အခန်း (၁၅၁)
Vol. 14 Ch. 151
အနက်ရောင် အော်ရာများ ထွက်ပေါ်နေသော ထိုလူသည် သူ၏မျက်နှာကို ထုတ်မပြဘဲ မြို့တံခါးအနီးရှိ ဒိုင်းလွှားများနောက်တွင် ပုန်းကွယ်ကာ အခွင့်အရေးကို စောင့်ဆိုင်းနေသည်။
စောစောက တစ်ချက်မျှ လှမ်းမြင်လိုက်ရုံဖြင့်ပင်...
ဤအော်ရာသည် မဟာသွေးကြောအဆင့် ရှိသော ဗိုလ်ချုပ် များစွာ၏ အစွမ်းထက်မှုထက် မနိမ့်ကြောင်း သိသာလှသည်။
'အော်ရာကြည့်ရှု့ခြင်း' အတတ်သည် ကျင့်စဉ်အဆင့်အတိအကျကို ဖော်ပြပေးနိုင်ခြင်းမရှိဘဲ ခန့်မှန်းခြေကိုသာ သိနိုင်ခြင်းဖြစ်သည်။ ချန်ဆန်းရှီ သည် လက်ရှိတွင် အတွင်းအားသန့်စင်ခြင်းအဆင့် တွင်သာ ရှိသေးသဖြင့် သူ၏ အကဲဖြတ်နိုင်စွမ်းမှာ အကန့်အသတ် ရှိနေသည်။
တကယ်လို့သာ မဟာသွေးကြောအဆင့်ဆိုရင်...
ဒါဟာ ကျန်းဟွိုင်မင် ပဲ ဖြစ်ရမယ်။
လျန်ကျိုးပြည်နယ်ရဲ့ ဒုတိယတန်းစားဂိုဏ်းဖြစ်တဲ့ ခုနစ်သွယ်ဂိုဏ်း မှာမဟာသွေးကြောအဆင့် တစ်ယောက်နဲ့ ဟွာကျင်းအဆင့် လေးယောက်သာ ရှိတာ မဟုတ်ပါလား။
ဒါဆိုရင် ကျန်းဟွိုင်မင်ပဲ ဖြစ်ဖို့ များတယ်။ ဒါပေမဲ့ ဒီလူ့ဆီမှာ ဘာလို့ အနက်ရောင်အော်ရာတွေ ရှိနေရတာလဲ။
ထိုအော်ရာများသည် အချိန်တိုင်း ရှိနေခြင်းမဟုတ်ဘဲ တစ်ခါတစ်ရံတွင် ပေါ်လာလိုက်၊ တစ်ခါတစ်ရံတွင် ပြန်လည် ဆုတ်ခွာသွားလိုက် ဖြစ်နေသည်။
ဒါက အဆိပ်သားရဲကို စားသုံးမိလို့လား၊ ဒါမှမဟုတ် သားရဲတွေကို အဆိပ်သားရဲအဖြစ် ပြောင်းလဲစေတဲ့ စွမ်းအင်အရင်းအမြစ်တစ်ခုခုကြောင့်လား။
ချန်ဆန်းရှီသည် အနီးသို့ မကပ်သွားပေ။
အတွင်းအားသန့်စင်ခြင်းအဆင့်ထက် မြင့်သော တိုက်ပွဲများသည် သူတို့၏ တာဝန်မဟုတ်ပေ။ အမှတ်အတွက် သတ်ဖြတ်ရမည့် အရေအတွက်ကလည်း လုံလောက်နေပြီဖြစ်ရာ အန္တရာယ်ကြားထဲတွင် မလိုအပ်ဘဲ ကြွားဝါပြနေစရာ မလိုဟု သူယူဆသည်။
သူသည် သူ၏ လေးကြီးကို အသုံးပြုကာ အဆင့်နိမ့် သိုင်းသမားများကိုသာ ဆက်လက် သတ်ဖြတ်နေရင်း 'အော်ရာကြည့်ရှု့ခြင်း' ဖြင့် ကျန်ရှိသူများကို စူးစမ်းကြည့်ရာ ကျန်းဟွိုင်မင် တစ်ဦးတည်း၌သာ ထိုအနက်ရောင်အော်ရာ ရှိနေသည်ကို တွေ့ရသည်။
"ညီအစ်ကိုတို့... တိုက်ကြဟေ့"
"ငါတို့တွေ ဒီမဟာတံတိုင်းကြီးကို ကျော်ဖြတ်နိုင်သရွေ့ မြက်ခင်းပြင်က
တွမ်မျိုးနွယ်ရဲ့ နိုင်ငံသားတွေ ဖြစ်လာမှာကွ"
"..."
အခြေအနေက ဤသို့ ဆိုက်ရောက်လာပြီ ဖြစ်သည်။
ခုနစ်သွယ်ဂိုဏ်း တပည့်များအတွက် နောက်ဆုတ်စရာ လမ်းမရှိတော့ပေ။ လက်နက်ချလျှင်လည်း အသတ်ခံရမည်ဖြစ်ရာ နောက်ဆုံးမျှော်လင့်ချက်ကို ဆုပ်ကိုင်ပြီး အသေခံတိုက်ပွဲဝင်ရန် ဆုံးဖြတ်လိုက်ကြသည်။ သူတို့၏ တိုက်ခိုက်ရေးစွမ်းရည်မှာ မယုံနိုင်လောက်အောင် မြင့်တက်လာပြီး သေမထူးနေမထူး စိတ်ဓာတ်များ ဖြစ်ပေါ်နေကြသည်။
ကံဆိုးသည်မှာ...
အင်အားချင်းက အလွန်ကွာခြားလွန်းလှသည်။
ပျံလွှားသူရဲကောင်းတပ်မှ အထူးတပ်သားများသည် တိုက်ပွဲဝင် အရည်အသွေး မြင့်မားကြပြီး ဟွာကျင်းအဆင့်ထက် မြင့်သော ဗိုလ်ချုပ် များစွာက ဦးဆောင်ထားခြင်း ဖြစ်သည်။ လက်ဖက်ရည် နှစ်ခွက်စာ အချိန်ပင် မကုန်ဆုံးမီမှာပင် ဂိုဏ်းသား တစ်ထောင်ငါးရာအနက် နှစ်ရာ၊ သုံးရာခန့်သာ အသက်ရှင် ကျန်ရစ်တော့သည်။
ယခုအခါတွင် သတ်ဖြတ်မှုအရေအတွက် မပြည့်သေးသော ရွေးချယ်ခံ ဗိုလ်ချုပ်လောင်း များသည် ပို၍ ပျာယာခတ်လာကြသည်။
ချောင်ဖန်၊ ဝမ်ချိုးရှီ၊ လုရှူဟွာ နှင့် တခြားသူများသည် အန္တရာယ်ကို မမှုဘဲ အတွင်းအားသန့်စင်ခြင်းအဆင့်ရှိသော သိုင်းသမားများကို လိုက်လံ ရှာဖွေတိုက်ခိုက်နေကြတော့သည်။
"ရပ်စမ်း"
ဝမ်ချိုးရှီသည် ဓားတစ်စုံကို ကိုင်ဆောင်ကာ အတွင်းအားသန့်စင်ခြင်းအဆင့်သို့ စတင်ဝင်ရောက်ကာစ သိုင်းသမားတစ်ဦးကို လိုက်လံ တိုက်ခိုက်နေသည်။
သူ၏ လက်စွပ်ပုံစံ ဓားဦးများမှာ ကောင်းကင်ယံမှ ဆင်းသက်လာသော လခြမ်းကွေး နှစ်စင်းကဲ့သို့ တရစပ် ဝေ့ယမ်းနေပြီး တစ်ချက်ထက်တစ်ချက် ပိုမို ပြင်းထန်ကာ သေစေနိုင်သည့် အရှိန်အဟုန်များ ပါဝင်နေသည်။
ဒါကတော့ လခွဲဓားသိုင်းပင် ဖြစ်သည်။
"မဆိုးတဲ့ ဓားသိုင်းပဲ"
ချန်ဆန်းရှီသည် သူ၏ ချီလင်နှလုံးသားအကူအညီဖြင့် ပြိုင်ဘက်၏ လှုပ်ရှားမှုများကို ခွဲခြမ်းစိတ်ဖြာကြည့်ရာ ထိုဓားသိုင်း၏ အနှစ်သာရနှင့် ဝိသေသလက္ခဏာများကို လျင်မြန်စွာ နားလည်သွားခဲ့သည်။
ဒါပေမဲ့ ကိုယ်တိုင် ထိပ်တိုက် မတိုက်ခိုက်ဘဲ မျက်စိဖြင့် ကြည့်ရုံမျှဖြင့်တော့ တန်ပြန်တိုက်စစ်ဆင်မည့် နည်းလမ်းကို ရှာမတွေ့နိုင်သေးပေ။
ဒီ ဝမ်ချိုးရှီ ဆိုတဲ့လူက...
တစ်နေ့လုံး ဖားရနံ့ နံနေတတ်သော်လည်း သူ၏ ကျင့်စဉ်မှာ အတွင်းအားသန့်စင်ခြင်းအဆင့်ရဲ့အသေးစားအောင်မြင်မှု့တွင် ရှိနေပြီး မကြာခင်မှာပင် အကြီးစားအောင်မြင်မှု့သို့ ရောက်တော့မည့်သူ ဖြစ်သည်။ သူ၏ ဓားသိုင်းမှာလည်း တော်တော်လေး ကျွမ်းကျင်လှသည်။
ဒါကလည်း မထူးဆန်းပေ သူက လခွဲဓားတောင်ကုန်း ရဲ့ သခင်လေးဖြစ်ပြီး သူ၏ဖခင်မှာလည်း စစ်နတ်ဘုရား တစ်ဦး မဟုတ်ပါလား။
ချွင်... ချွင်... ချွင်... ချွင်...
ဝမ်ချိုးရှီ၏ ဓားအသွားမှာ ဝေ့ယမ်းနေသော စက်ဝိုင်းကြီးတစ်ခုအလား ခုနစ်သွယ်ဂိုဏ်း တပည့်၏ ဓားကို တရစပ် ဖိနှိပ်နေသည်။ နှစ်ဦးလုံးမှာ အတွင်းအားသန့်စင်ခြင်းအဆင့် အသေးစားအောင်မြင်မှု့ ချည်း ဖြစ်သော်လည်း အစွမ်းချင်းမှာ သိသိသာသာ ကွာခြားနေသည်။
ဆယ်ချီမျှပင် မတောင့်ခံနိုင်ဘဲ ထိုတပည့်၏ လက်ထဲမှ ဓားမှာ လွင့်
ထွက်သွားခဲ့သည်။ ထို့နောက် ဝမ်ချိုးရှီ၏ ဓားချက်အောက်တွင် ခန္ဓာကိုယ်မှာ သုံးပိုင်းပြတ်ကာ သွေးချင်းချင်းနီလျက် သေဆုံးသွားတော့သည်။
"အတွင်းအားသန့်စင်ခြင်းအဆင့် တစ်ယောက် ကျန်သေးတယ်"
ဝမ်ချိုးရှီသည် စိတ်ထဲမှ ရေတွက်ရင်း မြို့တံခါးဘက်သို့ ပြေးသွားရာ ဒိုင်းလွှားနောက်က လူရိပ်ကို မြင်လိုက်ရသည်။ "ကျန်းဟွိုင်မင်"
ဘုန်း...
ပြင်းထန်သော အသံကြီး တစ်သံ ထွက်ပေါ်လာသည်။
လေးလံလှသော မှော်သံမဏိ ဒိုင်းလွှားကြီးမှာ ကောင်းကင်မှ ကျဆင်းလာသော သံမဏိတောင်ကြီးသဖွယ် သူ၏ထံသို့ ဝေ့ယမ်း ရောက်ရှိလာသည်။ ရှောင်တိမ်းရန် နေရာမရှိသဖြင့် ဝမ်ချိုးရှီသည် သူ၏ ဓားနှစ်စုံကို သွေးပေါက်ကွဲခြင်းအဆင့် အထိ အစွမ်းကုန် အသုံးပြုကာ ထိုဒိုင်းလွှားကြီးကို လွှင့်ထွက်သွားအောင် ခုခံလိုက်ရသည်။
သို့သော် ထိုအချိန်မှာပင်...
ဒိုင်းလွှားနောက်တွင် ပုန်းကွယ်နေသော ကျန်းဟွိုင်မင်သည် ဝမ်ချိုးရှီ၏ အနီးသို့ ရောက်ရှိလာပြီး သူ၏ ဓားရှည်ဖြင့် လည်ပင်းကို တည့်တည့် ချိန်ရွယ် တိုက်ခိုက်လိုက်သည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် လှံတစ်စင်း ပေါ်လာပြီး ထိုဓားချက်ကို တားဆီးလိုက်သည်။
"မင်း တခြားနေရာကို သွားတော့"
လှံကို ကိုင်ဆောင်ထားသော ဗိုလ်မှူးကြီး ကွမ်ကျိီကျင်းက ပြောလိုက်သည်။ "အတွင်းအားသန့်စင်ခြင်းအဆင့်ထက် မြင့်တဲ့ တိုက်ပွဲတွေမှာ မင်းတို့ ဝင်ပါစရာ မလိုဘူး"
"ကျေးဇူးတင်ပါတယ် ဗိုလ်မှူးကြီး ကွမ်"
ဝမ်ချိုးရှီသည် တုန်လှုပ်နေဆဲဖြစ်သော်လည်း လက်ယှက်ဂါရဝပြုကာ တခြားတစ်နေရာသို့ လျင်မြန်စွာ ဆုတ်ခွာသွားတော့သည်။
"ကျန်းဟွိုင်မင်"
ကွမ်ကျိီကျင်းက သူ၏ လှံဖြင့် ညွှန်ပြရင်း... "လက်နက်ချလိုက်စမ်း မင်း တုန်ယိမြို့ကနေ ထွက်ပြေးနိုင်ရင်တောင် ရှေ့မှာ မဟာတံတိုင်းကြီး ရှိနေသေးတယ်။ မြက်ခင်းပြင်ကို ရောက်သွားရင်တောင် အဲဒီလူရိုင်းတွေက မင်းကို လေးစားမယ် ထင်နေသလား"
"တော်စမ်း... စကားတွေ များနေတာပဲ မင်းတို့လို နန်းတော်ရဲ့ ခွေးတွေ အကုန်လုံး သေသင့်တယ်"
ကျန်းဟွိုင်မင်သည် ဟိန်းဟောက်လိုက်ပြီး သူ၏ ဓားရှည်တွင် ပွင့်လင်းမြင်သာသော အော်ရာများ ဖုံးလွှမ်းသွားကာ ဗိုလ်မှူးကြီး ၏ လှံနှင့် အပြင်းအထန် ရင်ဆိုင်တော့သည်။ အချက်ပေါင်း နှစ်ဆယ်ကျော် အပြန်အလှန် တိုက်ခိုက်ကြပြီးနောက်...
သူတို့နှစ်ဦးလုံးမှာ မဟာသွေးကြောအဆင့်များ ဖြစ်ကြသည်။
သို့သော် တိုက်ပွဲအတွေ့အကြုံ သို့မဟုတ် ကျင့်စဉ်နည်းစနစ် ကွာခြားမှုကြောင့် ကွမ်းကျိကျင်က တဖြည်းဖြည်း အသာစီး ရလာသည်။ လက်နက်ချင်း ထိပ်တိုက်တွေ့နေစဉ် အခွင့်အရေးကို အရယူကာ ရန်သူ၏ ရင်ဘတ်ကို အားပါပါ ကန်လိုက်သည်။
အတွင်းအားအပြည့် ပါဝင်သော ထိုကန်ချက်သည် ပေါင်တစ်သောင်းကျော် အားနှင့် ညီမျှသည်။
ကျန်းဟွိုင်မင်သည် ကြိုးပြတ်သွားသော စွန်တစ်ခုကဲ့သို့ လွင့်ထွက်သွားပြီး မြို့ရိုးနှင့် အားပြင်းစွာ ရိုက်မိသွားသည်။ မြို့ရိုးပေါ်တွင် လူပုံသဏ္ဌာန် အချိုင့်ကြီး ဖြစ်သွားပြီး သူ၏ မျက်စိ၊ နား၊ ပါးစပ်နှင့် နှာခေါင်းတို့မှ သွေးများ စီးကျလာတော့သည်။
ကွမ်ကျိီကျင်းသည် ရန်သူကို အပြတ်ရှင်းရန် ပြင်လိုက်စဉ်...
"တောက်... အနက်ရောင်အော်ရာတွေ ပြန်ထွက်လာပြန်ပြီ"
စောင့်ကြည့်နေသော ချန်ဆန်းရှီသည် ခုနစ်သွယ်ဂိုဏ်းချုပ်၏ ကိုယ်ထဲမှ အနီရောင်နှင့် အနက်ရောင် ရောယှက်နေသော အော်ရာများ ပြင်းထန်လာသည်ကို သတိပြုမိလိုက်သည်။ ၎င်းသည် သူ၏ မူလ အော်ရာကိုပင် လွှမ်းမိုးသွားသည်။
ဝူး...
ချန်ဆန်းရှီသည် ကွမ်ကျိီကျင်းအား ရန်သူကို အမြန်ရှင်းနိုင်ရန် ကူညီသည့်အနေဖြင့် မြားတစ်စင်း လွှတ်လိုက်သည်။
ထိုအနက်ရောင်အော်ရာက လူ့ခန္ဓာကိုယ်အပေါ် ဘယ်လို သက်ရောက်မှုရှိလဲဆိုတာ သူ အတိအကျ မသိသော်လည်း မကောင်းဘူးဆိုတာတော့ သူ သိသည်။ ဒါကြောင့် မြန်မြန်သတ်နိုင်လေ ကောင်းလေပင်။
သို့သော်...
ပြင်းထန်စွာ ဒဏ်ရာရထားသင့်သော ကျန်းဟွိုင်မင်သည် ရုတ်တရက် ခုန်ထလိုက်သည်။ သူ၏ ကိုယ်ထဲမှ အနက်ရောင်အော်ရာများ၏ လွှမ်းမိုးမှုကြောင့် သူ၏ စွမ်းအင်များမှာ တဖြည်းဖြည်း မြင့်တက်လာပြီး ရုပ်လုံးပေါ်လုနီးပါး ဖြစ်လာသည်။
ဤကဲ့သို့ စွမ်းအင်မျိုးကို ယခင်က မြို့တော်ဝန် လျို ထံတွင်လည်း မြင်တွေ့ခဲ့ရဖူးသည်။
ဒါကတော့... ဂန်းချီပဲ။
နက်နဲပုံရိပ်အဆင့် ရောက်သွားတာလား။
"ကျင့်စဉ်အဆင့် တက်သွားတာလား" ချန်ဆန်းရှီ မျက်မှောင်ကြုတ်လိုက်သည်။
ဒီအနက်ရောင်အော်ရာက လူတစ်ယောက်ကို အဆင့်တက်အောင် ကူညီပေးနိုင်တာလား။
"ဘာလဲ"
ကွမ်ကျိီကျင်းလည်း ၎င်းကို မြင်လိုက်ရသည် "ကျန်းဟွိုင်မင်... မင်း ဘယ်တုန်းက နက်နဲပုံရိပ်အဆင့်ကို တက်သွားတာလဲ။ မင်းရဲ့ အရည်အချင်းနဲ့ဆိုရင် အဲဒီအဆင့်ကို ရောက်ဖို့ နောက်ထပ် ဆယ်နှစ်လောက် အနည်းဆုံး လိုဦးမှာ မဟုတ်လား