အခန်း (၃၈)
Vol. 3 Ch. 38
ရှောင်းကောမှာ မျက်နှာပေါ်တွင် အပြုံးတစ်ခုနှင့်အတူ လူတိုင်းလူစုကွဲသွားသည်အထိ အဆက်မပြတ်တောင်းပန်လိုက်သည်။ သူတို့ထွက်သွားမှ ရှောင်းကောလည်း သက်ပြင်းတစ်ချက်ချလိုက်တော့သည်။
ဒါက ဘယ်လိုမနက်ခင်းမျိုးလဲ။
အစကတော့ ခေါက်ဆွဲတွေကို နေ့လည်ရောက်တဲ့အထိရောင်းဖို့ ပြင်ဆင်ထားပေမယ့် အခုတော့ တစ်မနက်ထဲနဲ့တင် အားလုံးကုန်သွားပြီ။ အခုတော့ ဈေးဝယ်ထွက်ပြီး အိမ်စောစောပြန်လို့ရပြီဖြစ်သည်။ အခုလောက်ဆို ကျွမ်းကျွမ်း သူမကိုမျှော်နေလောက်ပြီ။
ဝမ်းသာအားရဖြင့် ရှောင်းကောသည် အရှိန်တင်ကာလှည်းပေါ်သို့ အရာအားလုံးကို တင်လိုက်သည်။ ထို့နောက် သူမသည် လှည်းကိုစီးကာ တိတ်ဆိတ်သည့်လမ်းငယ်လေးတစ်ခုအတွင်း မောင်းနှင်သွားလိုက်သည်။
အနီးနားတွင် မည်သူမျှမရှိကြောင်း သေချာအောင်လုပ်ပြီးသည့်နောက်တွင် သူမလှည်းကိုရပ်ကာ ယနေ့တစ်နေ့တာရခဲ့သည့် ငွေများကို ရေတွက်ရန်အတွက် သူမရဲ့အိတ်ကိုဖွင့်လိုက်သည်။ ဒင်္ဂါးများမှာ သူမအိတ်ထဲတွင် အပြည့်ပင်။ ရှောင်းကောက တစ်ပြားချင်းစီ ရေတွက်လိုက်သည်။ စုစုပေါင်း ငါးယွမ်နှင့်ခြောက်ပြားဖြစ်သည်။
အစောပိုင်းက သူမပြင်ဆင်ထားတဲ့ နောက်ထပ် အကြွေစေ့အိတ်ကို ထုတ်လိုက်ကာ ဒင်္ဂါးခြောက်ပြားကိုထည့်လိုက်သည်။ ကျန်ငွေများကို မူလအိတ်ထဲ ဂရုတစိုက် သိမ်းဆည်းထားလိုက်ပြီး သူမ၏ အတွင်းခံအိတ်ကပ်ထဲတွင် ချည်နှောင်ထားလိုက်သည်။ ထို့နောက် ဒင်္ဂါးခြောက်ပြားပါသည့်အိတ်ကို သူမအင်္ကျီထဲထည့်လိုက်သည်။ ခဏနေကျ ပစ္စည်းဝယ်ဖို့အတွက် သူမသုံးရမည်။
ငွေကိုဝှက်ပြီးတဲ့နောက် သူမမြည်းလှည်းကို ဈေးဘက်သို့ မောင်းသွားလိုက်သည်။ လမ်းတွင် ကျွမ်းကျွမ်းတစ်ယောက် ထမင်းရောစားပြီးသွားရဲ့လားဆိုတာ သူမတွေးလိုက်မိသည်။
မြည်းလှည်းသည် ဈေးအဝင်ဝတွက်ရပ်သွားကာ ဒီထပ်ပိုပြီးမကျော်နိုင်တော့ပေ။ ရှောင်းကော လှည်းပေါ်မှဆင်းကာ ဈေးထဲမဝင်မီ သစ်ပင်တွင်မြည်းကို ချည်ထားလိုက်သည်။ အချိန်စောသေးသည့်အတွက် ရှောင်းကောသည် သူမဝယ်ရန် လိုအပ်သည့်အရာများကို တွေးတောရင်း ဆိုင်တစ်ဆိုင်ဆီ သွားလိုက်သည်။
ကျွမ်းကျွမ်းအတွက် စာအုပ်တွေ၊ စာရွက်တွေနှင့် စာရေးပစ္စည်းများ လိုအပ်တာကြောင့် သူမ ဝယ်ရမည်။ အိမ်တွင် ဆန်နှင့်ခေါက်ဆွဲတွေ ကုန်နေပြီဖြစ်သလို အသားလည်း မကျန်တော့ပေ။ ကျွမ်းကျွမ်းအတွက်အဝတ်အစားတွေချုပ်ဖို့ အထည်တွေနှင့် သူ့အတွက် ဖိနပ်အသစ်တစ်ရံလည်း ဝယ်ရမည်ဖြစ်သည်။ နောက်တော့ အသီးအရွက်မျိုးစေ့တွေ၊ လတ်ဆတ်တဲ့ အသီးအရွက်တွေ ပြီးတော့ စာရင်းအတိုင်း....
ရှေးခေတ်တွင် ပထမဆုံးအကြိမ် ဈေးဝယ်ထွက်ရသည့် ရှောင်းကောမှာ စိတ်အားထက်သန်နေသည်။ အရင်တစ်ခေါက် သူမလာတုန်းက ဘာမဆိုဝယ်ဖို့ လက်တွန့်နေမိသည်။ ဒီတစ်ခါတော့ သူမအိတ်ထဲမှာ ပိုက်ဆံတွေပါတဲ့အတွက် ပစ္စည်းတွေအများကြီးဝယ်မည်။
ခင်းကျင်းထားသည့် အသီးအရွက်တွေနှင့် ပူပူနွေးနွေး ချက်ပြုတ်ထားသည့် အစားအစာတွေက ရှောင်းကောကို အိမ်ဆိုသည့် ခံစားချက်မျိုးဖြစ်လာစေသည်။
ဒီဘက်ခေတ်အတွက် ကုန်ပစ္စည်းဈေးတွေက အရမ်းနိမ့်သည်။ ကြေးနီဒင်္ဂါးအနည်းငယ်ဖြင့် ပစ္စည်းအများအပြား ဝယ်ယူနိုင်သည်။ ရှောင်းကော အရင်တစ်ခေါက်က လိုက်ပတ်ကြည့်တုန်း အထည်တွေရောင်းသည့်ဆိုင်တစ်ဆိုင်ကို ဖြတ်သွားခဲ့ဖူးသည်။ အထည်တစ်မီတာသည် ကြေးဒင်္ဂါးငါးပြားသာ ကုန်ကျသည်။ ဒီတစ်ခါတော့ ဘာပဲဖြစ်ဖြစ် ပစ္စည်းတွေ ထပ်ဝယ်ရမည်။
ရှောင်းကော စာအုပ်ဆိုင်သို့ ပထမဆုံး ရောက်သွားခဲ့သည်။ ဆိုင်ထဲကို ဝင်လိုက်တာနှင့် တစ်ယောက်ယောက်က သူမကို နှုတ်ဆက်လာသည်။ ရှောင်းကောသည် ရွာသူလေးတစ်ယောက်လို ၀တ်ဆင်ထားပေမယ့် ဆိုင်ပိုင်ရှင်က သူမကို နှိမ်ခြင်းမရှိပေ။ ရှောင်းကော ဘာဝယ်ချင်လဲဟုသာ စိတ်ရှည်ရှည်ဖြင့် မေးသည် — ရှောင်းကောမှာ သူ့ရဲ့ဝန်ဆောင်မှုအပေါ် အရမ်းကျေနပ်သွားသည်။
"ဒီစာအုပ်သုံးအုပ်ကို ကြည့်ကြည့်ကြတာပေါ့" ရှောင်းကောသည် သူမ ရွေးထားသည့် စာအုပ်သုံးအုပ်ကို လက်ညှိုးထိုးပြလိုက်သည်။ ရှောင်းကောက သူ့ကို တချို့စာအုပ်တွေနှင့် မိတ်ဆက်ခိုင်းတဲ့အခါ သူကဒီဟာတွေကို အကြံပြုချက်ပေးသည်။ စာအုပ်နာမည်တွေကတော့ မိသားစုတစ်ရာအမည်များ၊ ရှေးအက္ခရာတစ်ထောင်နှင့် အက္ခရာသုံးလုံးကျမ်းများဖြစ်သည်။
ထိုလူက စာအုပ်သုံးအုပ်ကို သွက်သွက်လက်လက် ထုပ်ပိုးပေးကာ သူမလိုအပ်တာများ ရှိသေးလားလို့ ရှောင်းကောကို ဆက်မေးသည်။ ရှောင်းကောလည်း လှည့်ပတ်ကြည့်ကာ ဆန်စက္ကူတစ်လိပ်၊ လက်ရေးလှဖောင်တိန်နှင့် မှင်တို့ကို မေးလိုက်သည်။ စက္ကူတစ်လိပ်ဝယ်တာကာ ပိုဈေးသက်သာသည်။ သူမကိုယ်တိုင် အိမ်ပြန်ရောက်လျှင် အပိုင်းသေးသေးလေးတွေ ဖြတ်လိုက်လို့ရသည်။ အဲ့ဒါကလည်း အဲ့ဒီလိုရည်ရွယ်ချက်အတိုင်း ထုတ်ထားတာဖြစ်သည်။
အဲဒီလူကအားလုံးကို ထုပ်ပိုးကာ ရှောင်းကောကိုပေးလိုက်သည်။ “ဒါတွေအားလုံး ဝမ်ခြောက်ဆယ်ပါ”
ရှောင်းကောလည်း ပစ္စည်းတွေအတွက် ပေးချေကာ ထွက်သွားတော့သည်။ သူမနှင့်အတူ ယူလာခဲ့တဲ့ခြင်းတောင်းထဲတွင် အထုပ်ကိုထည့်ကာ ဆိုင်တန်းတစ်လျှောက် လျှောက်လာလိုက်သည်။
ခဏကြာတော့ အထည်ဆိုင်ကို ရောက်သွားသည်။ ရှောင်းကောဆိုင်ထဲ ဝင်လိုက်တာနဲ့ တစ်ပြိုင်နက် ဆိုင်အကူ တစ်ယောက်က ပျင်းရိစွာဖြင့်မျက်လုံးဖွင့်ကာ ရှောင်းကောအား ပြင်းပြင်းထန်ထန် အထင်အမြင်သေးစွာဖြင့် ကြည့်လိုက်သည်။
ရှောင်းကော မျက်မှောင်ကြုတ်လိုက်ပေမယ့် စိတ်ထဲမထားလိုက်ပေ။ ယခုတော့ ဒီခေတ်မှာတောင် ဒီလိုလူမျိုးတွေရှိမှန်း သူမသိလိုက်ရသည်။
ရှောင်းကော လှည့်ပတ်ကြည့်ရှုနေတုန်းမှာ ဆိုင်ဝန်ထမ်းက သူမကိုအစကတည်းက ဝန်ဆောင်မှုပေးဖို့မလာပေ။ ရှောင်းကောအတွက်တော့ အဲ့ဒါက ဘာသက်ရောက်မှုမှမရှိသလို ဆက်ပြီးလိုက်ကြည့်သည်။ ဒီဆိုင်က စျေးထဲမှာအကြီးဆုံးဖြစ်ပြီး အတတ်နိုင်ဆုံးပစ္စည်းတွေလည်းရှိသည်။ ဒါက အမျိုးသမီးယန် သူမကိုပြောခဲ့တာဖြစ်သည်။
ခဏကြာတော့ ဆိုင်အနောက်ကနေ အမျိုးသမီးတစ်ယောက် ထွက်လာသည်။ ရှောင်းကောကို တွေ့သောအခါ သူမက အမြန်လျှောက်လာပြီး ဘာလိုလဲလို့ ပြုံးပြုံးလေး မေးလိုက်သည်။ ရှောင်းကော သူမရှေ့မှလူကိုကြည့်ကာ သူမကိုရှာနေသည့်အရာကို ပြောပြလိုက်သည်။
"ကောင်ငယ်လေးအတွက် အဝတ်အစားတွေချုပ်ဖို့ အထည်တွေလိုလို့ပါ"
ဒါကိုကြားတော့ အမျိုးသမီးက ရှောင်းကောအားဆိုင်ရဲ့ တခြားထောင့်ကို ခေါ်သွားကာ နွေးနွေးထွေးထွေးပြောလာသည်။ “ဒီဘက်က ကောင်လေးတွေနဲ့ သင့်တော်တဲ့ အထည်တွေအပြည့်ပါ။ အရောင်တွေက သိပ်မတောက်ဘူး၊ ပစ္စည်းကလည်း အရမ်းတာရှည်ခံတယ်"
ရှောင်းကော အထည်တစ်ခုကို တွေ့လိုက်ရသည်။ "ဒီဟာက ဘယ်လောက်လဲ?" ရှောင်းကောကအပြာရင့်ရောင် အတည်ကို ညွှန်ပြရင်း မေးလိုက်သည်။
“ဒါက ကျွန်မတို့ ယူလာတဲ့ နောက်ဆုံးအသုတ်တွေထဲကအထည်ပါ။ ဒီလိုအထည်မျိုးတွေကို ကျွန်မတို့ဆိုင်တစ်ဆိုင်ကဘဲ သယ်လာတာ။ တစ်ပေကို ငါးဝမ် ကျပါတယ်”
ရှောင်းကောလည်း ဒါကိုတတ်နိုင်တယ်လို့ တွေးမိတဲ့အတွက် ပြောလိုက်သည်။ “ဒါဆိုရင် ကျွန်မကို သုံးပေလောက် ပေးပါ။ ပြီးတော့ ဒီဟာကို သုံးပေနဲ့ ဒါကိုလည်း လိုချင်ပါတယ်…”
ရှောင်းကောက တစ်ခါထဲနဲ့ အထည်သုံးထည်ရွေးလိုက်သည်။ "စကားမစပ်၊ အတွင်းခံတွေအတွက် အထည်တွေရှိလားမသိဘူး?" ရှောင်းကောက အပြင်ဝတ်အတွက် အထည်တွေ ဝယ်ပြီဆိုမှတော့ ကျွမ်းကျွမ်းအတွက် အတွင်းဝတ်တွေကိုလည်း ပြင်ဆင်ထားရမယ်လို့ တွေးလိုက်သည်။
“ဒါပေါ့၊ ဒါပေါ့” အမျိုးသမီးက အထည်ဆိုင်ရဲ့ တခြားဘက်ကိုလျှောက်သွားကာ အားရပါးရပြောသည်။ “ဒီအထည်တွေက အတွင်းခံတွေ ချုပ်ဖို့အတွက်ပါ"