အခန်း (၃၁)
Vol. 3 Ch. 31
ညစာစားပြီးနောက် ကျွမ်းကျွမ်းက သူ့အမေကိုပန်းကန်တွေ ဆေးခွင့်မပေးပေ။ ပန်းကန်တွေနဲ့ တူတွေကို သူကိုယ်တိုင်မီးဖိုချောင်ထဲ ယူသွားလိုက်သည်။ ရှောင်းကောက ဒီအခိုက်အတန့်မှာ အမှန်တကယ်ကို ပျော်ရွှင်နေသည်။ သူမသည် မိခင်မဖြစ်ဖူးသော်လည်း ကလေးတွေကို ပညာပေးသည့် အွန်လိုင်းဗီဒီယိုများစွာကို သူမမြင်ဖူးသည်။ အဲ့ဒီထဲတွင် ကလေးတွေကို အလိုမလိုက်ရဘူးလို့ ပြောထားသည်။ သူတို့ကို အိမ်မှုကိစ္စများတွင်ပါ၀င်ခွင့်ပေးပြီး ဘဝရဲ့အခြေခံစကေးတွေကို သင်ယူခွင့်ပေးသင့်သည်။ ဒါ့အပြင် ကျွမ်းကျွမ်းဟာ ယောက်ျားလေးတစ်ယောက်ဖြစ်ပြီး ဂရုစိုက်ယုယမနေသင့်ပေ။
ရှောင်းကော အာလူးနှစ်အရည်တွေကို စစ်ဆေးဖို့ထွက်လာလိုက်သည်။ အခုတော့ရေက ပိုကြည်လာတဲ့ပုံပင်။ ရေတွေကိုမသွန်ခင် အချိန်အနည်းငယ်လောက်ကြာအောင် စောင့်ရမည်။
အဲ့ဒီအချိန် ကျွမ်းကျွမ်းက ပန်းကန်ဆေးပြီးသွားပြီဖြစ်သည်။ သူထွက်လာပြီး ရှောင်းကောအနားမှာ ရပ်လိုက်ကာ သူမနဲ့အတူ အာလူးနှစ်အရည်တွေကို စစ်ဆေးကြည့်သည်။ အခုတော့ ရေက တကယ်ကြည်လာသည်။ သူတို့ထမင်းမစားခင်က အာလူးနှစ်အရည်တွေကနောက်နေသေးသည်။ အဲ့ဒီအချိန် ကျွမ်းကျွမ်းသည် အင်တုံအောက်ခြေရှိ အဖြူရောင်အနည်အနှစ်တွေကို သတိပြုမိလိုက်သည်။ သူက ရှောင်းကောကို လက်ညိုးထိုးပြကာမေးလိုက်သည်။ "မေမေ၊ အဲ့ဒါတွေက အာလူးအနှစ်တွေလား?"
ရှောင်းကော ခေါင်းညိတ်လိုက်သည်။ “အဲဒါတွေက အနှစ်တွေ။ ဒါပေမယ့် အောက်ခြေမှာ အပြည့်အဝအနည်မကျသေးဘူး။ အချိန်နည်းနည်းလောက်ကြာဦးမယ်။ ရေက ကြည်လင်သွားရင်တော့ အနှစ်တွေရပြီ"
ရာသီဥတုက လင်းလင်းထိန်ထိန်နဲ့ နေသာနေသည်။ ရှောင်းကောနဲ့ ကျွမ်းကျွမ်းတို့သည် နေရောင်အောက်တွင် နေပူဆာလှုံနေကြသည်။ ရှောင်းကောက သာယာတဲ့ ရာသီဥတုကို ခံစားရင်း ထိုင်ခုံပေါ်တွင် အနားယူနေသည်။ အနှစ်တွေကို လုံလုံလောက်လောက် မြင်ပြီးသွားတော့ ကျွမ်းကျွမ်းလည်း သူ့အမေအတိုင်း သူယူလာတဲ့ ထိုင်ခုံပေါ်မှာ ထိုင်လိုက်သည်။ သူက လက်နှစ်ဖက်ကို ခေါင်းနောက်မှာထားကာ မျက်လုံးတွေမှိတ်ပြီး ခြေချိတ်ထိုင်လိုက်သည်။ ရှောင်းကောမှာ ဒီမြင်ကွင်းကို ကြည့်ပြီး မနေနိုင်ဘဲ ရယ်လိုက်သည်။
ဒီကလေးတော့…
ဒီအချိန်မှာ ကျွမ်းကျွမ်းက တစ်ခုခုကို တွေးနေသည်။ "မေမေ၊ သား မည်းနက်နဲ့ ဖြူသေးကို ထုတ်လာလို့ရမလား?"
“ရတာပေါ့”
ရှောင်းကောမှာ မေ့လုနီးနီးဖြစ်နေသည်။ နွားလေးတွေအတွက် နေရောင်ရတာက ကောင်းသည်။ နွားထားမယ့်တဲသာပြီးသွားရင် ပိုပြီးအဆင်ပြေသွားလိမ့်မည်။
ကျွမ်းကျွမ်းက ခြေသံခပ်ကျယ်ကျယ်နဲ့ အိမ်ထဲ ပြေးသွားပြီး နွားတွေကို လွှတ်ပေးလိုက်သည်။ နွားတွေမှာ အိမ်ထဲတွင် အကြာကြီး နေနေခဲ့ရသည့်ပုံပင်။ တံခါးဖွင့်လိုက်တာနဲ့ တပြိုင်နက် အခန်းထဲကနေ ပြေးထွက်လာကြသည်။ ရှောင်းကောက ထကာ ပင်မတံခါးကို သော့ခတ်လိုက်သည်။ ထို့နောက် နွားလေးတွေ ကျက်စားဖို့အတွက် မြက်တစ်ထုံးကို ဖြန့်လိုက်သည်။
ရှောင်းကောတစ်ယောက် အခန်းထဲတွင် နွားချေးတွေကို မရှင်းရသေးကြောင်း ရုတ်တရက် သတိရသွားသည်။ သူမ ပေါက်ပြားကိုယူကာ အိမ်ထဲသို့ဝင်လိုက်သည်။ ကံကောင်းထောက်မစွာနဲ့၊ နွားလေးနှစ်ကောင်က ငယ်သေးတဲ့အတွက် အညစ်အကြေးတွေ အလွန်အကျွံစွန့်ထားခြင်းမျိုးမရှိသေးပေ။ ရှောင်းကော အညစ်အကြေးတွေကို ရှင်းလင်းနေရင်း နွားချေးတွေက စိုစွတ်ခြင်းလည်းမရှိသလို မာနေခြင်းမျိုးလည်းမရှိကြောင်း သူမသတိထားမိသည်။ နွားတွေက သန်သန်မာမာနဲ့ ကောင်းကောင်းကြီးလာကြတာဘဲ။
ကျွမ်းကျွမ်းက သူ့အမေနွားချေးတွေကို ဟင်းရွက်ခင်းတွေထဲ ကော်ထည့်နေတာကိုကြည့်ပြီး သိချင်စိတ်နဲ့မေးလိုက်သည်။ "မေမေ၊ အဲ့ဒါတွေကိုဘာလို့ အဝေးမှာသွားမပစ်တာလဲ?"
ရှောင်းကောက လက်ဆေးဖို့အတွက် ဂေါ်ပြားကို ချလိုက်သည်။ “ဘာလို့လဲဆိုတော့ မေမေ့အတွက် ဒါကအသီးအရွက်တွေ စိုက်ပျိုးတဲ့နေရာမှာ အထောက်အကူရလို့လေ။ ဒါကိုသုံးပြီးမြေဆီလွှာကို မြေသြဇာပေးတော့အသီးအရွက်တွေလည်း အာဟာရပြည့်ဝပြီး သန်သန်မာမာဖြစ်လာမှာ"
လက်ကိုဆေးကြောပြီးသွားတော့ ရှောင်းကောက ကျွမ်းကျွမ်းအနားမှာ ထိုင်ကာ ပြောလာသည်။ "မစင်တွေဆိုတာက လူ ဒါမှမဟုတ် တိရိစ္ဆာန်တွေရဲ့ခန္ဓာကိုယ်ထဲက စွ့န်ထုတ်တဲ့ အစာအကြွင်းအကျန်တွေဘဲ။ အဲ့ဒါတွေကိုခန္ဓာကိုယ်ကနေတဆင့် စွ့န်ထုတ်ပြီးရင် အပင်တွေအတွက်သာမကဘူး မြေဆီလွှာအတွက်ပါ အရမ်းကောင်းမွန်တဲ့ အာဟာရဓာတ်ကို ထုတ်ပေးတယ်။ ဒါကြောင့် လူသားတွေက မစင်တွေကို မြေသြဇာအဖြစ်နဲ့ အသုံးပြုကြတာ။ မြေသြဇာကောင်းတဲ့ မြေဆီလွှာမှာ ပေါက်တဲ့ အသီးအနှံတွေဆိုလည်း အရမ်းသန်တယ်"
ကျွမ်းကျွမ်း အံ့သြသွားသည်။ အသုံးမဝင်ဆုံး မစင်တွေတောင်မှ အသုံးဝင်သေးတယ်။
ရှောင်းကော ကျွမ်းကျွမ်းရဲ့တောက်ပတဲ့မျက်လုံးတွေကိုကြည့်ရင်း သူမနောက်တစ်ခေါက် စျေးသွားရင် စာအုပ်နည်းနည်းလောက်ယူလာဖို့ တွေးမိလိုက်သည်။ ရုတ်တရက် သူမ နောက်တစ်ခုကို တွေးမိသွားသည်။ "ကျွမ်းကျွမ်း စာဖတ်တတ်လား?"
သူမ အရမ်းရူးမိုက်တဲ့မေးခွန်းကို မေးလိုက်မိတယ်လို့ ရှောင်းကော ခံစားမိလိုက်သည်။
စာဘယ်လိုဖတ်ရမလဲဆိုတာ သူဘယ်လိုလုပ်သိမှာလဲ? ဒါ့အပြင်၊ ဤခန္ဓာကိုယ်၏ ယခင်ပိုင်ရှင်သည် ကျွမ်းကျွမ်းအာကို စာဖတ်ခိုင်းဖို့နေနေသာသာ ကျောင်းကိုတောင် တစ်ခါမှမပို့ဖူးပေ။
မျှော်လင့်ထားသည့်အတိုင်း ကျွမ်းကျွမ်းက စိတ်ရှုပ်ထွေးစွာဖြင့် ခေါင်းယမ်းလိုက်သည်။ “အစ်ကိုရှောင်းဟူ နဲ့ အစ်မရှောင်းဟွာတို့လည်း စာဘယ်လိုဖတ်ရမလဲဆိုတာ မသိဘူး”
ဤကာလတွင် အခြေခံလိုအပ်ချက်တွေဟာ ပြည်သူတွေအတွက် ပြဿနာဖြစ်နေတာဖြစ်သည်။ စာလေ့လာဖို့နှင့် ကျောင်းတက်ဖို့အတွက် ပိုက်ဆံအများကြီးလိုအပ်သည်။ သာမာန်လူတွေအနေနဲ့ သူတို့ရဲ့ ကလေးတွေကို ကျောင်းပို့ဖို့ ဘယ်လိုလုပ်တတ်နိုင်မှာတဲ့လဲ? အဲ့ဒီအစား သူတို့သားသမီးများကို လယ်လုပ်ကာသီးနှံတွေ စိုက်ပျိုးရာတွင် ကူညီစေချင်ကြသည်။ သားသမီးတွေ အသက်ကြီးလာသည့်အခါ အိမ်ထောင်ပြုရမည်ဖြစ်သည်။ စာလေ့လာခြင်းဟာ သူတို့ရဲ့မျက်လုံးထဲတွင်တော့ အချိန်နှင့်စွမ်းအင်ကို ဖြုန်းတီးခြင်းသက်သက်သာဖြစ်သည်။
ကျောင်းတက်ဖို့ တတ်နိုင်ကြသူတွေကတော့ ချမ်းသာပြီး သြဇာရှိတဲ့ မိသားစုက ကလေးတွေဘဲဖြစ်သည်။ သာမန်လူတွေအနေနှင့် ကျောင်းတက်ဖို့ဆိုသည်မှာ ခက်ခဲလှသည်။ ကျောင်းတွေအနေနှင့်လည်း သာမန်လူတွေကိုချည်းဘဲ လက်ခံကြမှာမဟုတ်ပေ။ ငွေကြေးနှင့် အဆင့်အတန်းရှိသူများကိုသာ ကျောင်းမှ လက်ခံကြမည်ဖြစ်သည်။ ထို့ကြောင့် ဤမူဝါဒအောက်တွင် လူအများစုဟာ သူတို့၏ သားသမီးများကို ကျောင်းပို့ခြင်းကိစ္စအပေါ် လက်လျော့ထားကြသည်။ အများစုကတော့ ကလေးတွေကို အိမ်မှာဘဲစောင့်ရှောက်ကာ လယ်ယာလုပ်ငန်းတွင် ကူညီစေချင်ကြသည်။
ဒါပေမယ့် ရှောင်းကောကတော့ အဲဒီလိုမခံစားရပါချေ။ သူမအနေနှင့် ကျွမ်းကျွမ်းကို သူ့ဘဝအားပရမ်းပတာ သာမာန်ကာလျှံကာဖြင့် မဦးဆောင်စေလိုပေ။
ဘာပဲဖြစ်ဖြစ် အသက်အရွယ်ရလာတဲ့အခါ ကျောင်းတက်ရမည်။ ထို့ကြောင့် အခုချိန်တွင် သူမက ငွေပိုရှာကာ ကျွမ်းကျွမ်း၏ အနာဂတ်အတွက် စုဆောင်းထားရမည်ပင်။