အခန်း (၅၂-၅၄)
Vol. 4 Ch. 52-54
အခန်း (၅၂) - ဟေးရွှမ်ဂိတ်တိုက်ပွဲနှင့် ဝိညာဉ်လေးပါးဓားသိုင်းဝင်္ကပါ
~ညဉ့်နက်သန်းခေါင်ယံတွင် လမင်းကြီးပင် တိမ်တိုက်များနောက်သို့ ပုန်းခိုသွားတော့၏။
အနက်ရောင်ဝတ်စုံနှင့်လူသည် ကိုယ်ဖော့ပညာတစ်ခုကို အသုံးပြုကာ ခေါင်မိုးများပေါ်မှ ပြေးလွှားနေ၏။ သူသည် ခြေထောက်က ကြွပ်ကြွပ်အိတ်များပေါ် နင်းလျှောက်နေရသကဲ့သို့ ခေါင်မိုးများကို ထိလုမတတ် ပျံသန်းနေပြီး အမြန်နှုန်းမှာမူ 'လေဝိညာဉ်ခြေလှမ်းသိုင်း' နှင့်ပင် ယှဉ်နိုင်လောက်ပေသည်။
ယဲ့ဖုန်းမှာမူ မည်သည့်သိုင်းကွက်ကိုမျှ မတတ်မြောက်ထားသဖြင့် ခေါင်မိုးများပေါ်မှ ဒရောသောပါး ပြေးလွှား နေရရှာသည်။ သူ၏ ခြေသံများကြောင့် ခေါင်မိုးအုတ်ကြွပ်များ တစ်ချပ်ပြီးတစ်ချပ် ပြုတ်ကျကုန်၏။
ကံကောင်းသည်မှာ ပတ်ဝန်းကျင်ရှိ လူများအားလုံး အိပ်ပျော်နေကြခြင်း ဖြစ်သည်။ အုတ်ကြွပ်များ မြည်သံ ကြားရလျှင်တောင် ကြောင်လေးများ ဖြတ်သွားသည်ဟုသာ မှတ်ယူကြပေလိမ့်မည်။
'သေစမ်း... ဒီကောင်က ဘယ်သူလဲ... လူပုံစံပေါက်နေတဲ့ နတ်ဆိုးသားရဲ တစ်ကောင်လိုပဲ... ခွန်အားတွေကလည်း ကုန်ခမ်းသွားတယ်ကို မရှိဘူး... ကြောက်စရာကောင်းလိုက်တာ...'
အနက်ရောင်ဝတ်စုံနှင့် လူသည် နောက်သို့ လှည့်ကြည့်လိုက်သည်။ ယဲ့ဖုန်းက တဖြည်းဖြည်း နီးကပ်လာသည်ကို တွေ့လိုက်ရသဖြင့် ကြောက်စိတ်ကြောင့် မျက်နှာဖြူဖျော့ သွားရပြီး သူက အရှိန်ကို တစ်ဟုန်ထိုး တိုးတက် စေလိုက်၏။
"ထွက်ပြေးဖို့ မစဉ်းစားနဲ့..."
ယဲ့ဖုန်းက အော်လိုက်၏။
ခေါင်မိုးပေါ်ရှိ အုတ်ခဲ တစ်ချပ်ကို မြင်လိုက်ရသဖြင့် ယဲ့ဖုန်းက ခြေထောက်ဖြင့် အဟုန်ပြင်းစွာ ပစ်လွှင့် ကန်ထုတ်လိုက်ရာ အုတ်ခဲမှာ အပိုင်းပိုင်းအစစ ကွဲသွားပြီး အနက်ရောင်ဝတ်စုံနှင့်လူ၏ နောက်ကျောဘက်သို့ ကျည်ဆန်များပမာ ပျံသန်းသွားလေ၏။
သို့သော် အနက်ရောင်ဝတ်စုံနှင့်လူ၏ တုံ့ပြန်မှုမှာ အလွန်လျင်မြန်လှသည်။ သူသည် လေထဲတွင် ချာခနဲ လှည့်ထွက် လိုက်ပြီး လက်ဝါးတစ်ဖက်ကို တွန်းထုတ်လိုက်ရာ မီတာဝက်ခန့်ရှိသော အနက်ရောင် ရွှေရောင် ရောယှက်နေသည့် လက်ဝါးရိပ်ကြီး ပေါ်ထွက်လာပြီး အုတ်ခဲစများကို ကာကွယ်လိုက်လေ၏။ ထို့နောက် ထိုအရှိန်ကို အသုံးပြု၍ ဆယ်မီတာခန့် အဝေးသို့ ထပ်မံ ပျံသန်းသွားပြန်သည်။
"ဟ..."
မိမိနှင့် ဝေးကွာသွားသော အနက်ရောင်ဝတ်စုံနှင့်လူကို ကြည့်ရင်း ယဲ့ဖုန်း အံ့သြသွားမိသည်။ ပြိုင်ဘက်က ဤမျှ ပါးရည်နပ်ရည်ရှိ လိမ့်မည်ဟု သူ ထင်မထားခဲ့ပေ။ ထို့ကြောင့် သူသည် အရှိန်ကို မြှင့်တင်ပြီး သည်းကြီးမည်းကြီး ထပ်မံလိုက်ဖမ်းလေတော့သည်။
ထိုသို့ လိုက်တမ်းပြေးတမ်း ကစားနေသည်မှာ လက်ဖက်ရည်တစ်အိုး တည်ချိန်ခန့် ကြာမြင့်သွားတော့၏။
နောက်ဆုံးတွင် ယဲ့ဖုန်းသည် မြို့၏ တောင်ဘက်ပိုင်းရှိ တောအုပ်တစ်ခုသို့ ရောက်ရှိသွားသည်။ မြို့ထဲတွင်ပင် ရှိသေးသော်လည်း ဤနေရာတွင် အဆောက်အဦများ နည်းပါးလှပြီး မြို့လယ်ခေါင်နှင့် ယှဉ်လျှင် လူသူကင်းမဲ့လှသည်။
အနက်ရောင်ဝတ်စုံနှင့်လူသည် ကြီးမားသော တံခါးပေါက်ကြီးတစ်ခုထဲသို့ ရိပ်ခနဲ ပြေးထွက် ဝင်ရောက်သွားပြီး ရုတ်ချည်း ပျောက်ကွယ် သွားတော့သည်။ ယဲ့ဖုန်းလည်း ထိုလူ့နောက်သို့ ကပ်လိုက်ပါလာပြီး တံခါးပေါက်ရှေ့တွင် တုံ့ခနဲ ရပ် လိုက်၏။
"ဟေးရွှမ်ဂိတ်..."
(ဟေးရွှမ်ဂိုဏ်းပါ)
တံခါးပေါက်အထက်ရှိ ဆိုင်းဘုတ်ကို ကြည့်ရင်း ယဲ့ဖုန်း မျက်မှောင်ကြုတ်လိုက်မိသည်။
'ဒီလူက ဟေးရွှမ်ဂိတ်နဲ့ ပူးပေါင်းကြံစည်နေတာလား... ဒါကြောင့်မို့ ဒီထဲကို ဒီလို. ဝင်ပြေးသွားတာ ဖြစ်မယ်...'
မေးခွန်းပေါင်းများစွာ ခေါင်းထဲတွင် ဂျာအေးသူ့အမေ ရိုက်နေသော်လည်း ယဲ့ဖုန်းက တံခါးပေါက်ကို ကျော်ဖြတ်ပြီး ဝင်ရောက်လိုက်၏။ သို့သော် ရှေ့ဝင်းထဲတွင် မည်သူ့ကိုမျှ မတွေ့ရပေ။
"လူတွေ ဘယ်ရောက်ကုန်တာလဲ..."
ယဲ့ဖုန်းသည် သတိထားပြီး လှည့်ပတ်ကြည့်ရှုလိုက်၏။ ဟေးရွှမ်ဂိတ်သည် ဧရိယာကျယ်ဝန်းလှပြီး ရှေ့ဝင်း၊ အတွင်းဝင်းနှင့် နောက်ဝင်းဟူ၍ သုံးပိုင်းခွဲခြားထားကာ ဧက (၁၀) ကျော်မျှ ကျယ်ဝန်းလေ၏။
သို့သော် ရှေ့ဝင်းတွင်ရော၊ အတွင်းဝင်းတွင်ပါ မည်သူ့ကိုမျှ ရှာမတွေ့ပေ။
နောက်ဝင်းသို့ ရောက်မှသာ ယဲ့ဖုန်းသည် မြေပြင်ပေါ်တွင် ပြန့်ကျဲနေသော ဟေးရွှမ်ဂိတ်၏ တပည့် (၃၀) ကျော်၏ အလောင်းများကို တွေ့လိုက်ရ၏။ သူတို့အားလုံးမှာ အသက်မရှိတော့ဘဲ အေးစက်တောင့်တင်းနေကြပြီ ဖြစ်သည်။
"ဟဲဟဲဟဲ... ငါ့ကို လိုက်ဖမ်းချင်တယ်ပေါ့လေ... ဒါဆို သေလိုက်တော့..."
အက်ကွဲသော ရယ်သံ နှင့်အတူ အေးစက်စက် အသံတစ်သံသည် ပတ်ဝန်းကျင် အရပ်လေးမျက်နှာမှ ထွက်ပေါ်လာသဖြင့် မည်သည့်နေရာမှန်း ခန့်မှန်းရခက်နေ၏။
နောက်တစ်ခဏတွင် မြေပြင်ပေါ်တွင် လဲလျောင်းနေသော အလောင်းများသည် ရုတ်တရက် ထလာကြပြီး သူတို့၏ ခန္ဓာကိုယ်များမှာ နှစ်မီတာခန့် ကြီးမားသော ဝံပုလွေသဏ္ဍာန်များအဖြစ် ပြောင်းလဲသွားကာ ပြင်းထန်သော နတ်ဆိုးအရှိန်အဝါများ ထုတ်လွှတ်လာကြသည်။
သူတို့၏ မျက်လုံးများက အစိမ်းရောင် တောက်လောင်နေပြီး လက်များမှာ သံမဏိထက်ပင် မာကျောသော လက်သည်းများအဖြစ် ပြောင်းလဲသွားကာ ယဲ့ဖုန်းထံသို့ လေးညှို့မှ လွတ်ထွက်သွားသော မြားများပမာ ပြိုင်တူ လွှတ်ခနဲ အော်ဟစ် ခုန်အုပ်လာကြတော့သည်။
"သေရာမှ ပြန်ရှင်လာတာလား... ဒါမှမဟုတ် ရုပ်သေးရုပ်တွေလား..."
ယဲ့ဖုန်း မျက်မှောင်ကြီးစွာ ကြုတ်လိုက်မိသည်။ သူသည် ရှေ့ဆုံးမှ ပြေးဝင်လာသော ဝံပုလွေကောင်ကို လက်သီး တအားထိုးသွင်း လိုက်ရာ ထိုကောင်မှာ လွင့်စဉ်သွားပြီး နောက်ပါလာသော အခြားဝံပုလွေကောင်များနှင့် ဝင်ဆောင့်မိကုန်သည်။
ဝံပုလွေကောင်များ၏ ခံစစ်မှာ သိပ်မကောင်းလှပေ။ ယဲ့ဖုန်း၏ လက်သီးချက်ကို ခံနိုင်ရည်မရှိကြပါ။ လက်သီးချက် အနည်းငယ် အလဲအလှယ်လုပ်ပြီးနောက် သူတို့အားလုံး ခန္ဓာကိုယ် ပျော့ခွေလဲကျ ကုန်ပြီး တဖြည်းဖြည်းချင်း ပြာမှုန့်များအဖြစ် ပြောင်းလဲသွားကြတော့သည်။
"မင်းက ဘယ်သူလဲဆိုတာ ငါ မသိပေမယ့်... ဒီနေ့တော့ မင်း သေကို သေရမယ်..."
အက်ကွဲသော ရယ်သံ သည် ထပ်မံထွက်ပေါ်လာပြန်သည်။ တည်နေရာကိုမူ ခန့်မှန်း၍ မရသေးပေ။
ယဲ့ဖုန်းသည် ထွက်ပြေးရန် ပြင်လိုက်စဉ်မှာပင် တောက်ပသော အလံလေးခုသည် အဝေးမှ ပျံသန်းလာပြီး နောက်ဝင်း၏ ထောင့်လေးထောင့်တွင် စိုက်ဝင်သွားသည်ကို တွေ့လိုက်ရ၏။
“ဝီ…”
မြေပြင်နှင့် လေထုထဲတွင် ရှုပ်ထွေးဆန်းကြယ်သော ရှေးဟောင်းစာလုံးများနှင့် မျဉ်းကြောင်းများ ပေါ်ထွက်လာပြီး အကာအကွယ်အတားအဆီးတစ်ခုအဖြစ် ယှက်နွှယ်သွားလေ၏။
ယဲ့ဖုန်းသည် ခုန်ပျံတိုက်ခိုက် သည့်ဟန်ဖြင့် အတားအဆီးကို လက်သီးဖြင့် ထိုးလိုက်သော်လည်း ကျယ်လောင်သော အသံသာ ထွက်ပေါ်လာပြီး အတားအဆီးမှာ ပြင်းထန်စွာ လှုပ်ခါသွားသော်လည်း ကွဲအက်မသွားပေ။
"ဒါက 'ဝိညာဉ်လေးပါးဓားသိုင်းဝင်္ကပါ' ပဲ... ဓာတ်ကြီးငါးပါး စုစည်းခြင်းအဆင့်အောက် မည်သူ့ကိုမဆို သတ်ဖြတ်နိုင်တဲ့ အသေးစားဝင်္ကပါတစ်ခုပေါ့... မင်း သေမင်းလက်ကနေ လွတ်အောင် ရှောင်နိုင်မလား ကြည့်ကြသေးတာပေါ့..."
ထိုအသံအက်က နောက်တစ်ကြိမ် မထီမဲ့မြင် လှောင်ပြောင်လိုက်ပြန်သည်။
“ချလွင်…”
ညကောင်းကင်ယံအောက်တွင် ရုတ်တရက် ဓားချင်းထိခတ်သံများ ထွက်ပေါ်လာပြီး ယဲ့ဖုန်း မော့ကြည့်လိုက်ရာ အသွားပဲ့နေသော ဝိညာဉ်လက်နက် ဓားရှည်တစ်ချောင်းသည် ကောင်းကင်မှ ဆင်းသက်လာ၏။ မျက်စိကျိန်းမတတ် တောက်ပသော ဓားအလင်းတန်းဖြင့် ခုတ်ပိုင်းချလိုက်သည်ကို တွေ့လိုက်ရ၏။
ယဲ့ဖုန်းသည် ရင်ကော့ ခေါင်းမော့ လိုက်ပြီး လက်နှစ်ဖက်ကို စုစည်းကာ ဓားရှည်ကို ညှပ်ဖမ်းလိုက်လေ၏။ ဓားရှည်မှာ မည်မျှပင် ရုန်းကန်နေပါစေ လွတ်မြောက်နိုင်ခြင်း မရှိတော့ပေ။
သို့သော် "ထန်" ဟူသော အသံနှင့်အတူ ထက်ရှသော ဓားမြှောင်တစ်ချောင်းသည် ယဲ့ဖုန်း၏ နောက်စေ့သို့ တိုးဝင်လာသည်။ ၎င်း၏ အမြန်နှုန်းမှာ သာမန် ချီစုစည်းခြင်း (၉) ဆင့်မြောက် ကျင့်ကြံသူတစ်ယောက်၏ တုံ့ပြန်နိုင်စွမ်းထက် ကျော်လွန်နေပေသည်။
ကံကောင်းသည်မှာ ယဲ့ဖုန်း၏ အန္တရာယ်အာရုံခံနိုင်စွမ်းမှာ အလွန်မြင့်မားလှသည်။ သူ၏ ညာလက်က ဝိညာဉ်လက်နက် ဓားရှည်ကို ဖမ်းဆုပ်ထားရင်း ဘယ်လက်က ချာခနဲ လှည့်ထွက် ကာ "နောက်ပြန်ဆွဲ" သည့် ဟန်ဖြင့် ဝင်ရောက်လာသော ဝိညာဉ်ဓားမြှောင်ကို ဖမ်းဆုပ်လိုက်လေ၏။
"ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ..."
အမှောင်ထဲမှနေ၍ 'ဝိညာဉ်လေးပါးဓားသိုင်းဝင်္ကပါ' ကို ထိန်းချုပ်နေသော အနက်ရောင်ဝတ်စုံနှင့်လူမှာ ကျောက်ရုပ်ကြီးပမာ ဖြစ်သွားရရှာသည်။
ယဲ့ဖုန်း အစွမ်းထက်ကြောင်း သူ သိသော်လည်း ဤဝင်္ကပါကို ခံနိုင်ရည်ရှိမည် မဟုတ်ဟု သူ ယုံကြည်ထားခဲ့သည်။ သို့သော် ဤလူထူးလူဆန်းက ဓားများကို လက်ဖဝါး သက်သက်ဖြင့် ဖမ်းဆုပ်နိုင်လိမ့်မည်ဟု ဘယ်သူက ထင်ထားမည်နည်း။ ကြောက်စရာ ကောင်းလိုက်လေခြင်း...
"မင်း ဘယ်မှာပုန်းနေလဲ ငါ မသိပေမယ့်... 'အင်အားတစ်ခုက နည်းလမ်းပေါင်းစုံကို နှိမ်နင်းနိုင်တယ်' ဆိုတာတော့ ငါ သိတယ်..."
ဒေါသထွက်နေသော ယဲ့ဖုန်းသည် နှစ်မီတာခန့် ကြီးမားသော 'ဝိညာဉ်မူလ နာရီ' ကို ဆင့်ခေါ်လိုက်၏။ ၎င်းကို ပေါင်ကြားတွင် ညှပ်ကာ အားကုန်သုံး၍ လွှဲပစ်လိုက်ရာ ဝင်္ကပါ၏ အကာအကွယ်အတားအဆီးကို
အုန်းခနဲ မြည်သံနှင့်အတူ ဝင်ဆောင့်မိသွားလေ၏။
“ဝရော..”
ဝင်္ကပါ၏ အကာအကွယ်အတားအဆီး ကွဲအက်သွားပြီး ဝင်း၏ ထောင့်လေးထောင့်တွင် စိုက်ထားသော အလံတိုင်များ ကျိုးပဲ့သွားကာ ဝိညာဉ်လက်နက် ဓားရှည်နှင့် ဓားမြှောင်တို့မှာလည်း ထိန်းချုပ်မှု ကင်းမဲ့သွားပြီး မြေပြင်ပေါ်သို့ ပြုတ်ကျသွားကြသည်။
ထိုအချိန်တွင် လေထဲတွင် ရှိနေသော ယဲ့ဖုန်းသည် ဝင်းအပြင်ဘက်တွင် ပုန်းခိုနေသော အနက်ရောင်ဝတ်စုံနှင့်လူကို လှမ်းမြင်လိုက်ရ၏။
"မိပြီ..."
ယဲ့ဖုန်းသည် လက်ထဲရှိ ဓားရှည်နှင့် ဓားမြှောင်ကို အဟုန်ပြင်းစွာ ပစ်လွှင့် လိုက်ရာ အနက်ရောင်ဝတ်စုံနှင့်လူ၏ ခြေထောက်များကို ဖြတ်တောက်သွားလေ၏။
"အား..."
အနက်ရောင်ဝတ်စုံနှင့်လူမှာ နာကျင်စွာ အော်ဟစ်လိုက်ပြီး ရင်ဘတ်ထဲမှ တောက်ပသော သားရဲသားရေဖြင့် ပြုလုပ်ထားသည့် အဆောင်လက်ဖွဲ့တစ်ခုကို ထုတ်ယူကာ မြေကြီးပေါ်သို့ ရိုက်ချလိုက်၏။ ထို့နောက် သူ၏ ခန္ဓာကိုယ်တစ်ခုလုံးသည် မြေကြီးထဲသို့ တိုးဝင်သွားပြီး မျက်တောင်တစ်ခတ်အတွင်း ရုတ်ချည်း ပျောက်ကွယ် သွားတော့သည်။
"တောက်... သေစမ်း..."
ယဲ့ဖုန်း ထိုနေရာသို့ ရောက်ရှိသွားချိန်တွင် မြေကြီးကို ဆောင့်နင်းလိုက်သဖြင့် ကြီးမားသော တွင်းချိုင့်ကြီး တစ်ခု ဖြစ်ပေါ်လာသည်။
ကံဆိုးစွာပင် အနက်ရောင်ဝတ်စုံနှင့်လူမှာ လွတ်မြောက်သွားတော့၏။
"ကြည့်စမ်း... ဟေးရွှမ်ဂိတ်မှာ တိုက်ပွဲကြီးတစ်ခု ဖြစ်ခဲ့ပုံပဲ... သွားကြည့်ရအောင်..."
"သွားကြည့်မယ်ဟုတ်လား... မင်း သေချင်နေပြီလား..."
တိုက်ပွဲ၏ ဆူညံသံများက ပတ်ဝန်းကျင်မှ လူများ၏ အာရုံကို ဆွဲဆောင်လိုက်နိုင်ပြီး သတင်းကြားသည်နှင့် ချပ်ဝတ်နက် အစောင့်တပ်ဖွဲ့တစ်ဖွဲ့ ရောက်ရှိလာလေ၏။ သို့သော် ဦးဆောင်လာသူမှာ ဒုတိယတပ်မှူး ကျိုးကျားချိုင် မဟုတ်ပေ။
"ဒီနေရာက ကြာကြာနေလို့ မဖြစ်ဘူး..."
ယဲ့ဖုန်းသည် မြေပြင်ပေါ်မှ ဓားတိုနှင့် အသွားပဲ့နေသော ဓားရှည်၊ ထို့နောက် ဟေးရွှမ်ဂိတ် နောက်ဝင်းရှိ အလံလေးခုကို ကပျာကယာ ကောက်ယူပြီး ထွက်ခွာရန် ပြင်လိုက်၏။
ထိုအချိန်တွင် ပြာကျသွားသော ဟေးရွှမ်ဂိတ် တပည့်တစ်ယောက်၏ ပြာပုံအောက်မှ ထူးဆန်းသော ပုံစံများပါရှိသည့် လေးထောင့်သဏ္ဍာန် သတ္တုပြားတစ်ခုကို ယဲ့ဖုန်း တွေ့လိုက်ရ၏။ သူသည် စိတ်ကူးပေါက်ရာ ကောက်ယူလိုက်ပြီး တံတိုင်းကို ကျော်ကာ ည၏ အမှောင်ထုထဲသို့ တိုးဝင် ပျောက်ကွယ် သွားတော့သည်။
မကြာမီ...
ချပ်ဝတ်နက် အစောင့်တပ်ဖွဲ့တစ်ဖွဲ့ ဟေးရွှမ်ဂိတ်သို့ ရောက်ရှိလာသည်။
ခေါင်းဆောင်မှာ ပါးသိုင်းမွှေးများနှင့် ချီစုစည်းခြင်း (၉) ဆင့်မြောက် ဒုတိယတပ်မှူးတစ်ဦး ဖြစ်သည်။ သူ၏ မျက်လုံးများက ဓားသွားများကဲ့သို့ စူးရှနေပြီး ဟေးရွှမ်ဂိတ်ကို ဝိုင်းရံကာ အရာအားလုံးကို စစ်ဆေးရန် ညွှန်ကြားလိုက်လေ၏။
"ဘယ်ကောင်က ငါတို့ ဟေးရွှမ်ဂိတ်မှာ ပြဿနာ လာရှာရဲတာလဲ... ဟေ... ဂိုဏ်းချုပ်နဲ့ ငါ့ညီအစ်ကိုတွေရော ဘယ်ရောက်ကုန်တာလဲ..."
လက်ဖက်ရည်တစ်အိုး တည်ချိန်ခန့်အကြာတွင် ဟေးရွှမ်ဂိတ်၏ ရှေ့မှ လူငယ်တစ်ယောက်၏ အသံ ထွက်ပေါ်လာသည်။
ထိုသူမှာ ကိုးလန် (အပျော်အိမ်) တွင် သေရည်သောက်ပြီး ယခုမှ ပြန်ရောက်လာသော လီဟန်ရှောင် ဖြစ်ပေသည်။ သူသည် ဟေးရွှမ်ဂိတ်၏ ဖရိုဖရဲ အခြေအနေကို ကြည့်ရင်း ပါးစပ်အဟောင်းသား ဖြစ်နေပြီး နေရာမှား ရောက်နေသလားဟုပင် တွေးမိလိုက်၏။
"မင်းက ဟေးရွှမ်ဂိတ်က တပည့် လီဟန်ရှောင်လား..."
ပါးသိုင်းမွှေးနှင့် ဒုတိယတပ်မှူးက အနားသို့ ရောက်လာပြီး မေးလိုက်၏။
တစ်ဖက်လူ၏ လေးနက်သော မျက်နှာထားကို မြင်လိုက်ရသဖြင့် လီဟန်ရှောင် စိတ်မကောင်းဖြစ်သွားပြီး မေးလိုက်၏။
"ဒုတိယတပ်မှူးကျန်း... ကျွန်တော်တို့ ဟေးရွှမ်ဂိတ် ဘာဖြစ်သွားတာလဲ..."
ဒုတိယတပ်မှူးကျန်းက လီဟန်ရှောင်၏ ပခုံးကို ပုတ်လိုက်ပြီး ပြောလိုက်၏။
"စစ်ဆေးချက်တွေအရ ဟေးရွှမ်ဂိတ်ကို နတ်ဆိုးသားရဲတစ်ကောင်က ထိန်းချုပ်ထားခဲ့ပုံပဲ... ပျောက်ဆုံးနေတဲ့ ဂိုဏ်းချုပ်က လွဲရင် ကျန်တဲ့ တပည့်တွေအားလုံးက 'နတ်ဆိုးဝံပုလွေ' တွေအဖြစ် ပြောင်းလဲခံလိုက်ရပြီး လျှို့ဝှက်ဆန်းကြယ်တဲ့ အစွမ်းထက်ပုဂ္ဂိုလ် တစ်ယောက်ရဲ့ လက်ချက်နဲ့ အသတ်ခံလိုက်ရပြီ..."
"ဗျာ... ခင်ဗျား ဘာပြောလိုက်တာလဲ..."
လီဟန်ရှောင် တစ်ယောက် ငိုင်ကျ သွားပြီး အသံပင် မထွက်နိုင်တော့ချေ။
အခန်း (၅၃) - လျှို့ဝှက်ချက်များဖြင့် ဖုံးလွှမ်းခြင်း၊ ဆေးလုံးများ ဝေငှခြင်း
~"ဒုတိယတပ်မှူးကျန်း... ခင်ဗျား ဆိုလိုတာက ပျောက်ဆုံးနေတဲ့ ဂိုဏ်းချုပ်ကလွဲရင် ဟေးရွှမ်ဂိတ်က အဖွဲ့ဝင် ဒါဇင်ပေါင်းများစွာ အသတ်ခံလိုက်ရပြီး ကျုပ်တစ်ယောက်တည်း အသက်ရှင်ကျန်ရစ်ခဲ့တယ် ဆိုတာလား..."
လီဟန်ရှောင်သည် သူ့ရှေ့မှောက်တွင် ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်များကို ပြန်လည်စဉ်းစားသုံးသပ်ရန် အချိန်အတန်ကြာ ယူလိုက်ရပြီးနောက် ဤမေးခွန်းကို တုန်လှုပ်ချောက်ချားစွာ မေးလိုက်လေ၏။
"မှန်တယ်... ဒါ့အပြင် မင်းတို့ ဟေးရွှမ်ဂိတ် ဂိုဏ်းချုပ်က နတ်ဆိုးမျိုးနွယ်စုနဲ့ ပူးပေါင်းကြံစည်ပြီး ကျန်တဲ့တပည့်တွေကို သေစေခဲ့တယ်လို့ သံသယဝင်စရာ အကြောင်းရင်းတွေ ရှိနေတယ်... လူငယ်လေး... ဝမ်းနည်းပူဆွေးမှုကို ခံနိုင်ရည်ရှိအောင် ကြိုးစားပြီး ရှေ့ဆက်ပါ..."
ဒုတိယတပ်မှူးကျန်းက လီဟန်ရှောင်၏ ပခုံးကို ထပ်မံပုတ်လိုက်ပြန်သည်။ ထို့နောက် ဟေးရွှမ်ဂိတ်ကို စောင့်ကြည့်ရန် ချပ်ဝတ်နက် အစောင့်တပ်ဖွဲ့ဝင် လေးဦး ချန်ထားခဲ့ပြီး ကျန်သူများကို ဦးဆောင်ကာ မြို့စားမင်းအိမ်တော်သို့ ညတွင်းချင်း သတင်းပို့ရန် ထွက်ခွာသွားလေ၏။
အလယ်အလတ်အဆင့် ဂိုဏ်းတစ်ဂိုဏ်း ပျက်စီးသွားခြင်းသည် မြို့၏ တောင်ဘက်ပိုင်း ဒုတိယတပ်မှူး ဖြစ်သော သူ့အတွက် ပေါ့ပေါ့တန်တန် သဘောထား၍ မရသော ကိစ္စတစ်ခု ဖြစ်ပေသည်။
ယဲ့ဖုန်းသည် ဒရောသောပါး ပြေးလွှား လာရာ သန်းခေါင်ယံအချိန်တွင် မြို့စားမင်းအိမ်တော်သို့ ပြန်လည်ရောက်ရှိလေ၏။
ရှင်းကွမ်ရွှမ်သည် ပျံသန်းခြင်းလှေပေါ်တွင် တရားထိုင်နေစဉ် ဆူညံသံကြားလိုက်ရသဖြင့် မျက်လုံးဖွင့်ကြည့်လိုက်ရာ အဝတ်အစားများ ဖရိုဖရဲ ဖြစ်နေသော ယဲ့ဖုန်းကို တွေ့လိုက်ရသဖြင့် ခပ်ပြုံးပြုံး ဖြင့် တီးတိုးမေးလိုက်၏။
"ဂိုဏ်းချုပ်ယဲ့... ဘာလို့ ဒီလောက် နောက်ကျမှ ပြန်ရောက်တာလဲ... ကိုးလန် မှာ ပျော်ပါးနေခဲ့တာတော့ မဟုတ်ပါဘူးနော်..."
"ဖတ်... ဖတ်... ဖတ်..."
ယဲ့ဖုန်းက လက်ကာပြလိုက်ပြီး မျက်နှာ ကွက်ခနဲ ပျက် သွားကာ ပြန်ပြောလိုက်၏။
"ကျွန်တော်က အဲဒီလို လူမျိုးနဲ့ တူလို့လား..."
"အင်း... အဲဒါကတော့ ပြောရခက်သား..."
ရှင်းကွမ်ရွှမ်က ခေါင်းကို ခါယမ်းလိုက်၏။
ထိုစကားကို ကြားလိုက်ရသဖြင့် ယဲ့ဖုန်း နှုတ်ခမ်းမဲ့လိုက်မိသည်။
'ဒီ ရှင်းကွမ်ရွှမ်က အပြင်ပန်းကြည့်ရင် ခန့်ညားတည်ကြည်သလောက် တော်တော်ပေါက်ကရနိုင်တဲ့ လူစားပဲ... ဒါပေမဲ့ ဒီလိုလူမျိုးမို့လို့လည်း ငါနဲ့ သူငယ်ချင်း ဖြစ်နိုင်တာ နေမှာပါ...'
မျက်နှာနှစ်ဖက်ရှိသော လူများကို ယဲ့ဖုန်း အမုန်းဆုံး ဖြစ်သည်။
ရှင်းကွမ်ရွှမ်ကဲ့သို့ ပွင့်ပွင့်လင်းလင်း စနောက်တတ်သူမျိုးကမှ ပေါင်းသင်းရ အဆင်ပြေသေးသည်။
"ဂိုဏ်းချုပ်ယဲ့... ကျွန်တော် ခင်ဗျားကို လိုက်ပို့ပေးပါရစေ..."
ရှင်းကွမ်ရွှမ်သည် ရုတ်တရက် တည်ကြည်သွားပြီး လက်ဟန်အမူအရာများ ပြုလုပ်လိုက်ရာ ပျံသန်းခြင်းလှေသည် လေထဲသို့ မြင့်တက်သွားလေ၏။
ယဲ့ဖုန်းသည် တုံ့ဆိုင်းမနေဘဲ လှေပေါ်သို့ ခုန်တက်လိုက်၏။
ဒီည တိုက်ပွဲပြီးနောက် ယဲ့ဖုန်းသည် မြူခိုးဂိုဏ်းမှ တပည့်များ၏ လုံခြုံရေးအတွက် ပို၍ပင် စိုးရိမ်ပူပန်လာရ၏။
မကြာမီ ယဲ့ဖုန်းသည် မြူခိုးတောင်ထိပ်သို့ ပြန်လည်ရောက်ရှိသွားပြီး မိုယင်တစ်ယောက်တည်း ခေါင်မိုးပေါ်တွင် ရပ်၍ ကင်းစောင့်နေသည်ကို တွေ့လိုက်ရ၏။
ယဲ့ဖုန်း ပြန်ရောက်လာသည်ကို မြင်လိုက်ရမှ မိုယင်သည် ခေါင်မိုးပေါ်မှ ခုန်ဆင်းလာပြီး သူမ၏ အခန်းနံပါတ် (၄) သို့ ပြန်လည်အနားယူရန် ဝင်ရောက်သွားလေ၏။
"ကျွတ်... ကျွတ်... ခင်ဗျားဂိုဏ်းက တပည့်တွေက ဂိုဏ်းချုပ်ယဲ့ကို တော်တော်လေး ဂရုစိုက်ကြတာပဲ... ညဉ့်နက်တဲ့အထိတောင် ထိုင်စောင့်နေရှာတယ်..."
ရှင်းကွမ်ရွှမ်က ယဲ့ဖုန်းကို မဲ့ပြုံး ပြုံး ပြီး စနောက်လိုက်ပြန်သည်။
"သွားစမ်းပါကွာ..."
ယဲ့ဖုန်းက ရှင်းကွမ်ရွှမ်ကို မောင်းထုတ်လိုက်ပြီး ရေချိုးဆောင်သို့ ဝင်ကာ ဖုန်မှုန့်များကို ဆေးကြောသန့်စင်လိုက်၏။ ထို့နောက် အခန်းသို့ ပြန်လာပြီး သူ၏ စစ်နိုင်ပစ္စည်းများကို ကြမ်းပြင်ပေါ်တွင် ချလိုက်လေ၏။
ဓားရှည်တစ်ချောင်း၊ ဓားတိုတစ်ချောင်းနှင့် တိုင်ကျိုးနေသော အလံတိုင်အချို့... အားလုံးမှာ အဆင့်နိမ့် ဝိညာဉ်လက်နက်များ ဖြစ်ကြသည်။
'ဒီည အန္တရာယ်နည်းနည်း ရှိခဲ့ပေမယ့် အကျိုးအမြတ်ကတော့ မနည်းဘူးပဲ... ဖန်ဟွာမြစ်ဘေးမှာ ဓားပြ ၅ ယောက်ကို သတ်တုန်းက ရထားတဲ့ ဝိညာဉ်လက်နက် ၅ ခုနဲ့ ပေါင်းလိုက်ရင် အနည်းဆုံး ဝိညာဉ်ကျောက်တုံး တစ်ထောင်လောက်တော့ ရနိုင်တယ်...'
ထိုအကြောင်းကို တွေးမိသည်နှင့် ယဲ့ဖုန်းတစ်ယောက် စိတ်လှုပ်ရှားလွန်းသဖြင့် တစ်ညလုံး အိပ်မပျော်နိုင် ဖြစ်သွားတော့သည်။
ရေပေါ်ဖြူမြို့တော်၊ မြေအောက် လျှို့ဝှက်ခန်းတစ်ခုတွင်...
ခြေထောက်နှစ်ဖက် ပြတ်တောက်နေသော အနက်ရောင်ဝတ်စုံနှင့်လူသည် မြေကြီးပေါ်တွင် လဲလျောင်းနေပြီး ဒဏ်ရာကို ဖိနှိပ်ကာ နာကျင်စွာ အော်ဟစ်ညည်းညူနေလေ၏။
အနက်ရောင်ဝတ်စုံနှင့်လူ၏ ဘေးတွင် သက်ကြီးရွယ်အိုတစ်ဦး ရပ်နေ၏။ အဘိုးအိုက သူ၏ ပါးလျသော မျက်ခုံးဖြူများကို တွန့်ချိုးကာ ကောက်ကျစ်စဉ်းစားသော အပြုံး ဖြင့် ရေရွတ်လိုက်၏။
"ဝိညာဉ်လေးပါး ဓားသိုင်းဝင်္ကပါနဲ့ ဖမ်းချုပ်လို့ မရနိုင်တဲ့အပြင် ခန္ဓာကိုယ် ကြံ့ခိုင်မှုကလည်း အလွန်သန်မာတယ်ဆိုတော့... ဝံပုလွေ ဗိုလ်ချုပ်လေး ပြောတဲ့လူနဲ့ တော်တော်လေး ဆင်တူနေတာပဲ..."
ထိုအခါ၊ အနက်ရောင်ဝတ်စုံနှင့်လူသည် အကိုက်အခဲပျောက်ဆေး တစ်လုံးကို မျိုချလိုက်ပြီး ပြောလိုက်သည်။
"သူ့ရဲ့ ခန္ဓာကိုယ်ကြံ့ခိုင်မှုက တကယ့်ကို ကြောက်စရာကောင်းပါတယ်... ဒါပေမဲ့ သူက ဝံပုလွေ ဗိုလ်ချုပ်လေး ပြောတဲ့လူ ဟုတ်၊ မဟုတ် ဆိုတာကိုတော့ ကျွန်တော် မသေချာဘူး..."
"အဲဒီလူက ဘယ်သူလဲဆိုတာ ခဏထားလိုက်ပါဦး... ဒီည အဲဒီ နတ်ဆိုးလေး (၅) ကောင်ရဲ့ ဝိညာဉ်သွေး မရလိုက်တဲ့အတွက် သွေးယဇ်ပူဇော်ပွဲ ကျရှုံးသွားပြီ... နတ်ဆိုးဗိုလ်ချုပ်ကြီး လိုချင်တဲ့ 'သွေးဝိညာဉ်ဆေးလုံး' ကို ဖော်စပ်လို့ မရနိုင်တော့ဘူး... မင်းအနေနဲ့ ဝံပုလွေ ဗိုလ်ချုပ်လေးကို ဘယ်လိုရှင်းပြရမလဲဆိုတာ စဉ်းစားထားရင် ကောင်းလိမ့်မယ်..."
ပြောပြီးသည်နှင့် မျက်ခုံးဖြူအဘိုးအို ထွက်ခွာသွားလေ၏။
အနက်ရောင်ဝတ်စုံနှင့်လူသည် မျက်ခုံးဖြူအဘိုးအို ထွက်ခွာသွားရာ အရပ်ကို စိမ်းစိမ်းကြည့် လိုက်ပြီး ဒေါသတကြီး အော်ဟစ်လိုက်လေ၏။
"အောင်မြင်ခါနီးမှ ဘယ်ကနေ ရောက်လာမှန်းမသိတဲ့ ရမ်းကား တဲ့ သူတောင်းစား တစ်ကောင်ကြောင့် ပျက်စီးသွားရတာဗျ..."
—-------
မြို့စားမင်းအိမ်တော်၌...၊
ဒုတိယတပ်မှူးကျန်းသည် ဒူးတစ်ဖက် ထောက်လျက် အခန်းထဲရှိ ဒုတိယမြို့စားမင်းကို အလေးအနက် သတင်းပို့နေလေ၏။
"ဟေးရွှမ်ဂိတ် ဂိုဏ်းချုပ်က ဝင်္ကပါ
တစ်ခု တည်ဆောက်ခဲ့ပြီး လီဟန်ရှောင်ကလွဲရင် ကျန်တဲ့ တပည့်တွေ အားလုံး သွေးယဇ်ပူဇော် ခံလိုက်ရပါတယ်... ဒါပေမဲ့ အဲဒီဝင်္ကပါကို လျှို့ဝှက်ဆန်းကြယ်တဲ့ လူတစ်ယောက်က ဖျက်ဆီးလိုက်ပုံ ရပါတယ်..."
"ဒါ့အပြင် ဟေးရွှမ်ဂိတ် ဂိုဏ်းချုပ်ရဲ့ ခြေထောက်တွေလည်း ပြတ်တောက်သွားပြီး မသန်စွမ်း ဖြစ်သွားဖို့ များပါတယ်... ဒါပေမဲ့ နောက်ကွယ်မှာ ကြိုးကိုင်နေတဲ့သူ တစ်ယောက် မြို့ထဲမှာ ပုန်းအောင်းနေသေးတယ်လို့ ကျွန်တော် ယုံကြည်ပါတယ်..."
ပြောပြီးသည်နှင့် ဒုတိယတပ်မှူးကျန်း ခေါင်းငုံ့ကာ ငြိမ်သက်သွားလေ၏။
မကြာမီ အခန်းထဲမှ ဒုတိယ မြို့စားမင်း၏ ထက်ရှသော အသံ ထွက်ပေါ်လာသည်။
"ဒီကိစ္စကို သေချာ စုံစမ်းစစ်ဆေးပါ... သတင်းထူးရင် ချက်ချင်း လာပို့..."
"ဟုတ်ကဲ့ပါ..."
ဒုတိယတပ်မှူးကျန်း ခဏမျှ တုံ့ဆိုင်းနေပြီးမှ မေးလိုက်၏။
"ဒုတိယမြို့စားမင်း... ဟေးရွှမ်ဂိတ်မှာ ဆက်ခံသူ တစ်ယောက်ပဲ ကျန်တော့တယ်... ကျွန်တော်တို့ ဘာလုပ်သင့်ပါသလဲ..."
"ငါ မြို့စားမင်းအနေနဲ့ တစ်ယောက်ယောက်ကို စီစဉ်ပြီး ကိုင်တွယ်ခိုင်းလိုက်မယ်... မင်း ပြန်လို့ ရပါပြီ..."
“လက်အောက်ငယ်သား နားလည်ပါပြီ... ခွင့်ပြုပါဦး...အရှင်”
—--
မြူခိုးတောင်ထိပ်တွင်...
အသွင်ပြောင်း သားရဲ သည် ခြကောင်ကြီးတစ်ကောင်အဖြစ် ဟန်ဆောင်ကာ မြူခိုးဂိုဏ်းတစ်ခုလုံးကို စောင့်ကြည့်နေလေ၏။
နောက်တစ်နေ့ နံနက်ခင်းတွင်...
အာရုဏ်မတက်မီကပင် ယဲ့ဖုန်း နိုးထနေပြီ ဖြစ်ပြီး နောက်ဖေးဝင်းထဲတွင် ရပ်ကာ ကျယ်လောင်စွာ အော်ဟစ်လိုက်လေသည်။
"ဂိုဏ်းချုပ်ခန်းမဆောင်မှာ လူစုကြဟေ့..."
မကြာမီ တပည့် (၁၀) ဦးစလုံးသည် အိပ်မှုန်စမှုန် မျက်လုံးများဖြင့် ဂိုဏ်းချုပ်ခန်းမဆောင်ထဲသို့ ဝင်ရောက်လာပြီး နေရာယူလိုက်ကြသည်။
"ကလောက်... ကလောက်..."
ယဲ့ဖုန်းသည် ကျောက်စိမ်းပုလင်းနှစ်လုံးကို စားပွဲပေါ်သို့ တင်လိုက်ခြင်းပါ။
"ဒီမှာ ချီကျင့်ကြံဆေးလုံး (၁၅) လုံး ရှိတယ်... အဆင့်နိမ့် (၁၀) လုံးနဲ့ အလယ်အဆင့် (၅) လုံး ပါတယ်... မင်းတို့ရဲ့ ကျင့်ကြံခြင်းအဆင့်ကို မြှင့်တင်ဖို့အတွက်ပဲ... တစ်ယောက်ကို အဆင့်နိမ့်ဆေးလုံး တစ်လုံးစီ ရမယ်ကွ... အလယ်အဆင့်ဆေးလုံးတွေကိုတော့ ကျင့်ကြံခြင်းအဆင့် အမြင့်ဆုံး တပည့် (၅) ယောက်ကို ယာယီ ပေးထားမယ်..."
"ပြီးတော့ ငါ့ဆီမှာ အဆင့်နိမ့် ကာကွယ်ရေး ဝိညာဉ်လက်နက် 'မှော်လိပ်ခွံဒိုင်း' တစ်ခု ရှိသေးတယ်... ဘယ်သူ လိုချင်လဲ..."
ယဲ့ဖုန်းက ဝူရွှမ်ဆောင် မှ ဝယ်ယူလာသော မှော်လိပ်ခွံဒိုင်းကို စားပွဲပေါ်သို့ တင်လိုက်ရင်း မေးလိုက်၏။
တပည့်များသည် ကုလားထိုင်များပေါ်တွင် ထိုင်လျက် ယဲ့ဖုန်း၏ စကားကို နားထောင်နေကြသည်။ မိုယင်မှလွဲ၍ ကျန်သူအားလုံး အံ့သြတကြီး မော့ကြည့်လိုက်ကြပြီး မျက်လုံးများထဲတွင် အံ့သြမှင်သက်မှုများဖြင့် ပြည့်နှက်နေလေ၏။
ဆေးလုံးတွေ အများကြီးအပြင် အဆင့်နိမ့် ဝိညာဉ်လက်နက်တစ်ခုပါ ပါလာသည်ဆိုတော့... ဒါ ဂိုဏ်းချုပ်အဘိုးကြီး ချန်ထားခဲ့တဲ့ နောက်ထပ် အမွေအနှစ်တစ်ခုများလား...
တပည့်များ၏ ထူးဆန်းသော မျက်နှာပေးများကို မြင်လိုက်ရသဖြင့် ယဲ့ဖုန်းက ပြောလိုက်၏။
"လျှောက်တွေးမနေကြနဲ့... အဆင့်နိမ့် ချီကျင့်ကြံဆေးလုံးတွေနဲ့ လိပ်ခွံဒိုင်းကို ငါနဲ့ မိုယင် မနေ့က မီးရှူးတိုင်မြို့ကနေ ဝယ်လာတာ... အလယ်အဆင့်ဆေးလုံးတွေကတော့ ဒုတိယမြို့စားမင်းက လက်ဆောင်ပေးလိုက်တာကွ..."
ထိုစကားကို ကြားလိုက်ရသည်နှင့် တပည့်များ၏ မျက်လုံးများ အရောင်တောက်လာကြသည်။
"ဒါဆိုရင် ငါတို့ မြူခိုးဂိုဏ်းမှာ ပိုက်ဆံရှိသွားပြီပေါ့..."
ရှီလေ့က ပျော်ရွှင်သော မျက်နှာထားဖြင့် ပြောလိုက်၏။
"ချီကျင့်ကြံဆေးလုံးတွေသာ ရှိရင် ဒီနေ့ပဲ ငါ ချီစုစည်းခြင်း (၅) ဆင့်မြောက်ကို ရောက်နိုင်ပြီ..."
လီကျောက်ကျောက်က ဝမ်းသာအားရ ပြောလေ၏။
အခြားတပည့်များလည်း အလွန်ပျော်ရွှင်နေကြသည်။
လုံထျန်းရှင်းက မျက်တောင်ခတ်ရင်း မေးလိုက်၏။
"ဂိုဏ်းချုပ်... မနေ့က ဂိုဏ်းချုပ်နဲ့ စတုတ္ထအစ်မကြီး ထွက်သွားကြတာ မီးရှူးတိုင်မြို့မှာ အဲဒီပစ္စည်းတွေကို သွားရောင်းဖို့လား..."
"ဘာပစ္စည်းတွေလဲဟင်..."
အခြားတပည့်များက နားမလည်နိုင်စွာ မေးလိုက်ကြသည်။
ယဲ့ဖုန်းသည် ဘေးဘီဝဲယာကို ကြည့်ရှုလိုက်ပြီး ပြင်ပလူ မရှိသည်ကို သေချာမှ ရှင်းပြလိုက်၏။
"တကယ်တော့... အဲဒီနေ့က လင်းရွာက သစ်ထုတ်လုပ်ရေးစခန်းနားမှာ မပြောပြတတ်လောက်အောင် ထူးဆန်းတဲ့ ကိစ္စတွေ ဖြစ်ပျက်ခဲ့တယ်..."
ယဲ့ဖုန်းသည် အသံကို နှိမ့်လိုက်ပြီး ကျောက်တာကျန်း၊ သစ်ပင်နတ်ဆိုးနှင့် မိကျောင်းခေါင်း ကြက်နတ်ဆိုးတို့ကို သုတ်သင်ရှင်းလင်းခဲ့ပုံများကို ပြန်လည်ပြောပြလိုက်လေ၏။
တပည့်များသည် ပါးစပ်အဟောင်းသားဖြင့် နားထောင်နေကြပြီး ဂိုဏ်းက မတော်တဆ ကြီးပွားချမ်းသာလာခြင်း ဖြစ်ကြောင်း နားလည်သဘောပေါက်သွားကြသည်။ ထို့အပြင် ဤကိစ္စမှတစ်ဆင့် ဝိညာဉ်ကျောက်တုံးများ ရှာဖွေနိုင်မည့် နည်းလမ်းတစ်ခုကိုလည်း သူတို့ စိတ်ကူးမိသွားကြလေ၏။
ထိုနည်းလမ်းကတော့... နတ်ဆိုးသတ်ခြင်း ပေတည်း...။
"ကဲ... ဆေးလုံးတွေနဲ့ မြန်မြန် သွားကျင့်ကြံကြတော့... နောက်ကျရင် ငါ မင်းတို့ကို အပြင်ခေါ်သွားပြီး... ခိုး..အဲ... မဟုတ်ပါဘူး... လေ့ကျင့်ပေးမယ်လို့ ပြောမလို့ပါ..."
ယဲ့ဖုန်း စကားမှားသွားပြီး ကပျာကယာ ပြန်ပြင်ပြောလိုက်ရ၏။
ဂိုဏ်းချုပ်ခန်းမဆောင် အပြင်ဘက်တွင်...၊
ဖလံကောင်အဖြစ် ပြောင်းလဲထားသော အသွင်ပြောင်း သားရဲသည် တံခါးဝတွင် အိပ်နေသော 'အစ်ကိုကြီး ခေါင်းပြား' ဘေးသို့ ရောက်ရှိလာပြီး လှည့်ပတ်ကြည့်ရှုရန် ကြိုးစားလိုက်၏။
သို့သော် နောက်တစ်ခဏတွင် အစ်ကိုကြီး ခေါင်းပြားက နှာချေလိုက်သဖြင့် အသွင်ပြောင်း သားရဲမှာ မီတာပေါင်းများစွာ အဝေးသို့ လွင့်စဉ်ထွက်သွားရရှာသည်။
ရလဒ်အနေဖြင့် အသွင်ပြောင်း သားရဲသည် ဂိုဏ်းချုပ်ခန်းမဆောင်ထဲမှ ပြောစကားများကို တစ်ခွန်းမှ မကြားလိုက်ရပေ။
တပည့်များ ကြိုးကြိုးစားစား ကျင့်ကြံနေကြစဉ်တွင် ယဲ့ဖုန်းသည် သက်တော်စောင့်တစ်ဦးအလား သူတို့ဘေးတွင် ရပ်ကာ အကာအကွယ် ပေးနေလေ၏။
သူ့တပည့်တွေ စွမ်းအားကြီးလေ... သူလည်း ပိုစွမ်းအားကြီးလေ မဟုတ်ပါလော။
ထို့ကြောင့် တပည့်များ၏ ကျင့်ကြံခြင်းအဆင့်ကို မြှင့်တင်ပေးခြင်းသည် စနစ်၏ တာဝန်များမှလွဲရင် ယဲ့ဖုန်းအတွက် အရေးကြီးဆုံးအရာ ဖြစ်ပေသည်။
အခန်း (၅၄) - ဓာတ်ငါးပါး၏ စွမ်းအားနှင့် ဒုတိယချီပင်လယ်
လူတိုင်းသည် အဆင့်နိမ့် ချီကျင့်ကြံဆေးလုံး တစ်လုံးစီ ရရှိခဲ့ကြသည်။
အလယ်အဆင့် ချီကျင့်ကြံဆေးလုံးသည် (၅) လုံးသာ ရှိသဖြင့် ကျင့်ကြံခြင်းအဆင့် အမြင့်ဆုံးဖြစ်သော မိုယင်၊ ကျားယွိလန်၊ ဟိုယွင်ကျဲ၊ ရှီလေ့နှင့် လီကျောက်ကျောက်တို့က တစ်ယောက်လျှင် တစ်လုံးစီ ရရှိခဲ့ကြသည်။
အာရုဏ်မတက်မီ အချိန်မှစ၍ တပည့် (၁၀) ယောက်စလုံးသည် အဆင့်နိမ့် ချီကျင့်ကြံဆေးလုံးကို တစ်ပြိုင်နက်တည်း သောက်သုံးလိုက်ကြသည်။ ထို့နောက် တင်ပျဉ်ခွေထိုင်ကာ လက်ဝါး၊ ခြေဖဝါးနှင့် ခေါင်းထိပ်တို့ကို ကောင်းကင်ဘက်သို့ လှန်ထားသည့် ကျင့်ကြံခြင်း ကိုယ်ဟန်အနေအထားကို ထိန်းသိမ်းထားလိုက်ကြသည်။
ကျားယွိလန်သည် မျက်လုံးများကို မှိတ်ထားရင်း ဆေးလုံးကြောင့် ဖြစ်ပေါ်လာသော လျင်မြန်လှသည့် ကျင့်ကြံခြင်းအရှိန်ကို ခံစားနေသော်လည်း တစ်ဖက်တွင် အားနည်းချက်တစ်ခုကိုလည်း သတိထားမိလိုက်၏။
"မီးရှူးတိုင်မြို့က ဝယ်လာတဲ့ အဆင့်နိမ့် ချီကျင့်ကြံဆေးလုံးတွေက ဂိုဏ်းချုပ်အဘိုးကြီး ချန်ထားခဲ့တဲ့ ဆေးလုံးတွေလောက် အရည်အသွေး မကောင်းဘူး... (၉၉) ရာခိုင်နှုန်းပဲ သန့်စင်ပြီး ခန္ဓာကိုယ်ထဲမှာ အညစ်အကြေးတချို့ ကျန်ခဲ့စေတယ်..."
ထိုအခါ၊ မိုယင်က အကြံပေးလိုက်၏။
"ကျင့်ကြံနေစဉ်အတွင်း အသက်ရှုထုတ်လိုက်တာကနေတစ်ဆင့် အဲဒီ အညစ်အကြေးအနည်းငယ်ကို ဖယ်ရှားနိုင်ပါတယ်..."
ပြောပြီးသည်နှင့် မိုယင်သည် ကျင့်ကြံခြင်း အခြေအနေသို့ ဝင်ရောက်သွားလေ၏။
အညစ်အကြေး အနည်းငယ် ပါဝင်နေမှုကြောင့် ဝူရွှမ်ဆောင် မှ ဝယ်ယူခဲ့သော အဆင့်နိမ့် ချီကျင့်ကြံဆေးလုံး တစ်လုံးစီသည် တပည့်များကို နာရီဝက်ခန့်သာ (၉၉) ဆ မြန်ဆန်သော ကျင့်ကြံခြင်းအရှိန်ကို ပေးစွမ်းနိုင်သည်။
ဤတွက်ချက်မှုအရ ဆေးတစ်လုံးသည် (၁၀) ရက်ကျော် ကြိုးကြိုးစားစား ကျင့်ကြံခြင်းနှင့် ညီမျှသည်ဟု ဆိုနိုင်သည်။
“ဝုန်း…”
သုံးကြိမ်တိတိ ကြိုးစားပြီးနောက် ကျားယွိလန်သည် သူမ၏ အဆို့အတား ကို အောင်မြင်စွာ ထိုးဖောက်နိုင်ခဲ့ပြီး ချီစုစည်းခြင်း (၇) ဆင့်မြောက်သို့ တက်လှမ်းနိုင်ခဲ့သည်။
လုံထျန်းရှင်း၊ ရှဟဲနှင့် ချိုကျူတို့သည်လည်း (၆) ကြိမ်တိတိ ကြိုးစားပြီးနောက် ချီစုစည်းခြင်း (၃) ဆင့်မြောက်၏ အထွတ်အထိပ်မှ (၄) ဆင့်မြောက်သို့ အောင်မြင်စွာ တက်လှမ်းနိုင်ခဲ့ကြသည်။
အိုးယန်ဖုန်းနှင့် အိုးယန်ယွီတို့သည် စနစ်မှ ထုတ်ပေးသော အဆင့်နိမ့် ချီကျင့်ကြံဆေးလုံးများကို သောက်သုံးပြီး အသက်ရှုသံအာရုံခံအဆင့် မှ ချီစုစည်းခြင်း (၂) ဆင့်မြောက်သို့ ရောက်ရှိနေကြပြီး ဖြစ်သည်။ ယခုအခါ ဝူရွှမ်ဆောင်မှ ဆေးလုံးများကို သောက်သုံးပြီးနောက် (၃) ဆင့်မြောက်သို့ ချောချောမွေ့မွေ့ ကူးပြောင်းနိုင်ခဲ့ကြသည်။
အဆင့်နိမ့် ပါရမီရှင်များ သာ ဖြစ်ကြသော မောင်နှမနှစ်ယောက်၏ သဘာဝကျင့်ကြံခြင်းအရှိန်သည် နှေးကွေးလှသည်။ ထို့ကြောင့် တစ်ယောက်လျှင် အဆင့်နိမ့် ချီကျင့်ကြံဆေးလုံး နှစ်လုံးစီ သောက်သုံးခဲ့သော်လည်း (၃) ဆင့်မြောက်သို့သာ ရောက်ရှိနိုင်ခဲ့ကြသည်။
အကယ်၍ ပါရမီပိုမြင့်သော တပည့်များသာဆိုလျှင် (၄) ဆင့်မြောက်သို့ တန်းရောက်သွားနိုင်ပေလိမ့်မည်။
မိုယင်၊ ကျားယွိလန်၊ ရှီလေ့၊ ဟိုယွင်ကျဲနှင့် လီကျောက်ကျောက်တို့ကမူ အဆင့်နိမ့် ချီကျင့်ကြံဆေးလုံးကို ချေဖျက်ပြီးနောက် နှစ်ဆပိုမို အစွမ်းထက်သော အလယ်အဆင့် ချီကျင့်ကြံဆေးလုံးကိုပါ ဆက်လက်သောက်သုံးခဲ့ကြပြီး မွန်းတည့်ချိန်အထိ မနားတမ်း ကျင့်ကြံခဲ့ကြသည်။
တပည့်များ အဆင့်တက်လာသည်နှင့်အမျှ ယဲ့ဖုန်းသည် သူ၏ စွမ်းအားများလည်း တိုးတက်လာသည်ကို ခံစားလိုက်ရသဖြင့် အလွန်အမင်း ပျော်ရွှင်သွားကာ ဂိုဏ်းသားများ၏ ကျင့်ကြံခြင်းအဆင့် အချက်အလက်များကို အလျင်အမြန် ဖွင့်ကြည့်လိုက်၏။
[ဂိုဏ်းတပည့် ၁၀/၁၀: ရှီလေ့ (ချီစုစည်းခြင်း ၅ ဆင့်မြောက်)၊
ဟိုယွင်ကျဲ (ချီစုစည်းခြင်း ၇ ဆင့်မြောက်)၊
လီကျောက်ကျောက် (ချီစုစည်းခြင်း ၅ ဆင့်မြောက်)၊
မိုယင် (ချီစုစည်းခြင်း ၈ ဆင့်မြောက်)၊
လုံထျန်းရှင်း (ချီစုစည်းခြင်း ၄ ဆင့်မြောက်)၊
ကျားယွိလန် (ချီစုစည်းခြင်း ၇ ဆင့်မြောက် - အထွတ်အထိပ်)၊
ရှဟဲ (ချီစုစည်းခြင်း ၄ ဆင့်မြောက်)၊
ချိုကျူ (ချီစုစည်းခြင်း ၄ ဆင့်မြောက်)၊
အိုးယန်ဖုန်း (ချီစုစည်းခြင်း ၃ ဆင့်မြောက်)၊
အိုးယန်ယွီ (ချီစုစည်းခြင်း ၃ ဆင့်မြောက်)]
'တစ်ယောက်ကို အနည်းဆုံး တစ်ဆင့်စီ တက်လာကြတာပဲ... အရမ်းကောင်းတယ်...'
ယဲ့ဖုန်း ကျေနပ်သွားသည်။ ယခုဆိုလျှင် သူသည် "လွင်ပြင်တစ်မျှ ကျယ်ပြန့်သော" စွမ်းအားကို ပိုင်ဆိုင်ထားသကဲ့သို့ ခံစားရပြီး 'အစ်ကိုကြီး ခေါင်းပြား' ငါးကောင်လောက်ကို တစ်ပြိုင်နက် ရင်ဆိုင်နိုင်စွမ်း ရှိနေပြီဟု ယုံကြည်လိုက်၏။
'ဂိုဏ်းဂုဏ်သတင်းတန်ဖိုး တစ်ထောင်ကျော်သွားပြီး ဘေးထွက်တာဝန် ပြီးမြောက်သွားရင် နတ်ဆိုးသားရဲဆောင်ရဲ့ သားရဲအရေအတွက် ကန့်သတ်ချက်က အများကြီး တိုးလာမှာပဲ... အဲဒီအချိန်ကျရင် ရေပေါ်ဖြူမြို့တော်ရဲ့ အင်မော်တယ် (၅) ပါးကို နတ်ဆိုးသားရဲဆောင်ထဲ ထည့်လိုက်ရင် ငါ့စွမ်းအားတွေ ထပ်ပြီး တစ်ဟုန်ထိုး တိုးတက် လာဦးမှာ...'
ယဲ့ဖုန်း စိတ်ထဲတွင် ကြိတ်၍ အစီအစဉ်ချလိုက်၏။
ထိုအချိန်တွင် ယဲ့ဖုန်း တစ်စုံတစ်ခုကို သတိရသွားပြီး စိတ်ထဲမှ မေးလိုက်၏။
"စနစ်ရေ... ငါ နောက်ထပ် တပည့်တွေ ဘယ်တော့ ထပ်လက်ခံလို့ရမလဲ..."
[အဆင့်မြင့်ဂိုဏ်း ဖြစ်လာပြီးမှသာ ဂိုဏ်းတပည့်အရေအတွက် ကန့်သတ်ချက်ကို တိုးမြှင့်နိုင်ပါမယ်။]
စနစ်က ရှင်းပြလေ၏။
"အလယ်အလတ်အဆင့် ဂိုဏ်း ဖြစ်ရင် မရဘူးလား..."
ယဲ့ဖုန်း နားမလည်နိုင်စွာ မေးလိုက်၏။
သို့သော် စနစ်က ပြန်မဖြေတော့ပေ။
ယဲ့ဖုန်းလည်း ဆက်မမေးတော့ဘဲ ကျင့်ကြံခြင်းအဆင့်ကို ခိုင်မာအောင် လုပ်နေကြသော တပည့် (၁၀) ဦးကိုသာ ကြည့်နေလိုက်၏။ သူ အလွန်ကျေနပ်အားရနေပြီး မနေ့ညက ရေပေါ်ဖြူမြို့တော်မှ ဝယ်လာသော အရသာရှိသည့် အစားအသောက်များကို ထုတ်ယူကာ ပြန်နွှေးပြီး စားပွဲပေါ်တွင် တင်ပေးလိုက်၏။
တပည့်များ မြိန်ရေရှက်ရေ စားသောက်နေကြသည်ကို ကြည့်ရင်း ယဲ့ဖုန်း ကျေနပ်စွာ ပြုံးလိုက်မိသည်။
'ငါ့ရဲ့ ဟင်းချက်လက်ရာက ညံ့ပေမယ့်... ပိုက်ဆံသုံးပြီး ဝယ်ကျွေးတတ်တယ်ကွ... ဒါ ငွေသုံးပြီး အောင်ပွဲခံခြင်း ရဲ့ အားသာချက်ပဲ...'
နေ့လယ်စာ စားပြီးနောက် ယဲ့ဖုန်းသည် 'မှော်လိပ်ခွံဒိုင်း' ကို ဂိုဏ်းသားအကြီးဆုံး ရှီလေ့အား ပေးအပ်လိုက်၏။
မူလက ဟိုယွင်ကျဲကို ပေးရန် ရည်ရွယ်ခဲ့သော်လည်း ယွင်ကျဲက "လူသားဒိုင်း" အဖြစ် အသုံးချခံရမည့် အရေးကို မလိုလားသဖြင့် ယဲ့ဖုန်းမှာ လိပ်ခွံဒိုင်းကို ရှီလေ့အား ပေးအပ်ရန်မှတစ်ပါး အခြား ရွေးချယ်စရာ မရှိတော့ချေ။
ရှီလေ့သည် ဝိညာဉ်စွမ်းအားကို လိပ်ခွံဒိုင်းတစ်ခုလုံးသို့ စီးဆင်းစေပြီး သူ၏ အမှတ်အသားကို ချန်ထားလိုက်၏။
ရှီလေ့၏ ရှေ့မှောက်တွင် လိပ်ခွံဒိုင်းအတွင်းမှ ဝိညာဉ်စွမ်းအား အမှတ်အသားကို တစ်စုံတစ်ယောက်က ဖျက်ဆီးပစ်ခြင်း မပြုသရွေ့ သူသည် ဤအဆင့်နိမ့် ဝိညာဉ်လက်နက်ကို လိုသလို ထိန်းချုပ်နိုင်မည် ဖြစ်သည်။
'လောလောဆယ် ချီကျင့်ကြံဆေးလုံး အသစ်တွေ မရှိတော့ဘူးဆိုတော့... တပည့်တွေရဲ့ စွမ်းအားကို ဘယ်လို မြှင့်တင်ပေးရမလဲ...'
ယဲ့ဖုန်း စဉ်းစားခန်း ဝင်နေပြီးမှ လူသစ်လက်ဆောင်အထုပ် ) ထဲမှ နောက်ဆုံးကျန်နေသော လက်ဆောင်ကို ထုတ်ယူလိုက်၏။
အထောက်အကူပြု ကျင့်စဉ် - "ဒုတိယချီပင်လယ် - အထက်ပိုင်း"
ယခင်က ဤအထောက်အကူပြု ကျင့်စဉ်ကို တပည့်များ ကျင့်ကြံပြီးပါက ပြင်ပလောကမှ အင်အားကြီးမားသော အဖွဲ့အစည်းများ၏ လောဘသားကောင် ဖြစ်လာမည်ကို စိုးရိမ်သဖြင့် ထုတ်မပေးခဲ့ပေ။
သို့သော် ယခုအခါ အခြေအနေများ ပြောင်းလဲသွားပြီ။
ယဲ့ဖုန်းတွင် "လွင်ပြင်ငါးစင်း၏ စွမ်းအား" ရှိနေပြီဖြစ်ရာ ဓာတ်ကြီးငါးပါး စုစည်းခြင်းအဆင့် ကျင့်ကြံသူ တစ်ယောက်ကို အနိုင်မတိုက်နိုင်လျှင်တောင် ယှဉ်ပြိုင်နိုင်စွမ်း ရှိနေပြီဖြစ်သည်။ လုံးဝ ခုခံနိုင်စွမ်းမရှိသည့် အခြေအနေမျိုး မဟုတ်တော့ပေ။
ထို့အပြင် တပည့်များက "ဒုတိယချီပင်လယ် - အထက်ပိုင်း" ကို ကျင့်ကြံပြီးပါက သူ့အတွက်လည်း ထပ်ဆောင်း အားဖြည့်မှုများ ရရှိလာနိုင်သည်။
ထိုအတွေးဖြင့် ယဲ့ဖုန်းသည် တပည့်အားလုံးကို ဂိုဏ်းချုပ်ခန်းမဆောင်တွင် နောက်တစ်ကြိမ် စုဝေးစေလိုက်၏။
"ဘုန်း..."
ယဲ့ဖုန်းသည် ရှေးဟောင်းသိုင်းကျမ်းကို စားပွဲပေါ်သို့ ပစ်တင်လိုက်ပြီး ပြောလိုက်၏။
"တကယ်တော့... ဂိုဏ်းချုပ်အဘိုးကြီးက ငါ့ကို ပြန်ခေါ်လာရတဲ့ အကြောင်းရင်းက အရမ်းအရေးကြီးတယ်... အဲဒါကတော့... ငါ့ဆီမှာ အထောက်အကူပြု ကျင့်စဉ်တစ်ခု ရှိနေလို့ပဲ..."
"သြော်... အထောက်အကူပြု ကျင့်စဉ်တဲ့လား..."
တပည့်များသည် အစပိုင်းတွင် ပေါ့ပေါ့တန်တန်သာ တုံ့ပြန်လိုက်ကြသော်လည်း နောက်တစ်ခဏတွင် "အထောက်အကူပြု ကျင့်စဉ်" ဟူသော စကားလုံးက သူတို့၏ ဦးနှောက်ထဲသို့ မုန်တိုင်းလို ဝင်ရောက်သွားပြီး ချက်ချင်းပင် စားပွဲနားသို့ ဝိုင်းအုံလာကြကာ ရှေးဟောင်းသိုင်းကျမ်းကို မျက်လုံးအပြူးသားဖြင့် စိမ်းစိမ်းကြည့် နေကြတော့သည်။
"အထောက်အကူပြု ကျင့်စဉ် - 'ဒုတိယချီပင်လယ် (အထက်ပိုင်း)'... အောင်မြင်စွာ ကျင့်ကြံနိုင်ပါက မိမိ၏ မူလချီပင်လယ် ပမာဏ၏ သုံးပုံတစ်ပုံနှင့် ညီမျှသော အထောက်အကူပြု ချီပင်လယ်တစ်ခုကို ရရှိမည်..."
လီကျောက်ကျောက်က ပထမစာမျက်နှာမှ နိဒါန်းကို ဖတ်ပြလိုက်ရာ အားလုံး ပါးစပ်အဟောင်းသား ဖြစ်သွားကြသည်။
"ဒါ တကယ်လား..."
ကျားယွိလန်သည် ရှေးဟောင်းသိုင်းကျမ်းကို ကိုင်ကာ နောက်ဆုံးစာမျက်နှာသို့ ကပျာကယာ လှန်ကြည့်လိုက်၏။
"တကယ်ကြီး အထောက်အကူပြု ကျင့်စဉ်ပဲ..."
"ဂိုဏ်းချုပ်ဦးလေး... သမီးတို့ တကယ် ကျင့်ကြံလို့ ရမလားဟင်..."
လီကျောက်ကျောက်က မျှော်လင့်တကြီး မေးလိုက်၏။
"ဒါက မင်းတို့ ကျင့်ကြံဖို့အတွက်ပဲ... ဒါပေမဲ့ ဒီအကြောင်းကို မင်းတို့ရဲ့ အရင်းနှီးဆုံး ဆွေမျိုးသားချင်းတွေ အပါအဝင် ဘယ်သူ့ကိုမှ လုံးဝ (လုံးဝ) ထုတ်မပြောရဘူး... နားလည်လား..."
ယဲ့ဖုန်းက လေးနက်သော မျက်နှာထားဖြင့် သတိပေးလိုက်၏။
ဓာတ်ကြီးငါးပါး စုစည်းခြင်းအဆင့် ကျွမ်းကျင်သူများ ပိုင်ဆိုင်သည့် အဆင့်မြင့်ဂိုဏ်းကြီးများတွင်ပင် အထောက်အကူပြု ကျင့်စဉ်မျိုး ရှိချင်မှ ရှိပေလိမ့်မည်။ ထို့ကြောင့် မသမာသူများ၏ အာရုံစိုက်မှုကို မခံရစေရန် သတိထားရမည် ဖြစ်သည်။
ရေပေါ်ဖြူမြို့တော်သည် ဗြောင်ကျကျ ဓားပြတိုက်ခြင်းကို ကိုင်တွယ်နိုင်သော်လည်း နောက်ကွယ်မှ ယုတ်မာသော စနစ်တကျ အကွက်ချ ကြံစည်မှုများကိုတော့ နှိမ်နင်းနိုင်စွမ်း မရှိပေ။
"ဂိုဏ်းချုပ် စိတ်ချပါ... ဂိုဏ်းချုပ် ခွင့်မပြုဘဲနဲ့ ကျွန်တော် အမေ့ကိုတောင် ပြန်မပြောပါဘူး..."
လုံထျန်းရှင်းက ပထမဆုံး စကားစပြောလိုက်၏။
"ကျွန်တော်လည်း မပြောဘူး..."
"သမီးလည်း မပြောပါဘူး..."
အခြားတပည့်များကလည်း တစ်ယောက်ပြီးတစ်ယောက် ကတိပေးကြသည်။
ယဲ့ဖုန်း စိတ်ထဲတွင် ကျေနပ်စွာ ခေါင်းညိတ်လိုက်မိသည်။ ဤနေရာတွင် ရှိနေသူ အားလုံးသည် စနစ်က အသိအမှတ်ပြုထားသော တပည့်များ ဖြစ်ကြပြီး သစ္စာရှိမှု အပြည့်အဝ ရှိကြသူများ ဖြစ်သည်။ ရှောင်ဖန်ကူကဲ့သို့ သစ္စာဖောက်မည့်သူများ မဟုတ်ပေ။
"ငါက ဒီအထောက်အကူပြု ကျင့်စဉ်ကို အလွတ်ရပြီးသား... အချိန်မကုန်ရအောင်လို့ ငါကိုယ်တိုင် မင်းတို့ကို သင်ပေးမယ်ကွ..."
ယဲ့ဖုန်းသည် ရှေးဟောင်းသိုင်းကျမ်းကို ပထမစာမျက်နှာသို့ ပြန်လှန်လိုက်ပြီး တည်ကြည်လေးနက်သော ဆရာတစ်ယောက်အသွင်ဖြင့် ကျင့်စဉ်၏ အဓိကသော့ချက်များကို တပည့်များအား စတင်ရှင်းပြလေတော့သည်။
ယဲ့ဖုန်း၏ အကူအညီဖြင့် တပည့်များသည် စတင်ကျင့်ကြံလာကြပြီး တိုးတက်မှုနှုန်းမှာလည်း လျင်မြန်လှသည်။
အားလုံး လမ်းကြောင်းမှန်ပေါ် ရောက်သွားပြီဖြစ်၍ ယဲ့ဖုန်းသည် ရှေးဟောင်းသိုင်းကျမ်းကို ပြန်သိမ်းလိုက်ပြီး တပည့်များ ကျင့်ကြံနေစဉ် ဘေးမှနေ၍ အကာအကွယ် ပေးနေလိုက်၏။
"အောင်မြင်ပြီ..."
နေဝင်ရီတရော အချိန်တွင် မိုယင်သည် ပထမဆုံး ကျင့်ကြံမှု အောင်မြင်သွားပြီး သူမ၏ မျက်လုံးများမှာ ကြယ်ရောင်များပမာ တောက်ပနေလေ၏။
"အဆင့်မြင့် ပါရမီရှင် ပီသပါပေတယ်... မြန်လိုက်တာ..."
ယဲ့ဖုန်း ချီးကျူးလိုက်၏။
"ဒီလို အဖိုးတန်လှတဲ့ အထောက်အကူပြု ကျင့်စဉ်ကို ပေးသနားတဲ့အတွက် ဂိုဏ်းချုပ်ကို ကျေးဇူးတင်ပါတယ်..."
မိုယင်သည် ယဲ့ဖုန်းကို ဦးညွှတ်ကာ ကျေးဇူးတင်စကား ဆိုလိုက်၏။
အကယ်၍ ယဲ့ဖုန်းသာ သူမကို မယုံကြည်ခဲ့လျှင် ဤမျှ အဖိုးတန်သော ကျင့်စဉ်မျိုးကို ကျင့်ကြံခွင့်ပြုမည် မဟုတ်ပေ။
ထိုအကြောင်းကို တွေးမိရင်း မိုယင်၏ ရင်ထဲတွင် ဖော်ပြမတတ်နိုင်သော ခံစားချက်တစ်ခု ဖြစ်ပေါ်လာပြီး မြူခိုးဂိုဏ်းအပေါ် ထားရှိသော သံယောဇဉ်နှင့် သစ္စာတရားတို့ ပိုမိုနက်ရှိုင်းလာရတော့သည်။