အခန်း (၃၄)
Vol. 3 Ch. 34
မနက်စာစားပြီးတဲ့နောက် ရှောင်းကောက သူမခူးလာသော ဟင်းခတ်အမွှေးအကြိုင်များနှင့် မှိုများကို နေပူလှန်းတော့သည်။ သူမသည် မှိုတစ်ဝက်ကို ဖယ်ထားပြီး ခဏနေလျှင် ဟင်းချိုချက်ရန်အတွက် ဇလုံတစ်ခုထဲတွင် ကျွမ်းကျွမ်းကို စိမ်ထားခိုင်းလိုက်သည်။
သူမတို့အိမ်တွင် အိုးကြီးနှစ်အိုးရှိသည်။ ရေဖြည့်ပြီးတဲ့နောက် ရှောင်းကောက ကျန်းနေတဲ့ အရိုးအားလုံးကို အိုးတစ်လုံးထဲ ပစ်ထည့်လိုက်သည်။ ထို့နောက် အဲ့ဒီအိုးထဲမှာဘဲ ဟင်းခတ်မှုန့် အနည်းငယ်နှင့် ဆားအနည်းငယ်ထည့်လိုက်သည်။ ထို့နောက် မီးဖိုပေါ်တွင်ပြုတ်ထားလိုက်သည်။
နောက်တော့ မှိုများကို ရေစင်အောင်ဆေးပြီး အခြားအိုးတစ်လုံးထဲထည့်လိုက်သည်။ ဒီတစ်ခါတော့ ဟင်းခတ်အမွှေးအကြိုင်တွေ မထည့်တော့ပေ။ ခြမှိုတွင် ထူးခြားသည့်အနံ့ရှိသည်။ အဲ့ဒီမှိုကိုချက်လိုက်တဲ့အခါ ကြက်သား အမိုက်စားအရသာနဲ့မတူဘဲ တမူထူးခြားတဲ့အရသာကို ထုတ်ပေးသည်။ တောထင်းရှူးမှိုတွေက ပိုအရသာရှိတာမို့ ဆားအနည်းငယ်ထည့်ဖို့ဘဲလိုသည်။
ရှောင်းကောသည် ဟင်းချိုအတွက် လိုအပ်သည်များကို ပြင်ဆင်ပြီးသည့်နောက် မနက်ဖြန်ကျလျှင်အားလုံးကို စျေးသို့ ဘယ်လိုယူသွားရမလဲဆိုတာ စဉ်းစားသည်။ ရွာထဲတွင် မြည်းလှည်းနဲ့ မိသားစုတစ်စုရှိတယ်ဆိုတာ သူမ သတိရလိုက်မိသည်။
ရှောင်းကောသည် သူမနှင့်အတူ ကြေးနီဒင်္ဂါးပြားနှစ်ဆယ်ကိုယူကာ လှည်းငှားရန်အတွက် ဦးတည်သွားလိုက်သည်။ ထိုမိသားစုအိမ်တံခါးဝသို့ သူမရောက်လာသည့်အခါ ရှောင်းကောက လည်ချောင်းရှင်းလိုက်ပြီး အော်ခေါ်လိုက်သည်။ “အစ်မလီ၊ အစ်မလီ ရှိလား?"
ခဏကြာတော့ အိမ်ထဲကနေ အမျိုးသမီးတစ်ယောက် ထွက်လာခဲ့သည်။ သူမသည် ပိန်ပိန်ပါးပါးနှင့် အသားအရေက ဖြူဖပ်ဖြူရော်ရှိသည်။ သူမ၏ ပါးပြင်တွေက ချောင်ကာ အရေးကြောင်းပေါ်နေသည်။ တံခါးနောက်ကနေ မျက်လုံးတစ်စုံက သူမကို ဘယ်သူခေါ်နေလဲဆိုတာလှမ်းကြည့်လိုက်သည်။ "မင်းက ကျန်းမိသားစုကလား?" တံခါးဝမှာ ဘယ်သူလဲဆိုတာ ကောင်းကောင်းမြင်လိုက်ရတော့ သူမကတံခါးဖွင့်ဖို့ အမြန် လျှောက်လာကာ လမ်းတလျှောက်တွင် ခလုတ်တိုက်မိလုနီးပါးပင် ဖြစ်သွားရသည်။
အစ်မလီက မတည်မငြိမ်နဲ့ လျှောက်လာနေတာကို မြင်လိုက်ရတော့ ရှောင်းကောမှာ သူမ လဲသွားမှာကို စိုးရိမ်နေမိသည်။ သူမက ကမန်းကတန်းပြောလိုက်သည်။ “အစ်မလီ၊ ကျွန်မ အစ်မရဲ့မြည်းလှည်းကို ငှားချင်လို့ပါ"
အစ်မလီမှာ ရှောင်းကောနဲ့လည်း ကောင်းကောင်းမသိတာကြောင့် သူမဘာလို့ ရှားရှားပါးပါး ဒီကိုလာတာလဲဆိုတာကို အံ့သြနေတာဖြစ်သည်။သူမအတွေးကိုမြင်နေရသလိုမျိုး ရှောင်းကောက အကြောင်းပြချက်ကို ရှင်းရှင်းလင်းလင်း ပြောလာသည်။ ထို့နောက် အစ်မလီက ရှောင်းကောကို မြည်းထားသည့် တဲဆီခေါ်သွားလိုက်သည်။ "ဒီမှာပါ" ဒီစကားကို ပြောပြီးတဲ့နောက် သူမကအနည်းငယ် ရှက်သွားပုံရသည်။ သူမက လက်နှစ်ဖက်ကို ပွတ်သပ်လိုက်ပြီး "မြည်းအတွက် မြက်တွေစုဖို့ ငါ့မှာအချိန်မရှိတော့၊ မြည်းက နည်းနည်း…"
ရှောင်းကော သူမရှေ့ရှိ မြည်းကို ကြည့်လိုက်သည်။ ပိန်လွန်းလို့ အရိုးတွေတောင် ငေါထွက်နေသည်။ မြည်းက အိုးတွေကို သယ်နိုင်ပါ့မလားဆိုတာ သူမ မနေနိုင်ဘဲစိုးရိမ်သွားမိသည်။ အချိန်အတော်ကြာ စဉ်းစားပြီးနောက် နောက်ဆုံးတွင် ငှားလိုက်ဖို့ သူမ ဆုံးဖြတ်လိုက်သည်။ စျေးသို့သွားဖို့ တခြားနည်းလမ်းမရှိပေ။ ရွာမှရထားလုံးတွေဟာ သူမရဲ့အိုးတွေကို ရွှေ့ပေးဖို့ငြင်းဆိုကြလိမ့်မည်ပင်။ “ဒီလိုဆိုရင်ဘယ်လိုလဲ အစ်မလီ၊ အစ်မရဲ့မြည်းလှည်းကို ကျွန်မငှားမယ်၊ အဲ့ဒီအတွက် ကြေးဒင်္ဂါးပြားနှစ်ဆယ်ပေးပါ့မယ်”
အစ်မလီမှာ ရှောင်းကောကို မယုံကြည်နိုင်သလို ကြည့်နေသည်။ ဒင်္ဂါးပြားနှစ်ဆယ်? တကယ်လား? "တကယ်လား?" လီမိသားစုတွင် ငွေကုန်နေတာကြာပြီဖြစ်သည်။ သူတို့မှာ စားစရာ ဘာမှမကျန်တော့ပေ။ ဒင်္ဂါးပြားနှစ်ဆယ်ဆိုသည်မှာ သူတို့မိသားစုသုံးယောက်အတွက် လအနည်းငယ်ကြာအောင် စားသောက်နိုင်သည်။
ရှောင်းကော ခေါင်းညိတ်ပြလိုက်ပြီး ပိုက်ဆံတွေကို သူမဆီ ပေးလိုက်သည်။ အစ်မလီမှာ တုန်တုန်ယင်ယင်လက်ဖြင့် ဒင်္ဂါးပြားတွေကို လက်ခံလိုက်သည်၊ ရှောင်းကောမှာမနေနိုင်ဘဲမေးလိုက်သည်။ "အစ်မလီ၊ အိမ်မှာ စားစရာမရှိတာ မြည်းကို ဘာလို့ မသတ်တာလဲ?
“ကိုယ့် အိမ်မှာမွေးတဲ့ တိရစ္ဆာန်တွေကို သတ်လို့မရဘူး။ သူတို့တွေက အသိဉာဏ်ရှိတဲ့ သတ္တဝါတွေပဲ။ ပြီးတော့ ဒီမြည်းက အစ်မရဲ့ယောက်ျား ချန်ထားခဲ့တာ။ ဘာအကြောင်းကြောင့်ပဲ ဖြစ်ဖြစ် အစ်မတို့ မစားသင့်ဘူး” ထိုသို့ပြောပြီးတဲ့နောက် သူမကသက်ပြင်းချကာ မြည်းကို အပြစ်ရှိသလို ကြည့်လိုက်သည်။
"သူသာ ငါ့ နောက်လိုက်နေရင် ဒုက္ခရောက်မှာဘဲ" မအစ်မလီမှာ သူ့ကလေးနှစ်ယောက်ကို အိမ်တွင် ပြုစုစောင့်ရှောက်ရင်း အလုပ်ရှုပ်နေတာဖြစ်သည်။ သူမတွင် ပိုက်ဆံရော စားစရာရောမရှိပေ။ ကလေးတွေကို ပြုစုစောင့်ရှောက်ရတဲ့အပြင် အပြင်ထွက်ပြီးလည်း အစာရှာရသည်။ သူမ ရှာနိုင်တာတွေက သူတို့အတွက် လုံလောက်သည်။ အစ်မလီကတော့ သူမ၏ ဆာလောင်မှုကို လျှော့ချရန်အတွက် ရေသောက်ရုံမှတပါး ရွေးချယ်စရာမရှိပေ။ သူမအနေနှင့် မြည်းအတွက် မြက်ရိတ်ဖို့ မပြောနဲ့ တခြားအရာအတွက်တောင် ခွန်အားအနည်းငယ်သာ ကျန်တော့သည်။
ရှောင်းကော ဘာမှမပြောတော့ပေ။ အစ်မလီရဲ့အခြေအနေကို သူမနားလည်စွာနဲ့ ခေါင်းညိတ်လိုက်သည်။ မြင်း၊ နွား၊ မြည်း၊ ခွေး အစရှိတဲ့ မွေးမြူရေးတိရစ္ဆာန်တွေက လူ့သဘာဝနှင့် လိုက်လျောညီထွေရှိတာကြောင့် မသတ်သင့်ဘူးလို့ ဘိုးဘေးတွေက အမြဲပြောကြသည်။
မစ္စစ်လီရဲ့ခင်ပွန်းကိုလည်း ဖမ်းဆီးကာစစ်မှုထမ်းရန် စေလွှတ်ခဲ့သည်။ စစ်တပ်ထဲဝင်ပြီး သိပ်မကြာခင်မှာပဲ သူကတိုက်ပွဲတွင် ကျဆုံးခဲ့သည်။ ငွေတွေမရောက်တော့တာလည်း ကြာပြီဖြစ်သည်။ "ဒါဆို ကျွန်မမြည်းကို အိမ်ပြန်ခေါ်သွားပြီး မနက်ဖြန်နေ့လည်ကျရင် လာပြန်ပို့ပေးပါမယ်"
အစ်မလီကလည်း အလျင်မလိုပါဘူးလို့ အမြန်ပြောလိုက်သည်။ ရှောင်းကောအနေနဲ့ အကြာကြီးငှားထားလို့လည်းရသည်။ အဲဒါကို ပြန်ပေးဖို့ အလျင်လိုစရာမလိုပေ။
ရှောင်းကောလည်း နှုတ်ဆက်လိုက်ပြီး မြည်းကိုအိမ်ပြန်ခေါ်သွားလိုက်သည်။ သူမလှည့်ထွက်သွားတော့ အစ်မလီက သူမကို ကျေးဇူးတင်စွာနဲ့ကြည့်နေခဲ့သည်။ မြင်ကွင်းထဲကနေ ရှောင်းကောပျောက်သွားတဲ့အခါ အစ်မလီက စိတ်လှုပ်ရှားစွာနဲ့ အိမ်ထဲပြန်ပြေးသွားလိုက်ပြီး သူ့ကလေးတွေကို အော်ပြောလိုက်သည်။
အစားအသောက်အတွက် စိတ်ပူစရာ မလိုတော့သလို အဆာမခံရတော့ဘူးလို့ သူမက သူတို့ပြောလိုက်သည်။ သူမ၏ ပီန်လှီနေသည့်ကလေးများကို သူမရင်ခွင်ထဲထည့်ကာဖက်ထားရင်း အစ်မလီက အပြစ်ရှိစိတ်ဖြင့် ငိုကြွေးတော့သည်။
ရှောင်းကော အိမ်ပြန်ရောက်တော့ မြည်းကိုကြိုးချည်နေတုန်းတွင် ကျွမ်းကျွမ်းက တံခါးဝတွင် အသံကြားသဖြင့် စစ်ဆေးဖို့ထွက်လာသည်။ သူက မြည်းကို အံ့သြစွာ ကြည့်လိုက်ပြီး "မေမေ၊ ဒါကဘာလဲ?"
"ဒါက မြည်း" သူမက မြည်းအတွက် မြက်တစ်ထုတ်ချပေးရင်း ပြောလိုက်သည်။ "ဒါပေမယ့် နည်းနည်းတော့ပိန်တယ်"
လက်ဆေးပြီးတဲ့နောက် ရှောင်းကောက အိုးကိုစစ်ဆေးဖို့ မီးဖိုချောင်ဆီ ပြန်သွားလိုက်သည်။ စောစောက အိမ်ရဲ့ ပင်မတံခါးနားကို ရောက်တော့ ဟင်းချိုနံ့ကို ရနေသည်။ အခုမီးဖိုချောင်တံခါးကို ဖွင့်လိုက်တော့ အနံ့က ပိုမွှေးလာခဲ့သည်။