အခန်း (၃၈၂-၃၈၄)
Vol. 26 Ch. 382-384
အပိုင်း ( 382 )
ဆရာသခင်အဆင့် နတ်လက်နက်
“ ရှုကျိုးပါ “
“ အဆင့်ဇယားရဲ့ နံပါတ်၁ နေရာက ရှုကျိုးလား? “
ကာရေး၏မျက်လုံးများထဲတွင် အံ့ဩသွားသည့် အရိပ်အငွေ့များ ဖြစ်တည်လာခဲ့သည်၊ အရှေ့ပိုင်းစစ်မြေပြင်၏ တပ်ရင်းမှူးတစ်ဦးအနေဖြင့် သူသည် ရှုကျိုး၏ တည်ရှိုမှုကို ကောင်းစွာ သတိပြုမိနေခဲ့သည်။
သူသည် တတိယအဆင့်နယ်ပယ်မှ ကမ္ဘာ့ကြယ်သား သိုင်းပညာရှင် အယောက် ၂၀၀၀ကျော်နှင့် စတုတ္ထအဆင့်နယ်ပယ်မှ ပညာရှင် တစ်ဒါဇင်ကျော်ကို သတ်ဖြတ်ထားခဲ့သည်။
လူသားတို့၏ နှစ်ရာနှင့်ချီသော သမိုင်းကြောင်းမှာပင် ထိုကဲ့သို့ မှတ်တမ်းမျိုး ရရှိအောင် စွမ်းဆောင်နိုင်ခဲ့သည့် ကျောင်းသူကျောင်းသားဆိုသည်မှာ မရှိသလောက်နီးပါး ရှားပါးလွန်းနေခဲ့သည်။
ယခုလက်ရှိ ရှုကျိုးကြုံတွေ့ခဲ့ရသည့် ဖြစ်ရပ်များသည် သူ့ကို နက်နက်ရှိုင်းရှိုင်း အံ့ဩတုန်လှုပ်သွားခဲ့သည်။
“ ဆွစ်ရှ် !! “
များစွာသော အလင်းတန်းများသည် ကောင်းကင်ယံတွင်မှတစ်ဆင့် ဤနေရာသို့ လျင်မြန်စွာ ဆင်းသက်လာကြသည်။
အစွမ်းထက် အရှိန်အဝါတစ်ခုသည် ကမ္ဘာကြီးတစ်ခုလုံးကို ဖုံးလွှမ်းသွားခဲ့သည်။
ဝုချင်းရှန်နှင့် ရှန့်ဝမ်ချန်းတို့မှာလည်း ထိုလူအုပ်ထဲတွင် ပါဝင်နေခဲ့သည်။
ထိုအချိန်တွင် ဝုချင်းရှန်သည် သတ္တမအဆင့် ပညာရှင်တစ်စုဖြင့် အတူရောက်လာခဲ့ပြီး၊ မြေပြင်ပေါ်သို့ ဆင်းသက်ကာ လျင်မြန်စွာ ချဥ်းကပ်လာခဲ့သည်။
သတ္တမအဆင့် ပညာရှင်များထဲမှ လူတစ်ဦးသည် ရှုကျိုးကို ကုသပေးရန်အတွက် အရှေ့သို့ တက်လာခဲ့သည်။
“ ရှုကျိုး !! မင်း အဆင်ပြေရဲ့လား? “
ရှန့်ဝမ်ချန်းသည် အရှေ့သို့ လျှောက်လှမ်းလာခဲ့သည်၊ သူ၏မျက်နှာပေါ်တွင် စိုးရိမ်ပူပန်မှုများဖြင့် ပြည့်နှက်နေခဲ့သည်။
သတင်းကို လက်ခံရရှိခဲ့သည့်အချိန်တွင်၊ သူနှင့် ဝုချင်းရှန်တို့သည် အပြေးအလွှား ထွက်လာခဲ့ကြသည်၊ သို့သော် သူတို့သည် ခြေတစ်လှမ်းနောက်ကျနေစဲပင်ဖြစ်ပြီး၊ သူတို့ရောက်လာသည့် အချိန်တွင် တိုက်ပွဲက ပြီးဆုံးနေခဲ့ပြီဖြစ်သည်။
ရှုကျိုးသည် ခေါင်းခါရမ်းပြလိုက်သည် “ ကိစ္စကြီး မဟုတ်ပါဘူးဗျာ “
“ ဘာဖြစ်ခဲ့တာလဲ? “
ဝုချင်းရှန်သည် သတ်ဖြတ်လိုစိတ်များ ပြည့်နှက်နေသည့် မျက်လုံးများဖြင့် ကာရေးကို အေးစက်စွာ စိုက်ကြည့်လိုက်သည်။
ကမ္ဘာ့ကြယ်၏ ဆဌမအဆင့် ပညာရှင်တစ်ဦးက ကြယ်ပြာဂြိုဟ်၏ တတိယအဆင့် ပညာရှင်ကို တိုက်ခိုက်ခြင်း !! ၎င်းမှာ အလွန်လေးနက်ပြင်းထန်သော ကိစ္စတစ်ခုဖြစ်သည်၊ ထို့အပြင် တိုက်ခိုက်ခံရသည့် ကျောင်းသားမှာလည်း သူ၏တက္ကသိုလ်မှ ပါရမီရှင်ဖြစ်နေခဲ့သည်။
ထိုအချိန်တွင် ကာရေးသည် အရှေ့သို့ အလောတကြီး ပြေးတက်လာခဲ့ကာ အခြေအနေကို အကျဥ်းချုံး၍ ရှင်းပြနေတော့သည်။
ကာရေး၏ တင်ပြမှုကို နားထောင်ပြီးသွားခဲ့သည့်နောက်တွင် ဝုချင်းရှန်နှင့် ရှန့်ဝမ်ချန်းတို့သည် တစ်ခဏခန့် မှင်သက်သွားကြသည်။
“ အဆင့်၆ ပညာရှင်တစ်ယောက်က ရှုကျိုးကို သူကိုယ်တိုင် လာတိုက်ခိုက်ခဲ့တယ်လို့ ပြောနေတာလား? “
ဝုချင်းရှန်၏ အမူအရာသည် အနည်းငယ် ထူးဆန်းသွားခဲ့သည်၊ ယခင်က သူသည် ဆဌမအဆင့် ပညာရှင်က လိုက်လံဖမ်းဆီးခြင်းကို ဦးဆောင်လုပ်ကိုင်ရုံမျှသာ ဖြစ်နေလိမ့်မည်ဟု ထင်ထားခဲ့ခြင်း ဖြစ်သည်။
ဆဌမအဆင့် ပညာရှင်မှ တတိယအဆင့် ပညာရှင်ကို တိုက်ခိုက်မည်ဆိုပါက ဗီဇာမလိုဘဲ ငရဲသို့ ချက်ချင်းတန်းရောက်သွားမည် ဖြစ်သည်။
ရှုကျိုးကား မည်သို့မျှ ရှင်သန်နိုင်လိမ့်မည် မဟုတ်ပေ။
သို့သော် တကယ့်ဖြစ်ရပ်တွင်မူ ရှုကျိုးသည် လန်ယု၏ လိုက်လံဖမ်းဆီးခြင်းကို အနည်းဆုံးအနေနှင့် မိနစ်ဝက်အထိ တောင့်ခံထားနိုင်ခဲ့လေသည်။
အဆိုပါ မိနစ်ဝက်မှာ တိုတောင်းနေပုံရသည်၊ သို့သော် ၎င်းသည် ဆဌမအဆင့် ပညာရှင်တစ်ဦးက တတိယအဆင့် ပညာရှင် ရာပေါင်းများစွာကို သတ်ဖြတ်ရန် လုံလောက်သည့် အချိန်ပမာဏတစ်ခု ဖြစ်သည်။
ရှုကျိုးက ဘယ်လိုလုပ် လွတ်လာရတာလဲဟ?
ဤအချိန်တွင် ဝုချင်းရှန်နှင့် ရှန့်ဝမ်ချန်းတို့နှစ်ဦးသည် မယုံကြည်နိုင် ဖြစ်သွားကြသည်။
သူတို့အတူ လိုက်လာကြသည့် သတ္တမအဆင့် ပညာရှင်များကမူ ပို၍ပင် အံ့ဩတုန်လှုပ်သွားကြသည်။
“ ဒီကောင်လေးက အဆင့်၆ ပညာရှင်တစ်ယောက်ရဲ့ လက်ထဲကနေ တကယ်ကြီး လွတ်အောင် ပြေးနိုင်ခဲ့တာလား? “
“ အဘိုးကြီးဝု၊ ခင်ဗျားတို့ ကွမ်ဟန်သိုင်းပညာ တက္ကသိုလ်က ကျောင်းသားတွေက ဘယ်အချိန်ကစပြီးတော့ ဒီလောက်တောင် ကြောက်ဖို့ကောင်းလာရတာလဲ? “
ဤနေရာတွင် ရှိနေကြသည့် လူများသည် အဆင့်မြင့် သိုင်းပညာရှင်များသာ ဖြစ်ကြသည်၊ သို့သော် သူတို့သည် သူတို့၏ အိန္ဒြေသိက္ခာကိုပင် မထိန်းနိုင်ကြတော့ပေ။
ရှုကျိုးကြုံတွေ့ခဲ့ရသည့် ဖြစ်ရပ်များသည် သူတို့၏ များပြားလွန်းလှသော ဘဝအတွေ့အကြုံများဖြင့်ပင် တစ်ကြိမ်တစ်ခါမှ မကြားခဲ့ဖူးသော ကိစ္စရပ်များ ဖြစ်နေခဲ့သည်။
ဝုချင်းရှန်သည် ဦးခေါင်းကို ခါရမ်းကာ သက်ပြင်းတချချ ဖြစ်သွားတော့သည် “ ရှုကျိုးကလွဲရင် ဒါတွေကို တစ်ခြားဘယ်သူကမှ လုပ်နိုင်မှာ မဟုတ်ဘူး “
အစစ်အမှန် သိုင်းပညာဌာနက နယ်ပယ်တူတွင် ပြိုင်ဘက်ကင်းနေမည်ဆိုလျှင်တောင်မှ၊ တတိယအဆင့်မှ လူတစ်ဦးအား ဆဌမအဆင့် ပညာရှင်၏ လိုက်ဖမ်းခြင်းမှ လွတ်မြောက်အောင် စွမ်းဆောင်ပေးနိုင်မည် မဟုတ်ပေ။
ဆဌမအဆင့်ကို မဆိုထားနှင့် ပဥ္စမအဆင့်နယ်ပယ်မှ ပညာရှင်၏ လိုက်ဖမ်းခြင်းကပင် တတိယအဆင့်နယ်ပယ်မှ လူများ ကိုင်တွယ်နိုင်သည့် အတိုင်းအတာအထပ် ကျော်လွန်နေပြီ ဖြစ်သည်။
ရှန့်ဝမ်ချန်း၏ အမူအရာသည် အလွန်တရာ မည်းမှောင်သွားခဲ့သည် “ လန်ယုက အနိမ့်ပိုင်း သုံးဆင့်က လူတစ်ယောက်ကို ပေါ်ပေါ်တင်တင် တိုက်ခိုက်ရဲနေပြီးတော့ စည်းမျဥ်းတွေကို ချိုးဖောက်နေတာပဲ “
ကာရေးသည် တုံ့တုံ့ဆိုင်းဆိုင်းဖြင့် ပြောလာခဲ့သည် “ ရှုကျိုးရဲ့ အောင်မြင်မှုတွေက တော်တော်ကြီးကို ထူးခြားနေတာကြောင့် ကမ္ဘာ့ကြယ်ဘက်က ပညာရှင်တွေရဲ့ အာရုံကို ဆွဲဆောင်မိသွားတာ ဖြစ်နိုင်ပါတယ် “
ထိုစကားကို ကြားလိုက်ရသောအခါ အားလုံးသည် အကြည့်များ ဖလှယ်ကာ ခေါင်းတငြိမ်ငြိမ့် ဖြစ်သွားကြတော့သည်။
အပင်မြင့်ပါက လေတိုက်ခံရမည် ဖြစ်သည်။
ရှုကျိုး၏ အောင်မြင်မှုများသည် အလွန်ပင် တောက်ပနေခဲ့သည်၊ အထူးသဖြင့် အရှေ့ပိုင်းစစ်မြေပြင်မှ တိုက်ပွဲနယ်မြေ တော်တော်များများက သူ၏ ကူညီအားဖြည့်ပေးမှုကြောင့် လွတ်မြောက်နယ်မြေများ ဖြစ်သွားခဲ့သည့် အချိန်ကတည်းကဖြစ်သည်။
ထိုနှုန်းအတိုင်းသာ ဆိုပါက အရှေ့ပိုင်းနယ်မြေအတွင်းရှိ စစ်နယ်မြေ အားလုံးသည် မကြာခင်အချိန်မှာပင် လွတ်မြောက်လာကြမည် ဖြစ်ကာ၊ ကမ္ဘာ့ကြယ်၏ ရာစုနှစ်တစ်ခုနီးပါး တည်ဆောက်ခဲ့ရသည့် ကြိုးစားအားထုတ်မှုများကို ဖျက်ဆီးသွားမည်ဖြစ်သည်။
ကမ္ဘာ့ကြယ်သည် ထိုကဲ့သို့သော ဖြစ်ရပ်မျိုးကို ပေါ်ပေါက်ခွင့်ပြုမည် မဟုတ်ပေ။
ကာရေးမှ လေးလေးနက်နက် ပြောလာခဲ့သည် “ လန်ယုရဲ့ တည်နေရာကို ရှာဖို့အတွက် ကျွန်တော်တို့က အနောက်ပိုင်းစစ်မြေပြင်နဲ့ ညှိနှိုင်းရပါမယ်။ အဲ့လူက သဘောတူညီချက်တွေကို ချိုးဖောက်ခဲ့ပါတယ်၊ ကျွန်တော်တို့က သူ့ကို သတ်ကိုသတ်ရမှာပါ၊ ကမ္ဘာ့ကြယ်ရဲ့ အဆင့်မြင့် ပညာရှင်တွေက ကျွန်တော်တို့ကို တားနိုင်မှာ မဟုတ်ဘူး “
ရှန့်ဝမ်ချန်းသည် သက်ပြင်းတချချ ဖြစ်သွားတော့သည် “ သူက ကမ္ဘာ့ကြယ်ဆီကိုတောင် ပြန်ရောက်သွားလောက်ပြီ “
ထိုစကားကို ကြားလိုက်ရသောအခါတွင် ကာရေးသည် တိတ်ဆိတ်ငြိမ်သက်သွားခဲ့သည်၊ ထိုကဲ့သို့လည်း ဖြစ်နေနိုင်သေးသည်။
သို့သော် သူတို့ထံတွင် ရွေးချယ်စရာ မရှိပေ၊ အားနည်းသူတို့၏ အခြေအနေမှာ ထိုအတိုင်းသာ ဖြစ်သည်။
ကြယ်ပြာဂြိုဟ်၏ ယခုလက်ရှိ ခွန်အားနှင့်သာဆိုပါက၊ ကမ္ဘာ့ကြယ်ဘက်မှ အဆင့်မြင့် ပညာရှင်များနှင့် ညှိနှိုင်းဖြေရှင်းခြင်းကို လုပ်နိုင်လိမ့်မည် မဟုတ်သည့်အပြင်၊ တစ်ဖက်လူတို့၏ တန်ပြန်တိုက်ခိုက်ခြင်းကိုပင် ခံရနိုင်ပေသည်။
ဘေးဘက်ရှိ ရှုကျိုးကမူ တိတ်ဆိတ်ငြိမ်သက်နေစဲသာ ဖြစ်သည်။
အမှန်တိုင်းပြောရမည်ဆိုပါက သူသည် လန်ယုက သူ့ကို လိုက်ဖမ်းခြင်းက အထက်တွင် ဖော်ပြခဲ့သည့် အကြောင်းပြချက်များကြောင့်သာလျှင် မဟုတ်ဘူးဟု ခံစားနေခဲ့ရသည်။
တကယ့်အကြောင်းပြချက်သည် သူက လူသားဧကရာဇ်၏ အမွေဆက်ခံသူဖြစ်နေသောကြောင့် ဖြစ်နိုင်ပေသည်။
လူသားဧကရာဇ် စည်းတံဆိပ်သည် အလွန်အရေးပါလှပြီး၊ ကမ္ဘာ့ကြယ်သား သိုင်းပညာရှင်များကို ဒူးထောက်သွားစေနိုင်သောကြောင့် ကြီးမားသော လျှို့ဝှက်ချက်များ ရှိနေမည်မှာ သေချာလွန်းနေခဲ့သည်။
ရှုကျိုးသည် ထိုအကြောင်းကို ထုတ်မပြောလိုက်ပေ၊ သူက ဤအဆင့်မြင့် ပညာရှင်များကို မယုံကြည်သောကြောင့် မဟုတ်ပေ။
ပို၍ အရေးကြီးသော ကိစ္စတစ်ခု ရှိပေသည်၊ သူသည် အလွန်အားနည်းလွန်းနေခဲ့ပြီး၊ ဤကဲ့သို့သော အမွေဆက်ဆံမှုမျိုးသည် လောဘတရားကို အလွယ်တကူ ဆွဲဆောင်နိုင်ပေသည်။ အကယ်၍ လူသား ဧကရာဇ် စည်းတံဆိပ်က လူသားမျိုးနွယ်စုကို အမှန်တကယ် အကျိုးပြုနိုင်မည်ဆိုပါက ကိစ္စမှာ တစ်မျိုးတစ်ဖုံ ဖြစ်သွားနိုင်လေသည်၊ သို့သော် ပြဿနာကား အဆိုပါ မှဏ်ဉာဏ်အမွေဆက်ဆံမှုကို တစ်ခြားလူများဆီသို့ လွှဲပြောင်းပေး၍ မရခြင်းပင် ဖြစ်သည်။
မည်သည့်နည်းလမ်းဖြင့်မဆို ပုံတူကူးမှတ်သားထားပါစေ၊ ၎င်းတို့အားလုံးက လျင်မြန်စွာ ပျောက်ကွယ်သွားမည် ဖြစ်သည်။
ထို့ကြောင့် ရှုကျိုးသည် လူသား ဧကရာဇ် စည်းတံဆိပ်က မျိုးနွယ်စုတစ်သောင်းကို ထိန်းချုပ်နိုင်သည်ဆိုသည်မှာ အဆိုပါ စည်းတံဆိပ်ကိုယ်တိုင်ကြောင့် မဟုတ်ဘဲ အမွေဆက်ခံသူဆိုသည့် သူ၏အထောက်အထားကြောင့် ဖြစ်နိုင်သည်ဟု သီအိုရီထုတ် မှန်းဆထားခဲ့သည်။
သူတစ်ဦးတည်းကသာ ၎င်းကို ကိုင်ဆောင်နိုင်ပေသည်။
“ စွမ်းအား ………… “ ရှုကျိုးသည် သူ၏လက်သီးများကို အသာအယာ ဆုပ်ခဲနေတော့သည်။
ယခုလေးတင် ဖြစ်ပွားခဲ့သည့် အရာများသည် သူက လုံလုံလောက်လောက် မသန်မာ မအားကောင်းသေးသောကြောင့် ဖြစ်သည်။
အကယ်၍ သူကသာ နဝမအဆင့် အထွတ်အထိပ် စွမ်းအားကို ပိုင်ဆိုင်ထားမည်ဆိုလျှင်တောင်မှ၊ မည်သည့်ကိစ္စကိုမှ တွေးပူနေစရာ လိုတော့မည် မဟုတ်ပေ။
လူငယ်မျိုးဆက် ပါရမီရှင်များကြားတွင် သူသည် လုံးဝ ချွန်ထွက်ကာ ကျော်ကြားထင်ရှားနေခဲ့ပြီ ဖြစ်သည်။
သို့သော် အကယ်၍ လန်ယုကဲ့သို့ လျှို့ဝှက်ဆန်းကြယ်အဆင့်ဇယားတွင် ကျော်ကြားသည့် ပညာရှင်တစ်ဦးနှင့် ရင်ဆိုင်ရမည်ဆိုပါက သူ၏ ယခုလက်ရှိစွမ်းအား ပုရွက်ဆိတ်တစ်ကောင်ကဲ့သို့ပင် အားနည်းလွန်းလှသည်။ အကယ်၍ ကာရေးသာ ပေါ်မလာခဲ့ဘူးဆိုပါက သူအမှန်တကယ် သေဆုံးသွားနိုင်ပေသည်။
ဤသေခြင်းရှင်ခြင်း အကြပ်အတည်းသည် ရှုကျိုးအား စတတ္ထအဆင့် ပညာရှင်များကို အနိုင်ယူနိုင်သည့် သူ၏ စွမ်းအားက အဆင့်မြင့် ပညာရှင်များအရှေ့တွင် ကြက်ကလေးငှက်ကလေး အဆင့်မျှသာ ဖြစ်သည်ဆိုသည်ကို နားလည်သွားစေခဲ့သည်။
………………………………………………………………………………………………………………………………………….
အပိုင်း ( 383 )
ဆရာသခင်အဆင့် နတ်လက်နက် ၂
ဤအချိန်တွင် ရှုကျိုး၏ အကြည့်သည် ပို၍ ခိုင်မာပြတ်သားလာခဲ့သည်။
သူ့ဘေးနားရှိ တစ်ခြားလူများသည် ရှုကျိုးနှင့် ပတ်သက်၍ တစ်ခုခု ထူးခြားနေသည်ကို သတိမပြုမိကြပေ၊ ရှုကျိုးက တိတ်ဆိတ်နေသည်ကို မြင်လိုက်ရသောအခါတွင် သူတို့သည် ၎င်းက သူ၏ဒဏ်ရာများကြောင့် ထိုကဲ့သို့ ဖြစ်နေသည်ဟုသာ ယူဆလိုက်ကြသည်။
ရှန့်ဝမ်ချန်းသည် သူ့ကို ရယ်ရယ်မောမောဖြင့် စကားပြောလာခဲ့သည် “ ရှုကျိုး၊ ဒီလေ့ကျင့်ရေး ခရီးစဥ်ကတောင် ပြီးတော့မယ်၊ ပထမနေရာကို ပြိုင်ဘက်မရှိ ရခဲ့အတွက် ဂုဏ်ယူပါတယ်ကွာ “
ရှုကျိုးသည် လုပ်ယူထားရသော အပြုံးဖြင့် ခေါင်းပြန်ငြိမ့်ပြလိုက်သည်။
ဝုချင်းရှန်သည် သူ့ကိုကြည့်နေရင်းဖြင့် သူဘာတွေးနေလဲဆိုသည်ကို သိနေပုံရပြီး၊ အပြုံးဖြင့် ပြောလာခဲ့သည် “ ရှုကျိုး၊ ဒီရှုံးနိမ့်မှုက မင်းအတွက် ကိစ္စမရှိပါဘူး။ မှတ်ထားပါ၊ မင်းက အဆင့်၆ ပညာရှင်တစ်ယောက်ကို ရင်ဆိုင်ခဲ့ရတာ။ အဲ့လိုလူရဲ့ လက်ထဲကနေ လွတ်အောင် ပြေးလာနိုင်ခဲ့တယ်ဆိုတာကတင် အံ့ဖွယ်တစ်ခု ဖြစ်နေပြီ “
“ အဲ့တာကြောင့် ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ အများကြီး တွေးပူမနေနဲ့။ တကယ်လို့ မင်းက နောင်အနာဂတ်မှာ လန်ယုနဲ့ ထပ်တွေ့ရမယ်ဆိုရင်၊ မင်းကိုယ်တိုင် သေချာပေါက် လက်စားချေနိုင်မှာပါ “
ထိုစကားကို ကြားလိုက်ရသောအခါတွင် ရှုကျိုးသည် အနည်းငယ် စိတ်သက်သာရာရသွားခဲ့သည်။
သူသည် ထိုကိစ္စနှင့် ပတ်သက်၍ အမှန်ပင် အတွေးလွန်နေခဲ့လေသည်။
ယခုလက်ရှိ အချိန်တွင် သူသည် လန်ယုကို ယှဥ်နေနိုင်မည် မဟုတ်ပေ။
သို့သော် နောက်တစ်ခါ ထပ်တွေ့ရမည့်အချိန်တွင် သူသည် ပြိုင်ဘက်ကို သူကိုယ်တိုင် သေချာပေါက် အနိုင်ယူမည်ဖြစ်သည်။
ရှုကျိုးသည် ဤတစ်ကြိမ်တွင် ဒဏ်ရာအပြင်းအထန် ရရှိထားခဲ့သောကြောင့် ဆက်တိုက်လိုစိတ် မရှိတော့ပေ။ သူသည် ကွမ်ဟန်မှ ထွက်သွားရန်အတွက် ရှန့်ဝမ်ချန်းနှင့် တစ်ခြားလူများနောက်သို့ ချက်ချင်းလိုက်သွားတော့သည်။
…
နယ်မြေ ၄၅
ကမ္ဘာ့ကြယ်မှ သိုင်းပညာရှင်များသည် လန်ယုပေါ်လာခဲ့သည့်အတွက် ပျော်ရွှင်ဝမ်းသာသွားကြသော်လည်း၊ သိပ်မကြာခင် အချိန်မှာပင် စိတ်ပျက်အားလျော့သွားကြရသည်။
အဘယ့်ကြောင့်ဆိုသော် သူတို့သည် လန်ယုက သူတို့ကို လုံးဝလျစ်လျူရှုထားပြီး၊ နတ်စွမ်းရည် မီးတောက်ကို မငြှိမ်းသက်ပေးဘဲ ရှုကျိုးနောက်သို့ တိုက်ရိုက်လိုက်သွားသည်ကိုသာ ဒေါသထွက်ဖွယ်ရာတွေ့ရှိခဲ့သောကြောင့် ဖြစ်သည်။
နတ်စွမ်းရည် မီးတောက်က ပြန့်ကားလာသည်နှင့်အမျှ ကမ္ဘာ့ကြယ် သိုင်းပညာရှင် အယောက် ၁၀၀၀သည် လူအရေအတွက် လျင်မြန်စွာ လျော့ကျသွားပြီး၊ မကြာခင်မှာပင် လေးရာမှ ငါးရာကြားသာလျှင် ကျန်ရှိနေတော့သည်။
ဤကဲ့သို့ အခြေအနေများအောက်တွင် ဂျယ်ရီယန်ဦးဆောင်သည့် ကမ္ဘာ့ကြယ်စစ်တပ်သည် မည်သည့်သနားညှာတာမှုမှ မပြသဘဲ၊ အားသာချက်ကို အခွင့်ကောင်းယူ၍ သတ်ဖြတ်ခဲ့သည်။
အဆုံးတွင် ကြယ်ပြာဂြိုဟ်စစ်တပ်သည် အပြတ်အသတ် အောင်ပွဲရခဲ့သည်။
နယ်မြေ၄၅ရှိ တိုက်ပွဲမှာ ပြီးဆုံးသွားခဲ့ပြီဖြစ်သည်။
သို့သော် ဂျယ်ရီယန်၏ မျက်နှာပေါ်တွင် မည်သည့်အပြုံးမှ ရှိမနေခဲ့ပေ။
သူသည် ရှုကျိုး ထွက်ပြေးသွားရာဘက်သို့ လှမ်းကြည့်ကာ စိတ်မသက်မသာဖြစ်သွားခဲ့သည်။
“ သူဘယ်လိုနေလဲဆိုတာကို ငါသိချင်မိတယ် …… “
ဂျယ်ရီယန်၏ မျက်ဝန်းများ ကျဥ်းမြောင်းသွားခဲ့သည်၊ ထိုလူသည် ဆဌမအဆင့် ပညာရှင်တစ်ဦးဖြစ်သည်။
ထို့အပြင် သူသည် ကမ္ဘာ့ကြယ်မှ လျှို့ဝှက်ဆန်းကြယ်စာရင်း၏ ထိပ်ဆုံးအယောက် ၅၀အဆင့်တွင် ဝင်သော လူတစ်ဦးဖြစ်သည်။
အကယ်၍ ကူညီမည့်သူ မရှိဘူးဆိုပါက၊ ရှုကျိုးသည် သေချာပေါက် သေဆုံးသွားရလိမ့်မည် ဖြစ်သည်။
“ ချီးပဲ၊ သူ့ကိုကယ်ဖို့ ငါ့မှာ အစွမ်းမရှိဘူးကွာ “
ဂျယ်ရီယန်သည် သူ၏လက်သီးများကို ဆုပ်ကာ အားနည်းခြင်း၏ စွမ်းအားကင်းမဲ့မှုကို နက်နက်ရှိုင်းရှိုင်း ခံစားသွားရတော့သည်။
သူသည် ရှုကျိုးနှင့် နှစ်ကြိမ်သာ တွေ့ခဲ့ဖူးသော်လည်း၊ ရှုကျိုးသာ မရှိဘူးဆိုပါက သူသည် ဤနယ်မြေ၄၅ကို ထိန်းထားနိုင်မှာ မဟုတ်ဘူးဆိုသည်ကို ကောင်းစွာနားလည်နေခဲ့သည်။
လူတစ်ထောင်ပါဝင်သည့် တိုက်ပွဲအစီအရင်နှင့် ရင်ဆိုင်လိုက်ရသောအခါတွင် နယ်မြေ၄၅၏ တပ်မှူးဖြစ်သည့် သူသည် သေချာပေါက် ကျရှုံးသွားရလိမ့်မည် ဖြစ်သည်။
ရှုကျိုးသည် သေအတူရှင်မကွာရှိခဲ့သည့် ရဲဘော်ရဲဘက်ဟုပင် ပြော၍ရပေသည်။
ဂျယ်ရီယန်သည် စိတ်ထဲတွင် အလွန်စိတ်မသက်မသာဖြစ်သွားခဲ့သည်။
“ ပီ ပီ ပီ !!! “
ထိုအချိန်တွင် စကားပြောစက် အော်မြည်လာခဲ့သည်။
“ ဟမ်? “
ဂျယ်ရီယန်၏ အမူအရာ ပြောင်းလဲသွားပြီး၊ ခေါ်ဆိုမှုကို လက်ခံလိုက်သည်။ ထို့နောက် စက္ကန့်ပိုင်းမျှအကြာတွင် သူ၏မျက်နှာပေါ်တွင် ပျော်ရွှင်မှုနှင့် အံ့ဩမှုများ ရောပြွန်းနေသည့် အမူအရာတစ်ခု ဖြစ်တည်လာခဲ့သည် “ ညီအစ်ကိုရှု၊ မင်းက တကယ်ကြီးကို အသက်ရှင်နေသေးတာလား? “
…
နာရီဝက်ကြာခဲ့ပြီးသည့်နောက်၌
ကွမ်ဟန်၏ အရှေ့ပိုင်း စစ်နယ်မြေအတွင်းရှိ သိုင်းပညာ တက္ကသိုလ် ကျောင်းသူကျောင်းသား အကုန်လုံးသည် လေ့ကျင့်ရေး အစီအစဥ်ပြီးဆုံးသွားပြီဆိုသည့် သတင်းကို ရခဲ့ကြသည်။
ထို့နောက်တွင် ကျောင်းသူကျောင်းသားများသည် တည်နေရာ ကူးပြောင်းခြင်း ဆုံမှတ်တွင် လူစုကာ ဤလေ့ကျင့်ရေး ခရီးစဥ်ကို အဆုံးသတ်လိုက်သည်။
သို့သော် သူတို့သည် ဤခရီးစဥ်က လုံးဝမပြီးဆုံးသေးဘူးဆိုသည်ကို သိနေခဲ့သည်။
အဘယ့်ကြောင့်ဆိုသော် အဆင့်သတ်မှတ်ချက်နှင့် ဆုလဒ်ကိစ္စများ ကျန်ရှိနေသောကြောင့် ဖြစ်သည်။
…
ခံတပ်၏ ရင်ပြင်အတွင်း၌
ကျောင်းသူကျောင်းသားတို့၏ ပုံရိပ်များသည် တစ်ဦးပြီးတစ်ဦး တည်နေရာ ကူးပြောင်းလာခဲ့သည်။
ရောက်လာခဲ့သည့် အချိန်တွင် သူတို့သည် အပေါ်ဘက်ရှိ ဖန်သားပြင် အကြီးကြီးကို မော့ကြည့်လာကြသည်။
၎င်းပေါ်တွင် ဤလေ့ကျင့်ရေး ခရီးစဥ်၏ အဆင့်သတ်မှတ်ချက်ကို ပြသထားခဲ့သည်။
[ ပထမ : ရှုကျိုး : စတုတ္ထအဆင့် ၁၄ဦး၊ တတိယအဆင့် အထွတ်အထိပ် ၁၅၅ဦး၊ တတိယအဆင့် ၂၃၄၅ဦးသတ်ဖြတ်ခဲ့သည် ]
[ ဒုတိယ : ဆိုဖီယာ : တတိယအဆင့် အထွတ်အထိပ် ၃၅ဦး သတ်ဖြတ်ခဲ့သည် ]
[ တတိယ : အဲလိဇဘတ် : တတိယအဆင့် အထွတ်အထိပ် ၃၀ဦး သတ်ဖြတ်ခဲ့သည် ]
…
ပထမနေရာရှိ မှတ်တမ်းသည် အပြတ်အသတ် သာလွန်းနေခဲ့သည် !!!
အားလုံးသည် သိလိုစိတ်များဖြင့် ပတ်ပတ်လည်ကို လှည့်ပတ်ကြည့်ရှုနေကြတော့သည်။
“ ရှုကျိုးဆိုတာက ဘယ်သူတုန်းဟ? “
“ ငါသူ့ကို တွေ့ရမှ ဖြစ်မယ် “
လူအုပ်ကြီး၏ စိတ်အားထက်သန်မှုများသည် အံ့ဖွယ်ကောင်းလောက်အောင် မြင့်တက်သွားခဲ့သည်။
အမှန်တိုင်းပြောရမည်ဆိုပါက ယခင်က ကွမ်ဟန်တွင် လေ့ကျင့်ရေး လာလုပ်သည့် လူများသည် ပထမနေရာကို ဤတစ်ကြိမ်ကဲ့သို့ များစွာအာရုံမစိုက်ခဲ့ပေ။
ကွမ်ဟန်တွင် လေ့ကျင့်ရေး လာဆင်းကြသည့်လူများက အမျိုးမျိုးသော သိုင်းပညာ တက္ကသိုလ်များမှ ပါရမီရှင်များ ဖြစ်သည်ဆိုသည်ကို အမှတ်ရကြရမည် ဖြစ်သည်။
တစ်ဦးနှင့်တစ်ဦးကြားရှိ အဆင့်ကွာဟချက်က မည်မျှပင် ကြီးမားနေပါစေ၊ သိသိသာသာ ကွာဟနေခြင်းမျိုး မရှိခဲ့ပေ။
သို့သော် ဤနှစ်ကမူ အတော်လေး ကွဲပြားနေခဲ့သည်။
ပထမနေရာမှလူသည် အပြတ်အသတ် သာလွန်နေခဲ့သည်။
အဆင့်၃ ပညာရှင် အယောက် ၂၀၀၀ကျော် သတ်ခဲ့တယ်ပေါ့၊ အဲ့တာက ဘယ်လိုဟာကြီးလဲဟ? လူတော်တော်တော်များများသည် ရှုကျိုးက ပဥ္စမအဆင့် ပညာရှင် ဖြစ်နိုင်သည်ဟုပင် သံသယဝင်သွားကြသည်။
ချက်ကျလက်ကျ ပြောရမည်ဆိုပါက ပဥ္စမအဆင့် ပညာရှင်သည် ဤလေ့ကျင့်ရေး ခရီးစဥ်တွင် ပါဝင်နိုင်မည်မဟုတ်ပေ။ အရှေ့ပိုင်းစစ်မြေပြင်သည် အနိမ့်ပိုင်း သုံးဆင့်မှ ပညာရှင်များအတွက်သာလျှင် ဖြစ်သည်။
ကျောင်းသူကျောင်းသားများသာလျှင် မဟုတ်ဘဲ၊ ဆဌမအဆင့်နှင့် သတ္တမအဆင့် ပညာရှင်တစ်ချို့ကပါ အာရုံစိုက်၍ စောင့်ကြည့်နေကြသည်။
သူတို့အားလုံးသည် ဤကဲ့သို့ ထူးခြားသော စွမ်းဆောင်မှုကို ပြုလုပ်နိုင်ခဲ့သည့်လူက မည်သူလဲဆိုသည်ကို သိချင်နေကြသည်။
…
မကြာခင်မှာပင် ရှုကျိုးသည် ရင်ပြင်အတွင်းရှိ ရောက်ရှိလာခဲ့သည်။
သို့သော် လူအများစုသည် သူ့ကို မမှတ်မိကြပေ။
ယခင်က သူနှင့် တွေ့ခဲ့ဖူးသည့် လူအနည်းငယ်ကသာလျှင် သူက ရန်ပြည်ထောင်၏ ခေါင်းဆောင်ဖြစ်သည်ဆိုသည်ကို သိနေကြသည်။
အဲလိဇဘတ်မှာလည်း ထိုလူများကြားထဲတွင် ရှိနေပြီး၊ ရှုကျိုးကို အသာအယာ ခေါင်းငြိမ့်ပြလာခဲ့သည်၊ သူမသည် ရှုကျိုး၏ နယ်ပယ်က ထပ်မံ၍ အဆင့်မြင့်သွားပြန်ပြီလားဆိုသည်ကို အလွန်သိချင်နေလျက်ရှိသည်။
ယခင်က သူ၏ စွမ်းအားသည် အမြင့်ဆုံးအနေဖြင့် စတုတ္ထတစ်ပိုင်းအဆင့် ပညာရှင်ကို သတ်ဖြတ်နိုင်သည်အထိသာ ရှိခဲ့သည်။
တစ်ချိန်တည်းမှာပင် ချင်ဖုန်းမှာလည်း ရှုကျိုးကို မြင်တွေ့သွားပြီး၊ အရှေ့သို့ အလောတကြီး လျှောက်လှမ်းလာခဲ့ကာ မအောင့်ထားနိုင်တော့ဘဲ ပြောလာခဲ့သည် “ မင်း၊ တော်တော်ကြီးကို မကောင်းဆိုးဝါးဆန်လွန်းနေတယ် မဟုတ်ဘူးလား? “
ရှုကျိုးသည် အပြုံးဖြင့် ပြန်ပြောလိုက်သည် “ စီနီယာ အစ်ကိုကြီး၊ မင်းကရော ဒီတစ်ခါ အဆင့်ဘယ်လောက်ချိတ်လဲ? “
“ ငါက အဆင့် ၃၀ကျော် …. “ ချင်ဖုန်းသည် သက်ပြင်းတချချ ဖြစ်သွားခဲ့သည် “ ငါက အလယ်အလတ် အဆင့်၃မှာပဲ ရှိနေသေးတာလေ၊ အဆင့်၄တစ်ပိုင်း ပညာရှင်ကိုတောင် မနိုင်ဘူး “
၎င်းကို ပြောခဲ့ပြီးသည့်နောက်တွင် သူသည် တစ်စုံတစ်ခုကို အမှတ်ရသွားကာ မျက်လုံးများ ပြူးကျယ်သွားပြီး၊ ပြောလာခဲ့သည် “ မင်းက အလယ်အလတ် အဆင့်၃မှာပဲ ရှိနေသေးတာတော့ မဟုတ်ဘူးမလား? “
ရှုကျိုးမှ ခေါင်းငြိမ့်ပြလိုက်သည်။
ချင်ဖုန်းမှင်သက်သွားတော့သည်။
သို့သော် သူသည် ထိုကဲ့သို့ အံ့ဩနေရခြင်းကို နေသားကျနေခဲ့ပြီဖြစ်သောကြောင့်၊ ကူရာကယ်ရာမဲ့စွာဖြင့် သက်ပြင်းချနေတော့သည် “ မင်းက ငါ့ကို ကျော်သွားမယ်ဆိုတာ ငါသိပါတယ်၊ ဒါပင်မဲ့ ဒီလောက်အထိ မြန်နေလိမ့်မယ်လို့ မထင်ထားခဲ့မိဘူး၊ မင်းကျောင်းကို ရောက်လာတာက တစ်နှစ်တောင် မရှိသေးဘူးလေ၊ ဟုတ်တယ်မလား? “
………………………………………………………………………………………………………………………………
အပိုင်း ( 384 )
ဆရာသခင်အဆင့် နတ်လက်နက် ၃
“ကိုးလတောင် မပြည့်သေးဘူးလို့ထင်တယ် “ ရှုကျိုးသည် တစ်ခဏခန့် တွက်ချက်၍ ပြောလိုက်သည်။
“ ချီးပဲ “
ကိုးလမပြည့်ခင် အချိန်မှာပင် သူသည် ပထမအဆင့်မှ စတုတ္ထအဆင့်အထိ သတ်ဖြတ်လာနိုင်ခဲ့သည်။
၎င်းမှာ တစ်ခုခု လိမ်လည်လှည့်ဖျားထားသည်နှင့်ပင် တူညီနေခဲ့သည်။
ချင်ဖုန်းသည် နက်နက်ရှိုင်းရှိုင်း ထိုးနှက်ခံလိုက်ရပြီး၊ ဘေးတစ်ဖက်သို့ အမြန်ရွှေ့သွားကာ မည်သည့်စကားမှ ထပ်မပြောလာတော့ပေ။ သူသည် ရှုကျိုးနှင့် နောက်တစ်နှစ်အထိ စကားမပြောဘူးဟု ကျိန်ဆိုလိုက်သည်။
၎င်းကို မြင်လိုက်ရသောအခါတွင် ရှုကျိုး ကူရာကယ်မဲ့ရာစွာဖြင့် ခေါင်းခါနေတော့သည်။
ထိုအချိန်တွင် စစ်ဝတ်စုံကို ဝတ်ဆင်ထားသည့် ပုံရိပ်တစ်ခုသည် ရင်ပြင်ထဲတွင် ရှိနေသည့် စင်မြင့်ဆီသို့ ဖြည်းဖြည်းချင်း လျှောက်လှမ်းလာခဲ့သည်။
၎င်းသည် ယခင်က ခံတပ်ထဲတွင် မြင်တွေ့ခဲ့ရသည့် ဒုဗိုလ်မှူးကြီး ဝူခဲ့လုံဖြစ်နေသည်။
ဝူခဲ့လုံကို မြင်လိုက်ရသောအခါတွင် လူတိုင်း တိတ်ဆိတ်ငြိမ်သက်သွားတော့သည်။
ထို့နောက်တွင် ဝူခဲ့လုံသည် လေးလေးနက်နက် စကားပြောလာခဲ့သည် “ လေ့ကျင့်ရေး ခရီးစဥ်ကို ပြီးဆုံးအောင် လုပ်နိုင်ခဲ့တဲ့အတွက် မင်းတို့အားလုံးကို ဂုဏ်ယူပါတယ် “
“ ဒီကာလအတွင်းမှာ ရဲရင့်တဲ့ မြင်းနက်တွေ ပေါ်လာခဲ့ပြီး၊ ထူးချွန်ထက်မြက်တဲ့ ပါရမီရှင်တွေလည်း တောက်ပလာခဲ့တယ် “
“ ဒါပင်မဲ့ အဲ့တာတွေထဲမှာမှ ချီးကျူးဖို့ အကောင်းဆုံးကတော့ ဒီတစ်ခေါက်မှာ ပထမနေရာကို ရခဲ့တဲ့လူပါပဲ၊ ရန်ပြည်ထောင်ရဲ့ ပါရမီရှင် ရှုကျိုးပါ “
“ ရှုကျိုး၊ စင်ပေါ်ကို တက်လာခဲ့ပေးပါ “
ထိုစကားကို ကြားလိုက်ရသောအခါတွင် ရှုကျိုးသည် တအံ့တဩဖြစ်သွားတော့သည်၊ သူသည် ထိုကဲ့သို့ စင်ပေါ်တက်ရလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။
သူသည် စင်မြင့်ဆီသို့ အလောတကြီး လျှောက်လှမ်းသွားတော့သည်။ သေခြင်းရှင်ခြင်း ဖြစ်ရပ်များနှင့် အနိမ့်အမြင့် အတက်အကျများကို ကြုံတွေ့ခဲ့ရပြီးသည့်နောက်တွင် သူသည် ခိုင်မာသော စိတ်ဓာတ်ကို ပိုင်ဆိုင်သွားပြီး၊ တစ်ချို့သော အရာအနည်းငယ်ကသာ သူစိတ်လှုပ်ရှားသွားအောင် စွမ်းဆောင်နိုင်တော့သည်။
ရှုကျိုးမှ ခုန်တက်သွားကာ စင်မြင့်ထက်သို့ ကျက်သရေရှိစွာ ကျဆင်းသွားခဲ့သည်။
ထိုအချိန်တွင် မျက်လုံးပေါင်းများစွာသည် သူ့ဆီသို့ ရောက်ရှိလာခဲ့သည်။
“ အဲ့တာက ပထမဆုရှင်လား? “
“ နေပါဦး၊ ကြည့်ရတာတော့ သူက အလယ်အလတ် အဆင့်၃မှာပဲ ရှိနေတဲ့ပုံပဲ?? “
“ အလယ်အလတ် အဆင့်၃က အဆင့်၄ ပညာရှင် တစ်ဒါဇင်ကျော်ကို ဘယ်လိုလုပ် သတ်နိုင်ခဲ့တာလဲဟ?? အမှား မရှိဘူးဆိုတာ သေချာရဲ့လား? “
ရှုကျိုး၏ အရှိန်အဝါကို အာရုံခံမိသွားသောအခါတွင် ရင်ပြင်အတွင်းရှိ လူအားလုံး အံ့ဩတုန်လှုပ်သွားကြသည်။
စင်ပေါ်ရှိ ဝူခဲ့လုံမှ ခက်ခက်ထန်ထန် အော်ပြောလာခဲ့သည် “ တိတ်ကြ !! “
ထို့နောက်တွင် သူသည် ရှုကျိုးကို ကြည့်ကာ ပြောလာခဲ့သည် “ ရှုကျိုး၊ ကွမ်ဟန် စစ်မြေပြင်မှာ မင်းက ထောင်နဲ့ချီတဲ့ ရန်သူတွေကို သတ်ခဲ့တယ်၊ အရှေ့ပိုင်း စစ်မြေပြင်က ငါတို့တပ်ဖွဲ့အတွေအတွက် မဟာဗျူဟာအရ အောင်မြင်မှုကြီးကြီးမားမား ရအောင် လုပ်ပေးနိုင်ခဲ့တယ်၊ ပြီးတော့ အဆင့်၆ ပညာရှင်ရဲ့လက်ထဲကနေ လွတ်အောင် ပြေးနိုင်ခဲ့တယ် “
“ အဲ့တာကြောင့် မင်းရဲ့ ချန်ပီယံဆုအပြင် တပ်မတော်ကနေ မင်းကို အပိုဆုလဒ်တစ်ခု ပေးမယ်၊ ဆိုလိုတာကတော့ မင်းက ထိပ်တန်း စိတ်ဝိညာဥ် စုစည်းရေးပုလဲလုံးအပြင် ဆရာသခင်အဆင့် နတ်လက်နက်ကိုလည်း ရလိမ့်မယ် “
ထိုစကားလုံးများ ပေါ်ထွက်လာသည်နှင့်တစ်ပြိုင်နက် တစ်နေရာလုံး တိတ်ဆိတ်ငြိမ်သက်သွားတော့သည်။
အားလုံးသည် တအံ့တဩဖြစ်နေသော အမူအရာများဖြင့် စင်ပေါ်ရှိ ရှုကျိုးကို ငေးကြည့်လာခဲ့သည်။
“ အဆင့်၆ ပညာရှင်ရဲ့ လက်ထဲကနေ လွတ်အောင် ပြေးလာခဲ့တာလား? “
“ အလယ်အလတ် အဆင့်၃လား? “
ရှုကျိုး၏ စွမ်းဆောင်မှုများကြောင့် အံ့ဩတကြီးဖြစ်ရခြင်းနှင့် နေသားကျနေပြီးသားဖြစ်သည့် ချင်ဖုန်းကပင် မှင်သက်သွားခဲ့သည်။
မင်းသန်မာတယ်ဆိုတာကို ငါသိပါတယ်၊ ဒါပင်မဲ့ ဒီလောက်ကြီးကျတော့ မများလွန်းဘူးလားဟ?
ချင်ဖုန်းကပင် ထိုကဲ့သို့ ဖြစ်နေမည်ဆိုပါက၊ တစ်ခြားလူများကမူ ပြောနေရန်ပင် မလိုတော့ချေ။
အဲလိဇဘတ်၊ ဆိုဖီယာနှင့် တစ်ခြားသော ပါရမီရှင် သိုင်းပညာရှင် အကုန်လုံးသည် အံ့ဩမှင်သက်ကာ ကြောင်အမ်းအမ်းဖြစ်သွားကြပြီး၊ စင်ပေါ်ရှိ ပုံရိပ်ကို တိတ်တဆိတ် ငေးကြည့်နေကြတော့သည်။
ဆဌမအဆင့် ပညာရှင်တစ်ဦး၏ လက်ထဲမှ လွတ်အောင် ပြေးနိုင်ခဲ့ခြင်းနှင့် ယှဥ်လိုက်မည်ဆိုပါက၊ ရှုကျိုး၏ ယခင်ကအောင်မြင်မှုများမှာ မထင်မရှားဖြစ်ကာ သေးငယ်သွားပုံရသည်။
…
စင်ပေါ်ရှိ ရှုကျိုးမှာလည်း ထိုကဲ့သို့ပင် အံ့ဩသွားခဲ့သည်။
“ ဆရာသခင်အဆင့် လက်နက်လား? “ ( မာစတာအဆင့် လက်နက်လို့ပြောင်းသုံးသွားပါမယ် )
ထိုစကားလုံးများကို ကြားလိုက်ရသောအခါတွင် ရှုကျိုးသည် မနေနိုင်တော့ဘဲ အနည်းငယ် စိတ်လှုပ်ရှားသွားခဲ့သည်။
ကြယ်ပြာဂြိုဟ်ရှိ လက်နက်များကို Aမှ Eအထိ အရည်အသွေးအလိုက် အမျိုးအစားခွဲခြားထားခဲ့သည်။
လက်နက်အဆင့်က ပိုမြင့်လေလေ၊ ၎င်းထုတ်လွှတ်နိုင်သည့် စွမ်းအားက ပိုကြီးလေလေဖြစ်သည်။
သို့သော် ထိုကဲ့သို့ အဆင့်သတ်မှတ်ထားရခြင်းမှာ စွမ်းအားကွာဟချက်ကြောင့်သာလျှင် မဟုတ်ဘဲ၊ အနိမ့်ပိုင်း အဆင့်များမှ သိုင်းပညာရှင်များက အဆင့်မြင့်လက်နက်များကို အသုံးမပြုနိုင်သောကြောင့် ဖြစ်သည်။
ဥပမာအားဖြင့် အနိမ့်ပိုင်း သုံးဆင့်များမှ ပညာရှင်များသည် Dအဆင့် လက်နက်များကိုသာ အသုံးပြုနိုင်ကြသည်၊ အကယ်၍ သူတို့က Cအဆင့် လက်နက်များကို အသုံးပြုမည်ဆိုပါက၊ သူတို့သည် ၎င်း၏ အကျိုးသက်ရောက်မှု (သို့) အားသာချက် (သို့) စွမ်းအားကို အပြည့်အဝ ထုတ်လွှတ်နိုင်လိမ့်မည် မဟုတ်ပေ။
ရှုကျိုးသည် ယခုလက်ရှိ အချိန်တွင် Dအဆင့် ၆၀၀အမျိုးအစား ထန်ဓားကို အသုံးပြုနေခဲ့ပြီး၊ ၎င်းသည် တတိယအဆင့် သိုင်းပညာရှင်များအတွက် သင့်လျော်သော လက်နက်ဖြစ်သည်။
သို့ရာတွင် နတ်လက်နက်များကမူ Aအဆင့်ထပ် သာလွန်သည့် လက်နက်များဖြစ်ပြီး၊ နိုင်ငံဖျက်ဆီးသူများအဖြစ် ကျော်ကြားလှသည်။
နတ်လက်နက်၏ အကြီးမားဆုံး လုပ်ဆောင်နိုင်စွမ်း(သို့) အားသာချက်မှာ ခွန်အားမရှိလျှင်တောင်မှ ၎င်းတို့ကို အသုံးပြုနိုင်ခြင်းပင် ဖြစ်သည်။
ထို့အပြင် ၎င်းတို့၏ စွမ်းအားသည် အသုံးပြုသူများနှင့်အတူ လိုက်ပါ၍ တိုးတက်နိုင်ပေသည်။
၎င်းသည် နတ်လက်နက်၏ အဖိုးအတန်ဆုံးသော အကျိုးအမြတ်ပင် ဖြစ်သည်။
သို့သော် ကြယ်ပြာဂြိုဟ်၏ နှစ်ရာနှင့်ချီသော သက်တမ်းတစ်လျှောက်လုံးမှာပင် ထုလုပ်ဖန်တီးထားသော နတ်လက်နက် ပမာဏသည် လက်တစ်ဖက်တည်းဖြင့် ရေတွက်၍ ရပေသည်။
၎င်းသည် ကျွမ်းကျင်သော ပန်းပဲဆရာများ ရှားပါးနေခြင်းကြောင့်သာလျှင် မဟုတ်ဘဲ ကုန်ကြမ်းပစ္စည်းပါ ရှားပါးလွန်းနေသောကြောင့် ဖြစ်သည်။
နတ်လက်နက်အတွက် ကုန်ကြမ်းပစ္စည်များသည် ကြယ်ပြာဂြိုဟ်ပေါ်တွင် မရှိပေ၊ ၎င်းတို့အားလုံးသည် ကမ္ဘာ့ကြယ်တွင်သာ ရှိပြီး၊ ထိုနေရာမှာပင် ၎င်းတို့သည် အလွန်အဖိုးတန် ရှားပါးလွန်းနေခဲ့ကာ နှစ်တစ်ရာကြာမှ တစ်ကြိမ်မျှသာ ပေါ်ထွက်လာတတ်သည်။
ထို့ကြောင့် သူ့အား နတ်လက်နက်ပါ ဆုချမည်ဟု ကြားလိုက်ရသောအခါတွင် ရှုကျိုးက အလွန်အံ့ဩတုန်လှုပ်သွားခဲ့ခြင်းဖြစ်သည်။