အခန်း (၄၆)
Vol. 4 Ch. 46
အဲ့ဒီအချိန် ကျွမ်းကျွမ်းလည်း နိုးလာခဲ့သည်။ ရှောင်းကောက သူ့ကို နွားနဲ့မြည်းတွေကို လွှတ်ပေးဖို့ အကူအညီတောင်းလိုက်သည်။
ကျွမ်းကျွမ်းသည် ပျော်ရွှင်စွာဖြင့် ကြိုးတွေကိုယူကာ ကျွမ်းကျွမ်းကျင်ကျင်ဖြင့် နွားလည်ပင်းတွင် ချည်လိုက်သည်။ မွေးလာတာကြာပြီဖြစ်တာကြောင့် နွားလေးတွေဟာလည်း အရပ်ပိုရှည်လာသည်။ ကျွမ်းကျွမ်းမှာ သူတို့လည်ပင်းကို ကြိုးချည်ဖို့အတွက် ခြေဖျားထောက်ရသည်။
ရှောင်းကောသည် မြည်းကို တံခါးအပြင်သို့ ဆွဲထုတ်လာပြီး အရင်တစ်ခေါက် သူတို့သွားခဲ့တဲ့ မြစ်ကမ်းဆီ ကျွမ်းကျွမ်းနှင့် အတူ လမ်းလျှောက်လာလိုက်သည်။ သူမက တိရစ္ဆာန်တွေကို ကြိုးဖြည်ပေးပြီး လွတ်လွတ်လပ်လပ်ကျက်စားခွင့်ပေးလိုက်သည်။
သားအမိနှစ်ယောက်က ကျောက်ဆောင်ပေါ်တွင် ထိုင်ကာ ရှုခင်းကို တိတ်တဆိတ် သဘောကျနေကြသည်။ ဤနေရာရှိ လေထုအရည်အသွေးမှာ အမှန်တကယ်ကောင်းမွန်ကြောင်းကိုတော့ ငြင်းလို့မရပါချေ။ အသက်ရှူသွင်းလိုက်တိုင်း နှလုံးနဲ့ အဆုတ်အတွက် သန့်စင်ပေးတဲ့ လုပ်ငန်းစဉ်တစ်ခုလိုပင်။ သူမတို့ရှေ့တွင် စိမ်းစိုနေသည့်တောင်တန်းကြီးများ၏ မြင်ကွင်းကို မြင်နေရသည်။ ငှက်ကလေးတွေက နောက်ခံအဖြစ်တေးဆိုနေကြပြီး မြစ်ရေကလည်းကြည်လင်ကာတောက်ပနေသည်။ တိမ်ဖြူဖြူများက ကောင်းကင်တွင် လေနှင့်အတူ ငြိမ်ငြိမ်သက်သက်ရွေ့လျားနေသည်။
ရှောင်းကောမှ တိရိစ္ဆာန်တွေ အရမ်းဝေးဝေးရောက်သွားမှာကိုစိုးကာ အာရုံစိုက်ထားရသည်။ ကျွမ်းကျွမ်းက ရှောင်းကောရဲ့ ရင်ခွင်ထဲတွင်ထိုင်ကာ ကောင်းကင်ကြီးကို ကြည့်နေသည်။ ခဏအကြာ သူက အဖြူရောင်တိမ်တိုက်တစ်ခုကို ညွှန်ပြပြီး ရှောင်းကောကိုကြည့်ဖို့ပြောလာသည်။ “မေမေ၊ ကြည့်ပါဦး။ အဲ့ဒါက ဘာနဲ့တူလဲဟင်?"
ရှောင်းကောလည်း ကျွမ်းကျွမ်းပြတဲ့ဘက်ကိုကြည့်လိုက်သည်။ အဲ့ဒီမှာ တိမ်က ထူးဆန်းတဲ့ပုံစံဖြစ်နေသည်။ ရှောင်းကောက အဲ့ဒါကိုကြည့်နေပေမယ့် ဘယ်လိုပုံစံရှိလဲဆိုတာကိုတော့ မပြောနိုင်ပေ။
“မေမေ မပြောတတ်ဘူး” ရှောင်းကောက အမှန်အတိုင်းပြောလိုက်သည်။
ကျွမ်းကျွမ်းကတော့ စိတ်ပျက်မသွားပါချေ။ သူက မျက်လုံးတွေကျဉ်းမြောင်းလိုက်ပြီး ကျေနပ်စွာနဲ့ပြုံးလိုက်သည်။ "အဲဒါက မေမေနဲ့တူတယ်"
ရှောင်းကော အရမ်းအံ့သြသွားသည်။ တိမ်က သူမနဲ့ ဘယ်လိုလုပ်တူနိုင်မှာလဲ? သူမသေချာကြည့်တာတောင် မပြောနိုင်တာကို။ ကျွမ်းကျွမ်းက ရှောင်းကောကို လက်ညှိုးထိုးကာရှင်းပြလာသည်။ “ကြည့်၊ အဲ့ဒါက မေမေ့ရဲ့ခေါင်း။ ဟိုဟာကဆံပင် ပြီးတော့…”
ရှောင်းကောမှာ ကျွမ်းကျွမ်း စိတ်ကူးကြောင့် အံ့ဩသွားရသည်။ သူ့ရှင်းပြချက်က တကယ် သူမကို ဖော်ပြနေသလို ခံစားရသည်။
"မေမေ မြင်ပြီထင်တယ်"
ရှောင်းကောမှာ အံ့သြဝမ်းသာသွားမိသည်။ ဒီကလေးက စိတ်ကူးစိတ်သန်းအလွန်ကောင်းကြောင်း သူမသဘောပေါက်လိုက်သည်။ တိမ်ပုံသဏ္ဍာန်ကို အစပိုင်းတွင် သူမ မပြောနိုင်ပေမယ့် ကျွမ်းကျွမ်းရဲ့ဖော်ပြချက်က အမှန်တကယ်ကို ကွက်ကွက်ကွင်းကွင်းမြင်လာစေသည်။
ကျွမ်းကျွမ်းက တခစ်ခစ်ရယ်လိုက်သည်။ ရှောင်းကောက ကျွမ်းကျွမ်းကို တခြားတိမ်တွေရော ဘယ်လိုပုံစံရှိလဲဆိုတာ ပြောပြခိုင်းသည်။ ကျွမ်းကျွမ်းက ခဏလောက် စဉ်းစားလိုက်ပြီး တိမ်တွေကို ညွှန်ပြလိုက်သည်။ “အဲ့ဒါက မြင်း။ အဲ့ဒါက ခွေးလေးရဲ့ခေါင်း…”
ကျွမ်းကျွမ်းရဲ့ဖော်ပြချက်တွေကို နားထောင်ရင်း ရှောင်းကောက သူပြောတဲ့တိမ်တွေပုံကို အမှန်တကယ်သဘောတူလက်ခံပေးသည်။ သူမတို့တွေ အချိန်အကြာကြီး ပျော်ပျော်ရွှင်ရွှင် ကစားခဲ့ကြသည်။ နေဝင်လာတော့ နွားနဲ့မြည်းတွေလည်း ဗိုက်ပြည့်ဖြစ်ကာ အိမ်ဘက်ကိုဦးတည်လိုက်ကြသည်။
နောက်တစ်နေ့ အရုဏ်မတက်ခင် ရှောင်းကောသည် မြည်းလှည်းဖြင့် ထွက်လာလိုက်သည်။ အရင်တစ်ခေါက်နဲ့အတူတူဖြစ်ကာ သူမက နေရာမပြောင်းပေ။ သူမ ရွာကို ဖြည်းဖြည်းချင်း နီးကပ်လာသည်နှင့်အမျှ လူတွေက တန်းစီနေကြကြောင်း ရှောင်းကောတွေ့လိုက်ရသည်။
ရှောင်းကော မျက်မှောင်ကြုတ်လိုက်မိသည်။ အဲ့ဒီမှာ နောက်ထပ်ရောင်းနေတဲ့သူ တစ်ယောက်ရှိနေတာများလား? နောက်တော့ မဖြစ်နိုင်ဘူးလို့ သူမဘာသာသူမ တွေးလိုက်မိသည်။ အကယ်၍ သူမသာ ဒီနေရာမှာအရင်တစ်ခေါက်က ဈေးရောင်းနိုင်ခဲ့ရင် တခြားသူတွေလည်း လာရောင်းလိမ့်မှာ သေချာပေါက်ပင်။
ရှောင်းကော မြည်းလှည်းကိုရပ်ကာ တခြားနေရာကိုရှာဖို့ ဆုံးဖြတ်လိုက်သည်။ မြည်းလှည်းကွေ့နေတုန်းမှာပဲ အရှေ့နားမှာတန်းစီနေတဲ့ အမျိုးသမီးတစ်ယောက်က ရှောင်းကောကို တွေ့သွားသည်။ သူမထွက်သွားတော့မှာကို မြင်လိုက်ရတော့ အမျိုးသမီးကအမြန် တားလိုက်သည်။ "မိန်းကလေး! မိန်းကလေး!"
ရှောင်းကောမှာ အဲ့ဒီအမျိုးသမီးက သူမကိုခေါ်နေတယ်ဆိုတာ မသိပေမယ့် အသံတစ်ခုကြားလိုက်ရတော့ သူမ အလိုလို လှည့်ကြည့်လိုက်သည်။ သူမ လူအုပ်ကြားတွင် ရင်းနှီးတဲ့ မျက်နှာတချို့ကို မြင်လိုက်ရသည်။
အမျိုးသမီးက ခြေလှမ်းအနည်းငယ် အပြေးလှမ်းကာရှောင်းကောရဲ့မြည်းလှည်းရှေ့တွင် ရပ်လိုက်သည်။ သူမက အမောတကောနဲ့ပြောလာသည်။ “မိန်းကလေး၊ ဘာလို့ ထွက်သွားတာလဲ? ငါတို့ ဒီမှာ စောင့်နေတာ ကြာပြီ”
သူမ နီးသောအခါမှ ရှောင်းကောမှာ အဲ့ဒီအမျိုးသမီးကို မှတ်မိသွားသည်။ သူမဟာ အရင်တစ်ခေါက် သူမဆီကနေ ပထမဆုံးဝယ်သွားတဲ့အမျိုးသမီးဖြစ်သည်။
"ကျွန်မကို စောင့်နေတာလား?" ရှောင်းကောမှာ မယုံကြည်နိုင်စွာဖြင့် မျက်လုံးတွေ ပြူးကျယ်သွားသည်။
"အဟုတ်ပဲ! လာခဲ့၊ ငါအရင်ရောက်တာ။ သုံးပွဲပေးပါဦး။ ထုံးစံအတိုင်း မှိုဟင်းချိုအစပ်တစ်ပွဲ၊ အရိုးစွတ်ပြုတ်ကနှစ်ပွဲ" ပြီစတာနဲ့ သူမက ပိုက်ဆံတွေကိုထုတ်ကာ ရှောင်းကောရဲ့ ပိုက်ဆံအိတ်ထဲ ထိုးထည့်လိုက်သည်။
ဒီအဒေါ်က အရင်တစ်ခေါက် သူ့မိသားစုအတွက် ခေါက်ဆွဲပြန်ယူသွားတုန်းက အစားအသောက်အတွက် ချီးမွန်းတာတွေ အပြည့်အဝရခဲ့သည်။ သူတို့ဟာဟင်းချိုတွေအားလုံးကို တစ်စက်မကျန် ကုန်အောင်စားခဲ့ကြသည်။ ဆိုင်ဖွင့်မည့်နေ့တွင် ရှောင်းကောပြန်လာမှာကို သူတို့သိသဖြင့် နံနက်စောစော တန်းစီရန်ရောက်လာကြတာဖြစ်သည်။
ရှောင်းကောမှာ ကြေးဒင်္ဂါး ၃၀ ကို ကြောင်တက်တက်ဖြင့် လက်ခံလိုက်သည်။ ကြင်နာတတ်တဲ့အဒေါ်က မြည်းလှည်းပေါ်မှ ပစ္စည်းများကိုပင် ကူချပေးလိုက်သေးသည်။
သက်လတ်ပိုင်းအရွယ် အဒေါ်တစ်ယောက်က သူမပစ္စည်းတွေအကုန်လုံးကို ကူချပေးနေတုန်း ရှောင်းကောတစ်ယောက်ကတော့ မြေပြင်ပေါ်တွင်အမြစ်တွယ်နေသလို ရပ်နေမိသည်။ အဲဒါနဲ့ သူမလည်း ရေလိုက်ငါးလိုက်ကာ လမ်းထောင့်မှာဘဲ စရောင်းတော့သည်။
အားလုံးက အရှေ့ကို အပြေးအလွှား ရောက်လာကြသည်။ တချို့က သူတို့အရသာတွေ့တဲ့ ဟင်းရည်ကိုဘဲမှာကြသည်။ အဲ့ဒီထဲတွင် အရင်တစ်ခေါက်က အနံ့ပဲ ခံလိုက်ရပြီး မဝယ်လိုက်ရတဲ့သူတွေလည်းပါသည်။ ဒီတစ်ခါတော့ သူတို့ကအစောကြီးထကာ သတိအပြည့်နဲ့လာကြသည်။ ဆိုင်ဖွင့်တာနဲ့ သူတို့မှာ ခေါက်ဆွဲကုန်သွားမှာစိုးတာကြောင့် အမြန်မှာကြသည်။
"မှိုဟင်းချိုနဲ့အစပ်နှစ်ပွဲ"
"အရိုးစွတ်ပြုတ်လေးပွဲ၊ နှစ်ပွဲက ငရုတ်ဆီကြော်ထည့်မယ်"
“ငါက....ငါကတော့...."