← Chapters

အခန်း (၅၃)

Vol. 4 Ch. 53

အခန်း (၅၃)

Vol. 4 Ch. 53

ပါဝင်ပစ္စည်းနှစ်စုံ ပြင်ဆင်ပြီးသည့်နောက် ရှောင်းကောသည် ဘေးနားတွင် ဂရုတစိုက်နားထောင်နေသည့် ရှုရူယီနှင့်အတူ ဟင်းချက်နည်း အဆင့်တိုင်းကို ဂရုတစိုက် ပြုလုပ်ပြသည်။ သူတို့က အခြေခံဟင်းချိုရည်ကို အရင်ဆုံး လုပ်ကြသည်။

အိုးအဖုံးကိုချပြီးနောက် ရှောင်းကောက မီးထည့်ကာ ပြောပြသည်။ "ဟင်းချိုအရသာ ကောင်းချင်ရင်တော့ စကားလုံးတစ်လုံးပဲရှိတယ်။ မီးအေးအေးနဲ့ တည်ထား ဆိုတာပဲ!” ရှုရူယီလည်း လေးနက်စွာဖြင့် ခေါင်းညိတ်လိုက်သည်။

ရှောင်းကောက ဆက်ရှင်းပြသည်။ “ပုံမှန်ဆိုရင်၊ စားသောက်ဆိုင်တွေမှာသုံးတဲ့ အခြေခံဟင်းရည်က အမြဲတမ်း မီးအေးအေးနဲ့ တည်ကြတာပဲ။ ဒါကြောင့် သူတို့ရဲ့ ဟင်းရည်တွေက အမြဲတမ်းအရသာပြည့်ဝတာ"

ရှောင်းကောသည် သူမအား အာလူးမှုန့်ပြုလုပ်နည်းကိုလည်း သင်ကြားပေးခဲ့သည်။ "ဒီအဆင့်က အရမ်းရိုးရှင်းပေမယ့် စိတ်ရှည်ဖို့တော့လိုတယ်" ပြောသည့်အတိုင်း သူမက အဆင့်တိုင်းကို စိတ်ရှည်လက်ရှည်ဖြင့် သင်ပေးသည်။ “ရေဆေး၊ အခွံခွာ၊ ချေမယ်၊ ပွတ်မယ် ပြီးတော့ အရမ်းကာရောလုပ်လို့လည်းမရဘူး"

ရှုရူယီသည် သူမလုပ်ပြသမျှကို ဂရုတစိုက်လိုက်နာကာ အဆင့်တိုင်းကို အလေးအနက်ထားသည်။ နောက်ဆုံးတွင် သူတို့နှစ်ယောက် အနှစ်ဇလုံခြောက်လုံးရလာသည်။

“ကောင်းပြီ၊ အဲဒါတွေကို ဘေးဖယ်ထားပြီး အနည်ကျအောင် လုပ်ထားလိုက်မယ်။ အနှစ်တွေက ရေထဲမှာရောနေတော့ ရေက နောက်နေသေးတယ်။ ခဏကြာရင် အနှစ်တွေက ဇလုံအောက်ခြေမှာ မြုပ်သွားလိမ့်မယ်။ ရေကြည်လာတဲ့အခါကျရင် ရေတွေကို သွန်လိုက်လို့ရပြီ။ ပြီးရင် ဇလုံရဲ့အောက်ခြေက အနှစ်တွေကို နေလှန်းပြီးရင် အမှုန့်ဖြစ်အောင်ကြိတ်ရမယ်" ရှင်းပြပြီးနောက် ရှောင်းကောက နောက်တစ်ဆင့်ကို ဆက်သွားသည်။

"ငါးအသားလုံးတွေက ရိုးရှင်းပေမယ့် အားတော့စိုက်ထုတ်ရမယ်" ရှုရူယီသည် ရှောင်းကောရဲ့ လှုပ်ရှားမှုတိုင်းကို မျက်တောင်မခတ်တမ်းလိုက်ကြည့်သည်။ အဆင့်တိုင်းကို အတတ်နိုင်ဆုံး နီးစပ်အောင်လုပ်ရန် ရည်မှန်းထားသည်။

ရှုရူယီသည် ရေထဲတွင်ပေါလောပေါ်နေသည့် လတ်လတ်ဆတ်ဆတ် လုပ်ထားတဲ့ ငါးအသားလုံးကို မြင်တဲ့အခါ သူမ အရမ်းဝမ်းသာသွားသည်။ သူမရှောင်းကောရဲ့ လက်ကို စိတ်လှုပ်ရှားစွာဖြင့် ဆုပ်ကိုင်လိုက်သည်။ သူမရဲ့ စိတ်လှုပ်ရှားမှုတွေက ရှောင်းကောအပေါ်ကိုလည်း လွှမ်းမိုးသွားသည်။

သူမကိုအားလုံး သင်ပေးပြီးတဲ့နောက် ရှောင်းကောလည်းပြန်ဖို့ အသင့်ဖြစ်နေပြီဖြစ်သည်။ ရှုရူယီက သူမကို နေ့လည်စာစားဖို့ ဖိတ်လိုက်ပေမယ့် ရှုရူယီနဲ့အစောပိုင်းကစကားပြောခဲ့ရတာကြောင့် ရှောင်းကောအနေဖြင့် သူမရဲ့အခြေအနေကို ကောင်းကောင်းသိသည်။ ဒီနေ့အတွက်လိုအပ်တဲ့ ပါဝင်ပစ္စည်းတွေကို ဝယ်ဖို့အတွက် သူမမွေးကတည်းက ဝတ်ခဲ့တဲ့ ကျောက်စိမ်းဆွဲသီးကို အပေါင်ခံခဲ့ရသည်။ ရှောင်းကောလည်း မနေနိုင်ဘဲ အံ့အားသင့်သွားရသည်။ ရှုရူယီဟာ တကယ်တော်တဲ့ မိန်းကလေးတစ်ယောက်ပင်။

ရှုရူယီက ရှောင်းကော သူမတို့အိမ်မှထွက်သွားသည်ကိုကြည့်နေမိသည်။ နေ့တစ်ဝက်လောက် အတူရှိခဲ့ပြီးသည့်နောက်တွင် ရှောင်းကောဟာ တကယ်ကြင်နာတတ်တဲ့သူတစ်ယောက်လို့ သူမ ခံစားခဲ့ရသည်။ သူမက စိတ်ရှည်ကာ စေ့စပ်သေချာပြီး၊ သိမ်လည်းသိမ်မွေ့သည်။ သူမ အမြဲတမ်းလိုချင်နေခဲ့တဲ့ ညီမလေးတစ်ယောက်လိုပင်။

ရှုရူယီသည် ရှောင်းကောမြည်းတွန်းလှည်းထဲဝင်သွားသည်ကို ကြည့်ရင်း သူမကိုအော်မ‌ခေါ်ခင် ခဏလောက် တုံ့ဆိုင်းနေသေးသည်။ "အမ်၊ ငါ မင်းကို ညီမရှောင်းကော လို့ခေါ်လို့ရမလား?"

အဲ့ဒီလိုပြောပြီးတဲ့နောက် သူမအတော်လေး ရှက်သွားမိသည်။ သူမဟာ ပေါ့ပေါ့ပါးပါးနေတတ်တဲ့စရိုက်ရှိကာ ထောင်လွှားမှုမရှိ နှိမ့်ချတတ်သည့်မိသားစုမှ နုနယ်သိမ်မွေ့သည့် မိန်းကလေးများနှင့်ပေါင်းသင်းရသည်ကို အသားမကျပါချေ။ အဲ့ဒါကြောင့် ငယ်ငယ်ကတည်းက သူမတွင် သူငယ်ချင်းအများကြီး မရှိခဲ့ပေ။ သို့ပေမယ့် နေ့တစ်ဝက်အတွင်းမှာဘဲ ရှောင်းကောဟာ အလွန်နွေးထွေးကာ သူမနှင့်ပေါင်းသင်းရလွယ်ကူကြောင်း သူမ ခံစားနိုင်သည်။

ရှောင်းကော အံ့သြသွားသော်လည်း အမြန်ပြောလိုက်သည်။ "ဒါပေါ့ ရူယီ" မနက်ခင်းတစ်လျှောက်လုံး ရှုရူယီ၏ မျက်လုံးများတွင် ရိုးသားမှုနှင့် လေးနက်မှုများအပြည့်ရှိကြောင်း ရှောင်းကောသတိပြုမိခဲ့သည်။ ရှောင်းကော အတော်လေး စိတ်လှုပ်ရှားသွားသည်။ ဖခင်ဖြစ်သူ တည်ထောင်ခဲ့သည့် လုပ်ငန်းကို ကာကွယ်ရန်အတွက် ကြိုးစားနေသည့် မိန်းကလေး၏ ဇွဲလုံ့လကို သူမလေးစားမိသည်။

ရှောင်းကောက သူမအား ရူယီလို့ ခေါ်လိုက်တာကိုကြားတော့ ရှုရူယီ‌တစ်ကိုယ်လုံး နွေးထွေးသွားသလို ခံစားလိုက်ရသည်။ သူမ မျက်လုံးထဲမှမျက်ရည်တွေ စီးကျလာတော့သည်။ ဒီလိုနွေးထွေးမှုမျိုးကို သူမ မခံစားရတာကြာလှပြီဖြစ်သည်။

သူတို့နှစ်ယောက်ကို နှုတ်ဆက်ပြီးတဲ့နောက် ရှောင်းကောသည် နောက်တစ်နေ့နံနက်တွင် ထပ်လာခဲ့ဖို့သဘောတူလိုက်သည်။ အဲ့ဒီနေ့ဟာ ဈေးဖွင့်သည့်နေ့လည်းဖြစ်သလို ရူယီခေါက်ဆွဲဆိုင်ဖွင့်သည့်နေ့လည်း ဖြစ်သဖြင့် သူမလာရမည်ပင်။ ရှောင်းကော၏ မနက်ဖြန်တာဝန်မှာ သူမဆီတွင် ခေါက်ဆွဲဝယ်ရန် စောင့်နေကြမည့်သူများအားလုံးကို စားသောက်ဆိုင်သို့လွှဲပေးရန်ဖြစ်သည်။

စားသောက်ဆိုင်သည် သူမဆိုင်၏တည်နေရာနှင့် မဝေးတာကြောင့် လူအများအတွက် အတော်လေး အဆင်ပြေသည်။ ဘာပဲဖြစ်ဖြစ်၊ဆိုင်က ထောင့်နားတစ်ဝိုက်တွင်ရှိတာဖြစ်သည်။ ယခင်က ရှောင်းကောဆိုင်ဖွင့်ခဲ့တဲ့နေရာကဆိုလျှင် ရူယီခေါက်ဆွဲဆိုင်နှင့် ခြေလှမ်းအနည်းငယ်သာ ဝေးသည်။

ရှောင်းကော မြည်းလှည်းကို မြို့အနှံ့ မောင်းနှင်လိုက်သည်။ ဒီနေ့လုပ်စရာတွေ ဘာမှမရှိတာကြောင့် ရှောင်းကောက ကျွမ်းကျွမ်းတစ်ယောက် အရင်က မြို့ကိုမရောက်ဖူးတာကြောင့် လိုက်ပတ်ပြဖို့ ဆုံးဖြတ်လိုက်သည်။ စီးပွားရေးအတွက် ဖွင့်ထားတဲ့ ဈေးဆိုင်တွေနဲ့ ဆိုင်တွေလည်း အများကြီးရှိသည်။

"သားလိုချင်တာမှန်သမျှ မေမေဝယ်ပေးမယ်" ရှောင်းကောက ရက်ရောစွာပြောလိုက်သည်။ ထွက်လာတုန်းက သူမနဲ့အတူ ပိုက်ဆံအလုံအလောက် ယူလာခဲ့သည်။ အခုတော့ အိမ်ပြန်ဖို့ အရမ်းနောက်ကျနေပြီဖြစ်သည်။ မွန်းတည့်ခါနီးနေပြီ။ မြို့က မက်မွန်ပွင့်ရွာနှင့် နီးပေမယ့် ပြန်ရင်တော့ အချိန်နည်းနည်းကြာသည်။ သူမတို့တွေဒီကနေ အစားအသောက်တွေ ဝယ်သွားလို့ရသည်။

ကျွမ်းကျွမ်းသည် မိန်းမောစွာဖြင့် လှည့်ပတ်ကြည့်ကာ အရှေ့ရှိ မနီးမဝေးနေရာမှ ဈေးဆိုင်တစ်ခုကို ညွှန်ပြလိုက်သည်။ "မေမေ၊ အဲဒါ ဘာလဲ?"

ရှောင်းကောလည်း အဲ့ဒီကို လှည့်မောင်းသွားလိုက်သည်။ "သကြားရုပ်တွေ၊ တစ်ခုလောက်ရနိုင်မလား?" သူမဆိုင်ရှင်ကို ပြောလိုက်သည်။

ကျွမ်းကျွမ်းက ကျားပုံစံနဲ့တစ်ခုကို ရွေးလိုက်ကာ အံ့ဩသလို ကြည့်လိုက်သည်။ “မေမေ၊ ဒါက တကယ့်ကျားနဲ့တူလိုက်တာ”

ရှောင်းကောလည်း မှန်ကြောင်းတွေ့လိုက်ရသည်။ ပုံက တကယ်ကိုအနုစိတ်လှသည်။

သူတို့ သကြားရုပ်ကို ယူလိုက်ကာ မြည်းလှည်းကို လမ်းတစ်လျှောက် မောင်းလာလိုက်သည်။ ဈေးဆိုင်နားက ဖြတ်သွားတဲ့အခါ သူမက ဟင်းသီးဟင်းရွက်တွေဝယ်ပြီး လမ်းတစ်လျှောက် ကျွမ်းကျွမ်းအတွက် မုန့်နည်းနည်းပါးပါးဝယ်လိုက်သည်။

သူတို့နှစ်ယောက် ဆိုင်ကမထွက်လာခင်လေးမှာပဲ မျက်နှာဖုံးရောင်းတဲ့ ဆိုင်ရှေ့က လူတစ်ယောက်ဟာ သူတို့ရဲ့ပုံရိပ်တွေကို ငေးစိုက်ကြည့်နေခဲ့သည်… ခုနတုန်းကတွေ့လိုက်တဲ့ အဲဒီကလေးက ..…

All Chapters