← Chapters

အခန်း (၅၈-၆၀)

Vol. 4 Ch. 58-60

အခန်း (၅၈-၆၀)

Vol. 4 Ch. 58-60

အခန်း (၅၈) - မြို့စားမင်းအိမ်တော်ရှိ သိုင်းကျမ်းဆောင်နှင့် ကုန်သည်မဟာမိတ်အဖွဲ့

~"ဟိုတစ်ယောက်က ဘယ်သူလဲ..."

ယဲ့ဖုန်းက မေးလိုက်၏။

ကျိုးကျားချိုင်သည် မျက်မှောင်အနည်းငယ် ကြုတ်လိုက်ပြီး ပြောသည်။

"အဲဒီလူက တော်တော်တင်းမာတဲ့သူဗျ... နာမည်အတိအကျကိုတော့ မသိရသေးပေမယ့် ရေပေါ်ဖြူမြို့တော်ရဲ့ အဆင့်မြင့်ဂိုဏ်း (၃) ဂိုဏ်းထဲက တစ်ခုဖြစ်တဲ့ 'ဓားသိုင်းအရှင်ဂိုဏ်း' ရဲ့ မဟာအကြီးအကဲဆိုတာတော့ သိတယ်... သူ့ရဲ့ ကျင့်ကြံခြင်းအဆင့်က ချီစုစည်းခြင်း (၉) ဆင့်မြောက် အထွတ်အထိပ် ကို ရောက်နေပြီ..."

ရှင်းကွမ်ရွှမ်ကလည်း ဝင်ပြောလေ၏။

"ဒီမျက်ခုံးဖြူအဘိုးကြီးက တကယ့်ကို တင်းမာတဲ့ သူပါ... သူ့ရဲ့ အရှိန်အဝါတွေက တော်တော်ပြင်းထန်တယ်... ကျွန်တော်လို အတွင်းစည်းတပည့်တစ်ယောက်အနေနဲ့တောင် သူ့ပြိုင်ဘက် ဖြစ်ချင်မှ ဖြစ်မှာ..."

ထိုစကားကို ကြားလိုက်ရသဖြင့် ယဲ့ဖုန်းနှင့် ကျိုးကျားချိုင်တို့ နှစ်ဦးစလုံး အံ့သြသွားကြသည်။

"ဒီအကြီးအကဲက ဓာတ်ကြီးငါးပါး စုစည်းခြင်းအဆင့် ကို တက်ရောက်ဖို့ ကြိုးစားခဲ့ဖူးပေမယ့် မအောင်မြင်ခဲ့ဘူးလို့ ကြားတယ်... ဒါပေမဲ့ အဲဒီဖြစ်စဉ်အတွင်း သူ့ရဲ့ ချီကြောတွေနဲ့ ချီပင်လယ်က ပိုမိုကျယ်ပြန့်လာခဲ့တယ်... သူက ကျင့်ကြံလာတာလည်း ကြာပြီဆိုတော့ ပြီးပြည့်စုံခြင်းအဆင့် ကို ရောက်နေတဲ့ သိုင်းကွက်တွေ အများကြီး ပိုင်ဆိုင်ထားမှာ သေချာတယ်... အရမ်းသန်မာတယ်..."

ရှင်းကွမ်ရွှမ်က ဆက်လက်ရှင်းပြသည်။

"ပြီးတော့ သူ့မှာ စီးနင်းစရာ သားရဲ တစ်ကောင်လည်း ရှိသေးတယ်..."

ကျိုးကျားချိုင်က ခေါင်းညိတ်လိုက်ပြီး ထောက်ခံသည်။

"အဲဒီသားရဲက 'ရက်စက်သော ကျားကြီး' လို့ ခေါ်တယ်... အဆင့်မြင့် နတ်ဆိုးစစ်သည်တေ ာ်အဆင့်ရှိတယ်... ဓားသိုင်းအရှင်ဂိုဏ်းက သူတို့ရဲ့ မဟာအကြီးအကဲအတွက် ဒီကျားကို ဖမ်းဆီးပေးဖို့ အများကြီး အရင်းအနှီး စိုက်ထုတ်ခဲ့ရတယ်လို့ ပြောကြတယ်..."

ယဲ့ဖုန်းသည် မေးစေ့ကို ပွတ်သပ်ရင်း ရေရွတ်လိုက်၏။

"ချီစုစည်းခြင်း (၉) ဆင့်မြောက် အထွတ်အထိပ်နဲ့ ရက်စက်တဲ့ ကျားကြီးတစ်ကောင်... တကယ်ပဲ အစွမ်းထက်တာပဲ..."

ယဲ့ဖုန်း၏ အမြင်တွင်မူ ထိုအင်အားသည် အနည်းဆုံး 'အစ်ကိုကြီး ခေါင်းပြား' သုံးကောင်စာ ရှိပြီး သူ့စွမ်းအား၏ (၆၀) ရာခိုင်နှုန်းခန့် ရှိပေလိမ့်မည်။

"ကဲ... သိုင်းကျမ်းဆောင်ကို သွားကြစို့... ပြီးရင် ဂိုဏ်းချုပ်ယဲ့ရဲ့ ဒီလစာကို ရှင်းပေးရဦးမယ်..."

ကျိုးကျားချိုင်က ပြောလိုက်၏။

"ဟာ... ဒါဆိုရင်တော့ ငြင်းစရာ မရှိပါဘူးဗျာ..."

ယဲ့ဖုန်းက ဟက်ဟက်ပက်ပက် ရယ်မော လိုက်၏။

နေ့လယ်စာစားရင်းနှင့် ယဲ့ဖုန်းသည် ချပ်ဝတ်နက် အစောင့်တပ်ဖွဲ့ဌာနချုပ်တွင် တစ်လလျှင် တစ်ရက် (သို့မဟုတ်) နေ့ဝက်ခန့် လာရောက်သင်ကြားပေးရန် သဘောတူခဲ့ပြီး တစ်လလျှင် အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး (၁၀၀) ရရှိမည် ဖြစ်သည်။ လစာကိုလည်း နေ့ချင်းရှင်းပေးမည်ဟု သဘောတူထားလေ၏။

ဓားသိုင်းအရှင်ဂိုဏ်းတွင်...

ကျောပေါ်တွင် ဓားရှည်တစ်ချောင်း လွယ်ထားသော မဟာအကြီးအကဲသည် ဟေးရွှမ်ဂိတ် ဂိုဏ်းချုပ်၏ ရှေ့တွင် ရပ်နေ၏။ စားပွဲပေါ်ရှိ ပုံတူပန်းချီကားကို လက်ညှိုးထိုးပြရင်း သူ၏ အကြည့်များက မှိုင်းညို့နေ၏။

"ဒီနေ့ လမ်းမပေါ်မှာ မင်းပြောတဲ့ လူနဲ့ ဆင်တူတဲ့လူကို တွေ့ခဲ့တယ်လို့ ထင်တယ်..."

အကယ်၍ ယဲ့ဖုန်းသာ ဤနေရာတွင် ရှိနေပါက ပုံတူပန်းချီကားထဲမှ လူသည် သူနှင့် (၈၀) ရာခိုင်နှုန်းခန့် တူညီနေသည်ကို သတိပြုမိပေလိမ့်မည်။ (ဆွဲထားတာ နည်းနည်း ရုပ်ဆိုးနေတာကလွဲရင်ပေါ့)။

"သူက ဘယ်သူလဲ..."

ဟေးရွှမ်ဂိတ် ဂိုဏ်းချုပ်က လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်ပြီး မေးလိုက်၏။

စုံစမ်းစစ်ဆေးပြီးနောက် ဓားသိုင်းအရှင်ဂိုဏ်း၏ မဟာအကြီးအကဲက ပြောလိုက်၏။

"အဲဒီလူက မြူခိုးဂိုဏ်းလို့ခေါ်တဲ့ အဆင့်နိမ့်ဂိုဏ်းလေး တစ်ခုရဲ့ ဂိုဏ်းချုပ် ယဲ့ဖုန်းပဲ... သာမန်လူ တစ်ယောက်ပါ..."

"မဖြစ်နိုင်တာ..."

ဟေးရွှမ်ဂိတ် ဂိုဏ်းချုပ်သည် ဒေါသတကြီး စားပွဲကို ရိုက်ချလိုက်ပြီး ဆူပူကြိမ်းမောင်းလိုက်၏။

"ဝိညာဉ်လေးပါးဓားသိုင်းဝင်္ကပါ ကို ဖြိုခွင်းနိုင်တဲ့လူက သာမန်လူ တစ်ယောက် ဖြစ်နိုင်ပါ့မလား..."

"သူက ကိုယ့်ကိုယ်ကိုယ် ကောင်းကောင်း ဖုံးကွယ်ထားတာပဲ ဖြစ်ရမယ်... ပြီးတော့... ယဲ့ဖုန်းက မြို့စားမင်းအိမ်တော်နဲ့ လျိုယွင်ဂိုဏ်းနဲ့ ရင်းနှီးတဲ့ ဆက်ဆံရေး ရှိနေပုံရတယ်... ဒါကြောင့် လောလောဆယ် သူ့ကို ဗြောင်ကျကျ ထိပါးလို့ မဖြစ်သေးဘူး..."

မဟာအကြီးအကဲ၏ အသံသည် လေးနက်နေ၏။

"နတ်ဆိုးဗိုလ်ချုပ်ကြီးရဲ့ စီမံကိန်းကရော ဘယ်လိုလဲ..."

ဟေးရွှမ်ဂိတ် ဂိုဏ်းချုပ်က မေးလိုက်၏။

"စီမံကိန်းက ပြောင်းလဲသွားပြီ... မင်း မြို့ထဲမှာ ဆက်နေဖို့ မသင့်တော်တော့ဘူး... ဒီညပဲ မင်းကို မြို့ပြင်ထုတ်ဖို့ လူလွှတ်လိုက်မယ်..."

"ကျုပ်ရဲ့ ခြေထောက်ကရော..."

ဟေးရွှမ်ဂိတ် ဂိုဏ်းချုပ်က ကပျာကယာ မေးလိုက်၏။

မဟာအကြီးအကဲ၏ မျက်နှာပေါ်တွင် ကောက်ကျစ်စဉ်းစားသော အပြုံး တစ်ခု ပေါ်လာသည်။

"ဘာလို့ လောနေရတာလဲ... မြို့ပြင်ရောက်တာနဲ့ ပိုပြီး အစွမ်းထက်တဲ့ ခြေထောက်တစ်စုံကို တပ်ဆင်ပေးမယ့်လူ ရှိပါတယ်... မင်း ကျေနပ်စေရမယ်လို့ အာမခံတယ်..."

မြို့စားမင်းအိမ်တော်၏ သိုင်းကျမ်းဆောင်သည် ကျယ်ဝန်းလှသည်။

ဧရာမ ကျောက်တုံးကြီးများဖြင့် တည်ဆောက်ထားပြီး (၃) ထပ် ရှိသော်လည်း ယဲ့ဖုန်း၊ ကျိုးကျားချိုင်နှင့် ရှင်းကွမ်ရွှမ်တို့သည် ပထမထပ်သို့သာ ဝင်ခွင့်ရကြသည်။

ပထမအဆင့် သိုင်းကွက်များ၊ ဝင်္ကပါ၊ ဆေးဝါးနှင့် ဝိညာဉ်သားရဲများဆိုင်ရာ ရှေးဟောင်းသိုင်းကျမ်းများ အများအပြား ရှိသော်လည်း စာအုပ်တစ်အုပ်ချင်းစီကို ကျောက်တုံးကြီးများထဲမှ လျှို့ဝှက်အခန်းငယ်များထဲတွင် သော့ခတ်သိမ်းဆည်းထားသဖြင့် ရှာဖွေရ ခက်ခဲလှသည်။

"ဟဲဟဲဟဲ... ဒုတိယတပ်မှူးကျိုး... ဒီနှစ်ယောက်က ဘယ်သူတွေလဲ..."

လက်နောက်ပစ်ထားသော အဘိုးအိုတစ်ဦးသည် သရဲတစ္ဆေတစ်ကောင်အလား ဆိုင်းမဆင့်ဗုံမဆင့် ရောက်ရှိလာသဖြင့် ယဲ့ဖုန်းနှင့် ရှင်းကွမ်ရွှမ်တို့ လန့်ဖျပ်သွားကြသည်။

"ဒါက အကြီးအကဲလျို ပါ... သိုင်းကျမ်းဆောင်ရဲ့ အကြီးအကဲဖြစ်သလို ဓာတ်ကြီးငါးပါး စုစည်းခြင်းအဆင့်အောက် ရေပေါ်ဖြူမြို့တော်ရဲ့ နံပါတ်တစ် ကျွမ်းကျင်သူပါ..."

ကျိုးကျားချိုင်က မိတ်ဆက်ပေးလိုက်၏။

ယဲ့ဖုန်းသည် အကြီးအကဲလျိုကို အကဲခတ်ကြည့်လိုက်၏။

ဝိညာဉ်စွမ်းအား ပြည့်ဝနေသော အဘိုးအိုတစ်ဦး ဖြစ်သည်။ ဆံပင်ပါးပါးသာ ရှိသော်လည်း မီးပြတိုက်နှစ်ခုအလား တောက်ပစူးရှသော မျက်လုံးများ ရှိသည်။ အထင်ရှားဆုံး အချက်မှာမူ သူ၏ ပါးစပ်ထဲမှ ရွှေသွားများပင် ဖြစ်လေ၏။

အကြီးအကဲလျိုထံမှ ဓားသိုင်းအရှင်ဂိုဏ်း၏ မဟာအကြီးအကဲထက် ပိုမိုအားကောင်းသော အရှိန်အဝါကို ယဲ့ဖုန်း ခံစားလိုက်ရ၏။ 'အစ်ကိုကြီး ခေါင်းပြား' ငါးကောင်ကို အနိုင်ယူနိုင်လောက်သည့် စွမ်းအားမျိုး ဖြစ်သည်။

'အကြီးအကဲလျိုက တော်တော်စွမ်းတာပဲ... ငါနဲ့ ယှဉ်နိုင်လောက်တယ်...'

ယဲ့ဖုန်း စိတ်ထဲတွင် တွေးလိုက်မိသည်။

ကျိုးကျားချိုင်သည် ယဲ့ဖုန်းနှင့် ရှင်းကွမ်ရွှမ်ကို လက်ညှိုးထိုးပြပြီး မိတ်ဆက်ပေးလိုက်၏။

"အကြီးအကဲလျို... ဒီနှစ်ယောက်က မြူခိုးဂိုဏ်း ဂိုဏ်းချုပ် ယဲ့ဖုန်း နဲ့ လျိုယွင်ဂိုဏ်းရဲ့ အတွင်းစည်းတပည့် ရှင်းကွမ်ရွှမ် တို့ပါ... ဂိုဏ်းချုပ်ယဲ့က သိုင်းကွက်ငှားချင်လို့ အထူးတလည် လာခဲ့တာပါ..."

"ဘယ်သိုင်းကွက်ကို လိုချင်တာလဲ..."

အကြီးအကဲလျိုသည် စားပွဲပေါ်တွင် ရှေးဟောင်းသိုင်းကျမ်းတစ်အုပ်ကို ဖြန့်ခင်းလိုက်ပြီး ယဲ့ဖုန်းကို ပြသလိုက်၏။

ထိုစာအုပ်ထဲတွင် သိုင်းကျမ်းဆောင်၌ ရှိသမျှသော သိုင်းကွက်များ၏ အမည်နှင့် အကျဉ်းချုပ် ဖော်ပြချက်များ ပါရှိသော်လည်း တည်နေရာအတိအကျကိုမူ ဖော်ပြမထားကြောင်း ယဲ့ဖုန်း သတိထားမိလိုက်၏။

ခဏမျှ ကြည့်ရှုပြီးနောက် ယဲ့ဖုန်းသည် လက်ရှိအခြေအနေတွင် မြူခိုးဂိုဏ်းတပည့်များနှင့် အသင့်တော်ဆုံးဖြစ်မည့် ပထမအဆင့် သိုင်းကွက် (၃) ခုကို ရွေးချယ်လိုက်၏။

၎င်းတို့မှာ "ဆန်းကြယ်သော အခွံမာဒိုင်းကာ" ၊ "မြေလျှိုးခြင်း"နှင့် "စွမ်းအင်ကျည်ဆန်" တို့ ဖြစ်ကြသည်။

"ရွေးပြီးပြီဆိုရင် ဒီမှာ မှတ်ပုံတင်လိုက်ပါ..."

အကြီးအကဲလျိုသည် မှတ်ပုံတင်စာအုပ်တစ်အုပ်ကို ထုတ်ပေးလိုက်ပြီး သတိပေးလိုက်၏။

"မှတ်ထားနော်... တစ်လအတွင်း ပြန်လာအပ်ရမယ်... မဟုတ်ရင် တစ်အုပ်ကို ဝိညာဉ်ကျောက်တုံး (၁၀၀) နဲ့ ဝယ်ယူရလိမ့်မယ်..."

"ဟုတ်ကဲ့ပါ... ကျေးဇူးတင်ပါတယ် အကြီးအကဲလျို..."

ယဲ့ဖုန်း ခေါင်းညိတ်လိုက်၏။

ခဏအကြာတွင် သူတို့သုံးဦး သိုင်းကျမ်းဆောင်မှ ထွက်ခွာလာခဲ့ကြသည်။

လမ်းတွင် ယဲ့ဖုန်းက စိတ်ဝင်တစား မေးလိုက်၏။

"နှစ်ခုစလုံးက ကြယ်တစ်ပွင့်အဆင့် အဖွဲ့အစည်းတွေပဲဆိုတော့... မိတ်ဆွေရှင်းရဲ့ အမြင်အရ ရေပေါ်ဖြူမြို့တော်နဲ့ မိတ်ဆွေတို့ဂိုဏ်း... ဘယ်နေရာက သိုင်းကျမ်းဆောင်က ပိုစုံလင်မယ်လို့ ထင်လဲ..."

"ဒါကတော့ လျိုယွင်ဂိုဏ်းက ပိုစုံတာပေါ့ဗျာ..."

ရှင်းကွမ်ရွှမ် မဖြေခင် ကျိုးကျားချိုင်က ဝင်ဖြေလိုက်၏။

ရှင်းကွမ်ရွှမ်က ခဏမျှ စဉ်းစားပြီး ခေါင်းညိတ်လိုက်၏။

"ဟုတ်ပါတယ်... လျိုယွင်ဂိုဏ်းက ပိုစုံပါတယ်..."

ထိုစကားကို ကြားလိုက်ရသဖြင့် ယဲ့ဖုန်း၏ စိတ်ထဲတွင် လျိုယွင်ဂိုဏ်း၏ သိုင်းကျမ်းဆောင်ကို သွားရောက်လေ့လာချင်စိတ် ပြင်းပြလာလေ၏။

နေ့လယ်ပိုင်းတွင် ကျိုးကျားချိုင်သည် အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး (၁၀၀) ကို ယဲ့ဖုန်းအား ပေးအပ်လိုက်ပြီးနောက် ချပ်ဝတ်နက် အစောင့်တပ်ဖွဲ့ ဌာနချုပ်သို့ အမြန်ပြန်သွားလေ၏။

ရှင်းကွမ်ရွှမ်သည် ယဲ့ဖုန်းနှင့်အတူ "ကုန်သည်မဟာမိတ်အဖွဲ့" ဟု ခေါ်သော ဆိုင်ကြီးတစ်ဆိုင်သို့ ဆေးဝါးဝယ်ယူရန် လိုက်ပါသွားလေ၏။

"ဧည့်သည်တော်ကြီးများ... ဘာများ အလိုရှိပါသလဲရှင်..."

ခြေတံရှည်ရှည် အလှပဂေးလေး တစ်ဦးသည် ပါးချိုင့်လေးများ ပေါ်အောင် ပြုံးပြရင်း လှမ်းလာသည်။

"အဆင့်နိမ့် ချီကျင့်ကြံဆေးလုံး လိုချင်ပါတယ်..."

ယဲ့ဖုန်းက ပြောလိုက်၏။

ဧည့်ကြိုမိန်းကလေး အံ့သြသွားသည်။

သူမသည် ကျင့်ကြံခြင်း မရှိသော်လည်း ဝိညာဉ်မျက်လုံး ပွင့်နေပြီဖြစ်ရာ ယဲ့ဖုန်း၌ ကျင့်ကြံခြင်းအဆင့် မရှိသည်ကို မြင်နေရ၏။ သူမက ကြေးရတတ် ဧည့်သည်မှာ ရှင်းကွမ်ရွှမ် ဖြစ်မည်ဟု ထင်မှတ်ထားသော်လည်း သာမန်လူက ဦးအောင်ပြောလိုက်သဖြင့် အံ့သြသွားခြင်း ဖြစ်သည်။

"ဂိုဏ်းချုပ်ယဲ့... ချီကျင့်ကြံဆေးလုံးတွေ အများကြီးစားတာ ကျင့်ကြံခြင်းအတွက် မကောင်းဘူးဗျ... ခန္ဓာကိုယ်ထဲမှာ အညစ်အကြေးတွေ စုမိတတ်တယ်..."

ရှင်းကွမ်ရွှမ်က တိုက်တွန်းလာသည်။

"ဒါပေမဲ့ အဲဒီ အညစ်အကြေးတွေကို ဖယ်ရှားဖို့အတွက် 'ကိုယ်ခန္ဓာသန့်စင်ဆေးလုံး' ကို ဝယ်လို့ရပါတယ်..."

ယဲ့ဖုန်း မျက်ခုံးပင့်လိုက်၏။

အရင်က တပည့်တွေကို ဆေးလုံးပေးတုန်းက ကျားယွိလန်က သန့်စင်မှု (၉၉) ရာခိုင်နှုန်းပဲ ရှိ၍ ညည်းညူခဲ့ဖူးတာကို သတိရသွားသည်။

သို့သော်၊ မိုယင်ကတော့ အညစ်အကြေးတွေကို အလိုလို ထုတ်ပစ်နိုင်သည်ဟု ပြောခဲ့ဖူးသည်။

"ကိုယ့်ဘာသာ အညစ်အကြေးတွေကို ထုတ်ပစ်လို့ မရဘူးလား..."

ယဲ့ဖုန်းက မေးလိုက်၏။

ရှင်းကွမ်ရွှမ် ခဏမျှ တုံ့ဆိုင်းနေပြီးမှ ရှင်းပြသည်။

"ရတော့ ရပါတယ်... ဒါပေမဲ့ အချိန်တိုအတွင်း ဆေးလုံးတွေ အများကြီး သောက်မယ်ဆိုရင်... ချက်ချင်း မထုတ်နိုင်ဘဲ စုပုံလာတတ်ပါတယ်... အဲဒါက အခြေခံအုတ်မြစ်ကို ထိခိုက်စေနိုင်ပါတယ်..."

ထိုအချိန်တွင် ဧည့်ကြိုမိန်းကလေးက အခွင့်ကောင်းယူပြီး ဝင်ပြောလေ၏။

"ခန္ဓာကိုယ် အညစ်အကြေးတွေကို ဖယ်ရှားဖို့ 'ကိုယ်ခန္ဓာသန့်စင်ဆေးလုံး' ကို သုံးလို့ရပါတယ်ရှင့်... တစ်လုံးကို အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး (၃၀) ပါ..."

"အို... ဈေးကြီးလိုက်တာ..."

ယဲ့ဖုန်း ပါးစပ်အဟောင်းသား ဖြစ်သွားသည်။

အဆင့်နိမ့် နတ်ဆိုးစစ်သည်တော်အဆင့် မိကျောင်းခေါင်း ကြက်နတ်ဆိုး တစ်ကောင်ရဲ့ ခြေသည်းတစ်စုံမှ ဝိညာဉ်ကျောက်တုံး (၂) တုံးပဲ ရတာ... ဆိုလိုတာက ကိုယ်ခန္ဓာသန့်စင်ဆေးလုံး တစ်လုံးရဖို့ မိကျောင်းခေါင်း ကြက်နတ်ဆိုး (၁၅) ကောင် သတ်ရမှာပေါ့...

"ကိုယ်ခန္ဓာသန့်စင်ဆေးလုံးက အညစ်အကြေး ဖယ်ရှားရာမှာ အထူးပြုပါတယ်ရှင့်... အညစ်အကြေး နည်းသွားရင် ကျင့်ကြံမှုအရှိန် ပိုမြန်လာပြီး အဆို့အတားတွေကို ဖြတ်ကျော်ရာမှာလည်း အထောက်အကူ ပြုပါတယ်... ဒါကြောင့် သူ့တန်ဖိုးက အဆင့်မြင့် ချီကျင့်ကြံ

ဆေးလုံးထက်တောင် ပိုမြင့်ပြီး ဈေးကြီးတာပါ..."

ဧည့်ကြိုမိန်းကလေးက ခပ်ပြုံးပြုံး ဖြင့် ရှင်းပြလေ၏။

"ကောင်းပြီလေ... စမ်းကြည့်ဖို့ တစ်လုံးလောက် ဝယ်လိုက်မယ်..."

ယဲ့ဖုန်း ရေရွတ်လိုက်၏။

အခန်း (၅၉) - ယဲ့ဖုန်း၏ စိတ်ပျက်မှုနှင့် ရုပ်သေးသားရဲ

~"ဧည့်သည်တော်ကြီး... 'ကိုယ်ခန္ဓာသန့်စင်ဆေးလုံး'က တစ်ခါဝယ်ရင် (၅) လုံး တစ်ပုလင်းလိုက်ပဲ ရောင်းပါတယ်ရှင့်... တစ်လုံးချင်း ခွဲမရောင်းပါဘူး..."

ဧည့်ကြိုမိန်းကလေးက ပြောလိုက်၏။

"ဆိုလိုတာက... ငါ ကိုယ်ခန္ဓာသန့်စင်ဆေးလုံး ဝယ်ချင်ရင် အနည်းဆုံး ဝိညာဉ်ကျောက်တုံး (၁၅၀) ပေးရမယ်ဆိုတဲ့ သဘောလား..."

ယဲ့ဖုန်း နဖူးကို ရိုက်လိုက်မိသည်။ ကုန်သည်မဟာမိတ်အဖွဲ့ရဲ့ အရောင်းနည်းလမ်းက သူ့ကို ထောင်ချောက်ဆင်နေသလို ခံစားလိုက်ရ၏။

ဆေးတစ်လုံးကို ဝိညာဉ်ကျောက်တုံး (၃၀) ပေးရတာကိုက ဈေးကြီးနေပြီ။ အခုက တစ်လုံးချင်း ခွဲမရောင်းဘဲ တစ်ပုလင်းလုံး ယူမှရမယ်ဆိုတော့... ဒါ သက်သက်မဲ့ အနိုင်ကျင့်တာပဲ...

ဒီအကြောင်းကို တွေးမိတော့မှ မီးရှူးတိုင်မြို့က ဝူရွှမ်ဆောင်က ပိုပြီး စိတ်ချရသည်ဟု ယဲ့ဖုန်း ခံစားလိုက်ရ၏။

ဒါ့အပြင် ဒီကိစ္စကြောင့် ကျင့်ကြံခြင်းလမ်းစဉ်က မလွယ်ကူကြောင်းကိုလည်း ယဲ့ဖုန်း သဘောပေါက်လာသည်။

ချီကျင့်ကြံဆေးလုံးနှင်ြ ကိုယ်ခန္ဓာသန့်စင်ဆေးလုံး လိုအပ်ချက်တွေကို တွက်ချက်ကြည့်မည် ဆိုလျှင်... ချီစုစည်းခြင်း (၉) ဆင့်မြောက်ကို ရောက်ဖို့အတွက် အနည်းဆုံး ဝိညာဉ်ကျောက်တုံး (၃၀၀) လောက် ကုန်ကျလိမ့်မည်။ ဒါက အဆင့်နိမ့် နတ်ဆိုးစစ်သည်တော်အဆင့် မိကျောင်းခေါင်း ကြက်နတ်ဆိုး ရာချီ သတ်မှ ရနိုင်မည့် ပမာဏပင်...။

ဒါက အချိန်အများကြီး ပေးရမည့် ကိစ္စ ဖြစ်၏။

ဒါတောင်မှ 'ဝိညာဉ်မျက်လုံးဆေးရည်'၊ ကျင့်စဉ်တွေ၊ သိုင်းကွက်တွေ၊ ဝိညာဉ်လက်နက်တွေနှင့် အခြား ကုန်ကျစရိတ်တွေ မပါသေးပါ...။

ခြုံငုံကြည့်လိုက်လျှင် ချီစုစည်းခြင်း (၉) ဆင့်မြောက် ကျင့်ကြံသူတစ်ယောက် မွေးထုတ်ပေးဖို့အတွက် လိုအပ်သော ကျင့်ကြံခြင်းအရင်းအမြစ်တွေက တကယ့်ကို များပြားလှပြီး ရဖို့လည်း မလွယ်ကူပါပေ...။

"ဒါကြောင့်လည်း ချီစုစည်းခြင်းအဆင့်မြင့် ကျင့်ကြံသူတွေ နည်းပါးတာကိုး... ဓာတ်ကြီးငါးပါး စုစည်းခြင်းအဆင့် ဆိုရင် ပိုတောင် ရှားဦးမယ်... အဆင့်တစ်ဆင့် တက်ဖို့အတွက် အရင်းအမြစ်တွေ တောင်ပုံရာပုံ လိုအပ်တာကိုး..."

ယဲ့ဖုန်း တီးတိုး ရေရွတ်လိုက်၏။

ထိုအချိန်တွင် ဧည့်ကြိုမိန်းကလေးက မေးလိုက်၏။

"ဧည့်သည်တော်ကြီး... ကိုယ်ခန္ဓာသန့်စင်ဆေးလုံး ယူဦးမလားရှင့်..."

ထိုစဉ်၊ ရှင်းကွမ်ရွှမ်ကလည်း ပြောပြလာလေ၏။

"ဂိုဏ်းချုပ်ယဲ့... ကိုယ်ခန္ဓာသန့်စင်ဆေးလုံး ဆောင်ထားတာ ကောင်းပေမယ့်... ပုံမှန်အားဖြင့်တော့ ချီစုစည်းခြင်း (၇) ဆင့်မြောက် ရောက်မှ လိုအပ်တာပါ... အစောပိုင်းအဆင့်တွေမှာက အညစ်အကြေး စုပုံမှု သိပ်မရှိတတ်ပါဘူး..."

ထိုစကားကို ကြားလိုက်ရသဖြင့် ယဲ့ဖုန်း မျက်ခုံးပင့်လိုက်၏။

လက်ရှိအချိန်တွင် မြူခိုးဂိုဏ်းတပည့် အများစုသည် ချီစုစည်းခြင်း (၄) ဆင့်မြောက် သို့မဟုတ် (၅) ဆင့်မြောက်တွင်သာ ရှိကြသေးသဖြင့် ကိုယ်ခန္ဓာသန့်စင်ဆေးလုံး သုံးစွဲရန် မလိုအပ်သေးပေ။

ထို့ကြောင့် ယဲ့ဖုန်းက ဧည့်ကြိုမိန်းကလေးကို ပြောလိုက်၏။

"လောလောဆယ် ကိုယ်ခန္ဓာသန့်စင်ဆေးလုံး မလိုတော့ဘူး... အဆင့်နိမ့် ချီကျင့်ကြံဆေးလုံး နှစ်ပုလင်းပဲ ပေးပါ..."

အကယ်၍ ဘေးနားတွင် ဂိုဏ်းတပည့်တစ်ဦးဖြစ်သူ ရှင်းကွမ်ရွှမ်သာ အကြံမပေးခဲ့လျှင် သူ စိတ်လိုက်မာန်ပါဖြင့် ကိုယ်ခန္ဓာသန့်စင်ဆေးလုံးများကို ဝယ်မိသွားနိုင်သည်။

"ဟုတ်ကဲ့ပါ... ခဏလောက် စောင့်ပေးပါရှင့်..."

ဧည့်ကြိုမိန်းကလေးသည် လှည့်ထွက်သွားပြီး လက်ရာမြောက်စွာ ထွင်းထုထားသော ဗီရိုတစ်ခုထဲမှ ကျောက်စိမ်းပုလင်း နှစ်လုံးကို ထုတ်ယူလာသည်။ ပုလင်းတစ်လုံးစီတွင် အဆင့်နိမ့် ချီကျင့်ကြံဆေးလုံး (၁၀) လုံးစီ ပါဝင်ပြီး စုစုပေါင်း တန်ဖိုးမှာ အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး (၁၀၀) ဖြစ်၏။

ယဲ့ဖုန်းသည် ပိုက်ဆံရှင်းလိုက်ပြီး ရှင်းကွမ်ရွှမ်နှင့်အတူ ကပ်စေးနဲသော မျက်နှာထားဖြင့် ကုန်သည်မဟာမိတ်အဖွဲ့ ဆိုင်ထဲမှ ထွက်ခွာလာခဲ့ကြသည်။

"ဂိုဏ်းချုပ်ယဲ့... ပိုက်ဆံရှာရတာ ခက်ပြီး သုံးရတာ လွယ်တယ်လို့ မခံစားရဘူးလား..."

ရှင်းကွမ်ရွှမ်က ဟက်ဟက်ပက်ပက် ရယ်မော လိုက်၏။

"ဒါပေါ့..."

ယဲ့ဖုန်း ခေါင်းညိတ်ထောက်ခံလိုက်၏။ ဒီစကားကို ရင်းနှီးနေသလို ခံစားရပြီး မိုယင် ပြောဖူးသလိုလို ရှိသည်။

"တကယ်တော့ ဝိညာဉ်ကျောက်တုံး ရှာရတာ မလွယ်ပါဘူး... အမြန်ဆုံးနည်းလမ်းကတော့ နတ်ဆိုးသားရဲတွေကို သတ်ပြီး ပစ္စည်းတွေကို ဈေးပေါပေါနဲ့ ရောင်းတာပါပဲ... ဒါပေမဲ့ မြန်သလောက် အန္တရာယ်လည်း ကြီးပါတယ်..."

လမ်းလျှောက်ရင်း ရှင်းကွမ်ရွှမ်က ပြောလိုက်၏။

"ကြည့်ရတာ ခင်ဗျားလည်း အဲဒီလို မကြာခဏ လုပ်ဖူးပုံရတယ်..."

ယဲ့ဖုန်းက မှတ်ချက်ချလိုက်၏။

သူ့စကားကြောင့်၊ ရှင်းကွမ်ရွှမ်က ပြုံးလိုက်သည်။

"ဒါပေါ့... ဂိုဏ်းတပည့်တွေအနေနဲ့ ကွင်းဆင်းလေ့ကျင့်မှုတွေ မကြာခဏ သွားရပါတယ်... နတ်ဆိုးသားရဲ အမျိုးမျိုးနဲ့ တိုက်ခိုက်ရတာပေါ့... ဒါပေမဲ့ သေဆုံးဒဏ်ရာရမှုနှုန်းကလည်း မြင့်မားပါတယ်ဗျ..."

ပြောပြောဆိုဆိုပင် ရှင်းကွမ်ရွှမ်က အင်္ကျီလက်မောင်းကို လှန်ပြလိုက်ရာ လက်ဖျံပေါ်တွင် ထိတ်လန့်ဖွယ်ရာ ခြေသည်းရာကြီး (၃) ခုကို တွေ့လိုက်ရ၏။

"ဒါတွေက အသေးအဖွဲပါ... ကျဆုံးသွားတဲ့ ရဲဘော်တွေနဲ့ ယှဉ်ရင် ကျွန်တော်က ကံကောင်းပါတယ်..."

ရှင်းကွမ်ရွှမ်က သက်ပြင်းချလိုက်ပြီး အင်္ကျီလက်ကို ပြန်ချလိုက်၏။

ယဲ့ဖုန်း ကောင်းကောင်း နားလည်လိုက်၏။

မြူခိုးဂိုဏ်းက အခုလို ကြီးပွားတိုးတက်နေတာကို မကြည့်နှင့်...။

ထိုအချက်က ယဲ့ဖုန်းမှာ စနစ်၏ အကူအညီ ရှိနေပြီး တစ်ပိုင်းတစ်စ အသွင်ပြောင်း နတ်ဆိုးသားရဲနှင့် ယှဉ်နိုင်သော စွမ်းအားရှိနေ၍သာ တပည့်တွေကို ဦးဆောင်ပြီး နတ်ဆိုးသတ်၊ အရင်းအမြစ်တွေ ရှာဖွေနိုင်ခဲ့ခြင်း ဖြစ်သည်။

တခြားဂိုဏ်းတွေသာ ဆိုလျှင် 'အစ်ကိုကြီး ခေါင်းပြား' လိုကောင်မျိုးနှင့် တွေ့လိုက်တာနှင့် တစ်ဂိုဏ်းလုံး ပြာကျသွားနိုင်သည်။ ဆက်လက်ကျင့်ကြံဖို့ဆိုတာ ဝေးရော...

သူတို့နှစ်ဦး လမ်းမပေါ်တွင် ဆက်လက်လျှောက်လှမ်းလာခဲ့ကြသည်။

ရုတ်တရက် ယဲ့ဖုန်းသည် အန္တရာယ် ကျရောက်တော့မည့် အရိပ်အယောင်ကို ခံစားလိုက်ရ၏။

"သတိထား..."

ရှင်းကွမ်ရွှမ်လည်း အန္တရာယ်ကို အာရုံခံမိပြီး လက်ဟန်အမူအရာများ ကပျာကယာ ပြုလုပ်ကာ သူတို့ရှေ့တွင် တိမ်တိုက်နှင့် မြူခိုးများကို အကာအကွယ်လွှာ ဖန်တီးလိုက်၏။

"ရွှီ..."

အဝေးမှနေ၍ အနက်ရောင် မြားတစ်စင်းသည် လေထုကို ခွင်းလျက် ပျံသန်းလာသည်။ မြား၏ အရှိန်ကြောင့် လေပွေတစ်ခု ဖြစ်ပေါ်လာပြီး လမ်းဘေးဝဲယာရှိ လူများကိုပင် လွင့်စဉ်သွားစေသည်။ ၎င်း၏ စွမ်းအားမှာ ကြောက်ခမန်းလိလိပင်။

ရှင်းကွမ်ရွှမ်သည် စုစည်းထားသော တိမ်တိုက်နှင့် မြူခိုးများကို မြား၏ ရှေ့သို့ တွန်းပို့ကာ ဒိုင်းကာအဖြစ် ခုခံလိုက်၏။

"ခွပ်" ကနဲ အသံထွက်ပေါ်လာသည်။

တိမ်တိုက်နှင့် မြူခိုးဒိုင်းကာသည် ချက်ချင်းပင် ကွဲကြေသွားသည်။ မြား၏ စွမ်းအား တစ်ဝက်ခန့် လျော့ကျသွားသော်လည်း ရှေ့သို့ ဆက်လက်တိုးဝင်လာဆဲ ဖြစ်သည်။ ရှင်းကွမ်ရွှမ်၏ နဖူးနှင့် ခြေတစ်ဝက်ခန့် အကွာသို့ ရောက်သောအခါ ယဲ့ဖုန်းက လက်ဖြင့် ဖမ်းဆုပ်လိုက်ပြီး တားဆီးလိုက်လေ၏။

"သီသီလေးပဲ..."

ရှင်းကွမ်ရွှမ် တစ်ကိုယ်လုံး ချွေးစေးများ ပြန်သွားသည်။ အကယ်၍ ယဲ့ဖုန်းသာ ဝင်မတားခဲ့လျှင် သူ သေချာပေါက် သေဆုံးသွားရမည် ဖြစ်သည်။

"တစ်ယောက်ယောက်က ခင်ဗျားကို လုပ်ကြံချင်နေတာလား..."

ယဲ့ဖုန်း နားမလည်နိုင်စွာ မေးလိုက်၏။

"ကျွန်တော်လည်း မသိပါဘူးဗျာ..."

ရှင်းကွမ်ရွှမ် ခေါင်းကို တွင်တွင်ခါလိုက်၏။

"ဝူး..."

ထိုအချိန်တွင် ဒုတိယမြောက် မြားတစ်စင်းသည် သူတို့ဆီသို့ ပျံသန်းလာပြန်သည်။

ဒီတစ်ခါ ပစ်မှတ်က ရှင်းကွမ်ရွှမ် မဟုတ်... ယဲ့ဖုန်း ဖြစ်သည်!

"နေ့ခင်းကြောင်တောင်ကြီး လုပ်ကြံရဲတယ်... တော်တော် မိုက်ရိုင်းတဲ့ လူသတ်သမားပဲ..."

ယဲ့ဖုန်း၏ မျက်လုံးများ အေးစက်သွားသည်။ သူသည် ပထမမြားကို လက်ထဲတွင် ဆုပ်ကိုင်လျက် ရှေ့သို့ ပြေးထွက်သွားပြီး ဝင်လာသော ဒုတိယမြားကို ထိပ်တိုက်ရင်ဆိုင်လိုက်၏။

"ဒေါင်" ကနဲ အသံနှင့်အတူ ဒုတိယမြားကို လမ်းကြောင်းလွှဲလိုက်ပြီး "ခွပ်" ကနဲ အသံနှင့်အတူ ချုံခိုလုပ်ကြံသူကို ပြန်လည်ပစ်ခတ်လိုက်လေ၏။

"လိုက်ဖမ်းကြ..."

ယဲ့ဖုန်း ဦးဆောင်ပြီး ပြေးထွက်သွားရာ ရှင်းကွမ်ရွှမ်လည်း အနောက်မှ ကပ်လိုက်ပါသွားသည်။ ဘေးပတ်ဝန်းကျင်ရှိ လမ်းသွားလမ်းလာများမှာမူ ကြောက်လန့်တကြား ဝပ်နေကြပြီး တုန်လှုပ်နေကြသည်။

မီတာ (၁၀၀) ခန့် အကွာတွင်...

ယဲ့ဖုန်းနှင့် ရှင်းကွမ်ရွှမ်တို့သည် မြေကြီးပေါ်တွင် မြားစိုက်နေသော ထူးဆန်းသည့် အရာဝတ္ထု တစ်ခုကို ကြည့်ပြီး အတွေးနက်နေကြသည်။

ဒါသည် နွားငယ်တစ်ကောင် ပုံသဏ္ဍာန်ရှိသော ရုပ်သေးရုပ် တစ်ခု ဖြစ်သည်။ သို့သော် ပါးစပ်မှ ကြောက်မက်ဖွယ်ရာ မြားများကို ပစ်ခတ်နိုင်စွမ်း ရှိသည်။ စုစုပေါင်း မြား (၃) စင်း ပါရှိပြီး တစ်စင်းစီသည် ချီစုစည်းခြင်း (၉) ဆင့်မြောက် ကျင့်ကြံသူတစ်ယောက်ကို လုပ်ကြံသတ်ဖြတ်နိုင်လောက်အောင် စွမ်းအားပြင်းထန်သည်။

သို့သော် တတိယမြောက် မြားကို မပစ်ခတ်နိုင်မီမှာပင် ယဲ့ဖုန်း ပြန်လှန်ပစ်ခတ်လိုက်သော မြားကြောင့် မြေကြီးပေါ်တွင် စိုက်ဝင်သွားပြီး မလှုပ်ရှားနိုင်တော့ခြင်း ဖြစ်သည်။

"ဒါက ကြယ်တစ်ပွင့်အဆင့် 'လက်နက်တစ်ရာဂိုဏ်း' က ထုတ်လုပ်တဲ့ အဆင့်မြင့် ရုပ်သေးရုပ်ပဲ... အလယ်အဆင့် ဝိညာဉ်ကျောက်တုံးနဲ့ အသက်သွင်းရတာ... ဓာတ်ကြီးငါးပါး စုစည်းခြင်းအဆင့်အောက် ဘယ်သူမှ ယှဉ်နိုင်မှာ မဟုတ်ဘူး..."

ရှင်းကွမ်ရွှမ်က လေးနက်သော အသံဖြင့် ပြောလိုက်၏။

"လက်နက်တစ်ရာဂိုဏ်းက ကျွန်တော်တို့ကို လုပ်ကြံချင်နေတာလား..."

ယဲ့ဖုန်း မျက်လုံးပြူးသွားသည်။

"မဖြစ်နိုင်ပါဘူး... လက်နက်တစ်ရာဂိုဏ်းက ဝိညာဉ်လက်နက် အမျိုးမျိုးကို ထုတ်လုပ်ရောင်းချတာပဲ လုပ်တာပါ... ဂိုဏ်းကြီးတွေကြားက ပဋိပက္ခတွေမှာ ဝင်မပါတတ်ပါဘူး... ဒါက ယုတ်မာတဲ့သူ တစ်ယောက်ယောက်က ဝယ်ပြီး ကျွန်တော်တို့ကို လုပ်ကြံခိုင်းတာ ဖြစ်လောက်တယ်..."

ရှင်းကွမ်ရွှမ်က ရှင်းပြသည်။

"ဟိုလူကြီးများ ဖြစ်နေမလား..."

ယဲ့ဖုန်း၏ ခေါင်းထဲသို့ မနေ့က လမ်းမှာ ဆုံခဲ့သော ဓားသိုင်းအရှင်ဂိုဏ်း၏ မဟာအကြီးအကဲပုံရိပ်က ချက်ချင်း ဝင်ရောက်လာသည်။

လက်နက်တစ်ရာဂိုဏ်းက သူ့ကို ရုတ်တရက်ကြီး ပစ်မှတ်ထားစရာ အကြောင်းမရှိပေ။ ဖြစ်နိုင်ခြေ အများဆုံးကတော့ ဓားသိုင်းအရှင်ဂိုဏ်း မဟာအကြီးအကဲ၏ လက်ချက်ပင် ဖြစ်လိမ့်မည်။

"ဒါပေမဲ့ ဂိုဏ်းချုပ်ယဲ့က တကယ်ကို ကြမ်းတာပဲ... ရုပ်သေးရုပ်ကို တစ်ချက်တည်းနဲ့ အသုံးမဝင်အောင် လုပ်ပစ်လိုက်တယ်... သိလား... ဒီလို ရုပ်သေးရုပ်မျိုးက အနည်းဆုံး အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး (၃၀၀) လောက် တန်တယ်... သူ့ရဲ့ ခံစစ်ကလည်း တော်တော်ကောင်းတာဗျ..."

ဟု ရှင်းကွမ်ရွှမ်က ထုတ်ဖော် ချီးကျူးလိုက်၏။

"ဝိညာဉ်ကျောက်တုံး (၃၀၀) တန် ရုပ်သေးရုပ် ဟုတ်လား..."

ယဲ့ဖုန်း အံ့သြသွားပြီး နှမြောသလို ဖြစ်သွားသည်။ ပြန်ပြင်ပြီး သုံးလို့ရမလားဟုပင် တွေးမိလိုက်၏။

"ဒါပေမဲ့ နောက်ကွယ်က ကြိုးကိုင်သူက တကယ်ကို ရက်ရောတာပဲ...ကျွန်တော်တို့ကို လုပ်ကြံဖို့ ဒီလောက် တန်ဖိုးကြီးတဲ့ ပစ္စည်းကို သုံးတယ်ဆိုတော့..."

"နောက်ကွယ်က လူက ဒီရုပ်သေးရုပ်နဲ့တင် ကျွန်တော်တို့ကို ရှင်းပစ်နိုင်မယ်လို့ ထင်ခဲ့ပုံရတယ်... ဂိုဏ်းချုပ်ယဲ့ရဲ့ စွမ်းအားကို လျှော့တွက်လိုက်တာပါ..."

ရှင်းကွမ်ရွှမ်က သုံးသပ်ပြသည်။

ယဲ့ဖုန်းသည် ရုပ်သေးရုပ်ကို စနစ်သိုလှောင်ခန်းထဲသို့ ထည့်လိုက်ပြီး ပြောလိုက်၏။

"ဘာပဲဖြစ်ဖြစ်... အခုတော့ ကျွန်တော့် လက်ထဲ ရောက်လာပြီပဲ..."

ထိုအချိန်တွင် ရင်းနှီးသော အသံတစ်သံ အဝေးမှ ထွက်ပေါ်လာသည်။

"ဂိုဏ်းချုပ်ယဲ့... ခင်ဗျားကို ရှာတွေ့ပြီဗျာ..."

ယဲ့ဖုန်း လှည့်ကြည့်လိုက်ရာ ထိပ်ပြောင်ကြီး ကျိုးကျားချန်သည် မြေကြီးမှ (၃) ပေခန့် အကွာတွင် ပျံဝဲလျက် တစ်စက္ကန့်လျှင် (၁၀) မီတာနှုန်းဖြင့် ရောက်ရှိလာသည်ကို တွေ့လိုက်ရ၏။

"ဟေ... လေထဲမှာ ပျံလာတာပါလား..."

ယဲ့ဖုန်း အံ့သြသွားသည်။

ရှင်းကွမ်ရွှမ်က အသံနှိမ့်ပြီး ရှင်းပြသည်။

"အဲဒါ 'ကိုယ်ဖော့ပညာ' လို့ခေါ်တဲ့ ပထမအဆင့် သိုင်းကွက်ပါ... တကယ် ပျံသန်းတာ မဟုတ်ပါဘူး..."

"သိုင်းကွက် ဟုတ်လား..."

ယဲ့ဖုန်း၏ မျက်လုံးများ အရောင်တောက်လာသည်။

ထိုသိုင်းကွက်နှင့် ပတ်သက်သော ရှေးဟောင်းသိုင်းကျမ်းကို ရှာပြီး မြူခိုးဂိုဏ်းတပည့်တွေကို ပြန်သင်ပေးချင်စိတ် ပြင်းပြလာလေတော့သည်။

အခန်း (၆၀) - မြို့စားမင်းအိမ်တော် အစည်းအဝေးခန်းမနှင့် နတ်ဆိုးသတ်ပွဲတော်

~"ကောင်းကင်ယံ၌ ပျံသန်းခြင်း..."

ဤအရာသည် ယဲ့ဖုန်း၏ အိပ်မက်တစ်ခုဟု ဆိုလျှင်လည်း မမှားပေ။

လက်ရှိအချိန်တွင် သူကိုယ်တိုင် မပျံသန်းနိုင်သေးသော်ငြား၊ တပည့်များကို ကောင်းကင်ယံထက်တွင် လွတ်လပ်စွာ ပျံသန်းနိုင်စေမည့် သိုင်းကွက်တစ်ပုဒ်ကို တွေ့ရှိလိုက်ရသည့်အခါ... သူ၏ ပထမဆုံး ဖြစ်ပေါ်လာသော အတွေးမှာ ထိုသိုင်းကွက်ကို အရယူပြီး တပည့်များအား လက်ဆင့်ကမ်း သင်ကြားပေးရန်ပင် ဖြစ်ချေ၏။

"ဒီသိုင်းကွက်က ခန္ဓာကိုယ်ကို ပေါ့ပါးစေပါတယ်... ပြီးရင် မြေကမ္ဘာရဲ့ စွမ်းအင်စက်ကွင်းကို တွန်းကန်ပြီး လေထဲမှာ ပျံသန်းလို့ ရပါတယ်... ဓားပျံစီးတာထက် ဝိညာဉ်စွမ်းအင် ကုန်ကျမှု အများကြီး သက်သာပါတယ်... ဒါပေမဲ့ အားနည်းချက်ကတော့ အရှိန်နည်းနည်း နှေးတာပါပဲ..."

ယဲ့ဖုန်းက 'ကိုယ်ဖော့ပညာ'ကို စိတ်ဝင်စားနေသည်ကို သတိပြုမိသဖြင့် ရှင်းကွမ်ရွှမ်က အသံတိုးတိုးဖြင့် ရှင်းပြပေးရှာသည်။

ထိုအခိုက်အတန့်၌ ကျိုးကျားချန်သည် မြေကြီးပေါ်သို့ သက်ဆင်းလာပြီး ယဲ့ဖုန်းနှင့် ရှင်းကွမ်ရွှမ်ကို ဦးညွှတ်ကာ တိုက်တွန်းလာသည်။

"ရေပေါ်ဖြူမြို့တော်ရဲ့ (၃) နှစ် တစ်ကြိမ် ကျင်းပတဲ့ နတ်ဆိုးသတ်ပွဲတော် စတင်တော့မှာ ဖြစ်ပါတယ်... ဂိုဏ်းချုပ်ယဲ့နဲ့ မိတ်ဆွေရှင်းတို့ကို မြို့စားမင်းအိမ်တော် အစည်းအဝေးခန်းမဆီ အမြန် ကြွရောက်ပေးဖို့ ဖိတ်ခေါ်ပါတယ်ခင်ဗျာ..."

"အလို... ဒီလောက် မြန်လှချည်လား..."

ယဲ့ဖုန်း အံ့သြသွားမိသည်။

"ကျွန်တော်လည်း အခုလေးတင် သတင်းရတာပါ... ဂိုဏ်းချုပ်တွေကို အမြန်ဆုံး လိုက်လံ အကြောင်းကြားနေရတာပါ... ကဲ... ကျွန်တော် တခြားသူတွေကို ဆက်သွားပြောလိုက်ပါဦးမယ်... ခွင့်ပြုပါဦးခင်ဗျာ..."

ပြောပြောဆိုဆိုပင် ကျိုးကျားချန်သည် 'ကိုယ်ဖော့ပညာ' ကို အသုံးပြုပြီး တခြားနေရာများဆီသို့ ပျံသန်းထွက်ခွာသွားလေတော့သည်။ ယဲ့ဖုန်းနှင့် ရှင်းကွမ်ရွှမ်တို့ နှစ်ယောက်တည်း ကျန်ရစ်ခဲ့လေ၏။

ဤအချိန်၌ လူသူကင်းမဲ့သော ခြံဝင်းတစ်ခုအတွင်းတွင်...

ဓားသိုင်းအရှင်ဂိုဏ်း ၏ မဟာအကြီးအကဲသည် ဒေါသအမျက် ခြောင်းခြောင်းထွက်လျက် စားပွဲကို ဝုန်းခနဲ ထုချလိုက်လေ၏။

"သေစမ်း... ဒီကောင် ယဲ့ဖုန်းက တော်တော် ကြောက်စရာကောင်းတာပဲ... အဆင့်မြင့် ရုပ်သေးရုပ်ကိုတောင် ဖျက်ဆီးပစ်လိုက်တယ်... ဒီသတင်းသာ ဝံပုလွေ ဗိုလ်ချုပ်လေး ဆီ ရောက်သွားရင် ငါ့ကို သေချာပေါက် အရေခွံ (၃) ထပ်လောက် နွှာပစ်လိမ့်မယ်..."

တွေးမိလေလေ၊ ဓားသိုင်းအရှင်ဂိုဏ်း မဟာအကြီးအကဲ၏ သွားများက ကျစ်ကျစ်ပါအောင် စေ့ထားလေလေ ဖြစ်နေ၏။

'မြားပစ် နွားသိုးရုပ်သေး' သည် ဝံပုလွေ ဗိုလ်ချုပ်လေး ပိုင်ဆိုင်သော ပစ္စည်းဖြစ်သည်။ အရေးကြုံလျှင် အသုံးပြုရန် သူ့ထံ၌ ခေတ္တအပ်နှံထားခြင်း ဖြစ်ပေ၏။

မူလကတော့ ရှင်းကွမ်ရွှမ်နှင့် ယဲ့ဖုန်းကို လုပ်ကြံပြီး မြို့ထဲတွင် ထိတ်လန့်မှုများ ဖြစ်ပေါ်စေချင်ရုံ သက်သက်ပင် ဖြစ်သည်။ လျိုယွင်ဂိုဏ်းက ဒေါသထွက်လာလျှင် ဖိအားများက ရေပေါ်ဖြူမြို့တော် အုပ်ချုပ်ရေးပိုင်းဆီသို့ ရောက်ရှိသွားပေမည်။

ထိုအခါကျမှ သူက အခွင့်ကောင်းယူပြီး ပြဿနာရှာနိုင်မည် ဖြစ်သည်။

လုပ်ကြံမှု မအောင်မြင်လျှင်တောင် ရုပ်သေးရုပ်က အလွယ်တကူ ထွက်ပြေးနိုင်သည် မဟုတ်ပါလော။

သို့သော် ယဲ့ဖုန်းက ဤမျှ ကြမ်းတမ်းမည်ဟု သူ ဘယ်တုန်းကမှ ထင်မထားခဲ့ပေ။ မြားများကို ပြန်လှည့်ပြီး ပစ်လွှတ်လိုက်သည်မှာ ရုပ်သေးရုပ်ခမျာ ရှောင်တိမ်းချိန်ပင် မရလိုက်ဘဲ ချက်ချင်း ပျက်စီးသွားရသည်။

"နတ်ဆိုးသတ်ပွဲတော် စတော့မယ်... ယဲ့ဖုန်းက သေချာပေါက် ရေပေါ်ဖြူမြို့တော်ကနေ ထွက်ခွာရမှာပဲ... အဲဒီအချိန်ကျရင်... ဟဲဟဲဟဲ..."

ဓားသိုင်းအရှင်ဂိုဏ်း မဟာအကြီးအကဲ၏ အပြုံးသည် တံခါးပေါက်ကို စိုက်ကြည့်ရင်း ပိုမို၍ ဉာဏ်များသော အပြုံး အဖြစ် ပြောင်းလဲသွားတော့သည်။

ယဲ့ဖုန်းနှင့် ရှင်းကွမ်ရွှမ်တို့ မြို့စားမင်းအိမ်တော် တံခါးဝသို့ ရောက်ရှိလာကြသည်။

ချီစုစည်းခြင်း (၇) ဆင့်မြောက် ချပ်ဝတ်နက် အစောင့်တပ်ဖွဲ့ တပ်ခွဲမှူးတစ်ယောက် ရှေ့ထွက်လာပြီး လေးလေးစားစား ဖိတ်ခေါ်လိုက်၏။

"ဂိုဏ်းချုပ်ယဲ့... အစ်ကိုရှင်း... ဒီဘက်ကို ကြွပါခင်ဗျာ..."

ယဲ့ဖုန်း ဤတပ်ခွဲမှူးကို မှတ်မိလိုက်၏။

ဒီမနက်တုန်းက သူ ပါးစပ်ထဲ ခရမ်းချဉ်သီးထည့်ပြီး သေချင်ယောင် ဆောင်ခဲ့သော သရုပ်ဆောင်တွေထဲက တစ်ယောက်ပင် ဖြစ်သည်။ သရုပ်ဆောင်တာ နည်းနည်း ပိုလွန်းသော်လည်း ရလဒ်ကတော့ ကျေနပ်စရာ ကောင်းခဲ့ပေသည်။

"ကျေးဇူးပါဗျာ..."

ယဲ့ဖုန်းက ပြုံးပြလိုက်၏။

ခဏအကြာတွင် သူတို့နှစ်ဦးကို ခန်းမကြီးတစ်ခုထဲသို့ ခေါ်ဆောင်သွားပြီး ရှေ့ဆုံးတန်းတွင် နေရာချပေးလိုက်လေ၏။

ထိုအချိန်၌ အခြားထိုင်ခုံများတွင်လည်း ကျင့်ကြံသူအများအပြား ရောက်ရှိနေကြပြီ ဖြစ်သည်။ အားလုံးသည် အနည်းဆုံး ချီစုစည်းခြင်း (၇) ဆင့်မြောက် ရှိကြပြီး ဂိုဏ်းချုပ်အဆင့်များ၊ သို့မဟုတ် အဆင့်နိမ့်ဂိုဏ်းများမှ ဝါရင့်ကျင့်ကြံသူများချည်းပင် ဖြစ်ကြသည်။

ကျင့်ကြံခြင်းအဆင့် လုံးဝမရှိသည့် သာမန်လူတစ်ယောက်ဖြစ်သော ယဲ့ဖုန်းက ရှေ့ဆုံးတန်းတွင် ထိုင်နေသည်ကို မြင်လိုက်ရသောအခါ ဂိုဏ်းချုပ်အများစုက အံ့သြသွားကြသည်။ သို့သော် ဘာမျှတော့ ဖွင့်ဟပြောဆိုရဲခြင်း မရှိကြပေ။

အချိန်ကြာလာသည်နှင့်အမျှ လူများ ပိုမို ရောက်ရှိလာကြသည်။

ယဲ့ဖုန်းကို မြင်လိုက်တိုင်း အားလုံး၏ မျက်နှာပေါ်တွင် အံ့သြသည့် အမူအရာများ ပေါ်လာကြသော်ငြား မြို့စားမင်းအိမ်တော်က စီစဉ်ပေးထားခြင်း ဖြစ်သောကြောင့် မည်သူမျှ မကန့်ကွက်ရဲကြပေ။

လူအုပ်ကြီးထဲတွင် လုံမိသားစု ခေါင်းဆောင် လုံကျိန်းချွမ်၊ ကျားမိသားစု ခေါင်းဆောင် ကျားလီအန်းနှင့် ကျိုးမိသားစုမှ အကြီးအကဲများကိုလည်း ယဲ့ဖုန်း တွေ့မြင်လိုက်ရ၏။

'သြော်... ရေပေါ်ဖြူမြို့တော်က ဂုဏ်သရေရှိ မိသားစုကြီးတွေကိုလည်း ဂိုဏ်းအင်အားစု တစ်မျိုးအနေနဲ့ သတ်မှတ်ထားတာကိုး...'

ယဲ့ဖုန်း စိတ်ထဲမှနေ၍ မှတ်ချက်ချလိုက်မိသည်။

"ဒုန်း... ဒုန်း... ဒုန်း..."

ရုတ်တရက် ခြေသံများ ထွက်ပေါ်လာသည်။

အားလုံး မတ်တတ်ထရပ်လိုက်ကြပြီး အသံလာရာကို လှမ်းကြည့်လိုက်ကြသည်။

ဒုတိယမြို့စားမင်းနှင့် လျိုယွင်ဂိုဏ်းမှ အကြီးအကဲ လုရှန်ယွဲ့တို့ ဦးဆောင်ပြီး ဝင်ရောက်လာကြသည်ကို တွေ့လိုက်ရ၏။ သူတို့နောက်တွင်မူ ဓာတ်ကြီးငါးပါး စုစည်းခြင်းအဆင့် ကျွမ်းကျင်သူ (၃) ဦး လိုက်ပါလာကြသည်။

ဤ (၃) ဦးသည် ရေပေါ်ဖြူမြို့တော်၏ အဆင့်မြင့်ဂိုဏ်း (၃) ဂိုဏ်းမှ ဂိုဏ်းချုပ်များ ဖြစ်မည်ဟု ယဲ့ဖုန်း ခန့်မှန်းလိုက်၏။

ကျွမ်းကျင်သူ (၅) ဦးစလုံး စင်မြင့်ပေါ်ရှိ ထိုင်ခုံများတွင် ဝင်ထိုင်လိုက်ကြသည်။

ဒုတိယမြို့စားမင်းက ခန်းမတစ်ခုလုံးကို အကဲခတ်လိုက်၏။ လူစုံသလောက် ရှိနေပြီဖြစ်ကြောင်း မြင်လိုက်ရသောအခါ လက်ကာပြပြီး အားလုံးကို ပြန်ထိုင်ခိုင်းလိုက်၏။

ထို့နောက် သူ၏ ခပ်ဩဩ အသံဖြင့် ပြောကြားလိုက်၏။

"ဒီနေ့ ခင်ဗျားတို့ကို ခေါ်လိုက်ရတာက (၃) နှစ် တစ်ကြိမ်ကျင်းပတဲ့ 'သားရဲအမဲလိုက်ပွဲတော်' အတွက်ပါ... ထုံးစံအတိုင်းပဲ လျိုယွင်ဂိုဏ်းက အကြီးအကဲ လုရှန်ယွဲ့ကပဲ ဒီပွဲကို ဦးစီးကျင်းပပေးသွားမှာ ဖြစ်ပါတယ်..."

ထိုအခိုက်အတန့်၌၊ အကြီးအကဲ လုရှန်ယွဲ့ မတ်တတ်ရပ်လိုက်၏။

"ကျွန်တော်က လျိုယွင်ဂိုဏ်းက အကြီးအကဲ လုရှန်ယွဲ့ပါ... ဒီမှာရှိတဲ့ လူအများစုက ကျွန်တော့်ကို သိပြီးသား ဖြစ်မယ်ထင်ပါတယ်... ဒါကြောင့် မလိုအပ်တဲ့ စကားပလ္လင်ခံတာတွေ မပြောတော့ပါဘူး..."

"ဒီနှစ် သားရဲအမဲလိုက်ပွဲတော်က ခရိုင်ဘုရင်မြို့တော်မှာ (၁၀) နှစ် တစ်ကြိမ် ကျင်းပတဲ့ ပွဲတော်ကြီးနဲ့ တိုက်ဆိုင်နေတယ်... ဒါကြောင့် ဒီပွဲမှာ အကောင်းဆုံး စွမ်းဆောင်နိုင်တဲ့ ဂိုဏ်း သို့မဟုတ် မိသားစုကို မြို့စားမင်းအိမ်တော်က ရွေးချယ်ပြီး ခရိုင်ဘုရင်မြို့တော်က ပွဲတော်ကြီးကို တက်ရောက်ခွင့် ပေးသွားမှာပါ..."

"ကျန်တဲ့ စည်းကမ်းတွေကတော့ အရင်အတိုင်းပါပဲ..."

"မနက်ဖြန်ကစပြီး တစ်လကြာအောင် နတ်ဆိုးသတ်ဖြတ်ရေး စစ်ဆင်ရေးကို ဆင်နွှဲရမယ်... သတ်ဖြတ်လိုက်တဲ့ နတ်ဆိုးအရေအတွက်နဲ့ အဆင့်အတန်းအပေါ် မူတည်ပြီး အမှတ်တွေ ပေးသွားမယ်... အမှတ်အများဆုံး အဖွဲ့အစည်းကို ရွေးချယ်သွားမှာပါ..."

"ဒါ့အပြင် ဒုတိယမြို့စားမင်းနဲ့ ကျွန်တော်က ထိပ်ဆုံး (၃) ဖွဲ့ကို ထပ်ဆောင်း ဆုလက်ဆောင်တွေ ပေးသွားဦးမယ်... အဲဒီအထဲမှာ အဆင့်နိမ့် မူလခိုင်မာဆေးလုံး၊ ဒုတိယအဆင့် သိုင်းကွက်တွေနဲ့ အဆင့်နိမ့် ဝိညာဉ်လက်နက်တွေ ပါဝင်နိုင်ပါတယ်... အတိအကျကိုတော့ အခြေအနေပေါ် မူတည်ပြီး ဆုံးဖြတ်သွားမှာပါ..."

ဒီစကားကို ကြားလိုက်ရသည်နှင့် အားလုံး၏ မျက်နှာပေါ်တွင် စိတ်လှုပ်ရှားမှုများ အထင်းသား ပေါ်လာကြသည်။

ယခင်နှစ်များက သားရဲအမဲလိုက်ပွဲတော်များတွင် အဆင့်မြင့်ဂိုဏ်း (၃) ဂိုဏ်းကသာ ထိပ်ဆုံးနေရာများကို လက်ဝါးကြီးအုပ်လေ့ ရှိသော်ငြား၊ တစ်ခါတလေ အလယ်အလတ်အဆင့် ဂိုဏ်းများ ထိပ်ဆုံး (၃) နေရာထဲ ဝင်ရောက်သွားဖူးသည့် သာဓကများ ရှိခဲ့ဖူးသည်။

ဆုလက်ဆောင်များကို မျှော်ကိုးပြီး ဂိုဏ်းချုပ်များက ပြန်ရောက်သည်နှင့် ချက်ချင်း ပြင်ဆင်ကာ နောက်ရက်တွင်ပင် တပည့်များကို ဦးဆောင်၍ နတ်ဆိုးသတ်ထွက်ရန် ဆုံးဖြတ်လိုက်ကြလေ၏။

"နောက်ထပ် အရေးကြီးတဲ့ အချက်တစ်ခု... ကျုပ် မြို့စားမင်းအနေနဲ့ လေးလေးနက်နက် သတိပေးလိုက်မယ်... နတ်ဆိုးသတ်ဖြတ်ရေး စစ်ဆင်ရေးဆိုတာ လူတွေကို ဒုက္ခပေးတဲ့ နတ်ဆိုးတွေကိုပဲ ရည်ရွယ်တာပါ... သာမန်ပြည်သူတွေကို ကူညီပေးလေ့ရှိတဲ့ ဝိညာဉ်သားရဲတွေကို ထိခိုက်အောင် လုပ်မိရင်တော့... မြို့စားမင်းအိမ်တော်ရဲ့ ပြင်းထန်တဲ့ အပြစ်ပေးမှုကို ခံရပါလိမ့်မယ်..."

ဒုတိယမြို့စားမင်းက သူ၏ ကျင့်ကြံခြင်းစွမ်းအားကို အသုံးပြုပြီး အသံ အောင်အောင်မြင်မြင်နှင့် အမိန့်ကို ထုတ်ပြန်လိုက်၏။ အဆင့်မြင့်ဂိုဏ်းချုပ် (၃) ဦးပင်လျှင် မျက်နှာပျက်သွားကြရ၏။

ထို့နောက်တွင်မူ အကြီးအကဲ လုရှန်ယွဲ့က နောက်ထပ် စည်းကမ်းချက် ဒါဇင်ခန့်ကို ထပ်မံရှင်းပြပြီးမှ အစည်းအဝေး ပြီးဆုံးသွားလေ၏။

"ဂိုဏ်းချုပ်ယဲ့... ခဏလောက် နေခဲ့ပါဦး..."

ဒုတိယမြို့စားမင်းက ယဲ့ဖုန်းကို လှမ်းခေါ်လိုက်၏။

"ဒုတိယမြို့စားမင်း... ဘာများ ထူးခြားလို့ပါလဲခင်ဗျာ..."

ယဲ့ဖုန်း မေးလိုက်၏။

"ဒါတွေက ဓားသိုင်းအရှင်ဂိုဏ်း၊ ငှက်မွေးတောင်ဂိုဏ်းနဲ့ နီရှန်နန်းတော် တို့ရဲ့ ဂိုဏ်းချုပ်တွေပါ... ဂိုဏ်းချုပ်ယဲ့အနေနဲ့ သူတို့ဆီကနေ အကြံဉာဏ်ကောင်းတွေ တောင်းခံသင့်ပါတယ်..."

"ဂိုဏ်းချုပ် (၃) ယောက်ကို ဂါရဝပြုပါတယ်ခင်ဗျာ..."

ယဲ့ဖုန်းက နှုတ်ဆက်လိုက်၏။

ဓားသိုင်းအရှင်ဂိုဏ်း၏ ဂိုဏ်းချုပ်က အရပ် (၂) မီတာနှင့် (၃၀) စင်တီမီတာခန့် မြင့်မားသော လူလတ်ပိုင်းအရွယ် အမျိုးသားကြီး ဖြစ်သည်။

ဆံပင်ရှည်များကို ဖားလျားချထားပြီး ဒူးလောက်ထိသာ ရောက်သည့် ဘောင်းဘီပွပွကြီး တစ်ထည်တည်းကိုသာ ဝတ်ဆင်ထားသည်။ သူ၏ တစ်ကိုယ်လုံးတွင် ကြွက်သားများက အဖုအထစ်များဖြင့် ပြည့်နှက်နေပြီး လမ်းလျှောက်နေသော တောင်ကြီးတစ်လုံးပမာပင်။ ကျောပေါ်တွင်လည်း (၂) မီတာခန့်ရှည်သော ဓားကြီးတစ်လက်ကို လွယ်ထားသေးသည်။ ကြည့်ရသည်မှာ တော်တော် ခက်ထန်ကြမ်းတမ်းပြီး ရက်စက်ကြမ်းကြုတ်ရန် ဝန်မလေးသည့် ပုံစံမျိုးပင်။

ငှက်မွေးတောင်ဂိုဏ်း၏ ဂိုဏ်းချုပ်ကမူ အဖြူရောင် ဝတ်ရုံရှည်ကို ဝတ်ဆင်ထားပြီး မျက်နှာပေါ်တွင် အပြုံးမပျက်သော အဘိုးအို တစ်ဦး ဖြစ်သည်။ ကြည့်ရသည်မှာ တော်တော် ဖော်ရွေမည့်ပုံ ပေါက်နေလေ၏။

နီရှန်နန်းတော်၏ နန်းတော်သခင်မမှာမူ မက်မွန်သီးကဲ့သို့ ပန်းရောင်သမ်းနေသော ပါးပြင်များနှင့် ဆွဲဆောင်မှုရှိသည့် လူလတ်ပိုင်း အမျိုးသမီးကြီးတစ်ဦး ဖြစ်သည်။ သူမက ယဲ့ဖုန်းကို ကြည့်လိုက်သောအခါ နှုတ်ခမ်းကို လျှာဖြင့် သပ်လိုက်ပြီး မူနွဲ့ ကာ ပြောလိုက်၏။

"ဂိုဏ်းချုပ်ယဲ့က တော်တော် ခန့်ညားတာပဲ... အားတဲ့အချိန်ကျရင် မြို့အနောက်ဘက်က နီရှန်နန်းတော်ကို လာခဲ့ပါဦး... မမနဲ့ ကျင့်ကြံခြင်းလမ်းစဉ်အကြောင်း လေးလေးနက်နက် ဆွေးနွေးကြတာပေါ့..."

ပြောပြီးသည်နှင့် နီရှန်နန်းတော်သခင်မက မျက်စိတစ်ဖက် မှိတ်ပြလိုက်သေးသည်။

ယဲ့ဖုန်း ပါးစပ်အဟောင်းသား ဖြစ်သွားပြီး ဘာပြန်ပြောရမှန်း မသိတော့ပေ။

ထိုအခိုက်အတန့်၌ ဤဂိုဏ်းချုပ် (၃) ဦးထဲတွင် နီရှန်နန်းတော်သခင်မက အန္တရာယ်အရှိဆုံးဟု သူ ခံစားလိုက်ရ၏။

ထို့ကြောင့် ယဲ့ဖုန်းက ယဉ်ကျေးသမှု စကားအနည်းငယ် ပြန်ပြောလိုက်ပြီး ဒုတိယမြို့စားမင်းနှင့် အကြီးအကဲ (၃) ဦးကို နှုတ်ဆက်ကာ ရှင်းကွမ်ရွှမ်နှင့်အတူ ခန်းမထဲမှ ကပျာကယာ ထွက်ခွာလာခဲ့လိုက်၏။

"ဂိုဏ်းချုပ်ယဲ့က ငါ့ကို ကြည့်တဲ့အကြည့်တွေ တစ်မျိုးပဲကွ..."

ဓားသိုင်းအရှင်ဂိုဏ်းချုပ်က လက်ပိုက်လျက် ဩရှသော အသံဖြင့် ပြောလိုက်၏။

"ရှင်က တောင်ပေါ် ဂေါ်ဇီလာကြီးနဲ့ တူနေလို့ သူ လန့်သွားတာ နေမှာပေါ့..."

နီရှန်နန်းတော်သခင်မက ဟက်ဟက်ပက်ပက် ရယ်မော ရင်း ပြောလိုက်၏။

"ပေါက်ကရတွေ..."

ဓားသိုင်းအရှင်ဂိုဏ်းချုပ်က ခြေထောက်ကို ဆောင့်နင်းလိုက်ရာ ခန်းမကြီးတစ်ခုလုံး သုံးခါမျှ သိမ့်သိမ့်ခါ သွားလေ၏။

သို့သော် နီရှန်နန်းတော်သခင်မကမူ သူမ၏ လက်ရှည်ဝတ်ရုံကို ဝှေ့ယမ်းပြီး တံခါးပေါက်မှတစ်ဆင့် လှပစွာ ပျံသန်းထွက်ခွာသွားပြီ ဖြစ်လေ၏။

All Chapters