အခန်း (၅၉)
Vol. 4 Ch. 59
အပြန်လမ်းတွင် ရှောင်းကောသည် အမျိုးသမီးယန်အား အနီးအနားတွင် လက်သမားဆရာများ ရှိ၊မရှိ မေးမြန်းလိုက်သည်။ "အမျိုးသမီးယန်၊ မွေးမြူရေးခြံတွေ ဆောက်တတ်တဲ့ တစ်ယောက်ယောက်ကိုများ သိလား?"
အဲ့ဒါက အလွန်ထူးဆန်းတာကို အမျိုးသမီးယန် သိလိုက်ရသည်။ “မွေးမြူရေးခြံတွေ ဆောက်ရတာက အရမ်းလွယ်တယ်။ ဒါကိုအလုပ်တစ်ခုလို့ မှတ်ယူတဲ့သူ မရှိဘူးလေ။ ဘာလို့ဆို ဒီဟာကလုပ်စရာသိပ်မရှိသလို ဆောက်ရတဲ့အချိန်ကလည်း တိုတယ်လေ။ သူတို့အတွက် အမြတ်နည်းတယ်။ ရွာမှာ ယောက်ျားလေးတွေရှိတုန်းကဆို တဲတွေအကုန် သူတို့ဘဲဆောက်တာ”
ရှောင်းကော ခေါင်းညိတ်ပြလိုက်ပေမယ့် ဒါက ရှောင်းကော အတွက် ပြဿနာတစ်ခုပင်။ တစ်ယောက်ယောက်ကို ရှာမတွေ့ရင် သူမ ဘယ်လိုလုပ်ရမလဲ? ရှောင်းကော မျက်မှောင်ကြုတ်သွားတာကိုမြင်တော့ အမျိုးသမီးယန်က တစ်ခုခုကို သတိရသွားသည့်ပုံပင်။
"စကားမစပ် မင်းရဲ့အစ်ကိုက မင်းအမေအိမ်မှာ နေနေသေးတယ်မ ဟုတ်ဘူးလား?" အမျိုးသမီးယန်နှင့် ယခင်က စကားစမြည်ပြောဆိုရာမှ၊ ရှောင်းကောသည် သူ့အစ်ကိုအကြောင်း ပြောခဲ့ဖူးသည်ကို သတိရသွားသည်။ အိမ်ထောင်စုတွင် ယောက်ျားလေးများစွာမရှိသည်ကြောင့် သူသည် စစ်မှုထမ်းရန် မည်သည့်နေရာကိုမှ မသွားရပါချေ။
အမျိုးသမီးယန်ထံမှ ထိုစကားကိုကြားတဲ့အခါမှ၊ ရှောင်းကောသည် မက်မွန်ပွင့်ရွာတွင် အိမ်ထောင်ကျသွားပြီးကတည်းက သူမမိသားစုကို မဆက်သွယ်ခဲ့ရကြောင်း ပြန်သတိရသွားသည်။ သူတို့နဲ့တွေ့ခဲ့တဲ့ အချိန်က ချင်မိသားစုရဲ့ အကြီး နှစ်ယောက် ဆုံးပါးသွားတဲ့အချိန်ဖြစ်သည်။ ရှောင်းကောသည် သူမတွင် အကိုကြီးတစ်ယောက်ရှိသည်ကိုသာ ယောင်ဝါးဝါး မှတ်မိသည်။
ရှောင်းကောသည် အမျိုးသမီးယန်နှင့် ပေါ့ပေါ့ပါးပါး စကားစမြည်ပြောနေရင်း အတွေးနက်နေမိသည်။ ခဏကြာတော့ ရွာကိုပြန်ရောက်လာသည်။ အမျိုးသမီးယန် သူ့အိမ်ထဲဝင်သွားတော့ ရှောင်းကောလည်း မြည်းလှည်းကို အိမ်ပြန်မောင်းလာလိုက်သည်။
ကျွမ်းကျွမ်းက ရှောင်းကောရင်ခွင်ထဲတွင် ဝင်ခွေနေသည်။ သူအရမ်းဗိုက်ဆာလွန်းလို့ မလှုပ်ချင်တော့ပေ။ ရှောင်းကောက သူ့အား အသံတိုးတိုးဖြင့် နှစ်သိမ့်လိုက်သည်။ "တံခါးဖွင့်လိုက်ဦး။ မေမေတို့အထဲရောက်ရင် သားအတွက် အရသာရှိတာတစ်ခုခုလုပ်ပေးမယ် ဟုတ်ပြီလား?"
ကျွမ်းကျွမ်း ဒါကိုကြားတော့ သူ့မျက်ဝန်းတွေက တောက်လောင်လာသည်။ “ကောင်းပြီ!” သူ ရှောင်းကောလက်ထဲက သော့ကိုယူကာ ခုန်ဆင်းလိုက်သည်။ သူသည် တံခါးဆီ အပြေးသွားကာ သော့သွားဖွင့်လိုက်သည်။
ရှောင်းကောလည်း မြည်းလှည်းပေါ်မှ ဆင်းကာ လှည်းကိုဆွဲရင်း ဝင်လာလိုက်သည်။ သူမ လှည်းကိုယ်ထည်အတွင်းမှ ပန်းကန်ပြားများကို အရင်ထုတ်လိုက်ကာ မြည်းလှည်းအား ကြက်လှောင်အိမ်တွင် ချည်ထားလိုက်သည်။ ရှောင်းကော မြည်းအား ပွတ်သတ်လိုက်ပြီး သူ့နားထဲသို့ ခပ်တိုးတိုးလေး ပြောလိုက်သည်။ "တဲဆောက်ပြီးသွားရင် နင်လည်းဟာလာဟင်းလင်းပြင်ထဲအိပ်စရာမလိုတော့ဘူး"
မြည်းကလည်း နားလည်တဲ့ပုံပင်။ သူကကောင်းကင်ကို မော့ကြည့်ကာ တအီအီအော်လိုက်သည်။
အဲ့ဒါက ရယ်စရာကောင်းတယ်လို့ ရှောင်းကောတွေးလိုက်မိပြီး လက်သွားဆေးကာ ချက်ပြုတ်ဖို့ ချက်ချင်းသွားလိုက်သည်။ ဗိုက်ဆာနေတဲ့ ကလေးလေးတစ်ယောက် သူမအားစောင့်နေသေးသည်။
ရှောင်းကော ချက်ပြုတ်နေတုန်းမှာ ကျွမ်းကျွမ်းက အိမ်ရှိတိရစ္ဆာန်တွေကို မြက်တွေကျွေးသည်။ သူသည် ကြက်နှင့်ဘဲများကို အစာကျွေးရန်အတွက် မြက်တစ်ထုပ်ကို အရင်ဆွဲယူလိုက်ပြီးနောက် မြည်းအတွက် နောက်ထပ်တစ်ထုပ်ယူရန် နံရံထောင့်ဆီ ပြေးသွားလိုက်သည်။ အိမ်ထဲမှာ ရှိနေတဲ့ နွားတွေကိုလည်း အစာကျွေးဖို့ သူ မမေ့ချေ။ ခြံတွင်းရှိ ဟင်းသီးဟင်းရွက်များ အညှောက်ပေါက်လာသည်နှင့်အမျှ နွားများကို ကျင်လည်ကျက်စားခွင့် ပေးလို့မရတော့ပေ။ ဒါပေမယ့် ဒါက ရေရှည်ဖြေရှင်းချက် မဖြစ်နိုင်ပါချေ။ ရှောင်းကောသည် အစ်ကိုဖြစ်သူ၏ အကူအညီယူကာ တဲဆောက်ရန်အတွက် မနက်ဖြန် ချင်ရွာသို့ အမြန်သွားရမည့်ပုံပင်။
ရှောင်းကောသည် ဝက်ဗိုက်သားတချို့ကို အမြန်မွှေကြော်လိုက်သည်။ အသားမှ ဆီများထွက်လာသည့်အခါ ကြက်သွန်မြိတ်များအားထည့်လိုက်သည်။ ကြက်သွန်မြိတ်များ ညိုလာသည့်အခါ ဆားထည့်လိုက်သည်။ နောက်ဆုံးအိုးထဲကို ထည့်ရမှာကတော့ ပန်ကိတ်အမြောင်းတွေဖြစ်သည်။ ဒါတွေက အရင်နေ့ကလုပ်ခဲ့တဲ့ ပန်ကိတ်တွေထဲက ကျန်တဲ့ဟာပင်။ သုံးပိုင်းကျန်နေသေးသဖြင့် သူမက အမြောင်းအမြောင်းလှီးကာ အသားနှင့်ချက်လိုက်သည်။
အိုးကို အဖုံးဖုံးပြီးနောက် ရှောင်းကောသည် ဒေါက်ခွရွက်ဟင်းချို ဆက်လုပ်သည်။ ဟင်းချိုပြီးသွားတဲ့အခါ ပန်ကိတ်မအမြောင်းလေးတွေလည်း အကုန်ကျက်နေပြီဖြစ်သည်။ ကျွမ်းကျွမ်းက ဟင်းတွေကို အိမ်ထဲကူသယ်သွားပေးသည်။
နေ့လယ်စာစားပြီးတဲ့နောက် ရှောင်းကောက ကျွမ်းကျွမ်းအား နေ့လည်တစ်ရေးအိပ်ရန်ပြောလိုက်သည်။ သူမကတော့ စောစောက ကျွမ်းကျွမ်းဝတ်ခဲ့သည့် ညစ်ပတ်သွားတဲ့အဝတ်အစားတွေကို လျှော်လိုက်သည်။ သူမအနေဖြင့် ကောင်းကင် မမှောင်ခင်မှာ လျှော်ဖွတ်ပြီး နေပူလှန်းရမည်။
သူမလုပ်ထားတဲ့ ဆပ်ပြာကိုသုံးကာ ရှောင်းကောသည် အဝတ်အစားပေါ် ဆပ်ပြာကို ပွတ်လိုက်တော့ အမြှုပ်တွေအများကြီး ထွက်လာသည်။ ရှောင်းကောသည် သူမလျှော်ဖွပ်ထားသည့် အဝတ်များကို စစ်ဆေးကြည့်ရာ အတော်လေး သန့်ရှင်းကြောင်း တွေ့လိုက်ရသည်။
' ဆပ်ပြာမှာ မွှေးရနံ့သာ ရှိနေရင်တော့'
ဒီအတွေးက စိတ်ထဲပေါ်လာတော့ ရှောင်းကော မျက်လုံးတွေ တောက်ပလာသည်။ နောက်တစ်ခါကျလျှင် သူမ ပန်းတချို့ခူးခဲ့ရမည်။ ထိုပန်းများဖြင့်ဆို သူမ ပန်းရနံ့ဆပ်ပြာလုပ်လို့ရသည်။ ရှောင်းကော ဒီအတွေးကို မှတ်ထားဖို့ဆုံးဖြတ်လိုက်သည်။
ရှောင်းကောသည် သူမတို့ဝတ်ခဲ့တဲ့ ညစ်ပတ်နေတဲ့အဝတ်တွေကို လျှော်ဖွပ်ကာ ခြောက်အောင် ကြိုးတန်းတွင် လှန်းထားလိုက်သည်။ သူမ ကိုယ်အကြောဆန့်လိုက်သည်။ အိမ်တွင် မြက်တွေ အများကြီး ကျန်နေသေးတာကို မြင်တော့ သူမအနေဖြင့် နောက်ထပ်ရိတ်စရာမလိုသေးပေ။ ဘာမှလုပ်စရာသိပ်မရှိတာကြောင့် အိမ်ထဲပြန်ဝင်ကာ ကျွမ်းကျွမ်းနှင့်အတူ တစ်ရေးတစ်မောအိပ်ဖို့ ဆုံးဖြတ်လိုက်သည်။
နောက်တစ်နေ့နံနက်တွင် ရှောင်းကောသည် နေရာလွတ်ဆီသွားကာ ထိုနေရာမှာ ဝက်သားတစ်ပိုင်းနှင့်ဝက်နံရိုးနှစ်ချောင်းကို ယူလိုက်သည်။ ဒါတွေကိုသူမရဲ့ အစ်ကိုဆီ ယူသွားပေးရမည်။
သူမသည် အသားများကို ခြင်းတောင်းထဲထည့်ကာ ကျွမ်းကျွမ်းအား စစ်ဆေးရန် အိမ်သို့ပြန်လာလိုက်သည်။
ကျွမ်းကျွမ်းလည်း တကောက်ကောက်လိုက်လိမ့်မည်ပင်။ သူမနက်စောစောနိုးတော့ ရှောင်းကော သူ့အတွက်ချုပ်ထားပေးတဲ့ အ၀တ်အစားနှစ်စုံကို ကုတင်ပေါ်တင်လိုက်သည်။ သူသည် အဲ့ဒီအဝတ်နှစ်စုံကိုကြည့်ကာ ဘယ်ဝတ်စုံကို ရွေးရမလဲ မဆုံးဖြတ်နိုင်ဖြစ်နေသည်။ သူ့ဦးလေးနဲ့တွေ့တာ ဒါပထမဆုံးအကြိမ်မို့ သူနည်းနည်းတော့ စိတ်လှုပ်ရှားမိသည်။
ကျွမ်းကျွမ်း စိတ်မသက်မသာဖြစ်နေမှန်း ရှောင်းကောသိသည်။ ရှောင်းကောသည် အိမ်ထောင်သက် (၃) နှစ်ကျော်ရှိပြီဖြစ်ကာ —သူမ၏ မိဘများဆုံးပါးသွားသည့်အချိန် အစ်ကိုချင်းကို ဆက်သွယ်တာကလွဲပြီး သူမတို့သည် ယခုအချိန်ထိ အဆက်အသွယ်မရှိခဲ့ပေ။
နှစ်သစ်ကူး အခမ်းအနားများတွင် မိန်းကလေး၏ မိသားစုဘက်မှ အိမ်ထောင်ကျပြီးသည့် သူတို့၏သမီးဖြစ်သူကို သူမ၏ မိခင်အိမ်သို့ ပြန်ခေါ်လာရသည့် ဓလေ့ထုံးစံရှိသည်။ ဘာကြောင့်မှန်း ရှောင်းကောမသိပေမယ့် သူမမိဘတွေကတော့ သူမကို တစ်ကြိမ်တောင် လာမခေါ်ဖူးပါချေ။
ဒါကိုတွေးမိပြီး ရှောင်းကော နည်းနည်းစိတ်မကောင်းဖြစ်မိသွားသည်။
"မေမေ! မေမေ! ဘယ်ဝတ်စုံက ပိုကောင်းလဲဟင်?"
ကျွမ်းကျွမ်းရဲ့ အသံက အတွေးနက်နေတဲ့ ရှောင်းကောကို နှိုးဆွလိုက်သည်။ သူ့စကားကိုကြားတော့ ရှောင်းကော ဝတ်စုံနှစ်ထည်ကို ကုတင်ပေါ်တွင် သပ်သပ်ရပ်ရပ်ချထားတဲ့ဆီ သွားလိုက်သည်။ "ဟုတ်တယ်၊ ဒါရွေးလိုက်!"
ရှောင်းကောက သူ့မေးခွန်းကို ပြန်ဖြေပေးပြီး အပြာနုရောင်ဝတ်စုံကို ညွှန်ပြလိုက်သည်။
ကျွမ်းကျွမ်းက ရှောင်းကောစကားကို အမြဲတမ်းနားထောင်သည်။ သူမစကားကိုကြားတော့ ကျွမ်းကျွမ်းက ရွေးထားတဲ့ ၀တ်စုံကို နာနာခံခံဖြင့် လဲလိုက်သည်။ သူ့ဖိနပ်ကိုလည်း ရှောင်းကောက ရွေးပေးသည်။
ကျွမ်းကျွမ်းသည် သူ့ဦးလေးနှင့် ပထမဆုံးအကြိမ် ဆုံရမည်ဖြစ်တာကြောင့် အရမ်းကိုအလေးအနက်ထားသည်။ သူ့အမေဆီကနေ သူ့ဦးလေးအကြောင်းကို ကြားဖူးပေမယ့် မတွေ့ဖူးသေးပါချေ။ သူ့ဦးလေးနဲ့ ပေါင်းသင်းရတာ လွယ်ပါ့လားလို့ သူ တွေးမိသည်။
လမ်းတစ်လျှောက်တွင် ကျွမ်းကျွမ်းသည် သူ့ဦးလေးအကြောင်း ရှောင်းကောအား စိတ်လှုပ်ရှားစွာဖြင့် မေးခဲ့သည်။ ရှောင်းကောကလည်း စိတ်ရှည်ရှည်နဲ့ ပြန်ဖြေသည်။ သူမ မတတ်နိုင်ဘဲ အနည်းငယ် စိတ်ပူသွားမိသည်။ သူမအစ်ကိုအပေါ် သူမသိထားမှုမှာ အနည်းငယ် ဝေဝေဝါးဝါးဖြစ်နေပြီဖြစ်သည်.... သူမ သူ့ကို မတွေ့ရတာလည်းကြာပြီဖြစ်သည်။ သူမ သူဘယ်လိုနေနေလဲ၊ သူနေကောင်းရဲ့လားဆိုတာ သိချင်နေမိသည်။
မူလကိုယ်ပိုင်ရှင်နှင့် သူမတွင်ရှိခဲ့သည့် မှတ်ဉာဏ်တွေကို အခြေခံကာ ရှောင်းကောအနည်းငယ် စိတ်ပူသွားမိသည်။ သူ့အစ်ကိုနဲ့တွေ့ရင်၊ မိသားစုက သူမကိုဘာကြောင့် မဆက်သွယ်ခဲ့လဲဆိုတာကို အရင်ပိုင်ရှင်ကိုယ်စား သူမမေးချင်သည်။ သူတို့ သူမကို မလိုချင်တော့ဘူးလား?
သို့သော် သူမ မှတ်မိတဲ့ အချစ်ဟာ အစစ်အမှန်ဖြစ်သည်။ အိမ်မှာ စားစရာမရှိပေမယ့် နောက်ဆုံးစားစရာတစ်လုတ်ကိုတော့ အရင်ပိုင်ရှင်ကိုသာ အမြဲပေးတတ်သည်။ ရှောင်းကော ဗိုက်ဆာနေလျှင် မိသားစုထဲရှိ လူတိုင်းက တစ်ကိုက်တောင် မစားကြပေ။
ဒီအတွေးကြောင့် ရှောင်းကော မျက်မှောင်ကြုတ်မိသည်။
ကျွမ်းကျွမ်းလည်း ရှောင်းကောရဲ့အပြောင်းအလဲကိုသတိထားမိသွားသည်။ "မေမေ"
ကျွမ်းကျွမ်းရဲ့ သတိထားနေတဲ့အသံကိုကြားတော့ ရှောင်းကော သက်ပြင်းချလိုက်ကာ မျက်မှောင်ကြုတ်ထားတာကို ဖြေလျှော့လိုက်သည်။ သူမ တိုးတိုးလေးပြောလိုက်သည်။ “မေမေအဆင်ပြေပါတယ်။ မေမေက သားဦးလေးနဲ့ မတွေ့ရတာ ကြာပြီမို့လို့ပါ"
သားအမိနှစ်ယောက် မြည်းလှည်းပေါ်မှနေ တလှုပ်လှုပ်နှင့် ရှေ့သို့ ဆက်သွားကြသည်။ ရှောင်းကောသည် အဝေးမှ ရင်းနှီးနေသည့် တံတားတစ်ခုကို မြင်လိုက်ရသည်။ တံတားအဆုံးတွင် ချင်းအိမ်တည်ရှိသည့်ရွာဝင်ပေါက်ဖြစ်သည်။
ရှောင်းကောသည် သူမ၏မှတ်ဉာဏ်ထဲမှနေ ရင်းနှီးနေသည့် လမ်းကို ကြည့်ပြီး သူမရင်ထဲတွင် နားမလည်နိုင်သည့် ခံစားချက်တစ်ခုကို ခံစားလိုက်ရသည်။ ဒါက အိမ်ကိုလွမ်းသလိုမျိုး ခံစားရတာဖြစ်နိုင်သည်။
သူမတို့ ရွာနားနီးလာသည့်အခါ ယောက်ျားမိန်းမ အုပ်စုတစ်စုနှင့် ဆုံသည်။ သူတို့က အသီးသီး ပခုံးပေါ် တွင်ပေါက်ပြားများ ထမ်းထားကြသည်။ လယ်ကွင်းတွေမှာ အလုပ်လုပ်သွားလုပ်ကြမယ့်ပုံပင်။
အမျိုးသမီး တစ်ယောက်က ရှောင်းကောကို မြင်ပြီး အံ့ဩသွားသည့်ပုံပင်။ သူမက ရှောင်းကောကို လက်ညှိုးထိုးကာ သူမဘေးနားရှိ အမျိုးသားကို တစ်စုံတစ်ခု တိုးတိုးလေးပြောလိုက်သည်။ ထို့နောက် ထိုလူကရှောင်းကောအား လှမ်းကြည့်လိုက်ပြီး သူ့ပတ်ဝန်းကျင်ရှိ လူများဘက်လှည့်ကာ တစ်ခုခုပြောလိုက်သည်။
ထိုလူ၏စကားကိုကြားသည့်အခါ၊ ထိုအုပ်စုသည် ရှောင်းကောဘက်လှမ်းကြည့်ကာ အချင်းချင်း တီးတိုးပြောလာကြတော့သည်။
အရာအားလုံးကို ရှောင်းကောမြင်သော်လည်း ဂရုမစိုက်ပေ။ သူမ မှတ်မိနေသည့်အိမ်ဆီသို့သာ ဦးတည်သွားသည်။
သိပ်မကြာခင်မှာပဲ တစ်စုံတစ်ယောက်က အနောက်ကနေ ရှောင်းကောကို အော်ခေါ်လိုက်သည်။
"ရှောင်းကောလား? နင်လား?"
အသံတွင် မသေချာမရေရာမှုများ ရောယှက်နေသည်။ ရှောင်းကော မြည်းလှည်းကို ရပ်လိုက်ပြီး လှည့်ကြည့်လိုက်သည်။
အရောင်ဖျော့ဖျော့ ၀တ်စုံကိုဝတ်ထားသည့် အမျိုးသမီးတစ်ဦးသည် ရှောင်းကောကို အော်ခေါ်နေတာဖြစ်သည်။ ရှောင်းကော အဲ့ဒီအမျိုးသမီးကိုကြည့်ကာ မသေချာမရေရာစွာဖြင့် ပြောလိုက်သည်။ “ဒုတိယအဒေါ်?” သူမသည် ချင်းမိသားစုမျက်နှာချင်းဆိုင်တွင် နေထိုင်သည့် အိမ်နီးချင်းတစ်ဦးဖြစ်သည်။
အမျိုးသမီးက ရှောင်းကောရှိရာသို့ ရောက်လာပြီး သူမအားခေါင်းအစခြေအဆုံး ကြည့်လိုက်သည်။ ထို့နောက် သူမရင်ခွင်ထဲရှိ ကျွမ်းကျွမ်းကို ကြည့်လိုက်သည်။ “ဟုတ်တယ်၊ ငါပဲ။ ဒီနေ့ဘာလို့ပြန်လာတာလဲ?"
"အာ၊ ကျွန်မ ဒီနေ့ လာလည်ဖို့ပြန်လာတာ"
ဒုတိယအဒေါ် - “မင်းအစ်ကို အခုအိမ်မှာရှိနေလားဆိုတာ ငါလည်းမသိဘူး။ မရှိရင်တော့ လယ်ကွင်းထဲမှာဘဲရှိနေလိမ့်မယ်" ဒုတိယအဒေါ်က သူမအား ရင်းနှီးစွာဖြင့်ပြောပြသည်။
ထုံးစံအတိုင်း ရှောင်းကောလည်း ပြန်တုံ့ပြန်လိုက်သည်။ သူမ ဆက်ပြီး စကားစမြည်ပြောတော့မှာကို မြင်လိုက်ရတဲ့အတွက် ရှောင်းကော အမြန်သွားဖို့လုပ်လိုက်သည်။
ဒုတိယအဒေါ်လည်း တခြားဘာမှ မပြောတော့ဘဲ ရှောင်းကောကို လွှတ်လိုက်သည်။
ရှောင်းကော ထွက်သွားပြီးသည့်နောက်တွင် ဒုတိယအဒေါ်သည် ထိုနေရာတွင်ဘဲ ကျန်နေခဲ့ကာ ရှောင်းကော ထွက်သွားသည်ကို ကြည့်နေသည်။ အချိန်တိုလေးအတွင်းမှာဘဲ အားလုံးက သူမနားဝိုင်းဖွဲ့လာကြသည်။
"အဒေါ်၊ ရှောင်းကောက ဘာလို့ပြန်လာတာတဲ့လဲ?"
"အမှန်ဘဲ။ သူမ ဒီကိုမလာတာ ဘယ်လောက်တောင်ကြာပြီလဲ? ဒီနေ့ဘာလို့ပြန်လာတာလဲ?"
"သူ့အစ်ကိုအကြောင်း သူ ကြားလို့များလား?" အမျိုးသားတစ်ယောက်က မေးလိုက်သည်။
တခြားသူတွေက ချီတုံချတုံနဲ့ ကြည့်လိုက်သည်။ “ငါတော့ မထင်ဘူး။ သူက ဘယ်လိုလုပ်သိမှာလဲ?"
"ဘယ်သူသိမှာလဲ?"
“ချင်းအန့်မင်က တကယ်သနားဖို့ကောင်းတယ်။ သူကနေမကောင်းလည်းဖြစ်နေပြီး တစ်ယောက်တည်းနေနေရတာ၊ သူ့ကို စောင့်ရှောက်ပေးမယ့်သူမရှိဘူး”
“အတိအကျပဲ”
လူတိုင်းက ရှောင်းကော ဒီကိုဘာကြောင့်ပြန်လာလဲဆိုတာ ခန့်မှန်းဖို့ကြိုးစားနေကြသည်။