← Chapters

အခန်း (၄၃)

Vol. 3 Ch. 43

အခန်း (၄၃)

Vol. 3 Ch. 43

သူမ အိမ်က မထွက်ခင် ကျွမ်းကျွမ်းကို စာကြိုးစားလုပ်ဖို့ သတိပေးလိုက်သည်။ အစကတော့ ကျွမ်းကျွမ်းက သူမနောက်ကို လိုက်ချင်ခဲ့ပေမယ့် ရှောင်းကောက သူ့ကို လိုက်ခွင့်မပေးခဲ့ပေ။ သူမ အိမ်မှထွက်ပြီးသည့်နောက် တောင်ပေါ်သို့တက်ကာ ရေကန်နားတွင် သူမ လုပ်ထားသည့် အမှတ်အသားတွေ နောက်လိုက်လိုက်သည်။

အထဲတွင် ငါးတွေအများကြီးရှိပေမယ့် ပြီးခဲ့တဲ့အကြိမ်ထက်တော့ နည်းသည်။ ထောင်ချောက်ထဲတွင် နှစ်ကောင်၊ သုံးကောင်လောက်သာ ရှိသည်။ အရင်တစ်ခေါက်က သူမ ဘယ်လိုလုပ်ခဲ့လဲဆိုတာကို ထပ်ခါတလဲလဲစဉ်းစားရင်း ငါးကိုထောင့်တစ်နေရာဆီ အတင်းတွန်းကာ ခြင်းတောင်းထဲဖြည်းဖြည်းချင်း တွန်းချလိုက်သည်။

ရှောင်းကောကမ်းပေါ်တက်လာကာ ခြင်းတောင်းကို သူမနောက်ကျောတွင် သယ်လိုက်သည်။ တောအုပ်ထဲတွင် ထားထားသည့် ထောင်ချောက်တွေဆီ သွားလိုက်သည်။ အထဲတွင် သားကောင်မရှိပေ။ သူမ လှည့်ထွက်လိုက်တော့ အရင်က သူမတွေ့ဖူးသည့် ရစ်ငှက်တွေအသိုက်နှင့်ဝင်တိုးသည်။ ရစ်ငှက်ကြီးတစ်ကောင်က သူ့ဥတွေခိုးသွားမယ်လို့ထင်ကာ ရှောင်းကောကို သံသယနဲ့ စိုက်ကြည့်နေသည်။ ရှောင်းကောမှာ ဆွံ့အသွားရသည်။ သူမကိုယ်သူမ လှောင်ရယ်ကာ ငှက်ကိုတစ်ကောင်ထဲချန်ခဲ့လိုက်သည်။

သူမ အာလူးတွေရှိရာဆီ လျှောက်လာလိုက်သည်။ လမ်းတွင် မထင်မှတ်ပဲ သူမတရုတ်ပျားကျိုင်းပင်တစ်ပင်ကို တွေ့လိုက်ရသည်။

ပထမတော့ သူမ သတိမထားမိလိုက်ပေ။ သို့သော် တောင်ပေါ်ကို အကြိမ်များစွာ တက်ခဲ့တုန်းကတောင် သူမ ဒီအပင်ကို သတိမထားမိခဲ့ပေ။ အထူးသဖြင့် ထင်သာမြင်သာမရှိအောင် ထင်းရှူးနီပင်ကြီးတွေက အစုလိုက်အပြုံလိုက်ကွယ်ထားတာ ကြောင့်ဖြစ်သည်။ ဒီတစ်ခါတော့ တစ်ခုခုလွဲနေပြီလို့ သူမ ခံစားမိတာကြောင့်သာ သတိထားမိတာဖြစ်သည်။

ရှောင်းကော အလျင်အမြန်ပြေးသွားကာ အပင်ရှေ့ကိုသူမ ရောက်တဲ့အခါ အံ့အားသင့်သွားသည်။ ထိုအပင်သည် ၎င်းပတ်ပတ်လည်ရှိ မြင့်မားသည့်သစ်ပင်များနှင့်မတူဘဲ နိမ့်သည့်ပုံပေါ်သည်။ သို့သော် သူမနီးကပ်လာသောအခါ အပင်က တစ်မူထူးစွာစိမ်းလန်းနေမှန်း သူမသိလိုက်ရသည်။ အရွက်တွေဟာ အကိုင်းအခက်များတွင်တွဲကျနေကာ ပေါများထူထပ်လှသည်။ အပင်ဟာလည်း တော်တော်လေးမြင့်သည်။

ဘယ်သူမှအရွက်ကို မခုတ်တာကြောင့်ဖြစ်မယ်လို့ သူမ မှန်းဆမိသည်။

သစ်ပင်က နိမ့်ပေမယ့် လူတစ်ရပ်စာထက်တော့ အများကြီးမြင့်သေးသည်။ အရွက်တွေကို မမှီတာကြောင့် ရှောင်းကောမှာ ရွေးချယ်စရာမရှိတော့ဘဲ သူမကျောပေါ်ရှိခြင်းတောင်းကို ဖယ်လိုက်ကာ တံစဉ်ဖြင့်သစ်ကိုင်းတွေဆီ လွှဲယမ်းလိုက်သည်။ အားအနည်းငယ်ဖြင့် သူမတံစဉ်ကိုသုံးကာ တွဲကျနေသည့် အကိုင်းတစ်ကိုင်းကို ဖမ်းမိလိုက်သည်။ အမြင့်က ကွက်တိပင်။ သူမခြေဖျားထောက်ကာ အကိုင်းအခက်မှ အသီးတောင့်များစွာကို အလွယ်တကူ ခူးယူနိုင်လိုက်သည်။

အာလူး‌တွေအတွက် နေရာနည်းနည်း ချန်ထားရမည်ဟု သိထားသဖြင့် ရှောင်းကောမှာ ခြင်းကိုအသီးတောင့်အပြည့် မဖြည့်နိုင်လိုက်ပေ။ သူမ လုံလောက်ပြီလို့ ခံစားမိသည့်အခါ အကိုင်းကို လွှတ်လိုက်သည်။ ယခုတစ်ကြိမ်တွင်တော့ သစ်ပင်၏ တည်နေရာကို သိထားတာကြောင့် သူမအမှတ်အသားမလုပ်တော့ပေ။

ရှောင်းကော ခြင်းတောင်းကို အာလူးတွေရှိရာဆီသယ်သွားလိုက်သည်။ သူမသည် ခြင်းတောင်းကိုချလိုက်ပြီး အာလူးများကို နှုတ်ရန် ထိုင်ချလိုက်သည်။ ဒီတစ်ခါတော့ သူမပျိုးပင်တွေကို ဘေးဖယ်ထားလိုက်သည်။ အဲ့ဒါတွေကိုအိမ်တွင် တိရစ္ဆာန်တွေ အစာကျွေးဖို့အတွက် ပြန်ယူသွားမည်။

ငါးတွေကိုသေအောင် ဖိမိမှာစိုးတာကြောင့် အသီးတောင့်များကိုမထည့်ခင် အာလူးတွေကို ခြင်းတောင်းအောက်ခြေမှာအရင် ထားလိုက်သည်။ နောက်မှငါးကို ထည့်လိုက်သည်။ ထို့နောက် ရှောင်းကောသည် ပျိုးပင်များကိုအားလုံးရဲ့အပေါ်တွင်ထားကာ ခြင်းတောင်းကိုအုပ်လိုက်သည်။ ပြီးပြည့်စုံသွားပြီ။

ပျိုးပင်များကြောင့် အဖုံးပါသည့်တောင်းဟာ သူမရဲ့ထက်ဝက်ခန့်‌လောက် မြင့်နေသည်။ ရှောင်းကော ခွန်အားတွေကို စုစည်းကာ နောက်ကျောတွင်တောင်းကို သယ်ရင်း ဖြည်းဖြည်းချင်း မတ်တပ်ရပ်လိုက်သည်။ သူမကိုယ်သူမ တည်ငြိမ်အောင်ထိန်းကာ တောင်ပေါ်မှနေ အိမ်ရှိရာသို့ ဆင်းလာလိုက်သည်။ လမ်းတွင် မှိုတွေကိုခူးကာ ခြင်းတောင်းထဲ ထည့်လိုက်သေးသည်။ နေ့လယ်စာအတွက် မွှေကြော်လုပ်ရမည်။

အိမ်ပြန်ရောက်တော့ အစားအစာရဲ့ ရနံ့ကလေထဲတွင်ဝေ့ဝဲသည်။ ကျွမ်းကျွမ်းသည် စကားလုံးအသစ် (၅)လုံးကို သင်ယူထားပြီးပြီဖြစ်ကာ ရှောင်းကောအိမ်ပြန်လာပြီး သူ့အားစာမေးဖို့ကို စိတ်အားထက်သန်စွာနဲ့စောင့်ဆိုင်းနေသည်။

ထိုအခိုက်တွင် သူမ အိမ်နဲ့နီးကပ်လာသည်ကို မြင်တော့ သူက ချက်ချင်း ပြေးလာတော့သည်။ သူ့စာတွေကို သူမ ကြည့်ပေးဖို့ အလျင်မလို‌ပါချေ။ အဲဒီအစား သူကတောင်းကိုကူချပေးသည်။

"အိုက်ယိုး" ရှောင်းကောက နာကျင်စွာဖြင့်ညည်းတွားလိုက်ကာ ကိုယ်ကိုဆန့်လိုက်သည်။ သူမ၏ စူပါပါဝါအကူအညီဖြင့် ပင်ပန်းနွမ်းနယ်ရာကနေ ချက်ချင်းနီးပါးပြန်လည်ကောင်းမွန်လာသည်။

ကျွမ်းကျွမ်းရဲ့ လက်ရေးကိုမစစ်ပေးခင် သူမလက်ကိုအရင် ဆေးကြောလိုက်သည်။ သူရေးထားသည့် စကားလုံးများသည် ယခင်အတိုင်း သပ်သပ်ရပ်ရပ်ဖြစ်လှသည်။ စုတ်ချက်တိုင်းဟာ တိကျရှင်းလင်းလှသည်။

ရှောင်းကောက ကျွမ်းကျွမ်းကို ချီးကျူးလိုက်ပြီး သူနဲ့အတူ စားပွဲမှာ ဝင်ထိုင်လိုက်သည်။ ကျွမ်းကျွမ်း စာအုပ်ကိုပိတ်လိုက်ပြီး စုတ်တံကို နာနာခံခံကိုင်လိုက်ကာ သူချရေးဖို့အတွက် သူမစကားလုံး ခေါ်လာမှာကို စောင့်နေသည်။

တစ်ဖက်ရှိ တံငါရွာတွင်…

ကျန်းတန်းဟယ်က ထွက်သွားတော့မည့် လီရှို့ကျီအား သတိပေးလိုက်သည်။ "တောင်တွေထဲကို မသွားနဲ့တော့။ ငါတောကြက် မစားဘူး"

လီရှို့ကျီသည် သူ၏လှမ်းနေသည့် ဘယ်ခြေထောက်ကိုတုံ့ဆိုင်းစွာနဲ့ ရုတ်လိုက်ပြီး ဆန်ပြုတ်စားနေသည့် အမျိုးသားကို ပြန်ကြည့်လိုက်သည်။ "သိပြီ"

သူ ဒီလိုပြောလိုက်ပေမယ့် သူ့စိတ်ကတော့ မငြိမ်မသက် ဖြစ်နေသည်။

သူဘာတွေ‌ တွေးနေလဲဆိုတာ ကျန်းတန်းဟယ် တစ်ချက်ကြည့်ရုံနှင့်သိသည်။ သူ့လက်ထဲရှိ ပန်းကန်လုံးကိုချကာ သူ့ကို လေးလေးနက်နက် ကြည့်လိုက်သည်။ “ဒါက အရေးကြီးတဲ့ အချိန်ပဲ။ ငါတို့ကိုယ်ကို ဘာမှဖြစ်ခွင့်မပေးနိုင်ဘူး"

လီရှို့ကျီ၏ မျက်နှာပေါ်ရှိ စိတ်ဖိစီးနေသည့် အမူအရာကို မြင်လိုက်ရတော့ ကျန်းတန်းဟယ်က လေသံကို ပျော့လိုက်သည်။ “ငါပြန်ကောင်းတော့မှာပါ။ ငါ့ခန္ဓာကိုယ်ကို အာဟာရဖြည့်ပေးဖို့ မလိုတော့ဘူး။ ကျေးဇူးပြုပြီး ထပ်မသွားနဲ့တော့။ အရင်တစ်ခေါက်က မင်းကို တစ်ယောက်ယောက်ကသာ မကယ်ခဲ့ဘူးဆိုရင် မင်းတောင်တန်းတွေပေါ်မှာပဲ သေသွားလိမ့်မယ်"

လီရှို့ကျီ သက်ပြင်းချလိုက်သည်။ "အမှန်ပဲ။ အဲဒီလူကို ကျေးဇူးတင်ရမယ်"

သူ လက်လျော့လိုက်ပြီဆိုတာ သိလိုက်ရတော့ ကျန်းတန်းဟယ် သက်ပြင်းတစ်ချက်ချလိုက်မိသည်။ သူတို့တွေ ဘာအမှားအယွင်းမှ မဖြစ်သင့်ပေ။ ဒါပြီးရင် သူအိမ်ပြန်လို့ရပြီဖြစ်သည်။

"တပ်တွေက ဘယ်တော့ ရောက်လာမှာလဲ?" ကျန်းတန်းဟယ်က လီရှို့ကျီကို အသံတိုးကာမေးလိုက်သည်။

လေးနက်သည့် ကိစ္စရပ်တွေ အကြောင်းပြောလာတော့ လီရှို့ကျီမှာ မနေနိုင်ဘဲ ရိုကျိုးတဲ့အမူအရာပေါ်လာသည်။ သူက မတ်မတ်ရပ်ကာ ပြောလိုက်သည်။ “အနည်းဆုံးသုံးရက်ပါ ဗိုလ်ချုပ်"

ကျန်းတန်းဟယ်လည်း စဉ်းစားသလိုခေါင်းညိတ်လိုက်သည်။ 'မကြာတော့ဘူး။ သိပ်မကြာတော့ဘူးဘဲ'

"ငါတို့တစ်ချက်သွားကြည့်ကြည့်ရင်ရော?" ခဏအကြာ ကျန်းတန်းဟယ်က ပြောလာသည်။ ဒီကိစ္စက မှားနိုင်စရာမရှိပေ။

လီရှို့ကျီလည်း ခေါင်းညိတ်လိုက်သည်။ "ကျွန်တော် မနက်ကျရင် ပစ္စည်းတွေကို အရင်ဆုံး ထားခဲ့လိုက်မယ်"

All Chapters