အခန်း (၅၂)
Vol. 4 Ch. 52
ရှောင်းကော ကျွမ်းကျွမ်းကြိတ်ထားသည့်အမှုန့်တွေကို အိုးတစ်လုံးထဲထည့်ကာ မီးဖိုချောင်ထဲတွင်သိမ်းထားလိုက်သည်။ ထို့နောက် သူမသည် ကျွမ်းကျွမ်းနှင့် လက်ဆေးကာ အနားယူရန် အိမ်ထဲဝင်လာလိုက်သည်။ ရှောင်းကော ကုတင်ပေါ်တွင် သက်တောင့်သက်သာဖြင့်လှဲကာ သက်ပြင်းရှည်ကြီးချလိုက်သည်။ သူမ နေ့ခင်းဘက် တစ်ရေးအိပ်ခဲ့ရသည်မှာကြာလှပြီဖြစ်သည်။ သူမ လှည့်ကာ ကျွမ်းကျွမ်းကိုဖက်လိုက်သည်။ "သားလေး အိပ်တော့"
ထို့နောက် သူမကျွမ်းကျွမ်းရဲ့ကျောကို အသာလေးပွတ်လိုက်သည်။ ဘာပဲဖြစ်ဖြစ် သူက ငယ်သေးသည်။ အရင်တုန်းကတော့ ပန်းကန်ဆေးပြီးရင် သူမတစ်ရေးတစ်မော အိပ်လေ့ရှိသည်။ သူမ တစ်မနက်လုံး အလုပ်ရှုပ်နေတာကြောင့် မျက်လုံးမဖွင့်နိုင်လောက်အောင် ပင်ပန်းနေပြီဖြစ်သည်။ သူမခပ်မြန်မြန် အိပ်ပျော်သွားတော့သည်။
နှစ်ယောက်သား နိုးလာတဲ့အခါ နေဝင်တော့မည်ဖြစ်သည်။ ရှောင်းကောမှာ သူမ ဒီလောက်ထိအိပ်ပျော်သွားလိမ့်မယ်လို့ မထင်ထားပါချေ။ သူမသည် ကျွမ်းကျွမ်းနှင့်အတူ အိပ်ရာမှထကာ ဆပ်ပြာအသီးတောင့်တွေကို ကူကယ်ရာမဲ့စွာဖြင့် ကြည့်လိုက်သည်။ ဒီနေ့တော့ သူမဘာမှမလုပ်နိုင်လောက်တော့ပေ။
ရှောင်းကော အပြင်သို့ထွက်ကာ မုန့်ညက်ကို သွားယူလိုက်သည်။ သူမဖွင့်ကြည့်လိုက်တော့ အရွယ်အစားက နှစ်ဆလောက်အထိ ပွလာတာကို တွေ့လိုက်ရသည်။ ရှောင်းကော နည်းနည်းပါးပါးဆုပ်နယ်လိုက်ကာ ဘေးဖယ်ထားလိုက်သည်။
သူမသည် ဂေါ်ဖီထုပ်ကိုယူလိုက်ကာ ဘန်းမုန့်အစာသွပ်ရန်အတွက် အစိတ်စိတ်အမွှာမွှာ ဖြစ်အောင်လှီးလိုက်သည်။ သူမသည် အသီးအရွက်များမှ ရေတွေကို ညှစ်ထုတ်လိုက်ကာ အသီးအရွက်တွေကို ဝက်ခေါက်ကင်ဖြင့် ရောမွှေလိုက်သည်။ အရသာအတွက် ဆားနှင့် ဟင်းခတ်များ ထည့်လိုက်သည်။
တစ်ချိန်တည်းမှာ ကျွမ်းကျွမ်းက ရေနွေးဆူအောင်တည်ထားကာနဲ့ ရှောင်းကောလည်း ဘန်းမုန့်တွေကို လုပ်ပြီးသွားပြီဖြစ်သည်။ ထို့နောက် ဘန်းမုန့်များကို ပေါင်းသည့်အိုးတင်ထည့်လိုက်ကာ အဖုံးဖုံးလိုက်ပြီး ရေနွေးငွေ့ဖြင့် ပေါင်းထားလိုက်သည်။ ရှောင်းကောက ကျွမ်းကျွမ်းအား ထင်းလက်တစ်ဆုပ်စာထည့်ရန် ညွှန်ကြားလိုက်ပြီး မုန့်တွေကို ကျက်လာမှာကို စောင့်နေလိုက်သည်။
ရှောင်းကောက သူမအတွက် ဆန်ပြုတ်လုပ်လိုက်သည်။ သူမသည် အစိုနှင့်အခြောက် ရောစပ်ထားသည့် ဟင်းလျာများကို ပိုသဘောကျသည်။ ဘန်းမုန့်တွေရလာတာနဲ့ သူမတို့တွေစစားကြသည်။
ကျွမ်းကျွမ်းက စုစုပေါင်း ဘန်းမုန့်သုံးခု စားခဲ့သည်။ ရှောင်းကောအနေဖြင့် ဘန်းမုန့်များကို အရမ်းကြီးအောင် မလုပ်ထားသော်လည်း ကျွမ်းကျွမ်းအတွက်တော့ အတော်အသင့် အရွယ်အစား ဖြစ်နေဆဲပင်။ ရှောင်းကောမှာ သူအလွန်အကျွံ စားမိမှာစိုးတာကြောင့် သူ့ကိုရပ်ခိုင်းလိုက်သည်။ ကျွမ်းကျွမ်းက သနားစရာကောင်းဟန်ဆောင်ကာ ရှောင်းကောအား ဝမ်းနည်းနေသည့် အကြည့်တွေဖြင့် ကြည့်လိုက်သည်။ ရှောင်းကောမှာ သူ့လုပ်ရပ်ကြောင့် ယုံမိလုနီးပါးဖြစ်သွားပေမယ့် သူဘာလုပ်နေလဲဆိုတာကို သူမ သဘောပေါက်သွားကာအခိုင်အမာ ပြောလိုက်သည်။ "မရဘူး!"
ကျွမ်းကျွမ်း သူ့အမူအရာကို စွန့်လွှတ်လိုက်ပြီး သူ့ပန်းကန်ထဲက ဆန်ပြုတ်ကို ကုန်အောင် စားခိုင်းခံလိုက်ရသည်။ သူ့မျက်လုံးတွေက စားပွဲပေါ်ရှိ ဘန်းမုန့်တွေကို တမ်းတနေသေးသည်။ ရှောင်းကောက သူ့ကိုကြည့်နေတာကို မြင်လိုက်ပေမယ့် သူမ မသိဟန်ဆောင်ကာ အပြုံးကို ဖုံးကွယ်ရင်း ဆန်ပြုတ်ကိုသာ ကုန်အောင်ကျွေးလိုက်သည်။
ပန်းကန်ဆေးပြီးသွားတော့ ကျွမ်းကျွမ်းစာလုပ်ခါနီးမှာ ရှောင်းကောက သူ့ကိုတားလိုက်သည်။ "ကျွမ်းကျွမ်း ၊ မနက်ဖြန် မေမေ မြို့ကိုသွားမယ်။ မေမေနဲ့အတူလိုက်ချင်လား?"
ကျွမ်းကျွမ်း ဝမ်းသာသွားသည်။ "တကယ်လား?"
“တကယ်ပေါ့"
ရှောင်းကောဆီက အတည်ပြုချက်ကိုရပြီးတဲ့နောက် ကျွမ်းကျွမ်း အရမ်းပျော်သွားသည်။ မြို့ကိုသွားရလို့ပျော်တာမဟုတ်ဘဲ သူ့အမေနောက်လိုက်ရတာကြောင့် ပျော်တာဖြစ်သည်။ သူ့အတွက်ကတော့ သူ့အမေအနားမှာအမြဲရှိနေရတာက အကောင်းဆုံးပင်။
ကျွမ်းကျွမ်းမှာ စိတ်လှုပ်ရှားနေသဖြင့် တစ်ညလုံး ကောင်းကောင်းအိပ်မပျော်ခဲ့ဘဲ နောက်တစ်နေ့တွင် အိပ်ချင်မူးတူးဖြစ်နေသည်။ ထမင်းစားချိန်မှာတောင် ရှောင်းကောက သူ့ကို ထိန်းပြီးကျွေးရသည်။ ရှောင်းကော ကျွမ်းကျွမ်းကို စနောက်တော့ သူကရှက်ရှက်ဖြင့် သူမရင်ခွင်ထဲ ဝင်ပုန်းလိုက်သည်။ ဒါကိုမြင်တော့ ရှောင်းကော စနောက်တာ ရပ်လိုက်ပြီး သူ့ကိုမြည်းလှည်းပေါ်တင်လိုက်သည်။ ထို့နောက် သူမတို့တွေ မြို့တွင်းသို့ ခရီးဆက်ကြသည်။
သူမတို့မြို့ကိုရောက်တဲ့အခါ ကျွမ်းကျွမ်းရဲ့ မျက်လုံးကြီးတွေက လှုပ်ရှားနေတာမရပ်တော့ပေ။ သူ့ပတ်ဝန်းကျင်တစ်ခုလုံးကို လှည့်ပတ်ကြည့်မိသည်။ ရှောင်းကော မြည်းလှည်းကိုရပ်ကာ ဆင်းလိုက်ပြီး ကျွမ်းကျွမ်းလည်း သူမလက်ကိုကိုင်ကာ လှည်းပေါ်မှ ဆင်းလိုက်သည်။ သူမတို့ ဒီကိုလာသည့်လမ်းတွင် ရှောင်းကောက ကျွမ်းကျွမ်းအား သူမခေါက်ဆွဲမရောင်းတော့တဲ့အကြောင်း၊ သူမ ခေါက်ဆွဲလုပ်နည်းကို တစ်ယောက်ယောက်ဆီ ရောင်းလိုက်ကာ ပိုက်ဆံတွေရထားကြောင်း ပြောပြသည်။ သူမစကားကြောင့် ကျွမ်းကျွမ်းမှာ သူ့အမေနဲ့အတူနေဖို့ အချိန်ပိုရတော့မည်ဖြစ်ကြောင်း ကောက်ချက်ချလိုက်သည်။
ရှောင်းကော မြည်းလှည်းပေါ်မှဆင်းလိုက်သည်နှင့် ရှုရူယီက သူမကိုကြိုရန် ရောက်လာသည်။ သူမ စောင့်နေတာ ကြာပြီဖြစ်သည်။ ရှောင်းကောနှင့် စကားမပြောရသေးခင် သူမဘေးနားရှိ ပဲစေ့လေးဆီကနေ အဆွဲဆောင်ခံလိုက်ရသည်။ "ဒါက မင်းရဲ့ကလေးလား? သူက တကယ်ချစ်စရာကောင်းတာပဲ"
ရှုရူယီမှာ သူမရှေ့ရှိချစ်စဖွယ်ကောင်လေးကိုကြည့်ရင်း အရည်ပျော်သွားသလို ခံစားလိုက်ရသည်။ ကလေးတစ်ယောက်က ဘယ်လိုလုပ် ဒီလောက်ချောနိုင်ရတာလဲ? ရှုရူယီ ရှောင်းကောရဲ့ရုပ်ရည်ကိုတွေးလိုက်မိကာ သဘောပေါက်လိုက်သည်။ ကလေးတွေက သူ့တို့အမေနဲ့တူကြတာပဲ...
ရှောင်းကော ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။ သားဖြစ်သူကို ချီးမွမ်းကြတာကို ကြားရတာသဘောမကျတဲ့သူဘယ်သူရှိမှာလဲ? "သူ့နာမည်က ကျွမ်းကျွမ်းပါ။ လာ ကျွမ်းကျွမ်း၊ ဒေါ်ဒေါ်ကို လာနှုတ်ဆက်လိုက်" နောက်တော့ ဒီလိုခေါ်ဖို့က မမှန်ဘူးလို့ သူမတွေးမိလိုက်သည်။ ရှုရူယီဟာ အိမ်ထောင်မပြုသေးတာကြောင့် သူမအား အဒေါ်လို့ ခေါ်သည်မှာ မသင့်တော်ပါချေ။ သူမဘာသာအမြန်ပြန်ပြင်လိုက်သည်။ "ကျဲကျဲလို့ခေါ်ရမှာ"
ရှုရူယီက သူမလက်ကို ဝှေ့ယမ်းပြကာ ဘာပဲဖြစ်ဖြစ်အဆင်ပြေကြောင်း ပြလိုက်သည်။ ကျွမ်းကျွမ်းက လိမ်လိမ်မာမာဖြင့် သူမအားနှုတ်ဆက်လိုက်သည်။ "မင်္ဂလာပါ ကျဲကျဲ"
ရှုရူယီမှာ ကျဲကျဲလို့အခေါ်ခံလိုက်ရတော့ အရမ်းပျော်သွားကာ အော်ရယ်လိုက်သည်။ ဒီလို လူငယ်လေးအဖြစ်အခေါ်ခံရတာက အရမ်းကောင်းတာပဲ။ "ကောင်းပြီ၊ ကောင်းပါပြီ!"
သုံးယောက်သား အိမ်ထဲဝင်လိုက်ကြသည်။ ရှုရူယီက သူတို့ကို ပတ်ဝန်းကျင်နဲ့ ရင်းနှီးအောင် ခေါ်သွားလိုက်သည်။
လိုက်ပတ်ကြည့်ပြီးတဲ့နောက် သူမတို့တွေ ထိုနေရာနှင့် ပိုရင်းနှီးလာသည်။ ရူယီခေါက်ဆွဲဆိုင်၏ အရှေ့ဘက်နေရာတွင် ငွေသိမ်းသည့်စားပွဲ၊ စားသောက်သည့်နေရာနှင့် မီးဖိုချောင်တို့တည်ရှိသည်။ အနောက်ဘက်ခြံဝန်းကိုတော့ အိမ်နှင့်ဆက်ထားသည်။ ဝန်ထမ်းဟောင်းတစ်ယောက်၏ မျိုးရိုးနာမည်မှာ ရှု ဖြစ်သည်။ ရှုရူယီနှင့် ဦးလေးရှုတို့ နှစ်ယောက်လုံးက အနောက်ဘက်ခြံဝန်းရှိအိမ်တွင်နေကြသည်။ သူတို့နှစ်ဦးသည် အများအားဖြင့် အိမ်ရှေ့ဆိုင်ခန်းမနှင့် အနောက်ဘက်အိမ်ကို လွတ်လပ်စွာသွားလာကြသည်။ ကျွမ်းကျွမ်းက ဦးလေးရှုနှင့်အိမ်ရှေ့ဧည့်ခန်းတွင် ကစားနေစဉ် ရှောင်းကောက ရှုရူယီကို ဟင်းချက်နည်းတွေ ပြောပြရန် မီးဖိုချောင်သို့ လိုက်သွားလိုက်သည်။