အခန်း (၁၅၀)
Vol. 14 Ch. 150
"ငါကတော့ ရွှမ်ဝူတပ်စခန်းရဲ့ ဗိုလ်ဗှုးကြီး ကွမ်ကျိီကျင်း ပဲဒီနေ့ စစ်ဆေးပွဲအတွက် မင်းတို့ရဲ့ အဓိက စာစစ်မှူးပေါ့"
ကွမ်ကျိီကျင်း၏ ဟိန်းထွက်နေသော အသံကြီးက စည်းမျဉ်းများကို အသေးစိတ် ရှင်းပြနေသည်။
"မြို့ထဲကလူတွေ ထွက်လာတာနဲ့ ငါ့ရဲ့ တပ်သားတွေက ရန်သူကို စတင်တိုက်ခိုက်လိမ့်မယ်။ မင်းတို့ကလည်း အဲဒီတိုက်ပွဲထဲမှာ ပါဝင်ရမယ်။ မင်းတို့အတွက် ဘယ်သူကမှ လမ်းဖယ်ပေးမှာ မဟုတ်ဘူး ကိုယ့်အရည်အချင်းကိုယ် သက်သေပြရလိမ့်မယ်။ ရသမျှ အခွင့်အရေးကို အရယူကြ... မင်းတို့ သတ်နိုင်တဲ့ အရေအတွက်ကို မှတ်တမ်းတင်မယ့်သူတွေ ရှိနေလိမ့်မယ်။ အားလုံး သဘောပေါက်ရဲ့လား"
သူတို့နောက်ဘက် နှစ်လီခန့်အကွာတွင် ရှစ်ကျန်မြင့်သော သစ်သားမျှော်စင် ဆယ်ခုကို တည်ဆောက်ထားပြီး မျှော်စင်တစ်ခုစီတွင် အရေအတွက် မှတ်တမ်းတင်မည့်သူများ အသင့်ရှိနေကြသည်။
"ငါတို့က တပ်သားတွေနဲ့ပါ လုပြီး သတ်ရဦးမှာလား"
ရွေးချယ်ခံ ဗိုလ်ချုပ်လောင်းများ တစ်ဦးကိုတစ်ဦး ကြည့်ကာ မျက်လုံးပြူးသွားကြသည်။
မြို့ထဲတွင် ဂိုဏ်းသား စုစုပေါင်း တစ်ထောင်ငါးရာခန့်သာ ရှိသော်လည်း မြို့ပြင်တွင်မူ ပျံလွှားသူရဲကောင်းတပ်မှ တပ်သားပေါင်း သုံးထောင်ခန့်က လက်ရည်စမ်းရန် အသင့်စောင့်နေကြသည်။ ထိုတပ်သားများက သူတို့ကို အခွင့်အရေးပေးမည့် ပုံစံမျိုး လုံးဝမရှိပေ။
'A' အဆင့် ရရှိရန်အတွက် ရန်သူ လေးရာ သတ်ရမည် မဟုတ်ပါလား။
အဆင့်မြင့် သိုင်းသမားများမှာ လူအများကို ယှဉ်ပြိုင်နိုင်စွမ်း ရှိသော်လည်း ပျံလွှားသူရဲကောင်းတပ်ထဲတွင်လည်း အဆင့်မြင့် သိုင်းသမားများကို သတ်နိုင်သည့် စစ်သူကြီးများစွာ ရှိနေသည်။
ဒါက ကျားပါးစပ်ထဲက အစာကို လုစားရသလိုမျိုး အလွန်ခက်ခဲသည့် အလုပ်ပင်။
ကွမ်ကျိီကျင်း၏ အစီအစဉ်အရ လူအားလုံးသည် အနောက်ဘက်မြို့တံခါးပြင်ပ ခြေလှမ်း သုံးရာခန့်အကွာတွင် နေရာယူထားကြသည်။ ရန်သူများ ဖောက်ထွက်လာစေရန် နေရာလွတ်တစ်ခုကို တမင်ချန်လှပ်ထားပြီး မြို့ထဲကလူများ ထွက်လာမည့်အချိန်ကို စောင့်ဆိုင်းနေကြသည်။
ဗိုလ်ချုပ်လောင်းများသည် ရှေ့ဆုံးတွင် ရပ်နေကြပြီး မြို့တံခါးကို စိုက်ကြည့်နေကြသည်။ ရန်သူများ မြင်ကွင်းထဲ ပေါ်လာသည်နှင့် တစ်ပြိုင်နက် သတ်မှတ်ထားသော အရေအတွက် ပြည့်မီစေရန် အပြေးအလွှား သွားရောက်တိုက်ခိုက်ကြတော့မည့် အလားပင်။
သို့သော် သူတို့ စောင့်ဆိုင်းခဲ့ရသည်။
သုံးနာရီ တိတိ ကြာသွားခဲ့သည်။
မွန်းလွဲပိုင်းမှသည် ကောင်းကင်ယံ မှောင်အတိ ကျသွားသည်အထိပင်။
မြို့ထဲကလူများမှာလည်း လူအများ မဟုတ်ကြပေ။ ဤသည်မှာ သေတွင်းမှန်း သူတို့ ကောင်းကောင်းသိသည်။ ထို့ကြောင့် တွန့်ဆုတ်နေကြပြီး သန်းခေါင်ယံအချိန်အထိ မည်သည့် လှုပ်ရှားမှုမျှ မရှိသေးပေ။
စောင့်ဆိုင်းရလွန်းသဖြင့် မောပန်းလာသော ဗိုလ်ချုပ်လောင်း အချို့မှာ လက်နက်များကို ဘေးချကာ ထိုင်ချလိုက်ပြီး အနားယူနေကြတော့သည်။
"သူတို့တွေ အကုန် ငတ်သေကုန်ကြပြီလား မသိဘူး"
ပိုင်ထင်းကျိီ ကတော့ မြို့ကို အတင်းဝင်တိုက်ချင်စိတ်ဖြင့် ဂနာမငြိမ် ဖြစ်နေရှာသည်။
ဝူး...
အားလုံးက နောက်ထပ် နှစ်ရက်၊ သုံးရက်လောက် စောင့်ရဦးမည်ဟု ထင်နေချိန် သန်းခေါင်ယံအချိန်တွင် မြို့တံခါးကြီး ပွင့်ဟလာခဲ့သည်။
အနောက်ဘက်မြို့တံခါးသည် တံခါးငယ်တစ်ခုဖြစ်ပြီး လူလေးဦးခန့်သာ ပခုံးချင်းယှဉ်ကာ ထွက်လာနိုင်သည်။
"ဖောက်ထွက်ကြဟေ့ ညီအစ်ကိုတို့... ဖောက်ထွက်ကြ"
"..."
အစပိုင်းတွင် ဆူညံသံများနှင့် ခြေသံများ ရှုပ်ထွေးနေသော်လည်း နောက်ဆုံးတွင် ခုနစ်သွယ်ဂိုဏ်း ၏ ပထမဆုံး အသုတ် ထွက်ပေါ်လာခဲ့သည်။
"ကောင်းပြီ... လာကြပြီ"
ဗိုလ်ချုပ်လောင်းများ စိတ်ဓာတ်တက်ကြွသွားကာ ရန်သူများ သူတို့အနီးသို့ ရောက်လာလျှင် အပြင်းအထန် တိုက်ခိုက်ပြီး လူခေါင်းအရေအတွက် လုယူရန် အသင့်ပြင်လိုက်ကြသည်။
ရှူး...
သို့သော် ပထမဆုံး ဂိုဏ်းသားတစ်ဦး ပေါ်လာသည်နှင့် တစ်ပြိုင်နက် ချပ်ဝတ်ဖောက် မြားတစ်စင်းက သူ၏ မျက်နှာတည့်တည့်သို့ စိုက်ဝင်သွားပြီး နေရာတင် ပွဲချင်းပြီး သေဆုံးသွားခဲ့သည်။
ရှူး... ရှူး... ရှူး... ရှူး...
ထို့နောက် ဒုတိယတစ်ယောက်၊ တတိယတစ်ယောက်...။
မြို့တံခါးက ကျဉ်းမြောင်းလှသဖြင့် ဂိုဏ်းသားများမှာ မြို့ပြင်သို့ ခြေတစ်လှမ်းပင် မချရသေးမီ တစ်ယောက်ပြီးတစ်ယောက် လဲကျကုန်ကြသည်။ အလောင်းများမှာလည်း တောင်ပုံရာပုံ ဖြစ်လာသဖြင့် မည်သူမျှ ထွက်မလာနိုင်တော့ပေ။
မြို့တံခါးဝတွင် ဒူးလေးတပ်ဖွဲ့တစ်ခုက ပိတ်ဆို့ထားသလားပင် ထင်မှတ်ရသည်။
ဒါက ဘာဖြစ်တာလဲ။ ရန်သူကို ထိပ်တိုက်ရင်ဆိုင် တိုက်ခိုက်ရမှာ မဟုတ်ဘူးလား။ ဘာလို့ မြားသမားတွေက လမ်းပိတ်ထားတာလဲ။
လူအားလုံး လှည့်ကြည့်လိုက်ကြသည်။
ထိုနေရာတွင် ဒူးလေးတပ်ဖွဲ့ မရှိပေ။ စိမ်းပြာရောင် ဝတ်စုံဝတ်ထားသော ဗိုလ်ချုပ်ငယ်တစ်ဦးက လူတစ်ရပ်စာ မြင့်သော လေးကြီးတစ်လက်ကို တရစပ် ဆွဲပစ်နေခြင်းသာ ဖြစ်သည်။ သူ၏လက်ထဲတွင် မြားများစွာရှိနေပြီး လက်က မြန်လွန်းလှသဖြင့် ရိပ်ခနဲ ရိပ်ခနဲသာ မြင်ရသည်။ မြားတစ်စင်း လွှတ်လိုက်တိုင်း အသက်တစ်ချောင်း စတေးနေရသည်။
"ချန်ဆန်းရှီ လား"
ချောင်ဖန် မှာ ဒေါသထွက်သွားပြီး သူ၏ လေးနှင့်မြားကို ကောက်ကိုင်ကာ လိုက်လံ ပစ်ခတ်တော့သည်။
မြားပစ်အတတ်ကို မည်သူမဆို အသုံးချနိုင်သည်။
အမှန်စင်စစ် အများစုမှာလည်း မြားဖြင့် အဝေးကနေ လူခေါင်းအရေအတွက် ဖြတ်ယူရန် ကြိုတင် ကြံစည်လာခဲ့ကြသည်။
ဒါပေမဲ့...
ရန်သူများကို မျှားထုတ်ရန်အတွက် သူတို့အားလုံးသည် ခြေလှမ်း သုံးရာကျော် အကွာတွင် ရပ်နေကြခြင်း ဖြစ်သည်။
စစ်တပ်ထဲတွင် ကျင်လည်နေသူများ ဖြစ်သဖြင့် မြားပစ်အတတ် လုံးဝမရှိဟုတော့ ပြော၍မရပေ။ မြားပစ်ကျွမ်းကျင်သူ အချို့ရှိသော်လည်း ခြေလှမ်း ခုနစ်ဆယ်၊ ရှစ်ဆယ် အကွာက ပစ်မှတ်ကို ထိအောင် ပစ်နိုင်လျှင်ပင် တော်တော်လေး ဟုတ်နေပြီဖြစ်သည်။
သို့သော် ခြေလှမ်း သုံးရာကျော် အကွာအဝေးကနေ ပစ်မှတ်ကို တစ်ချက်မလွဲ ထိအောင် ပစ်နိုင်ဖို့ဆိုသည်မှာ... ဒါက ဘာမှော်အတတ်လဲ။
ထို့အပြင် မြားပစ်သည့် အရှိန်မှာလည်း မျက်စိတစ်မှိတ်အတွင်း နှစ်စင်း၊ သုံးစင်း ထွက်ပေါ်နေပြီး အနောက်ဘက် မြို့တံခါးဝကို လုံးဝ ပိတ်ဆို့ထားသည်။ တခြားသူများအတွက် အခွင့်အရေး လုံးဝ မရှိတော့ပေ။
"ဗိုလ်ချုပ်ချန်ကတော့ တကယ်ကို အစွမ်းထက်တာပဲ"
ပိုင်ထင်းကျိီ က အကျယ်ကြီး အော်ဟစ်လိုက်သည် "မြားနတ်ဘုရားဟေ့... မြားနတ်ဘုရား""
"မင်းက အရူးလား... သူကလည်း မင်းရဲ့ ပြိုင်ဘက်ပဲလေ"
"ငါက စစ်သူကြီး ချန်ရဲ့နောက်ကိုပဲ လိုက်မှာဆိုတော့ ဘာအရေးလဲ"
"..."
"တောက်..."
ချောင်ဖန်နှင့် လုရှူဟွာတို့၏ မြားပစ်အတတ်မှာလည်း မဆိုးလှပေ။ သူတို့သည် ပေါင်နှစ်ထောင်အားရှိသော လေးများကို သုံးနေကြသော်လည်း တိတိကျကျ မပစ်နိုင်ကြပေ။
ဤမျှ ဝေးကွာသော အကွာအဝေးတွင် မြားငါးစင်း၊ ခြောက်စင်း ပစ်မှ တစ်စင်း ထိလျှင်ပင် အတော်လေး ဟုတ်နေပြီ။
သူတို့ မျက်စိရှေ့မှာတင် ချန်ဆန်းရှီက လူပေါင်း ဒါဇင်နှင့်ချီ သတ်ဖြတ်ပြီးနေပြီ ဖြစ်သည်။
သူတို့သည် မာနကို ဘေးချိတ်ကာ တပ်ဖျက်ပြီး မြို့တံခါးနှင့် ခြေလှမ်း တစ်ရာခန့်အကွာသို့ ပြေးကပ်လိုက်ကြသည်။ သို့သော်လည်း ချန်ဆန်းရှီနှင့် လုံးဝ မယှဉ်နိုင်သေးပေ။
လေးကိုဆွဲ၊ မြားကိုတင်၊ ပစ်မှတ်ကိုချိန်... အဲဒါတွေက အချိန်ယူရသည် မဟုတ်ပါလား။
ဒါပေမဲ့ အဲဒီ ချန် ဆိုတဲ့လူကတော့ အချိန်ယူစရာ လုံးဝ မလိုသလိုပင်။
"တစ်ရာ့ငါးဆယ့်ခုနစ်... တစ်ရာ့ငါးဆယ့်ရှစ်..."
ချန်ဆန်းရှီသည် စိတ်ထဲမှ တိတ်တဆိတ် ရေတွက်နေပြီး လက်ကလည်း မနားတမ်း ပစ်ခတ်နေသည်။
ထွက်လာသူ အများစုမှာ အရိုးဖွဲ့စည်းခြင်းအဆင့်၊ သွေးသန့်စင်ခြင်းအဆင့်များ ဖြစ်ကြပြီး တစ်ခါတစ်ရံမှသာ အတွင်းအားသန့်စင်ခြင်းအဆင့် များ ပါလာတတ်သည်။ သို့သော် လမ်းကြောင်းက ကျဉ်းမြောင်းလှသဖြင့် သူတို့မှာ ရှောင်တိမ်းရန် သို့မဟုတ် ကာကွယ်ရန် နေရာမရှိပေ။ မြို့ထဲက ချပ်ဝတ်တန်ဆာများကို ဝတ်ဆင်ထားသော်လည်း မြားသုံးစင်းအတွင်းမှာတင် သေဆုံးကြရသည်။ တကယ့် တိုက်ပွဲကြီး မစတင်ရသေးမီမှာပင် သူသည် 'A' အဆင့် သတ်မှတ်ချက်၏ သုံးပုံတစ်ပုံခန့်ကို ရရှိနေပြီ ဖြစ်သည်။
သို့သော် ရန်သူဘက်ကလည်း အစီအစဉ် ပြောင်းလဲရတော့မည်မှာ ထင်ရှားသည်။ သူတို့သည် အလကား သေတွင်းထဲသို့ လူလွှတ်နေမည် မဟုတ်ပေ။
ခဏအကြာတွင်...
မြို့တံခါးဝမှာ ခေတ္တ တိတ်ဆိတ်သွားပြီး လူများ ပြန်လည် ပေါ်လာသောအခါ မှော်သံမဏိဒိုင်းလွှားများကို ကိုင်ဆောင်ထားကြသည်။
ဒိုင်းလွှားကြီးများက သံမဏိတောင်တန်းကြီးတစ်ခု တိုးထွက်လာသလို အရှိန်အဟုန်ဖြင့် ရှေ့သို့ တက်လာခဲ့ကြသည်။
ချွင်... ချွင်... ချွင်...
လေးကြီးက မည်မျှပင် အစွမ်းထက်ပါစေဦးတော့၊ ထူထဲလှသော သံမဏိဒိုင်းလွှားများကိုမူ ဖောက်ထွက်ရန် မစွမ်းသာပေ။
ဒိုင်းလွှားများဖြင့် မြို့တံခါးဝတွင် အခြေခိုင်သွားသည်နှင့် ဂိုဏ်းသားများစွာ အပြင်သို့ တိုးထွက်လာကြပြီး အရပ်ရပ်သို့ လူစုခွဲ ထွက်ပြေးကြတော့သည်။ သို့သော် သူတို့ကို ပျံလွှားသူရဲကောင်းတပ်သားများက တားဆီးထားကြသည်။
တကယ့် တိုက်ပွဲအစစ်အမှန် စတင်ပြီ ဖြစ်သည်။
ဒါကလည်း ချန်ဆန်းရှီအတွက် ရန်သူသတ်ဖြတ်မှုနှုန်းကို လျော့ကျမသွားစေပေ။
သူသည် မြင့်သောနေရာတစ်ခုကို ရှာဖွေလိုက်ပြီး သူပစ်လိုက်သမျှ မြားတိုင်းက အသက်တစ်ချောင်းစီကို ယူဆောင်နေဆဲပင်။
တခြားသူများကမူ ပျံလွှားသူရဲကောင်းတပ်သားများနှင့် အပြိုင်အဆိုင် လူလုသတ်နေရသဖြင့် အားစိုက်ထုတ်နေရသလို အဆင့်မြင့် သိုင်းသမားများနှင့် တိုးမိမည့် အန္တရာယ်လည်း ရှိနေသည်။ အရေးကြီးဆုံးအချက်မှာ သူတို့၏ သတ်ဖြတ်မှုနှုန်းက အလွန် နှေးကွေးနေခြင်းပင်။
"သုံးရာ့ကိုးဆယ့်ကိုး"
"လေးရာ"
ချန်ဆန်းရှီသည် အမှတ်အများဆုံးရရန်အတွက် အရိုးဖွဲ့စည်းခြင်းနှင့် အတွင်းအားသန့်စင်ခြင်းအဆင့်ရှိသော သိုင်းသမားများကိုသာ ရွေးချယ် ပစ်ခတ်ခဲ့သည်။ ထို့ကြောင့် မကြာခင်မှာပင် သူသည် 'A' အဆင့် သတ်မှတ်ချက်ကို ပထမဆုံး ပြည့်မီသွားသူ ဖြစ်လာခဲ့သည်။
သူ ဆက်လက် တိုက်ခိုက်ရန် ပြင်နေစဉ်မှာပင် ထူးခြားမှုတစ်ခုကို ရုတ်တရက် အာရုံရလိုက်သည်။
သူ၏ အော်ရာ(စွမ်းအင်)ကြည့်ရှု့ခြင်း မှတစ်ဆင့် လူအများကြားတွင် ကွဲပြားခြားနားနေသော အော်ရာစွမ်းအင်များကို မြင်တွေ့နေရသည်။
သို့သော် ထိုအော်ရာများကြားတွင် အလွန်ထူးခြားသော အရာတစ်ခု ရှိနေသည်။
၎င်းက အားကောင်းလွန်း၍ မဟုတ်ဘဲ အရောင်ကွဲပြားနေခြင်းကြောင့် ဖြစ်သည်။
အနက်ရောင်နှင့် အနီရောင် ရောယှက်နေသော အော်ရာ...။
ဒါက 'အဆိပ်သားရဲ' တစ်ကောင်ရဲ့ အော်ရာနဲ့ တူနေတာပဲ။
အရောင်ကတော့ ပိုမှောင်နေသလိုပဲ။
ဘာကြောင့် အဆိပ်သားရဲတစ်ကောင်ရဲ့ အော်ရာက သိုင်းသမားတစ်ယောက်ရဲ့ ကိုယ်ထဲမှာ ပေါ်နေရတာလဲ...။