်းချုပ် မသေသေးဘူး"
ကျိလင်းဟန် ပျော်ရပြန်လေပြီ။ (ဆရာကြီးက ခနခန သေလိုက်ပြန်ရှင်လိုက်ဆိုတော့ ဝမ်းနည်းလိုက်၊ ပျော်လိုက်ပေါ့)
"ဟား ဟား၊ စီနီယာက ကစားနေတာပဲ"
"ငါသေလောက်အောင်ကြောက်သွားတာ"
အကြီးအကဲလျန်မှာ ရေအေးလောင်းချခံလိုက်ရသလို အေးခဲသွားရပြန်၏၊ စိတ်ပျက်ဖို့ကောင်းလေစွ။ မသေနိုင်ဘူး။
"ဟမ့် သူမသေတော့ရော ဘာဖြစ်လဲ"
"သူ့ခွန်အားနည်းနည်းလေးနဲ့ ကျောက်တောင်ကို ကြက်ဥနဲ့ပေါက်သလိုပဲနေမှာ"
ရင်ပြင်ပေါ်တွင်တော့ ဂိုဏ်းလေးဂိုဏ်းမှတပည့်များမှာ ထွက်သွားတော့မည်ဖြစ်သော်လည်း ကျန်းချန်ပြန်ထလာပြီး လေပေါ်ပျံတက်သွားသည်ကို တွေ့ရသည့်အခါ တစ္ဆေမြင်သလို လန့်ဖျပ်ကုန်ကြလေသည်။
"မင်း... ဘာလို့မသေသေးတာလဲ"
"ဆန်းကျယ်ချင်ယောင်ဆောင်နေတယ်... မသေသေးဘူးဆိုရင်လဲ ထပ်သတ်ကြတာပေါ့"
ထိုသူများ တိုက်ခိုက်ရန်ပြင်ဆင်နေသည့်အချိန်တွင် ကျန်းချန်၏ခေါင်းပေါ်ရှိ ကောင်းကင်ပြင်ကြီးမှာ အနီရောင်သမ်းလာတော့သည်။ ကျန်းချန်မှာလည်း အနီရောင်ဟပ်၍ သွေးရေချိုးထားသလိုဖြစ်ကာ ကြည့်ရသည်မှာ ကြောက်စရာကောင်းလာတော့၏။
ဤအခြေအနေမှာ ရုတ်တရက်ကြည့်လျှင် မှော်အစွမ်းသုံးလိုက်၍ ပုံစံပြောင်းသွားသကဲ့သို့ ထင်ရလေသည်။
"ငါ့ရဲ့ ကြီးမြတ်တဲ့ ကောင်းကင်မိုးကြိုး နည်းစနစ်ကို ခံစားကြည့်လိုက်ကြစမ်း..."
ကျန်းချန်က သူ့ဓားရှည်ကိုမြှောက်လိုက်ပြီး ညင်သာစွာခုတ်ချလိုက်၍ ဤကပ်ဘေးမိုးကြိုးမှာ သူ၏နတ်အစွမ်းဖြစ်သကဲ့သို့ ဟန်ထုတ်လေသည်။
"ဘာကြီးလဲဟ"
"သူဘာလုပ်နေတာလဲ"
အောက်ရှိလူများမှာ မပြေးနိုင်သေးပေ။ သာမန်မိုးကြိုးဆိုလျှင် ချီစုစည်းခြင်းဆင့်ကျင့်ကြံသူပင် ကာကွယ်နိုင်သည့်အတွက် မကြောက်ရွံ့ကြခြင်းဖြစ်၏။
ထို့အပြင် မိုးကြိုးအခြေပြုနည်းစနစ်များမှာ ရှားပါးလှသည်မဟုတ်ပေ။
ထို့နောက်... ထို့နောက်...
မည်သူမှအသံမထွက်လိုက်နိုင်ပေ...
*ဘုန်း*
ကျန်းချန်၏ဓားရှည်ကျဆင်းလာသည်နှင့်အတူ သွေးနီရောင်မိုးကြိုး ရာပေါင်းများစွာပါ တစ်ပြိုင်နက်ကျဆင်းလာတော့သည်။ မိုးကြိုးများမှာ မျက်စိပါသကဲ့သို့ ဂိုဏ်းလေးဂိုဏ်း၏ တပည့်များကိုသာ တိတိကျကျထိမှန်လေသည်။ ရင်ပြင်ပေါ်တွင်ဖြစ်စေ အဓိကခန်းမထဲတွင်ဖြစ်စေ မည်သည့်နေရာတွင်ရှိသည်ဖြစ်စေ တစ်ယောက်မှမလွတ်ပေ။
ကောင်းကင်ကပ်ဘေးမိုးကြိုးကား အလွန်မြန်ဆန်လှပေရာ ဤတပည့်တစ်သိုက်မှာ ခုခံဖို့မဆိုထားနှင့် အသံတစ်ချက်ပင် မထွက်လိုက်ရပေ။ အကုန်ပြာကျကုန်၏။
ကပ်ဘေးမိုးကြိုးက သာမန်မိုးကြိုးနှင့် မတူပေ။ ကျင့်ကြံသူ၏ ချီပင်လယ်နှင့် သိစိတ်ပင်လယ်ကို တိုက်ရိုက်ဖျက်စီးခြင်းဖြစ်၏။ မျက်စိတစ်မှိတ်အတွင်း အားလုံးပြာကျကုန်၍ ပြာမှုန်များသာ လေထဲလွင့်နေတော့သည်။
*အိုး*
'ဒီစနစ်က စောင်ရမ်းအစွမ်းထက်တယ်ဟ'
ကျန်းချန် ဖင်ပါတွန့်သွားလေသည်။
ကပ်ဘေးမိုးကြိုး၏အစွမ်းကို တစ်ခါမျှမမြင်ဖူးသော်လည်း သူအသက်ပြန်ရှင်ပြီးလျှင် သေချာပေါက်နိုင်မည်ကိုသိထားသည်။ သို့သော် ဤမျှလွယ်ကူမည်ဟုတော့ မမျှော်လင့်ထားပေ။
တစ်ချက်တည်း အကုန်အမြစ်ပြတ်... တစ်ယောက်မှမကျန် အကုန်ပြာကျ...
လွန်တယ်... လွန်လွန်းတယ်...
အဝေးမှကြည့်နေသည့် လို့ယွမ်နှင့် အခြားသူများမှာလည်း ဆွံ့အ။
ပထမဆုံးခံစားကြရသည်က ပျော်ရွှင်ခြင်းမဟုတ် ကြောက်ရွံ့ခြင်းတည်း။
ဝိညာဉ်ခွဲထုတ်ခြင်းအဆင့် ဆယ့်ရှစ်ယောက်ရှိတာလေ။
ဖေးရှန်ဂိုဏ်း တောက်ပစဉ်အချိန်ကဆို ဝိညာဉ်ခွဲထုတ်ခြင်းအဆင့် သုံးဆယ်လောက်ပဲရှိတာ။
တစ်ချက်တည်းအကုန်သေပြီဆိုတော့ ဘယ်လိုခွန်အားမျိုးလဲ၊ ဘယ်လောက်တောင် စွမ်းအားကြီးလွန်းတာလဲ။
ဝိညာဉ်အခြေတည်အဆင့်ဆိုရင်တောင် ဒီလိုမလုပ်နိုင်လောက်ဘူး။
အစ်မကျိပြောသလို ကောင်းကင်ကံကြမ္မာအဆင့်များလား။
ကပ်ဘေးမိုးကြိုးဆိုသည်မှာ သူတို့အဆင့်နှင့်အလွန်ဝေးကွာလှသည့်အတွက် တစ်ကြိမ်မှမမြင်ဘူးပေ။ ထို့ကြောင့် ၎င်းကို ကျန်းချန်၏ မှော်အစွမ်းတစ်မျိုးဟုသာ ထင်နေကြလေသည်။
ဖြစ်စဉ်ကိုပြန်ကြည့်ရလျှင် ကျန်းချန်ကောင်းကင်ပေါ်ပျံတက်သွားပြီး ကောင်းကင်နှင့်မြေကြီးကို ဖုံးလွှမ်းသွားလောက်သည့် သွေးနီရောင်မိုးကြိုးပစ်ချက်များစွာကို ထုတ်ဖော်လိုက်ရာ တိမ်များပင်အရောင်ပြောင်းသွားသည်။ လက်တစ်ချက်ဝှေ့ယမ်းရုံဖြင့် ရန်သူအားလုံးသေဆုံး၊ ပြာကျသွားလေရာ အလွန်ပင်ခမ်းနားလှသော မြင်ကွင်းတစ်ခုဖြစ်လေ၏။
ဤအချိန်တွင် ဖေးရှန်ဂိုဏ်းတပည့်များအားလုံး ကျန်းချန်ကို ကိုးကွယ်လိုသည့်အရိပ်အယောင်များ ပြသလာကြတော့သည်။
ကျန်းချန်၏ရည်မှန်းချက် ပြည့်ဝသွားပြီဖြစ်၏။
ဤအကွက်ဖြင့် ဖေးရှန်ဂိုဏ်းတပည့်များ၏နှလုံးသားတွင် ခိုင်မြဲစွာနေရာယူနိုင်ခဲ့လေပြီ။
"ဂိုဏ်းချုပ်"
ကျိလင်းချန်က ပထမဆုံးပျံသန်းလာသူဖြစ်၏။ သူက ကျန်းချန်အပေါ် အယုံကြည်ဆုံးသူလည်းဖြစ်ရာ ကျန်းချန်၏အစွမ်းကို လက်ခံနိုင်ဆုံးသူလည်းဖြစ်သည်။
မည်သို့ဆိုစေ ဂိုဏ်းချုပ်က စွမ်းအားကြီးပြီး သန်မာသူဖြစ်ခြင်းမှာ အကောင်းဆုံးဖြစ်၏။
ဖေးရှန်ဂိုဏ်းတပည့်များ ရင်ပြင်ပေါ်ရောက်လာကြရာ ကျန်းချန်လည်း လေပေါ်မှဖြည်းညင်းစွာဆင်းသက်လာတော့သည်။
မြေပေါ်ရောက်သည်နှင့် အလွန်ခန့်ညားသည့်ဟန်ဖမ်း၍ ဟန်ထုတ်လေတော့သည်။
*အရမ်းချောတာပဲ*
မိန်းကလေးတပည့်အချို့၏ မျက်လုံးများတွင် ကြယ်များလင်းလက်သွား၏။ (ချစ်စိတ်မွန်သွားတာ...)
စွမ်းအားလည်းကြီး ငယ်ရွယ်ချောမောသည့်ကျန်းချန်မှာ အခြားဂိုဏ်းများမှ မုတ်ဆိတ်များနှင့် လူအိုကြီးများနှင့်ယှဉ်လျှင် မိန်းကလေးတပည့်များအတွက် လမင်းကြီးပင်ဖြစ်ချေတော့သည်။
ဤအချိန်တွင် ကျန်းချန်မှာအကောင်းဆုံးဂိုဏ်းချုပ်ဖြစ်သည်ဟု ခံစားနေကြရတော့သည်။
"ဂိုဏ်းချုပ်... ဘယ်လိုများလုပ်လိုက်တာလဲ"
"ဂိုဏ်းချုပ်ရဲ့ခွန်အားက ကမ္ဘာကြီးကိုတောင်ထက်ခြမ်းခွဲနိုင်လောက်တယ်"
လို့ယွမ်နှင့် ရင်ရှုအာအပြင် အခြားတပည့်အားလုံးတို့မှာ ကျန်းချန်ကို သူတို့၏ဂိုဏ်းချုပ်အဖြစ် အမှန်အကန်၊ ရင်ထဲအသည်းထဲမှ လက်ခံသွားကြလေပြီ။
ကျန်းချန်မှာ ဂိုဏ်းချုပ်ကြီး၏ခွန်အားက သူတို့စိတ်ကူးယဉ်နိုင်သည်ထက်များစွာပိုကြောင်း ဆက်လက်ကြွားလုံးထုတ်မည်ကြံသည့်အချိန်တွင် စနစ်ကရုတ်တရက်ထမြည်လေသည်။
"ဒင်၊ လက်ခံသူက လက်အောက်ငယ်သား ၂၁ ဦး ထပ်မံရရှိသည်။ စနစ်က သူတို့၏ ပါရမီ၊ အရည်အချင်းနှင့် ခွန်အားတို့ကို စိစစ်ပြီးနောက် လက်ခံသူကို ၃၅၅ မှတ် ဆုချလိုက်သည်။"
"ဆက်ပြီးအလုပ်ကြိုးစားပါ လက်ခံသူ"
*ရဟူး.... ဒီအတွက်လည်းအမှတ်ရတယ်ကွ...*
ကျန်းချန်ပျော်လေပြီ။ ဤအတိုင်းဆိုလျှင် အနာဂတ်တွင် ဖေးရှန်ဂိုဏ်းအတွက် တပည့်လက်ခံရပေတော့မည်။ အထူးသဖြင့် ပါရမီအလွန်ကောင်းသူများဖြစ်၏။
စနစ်မှာ ပါရမီနှင့် အရည်အချင်းကို တန်ဖိုးထားပုံရလေသည်။ ကျိလင်းဟန်တစ်ဦးတည်းကပင် အမှတ် ၃,၀၀၀ တန်ပြီး အခြား ၂၁ ဦးမှာ ၃၅၅ မှတ်သာတန်လေ၏။
ကျိလင်းဟန်၏ပါရမီမှာ အခြားသူများအားလုံးထက် နှာတစ်ဖျားမကသာလွန်ကြောင်း ဆိုလိုသည်မဟုတ်လော။
ထိုအချိန်တွင် အကြီးအကဲလျန်လည်း တိုက်ပွဲကွင်းပြင်သို့ ရောက်လာလေသည်။