← Chapters

အခန်း (၅၇)

Vol. 4 Ch. 57

အခန်း (၅၇)

Vol. 4 Ch. 57

အခုတော့ ရှောင်းကောက လစဉ်လကုန်တိုင်းတွင် သူမ၏ အမြတ်ဝေစုကို ရနေနိုင်ပြီဖြစ်တာကြောင့် သူမမှာ အရမ်းအားလပ်နေသည်။ သူမအနေဖြင့် အာလူးခေါက်ဆွဲရောင်းဖို့ ဈေးသွားစရာ မလိုတော့ပေ။ ယခုတော့ သူမသည် အိမ်၌နေ့တိုင်း မြက်ရိတ်၊ ချက်ပြုတ်ကာ၊ လမ်းလျှောက်ထွက်တတ်ပြီး ကျွမ်းကျွမ်းအတွက် အဝတ်အစားများချုပ်ပေးကာ သူနှင့်အတူ စာလေ့လာသည်။ ရှောင်းကောကတော့ ဒီလိုဘဝမျိုးကို အရမ်းသဘောကျသည်။ ပျင်းရိစရာကောင်းတဲ့ ဘဝတစ်ခုဖြစ်ပေမဲ့ ငြီးငွေ့စရာတော့မရှိပေ။

ဤအတောအတွင်း ရှောင်းကောသည် တောင်ပေါ်တက်ကာတောအုပ်ထဲတွင် သူမထောင်ထားသည့် ထောင်ချောက်ကို စစ်ဆေးခဲ့သည်။ အထဲတွင် သားကောင်မရှိသလို ပတ်ပတ်လည်တွင်လည်း အမွေးတွေ၊ တိရစ္ဆာန်မစင်လည်း မရှိပေ။ ထောင်ချောက်က အသုံးမဝင်ကြောင်း ရှောင်းကောခန့်မှန်းမိတာကြောင့် သူမသည် အတွင်းထဲသို့ သစ်ကိုင်းများနှင့် သစ်ရွက်များစွာကို ပစ်ချလိုက်သည်။

တစ်နေ့နေ့လည်ခင်းတွင် ရှောင်းကောအဝတ်တန်းမှ ခြောက်နေသည့်အဝတ်အစားတွေကို ရုတ်ကာအိမ်ထဲယူလာ‌ရင်း ဒီနားတွင် ကျွမ်းကျွမ်းကို မမြင်မိကြောင်း သူမသိလိုက်ရသည်။ သူ ဘယ်ကိုသွားနေတာလဲလို့ သူမတွေးလိုက်မိသည်။ "ကျွမ်းကျွမ်း! ကျွမ်းကျွမ်း!" သူမလက်ထဲတွင် အဝတ်အစားတွေကိုကိုင်ထားရင်း ခြံထဲဆင်းလာကာ ကောင်လေးကိုအော်ခေါ်လိုက်သည်။

"မေမေ!" ကျွမ်းကျွမ်းရဲ့ အသံက မီးဖိုချောင်ကနေ ထွက်လာသည်။ တံခါးကပိတ်နေတဲ့အတွက် ရှောင်းကောက ဝင်သွားဖို့မကြိုးစားပေ။ သူမက တံခါးဝမှာ ရပ်လိုက်ပြီးမေးလိုက်သည်။ "ကျွမ်းကျွမ်း၊ နေ့ခင်းဘက်ကြီး ဘာလုပ်နေတာလဲ? ဘာလို့ တံခါးပိတ်ထားတာလဲ?"

တံခါးအနောက်မှနေ ရေသံနှင့်အတူ ကျွမ်းကျွမ်း၏ရယ်သံက ထွက်လာသည်။ သူက ရှက်ကိုးရှက်ကန်းနဲ့ပြောလာသည်။ "မေမေ သားရေချိုးနေတာ။ သားဒီနေ့အဝတ်အစားအသစ်ဝတ်မလို့" မနက်ခင်းတုန်းက ရှောင်းကောသည် လျှော်ပြီးသည့် အသစ်ချုပ်ထားတဲ့အဝတ်တွေကို လှန်းနေချိန် ကျွမ်းကျွမ်းဟာလည်း အဝတ်အသစ်ကိုမဝတ်ခင် ကိုယ့်ကိုယ်ကို သေသေချာချာ ဆေးကြောသန့်စင်ဖို့ စဉ်းစားရင်း အလုပ်များနေခဲ့သည်။

ရယ်ချင်နေတဲ့ ရှောင်းကောက ပါးစပ်ကိုအုပ်ကာ ခဏလောက် တခစ်ခစ်ရယ်လိုက်သည်။ တည်ငြိမ်သွားပြီးနောက် သူမပြောလိုက်သည်။ “ကောင်းပြီ။ သားအတွက် မေမေအဝတ်‌တွေကို အိမ်ထဲယူလာပေးမယ်။ သားဝတ်လို့ရအောင်"

"ဟုတ်ကဲ့ ဟုတ်ကဲ့!" ကျွမ်းကျွမ်းက ပြန်ဖြေလိုက်သည်။

အိမ်ထဲပြန်ရောက်တော့ အစောပိုင်းက သူမချုပ်ထားတဲ့ အတွင်းခံတွေကို ထုတ်ယူလိုက်ကာ ကုတင်ပေါ်တင်လိုက်သည်။ ခဏနေကျရင် ကျွမ်းကျွမ်းဝတ်ဖို့ ဝင်လာလောက်သည်။

ခဏကြာတော့ ကျွမ်းကျွမ်းက ဖင်တုံးလုံးနဲ့ပြေးဝင်လာသည်။ သူကကုတင်ပေါ်လူးလိမ့်‌လိုက်ပြီး စောင်အောက်မှာ ဝင်ပုန်းနေလိုက်သည်။ ကုတင်ပေါ်ကနေ သူ ရှောင်းကောကိုကြည့်လိုက်ပြီး တိုးတိုးလေး ရယ်လိုက်သည်။

ရှောင်းကောလည်း သူ့ကိုကြည့်ကာ ရယ်လိုက်သည်။ ခုနတုန်းက သူမသတိမထားမိခင် အဖြူရောင်အလင်းတန်း‌လေး စောင်အောက်ကို အပြေးအလွှားဝင်လာတာကို သူမတွေ့လိုက်ရသည်။ သူမ သေချာကြည့်လိုက်မှ ကျွမ်းကျွမ်းဖြစ်နေမှန်း သိလိုက်ရသည်။

“ဒီကလေးက သူ့ရဲ့ အစိတ်အပိုင်းတွေကိုကာဖို့ သိနေသားပဲ၊ ဟားဟားဟား"

"ကျွမ်းကျွမ်း ဘာလို့အဝတ်အစားမဝတ်တာလဲ?" ရယ်ပြီးသွားသည့်နောက် ရှောင်းကောကုတင်ပေါ်တွင် ထိုင်လိုက်ကာ ကျွမ်းကျွမ်း၏ စိုရွှဲနေတဲ့ ဆံပင်တွေကို သဘက်ဖြင့် သုတ်လိုက်သည်။

“သား ကောင်းကောင်း သန့်ရှင်းရေး လုပ်ထားတာ။ အဝတ်ဟောင်းဝတ်လိုက်ရင် ထပ်ညစ်ပတ်သွားမှာစိုးလို့" ကျွမ်းကျွမ်းက ရှင်းပြသည်။

ကျွမ်းကျွမ်းရဲ့ ရိုးသားတဲ့စကားကိုကြားတော့ ရှောင်းကောအရမ်းဝမ်းသာသွားသည်။ သူမ သူ့ဆံပင်တွေကို ခြောက်အောင်သုတ်ပေးပြီးသွားတော့ သဘက်ကို ဖယ်လိုက်သည်။ "ကောင်းပြီ၊ သားအခု ဝတ်လို့ရပြီ"

ရှောင်းကောက အတွင်း၀တ်တွေကို ကျွမ်းကျွမ်းဆီ ပေးလိုက်သည်။ သူ ဝတ်ပြီးသွားတော့ အိပ်ရာကထလိုက်ပြီး ရှောင်းကော သူ့ကိုအဝတ်အစားကူဝတ်ပေးလိုက်သည်။ ကျွမ်းကျွမ်းက နာနာခံခံနဲ့လက်တွေကို မြှေက်ထားပေးသည်။

“မေမေ၊ ဒီဘောင်းဘီတွေက အရမ်းထူးခြားတာပဲ” ကျွမ်းကျွမ်းသည် သူ့အဝတ်အစားတွေကို စူးစမ်းစွာဖြင့်ကြည့်နေသည်။ ဝတ်ရုံအရှည်ကြီးရော ခါးပတ်ရောမပါပေ။ အဝတ်အစားက ရိုးရိုးရှင်းရှင်း အပေါ်အင်္ကျီနှင့် ဘောင်းဘီကျယ်ကျယ်သာပါသည်။ အဲ့ဒါတွေက အရမ်းရိုးရှင်းပေမယ့် အရမ်းလှသည်။

အခုခေတ်လူတွေဟာ အတွင်းက ဘောင်းဘီအရှည်နှင့် အတွင်းခံလက်ရှည်တွေကို ဝတ်ကြမှန်း ရှောင်းကော သိသည်။ သူတို့သည် အပြင်ဘက်တွင် ၀တ်စုံရှည်ဝတ်ကာ ခါးတွင်တင်းကျပ်မှုကို ချိန်ညှိရန် ခါးပတ်ရှည်ကို အသုံးပြုကြသည်။ ကျွမ်းကျွမ်း၏ အဝတ်အစားအသစ်အတွက် ရှောင်းကောသည် ယင်းအစား ဘောင်းဘီခါးတွင် ကြိုးများကို တိုက်ရိုက်ချုပ်လိုက်သည်။ အဲ့ဒါက လိုအပ်သလိုချိန်ညှိလို့ရသည်။

“ဒါက သားအတွက် မေမေချုပ်ထားတဲ့ ဝတ်စုံအသစ်။ဘယ်လိုနေလဲ?" သူမ ပြောရင်းနဲ့ ကျွမ်းကျွမ်း၏ ဘောင်းဘီပေါ် ခါးပတ်ကို ခိုင်အောင်ချည်နည်းပြပေးလိုက်သည်။ ကျွမ်းကျွမ်း သူ့ဘာသာသူချည်ပြီးသွား‌တော့ သူလုပ်တာမှန်လားလို့ ရှောင်းကောကို မေးလိုက်သည်။ ရှောင်းကောလည်း ကျွမ်းကျွမ်းရဲ့ ကြိုးစားအားထုတ်မှုကို ချီးကျူးပေးလိုက်သည်။ သူမ သူ့ကို အမြဲတမ်းအားပေးသည်။

စကားပြောရင်းနဲ့ ရှောင်းကောသည် ကျွမ်းကျွမ်း၏ ခြေအိတ်နှင့် ဖိနပ်ကိုလည်း ကူပြီးဝတ်ပေးလိုက်သည်။ သူမ ဒီဖိနပ်တွေကို အရင်တစ်ခေါက်က ဈေးတွင်ဝယ်ခဲ့တာဖြစ်ပြီး ယခုအချိန်အထိ သိမ်းထားခဲ့တာဖြစ်သည်။ အရင်က ကျွမ်းကျွမ်းအား ဝတ်ဖို့‌သူမပြောခဲ့ပေမယ့် သူက အဝတ်အသစ်နဲ့မှ တွဲဝတ်မယ်လို့ အမြဲပြောခဲ့သည်။ နောက်ဆုံး ရှောင်းကောလည်း အရှုံးပေးလိုက်ရပြီး အဲ့ဒါတွေကို သိမ်းထားလိုက်ရသည်။

"ဒါကလှတယ်။ မေမေ၊ ဒီလိုပုံစံမျိုး တခြားသူတွေဝတ်တာ သားတစ်ခါမှ မတွေ့ဖူးဘူး” ကျွမ်းကျွမ်းက ပတ်လျှောက်ပြလိုက်သည်။ သူအရင်က အပေါ်ဝတ်ကို စမ်းဝတ်ကြည့်ဖူးပေမယ့် ဘောင်းဘီကိုတော့ တစ်ခါမှ စမ်းမဝတ်ဖူးဘူးပေ။ အခု သူဝတ်ကြည့်တော့ အရမ်းသက်တောင့်သက်သာဖြစ်သလို ခံစားရသည်။ ဘောင်းဘီကို ဝတ်လိုက်တဲ့အခါ သူအံသြသွားသလို ခံစားလိုက်ရသည်။

အဝတ်အစားလဲပြီးတဲ့နောက် ကျွမ်းကျွမ်းက ရှောင်းကောအား သူနှင့်အတူ အပြင်ထွက်ကစားရန် ခေါ်လိုက်သည်။ သူက သူ့ရဲ့အဝတ်အစားအသစ်တွေကို ကြွားချင်နေမှန်း ရှောင်းကောသိလိုက်သည်။သူမလည်း ဘာမှလုပ်စရာမရှိသည့်အတွက် တံခါးသော့ခတ်ကာ သူနှင့်အတူ အပြင်ထွက်လိုက်သည်။

မက်မွန်ပွင့်ရွာဟာ သေးငယ်သော်လည်း ကစားရန်နေရာများစွာမရှိပေ။ ရွာအဝင်ဝတွင် လူတချို့စုကာ စကားစမြည် ပြောတတ်ကြသည်။ သူမတို့တွေ တကယ်ဘဲလမ်းတလျှောက် ဘယ်သူနဲ့မှ မဆုံပေ။

ရှောင်းကောသည် ကျွမ်းကျွမ်းအား လယ်ကွင်းတွေဘက် ခေါ်လာတော့ လွန်ခဲ့သည့်တစ်လခန့်က စိုက်ထားသည့် ပြောင်းနှင့် ဂျုံပင်တို့ အညှောက်ပေါက်နေပြီကို တွေ့လိုက်ရသည်။ ရှောင်းကော အခင်းထဲဝင်လိုက်ကာ အပင်တွေ ဘယ်လောက်ရှည်လာပြီလဲဆိုတာ ကြည့်လိုက်သည်။ အပင်တွေအားလုံး သူမခြေထောက်လောက်ရှည်နေပြီဖြစ်သည်။ နောက်ထပ်နှစ်လ ဒါမှမဟုတ် အဲ့ဒီထက်စောတဲ့အချိန်အတွင်း သီးနှံတွေ ရိတ်သိမ်းလို့ရပြီဖြစ်သည်။

အချိန်တန်လျှင် ပြောင်းဖူးကို ပြောင်းဖူးပေါက်ပေါက်အဖြစ် ပြောင်းကာ ခရိုင်သို့ရောင်းရန် ယူသွားမည်။ ထို့နောက်တွင်တော့ သူမအ‌နေဖြင့ ငွေပိုရှာနိုင်မည်ဖြစ်သည်။ ရှောင်းကောသည် ကျွမ်းကျွမ်းအား လယ်ကွင်းတစ်လျှောက် လိုက်ပို့ပေးလိုက်သည်။

မြေကွက်နှစ်ကွက်ကို ကြည့်ပြီးနောက် လမ်းတစ်လျှောက် လမ်းလျှောက်လာရင်း မြစ်ကမ်းစပ်ဆီရောက်လာသည်။ ထိုအခိုက်အတန့်တွင် လေညင်းများကလည်း တိုက်ခတ်နေသည်။ လေညင်းတွေတိုက်ခတ်မှုကြောင့်မြစ်ကမ်းနားရှိ မိုးမခပင်များလှုပ်ရှားနေပုံမှာ ကခုန်နေသလိုပင်။

ရှောင်းကော ကျွမ်းကျွမ်းနှင့်အတူ မြစ်ကမ်းဘေးတွင် ထိုင်ကာ ရှုခင်းကိုခံစားနေလိုက်သည်။ ကြည်လင်တဲ့ရေထဲတွင် ငါးလေးတွေ ကူးခတ်နေတာကို မြင်နေရသည်။ ရွာတွင် ကလေးတွေ အများကြီး မရှိပေ။ ယခုအချိန်အထိ ကျွမ်းကျွမ်းဟာ အမျိုးသမီးယန်အိမ်မှ ရှောင်းဟွားနှင့် ရှောင်းဟူတို့နှသ့်သာ ကစားလေ့ရှိသည်။ သူမတို့မြစ်ကမ်းစပ်မှာ ခဏလောက်ထိုင်နေပေမယ့် ဘယ်သူ့ကိုမှ မတွေ့ပေ။ ထို့နောက် ကျွမ်းကျွမ်းသည် ရှောင်းကောအားဆွဲကာ ယန်မိသားစုနေအိမ်သို့ သွားလိုက်သည်။

ရှောင်းကောလည်း ကျွမ်းကျွမ်းနောက်ကနေ ယန်မိသားစုနေအိမ်သို့ လိုက်သွားလိုက်သည်။ ကျွမ်းကျွမ်းက တံခါးကိုတွန်းဖွင့်လိုက်ပြီး အော်‌ခေါ်လိုက်သည်။ "အစ်မ‌ရှောင်းဟွား၊ အစ်ကိုရှောင်းဟူ!"

ရှောင်းဟူ ပြတင်းပေါက်ကနေ ခေါင်းပြူထွက်လာတော့ ကျွမ်းကျွမ်းကို တွေ့လိုက်ရသည်။ သူက ချက်ခြင်း သူ့သွားဖြူဖြူလေးတွေကို ပေါ်အောင် ပြုံးပြလိုက်သည်။ "ကျွမ်းကျွမ်း!

ရှောင်းဟွားလည်း ကျွမ်းကျွမ်းဆိုတာကို ကြားတော့ သူမလုပ်နေတာတွေကို ရပ်လိုက်ပြီး ပြေးထွက်လာသည်။ သူမက ရှောင်းကောကို နွေးထွေးစွာနဲ့နှုတ်ဆက်လိုက်ပြီး ကျွမ်းကျွမ်းကို အိမ်ထဲခေါ်လိုက်သည်။ အမျိုးသမီးယန်က အုတ်ကုတင်ပေါ်တွင် ထိုင်နေသည်။ သူမလည်း ရှောင်းကောကို ခေါ်လိုက်သည်။ "မြန်မြန်၊ လာထိုင်ဦး! မင်း ဒီကိုမရောက်တာကြာပြီ" သူမကပြောနေရင်း ရှောင်းကောထိုင်ဖို့ နေရာဖယ်ပေးသည်။

ရှောင်းကောလည်း လျှောက်လာပြီး ဝင်ထိုင်လိုက်သည်။ အမျိုးသမီးယန်ရဲ့လက်ထဲကဇာပန်းထိုးကို ကြည့်လိုက်ရင်း သူမ မေးလိုက်သည်။ “အမျိုးသမီးယန် ဘာလို့ လက်ကိုင်ပုဝါတွေ အများကြီး ချုပ်နေတာလဲ?"

အမျိုးသမီးယန်သည် အုတ်ကုတင်ပေါ်တွင် ထိုင်နေပြီး သူမအနားတွင် ပန်းထိုးထားသည့် လက်ကိုင်ပုဝါများစွာ ပြန့်ကျဲနေသည်။ သူမလက်ထဲတွင်တော့ တစ်ဝက်တစ်ပျက် ပန်းထိုးထားသည့်လက်ကိုင်ပုဝါကို ကိုင်ထားသည်။ ရှောင်းကော တစ်ထည်ယူကာကြည့်လိုက်သည်။ လက်ကိုင်ပုဝါပေါ်တွင် ပစ္စည်းအမျိုးမျိုးကို ထိုးထားသည်။ တချို့မှာ ပျိုနီပန်းများဖြစ်ပြီး တချို့မှာ ဆလတ်ရွက်တွေဖြစ်သည်။ လက်ကိုင်ပုဝါတွေအကုန်လုံးက ဒီဇိုင်းအမျိုးမျိုးနဲ့ဖြစ်သည်။

အမျိုးသမီးယန်က သူမလက်ထဲက ပန်းထိုးဇာကိုချလိုက်သည်။ "ဒါတွေကို ချင်းရှီလမ်းမှာ ကြေးဒင်္ဂါးနှစ်ပြားစီနဲ့ ရောင်းမလို့"

ရှောင်းကော ခေါင်းညိတ်လိုက်သည်။ ချင်းရှီလမ်းတွင် နာမည်ကြီး ဆောင်ကြာမြိုင် နှစ်ခုရှိသည်။ အဲဒီက မိန်းကလေးတွေက ဒီလိုလက်ကိုင်ပုဝါတွေကို ဝယ်ရတာ သဘောကျကြသည်။ "ဘယ်အချိန်သွားမှာလဲ?"

အမျိုးသမီးယန်က သူမအနားရှိ လက်ကိုင်ပုဝါတွေကို ကြည့်လိုက်ပြီး အချိန်ကိုက်ပဲလို့ တွေးလိုက်မိသည်။ “မနက်ဖြန်က ဈေးဖွင့်တဲ့နေ့ပဲ။ မနက်ဖြန် သွားမလို့!"

ရှောင်းကောလည်း ခရိုင်ကိုသွားရမှာဆိုတော့ အတော်ဘဲဖြစ်သွားသည်။ လကုန်ဆိုတော့ ရူယီခေါက်ဆွဲဆိုင်တွင်ငွေစာရင်းတွေ ရှင်းရမည်။ သူမလည်း အဲ့ဒီနေ့တွင် ရူယီနှင့် တွေ့ရန် စီစဉ်ထားသည်။ "ဒါဆို ကျွန်မနဲ့လိုက်ခဲ့လေ။ အိမ်မှာ မြည်းလှည်းရှိတယ်။ အစ်မလည်း ကြေးနီဒင်္ဂါးနှစ်ပြား သက်သာတာပေါ့"

အမျိုးသမီးယန်လည်း အရမ်းဝမ်းသာသွားသည်။ "အဲဒါကောင်းတယ်" သို့သော် ရှောင်းကောတွင် မြည်းလှည်းရှိကြောင်း သူမ မသိတာကြောင့် အဲ့ဒီအကြောင်းကို မေးလိုက်သည်။

ရှောင်းကောက ဘာမှ ဖုံးကွယ်မထားဘဲ သူမမှာ မြည်းလှည်းဘယ်လိုရှိလာတဲ့အ‌ကြောင်းပြောပြသည်။ သူမအနေဖြင့် အမျိုးသမီးယန်အပေါ် များစွာယုံကြည်ရှိသည်။

အမျိုးသမီးယန် ထိုစကားကိုကြားသည့်အခါ သူမသည် မနာလိုမဖြစ်ပေ။ အဲဒီအစား သူမက အရမ်းဝမ်းသာနေသည့်ပုံပင်။ “အရမ်းကောင်းတယ်။ မင်းနဲ့ မင်းရဲ့သားလည်း ဗိုက်ဆယနေရမှာကိုစိုးရိမ်စရာ မလိုတော့ဘူး။ ဒါက အရမ်းကောင်းတယ်!”

ရှောင်းကောလည်း ပျော်ရွှင်စွာဖြင့် ပြုံးလိုက်သည်။ ရှောင်းဟူက ကျွမ်းကျွမ်းအားဦးဆောင်ကာ အိမ်ထဲမှ ထွက်လာသည်။ ရှောင်းဟွားက သူတို့ရှေ့မှ ပြေးလာပြီးအုတ်ကုတင်ဆီ ရောက်လာသည်။ “‌မေမေ၊ ကျွမ်းကျွမ်း ရဲ့ အဝတ်အစားတွေကို ကြည့်ပါဦး။ အရမ်းလှတာပဲ!”

အမျိုးသမီးယန်လည်း ဒါကိုကြားမှ ကျွမ်းကျွမ်းကို သတိထားမိသည်။ သူ့ကိုမြင်တော့ သူမမျက်လုံးတွေ တောက်ပလာသည်။ "အိုး တကယ်ပဲ။ ဒီလိုပုံစံမျိုး ငါဘာလို့အရင်က မမြင်ဖူးရတာလဲ?” သူမကပြောရင်းနဲ့ ကျွမ်းကျွမ်းကို ခေါ်ကာ လှည့်ပြခိုင်းသည်။ ကျွမ်းကျွမ်းကလည်း နာနာခံခံဖြင့် သူမကို လှည့်ပြလိုက်သည်။

“အရင်တစ်ခေါက် ခရိုင်ကို သွားတော့ ဒီလိုတွေဝတ်ထားကြတာ တွေ့ခဲ့တယ်‌လေ။ တော်တော်လည်းကြည့်ကောင်းတယ်။ ကျွန်မလည်းပြန်ရောက်‌တော့ ကျွမ်းကျွမ်းအတွက်စမ်းချုပ်ကြည့်ကြည့်တာ" ရှောင်းကောပြောတာကို အမျိုးသမီးယန် ယုံသည်။

အမျိုးသမီးယန်က ကျွမ်းကျွမ်းရဲ့အဝတ်အစား တွေကိုလေ့လာရင်း ရှောင်းကောအား ပြောလိုက်သည်။ "ငါ့ကိုမနက်ဖြန်ကျရင်သင်ပေးလေ။ ရှောင်းဟွားနဲ့ ရှောင်းဟူတို့အတွက် ချုပ်ကြည့်ကြည့်မယ်။ သူတို့ရဲ့ ၀တ်စုံနဲ့ အင်္ကျီတွေက အမြဲညစ်ပတ်နေတာ၊ ဒါက ဒီဒုက္ခကနေ အများကြီး ကယ်နိုင်လိမ့်မယ်"

ရှောင်းကောလည်း သဘောတူလိုက်ပြီး နောက်တနေ့ ခရိုင်ကိုသွားရန် သူမနှင့်အချိန်ညှိလိုက်သည်။ ထို့နောက် ကျွမ်းကျွမ်းကို အိမ်ပြန်ခေါ်သွားလိုက်သည်။

All Chapters