← Chapters

အခန်း (၄၉-၅၁)

Vol. 4 Ch. 49-51

အခန်း (၄၉-၅၁)

Vol. 4 Ch. 49-51

အခန်း (၄၉) - အစောင့်တပ်ဖွဲ့၏ နည်းပြဆရာနှင့် တတိယ အကြီးအကဲ၏ ကျေးဇူး

~"ရွေးချယ်ခံရသူ ဖြစ်လာရတဲ့ အကြောင်းရင်းတွေကတော့ အများကြီးပါပဲ... အငြင်းပွားစရာ အကောင်းဆုံး ဒသနကတော့ ကောင်းကင်တာအိုက လူတစ်ယောက်ကို ရွေးချယ်တယ် ဆိုတာပါပဲ..."

လျိုယွင်ဂိုဏ်း၏ တတိယအကြီးအကဲ ခေတ္တရပ်နားလိုက်ပြီး ဆက်ပြောလေ၏။

"ဒါပေမဲ့ ဒီဒသနက ယုတ္တိမရှိဘူး... ဘာကြောင့်လဲဆိုတော့ ကောင်းကင်တာအို ဆိုတာ မျက်နှာလိုက်ခြင်း ကင်းမဲ့မှုရဲ့ ပြယုဂ်လေ... သက်ရှိသတ္တဝါပေါင်း မြောက်မြားစွာထဲကမှ တစ်ဦးတစ်ယောက်တည်းကို ရွေးထုတ်တယ် ဆိုတာ ဘယ်လိုလုပ် ဖြစ်နိုင်မလဲ..."

အခြားသူများလည်း ခေါင်းညိတ်ထောက်ခံကြလေ၏။

တတိယအကြီးအကဲ ဆက်လက် ရှင်းပြသည်။

"အဖြစ်နိုင်ဆုံး ဖြေရှင်းချက်ကတော့... ဒေသတစ်ခုမှာ စွမ်းအားကြီးမားတဲ့ ပုဂ္ဂိုလ်တစ်ဦး ကျဆုံးသွားတဲ့အခါ... သူ့ရဲ့ မလျှော့သော ဇွဲလုံ့လတွေ၊ ဝိညာဉ်တွေက ကမ္ဘာလောကမှာ ကျန်ရစ်နေပြီး... သူ့ဆန္ဒကို ဆက်ခံမယ့် သူကို ရှာဖွေတွေ့ရှိသွားတာ ဖြစ်လိမ့်မယ်..."

ဒါကို ကြားတော့မှ အားလုံးက ပိုပြီး ယုတ္တိရှိသည်ဟု ခံစားမိသွားကြသည်။

ယဲ့ဖုန်း တစ်ယောက်တည်းသာ ကြောင်အမ်းအမ်း ဖြစ်နေမိသည်။

'ဒါက ခွေးစနစ် ရဲ့ အစွမ်းတွေ စုဆောင်းပုံနဲ့ ဆင်တူနေသလိုပဲ... တိုက်ဆိုင်တာ ဖြစ်မှာပါလေ...' ယဲ့ဖုန်း တွေးတောလိုက်မိသည်။

ထိုအချိန်တွင် အားလုံး၏ အကြည့်များက ယဲ့ဖုန်းထံသို့ ရောက်ရှိလာကြသည်။

ဒုတိယမြို့စားမင်းက သူ့အမြင်ကို ထုတ်ဖော်လိုက်၏။

"ရေပေါ်ဖြူ မြို့တော်မှာ နှစ်ပေါင်းများစွာ တိုက်ပွဲဝင်ရင်း ကျဆုံးသွားခဲ့တဲ့ သူရဲကောင်းတွေရဲ့ ဝိညာဉ်တွေက ဒီလောကမှာ ကျန်ရစ်နေပြီး... နောက်ဆုံးတော့ ဂိုဏ်းချုပ်ယဲ့ကို ရွေးချယ်လိုက်တာ ဖြစ်ကောင်းဖြစ်နိုင်တယ်..."

ခဏတာ အနားယူပြီးနောက် တတိယအကြီးအကဲ မတ်တပ်ရပ်နိုင်လာပြီ ဖြစ်သည်။ သူက ပြောလိုက်၏။

"အခုလို 'နတ်ဆိုးသတ်ပွဲတော်' ကျင်းပခါနီး အချိန်ကိုက်ကြီးမှာ... ဂိုဏ်းချုပ်ယဲ့ကို ရွေးချယ်လိုက်တယ် ဆိုတာ... ဒီပွဲတော်မှာ ဂိုဏ်းချုပ်ယဲ့က အရေးပါတဲ့ အခန်းကဏ္ဍက ပါဝင်ရလိမ့်မယ် ဆိုတဲ့ အဓိပ္ပာယ်ပဲ..."

ဒါကို ကြားတော့ ယဲ့ဖုန်း သံသယ ဖြစ်သွားသည်။

သူက ရွေးချယ်ခံရသူ အစစ်မှ မဟုတ်သည်ကိုး။

နတ်ဆိုးသတ်ပွဲတော်နှင့် ဘာမှ မသက်ဆိုင်ပါချေ။

သို့သော်၊ သူ ထ, ငြင်း၍လည်း မကောင်းတာကြောင့် မေးခွန်းထုတ်လိုက်၏။

"ခုနက တာဝန်ခံကျိုး ပြောတာ... ဒုတိယမြို့စားမင်းက ကျွန်တော့်ကို တွေ့ချင်တယ် ဆို... အဲ့ဒါ နတ်ဆိုးသတ်ပွဲတော်နဲ့ ဆိုင်လို့လား... ပြီးတော့... နတ်ဆိုးသတ်ပွဲတော် ဆိုတာ ဘာလဲဗျ..."

"ဂိုဏ်းချုပ်ယဲ့က သိုင်းပညာ သင်ကြားရာမှာ မှော်ဆရာ တစ်ပါးလို ထူးချွန်တယ်လို့ သတင်းထွက်နေတာကြောင့်... ပူးပေါင်းဆောင်ရွက်မှု တစ်ခု ဆွေးနွေးချင်လို့ ဖိတ်လိုက်တာပါ..."

ဒုတိယမြို့စားမင်းက ထိုင်ခုံမှာ ဝင်ထိုင်ပြီး ဆက်ပြောသည်။

"နတ်ဆိုးသတ်ပွဲတော် ဆိုတာကတော့... တောင်ပိုင်းမြစ်ဝှမ်းဒေသ တစ်ခုလုံးမှာ (၁၀) နှစ်မှ တစ်ခါ ကျင်းပလေ့ရှိတဲ့ ကြီးကျယ်ခမ်းနားတဲ့ ပွဲတော်ကြီး တစ်ခုပါ..."

ဒါကို ကြားတော့ ယဲ့ဖုန်း၏ မျက်နှာထား အနည်းငယ် ပြောင်းလဲသွားသည်။

တောင်ပိုင်းနယ်မြေ၊ ဒါမှမဟုတ် တောင်ပိုင်းမြစ်ဝှမ်းဒေသ ဆိုတာ... အရှေ့အနောက် မိုင် (၅၀,၀၀၀)၊ တောင်မြောက် မိုင် (၃၀,၀၀၀) ကျယ်ဝန်းပြီး သယံဇာတ ပေါကြွယ်ဝသော ဒေသကြီး ဖြစ်၏။

ဒီလောက် ကျယ်ပြောသည့် ဒေသကြီးမှာ အရေးပါသည့် ပွဲတော် ဆိုတော့ တကယ် ကြီးကျယ်မှာ သေချာသည်။

ဒါပေမဲ့ ယဲ့ဖုန်းက "ပူးပေါင်းဆောင်ရွက်မှု" ဆိုတာကို ပိုစိတ်ဝင်စားနေ၏။

"ဒုတိယ မြို့စားမင်း ပြောတဲ့ ပူးပေါင်းဆောင်ရွက်မှု ဆိုတာ ဘာလဲဗျ..."

"ချပ်ဝတ်နက် အစောင့်တပ်ဖွဲ့ အကြောင်း ကြားဖူးလား..." ဒုတိယမြို့စားမင်းက ပြုံးစစဖြင့် မေးလိုက်၏။

"ခင်ဗျားကို အစောင့်တပ်ဖွဲ့ရဲ့ 'သိုင်းနည်းပြဆရာ' အဖြစ် ဖိတ်ခေါ်ချင်လို့ပါ... အဓိကကတော့ သူတို့ကို သိုင်းပညာ လမ်းညွှန်ပေးဖို့ပေါ့..."

ယဲ့ဖုန်း အံ့သြသွားသည်။

သူ့ကို "သိုင်းပညာ မှော်ဆရာ" ဟု တင်စားခေါ်ဝေါ်နေကြသော်လည်း၊ တကယ်တမ်း သူတတ်တာက သိုင်းကွက် (၉) ခုပဲ ရှိသည်လေ။ 'အရပ်မျက်နှာပေါင်းစုံ ဝိညာဉ်အာရုံခံနိုင်စွမ်း' လိုမျိုး သီးသန့် သိုင်းကွက်တွေကိုတော့ သူများတွေကို သင်ပေး၍ မဖြစ်ချေ။

ဒုတိယမြို့စားမင်း ဆက်ပြောသည်။

"တစ်လကို အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး (၁၀၀) ပေးမယ်... ဒါ့အပြင် မြို့စားမင်း အိမ်တော်မှာ ရှိတဲ့ ပထမအဆင့် သိုင်းစာအုပ်တွေကို ကြိုက်သလို ဖတ်ခွင့်ရမယ်... နေ့တိုင်း လာစရာ မလိုပါဘူး... အစောင့်တပ်ဖွဲ့ တိုးတက်လာရင် ပြီးတာပဲ... တစ်လ တစ်ခါလောက် လာရင်တောင် ရပါတယ်..."

‘ဒါ လစာသေ ရတဲ့ အချိန်ပိုင်းအလုပ် မဟုတ်လား။’

ယဲ့ဖုန်း ခေါင်းထဲ ဒီအတွေး ဝင်လာသည်။

‘ဝိညာဉ်ကျောက်တုံး (၁၀၀) ကြောင့် မဟုတ်ပေမဲ့၊ မြို့စားမင်းအိမ်တော်က သိုင်းစာအုပ်တွေကို ဖတ်ခွင့်ရမယ် ဆိုတာက တော်တော် မက်လောက်စရာပဲ။

ပိုအရေးကြီးတာက... အစောင့်တပ်ဖွဲ့ကို သင်ပေးလိုက်ရင် ဂိုဏ်းဂုဏ်သတင်း တော်တော် တက်လာမှာ သေချာတယ်။’

"ဘယ်လို သိုင်းပညာမျိုး

သင်ပေးရမှာလဲ... သတ်မှတ်ချက် ရှိပါသလား..." ယဲ့ဖုန်း စိတ်ဝင်စားသွားသည်။

"ကာကွယ်ရေး၊ တိုက်ခိုက်ရေး နဲ့ လှုပ်ရှားမှု... ဒီ (၃) မျိုးထဲက ကြိုက်တာ သင်ပေးလို့ ရပါတယ်..." ဒုတိယမြို့စားမင်း ပြန်ဖြေသည်။

"ကောင်းပြီ... လက်ခံပါတယ်... ဒါပေမဲ့ အမြဲတမ်းတော့ မလုပ်နိုင်ဘူး... တစ်လ တစ်ခါလောက်ပဲ လာသင်ပေးမယ်..." ယဲ့ဖုန်းက သူ့စည်းကမ်းကို ကြိုပြောလိုက်၏။

"လက်ခံပါတယ်..."

ဒုတိယမြို့စားမင်း ချက်ချင်း သဘောတူလိုက်၏။

ညနေစောင်းနေပြီ ဖြစ်သဖြင့် သူက ဆက်ပြောလိုက်၏။

"အချိန်လင့်နေပြီ... မြို့စားမင်းအိမ်တော်မှာ ညစာ စားကြတာပေါ့... အသေးစိတ်ကိုတော့ ဒုတိယတပ်မှူး ကျိုး က ဆက်လက် စီစဉ်ပေးပါလိမ့်မယ်..."

ခဏအကြာတွင်... မြို့စားမင်းအိမ်တော် စားသောက်ပွဲ ခန်းမဆောင်၌...

ယဲ့ဖုန်း၊ ဒုတိယမြို့စားမင်း၊ တာဝန်ခံကျိုး၊ ဒုတိယတပ်မှူးကျိုး၊ လျိုယွင်ဂိုဏ်း တတိယအကြီးအကဲ၊ ရှင်းကွမ်ရွှမ် နှင့် အခြား တပည့်များ စားပွဲဝိုင်းတွင် စုဝေးရောက်ရှိနေကြသည်။

…ဒါတွေ အကုန်လုံးက အဆင့်နိမ့် နတ်ဆိုးစစ်သည်အဆင့် တောဝက်သားတွေ၊ အမဲသားတွေနဲ့ ဝိညာဉ်အရည် ဖျန်းပြီး စိုက်ထားတဲ့ ဟင်းသီးဟင်းရွက်တွေပါလား... ဓာတ်ကြီးငါးပါး စုစည်းခြင်း အဆင့် ရောက်နေသူတွေရဲ့ စားသောက်မှု အဆင့်အတန်းက ဒီလောက် မြင့်တာလား...

ယဲ့ဖုန်းသည် စားပွဲပေါ်မှ ဟင်းလျာများကို ကြည့်ပြီး သူ့တပည့်များကိုလည်း ဒီလိုမျိုး ကျွေးချင်စိတ် ပေါက်သွားသည်။

"ဒီတစ်ခါ ဂိုဏ်းချုပ်ယဲ့ရဲ့ ကျေးဇူးကြောင့် အသက်ရှင်ခဲ့ရတာပါ... မဟုတ်ရင် ကျွန်တော် မြွေစာ ဖြစ်သွားလောက်ပြီ..." တတိယအကြီးအကဲက ခွက်မြှောက်ပြီး ကျေးဇူးတင်စကား ဆိုလိုက်၏။

ထို့နောက် သစ်သားသေတ္တာငယ်လေး တစ်ခုနှင့် တိမ်ဖြူရောင် တံဆိပ်ပြားတစ်ခုကို စားပွဲပေါ် တင်ပေးလိုက်၏။

"ဒါက အဆင့်နိမ့် 'မူလခိုင်မာဆေးလုံး' တစ်လုံးနဲ့ ကျွန်တော်တို့ ဂိုဏ်းရဲ့ 'ဧည့်သည်တော် အကြီးအကဲ တံဆိပ်ပြား' ပါ... ဂိုဏ်းချုပ်ယဲ့ကို ကျေးဇူးဆပ်တဲ့အနေနဲ့ ပေးတာပါ... နောက်ထပ် တောင်းဆိုစရာ ရှိရင်လည်း ပြောပါ... ကျွန်တော် တတ်နိုင်သလောက် ဖြည့်ဆည်းပေးပါ့မယ်..."

"မူလခိုင်မာဆေးလုံး ဟုတ်လား..."

ရှင်းကွမ်ရွှမ်၊ တာဝန်ခံကျိုး၊ ဒုတိယတပ်မှူးကျိုး နှင့် အခြား ချီစုစည်းခြင်း (၉) ဆင့်မြောက် ရောက်နေသူများ အားကျစွာ ကြည့်လိုက်ကြသည်။

"ဓာတ်ကြီးငါးပါး စုစည်းခြင်း အဆင့်ကို တက်လှမ်းဖို့ ကြိုးစားတဲ့အခါ ဒီဆေးက အရမ်း အထောက်အကူ ပြုတာလေ... ဆေးတစ်လုံးတည်းကိုတင် ဝိညာဉ်ကျောက်တုံး (၁၀၀) ကျော် တန်တယ်..." ဟု ရှင်းကွမ်ရွှမ်က ရှင်းပြလိုက်၏။

ယဲ့ဖုန်း ဆေးလုံးကို ကြည့်ပြီး သတိရသွားသည်။

ဂိုဏ်းချုပ် ပထမအဆင့် တာဝန် ဆုလာဘ်ထဲမှာ ဒီဆေး (၁၀) လုံးတောင် ပါတာပဲ။ ဒါဆို ဝိညာဉ်ကျောက်တုံး (၁၀၀၀) ကျော်တန် ပစ္စည်းပေါ့။

"အကြီးအကဲက ယဉ်ကျေးလွန်းနေပါပြီဗျာ..."

ယဲ့ဖုန်း စိတ်ထဲမှာ ပျော်နေပေမဲ့၊ ဟန်မပျက်ဘဲ ဆေးလုံးနှင့် တံဆိပ်ပြားကို သိမ်းဆည်းလိုက်၏။

တတိယအကြီးအကဲက ဒုတိယမြို့စားမင်း၏ ဝမ်းကွဲအစ်ကို ဖြစ်နေတော့၊ ဒုတိယမြို့စားမင်းလည်း မျက်နှာမငယ်စေရန် အလယ်အဆင့် 'ချီကျင့်ကြံဆေးလုံး' (၅) လုံးပါ ပုလင်းတစ်လုံး လက်ဆောင်ပေးလိုက်၏။

ကျန်သည့် အချိန်တွေမှာတော့ စားသောက်ပွဲက ပျော်ရွှင်စရာ ကောင်းနေခဲ့သည်။

တတိယအကြီးအကဲက 'သားရဲအမဲလိုက်ပွဲတော်' အကြောင်း ပြောပြရာ၊ ယဲ့ဖုန်း ဘေးကနေ နားထောင်ပြီး သတင်း အချက်အလက်တွေ ရလိုက်ပါ၏။

'သားရဲအမဲလိုက်ပွဲတော်' ဆိုတာ တောင်ပိုင်းမြစ်ဝှမ်းဒေသက 'ဝိညာဉ်ပင်လယ်အဆင့်' ရောက်နေသော ဘုရင်ခံမင်းသား တစ်ပါးက ဦးစီးကျင်းပတာ ဖြစ်ပြီး၊ (၁၀) နှစ် တစ်ကြိမ် ပွဲကြီး၊ (၃) နှစ် တစ်ကြိမ် ပွဲသေး ကျင်းပလေ့ ရှိသည်။

ဒီနှစ်က ပွဲကြီးရော ပွဲသေးရော တိုက်ဆိုင်နေသည့် နှစ်မို့ အထူး စည်ကားမည့် နှစ် ဖြစ်သည်။

သို့သော်၊ (၁၀) နှစ်ခံ ပွဲကြီးက ရေပေါ်ဖြူ မြို့တော်မှာ မဟုတ်ဘဲ၊ 'ခရိုင်ဘုရင် မြို့တော်' မှာ ကျင်းပမှာ ဖြစ်သည်။

ပွဲသေးတွေကိုတော့ ကြယ်တစ်ပွင့် အဆင့် မြို့တော်တွေမှာ ကျင်းပပြီး၊ ထူးချွန်သော ဂိုဏ်းတွေကို ရွေးချယ်ကာ ခရိုင်ဘုရင် မြို့တော်က ပွဲကြီးကို တက်ရောက်ဖို့ မြို့စားမင်းက ထောက်ခံပေးရတာ ဖြစ်သည်။

ဒီတစ်ခေါက် ရေပေါ်ဖြူမြို့တော်၏ ပွဲသေးကို တတိယအကြီးအကဲက တာဝန်ယူ ကျင်းပပေးမှာ ဖြစ်သည်။

မြို့စားမင်းအိမ်တော်မှ ယဲ့ဖုန်း ပြန်ထွက်လာချိန်တွင် ညရောက်နေပြီ ဖြစ်ပြီး၊ ရေပေါ်ဖြူမြို့တော်သည် မီးရောင်စုံများဖြင့် စည်ကားနေလေ၏။

ယဲ့ဖုန်း လမ်းမပေါ် လျှောက်လာခဲ့သည်။

မူလက ရှင်းကွမ်ရွှမ် လိုက်ပို့မည် လုပ် သော်လည်း ၊ တပည့်တွေအတွက် မုန့်ဝယ်စရာ ရှိ၍ ဆိုပြီး တစ်ယောက်တည်း ထွက်လာခဲ့ခြင်းပင်။ ဈေးဝယ်ပြီးမှ ပျံသန်းခြင်း လှေနှင့် ပြန်ကြမည် ဖြစ်၏။

လမ်းပေါ်တွင်...၊

ယဲ့ဖုန်းသည် စုံလင်လှသော ကုန်ပစ္စည်းများကို ကြည့်ရှုပြီး၊ ကြေးပြား (၂) တန်း ထုတ်ကာ တပည့်တွေ အကြိုက်ဆုံး သိုးပေါင်ကင်၊ သိုးရိုးဟင်းချို၊ အစပ်ချောင်းကြော် စသည်ဖြင့် မုန့်မျိုးစုံ ဝယ်လိုက်၏။ အဝတ်အစားတချို့လည်း ဝယ်လိုက်သေးသည်။

ပြီးမှ မြို့စားမင်းအိမ်တော်သို့ ဖြတ်လမ်းမှ ပြန်လာခဲ့သည်။

ရှင်းကွမ်ရွှမ်နှင့် အိမ်တော်တံခါးဝမှာ ဆုံဖို့ ချိန်းထားသည်လေ။

လူပြတ်သော လမ်းကြားလေး တစ်ခုထဲ ရောက်တော့... တစ်စုံတစ်ယောက် သူ့နောက်ယောင်ခံ လိုက်နေသလို ခံစားလိုက်ရပြီး စိတ်ထဲ မသိုးမသန့် ဖြစ်လာသည်။

"ငါ့ကို စောင့်ကြည့်နေတာလား..."

ယဲ့ဖုန်း စိတ်မအေးသဖြင့် ခြေလှမ်းကို သွက်လိုက်လေ၏။

ထိုအချိန်တွင် ရေပေါ်ဖြူ မြို့တော်နှင့် မိုင်ရာချီ ဝေးကွာသော ဂူတစ်ခုထဲ၌... ဝံပုလွေ ဗိုလ်ချုပ်လေး သည် အတောင်ပံခတ်ပြီး ပျံသန်း ဝင်ရောက်လာသော ငှက်ဖြူလေးကို ကြည့်ကာ အံ့သြသွားရလေ၏။

အခန်း (၅၀) - ညလယ်ယံမှ လိုက်လံတိုက်ခိုက်ခြင်းနှင့် စက္ကူစစ်သည်တော်

~"ဝံပုလွေ ဗိုလ်ချုပ်လေး... အခြေအနေ မကောင်းတော့ဘူး..."

အသွင်ပြောင်း သားရဲသည် ဂူထဲသို့ ဝင်ဝင်ချင်းမှာပင် ထိတ်လန့်တကြား အော်ဟစ်လိုက်လေ၏။

"ငါ မင်းကို ဟိုသားရဲတွေဆီ သွားပြီး စည်းရုံးခိုင်းထားတာ မဟုတ်ဘူးလား..." ဝံပုလွေ ဗိုလ်ချုပ်လေး ၏ မျက်နှာတွင် မနှစ်မြို့ခြင်း အရိပ်အယောင်များ ပေါ်လာလေ၏။

အသွင်ပြောင်း သားရဲခမျာ တစ်ကိုယ်လုံး တုန်ရီလျက် ပြန်ဖြေရှာသည်။

"ကျွန်တော် မူလကတော့ မြူခိုးဂိုဏ်းက သားရဲတွေကို စည်းရုံးနေတာပါ... ဒါပေမဲ့... လူသားမျိုးနွယ်ထဲက ဓာတ်ကြီးငါးပါး စုစည်းခြင်း အဆင့် ရောက်နေတဲ့ ဆရာသခင်ကြီး တစ်ပါးကို တွေ့လိုက်ရလို့ပါ..."

"ဘာ..."

ဝံပုလွေ ဗိုလ်ချုပ်လေးသည် တည်ငြိမ်ဟန်ဆောင်ထားသော်လည်း စိတ်ထဲတွင် လှိုင်းထန်သွားလေ၏။

ဓာတ်ကြီးငါးပါး စုစည်းခြင်း အဆင့် ဟုတ်လား။ သခင်ကြီး နတ်ဆိုးဗိုလ်ချုပ် ရဲ့ အစီအစဉ်ကို သူတို့ သိသွားကြပြီလား။

"ဝံပုလွေ ဗိုလ်ချုပ်လေး စိတ်မပူပါနဲ့... အဲ့ဒီ ဆရာသခင်ကြီးက ဒဏ်ရာအပြင်းအထန်ရပြီး သတိလစ်နေပါတယ်... သူ သတိရလာရင်တောင် အစွမ်းကုန် ပြန်ထုတ်နိုင်ဖို့ အချိန်အတော်ကြာ ယူရဦးမှာပါ..." အသွင်ပြောင်း သားရဲက ကပျာကယာ ဆက်ပြောလိုက်၏။

"သူ ဘယ်သူလဲ ဆိုတာ မင်း စုံစမ်းခဲ့လား..." ဝံပုလွေ ဗိုလ်ချုပ်လေး မေးလိုက်၏။

အသွင်ပြောင်း သားရဲသည် မည်သည့်အရာကိုမျှ ဖုံးကွယ်ထားရဲခြင်း မရှိပေ။ ရရှိခဲ့သမျှ သတင်းအချက်အလက်များကို အကုန်အစင် ဖွင့်ဟဝန်ခံလိုက်လေ၏။

"လျိုယွင်ဂိုဏ်း ရဲ့ တတိယ အကြီးအကဲပါ... သူ့ဘေးမှာ ချီစုစည်းခြင်း (၉) ဆင့်မြောက် ရောက်နေတဲ့ အတွင်းစည်းတပည့် (၃) ယောက်လည်း ပါလာပါတယ်... သူတို့က တော်တော်လေး ကိုင်တွယ်ရခက်မယ့်ပုံပဲ..."

"လျိုယွင်ဂိုဏ်း ဟုတ်လား... ကြည့်ရတာ သူတို့က 'နတ်ဆိုးသတ်ပွဲတော်' အတွက် ရောက်လာကြတာ ဖြစ်မယ်... ဒါဆိုရင် သခင်ကြီးရဲ့ အစီအစဉ်ကို သေချာပေါက် ထိခိုက်စေတော့မယ်..." ဝံပုလွေ ဗိုလ်ချုပ်လေး၏ မျက်နှာ ကွက်ခနဲ ပျက်သွားသည်။

"မင်း မြူခိုးဂိုဏ်းနားမှာ ဆက်ပြီး ပုန်းနေလိုက်... အရေးကြီးတဲ့ သတင်းရရင် ချက်ချင်း လာပြော..."

"ဟုတ်ကဲ့ပါ..."

အသွင်ပြောင်း သားရဲသည် ချာခနဲ လှည့်ထွက်ပြီး မြူခိုးတောင်ထိပ်ဆီသို့ ပြန်လည် ပျံသန်းသွားလေတော့သည်။

ရေပေါ်ဖြူမြို့တော် အတွင်း၌...

ယဲ့ဖုန်းသည် လူသူ ကင်းမဲ့သော လမ်းမတစ်ခုပေါ်တွင် တစ်ယောက်တည်း လျှောက်လှမ်းနေလေ၏။

ခုနက သူ့နောက်ကို တစ်စုံတစ်ယောက် လိုက်နေကြောင်း သတိထားမိပြီးနောက်၊ ယဲ့ဖုန်းသည် 'အန္တရာယ် အာရုံခံနိုင်စွမ်း' ကို အသုံးပြုပြီး ကြိုတင် တွက်ချက်ကြည့်လိုက်ရာ မြူခိုးဂိုဏ်းအတွက် မည်သည့် ကပ်ဘေးမျှ ကျရောက်မည့်ပုံ မပေါ်သဖြင့် စိတ်အေးသွားရ၏။

ထို့အပြင် သူ၏ ပါးရည်နပ်ရည်ရှိမှုနှင့် သတ္တိဗျတ္တိတို့ကြောင့်၊ ဤလူသူကင်းမဲ့သော လမ်းကြားထဲသို့ တမင်တကာ ဝင်ရောက်လာပြီး နောက်ယောင်ခံလိုက်သူကို မျှားခေါ်ရန် ကြံစည်လိုက်ခြင်း ဖြစ်ပေသည်။

"ဟိဟိ... ဟိဟိ..."

လမ်းမအလယ်သို့ ရောက်သောအခါ၊ ယောက်ျားသားတို့၏ စိတ်ကို မွှေနှောက်ချောက်ခြားစေနိုင်သော ညှို့ဓာတ်ပြင်းသည့် မိန်းမရယ်သံများ ပတ်ဝန်းကျင်မှ ထွက်ပေါ်လာလေ၏။

နွေးထွေးသော လေပြည်လေညှင်းတစ်ခု တိုက်ခတ်လာပြီး မိန်းမပျိုတို့၏ ကိုယ်သင်းနံ့များ ပါလာလေ၏။ ပတ်ဝန်းကျင် ရှုခင်းများပင် စတင် ပြောင်းလဲလာသည်။

မှောင်မိုက်နေသော လမ်းမသည် ရုတ်ခြည်းပင် ပန်းရောင်စုံ ပွင့်နေသော မက်မွန်ပင်တန်းကြီး ဖြစ်သွားလေ၏။

လမ်းမအဆုံးတွင် ဆွဲဆောင်မှုရှိသော မိန်းမလှလေးများသည် ခန္ဓာကိုယ်ကို ယိမ်းနွဲ့ကာ ဖြည်းညှင်းစွာ လျှောက်လှမ်းလာကြသည်။

"သခင်လေး... ဒီကို လာပါဦးရှင်..."

မြေခွေးမျက်နှာဖုံး တပ်ဆင်ထားသော မိန်းမလှတစ်ဦးသည် စောင်းကို တီးခတ်ရင်း ယဲ့ဖုန်းအား ချော့မော့ပြောဆို လာလေ၏။

"နတ်ဆိုးမြေခွေးမလား..."

ယဲ့ဖုန်း မျက်လုံး ပုတ်ခတ် ပုတ်ခတ် လုပ်လိုက်မိသည်။

"အာ.. သခင်လေးကလည်း... ဘာလို့ ဒီလောက် ရိုင်းပြရတာလဲ... ကျွန်မကို ရှောင်ထျန်းထျန်း လို့ ခေါ်သင့်တာပေါ့..." နတ်ဆိုးမြေခွေးမက ခပ်ပြုံးပြုံးဖြင့် ပြောလေ၏။

"ရှောင်ထျန်းထျန်း ဟုတ်လား... မိန်းကလေး နျူ လို့ပဲ ခေါ်လိုက်မယ်..."

ယဲ့ဖုန်းသည် ခုန်ပျံတိုက်ခိုက်လိုက်ပြီး၊ ထိုမိန်းမလှများကို လက်ဝါးဖြင့် ရိုက်ချလိုက်လေ၏။

သူ၏ လက်ဝါးသည် ထိုပုံရိပ်များကို ထိုးဖောက်ဝင်ရောက်သွားပြီး "ဘုန်း" ခနဲ အသံနှင့်အတူ မြေကြီးကို ရိုက်မိသွားသည်။

မက်မွန်ပင်များနှင့် မိန်းမလှများအားလုံးသည် ပျောက်ကွယ်သွားပြီး အရာအားလုံးသည် မာယာတွေသာ ဖြစ်ကြောင်း ပေါ်လွင်သွားလေ၏။

ယဲ့ဖုန်းသည် သူ၏ အင်မတန် ထက်မြက်သော အာရုံခံစားမှုကို အသုံးပြု၍ ထောင့်တစ်နေရာကို လှမ်းကြည့်လိုက်ရာ တုန်ရီနေသော အမွေးနီ မြေခွေး တစ်ကောင်ကို တွေ့လိုက်ရ၏။

"ဝေါ..."

နတ်ဆိုးမြေခွေးသည် နောက်လှည့်ပြီး ခေါင်မိုးပေါ်သို့ ခုန်တက်ကာ ဒရောသောပါး ထွက်ပြေးသွားလေ၏။ ယဲ့ဖုန်းသည် ထူးဆန်းသော နတ်ဆိုးကောင်ငယ်လေးများ ထိုမြေခွေးနောက်မှ ထပ်ကြပ်မကွာ လိုက်ပါသွားသည်ကိုလည်း သတိပြုမိလိုက်၏။

"ဪ... အုပ်စုလိုက် လှုပ်ရှားတာကိုး..."

ယဲ့ဖုန်းသည် သူတို့နောက်သို့ သည်းကြီးမည်းကြီး လိုက်လံ ဖမ်းဆီးလေတော့သည်။

မကြာမီ ထိုသတ္တဝါများသည် ရှေးဟောင်း စာအုပ်ဆိုင် ပျက်ကြီးတစ်ဆိုင်ထဲသို့ ဝင်ရောက် ပျောက်ကွယ်သွားကြလေ၏။

ယဲ့ဖုန်း ဝင်ကြည့်လိုက်သောအခါ စာအုပ်ဆိုင်သည် ဟောင်းနွမ်းဆွေးမြည့်နေပြီး၊ ဖုန်တက်နေသော စာအုပ်စင်အချို့သာ ကျန်ရစ်တော့သည်။ စာအုပ်အများစုမှာ ဖတ်၍မရအောင် ပျက်စီးနေပြီး နှစ်ပေါင်းများစွာ ပစ်ထားပုံ ရ၏။

"ရွှမ်း..."

ရုတ်တရက် စာရွက်လှန်သံများ ဆက်တိုက် ထွက်ပေါ်လာသည်။ ယဲ့ဖုန်း ပတ်ဝန်းကျင်ကို ကြည့်လိုက်ရာ ရှေးဟောင်းစာအုပ်များထဲမှ စာရွက် (၅) ရွက် ပျံသန်းထွက်လာပြီး သူ့ကို ဝိုင်းရံထားလိုက်သည်ကို တွေ့လိုက်ရ၏။

သေချာ ကြည့်လိုက်သောအခါ စာရွက်တိုင်းတွင် လက်နက်ကိုင် စစ်သည်တော် ပုံများ ပါရှိပြီး၊ လက်တစ်ဖက်စီတွင် ပုဆိန်ငယ်လေးများ ကိုင်ဆောင်ထားကြသည်။

"စက္ကူစစ်သည်တော်... အသွင်ပြောင်းစမ်း..."

နွဲ့နှောင်းသော အသံ တစ်ခု ပတ်ဝန်းကျင်မှ ထွက်ပေါ်လာသည်။ ထို့နောက် ဝိညာဉ်စွမ်းအင် (၅) ခုသည် စာရွက်များထဲသို့ စီးဝင်သွားကြသည်။ အတွင်းမှ စစ်သည်တော်များသည် ရုတ်တရက် ကြီးထွားလာပြီး စာရွက်များကို ဖောက်ထွက်ကာ မီးတောက်များ ဝါးမြိုသွားလေ၏။

"ဖောက်..."

တစ်ပေခန့်သာ မြင့်သော စက္ကူစစ်သည်တော် (၅) ဦးသည် မြေကြီးပေါ်သို့ ကျရောက်လာပြီး၊ သူတို့၏ ပုဆိန်ငယ်လေးများကို ဝှေ့ယမ်းကာ ယဲ့ဖုန်းကို ညာသံပေး တိုက်ခိုက်ကြလေ၏။

"ဒါ ဘာအမှိုက်တွေလဲ... တစ်ပေလောက်ပဲ မြင့်တာကို... ခုန်ပြီး ငါ့ဒူးခေါင်းကို ခုတ်ကြမလို့လား..." ယဲ့ဖုန်း မျက်လုံးများ ပြူးကျယ်သွားသည်။

"စက္ကူစစ်သည်တော်" လို့ နာမည်ကြားလိုက်တုန်းက ဓာတ်ကြီးငါးပါး စုစည်းခြင်း အဆင့်လောက် ရှိတဲ့ အကောင်ကြီးတွေကို ဆင့်ခေါ်မယ့် သိုင်းပညာလို့ ထင်ခဲ့တာ။

တကယ်တမ်းတော့ ပုပြတ်ပြတ်လေးတွေ ဖြစ်နေတာကိုး။

"တင်း..."

ယဲ့ဖုန်း လက်ညှိုးတစ်ချောင်း ထုတ်လိုက်ပြီး စက္ကူစစ်သည်တော် တစ်ကောင်၏ ခေါင်းကို ဖိထားလိုက်၏။ ထိုကောင်လေးခမျာ ပုဆိန်နှစ်လက်ကို ဝှေ့ယမ်းပြီး ရုန်းကန်နေသော်လည်း ယဲ့ဖုန်းကို မထိနိုင်ရှာပေ။

"ဝိညာဉ်စွမ်းအင် မလုံလောက်ဘူး... တစ်ကောင်ချင်းစီက အရမ်း အားနည်းလွန်းတယ်... မြန်မြန် ပေါင်းစပ်လိုက်..."

"အေးပါ... အေးပါ..."

စာအုပ်ဆိုင် ပတ်ဝန်းကျင်မှ ကလေးဆန်ဆန် အသံလေးများ ဆူညံစွာ ထွက်ပေါ်လာသည်။

"စစ်သည်တော်များ... ပေါင်းစပ်ကြစမ်း..."

နောက်တစ်ခဏတွင် နတ်ဆိုးလေးများ သိုင်းကွက်ရွတ်ဆိုလိုက်ကြသည်။

ယဲ့ဖုန်း စိတ်ဝင်စားစွာ ကြည့်နေစဉ်၊ စက္ကူစစ်သည်တော် (၅) ကောင်သည် တစ်ကောင်ပေါ် တစ်ကောင်ဆင့်ပြီး လူသားတံတိုင်းသဖွယ် စုစည်းသွားကြသည်။ ထို့နောက် ခြေထောက်အောက်မှ မီးခိုးဖြူများ ထွက်ပေါ်လာပြီး မြင်ကွင်းကို ဖုံးကွယ်သွားလေ၏။

မီးခိုးများ ပျောက်ကွယ်သွားသောအခါ (၁) မီတာခန့် မြင့်မားပြီး ပိုမို ကြံ့ခိုင်သန်မာသော စက္ကူစစ်သည်တော်ကြီး တစ်ကောင် ပေါ်ထွက်လာသည်။ ချီစုစည်းခြင်း (၆) ဆင့်မြောက် အထွတ်အထိပ် အဆင့်လောက် ရှိပုံရ၏။

"ဟားဟားဟား... ငါတို့ရဲ့ စက္ကူစစ်သည်တော် ပေါင်းစပ်သွားပြီ... ပြိုင်ဘက်ကင်းပဲ... မင်းတော့ သေပြီ..." နတ်ဆိုးလေးများ၏ အောင်နိုင်သူ ရယ်သံများ ထွက်ပေါ်လာသည်။

"ဪ... ဟုတ်လား..."

ယဲ့ဖုန်း ခနဲ့တဲ့တဲ့ ရယ်မောလိုက်၏။ ကျရောက်လာသော ပုဆိန်ကြီးကို လက်နှစ်ချောင်းတည်းဖြင့် လွယ်ကူစွာ ဖမ်းချုပ်လိုက်လေ၏။

"ဟေ... မဖြစ်နိုင်တာ..."

နတ်ဆိုးလေးများ အာမေဋိတ်သံ ပြုလိုက်ကြသည်။ သို့သော် ယဲ့ဖုန်းသည် လက်ကောက်ဝတ်ကို လှည့်လိုက်ရုံဖြင့် စက္ကူစစ်သည်တော်ကြီးကို အပိုင်းပိုင်းအစစ ဖြစ်သွားစေပြီး မီးခိုးငွေ့အဖြစ် ပျောက်ကွယ်သွားစေလိုက်၏။

"ဒီသိုင်းကွက်က နည်းနည်း စိတ်ဝင်စားဖို့ ကောင်းသား..."

ယဲ့ဖုန်း မျက်လုံးများ ကျဉ်းမြောင်းသွားပြီး ပတ်ဝန်းကျင်ကို လှည့်ကြည့်လိုက်၏။ စာအုပ်စင်အောက်မှ အမြီးနီလေး တစ်ချောင်းကို တွေ့လိုက်ရသဖြင့် လှမ်းဆွဲထုတ်လိုက်လေ၏။

"ကွီ... ကွီ... ကွီ..."

အမွေးနီ မြေခွေးလေးသည် လေထဲတွင် တွဲလောင်းပါလာပြီး လူတစ်ယောက်လို ကြောက်လန့်တကြား အမူအရာ ပြသနေ၏။ ခြေလက်လေးဖက်ကို ယက်ကန်ယက်ကန် လုပ်နေရှာသည်။

"မင်းက လေထဲက အောက်ဆီဂျင်တွေကို ယပ်ခတ်ထုတ်ပစ်ပြီး ငါ့ကို အသက်ရှူကျပ်သေအောင် လုပ်မလို့လား..." ယဲ့ဖုန်း နောက်ပြောင်လိုက်၏။

"အင်မော်တယ် ဆရာသခင်ကြီး... အသက်ချမ်းသာပေးပါ... သခင်ကြိီးရဲ့ အိပ်ရာကို အနွေးပေးပါ့မယ်..." မြေခွေးနီလေးက မျက်ရည်နှစ်စက် ညှစ်ထုတ်ပြီး သနားစရာကောင်းအောင် ငိုယို တောင်းပန်လိုက်လေ၏။

ယဲ့ဖုန်း ဝိညာဉ်မျက်လုံးဖြင့် ကြည့်လိုက်ရာ ဒီမြေခွေးလေးက သာမန် အလယ်အဆင့် နတ်ဆိုးစစ်သည်လောက်သာ ရှိကြောင်း တွေ့ရ၏။ ထူးဆန်းတာက လူစကား ပြောတတ်နေခြင်းပင်။

"မင်းရဲ့ ကြံရာပါတွေ ဘယ်မှာလဲ..." ယဲ့ဖုန်းက မြေခွေးလေးကို လှုပ်ခါလိုက်၏။

"ဘုန်း... ဘုန်း... ဘုန်း..."

ခြေသံများနှင့်အတူ သေးငယ်သော ပုံရိပ် (၄) ခု ထွက်ပေါ်လာသည်။

ခွေးဘီလူးလေး တစ်ကောင်၊ ဖားပြုတ်ကြီး တစ်ကောင်၊ ခြေလက်ပါသော ဖရုံသီးပုံစံ နတ်ဆိုးလေး တစ်ကောင် နှင့် ဝဝတုတ်တုတ် ဝက်ကလေး တစ်ကောင် တို့ ဖြစ်ကြသည်။ တစ်ပေထက် မပိုကြပေ။

"အင်မော်တယ် ဆရာသခင်ကြီး... ကျွန်တော်တို့ အစ်မကြီးကို လွှတ်ပေးပါဗျာ..." နတ်ဆိုးလေး (၄) ကောင် မြေကြီးပေါ် ဝပ်ဆင်းပြီး မနားတမ်း ဦးခိုက်နေကြသည်။ အားလုံး လူစကား ပြောတတ်ကြသဖြင့် ယဲ့ဖုန်း အံ့သြသွားရ၏။

"မင်းတို့က အဆင့်နိမ့် နဲ့ အလယ်အဆင့် နတ်ဆိုးစစ်သည်တွေပဲ ရှိသေးတာ... အသန်မာဆုံးကတောင် ချီစုစည်းခြင်း (၄) ဆင့်မြောက်ပဲ ရှိတယ်... ဘယ်လိုလုပ် လူစကား ပြောတတ်ကြတာလဲ..."

ယဲ့ဖုန်း ဒူးထောက်ထိုင်ချလိုက်ပြီး ဝက်ကလေး၏ နားရွက်ကို ဆွဲကာ မေးလိုက်၏။

"ကျွန်တော်တို့ 'ရေပေါ်ဖြူမြို့တော်က အင်မော်တယ် (၅) ပါး' က မွေးကတည်းက လူစကား ပြောတတ်တာဗျ..." ဝက်ကလေးက နို့နံ့မစင်သေးသော အသံလေးဖြင့် ဖြေလေ၏။

"နေပါဦး... ရေပေါ်ဖြူမြို့တော်က အင်မော်တယ် (၅) ပါး ဟုတ်လား..."

ယဲ့ဖုန်း ရယ်ချင်သွားသည်။

"မင်းတို့က ဓာတ်ကြီးငါးပါး စုစည်းခြင်း အဆင့်တောင် မရောက်သေးဘဲနဲ့... ကိုယ့်ကိုယ်ကို အင်မော်တယ် လို့ ခေါ်ရဲတယ်ပေါ့... ဒါနဲ့... ခုနက သုံးလိုက်တဲ့ သိုင်းကွက်ကို ဘယ်က ရတာလဲ…”

အခန်း (၅၁) - ရေပေါ်ဖြူမြို့တော်၏ အင်မော်တယ် (၅) ပါးနှင့် နောက်ကွယ်မှ ကြိုးကိုင်သူ

~နတ်ဆိုးလေး (၅) ကောင်သည် တစ်ကောင်နှင့်တစ်ကောင် အပြန်အလှန် ကြည့်လိုက်မိကြသည်။

နောက်ဆုံးတွင်မူ ခွေးဘီလူးက စကားစလိုက်လေ၏။

"မဟာနတ်ဘုရားကြီး... ကျွန်တော်တို့သာ သိုင်းကွက်ကို ပြောပြမယ်ဆိုရင် ရေပေါ်ဖြူမြို့တော်ရဲ့ အင်မော်တယ် (၅) ပါးဖြစ်တဲ့ ကျွန်တော်တို့ အသက်ကလေးတွေကို ချမ်းသာပေးမှာလား..."

"အဲဒါကတော့ ရလာမယ့်ရလဒ်က ကျေနပ်စရာ ကောင်း၊ မကောင်းဆိုတဲ့အပေါ်မှာ မူတည်လိမ့်မယ်..."

ယဲ့ဖုန်း၏ မျက်နှာပေါ်တွင် ဉာဏ်များသော အပြုံး တစ်ခု ပေါ်ပေါက်လာလေ၏။ ရေပေါ်ဖြူမြို့တော်၏ အင်မော်တယ် (၅) ပါးမှာမူ ချက်ချင်းပင် မျက်နှာ ပျက် သွားကြတော့၏။

"အဲဒီသိုင်းကွက်က သီးသန့်အဆင့် သတ်မှတ်ထားတာမျိုး မရှိပါဘူး... 'စက္ကူစစ်သည်တော်' လို့ခေါ်တဲ့ လျှို့ဝှက်နည်းစနစ်တစ်ခုပါ... ကျွန်တော်တို့ ဒီစာအုပ်ဆိုင်ထဲကနေ သင်ယူခဲ့ကြတာပါ..."

ခေါင်းဆောင်ဖြစ်သည့် မြေခွေးနီလေးက ဖွင့်ဟဝန်ခံ လိုက်လေ၏။

"ရှေးဟောင်း သိုင်းသိုင်းကျမ်းက ဘယ်မှာလဲ..."

ယဲ့ဖုန်းက မေးလိုက်၏။ သူသည် 'စက္ကူစစ်သည်တော်' ရှေးဟောင်းသိုင်းကျမ်းကို မြူခိုးဂိုဏ်းသို့ ပြန်ယူသွားလိုခြင်း ဖြစ်သည်။ သို့မှသာ သူ၏ တပည့်များ အခြေခံအဆင့်သို့ ရောက်သည့်အခါ သူက တစ်ရှိန်ထိုး အဆင့်မြှင့်တင်ပေးနိုင်မည် ဖြစ်ချေသည်။

"ကျွန်တော်တို့ ဘာသာ မီးရှို့ပစ်လိုက်ပြီ..."

မြေခွေးနီလေးက ယဲ့ဖုန်း မယုံမည်ကို စိုးရိမ်သဖြင့် ကပျာကယာ လှမ်းတား သည့်နှယ် အလျင်အမြန် ဆက်ပြောလိုက်လေ၏။

"မူလကတည်းက အဲဒီ လျှို့ဝှက်နည်းစနစ်က အပိုင်းအစတွေပဲ ရှိတာပါ... ကျွန်တော်တို့ တတ်မြောက်သွားပြီးတဲ့နောက်မှာတော့ အဲဒီအပိုင်းအစတွေက သူ့အလိုလို မီးလောင်ကျွမ်းသွားတာပါ..."

"ဟုတ်ပါတယ်... ဟုတ်ပါတယ်..."

ကျန်သော နတ်ဆိုးလေးများကလည်း ခေါင်းကို တဆတ်ဆတ် ညိတ်ပြကြသည်။ သူတို့ပုံစံမှာ လိမ်ညာနေပုံ မရသဖြင့် ယဲ့ဖုန်းမှာ ဆွံ့အသွားရလေ၏။ ရှေးဟောင်းသိုင်းကျမ်း မရှိတော့လျှင် သူ့တပည့်များကို မည်သို့ လေ့ကျင့်ပေးရပါမည်နည်း။

'နေဦး... ငါသာ ဒီနတ်ဆိုးလေးတွေကို နတ်ဆိုးသားရဲဆောင်ထဲမှာ အဖွဲ့ဝင်အဖြစ် လက်ခံလိုက်မယ်ဆိုရင် သူတို့တတ်ထားတဲ့ သိုင်းကွက်တွေကို ငါပါ နားလည်သဘောပေါက်နိုင်မလား...'

ယဲ့ဖုန်းက စိတ်ထဲမှ မသိမသာ ရေရွတ် တွေးတောရင်း စနစ်အား အလျင်အမြန် မေးမြန်းလိုက်၏။

[ဝိညာဉ်သားရဲ (သို့မဟုတ်) တပည့်တစ်ဦးဦးက သိုင်းကွက်တစ်ခုခုကို အနည်းငယ် အောင်မြင်အောင် ကျင့်ကြံနိုင်သည်နှင့် ဂိုဏ်းချုပ်အနေဖြင့် အကျိုးကျေးဇူး ခံစားရရှိနိုင်ပါတယ်။]

စနစ်၏ ရှင်းပြချက်ကို ကြားလိုက်ရမှ ယဲ့ဖုန်း စိတ်အေးသွားတော့သည်။ ထို့နောက် သူက ရေပေါ်ဖြူမြို့တော်၏ အင်မော်တယ် (၅) ပါးကို စိမ်းစိမ်းကြည့် လိုက်ရင်း မေးလိုက်၏။

"မင်းတို့က ဘာကိစ္စနဲ့ စောစောက ငါ့နောက်ကို သည်းသည်းမည်းမည်း ခြေရာခံ လိုက်လာရတာလဲ..."

နတ်ဆိုးလေး (၅) ကောင် စကားပြန်ပြောရန် ပြင်လိုက်သော်လည်း စကားသံမထွက်လာဘဲ ၎င်းတို့၏ ဗိုက်ထဲမှ အူသံများကသာ ပြိုင်တူ လွှတ်ခနဲ အော်ဟစ် မြည်ဟည်းလာလေ၏။

"သြော်... ငါ သဘောပေါက်ပြီ..."

ယဲ့ဖုန်းက ခပ်ပြုံးပြုံး ဖြင့် စနစ်သိုလှောင်ခန်း ထဲမှ မွှေးကြိုင်လှသော သိုးပေါင်ကင်ကြီး တစ်ခုကို ထုတ်ယူလိုက်ပြီး နတ်ဆိုးလေးများ၏ ရှေ့တွင် ယမ်းပြလိုက်၏။ နတ်ဆိုးလေးများ၏ မျက်လုံးများက သိုးပေါင်ကင်နောက်သို့ ပါသွားပြီး တံတွေးများပင် မြေကြီးပေါ်သို့ စီးကျလာလေတော့သည်။

"မဟာနတ်ဘုရားကြီး... ကျေးဇူးပြုပြီး ကျွန်တော်တို့ကို တစ်ကိုက်လောက် ကျွေးပါနော်..."

"ဟုတ်ပါတယ်... ကျွန်တော်တို့သာ ဆာလောင်မနေရင် နည်းဗျူဟာမှူးရဲ့စကားကို နားထောင်ပြီး ခင်ဗျားကို ပုံရိပ်ယောင်နဲ့ တိုက်ခိုက်မိမှာ မဟုတ်ပါဘူး..."

"ဝုတ်... ဝုတ်..."

ရေပေါ်ဖြူမြို့တော်၏ အင်မော်တယ် (၅) ပါးမှာ ဆာလောင်မွတ်သိပ်မှုဒဏ်ကို အံတု နိုင်စွမ်း မရှိတော့ဘဲ ငိုယို တောင်းပန် ကာ လူသားများကဲ့သို့ ရှက်ရွံ့ခြင်း၊ ကြောက်လန့်ခြင်းနှင့် ကူကယ်ရာမဲ့ခြင်း အမူအရာများကို ပြသလာကြသည်။

"မင်းတို့မှာ နည်းဗျူဟာမှူး ရှိတယ်... ဘယ်သူလဲ..."

ယဲ့ဖုန်း အံ့သြသွားမိသည်။ ဤနတ်ဆိုးလေးများသည် ပါးရည်နပ်ရည်ရှိ ပြီး စနစ်တကျ အကွက်ချ စီစဉ်တတ်သည်ဟု သူ ခံစားလိုက်ရ၏။ စောစောက သူတို့၏ ပူးပေါင်းဆောင်ရွက်မှုမှာလည်း ကောင်းမွန်လွန်းလှသည်။ ထို့ကြောင့်လည်း ရေပေါ်ဖြူမြို့တော်ထဲတွင် ဤမျှကြာအောင် ပုန်းအောင်းနေနိုင်ခြင်း ဖြစ်ပေလိမ့်မည်။

"သူပါ..."

ကျန်သော နတ်ဆိုးလေးကောင်က အပြစ်ကင်းစင်သော မျက်နှာပေးဖြင့် ကြောင်တောင်တောင် ဖြစ်နေသည့် ခွေးဘီလူးကို လက်ညှိုးထိုးပြလိုက်ကြသည်။ ကြီးမားပြီး မွှေးကြိုင်လှသော သိုးပေါင်ကင်ကို စားရဖို့အရေး သူတို့၏ ခေါင်းဆောင်ကို ချက်ချင်းပင် ရောင်းစားလိုက်ကြခြင်း ဖြစ်ချေသည်။

"ဟဟ... ခွေးခေါင်း နည်းဗျူဟာမှူးပေါ့လေ..."

ယဲ့ဖုန်းမှာ အောင့်ထားနိုင်ခြင်း မရှိတော့ဘဲ ရယ်မောလိုက်မိတော့သည်။

"ကဲပါလေ... ဒီသိုးပေါင်ကင်က မင်းတို့အတွက်ပါ..."

ပြောပြောဆိုဆိုပင် ယဲ့ဖုန်းက လက်လွှတ်ပေးလိုက်၏။ သိုးပေါင်ကင်ကြီး ပြုတ်ကျလာသည်နှင့် သူတို့ကိုယ်ခန္ဓာနီးပါးကြီးမားသော သိုးပေါင်ကြီးကို နတ်ဆိုးလေးများက လှမ်းဖမ်းလိုက်ကြသည်။ သူတို့၏ မျက်ဝန်းထဲတွင်မူ ကျေးဇူးတင်သော မျက်လုံး များဖြင့် ပြည့်နှက်နေလေ၏။

"ငါ့ရဲ့ အစားအသောက်ကို စားပြီးပြီဆိုတော့ မင်းတို့က အခု ငါ့ရဲ့ နတ်ဆိုးသားရဲတွေ ဖြစ်သွားပြီ... ဒီနေ့ကစပြီး ငါနဲ့ပဲ တွဲရမယ်... သဘောတူလား..."

ယဲ့ဖုန်းက ချော့မော့ပြောဆို သည့်ဟန်ဖြင့် မေးလိုက်၏။

"နေ့တိုင်း သိုးပေါင်ကင် စားရမှာလားဟင်..."

မြေခွေးနီလေးက မျက်လုံးဝိုင်းကြီးများကို ပုတ်ခတ်ပုတ်ခတ်လုပ်ရင်း မေးလိုက်၏။

"ကျွန်တော်က ပေါက်စီ စားချင်တယ်..."

ခွေးခေါင်း နည်းဗျူဟာမှူးက လက်သည်းကို ထောင်ပြရင်း တောင်းဆိုသည်။

"ကျုပ်က အစ်မချောချောလေးတွေနဲ့ ကစားချင်တယ်..."

ဝက်ပုလေးက အမြီးတိုလေးကို ယမ်းခါရင်း ညည်းတွားလိုက်၏။

"အွတ်... အွတ်... အွတ်..."

ဖားပြုတ်ကြီးက သုံးချက် အော်မြည်လိုက်၏။

"ကျုပ်ကတော့ ကိုယ့်ကိုယ်ကိုယ် စိုက်ပျိုးပြီး မြန်မြန်ကြီးထွားလာအောင်လို့ ဟင်းသီးဟင်းရွက် စိုက်ခင်းတစ်ခင်း လိုချင်တယ်..."

ဖရုံသီးနတ်ဆိုးကလည်း ဝင်ပြောလေ၏။

နတ်ဆိုးလေး (၅) ကောင်၏ ထူးဆန်းအံ့သြဖွယ် ကောင်းလှသော တောင်းဆိုမှုများကို နားထောင်ရင်း ယဲ့ဖုန်းခမျာ ခန္ဓာကိုယ် ပျော့ခွေလဲကျ လုနီးပါး ဖြစ်သွားပြီး နောက်သို့ ဆုတ်လိုက်မိသည်။ သူက မျက်လုံးကို မှေးစင်းလျက် စဉ်းစားလိုက်၏။ 'ဒီကောင်တွေများ ဒီလို ထူးထူးဆန်းဆန်းတွေ ဆက်တောင်းဆိုနေရင် မကြာခင်အိုးထဲထည့်ပြီး စွပ်ပြုတ်လုပ်သောက်လိုက်မိတော့မယ်...'

"သဘောတူတယ်..."

သို့သော်လည်း 'စက္ကူစစ်သည်တော်' လျှို့ဝှက်နည်းစနစ်ကို ရရှိရန်အတွက် ယဲ့ဖုန်းမှာ သူတို့၏ တောင်းဆိုမှုကို လက်ခံလိုက်ရတော့သည်။

နတ်ဆိုးလေးများ သိုးပေါင်ကင်ကို ဝိုင်းဖွဲ့စားသောက်နေကြသည်ကို ကြည့်ရင်း ယဲ့ဖုန်းက ပေါက်စီ၊ အချဉ်တည်ထားသော ဟင်းသီးဟင်းရွက်များ၊ သိုးနံရိုးနှင့် အကင်များကို ထပ်မံထုတ်ယူပေးလိုက်ပြီး စားပွဲဝိုင်းတစ်ခုခင်းကာ မြိန်ရေရှက်ရေ စားသောက်လိုက်လေ၏။

အခွင့်ကောင်းကို အသုံးချ၍ ယဲ့ဖုန်းက သူတို့၏ ဇာစ်မြစ်ကို မေးမြန်းလိုက်၏။ သူတို့သည် အသိဉာဏ်ပွင့်လင်းလာကတည်းက ဤလူသူကင်းမဲ့သော လမ်းကြားဟောင်းလေးထဲတွင် နေထိုင်ခဲ့ကြခြင်း ဖြစ်ကြောင်း သိရ၏။ အစပိုင်းတွင် တစ်ကောင်နှင့်တစ်ကောင် မွှေနှောက်ချောက်ခြား ကာ တိုက်ခိုက်ခဲ့ကြသော်လည်း အနိုင်အရှုံး မပေါ်ခဲ့ပေ။ ထို့နောက် လမင်းကြီးကို သက်သေပြု၍ သစ္စာဆိုကာ ညီအစ်ကို မောင်နှမများအဖြစ် ဖွဲ့စည်းခဲ့ကြပြီး ကိုယ့်ကိုယ်ကိုယ် 'ရေပေါ်ဖြူမြို့တော်၏ အင်မော်တယ် (၅) ပါး' ဟု အမည်ပေးခဲ့ကြခြင်း ဖြစ်သတည်း။

သူတို့သည် လူစကားပြောတတ်ပြီး 'စက္ကူစစ်သည်တော်' ပညာရပ်ကို တတ်မြောက်ထားသဖြင့် စက္ကူစစ်သည်တော်များကို အဝတ်အစားများ ဝတ်ဆင်ပေးကာ ကလေးငယ်များအဖြစ် ဟန်ဆောင်စေပြီး လမ်းပေါ်ထွက်၍ အစားအသောက် လိမ်လည်တောင်းရမ်း စားသောက်ခဲ့ကြသည်။ ဤနည်းဖြင့် သူတို့သည် ယနေ့အထိ အသက်ရှင် ရပ်တည်နိုင်ခဲ့ကြခြင်း ဖြစ်သည်။

ယနေ့ညတွင်မူ ယဲ့ဖုန်းက အရသာရှိသော အစားအသောက်များစွာ ဝယ်ယူနေသည်ကို မြင်လိုက်ရသဖြင့် လောဘသားကောင် များ ဖြစ်လာကြပြီး 'မသမာသော ရည်ရွယ်ချက်' များ ပေါက်ဖွားလာကာ ယခုကဲ့သို့ အဖြစ်အပျက်များ ဆက်တိုက် ဖြစ်ပေါ်လာရခြင်း ဖြစ်လေ၏။

"ကဲ... မင်းတို့လည်း ဗိုက်ဝပြီဆိုတော့ ငါ မင်းတို့ကို ဝိညာဉ်လက်နက်တစ်ခုထဲမှာ ယာယီ ထည့်ထားလိုက်မယ်... မြူခိုးဂိုဏ်းကို ပြန်ရောက်မှ ပြန်ထုတ်ပေးမယ်..."

ယဲ့ဖုန်းက ပြောပြောဆိုဆိုပင် 'ဝိညာဉ်မူလ နာရီ' ကို ထုတ်ယူလိုက်ပြီး နတ်ဆိုးလေး (၅) ကောင်စလုံးကို သိမ်းဆည်းလိုက်တော့သည်။

ထို့နောက် သူသည် စာအုပ်ဆိုင်ထဲတွင် မွှေနှောက်ရှာဖွေကြည့်သော်လည်း တန်ဖိုးရှိသော ပစ္စည်းဟူ၍ ဘာမျှမတွေ့ရပေ။ ထို့ကြောင့် သူသည် တံခါးပေါက်မှနေ၍ ခုန်ပျံတိုက်ခိုက် သည့်ဟန်ဖြင့် ဒရာမာခင်းကာ ပြေးထွက်လိုက်ပြီး လမ်းမပေါ်ရောက်မှ တံခါးဘောင်ကို ပြန်ချလိုက်လေ၏။

အချိန်ကား သန်းခေါင်ယံသို့ ရောက်လုနီးပြီဖြစ်ပြီး လရောင်သည် ရေကဲ့သို့ ကြည်လင်အေးမြနေ၏။

ပတ်ဝန်းကျင်၏ တိတ်ဆိတ်ငြိမ်သက် မှုက ယဲ့ဖုန်းကို စိတ်မသက်မသာ ဖြစ်စေ၏။ သူသည် လက်နှစ်ဖက်ကို ခေါင်းနောက်တွင် ပစ်တင်လျက် မြို့စားမင်းအိမ်တော်ဘက်သို့ ဦးတည်သွားရန် ပြင်လိုက်စဉ်မှာပင် သတိထားမိလိုက်၏။

မြေပြင်ပေါ်၌ အခြားအရိပ်တစ်ခု။

ယဲ့ဖုန်း၏ မျက်လုံးအိမ်များ ကျဉ်းမြောင်းသွားပြီး ခေါင်းမိုးပေါ်သို့ မော့ကြည့်လိုက်မိသည်။

ခေါင်မိုးစွန်းပေါ်တွင် အနက်ရောင်ဝတ်စုံနှင့် လူတစ်ယောက်သည် လက်ပိုက်လျက် ရပ်နေ၏။ ထိုသူ၏ မျက်နှာကို ဖုံးအုပ်ထားပြီး ဓားသွားကဲ့သို့ စူးရှသော မျက်လုံးတစ်စုံကိုသာ ဖော်ပြထားသည်။

"ခင်ဗျားက ဘယ်သူလဲ..."

ယဲ့ဖုန်းက မေးလိုက်၏။

"အဲဒီ နတ်ဆိုးကောင်လေးတွေကို ပေးခဲ့... ဒါဆို မင်းအသက်ကို ချမ်းသာပေးမယ်..."

အနက်ရောင်ဝတ်စုံနှင့်လူက အက်ကွဲသော အသံမျိုးဖြင့် ဝင်ပြောလေ၏။ သူသည် သူ မည်သူဖြစ်ကြောင်း မသိစေရန် အသံကို တမင် ဖျက်ထားကြောင်း သိသာလှသည်။

"သူတို့က ကျုပ်အပိုင်တွေ..."

ယဲ့ဖုန်းက ပြတ်သားစွာ ပြောလိုက်၏။

"ဒါဆိုရင်တော့ သေဖို့သာ ပြင်ပေတော့..."

အနက်ရောင်ဝတ်စုံနှင့်လူက အောက်သို့ ခုန်ဆင်းလိုက်ပြီး ခါးကြားမှ တောက်ပသော ဓားရှည်ကို ဆွဲထုတ်လိုက်ကာ ငါးမီတာခန့်ရှည်လျားသော ဓားအလင်းတန်းဖြင့် ခုတ်ပိုင်းလိုက်လေ၏။ ဓားရောင်တစ်ချက်ဝင်းလက် သွားပြီး လေ မြည်ဟိန်းသံ ပင် ပေါ်ထွက်လာသည်။

"ဒါ မြေခွင်းဓားသိုင်းပဲ..."

ယဲ့ဖုန်းသည် ပြီးပြည့်စုံခြင်းအဆင့်သို့ ရောက်ရှိနေသော ဤပထမအဆင့် သိုင်းကွက်ကို ချက်ချင်း မှတ်မိလိုက်၏။

လွန်ခဲ့သော ရက်အနည်းငယ်က ကျိုးမိသားစု စားသောက်ပွဲတွင် ဒုတိယတပ်မှူး ကျိုးကျားချိုင်က ဤသိုင်းကွက်ကို အသုံးပြုပြီး နှစ်တစ်ရာ သစ်ပင်နတ်ဆိုး၏ ကြီးမားသော နွယ်ပင်များကို ခုတ်ပိုင်းခဲ့သည် မဟုတ်ပါလော။

"ခင်ဗျားက ကျိုးကျားချိုင်လား..."

ယဲ့ဖုန်းက အံ့ဩသလို အော်ဟစ်လိုက်ရင်း ခြေထောက်ကို မြေကြီးပေါ်သို့ ဆောင့်နင်းကာ ကိုယ်ကို ယိမ်းနွဲ့ကာ ရှောင်တိမ်းလိုက်လေ၏။

"ဝုန်း..."

မြေကြီးမှာ မီတာဝက်ခန့် နက်သော မြောင်းကြီးတစ်ခုအဖြစ် ကွဲအက်သွားပြီး ကျောက်ခဲများ လွင့်စဉ်ကုန်ကြသည်။ သိမ့်သိမ့်ခါ သွားသော မြေပြင်ကို အခွင့်ကောင်းယူ၍ ယဲ့ဖုန်းသည် မြေကြီးကို ထပ်မံဆောင့်နင်းလိုက်ပြီး တပြိုင်နက် ဓားပျံ တစ်စင်းပမာ အပေါ်သို့ ထိုးတက်သွားကာ အနက်ရောင်ဝတ်စုံနှင့်လူ၏ မျက်နှာဖုံးကို ဆွဲခွာလိုက်လေ၏။

သို့သော် လုံးဝ စိမ်းသက်နေသော မျက်နှာတစ်ခုကိုသာ မြင်လိုက်ရ၏။

"ခင်ဗျားက ကျိုးကျားချိုင် မဟုတ်ဘူးပဲ... ခင်ဗျားက တကယ်တမ်း ဘယ်သူလဲ..."

လေထဲတွင် ဝဲပျံနေသော ယဲ့ဖုန်းသည် ချာခနဲ လှည့်ထွက် လိုက်ပြီး အနက်ရောင်ဝတ်စုံနှင့်လူကို လက်ညှိုးထိုးကာ အဖြေတောင်းလိုက်၏။

သို့သော် ထိုလူက ပြန်မဖြေပေ။ ထိုအစား ပိုမြင့်သော နေရာတစ်ခုသို့ ခုန်တက်လိုက်ပြီး နောက်ထပ် 'မြေခွင်းဓားသိုင်း' တစ်ကွက်ကို ထပ်မံထုတ်ဖော်လိုက်ပြန်သည်။

ယဲ့ဖုန်းမှာ လေထဲတွင် ရောက်နေသဖြင့် အားပြုစရာ နေရာမရှိဖြစ်နေပြီး မိမိထံသို့ တိုးဝင်လာသော ဓားအလင်းတန်းကို လက်နှစ်ဖက်ဖြင့် ကြက်ခြေခတ်ပုံစံ ကာကွယ်ရန်မှတစ်ပါး အခြားရွေးချယ်စရာ မရှိတော့ချေ။

ဓားအလင်းတန်းက သူ့လက်များကို ထိမှန်သွားပြီး သူ့ကို အဟုန်ပြင်းစွာ ပစ်လွှင့် လိုက်သဖြင့် မြေပြင်ပေါ်သို့ ပြင်းထန်စွာ ပြုတ်ကျသွားလေ၏။

ယဲ့ဖုန်း၏ လက်မောင်းပေါ်တွင် ဓားရာတစ်ခု ပေါ်လာပြီး သွေးထွက်လာသော်လည်း အရေပြားအစစ်ကိုပင် ဖောက်ထွင်းနိုင်ခြင်း မရှိပေ။ အကယ်၍ သူသာ အနက်ရောင်ဝတ်စုံနှင့်လူကို အချိန်ဆွဲပြီး နည်းနည်းလောက် ထပ်တိုက်ခိုက်လိုက်လျှင် ထိုဒဏ်ရာက သူ့အလိုလိုပင် ပြန်ပျောက်သွားနိုင်လောက်သည်။

"ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ..."

အနက်ရောင်ဝတ်စုံနှင့်လူမှာ ကျောက်ရုပ်ကြီးပမာ ဖြစ်သွားရ၏။ ဓားချက်တစ်ချက်တည်းဖြင့် ယဲ့ဖုန်းကို နှစ်ပိုင်းပိုင်းပစ်နိုင်မည်ဟု သူ ထင်မှတ်ထားခဲ့သော်လည်း ယခုအခါတွင်မူ အပေါ်ယံဒဏ်ရာလေးလောက်သာ ရရှိစေခဲ့သည် မဟုတ်ပါလော။

"အခုပဲ..."

ယဲ့ဖုန်းက စနစ်တကျ အကွက်ချ ပြီး ဤအခိုက်အတန့်ကို စောင့်ဆိုင်းနေခဲ့ခြင်း ဖြစ်သည်။ သူသည် လက်ဖက်ရည်ပန်းကန်လုံး အရွယ်အစားရှိသော 'ဝိညာဉ်မူလ နာရီ' ကို အလျင်အမြန် ပစ်ပေါက်လိုက်လေ၏။

အနက်ရောင်ဝတ်စုံနှင့်လူမှာ အချိန်မီ မရှောင်တိမ်းနိုင်တော့ဘဲ ဝိညာဉ်ဓားရှည်ဖြင့်သာ ကာကွယ်လိုက်ရ၏။ သို့သော် ဝိညာဉ်မူလ နာရီ၏ အရှိန်ကြောင့် သူသည် လွင့်စဉ်သွားရပြီး အရိုးကျိုးသံများ ပေါ်ထွက်လာကာ သွေးများ ဝေါ့ခနဲ အန်ချ လိုက်ရလေ၏။

အနက်ရောင်ဝတ်စုံနှင့်လူမှာ မြေပြင်ပေါ်သို့ လိမ့်ဆင်းသွားပြီး ပဲ့သွားသော သူ၏ ဝိညာဉ်ဓားရှည်ကိုပင် ဂရုမစိုက်နိုင်တော့ဘဲ ဒရောသောပါး ပြေးလွှား ထွက်ပြေးသွားတော့သည်။

"ဘယ်ကို ပြေးမလို့လဲ..."

ယဲ့ဖုန်းသည် နောင်အရှုပ်အရှင်းများ မကျန်ရစ်စေရန်အတွက် ပြဿနာကို အမြစ်ဖြတ်ရန် ဆုံးဖြတ်လိုက်၏။ သူသည် ဝိညာဉ်မူလ နာရီကို ပြန်ကောက်ယူလိုက်ပြီး တောအုပ်အတွင်း မည်းမည်းသဏ္ဍာန် ရိပ်ခနဲ ပြေးထွက် သွားသည့် ရန်သူ့နောက်သို့ သည်းကြီးမည်းကြီး လိုက်ပါသွားတော့သည်။

All Chapters