← Chapters

အခန်း (၃၈၅-၃၈၇)

Vol. 26 Ch. 385-387

အခန်း (၃၈၅-၃၈၇)

Vol. 26 Ch. 385-387

အပိုင်း ( 385 )

နတ်လက်နက် ပညာရှင်

“ သူတို့က မာစတာအဆင့် နတ်လက်နက်ကိုတောင် တကယ်ကြီး ဆုချခဲ့တာပဲဟ “

“ ဝိုးး၊ ငါတော့ မနာလိုအားကျဖြစ်လွန်းလို့ သေသွားနိုင်တယ်ဟေးးး “

“ ကြယ်ပြာဂြိုဟ်တစ်ခုလုံးမှာတောင်မှ နတ်လက်နက်အရေအတွက်က အခု၂၀ထပ် မပိုဘူးလို့ ပြောကြတယ်။ အဲ့တာက ထိပ်တန်းအဆင့် စိတ်ဝိညာဥ်စုစည်းရေး ပုလဲလုံးထပ် အဆပေါင်း ရာနဲ့ချီပြီးတော့ တန်ဖိုးပိုကြီးတယ် “

ပရိသတ်တစ်ခုအုပ်လုံးသည် ထပ်မံ၍ အံ့ဩသွားရပြန်သည်။

နတ်လက်နက်များကိုလည်း အရှင်သခင်အဆင့် (မာစတာအဆင့်)၊ အန္တိမအဆင့်နှင့် သာလွန်အဆင့်စသည်ဖြင့် အနိမ့်မှ အမြင့်အထိ အဆင့်ခွဲခြားထားခဲ့သည်။

အဆိုပါ အဆင့်ခွဲခြားမှုသည် ပထမမျိုးဆက် လက်နက်သန့်စင်သူက သတ်မှတ်ပေးထားခြင်းဖြစ်သည်၊ သို့သော် သာလွန်အဆင့် နတ်လက်နက်သည် ကြယ်ပြာဂြိုဟ်ပေါ်တွင် တစ်ကြိမ်တစ်ခါမှ မပေါ်ထွက်လာခဲ့ဖူးချေ။

လက်နက်သန့်စင်သူက သာလွန်အဆင့် နတ်လက်နက်ဟု အဆင့်သတ်မှတ်ခဲ့ရခြင်းမှာ အန္တိမအဆင့် နတ်လက်နက်ကို ထုလုပ်ခဲ့ပြီးသည့်နောက်တွင် သူသည် ပို၍ အဆင့်မြင့်သော နတ်လက်နက်များ ရှိနိုင်သည်ဟု အာရုံရသွားသောကြောင့် ဖြစ်သည်။ သို့ရာတွင် သူသည် သူ၏ စွမ်းရည်နှင့် ကုန်ကြမ်းပစ္စည်း ကန့်သတ်ချက်ကြောင့် ၎င်းကို မပြုလုပ်နိုင်ခဲ့ပေ။

ထို့ကြောင့် ကြယ်ပြာဂြိုဟ်ပေါ်ရှိ အဆင့်အမြင့်ဆုံး လက်နက်သည် အန္တိမအဆင့် နတ်လက်နက်ဖြစ်နေခဲ့ပြီး၊ အရေအတွက်အားဖြင့် သုံးခုသာလျှင်ရှိခဲ့သည်။

အဆိုပါ အန္တိမအဆင့် နတ်လက်နက် သုံးခုစလုံးကို နဝမအဆင့် အထွတ်အထိပ် ပညာရှင်များက ကိုင်ဆောင်ထားကြသည်။

ကျန်ရှိနေသည့် မာစတာအဆင့် နတ်လက်နက် တစ်ဒါဇင်ကျော်မှာလည်း နဝမအဆင့် ပညာရှင်များ၏ လက်ထဲတွင် ရှိနေခဲ့သည်။

အဆိုပါလက်နက်များသည် နဝမအဆင့် ပညာရှင်များ၏ လက်ထဲတွင်သာ ၎င်းတို့၏ အကြီးမားဆုံး စွမ်းအားများကို ထုတ်ဖော်ပြသနိုင်ကြသည်။

“ အခုသူတို့က ရှုကျိုးကို မာစတာအဆင့် နတ်လက်နက် ဆုချတော့မှာလား? အဲ့တာက ….. သင့်တော်ပါ့မလား? “

“ သူက အဲ့တာရဲ့ စွမ်းအားကို အသုံးမချနိုင်မှာကိုပဲ ငါကြောက်မိတယ် “

ဤအချိန်တွင် သတ္တမအဆင့် ပညာရှင်တစ်ချို့ကပင် အနည်းငယ်အားကျသွားကြသည်။

ရှုကျိုးကို နတ်လက်နက်ပေးတာက စောလွန်းမနေဘူးလားဟ??

သူတို့သည် မလိုနာလိုဖြစ်နေကြခြင်း မဟုတ်ပေ၊ ရှုကျိုးက အားနည်းလွန်းနေသေးတယ်လေ၊ သူ့ကို ပေးတာထပ် နဝမအဆင့်က ပညာရှင်ကို ပေးလိုက်တာက ပိုမကောင်းဘူးလား??

ချင်ဖုန်းသည် ထိုလူများကို ကြည့်ကာ အော်ပြောလာခဲ့သည် “ မင်းတို့က အဆင့်၉ ပညာရှင်တစ်ယောက်ရဲ့ လက်ထဲကနေ လွတ်အောင်ပြေးနိုင်တဲ့အချိန်ကျမှ အဲ့ကိစ္စကို ဆက်ပြောကြကွာ “

ထိုစကားလုံးများ ပေါ်ထွက်လာသည်နှင့်တစ်ပြိုင်နက် လူတိုင်း တိတ်ဆိတ်ငြိမ်သက်သွားတော့သည်။

သတ္တမအဆင့် ပညာရှင်က နဝမအဆင့် ပညာရှင်တစ်ဦး၏ လက်ထဲမှ လွတ်မြောက်အောင် ထွက်ပြေးခြင်းဆိုသည်မှာ ဟာသတစ်ခုသာ ဖြစ်သည်။

သို့သော် ချင်ဖုန်း၏ စကားကို ကြားလိုက်ရပြီးသည့်နောက်တွင် မည်သူကမှ ထပ်မံ၍ မကန့်ကွက်ရဲကြတော့ပေ။

စင်ပေါ်ရှိ ရှုကျိုးသည် တစ်ခဏခန့် တွေးတောစဥ်းစားနေခဲ့ကာ ဝူခဲ့လုံကို ပြောလာခဲ့သည် “ ဗိုလ်မှူးကြီးဝူ၊ ဒီနတ်လက်နက်ကို ကျွန်တော့်ကို ပေးတာထပ် အဆင့်၉ ပညာရှင်တစ်ယောက်ယောက်ကို ပေးလိုက်တာက ပိုပြီးတော့ အကျိုးမရှိဘူးလားဗျ “

ကွမ်ဟန်ရှိ ယခုလက်ရှိ အခြေအနေမှာ မှန်းဆ၍ မရနိုင်လောက်သည်အထိ ဖြစ်နေခဲ့ပြီး၊ ရှုကျိုးသည် လူသားမျိုးနွယ်စု၏ အဆင့်မြင့် ပညာရှင်များက သူဖွံ့ဖြိုးတိုးတက်လာရန်အတွက် အချိန်ဆွဲထားပေးနိုင်လိမ့်မည်ဟု မျှော်လင့်နေခဲ့သည်။

မာစတာအဆင့် နတ်လက်နက်၏ တည်ရှိမှုသည် အရေးကြီးသော တစ်ချို့တိုက်ပွဲများကို အတော်အတန် ပြောင်းလဲပေးနိုင်လေသည်။

ထိုကဲ့သို့သော လက်နက်မျိုးက ရှုကျိုး၏ လက်ထဲတွင် ရှိနေခြင်းသည် အသုံးမဝင်သကဲ့သို့ ဖြစ်နေမည် ဖြစ်သည်။

ရှုကျိုး၏ စကားကို ကြားလိုက်ရသောအခါတွင် ဝူခဲ့လုံ၏ အမူအရာသည် အနည်းငယ် လှုပ်ခတ်သွားခဲ့သည်။

တစ်ခြားလူများက မည်ကဲ့သို့ပင် ပြောဆိုနေပါစေ၊ ရှုကျိုး၏ နယ်ပယ်ကျယ်ကျယ် စဥ်းစားတွေးတောနိုင်မှုသည် ဝူခဲ့လုံမျှော်မှန်းထားသည်ထပ် ကျော်လွန်နေခဲ့သည်။

ဤကဲ့သို့သော အကျိုးအမြတ်များနှင့် ရင်ဆိုင်ရချိန်မှာပင် သူသည် အဆွဲဆောင်မခံလိုက်ရသည့်အပြင် ပိုမိုကြီးမားသော ရှုထောင့်တစ်ခုမှ စဥ်းစားတွေးတောနိုင်ခဲ့သည်။

၎င်းသည် နိုင်ငံတော်၏ စစ်မှန်သည့် ထောက်တိုင်တစ်ခုပင် ဖြစ်သည်။

သို့ရာတွင် ဝူခဲ့လုံသည် ခေါင်းခါပြ၍ ပြန်ပြောလာခဲ့သည် “ မင်းကို ပေးတဲ့ နတ်လက်နက်ကို အဆင့်၉ ပညာရှင်ဆီကနေ ယူထားတာ မဟုတ်ဘူး၊ အဲ့တာကို ငါတို့ရဲ့ တပ်မတော်က လက်နက်သန့်စင်သူဟောင်းတစ်ယောက်က မကြာသေးခင်အချိန်ကမှ အသစ်လုပ်ထားခဲ့တာ “

“ လွန်ခဲ့တဲ့ လပိုင်းလောက်တုန်းက သူက သူ့ရဲ့ ဘဝနေဝင်ချိန် နီးလာတာကို ခံစားမိနေခဲ့တယ်။ စိတ်တည်ငြိမ်နေတဲ့ အချိန်မှာ သူက လက်နက်သွန်းလုပ်ခဲ့ပြီးတော့ အောင်မြင်မှုကြီးတစ်ခု ရပြီး နတ်လက်နက် ပညာရှင်အဖြစ် အဆင့်တက်သွားခဲ့တယ် “

( ပညာရပ်က အဆင့်တက်သွားတာပါ၊ သိုင်းပညာအဆင့် မဟုတ်ပါဘူး။ သိုင်းပညာ အဆင့်တက်မှ အသက်သက်တမ်းတိုးမှာပါ )

“ လွန်ခဲ့တဲ့ လဝက်လောက်တုန်းက သူက တကယ့်နတ်လက်နက်တစ်ခုကို ထုလုပ်နိုင်ခဲ့တယ်၊ အဲ့တာက သူ့ရဲ့ နောက်ဆုံးလက်ရာပဲ “

ဝူခဲ့လုံမှ ပြောလာခဲ့သည် “ ဒီနတ်လက်နက် အသစ်စက်စက်က အားဖြည့်ပေးဖို့ အချိန်အတော်ကြာ လိုသေးတယ်၊ အသုံးပြုမဲ့သူရဲ့ နယ်ပယ်က နိမ့်လေလေ၊ အဲ့တာနဲ့ ချိတ်ဆက်ဖို့ ပိုလွယ်လေလေပဲ “

“ တိုက်တိုက်ဆိုင်ဆိုင်နဲ့ မင်းက အဆင့်၃နယ်ပယ်မှာပဲ ရှိနေသေးတယ်လေ၊ ဒါက ဒီနတ်လက်နက်ကို အားဖြည့်ပေးဖို့ အကောင်းဆုံးအချိန်ပဲ “

ထိုစကားများကို ကြားလိုက်ရသောအခါတွင် ရှုကျိုးမှာလည်း နားလည်သွားခဲ့သည်။

ယခုမှ ပြုလုပ်ထားခဲ့သည့် အသစ်စက်စက် နတ်လက်နက်များသည် နဝမအဆင့် ပညာရှင်များအတွက် မသင့်တော်ပေ။ နဝမအဆင့် ပညာရှင်များကို ၎င်းတို့ကို အသုံးမပြုနိုင်သောကြောင့် မဟုတ်ဘဲ၊ သူတို့၏ လက်ထဲတွင် ၎င်းတို့၏ အလားအလာ(သို့) စွမ်းအားကို အပြည့်အဝ ထုတ်မသုံးနိုင်သောကြောင့် ဖြစ်သည်။

ထို့အစား အနိမ့်ပိုင်းနယ်ပယ်များမှ သိုင်းပညာရှင်များထံသို့ ၎င်းတို့ကို ပေးလိုက်ပြီး၊ ငယ်ရွယ်စဥ်အချိန်ကတည်းက ပိုင်ရှင်နှင့်အတူတူ ကြီးထွားတိုးတက်လာမည်ဆိုပါက၊ အကယ်၍ ပိုင်ရှင်က အမြင့်ပိုင်း အဆင့်များသို့ ရောက်သွားသောအခါတွင်၊ နတ်လက်နက်မှာလည်း ၎င်း၏စွမ်းအားကို အပြည့်အဝ ထုတ်လွှတ်ပေးနိုင်မည် ဖြစ်သည်။

တစ်ချိန်တည်းမှာပင် ပရိတ်သတ်တစ်အုပ်လုံးမှာလည်း ဝူခဲ့လုံ၏ ဆိုလိုရင်းကို နားလည်သွားကြသည်။

သူတို့၏မျက်နှာများပေါ်တွင် အံ့ဩတုန်လှုပ်သွားသည့် အမူအရာများ ဖြစ်ပေါ်လာခဲ့သည်။

“ စစ်တပ်က အဲ့ဒီလက်နက်သန့်စင်တဲ့ ပညာရှင်အိုကြီးက တကယ်ကြီးကို အဆင့်တက်သွားခဲ့တာလား? “

“ နတ်လက်နက် ပညာရှင်၊ ကြယ်ပြာဂြိုဟ်ရဲ့ သမိုင်းကြောင်းမှာတောင် လူနည်းနည်းပဲ ရှိခဲ့တယ် “

“ ရှုကျိုးရဲ့ ကံတရားကတော့ တကယ်ကို ထူးခြားတယ်ဟေ့၊ ဒီလိုဖြစ်ရပ်မျိုးနဲ့တောင် ကြုံတွေ့ခဲ့ရတယ် “

ကြယ်ပြာဂြိုဟ်တွင် ရှိနေခဲ့သည့် နတ်လက်နက် အကုန်လုံးသည် ပထမမျိုးဆက် လက်နက်သန့်စင်သူ ပညာရှင်က လွန်ခဲ့သော နှစ်ပေါင်းရာနှင့်ချီသော အချိန်ကတည်းက ပြုလုပ်ထားခဲ့သည့် အရာများဖြစ်သည်။

ပထမမျိုးဆက် လက်နက်သန့်စင်သူ ဆုံးပါးခဲ့ပြီးသည့်နောက်တွင် မည်သူကမှ နတ်လက်နက်ပညာရှင်အဆင့်အထိ မရောက်ခဲ့ကြဘဲ၊ နတ်လက်နက် ပညာရှင် မျိုးဆက်ပင် ပျောက်ကွယ်လုနီးပါး ဖြစ်သွားခဲ့သည်။

အထူးသဖြင့် လွန်ခဲ့သော နှစ်တစ်ရာအတွင်းတွင် မည်သည့် နတ်လက်နက် ပညာရှင်မှ မပေါ်ထွက်လာခဲ့ပေ။

စစ်တပ်မှ လက်နက်သန့်စင်သူ ပညာရှင်အိုကြီးကမူ မကြာခင်အချိန်ကမှ ထိုအဆင့်သို့ တက်လှမ်းနိုင်ခဲ့သော်လည်း၊ ကံဆိုးစွာဖြင့် သူ၏ အသက်မီးစာမှာ ကုန်ခမ်းလုမတတ် ဖြစ်နေခဲ့ပြီဖြစ်သည်။

ချင်ဖုန်းမှာလည်း အားကျလွန်းသဖြင့် မျက်နှာပင် နီရဲသွားခဲ့သည် “ စစ်တပ်က လက်နက်သန့်စင်သူ လူအိုကြီးလား? သူက အသက် ၃၀၀ကျော်နေပြီလို့ ငါကြားခဲ့ရတယ်၊ ဒါကိုတောင် အဆင့်တက်သွားသေးတယ်ပေါ့ “

သတ္ထမအဆင့် အထက်တွင် ဘဝသက်တမ်းသည် နှစ်သုံးရာကျော်အထိ ကြာရှည်နိုင်ပေသည်။

စစ်တပ်မှ လက်နက်သန့်စင်သူ ပညာရှင်အိုကြီးသည် သတ္တမအဆင့်နယ်ပယ်အထိသာ ရောက်ခဲ့ပြီး၊ နှစ်သုံးရာကျော် နေထိုင်ခဲ့ကာ၊ ထိုအသက်အရွယ်တွင် နတ်လက်နက် ပညာရှင်အဖြစ် အဆင့်တက်နိုင်ခဲ့ခြင်းမှာ အံ့ဖွယ်ရာ ကိစ္စတစ်ခုဖြစ်သည်။

“ အသစ်မွေးဖွားလာတဲ့ နတ်လက်နက် ……… ဒီကလေးရဲ့ ကံတရားက တကယ်ကြီးကို ကောင်းမွန်နေတာပဲ “

ဝုချင်းရှန်ကပင် အားမကျဘဲ မနေနိုင်လောက်သည်အထိ ဖြစ်သွားခဲ့ရသည်။ အကယ်၍ သာမန်နတ်လက်နက်သာဆိုပါက ထိုကဲ့သို့ ဖြစ်ရမည် မဟုတ်ပေ၊ သို့သော် အသစ်စက်စက် နတ်လက်နက်ကမူ နှစ်ပေါင်း၁၀၀နီးပါးတွင် တစ်ကြိမ်တစ်ခါမှ မပေါ်လာခဲ့ဖူးသော ပစ္စည်းတစ်ခုဖြစ်သည်။

ယခုတွင် ရှုကျိုးသည် ၎င်းကို ရရှိသွားခဲ့ပြီ ဖြစ်သည်။

သို့ရာတွင် ဤတစ်ကြိမ်၌ မည်သည့်ကန့်ကွက်ချက်မှ မပေါ်လာခဲ့ပေ။

ရှုကျိုးပြသခဲ့သည့် စွမ်းရည်နှင့် အောင်မြင်မှုများအရ သူသည် ပြိုင်ဘက်ကင်း ပါရမီရှင်ဆိုသည့် ဂုဏ်ပုဒ်နှင့်သော်လည်းကောင်း အဆိုပါ အသစ်စက်စက် နတ်လက်နက်နှင့်သော်လည်းကောင်း အမှန်တကယ် ထိုက်တန်နေခဲ့သည်။

…

စင်ပေါ်၌

ရှုကျိုးသည် တွေဝေတုံ့ဆိုင်းမနေတော့ဘဲ၊ လေးလေးနက် ပြောဆိုလိုက်သည် “ ကျေးဇူးတင်ပါတယ်၊ ဗိုလ်မှူးကြီးဝူ “

ဤတစ်ကြိမ်ရရှိသည့် အကျိုးအမြတ်များသည် အမှန်တကယ် များပြားနေခဲ့သည်။

ထိပ်တန်းအဆင့် စိတ်ဝိညာဥ်စုစည်းရေး ပုလဲလုံးနှင့် အသစ်စက်စက် နတ်လက်နက် ……… တစ်ခုချင်းစီတိုင်းသည် ငွေသန်းပေါင်းများစွာ ပုံပေးမည်ဆိုလျှင်တောင်မှ ဝယ်ယူ၍ မရနိုင်သော အရာများဖြစ်သည်။

အထူးသဖြင့် အသစ်စက်စက် နတ်လက်နက်ဖြစ်ပြီး၊ ၎င်း၏ တန်ဖိုးက နိုင်ငံငယ်လေးတစ်ခုကို ဝယ်ယူနိုင်လောက်သည်အထိ ရှိသည်ဟု ပြောမည်ဆိုလျှင်တောင်မှ၊ ၎င်းမှာ ချဲ့ကားပြောဆိုရာကျလိမ့်မည် မဟုတ်ပေ။

ဝူခဲ့လုံမှ အပြုံးဖြင့် ပြောလာခဲ့သည် “ ရှုကျိုး၊ မင်းရဲ့ ကျင့်ကြံရေးကို ကြိုးကြိုးစားစားလုပ်။ မင်းက တကယ့်ပညာရှင်တစ်ယောက် ဖြစ်လာမှာကို ငါမျှော်လင့်နေတယ်။ ကွမ်ဟန်က မင်းကို လိုအပ်တယ်၊ လူသားမျိုးနွယ်စုက မင်းကို ပိုပြီးတော့တောင် လိုအပ်သေးတယ် “

……………………………………………………………………………………………………………………………………….

အပိုင်း ( 386 )

နတ်လက်နက် ပညာရှင် ၂

“ ဟုတ်ကဲ့ပါ “

ရှုကျိုးမှ ခေါင်းငြိမ့်ပြလိုက်သည်။ ကျောင်းသို့ ပြန်ရောက်သည့်နောက်တွင် သူသည် ပို၍သန်မာလာရန်အတွက် ပြင်းပြင်းထန်ထန် ကြိုးစား အားထုတ်ရမည် ဖြစ်သည်။

ဤကွမ်ဟန် ခရီးစဥ်တွင် ကြုံတွေ့ခဲ့ရသည့် လန်ယု၏ ခြိမ်းခြောက်မှုသည် သူ့အား သူက ဘာမှ မဟုတ်သေးဘူးဟု ခံစားသွားရစေခဲ့သည်။

…

ရှုကျိုး စင်ပေါ်မှ ဆင်းသွားခဲ့သည့်နောက်တွင်၊ ဝူခဲ့လုံသည် နိုင်ငံအဆင့်ကို ဆက်၍ ကြေညာနေတော့သည်။

ဒီတစ်ကြိမ်တွင် ရန်ပြည်ထောင်သည် ပထမနေရာကို ရရှိခဲ့သည်။

ဒုတိယနေရာမှာ မီးပြတိုက်နိုင်ငံဖြစ်ပြီး၊

တတိယနေရာကမူ မော်ရှောင်းနိုင်ငံဖြစ်သည်။

အဆိုပါ အဆင့်ဇယားကို မြင်လိုက်ရသောအခါတွင် မည်သူကမှ မအံ့ဩသွားခဲ့ပေ။

အစပိုင်းတွင် ရန်ပြည်ထောင်သည် ဒုတိယ(သို့) တတိယနေရာတွင်သာ ရှိနေသင့်သည်။

သို့သော် ရှုကျိုး၏ အောင်မြင်မှုများ တစ်ခြားလူများ ပေါင်းစပ်ခြင်းထပ်ပင် သာလွန်နေခဲ့သည်။ သူ၏ ထူးခြားသာလွန်သော စွမ်းဆောင်မှုကြောင့် ရန်ပြည်ထောင်သည် နံပါတ်တစ်နေရာအထိ ရောက်ရှိသွားခဲ့သည်။

သို့ရာတွင် ယခင်နှစ်က ဒုတိယချိတ်ခဲ့သည့် ဆင်ဖြူနိုင်ငံကမူ ပဥ္စမနေရာသို့ ရောက်ရှိသွားခဲ့သည်။

လူတော်တော်များများသည် ၎င်းကို နားမလည်နိုင် ဖြစ်နေကြသည်၊ ဆင်ဖြူနိုင်ငံက တော်တော်လေးကို စွမ်းပါတယ်ဟ၊ သူတို့ရဲ့ ဒီတစ်ခေါက်အဆင့်က ဘယ်လိုလုပ် ဒီလောက်တောင် နိမ့်နေရတာလဲဟ??

ထိုအချိန်တွင် ဝူခဲ့လုံမှ လေးလေးနက်နက် ပြောလာခဲ့သည် “ ဒီလေ့ကျင့်ရေး ကာလအတွင်းမှာ ဆင်ဖြူနိုင်ငံရဲ့ ခေါင်းဆောင် ဗစ်ခရမ်က တိုက်ပွဲရဲ့ အရေးကြီးတဲ့ အခိုက်အတန့်မှာ စစ်မြေပြင်ထဲကနေ ထွက်ပြေးသွားခဲ့တယ်၊ အဲ့တာကြောင့် ဆင်ဖြူနိုင်ငံရဲ့ စုစုပေါင်းရမှတ်ကို ဆယ်မှတ်နှုတ်တယ် “

ထိုစကားလုံးများ ပေါ်ထွက်လာသည်နှင့်တစ်ပြိုင်နက် ပရိတ်သတ်တစ်အုပ်လုံးသည် ရုတ်ရုတ်သဲသဲ ဖြစ်သွားခဲ့သည်။

ဝူခဲ့လုံမှ ထိုကိစ္စကို ထုတ်ဖော်ပြောဆိုလာခဲ့သည့်နောက်တွင် ဆင်ဖြူနိုင်ငံမှ ပါရမီရှင် အကုန်လုံးသည် ရှက်ရွံ့လွန်းသဖြင့် ခေါင်းများငုံ့သွားခဲ့ကြသည်။

ယခင်က ဗစ်ခရမ်မှာ သူတို့၏ ဂုဏ်သိက္ခာဖြစ်ခဲ့သည်၊ သို့သော် ယခုတွင် သူသည် သူတို့ကို အရှက်ကွဲစေမည့် အမှတ်တရတစ်ခုအဖြစ် ထာဝစဥ် တည်မြဲနေတော့မည် ဖြစ်သည်။

…

တစ်ခဏခန့် အကြာ၌ ရင်ပြင်အတွင်းရှိ စုဝေးပွဲ ပြီးဆုံးသွားခဲ့သည်။

ရှုကျိုးသည် ချက်ချင်း မထွက်သွားခဲ့ဘဲ၊ စစ်တပ်မှ လက်နက်သန့်စင်သူ ပညာရှင်နှင့် တွေ့ဆုံရနန်အတွ် ဝူခဲ့လုံ၏ နောက်သို့ လိုက်ကာ စင်မြင့်အနောက်ဘက်သို့ ထွက်သွားတော့သည်။

မကြာသေးခင်ကမှ ဖန်တီးခဲ့သည့် အသစ်စက်စက် နတ်လက်နက်သည် သူ၏ဘဝတစ်သက်တာ အလုပ်အဖြစ် သတ်မှတ်၍ရပေသည်။

ယခုတွင် အဆိုပါ လက်နက်အား ရှုကျိုးကို ပေးလိုက်ပြီဖြစ်သောကြောင့်၊ သူကိုယ်တိုင် သွားယူသင့်ပေသည်။

အခန်းထဲသို့ ဝင်လာခဲ့ပြီးသည့်နောက်တွင် ရှုကျိုးသည် တရားထိုင်ရာ ဖျာချပ်ပေါ်တွင် ထိုင်နေသည့် ဆံပင်များဖြူဖွေးနေသည့် အကြီးအကဲတစ်ဦးကို မြင်တွေ့သွားခဲ့သည်။

“ အကြီးအကဲချန်း၊ ဒါက နတ်လက်နက်ရဲ့ အမွဆက်ခံသူပါ “

ဝူခဲ့လုံမှာ အဌမအဆင့် ပညာရှင်ဖြစ်သော်လည်း၊ အသက်အရွယ် ကြီးရင့်သူနှင့် ရင်ဆိုင်ရသောအခါတွင် တလေးတစားဖြစ်နေသည့် လေသံမျိုးကိုသာ အသုံးပြုထားခဲ့သည်။

သူ့ဘေးရှိ ရှုကျိုးမှာလည်း လက်သီးဆုပ်၍ အရိုအသေပေးလိုက်သည် “ အကြီးအကဲချန်း “

ထိုအကြီးအကဲသည် သူ၏မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်ဟလာခဲ့ပြီး၊ ရှုကျိုးကို အချိန်အတော်ကြာ စိုက်ကြည့်လာခဲ့သည်။

တစ်ခဏခန့် ကြာခဲ့ပြီးသည့်နောက်တွင် သူသည် ခေါင်းငြိမ့်၍ ပြောလာခဲ့သည် “ ရှုကျိုး၊ မင်းရဲ့ကောင်းသတင်းတွေကို ငါကြားထားခဲ့ပြီးပြီ၊ ဒါပင်မဲ့ ဒီအဘိုးကြီးရဲ့ ပိုင်ဆိုင်မှုကို လိုချင်တယ်ဆိုရင်တော့၊ ငါကိုယ်တိုင် အတည်ပြုရဦးမယ် “

သူ၏စကားသံ ပြီးဆုံးသွားသည်နှင့်တစ်ပြိုင်နက် ကြောက်မက်ဖွယ်ကောင်းသည့် ဖိအားတစ်ခု ရုတ်တရက် ပေါ်ထွက်လာခဲ့သည်။

အကြီးအကဲချန်းက အသက်ကြီးကာ အားနည်းနေသော်လည်း၊ သူသည် သတ္တမအဆင့် ပညာရှင်တစ်ဦးဖြစ်နေစဲပင်။

သိုင်းပညာရှင်တစ်ဦးက အမြင့်ပိုင်း အဆင့်သို့ ရောက်ရှိသွားသောအခါတွင် သူ၏ ချီ-သွေးစွမ်းအင်များသည် မသေဆုံးခင် အချိန်အထိ အားကောင်းနေစဲဖြစ်ပြီး၊ သေဆုံးသွားသည့်နောက်မှ တဖြည်းဖြည်း အားနည်းယုတ်လျော့သွားမည် ဖြစ်သည်။

ထို့ကြောင့် ဤအချိန်တွင် ရှုကျိုးသည် သတ္တမအဆင့် ပညာရှင်တစ်ဦးကို ဖိအားကို အပြည့်အဝ ခံစားနေခဲ့ရသည်။

ရှုကျိုးသည် သူက မြင့်မားသော လှိုင်းလုံးကြီးများနှင့် ရင်ဆိုင်နေရသည်ဟု ခံစားနေခဲ့ရပြီး၊ သူသည် အချိန်မရွေး နစ်မြုပ်သွားနိုင်သည့် လှေငယ်လေးတစ်စီးကဲ့သို့ဖြစ်နေခဲ့သည်။

“ ဘယ်လောက်တောင် ကြောက်ဖို့ကောင်းလိုက်တဲ့ ဖိအားလဲ !!! “

ရှုကျိုးသည် အံကြိတ်၍ တောင့်ခံနေခဲ့သည်၊ ၎င်းသည် လန်ယု၏ ဖိအားထပ် အဆပေါင်းများစွာ သာလွန်အားကောင်းနေခဲ့သည်။

သို့ရာ၌ သူသည် လန်ယု၏ ဖိအားအောက်မှာပင် ရှင်သန်နိုင်ခဲ့သောကြောင့် ဤတစ်ကြိမ်တွင်လည်း နောက်ဆုတ်မည် မဟုတ်ပေ။

“ ဝုန်းးး “

ရှုကျိုးခန္ဓာကိုယ်အတွင်းရှိ ချီ-သွေးများ မြင့်တက်လာခဲ့ပြီး၊ အဆိုပါ ဖိအားကို ယှဥ်ပြိုင်တိုက်ခိုက်နေတော့သည်။

အစပိုင်းတွင် သူသည် အကြီးအကဲချန်းက သူ့ကို စမ်းသပ်ချင်ရုံသာဖြစ်ပြီး၊ ဖိအားကို မြန်မြန်ဆန်ဆန် ရုတ်သိမ်းသွားလိမ့်မည်ဟုသာ ထင်နေခဲ့သည်။

သို့သော် အကြီးအကဲချန်းက အချိန်အတော်ကြာသည်အထိ သူ၏ဖိအားကို မရုတ်သိမ်းခဲ့သောကြောင့် ရှုကျိုး အံ့ဩသွားခဲ့ရသည်။

ဆယ်မိနစ်

နာရီဝက်

တစ်နာရီ

ရှုကျိုး၏ စိတ်ထဲတွင် လှိုင်းလုံးများသည် ပိုပို၍ ပြင်းထန်လာခဲ့ပြီး၊ မီတာ ၁သောင်းအရွယ်ရှိ လှိုင်းလုံးများအဖြစ် ပြောင်းလဲသွားကာ၊ လှေငယ်လေးတစ်စီးကို မျိုချသွားတော့သည်။

ကြောက်မက်ဖွယ်ကောင်းသည့် ဖိအားသည် ရှုကျိုးကို ချေမွလုနီးပါးဖြစ်သွားခဲ့သည်။

သို့သော် ရှုကျိုးသည် ကြိုးစားပမ်းစား ခုခံတောင့်ခံနေခဲ့သည်။

တစ်ဘက်ရှိ ဝူခဲ့လုံမှာလည်း စိုးရိမ်ပူပန်နေသည့် အမူအရာဖြင့် စကားဝင်ပြောလာခဲ့သည် “ အကြီးအကဲချန်း “

အကြီးအကဲချန်းမှ သူ၏လက်ကို မြှောက်ပြလာခဲ့သည်၊ သူ၏မျက်လုံးများထဲတွင် ထူးဆန်းသည့် အလင်းတန်းတစ်ခု တည်ရှိနေခဲ့သည်။

ထို့နောက်စက္ကန့်ပိုင်းမျှအကြာတွင် ရွှေရောင်အလင်းတန်းတစ်ခုသည် သူ၏မျက်လုံးများထဲတွင် ပေါ်လာခဲ့ပြီး၊ ရှုကျိုး၏ စိတ်ထဲတွင် ရှေးအကျဆုံးနှင့် ကြောက်မက်ဖွယ်အကောင်းဆုံး လှိုင်းလုံးများကို ချက်ချင်းဖြစ်ပေါ်သွားစေခဲ့သည်။

ကြီးမားသော လှိုင်းလုံးကြီးများသည် ၎င်းကို ဆုတ်ဖြဲနေသကဲ့သို့ အထီးကျန်လှေကို အဆက်မပြတ် ရိုက်ခတ်လာခဲ့သည်။

သို့သော် အဆိုပါလှေသည် ပြိုလဲလုနီးပါး ဖြစ်ဖြစ်သွားသော်လည်း ကြံ့ကြံ့ခံတောင့်ခံနိုင်ခဲ့သည်။

လေထဲတွင် ရှိနေသည့် ဖယောင်းတိုင်ကဲ့သို့ ၎င်းက ငြိမ်းသက်သွားတော့မည့် အချိန်တိုင်းတွင် ၎င်းသည် ဘဝမီးလျှံကို ပြန်၍ အသက်သွင်းပေးနေခဲ့သည်။

“ ဖူးးးး “

ရုတ်တရက်ဆိုသလိုပင် အရာအားလုံးသည် မီးခိုးငွေ့များကဲ့သို့ လျင့်ပျယ်သွားခဲ့သည်။

ရှုကျိုးအပေါ်တွင် ရှိနေသည့် ဖိအားမှာလည်း ရုတ်တရက် ပျောက်ကွယ်သွားခဲ့သည်။

ရှုကျိုးသည် အသက်ကို ရှူသွင်း၍ မျက်လုံးများ ဖွင့်လာခဲ့ကာ၊ ဇဝေဇဝါ ဖြစ်နေသော အမူအရာမျိုးဖြင့် ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရှုနေတော့သည်။

နံရံပေါ်တွင် နဂါးတစ်ခု ချိတ်ဆွဲထားခဲ့သည်။

ထိုအချိန်မှသာလျှင် ရှုကျိုးသည် နာရီပေါင်းများစွာ ကြာရှည်သည်ဟု သူထင်နေခဲ့သည့် အချိန်များက အမှန်တကယ်တွင် စက္ကန့်ပိုင်းမျှသာ ကြာခဲ့သည်ဆိုသည်ကို နားလည်သွားခဲ့သည်။

အကြီးအကဲချန်းမှ စကားပြောလာခဲ့သည် “ မင်းက ငါ့ရဲ့ စိတ်အာရုံထဲကို ဝင်လာခဲ့တာ၊ အဲ့တာက အချိန်အတော်ကြာနေပုံပေါက်နေပင်မဲ့၊ တကယ်တော့ ခဏလေးပဲ “

“ ဒါပင်မဲ့ မင်းအတွက်ကတော့ အဲ့တာက နာရီပေါင်းများစွာ ကြာနေသလိုပဲ “

အကြီးအကဲချန်း၏ မျက်နှာပေါ်တွင် သဘောကျနေသည့် အရိပ်အငွေ့များ တည်ရှိနေခဲ့သည် “ ငါ့ရဲ့ စိတ်အာရုံထဲမှာ ဒီလောက်ကြာအောင် တောင့်ခံနိုင်ခဲ့တယ်ဆိုတော့၊ မင်းရဲ့ စိတ်ဝိညာဥ်စွမ်းအားက တော်တော်လေးကို အားကောင်းတာပဲ၊ ငါထင်ထားတာထပ်တောင် ပိုအားကောင်းနေသေးတယ် “

သူ့ဘေးနားရှိ ဝူခဲ့လုံ၏ မျက်နှာပေါ်တွင်လည်း အံ့ဩတုန်လှုပ်သွားသည့် အမူအရာတစ်ခု ဖြစ်တည်လာခဲ့သည်။

လက်နက်သန့်စင်သူတစ်ဦး၏ အောင်မြင်မှုက မြင့်လေလေ၊ သူတို့၏ စိတ်ဝိညာဥ်ဖိအားက ပို၍ ကြောက်စရာကောင်းလေလေဖြစ်သည်။

ရှုကျိုးက အကြီးအကဲချန်း၏ စိတ်ဝိညာဥ်ဖိအားကို အချိန်အတော်ကြာ တောင့်ခံနိုင်ခြင်းသည် သူ့အား တအံ့တဩကြီး ဖြစ်သွားစေခဲ့သည်။

ရှုကျိုးမှာလည်း အကြီးအကဲချန်းက သူ၏စိတ်ဝိညာဥ်ကိုသာ ပစ်မှတ်ထားခဲ့သည်ဆိုသည်ကို သဘောပေါက်နားလည်သွားခဲ့သည်။

အကယ်၍ သတ္တမအဆင့် ပညာရှင်တစ်ဦးက သူ၏ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်ကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့မည်ဆိုပါက သူသည် ချက်ချင်း ပေါက်ကွဲသေဆုံးသွားမည် ဖြစ်သည်။

“ ငါ့ရဲ့ စိတ်ဝိညာဥ် …….. “ ရှုကျိုးမှ ရေရွတ်ပြောဆိုနေတော့သည်၊ သူ၏ စိတ်ဝိညာဥ်စွမ်းအားသည် အမှန်တကယ် သန်မာအားကောင်းလွန်းနေခဲ့သည်။

သူသည် ၎င်းကို အစစ်အမှန် သိုင်းပညာရှင်တစ်ယောက် မဖြစ်လာခင် အချိန်ကတည်းက သိရှိထားခဲ့သည်။

တစ်ခြားလူများက တတိယအဆင့်သို့ ရောက်သည့် အချိန်မှသာ သူတို့၏ စိတ်ဝိညာဥ်စွမ်းအားကို စတင်၍ လေ့ကျင့်နိုင်သည့် အချိန်တွင် သူသည် ပထမအဆင့်သို့ မရောက်ခင် အချိန်ကတည်းက ကိုယ်ပွား၏ ထောက်ပံ့ပေးမှုဖြင့် သူ၏ စိတ်ဝိညာဥ်စွမ်းအားကို ဆက်တိုက် အဆင့်မြှင့်တင်နေခဲ့သည်။

ယခုတွင် သူ၏စိတ်ဝိညာဥ်စွမ်းအားသည် ၂၀၀၀ဟာ့ဇ်အထိ ကျော်လွန်သွားခဲ့ပြီဖြစ်သည်။

( Hertzပါ သူက ရေဒီလှိုင်းတို့၊ ကြိမ်နှုန်းတို့ကို တိုင်းတာတဲ့ ယူနစ်တစ်ခုပါ )

ဆဌမအဆင့် ပညာရှင်တစ်ချို့၏ စိတ်ဝိညာဥ်စွမ်းအားကပင် သူ့ကို ယှဥ်နိုင်မည် မဟုတ်ပေ။

သတ္တမအဆင့် ပညာရှင်များကမူ ကွဲပြားသော ဇာတ်လမ်းတစ်ပုဒ်ဖြစ်သွားပြီ ဖြစ်သည်။ သိုင်းပညာရှင်များက သတ္တမအဆင့်သို့ ရောက်လာသည်နှင့်တစ်ပြိုင်နက် ပြီးပြည့်စုံသည့် အဆင့်မြှင့်တင်မှုတစ်ခုကို လက်ခံရရှိကြမည်ဖြစ်သည်၊ တစ်နည်းဆိုရသော် ရှုကျိုး၏ စိတ်ဝိညာဥ်စွမ်းအားက သတ္တမအဆင့် ပညာရှင်များထပ် များစွာ အားနည်းနေလိမ့်မည် ဖြစ်သည်။

ထိုအချိန်တွင် အကြီးအကဲချန်းသည် တောက်ပသော မျက်လုံးများဖြင့် ရှုကျိုးကို ကြည့်လာခဲ့သည် “ မင်းရဲ့ စိတ်ဝိညာဥ်စွမ်းအားက သာမန် အဆင့်၆ပညာရှင်တစ်ယောက်ရဲ့ စံနှုန်းထပ်တောင် ကျော်လွန်နေတယ်။ အဆင့်၃နယ်ပယ်မှာတင် ဒီလိုစိတ်ဝိညာဥ်စွမ်းအားမျိုး ပိုင်ဆိုင်ထားတာက မင်းကို လက်နက်သန့်စင်သူတစ်ယောက်အတွက် အကောင်းဆုံး ရွေးချယ်မှု ဖြစ်သွားစေတယ် “

“ ကျွန်တော်လား? လက်နက်သန့်စင်သူလား? “ ရှုကျိုး၏ အမူအရာသည် အနည်းငယ် လှုပ်ခတ်သွားခဲ့သည်။

အကြီးအကဲချန်းမှ ဆက်ပြောလာခဲ့သည် “ လက်နက်သန့်စင်သူတစ်ယောက်ဖြစ်ဖို့ဆိုတာက လက်မှုပညာရပ်ဆိုင်ရာတွေကို ကျွမ်းနေဖို့ မလိုအပ်ဘူး၊ တစ်ခါသင်လိုက်ရုံနဲ့၊ ဘယ်သူမဆို လုပ်လို့ရတယ်။ လက်နက်သန့်စင်သူတစ်ယောက် ဖြစ်လာဖို့အတွက် အရေးအကြီးဆုံး လိုအပ်ချက်က စိတ်ဝိညာဥ်စွမ်းအားပဲ “

“ စိတ်ဝိညာဥ်စွမ်းအားက လုံလုံလောက်လောက် အားကောင်းနေမှ မင်းရဲ့ စိတ်ဝိညာဥ်ကို လက်နက်အပေါ်မှာ တံဆိပ်ခတ်နိုင်ပြီး၊ အဲ့တာကို စိတ်ဝိညာဥ် ပိုင်ဆိုင်သွားစေနိုင်တယ် “

ရှုကျိုးသည် ရုတ်တရက် နားလည်သွားခဲ့သည်။

အကြီးအကဲချန်းမှ ဆက်ပြောလာခဲ့သည် “ ရှုကျိုး၊ တကယ်လို့ မင်းက ငါ့ကို ဆရာအဖြစ် သတ်မှတ်မယ်ဆိုရင်၊ ငါကမင်းကို ငါ့ဘဝတစ်လျှောက်လုံးမှာ တတ်သိနားလည်ခဲ့တဲ့ လက်နက်သန့်စင်ရေးနည်းလမ်းတွေ အကုန်လုံးကို လက်ဆောင်ပေးဖို့အတွက် ဆန္ဒရှိတယ် “

သူ့ဘေးနားရှိ ဝူခဲ့လုံသည် အံ့ဩတကြီး ဖြစ်သွားရတော့သည်။

သူသည် အကြီးအကဲချန်းက ရှုကျိုးအား သူ၏တပည့်အဖြစ် လက်ခံချင်လိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။

အကြီးအကဲချန်း၏ တပည့်အနည်းငယ် မွေးခဲ့ဖူးသည်၊ သို့သော် ထိုကိစ္စသည် လွန်ခဲ့သော ဆယ်စုနှစ်ပေါင်းများစွာက ဖြစ်သည်။

စစ်တပ်သို့ ရောက်လာသည့်အချိန်မှစ၍ အကြီးအကဲချန်းသည် မည်သည့်တပည့်ကိုမှ လက်မခံခဲ့ပေ။

အရေးအကြီးဆုံးအရာမှာ အကြီးအကဲချန်းသည် သာမန်လက်နက်သန့်စင်သူ မဟုတ်ဘဲ နတ်လက်နက် ပညာရှင်တစ်ဦး ဖြစ်နေခြင်းပင် ဖြစ်သည်။

နတ်လက်နက် ပညာရှင်တစ်ဦးမှ ရှုကျိုးကို တပည့်အဖြစ် ခေါ်ယူလိုခြင်း !!!

ထိုကိစ္စသာ ပျံ့နှံ့သွားမည်ဆိုပါက လူတော်တော်များများက မနာလို အားကျဖြစ်သွားကြမည် ဖြစ်သည်။

ရှုကျိုးမှာလည်း ဤကိစ္စ၏ လေးနက်မှုကို နားလည်နေသောကြောင့်၊ တစ်ခဏခန့် တွေးတောစဥ်းစားနေခဲ့ပြီးမှ စကားပြောလာခဲ့သည် “ အကြီးအကဲချန်း၊ အကြီးအကဲရဲ့ တပည့်ဖြစ်လာဖို့ ဘာတွေလိုအပ်လဲဗျ? “

အကြီးအကဲချန်းမှ ပြုံးပြလာခဲ့သည် “ ငါက သေတော့မှာလေ၊ ဘာတွေ လိုအပ်နေရဦးမှာလဲ? သင့်တော်မဲ့ လူတစ်ယောက်ယောက်ကို ရှာနေပြီးတော့ ဒီအဘိုးကြီးရဲ့ အမွေအနှစ်တွေကို လက်ဆင့်ကမ်းပေးချင်ရုံပါပဲကွာ “

ရှုကျိုးသည် ဟန်မဆောင်နိုင်တော့ဘဲ တိတ်ဆိတ်ငြိမ်သက်သွားခဲ့သည်။

တစ်ခဏခန့် ကြာခဲ့ပြီးသည့်နောက်တွင် သူသည် တလေးတစားဖြင့် အလေးပြုလာခဲ့သည် “ တပည့်ရှုကျိုးက ဆရာ့ကို လေးစားပါတယ် “

ရှုကျိုးက လက်နက်သန့်စင်ခြင်းကို စိတ်မဝင်စားသော်လည်း၊ နတ်လက်နက် ပညာရှင်တစ်ဦး၏ ပညာနှင့် အမွေအနှစ်တို့က တန်ဖိုးဖြတ်၍ မရသော အရာများဖြစ်သည်။

ဆရာဟု ခေါ်လိုက်ရုံဖြင့် ၎င်းတို့ကို ရရှိမည်ဖြစ်သောကြောင့် ရှုကျိုးသည် ဤကဲ့သို့သော အခွင့်အရေးကောင်းတစ်ခုကို မည်သို့မျှ လက်လွှတ်လိမ့်မည် မဟုတ်ပေ။

အကြီးအကဲချန်းမှ ခေါင်းငြိမ့်ပြလာခဲ့ပြီး၊ သူ့ရင်ဘတ်ထဲမှ စာအုပ်ငယ်တစ်ခုကို ထုတ်ယူလိုက်သည်။

“ ငါ့ဘဝတစ်လျှောက်လုံး သင်ယူခဲ့ရတဲ့ အရာတွေ အားလုံးက ဒီထဲမှာ ရှိတယ် ……. “

ရှုကျိုးသည် ၎င်းကို လျင်မြန်စွာ လက်ခံလိုက်သည်၊ အဆိုပါ စာအုပ်၏ အဖုံးပေါ်တွင် “ လက်နက်သန့်စင်ရေး နည်းစနစ်များ “ဟု ရေးထိုးထားခဲ့သည်။

သူသည် ဤအရာက အကြီးအကဲချန်း၏ ဘဝတစ်သက်တာ အလုပ်ဖြစ်ပြီး၊ နတ်လက်နက် ပညာရှင်တစ်ဦး၏ အနှစ်သာရ ပညာရပ်များ ပါဝင်နေလျက်ရှိကာ၊ ၎င်းအား ထိုခေတ်အခါက အကောင်းဆုံးသော လက်နက်သန့်စင်ရေး နည်းစနစ်များဟုပင် ညွှန်းဆိုနိုင်ပေသည်။

“ ကျေးဇူးတင်ပါတယ်၊ ဆရာ “ ရှုကျိုးမှ လေးလေးနက်နက် ပြောလိုက်သည်။

အကြီးအကဲချန်းမှ ခေါင်းငြိမ့်ပြလာခဲ့သည်၊ ထို့နောက်တွင် သူသည် မတ်တပ်ထရပ်ကာ အနောက်ဘက်ရှိ ဓားရှည်ကို ဆွဲထုတ်လိုက်သည် “ ဒါက လွန်ခဲ့တဲ့ လဝက်တုန်းက ဆရာသွန်းလုပ်ခဲ့တဲ့ နတ်လက်နက်ပဲ “

ရှုကျိုး အံ့ဩသွားခဲ့သည်၊ သူသည် နတ်လက်နက်က ဓားဖြစ်နေလိမ့်မည်ဟု မထင်ထားခဲ့ပေ။

သူ့အတွက် အံ့ကိုက်ဖြစ်နေခဲ့သည်။

ဓားသည် အတော်လေး သာမန်ဆန်နေပုံရသော်လည်း၊ ၎င်း၏ မျက်နှာပြင်ပေါ်တွင် ငွေမှင်ရောင် တောက်နေလျက်ရှိပြီး၊ ထန်ဓားထပ် အများကြီး ပို၍ကြီးမားကျယ်ဝန်းနေခဲ့သည်။

သို့သော် ၎င်းက ရှုကျိုးလက်ထဲသို့ ရောက်လာသည့် အချိန်တွင် သူ၏စိတ်သည် ရုတ်တရက် လှုပ်ခတ်သွားခဲ့သည်။

ထို့နောက် စက္ကန့်ပိုင်းမျှအကြာတွင် ရှုကျိုး၏ စိတ်ထဲတွင် ကြောက်မက်ဖွယ်ကောင်းသည့် ဆေဘာအလင်းတန်းတစ်ခု ပေါ်လာခဲ့ပြီး၊ အရာအားလုံးကို ဖျက်ဆီးချင်နေသည့် နတ်ဘုရားတစ်ပါး၏ အလိုဆန္ဒနှင့် ပြည့်ဝနေခဲ့သည်။

နတ်လက်နက်များတွင် စိတ်ဝိညာဥ်များရှိကြသည်၊ အဆိုပါ စိတ်ဝိညာဥ်က သင့်အား ဆရာသခင်အဖြစ် အသိအမှတ် ပြုမှသာလျှင် သင်သည် ၎င်းကို အမှန်တကယ် ပိုင်ဆိုင်လိမ့်မည် ဖြစ်သည်။

ထိုကဲ့သို့သာ မဟုတ်ဘူးဆိုပါက သင်သည် နတ်လက်နက်ကို ရရှိထားမည်ဆိုလျှင်တောင်မှ၊ ၎င်း၏ အစစ်အမှန် စွမ်းအားကို ထုတ်သုံးနိုင်လိမ့်မည် မဟုတ်ပေ။

………………………………………………………………………………………………………………………………….

အပိုင်း ( 387 )

နှောင်းပိုင်း တတိယအဆင့်

ရှုကျိုးသည် တွေဝေတုံ့ဆိုင်းမနေဘဲ၊ သူ၏စိတ်ဝိညာဥ်စွမ်းအားကို စုစည်းကာ ၎င်းကို ချက်ချင်းဖိနှိပ်နေတော့သည်။

“ ဝေါင်း !!! “

ဓားသည် ဧရာမ ရွှေရောင်နဂါးတစ်ကောင်အဖြစ် ပြောင်းလဲသွားကာ၊ ရှုကျိုးဆီသို့ ဒေါသတကြီး ပြေးတက်လာခဲ့သည်။

အဆိုပါ ဟိန်းဟောက်သံထဲတွင် ကြောက်မက်ဖွယ်ကောင်းသည့် ဖိအားတစ်ခု ပါဝင်နေပြီး၊ ရှုကျိုး၏ အလိုဆန္ဒကို စတင်၍ ထိုးနှက်လာတော့သည်။

“ ဟမ့် “

ရှုကျိုးမှ အေးစက်စွာ နှာမှုတ်လိုက်ပြီး၊ သူ၏ စိတ်ဝိညာဥ် တိုက်ခိုက်ရေး နည်းစနစ်ကို အသက်သွင်းလိုက်သည်၊ သူ၏ ခိုင်မာသော သိုင်းဆန္ဒသည် စိတ်စွမ်းအားကြောင့် အစိုင်အခဲအဖြစ် စုစည်းလာကာ အရှေ့သို့ ဖိနှိပ်လာတော့သည်။

သိုင်းဆန္ဒဆိုသည်မှာ ထိတွေ့ကိုင်တွယ်၍ မရသော အရာဖြစ်သည်၊ သို့သော် ဤအချိန်တွင် ၎င်းသည် ကြီးမားသော တောင်တန်းတစ်ခုအဖြစ် ပြောင်းလဲသွားကာ ရွှေနဂါးကြီးကို ဖိနှိပ်နေခဲ့သည်။

နဂါးကြီးသည် တောင်နှင့် တိုက်မိသွားကာ၊ နှစ်ခုစလုံးသည် ဆက်တိုက် ဖြိုဖျက်နေတော့သည်။

၎င်းသည် ဖိနှိပ်ရုံသာလျှင် မဟုတ်ဘဲ လက်အောက်ခံအဖြစ်ပါ သိမ်းသွင်းနေခြင်းဖြစ်သည်။

အကယ်၍၏ ရှုကျိုး၏ သိုင်းဆန္ဒကသာ လုံလုံလောက်လောက် ခိုင်မာအားကောင်းမနေခဲ့ဘူးဆိုပါက၊ သူသည် နတ်လက်နက် စိတ်ဆန္ဒ၏ ဖိနှိပ်ခြင်းကို ခံလိုက်ရမည်ဖြစ်ပြီး၊ အသိစိတ် ဆုံးရှုံးသွားကာ ရုပ်သေးရုပ်သကဲ့သို့ ဖြစ်သွားမည်ဖြစ်သည်။

သို့ရာတွင် ရှုကျိုးသည် အကြီးအကဲချန်း၏ စမ်းသပ်မှုကိုပင် တောင့်ခံနိုင်ခဲ့သောကြောင့်၊ ဤနေရာတွင် ကျရှုံးသွားမည် မဟုတ်ပေ။

မိနစ်ပိုင်းမျှ ကြာခဲ့ပြီးသည့်နောက်တွင် ရှုကျိုးသည် မျက်လုံးများ ပြန်ဖွင့်လာခဲ့ကာ သူ့လက်ထဲရှိ ဓားရှည်ကို ကြည့်လိုက်သည်။

“ ဇွီ !! “

ရှုကျိုး၏ စိတ်နှလုံးသား လှုပ်ခတ်သွားခဲ့ရာ၊ နဂါးဟိန်းဟောက်သံကဲ့သို့သော အသံတစ်သံသည် ဓားရှည်ထံမှ ချက်ချင်း ပေါ်ထွက်လာခဲ့သည်။

အဆိုပါ ဆေဘာသည် ချက်ချင်း ကွဲပြားသွားခဲ့သည်၊ ယခင်က ၎င်းသည် သာမန်ဓားတစ်လက်မျှသာ ဖြစ်နေခဲ့သည်၊ သို့သော် ယခုတွင်ကား စိတ်ဝိညာဥ်ကို နှိုးဆွပေးနေသည့် ခံစားချက်မျိုး ပေးစွမ်းနေခဲ့သည်။

( အခုကျ ဆေဘာဆိုပြီး ပြောင်းသွားပါတယ်၊ မူရင်းကိုက အဲ့အတိုင်းဖြစ်နေတာပါ )

ဤဆေဘာသည် သူ့အား ဆရာသခင်အဖြစ် အသိအမှတ်ပြုလိုက်ပြီဖြစ်သည်။

သူ့ဘေးနားရှိ အကြီးအကဲချန်းသည် အပြုံးဖြင့် စကားပြောလာခဲ့သည် “ မဆိုးဘူး၊ အဲ့တာကို အညံ့ခံသွားအောင် လုပ်လိုက်တဲ့ အမြန်နှုန်းက ငါထင်ထားတာထပ်တောင် ပိုမြန်နေသေးတယ် “

သူသည် ရှုကျိုးက ကျရှုံးသွားမည်ကို လုံးဝစိုးရိမ်ပူပန်မနေခဲ့ချေ။

ဤအသစ်စက်စက် နတ်လက်နက်သည် ထိုမျှလောက် မစွမ်းသေးပေ၊ အမြင့်ဆုံးအနေဖြင့် စတုတ္ထအဆင့်(သို့) ပဥ္စမအဆင့် စွမ်းအားမျိုးသာ ပိုင်ဆိုင်ထားခဲ့သည်။

ယခင်က သူ၏စမ်းသပ်မှုကပင် ရှုကျိုးက ၎င်းအား အညံ့ခံသွားအောင် ပြုလုပ်နိုင်မည်ဆိုသည်ကို ပြသခဲ့ပြီးပြီ ဖြစ်သည်။

ရှုကျိုး၏ စိတ်နှလုံးသား အနည်းငယ် လှုပ်ခတ်သွားကာ ပြောလာခဲ့သည် “ အဲ့ဒီ ရွှေရောင်နဂါးကြီးက ဒီလက်နက်ရဲ့ စိတ်ဝိညာဥ်လားဗျ? “

“ မင်းက နဂါးကို မြင်ခဲ့တာလား? “

အကြီးအကဲချန်းသည် အံ့ဩတကြီးဖြင့် ပြောလာခဲ့သည် “ နတ်လက်နက်တွေမှာ စိတ်ဝိညာဥ်တွေ ရှိပြီးတော့ သူတို့က ပုံစံအမျိုးမျိုး ပြောင်းလဲနိုင်ကြတယ်။ နဂါးတစ်ကောင်ကိုမြင်လိုက်ရတယ်ဆိုတော့ မင်းက နဂါးမျိုးနွယ်စုနဲ့ ပိုပြီးတော့ ရင်းနှီးတယ်လို့ ဆိုလိုနေတာပဲ “

“ နဂါးမျိုးနွယ်စုနဲ့ ပိုပြီးတော့ ရင်းနှီးတာလား? “

ရှုကျိုးသည် ရေရွတ်ပြောဆိုနေမိတော့သည်၊ အမှန်တိုင်းပြောရမည်ဆိုပါက သူသည် နဂါးမျိုးနွယ်စုနှင့် အကြိမ်ပေါင်းများစွာ ဆက်ဆံခဲ့ဖူးသည်။

သူ့မူလကိုယ်၏ စွမ်းရည်က နဂါးအသွင်ပြောင်းခြင်း ဖြစ်နေသည့်အပြင် သူ့ကိုယ်ပွား၊ မသေမျိုး နတ်နဂါးကြီးမှာလည်း နဂါးသွေးမျိုးဆက်ကို ပိုင်ဆိုင်ထားခဲ့သည်။

အကြီးအကဲချန်းသည် ထိုကိစ္စကို အာရုံစိုက်မနေဘဲ အပြုံးဖြင့် ပြောလာခဲ့သည် “ ငါက ဒီဆေဘာကို နာမည်မပေးရသေးဘူး။ ဘာလို့ မင်းက နာမည်အရင်မပေးလိုက်ရတာလဲ? “

ရှုကျိုးအတွေးနက်သွားတော့သည်၊ ဒီဆေဘာက နဂါးဝိညာဥ်ရှိနေတယ်ဆိုတော့ ဘာလို့ နဂါးနဲ့ဆိုင်တဲ့ နာမည် မပေးလိုက်ရမှာလဲ??

သူသည် တစ်ခဏခန့် တွေးတောစဥ်းစားနေခဲ့ပြီးမှ စကားပြောလာခဲ့သည် “ ဒါကို နဂါးမီးလျှံဆေဘာလို့ ခေါ်ကြတာပေါ့ “

နောင်အနာဂတ်၌ ဤဆေဘာကို အသုံးပြုရာတွင် နတ်စွမ်းရည်ပါ ပါဝင်လာမည်ဖြစ်ပြီး၊ သူ၏ ပထမဦးဆုံး နတ်စွမ်းရည်မှာ မီးလျှံဖြစ်သည်၊ ထို့ကြောင့် နဂါးမီးလျှံဆေဘာဟု ခေါ်ဆိုမည် ဖြစ်သည်။

ရှုကျိုးက အမည်ပေးလိုက်သည့် အချိန်တွင် နဂါးမီးလျှံဆေဘာသည် ၎င်းကို ကြားသွားပုံရပြီး၊ ရှုကျိုးကို တုံ့ပြန်စကားပြောဆိုနေသကဲ့သို့ အနည်းငယ် လှုပ်ခါလာခဲ့သည်။

“ နတ်လက်နက်တစ်ခုက မျှော်လင့်ထားတဲ့အတိုင်းပဲ ………. “

ရှုကျိုးသည် စိတ်ထဲတွင် တအံ့တဩဖြစ်သွားခဲ့သည်၊ ဤခံစားချက်သည် တစ်ခြားသော လက်နက်များနှင့် လုံးဝကွဲပြားနေခဲ့သည်။

“ အဲ့တာကို ဂရုစိုက်ပါ “

အကြီးအကဲချန်း၏ အိုမင်းရင့်ရော်နေသည့် ခန္ဓာကိုယ်ပေါ်တွင် တွန့်ဆုတ်မှုအရိပ်အငွေ့များ ဖြစ်တည်လာခဲ့သည် “ ရှုကျိုး၊ တစ်နေ့မှာ မင်းက ဒီလက်နက်ရဲ့ တကယ့်စွမ်းအားကို အပြည့်အဝ ထုတ်သုံးနိုင်ပြီးတော့ စကြာဝဠာတစ်ခုလုံးမှာ ဒီဆေဘာရဲ့ နာမည်ကို လူတိုင်းသိသွားအောင် လုပ်နိုင်မယ်လို့ ငါမျှော်လင့်ပါတယ် “

ရှုကျိုးသည် တလေးတနက် ဖြစ်သွားပြီး၊ ခေါင်းငြိမ့်ပြလိုက်သည် “ ကျွန်တော် လုပ်မှာပါ “

…

အကြီးအကဲချန်း၏အခန်းထဲမှ ထွက်လာခဲ့ပြီးသည့်နောက်တွင် ဝူခဲ့လုံသည် ရှုကျိုးကို ကျောက်စိမ်းသေတ္တာတစ်လုံး ပေးလာခဲ့သည်။

“ ဒါက ထိပ်တန်းအဆင့် စိတ်ဝိညာဥ်စုစည်းရေး ပုလဲလုံးလား? “

ရှုကျိုးမှ သေတ္တာကို ဖွင့်ကြည့်လိုက်ရာ အထဲတွင်ရှိနေသည့် သလင်းကျောက်ကဲ့သို့ ကြည့်လင်နေသည့် ရတနာတစ်ခုကို မြင်တွေ့လိုက်ရသည်၊ ၎င်းသည် ကလေးတစ်ဦး၏ လက်သီးဆုပ်အရွယ်မျှ ရှိကာ ပင်လယ်ပုလဲကဲ့သို့ ဖျော့တော့သော တောက်ပမှုတစ်ခုကို ထုတ်လွှင့်နေခဲ့သည်။

ဝူခဲ့လုံမှ ပြောလာခဲ့သည် “ ဒီပစ္စည်းကို အစစ်အမှန် စိတ်ဝိညာဥ်မြက်နဲ့ တွဲသုံးတာက အကောင်းဆုံးပဲ။ စိတ်ဝိညာဥ်မြက်ကတော့ မင်းတို့ကျောင်းမှာ ရောင်းလောက်မှာပါ “

ရှုကျိုးမှ အလောတကြီး ပြောလိုက်သည် “ သတိပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်၊ ဗိုလ်ချုပ်ကြီးဝူ “

ဝူခဲ့လုံမှ အပြုံးဖြင့် ပြောလာခဲ့သည် “ ပြန်တော့၊ မင်းရဲ့ကျောင်းအုပ်နဲ့ တစ်ခြားလူတွေက မင်းကို စောင့်နေကြတယ် “

“ ဟုတ်၊ ကျေးဇူးတင်ပါတယ်၊ ဗိုလ်ချုပ်ကြီးဝူ “

ရှုကျိုးသည် တလေးတစား နှုတ်ဆက်လိုက်ကာ လှည့်ထွက်သွားတော့သည်။

ဝူခဲ့လုံသည် ပျောက်ကွယ်သွားသည့် သူ၏ပုံရိပ်ကို စောင့်ကြည့်ကာ၊ အနောက်ဘက်ရှိ အကြီးအကဲချန်း၏ အခန်းထဲသို့ ပြန်ဝင်သွားတော့သည်၊ အကြီးအကဲချန်းသည် သူ့ကို ကြည့်ကာ စကားပြောလာခဲ့သည် “ သူက အဲ့နေ့အထိ တိုးတက်ကြီးထွားလာနိုင်မယ်လို့ မင်းထင်လား? “

ဝူခဲ့လုံသည် ခေါင်းခါပြ၍ ပြောလိုက်သည် “ ဘယ်သူက အာမခံနိုင်မှာလဲ?? ကျွန်တော်တို့ လုပ်နိုင်တဲ့အရာအားလုံးက တတ်နိုင်သလောက် အချိန်ဆွဲပေးထားဖို့ပဲ “

အကြီးအကဲချန်းသည် သက်ပြင်းတချချဖြစ်သွားပြီး၊ ရှုကျိုးထွက်သွားရာဘက်သို့ လှမ်းကြည့်ကာ ရေရွတ်ပြောဆိုနေတော့သည်။

“ တပည့်လေး၊ မြန်မြန်ပိုစွမ်းလာပြီးတော့ မကြာခင် အချိန်မှာပဲ အမြင့်ပိုင်းအဆင့်တွေကို ရောက်အောင်သွားပါ “

သူတို့က ကွမ်ဟန်စစ်တပ်၏ တစ်စိတ်တစ်ပိုင်းဖြစ်သော်လည်း၊ သူတို့သည် အစစ်အမှန် သိုင်းပညာဌာန၏ ကိစ္စတစ်ချို့ကို သိရှိထားခဲ့သည်။

အစစ်အမှန် သိုင်းပညာဌာန၏ ကြယ်ပွင့်သည် အံ့ဖွယ်ကောင်းသည့် အမြန်နှုန်းဖြင့် ထင်ပေါ်ကျော်ကြားလာခဲ့ပြီး၊ အားလုံးသည် သူက အဆင့်မြင့် ပညာရှင်တစ်ဦး ဖြစ်လာမည့် နေ့ရက်ကို စောင့်မျှော်နေကြသည်။

“ ကမ္ဘာ့ကြယ်ရဲ့ တပ်ဖွဲ့ ၁၂ဖွဲ့က လွန်ခဲ့တဲ့ သုံးရက်တုန်းက အပြောင်းအလဲတစ်ခု နဲ့ရင်ဆိုင်ခဲ့ရပြီးတော့ ၉ဖွဲ့ပဲ ကျန်ခဲ့တယ်။ ဖျက်သိမ်းခံလိုက်ရတဲ့ အဖွဲ့၃ဖွဲ့ကလည်း ရှေးရိုးစွဲအဖွဲ့တွေချည်းပါပဲ “ ဟုဝူခဲ့လုံမှ ရုတ်တရက် ပြောလာခဲ့သည်။

ကွဲပြားသော ကျင့်ကြံရေးနည်းလမ်းများကြောင့် ကမ္ဘာ့ကြယ်အား အုပ်စု၁၂ခုအဖြစ် ပိုင်းခြားထားခဲ့သည်။

အဆိုပါ အုပ်စုများကြားထဲတွင်မှ ကြယ်ပြာဂြိုဟ်ပေါ်တွင် ရှိနေသည့် သူတို့၏ သဘောထားများမှာလည်း စစ်ပွဲအုပ်စုနှင့် ရှေးရိုးစွဲအုပ်စုဟူ၍ ကွဲပြားနေခဲ့သည်။

စစ်အုပ်စုကမူ ကြယ်ပြာဂြိုဟ်ကို သိမ်းပိုက်ရန်အတွက် ကြီးမားသော စစ်ပွဲတစ်ခုဆင်နွှဲရန် ထောက်ခံအားပေးကြသည်။

ရှေးရိုးစွဲအုပ်စုကမူ သူတို့၏ အမိမြေကို ကာကွယ်စောင့်ရှောက်ရန်နှင့် စစ်ပွဲကို အလွယ်တကူ မပြုလုပ်ရန် ပို၍သဘောတွေ့ကြသည်။ အထူးသဖြင့် ကမ္ဘာ့ကြယ်တွင် အဆင့်မြင့် စစ်သည်တော် များများစားစား မရှိသောကြောင့် ဖြစ်သည်။

“ အစကတော့ ကမ္ဘာ့ကြယ်ရဲ့ အုပ်စု၁၂ခုထဲမှာ စစ်အုပ်စုက ၆ဖွဲ့နဲ့ ရှေးရိုးစွဲ၆ဖွဲ့ဆိုပြီး ဖြစ်နေခဲ့တာပါ။ ဒါပင်မဲ့ အခုတော့ ရှေးရိုးစွဲသုံးဖွဲ့ပဲ ကျန်ပါတော့တယ် “

ဝူခဲ့လုံသည် သက်ပြင်းတချချ ဖြစ်သွားတော့သည် “ စစ်အုပ်စုတွေ အသာစီးရလာတာနဲ့အမျှ စစ်ပွဲကလည်း ပိုပြီးတော့ နီးကပ်လာပြီ “

အမှန်တိုင်းပြောရမည်ဆိုပါက စစ်အုပ်စုဖြစ်စေ၊ ရှေးရိုးစွဲအုပ်စုဖြစ်စေ၊ နှစ်ဖွဲ့စလုံးသည် ရန်သူများသာဖြစ်သည်။ အောင်ပွဲသာ သေချာနေမည်ဆိုပါက ရှေးရိုးစွဲအုပ်စုမှာလည်း စစ်ပွဲသို့ မလွဲမသွေ ဝင်ပါလာကြမည်ဖြစ်သည်။

အကြီးအကဲချန်းမှ မေးလာခဲ့သည် “ ကမ္ဘာ့ကြယ် သားရဲမျိုးနွယ်စုရဲ့ အခြေအနေက ဘယ်လိုရှိလဲ? “

ကြယ်ပြာဂြိုဟ်ကဲ့သို့ပင် ကမ္ဘာ့ကြယ်တွင်လည်း သားရဲမျိုးနွယ်စုများ ရှိနေခဲ့သည်။

နှစ်ဖက်စလုံး၏ သားရဲမျိုးနွယ်စုများသည် တစ်ဘက်နှင့်တစ်ဘက် အထင်သေးနေကြပြီး၊ သူတို့ကိုယ်တိုင်ကသာ မြင့်မြတ်သာလွန်သည်ဟု ထင်နေကြသည်။

သို့ရာတွင် ကမ္ဘာ့ကြယ် သားရဲမျိုးနွယ်စုနှင့် ကမ္ဘာ့ကြယ် သိုင်းပညာရှင်တို့ကြားရှိ ဆက်ဆံရေးမှာ အလွန်ရှုပ်ထွေးနေခဲ့ပြီး၊ သူတို့သည် ရန်သူများ မဟုတ်ကြသော်လည်း၊ ငြိမ်းချမ်းစွာ အတူယှဥ်တွဲနေထိုင်ခြင်းမျိုးလည်း မရှိခဲ့ပေ။

All Chapters