အခန်း (၄၀)
Vol. 3 Ch. 40
ကျွမ်းကျွမ်းရဲ့အပြုံးတွေ ကျိုးပျက်သွားသည်။ ဒါကိုမြင်တော့ ရှောင်းကောက ကျွမ်းကျွမ်းကို သူမဝယ်ထားတဲ့ ပစ္စည်းတွေ ကြည့်ဖို့ဆွဲခေါ်သွားလိုက်သည်။ "သွားရအောင် ကျွမ်းကျွမ်း၊ ဘာပစ္စည်းကောင်းတွေ မေမေဝယ်လာလဲဆိုတာကြည့်ရအောင်"
ကျွမ်းကျွမ်း ပထမဆုံးမြင်လိုက်ရသည်မှာ ပုံးအလွတ်တစ်လုံးဖြစ်သည်။ သူ ရှောင်းကောကို ဝမ်းသာအားရကြည့်လိုက်သည်။ "မေမေ၊ အားလုံးကို ရောင်းလိုက်ပြီလား?"
ရှောင်းကောလည်း ပျော်ပျော်ရွှင်ရွှင်နှင့် ခေါင်းညိတ်လိုက်သည်။ “ဟုတ်တယ်၊ ပိုက်ဆံအများကြီးနဲ့ ရောင်းလိုက်ရတယ်။ မေမေ သားအတွက် ပစ္စည်းတွေအများကြီး ဝယ်လာပေးသေးတယ်”
ကျွမ်းကျွမ်းသည် လှည်းပေါ်မှပစ္စည်းတွေကူချရန်အတွက် ရှောင်းကောဆီ စိတ်လှုပ်တရှား ပြေးသွားလိုက်သည်။ ရှောင်းကောသည် ကြက်နှင့် ဘဲများကို အရင်လွှတ်ပေးလိုက်သည်။ ကြိုးကို ဖြုတ်လိုက်သည်နှင့် တပြိုင်နက် ကြက်နှင့်ဘဲများမှာ သူတို့တောင်ပံတွေကိုခတ်ကာ ခြံဝန်းအတွင်း ပြေးဝင်ပတ်ပြေးကြတော့သည်။ နွားတွေတောင် လန့်ပြီး ပြေးကြတော့သည်။ မြည်းတွေလည်း အော်ဟစ်လာကာ ရုန်းရင်းဆန်ခတ် ဖြစ်သွားတော့သည်။ ခြံဝင်းမှာ ချက်ချင်းပင် လှုပ်လှုပ်ရှားရှားဖြစ်ကာ စည်ကားနေတော့သည်။ ကျွမ်းကျွမ်းသည် ဤကဲ့သို့သော ဝုန်းဒိုင်းကြဲမှုကို တစ်ခါမျှ မမြင်ဖူးပေ။ သူထိတ်လန့်စွာဖြင့် ရှောင်းကောနောက်တွင် သွားပြေးပုန်းတော့သည်။
ရှောင်းကော ကျွမ်းကျွမ်းကို စိတ်ငြိမ်သွားအောင်လုပ်ပြီးမှ အိမ်ထဲပြန်လာကာ ကျန်ရှိနေသည့်မြက်ပင်များကို ထုတ်ယူလိုက်သည်။ တိရိစ္ဆာန်တွေလည်း ငြိမ်သက်သွားကာ မြက်စားရန် ဖြည်းဖြည်းချင်း စုရုံးလာကြသည် — အရာအားလုံးက နောက်ဆုံးတွင် ငြိမ်းချမ်းသွားပြန်သည်။ ရှောင်းကောရော ကျွမ်းကျွမ်းရော နှစ်ယောက်လုံး သက်ပြင်းတစ်ချက်ချလိုက်ကြသည်။
ရှောင်းကောက သူမဝယ်ထားတဲ့ ပစ္စည်းတွေကို အိမ်ထဲ ရွှေ့ပြီး စာအုပ်တွေကို ကျွမ်းကျွမ်းဆီ အရင်ပေးလိုက်သည်။ “သားအတွက် မေမေဝယ်လာတဲ့ စာအုပ်တွေကို ကြည့်ကြည့်ဦး။ ဆန်စက္ကူ၊ ဖောင်တိန်နဲ့ မှင်တွေလည်းပါတယ်”
ကျွမ်းကျွမ်းအရမ်းဝမ်းသာသွားသည်။ သူ့အမေက သူ့အတွက် ဒါတွေဝယ်လာပေးလိမ့်မယ်လို့ သူမမျှော်လင့်ထားပါချေ။ “ကျေးဇူးတင်ပါတယ် မေမေ"
ရှောင်းကော စိတ်ချမ်းသာစွာ သူ့ခေါင်းကိုပွတ်လိုက်သည်။ "ရပါတယ်။ တစ်ချိန်ကျရင် သားစာဖတ်တတ်အောင် မေမေသင်ပေးမယ်"
ဒီခေတ်ရှိစာအုပ်တွေဟာ အခြေခံအားဖြင့် စာရေးစာချီနှင့်ဆိုင်သည့်အက္ခရာတွေဖြစ်သည်။
ရှောင်းကောအနေဖြင့် အက္ခရာများကို ဖတ်ရှုနိုင်ပြီး ကျွမ်းကျွမ်းအား သင်ကြားပေးနိုင်ဆဲဖြစ်သည်။
ကျွမ်းကျွမ်းသည် အခန်းထဲသို့ ပြန်သွားပြီး စာအုပ်များကို သေချာချလိုက်သည်။ စာရွက်ကို သူ့လက်သေးသေးလေးဖြင့် ထိလိုက်သည်။ ရေးထားတဲ့ စကားလုံးတွေကို နားမလည်ပေမယ့် သူအရမ်းပျော်နေသည်။ သူ့မှာ စာအုပ်တွေကိုကြည့်တာ မရပ်နိုင်တော့ပေ။
ရှောင်းကောက ကျွမ်းကျွမ်းကို ထွက်လာဖို့အော်ခေါ်လိုက်သည်။ ကောင်လေးက စာအုပ်တွေသွားသိမ်းမယ်လို့ ပြောပေမယ့် ထွက်မလာသေးပေ။ သူမပစ္စည်းတွေ အများကြီးဝယ်လာတာကြောင့် သူ့ကိုပြချင်သေးသည်။ နောက်ဆုံးတော့ ကျွမ်းကျွမ်းပြေးထွက်လာပြီး ရှောင်းကောထုတ်ထားသည့် အထည်ကို မြင်လိုက်ရသည်။ သူက အထည်ကိုဝမ်းသာအားရ ကိုင်လိုက်ပြီး "မေမေ၊ဒါက သားအတွက်လား?"
"ဟုတ်တယ်။ မေမေ သားအတွက် အဝတ်အစားတွေ ချုပ်ပေးဖို့"
ကျွမ်းကျွမ်းက ထပ်ခါထပ်ခါခေါင်းညိတ်လိုက်ပြီး ရှောင်းကောက သူမဝယ်ထားတဲ့အသားကို ပြလိုက်သည်။ ကျွမ်းကျွမ်းသည် ယခင်ကဒီလောက်များပြားသည့် အသားများကို တစ်ခါမှ မမြင်ဖူးတာကြောင့် အံ့ဩတကြီးဖြင့် ကြိမ်ဖန်များစွာ အော်လိုက်သည်။ မေမေက အရမ်းအံ့ဩဖို့ကောင်းတာပဲ။
ရှောင်းကောက ကျွမ်းကျွမ်းအား အထည်နဲ့ဖိနပ်တွေကို အထဲယူသွားခိုင်းလိုက်ပြီး သူမကတော့ ကျန်ပစ္စည်းတွေနဲ့အတူ မီးဖိုချောင်ကို သွားလိုက်သည်။ အိုးထဲက ထမင်းကတော့ ပူနေတုန်းပင်။ ရှောင်းကောက အဲ့ဒါကို ဒီ့နေ့ နေ့လယ်စာစားဖို့ စီစဉ်လိုက်ပြီး ညစာအတွက် အရသာရှိတာတစ်ခုခုချက်စားဖို့ ရည်ရွယ်ထားသည်။
ကျွမ်းကျွမ်း ဖိနပ်နဲ့အထည်တွေကို သွားထားနေတုန်းမှာ ရှောင်းကောက လက်စွပ်ကို အမြန်အသုံးပြုပြီး တစ်ဖက်ရှိ ရေခဲသေတ္တာထဲတွင် အသားတွေကို သိမ်းဆည်းလိုက်ကာ ဝက်ဆီကိုဘဲချန်ထားလိုက်သည်။ ဒါကိုသုမက နေ့ခင်းဘက် ချက်ပြုတ်ရာမှာ သုံးမည်ဖြစ်သည်။ သူမ ပြီးပြီးချင်းဘဲ ကျွမ်းကျွမ်းလည်း မီးဖိုချောင်ထဲပြန်ဝင်လာသည်။ သူအိုးထဲကို ထမင်းထည့်ဖို့ ကူညီပေးသည်။ အခုချိန်မှာ ကျွမ်းကျွမ်းဗိုက်ဆာနေတော့မှာစိုးတာကြောင့် သူမပစ္စည်းတွေကိုမဖြည်တော့ဘဲ နေ့လယ်စာအတွက် အသင့်ပြင်ထားလိုက်သည်။
ကျွမ်းကျွမ်းနဲ့ ရှောင်းကောသည် အိုးထဲရှိ ထမင်းအားလုံးကို စားလိုက်သည်။ ရှောင်းကောက ကျွမ်းကျွမ်းကိုနေ့လည်စာစားပြီးနောက် ခဏလောက်နားခိုင်းလိုက်ပြီး သူမကတော့ အစ်မလီအိမ်သို့ မြည်းလှည်းပြန်ပေးဖို့သွားလိုက်သည်။ သူမမြည်းကို အိမ်အပြင်ဘက်ဆီဆွဲခေါ်လာကာ အစ်မလီရဲ့အိမ်သို့ လျှောက်သွားလိုက်သည်။
တကယ်တော့၊ အစ်မလီဆီကို သွားရတဲ့အကြောင်းရင်းတစ်ခု ရှိသေးသည်။ ရှောင်းကောသည် သူမ၏ အိတ်ကပ်ထဲရှိ ငွေသုံးကျပ်ကိုကိုင်လိုက်ကာ မြည်းအတွက် ကမ်းလှမ်းမှုတစ်ခု ပြုလုပ်မှာဖြစ်သည်။ ပထမဦးစွာ၊ သူမသည် မကြာခဏ စျေးသို့သွားရန် လိုအပ်ပြီး ဒုတိယအနေနှင့် ဒီဟာက အစ်မလီ၏ ငွေရေးကြေးရေးပြဿနာကို သက်သာရာရစေမည်ဖြစ်သည်။
ရှောင်းကော သူမရဲ့ရည်ရွယ်ချက်ကို ထုတ်ပြောလိုက်တာနှင့် အစ်မလီမှာ မဆိုင်းမတွ သဘောတူလိုက်သည်။ ငွေသုံးကျပ်ဟာ သူမမိသားစုအတွက် နှစ်ပေါင်းများစွာ စားသောက်နိုင်ဖို့ လုံလောက်သည်။
ရှောင်းကောသည် မြည်းနှင့်အတူ အိမ်ပြန်လာကာ လမ်းတွင် လှည်းအပြည့်မြက်များကိုသယ်လာလိုက်သည်။ အခုဆို ကျွေးမွေးရမည့် တိရိစ္ဆာန်တွေ ပိုများလာတဲ့အတွက် မြက်တွေ ပိုစုရမည်ဖြစ်သည်။ ရှောင်းကော အိမ်ပြန်ရောက်သောအခါ ကျွမ်းကျွမ်းတစ်ယောက် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေခဲ့သည်။ သူမဝယ်လာသည့် ဟင်းသီးဟင်းရွက်မျိုးစေ့တွေကို ထုတ်ကာစိုက်လိုက်သည်။ သူမဝယ်ခဲ့သည့် မျိုးစေ့များသည် ရာသီအလိုက် ဟင်းသီးဟင်းရွက်များဖြစ်ပြီး ယခုအချိန်သည် စိုက်ပျိုးဖို့အချိန်ကောင်းဖြစ်သည်။ မြေနေရာနေရာ အလုံအလောက်မရှိသဖြင့် ရှောင်းကောသည် မြေနေရာကို တိုးချဲ့လိုက်သည်။
ရှောင်းကော ကိုယ်တိုင်လုပ်ကာ အချိန်ခဏလေးအတွင်း အမြန်စိုက်ပြီးသွားသည်။ ကျွမ်းကျွမ်းလည်း နိုးလာသည်။ ရှောင်းကောသည် ကျွမ်းကျွမ်းကို သူမနှင့်အတူ တောင်ပေါ်သွားရန် ခေါ်လိုက်သည်။ ကြက်နှင့်ဘဲတွေကို ကာဖို့ရန်အတွက် ခြံစည်းရိုးခတ်ဖို့ သစ်ပင်အနည်းငယ်ခုတ်ရမည်။
ကျွမ်းကျွမ်းသည် ခြင်းတောင်းနှင့် တံစဉ်ကိုကိုင်ကာ မြည်းလှည်းပေါ်တွင်ထိုင်ရင်း သစ်ပင်ခုတ်ဖို့ အဆင်သင့်ဖြစ်နေပုံရသည်။ သို့သော် ရှောင်းကောမြင်တော့ တံစဉ်ကို သူ့ဆီကနေ ယူလိုက်သည်။ သူ အနာတရဖြစ်သွားမှာစိုးတာကြောင့် သူမ သူ့အားတုတ်တစ်ချောင်းသာပေးလိုက်သည်။ ဒါတောင်မှ ကျွမ်းကျွမ်းက ပျော်နေတုန်းပင်။
ရှောင်းကောသည့် လှည်းဘေးမှလျှောက်ကာ ကြိုးကိုကိုင်ရင်း မြည်းကို တောင်ခြေရင်းဆီ ခေါ်သွားလိုက်သည်။ ခြံစည်းရိုးလုပ်ရန်အတွက် သင့်တော်သည့်အထူသာရှိသော အကိုင်းအခက်များရှိသည့် သစ်ပင်များစွာရှိတာကြောင့် သူမတို့အနေနှင့် တောင်အတွင်းပိုင်းထဲအထိ ဝင်ရန် မလိုအပ်ပါချေ။