အခန်း (၃၇၉-၃၈၁)
Vol. 26 Ch. 379-381
အပိုင်း ( 379 )
ငါးယောက်တစ်ယောက် ၃
တစ်ခြားလူလေးဦးမှာလည်း လေးလေးနက်နက် ခေါင်းငြိမ့်ပြလာခဲ့သည်၊ ထို့နောက် စက္ကန့်ပိုင်းမျှအကြာတွင် ကျန်းယန်သည် ကျယ်လောင်စွာ ဟိန်းဟောက်၍ သူ့ခန္ဓာကိုယ်ထဲတွင် ရှိနေသည့် ကြောက်မက်ဖွယ်ကောင်းသည့် အရှိန်အဝါကို ထုတ်လွှတ်လိုက်သည်။
“ ဂါးးးးးးးး !!! “
စိမ်းညို့ရောင် ခန္ဓာကိုယ်ရှိသည့် နတ်ဆိုးနတ်ဘုရား၏ အရိပ်မဲကြီးပေါ်လာခဲ့ပြီး၊ ၎င်း၏ ကျောဘက်တွင် ကြွက်သားထုကြီးများ ရှိနေခဲ့ကာ ၎င်း၏မျက်လုံးများတွင်လည်း နတ်ဆိုးမီးလျှံများ လောင်ကျွမ်းနေလျက်ရှိသည်။
ထိုအချိန်တွင် နတ်ဆိုးနတ်ဘုရားသည် ကြောက်စရာကောင်းသော ခွန်အားများ သယ်ဆောင်ထားသည့် လက်သီးကို လွှဲရမ်းကာ ရှုကျိုးကို ချိန်ရွယ်၍ ထိုးလာခဲ့သည်။
“ ဟမ့် “
ရှုကျိုးမှ အေးစက်စွာ နှာမှုတ်လာခဲ့သည်၊ ထို့နောက်စက္ကန့်ပိုင်းမျှအကြာတွင် ရွှေရောင် စည်းတံဆိပ်တစ်ခု ပေါ်လာခဲ့သည်။
“ လူသားဧကရာဇ် စည်းတံဆိပ် !!! သွား !! “
သူ၏လက်ထဲတွင် အလင်းတန်းတစ်ခု ပေါ်လာခဲ့ပြီး၊ ရွှေရောင် စည်းတံဆိပ်သည် လေတိုက်တိုင်းကြီးမားလာခဲ့ကာ မီတာ ၁၀၀ကျယ်ဝန်းသည့် ကြီးမားသော ဧရာမ စည်းတံဆိပ်ကြီး တစ်ခုအဖြစ် ပြောင်းလဲသွားပြီး၊ ကျန်းယန်နှင့် တစ်ခြားလူများကို ဖိနှိပ်လာတော့လေသည်။
“ ဘုမ်းးးး !! “
လူသားဧကရာဇ်၏ စည်းတံဆိပ်အောက်တွင် အရာအားလုံး ဒူးထောက်ကျသွားခဲ့ရသည်။
ပိုင်မေ့နှင့် တစ်ခြားလူများ၏ အမူအရာများမှာလည်း သိသိသာသာ ပြောင်းလဲသွားတော့သည်၊ သူတို့သည် သူတို့၏ သွေးမျိုးဆက်အတွင်းရှိ ဖိနှိပ်မှု စွမ်းအားတစ်ခုကို ခံစားသွားခဲ့ရသည်။
သို့သော် ကျင်းယန်၏ အမူအရာကမူ မပြောင်းမလဲ တည်ငြိမ်နေခဲ့ပြီး၊ နတ်ဆိုးနတ်ဘုရားကို ထိန်းချုပ်၍ လူသားဧကရာဇ် စည်းတံဆိပ်ထံသို့ လက်သီးတစ်လုံး ပစ်သွင်းလာခဲ့သည်။
ကျဘ်လောင်သော ပေါက်ကွဲသံကြီးနှင့်အတူ လူသား ဧကရာဇ် စည်းတံဆိပ်သည် တလက်လက် တောက်ပနေသည့် ရွှေရောင်အလင်းတန်းအဖြစ် ပြောင်းလဲသွားပြီး၊ နတ်ဆိုးနတ်ဘုရား၏ ပုံရိပ်ကို နောက်သို့ လွင့်ထွက်သွားစေလိုက်သည်။
ကျင်းယန်၏ သွေးစီးကြောင်းတစ်ခု ပေါ်ထွက်လာခဲ့သည်၊ သို့သော် သူ၏မျက်လုံးများကမူ အလွန်အေးစက်နေလျက်ပင်။
“ ဒီနေ့ မင်းသေရလိမ့်မယ် !! “
သူသည် ကျယ်လောင်စွာ ဟိန်းဟောက်လာခဲ့သည်၊ မျက်စိတစ်မှိတ်အတွင်းမှာပင် များစွာသော လက်သီးထိုးချက်များ ထပ်မံ၍ ပေါ်ထွက်လာခဲ့ပြီး၊ အားတစ်ခုသည် လေထုကို ဆုတ်ဖြဲသွားကာ လူသားဧကရာဇ် စည်းတံဆိပ်ကို ပြင်းထန်စွာ ထိုးနှက်လာခဲ့သည်။
“ ဝုန်းးးးး ဝုန်းးးးး ဝုန်းးးးးး !! “
လူသား ဧကရာဇ် စည်းတံဆိပ်သည် အော်ဟစ်ညီးတွားကာ နောက်သို့ အတင်းအကြပ် တွန်းထုတ်ခံလိုက်ရသည်။
ရှုကျိုး၏ အမူအရာမှာလည်း အနည်းငယ် မှုန်မှိုင်းသွားခဲ့သည်၊ လူသားဧကရာဇ် စည်းတံဆိပ်၏ အကျိုးသက်ရောက်မှုမှာလည်း သိသိသာသာ လျော့ကျသွားခဲ့သည်၊ အရေးအကြီးဆုံးအရာမှာ သူ၏နယ်ပယ်က အလွန်နိမ့်နေခြင်းပင် ဖြစ်သည်။
အကယ်၍ သူကသာ စတုတ္ထအဆင့်သို့ ရောက်နေမည်ဆိုပါက၊ ကျင်းယန်သည် လက်ဝါးရိုက်ချက်တစ်ခုလေးဖြင့် ဖိနှိပ်ခံလိုက်ရမည် ဖြစ်သည်။
သို့ရာတွင် ကျင်းယန်မှာလည်း စိတ်မသာမသက် ဖြစ်နေလျက်ရှိသည်။
အစောပိုင်းအချိန်များအတွင်းက လူသား ဧကရာဇ် စည်းတံဆိပ်ကို တွန်းလှန်ခဲ့ပြီးသည့်နောက်၌၊ နတ်ဆိုးနတ်ဘုရား၏ လက်မောင်းပေါ်တွင် အက်ကြောင်းများ ပေါ်လာခဲ့ပြီး၊ ၎င်း၏ ခန္ဓာကိုယ်တစ်ခုလုံးဆီသို့ လျင်မြန်စွာ ပျံ့နှံ့သွားခဲ့သည်။
ထို့နောက်တွင် ဘုမ်းဟူသော ပေါက်ကွဲသံနှင့်အတူ နတ်ဆိုးနတ်ဘုရားသည် လေထဲမှာပင် ပေါက်ကွဲသွားတော့သည်။
“ ဖူးးးး “
ကျင်းယန်သည် ပါးစပ်အပြည့် သွေးတစ်လုပ် အန်လိုက်ရသည်၊ ပြင်းထန်သော တန်ပြန်သက်ရောက်မှုကို ခံစားလိုက်ရသည့်ပုံပင်။
“ ရှုကျိုး၊ ငါမခံနိုင်တော့ဘူး “
ထိုအချိန်၌ ဂျယ်ရီယန်၏ နာကျင်မှုများဖြင့် ပြည့်နှက်နေသော အသံတစ်သံသည် ပဲ့တင်ထပ်ပေါ်ထွက်လာခဲ့သည်။
ကောင်းကင်ထက်၌ သွေးနီရောင် လှံနှင့် ငွေဖြူရောင် ဆင်ကြီးတို့သည် ဆက်တိုက် ရင်ဆိုင်တိုက်ခိုက်နေကာ၊ ကောင်းကင်ဘုံနှင့် ကမ္ဘာမြေတို့ကိုပင် လှုပ်ခါသွားစေခဲ့သည်။
သို့သော် သွေးနီရောင် လှံသည် နောက်သို့ တဖြည်းဖြည်း ဆုတ်သွားခဲ့ရသည်။
ဂျယ်ရီယန်က အသက်သွေးအဆီအနှစ် လျှို့ဝှက်နည်းစနစ်ကို အသုံးပြုကာ တိုက်ပွဲအစီအရင်၏ စွမ်းအားကို မြှင့်တင်ပေးထားခဲ့သော်လည်း၊ ၎င်းသည် လူတစ်ထောင်ပါဝင်သည့် ကမ္ဘာ့ကြယ် တိုက်ပွဲဝင်ကို မယှဥ်နိုင်ခဲ့ပေ။
ထို့အပြင် ရန်သူ့ဘက်၌ ခံစစ်ကို တောင့်ခံပေးနိုင်သည့် တတိယအဆင့် အထွတ်အထိပ် ပညာရှင် အယောက် ၅၀ပင် ရှိနေသေးသည်။
“ ခဏဆုတ်မယ်၊ အစီအရင်ကို ကူကြ “
ကျင်းယန်မှ ကျယ်လောင်စွာ အော်ပြောလာခဲ့သည်။
ပိုင်မေ့နှင့် တစ်ခြားလူလေးဦးမှာလည်း အသီးသီး ခေါင်းငြိမ့်ပြလာခဲ့သည်၊ အစပိုင်းတွင် သူမတို့သည် ရှုကျိုးကို ချေမှုန်းနိုင်မည်ဟု ယုံကြည်နေလျက်ရှိကာ၊ ဤတိုက်ပွဲထဲသို့ ရောက်လာခြင်းဖြစ်သည်။
သို့သော် ယခုလက်ရှိ အခြေအနေများအရ၊ သူမတို့၏ တိုက်ပွဲအစီအရင်က ကြယ်ပြာဂြိုဟ် စစ်တပ်ကို အနိုင်ယူသည့် အချိန်ကို စောင့်ဆိုင်း၍ ထို့နောက်တွင် အစီအရင်အားကိုးနှင့် ရှုကျိုးကို သတ်ခြင်းမှာ ပို၍ထိရောက်မှု ရှိလေသည်။
စတုတ္ထအဆင့် ပညာရှင်ငါးဦး ပါဝင်သည့် အစီအရင်သည် ပဥ္စမအဆင့်နယ်ပယ်၏ စွမ်းအားကို ထုတ်လွှတ်နိုင်မည် ဖြစ်သည်။
ထိုအချိန်သို့ ရောက်သွားပါက ရှုကျိုးကို သတ်ဖြတ်ခြင်းမှာ အချိန်တစ်ခုသာ လိုပေလိမ့်မည်။
“ ငါးယောက်တစ်ယောက်တိုက်တာက နည်းနည်းတော့ ခက်တာပဲ “
ရှုကျိုးသည် ထိုမြင်ကွင်းကို ကြည့်ကာ စိတ်ထဲတွင် တိတ်တဆိတ် သက်ပြင်းချနေတော့သည်။
သူသည် သူ၏နည်းလမ်းများကို အကုန်အစင် အသုံးပြုထားခဲ့သော်လည်း၊ ပြိုင်ဘက်များကို အနိုင်မယူနိုင်သေးပေ။ သူက ယခင်က အတိုင်းသာ ရှိနေဦးမည်ဆိုပါက အမှန်တကယ် ရှုံးနိမ့်သွားနိုင်ပေသည်။
သို့သော် ယခုတွင်ကား ………….
ရှုကျိုး၏ အရှေ့တွင် အလွန်တရာ များပြားလွန်းလှသော ဟင်းလင်းပြင် စွမ်းအင်များ လျင်မြန်စွာ စုစည်းလာခဲ့သည်။
“ ဇွီ !!! “
ကျင်းယန်နှင့် တစ်ခြားလူများနောက်တွင်၊ ဟင်းလင်းပြင်သည် ထောင်းထျဲ့၏ ပါးစပ်ကျယ်ကြီးကဲ့သို့ ပွင့်ဟလာခဲ့ကာ၊ မီတာ ၁၀၀ရှည်သည့် ဟင်းလင်းပြင် အက်ကွဲကြောင်းသာ ပေါ်လာခဲ့သည်။
ရှုကျိုးမှ သူ၏လက်ဝါးကို မြှောက်ကာ ထိုလူငါးဦးရှိရာဘက်သို့ ချိန်ရွယ်၍ ကြမ်းကြမ်းတမ်းတမ်း ဆုပ်ချေလိုက်သည်။
( အားပါပါ လက်သီးဆုပ်လိုက်တာပါ )
“ ဟင်းလင်းပြင် ဆုတ်ဖြဲခြင်း !!! “
၎င်းသည် မသေမျိုးနတ်နဂါး သားရဲကြီးက မကြာသေးခင်အချိန်ကမှ ရရှိထားခဲ့သည့် စွမ်းရည်အသစ်တစ်ခုဖြစ်ပြီး၊ အလွန်အစွမ်းထက်ကာ ပဥ္စမအဆင့်အောက်တွင် ပြိုင်ဘက်ကင်းလုနီးပါး ဖြစ်သည်ဟု ကျော်ကြားလှသည်။
သို့သော် မူလကိုယ်က အဆိုပါ စွမ်းရည်ကို အသုံးပြုသည့်အချိန်တွင် ကိုယ်ပွားလောက် ကျွမ်းကျင်မှုမရှိဘဲ၊ ဟင်းလင်းပြင် အက်ကွဲကြောင်းအဖြစ် မဆုတ်ဖြဲခင်အချိန်တွင် ဟင်းလင်းပြင် စွမ်းအင်များကို စုစည်းရန် လိုအပ်ပြီး၊ ထိုစွမ်းရည် အသက်ဝင်လာရန်အတွက် အချိန်အတိုင်းအတာတစ်ခုအထိ လိုအပ်ပေသည်။
သို့သော် ထိုစွမ်းရည်ကို အသက်သွင်းရန် အချိန်ပိုယူလေလေ၊ ၎င်း၏ စွမ်းအားက ပိုကောင်းလေလေဖြစ်သည်။
ရှုကျိုးသည် ပြင်းပြင်းထန်ထန် တိုက်ခိုက်နေသည့် အချိန်ကတည်းက ၎င်းကို တိတ်တဆိတ် အသက်သွင်းထားခဲ့ပြီဖြစ်ပြီး၊ ယခုမှသာလျှင် အပြည့်အဝ ထုတ်လွှတ်လိုက်ခြင်းဖြစ်သည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် ဟင်းလင်းပြင် အက်ကွဲကြောင်းသည် ကျင်းယန်နှင့် တစ်ခြားလူများကို ဖုံးလွှမ်းသွားခဲ့ပြီး၊ ကောင်းကင်ဘုံနှင့် ကမ္ဘာမြေတို့က အားဖြည့်ပေးထားသည့် ဖိအားတစ်ခုသည် တင်းကြပ်စွာ ဖိသိပ်လာတော့သည်။
ခရက်၊ ခရက် !!!
ကျယ်လောင်သော ကျိုးပဲ့သံများ ပေါ်ထွက်လာခဲ့သည်။
ကျင်းယန်နှင့် တစ်ခြားလူတို့၏ ခါးမျာ ပြတ်တောက်ကာ ကိုယ်နှစ်ပိုင်းပြတ်သွားကြသည်။
သွေးများသည် ကောင်းကင်ယံမှ ပျံဝဲထိုးဆင်းလာခဲ့သည်။
……………………………………………………………………………………………………………………………………
အပိုင်း ( 380 )
အံ့ဖွယ်ကောင်းသည့် မြင်ကွင်းတစ်ခု
“ ဒါက …… မဖြစ်နိုင်ဘူး !!! “
ကျင်းယန်၏ အပေါ်ပိုင်း ခန္ဓာကိုယ်တစ်ခြမ်းသည် မြေပြင်ပေါ်တွင် လှဲလျောင်းနေပြီး၊ တဖြည်းဖြည်း ပျောက်ကွယ်သွားသည့် ဟင်းလင်းပြင် အက်ကွဲကြောင်းကို ကြောက်ရွံ့ထိတ်လန့်စွာ စိုက်ကြည့်နေခဲ့သည်။
မီတာ ၁၀၀ရှည်တဲ့ ဟင်းလင်းပြင် အက်ကွဲကြောင်းလား၊ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ??
အာကာသ စွမ်းရည်ပိုင်ရှင် ပါရမီရှင်များကပင် ပဥ္စမအဆင့်သို့ ရောက်ရှိသည့် အချိန်မှသာလျှင် ဟင်းလင်းပြင်ကို ဆုတ်ဖြဲနိုင်မည် ဖြစ်သည်။
သို့သော် မီတာ ၁၀၀ရှိသည့် ဟင်းလင်းပြင် အက်ကွဲကြောင်းကို ဖန်တီးခြင်းမှာ ပဥ္စမအဆင့် ပညာရှင်ကပင် မပြုလုပ်နိုင်သော အရာတစ်ခုဖြစ်သည်။
ပိုင်မေ့နှင့် တစ်ခြားလူများကမူ ပို၍ပင် ကြောက်ရွံ့တုန်လှုပ်နေကြသည်။
ရှုကျိုးသည် သူတို့၏ အတွေးမျာကို လျစ်လျူရှုထားခဲ့သည်၊ ထိုအချိန်တွင် သူမှ လက်ညှိုးထိုး၍ ညွှန်ပြလာခဲ့ရာ အားကောင်းပြင်းထန်သော မီးလျှံလှိုင်းလုံးကြီးတစ်ခု ချက်ချင်း ပေါ်ထွက်လာခဲ့သည်။
ကျင်းယန်နှင့် တစ်ခြားလူလေးဦး၏ ခန္ဓာကိုယ်များသည် အပိုင်းနှစ်ပိုင်းအဖြစ် ခုတ်ပိုင်းခံထားရသောကြောင့် မည်သို့မျှ မခုခံနိုင်ကြဘဲ၊ မီးလျှံများ၏ လောင်ကျွမ်းမှုကိုသာ ခံလိုက်ကြရသည်။
ထို့နောက်တွင် ရှုကျိုးမှ ဝိညာဥ်ဝါးမြိုခြင်းကို အသက်သွင်းလိုက်ရာ၊ မီးလျှံအတွင်းရှိ ကျင်းယန်နှင့် တစ်ခြားလူများ၏ ခန္ဓာကိုယ်များသည် ချက်ချင်း ညှိုးနွမ်းခြောက်သွေ့သွားခဲ့သည်။
မကြာခင်အချိန်မှာပင် သူတို့သည် အရိုးစုများအဖြစ် ပြောင်းလဲသွားတော့သည်။
…
၎င်းတို့ဖြစ်ပွားသွားသည်မှာ ကြာရှည်ပုံရသော်လည်း၊ အမှန်တိုင်းပြောရမည်ဆိုပါက အရာအားလုံးသည် မျက်စိတစ်မှိတ်အတွင်းမှာပင် ဖြစ်ပွားသွားခဲ့ခြင်း ဖြစ်သည်။
ကျင်းယန်နှင့် တစ်ခြားလူများက ပြန်ဆုတ်ရန် ကြံရွယ်သည့် အချိန်မှစ၍ အရိုးစုများအဖြစ် ပြောင်းလဲသွားသည့် အချိန်အထိ ၎င်းသည် အသက်ရှူကြိမ် အနည်းငယ်မျှသာ ကြာခဲ့သည်။
မလှမ်းမကမ်းရှိ ကမ္ဘာ့ကြယ် စစ်သည်တော်များမှာလည်း အချိန်မှီမတုံ့ပြန်နိုင်ခဲ့ပေ။
သူတို့သည် သူတို့၏ တပ်မှူးနှင့် ဒုတပ်မှူး အကုန်လုံးက သေဆုံးသွားသည်ကိုသာ မြင်တွေ့ခဲ့ရသည်။
“ တပ်မှူး ကျင်းယန် ကျဆုံးသွားပြီလား? “
“ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ? “
“ အဲ့တာက ဘယ်သူလဲ? သူက ဘယ်လိုလုပ် ဒီလောက်တောင် စွမ်းနေရတာလဲ? “
ချက်ချင်းဆိုသလိုပင် ကမ္ဘာ့ကြယ်သား အားလုံးသည် အံ့ဩတုန်လှုပ်သွားကြပြီး၊ သူတို့၏ အရှိန်အဝါများမှာလည်း ဖရိုဖရဲဖြစ်သွားကာ သူတို့အထက်ရှိ ငွေဖြူရောင် ဆင်ကြီးမှာလည်း ပြိုလဲလုနီးပါးဖြစ်သွားခဲ့သည်။
အရေးအကြီးအဆုံးအရာမှာ သူတို့၏ စိတ်ဓာတ်များ လှုပ်ခတ်သွားခြင်းပင် ဖြစ်သည်။
၎င်းက မတည်မငြိမ်ဖြစ်သွားသည်နှင့်တစ်ပြိုင်နက်၊ ၎င်းသည် အောင်မြင်လုနီးပါးဖြစ်နေသည့် တိုက်ပွဲကိုပင် ရှုံးနိမ့်ခြင်းအဖြစ် ပြောင်းလဲပေးလိမ့်မည် ဖြစ်သည်။
ထိုစဥ်
ကြယ်ပြာဂြိုဟ်စစ်တပ်ဘက်၌
ကြယ်ပြာ သိုင်းပညာရှင် အယောက် ၃၀၀ကျော်မှာလည်း ထိုလူများကဲ့သို့ပင် ထပ်တူထပ်မျှ အံ့ဩတကြီးဖြစ်သွားခဲ့ကြသည်၊ သူတို့သည် ရှုကျိုးက ဤမျှအစွမ်းထက်နေလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ၊ ငါးတစ်ယောက်တစ်ယောက် ရင်ဆိုင်ကာ မိနစ်အနည်းငယ် အတွင်းမှာပင် စတုတ္ထအဆင့်နယ်ပယ်မှ ရန်သူငါးဦးစလုံးကို အပျောက်ရှင်းခဲ့သည်။
အထူးသဖြင့် ဆင်ဖြူနိုင်ငံမှ ပါရမီရှင်များဖြစ်ပြီး၊ သူတို့၏ မျက်နှာများသည် ရဲပတောင်းခတ်နေကြပြီ ဖြစ်သည်။
ယခင်က သူတို့သည် ရှုကျိုးက ဗစ်ခရမ်ကို သတ်ဖြတ်ခဲ့ခြင်းအတွက် အညှိုးအတေးထားကာ အပြစ်တင်နေခဲ့ကြသည်၊ သို့သော် ယခု၌ သူတို့သည် မည်သည့်အမုန်းတရာကိုမှ မတွေးတောနိုင်တော့ပေ။
ရှုကျိုးက လွန်စွာအစွမ်းထက်နေခြင်းသည် သူတို့ကို စိတ်ပျက်အားလျော့သွားစေခဲ့သည်။
…
ဂျယ်ရီယန်သည် အရှေ့ဘက်တွင် မားမားမတ်မတ် ရပ်တည်နေသည့် ပုံရိပ်ကို ကြည့်ကာ၊ မနေနိုင်တော့ဘဲ သက်ပြင်းချမိသွားသည်။
သူ၏ လောင်းကြေးထပ်မှုသည် တကယ်ကို မှန်ကန်နေခဲ့သည်။
“ သူက တကယ်ကြီးကို အံ့ဩဖို့ကောင်းတာပဲ၊ အဆင့်၃နယ်ပယ်မှာတင် နတ်စွမ်းရည်ကို သုံးနေပြီ “
ဂျယ်ရီယန်၏ မျက်လုံးများထဲတွင် အံ့ဩတုန်လှုပ်မှုများဖြင့် ပြည့်နှက်နေခဲ့သည်၊ အဘယ့်ကြောင့်ဆိုသော် ဤကိစ္စက ပျံ့နှံ့သွားသည်နှင့်တစ်ပြိုင်နက်၊ ၎င်းသည် ကြယ်ပြာဂြိုဟ်တစ်ခုလုံးအား အုံ့အောသောင်းနင်းဖြစ်သွားစေမည်ဆိုသည်ကို သူသိနေသောကြောင့် ဖြစ်သည်။
ကမ္ဘာ့ကြယ်ဘက်သို့ပင် ရှုကျိုး၏ ဂုဏ်သတင်းက ပျံ့နှံ့သွားမည် ဖြစ်သည်။
“ ဒါပင်မဲ့ အဲ့တာက ကောင်းတဲ့ ကိစ္စ မဟုတ်လောက်ဘူး “
ဂျယ်ရီယန်သည် အနည်းငယ် မျက်မှောင်ကြုတ်သွားခဲ့သည်။
သို့သော် သူသည် များများစားစား တွေးတောနေရန် အချိန်မရဘဲ၊ ကမ္ဘာ့ကြယ်၏တိုက်ပွဲအစီအရင်က မတည်မငြိမ်ဖြစ်နေသည်ကို မြင်တွေ့သွားသောကြောင့် ချက်ချင်း အော်ပြောလိုက်သည်။
“ တိုက် !!! သူတို့အားလုံးကို ရှင်းကြ !! “
“ သတ် !! “
ကောင်းကင်ယံတွင် သတ်ဖြတ်မှု၏ အော်ဟစ်သံများဖြင့် ပြည့်နှက်နေခဲ့သည်။
ကြယ်ပြာ သိုင်းပညာရှင် အယောက် ၃၀၀ကျော်သည် မြေပြင်ကို ခြေဆောင့်၍ ရှေ့သို့တက်ကာ၊ ကမ္ဘာ့ကြယ်သားများဆီသို့ တဟုန်ထိုး တိုးဝင်သွားကြသည်။
ကောင်းကင်ထက်ရှိ ရှုကျိုးမှာလည်း မည်သို့မျှ မထိန်းချုပ်ထားခဲ့ပေ။
လက်ဝေ့ယမ်းမှုနှင့်အတူ မီးလှိုင်းလုံးတစ်ခု ပေါ်ထွက်လာခဲ့ပြီး၊ လူတစ်ထောင်ကျော် ပါဝင်သည့် ကမ္ဘာ့ကြယ် တိုက်ပွဲအစီအရင်ကို ဖုံးလွှမ်းသွားခဲ့သည်။
၎င်းသည် နတ်စွမ်းရည် မီးတောက်ဖြစ်သည်၊ အကယ်၍ စတုတ္ထအဆင့် ပညာရှင်ငါးဦးသာ ရှိနေဦးမည်ဆိုပါက၊ သူတို့သည် ၎င်းကို အလွယ်တကူ ခုခံနေနိုင်မည် ဖြစ်သည်။
သို့သော် ယခုတွင်ကား ကမ္ဘာ့ကြယ် တပ်ဖွဲ့သည် ၎င်းကို မည်သို့မျှ မခုခံနိုင်တော့ပေ။
လူတစ်ထောင်ကျော် ပါဝင်သည့် တိုက်ပွဲအစီအရင်ကြီးသည် အနက်ရောင် အစုအဝေးကြီးတစ်ခုအဖြစ် ပြောင်းလဲသွားကာ၊ ကမ္ဘာ့ကြယ်သားများ တစ်ဦးပြီးတစ်ဦး လောင်ကျွမ်းခံလိုက်ရပြီး၊ တိုက်ပွဲ အစီအရင်ပါ ပြိုကွဲသွားတော့သည်။
“ ဘုတ် ဘုတ် ~~~ “
နတ်စွမ်းရည် မီးတောက်နှင့် ဝိညာဥ်ဝါးမြိုခြင်းတို့၏ အကျိုးသက်ရောက်မှုအောက်တွင် ကမ္ဘာ့ကြယ်သား သိုင်းပညာရှင်များသည် တစ်ဦးပြီးတစ်ဦး ပြိုလဲသွားတော့သည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် ကမ္ဘာ့ကြယ်သား တစ်ရာကျော်သည် အရိုးဖြူများအဖြစ် ပြောင်းလဲသွားတော့သည်။
ကျန်ရှိနေသည့် စစ်သည်များသည် အဝေးသို့ ပြေးထွက်သွားကြတော့သည်။
“ လိုက်ဖမ်းကြ !!! “
ဂျယ်ရီယန်သည် ထိုလူများကို အလွတ်ပေးရန် မကြံရွယ်ထားဘဲ ချက်ချင်း အော်ဟစ်လာခဲ့သည်။
ကောင်းကင်ထက်ရှိ သွေးနီရောင်လှံကြီးသည် အလွန်တရာ လေးနက်တောက်ပလာခဲ့ပြီး၊ ပေါက်ကွဲမှုစွမ်းအားတစ်ခုဖြင့် အရှေ့သို့ ပစ်ခွင်းလာခဲ့ရာ၊ ထွက်ပြေးသွားသည့် ကမ္ဘာ့ကြယ်သား အကုန်လုံးကို ဆုတ်ဖြဲလုနီးပါးဖြစ်သွားခဲ့သည်။
သို့သော် ထိုအချိန်၌ ရှုကျိုးသည် တစ်စုံတစ်ခုကို အာရုံခံမိသွားပြီး၊ အရှေ့ရှိ ဟင်းလင်းပြင်ကို ရုတ်တရက် ငေးကြည့်ကာ မျက်မှောင်ကြုတ်သွားခဲ့သည်။
ထို့နောက် စက္ကန့်ပိုင်းမျှအကြာတွင် သူအံ့ဩသွားခဲ့ရပြီး၊ အရှေ့ရှိ ဟင်းလင်းပြင်က ရုတ်တရုတ် ဆုတ်ပြဲသွားသည်ကိုသာ မြင်တွေ့ခဲ့ရသည်။
ထို့နောက်တွင် ကျောက်စိမ်းကဲ့သို့သော လက်တစ်ဖက်သည် အဆိုပါ ဟင်းလင်းပြင် အက်ကွဲကြောင်းထဲမှ ထွက်လာခဲ့ကာ၊ လှံ၏ထိပ်ဖျားပိုင်းကို ဖမ်းဆုပ်လာခဲ့သည်။
ဝုန်းဟူသော အသံတစ်သံနှင့်အတူ ကြက်သွေးရောင် လှံသည် တစ်လက်မှအစပြု၍ တစ်ခုလုံးအထိ ကျိုးပဲ့ပျက်စီးသွားတော့သည်။
“ ဖူးးးး ဖူးးးးး “
တိုက်ပွဲအစီအရင် ပျက်စီးသွားသောကြောင့် ကြယ်ပြာ စစ်သည်တော် အယောက်သုံးရာကျော်စလုံးသည် ပြင်းထန်သော တန်ပြန်ရိုက်ခတ်မှုကို ခံစားလိုက်ရကာ တစ်ပြိုင်နက် သွေးအန်သွားရကာ အရှိန်အဝါများ ယုတ်လျော့ အားပျော့သွားကြသည်။
ထိုအချိန်တွင် အပြာရောင် ဝတ်စုံကို ဝတ်ဆင်ထားသည့် ပုံရိပ်သည် ဟင်းလင်းပြင် အက်ကွဲကြောင်းထဲမှ ထွက်လာခဲ့ပြီး၊ သူပေါ်လာသည်နှင့်တစ်ပြိုင်နက် ထင်သာမြင်သာ ရှိသော လှိုင်းတစ်ခုသည် ပျံ့လွင့်လာခဲ့ကာ စစ်သည်တော် အယောက် သုံးရာစလုံးကို ဒူးထောက်လုနီးပါး ဖြစ်သွားစေခဲ့သည်။
“ လန်ယုလား? “
ဂျယ်ရီယန်၏ အမူအရာမှာလည်း သိသိသာသာ ပြောင်းလဲသွားခဲ့သည်၊ သူသည် ထိုလူ့အကြောင်း ကြားဖူးထားခဲ့သည်၊ ကမ္ဘာ့ကြယ်၏ ဆဌမအဆင့်နယ်ပယ်မှ ကောင်းကင်သားတော် လန်ယု !!!
လျှို့ဝှက်ဆန်းကြယ် အဆင့်ဇယားတွင် ထိပ်ဆုံးအယောက် ၅၀အဆင့်သို့ ဝင်နိုင်သည့်လူ !!!
ထိုလူ၏ စွမ်းအားသည် အနောက်ပိုင်း စစ်နယ်မြေများမှာပင် လွန်စွာကြောက်မက်ဖွယ် ကောင်းနေခဲ့သည်။
ဂျယ်ရီယန်၏ အမူအရာ မှုန်မှိုင်းသွားကာ အော်ပြောလိုက်သည် “ လန်ယု၊ အဆင့်၆ ပညာရှင်ဖြစ်တဲ့ မင်းက အနိမ့်ပိုင်း သုံးဆင့်က တိုက်ပွဲတွေထဲမှာ ဝင်ပါရဲနေတယ်ပေါ့၊ မင်းတို့က စည်းမျဥ်းတွေကို ချိုးဖောက်မလို့ ကြိုးစားနေတာလား? “
စကားပြောနေစဥ်အတွင်းမှာပင် သူသည် စကားပြောစက်ကို ထုတ်ယူကာ ကြယ်ပြာဂြိုဟ်၏ အဆင့်မြင့် အရာရှိများထံသို့ လျင်မြန်စွာ သတင်းပို့ထားလိုက်ပြီ ဖြစ်သည်။
စည်းမျဥ်းချိုးဖောက်ခြင်းသည် အလွန်တရာ လေးနက်ပြင်းထန်သော ကိစ္စတစ်ခုဖြစ်သည်။
တစ်ဘက်ဘက်က စည်းမျဥ်းစည်းကမ်းများကို ချိုးဖောက်လာသည်နှင့်တစ်ပြိုင်နက်၊ တိုက်ပွဲများသည် တဖြည်းဖြည်း အဆင့်မြင့်လာမည်ဖြစ်ကာ၊ အမြင့်ပိုင်းအဆင့် ပညာရှင်တို့၏ တိုက်ပွဲများမှတစ်ဆင့် ကမ္ဘာနှစ်ခုကြားရှိ အဆုံးသတ် စစ်ပွဲကိုပင် ဖြစ်ပွားစေနိုင်လောက်သည်။
ဤဖြစ်ရပ်ကို ကာကွယ်ရန်အတွက် နှစ်ဖက်စလုံးက သဘောတူညီချက်ပြုလုပ်ထားခဲ့သည်မှာ အချိန်အတော်ကြာနေခဲ့ပြီ ဖြစ်သည်။
မည်သည့်ဘက်ကပင် ဖြစ်စေ၊ မည်သူပင် ဖြစ်စေ၊ စည်းမျဥ်းချိုးဖောက်သူကို သတ်ဖြတ်ရန်အတွက် အဆင့်မြင့် ပညာရှင်က လှုပ်ရှားလာမည်ဖြစ်ပြီး၊ ကျန်တစ်ဘက်မှာ မည်သို့မျှ ကြားဝင်စွက်ဖက်ခွင့် မရှိပေ။
………………………………………………………………………………………………………………………………….
အပိုင်း ( 381 )
အံ့ဖွယ်ကောင်းသည့် မြင်ကွင်းတစ်ခု ၂
ဤအချိန်တွင် လန်ယုသည် ဂျယ်ရီယန်ကို လုံးဝလျစ်လျူရှုထားခဲ့သည်။
သူသည် အဝေးရှိ ရှုကျိုးကို ကြည့်ကာ မျက်လုံးများ တောက်ပသွားခဲ့သည် “ ဆိုတော့ မင်းပေါ့၊ အဆင့်၃ နယ်ပယ်မှာတင် နတ်စွမ်းရည်ကို လေ့ကျင့်နိုင်ခဲ့တယ်လို့ ကောလဟာလတွေ ထွက်နေတဲ့ ကြယ်ပြာဂြိုဟ်ရဲ့ ပါရမီရှင်က “
သူမှ ရှုကျိုးကို ကြည့်နေသည့် အချိန်တွင် အားကောင်းလွန်းလှသော သတ်ဖြတ်လိုစိတ်သည် ရှုကျိုးရှိနေသည့် နေရာတစ်ဝိုက်ကို ဖုံးလွှမ်းလာခဲ့သည်။
ရှုကျိုးသည် အာရုံခံနိုင်စွမ်း အလွန်မြင့်သောကြောင့် အန္တရာယ် အငွေ့အသက်များကို ခံစားသွားခဲ့ရသည်။
လန်ယုပေါ်လာသည့် အချိန်ကတည်းက သူသည် အလွန်အားကောင်းလွန်းလှသည့် အေးစက်စက် သတ်ဖြတ်လိုစိတ်ကို ခံစားခဲ့ရသည်။
အဆိုပါ သတ်ဖြတ်လိုစိတ်သည် တစ်ခြားလူများကို ဦးတည်နေခြင်း မဟုတ်ဘဲ သူ့ကိုသာ ပစ်မှတ်ထားနေခဲ့ခြင်း ဖြစ်သည်။
ရှုကျိုးသည် တွေဝေတုံ့ဆိုင်းမနေဘဲ အလင်းတန်းတစ်ခုအဖြစ် အသွင်ပြောင်းကာ ပြေးထွက်သွားတော့သည်။
ထိုအချိန်တွင် လန်ယုသည် ဂျယ်ရီယန်နှင့် တစ်ခြားလူများကို လုံးလုံးလျားလျား လျစ်လျူရှုထားခဲ့သည် “ ရှေးဧကရာဇ်ရဲ့ ဆက်ဆံသူ၊ ဒီလိုပါရမီမျိုးကိုပါ ပိုင်ဆိုင်ထားတယ်၊ အဆင့်မြင့် ပညာရှင်တွေက သတိပြုမိသွားမယ်ဆိုရင်တောင်မှ၊ မင်းကို သတ်ကိုသတ်မှ ဖြစ်မယ် “
ထို့နောက် စက္ကန့်ပိုင်းမျှအကြာတွင် လန်ယု၏ ပုံရိပ် ဝေဝါးသွားကာ ထိုနေရာမှ ပျောက်ကွယ်သွားတော့သည်။
…
ရှုကျိုးသည် အမြန်နှုန်းသည် အလွန်တရာ မြန်ဆန်နေခဲ့ပြီး၊ မျက်စိတစ်မှိတ်အတွင်းမှာပင် ကီလိုမီတာပေါင်းများစွာအထိ ကျော်ဖြတ်လာခဲ့သည်။
သူသည် သူ၏ယခုလက်ရှိ စွမ်းအားဖြင့် ဆဌမအဆင့် ပညာရှင်ကို ရင်ဆိုင်ရခြင်းမှာ ကိုယ့်ကိုကိုယ် သေကြောင်းကြံခြင်းသာ ဖြစ်သည်ကို သိနေခဲ့သည်။
သို့သော် အကယ်၍ သူကသာ တစ်ခဏခန် တောင့်ခံထားနိုင်ခဲ့ပြီး၊ ကြယ်ပြာဂြိုဟ်၏ အဆင့်မြင့် ပညာရှင်များ ရောက်လာသည်အထိ စောင့်နေနိုင်ခဲ့မည်ဆိုပါက အဆိုပါ လန်ယုသည် ပြဿနာတစ်ခု ဖြစ်နေတော့မည် မဟုတ်ပေ။
ရှုကျိုးသည် တစ်ခဏခန့် ပြေးလွှားနေခဲ့ပြီးသော်လည်း စိတ်မသက်မသာ ဖြစ်နေစဲသာဖြစ်ပြီး၊ သူခံစားနေရသည့် သတ်ဖြတ်လိုစိတ်သည် ပိုမိုအားကောင်းလာခဲ့သည်။
“ ထူးဆန်းတယ်၊ အနောက်မှာ ဘယ်သူမှ မရှိပါဘူး “
အနောက်သို့ လှည့်ကြည့်လိုက်ရာ သူ့နောက်တွင် မည်သူမှ ရှိမနေဘူးဆိုသည်ကိုသာ မြင်တွေ့ခဲ့ရသည်။
ထိုအချိန်တွင် ရှုကျိုးသည် အရှေ့သို့ ရုတ်တရက် ပြန်လှည့်ကြည့်လိုက်ရာ၊ မီတာ ရာနှင့်ချီသော အပြာရောင် ပုံရိပ်ကြီးတစ်ခုသည် လက်နောက်ပစ်ထားသော အမူအရာဖြင့် ရပ်နေကာ သူ့အား အေးစက်စွာ စိုက်ကြည့်နေသည်ကို မြင်တွေ့သွားတော့သည်။
ရှုကျိုးသည် မည်သည့်စကားမှ ပြောမနေဘဲ အနောက်သို့ လှည့်ပြေးသွားတော့သည်။
“ မင်းက လွတ်မှာမို့လို့လား? “
လန်ယုသည် အေးစက်စွာ လှောင်ပြောင်၍ ကြီးမားသော လက်တစ်ဖက်ကို ဆန့်ထုတ်လာခဲ့သည်။
“ ခရက် ခရက် ခရက် !!! “
ဖြူဖျော့ဖျော့ လက်ကြီးတစ်ဖက်သည် ကောင်းကင်နှင့် နေမင်းကိုပင် ဖုံးအုပ်သွားကာ ရှုကျိုးထံသို့ ပြေးဝင်လာခဲ့သည်။
ကြီးမားသော လက်ကြီး နိမ့်ဆင်းလာသည်နှင့်အမျှ လေထုထဲတွင် တဝီဝီ အော်မြည်သံများ ပေါ်ထွက်လာခဲ့ကာ များပြားသော ဟင်းလင်းပြင် အက်ကွဲကြောင်းများကိုပင် ဖြစ်ပေါ်သွားစေခဲ့သည်။
အကယ်၍ အဆိုပါ လက်ဝါးတိုက်ကွက်သာ ကျရောက်လာခဲ့မည်ဆိုပါက သာမန် ဆဌမအဆင့် ပညာရှင်တစ်ဦးကပင် ၎င်းကို တောင့်ခံနိုင်လိမ့်မည် မဟုတ်ပေ။
ရှုကျိုး၏ အမူအရာကမူ အေးစက်နေစဲသာဖြစ်သည်၊ သူသည် သူ၏အမြန်နှုန်းကို အကန့်အသတ်သို့ ရောက်သည်အထိ တိုးမြှင့်ထားသော်လည်း၊ အဆိုပါ လက်ဝါးကြီးမှာ ပိုပို၍ နီးကပ်လာနေစဲသာ ဖြစ်သည်။
အရေးကြီးသော အခိုက်အတန့်တွင် သူ့နောက်ဘက်တွင် ဟင်းလင်းပြင် စွမ်းအင်များ စုစည်းလာပြီး၊ ခုခံရေး ဒိုင်းကာများအဖြစ် တစ်လွှာပြီးတစ်လွှာ ဖြစ်တည်လာခဲ့သည်။
ဟင်းလင်းပြင် ဒိုင်းကာ !!
ဧရာမ လက်ကြီးသည် ပေါက်ကွဲသံနှင့်အတူ ကျဆင်းလာခဲ့သည်၊ သို့သော် အဆိုပါ ဟင်းလင်းပြင် ဒိုင်းကာ အလွှာများသည် အစွမ်းထက် ခုခံကာကွယ်ရေး အကာအရံတစ်ခုဖြစ် စုစည်းသွားကာ ခိုင်မာစွာ တောင့်ခံပေးနေခဲ့သည်။
“ ဘုမ်း ဝုန်းး ဘမ်းးး !! “
သို့ရာတွင် ၎င်းသည် တစ်ခဏခန့်သာတောင့်ခံနိုင်ခဲ့ပြီး၊ လျင်မြန်စွာ ကွဲအက်သွားခဲ့သည်။
အဆိုပါ အခွင့်အရေးကို အမိအရ ဖမ်းဆုပ်၍ ရှုကျိုးသည် တည်နေရာ ကူးပြောင်းခြင်းကို အကြိမ်ပေါင်းများစွာ ပြုလုပ်လိုက်ရာ၊ အဆိုပါ လက်ကြီး၏ ဖမ်းဆုပ်မှုမှ လွတ်မြောက်သွားခဲ့သည်။
“ ဂျိမ်းးးး !!! “
သူ့နောက်ဘက်တွင် ဧရာမလက်ကြီးသည် မြေပြင်ကို ရိုက်ခတ်သွားပြီး ကျယ်လောင်သော ပေါက်ကွဲသံကြီးကို ထုတ်လွှတ်လာခဲ့သည်။
မြေပြင်သည် ပြင်းပြင်းထန်ထန် လှုပ်ခါသွားပြီး၊ အားကောင်းသော တုန်ခါမှု လှိုင်းလုံးများကို ထုတ်လွှင့်ကာ မီတာ ဒါဇင်နှင့်ချီ၍ မြင့်မားသော ဖုန်လုံးကြီးကို ဖြစ်ပေါ်သွားစေကာ နေရာအနှံ့ ပျံ့ကြဲသွားစေခဲ့သည်။
ကောင်းကင်ထက်ရှိ လန်ယုသည် အနည်းငယ် မျက်မှောင်ကြုတ်သွားခဲ့သည် “ ဟင်းလင်းပြင် ဒိုင်းကာလား? “
သူသည် ရှုကျိုးက ထိုကဲ့သို့သော စွမ်းရည်မျိုးကို ပိုင်ဆိုင်ထားလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။
ဟင်းလင်းပြင် ဒိုင်းကာတစ်ခုတည်းက အထင်ကြီးဖွယ် မကောင်းသော်လည်း၊ ဆဌမအဆင့် ပညာရှင်တစ်ဦး၏ တိုက်ခိုက်မှုကို တစ်ခဏခန့် တောင့်ခံနိုင်ခဲ့ခြင်းကမူ ရှုကျိုး၏ ဟင်းလင်းပြင် စွမ်းရည်က သာမန်အဆင့်ထက် ကျော်လွန်နေပြီဆိုသည်ကို သက်သေပြနေခဲ့သည်။
အရေးအကြီးဆုံး အရာမှာ ရှုကျိုးက တတိယအဆင့် ပညာရှင်တစ်ဦးသာ ဖြစ်နေသေးခြင်း ဖြစ်သည်။
“ ငါ့ရဲ့ ကြားဝင်စွက်ဖက်မှုက ကြယ်ပြာဂြိုဟ်ရဲ့ အဆင့်မြင့် ပညာရှင်တွေကို ဆွဲဆောင်ပြီးသွားလောက်ပြီ “
လန်ယု၏ အကြည့်များ ပိုမိုအေးစက်သွားခဲ့သည် “ ဒီကောင်စုတ်လေးကို မြန်မြန်ဖြေရှင်းမှ ဖြစ်မယ် “
သူသည် ဂျယ်ရီယန်က ကြယ်ပြာဂြိုဟ်၏ အဆင့်မြင့် ပညာရှင်များထံသို့ သတင်းပို့ထားပြီဆိုသည်ကို သိနေခဲ့သည်။
သို့သော် ကြယ်ပြာဂြိုဟ်၏ ခေါင်းဆောင်များက သတင်းကို ရရှိရန်နှင့် လူများ စေလွှတ်ရန်အတွက် အချိန်ယူရဦးမည် ဖြစ်သည်။
သို့သော် အရှေ့ပိုင်း စစ်နယ်မြေထဲတွင် ဆဌမအဆင့် ပညာရှင်တစ်ဦး ပေါ်လာခဲ့ခြင်းမှာ ကွဲပြားသော ကိစ္စတစ်ခုဖြစ်ပြီး၊ အနီးဆုံး နေရာရှိ အဆင့်မြင့် ပညာရှင်က ၎င်းကို ချက်ချင်း ထောက်လှမ်းမိသွားမည် ဖြစ်ကာ၊ အမြန်ဆုံး အရှိန်ဖြင့် ဤနေရာသို့ ရောက်ရှိလာမည် ဖြစ်သည်။
လန်ယု၏ မျက်လုံးများထဲတွင် ရှိနေသည့် သတ်ဖြတ်လိုစိတ်များသည် ပိုမိုအားကောင်းလာခဲ့သည်၊ ရှုကျိုးက စွမ်းရည်များကို ပိုပြလေလေ၊ သူ့ကို သတ်ဖြတ်လိုသည့်စိတ်မှာ ပိုမိုခိုင်မာလာလေလေပင် ဖြစ်သည်။
လန်ယုမှ ခြေတစ်လှမ်းလှမ်းလိုက်ရာ ဘုမ်းဟူသော ပေါက်ကွဲသံကြီးနှင့်အတူ မီတာရာနှင့်ချီ၍ ရှည်လျားသော ဟင်းလင်းပြင် အက်ကွဲကြောင်းများ ဖြစ်ပေါ်လာခဲ့သည်။
ထို့နောက် စက္ကန့်ပိုင်းမျှအကြာတွင် သူ၏ပုံရိပ်သည် အရှေ့သို့ တဟုန်ထိုး ရောက်ရှိလာခဲ့ကာ၊ ဆဌမအဆင့်နယ်ပယ်၏အမြန်နှုန်းဖြင့် ရှုကျိုးဘက်သို့ ပြေးဝင်သွားတော့သည်။
ဆဌမအဆင့်၏ ပေါက်ကွဲအားကို အပြည့်အဝ အသုံးပြုထားသောကြောင့် သူ၏ အမြန်နှုန်းသည် အလွန်တရာ မြန်ဆန်နေခဲ့ကာ၊ သူ၏ပုံရိပ်သည် တစ္ဆေတစ်ကောင်ကဲ့သို့ ဖြစ်သွားပြီး၊ မျက်စိတစ်မှိတ်အတွင်းမှာပင် သူနှင့် ရှုကျိုးကြားရှိ အကွာအဝေးကို တစ်ဝက်တိတိ လျှော့ချပစ်လိုက်သည်။
စက္ကန့်ပိုင်းအတွင်းမှာပင် သူသည် ရှုကျိုးကို လိုက်မှီလာခဲ့ကာ အရှေ့ဘက်သို့ လက်သီးချက်တစ်ချက် ပစ်လွှတ်လိုက်သည်။
ရှုကျိုး၏ စိတ်ထဲသို့ အကြောက်တရားများ တိုးဝင်လာခဲ့ကာ အသက်ရှူကြပ်မတတ်ပင် ဖြစ်သွားခဲ့သည်။
သို့ရာတွင် သူသည် အရေးအကြီးဆုံးအချိန်တွင် ပို၍ စိတ်ငြိမ်သွားခဲ့သည်။
( ကြောက်တော့ ကြောက်ပင်မဲ့ ကိုယ်လုပ်စရာရှိတာ လုပ်ရမှာကို အချိန်ကိုက် လုပ်နိုင်တာမျိုးပါ )
စည်းတံဆိပ်များကို ချက်ချင်းရေးဆွဲလိုက်ရာ သူ၏ အရှိန်အဝါသည် မျက်စိတစ်မှိတ်အတွင်းမှာပင် အဆပေါင်းများစွာ ကျော်လွန်သည်အထိ ပိုမိုအားကောင်းလာခဲ့သည်။
“ လဝိညာဥ် နည်းစနစ် !! “
ရှုကျိုးသည် တတိယအဆင့် အထွတ်အထိပ်သို့ ထပ်မံ၍ ရောက်ရှိသွားပြန်သည်။
တစ်ချိန်တည်းမှာပင် သူ့ခန္ဓာကိုယ်အတွင်းရှိ ကြာပန်းသည် ရုတ်တရက် ပွင့်လန်းလာခဲ့ပြီး၊ သွေးကြောမှတ် လည်ပတ်မှု အသက်ဝင်လာခဲ့ကာ လျှို့ဝှက်ဆန်းကြယ်သော လှိုင်းတစ်ခုကို ထုတ်လွှင့်လာခဲ့သည်။
အရာအားလုံးသည် တိတ်ဆိတ်ငြိမ်သက်သည့် အခြေအနေထဲသို့ ကျရောက်သွားသည့်ပုံပင်။
သွေးကြောမှတ် လည်ပတ်မှု : အချိန်ရပ်တန့်ခြင်း !!
ရှုကျိုး၏ ယခုလက်ရှိ စွမ်းအားဖြင့် အဆိုပါ စွမ်းရည်ကို အသက်သွင်းလိုက်သည့် အချိန်တွင် စတုတ္ထအဆင့် အထွတ်အထိပ် ပညာရှင်တစ်ဦးကပင် အချိန်တစ်ခဏခန့်အထိ ရပ်တန့်သွားမည် ဖြစ်သည်။
သို့သော် လန်ယုကမူ လက်သီးချက်ကို မလွှဲရမ်းခင် အချိန်တွင် အသက်ရှူကြိမ်တစ်ကြိမ်မျှသာ ရပ်တန့်သွားခဲ့သည်။
ဆဌမအဆင့်နယ်ပယ် ပညာရှင်၏ အရှေ့တွင် အချိန်ရပ်တန့်ခြင်းသည် အကျိုးသက်ရောက်မှု မရှိသလောက်နီးပါးပင် ဖြစ်နေခဲ့သည်။
သို့သော် ထိုအချိန်ကပင် ရှုကျိုးအား အနည်းငယ် အသက်ရှူချောင်သွားစေခဲ့သည်။
သူ၏လက်များဖြင့် စည်းတံဆိပ်များ ထပ်မံ၍ ရေးဆွဲလိုက်ရာ၊ ကြီးမားသော စည်းတံဆိပ်ကြီးတစ်ခုသည် လေတိုက်တိုင်း ကြီးမားလာခဲ့သည်။
ခါတိုင်းကဲ့သို့မဟုတ်ဘဲ ဤတစ်ကြိမ် လူသားဧကရာဇ် စည်းတံဆိပ်၏ မျက်နှာပြင်ပေါ်တွင် မီးလျှံများ ဝိုင်းရံနေခဲ့သည်။
နတ်စွမ်းရည် မီးတောက်၏ လောင်ကျွမ်းမှုအောက်တွင် ရွှေရောင် လူသားဧကရာဇ် စည်းတံဆိပ်သည် အပူပေးခံထားရသည့် သံမဏိကဲ့သို့ ဖြစ်နေကာ၊ ၎င်း၏ မျက်နှာပြင်ပေါ်တွင် ကြက်သွေးရောင် တောက်နေခဲ့သည်။
တစ်ချိန်တည်းမှာပင် အလွန်အားကောင်းသည့် အရှိန်အဝါတစ်ခုသည် ကောင်းကင်ထက်သို့ ထောင်တက်လာခဲ့သည်။
အနီရောင် လူသားဧကရာဇ် စည်းတံဆိပ်သည် အံ့ဖွယ်ကောင်းသည့် စွမ်းအားကို ထုတ်လွှင့်ကာ ပြင်းပြင်းထန်ထန် ပြန်လည်တိုက်ခိုက်နေခဲ့သည်။
“ ဘုမ်း !!! “
အနီရောင် စည်းတံဆိပ်သည် လန်ယု၏ လက်သီးနှင့် တိုက်မိသွားကာ ကျယ်လောင်သော ပေါက်ကွဲသံကြီးကို ထုတ်လွှင့်လာခဲ့သည်။
ဟင်းလင်းပြင် အက်ကွဲကြောင်းများလည်း ပြန့်ကားလာခဲ့သည်။
လူသားဧကရာဇ် စည်းတံဆိပ်၏ မျက်နှာပြင်ပေါ်တွင် အက်ကြောင်းများ ထလာခဲ့ကာ ပေါက်ကွဲသွားတော့သည်။
အဖျက်အစီး စွမ်းအင် လှိုင်းလုံး ပေါက်ထွက်လာခဲ့ကာ ရှုကျိုးကို လွင့်စင်သွားစေခဲ့ပြီး၊ သူ၏ခန္ဓာကိုယ်ပေါ်တွင် အက်ကွဲကြောင်းနှင့် ဒဏ်ရာများ ဖြစ်ပေါ်သွားစေခဲ့သည်။
လူသားဧကရာဇ် စည်းတံဆိပ်ကို မြင်တွေ့လိုက်ရသောအခါတွင် လန်ယု၏ အကြည့်သည် အလွန်တရာ အေးစက်သွားခဲ့သည် “ ရှေးဧကရာဇ်ရဲ့ ဆက်ခံသူ တကယ် ဖြစ်နေတာပဲ၊ ငါ့အတွက် သေလိုက် !!! “
ဓားအလင်းတန်းတစ်ခုသည် ရှုကျိုးထံသို့ ပြေးဝင်လာခဲ့သည်။
ရှုကျိုးသည် ပါးစပ်အပြည့် သွေးတစ်လုပ် အန်လိုက်ရသည်၊ သို့သော် သူ၏စိတ်ထဲတွင်မူ အခိုင်မာဆုံးသော ကျိန်ဆိုချက်တစ်ခုကို ပြုလုပ်လိုက်သည်။
“ တကယ်လို့ ငါလွတ်သွားမယ်ဆိုရင် နောင်အနာဂတ်မှာ မင်းကို သေချာပေါက် သတ်မယ် “
၎င်းသည် သူရင်ဆိုင်ခဲ့ရဖူးသမျှထဲတွင် အကြီးမားဆုံးသော သေခြင်းရှင်ခြင်း အကြပ်အတည်းတစ်ခု ဖြစ်သည်။
ဆဌမအဆင့် ပညာရှင်တစ်ဦးက တတိယအဆင့် ပညာရှင်တစ်ဦးကို လိုက်ဖမ်းခြင်း၊ တစ်ခြားလူတစ်ဦးဦးသာဆိုပါက အဖမ်းခံလိုက်ရသည်မှာ အချိန်အတော်ကြာနေခဲ့ပြီဖြစ်သည်၊ သို့သော် ရှုကျိုးကမူ ယခုလက်ရှိအချိန်အထိ အောင်မြင်စွာ တောင့်ခံနိုင်သည်။
အကယ်၍ သူကသာ ရှင်သန်နိုင်ခဲ့မည်ဆိုပါက၊ သူသည် ယနေ့ဖြစ်ရပ်အတွက် အဆပေါင်းရာနှင့်ချီ၍ ပြန်လည်ပေးဆပ်ခိုင်းမည် ဖြစ်သည်။
ထိုအချိန်၌ ဓားအလင်းတန်းသည် တဟုန်ထိုး ပြေးဝင်လာခဲ့ပြီး၊ ၎င်း၏အရှိန်အဝါသည် ရှုကျိုးအား မလှုပ်ရှားနိုင်တော့အောင် ချုပ်နှောင်ထားခဲ့သည်။
ရှုကျိုးမှ ဟိန်းဟောက်၍ လှုပ်ရှားလိုက်ရာ များပြားလွန်းလှသော ဟင်းလင်းပြင် စွမ်းအင်များသည် အလွှာလိုက် စုစည်းလာခဲ့ကာ ဓားအလင်းတန်ကို ပိတ်ဆို့တားဆီးရန် ကြိုးပမ်းနေတော့သည်။
“ ခရက် ခရက် ခရက် !!! “
စတုတ္ထအဆင့် ပညာရှင်ကိုပင် ဖျက်စီးပစ်နိုင်သည့် ဟင်းလင်းပြင် အက်ကွဲကြောင်းများသည် ဓားအလင်းတန်၏ အရှေ့တွင် ချက်ချင်း ပြိုကွဲသွားတော့သည်။
ဓားအလင်းတန်းသည် အဆုံးမဲ့ စွမ်းအားများကို သယ်ဆောင်ကာ အရာအားလုံးကို ဖြိုခွဲပစ်လိုက်ပြီး၊ ရှုကျိုး၏ဦးခေါင်းဆီသို့ ဦးတည်လာခဲ့သည်။
“ အတင့်ရဲလိုက်တာ !!! “
ထိုအချိန်တွင် မိုးခြိမ်းသံတမျှ ကျယ်လောင်သည့် အသံတစ်သံသည် ရှုကျိုး၏ နားများအတွင်းသို့ ဝင်ရောက်လာခဲ့သည်။
ဝုန်းးးး !!!
အစွမ်းထက် လက်တစ်ဖက်သည် ဓားအလင်းတန်းကို ဖမ်းဆုပ်၍ ၎င်းကို တစ်ချက်တည်း ချေမွလိုက်သည်။
ရွှေအိုရောင်ဆံသားနှင့် စစ်ဝတ်စုံကို ဝတ်ဆင်ထားသည့် ပုံရိပ်တစ်ခုသည် ရှုကျိုး၏ အရှေ့တွင် ပေါ်လာခဲ့ပြီး၊ ဒေါသထွက်နေသည့် ခြသေ့်တစ်ကောင်ကဲ့သို့ လန်ယုကို ထိုးချလိုက်သည်။
လန်ယုသည် ဒေါသတကြီး ဟိန်းဟောက်လိုက်သော်လည်း၊ အဆိုပါ လက်သီးချက်၏ ထိုးနှက်ခြင်းကို ခံလိုက်ရကာ အသွေးအသားများ စုတ်ပြဲ၍ သွေးများ လွင့်စင်သွားတော့သည်။
“ မာဂယ် “
သို့သော် သူသည် စည်းတံဆိပ်များကို ချက်ချင်း ရေးဆွဲကာ သွေးလွတ်မြောက်ခြင်း နည်းစနစ်ကို အသက်သွင်း၍ အဝေးသို့ ပြေးထွက်သွားတော့သည်။
“ ခုနစ်စင်ကြယ် နတ်ဓား !! “
ရွှေရောင်ဆံပင်နှင့် လူကြီးမှ ဟိန်းဟောက်လာခဲ့ရာ၊ ရွှေရောင် ဓားအလင်းတန်းတစ်ခု ပေါ်ထွက်လာခဲ့ပြီး၊ ၎င်းသည် မီတာ ရာနှင့်ချီ၍ ရှည်လျားသည့် ကြီးမားသော ဧရာမ ဓားတစ်လက်အဖြစ် ပြောင်းလဲသွားကာ လန်ယုဆီသို့ ပြေးဝင်သွားတော့သည်။
“ ဆွစ်ရှ် !!! “
၎င်းသည် လန်ယုကို ထိမှတ်သွားခဲ့ကာ သူ၏ကိုယ်တစ်ခြိမ်းကိုပေါက်ကွဲသွားစေခဲ့သည်၊ သို့သော် သူသည် မည်သို့မျှ ပြန်မတိုက်ဘဲ ဆက်ပြေးသွားခဲ့သည်။
ရွှေရောင် ဆံပင်ဖြင့် လူကြီးသည် မျက်မှောင်ကြုတ်သွားကာ ဆက်လိုက်၍ ကြံရွယ်လိုက်သည်၊ သို့သော် သူသည် တစ်စုံတစ်ခုကို အမှတ်ရသွားကာ ရှုကျိုးကို ပြန်လှည့်ကြည့်လာခဲ့သည်။
ဤအချိန်တွင် ရှုကျိုး၏ အရေပြားများသည် လုံးလုံးလျားလျား ပွင့်ထွက်နေလျက်ရှိသည်။
ရှုကျိုးက အကောင်းဆုံးခုခံခဲ့သော်လည်း ဆဌမအဆင့် ပညာရှင်တစ်ဦးနှင့် ရင်ဆိုင်ရသောကြောင့် ဒဏ်ရာ အပြင်းအထန် ရရှိသွားခဲ့သည်။
ရွှေရောင်ဆံပင်နှင့်လူကို မြင်လိုက်ရသောအခါတွင် ရှုကျိုးမှ စကားပြောလာခဲ့သည် “ ကျွန်တော့်ကို ကယ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်၊ စီနီယာ ”
ရွှေရောင်ဆံပင်နှင့် လူ၏ မျက်နှာပေါ်တွင် အံ့ဩတုန်လှုပ်မှု အရိပ်အငွေ့များ ရှိနေခဲ့သည် “ ငါက အရှေ့ပိုင်း စစ်မြေပြင်ရဲ့ တပ်ရင်းမှူး ကာရေးပါ၊ မင်းရဲ့ နာမည်က ?? “
ဆဌမအဆင့် ပညာရှင်တစ်ဦးက တတိယအဆင့်နယ်ပယ်မှ လူတစ်ဦးကို လိုက်ဖမ်းနေခြင်းမှာ အံ့ဖွယ်ဖြစ်ရပ်တစ်ခု ဖြစ်သည်။