← Chapters

အခန်း (၅၅-၅၇)

Vol. 4 Ch. 55-57

အခန်း (၅၅-၅၇)

Vol. 4 Ch. 55-57

အခန်း (၅၅) - ကံဆိုးမိုးမှောင်ကျသော အသွင်ပြောင်းသားရဲ၊ ကျိုးကျားချိုင် လာရောက်လည်ပတ်ခြင်း

~"ဘယ်လိုနေလဲ... ဘာတွေများ ထူးခြားသွားလဲ..."

ယဲ့ဖုန်းသည် အထောက်အကူပြု ကျင့်စဉ်ကို အောင်မြင်စွာ ကျင့်ကြံနိုင်ခဲ့သော မိုယင်အား အပြောင်းအလဲများကို သိချင်စိတ်ဖြင့် မေးမြန်းလိုက်၏။

မိုယင်သည် သူမ၏ ချီပင်လယ်ကို ခဏမျှ စစ်ဆေးကြည့်ရှုပြီးနောက် ပြန်ဖြေလိုက်၏။

"ကျွန်မရဲ့ မူလချီပင်လယ်ရဲ့ အပေါ်မှာ စက်ဝိုင်းပြားပုံစံ ချီလေပွေ တစ်ခု အသစ်ပေါ်လာပါတယ်... အရွယ်အစားကတော့ မူလချီပင်လယ်ရဲ့ သုံးပုံတစ်ပုံလောက် ရှိပါတယ်... မူလချီပင်လယ်ထဲက ချီစွမ်းအင်တွေ ကုန်ခမ်းသွားမှ ဒုတိယချီပင်လယ်ထဲက စွမ်းအင်တွေကို စတင်သုံးစွဲမှာ ဖြစ်ပါတယ်..."

ထိုစကားကို ကြားလိုက်ရသဖြင့် ယဲ့ဖုန်း ခေါင်းညိတ်လိုက်ပြီး သူ၏ ဝိညာဉ်မျက်လုံးဖြင့် မိုယင်ကို အကဲခတ်ကြည့်လိုက်၏။ သူမ၏ ဝိညာဉ်အလင်းရောင် တောက်ပမှုသည် "ဒုတိယချီပင်လယ်" မကျင့်ကြံမီ အချိန်ကနှင့် ဘာမျှမကွာခြားကြောင်း တွေ့လိုက်ရ၏။

ဆိုလိုသည်မှာ "ဒုတိယချီပင်လယ်" ကျင့်စဉ်သည် မိမိ၏ စွမ်းအားအမှန်ကို ဖုံးကွယ်ထားနိုင်သည့် အာနိသင်ပါ ရှိနေခြင်း ဖြစ်သည်။ ထို့ကြောင့် အခြားသူများက ဒုတိယချီပင်လယ် ရှိနေကြောင်းကို သိရှိသွားမည်ကို စိုးရိမ်စရာမလိုဘဲ၊ ဤကျင့်စဉ် ပေါက်ကြားသွားမည့် အန္တရာယ်ကိုလည်း များစွာ လျော့နည်းစေလေ၏။

'မဆိုးဘူးပဲ... စနစ်က ထုတ်ပေးတဲ့ အထောက်အကူပြု ကျင့်စဉ်ဆိုတော့ တကယ့်ကို တန်ဖိုးရှိတာပဲ...'

ယဲ့ဖုန်း စိတ်ထဲမှ တိတ်တဆိတ် ချီးကျူးလိုက်မိသည်။

ထိုအချိန်တွင် အခြားတပည့်များမှာ ဆက်လက်ကျင့်ကြံနေဆဲ ဖြစ်သည်။

ထိုအခြေအနေကို မြင်လိုက်ရသဖြင့် ယဲ့ဖုန်းသည် မနေ့ညက ဝယ်လာသော ဟင်းလျာများကို ထုတ်ယူကာ ပြန်နွှေးပြီး စားပွဲပေါ်တွင် တင်လိုက်၏။ ထို့နောက် မေးထောက်လျက် တပည့်များ စားသောက်ရန် လာမည့်အချိန်ကို စိတ်မရှည်စွာ စောင့်ဆိုင်းနေလေ၏။

ထိုအချိန်တွင် မြူခိုးတောင်ထိပ်၌...

အသွင်ပြောင်း သားရဲ သည် လူသားအသွင် ဖန်တီးလိုက်ပြီး ဝတ်ရုံရှည်တစ်ထည် ဝတ်ဆင်ကာ မြေကြီးမှ ခြေတစ်လှမ်းခန့် အကွာတွင် ပျံဝဲလျက် မြူခိုးဂိုဏ်း၏ အသစ်ဆောက်ထားသော သစ်သား တံခါးမကြီးဆီသို့ ဦးတည်လာလေ၏။

"လူယောင်ဖန်ဆင်းထားတာတောင် မြူခိုးဂိုဏ်းက ဝိညာဉ်သားရဲ အနည်းငယ်လောက်ကို မကျော်ဖြတ်နိုင်ဘူးဆိုတာ ငါ မယုံဘူးကွာ..."

အသွင်ပြောင်း သားရဲက စိတ်ပျက်လက်ပျက်ဖြင့် ရေရွတ်လိုက်၏။

"ဝါး..."

တံခါးစောင့်အဖြစ် တာဝန်ယူထားသော အစ်ကိုကြီး ခေါင်းပြားသည် ရုပ်ဖျက်ထားသော အသွင်ပြောင်း သားရဲကို တွေ့လိုက်ရ၏။ သူ့မျက်လုံးထဲတွင် ဤလူသည် သံသယဖြစ်ဖွယ်ကောင်းပြီး ပြဿနာရှာရန် လာသူဖြစ်ကြောင်း သိလိုက်ရသဖြင့် ချက်ချင်းပင် မျက်လုံးများ အရောင်တောက်လာလေ၏။

ယဲ့ဖုန်းက သူ့ကို မြူခိုးဂိုဏ်း၏ တောင်စောင့်ဝိညာဉ်သားရဲအဖြစ် ခန့်အပ်လိုက်ကတည်းက သူသည် တိုက်ခိုက်ခွင့် လုံးဝမရတော့ဘဲ အိပ်လိုက်စားလိုက်ဖြင့် သံချေးတက်ချင်နေပြီ ဖြစ်သည်။

ယခု အသွင်ပြောင်း သားရဲကို မြင်လိုက်ရသည့်အခါ အစ်ကိုကြီး ခေါင်းပြားသည် စိတ်လှုပ်ရှားစွာ ခုန်ထလာပြီး လက်သည်းများကို ဝှေ့ယမ်းကာ ခုန်ပျံတိုက်ခိုက် လိုက်တော့သည်။

"ဟေ့ကောင်... ငါက ဧည့်သည်ကွ... မင်းက ငါ့ကို တိုက်ခိုက်ရဲတယ်လား..."

အသွင်ပြောင်း သားရဲမှာ အတွင်းစိတ်တွင် ထိတ်လန့်သွားသော်လည်း အပြင်ပန်းတွင်မူ "ဆရာကြီး" စတိုင်ဖမ်းကာ အော်ဟစ်လိုက်လေ၏။

"ဟေး... မကိုက်နဲ့လေ... မင်းက ခွေးမို့လို့လား..."

သို့သော် အစ်ကိုကြီး ခေါင်းပြားသည် အသွင်ပြောင်း သားရဲ၏ စကားကို နားမထောင်ဘဲ ချက်ချင်းပင် ကိုက်ချလိုက်တော့သည်။

အသွင်ပြောင်း သားရဲသည် ကြောက်လန့်တကြား လေထဲသို့ ပျံတက်လိုက်သဖြင့် ဝတ်ရုံစကိုသာ အကိုက်ခံလိုက်ရ၏။ သို့သော် ထိုဝတ်ရုံစသည်လည်း သူ့ခန္ဓာကိုယ်၏ အစိတ်အပိုင်းတစ်ခု ဖြစ်နေသဖြင့် လွန်စွာ နာကျင်သွားရရှာသည်။

မည်သို့ပင်ဖြစ်စေ အစ်ကိုကြီး ခေါင်းပြားထံမှ ထွက်ပေါ်လာသော ပြင်းထန်သည့် နတ်ဆိုးအရှိန်အဝါများသည် အသွင်ပြောင်း သားရဲကို ဖိနှိပ်ထားသဖြင့် သူသည် မြူခိုးအဖြစ် ပြောင်းလဲကာ ထွက်ပြေး၍ မရနိုင် ဖြစ်နေ၏။

ထို့ကြောင့် အသွင်ပြောင်း သားရဲသည် မြက်ခင်းပြင်ပေါ်တွင် ခေါက်တုံ့ခေါက်ပြန် ပြေးလွှားရင်း အစ်ကိုကြီး ခေါင်းပြားကို ခါချရန် ကြိုးစားရလေ၏။ သို့သော် သူ ပိုမြန်မြန်ပြေးလေ ဝတ်ရုံစက ပိုဆွဲဆုတ်ခံရလေဖြစ်ပြီး နာကျင်စွာ အော်ဟစ်နေရတော့သည်။

"ဘာဖြစ်နေကြတာလဲ..."

အော်ဟစ်သံများ ကြားလိုက်ရသဖြင့် ယဲ့ဖုန်းသည် အပြင်သို့ ကပျာကယာ ပြေးထွက်လာရာ အစ်ကိုကြီး ခေါင်းပြားက ဝတ်ရုံနက်ဝတ်ထားသော ထူးဆန်းသည့်လူတစ်ယောက်၏ ဝတ်ရုံစကို ကိုက်ဆွဲကာ တောင်ထိပ်ရှိ မြက်ခင်းပြင်ပေါ်တွင် တရွတ်တိုက် ဆွဲယမ်းနေသည်ကို တွေ့လိုက်ရ၏။

"ဝတ်ရုံစလေး ပြဲသွားတာများ... ဘာလို့ ဒီလောက်တောင် သနားစရာကောင်းအောင် အော်နေရတာလဲ..."

ယဲ့ဖုန်း နားမလည်နိုင် ဖြစ်သွားသည်။

လူတစ်ယောက် လာနေသည်ကို မြင်လိုက်ရသဖြင့် အသွင်ပြောင်း သားရဲက အသည်းအသန် အော်ဟစ် အကူအညီတောင်းလိုက်၏။

"မြန်မြန်... ဒီကောင်ကို ဆွဲခွာပေးပါဦး..."

"နေဦး... နေဦး..."

ယဲ့ဖုန်းသည် ရှေ့သို့တိုးသွားပြီး အစ်ကိုကြီး ခေါင်းပြား၏ နောက်ခြေထောက်များကို ဖမ်းဆွဲကာ အားကုန် ဆွဲခွာလိုက်လေ၏။

"ဗြိ..."

အသွင်ပြောင်း သားရဲ၏ ဝတ်ရုံစ ပြဲထွက်သွားပြီး သူသည် အသားတစ်စ ဆုံးရှုံးလိုက်ရသကဲ့သို့ မြေကြီးပေါ်တွင် လူးလှိမ့်ကာ အော်ဟစ်နေလေတော့သည်။

"ဝတ်ရုံစလေး ပြဲသွားတာကိုများ... ဒီလောက်တောင် ခံစားနေရလား..."

ယဲ့ဖုန်း နှုတ်ခမ်းမဲ့လိုက်၏။

ယဲ့ဖုန်းအမြင်တွင်မူ အသွင်ပြောင်း သားရဲ၏ တုံ့ပြန်ပုံသည် ဝတ်ရုံတစ်ထည် ဝယ်ဖို့ ပိုက်ဆံမရှိလောက်အောင် ဆင်းရဲလွန်းသဖြင့် ဝတ်ရုံပြဲသွားသည်ကို အသားတစ်စ ဆုံးရှုံးရသလို ခံစားနေရသည်ဟု ထင်မှတ်လိုက်ခြင်း ဖြစ်သည်။

အသွင်ပြောင်း သားရဲအတွက်မူ ယဲ့ဖုန်း၏ စကားသည် သူ့ရင်ကို အဆတစ်ရာမက ပိုမိုနာကျင်စေခဲ့သည်။

'ငလူး... အဲဒါ ငါ့ခန္ဓာကိုယ်ရဲ့ အစိတ်အပိုင်းကွ... မင်းက ဘာသိလို့လဲ...'

အသွင်ပြောင်း သားရဲသည် စိတ်ထဲမှ ကြိတ်မနိုင်ခဲမရ ညည်းတွားလိုက်သော်လည်း အသံထွက်၍ ပြောရဲခြင်း မရှိပေ။

ယဲ့ဖုန်းသည် အစ်ကိုကြီး ခေါင်းပြားကို ငြိမ်ငြိမ်နေရန် ပုတ်ပြလိုက်ပြီး အသွင်ပြောင်း သားရဲကို မေးလိုက်၏။

"ခင်ဗျားက ဘယ်သူလဲ... ဒီကို ဘာလာလုပ်တာလဲ..."

"ကျုပ်..."

အသွင်ပြောင်း သားရဲသည် ဝတ်ရုံစပြဲသွားသည့် နေရာကို နာကျင်စွာ ပွတ်သပ်ရင်း ဖြေလိုက်၏။

"ကျုပ်က 'ရောင်စုံငါးသွယ်မြို့တော်' ဝတ်ရုံနက်အသင်း ရဲ့ ခေါင်းဆောင်ပါ... ဒီကို လာလည်တာပါ... ဒါပေမဲ့ မြူခိုးဂိုဏ်းက ဧည့်သည်ကို ဘယ်လိုဆက်ဆံရမလဲဆိုတာ နားမလည်ဘူးနဲ့ တူပါတယ်... ကျုပ် ပြန်လိုက်ပါတော့မယ်..."

အသွင်ပြောင်း သားရဲသည် ဆက်နေရဲခြင်း မရှိတော့ပေ။

ကြာကြာနေလျှင် သူ ဘယ်သူဘယ်ဝါဖြစ်ကြောင်း ပေါ်သွားနိုင်သည် မဟုတ်ပါလော။

ပြောပြီးသည်နှင့် အသွင်ပြောင်း သားရဲသည် ချာခနဲ လှည့်ထွက် ကာ ပြေးထွက်သွားပြီး ခဏအကြာတွင် တောင်ပေါ်ရှိ ချုံပုတ်များကြားသို့ ရုတ်ချည်း ပျောက်ကွယ် သွားလေတော့သည်။

"ဘာကြီးလဲဟ..."

ယဲ့ဖုန်းသည် အသွင်ပြောင်း သားရဲ ပျောက်ကွယ်သွားရာ လမ်းကြောင်းကို ကြည့်ရင်း ကြောင်တောင်တောင် ဖြစ်ကျန်ရစ်ခဲ့သည်။

'ရောင်စုံငါးသွယ်မြို့တော် ဟုတ်လား...'

ယဲ့ဖုန်းသည် မနေ့ညက ရေပေါ်ဖြူမြို့တော်မှ ဝယ်လာသော မြေပုံကို ထုတ်ကြည့်လိုက်ရာ ရောင်စုံငါးသွယ်မြို့တော်သည် ရေပေါ်ဖြူမြို့တော်၏ အရှေ့တောင်ဘက် မိုင် (၅၀) ခန့်အကွာတွင် တည်ရှိပြီး မီးရှူးတိုင်မြို့နှင့် အရွယ်အစား တူညီကြောင်း တွေ့ရှိလိုက်ရ၏။

"ဝတ်ရုံနက်အသင်း" ဆိုသည်ကိုမူ ယဲ့ဖုန်း တစ်ခါမျှ မကြားဖူးပေ။

'ငါက သိုင်းကွက်သင်ပေးတာ မဆိုးဘူးလို့ သတင်းကြားပြီး လမ်းညွှန်မှု လာတောင်းခံတာ ဖြစ်လောက်တယ်...'

ယဲ့ဖုန်းသည် အလေးအနက် မထားတော့ဘဲ မြေပုံကို ပြန်သိမ်းကာ ဂိုဏ်းချုပ်ခန်းမဆောင်သို့ ပြန်သွားရန် ပြင်လိုက်၏။

"ဝါး... ဝူး..."

အစ်ကိုကြီး ခေါင်းပြား အော်ဟစ်လိုက်၏။

နတ်ဆိုးသားရဲဆောင် ၏ ဆက်နွယ်မှုမှတစ်ဆင့် အစ်ကိုကြီး ခေါင်းပြား တိုက်ခိုက်ချင်နေကြောင်း ယဲ့ဖုန်း သိလိုက်ရသဖြင့် ပြောလိုက်၏။

"မပူပါနဲ့... နောက်ဆိုရင် အခွင့်အရေးတွေ အများကြီး ရှိလာမှာပါ..."

ထိုစကားကို ကြားလိုက်ရမှ အစ်ကိုကြီး ခေါင်းပြားသည် တံခါးဝတွင် ပျင်းရိစွာ လှဲချလိုက်ပြီး ရှေ့ခြေနှစ်ဖက်ပေါ် မေးတင်ကာ အိပ်ပျော်သွားလေ၏။

ယဲ့ဖုန်း ကောင်းကင်ကို မော့ကြည့်လိုက်ရာ မြူခိုးတောင်ထိပ်၏ နေဝင်ချိန်အလှသည် သာယာလှပနေသည်ကို တွေ့လိုက်ရ၏။

နေဝင်ရီတရော အလင်းရောင်ကြောင့် တောင်ထိပ်တစ်ခုလုံး အနီရောင် သမ်းနေပြီး ကြည့်ရသည်မှာ အတော်လေး ပနံရလှသည်။

ထိုညတွင်...

တပည့်များသည် "ဒုတိယချီပင်လယ်" ကို ကြိုးကြိုးစားစား ကျင့်ကြံနေကြဆဲ ဖြစ်သည်။

ဤအထောက်အကူပြု ကျင့်စဉ်သည် အထက်ပိုင်းသာ ရှိသေးပြီး ယဲ့ဖုန်းကိုယ်တိုင် သင်ကြားပေးနေသဖြင့် တပည့်များ၏ တိုးတက်မှုမှာ လျင်မြန်လှကာ အိပ်ရာမဝင်မီ အားလုံး တတ်မြောက်သွားကြသည်။

သို့သော် ယဲ့ဖုန်းအနေဖြင့် သူ၏ စွမ်းအား ပိုမို ကြာရှည်ခံလာသည်မှလွဲ၍ အခြားထူးခြားသော အားဖြည့်မှုမျိုးကို မခံစားရပေ။

နောက်တစ်နေ့ နံနက်ခင်းတွင်...

ယဲ့ဖုန်းသည် စောစောထပြီး မနက်ခင်းအလင်းရောင်နှင့်အတူ ထိုက်ကျိ ကစားရန် ပြင်ဆင်လိုက်၏။ သို့သော် ရှင်းကွမ်ရွှမ်သည် ပျံသန်းခြင်းလှေကို ရွက်လွှင့်လျက် ကျိုးကျားချိုင်နှင့်အတူ ရောက်ရှိလာသည်ကို တွေ့လိုက်ရ၏။

"ဂိုဏ်းချုပ်ယဲ့... ဒီနေ့ အားရင် ကျွန်တော်နဲ့အတူ ချပ်ဝတ်နက် အစောင့်တပ်ဖွဲ့ စခန်းကို လိုက်ခဲ့ပါလား..."

ကျိုးကျားချိုင်သည် မြေကြီးပေါ်သို့ မဆင်းသက်မီကပင် သူ လာရောက်ရသည့် ရည်ရွယ်ချက်ကို ပြောလိုက်၏။

ယဲ့ဖုန်းသည် ကျိုးကျားချိုင်ကို ကြည့်လိုက်ရာ သူသည် မတ်မတ်ရပ်နေနိုင်ပြီး ခြေထောက်နှစ်ဖက်စလုံး ကောင်းမွန်နေသည်ကို တွေ့လိုက်ရ၏။ သူ၏ ခန္ဓာကိုယ် တည်ဆောက်ပုံသည်လည်း ထိုနေ့ညက အနက်ရောင်ဝတ်စုံနှင့်လူနှင့် လွန်စွာ ကွာခြားနေသဖြင့် သူသည် ထိုလူ မဟုတ်ကြောင်း သေချာသွားလေ၏။

ထို့ကြောင့် ယဲ့ဖုန်းက မေးလိုက်၏။

"ဒီနေ့တော့ ကျွန်တော် အားပါတယ်... ဒါနဲ့၊ မေးပါရစေ... ရေပေါ်ဖြူမြို့တော်မှာ ချီစုစည်းခြင်း (၉) ဆင့်မြောက် ရောက်နေပြီး 'မြေခွင်းဓားသိုင်း' သုံးနိုင်တဲ့လူ ဘယ်နှစ်ယောက်လောက် ရှိလဲဗျ..."

ကျိုးကျားချိုင်နှင့် ရှင်းကွမ်ရွှမ်တို့ နှစ်ယောက်စလုံး အံ့သြသွားကြပြီး ယဲ့ဖုန်းက ဘာကြောင့် ရုတ်တရက်ကြီး ဒီမေးခွန်းကို မေးမှန်း နားမလည်နိုင် ဖြစ်သွားကြသည်။

သို့သော်လည်း ကျိုးကျားချိုင်က ပြန်ဖြေလိုက်၏။

"ကျွန်တော် သိသလောက်တော့ ဓားကိုင်တဲ့လူတိုင်းက 'မြေခွင်းဓားသိုင်း' ကို လေ့ကျင့်ရတာ ကြိုက်ကြပါတယ်... ရေပေါ်ဖြူမြို့တော်မှာ ဂိုဏ်းချုပ်ယဲ့ ပြောတဲ့ အချက်အလက်တွေနဲ့ ကိုက်ညီတဲ့လူဆိုလို့ ဟေးရွှမ်ဂိတ် ဂိုဏ်းချုပ်နဲ့ 'ဓားသိုင်းအရှင်ဂိုဏ်း' အကြီးအကဲတချို့ပဲ ရှိမယ်ထင်တယ်..."

"သြော်..."

ယဲ့ဖုန်း ခေါင်းညိတ်လိုက်၏။ ထိုအနက်ရောင်ဝတ်စုံနှင့်လူသည် ဟေးရွှမ်ဂိတ် ဂိုဏ်းချုပ် ဖြစ်ဖို့ သေချာသလောက် ရှိနေပြီဟု သူ ကောက်ချက်ချလိုက်၏။

သို့သော် ဟေးရွှမ်ဂိတ် ဂိုဏ်းချုပ်က ဘာကြောင့် သူ့ဂိုဏ်းသားအားလုံးကို သတ်ပစ်လိုက်ရသနည်း ဆိုသည်ကိုမူ ယဲ့ဖုန်း နားမလည်နိုင်ပေ။

သူတို့အားလုံးက သူ့တပည့်တွေပဲ မဟုတ်ပါလော။

သူ့တပည့်တွေ သေတာကို သူ နှမြောခြင်း မရှိဘူးလား။

"ပြောဖို့တောင် မေ့နေလိုက်တာ... ဟိုတစ်နေ့ညက ဟေးရွှမ်ဂိတ်က လူတစ်ယောက်က လွဲရင် တစ်ဂိုဏ်းလုံး အသတ်ခံလိုက်ရတယ်... သတင်းတွေအရတော့ ဟေးရွှမ်ဂိတ် ဂိုဏ်းချုပ်ကပဲ အဓိက တရားခံလို့ ပြောကြတယ်... ပြီးတော့ အဲဒီညကပဲ လျှို့ဝှက်ဆန်းကြယ်တဲ့ အစွမ်းထက်ပုဂ္ဂိုလ်တစ်ယောက် ပေါ်လာပြီး ဟေးရွှမ်ဂိတ် ဂိုဏ်းချုပ်ရဲ့ ခြေထောက်နှစ်ဖက်ကို ဖြတ်ပစ်လိုက်တယ်တဲ့... ပြီးတော့ သူ့ရဲ့ ယုတ်မာတဲ့ အကြံအစည်ကိုလည်း တားဆီးလိုက်တယ်တဲ့ဗျ..."

ကျိုးကျားချိုင်က ပြောရင်းဖြင့် ရုတ်တရက် မျက်လုံးပြူးကာ ယဲ့ဖုန်းကို ကြည့်လိုက်လေ၏။

ရှင်းကွမ်ရွှမ်ကလည်း လှည့်ကြည့်လာသည်။

"ဂိုဏ်းချုပ်ယဲ့... ခင်ဗျားများ အဲဒီ လျှို့ဝှက်ဆန်းကြယ်တဲ့ ပုဂ္ဂိုလ်ကြီးလား..."

ကျိုးကျားချိုင်က လေးနက်သော လေသံဖြင့် မေးလိုက်၏။

အဲဒီညက ယဲ့ဖုန်းသည် ရေပေါ်ဖြူမြို့တော်တွင် ရှိနေခဲ့ပြီး သူ၏ စွမ်းအားသည်လည်း ထိုပုဂ္ဂိုလ်နှင့် ကိုက်ညီမှု ရှိနေ၏။ ထို့အပြင် ယဲ့ဖုန်း၏ ရုတ်တရက် မေးခွန်းထုတ်မှုများနှင့် ပေါင်းစပ်လိုက်လျှင် ခန့်မှန်းရမခက်တော့ပေ။

"အဟွတ်... အဟွတ်... ဒီကိစ္စက ကျွန်တော်နဲ့ ဘာမှမဆိုင်ပါဘူးဗျာ..."

ယဲ့ဖုန်း ကပျာကယာ ငြင်းလိုက်ရလေတော့သတည်း။

အခန်း (၅၆) - ငါ..မင်းတို့ အားလုံးကို ရိုက်နှက်ဆုံးမချင်တယ်

~"ဂိုဏ်းချုပ်ယဲ့... မြို့စားမင်း အိမ်တော်က ဟေးရွှမ်ဂိတ် ဂိုဏ်းချုပ်ကို ဖမ်းဆီးပေးနိုင်ရင် ဝိညာဉ်ကျောက်တုံး (၁၀၀) ဆုချမယ်လို့ ကြေညာထားပါတယ်... ဒါကြောင့် ခင်ဗျား အနေနဲ့ ဘာမှ ဖုံးကွယ်ထားစရာ မလိုတော့ပါဘူး..."

ကျိုးကျားချိုင်သည် "ကျွန်တော် ခင်ဗျားကို နားလည်ပါတယ်" ဆိုသည့် မျက်နှာပေးဖြင့် ပြောလာ၏။

"မဟုတ်ရပါဘူးဗျာ... အဲဒီ လျှို့ဝှက်ဆန်းကြယ်တဲ့ လူက ကျွန်တော် တကယ် မဟုတ်ပါဘူး..."

ယဲ့ဖုန်းသည် ဇွတ်ငြင်းဆန်ကာ ဝန်ခံရန် ငြင်းပယ်လိုက်လေ၏။

ယဲ့ဖုန်း၏ အမြင်တွင်မူ ဤကိစ္စသာ ပေါက်ကြားသွားပါက သူ မကြောက်သော်ငြား မြူခိုးဂိုဏ်းအတွက် အန္တရာယ်ရှိလာနိုင်သည်။ ထို့ကြောင့် သိုသိုသိပ်သိပ် နေခြင်းက ပိုကောင်းပေလိမ့်မည်။

"ဂိုဏ်းချုပ်ယဲ့က သိုသိုသိပ်သိပ် နေချင်တာကိုး... နားလည်ပါတယ်..."

ရှင်းကွမ်ရွှမ်က ခပ်ပြုံးပြုံးဖြင့် ဝင်ပြောလိုက်ခြင်းပါ။

ကျိုးကျားချိုင်ကလည်း သွားဖြဲလိုက်ပြီး

"တကယ်တော့ ကျွန်တော်လည်း နားလည်ပါတယ်... ရှေးလူကြီးတွေ ပြောသလိုပေါ့... 'လူမှာ အောင်မြင်ကျော်ကြားမှုက ဒုက္ခပေးတတ်သလို၊ ဝက်မှာလည်း ဆူဖြိုးလာရင် သတ်စားခံရမယ့် ဘေး ရှိတာကိုး'... ကဲပါ... ဂိုဏ်းချုပ်ယဲ့... ပျံသန်းခြင်းလှေပေါ် ကြွပါခင်ဗျာ..."

[ဘာသာပြန်သူ၏ မှတ်ချက် - "လူမှာ အောင်မြင်ကျော်ကြားမှုက ဒုက္ခပေးတတ်သလို၊ ဝက်မှာလည်း ဆူဖြိုးလာရင် သတ်စားခံရမယ့်ဘေး ရှိတယ်" (人怕出名猪怕壮) ဆိုတာက တရုတ်စကားပုံ တစ်ခုပါ။ ဝက်တစ်ကောင်ဟာ အရမ်းဝလာရင် သတ်စားခံရဖို့ သေချာသလိုပဲ၊ လူတစ်ယောက်ဟာလည်း အရမ်းနာမည်ကြီးလာရင် မနာလိုသူတွေ၊ ပြဿနာတွေ၊ အန္တရာယ်တွေ ဝင်လာတတ်တယ်ပေါ့]

ရေပေါ်ဖြူမြို့တော်၏ အလယ်ဗဟိုတွင်...၊ အမြင့် (၁၀) မီတာခန့် ရှိသော တံတိုင်းများဖြင့် ကာရံထားပြီး အလျား မီတာ (၆၀၀)၊ အနံ မီတာ (၅၀၀) ခန့် ကျယ်ဝန်းသော လျှို့ဝှက်ဆန်းကြယ်သည့် ဝင်းကြီး တစ်ခု တည်ရှိလေ၏။

ဤနေရာသည်ကား ချပ်ဝတ်နက် အစောင့်တပ်ဖွဲ့၏ ပင်မစခန်းကြီး ဖြစ်ပေသည်။

ရေပေါ်ဖြူ မြို့တော်ရှိ ချပ်ဝတ်နက် အစောင့်တပ်ဖွဲ့ဝင်အားလုံး ဒီနေရာတွင် လေ့ကျင့်ကြသည်။ နေ့စဉ်နေ့တိုင်း သူတို့၏ သတ်ဖြတ်လိုစိတ် ပြင်းထန်သော အော်ဟစ်သံများကို လမ်းသွားလမ်းလာများ အတိုင်းသား ကြားနေကြရ၏။

မီတာ (၁၀၀) ခန့် ပတ်လည်ကျယ်ဝန်းသော သိုင်းလေ့ကျင့်ရေး ကွင်းပြင်ကြီး၏ ရှေ့တွင်...

ယဲ့ဖုန်း၊ ကျိုးကျားချိုင်နှင့် ရှင်းကွမ်ရွှမ်တို့သည် မြင့်မားသော စင်မြင့်ပေါ်တွင် ရပ်လျက် အောက်ဘက်ရှိ ချပ်ဝတ်နက် အစောင့်တပ်ဖွဲ့ဝင် (၃၀၀) ကျော်ကို ငုံ့ကြည့်နေကြသည်။

ဒါက ချပ်ဝတ်နက် အစောင့်တပ်ဖွဲ့ဝင် အားလုံး၏ တစ်စိတ်တစ်ဒေသသာ ရှိသေးသည်။ ကျန်သူများသည် မြို့တော်၏ အရှေ့၊ အနောက်၊ တောင်၊ မြောက် အရပ်လေးမျက်နှာတွင် တာဝန်ကျနေကြပြီး စုစုပေါင်း အင်အားမှာ တစ်ထောင်ကျော် ရှိလေ၏။

"ဒါကတော့ မြူခိုးဂိုဏ်းရဲ့ ဂိုဏ်းချုပ် ယဲ့ဖုန်းပါ... မင်းတို့ရဲ့ သိုင်းကွက်စွမ်းရည် လေ့ကျင့်မှုအပိုင်းကို တာဝန်ယူ လမ်းညွှန်ပေးသွားမှာ ဖြစ်တယ်..."

ကျိုးကျားချိုင်သည် ဝိညာဉ်စွမ်းအားကို အသုံးပြုပြီး ကျယ်လောင်စွာ ကြေညာလိုက်၏။ သူ၏ အသံသည် အသံချဲ့စက်ထက်ပင် ပိုမိုကျယ်လောင် ပြတ်သားကာ ကွင်းပြင်တစ်ခုလုံး သိမ့်သိမ့်ခါ သွားစေသည်။

သို့သော် ချီစုစည်းခြင်း (၇) ဆင့်မြောက်သို့ ရောက်နေသော တပ်ခွဲမှူးအချို့က စိတ်မရှည်သော အမူအရာများ ပြသလာကြပြီး အချို့ကမူ ဗြောင်ကျကျပင် မထီမဲ့မြင် လှောင်ပြောင်လာကြသည်။

"ဟား... ဒါ ဘာပြက်လုံးလဲကွ..."

"ကြားတာတော့ မြူခိုးဂိုဏ်းဆိုတာ အဆင့်နိမ့်ဂိုဏ်းလေးပါ... ပြီးတော့ သူတို့ဂိုဏ်းချုပ်ကလည်း သာမန်လူ တစ်ယောက်ပါတဲ့... သူက ဘာများ လုပ်ပေးနိုင်မှာမို့လို့လဲ..."

"ဟုတ်ပါ့ကွာ... ချပ်ဝတ်နက် အစောင့်တပ်ဖွဲ့ စခန်းဆိုတာ သူ လာရမယ့်နေရာ မဟုတ်ပါဘူး... အိမ်ပြန်ပြီး မိန်းမပဲ ပိုက်အိပ်နေလိုက်ပါတော့... ဟားဟားဟား..."

ထိုကဲ့သို့ လှောင်ပြောင်သံများကို ကြားလိုက်ရသဖြင့် ယဲ့ဖုန်း၏ မျက်နှာတွင် အိုးတိုးအမ်းတအ်း အမူအရာတစ်ခု ဖြစ်ပေါ်လာသည်။

ကျိုးကျားချိုင်က ယဲ့ဖုန်းနားသို့ ကပ်ပြီး တီးတိုးပြောလိုက်၏။

"ဂိုဏ်းချုပ်ယဲ့... ဒါတွေက ကျွန်တော် ခင်ဗျားကို ကြိုပြောထားတဲ့ အငှားသရုပ်ဆောင်တွေလေ... ဘယ်လိုလဲ... သူတို့ သရုပ်ဆောင်တာ ပီပြင်သားပဲ မဟုတ်လား..."

ယဲ့ဖုန်း ခေါင်းညိတ်လိုက်၏။ "မဆိုးပါဘူး..."

ဒီကို လာသည့် လမ်းမှာ ကျိုးကျားချိုင်က သူတို့ကို "အငှားသရုပ်ဆောင်" အဖြစ် အသုံးချမည့်အကြောင်း ယဲ့ဖုန်းကို ကြိုပြောထားပြီး ဖြစ်သည်။

ကြိုတင်သိထားသော်လည်း ယဲ့ဖုန်းမှာ ထိုတပ်ခွဲမှူးများ၏ သရုပ်ဆောင်စွမ်းရည်ကို အံ့သြမိရ၏။

သူတို့၏ မျက်လုံးများက ဒေါသကြောင့် ပြူးကျယ်နေပြီး စကားလုံးများကို တံတွေးများနှင့်အတူ ထွေးထုတ်နေကြပုံမှာ ယဲ့ဖုန်းအပေါ် အမှန်တကယ် ရန်ငြိုးကြီးမားနေသည့်အတိုင်းပင်။

အမှန်တိုင်း ဝန်ခံရလျှင် သူတို့၏ သရုပ်ဆောင်ချက်က တော်တော်ကောင်းသည်ဟု ဆိုရပေမည်။

"ဂိုဏ်းချုပ်ယဲ့... ခင်ဗျားအလှည့် ရောက်ပြီ..."

ရှင်းကွမ်ရွှမ်က ယဲ့ဖုန်းကို မျက်စိတစ်ဖက် မှိတ်ပြလိုက်၏။ ယဲ့ဖုန်း ကြက်သီးမွေးညှင်း ထသွားရလေ၏။

ဒီလူက အပြင်ပန်းကြည့်လျှင် တည်ကြည်ခန့်ညားသလောက် အတွင်းစိတ်ကတော့ တကယ့်ကို လူရှုပ်လူပွေပါလား...

ထိုအတွေးဖြင့် ယဲ့ဖုန်းသည် ရှေ့သို့ တိုးလိုက်ပြီး ကျယ်လောင်စွာ ပြောလိုက်၏။

"ကျွန်တော်က သာမန်လူတစ်ယောက် ဖြစ်ပေမယ့်...ခင်ဗျားတို့ကို မသင်ပေးနိုင်ဘူးလို့ မဆိုလိုပါဘူး..."

"ဖတ်... ငါတော့ မယုံပါဘူး..."

"ဂိုဏ်းချုပ်ယဲ့... အိမ်ပြန်ပြီး မိန်းမပဲ ပိုက်အိပ်နေလိုက်ပါတော့..."

"မိန်းမ မရှိရင် ငါတို့က ယောက္ခမ တော်ပေးလို့ ရပါတယ်ကွ..."

"ဟားဟားဟား..."

လှောင်ပြောင်သံများက ဆက်လက်ထွက်ပေါ်နေ၏။

အခြားသော ချပ်ဝတ်နက် အစောင့်တပ်ဖွဲ့ဝင်များသည်လည်း စိတ်လှုပ်ရှားလာကြပြီး ရယ်မောသံများတွင် ပါဝင်လာကြသည်။ ယဲ့ဖုန်းကို ဟာသလူရွှင်တော် တစ်ယောက်ဟု ထင်မှတ်နေကြပုံရ၏။

သို့မဟုတ် ဒုတိယတပ်မှူး ကျိုးကျားချိုင်က "လာဘ်ကောင်" အဖြစ် ဖိတ်ခေါ်လာသည်ဟု ထင်နေကြပုံရ၏။

"တိတ်စမ်း... မင်းတို့က ဂိုဏ်းချုပ်ယဲ့ကို အဲဒီလို ပြောရဲတယ်လား... သူက အရည်အချင်းရှိတဲ့သူကွ... မင်းတို့ ဒီလောက် မောက်မာလို့ မဖြစ်ဘူး..."

ကျိုးကျားချိုင်က အချိန်ကိုက်ပင် မီးလောင်ရာ လေပင့်ပေးလိုက်၏။

"ဒုတိယတပ်မှူး... ကျွန်တော်တို့ ခင်ဗျားကို လေးစားပါတယ်... ဒါပေမဲ့ သာမန်လူ တစ်ယောက်က ကျွန်တော်တို့ကို သင်ပေးစရာ မလိုပါဘူး..."

အငှားသရုပ်ဆောင်အဖြစ် တာဝန်ယူထားသော ချီစုစည်းခြင်း (၇) ဆင့်မြောက် တပ်ခွဲမှူးတစ်ဦးက လေးနက်သော အသံဖြင့် ပြောလိုက်၏။

"ဟုတ်တယ်... ဒုတိယတပ်မှူး ကိုယ်တိုင်ပဲ သင်ပေးပါ..."

"ကျွန်တော် 'မြေခွင်းဓားသိုင်း'ကို သင်ချင်တယ်..."

သာမန် တပ်ဖွဲ့ဝင်များကလည်း ဝင်ရောက်အော်ဟစ်လာကြသည်။

"ဒုတိယတပ်မှူးက ဂိုဏ်းချုပ်ယဲ့ကို အရည်အချင်းရှိတယ်လို့ ပြောနေမှတော့... ကျွန်တော်တို့နဲ့ ယှဉ်ပြိုင်ရဲလား..."

အခွင့်ကောင်းကို စောင့်နေသော တပ်ခွဲမှူးတစ်ယောက်က ရှေ့ထွက်လာပြီး စိန်ခေါ်လာသည်။

"မလုပ်ရဲစရာ ဘာရှိလဲ..."

ယဲ့ဖုန်းသည် (၅) မီတာမြင့်သော စင်မြင့်ပေါ်မှ ခုန်ပျံတိုက်ခိုက် သည့်ဟန်ဖြင့် ဝုန်းခနဲ ခုန်ဆင်းလိုက်၏။ မြေကြီးပေါ်သို့ ခြေချလိုက်သည်နှင့် ကြမ်းခင်းအုတ်ချပ်များ ကွဲအက်သွားပြီး ပြင်းထန်သော လေလှိုင်းတစ်ခု ဘေးပတ်လည်သို့ ပြန့်ကားသွားလေ၏။

"အား..."

အငှားသရုပ်ဆောင် တပ်ခွဲမှူးများသည် ချက်ချင်းပင် ရင်ဘတ်ကို ဖိကာ နောက်သို့ လွင့်စဉ်ကျသွားကြပြီး "ဂိုဏ်းချုပ်ယဲ့က အရမ်းသန်မာတာပဲ" ဟု ပါးစပ်မှ မနားတမ်း ညည်းတွားလိုက် ကြလေ၏။

"အဲ..."

ယဲ့ဖုန်း နှုတ်ခမ်းမဲ့လိုက်မိသည်။

စောစောကမှ သရုပ်ဆောင်ကောင်းနေကြသေးသည်။ အခုကျမှ ဘာလို့ ဒီလောက်တောင် ပိုပိုသာသာကြီး ဖြစ်သွားရတာလဲ။

သို့သော်လည်း ယဲ့ဖုန်းသည် ရှေ့သို့တိုးလိုက်ပြီး ချပ်ဝတ်နက် အစောင့်တပ်ဖွဲ့ဝင်များကို လက်ညှိုးထိုးကာ မေးလိုက်၏။

"ဘယ်လိုလဲ... မင်းတို့ မကျေနပ်သေးဘူးလား..."

"ခင်ဗျားက ခုနက ကျွန်တော်တို့ကို အလစ်ဝင်တိုက်တာ... အဲဒါ အရာမဝင်ဘူး..."

သရုပ်ဆောင်တစ်ယောက်က ချက်ချင်း ပြန်လည်ချေပ လိုက်၏။

"ဟုတ်တယ်... ငါတို့ မကျေနပ်ဘူး..."

အခြား တပ်ဖွဲ့ဝင်များကလည်း ပြိုင်တူ လွှတ်ခနဲ အော်ဟစ် လိုက်ကြသည်။

ချပ်ဝတ်နက် အစောင့်တပ်ဖွဲ့သို့ ဝင်ရောက်လာသူများသည် သတ္တိရှိသော ယောက်ျားကောင်းများ ဖြစ်ကြသဖြင့် ချက်ချင်းပင် ဒါဇင်ပေါင်းများစွာသော တပ်ဖွဲ့ဝင်များက ယဲ့ဖုန်းကို ဝိုင်းရံလိုက်ပြီး စိမ်းစိမ်းကြည့် နေကြတော့သည်။

"ဒါဆို ဘယ်လိုလုပ်မှ ကျေနပ်မှာလဲ..."

ယဲ့ဖုန်းက မေးလိုက်၏။

"ကျေနပ်တဲ့အထိ တိုက်မယ်..."

ဟု သရုပ်ဆောင်တစ်ယောက်က အော်ဟစ်လိုက်၏။

ထိုစကားကို ကြားလိုက်ရသဖြင့် အခြားတပ်ဖွဲ့ဝင်များမှာ ကြောင်တောင်တောင် ဖြစ်သွားကြသည်။ 'ကျေနပ်တဲ့အထိ တိုက်မယ် ဟုတ်လား... နေဦး... ငါ ပြောတာ မဟုတ်ဘူး... တပ်ခွဲမှူး ပြောတာပါ...'

ယဲ့ဖုန်းကမူ ဂရုမစိုက်ပေ။ သူက ဟားတိုက်ရယ်မော လိုက်ပြီး ပြောလိုက်၏။

"ကောင်းပြီလေ... ငါ မင်းတို့အားလုံးကို ရိုက်နှက်ဆုံးမပေးမယ်..."

ပြောပြောဆိုဆိုပင် ယဲ့ဖုန်းက ထိုသရုပ်ဆောင်ထံသို့ လေထဲမှ လက်ဝါးရိုက်ချက် တစ်ခု ပစ်လွှတ်လိုက်၏။

"အား..."

လက်ဝါးချက် မထိမှန်မီကပင် ထိုသရုပ်ဆောင်မှာ နောက်သို့ လွင့်စဉ်သွားပြီး ခရမ်းချဉ်သီး တစ်လုံးကို အမြန်ထုတ်ကာ ကိုက်ဖောက်လိုက်ပြီး "သွေး" အစက်အပြောက်အချို့ကို ညှစ်ထုတ်လိုက်လေ၏။

"တပ်ခွဲမှူး ဒဏ်ရာရသွားပြီ..."

"အဲဒါ ခရမ်းချဉ်သီး အရည်တွေပါကွ... အွတ်..."

အမှန်တရားကို သိနေသူတစ်ယောက်က ဝင်ပြောမလို လုပ်သော်လည်း ချက်ချင်းပင် ပါးစပ်ပိတ်ခံလိုက်ရရှာသည်။

"အားလုံး ဝိုင်းချကြ... ဒီကောင်ကို သင်ခန်းစာပေးကြကွာ..."

သရုပ်ဆောင်တစ်ယောက်က ခြိမ်းခြောက်သံဖြင့် ကျယ်လောင်စွာ အော်ဟစ်လိုက်၏။

အမှန်တရားကို မသိကြသော အခြားတပ်ဖွဲ့ဝင်များသည် သူတို့၏ တပ်ခွဲမှူး ဒဏ်ရာရသွားသည်ကို မြင်လိုက်ရသဖြင့် ယဲ့ဖုန်းကို (၃) ထပ်ကွင်း ဝိုင်းရံလိုက်ကြတော့သည်။

သို့သော် သူတို့သည် ယဲ့ဖုန်း၏ ပြိုင်ဘက် မဟုတ်ကြပေ။ ယဲ့ဖုန်း၏ လက်သီးချက် တစ်ချက်စီအောက်တွင် တစ်ယောက်ပြီးတစ်ယောက် အဟုန်ပြင်းစွာ ပစ်လွှင့် ခံလိုက်ရပြီး လွင့်စဉ်ထွက်သွားကြလေ၏။

စင်မြင့်ပေါ်တွင်...

ရှင်းကွမ်ရွှမ်နှင့် ကျိုးကျားချိုင်တို့သည် ယဲ့ဖုန်းက ကွင်းပြင်တစ်ခုလုံးကို မွှေနှောက်ချောက်ခြား နေပုံ၊ တပ်ဖွဲ့ဝင်များကို ဖိအားမရှိဘဲ ရိုက်နှက်နေပုံတို့ကို ကြည့်ပြီး အံ့သြတကြီး ဖြစ်နေကြသည်။

"ရွေးချယ်ခံရသူ ဆိုတာ တကယ်ပဲ အစွမ်းထက်ပါပေတယ်..."

ရှင်းကွမ်ရွှမ်က သက်ပြင်းချလိုက်၏။ ယဲ့ဖုန်းဆီသို့ ပြေးဝင်သွားသော တပ်ဖွဲ့ဝင်များ များလေလေ၊ လွင့်စဉ်ထွက်သွားသူများ များလေလေ ဖြစ်နေသည်ကို သူ တွေ့လိုက်ရ၏။

မကြာမီ အချိန်အတွင်းမှာပင် တပ်ဖွဲ့ဝင် (၃၀၀) စလုံး မြေကြီးပေါ်တွင် လဲလျောင်းနေကြပြီး ခန္ဓာကိုယ် ပျော့ခွေလဲကျ ကာ ညည်းတွားနေကြလေ၏။

ယဲ့ဖုန်းသည် စင်မြင့်ပေါ်သို့ ခုန်တက်လိုက်ပြီး ကျိုးကျားချိုင်ကို ပြောလိုက်၏။

"မပူပါနဲ့... ကျွန်တော် အားလျော့ပြီး ရိုက်ထားတာပါ... ခဏလောက် နားလိုက်ရင် ပြန်ကောင်းသွားမှာပါ..."

"ဂိုဏ်းချုပ်ယဲ့... ကျွန်တော် စီစဉ်ပေးထားတဲ့ သရုပ်ဆောင်တွေ ဘယ်လိုလဲ..."

ဟု ကျိုးကျားချိုင်က မျက်နှာလိုမျက်နှာရ မေးလိုက်၏။

ယဲ့ဖုန်း လှည့်ကြည့်လိုက်ရာ ထောင့်တစ်နေရာတွင် သက်သောင့်သက်သာ ထိုင်ပြီး ခရမ်းချဉ်သီး စားနေကြသော ချီစုစည်းခြင်း (၇) ဆင့်မြောက် တပ်ခွဲမှူးအချို့ကို တွေ့လိုက်ရသည်။

ကျိုးကျားချိုင်နှင့် ယဲ့ဖုန်း ကြည့်နေသည်ကို မြင်လိုက်ရသဖြင့် တပ်ခွဲမှူးများသည် ခရမ်းချဉ်သီးများကို ပါးစပ်ထဲသို့ အတင်းထိုးထည့်လိုက်ပြီး မြေကြီးပေါ်တွင် လှဲချကာ မျက်လုံးများကို အပေါ်သို့လှန်၍ သေချင်ယောင်ဆောင်လိုက်ကြသည်။

ယဲ့ဖုန်း ကြောင်အအ ဖြစ်သွားရရှာသည်။

ကျိုးကျားချိုင်က အနေခက်စွာ ပြုံးလိုက်ပြီး "သူတို့က ဝါရင့်သမ္ဘာရင့် သရုပ်ဆောင်တွေ မဟုတ်တော့ နည်းနည်း ပိုပိုသာသာလေးတွေ ဖြစ်ကုန်တာပါ... ဂိုဏ်းချုပ်ယဲ့ ခွင့်လွှတ်ပေးပါ..." ဟု ပြောလိုက်၏။

ယဲ့ဖုန်း တစ်ခုခု ပြောရန် ပြင်လိုက်သော်လည်း ဂိုဏ်းဂုဏ်သတင်းတန်ဖိုး သည် (၂၀၀) မှ (၃၀၀) နီးပါးသို့ တက်သွားသည်ကို သတိထားမိလိုက်၏။

ဆိုလိုသည်မှာ ချပ်ဝတ်နက် အစောင့်တပ်ဖွဲ့ဝင် ဒါဇင်ပေါင်းများစွာက သူ့ကို ယုံကြည်လေးစားသွားကြပြီ ဖြစ်သည်။

'တပ်ဖွဲ့ဝင် (၃၀၀) ရှိတာတောင် အခုမှ လူနည်းနည်းလေးကပဲ မြူခိုးဂိုဏ်းကို လေးစားကြသေးတယ်ဆိုတော့... အားထုတ်မှု မလုံလောက်သေးဘူး... ငါ မီးထပ်မွှေးပေးမှ ရမယ်...'

ယဲ့ဖုန်း စိတ်ထဲတွင် စနစ်တကျ အကွက်ချ တွေးလိုက်၏။

"အားလုံး ထကြတော့..."

ထိုအချိန်တွင် ကျိုးကျားချိုင်က အော်ဟစ်လိုက်၏။

မြေကြီးပေါ်မှ တပ်ဖွဲ့ဝင်များသည် နာကျင်နေသော နေရာများကို ပွတ်သပ်ရင်း ထလာကြသည်။ သူတို့တစ်ကိုယ်လုံး ကိုက်ခဲနေသော်လည်း စိတ်ထဲတွင်မူ အံ့သြမှင်သက်နေကြသည်။

"မြူခိုးဂိုဏ်း ဂိုဏ်းချုပ်က သာမန်လူ မဟုတ်ဘူးလား... ဘာလို့ ဒီလောက် ကြမ်းရတာလဲ..."

"ဟိုမှာ ကြည့်စမ်း... တပ်ခွဲမှူးဆို မျက်လုံးတွေတောင် လန်ကုန်ပြီ... တော်တော် အရိုက်ခံလိုက်ရပုံပဲ... ဟေ... သူ့ပါးစပ်ထောင့်မှာ ဘာလို့ ခရမ်းချဉ်သီးအခွံတွေ ကပ်နေတာလဲ..."

"မင်းကလည်း ကန်းလိုက်တာ... အဲဒါ ခန္ဓာကိုယ် အတွင်းကလီစာ အပိုင်းအစတွေကွ..."

"ဘုရားရေ..."

"ဒုတိယတပ်မှူးက ဂိုဏ်းချုပ်ယဲ့ကို ဖိတ်ခေါ်လာတာ အကြောင်းမဟုတ်ပါဘူး... သူက တကယ်ပဲ စွမ်းရည်ရှိတာကိုး... ဒါပေမဲ့ သိုင်းကွက်စွမ်းရည်အပိုင်းမှာ ဘယ်လောက်တော်လဲ ဆိုတာတော့ မသိရသေးဘူး..."

တပ်ဖွဲ့ဝင်များသည် အချင်းချင်း တီးတိုးဆွေးနွေးနေကြသည်။

ယဲ့ဖုန်း၊ ကျိုးကျားချိုင်နှင့် ရှင်းကွမ်ရွှမ်တို့ သုံးဦးစလုံးသည် နားပါးသူများ ဖြစ်ကြသဖြင့် တပ်ဖွဲ့ဝင်များ၏ စကားကို ကြားလိုက်ရပြီး အချိန်ကျပြီ ဖြစ်ကြောင်း သိလိုက်ကြသည်။

ကျိုးကျားချိုင် ရှေ့ထွက်လာပြီး ကျယ်လောင်စွာ ကြေညာလိုက်၏။

"ဂိုဏ်းချုပ်ယဲ့က သိုင်းကွက်သင်ကြားပြသပေးရာမှာ ပြိုင်ဘက်ကင်းပါ... အခု သူက မင်းတို့ကို လမ်းညွှန်ပေးပါလိမ့်မယ်…”

အခန်း (၅၇) - ဂုဏ်သတင်းအမှတ်များ၏ အံ့သြဖွယ် အသုံးဝင်ပုံ

~ချပ်ဝတ်နက် အစောင့်တပ်ဖွဲ့ဝင်များသည် ယဲ့ဖုန်း၏ အပြတ်အသတ် ရိုက်နှက်ဆုံးမခြင်းကို ခံလိုက်ရပြီးနောက် တစ်နေရာတည်းတွင် ငြိမ်သက်နေကြသည်။ သူတို့ အမှန်တကယ် လက်ခံသွားကြသလား၊ သို့မဟုတ် ဟန်ဆောင်နေကြသလား ဆိုသည်ကိုမူ မသိနိုင်ပေ။

ယဲ့ဖုန်းသည် စင်မြင့်ပေါ်မှ ခုန်ဆင်းလိုက်၏။

"ခွပ်" ကနဲ အသံနှင့်အတူ သူ နင်းလိုက်သော အုတ်ချပ်များ ကွဲအက်သွားပြန်သည်။

ကျိုးကျားချိုင်မှာ တစ်ခုခု ပြောရန် ဟန်ပြင်လိုက်သော်လည်း မပြောဖြစ်တော့ပေ။

"မင်းတို့ ပုံမှန်အားဖြင့် ဘယ်လို သိုင်းကွက်စွမ်းရည်တွေကို လေ့ကျင့်ကြသလဲ..."

ယဲ့ဖုန်းသည် လက်ပိုက်လျက် လူအုပ်ကြားထဲ လမ်းလျှောက်သွားရင်း မေးလိုက်၏။

သရုပ်ဆောင်တစ်ယောက်က အားနည်းချင်ယောင်ဆောင်ကာ လက်ထောင်လိုက်ပြီး ရေရွတ်လိုက်၏။

"ဂိုဏ်းချုပ်ယဲ့... ကျွန်တော်တို့ လေ့ကျင့်တဲ့ သိုင်းကွက်တွေထဲမှာ 'ခြေလှမ်းလေး'၊ 'သံမဏိဒိုင်းကာသိုင်း' ... စတဲ့ ပထမအဆင့် သိုင်းကွက် ဒါဇင်လောက် ပါပါတယ်..."

ချပ်ဝတ်နက် အစောင့်တပ်ဖွဲ့ဝင် (၃၀၀) ကျော်သည် တစ်ယောက်လျှင် အနည်းဆုံး သိုင်းကွက် (၃) ခုခန့် တတ်မြောက်ထားကြသည်။ ခံစစ်၊ တိုက်ခိုက်မှု၊ သို့မဟုတ် လှုပ်ရှားမှု သိုင်းကွက် တစ်မျိုးစီတော့ အနည်းဆုံး ပါဝင်လေ၏။

'သံမဏိဒိုင်းကာသိုင်း' ကို လေ့ကျင့်ထားကြောင်း ကြားလိုက်ရသဖြင့် ယဲ့ဖုန်း မျက်လုံးများ အရောင်တောက်သွားပြီး ပြောလိုက်၏။

"ဒီနေ့ ငါ စိတ်ကြည်နေတယ်... ဒါကြောင့် 'သံမဏိဒိုင်းကာသိုင်း' နဲ့ ပတ်သက်ပြီး အကြံဉာဏ်တချို့ ပေးမယ်... အဲဒီသိုင်း လေ့ကျင့်ထားတဲ့လူတွေ အကုန် ရှေ့ထွက်ခဲ့..."

အရိုက်ခံထားရသဖြင့် ချပ်ဝတ်နက် အစောင့်တပ်ဖွဲ့ဝင်များသည် အမိန့်မနာခံရဲကြဘဲ 'သံမဏိဒိုင်းကာသိုင်း' လေ့ကျင့်ထားသူ (၁၀၀) ကျော် ရှေ့သို့ ထွက်လာကြသည်။

"ဒီလောက်တောင် များတာလား..."

ယဲ့ဖုန်း အံ့သြသွားမိသည်။ 'သံမဏိဒိုင်းကာသိုင်း' သည် လူတိုင်းလေ့ကျင့်ကြသည့် သာမန်သိုင်းကွက်တစ်ခု ဖြစ်နေပုံရ၏။ သို့သော် ဒါက သူ့အကြံအစည်နှင့် ကွက်တိပင် ဖြစ်လေ၏။

ယဲ့ဖုန်းသည် မုတ်ဆိတ်မွေးအရှည်ကြီးနှင့် ချီစုစည်းခြင်း (၅) ဆင့်မြောက် တပ်ဖွဲ့ဝင်တစ်ဦးကို လက်ညှိုးထိုးပြပြီး မေးလိုက်၏။

"မင်းရဲ့ 'သံမဏိဒိုင်းကာသိုင်း' က ဘယ်အဆင့် ရောက်နေပြီလဲ..."

"အဆင့်ငယ်အောင်မြင်မှု ပါ..ဂိုဏ်းချုပ်..."

မုတ်ဆိတ်မွေးနှင့် တပ်ဖွဲ့ဝင်က ဖွင့်ဟဝန်ခံလိုက်၏။

သူသည် ချီစုစည်းခြင်း (၅) ဆင့်မြောက်သာ ရှိသေးရာ ဤအဆင့်ရှိ ကျင့်ကြံသူများသည် ယေဘုယျအားဖြင့် သိုင်းကွက်များကို အခြေခံအဆင့်လောက်သာ တတ်မြောက်နိုင်ကြသည်။ ပါရမီထူးချွန်သူများသာ အဆင့်ကြီး အောင်မြင်မှု သို့ ရောက်ရှိနိုင်ပေသည်။

"တစ်ခေါက်လောက် လုပ်ပြစမ်း... ပြီးရင် ဒီဂိုဏ်းချုပ်က မင်းကို လမ်းညွှန်ပေးမယ်... ဒီနေ့အတွင်း အဆင့်ကြီး အောင်မြင်မှု အဆင့် ရောက်စေရမယ်လို့ အာမခံတယ်..."

ယဲ့ဖုန်းက စိန်ခေါ်လိုက်၏။

လူအုပ်ကြီးကမူ သံသယဖြစ်နေကြသည်။

ခဏမျှ စဉ်းစားပြီးနောက် မုတ်ဆိတ်မွေးနှင့် တပ်ဖွဲ့ဝင်သည် ကွင်းလယ်ခေါင်သို့ ထွက်လာပြီး လက်ဟန်အမူအရာများ ပြုလုပ်ကာ မှိန်ဖျော့ဖျော့ အနက်ရောင် ဒိုင်းကာတစ်ခုကို ဖန်တီးလိုက်၏။

"ဝိညာဉ်ဒိုင်းကာက တော်တော်လေး ခိုင်မာတယ်... အဆင့်ကြီး အောင်မြင်မှု ရောက်ခါနီးနေပြီ... ဒါပေမဲ့ အားနည်းချက်တွေ အများကြီး ရှိနေသေးတယ်... ဥပမာ - ဒီနေရာ၊ ဒီနေရာ နဲ့ ဒီနေရာတွေမှာ..."

ယဲ့ဖုန်းသည် စနစ်သိုလှောင်ခန်း ထဲမှ ဝါးစိမ်းတစ်ပိုင်းကို ထုတ်ယူပြီး ဒိုင်းကာပေါ်မှ အားနည်းချက်များကို တစ်နေရာချင်းစီ ထောက်ပြလိုက်၏။

'နားထောင်ရတာတော့ ဟုတ်သလိုလိုပဲ... ဒါပေမဲ့ တကယ်ရော အလုပ်ဖြစ်ပါ့မလား...'

ဘေးပတ်လည်မှ တပ်ဖွဲ့ဝင်များသည် စိတ်ထဲမှ ရေရွတ်နေကြသည်။

မုတ်ဆိတ်မွေးနှင့် တပ်ဖွဲ့ဝင်သည် အစပိုင်းတွင် တုံ့ဆိုင်းနေသော်လည်း ယဲ့ဖုန်း ထောက်ပြလိုက်သည့် အချက်များမှာ သူလေ့ကျင့်စဉ် ကြုံတွေ့ခဲ့ရသော အခက်အခဲများနှင့် ကိုက်ညီနေသည်ကို သတိပြုမိလိုက်၏။ သူ၏ မျက်ဝန်းများတွင် အံ့သြမှုများ ပြည့်နှက်သွားပြီး ညွှန်ကြားချက်အတိုင်း ကပျာကယာ လိုက်လုပ်လေတော့သည်။

"ဝှစ်..."

လက်ဖက်ရည်တစ်အိုး တည်ချိန်ခန့်အကြာတွင် မုတ်ဆိတ်မွေးနှင့် တပ်ဖွဲ့ဝင် ဖန်တီးလိုက်သော 'သံမဏိဒိုင်းကာ' သည် သိသိသာသာ ပိုမိုခိုင်မာလာပြီး အံ့သြဖွယ်ကောင်းလောက်အောင်ပင် အကြီးစား အောင်မြင်မှု အဆင့် သို့ ရောက်ရှိသွားလေ၏။

အခြား တပ်ဖွဲ့ဝင်များသည် အံ့သြလွန်းသဖြင့် ပါးစပ်အဟောင်းသား ဖြစ်သွားကြသည်။

ယဲ့ဖုန်းကို 'လေကြီးမိုးကြီး' ဟု စိတ်ထဲ ကဲ့ရဲ့ခဲ့သူများသည် ယခုအခါတွင် ဂိုဏ်းချုပ်ယဲ့၌ အမှန်တကယ် စွမ်းရည်ရှိကြောင်း သိရှိသွားကြပြီး အောက်မေးရိုးများ ပြုတ်ကျကုန်ကြတော့သည်။

[ဂိုဏ်းဂုဏ်သတင်းတန်ဖိုး +၃]

[ဂိုဏ်းဂုဏ်သတင်းတန်ဖိုး +၇]

မုတ်ဆိတ်မွေးနှင့် တပ်ဖွဲ့ဝင်ကို သင်ကြားပေးလိုက်ရုံဖြင့် (၁၀) စက္ကန့်အတွင်း ဂုဏ်သတင်းအမှတ် ဒါဇင်နှင့်ချီ တက်လာကြောင်း ယဲ့ဖုန်း သတိထားမိလိုက်၏။

မကြာမီ အချိန်အတွင်းမှာပင် ယခင်က (၃၀၀) နီးပါးသာ ရှိခဲ့သော ဂုဏ်သတင်းအမှတ်သည် (၃၄၀) သို့ ရောက်ရှိလာပြီး ဆက်လက် မြင့်တက်နေဆဲ ဖြစ်သည်။

'ချပ်ဝတ်နက် အစောင့်တပ်ဖွဲ့ဝင် (၁၀၀) နီးပါးက မြူခိုးဂိုဏ်းကို အသိအမှတ်ပြုလိုက်ကြပြီ... ကောင်းတယ်... နောက်ထပ် လူ (၂၀၀) လောက်ကို ဆွဲဆောင်ဖို့ အခွင့်အရေး ရှိသေးတယ်...'

ယဲ့ဖုန်းသည် ကျေနပ်အားရစွာ တွေးလိုက်ပြီး 'သံမဏိဒိုင်းကာသိုင်း' လေ့ကျင့်ထားသော အခြားတပ်ဖွဲ့ဝင် တစ်ဦးကို လက်ညှိုးထိုးပြလိုက်၏။

"မင်းလည်း ထွက်ခဲ့... 'သံမဏိဒိုင်းကာသိုင်း' ကို လုပ်ပြ... ငါ လမ်းညွှန်ပေးမယ်..."

"ဟုတ်ကဲ့ပါ... ကျေးဇူးတင်ပါတယ် ဂိုဏ်းချုပ်ယဲ့..."

ထိုတပ်ဖွဲ့ဝင်သည် ဝမ်းသာအားရဖြင့် ခပ်သွက်သွက် ထွက်လာလေ၏။

အချိန်များ ကုန်ဆုံးသွားပြီး မွန်းတည့်ချိန်သို့ ရောက်ရှိလာသည်။

ယဲ့ဖုန်းသည် တပ်ဖွဲ့ဝင် (၃၀) ကျော်ကို ဆက်တိုက် လမ်းညွှန်ပေးခဲ့ပြီး သူတို့၏ 'သံမဏိဒိုင်းကာသိုင်း' ကို အစပျိုး အဆင့် မှ အဆင့်ငယ် အောင်မြင်မှု သို့၊ သို့မဟုတ် အဆင့်ငယ် အောင်မြင်မှုမှ အဆင့်ကြီး အောင်မြင်မှု သို့ မြှင့်တင်ပေးနိုင်ခဲ့သဖြင့် အခြားတပ်ဖွဲ့ဝင်များအားလုံး အံ့သြမှင်သက်ခဲ့ကြရ၏။

ယဲ့ဖုန်း၏ ရိုက်နှက်ဆုံးမမှုနှင့် ယခုကဲ့သို့ စေတနာထား သင်ကြားပေးမှုတို့ကြောင့် ချပ်ဝတ်နက် အစောင့်တပ်ဖွဲ့ဝင် (၆၀) ရာခိုင်နှုန်းကျော်သည် ယဲ့ဖုန်းကို အသိအမှတ်ပြုလာကြပြီး ဂိုဏ်းဂုဏ်သတင်းတန်ဖိုးသည်လည်း (၅၀၀) ကို အောင်မြင်စွာ ကျော်ဖြတ်နိုင်ခဲ့လေ၏။

[ဒင်... ဂုဏ်ယူပါတယ်... မြူခိုးဂိုဏ်း၏ ဂုဏ်သတင်းအမှတ် (၅၀၀) ကျော်လွန်သွားသဖြင့် 'ဂုဏ်သတင်းအမှတ် လဲလှယ်ခြင်း လုပ်ဆောင်ချက်' ပွင့်သွားပါပြီ... အသေးစိတ်ကို ကျေးဇူးပြု၍ စစ်ဆေးကြည့်ရှုပါ...]

စနစ်၏ အသံထွက်ပေါ်လာသည်။

ယဲ့ဖုန်း ခဏမျှ ကြောင်သွားပြီးနောက် သူ၏ မျက်လုံးရှေ့တွင် အပြာရောင် စာတန်းများ ပေါ်လာသည်။

[ဂိုဏ်းဂုဏ်သတင်းတန်ဖိုး: ၅၀၇]

[လဲလှယ်နိုင်သော လက်ကျန်ပမာဏ: ၅၀၇]

[လဲလှယ်ခြင်း ဖော်ပြချက်: ဂိုဏ်းဂုဏ်သတင်းတန်ဖိုးကို အသုံးပြု၍ သိုင်းကွက်စွမ်းရည်တစ်ခုကို ပြီးပြည့်စုံခြင်းအဆင့် သို့ ချက်ချင်း ရောက်ရှိစေနိုင်သည်... ပထမအဆင့် သိုင်းကွက်အတွက် အမှတ် (၅၀)၊ ဒုတိယအဆင့် သိုင်းကွက်အတွက် အမှတ် (၁၀၀)...]

စာတန်းများ၏ အဓိပ္ပာယ်ကို နားလည်လိုက်သော်လည်း ယဲ့ဖုန်း အနည်းငယ် နားမလည်နိုင် ဖြစ်နေသေးသည်။

"စနစ်ရေ... ငါ့မှာ အခု ဂုဏ်သတင်းအမှတ် (၅၀၇) ရှိတယ်... အဲဒါတွေကို အကုန်သုံးလိုက်ရင်... ဂုဏ်သတင်းအမှတ် (၁၀၀၀) ပြည့်ရမယ့် မစ်ရှင်အတွက် နောက်ထပ် (၁၀၀၀) ထပ်ရှာရမှာလား... ဒါမှမဟုတ် (၄၉၃) မှတ်ပဲ ထပ်ရှာရမှာလား..."

ယဲ့ဖုန်းက စနစ်ကို မေးလိုက်၏။

[သင်သည် (၄၉၃) မှတ်သာ ထပ်မံရှာဖွေရန် လိုအပ်ပါသည်။]

စနစ်က ဖြေကြားပြီးနောက် ပြန်လည်တိတ်ဆိတ်သွားသည်။

ထိုအဖြေကို ကြားလိုက်ရမှ ယဲ့ဖုန်း စိတ်အေးသွားပြီး ဂုဏ်သတင်းအမှတ်များကို ယုံကြည်စိတ်ချစွာ သုံးစွဲနိုင်တော့မည် ဖြစ်သည်။

သို့သော် ပထမအဆင့် သိုင်းကွက်တစ်ခုအတွက် အမှတ် (၅၀) သုံးစွဲရသည်မှာ အတော်လေး ဈေးကြီးသည်ဟု ဆိုရမည်။ ဖြစ်နိုင်လျှင် တပည့်များကို အစပျိုးအဆင့်အထိ အရင်ရောက်အောင် လေ့ကျင့်ခိုင်းပြီးမှ မိမိက ပြီးပြည့်စုံခြင်းအဆင့်သို့ တိုက်ရိုက်ရောက်အောင် လုပ်ယူခြင်းက ပိုသက်သာမည်ဟု ယဲ့ဖုန်း တွေးမိသည်။

သို့သော် ဂိုဏ်းတပည့်များ နားလည်ရန် ခက်ခဲသော သိုင်းကွက်များ၊ သို့မဟုတ် အချိန်အရေးကြီးသော အခြေအနေမျိုးတွင်မူ ဂုဏ်သတင်းအမှတ်ကို အသုံးပြုခြင်းက ပိုမိုထိရောက်ပေလိမ့်မည်။

ဤအချက်ကို နားလည်လိုက်သည်နှင့် ယဲ့ဖုန်းသည် မြို့စားမင်းအိမ်တော်ရှိ "သိုင်းကျမ်းဆောင်" ကို အလွန် စိတ်ဝင်စားသွားလေ၏။

ချပ်ဝတ်နက် အစောင့် တပ်ဖွဲ့ဝင်များအတွက်မူ ဒီမနက်ခင်းတစ်ခုတည်းနှင့်ပင် လူ (၃၀) ကျော်ကို သင်ကြားပေးခဲ့ပြီးဖြစ်ရာ အတော်လေး ပင်ပန်းနေပြီ ဖြစ်သည်။ ထို့အပြင် ဂုဏ်သတင်းအမှတ် အများအပြားလည်း ရရှိခဲ့ပြီးဖြစ်၍ "လစ်" ရန် အချိန်တန်ပြီ ဖြစ်သည်။

ထို့ကြောင့် ယဲ့ဖုန်းသည် စင်မြင့်ပေါ်သို့ တက်လိုက်ပြီး ပြောလိုက်၏။

"ကဲ... လူကြီးမင်းတို့... ဒီနေ့တော့ ဒီလောက်ပါပဲ... နောက်တစ်ခေါက်မှ ပြန်တွေ့ကြတာပေါ့..."

"ဂိုဏ်းချုပ်ယဲ့... မသွားပါနဲ့ဦး... ကျွန်တော် လမ်းညွှန်မှု မတောင်းခံရသေးဘူး ခင်ဗျ..."

"ဂိုဏ်းချုပ်ယဲ့... ကျွန်တော် ထမင်းလိုက်ကျွေးပါရစေ..."

"ဂိုဏ်းချုပ်ယဲ့... ကျွန်တော့်မှာ အိမ်ထောင်မကျသေးတဲ့ သမီးပျိုလေး တစ်ယောက် ရှိပါတယ်..."

ချပ်ဝတ်နက် အစောင့်တပ်ဖွဲ့ဝင်များသည် ယဲ့ဖုန်းကို ပြန်မလွှတ်ချင်ကြပေ။

ယဲ့ဖုန်းကို အသိအမှတ်မပြုသေးသော နောက်ဆုံးကျန်ရစ်သည့် တပ်ဖွဲ့ဝင်အနည်းငယ်ပင်လျှင် ကြီးမားသော အခွင့်အရေးကြီးတစ်ခုကို လက်လွှတ်ဆုံးရှုံးလိုက်ရသလို ခံစားနေကြရ၏။

သို့သော် ယဲ့ဖုန်းသည် သူတို့၏ စကားများကို မကြားချင်ယောင်ဆောင်ကာ ကျိုးကျားချိုင်၊ ရှင်းကွမ်ရွှမ်တို့နှင့်အတူ ပျံသန်းခြင်းလှေပေါ်သို့ ခုန်တက်ပြီး စခန်းမှ ထွက်ခွာသွားလေတော့သည်။

"ဂိုဏ်းချုပ်ယဲ့က တကယ်ကို အံ့မခန်းပါပဲ... ဒီနေ့နေ့လယ်စာကို ကျွန်တော်က ဂိုဏ်းချုပ်ယဲ့နဲ့ မိတ်ဆွေရှင်းကွမ်ရွှမ်တို့အတွက် တည်ခင်းဧည့်ခံပါရစေ..."

ကျိုးကျားချိုင်က ရင်ဘတ်ကို ပုတ်လျက် တိုက်တွန်းလာသည်။

"ဟားဟား... ခင်ဗျားအိမ် ပြောင်သွားအောင် ကျွန်တော် စားပစ်မှာကို မကြောက်ဘူးလား..."

ယဲ့ဖုန်းက တဟားဟား ရယ်မော လိုက်၏။

"ဂိုဏ်းချုပ်ယဲ့ကလည်း နောက်ပြီဗျာ... ကျွန်တော်က ဒုတိယတပ်မှူးပါ... လစာက မနည်းပါဘူး... ပြီးတော့ ကျွန်တော်တို့ ကျိုးမိသားစုကလည်း ရေပေါ်ဖြူမြို့တော်ရဲ့ ဂုဏ်သရေရှိ မိသားစုတစ်ခုပါ... ထမင်းတစ်နပ်လောက်တော့ နိုင်ပါတယ်ဗျာ..."

ကျိုးကျားချိုင်က လေးလေးနက်နက် ပြောလိုက်၏။

ခဏအကြာတွင် သူတို့သုံးဦးသည် "နာမည်ကျော် ဟင်းလျာအိမ်တော်"ဟု အမည်ရသော (၅) ထပ် အဆောက်အဦကြီး ရှေ့တွင် ရပ်တန့်လိုက်ကြသည်။ (၄) ထပ်မြောက်ရှိ သီးသန့်အခန်း တစ်ခန်းတွင် နေရာယူကာ စားသောက်ရင်း စကားစမြည် ပြောဆိုကြလေ၏။

ကျိုးကျားချိုင်နှင့် ရှင်းကွမ်ရွှမ်တို့သည် ယဲ့ဖုန်း၏ သိုင်းကွက်စွမ်းရည် ကျွမ်းကျင်မှုကို ချီးကျူးကြပြီး အခွင့်ကောင်းယူကာ ချက်ချင်းပင် လမ်းညွှန်မှု တောင်းခံကြလေ၏။

"ဒီလိုပါပဲဗျာ... ကျွန်တော်က ရွေးချယ်ခံရသူ တော့ ဘိုးဘေးတွေရဲ့ အလိုဆန္ဒတချို့ကို ဆက်ခံထားရတာ နေမှာပါ... သိုင်းကွက်တချို့ကို ဘယ်လိုနားလည်သွားမှန်းမသိဘဲ အလိုလို နားလည်နေတာဗျ... တကယ် ထူးဆန်းတယ်..."

ယဲ့ဖုန်းသည် သူတို့၏ မေးခွန်းများကို ပေါ့ပေါ့ပါးပါးပင် ရှောင်လွှဲလိုက်၏။

စားသောက်ပြီးနောက် သူတို့သုံးဦးသည် မြို့စားမင်းအိမ်တော်ရှိ သိုင်းကျမ်းဆောင်သို့ သွားရောက်ရန် ပြင်ဆင်လိုက်ကြသည်။

ထိုအချိန်တွင် လမ်းမပေါ်၌ ကြမ်းတမ်းခက်ထန်သော ကျားများကို စီးနင်းထားပြီး ဓားရှည်များကို လွယ်ထားသည့် ကျင့်ကြံသူတစ်ဖွဲ့သည် ဟင်းလျာအိမ်တော်ရှေ့မှ ဖြတ်သန်းသွားကြသည်ကို တွေ့လိုက်ရ၏။

အိမ်တော်ရှေ့တွင် ရပ်နေသော ယဲ့ဖုန်းသည် မော့ကြည့်လိုက်ရာ ထိုအဖွဲ့ကို ဦးဆောင်လာသည့် မျက်ခုံးဖြူ၊ ဆံပင်ဖြူနှင့် သန်သန်စွမ်းစွမ်း ဗလရှိသော လူကြီး တစ်ဦးနှင့် အကြည့်ချင်း ဆုံသွားလေ၏။

ထိုခဏတာအတွင်း လူကြီး၏ မျက်ဝန်းထဲ၌ အံ့သြမှုနှင့် သတ်ဖြတ်လိုသော အရှိန်အဝါများကို ယဲ့ဖုန်း အထင်အရှား မြင်လိုက်ရသော်လည်း သူတို့၏ အကြည့်များသည် လျင်မြန်စွာ လွဲသွားကြသည်။

ယဲ့ဖုန်း သတိပြန်ဝင်လာချိန်တွင်မူ မျက်ခုံးဖြူလူကြီးနှင့် သူ၏ ကျားစီးတပ်ဖွဲ့သည် လမ်းအဆုံးသို့ ရောက်ရှိကာ ပျောက်ကွယ်သွားကြပြီ ဖြစ်သည်။

All Chapters