← Chapters

အခန်း (၄၆-၄၈)

Vol. 4 Ch. 46-48

အခန်း (၄၆-၄၈)

Vol. 4 Ch. 46-48

အခန်း (၄၆) - ဂိုဏ်းချုပ်ယဲ့ကမှ တကယ့် ယောကျ်ားကောင်း

~"ရပ်လိုက်စမ်း..."

ဖန်ဟွာမြစ်အထက် ကောင်းကင်ယံမှ ဝိညာဉ်စွမ်းအင်များ ပြည့်နှက်နေသော ဟိန်းဟောက်သံ ရုတ်တရက် ထွက်ပေါ်လာလေ၏။

အားလုံး အသံလာရာဘက်သို့ လှည့်ကြည့်လိုက်ရာ၊ (၁၀) မီတာ အရှည်၊ (၃) မီတာ အကျယ် ရှိသော 'ပျံသန်းခြင်း လှေ' တစ်စင်းကို တွေ့လိုက်ရ၏။ လှေတစ်စင်းလုံး ဝိညာဉ်အလင်းတန်းများ တောက်ပနေပြီး၊ ရေမျက်နှာပြင် အထက် (၃) မီတာခန့် အမြင့်မှ အရှိန်ပြင်းစွာ ပျံသန်းလာနေလေ၏။

ဖြတ်သန်းသွားသည့် နေရာတိုင်းတွင် မြစ်ရေများ လှိုင်းထန်သွားရသည်အထိ အရှိန်ပြင်းလှ၏။

လှေဦးပိုင်းတွင် တိမ်ဖြူရောင် ဝတ်စုံရှည်များ ဝတ်ဆင်ထားသော လူငယ် ကျင့်ကြံသူ (၃) ဦး ရပ်နေကြသည်။ အမျိုးသား (၂) ဦးနှင့် အမျိုးသမီး (၁) ဦး ဖြစ်ပြီး၊ သူတို့၏ ခွန်အားကြီးမားသော အရှိန်အဝါများကို ဖုံးကွယ်ထားခြင်း မရှိပေ။

ချီစုစည်းခြင်း (၉) ဆင့်မြောက် အဆင့်များပါလား...

သူတို့အားလုံးသည် လက်ထဲတွင် အဆင့်နိမ့် ဝိညာဉ်ဓားများကို ကိုင်ဆောင်ထားကြပြီး၊ မျက်လုံးများ တောက်ပကာ ခါးမတ်မတ်ဖြင့် ရပ်နေကြသည်။ အထင်ကရ ဂိုဏ်းကြီးတစ်ခုမှ တပည့်များ ဖြစ်ကြောင်း သိသာထင်ရှားလှပေသည်။

"ရှဲ့ကွမ်းစခန်းခေါင်းဆောင်... မင်းရဲ့ စခန်းကို ငါတို့ မောင်နှမ (၃) ယောက် ဖြိုဖျက်ပြီးသွားပြီ... အခု ချက်ချင်း လက်နက်ချစမ်း..."

ကြယ်ရောင်တောက်ပသော မျက်လုံးနှင့် ဓားသွားကဲ့သို့ ထက်မြက်သော မျက်ခုံးပိုင်ရှင် လူငယ်ခေါင်းဆောင်က အော်ဟစ်လိုက်လေ၏။

"ရှဲ့ကွမ်းစခန်းကို ဖြိုဖျက်လိုက်ပြီ ဟုတ်လား..."

ရှဲ့ကွမ်းစခန်းခေါင်းဆောင် မျက်လုံးများ ပြူးကျယ်သွားသည်။ ပျံသန်းခြင်း လှေသည် မြစ်တစ်ဖက်ကမ်းရှိ ရှဲ့ကွမ်းတောင်ဘက်မှ လာနေခြင်း ဖြစ်ကြောင်း သတိပြုမိလိုက်၏။ သူ အပြင်ထွက်နေခိုက် စခန်းတစ်ခုလုံး ဖျက်ဆီးခံလိုက်ရပြီလား။

ဒေါသကြောင့် တစ်ကိုယ်လုံး တုန်ရီနေသော်လည်း၊ ရှဲ့ကွမ်းစခန်းခေါင်းဆောင်သည် ထိုလူငယ် (၃) ဦးမှာ လွယ်လွယ်နှင့် ရင်ဆိုင်၍ ရမည့်သူများ မဟုတ်မှန်း ရိပ်မိလိုက်၏။ သူတို့၏ အရှိန်အဝါက ပြင်းထန်လွန်းလှသည်။ ထို့ကြောင့် နောက်လှည့်ပြီး သစ်တောအုပ်ထဲသို့ ပြေးဝင်ကာ ပျောက်ကွယ်သွားလေတော့သည်။

"တောင်စိမ်းတွေ တည်ရှိနေသရွေ့... ရေကြည်တွေ စီးဆင်းနေသရွေ့... မင်းတို့ စောင့်နေလိုက်..."

နာကျည်းမှုများ ပြည့်နှက်နေသော အသံသည် သစ်တောထဲမှ ပဲ့တင်ထပ် ထွက်ပေါ်လာသည်။

"ထွက်ပြေးဖို့ မစဉ်းစားနဲ့…”

ဂိုဏ်းတပည့် (၃) ဦး၏ မျက်နှာများ ဒေါသကြောင့် နီရဲသွားကြပြီး ပြန်အော်လိုက်ကြသည်။

ဒါကို မြင်တော့ ယဲ့ဖုန်း၏ မျက်နှာထား ရုပ်ဆိုးသွားပြီး စိတ်ပျက်လက်ပျက် ဖြစ်သွားရရှာသည်။

တကယ်ဆို သူ မိုယင်နှင့် ပေါင်းပြီး ချီစုစည်းခြင်း (၉) ဆင့်မြောက် အထွတ်အထိပ် ရောက်နေသော ရှဲ့ကွမ်းစခန်းခေါင်းဆောင်ကို အနိုင်ယူပြီး၊ အဆင့်နိမ့် ဝိညာဉ်လက်နက် (၃) ခုကို အေးဆေး သိမ်းပိုက်လို့ ရနေပြီလေ။

သို့သော်၊ ဒီလူ (၃) ယောက် ရောက်လာပြီး အော်လိုက်တာနှင့် ရှဲ့ကွမ်းစခန်းခေါင်းဆောင်က လှည့်မကြည့်ဘဲ ထွက်ပြေးသွားတော့သည်ပင်။

ယဲ့ဖုန်း တော်တော် ဒေါသထွက်သွားသည်။

မကြာမီ ဂိုဏ်းတပည့် (၃) ဦးသည် ပျံသန်းခြင်း လှေဖြင့် မြစ်ကမ်းပါးသို့ ဆင်းသက်လာကြသည်။ ခေါင်းဆောင်လုပ်သူက "လျိုယွင်" ဟူသော စာလုံး ရေးထွင်းထားသည့် အဖြူရောင် တံဆိပ်ပြားကို ထုတ်ပြပြီး ပြောလိုက်လေ၏။

"ခင်ဗျားတို့ နှစ်ယောက် စိတ်မပူပါနဲ့... ကျွန်တော်တို့က လျိုယွင်ဂိုဏ်း ရဲ့ အတွင်းစည်း တပည့်တွေပါ... ကျွန်တော့်နာမည် ရှင်းကွမ်ရွှမ်... ဒါက ဂျူနီယာညီလေး တုန်းချန်.. ဒါက ဂျူနီယာညီမလေး ဖန်ဟိုင်ယွင်.. ခုနက လူက ရှဲ့ကွမ်းစခန်းခေါင်းဆောင်ပါ... ကျွန်တော်တို့ မောင်းထုတ်လိုက်ပါပြီ..."

သူသာ မပြောလျှင် ကိစ္စမရှိသော်လည်း "မောင်းထုတ်လိုက်ပါပြီ" ဆိုသည့် စကားကို ကြားလိုက်ရတော့ ယဲ့ဖုန်း ပိုပြီး ဒေါသထွက်သွားသည်။

ရှင်းကွမ်ရွှမ် တို့ကို ဆဲဆိုရန် ပြင်လိုက်စဉ်မှာပင် တံဆိပ်ပြားပေါ်က "လျိုယွင်" ဆိုသော စာလုံးကို သတိထားမိလိုက်၏။ မိုင်ထောင်ချီ ဝေးကွာသည့် လျိုယွင်ဂိုဏ်း မဟုတ်လား။

ထိုဂိုဏ်းသည် ချင်းယွင်ဂိုဏ်းနှင့် အဆင့်အတန်းတူသည့် ကြယ်တစ်ပွင့်အဆင့် ဂိုဏ်းတစ်ခု ဖြစ်ပေသည်။ ဂိုဏ်းအတွင်း၌ ဓာတ်ကြီးငါးပါး စုစည်းခြင်းအဆင့်သို့ ရောက်ရှိနေသော ဆရာသခင်များစွာ ရှိနေလေ၏။

လက်ရှိအခြေအနေတွင် သူတို့အား ရန်စ၍ မဖြစ်နိုင်သေးပေ။

ထို့ပြင် ရှင်းကွမ်ရွှမ်တို့က စေတနာသက်သက်ဖြင့် လာရောက်ကယ်တင်ပေးခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် ယဲ့ဖုန်းမှာ ကံဆိုးသည်ဟုသာ သဘောပိုက်လျက် စိတ်လျှော့လိုက်ရလေ၏။ ရှဲ့ကွမ်းစခန်းခေါင်းဆောင်မှာ ထွက်ပြေးလွတ်မြောက်သွားရုံသာ ရှိသေးရာ နောင်တစ်ချိန်တွင် ပြန်လည်တွေ့ဆုံနိုင်ဦးမည် ဖြစ်သည်။

ထိုသို့ တွေးပြီးနောက် ယဲ့ဖုန်း ဟန်ဆောင် ဦးညွှတ်လိုက်ပြီး စိတ်မပါတပါ ပြောလိုက်လေ၏။ "ဪ... လျိုယွင်ဂိုဏ်းက တပည့်တွေ ကိုး... ခုနက ကိစ္စအတွက် ကျေးဇူးပါပဲ..."

"ဘုန်း..."

ထိုအချိန်တွင် အဝေးတစ်နေရာမှ ပေါက်ကွဲသံ တစ်ခုနှင့်အတူ တစ်စုံတစ်ယောက်၏ ညည်းတွားသံ ထွက်ပေါ်လာလေ၏။

"တတိယ အကြီးအကဲ အသံပဲ..."

ရှင်းကွမ်ရွှမ် တအံ့တဩ အော်ဟစ်လိုက်ပြီး အသံလာရာဘက်သို့ လှည့်ကြည့်ကာ ဓားကို တင်းတင်းဆုပ်ကိုင်လိုက်၏။

သို့သော် မည်သူမျှ မတုံ့ပြန်နိုင်မီမှာပင်... ဆံပင်ဖြူ မုတ်ဆိတ်ဖြူနှင့် အဘိုးအိုတစ်ဦး လေထဲတွင် လွင့်စင်လာပြီး ကြယ်ကြွေသကဲ့သို့ သဲသောင်ပြင်ပေါ်သို့ ပြုတ်ကျသွားသည်ကို တွေ့လိုက်ရ၏။

"တတိယ အကြီးအကဲ..."

လျိုယွင်ဂိုဏ်း တပည့် (၃) ဦး အမြန်ပြေးသွားပြီး အဘိုးအိုကို တွဲထူလိုက်ကြသည်။ အဘိုးအို၏ မျက်နှာမှာ သွေးဆုတ်ပြီး ဖြူဖပ်ဖြူရော် ဖြစ်နေရှာသည်။

"ဒါ လျိုယွင်ဂိုဏ်းရဲ့ တတိယ အကြီးအကဲပဲ... ဓာတ်ကြီးငါးပါး စုစည်းခြင်း (၂) ဆင့်မြောက် ရောက်နေတဲ့သူ..." ယဲ့ဖုန်း ဘေးနားမှ မိုယင်က တိုးတိုးလေး ပြောပြလေ၏။

"မင်းက ဒါတွေတောင် သိတယ်လား..." ယဲ့ဖုန်း အံ့သြသွားသည်။

ထိုအချိန်တွင် တတိယ အကြီးအကဲသည် တုန်ရီသော လက်ဖြင့် သစ်တောနက်ဘက်သို့ ညွှန်ပြပြီး အားနည်းစွာ ပြောလိုက်လေ၏။ "အစွယ်ရှည် ရူးသွပ်ဝက်ကြီး နဲ့ အတောင်ပံပါ မိကျောင်းကြီး... တိုက်ခိုက်နေကြတယ်... အန္တရာယ်များတယ်... မြန်မြန်... ထွက်ပြေးကြ..."

ပြောပြီးသည်နှင့် တတိယ အကြီးအကဲ သတိလစ်သွားလေ၏။

"အကြီးအကဲ... မသေပါနဲ့ဦး..."

"တုန်းချန်" ဆိုသော မျက်လုံးမှေးမှေးနှင့် တပည့်က အကြီးအကဲကို အတင်း လှုပ်နှိုးပြီး၊ နှာခေါင်းအောက်ကို လက်သည်းနှင့် ဆိတ်ရန် ပြင်လိုက်၏။

"ဟဲ့... မလှုပ်နဲ့တော့... နင့်ကြောင့် အကြီးအကဲ အသက်ထွက်သွားဦးမယ်..."

မျက်နှာဝိုင်းဝိုင်း၊ ခန္ဓာကိုယ် ပြည့်ပြည့်ဖြိုးဖြိုးနှင့် "ဖန်ဟိုင်ယွင်" ဆိုသော တပည့်မလေးက သတိပေးလိုက်ပြီး တုန်းချန်ကို ဆွဲဖယ်လိုက်လေ၏။

သတိအထားဆုံး ဖြစ်ပုံရသော ရှင်းကွမ်ရွှမ်သည် အနီရင့်ရောင် ဆေးလုံးတစ်လုံးကို ထုတ်ယူပြီး အကြီးအကဲ ပါးစပ်ထဲ ထည့်ပေးလိုက်၏။ အကြီးအကဲ၏ အသက်ရှုသံ တဖြည်းဖြည်း မှန်လာသော်လည်း သတိမရသေးပေ။

သူတို့ မသိလိုက်သည်မှာ... ကမ်းခြေနှင့် မီတာ (၂၀) အကွာ ရေအောက်ထဲတွင် အရိပ်မည်းတစ်ခု ဖြည်းညှင်းစွာ ချဉ်းကပ်လာနေခြင်းပင်။

မိုယင်နှင့် ယဲ့ဖုန်းတို့သည် ဘေးတစ်ဖက်တွင် ရပ်လျက်၊ ချက်ချင်း ထွက်ခွာသင့် မသင့် တိုင်ပင်နေကြသည်။

ရူးသွပ်ဝက်ကြီးနှင့် မိကျောင်းကြီးတို့ တိုက်ခိုက်ရင်း သည်ဘက် ရောက်လာလျှင် ဒုက္ခ ရောက်ကုန်ကြပေလိမ့်မည်။

"ဝုန်း..."

ရုတ်တရက် ရေအောက်မှ အရိပ်မည်းကြီး ခုန်ထွက်လာပြီး၊ လျိုယွင်ဂိုဏ်း တတိယ အကြီးအကဲကို ကိုက်ခဲရန် ဟန်ပြင်လိုက်၏။ ပြင်းထန်သော နတ်ဆိုးအရှိန်အဝါများ ထွက်ပေါ်လာပြီး၊ ရှိသမျှ လူအားလုံးကို လွှမ်းမိုး ဖိနှိပ်လိုက်လေသည်။

"ဒါ အမည်းစက်ပြောက် မြွေနတ်ဆိုး ပဲ..."

"ကြည့်ရတာ အဆင့်မြင့် နတ်ဆိုးစစ်သည် အထွတ်အထိပ် ရောက်နေပုံရတယ်..."

"မဟုတ်ဘူး... အသွင်ပြောင်းတဲ့ အဆင့် ကို ရောက်နေပြီ... သူ့စွမ်းအားက ချီစုစည်းခြင်း (၉) ဆင့်မြောက် အထွတ်အထိပ်ထက် အများကြီး သာနေတယ်..."

လျိုယွင်ဂိုဏ်း တပည့် (၃) ဦးသည် လေ့ကျင့်မှု ကောင်းမွန်သူများ ပီပီ၊ ဝိညာဉ်ဓားများကို ဝှေ့ယမ်းပြီး မြွေနတ်ဆိုးကို ဝင်ရောက် တိုက်ခိုက်လိုက်ကြသည်။

"ချီစုစည်းခြင်း (၉) ဆင့်မြောက် အဆင့်လောက်နဲ့များ... ဖယ်စမ်း..."

မြွေနတ်ဆိုးက မထီမဲ့မြင် ပြုလိုက်၏။ လူတစ်ပိုင်း မြွေတစ်ပိုင်း အသွင် ပြောင်းလဲလိုက်ပြီး၊ သံမဏိထက် မာကျောသော အမြီးကြီးဖြင့် ရိုက်ထုတ်လိုက်ရာ ရှင်းကွမ်ရွှမ်နှင့် တပည့်နှစ်ဦး လွင့်စင်ထွက်သွားကြလေ၏။

ထို့နောက် မြွေနတ်ဆိုးသည် သတိမေ့နေသော တတိယ အကြီးအကဲကို ကြည့်ပြီး လျှာသပ်လိုက်မိသည်။

နတ်ဆိုးဗိုလ်ချုပ်အဆင့်နှင့် ယှဉ်နိုင်သည့် ဓာတ်ကြီးငါးပါး စုစည်းခြင်းအဆင့်ရောက် လူသားကျင့်ကြံသူတစ်ဦး ဖြစ်သည်။ တိုက်ပွဲကြောင့် ဒဏ်ရာပြင်းထန်နေသော်လည်း သူ၏ သက်စောင့်စွမ်းအားများမှာ ပြည့်ဝနေဆဲပင် ဖြစ်သည်။ သူ့ကိုသာ စားလိုက်ရလျှင် နတ်ဆိုးဗိုလ်ချုပ်အဆင့်သို့ အလွယ်တကူ တက်လှမ်းနိုင်ပေလိမ့်မည်။

ထိုအတွေးဖြင့် မြွေနတ်ဆိုးသည် တတိယ အကြီးအကဲကို ကိုက်ခဲရန် ပြင်လိုက်၏။ တစ်ချိန်တည်းမှာပင် အမြီးရှည်ကြီးကို ဝှေ့ယမ်းပြီး လမ်းပိတ်နေသော ယဲ့ဖုန်းနှင့် မိုယင်တို့ကို ရိုက်ခွဲရန် ကြိုးစားလိုက်လေ၏။

"သတိထား..."

အဝေးသို့ လွင့်စင်သွားသော ရှင်းကွမ်ရွှမ်က အော်ဟစ် သတိပေးလိုက်ပြီး၊ လက်သင်္ကေတ ဖော်ကာ ဓားပျံကို စေလွှတ်လိုက်သော်လည်း မြွေနတ်ဆိုးက အလွယ်တကူ ပုတ်ထုတ်လိုက်လေ၏။

"သွားပြီ..."

ရှင်းကွမ်ရွှမ် မျက်လုံးများ ကျဉ်းမြောင်းသွားသည်။ ယဲ့ဖုန်းနှင့် မိုယင်တို့ မြွေနတ်ဆိုးလက်ချက်ဖြင့် သေဆုံးတော့မည်ဟု ထင်မှတ်လိုက်လေ၏။

သို့သော် နောက်တစ်ခဏတွင်...

မြွေနတ်ဆိုးသည် တတိယ အကြီးအကဲနှင့် ပေဝက်အကွာတွင် ရပ်တန့်သွားသည်။ ရှေ့ဆက်တိုး၍ မရတော့ပေ။

ရုတ်တရက် လှည့်ကြည့်လိုက်သောအခါ... သူ့အမြီးကို သာမန်လူဟု ထင်ရသော ယဲ့ဖုန်းက ဖမ်းဆွဲထားသည်ကို တွေ့လိုက်ရလေ၏။

"မင်းက ခန္ဓာကိုယ် ကျင့်ကြံသူ ကိုး... ဒါဆို မင်းကို အရင် စားပစ်မယ်..."

မြွေနတ်ဆိုး ရုတ်တရက် လှည့်ထွက်လိုက်ပြီး၊ လက်နှစ်ဖက်ကို မြွေခေါင်းများအဖြစ် ပြောင်းလဲကာ ယဲ့ဖုန်း၏ ပခုံးကို ကိုက်ခဲလိုက်လေ၏။

"ချွမ်..."

ထိုအချိန်တွင် မိုယင်၊ ရှင်းကွမ်ရွှမ်နှင့် အခြားသူများ၏ ဓားပျံများ မြွေနတ်ဆိုး၏ ကိုယ်ပေါ်သို့ ကျရောက်လာသော်လည်း၊ မီးပွားများသာ ထွက်ပေါ်လာပြီး ဘာမှ မဖြစ်ပေ။

"မာလိုက်တာ..."

ရှင်းကွမ်ရွှမ် မယုံနိုင် ဖြစ်သွားသည်။

သူက ဂိုဏ်းရဲ့ "လျိုယွင် ကျင့်စဉ်"ကို ကျင့်ကြံထားသူ ဖြစ်ပြီး၊ သာမန် ချီစုစည်းခြင်း (၉) ဆင့်မြောက် ကျင့်ကြံသူများထက် ပိုသန်မာသည်။ အခု တိုက်ခိုက်မှုက အရင်ကထက် ပိုပြင်းထန်သော်လည်း မြွေနတ်ဆိုး၏ ကာကွယ်မှုကို မဖောက်ထွင်းနိုင်ခဲ့ပေ။

"ဘုန်း..."

ထိုအချိန်တွင် ယဲ့ဖုန်းသည် မြွေနတ်ဆိုးကို မြေကြီးပေါ်သို့ ရိုက်ချလိုက်လေ၏။ လှုပ်ရှားမှုများက လျင်မြန်ပြီး ပြင်းထန်လွန်းလှသည်။ သနားညှာတာမှု လုံးဝ မရှိပေ။ ခဏအတွင်းမှာပင် မြေပြင်ပေါ်၌ တွင်းကြီးများ ဖြစ်ပေါ်လာလေ၏။

သို့သော် မြွေနတ်ဆိုးသည် မူးဝေသွားရုံသာ ရှိပြီး၊ ဒဏ်ရာ အပြင်းအထန် မရရှိသေးပေ။

"ဒီ... ဒီလောက်တောင် သန်မာတာလား..."

"ဒါဆိုရင်... ငါတို့ ဝင်မပါရင်တောင်... ဒီလူက ရှဲ့ကွမ်းစခန်းခေါင်းဆောင်ကို အနိုင်ယူနိုင်မှာပဲ..."

"ဒါ ခန္ဓာကိုယ် ကျင့်ကြံသူတွေရဲ့ စွမ်းအားလား..."

ရှင်းကွမ်ရွှမ်နှင့် တပည့်များ မျက်လုံးပြူးသွားကြသည်။

ဖန်ဟိုင်ယွင်၏ မျက်နှာလေး နီရဲသွားပြီး၊ ယဲ့ဖုန်းကို 'တကယ့် ယောကျ်ားကောင်း' ဟု သတ်မှတ်လိုက်လေ၏။

"ငါ မင်းကို သတ်မယ်..."

အရိုက်ခံရလွန်းသဖြင့် ဒေါသထွက်နေသော မြွေနတ်ဆိုးသည် မူလပုံစံ မြွေကြီးအဖြစ် ပြန်လည် ပြောင်းလဲလိုက်၏။ ကြောက်မက်ဖွယ် နတ်ဆိုးအရှိန်အဝါများ မုန်တိုင်းသဖွယ် ထွက်ပေါ်လာပြီး၊ သဲများနှင့် ဖုန်မှုန့်များ လေထဲတွင် ဝဲပျံလာလေတော့သည်။

အခန်း (၄၇) - လျိုယွင်ဂိုဏ်းမှ တပည့်များ

~သဲများနှင့်အတူ လေပြင်းမုန်တိုင်း တိုက်ခတ်သွားသောအခါ မိုယင်နှင့် အခြားသူများသည် ဆယ်လှမ်းကျော်မျှ နောက်ဆုတ်သွားရလေ၏။

လျိုယွင်ဂိုဏ်း၏ တတိယ အကြီးအကဲ ဆိုလျှင် မြေကြီးပေါ်တွင် အကြိမ်ကြိမ် လူးလှိမ့်သွားပြီး၊ ဖြတ်သွားသော ကျောက်ဆောင် တစ်ခုနှင့် နဖူးစွန်း ရိုက်မိကာ သွေးများ ပိုမို စီးကျလာလေတော့သည်။

"အကြီးအကဲ..."

တပည့်သုံးဦးသည် အမြန်ပြေးသွားပြီး တတိယအကြီးအကဲကို တွဲထူလိုက်ကြသည်။ ထို့နောက် လက်သင်္ကေတများ လျင်မြန်စွာ ဖော်ထုတ်ကာ ရှေ့တွင် ဝိညာဉ်အလင်းဒိုင်းကာ တစ်ခု ဖန်တီး၍ လေနှင့်သဲများကို တားဆီးလိုက်ကြလေ၏။

အခြားတစ်ဖက်တွင်မူ ယဲ့ဖုန်းနှင့် အမည်းစက်ပြောက် မြွေနတ်ဆိုးတို့၏ ပြင်းထန်သော တိုက်ပွဲသည် အထွတ်အထိပ်သို့ ရောက်ရှိနေပြီ ဖြစ်ပေသည်။

"ရှီး..."

မြွေနတ်ဆိုးသည် အဆိပ်ငွေ့များကို မှုတ်ထုတ်ကာ ယဲ့ဖုန်းကို အသက်ရှူကျပ်ပြီး သေစေရန် ကြိုးစားလိုက်၏။ ထို့နောက် ခန္ဓာကိုယ်ဖြင့် ရစ်ပတ်ပြီး ညှစ်သတ်ရန် အားထုတ်လိုက်ပြန်သည်။

သို့သော် အရေးကြီးသော အခိုက်အတန့်တွင် ယဲ့ဖုန်းသည် 'ဝိညာဉ်မူလ နာရီ' ကို ဆင့်ခေါ်လိုက်ပြီး၊ "ဒုန်း" ခနဲ အသံနှင့်အတူ မြွေနတ်ဆိုး၏ ခေါင်းကို ရိုက်ချလိုက်ရာ သွေးများ ဖြာကျလာပြီး နောက်ဆုံးတွင် ၎င်း၏ ကာကွယ်မှု ကျိုးပေါက်သွားလေတော့သည်။

"စွမ်းအားကြီးလိုက်တဲ့ ဝိညာဉ်လက်နက်ပါလား..."

မြွေနတ်ဆိုး အာမေဋိတ်သံ ပြုလိုက်မိသည်။

"အခွင့်ကောင်းပဲ..."

မိုယင်သည် 'လေညှင်းစီး ဓားပျံ' ကို ထိန်းချုပ်ပြီး မြွေနတ်ဆိုး၏ ဒဏ်ရာထဲသို့ ထိုးစိုက်လိုက်လေ၏။

ရှင်းကွမ်ရွှမ်၊ တုန်းချန် နှင့် ဖန်ဟိုင်ယွင် တို့ ဂိုဏ်းတပည့်သုံးဦးသည်လည်း လျင်မြန်စွာ တုံ့ပြန်လိုက်ကြပြီး၊ သူတို့၏ ဝိညာဉ်ဓားသုံးလက်ဖြင့် နတ်ဆိုး၏ ဒဏ်ရာထဲသို့ တစ်ပြိုင်နက် ထိုးစိုက်လိုက်ကြလေ၏။

"သေစမ်း..."

မြွေနတ်ဆိုးသည် ဓားလေးလက်လုံးကို အမြီးဖြင့် ရိုက်ထုတ်လိုက်ပြီး၊ ခန္ဓာကိုယ်ကို ခါရမ်းကာ မြစ်ပြင်ပေါ်သို့ ထွက်ပြေးသွားလေ၏။ ခေါင်းမှ သွေးများ စီးကျနေပြီး ကြည့်ရဆိုးလှပေသည်။

"မသေသေးဘူးလား..." တုန်းချန်သည် မျက်လုံးမှေးမှေးလေးများ ပြူးကျယ်သွားအောင် အံ့သြစွာ ကြည့်နေမိသည်။

"မြွေနတ်ဆိုးရဲ့ အပြင်အရေခွံ ပေါက်ပြဲသွားပေမဲ့... သူ့အရိုးတွေက အရမ်း မာကျောနေတုန်းပဲ... အဆင့်နိမ့် ဓားပျံတွေနဲ့ ထိုးဖောက်ဖို့ မဖြစ်နိုင်ဘူး..." ရှင်းကွမ်ရွှမ်က လေးနက်စွာ ပြောလိုက်လေ၏။

"မင်းတို့ရဲ့ အနံ့တွေကို ငါ မှတ်ထားလိုက်ပြီ... ငါ နတ်ဆိုးဗိုလ်ချုပ် အဆင့် တက်လှမ်းပြီးရင်... မင်းတို့ကို သေချာပေါက် လက်စားချေမယ်..."

မြွေနတ်ဆိုးသည် မြွေအမြီးပါသော လူသားပုံစံသို့ ပြောင်းလဲသွားပြီး၊ ကြမ်းတမ်းသော ခြိမ်းခြောက်စကား ဆိုကာ ရေထဲသို့ ငုပ်လျှိုး ပျောက်ကွယ်သွားလေတော့သည်။

ရှင်းကွမ်ရွှမ်နှင့် အခြားသူများသည် သက်ပြင်းချလိုက်ကြပြီး၊ ယဲ့ဖုန်းကို ကျေးဇူးတင်သော မျက်လုံးများဖြင့် ကြည့်ကာ လက်သီးဆုပ် ဦးညွှတ်လိုက်ကြလေ၏။ "မိတ်ဆွေ... ခုနက ကိစ္စအတွက် ကျေးဇူးတင်ပါတယ် ခင်ဗျာ..."

ပြောပြီးသည်နှင့် သူတို့၏ မျက်နှာများ အနည်းငယ် နီရဲသွားကြသည်။

အထူးသဖြင့် ယခင်က ယဲ့ဖုန်းအား ရှဲ့ကွမ်းစခန်းခေါင်းဆောင်ကိစ္စ စိတ်မပူရန် သူရှိကြောင်း ပြောခဲ့မိသည်ကို ပြန်စဉ်းစားမိသောအခါ၊ အလွန်အမင်း ရှက်ရွံ့အားနာသွားပြီး မြေကြီးထဲ ဝင်ပုန်းချင်စိတ် ပေါက်သွားရလေ၏။

"အဟမ်း... ရပါတယ်ဗျာ... ကိစ္စမရှိပါဘူး..." ယဲ့ဖုန်းက လက်ကာပြလိုက်၏။

"ဝေါ..."

ရုတ်တရက်... ကမ်းခြေနှင့် မိုင်အနည်းငယ် ဝေးသော သစ်တောနက် အတွင်းမှ အတောင်ပံပါ မိကျောင်းကြီးနှင့် အစွယ်ရှည် ရူးသွပ်ဝက်ကြီးတို့၏ ဟိန်းဟောက်သံများ ထွက်ပေါ်လာရာ လူတိုင်း၏ နားစည်များ တုန်ခါသွားရလေ၏။

"မိတ်ဆွေ... ကျွန်တော်တို့က အနောက်ဘက် ရေပေါ်ဖြူမြို့တော်ကို သွားကြမလို့ပါ... လမ်းကြုံရင် ကျွန်တော်တို့ရဲ့ ပျံသန်းခြင်း လှေပေါ် လိုက်ခဲ့ပါလား ခင်ဗျာ..." ရှင်းကွမ်ရွှမ်က ယဲ့ဖုန်းကို ဖိတ်ခေါ်လိုက်၏။

ယဲ့ဖုန်း ငြင်းမလို့ လုပ်သော်လည်း၊ ယခင် တိုက်ပွဲကြောင့် သူ၏ အနက်ရောင် ဇာပုဝါ ခမောက် ကြေမွသွားပြီး လျိုယွင်ဂိုဏ်းသားများ သူ့မျက်နှာကို မြင်သွားကြပြီ ဖြစ်ကြောင်း သတိပြုမိလိုက်၏။

သူ့အထောက်အထားကို ဖုံးကွယ်ထားစရာ မလိုတော့ပေ။

ပိုအရေးကြီးတာက... ပျံသန်းခြင်း လှေစီးရင် လမ်းစရိတ် ဝိညာဉ်ကျောက်တုံး ခြိုးခြံနိုင်မည်လေ။

"ကျွန်တော်တို့လည်း ရေပေါ်ဖြူမြို့တော်ကို သွားမလို့ပါ... လမ်းကြုံပါတယ်..."

ယဲ့ဖုန်း လှေပေါ် ခုန်တက်လိုက်ပြီး၊ မိုယင်ကလည်း စကားတစ်ခွန်းမှ မပြောဘဲ တိတ်တဆိတ် လိုက်ပါလာလေ၏။

"ဝူး..."

ပျံသန်းခြင်း လှေသည် နတ်ဆိုးဗိုလ်ချုပ် အထွတ်အထိပ်နှစ်ကောင်၏ တိုက်ပွဲဧရိယာကို ရှောင်ကွင်းပြီး ရေပေါ်ဖြူမြို့တော်ဆီသို့ အမြန်ဆုံး ပျံသန်းသွားလေ၏။

ယဲ့ဖုန်း တွေ့ရှိလိုက်သည်မှာ ပျံသန်းခြင်း လှေ၏ အမြန်နှုန်းသည် ဓားပျံစီးသည်ထက် များစွာ ပိုမြန်နေခြင်းပင်။ အဓိကကတော့ သက်တောင့်သက်သာ ထိုင်ပြီး လက်ဖက်ရည် သောက်လို့ ရတာပဲ။

စကားစမြည် ပြောကြရင်းနှင့် ယဲ့ဖုန်း သိလိုက်ရသည်မှာ... လျိုယွင်ဂိုဏ်း၏ တတိယအကြီးအကဲသည် ရှင်းကွမ်ရွှမ်နှင့် အခြား အတွင်းစည်းတပည့် သုံးဦးကို ခေါ်ဆောင်ပြီး ရေပေါ်ဖြူမြို့တော်တွင် ကျင်းပမည့် "နတ်ဆိုးသတ်ပွဲတော်" သို့ တက်ရောက်ရန် ဖိတ်ကြားစာ ရထားခြင်း ဖြစ်သည်။

မီးရှူးတိုင်မြို့သို့ ရောက်သောအခါ၊ တတိယအကြီးအကဲက ရှင်းကွမ်ရွှမ်တို့ကို အနီးအနားရှိ မကောင်းဆိုးဝါး အင်အားစုများကို ရှင်းလင်းပြီး လက်တွေ့လေ့ကျင့်ခိုင်းခဲ့သဖြင့် ရှဲ့ကွမ်းစခန်းကို ဖြိုဖျက်ခဲ့ခြင်း ဖြစ်သည်။

တတိယအကြီးအကဲကတော့ ရူးသွပ်ဝက်ကြီးနှင့် မိကျောင်းကြီးတို့ တိုက်ခိုက်နေတာကို အခွင့်ကောင်းယူပြီး အမြတ်ထုတ်ဖို့ ကြိုးစားရင်း ဒဏ်ရာရပြီး သတိလစ်သွားခြင်း ဖြစ်လေ၏။

"ဒါနဲ့... မိတ်ဆွေရဲ့ နာမည်နဲ့ ဂိုဏ်းနာမည်လေး မေးဖို့ မေ့နေလို့ပါ ခင်ဗျာ..." ရှင်းကွမ်ရွှမ်က လက်သီးဆုပ်ကာ မေးလိုက်၏။

"ကျွန်တော်က ယဲ့ဖုန်း ပါ... မြူခိုးဂိုဏ်းရဲ့ ဂိုဏ်းချုပ်ပါ... ဒါက ကျွန်တော့်ရဲ့ စတုတ္ထတပည့် မိုယင် ပါ..." ယဲ့ဖုန်း ပြန်ဖြေလိုက်၏။

"ဪ... ဂိုဏ်းချုပ်ယဲ့ ပါလား... မသိလို့ ကျော်လွန်မိတာ ခွင့်လွှတ်ပါ ခင်ဗျာ..."

ပြောပြီးသည်နှင့် ရှင်းကွမ်ရွှမ်နှင့် အခြား လျိုယွင်ဂိုဏ်းသား နှစ်ဦးတို့ တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်ပြီး နားမလည်နိုင် ဖြစ်သွားကြသည်။

သူတို့အမြင်တွင် ယဲ့ဖုန်း၏ စွမ်းအားမှာ အလွန် ကြီးမားသဖြင့် အဆင့်မြင့်ဂိုဏ်း တစ်ခုခုမှ ဖြစ်ရမည်ဟု ထင်မှတ်ထားသော်လည်း၊ ရေပေါ်ဖြူမြို့တော် အနီးတွင် "မြူခိုးဂိုဏ်း" ဟူသော အဆင့်မြင့်ဂိုဏ်း ရှိကြောင်း မကြားမိခဲ့ပေ။

အသစ်ပေါ်လာတဲ့ ဂိုဏ်းများလား။

သူတို့ ဒီလိုပဲ တွေးလိုက်ကြသည်။

ထိုအချိန်တွင် ယဲ့ဖုန်းသည် မြူခိုးဂိုဏ်းမှ ထွက်ခွာသွားစဉ် 'ရွှမ်ယဲ့ ဓားပျံ' ကို ယူဆောင်သွားသော "သစ္စာဖောက်" ရှောင်ဖန်ကူ အကြောင်း သတိရသွားသည်။

ယဲ့ဖုန်း ဒီကိစ္စကို အမြဲ မှတ်ထားသည်။ ထို့ကြောင့် မေးလိုက်၏။

"မိတ်ဆွေတို့ ချင်းယွင်ဂိုဏ်း အကြောင်း သိကြလားဗျ..."

"သိတာပေါ့ရှင့်... ချင်းယွင်ဂိုဏ်းက ချင်းယွင်တောင်တန်း နက်နက်ထဲမှာ တည်ရှိတဲ့ ကြယ်တစ်ပွင့်အဆင့် ဂိုဏ်းပါ... သူတို့ရဲ့ အထောက်အကူပြု ကျင့်စဉ်က ‘တိမ်တိုက်စိမ်း ဓားသိုင်း’ ဖြစ်ပြီး ဓားချီ အထူးပြုလေ့ကျင့်ကြလို့ တိုက်ခိုက်စွမ်းရည် မြင့်မားပါတယ်..."

ဖန်ဟိုင်ယွင်က သူမ၏ နူးညံ့သိမ်မွေ့သော အသံလေးဖြင့် ရှင်းပြလေ၏။

"ဪ... ဒီလိုကိုး..." ယဲ့ဖုန်း ရုတ်တရက် သဘောပေါက်သွားသည်။

ရှောင်ဖန်ကူ ဘာကြောင့် ရွှမ်ယဲ့ ဓားပျံကို ယူပြေးသွားလဲ ဆိုတာ သူ နားလည်သွားရ၏။ ချင်းယွင်ဂိုဏ်းချုပ်က ဓားလမ်းစဉ် ကို အထူးပြုတာဆိုတော့ ဓားမပါရင် ဘယ်ဖြစ်မလဲ။

သို့သော်၊ ဒါက ရှောင်ဖန်ကူ အနေနှင့် မြူခိုးဂိုဏ်းပိုင် ပစ္စည်းကို ယူသွားတာအတွက် တရားသေ လွတ်ငြိမ်းခွင့် မဟုတ်ချေ။

…ငါ့အစွမ်း နည်းနည်း တိုးတက်လာရင်... ရွှမ်ယဲ့ ဓားပျံကို သွားပြန်ယူမယ်…

ယဲ့ဖုန်း တွေးတောလိုက်မိသည်။

ဖန်ဟိုင်ယွင်က ပြုံးပြီး မေးလိုက်၏။ "ဂိုဏ်းချုပ်ယဲ့... တခြား မေးစရာ ရှိသေးလားရှင်..."

"ချင်းယွင်ဂိုဏ်းက ဘယ်လောက် သန်မာလဲဗျ..." ယဲ့ဖုန်း စုံစမ်းလိုက်၏။

"သူတို့မှာ ဓာတ်ကြီးငါးပါး စုစည်းခြင်း အဆင့် ရောက်နေတဲ့ အကြီးအကဲကြီး (၉) ယောက် ရှိတယ်လို့ ပြောကြတယ်... ပြီးတော့ သူတို့ ဂိုဏ်းချုပ်ကြီးက ဓာတ်ကြီးငါးပါး စုစည်းခြင်း အဆင့် (၆) ဆင့်မြောက်ကို ရောက်နေပါပြီ... ကျွန်မတို့ တောင်ပိုင်းမြစ်ဝှမ်းဒေသမှာ ထိပ်တန်း အင်အားစု တစ်ခုလို့ သတ်မှတ်လို့ ရပါတယ်..." ဖန်ဟိုင်ယွင်က ဖြေလိုက်၏။

ဓာတ်ကြီးငါးပါး စုစည်းခြင်း အဆင့် (၁၀) ယောက်... တော်တော် ကြမ်းတာပဲ။

ယဲ့ဖုန်း ရင်ထဲ ထိတ်ခနဲ ဖြစ်သွားသည်။

‘ဒါပေမဲ့ ချင်းယွင်ဂိုဏ်းချုပ်က ဓာတ်ကြီးငါးပါး စုစည်းခြင်း အဆင့် (၆) ဆင့်မြောက်ပဲ ရှိသေးတာ... အစ်ကိုကြီး ခေါင်းပြား အကောင် (၄၀) လောက် အဆင့်ပဲ ရှိဦးမယ်... ရူးသွပ်ဝက်ကြီး နဲ့ အတောင်ပံပါ မိကျောင်းကြီးလောက် မသန်မာပါဘူး။’

ဒါကို တွေးမိတော့ ယဲ့ဖုန်း ယုံကြည်မှု ပြန်ရသွားသည်။

ထို့နောက် ယဲ့ဖုန်းသည် သွယ်ဝိုက်သော နည်းလမ်းဖြင့် မေးမြန်းရင်း သတင်းအချက်အလက်များစွာ ရရှိခဲ့သည်။

ဥပမာ - ကြယ်အဆင့်ဂိုဏ်း အဖြစ် တိုးမြှင့်ခံရဖို့ဆိုရင် ဂိုဏ်းချုပ်က ဓာတ်ကြီးငါးပါး စုစည်းခြင်း အဆင့် (၃) ဆင့်မြောက် ရောက်ရမည့် အပြင်၊ ဝိညာဉ်လက်နက် အရေအတွက်၊ ဆေးဝါးဖော်စပ်ဆောင် ၊ လက်နက်သွန်းလုပ်ဆောင်၊ နတ်ဆိုးသားရဲ ပြုစုပျိုးထောင်ရေးဆောင် နှင့် ဂိုဏ်းကာကွယ်ရေး ဝင်္ကပါ စသော အခြေခံ အဆောက်အအုံတွေလည်း လိုအပ်သေးသည်။

ကြယ်တစ်ပွင့် အဆင့် ဂိုဏ်းဆိုတာ ဘက်စုံ ပြည့်စုံနေပြီး၊ အဆင့်မြင့်ဂိုဏ်း ထက် အများကြီး သာလွန်သည်ဟု ပြော၍ ရ၏။ နှိုင်းယှဉ်၍တောင် မရနိုင်ပေ။

နာရီဝက်ကျော် ကြာပြီးနောက်...၊

ပျံသန်းခြင်း လှေသည် မြူခိုးတောင်ထိပ်သို့ ဆင်းသက်လိုက်လေ၏။

"ဒါ မြူခိုးဂိုဏ်းလား ခင်ဗျာ..."

ရှင်းကွမ်ရွှမ်သည် တံခါးဝတွင် ချိတ်ဆွဲထားသော "မြူခိုးဂိုဏ်း" စာတန်းပါ ဆိုင်းဘုတ်ကို ကြည့်လိုက်ရာ၊ အောက်ခြေ ညာဘက်ထောင့်တွင် ဟောင်းနွမ်းနေသော မိုးမခရွက်ပုံစံ အမှတ်အသားလေး တစ်ခုကို တွေ့လိုက်ရလေ၏။

…အမ်၊ အဆင့်နိမ့်ဂိုဏ်း ပါလား...

"တစ်ဝက်တစ်ပျက် အသွင်ပြောင်း" ထားသော မြွေနတ်ဆိုးကို ယှဉ်ပြိုင်နိုင်တဲ့ ဂိုဏ်းချုပ် ဦးဆောင်နေတဲ့ ဂိုဏ်းက အဆင့်နိမ့်ဂိုဏ်းပဲ ရှိသေးတာလား။

ရှင်းကွမ်ရွှမ်နှင့် အခြား တပည့်နှစ်ဦး ဆွံ့အသွားကြသည်။

သူတို့အမြင်မှာတော့ မြူခိုးဂိုဏ်းက အနည်းဆုံး အဆင့်မြင့်ဂိုဏ်း၊ ဒါမှမဟုတ် ထိပ်တန်း အလယ်အဆင့်ဂိုဏ်း လောက်တော့ ဖြစ်သင့်တယ်လေ။

ဒါပေမဲ့ အဆင့်နိမ့်ဂိုဏ်း ဖြစ်နေတာကိုး။

သို့သော် တပည့်သုံးဦး၏ စိတ်ထဲတွင် အထင်သေးခြင်း အလျဉ်းမရှိပေ။ ယဲ့ဖုန်းက သူတို့၏ အသက်သခင် ကျေးဇူးရှင် ဖြစ်သည် မဟုတ်ပါလော။

"ဂိုဏ်းချုပ် ပြန်ရောက်လာပြီ..."

ထိုအချိန်တွင် လီကျောက်ကျောက်နှင့် လုံထျန်းရှင်းတို့ ပြေးထွက်လာကြသည်။ ခမ်းနားထည်ဝါသော ပျံသန်းခြင်း လှေကြီးကို မြင်လိုက်ရသောအခါ သူတို့၏ မျက်လုံးများထဲတွင် အံ့သြဝမ်းသာမှုများ ပြည့်နှက်သွားလေ၏။

"ဒါ လျိုယွင်ဂိုဏ်းက တပည့်တွေပါ... လဲလျောင်းနေတဲ့သူက သူတို့ရဲ့ တတိယအကြီးအကဲ... မတော်တဆမှု တစ်ခုကြောင့် သတိလစ်နေတာ..." ယဲ့ဖုန်းက သူ့တပည့်တွေကို မိတ်ဆက်ပေးလိုက်၏။

"ကြယ်တစ်ပွင့်အဆင့် လျိုယွင်ဂိုဏ်း..."

မြူခိုးဂိုဏ်းသားများ အံ့သြသွားကြသည်။

ထိုအချိန်တွင် အဝေးတစ်နေရာ၌ ပုရွက်ဆိတ်ဖြူကြီး အသွင် ပြောင်းလဲ ပုန်းအောင်းနေသော အသွင်ပြောင်း သားရဲသည် စိတ်ပျက်လက်ပျက် ဖြစ်နေရှာသည်။

သူ နည်းလမ်းပေါင်းစုံ ကြိုးစားခဲ့သော်လည်း၊ သံလက်သည်း နဂါးလင်းယုန် အနား ကပ်လိုက်တိုင်း အတောင်ပံ တစ်ချက် အခတ်ခံရပြီး လွင့်စင်သွားရမြဲပင်။

ယခု ပျံသန်းခြင်း လှေပေါ်တွင် သတိမေ့နေသော လျိုယွင်ဂိုဏ်း တတိယအကြီးအကဲကို မြင်လိုက်ရသောအခါ အသွင်ပြောင်း သားရဲ၏ မျက်နှာ ပျက်သွားလေ၏။

"သူက ဓာတ်ကြီးငါးပါး စုစည်းခြင်း အဆင့် ကျင့်ကြံသူပဲ... တခြားသူတွေကို သတင်းပြန်ပို့မှ ဖြစ်မယ်..." အသွင်ပြောင်း သားရဲသည် ကမန်းကတန်းပင် ငှက်ဖြူလေး အသွင် ပြောင်းလဲလိုက်ပြီး အဝေးသို့ ပျံသန်း ထွက်ခွာသွားလေတော့သည်။

အခန်း (၄၈) - သင်ဟာ ရွေးချယ်ခံရသူပါ

~ယဲ့ဖုန်းသည် အသွင်ပြောင်း သားရဲ၏ လှုပ်ရှားမှုကို သတိမထားမိပေ။ သူသည် ရေပေါ်ဖြူ မြို့တော် ရှိရာဘက်သို့ လှမ်းမျှော်ကြည့်နေစဉ်၊ ရင်းနှီးနေသော ထိပ်ပြောင်ပြောင် ပုံရိပ် တစ်ခု 'ပျံသန်းခြင်း ဝါးဖောင်' ပေါ်မှ ဆင်းသက်လာသည်ကို တွေ့လိုက်ရသဖြင့် အံ့သြတကြီး ရေရွတ်လိုက်မိလေ၏။

"တာဝန်ခံ ကျိုးကျားချန် ဘာကိစ္စရှိလို့ လာပါလိမ့်..."

ရှင်းကွမ်ရွှမ်သည်လည်း ထိုအသံကို ကြားလိုက်သောအခါ လှမ်းကြည့်လိုက်ပြီး၊ ချက်ချင်းပင် ဝမ်းသာအားရ လက်ပြကာ နှုတ်ဆက်လိုက်လေ၏။

"တာဝန်ခံကျိုး... မတွေ့တာ ကြာပြီနော် ..."

ထိုမြင်ကွင်းကြောင့် ယဲ့ဖုန်း၏ မျက်နှာထား ခေတ္တမျှ အေးခဲသွားရ၏။

အဝေးတစ်နေရာမှ ကျိုးကျားချန်သည် ပျံသန်းခြင်း လှေကြီးကို မြင်သောအခါ အစပိုင်းတွင် အံ့သြသွားလေ၏။

'မြူခိုးဂိုဏ်းက ဝိညာဉ်ကျောက်တုံး (၆၀၀) ကျော်တန် ဒီလှေကြီးကို ဝယ်နိုင်လောက်အောင် ဘယ်တုန်းက ချမ်းသာသွားတာလဲ' ဟု သူ တွေးတောနေမိသည်သာ။

သို့သော် နောက်တစ်ခဏတွင် ရှင်းကွမ်ရွှမ်၏ အသံကို ကြားလိုက်ရသဖြင့် သူ့ခေါင်းပြောင်ကြီးကို ပွတ်သပ်ရင်း ရေရွတ်လိုက်မိလေ၏။

"ဪ... လျိုယွင်ဂိုဏ်းက လူတွေ ရောက်နေတာကိုး... ဒါပေမဲ့ သူတို့က ဘာလို့ မြူခိုးဂိုဏ်းမှာ ရောက်နေရပါလိမ့်ဟေ..."

ကျိုးကျားချန်သည် အရှိန်မြှင့်လိုက်ပြီး မကြာမီ မြူခိုးတောင်ထိပ်သို့ ရောက်ရှိလာလေ၏။

အသစ်စက်စက် ပြုပြင်မွမ်းမံထားသော မြူခိုးဂိုဏ်းကို ကြည့်ပြီး ဦးစွာ ချီးကျူးစကား ဆိုလိုက်သည်။ ထို့နောက် ရှင်းကွမ်ရွှမ်ဘက်သို့ လှည့်ကာ လက်သီးဆုပ် ဦးညွှတ်လိုက်လေ၏။

"ဂိုဏ်းကြီးက ပါရမီရှင် တပည့်ဆိုတော့ တကယ် မမှားပါဘူး... (၃) နှစ်လောက် မတွေ့ရတဲ့ အချိန်အတွင်းမှာ ကျုပ်ထက်တောင် သာလွန်သွားပြီပဲ..."

ရှင်းကွမ်ရွှမ်က ပြုံးလိုက်၏။ "တာဝန်ခံကျိုးကလည်း မြှောက်ပြောလွန်းပါပြီ... ကျွန်တော်က ခင်ဗျားကို ဘယ်ယှဉ်နိုင်ပါ့မလဲ..."

"ခင်ဗျားတို့ နှစ်ယောက်က သိနေကြတာလား..." ယဲ့ဖုန်း ဝင်မေးလိုက်၏။

ကျိုးကျားချန် ခေါင်းညိတ်လိုက်၏။

"လွန်ခဲ့တဲ့ (၃) နှစ်က လျိုယွင်ဂိုဏ်းရဲ့ တတိယ အကြီးအကဲက တပည့် (၅) ယောက်ကို ခေါ်ပြီး ရေပေါ်ဖြူမြို့တော်ကို ရောက်လာဖူးတယ်... အဲ့ဒီတုန်းက ရှင်းကွမ်ရွှမ်လည်း ပါတယ်လေ... ဒါပေမဲ့ အဲ့ဒီတုန်းက သူက ချီစုစည်းခြင်း (၃) ဆင့်မြောက်ပဲ ရှိသေးတာ... (၃) နှစ်အတွင်းမှာ ဓာတ်ကြီးငါးပါး စုစည်းခြင်း အဆင့် ကို ရောက်ခါနီးလာတယ်ဆိုတာ တကယ် အံ့မခန်းပါပဲ..."

ရှင်းကွမ်ရွှမ်ကတော့ ပြုံးရုံသာ ပြုံးနေပြီး ဘာမှ ဝင်မပြောပေ။

"ဒါနဲ့... ခင်ဗျား ရောက်နေတယ် ဆိုရင်... ဦးဆောင်လာတဲ့ တတိယ အကြီးအကဲကြီးက ဘယ်မှာလဲ..."

ကျိုးကျားချန် ဟိုဟိုဒီဒီ လိုက်ကြည့်လိုက်ရာ၊ မျက်လုံးထောင့်စွန်းမှတစ်ဆင့် ပျံသန်းခြင်း လှေပေါ်တွင် လဲလျောင်းနေသော တတိယ အကြီးအကဲကို မြင်လိုက်ရသဖြင့် မျက်လုံးများ ပြူးကျယ်သွားရလေ၏။

"တတိယ အကြီးအကဲ... ဘာဖြစ်သွားတာလဲ..."

"လမ်းမှာ အစွယ်ရှည် ရူးသွပ်ဝက်ကြီး နဲ့ အတောင်ပံပါ မိကျောင်းကြီး တို့နဲ့ တိုးပြီး... အကြီးအကဲက ကံမကောင်းစွာနဲ့ သူတို့ကြားထဲ ရောက်သွားလို့ ဒဏ်ရာပြင်းထန်သွားတာပါ..."

ရှင်းကွမ်ရွှမ်က အိုးတိုးအမ်းတမ်း မျက်နှာထားဖြင့် ရှင်းပြလိုက်၏။

တကယ်တော့ သူ အမှန်တိုင်း သိပါသည်။

တတိယအကြီးအကဲမှာ ကံဆိုး၍ ကြားညပ်သွားခြင်း မဟုတ်ပေ။ ထိုနတ်ဆိုးကြီးနှစ်ကောင် တိုက်ခိုက်နေစဉ် ကြားမှ အခွင့်ကောင်းယူကာ အမြတ်ထုတ်ရန် ကြံစည်ခဲ့ခြင်းဖြစ်သည်။ သို့သော် မအောင်မြင်သည့်အပြင် အထွတ်အထိပ်အဆင့် နတ်ဆိုးဗိုလ်ချုပ်နှစ်ကောင်၏ လက်ချက်ဖြင့် အပြင်းအထန် ဒဏ်ရာရသွားခဲခြင်းသာ။

ယခု လက်ရှိအချိန်တွင်မူ သူ၏ အထွတ်အထိပ် စွမ်းအားများကို ထုတ်ဖော်အသုံးပြုနိုင်တော့မည် မဟုတ်ချေ။”

"ဪ... ဒီလိုကိုး..."

ကျိုးကျားချန်က သံသယ ဖြစ်နေပုံရ၏။

"ဒါနဲ့ နေပါဦး... ခင်ဗျားတို့က ဂိုဏ်းချုပ်ယဲ့ဆီ ဘာကိစ္စ ရောက်နေကြတာလဲ..."

ထိုမေးခွန်းကို ကြားရသောအခါ ရှင်းကွမ်ရွှမ်က အမည်းစက်ပြောက် မြွေနတ်ဆိုး ကိစ္စကို အကျဉ်းချုံး ပြောပြလိုက်လေ၏။

ယဲ့ဖုန်းက တစ်ဝက်တစ်ပျက် အသွင်ပြောင်းထားသော နတ်ဆိုးသားရဲကို တစ်ယောက်တည်း ယှဉ်ပြိုင်နိုင်ခဲ့တယ် ဆိုတာ ကြားလိုက်ရတော့ ကျိုးကျားချန် ပါးစပ်အဟောင်းသား ဖြစ်သွားရရှာသည်။

အဲ့ဒါ တစ်ဝက်တစ်ပျက် အသွင်ပြောင်းထားတဲ့ ကောင်ကြီးလေ... ပုံမှန်ဆို ချီစုစည်းခြင်း (၉) ဆင့်မြောက် အထွတ်အထိပ် ရောက်နေတဲ့ ကျင့်ကြံသူ အများကြီး ပေါင်းတိုက်မှ ရင်ဆိုင်နိုင်မယ့် အကောင်မျိုး။

ဒါကို ယဲ့ဖုန်းက တစ်ယောက်တည်း နိုင်ခဲ့သည်တဲ့။

ဒီစွမ်းအားက တကယ့်ကို ကြောက်စရာ ကောင်းလွန်း၏။

ခဏအကြာတွင် ကျိုးကျားချန် သူ့ လာရင်း တာဝန်ကို သတိရသွားပြီး ယဲ့ဖုန်းကို အလျင်အမြန် ပြောလိုက်လေ၏။

"ဂိုဏ်းချုပ်ယဲ့... ဒုတိယမြို့စားမင်းက ခင်ဗျားကို တွေ့ချင်နေပါတယ်..."

"ဒုတိယမြို့စားမင်းက ကျွန်တော့်ကို တွေ့ချင်တယ် ဟုတ်လား..." ယဲ့ဖုန်း အံ့သြသွားသည်။

"ဟုတ်ပါတယ်..." ကျိုးကျားချန် ခေါင်းညိတ်လိုက်ပြီး ရှင်းကွမ်ရွှမ်ဘက် လှည့်ပြောလိုက်၏။

"ဒါနဲ့... တတိယ အကြီးအကဲလည်း ရောက်နေပြီဆိုတော့... မြို့စားမင်းအိမ်တော်ကို အမြန်ခေါ်သွားပြီး ဒုတိယမြို့စားမင်း ကိုယ်တိုင် ကုသပေးတာ အကောင်းဆုံး ဖြစ်လိမ့်မယ်..."

"ကောင်းပါပြီ..." ရှင်းကွမ်ရွှမ် သဘောတူလိုက်၏။

ခဏအကြာတွင်...

လူအုပ်ကြီးသည် ပျံသန်းခြင်း လှေဖြင့် ရေပေါ်ဖြူမြို့တော်သို့ ဦးတည် ထွက်ခွာလာကြလေ၏။

ဒီတစ်ခါတော့ ယဲ့ဖုန်း သတိထားမိလိုက်၏။ ပျံသန်းခြင်း လှေသည် အရှေ့ဘက် မြို့တံခါးတွင် မရပ်ဘဲ၊ မြို့ရိုးကို ကျော်ပျံပြီး မြို့လယ်ရှိ ခမ်းနားထည်ဝါသော အဆောက်အဦးရှေ့သို့ တိုက်ရိုက် ဆင်းသက်လိုက်ခြင်း ဖြစ်သည်။

တံခါးမကြီး အထက်ရှိ ဆိုင်းဘုတ်ပေါ်တွင် "မြို့စားမင်းအိမ်တော်" ဟူသော စာလုံးကြီး (၃) လုံးကို ထင်ရှားစွာ ရေးသားထားပြီး၊ ညာဘက်အောက်ထောင့်တွင် ရွှေရောင် ကြယ်ပွင့်ပုံစံ အမှတ်အသားတစ်ခု ပါရှိလေ၏။

ဒါက ကြယ်တစ်ပွင့်အဆင့် အဆင့်အတန်းကို ဖော်ပြနေခြင်း ဖြစ်သည်။

ခန်းမဆောင်ကြီးထဲသို့ ဝင်လိုက်သည်နှင့် တန်ဖိုးကြီး ဝတ်စုံ ဝတ်ဆင်ထားသော လူတစ်ဦး ကျောခိုင်းရပ်နေသည်ကို တွေ့လိုက်ရ၏။

ကျိုးကျားချန်က ဒူးထောက်ပြီး လေးလေးစားစား တင်ပြလိုက်၏။ "ဒုတိယမြို့စားမင်း ခင်ဗျာ... မြူခိုးဂိုဏ်း ဂိုဏ်းချုပ် ယဲ့ဖုန်း၊ လျိုယွင်ဂိုဏ်း တတိယ အကြီးအကဲ၊ ရှင်းကွမ်ရွှမ် နဲ့ အခြား အတွင်းစည်းတပည့်များ ရောက်ရှိနေပါပြီ ခင်ဗျာ..."

"ဪ... ဝမ်းကွဲအစ်ကို (၃) ရောက်လာပြီလား..."

ဒုတိယမြို့စားမင်း လှည့်ကြည့်လိုက်ရာ၊ သူ့ရုပ်သွင်အမှန် ပေါ်လာလေ၏။

တည်ငြိမ်ခန့်ညားသော မျက်နှာထားနှင့် နားထင်စပ်တွင် ဆံဖြူစများ ပေါက်ရောက်နေသော လူလတ်ပိုင်း အမျိုးသားတစ်ဦး ဖြစ်သည်။ နှစ်ရှည်လများ အာဏာရှိခဲ့သူ တစ်ဦး၏ အရှိန်အဝါများ ထွက်ပေါ်နေပြီး၊ ဒေါသထွက်နေပုံ မပေါ်သော်လည်း ကြောက်ရွံ့လေးစားဖွယ် ကောင်းလှပေသည်။

အထူးသဖြင့် ဓားသွားကဲ့သို့ ထက်မြက်သော မျက်လုံးများပင်။

သို့သော် သူ့အသံမှာ အလွန် အက်ကွဲနေပြီး၊ ထူးဆန်းသော ရောဂါတစ်ခုခု ခံစားနေရသကဲ့သို့ ဖြစ်နေ၏။

ထမ်းစင်ပေါ်တွင် လဲလျောင်းနေသော လျိုယွင်ဂိုဏ်း တတိယ အကြီးအကဲကို မြင်လိုက်ရသောအခါ၊ ဒုတိယမြို့စားမင်း မျက်မှောင်ကြုတ်သွားပြီး အမြန် သွားရောက် စစ်ဆေးလိုက်၏။ အသက်အန္တရာယ် မရှိဘဲ သတိလစ်နေခြင်းသာ ဖြစ်ကြောင်း သေချာသွားမှ စိတ်ချလက်ချ မေးလိုက်လေ၏။

"ဘာဖြစ်တာလဲ..."

ဓာတ်ကြီးငါးပါး စုစည်းခြင်း အဆင့် ၏ ဖိအားများ ရိုက်ခတ်လာရာ၊ ယဲ့ဖုန်းပင်လျှင် ကြီးမားသော ဖိအားကို ခံစားလိုက်ရ၏။

… ဒုတိယမြို့စားမင်းက အစ်ကိုကြီး ခေါင်းပြား (၁၀) ကောင်လောက်နဲ့ ယှဉ်နိုင်မှာ သေချာတယ်…

ယဲ့ဖုန်း ချီးကျူးလိုက်မိသည်။

ရှင်းကွမ်ရွှမ်က အလျင်အမြန် လက်သီးဆုပ် နှုတ်ဆက်လိုက်ပြီး ပြောလေ၏။

"ဒီနေ့ ဖန်ဟွာမြစ် တောင်ဘက်ကမ်းက ဖူယွင် သစ်တောအုပ် ကို ဖြတ်လာတုန်း... ရူးသွပ်ဝက်ကြီး နဲ့ မိကျောင်းကြီး တို့ကို တွေ့ခဲ့ပါတယ်..."

သူက ကိုယ့်သိက္ခာကို ငဲ့ပြီး ဇာတ်လမ်းကို နည်းနည်း ပြင်ပြောလိုက်ခြင်းပါ။ ယဲ့ဖုန်း လူကယ်ခဲ့သော အကြောင်းကိုတော့ ထည့်ပြောခဲ့ပါသည်။

ဒါကို ကြားတော့ ဒုတိယမြို့စားမင်းက ယဲ့ဖုန်းကို အံ့သြစွာ ကြည့်လိုက်၏။ "ဂိုဏ်းချုပ်ယဲ့က သိုင်းပညာ သင်ကြားပေးရာမှာပဲ ထူးချွန်တယ် ထင်ထားတာ... ခန္ဓာကိုယ်ကျင့်ကြံသူ ဖြစ်နေလိမ့်မယ်လို့ မထင်ထားဘူး... နေပါဦး... ခင်ဗျားရဲ့ ရုပ်ခန္ဓာ ဖွဲ့စည်းပုံက ခန္ဓာကိုယ်ကျင့်ကြံသူတွေနဲ့ မတူပါလား..."

ဒုတိယမြို့စားမင်း စကားမဆုံးခင်မှာပင်၊ ယဲ့ဖုန်းသည် မော်ဒန်ကမ္ဘာမှ စကင်နာ တစ်ခုနှင့် ခေါင်းအစ ခြေအဆုံး စစ်ဆေးခံလိုက်ရသလို ခံစားလိုက်ရသည်။

ချက်ချင်းပင် ဝေါဟာရ တစ်ခု ခေါင်းထဲ ပေါ်လာသည်။

ဝိညာဉ်အာရုံ ။

ဒါက ဓာတ်ကြီးငါးပါး စုစည်းခြင်း အဆင့် ရောက်မှ ရရှိနိုင်သော အထူးစွမ်းအား တစ်ခုပါ။ 'အရပ်မျက်နှာပေါင်းစုံ ဝိညာဉ်အာရုံခံနိုင်စွမ်း' သိုင်းပညာနှင့် ဆင်တူသော်လည်း ပိုနက်နဲပါသည်။

ကျင့်ကြံသူ တစ်ယောက်က 'နတ်ဘုရား မူလအဆင့်' ကို တက်လှမ်းနိုင်လျှင်၊ ဒီ ဝိညာဉ်အာရုံက ပိုမို စွမ်းအား ကြီးမားသည့် 'နတ်ဘုရား အာရုံ' အဖြစ် ပြောင်းလဲသွားပြီး၊ မိုင်ထောင်ချီ ဝေးသော နေရာက ရန်သူကိုပင် ဓားပျံနှင့် အလွယ်တကူ သတ်ဖြတ်နိုင်မှာ ဖြစ်၏။

"ခင်ဗျားက သာမန်လူရဲ့ ခန္ဓာကိုယ် ပဲ ရှိတာပါ... ဒါပေမဲ့ သာမန်လူ ခန္ဓာကိုယ်က ဘယ်လိုလုပ် ဒီလောက် ကြီးမားတဲ့ ခွန်အားကို ပိုင်ဆိုင်ထားနိုင်တာလဲ..."

ဒုတိယမြို့စားမင်းက ဝိညာဉ်အာရုံနှင့် စစ်ဆေးပြီးနောက် ယဲ့ဖုန်းက သာမန်လူ ဖြစ်နေတာ သေချာသွား၍ မျက်လုံးထဲမှာ သံသယတွေ ပြည့်နှက်သွားသည်။

"အဟွတ်... အဟွတ်..."

ထိုအချိန်တွင် အိပ်ပျော်နေသော လျိုယွင်ဂိုဏ်း တတိယ အကြီးအကဲ ချောင်းဟန့်လိုက်ပြီး သတိပြန်ရလာလေ၏။

"သာမန်လူ ခန္ဓာကိုယ်က ဒီလောက် ကြောက်စရာကောင်းတဲ့ ခွန်အား မရှိနိုင်ဘူး... ဖြစ်နိုင်တာကတော့... သူက 'ရွေးချယ်ခံရသူ' ဖြစ်လိမ့်မယ်..."

တတိယ အကြီးအကဲက ဖန်ဟိုင်ယွင်၏ အကူအညီနှင့် ထထိုင်လိုက်ရင်း ပြောလိုက်၏။

သူ သတိလစ်နေတာ မှန်သော်လည်း ခန္ဓာကိုယ် လှုပ်ရှား၍ မရတာပဲ ရှိပါသည်။ ဝိညာဉ်အာရုံကတော့ ပတ်ဝန်းကျင်မှာ ဖြစ်ပျက်သမျှကို သိနေခဲ့၏။ ယဲ့ဖုန်းက မြွေနတ်ဆိုးကို မောင်းထုတ်လိုက်ခြင်းကိုလည်း မှတ်မိနေသည်။

"ရွေးချယ်ခံရသူ လား..."

ဒါကို ကြားတော့ အားလုံး အံ့သြသွားကြသည်။ ဒီဝေါဟာရက သူတို့အတွက် စိမ်းလွန်းနေ၏။

"ရွေးချယ်ခံရသူ ဆိုတာ... ကောင်းကင်နဲ့ မြေကြီးရဲ့ စွမ်းအားက

ကောင်းချီးပေးခံထားရတဲ့ အထူးပုဂ္ဂိုလ်တွေပါ... ကျင့်ကြံခြင်းအဆင့် မရှိရင်တောင် သာမန်လူထက် အများကြီး သာလွန်တဲ့ စွမ်းအားကို ထုတ်သုံးနိုင်ကြတယ်...ကျုပ် လေ့လာမိသလောက်တော့... ဂိုဏ်းချုပ်ယဲ့က ဒဏ္ဍာရီလာ ရွေးချယ်ခံရသူတွေနဲ့ အရမ်း တူနေတယ်..."

တတိယ အကြီးအကဲက အားနည်းစွာ ရှင်းပြလိုက်၏။

ရွေးချယ်ခံရသူ ဟုတ်လား။

ကျွန်တော်..လုံးဝ မဟုတ်ပါဘူးဗျာ။

ယဲ့ဖုန်း စိတ်ထဲကနေ ငြင်းလိုက်မိသည်။

စနစ်ရဲ့ Bug ကြောင့် စွမ်းအားတွေ အကုန် ရနေတာလေ... ရွေးချယ်ခံရသူ နဲ့ ဘာမှ မဆိုင်ပါဘူး။

"ဘာ... ကျွန်တော်က ရွေးချယ်ခံရသူ ဖြစ်နေတာလား... ဒါကြောင့် ဒီလောက် ကြီးမားတဲ့ စွမ်းအားတွေကို ရုတ်တရက် ပိုင်ဆိုင်လာတာကိုး... တကယ် အံ့သြစရာပါပဲဗျာ..."

ယဲ့ဖုန်း တစ်ယောက် အံ့သြဟန် ဆောင်လိုက်၏။

စိတ်ထဲက ငြင်းနေပေမဲ့၊ 'ရွေးချယ်ခံရသူ' ဆိုသော ခေါင်းစဉ်အောက်မှာ ပုန်းခိုလိုက်တာ အကောင်းဆုံးပဲဟု ဆုံးဖြတ်လိုက်၏။

သူ့မှာ ကျင့်ကြံခြင်းအဆင့် မရှိ၊ ခန္ဓာကိုယ်ကျင့်ကြံသူလည်း မဟုတ်၊ ဒါပေမဲ့ ဒီလောက် စွမ်းအားကြီးနေတာက လူတွေကို သံသယ ဖြစ်စေမှာ သေချာ၏။ 'ရွေးချယ်ခံရသူ' ဆိုတာ အကာအကွယ်ကောင်း တစ်ခုပင်။

"အင်း... ဂိုဏ်းချုပ်ယဲ့က ရွေးချယ်ခံရသူ ဖြစ်ဖို့ များတယ်..." တတိယ အကြီးအကဲ ခေါင်းညိတ်လိုက်၏။

"ဝမ်းကွဲအစ်ကို (၃)... ရွေးချယ်ခံရသူတွေက ဘာလို့ ပေါ်လာကြတာလဲ..." ဒုတိယမြို့စားမင်းက နားမလည်နိုင်စွာ မေးလိုက်ခြင်းပါ။

ကျိုးကျားချန်၊ ရှင်းကွမ်ရွှမ် နှင့် အခြားသူများအားလုံး နားစွင့်နေကြသည်။

ရွေးချယ်ခံရသူတွေ ဘာကြောင့် ပေါ်လာတာလဲ၊ သူတို့ရဲ့ တာဝန်က ဘာလဲ ဆိုတာ သိချင်နေကြလေ၏။

ယဲ့ဖုန်းကိုယ်တိုင်လည်း စိတ်ဝင်စားနေ၏။

ဟန်ဆောင်နေတာ မဟုတ်ပါ၊ တကယ် သိချင်နေသည်သာ။

All Chapters