အခန်း (၆၀)
Vol. 4 Ch. 60
သူမအနောက်မှ စကားစမြည်ပြောနေကြတာတွေ ကြားနိုင်ရန် ရှောင်းကော မြည်းလှည်းကိုနှေးလိုက်သည်။
"သူမအစ်ကို နာကျင်ရတယ်ဆိုတာ သူတို့ဘာကိုဆိုလိုတာလဲ?"
ရှောင်းကော မျက်မှောင်ကြုတ်ကာ အနည်းငယ်စိုးရိမ်သွားမိသည်။ သူမလှည်းကို အရှိန်တင်လိုက်သည်။
မကြာခင်မှာဘဲ မြည်းလှည်းသည် ချင်းမိသားစုအိမ် ဝင်ပေါက်ဆီ ရောက်လာသည်။ ရှောင်းကောသည် မြည်းကို ချည်ထားလိုက်ပြီး ကျွမ်းကျွမ်းလက်ကိုကိုင်ကာ ယိုယွင်းပျက်စီးနေသည့် တံခါးနှစ်ချပ်ကို ဖွင့်လိုက်သည်။
အိမ်တံခါးဝနား မရောက်ခင် အိမ်အတွင်းမှ ချောင်းဆိုးသံကို သူမကြားလိုက်ရသည်။
ရှောင်းကောရင်ထဲ တင်းကျပ်လာသည်။ သူမ ခြေလှမ်းနှစ်လှမ်း လှမ်းကာ တံခါးကို တွန်းဖွင့်လိုက်သည်။ "အစ်ကို!" သူမ စိတ်လှုပ်ရှားစွာဖြင့် အော်ခေါ်လိုက်သည်။
ချင်းအန့်မင်သည် ရှောင်းကောအသံကို ရုတ်တရက် ကြားလိုက်ရပြီး မှင်သက်သွားသည်။ သူနားကြားမှားတယ်လို့ထင်လိုက်သည်။
ချင်းအန့်မင် အသိပြန်ဝင်လာကာ စားပွဲပေါ်ရှိ ရေခွက်ကို ဆက်၍ လှမ်းယူလိုက်သည်။ သူက ကုတင်ပေါ်တွင် ထိုင်နေကာ ဖန်ခွက်ကို ဖြည်းဖြည်းချင်း လှမ်းယူနေသည်။ သူ ထိခါနီးပြီ!
ဤသည်မှာ ရှောင်းကော အခန်းထဲဝင်သွားသည့်အချိန် ပေါ်လာသည့် မြင်ကွင်းဖြစ်သည်။ ရှောင်းကောနှင့် အရမ်းဆင်သည့် အစ်ကိုချင်း၏ မျက်နှာသည် ဖြူဖျော့နေကာ မကျန်းမမာဖြစ်နေသည်။ တစ်ချိန်က သူ့ရဲ့ နီတျာတျာနှုတ်ခမ်းတွေဟာ အခုတော့ ခြောက်သွေ့ကာ သရေလန်နေသည်။ သူသည် ကုတင်ပေါ်တွင် ပုံလျက်သားလဲနေကာ အနားရှိရေခွက်ကို လှမ်းယူရန် ကြိုးပမ်းနေသည်။
ရှောင်းကော သက်ပြင်းတချက်ချကာ ရှေ့ကိုလှမ်းပြီး ရေခွက်ကို လှမ်းယူလိုက်သည်။ သူမ သူ့ကို ပေးလိုက်သည်။
ချင်းအန့်မင် အံ့အားသင့်သွားသည်။ ဖန်ခွက်တစ်ဝိုက်ကို ဆုပ်ကိုင်ထားတဲ့ လက်ချောင်းသွယ်သွယ်လေးတွေက သူ့ဆီ ဖန်ခွက်ကမ်းပေးနေတာကိုမြင်လိုက်ရသည်။ အလင်းရောင်ကို ကျောပေးကာရပ်နေတဲ့လူကို မော့ကြည့်လိုက်တော့ သူအံ့အားသင့်သွားသည်။
"ရှောင်းကော?" သူမြင်နေရတာကို မယုံနိုင်သလိုမျိုး သူ့အသံက တုန်ယင်နေသည်။ ချက်ချင်း သူချောင်းဆိုးလာသည်။
ရှောင်းကောက ဘာမှ မပြောပေ။ သူချောင်းဆိုးနေတော့ သူမ သူ့ကိုကြည့်ကာ ကျောကိုပွတ်ပေးသည်။ ချင်းအန့်မင် သူမမျက်လုံးများကို မကြည့်ရဲပေ။ သူက မျက်လုံးချင်းဆုံဖို့ ရှောင်ဖယ်နေကာ ချောင်းဆိုးတာ ရပ်သွားတော့ သူမလက်ထဲက ရေခွက်ကို ယူလိုက်သည်။
တစ်ငုံသောက်ပြီးနောက် ချင်းအန့်သည် ခွက်ကိုချချင်ပေမယ့် သူ့ကိုယ်တွင် ခွန်အားများစွာ မကျန်တော့ပေ။ စောစောက ထထိုင်ဖို့ ကြိုးစားတုန်းက သူအစွမ်းကုန် အားထုတ်ခဲ့ရတာဖြစ်သည်။ အခုတော့ သူ့လက်က လမ်းတစ်ဝက်မှာဘဲ အေးခဲသွားသည်။
ရှောင်းကောက သူ့အခက်အခဲကို သဘောမပေါက်လိုက်ပေ။ သူ ရေသောက်ပြီးသွားတော့ သူ့ဆီကခွက်ကို သူမယူလိုက်သည်။ ခွက်ကိုချလိုက်ပြီးတဲ့နောက် သူမဘေးတွင်ထိုင်ကာ သူ့ကိုကြည့်နေလိုက်သည်။
ချင်းအန့်မင်လည်း ဘာပြောရမှန်းမသိပေ။ မတွေ့ရတာ ကြာပြီဖြစ်တဲ့ သူ့ညီမကို သူကြည့်လိုက်သည်။ သူမက သူစိတ်ကူးထားတာထက် ပိုကောင်းတဲ့ ဘဝမှာနေထိုင်ရတဲ့ပုံပင်။ သူနဲ့ သူ့မိဘတွေ အခုတော့ စိတ်အေးရပြီဖြစ်သည်။
ရှောင်းကော သူမရှေ့မှလူကို ကြည့်လိုက်ရာ သူကရုတ်တရက် စိတ်သက်သာရာရသွားတဲ့ပုံကို သူမ တွေ့လိုက်ရသည်။ တစ်ချိန်တည်းမှာဘဲ သူမစိတ်တိုသလို ရယ်လည်းရယ်ချင်သွားသည်။
"ဖျားနေတာဘယ်နှရက်ရှိပြီလဲ? ဘာလို့ ညီမလေးကိုမပြောတာလဲ?" သူမက ငိုသံဖြင့်မေးလိုက်သည်။
ရှောင်းကောရဲ့ စကားကို ချင်းအန့်မင်ကြားသည့်အခါ သူ ဘာပြောရမှန်း မသိပေ။ သူပါးစပ်ကို ဖွင့်လိုက်ပိတ်လိုက်လုပ်နေသော်လည်း စကားတစ်ခွန်းမှ မထွက်လာပေ။ အဆုံးမှာတော့ ရှောင်းကော အနောက်တွင် ပုန်းနေသည့် ကျွမ်းကျွမ်းကို သူတွေ့လိုက်ရသည်။
"ဒါက ကျွမ်းကျွမ်း ဟုတ်တယ်မလား?"
ချင်းအန့်မင်က ပြောရင်းနဲ့ သူ့လက်ကိုဆန့်ကာ ကျွမ်းကျွမ်းကို လာဖို့လက်ပြလိုက်သည်။
ကျွမ်းကျွမ်း ရှောင်းကောကို တစ်ချက်ကြည့်လိုက်တော့ သူမ မတားမှန်းတွေ့လိုက်ရသည်။ သူက ချင်းအန့်မင်ဆီ နာနာခံခံလျှောက်သွားပြီး သူ့လက်ကို ဆုပ်ကိုင်လိုက်သည်။
ချင်းအန့်မင်သည် ကျွမ်းကျွမ်းကို ဝမ်းသာစိတ်လှုပ်ရှားစွာဖြင့် ကြည့်လိုက်သည်။ သူက ကျွမ်းကျွမ်းရဲ့ လက်ပြည့်ပြည့်လေးတွေကို ဂရုတစိုက် ညှစ်လိုက်သည်။
“ဦးလေး”
"မင်္ဂလာပါ!"
'အဖေနဲ့အမေ မြင်ရဲ့လား ကျွမ်းကျွမ်းက ကျွန်တော့်ကို ဦးလေးလို့ ခေါ်လိုက်တယ်!'
ချင်းအန့်မင်သည် စိတ်လှုပ်ရှားစွာဖြင့် သူ့ဘာသာသူ တွေးနေမိသည်။
ရှောင်းကောက သူတို့နှစ်ယောက်ကို မနှောင့်ယှက်ပေ။ တစ်ယောက်နဲ့တစ်ယောက် ကောင်းကောင်းသိသွားတော့ ရှောင်းကောက ကျွမ်းကျွမ်းအား သူမအနားပြန်လာဖို့ ပြောလိုက်သည်။
ကျွမ်းကျွမ်းသည် ချင်းအန့်မင်၏ လက်ကို တုံ့ဆိုင်းစွာဖြင့် လွှတ်လိုက်ပြီး သူမရင်ခွင်ထဲ ဝင်လိုက်သည်။
ရှောင်းကောက သူ့ကျောကို အကြိမ်အနည်းငယ်လောက် အသာပုတ်ပေးလိုက်သည်။ ကျွမ်းကျွမ်း သက်တောင့်သက်သာရှိဖြစ်သွားတာကိုမြင်တော့ သူမ ရုတ်တရက် ချင်းအန့်မင်ကိုကြည့်လိုက်သည်။
ရှောင်းကော၏ ရုတ်တရက်လုပ်ရပ်ကြောင့် ချင်းအန့်မင်မှာလန့်သွားပြီး သူ့လည်ချောင်းတွေ ထပ်ယားလာသည်။ သူချောင်းဆိုးတော့မယ့်အချိန် ရှောင်းကောရဲ့မေးခွန်းက သူ့ကိုတားလာသည်။
“ပြောလေ” ရှောင်းကောက တည်ငြိမ်စွာဖြင့်မေးလိုက်သည်။
“သိပ်မကြာသေးဘူး ကောက်ပဲသီးနှံတွေ ရိတ်သိမ်းချိန်ကဘဲ။ ရုတ်တရက် မိုးရွာလာတော့ မိုးမိသွားတာ။ ကိုယ့်ကိုယ်ကို ဂရုမစိုက်မိတော့ အအေးမိသွားတာ"
ချင်းအန့်မင်က အားလုံးကို စကားလုံးအနည်းငယ်ဖြင့် အကျဉ်းချုပ်ပြောပြလိုက်သည်။
ဒီဟာက ဒီလောက်ထိ မရိုးရှင်းနိုင်မှန်း ရှောင်းကောသိသည်။ သူက ဒီလောက်ထိ ရိုးရှင်းအောင် ပြောပြပေမယ့် နောက်ကွယ်တွင် နောက်ထပ်အကြောင်းပြချက်ရှိဦးမည်မှန်း သူမသိသည်။
"အစ်ကိုအမှန်အတိုင်း မပြောရင် ညီမတခြားတစ်ယောက်ကို သွားမေးလိုက်မယ်!"
ရှောင်းကော၏ လေသံမှာ အနည်းငယ် ခြိမ်းခြောက်နေဟန်ပါသည်။ မျှော်လင့်ထားသည့်အတိုင်း ဒီစကားကိုကြားသည့်အခါ ချင်းအန့်မင် ထိတ်လန့်သွားသည်။ သို့သော် သူသည် စကားမဆိုနိုင်ဘဲ အထစ်ထစ်အငေါ့ငေါ့ဖြစ်နေသေးသည်။ သူက အကြည့်ကိုဟိုဟိုသည်သည်ပို့ကာ ရှောင်းကောနှင့် မျက်လုံးချင်းမဆုံအောင်ရှောင်နေသည်။
သူ့ကိုဒီလိုမြင်လိုက်ရတော့ ရှောင်းကောသက်ပြင်းချလိုက်သည်။ သူကပြောပြဖို့ငြင်းနေတော့ သူမကဘာလုပ်နိုင်တော့မှာလဲ? "စားပြီးပြီလား မစားရ သေးရင် ညီမ အစ်ကို့အတွက် ထမင်းချက်ပေးမယ်"
သူမသာ သူ့ကိုဒီလိုဆက်မေးနေမယ်ဆိုရင် သူ သူမကိုဘယ်တော့မှ မပြောပြလောက်ဘူးဆိုတာ ရှောင်းကောသိသည်။ သူမ သိရဖို့ အချိန်ယူရလိမ့်မည်ပင်။
ရှောင်းကော မေးခွန်းတွေမေးနေတာကို ရပ်လိုက်တာမြင်တော့ ချင်းအန့်မင် သက်ပြင်းတစ်ချက်ချလိုက်သည်။ ဒါပေမယ့် သူမ နောက်က ပြောလာတဲ့စကားတွေက သူ့ကို ထိတ်လန့်သွားစေသည်။
"စားပြီးပြီ!စားပြီးပြီ!"
ချင်းအန့်မင်က ရှောင်းကော သူ့အတွက် ထမင်းချက်ပေးနေမှာစိုးတာကြောင့် အမြန်ပြောလိုက်သည်။
အစပိုင်းမှာတော့ တစ်ခုခုမှားနေမှန်း ရှောင်းကောမသိပေ။ သူဘယ်လောက်ထိ ထိတ်လန့်နေလဲဆိုတာကို မြင်လိုက်ရတော့ ထူးဆန်းနေမှန်း သူမ တွေ့လိုက်ရသည်။
ဘာကြောင့်မှန်း ရှောင်းကောမသိပေမယ့် သူမရဲ့ ဗီဇက တစ်ခုခု မမှန်ဘူးလို့သူမကို ပြောနေသည်။ သေချာတာကတော့ သူ သူမကို တစ်ခုခုဖုံးကွယ်ထားသည်။ အဲ့ဒီလိုအတွေးနဲ့ သူမရဲ့အလိုလိုသိစိတ်ကနေ မီးဖိုချောင်ဆီ သွားလိုက်သည်။
သူမအား တားဖို့လုပ်နေသည့် ချင်းအန့်မင်ကိုလျစ်လျူရှုကာ သူမ မီးဖိုချောင်ဆီ တည့်တည့်သွားပြီး ထမင်းအိုးကို ဖွင့်လိုက်သည်။ ဘာမှမရှိနေပေ။ ရှောင်းကော မျက်ရည်တွေကို ထိန်းကာ ခေါက်ဆွဲဘူးကို ဖွင့်လိုက်သည်။ အတူတူပင်။ အထဲတွင် ဘာမှမရှိပေ။
ရှောင်းကော ထပ်ပြီးလှည့်ပတ်ရှာဖွေလိုက်သည်။ စားပွဲပေါ်ရှိ ပုလင်းနှင့် အိုးတွေအားလုံးအလွတ်တွေပင်။ ဖုန်တစ်စတောင် မတွေ့ရပေ။
ဟင်းရွက်တောင်းကိုလည်း အကြာကြီး အလွတ်ထားထားသည့်ပုံပင်။ သူမအိမ်ထဲ ဝင်လာတုန်းက သတိမထားမိခဲ့ပေ။ ယခု သူမအိမ်အပြင်ထွက်လာတော့ ယခင်က ဟင်းသီးဟင်းရွက်တွေဖြင့် ပြည့်နှက်နေခဲ့သည့် ဟင်းသီးဟင်းရွက်ခင်းဟာလည်း အချိန်အတော်ကြာ အပစ်ခံထားရသည့်ပုံပင်။ မြေဆီလွှာဟာလည်း ခြောက်သွေ့လွန်းကာ အက်ကွဲနေသည်။
အဲ့ဒီအချိန် ချင်းအန့်မင်သည် အားကုန်သုံးကာ တံခါးဘောင်ကို လက်ဖြင့်ဆုပ်ကိုင်ရင်း တံခါးပေါက်ဆီ ထွက်လာသည်။ တံခါးကို မှီကာ သူကရှေ့တန်းထွက်ဖို့ ကြိုးစားနေဆဲပင်။ “ဘာမှဝယ်ဖို့ အချိန်မရှိလို့လေ။ ဒီဟာတွေကို ဟိုတလောကပဲ စားကုန်သွားတာ"
ရှောင်းကော သူ့အားလှည့်ကြည့်လိုက်သည်။ သူဝတ်ထားတဲ့ အဝတ်အစားဟာ အကြိမ်ပေါင်းများစွာ ဖာထေးခဲ့ရကြောင်း သူမသဘောပေါက်လိုက်သည်။ မညီမညာသည့် အစပ်အဖာတွေနှင့် ချုပ်ရိုးတွေအများကြီးပင်။ အထည်တွေက အကြိမ်ကြိမ် လျှော်ဖွပ်ထားတာကြောင့် မူလအရောင်ကိုတောင် မပြောနိုင်တော့ပေ။ သူ့ခြေထောက်ပေါ်ရှိ ဖိနပ်တွင်လည်း အစပ်အဖာတွေနှင့်ပင်...
ဒါတွေကို မြင်လိုက်ရတော့ ရှောင်းကောမထိန်းနိုင်တော့ပေ။ သူမ မျက်ရည်တွေ စီးကျလာသည်။
"ရှောင်းကော၊ မငိုပါနဲ့"
ချင်းအန့်မင်မှာ ရှောင်းကောအား ဘယ်လိုနှစ်သိမ့်ရမလဲ မသိတော့ပေ။ သူ့မှာ မြေပြင်ပေါ်တွင် ကူကယ်ရာမဲ့စွာသာ ရပ်နေမိသည်။ ရှောင်းကောမှာ ပိုပိုပြီးပြင်းထန်စွာငိုလာတော့ သူ့ရဲ့အားနည်းနေသည့်ခန္ဓာကိုယ်ကို ရှောင်းကောဘေးနားထိ ရောက်အောင် ဆွဲကာသွားလိုက်သည်။ ထို့နောက် အားစိုက်ထုတ်ကာ လက်ကိုမြှောက်ပြီး ရှောင်းကော ပခုံးပေါ် တင်လိုက်သည်။ သူမကိုနှစ်သိမ့်ဖို့ သူခွန်အားရှိသလောက် အသုံးပြုလိုက်သည်။
ကျွမ်းကျွမ်းလည်း ရှောင်းကော ငိုနေတာကို မြင်တော့ လန့်သွားကာ သူလည်း ငိုတော့သည်။
ရှောင်းကောက ကျွမ်းကျွမ်းကို ပွေ့ဖက်လိုက်သည်။ သူမတို့နှစ်ယောက်လုံးရဲ့ မျက်ရည်တွေက ပြတ်သွားတဲ့ပုလဲလည်ဆွဲလို ကျဆင်းနေကာ — ရပ်လို့မရပါချေ။
ချင်းအန့်မင်က ဘေးနားတွင် ရပ်နေသည်။ အရပ် ၁.၈ မီတာရှိသည့် အမျိုးသားတစ်ဦးရဲ့မျက်လုံးတွင်လည်း မျက်ရည်တွေ စီးကျနေသည်။
ရှောင်းကော အကြာကြီး ငိုခဲ့သည်။ သူမရဲ့ခံစားချက်တွေလျော့သွားခါမှ သူမ ကျွမ်းကျွမ်းအား ချင်းအန့်မင်ရဲ့ အိပ်ရာဆီ ချီသွားလိုက်သည်။ ကောင်လေးက ငိုရလို့ မောသွားသည်။ သူမအခန်းထဲကနေ ပြန်ထွက်လာပြီး ချင်းအန့်မင်ကို သူ့ကုတင်ပေါ်ပြန်လှဲဖို့ကူညီပေးလိုက်သည်။
ကျွမ်းကျွမ်းကို ချော့ပြီးသွားတော့ ရှောင်းကောသည် သူမရဲ့မျက်ရည်တွေကိုသုတ်ကာ ချင်းအန့်မင်ကို ကြည့်လိုက်သည်။
"အစ်ကို အခုထိ အမှန်အတိုင်း မပြောသေးဘူးလား??"
သူ့ညီမရဲ့ နီရဲနေတဲ့ မျက်လုံးတွေကို ကြည့်ရင်း သူတော်တော်လေးကို စိတ်မသက်မသာဖြစ်သွားရသည်။ သူ့မျက်လုံးထဲတွင် လွန်ဆွဲနေသည့်အကြည့်က ပေါ်လာသည်။
ခဏအကြာတွင် သူအသက်ပြင်းပြင်းရှူလိုက်ပြီး အမှန်တရားကို ပြောပြလာသည်။
အိမ်တွင် စားစရာတွေမရှိတော့ပေ။ သူတို့ရဲ့သမီးကို ဒီလိုမျိုး မခံစားရစေရန်အတွက် အဖေချင်းနှင့် အမေချင်းဟာ သူမအား မက်မွန်ပွင့်ရွာရှိ ကျန်းတန်းဟယ်နှင့် လက်ထပ်ပေးလိုက်သည်။ အကြောင်းမှာ ကျန်းမိသားစုသည် ယခင်က ချမ်းသာသည်ဟု ကြားသိရသောကြောင့် ဖြစ်သည်။ သူတို့တွေအနေဖြင့် စီးပွါးရေးကျဆင်းလာသော်လည်း ကုလားအုတ်ပိန်တစ်ကောင်ဟာ မြင်းလောက်တော့ ကြီးသေးသည်မဟုတ်လား? ဘာပဲဖြစ်ဖြစ် သူမအနေနှင့် ဘယ်တော့မှ ငတ်ပြတ်နေရမည်မဟုတ်ပေ။ သူမ သူတို့နှင့်နေတာထက် ကျန်းမိသားစုနှင့် နေတာက ပိုကောင်းသည်။ ထို့ကြောင့်၊ သူတို့သည် လက်ထပ်တာနှင့် ပတ်သက်၍ ချင်းရှောင်းကော၏ အမြင်ကို မမေးခဲ့ဘဲ သူမအား ကျန်းတန်းဟယ်နှင့် လက်ထပ်ပေးခဲ့သည်။