← Chapters

အခန်း (၆၅)

Vol. 5 Ch. 65

အခန်း (၆၅)

Vol. 5 Ch. 65

ရှောင်းကော မြည်းအားကြိုးချည်လိုက်ပြီး ကျွမ်းကျွမ်းကို တံခါးကို ပိတ်ခိုင်းလိုက်သည်။ ထို့နောက် သူမ အိမ်ထဲ ဝင်လာသည်။

"အစ်ကို၊ ဘယ်လိုနေလဲ? သက်သာရဲ့လား?"

ရှောင်းကောသည် ကုတင်ပေါ် မှီနေသည့် ချင်းအန့်မင်ကို ကြည့်လိုက်သည်။ သူ့ကိုကြည့်ရတာ မနက်ကထက် ပိုသက်သာလာသလိုပင်။

“ဟုတ်တယ်! အခု ပိုသက်သာလာပြီ။ ငါ့ကိုယ်က ခွန်အားတွေ ပြန်ပြည့်လာတဲ့ပုံပဲ!"

ထိုသို့ပြောပြီးတဲ့နောက် ချင်းအန့်မင်သည် သူအဆင်ပြေကြောင်း သက်သေချင်သွားသည်။ သူထတော့မလို့လုပ်လိုက်တဲ့အချိန် ရုတ်တရက် ချောင်းစဆိုးတော့သည်။

ရယ်ချင်သလို ခံစားလိုက်ရပြီး ရှောင်းကောထကာ သူ့နားသို့သွားလိုက်ပြီး သူအသက်ရှုရ သက်သာစေရန် ကျောအားပုတ်ပေးလိုက်သည်။

"အစ်ကို၊ ကောင်းကောင်းအနားယူဦး။ ညီမ ခရိုင်ကနေဆေးသွားယူခဲ့တယ်။ နောက်မှ အစ်ကို့အတွက် ကျိုပေးမယ်"

ချင်းအန့်မင် ခေါင်းညိတ်ပြလိုက်ပြီး ကုတင်ပေါ်တွင် နာခံစွာဖြင့် မှီလိုက်သည်။

ရှောင်းကော သူနှင့် ခဏလောက် စကားပြောလိုက်သည်။ ကျွမ်းကျွမ်း အိမ်ထဲဝင်လာမှ ရှောင်းကော ထွက်သွားလိုက်သည်။ သူမအနေဖြင့် ခြံဝင်းအတွင်းရှိ ပရိဘောဂများအား သပ်ရပ်အောင် ပြင်ဆင်ရဦးမည်။

ခြံထဲသို့ရောက်သည့်အခါ သူမသည် ဝက်အရိုးနှင့် အဝတ်ဖိနပ်တွေကို ယူကာ အိမ်ထဲဝင်လာလိုက်သည်။

"အစ်ကို၊ ဒီအထည်သားက ကောင်းတယ်လို့ ထင်လား?"

ရှောင်းကောသည် ချင်းအန့်မင်မြင်နိုင်ရန်အတွက် အထည်ကို ဖြန့်ပြလိုက်သည်။

“ကောင်းတယ်!”

ချင်းအန့်မင်မှာ ပစ္စည်းအပေါ် အပြည့်အဝကို ချီးကျူးလိုက်သည်။ ရှောင်းကောက အမြင်ကောင်းရှိတာပင်။

"ဒါကို အစ်ကို့အတွက် ဝယ်ခဲ့တာ။ အားတဲ့အချိန်ကျရင် အစ်ကို့အတွက် အဝတ်တွေချုပ်ပေးမယ်"

ချင်းအန့်မင် အရမ်းစိတ်သက်သာရာ ရသွားသည်။ ဒါဆို သူ့ညီမက အဝတ်အစားတွေ ချုပ်တတ်တာပဲ!

“အင်း! ကောင်းပြီ!”

ရှောင်းကော လှည့်ကာ အထည်ကို အပ်ချုပ်ခြင်းတောင်းထဲ ထည့်လိုက်သည်။ သူမ ဝက်ရိုးတွေအား မီးဖိုချောင်ဆီ ယူလာကာ ထားလိုက်သည်။

သူမစားစရာတွေ အများကြီးဝယ်ခဲ့သည်။ ညစာအတွက် တစ်ပိုင်း ဖယ်ပြီးတဲ့နောက် ကျန်သည့်ဟာတွေကို ‌နေရာလွတ်ထဲတွင် သိမ်းထားလိုက်သည်။

ထို့နောက် သူမ မြည်းလှည်းဆီရောက်လာကာ သစ်တွေကို စပြီးရွှေ့လိုက်သည်။

သူမဝယ်သည့်ပစ္စည်းများထဲတွင် ကုတင်သာ ပျဉ်ချပ်များ သီးခြားစီရှိပြီး ကိုယ့်ဘာသာတပ်ဆင်ရမည်ဖြစ်သည်။ ကျန်ပစ္စည်းများမှာတော့ တပ်ဆင်ပြီးသားပင်။

ကြမ်းပြင်ခြောက်ပြီလားဆိုတာကြည့်ရန် ရှောင်းကော အခန်းထဲသို့ ဝင်လာလိုက်သည်။ ကြည့်ကြည့်လိုက်တော့ ကြမ်းပြင်တွေက လုံးဝခြောက်သွားပြီမှန်း သိလိုက်ရသည်။

ထို့နောက် သူမခြံဝင်းထဲ ပြန်လာကာ ကုတင် ပျဉ်ချပ်များကို တစ်ချပ်ချင်းစီ အခန်းထဲသို့ ရွှေ့လိုက်သည်။

ကျွမ်းကျွမ်းလည်း ရုန်းရင်းဆန်ခတ်ဖြစ်နေသံကိုကြားကာ ရှောင်းကောအား ကူညီပေးရန် သူမအနားသို့ရောက်လာသည်။

"ကျွမ်းကျွမ်း၊ သား အဲဒါကို ရွှေ့လို့ရမှာမဟုတ်ဘူး"

ရှောင်းကော ကျွမ်းကျွမ်းအား ရွှင်မြူးစွာဖြင့် ကြည့်လိုက်သည်။ သူက သူ၏ပိန်ပိန်ပါးပါးလက်မောင်းအားသုံးကာ ပျဉ်ချုပ်၏ တစ်ဖက်စွန်းအားသယ်ရန် ရှောင်းကောအားကူပေးသည်။ သူ့မျက်နှာက နီမြန်းနေပေမယ့် ပျဉ်ချပ်ကတော့ တစ်လက်မတောင် မရွေ့ပေ။

ရှောင်းကော အားရပါးရ ရယ်လိုက်ကာ မျက်ရည်ထွက်လုမတတ်ပင်။

"ကျွမ်းကျွမ်း၊ ကျွမ်းကျွမ်း၊ ရွှေ့နေတာကို ရပ်လိုက်တော့။ မေမေ့ဘာသာ ရွှေ့လို့ရတယ်။ သားလက်ကို ထပ်ပြီးမနာစေနဲ့!"

ရှောင်းကောသည် ပျဉ်ချပ်အား အမြန်ချလိုက်ပြီး ကျွမ်းကျွမ်းအား အပြင်ပို့လိုက်သည်။ “ပျဉ်ချပ်တွေမရွှေ့နဲ့တော့။ ဦးလေးနဲ့ အတူသွားနေပေးလိုက်ဦး"

သူ့လက်မောင်းကို ထိခိုက်မိမှာ သူမတကယ်ကြောက်မိသည်။ ကျွမ်းကျွမ်းက သူမကို ကူညီဖို့ ကြိုးစားနေမှန်း သူမသိပေမယ့် သူ့ကိုအပြင်ထွက်ချော့ပြောလိုက်သည်။

ကျွမ်းကျွမ်းက နှုတ်ခမ်းစူကာ တွန့်ဆုတ်တွန့်ဆုတ်ဖြင့် ရှောင်းကောအား အပြင်ဆွဲခေါ်ခွင့်ပေးလိုက်သည်။ တံခါးဘောင် ဖြတ်တော့ သူ့လက်သေးသေးလေးနဲ့ တံခါးဘောင်အားဆုပ်ကိုင်လိုက်သည်။

"မေမေ… လက်တွေကို မနာစေနဲ့နော်…”

ရှောင်းကောရင်ထဲမှာ နွေးထွေးသွားပြီး သူ့မျက်နှာလေးအား နမ်းလိုက်သည်။ "သွားတော့…"

ကျွမ်းကျွမ်း ထွက်သွားပြီးနောက် ရှောင်းကောလည်း သူမအလုပ်ကို ဆက်လုပ်သည်။

ပျဉ်ချပ်တွေက ကျွမ်းကျွမ်း အတွက် လေးလံသော်လည်း ရှောင်းကော အတွက်တော့ နည်းနည်းသာလေးသည်။ သူမခွန်အားအနည်းငယ်ထုတ်ရုံဖြင့် ပျဉ်ချပ်အားမနိုင်သည်။

အားစိုက်ကာ ရှောင်းကော ပျဉ်ချပ်အား မ လိုက်ပြီး စောစောက သူမပြင်ဆင်ထားသည့်ဘောင်ကွက်ထဲတွင် ထည့်လိုက်သည်။

ရှောင်းကော မလွှတ်လိုက်ခင် ပျဉ်ချပ်အားချိန်ညှိလိုက်သည်။ ဖျပ်ခနဲ ပျဉ်ချပ်ဟာ အဟကြားထဲသို့ သပ်သပ်ရပ်ရပ် နေရာကျသွားသည်။ သူမ မတ်တပ်ရပ်လိုက်ကာ နဖူးပေါ်မှ ချွေးတွေကို သုတ်လိုက်သည်။ ရှောင်းကော ဤနေရာသို့ ရောက်လာပြီးနောက်ပိုင်း သူမ အားပိုကောင်းလာသည်ဟု ခံစားရသည်။

ချင်းအန့်မင်က အခန်းထဲမှ အသံတွေကို နားထောင်နေပြီး ကျွမ်းကျွမ်းအား သူ့ကို ရှောင်းကောဆီခေါ်သွားခိုင်းသည်။

"အစ်ကို၊ ဘာလို့ ဒီကိုရောက်လာတာလဲ? ဘာလို့ အိပ်ယာထဲမှာ မနေတာလဲ?"

သူမအနောက်မှ အသံတစ်ချို့ကိုကြားတော့ ရှောင်းကော လှည့်ကြည့်လိုက်သည့်အခါ ချင်းအန့်မင်က တံခါးဘောင်ကို မှီရပ်နေတာ တွေ့လိုက်ရသည်။

"သက်သာနေပါပြီ။ ညီမလေးကို ဘာများကူညီနိုင်မလဲဆိုတာ လာကြည့်တာ"

ရှောင်းကောသည် ထိုစကားကိုကြားသည့်အခါ သက်ပြင်းတစ်ချက် ချလိုက်သည်။ ချင်းအန့်မင်သာ သူမအတွက် ပျဉ်တစ်ချပ်ကို မ ပေးပါက ချောင်းဆိုးပြီးအော့အန်သွားလိမ့်မည်ပင်။

"ဘာအကူအညီလဲ? ညီမ ခဏနေရင်ပြီးတော့မှာ။ သွားပြန်လှဲနေလေ"

ချင်းအန့်မင် တံခါးဝနားတွင်ရပ်ရင်း ရှောင်းကောမှာ အမှန်တကယ်လည်း အဆင်ပြေနေတာကိုတွေ့လိုက်ရသည်။ သူလည်း များများစားစား မကူညီနိုင်သည့်အတွက် သူ့အခန်းကို ပြန်သွားလိုက်သည်။ သူရှောင်းကောအား ဒုက္ခမပေးချင်ပေ။ သူ မြန်မြန်နေကောင်းလာရမည်။ သူအပြည့်အဝ ပြန်လည်ကောင်းမွန်လာလျှင် အရာအားလုံးကို သူဂရုစိုက်ပေးမည်။

ရှောင်းကောသည် အချိန်တိုအတွင်း အမြန်လေ့လာကာ ကုတင်တိုင်များနှင့် ကုတင်တင်လက်ရန်းတို့အား အမြန်တပ်ဆင်လိုက်သည်။

အလကားရခဲ့သည့် လိုက်ကာများအား တပ်ဆင်ပြီးနောက်၊ ကုတင်ကိုတပ်ဆင်တာက လုံးဝပြီးစီးသွားသည်။

ရှောင်းကောသည် ကုတင်အောက်မှ ခွေးခြေခုံအား ရွှေ့လိုက်ပြီး အဝတ်ဗီရိုကို အခန်းထဲ ရွှေ့လိုက်သည်။ ဗီရိုက ကြီးပေမယ့် ရှောင်းကော ဟန်ချက်ညီအောင်ထိန်းကာ သူ့ကျောပေါ်သယ်လိုက်သည်။ သူမသည် ဗီရိုအား နံရံထောင့်နားသို့ တွန်းကာမှီထားလိုက်သည်။

အခန်းက အဆင်သင့်ဖြစ်နေပြီဆိုတာ မြင်တော့ ရှောင်းကောက မွေ့ယာ၊ စောင်နှင့် ခေါင်းအုံးတို့ကို ကုတင်ပေါ် နေရာချလိုက်သည်။

မနက်တုန်းက သူမ ချင်းအန့်မင်၏ အဝတ်အစားများကို ထုပ်ပိုးသည့်အချိန် သူမ အိပ်ရာခင်းအားလုံးကို ယူဆောင်လာခဲ့သည်။

အဲဒါကိုတွေးမိရင်း သူမ အထုပ်အကြီးတစ်ခုကို ဖွင့်လိုက်တော့ အထဲတွင် စောင်နှင့်အိပ်ရာခင်းတွေ ရှိနေသည်။

ရှောင်းကော အဲ့ဒါတွေကိုထုတ်ကာ ခါလိုက်သည်။ အဲ့ဒါတွေကို သူမအိပ်ရာပေါ် ခင်းမလို့လုပ်လိုက်တဲ့အချိန် ဒီနေ့ ဒါတွေကို နေမလှန်းရသေးမှန်း သတိရသွားသည်။ ညဘက်တွင် အိပ်ရာ နွေးထွေးစေရန် သူမနေပူလှန်ဖို့ဆုံးဖြတ်လိုက်သည်။

ရှောင်းကော အိမ်ထဲသို့ပြန်ဝင်ကာ အဝတ်လျှော်တုတ်ကို ယူပြီး အဝတ်ကြိုးဆီသွားလိုက်သည်။ သူမက အဲ့ဒါဖြင့် စောင်အားရိုက်ခါရန် ရည်ရွယ်ထားသည်။

သူမသည် စောင်ကိုရိုက်လိုက်သည့်အခါ လေသည် ဂွမ်းအပြည့်နှင့် စောင်အားရိုက်မိကာ ဖှုန်တွေထွက်လာသည်။

ရှောင်းကော အိပ်ယာခင်းတွေလည်း တစ်ခုပြီးတစ်ခု ရိုက်ခါလိုက်ကာ အပြင်တွင် လှန်းထားလိုက်သည်။

ရှောင်းကော ဝေယျာဝစ္စတွေလုပ်ရင်း အလုပ်ရှုပ်နေချိန် ကျွမ်းကျွမ်းတစ်ယောက် အကြိမ်ပေါင်းများစွာ ဝင်လိုက်ထွက်လိုက် လုပ်ပြီးပြီဖြစ်သည်။ သူထွက်လာတိုင်း သူ့မျက်လုံးကြီးတွေအား တဖျပ်ဖျပ်ခတ်ကာ ပတ်ပတ်လည်ကိုကြည့်ရင်း သူကူညီနိုင်တာတစ်ခုခုရှိလားဆိုပြီး လိုက်ကြည့်တတ်သည်။

ရှောင်းကောမှာ ကျွမ်းကျွမ်း၏ လုပ်ရပ်အတွက် ကူကယ်ရာမဲ့သလို ခံစားလိုက်ရသည်။ အဆုံးတွင်၊ သူမသည် ကျွမ်းကျွမ်းအား သူမတို့အခန်းထဲသို့ စာကြည့်ထိုင်ခုံ သယ်သွားခိုင်းလိုက်ကာ သူမက အနောက်မှနေ၍ စာကြည့်စားပွဲအား သယ်လာလိုက်သည်။

" မေမေ၊ ဘယ်မှာထားရမလဲဟင်?"

ကျွမ်းကျွမ်း အခန်းထဲတွင် ရပ်လိုက်ပြီး ရှောင်းကောအား လှည့်ကာမေးလိုက်သည်။

"ဘယ်နေရာမှာထားရမှာလဲ!"

ရှောင်းကောသည် ဗီရိုဘေးရှိ လွတ်နေသည့်နေရာအား လက်ညှိုးထိုးပြလိုက်သည်။ သူမ စားပွဲခုံကို အရင်ချလိုက်ပြီး အနေအထားကို ချိန်ညှိလိုက်သည်။ ကျွမ်းကျွမ်း အနောက်မှလိုက်ကာ ထိုင်ခုံကို ချလိုက်သည်။

ချင်းအန့်မင်က စာကြည့်စားပွဲနှင့် ထိုင်ခုံကို မြင်ပြီး ရှောင်းကောအား သိချင်စိတ်ဖြင့် မေးလိုက်သည်။

"ကျွမ်းကျွမ်းအတွက် စာကြည့်စားပွဲဝယ်ခဲ့တာလား?"

"ဟုတ်တယ်။ ကျွမ်းကျွမ်းက ထမင်းစားခန်းက စားပွဲကိုပဲ သုံးနေရလို့လေ။ စာကြည့်စားပွဲကို သုံးတာက ပိုကောင်းတဲ့ပုံပေါ်လို့"

ရှောင်းကော ချင်းအန့်မင်ကို ပြောလိုက်သည်။

ချင်းအန့်မင်လည်း ခေါင်းညိတ်လိုက်သည်။ နောက်တော့ ရှောင်းကောက စာဖတ်မတတ်မှတော့ ကျွမ်းကျွမ်းတစ်ယောက် ဘယ်လိုလုပ်စာသင်မှာလဲလို့ သူသိချင်သွားသည်။

အဲ့ဒါကို သူတွေးနေချိန်မှာဘဲ သူ့ပါးစပ်ဖျားကနေ အဲ့ဒီမေးခွန်းက ထွက်လာသည်။ ရှောင်းကောခဏရပ်ကာတွေးလိုက်သည်။ အမှန်ပင်၊ မူလခန္ဓာကိုယ်ပိုင်ရှင်က စာမဖတ်တတ်ပါချေ။

ရှောင်းကော ထိတ်လန့်သွားသော်လည်း သူမမျက်နှာတွင်တော့ အဲ့ဒါကိုမပြပေ။ သူမက ဒီကိစ္စအား အမျိုးသမီးကျန်းဆီ အေးအေးဆေးဆေး လွှဲချလိုက်သည်။

“အိုး၊ ညီမရဲ့ယောက္ခမက ညီမကို စာဖတ်တတ်အောင် သင်ပေးထားတယ်"

ချင်းအန့်မင် သူမစကားကို ကြားသည့်အခါ သံသယမဝင်တော့ပေ။ ဘာဘဲဖြစ်ဖြစ် ကျန်းမိသားစုဟာ မပြိုလဲခင်တွင် အချမ်းသာဆုံးမိသားစုဖြစ်ခဲ့ဖူးသည်။ သူတို့ဟာမြို့တွင် နေခဲ့သည်ကြောင့် စာတတ်လိမ့်မည်ပင်။

ချင်းအန့်မင် ယုံသွားတာကို မြင်တော့ ရှောင်းကော စိတ်အေးသွားတော့သည်။

အချိန်ကျခါနီးပြီဖြစ်တာကြောင့် ရှောင်းကော ညစာပြင်ဆင်လိုက်သည်။

ရှောင်းကော ချင်းအန့်မင်အတွက် ပြင်ဆင်ပေးသည့် အစားအသောက်တိုင်းတွင် နံနက်စာမှလွဲလျှင်၊ ကျန်သည့်အနပ်များတွင် သူမသည် အရိုးစွပ်ပြုတ် အမြဲချက်ပေးသည်။

မချက်ပြုတ်ခင် ရှောင်းကောသည် ခြံဝင်းထဲရှိ နေလှန်းထားသည့် အိပ်ရာခင်းများအား ရုတ်လိုက်သည်။ လက်ရှိရာသီဥတုနှင့်ဆို အိပ်ယာခင်းများအား ခဏလှန်းရုံပင်။ အိပ်ရာဝင်ရင်တော့ အိပ်ရာခင်းတွေက နွေးနေဦးမှာပင်။

ရှောင်းကော မီးဖိုချောင်ထဲ ပြန်သွားလိုက်သည်။ ဒီတစ်ခါတော့ သူမ ဝက်ရိုးတွေကို ဝယ်ထားသည်။ သူမ အရင်ကဆို ရိုးရိုးစွပ်ပြုတ်သာ ချက်ခဲ့သည်။

သို့သော်၊ ဒီတစ်ကြိမ်တွင်တော့ လီလီနှင့် ဂိုဂျီဘယ်ရီ များအား စွပ်ပြုတ်ထဲထည့်လိုက်သည်။ ၎င်းတို့ဟာ အဆုတ်ကိုသန့်စင်ပေးကာ သရက်ရွက်၏ လုပ်ငန်းဆောင်တာများကိုလည်း တိုးတက်စေရန် ကူညီပေးသည်။

ရှောင်းကော ဟင်းရွက်တောင်းကို ကြည့်ပြီး ညစာအတွက် ဘာပြင်ဆင်ရမလဲဟု တွေးလိုက်သည်။

ခြင်းထဲတွက် မုန်လာဥနီတွေ အများကြီး ကျန်နေသေးတာကို မြင်လိုက်ရတော့ ရှောင်းကော မုန်လာဥနီပန်ကိတ် လုပ်ဖို့ ပြင်ဆင်လိုက်သည်။ ပြီးလျှင် တရုတ်နံနံနှင့်ဝက်သားအား မွှေကြော်မည်။

ညစာကတော့ ရိုးရိုးရှင်းရှင်းဖြစ်သည်။ မနက်စာကို ကောင်းကောင်းစား၊ နေ့လယ်စာကို ဗိုက်ပြည့်အောင်စားပြီး ညစာကိုနည်းနည်းစား ဆိုသည့် ဆိုရိုးစကားအတိုင်းပင်။

ရှောင်းကောကတော့ ထိုစကားအား အလေးထားသည်။ ညဘက် အလွန်အကျွံစားမိပါက အိပ်ပျော်မှာမဟုတ်ပေ။

ဒါက ခေတ်သစ်ကမ္ဘာနဲ့ မတူပေ။ ညစာစားပြီးချိန်တွင် လမ်းထဲ၌ လင်းနေသေးသည်။ လူတွေအနေဖြင့် လမ်းလျှောက်ထွက်လို့ ရသည်။ ဒီဘက်ခေတ်မှာတော့ လူတိုင်းညစာစားပြီးသည့်အချိန် လမ်း၌ မှောင်မဲနေပြီဖြစ်သည်။ လူတွေက အိပ်ရာ တန်းဝင်ကြသည်။

ရှောင်းကော ဒီကို ပထမဆုံးရောက်တုန်းက သူမနှင့် ကျွမ်းကျွမ်းတို့သည် ညတိုင်း အဆီများသည့် အစားအစာများကိုသာ စားခဲ့ကြသည်။ အချိန်အတော်ကြာပြီးသည့်နောက်တွင်‌တော့၊ သူမတို့ အဲ့ဒါကိုတကယ်သည်းမခံနိုင်တော့ပေ။

All Chapters