တိုက်ခိုက်ဖို့အချိန်ကျပြီ
Vol. 2 Ch. 16
"အကြီးအကဲလျန်၊ ဘာပြောစရာရှိသေးတာလဲ"
ကျန်းချန်ကို ရွှံဖြင့်ပြုလုပ်ထားခြင်းမဟုတ်။ အကြီးအကဲလျန်က သူ့ကို လှောင်ပြောင်၍ အရူးသဖွယ်ဆက်ဆံခဲ့၏။ ယခုအချိန်တွင် သူ အစွမ်းတစ်ချို့ပြသထားပြီး အထင်ကြီးခံရချိန်ဖြစ်လေရာ ပြန်လှောင်ပြောင်ရပေမည်။
"ကျုပ်က ဝိညာဉ်ခွဲထုတ်ခြင်းအဆင့်လေးမှာလို့ မပြောခဲ့ဘူးလား..."
"ကျုပ်ကသေတော့မှာဆို..."
"ကျုပ်သာလုပ်နိုင်ခဲ့ရင် ခင်ဗျားက ကျုပ်ကို ဂိုဏ်းချုပ်အဖြစ် ကိုးကွယ်မယ်ဆို..."
အကြီးအကဲလျန်မှာ ပြန်မတုံ့ပြန်နိုင်ဘဲ ခေါင်းငုံ့ခံနေရတော့သည်။ ဒါပေါ့ ကျန်းချန်ကို ဂိုဏ်းချုပ်မဖြစ်စေချင်ဘူးပေါ့။
ကျန်းချန်ရဲ့အဆင့်ကိုကြည့်ရင် ဝိညာဉ်ခွဲထုတ်ခြင်းအဆင့်လေးမှာပဲရှိနေတာ ရှင်းနေတာပဲ။
သို့သော်လည်း ကြောက်မက်ဖွယ် ကပ်ဘေးမိုးကြိုးတွေအများကြီး သူ့မျက်စိရှေ့တင်ပစ်သွားတာ၊ အမြင်မှားစရာလည်းမရှိ။
စမ်းသပ်ဖို့လည်း မဝံ့ရဲတော့ ကျန်းချန်က စီနီယာကြီးဖြစ်ပြီး သူ့နတ်ဝိညာဉ်နဲ့ ဝိညာဉ်စွမ်းအားလှုပ်ခတ်မှုတွေကို အဆင့်လျှော့ချထားပြီး တစ်ခြားသူတွေကို ကစားနေတာလို့ပဲ မှတ်ယူရလေပြီ။
အခြားတပည့်များ၏ အကြည့်များစွာကိုရင်ဆိုင်ရချိန်မှာတော့ စိတ်မပါသော်လည်း ဦးညွှတ်ရပေတော့သည်။
"လျန်တ ဂိုဏ်းချုပ်ကို အရိုအသေပေးပါတယ်"
"လုပ်ရိုးလုပ်စဉ်တွေ လုပ်စရာမလိုဘူး"
ကျန်းချန် ငါးခူပြုံးပြုံးလိုက်၏။ ဤလူအိုကြီးကြောင့် စနစ်မှအသိပေးချက်မရချေ။ ဤလူအိုကြီးက သူ့ကို လေးစားစွာ အသိအမှတ်ပြုခြင်းမဟုတ်ကြောင်း လုံးဝသေချာနေတော့သည်။
နောင်တွင် စနစ်ကို သစ္စာဖောက်ဖော်စက်အဖြစ် အသုံးပြုနိုင်ကြောင်း သိလာရ၏။
ဂိုဏ်း၏ တောင်တံခါးကို ပြန်လည်ရယူခြင်းသည် စိတ်လှုပ်ရှားမှုနှင့် ဝမ်းနည်းမှု နှစ်မျိုးလုံးကို သယ်ဆောင်လာလေသည်။
အချို့တပည့်များမှာ အပျက်အစီးများကြားတွင် သူတို့ဆရာသခင်၏အလောင်းကို တွေ့လိုတွေငြား ရှာဖွေနေကြလေသည်။
ကျန်းချန်က သူတို့ကိုနှောင့်ယှက်ရန် အစီအစဉ်မရှိပေ။
သူတို့အားလုံး ဖေးရှန်ဂိုဏ်း၏ ကျဆုံးလေပြီးသော အကြီးအကဲများနှင့် တပည့်အားလုံးတို့၏ အလောင်းများကို မြေမြှုပ်၍ စုပေါင်းအရိုသေပေးပြီးမှသာလျှင် အဓိကအချက်ကို ကြေညာတော့သည်။
"အခု ငါတို့ဂိုဏ်းရဲ့ အခြေခံအုတ်မြစ်ကို ပြန်သိမ်းပြီးပြီဆိုတော့ နောက်တစ်ဆင့်ကို စဉ်းစားဖို့အချိန်ကျပြီ"
"ကျီယွဲ့ဂိုဏ်းကို ချက်ချင်းတိုက်ခိုက်ဖို့ ဆုံးဖြတ်လိုက်တယ်..."
"သွေးကြွေးကို သွေးနဲ့ဆပ်ရမယ်..."
ဤသို့သောစကားစုများကြောင့် တပည့်များ သွေးပွက်ပွက်ဆူ၍ တိုက်ခိုက်လိုစိတ်အပြည့်ဖြင့် တက်ကြွလာကြတော့သည်။
အခြားသူတစ်ဦးကသာ ဤသို့ကြေညာလျှင် ကိုယ့်ကိုယ်ကိုအထင်ကြီးနေသည်ဆိုပြီး ယုံကြည်မည်မဟုတ်ပေ။ ဂိုဏ်းကို ယခုမှပြန်လည်သိမ်းယူပြီးကာစဖြစ်သည့်အတွက် ဤအချိန်တွင် တိုက်ခိုက်ခြင်းက ဉာဏ်နည်းရာကျသည်။
သို့သော် ကျန်းချန်ပြသခဲ့သည့် 'ခွန်အား' ကအလွန်သန်မာလွန်းသဖြင့် လူတိုင်းကို မျှော်လင့်ချက်ဖြစ်စေသည်။ ရန်သူများကို ချက်ခြင်းသုတ်သင်၍ လက်စားခြေခြင်းက ပုံမှန်သာဖြစ်သည်ဟုပင် ထင်မှတ်မှားရစေတော့သည်။
"ဂိုဏ်းချုပ်က ဘယ်တော့သွားဖို့ စီစဉ်ထားလဲ"
လူတိုင်းက စိတ်အားတက်ကြွနေကြပြီး ဓားတပြင်ပြင်ဖြစ်နေကြလေသည်။
"ငါတို့ အခုသွားမှာ... ဒါပေမယ့် မင်းတို့က ဒီမှာနေခဲ့ရမယ်"
ကျန်းချန်က တပည့်များကိုဝေ့ကြည့်လိုက်ပြီး "ကျီယွဲ့ဂိုဏ်းမှာ လူအများကြီးရှိတယ်။ လူတိုင်းကိုခေါ်သွားရင် အားလုံးကိုကာကွယ်မပေးနိုင်မှာစိုးရတယ်..."
"ဒါ့အပြင် ငါတို့က ဖေးရှန်ဂိုဏ်းရဲ့ ဂိတ်တံခါးကို အခုလေးတင်ပြန်သိမ်းပိုက်ထားတာဆိုတော့ လူယုတ်မာတွေက ဒီအခြေအနေကိုအခွင့်အရေးဝင်မယူနိုင်အောင် ကာကွယ်ထားမှရမယ်"
ထိုသို့ပြောလိုက်သည်နှင့် လူတိုင်း ခေါင်းတစ်ညိမ့်ညိမ့်ဖြစ်ကုန်ကြလေသည်။
ဂိုဏ်းချုပ်မှာ အလွန်သန်မာသော်လည်း သူတို့က အလွန်အားနည်းလွန်းသည်။ ဝိညာဉ်ခွဲထုတ်ခြင်းအဆင့် အကြီးအကဲတစ်ဦး တိုက်ပွဲအတွင်းမှ လွတ်ထွက်လာလျှင် သူတို့အားလုံးသေရပေမည်။
သူတို့လိုက်သွားလျှင် ဂိုဏ်းချုပ်ကို အလုပ်ပိုစေမည်ဖြစ်၏။
ထို့ကြောင့် လူတိုင်းက ကျန်းချန်ကို ဂိတ်တံခါးဝအထိ လိုက်ပို့ကြလေတော့သည်။
ကျိလင်းဟန်မှာ ကျန်းချန်၏လက်ကို မလွတ်ချင်လွတ်ချင်ဖြင့် လွတ်ပေးလိုက်ရလေ၏။
"ဂိုဏ်းချုပ် ဂရုစိုက်ပါနော်"
ကျန်းချန်အတွက် အသက်ပြန်ရှင်ခွင့်တစ်ကြိမ် ကျန်သေးလေရာ သာသာယာယာပင်ဖြစ်လေသည်။
"ငါဒီမှာမရှိတဲ့အချိန်မှာ ငါတို့အိမ်နဲ့ ငါ့သမီးလေးကို ဂရုစိုက်ပေးထားဦးနော်"
ကျိလင်းဟန်၏ နူးညံ့ပျော့ပျောင်း၍ အရိုးမရှိသောလက်ကလေးကို ကိုင်ထားရသည့် အစ်ကိုကြီးချန်မှာ စိတ်ပြောင်းချင်ချင် ဖြစ်လာရသည်။
သူလှည့်ထွက်ခါနီးတွင် အကြီးအကဲလျန် ရုတ်တရက်ရှေ့ထွက်လာပြီး
"ဂိုဏ်းချုပ်... ဒီလူအိုကြီးက ပါရမီနည်းပေမယ့်လည်း ဂိုဏ်းချုပ်နဲ့အတူသွားလိုပါတယ်"
"အကြီးအကဲတစ်ယောက်အနေနဲ့ ဂိုဏ်းအတွက် လက်စားချေရမယ်..."
သူ၏စကားလုံးများမှာ မာန်ပါလှသည်။
အကြီးအကဲလျန်မှာ သေချာစဉ်းစားထားပြီးဖြစ်သည်။
ကျန်းချန်ကဲ့သို့ အလွန်သန်မာသူနှင့်သွားမည်ဖြစ်သည့်အတွက်ကြောင့်သာလျှင် ရှေ့ထွက်၍ လိုက်မည်ဟုပြောခြင်းဖြစ်၏။
ထိုသို့မဟုတ်ပါက ရန်သူ့ဌာနချုပ်ကို နှစ်ယောက်တည်းသွားတိုက်ခြင်းက ကိုယ့်သင်္ချိုင်းကိုတူးခြင်းဖြစ်၏။
သို့သော်လည်း ကျန်းချန်၏ ကမ္ဘာတုန်လောက်ဖွယ်အစွမ်းနှင့်ဆိုလျှင် သူ့နောက်လိုက်ခြင်းဖြင့် မည်သည့်အရာကိုမှ ကြောက်ရန်မလိုတော့ပေ။
မူလဖြစ်တည်ခြင်းအဆင့်တပည့်များအတွက် မတော်တဆမှုများ ဖြစ်နိုင်သော်လည်း ဝိညာဉ်ခွဲထုတ်ခြင်းအဆင့်ငါးဖြစ်သည့် သူ့အတွက် ရန်သူ့အကြီးအကဲတစ်ဦးတစ်လေနှင့် ရင်ဆိုင်ရလျှင်ပင် သူရှင်သန်နိုင်ပေသည်။
အရေးအကြီးဆုံးမှာ ဤအလုပ်သည် အသာအယာ ဆားလိုက်ဖြူးရုံဖြစ်သည်။ (ဘာမှမလုပ်ပဲ နာမည်ကောင်းရမယ့်အလုပ်)
ကျီယွဲ့ဂိုဏ်းကို သုတ်သင်ခြင်းတစ်ခုတည်းကပင်လျှင် ကြီးမြတ်သောအောင်မြင်မှုတစ်ခု ဖြစ်နေပြီဖြစ်၏။ နောင်တွင် ဖေးရှန်ဂိုဏ်းပြန်လည်ထွန်းကားလာသည့်အခါ ဤအတွက်ကြောင့် နေရာပိုရ၊ အလေးစားခံရသည့် ဂုဏ်ပြုခံတစ်ဦး ဖြစ်လာစေမည်ဖြစ်သည်။
အကောင်းဆုံးက ဂိုဏ်းလုံးကျွတ်သုတ်သင်ပြီးသည့်အခါ အောင်ပွဲရပစ္စည်းများကို ရိတ်သိမ်းရမည်မဟုတ်ပါလား။
ကျိယွဲ့ဂိုဏ်းတွင် အကြီးအကဲများ၏ ကိုယ်ပိုင်စုဆောင်းမှုများစွာရှိသည့်အပြင် ဆေးလုံးခန်းမ၊ လက်နက်ခန်းမ၊ ဝင်္ကပါခန်းမနှင့် အဆောင်ခန်းမ၊ ရတနာခန်းမနှင့် ကျမ်းစာခန်းမတို့တွင် ရတနာများစွာရှိသေးသည်။ ကျန်းချန်က တစ်ဂိုဏ်းလုံးကိုသုတ်သင်လိုက်ပြီးလျှင် ရတနာပုံကိန်းဆိုက်ပြီဖြစ်သည်။
ကျန်းချန်က သူ့ဝေစုယူလျှင်ပင် အများအပြားကျန်ခဲ့ဦးမည်မဟုတ်လော။ ဤမျှကောင်းသည့်အရာကို လက်လွတ်မခံနိုင်ပေ။
ကျန်းချန်အတွက် ဤအကြီးအကဲက ဤမျှစိတ်အားထက်သန်နေခြင်းကို မည်သို့ယုံကြည်မှုပေးရမည်နည်း။ စနစ်၏အချက်ပေးမှုကိုပင် မဖြစ်ပေါ်စေခဲ့သည့် ဤလူအိုကြီးကား ဉာဏ်ဆင်နေခြင်းသာဖြစ်သော်လည်း လက်ရှိအချိန်တွင် ဖော်ထုတ်ရန်မလိုအပ်ပေ။
"အကြီးအကဲလျန် စိတ်အားထက်သန်နေတာ မြင်ရခဲတာပဲ... ကောင်းပါပေတယ်"
အစ်ကိုကြီးချန်က မဖော်ထုတ်သည့်အပြင် လက်မထောင်ပြလိုက်သေးသည်။
"အကြီးအကဲလျန်က ဒီလိုစိတ်ပိုင်းဖြတ်ထားမှတော့ အတူတူသွားကြတာပေါ့..."
"ဂိုဏ်းချုပ်ရဲ့အမိန့်ကို နာခံပါတယ်"
အကြီးအကဲလျန်က ပျော်ရွှင်စွာဆိုလေသည်။
ဤကောင်လေးက မည်မျှသန်မာစေကာမူ ရိုးအပေသေးသည်။ တစ်ချက်မျှလှည့်လိုက်ရုံဖြင့် အသာအယာ အောင်မြင်နိုင်၏။
အနာဂတ်တွင် ဖေးရှန်ဂိုဏ်း အောင်မြင်လာပြီး သူမည်သို့ပြဿနာရှာ မွှေနှောက်မည့်အကြောင်းများကိုပင် စိတ်ကူးယဉ်မိလာတော့သည်။
နှစ်ဦးသားမှာ ဖေးရှန်ဂိုဏ်းမှထွက်၍ မိုင်ထောင်ပေါင်းများစွာခရီးနှင်ပြီးနောက် ကျီယွဲ့ဂိုဏ်းဌာနချုပ်သို့ ရောက်ရှိသွားကြသည်။
ဂိုဏ်းတစ်ဂိုဏ်းကို တိုက်ခိုက်ခြင်းမှာ မလွယ်ကူလှပေ။ ကျွမ်းကျင်သူများစွာရှိသည့်အပြင် ဂိုဏ်းအကာအကွယ်ဝင်္ကပါလည်း ရှိသေးသည်။
ဝင်္ကပါကိုဖွင့်လိုက်လျှင် တိုက်ခိုက်ရန်ခက်ခဲလေသည်။
ဖေးရှန်ဂိုဏ်း ထိုးဖောက်ခံလိုက်ရခြင်းမှာ ဂိုဏ်းလေးဂိုဏ်း ပေါင်းစည်းထားခြင်းကြောင့်ဖြစ်၏။
ထိုအချိန်တွင် ကျန်းချန်က စနစ်ကိုမေးမြန်းနေလေသည်။
"စနစ်၊ မေးစရာရှိတယ်"
စနစ်က ယခင်ကလိုပင် သေချင်ယောင်ဆောင်နေမည်ဟု ထင်ထားသော်လည်း ဤတစ်ကြိမ်တွင် ပြန်တုံ့ပြန်လာလေသည်။
"မေးခွန်းတစ်ခုကို အမှတ် ၅၀၀"
"မေးခွန်းမေးနိုင်ပါပြီ"
'သူတောင်းစားစနစ်... မေးခွန်းလေးမေးတာကို စောင်စနစ်က ပါးစပ်ကိုရွှေချထားလို့ ဒီလောက်ဈေးကြီးတာလား။'
'အမှတ် ၅၀၀ ရဖို့ ဘယ်လောက်ခက်လဲမသိဘူးလား...'
ကျန်းချန်တွင် အမှတ် ၁၃၀၀ ကျော်ကျော်လေးသာရှိသည်။ နောက်တစ်ဆင့်မြှင့်ရန် သို့မဟုတ် ကံစမ်းမဲလှည့်ရန်အတွက် ချန်ထားခြင်းဖြစ်သည်။
သို့သော် ယခုအချိန်တွင် အမှတ် ၅၀၀ သုံးရပေတော့မည်။
"အခုလိုမျိုး ကျီယွဲ့ဂိုဏ်းကို တိုက်ခိုက်တာက ကိုယ့်ကိုယ်ကိုသတ်သေတယ်လို့ သတ်မှတ်သလား"
ဤမေးခွန်းမှာ အသက်နှင့်ဆိုင်သည့်အတွက် အမှတ်မည်မျှဖြတ်စေကာမူ မေးရမည်ဖြစ်သည်။
ကပ်ဘေးမိုးကြိုးကို အသုံးပြုပြီးဖြစ်သည့်အပြင် သူသည် ဝိညာဉ်ခွဲထုတ်ခြင်းအဆင့်လေးတွင်သာ ရှိနေသေးသည်။ ကျီယွဲ့ဂိုဏ်းနှင့်ယှဉ်လျှင် ခွန်အားကွာခြားချက်မှာ အလွန်ကြီးမားလှသည်။
စနစ်ကြီးက လက်ခံသူ၏ ကိုယ့်ကိုယ်ကိုသတ်သေမည့်ဆန္ဒဟု သတ်မှတ်လိုက်လျှင်.... သေချာအစီအစဉ်ချရပေတော့မည်။
ဥပမာ- အစီအစဉ်တစ်ခုဆွဲ၊ ထောင်ချောက်ဆင်ပြီး ကျီယွဲ့ဂိုဏ်းကလူများ သူ့ကိုအရင်လာတိုက်ခိုက်ခိုင်းရပေမည်.....